ဝီကီရင်းမြစ် mywikisource https://my.wikisource.org/wiki/%E1%80%97%E1%80%9F%E1%80%AD%E1%80%AF%E1%80%85%E1%80%AC%E1%80%99%E1%80%BB%E1%80%80%E1%80%BA%E1%80%94%E1%80%BE%E1%80%AC MediaWiki 1.47.0-wmf.5 first-letter မီဒီယာ အထူး ဆွေးနွေးချက် အသုံးပြုသူ အသုံးပြုသူ ဆွေးနွေးချက် ဝီကီရင်းမြစ် ဝီကီရင်းမြစ် ဆွေးနွေးချက် ဖိုင် ဖိုင် ဆွေးနွေးချက် မီဒီယာဝီကီ မီဒီယာဝီကီ ဆွေးနွေးချက် တမ်းပလိတ် တမ်းပလိတ် ဆွေးနွေးချက် အကူအညီ အကူအညီ ဆွေးနွေးချက် ကဏ္ဍ ကဏ္ဍ ဆွေးနွေးချက် မုခ်ဝ မုခ်ဝ ဆွေးနွေးချက် စာရေးသူ စာရေးသူ ဆွေးနွေးချက် ဘာသာပြန် ဘာသာပြန် ဆွေးနွေးချက် စာမျက်နှာ စာမျက်နှာ ဆွေးနွေးချက် အညွှန်း အညွှန်း ဆွေးနွေးချက် TimedText TimedText talk မော်ဂျူး မော်ဂျူး ဆွေးနွေးချက် Event Event talk စာရေးသူ:တောင်တွင်း ရှင်ငြိမ်းမယ် 102 29 22032 102 2026-06-06T06:44:08Z RC Xtreme 747 22032 wikitext text/x-wiki {{author | firstname = တောင်တွင်း | lastname = ရှင်ငြိမ်းမယ် | last_initial = င | description = }} ==စာပေလက်ရာများ== ===ကဗျာ=== ====အိုင်ချင်း==== '''စ''' *[[စစ်မှာတစ်မူ အိုင်ချင်း|စစ်မှာတစ်မူ]] *[[စိတ်နေမြင့်သူ အိုင်ချင်း|စိတ်နေမြင့်သူ]] '''မ''' *[[မောင်တို့ပျော်နေ တောမြိုင်ခြေ]] '''ရ''' *[[ရွှေဖီဦးကို ခူးလှည့်ပါ]] '''လ''' *[[လှေကားဦးမှာ အိုင်ချင်း|လှေကားဦးမှာ အိုင်ချင်း (အမယ်ကြီးနှင့် ဘကြီးဖျက်လို့)]] [[Category:င-စာဆိုများ]] [[Category:(မသိ)ခေတ်]] [[Category:မြန်မာဘာသာ]] j4w4p057ko9bjdi6ds7yax55n233x55 စိတ်နေမြင့်သူ အိုင်ချင်း 0 1124 22029 3728 2026-06-05T14:56:33Z RC Xtreme 747 22029 wikitext text/x-wiki {{header | title = စိတ်နေမြင့်သူ အိုင်ချင်း | author = တောင်တွင်းရှင်ငြိမ်းမယ် | translator = | section = | previous = | next = | year = | notes = |portal = }} <poem>ချစ်တဲ့သူငယ်လေ၊ သူငယ်ချင်းကောင်း ယောင်းမတို့ရေ ... ပန်ပါရလို၊ ပန်ရလျှင်လဲ ပန်းများသခင်၊ ဂေါ်သဇင်ဟု ပင်ဆင့်ပေါက်သည်၊ ရွက်မြှောက်ရိုးတံမှသာတဲ့။ လိမ်းပါရလို၊ လိမ်းရလျှင်လဲ ရွှေနှင့်နှိုင်းတူ၊ တောင်ငူနနွင်း ငွေနိုင်းချင်းသည်၊ ဝင်းထိန်ထိန်ငယ်၊ အချိန်ခြောက်ကျပ်သားမှသာတဲ့။ ကြင်ပါရလို၊ ကြင်ရလျှင်လဲ ရေမြေ့သခင်၊ အရှင်စက်ရင်း ရွှေတိုက်တော်မှာ စာရင်းသွင်းသည် ခြင်းခြင်းတောက်တဲ့ လူမှသာတဲ့။ အပျိုဖြူငယ်ကကျွမ်း၊ မယ်လွမ်းလှတယ်လေး။ </poem> {{PD-old}} [[Category:မြန်မာကဗျာများ]] [[Category:မြန်မာဘာသာ]] [[Category:အိုင်ချင်း]] [[Category:အမည်မသိ စာဆို]] r15mynsiq8iao3rv10r9dmtaxjhw1p1 22031 22029 2026-06-06T06:40:24Z RC Xtreme 747 22031 wikitext text/x-wiki {{header | title = စိတ်နေမြင့်သူ အိုင်ချင်း | author = တောင်တွင်း ရှင်ငြိမ်းမယ် | translator = | section = | previous = | next = | year = | notes = |portal = }} <poem>ချစ်တဲ့သူငယ်လေ၊ သူငယ်ချင်းကောင်း ယောင်းမတို့ရေ ... ပန်ပါရလို၊ ပန်ရလျှင်လဲ ပန်းများသခင်၊ ဂေါ်သဇင်ဟု ပင်ဆင့်ပေါက်သည်၊ ရွက်မြှောက်ရိုးတံမှသာတဲ့။ လိမ်းပါရလို၊ လိမ်းရလျှင်လဲ ရွှေနှင့်နှိုင်းတူ၊ တောင်ငူနနွင်း ငွေနိုင်းချင်းသည်၊ ဝင်းထိန်ထိန်ငယ်၊ အချိန်ခြောက်ကျပ်သားမှသာတဲ့။ ကြင်ပါရလို၊ ကြင်ရလျှင်လဲ ရေမြေ့သခင်၊ အရှင်စက်ရင်း ရွှေတိုက်တော်မှာ စာရင်းသွင်းသည် ခြင်းခြင်းတောက်တဲ့ လူမှသာတဲ့။ အပျိုဖြူငယ်ကကျွမ်း၊ မယ်လွမ်းလှတယ်လေး။ </poem> {{PD-old}} [[Category:မြန်မာကဗျာများ]] [[Category:မြန်မာဘာသာ]] [[Category:အိုင်ချင်း]] [[Category:အမည်မသိ စာဆို]] 0wzkpf51szoo7yrpbfluxjjbzex4k01 နိဗ္ဗာနဂါမိနိပဋိပဒါ-ဒုတိယတွဲ/အရူပပရိဂ္ဂဟ အခန်း 0 5469 22030 18262 2026-06-06T03:01:35Z Tejinda 173 22030 wikitext text/x-wiki {{header | title = [[နိဗ္ဗာနဂါမိနိပဋိပဒါ-ဒုတိယတွဲ]] | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = အရူပပရိဂ္ဂဟ အခန်း | previous = [[နိဗ္ဗာနဂါမိနိပဋိပဒါ-ဒုတိယတွဲ|နိဒါနကထာ]] | previous2 = | next = [[နိဗ္ဗာနဂါမိနိပဋိပဒါ-ဒုတိယတွဲ/စိတ်ပိုင်းဆိုင်ရာ သိမှတ်စရာ|စိတ်ပိုင်းဆိုင်ရာ သိမှတ်စရာ]] | next2 = | year = | notes = | edition = | categories = ဝိပဿနာ | shortcut = | portal = }}
နာမ်ကမ္မဋ္ဌာန်းပိုင်း

နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ် - ဒုတိယတွဲ

နာမ်ကမ္မဋ္ဌာန်းပိုင်း

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

အရူပပရိဂ္ဂဟ အခန်း

ဝိပဿနာဉာဏ်၏ အရှုခံ နာမ်တရား

သဗ္ဗညုသမ္မာသမ္ဗုဒ္ဓဘုရားရှင် ကိုယ်တော်တိုင်က သဠာယတနဝဂ္ဂသံယုတ်ပါဠိတော် အပရိဇာနနသုတ္တန် တွင် အလုံးစုံသော ရုပ်တရား နာမ်တရားတို့ကို ဉာတပရိညာ တီရဏပရိညာ ပဟာနပရိညာဟူသော ပရိညာ (၃)မျိုးဖြင့် ပိုင်းပိုင်းခြားခြား ထိုးထွင်း မသိပါက သံသရာဝဋ်ဆင်းရဲဒုက္ခသည် မည်သည့်နည်းနှင့်မျှ မကုန်ဆုံးနိုင်ဟု ဟောကြားထားတော်မူသောကြောင့်လည်းကောင်း (သံ၊၂၊၂၄၉-၂၅၀။),

အဋ္ဌသာလိနီအဋ္ဌကထာ (၂၇၁), ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (၂၊၃၀၀-၃၀၁)တို့၌ ရုပ်တရားသက်သက်ကို ဝိပဿနာ ရှုရုံမျှဖြင့်လည်း ဝုဋ္ဌာနအမည်ရသော အရိယမဂ်ဉာဏ်သည် မဖြစ်ပေါ်လာနိုင်၊ နာမ်တရားသက်သက်ကို ဝိပဿနာ ရှုရုံမျှဖြင့်လည်း ဝုဋ္ဌာန အမည်ရသော အရိယမဂ်ဉာဏ်သည် မဖြစ်ပေါ်လာနိုင်၊ ထိုကြောင့် ရံခါ ရုပ် တရားကို ရံခါ နာမ်တရားကို ဝိပဿနာ ရှုပွားသုံးသပ်ရမည်ဟု ညွှန်ကြားထားတော်မူသောကြောင့်လည်းကောင်း သံသရာဝဋ်ဆင်းရဲဒုက္ခကြီးကို ကုန်ခန်းစေလိုသော အသင်ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် ဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်ကြကုန်သော နာမ်တရားတို့ကိုလည်း ဆက်လက်၍ သိမ်းဆည်းရမည် ဉာဏ်ဖြင့် ပိုင်းခြားယူရမည် ဖြစ်သည်။ ဆက်လက် သိမ်းဆည်းရမည့် နာမ်တရားတို့ကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာနှင့် မဟာဋီကာတို့တွင် အောက် ပါအတိုင်း ဖွင့်ဆိုထားတော်မူ၏။

တေဿဝံ ပရိဂ္ဂဟိတရူပဿ ဒွါရဝသေန အရူပဓမ္မာ ပါကဋာ ဟောန္တိ။ သေယျထိဒံ --- ဒွေပဉ္စဝိညာဏာနိ, တိဿော မနောဓာတုယော, အဋ္ဌသဋ္ဌိ မနောဝိညာဏဓာတုယောတိ ဧကာသီတိ လောကိယစိတ္တာနိ၊ အဝိသေသေန စ တေဟိ စိတ္တေဟိ သဟဇာတော ဖဿော, ဝေဒနာ, သညာ, စေတနာ, ဇီဝိတံ, စိတ္တဋ္ဌိတိ, မနသိကာရောတိ ဣမေ သတ္တ သတ္တ စေတသိကာတိ။ လောကုတ္တရစိတ္တာနိ ပန နေဝ သုဒ္ဓဝိပဿကဿ၊ န သမထယာနိကဿ ပရိဂ္ဂဟံ ဂစ္ဆန္တိ အနဓိဂတတ္တာတိ။ (ဝိသုဒ္ဓိ၊၂၊၂၂၃။)

ကာမံ ဝတ္ထုဝသေနာပိ အရူပဓမ္မာ ပါကဋာ ဟောန္တိ၊ ဒွါရဝသေန ပန ပရိဂ္ဂဟော အနာကုလောတိ ကတွာ ဝုတ္တံ ဒွါရဝသေန အရူပဓမ္မာ ပါကဋာ ဟောန္တီတိ။ သဗ္ဗသင်္ဂါဟိကဝသေန ဧကာသီတိ လောကိယစိတ္တာနီတိ ဝုတ္တံ၊ လာဘိနော ဧဝ ပန မဟဂ္ဂတစိတ္တာနိ သုပါကဋာနိ ဟောန္တိ။ အဝိသေသေနာတိ သာဓာရဏတော။ ဖဿာဒယော ဟိ သတ္တ စေတသိကာ စက္ခုဝိညာဏာဒီဟိပိ ဥပ္ပဇ္ဇနတော သဗ္ဗစိတ္တုပ္ပါဒသာဓာရဏာ။ သဗ္ဗေပိ တေတိ ဧကာသီတိ လောကိယစိတ္တာနိ, တံသမ္ပယုတ္တာ ဖဿာဒယောတိ သဗ္ဗေပိ တေ အရူပဓမ္မေ။ အာရမ္မဏာဒိဝိဘာဂေန ပန စိတ္တုပ္ပါဒဘေဒေ ဂယှမာနေ တတော ဗဟုတရော ဧဝ ဟောတိ၊ သော ပန ဣဓ နာဓိပ္ပေတော။ (မဟာဋီ၊၂၊၃၅၂-၃၅၃။)

အထဿ ဧဝံ စတ္တာရိ မဟာဘူတာနိ တေဝီသတိ ဥပါဒါရူပါနိ ရူပက္ခန္ဓောတိ ရူပက္ခန္ဓံ ပရိဂ္ဂဏှန္တဿ အာယတနဒွါရဝသေန အရူပိနော ခန္ဓာ ပါကဋာ ဟောန္တိ။ (အဘိ၊ဋ္ဌ၊၂၊၂၄၁။)

ဤအထက်ပါ အဋ္ဌကထာဋီကာတို့၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။

ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ဖွင့်ဆိုရေးသား တင်ပြအပ်ခဲ့ပြီးသည့်အတိုင်း (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိ သော ဘူတရုပ် ဓာတ်ကြီး (၄)ပါး, ဥပါဒါရုပ် (၂၃)ပါး သို့မဟုတ် ဟဒယဝတ္ထုနှင့်တကွ ဥပါဒါရုပ် (၂၄)ပါးတို့ကို ဉာဏ်ဖြင့် ပိုင်းခြား၍ သိမ်းဆည်းအပ်ပြီးသော ရုပ်တရားရှိသော ထိုယောဂါဝစရပုဂ္ဂိုလ်သူမြတ်၏ သန္တာန်ဝယ် စက္ခုဒွါရ သောတဒွါရ ဃာနဒွါရ ဇိဝှါဒွါရ ကာယဒွါရ မနောဒွါရဟု ဆိုအပ်သော အာယတနဒွါရ၏ အစွမ်းဖြင့် နာမ်တရားတို့သည် ထင်ရှားလာကုန်၏။

နာမ်တရားတို့၏ မှီရာဝတ္ထုရုပ်များ ဖြစ်ကြသည့် စက္ခုဝတ္ထု, သောတဝတ္ထု, ဃာနဝတ္ထု, ဇိဝှါဝတ္ထု, ကာယ ဝတ္ထု, ဟဒယဝတ္ထုဟူသော ဝတ္ထု၏အစွမ်းဖြင့်လည်း နာမ်တရားတို့သည် ထင်ရှားကုန်သည်သာ ဖြစ်ကုန်၏။ သို့သော်လည်း စက္ခုဒွါရဝီထိစသော အာယတနဒွါရ၏ အစွမ်းဖြင့် နာမ်တရားတို့ကို သိမ်းဆည်းခြင်း ဉာဏ်ဖြင့် ပိုင်းခြားယူခြင်းသည်ကား ရောယှက်ရှုပ်ထွေးခြင်း မရှိဟု နှလုံးပိုက်တော်မူ၍ စက္ခုဒွါရဝီထိစသော အာယတန ဒွါရ၏အစွမ်းဖြင့် နာမ်တရားတို့ကို သိမ်းဆည်းရှုပွားရန် အဋ္ဌကထာဆရာတော်က မိန့်ဆိုတော်မူခြင်း ဖြစ်ပေသည်။

စက္ခုဝတ္ထု၌ စက္ခုဝိညာဏ်စိတ်နှင့် အတူတကွ ဖဿ, ဝေဒနာ, သညာ, စေတနာ, ဧကဂ္ဂတာ, ဇီဝိတ, မနသိကာရဟူသော စေတသိက် (၇)လုံး, စိတ်စေတသိက် နှစ်ရပ်ပေါင်းသော် နာမ်တရား (၈)လုံးတို့သာ မှီ၍ ဖြစ်ကြရ၏။ အလားတူပင် သောတဝတ္ထု စသည်တို့၌လည်း သောတဝိညာဏ်စသည့် ဆိုင်ရာ ဝိညာဏ်တို့နှင့် အတူတကွ နာမ်တရား (၈)လုံးစီသာ အသီးအသီး မှီ၍ ဖြစ်ကြ၏။ သို့သော် ဟဒယဝတ္ထု၌ကား အာရုံ (၆)ပါးလုံးကို ထိုက်သလို သိနေသည့် စက္ခုဝိညာဏ်စသည့် ပဉ္စဝိညာဏ်တို့မှ တစ်ပါးသော ဝီထိစိတ် အားလုံးတို့သည် မှီ၍ ဖြစ်နေကြ၏။ ပဋိသန္ဓေစိတ် ဘဝင်စိတ် စုတိစိတ်ဟူသော နာမ်တရားစုတို့လည်း ဟဒယဝတ္ထုကိုပင် မှီ၍ ဖြစ်ကြ ကုန်၏။ သို့အတွက် ဟဒယဝတ္ထု၌ကား အာရုံ (၆)ပါးလုံးကို ထိုက်သလို သိကြသည့် အသိစိတ်တို့ စုပြုံ၍ ဖြစ်နေ ကြသည့်နေရာ ဖြစ်သဖြင့် မှီရာဝတ္ထုအလိုက် နာမ်တရားတို့ကို သိမ်းဆည်း ရှုပွားခဲ့သော် ရောယှက်ရှုပ်ထွေးခြင်း ရှိနေ၏။ သို့အတွက် ရောယှက်ရှုပ်ထွေးခြင်း ကင်းအောင် စက္ခုဒွါရဝီထိနာမ်တရားစသည့် အာယတနဒွါရအလိုက် နာမ်တရားတို့ကို သိမ်းဆည်းရှုပွားခြင်းကသာ သာလွန်၍ ကောင်းမွန်သည့်အတွက် အာယတနဒွါရအလိုက် နာမ်တရားတို့ကို သိမ်းဆည်းရန် ရှုပွားရန် အဋ္ဌကထာဆရာတော်က မိန့်ဆိုတော်မူခြင်း ဖြစ်ပေသည်။ ဤအထက်ပါ အဋ္ဌကထာတို့၏ ညွှန်ကြားသတ်မှတ်ချက်အရ ဤကျမ်း၌လည်း အာယတနဒွါရအလိုက်ပင် နာမ်တရားတို့ကို သိမ်းဆည်းရန် ရေးသားတင်ပြမည် ဖြစ်ပေသည်။ ယင်းသို့ သိမ်းဆည်း ရှုပွားရမည့် နာမ်တရားတို့မှာ ---

၁။ ဒွေပဉ္စဝိညာဏ် --- ၁၀

၂။ ပဉ္စဒွါရာဝဇ္ဇန်း သမ္ပဋိစ္ဆိုင်းဒွေ ဟူသော မနောဓာတ် --- ၃

၃။ မနောဝိညာဏဓာတ် --- ၆၈

အားလုံးပေါင်းသော် လောကီစိတ် --- ၈၁

၄။ ယင်းလောကီစိတ်တို့နှင့် ယှဉ်တွဲ ဖြစ်ကြကုန်သော ဖဿ, ဝေဒနာ, သညာ, စေတနာ, စိတ္တဋ္ဌိတိမည်သော ဧကဂ္ဂတာ, ဇီဝိတ, မနသိကာရဟူသော စိတ်အားလုံးနှင့် ဆက်ဆံသော သဗ္ဗစိတ္တသာဓာရဏ စေတသိက် တို့တည်း၊ ဤကား အထူးမမ သာမညအားဖြင့် ပြောဆိုခြင်းတည်း။ အထူးအားဖြင့်ဆိုရမူ စိတ္တက္ခဏတိုင်း ဝယ် ယှဉ်ဖက်စေတသိက် သမ္ပယုတ်တရားစုတို့ကို နာမ်ဃနဟူသော နာမ်တုံးနာမ်ခဲ (၄)မျိုးကို ပြိုကွဲ သွားအောင် ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် သိမ်းဆည်းရှုပွားရမည် ဖြစ်သည်။ ထိုလောကီစိတ်တို့တွင်လည်း စျာန်ကို ရရှိကြကုန်သော စျာနလာဘီပုဂ္ဂိုလ်တို့၏ သန္တာန်၌သာလျှင် မဟဂ္ဂုတ်စိတ် အမည်ရကြကုန်သော စျာန်နာမ်တရားတို့သည် ထင်ရှားကြကုန်၏။ လောကုတ္တရာစိတ်တို့ကား သမထယာဉ် မဖက် သက်သက် သော သုဒ္ဓဝိပဿနာယာနိက ပုဂ္ဂိုလ်အားလည်း ဉာဏ်ဖြင့် ပိုင်းခြား ယူနိုင်ခြင်းသို့ မရောက်ကုန်၊ စျာန် သမထယာဉ်ရှိသော သမထယာနိကပုဂ္ဂိုလ်အားလည်း ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ခြင်းသို့ မရောက်ရှိကုန်။ ယင်းလောကုတ္တရာတရားတို့ကို မရရှိသေးသောကြောင့် ဖြစ်၏။

ကြိယာစိတ်များ - သတိပြုရန်

အထက်တွင် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်ကြသည့် နာမ်တရားအားလုံးကို သိမ်းကျုံးရေတွက်သော နည်းဖြင့် လောကီစိတ် (၈၁)မျိုးဟု ဖော်ပြထား၏။ ထိုတွင် ပဉ္စဒွါရာဝဇ္ဇန်း, မနောဒွါရာ ဝဇ္ဇန်းဟူသော အာရုံကို ဆင်ခြင်တတ်သော အာဝဇ္ဇန်းစိတ်တို့သည်ကား အဟိတ်ကြိယာစိတ်များပင် ဖြစ်ကြ၏။ ပြုကာမတ္တ (= အာရုံကို ဆင်ခြင်ကာမတ္တ) မျှသာ ဖြစ်သောကြောင့် ကြိယာဟူသော အမည်ကို ရကြ၏။ ယင်း ကြိယာစိတ် နှစ်မျိုးတို့ကား ပုထုဇန်, သေက္ခပုဂ္ဂိုလ်တို့၏ သန္တာန်၌လည်း ဖြစ်နိုင်ကြ၏။ ကြွင်းကျန်ကုန်သော -

၁။ ဟသိတုပ္ပါဒ်စိတ် (၁) မျိုး

၂။ မဟာကြိယာစိတ် (၈) မျိုး

၃။ ရူပါဝစရကြိယာစိတ် (၅) မျိုး (ပဉ္စကနည်း)

၄။ အရူပါဝစရကြိယာစိတ် (၄) မျိုး

ဤ (၁၈)မျိုးကုန်သော ကြိယာစိတ်တို့ကား ရဟန္တာအရှင်မြတ်ကြီးတို့၏ သန္တာန်၌သာ ဖြစ်ခွင့် ရနိုင်သော စိတ်တို့ ဖြစ်ကြ၏။ သို့အတွက် ပုထုဇန်, သေက္ခပုဂ္ဂိုလ်တို့၏ ဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်သည့် နာမ်တရား တို့တွင် ယင်းကြိယာစိတ်တို့ မပါဝင်ကြဟု မှတ်ပါ။

အာယတနဒွါရ - ကမ္မဒွါရ

အာယတနဒွါရဝသေနာတိ အာယတနသင်္ခါတဒွါရဝသေန။ ကမ္မဒွါရနိဝတ္တနတ္ထံ အာယတနဂ္ဂဟဏံ။ ကာယဒွါရေတိ ပသာဒကာယဒွါရေ။ မနောဒွါရံ နာမ သာဝဇ္ဇနံ ဘဝင်္ဂံ။ တဿ နိဿယဘာဝတော ဟဒယဝတ္ထုံ သန္ဓာယ နိဿိတဝေါဟာရေန မနောဒွါရန္တိ ဝုတ္တံ၊ ယတ္ထ မနောဒွါရုပ္ပတ္တိ။ (မဟာဋီ၊၂၊၄၁၀။)

သာသနာတော်၌ အာယတနဒွါရ, ကမ္မဒွါရဟု ဒွါရ အသုံးအနှုန်း နှစ်မျိုး ရှိ၏။ ကာယဒွါရ, ဝစီဒွါရ, မနောဒွါရဟူသော ဒွါရ သုံးပါးကား ကမ္မဒွါရတည်း။ စက္ခုဒွါရ, သောတဒွါရ, ဃာနဒွါရ, ဇိဝှါဒွါရ, ကာယဒွါရ, မနောဒွါရဟူသော ဒွါရ (၆)ပါးကား အာယတနဒွါရတည်း။

ကာယဒွါရ --- ကာယဒွါရ, ဝစီဒွါရ, မနောဒွါရဟူသော ဒွါရ (၃)ပါး၌ ပါဝင်သော ကာယဒွါရဟူသည် ရှေး ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ရှင်းလင်းတင်ပြခဲ့သည့် (အဘိ၊ဋ္ဌ၊၁၊၁၂၆)၌ ဖွင့်ဆိုထားတော်မူသည့်အတိုင်း - စိတ်ကြောင့် ဖြစ်ကုန်သော စိတ္တသမုဋ္ဌာန်ရုပ်တို့တွင် အကျုံးဝင်သော ကာယဝိညတ်ရုပ်သည် ကာယကမ္မဒွါရ မည်၏။ ယင်း ကာယကမ္မဒွါရ-အရ ကာယဝိညတ်ရုပ်ကို အရကောက်ယူရ၏။

တစ်ဖန် အာယတနဒွါရ (၆)ပါးတို့တွင်လည်း ကာယဒွါရ ပါဝင်ပြန်၏။ ယင်းကာယဒွါရအရကား ပသာဒရုပ် = အကြည်ရုပ် (၅)မျိုးတို့တွင် ပါဝင်သော ကာယပသာဒ = ကာယအကြည်ဓာတ်ကို တရားကိုယ် ကောက်ယူရ၏။ ကာယပသာဒ = ကာယအကြည်ဓာတ်သည် ကာယဒွါရဝီထိစိတ်တို့၏ ဖြစ်ကြောင်းဖြစ်ရာ ဒွါရ (= တံခါးပေါက်) သဖွယ် ဖြစ်ခြင်းကြောင့် ကာယဒွါရ မည်၏။

မနောဒွါရ ---- ကာယဒွါရ, ဝစီဒွါရ, မနောဒွါရ ဟူသော ကမ္မဒွါရတွင် အကျုံးဝင်သော မနောဒွါရ-အရ တရားကိုယ်မှာ ဤသို့ ဖြစ်၏။

၁။ အယံ နာမ မနော မနောဒွါရံ န ဟောတီတိ န ဝတ္တဗ္ဗော။ (အဘိ၊ဋ္ဌ၊၁၊၁၂၉။)

၂။ တေဘူမကကုသလာကုသလော ဧကူနတိံသဝိဓော မနော မနောကမ္မဒွါရံ နာမ။ (အဘိ၊ဋ္ဌ၊၁၊၁၃၀။)

၁။ စိတ်အားလုံးသည်ပင် မနောဒွါရ မည်၏။ စေတနာဟူသော ကံ၏ ဖြစ်ကြောင်း ဖြစ်သောကြောင့်တည်း။ စေတနာသည် သဗ္ဗစိတ္တသာဓာရဏစေတသိက် (= စိတ်အားလုံးနှင့် ဆက်ဆံသော စေတသိက်) ဖြစ်၏။ ယင်းစေတနာသည် စိတ်နှင့်သာ အတူယှဉ်တွဲ၍ အမြဲ ဖြစ်လေ့ရှိသဖြင့် စိတ်မပါဘဲ ဖြစ်နိုင်သည့်စွမ်းအား မရှိသဖြင့် ယင်းစိတ်က သဟဇာတစသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုပေးပါမှ ဖြစ်ပေါ်လာနိုင်ရကား စိတ်အားလုံးသည် စေတနာဟူသမျှ၏ အကြောင်းဖြစ်၍ မနောဒွါရ မည်၏။

၂။ အဘိဇ္ဈာ = အာရုံကို လိုလားတပ်မက်ခြင်း, ဗျာပါဒ = သတ္တဝါတို့ကို (သင်္ခါရတို့ကို) ပျက်စီးစေလိုခြင်း ဖျက်ဆီးလိုခြင်း (= ဒေါသ), မိစ္ဆာဒိဋ္ဌိ = အယူမှားခြင်း အမြင်မှားခြင်း စသော အကုသိုလ်တရားတို့နှင့် ယှဉ်သော အကုသိုလ်စေတနာတို့၏လည်းကောင်း,

အနဘိဇ္ဈာ = အာရုံကို မလိုလား မတပ်မက်ခြင်း, အဗျာပါဒ = သတ္တဝါတို့ကို (သင်္ခါရတို့ကို) မဖျက်ဆီးလိုခြင်း မပျက်စီးစေလိုခြင်း (= မေတ္တာ = အဒေါသ), သမ္မာဒိဋ္ဌိ = မှန်ကန်သော သမ္မာဒိဋ္ဌိ ဉာဏ်အမြင် စသော ကုသိုလ်တရားတို့နှင့် ယှဉ်သော ကုသိုလ်စေတနာတို့၏လည်းကောင်း ----

ဤ (၂)မျိုးကုန်သော ကုသိုလ်စေတနာ အကုသိုလ်စေတနာတို့၏ ဖြစ်ကြောင်း ဖြစ်သောကြောင့် ကာမ ရူပ အရူပတည်းဟူသော ဘုံသုံးပါးအတွင်း၌ တည်ရှိသော ကုသိုလ်ဇော အကုသိုလ်ဇော (၂၉)မျိုးသည် မနောဒွါရ မည်၏။ (အဘိ၊ဋ္ဌ၊၁၊၁၂၉-၁၃၀။)

တစ်ဖန် အာယတနဒွါရ (၆)ပါးတွင် အကျုံးဝင်သော မနောဒွါရ-အရ တရားကိုယ် ကောက်ယူပုံမှာ အောက်ပါအတိုင်း (၃)မျိုး ရှိ၏။

၁။ ဘဝင်မနောအကြည်ဓာတ်ကိုလည်း မနောဒွါရဟု ခေါ်ဆို၏။

၂။ အာဝဇ္ဇန်း (မနောဒွါရာဝဇ္ဇန်း) နှင့် တကွသော ဘဝင်မနောအကြည်ဓာတ်ကိုလည်း မနောဒွါရဟုခေါ်ဆို၏။

၃။ ဟဒယဝတ္ထုရုပ်ကိုလည်း ဌာနျူပစာရအားဖြင့် တင်စား၍ မနောဒွါရဟု ခေါ်ဆို၏။

ယင်း (၃)မျိုးလုံးသည်ပင် မနောဒွါရဝီထိ နာမ်တရားစုတို့၏ သို့မဟုတ် မနောဝိညာဏ်နာမ်တရားစုတို့၏ ဖြစ်ကြောင်း ဖြစ်ရာ ဖြစ်သောကြောင့် မနောဒွါရ မည်၏။

ဤ နာမ်ကမ္မဋ္ဌာန်းပိုင်း၌ကား ကာယဒွါရနှင့် မနောဒွါရ အရ အာယတနဒွါရကိုသာ ဆိုလိုသည်ဟု မှတ်ပါ။ (ဤကျမ်းစာ - ၃၁ - စသည်၌လည်း ကြည့်ပါ။)

နာမ်ကမ္မဋ္ဌာန်း သိမ်းဆည်းနည်း သုံးနည်း

ဧဝံ သုဝိသုဒ္ဓရူပပရိဂ္ဂဟဿ ပနဿ အရူပဓမ္မာ တီဟိ အာကာရေဟိ ဥပဋ္ဌဟန္တိ ဖဿဝသေန ဝါ ဝေဒနာဝသေန ဝါ ဝိညာဏဝသေန ဝါ။ (ဝိသုဒ္ဓိ၊၂၊၂၂၆။)

တိဝိဓော ဟိ အရူပကမ္မဋ္ဌာနေ အဘိနိဝေသော ဖဿဝသေန ဝေဒနာဝသေန စိတ္တဝသေနာတိ။ ကထံ?

