ဝီကီရင်းမြစ်
mywikisource
https://my.wikisource.org/wiki/%E1%80%97%E1%80%9F%E1%80%AD%E1%80%AF%E1%80%85%E1%80%AC%E1%80%99%E1%80%BB%E1%80%80%E1%80%BA%E1%80%94%E1%80%BE%E1%80%AC
MediaWiki 1.47.0-wmf.5
first-letter
မီဒီယာ
အထူး
ဆွေးနွေးချက်
အသုံးပြုသူ
အသုံးပြုသူ ဆွေးနွေးချက်
ဝီကီရင်းမြစ်
ဝီကီရင်းမြစ် ဆွေးနွေးချက်
ဖိုင်
ဖိုင် ဆွေးနွေးချက်
မီဒီယာဝီကီ
မီဒီယာဝီကီ ဆွေးနွေးချက်
တမ်းပလိတ်
တမ်းပလိတ် ဆွေးနွေးချက်
အကူအညီ
အကူအညီ ဆွေးနွေးချက်
ကဏ္ဍ
ကဏ္ဍ ဆွေးနွေးချက်
မုခ်ဝ
မုခ်ဝ ဆွေးနွေးချက်
စာရေးသူ
စာရေးသူ ဆွေးနွေးချက်
ဘာသာပြန်
ဘာသာပြန် ဆွေးနွေးချက်
စာမျက်နှာ
စာမျက်နှာ ဆွေးနွေးချက်
အညွှန်း
အညွှန်း ဆွေးနွေးချက်
TimedText
TimedText talk
မော်ဂျူး
မော်ဂျူး ဆွေးနွေးချက်
Event
Event talk
စာရေးသူ:နတ်သျှင်နောင်
102
37
22027
17517
2026-06-04T23:18:30Z
~2026-33261-67
746
22027
wikitext
text/x-wiki
{{author
| firstname =
| lastname = နတ်သျှင်နောင်
| last_initial = န
| description =
| wikidata = Q3295150

==စာပေလက်ရာများ==
===ကဗျာ===
====ရတု====
'''တ'''
*[[တဆယ့်နှစ်ခွေ-ချီ ရတု]]
'''ပ'''
*[[ပေါ်နွေလလျှင်-ချီ ရတု]]
'''မ'''
*[[မင်းသာနေမှတ်-ချီ ရတု]]
*[[မည်းမျှဆင်သည်-ချီ ရတု]]
*[[မည်းမျှပတ်သည်-ချီ ရတု]]
*[[မည်းမျှရစ်လည်-ချီ ရတု]]
*[[မည်းမျှလာသည်-ချီ ရတု]]
'''ရ'''
*[[ရက်လခါကျော်-ချီ ရတု]]
'''သ'''
*[[သမုဒ်ဧရာ-ချီ ရတု]]
====လေးချိုး====
'''ထ'''
*[[ထောင့်တိုင်းစပ်ရှည် လေးဆစ်]]
[[Category:န-စာဆိုများ]]
[[Category:တောင်ငူခေတ်]]
ly6ivmka4kbw68wcp9ofgkj39zfiakp
စိတ်ဓာတ်ပြုပြင်ပြောင်းလဲရေး
0
5704
22028
21384
2026-06-05T03:09:55Z
Tejinda
173
22028
wikitext
text/x-wiki
{{header
| title = [[စိတ်ဓာတ်ပြုပြင်ပြောင်းလဲရေး]]
| author = ဖားအောက်တောရဆရာတော်
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section =
| previous = [[စိတ္တသံယုတ်-ဒု]]
| previous2 =
| next = [[စိတ်ဓာတ်ပြုပြင်ပြောင်းလဲရေး-ဒု]]
| next2 =
| year =
| notes =
| edition =
| categories = ဖားအောက်တောရ
| shortcut =
| portal =

စိတ်ဓာတ်ပြုပြင်ပြောင်းလဲရေး

နိဒါနကထာ - အကြောင်းပြစာတမ်းလွှာ

စိတ်ဓာတ်၏ စွမ်းအင်

စိတ္တေန နီယတိ လောကော၊ စိတ္တေန ပရိကဿတိ။

စိတ္တဿ ဧကဓမ္မဿ၊ သဗ္ဗေဝ ဝသမနွဂူ။ (သံ၊၁၊၃၆။)

စိတ်သည် လောကကို ဆောင်အပ်၏။ စိတ်သည် လောကကို ဆွဲငင် အပ်၏။ စိတ်၏ အလိုနိုင်ငံသို့ လိုက်ပါနေကြသော သတ္တဝါအားလုံးတို့သည် ပင် စိတ်ဟု ဆိုအပ်သော တစ်ခုသောတရား၏ အလိုသို့ အစဉ် လိုက်ပါကြရ ကုန်၏။ (သံ၊၁၊၃၆။)

လောကီကုသိုလ်စေတနာ အကုသိုလ်စေတနာတို့နှင့် ယှဉ်တွဲလျက် ရှိ သော ကုသိုလ်ဝိညာဏ် အကုသိုလ်ဝိညာဏ်ကို ဘဝသစ်ကို တည်ထောင် ဖန်တီးပေးနိုင်သည့် စွမ်းအင်ရှိခြင်းကြောင့် အဘိသင်္ခါရဝိညာဏ်ဟု ခေါ်ဆို ၏။ ထိုအဘိသင်္ခါရဝိညာဏ်ဟု ခေါ်ဆိုအပ်သော စိတ်သည် သတ္တလောကဟု ခေါ်ဆိုအပ်သည့် သတ္တဝါအပေါင်းကို ထိုထို ဘုံဘဝသို့ ရောက်အောင်လည်း ဆွဲဆောင်သွားနိုင်သည့် စွမ်းအားရှိ၏။ ထိုထို ဘုံဘဝမှ မလွတ်အောင်လည်း ဆွဲငင်ထားနိုင်သည့် စွမ်းအားရှိ၏။

လောဘ ဒေါသ မောဟ စသည့် အကုသိုလ်တရားတို့နှင့် ပေါင်းစပ်မိ သော ထိုစိတ်ကား ညစ်နွမ်းလျက်ရှိ၏။ အလောဘ အဒေါသ အမောဟ စသည့် အကောင်းဓာတ်တို့နှင့် ပေါင်းစပ်မိသော ထိုစိတ်ကား ဖြူစင်လျက် ရှိ၏။ သမထ ဝိပဿနာဘာဝနာဟူသော ရေစင်ရေကောင်းတို့ဖြင့် ဆေးကြောသုတ်သင်၍ ထားအပ်သော ထိုစိတ်ကား အလွန် ဖြူစင်လျက် ရှိ၏။ ညစ်နွမ်းနေသော စိတ်ဓာတ်က သတ္တလောကဟု ခေါ်ဆိုအပ်သည့် သတ္တဝါ အပေါင်းကို အပါယ်လေးဘုံသို့ ရောက်အောင်လည်း ဆွဲဆောင်သွားနိုင်၏။ အပါယ်လေးဘုံမှ မလွတ်နိုင်အောင်လည်း ဆွဲငင်ထားနိုင်၏။ သံသရာဝဋ်ကို ရည်ရွယ်တောင့်တ၍ ပြုစုပျိုးထောင်ထားအပ်သော ဝဋ္ဋနိဿိတဖြစ်သည့် ဒါန သီလ သမထ ဝိပဿနာ အစဖြာသည့် မဟာကုသိုလ် စျာန်ကုသို်လ်ဟု ခေါ်ဆိုအပ်သည့် ဖြူစင်သော စိတ်ဓာတ်ကလည်း သတ္တလောကဟု ခေါ်ဆို အပ်သည့် သတ္တဝါအပေါင်းကို လူ့ပြည် နတ်ပြည် ဗြဟ္မာ့ပြည်တည်းဟူသော ထိုထိုဘုံဘဝသို့ ရောက်အောင် ဆွဲဆောင်သွားနိုင်၏၊ ထိုထို ဘုံဘဝမှ မလွတ် အောင်လည်း ဆွဲငင်ထားနိုင်၏။

သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း ဝိဝဋ္ဋသဘောကို ရည်ရွယ် ၍ ပြုစုပျိုးထောင်ထားအပ်သော သမထကုသိုလ် ဝိပဿနာကုသိုလ် မဂ် ကုသိုလ်တည်းဟူသော အလွန်ဖြူစင်သော စိတ်ဓာတ်ကလည်း ထိုအလွန် ဖြူစင်သော စိတ်ဓာတ်နှင့် ပြည့်စုံနေသည့် သတ္တလောကဟု ခေါ်ဆိုအပ်သည့် သတ္တဝါအပေါင်းကို နိဗ္ဗာန်သို့ ရောက်သည်တိုင်အောင် ဆွဲဆောင်သွားနိုင်၏၊ နိဗ္ဗာန်အာရုံမှ မလျှောကျအောင်လည်း ဆွဲငင်ထားနိုင်၏၊ ညစ်နွမ်းနေသော စိတ်အစဉ်ကိုလည်း ဖြူစင်စေနိုင်၏။ အရဟတ္တမဂ်ကုသိုလ်ကဲ့သို့သော အလွန် ဖြူစင်သော စိတ်ဓာတ်က ကိလေသာ အညစ်အကြေးဟူသမျှကို အပြီးတိုင် စင်ကြယ်အောင် ဆေးကြောသုတ်သင်ပေးနိုင်၏။

ညစ်နွမ်းသော စိတ်ဓာတ်က ဆင်းရဲဒုက္ခ အဝဝကို ရွက်ဆောင်ပေး သကဲ့သို့ ဖြူစင်သော စိတ်ဓာတ်ကလည်း လူ့ချမ်းသာ နတ်ချမ်းသာ ဗြဟ္မာ့ ချမ်းသာ နိဗ္ဗာန်ချမ်းသာဆိုသည့် ချမ်းသာ အဝဝကို ရွက်ဆောင်ပေးနိုင်၏။ ထိုကဲ့သို့သော စိတ်ဓာတ်၏စွမ်းအင်များကို သဘောပေါက်နိုင်ရန် ညစ်နွမ်းနေ သော စိတ်ဓာတ်များ ဖြူစင်အောင် ပြုပြင်ပြောင်းလဲနိုင်ရန် ရည်ရွယ်တောင့် တ၍ - ၁၃၅၄-ခုမှ ၁၃၅၅-ခုသို့ ကူးပြောင်းသည့် အတာကူးသည့် သင်္ကြန် ရက်များကို ဗဟိုထား၍ (၈)ရက်တိုင်တိုင် စိတ်ဓာတ်ပြုပြင်ပြောင်းလဲရေး တရားတော်ကို ဟောကြားပေးခဲ့၏။ ထိုတရားခွေများကို နာယူရသူ ယောဂီ သူတော်စင်တို့က စာအုပ်အဖြစ် ဖတ်ရှုလိုကြောင်းကို အကြိမ်ကြိမ် လျှောက် ထား တောင်းပန်ကြသဖြင့် ထိုတရားခွေများမှ စာအုပ်အဖြစ်သို့ ရောက်ရှိ လာခြင်း ဖြစ်သည်။ လိုတိုး ပိုလျှော့ စနစ်ကို အသုံးပြုကာ တရားသားများကို တည်းဖြတ်သုတ်သင် ပြင်ဆင်လျက် စာအုပ်အသွင်သို့ ပြောင်းလဲကာ စာရှု သူတို့၏ လက်ဝယ်သို့ ရောက်ရှိအောင် ပို့ဆောင်လိုက်ပါသည်။

ဖတ်ရှုရသူ သူတော်ကောင်း အပေါင်းတို့သည်လည်း ညစ်နွမ်းနေသော မိမိတို့၏ စိတ်ဓာတ်များကို ဖြူစင်အောင် ပြုပြင် ပြောင်းလဲနိုင်ကြပါစေဟု ဆန္ဒပြုအပ်ပါသတည်း။

ဖားအောက်တောရဆရာတော်

စိတ္တလတောင်ကျောင်း၊

ဖားအောက်တောရစင်္ကြံကျောင်းအုပ်စု၊

မော်လမြိုင်မြို့နယ်၊

သာသနာတော်သက္ကရာဇ် - ၂၅၄၂-ခု၊

ကောဇာသက္ကရာဇ် - ၁၃၆၀-ပြည့်နှစ်၊ နတ်တော်လပြည့်နေ့။

၁၃၅၄-ခုနှစ် ၁၃၅၅-ခုနှစ် အတာကူးတဲ့ လတန်ခူးအခါတော်ဝယ် ... တန်ခူးလဆုတ် (၆)ရက်နေ့ ည သင်္ကြန်အကြိုနေ့မှ အစပြု၍ --- ဓမ္မပူဇာ အဖြစ်ဖြင့် ဟောကြားတော်မူအပ်သော - စိတ်ဓာတ်ပြုပြင်ပြောင်းလဲရေး တရားဒေသနာတော် - ဒီလိုပဲ နာမည်တပ်ကြစို့ ...

သုတ္တန်ကတော့ ခပ်စုံစုံ စုပေါင်းပြီး ဟောရမဲ့ တရားတစ်ခု ဖြစ်နေပါ တယ်၊ ဒါကြောင့် ဒီသုတ္တန်များကို ဟောကြားပြသ ဆိုဆုံးမတော်မူသော ဘုရားရှင်အား ရှေးဦးစွာ အားလုံး ညီညီညာညာ နမော တဿ သုံးကြိမ်ဖြင့် ရှိခိုးပူဇော်ကန်တော့ကြရအောင် ...

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ကံဆန်းကြယ်ပုံအပိုင်း

(ဂဒ္ဒုလဗဒ္ဓသုတ္တန်ပိုင်း)

အစမထင် သံသရာ

ရှေးဦးစွာ ဂဒ္ဒုလဗဒ္ဓသုတ္တန်နှင့် တရားနိဒါန်း ပျိုးကြရအောင် ...။

အနမတဂ္ဂေါယံ ဘိက္ခဝေ သံသာရော၊ ပုဗ္ဗာ ကောဋိ န ပညာယတိ အဝိဇ္ဇာနီဝရဏာနံ သတ္တာနံ တဏှာသံယောဇနာနံ သန္ဓာဝတံ သံသရတံ။ (သံ၊၂၊၁၂၁။)

ဒီစကားရပ်ကတော့ ဟို ... သံယုတ်ပါဠိတော် ဂဒ္ဒုလဗဒ္ဓသုတ္တန်မှာ မြတ်စွာဘုရား ဟောကြားထားတော်မူတဲ့ ဒေသနာတော်ကလေး တစ်ခုပါပဲ။ ဘာပြောသလဲ?

ဘိက္ခဝေ = ချစ်သား ရဟန်းတို့ ...။ အယံ သံသာရော = ခန္ဓာ အာယတန ဓာတ်တို့၏ အဆက်မပြတ် ဆက်စပ်၍ဖြစ်ရာ ရုပ်နာမ်သန္တာန် အစဉ်အတန်းဟု ခေါ်ဆိုအပ်သော ဤသံသရာသည်ကား။ အနမတဂ္ဂေါ = ဉာဏ်ဖြင့် အစဉ်လျှောက်၍သော်လည်း မသိအပ် မသိနိုင်သော အစ ရှိပေ၏။ ပုဗ္ဗာ ကောဋိ = သံသရာ၏ ေ့ရှအစွန်းသည်။ န ပညာယတိ = မထင်ရှားပေ။ တစ်နည်း -- ပုဗ္ဗာ ကောဋိ = သံသရာ၏ ေ့ရှအစွန်းကို။ န ပညာယတိ = မသိအပ် မသိနိုင်ပေ။

သတ္တဝါတစ်ဦး တစ်ဦးရဲ့ သံသရာခရီး စခဲ့ပုံကို ဉာဏ်ပညာ ကြီးမားလို့ ဘဝတစ်ခုပြီးတစ်ခု ဘဝတစ်ခုပြီးတစ်ခု ဉာဏ်နှင့် အစဉ်လျှောက်ပြီး လှမ်းပြီး ကြည့်သော်လည်း ဘယ်ဘဝက စခဲ့တယ်ဆိုတာ မသိအပ် မသိနိုင်လောက် အောင် အလွန်ရှည်လျားတယ်လို့ ဒီလို မြတ်စွာဘုရားက ဟောကြားထား တော်မူတယ်။

ပုဗ္ဗာ ကောဋိ န ပညာယတိ - သံသရာ၏ ေ့ရှအစွန်းသည် မထင်ရှား ဘူး သိပ်ရှည်လျားတယ်ဆိုတော့ သံသရာရဲ့ အနောက်စွန်းကကော ထင်ရှား ပါသလားလို့ ဒီလိုတော့ မေးစရာ ရှိတယ်နော်။

သံသရာခရီးကို ရှည်လျားအောင်လုပ်နေသူ

ဒီဃော ဗာလာန သံသာရော၊ သဒ္ဓမ္မံ အဝိဇာနတံ။ (ခု၊၁၊၂၂ - ဓမ္မပဒ၊၊)

ဆိုပြီး မြတ်စွာဘုရား ဟောထားတော်မူတဲ့ ဒေသနာတော်များ ထင်ရှား ရှိနေသည့်အတွက်ကြောင့် လူမိုက်တို့သာ ဖြစ်ခဲ့မယ်ဆိုရင် သံသရာ၏ ေ့ရှ အစွန်းသည် ရှည်လျားသလို သံသရာ၏ နောက်အစွန်းဟာလည်း ရှည်လျား နေတယ်၊ လူမိုက်ဆိုတာ ဘယ်လိုပုဂ္ဂိုလ်ကို ပြောတာလဲ?

သဒ္ဓမ္မံ အဝိဇာနတံ- သစ္စာလေးပါး သူတော်ကောင်းတရားကို မသိတဲ့ ပုဂ္ဂိုလ်မျိုးကို ရည်ညွှန်းပြီးတော့ ဘုရားရှင်က ဟောကြားနေတော်မူတယ်။သူတော်ကောင်းတရား မသိတဲ့ပုဂ္ဂိုလ်ကို ဘာကြောင့် လူမိုက်လို့ခေါ်ရသလဲ?

တရားနာတဲ့ ပရိတ်သတ်တွေ ... ဘယ်လို သဘောပေါက်ကြသလဲ၊ ဘာကို လူမိုက်ခေါ်သလဲ?

တီဏိမာနိ ဘိက္ခဝေ ဗာလဿ ဗာလလက္ခဏာနိ ...(မ၊၃၊၂၀၁။)

စသည်ဖြင့် မြတ်စွာဘုရားက ဗာလပဏ္ဍိတသုတ္တန်မှာ လူလိမ္မာ ပညာရှိ ဖြစ်ကြောင်း, လူမိုက်ဖြစ်ကြောင်းတရားတွေကို ဟောကြားထားပါတယ်။

ကိုယ်ဖြင့် မပြုသင့် မပြုထိုက်တဲ့ ကာယဒုစရိုက်တွေကို လွန်ကျူးနေတဲ့ ပုဂ္ဂိုလ်, နှုတ်ဖြင့် မပြောသင့် မပြောထိုက်တဲ့ ဝစီဒုစရိုက်တွေကို လွန်ကျူးနေ တဲ့ပုဂ္ဂိုလ်, စိတ်ဖြင့် မကြံစည်သင့် မကြံစည်ထိုက်တဲ့ မနောဒုစရိုက်တွေကို လွန်ကျူးနေတဲ့ ပုဂ္ဂိုလ်တွေကို လူမိုက်လို့ ဒီလိုခေါ်ထားတယ်၊ အဲဒီ လူမိုက်တို့ အဖို့ သံသရာ၏ ေ့ရှအစွန်းသည် ရှည်လျားသလို သံသရာ၏ နောက်အစွန်း ဆိုတာလည်း ရှည်လျားပါတယ်။ သစ္စာလေးရပ် တရားမြတ်ဆိုတဲ့ သူတော် ကောင်းတရားကို မသိမှုရဲ့ အပြစ်တွေပဲ။

သို့သော်လည်း မိမိတို့ရဲ့ စိတ်ဓာတ်ကို လူလိမ္မာပညာရှိ သူတော်ကောင်း ဖြစ်အောင် ပြုပြင်ပြောင်းလဲပေးလိုက်မယ်ဆိုရင်တော့ သံသရာ၏ ေ့ရှအစွန်း ဟာ ရှည်ချင်လည်း ရှည်ပါစေ၊ သို့သော် သံသရာရဲ့ နောက်အစွန်းကတော့ တိုမသွားနိုင်ဘူးလား? တိုသွားနိုင်တယ်။ ဒါကြောင့် -----

အဝိဇ္ဇာ နှင့် တဏှာ

အနမတဂ္ဂေါယံ ဘိက္ခဝေ သံသာရော၊ ပုဗ္ဗာ ကောဋိ န ပညာယတိ အဝိဇ္ဇာနီဝရဏာနံ သတ္တာနံ တဏှာသံယောဇနာနံ သန္ဓာဝတံ သံသရတံ။

ဘိက္ခဝေ = ချစ်သား ရဟန်းတို့ ...။ အယံ သံသာရော = ခန္ဓာ အာယတန ဓာတ်တို့၏ အဆက်မပြတ် ဆက်စပ်၍ ဖြစ်ပေါ်၍နေရာ ရုပ်နာမ် သန္တာန် အစဉ်ဟု ခေါ်ဆိုအပ်သော ဤသံသရာသည်ကား။ အနမတဂ္ဂေါ = ဉာဏ်ဖြင့် အစဉ်လျှောက်၍သော်လည်း မသိအပ် မသိနိုင်သော အစ ရှိပေ၏။ ပုဗ္ဗာ ကောဋိ = သံသရာ၏ ေ့ရှအစွန်းကို။ န ပညာယတိ = မသိအပ် မသိနိုင်ပေ။ အဝိဇ္ဇာနီဝရဏာနံ = အဝိဇ္ဇာနီဝရဏတရားသည် ပိတ်ဖုံးကာဆီးအပ်ကုန်သည်ဖြစ်၍။ တဏှာသံယောဇနာနံ = တဏှာတည်း ဟူသော သံယောဇဉ်ကြိုးက ရစ်ပတ်နှောင်ဖွဲ့ ထားအပ်ကုန်သည်ဖြစ်၍။ သန္ဓာဝတံ = ထိုဘဝမှ ဤဘဝ, ဤဘဝမှ ထိုဘဝသို့ တပြောင်းပြန်ပြန် ကျင်လည်ကျက်စား ပြေးသွား၍ နေကြရကုန်သော။ သံသရတံ = တစ်ခု သော ဘဝ၌လည်းပဲ ထပ်ကာထပ်ကာ ကျင်လည်ကျက်စား ပြေးသွား၍ နေကြရကုန်သော။ သတ္တာနံ = သတ္တဝါတို့ ၏။ ပုဗ္ဗာ ကောဋိ = သံသရာ၏ ေ့ရှအစွန်းကို။ န ပညာယတိ = မသိအပ် မသိနိုင်ပေ။

သံသရာခရီး ကျင်လည်နေရတဲ့ ပုဂ္ဂိုလ်တွေရဲ့ အရေးကြီးဆုံး ဒုက္ခပေး နေတဲ့ တရားနှစ်ခုက ဘာလဲ? အဝိဇ္ဇာနှင့် တဏှာပဲ - အဝိဇ္ဇာဆိုတာက ဘာလဲ?

ပရမတ္ထတော အဝိဇ္ဇမာနေသု ဣတ္ထိပုရိသာဒီသု ဇဝတိ၊ ဝိဇ္ဇမာနေသုပိ ခန္ဓာဒီသု န ဇဝတီတိ အဝိဇ္ဇာ။ (အဘိ၊ဋ္ဌ၊၂၊၁၂၇။ ဝိသုဒ္ဓိ၊၂၊၁၅၇။)

သမ္မောဟဝိနောဒနီအဋ္ဌကထာ ဒုတိယတွဲ စာမျက်နှာ (၁၂၇), ဝိသုဒ္ဓိမဂ် အဋ္ဌကထာ ဒုတိယတွဲ စာမျက်နှာ (၁၅၇) တို့မှာ ဖွင့်ဆိုထားပါတယ်။ ဘာပြော တာလဲ?

ပရမတ္ထတော = ပရမတ္ထ တရားကိုယ် အနက်သဘောအားဖြင့်။ အဝိဇ္ဇမာနေသု = ထင်ရှားမရှိကြကုန်သော။ ဣတ္ထိပုရိသာဒီသု = အမျိုးသမီး, အမျိုးသား စသော ထိုထိုဝေါဟာရတို့၌။ ဇဝတိ = လျင်မြန်စွာ ဖြစ်၍ နေတတ်၏။ ဝိဇ္ဇမာနေသု = ပရမတ္ထအားဖြင့် ထင်ရှားရှိ၍ နေကြကုန်သော။ ခန္ဓာဒီသုပိ= ခန္ဓာ အာယတန ဓာတ် သစ္စာ သဘောတရားတို့၌လည်း။ န ဇဝတိ = မဖြစ်တတ်ပေ။ ဣတိ တသ္မာ = ထိုကြောင့်။ အဝိဇ္ဇာ = အဝိဇ္ဇာ မည်၏။

အဝိဇ္ဇာရဲ့ သဘောက အသိမှားနေတယ်၊ ပြောင်းပြန်ပဲ။

ဒီထဲမှာ ဝိပဿနာဉာဏ်ရရှိနေတဲ့ သူတော်ကောင်းတွေလည်း ရှိတန် သလောက် ရှိကြပါတယ်။ ထိုသူတော်ကောင်းတွေက ပရမတ္ထဉာဏ်ပညာ မျက်စိဖြင့် အဇ္ဈတ္တမှာ ဓာတ်လေးပါးကို ဦးတည်ပြီးတော့ ရုပ်တွေ နာမ်တွေကို သိမ်းဆည်းတတ်မယ်။ ဗဟိဒ္ဓမှာလည်း ဓာတ်လေးပါးကို အဦးမူပြီးတော့ ရုပ်တွေ နာမ်တွေကို သိမ်းဆည်းတတ်မယ်။ အဲဒီ ရုပ်နာမ်တွေကို သိမ်းဆည်း ပြီးတဲ့အခါ အကြောင်းတရားတွေကို ရှာဖွေပြီး အကြောင်းတရားနှင့်တကွ ဒီရုပ်နာမ်တို့ရဲ့ ဖြစ်ပြီးပျက်နေတဲ့ သဘောကို ဉာဏ်နှင့်မြင်အောင် ကြည့်ပြီး အနိစ္စလို့ တွင်တွင်ရှုမယ်၊ ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် ညှဉ်းပန်း နှိပ်စက်ခံနေရတဲ့ သဘောကို ဉာဏ်နှင့်မြင်အောင် ကြည့်ပြီး ဒုက္ခ လို့ တွင်တွင်ရှုမယ်၊ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရ အားဖြင့် တည်နေတဲ့ အတ္တ မရှိတဲ့, အတ္တ မဟုတ်တဲ့ အနက်သဘောကို ဒီပရမတ္ထတရားတွေမှာ ဉာဏ်နှင့် မြင်အောင် ကြည့်ပြီးတော့ ဒီပရမတ် တရားတွေကို အနတ္တလို့ တွင်တွင်ရှုမယ်ဆိုရင် ထိုအနိစ္စာနုပဿနာဉာဏ်, ဒုက္ခာနုပဿနာဉာဏ်, အနတ္တာနုပဿနာဉာဏ်တွေ ဖြစ်ပေါ်နေတဲ့ သူတော် ကောင်းရဲ့ အသိဉာဏ်ဘက်က လှမ်းကြည့်လိုက်တော့ (၃၁)ဘုံ အတွင်းမှာ ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာဆိုတာ တကယ်ထင်ရှား မရှိဘူး၊ ရှိနေတာက ရုပ်တရားအစုအပုံ ရှိတယ်၊ နာမ်တရားအစုအပုံ ရှိတယ်၊ ရုပ်နာမ်အစုအပုံ ရှိတယ်၊ အကြောင်းတရားအစုအပုံ ရှိတယ်၊ အကျိုးတရား အစုအပုံ ရှိတယ်၊ အနိစ္စတရားအစုအပုံ ဒုက္ခတရားအစုအပုံ အနတ္တတရား အစုအပုံတွေပဲ ရှိတယ်လို့ သူရဲ့ဉာဏ်က မြင်နေတယ်။ ဒါကြောင့် -----

ရုပ်တရားလို့ သိခဲ့ရင်လည်း မှန်တယ်။ နာမ်တရားတွေလို့ သိနေရင် လည်း မှန်တယ်။ ရုပ်တရားအစုအပုံ နာမ်တရားအစုအပုံလို့ သိရင်လည်း မှန်တယ်။ အကြောင်းတရားအစုအပုံ အကျိုးတရားအစုအပုံလို့ သိရင်လည်း မှန်တယ်။ အနိစ္စတရားအစုအပုံတွေပဲ၊ ဒုက္ခတရားအစုအပုံတွေပဲ၊ အနတ္တ တရားအစုအပုံတွေပဲလို့ ဒီလိုသိခဲ့ရင်လည်း မှန်နေတယ်။ ဒီလို မသိဘဲနဲ့ ပရမတ္ထအားဖြင့် တကယ်ထင်ရှား မရှိတဲ့ ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာ စတဲ့ ပညတ်တွေအပေါ်မှာ သောင်တင်ပြီးတော့ အသိမှား နေတဲ့ သဘောကိုတော့ ဘာလို့ခေါ်သလဲ? အဝိဇ္ဇာ။

ဒီတော့ ယောက်ျားလို့ သိနေတဲ့ အသိသည် မှားသလား, မှန်သလား? မှားတယ်၊ အဲဒီ အသိမှားနေမှုကို ဘာလို့ခေါ်သလဲ? အဝိဇ္ဇာပဲ။ အမျိုးသမီးလို့ သိနေတဲ့ အသိသည် မှားသလား, မှန်သလား? - မှားတယ်၊ ဒီအသိသည် အဝိဇ္ဇာပဲ။ ပရမတ္ထအားဖြင့် တကယ်ထင်ရှားမရှိဘူးဆိုတာက ဒီပရမတ်တရား တွေက ဖြစ်ပြီးတာနဲ့ ချက်ချင်း ပျက်သွားတယ်။ တစ်စက္ကန့်ကို အကြိမ်ကုဋေ ပေါင်းများစွာပုံရင် ရုပ်လောကမှာ ကုဋေပေါင်း (၅၀၀၀)ကျော်ခန့်ပေါ့၊ ခန့် လို့ပြောပါတယ်၊ အတိအကျတော့ မဆိုလိုပါဘူး။ တစ်စက္ကန့်ကို အကြိမ်ကုဋေ (၅၀၀၀)ကျော်ခန့်လောက် ပုံရင် တစ်ပုံလောက်သာ သက်တမ်းရှည်တယ်။ နာမ်လောကမှာလည်း တစ်စက္ကန့်ဆိုတဲ့ အချိန်ကာလကို ကုဋေတစ်သိန်း လောက်ပုံရင် တစ်ပုံခန့်လောက်သာ သက်တမ်း ရှည်တယ်။ အဲဒီလောက် တောင် အလွန် လျင်လျင်မြန်မြန်ကြီး ဖြစ်ပျက်နေတဲ့ ဓမ္မသဘာဝတွေကို ဒါက ယောက်ျားပဲ, ဒါက မိန်းမပဲ, ဒါက ငါပဲ, ဒါက သူပဲ, ဒါက သားပဲ, ဒါက သမီးပဲလို့ စွဲယူလောက်တဲ့ အချိန်တောင်ရှိသလား? မရှိဘူး။

မရှိပေမဲ့လို့ သတ္တဝါတွေက စွဲနေကြတယ်၊ ဒါက ယောက်ျား, ဒါက မိန်းမ, ဒါက သား, ဒါက သမီး, ဒါက ဇနီး, ဒါက မြေး စသည်ဖြင့် စွဲလမ်း နေကြတယ်၊ အသိတွေ မှားနေကြတယ်။ အဲဒီလို အသိမှားမှု အဝိဇ္ဇာ ထင်ရှား ရှိနေတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ဒီအမျိုးသားဆိုတဲ့အာရုံ ဒီအမျိုးသမီးဆိုတဲ့ အာရုံတွေက မိမိ နှစ်သက်မြတ်နိုးဖွယ်ရာ အာရုံ ဖြစ်ခဲ့မယ်ဆိုရင်လည်း ဒီအာရုံ တွေအပေါ်၌ တွယ်တာတပ်မက်မှု တဏှာ ပေါ်မလာဘူးလား? ပေါ်လာ တယ်။ မိမိ မနှစ်သက်တဲ့ အာရုံ ဖြစ်ခဲ့မယ်ဆိုရင်လည်း မနှစ်သက်တဲ့အတွက် ဒေါသတရားတွေ ထင်ရှားဖြစ်ပေါ်ပြီး လာတတ်တယ်။

ဒါကြောင့် သံသရာခရီး ကျင်လည်နေတဲ့ သတ္တဝါတွေမှာ သံသရာ ဘာကြောင့် ရှည်ရသလဲဆိုတဲ့ အခြေခံအကြောင်းရင်းကို ကြည့်လိုက်တော့ အသိမှားမှု အဝိဇ္ဇာနှင့် ထိုထိုဘဝ ထိုထိုရုပ်နာမ်သန္တာန်အစဉ်အပေါ်မှာ တွယ် တာတပ်မက်နေတဲ့ တဏှာတရားက အဓိကအကြောင်းရင်း ဖြစ်နေတယ်။ အဲဒီ အဝိဇ္ဇာနီဝရဏ တဏှာသံယောဇဉ်ကြိုး ဒီနှစ်ခုက ရစ်ပတ် နှောင်ဖွဲ့ ထားအပ်တဲ့အတွက် ဒီသတ္တဝါတွေသည် သံသရာခရီးမှာ ရှည်လျားနေကြ တယ်။ ယောက်ျား မိန်းမ လူ နတ် ဗြဟ္မာ စသည်ဖြင့် အသိမှားမှု အဝိဇ္ဇာနှင့် တွယ်တာတပ်မက်မှု တဏှာတရား နှစ်ပါးကို အခြေခံ၍ သင်္ခါရ ကံ အမျိုးမျိုး တွေကို ထူထောင်ကြတယ်။

ဒီကံတွေကြောင့် ပဋိသန္ဓေနေရတဲ့ဒုက္ခတွေနှင့် အဖန်ဖန် အထပ်ထပ် တွေ့ရတယ်၊ အိုရတဲ့ဒုက္ခတွေနှင့် အဖန်ဖန် အထပ်ထပ် တွေ့ရတယ်၊ နာရတဲ့ ဒုက္ခတွေနှင့် အဖန်ဖန် အထပ်ထပ် တွေ့ရတယ်၊ သေရတဲ့ဒုက္ခတွေနှင့် အဖန်ဖန် အထပ်ထပ် တွေ့ရတယ်၊ စိုးရိမ်ရတဲ့ဒုက္ခ ပူဆွေးရတဲ့ဒုက္ခ ငိုကြွေးရတဲ့ဒုက္ခ ကိုယ်ဆင်းရဲရတဲ့ဒုက္ခ စိတ်ဆင်းရဲရတဲ့ဒုက္ခ ပြင်းစွာပူပန်ရတဲ့ ဒုက္ခဆိုတဲ့ ဒီဒုက္ခအဝဝတွေနှင့် အမြဲတမ်း တွေ့နေရတယ်။

အကြောင်းမလှလို့ အခါအခွင့်မသင့်လို့ လမ်းချော်သွားခဲ့ရင်လည်း အပါယ်သံသရာ ဝဋ်ဆင်းရဲ ဒုက္ခကြီးက မိမိကို လှမ်းပြီးတော့ အမြဲတမ်း ဆီးကြိုနေတယ်။ ဒါကြောင့် ဒီလောက်တောင် သံသရာခရီးမှာ အိုလို့မဆုံး နာလို့မဆုံး သေလို့မဆုံး ဖြစ်နေတဲ့ သတ္တဝါတွေက ဒီသံသရာခရီးမှ ကျွတ်ရာ ကျွတ်ကြောင်း လွတ်ရာလွတ်ကြောင်းဖြစ်တဲ့ တရားကောင်းတွေ ထင်ရှား ရှိနေတယ်ဆိုရင် ဒီအိုဘေးဆိုးကြီးမှ လွတ်အောင်, ဒီနာဘေးဆိုးကြီးမှ လွတ် အောင်, ဒီသေဘေးဆိုးကြီးမှလွတ်အောင်, ဒီအပါယ်ဝဋ်ဆင်းရဲဒုက္ခ ဘေးဆိုး ကြီးမှ လွတ်အောင် ထုတ်ဆောင်ကယ်တင်ပေးမည့် တရားတစ်ခု ထင်ရှား ရှိနေတယ်ဆိုရင် ဒီတရားမျိုးကို ရအောင် ယူထားဖို့ မကောင်းဘူးလား? သိပ်ကောင်းတယ်။ သို့သော် -----

ဒါပေမဲ့ဆိုတဲ့ ကွက်လပ်ကလေး

သတ္တဝါတွေက တော်တော်ကလေးတော့ ခက်တယ်၊ ခက်တယ်ဆိုတာ က ဘာကို ပြောလိုတာလဲ? တစ်ခါတုန်းက ဘုန်းကြီး ဒကာလေးတစ်ယောက် နှင့် တွေ့ဖူးတယ်။ ဒကာလေးက စကားပြောခပ်ကောင်းကောင်းပဲ၊ ပြောပါများ လာတော့ သူက ဘာလျှောက်ထားလာသလဲ? အရှင်ဘုရား ... လူတွေ ဟာ မိမိအတွက် ကွက်လပ်ကလေးတစ်ခုကိုတော့ အမြဲတမ်း ချန်ချန် ထားတယ်တဲ့ ဘာကို ပြောလိုတာလဲ၊ ဆင်ခြေပေးဖို့ရန်အတွက် ဒါပေမဲ့ ဆိုတဲ့ ကွက်လပ်ကလေးတစ်ခုကို အမြဲတမ်း ချန်ချန်ထားတယ်လို့ သူက လျှောက်တယ်။

မှန်တယ်၊ လူတိုင်းမှာ ဆင်ခြေပေးဖို့ အကွက်ကလေးတွေ အများကြီး ရှိကြပါတယ်။ တပည့်တော်က တရားကို အားထုတ်ချင်ပါတယ်၊ စိတ်ကပါပါ တယ်၊ ဒါပေမဲ့ ..ဒါပေမဲ့ဆိုတဲ့ ကွက်လပ်ကလေးထဲကို ပြေးပြေးပြီးတော့ ဝင်သွားကြတယ်။ အဲဒီ ကွက်လပ်ကလေးထဲမှာ အမြဲနေကြမယ်ဆိုလို့ရှိရင် တော့ ဒီအိုဘေးဆိုးကြီးမှ လွတ်ပါ့မလား၊ မလွတ်နိုင်ဘူး၊ နာဘေးဆိုးကြီး ကလည်း မလွတ်နိုင်ဘူး၊ သေဘေးဆိုးကြီးကလည်း မလွတ်နိုင်ဘူး၊ အပါယ် ဘေးဆိုးကြီးကလည်း မလွတ်နိုင်ဘူး။ ဒါကြောင့် မြတ်စွာဘုရားရှင်က -----

အနမတဂ္ဂေါယံ ဘိက္ခဝေ သံသာရော။ ပုဗ္ဗာ ကောဋိ န ပညာယတိ အဝိဇ္ဇာနီဝရဏာနံ သတ္တာနံ တဏှာသံယောဇနာနံ သန္ဓာဝတံ သံသရတံ။ (သံ၊၂၊၁၂၁။)

ဘိက္ခဝေ = ချစ်သား ရဟန်းတို့ ...။ အယံ သံသာရော = ခန္ဓာ အာယတန ဓာတ်တို့၏ အဆက်မပြတ် ဆက်စပ်၍ ဖြစ်ပေါ်နေရာ ရုပ်နာမ် သန္တာန်အစဉ်အတန်းဟု ခေါ်ဆိုအပ်တဲ့ ဤသံသရာသည်။ အနမတဂ္ဂေါ = ဉာဏ်ဖြင့်အစဉ် လျှောက်၍သော်လည်း မသိအပ် မသိနိုင်သော အစရှိပေ၏။ အဝိဇ္ဇာနီဝရဏာနံ = အဝိဇ္ဇာ နီဝရဏတရားသည် ပိတ်ဖုံးကာဆီးအပ်ကုန် သည်ဖြစ်၍။ တဏှာသံယောဇနာနံ = တဏှာတည်းဟူသော သံယောဇဉ် ကြိုးက ရစ်ပတ်နှောင်ဖွဲ့ထားအပ်ကုန်သည်ဖြစ်၍။ သန္ဓာဝတံ = ထိုဘဝမှ ဤဘဝ, ဤဘဝမှ ထိုဘဝသို့ တပြောင်းပြန်ပြန် ကျင်လည် ကျက်စား ပြေးသွား၍ နေကြရကုန်သော။ သံသရတံ = တစ်ခုသော ဘဝ၌လည်းပဲ ထပ်ကာထပ်ကာ ကျင်လည် ကျက်စား ပြေးသွား၍ နေကြရကုန်သော။ သတ္တာနံ = သတ္တဝါတို့၏။ ပုဗ္ဗာ ကောဋိ = သံသရာ၏ ေ့ရှအစွန်းကို။ န ပညာယတိ = မသိအပ် မသိနိုင်ပေ။

အဝိဇ္ဇာနီဝရဏရဲ့ ပိတ်ဖုံးကာဆီးမှုကို ခံနေရမယ်ဆိုရင်, တဏှာတည်း ဟူသော သံယောဇဉ်ကြိုးဖြင့်လည်း အနှောင်အဖွဲ့ခံနေရမယ်ဆိုရင်တော့ - ဒီလို အဝိဇ္ဇာနီဝရဏက ပိတ်ဖုံးကာဆီးထားအပ်တဲ့ တဏှာတည်းဟူသော သံယောဇဉ်ကြိုးဖြင့် ရစ်ပတ်နှောင်ဖွဲ့ထားအပ်တဲ့ သတ္တဝါတွေရဲ့ သံသရာ ခရီးသည် အလွန် မရှည်ဘူးလား? ရှည်နေပြီ။ - နောက်ထပ်လည်း ဒီလိုပဲ အဝိဇ္ဇာနီဝရဏက ပိတ်ဖုံးထားဦးမယ်ဆိုရင် တဏှာတည်းဟူသော သံယော ဇဉ်ကြိုးတွေနှင့် ရစ်ပတ်နှောင်ဖွဲ့ ခံနေရဦးမယ်ဆိုရင်လည်း သံသရာခရီး မရှည်ဘူးလား? ရှည်နေဦးမယ်။ ဒါကြောင့် -----

မဟာသမုဒ္ဒရာရေ ခန်းခြောက်ချိန်

ဟောတိ သော ဘိက္ခဝေ သမယော ယံ မဟာသမုဒ္ဒေါ ဥဿုဿတိ ဝိသုဿတိ န ဘဝတိ၊ န တွေဝါဟံ ဘိက္ခဝေ အဝိဇ္ဇာနီဝရဏာနံ သတ္တာနံ တဏှာသံယောဇနာနံ သန္ဓာဝတံ သံသရတံ ဒုက္ခဿ အန္တကိရိယံ ဝဒါမိ။ (သံ၊၂၊၁၂၁။)

ဘိက္ခဝေ = ချစ်သား ရဟန်းတို့ ...။ ယံ - ယသ္မိံ ကာလေ = အကြင် အခါကာလ၌။ မဟာသမုဒ္ဒေါ = မဟာသမုဒ္ဒရာကြီးသည်။ ဥဿုဿတိ = အထက်၌ ခန်းခြောက်၍ သွားပေလတ္တံ့။ ဝိဿုဿတိ = အထူးထူး အပြား ပြား ခန်းခြောက်၍ သွားပေလတ္တံ့။ န ဘဝတိ = မဖြစ် မရှိတော့ပေလတ္တံ့။ သော သမယော = ထိုကဲ့သို့သော အချိန်အခါမျိုးသည်။ ဟောတိ = ရှိသေးသည်သာလျှင်တည်း။

အလွန်ကြီးကျယ်နေတဲ့ ရေထုထည်များပြားနေတဲ့ မဟာသမုဒ္ဒရာကြီး ရှိတယ်။ တစ်ချိန် - ကမ္ဘာပျက်ခါနီးပြီဆိုရင်ပေါ့၊ နေတွေ တစ်စင်းပြီး တစ်စင်း, တစ်စင်းပြီး တစ်စင်း ထွက်လာရာက, နေ ငါးစင်းလောက် ထွက်လာပြီဆိုရင် မဟာသမုဒ္ဒရာရေတွေ အားလုံး ခန်းခြောက်သွားတယ်။ အဲဒီလို အချိန်အခါ မျိုးဟာ တစ်ချိန် ကြုံကြလိမ့်မယ်၊ သံသရာခရီး မဆုံးသေးရင်တော့ ဒီဒုက္ခက မိမိတို့ရင်ဆိုင်ကြရမည့် ဒုက္ခတစ်ခု ဖြစ်ပါတယ်။ အဲဒီလို ဖြစ်လာတဲ့ အချိန် အခါမျိုးမှာတောင် သတ္တဝါတွေရဲ့ သံသရာခရီးကို ဘုရားရှင်က ဘယ်လို ဟောတော်မူသလဲ?

န တွေဝါဟံ ဘိက္ခဝေ အဝိဇ္ဇာနီဝရဏာနံ သတ္တာနံ တဏှာသံယောဇနာနံ သန္ဓာဝတံ သံသရတံ ဒုက္ခဿ အန္တကိရိယံ ဝဒါမိ။

ဘိက္ခဝေ = ချစ်သား ရဟန်းတို့ ...။ တဒါ - တသ္မိမ္ပိ ကာလေ = ထိုကဲ့သို့သော အချိန်အခါမျိုး၌သော်လည်းပဲ။ အဝိဇ္ဇာနီဝရဏာနံ = အဝိဇ္ဇာနီဝရဏတရားသည် ပိတ်ဖုံးကာဆီးအပ်ကုန်သည်ဖြစ်၍။ တဏှာ သံယောဇနာနံ = တဏှာတည်းဟူသော သံယောဇဉ်ကြိုးက ရစ်ပတ်နှောင်ဖွဲ့ ထားအပ်ကုန်သည်ဖြစ်၍။ သန္ဓာဝတံ = ထိုဘဝမှ ဤဘဝ, ဤဘဝမှ ထိုဘဝသို့ တပြောင်းပြန်ပြန် ကျင်လည်ကျက်စား ပြေးသွား၍ နေကြရကုန် သော။ သံသရတံ = တစ်ခုသော ဘဝ၌လည်းပဲ ထပ်ကာထပ်ကာ ကျင်လည် ကျက်စား ပြေးသွား၍ နေကြရကုန်သော။ သတ္တာနံ = သတ္တဝါတို့၏။ ဒုက္ခဿ = သံသရာဝဋ်ဆင်းရဲဒုက္ခ၏။ အန္တကိရိယံ = အဆုံးအပိုင်းအခြားကို။ အဟံ = ငါဘုရားသည်။ န တွေဝ ဝဒါမိ = ဟောတော်မမူသည်သာလျှင် တည်း။

နေငါးစင်းထွက်လာလို့ မဟာသမုဒ္ဒရာရေတွေ ခန်းခြောက်သွားတဲ့ အချိန်အခါကာလတစ်ခု တစ်နေ့ ဖြစ်ပေါ်လာလိမ့်မယ်။ အဲဒီ အချိန်အခါ မျိုးမှာသော်လည်း အဝိဇ္ဇာနီဝရဏတရားက ပိတ်ဖုံး ကာဆီးထားအပ်တဲ့, တဏှာတည်းဟူသော သံယောဇဉ်ကြိုးရဲ့ ရစ်ပတ်နှောင်ဖွဲ့မှုကို ခံနေရတဲ့ ဒီသတ္တဝါတွေရဲ့ သံသရာဝဋ်ဆင်းရဲဒုက္ခကြီးဟာ ကုန်ဆုံးသွားလိမ့်မယ်လို့ ငါ ဘုရား မဟောဘူး၊ ဘယ်ဆက်ရမလဲ? - အဝိဇ္ဇာနီဝရဏ ပိတ်ဖုံးခံနေရတဲ့ သတ္တဝါတွေအဖို့ တဏှာတည်းဟူသော သံယောဇဉ်ကြိုးဖြင့် ရစ်ပတ်နှောင်ဖွဲ့ ခံနေရတဲ့ ဒီသတ္တဝါတွေအဖို့ ေ့ရှသံသရာခရီးက ဆီးကြိုနေပါတယ်။ ထို အချိန်အခါမှာပေါ့ ဘဝတစ်ခုကိုတော့ လက်ခံရမည့် အခြေအနေ ရှိပါတယ်။ ဘယ်လိုဘဝဆိုတာကတော့ ပြီးတော့မှ ထပ်ပြောမယ်။ နောက်တစ်ခု - မြတ်စွာဘုရားက ဆက်ဟောပြန်တယ် -----

မြင့်မိုရ်တောင်မင်း ပြာဖြစ်ချိန်

ဟောတိ သော ဘိက္ခဝေ သမယော ယံ သိနေရုပဗ္ဗတရာဇာ ဍယှတိ ဝိနဿတိ န ဘဝတိ၊ န တွေဝါဟံ ဘိက္ခဝေ အဝိဇ္ဇာနီဝရဏာနံ သတ္တာနံ တဏှာသံယောဇနာနံ သန္ဓာဝတံ သံသရတံ ဒုက္ခဿ အန္တကိရိယံ ဝဒါမိ။ (သံ၊၂၊၁၂၁-၁၂၂။)

ဘိက္ခဝေ = ချစ်သား ရဟန်းတို့ ...။ ယံ - ယသ္မိံ ကာလေ = အကြင် အခါကာလ၌။ သိနေရုပဗ္ဗတရာဇာ = မြင့်မိုရ်တောင်မင်းသည်။ ဍယှတိ = လောင်ကျွမ်း၍ သွားပေ၏။ ဝိနဿတိ = ပျောက်ပျက်၍ သွားပေ၏။ န ဘဝတိ = မဖြစ်မရှိတော့ပေ။ သော သမယော = ထိုကဲ့သို့သော အချိန်အခါ ကာလမျိုးသည်။ ဟောတိ = ရှိသေးသည်သာလျှင်တည်း။

ဘိက္ခဝေ = ချစ်သား ရဟန်းတို့ ...။ တဒါ - တသ္မိမ္ပိ ကာလေ = ထိုကဲ့သို့သော အချိန်အခါကာလမျိုး၌သော်လည်းပဲ။ အဝိဇ္ဇာနီဝရဏာနံ = အဝိဇ္ဇာနီဝရဏတရားသည် ပိတ်ဖုံးကာဆီးအပ်ကုန်သည်ဖြစ်၍။ တဏှာ သံယောဇနာနံ = တဏှာတည်းဟူသော သံယောဇဉ်ကြိုးက ရစ်ပတ်နှောင်ဖွဲ့ ထားအပ်ကုန်သည်ဖြစ်၍။ သန္ဓာဝတံ = ထိုဘဝမှ ဤဘဝ, ဤဘဝမှ ထိုဘဝသို့ တပြောင်းပြန်ပြန် ကျင်လည်ကျက်စား ပြေးသွား၍ နေကြရကုန် သော။ သံသရတံ = တစ်ခုသော ဘဝ၌လည်းပဲ ထပ်ခါထပ်ခါ ကျင်လည် ကျက်စား ပြေးသွား၍ နေကြရကုန်သော။ သတ္တာနံ = သတ္တဝါတို့၏။ ဒုက္ခဿ = သံသရာဝဋ်ဆင်းရဲဒုက္ခ၏။ အန္တကိရိယံ = အဆုံးအပိုင်းအခြားကို။ အဟံ = ငါဘုရားသည်။ န တွေဝ ဝဒါမိ = ဟောတော်မမူသည်သာလျှင် တည်း။

တစ်ချိန် .. နေငါးစင်း ကျော်ပြီးတော့ ခြောက်စင်း ထွက်လာပြီ။ အဲဒီအချိန်အခါမှာ မြင့်မိုရ်တောင်မင်းကြီးပေါ့ - အားလုံး မီးလောင်သွားလိမ့် မယ်၊ လုံးလုံး မြင့်မိုရ်တောင်မင်းကြီး ကွယ်ပျောက်သွားလိမ့်မယ်။ အဲဒီလို အချိန်အခါမျိုးမှာသော်လည်းပဲ အဝိဇ္ဇာနီဝရဏတရားက ပိတ်ဖုံးကာဆီးထား အပ်တဲ့ တဏှာတည်းဟူသော သံယောဇဉ်ကြိုးဖြင့် ရစ်ပတ်နှောင်ဖွဲ့ခံနေရတဲ့ ဒီသတ္တဝါတွေရဲ့ သံသရာဝဋ်ဆင်းရဲဒုက္ခကြီးရဲ့ အဆုံးအပိုင်းအခြားကို ထင်ရှား ရှိနေတယ်လို့ ငါဘုရား မဟောဘူး။ အဲဒီဒုက္ခကို သံသရာခရီး မဆုံးကြသေး ဘူးဆိုရင် တစ်ချိန် တွေ့ကြရဦးမယ်နော်။ နောက်တစ်ခု ရှိသေးတယ်။ ---

ကမ္ဘာ မီးလောင်ချိန်

ဟောတိ သော ဘိက္ခဝေ သမယော ယံ မဟာပထဝီ ဍယှတိ ဝိနဿတိ န ဘဝတိ၊ န တွေဝါဟံ ဘိက္ခဝေ အဝိဇ္ဇာနီဝရဏာနံ သတ္တာနံ တဏှာသံယောဇနာနံ သန္ဓာဝတံ သံသရတံ ဒုက္ခဿ အန္တကိရိယံ ဝဒါမိ။ (သံ၊၂၊၁၂၂။)

ဘိက္ခဝေ = ချစ်သား ရဟန်းတို့ ...။ ယံ - ယသ္မိံ ကာလေ = အကြင် အခါကာလ၌။ အယံ မဟာပထဝီ = ဤ မဟာပထဝီမြေကြီးသည်။ ဍယှတိ = လောင်ကျွမ်း၍ သွားပေ၏။ ဝိနဿတိ = ပျောက်ပျက်၍ သွားပေ၏။ န ဘဝတိ = မဖြစ် မရှိတော့ပေ။ သော သမယော = ထိုကဲ့သို့သော အချိန် အခါကာလမျိုးသည်။ ဟောတိ = ရှိသေးသည်သာလျှင်တည်း။

ဘိက္ခဝေ = ချစ်သား ရဟန်းတို့ ...။ တဒါ - တသ္မိမ္ပိ ကာလေ = ထိုကဲ့သို့သော အချိန်အခါမျိုး၌သော်လည်းပဲ။ အဝိဇ္ဇာနီဝရဏာနံ = အဝိဇ္ဇာနီဝရဏတရားသည် ပိတ်ဖုံးကာဆီးအပ်ကုန်သည်ဖြစ်၍။ တဏှာ သံယောဇနာနံ = တဏှာတည်းဟူသော သံယောဇဉ်ကြိုးက ရစ်ပတ်နှောင်ဖွဲ့ ထားအပ်ကုန်သည်ဖြစ်၍။ သန္ဓာဝတံ = ထိုဘဝမှ ဤဘဝ, ဤဘဝမှ ထိုဘဝသို့ တပြောင်းပြန်ပြန် ကျင်လည်ကျက်စား ပြေးသွား၍ နေကြရကုန် သော။ သံသရတံ = တစ်ခုသော ဘဝ၌လည်းပဲ ထပ်ကာထပ်ကာ ကျင်လည် ကျက်စား ပြေးသွား၍ နေကြရကုန်သော။ သတ္တာနံ = သတ္တဝါတို့၏။ ဒုက္ခဿ = သံသရာဝဋ်ဆင်းရဲဒုက္ခ၏။ အန္တကိရိယံ = အဆုံးအပိုင်းအခြားကို။ အဟံ = ငါဘုရားသည်။ န တွေဝ ဝဒါမိ = ဟောတော်မမူသည်သာလျှင် တည်း။

တစ်ချိန် .. နေခုနစ်စင်း ထွက်လာပြီ၊ ကမ္ဘာကြီး ပျက်ခါနီး ပျက် တော့မယ်ဆိုတဲ့ အချိန်ပေါ့၊ နေခုနစ်စင်း ထွက်ပြီ ဆိုလို့ရှိရင်တော့ မဟာ ပထဝီမြေကြီးလည်း အားလုံး လောင်ကျွမ်းသွားပြီ၊ ပရမာဏုမြူခန့် သေး ငယ်နေတဲ့ အမှုန်လေးတွေတောင် မကျန်တော့ဘူး၊ အကြွင်းအကျန် မရှိ အကုန်လုံး လောင်သွားပြီ၊ လဟာပြင် ကွက်လပ်ပဲ ကျန်တော့တယ်။ မဟာ ပထဝီမြေကြီးကို အမှီပြုနေတဲ့ သတ္တဝါမှန်သမျှအားလုံး တစ်ဦးတစ်ယောက် မျှမရှိတော့ဘူး။ အဲဒီလို အချိန်အခါမျိုး ရောက်တဲ့ အခါမှာသော်လည်းပဲ အဝိဇ္ဇာနီဝရဏတရားဖြင့် ပိတ်ဖုံးကာဆီးခံနေရတဲ့ သတ္တဝါတွေအဖို့ တဏှာ တည်းဟူသော သံယောဇဉ်ကြိုးဖြင့် ရစ်ပတ်နှောင်ဖွဲ့ခံနေရတဲ့ သတ္တဝါတွေ အဖို့ သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ဆုံးသွားလိမ့်မယ်လို့ ငါဘုရား မဟောပါဘူး။

ကမ္ဘာပျက်ပုံ တည်ပုံ

ဒီလိုဆိုရင်တော့ တစ်ချိန် ဒီဒုက္ခကြီးတွေနှင့်လည်း တွေ့ရမယ်၊ တွေ့ပြီး တော့လည်း နောက်ထပ် သံသရာခရီးလည်း မကုန်ဆုံးသေးဘူးဆိုရင်တော့ ကြောက်ဖို့ မကောင်းဘူးလား? သိပ်ကြောက်ဖို့ ကောင်းတယ်။ သံသရာခရီး မဆုံးသေးသူတို့အတွက် ကမ္ဘာပျက်တဲ့ ဘေးဆိုတာက တွေ့ရမှာ ဓမ္မတာပဲ နော်၊ သံသရာခရီးကို ဒီကမ္ဘာ မပျက်ခင်မှာ မိမိတို့က ဆုံးအောင် ပြုလုပ်နိုင် တဲ့စွမ်းအား, စိတ်ဓာတ်တွေကို ပြုပြင်ပြောင်လဲပေးနိုင်တဲ့စွမ်းအား ရှိခဲ့မည် ဆိုရင်တော့ ဒီဒုက္ခကြီးတွေက လွတ်သွားနိုင်တယ်။ အဲဒီတော့ သံသရာခရီး မဆုံးရင် ဘယ်သွားကြသလဲ? ဓမ္မတာကလေးတစ်ခုကို နည်းနည်းပြောမယ်။

ကမ္ဘာဦးက စပြောမှ နည်းနည်း သဘောပေါက်မယ်။ ကမ္ဘာဦးကာလ မှာပေါ့ - အခုလို ကမ္ဘာပျက်ပြီး လဟာပြင်အတိုင်း တည်နေပြီးနောက်, နောက်ထပ် ကမ္ဘာကြီးတည်ဆောက်ဖို့ရန်အတွက် ကမ္ဘာပြုတဲ့ ကမ္ဘာပြုမိုးကြီး စရွာပြီ ဆိုကြစို့နော်၊ ပထမတော့ မိုးသေး မိုးဖွဲပေါ့၊ အဲဒီကနေ တဖြည်းဖြည်း မိုးတွေ ကြီးကျယ်လာပြီးတော့ ဒီရေထုကို အောက်က လေထုက ခံထား လိုက်တဲ့အခါမှာ တဖြည်းဖြည်း ရေထုရဲ့ အပေါ်ကြောတွေက တင်းမာပြီး တော့ တဖြည်းဖြည်း ကျောက်တွေ ဖြစ်လာတယ်၊ မြေတွေ ဖြစ်လာတယ်၊ တဖြည်းဖြည်း ကမ္ဘာကြီး တည်နေတယ်။

ကမ္ဘာဦးကာလ

အဲဒီလို ကမ္ဘာကြီးတည်လာပြီးတဲ့ အချိန်အခါကာလကနေ စပြီးတော့ နောက်တော့ သစ်ပင်တွေ ရေမြေတွေ တောတောင်တွေ စသည်ဖြင့် ဖြစ် ထွန်းလာတဲ့ အချိန်အခါမှာ - ဟို .. ဗြဟ္မာ့ပြည်လောက်မှာ သက်တမ်း ကုန်ဆုံးသွားတဲ့ ဗြဟ္မာတချို့ ဗြဟ္မာ့ပြည်မှာ စုတေပြီးတော့ လူ့ပြည် လူ့ လောကမှာ ကိုယ်ထင်ရှားလာဖြစ်ကြတယ်၊ ဗြဟ္မာကြီးတွေ လူ့ပြည်ဆင်းလာ ကြတာတော့ မဟုတ်ဘူး၊ ဗြဟ္မာ့ပြည်မှာ သက်တမ်းကုန်လို့ လူ့ပြည်ကို လူ အဖြစ်နဲ့ ရောက်ရှိလာကြတယ်။ ဒါပေမဲ့ သူတို့က ဗြဟ္မာကနေ လူ့ပြည်ကို ဗြုန်းကနဲရောက်စ ပုဂ္ဂိုလ်တွေဖြစ်တော့ မင်းကတော်ကျ ပုံစံမျိုးပေါ့၊ အရှိန် အဝါကလေးတွေက ရှိနေကြသေးတယ်၊ ကိုယ်ရောင်ကိုယ်ဝါတွေ ထွန်းလင်း တောက်ပလျက် ရှိနေကြပါသေးတယ်။

ဆုတ်ကပ် နှင့် တက်ကပ်

အဲဒီ ကမ္ဘာဦးကာလမှာရှိနေကြတဲ့ ပုဂ္ဂိုလ်တွေရဲ့ သက်တမ်းကို ရေတွက် ကြည့်လိုက်မယ်ဆိုရင် လူတို့ရဲ့ သက်တမ်းအားဖြင့် ပြောမယ်ဆိုရင် မရေ မတွက်နိုင်လောက်အောင် သက်တမ်းရှည်တယ်၊ အသင်္ချေယျတမ်းလို့ခေါ် တယ်။ အဲဒီလို မရေမတွက်နိုင်လောက်အောင် သက်တမ်းရှည်နေရာကနေပြီး တော့ ဒီလူသားတွေက ဘာဖြစ်လာကြသလဲ? တဖြည်းဖြည်း ရာဂ ဒေါသ မောဟတို့၏ နှိပ်စက်တဲ့ ဒဏ်ချက်တွေကို ခံလာရတယ်။ အဲဒီလို ခံလာရတဲ့ အချိန်အခါမှာ ရာဂ ဒေါသ မောဟတွေ ထူပြောလာတဲ့အတွက် တဖြည်းဖြည်း သက်တမ်းတွေတိုသွားလိုက်တာ နောက်ဆုံးဘယ်ရောက်သွားသလဲ? (၁၀)နှစ် တမ်းရောက်၊ (၁၀)နှစ်တမ်းကျတော့ သတ်ကြဖြတ်ကြတဲ့ သတ္တန္တရကပ်တွေက လွှမ်းမိုးလာကြတယ်၊ အဲဒီအချိန်အခါမှာ ကြောက်ရွံ့ထိတ်လန့်တတ်တဲ့ ပုဂ္ဂိုလ်တချို့က တောထဲ တောင်ထဲ ပုန်းပြီးတော့ မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာလို့ ခေါ်ဆိုအပ်တဲ့ ဗြဟ္မဝိဟာရတရား ဗြဟ္မစိုရ်တရားလေးပါး ပွားလိုက်တဲ့အခါမှာ တဖြည်းဖြည်း သက်တမ်းတွေက ပြန်ရှည်လာပြန်တယ်၊ (၁၀)နှစ်ကမွေးတဲ့ ပုဂ္ဂိုလ်က အနှစ် (၂၀), အနှစ် (၂၀)ကမွေးတဲ့ ပုဂ္ဂိုလ်က အနှစ် (၄၀), အနှစ် (၄၀)ကမွေးတဲ့ ပုဂ္ဂိုလ်က အနှစ် (၈၀) စသည်ဖြင့် တဖြည်းဖြည်း သက်တမ်းတွေ ရှည်သွားလိုက်တာ, ဗြဟ္မစိုရ်တရား အား ကောင်းရင် အားကောင်းသလောက် သက်တမ်းတွေ ရှည်သွားလိုက်တာ နောက်ဆုံးတော့ မရေမတွက်နိုင်တဲ့ အသင်္ချေယျတမ်း ရောက်သွားတယ်။

အဲဒီလို အသင်္ချေယျတမ်းကနေပြီးတော့ (၁၀)နှစ်တမ်း, (၁၀)နှစ်တမ်း ကနေ အသင်္ချေယျ - အဲဒီလို ဆုတ်ကပ် တက်ကပ် တစ်စုံကို အန္တရကပ် တစ်ကပ်လို့ ခေါ်ပါတယ်၊ အဲဒီလို အန္တရကပ်ပေါင်း (၆၄)ကပ်, (၆၄)ကြိမ် ပြည့်ပြီဆိုရင်တော့ ဓမ္မတာအလျောက် ကမ္ဘာကြီး ပျက်တယ်။

မီး-ရေ-လေ

ကမ္ဘာပျက်တဲ့အခါမှာ မီးကြောင့် ပျက်တာလည်း ရှိတယ်၊ ရေကြောင့် ပျက်တာလည်း ရှိတယ်၊ လေကြောင့် ပျက်တာလည်း ရှိတယ်။

မီးကြောင့် (၇)ကြိမ်တိုင်တိုင် ပျက်ပြီးတဲ့အခါ - (၈)ကြိမ်မြောက်တိုင်း (၈)ကြိမ်မြောက်တိုင်းမှာ ရေကြောင့် ကမ္ဘာကြီး ပျက်ရပြန်တယ်။ ဒီနည်း အတိုင်း မီးကြောင့် (၇)ကြိမ် ရေကြောင့် (၁)ကြိမ်, မီးကြောင့် (၇)ကြိမ် ရေကြောင့် (၁)ကြိမ် - ဆိုတဲ့ ဓမ္မတာအတိုင်း ကမ္ဘာကြီး ပျက်လာလိုက်တာ (၆၄)ကြိမ်ပြည့်တဲ့အခါ လေကြောင့်တစ်ခါ ကမ္ဘာကြီး ပျက်ရပြန်တယ်။

ဒါကြောင့် ဒီကမ္ဘာကြီးဟာ မီးကြောင့်ပျက်တဲ့အခါလည်း ပျက်တယ်၊ ရေကြောင့်ပျက်တဲ့အခါလည်း ပျက်တယ်၊ လေကြောင့်ပျက်တဲ့အခါလည်း ပျက်တယ်။

မီးကြောင့်ပျက်တဲ့အခါ ကာမ (၁၁)ဘုံနှင့် ရူပါဝစရဗြဟ္မာ့ပြည်ထဲက ပထမစျာန်သုံးဘုံအထိ အကုန်လုံးပျက်တယ်။ ရေကြောင့်ပျက်တဲ့အခါ ကာမ (၁၁)ဘုံနှင့် ဒုတိယစျာန်သုံးဘုံအထိ အကုန်လုံးပျက်တယ်။ လေကြောင့်ပျက် တဲ့အခါ ကာမ (၁၁)ဘုံနှင့် ဝေဟပ္ဖိုလ်ဘုံအောက် တတိယစျာန်သုံးဘုံအထိ အကုန်လုံးပျက်တယ်။

အဲဒီလို ကမ္ဘာကြီး ပျက်နေတာလည်း အန္တရကပ်ပေါင်း (၆၄)ကြိမ် လောက်ပဲ အချိန်ကာလကြာညောင်းပါတယ်၊ သံဝဋ္ဋကပ် = ပျက်ဆဲကပ်လို့ ခေါ်တယ်၊ ပရမာဏုမြူခန့် အမှုန်ကလေးတွေတောင် မကျန်ရအောင် အား လုံး ပျက်သွားတယ်။ ပျက်သွားပြီးတဲ့အခါ ဘာမျှမရှိဘဲ လဟာပြင်အတိုင်း တည်နေတာလည်း အန္တရကပ်ပေါင်း (၆၄)ကြိမ်လောက်ပဲ အချိန်ကြာညောင်း ပါတယ်၊ သံဝဋ္ဋဌာယီကပ်လို့ ခေါ်တယ်၊ အပျက်အတိုင်းတည်နေတဲ့ကပ်ပဲ။ တစ်ခါ ကမ္ဘာပြုမိုးရွာတဲ့အချိန်အခါကစပြီး နေ လ နက္ခတ်တာရာတွေ ထွက် လာတဲ့ အချိန်အထိ ကမ္ဘာကြီး တည်လာတာလည်း အန္တရကပ်ပေါင်း (၆၄) ကြိမ်လောက်ပဲ အချိန်ကာလကြာညောင်းပါတယ်၊ ဝိဝဋ္ဋကပ်လို့ ခေါ်တယ်၊ ကမ္ဘာတည်နေဆဲကပ်ပဲ။ နေ လ နက္ခတ်တာရာတွေ ထွက်တဲ့အချိန်အခါက စပြီး ကမ္ဘာကြီး ပျက်တဲ့အချိန်အထိ ကမ္ဘာကြီး တည်နေတာလည်း အန္တရ ကပ်ပေါင်း (၆၄)ကြိမ်လောက်ပဲ ကြာညောင်းပါတယ်၊ ဝိဝဋ္ဋဌာယီကပ်လို့ ခေါ် တယ်၊ တည်ပြီးအတိုင်း ဆက်လက်တည်ရှိနေတဲ့ကပ်ပဲ။ ခုပြောခဲ့တဲ့ သံဝဋ္ဋ, သံဝဋ္ဋဌာယီ, ဝိဝဋ္ဋ, ဝိဝဋ္ဋဌာယီလို့ ခေါ်တဲ့ ကပ်လေးကပ်ကို တစ်ကမ္ဘာလို့ ခေါ်တယ်။

ခုဟောနေတဲ့ ဂဒ္ဒုလဗဒ္ဓသုတ္တန်မှာတော့ ကမ္ဘာပျက်မှုနဲ့ ပတ်သက်လို့ မီးကြောင့် ပျက်တဲ့ ကမ္ဘာကို စံထားပြီးတော့ ဘုရားရှင်က တရားတော်ကို ဟောကြားနေပါတယ်။

ဗြဟ္မာ့ပြည်က ဆီးကြိုနေပါတယ်

အဲဒီလို ကမ္ဘာပျက်တဲ့အချိန်အခါမှာ ခုနက နေခုနစ်စင်းထွက်တဲ့ အဆင့် ရောက်လာပြီဆိုရင်တော့ သတ္တဝါဟူသမျှ မဟာပထဝီမြေကြီးဟူသမျှ ဘာမျှ မကျန်ဘဲ မြူမှုန်မျှမကျန် အကုန်လုံး ပျက်စီးသွားတယ်၊ ပျက်စီးသွားတော့ ဒီသတ္တဝါတွေ ဘယ်ရောက်သလဲလို့ မေးရင်တော့ ထိုအချိန်အခါမှာပေါ့၊ အပါယ်သားသတ္တဝါတွေက အပါယ်မှလွတ်၊ လူ့ပြည်လူ့လောက ရောက်လာ ပြီးတဲ့ အချိန်အခါမှာ လူ့ပြည်လူ့လောကမှာ သတိသံဝေဂတွေ ရကြတယ်။ တကယ့်သေဘေးနှင့် တွေ့ပြီဆိုတော့ ထိတ်လန့်ကြောက်ရွံ့ပြီးတော့ တရား ကလေး ဘာကလေး အားထုတ်ကြတော့ စျာန်ကလေး ဘာကလေးတွေ ရ သွားကြတယ်၊ အဲဒီစျာန်အရှိန်ဖြင့် မီးကြောင့် သို့မဟုတ် ရေကြောင့် သို့မဟုတ် လေကြောင့် မပျက်စီးတဲ့ ဗြဟ္မာပြည်တွေကို ရောက်ရှိသွားကြပါတယ်။

မလွှဲမရှောင်သာအားထုတ်လို့ ရတဲ့စျာန်ရဲ့စွမ်းအင်

ခုနေ - ယောဂီတွေ နည်းနည်း စဉ်းစားကြည့်ပေါ့၊ တရားဟောနေတဲ့ ပုဂ္ဂိုလ်ရော တရားနာနေတဲ့ ပရိသတ်တွေရော ဒီည (၈) နာရီမှာ အားလုံး သေကြတော့မယ်ဆိုရင် မနက်ဖြန် ဘာလုပ်မယ်ဆိုတဲ့ စီမံကိန်းတွေကို ဖျက် သိမ်းလို့ မရဘူးလား? ရသွားမယ်။ ခုက သေဘေးနှင့် တကယ် မတွေ့သေး တော့ ဘာဖြစ်လဲ? ခုနက ပြောခဲ့တဲ့အတိုင်း ကွက်လပ်ကလေးထဲကို ဝင်ဝင် ပြီးတော့ ပြေးနေကြတယ် - တပည့်တော်က နှစ်ဆန်းတစ်ရက်နေ့လောက် အထိတော့ နေမှာပါ - သူက ဒီလောက်နေတာကို သူ့ကိုယ်သူ အတော် လေး ဂုဏ်ယူပြီးတော့ စကားပြောနေတယ်။ ဒီတော့ အဲဒီကွက်လပ်ထဲကို ဝင်ဝင်ပြေးနေကြတာ၊ တကယ်သေဘေးနှင့် ရင်ဆိုင်ရပြီဆိုတော့ ဒီကွက်လပ် ထဲကို ဝင်ဦးမလား? မဝင်တော့ဘူး၊ ဝင်ဖို့အချိန်လည်း မရှိတော့ဘူး။

ဒါကြောင့် တကယ့်သေဘေးနှင့် ကြုံလာတဲ့ အချိန်အခါကျမှ အဲဒီမှာ ရမိရရာတရားတွေ အားထုတ်လိုက်တော့ စျာန်ကလေးတွေ ရသွားကြတယ်။ အဲဒီစျာန်တွေရဲ့ အရှိန်အဝါကြောင့် ဗြဟ္မာ့ပြည်တက်သွားကြတယ်။ သို့သော် လည်း မလွှဲမရှောင်သာလို့ အားထုတ်ရတဲ့ စျာန်မျိုးဖြစ်ခြင်းကြောင့် သက် တမ်းက ခပ်ကြာကြာ ရှည်မလား? မရှည်တော့ဘူး။

သတ္တဝါတို့ရဲ့ အမြဲနေထိုင်ရာ အိုးအိမ်

သက်တမ်းကုန်တော့လည်း လူ့ပြည်တစ်ပတ် ပြန်ကြော့ရပြန်တယ်။ လူ့ပြည်ရောက်ပြန်တော့လည်း ခုနက ပြောခဲ့တဲ့ ရာဂ ဒေါသ မောဟတွေရဲ့ နှိပ်စက်တဲ့ ဒဏ်ချက်ကြောင့် အပါယ် လေးဘုံကို တစ်ခါ ပြန်ပြီးတော့ ဆင်းရပြန်တယ်။ ဒါကြောင့် သတ္တဝါတွေရဲ့ အမြဲတမ်းနေထိုင်ရာ အိမ်သည် ဘာလဲလို့မေးတော့ အပါယ်လေးဘုံပဲ၊ အပါယ်လေးဘုံက မိမိ အမြဲတမ်း နေထိုင်တဲ့ အိမ်ပဲ။ အခုလို လူ့ပြည် နတ်ပြည် ဗြဟ္မာ့ပြည်ဆိုတာက တစ်ခါ တစ်ရံ အခါအခွင့်သင့်လို့ အလည်အပတ်ရောက်လာတဲ့ သဘောမျှသာ ရှိတယ်။

ပမတ္တဿ စ နာမ စတ္တာရော အပါယာ သဟဂေဟသဒိသာ = သမထ ဝိပဿနာ အစဖြာတဲ့ ကုသိုလ်တရားတွေမှာ မေ့လျော့နေတဲ့ ပုဂ္ဂိုလ်အဖို့ အပါယ်လေးဘုံဟာ မိမိရဲ့ အိုးအိမ်နဲ့ တူတယ်။ (ဓမ္မပဒအဋ္ဌကထာ၊၁၊၆။) - ဘာကြောင့်လဲ?

သတ္တဝါတို့ရဲ့ စိတ်ဓာတ်

သတ္တဝါတွေဟာ စိတ်ဓာတ်တွေကို ပြန်ပြီးဆန်းစစ်ကြည့်လိုက်ရင် ဒါ ရှင့်သား မဟုတ်ပါဘူး၊ ဒါ ရှင့်သမီး မဟုတ်ပါဘူး၊ ဒါက ခင်ဗျားသား မဟုတ် ပါဘူး ခင်ဗျားသမီး မဟုတ်ပါဘူးလို့ ခုနေ လူတစ်ယောက်က ပြောရင် လက်ခံနိုင်ပါ့မလား? လက်မခံနိုင်ဘူး။ ဘာဖြစ်လို့လဲ? အဝိဇ္ဇာနီဝရဏက ပိတ်ဖုံးထားတယ်၊ တဏှာတည်းဟူသော သံယောဇဉ်ကြိုးကလည်း ရစ်ပတ် နှောင်ဖွဲ့ထားတယ်။ ဒါ ရှင့်ယောက်ျား မဟုတ်ပါဘူး ခုနေလာပြီးပြောရင် ဒကာမကြီးတွေ ဘယ်လိုများပြန်ဖြေကြမလဲ? ဒီမိန်းမနဲ့နော် တော်တော် ခက်တဲ့မိန်းမပဲလို့ ပြောမှာပဲ၊ ဟုတ်တယ်မဟုတ်လား? ဒင်း ဘာစကားတွေ လာပြောနေပါလိမ့် ဆိုပြီး မကျေနပ်တဲ့ စိတ်ဓာတ်တွေ ဒေါသတွေတောင် ဖြစ်ချင် ဖြစ်ကုန်မယ် ဖြစ်ကုန်မယ်။

ဒါကြောင့် သူက အဝိဇ္ဇာနီဝရဏနှင့် ပျော်မွေ့ပြီးနေရတာကို, တဏှာ တည်းဟူသော သံယောဇဉ်ကြိုးဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး ခံနေရတာကိုလည်း စိတ်က မပျော်ဘူးလား? ပျော်နေတယ်။ အဲဒီနေရာကိုပဲ ပြန်သွားချင်တယ်၊ ဒီနေရာကနေ ကျွတ်အောင်လွတ်အောင် ရုန်းဖို့လုပ်ငန်းကျတော့ စိတ်ထဲမှာ ထက်ထက်သန်သန်ဖြစ်သလား? သိပ်မထက်သန်ဘူး၊ ဟို ..တစ်လောကပဲ ဆိုပါတော့ ဒီတရားနာပရိသတ်ထဲလည်း ပါပါလိမ့်မယ် ထင်ပါရဲ့၊ မန္တလေး တက္ကသိုလ်က ကျောင်းဆရာတစ်ဦး ကျောင်းရောက်လာတော့ ဘုန်းကြီးက သူ့မိခင်ကို မေးကြည့်တယ်။ ဒကာမကြီး ...ဒကာမကြီးသား သူများ သားသမီးကို သွားပြီး ကျွန်ခံမယ်ဆိုရင် ဒကာမကြီး သဘောတူမလားလို့ မေးကြည့်တော့ - တူတယ်ဘုရားတဲ့ - ဟော၊

ကဲ - သတ္တဝါတွေကို အို နာ သေရေး ဒုက္ခဘေးမှ လွတ်အောင် အပါယ်ဘေးကြီးမှ လွတ်အောင် ထုတ်ဆောင်ကယ်တင်ပေးမည့် တရားတွေ ကို ဟောကြားပြသဆိုဆုံးမပြီး လိုက်ပြီးသာသနာပြုမယ်ဆိုရင်တော့ ဒကာမ ကြီး သဘောမတူနိုင်ဘူးလားလို့မေးတော့ - သဘောမတူနိုင်ဘူးတဲ့၊

သူက အဲဒါ ဘာပြောချင်တာလဲဆိုတော့ အဝိဇ္ဇာနီဝရဏက ပိတ်ဖုံး ခံနေရတာကို လွတ်အောင် ရုန်းချင်တဲ့ ဆန္ဒဓာတ် မရှိသလို တဏှာတည်း ဟူသော သံယောဇဉ်ကြိုးဖြင့် ရစ်ပတ်နှောင်ဖွဲ့ခံနေရတာကိုလည်း လွတ် အောင် ရုန်းချင်တဲ့ ဆန္ဒဓာတ်တွေက မရှိဘူးဆိုတာကို ပြောချင်နေတာ၊ ဘာဖြစ်လို့ ဒီဆန္ဒဓာတ်မရှိသလဲဆိုတာကို မြတ်စွာဘုရားရှင်က ဥပမာက လေးနှင့် ဟောကြားထားတော်မူပါတယ်။ -----

တောက်ဆွဲခံနေရသောဘဝ

သေယျထာပိ ဘိက္ခဝေ သာ ဂဒ္ဒုလဗဒ္ဓေါ ဒဠှေ ခီလေ ဝါ ထမ္ဘေ ဝါ ဥပနိဗဒ္ဓေါ။ သော ဂစ္ဆတိ စေပိ၊ တမေဝ ခီလံ ဝါ ထမ္ဘံ ဝါ ဥပဂစ္ဆတိ။ တိဋ္ဌတိ စေပိ၊ တမေဝ ခီလံ ဝါ ထမ္ဘံ ဝါ ဥပတိဋ္ဌတိ။ နိသီဒတိ စေပိ၊ တမေဝ ခီလံ ဝါ ထမ္ဘံ ဝါ ဥပနိသီဒတိ။ နိပဇ္ဇတိ စေပိ၊ တမေဝ ခီလံ ဝါ ထမ္ဘံ ဝါ ဥပနိပဇ္ဇတိ။ (သံ၊၂၊၁၂၃။)

ဘိက္ခဝေ = ချစ်သား ရဟန်းတို့ ...။ သေယျထာပိ = ဖြစ်သင့်ဖြစ်ရာ နှိုင်းခိုင်းဖွယ်ရာ လောကဥပမာသည်ကား။ ဂဒ္ဒုလဗဒ္ဓေါ = တောက်ဖြင့် ဖွဲ့ချည်၍ထားအပ်သော။ သာ = ခွေးကို။ ဒဠှေ = မြဲမြံခိုင်ခံ့သော။ ခီလေ ဝါ = ငုတ်၌သော်လည်းကောင်း။ ထမ္ဘေ ဝါ = တိုင်၌သော်လည်းကောင်း။ ဥပနိဗဒ္ဓေါ = ဖွဲ့ချည်၍ ထားလေရာ၏။

တောက်ဆိုတာကတော့ တောင်ဆုပ်လောက်ရှိတဲ့ တုတ်တစ်ချောင်းပါပဲ၊ တုတ်ဆိုသော်လည်း ဝါးရင်းတုတ်ပုံစံမျိုးလို့ ယူဆရပါတယ်၊ အဲဒီတုတ် တစ် ချောင်းကို ချိန်သားကိုက်အောင် အလယ်ခေါင်မှာ ကြိုးကလေးတစ်ချောင်းနှင့် ချည်ထားပြီးတော့ ခွေးရဲ့ လည်ပင်းမှာ အဲဒီကြိုးတစ်ချောင်းနှင့် ဒီတောက်ကို ဆွဲပြီးတော့ထားလိုက်တယ်၊ တောက်ရဲ့ပမာဏ အရှည်အတိုက တောင်ဆုပ် လောက် ရှိတယ်၊ ကြိုးရဲ့အရှည်အတိုက ဘာနှင့် တိုင်းတာထားသလဲဆိုတော့ ခွေးရဲ့ဒူးဆစ်နှင့် တိုင်းတာထားတယ်၊ ေ့ရှလက်နှစ်ဘက်ပေါ့၊ ဘာဖြစ်လို့လဲ ဆိုတော့ -----

သူက ခဏခဏ ဟိုအိမ်လည် ဒီအိမ်လည် လည်တတ်လွန်းလို့ ခဏ ခဏ ဟိုပြေး ဒီပြေး ပြေးတတ်လွန်းလို့၊ ဟိုအိမ်လည် ဒီအိမ်လည် မလည် နိုင်အောင်, ဟိုအိမ်ပြေး ဒီအိမ်ပြေး သိပ်မပြေးနိုင်အောင် ဆိုပြီးတော့ လည် ပင်းမှာ တောက်ဆွဲပေးလိုက်တယ်။ တောက်ဆွဲပေးလိုက်တော့ ပြေးလိုက်ပြီဆို လို့ရှိရင် ဒီဆွဲထားတဲ့ တောက်က ဒူးနှစ်ဘက်ကို ရိုက်နေတဲ့အတွက် ဒီခွေး သည် ပြေးနိုင်သေးသလား? မပြေးနိုင်တော့ဘူး။

အဲဒါ ဒကာကြီးတွေ ဒကာမကြီးတွေ မပြေးနိုင်တာလည်း ဘာဖြစ်လို့လဲ? အဲဒါစဉ်းစားကြည့်ကြ၊ ကဲ မပြေးနိုင်တဲ့အခါကျတော့ ဒီခွေးကို ဘာလုပ်သေး သလဲ?

တောက်ဆွဲထားရုံတွင် မဟုတ်သေးဘူး၊ နောက်ထပ်တစ်ခု ပြုလုပ်ထား ပြန်သေးတယ်၊ အဲဒီတောက်ဆွဲထားတဲ့ ခွေးကို ဘာလုပ်သလဲ -----

တိုင်ငုတ်မှာ သို့မဟုတ် ချည်တိုင်မှာ ကြိုးချည်ခံထားရတဲ့ဘဝ

ဒဠှေ ခီလေ ဝါ ထမ္ဘေ ဝါ ဥပနိဗဒ္ဓေါ။

ဒဠှေ = မြဲမြံခိုင်ခံ့သော။ ခီလေ ဝါ = တိုင်ငုတ်၌သော်လည်းကောင်း။ ထမ္ဘေ ဝါ = ချည်တိုင်၌သော်လည်းကောင်း။ ဥပနိဗဒ္ဓေါ = ကပ်၍ ဖွဲ့ချည် ထားလေရာ၏။

လည်ပင်းမှာ တောက်ကြီးဆွဲထားပြီး မြဲမြံခိုင်ခံ့တဲ့ ငုတ်တစ်ခု သို့မဟုတ် တိုင်တစ်တိုင်မှာ ခိုင်ခံ့တဲ့ ကြိုးတစ်ချောင်းဖြင့် မြဲမြဲမြံမြံ ရုန်းလို့မရအောင် ထပ်ပြီးတော့ ချည်ထားပြန်တယ်၊ ချည်ထားလိုက်တဲ့အတွက် ဒီခွေးသည် ဘာဖြစ်သလဲ။

သော ဂစ္ဆတိ စေပိ၊ တမေဝ ခီလံ ဝါ ထမ္ဘံ ဝါ ဥပဂစ္ဆတိ။ (သံ၊၂၊၁၂၃။)

သော = ထိုခွေးသည်။ စေပိ ဂစ္ဆတိ = အကယ်၍ သွားမူလည်း သွားငြားအံ့။ တမေဝ ခီလံ ဝါ = ထိုငုတ်သို့သာလျှင်သော်လည်းကောင်း။ တမေဝ ထမ္ဘံ ဝါ = ထိုတိုင်ကိုသာလျှင်သော်လည်းကောင်း။ ဥပဂစ္ဆတိ = ကပ်၍သွားရပေ၏။

သွားမယ်ဆိုလို့ရှိရင်လည်း ကြိုးဖြင့် ချည်ထားခံရတဲ့အတွက် ချည်တဲ့ ကြိုးကလည်း သိပ်ခိုင်ခံ့နေတဲ့အတွက်ကြောင့် ဒီခွေးသည် သွားရင် ဒီတိုင် နားကပ်ပြီးတော့ပဲ သွားရတယ်။

တိဋ္ဌတိ စေပိ၊ တမေဝ ခီလံ ဝါ ထမ္ဘံ ဝါ ဥပတိဋ္ဌတိ။ (သံ၊၂၊၁၂၃။)

စေပိ တိဋ္ဌတိ = အကယ်၍ ရပ်မူလည်း ရပ်ငြားအံ့။ တမေဝ ခီလံ ဝါ = ထိုငုတ်ကိုသာလျှင်သော်လည်းကောင်း။ တမေဝ ထမ္ဘံ ဝါ = ထိုတိုင်ကို သာလျှင်သော်လည်းကောင်း။ ဥပတိဋ္ဌတိ = ကပ်၍ ရပ်ရ၏။

ရပ်မယ်ဆိုလည်း ဒီတိုင်နားက သူခွာလို့ရမလား? မရဘူး၊ ဒီငုတ်နားက ခွာလို့မရဘူး၊ ဒီငုတ်နားမှာ ဒီတိုင်နားမှာပဲ ကပ်ပြီးတော့ ရပ်နေရတယ်။

နိသီဒတိ စေပိ၊ တမေဝ ခီလံ ဝါ ထမ္ဘံ ဝါ ဥပနိသီဒတိ။ (သံ၊၂၊၁၂၃။)

စေပိ နိသီဒတိ = အကယ်၍ ထိုင်မူလည်း ထိုင်ငြားအံ့။ တမေဝ ခီလံ ဝါ = ထိုငုတ်ကိုသာလျှင်သော်လည်းကောင်း။ တမေဝ ထမ္ဘံ ဝါ = ထိုတိုင်ကိုသာလျှင်သော်လည်းကောင်း။ ဥပနိသီဒတိ = ကပ်၍ ထိုင်ရပေ၏။

ထိုင်မယ်ဆိုလို့ ရှိရင်လည်း ဒီငုတ်နား သို့မဟုတ် ဒီတိုင်နားမှာပဲ ကပ်ပြီး တော့ ထိုင်ရတယ်။

နိပဇ္ဇတိ စေပိ၊ တမေဝ ခီလံ ဝါ ထမ္ဘံ ဝါ ဥပနိပဇ္ဇတိ။ (သံ၊၂၊၁၂၃။)

စေပိ နိပဇ္ဇတိ = အကယ်၍ အိပ်မူလည်း အိပ်ငြားအံ့။ တမေဝ ခီလံ ဝါ = ထိုငုတ်ကိုသာလျှင်သော်လည်းကောင်း။ တမေဝ ထမ္ဘံ ဝါ = ထိုတိုင် ကိုသာလျှင်သော်လည်းကောင်း။ ဥပနိပဇ္ဇတိ = ကပ်၍ အိပ်ရပေ၏။

အိပ်မယ်ဆိုလည်း ဘယ်နား ကပ်အိပ်သလဲ? ဒီတိုင်နား သို့မဟုတ် ဒီ ငုတ်နားပဲ ကပ်ပြီးတော့ အိပ်ရတယ်၊ ဒါက ဥပမာစကားပဲ။

ပညာမျက်စိကာဏ်းနေတဲ့ ပုထုဇန်ငမိုက်သားရဲ့အမြင်

အဲဒီဥပမာလေးနှင့် တိုင်းတာပြီးတော့ ဒကာကြီးတွေ ဒကာမကြီးတွေ ဘက်ကို မြတ်စွာဘုရားက လှည့်ပြီးတော့ ဟောပြန်တယ်၊ တို့ကို ဘုရားက ခွေးနဲ့ နှိုင်းပြီး ဟောတယ်လို့ ဒီလိုတော့ မယူဆနဲ့နော်၊ ပုံစံတူနေလို့ မြတ်စွာ ဘုရားက ဟောနေတာနော်၊ ဘယ်လို ဟောသလဲ -----

ဧဝမေဝ ခေါ ဘိက္ခဝေ အဿုတဝါ ပုထုဇ္ဇနော ရူပံ ဧတံ မမ၊ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာတိ သမနုပဿတိ။ (သံ၊၂၊၁၂၃။)

ဘိက္ခဝေ = ချစ်သား ရဟန်းတို့ ...။ ဧဝမေဝ ခေါ = ဤဥပမာ အတူသာလျှင်။ အဿုတဝါ = အာဂမသုတ အဓိဂမသုတဟု ခေါ်ဆို အပ်သော အကြားအမြင် ဗဟုသုတ မရှိသော။ ပုထုဇ္ဇနော = ပရမတ္ထ ဉာဏ်ပညာမျက်စိ ကာဏ်းနေတဲ့ အန္ဓဗာလ ပုထုဇန်ငမိုက်သားသည်။ ရူပံ = ရုပ်တရားကို။ဧတံ = ဤရုပ်တရားသည်ကား။ မမ = ငါရဲ့ရုပ်တရားတည်း။ ဧသော = ဤရုပ်တရားသည်ကား။ အဟမသ္မိ = ငါတည်း။ ဧသော = ဤရုပ်တရားသည်ကား။ မေ = ငါ၏။ အတ္တာ = အတ္တတည်း။ ဣတိ = ဤသို့သာလျှင်။ သမနုပဿတိ = အဖန်ဖန် အထပ်ထပ် စွဲလမ်းထင်မြင် ရှုဆင်ခြင်၍ နေပေ၏။

ယောက်ျား, မိန်းမ, သား, သမီး စသည်ဖြင့် ခေါ်ဝေါ်သုံးနှုန်းထားအပ်တဲ့ ရုပ်တရားအစုအပုံရှိတယ် ဆိုကြစို့၊ အဲဒီရုပ်တရားနား ကပ်လိုက်ပြီဆိုလို့ရှိ ရင် ဘာဖြစ်သလဲ? ဒါက ငါ့သား, ဒါက ငါ့သမီး, ဒါက ငါ့ဇနီး, ဒါက ငါ့မြေး, ဒါက ငါ့ယောက်ျား စသည်ဖြင့် အနားကို သွားကပ်တယ် -- ဟုတ်သလား, မဟုတ်ဘူးလား?

သိပ်မဖြေကြဘူး၊ ဟုတ်သလား, မဟုတ်ဘူးလား? ကဲ ဒကာကြီးတွေ ဒကာမကြီးတွေ ဖြေစမ်း၊ ငါ့ဟာ င့ါဟာဆိုပြီးတော့ အနားကပ်တယ် -နော် နောက်တစ်ခု -----

ဧသောဟသ္မိ = ငါပဲ ဆိုပြီးတော့လည်း အနားကပ်တယ်။ ဧသော မေ အတ္တာ = ငါရဲ့အတ္တပဲ ဆိုပြီးတော့လည်း ဒီလို အနားကပ်တယ်။ တချို့ အဖိုး အဖွားတွေ ဘာပြောသလဲ ဒီမြေးလေးက တပည့်တော်ရဲ့ အသက်ပဲတဲ့၊ ဟော - ဒီမြေးကိုပဲ သူ့ရဲ့အသက်လို့ မပြောဘူးလား? ပြောနေတယ်၊ အဲဒါ ဘာလဲ?

ဧသော မေ အတ္တာ = ဒါဟာ သူ့ရဲ့ အသက်ကောင်, လိပ်ပြာကောင်, ဝိညာဉ်ကောင်, အတ္တကောင်လို့ စွဲလမ်းထင်မြင်ပြီးတော့ ယူဆပြီး ပြောနေ တဲ့ အပြောပဲ၊ ဒီတော့ ရုပ်တရားနားကပ်ရင်လည်း ငါ့ဟာဆို ကပ်တယ်၊ ငါလို့ကပ်တယ်၊ ငါရဲ့ အတ္တလို့ ပြေးပြီတော့ ကပ်တယ်။

ဝေဒနံ။ သညံ။ သင်္ခါရေ။ ဝိညာဏံ ဧတံ မမ၊ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာတိ သမနုပဿတိ။ (သံ၊၂၊၁၂၃။)

ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်ခေါ်တဲ့ နာမ်တရားတွေ ကျပြန် တော့လည်း ငါ့ဟာပဲ, ငါပဲ, ငါ့ရဲ့အတ္တပဲလို့ ပြေးပြီးတော့ ကပ်တယ်၊ ငါ့စိတ် က သူများစိတ်နှင့် တူတာ မဟုတ်ဘူး၊ ငါ့လောဘက သူများလောဘနှင့် တူတာ မဟုတ်ဘူး၊ ငါ့ဒေါသက သူများ ဒေါသနှင့် တူတာ မဟုတ်ဘူး၊ ငါ့မာနက သူများ မာနနှင့် တူတာ မဟုတ်ဘူး၊ ငါ့သဒ္ဓါတရားက သူများ သဒ္ဓါတရားနှင့် တူတာ မဟုတ်ဘူး၊ ငါ့စေတနာက သူများစေတနာနှင့် တူတာ မဟုတ်ဘူး စသည်ဖြင့် ဒီဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ခေါ်တဲ့ နာမ်တရား တွေကိုလည်း ငါ့ဟာ ငါ့ဟာဆိုပြီးတော့ ပြေးမကပ်ဘူးလား? ကပ်နေတယ်၊ ငါလို့လည်း ကပ်နေတယ်၊ ငါရဲ့အတ္တလို့လည်း ကပ်တယ်၊ အဲဒီလို စွဲလမ်း ထင်မြင် ရှုဆင်ခြင်နေတဲ့ ပုဂ္ဂိုလ်ဟာ ဘာဖြစ်သလဲ?

ပုထုဇန်ငမိုက်သားရဲ့ ဣရိယာပုထ်လေးပါး

သော ဂစ္ဆတိ စေပိ၊ ဣမေ ပဉ္စုပါဒါနက္ခန္ဓေ ဥပဂစ္ဆတိ။ တိဋ္ဌတိ စေပိ၊ ဣမေ ပဉ္စုပါဒါနက္ခန္ဓေ ဥပတိဋ္ဌတိ။ နိသီဒတိ စေပိ၊ ဣမေ ပဉ္စုပါဒါနက္ခန္ဓေ ဥပနိသီဒတိ။ နိပဇ္ဇတိ စေပိ၊ ဣမေ ပဉ္စုပါဒါနက္ခန္ဓေ ဥပနိပဇ္ဇတိ။ (သံ၊၂၊၁၂၃။)

သော = ထိုပရမတ်ဉာဏ်ပညာမျက်စိ ကာဏ်း၍နေတဲ့ ပုဂ္ဂိုလ်သည်။ စေပိ ဂစ္ဆတိ = အကယ်၍ သွားမူလည်း သွားငြားအံ့။ ဣမေ ပဉ္စုပါဒါနက္ခန္ဓေ = ဤဥပါဒါနက္ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကိုသာလျှင်။ ဥပဂစ္ဆတိ = ကပ်၍ သွား၏။

စေပိ တိဋ္ဌတိ = အကယ်၍ ရပ်မူလည်း ရပ်ငြားအံ့။ ဣမေ ပဉ္စုပါဒါနက္ခန္ဓေ = ဤဥပါဒါနက္ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကိုသာလျှင်။ ဥပတိဋ္ဌတိ = ကပ်၍ ရပ်၏။

စေပိ နိသီဒတိ = အကယ်၍ ထိုင်မူလည်း ထိုင်ငြားအံ့။ ဣမေ ပဉ္စုပါဒါနက္ခန္ဓေ = ဤဥပါဒါနက္ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကိုသာလျှင်။ ဥပနိသီဒတိ = ကပ်၍ ထိုင်၏။

စေပိ နိပဇ္ဇတိ = အကယ်၍ အိပ်မူလည်း အိပ်ငြားအံ့။ ဣမေ ပဉ္စုပါဒါနက္ခန္ဓေ = ဤဥပါဒါနက္ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကိုသာလျှင်။ ဥပနိပဇ္ဇတိ = ကပ်၍ အိပ်ပေ၏။

ဟုတ်သလား မဟုတ်ဘူးလား? သွားရင်လည်း ဒီဥပါဒါနက္ခန္ဓာငါးပါး အနားမှာပဲ ကပ်ပြီးတော့ သွားတယ်၊ တွဲတွဲ တွဲတွဲနဲ့ မသွားဘူးလား? သွား တယ်။ ရပ်တော့လည်း အဲဒီ ဥပါဒါနက္ခန္ဓာငါးပါးအနားမှာပဲ ကပ်ပြီးတော့ ရပ်တယ်၊ ထိုင်တော့လည်း ဒီဥပါဒါနက္ခန္ဓာငါးပါးအနားမှာပဲ ကပ်ပြီးတော့ ထိုင်တယ်၊ သူများလာထိုင်ရင်တောင် ကြိုက်သလား? အိပ်တော့လည်း ဒီ ဥပါဒါနက္ခန္ဓာငါးပါးအနားမှာပဲ ကပ်ပြီးတော့ မအိပ်ဘူးလား? အိပ်နေတယ်၊ အဲဒီလိုအိပ်နေတဲ့ ပုဂ္ဂိုလ်တွေက ဘယ်လိုဦးတည်ချက်နှင့် အိပ်သလဲ၊ ငါ့ဟာ ဆိုတဲ့ ရည်ရွယ်ချက်နှင့် အိပ်တယ်၊ ငါဆိုတဲ့ ရည်ရွယ်ချက်နှင့် အိပ်တယ်၊ ငါ့ရဲ့ အတ္တပဲဆိုတဲ့ ဒီအစွဲအလမ်းနှင့် မအိပ်ဘူးလား၊ အိပ်တယ်။

ငါ့ဟာလို့ စွဲနေတဲ့အစွဲက တဏှာစွဲ၊ ငါ, ငါလို့ စွဲနေတဲ့အစွဲက မာနစွဲ၊ ငါရဲ့အတ္တပဲလို့ စွဲနေတဲ့ အစွဲက ဒိဋ္ဌိစွဲ၊ ဒီအစွဲ သုံးခုသည် ဘာကြောင့်ဖြစ်ပေါ် လာရသလည်းလို့ အခြေခံအကြောင်းအရင်းကို ဆန်းစစ်ကြည့်လိုက်တော့ ဘာကို တွေ့သလဲ?

အဝိဇ္ဇာနီဝရဏ နှင့် တဏှာသံယောဇဉ်ကြိုး

အဝိဇ္ဇာပဲ၊ အဝိဇ္ဇာနီဝရဏတရားက ပိတ်ဖုံးကာဆီးထားတယ်၊ ဒါက ရုပ်တရားအစုအပုံပဲ နာမ်တရားအစုအပုံပဲလို့ မသိဘူး၊ အကြောင်းတရား အစုအပုံ အကျိုးတရားအစုအပုံပဲလို့ မသိဘူး၊ အနိစ္စတရားအစုအပုံတွေပဲ ဒုက္ခတရားအစုအပုံတွေပဲ အနတ္တတရားအစုအပုံတွေပဲလို့လည်း မသိဘူး၊ မသိတဲ့အတွက် ဘယ်လိုသိသလဲ?

ယောက်ျားလို့သိတယ်၊ မိန်းမလို့သိတယ်၊ လူလို့သိတယ်၊ နတ်လို့သိ တယ်၊ သားလို့သိတယ်၊ သမီးလို့သိတယ်၊ အဲဒီလို အသိမှားနေတဲ့ အဝိဇ္ဇာက ပိတ်ဖုံးထားတဲ့အတွက်ကြောင့် သတ္တဝါတွေသည် - ဒီယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါအချင်းချင်း, လူ နတ် ဗြဟ္မာအချင်းချင်း တစ်ဦးနှင့်တစ်ဦး တွယ်တာ တပ်မက်တဲ့ဓာတ်တွေ ကိန်းဝပ်ပြီး မလာဘူးလား? လာတယ်။

မိမိရဲ့ရုပ်နာမ်သန္တာန်အစဉ်ပေါ်မှာလည်း ကိန်းဝပ်တွယ်တာတပ်မက်မှု ဓာတ်တွေ ကိန်းဝပ်လာတယ်၊ သူတစ်ပါးရဲ့ရုပ်နာမ်အစဉ်ပေါ်မှာရော လှမ်းပြီး တွယ်တာတပ်မက်မှု မရှိဘူးလား? ရှိတယ်၊ တွယ်တာတပ်မက်မှု ဓာတ်က သိပ်ပြီး ပြင်းထန်လာပြီဆိုရင်တော့ ဘာဖြစ်တတ်သလဲ၊ ကြောက်ဖို့ သိပ် ကောင်းတယ်။ နည်းနည်းလေးပြောချင်တယ်၊ ဒီအထဲမှာ သားသမီးတွေရှိတဲ့ ဒကာကြီးတွေ ဒကာမကြီးတွေ ရှိပါလိမ့်မယ် ထင်ပါတယ်၊ ဘုန်းကြီး မေးခွန်း လေး တစ်ခုတော့ မေးကြည့်ချင်တယ်။ သူများသားသမီးနှင့် ကိုယ့်သားသမီး ဘယ်သူ့ကို ပိုချစ်သလဲ?

ကိုယ့်သားသမီးကို ပိုချစ်တယ်

ဘုန်းကြီးကတော့ သိပ်မယုံဘူး၊ မယုံတာ ဘုန်းကြီးအကြောင်းကလေး တစ်ခု ပြောလိုက်ဦးမယ်၊ ဘုန်းကြီး အစင်ရွာမှာ နေစဉ်အခါတုန်းကပေါ့၊ ဒကာကြီးတစ်ယောက်နှင့် ဒကာမကြီး တစ်ယောက် ရှိပါတယ်၊ ဘုန်းကြီးတို့ နေတဲ့ ခြံရှင် ကျောင်းဒကာကြီးရဲ့ ယောက္ခမ ဆိုကြပါစို့နော်၊ အဖိုးကြီးက အသက် (၉၀)ကျော်သွားပြီ၊ အဖွားကြီးက အသက် (၈၀)ကျော်နေပြီ။ အဖိုး ကြီးက တစ်နေ့တော့ တောကျောင်းမှာ လာပြီး ဥပုသ်စောင့်မယ်, ကျောင်း မှာပဲ အိပ်တော့မယ်ဆိုပြီးတော့ အထုပ်အပိုးတွေနှင့် ရောက်လာတယ်၊ နံနက် (၉)နာရီလောက်, သီလယူပြီးတဲ့ အချိန်လောက်ကြတော့ မြေးတွေက လိုက် လာတယ် --

အဖိုး ...အိမ်မှာ အဖွားက အဖိုးကို မမြင်လို့ ငိုနေပြီ တဲ့ -----

ဒီလိုလာပြောတယ်၊ အဖိုးကြီးလည်း ဒီစကားကို ကြားတာနဲ့ ချက်ချင်းပဲ အထုပ်ကလေးကို ပိုက်ပြီး အိမ်ကို ပြန်ပြေးသွားတယ်၊ ကျောင်းမှာ အိပ်ပြီး တော့ ဥပုသ်စောင့်သုံးမယ် တရားဘာဝနာပွားများမယ်ဆိုတဲ့ စိတ်ကူးတွေဟာ အားလုံးအရည်ပျော်သွားတယ်။ အဲဒါ သူများသားသမီးနှင့် ကိုယ့်သားသမီး ဘယ်သူ့ကို ပိုချစ်တယ်ဆိုတာ စဉ်းစားကြည့်ကြ စဉ်းစားကြည့်ကြ၊ ကိုယ့် သားသမီးတွေက အနားမှာ ရှိနေသားပဲ၊ သူ့မှာပြုစုနေတဲ့ သမီးတစ်ယောက် အနားမှာ အမြဲရှိတယ်၊ ဒါပေမဲ့ အဖိုးကြီးကို မမြင်လို့တဲ့ ထိုင်ပြီးငိုနေတယ်၊ အသက် (၈၀) ကျော်နေကြပြီ မမြင်ရရင် ငိုတုန်းပဲ ရှိသေးတယ်။

အဲဒါ ဘာဖြစ်လို့လဲဆိုတော့ ဒီဥပါဒါနက္ခန္ဓာငါးပါးအနားမှာ ကပ်ပြီး တော့ သွားနေတယ်၊ ကပ်ပြီးတော့ ရပ်နေတယ်၊ ကပ်ပြီးတော့ ထိုင်နေတယ် ကပ်ပြီးတော့ အိပ်နေတယ်။ အဲဒါနှင့် နည်းနည်းခွဲလိုက်ရပြီဆိုရင် ခွဲနိုင်တဲ့ စွမ်းအားရှိသလား? မရှိကြဘူးနော်။ ဒါကြောင့် မြတ်စွာဘုရားက ဘာဟော တော်မူသလဲ?