ဧကစ္စဿ ဟိ သံခိတ္တေန ဝါ ဝိတ္ထာရေန ဝါ ပရိဂ္ဂဟိတေ ရူပကမ္မဋ္ဌာနေ တသ္မိံအာရမ္မဏေ စိတ္တစေတသိကာနံ ပဌမာဘိနိပါတော တံ အာရမ္မဏံ ဖုသန္တော ဥပ္ပဇ္ဇမာနော ဖဿော ပါကဋော ဟောတိ။ ဧကစ္စဿ တံ အာရမ္မဏံ အနုဘဝန္တီ ဥပ္ပဇ္ဇမာနာ ဝေဒနာ ပါကဋာ ဟောတိ။ ဧကစ္စဿ တံ အာရမ္မဏံ ပရိဂ္ဂဟေတွာ ဝိဇာနန္တံ ဥပ္ပဇ္ဇမာနံ ဝိညာဏံ ပါကဋံ ဟောတိ။

တတ္ထ ယဿ ဖဿော ပါကဋော ဟောတိ၊ သောပိ န ကေဝလံ ဖဿောဝ ဥပ္ပဇ္ဇတိ၊ တေန သဒ္ဓိံ တဒေဝ အာရမ္မဏံ အနုဘဝမာနာ ဝေဒနာပိ ဥပ္ပဇ္ဇတိ၊ သဉ္ဇာနနမာနာ သညာပိ၊ စေတယမာနာ စေတနာပိ၊ ဝိဇာနနမာနံ ဝိညာဏမ္ပိ ဥပ္ပဇ္ဇတီတိ ဖဿပဉ္စမကေယေဝ ပရိဂ္ဂဏှာတိ။

ယဿ ဝေဒနာ ပါကဋာ ဟောတိ၊ သော န ကေဝလံ ဝေဒနာဝ ဥပ္ပဇ္ဇတိ၊ တာယ သဒ္ဓိံတဒေဝါရမ္မဏံ ဖုသမာနော ဖဿောပိ ဥပ္ပဇ္ဇတိ၊ သဉ္ဇာနနမာနာ သညာပိ၊ စေတယမာနာ စေတနာပိ၊ ဝိဇာနနမာနံ ဝိညာဏမ္ပိ ဥပ္ပဇ္ဇတီတိ ဖဿပဉ္စမကေယေဝ ပရိဂ္ဂဏှာတိ။

ယဿ ဝိညာဏံ ပါကဋံ ဟောတိ၊ သော န ကေဝလံ ဝိညာဏမေဝ ဥပ္ပဇ္ဇတိ၊ တေန သဒ္ဓိံ တဒေဝါရမ္မဏံ ဖုသမာနော ဖဿောပိ ဥပ္ပဇ္ဇတိ၊ အနုဘဝမာနာ ဝေဒနာပိ၊ သဉ္ဇာနနမာနာ သညာပိ၊ စေတယမာနာ စေတနာပိ ဥပ္ပဇ္ဇတီတိ ဖဿပဉ္စမကေယေဝ ပရိဂ္ဂဏှာတိ။ (မ၊ဋ္ဌ၊၁၊၂၈၀-၂၈၁။ ဒီ၊ဋ္ဌ၊၂၊၃၁၄။ အဘိ၊ဋ္ဌ၊၂၊၂၅၂။)

အဘိနိဝေသောတိ စ ဝိပဿနာယ ပုဗ္ဗဘာဂေ ကတ္တဗ္ဗနာမရူပပရိစ္ဆေဒေါ ဝေဒိတဗ္ဗော။ တသ္မာ ပဌမံ ရူပပရိဂ္ဂဏှနံ ရူပေ အဘိနိဝေသော။ ဧသ နယော သေသေသုပိ။ (မဟာဋီ၊၂၊၄၇၀။)

ဧဝံ တဿ တေဿဝ ပါကဋဘာဝေပိ သဗ္ဗံ ဘိက္ခဝေ အဘိညေယျန္တိ, သဗ္ဗဉ္စ ခေါ ဘိက္ခဝေ အဘိဇာနန္တိ စ ဧဝမာဒိဝစနတော သဗ္ဗေ သမ္မသနုပဂါ ဓမ္မာ ပရိဂ္ဂဟေတဗ္ဗာတိ ဒေဿန္တော တတ္ထ ယဿာတိအာဒိမာဟ။ တတ္ထ ဖဿပဉ္စမကေယေဝါတိ အဝဓာရဏံ တဒန္တောဂဓတ္တာ တဂ္ဂဟဏေနေဝ ဂဟိတတ္တာ စတုန္နံ အရူပက္ခန္ဓာနံ။ ဖဿပဉ္စမကဂ္ဂဟဏံ ဟိ တဿ သဗ္ဗစိတ္တုပ္ပါဒသာဓာရဏဘာဝတော၊ တတ္ထ စ ဖဿ-စေတနာ-ဂ္ဂဟဏေန သဗ္ဗသင်္ခါရက္ခန္ဓဓမ္မသင်္ဂဟော စေတနာပဓာနတ္တာ တေသံ။ တထာ ဟိ သုတ္တန္တဘာဇနီယေ သင်္ခါရက္ခန္ဓဝိဘင်္ဂေ စက္ခုသမ္ဖဿဇာ စေတနာတိအာဒိနာ စေတနာဝ ဝိဘတ္တာ၊ ဣတရေ ပန ခန္ဓာ သရူပေနေဝ ဂဟိတာ။ (မ၊ဋီ၊၁၊၃၇၀။)

ဤ အထက်ပါ အဋ္ဌကထာ ဋီကာတို့၏ ဆိုလိုရင်း အဓိပ္ပါယ်မှာ ဤသို့ ဖြစ်၏။

ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ရေးသားတင်ပြခဲ့ပြီးသည့်အတိုင်း ဖွင့်ဆိုခဲ့ပြီးသည့်အတိုင်း ကောင်းမွန်စင်ကြယ်စွာ ရုပ်တရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူပြီး သိမ်းဆည်းထားပြီးသော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်၏ သန္တာန်ဝယ် -

၁။ ဖဿ၏ အစွမ်းဖြင့်သော်လည်းကောင်း,

၂။ ဝေဒနာ၏ အစွမ်းဖြင့်သော်လည်းကောင်း,

၃။ အသိစိတ် ဝိညာဏ်၏ အစွမ်းဖြင့်သော်လည်းကောင်း

ဤ (၃)မျိုးကုန်သော အခြင်းအရာတို့တွင် တစ်မျိုးမျိုးသော အခြင်းအရာအားဖြင့် နာမ်တရားတို့သည် ထင်ရှားလာကုန်၏။

အဘိနိဝေသ ---- ဝိပဿနာဉာဏ်၏ ရှေးအဖို့၌ ပြုသင့်ပြုထိုက်သော ရုပ်တရား နာမ်တရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း သိမ်းဆည်းခြင်း နာမရူပပရိစ္ဆေဒ လုပ်ငန်းရပ်ကို ဝိပဿနာဘိနိဝေသ = ဝိပဿနာဉာဏ်၏ အရှုခံ အာရုံတို့ကို နှလုံးသွင်းခြင်းဟု ခေါ်ဆို၏။ ရုပ်တရားကို နှလုံးသွင်းခြင်းကို ရူပေ အဘိနိဝေသ, နာမ်တရားကို နှလုံးသွင်းခြင်းကို အရူပေ အဘိနိဝေသ -- ဤသို့ စသည်ဖြင့် ခေါ်ဆိုပေသည်။ အကြောင်းတရား အကျိုးတရား တို့ကို နှလုံးသွင်းခြင်းသည်လည်း ဤအဘိနိဝေသပိုင်းတွင် ပါဝင်လျက်ရှိ၏။ အကြောင်းတရား အကျိုးတရားတို့ ဟူသည်မှာလည်း အကြောင်းရုပ်နာမ် အစုအပုံနှင့် အကျိုးရုပ်နာမ် အစုအပုံတို့သာ ဖြစ်သောကြောင့်တည်း။

ထိုတွင် နာမ်ကမ္မဋ္ဌာန်းပိုင်း၌ ----

၁။ ဖဿ၏ အစွမ်းဖြင့် နှလုံးသွင်းခြင်း

၂။ ဝေဒနာ၏ အစွမ်းဖြင့် နှလုံးသွင်းခြင်း

၃။ အသိစိတ် ဝိညာဏ်၏ အစွမ်းဖြင့် နှလုံးသွင်းခြင်းဟု နှလုံးသွင်းနည်း (၃)နည်း ရှိပေသည်။ ဤစကားရပ်ကို ထပ်မံ၍ ရှင်းလင်းတင်ပြရသော် ဤသို့ ဖြစ်၏။

အချို့သော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်ဝယ် ----

၁။ ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနှလုံးသွင်းနည်းဖြင့်သော်လည်းကောင်း

၂။ ဓာတ်ကမ္မဋ္ဌာန်း အကျယ် နှလုံးသွင်းနည်းဖြင့်သော်လည်းကောင်း

ရုပ်ကမ္မဋ္ဌာန်းကို (= ရုပ်တရားကို) ဉာဏ်ဖြင့်ပိုင်းခြားယူပြီး သိမ်းဆည်းပြီးလတ်သော် ထိုရုပ်တရားတည်း ဟူသော အာရုံ၌ စိတ်စေတသိက်တို့၏ ရှေးဦးစွာ ကျရောက်ခြင်းသဘောဖြစ်သော ထိုရုပ်တရားတည်းဟူသော အာရုံကို တွေ့ထိလျက် ဖြစ်ပေါ်လာသော (= တွေ့ထိသောအခြင်းအရာအားဖြင့် ဖြစ်ပေါ်လာသော) ဖဿသည် ထင်ရှား၏။

အချို့သော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်ဝယ် ထိုရုပ်တရားတည်းဟူသော အာရုံကို ခံစားလျက် ဖြစ်ပေါ်လာသော ဝေဒနာသည် ထင်ရှား၏။

အချို့သော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်ဝယ် ထိုရုပ်တရားတည်းဟူသော အာရုံကို ပိုင်းခြားကာယူ၍ ထိုအာရုံကို ပိုင်းပိုင်းခြားခြား သိလျက် ဖြစ်ပေါ်လာသော အသိစိတ် = ဝိညာဏ်သည် ထင်ရှား၏။

ထိုပုဂ္ဂိုလ် (၃)မျိုးတို့တွင် အကြင် ယောဂါဝစရပုဂ္ဂိုလ်သူမြတ်၏ ဉာဏ်၌ ဖဿသည် ထင်ရှား၏၊ ထိုဖဿ ထင်ရှားသောပုဂ္ဂိုလ်သည်လည်း ဖဿချည်းသက်သက် ဖဿတစ်ခုတည်းသာလျှင် ဖြစ်ပေါ်နေသည်ကား မဟုတ်၊ ထိုဖဿနှင့် အတူတကွ ထိုအာရုံကိုပင်လျှင် (= ထိုအာရုံ၏ အရသာကိုပင်လျှင်) ခံစားတတ်သော ဝေဒနာသည် လည်း ဖြစ်ပေါ်နေ၏။ ထိုအာရုံကိုပင်လျှင် မှတ်သားတတ်သော = အမှတ်ပြု၍ သိတတ်သော သညာသည်လည်း ဖြစ်ပေါ်နေ၏။ ထိုအာရုံပေါ်သို့ သမ္ပယုတ်တရားတို့ကို ရောက်အောင် စေ့ဆော်ပေးတတ် လှုံ့ဆော်ပေးတတ်သော စေတနာသည်လည်း ဖြစ်ပေါ်နေ၏။ ထိုအာရုံကိုပင်လျှင် ပိုင်းခြားယူတတ်သော (= ပညာ-သညာတို့ သိပုံမှ တစ်မျိုးတစ်ဖုံအားဖြင့် သိတတ်သော) ဝိညာဏ်သည်လည်း ဖြစ်ပေါ်နေ၏ဟု နှလုံးပိုက်၍ ဖဿလျှင် (၅)ခု မြောက်ရှိသော ဖဿပဉ္စမကတရားတို့ကိုပင်လျှင် ဉာဏ်ဖြင့် ပိုင်းခြားယူ၏ သိမ်းဆည်း၏။

အကြင် ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်၌ အာရုံ၏ အရသာကို ခံစားတတ်သော ဝေဒနာသည် ထင်ရှား၏။ ထို ဝေဒနာထင်ရှားသောပုဂ္ဂိုလ်သည်လည်း ဝေဒနာချည်းသက်သက် ဝေဒနာတစ်ခုတည်းသာ ဖြစ်ပေါ်နေသည် ကား မဟုတ်၊ ထိုဝေဒနာနှင့် အတူတကွ ထိုအာရုံကိုပင်လျှင် တွေ့ထိလျက် ဖြစ်ပေါ်လာသော (= တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်ပေါ်လာသော) ဖဿသည်လည်း ဖြစ်ပေါ်နေ၏၊ ထိုအာရုံကိုပင်လျှင် မှတ်သားတတ် သော = အမှတ်ပြု၍သိတတ်သော သညာသည်လည်း ဖြစ်ပေါ်နေ၏၊ ထိုအာရုံပေါ်သို့ သမ္ပယုတ်တရားတို့ကို ရောက်အောင် စေ့ဆော်ပေးတတ် လှုံ့ဆော်ပေးတတ်သော စေတနာသည်လည်း ဖြစ်ပေါ်နေ၏၊ ထိုအာရုံကိုပင်လျှင် ပိုင်းခြားယူတတ်သော (= ပညာ သညာတို့ သိပုံမှ တစ်မျိုးတစ်ဖုံအားဖြင့် သိတတ်သော) ဝိညာဏ်သည်လည်း ဖြစ်ပေါ်နေ၏ဟု နှလုံးပိုက်၍ ဖဿလျှင် (၅)ခုမြောက်ရှိသော ဖဿပဉ္စမကတရားတို့ကိုပင်လျှင် ဉာဏ်ဖြင့် ပိုင်းခြားယူ၏ သိမ်းဆည်း၏။

အကြင် ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်၌ အာရုံကို ပိုင်းခြားယူတတ် သိတတ်သော ဝိညာဏ်သည် ထင်ရှား ၏။ ထို ဝိညာဏ်ထင်ရှားသောပုဂ္ဂိုလ်သည်လည်း ဝိညာဏ်ချည်းသက်သက် ဝိညာဏ်တစ်ခုတည်းသာ ဖြစ်ပေါ် နေသည်ကား မဟုတ်၊ ထိုဝိညာဏ်နှင့် အတူတကွ ထိုအာရုံကိုပင်လျှင် တွေ့ထိလျက် ဖြစ်ပေါ်လာသော = (တွေ့ထိ သော အခြင်းအရာအားဖြင့် ဖြစ်ပေါ်လာသော) ဖဿသည်လည်း ဖြစ်ပေါ်နေ၏၊ ထိုအာရုံကိုပင်လျှင် (= ထိုအာရုံ ၏ အရသာကိုပင်လျှင်) ခံစားတတ်သော ဝေဒနာသည်လည်း ဖြစ်ပေါ်နေ၏၊ ထိုအာရုံကိုပင်လျှင် မှတ်သား တတ်သော = အမှတ်ပြု၍ သိတတ်သော သညာသည်လည်း ဖြစ်ပေါ်နေ၏၊ ထိုအာရုံပေါ်သို့ သမ္ပယုတ်တရားတို့ကို ရောက်အောင် စေ့ဆော်ပေးတတ်လှုံ့ဆော်ပေးတတ်သော စေတနာသည်လည်း ဖြစ်ပေါ်နေ၏ဟု နှလုံးပိုက်၍ ဖဿလျှင် (၅)ခုမြောက်ရှိသော ဖဿပဉ္စမကတရားတို့ကိုပင်လျှင် ဉာဏ်ဖြင့် ပိုင်းခြားယူ၏ သိမ်းဆည်း၏။ (မ၊ဋ္ဌ၊၁၊၂၈၀-၂၈၁-စသည်။)

အားလုံးကို သိမ်းဆည်းပါ

ဤ ဆိုအပ်ခဲ့ပြီးသည့်အတိုင်း ထိုထို ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ဖဿ ဝေဒနာ ဝိညာဏ်ဟူသော (၃)မျိုးသော တရားတို့တွင် တစ်မျိုးမျိုးသော တရားဟူသော ထိုထိုတရား၏သာလျှင် ထင်ရှားမှု ရှိသော်လည်း -

(၁) သဗ္ဗံ ဘိက္ခဝေ အဘိညေယျံ။ (သံ၊၂၊၂၅၈။ ခု၊၉၊၆။)

(၂) သဗ္ဗဉ္စ ခေါ ဘိက္ခဝေ အဘိဇာနံ။ (သံ၊၂၊၂၅၀။)

(၁) အလုံးစုံသော ရုပ်တရား နာမ်တရားကို ထိုးထွင်းသိအပ်၏ဟု လည်းကောင်း,

(၂) ရဟန်းတို့ ...အလုံးစုံသော ရုပ်တရား နာမ်တရားကို ထိုးထွင်းသိခဲ့သော် (သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ဆုံးနိုင်၏) ----

ဤသို့ စသည်ဖြင့်လည်းကောင်း ဘုရားရှင်သည် ဟောကြားထားတော်မူသောကြောင့် အလုံးစုံသော လက္ခဏာရေး သုံးတန်တင်၍ ဝိပဿနာ ရှုပွားသုံးသပ်ခြင်းငှာထိုက်သော သမ္မသနုပဂဓမ္မ အမည်ရသည့် ရုပ် တရား နာမ်တရားတို့ကို ရှေးဦးစွာ ဉာဏ်ဖြင့် ပိုင်းခြား ယူအပ်၏ သိမ်းဆည်းအပ်၏ဟု ညွှန်ပြတော်မူလိုသော အဋ္ဌကထာဆရာတော်သည် အထက်ပါ စကားရပ်များကို မိန့်ဆိုတော်မူခြင်း ဖြစ်သည်။

ယင်းအဋ္ဌကထာစကားရပ်ဝယ် ဖဿပဉ္စမကတရားတို့ကိုပင်လျှင် ဉာဏ်ဖြင့် ပိုင်းခြားယူရန် သိမ်းဆည်းရန် အဋ္ဌကထာဆရာတော် ဖွင့်ဆိုခြင်းမှာ ပဓာနနည်းအားဖြင့် ဖွင့်ဆိုခြင်း ဖြစ်သည်။ စိတ္တက္ခဏ တစ်ခု တစ်ခု၏ အတွင်း၌ တည်ရှိကြကုန်သော နာမ်တရားစုတို့တွင် သင်္ခါရက္ခန္ဓာစာရင်းဝင် ဖြစ်ကုန်သော ဖဿ စေတနာတို့ကို သိမ်းဆည်းပါဟု ဆိုသဖြင့် ပဓာနဖြစ်သော ပြဓာန်းသော ဖဿ စေတနာတို့ကို သိမ်းဆည်းရလျှင် အပ္ပဓာန ဖြစ်သော မပြဓာန်းသော ကြွင်းကျန်သည့် ယှဉ်ဖက် သမ္ပယုတ်တရားတို့ကိုလည်း သိမ်းဆည်းရမည်သာ ဖြစ်သည်။ ဖဿ စေတနာကို ယူသဖြင့် သင်္ခါရက္ခန္ဓာစာရင်းဝင် ပရမတ္ထဓာတ်သား အားလုံးကို သိမ်းကျုံးယူရသောကြောင့် ဖြစ်သည်။ အကြောင်းမူ ထိုသင်္ခါရက္ခန္ဓာတရားစုတို့တွင် စေတနာ ပြဓာန်းသောကြောင့် ဖြစ်၏၊ ဘုရားရှင် ကိုယ်တော်တိုင်ပင်လျှင် ဝိဘင်းပါဠိတော်ဝယ် သုတ္တန္တဘာဇနီယနည်း၌ သင်္ခါရက္ခန္ဓာမှတစ်ပါး ကျန်ခန္ဓာ (၄)ပါးတို့ကို သရုပ်ထုတ်၍ ဟောကြားတော်မူအပ်ပါသော်လည်း သင်္ခါရက္ခန္ဓာကို ဝေဖန်ဟောကြားတော်မူရာဝယ် စေတနာ ကိုသာ ပဓာနထား၍ ဝေဖန် ဟောကြားတော်မူသော ထုံးဟောင်းတစ်ရပ်လည်း ထင်ရှား ရှိနေပေသည်။ (မ၊ဋီ၊၁၊၃၇၀။)

ဤ အထက်ပါ အဋ္ဌကထာ ဋီကာတို့၏ သတ်မှတ်ချက်အရ ဖဿက စ၍ဖြစ်စေ, ဝေဒနာက စ၍ဖြစ်စေ, အသိစိတ်ဝိညာဏ်က စ၍ဖြစ်စေ နာမ်တရားတို့ကို သိမ်းဆည်းရာ၌ စိတ္တက္ခဏ တစ်ခု တစ်ခု အတွင်း၌ ဖဿ တစ်လုံးတည်း, ဝေဒနာတစ်လုံးတည်း, အသိစိတ် = ဝိညာဏ်တစ်လုံးတည်းကိုသာ သိမ်းဆည်းရသည်ကား မဟုတ်၊ ယှဉ်ဖက် စိတ်+စေတသိက် = သမ္ပယုတ်တရားစုအားလုံးကို သိမ်းဆည်းရသည်ဟု မှတ်ပါ။ ဤကျမ်းစာ အစပိုင်း ကောင်းသော ည တစ်ည ပိုင်းတွင် ရှင်းလင်းတင်ပြခဲ့သည့် သဠာယတနဝဂ္ဂသံယုတ်ပါဠိတော် အပရိဇာနနသုတ္တန် ဘုရားဟော ပါဠိတော်နှင့် အညီပင် ဖြစ်ပေသည်။

ရိုသေစွာ လိုက်နာရမည့် စည်းကမ်းတစ်ရပ်

ထိုသို့ နာမ်တရားတို့ကို သိမ်းဆည်းရာ၌ သမထယာနိကပုဂ္ဂိုလ်သည် စျာန်အင်္ဂါတို့ကိုလည်းကောင်း, ယင်း စျာန်အင်္ဂါတို့နှင့် ယှဉ်တွဲ၍ စိတ္တက္ခဏတစ်ခု အတွင်း၌ အတူဖြစ်သွားကြကုန်သော စျာနသမ္ပယုတ်တရားတို့ကို လည်းကောင်း စတင်၍ သိမ်းဆည်းလိုက သိမ်းဆည်းနိုင်၏။ ယင်းနာမ်တရားတို့ကို သိမ်းဆည်းပြီးသောအခါ ယင်းစျာန်နာမ်တရားတို့၏ မှီရာ ဟဒယ၌ တည်ရှိကြကုန်သော ဘူတရုပ် ဥပါဒါရုပ်တို့ကို ဆက်လက်၍ သိမ်းဆည်း ရပြန်၏။ (ဝိသုဒ္ဓိ၊၂၊၂၂၂ - ကြည့်။)

တစ်ဖန် သမထယာနိကပုဂ္ဂိုလ်သည် ကာမာဝစရ နာမ်တရားစုတို့ကို ဆက်လက်၍ သိမ်းဆည်းလိုပါက ရုပ်ကမ္မဋ္ဌာန်းကို သိမ်းဆည်းပြီး ဉာဏ်ဖြင့် ပိုင်းခြားယူထားပြီး ဖြစ်ရပေမည်။ သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်သည် လည်း စျာန်မရသည့်အတွက် စျာန်နာမ်တရားတို့ကို မသိမ်းဆည်းနိုင်ရကား ကာမာဝစရ နာမ်တရားတို့ကိုပင် သိမ်းဆည်းရမည် ဖြစ်၏၊ ယင်းသို့ ကာမာဝစရ နာမ်တရားတို့ကို သိမ်းဆည်းလိုပါက ရုပ်ကမ္မဋ္ဌာန်းကို သိမ်းဆည်း ထားပြီး ဉာဏ်ဖြင့် ပိုင်းခြားယူထားပြီးပင် ဖြစ်ရပေမည်။ မူလပဏ္ဏာသအဋ္ဌကထာတွင်လည်း ----

သံခိတ္တေန ဝါ ဝိတ္ထာရေန ဝါ ပရိဂ္ဂဟိတေ ရူပကမ္မဋ္ဌာနေ ... (မ၊ဋ္ဌ၊၁၊၂၈၀။)

= အကျဉ်းနည်းအားဖြင့်သော်လည်းကောင်း အကျယ်နည်းအားဖြင့်သော်လည်းကောင်း ရုပ်ကမ္မဋ္ဌာန်းကို သိမ်းဆည်းပြီးလတ်သော် - ဟု နာမ်ကမ္မဋ္ဌာန်းကို သိမ်းဆည်းတော့မည့် ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် ရုပ် ကမ္မဋ္ဌာန်းကို သိမ်းဆည်းပြီးဖြစ်ရမည် ဖြစ်ကြောင်းကို ဖွင့်ဆိုထား၏။

တစ်ဖန် အဋ္ဌသာလိနီအဋ္ဌကထာ (၂၇၁)တွင်လည်း ရုပ်တရားသက်သက်ကို ဝိပဿနာ ရှုနေရုံမျှဖြင့်လည်း အရိယမဂ်ဉာဏ်သို့ မဆိုက်နိုင်၊ နာမ်တရားသက်သက်ကို ဝိပဿနာ ရှုနေရုံမျှဖြင့်လည်း အရိယမဂ်ဉာဏ်သို့ မဆိုက်နိုင်၊ သို့အတွက် ဘူတရုပ် ဥပါဒါရုပ်တို့ကို ဉာဏ်ဖြင့် ပိုင်းခြား၍ ဝိပဿနာ ရှုပြီးသော ယောဂါဝစရပုဂ္ဂိုလ် သည် နာမ်တရားတို့ကိုလည်း ဆက်လက်၍ ဝိပဿနာရှုရန် ဤသို့ ညွှန်ကြားထားပြန်၏။

တသ္မာ တံ ရူပံ အာရမ္မဏံ ကတွာ ဥပ္ပန္နံ ဝေဒနံ သညံ သင်္ခါရေ ဝိညာဏဉ္စ ဣဒံ အရူပန္တိ ပရိစ္ဆိန္ဒိတွာ အနိစ္စာဒိတော ပဿတိ။ (အဘိ၊ဋ္ဌ၊၁၊၂၇၁။)

ထိုကြောင့် ထို ရုပ်တရားကို အာရုံပြု၍ ဖြစ်ပေါ်လာသော ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ကိုလည်း ဤကား နာမ်တရားတည်းဟု ဉာဏ်ဖြင့် ပိုင်းခြား၍ အနိစ္စ စသည်ဖြင့် ဝိပဿနာရှု၏။ (အဘိ၊ဋ္ဌ၊၁၊၂၇၁။)

ဤညွှန်ကြားချက်အရ နာမ်ကမ္မဋ္ဌာန်းကို အားသစ်စ ယောဂါဝစရပုဂ္ဂိုလ်သည် ရုပ်တရားကို အာရုံပြု၍ ဖြစ်ပေါ်လာသောနာမ်ခန္ဓာ (၄)ပါးတို့ကို စတင်၍ သိမ်းဆည်း ရှုပွားရမည် ဖြစ်သည်။

နာမ်တရားတို့ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့ကိုလည်း သိမ်းဆည်းရှုပွားနိုင်သည် သာ ဖြစ်သည်၊ သို့သော် နာမ်ကမ္မဋ္ဌာန်းကို စတင်၍ အားထုတ်စဖြစ်သော ယောဂါဝစရပုဂ္ဂိုလ်အဖို့ နာမ်တရားကို အာရုံယူ၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့ကို သိမ်းဆည်းရန်မှာ ဒုပ္ပရိဂ္ဂါဟ = သိမ်းဆည်းရန် ဉာဏ်ဖြင့် ပိုင်းခြားယူရန် ခက်ခဲသောကြောင့် နာမ်တရားကို အာရုံယူ၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့ကို စတင်၍ မသိမ်းဆည်းခိုင်းခြင်း ဖြစ်သည်ဟု မှတ်ပါ။ ဝိပဿနာပိုင်းသို့ ရောက်ရှိသောအခါ ဝိပဿနာဉာဏ်များ အတော် အသင့် ရင့်ကျက်၍ ထက်မြက်စူးရှလာသောအခါ နာမ်တရားတို့ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော နာမ် တရားတို့ကိုလည်း တစ်ဖန်ပြန်၍ ဝိပဿနာရှုရန် အရူပ သတ္တက ရှုနည်း (ဝိသုဒ္ဓိ၊၂၊၂၆၁။) ---- စသည်တို့၌ ဖော်ပြထားလျက်ပင် ရှိပေသည်။

တစ်ဖန် ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ ရွှေ ငွေ စသော ပညတ်အတုံးအခဲများကို အာရုံပြု၍ ဖြစ်ပေါ် လာကြကုန်သော နာမ်တရားတို့ကိုလည်း သိမ်းဆည်းနိုင် ရှုပွားနိုင်သည်သာ ဖြစ်သည်။ ပညတ်ကို ရှုနေသည်ကား မဟုတ်၊ ပညတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော နာမ်ပရမတ်တရားတို့ကိုသာ ရှုနေခြင်းဖြစ်သည်၊ သို့သော် ဝိပဿနာအရာ၌ကား သိစရာ = အာရုံနှင့် သိတတ်သည့် အာရုံယူတတ်သည့် = အာရမ္မဏိကတရား နှစ်မျိုး လုံးကိုပင် ဝိပဿနာ ရှုရမည် ဖြစ်သောကြောင့် ရုပ်တရားကို အာရုံပြု၍ ဖြစ်ပေါ်လာကြသော နာမ်တရားများက စတင်၍ သိမ်းဆည်းရန် ညွှန်ကြားခြင်း ဖြစ်သည်။ ကသိုဏ်းပညတ် စသော ပညတ်တို့ကို အာရုံပြု၍ ဖြစ်ပေါ် လာကြကုန်သော စျာန်တရား+စျာနသမ္ပယုတ်တရားတည်းဟူသော စျာနဓမ္မ အမည်ရသည့် စျာန်နာမ်တရား တို့ကိုလည်း သမထယာနိကပုဂ္ဂိုလ်များသည် သိမ်းဆည်းနိုင် ရှုပွားနိုင်သည်သာ သိမ်းဆည်းရမည် ရှုပွားရမည်သာ ဖြစ်သောကြောင့်တည်း။

တစ်ဖန် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာတွင်လည်း နာမ်တရားကို သိမ်းဆည်းလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ကောင်းမွန်စင်ကြယ်စွာ ရုပ်တရားကို သိမ်းဆည်းထားပြီး ဖြစ်ရမည် ဖြစ်ကြောင်းကို အောက်ပါအတိုင်း အလေး အနက် ဖွင့်ဆိုထားပေသည်။

ယသ္မာ စ ဧဝံ သုဝိသုဒ္ဓရူပပရိဂ္ဂဟေဿဝ တဿ အရူပဓမ္မာ တီဟာကာရေဟိ ပါကဋာ ဟောန္တိ။ တသ္မာ သုဝိသုဒ္ဓရူပပရိဂ္ဂဟေနေဝ အရူပပရိဂ္ဂဟာယ ယောဂေါ ကာတဗ္ဗော၊ န ဣတရေန။ သစေ ဟိ ဧကသ္မိံဝါ ရူပဓမ္မေ ဥပဋ္ဌိတေ ဒွီသု ဝါ ရူပံ ပဟာယ အရူပပရိဂ္ဂဟံ အာရဘတိ၊ ကမ္မဋ္ဌာနတော ပရိဟာယတိ၊ ပထဝီကသိဏဘာဝနာယ ဝုတ္တပ္ပကာရာ ပဗ္ဗတေယျာ ဂါဝီ ဝိယ။ သုဝိသုဒ္ဓရူပပရိဂ္ဂဟဿ ပန အရူပပရိဂ္ဂဟာယ ယောဂံ ကရောတော ကမ္မဋ္ဌာနံ ဝုဒ္ဓိံ ဝိရူဠှိံ ဝေပုလ္လံ ပါပုဏာတိ။ (ဝိသုဒ္ဓိ၊၂၊၂၂၇။)

ဆက်လက်၍ ရှင်းပြဦးအံ့၊ ဤသို့လျှင် ကောင်းမွန်စင်ကြယ်စွာ ရုပ်တရားကို ဉာဏ်ဖြင့် ပိုင်းခြားယူပြီး သိမ်းဆည်းထားပြီးသော ထိုယောဂါဝစရပုဂ္ဂိုလ်အားသာလျှင် ----

၁။ ဖဿက စ၍ နာမ်တရားတို့ ထင်ရှားလာသောနည်း,

၂။ ဝေဒနာက စ၍ နာမ်တရားတို့ ထင်ရှားလာသောနည်း,

၃။ အသိစိတ် ဝိညာဏ်က စ၍ နာမ်တရားတို့ ထင်ရှားလာသောနည်း ----

ဟူသော နာမ်တရားတို့ကို သိခြင်း၏ နာမ်တရားတို့၏ ဉာဏ်အား ရှေးရှူထင်ခြင်း၏ အကြောင်းတရား (၃)မျိုးတို့ဖြင့် တစ်နည်းဆိုရသော် အကြောင်းတရား (၃)မျိုးတို့တွင် တစ်မျိုးမျိုးသော အကြောင်းအခြင်းအရာ အားဖြင့် နာမ်တရားတို့သည် ထင်ရှားလာကုန်သောကြောင့် ကောင်းမွန်စင်ကြယ်စွာ ရုပ်တရားကို သိမ်းဆည်း ပြီးသော ဉာဏ်ဖြင့် ပိုင်းခြားယူပြီးသော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည်သာလျှင် နာမ်တရားကို သိမ်းဆည်း ခြင်းငှာ ဉာဏ်ဖြင့် ပိုင်းခြားယူခြင်းငှာ ကြိုးစားအားထုတ်ခြင်း လုံ့လပယောဂကို ပြုသင့်ပြုထိုက်ပေ၏။ ကောင်းမွန် စင်ကြယ်စွာ ရုပ်တရားကို မသိမ်းဆည်းရသေးသော ဉာဏ်ဖြင့် ပိုင်းခြား မယူရသေးသော ယောဂါဝစရပုဂ္ဂိုလ် သည် နာမ်တရားကို သိမ်းဆည်းခြင်းငှာ ဉာဏ်ဖြင့် ပိုင်းခြားယူခြင်းငှာ ကြိုးစားအားထုတ်ခြင်း လုံ့လပယောဂကို မပြုသင့် မပြုထိုက်ပေ။ ပြုခဲ့သော် အပြစ်ကား ဤသို့တည်း။

၁။ တွန်းကန်လှုပ်ရှားနေသည့် ဝါယောဓာတ်က ရုပ်တရား၊ သိနေတာက နာမ်တရား ဤသို့ စသည်ဖြင့် ဝါယောဓာတ်ကဲ့သို့သော ရုပ်ဓာတ် တစ်လုံးလောက် အသိဉာဏ်၌ ထင်လာရုံမျှဖြင့် ----

၂။ တွန်းကန် လှုပ်ရှားနေသည့် ဝါယောဓာတ်က ရုပ်တရား၊ ပူမှု အေးမှုက ရုပ်တရား၊ သိနေတာက နာမ် တရား --- ဤသို့ စသည်ဖြင့် ဝါယောဓာတ် တေဇောဓာတ်ကဲ့သို့သော ရုပ်ဓာတ် နှစ်လုံးလောက် အသိဉာဏ်၌ ထင်လာရုံမျှဖြင့် ----

ရုပ်ကမ္မဋ္ဌာန်းကို (= ရုပ်တရားကို) သိမ်းဆည်းခြင်းလုပ်ငန်းရပ်ကို စွန့်ပယ်ထားခဲ့၍ သိမှု ခံစားမှုကဲ့သို့သော နာမ်တရားကို သိမ်းဆည်းခြင်းကို အကယ်၍ ကြိုးစားအားထုတ်ခဲ့သည် ဖြစ်ငြားအံ့၊ ကမ္မဋ္ဌာန်းမှ ဆုတ်ယုတ် ပျက်စီးတတ်၏။ ပထဝီကသိုဏ်း ဘာဝနာပိုင်း၌ ဖွင့်ဆိုရေးသားအပ်ခဲ့ပြီးသော တောင်၌ ကျက်စားသော မလိမ္မာ သော ကျက်စားရာ စားကျက်အကြောင်းကို မသိ နားမလည်သော နွားမိုက်မကဲ့သို့ ဆုတ်ယုတ် ပျက်စီးတတ်၏။ အလျော်အားဖြင့်ဆိုရမူ ကောင်းမွန်စင်ကြယ်စွာ ရုပ်တရားကို သိမ်းဆည်းခြင်း ရှိပြီးသည်ဖြစ်၍ နာမ်တရားကို သိမ်းဆည်းခြင်းငှာ ကြိုးစားအားထုတ်ခြင်း လုံ့လပယောဂကို ပြုလုပ်သော ယောဂါဝစရပုဂ္ဂိုလ်အား ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းသည် မဂ်ပေါက် ဖိုလ်ဝင် နိဗ္ဗာန်မြင်သည့်တိုင်အောင် ကြီးပွားခြင်းသို့ စည်ပင်ခြင်းသို့ ပြန့်ပြော သောအဖြစ်သို့ ရောက်ရှိနိုင်၏။ (ဝိသုဒ္ဓိ၊၂၊၂၂၇။ စာပိုဒ်-၆၇၁။)

ယထာ နာမ ဟေဋ္ဌိမစျာနံ သုဘာဝိတံ ဝသီဘာဝံ ပါပိတမေဝ ဥပရိစျာနဿ ပါဒကံ ပဒဋ္ဌာနံ ဟောတိ၊ န ပဋိလဒ္ဓမတ္တံ၊ ဧဝံ ရူပပရိဂ္ဂဟော သုဝိသုဒ္ဓေါ နိဇ္ဇဋော နိဂ္ဂုမ္ဗော ဧဝ အရူပပရိဂ္ဂဟဿ ပါဒကံ ပဒဋ္ဌာနံ ဟောတိ၊ န အဝိသုဒ္ဓေါ၊ တသ္မာ ရူပါရူပဿ ဧကဒေသေပိ အနုပဋ္ဌိတေ သော အဝိသုဒ္ဓေါ ဧဝ နာမ ဟောတိ၊ ပဂေဝ ဗဟူသု အနုပဋ္ဌိတေသူတိ ဒေဿန္တော အာဟ သစေ ဟီတိအာဒိ။ (မဟာဋီ၊၂၊၃၅၇။)

ဘုရားရှင်သည် အင်္ဂုတ္တိုရ်ပါဠိတော် ဂါဝီဥပမာသုတ္တန် (အံ၊၃၊၂၁၆)၌ ပထမစျာန်စသည့် အောက်အောက် သော စျာန်ကို ဝသီဘော်ငါးတန် နိုင်နင်းအောင် မလေ့လာအပ်သေးဘဲလျက် ဒုတိယစျာန်စသော အထက် အထက်သော စျာန်ကို ကူးခဲ့သော် ဒုတိယစျာန်စသော အထက်အထက်သော စျာန်မှလည်း လျောကျတတ်၍ ရရှိပြီးသော ပထမစျာန်စသော အောက်အောက်သော စျာန်သည်လည်း ပျက်စီးတတ်ကြောင်းကို တောင်၌ ကျက်စားသော မလိမ္မာသော နွားမိုက်မကို စံထား၍ ဟောကြားတော်မူခဲ့၏။ (ယင်းဥပမာကို အာနာပါနဿတိ သမာဓိပိုင်းတွင် ရှင်းပြထား၏။) ဤ ဥပမာကိုပင် ယူဆောင်၍ ဤ နာမရူပပရိစ္ဆေဒဉာဏ်ပိုင်း ဒိဋ္ဌိဝိသုဒ္ဓိစခန်း ၌လည်း အဋ္ဌကထာဆရာတော်က ထပ်မံ၍ ဖွင့်ဆိုတော်မူပြန်သည်။ ဆိုလိုသည်မှာ ဤသို့ ဖြစ်၏။

အောက်အောက်ဖြစ်သော စျာန်သည် ကောင်းစွာ ပွားစေအပ်ပြီးသည် ဖြစ်၍ ဝသီဘော်ငါးတန် နိုင်နင်း သည်၏ အဖြစ်သို့ ရောက်စေအပ်ပြီးသော်သာလျှင် အထက်အထက် ဖြစ်သော စျာန်၏ အခြေပါဒက ဖြစ်၍ အထက်အထက် ဖြစ်သော စျာန်ကို ရရှိဖို့ရန် အနီးကပ်ဆုံးသော အကြောင်းတရား ဖြစ်နိုင်၏။ ရအပ်ကာမျှသာ ဖြစ်သော ဝသီဘော်ငါးတန် နိုင်နင်းခြင်းသို့ ရောက်အောင် ကောင်းစွာ မပွားရသေးသော မလေ့ကျင့်ရသေးသော အောက်အောက်သော စျာန်သည် အထက်အထက် ဖြစ်သော စျာန်၏ အခြေပါဒကလည်း မဖြစ်နိုင်၊ အထက် အထက် ဖြစ်သော စျာန်ကို ရရှိဖို့ရန် အနီးကပ်ဆုံးသော အကြောင်းတရားလည်း မဖြစ်နိုင်။

ဤဥပမာအတူပင်လျှင် ရုပ်တရားကို ဉာဏ်ဖြင့် ပိုင်းခြားယူတတ် သိမ်းဆည်းတတ်သော = ရူပပရိဂ္ဂဟဉာဏ် = ရူပပရိဂ္ဂဟလုပ်ငန်းရပ်သည် ကောင်းမွန်စင်ကြယ်သည်ဖြစ်လျက် အရှုပ်အထွေးကင်းသည်ဖြစ်လျက် ရောယှက် ရှုပ်ထွေးခြင်း မရှိသော်သာလျှင် နာမ်တရားကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း သိမ်းဆည်းခြင်း = အရူပပရိဂ္ဂဟဉာဏ် = အရူပပရိဂ္ဂဟလုပ်ငန်းရပ်၏ အခြေပါဒက ဖြစ်၍ အနီးကပ်ဆုံးသော အကြောင်းတရားသည် ဖြစ်နိုင်၏။ ကောင်းမွန်စင်ကြယ်စွာ ရုပ်တရားကို မသိမ်းဆည်းရသေးသဖြင့် မစင်ကြယ်သော ရုပ်တရားကို သိမ်းဆည်းခြင်း = ရူပပရိဂ္ဂဟလုပ်ငန်းရပ်သည် နာမ်တရားကို သိမ်းဆည်းဖို့ရန် = အရူပပရိဂ္ဂဟဉာဏ်ကို ရရှိဖို့ရန် အနီးကပ်ဆုံး သော အကြောင်းတရားသည် မဖြစ်နိုင်ပေ။

သို့အတွက် ရုပ်တရား နာမ်တရား၏ တစ်စိတ်တစ်ဒေသ တစ်ချို့တစ်ဝက်မျှလောက်သော်လည်း အသိ ဉာဏ်၌ မထင်လာ မမြင်လာသေးသည်ရှိသော် ထိုရုပ်တရားကို သိမ်းဆည်းခြင်း = ရူပပရိဂ္ဂဟဉာဏ် = ရူပပရိဂ္ဂဟ လုပ်ငန်းရပ်နှင့် နာမ်တရားကို သိမ်းဆည်းခြင်း = အရူပပရိဂ္ဂဟဉာဏ် = အရူပပရိဂ္ဂဟ လုပ်ငန်းရပ်တို့သည် မစင်ကြယ်ကုန်သေးသည်သာလျှင် မည်ကြပေသည်။ များစွာကုန်သော ရုပ်နာမ်ပရမတ်တရားတို့သည် အသိ ဉာဏ်၌ မထင်လာ မမြင်လာကုန်သည်ရှိသော်ကား အဘယ်မှာလျှင် ဆိုဖွယ်ရာ ရှိနိုင်တော့ပါအံ့နည်း၊ မစင်ကြယ် သည်သာလျှင် ဧကန်ဖြစ်ပေတော့၏ဟု ဤသို့ ထင်ရှားပြလိုသည် ဖြစ်၍ ----

ရုပ်ဓာတ် တစ်လုံးလောက် အသိဉာဏ်၌ ထင်လာရုံမျှဖြင့်, ရုပ်ဓာတ် နှစ်လုံးလောက် အသိဉာဏ်၌ ထင်လာ ရုံမျှဖြင့် ရုပ်ကမ္မဋ္ဌာန်းကို = ရုပ်တရားကို သိမ်းဆည်းခြင်း လုပ်ငန်းရပ်ကို စွန့်ပယ်ထားခဲ့၍ နာမ်တရားကို သိမ်းဆည်းခြင်းကို အကယ်၍ ကြိုးစားအားထုတ်ခဲ့သည် ဖြစ်ငြားအံ့၊ ကမ္မဋ္ဌာန်းမှ ဆုတ်ယုတ်ပျက်စီးတတ်၏

ဤသို့စသော စကားရပ်ကို အဋ္ဌကထာဆရာတော်သည် မိန့်ဆိုတော်မူခြင်း ဖြစ်ပေသည်။ (မဟာဋီ၊၂၊၃၅၇။)

မညီညွတ်သော တောင်၌ ကျက်စားလျက်ရှိသော, မလိမ္မာသော, မိမိ၏ ကျက်စားရာ စားကျက်အကြောင်း ကို ကောင်းကောင်း တတ်သိနားလည်မှု မရှိသော နွားမိုက်မသည် မရောက်ဖူးသေးသော အရပ်သို့ ရောက်ရှိရန် မသောက်ဖူးသေးသော ရေကန်အတွင်းမှ ရေကို သောက်သုံးရန်, မစားဖူးသေးသော ရေကန်ဝန်းကျင်ရှိ စိမ်းလန်း စိုပြည်သည့် မြက်သစ်ရွက်နုတို့ကို စားသုံးရန်ဟူသော ဦးတည်ချက်ဖြင့် မညီညာသော တောင်ပေါ်မှ ဆင်းသက် သောအခါ ေ့ရှခြေနှစ်ချောင်းကို နင်းကွင်း ကောင်းကောင်း၌ မနင်းမိသေးဘဲ နောက်ခြေနှစ်ချောင်းကို မြှောက်မိ သဖြင့် တောင်ပေါ်မှ တောင်အောက်သို့ ကျဆင်းသွားရသောကြောင့် ရည်ရွယ်ချက် ဦးတည်ချက်အားလုံး ပျက်စီး သွားခဲ့ရ၏။ မူလစဉ်းစားခဲ့ရာ တောင်ထိပ်သို့လည်း ပြန်မရောက်နိုင် ဖြစ်ခဲ့ရ၏။ ဤဥပမာအတူပင် ရုပ်တရားကို ကောင်းမွန်စင်ကြယ်စွာ မသိမ်းဆည်းရသေးဘဲ နာမ်တရားကို ပြောင်း၍ သိမ်းဆည်းရှုပွားလိုက်ပါက ကမ္မဋ္ဌာန်းမှ ဆုတ်ယုတ်ပျက်စီးသွားတတ်၏။ ရုပ်ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်း နှစ်မျိုးလုံးမှပင် ဆုတ်ယုတ်ပျက်စီးသွားတတ်၏။

စဉ်းစားရန် အချက်တစ်ရပ်

အသင်ယောဂီသူတော်ကောင်းသည် (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်အစစ် ရုပ်အတုတို့ကို ပရမတ်သို့ ဉာဏ်အမြင် ဆိုက်သည်တိုင်အောင် မသိမ်းဆည်းတတ် မရှုပွားတတ်သေးဘဲ နာမ်ကမ္မဋ္ဌာန်းကို သိမ်း ဆည်းရှုပွားခြင်း လုပ်ငန်းရပ်ကို ပြုလုပ်ဖူးကောင်း ပြုလုပ်ဖူးပေမည်။ တစ်နည်းဆိုရသော် တွန်းကန်လှုပ်ရှားမှု ဝါယောဓာတ် တစ်လုံးလောက်ကို သိရုံမျှဖြင့်, တွန်းကန် လှုပ်ရှားမှု ဝါယောဓာတ်နှင့် ပူမှု အေးမှု တေဇောဓာတ် ဟူသော ရုပ်နှစ်မျိုးလောက် သိရုံမျှဖြင့် ရုပ်ကမ္မဋ္ဌာန်း သိမ်းဆည်းခြင်း လုပ်ငန်းရပ်ကို ပယ်စွန့်ထားခဲ့ပြီး နာမ် ကမ္မဋ္ဌာန်းကို ပြောင်း၍ သိမ်းဆည်း ရှုပွားသူ ဖြစ်ဖူးကောင်း ဖြစ်ဖူးပေမည်။ ထိုသို့ သိမ်းဆည်းခြင်းကြောင့် စက္ခုဒွါရဝီထိစသော စိတ္တနိယာမလမ်းကြောင်းအတိုင်း ဖြစ်ပေါ်သွားကြသော ဝီထိစိတ်အစဉ်အတွင်း၌ တည်ရှိကြ ကုန်သော ပဉ္စဒွါရာဝဇ္ဇန်း စက္ခုဝိညာဏ်စသော စိတ္တက္ခဏတိုင်း၌ တည်ရှိကြကုန်သော စိတ်စေတသိက် တရားစု တို့ကို ဃနခေါ်သည့် နာမ်တုံးနာမ်ခဲတို့ကို ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်း ရှုပွားနိုင်မှု ရှိ-မရှိကိုကား မိမိကိုယ်တိုင် ဝေဖန် စဉ်းစားရတော့မည် ဖြစ်ပေသည်။ အကယ်၍ စိတ္တနိယာမ လမ်းကြောင်းအတိုင်း ဖြစ်ပေါ်သွားကြကုန်သော နာမ်တရားတို့ကို ပရမတ်သို့ ဉာဏ်အမြင် ဆိုက်သည်တိုင်အောင် စိတ္တက္ခဏတိုင်း၌ မသိမ်းဆည်းနိုင် မရှုပွားနိုင်ဟု မိမိကိုယ်ကို မိမိ ဝန်ခံနိုင်လျှင် ရုပ် (၂၈)ပါးကိုလည်း ရုပ်ဃန ခေါ်သည့် ရုပ်တုံးရုပ်ခဲတို့ကို ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် မသိမ်းဆည်းနိုင် မရှုပွားနိုင် ဟုလည်း မိမိကိုယ်ကို မိမိ ဝန်ခံနိုင်လျှင် - ရုပ်နာမ်ကိုမျှ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် မသိသေးသော မိမိအဖို့ ကမ္မဋ္ဌာန်းတရားသည် ကြီးပွားတိုးတက်နေလေသလော၊ ဆုတ်ယုတ်ပျက်စီးနေလေသလောဟူသော ဤ အချက်ကိုကား သံသရာဝဋ်ဆင်းရဲဒုက္ခကြီး၏ ကုန်ဆုံးရာဖြစ်သော နိဗ္ဗာန်တရားတော်မြတ်ကြီးကို အလွန့်အလွန် လိုလား တောင့်တလျက်ရှိသော အသင် ယောဂီသူတော်ကောင်းသည် တော်တည့် မှန်ကန်သော ယောနိသော မနသိကာရ, ဖြူစင်ဖြောင့်စင်းသော စိတ်ဓာတ်ဖြင့် စဉ်းစားနှိုင်းချိန် ဝေဖန်လေရာသည်။

အနုပဒသုတ္တန် ကောက်နုတ်ချက်

ဝီထိခေါ်သည့် စိတ္တနိယာမ လမ်းကြောင်းအတိုင်း ဖြစ်သွားကြကုန်သော နာမ်တရားတို့ကို စိတ္တက္ခဏတိုင်း၌ ယှဉ်ဖက် စိတ်စေတသိက်တို့ကို သာဝကများ ရှု၍ ရရှိနိုင် မရရှိနိုင် ဟူသော ဤအချက်နှင့်ပတ်သက်၍ သံသယ မကင်း ဖြစ်နေကြသော ယောဂါဝစရပုဂ္ဂိုလ်မြတ်တို့လည်း ရှိကြပေသည်။ သံသယ ကင်းရှင်းသွားအောင် ဆက် လက်၍ ရှင်းလင်း တင်ပြအပ်ပါသည်။ သာဝကတို့တွင် ပညာအရာတွင် ဧတဒဂ်ရတော်မူသော အရှင်သာရိပုတ္တ ကိုယ်တော်မြတ်ကြီး ရှုပွားသွားတော်မူသော ထုံးဟောင်းကြီးတစ်ရပ်သည် အနုပဒသုတ္တန်တွင် လာရှိပေသည်။

အရှင်မဟာမောဂ္ဂလ္လာနကိုယ်တော်မြတ်ကြီး၏ တန်ခိုးဣဒ္ဓိ ကြီးမြတ်တော်မူသောဂုဏ်, အရှင်မဟာကဿပ ကိုယ်တော်မြတ်ကြီး၏ ဓုတင်အရာ၌ ကြီးမြတ်တော်မူသောဂုဏ်, အရှင်အနုရုဒ္ဓါမထေရ်မြတ်ကြီး၏ ဒိဗ္ဗစက္ခု အဘိညာဏ်အရာ၌ ကြီးမြတ်တော်မူသောဂုဏ်, အရှင်ဥပါလိမထေရ်မြတ်၏ ဝိနည်းကို ဆောင်တော်မူရာ၌ ကြီးမြတ်တော်မူသောဂုဏ်, အရှင်ရေဝတမထေရ်၏ စျာန်ဝင်စားလေ့ရှိတော်မူရာ၌ စျာန်ဝင်စားခြင်း၌ မွေ့လျော် ပျော်ပိုက် နှစ်ခြိုက်တော်မူရာ၌ ကြီးမြတ်တော်မူသောဂုဏ်, အရှင်အာနန္ဒာ မထေရ်မြတ်၏ အကြားအမြင် ဗဟု သုတအရာ၌ ကြီးမြတ်တော်မူသောဂုဏ် - ဤသို့လျှင် ထိုထို မထေရ်မြတ်ကြီးတို့၏ ထိုထို ဂုဏ်ကျေးဇူးတို့ကား ထင်ရှားလျက် ရှိကြကုန်၏။ အရှင်သာရိပုတ္တ ကိုယ်တော်မြတ်ကြီး၏ ဂုဏ်ကျေးဇူးတို့ကား မထင်ရှား ဖြစ်နေကြ ကုန်၏။ အဘယ်ကြောင့်နည်းဟူမူ -- ပညာရှိသောသူ၏ ဂုဏ်ကျေးဇူးတို့ကား မဟောပြခဲ့သော် သိရှိဖို့ရန် မစွမ်း နိုင်ပေ။ ထိုကြောင့် ဘုရားရှင်သည် အရှင်သာရိပုတ္တ ကိုယ်တော်မြတ်ကြီး၏ ဂုဏ်ကျေးဇူးတို့ကို ဟောကြားတော် မူပေအံ့ဟု ရည်ရွယ်တော်မူလျက် သဘောတူ သဘာဂ ဖြစ်သော ပရိသတ်အစည်းအဝေးကို မျှော်လင့် စောင့်ဆိုင်း တော်မူလျက် ရှိ၏။ သဘောမတူသည့် ဝိသဘာဂပုဂ္ဂိုလ်တို့၏ ထံမှောက်၌ ဂုဏ်ကျေးဇူးတို့ကို ဟောကြားပြသ ရန်ကား မသင့်တင့် မလျောက်ပတ်ပေ။ ထိုဝိသဘာဂပုဂ္ဂိုလ်တို့ကား ဂုဏ်ကျေးဇူးတို့ကို ဟောပြခဲ့သည်ရှိသော် ကျေးဇူးမဲ့ ကဲ့ရဲ့စကားကိုသာလျှင် ပြောဆိုတတ်ကြ၏။ အနုပဒသုတ္တန်ကို ဟောတော်မူရာ ဤနေ့၌ကား အရှင် သာရိပုတ္တကိုယ်တော်မြတ်ကြီး၏ သဘောတူ သဘာဂ ပရိသတ်သည် စည်းဝေးမိနေ၏။ ထိုသဘာဂပရိသတ်၏ စည်းဝေးမိသည်၏ အဖြစ်ကို သိမြင်တော်မူ၍ ဘုရားရှင်သည် အရှင်သာရိပုတ္တ ကိုယ်တော်မြတ်ကြီး၏ ဂုဏ် ကျေးဇူးတော်ကို ဟောကြားပြသတော်မူလိုသည်ဖြစ်ရကား ဤအနုပဒသုတ္တန်တရားဒေသနာတော်ကို အားသစ် တော်မူပေသည်။ (မ၊ဋ္ဌ၊၄၊၅၆။)

ထိုသုတ္တန်တွင် အရှင်သာရိပုတ္တ ကိုယ်တော်မြတ်ကြီး၏ ဉာဏ်ပညာ ကြီးမြတ်တော်မူပုံနှင့် ဆက်စပ်လျက် မဟာသက္ကရာဇ် (၁၀၃)ခု၊ တပို့တွဲလဆန်း (၁)ရက်မှ တပို့တွဲလပြည့်တိုင်အောင် (၁၅)ရက်တို့ ပတ်လုံး အနုပဒဓမ္မ ဝိပဿနာနည်းအားဖြင့် ဝိပဿနာ ရှုပွားသုံးသပ်ပုံ အပိုင်းကိုလည်း ကဏ္ဍတစ်ရပ်အဖြစ် ထည့်သွင်း၍ ဟောကြား တော်မူခဲ့ပေသည်။ ဤတွင် အရှင်သာရိပုတ္တကိုယ်တော်မြတ်ကြီး၏ အနုပဒဓမ္မဝိပဿနာရှုနည်း ကောက်နုတ်ချက် တစ်ခုကို ဖော်ပြအပ်ပါသည်။

ဣဓ ဘိက္ခဝေ သာရိပုတ္တော ဝိဝိစ္စေဝ ကာမေဟိ ဝိဝိစ္စ အကုသလေဟိ ဓမ္မေဟိ သဝိတက္ကံ သဝိစာရံ ဝိဝေကဇံ ပီတိသုခံ ပဌမံ စျာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ ယေ စ ပဌမေ စျာနေ ဓမ္မာ ဝိတက္ကော စ ဝိစာရော စ ပီတိ စ သုခဉ္စ စိတ္တေကဂ္ဂတာ စ ဖဿော ဝေဒနာ သညာ စေတနာ စိတ္တံ ဆန္ဒော အဓိမောက္ခော ဝီရိယံ သတိ ဥပေက္ခာ မနသိကာရော။ တျာဿ ဓမ္မာ အနုပဒဝဝတ္ထိတာ ဟောန္တိ၊ တျာဿ ဓမ္မာ ဝိဒိတာ ဥပ္ပဇ္ဇန္တိ၊ ဝိဒိတာ ဥပဋ္ဌဟန္တိ၊ ဝိဒိတာ အဗ္ဘတ္ထံ ဂစ္ဆန္တိ။ သော ဧဝံ ပဇာနာတိ ဧဝံ ကိရမေ ဓမ္မာ အဟုတွာ သမ္ဘောန္တိ၊ ဟုတွာ ပဋိဝေန္တီတိ။ သော တေသု ဓမ္မေသု အနုပါယော အနပါယော အနိဿိတော အပ္ပဋိဗဒ္ဓေါ ဝိပ္ပမုတ္တော ဝိသံယုတ္တော ဝိမရိယာဒီကတေန စေတသာ ဝိဟရတိ၊ သော အတ္ထိ ဥတ္တရိ နိဿရဏန္တိ ပဇာနာတိ။ တဗ္ဗဟုလီကာရာ အတ္ထိတွေဝဿ ဟောတိ။ (မ၊၃၊၇၅။)

= ရဟန်းတို့ ...သာရိပုတြာသည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ် ၍သာလျှင် ကြံစည်ခြင်း (= ဝိတက်)နှင့်တကွ ဖြစ်သော, သုံးသပ်ဆင်ခြင်ခြင်း (= ဝိစာရ)နှင့်တကွ ဖြစ်သော နီဝရဏ ကင်းဆိတ်ခြင်းကြောင့် ဖြစ်ပေါ်၍လာသော နှစ်သိမ့်ခြင်း (= ပီတိ), ချမ်းသာခြင်း (= သုခ)ရှိသော ပထမစျာန်သို့ ရောက်၍နေ၏။ ပထမစျာန်သမာပတ် အတွင်း၌ ----

၁။ ကြံစည်ခြင်း = ဝိတက်

၂။ သုံးသပ်ဆင်ခြင်ခြင်း = ဝိစာရ

၃။ နှစ်သိမ့်ခြင်း = ပီတိ

၄။ ချမ်းသာခြင်း = သုခ (ဝေဒနာ)

၅။ စိတ်တည်ကြည်ခြင်း = ဧကဂ္ဂတာ (= သမာဓိ)

၆။ အာရုံကို တွေ့ထိခြင်း = ဖဿ

၇။ အာရုံ၏ အရသာကို ခံစားခြင်း = ဝေဒနာ

၈။ အာရုံကို မှတ်သားခြင်း = သညာ

၉။ အာရုံပေါ်သို့ သမ္ပယုတ်တရားတို့ကို စေ့ဆော်တိုက်တွန်းခြင်း = စေတနာ

၁၀။ အာရုံကို ရယူခြင်း = အာရုံကို သိခြင်း = စိတ်

၁၁။ ပြုလိုခြင်း = ဆန္ဒ

၁၂။ အာရုံကို ဆုံးဖြတ်ခြင်း = အဓိမောက္ခ

၁၃။ လုံ့လပြုခြင်း = ကြိုးစားအားထုတ်ခြင်း = ဝီရိယ

၁၄။ အာရုံကို မမေ့ပျောက်ခြင်း = အောက်မေ့ခြင်း = သတိ

၁၅။ အာရုံကို လျစ်လျူရှုခြင်း = ဥပေက္ခာ

၁၆။ အာရုံကို နှလုံးသွင်းခြင်း = မနသိကာရ ----

ယင်းသဘောတရားတို့သည် ထင်ရှားရှိကြကုန်၏၊ ထိုသဘောတရားတို့ကို သာရိပုတြာသည် အစဉ်အတိုင်း = တစ်လုံးစီ တစ်လုံးစီ ပိုင်းခြား၍ သိ၏၊ ထိုသဘောတရားတို့သည် ထိုသာရိပုတြာ၏ အသိဉာဏ်၌ ----

၁။ ထင်ထင်ရှားရှား ဖြစ်ကုန်၏၊

၂။ ထင်ထင်ရှားရှား တည်ကုန်၏၊

၃။ ထင်ထင်ရှားရှား ချုပ်ကုန်၏။

ဤသဘောတရားတို့သည် ရှေးကထင်ရှား မရှိဘဲ ယခုမှ ရုတ်ချည်းအသစ် ဖြစ်ပေါ်လာကုန်၏၊ ဖြစ်ပြီးလျှင် ရုတ်ချည်း ချုပ်ပျက်ကုန်၏ဟု သာရိပုတြာသည် ဤသို့ သိ၏။ ထိုသာရိပုတြာသည် ထိုသဘောတရားတို့၌ ရာဂဖြင့် တပ်မက်ခြင်း မရှိ၊ ဒေါသဖြင့် ဖဲခြင်း မရှိ၊ တဏှာ ဒိဋ္ဌိတို့ဖြင့် ငါ-ငါ့ဟာဟု မမှီ၊ လိုလားတပ်မက်ခြင်း ဆန္ဒရာဂဖြင့် ဖွဲ့ချည်မထား၊ ကာမရာဂမှ လွတ်မြောက်၏၊ ဆန့်ကျင်ဘက်တရားတို့နှင့် မယှဉ်၊ အပိုင်းအခြား မရှိသော စိတ်ဖြင့် နေ၏။ ထိုသာရိပုတြာသည် ထိုထက်အလွန် လွတ်မြောက်ရာသည် ရှိ၏ဟု သိ၏။ ထိုသိခြင်းကို အထပ်ထပ် ပြုခြင်းကြောင့် ထိုသာရိပုတြာအား ထိုထက်အလွန် လွတ်မြောက်ရာသည် ရှိသည်သာတည်းဟု မြဲစွာ ဖြစ်၏။ (မ၊၃၊၇၅။)

အဋ္ဌကထာကလည်း အောက်ပါအတိုင်း ဆက်လက်၍ ရှင်းလင်း တင်ပြထားပြန်၏။

ဝိဒိတာ ဥပ္ပဇ္ဇန္တီတိ ဥပ္ပဇ္ဇမာနာ ဝိဒိတာ ပါကဋာဝ ဟုတွာ ဥပ္ပဇ္ဇန္တိ။ ဝိဒိတာ ဥပဋ္ဌဟန္တီတိ တိဋ္ဌမာနာပိ ဝိဒိတာ ပါကဋာဝ ဟုတွာ တိဋ္ဌန္တိ။ ဝိဒိတာ အဗ္ဘတ္ထံ ဂစ္ဆန္တီတိ နိရုဇ္ဈမာနာပိ ဝိဒိတာ ပါကဋာဝ ဟုတွာ နိရုဇ္ဈန္တိ။

ဧတ္ထ ပန တံဉာဏတာ စေဝ ဉာဏဗဟုတာ စ မောစေတဗ္ဗာ။ ယထာ ဟိ တေနေဝ အင်္ဂုလဂ္ဂေန တံ အင်္ဂုလဂ္ဂံ န သက္ကာ ဖုသိတုံ၊ ဧဝမေဝ တေနေဝ စိတ္တေန တဿ စိတ္တဿ ဥပ္ပါဒေါ ဝါ ဌိတိ ဝါ ဘင်္ဂေါ ဝါ န သက္ကာ ဇာနိတုန္တိ။ ဧဝံ တာဝ တံဉာဏတာ မောစေတဗ္ဗာ။

ယဒိ ပန ဒွေ စိတ္တာနိ ဧကတော ဥပ္ပဇ္ဇေယျုံ၊ ဧကေန စိတ္တေန ဧကဿ ဥပ္ပါဒေါ ဝါ ဌိတိ ဝါ ဘင်္ဂေါ ဝါ သက္ကာ ဘဝေယျ ဇာနိတုံ။ ဒွေ ပန ဖဿာ ဝါ ဝေဒနာ ဝါ သညာ ဝါ စေတနာ ဝါ စိတ္တာနိ ဝါ ဧကတော ဥပ္ပဇ္ဇနကာနိ နာမ နတ္ထိ၊ ဧကေကမေဝ ဥပ္ပဇ္ဇတိ။ ဧဝံ ဉာဏဗဟုတာ မောစေတဗ္ဗာ။

ဧဝံ သန္တေ ကထံ မဟာထေရဿ အန္တော သမာပတ္တိယံ သောဠသ ဓမ္မာ ဝိဒိတာ ပါကဋာ ဟောန္တီတိ?

ဝတ္ထာရမ္မဏာနံ ပရိဂ္ဂဟိတတာယ။ ထေရေန ဟိ ဝတ္ထု စေဝ အာရမ္မဏဉ္စ ပရိဂ္ဂဟိတံ၊ တေနဿ တေသံ ဓမ္မာနံ ဥပ္ပါဒံ အာဝဇ္ဇန္တဿ ဥပ္ပါဒေါ ပါကဋော ဟောတိ၊ ဌာနံ အာဝဇ္ဇန္တဿ ဌာနံ ပါကဋံ ဟောတိ၊ ဘေဒံ အာဝဇ္ဇန္တဿ ဘေဒေါ ပါကဋော ဟောတိ။ တေန ဝုတ္တံ ဝိဒိတာ ဥပ္ပဇ္ဇန္တိ ဝိဒိတာ ဥပဋ္ဌဟန္တိ ဝိဒိတာ အဗ္ဘတ္ထံ ဂစ္ဆန္တီတိ။

အဟုတွာ သမ္ဘောန္တီတိ ဣမိနာ ဥဒယံ ပဿတိ။ ဟုတွာ ပဋိဝေန္တီတိ ဣမိနာ ဝယံ ပဿတိ။ (မ၊ဋ္ဌ၊၄၊၆၀။)

= ထင်ထင်ရှားရှား ဖြစ်ကုန်၏ဟူသည် အရှင်သာရိပုတြာ ကိုယ်တော်မြတ်ကြီး၏ ဉာဏ်ဝယ် ယင်း (၁၆)မျိုး ကုန်သော တရားတို့သည် ဖြစ်ပေါ်လာကုန်သည် ရှိသော် ထင်ရှားကုန်သည်သာ ဖြစ်ကြကုန်၍ ဖြစ်ပေါ်လာကြ ကုန်၏။

ထင်ထင်ရှားရှား တည်ကုန်၏ဟူသည် အရှင်သာရိပုတြာ ကိုယ်တော်မြတ်ကြီး၏ ဉာဏ်၌ ယင်း (၁၆)မျိုး ကုန်သော တရားတို့သည် တည်ဆဲ ဌီကာလသို့ ရောက်ကုန်သော်လည်း ထင်ရှားကုန်သည်သာ ဖြစ်ကြကုန်၍ တည်နေကြကုန်၏။

ထင်ထင်ရှားရှား ချုပ်ပျက်ကုန်၏ဟူသည် အရှင်သာရိပုတြာ ကိုယ်တော်မြတ်ကြီး၏ ဉာဏ်၌ ယင်း (၁၆) မျိုးကုန်သော တရားတို့သည် ချုပ်ပျက်ကုန်သော်လည်း ထင်ရှားကုန်သည်သာ ဖြစ်ကြကုန်၍ ချုပ်ပျက်ကြကုန်၏။ ဤအရာဝယ် ----

၁။ ရှုတတ်သည့် ဉာဏ်နှင့် အရှုခံဉာဏ်တို့၏ တစ်ခုတည်း ဖြစ်မှုကိုလည်းကောင်း,

၂။ စိတ္တက္ခဏ တစ်ခုအတွင်း၌ ဉာဏ်တို့၏ များစွာ ပြိုင်တူ ဖြစ်မှုကိုလည်းကောင်း ----

လွတ်အောင် ယူဆတတ်ရပေမည်။

၁။ ထိုလက်ညှိုး၏ အဖျားဖြင့်ပင်လျှင် ထိုလက်ညှိုး၏ အဖျားကို တွေ့ထိဖို့ရန် မတတ်ကောင်းသကဲ့သို့ ဤ ဥပမာအတူပင်လျှင် ထိုစိတ်ဖြင့်ပင်လျှင် ထိုစိတ်၏ဖြစ်မှု ဥပါဒ်ကိုလည်းကောင်း, တည်မှု ဌီကိုလည်းကောင်း, ပျက်မှု ဘင်ကိုလည်းကောင်း သိရှိဖို့ရန် မတတ်ကောင်းသည်သာ ဖြစ်ပေသည်။ ဤသို့လျှင် ရှေးဦးစွာ ရှုတတ်သည့်ဉာဏ်နှင့် အရှုခံဉာဏ်တို့၏ တစ်ခုတည်းဖြစ်မှုကို လွတ်အောင် ယူဆပါ။ (ရှုတတ်သည့်စိတ်နှင့် အရှုခံစိတ်သည် တစ်ခုတည်း မဟုတ်ဟု ဆိုလိုသည်။)

၂။ အကယ်၍ စိတ်နှစ်ခုတို့သည် စိတ္တက္ခဏတစ်ခု ဟူသော အချိန်ကာလ တစ်ခု အတွင်း၌ နှစ်ခု ပြိုင်တူ တစ်ပေါင်းတည်း ဖြစ်ကုန်ငြားအံ့၊ တစ်ခုသော စိတ်ဖြင့် တစ်ခုသော စိတ်၏ ဖြစ်မှု ဥပါဒ်ကိုလည်းကောင်း, တည်မှု ဌီကိုလည်းကောင်း ပျက်မှု ဘင်ကိုလည်းကောင်း သိရှိဖို့ရန် တတ်ကောင်းသည် ဖြစ်လေရာ၏။ သို့သော် စိတ္တက္ခဏ တစ်ခု ဟူသော အချိန်ကာလ တစ်ခု အတွင်း၌ ဖဿ နှစ်မျိုးတို့သည်လည်းကောင်း, ဝေဒနာ နှစ်မျိုးတို့သည်လည်းကောင်း, သညာ နှစ်မျိုးတို့သည်လည်းကောင်း, စေတနာ နှစ်မျိုးတို့သည် လည်းကောင်း, စိတ်နှစ်မျိုးတို့သည်လည်းကောင်း နှစ်ခုပြိုင်တူ တစ်ပေါင်းတည်း ဖြစ်ကုန်သည် မည်သည် မရှိသည်သာတည်း။ တစ်လုံးစီ တစ်လုံးစီ သာလျှင် (ဖဿတစ်မျိုး ဝေဒနာတစ်မျိုး သညာတစ်မျိုး စေတနာတစ်မျိုး စိတ်တစ်မျိုး ဟူသည့် တစ်မျိုးစီ တစ်မျိုးစီ တစ်လုံးစီ တစ်လုံးစီသာလျှင်) ဖြစ်ရိုးဓမ္မတာ ရှိ၏။ ဤသို့ စိတ္တက္ခဏတစ်ခုအတွင်း၌ ဉာဏ်တို့၏ များစွာ ပြိုင်တူ ဖြစ်မှုကိုလည်း လွတ်မြောက်စေအပ်၏၊ လွတ်အောင် ယူဆပါ။ ဤသို့ ဖြစ်ခဲ့သော် အဘယ်သို့လျှင် အရှင်သာရိပုတြာ မဟာထေရ်မြတ်ကြီး၏ ဉာဏ်၌ စျာန်သမာပတ်၏ အတွင်း၌ ဖြစ်ပေါ်သွားကြကုန်သော (၁၆)မျိုးကုန်သော တရားတို့သည် ထင်ထင် ရှားရှား ဖြစ်ကုန်သနည်းဟု မေးရန် ရှိ၏။

ဝတ္ထာရမ္မဏာနံ ပရိဂ္ဂဟိတတာယ။ (မ၊ဋ္ဌ၊၄၊၆၀။)

ဝတ္ထာရမ္မဏာနံ ပရိဂ္ဂဟိတတာယာတိ ယသ္မိံ စ အာရမ္မဏေ ယေ စျာနဓမ္မာ ပဝတ္တန္တိ၊ တေသံ ဝတ္ထာရမ္မဏာနံ ပဂေဝ ဉာဏေန ပရိစ္ဆိဇ္ဇ ဂဟိတတ္တာ။ (မ၊ဋီ၊၃၊၂၇၈။)

= အကြင် ကသိုဏ်းပညတ်စသော အာရုံ၌ ယင်း စျာနဓမ္မ အမည်ရသည့် စျာန်နာမ်တရားတို့သည် ဖြစ်ကြ ကုန်၏၊ ထိုစျာနဓမ္မ နာမ်တရားစုတို့၏ မှီရာဝတ္ထုနှင့် ကသိုဏ်းပညတ်စသော အာရုံတို့ကို ရှေးမဆွကပင် ကြိုတင် ၍ ဉာဏ်ဖြင့် ပိုင်းခြား၍ ယူထားပြီး သိမ်းဆည်းထားပြီး ဖြစ်သောကြောင့်ဟု ဖြေဆိုလေရာသည်။

မှန်ပေသည် ---- အရှင်သာရိပုတြာကိုယ်တော်မြတ်ကြီးသည် ----

၁။ ယင်း စျာနဓမ္မ နာမ်တရားတို့၏ စွဲမှီရာ ဘဝင်မနောအကြည်ဓာတ် သို့မဟုတ် ဟဒယဝတ္ထုကိုလည်းကောင်း,

၂။ ကသိုဏ်းပညတ် စသော သမထနိမိတ်ကို အာရုံပြုကုန်သော စျာနဓမ္မတရားစုတို့၏ ယင်းသမထနိမိတ် အာရုံကို လည်းကောင်း ----

ဤ (၂)မျိုးသော တရားတို့ကို ကြိုတင်၍ ဉာဏ်ဖြင့် ပိုင်းခြားယူထားတော်မူ၏ သိမ်းဆည်းထားတော်မူ၏။ ထိုကြောင့် ထိုစျာနဓမ္မ နာမ်တရားတို့၏ ----

၁။ ဖြစ်မှု (= ဥပါဒ်)ကို ဆင်ခြင်သော အရှင်သာရိပုတြာ မထေရ်မြတ်ကြီး၏ ဉာဏ်ဝယ် ဖြစ်မှု (= ဥပါဒ်)သည် ထင်ရှားနေ၏။