မိမိတို့ရဲ့ စိတ်ကို မကြာခဏ ဆင်ခြင်ပေးပါ

တသ္မာတိဟ ဘိက္ခဝေ အဘိက္ခဏံ သကံ စိတ္တံ ပစ္စဝေက္ခိတဗ္ဗံ ဒီဃရတ္တမိဒံ စိတ္တံ သံကိလိဋ္ဌံ ရာဂေန ဒေါသေန မောဟေနာတိ၊ စိတ္တသံကိလေသာ ဘိက္ခဝေ သတ္တာ သံကိလိဿန္တိ၊ စိတ္တဝေါဒါနာ သတ္တာ ဝိသုဇ္ဈန္တိ။

ဘိက္ခဝေ = ချစ်သား ရဟန်းတို့ ...။ တသ္မာ = ထို့ကြောင့်။ ဣဟ = ဤလောက၌။ တုမှေ = သင်ချစ်သားတို့သည် သင်ချစ်သမီးတို့သည်။ သကံ စိတ္တံ = မိမိတို့ရဲ့ စိတ်ကို။ ဣဒံ စိတ္တံ = ဤငါတို့ရဲ့စိတ်သည်။ ဒီဃရတ္တံ = နေညဉ့်သံသရာ ရှည်မြင့်စွာသော အချိန်အခါကာလတို့ပတ်လုံး။ ရာဂေန = ရာဂကြောင့်။ ဒေါသေန = ဒေါသကြောင့်။ မောဟေန = မောဟကြောင့်။ သံကိလိဋ္ဌန္တိ = ညစ်နွမ်း၍ နေရပေ၏ဟူ၍။ အဘိက္ခဏံ = မကြာခဏ အမြဲမပြတ်။ ပစ္စဝေက္ခိတဗ္ဗံ = ဆင်ခြင်သင့် ဆင်ခြင်ထိုက်ပေ၏။ ဘိက္ခဝေ = ချစ်သား ရဟန်းတို့ ...။ စိတ္တသံကိလေသာ = စိတ်ဓာတ် ညစ်နွမ်း ခြင်းကြောင့်။ သတ္တာ = သတ္တဝါတို့သည်။ သံကိလိဿန္တိ = ညစ်နွမ်းကြရ ကုန်၏။ စိတ္တဝေါဒါနာ = စိတ်ဓာတ် ဖြူစင်သန့်ရှင်းခြင်းကြောင့်။ သတ္တာ = သတ္တဝါတို့သည်။ ဝိသုဇ္ဈန္တိ = စင်ကြယ်ကြရကုန်၏။

ဒါကြောင့် သင်ချစ်သားတို့ သင်ချစ်သမီးတို့တစ်တွေဟာ မကြာခဏ မိမိရဲ့စိတ်ကို ဆင်ခြင်ပေးပါ၊ ဘယ်လို ဆင်ခြင်ရမလဲ - နေ့ညဉ့်သံသရာ ရှည်မြင့်စွာသော အချိန်အခါကာလတို့ပတ်လုံး ငါတို့ရဲ့စိတ်သည် ရာဂကြောင့် ညစ်နွမ်းနေရတယ်၊ ဒေါသကြောင့် ညစ်နွမ်းနေရတယ်၊ မောဟကြောင့် ညစ် နွမ်းနေရတယ်လို့ ဒီလို မကြာခဏ ဆင်ခြင်ပေးပါ။

ဘာဖြစ်လို့လဲ? စိတ်ဓာတ်တွေ ညစ်နွမ်းရင် သတ္တဝါတွေ ညစ်နွမ်းကြ ရတယ်၊ ပင်ပန်းကြရတယ်၊ ဆင်းရဲကြရတယ်။ စိတ်ဓာတ်တွေ ဖြူစင်သန့် ရှင်းလာပြီဆိုရင်လည်း သတ္တဝါတွေ စင်ကြယ်သန့်ရှင်းသွားရတယ်။ ဒီတော့ စိတ်ဓာတ်စင်ကြယ်သန့်ရှင်းအောင် ဘယ်လိုလုပ်ရမယ်ဆိုတာကတော့ ပြီး တော့မှ ပြောပါမယ်။ ဒီတော့ စိတ်ဓာတ်တွေ ညစ်နွမ်းရင် သတ္တဝါတွေ ညစ် နွမ်းရတဲ့ ပုံစံတွေကိုတော့ ခပ်များများလေး ပြောဖို့ ရည်ရွယ်ထားပါတယ်၊ ဘာဖြစ်လို့ ဒီစိတ်ဓာတ်တွေ ညစ်နွမ်းရင် သတ္တဝါတွေ ညစ်နွမ်းရသလဲ? ခုနက ဥပမာ ကြည့်ပေါ့လေ။

စိတ်ဓာတ်တွေ ညစ်နွမ်းရင် သတ္တဝါတွေ ညစ်နွမ်းကြရတယ်

အဝိဇ္ဇာနီဝရဏတရားက ပိတ်ဖုံးထားတယ်၊ အမှန်မသိဘူး၊ အသိမှား နေတယ်။ အသိမှားနေတဲ့ သတ္တဝါတွေဟာ တွယ်တာစရာရှိရင် တွယ်တာ မယ်၊ မိမိနှစ်သက်ဖွယ်ရာ အာရုံတွေနှင့် သွားပြီး တွေ့ခဲ့ရင် တွယ်တာမှုတွေ ဖြစ်လာမယ်၊ မနှစ်သက်ဖွယ်ရာ အာရုံတွေနှင့် တွေ့ခဲ့ရင်လည်း ဒေါသတွေ ဖြစ်တော့မယ်၊ အယောနိသောမနသိကာရကို အခြေခံနေတယ်၊ အသိမှားမှု အဝိဇ္ဇာကို အခြေခံနေတယ်။

အာရုံတွေကို နည်းမှန်လမ်းမှန် နှလုံးမသွင်းတတ်ဘူး။ အာရုံတစ်ခုနှင့် ကြုံကြိုက်လိုက်တဲ့အခါမှာ ဒီအာရုံတွေကို ရုပ်တရားအစုအပုံပဲ နာမ်တရား အစုအပုံပဲ အကြောင်းတရားအစုအပုံပဲ အကျိုးတရားအစုအပုံပဲ အနိစ္စ တရားအစုအပုံပဲ ဒုက္ခတရားအစုအပုံပဲ အနတ္တတရားအစုအပုံပဲလို့ ဒီလို နှလုံးမသွင်းတတ်ဘူး။ အဲဒီလိုနှလုံးသွင်းတတ်ခဲ့မယ်ဆိုရင်တော့ ယောနိသော မနသိကာရလို့ ခေါ်ပါတယ်၊ နည်းမှန်လမ်းမှန် နှလုံးသွင်းခြင်းပဲ။

အဲဒီလို ယောနိသောမနသိကာရကို ေ့ရှသွားမပြုမိဘဲ သားပဲ သမီးပဲ ယောက်ျားပဲ မိန်းမပဲ ပုဂ္ဂိုလ် သတ္တဝါပဲ လူ နတ် ဗြဟ္မာပဲလို့ ဒီလိုနှလုံးသွင်း မိမယ်ဆိုရင်တော့ ဒီနှလုံးသွင်းမှုက မှားနေတယ်။ မှားနေတဲ့ ဒီအသိမှားမှု ရှိနေလို့ရှိရင် အယောနိသောမနသိကာရ ရှိနေခဲ့မယ်ဆိုရင်တော့ အကုသိုလ် တရားတွေဟာ နောက်ကနေ ဆက်တိုက်ဖြစ်ပေါ်လာတတ်ကြပါတယ်။

အယောနိသောမနသိကာရက အခြေခံအကြောင်းအရင်း ဖြစ်နေတယ်၊ အဲဒီတော့ အကုသိုလ်တရားတို့ရဲ့ အခြေခံအကြောင်းရင်းဖြစ်တဲ့ ဒီ အယောနိသောမနသိကာရက ဘာကြောင့်ဖြစ်သလဲလို့ ပြန်ပြောင်းပြီး ဆန်းစစ်ကြည့် လိုက်တော့လည်း အဝိဇ္ဇာနီဝရဏတရားက ပိတ်ဖုံးခံနေရတာက အကြောင်း တစ်ခု, တဏှာတည်းဟူသော သံယောဇဉ်ကြိုးဖြင့် ရစ်ပတ်နှောင်ဖွဲ့ခံနေရ တာက အကြောင်းတစ်ခု ဖြစ်တယ်။

လည်ပင်းမှာဆွဲထားတဲ့ သက္ကာယဒိဋ္ဌိတောက်ကြီး

ဒီအကြောင်းနှစ်ရပ် ရှိလိုက်တဲ့ ဒီသတ္တဝါတွေရဲ့ သန္တာန်မှာ လည်ပင်း မှာ ဘာဆွဲထားသလဲ၊ တောက်ကြီး တစ်ခု ဆွဲထားတယ်၊ အဲဒီတောက်ကို သက္ကာယဒိဋ္ဌိလို့ ဒီလို သတ်မှတ်ထားတယ်၊ သက္ကာယဒိဋ္ဌိဆိုတာက သန္တော ကာယော သက္ကာယော - အရ ထင်ရှားရှိနေတဲ့ ဥပါဒါနက္ခန္ဓာငါးပါးကို သက္ကာယလို့ ခေါ်တယ်၊ အဲဒီ သက္ကာယအမည်ရနေတဲ့ ဥပါဒါနက္ခန္ဓာငါးပါး အပေါ်၌ ခံယူချက်မှားနေတဲ့ ဒိဋ္ဌိတရားကို သက္ကာယဒိဋ္ဌိလို့ ဒီလိုခေါ်ပါတယ်။

အဲဒီတော့ ဒီသက္ကာယဒိဋ္ဌိဆိုတဲ့ တောက်ကြီးက လည်ပင်းမှာ ဆွဲထား တယ်ဆိုတာက ဘာပြောတာလဲ? ဟိုနားကပ်လိုက်လည်း ငါပဲ, ငါရဲ့ အတ္တပဲ၊ ဒီနားကပ်လိုက်တော့လည်း ငါရဲ့အတ္တပဲ၊ ဟိုရုပ်နာမ်အနားကပ်လိုက်လည်း ငါရဲ့အတ္တပဲ၊ ဒီရုပ်နာမ်အနားကပ်လိုက်လည်း ငါရဲ့အတ္တပဲ၊ အတ္တဆိုတာက ယောက်ျားပဲ မိန်းမပဲ ပုဂ္ဂိုလ်ပဲ သတ္တဝါပဲ လူပဲ နတ်ပဲ ဗြဟ္မာပဲ စသည်ဖြင့် ဒီလို ခံယူချက်မှားနေတဲ့သဘော, အသက်ကောင် လိပ်ပြာကောင် ဝိညာဏ် ကောင် အတ္တကောင် စသည်ဖြင့် ခံယူချက်မှားနေတဲ့သဘောပဲ၊ အဲဒီ ခံယူချက် မှားနေတဲ့ သက္ကယဒိဋ္ဌိအတ္တဆိုတဲ့ တောက်ကြီးက လည်ပင်းမှာဆွဲထားတယ်။

ခုနက ပြောခဲ့တဲ့အတိုင်းပဲ - အိမ်ရှင်မတစ်ဦးကို ဒီယောက်ျားက ညီး ယောက်ျား မဟုတ်ဘူးလို့ ပြောရင်လက်ခံပါ့မလား? လက်မခံနိုင်ဘူး၊ လက် မခံတဲ့ပုဂ္ဂိုလ်ဟာ လည်ပင်းမှာ ဘာဆွဲထားလဲ? တောက်ကြီး ဆွဲထားတယ်။ အိမ်ရှင်တစ်ဦးကို ဒီဒကာမကြီးက မင်းဒကာမကြီး မဟုတ်ပါဘူး၊ ဒကာကြီးရဲ့ ဒကာမကြီး မဟုတ်ပါဘူးလို့ပြောရင်ကော သူက လက်ခံပါ့မလား? လက် မခံဘူး၊ ဘာဖြစ်လို့လဲ၊ သက္ကာယဒိဋ္ဌိလို့ခေါ်ဆိုအပ်တဲ့ တောက်ကြီးတစ်ခုက လည်ပင်းမှာ ဆွဲထားတယ်၊ ဆွဲပြီးတော့ တဏှာတည်းဟူသော သံယောဇဉ် ကြိုးက အင်မတန်ခိုင်ခံ့အောင် ချည်ထားတယ်၊ ဘယ်မှာ ချည်ထားသလဲ၊ ခန္ဓာငါးပါးဆိုတဲ့ငုတ် သို့မဟုတ် ခန္ဓာငါးပါးဆိုတဲ့ တိုင်တစ်တိုင်မှာ ချည်ထား တယ်။

ချည်ထားခံရတဲ့ ဒီသတ္တဝါတွေဟာ သွားရင်လည်း ဒီခန္ဓာငါးပါး အနား ကပ်ပြီးတော့ သွားတယ်၊ ရပ်ရင်လည်း ခန္ဓာငါးပါးအနားမှာပဲ ကပ်ပြီးတော့ ရပ်တယ်၊ ထိုင်ရင်လည်း ဒီခန္ဓာငါးပါး အနားမှာပဲ ကပ်ပြီးတော့ ထိုင်တယ်၊ အိပ်တော့လည်း ဒီခန္ဓာငါးပါးအနားမှာပဲ ကပ်ပြီးတော့ အိပ်တယ်။ ရုန်းလိုတဲ့ ဆန္ဒဓာတ် ပြင်းပြင်းပြပြရှိသလား? မရှိကြဘူး။ ဒီတော့ အဲဒီလို ခန္ဓာငါးပါး အနားမှာပဲ ကပ်ပြီးတော့ သွားနေတဲ့, ရပ်နေတဲ့, ထိုင်နေတဲ့, အိပ်နေတဲ့ ပုဂ္ဂိုလ်ရဲ့ လည်ပင်းမှာလည်း တောက်ကြီးတစ်ခုကို ထပ်ဆွဲထားတယ်၊ တဏှာ တည်းဟူသော သံယောဇဉ်ကြိုးကလည်း ရစ်ပတ်ပြီး နှောင်ဖွဲ့ထားတယ်၊ အဲဒီ ပုဂ္ဂိုလ်တွေဟာ ဘာနှင့်တူသလဲ၊ ခုနက ဥပမာပေးထားတယ် -----

ဥပမာ နှင့် ဥပမေယျ

တိုင်ငုတ်တစ်တိုင်မှာ ခိုင်ခံ့တဲ့ ကြိုးတစ်ချောင်းဖြင့် လည်ပင်းမှာ တောက် ဆွဲပြီးတော့ ခွေးတစ်ကောင်ကို ချည်ထားတာနှင့် သိပ်ပြီးတော့ တူတယ်လို့ ဒီလို မြတ်စွာဘုရားက ဥပမာပေးထားတယ်၊ အဲဒီစာရင်းထဲမှာ အခု တရား နာနေတဲ့ ပရိသတ်တွေ ပါသလား မပါဘူးလား? အများစုကတော့ ပါနေ ကြပုံရတယ်၊ မပါအောင် ကြိုးစားဖို့ကော မကောင်းဘူးလား? ပါနေခဲ့ရင်၊ မပါအောင် ကြိုးစားဖို့ သိပ်ကောင်းတယ်။ အဲဒီလို လည်ပင်းမှာ တောက်ဆွဲပြီး တိုင်တစ်တိုင်မှာ အချည်ခံနေရတဲ့ ဘဝတွေက ဘယ်လောက်များခဲ့သလဲ? သိပ်ပြီးတော့များခဲ့တယ်။ ဒါကြောင့် မြတ်စွာဘုရားက တရားအစမှာ -----

အနမတဂ္ဂေါယံ ဘိက္ခဝေ သံသာရော။ ပုဗ္ဗာ ကောဋိ န ပညာယတိ အဝိဇ္ဇာနီဝရဏာနံ သတ္တာနံ တဏှာသံယောဇနာနံ သန္ဓာဝတံ သံသရတံ။ (သံ၊၂၊၁၂၁။)

ဘိက္ခဝေ = ချစ်သား ရဟန်းတို့ ...။ အယံ သံသာရော = ခန္ဓာ အာယတန ဓာတ်တို့၏ အဆက်မပြတ်ဖြစ်ရာ ရုပ်နာမ်သန္တာန် အစဉ်အတန်း ဟု ခေါ်ဆိုအပ်သော ဤသံသရာသည်။ အနမတဂ္ဂေါ = ဉာဏ်ဖြင့် အစဉ်လျှောက်၍သော်လည်း မသိအပ် မသိနိုင်သော အစရှိပေ၏။ အဝိဇ္ဇာ နီဝရဏာနံ = အဝိဇ္ဇာ နီဝရဏတရားသည် ပိတ်ဖုံးကာဆီးအပ်ကုန်သည် ဖြစ်၍။ တဏှာသံယောဇနာနံ = တဏှာတည်းဟူသော သံယောဇဉ်ကြိုးက ရစ်ပတ်နှောင်ဖွဲ့ထားအပ်ကုန်သည်ဖြစ်၍။ သန္ဓာဝတံ = ထိုဘဝမှ ဤဘဝ, ဤဘဝမှ ထိုဘဝသို့ တပြောင်းပြန်ပြန် ကျင်လည်ကျက်စား ပြေးသွား၍ နေကြရကုန်သော။ သံသရတံ = တစ်ခုသောဘဝ၌လည်းပဲ ထပ်ကာထပ်ကာ ကျင်လည်ကျက်စား ပြေးသွား၍ နေကြရကုန်သော။ သတ္တာနံ = သတ္တဝါ တို့၏။ ပုဗ္ဗာ ကောဋိ = သံသရာ၏ေ့ရှအစွန်းကို။ န ပညာယတိ = မသိအပ် မသိနိုင်ပေ။

အဝိဇ္ဇာနီဝရဏတရားက ပိတ်ဖုံးပြီးတော့ တဏှာတည်းဟူသော သံ ယောဇဉ်ကြိုးဖြင့် ရစ်ပတ်နှောင်ဖွဲ့ခံထားရတဲ့, သက္ကာယဒိဋ္ဌိဆိုတဲ့ တောက်ကြီး လည်း လည်ပင်းမှာ အဆွဲခံထားရတဲ့ ဒီသတ္တဝါတွေရဲ့ သံသရာခရီးကို ပြန် ပြောင်းပြီး ဆန်းစစ်ကြည့်လိုက်တော့ ဉာဏ်ဖြင့် အစဉ်လျှောက်၍ လှမ်း၍ ကြည့်တတ်လို့ ကြည့်မယ်ဆိုရင် ဆုံးနိုင်မလား? မဆုံးနိုင်ဘူး၊ သိပ်ရှည်တယ်။

သိပ်ရှည်တဲ့အတွက် ဒီအဝိဇ္ဇာနီဝရဏကို မပယ်ဖျက်နိုင်ဘူး ဆိုရင်, တဏှာတည်းဟူသော သံယောဇဉ်ကြိုးကိုလည်း မပယ်ဖြတ်နိုင်ဘူး ဆိုရင်, သက္ကာယဒိဋ္ဌိဆိုတဲ့ တောက်ကြီးကိုလည်း ဆွဲပြီးတော့ ဖြုတ်မချနိုင်ဘူး ဆိုရင် နောက်ထပ် သံသရာခရီးကလည်း မရှည်နိုင်ဘူးလား? ရှည်နိုင်တယ်။

ရှည်နိုင်တဲ့အခါမှာ ဒီသံသရာခရီးသည် ဒီအဝိဇ္ဇာ, တဏှာ, သက္ကာယ ဒိဋ္ဌိ ခေါ်ဆိုအပ်တဲ့ ဒီအကုသိုလ်တရားတွေရဲ့ စွမ်းအဟုန်က သိပ်ပြီး အား ကောင်းလာလို့ရှိရင် ထိုသံသရာခရီးသည် ကောင်းတဲ့သံသရာမျိုး ဖြစ်ခဲတယ်၊ အပါယ်လေးပါးဆိုတဲ့ သံသရာခရီးကသာ မိမိကို ဆီးကြိုနေမှာ ဖြစ်တယ်။

အဲဒီလို ဆီးကြိုနေမှာဖြစ်တဲ့အတွက် ဒီလိုအပါယ်ဘေးဆိုးကြီးမှ လွတ် အောင် ကျွတ်အောင်, အိုဘေးဆိုးကြီးမှ လွတ်အောင်ကျွတ်အောင်, နာ ဘေးဆိုးကြီးမှ လွတ်အောင်ကျွတ်အောင်, သေဘေးဆိုးကြီးမှ လွတ်အောင် ကျွတ်အောင် ရုန်းကန်ထွက်ဖို့ရန်အတွက် ရည်ရွယ်ပြီးတော့ မြတ်စွာဘုရား က ဘာဆုံးမနေသလဲ -----

တသ္မာတိဟ ဘိက္ခဝေ အဘိက္ခဏံ သကံ စိတ္တံ ပစ္စဝေက္ခိတဗ္ဗံ ဒီဃရတ္တမိဒံ စိတ္တံ သံကိလိဋ္ဌံ ရာဂေန ဒေါသေန မောဟေနာတိ၊ စိတ္တသံကိလေသာ ဘိက္ခဝေ သတ္တာ သံကိလိဿန္တိ၊ စိတ္တဝေါဒါနာ သတ္တာ ဝိသုဇ္ဈန္တိ။ (သံ၊၂၊၁၂၃။)

ဘိက္ခဝေ = ချစ်သား ရဟန်းတို့ ...။ တသ္မာ = ထို့ကြောင့်။ ဣဟ = ဤသာသနာတော်မြတ်အတွင်း၌။ တုမှေ = သင်ချစ်သားတို့သည် သင် ချစ်သမီးတို့သည်။ သကံ စိတ္တံ = မိမိတို့ရဲ့စိတ်ကို။ ဣဒံ စိတ္တံ = ဤငါတို့ရဲ့ စိတ်သည်။ ဒီဃရတ္တံ = နေညဉ့်သံသရာ ရှည်မြင့်စွာသော အချိန်အခါ ကာလတို့ပတ်လုံး။ ရာဂေန = ရာဂကြောင့်။ ဒေါသေန = ဒေါသကြောင့်။ မောဟေန = မောဟကြောင့်။ သံကိလိဋ္ဌန္တိ = ညစ်နွမ်း၍နေရပေ၏ဟူ၍။ အဘိက္ခဏံ = မကြာခဏ အမြဲမပြတ်။ ပစ္စဝေက္ခိတဗ္ဗံ = ဆင်ခြင်သင့် ဆင်ခြင်ထိုက်ပေ၏။

ဟိ = အကြောင်းကို ဆိုရသော်။ ဘိက္ခဝေ = ချစ်သား ရဟန်းတို့ ...။ စိတ္တသံကိလေသာ = စိတ်ဓာတ်ညစ်နွမ်းခြင်းကြောင့်။ သတ္တာ = သတ္တဝါ တို့သည်။ သံကိလိဿန္တိ = ညစ်နွမ်းကြရကုန်၏။ စိတ္တဝေါဒါနာ = စိတ်ဓာတ် ဖြူစင်သန့်ရှင်းခြင်းကြောင့်။ သတ္တာ = သတ္တဝါတို့သည်။ ဝိသုဇ္ဈန္တိ = စင် ကြယ်ကြရကုန်၏။

စိတ်ဓာတ်တွေ ညစ်နွမ်းခဲ့ရင် သတ္တဝါတွေ ညစ်နွမ်းကြရတယ်၊ စိတ် ဓာတ်တွေ ဖြူစင်သန့်ရှင်းခဲ့မယ်ဆိုရင် သတ္တဝါတွေ ဖြူစင်သန့်ရှင်းပြီးတော့ လာကြရတယ်၊ ဒါကြောင့် ငါတို့ရဲ့စိတ်သည် နေ့ညဥ့်သံသရာ ရှည်မြင့်စွာ သော အချိန်အခါကာလတို့ပတ်လုံး ရာဂကြောင့် ညစ်နွမ်းနေရတယ်, ဒေါသ ကြောင့် ညစ်နွမ်းနေရတယ်, မောဟကြောင့် ညစ်နွမ်းနေရတယ်လို့ ဒီလို မကြာခဏ မိမိတို့ရဲ့စိတ်ကို ဆင်ခြင်သုံးသပ်ပေးပါလို့ မြတ်စွာဘုရားက တိုက် တွန်းထားတယ်။ အဲဒီလို တိုက်တွန်းပြီးတော့ နောက်ထပ် မြတ်စွာဘုရား သည် ဘာကို ဆက်ပြီး ဟောကြားတော်မူသလဲ ----

စရဏ ပန်းချီကားချပ်

ဒိဋ္ဌံ ဝေါ ဘိက္ခဝေ စရဏံ နာမ စိတ္တန္တိ။ ဧဝံ ဘန္တေ။ (သံ၊၂၊၁၂၃။)

ဘိက္ခဝေ = ချစ်သား ရဟန်းတို့ ...။ စရဏံ နာမ = စရဏ အမည် ရှိသော။ စိတ္တံ = ဆန်းကြယ်တဲ့ ပန်းချီကားချပ်ကို။ ဝေါ = သင်ချစ်သားတို့ သည်။ ဒိဋ္ဌံ = မြင်ဖူးကြပါကုန်သလား?

မြတ်စွာဘုရားက ရဟန်းတို့ကို မေးကြည့်တယ်၊ ချစ်သား ရဟန်းတို့... စရဏ အမည်ရှိတဲ့ အင်မတန် ဆန်းကြယ်တဲ့ ပန်းချီကားချပ်ကလေးကို သင်ချစ်သားတို့တစ်တွေ မြင်ဖူးကြရဲ့လားလို့ မေးကြည့်တယ်။ စရဏဆိုတဲ့ ပန်းချီကားချပ်ကတော့ - ဗြာဟ္မဏပါသဏ္ဍိကလို့ ခေါ်ဆိုအပ်တဲ့ ဗြာဟ္မဏ အယူဝါဒ ကိုးဆယ်ကျော်လောက် ရှိတယ်၊ အဲဒီအယူဝါဒသမားတွေက သူ တို့ရဲ့ ဝါဒပြန့်ပွားရေးအတွက် ဝါဒဖြန့်ဖြူးရေး ပန်းချီကားချပ်ကလေးတွေကို အသုံးပြုကြတယ်၊ စရဏဆိုတာ သူတို့ အသုံးပြုတဲ့ ပန်းချီကားချပ်ပဲ။ ဒီ ပန်းချီကားချပ်ကလေးတွေက သိပ်ပြီးတော့ ဆန်းကြယ်တယ်။ အဓိက ရည် ရွယ်ချက်ကတော့ ဘာလဲ? ဒီလို မကောင်းတဲ့အမှုပြုခဲ့ရင် ဒီလို မကောင်းတဲ့ အကျိုးရတယ်၊ ဒီလိုကောင်းမှုကို ပြုခဲ့မယ်ဆိုရင်လည်း ဒီလို ကောင်းကျိုး တွေကို ရတယ်လို့ ဒီပန်းချီကားချပ်ကို ကြည့်ရှုနေတဲ့ ပုဂ္ဂိုလ်တွေ သဘော ပေါက်နိုင်ရန်အတွက် ရည်ရွယ်ပြီးတော့ အင်မတန် ဆန်းကြယ်တဲ့ ပန်းချီကား ချပ်ကလေးတွေကို ရေးသားထားတယ်။

ရေးသားပြီးတဲ့ အခါကျတော့ ဒီ ပန်းချီကားချပ်ကလေးတွေကို ဝါဒဖြန့်ဖြူးနေတဲ့ တရားဟောဆရာတွေက သွားလေရာကို ယူဆောင်သွားကြ တယ်။ ယူဆောင်သွားပြီးတဲ့အခါ တရားနာပရိသတ်တွေ သဘောပေါက် နိုင်အောင် အဲဒီပန်းချီကားချပ်ကလေးတွေကို ထုတ်ဆောင်ပြပြီးတော့မှ သူ တို့ တရားကို ဟောလေ့ရှိတယ်။ အဲဒီဟောကြားလေ့ရှိတဲ့ ပန်းချီကားချပ် ကလေးတွေကို စရဏလို့ ခေါ်ပါတယ်။

အဲဒီ စရဏ အမည်ရတဲ့ ပန်းချီကားချပ်က အလွန်ဆန်းကြယ်တယ်၊ သိပ်အဆန်းတကြယ် ရေးထားတယ်။ ဆန်းဆန်းကြယ်ကြယ် ရေးထားတဲ့ ဒီပန်းချီကားချပ်ကို သင်ချစ်သားတို့တစ်တွေ သင်ချစ်သမီးတို့တစ်တွေ မြင်ဖူး ကြပါသလားလို့ မြတ်စွာဘုရားက မေးတယ်။ မေးလိုက်တဲ့ အချိန်အခါမှာ ရဟန်းတော်တွေက ဧဝံ ဘန္တေ = မြတ်စွာဘုရား ...တပည့်တော်တို့ မြင်ဖူး ကြပါတယ်ဆိုပြီးတော့ ပြန်ပြီးတော့ လျှောက်ထားကြတယ်၊ အဲဒီအချိန်မှာ မြတ်စွာဘုရားက ဘာဆက်ပြီးတော့ အမိန့်ရှိသလဲ ----

စရဏပန်းချီကားချပ်ထက် ပိုပြီးဆန်းကြယ်တဲ့စိတ်

တမ္ပိ ခေါ ဘိက္ခဝေ စရဏံ နာမ စိတ္တံ စိတ္တေနေဝ စိတ္တိတံ။ (သံ၊၂၊၁၂၃။)

ဘိက္ခဝေ = ချစ်သား ရဟန်းတို့ ...။ စရဏံ နာမ = စရဏ အမည် ရှိတဲ့။ တမ္ပိ ခေါ စိတ္တံ = ထို ဆန်းကြယ်တဲ့ ပန်းချီကားချပ်ကိုလည်းပဲ။ စိတ္တေနေဝ = စိတ်ဖြင့်သာလျှင်။ စိတ္တိတံ = ကြံစည်စိတ်ကူး၍ ရေးဆွဲ အပ်ပေ၏။

အဲဒီလောက် ဆန်းကြယ်နေတဲ့ ပန်းချီကားချပ်ကို ဘာနှင့် ရေးဆွဲသလဲ လို့ မေးတော့ စိတ်နှင့် ..., အင်မတန် ဆန်းကြယ်တဲ့ စိတ်ကလေးနှင့် ရေးဆွဲထားတာပဲ၊ ဘယ်လိုရေးဆွဲသလဲလို့မေးတော့ -----

ပထမ ဒီပန်းချီကားချပ်ကို ရေးတော့မည့် ပုဂ္ဂိုလ်က ရှေးဦးစွာ ဘာလုပ် ရသလဲ၊ ဒီနေရာမှာ ယောက်ျားရဲ့ အရုပ်ကလေးကို ရေးမယ်၊ ဒီနေရာ ကျတော့ အမျိုးသားရဲ့အရုပ်၊ ဒီနေရာကျတော့ အမျိုးသမီးရဲ့အရုပ်၊ ဒီနေ ရာမှာ မျက်လုံးထည့်မယ်၊ ဒီနေရာမှာ မျက်ခုံးထည့်မယ်၊ မျက်လုံးကျလို့ ရှိရင်လည်း လိုင်နာဆိုလား ဘာဆိုလား ဟုတ်လား? ---- ဘယ်နေရာမှာ လိုင်နာ ကလေးကို ဘယ်လိုဆွဲလိုက်မယ်ဆိုပြီးတော့ စိတ်ကူးမှု ပထမ မရှိရဘူးလား၊ ရှိတယ်ပေါ့။ -----

မှန်ေ့ရှမှာ သွားရပ်ပြီဆိုလို့ရှိရင် လိုင်နာကို ဆွဲမယ်ဆိုတဲ့စိတ်ကူး မရှိ ခဲ့ရင် ဒီအမျိုးသမီး ဆွဲလို့ရမလား? မရဘူး။ မှန်ေ့ရှမှာ သွားရပ်လိုက်၊ ရပ်ပြီး တဲ့အခါမှ သေသေချာချာ ဆွဲလိုက်တာ၊ နှုတ်ခမ်းနီကလေးက ဘယ်နေရာမှာ ထည့်မယ်၊ လက်သည်းနီက ဘယ်နေရာမှာဆိုးမယ်၊ ဘယ်လိုအရောင် ဆိုး မယ် စသည်ဖြင့် ပထမကြံစည်စိတ်ကူးမှု မရှိရဘူးလား၊ ရှိတယ်။

အဲဒီပုံစံအတိုင်းပဲ ဒီ ပန်းချီဆရာကလည်း ဒီမှာ အမျိုးသမီးရုပ်က လေးတွေ, အမျိုးသားရုပ်ကလေးတွေကို ရေးတော့မယ်ဆိုရင် မျက်လုံးကို ဘယ်အနေအထား ထားမယ်၊ မျက်ခုံးကို ဘယ်လို အနေအထား ထားမယ်၊ နှုတ်ခမ်းကို ဘယ်လိုအနေအထား ထားမယ်၊ မျက်လုံးကျတော့ ဆေးရောင် ကို ဘယ်လို ချယ်မယ်၊ မျက်ခုံးကျတော့ ဘယ်လို ဆေးရောင် ချယ်မယ် စသည်ဖြင့် ကြံစည်စိတ်ကူးမှု ရှိရတယ်။ သစ်ပင်ကို ဘယ်လိုအနေအထား ထားမယ်၊ လမ်းကို ဘယ်လိုအနေအထား ထားမယ် စသည်ဖြင့် ပထမ မူလ ကြံစည်စိတ်ကူးမှုက အရင်ဖြစ်ရတယ်၊ အဲဒီကြံစည်စိတ်ကူးပြီးတဲ့ အချိန်အခါ ကျတော့မှ မိမိ နှစ်ခြိုက်တဲ့ပုံစံအတိုင်း ဒီပန်းချီကားချပ်ကို ရေးဆွဲရတယ်။

ရေးဆွဲလိုက်တဲ့ အချိန်အခါမှာ မိမိဖြစ်ချင်တာတွေ အားလုံး ဖြစ်သလားလို့မေးရင် ဘယ်လို ဖြေမလဲ? မဖြစ်ဘူး...မဖြစ်ဘူး။ နမူနာလေး သဘောပေါက်အောင် တစ်ခုပြောမယ်။ အဲဒီပန်းချီကားချပ်ထဲမှာ ယူဇနာ တစ်ရာလောက် လင်းထိန်နေတဲ့ ပတ္တမြားကြီးတစ်လုံးကို ရေးဆွဲပြီးတော့ ထည့်မယ်ဆိုကြစို့၊ တကယ်တမ်း ပတ္တမြားရတနာကြီးတစ်ခုကို ပန်းချီကားချပ် ထဲမှာ ရေးထည့်လိုက်တဲ့အခါမှာ ယူဇနာတစ်ရာလောက် လင်းလာသလား? မလင်းဘူး၊ စိတ်ကူးတိုင်း ဖြစ်သလား? မဖြစ်ဘူး၊ ဟုတ်တယ် မဟုတ်လား? ဒီတော့ ပန်းချီကားချပ် ဆန်းကြယ်ရတာ စိတ်ကြောင့် ဆန်းကြယ်ရတာ ဖြစ်တော့ အကြောင်းရင်းဖြစ်တဲ့စိတ်သည် ဒီပန်းချီကားချပ်ထက် ပိုပြီးတော့ ဆန်းကြယ်မှု မရှိနိုင်ဘူးလား? ရှိနိုင်တယ်။ စိတ်ဆန်းကြယ်သလောက် ဒီ ပန်းချီကားချပ်သည် ဆန်းကြယ်သလား? မဆန်းကြယ်သေးဘူး။ စိတ်က သာလျှင် ပိုပြီးတော့ မဆန်းကြယ်ဘူးလား၊ ဆန်းကြယ်နေတယ်။ ဒါကြောင့် မြတ်စွာဘုရားက -----

တေနပိ ခေါ ဘိက္ခဝေ စရဏေန စိတ္တေန စိတ္တညေဝ စိတ္တတရံ၊ တသ္မာတိဟ ဘိက္ခဝေ အဘိက္ခဏံ သကံစိတ္တံ ပစ္စဝေက္ခိတဗ္ဗံ၊ ဒီဃရတ္တမိဒံ စိတ္တံ သံကိလိဋ္ဌံ ရာဂေန ဒေါသေန မောဟေနာတိ၊ စိတ္တသံကိလေသာ ဘိက္ခဝေ သတ္တာ သံကိလိဿန္တိ၊ စိတ္တဝေါဒါနာ သတ္တာ ဝိသုဇ္ဈန္တိ။ (သံ၊၂၊၁၂၃။)

ဘိက္ခဝေ = ချစ်သား ရဟန်းတို့ ...။ တေနပိ ခေါ စရဏေန စိတ္တေန = ထို ဆန်းကြယ်တဲ့ စရဏ အမည်ရတဲ့ ပန်းချီကားချပ်ထက်လည်းပဲ။ စိတ္တညေဝ = အကြောင်းရင်းဖြစ်တဲ့ စိတ်ကသာလျှင်။ စိတ္တတရံ = သာလွန်၍ ဆန်းကြယ်လှပေ၏။

ဘိက္ခဝေ = ချစ်သား ရဟန်းတို့ ...။ တသ္မာ = ထို့ကြောင့်။ ဣဟ = ဤသာသနာတော်မြတ်အတွင်း၌။ တုမှေ = သင်ချစ်သားတို့သည် သင် ချစ်သမီးတို့သည်။ သကံ စိတ္တံ = မိမိတို့ရဲ့စိတ်ကို။ ဣဒံ စိတ္တံ = ဤငါတို့ရဲ့ စိတ်သည်။ ဒီဃရတ္တံ = နေညဉ့်သံသရာ ရှည်မြင့်စွာသော အချိန်အခါ ကာလတို့ပတ်လုံး။ ရာဂေန = ရာဂကြောင့်။ ဒေါသေန = ဒေါသကြောင့်။ မောဟေန = မောဟကြောင့်။ သံကိလိဋ္ဌန္တိ = ညစ်နွမ်း၍နေရပေ၏ဟူ၍။ အဘိက္ခဏံ = မကြာခဏ အမြဲမပြတ်။ ပစ္စဝေက္ခိတဗ္ဗံ = ဆင်ခြင်သင့် ဆင်ခြင်ထိုက်ပေ၏။

ဟိ = အကြောင်းကိုဆိုရသော်။ ဘိက္ခဝေ = ချစ်သားရဟန်းတို့ ...။ စိတ္တသံကိလေသာ = စိတ်ဓာတ် ညစ်နွမ်းခြင်းကြောင့်။ သတ္တာ = သတ္တဝါ တို့သည်။ သံကိလိဿန္တိ = ညစ်နွမ်းကြရကုန်၏။ စိတ္တဝေါဒါနာ = စိတ်ဓာတ် ဖြူစင်သန့်ရှင်းခြင်းကြောင့်။ သတ္တာ = သတ္တဝါတို့သည်။ ဝိသုဇ္ဈန္တိ = စင် ကြယ်ကြရကုန်၏။

ချစ်သား ရဟန်းတို့ ...ဒါကြောင့် ဒီစရဏအမည်ရတဲ့ ဆန်းကြယ်တဲ့ ပန်းချီကားချပ်ထက် အကြောင်းရင်း ဖြစ်တဲ့ စိတ်ကသာလျှင် ပိုပြီးတော့ ဆန်းကြယ်ပါတယ်။ အဲဒီလို စိတ်ဓာတ်တွေက အလွန့်အလွန် ဆန်းကြယ် နေတဲ့ အတွက်ကြောင့် သင်ချစ်သားတို့တစ်တွေ သင်ချစ်သမီးတို့တစ်တွေ ဟာ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆနဲ့ မနေဘဲ ဒီသာသနာတော်မြတ် အတွင်းမှာ မကြာခဏ အမြဲမပြတ် မိမိတို့ရဲ့စိတ်ကို ဆင်ခြင်ပေးကြစမ်းပါ။ ဘယ်လို ဆင်ခြင်ရမလဲ?

ငါတို့ရဲ့စိတ်သည် နေ့ညဉ့်သံသရာ ရှည်မြင့်စွာသော အချိန်အခါ ကာ လတို့ပတ်လုံး ရာဂကြောင့် ညစ်နွမ်းနေရတယ်၊ ဒေါသကြောင့် ညစ်နွမ်း နေရတယ်၊ မောဟကြောင့် ညစ်နွမ်းနေရတယ်လို့ ဒီလိုမကြာခဏ အမြဲမပြတ် ဆင်ခြင်ပေးကြပါ။ ဘာကြောင့်လဲ? စိတ်ဓာတ်တွေ ညစ်နွမ်းရင် သတ္တဝါတွေ ညစ်နွမ်းကြရတယ်၊ စိတ်ဓာတ်တွေ ဖြူစင်သန့်ရှင်းရင်လည်း သတ္တဝါတွေ ဖြူစင်သန့်ရှင်းရတယ်။ ဒါက မြတ်စွာဘုရားရဲ့ ဆိုဆုံးမချက်ပဲ။

တိရစ္ဆာန်တွေဆန်းကြယ်တာထက် ပိုဆန်းကြယ်တဲ့စိတ်

နောက်တစ်ခု မြတ်စွာဘုရားက ဆက်ဟောတော်မူပြန်တယ် -----

နာဟံ ဘိက္ခဝေ အညံ ဧကနိကာယမ္ပိ သမနုပဿာမိ ဧဝံ စိတ္တံ ယထယိဒံ ဘိက္ခဝေ တိရစ္ဆာနဂတာ ပါဏာ၊ တေပိ ခေါ ဘိက္ခဝေ တိရစ္ဆာနဂတာ ပါဏာ စိတ္တေနေဝ စိတ္တိတာ၊ တေဟိပိ ခေါ ဘိက္ခဝေ တိရစ္ဆာနဂတေဟိ ပါဏေဟိ စိတ္တညေဝ စိတ္တတရံ။ တသ္မာတိဟ ဘိက္ခဝေ အဘိက္ခဏံ သကံ စိတ္တံ ပစ္စဝေက္ခိတဗ္ဗံ ဒီဃရတ္တမိဒံ စိတ္တံ သံကိလိဋ္ဌံ ရာဂေန ဒေါသေန မောဟေနာတိ။ စိတ္တသံကိလေသာ ဘိက္ခဝေ သတ္တာ သံကိလိဿန္တိ၊ စိတ္တဝေါဒါနာ သတ္တာ ဝိသုဇ္ဈန္တိ။ (သံ၊၂၊၁၂၃။)

ဘိက္ခဝေ = ချစ်သား ရဟန်းတို့ ...။ အဟံ = ငါဘုရားသည်။ ဣဒံ တိရစ္ဆာနဂတာ ပါဏာ = ဤတိရစ္ဆာန်ဖြစ်တဲ့ သတ္တဝါတို့သည်။ စိတ္တံ ယထာ = ဆန်းကြယ်ကြကုန်သကဲ့သို့။ ဘိက္ခဝေ = ချစ်သား ရဟန်းတို့ ...။ ဧဝံ = ဤအတူ။ စိတ္တံ = ဆန်းကြယ်သော။ အညံ = တိရစ္ဆာန်သတ္တဝါတို့မှ အခြား တစ်ပါးသော။ ဧကနိကာယမ္ပိ = တစ်ခုသော သတ္တဝါအပေါင်းအစုကိုသော် မျှလည်းပဲ။ န သမနုပဿာမိ = မြင်တော်မမူပေ။

တိရစ္ဆာန်လေးတွေ ...သိပ်ပြီးတော့ ဆန်းကြယ်ကြတယ်။ ဆန်းကြယ် တဲ့သတ္တဝါတွေရဲ့ အနေအထားကို လှမ်းပြီး ကြည့်ကြပါ။ အခြေလေးချောင်း ရှိတဲ့ သတ္တဝါတွေလည်း များစွာရှိတယ်၊ အခြေများစွာရှိတဲ့ သတ္တဝါတွေလည်း များစွာ ရှိတယ်၊ အခြေနှစ်ချောင်းရှိတဲ့ သတ္တဝါတွေလည်း များစွာပဲ ရှိတယ်၊ အတောင်ရှိတဲ့ သတ္တဝါ, အတောင်မရှိတဲ့သတ္တဝါ, ရှည်လျားတဲ့သတ္တဝါ, တို တဲ့ သတ္တဝါ, ဝိုင်းစက်တဲ့သတ္တဝါ စသည်ဖြင့် သတ္တဝါတွေ အမျိုးမျိုး ရှိတယ်။ အရောင်အဆင်းအားဖြင့် ကြည့်လိုက်ရင်လည်း အရောင်အဆင်း အမျိုးမျိုး မရှိဘူးလား? ရှိတယ်။ တိရစ္ဆာန်တွေရဲ့ အမျိုးအနွယ်ကို ကြည့်လိုက်လို့ရှိရင် အင်မတန် ဆန်းကြယ်ကြတယ်။

အဲဒီလို တိရစ္ဆာန်သတ္တဝါတွေ ဆန်းကြယ်သလို အလားတူဆန်းကြယ် တဲ့ တခြားတခြားသော သတ္တဝါ အပေါင်းအစုတစ်ခုကို ငါဘုရား လှမ်းပြီး ကြည့်လိုက်တဲ့အခါ တိရစ္ဆာန်လို ဆန်းကြယ်တဲ့ သတ္တဝါအပေါင်းအစုကို ငါဘုရား မတွေ့ဘူး။

လူတွေကို ကြည့်၊ အများစုကိုကြည့်လိုက်ရင် ခြေနှစ်ချောင်းချင်း တူကြ တယ်၊ လက်နှစ်ချောင်း ရှိတာချင်း တူကြတယ်၊ ပခုံးနှစ်ခုကြား ခေါင်းပေါက် တာချင်းလည်း တူကြတယ်၊ မတ်တတ်ရပ်ပြီး သွားတဲ့ ပုံစံအနေအထား အားဖြင့်လည်း များသောအားဖြင့် တူကြတယ်။ ဟို .. ခြေပြတ်လက်ပြတ် ပုဂ္ဂိုလ်တွေတော့ ခဏခေတ္တ ဖယ်ထားလိုက်ပေါ့။

သို့သော် တိရစ္ဆာန်သတ္တဝါတွေကျတော့ ဒီလိုအများစုမှာ တူညီမှု ရှိသ လား၊ မရှိဘူး၊ ပုံစံအမျိုးမျိုး ရှိကြတယ်။ အရောင်လေးတွေလည်း အမျိုးမျိုး ရှိကြတော့ သိပ်ပြီးတော့ ဆန်းကြယ်ကြတယ်။ အဲဒီ ဆန်းကြယ်တဲ့ တိရစ္ဆာန် သတ္တဝါတွေဟာ ဘယ်လိုအကြောင်းကြောင့် ဆန်းကြယ်နေကြရသလဲ? -----

စိတ်ဆန်းကြယ်လို့ သတ္တဝါတွေ ဆန်းကြယ်တယ်

တေပိ ခေါ ဘိက္ခဝေ တိရစ္ဆာနဂတာ ပါဏာ စိတ္တေနေဝ စိတ္တိတာ။ (သံ၊၂၊၁၂၃။)

ဘိက္ခဝေ = ချစ်သား ရဟန်းတို့ ...။ တေပိ ခေါ တိရစ္ဆာနဂတာ ပါဏာ = ထိုတိရစ္ဆာန် ဖြစ်တဲ့ သတ္တဝါတွေသည်လည်းပဲ။ စိတ္တေနေဝ = ကမ္မဝိညာဏ်ဟု ခေါ်ဆိုအပ်တဲ့ စိတ်ကြောင့်သာလျှင်။ စိတ္တိတာ = ဆန်းကြယ် ကြရကုန်၏။

ဒီသတ္တဝါလေးတွေ ဆန်းကြယ်တာ ဘာကြောင့် ဆန်းကြယ်ကြရသလဲ လို့ မေးရင်တော့ ... ဒီသတ္တဝါတွေကို ဖြစ်ပေါ်လာစေတတ်တဲ့ အကြောင်း ရင်းဖြစ်တဲ့ ကမ္မဝိညာဏ်လို့ ခေါ်ဆိုအပ်တဲ့ စိတ်ဓာတ်တွေက ဆန်းကြယ်နေတဲ့ အတွက်ကြောင့် ဒီသတ္တဝါတွေ ဆန်းကြယ်ကြရတာ၊ ဒီတော့ စိတ်ဆန်းကြယ် ရင် သတ္တဝါတွေ ဆန်းကြယ်တယ်။ ဘာကြောင့် စိတ်ဆန်းကြယ်တာနှင့် သတ္တဝါတွေ ဆန်းကြယ်တာ ကွင်းဆက်ဖြစ်နေရသလဲလို့မေးတော့ -----

အဲဒီ စိတ်ဓာတ်က ကမ္မစိတ္တေနေဝ စိတ္တိတာ (သံ၊ဋ္ဌ၊၂၊၂၉၉။) ဆိုပြီး အဋ္ဌကထာက ဒီလို ဖွင့်ပါတယ်။ စိတ်ဓာတ်ဆိုသော်လည်း ဒီနေရာမှာ ကမ္မဝိညာဏ်လို့ခေါ်ဆိုအပ်တဲ့ စိတ်ဓာတ်ကို ဆိုလိုပါတယ်။ သဘောပေါက်အောင် နည်းနည်းလေး နမူနာပြောမယ်။ အခု ဒကာကြီးတွေ, ဒကာမကြီးတွေ ဘာ ဆုတောင်းကြသလဲ? နည်းနည်းလေး ကိုယ့်စိတ်ကို ပြန်အကဲခတ်ကြည့်ပေါ့၊ တချို့က ဘုန်းကြီးဘဝ ဆုတောင်းတယ်။ ဘုန်းကြီးဖြစ်ချင်တဲ့ ဒကာမကြီးတွေ ဒီထဲမှာ ရှိချင်ရှိမယ်၊ ဘုန်းကြီးဖြစ်ချင်တဲ့ ဒကာကြီးတွေ ဒီထဲ ရှိချင်ရှိမယ်။ တချို့က ဘုန်းကြီးမဖြစ်ချင်ဘူးတဲ့၊ သီလရှင်ဖြစ်ချင်တယ်တဲ့ - ဟော -----

စိတ်ထားချင်း တူသလား? မတူဘူး၊ တချို့က ဒီအဖိုးကြီးနှင့် ဒီအဖွား ကြီးနှင့် ဒီသားနှင့် ဒီသမီးနှင့် မခွဲချင်ဘူး၊ ဘာဖြစ်လို့လဲ? ကောင်းမှုကုသိုလ် တစ်ခုပြုတောင်မှ လူစုံမှ ကောင်းမှုကုသိုလ် ပြုချင်တယ်၊ မစုံညီဘူးဆိုလို့ရှိ ရင် ဒီကောင်းမှုကုသိုလ် ပြုချင်သလား? မပြုချင်ဘူး။ ဘာဖြစ်လို့လဲ?

ကောင်းမှုကုသိုလ်တစ်ခုပြုပြီဆိုရင် သားတွေ သမီးတွေ အားလုံး စုံညီ မှ ကောင်းမှုကုသိုလ်တွေ ပြုချင်တယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေရဲ့ အတွင်းအဇ္ဈာသယ ဓာတ်ခံကို လှမ်းကြည့်လိုက်တော့ နောက်ထပ်လည်း ကြုံချင်တယ် ဆုံချင်တယ် ဆိုတဲ့ ဒီလိုရည်ရွယ်ချက်ကလေးတွေ ရှိကြတယ်။ တစ်ဦးနှင့်တစ်ဦး ကောင်းမှုူ ကုသိုလ်ပြုတဲ့ အချိန်အခါမှာ စိတ်ထားကလေးတွေ မတူညီကြသလိုပဲ အ လားတူပဲ ဒီတိရစ္ဆာန်ဖြစ်တဲ့ သတ္တဝါလေးတွေရဲ့ ဆန်းကြယ်ပုံကို အကြောင်း ရင်း ပြန်ဆန်းစစ်ကြည့်လိုက်တော့ ကမ္မဝိညာဏ်လို့ ခေါ်ဆိုအပ်တဲ့ စိတ်ဓာတ် ကလေးတွေ မတူညီဘဲ တစ်ဦးနှင့်တစ်ဦး ဆန်းကြယ်မှုကလေးတွေ ရှိခဲ့ကြ တယ်။

တံ ပန ကမ္မစိတ္တံ ဣမေ ဝဋ္ဋကတိတ္တိရာဒယော ဧဝံ စိတ္တာ ဘဝိဿာမာတိ အာယူဟန္တာ နာမ နတ္ထိ။ (သံ၊ဋ္ဌ၊၂၊၂၉၉။)

ကမ္မဝိညာဏ်လို့ ခေါ်ဆိုအပ်တဲ့စိတ်၊ အဲဒီစိတ်မှာ ဒီငုံးကလေးတွေ, ခါကလေးတွေ အစရှိတဲ့ ဒီသတ္တဝါတွေရဲ့သန္တာန်မှာ တို့ဟာ ဒီလို အဆန်း တကြယ်ဖြစ်အောင် ကြိုးစားအားထုတ်ကြမယ်ဆိုတဲ့ ဒီစိတ်ထားမျိုးကတော့ မရှိကြပါဘူး။ ဒါပေမဲ့လို့ ဘာဖြစ်သလဲ?

ကံနှင့် ယောနိ - ယောနိနှင့် သတ္တဝါဆန်းကြယ်မှု

ကမ္မံ ပန ယောနိံ ဥပနေတိ၊ (သံ၊ဋ္ဌ၊၂၊၂၉၉။)

သူတို့ ပြုစုပျိုးထောင်လိုက်တဲ့ ကံက ယောနိလို့ခေါ်တဲ့ ပဋိသန္ဓေမျိုးစေ့ ယောနိရှိရာဘက်သို့ ပို့ဆောင်ပေးတယ်။

ယောနိမူလကော တေသံ စိတ္တဘာဝေါ။ (သံ၊ဋ္ဌ၊၂၊၂၉၉။)

ဒီတိရစ္ဆာန်သတ္တဝါလေးတွေ အဆန်းတကြယ်ဖြစ်ရခြင်းရဲ့ အခြေခံ အကြောင်းရင်းကို ပြန်ပြီး ဆန်းစစ်ကြည့်လိုက်တော့ ယောနိခေါ်တဲ့ ပဋိသန္ဓေက အကြောင်းရင်းမူလတရား ဖြစ်တယ်။

ယောနိဥပဂတာ ဟိ သတ္တာ တံတံယောနိကေဟိ သဒိသစိတ္တာဝ ဟောန္တိ။ (သံ၊ဋ္ဌ၊၂၊၂၉၉။)

ထိုထိုယောနိလို့ ခေါ်ဆိုအပ်တဲ့ ပဋိသန္ဓေသို့ ကပ်ရောက်သွားတဲ့ သတ္တဝါ တွေရဲ့သန္တာန်မှာ ထိုယောနိပဋိသန္ဓေမျိုးစေ့နှင့် တူညီနေတဲ့ အကျိုးတရားတွေ ဆန်းကြယ်မှုတွေ ဖြစ်ပေါ်လာကြတယ်။

ဣတိ ယောနိသိဒ္ဓေါ စိတ္တဘာဝေါ၊ ကမ္မသိဒ္ဓါ ယောနီတိ ဝေဒိတဗ္ဗာ။ (သံ၊ဋ္ဌ၊၂၊၂၉၉။)

တိရစ္ဆာန်သတ္တဝါလေးတွေ အမျိုးမျိုး အစားစား ထူးထွေ ဆန်းပြားရ ခြင်းသည် ပဋိသန္ဓေလျှင် အကြောင်းရင်း ရှိတယ်။ ဒီပဋိသန္ဓေကလည်း ဘယ် သူ့ကြောင့် ဖြစ်ရသလဲလို့မေးတော့ ကံကြောင့် ဖြစ်ရတယ်။ ဒီကံသည် ဘာ ကြောင့်ဖြစ်ရသလဲ၊ ဘာကြောင့် အဆန်းတကြယ်ဖြစ်ရသလဲလို့ မေးတော့ ကံကို ပြုစုပျိုးထောင်စဉ်အချိန်အခါတုန်းက ဖြစ်ပေါ်ခဲ့တဲ့ စိတ်ထားကလေး တွေက အဓိကပါပဲ။ အဲဒီစိတ်ဓာတ်ကလေးတွေက မတူညီတော့ ကံကလေး တွေက မတူညီကြဘူး၊ ကံတွေ မတူညီကြတဲ့အတွက် ဒီကံက နေပြီးတော့ ပို့ဆောင်ပေးလိုက်တဲ့ ပဋိသန္ဓေမျိုးစေ့ချင်းလည်း မတူကြတော့ဘူး။ ဒီတော့ ကံကို ပြုစုပျိုးထောင်စဉ် အချိန်အခါမှာ စိတ်ဓာတ်တွေ ဆန်းကြယ်ခဲ့ရင် ထို ကံတွေသည် ဆန်းကြယ်သွားကြတယ်။ ကံတွေက ဆန်းကြယ်ကြတဲ့အတွက် ကြောင့် ဘာဖြစ်သလဲ? အခြေနှစ်ချောင်းဖြစ်ထိုက်တဲ့ ကံမျိုးကို ပြုစုပျိုးထောင် ခဲ့ရင် အခြေနှစ်ချောင်းရှိတဲ့ ပဋိသန္ဓေမျိုးစေ့ရှိရာ မိဘတွေထံကို ဒီကံက ရောက်အောင် ပို့ပေးလိုက်တယ်။

အခြေလေးချောင်းဖြစ်ရမည့် ကံမျိုးကို ပြုစုပျိုးထောင်ခဲ့တယ်ဆိုရင်လည်း အခြေလေးချောင်းရှိတဲ့ မိဘတို့ရဲ့ ယောနိခေါ်တဲ့ ပဋိသန္ဓေမျိုးစေ့ရှိရာသို့ ရောက်အောင် ပို့ဆောင်ပေးလိုက်တယ်။ အခြေများစွာဖြစ်ရမည့် ကံတွေကို ပြုစုပျိုးထောင်ခဲ့တယ်ဆိုရင်လည်း အခြေများစွာများဖြစ်နိုင်တဲ့ ပဋိသန္ဓေမျိုး စေ့ ရှိရာသို့ရောက်အောင် မိဘတွေထံ ရောက်အောင် ဒီကံက ပို့ဆောင်ပေး လိုက်တယ်။

ဒါကြောင့် သတ္တဝါတွေ ဆန်းကြယ်ရခြင်းသည် ပဋိသန္ဓေမျိုးစေ့က အခြေခံ အကြောင်းရင်း ဖြစ်တယ်။ ပဋိသန္ဓေက အခြေနှစ်ချောင်း ဖြစ်ရမည့် သတ္တဝါကို အခြေနှစ်ချောင်းဖြစ်အောင်, အခြေလေးချောင်းဖြစ်ရမည့် သတ္တဝါ ကို အခြေလေးချောင်းဖြစ်အောင်, ဖြူရမည့် သတ္တဝါကို ဖြူအောင်, ဝါရမည့် သတ္တဝါကို ဝါအောင်, အဆင်းအမျိုးမျိုးရှိရမည့် သတ္တဝါကို အဆင်းအမျိုးမျိုး ရှိအောင် ဒီပဋိသန္ဓေမျိုးစေ့က ပြုစုပျိုးထောင်ပေးလိုက်ပါတယ်။

ဒါကြောင့် သတ္တဝါတွေကို ကြည့်လိုက်ရင် မိဘတွေနှင့် သားသမီးတွေ ဟာ တူညီမှုများကြတယ်။ တူညီမှုများရခြင်းရဲ့ အကြောင်းရင်းကို ဆန်းစစ် ကြည့်လိုက်တော့ ပဋိသန္ဓေမျိုးစေ့ကို အခြေခံနေတယ်။ မိဘတို့ရဲ့ ပဋိသန္ဓေ မျိုးစေ့က သတ္တဝါတွေကို ပုံသွင်းပေးလိုက်တာဖြစ်တော့ ဒီပဋိသန္ဓေမျိုးစေ့ရှိ အောင်, ဒီပဋိသန္ဓေမျိုးစေ့ရှိတဲ့နေရာသို့ ရောက်အောင် ဘယ်သူက ပို့ဆောင် ပေးသလဲ ကြည့်လိုက်တော့ ကံက ပို့ဆောင်ပေးပြန်တယ်။ ဒါကြောင့် -----

ကမ္မသိဒ္ဓါ ယောနီတိ ဝေဒိတဗ္ဗာ။ (သံ၊ဋ္ဌ၊၂၊၂၉၉။)

ဆိုပြီး အဋ္ဌကထာက ဖွင့်ထားတယ်။

ယောနိခေါ်တဲ့ ပဋိသန္ဓေမျိုးစေ့က အဆန်းတကြယ် ဖြစ်ရခြင်းရဲ့ အကြောင်းရင်းကို ပြန်ဆန်းစစ်ကြည့်လိုက်တော့ ကံကို အခြေခံနေတယ်။ အဲဒီကံတွေ အဆန်းတကြယ် ဖြစ်ရပုံက စိတ်ဓာတ်ကို အခြေခံတော့ ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ဆန်းကြယ်သွားရသလဲ ..ဆိုတာကို အဋ္ဌကထာက နည်းနည်းထပ်ပြီးတော့ ဖွင့်ပြထားတယ်။

သဟဇာတဓမ္မ

နံပါတ် (၁) ...

သဟဇာတဓမ္မစိတ္တတာယ (သံ၊ဋ္ဌ၊၂၊၃၀၀။)

ကံကို ပြုစုပျိုးထောင်စဉ်အချိန်အခါမှာ သတ္တဝါတွေရဲ့သန္တာန်မှာ အတူ တကွဖြစ်ပေါ်သွားတဲ့ သဟဇာတဓမ္မ ခေါ်တဲ့ ဒီကံစေတနာတွေနှင့်အတူ ယှဉ်တွဲပြီးဖြစ်ပေါ်နေတဲ့ စိတ်စေတသိက်တွေရဲ့ ဆန်းကြယ်မှုကြောင့်လည်း ကံတွေက အဆန်းတကြယ် ဖြစ်ကြရပြန်တယ်။ ဒီတော့ အတူယှဉ်တွဲပြီး ဖြစ် ပေါ်နေတဲ့ စိတ်စေတသိက်ဆိုတာက ပဋိစ္စသမုပ္ပါဒ်ပိုင်းကို ရှုတတ်တဲ့ ယောဂီ များဆိုရင်တော့ သဘောပေါက်ပါလိမ့်မယ်။ ပဋိစ္စသမုပ္ပါဒ်ပိုင်းမှာ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်ဆိုပြီးတော့ ကိလေသဝဋ် သုံးခုရှိတယ်၊ သင်္ခါရ, ကံ ဆိုပြီး တော့ ကမ္မဝဋ်က နှစ်ခုရှိတယ်၊ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ ဆိုပြီးတော့ ဝိပါကဝဋ်ကလည်း ရှိပြန်တယ်။

အဲဒီကိလေသဝဋ်, ကမ္မဝဋ်, ဝိပါကဝဋ်ဆိုတဲ့ ဝဋ်သုံးပါးရှိတော့ ကိလေသဝဋ်ခေါ်တဲ့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်တွေကို အခြေခံပြီးတော့ ကမ္မဝဋ်လို့ ခေါ်ဆိုအပ်တဲ့ သင်္ခါရ, ကံတွေက ဖြစ်ကြရတယ်။ ဒီသင်္ခါရ, ကံတွေကို အခြေခံပြီးတော့ တစ်ခါ ဝိပါကဝဋ်လို့ ခေါ်ဆိုအပ်တဲ့ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ ခေါ်ဆိုအပ်တဲ့ အကျိုးဝိပါက် ရုပ်တရားတွေ နာမ်တရားတွေ လာဖြစ်ကြရပြန်တယ်။ အဲဒီ အကျိုးဝိပါက်ရုပ်နာမ်တွေကို အချိန်မီ ဝိပဿနာ မရှုပွားနိုင်တဲ့ပုဂ္ဂိုလ်တွေအဖို့ တစ်ခါ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်ဆိုတဲ့ ကိလေသဝဋ်တွေ ထပ်ပြီးဖြစ်ကြပြန်တယ်။ ဒီအဝိဇ္ဇာ, တဏှာ, ဥပါဒါန်ဆိုတဲ့ ကိလေသဝဋ်တွေက လှုံ့ဆော်ပေးလိုက်တဲ့အတွက် ထိုထိုဘဝကို ရရှိကြောင်းဖြစ်တဲ့ သင်္ခါရ, ကံတွေကို တစ်ဖန် ပြုစုပျိုးထောင်ကြပြန်တယ်၊ ကမ္မဝဋ်တွေ ဖြစ်ကြပြန်တယ်။ ဒီသင်္ခါရ, ကံတွေကြောင့် တစ်ခါ ဝိပါကဝဋ်လို့ ခေါ်တဲ့ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာတွေ ထပ်ပြီးဖြစ်ကြ ပြန်တယ်။ ဒီဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာတွေကို အချိန်မီ ဝိပဿနာမရှုနိုင်ရင်လည်း အဝိဇ္ဇာ, တဏှာ, ဥပါဒါန်တွေ ထပ်ဖြစ်ကြပြန်တယ်။

ဒီလို ဝဋ်သုံးပါးက ချာချာလည်နေတာဖြစ်တော့ အဲဒီ ရထားစက်ဘီး, လှည်းဘီးများလို အဆက်မပြတ် လည်ပတ်နေတဲ့သဘော ဖြစ်နေခြင်းကြောင့် အခြေခံအကြောင်းရင်းဖြစ်တဲ့ ကံရဲ့ ဆန်းကြယ်မှုမှာ ဒီကံကို ခြံရံထားတဲ့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်တွေရဲ့ဆန်းကြယ်မှုအပေါ်မှာ မူတည်နေတယ်။ ဒီ တော့ ဒီအဝိဇ္ဇာ, တဏှာ, ဥပါဒါန်အုပ်စုကိုကြည့်လိုက်မယ်ဆိုရင်လည်း အဝိဇ္ဇာ, တဏှာ, ဥပါဒါန် သုံးခုတည်း ဖြစ်နိုင်တဲ့စွမ်းအား မရှိဘူး၊ ဦးဆောင်နေတဲ့ ခေါင်းဆောင်ကြီးသုံးဦးကို ပဓာနနည်းအားဖြင့် မြတ်စွာဘုရားက ရွေးထုတ် ပြီး ဟောတော်မူခြင်း ဖြစ်ပါတယ်။

သင်္ခါရ ကံနေရာမှာ ကြည့်မယ်ဆိုလို့ရှိရင်လည်း စေတနာပြဓာန်းလို့ ပဓာနနည်းအားဖြင့်သာလျှင် သင်္ခါရစေတနာကို ကမ္မဝဋ်အနေနဲ့ မြတ်စွာ ဘုရား ဟောကြားတော်မူခဲ့ပါတယ်။

အဝိဇ္ဇာ, တဏှာ, ဥပါဒါန် အုပ်စုကို ကြည့်လိုက်မယ်ဆိုလို့ရှိရင် ယေဘုယျအားဖြင့် ပဋိသန္ဓေအကျိုးကို ပေးတယ်ဆိုတာက မနောဒွါရိကဇော ဝီထိ စိတ်စေတသိက်တွေကသာ အကျိုးပေးတာ ဖြစ်ခြင်းကြောင့် မနော ဒွါရာဝဇ္ဇန်း, ဇော (၇)ကြိမ်အနေနှင့် ယေဘုယျအားဖြင့် ဖြစ်ခဲ့တယ်။ တဒါရုံ ကျသော်လည်း ရှိမယ်၊ မကျသော်လည်း ရှိနိုင်တယ်။ အဲဒီဇော (၇)ကြိမ်မှာ ဇောတစ်ကြိမ်တစ်ကြိမ်ဆိုတဲ့ စိတ္တက္ခဏ တစ်ခုတစ်ခုအတွင်းမှာ အဝိဇ္ဇာ, တဏှာ, ဥပါဒါန် ဦးဆောင်နေတဲ့ စိတ်စေတသိက်တွေ များစွာ ပါပါတယ်။ ယေဘုယျအားဖြင့် ပီတိလည်းပါမယ်ဆိုရင်တော့ စိတ်စေတသိက်အလုံး (၂၀) အထိ ရှိတယ်။ အဲဒီ ယှဉ်တွဲနေတဲ့ စိတ်စေတသိက်တွေမှာ တစ်ဦးနှင့် တစ်ဦး မတူညီတဲ့ သဘောကလေးတွေ ရှိတတ်ကြတယ်။

တစ်ခါ သင်္ခါရ ကံတွေကို ကြည့်လိုက်လို့ရှိရင်လည်း ဆွမ်းလှူတယ်, ပန်းလှူတယ်ပဲ ဆိုကြစို့။ အဲဒီဆွမ်းလှူတဲ့ ပန်းလှူတဲ့အချိန်အခါကလေးမှာ နိဗ္ဗာန်ရနိုင်တဲ့ အမျိုးသားဘဝ, နိဗ္ဗာန်ရနိုင်တဲ့ အမျိုးသမီးဘဝကို လှမ်းပြီး ဆုတောင်းတယ် ဆိုကြစို့။ နိဗ္ဗာန်ရနိုင်တဲ့အမျိုးသား, နိဗ္ဗာန်ရနိုင်တဲ့ အမျိုး သမီးလို့ အသိမှားနေတဲ့သဘောကလေးက အဝိဇ္ဇာ၊ အဲဒီဘဝကို တွယ်တာ တပ်မက်နေတာက တဏှာ၊ စိတ်ကပ်ပြီး စွဲနေတဲ့သဘောက ဥပါဒါန်၊ ဒီ အဝိဇ္ဇာ, တဏှာ, ဥပါဒါန် ဦးဆောင်နေတဲ့ စိတ်စေတသိက်ကို ကြည့်လိုက်ရင် ဝမ်းမြောက်ဝမ်းသာနဲ့ ပြုခဲ့မယ်ဆိုရင် ဇောစိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း မှာ စိတ်စေတသိက် အလုံး (၂၀) အထိ ရှိပါတယ်။

အဲဒီ ယှဉ်တွဲနေတဲ့ စိတ်စေတသိက်ရဲ့ အချိုးအစားက မတူညီခဲ့ဘူး ဆိုလို့ရှိရင်လည်း ဒီအဝိဇ္ဇာ တဏှာ ဥပါဒါန်လို့ ခေါ်ဆိုအပ်တဲ့ ကိလေသဝဋ် ကို အခြေခံပြီး ဖြစ်ပေါ်လာရမည့် သင်္ခါရ ကံလို့ ခေါ်ဆိုအပ်တဲ့ ကမ္မဝဋ်တွေ မှာ ကွဲပြားသွားတယ်။ တစ်ခါ ဒီကမ္မဝဋ်အမည်ရနေတဲ့ သင်္ခါရ ကံ စေတနာ တွေကို ပြန်ကြည့်လိုက်တော့လည်း စေတနာတစ်ခုတည်း ဖြစ်နိုင်တဲ့စွမ်းအား မရှိဘူး၊ ဆွမ်းလှူတဲ့ကံပဲဖြစ်ဖြစ်, ပန်းလှူတဲ့ကံပဲဖြစ်ဖြစ်ပေါ့၊ ဝမ်းမြောက် ဝမ်းသာဖြစ်ခဲ့မယ်ဆိုရင် ဉာဏ်လည်းယှဉ်ခဲ့မယ်ဆိုရင်တော့ ယေဘုယျအား ဖြင့် စိတ်စေတသိက် (၃၄)လုံးအထိ ရှိတတ်ပါတယ်။ အဲဒီစိတ်စေတသိက် တွေရဲ့ တစ်ဦးနှင့်တစ်ဦး မတူကွဲပြားမှုအပေါ်မှာ မူတည်ပြီးတော့ ဒီစိတ် စေတသိက်တွေ ချုပ်ပျက်သွားတဲ့ အချိန်အခါမှာ ကျန်ရစ်ခဲ့တဲ့ စွမ်းအင် ကမ္မသတ္တိလို့ ခေါ်ဆိုအပ်တဲ့ ကံဟာလည်း ထူးထွေကွဲပြားမှု ဖြစ်လာတယ်။

နည်းနည်းကလေး သဘောပေါက်အောင် ထပ်ပြီးတော့ ပြောမယ်။ လွန်ခဲ့တဲ့ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းပဲ ဆိုကြပါစို့၊ ဒီပင်္ကရာမြတ်စွာဘုရား ပွင့်ထွန်းတော်မူတဲ့အချိန်ကို ပြန်ပြောင်းပြီးတော့ အာရုံယူကြည့်ပါ။ သုမေဓာ ရှင်ရသေ့က ဗျာဒိတ်ခံနေတဲ့ ဗျာဒိတ်ခံယူပွဲကို အာရုံယူထားပါ။ သုမေဓာ ရှင်ရသေ့က မိမိခန္ဓာကိုယ်ကို တံတားခင်းပြီးတော့ ဘုရားဆုကို ဆုတောင်း ပန်ထွာနေတဲ့ နိယတဗျာဒိတ်ပန်းကို ဆင်မြန်းဖို့ရန် ကြိုးပမ်းနေတဲ့ပွဲကို အာရုံ ပြုကြည့်ပါ။ ဒီပွဲကို ပြန်ကြည့်လိုက်တော့ သုမေဓာရှင်ရသေ့က သဗ္ဗညုတ ဉာဏ် ရရှိဖို့ရန်အတွက် ဆုထူးပန်ထွာခဲ့တယ်။ နောက်ဆွယ်မှာ တည်ရှိနေတဲ့ သုမိတ္တာ အမှူးရှိနေတဲ့ အမျိုးသမီးတွေလည်း ရှိကြတယ်။ သုမိတ္တာက ဘာ ဆုကို တောင်းသလဲ? သုမေဓာရှင်ရသေ့ရဲ့ မြောက်သားတော် ဖြစ်ဖို့ရန် ဆုတောင်းတယ်။ သုမိတ္တာရဲ့ နောက်ဆွယ်မှာ ပါနေတဲ့ အမျိုးသမီးပေါင်း နှစ်ထောင်ကျော်ကျတော့ ဘာဆုတောင်းသလဲ? သုမေဓာရှင်ရသေ့ ဘုရား ဖြစ်တဲ့အခါမှာ ကျွတ်တမ်းဝင်ဖို့ ဆုတောင်းကြတယ်။

ရည်ရွယ်ချက် ဦးတည်ချက်ချင်းတွေ တူညီကြသလား? မတူညီကြဘူး။ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းဆိုတဲ့ ခရီးကာလကို ဖြတ်ကျော်ခဲ့ရတာက တော့ အတူတူပဲ၊ ခြံရံထားတဲ့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်ချင်းတွေက မတူညီ တော့ အကျိုးပေးချင်းတွေက တူညီကြသေးသလား? မတူညီကြတော့ဘူး။

သုမေဓာရှင်ရသေ့က သဗ္ဗညုတဉာဏ်ရဖို့ရန် ရည်သန်ပြီးတော့ လေး သင်္ချေနှင့် ကမ္ဘာတစ်သိန်းအတွင်းမှာ ပါရမီတွေ ဖြည့်ခဲ့တဲ့အတွက် နောက်ဆုံး သဗ္ဗညုတဉာဏ်ကို ရရှိသွားတယ်။ သုမိတ္တာအမျိုးသမီးကျတော့ မြောက်သား တော်ဖြစ်ဖို့ရန်အတွက်သာ ရည်ရွယ်တောင့်တပြီး လေးသင်္ချေနှင့် ကမ္ဘာ တစ်သိန်းကို ဖြတ်ကျော်ပြီး ပါရမီ ဆယ်ပါးကို ဖြည့်ကျင့်ခဲ့တဲ့အတွက် သူက ဘာဖြစ်သလဲ? မြောက်သားတော် လာဖြစ်ရတယ်။ သုမိတ္တာအမျိုးသမီးရဲ့ နောက်ဆွယ်မှာရှိနေတဲ့ အမျိုးသမီးပေါင်း နှစ်ထောင်ကျော်ကျတော့ သုမေဓာ ရှင်ရသေ့ ဘုရားဖြစ်တဲ့အချိန်အခါကျမှ ကျွတ်တမ်းဝင်ရပါလို၏ဆိုပြီး ဒီဆုထူး ကို တောင်းခဲ့တဲ့အတွက် သုမေဓာရှင်ရသေ့လို့ ခေါ်ဆိုအပ်တဲ့ ရှင်ရသေ့သည် ဘုန်းကြီးတို့ ဂေါတမမြတ်စွာဘုရားအမည်နှင့် ပွင့်ထွန်းပေါ်ပေါက်တော်မူလာ တဲ့အချိန်အခါမှာ ရဟန္တာထေရီမတွေ လာပြီးဖြစ်ကြပါတယ်၊ ယသောဓရာနှင့် တစ်ရက်တည်းမှာပဲ အတူတူ ပရိနိဗ္ဗာန်စံသွားကြတယ်။

လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းဆိုတဲ့ ခရီးကာလကို ဖြတ်ကျော်ခဲ့ရတာ ချင်း အတူတူပဲ၊ ဒါပေမဲ့ သူတို့ပြုစုပျိုးထောင်နေတဲ့ သင်္ခါရ ကံတွေချင်း တူညီကြသလားလို့မေးတော့ မတူကြဘူး၊ ဒီသင်္ခါရ ကံကို ခြံရံထားတဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန်ချင်းတွေလည်း တူညီကြသလား? မတူညီကြဘူး။ မတူညီ တာက သုမေဓာရှင်ရသေ့က ပါရမီဆယ်ပါး အပြားသုံးဆယ်တွေကို အသက် အိုးအိမ် စည်းစိမ် အရပ်ရပ်တွေကို စွန့်လွှတ်ပြီးတော့ ဖြည့်ကျင့်တော်မူခဲ့ပါ တယ်၊ ဘဝပေါင်းများစွာ အသက်ပေါင်းများစွာကို စွန့်လွှတ်ပြီးတော့ ဖြည့်ကျင့် ခဲ့တယ်၊ ဘဝပေါင်းများစွာ ခြေလက်အင်္ဂါတွေကို စွန့်လွှတ်ပြီးတော့ ဖြည့် ကျင့်ခဲ့တယ်၊ ဘဝပေါင်းများစွာ မိမိပိုင်ဆိုင်နေတဲ့ သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုတို့ကို စွန့်လွှတ်ပြီးတော့မှ ပါရမီဆယ်ပါးကို ဖြည့်ကျင့်ခဲ့တယ်။

သုမိတ္တာအမျိုးသမီးရဲ့နောက်ဆွယ်မှာ တည်ရှိနေတဲ့ အမျိုးသမီးပေါင်း နှစ်ထောင်ကျော်ကျတော့ သုမေဓာရှင်ရသေ့ကဲ့သို့ အသက်အိုးအိမ် စည်း စိမ် ကိုယ်လက်ခြေအင်္ဂါအရပ်ရပ်တွေကို စွန့်လွှတ်ပြီးတော့ ဖြည့်ကျင့်ခဲ့တာ မျိုး ရှိသလားဆိုတော့ ...မဟုတ်ဘူးတဲ့၊ ကံချင်းတွေ တူသလား? မတူဘူး။ စိတ်နေစိတ်ထားချင်းတွေလည်း မတူညီကြဘူး၊ မတူတဲ့အတွက် အကျိုးပေးပုံ ချင်း တူညီမလား? မတူညီဘူး။

ဒီနေ့ တရားနာနေတဲ့ ပရိသတ်တွေ ရွေးချယ်ခွင့် ရှိကြပါတယ်။ သို့သော် ဘဝဆိုတာ ကောင်းတယ်လို့ ဘုန်းကြီးပြောနေတာတော့ မဟုတ်ဘူး။ သံသရာ ခရီးကို မိမိက ဆုံးအောင်မလုပ်နိုင်သေးလို့ ဘဝတစ်ခုခုကို လက်ခံရမယ်ဆို ရင် မိမိက ဘယ်လို ဘဝမျိုးကို အလိုရှိသလဲ၊ အလိုရှိတဲ့ ဘဝကို ရောက်ရာ ရောက်ကြောင်းဖြစ်တဲ့ ကံတွေကို ဒီအချိန်အခါမှာ ပြုစုပျိုးထောင်နိုင်ခွင့်ရှိနေ တဲ့ အချိန်အခါ ဖြစ်တယ်ဆိုတာကို အသိပေးနေခြင်း ဖြစ်ပါတယ်။ ဒီအချိန် အခါမှာ မိမိတို့က ဘယ်လိုဘဝမျိုးကို အလိုရှိတယ်ဆိုရင် ဘယ်လိုကံမျိုးကို ပြုစုပျိုးထောင်ရမယ်ဆိုတာကို သဘောပေါက်ဖို့ လိုတယ်။

သို့သော် ကျကျနန ရွေးချယ်တတ်ဖို့တော့ လိုတယ်။ မရွေးချယ်တတ် ဘဲနဲ့ အမှတ်တမဲ့ ကံတစ်ခုကို ပြုလုပ်လိုက်လို့ ဒီကံက ကံအရာ တည်သွား လို့ရှိရင် နောင်တစ်ချိန် အကျိုးပေးတော့မယ်။ အကျိုးပေးတဲ့ အချိန်အခါ ကျတော့မှ မိမိက ဒီကံမျိုး, ဒီအကျိုးမျိုး, ဒီကံကြောင့် ဖြစ်ပေါ်လာတဲ့ ဒီ အကျိုးတရားမျိုးကို အလိုမရှိပါဘူးလို့ ထိုင်ပြီး ငိုနေသော်လည်း ရဦးမလား? မရတော့ဘူး၊ အချိန်က လွန်သွားပြီ။

အတူယှဉ်တွဲပြီး ဖြစ်ပေါ်နေတဲ့ စိတ်ဓာတ်တွေ ဆန်းကြယ်ရင်လည်း ဘာဖြစ်သလဲ? ကံတွေ ဆန်းကြယ်သွားပြန်တယ်။ နောက်တစ်ခု ...

တည်ရာဘုံ ဆန်းကြယ်ရင်လည်း ကံတွေ ဆန်းကြယ်ကြတယ်

ဘူမိစိတ္တတာယ (သံ၊ဋ္ဌ၊၂၊၃၀၀။)

သတ္တဝါတွေရဲ့ တည်နေရာဘုံ ဆန်းကြယ်ခဲ့မယ်ဆိုရင်လည်း စိတ်တွေ ဆန်းကြယ်သွားတယ်။ ဒီနေ့ ကျောင်းဝင်းအတွင်းမှာ လူသားတွေနှင့် အနီး စပ်ဆုံး ပုဂ္ဂိုလ်တွေကြည့်ပေါ့၊ ခွေးတွေရှိကြတယ်။ အခုဒီမှာ ယောဂီအပေါင်း သူတော်ကောင်းတွေက တရားနာနေပေမဲ့လို့ ဒီခွေးတွေမှာ တရားနာလိုတဲ့ စိတ်ထားမျိုး ရှိကြမလား? မရှိကြဘူး။ တရားအားထုတ်လိုတဲ့ စိတ်ထားမျိုး ရှိမလား? မရှိကြဘူး။ တိရစ္ဆာန်ဘုံနှင့် လူ့ဘုံဆိုပြီးတော့ ဘဝကွာဟချက် ရှိနေတယ်။ ကွာဟချက်ရှိနေတဲ့ အချိန်အခါကျတော့ ဘုံဘဝကွာခြားမှုရှိရင် လည်း စိတ်ဓာတ်ချင်းတွေ ကွာခြားမှု မရှိနိုင်ဘူးလား? ရှိနိုင်တယ်။ ညကလည်း မြတ်စွာဘုရားက ခွေးဥပမာပြပြီး ဟောထားတော့ ဒီနေ့လည်း ဘုန်းကြီးက ခွေးအကြောင်း နည်းနည်းတော့ ထပ်ပြောမယ်။ -----

ခွေးတွေ တစ်ကောင်နှင့် တစ်ကောင် မြင်ခဲ့မယ်ဆိုလို့ရှိရင် သွားဖြဲပြီး ပြသလို - ဘယ့်နှယ်တုန်း? လူတွေမှာရော ဒီစိတ်ထားမျိုး ရှိကြမလား? မရှိဘူး။ ဘုံကွာခြားတဲ့အတွက် စိတ်ဓာတ်ချင်းတွေ ကွာဟမှု မရှိကြဘူးလား? ရှိနေကြတယ်။ ခွေးတွေဟာ အစာကို လုယက်ပြီး စားကြသလို အခု ဒီနေ့ ယောဂီတွေမှာ ဒီလို လုယက်စားမယ်ဆိုတဲ့ စိတ်ထားမျိုး ရှိကြမလား? မရှိ ကြဘူး။ ဒါကြောင့် ဘုံဘဝကွာခြားမှုရှိခဲ့ရင်လည်း စိတ်ဓာတ်တွေ ကွာခြားမှု မရှိနိုင်ဘူးလား? ရှိတယ်။

ဒီခွေးတွေမှာ အဆင့်အတန်းမြင့်မြင့် သံသရာဝဋ်ဆင်းရဲဒုက္ခမှ လွတ် မြောက်ရာ လွတ်မြောက်ကြောင်းဖြစ်တဲ့ ကံတွေကို တို့ ပြုစုပျိုးထောင်မယ် ဆိုတဲ့ စိတ်ထား မရှိဘူး။ ဒီနေ့ယောဂီသူတော်ကောင်းတွေ ကြည့်လိုက်လို့ ရှိရင် သံသရာဝဋ်ဆင်းရဲဒုက္ခကြီးမှ လွတ်မြောက်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်မယ်ဆိုတဲ့ စိတ်ထားတော့ ဒီဂရီသာ ကွာချင်ကွာမယ် အများ အားဖြင့်တော့ ရှိနေကြတယ်၊ နည်းနည်းရှိတဲ့ပုဂ္ဂိုလ်လည်း ရှိချင်ရှိမယ်၊ များများ ရှိတဲ့ပုဂ္ဂိုလ်လည်း ရှိချင်ရှိပါလိမ့်မယ်။ ဒါကြောင့် ဘုံဘဝတွေ ကွာခြားမှု ရှိခဲ့ မယ်ဆိုလို့ရှိရင်လည်း သတ္တဝါတွေရဲ့ စိတ်ဓာတ်တွေရဲ့ ကွာခြားမှု မရှိနိုင် ဘူးလား? ရှိနိုင်တယ်။

စိတ်ဓာတ်တွေက ကွာခြားမှုရှိမယ် ထူးထွေကွဲပြားမှု ရှိမယ်ဆိုရင် ပြုစု ပျိုးထောင်တဲ့ ကံတွေလည်း ထူးထွေကွဲပြားမှု ရှိလာတယ်။ ကံတွေ ကွဲပြားမှု ရှိရင် အကျိုးတရားတွေလည်း ကွဲပြားကြတယ်။ စိတ်ဆန်းကြယ်တော့ ကံဆန်း ကြယ်တယ်၊ ကံဆန်းကြယ်တော့ သတ္တဝါတွေလည်း ဆန်းကြယ်သွားကြတယ်။

ခွေးဆိုတဲ့ သတ္တဝါတစ်ဦး ပြုစုပျိုးထောင်လိုက်တဲ့ ကံရဲ့အကျိုးတရားနှင့် သမထ ဝိပဿနာ ဘာဝနာတွေကို အောင်အောင်မြင်မြင် ထူထောင်နိုင်တဲ့ လူသားတစ်ဦးရဲ့ ပြုစုပျိုးထောင်လိုက်တဲ့ ကံရဲ့အကျိုးတရားတွေဟာ တူညီမှု မရှိနိုင်ဘဲ ထူးထွေကွဲပြားမှုသာ ရှိနိုင်တယ်။ ဘုံဘဝ ကွာခြားတော့ ကံချင်း မတူညီနိုင်၊ ကံချင်း မတူညီတော့ အကျိုးပေးချင်း မတူညီပုံတွေပဲ။ နောက် တစ်ခု ...

မှီရာဝတ္ထုရုပ် ဆန်းကြယ်ရင်လည်း ကံဆန်းကြယ်တယ်

ဝတ္ထုစိတ္တတာယ (သံ၊ဋ္ဌ၊၂၊၃၀၀။)

မှီရာဝတ္ထုရုပ်တွေ ဆန်းကြယ်ခဲ့မယ်ဆိုလို့ရှိရင်လည်း စိတ်ထားကလေး တွေ ဆန်းကြယ်သွားကြတယ်၊ စိတ်ဓာတ်တွေ ဆန်းကြယ်ရင် ကံတွေလည်း ဆန်းကြယ်သွားကြပြန်တယ်။ မှီရာဝတ္ထုရုပ်ဆိုတာက တချို့သတ္တဝါလေးတွေ မျက်လုံးမပါဘူး။ မျက်လုံးရှိတဲ့ပုဂ္ဂိုလ်နှင့် မျက်လုံးမရှိတဲ့ပုဂ္ဂိုလ်တို့ဟာ ရူပါရုံနှင့် ပတ်သက်ပြီး ကြံစည်စိတ်ကူးမှုချင်း တဏှာဖြစ်ပုံချင်း တူညီပါ့မလား? မတူ ဘူး။ စာမှာ ဥပမာပေးထားတယ်၊ မျက်စိကာဏ်းနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို အင်မတန် ညစ်ပတ်ပေရေနေတဲ့ ဆီအလိမ်းလိမ်း ကပ်နေတဲ့ အဝတ်စုတ် တစ်ခုကို အင်မတန်ဖြူစင်တဲ့ သန့်ရှင်းတဲ့ အဝတ်တစ်ခုပါပဲလို့ သွားပြီးတော့ ပေးရင်လည်း သူသိနိုင်မလား? မသိနိုင်ဘူး။ မျက်စိအမြင်ရှိနေတဲ့ ပုဂ္ဂိုလ် ကျတော့ ဒီအဝတ်ဟာ ဖြူစင်တယ်၊ ဒီအဝတ်က မည်းညစ်နေတယ်ဆိုတာ ကို သူခွဲခြားပြီး မသိနိုင်ဘူးလား? သိနိုင်တယ်။

ဒါကြောင့် စက္ခုဝိညာဏ်ရဲ့ မှီရာဝတ္ထုရုပ်က စက္ခုအကြည်ဓာတ် ဖြစ် တယ်။ စက္ခုအကြည်ဓာတ်ရှိတဲ့ပုဂ္ဂိုလ်နှင့် မရှိတဲ့ပုဂ္ဂိုလ်မှာ စိတ်နေစိတ်ထား ဆန်းကြယ်ပုံချင်းတွေ တူညီပါ့မလား? မတူညီနိုင်ဘူး။ အလားတူပဲ နားပင်း တဲ့ပုဂ္ဂိုလ်နှင့် နားမပင်းတဲ့ပုဂ္ဂိုလ် စိတ်ဓာတ်ချင်းတွေ တူညီပါ့မလား? မတူညီ နိုင်ဘူး၊ မှီရာဝတ္ထုရုပ်တွေ ဆန်းကြယ်ခဲ့ရင် စိတ်နေစိတ်ထားကလေးတွေ လည်း ဆန်းကြယ်သွားမယ်၊ နည်းနည်းလေး ထပ်ပြီးပြောမယ်၊ မျက်စိကာဏ်း နေတဲ့ အမျိုးသမီးတစ်ယောက်အဖို့ လိုင်နာဆွဲချင်တဲ့စိတ်ထား ပေါ်ပါ့မလား?

မျက်စိကလည်း ရှိနေပြန်ပြီ၊ အမေ အဖေကလည်း လိုင်နာဆွဲဖို့ ပိုက်ဆံ ခပ်များများ ပို့နေတယ်ဆိုရင်တော့ ဘယ့်နှယ်နေမလဲ၊ မျက်စိကို ဆေးခြယ်ဖို့ ဆိုတဲ့စိတ်ဓာတ်ကလးတွေ ပေါ်မလာနိုင်ဘူးလား? ပေါ်လာနိုင်တယ်။ ဒါဟာ မှီရာဝတ္ထုရုပ်တွေ ဆန်းကြယ်ခဲ့ရင် စိတ်နေစိတ်ထားကလေးတွေ ဆန်းကြယ် တဲ့ သဘောပဲ။

စိတ်နေစိတ်ထားတွေ ဆန်းကြယ်တော့ ပြုစုပျိုးထောင်တဲ့ ကံတွေလည်း ဆန်းကြယ်ကြပြန်တယ်၊ ကံဆန်းကြယ်တော့ အကျိုးတရားတွေလည်း ဆန်း ကြယ်တဲ့အတွက် သတ္တဝါတွေ ဆန်းကြယ်ရပြန်တယ်။ နောက်တစ်ခု ...

ဒွါရတွေ ဆန်းကြယ်ရင်လည်း ကံတွေ ဆန်းကြယ်ပြန်တယ်

ဒွါရစိတ္တတာယ (သံ၊ဋ္ဌ၊၂၊၃၀၀။)

ဒွါရတွေ ဆန်းကြယ်ရင်လည်း စိတ်ထားတွေ ဆန်းကြယ်တယ်။ ဒွါရ ဆိုတာကတော့ စိတ်စေတသိက်တို့ရဲ့ ဝင်ထွက်နေရာ စက္ခုဒွါရ စသည်တို့ကို ဒွါရလို့ခေါ်တယ်။ လူတို့ အိမ်သို့ ဝင်ရာ, အိမ်မှ ထွက်ရာဖြစ်တဲ့ တံခါးကြီးကို ဒွါရလို့ခေါ်သလို စက္ခုဒွါရ စသည်တို့ကိုလည်း စိတ်စေတသိက်တို့ရဲ့ ဝင် ထွက်ရာ တံခါးသဖွယ်ဖြစ်လို့ စက္ခုဒွါရ စသည်တို့ကို ဒွါရလို့ခေါ်တယ်။ စက္ခုဒွါရ, သောတဒွါရ, ဃာနဒွါရ, ဇိဝှါဒွါရ, ကာယဒွါရ, မနောဒွါရဆိုပြီး ဒွါရ (၆)ပါး ရှိပါတယ်။

ဝတ္ထုကျတော့ စက္ခုဝတ္ထု, သောတဝတ္ထု, ဃာနဝတ္ထု, ဇိဝှါဝတ္ထု, ကာယဝတ္ထု, ဟဒယဝတ္ထုဆိုပြီးတော့ ဝတ္ထု (၆)ပါး ရှိတယ်။ ဟဒယဝတ္ထုကတော့ ဝတ္ထုပဲ အမည်ရတယ်၊ ဒွါရအမည် မရဘူး။ စက္ခုဒွါရ, သောတဒွါရ, ဃာနဒွါရ, ဇိဝှါဒွါရ, ကာယဒွါရဆိုတဲ့ ဒွါရ (၅)ခုကတော့ ဝတ္ထုလည်း အမည်ရတယ်၊ ဒွါရလည်း အမည်ရတယ်။ စိတ်စေတသိက်တွေရဲ့ ဝင်ထွက်ရာ တံခါးပေါက် ကြီးနှင့် တူနေလို့ပဲ။ ဟဒယဝတ္ထုကျတော့ ဝတ္ထုသာ အမည်ရတယ်၊ ဒွါရအမည် မရဘူး။ ဒါပေမဲ့ အဲဒီ ဟဒယဝတ္ထုကို မှီဖြစ်လေ့ရှိတဲ့ ဘဝင်မနောအကြည် ဓာတ်ကတော့ မနောဒွါရ အမည်ရတယ်။ အဲဒီဒွါရတွေ မတူညီခဲ့ရင်လည်း စိတ်ထားတွေ မတူညီကြဘူး။

နမူနာဆိုလို့ရှိရင် အသညသတ်ဘုံပဲ ကြည့်ကြပေါ့။ အသညသတ်ဘုံ မှာ မနောဒွါရလို့ခေါ်ဆိုအပ်တဲ့ ဘဝင် မရှိဘူး၊ နာမ်တရားတွေ လုံးလုံးမရှိဘူး။ မရှိတဲ့အတွက်ကြောင့် အသညသတ်ဘုံမှာရှိတဲ့ သတ္တဝါတို့ရဲ့သန္တာန်မှာ စိတ် ဓာတ်လည်း မရှိဘူး။ စိတ်မရှိတဲ့ပုဂ္ဂိုလ်တွေနှင့် စိတ်ရှိနေတဲ့ ပုဂ္ဂိုလ်တွေဟာ စိတ်ထားချင်းတွေ တူညီနိုင်မလား? မတူညီနိုင်ဘူး။

နောက်တစ်ခု အရူပဘုံကိုကြည့်လိုက်။ အရူပဘုံက နာမ်သက်သက်ပဲ ရှိတယ် ရုပ်မရှိဘူး၊ ရုပ်မရှိတဲ့အတွက် သူတို့မှာ အရောင်ကိုသိတဲ့စိတ်, အသံ ကိုသိတဲ့စိတ်, အနံ့ကို သိတဲ့စိတ်, အရသာကိုသိတဲ့စိတ်, အတွေ့အထိတွေကို သိတဲ့စိတ်တွေ မဖြစ်ဘူး၊ ဓမ္မသဘောလို့ ခေါ်ဆိုအပ်တဲ့ ဓမ္မာရုံ အမျိုးမျိုးကို သိတဲ့ စိတ်တွေတော့ ဖြစ်တန်သလောက်တော့ ဖြစ်ပါတယ်။ ဒီတော့ အရူပ ဘုံက သတ္တဝါတွေနှင့် ဒီလူ့ဘုံက သတ္တဝါတွေဟာ စိတ်ထားချင်း တူညီပါ တယ်လို့ ပြောလို့ရမလား? မရဘူး။ ဒွါရတွေ ကွာဟချက် ရှိခဲ့ရင်လည်း စိတ် ထားတွေ ကွာခြားကြတယ်။ စိတ်ထားတွေ ကွာဟချက် ရှိခဲ့ရင်လည်း ကံတွေ က ကွာဟချက် ရှိတယ်၊ စိတ်ထားတွေ ဆန်းကြယ်ရင် ကံတွေလည်း ဆန်း ကြယ်သွားကြတယ်။ နောက်တစ်ခု ...

အာရုံတွေ ဆန်းကြယ်ရင်လည်း ကံတွေ ဆန်းကြယ်ကြပြန်တယ်

အာရမ္မဏစိတ္တတာယ (သံ၊ဋ္ဌ၊၂၊၃၀၀။)

အာရုံတွေ ဆန်းကြယ်ခဲ့မယ်ဆိုရင်လည်း စိတ်ထားတွေ ဆန်းကြယ် သွားတယ်၊ အာရုံတွေ ... လောကမှာ ကြည့်လိုက်ရင် ခံစား စံစားစရာ အာရုံတွေက အမျိုးမျိုး ရှိတယ်။ ဒီအာရုံအမျိုးမျိုးကို ခံစားနိုင်တဲ့ ပုဂ္ဂိုလ်တွေ အဖို့ စိတ်ဓာတ်တွေလည်း အမျိုးမျိုး မဆန်းကြယ်ဘူးလား? ဆန်းကြယ်လာ တယ်။

ပုံစံနမူနာ တစ်ခု ဆိုကြပါစို့၊ အရက်တစ်ခုပဲ ကြည့်ပေါ့၊ လောကမှာ အရက်နှင့် ပတ်သက်လို့ ခံစား စံစားစရာ အာရုံတွေက အမျိုးမျိုး ရှိနေတော့ အင်မတန် ချမ်းသာကြွယ်ဝနေတဲ့ သူဌေးသူကြွယ်တွေ သောက်တဲ့ အရက်နှင့် အင်မတန်ဆင်းရဲနွမ်းပါးနေတဲ့ သူဆင်းရဲတွေ သောက်နေတဲ့အရက် တူပါ့ မလား? မတူဘူး။ သူဌေးသူကြွယ်တွေကျတော့ အဆင့်အတန်းမြင့်တဲ့ အရက် အပေါ်မှာ တွယ်တာတပ်မက်တဲ့ စိတ်ထားတွေ ပိုများတယ်။ အရက်သမား ချင်း တူသော်လည်း အဆင့်အတန်းချင်း မတူဘူး၊ အာရုံတွေ ထူးထွေကွဲပြား နေတဲ့အတွက် ဒီအာရုံအပေါ်မှာ တွယ်တာတပ်မက်နေတဲ့ တဏှာ, ဒီအာရုံ ပေါ်မှာ အသိမှားနေတဲ့ အဝိဇ္ဇာ, စွဲလမ်းနေတဲ့ ဥပါဒါန်ချင်းတွေ တူညီပါ့ မလား? မတူညီနိုင်ဘူး။ အဝိဇ္ဇာ တဏှာ ဥပါဒါန်တွေ မတူညီတဲ့အတွက် အာရုံတွေ ဆန်းကြယ်နေတဲ့အတွက် စိတ်ဓာတ်တွေလည်း ဆန်းကြယ်မသွား ဘူးလား? ဆန်းကြယ်သွားတယ်။ လောကမှာ အာရုံအမျိုးမျိုးကို ခံစားနေတဲ့ ပုဂ္ဂိုလ်တွေအဖို့ စိတ်ဓာတ်တွေရဲ့ ထူးထွေကွဲပြားမှုတွေ တော်တော် ခပ်များ များ ရှိကြတယ်။ တချို့တချို့ သတ္တဝါတွေကျတော့ တီကောင်ကြိုက်တယ်၊ တချို့တချို့ ပုဂ္ဂိုလ်တွေက တီကောင်ကို ရွံတယ်။

တချို့တချို့ပုဂ္ဂိုလ်တွေကျတော့ ခွေးသားကို ကြိုက်တယ်၊ တချို့တချို့ ပုဂ္ဂိုလ်တွေကျတော့ ခွေးသားကို ရွံကြတယ်။ တချို့တချို့ပုဂ္ဂိုလ်တွေကျတော့ ဥဒေါင်းသားကို ကြိုက်တယ်၊ တချို့တချို့ပုဂ္ဂိုလ်တွေကျတော့ ဥဒေါင်းသား ကို အင်မတန် ရွံရှာစက်ဆုပ်ကြတယ်။ တချို့တချို့ပုဂ္ဂိုလ်တွေကျတော့ အသား ငါးကြိုက်တယ်၊ တချို့တချို့ပုဂ္ဂိုလ်တွေကျတော့ အသားငါးကို ရွံရှာစက်ဆုပ် ကြတယ်။

ဒီတော့ အာရုံတွေ ထူးဆန်းကြသလို သတ္တဝါတွေရဲ့သန္တာန်မှာ ဖြစ် ပေါ်နေတဲ့ စိတ်ထားချင်းတွေလည်း တူညီကြမလား? မတူညီကြဘူး။ အာရုံ တွေ ဆန်းကြယ်ကြသလို စိတ်ဓာတ်တွေကလည်း လိုက်ပြီးတော့ ဆန်းကြယ် ကြတယ်။ စိတ်ဓာတ်တွေက ဆန်းကြယ်ကြသလို ပြုလုပ်နေတဲ့ ကံချင်းတွေ လည်း ဆန်းကြယ်ပြီးတော့ မသွားကြဘူးလား၊ ဆန်းကြယ်သွားကြပြန်တယ်၊ မတူကြဘူး။ ကောင်းတဲ့ဘက်ကိုကြည့်လိုက်ပါ၊ ပန်းကလေးလှူမယ် ဆိုကြပါစို့၊ တချို့က ဒီပန်းကလေးကိုတောင်မှ ဘယ်လိုအရောင်မှ ဘယ်လိုအဆင်းမှ ဘယ်လိုအနံ့မှ ဘယ်လိုပန်းမှဆိုပြီးတော့ စိတ်ထားကလေးတွေက အမျိုးမျိုး ရှိနေကြပြန်တယ်။

တချို့ကျတော့လည်း တောထဲက သပြေခက်ကလေးကို ခူးပြီးတော့ လှူ လိုက်ရတာကလေးကို ကျေနပ်တဲ့ စိတ်ထားကလေးတွေ မရှိနိုင်ဘူးလား?- ရှိတယ်။ နှင်းဆီပန်းကို လှူနေတဲ့ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ဖြစ်ပေါ်နေတဲ့ စိတ်နေ စိတ်ထားနှင့် သပြေခက်လေးတစ်ခုကို ခူးပြီးတော့ လှူနေတဲ့ပုဂ္ဂိုလ်ရဲ့သန္တာန် မှာ ဖြစ်ပေါ်နေတဲ့ စိတ်နေစိတ်ထားကို နှိုင်းယှဉ်ကြည့်ပါ။ အာရုံချင်းတွေ ထူးထွေကွဲပြားမှုရှိနေတဲ့အတွက် စိတ်ဓာတ်ချင်းတွေလည်း တူညီမှု ရှိနိုင်ပါ့ မလား? မရှိနိုင်ကြဘူးနော်။

ဒါကြောင့် အာရုံတွေ ဆန်းကြယ်ရင်လည်း စိတ်ဓာတ်တွေ ဆန်းကြယ် ကြတယ်၊ စိတ်ဓာတ်တွေ ဆန်းကြယ်ရင်လည်း တည်ထောင်ဖန်ဆင်းလိုက်တဲ့ ကံတွေက ဆန်းကြယ်သွားကြပြန်တယ်။

နောက်တစ်ခု နံပါတ် (၆) အနေနဲ့ ...