၂။ တည်မှု (= ဌီကာလ)ကို ဆင်ခြင်သော အရှင်သာရိပုတြာ မထေရ်မြတ်ကြီး၏ ဉာဏ်ဝယ် တည်မှု (= ဌီ ကာလ)သည် ထင်ရှားနေ၏။

၃။ ပျက်မှု (= ဘင်)ကို ဆင်ခြင်သော အရှင်သာရိပုတြာ မထေရ်မြတ်ကြီး၏ ဉာဏ်ဝယ် ပျက်မှု (= ဘင်)သည် ထင်ရှားနေ၏။

ထိုကြောင့် ထို စျာနဓမ္မသဘောတရားတို့သည် အရှင်သာရိပုတြာမထေရ်မြတ်ကြီး၏ အသိဉာဏ်၌ ----

၁။ ထင်ထင်ရှားရှား ဖြစ်ကုန်၏၊

၂။ ထင်ထင်ရှားရှား တည်ကုန်၏၊

၃။ ထင်ထင်ရှားရှား ချုပ်ပျက်ကုန်၏ ----

ဟု ဘုရားရှင်သည် ဟောကြားတော်မူခြင်း ဖြစ်ပေသည်။ (မ၊ဋ္ဌ၊၄၊၆၀။)

(၁၆) မျိုးသော တရား

သောဠသန္နံ ဧဝ စေတ္ထ ဓမ္မာနံ ဂဟဏံ တေသံယေဝ ထေရေန ဝဝတ္ထာပိတဘာဝတော၊ တေ ဧဝဿ တဒါ ဥပဋ္ဌဟိံသု, န ဣတရေတိ ဝဒန္တိ။ ဝီရိယသတိဂ္ဂဟဏေနေဝ စေတ္ထ ဣန္ဒြိယဘာဝသာမညတော သဒ္ဓါ-ပညာ, သတိဂ္ဂဟဏေန ဧကန္တာနဝဇ္ဇဘာဝသာမညတော ပဿဒ္ဓိအာဒယော ဆ ယုဂဠာ, အလောဘာဒေါသာ စ သင်္ဂဟိတာ စျာနစိတ္တုပ္ပါဒပရိယာပန္နတ္တာ တေသံ ဓမ္မာနံ၊ ထေရေန စ ဓမ္မာ ဝဝတ္ထာနသာမညတော အာရဒ္ဓါ၊ (တသ္မာ) တေ န ဥပဋ္ဌဟိံသူတိ န သက္ကာ ဝတ္တုန္တိ အပရေ။ (မ၊ဋီ၊၃၊၂၇၇။)

ကသိုဏ်းပဋိဘာဂနိမိတ် အာနာပါနပဋိဘာဂနိမိတ်တို့ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော ပထမစျာန် နာမ်တရားတို့သည် (၃၄)အထိ ရှိကြ၏။ (နာမ်ကမ္မဋ္ဌာန်း ဇယားများတွင် ကြည့်ပါ။) ယင်း (၃၄)မျိုးကုန်သော စျာနဓမ္မနာမ်တရားစုတို့တွင် ဘုရားရှင်သည် (၁၆)မျိုးကုန်သော စျာနဓမ္မနာမ်တရားစုတို့ကိုသာ တိုက်ရိုက်ယူ၍ သရုပ်ထုတ်ကာ ဟောကြားထားတော်မူ၏။

၁။ ဤအရာဝယ် (၁၆)မျိုးကုန်သော စျာနဓမ္မတို့ကိုသာ တိုက်ရိုက်ယူ၍ သရုပ်ထုတ်ကာ ဟောကြားတော် မူခြင်းသည် ထို (၁၆)မျိုးသော တရားတို့ကိုသာလျှင် အရှင်သာရိပုတြာမထေရ်မြတ်ကြီးသည် တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ပိုင်းခြားယူအပ်သည်၏ အဖြစ်ကြောင့်တည်း၊ ထို (၁၆)မျိုးကုန်သော စျာနဓမ္မတို့သည် သာလျှင် ထိုအရှင်သာရိပုတြာ ကိုယ်တော်မြတ်ကြီး၏ ဉာဏ်၌ ထိုအချိန်အခါက ထင်မြင်ခဲ့ကြကုန်၏၊ အခြားအခြားကုန်သော စျာနဓမ္မတို့သည် မထင်မြင်ခဲ့ကြကုန်ဟု ဆရာမြတ်တို့ မိန့်ဆိုတော်မူကြကုန်၏။ (ဤကား ဝဒန္တိဝါဒ တည်း။)

၂။ ထို (၁၆)မျိုးသော တရားတို့တွင် ဣန္ဒြေထိုက်သော ဝီရိယနှင့် သတိကို တိုက်ရိုက်ယူ၍ ဟောကြားတော် မူခြင်းဖြင့် ဣန္ဒြေဖြစ်မှုချင်း တူညီသောကြောင့် သဒ္ဓါနှင့် ပညာ တရားနှစ်ပါးကိုလည်း သိမ်းကျုံးယူအပ်၏။သတိကို တိုက်ရိုက်ယူ၍ သရုပ်ထုတ်ကာ ဟောကြားတော်မူခြင်းဖြင့် သတိကဲ့သို့ ဧကန် အပြစ် မရှိမှုခြင်း တူညီသောကြောင့် ပဿဒ္ဓိစသော အစုံအစုံအားဖြင့် ဟောကြားထားတော်မူအပ်ကုန်သော ယုဂဠစေတသိက် (၆)စုံတို့ကိုလည်းကောင်း, အလောဘ အဒေါသ စေတသိက်တို့ကိုလည်းကောင်း သိမ်းကျုံးရေတွက် အပ်ကုန်၏။ အကြောင်းမူကား ထိုတရားတို့၏ စျာန်စိတ္တုပ္ပါဒ်၌ (= စျာနဓမ္မတရားတို့၌) အကျုံးဝင်ကုန် သောကြောင့် ဖြစ်၏။ အရှင်သာရိပုတ္တ ကိုယ်တော်မြတ်ကြီးသည်လည်း စျာနဓမ္မ အမည်ရသည့် စျာန်နာမ် တရားတို့ကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ပိုင်းခြားယူရာဝယ် ဉာဏ်ဖြင့် ပိုင်းခြားယူရမည့် တရားတို့၌ ပိုင်းခြားမှတ်သားပုံချင်း တူညီသောကြောင့် ကသိုဏ်းပဋိဘာဂနိမိတ် အာနာပါနပဋိဘာဂနိမိတ် စသော ထိုထိုပဋိဘာဂနိမိတ်အာရုံသို့ ညွတ်ကိုင်းရှိုင်းတတ်သော နမနလက္ခဏာချင်း တူညီရာတရားတို့ကို ပေါင်း စု၍ လက္ခဏာဟာရနေတ္တိနည်းဖြင့် ယင်းအနုပဒသုတ္တန် တရားဒေသနာတော်ကို ဘုရားရှင်သည် အားသစ်တော်မူပေသည်။ ထိုကြောင့် ထိုစျာနဓမ္မတို့သည် အရှင်သာရိပုတ္တ ကိုယ်တော်မြတ်ကြီး၏ ဉာဏ်၌ မထင်လာကုန်ဟု ပြောဆိုခြင်းငှာ မတတ်ကောင်းသည်သာတည်း။ ဤသို့လျှင် အပရေဆရာမြတ်တို့က လည်း မိန့်ဆိုတော်မူကြပြန်သည်။ (မ၊ဋီ၊၃၊၂၇၇။) (ဤကား အပရေဝါဒ တည်း။)

ဧဝံ သဗ္ဗတ္ထ ယော ယော အဋ္ဌကထာဝါဒေါ ဝါ ထေရဝါဒေါ ဝါ ပစ္ဆာ ဝုစ္စတိ၊ သော ပမာဏတော ဒဋ္ဌဗ္ဗော။ (ဝိ၊ဋ္ဌ၊၁၊၂၆၀။)

= နေရာတိုင်း၌ အကြင်အကြင် အဋ္ဌကထာဝါဒကိုလည်းကောင်း ထေရဝါဒကိုလည်းကောင်း နောက်ဆုံး ထား၍ ဖွင့်ဆိုထား၏၊ ထိုဝါဒကိုသာလျှင် ပမာဏအားဖြင့် မှတ်သားပါ။ (ဝိ၊ဋ္ဌ၊၁၊၂၆၀။)

ဤ၌ ဝဒန္တိဝါဒ, အပရေဝါဒဟု ဝါဒနှစ်မျိုး လာရှိရာ ဋီကာဆရာတော် ဖြစ်တော်မူသော အာစရိယဓမ္မပါလ မထေရ်မြတ်သည် အပရေဝါဒကို နောက်ထား၍ ဖော်ပြထားတော်မူသည်။ ဝါဒ အမျိုးမျိုးတို့တွင် နောက်ဆုံးထား ၍ ဖွင့်ဆိုသော ဝါဒကိုသာ အနှစ်သာရအားဖြင့် မှတ်ယူရသော စာပေကျမ်းဂန် ယူဆပုံ စည်းမျဉ်းဥပဒေသအရ ဤ၌လည်း နောက်ထား၍ ဖွင့်ဆိုသော အပရေဝါဒကိုသာ အနှစ်သာရအားဖြင့် မှတ်ယူလေရာသည်။ ထို့ကြောင့် ကသိုဏ်းပဋိဘာဂနိမိတ်, အာနာပါနပဋိဘာဂနိမိတ်စသော ပဋိဘာဂနိမိတ်တို့ကို အာရုံယူ၍ ဖြစ်ပေါ်လာကြကုန် သော ပထမစျာနဓမ္မတရားစုတို့မှာ (၃၄)လုံး ရှိသဖြင့် ထို (၃၄)မျိုးလုံးသော စျာနဓမ္မတို့ကို တစ်လုံးစီ တစ်လုံးစီ၏ ဥပါဒ်-ဌီ-ဘင် = ဖြစ်-တည်-ပျက်ကို မြင်အောင် အရှင်သာရိပုတြာ ကိုယ်တော်မြတ်ကြီးသည် ရှုပွားသုံးသပ်တော် မူသည်ဟုသာ သံသယကင်းရှင်းစွာ မုချပုံသေ မှတ်သားနာယူလေရာသည်။ ပထမစျာန်မှသည် အာကိဉ္စညာယတနစျာန်သို့ တိုင်အောင်သော စျာနဓမ္မတို့ကို တစ်လုံးစီ တစ်လုံးစီ၏ ဥပါဒ်-ဌီ-ဘင်ကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို အရှင်သာရိပုတြာ မထေရ်မြတ်ကြီးသည် ကြိုးပမ်းတော်မူခဲ့ပေသည်။ (မ၊၃၊၇၅-၇၆။)

နေဝသညာနာသညာယတနစျာန်

ပုန စပရံ ဘိက္ခဝေ သာရိပုတ္တော သဗ္ဗသော အာကိဉ္စညာယတနံ သမတိက္ကမ္မ နေဝသညာနာသညာယတနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ သော တာယ သမာပတ္တိယာ သတော ဝုဋ္ဌဟတိ၊ သော တာယ သမာပတ္တိယာ သတော ဝုဋ္ဌဟိတွာ ယေ ဓမ္မာ အတီတာ နိရုဒ္ဓါ ဝိပရိဏတာ၊ တေ ဓမ္မေ သမနုပဿတိ ဧဝံ ကိရမေ ဓမ္မာ အဟုတွာ သမ္ဘောန္တိ၊ ဟုတွာ ပဋိဝေန္တီတိ။ သော တေသု ဓမ္မေသု အနုပါယော အနပါယော အနိဿိတော အပ္ပဋိဗဒ္ဓေါ ဝိပ္ပမုတ္တော ဝိသံယုတ္တော ဝိမရိယာဒီကတေန စေတသာ ဝိဟရတိ၊ သော အတ္ထိ ဥတ္တရိ နိဿရဏန္တိ ပဇာနာတိ။ တဗ္ဗဟုလီကာရာ အတ္ထိတွေဝဿ ဟောတိ။ (မ၊၃၊၇၈။)

= ရဟန်းတို့ ...တစ်ဖန် ထို့ပြင်လည်း သာရိပုတြာသည် အာကိဉ္စညာယတနစျာန်ကို လုံးဝ ကျော်လွှား လွန်မြောက်၍ နေဝသညာနာသညာယတနစျာန်သို့ ရောက်၍ နေ၏၊ ထိုသာရိပုတြာသည် ထိုနေဝသညာနာသညာယတနသမာပတ်မှ သတိ ပညာနှင့် ပြည့်စုံ၍ ထ၏။ ထိုသာရိပုတြာသည် ထိုနေဝသညာနာသညာယတန သမာပတ်မှ သတိ ပညာနှင့် ပြည့်စုံ၍ ထပြီးလျှင် လွန်ကုန်ပြီး ချုပ်ကုန်ပြီး ဖောက်ပြန်ကုန်ပြီးသော (၃၁)မျိုးကုန် သော နေဝသညာနာသညာယတန စျာနဓမ္မတရားစုတို့ကို ဤသို့လျှင် ဤစျာနဓမ္မတရားစုတို့သည် ရှေးက ထင်ရှားမရှိကုန်ဘဲ ယခုမှ ရုတ်ချည်း အသစ် ဖြစ်ပေါ်လာကြကုန်၏၊ ဖြစ်ပြီးလျှင် ရုတ်ချည်း ချုပ်ပျက်ကုန်၏ဟု ယင်း (၃၁)မျိုးကုန်သော စျာနဓမ္မတရားစုတို့ကို ပေါင်းစုခြုံငုံလျက် အပေါင်းအစုအားဖြင့် (= ကလာပသမ္မသန နည်းအားဖြင့်) ဝိပဿနာရှု၏။ ထိုသာရိပုတြာသည် ထိုတရားတို့၌ ရာဂဖြင့် တပ်မက်ခြင်း မရှိ၊ ဒေါသဖြင့် ဖဲခြင်း မရှိ၊ တဏှာ ဒိဋ္ဌိတို့ဖြင့် ငါ-ငါ့ဟာဟု မမှီ၊ လိုလားတပ်မက်ခြင်း = ဆန္ဒရာဂဖြင့် ဖွဲ့ချည်မထား၊ တွယ်တာ တပ်မက်မှု ကာမရာဂမှ လွတ်၏၊ ဆန့်ကျင်ဘက်တရားတို့နှင့် မယှဉ်၊ အပိုင်းအခြား မရှိသော စိတ်ဖြင့် နေ၏။ ထိုသာရိပုတြာသည် ထိုထက်အလွန် လွတ်မြောက်ရာသည် ရှိ၏ဟု သိ၏။ ထိုသိခြင်းကို အထပ်ထပ် ပြုခြင်း ကြောင့် ထိုသာရိပုတြာအား ထိုထက်အလွန် လွတ်မြောက်ရာသည် ရှိသည်သာတည်းဟု မြဲစွာ ဖြစ်၏။ (မ၊၃၊၇၈။)

အနုပဒဓမ္မဝိပဿနာ နှင့် ကလာပဝိပဿနာ

တေ ဓမ္မေ သမနုပဿတီတိ ယသ္မာ နေဝသညာနာသညာယတနေ ဗုဒ္ဓါနံယေဝ အနုပဒဓမ္မဝိပဿနာ ဟောတိ၊ န သာဝကာနံ၊ တသ္မာ ဧတ္ထ ကလာပဝိပဿနံ ဒေဿန္တော ဧဝမာဟ။ (မ၊ဋ္ဌ၊၄၊၆၁။)

န သာဝကာနံ အနုပဒဓမ္မဝိပဿနာ ဟောတိ သင်္ခါရာဝသေသသုခုမပ္ပဝတ္တိယာ ဒုဝိညေယျတ္တာ ဝိနိဗ္ဘုဇိတွာ ဂဟေတုံ အသက္ကုဏေယျဘာဝတော။ (မ၊ဋီ၊၃၊၂၈၀။)

သမူဟဂဟဏဝသေန ပဝတ္တံ ကလာပသမ္မသနံ။ ဖဿာဒိဧကေကဓမ္မဂဟဏဝသေန ပဝတ္တာ အနုပဒဓမ္မဝိပဿနာ။ (မူလဋီ၊၁၊၁၀၉။)

အညေသု ဟိ ခန္ဓေသု အကတာဘိနိဝေသော ဘိက္ခု နေဝသညာနာသညာယတနက္ခန္ဓေ သမ္မသိတွာ နိဗ္ဗိဒံ ပတ္တုံ သမတ္ထော နာမ နတ္ထိ အပိစ အာယသ္မာ သာရိပုတ္တော။ ပကတိဝိပဿကော ပန မဟာပညော သာရိပုတ္တသဒိသောဝ သက္ကုဏေယျ၊ သောပိ ဧဝံ ကိရိမေ ဓမ္မာ အဟုတွာ သမ္ဘောန္တိ၊ ဟုတွာ ပဋိဝေန္တီတိ ဧဝံ ကလာပသမ္မသနဝသေနေဝ, နော အနုပဒဓမ္မဝိပဿနာဝသေန။ ဧဝံ သုခုမတ္တံ ဂတာ ဧသာ သမာပတ္တိ။ (အဘိ၊ဋ္ဌ၊၁၊၂၅၃။)

ဝိပဿနာ၌ အနုပဒဓမ္မဝိပဿနာ နှင့် ကလာပသမ္မသနဝိပဿနာ သို့မဟုတ် ကလာပဝိပဿနာဟု နှစ်မျိုး ရှိ၏။

၁။ ရုပ်ပိုင်းတွင် ရုပ်ကလာပ်တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော ပထဝီဓာတ်စသော ရုပ်ဓာတ် တစ်လုံးစီ တစ်လုံးစီကိုလည်းကောင်း, နာမ်ပိုင်းတွင် စိတ္တက္ခဏတစ်ခုတစ်ခုအတွင်း၌ သို့မဟုတ် သမာပတ် တစ်ခုတစ်ခု အတွင်း၌ အတူယှဉ်တွဲ ဖြစ်ကြသည့် သမ္ပယုတ် တရားစုတို့တွင် ဖဿစသော နာမ်တရား တစ်လုံးစီ တစ်လုံးစီကိုလည်းကောင်း အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေး သုံးတန် တစ်လှည့်စီတင်၍ ဝိပဿနာ ရှုပွားသုံးသပ်ခြင်းကို အနုပဒဓမ္မဝိပဿနာရှုနည်းဟု ခေါ်ဆိုပေသည်။

၂။ ရုပ်ပိုင်းတွင်လည်း (၆)ဒွါရ (၄၂)ကောဋ္ဌာသ၌ တည်ရှိသော ရုပ်တရားတို့ကို ခြုံငုံ၍လည်းကောင်း၊ နာမ်ပိုင်း တွင်လည်း စိတ္တက္ခဏ တစ်ခုတစ်ခု အတွင်း၌ သို့မဟုတ် သမာပတ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိကြကုန် သော နာမ်တရားတို့ကို ပေါင်းစုခြုံငုံ၍လည်းကောင်း လက္ခဏာရေးသုံးတန် တစ်လှည့်စီတင်၍ ဝိပဿနာ ရှုပွားသုံးသပ်ခြင်းကို ကလာပသမ္မသနဝိပဿနာ သို့မဟုတ် ကလာပဝိပဿနာဟု ခေါ်ဆိုပေသည်။

တစ်နည်းဆိုရသော် ----

၁။ ကာမ ရူပ အရူပဟူသော ဘုံသုံးပါး အတွင်း၌ တည်ရှိကြကုန်သော သင်္ခါရတရားတို့ကို တစ်စုတည်း စု၍ ပေါင်းစု ခြုံငုံ၍ ----

ယံ ကိဉ္စိ သမုဒယဓမ္မံ သဗ္ဗံ တံ နိရောဓဓမ္မံ။ (အဘိ၊ဋ္ဌ၊၁၊၂၇၁)

= ဖြစ်နေသည့် သင်္ခါရတရား မှန်သမျှသည် ချုပ်ပျက်ခြင်းသဘော ရှိ၏ ----

ဟု ဝိပဿနာ နှလုံးသွင်းလျှင်လည်းကောင်း,

၂။ ယင်းဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသည့် သင်္ခါရတရားစုတို့ကို ရုပ်တစ်စု, နာမ်တစ်စု - နှစ်စု နှစ်ပုံ ပုံ၍ ဝိပဿနာရှုပွားသုံးသပ်လျှင်သော်လည်းကောင်း,

၃။ ယင်းသင်္ခါရတရားတို့ကို ခန္ဓာ (၅)ပါးနည်းဖြင့် ငါးပုံ ပုံ၍ ဝိပဿနာ ရှုပွားသုံးသပ်လျှင်သော်လည်းကောင်း,

၄။ ယင်းသင်္ခါရတရားတို့ကို အာယတနနည်းဖြင့် (၁၂)ပုံ ပုံ၍ ဝိပဿနာရှုပွား သုံးသပ်လျှင်သော်လည်းကောင်း,

၅။ ယင်းသင်္ခါရတရားတို့ကို ဓာတ် (၁၈)ပါးနည်းဖြင့် (၁၈)ပုံ ပုံ၍ ဝိပဿနာ ရှုပွားသုံးသပ်လျှင်သော် လည်းကောင်း,

၆။ ယင်းသင်္ခါရတရားတို့ကို ဣန္ဒြေ (၂၂)ပါးနည်းဖြင့် ခွဲခြား စိတ်ဖြာ၍ လောကီဣန္ဒြေတရားတို့ကို ဝိပဿနာ ရှုပွားသုံးသပ်လျှင်သော်လည်းကောင်း,

၇။ ယင်း သင်္ခါရတရားတို့ကို သစ္စာဒေသနာတော်နည်းဖြင့် ဒုက္ခသစ္စာတစ်ပုံ သမုဒယသစ္စာတစ်ပုံ နှစ်ပုံ ပုံ၍ ဝိပဿနာရှုပွားသုံးသပ်လျှင်သော်လည်းကောင်း,

၈။ ယင်းသင်္ခါရတရားတို့ကို အာရုံ (၆)ပါးနည်းဖြင့် (၆)ပုံ ပုံ၍ ဝိပဿနာ ရှုပွားသုံးသပ်လျှင်သော်လည်းကောင်း,

၉။ ယင်း အာရုံ (၆)ပါး သင်္ခါရတရားတို့ကို ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဒေသနာတော်နည်းအရ ----

(က) ဒိဋ္ဌတရား = မြင်အပ်သောတရား မြင်တတ်သောတရား

( ခ ) သုတတရား = ကြားအပ်သောတရား ကြားတတ်သောတရား

( ဂ ) မုတတရား = တွေ့အပ်သောတရား တွေ့တတ်သောတရား

(ဃ) ဝိညာတတရား = သိအပ်သောတရား သိတတ်သောတရား ----

ဟု လေးပုံ ပုံ၍ ဝိပဿနာရှုပွားသုံးသပ်လျှင်သော်လည်းကောင်း,

၁၀။ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်နည်းအရ ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ် (၁၂)ရပ်တို့ကို (၁၂)ပုံ ပုံ၍ ဝိပဿနာ ရှုပွားသုံးသပ်လျှင်သော်လည်းကောင်း ----

ဤသို့ စသည်ဖြင့် သင်္ခါရတရားတို့ကို အပေါင်းလိုက် အစုလိုက် အုပ်စုအလိုက် ပေါင်းစုခြုံငုံ၍ လက္ခဏာရေး သုံးတန် တစ်လှည့်စီ တင်လျက် ဝိပဿနာ ရှုပွားသုံးသပ်သော နည်းများမှာလည်း ကလာပသမ္မသနဝိပဿနာ သို့မဟုတ် ကလာပဝိပဿနာနည်းပင် မည်ပေသည်။

အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးသည် သမာပတ် (၈)ပါးတို့တွင် ပထမစျာန်မှသည် အာကိဉ္စညာယတနစျာန်တိုင်အောင်သော သမာပတ် (၇)ပါးတို့၌ အနုပဒဓမ္မဝိပဿနာနည်းဖြင့် ဝိပဿနာ ရှုပွားသုံးသပ် တော်မူပေသည်။ နေဝသညာနာသညာယတနသမာပတ်၌ကား ယင်းသမာပတ် အတွင်းရှိ နာမ်တရားစုတို့၏ အလွန့်အလွန် သိမ်မွေ့နူးညံ့သောကြောင့် အနုပဒဓမ္မဝိပဿနာနည်းဖြင့် ဝိပဿနာ ရှုပွားသုံးသပ်ခြင်းငှာ မစွမ်း နိုင်ဘဲ ယင်းသမာပတ် အတွင်းရှိ စျာနဓမ္မ နာမ်တရားစုတို့ကို ပေါင်းစု ခြုံငုံလျက် ကလာပသမ္မသနဝိပဿနာ နည်းဖြင့်သာလျှင် ဝိပဿနာရှုပွားသုံးသပ်တော်မူပေသည်။

ဤ နေဝသညာနာသညာယတနစျာန်၌ သဗ္ဗညုတ သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်တို့အားသာလျှင် အနုပဒဓမ္မ ဝိပဿနာသည် ဖြစ်နိုင်၏၊ သာဝကတို့အား အနုပဒဓမ္မဝိပဿနာသည် မဖြစ်နိုင်။ (မ၊ဋ္ဌ၊၄၊၆၁။)

အခြားအခြားသော ခန္ဓာတို့၌ (နေဝသညာနာသညာယတနသမာပတ်မှ တစ်ပါးသော ကြွင်းကျန်ကုန်သော ရုပ်ခန္ဓာ နာမ်ခန္ဓာတို့၌) နှလုံးသွင်းမှု အဘိနိဝေသကို မပြုလုပ်ဖူးသေးသော ယောဂါဝစရရဟန်းတော် ဖြစ်ခဲ့ပါမူ နေဝသညာနာသညာယတနခန္ဓာတို့ကို လက္ခဏာရေး သုံးတန်တင်ကာ ရှုပွားသုံးသပ်ခြင်းကြောင့် နိဗ္ဗိဒါဉာဏ်သို့ ရောက်ရှိအံ့သောငှာ စွမ်းနိုင်သော ပုဂ္ဂိုလ်မည်သည် မရှိသည်သာ ဖြစ်၏၊ အရှင်သာရိပုတြာ ကိုယ်တော်မြတ်ကြီး သော်မှလည်း မစွမ်းနိုင်လေရာ။ ပင်ကို ပကတိသဘောအားဖြင့် ဝိပဿနာရှုသော ပကတိ ဝိပဿကပုဂ္ဂိုလ် သည် ကြီးကျယ်မြင့်မြတ်သော ပညာရှိတော်မူသော အရှင်သာရိပုတြာ ကိုယ်တော်မြတ်ကြီးနှင့် တူသော ပုဂ္ဂိုလ် သည်သာလျှင် စွမ်းနိုင်လေရာ၏၊ ထိုအရှင်သာရိပုတြာကဲ့သို့ ပညာကြီးသော ပုဂ္ဂိုလ်သည်လည်း ----

ဤသို့လျှင် ဤ နေဝသညာနာသညာယတနသမာပတ် တရားစုတို့သည် ရှေးက ထင်ရှား မရှိကုန်ဘဲ ယခုမှ ရုတ်ချည်း အသစ် ဖြစ်ပေါ်လာကြကုန်၏၊ ဖြစ်ပြီးလျှင် ရုတ်ချည်း ချုပ်ပျက်သွားကြကုန်၏ - ဟု

အပေါင်းအစုအားဖြင့် ခြုံငုံ၍ ဝိပဿနာရှုပွားသုံးသပ်ခြင်း ကလာပသမ္မသနဝိပဿနာနည်း၏ အစွမ်းဖြင့် သာလျှင် ဝိပဿနာ ရှုပွားသုံးသပ်ခြင်းငှာ စွမ်းနိုင်လေရာ၏၊ တစ်လုံးစီ တစ်လုံးစီသော သမာပတ်တရားတို့ကို ဝိပဿနာရှုခြင်း အနုပဒဓမ္မဝိပဿနာနည်း၏ အစွမ်းဖြင့်ကား မစွမ်းနိုင်လေရာ။ ဤနေဝသညာနာသညာယတန သမာပတ်သည် ဤသို့ကလောက် သိမ်မွေ့သည်၏ အဖြစ်သို့ ရောက်ရှိပြီး ဖြစ်သည်။ ထိုကြောင့် ဤသမာပတ်ကို သင်္ခါရာဝသေသသမာပတ်ဟုလည်း ခေါ်ဆိုပေသည်။ သညာကို ဦးတည်၍ နေဝသညာနာသညာယတနသမာပတ်ဟု ဆိုသော်လည်း ထိုသမာပတ်အတွင်း၌ တည်ရှိကြသော သင်္ခါရတရားအားလုံးတို့ကား အလွန့်အလွန် သိမ်မွေ့ကြ၏။ ရုန့်ရင်းသော သင်္ခါရတို့မှ ကြွင်းကျန်သော အကယ်စင်စစ် အလွန့်အလွန် သိမ်မွေ့သည်၏ အဖြစ် သို့ ရောက်ရှိသော သင်္ခါရဟူသော စတုတ္ထ အရူပသမာပတ်ကို သင်္ခါရာဝသေသသမာပတ်ဟု ခေါ်ဆိုပေသည်။ (အဘိ၊ဋ္ဌ၊၁၊၂၅၂-၂၅၃။)

ရှေးထုံးကို မပယ်ပါနှင့်

ဤကား သာဝကတို့တွင် ပညာအရာ၌ အသာဆုံး အမြတ်ဆုံး ဖြစ်တော်မူသည့် ပညာအရာ၌ ဧတဒဂ် ရတော်မူသော အရှင်သာရိပုတြာ ကိုယ်တော်မြတ်ကြီးကိုယ်တိုင် စျာနသမာပတ္တိဝီထိ အတွင်းရှိ နာမ်တရားတို့ကို

၁။ အနုပဒဓမ္မဝိပဿနာနည်း,

၂။ ကလာပသမ္မသနဝိပဿနာနည်း ----

ဟူသော (၂)မျိုးသော နည်းတို့ဖြင့် ဝိပဿနာ ရှုပွားသုံးသပ်နိုင်ကြောင်းကို ဘုရားရှင် ကိုယ်တော်တိုင်က ဝန်ခံ၍ ဟောကြားထားတော်မူသော ရှေးဟောင်းထုံးကြီး တစ်ခုပင် ဖြစ်သည်။ ဤသမာပတ်တရားတို့ကို ဝိပဿနာ ရှုပွားသုံးသပ်တော်မူရာ၌လည်း ယင်းနာမ်တရားတို့၏ ----

၁။ မှီရာ ဟဒယဝတ္ထုရုပ် သို့မဟုတ် မနောဒွါရကိုလည်းကောင်း,

၂။ ကသိုဏ်းပဋိဘာဂနိမိတ် စသော အာရုံကိုလည်းကောင်း ----

ပူးတွဲ သိမ်းဆည်းလျက် ရှုပွားသုံးသပ်တော်မူသည်ဟူသော ဥပဒေသ တစ်ရပ်မှာလည်း နာမ်ကမ္မဋ္ဌာန်းကို ရှုပွားလိုသော သာဝကများအတွက် တန်ဖိုးမဖြတ်နိုင်သော ရှေးဟောင်းထုံးကြီး တစ်ခုပင် ဖြစ်သည်။ ဤ၌ ဝတ္ထုအရ ဒွါရကိုပင် ဆိုလိုပေသည်၊ နာမ်တရားတို့သည် ဆိုင်ရာ ဒွါရတို့၌ ဆိုင်ရာ အာရုံတို့က ရှေးရှု ကျရောက် ခြင်းကြောင့် = ထင်ခြင်းသို့ ရောက်ရှိခြင်းကြောင့် ဖြစ်ပေါ်လာကြ၏။ (နောက်တွင် ထင်ရှားလတ္တံ့။)

အနီးကပ်ဆုံးသော အတိတ်

ဤအရာဝယ် အတိတ်ရှုမှုနှင့် ပတ်သက်၍ အနည်းငယ် ရှင်းလင်း တင်ပြအပ်ပါသည်။

၁။ ဤ၌ အရှုခံ နာမ်တရားတို့မှာ သမာပတ် (၈)ပါး အတွင်း၌ တည်ရှိကြသော စျာနဓမ္မ အမည်ရသည့် နာမ်တရားစုတို့ ဖြစ်ကြ၏။

၂။ ရှုတတ်သော ဉာဏ်မှာ ----

သဗ္ဗောပိ ပနေသ ပဘေဒေါ မနောဒွါရိကဇဝနေယေဝ လဗ္ဘတိ။ (အဘိ၊ဋ္ဌ၊၂၊၃၈၈။)

ဤအထက်ပါ သမ္မောဟဝိနောဒနီ အဋ္ဌကထာ ဉာဏဝိဘင်း၏ ဖွင့်ဆိုချက်အရ ----

(က) ပုထုဇန်နှင့် သေက္ခအရိယာသူတော်ကောင်းတို့၏ သန္တာန်၌ မဟာကုသိုလ် မနောဒွါရိက ဇောဝီထိ စိတ်အစဉ်ဖြစ်၍

( ခ ) ရဟန္တာအရှင်မြတ်တို့၏သန္တာန်၌ မဟာကြိယာ မနောဒွါရိက ဇောဝီထိစိတ်အစဉ်များ ဖြစ်ကြ၏။

အရှုခံ နာမ်တရားတို့မှာ စျာနသမာပတ်တရားတို့ ဖြစ်ခြင်းကြောင့် မဟဂ္ဂုတ်တရားတို့ ဖြစ်ကြ၏၊ ရှုတတ်သော ဝိပဿနာဉာဏ်မှာ မဟာကုသိုလ် (မဟာကြိယာ) ဖြစ်၍ ကာမာဝစရတရားများ ဖြစ်ကြ၏။ မဟဂ္ဂုတ်တရားနှင့် ကာမာဝစရတရားတို့သည် တစ်နည်းဆိုရသော် မဟဂ္ဂုတ်ဇောနှင့် ကာမဇောတို့သည် စိတ္တက္ခဏတစ်ခု အတွင်း၌ လည်း အတူယှဉ်တွဲ၍ ဖြစ်နိုင်သည့် စွမ်းအား မရှိကြပေ။ (မဂ္ဂဝီထိကလွဲလျှင်) အာဝဇ္ဇန်းတစ်ခုသာ ရှိသည့် ဇောဝီထိစိတ်တစ်ခု အတွင်း၌လည်း မတူကွဲပြားသော အာရုံတို့ကို အသီးအသီး အာရုံပြု၍ အတူယှဉ်တွဲ ဖြစ်နိုင် သည့် စွမ်းအားလည်း မရှိကြပေ။ အာရုံချင်း မတူညီသောကြောင့် ဖြစ်၏။

ဤ၌ စျာနဓမ္မ အမည်ရသည့် မဟဂ္ဂုတ်တရားတို့ကား ကသိုဏ်းပဋိဘာဂနိမိတ်, အာနာပါနပဋိဘာဂနိမိတ် စသော နိမိတ်တို့ကို အာရုံပြုကြ၏။ ဝိပဿနာဇောတို့ကား ယင်းသမာပတ်တို့၏ အတွင်း၌ တည်ရှိကြသော စျာနဓမ္မနာမ်တရားစုတို့ကို အာရုံပြုကြ၏။ ဝီထိတစ်ခုအတွင်း၌လည်း အာဝဇ္ဇန်း (= အာရုံကို ဆင်ခြင်သော စိတ်) သည် တစ်မျိုးသာ ရှိ၏။ တစ်ခုတည်းသော အာဝဇ္ဇန်းက ----

၁။ ကသိုဏ်းပဋိဘာဂနိမိတ် သို့မဟုတ် အာနာပါနပဋိဘာဂနိမိတ် စသော နိမိတ်ကိုလည်းကောင်း,

၂။ ယင်း နိမိတ်တို့ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော စျာနဓမ္မ နာမ်တရားစုတို့ကိုလည်းကောင်း ----

ဤ (၂) မျိုးလုံးကို တစ်ပြိုင်နက်တည်း အာရုံမပြုနိုင်၊ ဇောတို့ မည်သည် အာဝဇ္ဇန်းနှင့် ကင်း၍ ဖြစ်သည့် ထုံးမှာ နိရောဓသမာပတ်မှ အထ၌သာ ရှိ၏။ ကျန်ဌာနတို့၌ အာဝဇ္ဇန်းနှင့် ကင်း၍ ဖြစ်ရိုးဓမ္မတာ မရှိကြပေ။ သို့အတွက် အထက်တွင် ဥပရိပဏ္ဏာသအဋ္ဌကထာက ရှင်းပြသည့်အတိုင်း ----

၁။ အရှုခံ နာမ်တရားနှင့်

၂။ ရှုတတ်သည့် နာမ်တရားတို့မှာ

စိတ္တက္ခဏ တစ်ခုအတွင်း သို့မဟုတ် ဇောဝီထိစဉ် တစ်ခု အတွင်း၌ ပြိုင်တူဖြစ်ကြသော တရားတို့ မဟုတ် ကြပေ။ စျာနသမာပတ္တိဝီထိတစ်ခု အတွင်း၌ ပရိကံ ဥပစာ အနုလုံ ဂေါတြဘု အမည်ရသော ကာမဇောများနောင် ပထမစျာန်ဇောစသော မဟဂ္ဂုတ်တရားများ ဖြစ်ကြသည်ကား မှန်၏။ သို့သော် ယင်းစျာနသမာပတ္တိဝီထိ တစ်ခု အတွင်း၌ တည်ရှိကြသော ကာမဇောနှင့် မဟဂ္ဂုတ်ဇောတို့ကား ကသိုဏ်းပညတ်စသော တူညီသော သမထနိမိတ် ကိုသာ အာရုံပြုကြပေသည်။ အာရုံကွဲပြားမှု မရှိပေ။

သို့အတွက် ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်ကြကုန်သော စျာနသမာပတ်တရားများ ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှား ဖြစ်နေချိန်၌ ရှုတတ်သော ဝိပဿနာဉာဏ် ပြဓာန်းသော မဟာကုသိုလ် မနောဒွါရိကဇော ဝီထိစိတ်အစဉ်များသည် ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှားမဖြစ်ကြသေးကုန်။ ရှုတတ်သော ဝိပဿနာဉာဏ် ပြဓာန်းသော မဟာကုသိုလ်မနောဒွါရိက ဇောဝီထိစိတ်အစဉ်များသည် ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှား ဖြစ်ပေါ်လာသော အချိန်အခါ၌လည်း အရှုခံ နာမ်တရားများ ဖြစ်ကြသည့် စျာနဓမ္မ = စျာနသမာပတ် နာမ်တရားစု တို့သည် ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှားမရှိကြတော့ပြီ ဖြစ်ကုန်၏။ သို့အတွက် ဘုရားရှင်က ----

သော တာယ သမာပတ္တိယာ သတော ဝုဋ္ဌဟတိ၊ သော တာယ သမာပတ္တိယာ သတော ဝုဋ္ဌဟိတွာ ယေ ဓမ္မာ အတီတာ နိရုဒ္ဓါ ဝိပရိဏတာ၊ တေ ဓမ္မေ သမနုပဿတိ ဧဝံ ကိရမေ ဓမ္မာ အဟုတွာ သမ္ဘောန္တိ၊ ဟုတွာ ပဋိဝေန္တီတိ။ (မ၊၃၊၇၈။)

= ထိုသာရိပုတြာသည် ထိုနေဝသညာနာသညာယတန သမာပတ်မှ သတိ ပညာနှင့် ပြည့်စုံ၍ ထ၏။ ထို သာရိပုတြာသည် ထိုနေဝသညာနာသညာယတနသမာပတ်မှ သတိ ပညာနှင့် ပြည့်စုံ၍ ထပြီးလျှင် လွန်ကုန်ပြီး ချုပ်ကုန်ပြီး ဖောက်ပြန်ကုန်ပြီးသော (၃၁)မျိုးကုန်သော နေဝသညာနာသညာယတန စျာနဓမ္မတရားစုတို့ကို ဤသို့လျှင် ဤစျာနဓမ္မ တရားစုတို့သည် ရှေးက ထင်ရှား မရှိကြကုန်ဘဲ ယခုမှ ရုတ်ချည်း အသစ် ဖြစ်ပေါ် လာကြကုန်၏၊ ဖြစ်ပြီးလျှင် ရုတ်ချည်း ချုပ်ပျက်ကုန်၏ဟု ယင်း (၃၁)မျိုးကုန်သော စျာနဓမ္မတရားစုတို့ကို ပေါင်းစုခြုံငုံလျက် အပေါင်းအစုအားဖြင့် (= ကလာပသမ္မသနနည်း အားဖြင့်) ဝိပဿနာ ရှု၏။ ----

ဤသို့ စသည်ဖြင့် ဘုရားရှင်ဟောကြားတော်မူခြင်းဖြစ်ပေသည်။ ဤသည်မှာ အနီးကပ်ဆုံးသော ချုပ်ပျက် ကုန်ပြီးသော အတိတ်တရားစုတို့ကို ဝိပဿနာဉာဏ်ဖြင့် ရှု၍ ရနိုင်သည့် ကျောက်စာတိုင်ကဲ့သို့ လှုပ်ရှား၍ မရ နိုင်လောက်အောင် မြဲခိုင်လှသည့် ရှေးဟောင်းထုံးကြီးတစ်ရပ် ဥပဒေသတစ်ရပ်ပင် ဖြစ်ပေသည်။ ကျောက်ထီး တန္တု အလေးဂရုပြုထိုက်သည့် ဘုရားဟော ဗုဒ္ဓပါဝစနကြီးပင် ဖြစ်ပေသည်။

အတိတ် အနာဂတ် ပစ္စုပ္ပန်

ဤအထက်ပါ အနုပဒသုတ္တန် ဒေသနာတော်၌ - ယေ ဓမ္မာ အတီတာ နိရုဒ္ဓါ ဝိပရိဏတာ ---- ဤသို့ စသည်ဖြင့် လွန်လေပြီး ချုပ်လေပြီးသော နေဝသညာနာသညာယတနစျာနဓမ္မတရားစုတို့ကို အရှင်သာရိပုတြာ ကိုယ်တော်မြတ်ကြီး၏ ဝိပဿနာမနောဒွါရိကဇောဝီထိ စိတ်အစဉ်များက ဝိပဿနာရှုနိုင်ကြောင်းကို ဘုရားရှင် က ဟောကြားထားတော်မူ၏။ ဤအရာတွင် နားမရှုပ်ထွေးရန် နာမ်လောကဝယ် အတိတ် အနာဂတ် ပစ္စုပ္ပန် ယူဆပုံကို ထပ်မံ၍ ရှင်းလင်းတင်ပြအပ်ပါသည်။

အတီတာဒိဝိဘာဂေ ပနေတ္ထ သန္တတိဝသေန ခဏာဒိဝသေန စ ဝေဒနာယ အတီတာနာဂတပစ္စုပ္ပန္နဘာဝေါ ဝေဒိတဗ္ဗော။ တတ္ထ သန္တတိဝသေန ဧကဝီထိ ဧကဇဝန ဧကသမာပတ္တိပရိယာပန္နာ ဧကဝီထိဝိသယသမာယောဂပ္ပဝတ္တာ စ ပစ္စုပ္ပန္နာ၊ တတော ပုဗ္ဗေ အတီတာ၊ ပစ္ဆာ အနာဂတာ။ ခဏာဒိဝသေန ခဏတ္တယပရိယာပန္နာ ပုဗ္ဗန္တာပရန္တမဇ္ဈတ္တဂတာ သကိစ္စဉ္စ ကုရုမာနာ ဝေဒနာ ပစ္စုပ္ပန္နာ၊ တတော ပုဗ္ဗေ အတီတာ၊ ပစ္ဆာ အနာဂတာ။ (ဝိသုဒ္ဓိ၊၂၊၁၀၄။ အဘိ၊ဋ္ဌ၊၂၊၁၃။)

= ဤအရာဝယ် အတိတ် အနာဂတ် ပစ္စုပ္ပန်ကို ဝေဖန်ရာ၌ သန္တတိ (= အစဉ်အတန်း) ၏ အစွမ်းဖြင့်လည်းကောင်း, ခဏ-ကိစ္စ၏ အစွမ်းဖြင့်လည်းကောင်း ဝေဒနာ၏ (နာမ်ခန္ဓာလေးပါး၏) အတိတ် အနာဂတ် ပစ္စုပ္ပန် အဖြစ်ကို သိသင့်ပေသည်။

ထိုတွင် သန္တတိနှင့် စပ်၍ ဆိုရမူ ဤသို့ ဖြစ်၏။

၁။ တစ်ခုသော ပဉ္စဒွါရဝီထိ၌ အကျုံးဝင်သော ဝေဒနာ,

၂။ တစ်ခုသော မနောဒွါရဇောဝီထိ၌ အကျုံးဝင်သော ဝေဒနာ,

၃။ တစ်ခုသော သမာပတ်၌ အကျုံးဝင်သော ဝေဒနာတို့သည်လည်းကောင်း,

၄။ ဘုရားရှင်၏ အဆင်းတော်စသော တစ်ခုတည်းသော အဖို့ရှိသော ရူပါရုံ, တရားအသံတော် စသော တစ်ခုတည်းသော အဖို့ရှိသော သဒ္ဒါရုံစသည့် ပဉ္စဒွါရဝီထိများ ယူသည့် အာရုံကိုပင် ဆက်လက် အာရုံ ပြုကြကုန်သော တဒနုဝတ္တိက မနောဒွါရဝီထိ စသော မနောဒွါရဝီထိ၌ ပါဝင်သော ဝေဒနာတို့သည် လည်းကောင်း ပစ္စုပ္ပန်ဝေဒနာတို့တည်း။

ထိုဝေဒနာတို့မှ ရှေး၌ ဖြစ်ပြီးကုန်သော ဝေဒနာတို့သည် အတိတ်ဝေဒနာတို့တည်း။ ထိုဝေဒနာတို့မှ နောက်၌ ဖြစ်လတ္တံ့ကုန်သော ဝေဒနာတို့သည် အနာဂတ်ဝေဒနာတို့တည်း။

ခဏ-ကိစ္စတို့နှင့် စပ်သဖြင့် ဆိုရမူ ဤသို့ ဖြစ်၏။ ဥပါဒ်-ဌီ-ဘင်ဟူသော ခဏသုံးပါးအပေါင်း၌ အကျုံး ဝင်ကုန်သော ဝေဒနာတို့သည် ပစ္စုပ္ပန်ဝေဒနာတို့တည်း။ ထိုခဏသုံးပါးအပေါင်း၌ အကျုံးဝင်ကုန်သော ဝေဒနာ တို့မှ ရှေး၌ ဖြစ်ခဲ့ပြီးကုန်သော ဝေဒနာတို့သည် အတိတ်ဝေဒနာတို့တည်း။ ထိုခဏသုံးပါးအပေါင်း၌ အကျုံး ဝင်ကုန်သော ဝေဒနာတို့မှ နောက်၌ ဖြစ်လတ္တံ့ကုန်သော ဝေဒနာတို့သည် အနာဂတ်ဝေဒနာတို့တည်း။

ရှေးအစွန်းဖြစ်သော ဥပါဒ်, နောက်အစွန်းဖြစ်သော ဘင် ---- ထိုနှစ်မျိုးတို့၏ အလယ်၌ ဖြစ်ကုန်သော, တစ်နည်း ---- ခဏသုံးပါးအပေါင်း၌ အကျုံးဝင်ကုန်သော ဝေဒနာတို့မှ ရှေးအဖို့ နောက်အဖို့ဖြစ်သော အတိတ် အနာဂတ်ဝေဒနာတို့၏ အလယ်၌မူလည်း ဖြစ်ကုန်သော, မိမိကိစ္စကို ပြုဆဲလည်းဖြစ်ကုန်သော ဝေဒနာတို့သည် ပစ္စုပ္ပန်ဝေဒနာတို့ မည်ကုန်၏။ ထိုဝေဒနာတို့မှ ရှေး၌ ဖြစ်ပြီးကုန်သော ဝေဒနာတို့သည် အတိတ်ဝေဒနာတို့ မည်ကုန်၏။ နောက်၌ ဖြစ်လတ္တံ့ကုန်သော ဝေဒနာတို့သည် အနာဂတ်ဝေဒနာတို့ မည်ကုန်၏။ (ဝိသုဒ္ဓိ၊၂၊၁၀၄။ အဘိ၊ဋ္ဌ၊၂၊၁၃။) ကျန်နာမ်ခန္ဓာများဖြစ်ကြသည့် သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဝိညာဏက္ခန္ဓာတို့၌လည်း နည်းတူပင် မှတ်ပါ။

သန္တတိပစ္စုပ္ပန္နေဉ္စတ္ထ အဋ္ဌကထာသု အာဂတံ၊ အဒ္ဓါပစ္စုပ္ပန္နံ သုတ္တေ။ (အဘိ၊ဋ္ဌ၊၁၊၄၄၅။)

အဒ္ဓါပစ္စုပ္ပန် သန္တတိပစ္စုပ္ပန် ခဏပစ္စုပ္ပန်ဟု ပစ္စုပ္ပန်သုံးမျိုးရှိရာ ထိုသုံးမျိုးတို့တွင် သန္တတိပစ္စုပ္ပန်ကား အဋ္ဌကထာတို့၌ လာရှိ၏။ အဒ္ဓါပစ္စုပ္ပန်ကား ဘဒ္ဒေကရတ္တသုတ္တန်စသော ထိုထိုသုတ္တန်ဒေသနာတော်တို့၌ လာရှိ၏။ (အဘိ၊ဋ္ဌ၊၁၊၄၄၅။)

ဧတ္ထ စ ခဏာဒိကထာဝ နိပ္ပရိယာယာ၊ သေသာ သပရိယာယာ။ (အဘိ၊ဋ္ဌ၊၂၊၈။ ဝိသုဒ္ဓိ၊၂၊၁၀၃။)

ဤအရာဝယ် ဤဖော်ပြပါ အတိတ် အနာဂတ် ပစ္စုပ္ပန် ခွဲခြားသတ်မှတ်မှု၌ ခဏကထာစကား ကိစ္စကထာ စကားသည်သာလျှင် ပရိယာယ်မဟုတ် မုချကထာစကား မည်၏။ ကြွင်းကျန်ကုန်သော ----

၁။ အဒ္ဓါကထာ = ဘဝဟူသော အဓွန့်ကာလနှင့် စပ်သောစကား,

၂။ သန္တတိကထာ = အစဉ်အတန်းနှင့် စပ်သောစကား,

၃။ သမယကထာ = အချိန်အခါနှင့် စပ်သောစကား ----

ဤသုံးမျိုးကုန်သော စကားတို့သည်ကား ပရိယာယ်နှင့်တကွ ဖြစ်သော စကားတို့တည်း။ ထိုကထာ အမျိုးမျိုးတို့တွင် ဤခန္ဓဝိဘင်းပါဠိတော်၌ တစ်နည်း ဤခန္ဓနိဒ္ဒေသပိုင်း၌ ပရိယာယ်မဖက် မုချ ကထာသက်သက် ကိုသာလျှင် အလိုရှိအပ်ပေ၏။ (အဘိ၊ဋ္ဌ၊၂၊၈။ ဝိသုဒ္ဓိ၊၂၊၁၀၃။)

ဤအထက်ပါ အဋ္ဌကထာကြီးတို့၏ ဖွင့်ဆိုရှင်းလင်းချက်များနှင့် အညီ ဘဝတစ်ခုအတွင်းဟု ဆိုအပ်သော ပဋိသန္ဓေမှသည် စုတိသို့တိုင်အောင်သော ဘဝတစ်လျှောက်လုံး ဖြစ်ပေါ်နေသော နာမ်တရားတို့ကား အဒ္ဓါပစ္စုပ္ပန် တရားတို့တည်း။ ဇောဝီထိစဉ်တစ်ခုအတွင်း, သမာပတ်တစ်ခုအတွင်း၌ တည်ရှိကြသော နာမ်တရားတို့ကား သန္တတိပစ္စုပ္ပန်တရားတို့တည်း။ ဤ ပစ္စုပ္ပန်နှစ်မျိုးတို့၏ ပစ္စုပ္ပန်ဟူသော အမည်ကို ရခြင်းမှာ မုချမဟုတ်၊ အဒ္ဓါ သန္တတိဟူသော အကြောင်းပရိယာယ်တစ်မျိုးအားဖြင့်သာလျှင် ပစ္စုပ္ပန်ဟူသော အမည်ကို ရရှိခြင်းဖြစ်၏။ ဥပါဒ်- ဌီ-ဘင် ဟူသော ခဏသုံးပါးအပေါင်း၌ အကျုံးဝင်ကုန်သော နာမ်တရားတို့သည်သာလျှင် ပရိယာယ်မဖက် မုချသက်သက်အားဖြင့် ပစ္စုပ္ပန်ဟူသော အမည်ကို ရရှိကြသည်။

ထိုကြောင့် ဤ နေဝသညာနာသညာယတနသမာပတ်ကို ဝိပဿနာရှုသည့် ဤအရာ၌လည်း ----

၁။ အရှုခံ နာမ်တရားဖြစ်သော နေဝသညာနာသညာယတနသမာပတ် နာမ်တရားစုတို့သည်လည်းကောင်း,

၂။ ရှုတတ်သော ဝိပဿနာမနောဒွါရိကဇောဝီထိ စိတ်အစဉ်အတွင်း၌ တည်ရှိကြသော နာမ်တရားစုတို့သည် လည်းကောင်း,

ဤနာမ်တရားနှစ်မျိုးလုံးတို့သည် အဒ္ဓါပစ္စုပ္ပန်တရားတို့ချည်းသာ ဖြစ်ကြ၏။ သုတ္တန္တပရိယာယနည်းတည်း။ သို့သော် ခဏပစ္စုပ္ပန်သဘောအရ ဆိုရမူ ---- နေဝသညာနာသညာယတနသမာပတ်နှင့် ယင်းကို ဝိပဿနာ ရှုတတ်သော ဝိပဿနာမနောဒွါရိကဇောဝီထိ စိတ်အစဉ်တို့မှာ ဝီထိစဉ် တစ်ခုစီသာ ဖြစ်ကြ၏။ စိတ္တက္ခဏ တစ်မျိုးစီသာ ဖြစ်ကြ၏။

စိတ္တက္ခဏတစ်ခု၏ အတွင်း၌လည်း စိတ်တို့မည်သည် နှစ်ခုပြိုင်၍ ပြိုင်တူဖြစ်ရိုး ဓမ္မတာကား မရှိဖြစ်ခဲ့၏။ ထိုကြောင့် ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်ကြကုန်သော နေဝသညာနာသညာယတနစျာနသမာပတ် တရားစုတို့၏ ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှားဖြစ်နေချိန်ဝယ် ရှုတတ်သော ဝိပဿနာဉာဏ် ပြဓာန်းသော မဟာကုသိုလ် မနောဒွါရိကဇောဝီထိ စိတ်အစဉ်များသည် ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှား မဖြစ်ကြသေးကုန်။ ရှုတတ်သော ဝိပဿနာဉာဏ် ပြဓာန်းသော မဟာကုသိုလ် မနောဒွါရိကဇောဝီထိ စိတ်အစဉ်များ၏ ဥပါဒ် ဌီ ဘင် အနေအားဖြင့် ထင်ရှားဖြစ်ပေါ်လာသော အချိန်အခါ၌လည်း အရှုခံနာမ်တရားများ ဖြစ်ကြသည့် နေဝသညာနာသညာယတနစျာနသမာပတ် နာမ်တရားစုတို့သည် ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှား မရှိကြတော့ပြီ ဖြစ်ကြကုန်၏။ ထိုကြောင့် ဘုရားရှင်က -- ယေ ဓမ္မာ အတီတာ နိရုဒ္ဓါ ဝိပရိဏတာ -- စသည်ဖြင့် အတိတ်ဖြစ်ကုန်သော ချုပ်ဆုံးပျက်စီးပြီးကုန်သော ယင်း နေဝသညာနာသညာယတနသမာပတ် နာမ်တရားစု တို့ကို ဝိပဿနာဉာဏ်က ရှုနေကြောင်းကို ဟောကြားတော်မူခြင်း ဖြစ်၏။ ဤဒေသနာတော်က အတိတ်ဖြစ်သော လွန်ပြီး ချုပ်ပြီး ပျက်ပြီးကုန်သော နာမ်တရားတို့ကို ဝိပဿနာဉာဏ်က ရှု၍ရရှိပါသည်ဟူသော နည်းဥပဒေသကို ညွှန်ပြလျက် ရှိ၏။ ခဏပစ္စုပ္ပန်သဘောအရ ဤစကားကို ပြောဆိုခြင်း ဖြစ်သည်ကို သတိပြုပါလေ။

တစ်ဖန် ဘဒ္ဒေကရတ္တသုတ္တန် အနတ္တလက္ခဏသုတ္တန်စသော ထိုထိုသုတ္တန်ဒေသနာတော်တို့၌ အဒ္ဓါပစ္စုပ္ပန် တရားတို့ကို ဝိပဿနာရှုရန် ဘုရားရှင်သည် ညွှန်ကြားထားတော်မူ၏။ ယင်း အဒ္ဓါပစ္စုပ္ပန်တရားတို့တွင် ပဋိသန္ဓေမှသည် စုတိသို့တိုင်အောင်သော တရားအားလုံးတို့ ပါဝင်ကြ၏။ ယင်းတရားတို့မှာ ခဏပစ္စုပ္ပန်သဘောအရ ဆိုရမူ အတိတ် အနာဂတ် ပစ္စုပ္ပန်တရားတို့သာ ဖြစ်ကြ၏။ ယနေ့မှသည် လွန်ခဲ့သော ပဋိသန္ဓေသို့တိုင်အောင် သော ခန္ဓာငါးပါးတို့လည်း ပါဝင်ကြ၏။ ယနေ့မှသည် စုတိသို့တိုင်အောင်သော ခန္ဓာငါးပါးတို့လည်း ပါဝင်ကြ၏။

သို့သော် ရှုတတ်သော နာမ်တရားနှင့် အရှုခံ နာမ်တရားတို့မှာ စိတ္တက္ခဏတစ်ခု၏ အတွင်း၌ အတူယှဉ်တွဲ ၍ ဖြစ်နိုင်သည့် နာမ်တရားတို့လည်း မဟုတ်ကြ၊ ဝီထိစဉ်တစ်ခု၏ အတွင်း၌ အတူတကွ ဖြစ်နိုင်သည့် နာမ်တရား တို့လည်း မဟုတ်ကြပေ။ စိတ္တက္ခဏချင်းလည်း ကွာခြားလျက် ရှိကြ၏၊ ဝီထိစဉ်ချင်းလည်း ကွာခြားလျက်ပင် ရှိကြ၏။ ရှုတတ်သော နာမ်တရားတို့ ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှားဖြစ်နေချိန်ဝယ် အရှုခံ နာမ်တရားတို့မှာ (အဒ္ဓါပစ္စုပ္ပန်အမည်ရသော) ဖြစ်ပြီးနာမ်တရားတို့သော်လည်း ဖြစ်နိုင်ကြ၏၊ (အဒ္ဓါပစ္စုပ္ပန် အမည်ရသော) ဖြစ်လတ္တံ့နာမ်တရားတို့သော်လည်း ဖြစ်နိုင်ကြ၏။

ခဏာဒိဝသေန ခဏတ္တယပရိယာပန္နာ ပုဗ္ဗန္တာပရန္တမဇ္ဈတ္တဂတာ သကိစ္စဉ္စ ကုရုမာနာ ဝေဒနာ ပစ္စုပ္ပန္နာ၊ တတော ပုဗ္ဗေ အတီတာ၊ ပစ္ဆာ အနာဂတာ။ (ဝိသုဒ္ဓိ၊၂၊၁၀၄။ အဘိ၊ဋ္ဌ၊၂၊၁၃။)

ခဏ-ကိစ္စတို့နှင့် စပ်သဖြင့် ဆိုရမူ ဤသို့ဖြစ်၏။ ဥပါဒ်-ဌီ-ဘင်ဟူသော ခဏသုံးပါးအပေါင်း၌ အကျုံး ဝင်ကုန်သော ဝေဒနာတို့သည် (= နာမ်တရားတို့သည်) ပစ္စုပ္ပန်ဝေဒနာတို့တည်း (= ပစ္စုပ္ပန် နာမ်တရားတို့တည်း)။ ထိုခဏသုံးပါးအပေါင်း၌ အကျုံးဝင်ကုန်သော ဝေဒနာတို့မှ (= နာမ်တရားတို့မှ) ရှေး၌ ဖြစ်ခဲ့ပြီးကုန်သော ဝေဒနာတို့သည် (= နာမ်တရားတို့သည်) အတိတ်ဝေဒနာတို့တည်း (= အတိတ်နာမ်တရားတို့တည်း)။ ထို ခဏသုံးပါးအပေါင်း၌ အကျုံးဝင်ကုန်သော ဝေဒနာတို့မှ (= နာမ်တရားတို့မှ) နောက်၌ ဖြစ်လတ္တံ့ကုန်သော ဝေဒနာတို့သည် (= နာမ်တရားတို့သည်) အနာဂတ်ဝေဒနာတို့တည်း (= အနာဂတ်နာမ်တရားတို့တည်း)။ (ဝိသုဒ္ဓိ၊၂၊၁၀၄။ အဘိ၊ဋ္ဌ၊၂၊၁၃။)

ဤအဖွင့်များကို ထောက်ရှုပါ။ အဒ္ဓါအတိတ် အဒ္ဓါအနာဂတ်တို့၌လည်း ထိုနည်းလည်းကောင်း မှတ်ယူပါ။

တစ်ဖန် ---- အတီတေ ဟေတဝေါ ပဉ္စ၊ ဣဒါနိ ဖလပဉ္စကံ။ ဣဒါနိ ဟေတဝေါ ပဉ္စ၊ အာယတိံ ဖလပဉ္စကံ။ ဟူသော ဒေသနာတော်များနှင့်အညီ ဝိပဿနာဉာဏ်ပြဓာန်းသော မနောဒွါရိကဇောဝီထိနာမ်တရားတို့သည် -

၁။ အတိတ်အကြောင်းတရားတို့ကိုလည်း ရှုမြင်နိုင်ကြ၏၊

၂။ ပစ္စုပ္ပန်အကျိုးတရားတို့ကိုလည်း ရှုမြင်နိုင်ကြ၏၊

၃။ အတိတ်အကြောင်းတရားကြောင့် ပစ္စုပ္ပန်အကျိုးတရားဖြစ်ပုံကိုလည်း ရှုမြင်နိုင်ကြ၏၊

၄။ ပစ္စုပ္ပန်အကြောင်းတရားတို့ကိုလည်း ရှုမြင်နိုင်ကြ၏၊

၅။ အနာဂတ်အကျိုးတရားတို့ကိုလည်း ရှုမြင်နိုင်ကြ၏၊

၆။ ပစ္စုပ္ပန်အကြောင်းတရားကြောင့် အနာဂတ်အကျိုးတရားဖြစ်ပုံကိုလည်း ရှုမြင်နိုင်ကြ၏၊

၇။ အတိတ်အကြောင်း ပစ္စုပ္ပန်အကျိုး ပစ္စုပ္ပန်အကြောင်း အနာဂတ်အကျိုးဟူသည့် သင်္ခါရတရားတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့်ကိုလည်း ရှုမြင်နိုင်ကြ၏။

ထိုသို့ရှုမြင်ရာ၌ ယင်းဉာဏ်မှာ ပစ္စက္ခဉာဏ်လေလော အနွယဉာဏ်လေလောဟူမူ အောက်ပါ ဒေသနာတော်နှင့် အညီ အတ္တပစ္စက္ခဉာဏ်ဟု မှတ်ပါ။

အပရပစ္စယာ ဉာဏမေဝဿ ဧတ္ထ ဟောတိ။ (သံ၊၁၊၂၅၈။)

အပရပစ္စယာတိ န ပရပစ္စယေန၊ အညဿ အပတ္တိယာယေတွာ အတ္တပစ္စက္ခဉာဏမေဝဿ ဧတ္ထ ဟောတိ။ (သံ၊ဋ္ဌ၊၂၊၃၂။)

ဤ ဒေသနာတော်နှင့် အညီ သူတစ်ပါးတို့အား ကိုးစားယုံကြည်မှု မရှိသော အတ္တပစ္စက္ခဉာဏ်ဟူသော ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်သည် ဟူပေ။

တစ်ဖန် အထက်ပါ ပစ္စုပ္ပန်အကြောင်းတရားငါးပါးတို့တွင် အကျုံးဝင်သော ကံမှာ ဂရုကကံ အာစိဏ္ဏကံ အာသန္နကံတို့တွင် တစ်မျိုးမျိုးသောကံ ဖြစ်နိုင်၏။ ဂရုကကံ သို့မဟုတ် အာစိဏ္ဏကံဖြစ်ခဲ့သော် ဘဝတစ်လျှောက်ဝယ် အလေ့အကျက်များသောကံ ဖြစ်သဖြင့် ယင်းကံတို့ကို ရှုနေသော ဝိပဿနာဇောဝီထိ၏ ရှေးအဖို့၌ ဖြစ်ခဲ့ကုန်သော လွန်ပြီးအတိတ်ကံလည်း ဖြစ်နိုင်၏၊ ယင်းဝိပဿနာဇောဝီထိ၏ နောက်တွင် ဖြစ်လတ္တံ့သော အနာဂတ် ကံသော်လည်း ဖြစ်နိုင်၏။ (ခဏပစ္စုပ္ပန်မှ ပြောဆိုနေသည်ကို သတိပြုပါ။) အကယ်၍ ယင်းကံမှာ အာသန္နကံ ဖြစ်လျှင် ယင်းကံကို ရှုနေသော ဝိပဿနာဇောဝီထိ၏ နောက်တွင် ဖြစ်လတ္တံ့သော အနာဂတ်ကံသာ ဖြစ်၏။ ယင်းကံတို့ကိုလည်း အတ္တပစ္စက္ခဉာဏ်ဟူသော ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်က ရှု၍ သိမြင်နိုင်ပေသည်။

ထိုကြောင့် ဤဒေသနာတော်တို့က ဝိပဿနာနာမ်တရားစုတို့သည် အဓွန့်ကာလ၏ အစွမ်းဖြင့် ဆိုရသော် အတိတ်အဓွန့်ကာလတရား, အနာဂတ်အဓွန့်ကာလတရား, ပစ္စုပ္ပန်အဓွန့်ကာလတရားတို့ကို ရှုမြင်နိုင်ကုန်၏ သိမြင်နိုင်ကုန်၏ဟူသော နည်းဥပဒေသကို ညွှန်ပြတော်မူလျက် ရှိကြသည်။ ခဏ၏အစွမ်းဖြင့် ဆိုရသော် ရှုတတ် သော နာမ်တရားနှင့် အရှုခံ နာမ်တရားတို့သည် စိတ္တက္ခဏတစ်ခု၏အတွင်း၌ အတူယှဉ်တွဲ၍ မဖြစ်နိုင်ရကား ဝိပဿနာဉာဏ်သည် မိမိ၏ရှေးက ဖြစ်ပြီးသော နာမ်တရားကိုလည်းကောင်း, မိမိ၏နောက်၌ မဖြစ်သေးသော ဖြစ်လတ္တံ့သော နာမ်တရားကိုလည်းကောင်း ရှု၍ရနိုင်၏ ရှုမြင်နိုင်၏ သိမြင်နိုင်၏ဟူသော နည်းဥပဒေသကို ညွှန်ပြတော်မူလျက် ရှိကြသည်။

ထိုကြောင့် ခဏပစ္စုပ္ပန်၏အစွမ်းဖြင့် ဆိုရမူ ---- နာမ်လောကဝယ် အရှုခံ နာမ်တရားနှင့် ရှုတတ်သည့် နာမ်တရားတို့သည် စိတ္တက္ခဏတစ်ခုဟု ခေါ်ဆိုအပ်သော အချိန်ကာလတစ်ခု၏ အတွင်း၌ အတူယှဉ်တွဲလျက် ပြိုင်တူဖြစ်ရိုး ဓမ္မတာ မရှိသောကြောင့် ရှုတတ်သည့်ဉာဏ် ပြဓာန်းသော ဝိပဿနာမနောဒွါရိကဇောဝီထိ နာမ် တရားစုက ----

၁။ ဖြစ်လေပြီး လွန်လေပြီး ချုပ်လေပြီး ပျက်လေပြီးသော နေဝသညာနာသညာယတနစျာနသမာပတ် နာမ် တရားတို့ကဲ့သို့သော နာမ်တရားတို့ကို ပြန်၍ရှုပါကလည်း ရှု၍ရနိုင်၏။ အနီးကပ်ဆုံးသော အတိတ်ကို ရှု၍ရသည့် ထုံးဟောင်း ဥပဒေသပင် ဖြစ်၏။

၂။ ဖြစ်ပေါ်ပြီးသော ဂရုကကံ သို့မဟုတ် အာစိဏ္ဏကံ ကဲ့သို့သော အတိတ်နာမ်တရားကိုသော်လည်း လှမ်း၍ ရှုက ရှု၍ရနိုင်၏။

၃။ မဖြစ်ပေါ်လာသေးသော ဂရုကကံ သို့မဟုတ် အာစိဏ္ဏကံ ကဲ့သို့သော အနာဂတ်နာမ်တရားကိုသော်လည်း လှမ်း၍ ရှုပါက ရှု၍ရနိုင်၏။

၄။ မဖြစ်ပေါ်လာသေးသော အာသန္နကံ ကဲ့သို့သော အနာဂတ်နာမ်တရားကိုလည်း လှမ်း၍ ရှုပါက ရှု၍ ရနိုင်၏။

အနီးကပ်ဆုံးသော အတိတ်နှင့် အနီးကပ်ဆုံးသော အနာဂတ်တို့ကို ရှု၍ ရနိုင်သည့် ထုံးဟောင်း ဥပဒေသများပင် ဖြစ်ကြပေသည်။

ဤအထက်ပါ ဥပဒေသများအရ ယောဂါဝစရပုဂ္ဂိုလ်သည် နာမ်တရားတို့ကို သိမ်းဆည်း၍ ဝိပဿနာ ရှုပွားသုံးသပ်ရာ၌ အဓွန့်ကာလ အဒ္ဓါ၏ အစွမ်းဖြင့် ဆိုရမူ ----

၁။ အတိတ်အဓွန့်ကာလ နာမ်တရားတို့ကို သိမ်းဆည်းခြင်း ဝိပဿနာရှုခြင်း,

၂။ အနာဂတ်အဓွန့်ကာလ နာမ်တရားတို့ကို သိမ်းဆည်းခြင်း ဝိပဿနာရှုခြင်း,

၃။ ပစ္စုပ္ပန်အဓွန့်ကာလ နာမ်တရားတို့ကို သိမ်းဆည်းခြင်း ဝိပဿနာရှုခြင်း,

ဤသို့လျှင် သုံးမျိုးရှိသည်ဟု မှတ်သားပါ။ သို့သော် ခဏ၏ အစွမ်းဖြင့် ဆိုရမူ ရှုတတ်သည့် နာမ်တရား နှင့် အရှုခံ နာမ်တရားတို့သည် စိတ္တက္ခဏတစ်ခု၏အတွင်း၌ အတူယှဉ်တွဲ၍ ပြိုင်တူ မဖြစ်နိုင်သောကြောင့် ----

၁။ ဖြစ်ပြီးသော အတိတ်နာမ်တရားကို သိမ်းဆည်းခြင်း ဝိပဿနာရှုခြင်း,

၂။ မဖြစ်သေးသော အနာဂတ်နာမ်တရားကို သိမ်းဆည်းခြင်း ဝိပဿနာရှုခြင်း,

ဤသို့အားဖြင့် နှစ်မျိုးသာရှိသည်ဟု မှတ်သားပါ။ မုချနှင့် ပရိယာယ် ကွာခြားချက် ရှိသည်ဟူ၏။