လိင်-သညာ-ဝေါဟာရ

ကမ္မနာနတ္တမူလကာနံ လိင်္ဂနာနတ္တ-သညာနာနတ္တ-ဝေါဟာရနာနတ္တာဒီနံ အနေကဝိဓာနံ စိတ္တာနံ နိပ္ဖါဒနတာယပိ တိရစ္ဆာနဂတစိတ္တတော (စိတ္တံ) စိတ္တတရမေဝ ဝေဒိတဗ္ဗံ။ (သံ၊ဋ္ဌ၊၂၊၃၀၀။)

ဘာပြောတာလဲဆိုတော့ - ဒီကံတွေ ထူးထွေကွဲပြားမှုဟာ ခုနက စိတ် ဓာတ် ဆန်းကြယ်မှုအပေါ်မှာ အခြေစိုက်ထားတယ်။ အဲဒီစိတ်ဓာတ်တွေရဲ့ ထူးထွေကွဲပြားမှုက ဘာကို အခြေခံသလဲမေးတော့ လိင်္ဂနာနတ္တအသွင် သဏ္ဌာန်ကလေးတွေ လိင်အသွင်ကလေးတွေ မတူတာကို အခြေခံထား တယ်။ လိင်အသွင်မတူဘူးဆိုတာက ဘာလဲလို့မေးလိုက်တော့ အဋ္ဌသာလိနီ အဋ္ဌကထာ စာမျက်နှာ (၁၀၈) မှာ ဖွင့်ဆိုထားပါတယ်။

ကမ္မတော လိင်္ဂတော စေဝ၊ လိင်္ဂသညာ ပဝတ္တရေ။

သညာတော ဘေဒံ ဂစ္ဆန္တိ၊ ဣတ္ထာယံ ပုရိသောတိ ဝါ။ (အဘိ၊ဋ္ဌ၊၁၊၁၀၈။)

ဘာပြောတာလဲ? အတိတ်ကတည်ထောင်ဖန်ဆင်းခဲ့တဲ့ ကံတွေက ဆန်း ကြယ်တော့ ဒီဘဝမှာ လိင်အသွင်သဏ္ဌာန်ကလေးတွေက တစ်ဦးနှင့် တစ်ဦး မတူညီကြဘူး၊ ဆန်းကြယ်လာတယ်။ အခုနပြောခဲ့တဲ့ သုမေဓာရှင်ရသေ့တို့ရဲ့ ဗျာဒိတ်ခံပွဲကိုပဲ ကြည့်ပေါ့၊ အမျိုးသမီးတစ်စုက အမျိုးသမီးဖြစ်ချင်တဲ့ စိတ် ထားပဲ မရှိဘူးလား? ရှိနေတယ်။ သုမေဓာရှင်ရသေ့ကျတော့လည်း သဗ္ဗညုတ ဉာဏ်ကိုရရှိတဲ့ အမျိုးသားဖြစ်ချင်တဲ့စိတ်ထား မရှိဘူးလား? ရှိတယ်။ ဒီလို စိတ်ဓာတ်တွေက ထူးထွေကွဲပြားမှု ရှိလေတော့ သူတို့ထူထောင်တဲ့ ကံတွေ လည်း ထူးထွေ ကွဲပြားကြပြန်တယ်။ အဲဒီ ကံလေးတွေက ဆန်းကြယ်ခဲ့တဲ့ အတွက် အမျိုးသမီးဖြစ်ချင်တဲ့ ပုဂ္ဂိုလ်တွေက ဒီကံကြောင့် အမျိုးသမီးလာ ဖြစ်ကြတယ်။ အမျိုးသားဖြစ်ချင်တဲ့ ပုဂ္ဂိုလ်ကျတော့ ဒီကံကြောင့် အမျိုးသား ဖြစ်လာတယ်။ အမျိုးသမီး ဖြစ်ရခြင်း, အမျိုးသား ဖြစ်ရခြင်းရဲ့ အခြေခံ အကြောင်းအရင်းကို ပြန်ပြီးဆန်းစစ်ကြည့်လိုက်တော့ ဘာကို အခြေခံသလဲ? ကံကို အခြေခံတယ်။ ကံကြောင့် အမျိုးသမီးအသွင်အပြင် လိင်သဏ္ဌာန် ဖြစ်ပေါ်လာရတယ်၊ အမျိုးသားအသွင်အပြင် လိင်သဏ္ဌာန်တွေ ဖြစ်ပေါ် လာရတယ်။

ဖြစ်ပေါ်လာရတဲ့အချိန်အခါကျတော့ ခုလိုဘဝတစ်ခု ရရှိပြီး အာရုံ တစ်ခုကို မြင်လိုက်ရတဲ့အချိန်အခါမှာ အမျိုးသမီးအသွင်သဏ္ဌာန် အမျိုးသား အသွင်သဏ္ဌာန်ကို မြင်လိုက်ရတဲ့အချိန်အခါမှာ ဘာဖြစ်လာသလဲ? ဒါကို အမျိုးသမီးလို့ ခေါ်တယ်၊ ဒါကိုတော့ အမျိုးသားလို့ခေါ်တယ်၊ ဒီလိုအမှတ် သညာလေးတွေ ပေါ်မလာဘူးလား? ပေါ်လာတယ်။ ဒီလိုအသွင်သဏ္ဌာန်က လေးကျတော့ သားလို့ခေါ်တယ်၊ ဒီလိုအသွင်သဏ္ဌာန်ကလေးကျတော့ သမီး လို့ ခေါ်တယ်၊ ဒီလိုအသွင်သဏ္ဌာန်ကျတော့ အဖိုးကြီးလို့ ခေါ်တယ်၊ ဒီလို အသွင်သဏ္ဌာန်ကျတော့ အဖွားကြီးလို့ခေါ်တယ်၊ အဲဒီလို လိင်နှင့် ပတ်သက် တဲ့ အမှတ်သညာကလေးတွေ ထူးထွေကွဲပြားမှုကလေးတွေ ရှိမလာဘူး လား? ရှိလာတယ်။

အဲဒီလို လိင်နဲ့ပတ်သက်တဲ့ အသွင်သဏ္ဌာန်နှင့် ပတ်သက်နေတဲ့ အမှတ် သညာကလေးတွေ ကွဲပြားလာတဲ့အတွက် ဝေါဟာရလို့ခေါ်ဆိုအပ်တဲ့ ခေါ် ဝေါ်နေတဲ့ အသုံးအနှုန်းကလေးတွေ ကွာဟချက်ရှိမလာဘူးလား? ရှိလာ တယ်။ ဒီလိုပုဂ္ဂိုလ်ကျတော့ ယောက်ျားလို့ခေါ်တယ်၊ ဒီလိုပုဂ္ဂိုလ်ကျတော့ မိန်းမလို့ ခေါ်တယ်၊ ဒီလိုပုဂ္ဂိုလ်ကျတော့ လူလို့ခေါ်တယ်၊ ဒီလိုပုဂ္ဂိုလ်ကျတော့ နတ်လို့ ခေါ်တယ်၊ ဒီလိုသတ္တဝါကျတော့ တိရစ္ဆာန်လို့ခေါ်တယ် စသည်ဖြင့် ခေါ်ဝေါ်သုံးစွဲထားတဲ့ အသုံးအနှုန်းကလေးတွေ တူညီသေးသလား? မတူ ညီတော့ဘူး။

အဲဒီလို အသုံးအနှုန်း ဝေါဟာရကလေးတွေက မတူညီတဲ့ အတွက် ကြောင့် ဒီဘဝမှာ ဘာဖြစ်သလဲ? ပြုလုပ်ဖန်တီးနေတဲ့ ကံကလေးတွေလည်း မတူတော့ဘူး။ ဘယ်လို မတူသလဲလို့မေးတော့ ဒါကအမျိုးသမီးပဲလို့ သိနေ တဲ့ပုဂ္ဂိုလ် အသိမှားနေတဲ့ပုဂ္ဂိုလ်, ဒါကအမျိုးသားပဲလို့သိနေတဲ့ပုဂ္ဂိုလ် အသိ မှားနေတဲ့ပုဂ္ဂိုလ်၊ အဲဒီပုဂ္ဂိုလ်မှာ အမျိုးသမီးဖြစ်ချင်တဲ့ စိတ်ထားကလေးတွေ ပေါ်လာတတ်တယ်၊ အမျိုးသားဖြစ်ချင်တဲ့စိတ်ထားလေးတွေ ဖြစ်ပေါ်လာ တတ်တယ်။ အမှတ်သညာကွဲတော့ ဝေါဟာရကွဲတယ်၊ ဝေါဟာရ ကွဲချင်း ကြောင့် စိတ်ဓာတ်တွေ ကွဲပြားမှု ဖြစ်မလာဘူးလား? ဖြစ်လာတယ်။ အဲဒီ စိတ်ဓာတ်ကလေးတွေက ကွဲပြားလိုက်တဲ့ အတွက်ကြောင့် အမျိုးသမီးဖြစ် ချင်တဲ့ပုဂ္ဂိုလ်က အမျိုးသမီး ဖြစ်ကြောင်းကံကို ပြုစုပျိုးထောင်ပြန်တယ်။ အမျိုးသားဖြစ်ချင်တဲ့ပုဂ္ဂိုလ်ကျတော့ အမျိုးသားဖြစ်ကြောင်းဖြစ်တဲ့ကံကို ပြု စုပျိုးထောင်ပြန်တယ်။ အဲဒီလို ပြုစုပျိုးထောင်လိုက်တဲ့အတွက် အမျိုးသမီး ဖြစ်ကြောင်းကံကို ပြုစုပျိုးထောင်တဲ့ပုဂ္ဂိုလ်က ဒီကံက အကျိုးပေးဖို့ အခါ အခွင့်သင့်ပြီဆိုရင် အမျိုးသမီးပဲ ဖြစ်တယ်။ အမျိုးသားဖြစ်ဖို့ရန် ကံကို ပြုစု ပျိုးထောင်ခဲ့တဲ့ ပုဂ္ဂိုလ်ကျတော့ ဒီကံက အကျိုးပေးဖို့ အခါအခွင့်သင့်လာပြီ ဆိုရင် ဒီပုဂ္ဂိုလ်ဟာ အမျိုးသားပဲဖြစ်တယ်။ အဲဒီလို အမျိုးသမီး အမျိုးသားပဲ ဖြစ်တယ်။

လူဖြစ်လိုတဲ့ဦးတည်ချက်ဖြင့် ကံကို ပြုစုပျိုးထောင်ခဲ့ရင် ဒီကံက အကျိုး ပေးတဲ့ အချိန်အခါမှာ လူသားပဲ လာပြီးတော့ ဖြစ်ရတယ်။ နတ်ဖြစ်လိုတဲ့ ဦးတည်ချက်နှင့် နတ်ပြည်ရောက်ကြောင်းကံကို ပြုစုပျိုးထောင်ခဲ့ရင် ဒီကံက အကျိုးပေးတဲ့အချိန်အခါမှာ နတ်ပဲဖြစ်ရပြန်တယ်။ ဗြဟ္မာဖြစ်လိုတဲ့ ဦးတည် ချက်ဖြင့် ဗြဟ္မာ့ပြည်ကိုရောက်ကြောင်းဖြစ်တဲ့ စျာန်ကံတွေကို ရအောင် ကြိုး စားအားထုတ်ကြတယ်၊ အဲဒီလိုကြိုးစားအားထုတ်လိုက်တဲ့ အချိန်အခါမှာ ဒီကံက အကျိုးပေးဖို့ရန် အခါအခွင့်သင့်လို့ ရင့်ကျက်လာပြီဆိုရင် ဒီပုဂ္ဂိုလ် ဗြဟ္မာဖြစ်တယ်။ ဒီတော့ စိတ်ဓာတ်တွေ ဆန်းကြယ်တဲ့အတွက် ကံတွေလည်း ဆန်းကြယ်မသွားဘူးလား? ဆန်းကြယ်သွားတယ်။

ဒီကံတွေ ဘာကြောင့် ဆန်းကြယ်ရသလဲလို့မေးတော့ ဒါက လူပဲ, ဒါက နတ်ပဲ, ဒါက ဗြဟ္မာပဲ, ဒါက ယောက်ျားပဲ, ဒါက မိန်းမပဲလို့ ခေါ်ဝေါ်သုံးနှုန်း နေတဲ့ ဝေါဟာရတွေအပေါ်မှာ အခြေစိုက်ပြီးတော့ စိတ်ဓာတ်တွေက ကွဲပြား သွားတယ်၊ စိတ်ဓာတ်တွေ ဆန်းကြယ်သွားတယ်။ ဒီဝေါဟာရတွေက ဘာကို အခြေခံသလဲလို ပြန်ဆန်းစစ်ကြည့်လိုက်တော့ ဒါက ယောက်ျားပဲလို့ မှတ်သား ထားတဲ့ အမှတ်သညာ, ဒါက မိန်းမပဲလို့ မှတ်သားထားတဲ့ အမှတ်သညာ, ဒါက လူပဲ, ဒါက နတ်ပဲ, ဒါက ဗြဟ္မာပဲ စသည်ဖြင့် ဒီလိုမှတ်သားထားတဲ့ အမှတ်သညာတွေ ကွာဟချက်ရှိတဲ့အတွက် အမှတ်သညာ ကွာဟချက်ရှိခြင်း ကြောင့် ဝေါဟာရတွေ ကွာဟလာတယ်။

ဒီအမှတ်သညာတွေကလည်း ဘာကြောင့် ကွာဟလာသလဲလို့ ပြန်ဆန်း စစ်ကြည့်လိုက်တော့ လိင်အသွင်သဏ္ဌာန်ကလေးတွေ မတူညီမှု အပေါ်မှာ အခြေခံနေတယ်။ လိင်အသွင်သဏ္ဌာန်တွေ မတူညီခြင်းကြောင့် အမှတ် သညာ မတူညီဘူး၊ အမှတ်သညာ မတူညီတဲ့အတွက် ဝေါဟာရတွေ မတူ ညီဘူး၊ ကွဲပြားသွားတယ်။ ဝေါဟာရကွဲပြားမှုအပေါ်မှာ အခြေတည်ပြီးတော့ စိတ်ဓာတ်တွေ ထူးထွေကွဲပြားသွားကြတယ်။ စိတ်ဓာတ်တွေ ထူးထွေကွဲပြားမှု အပေါ်မှာ မူတည်ပြီးတော့ စိတ်ထားတွေ ဆန်းကြယ်တဲ့အတွက် ပြုလုပ် ဖန်တီးနေတဲ့ ကံတွေလည်း ဆန်းကြယ်သွားတယ်။ အဲဒီကံတွေ ဆန်းကြယ်တဲ့ အတွက်ကြောင့် ဘာဖြစ်သလဲ? နောက်ထပ် ဘဝတစ်ခုကို ရရှိမယ်ဆိုရင် သတ္တဝါတွေသည် တစ်ဦးနှင့်တစ်ဦး တူညီနိုင်မလား? မတူညီီနိုင်တော့ဘူး။

လှည်းနားစောင့်ကဲ့သို့ ကံက သတ္တဝါတွေကို ဖွဲ့ချည်ထားတယ်

ကမ္မုနာ ဝတ္တတေ လောကော၊ ကမ္မုနာ ဝတ္တတေ ပဇာ။

ကမ္မနိဗန္ဓနာ သတ္တာ၊ ရထဿာဏီဝ ယာယတော။ (အဘိ၊ဋ္ဌ၊၁၊၁၀၈။)

ကမ္မုနာ = ကံကြောင့်။ လောကော = သတ္တလောကသည်။ ဝတ္တတေ = ဖြစ်ပေါ်၍လာရပေ၏။

သတ္တလောကလို့ ခေါ်ဆိုအပ်တဲ့ သတ္တဝါ ဖြစ်ပေါ်လာရတာ ဘာတွေ ကို အခြေစိုက်သလဲ - ကံပဲ၊

ကမ္မုနာ ဝတ္တတေ ပဇာ။

ပဇာ = သတ္တဝါအပေါင်းသည်။ ကမ္မုနာ = ကံကြောင့်။ ဝတ္တတေ = ဖြစ်ပေါ်လာရပေ၏။

သတ္တဝါအပေါင်းဖြစ်ပေါ်လာရတာ ဘာကြောင့် ဖြစ်ပေါ်လာရသလဲလို့ အခြေခံ အကြောင်းရင်းကို ဆန်းစစ်ကြည့်လိုက်တော့ ကံကြောင့် ဖြစ်ပေါ် လာရတယ်။

သတ္တာ = သတ္တဝါတို့ကို။ ယာယတော = သွားနေသော။ ရထဿ = ရထား၏။ အာဏီဝ = [အာဏီဆိုတာ ဘာပါလိမ့် - လှည်းဘီးရဲ့ လှည်း ဝင်ရိုးကို ထိုးထားတဲ့ စို့ကလေးတစ်ခုပဲ။]

လှည်းနားစောင့်ဆိုလား၊ လှည်းဝင်ရိုးမှာ စွပ်ထားတယ်၊ အဲဒီ လှည်းဝင် ရိုးကနေပြီးတော့ ဒီလှည်းဘီးကြီး ကျွတ်ထွက်မသွားအောင် လှည်းဘီးနှင့် ဝင်ရိုးရဲ့အကြားမှာ ဝင်ရိုးကို အပေါက်ကလေး ဖောက်ပြီးတော့ စို့ကလေး တစ်ခု (သံစို့လေးတစ်ခု) ရိုက်ပြီးတော့ သွင်းထားတယ်။ လှည်းဘီးအပြင်ကို ကျွတ်ထွက်မသွားအောင် လှည်းဘီးဝင်ရိုးအစွန်းနှင့် လှည်းဘီးရဲ့ ကြားထဲမှာ ပေါ့၊ စို့ကလေးတစ်ခု ရိုက်ထားတယ်။ လှည်းနားစောင့်ဆိုလား -----

ယာယတော = သွား၍နေသော။ ရထဿ = ရထား၏။ အာဏီဝ = လှည်းနားစောင့်ကဲ့သို့။ သတ္တာ = သတ္တဝါတို့ကို။ ကမ္မနိဗန္ဓနာ = ကံတို့သည် ဖွဲ့ချည်၍ ထားအပ်ပေ၏။

သံသရာဝဋ်ဆင်းရဲဒုက္ခကြီးမှ ကျွတ်လွတ်ပြီးတော့ ထွက်မသွားအောင် ဒီကံတွေက သတ္တဝါတွေကို ဆွဲခေါ်ထားတယ်။ ဒီတော့ မိမိတို့က ဒီကံတွေကို ပြုစုပျိုးထောင်တဲ့ အချိန်အခါမှာ သံသရာဝဋ်ဆင်းရဲဒုက္ခမှ ကျွတ်လိုလွတ် လိုတဲ့ ဦးတည်ချက်နှင့် ကံကို ပြုစုပျိုးထောင်တာ မဟုတ်ဘဲ ယောက်ျားဖြစ် ချင်တဲ့စိတ်ထား, မိန်းမဖြစ်ချင်တဲ့စိတ်ထား, လူဖြစ်ချင်တဲ့စိတ်ထား, နတ်ဖြစ် ချင်တဲ့စိတ်ထား, ဗြဟ္မာဖြစ်ချင်တဲ့စိတ်ထား စသည်ဖြင့် ဒီစိတ်ထားတွေနှင့် ကံတွေကို ပြုစုပျိုးထောင်ခဲ့တဲ့အတွက် ဒီလူ့ဘဝ နတ်ဘဝ ယောက်ျားဘဝ မိန်းမဘဝဆိုတဲ့ ဒီဘဝတွေကနေ လွတ်မြောက်ဦးမလား? မလွတ်မြောက် တော့ဘူး။ မလွတ်မြောက်အောင် ဘယ်သူက ဖွဲ့ချည်ထားပေးသလဲ? မိမိတို့ တည်ထောင်ဖန်ဆင်းထားတဲ့ ဒီကံတွေက ဖွဲ့ချည်ထားတယ်။ ဒါကြောင့် ကံ တွေကို ရမ်းပြီးတော့ ဒကာကြီးတွေ ဒကာမကြီးတွေ ပြုသင့်သလား? မပြုသင့် ဘူး။ သတ္တဝါတွေကို ဒီသံသရာဝဋ်ဆင်းရဲဒုက္ခကြီးက မကျွတ်အောင် မလွတ် အောင် ဘယ်သူက ဆွဲခေါ်ထားသလဲ? ကံက ဆွဲခေါ်ထားတယ်။ မကျွတ် အောင် မလွတ်အောင် ဘယ်သူက ပြုပြင်ပေးနေသလဲ? ဒီကံက ပြုပြင်ပေး နေတာ။

အဲဒီလို ကံက ပြုပြင်ပေးနေလိုက်တဲ့ အချိန်အခါမှာ ဒီနေ့ကြည့်ပေါ့၊ ဒကာကြီး ဒကာမကြီးတွေမှာ အကြောင်းပြချက် အမျိုးမျိုးတွေ ရှိနေကြတယ်။ သံသရာဝဋ်ဆင်းရဲဒုက္ခမှ ကျွတ်အောင် လွတ်အောင် မဂ္ဂင်ရှစ်ပါး အကျင့်မြတ် တရားတွေကို စနစ်တကျ ကျင့်ကြံကြိုးကုတ်ပွားများအားထုတ်ကြပါလို့ တိုက် တွန်းမယ်ဆိုရင် - တပည့်တော်တို့က အားထုတ်ချင်ပါတယ်၊ ဒါပေမဲ့ဆိုပြီး ကွက်လပ်ထဲ ပြေးပြေးပြီးတော့ ဝင်သွားကြတယ်၊ ဟုတ်ပြီလား၊ အဲဒီကွက်လပ် ထဲ ပြေးပြေးပြီး ဝင်သွားတာက ဘာကြောင့်လဲ? တစ်ချိန်က ဒီကွက်လပ်ထဲကို ပြေးဝင်လောက်အောင် ကံတွေကို ကိုယ်က ထူထောင်ခဲ့တယ်။ အဲဒီကွက်လပ် တွေထဲ ဝင်ပြီးတော့နေခွင့်ရအောင် ကံတွေကို ထူထောင်ခဲ့တဲ့အတွက်ကြောင့် ဒီကံက ဒီကွက်လပ်ကနေ ကျွတ်လွတ်ပြီး ထွက်မသွားအောင် ပြန်ပြီးတော့ ဆွဲခေါ်ထားတယ်။

ဒါကြောင့် ဒကာကြီးတွေ, ဒကာမကြီးတွေ ကြောက်ဖို့ မကောင်းဘူး လား? ကြောက်ဖို့ကောင်းတယ်။ ကိုယ်က ကျွတ်ချင်တဲ့စိတ်ထား လွတ်ချင်တဲ့ စိတ်ထားကလေးတော့ ပေါ်လာတာမှန်တယ်။ မကျွတ်အောင် မလွတ်အောင် ဒီကံက ပြန်ပြီးတော့ ဆွဲထားတယ်။ အကျိုးပေးဖို့ရာ သူက အခါအခွင့် သင့် နေပြီ၊ ဒီကံရဲ့ အရှိန်အဝါ မကုန်သေးသမျှ မိမိက ကျွတ်အောင်လွတ်အောင် ရုန်းနိုင်တဲ့ဆန္ဒဓာတ်မရှိဘူး။ ကျွတ်အောင် လွတ်အောင် ရုန်းချင်တဲ့ ဆန္ဒဓာတ် တွေ မရှိတဲ့အတွက် ကျွတ်ရာကျွတ်ကြောင်း လွတ်ရာလွတ်ကြောင်း ဖြစ်တဲ့ ကံတွေကို တစ်နည်းအားဖြင့် မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရားတွေကို စနစ် တကျ လွတ်လွတ်ကျွတ်ကျွတ်ကြီး အားထုတ်နိုင်တဲ့ စွမ်းအားတွေကော ပေါ် လာမှာလား? မပေါ်တော့ဘူး။ ဒီကံက လှည့်ပတ်ပြီးတော့ ရစ်ပတ်ပြီးတော့ နှောင်ဖွဲ့ထားတယ်။ ဒါကြောင့် ...

ကံကြောင့် ရရှိတဲ့ ကောင်းကျိုး ဆိုးပြစ်

ကမ္မေန ကိတ္တိံ လဘတေ ပသံသံ၊

ကမ္မေန ဇာနိဉ္စ ဝဓဉ္စ ဗန္ဓံ။

တံ ကမ္မနာနာကရဏံ ဝိဒိတွာ၊

ကသ္မာ ဝဒေ နတ္ထိ ကမ္မန္တိ လောကေ။ (အဘိ၊ဋ္ဌ၊၁၊၁၀၈။)

ကမ္မေန = ကုသိုလ်ကံကြောင့်။ ကိတ္တိံ = ကျော်စောသတင်းကိုလည်း။ လဘတေ = ရရှိအပ်ပါပေ၏။

မျက်ကွယ်မှာ ချီးမွမ်းခံရတယ် ဒီပုဂ္ဂိုလ် သိပ်တော်တယ်၊ ဒီပုဂ္ဂိုလ် သိပ် တော်တယ် စသည်ဖြင့် မိမိရဲ့မျက်ကွယ်မှာ အချီးမွမ်းခံရတယ်၊ ဂုဏ်သတင်း တွေ သိပ်ပြီးတော့ ပျံ့လှိုင်နေတယ်၊ ကျော်စောနေတယ် ထင်ရှားနေတယ်။ ဘာကြောင့်လဲ? ပြုလုပ်ခဲ့တဲ့ ကံတွေပဲ။ အဲဒီကံတွေသည် ဒီဘဝပြုလုပ်တဲ့ ကံတွေလည်း ဖြစ်ချင်ဖြစ်မယ်၊ အတိတ်ဘဝထိုထိုက ပြုလုပ်ခဲ့တဲ့ ကံတွေလည်း ဖြစ်ချင်ဖြစ်မယ်၊ အတိတ်ဘဝကံတွေအပေါ်မှာလည်း အခြေစိုက်ပါတယ်၊ ယခု ဘဝ ပစ္စုပ္ပန်မှာ ပြုစုပျိုးထောင်နေတဲ့ ကံတွေ အပေါ်မှာလည်း အခြေစိုက် ပါတယ်။

ဘုန်းကြီးတို့ရဲ့ ဂေါတမမြတ်စွာဘုရားကို ကြည့်ပေါ့၊ ဒီနေ့ လူ့လောကကို ပြန်ပြီး ဆန်းစစ်ကြည့်မယ်ဆိုရင် သာသနာတော် (၂၅၀၀)ကျော်ခဲ့ပြီဖြစ်တော့ အဲဒီ (၂၅၀၀) အတွင်းမှာ ဘုန်းကြီးတို့ မြတ်စွာဘုရားရှင်ကဲ့သို့ ကျော်စော ဂုဏ်သတင်းတွေ ဗြဟ္မာ့ဘုံတိုင်အောင် ပြန့်နှံ့ကျော်ကြားနေတဲ့ ပုဂ္ဂိုလ်ဆိုတာ ရှိသလား? မရှိဘူး။ ဘာကိုအခြေစိုက်တာလဲ? လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း တိုင်တိုင် ပါရမီတွေကို ဖြည့်ကျင့်ပြီးတော့ သဗ္ဗညုတဉာဏ်ကို ရအောင်ယူခဲ့တဲ့ ကံတွေအပေါ်မှာ အခြေစိုက်တယ်။ ဒီကံတွေကြောင့် မြတ်စွာဘုရားရဲ့ ကျော်စောသတင်းတွေက မဆံ့ဘဝဂ် ပြန့်နှံ့ပြီးတော့ တက်သွားတယ်။ ဒီတော့ ဒီနေ့ လူ့လောကကြီးမှာ နာမည်ကြီးနေတယ်၊ ဒင်းကတော့ နာမည်ကြီးမှာပေါ့ ဆိုပြီးတော့ လိုက်ပြီး မေးငေါ့နေဖို့ လိုသေးသလား? မလိုပါဘူး။ သူက နာမည် ကြီးလောက်တဲ့ ကံတွေကို ပြုစုပျိုးထောင်ခဲ့တယ်၊ နာမည်ကြီးလောက်တဲ့ ကံတွေကို ပြုစုပျိုးထောင်ခဲ့တဲ့အတွက်, အချီးမွမ်းခံရမည့် ကံတွေကို ပြုစု ပျိုးထောင်ခဲ့တဲ့အတွက် သူချီးမွမ်းခံရတာကို မိမိက မနာလို ဝန်တို ဖြစ်ခဲ့ရင် မိမိမှာ အကုသိုလ်တရား တိုးပွားနေတာပဲ။

နောက်တစ်ခု --

ကမ္မေန = ကံကြောင့်။ ပသံသံ = မျက်မှောက်ချီးမွမ်းခံရခြင်းကို။ လဘတေ = ရရှိအပ်ပါပေ၏။

မျက်မှောက်မှာလည်း အချီးမွမ်းခံရတယ်၊ မျက်ကွယ်မှာလည်း အချီးမွမ်း ခံရတယ်၊ ဘာကိုအခြေစိုက်သလဲ? ကံပဲ။ အတိတ်က ပြုစုပျိုးထောင်ခဲ့တဲ့ကံ, ဒီဘဝမှာ ပြုစုပျိုးထောင်နေတဲ့ကံ, အဲဒီကံတွေကြောင့် အချီးမွမ်းခံရတယ်။

ကမ္မေန ဇာနိဉ္စ ဝဓဉ္စ ဗန္ဓံ၊

ကမ္မေန = ကံကြောင့်။ ဇာနိဉ္စ = ဆုံးရှုံးပျက်စီးခြင်းကိုလည်း။ လဘတေ = ရရှိအပ်ပါပေ၏။ ဝဓဉ္စ = သတ်ဖြတ်ညှဉ်းပန်း နှိပ်စက်ခံရခြင်းကိုလည်း။ လဘတေ = ရရှိအပ်ပါပေ၏။ ဗန္ဓဉ္စ = အနှောင်အဖွဲ့ ခံရခြင်းကိုလည်း။ လဘတေ = ရရှိအပ်ပါပေ၏။

စည်းစိမ်ဥစ္စာတွေ တချို့ သိပ်ပြီးတော့ ပျက်စီးသွားတယ်၊ ဆုံးရှုံးသွား တယ်။ ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာဆိုတဲ့ ပုံစံအတိုင်းပဲ၊ လုပ်သမျှ တစ် ချက်မှ အဆင်မပြေဘူး၊ ဘာကိုအခြေခံသလဲ? ကံကို အခြေခံတယ်။ အသတ် အဖြတ်ခံရတယ်၊ အညှဉ်းအပန်းခံရတယ်၊ အနှိပ်စက်ခံရတယ်၊ ဘာကို အခြေ ခံသလဲ? ကံကို အခြေခံတယ်။ အရှင်မဟာမောဂ္ဂလ္လာန်ကို ကြည့်ပေါ့၊ မိဘ ကို ပြစ်မှားခဲ့ဖူးတဲ့ ကံတွေကို အခြေခံပြီးတော့ အရှင်မဟာမောဂ္ဂလ္လာန် ဖြစ် တဲ့ ဘဝအထိ ဘဝပေါင်း (၂၀၀)ကျော် ဆက်တိုက် အမြဲ ခေါင်းကွဲပြီးတော့ အမြဲအသေခံခဲ့ရတယ်၊ ဘာကို အခြေခံသလဲ? ကံပဲ။ မိဘတွေအပေါ်မှာ ပြစ်မှားခဲ့တဲ့ ကံကို အခြေခံပြီးတော့ အသတ်ဖြတ်ခံရတယ်၊ အညှဉ်းပန်း ခံရ တယ်၊ အနှိက်စက်ခံရတယ်။ တစ်ခါ ကံကြောင့်ပဲ အနှောင်အဖွဲ့ ခံရပြန်တယ်၊ သူတစ်ပါးတွေကို ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ ကံတွေရှိတယ်၊ အဲဒီ သူတစ်ပါးတွေ ကို ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ ကံတွေကို အခြေခံပြီးတော့ သတ္တဝါတွေဟာ ဒီဘဝ မှာလည်း အနှောင်အဖွဲ့ခံရတယ်။

ထူးဆန်းတဲ့သတင်းသုံးခု ဘုရားရှင်ထံသို့ ရောက်ရှိလာခြင်း

ဝတ္ထုဇာတ်ကြောင်းကလေး တစ်ခုပေါ့ ... ခဏခဏ ပြောဖူးပါတယ်။ ဘုန်းကြီးတို့မြတ်စွာဘုရား ဇေတဝန်ကျောင်းတိုက်မှာ တရားဟောတော်မူစဉ် အတွင်း သတင်းသုံးခု ဆိုက်ရောက်လာတယ်၊ သတင်းတစ်ခုကတော့ သာဝတ္ထိ မြို့တံခါးမှ ရွာလေးတစ်ရွာမှာ မီးလောင်တယ်။ မီးလောင်တဲ့အချိန်အခါကျ တော့ ကရွတ်ခွေတစ်ခုက မီးအပူရှိန်ဟပ်ပြီးတော့ ကောင်းကင်ကို ပျံတက် သွားပြီး မီးရဲရဲတောက်နေတဲ့အချိန် ကျီးကန်းတစ်ကောင်ကလည်း ပျံပြီးတော့ အလာ အဲဒီကရွတ်ခွေနှင့် ကျီးကန်းရဲ့လည်ပင်း သွားပြီးတော့ စွပ်မိတယ်၊ ကျီးကန်း သေသွားတယ်။ ဒီသတင်းက တစ်ခု -----

နောက်တစ်ခုကတော့ သမုဒ္ဒရာထဲမှာ ရှေးခေတ်က လှေ သင်္ဘောတွေ သွားကြတယ်။ ပင်လယ်ထဲရောက်တော့ လှေတစ်စင်းက လူပေါင်းတော်တော် ခပ်များများပါတယ်၊ ဒါပေမဲ့ ေ့ရှဆက်သွားလို့ မရဘဲနဲ့ လှေဟာ ပင်လယ် ခရီးမှာ ငြိမ်ပြီးနေတော့ - ဧကန္တ ...ဒီလှေပေါ်မှာတော့ ကာလကဏှီ ခေါ်တဲ့ သူယုတ်မာတစ်ဦးဦးတော့ ပါနေပြီနဲ့တူရဲ့ဆိုပြီးတော့ မဲနှိုက်ကြတော့ လှေသူကြီးကတော် မဲကျတယ်။

လှေသူကြီးကတော်ကို လှေသူကြီးလုပ်တဲ့ ပုဂ္ဂိုလ်ကနေပြီးတော့ -သူ ရေထဲကူးခပ်နေတာကို ငါတော့ မကြည့်ရက်ဘူးကွယ်။ ဒါကြောင့် ဒီလို လုပ် ကြ၊ သူတစ်ဦးအတွက်နဲ့ အားလုံးပျက်စီးရမယ်ဆိုရင်လည်း မတော်ဘူး၊ သူ့ လည်ပင်း သဲအိုးဆွဲပြီးတော့ ရေထဲသာ တွန်းချလိုက်ပေတော့၊ အမိန့်ပေး လိုက်တယ်၊ လည်ပင်းမှာ သဲအိုးကြီးချည်ပြီးတော့ ရေထဲ တွန်းချလိုက်တယ်။ သဲအိုးကလည်း ဒီအမျိုးသမီးကို ရေထဲသို့ ရောက်အောင် ဆွဲခေါ်သွားတယ်၊ ရေထဲမြုပ်ပြီး သေသွားတယ်။ ဒီသတင်းက တစ်ခု -----

နောက်သတင်းတစ်ခုကတော့ - ရဟန်းတော်တစ်ပါး ဂူတစ်ခုအတွင်း မှာ တရားအားထုတ်နေတာ မမျှော်လင့်ဘဲနဲ့ တောင်ပေါ်ကနေ ကျောက်တုံး ကြီး တစ်ခုက လိမ့်ကျလာပြီးတော့ သူတရားအားထုတ်နေတဲ့ ဂူဝမှာ လာပြီး ပိတ်နေတယ်။ (၇)ရက်ကြာတော့ ဒီကျောက်တုံးကြီးကလည်း အလိုလို ပွင့် သွားတယ်။ အဲဒီသတင်းက တစ်ခု -----

ဒီသတင်း (၃)ခု မြတ်စွာဘုရားထံ ပြိုင်တူ ဆိုက်ရောက်လာတယ်။ အဲဒီ အချိန်အခါမှာ မြတ်စွာဘုရားက အတိတ်ကံလေးတွေကို ပြန်ဟောပြပါတယ်။

လည်ပင်းမှာ မီးကရွတ်ခွေ စွပ်မိတဲ့ကျီး

ဒီကျီးကန်းက တစ်ချိန်က သူက လူ့ဘဝမှာ လူဖြစ်ခဲ့စဉ်က လှည်းမောင်း စဉ်အခါမှာ နွားက ပုံစံမကျတော့ ဒေါသတွေ သိပ်ဖြစ်တာနဲ့ နွားလည်ပင်း ကောက်ရိုးပတ်ပြီး မီးရှို့ပြီးတော့ နွားကို သတ်ခဲ့ဖူးတယ်၊ ဒီကံက အကျိုးပေး ဖို့ရန် အခွင့်သင့်လာတော့ ဒီကျီးကန်းဘဝမှာ လာပြီး အကျိုးပေးပြန်တယ်၊ ငရဲလည်း ရောက်ခဲ့ပါသေးတယ်။

သဲအိုး လည်ပင်းဆွဲ၍ ရေထဲအနှစ်ခံရသော အမျိုးသမီး

နောက်တစ်ခု - ဒီအမျိုးသမီးက ဘာဖြစ်လို့ ပင်လယ်ထဲမှာ သဲအိုး ဆွဲပြီးတော့ ရေမြှုပ်ခံရသလဲလို့ ပြန်ဆန်းစစ်ကြည့်လိုက်တော့ - ဘဝတစ်ခု ဆိုကြပါစို့၊ သူ့ရဲ့ အတိတ်ဘဝဟောင်းက ယောက်ျားဖြစ်ခဲ့ဖူးတဲ့ပုဂ္ဂိုလ်က သူ့ပယောဂလုံ့လကြောင့်ပဲ ဆိုကြပါစို့၊ တိုတိုပြောရရင်တော့ သေသွားတယ် ဆိုကြပါစို့၊ ခွေးဘဝရောက်တော့ အဲဒီခွေးကလည်း အဲဒီအမျိုးသမီးကို ခင် တွယ်တော့ နောက်က တောက်လျှောက်ပြီးတော့ လိုက်တယ်။ တောထဲသွား လည်း လိုက်တယ်၊ ရွာထဲသွားလည်း လိုက်တယ်။ နောက်ဆုံးတော့ လူတွေက ဝိုင်းပြီးတော့ ပြောင်လှောင်တာနဲ့ ဒီခွေးကို လှေပေါ်တင်ခေါ်သွားပြီးတော့ ရေလယ်ခေါင်ရောက်တော့ လည်ပင်း သဲအိုးဆွဲပြီးတော့ ခွေးကို ရေထဲ တွန်း ချလိုက်တယ်။ အဲဒီကံက အကျိုးပေးဖို့ရာ အခါအခွင့်သင့်လာတော့ ဒီအမျိုး သမီးကို ပင်လယ်ထဲမှာ ဒီကံက လိုက်လို့ မီသွားတယ်။

ဂူအတွင်း၌ ကျောက်တုံးဖြင့် ပိတ်ဆို့ခံရသောရဟန်း

နောက်တစ်ခုကတော့ အဲဒီခုနက ရဟန်းတော်တစ်ပါးအကြောင်းပဲ။ ဂူထဲမှာ တရားအားထုတ်နေတဲ့ ဒီရဟန်းတော်က တစ်ချိန် သူက နွားကျောင်း သားဘဝနဲ့ တူပါရဲ့နော်၊ အဲဒီဘဝတစ်ခုမှာ သူက ဖွတ်တစ်ကောင်ကို တောင် ပို့ထဲ ဝင်သွားတာမြင်တော့ အဲဒီတောင်ပို့မှာရှိတဲ့ အပေါက်တွေအကုန်လုံးကို သူက လိုက်ပြီးတော့ မြက်တွေ ကောက်ရိုးတွေနှင့် လိမ်ပြီးတော့ ဆို့ပိတ်ထား တယ်။ ဒါပေမဲ့ နောက် ခုနစ်ရက်လောက်ကြာတော့ ဒီတောင်ပို့နား တစ်ပတ် ပြန်ရောက်လာတော့ သတိရတာနဲ့ တောင်ပို့ကို တစ်ခါ အပေါက်တွေကို သူက ဖွင့်ပေးလိုက်တော့ ဖွတ်က မြော့မြော့လေးနဲ့ ထွက်လာခဲ့ရတယ်။ အဲဒီ အခါကျမှ ဖွတ်ကို သနားတာနဲ့ သူက မသတ်ဘူး၊ လွှတ်လိုက်တယ်။ အဲဒီကံ က တစ်ခုပေါ့။ အဲဒီ ကံကြောင့် သူက ဒီဘဝ ဂူထဲမှာ လှောင်ပိတ်ပြီးတော့ အနှောင်အဖွဲ့ခံခဲ့ရတယ်။ ဒါကြောင့် သူက -----

ကမ္မေန = အကုသိုလ်ကံကြောင့်။ ဇာနိဉ္စ = စီးပွားဥစ္စာ ဆုတ်ယုတ် ပျက်စီးခြင်းကိုလည်း။ လဘတေ = ရရှိအပ်ပါပေ၏။ ကမ္မေန = အကုသိုလ်ကံ ကြောင့်။ ဝဓဉ္စ = သတ်ဖြတ်ညှဉ်းပန်း နှိပ်စက်ခံရခြင်းကိုလည်း။ လဘတေ = ရရှိအပ်ပါပေ၏။ ကမ္မေန = အကုသိုလ်ကံကြောင့်။ ဗန္ဓဉ္စ = အနှောင်အဖွဲ့ ခံရခြင်းကိုလည်း။ လဘတေ = ရရှိအပ်ပါပေ၏။

ဒီကံကြောင့် စည်းစိမ်ဥစ္စာတွေ ဆုံးရှုံးပျက်စီးရတယ်၊ ဒီကံကြောင့် အသတ်အဖြတ် အညှဉ်းပန်း အနှိပ်စက်ခံရတယ်၊ ဒီကံကြောင့်ပဲ အနှောင်အဖွဲ့ ခံရတယ်၊ ဘယ်သူမပြု မိမိမှုပဲ။ ဒါကြောင့် -----

တံ ကမ္မနာနာကရဏံ ဝိဒိတွာ၊

ကသ္မာ ဝဒေ နတ္ထိ ကမ္မန္တိ လောကေ။

သတ္တဝါတွေကို မတူညီအောင်ပြုပြင်ပေးနေတဲ့ ဒီကံတွေက ထူးထွေ ကွဲပြားမှုရှိတယ်။ ဒီလိုထူးထွေကွဲပြားတဲ့အတွက် သတ္တဝါတွေဟာ တစ်ဦးနှင့် တစ်ဦး မတူညီဘဲ အကျိုးပေးတွေလည်း ထူးထွေကွဲပြားမှုရှိလာတယ်။ အဲဒီလို ရှိနေတာကို လောကမှာ မြင်နေရတဲ့အတွက်ကြောင့် လောကမှာ ကံမရှိဘူးလို့ ဘယ်လိုလုပ်ပြောနိုင်မလဲ။ လောကမှာ ကံရှိသလား, မရှိဘူးလား? ရှိတယ်။

သို့သော် တပည့်တော်တို့ ဘယ်ပုံဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ဒီကံကို သိရှိနိုင်ပါသလဲလို့ ဒီလိုတော့ မေးစရာရှိတယ်။ တကယ်လက်တွေ့ သိချင်တယ်ဆိုလို့ရှိရင်တော့ ပစ္စယပရိဂ္ဂဟဉာဏ်ရောက်အောင် ကြိုးစားအား ထုတ်ပါ။ ပစ္စယပရိဂ္ဂဟဉာဏ်လို့ ခေါ်ဆိုအပ်တဲ့ သမ္မာဒိဋ္ဌိဉာဏ်နှင့် အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးအတွင်းမှာရှိနေတဲ့ အကြောင်းတရား အကျိုး တရားတွေကို မိမိက စနစ်တကျ သိမ်းဆည်းတတ်ပြီ ဆိုရင်တော့ ကံ-ကံရဲ့ အကျိုးဟာ တကယ်ထင်ရှားရှိတယ်ဆိုတာ မိမိကိုယ်တိုင် ထိုအချိန်အခါမှာ သိနိုင်တဲ့ အခွင့်အလမ်း ရှိပါတယ်။

ဒီတော့ ဒီကံတွေက အဆန်းတကြယ်အကျိုးပေးနေပုံနှင့် ပတ်သက်လို့ အဋ္ဌကထာဆရာတော်က စူဠကမ္မဝိဘင်္ဂသုတ္တန်မှာ မြတ်စွာဘုရား ဟောကြား တော်မူတဲ့ စကားလေးတစ်ခုကို ထပ်ပြီး ကိုးကားထားပြန်တယ်။

ကံသာလျှင် အမွေခံရှိကြတယ်

ကမ္မဿကာ မာဏဝ သတ္တာ ကမ္မဒါယဒါ ကမ္မယောနီ ကမ္မဗန္ဓူ ကမ္မပ္ပဋိသရဏာ၊ ကမ္မံ သတ္တေ ဝိဘဇတိ ယဒိဒံ ဟီနပ္ပဏီတတာယ။ (မ၊၃၊၂၄၄။)

မာဏဝ = သုဘလုလင် ...။ သတ္တာ = သတ္တဝါတို့သည်။ ကမ္မဿကာ = ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြကုန်၏။ ကမ္မဒါယဒါ = ကံသာလျှင် အမွေခံဥစ္စာ ရှိကြကုန်၏။ ကမ္မယောနီ = ကံသာလျှင် အကြောင်းရင်းစစ် ရှိကြကုန်၏။ ကမ္မဗန္ဓူ = ကံသာလျှင် အဆွေခင်ပွန်းစစ် ရှိကြကုန်၏။ ကမ္မပ္ပဋိသရဏာ = ကံသာလျှင် ပုန်းအောင်းလဲလျောင်း မှီခိုရာ ရှိကြကုန်၏။

ယဒိဒံ ဟီနပဏီတဘာဝေါ - ယော ဟီနပဏီတဘာဝေါ = အကြင် သတ္တဝါတို့၏ ယုတ်ညံ့မှု မြင့်မြတ်မှုစတဲ့ အဖြစ်သည်။ အတ္ထိ = ရှိ၏။ တံ = ထိုသတ္တဝါတို့ရဲ့ ယုတ်ညံ့မှု မြင့်မြတ်မှုဆိုတဲ့ သဘောတရားကို။ ကမ္မံ = ကံ သည်။ သတ္တေ = သတ္တဝါတို့ကို။ ဝိဘဇတိ = ခွဲခြားဝေဖန်၍ ပေးပေ၏။

သတ္တဝါတွေကို ကြည့်လိုက်တဲ့အခါ လောကမှာ ယုတ်ညံ့တဲ့ သတ္တဝါ ဆိုတာ ရှိတယ်၊ မွန်မြတ်တဲ့ သတ္တဝါဆိုတာ ရှိတယ်။ အဲဒီယုတ်ညံ့တဲ့ သတ္တဝါ တစ်ဦး ဖြစ်ပေါ်သွားအောင် မွန်မြတ်တဲ့သတ္တဝါတစ်ဦး ဖြစ်ပေါ်သွားအောင် ဘယ်သူက တည်ထောင် ဖန်ဆင်းပေးသလဲလို့မေးရင် ကံကပဲ တည်ထောင် ဖန်ဆင်းပေးတယ်။

တောဒေယျပုဏ္ဏားကြီး

ဒီစကားရပ်ကလေးက သုဘလုလင်ကို အကြောင်းပြုပြီးတော့ မြတ်စွာ ဘုရား ဟောကြားတော်မူတဲ့ ဒေသနာတော်တစ်ခု ဖြစ်ပါတယ်။ တစ်ချိန်မှာ သုဘလုလင်က မြတ်စွာဘုရားထံ ချဉ်းကပ်ပြီးတော့ မေးခွန်းတွေ မေးခဲ့ဖူးပါ တယ်။ မေးခွန်းမေးတာကလည်း အကြောင်းရှိပါတယ်။ တစ်နေ့ မြတ်စွာ ဘုရားက လောကကို ကြည့်ရှုလိုက်တဲ့ အချိန်အခါမှာ --- သုဘလုလင်ဟာ ဒီနေ့ သရဏဂုံ တည်တော့မယ်ဆိုတာကိုလည်း မြင်တော်မူတယ်။ သုဘ လုလင်ရဲ့ ဖခင်က တောဒေယျပုဏ္ဏား ဖြစ်ပါတယ်။ ဒီတောဒေယျပုဏ္ဏား ကြီးက ပသေဒနီကောသလမင်းကြီးရဲ့ ပုရောဟိတ်ပုဏ္ဏားကြီးလည်း ဖြစ်တယ်။ ပုရောဟိတ်ပုဏ္ဏားမင်းဆရာကြီး ဖြစ်တဲ့အတွက် ပသေနဒီကောသလမင်းကြီး က ဒီတောဒေယျပုဏ္ဏားကြီးကို တုဒိလို့ ခေါ်ဆိုအပ်တဲ့ ရွာကြီး တစ်ရွာကို အပိုင်စား ပေးသနားထားပါတယ်။ အဲဒီ တုဒိရွာကို အပိုင်စားရတဲ့အတွက် သူ့ကို တောဒေယျပုဏ္ဏား ဆိုပြီးတော့ ဒီလို ခေါ်တယ်။ ဒီတောဒေယျပုဏ္ဏား ကြီးမှာ သူ အင်မတန် ချစ်ခင်နှစ်သက်အပ်တဲ့ သုဘလို့ ခေါ်ဆိုအပ်တဲ့ သားငယ်ကလေးတစ်ဦး ရှိပါတယ်။ ငယ်ရွယ်စဉ်အခါကတည်းက ဒီသုဘက အလွန်တင့်တယ် လှပချောမွေ့တဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ခြင်းကြောင့် သူ့ကို သုဘ မာဏဝ - သုဘလုလင်လို့ ခေါ်တယ်။ အသက်အရွယ်ကြီးလာတော့လည်း ငယ်စဉ်ကခေါ်တဲ့ အသုံးအနှုန်းအတိုင်း သုဘမာဏဝဆိုပြီး ဒီလိုပဲ ခေါ်ဝေါ် သုံးနှုန်းထားတယ်။

ခုမြန်မာနိုင်ငံမှာ တချို့ကလေးတွေကို လူကလေးလို့ ခေါ်ဆိုကြတယ်၊။အသက်ကြီးလာတော့လည်း သူ့ကို ဦးလူကလေးလို့ပဲ ခေါ်ဆိုပြန်တယ်။ ဒီ ပုံစံအတိုင်းပဲ သူ့ကို သုဘလုလင်လို့ ခေါ်တယ်။ ဒါပေမဲ့ ဒီသုဘလုလင်ရဲ့ ဖခင်ဖြစ်တဲ့ တောဒေယျပုဏ္ဏားကြီးက တစ်နေ့ ကွယ်လွန်သွားတယ်။ ကွယ် လွန်သွားတဲ့ အချိန်မှာ သူက ဘာဖြစ်သွားသလဲ?

တောဒေယျဗြာဟ္မဏော ဓနလောဘေန အတ္တနောဝ ဃရေ သုနခေါ ဟုတွာ နိဗ္ဗတ္တော၊ (မ၊ဋ္ဌ၊၄၊၁၇၅။)

အဋ္ဌကထာက ဒီလို ဖွင့်ထားတယ်။ တောဒေယျပုဏ္ဏားကြီးက ဓန လောဘ = မိမိရဲ့ စည်းစိမ်ဥစ္စာတွေအပေါ်မှာ တွယ်တာတပ်မက်နေတဲ့ တဏှာလောဘကြောင့် မိမိရဲ့အိမ်မှာပဲ ပြန်ပြီးတော့ ခွေးဖြစ်ရတယ်။ သူ့မှာ စည်းစိမ်ဥစ္စာက ဘယ်လောက်ကြွယ်ဝချမ်းသာသလဲ ကြည့်လိုက်တော့ ကုဋေ (၈၀)၊ အဲဒီ ကုဋေ (၈၀)လောက်ကြွယ်ဝချမ်းသာနေတဲ့ ဒီတောဒေယျပုဏ္ဏား ကြီးက မိမိစည်းစိမ်ကို ထိခိုက်တာကို သည်းမခံနိုင်တဲ့ မစ္ဆရိယတရား လွှမ်းမိုး နေတဲ့အတွက် အနည်းငယ်သော်လည်း ပေးလှူမှု မရှိခဲ့ဘူး။ မပေးလှူရုံတွင် လားဆိုတော့ မကသေးဘူး၊ သူ့သားငယ်ဖြစ်တဲ့ သုဘလုလင်ကိုလည်း သူက အမြဲတမ်း ဆိုဆုံးမတယ်။ ဘယ်လို ဆိုဆုံးမသလဲ?

တောဒေယျပုဏ္ဏားကြီးရဲ့ ဆုံးမစကား

အဉ္ဇနာနံ ခယံ ဒိသွာ၊ ဝမ္မိကာနဉ္စ သဉ္စယံ။

မဓူနဉ္စ သမာဟာရံ၊ ပဏ္ဍိတော ဃရမာဝသေ။ (မ၊ဋ္ဌ၊၄၊၁၇၅။)

မျက်ရေးကွင်းနေတဲ့ မျက်စဉ်းညိုကျောက်ဆိုတာ ရှေးတုန်းက ရှိတယ်၊။အဲဒီမျက်စဉ်းညိုကျောက်က ရှေးတုန်းကတော့ အိန္ဒိယနိုင်ငံမှာ အသုံးများခဲ့ ပုံရတယ်။ ဒီကျောက်ကလေးကို သွေးပြီးတော့ ယခုကာလ လိုင်နာဆွဲတဲ့ ပုံစံလိုပေါ့၊ မျက်လုံးကို ကွင်းကြတယ်။ မျက်လုံးကို ကွင်းတဲ့ ကျောက်ညို ကလေး တစ်ခု ရှိတယ်၊ အဲဒီ ကျောက်ညိုကလေးကို သွေးပြီး ကွင်းကြတယ်။ အဲဒီကျောက်ညိုကို အဉ္ဇနလို့ ခေါ်ပါတယ်။ မျက်လုံးကလေးကို လိုင်နာ ဆွဲချင်ပြီဆိုလို့ရှိရင် ကျောက်ကလေးကို သွေးလိုက် မျက်လုံးကလေးကို ကွင်းလိုက်၊ နောက်တစ်ခါ လိုင်နာဆွဲချင်ပြန်တော့ ထပ်သွေးပြန်တယ်၊ မျက်လုံးကွင်းပြန်တယ်။ သွေးပါများလာရင် ဒီကျောက်ညိုကလေးဟာ ဘာဖြစ်သွားသလဲ? တဖြည်းဖြည်း ကုန်သွားတယ်။

ချစ်သား ...ဒီအတိုင်းပဲ၊ စည်းစိမ်ဥစ္စာဆိုတာ ပေးလှူဖန်များလာရင် ကုန်တာပဲ၊ ဘာမှ အကျိုးမရှိဘူး။ ဒါကြောင့် ဘာလုပ်ရမလဲ? [ဒီလို သားကို ဆုံးမတယ်။]

...ဝမ္မိကာနဉ္စ သဉ္စယံ။

မဓူနဉ္စ သမာဟာရံ၊ ...

ချစ်သား ...ခြတောင်ပို့တစ်ခုကို ကြည့်လိုက်၊ ခြတွေဟာ နည်းနည်း နည်းနည်း စုဖန်များလာရင် တစ်နေ့ ဘာဖြစ်လာသလဲ? တောင်ပို့ ဖြစ်လာ တယ်။ ပျားတွေကို ကြည့်လိုက်၊ တစ်နေ့ တစ်နေ့ နည်းနည်း နည်းနည်းနှင့် ပျားရည်တွေကို စုဖန်များလာရင် တစ်နေ့ ပျားရည်တွေ အများကြီးဖြစ်လာ တယ်။

ဒီအတိုင်းပဲ --- ပညာရှိတဲ့ ယောက်ျားတစ်ယောက်ဟာ အိမ်ရာတည် ထောင် လူ့ဘောင်မှာ စိုးအုပ်နေထိုင်ပြီဆိုရင် ခြကိုပုံပြု ပျားလိုစုရမယ်- စည်းစိမ်ဥစ္စာကို ဒီလိုစုရတယ်၊ ဘယ်တော့မှ မပေးလှူရဘူးလို့ သူက ဒီလို အမြဲတမ်း ဆုံးမတယ်။ အဲဒီလိုဆုံးမနေတဲ့ ပုဂ္ဂိုလ်က တစ်နေ့ ကွယ်လွန်ခါနီး ကျတော့ ဒီစည်းစိမ်ဥစ္စာတွေအပေါ်မှာ တွယ်တာတပ်မက်နေတဲ့ လောဘကို အကြောင်းခံပြီးတော့ မိမိအိမ်မှာပဲ ပြန်ပြီးတော့ ခွေးဖြစ်ရတယ်။

ဒီတရားနာပရိသတ်ထဲမှာ မိမိရဲ့စည်းစိမ်ဥစ္စာတွေအပေါ် တွယ်တာ တပ်မက်တဲ့ ပုဂ္ဂိုလ်တွေ မရှိနိုင်ဘူးလား? ရှိနိုင်တယ်။ ခုလို ခေတ္တခဏလာပြီး တရားအားထုတ်တဲ့ အချိန်အခါမှာတောင်မှ နှစ်ဆန်းတစ်ရက်လောက် နှစ် ရက်လောက်ကျရင် စျေးထွက်ရမယ်ဆိုတဲ့ စိတ်ထားဖြင့် စိတ်စောနေကြတဲ့ ပုဂ္ဂိုလ်တွေ မရှိကြဘူးလား? ရှိနေကြတယ်။ အပြီးအပိုင်ခွဲရတာ မဟုတ်သေး ဘူး၊ ခဏခေတ္တ ခွဲရတာ။ ခဏခေတ္တ ခွဲရမှာ ဒီလောက်တောင် စိတ်တွေက စွဲလမ်းနေသေးတယ်ဆိုရင် အပြီးအပိုင် နောင်တစ်ဖန်မတွေ့သော ခွဲခြင်းဖြင့် ခွဲရတော့မယ်ဆိုရင် စိတ်ဓာတ်တွေ ဘယ်လောက် စွဲလမ်းမလဲ? တွေးကြည့် ပေတော့။ အင်မတန်ကို နှစ်သက်နေတဲ့ စည်းစိမ်ဥစ္စာ, အင်မတန်ကို နှစ်သက် မြတ်နိုးနေတဲ့ သားတွေ သမီးတွေ ဇနီးတွေ၊ ဒီပုဂ္ဂိုလ်တွေနှင့် နောင်တစ်ဖန် မတွေ့တော့သော ခွဲခြင်းဖြင့် ခွဲရတော့မယ်, ဒီသက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုတွေနှင့် နောင်တစ်ဖန် မတွေ့တော့သော ခွဲခြင်းဖြင့် ခွဲရတော့မယ် ဆိုရင် ဘယ်လိုဖြစ်မလဲ? စဉ်းစားကြည့်ကြ၊ ကြိုတင်ခွဲထားဖို့ မကောင်းဘူး လား? ကောင်းတယ်။ ဘာကြောင့်လဲ? မခွဲနိုင်တဲ့ စိတ်ထားနှင့် သေခဲ့ရင် ခုနက တောဒေယျပုဏ္ဏားကြီး ခွေးဘဝရောက်သလို မိမိလည်း မရောက် နိုင်ဘူးလား? ရောက်သွားနိုင်တယ်။ သို့သော် ခွေးဆိုတာက ဒါ နည်းနည်း တော်သေးတယ်လို့ ပြောနိုင်တယ်၊ ဒီထက်အဆင့်နိမ့်တဲ့ ငရဲတို့ ဘာတို့လည်း ရောက်နိုင်ပါတယ်၊ ဒါကြောင့် အဲဒီ တောဒေယျပုဏ္ဏားကြီး သူ့အိမ်မှာ ခွေးဖြစ် နေတဲ့အခါ ဒီခွေးကိုလည်း ဒီသုဘလုလင်က သိပ်ချစ်တယ်၊ ကောင်းကောင်း ကျွေးတယ်၊ အိပ်ရာကောင်းကောင်းမှာပဲ အမြဲတမ်း သိပ်ထားတယ်၊ ဘဝချင်း က သိပ်နီးကပ်နေတာကိုး။

ဘုရားရှင် နှင့် သုဘလုလင်

ဘုရားရှင်က ထိုနေ့မှာ မဟာကရုဏာတော်သမာပတ်ကို ဝင်စားတော် မူပြီးနောက် လောကကို ကြည့်ရှုတော်မူလိုက်တော့ သုဘလုလင်လည်း သရဏဂုံ တည်လိမ့်မယ်၊ တောဒေယျပုဏ္ဏားကြီးကနေပြီးတော့ ဘဝပြောင်း သွားတဲ့ ဒီခွေးကြီးက သေပြီးတော့ ငရဲရောက်တော့မယ်ဆိုတာကိုလည်း မြတ်စွာဘုရား မြင်တော်မူတယ်။ မြင်တော်မူတဲ့အတွက် .. သုဘလုလင် အိမ်ကနေ လမ်းလျှောက်ထွက်တဲ့ အချိန်လောက် မှန်းမျှော်ပြီးတော့ မြတ်စွာ ဘုရားရှင်လည်း ထိုအိမ်ရှေ့သွားပြီးတော့ ဆွမ်းခံရပ်ပါတယ်။ ဆွမ်းရပ်လိုက်တဲ့ အချိန်အခါမှာ ဒီခွေးကြီးက မြတ်စွာဘုရားကို ဟောင်တယ်။ ဟောင်တော့ မြတ်စွာဘုရားကလည်း တောဒေယျ ...သင် ရှေးယခင် လူဖြစ်စဉ်အခါ တုန်းကလည်း ငါ့ကို ဘော ဘောနှင့် အော်အော်ပြောတယ်၊ အခုလည်း သင် ငါ့ကို ဟောင်နေပြီ၊ အဝီစိကို သွားလိမ့်မယ်လို့ အမိန့်ရှိသွားတယ်။ အဲဒီစကားကို ကြားလိုက်ရတဲ့အခါကျတော့ အိမ်မှာရှိနေတဲ့ အလုပ်သမား တွေက သုဘလုလင် ပြန်လာတဲ့အချိန်အခါမှာ အကျိုးအကြောင်းကို အားလုံး ပြန်ပြောပြကြတယ်။

ဘာဖြစ်လို့ပြန်ပြောရသလဲဆိုတော့ ဒီခွေးက အဲဒီစကား ကြားလိုက် တော့ -- ရဟန်းဂေါတမသည် ငါ့ကိုတော့ ကောင်းကောင်းသိလေပေါ့ --လို့ အသိတွေဝင်လာပြီး စိတ်မချမ်းမသာဖြစ်ကာ အိပ်ရာကောင်းကောင်းမှာ မနေတော့ပဲ အိပ်ရာထက်ကနေဆင်း - ဆင်းပြီးတဲ့ အချိန်အခါမှာ ပြာပုံထဲ မှာ သွားပြီးတော့လူးပြီး အိပ်နေတယ်။ သုဘလုလင် ပြန်လာတဲ့အခါမှာ ခွေး ပြာပုံထဲမှာ အိပ်နေတာမြင်တော့ အိမ်က အလုပ်သမားတွေကို မေးကြည့်တဲ့ အချိန်အခါမှာ အကျိုးအကြောင်းကို အလုပ်သမားတွေက ရှင်းပြတော့ စိတ် ထဲမှာတော့ မကောင်းဘူး။ ဒါပေမဲ့ သူက စိတ်ထဲမှာ မကျေမနပ်ဖြစ်နေတာနဲ့ မြတ်စွာဘုရားကို မုသာဝါဒနှင့် စွပ်စွဲမယ်ဆိုတဲ့ ရည်ရွယ်ချက်ဖြင့် မြတ်စွာ ဘုရားထံသွားတယ်။ ဘုရားထံသွားပြီး အကျိုးအကြောင်း မေးမြန်းလျှောက် ထားလိုက်တော့လည်း ဘုရားရှင်က ဟုတ်မှန်တဲ့အကြောင်း ပြန်လည်မိန့်ကြား လိုက်ပြီး ခိုင်လုံတဲ့ အထောက်အထား သက်သေတစ်ခုကို မြတ်စွာဘုရားက အမိန့်ရှိလိုက်ပါတယ်။

သင့်ဖခင် မကွယ်လွန်ခင်မှာ သင့်ကို မပြောကြားပဲနှင့် လျှို့ဝှက်ထားတဲ့ ပစ္စည်းဥစ္စာတွေ ရှိတယ်လို့ သင်မကြားဖူးဘူးလား? မေးကြည့်တော့ - ကြားဖူး တယ်လို့ လျှောက်ထားတယ်။ ဘာတွေရှိသလဲ? - လို့ ထပ်မေးတော့ သုဘ လုလင်က ဆက်လျှောက်ပြန်တယ် --- အဖိုးတစ်သိန်းတန်တဲ့ ရွှေခွက်, အဖိုး တစ်သိန်းတန်တဲ့ တန်ဆာ, အဖိုးတစ်သိန်းတန်တဲ့ ခြေနင်း, အဖိုးတစ်သိန်း တန်တဲ့ အသပြာ၊ အဲဒီပစ္စည်းဝတ္ထု အစုစုတွေကို မြှုပ်နှံတော့ထားခဲ့တယ်၊ ဒါပေမဲ့ ဘယ်နေရာမှာ မြှုပ်နှံသွားတယ်ဆိုတာကို ဖခင်က မပြောကြားသွား ခဲ့ဘူး -- လို့ သုဘလုလင်က ပြန်လည်လျှောက်ထားလိုက်တယ်။ အဲဒီ ပစ္စည်း ဝတ္ထုတွေ ရှိတဲ့အကြောင်းကို သုဘလုလင်က လျှောက်ထားတော့ ဘုရားရှင်က သုလလုလင်ကို အကြံပေးပြန်တယ် -- အဲဒီခွေးကို ရေမရောတဲ့ နို့ဃနာ ထမင်းကို ဝအောင်ကျွေး၊ ကျွေးပြီးတဲ့အချိန်အခါမှာ အိပ်ရာကောင်းကောင်း မှာသိပ်၊ သိပ်လို့ သူအိပ်မပျော့်တပျော်အချိန်မှာ အဲဒီခွေးကို သင်မေးကြည့်ပါ၊။အဲဒီခွေးက ပစ္စည်းတွေ ဘယ်နေရာမှာ မြှုပ်ထားတယ်ဆိုတာကို သူလိုက်ပြီး ပြလိမ့်မယ်။

အဲဒီလိုဘုရားရှင်က အမိန့်ရှိလိုက်တဲ့ အချိန်အခါမှာ သုဘလုလင်က စဉ်းစားတယ်၊ ကဲ ရှင်ဂေါတမ ပြောတဲ့စကား မှန်ခဲ့မယ်ဆိုရင်လည်း ငါ့ ပစ္စည်းတွေ ပြန်ရမယ်၊ မမှန်ဘူးဆိုလို့ရှိရင်လည်း ရှင်ဂေါတမကို မုသာဝါဒနှင့် ငါနှိပ်ကွပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ဖြင့် သူက အိမ်ကို ဝမ်းမြောက်ဝမ်းသာဖြင့် ပြန်သွားလိုက်တယ်။ ပြန်သွားပြီး မြတ်စွာဘုရား အမိန့်ရှိတဲ့အတိုင်း ခွေးကို ရေမရောတဲ့ နို့ဃနာဆွမ်းတွေကိုကျွေးတယ်၊ ကျွေးပြီးတဲ့အချိန်အခါကျတော့ အိပ်ရာကောင်းကောင်းမှာ သိပ်တယ်။ အိပ်မပျော့်တပျော်အချိန်မှာ ခွေးကို မေးလိုက်တဲ့အခါ - ဒီခွေးကနေပြီးတော့ စိတ်မချမ်းမသာနှင့် သုဘလုလင်ကို သူ့ပစ္စည်းတွေ မြှုပ်ထားတဲ့နေရာ အကုန်လုံးကို လိုက်ပြီးတော့ ခြေထောက်နှင့် ယက်ပြီးတော့ ပြတယ်။ အဲဒီအခါမှာ တူးဖော်ကြည့်လိုက်တဲ့ အချိန်အခါမှာ မြှုပ်နှံထားတဲ့ပစ္စည်းအားလုံး ပြန်ပြီးတော့ ရပါတယ်၊ ရလိုက်တဲ့အခါကျတော့ သုဘလုလင်လည်း စိတ်ထဲ ကျေနပ်သွားတယ်။ ကျေနပ်မှု ရရှိတဲ့အတွက် သူ ဘယ်လို စဉ်းစားသလဲ? --

ဘဝပဋိစ္ဆန္နံ နာမ ဧဝံ သုခုမံ ပဋိသန္ဓိအန္တရံ ပါကဋံ သမဏဿ ဂေါတမဿ၊ အဒ္ဓါ ဧသ သဗ္ဗညူ။ (မ၊ဋ္ဌ၊၄၊၁၇၆။)

ဘဝတစ်ခုဖြင့် ဖုံးကွယ်ထားအပ်တဲ့ ပဋိသန္ဓေတစ်ခု ခြားကွယ်နေတဲ့ ဒီလောက်သိမ်မွေ့တဲ့ အကြောင်းအရာတစ်ခုမည်သည် ရှင်ဂေါတမရဲ့ အသိ ဉာဏ်မှာ ထင်ရှားနေတယ်၊ မချွတ်ဧကန်အားဖြင့် ဤရှင်ဂေါတမဟာ သဗ္ဗညုသမ္မာသမ္ဗုဒ္ဓဘုရားရှင် ဖြစ်တော်မူပါပေတယ်လို့ ဆုံးဖြတ်ချက်ချနိုင်တဲ့အတွက် ဘုရားရှင်အပေါ်၌ သိပ်ကြည်ညိုသွားတယ်။ ဒါကြောင့် - သူက ပြဿနာ (၁၄)ရပ်ကို ပြုစီရင်လိုက်ပါတယ်။

ဒီသုဘလုလင်ဟာ အင်္ဂဝိဇ္ဇာအတတ်၌ ကျွမ်းကျင်တဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့သန္တာန်မှာ ဒီလို စိတ်အကြံအစည် ဖြစ်နေတယ်။ ဘယ်လိုဖြစ်သလဲ?

ဣဒံ ဓမ္မပဏ္ဏာကာရံ ဂဟေတွာ သမဏံ ဂေါတမံ ပေဥှ ပုစ္ဆိဿာမိ။

ဣဒံ ဓမ္မပဏ္ဏာကာရံ = ဤတရားလက်ဆောင်ကို။ ဂဟေတွာ = ယူဆောင်သွား၍။ သမဏံ ဂေါတမံ = ရဟန်းဂေါတမကို။ ပေဥှ = ပြဿနာ တို့ကို။ ပုစ္ဆိဿာမိ = မေးမြန်းလျှောက်ထားပေအံ့။

ဒီပြဿနာ (၁၄)ရပ်ဆိုတဲ့ တရားလက်ဆောင်ကို သယ်ဆောင်ပြီးတော့ ရဟန်းဂေါတမထံသို့ ချဉ်းကပ်ကာ ပြဿနာတို့ကို မေးမြန်းလျှောက်ထားမယ် ဒီလို နှလုံးပိုက်ကာ ဒုတိယအကြိမ် သွားခြင်းဖြင့် မြတ်စွာဘုရားထံသို့ ချဉ်း ကပ်ပါတယ်။ ခွေးလည်း သေပြီးတော့ ငရဲ ရောက်သွားတယ်ဆိုကြစို့။

ဘာကြောင့် သတ္တဝါတွေဟာ ယုတ်ညံ့ကြရသလဲ မြင့်မြတ်ကြရသလဲ?

အဲဒီအချိန်အခါမှာ --- သုဘလုလင်ကနေပြီးတော့ မြတ်စွာဘုရားထံ ချဉ်းကပ်ပြီးတော့ ဒီသတ္တဝါတွေ -- ယုတ်ညံ့တဲ့ သတ္တဝါတွေ ဖြစ်ရခြင်းရဲ့ အကြောင်း, မွန်မြတ်တဲ့သတ္တဝါတွေ ဖြစ်ရခြင်းရဲ့အကြောင်း၊ ဘာတွေအပေါ် အခြေခံပြီးတော့ ဖြစ်ပေါ်ရသလဲဆိုတာကို သူက မေးခွန်း (၁၄)ချက် စီရင် ပြီးတော့ မြတ်စွာဘုရားထံ လျှောက်ထားတယ်။ ဘယ်လို လျှောက်ထားသလဲ?

ကော နု ခေါ ဘော ဂေါတမ ဟေတု ကော ပစ္စယော၊ ယေန မနုဿာနံယေဝ သတံ မနုဿဘူတာနံ ဒိဿန္တိ ဟီနပ္ပဏီတတာ။ (မ၊၃၊၂၄၃။)

ဘော ဂေါတမ = အို အရှင်ဂေါတမ ...။ ယေန = အကြင် အကြောင်း တရားကြောင့် (ဝါ) အကြင် အထောက်အပံ့ကြောင့်။ မနုဿာနံယေဝ = လူတို့သည်သာလျှင်။ သတံ = ဖြစ်ကြပါကုန်လျက်။ မနုဿဘူတာနံ = လူသားဖြစ်၍ ဖြစ်ကြကုန်သော သူတို့၏။ ဟီနပ္ပဏီတတာ = အယုတ် အမြတ်တို့၏ အဖြစ်ကို။ ဒိဿန္တိ = တွေ့မြင်၍ နေကြရပါကုန်၏။ သော ဟေတု = ထိုယုတ်ညံ့သော သတ္တဝါဖြစ်ဖို့ရန်, မွန်မြတ်သော သတ္တဝါဖြစ်ဖို့ရန် တိုက်ရိုက်ဖြစ်ပေါ်စေတတ်တဲ့ ဟေတုအကြောင်းတရား ဇနကအကြောင်း တရားသည်ကား။ ကော နု ခေါ = အဘယ်ပါနည်း။ သော ပစ္စယော = ထိုယုတ်ညံ့တဲ့သတ္တဝါ မြင့်မြတ်တဲ့သတ္တဝါ ဖြစ်ဖို့ရာ အားပေးထောက်ပံ့နေတဲ့ ဥပတ္ထမ္ဘကအကြောင်းတရား ပစ္စယအကြောင်းတရားသည်ကား။ ကော နု ခေါ = အဘယ်ပါနည်း။

မြတ်စွာဘုရား ... လောကမှာ ယုတ်ညံ့တဲ့သတ္တဝါတွေလည်း ရှိကြ တယ်၊ မွန်မြတ်တဲ့ သတ္တဝါတွေလည်း ရှိကြတယ်။ ယုတ်ညံ့တဲ့သတ္တဝါတွေ ဖြစ်ဖို့ရာ မွန်မြတ်တဲ့သတ္တဝါတွေ ဖြစ်ဖို့ရာ တိုက်ရိုက်ဖြစ်ပေါ်စေတတ်တဲ့ ဟေတုအကြောင်းတရား ဇနကအကြောင်းတရားတွေက ဘာတွေပါလဲ၊ အားပေးထောက်ပံ့နေတဲ့ ဥပတ္ထမ္ဘကအကြောင်းတရား ပစ္စယအကြောင်းတရားတွေက ဘာတွေပါလဲလို့ မြတ်စွာဘုရားကို သူက မေးတယ်၊ ဆက်ပြီး တော့လည်း သူက လျှောက်ထားပြန်တယ်။

ပြဿနာ (၁၄) ချက်

ဒိဿန္တိ ဟိ ဘော ဂေါတမ မနုဿာ အပ္ပါယုကာ၊ ဒိဿန္တိ ဒီဃာယုကာ။ (မ၊၃၊၂၄၃။)

ဘော ဂေါတမ = အို အရှင်ဂေါတမ ...။ အပ္ပါယုကာ = တိုသော အသက်ရှိကြကုန်သော (ဝါ) အသက်တိုကြကုန်သော။ မနုဿာပိ = လူသား တို့ကိုလည်း။ ဒိဿန္တိ = တွေ့မြင်နေရပါကုန်၏။ ဒီဃာယုကာ = ရှည်သော အသက်ရှိကြကုန်သော (ဝါ) အသက်ရှည်ကြကုန်သော။ မနုဿာပိ = လူသားတို့ကိုလည်း။ ဒိဿန္တိ = တွေ့မြင်နေရပါကုန်၏။

အရှင်ဂေါတမ ...လောကမှာ အသက်ရှည်တဲ့ ပုဂ္ဂိုလ်တွေကိုလည်း တွေ့ရတယ်၊ အသက်တိုတဲ့ ပုဂ္ဂိုလ်တွေကိုလည်း တွေ့ရတယ်။

ဒိဿန္တိ ဗဝှါဗာဓာ၊ ဒိဿန္တိ အပ္ပါဗာဓာ။ (မ၊၃၊၂၄၃။)

ဘော ဂေါတမ = အို ရှင်ဂေါတမ ...။ ဗဝှါဗာဓာ = အနာရောဂါ များပြားသော လူသားတို့ကိုလည်း။ ဒိဿန္တိ = တွေ့မြင်ကြရပါကုန်၏။ အပ္ပါဗာဓာ = အနာရောဂါကင်းသော လူသားတို့ကိုလည်း။ ဒိဿန္တိ = တွေ့မြင် ကြရပါကုန်၏။

အနာရောဂါထူပြောတဲ့ပုဂ္ဂိုလ်တွေ လူသားတွေကိုလည်း တွေ့ရတယ်၊ အနာရောဂါကင်းနေတဲ့ လူသားတွေကိုလည်း တွေ့ရပါတယ်။

ဒိဿန္တိ ဒုဗ္ဗဏ္ဏာ၊ ဒိဿန္တိ ဝဏ္ဏဝန္တော။ (မ၊၃၊၂၄၃။)

ဘော ဂေါတမ = အို အရှင်ဂေါတမ ...။ ဒုဗ္ဗဏ္ဏာ = ရုပ်အဆင်း မလှကြကုန်သော လူသားတို့ကိုလည်း။ ဒိဿန္တိ = တွေ့မြင်၍ နေကြရပါကုန် ၏။ ဝဏ္ဏဝန္တော = ရုပ်အဆင်း လှပ၍ နေကြကုန်သော လူသားတို့ကိုလည်း။ ဒိဿန္တိ = တွေ့မြင်၍ နေကြရပါကုန်၏။

အဆင်းလှတဲ့ လူသားတွေကိုလည်းတွေ့ရတယ်၊ အဆင်းမလှတဲ့ လူ သားတွေကိုလည်း တွေ့ရတယ်။

ဒိဿန္တိ အပ္ပေသက္ခာ၊ ဒိဿန္တိ မဟေသက္ခာ။ (မ၊၃၊၂၄၃။)

အပ္ပေသက္ခာ = အခြွေအရံ အကျော်အစောနည်းပါးတဲ့ လူသားတို့ကို လည်း။ ဒိဿန္တိ = တွေ့မြင်ရပါကုန်၏။ မဟေသက္ခာ = အခြွေအရံ အကျော် အစော ကြီးမားတဲ့ပုဂ္ဂိုလ်တွေကိုလည်း။ ဒိဿန္တိ = တွေ့မြင်၍ နေကြရပါ ကုန်၏။

အခြွေအရံနည်းပါးတဲ့ပုဂ္ဂိုလ်, တန်ခိုးနည်းပါးတဲ့ပုဂ္ဂိုလ်, ကျော်စော သတင်း နည်းပါးနေတဲ့ ပုဂ္ဂိုလ်တွေကိုလည်း တွေ့ရပါတယ်၊ အခြွေအရံ များပြားနေတဲ့ပုဂ္ဂိုလ်, ဘုန်းတန်ခိုးကြီးမားနေတဲ့ပုဂ္ဂိုလ် ဒီလိုပုဂ္ဂိုလ်တွေကို လည်း လောကမှာ တွေ့နေရတယ်။

ဒိဿန္တိ အပ္ပဘောဂါ၊ ဒိဿန္တိ မဟာဘောဂါ။ (မ၊၃၊၂၄၃။)

အပ္ပဘောဂါ = နည်းပါးသော စည်းစိမ်ဥစ္စာ ရှိကြကုန်သော လူသား တို့ကိုလည်း။ ဒိဿန္တိ = တွေ့မြင်ကြရပါကုန်၏။ မဟာဘောဂါ = စည်းစိမ် ဥစ္စာ ပေါများကြွယ်ဝတဲ့ လူသားတို့ကိုလည်း။ ဒိဿန္တိ = တွေ့မြင်ကြရပါ ကုန်၏။

စည်းစိမ်ဥစ္စာနည်းပါးတဲ့ပုဂ္ဂိုလ် ဆင်းရဲတဲ့ပုဂ္ဂိုလ်တွေကိုလည်း တွေ့ရ တယ်, စည်းစိမ်ဥစ္စာပေါများကြွယ်ဝတဲ့ ချမ်းသာတဲ့ လူတွေကိုလည်း တွေ့ မြင်နေရတယ်တဲ့။

ဒိဿန္တိ နီစကုလီနာ၊ ဒိဿန္တိ ဥစ္စာကုလီနာ။ (မ၊၃၊၂၄၃။)

နီစကုလီနာ = ယုတ်ညံ့တဲ့ အမျိုးအနွယ်ရှိကြတဲ့ ပုဂ္ဂိုလ်တို့ကိုလည်း (ဝါ) အမျိုးယုတ်ညံ့တဲ့ ပုဂ္ဂိုလ်တို့ကိုလည်း။ ဒိဿန္တိ = တွေ့မြင်နေကြရပါကုန်၏။ ဥစ္စာကုလီနာ = အမျိုးမြင့်မြတ်တဲ့ ပုဂ္ဂိုလ်တို့ကိုလည်း။ ဒိဿန္တိ = တွေ့မြင်နေ ကြရပါကုန်၏။

အမျိုးမြတ်တဲ့ လူသားတွေ အမျိုးယုတ်ညံ့တဲ့ လူသားတွေကိုလည်း လောကမှာ တွေ့မြင်နေရပါတယ်။

ဒိဿန္တိ ဒုပ္ပညာ၊ ဒိဿန္တိ ပညဝန္တော။ (မ၊၃၊၂၄၃။)

ဒုပ္ပညာ = ပညာနည်းပါးသော ပုဂ္ဂိုလ်တို့ကိုလည်း။ ဒိဿန္တိ = တွေ့မြင် နေကြရပါကုန်၏။ ပညဝန္တော = ဉာဏ်ပညာကြီးမားသော ပုဂ္ဂိုလ်တို့ကိုလည်း။ ဒိဿန္တိ = တွေ့မြင်နေကြရပါကုန်၏။

လောကမှာ အသိအလိမ္မာဉာဏ်ပညာ အင်မတန် ထူထိုင်းတဲ့ အ-တဲ့ ပုဂ္ဂိုလ်တွေကိုလည်း တွေ့ရတယ်၊ ဉာဏ်ပညာ အလွန်ကြီးမားတဲ့ ဉာဏ်ပညာ အလွန်ထက်မြက်တဲ့ ပုဂ္ဂိုလ်တွေကိုလည်း လောကမှာ တွေ့မြင်နေရတယ်။

ကော နု ခေါ ဘော ဂေါတမ ဟေတု ကော ပစ္စယော၊ ယေန မနုဿာနံယေဝ သတံ မနုဿဘူတာနံ ဒိဿန္တိ ဟီနပ္ပဏီတတာတိ။ (မ၊၃၊၂၄၃။)

ဘော ဂေါတမ = အို အရှင်ဂေါတမ ...။ ယေန = အကြင် အကြောင်း တရားကြောင့် (ဝါ) အကြင် အထောက်အပံ့ကြောင့်။ မနုဿာနံယေဝ = လူသားတို့သည်သာလျှင်။ သတံ = ဖြစ်ကြပါကုန်လျက်။ မနုဿဘူတာနံ = လူသားတို့ ဖြစ်ကြကုန်သော သူတို့၏။ ဟီနပ္ပဏီတတာ = အယုတ် အမြတ်၏ အဖြစ်ကို။ ဒိဿန္တိ = တွေ့မြင်၍ နေကြရပါကုန်၏။ သော ဟေတု = ထို ယုတ်ညံ့သော သတ္တဝါ ဖြစ်ဖို့ရန်, မွန်မြတ်သော သတ္တဝါ ဖြစ်ဖို့ရန် တိုက်ရိုက် ဖြစ်ပေါ်စေတတ်သော ဟေတုအကြောင်းတရား ဇနကအကြောင်း တရားသည်ကား။ ကော နု ခေါ = အဘယ်ပါနည်း။ သော ပစ္စယော = ထို ယုတ်ညံ့သော သတ္တဝါ ဖြစ်ဖို့ရန်, မွန်မြတ်သော သတ္တဝါ ဖြစ်ဖို့ရန် အားပေး ထောက်ပံ့နေတဲ့ ဥပတ္ထမ္ဘကအကြောင်းတရား ပစ္စယအကြောင်းတရားသည် ကား။ ကော နု ခေါ = အဘယ်ပါနည်း။ ဣတိ = ဤသို့ မေးမြန်းလျှောက် ထားလိုက်လေပြီ။

ပေါင်းလိုက်တော့ ပြဿနာဘယ်နှစ်ချက်လဲ? (၁၄)ချက်။

ဘုရားရှင်၏ အဖြေ

ယုတ်ညံ့တဲ့သတ္တဝါ ဖြစ်ရခြင်း, မွန်မြတ်တဲ့သတ္တဝါ ဖြစ်ရခြင်းရဲ့ အ ကြောင်းအရင်းတွေဟာ ဘာတွေလဲ? ပြန်ပြီးတော့ မေးတယ်။ အဲဒီလို ပြဿနာ (၁၄)ခု မေးလိုက်တဲ့ အချိန်အခါကျတော့မှ မြတ်စွာဘုရားက -----

ကမ္မဿကာ မာဏဝ သတ္တာ ကမ္မဒါယာဒါ ကမ္မယောနီ ကမ္မဗန္ဓူ ကမ္မပ္ပဋိသရဏာ၊ ကမ္မံ သတ္တေ ဝိဘဇတိ ယဒိဒံ ဟီနပ္ပဏီတတာယာတိ။ (မ၊၃၊၂၄၄။)

မာဏဝ = သုဘလုလင် ...။ သတ္တာ = သတ္တဝါတို့သည်။ ကမ္မဿကာ = ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိကြပေကုန်၏။ ကမ္မဒါယာဒါ = ကံသာလျှင် အမွေခံဥစ္စာ ရှိကြပေကုန်၏။ ကမ္မယောနီ = ကံသာလျှင် အကြောင်းရင်းစစ် ရှိကြပေကုန်၏။ ကမ္မဗန္ဓူ = ကံသာလျှင် အဆွေခင်ပွန်းစစ် ရှိကြပေကုန်၏။ ကမ္မပ္ပဋိသရဏာ = ကံသာလျှင် ပုန်းအောင်းလဲလျောင်း မှီခိုရာ ရှိကြပေ ကုန်၏။ ကမ္မံ = ကံသည်။ သတ္တေ = သတ္တဝါတို့ကို။ ဟီနပ္ပဏီတတာယာ = အယုတ်အညံ့ဖြစ်ဖို့ အမွန်အမြတ်ဖြစ်ဖို့ရန်။ ဝိဘဇတိ = ခွဲခြားဝေဖန်၍ ပေးပေ၏။

ဒကာတော် သုဘလုလင် ...သတ္တဝါတွေဟာ ကံသာလျှင် ကိုယ်ပိုင် ဥစ္စာ ရှိကြတယ်၊ ကံသာလျှင် အမွေခံဥစ္စာ ရှိကြတယ်၊ ကံသာလျှင် အကြောင်း ရင်းစစ် ရှိကြတယ်၊ ကံသာလျှင် အဆွေခင်ပွန်းစစ် ရှိကြတယ်၊ ကံသာလျှင် ပုန်းအောင်းလဲလျောင်း မှီခိုရာ ရှိကြတယ်။ သတ္တဝါတစ်ဦး ယုတ်ညံ့ဖို့ရန် အတွက် ကံက ခွဲတမ်းချပေးပါတယ်။ သတ္တဝါတစ်ဦး မြင့်မြတ်ဖို့ရန်အတွက် ကံကပဲ ခွဲတမ်းချပေးပါတယ်လို့ --- ဒီလို မြတ်စွာဘုရားက အကျဉ်းချုပ် ဖြေတော်မူလိုက်တယ်။

ဘာဖြစ်လို့ အကျဉ်းချုပ်ဖြေရသလဲဆိုတော့ သတ္တဝါတွေဟာ တော်တော် လေး ခက်တယ်။ အထူးသဖြင့် ပုဏ္ဏားတွေပေါ့။ သူတို့က ဝေဒကျမ်းတွေကို ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေဖြစ်တော့ သူတို့ကို သူတို့ ပညာရှိလို့ ယူဆကြတယ်၊။အဲဒီလို ပညာရှိလို့ ယူဆနေတဲ့ ပုဂ္ဂိုလ်တွေကို မြတ်စွာဘုရားက များသော အားဖြင့် မာန်မာနကို ကျသွားအောင် အကျဉ်းချုပ်ကလေးကို ပထမ ဟော ပေးပါတယ်။ အကျဉ်းချုပ်ဟောပြီးမှ အကျယ်ကို နောက်ထပ် ထပ်ပြီးတော့ ဟောပေးပါတယ်။ ပထမကတည်းက အကျယ်ကို ဟောလိုက်ရင် သူတို့က ဘာပြောတတ်ကြသလဲ? - ဩော် ...ရှင်ဂေါတမဟောတဲ့ တရားတွေ ဒို့ သိပြီးသားတွေပဲလို့ သူတို့က ဒီလို လုပ်တတ်ကြတယ်။

လောကမှာ လူတွေက ခက်သားပဲ၊ စကားပြောကြည့်ရင် တွေ့ကြမှာ ပေါ့။ တချို့ စကားပြောလိုက်လို့ရှိရင် သူမသိတာ မရှိဘူး၊ သူအကုန်သိပြီး သားချည်းပဲ။ အဲဒီလို ပုဂ္ဂိုလ်တွေ လောကမှာ မရှိဘူးလား? ရှိကြပါတယ်၊။ဒီ အတိုင်းပဲ၊ ဒါကြောင့် မြတ်စွာဘုရားက ခပ်ကျဉ်းကျဉ်းပဲ ဟောလိုက်တော့ သူက နားမလည်ဘူး၊ နားမလည်တဲ့အတွက် မြတ်စွာဘုရား ...ဘုရားရှင် ဟောကြားတော်မူလိုက်တဲ့ တရားက သိပ်ကျဉ်းနေတယ်၊ တပည့်တော် နားမ လည်ဖြစ်နေပါတယ်၊ တပည့်တော် နားလည်နိုင်လောက်တဲ့ အခြင်းအရာ အားဖြင့် အကျယ်ဝေဖန်ပြီးတော့ ဟောကြားပြသ ဆိုဆုံးမပေးတော်မူပါလို့ ထပ်ပြီး - ဆိုဆုံးမပေးတော်မူရန်အတွက် မြတ်စွာဘုရားအား လျှောက်ထား တောင်းပန်တော့ ဘုရားရှင်ကလည်း အကျယ်ချဲ့ပြီးတော့ ထပ်ပြီး ဝေဖန်ပြီး ဟောကြားပေးတော်မူပါတယ်။ ဘယ်လိုဟောသလဲ?

မာဏဝ = ဒကာတော် သုဘလုလင် ...။ တေန ဟိ = ထိုသို့ ဖြစ်ခဲ့ပါ မူကား။ သုဏာဟိ = နာကြားပေတော့။ သာဓုကံ = ကောင်းမွန်ရိုသေစွာ။ မနသိကရောဟိ = နှလုံးသွင်းပေတော့။ ဘာသိဿာမိ = ငါဘုရား ဟော ကြားပြသဆိုဆုံးမပေးတော်မူပေအံ့။

ဒီလိုဆိုရင်တော့ နာပေေတော့၊ ငါဘုရား ဟောတော်မူမယ်တဲ့။ --

အသက်တိုရခြင်း၏ အကြောင်းရင်း

ဣဓ မာဏဝ ဧကစ္စော ဣတ္ထီ ဝါ ပုရိသော ဝါ ပါဏာတိပါတီ ဟောတိ၊ လုဒ္ဒေါ လောဟိတပါဏိ ဟတပဟတေ နိဝိဋ္ဌော အဒယာပန္နော ပါဏဘူတေသု၊ သော တေန ကမ္မေန ဧဝံ သမတ္တေန ဧဝံ သမာဒိန္နေန ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇတိ။ (မ၊၃၊၂၄၄။)

မာဏဝ = ဒကာတော် သုဘလုလင် ...။ ဣဓ = ဤလောက၌။ ဧကစ္စော = အချို့သော။ ဣတ္ထီ ဝါ = အမျိုးသမီးသည်သော်လည်းကောင်း။ ပုရိသော ဝါ = အမျိုးသားသည်သော်လည်းကောင်း။ ပါဏာတိပါတီ = သူ့အသက်ကို သတ်လေ့ရှိသည်။ ဟောတိ = ဖြစ်၏။ လုဒ္ဒေါ = ရက်စက် ကြမ်းကြုတ်သော စိတ်ထားရှိသည်။ ဟောတိ = ဖြစ်၏။ လောဟိတပါဏိ = သွေးစွန်းသောလက် အမြဲရှိသည်။ ဟောတိ = ဖြစ်၏။

သူ့အသက်ကို သတ်လေ့ရှိတယ်၊ ရက်စက်ကြမ်းကြုတ်တဲ့ စိတ်ထား ရှိနေပြန်တယ်၊ သူ့လက်ကို ကြည့်လိုက်လို့ရှိရင် သတ္တဝါတွေရဲ့ သွေးတွေနှင့် အမြဲတမ်း လိမ်းကျံ ပေကျံပြီးတော့ နေတယ်၊ သွေးစွန်းသောလက် အမြဲ ရှိတယ်။

မာဏဝ = ဒကာတော် သုဘလုလင် ...။ ဣဓ = ဤလောက၌။ ဧကစ္စော = အချို့သော။ ဣတ္ထိ ဝါ = အမျိုးသမီးသည်သော်လည်းကောင်း။ ပုရိသော ဝါ = အမျိုးသားသည်သော်လည်းကောင်း။ ပါဏာတိပါတီ = သူ့အသက်ကို သတ်လေ့ရှိသည်။ ဟောတိ = ဖြစ်၏။ လုဒ္ဒေါ = ရက်စက် ကြမ်းကြုတ်သော စိတ်ထားရှိသည်။ လောဟိတပါဏိ = သွေးစွန်းသော လက်ရှိသည်။ ဟတပဟတေ = သတ်ဖြတ်ညှဉ်းဆဲခြင်းအမှု၌။ နိဝိဋ္ဌော = သက်ဝင်၍တည်နေသည်။ ဟောတိ = ဖြစ်၏။ ပါဏဘူတေသု = သတ္တဝါတို့ အပေါ်၌။ အဒယာပန္နော = ကြင်နာသော စိတ်ထား မရှိသည်။ ဟောတိ = ဖြစ်၏။

သူတစ်ပါးတွေကို သတ်ဖြတ်ဖို့ ပုတ်ခတ်ဖို့ ညှဉ်းပန်းဖို့ နှိပ်စက်ဖို့မှာ သူ့စိတ်ဓာတ်က အမြဲတမ်း သက်ဝင်တည်နေတယ်။ လောကမှာ လူတွေ ကြည့်ပေါ့ - သူတစ်ပါးစိတ်ဆင်းရဲအောင် ပြောလိုက်ရ ဆိုလိုက်ရရင် အားရ ကျေနပ်တဲ့ပုဂ္ဂိုလ်တွေ မရှိကြဘူးလား? ရှိကြတယ်။ သူတစ်ပါးကို ညှဉ်းပန်းနေ ရတာ နှိပ်စက်နေရတာကိုပဲ စိတ်ထဲမှာ အင်မတန်အားရကျေနပ်နေတဲ့ ပုဂ္ဂိုလ် တွေလည်း ရှိနေကြပြန်တယ်။ အဲဒီလို သူတစ်ပါးတွေကို သတ်ဖြတ်ဖို့ ညှဉ်းပန်း ဖို့ နှိပ်စက်ဖို့ လုပ်ငန်းရပ်တွေအပေါ်၌ စိတ်ဓာတ်က အမြဲတမ်းသက်ဝင်တည် နေတယ်။ ကလေးဘဝကို ပြန်ကြည့်လိုက်ပေါ့ --- ပုစဉ်းကလေးတွေကိုဖမ်း, ပုစဉ်းဖင်မြီးကလေးတွေမှာ ကြိုးလေးချည် ခဲလေးဆွဲပြီး လွှတ်လိုက်ရမယ် ဆိုရင် စိတ်ထဲမှာ ဘယ့်နှယ်နေမလဲ? တော်တော်ပျော်ကြတယ်၊ ဟုတ်တယ် မဟုတ်လား? ဒီသတ္တဝါကလေးတွေကို ဟိုဟာနှင့် လိုက်ပြီးပုတ် ဒီဟာနှင့် လိုက်ပုတ် ဒီဟာနှင့်လိုက်ပစ် ခဲနှင့်ပစ် တုတ်နှင့်ရိုက် စသည်ဖြင့် ဒီလိုပြုလုပ်ရ တာကို စိတ်ထဲမှာ အင်မတန် ကျေနပ်ကြတယ်။ အဲဒီလို သတ္တဝါတွေကို ညှဉ်းပန်းနှိပ်စက်တဲ့အပေါ်၌ စိတ်ဓာတ်က အမြဲတမ်း ကိန်းဝပ်တည်နေတယ်၊။တချို့ သားလိုက်တတ်တဲ့ မုဆိုးကြည့်ပေါ့၊ --- ဒီလို မုဆိုးလုပ်ငန်းရပ်သည် မကောင်းဘူးဆိုတာကို ဆရာသမားတွေကသော်လည်းကောင်း, မိဘတွေက သော်လည်းကောင်း သွန်သင်ဆုံးမပေမယ်လို့ သူက ဒီလုပ်ငန်းခွင်အပေါ်၌ စိတ်ဓာတ်က အမြဲတမ်း ကိန်းဝပ်ပြီး တည်နေတယ်ဆိုရင် သူ့ကို ဒီလုပ်ငန်းရပ် တွေက တားမြစ်ဖို့ အင်မတန် ခက်ခဲတယ်။

အဲဒီအတိုင်းပဲ, အခုသတ္တဝါတစ်ဦးက ကြည့်လိုက်တော့ အမျိုးသမီးပဲ ဖြစ်ဖြစ် အမျိုးသားပဲဖြစ်ဖြစ် သူများအသက်ကို သတ်ရမှာ သိပ်ဝန်မလေး ဘူး၊ ခြင်တစ်ကောင်ကို သတ်လိုက်ရမှာ ဝန်မလေးဘူး၊ သူများ အတင်းအဖျင်း ပြောပြီးတော့ တစ်ယောက်ခေါင်း တစ်ယောက် သန်းရှာပြီး သန်းတုတ်ရမှာ လည်း ဝန်မလေးဘူး။ အဲဒီတော့ ရက်စက်ကြမ်းကြုတ်တဲ့ စိတ်ထား အမြဲရှိ နေတယ်၊ လက်ထဲမှာ သွေးတွေ အမြဲတမ်း စွန်းနေတယ်၊ သူတစ်ပါးတွေကို သတ်ဖြတ်ဖို့ ညှဉ်းပန်းဖို့ နှိပ်စက်ဖို့ဆိုတဲ့ လုပ်ငန်းရပ်တွေမှာ သက်ဝင်တည် နေတဲ့ စိတ်ထားရှိနေတယ်၊ သတ္တဝါတွေရဲ့အပေါ်၌ ကြင်နာတဲ့စိတ်ထား မရှိ ဘူး။ မရှိတော့ ဘာဖြစ်သလဲ?

သော တေန ကမ္မေန ဧဝံ သမတ္တေန ဧဝံ သမာဒိန္နေန ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇတိ။ (မ၊၃၊၂၄၄။)

သော = ထိုပါဏာတိပါတကံ ထူပြော၍နေတဲ့ ပုဂ္ဂိုလ်သည်။ ဧဝံ = ဤသို့။ သမတ္တေန = ပြည့်စုံ၍နေသော (ဝါ) ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်၍ ထားအပ်သော။ ဧဝံ = ဤသို့။ သမာဒိန္နေန = ကောင်းစွာ ဆောက်တည်၍ ထားအပ်သော။ တေန ကမ္မေန = ထိုပါဏာတိပါတကံကြောင့်။ တေန ကမ္မေန = ထိုအကုသိုလ်ကံကြောင့်။ ကာယဿ = ကိုယ်ခန္ဓာ၏။ ဘေဒါ = ပျက်စီးခြင်းကြောင့်။ ပရံ မရဏာ = စုတိပြတ်ကြွေသေလွန်သည်မှ နောက် ကာလ၌။ အပါယံ = ချမ်းသာဟူ၍ မြူငွေ့မျှ မရှိသော။ ဒုဂ္ဂတိံ = မကောင်းမှုပြုသူ ဒုစရိုက်သမားတို့၏ လားရောက်ရာ ဖြစ်သော။ ဝိနိပါတံ = အလိုအာသာ ဆန္ဒကင်းလျက် ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာ ဖြစ်သော။ နိရယံ = ငရဲသို့။ ဥပပဇ္ဇတိ = ကပ်ရောက်ရပေ၏။

ပါဏာတိပါတကံ ဦးဆောင်နေတဲ့ သူတစ်ပါးတွေကို ညှဉ်းပန်းနှိပ်စက် တဲ့ကံ၊ သတ္တဝါတွေ အပေါ်မှာ ကြင်နာတဲ့စိတ်ထားမရှိတဲ့ ဒီအကုသိုလ်ကံတွေ၊ အဲဒီကံတွေကို ပြည့်ပြည့်စုံစုံ ပြုကျင့်ထားတဲ့ ပြည့်ပြည့်စုံစုံဆောက်တည်ထား တဲ့ လွန်ကျူးထားတဲ့ ပုဂ္ဂိုလ်ဟာ ခန္ဓာကိုယ်ပျက်စီးပြီးသည်မှ နောက်ကာလ ၌ ချမ်းသာဟူ၍ မြူငွေ့မျှမရှိတဲ့ မကောင်းမှုပြုသူ ဒုစရိုက်သမားတို့ရဲ့ လားရောက်ရာဖြစ်တဲ့ အလိုအာသာဆန္ဒကင်းလျက် ဖရိုဖရဲပြိုကွဲပျက်စီးလျက် ကျ ရောက်ရာဖြစ်တဲ့ ငရဲသို့ ရောက်သွားတယ်။ ငရဲကို ဘယ်သူမှ မသွားချင်ဘူး၊ သွားလိုတဲ့ ဆန္ဒဓာတ် တစ်ဦးမှ မရှိဘူး။ ငရဲသွားလိုတဲ့ ဆန္ဒဓာတ် မရှိပေမဲ့ ရောက်မသွားရဘူးလား? ရောက်သွားရတယ်၊ ဘာကြောင့်လဲ?

သော တေန ဧဝံ သမတ္တေန ဧဝံ သမာဒိန္နေန ...

ဧဝံ သမတ္တေန = ဤသို့ ပြည့်ပြည့်စုံစုံ ပြုကျင့်၍ထားအပ်သော။ ဧဝံ သမာဒိန္နေန = ဤသို့ ပြည့်ပြည့်စုံစုံ ကောင်းစွာ ဆောက်တည်၍ ထားအပ် သော။ တေန ကမ္မေန = ထိုကံကြောင့် ...

ပြည့်ပြည့်စုံစုံ မိမိလွန်ကျူး၍ ထားအပ်တဲ့ အကုသိုလ်ကံ၊ ပါဏာတိပါတ ဦးဆောင်နေတဲ့ အကုသိုလ်ကံ၊ ပြည့်ပြည့်စုံစုံပြုကျင့်ထားတဲ့ ဆောက်တည် ထားတဲ့ ဒီအကုသိုလ်ကံကြောင့် ကိုယ်ခန္ဓာပျက်စီးပြီးသည်မှ နောက်ကာလ၌ ငရဲရောက်ရှိသွားပြီ၊ အကယ်၍ ငရဲမရောက်ခဲ့ဘူးဆိုရင် ဘာဖြစ်မလဲ? သို့မဟုတ် အကြောင်းမလှလို့ ငရဲက လွတ်လာပြီးတဲ့ အချိန်အခါမှာ ဘာဖြစ်မလဲ? လူ့ဘဝ ခုလို လူ့လောကရောက်လာတဲ့အခါ -----

နော စေ ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇတိ၊ သစေ မနုဿတ္တံ အာဂစ္ဆတိ၊ ယတ္ထ ယတ္ထ ပစ္စာဇာယတိ၊ အပ္ပါယုကော ဟောတိ။ အပ္ပါယုကသံဝတ္တနိကာ ဧသာ မာဏဝ ပဋိပဒါ ယဒိဒံ ပါဏာတိပါတီ ဟောတိ၊ လုဒ္ဒေါ လောဟိတပါဏိ ဟတပဟတေ နိဝိဋ္ဌော အဒယာပန္နော ပါဏဘူတေသု။ (မ၊၃၊၂၄၄။)

မာဏဝ = ဒကာတော် သုဘလုလင် ...။ ကာယဿ = ကိုယ်ခန္ဓာ၏။ ဘေဒါ = ပျက်စီးခြင်းကြောင့်။ ပရံ မရဏာ = စုတိပြတ်ကြွေသေလွန်သည်မှ နောက်ကာလ၌။ အပါယံ = ချမ်းသာဟူ၍ မြူငွေ့မျှ မရှိသော။ ဒုဂ္ဂတိံ = မကောင်းမှု ပြုသူ ဒုစရိုက်သမားတို့၏ လားရောက်ရာဖြစ်သော။ ဝိနိပါတံ = အလိုအာသာ ဆန္ဒကင်းလျက် ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာ ဖြစ်သော။ နိရယံ = ငရဲသို့။ နော စေ ဥပပဇ္ဇတိ = အကယ်၍ မကပ်ရောက် ရသည် ဖြစ်ငြားအံ့။

ငရဲသို့ အကယ်၍ ရောက်မသွားဘူးဆိုရင် ဘာဖြစ်သလဲ?

မနုဿတ္တံ = လူအဖြစ်သို့ (ဝါ) လူ့လောကသို့။ သစေ အာဂစ္ဆတိ = အကယ်၍ ရောက်ရှိလာခဲ့သည် ဖြစ်ငြားအံ့။ ယတ္ထ ယတ္ထ = အကြင်အကြင် ဘဝ၌။ ပစ္စာဇာယတိ = ပဋိသန္ဓေအားဖြင့် တစ်ဖန် ဖြစ်ပေါ်၍လာရပေ၏။ တတ္ထ တတ္ထ = ထိုပဋိသန္ဓေအားဖြင့် ဖြစ်ပေါ်၍လာရာ ဤလူ့လောက၌။ အပ္ပါယုကော = တိုသောအသက်ရှိသည် (ဝါ) အသက်တိုသည်။ ဟောတိ = ဖြစ်၏။

လူ့လောက အကြောင်းမလှလို့ ရောက်ရှိလာခဲ့မယ်ဆိုရင် - အကြောင်း ကတော့ လှသင့်သလောက်တော့ လှပါတယ်။ မလှဘူးဆိုတာက တစ်ဘက်က ပါဏာတိပါတကံတွေကလည်း လွန်ကျူးထားလို့ပြောတာ၊ ငရဲ မရောက်ဘဲနှင့် အကယ်၍ လူလောကရောက်ခဲ့မယ်ဆိုရင် ရောက်လေရာဘဝမှာ ဘာဖြစ် သလဲ? အပ္ပါယုကော ဟောတိ - အသက်တိုတယ်။

အပ္ပါယုကသံဝတ္တနိကာ ဧသာ မာဏဝ ပဋိပဒါ ယဒိဒံ ပါဏာတိပါတီ ဟောတိ၊ လုဒ္ဒေါ လောဟိတပါဏိ ဟတပဟတေ နိဝိဋ္ဌော အဒယာပန္နော ပါဏဘူတေသု။ (မ၊၃၊၂၄၄။)

မာဏဝ = ဒကာတော် သုဘလုလင် ...။ ယော = အကြင်သူသည်။ ပါဏာတိပါတီ = သူ့အသက်ကို သတ်လေ့ရှိသည်။ ဟောတိ = ဖြစ်၏။ လုဒ္ဒေါ = ရက်စက်ကြမ်းကြုတ်သော စိတ်ထား ရှိသည်။ ဟောတိ = ဖြစ်၏။ လောဟိတပါဏိ = သွေးစွန်းသောလက် ရှိသည်။ ဟတပဟတေ = သတ်ဖြတ်ညှဉ်းဆဲခြင်း လုပ်ငန်းရပ်၌။ နိဝိဋ္ဌော = သက်ဝင်၍ တည်နေသော စိတ်ထားရှိသည်။ ပါဏဘူတေသု = သတ္တဝါတို့အပေါ်၌။ အဒယာပန္နော = ကြင်နာခြင်း ကင်းသော စိတ်ထားရှိသည်။ ဟောတိ = ဖြစ်၏။ ဧသာ = ဤကဲ့သို့သော သူ့အသက်ကို သတ်ခြင်း အစရှိသော လုပ်ငန်းရပ်ကျင့်စဉ် သည်။ အပ္ပါယုကသံဝတ္တနိကာ = တိုသောအသက်ကို ဖြစ်စေတတ်သော။ ပဋိပဒါ = ကျင့်စဉ်သည်။ ဟောတိ = ဖြစ်ပါပေ၏။

အသက်တိုကြောင်းဖြစ်တဲ့ ကျင့်စဉ်ဟာ ဘာလဲ? သူ့အသက်ကို သတ် ခြင်း, သူတစ်ပါးတွေကို သတ်ဖြတ်ညှဉ်းပန်းနှိပ်စက်ခြင်း, သွေးစွန်းသော လက်ရှိခြင်း, သတ္တဝါတွေအပေါ်၌ ကြင်နာခြင်း ကင်းတဲ့ စိတ်ထားရှိခြင်း၊ -အဲဒီ စိတ်ထားတွေသည် ဘာဖြစ်သလဲ? အသက်တိုခြင်းရဲ့ အကြောင်းတစ်ခု ဖြစ်တယ်။ ဒါကြောင့် အသက်တိုတာဟာလည်း အကြောင်းမရှိဘူးလား? ရှိနေပါတယ်။ ဘာအကြောင်းလဲ? ကံပဲ။ ကဲ -- အသက်တိုတာ အကြောင်း ရှိသလို အသက်ရှည်တာကျတော့ကော အကြောင်းမရှိဘူးလားဆိုတော့ --အကြောင်းရှိပြန်တယ်။

အသက်ရှည်ရခြင်း၏အကြောင်း

ဣဓ ပန မာဏဝ ဧကစ္စော ဣတ္ထီ ဝါ ပုရိသော ဝါ ပါဏာတိပါတံ ပဟာယ ပါဏာတိပါတာ ပဋိဝိရတော ဟောတိ၊ နိဟိတဒဏ္ဍော နိဟိတသတ္ထော လဇ္ဇီ ဒယာပန္နော သဗ္ဗပါဏဘူတဟိတာနုကမ္ပီ ဝိဟရတိ၊ (မ၊၃၊၂၄၄။)

မာဏဝ = ဒကာတော် သုဘလုလင် ...။ ဣဓ ပန = ဤလောက၌ ကား။ ဧကစ္စော = အချို့သော။ ဣတ္ထိ ဝါ = အမျိုးသမီးသည်သော် လည်းကောင်း။ ပုရိသော ဝါ = အမျိုးသားသည်သော်လည်းကောင်း။ ပါဏာတိပါတံ = သူ့အသက်သတ်ခြင်းကို။ ပဟာယ = စွန့်ပယ်၍။ ပါဏာတိပါတာ = သူ့အသက်သတ်ခြင်းမှ။ ပဋိဝိရတော = ရှောင်ကြဉ်သည်။ ဟောတိ = ဖြစ်၏။ နိဟိတဒဏ္ဍော = ချထားအပ်ပြီးသော တုတ်ရှိသည် ဖြစ်၍။ နိဟိတသတ္ထော = ချထားအပ်ပြီးသော လက်နက်ရှိသည်ဖြစ်၍။ လဇ္ဇီ = မကောင်းမှုအကုသိုလ် ဒုစရိုက်တို့၌ ရှက်သောစိတ်ထားရှိသည်ဖြစ်၍။ ဒယာပန္နော = သတ္တဝါတို့အပေါ်၌ သနားခြင်းသို့ ရောက်ရှိသည်ဖြစ်၍။ သဗ္ဗပါဏဘူတဟိတာနုကမ္ပီ = အလုံးစုံသော သတ္တဝါတို့၏ အကျိုးစီးပွားကို အစဉ်စောင့်ရှောက်ခြင်း ကရုဏာတရားနှင့် ပြည့်စုံသည်ဖြစ်၍။ ဝိဟရတိ = နေထိုင်၏။

ပုဂ္ဂိုလ်တစ်ဦးကို ကြည့်လိုက်ပါ၊ အမျိုးသမီးပဲဖြစ်ဖြစ် အမျိုးသားပဲဖြစ် ဖြစ် --- ဒီလူ့လောကမှာ နေထိုင်တဲ့အချိန်အခါမှာ သူ့အသက်ကို ဘယ်တော့မှ မသတ်ဘူး၊ သူ့အသက်သတ်ခြင်းဆိုတဲ့ လုပ်ငန်းရပ်ကို သူက ရှောင်ကြဉ် ထားတယ်၊ ပယ်စွန့်ထားတယ်၊ သူတစ်ပါးတွေကို ညှဉ်းပန်းနှိပ်စက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ဖြင့် တုတ်ဘယ်တော့မှ မကိုင်ဘူး၊ တုတ်ကို အမြဲတမ်း ချထား တယ်၊ သူတစ်ပါးတွေကို သတ်ဖြတ်ဖို့ ညှဉ်းပန်းဖို့ နှိပ်စက်ဖို့ဆိုတဲ့ ရည်ရွယ် ချက်ဖြင့် လက်နက်ကို ဘယ်တော့မှမကိုင်ဘူး၊ လက်နက်ကို အမြဲတမ်းချထား တယ်၊ သတ္တဝါတွေအပေါ်၌ ကြင်နာသနားတတ်တဲ့ ကရုဏာနှင့် ယှဉ်တဲ့ စိတ်ထား အမြဲရှိတယ်၊ သတ္တဝါတွေရဲ့ အကျိုးစီးပွားကို လိုလားတောင့်တနေ တဲ့ အစဉ်သနားစောင့်ရှောက်နေတဲ့ စိတ်ဓာတ်တွေ အမြဲတမ်း ရှိနေတယ်၊ တစ်ဘက်သားကို အမြဲတမ်း ကူညီဖို့အသင့်ပဲ၊ တစ်ဘက်သားအပေါ်ကနေ ပြီးတော့ မိမိက အမြတ်ထုတ်ယူဖို့ဆိုတဲ့ စိတ်ထား မရှိဘူး၊ တစ်ဘက်သားရဲ့ အကျိုးစီးပွားကိုသာ မိမိက အမြဲတမ်း ရွက်ဆောင်ပေးလိုတဲ့ စိတ်ထားရှိတယ်၊ နှိုင်းယှဉ်ကြည့်စမ်း၊ ဘယ်စိတ်ထားက မွန်မြတ်သလဲ?

တစ်ဘက်သား မျက်ရည်ကြီးငယ် ကျစေတဲ့ စိတ်ထားက တစ်ဘက်၊ တစ်ဘက်သားအပေါ်မှာ ဆင်းရဲဒုက္ခမှ ထုတ်ဆောင်ကယ်တင်လိုတဲ့ စိတ် ထားက တစ်ဘက်၊ နှစ်ဘက်ရှိတယ်။ ဘယ်စိတ်ထားက ပိုကောင်းမလဲ? စဉ်းစားကြည့်ပေါ့ -- အခုအချိန်အခါမှာ မိမိတို့က ဘာလုပ်နေကြတာလဲ? ကံတွေကို ထူထောင်နေကြတာပဲ၊ ဆန်းကြယ်တဲ့ ပန်းချီကားချပ်ကလေးတွေ ကို ရေးဆွဲနေကြတာပဲ။ ဒီလို ကံတွေကို ထူထောင်နေကြတာဖြစ်လို့ ကံဆန်း ကြယ်ပုံနှင့် ပတ်သက်ပြီး ခုဟောနေတာ။

ကံဆန်းကြယ်လို့ရှိရင် သတ္တဝါတွေ ဆန်းကြယ်တယ်ဆိုတော့ ဒီကံ တရား ဆန်းကြယ်အောင် ဘယ်သူက ပြုပြင်ဖန်တီးပေးသလဲလို့ မေးတော့ စိတ်ဓာတ်က ပြုပြင်ဖန်တီးပေးနေတာ။ စိတ်ဓာတ်တွေ ဆန်းကြယ်ပြီဆိုရင် သတ္တဝါတွေ ပြုလုပ်ဖန်တီးနေတဲ့ ကံတွေ ဆန်းကြယ်သွားတယ်။ ကံတွေ ဆန်းကြယ်ပြီဆိုလို့ရှိရင် အကျိုးပေးတာလည်း ဆန်းကြယ်သွားတယ်။ အကျိုး ပေးချင်းတွေ တူညီမလား? မတူညီတော့ဘူး။ မတူညီပုံနှင့် ပတ်သက်ပြီး တော့ မြတ်စွာဘုရားရှင်က ဒီဂဒ္ဒုလဗဒ္ဓသုတ္တန်မှာ ဥပမာကလေးနှင့် ဟော ကြားထားတော်မူပါတယ်။

ပန်းချီကားချပ်ကို ရေးဆွဲနေချိန်

သေယျထာပိ ဘိက္ခဝေ ရဇကော ဝါ စိတ္တကာရကော ဝါ ရဇနာယ ဝါ လာခါယ ဝါ ဟလိဒ္ဒိယာ ဝါ နီလိယာ ဝါ မဉ္ဇိဋ္ဌာယ ဝါ သုပရိမဋ္ဌေ ဖလကေ ဝါ ဘိတ္တိယာ ဝါ ဒုဿပဋ္ဋေ ဝါ ဣတ္ထိရူပံ ဝါ ပုရိသရူပံ ဝါ အဘိနိမ္မိနေယျ သဗ္ဗင်္ဂပစ္စင်္ဂိံ။ (သံ၊၂၊၁၂၄။)

ဘိက္ခဝေ = ချစ်သား ရဟန်းတို့ ...။ သေယျထာပိ = ဖြစ်သင့်ဖြစ်ရာ နှိုင်းခိုင်းဖွယ်ရာ လောကဥပမာသည်ကား။ ရဇကော ဝါ = ဆေးဆိုးပန်းရိုက် သမားသည်သော်လည်းကောင်း။ စိတ္တကာရကော ဝါ = ပန်းချီဆေးရေး ဆရာသည်သော်လည်းကောင်း။ ရဇနာယ ဝါ = ဆိုးရည်ဖြင့်သော်လည်း ကောင်း။ လာခါယ ဝါ = ချိတ်ရည်ဖြင့်သော်လည်းကောင်း။ ဟလိဒ္ဒိယာ ဝါ = နနွင်းဖြင့်သော်လည်းကောင်း။ နီလိယာ ဝါ = အညိုရောင်ဖြင့်သော် လည်းကောင်း။ မဉ္ဇိဋ္ဌာယ ဝါ = ညိုဝါရောပေါင်း မောင်းသောအရောင်ဖြင့် သော်လည်းကောင်း။ သုပရိမဋ္ဌေ = ကောင်းစွာ အပြေအပြစ် ပြုပြင်၍ ထားအပ်သော။ ဖလကေ ဝါ = ပျဉ်ပြားထက်၌သော်လည်းကောင်း။ ဘိတ္တိယာ ဝါ = နံရံပေါ်၌သော်လည်းကောင်း။ ဒုဿပဋ္ဋေ ဝါ = ပိတ်ကားချပ် ပေါ်၌သော်လည်းကောင်း။ သဗ္ဗင်္ဂပစ္စင်္ဂိံ = အလုံးစုံသော ကိုယ်အင်္ဂါကြီး ငယ်တို့နှင့် ပြည့်စုံ၍နေသော။ ဣတ္ထိရူပံ ဝါ = အမျိုးသမီးရုပ်ပုံကိုသော် လည်းကောင်း။ ပုရိသရူပံ ဝါ = အမျိုးသားရုပ်ပုံကိုသော်လည်းကောင်း။ အဘိနိမ္မိနေယျ = ဖန်ဆင်း ရိုက်ချယ် ရေးချယ်လေရာ၏။

ကျွမ်းကျင်တဲ့ ဆေးဆိုးပန်းရိုက်သမား တစ်ဦးပေါ့၊ များသောအားဖြင့် ဆေးဆိုးပန်းရိုက်သမားတွေကတော့ ပိတ်ကလေးကို ဆေးဆိုး ပန်းရိုက် လုပ်ငန်း ပြုလုပ်ကြပါတယ်။ ဒီတော့ ပိတ်ကားချပ်တစ်ခုပေါ်မှာ ကျွမ်းကျင် တဲ့ ပုဂ္ဂိုလ်က ဆေးဆိုးပန်းရိုက်လုပ်ငန်း ပြုလုပ်တယ်၊ အလားတူပဲ နံရံပေါ် မှာပဲဖြစ်စေ, ပျဉ်ပြားချပ်တစ်ခုပေါ်မှာပဲဖြစ်စေ, ပိတ်ကားချပ်တစ်ခုပေါ်မှာပဲ ဖြစ်စေ ကျွမ်းကျင်လိမ္မာတဲ့ ပန်းချီဆရာတစ်ဦးကလည်း ပန်းချီရုပ်တွေ ရေးဆွဲ တယ်၊ အဲဒီလို ရေးဆွဲလိုက်တဲ့ အချိန်အခါမှာ ကိုယ်အင်္ဂါကြီးငယ်တို့ဖြင့် အလုံးစုံ ပြည့်စုံနေတဲ့ အမျိုးသမီးရုပ်ပုံ တစ်ခုကို ရေးဆွဲတယ်၊ သို့မဟုတ် အမျိုးသားရုပ်ပုံ တစ်ခုကို ရေးဆွဲတယ်။

အဲဒီလို ရေးဆွဲလိုက်တဲ့ အချိန်အခါမှာ ရေးဆွဲနေတဲ့ ဆေးဆိုးပန်းရိုက် သမား သို့မဟုတ် ပန်းချီဆရာက ကျွမ်းကျင်ရင် ဘာဖြစ်သလဲ? အင်မတန် အချိုးကျအဆင်ပြေတဲ့ အမျိုးသမီးရုပ်ပုံ သို့မဟုတ် အမျိုးသားရုပ်ပုံတွေ ဒီ ပန်းချီကားချပ်ထဲမှာ ပေါ်လာတယ်။ ရေးဆွဲလိုက်တဲ့ ဆေးဆိုးပန်းရိုက်သမား သို့မဟုတ် ပန်းချီဆရာက မကျွမ်းကျင်တဲ့ပုဂ္ဂိုလ်ဖြစ်ခဲ့မယ်ဆိုရင်တော့ ဘာဖြစ် သလဲ? အင်မတန် အကျည်းတန်အရုပ်ဆိုးနေတဲ့ အမျိုးသမီးရုပ်ပုံ သို့မဟုတ် အမျိုးသားရုပ်ပုံတွေ ဒီပန်းချီကားချပ်ထဲမှာ ပေါ်မလာနိုင်ဘူးလား? ပေါ်လာ နိုင်တယ်။

ဒီပုံစံအတိုင်းပဲ၊ ခုအချိန်အခါမှာ သတ္တဝါတွေဟာ ပန်းချီကားချပ် ကလေးတွေ၊ ကိုယ်ပိုင်ပန်းချီကားချပ်ကလေးတွေကို ခုအခါရေးဆွဲနေတဲ့ အချိန်ပဲ။ အဲဒီမှာ မိမိတို့ရဲ့ ကိုယ်ပိုင်ပန်းချီကားချပ်ကလေးကို ရေးပြီဆိုလို့ ရှိရင် ဒီပန်းချီကားချပ်ထဲမှာ မိမိက ကျွမ်းကျွမ်းကျင်ကျင် ရေးနိုင်မယ်ဆိုရင် အင်မတန် လှပချောမောတဲ့ အမျိုးသမီးရုပ်ပုံ သို့မဟုတ် အမျိုးသားရုပ်ပုံ ပေါ်လာမယ်၊ မကျွမ်းမကျင် မလိမ္မာဘဲနှင့် သွားပြီး ရေးဆွဲလိုက်မယ်ဆိုလို့ ရှိရင် အင်မတန် အကျည်းတန် အရုပ်ဆိုးနေတဲ့ ရုပ်ပုံတွေ ပေါ်မလာနိုင် ဘူးလား? ပေါ်လာနိုင်တယ်။

အဲဒီပုံစံအတိုင်းပဲ အခုမိမိတို့က ကံတွေကို တည်ထောင်ဖန်ဆင်းနေ ကြတာဖြစ်တယ်။ အဲဒီကံတွေကို တည်ထောင်ဖန်ဆင်းနေတဲ့ အချိန်အခါက လေးမှာ မိမိတို့ရဲ့ တည်ထောင်ဖန်ဆင်းမှုက မကျွမ်းမကျင် မလိမ္မာလို့ စိတ် ထားတွေက အင်မတန် ညံ့ဖျင်းနေလို့ရှိရင် နောင်တစ်ချိန် ဘဝတစ်ခုလို့ ခေါ်ဆိုအပ်တဲ့ ပန်းချီကားချပ်ထဲမှာ ပေါ်လာမည့် ရုပ်ပုံတွေက ဘယ်လို ရုပ်ပုံတွေ ဖြစ်မလဲ? အင်မတန် အကျည်းတန်တဲ့ အရုပ်ဆိုးတဲ့ ပုံစံကလေးတွေ ပေါ်လာနိုင်တယ်။ ကံကို ထူထောင်ခဲ့စဉ်တစ်ချိန်က ကျွမ်းကျွမ်းကျင်ကျင် လိမ်လိမ်မာမာနှင့် မိမိတို့က ရေးဆွဲနိုင်ခဲ့မယ်ဆိုရင်တော့ ဘာဖြစ်မလဲ? ဘဝဇာတ်ခုံလို့ ခေါ်ဆိုအပ်တဲ့ ပိတ်ကားချပ်ပေါ်မှာ အင်မတန် ချောမော လှပနေတဲ့ အမျိုးသမီးရုပ်ပုံ သို့မဟုတ် အမျိုးသားရုပ်ပုံကလေးတွေ ပေါ်လာ နိုင်တယ်။

ခုဒီမှာ ပညာမျက်စိကာဏ်းနေတဲ့ အန္ဓဗာလ ပုထုဇန် ငမိုက်သားဆိုတာရှိတယ်။ ပရမတ် ဉာဏ်ပညာမျက်စိ မရှိဘူး၊ ရုပ်တရားတွေကို ဟုတ်တိုင်း မှန်စွာ မသိဘူး၊ နာမ်တရားတွေကို ဟုတ်တိုင်းမှန်စွာ မသိဘူး၊ အကြောင်း တရား အကျိုးတရားတွေကို ဟုတ်တိုင်းမှန်စွာ မသိဘူး၊ အကြောင်းတရားနှင့် တကွ ဒီရုပ်နာမ်တို့ရဲ့ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်ကို ဟုတ် တိုင်းမှန်စွာ မသိဘူး၊ အဲဒီလို မသိတာတွေကို တစ်ပုံကြီးထမ်းထားနေတဲ့ ဒီ ပုထုဇန် ငမိုက်သားက သူတည်ထောင် ဖန်ဆင်းလိုက်မယ်ဆိုလို့ရှိရင် ဘာကို သာ သူတည်ထောင် ဖန်ဆင်းလို့ရမလဲ?

ပုထုဇန်ငမိုက်သား ရေးဆွဲနိုင်တဲ့ ပန်းချီကားချပ်

ဧဝမေဝ ခေါ ဘိက္ခဝေ အဿုတဝါ ပုထုဇ္ဇနော ရူပညေဝ အဘိနိဗ္ဗတ္တေန္တော အဘိနိဗ္ဗတ္တေတိ။ ဝေဒနညေဝ။ ပ ။ သညညေဝ။ သင်္ခါရေယေဝ။ ဝိညာဏညေဝ အဘိနိဗ္ဗတ္တေန္တော အဘိနိဗ္ဗတ္တေတိ။ (သံ၊၂၊၁၂၄။)

ဘိက္ခဝေ = ချစ်သား ရဟန်းတို့ ...။ ဧဝမေဝ ခေါ = ဤဥပမာအတူ သာလျှင်။ အဿုတဝါ = အာဂမသုတ အဓိဂမသုတဟု ခေါ်ဆိုအပ်သော အကြားအမြင် ဗဟုသုတ မရှိသော ...

အာဂမသုတဆိုတာက သင်သိကို ပြောတာ၊ ခန္ဓာ-အာယတန-ဓာတ်- သစ္စာ-ကြောင်းကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတွေကို သင်သိ အနေနှင့် သိတာ။ အဓိဂမသုတဆိုတာက အဲဒီ ခန္ဓာ-အာယတန-ဓာတ်- သစ္စာ-ကြောင်းကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတွေကို ကျင့်သိ အနေနှင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်ပြီး သိတာ။ အဲဒီ အကြားအမြင် ဗဟုသုတ မရှိဘူး။ ရှေးတုန်းကတော့ -- ဒီခန္ဓာ-အာယတန-ဓာတ်-သစ္စာ ကြောင်းကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတွေကို သိရှိရေးအတွက် ဆရာသမားတွေထံမှာ သွားပြီးတော့ သင်တဲ့အခါ ခုလို စာအုပ်တွေနှင့် မသင်ကြားရဘူး၊ ဆရာသမားကလည်း အလွတ်ချပေးတယ်၊ တပည့်ကလည်း အလွတ်လိုက်ပြီးတော့ ဆိုရတယ်။ ဆရာသမားပြောတာကို နားနှင့်နားထောင် ပြီး ကြားတဲ့အခါကျမှ သင်ယူရတဲ့ စနစ်ဖြစ်လို့ အဲဒါကိုတော့ အကြားသုတ၊ အဲဒီအကြားသုတအနေနှင့် သင်ပြီးတဲ့ ဒီခန္ဓာ-အာယတန-ဓာတ်-သစ္စာ ပဋိစ္စသမုပ္ပါဒ်သဘောတရားတွေကို သင်သိအဆင့်ကနေပြီးတော့ မိမိကတစ်ဆင့် တက်ပြီး ကျင့်သိအနေနှင့် သိအောင်ကြိုးစားရတယ်။ အဲဒီလို ကြိုးစားလိုက်တဲ့ အပိုင်းမှာ တကယ်တမ်း လက်တွေ့အားဖြင့် ဒီခန္ဓာ-အာယတန-ဓာတ်-သစ္စာ-ပဋိစ္စသမုပ္ပါဒ်သဘောတရားတွေကို မိမိက သမ္မာဒိဋ္ဌိဉာဏ်ပညာနှင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်သိပြီဆိုရင်တော့ ဒါကို အဓိဂမသုတလို့ခေါ်ပါတယ်၊

အဲဒီ အာဂမသုတကိုတော့ သင်သိဖြစ်လို့ အကြား၊ အဓိဂမသုတ ကိုတော့ ကျင့်သိဖြစ်လို့ ဉာဏ်နှင့်မြင်လို့ အမြင်ဆိုပြီး ဒီလိုဘာသာပြန်ဆိုထား တော်မူကြတယ်၊ အဲဒီ အကြားနှင့် အမြင် နှစ်ခုပေါင်းပြီးတော့ ဒီဗဟုသုတ ဆိုတဲ့ စကားလုံးကို ရှေးရှေးဆရာတော်ဘုရားကြီးတို့က အကြားအမြင် ဗဟု သုတရှိသော- ဆိုပြီး ဒီလို ဘာသာပြန်ဆိုထားတော်မူကြတယ်။ ခုဒီနေရာမှာ ပြောင်းပြန်ပေါ့၊ အဿုတဝါ ကျတော့ အဲဒီ အကြားအမြင် ဗဟုသုတ လုံးလုံးမရှိဘူးတဲ့နော်။ ဒါကြောင့် -----

ဘိက္ခဝေ = ချစ်သား ရဟန်းတို့ ...။ ဧဝမေဝ ခေါ = ဤဥပမာအတူ သာလျှင်။ အဿုတဝါ = အာဂမသုတ အဓိဂမသုတဟု ခေါ်ဆိုအပ်သော အကြားအမြင် ဗဟုသုတ မရှိသော။ ပုထုဇ္ဇနော = ပညာမျက်စိ ကာဏ်း၍ နေတဲ့ အန္ဓဗာလ ပုထုဇန်ငမိုက်သားသည်။ အဘိနိဗ္ဗတ္တေန္တော = ဖြစ်စေ ခဲ့သည်ရှိသော် (ဝါ) ဖြစ်အောင်လုပ်ခဲ့သည်ရှိသော်။ ရူပညေဝ = ရုပ်တရားကို သာလျှင်။ အဘိနိဗ္ဗတ္တေတိ = ဖြစ်စေနိုင်၏။

သူဖြစ်အောင်လုပ်နိုင်တာ ဘာတွေသာ ဖြစ်အောင် လုပ်နိုင်သလဲ? ရုပ်တရားကိုသာ ဖြစ်အောင်လုပ်နိုင်တယ်။

အဘိနိဗ္ဗတ္တေန္တော = ဖြစ်စေခဲ့သည်ရှိသော်။ ဝေဒနညေဝ = ဝေဒနာ တရားကိုသာလျှင်။ သညညေဝ = သညာတရားကိုသာလျှင်။ သင်္ခါရေယေဝ = စေတသိက် သင်္ခါရတရားစုတို့ကိုသာလျှင်။ ဝိညာဏညေဝ = အသိစိတ် ဝိညာဏ်တရားကိုသာလျှင်။ အဘိနိဗ္ဗတ္တေတိ = ဖြစ်စေနိုင်၏။

သူဖြစ်အောင် လုပ်နိုင်တာ ရုပ်ကို ဖြစ်အောင် လုပ်နိုင်တယ်၊ ဝေဒနာကို ဖြစ်အောင် လုပ်နိုင်တယ်၊ သညာကို ဖြစ်အောင် လုပ်နိုင်တယ်၊ စေတသိက် သင်္ခါရတရားစုတွေကိုသာ ဖြစ်အောင် လုပ်နိုင်တယ်၊ အသိစိတ် ဝိညာဏ် ကိုသာ သူဖြစ်အောင် လုပ်နိုင်တယ်၊ အဲဒီထက်ပိုပြီး ဖြစ်အောင် လုပ်နိုင်တဲ့ စွမ်းအားမရှိဘူး၊ ဘာကြောင့်လဲ?

ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ် ခေါ်တဲ့ ဒီခန္ဓာငါးပါးတို့ရဲ့ ချုပ်ငြိမ်းရာဖြစ်တဲ့ အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်ကို သွားတယ်ဆိုတာက ဒီခန္ဓာငါးပါးကို ဟုတ်တိုင်းမှန်စွာ သိနေတဲ့ သူတော်ကောင်းတို့ရဲ့ အရာသာ ဖြစ်တယ်၊ ဒီခန္ဓာငါးပါးတို့ရဲ့ အကြောင်းရင်း သမုဒယသစ္စာကို ဟုတ်တိုင်း မှန်စွာ သိနေတဲ့ သူတော်ကောင်းတို့ရဲ့ အရာသာဖြစ်တယ်။

ဒီ ဒုက္ခသစ္စာ အမည်ရတဲ့ ခန္ဓာငါးပါး, သမုဒယသစ္စာ အမည်ရနေတဲ့ အကြောင်းတရား ဒီနှစ်ရပ်လုံးတို့ရဲ့ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တ အချက်တွေကို ဟုတ်တိုင်းမှန်စွာ သိနေတဲ့ သူတော်ကောင်းတို့ရဲ့ အရာသာ ဖြစ်တယ်။ မိမိက ဒုက္ခသစ္စာ အမည်ရတဲ့ ခန္ဓာငါးပါး ရုပ်တရား နာမ်တရားကို လည်း ဟုတ်တိုင်းမှန်စွာ မသိ၊ သမုဒယသစ္စာ အမည်ရတဲ့ ဒုက္ခသစ္စာရဲ့ အကြောင်းတရားတွေကိုလည်း ဟုတ်တိုင်းမှန်စွာ မသိ၊ အကြောင်းတရားနှင့် တကွ ဒီခန္ဓာငါးပါး ရုပ်နာမ်တရားတွေရဲ့ အနိစ္စအချက် ဒုက္ခအချက် အနတ္တ အချက်ကိုလည်း ဟုတ်တိုင်းမှန်စွာ မသိ။

အဲဒီလို မသိတာတွေကို တစ်ပုံကြီး ထမ်းထားတဲ့အတွက် ပညာမျက်စိ ကာဏ်းနေပြီ၊ ပညာမျက်စိကာဏ်းနေတဲ့ပုဂ္ဂိုလ်က သူဖြစ်အောင်လုပ်နိုင်ရင် ဘာကိုသာ သူဖြစ်အောင် လုပ်လို့ရမလဲ? ရုပ်တရားကို ဖြစ်အောင်လုပ်လို့ ရမယ်၊ ဝေဒနာ ခံစားမှုတရားတွေကို ဖြစ်အောင် လုပ်လို့ရမယ်၊ မှတ်သားမှု သညာတရားတွေကို ဖြစ်အောင်လုပ်လို့ရမယ်၊ စေတနာဦးဆောင်နေတဲ့ စေတသိက် သင်္ခါရတရားစုတွေကိုသာ ဖြစ်အောင် လုပ်လို့ရမယ်၊ အသိစိတ် ဝိညာဏ်တရားတွေကိုသာ သူဖြစ်အောင် လုပ်လို့ရမယ်၊ ဒါပေမဲ့လို့ သူ ဖြစ်အောင် လုပ်တဲ့အပိုင်းမှာ ဒီခန္ဓာငါးပါးသည် ကျွမ်းကျွမ်းကျင်ကျင် လိမ်လိမ် မာမာနှင့် မိမိက ဖြစ်အောင်လုပ်ခဲ့ရင်တော့ အင်မတန် ချောမောလှပနေတဲ့ ခန္ဓာငါးပါး ဖြစ်ပေါ်လာမယ်။

မကျွမ်းကျင်ဘဲနှင့် အကုသိုလ်တရားတွေကို တစ်ပုံကြီး ထမ်းပြီး ခန္ဓာ ငါးပါးကို ဖြစ်အောင်လုပ်ခဲ့မယ်ဆိုရင်တော့ ဒီဖြစ်ပေါ်လာတဲ့ ခန္ဓာငါးပါးသည် အင်မတန် အကျည်းတန်အရုပ်ဆိုးနေတဲ့ ခန္ဓာငါးပါးဖြစ်နိုင်တယ်။ ခုကြည့်ပေါ့ ခုနက စူဠကမ္မဝိဘင်္ဂသုတ္တန်မှာ တစ်ဘက်ကပုဂ္ဂိုလ် ကြည့်ပေါ့၊ သူ့အသက်ကို သတ်လေ့ရှိတယ်၊ သွေးစွန်းသောလက်တွေ အမြဲတမ်း ရှိတယ်၊ သတ္တဝါတွေ အပေါ်မှာ ကြင်နာသနားမှု မရှိဘူး၊ ဒီလိုဆိုရင် သူကို ကျွမ်းကျင်တယ် ခေါ်မလား၊ မကျွမ်းကျင်ဘူးခေါ်မလား? မကျွမ်းကျင်ဘူးလို့ ခေါ်ရမယ်။ ခန္ဓာငါးပါးကို ဖြစ်အောင် ရေးချယ်တဲ့နေရာမှာ သူက ကျွမ်းကျင်မှု မရှိဘူး။ ကျွမ်းကျင်မှုမရှိတဲ့ အတွက်ကြောင့် သူဟာ ငရဲရောက်မယ်။ အကယ်၍ ငရဲကို မရောက်ဘူးထား၊ ဒီကံက အကျိုးပေးလို့ လူ့ဘဝ လူ့လောက ရောက်လာပြီ ဆိုရင် ဘာဖြစ်သလဲ? အသက်တိုတယ်။ ဘာကြောင့်လဲ? ဒီခန္ဓာငါးပါးကို တည်ထောင်ဖန်ဆင်းခဲ့စဉ်အခါက မိမိက ကျွမ်းကျွမ်းကျင်ကျင် လိမ်လိမ်မာမာ နှင့် တည်ထောင်ဖန်တီးခဲ့တာ မဟုတ်ဘူးနော်၊ မကျွမ်းမကျင်ဘဲနှင့် မလိမ် မမာနှင့် ဒီခန္ဓာငါးပါးကို ဖြစ်အောင် တည်ထောင်ဖန်ဆင်းခဲ့တယ်၊ သူ့ အသက်ကို သတ်ခဲ့တယ်၊ သွေးစွန်းသောလက် ရှိခဲ့တယ်၊ သတ္တဝါတို့အပေါ်မှာ ကြင်နာသနားမှုတွေ ကင်းခဲ့တယ်၊ ရက်စက်ကြမ်းကြုတ်ခဲ့တယ်၊ ဘဝဇာတ်ခုံ ခေါ်ဆိုတဲ့ ပိတ်ကားချပ်ပေါ်မှာ မကျွမ်းမကျင်ဘဲ ပန်းချီကားချပ်တစ်ခုကို ရေးဆွဲမိတာပဲ။ သူတစ်ပါးကို သတ်ဖြတ်လျက် အသက်တိုအောင် လုပ်ခဲ့မိတဲ့ ဒီအကုသိုလ်ကံတွေကြောင့် မိမိအသက် လာတိုရပြန်တယ်။ အသက်တိုတဲ့ အချိန်အခါကျတော့မှ မိမိက အသက်ရှည်ချင်ပါတယ်ဆိုပြီး ထိုင်ငိုနေသော် လည်း ရပါဦးမလား? မရနိုင်တော့ဘူး။

နောက်ပုဂ္ဂိုလ်တစ်ဦးကျတော့ သူက နည်းနည်း ကျွမ်းကျင်လာပြီ၊ ကျွမ်း ကျင်တဲ့အတွက် ဘာဖြစ်သလဲ?

အသက်ရှည်ရခြင်း၏ အကြောင်းရင်း

ဣဓ ပန မာဏဝ ဧကစ္စော ဣတ္ထီ ဝါ ပုရိသော ဝါ ပါဏာတိပါတံ ပဟာယ ပါဏာတိပါတာ ပဋိဝိရတော ဟောတိ၊ နိဟိတဒဏ္ဍော နိဟိတသတ္ထော လဇ္ဇီ ဒယာပန္နော သဗ္ဗပါဏဘူတဟိတာနုကမ္ပီ ဝိဟရတိ၊ (မ၊၃၊၂၄၄။)

မာဏဝ = ဒကာတော် သုဘလုလင် ...။ ဣဓ = ဤလောက၌။ ဧကစ္စော = အချို့သော။ ဣတ္ထီ ဝါ = အမျိုးသမီးသည်သော်လည်းကောင်း။ ပုရိသော ဝါ = အမျိုးသားသည်သော်လည်းကောင်း။ ပါဏာတိပါတံ = သူ့အသက်သတ်ခြင်းကို။ ပဟာယ = ပယ်စွန့်ထား၍။ ပါဏာတိပါတာ = သူ့အသက်ကို သတ်ခြင်းမှ။ ပဋိဝိရတော = ရှောင်ကြဉ်သည်။ ဟောတိ = ဖြစ်၏။ နိဟိတဒဏ္ဍော = ချထားအပ်ပြီးသော တုတ်ရှိသည်။ နိဟိတသတ္ထော = ချထားအပ်ပြီးသော ဓားလက်နက်ရှိသည်။ လဇ္ဇီ = မကောင်းမှု အကုသိုလ် ဒုစရိုက်တရားတို့၌ ရှက်ခြင်းရှိသည်။ ဒယာပန္နော = သတ္တဝါတို့ အပေါ်၌ ကြင်နာသနားတတ်သော စိတ်ထားရှိသည်။ သဗ္ဗပါဏဘူတဟိတာနုကမ္ပီ = သတ္တဝါအားလုံးတို့ရဲ့ အကျိုးစီးပွားကို အစဉ်သနား စောင့်ရှောက်သော ကရုဏာနှင့် ယှဉ်သော စိတ်ထားရှိသည် ဖြစ်၍။ ဝိဟရတိ = နေထိုင်၏။

ဒကာတော် သုဘလုလင် ...ဤလောကမှာ အချို့သော အမျိုးသမီး, အချို့သော အမျိုးသားဟာ သူ့အသက်သတ်ခြင်းဆိုတဲ့ လုပ်ငန်းရပ်ကို ပယ် စွန့်ထားတယ်၊ သူ့အသက်သတ်ခြင်းဆိုတဲ့ လုပ်ငန်းရပ်မှ အမြဲတမ်း ရှောင် ကြဉ်တယ်။ သတ္တဝါတွေကို ညှဉ်းပန်းနှိပ်စက်ဖို့ဆိုတဲ့ ဦးတည်ချက်ဖြင့် တုတ် ကို ဘယ်တော့မှ မကိုင်ဘူး၊ ဓားကို ဘယ်တော့မှ မကိုင်ဘူး၊ တုတ်ကို အမြဲ တမ်း ချထားတယ်၊ ဓားကို အမြဲတမ်း ချထားတယ်၊ မကောင်းမှု အကုသိုလ် တရား ဒုစရိုက်တရားတွေကို လွန်ကျူးရမှာ သိပ်ရှက်တတ်တယ်။ သူ့အသက် သတ်ရမှာ ရှက်တယ်၊ သူ့ပစ္စည်း မတရားယူရမှာ ရှက်တယ်၊ သူ့သားမယားကို ဖျက်ဆီးရမှာ ရှက်တယ်၊ မုသားစကား ပြောကြားရမှာ ရှက်တယ်၊ သေရည် သေရက် မူးယစ်ဆေးဝါးတွေကို မှီဝဲစားသောက်ရမှာ ရှက်တယ်။ မကောင်း ဘူးလား ---- သိပ်ကောင်းတယ် သိပ်ကောင်းတယ်။ ဘုန်းကြီးတို့ကတော့ ဒီစိတ် ထားမျိုးကလေးတွေကို သိပ်ပြီးတော့ နှစ်ခြိုက်တယ်။ ဘဝတစ်ခုကို မြင့်သ ထက်မြင့်အောင် မြှင့်တင်ပေးနေတဲ့ စိတ်ထားကလေးတွေပဲ။ ဒီစိတ်ထားက လေးတွေက သာသနာတော်မှာ ဘုရားရှင်က တပည့်သာဝကတွေ နိဗ္ဗာန်တိုင် တောက်လျှောက်ကောင်းအောင် ချမှတ်ပေးထားတဲ့ အခြေခံအုတ်မြစ်ကလေး တွေ ဖြစ်ကြပါတယ်။

ဒါတွင်လားဆိုတော့ မကသေးဘူး၊ သတ္တဝါတွေ အပေါ်မှာ ကြင်နာ သနားတတ်တဲ့ စိတ်ထား အမြဲရှိတယ်။ --- သတ္တဝါအချင်းချင်း တစ်ဦးနှင့် တစ်ဦး -- ကျွန်းကိုင်းမှီ-ကိုင်းကျွန်းမှီ ဆိုသလို မှီတင်းနေထိုင်ကြရတဲ့ ဒီ လောကထဲမှာ တစ်ဦးကို တစ်ဦးက ကြင်နာသနားတတ်တယ်ဆိုတဲ့ ဒီစိတ်ထား ကလေးတွေဟာ လူသားအချင်းချင်း အေးချမ်းစွာ အတူယှဉ်တွဲ နေထိုင်လိုကြ တယ်ဆိုရင် မရှိမဖြစ်တဲ့ စိတ်ထားကလေးတွေ ဖြစ်ကြပါတယ်။ ဒီကြင်နာ သနားတတ်တဲ့ စိတ်ထား မရှိဘဲ ရက်စက်ကြမ်းကြုတ်တဲ့ စိတ်ထားသာရှိမယ် ဆိုရင် သတ္တဝါအချင်းချင်း အေးချမ်းသာယာစွာ အတူယှဉ်တွဲနေထိုင်ဖို့ဆိုတာ အလွန် အလှမ်းကွာဝေးနေမှာပဲ ဖြစ်တယ်။

ဒါတွင်လားဆိုတော့ မကသေးဘူး --- သဗ္ဗပါဏဘူတဟိတာနုကမ္ပီ -- သတ္တဝါအားလုံးတို့ရဲ့ အကျိုးစီးပွားကို အစဉ်သနားစောင့်ရှောက်သော ကရုဏာနှင့်ယှဉ်သော စိတ်ထားရှိပြီးတော့ ဒီလောကကြီးမှာ နေထိုင်တယ် --- သိပ်ကောင်းတယ် သိပ်ကောင်းတယ်။ တစ်ဦးရဲ့ အကျိုးစီးပွားကို တစ်ဦးက အမြဲလိုလားနေမယ်ဆိုရင် တစ်ဦးကို တစ်ဦးက အမြဲတမ်း ကြင်နာသနား စောင့်ရှောက်နေမယ်ဆိုရင် -- ဒီစိတ်ဓာတ်မျိုးရှိသူ အချင်းချင်းသာ အမြဲတမ်း ယှဉ်တွဲပြီး နေထိုင်ရမယ်ဆိုရင် လောကကြီးမှာ နေထိုင်ရတာ အမြဲတမ်း အေးချမ်းပြီးနေလိမ့်မယ်။

ဒီလို မွန်မြတ်တဲ့ စိတ်နေစိတ်ထားတွေကြောင့် မိမိ သူတစ်ပါး နှစ်ဦး သားလုံးတို့ရဲ့ သန္တာန်မှာ စိတ်အေးချမ်းသာမှုတွေ ဖြစ်ပေါ်လာနိုင်တယ်။ ဒီလို မွန်မြတ်တဲ့ စိတ်နေစိတ်ထားတွေ ခြံရံပြီးတာ့ ကံတစ်ခုကို ပြုစုပျိုးထောင်ခဲ့ ရင်လည်း ဒီကံကို ခြံရံထားတဲ့ အေးချမ်းသာယာနေတဲ့ ဓာတ်ငွေ့တွေက အားကြီးသောမှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးလိုက်တဲ့အတွက် ဒီကံမှာ စိတ်အေးချမ်းသာတဲ့ အကျိုးတရားတွေကို ဖြစ်စေနိုင်တဲ့ စွမ်းအင်တွေ ကိန်းဝပ်ပြီး တည်နေနိုင်တယ်။ အသက်ရှည်စေနိုင်တဲ့ စွမ်းအင်တွေ ကိန်းဝပ် ပြီးတည်နေနိုင်တယ်။

အထက်ကပြောခဲ့တဲ့ သူ့အသက်ကို သတ်လေ့ရှိတဲ့ပုဂ္ဂိုလ်ရဲ့ နေထိုင်ပုံ စနစ်နှင့် မွန်မြတ်တဲ့ စိတ်နေစိတ်ထားရှိတဲ့ ဒီပုဂ္ဂိုလ်ရဲ့နေထိုင်ပုံစနစ်ကို နှိုင်းယှဉ် ကြည့်ပါ ---

လောကမှာ နေထိုင်မှုစနစ်ကလေးတွေ တူသလား? မတူဘူး။ နေထိုင် ပုံစနစ် မတူတဲ့အတွက်ကြောင့် အကျိုးပေးချင်းကော တူညီပါ့မလား? မတူ ညီဘူး။ ဒါကိုသတိထားကြ။ အခုအချိန်အခါမှာ ဘာကိုလုပ်နေတာလဲ? ပန်းချီ ကားချပ်တွေကို ရေးဆွဲနေတာပဲ။ အဲဒီပန်းချီကားချပ်ကို ရေးဆွဲနေတဲ့ အချိန် အခါကလေးမှာ မိမိတို့က ကျွမ်းကျင်လိမ်မာမှုရှိဖို့ သိပ်ပြီးတော့ လိုအပ်နေ တယ်။

သော တေန ကမ္မေန ဧဝံ သမတ္တေန ဧဝံ သမာဒိန္နေန ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇတိ။ (မ၊၃၊၂၄၄။)

သော = ထိုပုဂ္ဂိုလ်သည်။ ဧဝံ = ဤသို့။ သမတ္တေန = ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်၍ ထားအပ်သော။ ဧဝံ = ဤသို့။ သမာဒိန္နေန = ကောင်းစွာ ဆောက်တည်၍ ထားအပ်သော။ တေန ကမ္မေန = ထိုပါဏာတိပါတကံမှ ရှောင်ကြဉ်ကြောင်းဖြစ်တဲ့ ကုသိုလ်ကံကြောင့်။ ကာယဿ = ကိုယ်ခန္ဓာ၏။ ဘေဒါ = ပျက်စီးခြင်းကြောင့်။ ပရံ မရဏာ = စုတိပြတ်ကြွေ သေလွန်သည်မှ နောက်ကာလ၌။ သုဂတိံ = ကောင်းမှုပြုသူ သုစရိုက်သမားတို့ရဲ့ လားရောက် ရာဖြစ်သော။ သဂ္ဂံ လောကံ = နတ်ပြည်လောကသို့။ ဥပပဇ္ဇတိ = ကပ် ရောက်ရပေ၏။

ကျွမ်းကျွမ်းကျင်ကျင် လိမ်လိမ်မာမာနှင့် ပန်းချီကားတစ်ချပ်ကို ရေးဆွဲ လိုက်တဲ့အချိန်အခါကျတော့ ဒီပုဂ္ဂိုလ်က ဘယ်ရောက်သွားသလဲ? နတ်ပြည် နတ်လောကသို့ ရောက်ပြီးတော့ နတ်သား သို့မဟုတ် နတ်သမီး သွားဖြစ် ရတယ်။ စဉ်းစားကြည့်စမ်း၊ ငရဲရောက်ရတာနှင့် နတ်ပြည်ရောက်ရတာ ဘယ် ဒင်းက ကောင်းသလဲ? ငရဲမှာ ဒုက္ခလည်း ခံရတယ်, အကျည်းတန် အရုပ် ဆိုးမှုလည်း ရှိတယ်၊ နတ်ပြည်နတ်လောကကျတော့ ချမ်းသာသုခကိုလည်း အပြည့်အဝ ကံအားလျော်စွာ ခံစားနိုင်ခွင့်ရှိတယ်၊ လူတို့ရဲ့ရုပ်ရည် သို့မဟုတ် ငရဲသားတွေရဲ့ ရုပ်ရည်နှင့် နတ်ပြည်နတ်လောက နတ်သားတို့ နတ်သမီးတို့ရဲ့ ရုပ်ရည်ကို တိုင်းတာနှိုင်းစာကြည့်လိုက်တော့ ဘယ်လိုနေသလဲ? အားလုံး ကြားဖူးကြမှာပါ၊ လူ့ပြည်လူ့လောကမှာ ဒုတိယတန်းစား အချောဆုံး အလှ ဆုံး သတ်မှတ်ထားအပ်တဲ့ ဇနပဒကလျာဏီသည်ပင် နတ်သမီးတွေနှင့် တိုင်း တာ နှိုင်းစာကြည့်လိုက်တော့ ဘာဖြစ်နေသလဲ? ---- အရေခွံဆုတ်ထားတဲ့ မျောက်အိုမကြီးနှင့် တူနေတယ်တဲ့၊ ဟုတ်တယ် မဟုတ်လား? ဒါဟာ ဘာကြောင့် ဒီလိုအင်မတန်ချောမောလှပနေတဲ့ ရုပ်ပုံလေးတွေ ပေါ်လာရသလဲ? ပန်းချီကားချပ်ကို ရေးဆွဲစဉ်အချိန်အခါတုန်းက ကျွမ်းကျွမ်းကျင်ကျင် လိမ်လိမ် မာမာလေးနှင့် ရေးဆွဲခဲ့တယ်။ ဒီတော့ ကလေးတွေ ဘယ်လိုတုန်း၊ အကျည်း တန် အရုပ်ဆိုးတာနှင့် အကျည်းမတန် အရုပ်မဆိုးတာ ဘယ်ဒင်း ကောင်း သလဲ? အကျည်းတန် အရုပ်ဆိုးတာက ကောင်းသလား၊ ကြိုက်တာရွေးချယ် ခွင့် ရှိတယ်နော်။

ဒီတော့ သတ္တဝါတွေအပေါ်မှာ ကြင်နာသနားတတ်တဲ့ စိတ်ထားက သိပ်မွန်မြတ်တယ်။ သတ္တဝါတွေရဲ့ အကျိုးစီးပွားကို အမြဲတမ်း လိုလားတောင့် တနေတဲ့ ဒီစိတ်ထားဟာ မကောင်းဘူးလား? ကောင်းပါတယ်။

ချမ်းသာကြပါစေ၊ ကောင်းရာသုဂတိ ရောက်ကြပါစေ၊ နိဗ္ဗာန်ရောက်ရှိ ကြပါစေ၊ ဒီစိတ်ထားမျိုးဟာ မကောင်းဘူးလား? သိပ်ကောင်းတဲ့စိတ်ထား။ ခဏခေတ္တ တစ်ဦးနှင့် တစ်ဦး ဆုံကြတယ် ကြုံကြတယ် တွေ့ဆုံကြတယ်၊ တွေ့တဲ့ ကြုံတဲ့ ဆုံတဲ့ သတ္တဝါအချင်းချင်း ချမ်းသာစေလိုတဲ့စိတ်ထား အမြဲ ရှိကြမယ်ဆိုရင် အန္တရာယ်ဆိုတာ ပေါ်နိုင်မလား? မပေါ်နိုင်တော့ဘူး၊ သိပ် ကောင်းတယ်၊ သိပ်ကောင်းတယ်။ ဒါကြောင့် ဒီလိုပြည့်ပြည့်စုံစုံ ပြုကျင့်ထား အပ်တဲ့ကံကြောင့် ကိုယ်ခန္ဓာပျက်စီးပြီးသည်မှ နောက်ကာလ၌ ဘယ်ရောက် မလဲ? နတ်ပြည်လောက ရောက်နိုင်တယ်။

နော စေ ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇတိ၊ သစေ မနုဿတ္တံ အာဂစ္ဆတိ၊ ယတ္ထ ယတ္ထ ပစ္စာဇာယတိ၊ ဒီဃာယုကော ဟောတိ။ ဒီဃာယုကသံဝတ္တနိကာ ဧသာ မာဏဝ ပဋိပဒါ ယဒိဒံ ပါဏာတိပါတံ ပဟာယ ပါဏာတိပါတာ ပဋိဝိရတော ဟောတိ၊ နိဟိတဒဏ္ဍော နိဟိတသတ္ထော လဇ္ဇီ ဒယာပန္နော သဗ္ဗပါဏဘူတာဟိတာနုကမ္ပီ ဝိဟရတိ။ (မ၊၃၊၂၄၄။)

ကာယဿ = ကိုယ်ခန္ဓာ၏။ ဘေဒါ = ပျက်စီးခြင်းကြောင့်။ ပရံ မရဏာ = စုတိပြတ်ကြွေသေလွန်သည်မှ နောက်ကာလ၌။ သုဂတိံ သဂ္ဂံ လောကံ = ကောင်းမှုပြုသူ သုစရိုက်သမားတို့ရဲ့ လားရောက်ရာဖြစ်တဲ့ နတ်ပြည် နတ် လောကသို့။ နော စေ ဥပပဇ္ဇတိ = အကယ်၍ မကပ်ရောက်ခဲ့ရသည် ဖြစ်ငြားအံ့။ မနုဿတ္တံ = လူ့ပြည်လူ့လောကသို့။ သစေ အာဂစ္ဆတိ = အကယ်၍ ဆိုက်ရောက်ခဲ့သည် ဖြစ်ငြားအံ့။ ယတ္ထ ယတ္ထ = အကြင်အကြင် ဘုံဘဝ၌ အကြင်အကြင် လူလောက၌ အကြင်အကြင် အမျိုးအနွယ်၌။ ပစ္ဆာဇာယတိ = ပဋိသန္ဓေအားဖြင့် ဖြစ်ပေါ်လာရ၏။ တတ္ထ တတ္ထ = ထိုထို အမျိုးအနွယ်၌ ထိုထိုလူ့ဘဝ၌။ ဒီဃာယုကော = ရှည်သော အသက်ရှိသည်။ ဟောတိ = ဖြစ်ရပေ၏။

ပါဏာတိပါတကံက ရှောင်ကြဉ်ခဲ့တယ်၊ သတ္တဝါတွေအပေါ်၌ ကြင်နာ သနားတတ်တဲ့ စိတ်ထား ရှိတယ်၊ အဲဒီကံကနေပြီးတော့ အသက်ရှည်အောင် တည်ထောင်ဖန်ဆင်းပြီးတော့ ပေးလိုက်တယ်၊ ဒီတော့ သတ္တဝါတစ်ယောက် အသက်ရှည်မှုနှင့် အသက်တိုမှုသည် ဘာအပေါ်မှာ မူတည်နေသလဲ? -- ကံအပေါ်မှာ မူတည်နေတယ်။

မာဏဝ = ဒကာတော် သုဘလုလင် ...။ ယဒိဒံ ပါဏာတိပါတံ = အကြင် ပါဏာတိပါတအမှုကို။ ပဟာယ = ပယ်စွန့်၍။ ပါဏာတိပါတာ = သူ့အသက်ကို သတ်ခြင်းမှ။ ယော ပဋိဝိရတော = အကြင်ရှောင်ကြဉ်ခြင်း သည်။ ဟောတိ = ဖြစ်၏။ နိဟိတဒဏ္ဍော = ချအပ်ထားသော တုတ်ရှိသည်။ နိဟိတသတ္ထော = ချအပ်ထားသော ဓားလက်နက်ရှိသည်။ လဇ္ဇီ = မကောင်း မှု အကုသိုလ် ဒုစရိုက်တရားတို့အပေါ်၌ ရှက်ခြင်းရှိသည်။ ဒယာပန္နော = ကြင်နာသနားသော စိတ်ထားရှိသည်။ သဗ္ဗပါဏဘူတာဟိတာနုကမ္ပီ = သတ္တဝါအားလုံးတို့ရဲ့ အကျိုးစီးပွားကို အစဉ်သနားစောင့်ရှောက်သော ကရုဏာနှင့် ယှဉ်သော စိတ်ထားရှိသည်ဖြစ်၍။ ဝိဟရတိ = နေထိုင်၏။ မာဏဝ = ဒကာတော် သုဘလုလင် ...။ ဧသာ ပဋိပဒါ = ဤကျင့်ဝတ် သည်ကား။ ဒီဃာယုကသံဝတ္တနိကာ = ရှည်သော အသက်ကို ဖြစ်စေတတ် ပါပေ၏။

အသက်ရှည်မှုကို ဖြစ်စေတတ်တာက သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်မှုသဘောသာ ဖြစ်တယ်။ အဲဒီတော့ မိမိတို့က အသက်ရှည်ချင် တယ်ဆိုလို့ရှိရင် သူ့အသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်ရမလား မရှောင် ကြဉ်ရဘူးလား? ရှောင်ကြဉ်ရမယ်။

ကံ (၄) မျိုး

အဲဒီတော့ ဒီနေရာမှာ ကံနှင့်ပတ်သက်ပြီးတော့ အဋ္ဌကထာဆရာတော် က နည်းနည်းလေး ဗဟုသုတအဖြစ် ရှင်းပြထားပါတယ်။ ဒီအပိုင်းမှာ ကံ လေးမျိုးရှိတယ်။ ဥပပီဠကကံ, ဥပစ္ဆေဒကကံ, ဇနကကံ, ဥပတ္ထမ္ဘကကံဆိုပြီး လေးမျိုးရှိတယ်၊ ဥပပီဠကကံဆိုတာက ကပ်ပြီး ညှဉ်းပန်းနှိပ်စက်တတ်တဲ့ကံပဲ၊ ဥပမာ - ကုသိုလ်ကံတစ်ခုက ခုလိုလူ့ဘဝကို ပဋိသန္ဓေအကျိုးပေးပြီးလူ ဖြစ်လာပြီ ဆိုကြစို့၊ ကုသိုလ်ကံတစ်ခုကြောင့် အဲဒီအကျိုးပေးနေတဲ့ ကံကို အားနည်းသွားအောင် ကပ်ပြီးတော့ ညှဉ်းပန်းနှိပ်စက်တတ်တဲ့ ကံကို ဥပပီဠကကံလို့ ခေါ်ပါတယ်။ အဲဒီအကျိုးပေးနေတဲ့ ကုသိုလ်ကံကို အရှိန်အဝါ ကျသွားအောင် လုံးလုံးဖြတ်တောက်ပစ်လိုက်တဲ့ ကံကိုတော့ ဥပစ္ဆေဒကကံလို့ ခေါ်ပါတယ်၊ ဘဝတစ်ခုကို (ပဋိသန္ဓေအကျိုးကို)ဖြစ်ပေါ်စေတတ်တဲ့ တိုက် ရိုက်ဖြစ်စေတတ်တဲ့ ကံကိုတော့ ဇနကကံလို့ ခေါ်တယ်။ အဲဒီ ဇနကကံကို အားကောင်းအောင် အားပေးထောက်ပံ့နေတဲ့ ကံကိုတော့ ဥပတ္ထမ္ဘကကံလို့ ခေါ်ပါတယ်။ အဲဒီတော့ ဒီနေရာမှာ သတ္တဝါတွေ အသက်တိုအောင် ဒီကံက ဘယ်ပုံဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ပြုပြင်ဖန်တီးပေးသလဲ ဆိုတာနှင့် ပတ်သက်လို့ အဋ္ဌကထာက ဒီလို ရှင်းလင်းဖွင့်ဆိုထားတယ်။

ဥပပီဠကကံ = ကပ်၍ နှိပ်စက်တတ်သောကံ

ဗလဝကမ္မေန ဟိ နိဗ္ဗတ္တံ ပဝတ္တေ ဥပပီဠကံ အာဂန္တွာ အတ္ထတော ဧဝံ ဝဒတိ နာမ။ (မ၊ဋ္ဌ၊၄၊၁၇၇-၁၇၈။)

အားကောင်းတဲ့ ကုသိုလ်ကံတစ်ခုက အကျိုးပေးခွင့်သာလို့ လူ့ဘဝ လူ့လောကမှာ ပဋိသန္ဓေအနေအားဖြင့် လာရောက်ပြီးဖြစ်ရပြီ၊ ပဋိသန္ဓေ တည်နေလို့ လူသားဖြစ်လာရတဲ့ ဒီသတ္တဝါကို ညှဉ်းပန်းနှိပ်စက်မည့် ဥပပီဠက ကံက မပြောသော်လည်း ပြောသလိုပေါ့နော်၊ အနက်အဓိပ္ပါယ်အားဖြင့် လာ ပြောနေပြီ။ ဘယ်လိုလဲ?

သစာဟံ ပဌမတရံ ဇာနေယျံ၊ န တေ ဣဓ နိဗ္ဗတ္တိတုံ ဒဒေယျံ၊ (မ၊ဋ္ဌ၊၄၊၁၇၈။)

ငါသာ အကယ်၍ သိခဲ့မယ်ဆိုရင် နင့်ကို ငါဘယ်တော့မှ ဒီလူ့လောက မှာ ဖြစ်ခွင့်ကို မပေးဘူးတဲ့၊ မပြောသော်လည်း ဒီကံက ပြောသလိုပဲ လူ့ လောကမှာ ဖြစ်ခွင့်မပေးဘူးတဲ့။ ဘယ်မှာသာ ဖြစ်ခွင့်ပေးမလဲ? --

စတူသုယေဝ တံ အပါယေသု နိဗ္ဗတ္တာပေယျံ။ (မ၊ဋ္ဌ၊၄၊၁၇၈။)

ဒီကံတွေက အပါယ်လေးဘုံမှာ နင့်ကို ငါ ဖြစ်အောင်လုပ်မယ်။ အဲဒီလို လာပြီး မပြောသော်လည်း ပြောသလို ဖြစ်နေတယ်။

ဟောတု, တွံ ယတ္ထ ကတ္ထစိ နိဗ္ဗတ္တ (နိဗ္ဗတ္တော)၊ အဟံ ဥပပီဠကကမ္မံ နာမ တံ ပီဠေတွာ နိရောဇံ နိယူသံ ကသဋံ ကရိဿာမိ။ (မ၊ဋ္ဌ၊၄၊၁၇၈။)

နင် လူ့လောက ဖြစ်ချင်လည်း ဖြစ်ပါစေတော့၊ ထားလိုက်တော့။ ဒါ ပေမဲ့ နင် ဘယ်နေရာမှာပဲဖြစ်ဖြစ် နင့်ကို အားနည်းသွားအောင် ငါက ကပ် ပြီးတော့ ညှဉ်းပန်းနှိပ်စက်မယ်။ အနှစ်မရှိအောင် ငါပြုလုပ်မယ်လို့ု မပြော သော်လည်း ပြောသလိုပဲ ဖြစ်နေတယ်။

တတော ပဋ္ဌာယ တံ တာဒိသံ ကရောတိ။ (မ၊ဋ္ဌ၊၄၊၁၇၈။)

အဲဒီ ဥပပီဠကကံက အကျိုးပေးဖို့ရန် ကပ်ပြီးညှဉ်းပန်းနှိပ်စက်မည့် ကံက အကျိုးပေးဖို့ရန် အခါအခွင့်သင့်တဲ့ အချိန်အခါကနေ စပြီးတော့ ညှဉ်းပန်း နှိပ်စက်တော့မယ်။ ဘယ်လို ညှဉ်းပန်းနှိပ်စက်သလဲ?

ပရိဿယံ ဥပနေတိ၊ ဘောဂေ ဝိနာသေတိ။ (မ၊ဋ္ဌ၊၄၊၁၇၈။)

ပရိဿယံ = ဘေးအန္တရာယ် ဒုက္ခအမျိုးမျိုးကို။ ဥပနေတိ = ကပ်၍ ဆောင်ပေး၏။ ဘောဂေ = စည်းစိမ်ဥစ္စာတို့ကို။ ဝိနာသေတိ = ဖျက်ဆီးပစ် လိုက်၏။

ဒီ ဥပပီဠကကံက ဒီလူသားတစ်ဦးကို အန္တရာယ်အမျိုးမျိုး ကျရောက် လာအောင် သူက တည်ထောင် ဖန်ဆင်းပေးနေတယ်၊ စည်းစိမ် ဥစ္စာတွေ ပျက်စီးအောင်လည်း ဒီဥပပီဠကကံက တည်ထောင် ဖန်ဆင်းပေးနေတယ်၊။ကဲ ကြည့်စမ်း၊ စဉ်းစားကြည့်စမ်း ဒကာကြီးတွေ ဒကာမကြီးတွေ၊ ကြောက်ဖို့ မကောင်းဘူးလား? သိပ်ကောင်းတယ် -- သူက ဒီကံကနေပြီး တည်ထောင် ဖန်ဆင်းပေးလိုက်ပြီဆိုရင် ဒီနေရာ ချောမောပါတယ် ဆိုကာမှ အဲဒီချောမော တဲ့လမ်း မိမိသွားရင် အန္တရာယ်လာတွေ့တယ်။ ဒီတစ်ခေါက်တော့ လွတ် လောက်တယ် ထင်ပြီး သွားလိုက်တာပေါ့၊ ဘာဖြစ်သွားသလဲ? မလွတ် ဖြစ် သွားတယ်၊ ဘာတွေ မလွတ်တာလဲ? သိမှာပါ ဟုတ်တယ် မဟုတ်လား? ဘုန်းကြီး ဒီလောက်ပြောရင် ပရိသတ်က ပိုနားလည်မယ်ထင်တယ်၊ ဒီတစ်ခါ လွတ်ပြီဆိုလို့ရှိရင် ငါတော်ပြီ၊ ဟုတ်တယ် မဟုတ်လား? အလှူတော့ အကြီး အကျယ် လုပ်လိုက်မယ်ဆိုပြီး အားရပါးရနှင့် ခဲပြီး သွားလိုက်တာ မလွတ် ဖြစ်နေတယ်။ ဘယ်သူကနေ မလွတ်အောင် တည်ထောင်ဖန်ဆင်းပေးသလဲ? ဒီဥပပီဠကကံ = ကပ်ပြီး ညှဉ်းပန်းနှိပ်စက်မည့်ကံက တည်ထောင်ဖန်ဆင်းပေး တယ်၊ အန္တရာယ်အမျိုးမျိုးကို ကပ်ပြီးတော့ လာပြီးတော့ ဆောင်ပေးတယ်၊ ဘယ်လိုဆောင်ပေးတယ်ဆိုတာကို အဋ္ဌကထာက နည်းနည်းလေး ထပ်ရှင်းပြ ထားပြန်တယ်။

တတ္ထ ဒါရကဿ မာတုကုစ္ဆိယံ နိဗ္ဗတ္တကာလတော ပဋ္ဌာယ မာတု အဿာဒေါ ဝါ သုခံ ဝါ န ဟောတိ၊ (မ၊ဋ္ဌ၊၄၊၁၇၈။)

တတ္ထ = ထိုလူ့ပြည်လူ့လောက၌။ ဒါရကဿ = ထိုပါဏာတိပါတကံ ထူပြောနေတဲ့ ကလေးသူငယ်၏။ မာတုကုစ္ဆိယံ = အမိဝမ်းတွင်း၌။ နိဗ္ဗတ္တကာလတော = ပဋိသန္ဓေတည်နေရာ အချိန်အခါကာလမှ။ ပဋ္ဌာယ = စ၍။ မာတု = မိခင်အဖို့။ အဿာဒေါ ဝါ = သာယာမှုသည်လည်း။ န ဟောတိ = မဖြစ်ပေ။ သုခံ ဝါ = ချမ်းသာသုခသည်မူလည်း။ န ဟောတိ = မဖြစ်ပေ။

အတိတ်ဘဝက သွေးစွန်းသောလက် ရှိခဲ့ဖူးတဲ့ သူ့အသက်ကို သတ် လေ့ရှိခဲ့ဖူးတဲ့ သတ္တဝါတို့အပေါ်၌ ရက်စက်ကြမ်းကြုတ်တဲ့စိတ်ထား ရှိခဲ့ဖူးတဲ့ ဒီကလေးသူငယ်ဟာ မိခင်တစ်ဦးရဲ့ ဝမ်းကြာတိုက်မှာ လာပြီးတော့ ပဋိသန္ဓေ တည်နေပြီ၊ အဲဒီလို ပဋိသန္ဓေတည်နေပြီဆိုရင် ဒီကလေးပဋိသန္ဓေတည်နေ တဲ့ အချိန်အခါကာလကစပြီးတော့ မိခင်လုပ်တဲ့ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ သာယာ ဖွယ်ဘာမှ မတွေ့တော့ဘူး၊ ချမ်းသာသုခဆိုတာလည်း သူ့မှာ မရှိတော့ဘူး။

မာတာပိတူနံ ပီဠာဝ ဥပ္ပဇ္ဇတိ။ (မ၊ဋ္ဌ၊၄၊၁၇၈။)

မာတာပိတူနံ = မိဘနှစ်ပါးတို့အား။ ပီဠာဝ = ညှဉ်းပန်းနှိပ်စက်ခံရတဲ့ ဒုက္ခအမျိုးမျိုးသည်သာလျှင်။ ဥပ္ပဇ္ဇတိ = ဖြစ်ပေါ်၍လာ၏။

မိဘတွေမှာ ဒီကလေး ကိုယ်ဝန်ရှိလာကတည်းက စပြီးတော့ အင်မတန် ညှဉ်းပန်းနှိပ်စက်တဲ့ ဒဏ်ချက်တွေကို ခဏခဏ ခံနေရတယ်။

ဧဝံ ပရိဿယံ ဥပနေတိ။ (မ၊ဋ္ဌ၊၄၊၁၇၈။)

ဧဝံ = ဤသို့လျှင်။ ပရိဿယံ = ဘေးဥပဒ်အန္တရာယ်ကို။ ဥပနေတိ = ကပ်၍ ဆောင်ပို့ပေး၏။

ဥပပီဠကကံ (ကပ်ပြီး ညှဉ်းပန်းနှိပ်စက်မည့်ကံ)က လာပြီး ဆောင်ပို့ပေး တယ်။ ခုနက ပါဏာတိပါတကံပဲ၊ သတ္တဝါတွေအပေါ်မှာ ရက်စက်တတ်တဲ့ စိတ်ထားပဲ။ အဲဒီစိတ်ထားတွေကနေပြီးတော့ အခါအခွင့်သင့်လာတော့ ကိုယ်ဝန်ရတဲ့ မိဘရှင်တွေကိုပါ ကပ်ပြီးတော့ ညှဉ်းပန်းနှိပ်စက်ပြီးတော့ မကောင်းကျိုးတွေကို ပေးနေတယ်၊ ဒုက္ခအမျိုးမျိုးရောက်အောင် ပို့ဆောင် ပေးနေတယ်။

ဒါရကဿ ပန မာတုကုစ္ဆိမှိ နိဗ္ဗတ္တကာလတော ပဋ္ဌာယ ဂေဟေ ဘောဂါ ဥဒကံ ပတွာ လောဏံ ဝိယ ရာဇာဒီနံ ဝသေန နဿန္တိ၊ (မ၊ဋ္ဌ၊၄၊၁၇၈။)

ဒါရကဿ = ကလေးသူငယ်၏။ မာတုကုစ္ဆိမှိ = မိခင်ဝမ်းကြာတိုက်၌။ နိဗ္ဗတ္တကာလတော = ဖြစ်ပေါ်လာရာ အချိန်အခါကာလမှ။ ပဋ္ဌာယ = စ၍။ ဂေဟေ = အိမ်၌။ ဘောဂါ = ရှိသမျှ စည်းစိမ်ဥစ္စာတို့သည်။ ဥဒကံ ပတွာ = ရေသို့ ရောက်ရှိသော။ လောဏံ ဝိယ = ဆားကဲ့သို့။ ရာဇာဒီနံ = မင်း စသော ရန်သူငါးတန်တို့၏။ ဝသေန = စွမ်းအားကြောင့်။ နဿန္တိ = ပျက်စီး၍ သွားကြရကုန်၏။

ရေ, မီး, မင်း, ခိုးသူ, မချစ်မနှစ်သက်သူ အမွေခံဆိုးဆိုတဲ့ ဒီရန်သူ ငါးတန်တို့ကြောင့် စည်းစိမ်ဥစ္စာတွေ ပျက်စီးသွားတယ်၊ ရေထဲရောက်သွားတဲ့ ဆားသည် ပြေပျောက်သွားသလို ဒီကလေးသူငယ်ကို ကိုယ်ဝန်လွယ်လာရတဲ့ အချိန်အခါကစပြီးတော့ မိဘတို့၏ သန္တာန်မှာ ရှိနေတဲ့ စည်းစိမ်ဥစ္စာတွေ အကုန်လုံး ပျောက်ပျောက်ကုန်တယ်၊ ကြောက်ဖို့ သိပ်ကောင်းတယ်။ ကဲ နောက်တစ်ခု -----

ကုမ္ဘဒေါဟနဓေနုယော ခီရံ န ဒေန္တိ၊ (မ၊ဋ္ဌ၊၄၊၁၇၈။)

နွားနို့ ထွက်နေတဲ့ နွားမကြီးတွေတောင်မှ နို့ရည် မဆင်းတော့ဘူး၊ ဟောဒီကလေးရဲ့ အကုသိုလ်ကံကြောင့် ကူးစက်သွားပုံကြည့်။

သူရတာ ဂေါဏာ စဏ္ဍာ ဟောန္တိ၊ (မ၊ဋ္ဌ၊၄၊၁၇၈။)

အင်မတန် ရဲရင့်နေတဲ့ နွားတွေ အင်မတန် ခိုင်းလို့ မရအောင် ကြမ်း တမ်းကုန်တယ်။ ဒီအကုသိုလ်ကံကြောင့် -----

ကာဏာ ဟောန္တိ၊ (မ၊ဋ္ဌ၊၄၊၁၇၈။)

နွားတွေ မျက်စိကာဏ်းကုန်တယ်။

ခုဇ္ဇာ ဟောန္တိ၊ (မ၊ဋ္ဌ၊၄၊၁၇၈။)

နွားတွေ ခြေကျိုးကုန်ကြတယ်။

ဂေါမဏ္ဍလေ ရောဂေါ ပတတိ၊ (မ၊ဋ္ဌ၊၄၊၁၇၈။)

နွားခြံထဲ ကြည့်လိုက်မယ် ဆိုလို့ရှိရင် နွားတွေမှာ နွားနှင့်ပတ်သက်တဲ့ ရောဂါအမျိုးမျိုးတွေ ကျရောက်လာတယ်၊ ပျက်စီးဖို့ဖြစ်လာတယ်။

ဒါသာဒယော ဝစနံ န ကရောန္တိ၊ (မ၊ဋ္ဌ၊၄၊၁၇၈။)

အိမ်မှာ ခိုင်းစေနေတဲ့ ကျွန်တွေဟာလည်း ဒီမိဘတွေရဲ့ စကားကို နား မထောင်ကြတော့ဘူး။ တစ်ဦးကြောင့် အားလုံးကူးစက်သွားပုံလေးပဲနော်။ နောက်တစ်ခု -----

ဝါပိတံ သဿံ န ဇာယတိ၊ (မ၊ဋ္ဌ၊၄၊၁၇၈။)

ဒီကလေးကိုယ်ဝန်ရှိတဲ့ အချိန်အခါက စပြီးတော့ စိုက်ပျိုးထားတဲ့ လယ် ယာမှာရှိတဲ့ စပါးတွေဟာလည်း အသီး မသီးတော့ဘူး၊ ဟော - ဖြစ်ကုန်ပြီ။

ဂေဟဂတံ ဂေဟေ, အရညဂတံ အရညေ နဿတိ၊ (မ၊ဋ္ဌ၊၄၊၁၇၈၊၊)

အိမ်ထဲရောက်နေတဲ့ ပစ္စည်းတွေလည်း အိမ်မှာ ပျက်စီးသွားတယ်၊ တောထဲရှိတဲ့ ပစ္စည်းတွေလည်း တောထဲမှာပဲ အားလုံးပျက်စီးကုန်ကြတယ်။ ပိုးကိုက်လို့ ပိုးထိုးလို့ စသည်ဖြင့် အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးကုန်ကြ တယ်။

အနုပုဗ္ဗေန ဃာသစ္ဆာဒနမတ္တံ ဒုလ္လဘံ ဟောတိ၊ (မ၊ဋ္ဌ၊၄၊၁၇၈။)

တဖြည်းဖြည်းနှင့် နောက်ဆုံး ဒီမိဘနှစ်ပါးမှာ ဝမ်းဝရုံတောင်မှ မနည်း ရှာဖွေ စားသောက်ရတဲ့အဆင့်အထိ ရောက်ရှိသွားတယ်။

ဂဗ္ဘပရိဟာရော န ဟောတိ၊ (မ၊ဋ္ဌ၊၄၊၁၇၈။)

ဘုန်းကံနည်းပါးနေတဲ့ ဒီကလေးသူငယ်ကြောင့် ဒီကိုယ်ဝန်ကို ထိန်း သိမ်း စောင့်ရှောက်ပေးမည့် ပုဂ္ဂိုလ်လည်း မရှိတော့ဘူး။ ရှေးတုန်းကတော့ ဘုန်းကံကြီးမားတဲ့ ပုဂ္ဂိုလ်များ ကိုယ်ဝန်ရပြီဆိုလို့ရှိရင် ဒီကိုယ်ဝန်ကို ထိန်းသိမ်း စောင့်ရှောက်ပေးမည့် အခြွေအရံဆိုတာ သီးသန့်ရှိလာတယ်၊ ဘုန်းကံ အားလျော်စွာ ပေါ်လာခဲ့တာပဲ။ ခုဒီမှာကျတော့ ဘုန်းကံက နည်းပါးနေတော့ ကံက ညှဉ်းပန်းနှိပ်စက်ထားတဲ့အတွက် ဒီကိုယ်ဝန်ကို ဘေးကနေ စောင့် ရှောက်ပေးမည့် ပုဂ္ဂိုလ်လည်း မရှိတော့ဘူး။

ဝိဇာတကာလေ မာတု ထညံ ဆိဇ္ဇတိ၊ (မ၊ဋ္ဌ၊၄၊၁၇၈။)

ဝိဇာတကာလေ = ကလေးသူငယ် မွေးဖွား၍လာရာ ထိုအချိန်အခါ ကာလ၌။ မာတု ထညံ = မိခင်၏ နို့ရည်သည်။ ဆိဇ္ဇတိ = ပြတ်တောက်၍ သွားပေ၏။

ကလေးသူငယ် မွေးဖွားလာပြီဆိုရင် မိခင် နို့မထွက်တော့ဘူး၊ နို့ရည်တွေ အားလုံး ပြတ်သွားတယ်။ ဟော.. ကံများ ဘယ်လောက် ဆန်းကြယ်သလဲ ကြည့်။

ဒါရကော ပရိဟာရံ အလဘန္တော ပီဠိတော နိရောဇော နိယူသော ကသဋော ဟောတိ၊ (မ၊ဋ္ဌ၊၄၊၁၇၈။)

ကလေးသူငယ်ကို ကြည့်လိုက်တဲ့အခါကျတော့ ထိန်းသိမ်းစောင့်ရှောက် ပေးမည့် ပုဂ္ဂိုလ်လည်း မရှိဘူး၊ နို့ရည်ကလည်း ပြတ်သွားတဲ့အတွက် နောက် ဆုံးတော့ ဘာဖြစ်လာသလဲ? ခုခေတ်တော့ ဘာလဲ၊ ဒန့်သလွန်သီးဆိုလား ဘာလား ပြောကြတယ်၊ ဦးပဉ္စင်းဒန့်သလွန်သီးဆိုလား - တချို့က ပြောကြ တယ်၊ ပိန်ကပ်ပြီးတော့ ခြောက်နေတယ်၊ အဆီအသားမရှိတဲ့ ကလေးသူငယ် ဖြစ်သွားရတယ်။

ဣဒံ ဥပပီဠကကမ္မံ နာမ။ (မ၊ဋ္ဌ၊၄၊၁၇၈။)

ဒါဟာ ကပ်ပြီး ညှဉ်းပန်းနှိပ်စက်နေတဲ့ကံပဲ၊ တကယ်သေအောင်တော့ မလုပ်သေးဘူး၊ နောက်တစ်ခု -- ပြောင်းပြန်လှန်ကြည့်လိုက်။

ဥပစ္ဆေဒကကံ = ကပ်၍ ဖြတ်တတ်သောကံ

ဒီဃာယုကကမ္မေန ပန နိဗ္ဗတ္တဿ ဥပစ္ဆေဒကကမ္မံ အာယုံ ဆိန္ဒတိ။

အသက်ရှည်ဖို့ရန်အတွက် အတိတ်က ကံကလေးက ပို့ပေးလို့ လူ့ ပြည် လူ့လောကတော့ ရောက်လာတာ -- မှန်တယ်၊ ဒါပေမဲ့လို့ နောက်ထပ် ဥပစ္ဆေဒကကံတစ်ခုက ပေါ်လာပြန်တယ်၊ ဥပစ္ဆေဒကကံ ဆိုတာကလည်း တခြားဟာတော့မဟုတ်ဘူး၊ ခုနက, အတိတ်က သူတစ်ပါးရဲ့အသက်တွေကို သတ်ဖြတ်ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ ကံပဲ၊ အဲဒီကံက ရင့်ကျက်လာတဲ့ အချိန် အခါမှာ ခုနက အကျိုးပေးနေတဲ့ လူ့လောကလူဖြစ်အောင် လူ့ခန္ဓာငါးပါး ရရှိအောင် အကျိုးပေးနေတဲ့ ဒီကုသိုလ်ကံကို သူကကပ်ပြီးတော့ ဖြတ်တောက် နေတယ်၊ အဲဒီကုသိုလ်ကံက အသက်ရှည်စေတတ်တဲ့ကံပဲ၊ အတိတ်က လွန် ကျူးခဲ့တဲ့ ဒီပါဏာတိပါတကံက ဥပစ္ဆေဒကကံပဲ၊ အဲဒီကံက အသက်တိုစေ တတ်တဲ့ကံပဲ၊ အသက်ရှည်စေတတ်တဲ့ကံရဲ့ စွမ်းအားကို အသက်တိုစေတတ် တဲ့ ဒီကံက လာပြီးတော့ ဖြတ်တောက်ပစ်လိုက်တယ်။

ယထာ ဟိ ပုရိသော အဋ္ဌုသဘဂမနံ ကတွာ သရံ ခိပေယျ၊ တမညော ဓနုတော ဝိမုတ္တမတ္တံ မုဂ္ဂရေန ပဟရိတွာ တတ္ထေဝ ပါတေယျ၊ (မ၊ဋ္ဌ၊၄၊၁၇၈။)

ရှစ်ဥသဘလောက် ရှိတဲ့ ခရီးတစ်ခု ဆိုကြပါစို့၊ အဲသလောက် ရှစ် ဥသဘလောက်ခရီးကို သွားနိုင်တဲ့ မြားတစ်စင်းကို ကျွမ်းကျင်တဲ့ လေးသမား တစ်ဦးက ပစ်ပြီးတော့ လွှတ်လိုက်တယ်။ အဲဒီပစ်လွှတ်လိုက်တဲ့မြားကို နောက် ထပ် ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တစ်ဦးက မြားတစ်စင်းနှင့် ထပ်ပြီးတော့ အောက် ကို ကျသွားအောင် ပစ်လွှတ်လိုက်သလိုပဲ၊ နောက်ထပ် တစ်ခါ ဒီမြားကို ဆောက်ပုတ်နှင့် ရိုက်ပြီးတော့ အောက်ကိုကျသွားအောင် ရိုက်ချလိုက်သလိုပဲ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ အသက်ကိုလည်း ခုနက တင်းပုတ်ကြီးနှင့် ထုပြီးတော့ တိုသွားအောင်ပြုလုပ်လိုက်သလို ဒီကံက ချက်ချင်း ဖြတ်တောက်ပစ်လိုက် တယ်၊ အဲဒီလို ဖြတ်တောက်လိုက်တဲ့အတွက်ကြောင့် ဘာဖြစ်လာသလဲ?

ဧဝံ ဒီဃာယုကကမ္မေန နိဗ္ဗတ္တဿ ဥပစ္ဆေဒကကမ္မံ အာယုံ ဆိန္ဒတိ။ (မ၊ဋ္ဌ၊၄၊၁၇၈။)

အသက်ရှည်စေတတ်တဲ့ လူ့ဘဝရောက်ကြောင်းဖြစ်တဲ့ ကံရဲ့စွမ်းအား ကလေးကို ဒီပါဏာတိပါတကံလို့ခေါ်ဆိုအပ်တဲ့ အတိတ်ကတည်ထောင်ခဲ့တဲ့ ဥပစ္ဆေဒကကံက လာပြီးတော့ သက်တမ်းကို တိုအောင်ဖြတ်တောက်ပေးလိုက် တယ်။ ဘယ်လို ဖြတ်တောက်ပေးသလဲလို့မေးတော့ -----

စောရာနံ အဋဝိံ ပဝေသေတိ၊ (မ၊ဋ္ဌ၊၄၊၁၇၈။)

ခိုးသားဓားပြတွေကို တောအုပ်ထဲကို ရောက်အောင် ပို့သွင်းပေးလိုက် တယ်၊ ဒီကံက တည်ထောင်ဖန်ဆင်းပေးလိုက်တယ်။ သူက တောလမ်းခရီး တစ်ခုကို ဖြတ်ပြီးသွားတော့မယ်ဆိုလို့ရှိရင် သူသွားမည့်လမ်းခရီးမှာ ခိုးသား ဓားပြတွေက စောင့်ဆိုင်းနေအောင် ခိုးသားဓားပြတွေရဲ့ စိတ်ဓာတ်ကို ဒီကံ က လှုံ့ဆော်ပေးလိုက်တယ်ပေါ့နော်၊ ဓားပြတွေက ဟိုက အသင့်စောင့်နေပြီ။ နောက်တစ်ခု -----

ဝါဠမစ္ဆောဒကံ ဩတာရေတိ၊ (မ၊ဋ္ဌ၊၄၊၁၇၈။)

ဒီပုဂ္ဂိုလ်ရဲ့ စိတ်ထားကို ဒီအချိန်အခါမှာ ကြမ်းတမ်းတဲ့ ငါးလိပ်မကန်း ရှိနေတဲ့ ဒီရေထဲကို မရောက်ရောက်အောင်, ဒီရေထဲ မဆင်းဆင်းအောင် ဒီ ကံက ပို့ဆောင်ပေးတယ်။

ကံဆန်းကြယ်ပုံ အတွေ့အကြုံတစ်ရပ်

ဘုန်းကြီး အစင်ရွာမှာ နေစဉ်အခါတုန်းက ကုလားဆိုတဲ့ ကလေး သူငယ်ကလေးတစ်ယောက်ကို တွေ့ခဲ့ဖူးတယ်။ သူ့ကံက ဘယ်လိုအကြောင်း တိုက်ဆိုင်ခဲ့တယ်ဆိုတာတော့ မပြောတတ်ဘူး၊ အစင်ရဲ့ တစ်ဘက်ကမ်းမှာ စုန်းမကျွန်းဆိုတဲ့ ကျွန်းတစ်ကျွန်းရှိတယ်၊ အဲဒီကျွန်းကို သွားတဲ့အခါ ချောင်း ကလေးတစ်ခုကို သူက ဖြတ်ဖြတ်ပြီးကူးသွားပြီးတော့ အဲဒီကျွန်းမှာ လယ်သွား လုပ်ရတယ်။ သူရဲ့အမျိုးသမီးကို သူက အဲဒီလယ်တောကို သွားစဉ်အခါမှာ, အဲဒီချောင်းကို ဖြတ်ဖြတ်ပြီးကူးစဉ်အခါမှာ ငါ လွန်ခဲ့တဲ့ ဘဝတုန်းက ရေနစ်ပြီးသေခဲ့တာ ဒီနေရာကလေးပဲဆိုပြီး သူ ခဏခဏ ပြောပြတယ်။ အဲဒီနေရာကလေးကို မကြာခဏ ဖြတ်ပြီး ကူးနေကျပဲ။

တစ်နေ့တော့ သူက အဲဒီနေရာကလေးကို ဖြတ်ကူးတယ်၊ အဲဒီနေရာမှာ ရေက ဒူးလောက်ပဲ ရှိပါတယ်၊ ဒူးလောက်ရှိတဲ့ နေရာကလေးမှာ ဖြတ်ကူးရင်း နှင့် သူ ရေနစ်ပြီး သေသွားရရှာပါတယ်။ ဒီနေရာကို မဆင်း ဆင်းဖြစ်အောင် ကံက တည်ထောင် ဖန်ဆင်းပေးလိုက်တယ်။ ဒူးလောက်သာ ရှိတဲ့ ရေဟာ သေဖို့တော့ မကောင်းဘူး၊ ဒါပေမဲ့ အဲဒီနေရာကျတော့ သူရုန်းလို့ မရဘူး။ ဘာဖြစ်လို့ သူ ရုန်းလို့ မရဘူးလို့ သိသလဲလို့ မေးတော့, သူ့နောက်မှာ သူ့ရဲ့ ယောက်ဖခေါ်မလား ဒကာတစ်ယောက်ပါလာတယ်၊ ဒကာတစ်ယောက်က နောက်ကနေ ရပ်ကြည့်နေတယ်၊ သူက ေ့ရှကနေ အရင် ကူးသွားတယ်၊ ရေ ဒူးလောက်ရှိတဲ့ အဲဒီနေရာကို ရောက်တဲ့အခါကျတော့ ကျွန်တော် ဘယ်လို ဖြစ်မှန်း မသိဘူးဆိုပြီး နောက်ကို လှည့်ပြီး စကားပြောတယ်၊ ပြန်ဆုတ် လာခဲ့ဆိုတော့ ပြန်ဆုတ်လို့လည်း မရတော့ဘူး၊ ကျွန်တော် လှုပ်လို့ မရဘူးလို့ သူက လှမ်းပြောလိုက်တယ်၊ ပြောပြီး လဲသွားတယ်၊ လဲသွားပြီး သူ့ကို လိုက်ရှာတယ်၊ နှစ်ရက်ကြာမှ သွားတွေ့တယ်။ ဒါပဲ -- ဒီကပ်ပြီး ညှဉ်းပန်း နှိပ်စက် ဖြတ်တောက်မည့် ကံတစ်ခုက ဒီရေထဲ မဆင်း ဆင်းအောင် ပို့ဆောင်ပေးနေတယ်။

အညတရံ ဝါ ပန သပရိဿယဋ္ဌာနံ ဥပနေတိ၊ (မ၊ဋ္ဌ၊၄၊၁၇၈။)

ဘေးအန္တရာယ်ရှိတဲ့နေရာတစ်ခုခုကို ရောက်အောင် ပို့ဆောင်ပေးတယ်။အဲဒီလိုကံမျိုးကို ဥပစ္ဆေဒကကံလို့ ခေါ်ပါတယ်၊ ဒီဥပစ္ဆေဒကကံကိုပဲ ဥပဃာတကကံလို့လည်း ခေါ်ပါတယ်။ ဒါကြောင့် ဘေးအန္တရာယ်အမျိုးမျိုးတွေ ကျရောက်အောင် ဒီပါဏာတိပါတကံက လိုက်ပြီးတော့ ပို့ဆောင်ပေးနေ တယ်။

ဇနကကံနှင့် ဥပတ္ထမ္ဘကကံ

နောက်တစ်ခု ဇနကကံဆိုတာကတော့ ပဋိသန္ဓေကို တိုက်ရိုက်ဖြစ် စေတဲ့ကံမျိုးကို ဇနကကံလို့ ခေါ်ပါတယ်။ အဲဒီတော့ ဒီ ဇနကကံကို နောက် ထပ် အားပေးထောက်ပံ့နေတဲ့ ကံတစ်ခု ရှိတယ်၊ အဲဒါကတော့ ဥပတ္ထမ္ဘက ကံလို့ ခေါ်ပါတယ်။ အဲဒီဥပတ္ထမ္ဘကကံက ဘယ်လိုအားပေးထောက်ပံ့သလဲ လို့ မေးတော့ -----

အပ္ပဘောဂကုလာဒီသု နိဗ္ဗတ္တဿ ဘောဂသမ္ပဒါဒိကရဏေန ဥပတ္ထမ္ဘကကမ္မံ ဥပတ္ထမ္ဘကကမ္မံ နာမ။ (မ၊ဋ္ဌ၊၄၊၁၇၈။)

အားပေးထောက်ပံ့တယ်ဆိုတာက ခုလူ့လောက လူ့ဘဝ ရောက်လာ တာက ကုသိုလ်ကံကြောင့်ရောက်လာတော့ ဒီကုသိုလ်ကံကို ဇနကကံ = ပဋိသန္ဓေစတဲ့ ဝိပါက်တွေကို တိုက်ရိုက်ဖြစ်စေတတ်တဲ့ ကံလို့ ခေါ်တယ်။ ဒီ ဇနကကံကို အားကောင်းအောင် အဲဒီ ဥပတ္ထမ္ဘကကံက ထောက်ပံ့ပေးတယ်၊ အဲဒီလိုထောက်ပံ့ပေးတဲ့အခါမှာ ဘယ်ကံက ထောက်ပံ့ပေးသလဲလို့မေးတော့ အတိတ်က ကုသိုလ်ကံကို ကုသိုလ်ကံ အချင်းချင်းက ပြန်ပြီးထောက်ပံ့ပေး လိုက်တယ်၊ အထောက်အပံ့ခံရတဲ့ကံက ဇနကကံ, အားပေးထောက်ပံ့တဲ့ကံက ဥပတ္ထမ္ဘကကံပဲ။ အဲဒီလို ထောက်ပံ့ပေးလိုက်တဲ့ အချိန်အခါမှာ အကြောင်း မလှလို့ စည်းစိမ်ဥစ္စာ မွဲတေနေတဲ့ မိဘနှစ်ပါးထံမှာ သွားပြီး ပဋိသန္ဓေနေရ တယ်ပဲထားတော့, အတိတ်က သူ့အသက်ကိုသတ်ခြင်း အစရှိတဲ့ ပါဏာတိပါတကံတွေကို ရှောင်ကြဉ်ခဲ့တဲ့ပုဂ္ဂိုလ်တစ်ဦး, သတ္တဝါတွေရဲ့ ချမ်းသာအကျိုး စီးပွားကို အမြဲတမ်းစောင့်ရှောက်ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦး, သတ္တဝါတွေရဲ့ အကျိုး စီးပွားကို လိုလားတောင့်တနေတဲ့ စိတ်ထားရှိတဲ့ ပုဂ္ဂိုလ်တစ်ဦး - အဲဒီပုဂ္ဂိုလ် တစ်ဦးသည် အဲဒီစိတ်ထား, အဲဒီကံကလေးက လူ့ဘဝမှာ လူခန္ဓာကိုယ်ဖြစ်စေ တဲ့ကံကို အားကောင်းသွားအောင် သူက ထောက်ပံ့ပေးလိုက်တယ်၊ စည်းစိမ် ဥစ္စာ ဆင်းရဲနွမ်းပါးနေတဲ့ မိဘထံမှာ သွားပြီး ပဋိသန္ဓေနေချင် နေရပါစေ၊ စည်းစိမ်ဥစ္စာတွေနှင့် ပြည့်စုံလာတဲ့ ချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တစ်ဦးဖြစ်အောင် ဒီအားပေးထောက်ပံ့နေတဲ့ ဥပတ္ထမ္ဘကကံက လှမ်းပြီးတော့ ထောက်ပံ့နေတယ်၊ သူ့အသက်ကို မသတ်ဘဲနှင့် ရှောင်ကြဉ်ခဲ့တဲ့စိတ်ထား, သူတစ်ပါးတွေရဲ့ အကျိုးစီးပွားကို လိုလားတောင့်တခဲ့တဲ့ စိတ်ထား, သူတစ်ပါးတွေအပေါ်မှာ ကြင်နာသနားတဲ့စိတ်ထား - အဲဒီစိတ်ထားတွေက စည်းစိမ်ဥစ္စာတွေ ချမ်းသာ ကြွယ်ဝလာအောင် ဝိုင်းပြီးတော့ ထောက်ပံ့ပေးတယ်။ ဒီလိုဆိုရင် ပိုက်ဆံ ဘယ်နှစ်ပြားကုန်သလဲ? စဉ်းစားကြည့်စမ်း၊ စိတ်ဓာတ်ကို ပြုပြင်ပြောင်းလဲ ပေးဖို့ မကောင်းဘူးလား? သိပ်ကောင်းတယ်။

သူ့အသက်ကို မသတ်ဘဲနှင့် ရှောင်ကြည်ခဲ့တဲ့ စိတ်ထားက မိမိရဲ့ အသက်ကို ရှည်အောင် တည်ထောင် ဖန်တီးပေးတယ်၊ အထောက်အပံ့တွေ ပေးတယ်။ သူတစ်ပါးရဲ့အကျိုးစီးပွားကို လိုလားတောင့်တခဲ့တဲ့ ဒီစိတ်ထားက မိမိရဲ့အကျိုးစီးပွားကို လိုးလားတောင့်တတဲ့ ပုဂ္ဂိုလ်တွေကို ဝိုင်းဝိုင်းလည်နေ အောင် တည်ထောင် ဖန်တီးပေးတယ်၊ စည်းစိမ်ဥစ္စာတွေနှင့် ပြည့်စုံကြွယ်ဝ တဲ့ လူချမ်းသာကြီးတစ်ဦး ဖြစ်အောင် တည်ထောင် ဖန်တီးပေးတယ်၊ အထောက်အပံ့တွေ ပေးတယ်။ သူတစ်ပါးတို့ကို ချမ်းသာစေလိုတဲ့ ကြီးပွား စေလိုတဲ့ ဒီစိတ်ထားက မိမိချမ်းသာဖို့ ကြီးပွားဖို့ အကြောင်းတစ်ခု ဖြစ်နေ တယ်။ သူတစ်ပါးတွေကို ကြင်နာသနားတဲ့စိတ်ထား အကျိုးစီးပွားကို မပျက် စီးအောင် အစဉ်သနားစောင့်ရှောက်လိုတဲ့ ဒီစိတ်ထားက မိမိကို ကြင်နာ သနားမည့်သူတွေ ပေါများလာအောင် မိမိအကျိုးစီးပွားတွေကို မပျက်စီး အောင် အစဉ်သနားစောင့်ရှောက်ပေးမည့် သူတော်ကောင်းတွေ ပေါများ လာအောင် တည်ထောင်ဖန်တီးပေးတယ်၊ အထောက်အပံ့တွေ ပေးတယ်။

ဒီလိုဆိုရင် --- ခုလို မွန်မြတ်တဲ့စိတ်ထားတွေနှင့် သူတစ်ပါးတွေကို ညှဉ်းပန်းနှိပ်စက်တဲ့ စိတ်ထား - ဒီနှစ်မျိုး ဘယ်စိတ်ထားက ပိုကောင်းသလဲ? ကရုဏာနှင့် ယှဉ်နေတဲ့ စိတ်ဓာတ်က ပိုပြီးတော့ကောင်းတယ်၊ သူတစ်ပါး တွေရဲ့ အကျိုးစီးပွားတွေကို လိုလားတောင့်တနေတဲ့ စိတ်ထားတွေက ပို ကောင်းတယ်။ အဲဒီတော့ ဒီကံလေးမျိုးရှိတဲ့အနက်က -----

ကုသိုလ် နှင့် အကုသိုလ်

ဣမေသု စတူသု ပုရိမာနိ ဒွေ အကုသလာနေဝ၊ (မ၊ဋ္ဌ၊၄၊၁၇၈။)

ခုနက ဥပစ္ဆေဒကကံနှင့် ဥပပီဠကကံ၊ ဒီကံနှစ်ခုက အကုသိုလ်ကံတွေပဲ။

ဇနကံ ကုသလမ္ပိ အကုသလမ္ပိ၊ (မ၊ဋ္ဌ၊၄၊၁၇၈။)

တိုက်ရိုက် ပဋိသန္ဓေကို ဖြစ်စေတတ်တဲ့ ဇနကကံ ဆိုတာကတော့ ကုသိုလ်ကံလည်းရှိတယ်၊ အကုသိုလ်ကံလည်းရှိတယ်။ လူသားတွေအတွက် ကတော့ ကုသိုလ်ကံပဲ၊ အပါယ်သား သတ္တဝါတွေအတွက်ကတော့ အကုသိုလ် ကံပဲ၊ နတ်တွေ, ဗြဟ္မာတွေ အတွက်လည်း ကုသိုလ်ကံပါပဲ။

ဥပတ္ထမ္ဘကံ ကုသလမေဝ။ (မ၊ဋ္ဌ၊၄၊၁၇၈။)

အားပေးထောက်ပံ့နေတဲ့ ဥပတ္ထမ္ဘကံဆိုတာကတော့ ကုသိုလ်ကံသာ ဖြစ်တယ်။

တတ္ထ ပါဏာတိပါတကမ္မံ ဥပစ္ဆေဒကကမ္မေန အပ္ပါယုကသံဝတ္တနိကံ ဟောတိ။ (မ၊ဋ္ဌ၊၄၊၁၇၈။)

ပါဏာတိပါတကံက ခုနက ကုသိုလ်ကံကနေပြီးတော့ အကျိုးပေးနေ ခဲ့ရင် ဒီကုသိုလ်ကံကို သူက ဖြတ်တောက်တဲ့ အနေနဲ့ အသက်တိုစေတတ် တယ်။

ပါဏာတိပါတိနာ ဝါ ကတံ ကုသလကမ္မံ ဥဠာရံ န ဟောတိ၊ (မ၊ဋ္ဌ၊၄၊၁၇၈-၁၇၉။)

နောက်တစ်ခု ထပ်ဖွင့်တယ်။ --

ပါဏာတိပါတိနာ = သူ့အသက်ကို သတ်လေ့ရှိတဲ့ပုဂ္ဂိုလ်သည်။ ကတံ = ပြုအပ်တဲ့။ ကုသလံ ကမ္မံ = ကုသိုလ်ကံသည်ကား။ ဥဠာရံ = ကြီးကျယ် ဖွံ့ဖြိုး များမြတ်တဲ့အကျိုးရှိသည်။ န ဟောတိ = မဖြစ်။

ဒါနပြုတာချင်း တူတယ်ထား၊ ပါဏာတိပါတကံကို လွန်ကျူးနေတဲ့ ပုဂ္ဂိုလ်ရဲ့ဒါနနှင့် ပါဏာတိပါတကံကို မလွန်ကျူးတဲ့ ပုဂ္ဂိုလ်ရဲ့ဒါန - ဒီနှစ်ခု တိုင်းတာနှိုင်းစာကြည့်လိုက်ရင် ပါဏာတိပါတကံကို လွန်ကျူးနေတဲ့ပုဂ္ဂိုလ်ရဲ့ ဒါနသည် အဆင့်မမြင့်ဘူး၊ ပါဏာတိပါတကံကို လွန်ကျူးနေတဲ့ပုဂ္ဂိုလ်ရဲ့ဒါန သည် ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့အကျိုးကို မပေးနိုင်ဘူးတဲ့ -- နော်၊ ဟို ဒါနူပပတ္တိသုတ္တန်မှာ ဘုရားဟောထားပါတယ်။

သီလရှိမှသာ တောင်းတဲ့ဆုပြည့်နိုင်တယ်

သတ္တဝါတစ်ဦးက အင်မတန်ချမ်းသာကြွယ်ဝနေတဲ့ မင်းသူဌေးသူကြွယ် တွေ ပုဏ္ဏားသူဌေးသူကြွယ်တွေ ဂဟပတိသူဌေးသူကြွယ်တွေကို မြင်တွေ့ ရတဲ့အခါ ငါလည်း ဒီလိုဖြစ်ရရင် ကောင်းမှာပဲဆိုတဲ့ စိတ်ထားကလေး ပေါ် လာတယ်၊ ဖြစ်စေရမယ်ဆိုတဲ့ စိတ်ဓာတ်ကို ဆောက်တည်တယ်၊ ကောင်းမှု ကုသိုလ်ကို ပြုတယ်၊ အဲဒီလို ပြုလိုက်တဲ့ အချိန်မှာ ဒီဆောက်တည်ထားတဲ့ စိတ်ထား, ဖြစ်ချင်တဲ့စိတ်ထား, ဖြစ်လိုတဲ့ဆုတောင်း တောင့်တချက်ကြောင့် ဒီပုဂ္ဂိုလ်သည် သူမျှော်လင့်တောင့်တနေတဲ့ မင်းသူဌေးသူကြွယ် ပုဏ္ဏားသူဌေး သူကြွယ် ဂဟပတိသူဌေးသူကြွယ်တို့ရဲ့ အပေါင်းအဖော်အဖြစ်သို့ တစ်နေ့ တော့ ရောက်သွားတယ်။ ဒါပေမဲ့ ဘယ်လိုပုဂ္ဂိုလ်သာ ရောက်နိုင်သလဲ?

တဉ္စ ခေါ သီလဝတော ဝဒါမိ၊ နော ဒုဿီလဿ။ ဣဇ္ဈတိ ဘိက္ခဝေ သီလဝတော စေတောပဏိဓိ ဝိသုဒ္ဓတ္တာ။ (အံ၊၃၊၇၁။)

တဉ္စ ခေါ = ထိုကဲ့သို့ ရောက်ရခြင်းသည်လည်းပဲ။ သီလဝတော = သီလရှိတဲ့ပုဂ္ဂိုလ်အား။ အဟံ = ငါဘုရားသည်။ ဝဒါမိ = ဟောတော်မူ၏။ ဒုဿီလဿ = သီလမရှိတဲ့ ပုဂ္ဂိုလ်အား။ အဟံ = ငါဘုရားသည်။ နော ဝဒါမိ = ဟောတော်မမူ။

ဒီလိုကပ်ရောက်ရတဲ့ ချမ်းသာကြွယ်ဝရတဲ့ ဒီလိုဘဝတစ်ခုကို ကပ် ရောက်ခဲ့ရတယ်ဆိုတာ သီလရှိတဲ့ ပုဂ္ဂိုလ်ကိုသာလျှင် ငါဘုရား ဟောပါတယ်၊ သီလမရှိတဲ့ ပုဂ္ဂိုလ်ကို ငါဘုရားမဟောဘူး၊ ဘာဖြစ်လို့လဲ?

ဘိက္ခဝေ = ချစ်သား ရဟန်းတို့ ...။ ဝိသုဒ္ဓတ္တာ = သီလစင်ကြယ် နေသည့်အတွက်ကြောင့်။ သီလဝတော = သီလရှိတဲ့ပုဂ္ဂိုလ်၏။ စေတောပဏိဓိ = စိတ်၏တောင့်တချက်ဟူသမျှသည်။ ဣဇ္ဈတိ = မချွတ်ဧကန် ပြီးစီးပြည့်စုံတတ်ပေ၏။

သီလတွေ စင်ကြယ်နေတဲ့အတွက်ကြောင့် သီလရှိတဲ့ပုဂ္ဂိုလ်ရဲ့ စိတ်ရဲ့ တောင့်တချက် မှန်သမျှသည် မချွတ်ဧကန် ပြီးစီးပြည့်စုံတတ်တယ်။ အလား တူပဲ - စတုမဟာရာဇ် တာဝတိံသာ ယာမာ တုသိတာ နိမ္မာနရတိ ပရနိမ္မိတ ဝသဝတ္တီ ခေါ်တဲ့ နတ်ပြည်ခြောက်ထပ် ရောက်လိုခဲ့တယ်ဆိုရင်, ဗြဟ္မာ့ပြည် ရောက်လိုခဲ့တယ်ဆိုရင်လည်း သီလရှိတဲ့ပုဂ္ဂိုလ်ရဲ့ သီလတည်းဟူသော မြေ ပေါ်မှာ ရပ်တည်ပြီး ပြုစုပျိုးထောင်လိုက်တဲ့ ကံတွေကသာလျှင် ရောက်စေ နိုင်တဲ့ စွမ်းအားရှိတဲ့အကြောင်း ဆက်လက်ဟောကြားထားတော်မူတယ်။

ဒီတော့ သီလရှိတဲ့ပုဂ္ဂိုလ်ရဲ့ ကုသိုလ်ကံနှင့် သီလမရှိတဲ့ ပုဂ္ဂိုလ်ရဲ့ ကုသိုလ်ကံသည် တူညီတဲ့အကျိုးရှိမလား? မရှိဘူး၊ ဒါကြောင့် -----

ပါဏာတိပါတိနာ = သူ့အသက်ကို သတ်လေ့ရှိတဲ့ပုဂ္ဂိုလ်သည်။ ကတံ = တည်ထောင်ဖန်ဆင်းအပ်တဲ့။ ကုသလကမ္မံ = ကုသိုလ်သည်။ ဥဠာရံ = ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့အကျိုးရှိသည်။ န ဟောတိ = မဖြစ်နိုင်။

ဒီဃာယုကပဋိသန္ဓိံ ဇနေတုံ န သက္ကောတိ၊ (မ၊ဋ္ဌ၊၄၊၁၇၉။)

ဒီဃာယုကပဋိသန္ဓိံ = အသက်ရှည်တဲ့ ပဋိသန္ဓေကို။ ဇနေတုံ = ဖြစ် စေအံ့သောငှာ။ န သက္ကောတိ = မစွမ်းနိုင်။

ပါဏာတိပါတအမှုကို လွန်ကျူးနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်က တည်ထောင်ဖန်ဆင်းလိုက်တဲ့ ကုသိုလ်ကံသည် အသက်ရှည်တဲ့ ပဋိသန္ဓေကို ဖြစ် စေနိုင်တဲ့ စွမ်းအား မရှိဘူး။ သူ့အသက်ကို သတ်နေတဲ့ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ သူတစ်ပါးရဲ့ အသက်ကို တိုသွားစေလိုတဲ့ စိတ်ထားက ရှိနေပြီး ဖြစ်တယ်။ ဒီစိတ်ထားမျိုးက မိမိ အသက်တိုဖို့ရန် အကြောင်းတစ်ခု ဖြစ်နေတယ်။

ဒီလိုဆိုလို့ရှိရင် အသက်ရှည်ချင်ရင် ဘာလုပ်ရမလဲ? ပါဏာတိပါတ ကံတွေကို ရှောင်ကြဉ်ဖို့ လိုတယ်၊ သူတစ်ပါးကို ညှဉ်းပန်းနှိပ်စက်လိုတဲ့ စိတ်ထားကလေးတွေကို ပြုပြင်ပြောင်းလဲပစ်ဖို့ မလိုဘူးလား? လိုအပ်တယ်။ အသက်ရှည်တိုင်း ကောင်းတယ်လို့ ဘုန်းကြီး မပြောလိုပါဘူး၊ သို့သော် မိမိက ဘဝကိုလည်း ဆုံးအောင် မလုပ်နိုင်သေးလို့ သံသရာ ခရီးတစ်ခုကို ဆက်စရာ ရှိနေသေးတယ်ဆိုရင်တော့ အသက်တိုတာနှင့် အသက်ရှည်တာ ဘယ်ဒင်း က ကောင်းမလဲ? အသက်ရှည်တာက ကောင်းတယ်။ ကျန်းမာတာနှင့် မကျန်းမာတာ ဘယ်ဒင်းက ကောင်းမလဲ? ကျန်းမာတာက ကောင်းတယ်။ ဒါကို ပြောလိုရင်းပါ၊ ဘဝတစ်ခုဟာ သိပ်ကောင်းတယ်လို့ ချီးမွမ်းနေတာ မျိုးတော့ မဟုတ်ပါဘူး။

ဧဝံ ပါဏာတိပါတော အပ္ပါယုကသံဝတ္တနိကော ဟောတိ။ (မ၊ဋ္ဌ၊၄၊၁၇၉။)

ဧဝံ = ဤသို့လျှင်။ ပါဏာတိပါတော = သူ့အသက်ကို သတ်ခြင်းဟု ခေါ်ဆိုအပ်တဲ့ ပါဏာတိပါတကံသည်။ အပ္ပါယုကသံဝတ္တနိကော = အသက် တိုခြင်းကို ဖြစ်စေတတ်သည်။ ဟောတိ = ဖြစ်ပေ၏။

သူ့အသက်ကိုသတ်တဲ့ ပါဏာတိပါတကံက အသက်တိုစေတယ် ဆိုတာ ဒီလိုပုံ ဒီနည်းလမ်းအားဖြင့် အသက်တိုစေတာပါ။ ဘာတွေလဲ? --- ဘေး အန္တရာယ် အမျိုးမျိုးတွေ ကျရောက်အောင် ပို့ဆောင်ပေးတယ်၊ စည်းစိမ် ဥစ္စာတွေ ပျက်စီးအောင် ပို့ဆောင်ပေးတယ်၊ အန္တရာယ်ရှိနေတဲ့ နေရာတွေ ကို ရောက်အောင် ပို့ဆောင်ပေးတယ်၊ သေမည့်နေရာတွေကို ရောက်အောင် ပို့ဆောင်ပေးတယ်၊ ဒီလို ဆိုလိုတာ။ ဘယ်နေရာသွားသွား အန္တရာယ်နှင့် တွေ့တယ်၊ အန္တရာယ်တွေ့အောင် ဒီကံက တည်ထောင်ဖန်ဆင်းပြီးတော့ ပေးတယ်။

ပဋိသန္ဓိမေဝ ဝါ နိယာမေတွာ အပ္ပါယုကံ ကရောတိ၊ (မ၊ဋ္ဌ၊၄၊၁၇၉။)

နောက်တစ်နည်းပြောရင်တော့ --

ပဋိသန္ဓိမေဝ ဝါ = ပဋိသန္ဓေကိုပင်လျှင်သော်လည်းပဲ။ နိယာမေတွာ = သတ်မှတ်၍။ အပ္ပါယုကံ = အသက်တိုအောင်။ ကရောတိ = ပြုလုပ် ပေးတတ်၏။

ပဋိသန္ဓေ အချိန်အခါ ကာလတည်းကနေပြီးတော့ အသက်တိုအောင် ကို တည်ထောင်ဖန်တီးပေးလိုက်တယ်၊ တချို့ဆို ကြည့်ပေါ့ - မွေးကတည်းက မသန်မစွမ်းကလေးတွေဖြစ်မလာဘူးလား? ဖြစ်လာတယ်၊ မွေးကတည်းကနေ ပြီးတော့ အနာရောဂါကလေးတွေ ထူပြောလာတယ်၊ အသက်တိုစေတတ်တဲ့ ကံကနေပြီးတော့ အသက်တိုအောင် တည်ထောင်ဖန်ဆင်းပေးလိုက်တယ်၊ အသက်တိုအောင် ပဋိသန္ဓေမျိုးစေ့ ချပေးလိုက်တယ်၊ တစ်နည်းအားဖြင့် ပြောရရင်တော့ အင်မတန် အနာရောဂါထူပြောနေတဲ့ မိဘတွေထံမှာ သွားပြီး တော့ ပဋိသန္ဓေနေရတယ်၊ မိဘတွေရဲ့ရောဂါ ဒီသားသမီးတွေမှာ ကူးစက်ပြီး မလာဘူးလား? ကူးစက်လာတယ်၊ ဒီပုံစံမျိုးဖြစ်တယ်။ ဒါ - ကံကနေပြီးတော့ ပို့ဆောင်ပေးလိုက်တာ။

သန္နိဋ္ဌာနစေတနာယ ဝါ နိရယေ နိဗ္ဗတ္တတိ၊ ပုဗ္ဗာပရစေတနာဟိ ဝုတ္တနယေန အပ္ပါယုကော ဟောတိ။ (မ၊ဋ္ဌ၊၄၊၁၇၉။)

နောက်တစ်နည်း ပြောမယ်ဆိုရင်တော့ သူ့အသက်ကိုသတ်တဲ့အချိန် အခါမှာ တကယ်တမ်း သတ်ဖြတ်တဲ့အချိန်အခါမှာ ဖြစ်ပေါ်နေတဲ့ စိတ်စေတနာကို သန္နိဋ္ဌာနစေတနာလို့ ခေါ်ပါတယ်။ တကယ်သတ်မယ်လို့ ဆုံးဖြတ်ချက် ချပြီး သတ်လိုက်တဲ့ အချိန်အခါမှာ ဖြစ်ပေါ်လာတဲ့ စိတ်စေတနာတွေပဲ။ အဲဒီ စိတ်စေတနာတွေက ငရဲမှာဖြစ်စေတယ်၊ မသတ်မီေ့ရှပိုင်း သတ်ပြီးတဲ့ နောက်ပိုင်းမှာ ထပ်ပြီးတော့လည်း ဒီအကုသိုလ်ကံတွေကို အာရုံယူပြီးတော့ မကောင်းတဲ့ အကုသိုလ်စိတ်စေတနာတွေ မဖြစ်ကြဘူးလား? ဖြစ်ကြတယ်။ အဲဒီေ့ရှပိုင်း နောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အကုသိုလ် စိတ်စေတနာတွေ ကြောင့်လည်း အသက်တိုရတယ်လို့ ဒီလို မှတ်ရမယ်။ ကဲ -- အသက်တိုတဲ့ အပိုင်းပြီးတော့ အသက်ရှည်တဲ့အပိုင်းကိုလည်း ဘုရားရှင်က ဆက်လက် ဟောကြားထားတော်မူတယ်၊ အဋ္ဌကထာကလည်း ဖွင့်ဆိုထားပြန်တယ်။ အဲဒီမှာ အသက်ရှည်ပုံနှင့် ပတ်သက်ပြီးတော့ ဘယ်လို ဖြစ်ပေါ်လာသလဲ?