ထိုကြောင့် ခဏ၏အစွမ်းဖြင့် ဆိုရမူ နာမ်လောကဝယ် ပေါ်ဆဲခဏ ဖြစ်ဆဲခဏဟု ခေါ်ဝေါ်သုံးစွဲနေသော အချိန်ကာလတစ်ခုအတွင်း၌ တည်ရှိသော နာမ်တရားစုတို့ကို ထိုနာမ်တရားစုကပင် တစ်ဖန်ပြန်၍ ဝိပဿနာ မရှုနိုင်ကြောင်းကို ဖွင့်ဆိုထားသော ဥပရိပဏ္ဏာသအဋ္ဌကထာ၏ စကားကို သတိပြုပါလေ။ ယင်းသို့ဖြစ်လျှင် နာမ်တရားတို့၏ ဥပါဒ်-ဌီ-ဘင်ကို ရှု၍ မရနိုင်ပြီလောဟု မေးရန်ရှိ၏။ အဖြေကား ရနိုင်သော ဟူ၏။

ဇာတာ အဝိဇ္ဇာ ပစ္စုပ္ပန္နာ၊ တဿာ နိဗ္ဗတ္တိလက္ခဏံ ဥဒယော၊ ဝိပရိဏာမလက္ခဏံ ဝယော၊ အနုပဿနာ ဉာဏံ ။ ပ ။ ဇာတော ဘဝေါ ပစ္စုပ္ပန္နော၊ တဿ နိဗ္ဗတ္တိလက္ခဏံ ဥဒယော၊ ဝိပရိဏာမလက္ခဏံ ဝယော၊ အနုပဿနာ ဉာဏံ။ (ပဋိသံ၊၅၂။)

ဥပါဒ်-ဌီ-ဘင် ဟူသော ခဏသုံးပါးအပေါင်း၌ အကျုံးဝင်သော ဖြစ်ဆဲဆဲ ဖြစ်သော အဝိဇ္ဇာသည် ပစ္စုပ္ပန္နဓမ္မတည်း။ ထိုအဝိဇ္ဇာ၏ စ၍ဖြစ်ခြင်း နိဗ္ဗတ္တိလက္ခဏာသည် ဥဒယတည်း၊ ဖောက်ပြန် ပျက်စီးခြင်း ဝိပရိဏာမလက္ခဏာသည် ဝယတည်း။ ထို ဥဒယနှင့် ဝယကို အဖန်ဖန် အထပ်ထပ် ရှုတတ်သော အနုပဿနာသည် ဥဒယဗ္ဗယာနုပဿနာဉာဏ်တည်း။ ပ ။ ဥပါဒ်-ဌီ-ဘင် ဟူသော ခဏသုံးပါးအပေါင်း၌ အကျုံးဝင်သော ဖြစ်ဆဲဆဲ ဖြစ်သော ဘဝသည် ပစ္စုပ္ပန္နဓမ္မတည်း။ ထိုဘဝ၏ စ၍ဖြစ်ခြင်း နိဗ္ဗတ္တိလက္ခဏာသည် ဥဒယတည်း၊ ဖောက်ပြန်ပျက်စီးခြင်း ဝိပရိဏာမလက္ခဏာသည် ဝယတည်း။ ထို ဥဒယနှင့် ဝယကို အဖန်ဖန် အထပ်ထပ် ရှုတတ်သော အနုပဿနာသည် ဥဒယဗ္ဗယာနုပဿနာဉာဏ်တည်း။ (ပဋိသံ၊၅၂။)

ဤ ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်နှင့် အညီ အပရပ္ပစ္စယဉာဏ် အတ္တပစ္စက္ခဉာဏ် ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်ဟု အမည်အမျိုးမျိုးရရှိသော ဥဒယဗ္ဗယာနုပဿနာဉာဏ်သည် အဝိဇ္ဇာမှသည် ဇာတိအမည်ရသည့် ဥပပတ္တိဘဝသို့ တိုင်အောင် အဓွန့်ကာလသုံးပါးအတွင်း၌ တည်ရှိကြသော ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့ကို ယင်းတို့၏ ဖြစ်ဆဲဆဲ ဥပါဒ် ပျက်ဆဲဆဲ ဘင်ကို ခဏပစ္စုပ္ပန်သို့ဆိုက်အောင် ရှုနိုင်သည်ဟူပေ။ သို့သော် ယင်း ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့မှာ ရှုတတ်သော ဝိပဿနာဉာဏ်နှင့် စိတ္တက္ခဏတစ်ခု၏အတွင်း၌ အတူယှဉ်တွဲဖြစ်ကြသည့် တရားစုတို့ မဟုတ် ကြသည်ကိုကား သတိပြုပါလေ။ အလားတူပင် အတိတ်ခန္ဓာ အနာဂတ်ခန္ဓာ ပစ္စုပ္ပန်ခန္ဓာဟူသည့် အဓွန့်ကာလ သုံးပါးအတွင်း၌ တည်ရှိကြသော ပရမတ္ထဓာတ်သားတို့ကို ဝိပဿနာရှုရာ၌လည်း နည်းတူ သဘောပေါက်ပါ။

ယင်းသို့ဖြစ်လျှင် - အဓွန့် အဒ္ဓါ၏ အစွမ်းဖြင့် ----

၁။ အတိတ်အဓွန့်ကာလတရား,

၂။ အနာဂတ်အဓွန့်ကာလတရား,

၃။ ပစ္စုပ္ပန်အဓွန့်ကာလတရား,

ခဏ၏ အစွမ်းဖြင့် ----

၁။ ရှုနေသော ဝိပဿနာစိတ်၏ ရှေးအဖို့၌ဖြစ်သော တရားစု,

၂။ ရှုနေသော ဝိပဿနာစိတ်၏ နောက်အဖို့၌ဖြစ်သော တရားစု,

ဤ တရားစုတို့၏ ဥပါဒ်-ဌီ-ဘင်ကို မြင်အောင် ခဏပစ္စုပ္ပန်သို့ ဉာဏ်အမြင် ဆိုက်အောင် မည်သို့ ရှုရ မည်နည်းဟု မေးရန်ရှိ၏။ အဖြေမှာ ဤသို့ ဖြစ်၏။

ဝတ္ထာရမ္မဏာနံ ပရိဂ္ဂဟိတတာယ။ (မ၊ဋ္ဌ၊၄၊၆၀။)

ဝတ္ထာရမ္မဏာနံ ပရိဂ္ဂဟိတတာယာတိ ယသ္မိံ စ အာရမ္မဏေ ယေ စျာနဓမ္မာ ပဝတ္တန္တိ ၊ တေသံ ဝတ္ထာရမ္မဏာနံ ပဂေဝ ဉာဏေန ပရိစ္ဆိဇ္ဇ ဂဟိတတ္တာ။ (မ၊ဋီ၊၃၊၂၇၈။)

အကြင် ကသိုဏ်းပညတ်စသော အာရုံ၌ ယင်းစျာနဓမ္မအမည်ရသည့် စျာန်နာမ်တရားတို့သည် ဖြစ်ကြကုန်၏။ ထိုစျာနဓမ္မနာမ်တရားစုတို့၏ မှီရာဝတ္ထုရုပ်နှင့် ယင်းကသိုဏ်းပညတ်စသော အာရုံတို့ကို ရှေးမဆွကပင် ကြိုတင်၍ ဉာဏ်ဖြင့် ပိုင်းခြား၍ယူထားပြီး သိမ်းဆည်းထားပြီး ဖြစ်သောကြောင့် အရှင်သာရိပုတြာ ကိုယ်တော်မြတ်ကြီးသည် စျာနဓမ္မတို့ကို ဝိပဿနာ ရှုပွားသုံးသပ်တော်မူနိုင်၏။ မှန်ပေသည် အရှင်သာရိပုတြာ ကိုယ်တော်မြတ်ကြီးသည် ----

၁။ ယင်း စျာနဓမ္မနာမ်တရားစုတို့၏ စွဲမှီရာ ဘဝင်မနောအကြည်ဓာတ် = မနောဒွါရ, သို့မဟုတ် ဟဒယဝတ္ထုကို လည်းကောင်း,

၂။ ကသိုဏ်းပညတ်စသော သမထနိမိတ်ကို အာရုံပြုကြကုန်သော ယင်း စျာနဓမ္မနာမ်တရားစုတို့၏ ယင်း သမထနိမိတ်အာရုံကိုလည်းကောင်း,

ဤနှစ်မျိုးသော တရားတို့ကို ကြိုတင်၍ ဉာဏ်ဖြင့် ပိုင်းခြားယူထားတော်မူ၏ သိမ်းဆည်းထားတော်မူ၏။ ထိုကြောင့် လွန်ပြီး ချုပ်ပြီးကုန်သော ယင်း စျာနဓမ္မနာမ်တရားတို့၏ ----

၁။ ဖြစ်မှု = ဥပါဒ်ကို ဆင်ခြင်သော အရှင်သာရိပုတြာ မထေရ်မြတ်ကြီး၏ ဉာဏ်ဝယ် ဖြစ်မှု = ဥပါဒ်သည် ထင်ရှားနေ၏။

၂။ တည်မှု = ဌီကာလကို ဆင်ခြင်သော အရှင်သာရိပုတြာ ကိုယ်တော်မြတ်ကြီး၏ ဉာဏ်ဝယ် တည်မှု = ဌီကာလသည် ထင်ရှားနေ၏။

၃။ ပျက်မှု = ဘင်ကာလကို ဆင်ခြင်သော အရှင်သာရိပုတြာ မထေရ်မြတ်ကြီး၏ ဉာဏ်ဝယ် ပျက်မှု = ဘင်ကာလသည် ထင်ရှားနေ၏။

ထိုကြောင့် လွန်ပြီး ချုပ်ပြီးကုန်သော ထို စျာနဓမ္မသဘောတရားတို့သည် အရှင်သာရိပုတြာ မထေရ်မြတ်ကြီး၏ အသိဉာဏ်၌ ----

၁။ ထင်ထင်ရှားရှား ဖြစ်ကုန်၏၊

၂။ ထင်ထင်ရှားရှား တည်ကုန်၏၊

၃။ ထင်ထင်ရှားရှား ချုပ်ကုန်၏ - ဟု

ဤသို့ ဘုရားရှင်သည် ဟောကြားတော်မူခြင်း ဖြစ်ပေသည်။ ဤကား အဖြေတည်း။

ဤအထက်ပါ ပါဠိတော် အဋ္ဌကထာ ဋီကာတို့၌ လာရှိသော ညွှန်ကြားချက် ဥပဒေသနှင့် အညီ အသင် သူတော်ကောင်းသည်လည်း နာမ်တရားတို့ကို သိမ်းဆည်းရှုပွားလိုပါက - မိမိ သိမ်းဆည်းရှုပွားလိုသော နာမ် တရား၏ ----

၁။ မှီရာဝတ္ထုရုပ်ကိုလည်းကောင်း သို့မဟုတ် ဆိုင်ရာဒွါရကိုလည်းကောင်း,

၂။ အာရုံကိုလည်းကောင်း ----

ဤနှစ်မျိုးသော တရားတို့ကို ပူးတွဲသိမ်းဆည်းလျက် ယင်းနာမ်တရားတို့ကို သိမ်းဆည်းပါလေ။

ရုပ်လောက၌ ---- အရှုခံ ရုပ်တရားနှင့် ရှုတတ်သည့် နာမ်တရားတို့ကား စိတ္တက္ခဏ တစ်ခုအတွင်း၌ ပြိုင်တူ ဖြစ်နိုင်ကြသဖြင့် ရုပ်တရားတို့၏ ဥပါဒ်-ဌီ-ဘင်ကိုကား ----

၁။ ဖြစ်ပြီး ခဏ၌လည်းကောင်း

၂။ ဖြစ်ဆဲ ခဏ၌လည်းကောင်း

၃။ ဖြစ်လတ္တံ့ ခဏ၌လည်းကောင်း ရှု၍ ရနိုင်သည်သာ ဖြစ်သည်။

နာမ်လောက၌ ---- အရှုခံ နာမ်တရားနှင့် ရှုတတ်သည့် နာမ်တရားတို့သည် စိတ္တက္ခဏတစ်ခု အတွင်း၌ သော်လည်းကောင်း, ဝီထိစဉ်တစ်ခု အတွင်း၌သော်လည်းကောင်း အတူယှဉ်တွဲ၍ ပြိုင်တူဖြစ်နိုင်သည့်စွမ်းအား မရှိခြင်းကြောင့် ခဏပစ္စုပ္ပန်ဘက်ကနေ၍ ပြောဆိုခဲ့သော် ဖြစ်ပြီး နာမ်တရားနှင့် ဖြစ်လတ္တံ့ နာမ်တရားတို့ကိုသာ ရှု၍ ရနိုင်သည်ဟု မုချပုံသေ မှတ်သား နာယူလေရာသည်။

တစ်ဖန် ဘုရားရှင်သည် မဟာသတိပဋ္ဌာနသုတ္တန် စသည့် ထိုထို ဒေသနာတော်တို့၌ ----

သရာဂံ ဝါ စိတ္တံ သရာဂံ စိတ္တန္တိ ပဇာနာတိ။ (မ၊၁၊၇၆။)

ဤသို့ စသည်ဖြင့် ရာဂနှင့် ယှဉ်တွဲနေသော သရာဂစိတ် (= လောဘမူစိတ်)တို့ကိုလည်း ဝိပဿနာရှုရန် ညွှန်ကြားထားတော်မူ၏။ ထိုတွင် ----

၁။ အရှုခံ နာမ်တရားကား သရာဂစိတ် (= လောဘမူစိတ်) ဖြစ်၏။

၂။ ရှုတတ်သော ဝိပဿနာဉာဏ်ကား ပုထုဇန်သေက္ခ ပုဂ္ဂိုလ်တို့အတွက် မဟာကုသိုလ် မနောဒွါရိကဇောဝီထိ စိတ်အစဉ် ဖြစ်၏။

အရှုခံ လောဘမူစိတ်နှင့် ရှုတတ်သော မဟာကုသိုလ်မနောဒွါရိက ဇောဝီထိဟူသော ဝိပဿနာဉာဏ်တို့ ကား စိတ္တက္ခဏတစ်ခု၏ အတွင်း၌သော်လည်းကောင်း, ဝီထိစိတ်အစဉ် တစ်ခု၏ အတွင်း၌သော်လည်းကောင်း အတူယှဉ်တွဲ၍ ဖြစ်နိုင်သည့် တရားများ မဟုတ်ကြပေ။ အရှုခံ နာမ်တရား (လောဘမူစိတ်) ဖြစ်ချိန်ဝယ် = ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှားရှိနေချိန်ဝယ် ရှုတတ်သည့် ဝိပဿနာဉာဏ်ကား ဥပါဒ်-ဌီ-ဘင် အနေ အားဖြင့် ထင်ရှား မဖြစ်သေးပေ။ တစ်ဖန် ရှုတတ်သော ဝိပဿနာဉာဏ်၏ ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှား ဖြစ်နေချိန်ဝယ် အရှုခံ နာမ်တရား (လောဘမူစိတ်)ကား ချုပ်ပျက်သွားပြီ ဖြစ်၏၊ ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှားမရှိတော့ပြီ ဖြစ်၏။ ယင်းလောဘမူ နာမ်တရား စသည့် နာမ်တရားစုတို့ကိုလည်း ဥပါဒ်-ဌီ-ဘင် မြင်အောင် ခဏပစ္စုပ္ပန်ဆိုက်အောင် ဝိပဿနာရှုရန် ဘုရားရှင်သည် ညွှန်ကြားတော်မူလျက်ပင် ရှိ၏။

သို့အတွက် နာမ်လောက၌ ပစ္စုပ္ပန် ပေါ်ဆဲ ပေါ်ဆဲ ခဏ ဖြစ်ဆဲ ဖြစ်ဆဲ ခဏ၌ ပစ္စုပ္ပန်တည့်တည့်ကိုသာ ရှုရမည်။ အတိတ် အနာဂတ်ကို မရှုရ။ အတိတ်ကား ဖြစ်ပြီးပြီ မရှိတော့ပြီ ဖြစ်၏၊ မရှိတော့သည့် တရားကို မည်သို့ ရှု၍ ရနိုင်အံ့နည်း၊ အနာဂတ်ကား မဖြစ်ပေါ်လာသေး၊ ဖြစ်မှ မဖြစ်သေးသည့် တရားကို မည်သို့ ရှု၍ ရနိုင်အံ့နည်းဟု မိန့်ဆိုကြသော အဆိုအမိန့်များမှာ ယခုအခါတွင် အလေးအနက်ထား၍ စဉ်းစားရတော့မည့် အချိန်သို့ ဆိုက်ရောက်လာပြီ ဖြစ်သည်။

ဆိုလိုရင်း အချုပ်

ဆိုလိုရင်း အချုပ်မှာ ဤသို့ ဖြစ်၏။ နာမ်လောက၌ ပစ္စုပ္ပန်ဖြစ်ဆဲခဏ ပေါ်ဆဲခဏ၌ ပစ္စုပ္ပန်တည့်တည့် ကိုကား ရှု၍မရနိုင်။ ချုပ်ပြီးအတိတ်တရား ချုပ်လတ္တံ့အနာဂတ်တရားတို့ကိုကား ပစ္စုပ္ပန်တည့်အောင် (= ဥပါဒ်-ဌီ-ဘင်ကို မြင်အောင်) ရှု၍ ရနိုင်သည် ဟူ၏။ ဤ၌ အတိတ် အနာဂတ်ဟူသည် (ထိုစိတ်ကို ထိုစိတ်ဖြင့် တစ်ဖန်ပြန်၍ မရှုသည့်အတွက်) ခဏပစ္စုပ္ပန်နည်းအရ ပြောဆိုခြင်း ဖြစ်ပါသည်။ (ဝိသုဒ္ဓိ၊၂၊၁၀၃ - ကြည့်။)

သို့အတွက် အတိတ်ဘဝ၌ အကျုံးဝင်သော တရားကိုပင်ဖြစ်စေ, အနာဂတ်ဘဝ၌ အကျုံးဝင်သော တရား ကိုပင်ဖြစ်စေ, ပစ္စုပ္ပန်ဘဝ၌ အကျုံးဝင်သော တရားကိုပင်ဖြစ်စေ မည်သည့်တရားကို မဆို ယင်းတရားတို့၏ ဥပါဒ်-ဌီ-ဘင်ဟု ခေါ်ဆိုအပ်သော ခဏပစ္စုပ္ပန်သို့ ဆိုက်အောင် ပစ္စုပ္ပန်တည့်အောင်ကား ရှု၍ ရနိုင်သည်သာ ဖြစ်သည်။ နာမ်လောကဝယ် ဖြစ်ဆဲ ဖြစ်ဆဲ ခဏဟူသော ပစ္စုပ္ပန်တည့်တည့်ကိုကား မည်သည့်နည်းနှင့်မျှ ရှု၍ မရနိုင်ဟု မုချ ပုံသေ မှတ်သားပါလေ။ အရှုခံ နာမ်တရားနှင့် ရှုတတ်သည့် နာမ်တရားတို့သည် စိတ္တက္ခဏတစ်ခု အတွင်း ဝီထိစဉ်တစ်ခု အတွင်း၌ ပြိုင်တူ မဖြစ်နိုင်သောကြောင့်ပင် ဖြစ်ပေသည်။

အာယတနဒွါရ

ကာယဒွါရ ဝစီဒွါရ မနောဒွါရ ဟူသော ဒွါရ (၃)ပါးကို ကမ္မဒွါရဟု ခေါ်ဆို၍ စက္ခုဒွါရ သောတဒွါရ ဃာနဒွါရ ဇိဝှါဒွါရ ကာယဒွါရ မနောဒွါရဟူသော ဒွါရ (၆)ပါးကို အာယတနဒွါရဟု ခေါ်ဆိုပေသည်။ (မဟာဋီ၊ ၂၊၄၁၀။) နာမ်တရားတို့ကို သိမ်းဆည်းလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းအာယတနဒွါရအလိုက် ဝီထိစိတ် အစဉ်ဟူသော စိတ္တနိယာမလမ်းကြောင်းအတိုင်း နာမ်တုံးနာမ်ခဲဟူသော နာမ်ဃန အတုံးအခဲကို ဉာဏ်ဖြင့် ဖြိုခွဲ ဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းရပေမည်။ အကြောင်းမူ ဝီထိစိတ် အမည်ရသော နာမ်တရားတို့သည် ဝီထိခေါ်သည့် စိတ္တနိယာမ လမ်းကြောင်းအတိုင်းသာ ဖြစ်ရိုးဓမ္မတာ ရှိသောကြောင့် ဖြစ်သည်။ စိတ္တနိယာမဟူသည် စိတ်တို့၏ ကိန်းသေမြဲသော ဖြစ်ရိုးဓမ္မတာ လမ်းကြောင်းပင် ဖြစ်သည်။ ယင်းစိတ္တနိယာမ လမ်းကြောင်းမှ ပြောင်းလဲ၍ နာမ်တရားတို့သည် ဖြစ်ရိုးဓမ္မတာ မရှိခြင်းကြောင့် နာမ်တရားတို့ကို ခဏပစ္စုပ္ပန်သို့ ဆိုက်အောင် သိမ်းဆည်း ရှုပွားလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ယင်း စိတ္တနိယာမ လမ်းကြောင်းအတိုင်းသာ သိမ်းဆည်းရပေသည်။

ဝတ္ထု နှင့် ဒွါရ

၁။ စက္ခုပသာဒ = စက္ခုအကြည်ဓာတ်သည် စက္ခုဝိညာဏ်နှင့် တကွသော နာမ်တရား (၈)လုံးတို့၏ မှီ၍ ဖြစ်ရာ ရုပ်ဖြစ်ခြင်းကြောင့် စက္ခုဝတ္ထုလည်း မည်၏၊ ယင်းနာမ်တရားစုတို့၏ ဝင်ထွက်ရာ တံခါးပေါက်သဖွယ် ဖြစ်ခြင်းကြောင့် စက္ခုဒွါရလည်း မည်၏။

၂။ သောတပသာဒ = သောတအကြည်ဓာတ်သည် သောတဝိညာဏ်နှင့် တကွသော နာမ်တရား (၈)လုံးတို့၏ မှီ၍ဖြစ်ရာ ရုပ်ဖြစ်ခြင်းကြောင့် သောတဝတ္ထုလည်း မည်၏၊ ယင်းနာမ်တရားစုတို့၏ ဝင်ထွက်ရာ တံခါးပေါက် သဖွယ် ဖြစ်ခြင်းကြောင့် သောတဒွါရလည်း မည်၏။

၃။ ဃာနပသာဒ = ဃာနအကြည်ဓာတ်သည် ဃာနဝိညာဏ်နှင့် တကွသော နာမ်တရား (၈)လုံးတို့၏ မှီ၍ ဖြစ်ရာ ရုပ်ဖြစ်ခြင်းကြောင့် ဃာနဝတ္ထုလည်း မည်၏၊ ယင်းနာမ်တရားစုတို့၏ ဝင်ထွက်ရာ တံခါးပေါက်သဖွယ် ဖြစ်ခြင်းကြောင့် ဃာနဒွါရလည်း မည်၏။

၄။ ဇိဝှါပသာဒ = ဇိဝှါအကြည်ဓာတ်သည် ဇိဝှါဝိညာဏ်နှင့် တကွသော နာမ်တရား (၈)လုံးတို့၏ မှီ၍ဖြစ်ရာ ရုပ်ဖြစ်ခြင်းကြောင့် ဇိဝှါဝတ္ထုလည်း မည်၏၊ ယင်း နာမ်တရားစုတို့၏ ဝင်ထွက်ရာ တံခါးပေါက်သဖွယ် ဖြစ်ခြင်းကြောင့် ဇိဝှါဒွါရလည်း မည်၏။

၅။ ကာယပသာဒ = ကာယအကြည်ဓာတ်သည် ကာယဝိညာဏ်နှင့် တကွသော နာမ်တရား (၈)လုံးတို့၏ မှီ၍ဖြစ်ရာ ရုပ်ဖြစ်ခြင်းကြောင့် ကာယဝတ္ထုလည်း မည်၏၊ ယင်းနာမ်တရားတို့၏ ဝင်ထွက်ရာ တံခါးပေါက် သဖွယ် ဖြစ်ခြင်းကြောင့် ကာယဒွါရလည်း မည်၏။

၆။ မနောဒွါရ နှင့် ဟဒယဝတ္ထု

မနောဒွါရံ နာမ သာဝဇ္ဇနံ ဘဝင်္ဂံ။ တဿ နိဿယဘာဝတော ဟဒယဝတ္ထုံ သန္ဓာယ နိဿိတဝေါဟာရေန မနောဒွါရေတိ ဝုတ္တံ၊ ယတ္ထ မနောဒွါရုပ္ပတ္တိ။ (မဟာဋီ၊၂၊၄၁၀။)

ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ဝိသုဒ္ဓိ၊၂၊၂၅၉) ၌ ရှေးရုပ်ကမ္မဋ္ဌာန်းပိုင်း ဇယားများတွင် ဖော်ပြထားသည့်အတိုင်း မနောဒွါရ၌ (၅၄)မျိုးကုန်သော ရုပ်တရားတို့ကို သိမ်းဆည်း ရှုပွားရန် ညွှန်ကြားထားတော်မူ၏။ ယင်းညွှန်ကြား ထားတော်မူချက်နှင့် ပတ်သက်၍ မဟာဋီကာဆရာတော်က အထက်ပါအတိုင်း ရှင်းလင်းတင်ပြထားခြင်း ဖြစ်ပေ သည်။ ယင်းဋီကာစကားရပ်၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။

မနောတိ ဘဝင်္ဂစိတ္တံ (သံ၊ဋ္ဌ၊၃၊၅။) အရ ဘဝင်မနောအကြည်ဓာတ်သည်လည်း မနောဒွါရ မည်၏။

မနောတိ သဟာဝဇ္ဇနေန ဘဝင်္ဂံ ဒဋ္ဌဗ္ဗံ။ (သံ၊ဋ္ဌ၊၃၊၅။) ဟူသော ဖွင့်ဆိုချက်နှင့်အညီ အာဝဇ္ဇန်း (= အာရုံကို ဆင်ခြင်တတ်သောစိတ်)နှင့် တကွသော ဘဝင်မနောအကြည်ဓာတ်သည်လည်း မနောဒွါရ မည်၏။ ထိုမနောဒွါရ ၏ မှီရာဖြစ်သောကြောင့် ဟဒယဝတ္ထုကို ရည်ရွယ်၍ မှီတတ်သော ဘဝင်မနောအကြည်ဓာတ်၏ ဝေါဟာရဖြင့် တစ်နည်း မှီတတ်သော ဘဝင် မနောအကြည်ဓာတ်နှင့် အာဝဇ္ဇန်းတို့၏ ဝေါဟာရဖြင့် မနောဒွါရဟု ဖွင့်ဆိုခြင်း ဖြစ်သည်။ ယင်း ဟဒယဝတ္ထု၌ မနောဒွါရကား မှီ၍ ဖြစ်ပေသည်။

ဌာနျူပစာရ ---- ဌာနီ ဖြစ်သော ဘဝင်မနောအကြည်ဓာတ်၏ မနောဒွါရဟူသော အမည်ကို တစ်နည်း ဌာနီဖြစ်သော အာဝဇ္ဇန်းနှင့် တကွသော ဘဝင်မနောအကြည်ဓာတ်၏ မနောဒွါရဟူသော အမည်ကို ဌာနဖြစ်သော ဟဒယဝတ္ထု၌ တင်စား၍ ဌာနဖြစ်သော ဟဒယဝတ္ထုကိုလည်း ဌာနျူပစာရအားဖြင့် မနောဒွါရဟု ခေါ်ဝေါ်သုံးစွဲ ထားသည်ဟု ဆိုလိုသည်။

ဤဖွင့်ဆိုချက်များ အရ ----

၁။ ဘဝင်မနောအကြည်ဓာတ်ကိုလည်း မနောဒွါရဟု ခေါ်၏။

၂။ အာဝဇ္ဇန်းနှင့် တကွသော ဘဝင်မနောအကြည်ဓာတ်ကိုလည်း မနောဒွါရဟု ခေါ်၏။

၃။ ဟဒယဝတ္ထုရုပ်ကိုလည်း ဌာနျူပစာရအားဖြင့်မနောဒွါရဟု ခေါ်ဆို၏ဟု မှတ်ပါ။

သို့အတွက် ဟဒယဝတ္ထုသည် ဘဝင်မနောအကြည်ဓာတ်ဟူသော မနောဓာတ်နှင့် မနောဝိညာဏဓာတ် အမည်ရသော ပဉ္စဝိညာဏ်မှ တစ်ပါးကုန်သော ဝီထိစိတ်တို့၏ မှီ၍ ဖြစ်ရာ ရုပ်ဖြစ်သောကြောင့် ဝတ္ထုဟူသော အမည်ကို ရရှိ၏၊ သို့သော် မုချအားဖြင့်ကား မနောဒွါရဟူသော အမည်ကို မရရှိပေ။ ဌာနျူပစာရအားဖြင့်သာ မနောဒွါရဟူသော အမည်ကို ရရှိပေသည်။ မုချအားဖြင့်ကား ဟဒယဝတ္ထုကို မှီ၍ ဖြစ်နေသော အိမ်ရှင် ဘဝင် မနောအကြည်ဓာတ်ကိုပင် မနောဒွါရဟု ခေါ်ဆိုပေသည်။ တစ်နည်း အာဝဇ္ဇန်းနှင့် တကွသော ဘဝင်မနော အကြည်ဓာတ်ကိုပင် မနောဒွါရဟု ခေါ်ဆိုပေသည်။

တစ်နည်း ဖလူပစာရ စကားဟု မှတ်ပါ

အာဝဇ္ဇန်းနှင့် ဘဝင်စိတ်တို့သည် မိမိ မိမိတို့၏ ရှေး၌ ကပ်လျက် ဖြစ်သွားကြသော ရှေးရှေးစိတ္တက္ခဏနှင့် အတူ ဥပါဒ်ချင်း ပြိုင်၍ဖြစ်သော ဟဒယဝတ္ထုရုပ် အသီးအသီးကို မှီ၍ ဖြစ်ကြရ၏။ သို့အတွက် ဟဒယဝတ္ထုသည် အာဝဇ္ဇန်းနှင့် ဘဝင်တို့၏ ရှေးက ဖြစ်နှင့်၍ ယင်း အာဝဇ္ဇန်းနှင့် ဘဝင်စိတ်တို့ ဖြစ်ပေါ်လာအောင် မှီရာ နိဿယ ပစ္စယသတ္တိဖြင့် = မှီရာ အကြောင်းတရားအဖြစ်ဖြင့် ကျေးဇူးပြုပေး၏။ ဝတ္ထုပုရေဇာတနိဿယ ပစ္စည်းအကြောင်း တရားပင်တည်း။

သို့အတွက် ဟဒယဝတ္ထုကား ဝတ္ထုပုရေဇာတနိဿယ ပစ္စည်းအကြောင်းတရား ဖြစ်၍ အာဝဇ္ဇန်းနှင့် ဘဝင် စိတ်တို့ကား ဝတ္ထုပုရေဇာတနိဿယ ပစ္စယုပ္ပန်အကျိုးတရားတို့ ဖြစ်ကြ၏။

အကျိုးဖြစ်ကြသော အာဝဇ္ဇန်းနှင့် ဘဝင်စိတ်တို့၏ မနောဒွါရဟူသော အမည်ကို အကြောင်းဖြစ်သော ဟဒယဝတ္ထုရုပ်အပေါ်၌ တင်စား၍ အကြောင်းဖြစ်သော ဟဒယဝတ္ထုရုပ်ကိုလည်း ဖလူပစာရအားဖြင့် မနောဒွါရ ဟု ခေါ်ဆိုထားသည် မှတ်ပါ။

အာဝဇ္ဇန်း ဟူသည်

မနောတိ ဘဝင်္ဂစိတ္တံ။ ပ ။ မနောဝိညာဏန္တိ သဟာဝဇ္ဇနကဇဝနံ။ အာဝဇ္ဇနံ ဘဝင်္ဂတော အမောစေတွာ မနောတိ သဟာဝဇ္ဇနေန ဘဝင်္ဂံ ဒဋ္ဌဗ္ဗံ။ ပ ။ မနောဝိညာဏန္တိ ဇဝနဝိညာဏံ။ (သံ၊ဋ္ဌ၊၃၊၅။)

သဟာဝဇ္ဇနကဇဝနန္တိ သဟမနောဒွါရာဝဇ္ဇနကံ ဇဝနံ။ (သံ၊ဋီ၊၂၊၂၈၆။)

ပထမနည်း ---- ၁။ ဘဝင်စိတ်သည် မနောဓာတ်တည်း။

၂။ မနောဒွါရာဝဇ္ဇန်းနှင့် တကွသော ဇောသည် မနောဝိညာဏဓာတ်တည်း။

ဒုတိယနည်း ---- ၁။ မနောဒွါရာဝဇ္ဇန်းနှင့် တကွသော ဘဝင်သည် မနောဓာတ်တည်း။

၂။ ဇောစိတ်သည် မနောဝိညာဏဓာတ်တည်း။

ဤအထက်ပါ ဖွင့်ဆိုချက်အရ အာဝဇ္ဇန်းဟူသည် မနောဒွါရာဝဇ္ဇန်းကိုပင် ဆိုလိုသည်ဟု မှတ်ပါ။

ဒွါရ ဟူသည်

ဒွါရ-သဒ္ဒါသည် လူနေအိမ်များ၏ ပကတိသော တံခါးပေါက်ကိုသာ ဟောရင်း ဖြစ်၏။ ဤနေရာ၌ကား ထိုတံခါးပေါက်နှင့် အလားတူသော စက္ခုပသာဒစသော တရားများကို သဒိသူပစာရအားဖြင့် ဒွါရ-သဒ္ဒါက ဟောပြသည်။ အိမ်တစ်အိမ်ဝယ် တံခါးပေါက် မရှိလျှင် လူတို့သည် မဝင်ရောက်နိုင်ကြကုန်။ တံခါးပေါက် ရှိမှ သာလျှင် အိမ်ထဲသို့ ဝင်ရောက်နိုင်ကြ၏၊ အိမ်မှ ထွက်နိုင်ကြ၏။ ပကတိသော အိမ်တံခါးပေါက်သည် လူတို့ ဝင်ထွက်ကြောင်း ဖြစ်သကဲ့သို့ ခန္ဓာအိမ်ဝယ် စက္ခုပသာဒ စသည် မရှိလျှင် စက္ခုဒွါရဝီထိစသော ဝီထိစိတ်များ လည်း မဖြစ်နိုင်။ ခန္ဓာအိမ်၏ စက္ခုပသာဒ စသော တံခါးပေါက်များသည် စက္ခုဒွါရိက စသော ဝီထိစိတ်များ၏ ဝင်ရောက်လာသည့်ပမာ ဖြစ်ပေါ်လာကြောင်းတရားများ ဖြစ်ကြ၏။ သို့အတွက် ဖဿ စသော ထိုထို ဒွါရ၌ ဖြစ်ကြကုန်သော နာမ်တရားစုတို့၏ ဝင်ရောက်လာကြောင်း ဖြစ်ပေါ်လာကြောင်း ဖြစ်သောကြောင့် စက္ခုပသာဒ စသည်တို့ကိုလည်း သဒိသူပစာရအားဖြင့် တင်စား၍ လူတို့သုံးဆောင်ရာ ဝင်ရောက်ရာ အိမ်တံခါးနှင့် တူသဖြင့် ဒွါရဟု ခေါ်ဆိုပေသည်။