အသက်ရှည်စေတဲ့ ဥပတ္ထမ္ဘကကံ

ပရိတ္တကမ္မေနပိ နိဗ္ဗတ္တံ ပဝတ္တေ ဧတံ ပါဏာတိပါတာ ဝိရတိကမ္မံ အာဂန္တွာ အတ္ထတော ဧဝံ ဝဒတိ နာမ -- (မ၊ဋ္ဌ၊၄၊၁၇၉။)

အားပျော့နေတဲ့ ကံတစ်ခုကြောင့် လူ့ဘဝမှာလာပြီးတော့ ပဋိသန္ဓေ နေပြီပဲ ထားဦးတော့၊ အဲဒီလို ပဋိသန္ဓေနေရတဲ့ အချိန်အခါမှာ တစ်ချိန်တုန်း က မိမိကလူ့လောကရှိစဉ်အခါက သူ့အသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ် ခဲ့တယ်၊ ရှောင်ကြဉ်လိုက်တဲ့ ဒီပါဏာတိပါတကံက, ရှောင်ကြဉ်တဲ့ ကုသိုလ် စေတနာကလေးက အနက်အဓိပ္ပါယ်သဘောအားဖြင့် ဒီလို လာပြောပြနေ တယ်၊ ဘယ်လိုလဲ?

သစာဟံ ပဌမတရံ ဇာနေယျံ၊ န တေ ဣဓ နိဗ္ဗတ္တိတုံ ဒဒေယျံ၊ ဒေဝလောကေယေဝ တံ နိဗ္ဗတ္တာပေယျံ။ (မ၊ဋ္ဌ၊၄၊၁၇၉။)

အကယ်၍ ငါသာရှေးဦးစွာ သိခွင့်ရခဲ့မယ်ဆိုရင် သင့်ကို ငါ ဒီလူ့ပြည် လူ့လောကမှာ ဘယ်တော့မှ ဖြစ်ခွင့်မပေးဘူး၊ နတ်ပြည် နတ်လောကမှာပဲ သင့်ကို ငါ ဖြစ်ခွင့်ပေးမယ်လို့ မပြောသော်လည်း ပြောသလိုဖြစ်နေတယ်။

ဟောတု, တွံ ယတ္ထ ကတ္ထစိ နိဗ္ဗတ္တ (နိဗ္ဗတ္တော)၊ အဟံ ဥပတ္ထမ္ဘကကမ္မံ နာမ ထမ္ဘံ တေ ကရိဿာမိ။ (မ၊ဋ္ဌ၊၄၊၁၇၉။)

ကဲဖြစ်စေတော့၊ သင် ဘယ်နေရာမှာပဲဖြစ်ဖြစ် ဖြစ်ချင်တဲ့နေရာမှာ ဖြစ် ပါစေ၊ ငါဟာ သင့်ကို အားကောင်းလာအောင် အားပေးထောက်ပံ့မယ် ဆိုပြီးတော့ တိုင်ကြီးတစ်တိုင်က မှီရာအဖြစ်နှင့် ကျေးဇူးပြုပေးသလို ဒီ ပါဏာတိပါတလုပ်ငန်းရပ်မှ ရှောင်ကြဉ်မှုဆိုတဲ့ ကုသိုလ်စေတနာကလည်း အသက် ရှည်သွားအောင် လာပြီးတော့ အားပေးထောက်ပံ့တယ်။ ဘယ်လို အားပေး ထောက်ပံ့သလဲလို့မေးတော့ ----

ပရိဿယံ နာသေတိ၊ ဘောဂေ ဥပ္ပါဒေတိ။ (မ၊ဋ္ဌ၊၄၊၁၇၉။)

ပရိဿယံ = ဘေးအန္တရာယ်ကို။ နာသေတိ = ဖျက်ဆီးပစ်၏။ ဘောဂေ = စည်းစိမ်ဥစ္စာတို့ကို။ ဥပ္ပါဒေတိ = ဖြစ်စေ၏။

ဘေးအန္တရာယ်တွေကို ပျက်စီးစေတယ်၊ စည်းစိမ်ဥစ္စာတွေကို ဖြစ်စေ တယ်။ ဘယ်လိုဖြစ်စေသလဲ?

တတ္ထ ဒါရကဿ မာတုကုစ္ဆိယံ နိဗ္ဗတ္တကာလတော ပဋ္ဌာယ မာတာပိတူနံ သုခမေဝ သာတမေဝ ဟောတိ။ (မ၊ဋ္ဌ၊၄၊၁၇၉။)

တတ္ထ = ထိုလူ့ပြည်လူ့လောက၌။ ဒါရကဿ = ကလေးသူငယ်၏။ မာတုကုစ္ဆိယံ = မိခင်ဝမ်းကြာတိုက်၌။ နိဗ္ဗတ္တကာလတော = ဖြစ်တဲ့ အချိန်အခါကာလမှ။ ပဋ္ဌာယ = စ၍။ မာတာပိတူနံ = မိဘနှစ်ပါးတို့အား။ သုခမေဝ = ချမ်းသာသုခသည်သာလျှင်။ ဟောတိ = ဖြစ်ပေါ်၍လာပေ၏။ သာတမေဝ = သာယာဖွယ်အာရုံအမျိုးမျိုးသည်သာလျှင်။ ဟောတိ = ဖြစ်ပေါ်၍လာပေ၏။

ဒီကလေးသူငယ် မိခင်ဝမ်းတိုက်မှာ ပဋိသန္ဓေတည်နေချိန်အခါကာလ မှ စ၍ မိဘနှစ်ပါးမှာ ချမ်းသာသုခအမျိုးမျိုးသာ ဖြစ်ပေါ်လာတယ်၊ သာယာ ဖွယ်အာရုံ, နှစ်သက်ဖွယ်, မြတ်နိုးဖွယ် အာရုံအမျိုးမျိုးသာလျှင် ဖြစ်ပေါ် လာတယ်။

ယေပိ ပကတိယာ မနုဿာ မနုဿပရိဿယာ ဟောန္တိ၊ တေ သဗ္ဗေ အပဂစ္ဆန္တိ။ (မ၊ဋ္ဌ၊၄၊၁၇၉။)

ပင်ကိုယ်ပကတိအားဖြင့် ညှဉ်းပန်းနှိပ်စက်နေတဲ့ လူတွေ၊ ဘီလူးတွေ အစရှိတဲ့ ဘေးအန္တရာယ်အမျိုးမျိုးတွေရှိကြတယ်၊ အဲဒီအန္တရာယ်အမျိုးမျိုး တွေမှာ အကုန်လုံး ဘေးရှဲသွားကြတယ်။ အမြဲတမ်း ဒုက္ခပေးနေတဲ့လူတွေက ဒုက္ခ မပေးနိုင်ကြတော့ဘူး၊ ဒီကလေးဘုန်းကံကြောင့် အမြဲတမ်းဒုက္ခပေးနေတဲ့ နတ်တွေ, ဘီလူးတွေဟာလည်း ဒုက္ခပေးနိုင်တဲ့စွမ်းအား မရှိကြတော့ဘူး။ ဒီကလေးရဲ့ ဘုန်းကံကြောင့်ပဲ။ ဘာဘုန်းကံလဲ? သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခဲ့တဲ့ ကုသိုလ်ကံရဲ့ ဘုန်းကံပဲ။ ကုသိုလ်ကိုပဲ ဘုန်းကံလို့ခေါ်တာပါ၊ ဘုန်းကံဆိုတာက ပုည၊ ကောင်းမှုကုသိုလ်ပဲ။ အဲဒီကောင်းမှုကုသိုလ်ရဲ့ စွမ်းအားကြောင့် ဒီအန္တရာယ်တွေ အကုန်လုံး ဘေးရှဲသွားကြတယ်။

ဧဝံ ပရိဿယံ နာသေတိ။ (မ၊ဋ္ဌ၊၄၊၁၇၉။)

ဧဝံ = ဤသို့လျှင်။ ပရိဿယံ = ဘေးအန္တရာယ်အမျိုးမျိုးကို။ နာသေတိ = ဖျက်ဆီး၍ပေး၏။

ဘုန်းကြီးငယ်စဉ် ကျောင်းသားဘဝတုန်းက အတွေ့အကြုံကလေးတစ်ခု ရှိခဲ့ဖူးတယ်၊ ဘုန်းကြီးကျောင်းသားဘဝနှင့် ဘုန်းကြီးကျောင်းမှာ ဆွမ်းအုပ် ထမ်းရတယ်။ တစ်နေ့ လယ်တောတစ်ခုမှာ ဆွမ်းအုပ်သွားထမ်းရတယ်၊ အဲဒီ နေ့ လယ်တောမှာ တစ်အိမ်တစ်ယောက်ဆိုပြီးတော့ သူကြီးက ဆင့်ခေါ်လို့ လူတွေထွက်လာကြတာနှင့် ဆုံမိတယ်။ ရှေးခေတ်ကပေါ့လေ၊ သူကြီး ရှိတယ်။ သူကြီးကနေ တစ်အိမ်တစ်ယောက် ဓားတွေ၊ တုတ်တွေနှင့် ထွက်ရမယ်ဆိုပြီး အိမ်တွေဆင့်ခေါ်လိုက်တော့ လူတွေ တစ်အိမ်တစ်ယောက် ဓားတွေ, တုတ် တွေနှင့် ထွက်လာကြတယ်။ ဒါနဲ့ ဆွမ်းချက်တဲ့ ဆွမ်းအမကြီးကို မေးကြည့် တယ်၊ ဘာဖြစ်တာလည်းဆိုတော့ အဲဟိုဘက်မှာတဲ့ လူတစ်ယောက်ကို သတ် သွားလို့၊ သတ်သွားတဲ့ပုဂ္ဂိုလ်ကို လိုက်ပြီးတော့ ရှာနေကြတယ်လို့ ဒီဆွမ်း အမကြီးက ပြောပြတယ်။ ထူးခြားချက်ကလေးတစ်ခုကို ပြောချင်တယ်။ တော နင်းရှာနေကြတဲ့အခါမှာ တစ်အိမ်တစ်ယောက်ကျနှင့် လူတွေ ဆင့်ပြီး တော နင်းပြီးတော့ လိုက်ရှာတော့ --- တောလည်း သိပ်မရှိလှဘူး၊ လယ်ကွင်းပဲ၊ အဲဒီလယ်ကွင်းထဲမှာ ဒီလူကိုလိုက်ရှာတာ ရှာလို့မတွေ့ကြဘူး၊ ဒီသတ်တဲ့ ဒကာကြီးကလည်း ဘုန်းကြီးနှင့် ခင်ပါတယ်၊ နောက်ပိုင်း သူနှင့်ဆုံတော့ မေး ကြည့်တယ်၊ ဘာလုပ်နေသလဲဆိုတော့ သူက အဲဒီအချိန်အခါမှာ လယ်တော မှာ လယ်တွေရိပ်နေတဲ့အချိန်ဖြစ်တော့ ကောက်ရိုး ရိုးပြတ်တွေရှိတယ်၊ ရိုးပြတ် ကလေးကို အထုံး (၉)ထုံး ထုံးပြီးတော့ ပုတီးလို သူက ကွင်းလေးလုပ်လိုက်ပြီး တော့ အဲဒီအထုံး (၉)ထုံးကို ပုတီးလုပ်ပြီး ဂုဏ်တော် (၉)ပါးကို ထိုင်ပြီးတော့ စိပ်နေတာပဲ၊ ဓားတွေ, တုတ်တွေနှင့် သူ့နားမှာ လူတွေအကုန်လုံး ဖြတ်သွား နေတယ်၊ အဲဒီလူတွေက သူ့ကို မမြင်ဘူး၊ သူက ဒီလူတွေကို အကုန်လုံး မြင်နေတယ်လို့ သူက ပြောပြတယ်။ အဲဒါ ဘာလဲ? ဒါပဲ။

ဘုန်းကြီး ပြောချင်တာက ဒီဘဝမှာ ပါဏာတိပါတကံကို လွန်ကျူးတာ မှန်ပေမဲ့လို့ အတိတ်က သူ့မှာ ပါဏာတိပါတကံကို ရှောင်ကြဉ်ခဲ့တဲ့ ကုသိုလ် ကံကလေးက ရှိနေတယ်၊ ဒီကုသိုလ်ကံကလေးက သူ့ကို အန္တရာယ်ပေးမည့် ဘေးအန္တရာယ် အမျိုးမျိုးကို ဘေးရှဲသွားအောင် ပို့ဆောင်ပေးလိုက်တယ်၊ ဒါကြောင့် အန္တရာယ်ပေးမည့် သတ္တဝါတွေက သူ့ကို မမြင်ဘူး၊ သူကသာလျှင် အန္တရာယ်ပေးမည့် သတ္တဝါတွေကို မြင်နေတယ်။ နောက်တစ်ခုကတော့ ဘုရားဂုဏ်တော်ကို ပွားနေတဲ့ ကုသိုလ်ကံပဲ။ ဒီကုသိုလ်ကံကလည်း အတိတ် က ပါဏာတိပါတကံမှ ရှောင်ကြဉ်ခဲ့တဲ့ ကုသိုလ်ကံကို အကျိုးပေးခွင့် သာအောင် လမ်းခင်းပေးနေတယ်၊ အထောက်အပံ့ ပေးနေတယ်။ ပစ္စုပ္ပန် ကုသိုလ်ကံကို အမှီရတဲ့အတွက် အတိတ်ကံကလည်း အကျိုးပေးဖို့ရန် အခါ အခွင့် ပိုပြီးသာသွားတယ်။ ဒါကြောင့် အတိတ် ကုသိုလ်ကံတွေက အကျိုး ပေးခွင့်သာအောင် ပစ္စုပ္ပန်မှာလည်း ကုသိုလ်ကံတွေကို များများထူထောင်ဖို့ လိုတယ်။ နောက်တစ်ခု ---

ဒါရကဿ ပန မာတုကုစ္ဆိမှိ နိဗ္ဗတ္တကာလတော ပဋ္ဌာယ ဂေဟေ ဘောဂါနံ ပမာဏံ န ဟောတိ၊ (မ၊ဋ္ဌ၊၄၊၁၇၉။)

ဒါရကဿ = ကလေးသူငယ်၏။ မာတုကုစ္ဆိမှိ = မိခင်ဝမ်းကြာတိုက်၌။နိဗ္ဗတ္တကာလတော = ပဋိသန္ဓေအားဖြင့် ဖြစ်ပေါ်လာရာ အချိန်အခါကာလ မှ။ ပဋ္ဌာယ = စ၍။ ဂေဟေ = အိမ်၌။ ဘောဂါနံ = စည်းစိမ်ဥစ္စာတို့၏။ ပမာဏံ = အတိုင်းအတာ ပမာဏသည်။ န ဟောတိ = မရှိပေ။

ကလေးသူငယ် ကိုယ်ဝန်လွယ်တဲ့ အချိန်က စပြီးတော့ မိဘရဲ့အိမ်မှာ စည်းစိမ်ဥစ္စာတွေရဲ့ တိုးတက်မှု အတိုင်းအတာ ပမာဏသည် မရှိတော့ဘူး၊ သိပ်ကြီးပွားလာတယ်၊ မိဘတွေ လုပ်ခင်းကိုင်ခင်းတွေ သိပ်အောင်မြင်လာ တယ်။

နိဓိကုမ္ဘိယော ပုရတောပိ ပစ္ဆတောပိ ဂေဟံ ပဝတ္တမာနာ ပဝိဿန္တိ။ (မ၊ဋ္ဌ၊၄၊၁၇၉။)

မြှုပ်ထားတဲ့ ရွှေအိုးငွေအိုးတွေဟာ ေ့ရှနောက်ဝဲယာအရပ် အကုန်လုံးမှ အိမ်ထဲကို လှိမ့်ပြီးတော့ ဝင်လာသလို ပေါ်လာကြတယ်။

မာတာပိတရော ပရေဟိ ဌပိတဓနဿပိ သမ္မုခိဘာဝံ ဂစ္ဆန္တိ။ (မ၊ဋ္ဌ၊၄၊၁၇၉။)

မိဘနှစ်ပါးတို့က သူတစ်ပါးတွေထံမှာ ရှေးတုန်းက အပ်နှံထားခဲ့တဲ့ ပစ္စည်းတွေ ရှိကြတယ်။ ခုခေတ်အပြောနှင့် ပြောရင်တော့ အတိုးချထားတဲ့ ပစ္စည်းပုံစံမျိုးပေါ့၊ အဲဒီ ပစ္စည်းတွေကို မရဘဲ ရှိနေတာကနေ ခုဘုန်းကံရှင် ကလေးသူငယ်တစ်ဦး ကိုယ်ဝန်လွယ်တဲ့ အချိန်အခါကာလက စပြီးတော့ -ဒီစည်းစိမ်ဥစ္စာတွေဟာ ဒီမိဘတွေရဲ့မျက်မှောက်ကို အလွယ်တကူ ရောက်ရှိ လာကြတယ်၊ မပေးဘဲ မနေနိုင်ကြတော့ဘူး၊ ပေးချင်တဲ့စိတ်ထားတွေ ပေါ် လာတယ်၊ ပေးလည်း ပေးဆပ်ကြတယ်။ နောက်တစ်ခု ----

ဓေနုယော ဗဟုခီရာ ဟောန္တိ၊ (မ၊ဋ္ဌ၊၄၊၁၇၉။)

နွားမတွေကြည့်လိုက်မယ်ဆိုလို့ရှိရင် နို့တွေအများကြီးထွက်လာတယ်။

ဂေါဏာ သုခသီလာ ဟောန္တိ၊ (မ၊ဋ္ဌ၊၄၊၁၇၉။)

နွားတွေကြည့်လိုက်ရင် နွားတွေရဲ့ ကိုယ်ကျင့်တရားက သိပ်ကောင်း သွားတယ်၊ ခိုင်းလို့ စေလို့ သိပ်ကောင်းလာတယ်။

ဝပ္ပဋ္ဌာနေ သဿာနိ သမ္ပဇ္ဇန္တိ၊ (မ၊ဋ္ဌ၊၄၊၁၇၉။)

လယ်တော ကြည့်လိုက်မယ်ဆိုလို့ရှိရင် စိုက်ပျိုးထားတဲ့ လယ်ခင်းမှာ စပါးတွေ အသီးအနှံတွေက သိပ်ပြီးတော့ အောင်မြင်လာတယ်။

ဝိယာ ဝါ သမ္ပယုတ္တံ, တာဝကာလိကံ ဝါ ဒိန္နံ ဓနံ အစောဒိတာ သယမေဝ အာဟရိတွာ ဒေန္တိ၊ (မ၊ဋ္ဌ၊၄၊၁၇၉။)

အတိုးပေးထားတဲ့ စည်းစိမ်ဥစ္စာတွေ သို့မဟုတ် ခဏခေတ္တ ချေးငှား ထားတဲ့ စည်းစိမ်ဥစ္စာတွေဟာလည်း အတိုးချထားတဲ့ပုဂ္ဂိုလ်တွေက သို့မဟုတ် ချေးငှားထားတဲ့ ပုဂ္ဂိုလ်တွေက အလွယ်တကူနဲ့ လာပြီးတော့ ပေးကြတယ်။

ဒါသာဒယော သုဝစာ ဟောန္တိ၊ (မ၊ဋ္ဌ၊၄၊၁၇၉။)

အိမ်မှာခိုင်းစေနေတဲ့ ကျွန်ယောက်ျား ကျွန်မိန်းမတွေကို ကြည့်လိုက် မယ်ဆိုလို့ရှိရင်လည်း ပြောစကား ဆိုစကား သိပ်ပြီးတော့ နားထောင်ကြ တယ်၊ ဒါ ကလေးရဲ့ ဘုန်းကံပဲ။ နောက်တစ်ခု -----

ကမ္မန္တာ န ပရိဟာယန္တိ၊ (မ၊ဋ္ဌ၊၄၊၁၇၉။)

အလုပ်သမားတွေ ကြည့်လိုက်မယ်ဆိုလို့ရှိရင် လုပ်ခင်းကိုင်ခင်းမှာ ရေသာခိုနေတာမျိုး လုံးလုံးမရှိကြဘူး။ အလုပ်ကို ပြည့်ပြည့်ဝဝလုပ်ကြတယ်။

ဒါရကော ဂဗ္ဘတော ပဋ္ဌာယ ပရိဟာရံ လဘတိ၊ (မ၊ဋ္ဌ၊၄၊၁၇၉။)

ကလေးသူငယ်ကို ကိုယ်ဝန်လွယ်တဲ့ အချိန်အခါကစပြီး ဒီကိုယ်ဝန် မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်ပေးမည့်ပုဂ္ဂိုလ်တွေ ဘေးကအမျိုးသမီးတွေ အများကြီးပေါ်လာတယ်။

ကောမာရိကဝေဇ္ဇာ သန္နိဟိတာဝ ဟောန္တိ။ (မ၊ဋ္ဌ၊၄၊၁၇၉။)

ကလေးသူငယ်ကို ဆေးကုသပေးမည့် အမျိုးသမီးဆေးဆရာ အမျိုးမျိုး ပေါ့၊ ခုခေတ်အပြောနှင့် ပြောရင်တော့ အမျိုးသမီး ဆရာဝန်တွေပေါ့နော်၊ အမျိုးသမီးဆရာဝန်အမျိုးမျိုးတွေဟာ အသင့်စည်းဝေး ရောက်လာကြတယ်။

ဂဟပတိကုလေ ဇာတော သေဋ္ဌိဋ္ဌာနံ, အမစ္စကုလာဒီသု ဇာတော သေနာပတိဋ္ဌာနာဒီနိ လဘတိ။ (မ၊ဋ္ဌ၊၄၊၁၇၉။)

ဒါရကော = ကလေးသူငယ်သည်။ ဂဟပတိကုလေ = ဂဟပတိအမည် ရတဲ့ သူဌေးသူကြွယ်မျိုး၌။ ဇာတော = မွေးဖွားခဲ့သည်ရှိသော်။ သေဋ္ဌိဋ္ဌာနံ = သူဌေးရာထူးကို။ လဘတိ = ရရှိနိုင်၏။

ဒီကလေးသူငယ်ဟာ ဂဟပတိ သူဌေးသူကြွယ်မျိုးမှာ သွားပြီး လူဖြစ်ခဲ့ မယ်ဆိုရင် သူဌေးရာထူး ရနိုင်တယ်။

ဒါရကော = ကလေးသူငယ်သည်။ အမစ္စကုလာဒီသု = အမတ်အမျိုး အနွယ် စသည်တို့၌။ ဇာတော = မွေးဖွားခဲ့သည်ရှိသော်။ သေနာပတိဋ္ဌာနာဒီနိ = စစ်သူကြီးရာထူးစသည်တို့ကို။ လဘတိ = ရရှိနိုင်၏။

အမတ်မျိုးမှာ မွေးဖွားခဲ့မယ်ဆိုရင် စစ်သူကြီးရာထူးကို ရရှိနိုင်တယ်၊ မင်းမျိုးမှာ မွေးဖွားခဲ့မယ်ဆိုရင် ရှင်ဘုရင်ရာထူး ရနိုင်တယ်၊ ဒီလို ဆိုလိုတယ်။

ဧဝံ ဘောဂေ ဥပ္ပါဒေတိ။ (မ၊ဋ္ဌ၊၄၊၁၇၉။)

ဧဝံ = ဤသို့လျှင်။ ဘောဂေ = စည်းစိမ်ဥစ္စာတို့ကို။ ဥပ္ပါဒေတိ = ဖြစ်ပေါ်စေ၏။

သူတစ်ပါးအသက်ကို မသတ်ဘဲ ရှောင်ကြဉ်ခဲ့တဲ့ကံတစ်ခုက ဒီပုံဒီပန်း ဒီနည်းလမ်းအားဖြင့် စည်းစိမ်ဥစ္စာအမျိုးမျိုးကို ဖြစ်စေတယ်၊ ဖြစ်အောင် ပြုပြင်ပေးတယ်။

သော အပရိဿယော သဘောဂေါ စိရံ ဇီဝတိ။ (မ၊ဋ္ဌ၊၄၊၁၇၉။)

သော = ထိုကလေးငယ်သည်။ အပရိဿယော = ဘေးရန် မရှိဘဲ။ သဘောဂေါ = စည်းစိမ်ဥစ္စာနှင့် ပြည့်စုံကုံလုံရသည်ဖြစ်၍။ စိရံ = ကြာမြင့်စွာ။ ဇီဝတိ = အသက်ရှည်ရ၏။

ဘေးအန္တရာယ်အမျိုးမျိုးလည်း သူ့မှာကင်းတယ်၊ စည်းစိမ်ဥစ္စာအမျိုးမျိုး တွေနှင့်လည်း ပြည့်စုံတယ်၊ စည်းစိမ်ဥစ္စာလည်း ပြည့်စုံပြီးတော့ ရှည်မြင့်စွာ သော အချိန်အခါကာလပတ်လုံး အသက်ရှည်ရတယ်။

ဧဝံ အပါဏာတိပါတကမ္မံ ဒီဃာယုကသံဝတ္တနိကံ ဟောတိ။ (မ၊ဋ္ဌ၊၄၊၁၇၉။)

ဧဝံ = ဤသို့လျှင်။ အပါဏာတိပါတကမ္မံ = သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ကြောင်းဖြစ်တဲ့ကံသည်။ ဒီဃာယုကသံဝတ္တနိကံ = ရှည်သော အသက်ကို ဖြစ်စေတတ်သည် (ဝါ) အသက်ရှည်စေတတ်သည်။ ဟောတိ = ဖြစ်၏။

ဒီလိုဆိုရင် အသက်ရှည်ချင်တဲ့ ပုဂ္ဂိုလ်တွေ သူ့အသက်ကို သတ်ရမ လား မသတ်ရဘူးလား? မသတ်ရဘူး၊ လိုအပ်တယ်၊ လိုအပ်တယ် --- ဒါ စိတ်ဓာတ်ပြုပြင်ပြောင်းလဲရေးပဲ။

အပါဏာတိပါတိနာ ဝါ ကတံ အညမ္ပိ ကုသလံ ဥဠာရံ ဟောတိ၊ (မ၊ဋ္ဌ၊၄၊၁၇၉။)

ဝါ = နောက်တစ်မျိုးသော်ကား။ အပါဏာတိပါတိနာ = သူ့အသက်ကို သတ်လေ့မရှိတဲ့ပုဂ္ဂိုလ်သည်။ ကတံ = ပြုစုပျိုးထောင်အပ်တဲ့။ အညမ္ပိ ကုသလံ = အခြားတစ်ပါးသော ကုသိုလ်တရားသည်လည်းပဲ။ ဥဠာရံ = ကြီးကျယ်ဖွံ့ဖြိုး များမြတ်သောအကျိုးရှိသည်။ ဟောတိ = ဖြစ်၏။

နောက်တစ်မျိုး ပြောဦးမယ် ---- သူ့အသက်ကို သတ်နေတဲ့ ပုဂ္ဂိုလ် တစ်ယောက်ပြုတဲ့ ကောင်းမှုကုသိုလ်ကံနှင့် သူ့အသက်ကိုမသတ်ဘဲနှင့် ရှောင် ကြဉ်နေတဲ့ သူတော်ကောင်းတစ်ဦးက ပြုစုပျိုးထောင်လိုက်တဲ့ ကုသိုလ်ကံလို့ ကုသိုလ်ကံနှစ်မျိုးရှိတယ်။ အဲဒီကုသိုလ်ကံနှစ်မျိုး ရှိတဲ့အနက်က သူ့အသက်ကို မသတ်ဘဲ ရှောင်ကြဉ်နေတဲ့ သူတော်ကောင်းတစ်ဦးက ပြုစုပျိုးထောင်လိုက် တဲ့ အခြားအခြားကံတွေလည်း ရှိကြပြန်တယ်။ အခြားအခြားကံဆိုတာ သူ့ အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်တဲ့ကံမှတစ်ပါး တခြားတခြားကုသိုလ်ကံ အားလုံးပဲ။ ဒီကံတွေသည် ----

ဥဠာရံ = ကြီးကျယ်ဖွံ့ဖြိုးများမြတ်တဲ့ အကျိုးအာနိသင်ရှိတယ်။

ဒီဃာယုကပဋိသန္ဓိံ ဇနေတုံ သက္ကောတိ၊ (မ၊ဋ္ဌ၊၄၊၁၇၉။)

ဒီဃာယုကပဋိသန္ဓိံ = အသက်ရှည်တဲ့ ပဋိသန္ဓေမျိုးကို။ ဇနေတုံ = ဖြစ်စေအံ့သောငှာ။ သက္ကောတိ = စွမ်းနိုင်၏။

ပဋိသန္ဓေမျိုးစေ့ကလေးထဲက အသက်ရှည်နိုင်တဲ့ မျိုးစေ့ဓာတ်စွမ်းအား တွေ ဒီထဲမှာ ကပ်ပြီးတော့ ပါလာတယ်။ ဒီပါဏာတိပါတမှ ရှောင်ကြဉ်တဲ့ ကုသိုလ်ကံက အသက်ရှည်စေနိုင်တဲ့ စွမ်းအင်တွေကို ပဋိသန္ဓေမျိုးစေ့ထဲမှာ မြှုပ်နှံပေးလိုက်တယ်။ ဒီကံရဲ့စွမ်းအင်များက ပဋိသန္ဓေအကျိုးကို ပေးနေတဲ့ ကံကို အသက်ရှည်စေတဲ့စွမ်းအင်ပြည့်ဝလာအောင် ထောက်ပံ့ပေးလိုက်တယ်။ ဒါကြောင့် ဒီကံတွေက အသက်ရှည်တဲ့ ပဋိသန္ဓေမျိုးကိုဖြစ်စေဖို့ရန် စွမ်းအင် ပြည့်ဝလာတယ်။

ဧဝမ္ပိ ဒီဃာယုကသံဝတ္တနိကံ ဟောတိ။ (မ၊ဋ္ဌ၊၄၊၁၇၉။)

ဧဝမ္ပိ = ဤသို့လည်းပဲ။ ဒီဃာယုကသံဝတ္တနိကံ = အသက်ရှည်စေမှုကို ဖြစ်စေတတ်သည်။ ဟောတိ = ဖြစ်၏။

သူ့အသက်ကို မသတ်ဘဲ ရှောင်ကြဉ်နေတဲ့ သူတော်ကောင်းတစ်ဦးက ပြုစုပျိုးထောင်လိုက်တဲ့ကံသည် ဒီပုံအားဖြင့် အသက်ရှည်တယ်၊ အသက် ရှည်မှုကို ဖြစ်စေတတ်တယ်။

ပဋိသန္ဓိမေဝ ဝါ နိယာမေတွာ ဒီဃာယုကံ ကရောတိ။ (မ၊ဋ္ဌ၊၄၊၁၇၉၊၊)

ပဋိသန္ဓိမေဝ ဝါ = ပဋိသန္ဓေကိုပင်လျှင်သော်လည်းပဲ။ နိယာမေတွာ = သတ်မှတ်၍။ ဒီဃာယုကံ = အသက်ရှည်ခြင်းကို။ ကရောတိ = ပြုလုပ်၍ ပေးတတ်၏။

ပဋိသန္ဓေကိုလည်း အသက်ရှည်တဲ့ ပဋိသန္ဓေမျိုးဖြစ်အောင် ဒီကံက သတ်မှတ်ချက် ပေးလိုက်တယ်။ သတ်မှတ်ပြီးတော့ အသက်ရှည်အောင် ပြုပြင်ဖန်တီးပေးလိုက်တယ်။

ဟိုဘက်က သုတ္တန်တစ်ခု -- အမည်တော့ မေ့နေတယ်၊ သတ္တဝါတွေ အမိဝမ်းတွင်းမှာ ပဋိသန္ဓေတည်နေရပြီး မွေးဖွားလာတဲ့ သတ္တဝါနှင့် အမိ ဝမ်းတွင်းမှာ ပဋိသန္ဓေတည်နေပြီးတော့ အမိဝမ်းတွင်းမှာပဲ သေကျေပျက်စီး ရတဲ့သတ္တဝါ၊ ဒီနှစ်ခု နှိုင်းယှဉ်လိုက်မယ်ဆိုရင် အမိဝမ်းတွင်းမှာ သေကျေ ပျက်စီးရတဲ့ သတ္တဝါက ပိုပြီးများတယ်လို့ ဘုရားဟောထားတဲ့ သုတ္တန်တစ်ခု ရှိပါတယ်။ ခုလိုသူတော်ကောင်းတစ်ဦး ဆိုကြပါစို့၊ ကိုယ်ကျင့်သီလတွေ ဖြူစင် နေတဲ့ သူတော်ကောင်းတစ်ဦးကို ကံတစ်ခုက ပဋိသန္ဓေအကျိုးကို ပေးလိုက်ပြီ ဆိုရင် အမိဝမ်းတွင်းမှာ သေကျေစေတတ်တဲ့ ကံမျိုး ဘယ်တော့မှ မဖြစ်စေ ရဘူး၊ အမိဝမ်းတွင်းမှာ မသေကျေ မပျက်စီးရအောင် ဒီကံက သတ်မှတ် ချက် ပေးလိုက်တယ်။

သန္နိဋ္ဌာနစေတနာယ ဝါ ဒေဝလောကေ နိဗ္ဗတ္တတိ၊ ပုဗ္ဗာပရစေတနာဟိ ဝုတ္တနယေန ဒီဃာယုကော ဟောတိ။ (မ၊ဋ္ဌ၊၄၊၁၇၉။)

နောက်တစ်နည်း ပြောရမယ်ဆိုလို့ရှိရင်တော့ သူတစ်ပါးအသက်ကို မသတ်ဖြတ်တော့ပါဘူးလို့ ဆုံးဖြတ်ချက်ချပြီး ရှောင်ကြဉ်လိုက်တဲ့ အဲဒီ သန္နိဋ္ဌာနစေတနာက နတ်ပြည်နတ်လောကမှာ ပဋိသန္ဓေအားဖြင့် သွားပြီး ဖြစ်ပေါ် စေနိုင်တဲ့ စွမ်းအားရှိတယ်။ သူတစ်ပါးအသက်ကို မသတ်တော့ပါဘူးလို့ စိတ် ဆုံးဖြတ်ချက်မချခင် ေ့ရှပိုင်းမှာ ရှောင်ကြဉ်ဖို့ရန်ဖြစ်နေတဲ့ စိတ်စေတနာတွေ, နောက်ပိုင်းမှာ ရှောင်ကြဉ်ပြီးတဲ့ အခါမှာလည်းဖြစ်ပေါ်လာတဲ့ စိတ်စေတနာ တွေ ရှိတယ်၊ ကုသိုလ်စိတ်စေတနာတွေပဲ။ အဲဒီ စေတနာတွေကလည်း ခုနက ပြောခဲ့တဲ့အတိုင်း လူ့ပြည် လူ့လောကမှာ လာပြီးတော့ ပဋိသန္ဓေအားဖြင့် တည်နေခဲ့ရမယ်ဆိုရင် အသက်ရှည်စေတတ်ပါတယ်။

ဣမိနာ နယေန သဗ္ဗပဥှဝိဿဇ္ဇနေသု အတ္ထော ဝေဒိတဗ္ဗော။ (မ၊ဋ္ဌ၊၄၊၁၇၉။)

ဒီပြဿနာကို ပြောဆိုခဲ့တဲ့အဖွင့်အတိုင်း နောက်လာမည့် ပြဿနာ၊ [အားလုံးပေါင်း (၁၄)ချက်ရှိတဲ့အနက်က ခု (၂)ချက်ပဲ ပြောရသေးတယ်] အဲဒီကြွင်းကျန်နေသေးတဲ့ ပြဿနာ (၁၂) ချက်တို့မှာလည်း ဒီပုံစံကို နည်းမှီ ပြီး သိရှိပါလို့ အဋ္ဌကထာက ဖွင့်ဆိုထားတယ်။

ဒါကြောင့် နည်းနည်း စကားစပ်မိအောင် ပြန်ပြီးတော့ပြောမယ် ...။ သုဘလုလင်က မြတ်စွာဘုရားကို ပြဿနာ (၁၄)ခု မေးခဲ့တယ်၊ အဲဒီ (၁၄)ခု မေးတဲ့အထဲမှာ ဘာကြောင့် အသက်ရှည်ရသလဲ? ဘာကြောင့် အသက်တို ရသလဲ? ဒီမေးခွန်းနှစ်ခုလည်း ပါတယ်။ အသက်တိုခြင်းသည် ပါဏာတိပါတကံကို လွန်ကျူးခဲ့လို့, အသက်ရှည်ရခြင်းသည် ပါဏာတိပါတကံတွေကို ရှောင်ကြဉ်ခဲ့လို့ ဒီလိုမြတ်စွာဘုရားက ပြန်ပြီးတော့ အဖြေပေးပါတယ်။

ဇာဏုသောဏိပုဏ္ဏားကြီးရဲ့ မေးခွန်း

ဒီနေရာမှာ -- ကိုယ်ကျင့်ဖြူစင်မြင့်မြတ်တဲ့ သူတော်ကောင်းတစ်ဦးက ပြုစုပျိုးထောင်လိုက်တဲ့ ဒါနကုသိုလ်ကံနှင့် ကိုယ်ကျင့်သီလ ပျက်စီးနေတဲ့ ပုဂ္ဂိုလ်တစ်ဦးက ပြုစုပျိုးထောင်လိုက်တဲ့ ဒါနကုသိုလ်ကံတို့ရဲ့ ကွာခြားတဲ့ အကျိုးတရားရှိပုံနှင့် ဆက်စပ်ပြီး ဟောကြားထားတော်မူတဲ့ ဇာဏုသောဏိ သုတ္တန် (အံ၊၃၊၄၇၈။) ဆိုတဲ့ သုတ္တန်တစ်ခု ရှိပါတယ်။ အဲဒီသုတ္တန်မှာလာရှိတဲ့ အကြောင်းအရာအချို့ကို အတိုချုပ်ပြီး ထပ်ပြောဦးမယ် ---

တစ်ချိန်မှာ ဗိမ္ဗိသာရမင်းကြီးရဲ့ ပုရောဟိတ်ဆရာကြီးဖြစ်တဲ့ ဇာဏုသောဏိပုဏ္ဏားကြီးက ဘုရားရှင်ထံချဉ်းကပ်ပြီးတော့ မေးခွန်းတစ်ခုမေးပါ တယ်။ ဘယ်လိုမေးသလဲ? ---

အရှင်ဂေါတမ ... တပည့်တော်တို့ပုဏ္ဏားတွေဟာ ဤအလှူသည် ကွယ်လွန်ပြီးကုန်သော ဆွေမျိုးသားချင်းတို့ထံသို့ ကပ်ရောက်ပါစေ၊ ဤအလှူ ကို ကွယ်လွန်ကုန်သော ဆွေမျိုးသားချင်းတို့သည် သုံးဆောင်ကြပါစေ -- ဆိုတဲ့ ဦးတည်ချက်နှင့် အလှူဒါနတွေကို ပြုလုပ်ကြပါတယ်။ သေသူကို ရည်စူး ပြီးတော့ ကုဗ္ဘီးထမင်းတို့ကို ပြုလုပ်ကြပါတယ်။ အဲဒီအလှူဟာ ကွန်လွန်သွား ကြတဲ့ ဆွေမျိုးသားချင်းတွေထံသို့ ဆိုက်ရောက်ပါသလား? ကွယ်လွန်သွားကြ တဲ့ ဆွေမျိုးသားချင်းတွေဟာ ဒီအလှူကို သုံးဆောင်ကြရပါသလား?

ဒီလို ဇာဏုသောဏိပုဏ္ဏားကြီးက ဘုရားရှင်အား သေသူကို ရည်ညွှန်း ၍ လှူဒါန်းအပ်တဲ့ အလှူဒါနနှင့် ပတ်သက်ပြီးတော့ မေးခွန်းတွေကို မေးမြန်း လျှောက်ထားတယ်။

ဘုရားရှင်၏ အဖြေ

အဲဒီအခါမှာ ဘုရားရှင်က ---

ဌာနေ ခေါ ဗြာဟ္မဏ ဥပကပ္ပတိ၊ နော အဋ္ဌာနေ။

ဒကာတော်ပုဏ္ဏား ... ဒီကောင်းမှုကုသိုလ်ဟာ ရောက်သင့်သော အရာဌာန၌ ရောက်တယ်၊ မရောက်သင့်သော အရာဌာန၌ မရောက်ဘူး -လို့ ခပ်ကျဉ်းကျဉ်းပဲ အဖြေ ပေးတော်မူလိုက်ပါတယ်။ ကျဉ်းလွန်းတော့ ပုဏ္ဏားကြီးက ထပ်ပြီး ရှင်းလင်းဟောကြားတော်မူရန် တောင်းပန်ပြန်တယ်။ ဒီအခါမှာ ဘုရားရှင်က အကျယ်ဝေဖန်ပြီး ဟောကြားပေးတော်မူပါတယ်။

ဒီဒေသနာတော်ရဲ့ လိုရင်းကတော့ ဒီလိုပါ ...။

ငရဲ-တိရစ္ဆာန်-ပြိတ္တာ-လူ့ပြည်-နတ်ပြည်ဆိုတဲ့ ဂတိငါးတန်ရှိတဲ့ အထဲ က -- သေလွန်သွားတဲ့ပုဂ္ဂိုလ်ဟာ မသေခင် လူ့ဘဝတုန်းက ဒုစရိုက်မျိုးစုံကို လက်သွက်သွက် လွန်ကျူးလေ့ရှိတဲ့ ဒုစရိုက်အိုး လူမိုက်မျိုးဖြစ်ခြင်းကြောင့် သေလွန်သွားတဲ့အခါ ငရဲသို့ရောက်မယ်ဆိုရင် ထိုငရဲသားသတ္တဝါရဲ့ အကုသိုလ်ကံဆိုတဲ့ စေတနာအာဟာရနှင့်ပဲ မျှတနေရတယ်။ အကယ်၍ တိရစ္ဆာန် ဘဝ ရောက်ခဲ့မယ်ဆိုရင်လည်း တိရစ္ဆာန်ဘဝမှာရှိတဲ့ မြက်သစ်ရွက်စတဲ့ တိရစ္ဆာန်တို့ရဲ့ အာဟာရတွေနှင့်ပဲ မျှတနေရတယ်။ ဒါကြောင့် ဒီငရဲ-တိရစ္ဆာန် ဆိုတဲ့ ဘုံဌာနတွေဟာလည်း ဒီလူဘဝက ဆွေမျိုးသားချင်းတို့က ပြုလုပ်လိုက် တဲ့ ကောင်းမှုကုသိုလ်ဟာ အဲဒီ ငရဲသားထံသို့ သို့မဟုတ် တိရစ္ဆာန်ထံသို့ မရောက်နိုင်ဘူး၊ အရာဌာန မဟုတ်ဘူးလို့ ဆိုလိုတယ်။

ငရဲသားသတ္တဝါဆိုတာကလည်း သူ့ရဲ့ အကုသိုလ်ကံတွေရဲ့ အရှိန် အဝါတွေ မကုန်သမျှကာလပတ်လုံး ငရဲမှာ ခံနေရမည့်သဘောရှိပါတယ်။ ဒီလူ့ပြည်လူ့လောကက သူ့အတွက်ရည်ညွှန်းပြီး ပြုလုပ်ပေးတဲ့ ကုသိုလ်တို့ ရဲ့အရှိန်အဝါကို ခံယူနိုင်တဲ့သဘောမရှိဘူး။ ဒီကုသိုလ်တွေရဲ့ အကျိုးကိုလည်း သုံးဆောင်ခံစားနိုင်ခွင့် မရှိဘူး။

နောက်တစ်ခု --- တိရစ္ဆာန်ဘဝဆိုတာကလည်း အလားတူပဲ - တိရစ္ဆာန် ဘဝကို ဖြစ်စေနိုင်တဲ့စွမ်းအားရှိတဲ့ အကုသိုလ်ကံတို့ရဲ့ အရှိန်အဝါတွေ မကုန် သေးသမျှကာလပတ်လုံး တိရစ္ဆာန်ဘဝမှ ကျွတ်နိုင်လွတ်နိုင်တဲ့သဘော မရှိ ဘူး။ ဒါကြောင့် တိရစ္ဆာန်ဘုံဘဝ ရောက်ရှိသွားတဲ့ ကွယ်လွန်သူကို ရည်ညွှန်း ပြီး လူ့ဘဝက ကျန်ရစ်သူဆွေမျိုးသားချင်းတို့က ကောင်းမှုကုသိုလ်ပြုပေး သော်လည်း အဲဒီတိရစ္ဆာန်ဘဝရောက်ရှိနေတဲ့သူက သိရှိဖို့ သာဓုခေါ်နိုင်ဖို့ ဆိုတဲ့သဘောတရားမှာ အလွန်ဖြစ်နိုင်ခဲတဲ့သဘောတစ်ခုသာ ဖြစ်နေတယ်။ တိရစ္ဆာန်ဘဝမှာရှိတဲ့ မိခင်တစ်ဦးဦးရဲ့ဝမ်းထဲမှာ ပဋိသန္ဓေတည်နေဆဲအချိန် အခါမျိုးမှာ ဒီလူ့ဘဝက ဆွေမျိုးသားချင်းတွေက ကောင်းမှုကုသိုလ်ပြုပေး မယ်ဆိုရင် ထိုသတ္တဝါက သိရှိနိုင်ဖို့ သာဓုခေါ်နိုင်ဖို့ဆိုတဲ့သဘောတရားဟာ လည်း ပိုပြီးအလှမ်းဝေးတဲ့ အခက်အခဲတစ်ရပ်သာဖြစ်ဖို့ရှိတယ်။ ဒါကြောင့် တိရစ္ဆာန်ဘဝဟာလည်း လူ့ပြည်လူ့လောကက ဆွေမျိုးသားချင်းတို့က ပြု လုပ်ပေးလိုက်တဲ့ ကောင်းမှုကုသိုလ်တို့ရဲ့ အရှိန်အဝါတွေ ရောက်နိုင်တဲ့နေရာ ဌာနမျိုး မဟုတ်ဘူး။

နောက်တစ်ခုပြောဦးမယ် - ပုဂ္ဂိုလ်တစ်ဦးဟာ လူ့ပြည်လူ့လောကမှာ ရှိစဉ် ကိုယ်ကျင့်သီလတွေက အလွန်ဖြူစင်တယ်၊ ကာယကံစင်ကြယ်မှုရှိတယ် ဝစီကံစင်ကြယ်မှုရှိတယ် မနောကံစင်ကြယ်မှုရှိတယ်၊ ထိုပုဂ္ဂိုလ်ဟာ ကွယ်လွန် သွားတဲ့အခါ လူ့ပြည်လူလောက ရောက်ခဲ့ရင် လူတို့ရဲ့အစာအာဟာရဖြင့် မျှတနေရတယ်၊ နတ်ပြည်နတ်လောက ရောက်ခဲ့ရင်လည်း နတ်တို့ရဲ့ အစာ အာဟာရဖြင့် မျှတနေရတယ်။

ထိုလူ့ပြည် နတ်ပြည် ရောက်သွားတဲ့ပုဂ္ဂိုလ်တစ်ဦးအတွက် ရည်ညွှန်း ပြီး လူ့ပြည်လူလောကမှာ ကျန်ရစ်ခဲ့သူ ဆွေမျိုးသားချင်းတို့က ကောင်းမှု ကုသိုလ်တွေကို ပြုပေးကြသော်လည်း ထိုကွယ်လွန်သွားတဲ့ပုဂ္ဂိုလ်ဟာ အဲဒီ ကုသိုလ်ရဲ့အကျိုးတရားကို ခံစားဖို့ရန် အရာဌာနမဟုတ်ပြန်ဘူး။

ဒီအချက်ဟာလည်း ထင်ရှားပါတယ်။ ကွယ်လွန်သွားတဲ့ ပုဂ္ဂိုလ်ဟာ လူ့ပြည်လူ့လောကကို ရောက်ရှိနေပြီဆိုကြစို့။ ရက်ပိုင်းလပိုင်းအတွင်းမှာပဲ ထိုကွယ်လွန်သူကို ရည်ညွှန်းပြီးတော့ ကျန်ရစ်သူဆွေမျိုးသားချင်းတို့က ကောင်းမှု ကုသိုလ်ပြုခဲ့ရင် ထိုကုသိုလ်ကို ထိုလူသားတစ်ဦးက ရရှိဖို့မှာ အလွန်ခက်ခဲတဲ့ သဘောတစ်ခု ဖြစ်နေတယ်။ ဘာကြောင့်လဲ? --- ထို ကွယ်လွန်သွားတဲ့ ပုဂ္ဂိုလ်ဟာ အဲဒီ ရက်ပိုင်းလပိုင်းအတွင်းလောက်မှာဆိုရင် မိခင်တစ်ဦးဦးရဲ့ ဝမ်းကြာတိုက်မှာ တည်ရှိနေတုန်း ဖြစ်နိုင်တယ်။ မိခင် တစ်ဦးဦးရဲ့ ဝမ်းကြာတိုက်မှာရှိနေတဲ့ ဒီကလေးအတွက် ကျန်ရစ်သူ ဆွေမျိုးသားချင်းတို့က ကောင်းမှုကုသိုလ် ပြုပေးသော်လည်း ထိုကလေး သူငယ်အဖို့ ထိုကုသိုလ်ရဲ့ အကျိုးတရားတွေကို ရရှိဖို့ရန် အရာဌာနမဟုတ် ဖြစ်နေသေးတယ်။ အကယ်၍ ကွယ်လွန်သူဟာ နတ်ပြည်နတ်လောကသို့ ရောက်ရှိသွားခဲ့ရင်လည်း နတ်စည်းစိမ်ကို ခံစားနေဆဲအချိန်သာဖြစ်တယ်။ လူဘဝက မကွယ်လွန်မီ မိမိကိုယ်တိုင် ပြုစုပျိုးထောင်ခဲ့တဲ့ ကုသိုလ်ကံတွေရဲ့ အရှိန်အဝါတွေ မကုန်သေးသမျှ နတ်ပြည်နတ်လောကမှာ နတ်စည်းစိမ် တွေကို ခံစားရမည့်သဘောသာ ရှိတယ်။ ဒါကြောင့် နတ်ပြည်နတ်လောက ဟာလည်း ကွယ်လွန်သူကို ရည်ညွှန်းပြီး ကျန်ရစ်သူ ဆွေမျိုးသားချင်းတို့က ပြုပေးလိုက်တဲ့ ကောင်းမှုကုသိုလ်တို့ရဲ့ အကျိုးတရားတွေကို ရရှိနိုင်တဲ့ အရာဌာနမျိုး မဟုတ်ဘူး။

ပြိတ္တာဘဝတစ်မျိုးသာ

အကယ်၍ ကွယ်လွန်သူဟာ ပြိတ္တာဘဝသို့ ရောက်ရှိခဲ့မယ်ဆိုရင်, ထို ပြိတ္တာဘဝမှာလည်း ပရဒတ္တူပဇီဝိပြိတ္တာတို့လို သူတစ်ပါးတို့ပြုပေးလိုက်တဲ့ ကုသိုလ်ကိုမှီပြီး အသက်ရှည်ရမည့် ပြိတ္တာမျိုးဖြစ်ခဲ့မယ်ဆိုရင်တော့ ကျန်ရစ်သူ ဆွေမျိုးသားချင်းတို့က ထိုကွယ်လွန်သူ (ပြိတ္တာဘုံဘဝသို့ ရောက်ရှိသွားသူ)ကို ရည်ညွှန်းပြီး ကောင်းမှုကုသိုလ်ကိုပြုခဲ့ရင် ထိုဒါနဖြင့် ထိုပြိတ္တာဟာ ထိုပြိတ္တာ ဘုံ၌ မျှတရတယ်၊ ထိုဒါနဖြင့် ထိုပြိတ္တာဟာ ထိုပြိတ္တာဘုံ၌ တည်နေရတယ်။ ဒါကြောင့် ထိုပြိတ္တာဘုံ၌တည်သူအား ထိုဒါနသည် ရောက်ရှိတယ် --

ဒီလို ဘုရားရှင်က အဖြေပေးတော်မူလိုက်တယ်။

ပုဏ္ဏားကြီးရဲ့ ထပ်ဆင့်မေးခွန်းများ

အကယ်၍ ကွယ်လွန်သွားသူဟာ ထိုပြိတ္တာဘဝသို့မရောက်ရှိခဲ့ဘူးဆိုရင် ထိုဒါနကို အဘယ်သူက သုံးဆောင်ပါသလဲ -- လို့ ထပ်ပြီး မေးပြန်တယ်။

ဘုရားရှင်ကလည်း -- ထိုပြိတ္တာဘုံဘဝသို့ ရောက်ရှိနေကြတဲ့ အခြားအ ခြားသော ရှေးရှေးက ကွယ်လွန်သွားကြတဲ့ ဆွေမျိုးသားချင်းတွေက ထိုဒါန ကို သုံးဆောင်ခံစားရတဲ့အကြောင်းကို ထပ်ပြီးအဖြေပေးတော်မူပါတယ်။

ကွယ်လွန်သူကလည်း ပြိတ္တာဘဝသို့ မရောက်ရှိခဲ့ဘူးဆိုရင်, ပြိတ္တာဘုံ မှာလည်း အခြားအခြားသော ဆွေမျိုးသားချင်းတွေလည်း မရှိကြဘူးဆိုရင် ထိုဒါနကို ဘယ်သူက သုံးဆောင်ခံစားရပါသလဲလို့ ပုဏ္ဏားကြီးက ထပ်မေး ပြန်တယ်။

ရှည်လျားလှစွာသော သံသရာခရီးတစ်လျှောက်မှာ ဆွေမျိုးသားချင်းတို့ မှ ကင်းဆိတ်ရာ ဘုံဌာနရှိတယ်ဆိုတဲ့ ဒီသဘောတရားဟာ အရာဌာနမဟုတ် ကြောင်းကို ဘုရားရှင်က ပြန်လည်ပြီး အမိန့်ရှိတော်မူတယ်။ အဲဒီလို အမိန့်ရှိ ပြီးတဲ့အခါမှာ ဘုရားရှင်က အလွန်သိသင့်တဲ့ အချက်အလက်တစ်ခုကို ဆက် လက်ပြီး မိန့်ကြားတော်မူပြန်ပါတယ် -- ဘယ်လိုိမိန့်ကြားတော်မူသလဲ? --

အပိ စ ဗြာဟ္မဏ ဒါယကောပိ အနိပ္ဖလော၊ (အံ၊၃၊၄၈၀။)

ဗြာဟ္မဏ = ဒါယကာတော် ဇာဏုသောဏိပုဏ္ဏား ...။ အပိ စ = အမှန်စင်စစ်အားဖြင့်သော်ကား။ ဒါယကောပိ = အလှူရှင်သည်လည်း။ အနိပ္ဖလော = အကျိုးမဲ့ မဖြစ်နိုင်။ သပ္ဖလောဝ = အကျိုးရှိသည်သာလျှင်။ ဟောတိ = ဖြစ်ပေ၏။

ဒါယကာတော် ပုဏ္ဏားကြီး ...အမှန်စင်စစ်အားဖြင့် ပြောဆိုရရင် အလှူရှင်ဟာလည်း အကျိုးမရှိ မဖြစ်နိုင်ပါဘူး၊ အကျိုးရှိသည်သာ ဖြစ်ပါ တယ်လို့ ဘုရားရှင်က အမိန့်ရှိတော်မူတယ်။

ဒါယကောပိ အနိပ္ဖလောတိ ယံ သန္ဓာယ တံ ဒါနံ ဒိန္နံ၊ တဿ ဥပကပ္ပတု ဝါ မာ ဝါ၊ ဒါယကေန ပန န သက္ကာ နိပ္ဖလေန ဘဝိတုံ၊ ဒါယကော တဿ ဒါနဿ ဝိပါကံ လဘတိယေဝ။ (အံ၊ဋ္ဌ၊၃၊၃၃၉။)

= အကြင် ကွယ်လွန်သူကို ရည်ညွှန်း၍ ထိုဒါနကို ပေးလှူတယ်။ ထို ကွယ်လွန်သူအား ထိုဒါနသည် ကပ်ရောက်သည်ပင်ဖြစ်စေ, မကပ်ရောက် သည်ပင်ဖြစ်စေ အလှူရှင်ကား ထိုဒါန၏ အကျိုးတရားကို ရရှိသည်သာ ဖြစ်ပါတယ်။ ဒီလို ဆိုလိုတယ်လို့ အဋ္ဌကထာက ရှင်းပြထားတယ်။

ဒီအခါမှာ ပုဏ္ဏားကြီးက --- သေသူဟာ ဒါန၏အကျိုးတရား မဖြစ်သင့် တဲ့နေရာမှာ ဖြစ်နေပေမဲ့ ရှင်ဂေါတမဟာ ဒါနရဲ့အကျိုးတရားကို ထင်ရှားရှိ တယ်လို့ ပညတ်တော်မူပါသလားလို့ --- ဆက်ပြီး မေးပြန်တယ်။

အဲဒီအခါမှာ ဘုရားရှင်ကလည်း --- သေသွားတဲ့သူဟာ ဒါနရဲ့အကျိုး တရား မဖြစ်သင့်တဲ့ဘုံဌာနမှာ သွားဖြစ်နေသော်လည်း ငါဘုရားရှင်က ဒါနရဲ့ အကျိုးတရားတွေကို ထင်ရှားရှိတယ်လို့ပဲ - ပညတ်တော်မူတဲ့အကြောင်းကို မိန့်ကြားတော်မူလိုက်တယ်။

ပုဏ္ဏားကြီးဘက်က --- ဒီလိုပေးလှူတဲ့ ဒါနဟာ သေသူအတွက် ရည် ညွှန်းပြီးလှူတဲ့ အလှူဒါနဖြစ်လို့ အလှူရှင်က ဒီဒါနရဲ့အကျိုးကို မရသင့်ဘူးလို့ အယူရှိနေတယ်။ ဘုရားရှင်ကလည်း ပုဏ္ဏားကြီးရဲ့ အမေးပြဿနာရဲ့ဆိုလိုရင်း ကို သိရှိပြီးဖြစ်လို့ အလှူရှင်ဟာ ကောင်းမှုကုသိုလ်ရဲ့ အကျိုးတရားကို မှီပြီး အသက်ရှင်ရမည့် ဘုံဌာနမှာ ဘယ်ဘုံမှာပဲဖြစ်ဖြစ်၊ ဒီအလှူရှင်ဟာ ဒါနရဲ့ အကျိုးတရားကို ရရှိနိုင်သည်သာဖြစ်တယ် - လို့ ဘုရားရှင်ရဲ့ မိန့်တော်မူ လိုရင်းကို အဋ္ဌကထာက ရှင်းလင်းတင်ပြထားတယ်။ (အံ၊ဋ္ဌ၊၃၊၃၃၉။)

ပြီးတော့ ဘယ်လို အကျိုးတရားတွေရှိတယ်ဆိုတာကို ဘုရားရှင်က ဆက်လက်ပြီး ဟောကြားတော်မူပါတယ်။ ဒီ - ဘုရားရှင်ရဲ့ ဟောကြားချက် ဒေသနာတော်တွေဟာ ယခုလို ကံတွေကို ထူထောင်နေတဲ့ တစ်နည်းပြောရင် တော့ ပန်းချီကားချပ်ကလေးတွေကို ရေးဆွဲနေတဲ့ သံသရာခရီးသည်တွေ အနေနှင့် အလွန်သိထားသင့်တဲ့ အကြောင်းအရာတွေ ဖြစ်ကြတယ်။ --- ဒီ ဒေသနာတော်ကို အတိုချုပ်ပြီးတော့ ထပ်ပြောဦးမယ် ---

တချို့ပုဂ္ဂိုလ်တွေဟာ - သူ့အသက်ကိုသတ်ခြင်း, သူ့ပစ္စည်းကို မတရား ယူခြင်း, သူ့သားမယားကို ဖျက်ဆီးခြင်းဆိုတဲ့ ကာယဒုစရိုက်တွေကိုလည်း လွန်ကျူးလေ့ရှိတယ်။ မုသားစကား, ကုန်းစကား, ကြမ်းတမ်းတဲ့စကား, ပိန်ဖျင်း တဲ့စကားတွေကို ပြောဆိုလျက် ဝစီဒုစရိုက်တွေကိုလည်း လွန်ကျူးလေ့ရှိတယ်။ သူတစ်ပါးပစ္စည်းတွေကို မတရားသောနည်းလမ်းဖြင့် ရရှိဖို့ရန် ကြံစည် စိတ် ကူးနေခြင်း, သူတစ်ပါးတို့ကို သတ်ဖြတ်ဖို့ သေကျေပျက်စီးစေဖို့ ညှဉ်းပန်း နှိပ်စက်ဖို့ကိုလည်း ကြံစည်စိတ်ကူးနေခြင်း, ကံ-ကံ၏အကျိုးကို လက်မခံဘဲ မှားယွင်းတဲ့ ခံယူချက်တွေ ရှိနေခြင်းဆိုတဲ့ မနောဒုစရိုက်တွေကိုလည်း လွန် ကျူးလေ့ရှိတယ်။

ဒီလို ဒုစရိုက်တွေကို လက်သွက်သွက်နှင့် လွန်ကျူးလေ့ရှိတဲ့ ပုဂ္ဂိုလ်ဟာ တစ်ဘက်က သမဏ ဗြာဟ္မဏ အမည်ရှိတဲ့ အလှူခံပုဂ္ဂိုလ် များထိုထိုအား ဆွမ်း-အဖျော်-အဝတ်-ယာဉ်-ပန်း-နံ့သာ-နံ့သာပျောင်း-အိပ်ရာ-နေရာ ကျောင်း-ဆီမီးဆိုတဲ့ ဒါနဝတ္ထုအစုစုကို ပေးလှူလေ့ရှိပြန်တယ်။

ထိုပုဂ္ဂိုလ်မျိုးဟာ ကွယ်လွန်သွားတဲ့အခါ ဆင်တို့ရဲ့ အပေါင်းအဖော် အဖြစ်သို့ ရောက်ရှိနိုင်တယ်၊ ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက် ဆိုတဲ့ ဒုစရိုက်အမျိုးမျိုးတွေကို လွန်ကျူးခဲ့တဲ့အတွက် ဆင်ဘဝသို့ ရောက်ရှိရတယ်။သို့သော် သမဏ ဗြာဟ္မဏ အမည်ရှိတဲ့ အလှူခံပုဂ္ဂိုလ် များထိုထိုအား ဆွမ်း သင်္ကန်းအစရှိတဲ့ ဒါနဝတ္ထုအမျိုးမျိုးကို ပေးလှူခဲ့တဲ့အတွက် ထိုဆင်ဘဝမှာ မင်္ဂလာဆင်တော်စသည်ဖြစ်ရပြီး အစားအသောက်, ပန်း, အထူးထူးသော အဆင်တန်ဆာတို့ကို ရလေ့ရှိပြန်တယ်။

အလားတူပဲ မြင်းဘဝသို့ ရောက်ခဲ့ရင်လည်း မင်္ဂလာမြင်းတော်စသည် ဖြစ်ရပြီး အဆင့်မြင့်မြင့် နေထိုင်စားသောက်ရတယ်။ နွားဘဝ-ခွေးဘဝ ---ရောက်ခဲ့ရင်လည်း အလားတူပဲ အဆင့်မြင့်မြင့်နေရတယ်။ အဆင့်မြင့်မြင့်စား ရတယ် --- စသည်ဖြင့် ဘုရားရှင်က ဆက်လက်ပြီး ဟောပြတော်မူတယ်။

ဒီနေရာမှာ တရားနာပရိသတ်တွေ စဉ်းစားဖို့ အချက်အလက်ကလေး တွေကို ဘုန်းကြီးဘက်ကလည်း ပြောပြချင်တယ် --- ခွေးဘဝပဲ ဆိုကြပါစို့ -အဆင့်မြင့်မြင့် နေရတယ်ဆိုသော်လည်း ခွေး - နေရ အိပ်ရတဲ့နေရာဟာ ဘယ်လောက် အဆင့်မြင့်နိုင်သလဲ? -- ပြီးတော့ ခွေးဘဝမှာ အဆင့်မြင့်မြင့် စားရတယ်ဆိုသော်လည်း ဘယ်လောက် အဆင့်မြင့်မြင့် စားရမှာလဲ? - စဉ်းစားကြည့်လေ - ဘယ်လောက်ပဲ အဆင့်မြင့်မြင့် ထားထား, ဘယ်လောက် ပဲ အဆင့်မြင့်မြင့် ကျွေးကျွေး ခွေးဆိုတာက မစင်ပုံမှာ ခေါင်းဆိုက်နေရတာကို ကျေနပ်တဲ့ ဘဝမျိုးသာဖြစ်တယ်။

ဒါနဟာ ဘယ်ဘဝရောက်ရောက် အကျိုးပေးတယ် ဆိုသော်လည်း တစ်ဘက်ကကြည့်ရင်တော့ အရှုံးထွက်နေတယ်။ အရောင်းအဝယ်တစ်ခုကို ပြုလုပ်တဲ့အခါမှာ အရှုံးထွက်သလို ခုဒီနေရာမှာလည်း ဒါနဟာ အရှုံးထွက်နေ တယ်။ ဘယ်လို အရှုံးထွက်နေသလဲ?

ဒါနရဲ့စွမ်းအင်

ဒါနဥှိ လောကေ သက္ကသမ္ပတ္တိံ ဒေတိ မာရသမ္ပတ္တိံ ဗြဟ္မသမ္ပတ္တိံ၊ စက္ကဝတ္တိသမ္ပတ္တိံ၊ သာဝကပါရမီဉာဏံ၊ ပစ္စေကဗောဓိဉာဏံ၊ အဘိသမ္ဗောဓိဉာဏံ ဒေတိ။ (အံ၊ဋ္ဌ၊၃၊၂၁၃။)

လောကမှာ ဒါနရဲ့စွမ်းအားသည် သိကြားမင်းစည်းစိမ်ကိုသော်လည်း ပေးစွမ်းနိုင်တယ်၊ မာရ်မင်းရဲ့ စည်းစိမ်ကိုသော်လည်း ပေးစွမ်းနိုင်တယ်၊ ဗြဟ္မာ မင်းရဲ့ စည်းစိမ်ကိုသော်လည်း ပေးစွမ်းနိုင်တယ်၊ စကြဝတေးမင်းရဲ့ စည်းစိမ် ကိုသော်လည်း ပေးစွမ်းနိုင်တယ်။ အကယ်၍ အလှူဒါနရှင်က ဒီလောကီ ချမ်းသာသုခတွေကို အလိုမရှိခဲ့လို့ လောကုတ္တရာချမ်းသာသုခကိုသာ အလိုရှိခဲ့ မယ်ဆိုရင် --- ဒီဒါနရဲ့စွမ်းအားသည် သာဝကပါရမီဉာဏ် (= ပကတိသာဝက ဗောဓိ, မဟာသာဝကဗောဓိ, အဂ္ဂသာဝကဗောဓိ ဆိုတဲ့ သာဝကပါရမီဉာဏ်) ကိုသော်လည်း ပေးစွမ်းနိုင်တယ်၊ ပစ္စေကဗောဓိဉာဏ်ကိုသော်လည်း ပေးစွမ်း နိုင်တယ်၊ သမ္မာသမ္ဗောဓိဉာဏ်တော်မြတ်ကြီးကိုသော်လည်း ပေးစွမ်းနိုင်တယ်။ (အံ၊ဋ္ဌ၊၃၊၂၁၃။)

ဒါနတစ်ခုတည်းက ထိုထိုဗောဓိဉာဏ်တွေကို ပေးတယ်လို့ ဆိုလိုတာ တော့ မဟုတ်ဘူး၊ ပါရမီ (၁၀)ပါးထဲမှာ ဒါနပါရမီလည်း အဝင်အပါဖြစ်လို့ ထိုထိုဗောဓိဉာဏ်တို့ရဲ့ အကြောင်းတရားအဖြစ် ဖွင့်ဆိုနေခြင်းဖြစ်တယ်။

ဒါနမှာ ဒီလို အဆင့်အတန်းမြင့်မားတဲ့ အထက်တန်းကျတဲ့ အကျိုး တရားတွေကို ပေးနိုင်တဲ့ စွမ်းအားတွေ ရှိပါတယ်။ ဒါပေမဲ့ ဒီလိုအထက်တန်း ကျတဲ့ အကျိုးတရားတွေကို ဒီဒါနက ပေးနိုင်တယ်ဆိုတာ ဘယ်လိုပုဂ္ဂိုလ်တွေ မှာသာ အကျိုးပေးနိုင်သလဲ? ---

တဉ္စ ခေါ သီလဝတော ဝဒါမိ၊ နော ဒုဿီလဿ။ ဣဇ္ဈတိ ဘိက္ခဝေ သီလဝတော စေတောပဏိဓိ ဝိသုဒ္ဓတ္တာ။ (အံ၊၃၊၇၁။)

ဒီလို အဆင့်အတန်းမြင့်မားတဲ့ အထက်တန်းကျတဲ့ အကျိုးတရားတွေ ကို ဒီဒါနက အကျိုးပေးနိုင်တဲ့ စွမ်းအားရှိတယ်ဆိုတာ သီလရှိတဲ့ပုဂ္ဂိုလ်အား သာ ငါဘုရားဟောတော်မူတယ်။ သီလမရှိတဲ့ ဒုစရိုက်အိုး လူမိုက်မျိုးအား ငါဘုရား ဟောတော်မမူဘူး။ ရဟန်းတို့ ...သီလစင်ကြယ်နေတဲ့အတွက် ကြောင့် သီလရှိတဲ့ပုဂ္ဂိုလ်ရဲ့ စိတ်ရဲ့တောင့်တချက်ဟူသမျှဟာ မချွတ်ဧကန် ပြီးစီးပြည့်စုံတတ်ပါတယ်။ (အံ၊၃၊၇၁။)

ဒီဒေသနာတော်ကတော့ အင်္ဂုတ္တိုရ်ပါဠိတော် ဒါနူပပတ္တိသုတ္တန်မှာ -ဘုရားရှင်ရဲ့ ဟောကြားတော်မူချက် ဖြစ်ပါတယ်။ ဒါကြောင့် အလှူရှင်ဟာ ကိုယ်ကျင့်တရားတွေ ဖြူစင်တဲ့ သီလရှိတဲ့ အလှူရှင်ဖြစ်မယ်ဆိုရင် ဒီဒါန ကုသိုလ်ကြောင့် အဆင့်အတန်းမြင့်မားတဲ့ အထက်တန်းကျတဲ့ အကျိုးတရား တွေကို ရရှိနိုင်တယ်။ သို့သော် သီလမရှိတဲ့အလှူရှင်ဖြစ်မယ် ဆိုလို့ရှိရင်တော့ ဒီဒါနကုသိုလ်ကြောင့် ဒီလို အဆင့်အတန်းမြင့်မားတဲ့ အထက်တန်းကျတဲ့ အကျိုးတရားတွေကို မရရှိနိုင်ဘူး။ ဘာတွေကိုသာ ရရှိနိုင်မလဲ? --

တရားနာပရိသတ်တွေ နားကြီးကြီးနှင့် မျက်စိကြီးကြီးနှင့် စဉ်းစား ဆင်ခြင်ကြည့်ပါ။ မင်္ဂလာဆင်တော်ဖြစ်ရပြီး စားဖွယ်သောက်ဖွယ်တွေ ပေါပေါ များများရရှိတယ် ဆိုသော်လည်း ဆင်တွေဟာ ဘာတွေကို စားကြသလဲ?- ဝါးနုနုတွေ မြက်တွေ သစ်ရွက်တွေ နွယ်တွေကို အများအားဖြင့် စားကြတယ်။ သစ်သီးဝလံဆိုတာကတော့ ရံဖန်ရံခါလောက်သာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီတော့ မိမိလှူခဲ့စဉ်က ဆင်စားတဲ့ အစားအစာမျိုးတွေ ဟုတ်သလား? မဟုတ် ဘူး။ အရှုံးမထွက်ဘူးလား? အရှုံးထွက်နေတယ်။ ဘာကြောင့် အရှုံးထွက်ရ သလဲ? ကိုယ်ကျင့်သီလတွေ ပျက်စီးခဲ့လို့ပဲ။ ကာယကံစင်ကြယ်မှု ဝစီကံ စင်ကြယ်မှု မနောကံစင်ကြယ်မှုတွေ မရှိခဲ့လို့ပဲ။ မြင်းတွေ နွားတွေမှာလည်း အလားတူပဲ။

နောက်တစ်ခု ခွေးဘဝကြည့်ပါ။ မြေကြီးပေါ်မှာ အိပ်ရတာ နေရတာကို မွေ့လျော်တဲ့ဘဝမျိုးသာ ဖြစ်တယ်။ ခွေးဘဝမှာ ကောင်းကောင်းမွန်မွန် စားရ တယ်ဆိုပေမဲ့ အဆင့်အတန်းမြင့်မားတဲ့ လူသားတွေစားတဲ့ အစာနှင့် နှိုင်းယှဉ် လိုက်ရင်တော့ အလွန်အဆင့်နိမ့်နေပါသေးတယ်။ ပြီးတော့ ခွေးဆိုတာက ဘယ်လောက်ပဲ ကောင်းကောင်းစားရပါစေ -- မစင်ပုံတွေ့ရင်တော့ လွေးရမှ ကျေနပ်တဲ့သတ္တဝါမျိုးသာ ဖြစ်တယ်။ -- ဒီအချက်တွေ ကြည့်လိုက်ရင်လည်း အရှုံးမထွက်ဘူးလား? ရှုံးနေတယ်။ တစ်ချိန်က လူ့ဘဝမှာ မိမိလှူဒါန်းခဲ့စဉ်က ဒီလိုခွေးစားတဲ့ အစာမျိုးတွေ ဟုတ်သလား? မဟုတ်ဘူး - ဘာကြောင့် ဒီလို အဆင့်နိမ့်သွားရတယ်ဆိုတာကို သဘောပေါက်သင့်တယ်။ ကိုယ်ကျင့်သီလ ပျက်စီးခြင်းကြောင့် ဒါနကုသိုလ်ကံရဲ့ အကျိုးတရားတွေဟာ အဆင့်အတန်း နိမ့်သွားခြင်းဖြစ်တယ်။ ငွေကုန်ကြေးကျခံပြီး အလှူဒါနပွဲကြီးတစ်ခုကို ပြုစု ပျိုးထောင်ပါလျက် ဒီဒါနကြောင့် မြက်တွေ သစ်ရွက်တွေကိုသာ ပေါပေါများ များ ပြန်စားရမယ်ဆိုရင်တော့ --- ဘယ့်နှယ်တုန်း ပရိသတ်တွေ ရှုံးချက်က မနာဘူးလား? သိပ်နာတယ်။ ဒါကြောင့် အလှူရေစက်လက်နှင့်မကွာ နေထိုင် နေကြတဲ့ လူမျိုးတွေဖြစ်ခြင်းကြောင့် နေ့စဉ်လိုလို ဒါနတွေပြုနေကြတဲ့အတွက် နေ့တိုင်းနေ့တိုင်း ကိုယ်ကျင့်သီလတွေ ဖြူစင်နေဖို့ မကောင်းဘူးလား? သိပ် ကောင်းတယ် - သိပ်ကောင်းတယ် ---

ကာယကံ စင်ကြယ်မှု ဝစီကံ စင်ကြယ်မှု မနောကံ စင်ကြယ်မှုဆိုတဲ့ သုစရိုက်တရားတွေကို ဖြည့်ကျင့်နေတဲ့ ဖြူစင်တဲ့ ကိုယ်ကျင့်သီလရှိတဲ့ သူတော် ကောင်းတွေက ဆွမ်းသင်္ကန်းစတဲ့ ဒါနဝတ္ထုအမျိုးမျိုးတွေကို သမဏ ဗြာဟ္မဏ အမည်ရတဲ့ အလှူခံပုဂ္ဂိုလ်တွေကို လှူဒါန်းပူဇော်ခဲ့မယ်ဆိုရင်တော့ မိမိကလည်း အလှူခံပုဂ္ဂိုလ်တွေကို လှူဒါန်းပူဇော်ခဲ့မယ်ဆိုရင်တော့ မိမိကလည်း အလိုရှိခဲ့မယ်ဆိုရင် လူ့ဘဝမှာ လူ့ချမ်းသာ လူ့ကာမဂုဏ်တွေကိုလည်း ပေါပေါများများ သုံးဆောင်ခံစားရနိုင်တယ်။

လူ့ဘဝ နတ်ဘဝသို့ ရောက်ရှိရခြင်းက သီလစင်ကြယ်ခဲ့လို့ ဖြစ်တယ်၊ လူကာမဂုဏ် နတ်ကာမဂုဏ်တွေကို ပေါပေါများများ သုံးဆောင်ရခြင်းက ဒါနပြုခဲ့လို့ဖြစ်တယ် -- ဒီလို ဇာဏုသောဏိပုဏ္ဏားကြီးကို ဘုရားရှင်က ဆက် ဟောပြတော်မူတယ်။

ဒါကြောင့် လူ့ဘဝ နတ်ဘဝ ရရှိရေးအတွက်လည်း ကိုယ်ကျင့်သီလတွေ ဖြူစင်ဖို့ မလိုဘူးလား? လိုအပ်တယ်၊ လိုအပ်တယ်။ နိဗ္ဗာန်ကို ရရှိရေးအတွက် ရော ကိုယ်ကျင့်သီလတွေ ဖြူစင်ဖို့ မလိုဘူးလား? ပိုပြီးလိုအပ်ပါတယ်။ မဂ္ဂင် (၈)ပါး စုံညီပါမှ နိဗ္ဗာန်ကို ရရှိနိုင်တယ်လို့ လက်ခံနိုင်ရင် သမ္မာဝါစာ သမ္မာ ကမ္မန္တ သမ္မာအာဇီဝခေါ်တဲ့ သီလမဂ္ဂင်တွေကိုလည်း နိဗ္ဗာန်ရောက်ကြောင်း ကျင့်စဉ်လမ်းအဖြစ် လက်ခံရမှာဖြစ်တယ်။ ဒါကြောင့် ကိုယ်ကျင့်သီလ ဖြူစင် ခြင်းဆိုတဲ့ လုပ်ငန်းသဘောတရားဟာ ပစ္စုပ္ပန် သံသရာ နှစ်ဖြာ ကြီးပွားရေး အတွက်ရော, နိဗ္ဗာန်ရရှိရေးအတွက်ရော မဖြစ်မနေ ကြိုးစားရမည့် တရား တစ်ခု ဖြစ်တယ်လို့ မှတ်ပါ။ ဒါကြောင့် မန်လည်ဆရာတော်ဘုရားကြီးက မဃဒေဝမှာ ဒီလို ဆုံးမထားတယ် ---

သေသူ နှင့် ရှင်သူ

ဆယ်ပါးပညတ်၊ ကုသိုလ်ရပ်ကို၊ ပြုအပ်ပြီးသည်၊ လူတမည်ကား၊ လူ့ ပြည်, နတ်ပွဲ၊ ရမခဲတည့်၊ ယူစွဲမုချ၊ ယွင်းမခွဘူး။ ။ ဒါနသီလ၊ ကုသလ၌၊ လုံ့လလွှတ်လျော့၊ လေးဖင့်ပေါ့၍၊ မေ့လျော့သောသူ၊ သူသေဟူ၏။ အလှူ သီတင်း၊ မကင်းဘာဝနာ၊ မချာရက်နေ့၊ မမေ့လျော့တတ်၊ ထိုသူမြတ်တို့၊ လူ့ နတ်ခန္ဓာ၊ ပြောင်းလဲကာလျှင်၊ ချမ်းသာသုခ၊ မပျက်ကြကြောင့်၊ ဘဝသဘော၊ ရွေ့လျောခြင်းဟူ၊ စုတိမူလည်း၊ သေသူမမည်၊ ဟူတုံသည်တည်း။ (မဃဒေဝ-စာပိုဒ်-၂၉၁။)

ဒီကိုယ်ကျင့်သီလ ဖြူစင်ရမယ်ဆိုတဲ့ အထဲမှာ - ပါဏာတိပါတ သူ့ အသက်သတ်ခြင်းမှ ရှောင်ကြဉ်မှုဆိုတာလည်း တစ်ခုအဖြစ် ပါဝင်ပါတယ်။ သူ့အသက်ကို မသတ်တဲ့ ရှောင်ကြဉ်တဲ့ပုဂ္ဂိုလ်မှာ သူတစ်ပါးတွေကို မသေ စေလိုတဲ့စိတ်ထား အသက်ရှည်စေလိုတဲ့ စိတ်ထားကလေးတွေလည်း ကပ်ပြီး ပါနေတယ်။ သူတစ်ပါးတွေကို အသက်ရှည်စေလိုတယ်ဆိုတဲ့ ဒီစိတ်ထားက မိမိ အသက်ရှည်ဖို့ရန် အကြောင်းတစ်ခုဖြစ်တယ်။ ဒါကြောင့် စူဠကမ္မဝိဘင်္ဂ သုတ္တန်မှာ ပါဏာတိပါတကံတွေကို ရှောင်ကြဉ်ခဲ့လို့ အသက်ရှည်ရကြောင်းကို ဘုရားရှင်က ဟောကြားတော်မူခြင်းဖြစ်တယ်။

အရှင်ဗာကုလမထေရ်ထုံး

ဒီနေရာမှာ - အရှင်ဗာကုလမထေရ်ရဲ့ အသက်ရှည်ရခြင်း၏ အတုယူ ဖွယ်ရာ ထုံးဟောင်း တစ်ခုကို ထပ်ပြောဦးမယ်။ အရှင်ဗာကုလမထေရ် အလောင်း အမျိုးကောင်းသားဟာ လွန်ခဲ့တဲ့ တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်း ထက် အနောမဒဿီမြတ်စွာဘုရား မပွင့်မီ အချိန်ကာလကလေးမှာ ဗြာဟ္မဏတစ်ဦး ဖြစ်ခဲ့တယ်။ ဗေဒင်သုံးပုံ တစ်ဘက်ကမ်းခတ်အောင် တတ်မြောက် ပြီးတဲ့အခါ ဗေဒင်တွေမှာ အနှစ်သာရကို ရှာမတွေ့တဲ့အတွက် တမလွန် အကျိုးစီးပွားကိုသာ ရှာဖွေတော့မယ် --- ဆိုတဲ့ ဦးတည်ချက်နှင့် တောင်ခြေ တစ်ခုမှာ ရသေ့ရဟန်း ပြုလိုက်တယ်။ လောကီစျာန်သမာပတ် (၈)ပါးနှင့် လောကီအဘိညာဏ် (၅)ပါးတို့ကို ရရှိတဲ့အတွက် စျာန်တွေနှင့်ပဲ မွေ့လျော် ပျော်ပိုက်ပြီး အချိန်ကို ကုန်လွန်စေခဲ့တယ်။ အဲဒီအချိန်လောက်မှာပဲ အနောမဒဿီ မြတ်စွာဘုရားလည်း လောကမှာ ပွင့်ထွန်းတော်မူခဲ့ပါတယ်။

အရှင်ဗာကုလအလောင်းရသေ့ကြီးကလည်း ရတနာသုံးပါးတို့ လောကမှာ ပွင့်ထွန်းပေါ်ပေါက်တော်မူလာပြီဆိုတဲ့ သတင်းကောင်းကို ကြားရတဲ့ အတွက် အနောမဒဿီမြတ်စွာဘုရားရှင်ထံသို့သွားကာ တရားတော်ကိုနာယူ ပါတယ်၊ သရဏဂုံကိုလည်း ဆောက်တည်ပါတယ်။ သို့သော် မိမိရဲ့နေရာ တောင်ခြေကလေးကို မစွန့်လွှတ်နိုင်ဖြစ်နေတယ်။ ဒါကြောင့် မိမိနေရာမှာပဲ နေထိုင်ပြီးတော့ တစ်ခါတစ်ရံ ဘုရားရှင်အား သွားရောက်ဖူးမြော်လေ့ရှိတယ်။တရားလည်း နာယူလေ့ရှိတယ်။

တစ်နေ့မှာ ဘုရားရှင်ရဲ့ဝမ်းတွင်းမှာ လေနာရောဂါတစ်ခု ဖြစ်ပေါ်ခဲ့ ပါတယ်။ အရှင်ဗာကုလအလောင်းရသေ့ကြီးက သိရှိတဲ့အခါ --- အော် - ဒီ အခါအခွင့်ကတော့ ငါ့အတွက် ကောင်းမှုကုသိုလ်ပြုရန် အခါအခွင့်ဖြစ်ပေ ပေါ့ --- လို့ ကြံစည်ပြီး တောင်ခြေကိုသွားပြီးတော့ ဆေးအမျိုးမျိုးတွေကို ဖော်စပ်ကာ -- ဤဆေးကို ဘုရားရှင်အား ဆက်ကပ်ပေးတော်မူပါ -- လို့ လျှောက်ထားပြီး ဘုရားရှင်၏ အလုပ်အကျွေးရဟန်းတော်အား လှူဒါန်းလိုက် ပါတယ်။ ဆေးကို ဘုဉ်းပေးလိုက်သည်နှင့် တစ်ပြိုင်နက် ဘုရားရှင်ရဲ့သန္တာန် မှာ စွဲကပ်နေတဲ့ လေနာရောဂါဟာလည်း နေခြည်ထိပျောက် နှင်းရည်ပေါက် လို ပျောက်ပျက်သွားပေတယ်။ အဲဒီရသေ့ကြီးလည်း ဘုရားရှင်ကျန်းမာတော် မူပြီး နောက်ပိုင်းကာလမှာ ဘုရားရှင်ထံသို့သွားရောက်ကာ ဝမ်းမြောက်ဝမ်းသာနှင့် သူက ဆုတောင်းပန်ထွာပြန်တယ် --- ပန်းချီကားတစ်ချပ်ကို သူက ရေးဆွဲလိုက်တယ် ---

ဘန္တေ ယဒိဒံ မမ ဘေသဇ္ဇေန တထာဂတဿ ဖာသုကံ ဇာတံ၊ တဿ မေ နိဿန္ဒေန နိဗ္ဗတ္တနိဗ္ဗတ္တဘဝေ ဂဒ္ဒူဟနမတ္တမ္ပိ သရီရေ ဗျာဓိ နာမ မာ ဟောတု။ (အံ၊ဋ္ဌ၊၁၊၂၃၆-၂၃၇။)

ဘန္တေ = ဘုန်းတော်နေဝန်း ထွန်းလင်း တောက်ပတော်မူပါပေသော မြတ်စွာဘုရား ...။ မမ ဘေသဇ္ဇေန = ဘုရားတပည့်တော် လှူဒါန်းဆက် ကပ်အပ်သည့် ဆေး၏ စွမ်းအားကြောင့်။ တထာဂတဿ = တထာဂတ အမည်ရတော်မူသော ဘုရားရှင်၏ သန္တာန်တော်၌။ ယဒိဒံ ဖာသုကံ = အကြင် ကိုယ်၏ချမ်းသာခြင်း ကျန်းမာတော်မူခြင်းသည်။ ဇာတံ = ထင်ရှား ဖြစ်ပေါ်ခဲ့ပါပြီမြတ်စွာဘုရား။ တဿ = ထိုကောင်းမှုကုသိုလ်၏။ နိဿန္ဒေန = အကျိုးဆက်ကြောင့်။ နိဗ္ဗတ္တနိဗ္ဗတ္တဘဝေ = ဖြစ်လေရာရာ သံသရာဘဝ၌။ ဂဒ္ဒူဟနမတ္တမ္ပိ = နွားနို့တစ်ကြိမ်ညှစ်ကာလမျှ အချိန်သော်လည်း။ မေ = ဘုရားတပည့်တော်၏။ သရီရေ = ခန္ဓာကိုယ်၌။ ဗျာဓိ နာမ = အနာရောဂါ မည်သည်။ မာ ဟောတု = မဖြစ်ပါစေသတည်း။

မြတ်စွာဘုရား ... ဘုရားတပည့်တော် လှူဒါန်းဆက်ကပ်အပ်တဲ့ ဆေးရဲ့စွမ်းအားကြောင့် ဘုရားရှင်၏ ကျန်းမာတော်မူခြင်းသည် ထင်ရှား ဖြစ်ပေါ်ခဲ့ပါသည် မြတ်စွာဘုရား။ ဒီကောင်းမှုကုသိုလ်ရဲ့ အကျိုးဆက်ကြောင့် ဖြစ်လေရာရာ သံသရာဘဝ၌ တပည့်တော်ရဲ့ခန္ဓာကိုယ်ဝယ် နွားနို့ တစ်ကြိမ် ညှစ်ကာလမျှလောက်သော်လည်း အနာရောဂါမည်သည် မဖြစ်ပါစေသား လို့ ဆုတောင်းပန်ထွာတယ်။

ပဒုမုတ္တရ ဘုရားရှင် လက်ထက်တော်မှာတော့ အလွန် ကြီးကျယ်တဲ့ အဓိကာရ ကောင်းမှုကုသိုလ်တွေ ပြုလုပ်ပြီးတော့ အနာရောဂါ ကင်းသော အရာဝယ် အသာဆုံး အမြတ်ဆုံးဖြစ်တဲ့ အပ္ပါဗာဓဧတဒဂ်ဘွဲ့ထူးကို ဆင် မြန်းနိုင်ဖို့ရန် ဆုတောင်းပန်ထွာပြန်တယ်။ ဒါက ဒုတိယအကြိမ် ရေးဆွဲ လိုက်တဲ့ ပန်းချီကားတစ်ချပ်ပဲ။

နောက်တစ်ခု --- ဝိပဿီမြတ်စွာဘုရား ပွင့်ထွန်းတော်မူတဲ့အချိန်မှာ အရှင်ဗာကုလအလောင်းဟာလည်း စျာန်အဘိညာဏ်ရ ရသေ့ကြီးပဲ ဖြစ်ပြန် တယ်။ တစ်ချိန် ဘုရားရှင်နှင့်တကွ သံဃာတော်များဟာ ဟိမဝန္တာတောမှာ သီတင်းသုံးတော်မူကြတယ်။ အဲဒီတစ်ချိန်မှာ ဟိမဝန္တာမှာလည်း အဆိပ်ပင် တွေက အဆိပ်ပွင့်တွေ ပွင့်နေကြတဲ့ အချိန်ဖြစ်တယ်။ အဲဒီအဆိပ်ပွင့်တို့ရဲ့ အနံ့အသက်တွေနှင့် ရောနှောနေတဲ့ လေတွေကို ရှူရတဲ့အတွက် ဝိပဿီ ဘုရားရှင်နှင့် အဂ္ဂသာဝကကြီးနှစ်ပါးကလွဲရင် ကျန်ရဟန်းသံဃာအားလုံးဟာ ပြင်းထန်တဲ့ ဦးခေါင်းနာရောဂါတွေ စွဲကပ်ဖြစ်ပွားလာကြတယ်။ ရသေ့ကြီး ကလည်း ရောဂါအခြေအနေကို သိရှိတဲ့အခါ ----- ဒီအခါကတော့ ငါ့အတွက် ရဟန်းသံဃာတော်အား ကိုယ်တိုင်ကိုယ်ကျ ဝေယျာဝစ္စပြုလုပ်၍ ကောင်းမှု ကုသိုလ်ကို ဆည်းပူးရန် လျော်ကန်သင့်မြတ်တဲ့ အခါပဲ ----- လို့ နှလုံးပိုက်ပြီး စျာန်အဘိညာဏ်တန်ခိုးဖြင့် ဆေးအမျိုးမျိုးကို တစ်ခဏချင်းအတွင်းမှာပဲ စုရုံးကာ ဖော်စပ်လှူဒါန်းပြန်တယ်။ ရဟန်းသံဃာတော်အားလုံးတို့ရဲ့ အနာ ရောဂါတွေဟာလည်း တစ်ခဏချင်း အတွင်းမှာပဲ အားလုံးပျောက်ကင်းသွား တယ်။ ဒါကတော့ တတိယအကြိမ် ရေးဆွဲလိုက်တဲ့ ပန်းချီကားချပ်ဖြစ်တယ်။

သံသရာတစ်လျှောက်မှာ နောက်ထပ်ကျောင်းလှူခြင်းစတဲ့ ကောင်းမှု ကုသိုလ်တွေကိုလည်း များစွာပြုစုခဲ့ပါတယ်။ သမထ ဝိပဿနာဆိုတဲ့ စရဏ မျိုးစေ့ကောင်း ဝိဇ္ဇာမျိုးစေ့ကောင်းတွေကိုလည်း ထူထောင်ခဲ့ပါတယ်။ -----

ဒီနေရာမှာ ပြောလိုတဲ့အချက်ကတော့ ----- ဘုရားရှင်နှင့်တကွ ရဟန်း သံဃာတော်တို့ရဲ့သန္တာန်မှာ စွဲကပ်နေတဲ့အနာရောဂါတွေကို ကင်းစေလိုတဲ့ စိတ်ဓာတ် အသက်ရှည်စေလိုတဲ့ စိတ်ဓာတ်တွေနှင့် ဆေးလှူခြင်းစတဲ့ သင်္ခါရ ကံတွေကို ပြုစုပျိုးထောင်ခဲ့တယ် ----- ဆိုတဲ့ အချက်ပဲ ဖြစ်တယ်။

အလှူခံပုဂ္ဂိုလ်တို့ရဲ့သန္တာန်မှာ တည်ရှိတဲ့အနာရောဂါတွေကို ကင်းရှင်း စေလိုတဲ့ ဒီစိတ်ထားက မိမိအနာရောဂါကင်းဖို့ရန်အတွက် အကြောင်းတစ်ခု ဖြစ်လာတယ်။ အလှူခံပုဂ္ဂိုလ်တွေကို အနာရောဂါကင်းပြီး အသက်ရှည်စေလို တဲ့ ဒီစိတ်ထားက မိမိ အသက်ရှည်ဖို့ရန်အတွက် အကြောင်းတစ်ခု ဖြစ်လာ ရပြန်တယ်။ ဒါတွင်လားဆိုတော့ ----- မကသေးဘူး၊ အနာရောဂါကင်းသူ ဖြစ် ဖို့ရန်လည်း သူက ဆုတောင်းခဲ့သူ ဖြစ်ပြန်တယ်။ သီလစင်ကြယ်တဲ့အတွက် ကြောင့် သီလရှိတဲ့ပုဂ္ဂိုလ်ရဲ့ စိတ်ထားတောင့်တချက်ဟူသမျှဟာ ပြည့်စုံတတ် တယ်လို့ ဘုရားရှင်ဟောကြားတော်မူတဲ့အတိုင်း သီလတည်းဟူသော မြေပေါ် မှာ ရပ်တည်ပြီး ကြဲချစိုက်ပျိုးလိုက်တဲ့ ကောင်းမှုဖြစ်ခြင်းကြောင့် သူရဲ့တောင့် တချက်တွေဟာလည်း ပြီးစီးပြည့်စုံလာရပြန်တယ် --- အနာရောဂါကင်းသူ ဖြစ်ရပြန်တယ်။

နောက်ဆုံးဘဝရောက်တဲ့အခါ ----- မွေးဖွားပြီးနောက် ငါးရက်မြောက် နေ့မှာ ဦးခေါင်းဆေးမင်္ဂလာကို ယမုနာမြစ်အတွင်းမှာ ပြုလုပ်ရင်း ငါးကြီး တစ်ကောင်၏ ပါးစပ်အတွင်းသို့ ရောက်ရှိသွားခဲ့တယ်။

သာမန်သတ္တဝါတစ်ဦးအဖို့ ငါးရဲ့ပါးစပ်ထဲသို့ ရောက်ရှိသွားမယ်ဆိုရင် သေကျေနိုင်ပေမဲ့လို့ အရှင်ဗာကုလအလောင်း သူတော်ကောင်းအဖို့ကား အိပ်ရာတိုက်ခန်းအတွင်းသို့ ဝင်ရောက်ကာ လျောင်းစက်ရသလို ဖြစ်နေ တယ်။ ဘာကြောင့်လဲ? ----- အရှင်ဗာကုလအလောင်းအလျာကား ပဋိသမ္ဘိဒါ ဉာဏ်လေးပါးတို့နှင့်တကွ အရဟတ္တမဂ် အရဟတ္တဖိုလ်ကို ကိန်းသေဧကန် ရမည့် ပစ္ဆိမဘဝိက = နောက်ဆုံးဘဝရှိသူ သူတော်ကောင်းတစ်ဦး ဖြစ်တယ်။ အနာကင်းခြင်း = အပ္ပါဗာဓဧတဒဂ်ဘွဲ့ထူးကို ဆင်မြန်းရမည့် သူတော်ကောင်း တစ်ဦးလည်း ဖြစ်တယ်။

ပဋိသမ္ဘိဒါဉာဏ်ကိုရမည့် သူတော်ကောင်းတွေမှာ ပြည့်စုံရမည့်အင်္ဂါ ငါးရပ် ရှိတယ်။ အဲဒီအင်္ဂါရပ်တွေထဲမှာ ပုဗ္ဗယောဂဆိုတဲ့ အင်္ဂါရပ်တစ်ခုလည်း ပါဝင်တယ်။ ပုဗ္ဗယောဂဆိုတာက ဒီလိုပါ ----

ပုဗ္ဗယောဂေါ နာမ ပုဗ္ဗဗုဒ္ဓါနံ သာသနေ ဂတပစ္စာဂတိကဘာဝေန ယာဝ အနုလောမံ ဂေါတြဘုသမီပံ၊ တာဝ ဝိပဿနာနုယောဂေါ။ (ဝိသုဒ္ဓိ၊၂၊၇၂။)

ပုဗ္ဗယောဂဆိုတာ -- ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာတော်တွင်းမှာ ဆွမ်းခံအသွားအပြန်တို့၌ ကမ္မဋ္ဌာန်းကိုဆောင်ခြင်း ဂတပစ္စာဂတကျင့်ဝတ်ကို ဖြည့်ကျင့်ပြီးတော့ ဂေါတြဘုဉာဏ်ရဲ့ အနီးအပါးမှာရှိတဲ့ အနုလောမအမည် ရတဲ့ သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင် ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းတွေကို စီးဖြန်းခဲ့ဖူးခြင်းကို ဆိုလိုပါတယ်။

အရှင်ဗာကုလအလောင်းဟာလည်း ပဋိသမ္ဘိဒါဉာဏ်တွေကို ရရှိမည့် သူတော်ကောင်းဖြစ်တဲ့အတွက် ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာတော်တွင်း မှာ သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင် ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းတွေကို လည်း စီးဖြန်းခဲ့ဖူးသည်သာဖြစ်တယ်။ သမထပိုင်းကြည့်လိုက်ရင်လည်း စျာန် အဘိညာဏ်တွေကို တစ်ဘက်ကမ်းခတ်အောင် ပေါက်ရောက်ခဲ့တဲ့ သူတော် ကောင်းလည်းဖြစ်တယ်။ ဆေးလှူခြင်း ကျောင်းလှူခြင်းစတဲ့ အများချမ်းသာ စေတဲ့ ကံတွေကိုလည်း ထူထောင်ခဲ့သူဖြစ်တယ် -----

ဒီလို အတိတ်ဘဝထိုထိုက ပြုစုပျိုးထောင်ခဲ့တဲ့ ဒါန သီလ သမထ ဝိပဿနာ အစဖြာတဲ့ ပါရမီကောင်းမှုကုသိုလ်တို့ရဲ့ စွမ်းအားကြောင့်လည်း တစ်ကြောင်း မိမိကျိန်းသေဧကန်ရတော့မည့် အရဟတ္တမဂ်ရဲ့စွမ်းအားကြောင့် လည်းတစ်ကြောင်း - ဒီအကြောင်းကြောင်းတွေကြောင့် ဘေးမသီရန်မခပဲ အနာရောဂါကင်းရှင်းစွာနှင့် ငါးရဲ့ဝမ်းဗိုက်ထဲမှ လွတ်မြောက်ခဲ့ရတယ်၊ ချမ်း သာစွာနှင့် ကြီးပွားခဲ့ရတယ်။ အသက် (၈၀)အရွယ်မှာ သာသနာဘောင်သို့ ဝင်ရောက်ကာ ရှင်ရဟန်းပြုခဲ့တယ်။ ပုထုဇန်ဘဝနှင့် သာသနာဘောင်မှာ (၇)ရက်ပဲ နေထိုင်ရတယ်။ (၇)ရက်မြောက်တဲ့နေ့မှာပဲ ရဟန္တာဖြစ်သွားတယ်။ အသက် (၁၆၀) ရှည်သွားတယ်။ အနာကင်းတဲ့နေရာမှာ ထိပ်တန်းဧတဒဂ် ဘွဲ့ထူးကိုလည်း ရရှိသွားပါတယ်။

မိမိရဲ့စိတ်ဓာတ်ကို အလှဆုံးဖြစ်အောင် ပြုပြင်နိုင်ကြတဲ့အတွက် အလှ ဆုံး အကျိုးတရားတွေကို ရရှိသွားကြတဲ့ ရှေးထုံးဟောင်းတွေ ဖြစ်ကြတယ်။

အသက်ရှည်ရခြင်းအကြောင်းကို ရပ်နားပြီးတော့ အနာရောဂါထူပြော ရခြင်းရဲ့အကြောင်းတွေကို ဆက်လက်ပြီး နာကြားကြည့်ရအောင် -----

အနာရောဂါထူပြောရခြင်း

နောက်တစ်ခု ဒုတိယအစုံ အနေနှင့် သူက ဘာမေးခွန်း မေးခဲ့သလဲ? ဒီလူ့ပြည် လူ့လောကမှာ တချို့တချို့ပုဂ္ဂိုလ်တွေက ဘယ်လိုရှိကြသလဲ? အနာရောဂါ သိပ်ပြီးတော့ ထူပြောကြတယ်၊ တချို့တချို့ပုဂ္ဂိုလ်တွေကျတော့ ကျန်းမာရေး သိပ်ကောင်းကြတယ်၊ အနာရောဂါ ကင်းကြတယ်၊ ဘယ်လို အကြောင်းကြောင့်ပါလဲလို့ - ဒီမေးခွန်းကို မြတ်စွာဘုရားကိုမေးတော့ အဲဒီ မေးခွန်းကို မြတ်စွာဘုရားက ဆက်ပြီးတော့ ဖြေတော်မူတယ် -----

ဣဓ မာဏဝ ဧကစ္စော ဣတ္ထီ ဝါ ပုရိသော ဝါ သတ္တာနံ ဝိဟေဌကဇာတိကော ဟောတိ ပါဏိနာ ဝါ လေဍ္ဍုနာ ဝါ ဒဏ္ဍေန ဝါ သတ္ထေန ဝါ၊ (မ၊၃၊၂၄၅။)

မာဏဝ = ဒကာတော် သုဘလုလင် ...။ ဣဓ = ဤလောက၌။ ဧကစ္စော = အချို့သော။ ဣတ္ထီ ဝါ = အမျိုးသမီးသည်သော်လည်းကောင်း။ ပုရိသော ဝါ = အမျိုးသားသည်သော်လည်းကောင်း။ သတ္တာနံ = သတ္တဝါ တို့ကို။ ဝိဟေဌကဇာတိကော = ညှဉ်းပန်းနှိပ်စက်လေ့ရှိသည်။ ဟောတိ = ဖြစ်၏။

သေအောင်တော့ မသတ်ဖြစ်ဘူး၊ သူတစ်ပါးကို ညှဉ်းပန်းနှိပ်စက်ရမယ် ဆိုရင် စိတ်ထဲက သိပ်သဘောကျတယ်၊ သူတစ်ပါးမျက်ရည်တောက်တောက် ကျအောင် ပြောချလိုက်ရမယ်ဆိုရင် အင်မတန်ကျေနပ်တယ်၊ ဒင်းတော့ ငါ ပြောထည့်လိုက်တယ်ဆိုပြီး ဟော --- စိတ်ထဲက သိပ်ကျေနပ်သွားတယ်၊ ဟုတ်တယ် မဟုတ်လား? ဒီလိုပြောလိုက်ရတာကို စိတ်ထဲမှာ အင်မတန် မကျေနပ်ကြဘူးလား? သူက ဒီလိုပြောချလိုက်ရတာ သိပ်ပြီးတော့ကျေနပ် သွားတယ်။

နောက်တစ်ခု ...

သတ္တာနံ = သတ္တဝါတို့ကို။ ဝိဟေဌကဇာတိကော = ညှဉ်းပန်းနှိပ်စက် တတ်တဲ့သဘောရှိသည်။ ဟောတိ = ဖြစ်၏။

ဘာတွေနှင့် ညှဉ်းပန်းနှိပ်စက်သလဲ?

ပါဏိနာ ဝါ = လက်ဖြင့်သော်လည်းကောင်း။ လေဍ္ဍုနာ ဝါ = ခဲဖြင့် သော်လည်းကောင်း။ ဒဏ္ဍေန ဝါ = တုတ်ဖြင့်သော်လည်းကောင်း။ သတ္ထေန ဝါ = လက်နက်ဖြင့်သော်လည်းကောင်း။ ဝိဟေဌကဇာတိကော = ညှဉ်းပန်း နှိပ်စက်တတ်တဲ့အလေ့ရှိသည်။ ဟောတိ = ဖြစ်၏။

အသေတော့ မသတ်ဘူး၊ သူက သတ္တဝါတွေကို အင်မတန် ညှဉ်းပန်း နှိပ်စက်တတ်တယ်။ လက်နှင့် ချလိုက်ရမလား, လွယ်လွယ်ကလေးပဲ၊ ခဲနှင့် ပေါက်လိုက်ရမလား, တုတ်နှင့် ရိုက်လိုက်ရမလား, လက်နက်တစ်ခုခုနှင့် ပစ်လိုက်ရမလား, စိတ်ထဲမှာ သိပ်ပြီးတော့ ကျေနပ်တယ်။

သော တေန ကမ္မေန ဧဝံ သမတ္တေန ဧဝံ သမာဒိန္နေန ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇတိ။ (မ၊၃၊၂၄၅။)

သော = ထိုပုဂ္ဂိုလ်သည်။ ဧဝံ = ဤသို့။ သမတ္တေန = ပြည့်ပြည့်စုံစုံ ပြုကျင့်၍ ထားအပ်သော။ ဧဝံ = ဤသို့။ သမာဒိန္နေန = ကောင်းစွာ ဆောက်တည်၍ ထားအပ်သော။ တေန ကမ္မေန = ထိုအကုသိုလ်ကံကြောင့်။ ကာယဿ = ကိုယ်ခန္ဓာ၏။ ဘေဒါ = ပျက်စီးခြင်းကြောင့်။ ပရံ မရဏာ = စုတိပြတ်ကြွေ သေလွန်သည်မှ နောက်ကာလ၌။ အပါယံ = ချမ်းသာဟူ၍ မြူငွေ့မျှ မရှိသော။ ဒုဂ္ဂတိံ = မကောင်းမှုပြုသူ ဒုစရိုက်သမားတို့၏ လား ရောက်ရာဖြစ်သော။ ဝိနိပါတံ = အလိုအာသာဆန္ဒ ကင်းလျက် ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာ ဖြစ်သော။ နိရယံ = ငရဲသို့။ ဥပပဇ္ဇတိ = ကပ်ရောက်ရပေ၏။

သူတစ်ပါးတွေကို ညှဉ်းပန်းနှိပ်စက်တတ်တဲ့ ဒီအကုသိုလ်ကံကို ပြည့် ပြည့်စုံစုံ ပြုကျင့်ထားတယ်၊ ပြည့်ပြည့်စုံစုံ ဆောက်တည်ထားတယ်။ အဲဒီလို ပြည့်ပြည့်စုံစုံ ပြုစုဆောက်တည်ထားတဲ့ ဒီအကုသိုလ်ကံကြောင့် ခန္ဓာကိုယ် ပျက်စီးပြီးသည်မှ နောက်ကာလ၌ ဒီသတ္တဝါသည် ဘယ်ရောက်သွားသလဲ၊ မကောင်းမှုပြုသူ ဒုစရိုက်သမားတို့ရဲ့ လားရောက်ရာဖြစ်တဲ့ ချမ်းသာဟူ၍ မြူငွေ့မျှမရှိတဲ့ ငရဲသို့ ရောက်ရှိသွားတယ်။

နော စေ ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇတိ၊ သစေ မနုဿတ္တံ အာဂစ္ဆတိ၊ ယတ္ထ ယတ္ထ ပစ္စာဇာယတိ၊ ဗဝှါဗာဓော ဟောတိ။ (မ၊၃၊၂၄၅။)

ကာယဿ = ကိုယ်ခန္ဓာ၏။ ဘေဒါ = ပျက်စီးခြင်းကြောင့်။ ပရံ မရဏာ စုတိပြတ်ကြွေ သေလွန်သည်မှ နောက်ကာလ၌။ အပါယံ = ချမ်းသာဟူ၍ မြူငွေ့မျှမရှိသော။ ဒုဂ္ဂတိံ = မကောင်းမှုပြုသူ ဒုစရိုက်သမားတို့၏ လား ရောက်ရာဖြစ်သော။ ဝိနိပါတံ = အလိုအာသာဆန္ဒ ကင်းပြတ်လျက် ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာဖြစ်သော။ နိရယံ = ငရဲသို့။ နော စေ ဥပပဇ္ဇတိ = အကယ်၍ မကပ်ရောက်ရသည် ဖြစ်ငြားအံ့။ မနုဿတ္တံ = လူ့ပြည်လူ့လောကသို့။ သစေ အာဂစ္ဆတိ = အကယ်၍ ရောက်ရှိလာခဲ့သည် ဖြစ်ငြားအံ့။ ယတ္ထ ယတ္ထ = အကြင် အကြင် ဘုံဘဝ၌။ ပစ္စာဇာယတိ = ပဋိသန္ဓေအားဖြင့် ဖြစ်ပေါ်၍လာရ၏။ တတ္ထ တတ္ထ = ထိုထို ပဋိသန္ဓေ အားဖြင့် တစ်ဖန် ဖြစ်ပေါ်၍လာရာ ဘုံဘဝ၌ (ဝါ) ထိုထို ပဋိသန္ဓေအားဖြင့် ဖြစ်ပေါ်၍လာရာ အမျိုးအနွယ်၌။ ဗဝှါဗာဓော = အနာရောဂါထူပြောသည်။ ဟောတိ = ဖြစ်ပေ၏။

သူတစ်ပါးတွေကို ညှဉ်းပန်းနှိပ်စက်တတ်တဲ့ ဒီကံက ငရဲကို ပို့ဆောင် မပေးခဲ့လို့ လူ့ပြည် လူ့လောက ရောက်ရှိမယ်ဆိုရင် ..

ဘယ်ကံတွေလဲ? ဟိုး -- အင်မတန် စိတ်ပါလက်ပါ လွန်ကျူးနေဆဲ အချိန်အခါမှာ ဖြစ်ပေါ်နေတဲ့ ကံတွေကို မဆိုလိုဘူး၊ ကံကို လွန်ကျူးဆဲအချိန် မှ ေ့ရှပိုင်း နောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ကံ, သူတစ်ပါးတွေကို မညှဉ်းပန်း မနှိပ်စက်ခင်မှာ ဖြစ်ပေါ်နေတဲ့ကံ, သူတစ်ပါးတွေကို ညှဉ်းပန်းနှိပ်စက်ပြီးတဲ့ အခါမှာလည်း ပြန်သတိရလို့ ကျေနပ်နေတဲ့အချိန်မှာ ဖြစ်ပေါ်နေတဲ့ကံတွေ- အဲဒီအကုသိုလ်ကံတွေက လူ့ပြည်လူ့လောကမှာ ပဋိသန္ဓေအားဖြင့် လာပြီး တော့ ပဋိသန္ဓေတည်နေတဲ့ သတ္တဝါကို ဘာလုပ်သလဲ?

ဗဝှါဗာဓော = အနာရောဂါထူပြောစေတတ်သည်။ ဟောတိ = ဖြစ်၏။

အနာရောဂါ ထူပြောအောင် ပြုလုပ်ပေးတယ်။ မနေ့ညက ပြောခဲ့တဲ့ အတိုင်းပဲ၊ လူ့ဘဝကို ရောက်ရှိခြင်းသည် ကုသိုလ်ကံကြောင့် ရောက်ရှိလာ တယ်။ အဲဒီ ကုသိုလ်ကံရဲ့ အရှိန်အဝါလေးကို သူကပ်ပြီးတော့ ညှဉ်းပန်း နှိပ်စက်လိုက်တယ်၊ ဒီကုသိုလ်ကံရဲ့ အရှိန်အဝါလေးကို ကပ်ပြီးတော့ ဖြတ်ပေး တယ်။ ဥပပီဠကကံ, ဥပစ္ဆေဒကကံပဲ။

ဗဝှါဗာဓသံဝတ္တနိကာ ဧသာ မာဏဝ ပဋိပဒါ ယဒိဒံ သတ္တာနံ ဝိဟေဌကဇာတိကော ဟောတိ ပါဏိနာ ဝါ လေဍ္ဍုနာ ဝါ ဒဏ္ဍေန ဝါ သတ္ထေန ဝါ။ (မ၊၃၊၂၄၅။)

လက်နှင့်ဖြစ်စေ ခဲနှင့်ဖြစ်စေ တုတ်နှင့်ဖြစ်စေ လက်နက်တစ်ခုခုနှင့်ပဲ ဖြစ်စေ သတ္တဝါတွေကို ညှဉ်းပန်းနှိပ်စက်တတ်တဲ့ ဒီကံသည် အနာရောဂါ ထူပြောစေတတ်တဲ့ ကံတစ်ခုဖြစ်တယ်။ ဒီလိုဆိုရင် အနာရောဂါကင်းရှင်းချင် တဲ့ပုဂ္ဂိုလ်တွေ ဘာလုပ်ရမလဲ?

ဣဓ ပန မာဏဝ ဧကစ္စော ဣတ္ထီ ဝါ ပုရိသော ဝါ သတ္တာနံ အဝိဟေဌကဇာတိကော ဟောတိ ပါဏိနာ ဝါ လေဍ္ဍုနာ ဝါ ဒဏ္ဍေန ဝါ သတ္ထေန ဝါ၊ (မ၊၃၊၂၄၅။)

ပုဂ္ဂိုလ်တစ်ယောက်ကြည့်လိုက်တော့ တစ်ဘက်သားတွေကို လက်နှင့်ပဲ ဖြစ်စေ, ခဲနှင့်ပဲဖြစ်စေ, တုတ်နှင့်ပဲဖြစ်စေ, လက်နက်တစ်ခုခုနှင့်ပဲဖြစ်စေ ဘယ် တော့မှ ညှဉ်းပန်းနှိပ်စက်လေ့ မရှိဘူး၊ ညှဉ်းပန်းနှိပ်စက်တတ်တဲ့ ညှဉ်းပန်း နှိပ်စက်လိုတဲ့ စိတ်နေစိတ်ထား လုံးလုံးမရှိဘူး။ မရှိတော့ ဘာဖြစ်သလဲ?

သော တေန ကမ္မေန ဧဝံ သမတ္တေန ဧဝံ သမာဒိန္နေန ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇတိ။ (မ၊၃၊၂၄၅။)

ဒီလို ပြည့်ပြည့်စုံစုံ ဆောက်တည်ထားတဲ့ ပြုကျင့်ထားတဲ့ လိုက်နာ ပြုကျင့်နေတဲ့ ဒီကံက သေသည်၏ အခြားမဲ့၌ နတ်ပြည် နတ်လောကကို ရောက်အောင်ကို ပို့ဆောင်ပေးတယ်၊ ဒီသီလကုသိုလ်စေတနာပဲ။

နော စေ ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇတိ၊ သစေ မနုဿတ္တံ အာဂစ္ဆတိ၊ ယတ္ထ ယတ္ထ ပစ္စာဇာယတိ၊ အပ္ပါဗာဓော ဟောတိ။ (မ၊၃၊၂၄၅။)

အကယ်၍ နတ်ပြည်နတ်လောကကို မရောက်လို့ လူ့ပြည်လူ့လောက ကို ရောက်ခဲ့မယ်ဆိုရင် လူ့ပြည်လူ့လောကမှာ ပဋိသန္ဓေအားဖြင့် တည်နေတဲ့ ဒီသတ္တဝါရဲ့သန္တာန်မှာ -- အပ္ပါဗာဓော ဟောတိ၊ အနာရောဂါ ကင်းရှင်းနေ တယ်။ ဘာကြောင့်လဲ? သတ္တဝါတွေကို ညှဉ်းပန်းနှိပ်စက်တဲ့ လုပ်ငန်းရပ်က ရှောင်ကြဉ်ခဲ့တဲ့ ကုသိုလ်စေတနာကြောင့်ပဲ။

အပ္ပါဗာဓသံဝတ္တနိကာ ဧသာ မာဏဝ ပဋိပဒါ ယဒိဒံ သတ္တာနံ အဝိဟေဌကဇာတိကော ဟောတိ ပါဏိနာ ဝါ လေဍ္ဍုနာ ဝါ ဒဏ္ဍေန ဝါ သတ္ထေန ဝါ။ (မ၊၃၊၂၄၅။)

လက်နှင့်ဖြစ်စေ, ခဲနှင့်ဖြစ်စေ, တုတ်နှင့်ပဲဖြစ်စေ, လက်နက်အမျိုးမျိုး နှင့်ပဲဖြစ်စေ သတ္တဝါတွေကို မညှဉ်းပန်း မနှိပ်စက်ခြင်းဆိုတဲ့ ဒီစိတ်နေစိတ်ထား သည် အသက်ရှည်မှုကို ဖြစ်စေတတ်တယ်။ ဒီလိုဆိုရင် အနာရောဂါ ကင်းရှင်း ချင်တဲ့ပုဂ္ဂိုလ်ဟာ အနာရောဂါ ကင်းရှင်းမှုကို ဖြစ်စေတတ်တဲ့ ဒီလိုကံမျိုးတွေ ကို ထူထောင်ဖို့ မလိုဘူးလား၊ သတ္တဝါတွေကို ညှဉ်းပန်းနှိပ်စက်လိုတဲ့ စိတ်နေ စိတ်ထားမှ သတ္တဝါတွေကို မညှဉ်းပန်း မနှိပ်စက်လိုတဲ့ စိတ်နေစိတ်ထားသို့ ပြုပြင်ပြောင်းလဲဖို့ မလိုဘူးလား? လိုအပ်တယ်။ ဒီတော့ အနာရောဂါထူပြော ချင်ရင်တော့ ဘာလုပ်ရမလဲ? သူတစ်ပါးတွေကို မျက်ရည်ကြီးငယ်ကျအောင် ညှဉ်းပန်းနှိပ်စက်ပေတော့၊ အကယ်၍ အနာရောဂါ ကင်းရှင်းချင်တယ်ဆိုရင် တော့ ဘာလုပ်ရမလဲ? သူတစ်ပါးကို ညှဉ်းပန်းနှိပ်စက်လိုတဲ့ စိတ်နေစိတ်ထား တွေကို ပြုပြင်ပြောင်းလဲပြီးတော့ ပေးရမယ်။ ဒါ စိတ်ဓာတ်ပြုပြင်ပြောင်းလဲ ရေးပဲ။

စဉ်းစားဝေဖန်ကြည့်ပါ

ဒီနေရာမှာ --- ဘုန်းကြီးနည်းနည်းတော့ ထပ်ရှင်းပြချင်သေးတယ်။ အကယ်၍ မိမိက သတ္တဝါတစ်ဦးဦးကို တုတ်နှင့်ပဲဖြစ်စေ, ဓားနှင့်ပဲဖြစ်စေ, လက်နက်တစ်ခုခုနှင့်ပဲဖြစ်စေ ညှဉ်းပန်းနှိပ်စက်လိုက်ရင် ဒီအနှိပ်စက်ခံရတဲ့ သတ္တဝါမှာ အနာရောဂါ တစ်ခုခုတော့ ဧကန်ရတော့မယ်။ သို့သော် ဒီလို ညှဉ်းပန်းနှိပ်စက်တဲ့ လုပ်ငန်းရပ်မျိုးကို သူတော်ကောင်းတစ်ဦးက ရှောင်ကြဉ်ပြီ ဆိုကြစို့၊ ဒီလိုရှောင်ကြဉ်တဲ့ပုဂ္ဂိုလ်ရဲ့ စိတ်အစဉ်မှာ သူတစ်ပါးတို့ရဲ့သန္တာန်မှာ အနာရောဂါ မဖြစ်စေလိုတဲ့ စိတ်နေစိတ်ထားကလေးတွေက ကပ်ပြီးပါနေတယ်။ အနာရောဂါကင်းရှင်းစေလိုတဲ့ စိတ်နေစိတ်ထားကလေးတွေက ကပ်ပြီးပါနေတယ်၊ သတ္တဝါတွေအပေါ်မှာ အနာရောဂါ မဖြစ်စေလိုတဲ့ အနာရောဂါ ကင်းရှင်းစေလိုတဲ့ ဒီစိတ်နေစိတ်ထားက ဒီကံတွေက အကျိုးပေးတဲ့ ဘဝမှာ မိမိ အနာရောဂါကင်းရှင်းဖို့ အကြောင်းတစ်ခု ဖြစ်လာရတယ်။ ဒီလိုဆိုရင် မွန်မြတ်တဲ့ စိတ်နေစိတ်ထားကလေးတွေ ကိန်းဝပ်နေအောင် မိမိတို့ရဲ့ စိတ်အစဉ်ကို အမြဲတမ်း ပြုပြင်ပေးနေဖို့ ဖြူစင်အောင်ဖွပ်လျှော်ဖို့ မကောင်းဘူးလား? သိပ်ကောင်းတယ် သိပ်ကောင်းတယ် -----

ဖြူစင်အောင်ဖွပ်လျှော်တဲ့နည်းလမ်း

မိမိရဲ့ စိတ်အစဉ်ကို ဖြူစင်အောင်, ကိလေသာ အညစ်အကြေးတွေ မလိမ်းကပ်အောင်, ညှဉ်းပန်းနှိပ်စက်လိုတဲ့ စိတ်နေစိတ်ထားတွေ ကင်းရှင်းသွားအောင် ဘယ်လိုဖွပ်လျော်မလဲ? ဒီလိုတော့ မေးစရာရှိတယ်။

သမထ-ဝိပဿနာရေစင်တို့ဖြင့် မိမိတို့ရဲ့ စိတ်ကို အမြဲတမ်း ဖွပ်လျော်နေဖို့လိုပါတယ်။ အထူးသဖြင့် - မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားတွေကို ခပ်များများ ပွားပေးပါ၊ စွမ်းနိုင်ပါက စျာန်သမာဓိသို့ ဆိုက်သည်အထိ ပွားပေးပါ။

လိင်တူသတ္တဝါတစ်ဦးကို အာရုံယူပြီးတော့ --

၁။ ဘေးရန် ကင်းပါစေ၊

၂။ စိတ်ဆင်းရဲ ကင်းပါစေ၊

၃။ ကိုယ်ဆင်းရဲ ကင်းပါစေ၊

၄။ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိ၏ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ပါစေ --

ဒီလို မေတ္တာပွားကြည့်ပါ။

သို့မဟုတ် သတ္တဝါအများစုကို အာရုံယူကာ ..

၁။ ဘေးရန် ကင်းကြပါစေ၊

၂။ စိတ်ဆင်းရဲ ကင်းကြပါစေ၊

၃။ ကိုယ်ဆင်းရဲ ကင်းကြပါစေ၊

၄။ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိ၏ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ --

ဒီလို မေတ္တာပွားကြည့်ပါ။ သတ္တဝါတစ်ဦး အပေါ်မှာဖြစ်စေ သတ္တဝါ အားလုံးတို့အပေါ်မှာဖြစ်စေ -- ဘေးရန်ကင်းစေလိုတဲ့ စိတ်ထား, စိတ်ဆင်းရဲ ကင်းစေလိုတဲ့ စိတ်ထား, ကိုယ်ဆင်းရဲကင်းစေလိုတဲ့ စိတ်ထား, ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိရဲ့ခန္ဓာဝန်ကို ရွက်ဆောင်စေလိုတဲ့ စိတ်ထား, ဒီစိတ်ထားမျိုးတွေက - မိမိဘေးရန်ကင်းဖို့ စိတ်ဆင်းရဲကင်းဖို့ ကိုယ်ဆင်းရဲ ကင်းဖို့ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိရဲ့ခန္ဓာကို ရွက်ဆောင်နိုင်ဖို့ အကြောင်းတရားတွေ (= ကံတွေ) ဖြစ်ကြတယ်။

အလားတူပဲ ကရုဏာဘာဝနာ, မုဒိတာဘာဝနာ, ဥပေက္ခာဘာဝနာ တို့ကို ပွားများခဲ့ရင်လည်း သတ္တဝါတွေကို ..

၁။ ဆင်းရဲဒုက္ခမှ လွတ်ပါစေဆိုတဲ့ ကရုဏာနှင့် ယှဉ်တဲ့ စိတ်ထား,

၂။ ရပြီးစည်းစိမ်ချမ်းသာမှ မရွေ့လျောပါစေနှင့်ဆိုတဲ့ မုဒိတာနှင့် ယှဉ်တဲ့ စိတ်ထား,

၃။ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိကြတယ်ဆိုတဲ့ ဥပေက္ခာနှင့် ယှဉ်တဲ့ စိတ်ထား

ဒီစိတ်ထားတွေကလည်း မိမိ ဆင်းရဲဒုက္ခအဝဝမှ လွတ်ဖို့, ရရှိပြီး စည်းစိမ် ချမ်းသာမှ မရွေ့လျောဖို့, ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိတယ်ဆိုတဲ့ အမြင်မှန် ရရှိဖို့ အကြောင်းတရားတွေ ဖြစ်ကြပါတယ်။ ဒီလို ဗြဟ္မစိုရ် ရေချမ်းတွေ ပက်ဖြန်းကာ မိမိစိတ်ဓာတ်ကို ဖြူစင်အောင် ဖွပ်လျှော်ပေးတတ်ဖို့ သိပ်အရေးကြီးပါတယ်။ ဒီလိုဖွပ်လျှော်ပေးနိုင်မှ နိဗ္ဗာန်တိုင်တောက်လျှောက် ကောင်းကျိုးတွေကို ခံစား စံစားကြရမှာ ဖြစ်ပါတယ်။

ကဲ - နောက်ပုစ္ဆာတစ်စုံကို ဆက်ကြဦးစို့ ...။

နံပါတ် (၃) ပုစ္ဆာတစ်စုံ သူက ထပ်မေးတယ်။

တချို့ပုဂ္ဂိုလ်တွေဟာ ရုပ်အဆင်း သိပ်လှကြတယ်၊ တချို့ပုဂ္ဂိုလ်တွေ ကျတော့ ရုပ်မလှကြဘူး၊ ဘယ်လိုအကြောင်းကြောင့် ရုပ်ရည်လှပရသလဲ? ဘယ်လို အကြောင်းကြောင့် ရုပ်ရည်မလှပရသလဲ? ဒီမေးခွန်းကို မေးထားတယ်။ အဲဒီမေးခွန်းကို မြတ်စွာဘုရားရှင်က ဘယ်လိုပြန်ပြီးတော့ အဖြေပေးသလဲ?

အကျည်းတန် အရုပ်ဆိုးရခြင်း၏ အကြောင်း

ဣဓ မာဏဝ ဧကစ္စော ဣတ္ထီ ဝါ ပုရိသော ဝါ ကောဓနော ဟောတိ ဥပါယာသဗဟုလော၊ အပ္ပမ္ပိ ဝုတ္တော သမာနော အဘိသဇ္ဇတိ ကုပ္ပတိ ဗျာပဇ္ဇတိ ပတိဋ္ဌီယတိ၊ (မ၊၃၊၂၄၅။)

မာဏဝ = သုဘလုလင် ...။ ဣဓ = ဤလောက၌။ ဧကစ္စော = အချို့သော။ ဣတ္ထီ ဝါ = အမျိုးသမီးသည်သော်လည်းကောင်း။ ပုရိသော ဝါ = အမျိုးသားသည်သော်လည်းကောင်း။ ကောဓနော = အမျက်ထွက်လေ့ ရှိသည်။ ဟောတိ = ဖြစ်၏။ ဥပါယာသဗဟုလော = ကြောင့်ကြပူပန်မှု များပြားလေ့ရှိသည်။ ဟောတိ = ဖြစ်၏။

သားအတွက် ပူလိုက်ရတာ, သမီးအတွက် ပူလိုက်ရတာ, အဘိုးကြီး အတွက်လည်း ပူလိုက်ရတာ စိတ်မချလို့, အဖွားကြီးအတွက်ကျတော့လည်း ပူလိုက်ရတာ စိတ်မချဘူး၊ တစ်ဘက်ကြည့်လိုက်တော့လည်း ..

ကောဓနော = ဒေါသက သိပ်ကြီးတယ်။

ဒါတွင်လားဆိုတော့ မကသေးဘူး --

အပ္ပမ္ပိ ဝုတ္တော သမာနော အဘိသဇ္ဇတိ ကုပ္ပတိ ဗျာပဇ္ဇတိ ပတိဋ္ဌီယတိ၊

အပ္ပမ္ပိ = အနည်းငယ်ကိုသော်လည်းပဲ။ ဝုတ္တော = ပြောဆိုခဲ့မိသည်။ သမာနော = ဖြစ်လတ်သော်။ အဘိသဇ္ဇတိ = ကပ်ငြိ၍နေတတ်၏။ ကုပ္ပတိ = စိတ်ဆိုးတတ်၏။ ဗျာပဇ္ဇတိ = ဒေါသဖြင့် ဖောက်ပြန်၍နေတတ်၏။ ပတိဋ္ဌီယတိ = ရန်ငြိုးဖွဲ့၍နေတတ်၏။

သူ့ကို နည်းနည်းလေးတော့ သွားမပြောလိုက်နဲ့၊ နည်းနည်းလေးများ ပြောလိုက်မိမယ်ဆိုရင် ----

အဘိသဇ္ဇတိ = ငါ့ကို ဒီလိုပြောရကောင်းလားဆိုပြီး စိတ်ထဲမှာ တနုံ့နုံ့ နဲ့ ဖြစ်နေတယ် စွဲနေတယ် နည်းနည်းလေးမှ မကျေနပ်ဘူး၊

ကုပ္ပတိ = စိတ်ဆိုးတယ်။ ဗျာပဇ္ဇတိ = စိတ်ဆိုးနေတဲ့ ဖောက်ပြန်နေတဲ့ အမူအယာအမျိုးမျိုးကို ပြတယ်။

ဒင်းနော် ငါချလိုက်ပြန်ရော့မယ်၊ ငါ့ကို ဘာမှတ်လို့လဲ? ဒီပုံစံမျိုးပဲ - ဟုတ်တယ် မဟုတ်လား? ဒေါသဖြစ်နေတဲ့ အမူအရာတွေကို ပြတယ်။ နောက်တစ်ခု ဘာလဲ?

ပတိဋ္ဌီယတိ = ရန်ငြိုးဖွဲ့ထားတယ်။

ငါ့ကို ဒီလိုပြောရကောင်းလား ဆိုပြီးတော့ ရန်ငြိုးဖွဲ့ထားတယ်။

ကောပဉ္စ ဒေါသဉ္စ အပ္ပစ္စယဉ္စ ပါတုကရောတိ၊

ကောပဉ္စ = အမျက်ကိုလည်းကောင်း။ ဒေါသဉ္စ = ဒေါသကိုလည်း ကောင်း။ အပ္ပစ္စယဉ္စ = မကျေနပ်မှုကိုလည်းကောင်း။ ပါတုကရောတိ = ထင်ရှားပြုလုပ်၍ ပြတတ်၏။

စိတ်ဆိုးမှုကိုလည်း ထင်ထင်ရှားရှားကြီး ဖော်ပြလိုက်တယ်၊ ဒင်း ငါ့ လာထိတော့ ဘယ်ရလိမ့်မလဲ၊ ငါက ခံမှာလား ငါပြန်ချလိုက်မှာပေါ့ --- ဆိုပြီးတော့ မိမိဒေါသဖြစ်နေတာကို ထင်ရှားအောင် ဖော်ပြလိုက်တယ်၊ မိမိရဲ့ မကျေနပ်ချက်တွေကိုလည်း ထင်ရှားအောင် ဖော်ပြလိုက်တယ်။

သော တေန ကမ္မေန ဧဝံ သမတ္တေန ဧဝံ သမာဒိန္နေန ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇတိ။ (မ၊၃၊၂၄၅။)

သော = ထိုပုဂ္ဂိုလ်သည်။ ဧဝံ = ဤသို့။ သမတ္တေန = ပြည့်ပြည့်စုံစုံ ပြုကျင့်၍ ထားအပ်သော။ ဧဝံ = ဤသို့။ သမာဒိန္နေန = ပြည့်ပြည့်စုံစုံ ကောင်းစွာ ဆောက်တည်၍ ထားအပ်သော။ တေန ကမ္မေန = ထိုဒေါသနှင့် ယှဉ်တွဲ၍နေတဲ့ အကုသိုလ်ကံကြောင့်။ ကာယဿ = ကိုယ်ခန္ဓာ၏။ ဘေဒါ = ပျက်စီးခြင်းကြောင့်။ ပရံ မရဏာ = စုတိပြတ်ကြွေ သေလွန်သည်မှ နောက်ကာလ၌။ အပါယံ = ချမ်းသာဟူ၍ မြူငွေ့မျှ မရှိသော။ ဒုဂ္ဂတိံ = မကောင်းမှုပြုသူ ဒုစရိုက်သမားတို့ရဲ့ လားရောက်ရာဖြစ်သော။ ဝိနိပါတံ = အလိုအာသာဆန္ဒ ကင်းလျက် ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာဖြစ် သော။ နိရယံ = ငရဲသို့။ ဥပပဇ္ဇတိ = ကပ်ရောက်ရပေ၏။

သူများအပေါ်မှာ မကျေနပ်တာကလေးတစ်ခုပဲ။ ပိုက်ဆံ ဘယ်လောက် ရရှိလိုက်သလဲ? တစ်ပြားမှ မရလိုက်ဘူး၊ ဒါပေမဲ့ အပါယ်ရောက်ကြောင်း အကုသိုလ်ကံတွေ မိမိမှာ ပြည့်ပြည့်စုံစုံ ရမသွားဘူးလား? ရသွားပြီ။

သူတစ်ပါးအပေါ်မှာ ဒေါသဖြစ်တဲ့စိတ်ထား ကိုယ့်ဟာကိုယ်, ကိုယ့် ဒေါသ ကိုယ်ဖြစ်တာ ဘာဆိုင်လဲ ညီးနှင့်ဘာဆိုင်လဲ? ဟော - တချို့က ဒီလိုပြောတတ်ကြတယ်၊ ဒီလို ငါ့ဟာငါ ဒေါသဖြစ်တာ ညီးနှင့်ဘာဆိုင်လို့ လာပြောရတာလဲ? - တချို့က ဒီလိုပြောကြတယ်။ ဒီတော့ ကိုယ့်ဟာကိုယ် ဒေါသဖြစ်တာ ဘာမှမဖြစ်ဘူးမဟုတ်ဘူးနော်၊ ဖြစ်တယ်။ ဘာဖြစ်သလဲ? -ငရဲရောက်နိုင်တယ်၊ ဒီတော့ မိမိက ငရဲကို အလိုမရှိဘူးဆိုရင် ဒီစိတ်ထား ကလေးတွေကို ပြောင်းလဲပစ်ဖို့ မလိုဘူးလား? လိုအပ်နေတယ်။

ဒီနေ့ပဲ - ဒကာမကြီးတစ်ယောက်က လာလျှောက်တယ်, လာကန်တော့ တယ်။ လာကန်တော့တဲ့ အခါကျတော့ သူက ငမူးနှင့် အကြောင်းပါနေတော့ သူ့ငမူးအကြောင်းကို ဘုန်းကြီးကမေးတော့ ငမူး ကျိုးသွားပြီတဲ့၊ ဘာဖြစ်လို့ ကျိုးသလဲလို့ သူ့ကိုမေးတော့ - သူက ဒေါသထင်ရှားပြလို့ပါဆိုပြီး ဘေးက အတူပါလာတဲ့ အဖော်တစ်ဦးက ဝိုင်းပြီးလျှောက်ထားတယ်။ သူကလည်း ဒေါသကို ဘယ်လိုထင်ရှားပြလိုက်သလဲဆိုတော့ - ဒီလိုတဲ့၊ လှေကားမှာ ငမူး နှင့်စကားများရင်း ငမူးကို တွန်းချလိုက်တော့ လှေကားကနေ ငမူးကျသွားရော၊ အောက်ကျသွားတဲ့အခါ ငမူး လက်ကျိုးသွားသတဲ့၊ လက်ကျိုးသွားတဲ့ အချိန် အခါကျတော့ ပစ်ထားလိုက်ပါလားလို့ဆိုတော့လည်း မပစ်ရက်နိုင်ဘူးတဲ့။ဘာဖြစ်လို့လဲ? မခွဲရက်နိုင်တဲ့ မပစ်ရက်နိုင်တဲ့ ကံတွေကိုလည်း တစ်ဘက်က ထူထောင်ခဲ့ကြပြန်တယ်။ ကံတွေဟာ သိပ်ဆန်းကြယ်တယ်။

ဒီလိုကံတွေကို ပြုစုပျိုးထောင်ထားခဲ့မယ်ဆိုရင် ဒီကံကလွတ်အောင် ရုန်းလို့မရအောင် ပြုပြင်ဖန်တီးပေးတယ်၊ ဒီအနားက ခွဲလို့မရဘူး။ တကယ် တမ်း ရက်ရက်စက်စက်နှင့် စွန့်ပစ်လိုက်ပါလားဆိုတော့ မစွန့်ပစ်နိုင်ဘူး။ မစွန့် ပစ်နိုင်တဲ့ ကံတွေကို မိမိတို့က ထူထောင်ထားခဲ့ကြတယ်။ ခုလည်း ဒီအတိုင်းပဲ၊ ဒီဒကာမကြီးက ဒေါသကိုတော့ ထင်ရှား ပြလိုက်တယ်။ သို့သော် ခွဲနိုင် သလားဆိုတော့ -- မခွဲနိုင်ပြန်ဘူး။

ဒီဒေါသဖြစ်တဲ့ဟာ ဘာမှမဖြစ်ဘူး မဟုတ်ဘူး၊ ဒီဒေါသကလေးမှာ ငရဲကို ရောက်စေနိုင်တဲ့ စွမ်းအားတွေ ရှိနေတယ်၊ ဒီလိုဆိုရင် ငရဲကို အလိုမရှိ ခဲ့ရင် မိမိတို့က ဒေါသကို တိုက်ဖျက်ဖို့ မလိုဘူးလား? လိုတယ်၊ စိတ်နေစိတ် ထားကလေးတွေကို ပြုပြင်ပြောင်းလဲပေးဖို့ လိုတယ်။

နောက်တစ်ခု ဒေါသဖြစ်နေတဲ့ ပုဂ္ဂိုလ်ကိုကြည့်ပါ၊ အင်မတန် ချောမော လှပနေတဲ့ အမျိုးကောင်းသား အမျိုးကောင်းသမီးပဲ ဖြစ်ချင် ဖြစ်ပါစေ၊ ဒေါသဖြစ်နေတဲ့ အချိန်အခါမှာသူ့ကို သွားကြည့်ရင် အရုပ်မဆိုးဘူးလား?- အရုပ်ဆိုးတယ်၊ အဲဒီကံက သူ့ကို အကျိုးပေးဖို့ရန် အခါအခွင့်သင့်လာရင် ဘာဖြစ်သလဲ?

နော စေ ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇတိ၊ သစေ မနုဿတ္တံ အာဂစ္ဆတိ၊ ယတ္ထ ယတ္ထ ပစ္စာဇာယတိ၊ ဒုဗ္ဗဏ္ဏော ဟောတိ။ (မ၊၃၊၂၄၅။)

ကာယဿ = ကိုယ်ခန္ဓာ၏။ ဘေဒါ = ပျက်စီးခြင်းကြောင့်။ ပရံ မရဏာ = စုတိပြတ်ကြွေ သေလွန်သည်မှ နောက်ကာလ၌။ အပါယံ = ချမ်းသာဟူ၍ မြူငွေ့မျှ မရှိသော။ ဒုဂ္ဂတိံ = မကောင်းမှုပြုသူ ဒုစရိုက်သမားတို့၏ လား ရောက်ရာဖြစ်သော။ ဝိနိပါတံ = အလိုအာသာဆန္ဒကင်းလျက် ဖရိုဖရဲ ပြိုကွဲ ပျက်စီးလျက်ကျရောက်ရာဖြစ်သော။ နိရယံ = ငရဲသို့။ နော စေ ဥပပဇ္ဇတိ = အကယ်၍ မကပ်ရောက်ရသည်ဖြစ်ငြားအံ့။ မနုဿတ္တံ = လူ့ပြည်လူ့လော ကသို့။ သစေ အာဂစ္ဆတိ = အကယ်၍ ရောက်ရှိလာခဲ့သည် ဖြစ်ငြားအံ့။ ယတ္ထ ယတ္ထ = အကြင်အကြင် အမျိုးအနွယ်၌။ ပစ္စာဇာယတိ = ပဋိသန္ဓေ အားဖြင့် ဖြစ်ပေါ်၍လာရပေ၏။ တတ္ထ တတ္ထ = ထိုထိုအမျိုးအနွယ်၌။ ဒုဗ္ဗဏ္ဏော = အဆင်းမလှသည်။ ဟောတိ = ဖြစ်၏။

ဒီဒေါသကလေးဖြစ်ခဲ့တဲ့ကံက ငရဲမရောက်ဘူးထား၊ ခုနက သန္နိဋ္ဌာန စေတနာလို့ ခေါ်ဆိုအပ်တဲ့ တကယ်တမ်း ပြစ်မှုတွေ လွန်ကျူးနေတဲ့အချိန် အခါမှာ ဖြစ်ပေါ်နေတဲ့ ဒေါသအကုသိုလ် စေတနာကိုတော့ ထားလိုက်၊ ရှေ့ပိုင်း နောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အကုသိုလ်စေတနာတွေကနေပြီးတော့ လူ့ပြည်လူ့လောကမှာ လာပြီးတော့ အကျိုးပေးဖို့ရန် အခါအခွင့်သင့်ပြီဆိုရင် လူ့ပြည်လူ့လောကကို ကုသိုလ်ကံ တစ်ခုက ပစ်ချလိုက်လို့ လူဖြစ်လာတဲ့ အချိန်အခါမှာ ခုနက ဒေါသနှင့် ယှဉ်တွဲနေတဲ့ အကုသိုလ်ဓာတ်ငွေ့တွေက ကပ်ပါလာတဲ့အတွက်ကြောင့် ဒီပုဂ္ဂိုလ်သည် ဒုဗ္ဗဏ္ဏ အဆင်းမလှတော့ဘူး တဲ့၊ အကျည်းတန်အရုပ်ဆိုးတယ်။

ခဏခဏတော့ ပြောဖူးပါတယ်။ ဘုန်းကြီးတစ်ပါးပြောတဲ့ စကားလေး ဘုန်းကြီးက မှတ်သားထားတယ် - လည်ပင်းကြည့်လိုက်တော့ ဖားလည်ပင်း၊ အသားကြည့်လိုက်တော့ သပိတ်ရောင်၊ ခါးကြည့်လိုက်တော့ လိပ်ခါးတဲ့။ ဒေါသကြောင့် အဲဒီလို ပုံပန်းမကျတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာရတယ်။

ဘာကြောင့်လဲ? ဒေါသနှင့် ယှဉ်တွဲပြီးတော့ ကံတွေကို ပြုစုပျိုးထောင် ခဲ့တယ် သို့မဟုတ် ဒေါသသိပ်ကြီးခဲ့တယ်။ ဒေါသကြီးခဲ့တဲ့ပုဂ္ဂိုလ်သည် ဒီကံ က အကျိုးပေးပြီဆိုရင် ရုပ်လှသလား မလှဘူးလား? မလှတော့ဘူး။ ဒါဖြင့် ရင် မိမိတို့က ရုပ်ရည်ချောမောလှပတဲ့ အမျိုးကောင်းသား ဖြစ်ချင်တယ်ဆိုရင် အမျိုးကောင်းသမီး ဖြစ်ချင်တယ်ဆိုရင် ဒေါသကြီးရမလား မကြီးရဘူးလား? မကြီးရဘူး - ဒေါသတွေကို ရှောင်ကြဉ်ပေးရမယ်။ စိတ်ဓာတ်ဆိုတာ ပြုပြင် ပြောင်းလဲလို့မရဘူးလား? ရပါတယ်၊

ဒီဒေါသသည် အမြဲဖြစ်နေတဲ့ တရားမဟုတ်ဘူး၊ အနိစ္စတရားပဲ, ရာဂ ဟာ အမြဲဖြစ်နေတဲ့တရား မဟုတ်ဘူး အနိစ္စတရားပဲ။ အနိစ္စတရားသာ ဖြစ် တော့ မိမိတို့က ပြုပြင်ပြောင်းလဲပေးမယ်ဆိုရင် မရနိုင်ဘူးလား? ရပါတယ်။ ဒါပေမဲ့ ပြုပြင်ပြောင်းလဲချင်တဲ့စိတ်ထား မရှိဘူး ငါ့ဒေါသက သူများဒေါသနှင့် တူတာမဟုတ်ဘူး, ငါ့စိတ်က သူများစိတ်နှင့်တူတာ မဟုတ်ဘူးဆိုပြီး ဒါကိုပဲ ဂုဏ်ယူပြီးတော့ ဝင့်ကြွားပြီးတော့ နေတတ်ကြပြန်တယ်။ အဲဒီလို ဂုဏ်ယူ ဝင့်ကြွားနေတဲ့ ပုဂ္ဂိုလ်တွေသည် ဘာဖြစ်မလဲ? -- ဘယ်ဘဝပဲရောက်ရောက်, ရောက်လေရာဘဝမှာ အကျည်းတန် အရုပ်ဆိုးတဲ့ပုဂ္ဂိုလ် မဖြစ်ဘူးလား? ဖြစ် လိမ့်မယ်။ ဒါဟာ ဘုရားရှင်ဟောကြားတော်မူတဲ့ အကျည်းတန် အရုပ်ဆိုးစေ တတ်တဲ့ ကံတရားပဲ၊ အကျည်းတန် အရုပ်ဆိုးစေတတ်တဲ့ ဆေးစွမ်းကောင်း တစ်လက်ပဲ။

ဒုဗ္ဗဏ္ဏသံဝတ္တနိကာ ဧသာ မာဏဝ ပဋိပဒါ ယဒိဒံ ကောဓနော ဟောတိ ဥပါယာသဗဟုလော၊ အပ္ပမ္ပိ ဝုတ္တော သမာနော အဘိသဇ္ဇတိ ကုပ္ပတိ ဗျာပဇ္ဇတိ ပတိဋ္ဌီယတိ၊ ကောပဉ္စ ဒေါသဉ္စ အပ္ပစ္စယဉ္စ ပါတုကရောတိ။ (မ၊၃၊၂၄၅။)

ရုပ်ရည် မချောမော မလှပရခြင်း အကျည်းတန် အရုပ်ဆိုးရခြင်း၏ အကြောင်းရင်းသည် ဒီဒေါသပဲ။ နည်းနည်းလေးပြောရင်တောင်မှ နည်းနည်း လေးမှ အထိမခံဘူး၊ ဒင်းတို့များတော့ သွားမပြောလိုက်စမ်းပါနဲ့၊ ဒင်းက နည်းနည်းမှ ပြောလို့ဆိုလို့ရတဲ့ လူစားမျိုး မဟုတ်ဘူးတဲ့ တချို့ ဒီလို ပြော ကြတယ်၊ နည်းနည်းမှ သူက အထိမခံဘူး။ ပြောလိုက်ပြီဆိုလို့ရှိရင် - ငါ့ကို ဒီလို ပြောရကောင်းလားဆိုပြီး တစ်ခါတည်း မကျေနပ်ချက်တွေကို တစ်ပုံကြီး ထင်ရှားပြတော့တာပဲ။

ဟို-ဘိုးတော်ဘုရားလက်ထက်ကနေပြီးတော့ မင်းတုန်းမင်းလက်ထက်၊ မင်းတုန်းမင်းလက်ထက်ကနေပြီးတော့ တော်လှန်ရေးအစိုးရလက်ထက် အထိ ပေါ့လေ၊ ရာဇဝင်နှင့်ချီပြီးတော့ မကျေနပ်ချက်တွေကို ပြောလိုက်တာ တစ်ပုံ တစ်ခေါင်းကြီးပဲ၊ နားထောင်လို့ကို မကုန်နိုင်တော့ဘူး။ ဒါကြောင့် အဲဒီလို ဒေါသတွေ သိပ်ကြီးနေတဲ့ပုဂ္ဂိုလ်သည် ရောက်လေရာဘဝမှာ ဘာဖြစ်တတ် သလဲ၊ အရုပ်ဆိုးတတ်တယ်။ နောက်တစ်ခု -----

ရုပ်ရည်ချောမောလှပတင့်တယ်ရခြင်း၏အကြောင်း

ဣဓ ပန မာဏဝ ဧကစ္စော ဣတ္ထီ ဝါ ပုရိသော ဝါ အက္ကောဓနော ဟောတိ အနုပါယာသဗဟုလော၊ (မ၊၃၊၂၄၅။)

မာဏဝ = သုဘလုလင် ...။ ဣဓ ပန = ဤလောက၌ကား။ ဧကစ္စော = အချို့သော။ ဣတ္ထီ ဝါ = အမျိုးသမီးသည်သော်လည်းကောင်း။ ပုရိသော ဝါ = အမျိုးသားသည်သော်လည်းကောင်း။ အက္ကောဓနော = အမျက်ထွက်လေ့ မရှိသည်။ ဟောတိ = ဖြစ်၏။ အနုပါယာသဗဟုလော = ရန်ငြိုးဖွဲ့မှု မများပြားသည် (ဝါ) ပူပန်ကြောင့်ကြမှု မများပြားသည်။ ဟောတိ = ဖြစ်၏။

စိတ်ထဲမှာ ဒေါသရယ်လို့ ဖြစ်လာပြီဆိုရင် ပူပန်မှုလေးတွေ ဝင်လာ တယ်။ ခု ဒီပုဂ္ဂိုလ်ကြည့်လိုက်တဲ့ အခါမှာတော့ ဒေါသလည်းမဖြစ်ဘူး ပူပန်မှု လည်း မရှိဘူး။

ဗဟုမ္ပိ ဝုတ္တော သမာနော နာဘိသဇ္ဇတိ န ကုပ္ပတိ န ဗျာပဇ္ဇတိ န ပတိဋ္ဌီယတိ၊ န ကောပဉ္စ ဒေါသဉ္စ အပ္ပစ္စယဉ္စ ပါတုကရောတိ၊ (မ၊၃၊၂၄၅၊၊)

ဗဟုမ္ပိ = များစွာကိုသော်လည်းပဲ။ ဝုတ္တော = ပြောဆိုအပ်သည်။ သမာနော = ဖြစ်လတ်သော်။ နာဘိသဇ္ဇတိ = စိတ်ထဲ၌ ငြိကပ်၍ မနေ၊ ငါ့ကို ပြောရကောင်းလားဟု စိတ်ထဲ၌ ငြိကပ်မှုမရှိ။ န ကုပ္ပတိ = စိတ်မဆိုး။ န ဗျာပဇ္ဇတိ = ဖောက်ပြန်တဲ့စိတ်အမူအရာ မရှိ။ န ပတိဋ္ဌီယတိ = ရန်ငြိုး ဖွဲ့မှု မရှိပေ။ ကောပဉ္စ = အမျက်ကိုလည်းကောင်း။ ဒေါသဉ္စ = ဒေါသတရား ကိုလည်းကောင်း။ အပ္ပစ္စယဉ္စ = မနှစ်သက်မှုကိုသော်လည်းကောင်း။ န ပါတုကရောတိ = ထင်ရှား မပြပေ။

စိတ်ထဲမှာ နည်းနည်းမှ မခံချင်ပေမဲ့လို့ သူတစ်ပါး သိအောင် ထုတ် ဖော်ပြီး ပြောမှု ပြမှု မရှိဘူး၊ ဘယ်လောက်ပဲပြောပြော, ပြောချင်တာပြောပါ စေ သူပြောတာက သူ့ကံပဲ, ကိုယ်ပြောတာက ကိုယ့်ကံပဲ။ ကိုယ်ပြုတာက ကိုယ့်ကံပဲ, သူပြုတာက သူ့ကံပဲလို့ ဒီလို ကံ-ကံရဲ့အကျိုးကို နှလုံးသွင်းပြီးတော့ သည်းခံတယ်၊ သူက သူတော်ကောင်းတရားကို နှလုံးသွင်းနိုင်တယ်။

ဒီနေရာမှာ အမျက်မထွက်ဘူး ဆိုတာကတော့ ဥတ္တရာ အမျိုးကောင်း သမီးတို့ကဲ့သို့ မေတ္တာစျာန်ကို ဝင်စားနိုင်တဲ့စိတ်ထားသည် အထွတ်အထိပ် သို့ ရောက်နေတဲ့ စိတ်ထားမျိုးပဲ။ တစ်ဘက်သားပုဂ္ဂိုလ်က ဘယ်လိုပင် ပြော ချင်တာ ပြောပါစေ, ပြုလုပ်ချင်တာ ပြုလုပ်ပါစေ၊ မိမိက ထိုသတ္တဝါတွေ အပေါ်၌ ဖြန့်ကြက်ပြီးတော့ မေတ္တာစျာန်တွေ ဝင်စားပြီး နေနိုင်မယ်ဆိုရင် ထိုမေတ္တာစျာန် ဝင်စားနေတဲ့ မျက်နှာအနေအထားကို ထိုအချိန်အခါမှာ ကြည့်စမ်းကြည့်ပါ။ အရုပ်ဆိုးတဲ့ပုဂ္ဂိုလ် ဖြစ်ချင်ဖြစ်ပါစေ မေတ္တာစျာန် ဝင်စား နေတဲ့ အချိန်အခါမှာ တစ်နည်းတစ်ဖုံအားဖြင့် ကြည့်ရှုလို့ အင်မတန်ကောင်း နေတဲ့ အမျိုးကောင်းသား အမျိုးကောင်းသမီး ဖြစ်နေတတ်ပါတယ်။ ကံတွေကို ထူထောင်စဉ် အချိန်အခါတုန်းက တစ်ဘက်သားအပေါ်မှာ အင်မတန်ကြီး မားတဲ့ မေတ္တာ ကရုဏာဓာတ်တွေနှင့် ထူထောင်နေတဲ့ကံ ဖြစ်ခြင်းကြောင့် ဒီကံက အကျိုးပေးတဲ့ အချိန်အခါမှာ ဘာဖြစ်မလဲ?

သော တေန ကမ္မေန ဧဝံ သမတ္တေန ဧဝံ သမာဒိန္နေန ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇတိ။ (မ၊၃၊၂၄၅။)

ဧဝံ = ဤသို့။ သမတ္တေန = ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်၍ထားအပ်သော။ ဧဝံ = ဤသို့။ သမာဒိန္နေန = ပြည့်ပြည့်စုံစုံ ဆောက်တည်၍ထားအပ်သော။ တေန ကမ္မေန = ထိုကုသိုလ်ကံကြောင့်။ ကာယဿ = ကိုယ်ခန္ဓာ၏။ ဘေဒါ = ပျက်စီးခြင်းကြောင့်။ ပရံ မရဏာ = စုတိပြတ်ကြွေ သေလွန်သည်မှ နောက် ကာလ၌။ သုဂတိံ = ကောင်းမှုပြုသူ သုစရိုက်သမားတို့၏ လားရောက်ရာ ဖြစ်သော။ သဂ္ဂံ လောကံ = နတ်ပြည်နတ်လောကသို့။ ဥပပဇ္ဇတိ = ပဋိသန္ဓေ အားဖြင့် ကပ်ရောက်ရပေ၏။

ဒီနေရာမှာတော့ - အကယ်၍များ မေတ္တာစျာန် ရရှိခဲ့မယ်ဆိုရင်တော့၊ ထိုမေတ္တာစျာန်ကလည်း သေသည်တိုင်အောင် မလျှောကျခဲ့ဘူးဆိုရင်တော့ ထိုမေတ္တာစျာန်တွေကတော့ ဗြဟ္မာ့ပြည်လို့ခေါ်ဆိုအပ်တဲ့ နတ်ပြည်နတ်လောကကို ပို့ဆောင်ပေးမှာဖြစ်တယ်။ မေတ္တာစျာန်ရဲ့ ရှေ့နောက်မှာရှိတဲ့ မေတ္တာ ဘာဝနာကံတွေကတော့ နတ်ပြည်နတ်လောကကို ပို့ဆောင်ပေးမှာဖြစ်တယ်။

နော စေ ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇတိ၊ သစေ မနုဿတ္တံ အာဂစ္ဆတိ၊ ယတ္ထ ယတ္ထ ပစ္စာဇာယတိ၊ ပါသာဒိကော ဟောတိ။ ပါသာဒိကသံဝတ္တနိကာ ဧသာ မာဏဝ ပဋိပဒါ ယဒိဒံ အက္ကောဓနော ဟောတိ အနုပါယာသဗဟုလော၊ ဗဟုမ္ပိ ဝုတ္တော သမာနော နာဘိသဇ္ဇတိ န ကုပ္ပတိ န ဗျာပဇ္ဇတိ န ပတိဋ္ဌီယတိ၊ န ကောပဉ္စ ဒေါသဉ္စ အပ္ပစ္စယဉ္စ ပါတုကရောတိ။ (မ၊၃၊၂၄၅-၂၄၆။)

မာဏဝ = ဒကာတော် သုဘလုလင် ...။ ကာယဿ = ကိုယ်ခန္ဓာ၏။ ဘေဒါ = ပျက်စီးခြင်းကြောင့်။ ပရံ မရဏာ = စုတိပြတ်ကြွေ သေလွန်သည်မှ နောက်ကာလ၌။ သုဂတိံ = ကောင်းမှုပြုသူ သုစရိုက်သမားတို့၏ လား ရောက်ရာဖြစ်သော။ သဂ္ဂံ လောကံ = နတ်ပြည်နတ်လောကသို့။ နော စေ ဥပပဇ္ဇတိ = အကယ်၍ မကပ်ရောက်ရသည် ဖြစ်ငြားအံ့။

နတ်ပြည် မရောက်ဘူးထား, ဒီမေတ္တာစျာန်တွေကလည်း မသေခင်မှာ အကြောင်းတစ်ခုခုကြောင့် လျှောကျသွားလို့ ဒီမေတ္တာစျာန်တွေရဲ့စွမ်းအား ကြောင့် ဗြဟ္မာ့ပြည် မရောက်ဘူးထား ----

သစေ မနုဿတ္တံ အာဂစ္ဆတိ၊

မနုဿတ္တံ = လူ့ပြည်လူ့လောကသို့။ သစေ အာဂစ္ဆတိ = အကယ်၍ ရောက်ရှိလာသည်ဖြစ်ငြားအံ့။

မေတ္တာစျာန်ရဲ့ ရှေ့ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ကာမာဝစရကုသိုလ်စိတ် စေတနာတွေလည်း ရှိတယ်၊ မေတ္တာစျာန်ကို ပွားများပြီးတဲ့နောက်, နောက် ပိုင်းမှာ သတ္တဝါတွေအပေါ်၌ ထားရှိတဲ့ မေတ္တာနှင့်ယှဉ်နေတဲ့ ကာမာဝစရ ကုသိုလ် စိတ်စေတနာတွေလည်း ရှိတယ်၊ အဲဒီ စိတ်စေတနာတွေက လူ့ပြည် လူ့လောကကိုရောက်အောင် ပို့ဆောင်ပေးနိုင်တဲ့ စွမ်းအားရှိတယ်။ မေတ္တာ စျာန်တွေကတော့ ဗြဟ္မာ့ပြည်ကို ရောက်အောင် ပို့ဆောင်ပေးနိုင်တယ်၊ အကယ်၍ ဗြဟ္မာ့ပြည်ကို မရောက်ဘူးထား လူ့ပြည်လူ့လောကကို ပြန်ပြီး ရောက်ရှိလာခဲ့မယ်ဆိုရင် ဘာဖြစ်မလဲ?

ယတ္ထ ယတ္ထ = အကြင်အကြင် အမျိုးအနွယ်၌။ ပစ္စာဇာယတိ = ပဋိ သန္ဓေအားဖြင့် တစ်ဖန်ဖြစ်ပေါ်၍ လာရ၏။ တတ္ထ တတ္ထ = ထိုထို အမျိုး အနွယ်၌။ ပါသာဒိကော = ကြည်ညိုဖွယ်ရှိသည်။ ဟောတိ = ဖြစ်၏။

ပါသာဒိကသံဝတ္တနိကာ ဧသာ မာဏဝ ပဋိပဒါ ယဒိဒံ အက္ကောဓနော ဟောတိ အနုပါယာသဗဟုလော၊ ဗဟုမ္ပိ ဝုတ္တော သမာနော နာဘိသဇ္ဇတိ န ကုပ္ပတိ န ဗျာပဇ္ဇတိ န ပတိဋ္ဌီယတိ၊ န ကောပဉ္စ ဒေါသဉ္စ အပ္ပစ္စယဉ္စ ပါတုကရောတိ။ (မ၊၃၊၂၄၆။)

မာဏဝ = ဒကာတော် သုဘလုလင်...ကြည်ညိုဖွယ်ဂုဏ်ကိုဆောင်နိုင်တဲ့ ဥပဓိ သမ္ပတ္တိ ရုပ်ရည်နှင့်ပြည့်စုံဖို့အတွက် ဒါဟာ အကျင့်တစ်ခုပဲ။ ဘာအကျင့်လဲ? ဒေါသမကြီးခြင်း အမျက်ဒေါသမကြီးခြင်း၊ ဘယ်လောက်ပဲ သူများတွေက ပြောချင်ပြောပါစေ ဘယ်တော့မှ စိတ်မဆိုးဘူး, ဘယ်တော့မှ စိတ်ဖောက်ပြန် တဲ့အမူအရာကို မပြဘူး, ဘယ်တော့မှ ရန်ငြိုးမထားဘူး, အမျက်ကိုလည်း ဘယ်တော့မှ ထင်ရှားမပြဘူး, ဒေါသကိုလည်း ဘယ်တော့မှ ထင်ရှားမပြဘူး, မကျေနပ်ချက်တွေကိုလည်း ဘယ်တော့မှ ထင်ရှားမပြဘူး၊ အဲဒီလို မပြခြင်း ဆိုတဲ့ ကျင့်ဝတ်ပဋိပတ်သည် ကြည်ညိုဖွယ်ဂုဏ်ကို ဆောင်နိုင်တဲ့ အင်မတန် ချောမောလှပတဲ့ ဥပဓိသမ္ပတ္တိခေါ်တဲ့ရုပ်ရည်နှင့် ပြည့်စုံဖို့ရန် အကြောင်းတစ်ခု ကျင့်ဝတ်တစ်ခုဖြစ်တယ်လို့ မြတ်စွာဘုရားက ဟောထားတော်မူပါတယ်။

ဒီနေရာမှာ ဘုန်းကြီး သတိရလို့ ရန်ငြိုးဖွဲ့မှုနှင့် ပတ်သက်ပြီးတော့ --သုဘဒ္ဒါအကြောင်းကို ပြောချင်ပါတယ်။ စလေဦးပုညရဲ့ စကားလုံးနှင့် သုံး ရင်တော့ မယ်မင်းကြီးမ သုဘဒ္ဒါပဲ။ တစ်ချိန် -- ဘုန်းကြီးတို့ မြတ်စွာဘုရား သခင်ဟာ ဇေတဝန်ကျောင်းတိုက်အတွင်း ဓမ္မာသနပလ္လင်ထက်မှာ တရား ဟောတော်မူနေတယ်။ ဘုရားရှင် တရားဟောတော်မူတဲ့အချိန်အခါမှာ တရား နာပရိသတ်ထဲမှာ ဘိက္ခုနီမတွေလည်း ပါကြတယ်။ အဲဒီ ဘိက္ခုနီမတွေထဲက ဘိက္ခုနီမကလေးတစ်ပါးက စိတ်ထဲ ဘယ်လိုဖြစ်လာသလဲ?

တရားဟောတော်မူတဲ့ ဘုရားရှင်ရဲ့ (၃၂)ပါးသော ယောက်ျားမြတ် တို့ရဲ့လက္ခဏာ, (၈၀)သော လက္ခဏာတော်ငယ်, ရောင်ခြည်တော် ခြောက် သွယ်တို့ဖြင့် တင့်တယ်စံပယ်ပြီး အင်မတန်သာယာတဲ့ ဗြဟ္မာမင်းရဲ့ အသံနှင့် တူနေတဲ့ အသံတော်နဲ့ တရားဟောနေတာကို ကြားနာရတော့ စိတ်ထဲမှာ အင်မတန် ကြည်နူးနေတယ်၊ ဒီလောက်တောင် ကျက်သရေမင်္ဂလာအပေါင်း နှင့် ပြည့်စုံနေတဲ့ ယောက်ျားမြတ်တစ်ဦးကို ငါသည် တစ်ချိန်တုန်းကများ သူ့ရဲ့ခြေရင်းအလုပ်အကျွေးများ ဖြစ်ခဲ့ဖူးသလားလို့ စိတ်ကူးကြည့်သတဲ့။ ပါဒပရိစာရိကာခေါ်ပါတယ်။ ခြေရင်းအလုပ်အကျွေးဆိုတာ ဒကာကြီးတွေ ဒကာမကြီးတွေ နားလည်ကြသလား? ပါရမီဖြည့်ဖက်ကို ပြောတာပါပဲ။

သူ့ခြေရင်းမှာ သူ့ရဲ့အိမ်ရှင်မအဖြစ်နှင့် ပါရမီများဖြည့်ကျင့်ခဲ့ဖူးရဲ့လား လို့ သူက တရားနေရင်းနဲ့ စိတ်ကူးကြည့်သတဲ့။ အဲဒီတော့ အဲဒီလို စိတ်ကူး ကြည့်လိုက်တဲ့ အချိန်အခါမှာ စိတ်ကူးနေရင်းနှင့် သူ့ရဲ့ ပါရမီအားလျော်စွာ ဇာတိဿရဉာဏ်ကလေးတွေကို ရရှိလာတယ်၊ အတိတ်ဘဝတွေကို လှမ်းပြီး တော့ ဆန်းစစ်ကြည့်လိုက်တဲ့ အချိန်အခါမှာ တစ်ဘဝပြီး တစ်ဘဝ လိုက်ပြီး ကြည့်လိုက်တဲ့အခါ နောက်ဆုံး ဆဒ္ဒန်ဆင်မင်းဘဝမှာ သူ့ရဲ့အလုပ်အကျွေး ပါဒပရိစာရိကာလို့ခေါ်တဲ့ ခြေရင်းအလုပ်အကျွေးဖြစ်ခဲ့ဖူးတဲ့ ဘဝကို သွားပြီး တွေ့တယ်၊ တွေ့လိုက်တဲ့ အချိန်အခါကျတော့ ဝမ်းသာလိုက်တာ -- ဒီလို ယောက်ျားမြတ်တို့ရဲ့ ပါရမီကို ငါဖြည့်ကျင့်ခဲ့ရတာ ငါ့ရဲ့ဘဝဟာ အင်မတန် တန်ဖိုးရှိတယ် - လို့ သူ့စိတ်ထဲ သဘောပေါက်ပြီးတော့ အင်မတန် ဝမ်းသာ တယ်။ ဝမ်းသာပေမဲ့လို့ သူက နည်းနည်းလေးထပ်ပြီး စဉ်းစားပြန်တယ်၊ ဒီ အချိန်မှာ တရားကလည်း အင်မတန် ရင့်ညောင်းလာပြီနှင့် တူပါတယ်၊ ရင့် ညောင်းလာတဲ့ အချိန်အခါမှာ သူစဉ်းစားပုံက ဒီလိုပါ --- [စာမှာပါတာ ပြောတာနော်၊ ဒကာမကြီးတွေကို စောင်းပြောတာ မဟုတ်ဘူး၊ ကြိုပြီးတော့ နည်းနည်း သတိပေးထားရမယ်၊ စာမှာ ဘယ်လိုပါသလဲ?]

ပါဒပရိစာရိကာ နာမ သာမိကာနံ ဟိတဇ္ဈာသယာ အပ္ပကာ၊ (ဇာ၊ဋ္ဌ၊၅၊၃၇။)

ပါဒပရိစာရိကာ နာမ = ခြေရင်းအလုပ်အကျွေး အမျိုးသမီးတို့ မည်သည်ကား။ သာမိကာနံ = အိမ်ရှင်ယောက်ျားတို့၏။ ဟိတဇ္ဈာသယာ = အကျိုးစီးပွားကို လိုလားတောင့်တသည့် အဇ္ဈာသယဓာတ်ရှိသူတို့သည်။ အပ္ပကာ = နည်းပါးလှကုန်၏။

ခြေရင်းအလုပ်ကျွေး အမျိုးသမီးတို့ဆိုတာ အိမ်ရှင်ယောက်ျားရဲ့ အကျိုး စီးပွားကို လိုလားတောင့်တနေတဲ့ အဇ္ဈာသယဓာတ်ရှိသူက သိပ်နည်းတယ်၊ ဟုတ်သလား မဟုတ်သလား? ကိုယ့်ဟာကိုယ် စဉ်းစားကြည့်ကြ။

အဟိတဇ္ဈာသယာဝ ဗဟုတရာ၊ (ဇာ၊ဋ္ဌ၊၅၊၃၇။)

အဟိတဇ္ဈာသယာဝ = အကျိုးစီးပွားကို မလိုလား မတောင့်တတဲ့စိတ် ထား (အဇ္ဈာသယ) ရှိနေတဲ့ပုဂ္ဂိုလ်တို့ကသာလျှင်။ ဗဟုတရာ = အလွန့်အလွန် များလှကုန်၏။

မရှိဘူးလို့ပြောတာ မဟုတ်ဘူး၊ အိမ်ရှင်ယောကျ်ားတို့ရဲ့ အကျိုးစီးပွား ကို မလိုလား မတောင့်တတဲ့ အဇ္ဈာသယဓာတ်ခံရှိနေတဲ့ ပုဂ္ဂိုလ်တွေက သိပ် များကြတယ်။

ဟိတဇ္ဈာသယာ နု ခေါ အဟံ ဣမဿ မဟာပုရိသဿ အဟောသိံ, အဟိတဇ္ဈာသယာ။

အဟံ = ငါသည်။ ဣမဿ မဟာပုရိသဿ = ဤယောက်ျားမြတ်၏။ ဟိတဇ္ဈာသယာ = အကျိုးစီးပွားကို လိုလားတောင့်တတဲ့ အဇ္ဈာသယဓာတ်ခံ ရှိနေတဲ့ အမျိုးကောင်းသမီးသည်။ အဟောသိံ နု ခေါ = ဖြစ်ခဲ့လေသလော။ အဟိတဇ္ဈာသယာ = အကျိုးစီးပွားကို မလိုလား မတောင့်တတဲ့ အဇ္ဈာသယ ဓာတ်ခံရှိနေတဲ့ အမျိုးသမီးသည်။ အဟောသိံ နု ခေါ = ဖြစ်ခဲ့လေသလော။

ဒီအိမ်ရှင်ယောက်ျားရဲ့ အကျိုးစီးပွားကို လိုလားတောင့်တတဲ့ အမျိုး ကောင်းသမီးပဲ ဖြစ်ခဲ့လေသလား? အကျိုးစီးပွားကို မလိုလား မတောင့်တ တဲ့ အမျိုးကောင်းသမီးပဲ ဖြစ်ခဲ့လေသလားလို့ သူက တစ်ဆင့်တက်ပြီးတော့ စဉ်းစားတယ်၊ စဉ်းစားခန်းဝင်ပြန်တယ်။

ဒီစဉ်းစားပုံကို ကြည့်လိုက်ရင်တော့ သူဟာ ပါရမီတော်တော်ကလေး ရင့်ညောင်းနေပြီလို့တော့ ယူဆရပါတယ်။ အဲဒီလို စဉ်းစားလိုက်တဲ့ အချိန်ခါ ကျတော့ ဘာအဖြေထွက်လာသလဲ? အဟိတဇ္ဈာသယ-အိမ်ရှင်ယောက်ျားရဲ့ အကျိုးစီးပွားကို လိုလားတောင့်တနေတဲ့ အဇ္ဈာသယဓာတ်ခံ မရှိတဲ့ အမျိုးသမီးဖြစ်ခဲ့တဲ့ အဖြစ်ကို သွားတွေ့လိုက်တယ်၊ တွေ့လိုက်တဲ့ အချိန်အခါကျ တော့ အဲဒီမှာ ဘာဖြစ်သလဲ? -- ဝမ်းနည်းကြေကွဲမှု သောကမီးတွေ ဟုန်းဟုန်း တောက်လောင်လာပြီး ဖြေမဆည်နိုင်တဲ့အတွက် ထိုဘိက္ခုနီမကလေးဟာ တရားပွဲထဲမှာ ရှိုက်ကြီးတငင် ငိုပြီးတော့ ချလိုက်ပါလေရော။

ထိုငိုပွဲကို မြင်တွေ့ရတဲ့အခါ ဘုရားရှင်လည်း ပြုံးရယ်တော်မူခဲ့ပါတယ်။ ပြုံးရယ်တော်မူရခြင်း၏အကြောင်းကို သံဃာတော်က မေးမြန်းလျှောက်ထား တဲ့အခါ ဘုရားရှင်က ဆဒ္ဒန်ဆင်မင်းဇာတ်တော်ကို ဟောပေးတော်မူပါတယ်။ အဲဒီတော့ ဆဒ္ဒန်ဆင်မင်းဇာတ်မှာ အတိုချုပ်ပြောရမယ်ဆိုရင် သူက မပြောပ လောက်တဲ့ အကြောင်းအရာကလေးတစ်ခုနှင့် ဘုရားအလောင်းတော်အပေါ် မှာ ရန်ငြိုးဖွဲ့ခဲ့တယ်။ ခုနကပြောခဲ့တဲ့ ပတိဋ္ဌီယတိ၊ စိတ်ဓာတ်က ရန်ငြိုးဖွဲ့ထား တယ်၊ ရန်ငြိုးဖွဲ့တယ်ဆိုတာက စိတ်ထဲမှာ တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေတယ်။ ဘာတွန့်ဆုတ်သလဲ? -- တော်စမ်းပါ, ဒင်းအကြောင်း မပြောစမ်းနှင့်၊ ဒင်းနဲ့ မျက်နှာချင်းဆိုင်ရမှာကိုက စိတ်ထဲမှာ အင်မတန် ဝန်လေးတယ်၊ ဒင်းကို ငါမျက်နှာချင်း မဆိုင်ချင်ဘူး မျက်နှာချင်း မဆိုင်ချင်တဲ့စိတ်ထားတွေက၊ သူ နှင့်မျက်နှာချင်းဆိုင်လိုတဲ့ စိတ်ဓာတ်ကနေ တွန့်ဆုတ်သွားတာ၊ မလွှဲမရှောင် သာလို့ တွေ့ရတောင်မှ မျက်နှာက ရှောင်လွှဲပစ်လိုက်တယ်၊ ဒါတွန့်ဆုတ်နေ တာ၊ ဒါကိုပဲ ရန်ငြိုးဖွဲ့ထားတယ်လို့ ဘာသာပြန်ထားတယ်။

အဲဒီတော့ သူက ဘာရန်ငြိုးဖွဲ့သလဲဆိုတော့ မပြောပလောက်တဲ့ အကြောင်းအရာကလေးတစ်ခုကို ကြည့်ပြီးတော့ ရန်ငြိုးဖွဲ့တယ်။ ဘယ်လို မပြောပလောက်တဲ့ အကြောင်းအရာလည်းဆိုတော့ - ဆဒ္ဒန်ဆင်မင်းတို့ နေတဲ့နေရာ ပတ်ဝန်းကျင်က အင်မတန်သာယာတဲ့ တောတောင်လို့ စာက ဖွဲ့ထားပါတယ်။ ဒီနေရာမှာ ပြောလိုရင်းကတော့ အင်ကြင်းတောကြီးတစ်ခု ရှိတဲ့ အကြောင်းပဲ။ သူတို့နေရာဝန်းကျင်ကို ဝိုင်းထားတဲ့ အင်ကြင်းတောကြီး တစ်ခုရှိတော့ တစ်နေ့မှာ အင်ကြင်းပင်တွေက ပင်လုံးကျွတ်ပွင့်နေကြပြီဆိုတဲ့ သတင်းကောင်းတစ်ခုကိုကြားရတော့ ဆဒ္ဒန်ဆင်မင်းအမှူးရှိနေတဲ့ ရှစ်သောင်း သောဆင်တွေက ဒီအင်ကြင်းတောမှာသွားပြီးတော့ ပျော်ပါးကြတယ်၊ ဥယျာဉ် ကစားကြတယ်။ အဲဒီလို ပျော်ပါးတဲ့ အချိန်အခါမှာ မယ်မင်းကြီးမ စူဠသုဘဒ္ဒါ က တစ်ဘက်၊ မယ်မင်းကြီးမ မဟာသုဘဒ္ဒါက တစ်ဘက်ပေါ့လေ၊ သူ့မှာ မိဖုရားက နှစ်ဦးရှိနေတယ်။ စူဠသုဘဒ္ဒါက ဘယ်ဘက်ကနေသလဲ ဆိုတော့ လေအထက်ဘက်က နေတယ်၊ မဟာသုဘဒ္ဒါက လေအောက်က နေတယ်၊ အဲဒီတော့ လေအထက်ဘက် နေနေတဲ့ စူဠသုဘဒ္ဒါကတစ်ဘက်၊ လေ အောက်ကနေနေတဲ့ မဟာသုဘဒ္ဒါကတစ်ဘက် နှစ်ဘက်ရှိတဲ့ အနက်က အင်ကြင်းပန်းတွေကို နှာမောင်းနှင့် လှမ်းဆွတ်ပြီးတော့ မြူးတူးပျော်ပါးကြတဲ့ အပိုင်းမှာ ဟိုသစ်ပင်ကိုတိုးလိုက် ဒီသစ်ပင်ကိုတိုးလိုက် စသည်ဖြင့် တော ကစားကြတဲ့အခါ အင်ကြင်းပင်တွေကိုလည်း တိုးဝှေ့မိတော့ ခြောက်သွေ့နေ တဲ့ တချို့သစ်ကိုင်းလေးတွေ အနည်းငယ် ကျလာကြတယ်၊ ခြောက်သွေ့နေတဲ့ အင်ကြင်းရွက်တွေကလည်း ကြွေကျလာကြတယ်။ အဲဒီလို ကြွေကျလာတဲ့ အချိန်အခါမှာ လေထက်မှာနေနေတဲ့ စူဠသုဘဒ္ဒါရဲ့ကိုယ်ပေါ်ကို အဲဒီသစ် ကိုင်းခြောက် အနည်းငယ်နှင့် သစ်ရွက်တွေက ကျကြတယ်၊ မဟာသုဘဒ္ဒါ ရဲ့ ကိုယ်ပေါ်ကိုတော့ အင်ကြင်းပန်း ဝတ်မှုန်ကလေးတွေ ကျသွားကြတယ်။ဒါပေမဲ့ ဆဒ္ဒန်ဆင်မင်းကလည်း - နည်းနည်းကလေးတော့ မျက်နှာလိုက်တယ် လို့ မယူဆနှင့်နော် -- စာထဲပါတာ ပြောတာ။

ဆဒ္ဒန်ဆင်မင်းကလည်း သူက အင်ကြင်းပန်းတွေကို နှာမောင်းနှင့် ဆွတ်ခူးပြီးတော့ မဟာသုဘဒ္ဒါရဲ့ကျောပေါ်ကို ဖြန့်ကျဲပြီးတော့ ချပေးလိုက် ပြန်တယ်၊ အဲဒီအခါမှာ မယ်မင်းကြီးမသုဘဒ္ဒါက ရန်ငြိုးဖွဲ့ပြန်တယ် - ကြည့် စမ်း ငါ့အပေါ်တော့ သစ်ကိုင်းခြောက်တွေ သစ်ရွက်တွေ ခြွေချတယ်၊ သူ့ သုဘဒ္ဒါအပေါ်ကျတော့ အင်ကြင်းပန်းပွင့်တွေကို ခြွေချတယ်- ဆိုပြီးတော့ ရန်ငြိုးတစ်ချက် ဖွဲ့လိုက်တယ်၊ ဒါနဲ့ မပြီးသေးဘူး၊ နောက်တစ်ခါ ဘာလုပ် သလဲ? နောက်တစ်ခါ သူတို့ ရေအိုင်ကြီးတစ်ခုထဲမှာ ရေကစားကြပြန်တယ်၊။အိုင်ထဲမှာ ရေကစားနေစဉ်အချိန်အခါမှာ - ဒီအိုင်က အင်မတန် ထူးဆန်း နေတဲ့ ပဒုမ္မာကြာပန်းတွေ ပွင့်လန်းတဲ့ အိုင်ကြီးတစ်ခုဖြစ်တော့ အဲဒီအိုင်ထဲမှာ အင်မတန် - သတ္တဝါတွေရဲ့ စိတ်နှလုံးကို သိမ်းကျုံးယူစေနိုင်တဲ့ စွမ်းအားရှိတဲ့ အလွန်တင့်တယ်နေတဲ့ ပဒုမ္မာကြာပန်းကြီးတစ်ခုကို ဆင်တစ်ကောင်က ဆွတ် ခူးပြီးတော့ ဆဒ္ဒန်ဆင်မင်းကို လာဆက်သတယ်၊ အဲဒီလို ဆက်သလိုက်တဲ့ အချိန်အခါမှာလည်း ဆဒ္ဒန်ဆင်မင်းက ဒီအင်မတန်လှပနေတဲ့ ပဒုမ္မာကြာ ပန်းကြီးကို မဟာသုဘဒ္ဒါကို လှမ်းပြီးတော့ ကမ်းလိုက်တယ်၊ ဝတ်မှုန်တွေကို စုပ်ယူပြီးတော့ မဟာသုဘဒ္ဒါကိုပဲ ပေးလိုက်တယ်၊ အဲဒီအခါမှာ မယ်မင်းကြီးမ သုဘဒ္ဒါက - ငါ့တော့ မပေးဘူး ကြည့်စမ်း ဒင်းတော့ သူကပေးတယ်ဆိုပြီး တော့ ရန်ငြိုးဖွဲ့လိုက်ပြန်တယ်။ ဘယ်လောက်များ ကြီးကျယ်သလဲ? - ကြည့် စမ်း၊ သိပ်ပြီးတော့ မကြီးကျယ်ဘူး။ အဲဒီလို ရန်ငြိုးဖွဲ့လိုက်တဲ့ အချိန်အခါမှာ ဘာဖြစ်လာသလဲ?

အကြောင်းတစ်ခု ရှိတယ်၊ ဆဒ္ဒန်ဆင်မင်း ဦးဆောင်နေတဲ့ ဒီဆင် အပေါင်းတို့ဟာ အရှင်ပစ္စေကဗုဒ္ဓါဘုရားရှင် ငါးရာတို့ကို မကြာခဏ သစ်သီး ဆွမ်းဖြင့် ဝတ်ကြီးဝတ်ငယ် ပြုစုနေကြတဲ့ ဒါနဝတ်တွေပြုနေကြတဲ့ ဆင်သူတော်ကောင်းတွေ ဖြစ်ကြပါတယ်။ တစ်နေ့မှာ ဆဒ္ဒန်ဆင်မင်း ဦးဆောင်နေတဲ့ ဆင်အပေါင်းတို့က အရှင်ပစ္စေကဗုဒ္ဓါငါးရာတို့အား သစ်သီးကြီးငယ်တို့ဖြင့် ပူဇော်ကန်တော့နေတဲ့ပွဲမှာ မယ်မင်းကြီးမ စူဠသုဘဒ္ဒါကလည်း သူရရှိလာတဲ့ သစ်သီးကြီးငယ်တို့ကို ရှင်ပစ္စေကဗုဒ္ဓါဘုရားရှင်တို့အား ဆက်ကပ်လှူဒါန်း ပါတယ်၊ အရှင်ပစ္စေကဗုဒ္ဓါတွေကို ဆက်ကပ်လှူဒါန်းပြီးတော့ သူက ဘာလုပ် သလဲ? - ပန်းချီကားကလေးတစ်ချပ်ကို သူက ရေးဆွဲတယ်၊ ဘယ်လို ရေးဆွဲသလဲ?

မယ်မင်းကြီးမသုဘဒ္ဒါ ရေးဆွဲလိုက်တဲ့ ပန်းချီကားတစ်ချပ်

ဘန္တေ ဣတော စဝိတွာ မဒ္ဒရာဇကုလေ နိဗ္ဗတ္တိတွာ သုဘဒ္ဒါ နာမ ရာဇကညာ ဟုတွာ ဝယပ္ပတ္တာ ဗာရာဏသိရညော အဂ္ဂမဟေသိဘာဝံ ပတွာ တဿ ပိယာ မနာပါ ... (ဇာတက၊ဋ္ဌ၊၅၊၄၀။)

ဘန္တေ = အရှင်မြတ်တို့ဘုရား ...။ ဣတော = ဤဆင်ဘဝမှ။ စဝိတွာ = စုတေခဲ့သည်ရှိသော်။ မဒ္ဒရာဇကုလေ = မဒ္ဒရာဇ်မင်းမျိုး၌။ နိဗ္ဗတ္တိတွာ = ဖြစ်ခဲ့ရ၍။ သုဘဒ္ဒါ နာမ = သုဘဒ္ဒါ အမည်ရှိသော။ ရာဇကညာ = မင်းသမီးသည်။ ဟုတွာ = ဖြစ်ရ၍။ ဝယပ္ပတ္တာ = အရွယ်သို့ ရောက်ခဲ့သည် ရှိသော်။ ဗာရာဏသိရညော = ဗာရာဏသီမင်း၏။ အဂ္ဂမဟေသိဘာဝံ = အဂ္ဂမဟေသီ မိဖုရားကြီးဘဝသို့။ ပတွာ = ရောက်ရှိရသည်ဖြစ်၍။ တဿ = ထိုဗာရာဏသီရှင်ဘုရင်၏။ ပိယာ = ချစ်မြတ်နိုးအပ်သော။ မနာပါ = စိတ်နှလုံးကိုတိုးပွားစေတတ်တဲ့ အမျိုးသမီးသည်။ ဘဝေယျံ = ဖြစ်ရပါလို၏။

သူရေးဆွဲလိုက်တဲ့ ပန်းချီကားတစ်ချပ်ကို ကြည့်ပါ၊ ဒီဆင်ဘဝကနေ စုတေပြီးတဲ့ အချိန်အခါမှာ မဒ္ဒရာဇ်မင်းမျိုးမှာ လူသွားပြီးတော့ ဖြစ်ပါရစေ၊ သုဘဒ္ဒါ အမည်ရှိတဲ့ မင်းသမီး ဖြစ်ပါရစေ၊ အရွယ်ရောက်တဲ့ အချိန်အခါ မှာတော့ ဗာရာဏသီမင်းရဲ့ အဂ္ဂမဟေသီမိဖုရားကြီး ဖြစ်ပါစေ၊ အဲဒီ အဂ္ဂ မဟေသီ မိဖုရားကြီးဟာလည်း ဗာရာဏသီမင်းက အလွန်ချစ်မြတ်နိုးအပ်တဲ့ အဂ္ဂမဟေသီ မိဖုရားကြီးသာ ဖြစ်ပါရစေ -- ဒီဆုတွေကိုတောင်းတယ်။

ဒီတော့ ဒီနေရာမှာ ဟိုတစ်နေ့ကပြောခဲ့တဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန် အကြောင်းကို နည်းနည်းပြန်ပြီး ဆန်းစစ်ကြည့်၊ ဘယ်လို တရားလေး စခဲ့ သလဲ?

အနမတဂ္ဂေါယံ ဘိက္ခဝေ သံသာရော၊ ပုဗ္ဗာ ကောဋိ န ပညာယတိ အဝိဇ္ဇာနီဝရဏာနံ သတ္တာနံ တဏှာသံယောဇနာနံ သန္ဓာဝတံ သံသရတံ။ (သံ၊၂၊၁၂၁။)

ဘိက္ခဝေ = ချစ်သား ရဟန်းတို့ ...။ အယံ သံသာရော = ခန္ဓာ အာယတန ဓာတ်တို့ရဲ့ အဆက်မပြတ် ဖြစ်ပေါ်၍နေရာ ရုပ်နာမ်သန္တာန် အစဉ်အတန်းဟု ခေါ်ဆိုအပ်တဲ့ ဤသံသရာသည်။ အနမတဂ္ဂေါ = ဉာဏ်ဖြင့် အစဉ်လျှောက်၍သော်လည်း မသိအပ် မသိနိုင်သော အစရှိပေ၏။ အဝိဇ္ဇာနီဝရဏာနံ = အဝိဇ္ဇာ နီဝရဏတရားသည် ပိတ်ဖုံးကာဆီးအပ်ကုန်သည် ဖြစ်၍။ တဏှာသံယောဇနာနံ = တဏှာတည်းဟူသော သံယောဇဉ်ကြိုးက ရစ်ပတ်နှောင်ဖွဲ့ထားအပ်ကုန်သည်ဖြစ်၍။ သန္ဓာဝတံ = ထိုဘဝမှ ဤဘဝ, ဤဘဝမှ ထိုဘဝသို့ တပြောင်းပြန်ပြန် ကျင်လည်ကျက်စား ပြေးသွား၍ နေကြရကုန်သော။ သံသရတံ = တစ်ခုသော ဘဝ၌လည်းပဲ ထပ်ကာထပ်ကာ ကျင်လည်ကျက်စား ပြေးသွား၍ နေကြရကုန်သော။ သတ္တာနံ = သတ္တဝါ တို့၏။ ပုဗ္ဗာ ကောဋိ = ရှေးအစွန်းကို။ န ပညာယတိ = မသိအပ် မသိနိုင်ပေ။

အဝိဇ္ဇာနီဝရဏတရားက ပိတ်ဖုံးကာဆီးထားတယ်၊ တဏှာတည်းဟူ သော သံယောဇဉ်ကြိုးက ရစ်ပတ်နှောင်ဖွဲ့ပြီးတော့ထားတယ်။ အဲဒီလို အဝိဇ္ဇာ နီဝရဏက ပိတ်ဖုံးကာဆီးပြီးတော့ တဏှာတည်းဟူသော သံယောဇဉ်ကြိုးဖြင့် ရစ်ပတ်နှောင်ဖွဲ့ခံနေရတဲ့ ဒီသတ္တဝါတွေရဲ့ သံသရာခရီးအစကို လှမ်းမျှော်ပြီး ဉာဏ်နှင့် အစဉ်လျှောက်ကြည့်ခဲ့မယ်ဆိုရင် မသိအပ် မသိနိုင်တဲ့ အစ ရှိတယ်၊ အခုကြည့်ပေါ့ ဆဒ္ဒန်ဆင်မျိုးဘဝကနေပြီးတော့ ဘိက္ခုနီဘဝ ရောက်ရှိလာပြီ၊ ဘယ်လောက် သံသရာခရီးကြော ရှည်ခဲ့တယ်ဆိုတာ ပြန်ကြည့်၊ -- ဘာကို အခြေခံခဲ့သလဲ? အဝိဇ္ဇာနှင့် တဏှာကို အခြေခံခဲ့တယ်။ ဒီတော့ ဒီနေရာမှာ ဘာအဝိဇ္ဇာလည်း မေးလိုက်တော့ မဒ္ဒရာဇ်မင်းမျိုးမှာ မင်းသမီးဖြစ်ပါရစေ ဆိုပြီး သူက ဒီဆုကို တောင်းထားတယ်။

သုဘဒ္ဒါ အမည်ရှိတဲ့ မင်းသမီးဖြစ်ပါရစေလို့ ဆုတောင်းတယ်။ ပရမတ္ထ သစ္စာနယ်ဘက်က ကြည့်လိုက်တော့ သုဘဒ္ဒါ အမည်ရှိတဲ့ မင်းသမီးဆိုတာ ရှိသလား? မရှိဘူး။ အဲဒီ သုဘဒ္ဒါ အမည်ရှိတဲ့ မင်းသမီးဘဝကို ရတယ်ပဲထား၊ အဲဒီမင်းသမီးဘဝမှာ တည်ရှိတဲ့ ဓာတ်လေးပါးကို စိုက်ပြီးရှုနိုင်ရင် ရုပ်ကလာပ် အမှုန်ကလေးတွေကို တွေ့နိုင်တယ်၊ ဒီရုပ်ကလာပ်တွေကို ဓာတ်ခွဲနိုင်ရင် ပရမတ်အစစ် ရုပ်တရားတွေကို တွေ့နိုင်တယ်၊ ရုပ်တရားတွေကို သိမ်းဆည်း ပြီးတဲ့အခါမှာ ဒီရုပ်တရားကို အာရုံပြုပြီး, ဒီရုပ်တရားတွေကို မှီဖြစ်နေတဲ့ နာမ်တရားတွေကို သိမ်းဆည်းနိုင်တယ်။ ရုပ်နာမ်ကို သိမ်းဆည်းနိုင်လို့ ရုပ်နာမ် ခွဲနိုင်ရင် ရုပ်တရားအစုအပုံ နာမ်တရားအစုအပုံတွေကိုပဲ တွေ့မယ်။ ဒီတော့ ရုပ်တရားအစုအပုံ နာမ်တရားအစုအပုံလို့ မသိဘဲ -- သုဘဒ္ဒါ အမည်ရှိတဲ့ မင်းသမီးလို့ အသိမှားနေတဲ့ သဘောက ဘာလဲ? - အဝိဇ္ဇာ၊ အဲဒီ သုဘဒ္ဒါ မင်းသမီးဘဝကို လှမ်းပြီးတော့ တွယ်တာတပ်မက်တဲ့ သဘောက - တဏှာ၊ စိတ်ကပ်ပြီးစွဲနေတဲ့သဘောက - ဥပါဒါန်၊ ဒီအဝိဇ္ဇာ တဏှာ ဥပါဒါန် တွေ ခြံရံပြီးတော့ အရှင်ပစ္စေကဗုဒ္ဓါဘုရားရှင်တို့အား သစ်သီးဆွမ်းလှူဒါန်းတဲ့ ကုသိုလ်သင်္ခါရစေတနာတွေကို ပြုစုပျိုးထောင်လိုက်တယ်၊ နောက်တစ်ခု --

အရွယ်ရောက်တဲ့ အချိန်အခါမှာ ဗာရာဏသီမင်းရဲ့ အဂ္ဂမဟေသီ မိဖုရားကြီး ဖြစ်ပါရစေ - ဒီဆုကိုလည်း တောင်းထားပြန်တယ်။ အဂ္ဂမဟေသီ မိဖုရားကြီးဆိုတာက မိဖုရားထဲမှာ အထွတ်အထိပ်သို့ ရောက်နေတဲ့ မိဖုရားပဲ။ အဲဒီ အထွတ်အထိပ်သို့ရောက်နေတဲ့ အကြီးဆုံး မိဖုရားကြီးဆိုတာ ပရမတ္ထ သစ္စာနယ်မှာ ရှိသလား? မရှိဘူး။ မိဖုရားလို့ အသိမှားနေတဲ့ သဘောက အဝိဇ္ဇာ၊ ဒီမိဖုရားဘဝကို တွယ်တာတပ်မက်နေတဲ့ သဘောက တဏှာ၊ စိတ် ကပ်ပြီး စွဲနေတ ဲ့သဘောက ဥပါဒါန်၊ ဒီအဝိဇ္ဇာ တဏှာ ဥပါဒါန် သုံးခုတို့ ခြံရံပြီးတော့ ဘာကံကို ထူထောင်လိုက်သလဲ? အရှင်ပစ္စေကဗုဒ္ဓါဘုရားရှင် တို့အား သစ်သီးဆွမ်းလှူဒါန်းခြင်းဆိုတဲ့ ကုသိုလ်စေတနာသင်္ခါရတွေကို ပြုစု ပျိုးထောင်လိုက်တယ်။ နောက်တစ်ခု -----

တဿ ပိယာ မနာပါ

အဂ္ဂမဟေသီ မိဖုရားဆိုသော်လည်း တစ်ခါတစ်လေ ရှင်ဘုရင်တို့ရဲ့ သဘောတန်ထွာက မိဖုရားတွေက သိပ်များတော့ မိဖုရားကြီးကို ချစ်ချင်မှ ချစ်တာ၊ ဒါကြောင့် သူက ဒါကို ကြိုတင်ပြီး ကာကွယ်တဲ့အနေနှင့် - ပီယ မနာပ - အဲဒီအဂ္ဂမဟေသီမိဖုရားကြီးဖြစ်ရင်လည်း ဒီဗာရာဏသီမင်းက အင်မတန် ချစ်မြတ်နိုးအပ်တဲ့ မိဖုရားကြီးဖြစ်ပါရစေ --- တဲ့။

အင်မတန်သေချာအောင် ရေးဆွဲလိုက်တဲ့ ပန်းချီကားတစ်ချပ်ပဲ။ အဲဒီ ပန်းချီကား ရေးဆွဲပြီးတော့ နောက်ထပ် သူက ဘာဆုတောင်းပြန်သလဲ?

တံ အတ္တနော ရုစိံ ကာရေတုံ သမတ္ထာ ဟုတွာ တဿ အာစိက္ခိတွာ ဧကံ လုဒ္ဒကံ ပေသေတွာ ဣမံ ဟတ္ထိံ ဝိသပီတေန သလ္လေန ဝိဇ္ဈာပေတွာ ဇီဝိတက္ခယံ ပါပေတွာ ဆဗ္ဗဏ္ဏရံသိံ ဝိဿဇ္ဇေန္တေ ယမကဒန္တေ အာဟရာပေတုံ သမတ္ထာ ဟောမိ။ (ဇာတက၊ဋ္ဌ၊၅၊၄၀။)

တောင်းလိုက်တဲ့ဆုက တော်တော်ရှည်တယ်။

တံ = ထိုဗာရာဏသီဘုရင်ကို။ အတ္တနော = မိမိရဲ့။ ရုစိံ = အလိုဆန္ဒသို့။ ကာရေတုံ = ပြုလုပ်စေအံ့သောငှာ။ သမတ္ထာ = စွမ်းနိုင်တဲ့ အမျိုးကောင်း သမီးသည်။ ဟုတွာ - ဟောမိ = ဖြစ်ရပါလို၏။

နောက်ဆုတောင်းပုံက -- ရှင်ဘုရင်ကြီးက သူ့ကိုချစ်တာတော့ မှန်ပြီ၊ ဒီဆုတောင်းပြီးပြီ။ နောက်ထပ် ဘာဆုတောင်းသလဲ? သူ့ရဲ့အလိုဆန္ဒကို လိုက်လျောနိုင်အောင် ဒီရှင်ဘုရင်ကို ပြုလုပ်နိုင်တဲ့ မိဖုရားဖြစ်ပါရစေ၊ သူ့ စိတ်ကြိုက်ကို အကုန်လုံးရွက်ဆောင်ပေးနိုင်တဲ့ ရှင်ဘုရင် ဖြစ်ပါစေတဲ့၊ ဒီဆုကို သေချာအောင် တောင်းထားတယ်။

အတ္တနော = မိမိ၏။ ရုစိံ = အလိုဆန္ဒကို။ ကာရေတုံ = ပြုစေအံ့သော ငှာ။ သမတ္ထာ = စွမ်းနိုင်သော မိဖုရားကြီးသည်။ ဟုတွာ = ဖြစ်ရ၍။ တဿ = ထိုဗာရာဏသီမင်းအား။ အာစိက္ခိတွာ = ပြောကြားပြီး၍။ ဧကံ လုဒ္ဒကံ = မုဆိုးတစ်ယောက်ကို။ ပေသေတွာ = စေခိုင်း၍။ ဣမံ ဟတ္ထိံ = ဤ ဆဒ္ဒန် ဆင်မင်းကို။ ဝိသပီတေန သလ္လေန = အဆိပ်လူးထားတဲ့ မြားဖြင့်။ ဝိဇ္ဈာပေတွာ = ပစ်ခွင်းစေ၍။ ဇီဝိတက္ခယံ = အသက်ကုန်ခြင်းသို့။ ပါပေတွာ = ရောက်စေ၍။ ဆဗ္ဗဏ္ဏရံသိံ = ရောင်ခြည်တော် ခြောက်သွယ်ကို။ ဝိဿဇ္ဇေန္တေ = လွှတ်၍နေကြကုန်သော။ ယမကဒန္တေ = ဆင်စွယ်အစုံတို့ကို။ အာဟရာပေတုံ = ဆောင်ယူစေခြင်းငှာ။ သမတ္ထာ = စွမ်းနိုင်တဲ့ အမျိုး ကောင်းသမီးသည်။ ဟောမိ = ဖြစ်ရပါလို၏။

ရှင်ဘုရင်၊ မိမိ၏ အလိုဆန္ဒအတိုင်း လိုက်ပါဆောင်ရွက်ပေးနိုင်တဲ့ ရှင်ဘုရင် ဖြစ်ပါစေ။ ဒီဆုက တစ်ခု။

နောက်တစ်ခု အဲဒီရှင်ဘုရင်ကို မုဆိုးတစ်ယောက်ကို စေခိုင်းပြီးတော့ ဒီဆဒ္ဒန်ဆင်မင်းကို အဆိပ်လူးတဲ့မြားဖြင့် ပစ်ခွင်းနိုင်ပါရစေ၊ ပစ်ခွင်းပြီးတဲ့ အချိန်အခါမှာ ဆဒ္ဒန်ဆင်မင်းကို အသေသတ်နိုင်ပါရစေ။ ဒီဆုကို တောင်း ပြန်တယ်၊

ဆဒ္ဒန်ဆင်မင်းကို အသေသတ်ပြီးတဲ့ အချိန်အခါမှာ ရောင်ခြည်တော် ခြောက်သွယ်တို့ဖြင့် ရွှမ်းရွှမ်းဝေ တောက်ပနေတဲ့ ဆဒ္ဒန်ဆင်မင်းရဲ့ အစွယ် နှစ်ချောင်းကိုလည်း အရယူနိုင်ပါစေတဲ့။ ဒီဆုကိုလည်း တောင်းပြန်တယ်။

များလိုက်တဲ့ အဝိဇ္ဇာ, များလိုက်တဲ့ တဏှာ။ ဘာကို အခြေခံခဲ့သလဲ? မပြောပလောက်တဲ့ ရန်ငြိုးဖွဲ့မှုလေးကို အခြေခံထားတယ်။ ဒါကြောင့် ဒကာ ကြီးတွေ စိတ်ဓာတ်တွေကို ပြုပြင်ပြောင်းလဲပေးဖို့ မလိုဘူးလား? လိုအပ်တယ်။

အဲဒီ ဆုတောင်းလိုက်တဲ့ အချိန်အခါကျတော့ -- အလှူခံပုဂ္ဂိုလ်တွေ ကြည့်လိုက်တော့ အရှင်ပစ္စေကဗုဒ္ဓါဘုရားရှင်တွေ ဖြစ်ကြတယ်။ - အင်မတန် စင်ကြယ်တဲ့ ကိလေသာအာသဝေါ စင်ကြယ်နေတဲ့ တကယ့်သူတော်ကောင်း အစစ်ကြီးတွေ ဖြစ်ကြတယ်။ လှူဖွယ်ဝတ္ထု ပစ္စည်းစုကို ကြည့်လိုက်တော့ -ဓမ္မိယလဒ္ဓ တောထဲတောင်ထဲမှာ တရားသောနည်းလမ်းဖြင့် ရှာဖွေရရှိတဲ့ ပစ္စည်းဖြစ်တယ်။ ထိုအချိန်အခါမှာ သူ့ရဲ့ စိတ်နေစိတ်ထားကလေးမှာ အမျက် ဒေါသကြီးမားတဲ့ ရန်ငြိုးဖွဲ့ထားတာကလွဲရင် သူတို့ဟာ သီလစင်ကြယ်နေတဲ့ ဆင်တွေဖြစ်ကြတယ်။ သီလတည်းဟူသော မြေပေါ်မှာ ရပ်တည်ပြီးတော့ ကြဲချ စိုက်ပျိုးလိုက်တဲ့ ဒီဒါနသည် ခုလိုပန်းချီကားတစ်ချပ် ရေးဆွဲလိုက်တဲ့ အခါမှာ သူ့စိတ်တိုင်းကျ ရေးဆွဲလိုက်တဲ့အတိုင်း ပေါ်မလာဘူးလား? ပေါ် လာတယ်၊ သူမျှော်လင့်တောင့်တတဲ့အတိုင်း သုဘဒ္ဒါ အမည်ရှိတဲ့ မဒ္ဒရာဇ် မင်းသမီးလည်း လာဖြစ်ရတယ်၊ သူမျှော်လင့်တောင့်တတဲ့အတိုင်း ဗာရာဏသီ မင်းရဲ့ အဂ္ဂမဟေသီမိဖုရားကြီးလည်း လာဖြစ်ရတယ်၊ သူမျှော်လင့်တောင့်တ တဲ့အတိုင်း ရှင်ဘုရင်ကို သူရဲ့အလိုအကြိုက်သို့ လိုက်ပါစေနိုင်တဲ့ စွမ်းအားရှိတဲ့ မိဖုရားကြီးလည်း ဖြစ်ရတယ်၊ သူမျှော်လင့်ထားတဲ့အတိုင်း နာမည်ကျော် ဖြစ်တဲ့ သောနုတ္တရမုဆိုးကို လွှတ်ပြီးတော့ ဆဒ္ဒန်ဆင်မင်းကို ဆိပ်လူးမြားနှင့် ခွင်းစေနိုင်တဲ့ စွမ်းအားရှိတဲ့ အမျိုးသမီးလည်း ဖြစ်ရပြန်တယ်၊ ဆဒ္ဒန်ဆင်မင်း ကိုလည်း အသေသတ်နိုင်တယ်၊ ဆဒ္ဒန်ဆင်မင်းရဲ့ အစွယ်နှစ်ချောင်းကိုလည်း အရယူနိုင်ခဲ့တယ်။ ကောင်းသလား? အဲဒါ မကောင်းဘူးဆိုတာ ဘယ်ကျမှ သိသလဲ? ဘုရားတရားဟောနေတဲ့ အချိန်အခါကျတော့မှ တရားနာနေရင်း ကျတော့မှ ဩော် - မှားပြီပေါ့ဆိုပြီး သိတယ်၊ အဲဒီ အချိန်အခါကျတော့ လွန်မသွားဘူးလား? လွန်သွားပြီ။

သတိပြုသင့်တဲ့အချက်များ

ခုလို ကံတစ်ခုကို ထူထောင်တဲ့အခါ သတိပြုသင့်တဲ့ အချက်ကလေး တွေကို ထပ်ပြောဦးမယ် --- ခု ဒီဝတ္ထုမှာကြည့်ပါ။ သုဘဒ္ဒါဟာ မိမိဆုတောင်း ပန်ထွာခဲ့တဲ့အတိုင်း မဒ္ဒရာဇ်မင်းသမီးလည်းဖြစ်လာရပြီ၊ ဘာဖြစ်လို့ မဒ္ဒရာဇ် မင်းသမီးဘဝကို သူက ရွေးချယ်ရသလဲလို့ ဆန်းစစ်ကြည့်လိုက်တော့ --အကြောင်းကလေးတွေ ရှိနေပြန်တယ်။ ဗာရာဏသီဘုရင်ရဲ့ မိဖုရားဖြစ်တဲ့ အခါ ဗာရာဏသီဘုရင်ကြီးကို မိမိရဲ့ အလိုအကြိုက်သို့ လိုက်ပါအောင် ဆွဲ ဆောင်လိုတဲ့ ဆန္ဒဓာတ်တွေက သူ့မှာ ပြင်းပြနေတယ်။ ဒီ - လိုအင်ဆန္ဒတွေ ပြည့်ဝဖို့ဆိုတာက ဥပဓိသမ္ပတ္တိဆိုတဲ့ လှပတင့်တယ်တဲ့ ဥပဓိရုပ်ရည်နှင့်လည်း ပြည့်စုံပါမှ အမျိုးဇာတ်ကလည်း မြင့်မြတ်ပါမှ လိုအင်ဆန္ဒ ပြည့်ဝနိုင်မယ်။ ဗာရာဏသီဘုရင်ကဲ့သို့သော တစ်ဘက်ပုဂ္ဂိုလ်ကလည်း မိမိအလိုအကြိုက်သို့ လိုက်လျောနိုင်လိမ့်မယ်ဆိုတာကိုလည်း သူက သဘောပေါက်တယ်။ မဒ္ဒရာဇ် တိုင်းဆိုတာကလည်း အချောအလှမှာ သရဖူဆောင်းတဲ့သူတွေ တည်ရှိတဲ့ ဒေသဆိုတာကိုလည်း သူက သဘောပေါက်နေတယ်။ ဒါကြောင့် မဒ္ဒရာဇ် မင်းသမီးဖြစ်ဖို့ကို ရှေးဦးစွာ ဆုတောင်းယူရတယ်။ ဒီဆုတောင်းပွဲကို ကြည့် လိုက်ရင် သူရေးဆွဲလိုက်တဲ့ ပန်းချီကားချပ်ဟာ အလွန်စေ့စပ်သေချာနေတာ ကို တွေ့ရတယ်။

သို့သော် စေ့စပ်လွန်တဲ့အတွက် အခက်အခဲတစ်ရပ်တော့ ထပ်ပြီး ကြုံရပြန်တယ်။ သူဆုတောင်းတဲ့အတိုင်း မဒ္ဒရာဇ်မင်းရဲ့ သမီးရတနာလည်း ဖြစ်ရပြီ၊ ဗာရာဏသီဘုရင်ကြီးရဲ့ အဂ္ဂမဟေသီမိဖုရားခေါင်ကြီးလည်း ဖြစ်ရ ပြီ၊ ဗာရာဏသီဘုရင်ကြီးက အလွန်ချစ်မြတ်နိုးအပ်တဲ့ မိဖုရားလည်းဖြစ်ရပြီ၊ ဗာရာဏသီဘုရင်ကြီးကို မိမိရဲ့အလိုအကြိုက်သို့လိုက်ပါနိုင်အောင် ဆွဲဆောင် နိုင်တဲ့ မိဖုရားကြီးလည်း ဖြစ်ရပြီ။ ဒီလောက်ဆိုရင်တော့ မတော်သင့်ဘူး လား? မကျေနပ်သင့်ဘူးလား? --- တော်သင့်တာပေါ့ ကျေနပ်သင့်တာပေါ့။ မိမိက အဆင့်မြင့်တဲ့ လူသားတစ်ဦးဖြစ်နေရပြီ ဖြစ်လေတော့ ဟိုတောထဲမှာ ရှိနေတဲ့ တိရစ္ဆာန်တစ်ဦးအပေါ်၌ ထားရှိခဲ့ဖူးတဲ့ ရန်ငြိုးတွေကိုလည်း မေ့ ပျောက်သင့်ပြီပေါ့။ ဒါပေမဲ့ မမေ့ပျောက်နိုင်ဖြစ်နေတယ်၊ ဆဒ္ဒန်ဆင်မင်းကို မသတ်ရ မနေနိုင်ဖြစ်နေတယ်၊ ရောင်ခြည်တော် ခြောက်သွယ်တို့ဖြင့် တင့်တယ်စမ္ပယ်နေတဲ့ ဆဒ္ဒန်ဆင်မင်းရဲ့စွယ်တော်တွေကို ဖြတ်မယူရရင် မနေနိုင် ဖြစ်နေတယ်။ ဘာကြောင့်လဲ? --- ကံကြောင့်ပဲ။ သူ့ရဲ့ ကောင်းမှုကုသိုလ်ကို ပြန်ကြည့်ပါ။ အရှင်ပစ္စေကဗုဒ္ဓဘုရားရှင်တို့အား သစ်သီးဆွမ်းတွေကို လှူဒါန်း ပူဇော်ခဲ့တဲ့ ကောင်းမှုကုသိုလ်တွေမှာ ဆဒ္ဒန်ဆင်မင်းကို သတ်ဖြတ်လိုတဲ့ စိတ်ထား ဆဒ္ဒန်ဆင်မင်းရဲ့ စွယ်တော်အစုံကို ရယူလိုတဲ့စိတ်ထားတွေက ခြံရံ ထားတယ်။ ဒါကြောင့် ဒီကုသိုလ်ကံကို ထူထောင်ခဲ့စဉ်က ဒီလိုစိတ်နေ စိတ် ထားတွေ ခြံရံထားခဲ့တဲ့အတွက် ဒီကံက အကျိုးလာပေးတဲ့ ဗာရာဏသီဘုရင် ကြီးရဲ့ မိဖုရားဘဝမှာ ဆဒ္ဒန်ဆင်မင်းကို မသတ်ရ မနေနိုင် ဖြစ်နေတယ်၊ ဆဒ္ဒန်ဆင်မင်းရဲ့ စွယ်တော်အစုံကိုလည်း ဖြတ်မယူရ မနေနိုင်ဖြစ်နေတယ်။

စိတ်ဆန်းကြယ်တော့ ကံတွေကဆန်းကြယ်တယ်၊ ကံတွေကဆန်းကြယ် ပြန်တော့ သတ္တဝါတွေလည်း ဆန်းကြယ်ကြပြန်တယ်။ သူ့ဆုတောင်းအတိုင်းပဲ ဗာရာဏသီဘုရင်ကြီးကို မိမိရဲ့အလိုအကြိုက်သို့လိုက်ပါနိုင်အောင် ဆွဲဆောင် နိုင်တဲ့အခါ ဗာရာဏသီဘုရင်ကြီးရဲ့ အမိန့်တော်ဖြင့် သောနုတ္တိုရ်မုဆိုးကို စေခိုင်းပြီး ဆဒ္ဒန်ဆင်မင်းကို သတ်ပြီး အစွယ်တွေကိုရအောင် ယူခိုင်းလိုက် တယ်။

ဒီလိုပြုလုပ်လို့ရနိုင်တဲ့ကံမျိုးကို ထူထောင်ခဲ့တဲ့အတွက် ဒီလိုရက်ရက် စက်စက် ပြုလုပ်ရမှ ကျေနပ်သွားတယ်။ မပြောပလောက်တဲ့ အကြောင်းအရာ ကလေးကို အခြေခံပြီးတော့ ဘုရားအလောင်းတော်အပေါ်၌ ရန်ငြိုးဖွဲ့ခြင်း ဆိုတဲ့ မကျေနပ်ချက် ဒေါသတရားတွေကို ခြံရံပြီး ကုသိုလ်ကံတစ်ခုကို ထူထောင်ခဲ့မိတဲ့အတွက် ဒီကံတွေရဲ့စွမ်းအင်ကြောင့် ဒီကံတွေက ရင့်ကျက်လာ လို့ အကျိုးပေးတဲ့ဘဝမှာ ဒီလိုစိတ်နေစိတ်ထားတွေကို မတွန်းလှန်နိုင် ဖြစ်နေ တယ်။ သို့သော် တကယ်တမ်း ဆဒ္ဒန်ဆင်မင်းရဲ့အစွယ်တွေကို မြင်တွေ့လိုက် ရပြန်တော့လည်း ဆဒ္ဒန်ဆင်မင်းရဲ့ ဂုဏ်တော်ကျေးဇူးတော်တွေကို ပြန် ပြောင်းပြီး အမှတ်ရပြန်တယ်။ အကြီးအကျယ် ဝမ်းနည်းကြေကွဲပြီး နှလုံးကွဲ ကာ သေပွဲဝင်ရရှာပြန်တယ်။

ဒါကြောင့် ကံတွေကိုထူထောင်တဲ့အခါမှာ သတိရှိဖို့ အလွန်လိုအပ်ပါ တယ်။ ဒေါသနှင့် ယှဉ်တွဲနေတဲ့ ကံတွေက ဒေါသနှင့်ထိုက်တန်တဲ့ အကျိုးကို ပေးသလို မေတ္တာနှင့် ယှဉ်တွဲနေတဲ့ ကံတွေကလည်း မေတ္တာနှင့် ယှဉ်တဲ့ အကျိုးတွေကို ပေးတတ်ပါတယ်။ ဒါကြောင့် ဘုန်းကြီးခုရွတ်ပြမည့် မာန်လည် ဆရာတော်ဘုရားကြီးရဲ့ အဆုံးအမကလေးကို အရကျက်ပြီး မိမိတို့ရဲ့စိတ်ကို ဆုံးမပေးသင့်တယ် ---