ရောယှက် ရှုပ်ထွေးမှု ကင်းရန်

နာမ်တရားတို့ကို မှီရာ ဝတ္ထုအလိုက် သိမ်းဆည်းခြင်းမှာ ရောယှက်ရှုပ်ထွေးခြင်း ရှိသဖြင့် အာယတနဒွါရ အလိုက် နာမ်တရားတို့ကို သိမ်းဆည်းရှုပွားရန် အဋ္ဌကထာများက ညွှန်ကြားထားတော်မူကြ၏။ ဝတ္ထု (၆)မျိုးတို့တွင် ဟဒယဝတ္ထုကား, အာရုံ (၆)ပါးလုံးကို ထိုက်သလို အာရုံပြု၍ သိနေကြသည့် ပဉ္စဝိညာဏ်မှ တစ်ပါးကုန်သော မနောဓာတ် မနောဝိညာဏဓာတ် အမည်ရကြသည့် ဝီထိစိတ်တို့၏ မှီ၍ဖြစ်ရာ ဝတ္ထုရုပ်လည်း ဖြစ်၏။ ပဋိသန္ဓေ, ဘဝင်, စုတိဟူသော ဝီထိမုတ်စိတ်တို့၏ မှီ၍ဖြစ်ရာ ဝတ္ထုရုပ်လည်း ဖြစ်၏။ သို့ဖြစ်၍ မှီရာဝတ္ထုအလိုက် နာမ် တရားတို့ကို သိမ်းဆည်းရှုပွားခဲ့သော် အာရုံ (၆)ပါးလုံးကို ထိုက်သလို အာရုံပြုနေကြသည့် သိနေကြသည့် ဝီထိစိတ် တို့သည် ဟဒယဝတ္ထု၌ မှီ၍ ဖြစ်နေကြသဖြင့် ရောယှက်ရှုပ်ထွေးမှုကား ရှိနေ၏။ ထို့ကြောင့် ဤကျမ်းတွင်လည်း ရောယှက် ရှုပ်ထွေးမှု ကင်းစေရန် စက္ခုဒွါရဝီထိ စသော အာယတနဒွါရအလိုက် နာမ်တရားတို့ကို သိမ်းဆည်းပုံ ဝိပဿနာရှုပွားပုံကိုသာ ဖော်ပြအပ်ပါသည်။ အထက်တွင် ရှင်းပြခဲ့သော အနုပဒသုတ္တန်အဋ္ဌကထာ၌ လာရှိသော ဝတ္ထုဟူသည်မှာလည်း အာယတနဒွါရ အမည်ရသည့် ဒွါရကိုပင် ဆိုလိုသည်ဟု မှတ်ပါ။

ဟဒယဝတ္ထုရုပ်ကို သိမ်းဆည်းတတ် ရှုပွားတတ်သော ယောဂါဝစရပုဂ္ဂိုလ်သည်လည်း ဟဒယဝတ္ထုရုပ်ကို မှီ၍ ဖြစ်နေသောအိမ်ရှင် ဘဝင်မနောအကြည်ဓာတ်ကို လွယ်လွယ်ကူကူပင် သိမ်းဆည်းတတ် ရှုပွားတတ်မည် ဖြစ်သည်။ အလားတူပင် ဘဝင်မနောအကြည်ဓာတ်ဟူသော မနောဒွါရကို သိမ်းဆည်းတတ် ရှုပွားတတ်သော ယောဂါဝစရပုဂ္ဂိုလ်သည်လည်း ယင်း ဘဝင်မနောအကြည်ဓာတ်၏ မှီ၍ဖြစ်ရာ ဖြစ်သော ဟဒယဝတ္ထုရုပ်ကို လွယ်လွယ်ကူကူပင် သိမ်းဆည်းနိုင် ရှုပွားနိုင်မည် ဖြစ်ပေသည်။

မနဉ္စ ပဋိစ္စ ဓမ္မေ စ ဥပ္ပဇ္ဇတိ မနောဝိညာဏံ။ (သံ၊၁၊၃၀၂။)

ဤသို့စသော ဒေသနာတော်များ၌ ဟောကြားတော်မူသည့်အတိုင်း မနောဝိညာဏဓာတ် အမည်ရသည့် နာမ်တရားစုတို့ကို သိမ်းဆည်းလို ရှုပွားလိုသော ယောဂါဝစရပုဂ္ဂိုလ်မြတ်သည် ယင်း မနောဝိညာဏဓာတ်တို့၏ စွဲမှီ၍ ဖြစ်ရာ ဖြစ်သော ----

၁။ မန အမည်ရသည့် ဘဝင်မနောအကြည်ဓာတ် = မနောဒွါရကိုလည်းကောင်း,

၂။ ဓမ္မာရုံအမည်ရသည့် တရားတို့ကိုလည်းကောင်း သို့မဟုတ် အာရုံ (၆)ပါးတို့တွင် တစ်ပါးပါးကိုလည်းကောင်း

ပူးတွဲ သိမ်းဆည်းပြီးမှ ယင်းမနောဝိညာဏဓာတ် နာမ်တရားစုတို့ကို သိမ်းဆည်း ရှုပွားရမည် ဖြစ်ပေသည်။ ထိုသို့ ဒွါရနှင့် အာရုံ သို့မဟုတ် ဝတ္ထုနှင့် အာရုံတို့ကို ပူးတွဲသိမ်းဆည်းပြီးမှ ဆိုင်ရာ နာမ်တရားတို့ကို သိမ်းဆည်း ရှုပွားခဲ့သော် ထိုနာမ်တရားတို့ကို လွယ်လွယ်ကူကူ သိမ်းဆည်းနိုင် ရှုပွားနိုင်မည် ဖြစ်ပေသည်။ နာမ်တရားတို့၏ သက်တမ်းကား အလွန် တိုတောင်းလှသဖြင့် ယင်းတို့ စွဲမှီ၍ဖြစ်ရာ ဌာနမှ စောင့်၍ သိမ်းဆည်းပါမှ ယင်းနာမ် တရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်မည် သိမ်းဆည်းရှုပွားနိုင်မည် ဖြစ်သည်။

ဒွါရ နှင့် အာရုံ

တတ္ထ ဧကေကံ အာရမ္မဏံ ဒွီသု ဒွီသု ဒွါရေသု အာပါထမာဂစ္ဆတိ။ ရူပါရမ္မဏဥှိ စက္ခုပသာဒံ ဃဋ္ဋေတွာ တင်္ခဏညေဝ မနောဒွါရေ အာပါထမာဂစ္ဆတိ၊ ဘဝင်္ဂစလနဿ ပစ္စယော ဟောတီတိ အတ္ထော။ သဒ္ဒ-ဂန္ဓ-ရသ ဖောဋ္ဌဗ္ဗာရမ္မဏေသုပိ ဧသေဝ နယော။ ယထာ ဟိ သကုဏော အာကာသေနာဂန္တွာ ရုက္ခဂ္ဂေ နီလိယမာနောဝ ရုက္ခသာခဉ္စ ဃဋ္ဋေတိ၊ ဆာယာ စဿ ပထဝိယံ ပဋိဟညတိ၊ သာခါဃဋ္ဋနဆာယာဖရဏာနိ အပုဗ္ဗံ အစရိမံ ဧကက္ခဏေယေဝ ဘဝန္တိ။ ဧဝံ ပစ္စုပ္ပန္နရူပါဒီနံ စက္ခုပသာဒါဒိဃဋ္ဋနဉ္စ ဘဝင်္ဂစလနသမတ္ထတာယ မနောဒွါရေ အာပါထဂမနဉ္စ အပုဗ္ဗံ အစရိမံ ဧကက္ခဏေယေဝ ဟောတိ။ တတော ဘဝင်္ဂံ ဝိစ္ဆိန္ဒိတွာ စက္ခုဒွါရာဒီသု ဥပ္ပန္နာနံ အာဝဇ္ဇနာဒီနံ ဝေါဋ္ဌဗ္ဗနပရိယောသာနာနံ အနန္တရာ တေသံ အာရမ္မဏာနံ အညတရသ္မိံ ဣဒံ မဟာစိတ္တံ ဥပ္ပဇ္ဇတိ။ (အဘိ၊ဋ္ဌ၊၁၊၁၁၄။)

ဤ အထက်ပါ အဋ္ဌကထာ၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။

ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံ ဟူသော အာရုံ (၅)မျိုးတို့တွင် အာရုံ တစ်မျိုး တစ်မျိုးသည် ဒွါရ နှစ်ခု နှစ်ခုတို့၌ ပြိုင်တူထင်လာ၏။ ဘဝင်လှုပ်ခြင်း၏ အကြောင်းတရား ဖြစ်သည်ဟု ဆိုလို၏။

၁။ ရူပါရုံသည် စက္ခုအကြည်ဓာတ် စက္ခုဒွါရကို ရိုက်ခတ်ပြီး၍ ထိုခဏ၌ပင်လျှင် ဘဝင်မနောအကြည်ဓာတ် = မနောဒွါရ၌ ထင်လာ၏ (= ရှေးရှု ကျရောက်လာ၏။)

၂။ သဒ္ဒါရုံသည် သောတဒွါရကို ရိုက်ခတ်ပြီး၍ ထိုခဏ၌ပင်လျှင် မနောဒွါရ၌ ထင်လာ၏။

၃။ ဂန္ဓာရုံသည် ဃာနဒွါရကို ရိုက်ခတ်ပြီး၍ ထိုခဏ၌ပင်လျှင် မနောဒွါရ၌ ထင်လာ၏။

၄။ ရသာရုံသည် ဇိဝှါဒွါရကို ရိုက်ခတ်ပြီး၍ ထိုခဏ၌ပင်လျှင် မနောဒွါရ၌ ထင်လာ၏။

၅။ ဖောဋ္ဌဗ္ဗာရုံသည် ကာယဒွါရကို ရိုက်ခတ်ပြီး၍ ထိုခဏ၌ပင်လျှင် မနောဒွါရ၌ ထင်လာ၏။ ဘဝင်လှုပ်ခြင်း၏ အကြောင်းတရား ဖြစ်သည်ဟု ဆိုလို၏။

လောကဥပမာအားဖြင့် ဆိုရသော် ---- ငှက်တစ်ကောင်သည် ကောင်းကင်ခရီးဖြင့် လာလတ်၍ သစ်ပင်ဖျား ၌ နားသည် ဆိုကြပါစို့။ ငှက်၏ သစ်ပင်ဖျား၌ နားစဉ် အချိန်ကာလ အတွင်းမှာပင်လျှင် သစ်ကိုင်းကိုလည်း ထိခိုက်မိ ရိုက်ခတ်မိ၏၊ ထိုငှက်၏ အရိပ်သည်လည်း မြေကြီး၌ ထင်၏၊ သစ်ခက်ကို ထိခိုက်မိခြင်း အရိပ်၏ မြေ ကြီးပေါ်၌ ပြန်နှံ့ခြင်းတို့သည် မရှေးမနှောင်း တစ်ခုတည်းသော အချိန်ကာလ ခဏအတွင်းမှာပင်လျှင် ဖြစ်ပေါ် လာကြကုန်၏။ ဤဥပမာအတူပင်လျှင် ပစ္စုပ္ပန် ရူပါရုံ စသည်တို့၏ စက္ခုပသာဒ စသည့် ဆိုင်ရာ အကြည်ဓာတ် တို့ကို ထိခိုက်ခြင်းသည်လည်းကောင်း ဘဝင်လှုပ်ခြင်းငှာ စွမ်းနိုင်သည်၏ အဖြစ်ဖြင့် မနောဒွါရ (= ဘဝင်မနော အကြည်ဓာတ်)၌ ထင်လာခြင်း ရှေးရှုကျရောက်လာခြင်းသည်လည်းကောင်း မရှေးမနှောင်း တစ်ခုတည်းသော အချိန်ကာလခဏ အတွင်းမှာပင်လျှင် ဖြစ်ပေါ်၍လာ၏။ ထိုနောင် ဘဝင်ရပ်၍ ရူပါရုံ စသည်ကို ဆင်ခြင်တတ် သော အာဝဇ္ဇန်း အစရှိသော စက္ခုဒွါရဝီထိ စသည့် ဝီထိစိတ်အစဉ်တို့သည် ထိုက်သလို ဖြစ်ပေါ်လာကြကုန်၏။ (အဘိ၊ဋ္ဌ၊၁၊၁၁၄။)

၆။ သုဒ္ဓမနောဒွါရ၌ကား ပသာဒ (= အကြည်ဓာတ်)တို့၏ ထိခိုက်မှု လုပ်ငန်းကိစ္စကား မရှိကြတော့ပေ။ ဓမ္မာရုံ အမည်ရသော တရားစုတို့သည် မနောဒွါရ (= ဘဝင်မနောအကြည်ဓာတ်)၌ ထင်လာကြကုန်၏။

ဒွါရနှစ်ပါး၌ ထင်ပုံ - ဇောဖြစ်ပုံ

ဧဝံ ဧကေကာရမ္မဏံ ဇဝနံ ဒွီသု ဒွီသု ဒွါရေသု ဥပ္ပဇ္ဇတီတိ ဝေဒိတဗ္ဗံ။ ရူပါရမ္မဏဥှိ ဇဝနံ စက္ခုဒွါရေပိ ဥပ္ပဇ္ဇတိ မနောဒွါရေပိ။ သဒ္ဒါဒိအာရမ္မဏေသုပိ ဧသေဝ နယော။ (အဘိ၊ဋ္ဌ၊၁၊၁၁၆။)

ဤ ဆိုအပ်ခဲ့ပြီးသည့်အတိုင်း ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံဟူသော အာရုံ (၅)မျိုးတို့တွင် တစ်မျိုး တစ်မျိုးသော အာရုံသည် ဒွါရ နှစ်မျိုး နှစ်မျိုးတို့၌ ဖြစ်၏ဟု သိရှိပါလေ။ မှန်ပေသည် ---- ရူပါရုံကို အာရုံပြု၍ ဖြစ်ပေါ်လာသော ဇောစိတ်အစဉ်သည် စက္ခုဒွါရ၌လည်းဖြစ်၏၊ မနောဒွါရ၌လည်း ဖြစ်၏။ သဒ္ဒါရုံ စသော အာရုံတို့၌လည်း နည်းတူပင် မှတ်ပါ။ [ဒွါရနှစ်မျိုးတို့၌ ရူပါရုံစသည့် ပဉ္စာရုံတို့ ထင်လာသောအခါ စက္ခု ဝိညာဏ် စသော ပဉ္စဝိညာဏ်သည်လည်းကောင်း, ပဉ္စဒွါရာဝဇ္ဇန်း စသော မနောဝိညာဏ်သည်လည်းကောင်း ဝီထိစဉ်အတိုင်းသာ ဖြစ်ရိုးဓမ္မတာ ရှိ၏။ ထိုကြောင့် ပဉ္စဝိညာဏ်က ထိုအာရုံကို ယူနိုင်လောက်အောင် စက္ခုဒွါရ စသော ပဉ္စဒွါရတွင် တစ်ပါးပါး၌လည်းကောင်း, မနောဝိညာဏ်က ထိုအာရုံကို ယူနိုင်လောက်အောင် ဘဝင် ဟူသော မနောဒွါရ၌လည်းကောင်း ဤသို့ ဒွါရ နှစ်ခု နှစ်ခု၌ ထင်ရသည်။]

၆ _၆ လီ - တရား

ဆ ဝတ္ထူနိ, ဆ ဒွါရာနိ, ဆ အာရမ္မဏာနိ, ဆ ဝိညာဏာနိ, ဆ ဝီထိယော, ဆဓာ ဝိသယပ္ပဝတ္တိ စေတိ ဝီထိသင်္ဂဟေ ဆ ဆက္ကာနိ ဝေဒိတဗ္ဗာနိ။ (အဘိဓမ္မတ္ထသင်္ဂဟ-ဝီထိပိုင်း။)

နာမ်ကမ္မဋ္ဌာန်းကို အားထုတ်ရာ၌ = နာမ်တရားတို့ကို သိမ်းဆည်း ရှုပွားရာ၌ အာယတနဒွါရအလိုက် သိမ်းဆည်းရမည် ဖြစ်သဖြင့် ရှေးဦးစွာ ယောဂါဝစရပုဂ္ဂိုလ်သည် ၆ _ ၆ လီသော တရားတို့ကို သိထားသင့်ပေသည်။

၁။ စက္ခုဝတ္ထု သောတဝတ္ထု ဃာနဝတ္ထု ဇိဝှါဝတ္ထု ကာယဝတ္ထု ဟဒယဝတ္ထုဟူ၍ ဝတ္ထု (၆)ပါး ရှိပေသည်။ စိတ်စေတသိက်တို့၏ မှီ၍ ဖြစ်ရာ ရုပ်တို့တည်း။

၂။ စက္ခုဒွါရ သောတဒွါရ ဃာနဒွါရ ဇိဝှါဒွါရ ကာယဒွါရ မနောဒွါရဟူ၍ ဒွါရ (၆)ပါး ရှိပေသည်။ ဝီထိစိတ်များ၏ ဝင်ရောက်လာသည့်ပမာ တံခါးကြီးများသဖွယ် ဖြစ်သောကြောင့် သဒိသူပစာရအားဖြင့် ဒွါရ အမည် ရရှိကြပေသည်။

အာရုံ (၆) ပါး

၁။ ရူပါရုံ = အရောင် = အဆင်း = ဝဏ္ဏဓာတ်

၂။ သဒ္ဒါရုံ = အသံ

၃။ ဂန္ဓာရုံ = အနံ့

၄။ ရသာရုံ = အရသာ

၅။ ဖောဋ္ဌဗ္ဗာရုံ = အတွေ့အထိ (= ပထဝီ တေဇော ဝါယော။)

၆။ ဓမ္မာရုံ = ဓမ္မသဘော

စိတ်စေတသိက်တို့၏ လာရောက်မွေ့လျော်ရာ တရားများကို အာရုံဟု ခေါ်ဆို၏။ စိတ်စေတသိက်တို့၏ သိစရာ တရားတို့ပင်တည်း။ ယင်းအာရုံသည် အထက်ပါအတိုင်း (၆)မျိုး ပြား၏။ ယင်း (၆)မျိုးတို့တွင် ဓမ္မာရုံ အမည်ရသော တရားစုတို့မှာ အောက်ပါအတိုင်း (၆)မျိုး ပြားပေသည်။

ဓမ္မာရုံ (၆) မျိုး

ဓမ္မာရမ္မဏံ ပန ပသာဒ-သုခုမရူပ-စိတ္တ-စေတသိက-နိဗ္ဗာန-ပညတ္တိဝသေန ဆဓာ သင်္ဂယှတိ။ (အဘိဓမ္မတ္ထသင်္ဂဟ။)

၁။ ပသာဒရုပ် = အကြည်ရုပ် (၅)ပါး,

၂။ သုခုမရုပ် = သိမ်မွေ့သော ရုပ် (၁၆)ပါး,

[အကြည်ရုပ် (၅)ပါးနှင့် အာရုံ ရုပ် (၇)ပါး ဟူသော (၁၂)မျိုးသော ရုပ်သည် ရှုနေသော ယောဂါဝစရ ပုဂ္ဂိုလ်၏ အသိဉာဏ်၌ ရှုသည့်အခါ ထင်လွယ် မြင်လွယ်သောကြောင့် ကြမ်းတမ်းရကား ဩဠာရိက အမည် ရသည်။ ရုပ် (၂၈)ပါးတွင် ဩဠာရိက ရုပ် (၁၂)ပါးမှ ကြွင်းကျန်သော ရုပ် (၁၆)ပါးသည် ရှုနေသော ယောဂါဝစရ ပုဂ္ဂိုလ်၏ အသိဉာဏ်၌ မထင်လွယ်သဖြင့် သိမ်မွေ့သော ရုပ်ဖြစ်ရကား သုခုမ အမည်ရသည်ဟု မှတ်ပါ။]

၃။ စိတ် = ဝိညာဏဓာတ် (၆)ပါးဟူသော အသိစိတ် အားလုံး,

၄။ စေတသိက် = စေတသိက် (၅၂)လုံး,

၅။ နိဗ္ဗာန် = အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်,

၆။ ပညတ် = ကသိုဏ်းပညတ်, အမည်နာမပညတ်, ပုံသဏ္ဌာန်ပညတ် စသည့် ပညတ် အမျိုးမျိုး ----

ဤသို့လျှင် ဓမ္မာရုံသည် (၆)မျိုး ပြားပေသည်။

ဝိညာဏဓာတ် (၆) ပါး

ဝိပဿနာနယ်ပယ်၌ အကျဉ်းအားဖြင့် ဝိညာဏဓာတ် (၆)ပါး ရှိပေသည်။

၁။ စက္ခုဝိညာဏ် = စက္ခုအကြည်ဓာတ် (မျက်စိအကြည်ဓာတ်)ကို မှီဖြစ်၍ ရူပါရုံ (အရောင်)ကို သိသော စိတ် (= မြင်သိစိတ်)။

၂။ သောတဝိညာဏ် = သောတအကြည်ဓာတ် (နားအကြည်ဓာတ်)ကို မှီဖြစ်၍ သဒ္ဒါရုံ (အသံ)ကို သိသော စိတ် (= ကြားသိစိတ်)။

၃။ ဃာနဝိညာဏ် = ဃာနအကြည်ဓာတ် (နှာအကြည်ဓာတ်)ကို မှီဖြစ်၍ ဂန္ဓာရုံ (အနံ့)ကို သိသော စိတ် (= နံသိစိတ်)။

၄။ ဇိဝှါဝိညာဏ် = ဇိဝှါအကြည်ဓာတ် (လျှာအကြည်ဓာတ်)ကို မှီဖြစ်၍ ရသာရုံ (အရသာ)ကို သိသောစိတ် (= ရသာသိစိတ်)။

၅။ ကာယဝိညာဏ် = ကာယအကြည်ဓာတ် (ကိုယ်အကြည်ဓာတ်)ကို မှီဖြစ်၍ ဖောဋ္ဌဗ္ဗာရုံ (အတွေ့အထိ)ကို သိသောစိတ် (= ထိသိစိတ်)။

၆။ မနောဝိညာဏ် = ဘဝင်မနောအကြည်ဓာတ်ကို စွဲ၍ ဟဒယဝတ္ထုကို မှီဖြစ်၍ အာရုံ (၆)ပါးလုံးကိုပင် ထိုက်သလို သိသောစိတ်။

စက္ခုဝိညာဏ်မှသည် ကာယဝိညာဏ်သို့ တိုင်အောင် ဝိညာဏ် (၅)မျိုးတို့သည် အလိုရှိအပ်သော ဣဋ္ဌာရုံ ကို အာရုံပြု၍ ဖြစ်ပေါ်လာကြသည်လည်း ရှိ၏၊ အလိုမရှိအပ်သော အနိဋ္ဌာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာကြသည် လည်း ရှိ၏၊ ဣဋ္ဌာရုံကို အာရုံပြုသော ပဉ္စဝိညာဏ်တို့မှာ ကုသလဝိပါက် ဖြစ်ကြ၍အနိဋ္ဌာရုံတို့ကို အာရုံပြုသော ပဉ္စဝိညာဏ်တို့မှာ အကုသလဝိပါက်များ ဖြစ်ကြသည်။ ကုသလဝိပါက် အကုသလဝိပါက် နှစ်ရပ်ပေါင်းသော် ဒွေပဉ္စဝိညာဏ် (၁၀) ဖြစ်ကြသည်။ ယင်း ဒွေပဉ္စဝိညာဏ်မှ တစ်ပါး ဟဒယဝတ္ထုကို မှီတွယ်၍ ဖြစ်သော စိတ် အားလုံးသည် မနောဝိညာဏ် မည်ပေသည်။ မနောဝိညာဏဓာတ်ဟုလည်း ခေါ်ဆိုပေသည်။ ယင်းဝိညာဏဓာတ် တို့တွင် စက္ခုဝိညာဏ်သည် ရူပါရုံတစ်ခုတည်းကိုသာ သိ၏။ သောတဝိညာဏ်သည် သဒ္ဒါရုံ တစ်ခုတည်းကိုသာ သိ၏၊ ဃာနဝိညာဏ်သည် ဂန္ဓာရုံတစ်ခုတည်းကိုသာ သိ၏။ ဇိဝှါဝိညာဏ်သည် ရသာရုံ တစ်ခုတည်းကိုသာ သိ၏၊ ကာယဝိညာဏ်သည် ဖောဋ္ဌဗ္ဗာရုံတစ်ခုတည်းကိုသာ သိ၏၊ မနောဝိညာဏ်သည်ကား အာရုံ (၆)ပါးလုံးကိုပင် ထိုက်သလို သိပေသည်။ ဣဋ္ဌာရုံကိုလည်း အာရုံပြု၏၊ အနိဋ္ဌာရုံကိုလည်း အာရုံပြု၏။

ဝီထိ (၆) ပါး

ဝီထိဟူသည် စိတ္တပ္ပဝတ္တိတည်း။ စိတ္တပ္ပဝတ္တိဟူသည် ကိန်းသေမြဲသော စိတ္တနိယာမ လမ်းကြောင်းအတိုင်း အစီအစဉ်အားဖြင့် ဖြစ်နေကြသော စိတ်များတည်း၊ စိတ္တနိယာမ လမ်းကြောင်းအတိုင်း အစီအစဉ်အားဖြင့် အစီ အစဉ်တကျ ဖြစ်နေကြသော စိတ်များကို ဝီထိဟု ခေါ်သည်။ ထိုစိတ္တပ္ပဝတ္တိကို ဝီထိဟု ခေါ်ဆိုရာ၌လည်း ထိုထို ဒွါရနှင့် မသက်ဆိုင်သော ဒွါရမှ အလွတ်ဖြစ်၍ ဒွါရဝိမုတ် အမည်ရသော ပဋိသန္ဓေစိတ် ဘဝင်စိတ် စုတိစိတ်တို့၏ ဖြစ်ခြင်း ပဝတ္တိကိုကား ဝီထိဟု မခေါ်ဆိုနိုင်၊ ထိုထို ဒွါရ၌ ဖြစ်သော စိတ္တပ္ပဝတ္တိကိုသာ ဝီထိဟု ခေါ်ဆိုပေသည်။ ဤဝီထိ အမည်ရသော နာမ်တရားတို့ကို သိမ်းဆည်းသော ယောဂါဝစရပုဂ္ဂိုလ်သည် ဘဝင်မနောအကြည်ဓာတ်ကို သိမ်းဆည်းတတ်ပြီး ဖြစ်ရကား ဝီထိစိတ်တို့ကို သိမ်းဆည်းလျှင် ဘဝင်စိတ်တို့ကိုလည်း သိမ်းဆည်းပြီးပင် ဖြစ်သည်။ ဤ၌ ဘဝင်မနောအကြည်ဓာတ်ကိုသာ အထူးဆိုလိုပါသည်၊ ဘဝင်နာမ်တရားတို့ကို မဆိုလိုသေးပါ။ ဘဝင်စိတ် တို့ကို သိမ်းဆည်းတတ်သော ယောဂါဝစရပုဂ္ဂိုလ်အဖို့ ပဋိသန္ဓေစိတ် စုတိစိတ်တို့ကို ဆက်လက်၍ သိမ်းဆည်း ရန်မှာ မခက်ခဲတော့ပြီ ဖြစ်သည်။ ယင်းဝီထိတို့မှာ အောက်ပါအတိုင်း (၆)မျိုး ရှိကြသည်။

စက္ခုဒွါရဝီထိ, သောတဒွါရဝီထိ, ဃာနဒွါရဝီထိ, ဇိဝှါဒွါရဝီထိ, ကာယဒွါရဝီထိ, မနောဒွါရဝီထိ - ဟု ဒွါရ၏ အစွမ်းဖြင့် ဝီထိ (၆)မျိုး ရှိ၏။

စက္ခုဝိညာဏဝီထိ, သောတဝိညာဏဝီထိ, ဃာနဝိညာဏဝီထိ, ဇိဝှါဝိညာဏဝီထိ, ကာယဝိညာဏဝီထိ, မနောဝိညာဏဝီထိ - ဟု ဝိညာဏ်၏ အစွမ်းဖြင့်လည်း ဝီထိ (၆)မျိုး ရှိ၏။

ထိုဝီထိတို့ကို ဒွါရနှင့် စပ်၍လည်း နာမည် တပ်နိုင်၏။ စက္ခုဒွါရ (မနောဒွါရ)၌ ရူပါရုံထင်လာလျှင် ထိုရူပါရုံ ကို အာရုံပြုသော စိတ်အစဉ်သည် စက္ခုဒွါရဝီထိ မည်၏။

စက္ခုပသာဒ (စက္ခုဒွါရ)၌ ရူပါရုံ ထိခိုက်သည့်အခါ မနောဒွါရဟူသော ဘဝင်မနောအကြည်ဓာတ်၌လည်း ယင်းရူပါရုံသည် တစ်ပြိုင်နက် ထင်လျက် ရှိလေသည်။ ဤသို့လျှင် ရူပါရုံ စသောအာရုံ (၅)မျိုးသည် နှစ်ဒွါရ နှစ်ဒွါရတို့၌ ထင်လေ့ရှိသော်လည်း မနောဒွါရမှာ အာရုံအားလုံးနှင့် ဆက်ဆံနေသောကြောင့် မနောဒွါရ၌ ထင်လာ သည်ဟု အထူးမပြတော့ဘဲ အများနှင့် မဆက်ဆံသော ဒွါရဖြင့် ပိုင်းခြား၍ ရူပါရုံသည် စက္ခုဒွါရ၌ ထင်သည်ဟု အသာဓာရဏနည်းအားဖြင့် ပြတော်မူသည်။ ထိုဝီထိစိတ်အစဉ်ကိုလည်း စက္ခုဒွါရဝီထိဟု အသာဓာရဏနည်း အားဖြင့် အမည်တပ်၍ ခေါ်ဝေါ်လေသည်။ ထိုဝီထိစိတ်အစဉ်ဝယ် စက္ခုဝိညာဏ်နှင့် တကွသော (၈)လုံးသော သမ္ပယုတ်တရားစုသည်သာလျှင် စက္ခုဒွါရ (စက္ခုအကြည်ဓာတ်)ကို မှီဖြစ်၍ ပဉ္စဒွါရာဝဇ္ဇန်း သမ္ပဋိစ္ဆိုင်း စသော စက္ခုဒွါရဝီထိစိတ်အားလုံးတို့ကား ဘဝင်မနောအကြည်ဓာတ်ကို အစွဲပြု၍ ဟဒယဝတ္ထုကိုပင် မှီ၍ ဖြစ်ကြသည်။ သို့သော်လည်း အများနှင့် မဆက်ဆံသော စက္ခုဒွါရဖြင့် မှတ်သား၍ အသာဓာရဏနည်းအားဖြင့် စက္ခုဒွါရဝီထိ ဟုပင် အမည်တပ်၍ ခေါ်ဝေါ်လေသည်။ သောတဒွါရဝီထိ စသည်တို့၌လည်း နည်းတူ မှတ်ပါ။

တစ်ဖန် ဝိညာဏ်နှင့် စပ်၍လည်း ဝီထိ နာမည်ကို မှတ်သားရမည်။ စက္ခုဒွါရဝီထိကား ပဉ္စဒွါရာဝဇ္ဇန်း, စက္ခုဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, ဝုဋ္ဌော, ဇော (၇)ကြိမ်, တဒါရုံ (၂)ကြိမ်တည်း။ သောတဒွါရဝီထိကား ပဉ္စဒွါရာဝဇ္ဇန်း, သောတဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, ဝုဋ္ဌော, ဇော(၇)ကြိမ်, တဒါရုံ (၂)ကြိမ်တည်း။ ဃာနဒွါရ ဝီထိ ဇိဝှါဒွါရဝီထိ ကာယဒွါရဝီထိများလည်း ဤနည်းပင်တည်း။

ဤဝီထိများ၌ ထူးခြားသောစိတ်ကား စက္ခုဝိညာဏ် သောတဝိညာဏ်စသော ဝိညာဏဓာတ်များတည်း။ ပဉ္စဒွါရာဝဇ္ဇန်း သမ္ပဋိစ္ဆိုင်း သန္တီရဏ ဝုဋ္ဌော ဇော တဒါရုံတို့ကား ပဉ္စဒွါရဝီထိတိုင်း လိုလို၌ ပါဝင်လျက် ရှိကြသဖြင့် မထူးခြားချေ၊ ထိုကြောင့် ထူးခြားသော ဝိညာဏ်ဖြင့် မှတ်သား၍ စက္ခုဝိညာဏဝီထိ သောတဝိညာဏဝီထိ စသည် ဖြင့်လည်း အမည်တပ်၍ ခေါ်ဝေါ်သုံးစွဲနိုင်ပေသည်။

တစ်ဖန် နာမ်တရားတို့ကို သိမ်းဆည်းသော ယောဂါဝစရပုဂ္ဂိုလ်သည် အာယတနဒွါရအလိုက် သိမ်းဆည်း ရမည် ဖြစ်သဖြင့် အာယတနဒွါရအလိုက် ဖြစ်ပေါ်နေကြကုန်သော ဝီထိစိတ်တို့၏ အမည်နာမများကိုလည်း သိထားသင့်ပေသည်။ စက္ခုဒွါရဝီထိ အတွင်း၌ တည်ရှိကြသော ဝီထိစိတ်တို့၏ အမျိုးအစားများမှာ အောက်ပါ အတိုင်း (၇)မျိုး ရှိပေသည်။

၁။ ပဉ္စဒွါရာဝဇ္ဇန်း = စက္ခုဒွါရ၌ ထင်လာသော ရူပါရုံကို ဆင်ခြင်သောစိတ်။ (သောတဒွါရ၌ ထင်လာသော သဒ္ဒါရုံကို ဆင်ခြင်သောစိတ် ဤသို့ စသည်ဖြင့် သဘောပေါက်ပါလေ။) (= ဆင်ခြင်)။

၂။ စက္ခုဝိညာဏ် = စက္ခုဝတ္ထုကို မှီဖြစ်၍ ရူပါရုံကို သိသောစိတ် (= မြင်သိ)

၃။ သမ္ပဋိစ္ဆိုင်း = (ရူပါရုံ) အာရုံကို လက်ခံသောစိတ် (= လက်ခံ)။

၄။ သန္တီရဏ = (ရူပါရုံ) အာရုံကို စူးစမ်းသောစိတ် (= စုံစမ်း)။

၅။ ဝုဋ္ဌော = (ရူပါရုံ) အာရုံကို (ဣဋ္ဌ - အနိဋ္ဌ စသည်ဖြင့်) ဆုံးဖြတ်ချက်ချသောစိတ် (= ဆုံးဖြတ်)။

၆။ ဇော = အဟုန်ပြင်းစွာ ဆက်တိုက်ဖြစ်သော အာရုံ၏ အရသာကို ခံစားသောစိတ် (= ဇော)။

၇။ တဒါရုံ = ဇော၏ အာရုံကိုပင် ဆက်လက်သိသောစိတ် (= တဒါရုံ)။

ပဉ္စဒွါရာဝဇ္ဇန်း ဆင်ခြင်

စက္ခုဒွါရစသော ပဉ္စဒွါရ (= ငါးဒွါရ)၌ ထင်လာသော အာရုံကို ဆင်ခြင်သော အာဝဇ္ဇန်းစိတ်ကိုပင် မနော ဒွါရာဝဇ္ဇန်း (= မနောဒွါရ၌ ထင်လာသော အာရုံကို ဆင်ခြင်သောစိတ်)နှင့် ကွဲပြားစေရန် ပဉ္စဒွါရာဝဇ္ဇန်းဟု အမည်ပေးထားသည်။ ငါးဒွါရလုံး၌ အာရုံ ငါးမျိုးလုံး ပြိုင်တူထင်၍ ပြိုင်တူဆင်ခြင်သည်ကား မဟုတ်ပေ။

၁။ ရူပါရုံသည် စက္ခုဒွါရ မနောဒွါရ နှစ်ခု၌ ပြိုင်တူ ထင်၏။

အာဝဇ္ဇန်းသည် ထိုဒွါရနှစ်ခု၌ ထင်လာသော ရူပါရုံကို ဆင်ခြင်၏။

၂။ သဒ္ဒါရုံသည် သောတဒွါရ မနောဒွါရ နှစ်ခု၌ ပြိုင်တူ ထင်၏။

အာဝဇ္ဇန်းသည် ထိုဒွါရ နှစ်ခု၌ ထင်လာသော သဒ္ဒါရုံကို ဆင်ခြင်၏။

၃။ ဂန္ဓာရုံသည် ဃာနဒွါရ မနောဒွါရ နှစ်ခု၌ ပြိုင်တူ ထင်၏။

အာဝဇ္ဇန်းသည် ထိုဒွါရ နှစ်ခု၌ ထင်လာသော ဂန္ဓာရုံကို ဆင်ခြင်၏။

၄။ ရသာရုံသည် ဇိဝှါဒွါရ မနောဒွါရ နှစ်ခု၌ ပြိုင်တူ ထင်၏။

အာဝဇ္ဇန်းသည် ထိုဒွါရ နှစ်ခု၌ ထင်လာသော ရသာရုံကို ဆင်ခြင်၏။

၅။ ဖောဋ္ဌဗ္ဗာရုံသည် ကာယဒွါရ မနောဒွါရ နှစ်ခု၌ ပြိုင်တူ ထင်၏။

အာဝဇ္ဇန်းသည် ထိုဒွါရ နှစ်ခု၌ ထင်လာသော ဖောဋ္ဌဗ္ဗာရုံကို ဆင်ခြင်၏။

ဤသို့ အသီးအသီး မှတ်ပါ။ (အဘိ၊ဋ္ဌ၊၁၊၁၁၄ - ကြည့်။)