တန်ခိုးပေါ်ထင်၊ ကုသိုလ်ရှင်မှ၊ လူတွင်မညှိုး၊ စည်းစိမ်ဖြိုး၏။ ကျင့်ရိုး အရှိ၊ လမ်းမှန်သိလော့၊ လောကီချမ်းသာ၊ နောင်ဖို့ရှာသည့်၊ ပညာရှိပေါင်း သူမြတ်ကောင်းတို့၊ နှစ်ထောင်းဝမ်းသာ၊ ပြုအပ်စွာရှင့်၊ လူ့ရွာနောက်နောင်၊ ကြံတိုင်းအောင်လိမ့်၊ သားမောင်သက်နှင်း၊ ကျင့်မပျင်းနှင့် --- ကြောင်းရင်း ကြမ္မာ၊ ကံမပါလျှင်၊ ကြံရာမပြီး၊ အချည်းနှီးဖြင့်၊ ပျက်စီးတတ်စွာ၊ မချွတ်ရာ တည်း။ --- ကလျာဏာ-ကလျာဏ၊ ကျင့်ကမ္မဖြင့်၊ ပုည, ပါပ၊ ကိစ္စအမှု၊ ခွဲဝေရှုသော်၊ အကုသိုလ်, ကုသိုလ်၊ နှစ်ခုကိုလည်း၊ မပြုလိုခဲ၊ ပြုလိုရဲ၏။ -ကံမွဲမပြောင်၊ ကံမဆောင်လျှင်၊ ဂုဏ်ရောင်မလှ၊ မထွန်းပဘူး၊ ဒုက္ခလူ့ဘောင်၊ ဆင်းရဲခေါင်လိမ့်၊ ကျင့်ဆောင်မယုတ်၊ စောင့်ကိုယ်နှုတ်နှင့်၊ ဥပုသ်ဗြဟ္မ၊ စရိယ လည်း၊ ကာလအစဉ်၊ အမြဲယှဉ်လော့။ --- (မဃဒေဝ-စာပိုဒ်-၂၈၉။)

ဒီဆိုဆုံးမချက်ကလးတွေကို ခဏခဏရွတ်ဖတ်ပြီး မိမိတို့ရဲ့စိတ်ဓာတ် ကလေးတွေကို လှပအောင် ပြုပြင်ပြောင်းလဲပေးဖို့လိုပါတယ်။ ဒေါသနှင့်ယှဉ် တွဲပြီး ကံတွေကို ထူထောင်ခဲ့မိတဲ့အတွက် မိမိသူတစ်ပါး နှစ်ဦးသားလုံး ပျက်စီး ရတဲ့ ထုံးတစ်ခုပဲ။ နောက်ထုံးတစ်ခုကိုလည်း ထပ်ပြောဦးမယ် ...။

နာမည်ကျော်ပဉ္စပါပီ

တစ်ချိန်မှာ ဗာရာဏသီမြို့ရဲ့ အေ့ရှတံခါးမှာ နေထိုင်တဲ့ သူဆင်းရဲ တစ်ဦးမှာ ပဉ္စပါပီဆိုတဲ့ သမီးကလေးတစ်ဦး ရှိခဲ့ဘူးတယ်။ ဇာတ်အဋ္ဌကထာ ပဉ္စမတွဲ စာမျက်နှာ (၄၇၅)မှာ သူရဲ့ရှေးဖြစ်ဟောင်းအောက်မေ့ဖွယ် အတိတ် ဇာတ်လမ်းကလေးကို ဖော်ပြထားပါတယ်။

ဒီပဉ္စပါပီအလောင်းဖြစ်တဲ့ အမျိုးသမီးကလေးဟာ ဘဝတစ်ခုမှာ သူဆင်းရဲမပဲ ဖြစ်ခဲ့ရတယ်။ တစ်နေ့မှာ မြေညက်စိုင်ကို နယ်ပြီးတော့ အိမ်နံရံကို လိမ်းကျံနေတယ်။ အဲဒီနေ့မှာ ပစ္စေကဗုဒ္ဓါ ဘုရားရှင်တစ်ဆူကလည်း မိမိ သီတင်းသုံးတော်မူရာ လိုဏ်ဂူအတွင်းမှာ မြေညက်နှင့် လိမ်းကျံလိုတဲ့အတွက် မြေညက်စိုင်ခဲကို အလှူခံရန် ဗာရာဏသီမြို့တွင်းသို့ သင်္ကန်းကိုဝတ်ရုံကာ သပိတ်ပိုက်လျက် ကြွဝင်လာတော်မူပါတယ်။ အဲဒီ အမျိုးသမီးကလေးနှင့် မလှမ်းမကမ်းမှာ လာပြီးရပ်တော်မူပါတယ်။ ဒီအမျိုးသမီးကလည်း --- ဒေါသ ထွက်ကာ ပြစ်မှားသောစိတ်ဖြင့် ပစ္စေကဗုဒ္ဓါဘုရားရှင်အား မော်ကြည့်လျက် မြေညက်ကိုတောင်အလှူခံရသလား -- လို့ ပြောဆိုလိုက်တယ်။ ပစ္စေကဗုဒ္ဓါ ဘုရားရှင်ကလည်း မတုန်မလှုပ် ရပ်တည်နေတော်မူပါတယ်။

ပစ္စေကဗုဒ္ဓါဘုရားရှင်ကို မတုန်မလှုပ် ရပ်တည်တော်မူနေတာကို မြင် တော့ အမျိုးသမီးရဲ့စိတ်ဓာတ်ဟာ ပြောင်းလဲသွားပြီး ပစ္စေကဗုဒ္ဓါဘုရားရှင် အပေါ်၌ ကြည်ညိုသွားတယ်။ ရဟန်း ... မြေညက်တောင်မှ မရဘဲကိုး လို့ ပြောဆိုပြီး မြေညက်စိုင်ခဲကြီးတစ်ခုကိုဆောင်ယူပြီး ပစ္စေကဗုဒ္ဓါဘုရားရှင် ရဲ့ သပိတ်ထဲမှာ လောင်းလှူလိုက်တယ်။ ပစ္စေကဗုဒ္ဓါဘုရားရှင်ကလည်း အဲဒီ မြေညက်တွေနှင့် မိမိသီတင်းသုံးတော်မူရာ လှိုင်ဂူအတွင်းမှာ လိမ်းကျံတော်မူ ပါတယ်။

မကြာမီ ဒီအမျိုးသမီးလည်း ကွယ်လွန်ပြီး ထိုဗာရာဏသီမြို့တံခါးပြင် ဘက်က ရွာတစ်ရွာမှာ သူဆင်းရဲမတစ်ဦး ဖြစ်ရပြန်တယ်။ ဒီအမျိုးသမီးရဲ့ အခြေအနေကို အဋ္ဌကထာက ဒီလိုဖော်ပြထားတယ် ---

တဿာ မတ္တိကာပိဏ္ဍဖလေန သရီရံ ဖဿသမ္ပန္နံ အဟောသိ၊ ကုဇ္ဈိတွာ ဥလ္လောကိတတ္တာ ပန ဟတ္ထပါဒမုခအက္ခိနာသာနိ ပါပါနိ ဝိရူပါနိ အဟေသုံ။ တေန တံ ပဉ္စပါပီ တွေဝ သဉ္ဇာနိံသု။ (ဇာတက၊ဋ္ဌ၊၅၊၄၇၆။)

မတ္တိကာပိဏ္ဍဖလေန = မြေညက်စိုင်ခဲကို လှူဒါန်း ပူဇော်ခဲ့ရသည့် ကုသိုလ်ကံ၏ အကျိုးဆက်ကြောင့်။ တဿာ သရီရံ = ထိုအမျိုးသမီးရဲ့ ကိုယ်ခန္ဓာသည်။ ဖဿသမ္ပန္နံ = အတွေ့အထိကောင်းနှင့် ပြည့်စုံသည်။ အဟောသိ = ဖြစ်ခဲ့လေပြီ။ ကုဇ္ဈိတွာ = ပစ္စေကဗုဒ္ဓါ ဘုရားရှင်အပေါ်၌ အမျက်ဒေါသထွက်၍။ ဥလ္လောကိတတ္တာ = မော်ကြည့်ခဲ့မိသည့်အတွက် ကြောင့်။ တဿာ = ထိုအမျိုးသမီးရဲ့။ ဟတ္ထပါဒမုခအက္ခိနာသာနိ = လက်-ခြေ-မျက်နှာ-မျက်လုံး-နားဆိုတဲ့ အင်္ဂါ ငါးရပ်တို့သည်။ ပါပါနိ = ယုတ်မာ ကုန်သည်။ ဝိရူပါနိ = ဖောက်ဖောက်ပြန်ပြန် မလှမပ မတင့်မတယ်တဲ့ အသွင်သဏ္ဌာန် ရှိကြကုန်သည်။ အဟေသုံ = ဖြစ်ကြလေကုန်ပြီ။ တေန = ထိုကြောင့်။ တံ = ထိုအမျိုးသမီးကို။ ပဉ္စပါပီ တွေဝ = အင်္ဂါ ငါးမျိုး ယုတ်မာတဲ့သူဟူ၍သာလျှင်။ သဉ္ဇာနိံသု = အသိအမှတ်ပြုကြကုန်၏။

ပစ္စေကဗုဒ္ဓါဘုရားရှင်အား မြေညက်စိုင်ခဲကို လှူဒါန်းပူဇော်ခဲ့ရတဲ့ ဒီ ကောင်းမှုကုသိုလ်ကံရဲ့အကျိုးကြောင့် ဒီအမျိုးသမီးရဲ့ ခန္ဓာကိုယ်ဟာ အလွန် တွေ့ထိလို့ကောင်းတဲ့ အသားအရေနှင့် ပြည့်စုံလာရတယ်။ ဒါပေမဲ့ -- ဒီ ကောင်းမှုကုသိုလ်မှာ ပစ္စေကဗုဒ္ဓါဘုရားရှင်အပေါ်၌ --- မြေညက်ကိုတောင် အလှူခံရကောင်းလား ဆိုတဲ့ မကျေနပ်ချက်တွေက ဝိုင်းရံထားကြပြန်တယ်။ဒေါသထွက်ပြီး ပြစ်မှားတဲ့စိတ်ဓာတ်နှင့် ပစ္စေကဗုဒ္ဓါဘုရားရှင်အား မော်ကြည့် ခဲ့မိတဲ့ အကုသိုလ်ကံ --- မြေညက်ကိုတောင် အလှူခံရသလား - လို့ ပြစ်မှားတဲ့ စိတ်ဓာတ်ဖြင့် ပြောဆိုမိတဲ့ ဝစီဘေဒ အကုသိုလ်ကံတွေကြောင့် လက်-ခြေ-မျက်နှာ-မျက်လုံး-နား --- ဆိုတဲ့ အင်္ဂါငါးရပ်တို့ဟာ ယုတ်ယုတ်မာမာ ဖောက် ဖောက်ပြန်ပြန် မလှမပ ဖြစ်ကြရပြန်တယ်။ ပဉ္စပါပီဆိုတဲ့ ဘွဲ့ထူးဂုဏ်ထူးဖြင့် ချီးကျူးခံရပြန်တယ်။ --- ဒီလိုဆိုရင် လှပတင့်တယ်ချင်တဲ့သူတွေဟာ ဒေါသနှင့် ယှဉ်တွဲပြီးတော့ ဒေါသတွေခြံရံပြီးတော့ ကံတွေကိုထူထောင်သင့်သလား? စဉ်းစားကြနော် - စဉ်းစားကြ - ဒီလိုပုံပန်းမကျတဲ့ ကိုယ်အင်္ဂါရပ်တွေကိုရရှိ ခြင်းဟာ စိတ်ကြောင့်ဖြစ်ရတယ်ဆိုရင် ဒီစိတ်ဓာတ်ကို ပြုပြင်ပြောင်းလဲပေး ဖို့ မသင့်ဘူးလား? အချောဆုံးအလှဆုံး စိတ်ဓာတ်ကလေးတွေသာ ဆက် တိုက်ဖြစ်နေအောင် သီလ သမာဓိ ပညာဆိုတဲ့ ရေစင်ရေကောင်းတွေနှင့် အမြဲတမ်း ဆေးကြောပေးသင့်တယ်၊ သမထ ဝိပဿနာ လက်နက်ကောင်း တွေနှင့် ပဲ့ပြင်ပေးသင့်တယ်။

ဒါကြောင့် ခုအချိန်အခါမှာ ဒီနေ့တရားနာ ပရိသတ်တွေဟာလည်း ပန်းချီကားချပ်ကလေးတွေကို အသီးအသီး ရေးဆွဲနေတဲ့ အချိန်ဖြစ်တယ်။ အကျည်းတန် အရုပ်ဆိုးတဲ့ မကျွမ်းမကျင်တဲ့ ပန်းချီကားချပ်တစ်ခုကို ရေးဆွဲ လိုက်မိမယ်ဆိုရင် အကျည်းတန် အရုပ်ဆိုးတဲ့ပုံတွေ ပေါ်မလာဘူးလား? ပေါ်လာနိုင်တယ်။ ကျွမ်းကျွမ်းကျင်ကျင် လိမ်လိမ်မာမာနှင့် ရေးဆွဲတတ်မယ် ဆိုလို့ရှိရင်တော့ အင်မတန်ချောမောလှပတဲ့ ရုပ်ပုံလေးတွေ ပေါ်မလာဘူး လား? ပေါ်လာနိုင်တယ်။ ဒါ သတိရှိဖို့ လိုအပ်တယ်။

ဒါကြောင့် ဘုရားရှင်ရဲ့ တရားတော်အရ ရုပ်လှခြင်း, ရုပ်မလှခြင်းဟာ ဘာကို အခြေခံနေသလဲ? မေတ္တာကို အခြေခံတယ်၊ ဒေါသကို အခြေခံတယ်၊ ဒေါသကြီးနေတဲ့ပုဂ္ဂိုလ်သည် ရောက်လေရာဘဝမှာ လှသလား မလှဘူးလား? မလှဘူး။ မေတ္တာအားကောင်းနေတဲ့ သူတော်ကောင်းမှန်ခဲ့ရင် ရောက်လေ ရာဘဝမှာ ဘာဖြစ်မလဲ? ရုပ်အဆင်းလှတယ်။ ဒီတော့ အလှပြင်ဆိုင်တွေ သွားနေဖို့ လိုသေးလား? မလိုတော့ဘူး၊ ဆံပင်ဆိုင်သွားပြီးတော့ ဆံပင်တွေ ကောက်နေဖို့ကော လိုသေးသလား? မလိုတော့ပါဘူး။

ဆံပင်ကောက်ရတာ ဘုန်းကြီးက စိတ်ထဲမကောင်းတာ တစ်ခုတော့ ရှိတယ်။ ဘာမကောင်းသလဲဆိုတော့ -- တစ်ချိန်တုန်းက ဒီမှာကပ္ပိယဖြစ်သွား ဖူးတဲ့ ဒကာသိန်းဟန်ကို ဘုန်းကြီးက စာအုပ်ကပ်ဖို့ တမာစေးတောင်းခဲ့ဖူး တယ်၊ သူက တမာစေး မလှူဘူး။ ဘယ်လောက်ကြာသွားသလဲ မေးတော့ တစ်နှစ်နီးပါးကြာသွားတယ်။ ဘာဖြစ်လို့ပါလိမ့်လို့ စိတ်ထဲက စဉ်စားနေမိ တယ်၊ ကပ္ပိယဆိုတာက ခဏခဏတောင်းရင်လည်း စိတ်က တစ်မျိုးထင်မှာ စိုးလို့ ဘုန်းကြီးကလည်း မပြောမိဘူး၊ ထပ်လည်း မပြောတော့ဘူး၊ သူကလည်း မေ့တာလည်း အကြောင်းရှိပါတယ်၊ ရှားပါးတာလည်း အကြောင်းရှိပါတယ်။ ဒါနဲ့ တစ်နေ့တော့ တမာစေးတွေ ရောက်လာတယ်၊ ရောက်လာတဲ့အခါ ဘုန်းကြီးက မေးကြည့်တယ် ဘာဖြစ်လို့ ဒီလောက်တောင်ကြာသလဲလို့ သူ့ကို မေးကြည့်တော့ သူက ဆရာတော် --- တမာစေးက သိပ်ရှားနေတယ်တဲ့၊ ဘာဖြစ်လို့ ရှားနေရသလဲ? ဆံပင်ကောက်ဆိုင်တွေက ဒီတမာစေးကို သိပ်သုံးကြတယ် - ဒီစကားကို ဘုန်းကြီးကလည်း မကြားဖူးဘူး၊ သူပြောမှ ကြားဖူးတယ်။ ဟ - ဆံပင်ကောက်တာနှင့် တမာစေးနှင့် ဘာဆိုင်သလဲ? အင်မတန် ဆိုင်နေတယ်တဲ့။ ဘယ်လိုဆိုင်နေသလဲ မေးတော့ - ဆံပင်ကောက် ခါနီးမှာ တမာစေးကို ကော်ဖြစ်အောင် ရေဖျော်ပြီး အဲဒီတမာစေးကော်နှင့် ဆံပင်ကို လူးလိုက်ရတယ်၊ လူးပြီးတော့ အပူငွေ့ပေးလိုက်လို့ရှိရင် ဆံပင်က ဖောင်းပြီးကြွလာတယ်၊ အဲဒီအခါမှာ လိုတဲ့ပုံကို ဖန်တီးလို့ရတယ်၊ အဲဒီအခါ ကျတော့မှ ဘုန်းကြီးက စိတ်မကောင်းဘူး၊ စာအုပ်ကပ်မည့်ကော်တွေတော့ ဆံပင်တွေ ရောက်ကုန်ပြီလို့ သဘောပေါက်ပြီး စိတ်မကောင်းဖြစ်သွားမိတယ်။ ဘုန်းကြီးတို့ စာအုပ်ကပ်မည့် ကော်တွေက ဆံပင်တွေရောက်သွားတဲ့အခါ ကျတော့ စာအုပ်တွေကို ကော်ကောင်းကောင်း သုံးလို့မရ ဖြစ်နေတယ်။

ဒီတော့ ခု မြတ်စွာဘုရားရဲ့ အလှပြုပြင်တဲ့ နည်းစနစ်တစ်ခုကတော့ အဲဒီလို ဆံပင်ကို တမာစေးလိမ်းပြီးတော့ အလှပြင်နေဖို့လိုသေးလား? မလို ပါဘူး၊ ကြိုက်တဲ့ဆုကိုတောင်းရင် မရဘူးလား? ရနိုင်တယ်။ သို့သော် ကောင်း သလား မကောင်းဘူးလား? မကောင်းပါဘူး။ မကောင်းဘူးဆိုတာကတော့ နောက်ပိုင်းမှ ပြောမယ်၊ ခုတော့ ဖြစ်စေတတ်တဲ့အကြောင်းကို ပြောနေတာပဲ။ ကဲနောက်တစ်ခုက -----

အခြွေအရံနည်းပါးရခြင်း

နံပါတ်လေး အစုံပဲ - ဘာဖြစ်သလဲ? အခြွေအရံ နည်းပါးတယ်၊ အခြွေအရံများပြားတယ်။ ဒီအချက်နှင့် ပတ်သက်ပြီးတော့ မြတ်စွာဘုရားက ပြန်ပြီးတော့ အဖြေပေးတော်မူတယ်။

ဣဓ မာဏဝ ဧကစ္စော ဣတ္ထီ ဝါ ပုရိသော ဝါ ဣဿာမနကော ဟောတိ၊ ပရလာဘသက္ကာရဂရုကာရမာနနဝန္ဒနပူဇနာသု ဣဿတိ ဥပဒုဿတိ ဣဿံ ဗန္ဓတိ၊ သော တေန ကမ္မေန ဧဝံ သမတ္တေန ဧဝံ သမာဒိန္နေန ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇတိ။

မာဏဝ = ဒကာတော် သုဘလုလင် ...။ ဣဓ = ဤလောက၌။ ဧကစ္စော = အချို့သော။ ဣတ္ထီ ဝါ = အမျိုးသမီးသည်သော်လည်းကောင်း။ ပုရိသော ဝါ = အမျိုးသားသည်သော်လည်းကောင်း။ ဣဿာမနကော = ငြူစူစောင်းမြောင်းတဲ့ စိတ်ထားရှိသည်။ ဟောတိ = ဖြစ်၏။

ဒီလိုယုန်တော့ ခြုံတိုင်းရှိရဲ့၊ ဒီးဒုတ်လောက်တော့ ငှက်တိုင်းလှရဲ့ ဆိုတဲ့ စိတ်ဓာတ်နှင့် သူတစ်ပါးကို ကြည့်ပြီးတော့ စိတ်ထဲမှာ မကျေမနပ် ဖြစ်နေ တယ်၊ ငြူစူစောင်းမြောင်းတဲ့ စိတ်ထား ကိုယ့်ထက်သာ မနာလိုတဲ့ စိတ်ထား ရှိနေတယ်။ သူ့ရုပ်ရည်က ကိုယ့်ရုပ်ရည်ထက် သာနေရင်လည်း တယ်ပြီး ကြည့်လို့မရဘူး၊ သူ့မျက်လုံးက ကိုယ့်မျက်လုံးထက် သာနေမယ်ဆိုရင်လည်း တယ်ပြီး ကြည့်လို့မရဘူး၊ သူ့သားက ကိုယ့်သားထက်သာရင်, သူ့သမီးက ကိုယ့်သမီးထက် သာနေမယ်ဆိုရင်လည်း တယ်ကြည့်လို့မရဘူး၊ သားချင်း ပြိုင်တယ် သမီးချင်း ပြိုင်တယ်၊ နောက်တစ်ခု ဘာတွေ ပြိုင်သေးသလဲ? လင်ချင်းလည်း ပြိုင်ချင်တယ်၊ မယားချင်းလည်း ပြိုင်ချင်တယ်။ ပြိုင်ချင်တဲ့ စိတ်ထားတွေကို -- ဣဿာမာနက ငြူစူစောင်းမြောင်းတဲ့ စိတ်ထားလို့ ခေါ်တယ်။

ပရလာဘသက္ကာရဂရုကာရမာနနဝန္ဒနပူဇနာသု = သူတစ်ပါးတို့ရဲ့ လာဘ်ရခြင်း အပူဇော်ခံရခြင်း အလေးပြုခံရခြင်း အမြတ်နိုးခံရခြင်း အရှိခိုးခံ ရခြင်း အပူဇော်ခံရခြင်းတို့၌။ ဣဿတိ = ငြူစူစောင်းမြောင်းတတ်၏။ ဥပဒုဿတိ = ကပ်၍ ပြစ်မှားတတ်၏။ ဣဿံ = ငြူစူစောင်းမြောင်းမှုကို။ ဗန္ဓတိ = ဖွဲ့ချည်၍ထား၏။

သူတစ်ပါးတွေ လာဘ်လာဘရတယ်ဆိုရင် တယ်ကြည့်လို့ မရဘူး။ သူ တစ်ပါးတွေ အပူဇော်ခံရတယ် အရိုသေခံရတယ်ဆိုရင် တယ်ကြည့်လို့ မရဘူး၊ သူတစ်ပါး ရှိခိုးခံရတယ် သူတစ်ပါး အပူဇော်ခံရတယ် သူတစ်ပါး အရိုအသေ ခံရတယ် ဆိုရင် တယ်ကြည့်လို့ မရဘူး၊ သူတစ်ပါး ရှိခိုးခံရတယ် သူတစ်ပါး အပူဇော်ခံရတယ်ဆိုရင် ကိုယ်ကတယ်ပြီး ကြည့်လို့မရတော့ဘူး။ မျက်မွှေးစူး နေတယ်, သူများ စိန်နားကပ်ကလေး ဝင်းဝင်း ဝင်းဝင်းနှင့် ပန်နေတာကို ကြည့်ပြီးတော့ မျက်စောင်းထိုးတတ်တဲ့ ပုံစံမျိုးပဲ၊ ဒီတော့ အဲဒီလို စိတ်ထား ကလေးဟာ အိမ်မှာ ထိုင်နေရင်းနှင့် အလကားရတဲ့ အကုသိုလ်စိတ်ထားပဲ။ စိတ်မထားတတ်လို့ အချောင်အကုသိုလ်ဖြစ်ရတာ။ ဒီတော့ မိမိရဲ့ စိတ်နေ စိတ်ထားကလေးကို ပြုပြင်ပြောင်းလဲပစ်ဖို့ လိုအပ်တယ်။ ဒီတော့ ဒီစိတ်ထား တွေက ဘာဖြစ်လာနိုင်သလဲ?

သော = ထိုပုဂ္ဂိုလ်သည်။ ဧဝံ = ဤသို့။ သမတ္တေန = ပြည့်ပြည့်စုံစုံ ပြုကျင့်၍ထားအပ်သော။ ဧဝံ = ဤသို့။ သမာဒိန္နေန = ကောင်းစွာ ဆောက် တည်၍ထားအပ်သော။ တေန ကမ္မေန = ထို ငြူစူစောင်းမြောင်းတဲ့ အကုသိုလ်ကံကြောင့်။ ကာယဿ = ကိုယ်ခန္ဓာ၏။ ဘေဒါ = ပျက်စီးခြင်း ကြောင့်။ ပရံ မရဏာ = စုတိပြတ်ကြွေ သေလွန်သည်မှ နောက်ကာလ၌။ အပါယံ = ချမ်းသာဟူ၍ မြူငွေ့မျှမရှိသော။ ဒုဂ္ဂတိံ = မကောင်းမှုပြုသူ ဒုစရိုက်သမားတို့ရဲ့ လားရောက်ရာ ဖြစ်သော။ ဝိနိပါတံ = အလိုအာသာ ဆန္ဒကင်းလျက် ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာ ဖြစ်သော။ နိရယံ = ငရဲသို့။ ဥပပဇ္ဇတိ = ကပ်ရောက်ရပေ၏။

ဒီလို ငြူစူစောင်းမြောင်းတဲ့ စိတ်ထားကလေးကို ပြည့်ပြည့်စုံစုံ ပြုကျင့် နေခဲ့မယ်ဆိုရင် ကောင်းစွာဆောက်တည်ထားခဲ့မယ်ဆိုရင် ကောင်းစွာ လိုက် နာပြီး ပြုကျင့်ခဲ့မယ်ဆိုရင် ဒီစိတ်ထားက ငရဲရောက်အောင် ပို့ဆောင်ပေးနိုင် တယ်။ ကြည့်စမ်း - အချောင် အကုသိုလ်တွေကို ရလိုက်တာပဲ၊ ငရဲရောက် ကြောင်း ကံတွေကို ရလိုက်တာပဲ။ ဒီတော့ မိမိတို့က ဒီငရဲကို အလိုမရှိဘူး ဆိုလို့ရှိရင် ဒီလို ငြူစူစောင်းမြောင်းနေတဲ့ စိတ်ထားကလေးတွေကို ပြုပြင် ပြောင်းလဲပစ်ဖို့ မလိုဘူးလား? လိုအပ်တယ်။

နတ်ပြည် နတ်လောကမှာ တချို့တချို့နတ်တွေ ရှိကြတယ်၊ မနောပဒေါသိကနတ်ဆိုပြီး စာမှာတော့ နာမည်ပေးထားပါတယ်။ အဲဒီနတ်တွေဟာ ပွဲလမ်းသဘင်တစ်ခုခုကို သွားကြပြီဆိုကြစို့၊ သူတို့ရဲ့ စည်းစိမ်ဂုဏ်သိရ် အား လျော်စွာ အင်မတန် အဆင့်အတန်းမြင့်တဲ့ ရထားတွေ အဆင့်အတန်းမြင့်တဲ့ အခြွေအရံတွေ, အဆင့်အတန်းမြင့်တဲ့ ဝတ်စားတန်ဆာတွေ, ဝတ်စားဆင်ယင် ပြီးတော့မှ သွားကြတယ်။ ဘုန်းကံနည်းပါးတဲ့ နတ်တွေကျတော့ သူတို့လောက် အဆင့်မမြင့်ဘူး၊ ရထားဆိုလည်း ခပ်ညံ့ညံ့, ကားဆိုလည်း ခပ်ညံ့ညံ့ပေါ့။ အဲဒီလို ခပ်ညံ့ညံ့နှင့် သွားရတော့ အဆင့်အတန်းမြင့်နေတဲ့ နတ်တွေကို ကြည့်ပြီး အဆင့်အတန်းနိမ့်နေတဲ့ နတ်တွေက ငြူစူကြတယ် မေးငေါ့ကြတယ်။ ဟိုဘက်က အဆင့်အတန်းမြင့်နေတဲ့ ပုဂ္ဂိုလ်တွေကလည်း ဘယ်လိုဖြစ်သလဲ? နင်တို့နဲ့ တို့နဲ့ ဘာဆိုင်လို့လဲ - ဟော - ဖြစ်ပြီ၊ တို့လည်း တို့ကံနဲ့ တို့ ဖြစ်တာပဲ၊ နင်တို့လည်း နင်တို့ကံနဲ့ နင်တို့ ဖြစ်တာပဲ ဘာဆိုင်လဲ? ဘာဆိုင်လဲ? ဘာ ဆိုင်လဲ? နဲ့ တစ်ယောက်နှင့် တစ်ယောက် ဒေါသဖြစ်ရင်းနှင့် နှစ်ဘက်လုံး သေကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဣဿာကလေးက သူတို့ကို အသေ သတ်လိုက်တာပဲ။ ဒီနတ်တွေရဲ့ခန္ဓာကိုယ်ဟာ အလွန်နူးညံ့သိမ်မွေ့ပါတယ်။ ဒီဒေါသအပူရှိန်ဓာတ်ကို ခံနိုင်ရည်စွမ်းအင် မရှိဘူး။ ကျောက်ဖျာပေါ်မှာ တစ်နေ့လုံး နေပူလှမ်းထားတဲ့ ကြာရိုး ကြာစွယ် ကြာပန်းတွေလိုပဲ သူတို့ရဲ့ ကိုယ်ခန္ဓာဟာ ဒေါသအပူရှိန်ကြောင့် ညှိုးနွမ်းသွားခဲ့ရင် ပြန်ပြီးတော့ မရှင် သန်နိုင်တော့ဘူး။ ဣဿာတရားက = ဣဿာနှင့် ယှဉ်နေတဲ့ ဒေါသတရားက သူတို့ကို အသေသတ်လိုက်တာပဲ။ သတ်ပြီးတော့ ဘယ်ပို့ဦးမလဲ? ငရဲရောက် အောင် ပို့ဦးမယ်။ ဒီတော့ ဒီလို စိတ်နေစိတ်ထားမျိုးကလေးတွေကို ပြုပြင် ပြောင်းလဲပစ်ဖို့ မလိုဘူးလား? လိုအပ်ပါတယ်။ ကိုယ့်ကံနှင့်ကိုယ် ဖြစ်ကြတာပဲ၊ ကိုယ်အကျည်းတန် အရုပ်ဆိုးရတာ ဘယ်သူကြောင့်လဲ? ကိုယ့်ကံကြောင့်ပဲ။ ကိုယ်အခြွေအရံ နည်းပါးတာလည်း ကိုယ့်ကံကြောင့်ပဲ။ ဒါကြောင့် -----

နော စေ ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇတိ၊ သစေ မနုဿတ္တံ အာဂစ္ဆတိ၊ ယတ္ထ ယတ္ထ ပစ္စာဇာယတိ၊ အပ္ပေသက္ခော ဟောတိ။ အပ္ပေသက္ခသံဝတ္တနိကာ ဧသာ မာဏဝ ပဋိပဒါ ယဒိဒံ ဣဿာမနကော ဟောတိ၊ ပရလာဘသက္ကာရဂရုကာရမာနနဝန္ဒနပူဇနာသု ဣဿတိ ဥပဒုဿတိ ဣဿံ ဗန္ဓတိ။ (မ၊၃၊၂၄၆။)

မာဏဝ = ဒကာတော် သုဘလုလင် ...။ ကာယဿ = ကိုယ်ခန္ဓာ၏။ ဘေဒါ = ပျက်စီးခြင်းကြောင့်။ ပရံ မရဏာ = စုတိပြတ်ကြွေ သေလွန်သည်မှ နောက်ကာလ၌။ အပါယံ = ချမ်းသာဟူ၍ မြူငွေ့မျှ မရှိသော။ ဒုဂ္ဂတိံ = မကောင်းမှုပြုသူ ဒုစရိုက်သမားတို့ရဲ့ လားရောက်ရာဖြစ်သော။ ဝိနိပါတံ = အလိုအာသာဆန္ဒကင်းလျက် ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာ ဖြစ် သော။ နိရယံ = ငရဲသို့။ နော စေ ဥပပဇ္ဇတိ = အကယ်၍ မကပ်ရောက် ရသည်ဖြစ်ငြားအံ့။

ဒကာတော် သုဘလုလင် ... ခန္ဓာကိုယ် ပျက်စီးပြီးနောက် သေလွန် သွားတဲ့အခါ ချမ်းသာဟူ၍ မြူငွေ့မျှမရှိတဲ့ မကောင်းမှုပြုသူ ဒုစရိုက်သမား တွေရဲ့ လားရောက်ရာဖြစ်တဲ့ အလိုအာသာဆန္ဒကင်းလျက် ဖရိုဖရဲ ပြိုကွဲ ပျက်စီးလျက် ကျရောက်ရာဖြစ်တဲ့ ငရဲကို အကယ်၍ မရောက်ခဲ့ရင် ဘယ်လို ဖြစ်မလဲ?

ငရဲကို ပို့ဆောင်လိုက်တာကတော့ သန္နိဋ္ဌာန စေတနာကပို့ဆောင်လိုက် တာ။ ငြူစူစောင်းမြောင်းတဲ့ စိတ်ထားနှင့် သူတစ်ပါးတို့ရဲ့ လာဘ်ရမှု အရို အသေခံရမှု အလေးစားခံရမှု အမြတ်နိုးခံရမှု အရှိခိုးခံရမှု အပူဇော်ခံရမှုတို့ အပေါ်မှာ ငြူစူစောင်းမြောင်းတဲ့ ပြစ်မှားနေတဲ့ ရန်ငြိုးဖွဲ့နေတဲ့ တကယ်တမ်း ပြစ်မှုလွန်ကျူးနေတဲ့ စေတနာတွေကို သန္နိဋ္ဌာန စေတနာလို့ခေါ်တယ်။ အဲဒီ အကုသိုလ်စေတနာတွေက ဒီသတ္တဝါကို ငရဲကို ရောက်အောင်ပို့မယ်။ သူ တစ်ပါးတွေအပေါ်မှာ ကိုယ်ထက်သာမနာလိုတဲ့ ငြူစူစောင်းမြောင်းခဲ့တဲ့ ပြစ် မှားခဲ့တဲ့ ဒီစိတ်ထားတွေရဲ့ ေ့ရှပိုင်း နောက်ပိုင်းမှာပါနေတဲ့ ဣဿာဓာတ်ငွေ့ မကင်းတဲ့ အကုသိုလ်စေတနာတွေက အကျိုးပေးဖို့ အခါအခွင့်သင့်လို့ရှိရင် ဘာဖြစ်သလဲ? ကပ်ပြီး ညှဉ်းပန်းနှိပ်စက်တော့မယ် ---

ကာယဿ = ကိုယ်ခန္ဓာ၏။ ဘေဒါ = ပျက်စီးခြင်းကြောင့်။ ပရံ မရဏာ = စုတိပြတ်ကြွေ သေလွန်သည်မှ နောက်ကာလ၌။ အပါယံ = ချမ်းသာဟူ၍ မြူငွေ့မျှ မရှိသော။ ဒုဂ္ဂတိံ = မကောင်းမှုပြုသူ ဒုစရိုက်သမားတို့ရဲ့ လား ရောက်ရာဖြစ်သော။ ဝိနိပါတံ = အလိုအာသာဆန္ဒကင်းလျက် ဖရိုဖရဲပြိုကွဲ ပျက်စီးလျက် ကျရောက်ရာဖြစ်သော။ နိရယံ = ငရဲသို့။ နော စေ ဥပပဇ္ဇတိ = အကယ်၍ မကပ်ရောက်ခဲ့ရသည် ဖြစ်ငြားအံ့။ မနုဿတ္တံ = လူ့ပြည်လူ့ လောကသို့။ သစေ အာဂစ္ဆတိ = အကယ်၍ ရောက်ရှိလာခဲ့သည် ဖြစ်ငြားအံ့။

သေပြီးနောက် ငရဲမရောက်တော့ဘဲ တခြားကုသိုလ်ကံကြောင့် လူ့ပြည် လူ့လောကကို ရောက်ရှိလာပြီ ဆိုကြစို့ ..

ယတ္ထ ယတ္ထ = အကြင်အကြင် အမျိုးအနွယ်၌။ ပစ္စာဇာယတိ = ပဋိသန္ဓေအားဖြင့် တစ်ဖန် ဖြစ်ပေါ်လာရ၏။ တတ္ထ တတ္ထ = ထိုထို အမျိုး အနွယ်၌။ အပ္ပေသက္ခော = နည်းပါးသော အခြွေအရံသည်။ ဟောတိ = ဖြစ်ပေ၏။

အခြွေအရံ နည်းပါးတယ်၊ အနားမှာ ကပ်ချင်တဲ့ပုဂ္ဂိုလ် တစ်ယောက်မှ မရှိဘူး၊ မတော်တဆ မလွှဲမရှောင်သာလို့ အိမ်ထောင်သည်လောက အိမ် ထောင်ရေးလောကကို ရောက်ရှိသွားရင်တောင် သားသမီး မထွန်းကားချင် ဘူး၊ ဆွေမျိုးသားချင်းတွေထဲက တစ်ယောက်မှာမှ အနားမှာလာပြီးနေချင်တဲ့ စိတ်ထားမရှိဘူး၊ အနားမှာ ကပ်ပြီး ခြံရံမည့်ပုဂ္ဂိုလ် တစ်ဦးမှ မရှိဘူး။ ဘာကို အခြေခံသလဲ? သူတစ်ပါးတို့ရဲ့ လာဘ်ရမှု အရိုအသေခံရမှု အလေးစားခံရမှုှ အမြတ်နိုးခံရမှု အရှိခိုးခံရမှု အပူဇော်ခံရမှုတို့အပေါ်၌ ငြူစူစောင်းမြောင်းတဲ့ စိတ်ထားရှိမှုကို အခြေခံနေတယ်၊ သူလည်း သူ့ကံအားလျော်စွာ သူ့စီးပွားရေး အခွင့်အလမ်းတွေ ဖြောင့်တန်းပြီးတော့ ချမ်းသာနေတယ်၊ အဲဒါကို မိမိက ထိုင်ပြီးတော့ မကြည်ဖြူနိုင်ဘူး မနာလိုနိုင်ဘူး၊ ဟိုလူ့သွားတို့ ဒီလူ့သွားတို့, ဟိုနေရာသွားတို့လိုက် ဒီနေရာသွားတို့လိုက် လုပ်ပြန်တယ်။ တို့လိုက်တဲ့အခါ ကျတော့ အဲဒီကံလေးတွေက ခုလိုဘဝမှာ လာပြီးအကျိုးပေးတာပဲ။ မိမိနားမှာ ပြုစုမည့် ပုဂ္ဂိုလ်တစ်ယောက်မှလည်း မရှိဘူး၊ အနားကပ်ပြီးနေချင်တဲ့ ပုဂ္ဂိုလ် လည်း တစ်ယောက်မှ မရှိတော့ဘူး။

ဘုန်းကံနည်းပါးရခြင်းသည် ဘာကို အခြေခံသလဲ? ငြူစူစောင်းမြောင်း တဲ့စိတ်ထားကို အခြေခံတယ်၊ အခြွေအရံနည်းပါးရခြင်းသည် ဘာကိုအခြေခံ သလဲ? ငြူစူစောင်းမြောင်းတဲ့ စိတ်ထားကို အခြေခံတယ်၊ ငြူစူစောင်းမြောင်း တဲ့ စိတ်ထားကို မွေးမြူခြင်းသည် အခြွေအရံနည်းပါးစေတတ်တဲ့ ကျင့်ဝတ်ကို ကျင့်နေခြင်းပဲဖြစ်တယ် - ဆိုတာကို သဘောပေါက်ပါ။ သူတစ်ပါးတွေမှာ အခြွေအရံများပြားနေတာကို မကြည့်လိုတဲ့ ဒီစိတ်ထားက မိမိအခြွေအရံ နည်း ပါးဖို့ရန် အကြောင်းတစ်ခုဖြစ်တယ်။ သူတစ်ပါးတို့ အရိုအသေ အလေးအစား ခံရမှု အမြတ်နိုးခံရမှု အပူဇော်ခံရမှုကို မကြည့်လိုတဲ့စိတ်ထားက မိမိကိုလည်း ရိုသေလေးစားမည့် မြတ်မြတ်နိုးနိုး ပြုစုလုပ်ကျွေးမည့်သူ မရှိဖို့ရန် အကြောင်း တစ်ခု ဖြစ်တယ်။ စိတ်မထားတတ်လို့ ရရှိတဲ့ အကျိုးတရားတွေ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ပြောင်းပြန်ပဲ ---

အခြွေအရံများပြားရခြင်း

ဣဓ ပန မာဏဝ ဧကစ္စော ဣတ္ထီ ဝါ ပုရိသော ဝါ အနိဿာမနကော ဟောတိ၊ ပရလာဘသက္ကာရဂရုကာရမာနနဝန္ဒနပူဇနာသု န ဣဿတိ န ဥပဒုဿတိ န ဣဿံ ဗန္ဓတိ၊ သော တေန ကမ္မေန ဧဝံ သမတ္တေန ဧဝံ သမာဒိန္နေန ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇတိ။ (မ၊၃၊၂၄၆။)

မာဏဝ = ဒကာတော် သုဘလုလင် ...။ ပန = နောက်တစ်မျိုးသော် ကား။ ဣဓ = ဤလောက၌။ ဧကစ္စော = အချို့သော။ ဣတ္ထီ ဝါ = အမျိုး သမီးသည်သော်လည်းကောင်း။ ပုရိသော ဝါ = အမျိုးသားသည်သော်လည်း ကောင်း။ အနိဿာမနကော = ငြူစူစောင်းမြောင်းသောစိတ်ထား မရှိသည်။ ဟောတိ = ဖြစ်၏။ ပရလာဘသက္ကာရဂရုကာရမာနနဝန္ဒနပူဇနာသု = သူတစ်ပါးတို့၏ လာဘ်လာဘရခြင်း အရိုအသေခံရခြင်း အလေးစားခံရခြင်း အမြတ်နိုးခံရခြင်း အရှိခိုးခံရခြင်း အပူဇော်ခံရခြင်းတို့၌။ န ဣဿတိ = မငြူစူ မစောင်းမြောင်းတတ်။ န ဥပဒုဿတိ = ကပ်၍ မပြစ်မှားတတ်။ဣဿံ = ငြူစူစောင်းမြောင်းမှုကို။ န ဗန္ဓတိ = ဖွဲ့ချည်၍ မထားတတ်။ သော = ထိုပုဂ္ဂိုလ်သည်။ ဧဝံ = ဤသို့။ သမတ္တေန = ပြည့်ပြည့်စုံစုံ ပြုကျင့်၍ ထားအပ်သော။ ဧဝံ = ဤသို့။ သမာဒိန္နေန = ကောင်းစွာ ဆောက်တည်၍ ထားအပ်သော။ တေန ကမ္မေန = ထို မငြူစူ မစောင်းမြောင်းတတ်တဲ့ ဖြူစင် ဖြောင့်စင်းတဲ့ စိတ်ထားတည်းဟူသော ကောင်းမှုကုသိုလ်ကံကြောင့်။ ကာယဿ = ကိုယ်ခန္ဓာ၏။ ဘေဒါ = ပျက်စီးခြင်းကြောင့်။ ပရံ မရဏာ = စုတိ ပြတ်ကြွေ သေလွန်သည်မှ နောက်ကာလ၌။ သုဂတိံ = ကောင်းမှုပြုသူ သုစရိုက်သမားတို့၏ လားရောက်ရာဖြစ်သော။ သဂ္ဂံ လောကံ = နတ်ပြည် နတ်လောကသို့။ ဥပပဇ္ဇတိ = ပဋိသန္ဓေအားဖြင့် ကပ်ရောက်တည်နေရပေ၏။

နောက်တစ်ခု ကြည့်စမ်း --- မွန်မြတ်လိုက်တဲ့ စိတ်ထားတွေ - ဘာတွေ လဲ? တချို့အမျိုးသားတွေ တချို့အမျိုးသမီးတွေ ရှိကြတယ်၊ ငြူစူစောင်း မြောင်းနေတဲ့စိတ်ထား မရှိကြဘူး၊ ကံကို နှလုံးသွင်းတတ်တဲ့ သဘောထား ရှိကြတယ်၊ သူလည်း သူ့ကံကြောင့် ဘုန်းကံကြီးမားရတယ်, အခြွေအရံ များ ရတယ်၊ ငါလည်း ငါ့ကံကြောင့် အခြွေအရံ နည်းပါးရတယ်, များပြားရတယ်၊ ဒီလို ကံ-ကံ၏အကျိုးကို နှလုံးသွင်းတယ်၊ အဲဒီလို နှလုံးသွင်းပြီးတော့ သူ တစ်ပါးတို့၏ လာဘ်ရမှု သူတစ်ပါးတို့၏ အလေးစားခံရမှု အမြတ်နိုးခံရမှု အပူဇော်ခံရမှုဆိုတဲ့ ဒီလုပ်ငန်းရပ်တွေမှာ ငြူစူစောင်းမြောင်းနေတဲ့စိတ်ထား ဘယ်တော့မှ မရှိဘူး။ အဲဒီလို ပြည့်ပြည့်စုံစုံ ဆောက်တည်ပြီး ပြုကျင့်လိုက်တဲ့ ဒီကံကြောင့် နတ်ပြည်နတ်လောကကို ရောက်နိုင်တယ်။ ပိုက်ဆံ ဘယ်နှစ်ပြား ကုန်သလဲ? - တစ်ပြားမှ မကုန်ဘူး။ စိတ်ဓာတ်ကို ပြုပြင်ပြောင်းလဲလိုက်တဲ့ အတွက် ဘဝအဆင့်အတန်းတွေ မြင့်မသွားဘူးလား? မြင့်သွားတယ်။ သူ တစ်ပါးတွေအပေါ်၌ ငြူစူစောင်းမြောင်းတဲ့စိတ်ထား နည်းနည်းမှ မရှိဘူး။

နော စေ ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇတိ၊ သစေ မနုဿတ္တံ အာဂစ္ဆတိ၊ ယတ္ထ ယတ္ထ ပစ္စာဇာယတိ၊ မဟေသက္ခော ဟောတိ။ (မ၊၃၊၂၄၆။)

ကာယဿ = ကိုယ်ခန္ဓာ၏။ ဘေဒါ = ပျက်စီးခြင်းကြောင့်။ ပရံ မရဏာ = စုတိပြတ်ကြွေ သေလွန်သည်မှ နောက်ကာလ၌။ သုဂတိံ = ကောင်းမှုပြုသူ သုစရိုက်သမားတို့၏ လားရောက်ရာဖြစ်သော။ သဂ္ဂံ လောကံ = နတ်ပြည် နတ်လောကသို့။ နော စေ ဥပပဇ္ဇတိ = အကယ်၍ မကပ်ရောက်ရသည် ဖြစ်ငြားအံ့။ မနုဿတ္တံ = လူ့ပြည်လူ့လောကသို့။ သစေ အာဂစ္ဆတိ = အကယ်၍ ရောက်ရှိလာသည်ဖြစ်ငြားအံ့။ ယတ္ထ ယတ္ထ = အကြင်အကြင် အမျိုးအနွယ်၌။ ပစ္စာဇာယတိ = ပဋိသန္ဓေအားဖြင့် ဖြစ်ပေါ်၍လာရပေ၏။ တတ္ထ တတ္ထ = ထိုထို အမျိုးအနွယ်၌။ မဟေသက္ခော = ကြီးမားသော ဘုန်းကံရှိသည် (ဝါ) အခြွေအရံ များပြားသည်။ ဟောတိ = ဖြစ်၏။

နတ်ပြည် နတ်လောကကို မရောက်ဘူးပဲထား၊ လူ့ပြည် လူ့လောကကို အကယ်၍များ ရောက်ရှိခဲ့မယ်ဆိုရင် ဘယ်အမျိုးအနွယ်မှာပဲ ပဋိသန္ဓေအား ဖြင့် တည်နေရသည်ဖြစ်စေ, ဘုန်းကံကြီးမားတဲ့ပုဂ္ဂိုလ် အခြွေအရံ များပြားတဲ့ ပုဂ္ဂိုလ် ဖြစ်နိုင်တယ်။

မဟေသက္ခသံဝတ္တနိကာ ဧသာ မာဏဝ ပဋိပဒါ ယဒိဒံ အနိဿာမနကော ဟောတိ၊ ပရလာဘသက္ကာရဂရုကာရမာနနဝန္ဒနပူဇနာသု န ဣဿတိ န ဥပဒုဿတိ န ဣဿံ ဗန္ဓတိ။ (မ၊၃၊၂၄၆။)

မာဏဝ = ဒကာတော် သုဘလုလင် ...။ ယော = အကြင် ပုဂ္ဂိုလ် သည်။ အနိဿာမနကော = ငြူစူစောင်းမြောင်းသော စိတ်ထား မရှိသည်။ ဟောတိ = ဖြစ်၏။ ပရလာဘသက္ကာရဂရုကာရမာနနဝန္ဒနပူဇနာသု = သူတစ်ပါးတို့ရဲ့ လာဘ်ရခြင်း အပူဇော်ခံရခြင်း အလေးစားခံရခြင်း အမြတ် နိုးခံရခြင်း အရှိခိုးခံရခြင်း အပူဇော်ခံရခြင်းတို့၌။ န ဣဿတိ = မငြူစူ မစောင်းမြောင်းတတ်ပေ။ န ဥပဒုဿတိ = မပြစ်မှားတတ်ပေ။ ဣဿံ = ငြူစူစောင်းမြောင်းခြင်း ဣဿာ တရားကို။ န ဗန္ဓတိ = ဖွဲ့ချည်၍မထားပေ။ ယဒိဒံ = အကြင် ဣဿာ မများပြားခြင်းဟု ခေါ်ဆိုအပ်သော အကျင့်သည်။ အတ္ထိ = ရှိ၏။ ဧသာ = ဤ ဣဿာ မထူပြောခြင်းဟု ခေါ်ဆိုအပ်သော ဤကျင့်ဝတ်သည်ကား။ မဟေသက္ခသံဝတ္တနိကာ = ဘုန်းတန်ခိုးကြီးမားခြင်း အခြွေအရံများပြားခြင်းကို ဖြစ်စေတတ်သော။ ပဋိပဒါ = အကျင့်ပါပေ တည်း။

အခြွေအရံများပြားခြင်း ဘုန်းတန်ခိုးကြီးမားခြင်းဆိုတဲ့ ကျင့်ဝတ်ပဋိ ပတ်တစ်ခုသည် ဘာလဲ? ဣဿာ မများပြားရဘူး၊ သူတစ်ပါးအပေါ်မှာ ငြူစူစောင်းမြောင်းတဲ့ စိတ်ထား မရှိရဘူး။ ငြူစူစောင်းမြောင်းတဲ့ စိတ်ထား ဆိုတာက ဘာပြောတာလဲ? ကိုယ့်ထက်သာ မနာလိုတဲ့ စိတ်ထားပဲ၊ ဒီစိတ် ထားမျိုး မရှိရဘူး။ ရုပ်အဆင်းမှာပဲဖြစ်စေ, စီးပွားရေးမှာပဲဖြစ်စေ, ပညာရေး မှာပဲဖြစ်စေ ဘယ်အရေးမှာပဲဖြစ်ဖြစ် ကိုယ့်ထက်သာ မနာလိုတဲ့စိတ်ထား ရှိရမလား? မရှိရဘူး။ ကိုယ့်ထက်သာ မနာလိုတဲ့စိတ်ထား ရှိခဲ့မယ်ဆိုရင် ဘာဖြစ်သလဲ? ငရဲသော်လည်း ရောက်နိုင်တယ်။ မရောက်ဘူးထား၊ လူ့ပြည် လူ့လောကမှာ တစ်ပတ် လူလာပြီး ပြန်ဖြစ်ခဲ့မယ်ဆိုရင်တောင်မှ ဘာဖြစ် မလဲ? အခြွေအရံနည်းပါးတယ် ဘုန်းကံနည်းပါးတယ်။

အကယ်၍ ဣဿာ မထူပြောခဲ့ဘူးဆိုရင် ငြူစူစောင်းမြောင်းတဲ့ စိတ်ထား မရှိခဲ့ဘူးဆိုရင် ကိုယ့်ထက်သာမနာလိုတဲ့စိတ်ထားတွေ နည်းနည်းမှ မရှိဘူးလို့ရှိရင် ရောက်လေရာဘဝမှာ ဘုန်းကံကြီးမားမယ်၊ ရောက်လေရာဘဝမှာ အခြွေအရံ များပြားမယ်။ ဒါဟာ ဘာလဲ? စိတ်ဓာတ်ကို ပြုပြင်ပြောင်းလဲရေးလုပ်နိုင်လို့ ရရှိတဲ့ အကျိုးတရားပဲ။

ကဲ - နံပါတ်လေး အစုံတစ်ခုပြီးတဲ့အခါ နံပါတ်ငါးအစုံကိုမြတ်စွာဘုရား ဆက်ဟောတော်မူပြန်တယ်၊ နာကြားကြည့်ရအောင် ...။

စည်းစိမ်ဥစ္စာ နည်းပါးရခြင်း = ဆင်းရဲရခြင်း

ဣဓ မာဏဝ ဧကစ္စော ဣတ္ထီ ဝါ ပုရိသော ဝါ န ဒါတာ ဟောတိ သမဏဿ ဝါ ဗြာဟ္မဏဿ ဝါ အန္နံ ပါနံ ဝတ္ထံ ယာနံ မာလာဂန္ဓဝိလေပနံ သေယျာဝသထပဒီပေယျံ၊ (မ၊၃၊၂၄၆။)

စည်းစိမ်ဥစ္စာများပြားရခြင်း စည်းစိမ်ဥစ္စာနည်းပါးရခြင်းနှင့် ပတ်သက်လို့ မြတ်စွာဘုရား ဟောတော်မူတဲ့တရားပဲ -----

မာဏဝ = ဒကာတော် သုဘလုလင် ...။ ဣဓ = ဤလူ့လောက၌။ ဧကစ္စော = အချို့သော။ ဣတ္ထီ ဝါ = အမျိုးသမီးသည်သော်လည်းကောင်း။ ပုရိသော ဝါ = အမျိုးသားသည်သော်လည်းကောင်း။ ဒါတာ = ပေးလှူလေ့ရှိသည်။ န ဟောတိ = မဖြစ် [အလှူဒါန သူက ပြုလေ့မရှိဘူး]။ သမဏဿ ဝါ = သမဏအားသော်လည်းကောင်း။ ဗြာဟ္မဏဿ ဝါ = ဗြာဟ္မဏအားသော်လည်းကောင်း။ အန္နံ = ထမင်းကိုလည်းကောင်း (ဝါ) ဆွမ်းကိုလည်းကောင်း။ ပါနံ = အဖျော်ယမကာကိုလည်းကောင်း။ ဝတ္ထံ = အဝတ်ကိုလည်းကောင်း။ ယာနံ = ယာဉ်ကိုလည်းကောင်း။ မာလာဂန္ဓဝိလေပနံ = ပန်း နံ့သာ နံ့သာပျောင်းကိုလည်းကောင်း။ သေယျာဝသထပဒီပေယျံ = ကျောင်း အိပ်ရာနေရာ ဆီမီးကိုလည်းကောင်း။ ဒါတာ = ပေးလှူတတ်သည်။ န ဟောတိ = မဖြစ်။

ဒီပုဂ္ဂိုလ်ကတော့ ပေးကမ်းစွန့်ကြဲခြင်း အလှူဒါနတစ်ခုမှာ ချို့တဲ့နေတယ်။ လှူဖွယ်ဝတ္ထုတွေက ဘာလဲ? - ဆွမ်း အဖျော်ယမကာ အဝတ် ယာဉ် ပန်း နံ့သာ နံ့သာပျောင်း ကျောင်း အိပ်ရာနေရာ ဆီမီး - ဆိုပြီးတော့ လှူဖွယ်ဝတ္ထု (၁၀)ခု ရှိပါတယ်၊ ဒီ (၁၀)မျိုးသော လှူဖွယ်ဝတ္ထုတွေကို ပေးလှူလေ့ မရှိဘူး။ ပေးလှူလေ့ မရှိတဲ့အတွက်ကြောင့် ဘာဖြစ်သလဲ?

သော တေန ကမ္မေန ဧဝံ သမတ္တေန ဧဝံ သမာဒိန္နေန ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇတိ။ (မ၊၃၊၂၄၆။)

မပေးလှူတဲ့အတွက်ကြောင့် ငရဲရောက်တာတော့ မဟုတ်ပါဘူး။ မိမိရဲ့ စည်းစိမ်ဥစ္စာတွေအပေါ်၌ တောဒေယျပုဏ္ဏားကြီးတို့ကဲ့သို့ တွယ်တာတပ်မက်တဲ့ ဓနလောဘကို အခြေခံ၍ အပါယ်ငရဲကို ရောက်ခြင်း ဖြစ်တယ်။ ဒါကြောင့် ----

သော = ထိုပုဂ္ဂိုလ်သည်။ ဧဝံ = ဤသို့။ သမတ္တေန = ပြည့်ပြည့်စုံစုံ ပြုကျင့်၍ထားအပ်သော။ ဧဝံ = ဤသို့။ သမာဒိန္နေန = ကောင်းစွာ ဆောက်တည်၍ထားအပ်သော။ တေန ကမ္မေန = ထိုနှမြောစေးနည်းခြင်းဆိုတဲ့ အကုသိုလ်ကံကြောင့်။ ကာယဿ = ကိုယ်ခန္ဓာ၏။ ဘေဒါ = ပျက်စီးခြင်းကြောင့်။ ပရံ မရဏာ = စုတိပြတ်ကြွေ သေလွန်သည်မှ နောက်ကာလ၌။ အပါယံ = ချမ်းသာဟူ၍ မြူငွေ့မျှ မရှိသော။ ဒုဂ္ဂတိံ = မကောင်းမှုပြုသူ ဒုစရိုက်သမားတို့၏ လားရောက်ရာဖြစ်သော။ ဝိနိပါတံ = အလိုအာသာ ဆန္ဒကင်းလျက် ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာဖြစ်သော။ နိရယံ = ငရဲသို့။ ဥပပဇ္ဇတိ = ကပ်ရောက်တတ်ပေ၏။

မိမိ စည်းစိမ်ဥစ္စာအပေါ်မှာ တွယ်တာတပ်မက်နေတဲ့ ဓနလောဘကို အခြေခံပြီးတော့ ပြည့်ပြည့်စုံစုံ တွယ်တာတပ်မက်မှု လောဘတရားကြောင့် သေသည်၏ အခြားမဲ့၌ အပါယ်ဒုဂ္ဂတိရောက်နိုင်တယ်၊ ငရဲရောက်နိုင်တယ်။ ကိုယ့်စည်းစိမ်အပေါ် ကိုယ်တွယ်တာတပ်မက်တာ ဘာဖြစ်ရမလဲ? ကိုယ့်သား ကိုယ်ချစ်မြတ်နိုးတာ ဘာဖြစ်ရမလဲ? ကိုယ့်သမီး ကိုယ်ချစ်မြတ်နိုးတာ ဘာဖြစ်ရမလဲ? ကိုယ့်ပစ္စည်း ကိုယ်မြတ်နိုးတာ ဘာဖြစ်ရမလဲ? ဒီလို စိတ်ထားမျိုးတွေ မရှိသင့်ဘူးနော် --- သတိထားကြ။

ဘုန်းကြီးတို့ ဒီအဘိဓမ္မာစည်းကမ်းကလေး တစ်ခု ရှိပါတယ်၊ သတ္တဝါတစ်ဦးမှာ မကောင်းတဲ့ဘက်က ကြည့်ရင်လည်း အမိကိုသတ်ခြင်း, အဘကိုသတ်ခြင်း, ရဟန္တာပုဂ္ဂိုလ်အားသတ်ခြင်း, ဘုရားရှင်အားသွေးစိမ်းတည်စေခြင်း, သံဃာသင်းခွဲခြင်းဆိုတဲ့ ကံကြီးငါးခု ကျူးလွန်ထားမှုမရှိဘူးဆိုကြစို့ -- နောက်တစ်ခု ကံ-ကံ၏ အကျိုးကို လုံးဝပစ်ပယ်နေတဲ့ နတ္ထိကဒိဋ္ဌိ အဟေတုကဒိဋ္ဌိ အကိရိယဒိဋ္ဌိခေါ်တဲ့ မိစ္ဆာဒိဋ္ဌိကြီးသုံးခုလည်း မရှိဘူးထား၊ ဒီ ဒိဋ္ဌိကြီးသုံးခုကို သေသည်တိုင်အောင် မစွန့်လွှတ်ခဲ့ရင် အကျိုးပေးမြဲတဲ့အတွက်ကြောင့် နိယတ မိစ္ဆာဒိဋ္ဌိလို့ခေါ်တယ်။ ဒီနိယတမိစ္ဆာဒိဋ္ဌိလည်း မရှိဘူးထား၊ မကောင်းတဲ့ဘက်က အဲဒီကံကြီးငါးခု လွန်ကျူးထားတဲ့ပုဂ္ဂိုလ်တွေက သေသည်၏အခြားမဲ့၌ ကျိန်းသေ အပါယ်ရောက်တယ်၊ ဘုရားသော်မှ တားလို့မရဘူး။ အဇာတသတ်တို့လိုပေါ့၊ နိယတမိစ္ဆာဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်ကတော့ သေသည့်တိုင်အောင် ဒီအယူဝါဒကို မစွန့်လွှတ်ခဲ့ဘူးဆိုရင်တော့ ငရဲ ကျိန်းသေရောက်တယ်။ မသေခင်စပ်ကြားမှာ စွန့်လွှတ်ခဲ့လို့ သမ္မာဒိဋ္ဌိအယူဝါဒကို ပြောင်းပြီးတော့ ကျင့်ကြံကြိုးကုတ်အားထုတ်ခဲ့လို့ ထိုသမ္မာဒိဋ္ဌိဦးဆောင်နေတဲ့ ကံတွေက အကျိုးပေးဖို့ရန် အခါအခွင့်သင့်ရင်တော့ ကောင်းရာသုဂတိ ရောက်နိုင်တဲ့သဘောရှိတယ်။

ဒီတော့ မကောင်းတဲ့ဘက်ကလည်း အဲဒီကံကြီးငါးခု သို့မဟုတ် ခြောက်ခု မရှိဘူးထား၊ ကောင်းတဲ့ဘက်ကလည်း စျာန်တရားတွေကို ခိုင်ခိုင်ခံ့ခံ့မရရှိဘူး, သို့မဟုတ် ဝိပဿနာဉာဏ်တွေကို ခိုင်ခိုင်ခံ့ခံ့ မရခဲ့ဖူးဘူးဆိုရင် ထိုပုဂ္ဂိုလ်အတွက် အရေးအကြီးဆုံးသော အချိန်ကာလတစ်ခုကို သတ်မှတ်ပြောပါဆိုရင်တော့ သေခါနီးကာလ ဖြစ်ပါတယ်။ သေခါနီးကာလမှာ နောက်ဆုံး စောသွားတဲ့ဇောကို မရဏာသန္နဇောလို့ခေါ်တယ်၊ သေတဲ့ဘဝမှာပေါ့၊ သေခါနီးကာလမှာ နောက်ဆုံးဖြစ်ပေါ်သွားတဲ့ ဝီထိစိတ်အစဉ်ကို မရဏာသန္နဇောဝီထိလို့ ခေါ်တယ်။ အဲဒီမရဏာသန္နဇောဝီထိထဲမှာ ပါနေတဲ့ ဇောစိတ်တွေသည် အကုသိုလ်ဇော ဖြစ်ခဲ့မယ်ဆိုရင် ကျိန်းသေ အပါယ်ရောက်တယ်၊ ဘုရားသော်လည်း တားလို့မရဘူး။ သံသရာခရီး မဆုံးသေးတဲ့ပုဂ္ဂိုလ်တွေအတွက် အဲဒီမရဏာသန္နဇောသည် ကုသိုလ်ဇောဖြစ်ခဲ့မယ် ဆိုလို့ရှိရင်လည်း ကောင်းရာသုဂတိ ကျိန်းသေဧကန် ရောက်တယ်၊ ဒီမရဏာသန္နဇောက ကုသိုလ်ဇောဖြစ်ရေး အကုသိုလ်ဇောဖြစ်ရေးအတွက်က ဘာနှင့် ဆက်စပ်နေသလဲဆိုတော့ အကုသိုလ်ဇောဖြစ်ရေးမှာကတော့ ခုနက ရာဂဖြစ်လောက်တဲ့အာရုံ ဒေါသဖြစ်လောက်တဲ့ အာရုံ, မောဟဖြစ်လောက်တဲ့ အာရုံတွေကို မိမိက သေခါနီးကာလမှာ နှလုံးသွင်းမှားခဲ့မယ်ဆိုရင် ရာဂ, ဒေါသ, မောဟ ဖြစ်ဖို့ များတယ်။

ကုသိုလ်ဇောဖြစ်ဖို့ကျတော့ ကြိုတင်ပြင်ဆင်မှုဆိုတာ လိုအပ်ပါတယ်။ ကြိုတင်ပြင်ဆင်မှုမှာ ဒါနလည်းရှိတယ်, သီလလည်းရှိတယ်, သမထလည်းရှိတယ်, ဝိပဿနာလည်းရှိတယ်။ ဒါနကတော့ သူကအကျိုးပေးဖို့ရာ အခါအခွင့်သင့်ရင်တော့ ဒါလည်း ကြိုတင်ပြင်ဆင်ထားခဲ့တဲ့အတွက် သေသည်၏အခြားမဲ့၌ အကျိုးပေးနိုင်တဲ့ စွမ်းအားရှိတယ်။ အခါအခွင့်မသင့်ရင် သေသည်၏အခြားမဲ့၌ အကျိုးမပေးနိုင်သေးဘူး။ သီလဟာလည်း အခါအခွင့်သင့်လို့ အကျိုးပေးနိုင်တဲ့ စွမ်းအားရှိခဲ့ရင်တော့ သေသည်၏အခြားမဲ့၌ အကျိုးပေးမှာပဲ, အခါအခွင့်မသင့်ရင်လည်း သူက အကျိုးမပေးဘဲသော်လည်း ရှိချင်ရှိဦးမယ်၊ နောင်တစ်ချိန်တော့ အကျိုးပေးမှာပေါ့။ သမထစျာန်တွေကတော့ သေသည့်တိုင်အောင် မလျှောကျခဲ့ဘူးဆိုရင်တော့ ဒီကုသိုလ်ကံက သေသည်၏အခြားမဲ့၌ အကျိုးပေးမြဲပါတယ်။ သေခါနီးကာလမှာ ဖြစ်စေ, မသေခင်စပ်ကြား တစ်ချိန်မှာ ဖြစ်စေ, ဒီစျာန်တွေက လျှောကျသွားခဲ့ရင် သူလည်း အကျိုးပေးဖို့ရာ အခါအခွင့်မသင့်တော့ဘူး။ ဝိပဿနာဉာဏ်တွေက ရင့်ကျက်ခဲ့မယ်ဆိုရင် အနည်းဆုံးအားဖြင့် နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ်လောက် ရရှိခဲ့မယ်ဆိုရင်တော့ လဒ္ဓသာသော လဒ္ဓပတိဋ္ဌော (ဝိသုဒ္ဓိ၊၂၊၂၄၀။ အဘိ၊ဋ္ဌ၊၂၊၂၄၂။) စသည်ဖြင့် အဋ္ဌကထာများမှာ ဖော်ပြထားပါတယ်၊ သာသနာတော်မှာ ထောက်ရာတည်ရာ ရရှိသွားပြီ ဖြစ်တယ်။

ဒါကြောင့် ကောင်းတဲ့ဘက်ကလည်း အဲဒီလို ကျိန်းသေတဲ့ ကံတွေကို ပြုစုပျိုးထောင်မှု မရှိဘူး၊ မကောင်းတဲ့ဘက်ကလည်း ကံကြီးငါးပါး သို့မဟုတ် ခုနကပြောခဲ့တဲ့ နိယတမိစ္ဆာဒိဋ္ဌိ အဝင်အပါဖြစ်တဲ့ ကံကြီးခြောက်မျိုး မရှိခဲ့ဘူးဆိုရင် - ထိုပုဂ္ဂိုလ်တွေအတွက် မရဏာသန္နဇောအချိန်အခါဟာ အရေးအကြီးဆုံး အချိန်ပဲ။ မရဏာသန္နဇောသည် အကုသိုလ်ဇောဖြစ်ခဲ့မယ်ဆိုရင် သေသည်၏အခြားမဲ့၌ ကျိန်းသေ အပါယ်ရောက်တယ်၊ မရဏာသန္နဇောသည် ကုသိုလ်ဇောဖြစ်ခဲ့မယ်ဆိုရင် သေသည်၏အခြားမဲ့၌ ကောင်းရာသုဂတိ ကျိန်းသေရောက်မယ်။ တစ်သက်တာကာလပတ်လုံး မိမိကလည်း အင်မတန် နှမြောတယ်၊ ခုနက တောဒေယျပုဏ္ဏားကြီးတို့လိုပေါ့၊ စည်းစိမ်ဥစ္စာ, သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုအပေါ်၌ တွယ်တာတပ်မက်လို့ ဒီအိုးဒီအိမ်နှင့် မခွဲမခွါဘဲနှင့် တစ်သက်လုံးနေထိုင်လာတဲ့ ပုဂ္ဂိုလ်တစ်ဦးက သေခါနီးကာလမှာ ဒီစည်းစိမ်တွေနှင့် ဒီအိုးအိမ်တွေနှင့် ဒီသက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတွေနှင့် နောင်တစ်ဖန် မတွေ့သော ခွဲခြင်းဖြင့် ကျိန်းသေ ခွဲရတော့မယ်ဆိုရင် စိတ်တွေ ဘယ်လိုဖြစ်မလဲ? စဉ်းစားသာကြည့်တော့ ---- ခုလို ခေတ္တခဏ ကျောင်းလာပြီး သင်္ကြန်ရက်ကလေးအတွင်းမှာ ခဏဥပုသ်စောင့်တာတောင်မှ အိမ်ကို သိပ်စိတ်မချတဲ့ ပုဂ္ဂိုလ်တွေ ဒီထဲ မပါဘူးလား? ပါနေတယ်။ ခဏကလေးခွဲရတာ --- ဟိုမှာက နောင်တစ်ဖန် မတွေ့သော ခွဲခြင်းဖြင့် ကျိန်းသေ ခွဲရတော့မယ်၊ ထိုအချိန်အခါမှာ ဘယ်လိုဖြစ်မယ်ဆိုတာ စဉ်းစားကြည့်တော့။

ဒါကြောင့် ခုဒီနေရာမှာက မလှူရက်မတမ်းရက်ဆိုတာက မလှူမတမ်းခြင်းကြောင့် အပါယ်ရောက်တာတော့ မဟုတ်ဘူး၊ လှူဖွယ်ဝတ္ထုပစ္စည်းစုလို့ သတ်မှတ်ထားအပ်တဲ့ မိမိရဲ့စည်းစိမ်ဥစ္စာတွေ အပေါ်၌ တွယ်တာတပ်မက်နေတဲ့ ဓနလောဘကိုအခြေခံပြီးတော့ အပါယ်ရောက်သွားတယ်၊ နှမြောစေးနဲနေတဲ့ပုဂ္ဂိုလ်ပဲ။ ကဲ -- အကယ်၍ အပါယ် မရောက်ဘူးဆိုလို့ရှိရင် ဘာဖြစ်မလဲ?

နော စေ ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇတိ၊ သစေ မနုဿတ္တံ အာဂစ္ဆတိ၊ ယတ္ထ ယတ္ထ ပစ္စာဇာယတိ၊ အပ္ပဘောဂေါ ဟောတိ။ အပ္ပဘောဂသံဝတ္တနိကာ ဧသာ မာဏဝ ပဋိပဒါ ယဒိဒံ န ဒါတာ ဟောတိ သမဏဿ ဝါ ဗြာဟ္မဏဿ ဝါ အန္နံ ပါနံ ဝတ္ထံ ယာနံ မာလာဂန္ဓဝိလေပနံ သေယျာဝသထပဒီပေယျံ။ (မ၊၃၊၂၄၆-၂၄၇။)

ဒကာတော်သုဘလုလင် ...အကယ်၍များ သေသည်၏ အခြားမဲ့၌ အပါယ်ဒုဂ္ဂတိကို မရောက်ဘူးပဲထား၊ လူ့ပြည်လူ့လောကသို့ အကယ်၍ ရောက်ရှိလာခဲ့မယ်ဆိုရင် ဘယ်အမျိုးအနွယ်မှာပဲ လူဖြစ်ဖြစ်, ဖြစ်လေရာဘဝမှာ အပ္ပဘောဂ စည်းစိမ်ဥစ္စာ နည်းပါးတယ်၊ ဆင်းရဲတဲ့ပုဂ္ဂိုလ် ဖြစ်ရတယ်။ ဒီလို မပေးရက် မလှူရက် မတမ်းရက်ခြင်းဆိုတဲ့ ကျင့်ဝတ်ပဋိပတ်သည် ရောက်လေရာဘဝမှာ ဆင်းရဲဒုက္ခရဲ့ သို့မဟုတ် စည်းစိမ်ဥစ္စာ နည်းပါးရခြင်းရဲ့ အကြောင်းရင်းတစ်ခု ဖြစ်တယ်၊ စည်းစိမ်ဥစ္စာ နည်းပါးဖို့ရန်အတွက် ကျင့်ဝတ်တစ်မျိုး ဖြစ်တယ်။ ဒီလို မြတ်စွာဘုရားက ဟောပေးလိုက်တယ်။

ဒီနေရာမှာ တရားနာပရိသတ်တွေ စဉ်းစားဖို့ရန် အချက်ကိုိ ဆက်ပြီး တင်ပြရဦးမယ်။ ဒီနေရာမှာ သူတစ်ပါးတို့အား မလှူလို မတမ်းလိုတဲ့ ဒီစိတ်ထားကို ပြန်ဆန်းစစ်ကြည့်ပါ။ ဒီလို စိတ်နေစိတ်ထားမျိုးတွေမှာ သူတစ်ပါးတို့မှာ ဒီလာဘ်လာဘတွေ ရရှိသွားမှာကို အလိုမရှိတဲ့ စိတ်ထားတွေက ခြံရံနေတာ များတယ်။ သူတစ်ပါးတို့မှာ လာဘ်လာဘတွေကို မရရှိစေလိုတဲ့ ဒီစိတ်ထားက မိမိလာဘ်လာဘ မရရှိဖို့ရန် အကြောင်းတစ်ခု ဖြစ်လာရပြန်တယ်။ နောက်တစ်ခုကြည့်ပါ --- ဒီလိုစိတ်နေစိတ်ထားမျိုးတွေမှာ သူတစ်ပါးတို့ ဆင်းရဲမြဲ ဆင်းရဲနေတာကို ကြည့်လိုတဲ့စိတ်ထား လျစ်လျူရှုလိုတဲ့ စိတ်ထားတွေလည်း ခြံရံကောင်း ခြံရံနေတတ်တယ်။ သူတစ်ပါးတို့ ဆင်းရဲမြဲ ဆင်းရဲနေတာကို ကြည့်လိုတဲ့စိတ်ထား လျစ်လျူရှုလိုတဲ့ စိတ်ထားတွေဟာ မိမိဆင်းရဲဖို့ရန် အကြောင်းတစ်ခု ဖြစ်လာရပြန်တယ်။ သူတစ်ပါးတို့ကို မိမိက မမစခဲ့တဲ့အတွက် မိမိဆင်းရဲတဲ့အခါမှာလည်း မစမည့်သူ မရှိ ဖြစ်နေတတ်တယ်၊ သတိရှိဖို့ သိပ်ကောင်းတယ်။

စည်းစိမ်များပြားရခြင်း

ကဲနောက်တစ်ခု ...

ဣဓ ပန မာဏဝ ဧကစ္စော ဣတ္ထီ ဝါ ပုရိသော ဝါ ဒါတာ ဟောတိ သမဏဿ ဝါ ဗြာဟ္မဏဿ ဝါ အန္နံ ပါနံ ဝတ္ထံ ယာနံ မာလာဂန္ဓဝိလေပနံ သေယျာဝသထပဒီပေယျံ၊ (မ၊၃၊၂၄၇။)

ဒါနဝတ္ထု - ခုနက (၁၀)မျိုး - ဆွမ်းတွေ အဖျော်တွေ အဝတ်တွေ ယာဉ်တွေ ပန်းတွေ ပန်းနံ့သာတွေ နံ့သာပျောင်းတွေ အိပ်ရာတွေ ကျောင်း အိပ်ရာနေရာတွေ ဆီမီးတွေ အားလုံး လှူဒါန်းတယ်၊ သမဏ အမည်ရှိတဲ့ ပုဂ္ဂိုလ် ဗြာဟ္မဏအမည်ရှိတဲ့ အလှူခံပုဂ္ဂိုလ် ထိုပုဂ္ဂိုလ်ကို ခုနက လှူဖွယ်ဝတ္ထု (၁၀)မျိုးကို မိမိက လှူဒါန်းတယ်၊ အဲဒီလို လှူဒါန်းပြီးတော့ ဘာဖြစ်သလဲ?

သော တေန ကမ္မေန ဧဝံ သမတ္တေန ဧဝံ သမာဒိန္နေန ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇတိ။ (မ၊၃၊၂၄၇။)

ပြည့်ပြည့်စုံစုံ ပြုကျင့်ထားတဲ့ ဆောက်တည်ထားတဲ့ ဒီဒါနကုသိုလ်ကံ စေတနာကြောင့် သေသည်၏အခြားမဲ့၌ ကောင်းရာသုဂတိသို့ ရောက်တယ်၊ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ? ယေဘုယျအားဖြင့်ပေါ့ - ယေဘုယျအားဖြင့် သတ်မှတ်ချက်ကတော့ သီလရှိတဲ့ပုဂ္ဂိုလ်အားသာလျှင် ကောင်းရာသုဂတိသို့ ရောက်နိုင်တယ်လို့ မြတ်စွာဘုရားရှင်က - ဟို ဒါနူပပတ္တိသုတ္တန်များမှာ ဟောထားတယ်၊ သီလမရှိတဲ့ပုဂ္ဂိုလ်ရော မရောက်နိုင်ဘူးလားလို့ မေးရင်တော့ တစ်ခါတစ်ရံ အလှူခံပုဂ္ဂိုလ်ဘက်က အလွန်မြင့်မြတ်နေတဲ့ ပုဂ္ဂိုလ်ဖြစ်လို့ မိမိက အလှူခံပုဂ္ဂိုလ်တို့ရဲ့ ဂုဏ်ကျေးဇူးကို သေခါနီးကာလမှာ ယူနိုင်တဲ့ စွမ်းအားရှိခဲ့မယ်ဆိုရင်တော့ ကောင်းရာသုဂတိကို ရောက်တဲ့ ထုံးကလေးတွေ နည်းနည်းတော့ ရှိတယ်၊ ဒက္ခိဏဝိဘင်္ဂသုတ္တန်အဋ္ဌကထာ (မ၊ဋ္ဌ၊၄၊၂၂၇။) မှာ - ဒီဃသောမ မထေရ်မြတ်ကြီးအား ဆွမ်းသုံးကြိမ် လှူဒါန်းဖူးတဲ့ တံငါသည်တစ်ဦး နတ်ရွာသုဂတိသို့ ရောက်သွားတဲ့ ထုံးတစ်ခုကို ဖော်ပြထားပါတယ်။ ဒါပေမဲ့ သီလတည်းဟူသော မြေပေါ်မှာ ရပ်တည်ပြီး ကြဲချ စိုက်ပျိုးလိုက်တဲ့ ဒါနမျိုးစေ့နှင့် နှိုင်းယှဉ်လို့တော့ ဘယ်လိုမှ မရနိုင်ဘူး၊ လူတော့ ဖြစ်မယ်၊ ဒါပေမဲ့ အဆင့်အတန်း မြင့်မားတဲ့ လူတန်းစားတော့ မဖြစ်နိုင်ဘူးလို့ ဆိုလိုတယ်။

ခု -- ဒီနေရာမှာကတော့ သီလတည်းဟူသောမြေပေါ်မှာ ရပ်တည်ပြီးတော့ ကြဲချစိုက်ပျိုးလိုက်တဲ့ ဒါနကို မြတ်စွာဘုရားက ဟောနေပါတယ်၊ အကယ်၍ နတ်ပြည်နတ်လောက မရောက်ခဲ့ဘူးဆိုရင် ဘာဖြစ်မလဲ?

နော စေ ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇတိ၊ သစေ မနုဿတ္တံ အာဂစ္ဆတိ၊ ယတ္ထ ယတ္ထ ပစ္စာဇာယတိ၊ မဟာဘောဂေါ ဟောတိ။ မဟာဘောဂသံဝတ္တနိကာ ဧသာ မာဏဝ ပဋိပဒါ ယဒိဒံ ဒါတာ ဟောတိ သမဏဿ ဝါ ဗြာဟ္မဏဿ ဝါ အန္နံ ပါနံ ဝတ္ထံ ယာနံ မာလာဂန္ဓဝိလေပနံ သေယျာဝသထပဒီပေယျံ။ (မ၊၃၊၂၄၇။)

ဒီလို ဒါနဝတ္ထုအစုစုကို ပြုစုလှူဒါန်းနေတဲ့ သူတော်ကောင်းတစ်ဦးဟာ နတ်ပြည် နတ်လောကကို မရောက်ရှိဘူးပဲထား၊ အကယ်၍ လူ့ပြည်လူ့လောကကို ရောက်ရှိခဲ့လို့ရှိရင် ဘယ်အမျိုးအနွယ်မှာပဲ လူဖြစ်ဖြစ်, ဖြစ်လေရာဘဝမှာ မဟာဘောဂ များပြားသော စည်းစိမ်ဥစ္စာရှိတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်နိုင်တယ်၊ ဒီလို အလှူဒါနကျင့်ဝတ်ကို ပြည့်ပြည့်စုံစုံ ဆောက်တည်ခြင်းဆိုတဲ့ ကျင့်ဝတ်ပဋိပတ်သည် စည်းစိမ်ဥစ္စာကို ဖြစ်စေတတ်တဲ့ ကျင့်ဝတ်ပဋိပတ်တစ်ခု ဖြစ်တယ်လို့ မြတ်စွာဘုရားက သုဘလုလင်ကို အဖြေပေးတယ်။

ပဉ္စသီလသမာဒါနိယမထေရ်

ဒီနေရာမှာ ကိုယ်ကျင့်သီလ ဖြူစင်မြင့်မြတ်တဲ့ သူတော်ကောင်းတစ်ဦးက ပြုစုပျိုးထောင်လိုက်တဲ့ အနည်းငယ်သော ကောင်းမှုကုသိုလ်က ကြီးကျယ်ဖွံ့ဖြိုးများမြတ်သော အကျိုးတရားများကို ပေးစွမ်းနိုင်ပုံနှင့် ဆက်စပ်ပြီး ပဉ္စသီလသမာဒါနိယမထေရ် အကြောင်းကို နာကြားကြည့်ရအောင် -- အလွန် ကြည်ညိုဖွယ်ရာကောင်းတဲ့ မထေရ်မြတ်တစ်ပါး ဖြစ်ပါတယ်။

ဇာတိယာ ပဉ္စဝေဿန၊ အရဟတ္တမပါပုဏိံ။

ဥပသမ္ပာဒယိ ဗုဒ္ဓေါ၊ ဂုဏမညာယ စက္ခုမာ။ (အပဒါန၊၁၊၈၅။)

ဒီ အပဒါန်ပါဠိတော်မှာ လာရှိတဲ့အတိုင်း -- ငါးနှစ်သား အရွယ်မှာ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူခဲ့တဲ့ ထူးကဲတဲ့ သူတော်ကောင်းတစ်ဦး ဖြစ်ပါတယ်။ အရဟတ္တဖိုလ်ဆိုတဲ့ ဂုဏ်ကျေးဇူးကို ဘုရားရှင်က သိရှိတော်မူတဲ့အတွက် ငါးနှစ်သားအရွယ်မှာပဲ ရဟန်းပဉ္စင်းအဖြစ်ကို ခွင့်ပြုတော်မူခဲ့တဲ့ မထေရ်မြတ်တစ်ပါးလည်း ဖြစ်ပါတယ်။ သူ့ရဲ့ အတိတ်ပါရမီတွေကို နာကြည့်ရအောင် ...။

အောင်မြင်သော ပါရမီမျိုးစေ့တစ်ခု

အယမ္ပိ ပုရိမဗုဒ္ဓေသု ကတာဓိကာရော တတ္ထ တတ္ထ ဘဝေ ဝိဝဋ္ဋူပနိဿယာနိ ပုညာနိ ဥပစိနန္တော ...

စသည်ဖြင့် အပဒါန်အဋ္ဌကထာ ဒုတိယတွဲ စာမျက်နှာ (၄၀-၄၁)တို့မှာ သူဖြည့်ကျင့်ခဲ့တဲ့ ပါရမီတရားကောင်းတွေကို ရှင်းလင်းတင်ပြထားပါတယ်။

လွန်ခဲ့သော တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်က အနောမဒဿီ ဘုရားရှင် ပွင့်တော်မူခဲ့ပါတယ်။ အနောမဒဿီမြတ်စွာဘုရား မပွင့်မီ ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာတော်တွေမှာလည်း ပဉ္စသီလသမာဒါနိယမထေရ် အလောင်း အမျိုးကောင်းသားဟာ ထိုထိုဘဝတွေမှာ သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်းဖြစ်တဲ့ ကောင်းမှုကုသိုလ်တွေကို ဆည်းပူးစုဆောင်းခဲ့တယ်။ မဂ်ဖိုလ်နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်တဲ့ အဓိကာရ အမည်ရတဲ့ ဝိဇ္ဇာမျိုးစေ့ကောင်း စရဏမျိုးစေ့ကောင်းတွေကို ပြုစုပျိုးထောင်ခဲ့တယ်။ ဒီနေရာမှာ ဝိဇ္ဇာမျိုးစေ့ကောင်း စရဏမျိုးစေ့ကောင်း အကြောင်းအရာတွေကို ခပ်တိုတို ထပ်ပြီးပြောရဦးမယ်။ နိဗ္ဗာန်ကို အလိုရှိတဲ့ သူတော်ကောင်းတိုင်း ပြုစုပျိုးထောင်ရမည့် ပါရမီမျိုးစေ့ကောင်းတွေ ဖြစ်ကြတယ်။ ရှေးဦးစွာ ဝိဇ္ဇာမျိုးစေ့ အကြောင်းကို ပြောမယ်။

ဝိဇ္ဇာမျိုးစေ့ကောင်း

ဝိဇ္ဇာသုံးပါး, ဝိဇ္ဇာရှစ်ပါး -- ဆိုပြီး နှစ်မျိုးလာရှိပါတယ်။ ဝိဇ္ဇာ (၃)ပါးကို ဘယဘေဝရသုတ် (မ၊၁၊၂၆။) မှာ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ဟောကြားတော်မူခဲ့ပါတယ်။ ဝိဇ္ဇာ (၈)ပါးကို အမ္ဗဋ္ဌသုတ် (ဒီ၊၁၊၉၄။) မှာ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ဟောကြားထားတော်မူခဲ့ပါတယ်။ တရားနာပုဂ္ဂိုလ်တို့ရဲ့ အလိုအဇ္ဈာသယဓာတ်နှင့် လျော်ညီစွာ နှစ်မျိုးခွဲခြားပြီး ဘုရားရှင်က ဟောကြားတော်မူခြင်း ဖြစ်တယ်။

ဝိဇ္ဇာသုံးပါးဆိုတာက --- ပုဗ္ဗေနိဝါသာနုဿတိဉာဏ်, ဒိဗ္ဗစက္ခုဉာဏ်, အာသဝက္ခယဉာဏ် -- ဒီ ဉာဏ်သုံးပါးကို ခေါ်ဆိုတယ်။ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်ဆိုတာက - ရှေးရှေးဘဝတို့၌ ဖြစ်ခဲ့ဖူးတဲ့ ခန္ဓာအစဉ်ကို အစဉ်လျှောက်ပြီး အောက်မေ့သိမြင်တတ်တဲ့ ဉာဏ်ဖြစ်တယ်။ ဒိဗ္ဗစက္ခုဉာဏ်ဆိုတာက -- နတ်မျက်စိလိုပဲ အဝေးအနီးရှိသမျှ အလုံးစုံဖြစ်တဲ့ အဆင်းဟူသမျှကိုရော, တံတိုင်း-နံရံ-တော-တောင် စတဲ့ အရာဝတ္ထုတစ်ခုခုနှင့် ဖုံးကွယ်ထားတဲ့ အဆင်းတွေကိုရော, သိမ်မွေ့နူးညံ့တဲ့ အဆင်းတွေကိုရော - အဲဒီလို အဆင်းတွေကို လင်းလင်းထင်ထင် သိမြင်တဲ့ဉာဏ်ကို ခေါ်ဆိုတယ်။ အာသဝက္ခယဉာဏ်ဆိုတာကတော့ -- အာသဝေါတရားလေးပါးတို့ အကြွင်းမဲ့ ကုန်ရာကုန်ကြောင်းဖြစ်တဲ့ အရဟတ္တမဂ်ဉာဏ် အရဟတ္တဖိုလ်ဉာဏ်တွေကို ခေါ်ဆိုတယ်။

ဝိဇ္ဇာရှစ်ပါးဆိုတာက ခုပြောခဲ့တဲ့ ဉာဏ်သုံးပါးနှင့် တကွ ဝိပဿနာဉာဏ်, မနောမယိဒ္ဓိဉာဏ်, ဣဒ္ဓိဝိဓဉာဏ်, ဒိဗ္ဗသောတဉာဏ်, စေတောပရိယဉာဏ်တွေကို ခေါ်ဆိုပါတယ်။

ဒီဉာဏ်တွေထဲမှာ ဝိပဿနာဉာဏ်ဆိုတာက --- ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရတဲ့ အကြောင်းတရားနှင့်တကွသော ရုပ်နာမ်ဓမ္မသင်္ခါရတရားတို့ရဲ့ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တွေကို လင်းလင်းထင်ထင် သိမြင်တဲ့ဉာဏ်ကို ခေါ်ဆိုတယ်။

မနောမယိဒ္ဓိဉာဏ် ဆိုတာက --- ခန္ဓာကိုယ်တွင်း စျာန်စိတ်ကြောင့်ဖြစ်တဲ့ မိမိနှင့် ပုံတူ အခြားသော မနောမယကိုယ်ကို ဖြစ်စေနိုင်တဲ့ဉာဏ်ကို ခေါ်ဆိုတယ်။

ဣဒ္ဓိဝိဓဉာဏ်ကတော့ --- မြေလျှိုးမိုးပျံခြင်း စတဲ့ တန်ခိုးအမျိုးမျိုးကို ဖန်ဆင်းနိုင်တဲ့ ဉာဏ်ပဲ။ ဒိဗ္ဗသောတဉာဏ်ကတော့ - နတ်တွေရဲ့ နားလိုပဲ အဝေးအရပ်၌ တည်ရှိတဲ့ အသံ, တံတိုင်းနံရံစတဲ့ တစ်စုံတစ်ရာ ခြားကွယ်နေတဲ့ အသံ, သိမ်မွေ့နူးညံ့တဲ့ အသံ - အဲဒီလို အသံအမျိုးမျိုးကို ကြားနိုင်တဲ့ ဉာဏ်ပဲ။ စေတောပရိယဉာဏ်ကတော့ - သူတစ်ပါးရဲ့ စိတ်ဖြစ်ဟန်ကို သိတဲ့ ဉာဏ်ပဲ။ အားလုံးပေါင်းလိုက်တော့ ဝိဇ္ဇာ (၈)ပါးပဲ။

ဒီဝိဇ္ဇာ (၈)ပါးထဲမှာ သာဝကပါရမီဉာဏ်အရာမှာ အထူး လိုအပ်ချက်ကတော့ ဝိပဿနာဉာဏ်ဖြစ်ပါတယ်။ ခုပြောနေတဲ့ ပဉ္စသီလသမာဒါနိယမထေရ်ကို ကြည့်မယ်ဆိုရင် ---

ပဋိသမ္ဘိဒါ စတေဿာ၊ ဝိမောက္ခာပိ စ အဋ္ဌိမေ။

ဆဠဘိညာ သစ္ဆိကတာ၊ ကတံ ဗုဒ္ဓဿ သာသနံ။(အပဒါန၊၁၊၈၆။)

မထေရ်မြတ်ကိုယ်တိုင် ဟောကြားထားတော်မူတဲ့ အပဒါန်ပါဠိတော် အရ ဒီမထေရ်မြတ်ဟာ ---

၁။ ပဋိသမ္ဘိဒါဉာဏ် (၄)ပါး

၂။ ဝိမောက္ခတရား (၈)ပါး

၃။ အဘိညာဏ် (၆)ပါး --- တို့ကို

ရရှိတော်မူတဲ့ သူတော်ကောင်းတစ်ဦး ဖြစ်ပါတယ်။ ပဋိသမ္ဘိဒါဉာဏ်တွေကို ရရှိတဲ့ သူတော်ကောင်းတို့မှာ ပြည့်စုံရမည့် အင်္ဂါရပ်ငါးခုထဲမှာ ပုဗ္ဗယောဂ ခေါ်တဲ့ အင်္ဂါရပ်လည်း တစ်ခုပါဝင်ပါတယ်။ ရှေးပိုင်းက ရှင်းပြခဲ့တဲ့အတိုင်း ပုဗ္ဗယောဂဆိုတာ ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာတော်တွင်းမှာ သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းတွေကို စီးဖြန်းခဲ့ဖူးခြင်းကို ဆိုလိုပါတယ်။ (ဝိသုဒ္ဓိ၊၂၊၇၂။) ဒါကြောင့် ဒီပဉ္စသီလသမာဒါနိယမထေရ်အလောင်းဟာ ဂေါတမမြတ်စွာဘုရားရဲ့ သာသနာမတိုင်မီ ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာတွင်းမှာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းတွေကို သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင် အထက်တန်းကျကျ အားထုတ်ခဲ့ဖူးတယ်ဆိုတဲ့ အချက်ကိုတော့ အလေးအနက် မှတ်သားထားပါ။

တရားတော်၏ နက်နဲမှု

အနိစ္စာဒိဝသေန ဝိဝိဓေဟိ အာကာရေဟိ ဓမ္မေ ပဿတီတိ ဝိပဿနာ။ (အဘိ၊ဋ္ဌ၊၁၊၁၇၅။)

ဒုက္ခသစ္စာ အမည်ရတဲ့ အတိတ် အနာဂတ် ပစ္စုပ္ပန် စတဲ့ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ဥပါဒါနက္ခန္ဓာငါးပါး (= ရုပ်တရား နာမ်တရား) နှင့် သမုဒယသစ္စာ အမည်ရတဲ့ ယင်းရုပ်နာမ်တို့ရဲ့ အကြောင်းတရားဆိုတဲ့ သင်္ခါရတရားတွေကို ယင်းသင်္ခါရတရားတို့ရဲ့ ဖြစ်ပြီးပျက်နေတဲ့သဘော ပြိုပြိုပျက်ပျက်နေသည့်သဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အနိစ္စလို့ ရှုတယ်။ ဒီသင်္ခါရတရားတွေရဲ့ ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့်, အပျက်ဒဏ်ချက်ဖြင့် အမြဲမပြတ် အညှဉ်းပန်း အနှိပ်စက်ခံနေရတဲ့သဘောကို ဉာဏ်နှင့် မြင်အောင်ကြည့်ပြီး ဒုက္ခလို့ ရှုတယ်။ ဒီသင်္ခါရတရားတွေထဲမှာ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေတဲ့ အတ္တ မရှိမှုသဘောကို ဉာဏ်နှင့် မြင်အောင်ကြည့်ပြီး အနတ္တလို့ ရှုတယ်။ အဲဒီလို ဒီသင်္ခါရတရားတွေကို အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီး အမျိုးမျိုးသော အခြင်းအရာတို့ဖြင့် သိအောင်မြင်အောင် ရှုတတ်တဲ့ဉာဏ်ကို ဝိပဿနာဉာဏ်လို့ ခေါ်ဆိုတယ်။ (အဘိ၊ဋ္ဌ၊၁၊၁၇၅။)

ဘုရားရှင်ရဲ့ တရားတော်မှာ ရုပ် (၂၈)ပါး လာရှိပါတယ်။ ဒီရုပ်တရားတွေဟာ ရုပ်ကလာပ်လို့ ခေါ်ဆိုတဲ့ အမှုန်ကလေးတွေအနေနဲ့ ဖြစ်ကြတယ်။ ဒီရုပ်ကလာပ်အမှုန်ကလေးတွေဟာ အနုမြူမှုန်ထက် အဆပေါင်းများစွာ သေးငယ်ပါတယ်။ အဲဒီလောက် သေးငယ်နေတဲ့ ရုပ်ကလာပ်တစ်မှုန် တစ်မှုန်မှာ ပထဝီ-အာပေါ-တေဇော-ဝါယော-ဝဏ္ဏ-ဂန္ဓ-ရသ-ဩဇာ ဆိုပြီး အနည်းဆုံးအားဖြင့် သဘောတရား (၈)ခုစီ ရှိတတ်ကြတယ်။ တချို့ရုပ်ကလာပ်တွေကျတော့ ဇီဝိတနှင့်တကွ (၉)ခုအထိ ရှိတတ်ကြတယ်။ တချို့အမှုန်တွေကျတော့ အကြည်ဓာတ် = ပသာဒရုပ် သို့မဟုတ် ဟဒယရုပ် သို့မဟုတ် ဘာဝရုပ် တစ်မျိုးမျိုး ပါခဲ့ရင် သဘောတရား (၁၀)ခုအထိ ရှိတတ်ကြတယ်။

အဲဒီ ရုပ်ကလာပ်တစ်ခု တစ်ခုအတွင်းမှာ တည်ရှိတဲ့ ခုပြောခဲ့တဲ့ (၈)မျိုး (၉)မျိုး (၁၀)မျိုးသော သဘောတရားကလေးတွေကိုသာ ရုပ်လို့ ခေါ်ဆိုတယ်။ အဲဒီ ရုပ်တရားတွေကို သိတတ်တဲ့ဉာဏ်ကို ရူပပရိဂ္ဂဟဉာဏ် = ရူပပရိစ္ဆေဒဉာဏ်လို့ ခေါ်ဆိုတယ်။ ဒီရုပ်တရားတွေရဲ့ ကံ-စိတ်-ဥတု-အာဟာရ ဆိုတဲ့ ဆိုင်ရာဆိုင်ရာ အကြောင်းတရားတွေကို သိတတ်တဲ့ဉာဏ်ကို ပစ္စယပရိဂ္ဂဟဉာဏ်လို့ ခေါ်ဆိုတယ်။ ဒီရုပ်တရားတွေရဲ့ အနိစ္စ ဒုက္ခ အနတ္တအခြင်းအရာတွေကို ထိုးထွင်းသိတတ်တဲ့ ဉာဏ်ကို ဝိပဿနာဉာဏ်လို့ ခေါ်ဆိုတယ်။

နောက်တစ်ခု -- နာမ်လောကအကြောင်းကို ပြောဦးမယ်၊ နာမ်တရားတွေမှာ ဝီထိစိတ်နှင့် ဝီထိမုတ်စိတ် = ဝီထိမှ အလွတ်ဖြစ်သောစိတ် ဆိုပြီး နှစ်မျိုးရှိတယ်။ ဝီထိမုတ်စိတ်ကလည်း ပဋိသန္ဓေ ဘဝင် စုတိစိတ်ဆိုပြီး (၃)မျိုးရှိတယ်။ ဘဝတစ်ခုမှာ ခေါင်ဆုံးဖြစ်တဲ့စိတ်ကို ပဋိသန္ဓေစိတ်လို့ခေါ်တယ်။ ဘဝတစ်ခုမှာ နောက်ဆုံးဖြစ်သွားတဲ့စိတ်ကို စုတိစိတ်လို့ ခေါ်တယ်။ ပဋိသန္ဓေစိတ်ဆိုတာ ဘဝဟောင်းနှင့် ဘဝသစ်ကို ဘဝဟောင်းခန္ဓာနှင့် ဘဝသစ်ခန္ဓာကို ဆက်စပ်ပေးတဲ့စိတ်လို့ ဆိုလိုတယ်၊ စုတိစိတ်ဆိုတာကတော့ ဘဝတစ်ခုမှ ရွေ့လျောသွားတဲ့စိတ်လို့ ဆိုလိုတယ်။ အဲဒီပဋိသန္ဓေနှင့် စုတိစိတ်တို့ရဲ့အကြားမှာ ဝီထိစိတ်မဖြစ်ခဲ့ရင် ဘဝတစ်ခုဝယ် စိတ်အစဉ် မပြတ်စဲရေးအတွက် ဘဝဆက်လက်တည်တံ့ရေးအတွက် ဘဝရဲ့အကြောင်းတရားအဖြစ် ဆက်လက်ဖြစ်ပေါ်နေတဲ့စိတ်ကို ဘဝင်စိတ်လို့ ခေါ်ဆိုတယ်။ ဝီထိစိတ်ကတော့ --- စက္ခုဒွါရဝီထိစိတ်, သောတဒွါရဝီထိစိတ် စတဲ့ အဆင်း-အသံ-အနံ့-အရသာ-အတွေ့အထိ-ဓမ္မသဘော ဆိုတဲ့ အာရုံ (၆)ပါးကို ထိုက်သလို သိနေတဲ့စိတ် အစဉ် (၆)မျိုးပဲ။ ဒီဝီထိစိတ်အစဉ်တွေကလည်း စိတ်တို့ရဲ့ ကိန်းသေဧကန်မြဲတဲ့ ဓမ္မတာလမ်းကြောင်းဆိုတဲ့ စိတ္တနိယာမသဘောတရားအတိုင်း --- ရူပါရုံကို မြင်တဲ့အခါ --- ပဉ္စဒွါရာဝဇ္ဇန်း, စက္ခုဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, ဝုဋ္ဌော, ဇော (၇)ကြိမ်, တဒါရုံ (၂)ကြိမ် --- စသည်ဖြင့် ဖြစ်ပေါ်သွားကြတယ်။ အသံကို ကြားရာ စသည်တို့မှာလည်း -- ပုံစံတူပဲ။

အဲဒီလို စိတ္တနိယာမလမ်းကြောင်းအတိုင်း ဖြစ်ပေါ်သွားတဲ့ စိတ်တွေဟာ စေတသိက်တွေနှင့် အမြဲတမ်း ယှဉ်တွဲပြီးသာ ဖြစ်ကြတယ်။ စိတ်တစ်ခုတည်း စေတသိက်တစ်ခုတည်း ဖြစ်နိုင်တဲ့စွမ်းအား မရှိကြဘူး။ အနည်းဆုံး ပမာဏအားဖြင့် စက္ခုဝိညာဏ်-ဖဿ-ဝေဒနာ-သညာ-စေတနာ-ဧကဂ္ဂတာ-ဇီဝိတ-မနသိကာရဆိုပြီး စိတ်+စေတသိက်သဘောတရား (၈)ခု ပေါင်းစပ်မှ ဖြစ်ပေါ်နိုင်တဲ့စွမ်းအား ရှိတယ်။ ဒါကတော့ စက္ခုဝိညာဏ်စိတ္တက္ခဏတစ်ခုရဲ့ အခိုက်အတန့်ကို ရည်ညွှန်းပြီး ပြောတာပါ၊ ဇောတို့လို တချို့စိတ္တက္ခဏတွေမှာဆိုရင် ကုသိုလ်ဇောဖြစ်ခဲ့ရင် တစ်ခါတစ်ရံ စိတ်စေတသိက် (၃၄)လုံးအထိ ရှိတတ်ကြပါတယ်။

ဒီနာမ်တရားတွေကို ထိုးထွင်းသိတဲ့ဉာဏ်ကို နာမပရိစ္ဆေဒဉာဏ် = နာမပရိဂ္ဂဟဉာဏ်လို့ ခေါ်ဆိုတယ်။ ဒီနာမ်တရားတွေရဲ့ အတိတ်ဘဝထိုထို စတဲ့ ထိုထို ဘုံဘဝတွေမှာ ထူထောင်ထားတဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံစတဲ့ အကြောင်းတရား --- ဝတ္ထု အာရုံ ဖဿစတဲ့ အကြောင်းတရားတွေကို ထိုးထွင်းသိတတ်တဲ့ ဉာဏ်ကို ပစ္စယပရိဂ္ဂဟဉာဏ်လို့ ခေါ်တယ်။ အဲဒီအကြောင်းတရားနှင့် တကွ ဒီနာမ်တရားတွေရဲ့ အနိစ္စ ဒုက္ခ အနတ္တအချက်တွေကို ထိုးထွင်းသိတတ်တဲ့ဉာဏ်ကို ဝိပဿနာဉာဏ်လို့ခေါ်တယ်။

ခေတ္တရပ်နားကြည့်ပါ

ဒီနေရာမှာ တရားနာပရိသတ်တွေ ခေတ္တရပ်နားကြည့်ပါ။ ခုပြောခဲ့တဲ့ ဝိပဿနာဉာဏ်ဆိုတာ ဒီသာသနာတော်တွင်းမှာသာ ရနိုင်တဲ့ဉာဏ်မျိုး ဖြစ်တယ်။ ဘုန်းကြီးတို့သာသနာတော်ရဲ့ ပြင်ဘက်မှာ ဒီလို ဝိပဿနာဉာဏ်မျိုး ရနိုင်ဖို့ဆိုတာ အလွန်ခက်ခဲတဲ့သဘောရှိတယ်။ သူတော်ကောင်းတစ်ဦးဟာ ဘုရားရှင်ဟောကြားပြသ ဆိုဆုံးမထားတဲ့အတိုင်း သမထဝိပဿနာကျင့်စဉ်တွေကို စနစ်တကျကျင့်လို့ ဒီလို ဝိပဿနာဉာဏ်မျိုးတွေကို ရရှိတယ်ဆိုရင် ဒီလို အသိထူးဉာဏ်ထူးတွေကို အလွန်အဆင့်အတန်းမြင့်မားတဲ့ အသိဉာဏ်တွေလို့ မပြောနိုင်ဘူးလား? ပြောနိုင်ပါတယ်။ ဒီလို အဆင့်အတန်းမြင့်မားလှတဲ့ အသိဉာဏ်တွေကို ရရှိထားတဲ့ သူတော်ကောင်းတစ်ဦးကို ဒီဉာဏ်တွေက ဒီသူတော်ကောင်းကို သံသရာခရီးမဆုံးသေးလို့ ထင်ရှားရှိနေဦးမယ်ဆိုရင် သံသရာခရီး တစ်လျှောက်လုံးမှာ အသိထူး ဉာဏ်ထူးရှိတဲ့ သူတော်ကောင်းတစ်ဦးဖြစ်အောင် စွမ်းဆောင်ပေးပါတယ်။ ပဉ္စသီလသမာဒါနိယမထေရ် အကြောင်းကို နာကြားနေတဲ့ ခုလိုအချိန်မှာ ဒီအချက်ကိုတော့ သတိပြုထားပါ။

စရဏမျိုးစေ့ကောင်း

သီ-ဣန်-ဘော-ဇာ၊ သတ်-စတ္တာ၊ မှတ်ပါ စရဏ -----ဆိုတဲ့လင်္ကာ အတိုင်း -----

၁။ သီလသံဝရ

၂။ ဣန္ဒြိယေသု ဂုတ္တဒွါရတာ

၃။ ဘောဇနေ မတ္တညုတာ

၄။ ဇာဂရိယာနုယောဂ

၅-၁၁။ သူတော်ကောင်းတရား (၇)ပါး

၁၂-၁၅။ ရူပါဝစရစျာန် (၄)ပါး --

အားလုံးပေါင်းလိုက်တော့ စရဏတရား (၁၅)ပါးပဲ။

၁။ သီလသံဝရဆိုတာက --- ရဟန်းဖြစ်ရင် ရဟန်းသီလ, လူဖြစ်ရင် လူ့သီလကို စင်ကြယ်အောင် ထိန်းသိမ်းစောင့်ရှောက်ခြင်းပဲ။

၂။ ဣန္ဒြိယေသု ဂုတ္တဒွါရတာ --- ဆိုတာကတော့ မျက်စိ-နား-နှာ-လျှာ-ကိုယ်-စိတ် ဆိုတဲ့ ဣန္ဒြေခြောက်ပါး တံခါးခြောက်ပေါက်တို့မှာ အကုသိုလ်တရားတွေ မဝင်ရောက်နိုင်အောင် မဖြစ်ရအောင် သမထ ဝိပဿနာဆိုတဲ့ ကမ္မဋ္ဌာန်းအာရုံတစ်ခုခုထဲမှာ မိမိတို့ရဲ့စိတ်ကို အမြဲတမ်းသွတ်သွင်းထားခြင်းပဲ။ သတိနှင့် ထိန်းသိမ်းစောင့်ရှောက်ကာ လိပ်ခွံနဲ့တူတဲ့ ကမ္မဋ္ဌာန်းအာရုံထဲမှာ စိတ်ကို သွတ်သွင်းထားနိုင်ရင်တော့ မြေခွေးနှင့်တူတဲ့ ကိလေသာတွေဟာ ဝင်ရောက်ခွင့် မရနိုင်ဘူးလို့ သဠာယတနဝဂ္ဂ သံယုတ်ပါဠိတော် ကုမ္မောပမာသုတ္တန် (သံ၊၂၊၃၈၅။) မှာ မြတ်စွာဘုရား ဟောကြားထားတော်မူပါတယ်။

၃။ ဘောဇနေ မတ္တညုတာ --- ဘောဇဉ်မှာ အတိုင်းအရှည် ပမာဏကို သိရမယ်တဲ့ --- ဘယ်လိုသိရမှာလဲ? --- ခံယူတဲ့ အလှူခံတဲ့အပိုင်း, စားသုံးတဲ့ အပိုင်းဆိုတဲ့ နှစ်ပိုင်းလုံးမှာ အတိုင်းအရှည်ပမာဏကို သိဖို့ပဲ။

က။ အလှူရှင်ဒကာက သဒ္ဓါတရား အားကောင်းတယ်။ ဒါပေမဲ့ လှူဖွယ်ဝတ္ထုက နည်းနေရင်တော့ လှူဖွယ်ဝတ္ထုအင်အားကို ငဲ့ပြီးတော့ နည်းနည်းပဲ အလှူခံရတယ်။

ခ။ လှူဖွယ်ဝတ္ထုကတော့ များပါတယ်။ ဒါပေမဲ့ အလှူရှင်ဒကာက နည်းနည်းပဲလှူချင်တဲ့ သဒ္ဓါတရား ရှိတယ်ဆိုရင်လည်း ဒကာရဲ့ သဒ္ဓါတရားကို ငဲ့ပြီးတော့ နည်းနည်းပဲ အလှူခံရတယ်။

ဂ။ အလှူ့ဒကာကလည်း သဒ္ဓါတရား သိပ်အားကောင်းတယ်၊ များများပဲ လှူချင်တယ်, လှူဖွယ်ဝတ္ထုတွေကလည်း သိပ်များနေတယ်ဆိုရင် မိမိရဲ့ ပမာဏကို နှိုင်းချိန်ပြီးတော့ မိမိနှင့် မျှတရုံလောက်ကိုပဲ အလှူခံရတယ်။ ဒီသုံးမျိုးကတော့ အလှူခံတဲ့နေရာမှာ အလှူခံတဲ့အပိုင်းမှာ အတိုင်းအရှည်ကို သိခြင်းပဲ။

စားသုံးတဲ့ အခါမှာတော့ --- ဆွမ်းကို ပြီးခါနီးမှာ လေးလုတ် ငါးလုတ်လောက် လျော့ပြီးစားကာ ပစ္စဝေက္ခဏာဆင်ခြင်လျက် စားသုံးရမယ်။ ဒါကတော့ ဆွမ်းကိုသုံးဆောင်တဲ့အပို်င်းမှာ အတိုင်းအရှည်ကို သိခြင်းပဲ။

၄။ ဇာဂရိယာနုယောဂ --- နိုးကြားမှု (= နိုးချပ်မှု)နှင့် ယှဉ်ခြင်း = နိုးကြားမှု (= နိုးချပ်မှု)ကို အဖန်ဖန် အထပ်ထပ် အားထုတ်ခြင်း --- မအိပ်ဘဲ နေရုံမျှလောက်ကိုတော့ နိုးကြားမှု (= နိုးချပ်မှု)နှင့် ယှဉ်ခြင်းလို့တော့ မဆိုလိုဘူး။ ညဉ့်သုံးယာမ်မှာ တစ်ယာမ်လောက်သာ ကျိန်းစက်ပြီး (လေးနာရီလောက် ဆိုပါစို့ ---- အဲဒီလောက်သာ ကျိန်းစက်ပြီး) ကြွင်းကျန်တဲ့ နာရီနှစ်ဆယ်လောက်ကာလပတ်လုံး စင်္ကြံသွားခြင်း ထိုင်ခြင်းဖြင့် သမထဝိပဿနာဆိုတဲ့ ရဟန်းတရားတွေကို ပွားများအားထုတ်ခြင်းကို နိုးကြားမှုနှင့် (= နိုးချပ်မှု)နှင့် ယှဉ်ခြင်းလို့ ဆိုလိုတယ်။

၅-၁၁။ သ-သ-ဟိ-ဩ၊ စ္စ-ဝိ-ပေါ၊ မှတ်လော (၇) ဖြာ --- ဆိုတဲ့အတိုင်း သဒ္ဓါ, သတိ, ဟိရိ, ဩတ္တပ္ပ, ဗာဟုဿစ္စ, ဝီရိယ, ဝိပဿနာပညာ -- ဆိုတဲ့ သတ္တသဒ္ဓမ္မခေါ်တဲ့ သူတော်ကောင်းတရား (၇)ပါးပဲ။

သဒ္ဓါ ဆိုတာက ရတနာသုံးတန် ကံ-ကံ၏အကျိုးတရား စတဲ့ယုံကြည်သင့် ယုံကြည်ထိုက်တဲ့ သဒ္ဓေယျဝတ္ထုတို့အပေါ်၌ ယုံကြည်သက်ဝင်မှုကို ဆိုလိုတယ်။

သတိ ----- သတိဆိုတာကတော့ ရုပ်-နာမ် ကြောင်း-ကျိုး = သင်္ခါရတရားတွေကို အောက်မေ့အမှတ်ရခြင်း, ဒီသင်္ခါရတရားတွေရဲ့ အနိစ္စ ဒုက္ခ အနတ္တအခြင်းအရာတွေကို အောက်မေ့အမှတ်ရခြင်းသဘောကို ဆိုလိုတယ်။

ဟိရိက မကောင်းမှု အကုသိုလ်တရား ဒုစရိုက်တရားတို့မှ ရှက်ခြင်းသဘော, ဩတ္တပ္ပက မကောင်းမှု အကုသိုလ်တရား ဒုစရိုက်တွေမှ ကြောက်လန့်ခြင်းသဘောဖြစ်တယ်။ ပါရမီရှင်သူတော်ကောင်းတိုင်းမှာ ရှိရမည့်တရားတွေပဲဖြစ်ကြတယ်။

ဗာဟုဿစ္စဆိုတာကတော့ --- ဘုရားရှင်ရဲ့တရားတော်တွေမှာ လာရှိတဲ့ ရုပ်-နာမ် ကြောင်း-ကျိုး သင်္ခါရတွေကို အာဂမသုတခေါ်တဲ့ သင်သိ, အဓိဂမသုတခေါ်တဲ့ ကျင့်သိ ----- ဒီအသိနှစ်မျိုးဖြင့် သိခြင်းကို ဆိုလိုတယ်။

တထာရူပါဿ ဓမ္မာ ဗဟုဿုတာ ဟောန္တိ ဓာတာ ဝစသာ ပရိစိတာ မနသာနုပေက္ခိတာ ဒိဋ္ဌိယာ သုပ္ပဋိဝိဒ္ဓါ။ ဣဒံ ဝုစ္စတိ ဘိက္ခဝေ သုတဓနံ။ (အံ၊၂၊၃၉၉။)

အဿ = ထိုရဟန်းတော်သည်။ တထာရူပါ ဓမ္မာ = ထိုသို့ ဟောကြားထားအပ်ကုန်သော သင်္ခါရတရားတို့ကို။ ဗဟုဿုတာ = များသော ဗဟုသုတ အကြားအမြင်ရှိကုန်သည်။ ဟောန္တိ = ဖြစ်ကုန်၏။ ဓာတာ = နှုတ်ငုံဆောင်ထားအပ်ကုန်သည်။ ဝစသာ ပရိစိတာ = နှုတ်ဖြင့် အဖန်ဖန် အထပ်ထပ် လေ့ကျက်အပ်ပြီးကုန်သည်။ မနသာနုပေက္ခိတာ = စိတ်ဖြင့် အဖန်ဖန် အထပ်ထပ် ရှုပွားအပ်ပြီးကုန်သည်။ ဒိဋ္ဌိယာ သုပ္ပဋိဝိဒ္ဓါ = သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အပ်ပြီးကုန်သည်။ ဟောန္တိ = ဖြစ်ကြကုန်၏။ ဘိက္ခဝေ = ချစ်သားရဟန်းတို့ ...။ ဣဒံ = ဤသဘောတရားကို။ သုတဓနံ = သုတဓန (= သူတော်ကောင်းဥစ္စာ)ဟူ၍။ ဝုစ္စတိ = ခေါ်ဆိုအပ်ပေ၏။

ဘုရားရှင် ဟောကြားထားတော်မူတဲ့ တရားတွေကို အထူးသဖြင့် ဒုက္ခသစ္စာအမည်ရတဲ့ ဥပါဒါနက္ခန္ဓာငါးပါး = ရုပ်တရား နာမ်တရား, သမုဒယသစ္စာ အမည်ရတဲ့ အကြောင်းတရားတွေကို နှုတ်ငုံဆောင်ထားနိုင်တယ်။ အဖန်ဖန်အထပ်ထပ် အလွတ်ရအောင် လေ့ကျက်ထားတယ်။ ----- ဒါကတော့ သင်သိအဆင့်ပါ။ ဒါတွင်လား? မကသေးဘူး။ အဲဒီသင်္ခါရတရားတွေကို ကျင့်သိအနေနဲ့ သိအောင် စိတ်နှင့် အဖန်ဖန်အထပ်ထပ် ရှုတယ်။ ရှုတဲ့အတိုင်း သမ္မဒိဋ္ဌိဉာဏ်ပညာနှင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်တယ်။ ဒါကြောင့် အဋ္ဌကထာက - ဒိဋ္ဌိယာ သုပ္ပဋိဝိဒ္ဓါ - ဆိုတဲ့စကားလုံးကို ဒီလိုရှင်းပြထားတယ်။

ဒိဋ္ဌိယာ သုပ္ပဋိဝိဒ္ဓါတိ အတ္ထတော စ ကာရဏတော စ ပညာယသုဋ္ဌု ပဋိဝိဒ္ဓါ ပစ္စက္ခံ ကတာ။ (အံ၊ဋ္ဌ၊၂၊၃၆၄။)

ဒီအဋ္ဌကထာမှာလာရှိတဲ့ အတ္ထဆိုတာက ဒုက္ခသစ္စာ အမည်ရတဲ့ ဥပါဒါနက္ခန္ဓာငါးပါးကို ဆိုလိုပါတယ်။ ကာရဏ ဆိုတာကတော့ သမုဒယသစ္စာ အမည်ရတဲ့ အကြောင်းတရားတွေကို ဆိုလိုတယ်။ ဒီဒုက္ခသစ္စာ သမုဒယသစ္စာဆိုတဲ့ သင်္ခါရတရားတွေကို သင်သိ ကျင့်သိ --- ဒီအသိနှစ်မျိုးဖြင့် သိရင် ဗာဟုဿစ္စဆိုတဲ့ သူတော်ကောင်းတရားနှင့် ပြည့်စုံပြီ။

ဝီရိယဆိုတာကတော့ သမထဝိပဿနာဆိုတဲ့ ကုသိုလ်တရားတို့၌ တာဝန်မဲ့ မနေဘဲ စွမ်းစွမ်းတမံ အပြင်းအထန်ကြိုးစားအားထုတ်မှုကို ဆိုလိုတယ်။ ဦးတည်ချက်ကတော့ --- မဖြစ်ပေါ်သေးတဲ့ အကုသိုလ်တရားတွေကို မဖြစ်အောင်, ဖြစ်ပေါ်ပြီးတဲ့ အကုသိုလ်တွေကို ပယ်နိုင်အောင်, မဖြစ်ပေါ်သေးတဲ့ ကုသိုလ်တွေကို ဖြစ်ပေါ်လာအောင်, ဖြစ်ပေါ်ပြီးတဲ့ ကုသိုလ်တရားတွေကို အရဟတ္တမဂ်ဆိုက်သည်အထိ တိုးပွားလာအောင် ကြိုးစားအားထုတ်ခြင်းပဲ ဖြစ်တယ်။ ဝိပဿနာပညာဆိုတာကတော့ လောဘထုအစိုင်အခဲ ဒေါသထုအစိုင်အခဲ မောဟထုအစိုင်အခဲစတဲ့ ကိလေသာထု အစိုင်အခဲတွေကို ဖြိုခွဲဖျက်ဆီးနိုင်တဲ့ စွမ်းအားရှိတဲ့ ဝိပဿနာဉာဏ်ပညာတွေကို ဆိုလိုပါတယ်။

၁၂-၁၅။ စတုက္ကနည်းအားဖြင့် -- ပထမစျာန် ဒုတိယစျာန် တတိယစျာန် စတုတ္ထစျာန်ဆိုတဲ့ ရူပါဝစရစျာန်လေးပါး ---

အားလုံးပေါင်းလိုက်တော့ စရဏတရား (၁၅)ပါးဖြစ်တယ်။

ခုပြောခဲ့တဲ့ ဝိဇ္ဇာနှင့် စရဏ ခွဲထားသတ်မှတ်ချက်ကိုကြည့်ရင် ဝိပဿနာဉာဏ်တွေဟာ ဝိဇ္ဇာနှင့် စရဏ နှစ်ဘက်လုံးမှာပဲ ပါဝင်နေတာကို တွေ့နိုင်ပါတယ်။

ဝိဇ္ဇာမျိုးစေ့ - စရဏမျိုးစေ့ နှစ်ဘက်ရတရား

တစ်ခါတစ်ရံမှာ ----- စျာန်ရ တိဟိတ်ပုထုဇန်ဖြစ်တဲ့ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းနေဆဲပုဂ္ဂိုလ်နှင့် စျာန်ကို ရရှိထားပြီးတဲ့ သောတာပန် သကဒါဂါမ် အနာဂါမ်သူတော်ကောင်းတွေဟာ သေသည်၏အခြားမဲ့၌ ဗြဟ္မာ့ပြည်ကို ရောက်ရှိသွားတတ်ကြပါတယ်။ အဲဒီလို ဗြဟ္မာ့ပြည်သို့ ရောက်ရှိသွားကြတယ်ဆိုတာ သူတို့ရရှိထားတဲ့ စျာန်တို့ရဲ့ စွမ်းအင်ကြောင့် စျာန်နှင့် လျော်ညီစွာ ရောက်ရှိသွားကြခြင်း ဖြစ်တယ်၊ စျာန်တွေက ပဋိသန္ဓေအကျိုးကို ပေးကြခြင်း ဖြစ်တယ်။ အဲဒီအခါမျိုးမှာ သူတို့ရဲ့ ဝိပဿနာဉာဏ်တွေက ပဋိသန္ဓေအကျိုးကို မပေးနိုင်ကြပါဘူး။

စျာနလာဘီနံ ပန အနာဂါမိဿ စ ဗြဟ္မလောကေယေဝ ပဋိသန္ဓာနတော ပစ္စယော န ဟောတိ။ (ပဋိသံ၊ဋ္ဌ၊၁၊၂၅၀။)

ဒီလို ဝိပဿနာဉာဏ်တွေက ပဋိသန္ဓေအကျိုးကို မပေးခဲ့ရင် ဒီလို ပဋိသန္ဓေအကျိုးကို မပေးတဲ့ ဝိပဿနာဉာဏ်တွေဟာ ဝိဇ္ဇာမျိုးစေ့ထဲမှာပဲ အကျုံးဝင်ပါတယ်၊ နိဗ္ဗာန်ကို ရရှိခြင်းရဲ့ အကြောင်းအထောက်အပံ့ကောင်း သက်သက်သာ ဖြစ်ပါတယ်။ နောက်တစ်ခု - စရဏမျိုးစေ့ဖြစ်တဲ့ ဝိပဿနာအကြောင်း ပြောကြရအောင် ...။

နိဒါနဝဂ္ဂသံယုတ်ပါဠိတော် စေတနာသုတ္တန်မှာ (သံ၊၁၊၂၉၅။) ----

နော စေ ဘိက္ခဝေ စေတေတိ၊ နော စေ ပကပ္ပေတိ၊ အထ စေ အနုသေတိ ...

စသည်ဖြင့် အနုသယဓာတ် ထင်ရှားရှိခြင်းတည်းဟူသော အကြောင်းကြောင့် ဝိပဿနာကံတွေကလည်း ပဋိသန္ဓေအကျိုးကို ပေးနိုင်ကြောင်းကို ဟောကြားထားတော်မူပါတယ်။

ပုဗ္ဗဘာဂေ ဘဝနိဗ္ဗတ္တကကုသလာကုသလာယူဟနံ, ပကပ္ပနဉ္စ ဝိနာပိ ဘဝေသု ဒိဋ္ဌာဒီနဝဿ ယောဂိနော အနုသယပစ္စယာ ဝိပဿနာစေတနာပိ ပဋိသန္ဓိဇနကာ ဟောတိ။ (သံ၊ဋီ၊၂၊၈၃။)

အနုသယေ သတိ ကမ္မဝိညာဏဿ ဥပ္ပတ္တိယာ အဝါရိတတ္တာ ဧတံ အနုသယဇာတံ ပစ္စယောဝ ဟောတိ။ (သံ၊ဋ္ဌ၊၂၊၆၆။)

ဒီ အဋ္ဌကထာ ဋီကာတို့ ဖွင့်ဆိုထားတဲ့အတိုင်း အနုသယဓာတ် ထင်ရှားရှိနေတဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်၌ ဘဝသစ်ကို ဖြစ်စေနို်င်တဲ့ စွမ်းအားရှိတဲ့ ကမ္မဝိညာဏ်ရဲ့ ဖြစ်မှုကို ဘယ်လိုမှ တားမြစ်လို့ မရနိုင်ဘူး။

ယောဂီပုဂ္ဂိုလ်တစ်ဦးက (၃၁)ဘုံအတွင်းမှာရှိတဲ့ အကြောင်းတရားနှင့် တကွသော ဒုက္ခသစ္စာ သမုဒယသစ္စာအမည်ရတဲ့ သင်္ခါရတရားတွေကို အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးသုံးတန် တင်ကာ တွင်တွင်ကြီး ဝိပဿနာရှုနိုင်တဲ့အတွက် ဘဝတွေရဲ့အပြစ်ကို ကောင်းကောင်းကြီး ဉာဏ်နှင့် မြင်နေပြီ၊ သင်္ခါရုပေက္ခာဉာဏ်သို့ ဆိုက်အောင်ပင် ဝိပဿနာဘာဝနာကို စီးဖြန်းနိုင်ပြီ။ ဒါပေမဲ့ - ဒီသင်္ခါရုပေက္ခဉာဏ်ကဲ့သို့သော ဝိပဿနာဉာဏ်တွေကို သူက နှစ်သက်မြတ်နိုးနေပြန်တယ်။ ဒီလို ဝိပဿနာဉာဏ်ကို နှစ်သက်မြတ်နိုးမှု အဘိနန္ဒနကိလေသာဟာ သင်္ခါရုပေက္ခာဉာဏ်ကဲ့သို့သော ဝိပဿနာဉာဏ်က ကာမာဝစရသုဂတိပဋိသန္ဓေကဲ့သို့သော ပဋိသန္ဓေအကျိုးကို ပေးဖို့ရန်အတွက် အားပေးထောက်ပံ့တတ်တဲ့ အကြောင်းတရား ဖြစ်နေတယ်။ ဒီလို ဝိပဿနာကို နှစ်သက်မြတ်နိုးမှုဆိုတဲ့ အထောက်အပံ့ကို ရရှိတဲ့ သင်္ခါရုပေက္ခာဉာဏ်ကဲ့သို့သော ဝိပဿနာဉာဏ်နှင့် ယှဉ်တွဲနေတဲ့ ဝိပဿနာစေတနာကလည်း ကာမသုဂတိပဋိသန္ဓေအကျိုးကို ပေးစွမ်းနိုင်တဲ့စွမ်းအား ရှိလာပြန်တယ်။ (ပဋိသံ၊ဋ္ဌ၊၁၊၂၅၀။)

ဝိပဿနာဉာဏ်က တစ်ခါတစ်ရံ ဒီလို ပဋိသန္ဓေအကျိုးကို ပေးတတ်တဲ့ သဘော ရှိတယ်။ ဒီယောဂီပုဂ္ဂိုလ်က ဝိပဿနာကို စီးဖြန်းနေတဲ့အခါမှာ ဘဝတစ်ခုခုကို ရည်ရွယ်မှန်းထားပြီး လိုလားတောင့်တကာ စီးဖြန်းနေတာတော့ မဟုတ်ပါဘူး၊ နိဗ္ဗာန်ကိုသာ ရည်မျှော်ပြီးတော့ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းနေခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ နိဗ္ဗာန်သို့ မဆိုက်ရောက်မီ တစ်နည်းပြောရရင်တော့ ပရိနိဗ္ဗာန်မဝင်စံမီ ဝိပဿနာဘာဝနာကို စီးဖြန်းရင်း ဝိပဿနာဉာဏ်အပေါ်၌ နှစ်သက်မြတ်နိုးမှု ဖြစ်ခြင်းသာ ဖြစ်ပါတယ်။ ဒီဝိပဿနာဉာဏ်ကို နှစ်သက်မြတ်နိုးမှု ဆိုတဲ့ အဘိနန္ဒနကိလေသာရဲ့ အထောက်အပံ့ကို ရရှိတဲ့အတွက် ဝိပဿနာဉာဏ်က ကာမသုဂတိပဋိသန္ဓေအကျိုးကို ပေးခြင်း ဖြစ်ပါတယ်။ ဒီလို ဝိပဿနာဉာဏ်တွေက ပဋိသန္ဓေအကျိုးကို ပေးခဲ့ရင် အဲဒီ ပဋိသန္ဓေအကျိုးကိုပေးတဲ့ ဝိပဿနာဉာဏ်တွေဟာ စရဏမျိုးစေ့ထဲမှာ အကျုံးဝင်သွားပါတယ်။

ဒါကြောင့် ဝိပဿနာဉာဏ်တွေဟာ ဝိဇ္ဇာမျိုးစေ့ စရဏမျိုးစေ့ နှစ်ဘက်လုံး၌ ပါဝင်နေခြင်း ဖြစ်တယ်။

ဒီဝိဇ္ဇာမျိုးစေ့ကောင်း စရဏမျိုးစေ့ကောင်းတွေကို အဓိကာရကောင်းမှု ကုသိုလ်လို့ ခေါ်ပါတယ်။ ပဉ္စသီလသမာဒါနိယမထေရ်အလောင်းလျာဖြစ်တဲ့ သူတော်ကောင်းဟာ ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာတော်တွေမှာ ဒီဝိဇ္ဇာမျိုးစေ့ကောင်း စရဏမျိုးစေ့ကောင်းဆိုတဲ့ အဓိကာရကောင်းမှုကုသိုလ် ပါရမီမျိုးစေ့ကောင်းတွေကို ဆည်းပူးရှာမှီးခဲ့ပါတယ်၊ ပဋိသမ္ဘိဒါဉာဏ်တွေကို ရရှိမည့်သူတော်ကောင်း ဖြစ်တဲ့အတွက် သင်္ခါရုပေက္ခာဉာဏ်အထိ ဝိပဿနာဘာဝနာတွေကို အားထုတ်ခဲ့ဖူးတယ်ဆိုတဲ့အချက်ကိုတော့ မမေ့ပါနဲ့။ (ဝိသုဒ္ဓိ၊၂၊၇၂။)

စရဏမျိုးစေ့ကောင်းတွေက လက်ခြေနှင့်တူတယ်။ ဝိဇ္ဇာမျိုးစေ့ကောင်းတွေက မျက်စိနှင့်တူတယ်။ လက်ခြေရှိတဲ့သူဟာ လိုရာအရပ်ကို သွားနိုင်တယ်၊ မျက်စိရှိတဲ့သူဟာ အရာဝတ္ထုအမျိုးမျိုး အရောင်အဆင်းအမျိုးမျိုးကို မြင်နိုင်တယ်၊ အလားတူပဲ -- စရဏမျိုးစေ့ကောင်းတွေက သတ္တဝါတစ်ဦးကို အလိုရှိရာ အထက်တန်းကျတဲ့ ဘုံဘဝတွေကို ရောက်အောင် ပို့ဆောင်ပေးတယ်။ ဝိဇ္ဇာမျိုးစေ့တွေက အဲဒီဘဝတွေမှာ အထက်တန်းကျတဲ့ ပညာမျက်စိအမြင်ကို ဖြစ်စေတယ်။

ဒါနကျင့်စဉ်ဟာလည်း သူတော်ကောင်းတို့ရဲ့ အလေ့အကျင့်ဖြစ်လို့ သီလဆိုတဲ့ စရဏမျိုးစေ့ထဲမှာပဲ အကျုံးဝင်နေတယ်လို့မှတ်ပါ။ နောက်တစ်ခုကတော့ --- သင်္ခါရုပေက္ခာဉာဏ်ကဲ့သို့သော ဝိပဿနာဉာဏ်တွေကလည်း ရံခါသံသရာခရီး မဆုံးသေးတဲ့ သတ္တဝါရဲ့ ပဋိသန္ဓေအကျိုးကို ပေးနိုင်ကြောင်းကို ပဋိသမ္ဘိဒါမဂ္ဂပါဠိတော် (ပဋိသံ-၆၀။) မှာ ဟောကြားထားတော်မူပါတယ်။ ဒါကြောင့် ဝိပဿနာဉာဏ်တွေဟာ ဝိဇ္ဇာမျိုးစေ့ စရဏမျိုးစေ့ နှစ်မျိုးစလုံး၌ ပါဝင်နေခြင်း ဖြစ်တယ်။

ခု ဟောနေတဲ့ ပဉ္စသီလသမာဒါနိယမထေရ်ရဲ့ အလောင်းအလျာ ဟာလည်း အနောမဒဿီမြတ်စွာဘုရား မပွင့်မီ ရှေးရှေး ဘုရားရှင်တို့ရဲ့ သာသနာတော်တွင်းမှာကတည်းက ပဋိသမ္ဘိဒါဉာဏ်တို့ အထွတ်တပ်ထားတဲ့ အရဟတ္တဖိုလ်နိဗ္ဗာန်ကို ရည်မျှော်မှန်း၍ ဝိဇ္ဇာမျိုးစေ့ကောင်း စရဏမျိုးစေ့ ကောင်းလို့ ခေါ်ဆိုအပ်တဲ့ အဓိကာရ ကောင်းမှုကုသိုလ်တွေကို ဖြည့်ကျင့် ဆည်းပူးခဲ့ပါတယ်။ သို့သော်လည်း ကံမကောင်း အကြောင်းမလှလေတော့ သူဆင်းရဲဘဝသို့ရောက်အောင် ပြုစုပျိုးထောင်ခဲ့တဲ့ မကောင်းမှုအကုသိုလ်က ဝင်ရောက်ပြီး အားပေးထောက်ပံ့လိုက်တဲ့အခါ အနောမဒဿီမြတ်စွာဘုရား ပွင့်ထွန်းတော်မူတဲ့အချိန်မှာ သူဆင်းရဲအမျိုးမှာ လူလာဖြစ်ရပြန်တယ်၊ အစာအာဟာရ အလွန်ရှားပါးတဲ့သူတစ်ယောက် ဖြစ်ရတယ်၊ သူတစ်ပါးတို့ ထံမှာ သူရင်းငှား လုပ်ပြီး အသက်မွေးရတယ်၊ သံသရာ၌ ငြီးငွေ့ဖွယ်ရာ အပြစ်တွေကို သိမြင်တဲ့အတွက် သာသနာဘောင်သို့ ဝင်ရောက်ကာ ရှင် ရဟန်း ပြုလိုသော်လည်း သူတစ်ပါးတို့ရဲ့ လုပ်ငန်းတာဝန်တွေမှာ အမြဲတမ်း ကြိုးပမ်းနေရတဲ့အတွက် ရှင်ရဟန်းပြုခွင့်မရ ဖြစ်ခဲ့ရတယ်။

သူရဲ့စဉ်းစားခန်း

မဟန္ဓကာရပိဟိတာ၊ တိဝိဓဂ္ဂီဟိ ဍယှရေ။

ကေန နုခေါ ဥပါယေန၊ ဝိသံယုတ္တော ဘဝေ အဟံ။

ဒေယျဓမ္မော စ မေ နတ္ထိ၊ ဝရာကော ဘတကော အဟံ။

ယံနူနာဟံ ပဉ္စသီလံ၊ ရက္ခေယျံ ပရိပူရယံ။ (အပဒါန၊၁၊၈၅။)

မေ = ငါ့အား။ မဟန္ဓကာရပိဟိတာ = ကြီးမားသော ကိလေသာ အမိုက်တိုက်တို့က ပိတ်ဆို့ကာဆီး၍ထားအပ်ပါကုန်၏။ တိဝိဓဂ္ဂီဟိ = ငရဲမီး ပြိတ္တာမီး သံသရာမီးဆိုတဲ့ သုံးမျိုးသော မီးတို့သည်။ ဍယှရေ = တဟုန်းဟုန်း တောက်လောင်၍ နေကြပါကုန်၏။ အဟံ = ငါသည်။ ကေန နု ခေါ ဥပါယေန = အဘယ်မည်သော အကြောင်းဥပါယ်တံမျဉ်ဖြင့်။ ဝိသံယုတ္တော = ကွေကွင်းရသည် လွတ်မြောက်ရသည်။ ဘဝေ = ဖြစ်ရပါအံ့နည်း။

ငါ့ကို ကြီးမားတဲ့ ကိလေသာအမိုက်တိုက်တို့က ပိတ်ဆို့ကာဆီးပြီးထား တယ်၊ သာသနာတော်သို့ဝင်ရောက်ကာ ရှင်ရဟန်းပြုလို့မရအောင် သံသရာ ဝဋ်ကရုန်းထွက်လို့မရအောင် ပိတ်ဆို့ကာဆီးပြီးတော့ထားတယ်။ ငရဲမီး ပြိတ္တာ မီး သံသရာမီး --- ဆိုတဲ့ မီးသုံးမျိုးတို့ကလည်း လောင်မြိုက်နေတယ်။ ငါဟာ ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းဖြင့် ဒီဝဋ်ဆင်းရဲဒုက္ခနှင့် ကွေကွင်း ခွဲခွာရ ပါ့မလဲ? ဒီလို သူက စဉ်းစားတယ်။ နောက်ထပ်လည်း စဉ်းစားပြန်တယ် -

မေ = ငါ့အား။ ဒေယျဓမ္မော စ = လှူဖွယ်ဝတ္ထုသည်လည်း။ နတ္ထိ = မရှိပေ။ အဟံ = ငါသည်။ ဝရာကော = ဆင်းရဲနွမ်းပါးလှသော။ ဘတကော = သူရင်းငှားသည်။ အမှိ = ဖြစ်ရပေ၏။ အဟံ = ငါသည်။ ပဉ္စသီလံ = ပဉ္စသီလကို။ သမာဒိယိတွာ = ဆောက်တည်၍။ ပရိပူရယံ - ပရိပူရေန္တော = ဖြည့်ကျင့်လျက်။ ရက္ခေယျံ = ထိန်းသိမ်းစောင့်ရှောက်ရပါမူကား။ ယံနူန = ကောင်းလေစွ။ --

ငါ့မှာ သူများလို အလှူဒါနပြုလောက်အောင် လှူဖွယ်ဝတ္ထုဆိုတာက လည်း မရှိဘူး။ ငါဟာ ဆင်းရဲနွမ်းပါးတဲ့ သူရင်းငှားတစ်ဦးသာ ဖြစ်တယ်။ သူတစ်ပါးကို မှီခိုခယပြီး အသက်မွေးရတဲ့ လူသားတစ်ဦးသာဖြစ်တယ်။ ငါဟာ ငါးပါးသီလ ဆောက်တည်ပြီး ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်ကာ ထိန်းသိမ်းစောင့် ရှောက်ရရင်တော့ သိပ်ကောင်းမှာပဲ --- ဒီလို သူက စဉ်းစားခဲ့တယ်။

သူရဲ့ ခုလို စဉ်းစားပုံတွေကို ကြည့်ရင်တော့ သူဟာ ပါရမီ တော်တော် ကလေးတော့ ရင့်ညောင်းလာပြီလို့ ခန့်မှန်းလို့ရပါတယ်။ ဒီလို စဉ်းစားပြီး တော့ အနောမဒဿီ မြတ်စွာဘုရားရဲ့ လက်ျာရံတပည့်ကြီး အရှင်နိသဘ မထေရ်မြတ်ထံသို့ သွားရောက်ကာ ငါးပါးသီလကို ခံယူဆောက်တည်လိုက်ပါ တယ်။ ထိုအချိန်အခါဟာ လူတို့ရဲ့သက်တမ်း အနှစ်တစ်သိန်းတမ်း ဖြစ်တယ်။ အနှစ်တစ်သိန်းတို့ ကာလပတ်လုံး ဆောက်တည်ထားတဲ့ သူရဲ့ သီလတွေကို မကျိုးမပေါက် မပြောက်မကျားအောင် ထိန်းသိမ်းစောင့်ရှောက်ခဲ့ပါတယ်။

ရှေးရှေး ဘုရားရှင်တို့ရဲ့ သာသနာတော်တွင်းမှာထဲက ဝိဇ္ဇာမျိုးစေ့ ကောင်း စရဏမျိုးစေ့ကောင်းဆိုတဲ့ အဓိကာရကောင်းမှုတွေကို ဖြည့်ကျင့် ဆည်းပူးခဲ့တဲ့ သူတော်ကောင်းဖြစ်ခြင်းကြောင့် အနောမဒဿီဘုရားရှင်ရဲ့ သာသနာတော်တွင်းမှာ သီလကို ေ့ရှတန်းတင်ကာ ပါရမီတွေကို ဖြည့်ကျင့် ခဲ့တာမှန်ပေမဲ့ ရေတစ်ခွက်သော်လည်း မလှူဖူးဘူး, ဆွမ်းတစ်ဇွန်းသော်လည်း မလောင်းလှူဖူးဘူး, တရားတော်ကိုသော်လည်း တစ်ကြိမ်တစ်ခါမျှ မနာ ယူဖူးဘူး, တရားဘာဝနာကိုသော်လည်း လုံးလုံးအားမထုတ်ဖူးဘူး -- စတဲ့ အချက်တွေကတော့ မဖြစ်နိုင်တဲ့ သဘောတော့ ရှိပါတယ်။ ရေတစ်ခွက် လောက်သော်လည်း လှူဖူးကောင်း လှူဖူးနိုင်တယ်၊ ဆွမ်းတစ်ဇွန်းလောက် သော်လည်း လှူဖူးကောင်း လှူဖူးနိုင်တယ်၊ ပန်းတစ်ပွင့်လောက်သော်လည်း လှူဖူးကောင်း လှူဖူးနိုင်တယ်၊ စွမ်းအားရှိသလောက် တရားနာယူခြင်း သမထ ဝိပဿနာတရားတွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခြင်းဆိုတဲ့ သဘောတရားတွေဟာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်၊ ဒီလောက် သီလကို ဖြူစင်အောင် နှစ်ပေါင်းတစ်သိန်းလောက် ထိန်းသိမ်းစောင့်ရှောက်နေတဲ့ သူတော်ကောင်းတစ်ဦးအဖို့ ဒီလို ကုသိုလ်မျိုးတွေကို ပြုစုပျိုးထောင်ဖို့ရန် အခွင့်အရေးကား ရနိုင်တဲ့သဘောတော့ ရှိကောင်းရှိနိုင်ပါတယ်။

သီလတည်းဟူသော မြေပေါ်မှာရပ်တည်ပြီး ကြဲချစိုက်ပျိုးလိုက်တဲ့ ဒါန ကုသိုလ် သမထဝိပဿနာကုသိုလ်တွေဟာ အနည်းငယ်ပင် ဖြစ်ချင်ဖြစ်ပါ စေ၊ ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့အကျိုးကို ပေးနိုင်တဲ့စွမ်းအား ရှိပါတယ်။

သေခါနီးကာလသို့ ဆိုက်ရောက်လာပြီ။ ဒီအခါမှာ မိမိရဲ့သီလတွေကို ပြန်ပြောင်းပြီး ဆင်ခြင်လိုက်တဲ့အခါ အနှစ်တစ်သိန်းတို့ကာလပတ်လုံး ကျိုးမှု ပေါက်မှု ပြောက်မှု ကြားမှုမရှိဘဲ ဖြူဖြူစင်စင် ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်နိုင်ခဲ့ တာကို တွေ့မြင်ရတဲ့အခါ အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်နေတယ်။ ဒါဟာ သိပ်အရေးကြီးပါတယ်။ သေခါနီးကာလဆိုတာက နှလုံးသွင်း တစ်ချက်မှား သွားရင် လမ်းလွဲသွားနိုင်တဲ့ အချိန်မျိုးဖြစ်ပါတယ်။ ဒီလို သေခါနီးကာလမှာ မိမိသီလကို ပြန်ဆင်ခြင်လိုက်လို့ မိမိရဲ့သီလတွေဟာ ဖြူစင်မှုမရှိတာကို တွေ့ ရရင် စိတ်ချမ်းသာမှုဖြစ်ဖို့ရန် အလွန်ခဲယဉ်းတဲ့သဘောရှိပါတယ်။ ဒီအချက် ကလေးတွေဟာ တရားနာပရိသတ်တွေ သတိပြုသင့်တဲ့ အချက်ကလေးတွေ ပဲ။

အလွန်ရနိုင်ခဲသော အကျိုးထူး

ဒီသူတော်ကောင်းဟာ ကွယ်လွန်ပြီးနောက် နတ်ပြည်သို့ ရောက်ရှိသွား တယ်။ ဒီသီလကုသိုလ်တို့ရဲ့ စွမ်းအားကြောင့် -- လူမင်းစည်းစိမ်, နတ်မင်း စည်းစိမ်, စကြဝတေးမင်းစည်းစိမ်တွေ အကြိမ်များစွာ ခံစားခဲ့ရတယ်။ အနောမဒဿီမြတ်စွာဘုရားရှင်ရဲ့ သာသနာတော်မှသည် ဂေါတမဘုရားရှင် ရဲ့ သာသနာတော်သို့တိုင်အောင် တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်းတို့ကာလ ပတ်လုံး အပါယ်လေးဘုံသို့ တစ်ကြိမ်တစ်ခါမျှ မလားမရောက်ခဲ့ရဘူး။ ဒီ လောက် အချိန်ကြာမြင့်စွာ အပါယ်လေးပါးမှ လွတ်မြောက်မှုဆိုတဲ့ အခွင့် အရေးဟာ သံသရာတစ်ခွင်မှာ ကျင်လည်ရစဉ် အလွန်ရနိုင်ခဲတဲ့ အခွင့်အရေး တစ်ခုသာ ဖြစ်ပါတယ်။

အကျိုးထူး (၃) ရပ်

ဒီလို သံသရာတစ်ခွင် ကျင်လည်ရစဉ်မှာ သူ့မှာ ဘဝတိုင်း ဘဝတိုင်းမှာ ထူးခြားတဲ့ အကျိုးတရား (၃)မျိုးကို သူရရှိတယ်။ ဘာအကျိုးတွေလဲ? -----

ဒီဃာယုကော မဟာဘောဂေါ, တိက္ခပညော ဘဝါမဟံ။ (အပဒါန၊၁၊၈၆။)

၁။ ဒီဃာယုက = အသက်ရှည်ခြင်း,

၂။ မဟာဘောဂ = စည်းစိမ်ဥစ္စာများပြားခြင်း,

၃။ တိက္ခပည = ထက်မြက်သောဉာဏ်ပညာရှိခြင်း --

ဒီအကျိုးတရား (၃)မျိုးကို ဘဝတိုင်းမှာ သူရရှိတယ်။ သီလတွေကို ဖြူစင် အောင် ထိန်းသိမ်းစောင့်ရှောက်ခဲ့တဲ့အတွက် သူ့အသက်သတ်ခြင်းမှ ရှောင် ကြဉ်ခဲ့တယ်။ သတ္တဝါတွေကို ညှဉ်းပန်းနှိပ်စက်ခြင်းမှ ရှောင်ကြဉ်ခဲ့တယ်။ သတ္တဝါတွေကို စိတ်ဆင်းရဲအောင် ပြုမူပြောဆိုဆက်ဆံခြင်းမှ ရှောင်ကြဉ်ခဲ့ တယ်။ ဒီ ကောင်းမှုကုသိုလ်ကံတွေက သူ့ကို ရောက်လေရာ ဘဝတိုင်းမှာ ကျန်းမာအောင် အနာရောဂါကင်းအောင် စိတ်ချမ်းသာအောင် အသက်ရှည် အောင် အားပေးထောက်ပံ့လျက်ရှိကြတယ်။ သူတစ်ပါးစည်းစိမ်ဥစ္စာတွေကို ခိုးယူခြင်းမှ ရှောင်ကြဉ်ခဲ့တယ်။ သူတစ်ပါးတို့ရဲ့ စည်းစိမ်ဥစ္စာတွေကို ဖျက်ဆီး ခြင်းမှ ရှောင်ကြဉ်ခဲ့တယ်။ ဒါန သီလစတဲ့ စရဏမျိုးစေ့ကောင်းတွေကို ပြုစု ပျိုးထောင်ခဲ့တယ်။ ဒီကောင်းမှုကုသိုလ်ကံတွေက စည်းစိမ်ဥစ္စာပေါများအောင် ရပြီး စည်းစိမ်ဥစ္စာတို့ မပျက်စီးအောင် ဆောင်ရွက်ပေးလျက် ရှိပါတယ်။ အတိတ်ကထူထောင်ခဲ့တဲ့ စရဏမျိုးစေ့တွေရဲ့ အကျိုးဆက်တွေပဲ။

တစ်ဖန် ပဋိသမ္ဘိဒါပတ္တရဟန္တာဖြစ်ရေးအတွက် ရည်ရွယ်တောင့်တလျက် ဝိပဿနာဉာဏ်ဆိုတဲ့ ဝိဇ္ဇာမျိုးစေ့ကောင်းတွေကိုလည်း ထိုထိုဘုရားရှင်တို့ရဲ့ သာသနာတော်တွင်းမှာ ထူထောင်ခဲ့တယ်။ ဒီလို အဆင့်အတန်းမြင့်မားလှတဲ့ အသိထူး ဉာဏ်ထူးတွေက ပါရမီမျိုးစေ့ကောင်းတွေက ရောက်လေရာဘဝမှာ ဉာဏ်ပညာ ထက်မြက်စူးရှတဲ့ ကြီးမားတဲ့ဉာဏ်ပညာရှိတဲ့ သူတော်ကောင်း တစ်ဦး ဖြစ်အောင် စွမ်းဆောင်ပေးတယ်။ ဒါကြောင့် တစ်သင်္ချေနှင့် ကမ္ဘာ တစ်သိန်းဆိုတဲ့ ကာလအတွင်းမှာ ဘဝတိုင်းဘဝတိုင်းမှာ အသက်ရှည်ရတယ်၊ စည်းစိမ်ဥစ္စာ ပေါများရတယ်၊ ထက်မြက်တဲ့ဉာဏ်ပညာရှိတဲ့ သူတော်ကောင်း ဖြစ်ရတယ်။

ဒီအသက်ရှည်ခြင်း, စည်းစိမ်းဥစ္စာ ပေါများခြင်း, ပညာဉာဏ်ကြီးမားခြင်း ဆိုတဲ့ ဒီအကျိုးတရားတွေဟာ ဒီနေ့လူသားတွေ အလေးဂရုပြုကာ ရှာဖွေ နေတဲ့ လိုအပ်ချက်တွေပဲ မဟုတ်လား? ဒီနေ့ လူသားတွေဟာ မိုးလင်းကနေ မိုးချုပ်သည်အထိ ဒီအကျိုးတရားတွေကိုပဲ ရှာဖွေနေကြတာ မဟုတ်လား? ဒီတော့ ငါးပါးသီလကို ေ့ရှတန်းတင်ကာ ဖြည့်ကျင့်ထားအပ်တဲ့ ဒီကောင်းမှု ကုသိုလ်တွေက ဒီအကျိုးတရားတွေကို ပေးစွမ်းနိုင်တယ်ဆိုရင် ကိုယ်ကျင့် တရားတွေကို ဖြူစင်အောင်ကြိုးစားဖို့ မကောင်းဘူးလား? - သိပ်ကောင်းတယ် သိပ်ကောင်းတယ်။ သမထဝိပဿနာရေစဉ်ဖြင့် မိမိတို့ရဲ့ စိတ်အစဉ်တွေကို ဖြူစင်အောင် ဆေးကြောသုတ်သင်ပေးဖို့, ဖြူစင်မြင့်မြတ်တဲ့ စိတ်ဓာတ်တွေ ဖြစ်အောင် သမထ ဝိပဿနာ ဘာဝနာတို့ဖြင့် မိမိတို့ရဲ့ စိတ်ဓာတ်တွေကို မြှင့်တင်ပေးဖို့ မကောင်းဘူးလား? - သိပ်ကောင်းတယ် - သိပ်ကောင်းတယ်။

ခုပြောနေတဲ့ ပဉ္စသီလသမာဒါနိယမထေရ်အလောင်းကို ကြည့်ပါ။ ဘဝ တစ်ခုမှာ အနှစ်တစ်သိန်းလောက်ကာလပတ်လုံး မကျိုးမပေါက် မပြောက် မကျားအောင် မိမိရဲ့စိတ်အစဉ်ကို သီလရေစင်ဖြင့် ဖြူစင်အောင် ဆေးကြော သုတ်သင်ပေးခဲ့တယ်။ သမထ ဝိပဿနာ ဘာဝနာတို့ဖြင့် မိမိရဲ့ စိတ်ဓာတ်ကို အထက်တန်းကျတဲ့ စိတ်ဓာတ်ဖြစ်အောင် မြှင့်တင်ပေးခဲ့တယ်။ ဘဝတစ်ခုမှာ ကြိုးစားခဲ့တဲ့ ဒီကောင်းမှုကုသိုလ်ဟာ တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်းတိုင်တိုင် ဆက်တိုက်အကျိုးပေးခဲ့တယ်။ အဆက်မပြတ် ဆက်တိုက်ကြိုးစား အားထုတ် ခဲ့တဲ့ ကောင်းမှုကုသိုလ်တွေဟာ အကျိုးပေးရင် ဒီလို ဆက်တိုက်အကျိုးပေး တတ်တဲ့သဘောရှိတယ်။

အလွန်ရနိုင်ခဲသော အကျိုးထူးတစ်ရပ်

အပရိမေယျေ ဣတော ကပ္ပေ၊ ပဉ္စသီလာနိ ဂေါပယိံ။

ဒုဂ္ဂတိံ နာဘိဇာနာမိ၊ ပဉ္စသီလာနိဒံ ဖလံ။ (အပဒါန၊၁၊၈၆။)

ငါသည် တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်က ငါးပါးသီလကို ဆောက် တည်ခဲ့တယ်။ ထိုဘဝကစပြီး ဒီနောက်ဆုံးဘဝအထိ အပါယ်ဒုဂ္ဂတိဘဝဆို တာကို တစ်ခါမျှ မသိခဲ့စဖူးဘူး။ ----- သိပ်ကောင်းတယ် - သိပ်ကောင်းတယ်။

အပါယ်ဘေးမှ လွတ်မြောက်ဖို့ဆိုတာ အလွန်ခက်ခဲတဲ့ အခွင့်အရေးကြီး တစ်ခုဖြစ်တယ်။ ဒီလို အပါယ်ဘေးဆိုးကြီးမှ ထုတ်ဆောင်ကယ်တင်ပေးမည့် တရားတစ်ခု ထင်ရှားရှိနေတယ်ဆိုရင် ဒီတရားမျိုးတွေကို ဖြည့်ကျင့်ဆည်း ပူးထားဖို့ မကောင်းဘူးလား? ----- သိပ်ကောင်းတယ် - သိပ်ကောင်းတယ်။

နောက်ဆုံးဘဝရောက်တဲ့ အချိန်အခါမှာ ဘုန်းကြီးတို့ ဂေါတမမြတ်စွာ ဘုရားရှင်လည်း ပွင့်ထွန်းပေါ်ပေါက်တော်မူလာပြီးဖြစ်တယ်။ ဘုရားရှင်ရဲ့ သာသနာတော်ကြီး နေလအသွင် ထွန်းလင်းတင့်တယ်နေတဲ့ အချိန်မှာ ----- ပဉ္စသီလသမာဒါနိယမထေရ်အလောင်း သူတော်ကောင်းဟာ နတ်ပြည် နတ် လောကမှစုတေပြီး လူ့ပြည်လူ့လောကဝယ် ဝေသာလီပြည် ချမ်းသာကြွယ်ဝ တဲ့ သူဌေးအမျိုးအနွယ်အိမ်မှာ လာရောက်ပြီး လူဖြစ်ရပြီ။

ပဉ္စသီလသမာဒါနိယမထေရ်အလောင်း အမျိုးကောင်းသားကလေး ငါး နှစ်သားအရွယ်ရောက်တဲ့ အချိန်အခါမှာ ----- ရှေးယဉ်ကျေးမှု အစဉ်အလာ အတိုင်း မိဘနှစ်ပါးတို့ကလည်း ဝါဆိုခါနီးကာလဝယ် ဒီဝါတွင်းမှာ ကိုယ်ကျင့် သီလဖြူစင်စွာဖြင့် နေထိုင်ကြမယ်ဆိုတဲ့ ဦးတည်ချက်နှင့် ----- ငါးပါးသီလကို ခံယူဆောက်တည်ကြတယ်။ ဘုရားရှင်ရဲ့တပည့်သာဝက မထေရ်မြတ်တစ်ပါး ထံမှာ ဆောက်တည်ကြတယ်လို့ ယူဆရပါတယ်။

ပါရမီမျိုးစေ့ကောင်းဆိုတဲ့ ကံတွေက ရေကန်အသင့် ကြာအသင့်ဖြစ် အောင် ဖန်တီးပေးနေကြတယ်။ ပါရမီကုသိုလ်ကံတွေဟာ အကျိုးပေးလာပြီ ဆိုရင် သိပ်အားရဖို့ကောင်းတယ် ---

ဒီလို မိဘတွေက သီလခံယူနေတဲ့အခါမှာ ငါးနှစ်သားအရွယ်မှာရှိတဲ့ ပဉ္စသီလသမာဒါနိယမထေရ်အလောင်း သူတော်ကောင်းကလည်း အနီး အနားမှာ ထိုင်ပြီးနားထောင်နေပါတယ်။ အဲဒီအချိန်အခါမှာ ဘာဖြစ်လာ သလဲ? -----

သဟ သုတွာနဟံ သီလံ၊ မမ သီလံ အနုဿရိံ။

ဧကာသနေ နိသီဒိတွာ၊ အရဟတ္တမပါပုဏိံ။ (အပဒါန၊၁၊၈၅။)

မိဘတွေက ငါးပါးသီလ ဆောက်တည်နေတဲ့အသံကို ကြားလိုက်တော့ ဒီသူငယ်ကလေးက ဟိုလွန်ခဲ့တဲ့ တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်က အနောမဒဿီဘုရားရှင်ရဲ့ သာသနာတော်မှာ မိမိ ထိန်းသိမ်းစောင့်ရှောက် ခဲ့တဲ့ ငါးပါးသီလကို အမှတ်ရပြီ။ အဲဒီအချိန်မှာ ဝမ်းမြောက်တဲ့ ပီတိ သောမနဿပန်းတွေကလည်း ပွင့်လန်းပြီး လာကြတယ်။ ထိုအချိန်အခါမှာ သီလပေးနေတဲ့ မထေရ်မြတ်ကလည်း သစ္စာလေးပါးနှင့် စပ်တဲ့ တရားစကား များကို ဟောကြားပြသ ဆိုဆုံးမပေးတယ်လို့ပဲ ယူဆရပါတယ်။ ဘာကြောင့် လဲ? -- သာဝကပါရမီဉာဏ်အရာမှာ ပရတောဃောသလို့ ခေါ်ဆိုတဲ့ ဘုရားရှင်ထံမှာပဲဖြစ်စေ, ဘုရားရှင်ရဲ့ တပည့်သာဝကတစ်ဦးဦးထံမှပဲဖြစ်စေ သစ္စာလေးပါးနှင့် စပ်တဲ့ တရားစကားကို နာကြားခွင့် ရရှိခြင်းဆိုတဲ့ အင်္ဂါရပ် တစ်ခုဟာ အလွန်အရေးကြီးပါတယ်။ အာဠာရရသေ့ဘဝ, ဥဒကရသေ့ဘဝမှ ကွယ်လွန်ပြီးတဲ့အခါ အရူပဘုံသို့ ရောက်ရှိသွားကြတဲ့ အရူပဗြဟ္မာတွေဟာ မဂ်ဖိုလ်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တဲ့ ပါရမီမျိုးစေ့ကောင်းတွေ ထင်ရှား ရှိကြပေမဲ့လို့ ပရတောဃောသ = သူတစ်ပါးတို့ထံမှ သစ္စာလေးပါးနှင့် စပ်တဲ့ တရားစကားကို နာကြားခွင့် ရရှိခြင်းဆိုတဲ့ အကြောင်းအင်္ဂါရပ် ချို့တဲ့လို့ မဂ်ဖိုလ်နိဗ္ဗာန်ကို မရနိုင်ဖြစ်သွားကြတဲ့ ထုံးတွေ ရှိပါတယ်။

ဒီနေရာမှာ ပဉ္စသီလသမာဒါနိယမထေရ်အလောင်း သူတော်ကောင်း ကလေးဟာ တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်က မိမိ ပြုစုပျိုးထောင်ခဲ့တဲ့ သီလပါရမီတွေကို အမှတ်ရကာ ဆင်ခြင်မိတဲ့အခါ ဝမ်းမြောက်ဝမ်းသာခြင်း ဆိုတဲ့ စိတ်ရွှင်လန်းတက်ကြွမှုတွေ ဖြစ်နေတုန်း သစ္စာလေးပါးနှင့် စပ်တဲ့တရား စကားကိုလည်း နာကြားခွင့်ရရှိတဲ့အတွက် -- ဘာဖြစ်သွားသလဲ? -----

ဧကာသနေ နိသီဒိတွာ၊ အရဟတ္တမပါပုဏိံ။ (အပဒါန၊၁၊၈၅။)

ထိုတစ်ထိုင်အတွင်းမှာပဲ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုကာ ဆိုက် ရောက်သွားတော်မူခဲ့တယ်။

လွယ်လှချည်လားလို့တော့ မထင်လိုက်နှင့်နော် ----- အနှစ်တစ်သိန်းတို့ ကာလပတ်လုံး မကျိုးမပေါက် မပြောက်မကျားအောင် ထိန်းသိမ်းစောင့် ရှောက်ခဲ့တဲ့ သီလကျင့်စဉ်တွေကို ပြန်ပြီးတော့ကြည့်ပါ။ ဘယ်လောက် ခက် ခက်ခဲခဲ ကြိုးစားခဲ့ရတဲ့ လုပ်ငန်းခွင် ဖြစ်တယ်ဆိုတာကို စဉ်းစားကြည့်ပါ။ အနှစ်တစ်ရာလောက် မကျိုး မပေါက် မပြောက် မကျားအောင် ထိန်းသိမ်း စောင့်ရှောက်ဖို့ဆိုတာတောင် အလွန်ခက်ခဲတဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ အနှစ်တစ်သိန်းဆိုတော့ ပြောဖွယ်ရာတောင် မလိုတော့ဘူး။ ဒါတွင်လား? မကသေးဘူး။ ပဋိသမ္ဘိဒါပတ္တရဟန္တာဖြစ်တော်မူတဲ့အတွက် ရှေးရှေးဘုရားရှင် တို့ရဲ့ သာသနာတော်တွင်းမှာထဲက သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းတွေကိုလည်း စီးဖြန်းခဲ့ဖူးပါတယ်။ ဒီလို ခက်ခဲတဲ့ ပါရမီတွေကို အရဟတ္တဖိုလ်ရနိုင်လောက်အောင် အခန့်သင့်ဖြစ်အောင် ကြိုး စားခဲ့တယ်ဆိုတဲ့ အချက်ကိုတော့ မမေ့နဲ့နော် -----

ပဋိသမ္ဘိဒါဉာဏ်တို့ သန့်ရှင်းရန် အကြောင်းငါးရပ်

ပဋိသမ္ဘိဒါဉာဏ်တွေ စင်ကြယ်သန့်ရှင်းဖို့ရန်အတွက် --- အဓိဂမ, ပရိယတ္တိ, သဝန, ပရိပုစ္ဆာ, ပုဗ္ဗယောဂ ----- ဆိုတဲ့ အင်္ဂါငါးရပ်ရှိပါတယ်။

၁။ အဓိဂမ -----

တတ္ထ အဓိဂမော နာမ အရဟတ္တပ္ပတ္တိ။ (ဝိသုဒ္ဓိ၊၂၊၇၂။)

အဓိဂမဆိုတာကတော့ - အရဟတ္တဖိုလ်ကို ဆိုက်ရောက်တော်မူခြင်းပဲ။ ပဋိသမ္ဘိဒါဉာဏ်ကိုရရှိမည့် သူတော်ကောင်းတွေဟာ အရဟတ္တဖိုလ်ကို ဆိုက် ရောက်ရင် ပဋိသမ္ဘိဒါဉာဏ်တွေကိုပါ တစ်ပါတည်း ရရှိသွားကြတယ်။ ပဋိသမ္ဘိဒါဉာဏ် ရရှိရေးအတွက် ထပ်မံကြိုးစားဖွယ်ရာ မလိုတော့ဘူး။ ဒီအဆို ကတော့ အမြင့်ဆုံးအဆင့်ကို ပြောဆိုတာပါ။ အရှင်အာနန္ဒာမထေရ်မြတ် တို့လို သောတာပတ္တိဖိုလ်ကို ဆိုက်တဲ့အခါ ပဋိသမ္ဘိဒါဉာဏ်တွေကို ရရှိတဲ့ သူတော်ကောင်းတွေလည်း ရှိကြပါတယ်။ စိတ္တသူကြွယ်တို့လို အနာဂါမိဖိုလ် ကို ဆိုက်ရောက်တဲ့အခါ ပဋိသမ္ဘိဒါဉာဏ်တွေကို ရရှိတဲ့သူတော်ကောင်းတွေ လည်း ရှိကြပါတယ်။ မဂ်ဖိုလ် နိဗ္ဗာန်ကို မျက်မှောက်မပြုရဘဲ ပဋိသမ္ဘိဒါဉာဏ် တို့ကို ရရှိတယ်ဆိုတာကတော့ မဖြစ်နိုင်ဘူးလို့မှတ်ပါ။ (ဝိသုဒ္ဓိ၊၂၊၇၃-ကြည့်ပါ၊၊)

၂။ ပရိယတ္တိ -----

ပရိယတ္တိ နာမ ဗုဒ္ဓဝစနဿ ပရိယာပုဏနံ။ (ဝိသုဒ္ဓိ၊၂၊၇၂။)

ပရိယတ္တိဆိုတာက ဘုရားဟော ပါဠိတော်တွေကို သင်ယူခြင်းကို ဆိုလို တယ်။ ဒီနေရာမှာ သင်ယူတယ်ဆိုတာက သဇ္ဈာယော ----- ပါဠိကို ရွတ်ဖတ် သရဇ္ဈာယ်ခြင်းကို ဆိုလိုတယ်လို့ မဟာဋီကာဆရာတော်က ရှင်းပြထားပါ တယ်။ (မဟာဋီ၊၂၊၈၄။)

ပဉ္စသီလသမာဒါနိယမထေရ်အဖို့ ဘုရားဟောပါဠိတော်ကို ရွတ်ဖတ် သရဇ္ဈာယ်ခြင်းဆိုတာကတော့ ဒီနောက်ဆုံးဘဝ ရဟန္တာမဖြစ်မီ အချိန်ကာလ အတွင်းမှာ ဖြစ်နိုင်တဲ့သဘော မရှိခဲ့ဘူး။ ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာ တော်တွင်းမှာသာ ဖြစ်နိုင်တဲ့သဘောရှိပါတယ်။

၃။ သဝန -----

သဝနံ နာမ သက္ကစ္စံ အတ္ထိံ ကတွာ ဓမ္မဿဝနံ။ (ဝိသုဒ္ဓိ၊၂၊၇၂။)

သဝနဆိုတာကတော့ --- အဲဒီဘုရားဟော ပါဠိတော်တွေရဲ့ အနက် အဓိပ္ပါယ် ဆိုလိုရင်းသဘောတရားတွေကို အရိုအသေအလေးအမြတ်ပြုကာ အလွန်လိုလားတောင့်တတဲ့ စိတ်ဓာတ်အပြည့်အဝနှင့် နာကြားခြင်းကို ဆိုလို တယ်။ အဋ္ဌကထာတွေကို သင်ယူခြင်းကို ရည်ညွှန်းထားပါတယ်။ အဲဒီ အခွင့် အရေးဟာလည်း ပဉ္စသီလသမာဒါနိယမထေရ်အဖို့ အရဟတ္တဖိုလ် ဆိုက် သည်နှင့် ပဋိသမ္ဘိဒါဉာဏ်တွေကို ရရှိမှာဖြစ်လေတော့ ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာတွင်းမှာသာ ဖြစ်နိုင်တဲ့ အခွင့်အလမ်းရှိပါတယ်။ ရဟန္တာဖြစ်ပြီး နောက် ဘုရားဟောပါဠိတော်နှင့် အဋ္ဌကထာတွေကို မသင်ယူတော့ဘူးလို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ ပဋိသမ္ဘိဒါဉာဏ်သို့ မဆိုက်ရောက်မီ ရှေးရှေး ဘုရားရှင်တို့ရဲ့ သာသနာတွင်းမှာ ကြိုးပမ်းခဲ့ပုံကို သဘောပေါက်အောင်ပြော တာပါ။

၄။ ပရိပုစ္ဆာ --

ပရိပုစ္ဆာ နာမ ပါဠိအဋ္ဌကထာဒီသု ဂဏ္ဌိပဒအတ္ထပဒဝိနိစ္ဆယကထာ။ (ဝိသုဒ္ဓိ၊၂၊၇၂။)

ပရိပုစ္ဆာ -- ဆိုတာကတော့ ပါဠိတော် အဋ္ဌကထာ စသည်တို့မှာ ဖြေဖို့ရန် အလွန်ခက်ခဲတဲ့ ကြိုးထုံးလိုပဲ, အလွန်သိဖို့ရန် ခက်ခဲတဲ့ ထုံးဖွဲ့နေတဲ့ ပုဒ်တွေ ခက်ခဲတဲ့ အနက်ပုဒ်တွေ ရှိကြတယ်၊ အဲဒီပုဒ်ပါဋ္ဌ်တွေရဲ့ အဆုံးအဖြတ်တွေကို သင်ယူခြင်းပဲ။

၅။ ပုဗ္ဗယောဂ -- ပုဗ္ဗယောဂအကြောင်းတော့ ခဏခဏ ပြောခဲ့ပြီးပါပြီ။ -ရှေးရှေး ဘုရားရှင်တို့ရဲ့ သာသနာတော်တွေမှာ ဆွမ်းခံအသွားအပြန်တို့မှာ ကမ္မဋ္ဌာန်းကိုဆောင်ယူလျက် ဂေါတြဘုဉာဏ်ရဲ့ အနီးအပါးဖြစ်တဲ့ အနုလောမ အမည်ရှိတဲ့ သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင် ဝိပဿနာဘာဝနာကို ပွားများ အားထုတ်ခဲ့ဖူးခြင်းပဲဖြစ်တယ်။ (ဝိသုဒ္ဓိ၊၂၊၇၂။)

ဒီအင်္ဂါရပ်တွေဟာ ပဉ္စသီလသမာဒါနိယ ရဟန္တာမထေရ်မြတ်ရဲ့သန္တာန် မှာလည်း တည်ရှိခဲ့ပြီးဖြစ်တယ်ဆိုတာကိုတော့ မမေ့ပါနှင့်။ ဒီဘဝမှာ အရဟတ္တဖိုလ်ကို လွယ်လွယ်ကူကူနှင့် ရရှိရေးအတွက် ရှေးရှေးဘဝတွေက ရှေးရှေး ဘုရားရှင်တို့ရဲ့ သာသနာတော်တွေက ဘယ်လောက် သူကြိုးစားခဲ့ရတယ် ဆိုတာကို ကြည့်ပါ။ နေရောင်ခြည်တွေ့ထိလိုက်တာနဲ့ ပွင့်လာမည့် ပဒုမ္မာ ကြာပန်းလိုပဲ, သစ္စာလေးပါးနှင့် စပ်တဲ့တရားစကားဆိုတဲ့ နေရောင်ခြည်ပက် ဖြန်းလိုက်တာနဲ့ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဆိုတဲ့ ပဒုမ္မာကြာပန်းတွေ အသင့်ပွင့်လာ အောင် ကြိုးပမ်းခဲ့တဲ့အချက်တွေက ပိုပြီးခက်ခဲတယ်ဆိုတာကို သဘောပေါက် ပါ။ ဒီလို အရဟတ္တဖိုလ်ကို ဆိုက်ရောက်သွားတဲ့အခါ ဘာဖြစ်လာသလဲ? -

ဇာတိယာ ပဉ္စဝေဿန၊ အရဟတ္တမပါပုဏိံ။

ဥပသမ္ပာဒယိ ဗုဒ္ဓေါ၊ ဂုဏမညာယ စက္ခုမာ။ (အပဒါန၊၁၊၈၅၊၊)

ငါးနှစ်သားအရွယ်မှာ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ခဲ့ပြီ။ ဆိုက်ရောက် ပြီးတဲ့အခါ စက္ခုငါးတန် ဉာဏ်အမြင်နှင့် ပြည့်စုံတော်မူတဲ့ ဘုရားရှင်က အရဟတ္တဖိုလ်ဆိုတဲ့ ဂုဏ်ကျေးဇူးကို သိရှိတော်မူတဲ့အတွက် ရဟန်းပဉ္စင်း အဖြစ်ကို ခွင့်ပြုတော်မူလိုက်ပါတယ်။

မိမိတို့ရဲ့ စိတ်ဓာတ်ကို အထွတ်အထိပ်သို့ရောက်အောင် မြှင့်တင်ပေး လိုက်နိုင်တဲ့အတွက် ပြုပြင်ပြောင်းလဲပေးလိုက်နိုင်တဲ့အတွက် သံသရာတစ် လျှောက်မှာသာ ချမ်းသာရုံမက နောက်ဆုံးဘဝမှာ အချမ်းသာဆုံး ဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာကြီးကို အရယူသွားတဲ့ ထုံးဟောင်းတစ်ရပ်ပဲဖြစ်တယ်။

သီလတည်းဟူသော မြေပေါ်မှာရပ်တည်ပြီး သမထဝိပဿနာဘာဝနာ စွမ်းအားတွေခြံရံကာ ပြုစုပျိုးထောင်လိုက်တဲ့ ဒါနဟာ --- အသက်ရှည်ခြင်း, စည်းစိမ်ဥစ္စာ ပေါများခြင်း, ဉာဏ်ပညာ ကြီးမားထက်မြက်ခြင်း --- ဆိုတဲ့ အကျိုးတရားတွေကို ရရှိနိုင်တယ်ဆိုတာကို သဘောပေါက်ကြပါ၊ အတုယူပြီး တော့လည်း ကျင့်ကြပါလို့ တိုက်တွန်းပါတယ်။ ကိုင်း --- စူဠကမ္မဝိဘင်္ဂသုတ္တန် ကို ပြန်ဆက်ကြရအောင် ...။

ကဲ - နောက် နံပါတ် (၆) အစုံ တစ်ခု ----

အမျိုးယုတ်ညံ့ခြင်း

ဣဓ မာဏဝ ဧကစ္စော ဣတ္ထီ ဝါ ပုရိသော ဝါ ထဒ္ဓေါ ဟောတိ အတိမာနီ ---- အဘိဝါဒေတဗ္ဗံ န အဘိဝါဒေတိ၊ ပစ္စုဋ္ဌာတဗ္ဗံ န ပစ္စုဋ္ဌေတိ၊ အာသနာရဟဿ န အာသနံ ဒေတိ၊ မဂ္ဂါရဟဿ န မဂ္ဂံ ဒေတိ၊ သက္ကာတဗ္ဗံ န သက္ကရောတိ၊ ဂရုကာတဗ္ဗံ န ဂရုကရောတိ၊ မာနေတဗ္ဗံ န မာနေတိ၊ ပူဇေတဗ္ဗံ န ပူဇေတိ။ (မ၊၃၊၂၄၇။)

မာဏဝ = ဒကာတော် သုဘလုလင် ...။ ဣဓ = ဤလောက၌။ ဧကစ္စော = အချို့သော။ ဣတ္ထီ ဝါ = အမျိုးသမီးသည်သော်လည်းကောင်း။ ပုရိသော ဝါ = အမျိုးသားသည်သော်လည်းကောင်း။ ထဒ္ဓေါ = တင်းမာသော စိတ်ထားရှိသည်။ ဟောတိ = ဖြစ်၏။ အတိမာနီ = အလွန်မောက်မာသော မာန်မာနတရား ထင်ရှားရှိသည်။ ဟောတိ = ဖြစ်၏။

စိတ်ဓာတ်က သိပ်ခက်ထန်တင်းမာတယ်၊ ပျော့ပျောင်းနူးညံ့တဲ့စိတ်ထား မရှိဘူး၊ သူ့ကို သွားပြီးပြောရင် ချော့လို့ လွယ်လွယ်နှင့် မရနိုင်ဘူး၊ သိပ်ပြီး စိတ်ဓာတ်တွေက တင်းမာတယ်။

အတိမာနီ = အလွန်မာန်မာန ကြီးတယ်။

မာနက နည်းနည်းကြီးတာ မဟုတ်ဘူး၊ တော်တော်လေးကို ကြီးတယ်။

အဘိဝါဒေတဗ္ဗံ = ရှိခိုးသင့် ရှိခိုးထိုက်တဲ့ပုဂ္ဂိုလ်ကို။ န အဘိဝါဒေတိ = ရှိမခိုး။ ပစ္စုဋ္ဌာတဗ္ဗံ = ခရီးဦး ကြိုဆိုသင့် ကြိုဆိုထိုက်တဲ့ပုဂ္ဂိုလ်ကို။ န ပစ္စုဋ္ဌေတိ = ခရီးဦး မကြိုဆို။

ရှိခိုးသင့် ရှိခိုးထိုက်တဲ့ပုဂ္ဂိုလ်ကိုလည်း ဘယ်တော့မှ ရှိမခိုးဘူး၊ ခရီးဦး ကြိုဆိုသင့် ကြိုဆိုထိုက်တဲ့ပုဂ္ဂိုလ်ကိုလည်း ဘယ်တော့မှ ခရီးဦး မကြိုဆိုဘူး၊

အာသနာရဟဿ = နေရာပေးသင့်ပေးထိုက်တဲ့ ပုဂ္ဂိုလ်အား။ အာသနံ = နေရာကို။ န ဒေတိ = မပေး။

နေရာပေးသင့် ပေးထိုက်တဲ့ပုဂ္ဂိုလ် နေရာဖယ်ပေးသင့် ဖယ်ပေးထိုက် တဲ့ပုဂ္ဂိုလ်ကိုလည်း ဘယ်တော့မှ နေရာဖယ်မပေးဘူး၊ ကားစီးတဲ့အခါ ရထား စီးတဲ့အခါ ပိုပြီး ဒီအတွေ့အကြုံတွေများလိမ့်မယ်ထင်တယ်၊ အသက်အရွယ် ကြီးတဲ့ပုဂ္ဂိုလ် သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်အားဖြင့် ကြီးမြတ်တော်မူတဲ့ ပုဂ္ဂိုလ်တွေ ကြုံကြိုက်လို့ရှိရင် နေရာလေး ခဏခေတ္တဖယ်ပေးရတာ အင်မ တန် ဝန်လေးကြတယ်၊ နေရာအတွက်နှင့်ပတ်သက်ပြီး စကားတောင်များကြ သေးတယ်၊ နေရာပေးသင့် ပေးထိုက်တဲ့ပုဂ္ဂိုလ်ကို နေရာမပေးခြင်းဆိုတာက ဘာကြောင့်လဲ? -- မာနပဲ၊ နည်းနည်းလေးမှ မိမိက အညံ့ခံချင်တဲ့ စိတ်ထား မရှိဘူး၊ နေရာလေး ဖယ်ပေးလိုက်ရတာ ပိုက်ဆံဘယ်လောက် ကုန်သွား သလဲ? မကုန်ပါဘူး၊ ပိုက်ဆံမကုန်ဘဲနှင့် အင်မတန်မွန်မြတ်တဲ့ ကုသိုလ်တစ်ခု ရနိုင်တယ်၊ ဒါပေမဲ့ ဒီကုသိုလ်မျိုးကို မလိုချင်ကြဘူး။

အာသနာရဟဿ = နေရာပေးသင့် ပေးထိုက်တဲ့ ပုဂ္ဂိုလ်အား။ အာသနံ = နေရာကို။ န ဒေတိ = မပေး။ မဂ္ဂါရဟဿ = လမ်းဖယ်ပေးသင့် ဖယ်ပေး ထိုက်တဲ့ ပုဂ္ဂိုလ်အား။ မဂ္ဂံ = လမ်းကို။ န ဒေတိ = ဖယ်မပေး။

မိမိထက် အသက် ဂုဏ်သိက္ခာအားဖြင့် ကြီးမြတ်တဲ့ပုဂ္ဂိုလ်တွေ လာတာ မြင်လို့ရှိရင် လမ်းလေး နည်းနည်းဖယ်ပေးရမှာကို မဖယ်ပေးချင်ဘူး၊ ဝင် တောင် တိုက်ပစ်လိုက်သေးတယ်၊ ဒီစိတ်ထားပဲနော်၊ လမ်းဖယ်ပေးသင့် ဖယ် ပေးထိုက်တဲ့ပုဂ္ဂိုလ်ကို လမ်းလေးဖယ်ပြီးတော့ အသာလေး ဘေးရှဲပေးလိုက်ရ တာ ဘယ်လောက်များ တာဝန်ကြီးသလဲ? မကြီးပါဘူး၊ ဒါယဉ်ကျေးမှု တစ် ခုပဲ၊ ယဉ်ကျေးမှုလည်းဖြစ်တယ်၊ လမ်းလေးကို ခဏခေတ္တဖယ်ပေးလိုက်ရခြင်း သည် မိမိမှာ ကုသိုလ်တရားတွေလည်း များစွာတိုးပွားပါတယ်၊ ခုတော့ မဖယ် ပေးတဲ့အတွက်ကြောင့် ကုသိုလ်တရား တိုးပွားသေးသလား? ဘာတွေ တိုးပွား နေသလဲ? မာန်မာနတွေပဲ၊ ဒီမာန်မာန အကုသိုလ်တရားတွေမှာ ငရဲကို ရောက်အောင် ပို့ဆောင်ပေးနိုင်တဲ့ စွမ်းအားတွေ ရှိနေတယ်။ ဘုရားရှင်ကို လမ်းဖယ်မပေးတဲ့ သုပ္ပဗုဒ္ဓထုံးကိုပဲ ကြည့်ပါ။

သက္ကာတဗ္ဗံ န သက္ကရောတိ၊ ဂရုကာတဗ္ဗံ န ဂရုကရောတိ၊

သက္ကာတဗ္ဗံ = ရိုသေသင့် ရိုသေထိုက်တဲ့ ပုဂ္ဂိုလ်ကို။ န သက္ကရောတိ = မရိုသေ။ ဂရုကာတဗ္ဗံ = လေးစားသင့် လေးစားထိုက်တဲ့ ပုဂ္ဂိုလ်ကို။ န ဂရုကရောတိ = မလေးစား။

ရိုသေသင့် ရိုသေထိုက်တဲ့ပုဂ္ဂိုလ်ကို မရိုသေဘူး၊ လေးစားသင့် လေး စားထိုက်တဲ့ပုဂ္ဂိုလ်ကို မလေးစားဘူး၊ လက်ဦးဆရာလို့ ခေါ်ဆိုအပ်တဲ့ အနီး ကပ်ဆုံးဖြစ်တဲ့ မိဘတွေဟာ အင်မတန် ရိုသေသင့် ရိုသေထိုက်တဲ့ လေးစား သင့် လေးစားထိုက်တဲ့ ပုဂ္ဂိုလ်တွေပဲ၊ ဆရာသမားတွေဟာ ရိုသေသင့် ရိုသေ ထိုက်တဲ့ လေးစားသင့် လေးစားထိုက်တဲ့ ပုဂ္ဂိုလ်တွေပဲ၊ မိမိထက် အသက် ဂုဏ်သိက္ခာအားဖြင့် ကြီးမြတ်နေတဲ့ ပုဂ္ဂိုလ်တွေဟာ ရိုသေသင့် ရိုသေထိုက် လေးစားသင့် လေးစားထိုက်တဲ့ ပုဂ္ဂိုလ်တွေပဲ၊ အဲဒီလိုပုဂ္ဂိုလ်တွေကို မိမိက မရိုသေဘူး မလေးစားဘူး ခင်ဗျားကြီး လာရှုပ်မနေနှင့်လေ ဟော - မိဘကို ပြန်အော်တဲ့ ပုဂ္ဂိုလ်မျိုး မရှိဘူးလား? ရှိတယ်၊ အဲဒီတော့ ရိုသေသင့် ရိုသေ ထိုက်တဲ့ပုဂ္ဂိုလ်ကို မရိုသေဘူး၊ လေးစားသင့် လေးစားထိုက်တဲ့ပုဂ္ဂိုလ်ကို မလေး စားဘူး။

မာနေတဗ္ဗံ န မာနေတိ၊

မာနေတဗ္ဗံ = မြတ်နိုးသင့် မြတ်နိုးထိုက်တဲ့ ပုဂ္ဂိုလ်ကို။ န မာနေတိ = မမြတ်နိုး။

မြတ်နိုးသင့် မြတ်နိုးထိုက်တဲ့ ပုဂ္ဂိုလ်ကိုလည်း မမြတ်နိုးဘူး, မြတ်နိုးသင့် မြတ်နိုးထိုက်တဲ့ပုဂ္ဂိုလ်တွေကို မမြတ်နိုးတော့ ဘာတွေကို သူကသွားမြတ်နိုး နေသလဲ? မမြတ်နိုးသင့် မမြတ်နိုးထိုက်တဲ့ ပုဂ္ဂိုလ်တွေကို သူကသွားပြီးတော့ မြတ်နိုးနေတယ်။

ပူဇေတဗ္ဗံ = ပူဇော်သင့် ပူဇော်ထိုက်တဲ့ပုဂ္ဂိုလ်ကို။ န ပူဇေတိ = မပူဇော်။

ပူဇော်သင့် ပူဇော်ထိုက်တဲ့ ပုဂ္ဂိုလ်ကို မပူဇော်ဘူးဆိုတော့ ဘာကိုသွား ပူဇော်နေသလဲ? မပူဇော်သင့် မပူဇော်ထိုက်တဲ့ပုဂ္ဂိုလ်ကို သွားပူဇော်တယ်တဲ့၊ ခုနက ဒကာတစ်ယောက်က လာလျှောက်တယ် တပည့်တော် မသိလို့ မေးပါ ရစေတဲ့ မေးခွင့်ပြုပါတဲ့၊ ကဲ - မေးပါ လို့ ဘုန်းကြီးကလည်း ခွင့်ပေး လိုက်ပါတယ်၊ သူက ဘာမေးသလဲ (၃၇)မင်းကို သွားပြီးတော့ ကိုးကွယ်ရင် သရဏဂုံ ပျက်သလား?တဲ့၊ ဟော -- လာမေးတယ် ခုလေးပဲ၊ ကိုးကွယ် အားထားရာအနေနှင့် သွားပြီး ဆည်းကပ်ခဲ့မယ်, ရှိခိုးခဲ့မယ်, မြတ်နိုးခဲ့မယ်, ပူဇော်ခဲ့မယ်ဆိုရင် သရဏဂုံပျက်တယ်၊ အဲဒီ (၃၇)မင်းကို ဒီအထဲ မြင်ဖူးတဲ့ သူ ဘယ်နှစ်ယောက်ပါသလဲ? လူတွေက လုပ်ယူတဲ့ နတ်တွေပါ၊ ဟုတ်တယ် မဟုတ်လား? နဂိုရ်က တကယ် အသက်ထင်ရှားရှိတဲ့နတ် ဟုတ်ချင်မှဟုတ် မယ်၊ လူတွေကနေပြီးတော့ ကိုယ့်ဖာသာကိုယ် အတွင်း (၃၇)မင်းဆိုလား အပြင်ကလည်း (၃၇)မင်းဆိုလား၊ အဲဒါ ဘယ်သူကများ သတ်မှတ်ထားလိုက် တယ် မပြောတတ်ဘူး၊ လူတွေ လုပ်ယူတဲ့ နတ်တွေပဲ၊ ဒီတော့ မြတ်နိုးသင့် မြတ်နိုးထိုက်တဲ့ ရတနာသုံးပါး ရှိတယ်၊ မိဘတွေ ရှိတယ်၊ ဆရာသမားတွေ ရှိတယ်၊ အသက်ဂုဏ်သိက္ခာအားဖြင့် ကြီးမြတ်တော်မူတဲ့ ပုဂ္ဂိုလ်တွေ ရှိကြ တယ်၊ အဲဒီလို မြတ်နိုးသင့် မြတ်နိုးထိုက် ပူဇော်သင့် ပူဇော်ထိုက်တဲ့ ပုဂ္ဂိုလ် တွေကျတော့ မပူဇော်ဘူး၊ မမြတ်နိုးသင့် မမြတ်နိုးထိုက် မပူဇော်သင့် မပူဇော် ထိုက်တဲ့ပုဂ္ဂိုလ်တွေကျတော့ သွားပြီးတော့ မြတ်နိုးနေတယ် ပူဇော်နေတယ် အရိုအသေ ပြုနေတယ် အလေးဂရုပြုနေတယ်၊ ဒီတော့ ရိုသေလေးစား ထိုက်တဲ့ ပုဂ္ဂိုလ်တွေကို မရိုသေ မလေးစားခြင်းဆိုတဲ့ ဒီကံတွေက ဘာဖြစ် တတ်သလဲ?

သော တေန ကမ္မေန ဧဝံ သမတ္တေန ဧဝံ သမာဒိန္နေန ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇတိ။ (မ၊၃၊၂၄၇။)

သော = ထိုပုဂ္ဂိုလ်သည်။ ဧဝံ = ဤသို့။ သမတ္တေန = ပြည့်ပြည့်စုံစုံ ပြုကျင့်၍ထားအပ်သော။ ဧဝံ = ဤသို့။ သမာဒိန္နေန = ကောင်းစွာ ဆောက် တည်၍ ထားအပ်သော။ တေန ကမ္မေန = ထို အကုသိုလ်ကံကြောင့်။ ကာယဿ = ကိုယ်ခန္ဓာ၏။ ဘေဒါ = ပျက်စီးခြင်းကြောင့်။ ပရံ မရဏာ = စုတိပြတ်ကြွေ သေလွန်သည်မှ နောက်ကာလ၌။ အပါယံ = ချမ်းသာဟူ၍ မြူငွေ့မျှ မရှိသော။ ဒုဂ္ဂတိံ = မကောင်းမှုပြုသူ ဒုစရိုက်သမားတို့၏ လား ရောက်ရာ ဖြစ်သော။ ဝိနိပါတံ = အလိုအာသာဆန္ဒကင်းလျက် ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာ ဖြစ်သော။ နိရယံ = ငရဲသို့။ ဥပပဇ္ဇတိ = ကပ်ရောက်တတ်ပေ၏။

မာနကြီးတဲ့ လုပ်ငန်းတစ်ခုပဲ၊ ကိုယ့်ဟာကိုယ် မာနကြီးတာ ဘာဖြစ် သလဲလို့ ဒီလိုဆင်ခြေပေးနေလို့ ရမလား? မရဘူး၊ မာနကြီးခြင်းသည် မာနကြီးနေတာသည် ဘာလဲ? အကုသိုလ်ပဲ၊ ဒီအကုသိုလ်ကံမှာ မကောင်း တဲ့ ဒုဂ္ဂတိဘုံဘဝကို ရောက်စေနိုင်တဲ့ အပါယ်ကို ရောက်စေနိုင်တဲ့ ငရဲကို ရောက်စေနိုင်တဲ့ စွမ်းအားရှိနေတယ်၊ မိခင်ကို မရိုမသေတဲ့ မလေးမစားတဲ့ စော်ကားတဲ့ မိတ္တဝိန္ဒကထုံးကိုပဲ ကြည့်ပါ။ ငရဲရောက်သွားတဲ့အခါ ငရဲသားရဲ့ ဦးခေါင်းပေါ်မှာ ရှိနေတဲ့ ဓားစက် လှံစက်ဆိုတဲ့ ငရဲပန်းကို သူက ကြာပန်းလို့ ထင်နေတယ်။ ဒီကံက မျက်စိလှည့်ထားခြင်း ဖြစ်တယ်။ ဒီလိုဆိုရင် မိမိက အပါယ်သံသရာကြီးကို ကြောက်ရွံ့တယ်ဆိုရင် မာနကြီးရမလား မကြီးရဘူး လား? မကြီးရဘူး၊ မာနကြီးနေတဲ့ ဒီစိတ်နေစိတ်ထားတွေကို ဘာလုပ်ရမလဲ? ပြုပြင်ပြောင်းလဲပေးရမယ်၊ ဘာတွေနှင့် ပြုပြင်ပြောင်းလဲရမလဲ? -- သမထ ဝိပဿနာဆိုတဲ့ ကျင့်စဉ်တွေနှင့် ပြုပြင်ပြောင်းလဲပေးရမယ်။ အဲဒီ နည်းစနစ် ကိုတော့ နောက်ပိုင်းမှာ ဟောပါမယ်။ ဒီတော့ အကယ်၍များ ငရဲမရောက်ခဲ့ ဘူးဆိုရင် ဘာဖြစ်မလဲ?

နော စေ ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇတိ၊ သစေ မနုဿတ္တံ အာဂစ္ဆတိ၊ ယတ္ထ ယတ္ထ ပစ္စာဇာယတိ၊ နီစကုလီနော ဟောတိ။ (မ၊၃၊၂၄၇။)

ကာယဿ = ကိုယ်ခန္ဓာ၏။ ဘေဒါ = ပျက်စီးခြင်းကြောင့်။ ပရံ မရဏာ = စုတိပြတ်ကြွေ သေလွန်သည်မှ နောက်ကာလ၌။ အပါယံ = ချမ်းသာဟူ၍ မြူငွေ့မျှ မရှိသော။ ဒုဂ္ဂတိံ = မကောင်းမှုပြုသူ ဒုစရိုက်သမားတို့၏ လား ရောက်ရာဖြစ်သော။ နိရယံ = ငရဲသို့။ နော စေ ဥပပဇ္ဇတိ = အကယ်၍ မကပ်ရောက်ရသည်ဖြစ်ငြားအံ့။ မနုဿတ္တံ = လူ့ပြည်လူ့လောကသို့။ သစေ အာဂစ္ဆတိ = အကယ်၍ ရောက်ရှိလာသည်ဖြစ်ငြားအံ့။ ဧဝံ သတိ = ဤသို့ဖြစ်ခဲ့သည်ရှိသော်။ ယတ္ထ ယတ္ထ = အကြင်အကြင် အမျိုးအနွယ်၌။ ပစ္စာဇာယတိ = ပဋိသန္ဓေအားဖြင့် ဖြစ်ပေါ်၍လာရပေ၏။ တတ္ထ တတ္ထ = ထိုထို အမျိုးအနွယ်၌။ နီစကုလီနော = ယုတ်ညံ့သော အမျိုးအနွယ်ရှိသည်။ ဟောတိ = ဖြစ်၏။

အကယ်၍ ငရဲမရောက်ဘူးထား၊ လူ့ပြည်လူ့လောကကို တစ်ပတ်ပြန် ကျော့ပြီးတော့ ရောက်ရှိလာခဲ့မယ်ဆိုရင် ဘာဖြစ်မလဲ? ယုတ်ညံ့တဲ့ အမျိုး အနွယ်မှာ သွားပြီး လူဖြစ်ရတယ်၊ အထက်တန်းကျတဲ့ အမျိုးအနွယ်မှာ လူဖြစ်ရတာနှင့် ယုတ်ညံ့တဲ့အမျိုးအနွယ်မှာ လူဖြစ်ရတာ ဘယ်ဒင်းက ကောင်း မလဲ? အထက်တန်းကျတာကတော့ နည်းနည်းတော့ သက်သာတာပေါ့၊ အကောင်းကြီးတော့ မဆိုလိုပါဘူး၊ သို့သော် အမျိုးယုတ်တယ်ဆိုရင်ပဲ ကောင်း သေးလား? မကောင်းတော့ဘူး၊ ဒီအမျိုးယုတ်အောင် ဘာတွေက ပို့ဆောင် ပေးသလဲ? ဘယ်ကံက ပို့ဆောင်ပေးသလဲ? မာနကြီးခြင်းပဲ။

မာနကြီးခြင်းသည် ဘာကြောင့် ဒီအမျိုးအနွယ်ကို ယုတ်ညံ့စေရသလဲ လို့မေးတော့ - မာနကြီးတဲ့ပုဂ္ဂိုလ်ကို ပြန်ပြီးတော့ နည်းနည်းလေး ဆန်းစစ် ကြည့်ပါ၊ တစ်ဘက်သားအပေါ်မှာ ကိုယ်က အထင်သေးတဲ့ စိတ်ထား မရှိ ဘူးလား? ရှိတယ်၊ မိမိထက်ကို အင်မတန် ယုတ်ညံ့တယ်လို့ စိတ်ထဲမှာ စွဲမှတ် ထားတယ်၊ လူတစ်ဘက်သားကို မိမိထက် ယုတ်ညံ့တယ်လို့ စွဲမှတ်ထားတဲ့ ဒီစိတ်ထားက မိမိယုတ်ညံ့ဖို့ရန်အတွက် အကြောင်း မဖြစ်ဘူးလား? ဖြစ် သွားပြီ၊ မစင်ကို ကိုင်ပြီးတော့ သူတစ်ပါးကို ပစ်ပေါက်ဖို့ ကြိုးစားတဲ့ ပုဂ္ဂိုလ် တစ်ဦးအဖို့ မိမိပေါက်လိုက်တဲ့ မစင်သည် သူတစ်ပါးကို ထိမထိတော့ မပြော တတ်ဘူး၊ မိမိလက်ကို ဒီမစင်ပေသွားတာကတော့ ပိုပြီးကျိန်းမသေဘူးလား? ကျိန်းသေသွားတယ်။

ဒီပုံစံအတိုင်းပဲ မိမိက တစ်ဘက်သားကို အမျိုးယုတ်ညံ့တဲ့ ပုဂ္ဂိုလ် အဖြစ် စိတ်က စွဲမှတ်လိုက်တယ်၊ အင်မတန် လူညံ့တစ်ဦးအဖြစ် စွဲမှတ်လိုက်တဲ့ အတွက် သူတစ်ဘက်သားက လူညံ့ ဖြစ်မဖြစ်တော့ မကျိန်းသေဘူး၊ မိမိလူညံ့ ဖြစ်ဖို့တော့ ပြည့်စုံတဲ့ ခိုင်လုံတဲ့အကြောင်းတရားတစ်ခုကို ဆည်းပူးစုဆောင်း ပြီး ထုပ်ပြီးပိုးပြီး ရင်ဝယ်ပိုက်ထွေးပြီး ဖြစ်မသွားဘူးလား? --- ဖြစ်သွားပြီ၊ အကြောင်းက သိပ်သေချာသွားတယ်။

ဒါကြောင့် မိမိတို့က အင်မတန်ယုတ်ညံ့တဲ့ အမျိုးအနွယ်ရှိတဲ့ ပုဂ္ဂိုလ် တစ်ဦး မဖြစ်ချင်ဘူးဆိုလို့ရှိရင် ဘာလုပ်ရမလဲ? မာနကြီးတဲ့ပုဂ္ဂိုလ် မဖြစ်ပါ စေနဲ့၊ ထဒ္ဓ စိတ်ဓာတ် ခက်ထန်တင်းမာတဲ့ပုဂ္ဂိုလ် ဖြစ်ရမလား? မဖြစ်ရဘူး၊ နူးညံ့ပျော့ပျောင်းတဲ့ပုဂ္ဂိုလ် ဖြစ်ရမယ်၊ အဲဒီ နူးညံ့ပျော့ပျောင်းတဲ့ စိတ်ထား ရှိအောင် ပိုက်ဆံဘယ်နှစ်ပြား ကုန်သလဲ? မကုန်ပါဘူး၊ ပိုက်ဆံမကုန်ဘဲနှင့် နူးညံ့ပျော့ပျောင်းတဲ့ပုဂ္ဂိုလ် ဖြစ်အောင် ကြိုးစားလို့ မရဘူးလား? ရပါတယ်။

နီစကုလီနသံဝတ္တနိကာ ဧသာ မာဏဝ ပဋိပဒါ ယဒိဒံ ထဒ္ဓေါ ဟောတိ အတိမာနီ ---- အဘိဝါဒေတဗ္ဗံ န အဘိဝါဒေတိ၊ ပစ္စုဋ္ဌာတဗ္ဗံ န ပစ္စုဋ္ဌေတိ၊ အာသနာရဟဿ န အာသနံ ဒေတိ၊ မဂ္ဂါရဟဿ န မဂ္ဂံ ဒေတိ၊ သက္ကာတဗ္ဗံ န သက္ကရောတိ၊ ဂရုကာတဗ္ဗံ န ဂရုကရောတိ၊ မာနေတဗ္ဗံ န မာနေတိ၊ ပူဇေတဗ္ဗံ န ပူဇေတိ။ (မ၊၃၊၂၄၇။)

ရှိခိုးသင့် ရှိခိုးထိုက်တဲ့ပုဂ္ဂိုလ်ကို ရှိမခိုးဘူး၊ ခရီးဦး ကြိုဆိုသင့် ကြိုဆို ထိုက်တဲ့ပုဂ္ဂိုလ်ကို ခရီးဦး မကြိုဆိုဘူး၊ နေရာဖယ်ပေးသင့် ဖယ်ပေးထိုက်တဲ့ ပုဂ္ဂိုလ်ကို နေရာဖယ်မပေးဘူး၊ လမ်းခရီး ဖယ်ပေးသင့် ဖယ်ပေးထိုက်တဲ့ ပုဂ္ဂိုလ်ကို လမ်းခရီး ဖယ်မပေးဘူး၊ ရိုသေသင့် ရိုသေထိုက်တဲ့ပုဂ္ဂိုလ်ကို မရိုသေဘူး၊ လေးစားသင့် လေးစားထိုက်တဲ့ ပုဂ္ဂိုလ်ကို မလေးစားဘူး၊ မြတ်နိုးသင့် မြတ်နိုးထိုက်တဲ့ပုဂ္ဂိုလ်ကို မမြတ်နိုးဘူး၊ ပူဇော်သင့် ပူဇော်ထိုက် တဲ့ပုဂ္ဂိုလ်ကို မပူဇော်ဘူး၊ အလွန်မာနကြီးနေတယ်။

စိတ်ဓာတ်တွေက ခက်ထန်တင်းမာနေတယ်၊ အဲဒီလို မာနကြီးခြင်း စိတ် ဓာတ် ခက်ထန်တင်းမာခြင်းသည် ယုတ်ညံ့တဲ့ အမျိုးအနွယ်ကို ဖြစ်စေတတ် တဲ့ ကျင့်ဝတ်ပဋိပတ်ဖြစ်တယ်လို့ ဒီလို မြတ်စွာဘုရားက ဟောတယ် -----

အားလုံး ကြားဖူးကြပါလိမ့်မယ်။ ဘုရားရှင်ရဲ့ ဦးရီးတော် သုပ္ပဗုဒ္ဓ ကြည့်ပါ။ --- ငါ၏တူတော် သိဒ္ဓတ္ထမင်းသား ဂေါတမမြတ်စွာဘုရားသည် ငါ၏သမီးတော် ယသောဓရာကို စွန့်ပစ်ထားခဲ့၍ တောလည်း ထွက်ခဲ့လေပြီ၊ ငါ၏သားတော် ဒေဝဒတ်ကိုလည်း ရဟန်းပြုပေးပြီးနောက် ထိုငါ့သား ဒေဝဒတ်၏ ရန်သူအရာ၌လည်း တည်ခဲ့လေပြီ --- ဆိုပြီး ဒီအကြောင်း နှစ်ရပ်ကြောင့် မြတ်စွာဘုရားအပေါ်၌ ရန်ငြိုးဖွဲ့ခဲ့တယ်၊ မကျေနပ်မှုတွေကို မွေးမြူခဲ့တယ်။

ဒီမကျေနပ်ချက်ကြောင့် ဘုရားရှင်ရဲ့ ဆွမ်းစားကြွမည့်လမ်းကို တမင် ပိတ်ဆို့ပြီး လမ်းပေါ်၌ သေရည်သေရက်သောက်ခါ လမ်းမပေးဘဲ နေခဲ့တယ်။ မကျေနပ်မှုတွေကလည်း သိပ်အားကောင်းနေတယ်၊ စိတ်ဓာတ် ခက်ထန် တင်းမာတဲ့ မာန်မာနတရားတွေကလည်း သူ့ရဲ့စိတ်အစဉ်မှာ လွှမ်းမိုးဖိစီးပြီး နေကြတယ်။ ဘာဖြစ်သွားလဲ? ဒီမကောင်းမှုကြောင့် ငရဲရောက်သွားတယ်။

နောက်ဝတ္ထုတစ်ခုကတော့ ဓမ္မဓဇဇာတ်တော်မှာ (ဇာတက၊ဋ္ဌ၊၂၊၁၇၀။) လာရှိတဲ့ ဒုဋ္ဌကုမာရမင်းသားအကြောင်းပဲ ဖြစ်တယ်။

အတိတ်ဘဝတစ်ခုဝယ် အရှင်သာရိပုတ္တရာအလောင်း သူတော်ကောင်း ဟာ ဗာရာဏသီပြည်ကို ထီးဖြူအုပ်ချုပ်တဲ့ ကိတဝါသအမည်ရှိတဲ့ ရှင်ဘုရင် ဖြစ်ခဲ့ဖူးတယ်။ သူ့မှာ ဒုဋ္ဌကုမာရ အမည်ရှိတဲ့ သားရတနာတစ်ဦး ရှိခဲ့တယ်။ ထိုသားကို အရွယ်ရောက်တဲ့အခါ အိမ်ရှေ့မင်းသားအဖြစ် ခန့်အပ်ထားတယ်။ ဒီအိမ်ရှေ့မင်းသားက ဒေါသလည်း သိပ်ကြီးတယ်၊ မာန်မာနတွေကလည်း သိပ်ကြီးတယ်၊ စိတ်ဓာတ်တွေကလည်း သိပ်ခက်ထန်တင်းမာတယ်။

တစ်နေ့ ဥယျာဉ်တော်သို့အသွား လမ်းခုလတ်တစ်နေရာမှာ အရှင် ပစ္စေကဗုဒ္ဓဘုရားရှင်တစ်ဆူနှင့် ရင်ဆိုင်တိုးမိတယ်။ ထိုအချိန်မှာ တိုင်းသူ ပြည်သား လူအများကလည်း အရှင်ပစ္စေကဗုဒ္ဓဘုရားရှင်ကိုပဲ အရိုအသေ ပြုကြတယ် ရှိခိုးကြတယ် မြတ်နိုးကြတယ် ပူဇော်ကြတယ် ချီးမွမ်းကြတယ်၊ လက်အုပ် ချီမိုးကာ မတ်တတ်ရပ်လျက် အရိုအသေ ပြုနေကြတယ်။ ဒုဋ္ဌကုမာရမင်းသားကိုတော့ အဲဒီလို မပြုလုပ်ကြဘူး။

ပြီးတော့ ဒုဋ္ဌကုမာရမင်းသားရဲ့ နောက်တော်က ပါလာကြတဲ့ ပရိသတ် တွေကလည်းပုံစံတူပဲ အရှင်ပစ္စေကဗုဒ္ဓဘုရားရှင်ကိုပဲ အရိုအသေပြုကြတယ် ရှိခိုးကြတယ် မြတ်နိုးကြတယ် ပူဇော်ကြတယ် ချီးမွမ်းကြတယ် လက်အုပ်ချီမိုး ကာ မတ်တတ်ရပ်လျက် အရိုအသေပြုနေကြတယ်။ မင်းသားကိုတော့ အဲဒီ လို မပြုလုပ်ကြဘူး။

ဒီအပြုအမူတွေကို ကြည့်ပြီးတော့ မင်းသားက မကျေနပ်မှုတွေကို မွေးမြူနေပြန်တယ်။ --- ငါကဲ့သို့သော အိမ်ရှေ့မင်းသားနှင့် အတူသွားကြတဲ့ လူတွေဟာ ဒီဦးပြီးခေါင်းတုံးကိုပဲ ရှိခိုးကြတယ် ချီးမွမ်းကြတယ် လက်အုပ်ချီ ကြတယ် - လို့ စဉ်းစားခန်း ဝင်နေတယ်။

ရိုသေသင့် ရိုသေထိုက်တဲ့ လေးစားသင့် လေးစားထိုက်တဲ့ မြတ်နိုးသင့် မြတ်နိုးထိုက်တဲ့ ခရီးဦးကြိုဆိုသင့် ကြိုဆိုထိုက်တဲ့ သူတော်ကောင်းတစ်ဦးကို ရိုသေဖို့ လေးစားဖို့ မြတ်နိုးဖို့ ခရီးဦးကြိုဆိုဖို့ မစဉ်းစားဘဲ မကျေနပ်မှုတွေ စိတ်ဓာတ်ခက်ထန်တင်းမာမှုတွေ မာန်မာနတရားတွေကိုသာ မွေးမြူနေတယ်။

ဒီ မာန်မာနတရားတွေက လှုံ့ဆော်တိုက်တွန်းလိုက်တဲ့အတွက် ဒေါသ တကြီးနဲ့ ဆင်ပေါ်ကဆင်းပြီး အရှင်ပစ္စေကဗုဒ္ဓဘုရားရှင်ထံကို ချဉ်းကပ်ပြီး ရဟန်း ...ဆွမ်းရပါရဲ့လားလို့ မေးလိုက်တယ်။ အရှင်ပစ္စေကဗုဒ္ဓဘုရားရှင် ထံမှ ဆွမ်းရကြောင်းသတင်းကို ကြားလိုက်တဲ့အခါ ဘုရားရှင်၏လက်တော်မှ သပိတ်တော်ကိုယူပြီး မြေကြီးပေါ်သို့ ပစ်ချလိုက်တယ်။ ဆွမ်းနှင့် သပိတ်ကို လည်း မှုန့်မှုန့်ညက်ညက် ကြေသွားအောင် သူက ထပ်ပြီး ပြစ်မှားပြန်တယ်၊ နင်းချေပစ်လိုက်တယ်။ ဒါတွင် မကသေးဘူး --

ပစ္စေကဗုဒ္ဓဘုရားရှင်ကလည်း -- နဋ္ဌော ဝတာယံ သတ္တော = ဒီသတ္တဝါ တော့ ပျက်စီးလေပေါ့ -- လို့ စိတ်တော်က ကြံစည်တော်မူပြီး သူရဲ့မျက်နှာကို လှမ်းမျှော်ကြည့်လိုက်တယ်။ ဒီအခါမှာ ဒီမင်းသားက ဘာပြန်ပြောသလဲ?

အဟံ သမဏ ကိတဝါသရညော ပုတ္တော၊ နာမေန ဒုဋ္ဌကုမာရော နာမ၊ တွံ မေ ကုဒ္ဓေါ အက္ခီနိ ဥမ္မီလေတွာ ဩလောကေန္တော ကိံ ကရိဿသိ။ (ဇာတက၊ဋ္ဌ၊၂၊၁၇၈။)

သမဏ = ရဟန်း ...၊ အဟံ = ငါသည်ကား။ ကိတဝါသရညော = ကိတဝါသဘုရင်ကြီး၏။ ပုတ္တော = သားတည်း။ နာမေန = အမည်နာမအား ဖြင့်။ ဒုဋ္ဌကုမာရော နာမ = ဒုဋ္ဌကုမာရ အမည်ရှိ၏။ တွံ = သင်သည်။ မေ = ငါ့အပေါ်၌။ ကုဒ္ဓေါ = အမျက်ထွက်ကာ။ အက္ခီနိ = မျက်လုံးတို့ကို။ ဥမ္မီလေတွာ = ဖွင့်ပြီး၍။ ဩလောကေန္တော = ကြည့်ကာ။ ကိံ = အဘယ် အရာကို။ ကရိဿသိ = ပြုလုပ်နိုင်လတ္တံ့နည်း? --

ရဟန်း ...ငါဟာ ကိတဝါသဘုရင်ကြီးရဲ့သားပဲ၊ ဒုဋ္ဌကုမာရမင်းသား လို့ခေါ်တယ်။ သင်က ငါ့အပေါ်ဒေါသထွက်ပြီး မျက်လုံးတွေကို ဖွင့်ကြည့်နေ တယ်။ ငါ့ကို သင်က ဘာလုပ်နိုင်မလဲ? ---

ဒီလို သူက ထပ်ပြောပြန်တယ်။ သူရဲ့ ဒီပြောကြားချက်တွေကိုကြည့်ရင် တော့ သူ့ကို အလွန်မောက်မာတဲ့ မာန်မာနတရားတွေက လွှမ်းမိုးနေတာကို တွေ့နိုင်တယ်။ အရှင်ပစ္စေကဗုဒ္ဓဘုရားရှင်ကို အထင်သေးပြီး မိမိကိုယ်ကို အထင်ကြီးနေတဲ့ စိတ်နေစိတ်ထားတွေကလည်း သူ့ရဲ့ စိတ်အစဉ်ကို ဝိုင်းရံ ထားတာကို တွေ့နိုင်တယ်။ မကျေနပ်ချက် ဒေါသတရားတွေကလည်း သူ့ စိတ်ကို ထပ်ပြီး လွှမ်းမိုးနေတာကို တွေ့နိုင်တယ်။

ထိုနေ့မှာ .. ပစ္စေကဗုဒ္ဓဘုရားရှင်လည်း ဆွမ်းပြတ်တော်မူပါတယ်။ ကောင်းကင်ခရီးဖြင့် မြောက်ဟိမဝန္တာမှာ တည်ရှိတဲ့ နန္ဒမူလိုဏ်ဂူတော်သို့ ပြန်ကြွတော်မူပါတယ်။

မင်းသားရဲ့ ပစ္စေကဗုဒ္ဓဘုရားရှင်အပေါ်မှာ ပြစ်မှားမိတဲ့ အကုသိုလ်ကံ တွေကလည်း ထိုအချိန်အခါမှာပဲ ရင့်ကျက်လာပါတယ်။ အဝီစိငရဲမီးက တက် ဟပ်တဲ့အတွက် ထိုနေရာမှာပဲ လဲကျကာ သေကျေပျက်စီးပြီး အဝီစိငရဲမှာ သွားဖြစ်ရပြန်တယ်။ အလွန်မာနကြီးသူ အလွန်ဒေါသကြီးသူတို့ ရရှိနိုင်တဲ့ အကျိုးတရားတွေပဲ။

ဒီလို စိတ်ဓာတ်ခက်ထန်တင်းမာမှု မာန်မာနကြီးမှုတွေဟာ ဒီလို အဝီစိ ငရဲကိုရောက်အောင် ပို့ဆောင်ရုံတွင်သာမက ငရဲမှ လွတ်လာရင်လည်း လူ့ ဘဝရောက်ခဲ့ရင် အမျိုးယုတ်ညံ့သူတစ်ယောက်ဖြစ်အောင် ရွက်ဆောင်ပေး တတ်ပြန်တယ်။ ဒီနေရာမှာ -- အရှင်သုနီတမထေရ်မြတ်ရဲ့ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ် ဇာတ်လမ်းကလေးကို နားဆင်ကြည့်ပါ ---

fdx3rh64jaxnb64ezgob79ar1f78k7l