အကယ်၍ သောတဒွါရဝီထိ စိတ်အစဉ်ဖြစ်လျှင် စက္ခုဝိညာဏ်နေရာတွင် သောတဝိညာဏ်ကို ပြောင်း ထည့်ပါ။ ဃာနဒွါရဝီထိ စသည်၌လည်း နည်းတူပင် ဃာနဝိညာဏ်စသည်ကို ပြောင်းထည့်ပါ။ တစ်ဖန် ထိုရူပါရုံ စသည်ကိုပင် ဆက်လက်၍ အာရုံယူကာ စက္ခုဒွါရဝီထိ စသည်၏ နောက်တွင် ဘဝင်ခြားလျက် ဖြစ်ပေါ်လာသော တဒနုဝတ္တက မနောဒွါရဝီထိ အမည်ရသော နောက်လိုက် မနောဒွါရဝီထိ၌လည်းကောင်း, ထိုရူပါရုံ စသည်ကိုပင် ဆက်လက်အာရုံယူသည့် နှစ်ခုမြောက်သော မနောဒွါရဝီထိ စသည့် သက်သက်သော သုဒ္ဓမနောဒွါရဝီထိတို့၌ လည်းကောင်း, ဓမ္မာရုံအမည်ရသည့် တရားစုတို့တွင် တစ်မျိုးမျိုးကိုဖြစ်စေ အများစုကိုဖြစ်စေ အာရုံယူ၍ ဖြစ် ပေါ်လာကြကုန်သော မနောဒွါရဝီထိတို့၌လည်းကောင်း ဝီထိစိတ်အမျိုးအစား (၃)မျိုးစီ ရှိသည်။ ယင်းတို့မှာ အောက်ပါအတိုင်း ဖြစ်ကြ၏။

၁။ မနောဒွါရာဝဇ္ဇန်း = မနောဒွါရ၌ ထင်လာသော အာရုံကို ဆင်ခြင်သောစိတ်။ (ဆုံးဖြတ်သည့် လုပ်ငန်း ကိစ္စကိုပါ ပူးတွဲ ပြုလုပ်သည်။) (= ဆင်ခြင် ဆုံးဖြတ်)

၂။ ဇော = အဟုန်ပြင်းစွာ ဆက်တိုက်ဖြစ်သော အဟုန်ပြင်းစွာ အာရုံ၏ အရသာကို ခံစားသော စိတ်။ (= ဇော)

၃။ တဒါရုံ = ဇောယူသည့် အာရုံကို ဆက်လက် သိသောစိတ် (= တဒါရုံ)

ကြိုတင်သိမှတ်ထားရန်

ယေဘုယျအားဖြင့် ဤဝီထိစိတ်တို့တွင် ဇောသည် (၇)ကြိမ် ဖြစ်တတ်၍ တဒါရုံမှာ နှစ် (=၂)ကြိမ် ဖြစ် တတ်၏။ ကျန်ဝီထိစိတ်တို့ကား တစ်ကြိမ်စီသာ ဖြစ်တတ်၏။ စက္ခုဒွါရဝီထိ စသော ပဉ္စဒွါရဝီထိများ၏ နောက်၌ ဘဝင်များခြားလျက် မနောဒွါရဝီထိများ ဖြစ်ကြ၏။ ရှေးဦးစွာသော မနောဒွါရဝီထိကို တဒနုဝတ္တက မနောဒွါရဝီထိ (= နောက်လိုက် မနောဒွါရဝီထိ)ဟု ခေါ်ဆို၍ ဒုတိယမနောဒွါရဝီထိမှ စ၍ နောက်ပိုင်း ဆက်လက်၍ ဖြစ်ပေါ်ကြ ကုန်သော မနောဒွါရဝီထိများကိုကား သုဒ္ဓမနောဒွါရဝီထိဟု ခေါ်ဝေါ်သုံးစွဲကြပေသည်။ တစ်ဖန် ဓမ္မာရုံစာရင်းဝင် တရားစု တစ်ခုခုကို အာရုံပြု၍ သို့မဟုတ် အများစုကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော မနောဒွါရဝီထိ စိတ်အစဉ်များကိုလည်း သုဒ္ဓမနောဒွါရဝီထိဟုပင် ခေါ်ဆိုသည်ဟု မှတ်ပါ။ တစ်ဖန် ထိုဝီထိစိတ်အစဉ်တို့တွင် စက္ခုဝိညာဏ် စသော ပဉ္စဝိညာဏ်မှ လွဲ၍ ကျန်ဝီထိစိတ် အားလုံးကို မနောဝိညာဏ်ဟုလည်းကောင်း, မနောဓာတ် မနောဝိညာဏဓာတ်ဟုလည်းကောင်း ခေါ်ဆို၍ သုတ္တန်နည်းအရ ဘဝင်မနောအကြည်ဓာတ်ကို မနောဓာတ်ဟု လည်းကောင်း, မနောဒွါရဟုလည်းကောင်း အသီးအသီး ခေါ်ဆိုသည်ဟုလည်း မှတ်သားပါ။

ဝိသယပ္ပဝတ္တိ (၆) ပါး

အာရုံ၏ ဒွါရ၌ ထင်လာခြင်းကိုပင် ဝိသယပ္ပဝတ္တိဟု ဆိုလိုသည်။ အာရုံ၏ ဒွါရ၌ ထင်လာခြင်းဟူရာ၌ လည်း လက်ဆုပ်လက်ကိုင် ရှာလျှင် ထင်လာသော အာရုံမှ တစ်ပါး ထင်ခြင်းဟု သီးခြား မရှိတော့ပြီ၊ ထိုကြောင့် ဝိသယပ္ပဝတ္တိ (၆)မျိုး အရ ----

၁။ အတိမဟန္တာရုံ,

၂။ မဟန္တာရုံ,

၃။ ပရိတ္တာရုံ,

၄။ အတိပရိတ္တာရုံ - ဟု ပဉ္စဒွါရ၌ (၄)မျိုး။

၅။ ဝိဘူတာရုံ,

၆။ အဝိဘူတာရုံ - ဟု မနောဒွါရ၌ (၂)မျိုး။

အားလုံးပေါင်းသော် (၆)မျိုးကိုပင် ဆိုလိုသည်ဟု မှတ်ပါ။

အတိမဟန္တာရုံ

ရူပါရုံစသော ပဉ္စာရုံ = အာရုံ (၅)မျိုးသည် ဆိုင်ရာ ဒွါရ၌ ထင်သည့်အခါ ယင်းအာရုံ ရုပ်တရားတို့၏ ဖြစ်မှုက အလွန်လျင်မြန်သောကြောင့် ဖြစ်တုန်း လောလောဆယ်မှာ ဆိုင်ရာဒွါရ၌ မထင်လာနိုင်သေးဘဲ ဖြစ်ပြီး နောက် ဌီကာလသို့ ရောက်မှ ထင်နိုင်ကြသည်။ ဤသတ်မှတ်ချက်မှာလည်း ပဉ္စဒွါရ၌ ဆိုင်ရာအာရုံ ထင်မှုကိုသာ ရည်ညွှန်း၍ ပြောဆိုသောစကားဟု မှတ်ပါ။ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းနေသော ဝိပဿက ယောဂါဝစရပုဂ္ဂိုလ် ဖြစ်မူကား ဥဒယဗ္ဗယဉာဏ်ပိုင်းသို့ ဆိုက်ရောက်သောအခါ ယင်းသူတော်ကောင်း၏ မနောဒွါရဝယ် ပရမတ်တရားတို့၏ ဥပါဒ်-ဌီ-ဘင်များအားလုံး ထင်နိုင်သည်သာ ဖြစ်သည်။

ထိုပဉ္စာရုံတို့ ပဉ္စဒွါရဝယ် ထင်ကြရာ၌ အာရုံနှင့် ဒွါရ စုံရုံမျှဖြင့် ထင်နိုင်ကြသည်ကား မဟုတ်။

၁။ စက္ခုဒွါရဝယ် ရူပါရုံ ထင်လာရာ၌ အာလောက (= အရောင်အလင်း)လည်း ရှိပါမှ ထင်နိုင်သည်။

၂။ သောတဒွါရဝယ် သဒ္ဒါရုံ ထင်လာရာ၌ သောတဒွါရနှင့် သဒ္ဒါရုံ၏ အကြားဝယ် အာကာသအကြားအပေါက် ရှိပါမှ ထင်နိုင်သည်။

၃။ ဃာနဒွါရဝယ် ဂန္ဓာရုံ ထင်လာရာ၌ ဝါယောဓာတ် (= လေ) ဟူသော သယ်ဆောင်တတ်သော ဓာတ်၏ အထောက်အပံ့ကို ရပါမှ ထင်လာနိုင်သည်။

၄။ ဇိဝှါဒွါရဝယ် ရသာရုံ ထင်လာရာ၌ အာပေါဓာတ် (= ရေဓာတ် = ရသာရည်ဓာတ်) ဟူသော အထောက် အပံ့ကို ရပါမှ ထင်လာနိုင်သည်။

၅။ ကာယဒွါရဝယ် ဖောဋ္ဌဗ္ဗာရုံ ထင်လာရာ၌ ပထဝီဓာတ်၏ အထောက်အပံ့ကို ရရှိပါမှ ထင်လာနိုင်သည်။ ဖောဋ္ဌဗ္ဗာရုံသည် ကာယပသာဒ (= ကာယဒွါရ)၌ ထိခိုက်သည့်အခါ ကာယပသာဒတွင်သာ တန့်ရပ်မနေ၊ ကာယပသာဒ၏မှီရာ မဟာဘုတ်တို့ကိုလည်း ထိခိုက်လေ၏၊ ထိုမဟာဘုတ်များတွင်ကား ပထဝီဓာတ်သည် အချုပ်အခြာ အမာခံတည်း။ ထိုကြောင့် ဖောဋ္ဌဗ္ဗာရုံသည် ကာယဒွါရဝယ် ထင်လာရာ၌ ပထဝီဓာတ်သည် အရေးကြီးသော အထောက်အပံ့ တစ်ခုပေတည်း။ (ကာယပသာဒနှင့် ကလာပ်တူ ပထဝီဓာတ်ကိုသာ ဆိုလိုသည်။)

စိတ်တို့၌ ဖြစ်မှု တည်မှု ပျက်မှု (= ဥပါဒ်-ဌီ-ဘင်)ဟု ခဏငယ် သုံးချက်စီ အသီးအသီး ရှိ၏။ ယင်းခဏငယ် သုံးခုတို့၏ အပေါင်းကို စိတ္တက္ခဏတစ်ခု စိတ္တက္ခဏတစ်ချက်ဟု ခေါ်၏။ ရုပ်တို့သည် အထူးသဖြင့် ရူပါရုံ စသော ရုပ်အစစ် (၁၈)မျိုးတို့သည် စိတ္တက္ခဏ (၁၇)ချက် သက်တမ်း ရှိကြ၏။ ခဏငယ်အားဖြင့် (၅၁)ချက် သက်တမ်း ရှည်ကြ၏။ နာမ်နှင့် ရုပ်တို့သည် ဥပါဒ်ကာလချင်း ဘင်ကာလချင်း၌ အချိန်ခဏ ကွဲပြားမှု မရှိ တူညီကြ၏။ ဌီကာလ၌သာလျှင် ရုပ်တို့က စိတ္တက္ခဏပေါင်း (၁၆)ချက်နှင့် ခဏငယ်တစ်ချက် သက်တမ်းရှည်ကြ၏။ တစ်နည်း ဆိုသော် ရုပ်တို့၏ ဌီကာလသည် စိတ်တို့၏ ခဏငယ် (၄၉)ချက်နှင့် အချိန်ကာလချင်း ညီမျှကြ၏။

နာမ်တရားတို့တွင် စိတ်သည် ပဓာန ဖြစ်၏၊ ထို ပဓာနဖြစ်သော စိတ်သည် အာရုံကို ရယူခြင်း သဘောမျှ သာတည်း။ အာရုံကို ထင်ရှားအောင် ပြုလုပ်ခြင်းဖြင့် အာရုံကို ရယူသည်နှင့် တစ်ပြိုင်နက် စိတ်ဟူသော သဘာဝ ဓမ္မသည် ချုပ်ပျက်ရ၏၊ စိတ်ချုပ်လျှင် နောက်လိုက် စေတသိက်များလည်း ချုပ်ရတော့သည်။ သို့အတွက် နာမ် တရားတို့သည် အသက်တို၏၊ လျင်မြန်သော ပြောင်းလဲမှု ရှိ၏၊ အာရုံကို ရယူခြင်းဟူသော လိုအပ်သော အကျိုး၏ ပြီးစီးပြည့်စုံသည်၏ အခြားမဲ့၌သာလျှင် ချုပ်တတ်သောသဘော ရှိသောကြောင့် လျင်မြန်သော ပြောင်းလဲမှု ရှိ၏။ ။ ရုပ်တရားတို့တွင် မဟာဘုတ်များသည် ပဓာနဖြစ်၏၊ ထိုမဟာဘုတ်တို့သည် လေးဆေးသောသဘော ရှိရကား မဟာဘုတ်ကို မှီ၍ ဖြစ်ကြရသည့် တွဲဖက် ဥပါဒါရုပ်တို့သည်လည်း မဟာဘုတ်ကဲ့သို့ပင် အသက်ရှည်ကြ ရလေသည်။ (အနုဋီ၊၂၊၂၉။)

ဥပါဒ်ပြီးနောက် ဌီကာလသို့ ရောက်ရှိလာသော ရူပါရုံသည် စက္ခုအကြည်ဓာတ် အားကောင်းခြင်း, ရူပါရုံ၏ ထင်ရှားခြင်း, အလင်းရောင် အားကောင်းခြင်းဟူသော ဆိုင်ရာ အကြောင်းတရားများ အားကောင်းလျှင် စိတ္တက္ခဏ တစ်ချက်ခန့် အလွန်တွင် ယင်းရူပါရုံသည် စက္ခုဒွါရ မနောဒွါရ၌ ပြိုင်တူ ထင်လာနိုင်၏။

ယင်းပသာဒ, အာရုံ, အာလောကစသော အကြောင်းတို့တွင် တစ်ခုဖြစ်စေ နှစ်ခုဖြစ်စေ, သုံးခုလုံးဖြစ်စေ ညံ့နေလျှင် ညံ့သည့်အလိုက် ယင်းရူပါရုံသည် ဥပါဒ်ပြီးနောက် စိတ္တက္ခဏ နှစ်ချက်ခန့် သုံးချက်ခန့် လေးချက်ခန့် စသည်လွန်၍ ဌီကာလသို့ အတော်ခပ်ကြာကြာ ရောက်ရှိပြီးပါမှ စက္ခုဒွါရ မနောဒွါရ၌ ထင်လာနိုင်သည်လည်း ရှိ၏။ (စိတ္တက္ခဏ နှစ်ချက်လွန်မှ သုံးချက်ခန့်စသည်လွန်မှသာ ဌီကာလသို့ ရောက်ရှိလာသော ရူပါရုံသည် စက္ခု ဒွါရ မနောဒွါရ၌ ထင်လာနိုင်သည်ဟု အတိအကျဆိုသောစကား မဟုတ်သည်ကိုကား သတိပြုပါ။)

၁။ အကယ်၍ ရူပါရုံသည် ဥပါဒ်ပြီးနောက် ဌီကာလသို့ ရောက်ခိုက် စိတ္တက္ခဏတစ်ချက်အလွန်တွင် စက္ခုဒွါရ မနောဒွါရ၌ ပြိုင်တူထင်ခြင်းသို့ ရောက်ရှိလာသည် ဖြစ်အံ့၊ ထိုနောင် ဘဝင်နှစ်ကြိမ် လှုပ်ပြီးသည်ရှိသော် ဘဝင်အယဉ်ကို ဖြတ်၍ လည်စေ၍ ထိုရူပါရုံကိုပင် ဆင်ခြင်တတ်သော ပဉ္စဒွါရာဝဇ္ဇန်းစိတ်သည် ဖြစ်ပေါ် ပြီးနောက် ချုပ်ပျက်သွား၏။

၂။ ထိုနောင် ထိုပဉ္စဒွါရာဝဇ္ဇန်း၏ အခြားမဲ့၌ ထိုရူပါရုံကိုပင်လျှင် မြင်တတ်သော စက္ခုဝိညာဏ်စိတ်သည်,

၃။ ထိုရူပါရုံကိုပင်လျှင် လက်ခံသော သမ္ပဋိစ္ဆိုင်းစိတ်သည်,

(ပဉ္စဒွါရာဝဇ္ဇန်းက ဆင်ခြင်၍ စက္ခုဝိညာဏ်သည် ယူအပ်ပြီးသော ရူပါရုံကိုပင်လျှင် လွှတ်မပစ်လိုက်ဘဲ လက်သင့်ခံထားသကဲ့သို့ ဖြစ်သောစိတ် ဟူလိုသည်။)

၄။ ထိုရူပါရုံကိုပင်လျှင် စူးစမ်းသော သန္တီရဏစိတ်သည်, (ဧည့်သည်အသစ် ရောက်သည့်အခါ အိမ်မှာ လက်သင့် ခံပြီးနောက် လူကောင်းလေလား လူဆိုးလေလားဟု စုံစမ်းသကဲ့သို့ သမ္ပဋိစ္ဆိုင်းစိတ်က လက်သင့်ခံ ထားသော ရူပါရုံကိုပင်လျှင် ဣဋ္ဌ အခြင်းအရာ = ကောင်းသော အရသာ ရှိလေသလား၊ အနိဋ္ဌ အခြင်း အရာ = မကောင်းသော အရသာ ရှိလေသလားဟု စုံစမ်းနှိုင်းချိန်သကဲ့သို့ ဖြစ်သောစိတ်ဟု ဆိုလိုသည်၊၊)

၅။ ထိုရူပါရုံကိုပင်လျှင် အသီးအသီး ပိုင်းခြားသတ်မှတ် ဆုံးဖြတ်သော ဝုဋ္ဌောစိတ်သည် ---- (သန္တီရဏစိတ်က စုံစမ်းပြီးနောက် အာရုံကို ဣဋ္ဌ အခြင်းအရာ = သာယာဖွယ်ဟူ၍လည်းကောင်း, အနိဋ္ဌ အခြင်းအရာ = မသာယာဖွယ်ဟူ၍လည်းကောင်း အသီးအသီး ပိုင်းခြားသတ်မှတ် ဆုံးဖြတ်သကဲ့သို့ဖြစ်သော စိတ်ဟု ဆိုလိုပေသည်၊၊)

ဤသို့လျှင် ဤစိတ်တို့သည် အစဉ်အတိုင်း ဖြစ်ကြကုန်၍ ချုပ်ပျက်သွားကြကုန်၏။

၆-၁၂။ ထိုဝုဋ္ဌောစိတ် ချုပ်ပျက်ပြီးနောက် (၂၉)မျိုးသော ကာမဇောတို့တွင် ယောနိသောမနသိကာရ = နှလုံး သွင်းမှန်မှု, အယောနိသောမနသိကာရ = နှလုံးသွင်းမှားမှု စသော အကြောင်းအထောက်အပံ့ကို ရရှိသော တစ်မျိုးမျိုးသော ဇောသည် ယေဘုယျ = များသောအားဖြင့် (၇)ကြိမ် စောလေ၏။

၁၃-၁၄။ ဇောနောက်သို့ အစဉ်လိုက်တတ်ကုန်သော ဇောယူထားသည့် အာရုံကိုပင် ဆက်လက် အာရုံယူကြ ကုန်သော နှစ်ကြိမ်ကုန်သော တဒါရုံ ဝိပါက်စိတ်တို့သည်လည်း ထိုက်သလို ဖြစ်ပေါ်လာကြကုန်၏။ ထိုနောင် ဘဝင်ကျပြန်လေသည်။

ဤသို့လျှင် ----

၁။ အတီတဘဝင် = လွန်သောဘဝင် (၁) ကြိမ်,

၂။ ဘဝင်္ဂစလန = လှုပ်သောဘဝင် (ဘဝင်္ဂစလန - ဘဝင်္ဂုပစ္ဆေဒ) (၂) ကြိမ်,

၃။ ဝီထိစိတ် (၁၄) ကြိမ်,

အားလုံးပေါင်းသော် စိတ္တက္ခဏ (၁၇)ချက် ဖြစ်၏။

အတီတဘဝင်၏ဥပါဒ်နှင့် ပြိုင်၍ ဖြစ်လာသော ရူပါရုံသည် ဒုတိယတဒါရုံသို့ ရောက်သောအခါ စိတ္တက္ခဏ (၁၇)ချက် သက်တမ်းစေ့သဖြင့် ဒုတိယတဒါရုံ၏ ဘင်နှင့် ပြိုင်၍ ချုပ်၏။ ဤသို့လျှင် ဝီထိစိတ် အဝင်အပါ ဒုတိယတဒါရုံသို့ တိုင်အောင် စိတ္တက္ခဏ (၁၇)ချက် သက်တမ်းရှိသော ရူပါရုံသည် အတိမဟန္တာရုံ မည်၏။ ယင်းဝီထိစိတ်အစဉ်ကိုလည်း အတိမဟန္တာရုံ ဝီထိ ဟုပင် ခေါ်ဆိုပေသည်။ (အဘိဓမ္မတ္ထသင်္ဂဟ။)

ဤဖွင့်ဆိုချက်အရ ဤဝီထိစဉ်ကို အောက်ပါအတိုင်း အတိုကောက် မှတ်သားထားလေရာသည်။

အတိမဟန္တာရုံ ဝီထိ

၁။ တီ = အတီတဘဝင် = လွန်သောဘဝင်

၂။ န = ဘဝင်္ဂစလန = လှုပ်သောဘဝင်

၃။ ဒ = ဘဝင်္ဂုပစ္ဆေဒ = ရပ်သောဘဝင်

၄။ ပ = ပဉ္စဒွါရာဝဇ္ဇန်း

၅။ စ = စက္ခုဝိညာဏ်

၆။ သံ = သမ္ပဋိစ္ဆိုင်း

၇။ ဏ = သန္တီရဏ

၈။ ဝု = ဝုဋ္ဌော

၉-၁၅။ ဇ = ဇော (၇)

၁၆-၁၇။ တ = တဒါရုံ (၂)

။ ဘ = ဘဝင်

ဇော ဟူသည်

အဟုန်ပြင်းစွာ ဖြစ်ပေါ်လာသည်၏ အဖြစ်ကြောင့် ဇောမည်၏၊ ထိုကြောင့် အကြိမ်နည်းသည် ဖြစ်စေ များသည် ဖြစ်စေ အဟုန်ပြင်းပြင်း တင်းတင်းထန်ထန် ဖြစ်ပေါ်လာသော စိတ်ကို ဇောစိတ်ဟု ခေါ်၏၊ မဂ်ဇော အဘိညာဏ်ဇောတို့သည် တစ်ကြိမ်သာ ဖြစ်သော်လည်း တစ်ကြိမ်ဆိုရလောက်အောင် အဟုန်အရှိန် ရှိကြ၏။ ဘဝင်စိတ်တို့ကား အကြိမ်များစွာ ဆက်ကာ ဆက်ကာ ဖြစ်ပါသော်လည်း အဟုန်အရှိန် မရှိကြ၊ ထိုဇောစိတ်တို့၏ ကိစ္စကား အာရုံ၏ အရသာကို ပိုင်ပိုင်နိုင်နိုင် ခံစားခြင်းပင်တည်း။

ပရိတ္တဇဝနဝီထိယံ ကာမာဝစရဇဝနာနိ သတ္တက္ခတ္တုံ ဆက္ခတ္တုမေဝ ဝါ ဇဝန္တိ။ (အဘိဓမ္မတ္ထသင်္ဂဟ၊ ဝီထိပိုင်း၊ ဇဝနဝါရ။)

ဝေါဋ္ဌဗ္ဗနာနန္တရံ ပန သစေ မဟန္တံ ဟောတိ ရူပါဒိအာရမ္မဏံ။ ပ ။ ဆ သတ္တ ဝါ ဇဝနာနိ ဇဝန္တိ။ ဧသော တာဝ ပဉ္စဒွါရေ နယော။ (ဝိသုဒ္ဓိ၊၂၊၈၉။)

ဆ သတ္တ ဝါတိ ဝါ-သဒ္ဒေန ပဉ္စ ဝါတိ ဣဒမ္ပိ ဝုတ္တမေဝါတိ ဒဋ္ဌဗ္ဗံ။ သုတ္တမုစ္ဆိတာဒိကာလေ ဟိ ပဉ္စပိ ဇဝနာနိ ဇဝန္တီတိ။ (မဟာဋီ၊၂၊၁၃၃။)

မရဏကာလာဒီသု ပန ပဉ္စဝါရမေဝ။ (အဘိဓမ္မတ္ထသင်္ဂဟ။)

ဤအထက်ပါ အရပ်ရပ်သော အဋ္ဌကထာ ဋီကာတို့၏ ဖွင့်ဆိုတော်မူချက်အရ ကာမဇောတို့သည် ယေ ဘုယျအားဖြင့် ဇောစိတ်တစ်မျိုးတည်းပင် (၇)ကြိမ် ထပ်၍ ဖြစ်တတ်၏။ (၆)ကြိမ်စောသော အရာလည်း ရှိ၏။ ဤကား ပကတိရိုးရာအခါတည်း။ သေခါနီးအခါ, အိပ်ပျော်နေသောအခါ, မေ့မျောနေသောအခါ, ရေနစ် နေသောအခါ စသည်တို့၌ (၅)ကြိမ် စောသည်လည်း ရှိတတ်သေး၏။

တဒါရုံ ဟူသည်

တဒေတံ ဇဝနာဝသာနေ ဘဝင်္ဂဿ အာရမ္မဏေ ပဝတ္တနာရဟံ သမာနံ တဿ ဇဝနဿ အာရမ္မဏံ အာရမ္မဏံ ကတွာ ပဝတ္တတ္တာ တဒါရမ္မဏန္တိ ဝုစ္စတိ။ ဧဝံ ဧကာဒသန္နံ ဝိပါကဝိညာဏာနံ တဒါရမ္မဏဝသေန ပဝတ္တိ ဝေဒိတဗ္ဗာ။ (ဝိသုဒ္ဓိ၊၂၊၉၀။)

ဇောက အာရုံ၏ အရသာကို ပို၍ ပိုင်ပိုင်နိုင်နိုင် ခံစားပြီး ဖြစ်သောကြောင့် ဇော၏ အဆုံးတွင် ဝိပါက် ဝိညာဏ်သည် ဘဝင်ကိစ္စ တပ်လျက် ဘဝင်၏ အာရုံဖြစ်သော အတိတ်ဘဝ သေခါနီးကာလဝယ် မရဏာသန္န ဇောက ယူအပ်ခဲ့သော ကံ-ကမ္မနိမိတ်-ဂတိနိမိတ်ဟူသော အာရုံသုံးမျိုးတို့တွင် တစ်မျိုးမျိုးကို ထိုက်သလို အာရုံ ပြုလျက် ဖြစ်သင့်သော်လည်း ---- တသွင်သွင် အောက်သို့ စီးဆင်းနေသော ရေအယဉ်သည် အဟုန်ပြင်းစွာ အထက်သို့ ဆန်တက် ခုတ်မောင်းလာသော လှေ (သင်္ဘော) ၏ နောက်သို့ အနည်းငယ် လိုက်ပါသွားသကဲ့သို့ ထို့အတူ အဟုန်ကောင်းသော ဇောနောက်သို့ နှစ်ကြိမ်ခန့် တဒါရုံကိစ္စတပ်လျက် ယင်း ဝိပါက်ဝိညာဏ်သည် လိုက်ပါသွားရလေ၏။ ထိုကြောင့်ပင် ဘဝင်စိတ်၏ ယူရိုးယူစဉ် ကံ-ကမ္မနိမိတ်-ဂတိနိမိတ်ဟူသော အာရုံသုံးမျိုး တို့တွင် တစ်မျိုးမျိုးကို မယူတော့ဘဲ ဇော၏နောက်သို့ လိုက်၍ ဇော၏အာရုံကို ယူသည့်အတွက် တဒါရုံဟူသော အမည်ကို ရရှိလေသည်။ ယင်းတဒါရုံသည် နှစ်ကြိမ်သော်လည်းကောင်း တစ်ကြိမ်သော်လည်းကောင်း ဖြစ်တတ် ပေသည်။ ယင်းတဒါရုံသည် ----

၁။ မိမိ၏ ရှေးက ဇောသည် ကာမဇောဖြစ်ခြင်း,

၂။ တဒါရုံ ဖြစ်ရာ သတ္တဝါသည် ကာမသတ္တဝါ ဖြစ်ခြင်း,

၃။ ပဉ္စဒွါရ၌ အတိမဟန္တာရုံ, မနောဒွါရ၌ ဝိဘူတာရုံဟူသော ကာမအာရုံ ဖြစ်ခြင်း,

(ရုပ် ၂၈-ပါးနှင့် ကာမစိတ်စေတသိက်တို့ကို ကာမအာရုံဟု ဆိုလိုသည်။)

ဤအကြောင်းသုံးမျိုး စုံညီပါမှ ဇောနောင်၌ ယင်းတဒါရုံ ကျနိုင်သည်ဟု မှတ်ပါ။ (ဝိသုဒ္ဓိ၊၂၊၈၉-၉၀။)

နှစ်ကြိမ် - တစ်ကြိမ်

ဒွိက္ခတ္တုံ သကိံ ဝါတိ ဝစနသိလိဋ္ဌဝသေန ဝုတ္တံ အဋ္ဌ ဝါ ဒသ ဝါတိအာဒီသု ဝိယ။ ဒွိက္ခတ္တုံယေဝ ပန ဝဏ္ဏေန္တိ။ (မဟာဋီ၊၂၊၁၃၄။)

တဒါရုံ နှစ်ကြိမ်သော်လည်းကောင်း တစ်ကြိမ်သော်လည်းကောင်း ဖြစ်၏ဟု (ဝိသုဒ္ဓိ၊၂၊၉၀) အဋ္ဌကထာ က ဖွင့်ဆိုခြင်းသည် ဝစနသိလိဋ္ဌ = စကားပြေပြစ် ချောမောရန်အတွက်သာ အဋ္ဌကထာဆရာတော်က ဖွင့်ဆိုတော် မူခြင်း ဖြစ်သည်။ တဒါရုံသည် နှစ်ကြိမ်သာလျှင် ဖြစ်ရိုးရှိကြောင်း ဆရာမြတ်တို့ ဖွင့်ဆိုတော်မူကြကုန်သည်။ (မဟာဋီ၊၂၊၁၃၄။)

ဣဒံ ဒွေ နာမာနိ လဘတိ ပဋိသန္ဓိစိတ္တသဒိသတ္တာ မူလဘဝင်္ဂန္တိ စ, ယံ ဇဝနေန ဂဟိတံ အာရမ္မဏံ၊ တဿ ဂဟိတတ္တာ တဒါရမ္မဏန္တိ စ။ (အဘိ၊ဋ္ဌ၊၁၊၃၁၀။)

ဤစိတ်သည် ပဋိသန္ဓေစိတ်နှင့် တူသော ဝိပါက်စိတ်ဖြစ်ခြင်းကြောင့် မူလဘဝင်ဟူသော အမည်ကိုလည်း ရရှိ၏၊ ဇောယူသည့် အာရုံကို ယူသောကြောင့် တဒါရုံဟူသော အမည်ကိုလည်း ရရှိ၏။ (အဘိ၊ဋ္ဌ၊၁၊၃၁၀။)

[ဤ အဋ္ဌသာလိနီအဋ္ဌကထာ၏ ဖွင့်ဆိုချက်ကား ပဋိသန္ဓေစိတ်နှင့် အလားတူသော တဒါရုံကိုသာ ရည်ညွှန်း ထားသည်ဟု မှတ်ပါ။ ပဋိသန္ဓေက တိဟိတ် သောမနဿပဋိသန္ဓေဖြစ်လျှင် တဒါရုံလည်း တိဟိတ်သောမနဿ တဒါရုံဖြစ်မှ, ပဋိသန္ဓေက တိဟိတ် ဥပေက္ခာပဋိသန္ဓေဖြစ်လျှင် တဒါရုံလည်း တိဟိတ် ဥပေက္ခာတဒါရုံဖြစ်ပါမှ မူလဘဝင်ဟူသော အမည်, တဒါရုံဟူသော အမည် - အမည် နှစ်မျိုးကို ရနိုင်သည်။ ပဋိသန္ဓေနှင့် မတူသော တဒါရုံဖြစ်က မူလဘဝင်ဟူသော အမည်ကို မရနိုင်၊ ဤသို့ စသည်ဖြင့် သဘောပေါက်ပါလေ။]

ယောနိသောမနသိကာရ

ယင်း အတိမဟန္တာရုံဝီထိဝယ် ---- ဝုဋ္ဌောစိတ် ချုပ်ပျက်ပြီးနောက် ဇောစောသည်ရှိသော်, ရူပါရုံက ကာမ အာရုံ ဖြစ်သောကြောင့် ကာမဇောများသာ စောခွင့်ရှိသည်။ မဟဂ္ဂုတ်ဇော လောကုတ္တရာဇောတို့ကား ကာမ တရားကို အာရုံ မပြုနိုင်ကြပေ။ ကာမဇော စောရာ၌ ဝီထိစဉ်တစ်ခုအတွင်းဝယ် ဇောအမျိုးအစား များစွာ စောမည်ကား မဟုတ်၊ ကာမဇော (၂၉)မျိုးတို့တွင် အကြောင်းသင့်ရာ ဇောတစ်မျိုးမျိုးသာ စောခွင့် ရရှိနိုင်သည်။

ယေ ကေစိ ဘိက္ခဝေ ဓမ္မာ ကုသလာ ကုသလဘာဂိယာ ကုသလပက္ခိကာ၊ သဗ္ဗေ တေ ယောနိသောမနသိကာရမူလကာ ယောနိသောမနသိကာရသမောသရဏာ။ ယောနိသောမနသိကာရော တေသံ ဓမ္မာနံ အဂ္ဂမက္ခာယတိ။ (သံ၊၃၊၈၁။)

= ရဟန်းတို့ ...ကုသိုလ်အဖို့ ရှိကုန်သော ကုသိုလ်အသင်းအပင်း ဖြစ်ကုန်သော ကုသိုလ်တရား ဟူသမျှ တို့သည် ယောနိသောမနသိကာရလျှင် အကြောင်းရင်း ရှိကုန်၏၊ ယောနိသောမနသိကာရလျှင် စုဝေးရာ ရှိကုန် ၏၊ ယောနိသောမနသိကာရကို ထိုကုသိုလ်တရားတို့ထက် မြတ်၏ဟု ဆိုအပ်၏။ (သံ၊၃၊၈၁။)

ဤအထက်ပါ ပါဠိတော်များနှင့် အညီ ယင်း ဝီထိစိတ်အစဉ်တို့၌ ယောနိသောမနသိကာရ ရှိလျှင် ကုသိုလ်ဇော စောတတ်၍ ယောနိသောမနသိကာရ မရှိလျှင် အကုသိုလ်ဇော စောတတ်ပေသည်။

ယောနိသောမနသိကာရော နာမ ဥပါယမနသိကာရော ပထမနသိကာရော အနိစ္စေ အနိစ္စန္တိ ဝါ ဒုက္ခေ္ခ ဒုက္ခန္တိ ဝါ အနတ္တနိ အနတ္တာတိ ဝါ အသုဘေ အသုဘန္တိ ဝါ မနသိကာရော။ (မ၊ဋ္ဌ၊၁၊၂၈၆။)

တတ္ထ ယောနိသောမနသိကာရဗဟုလီကာရောတိ ကုသလာဒီသု တံတံသဘာဝရသလက္ခဏာဒိကဿ ယာထာဝတော အဝဗုဇ္ဈနဝသေန ဥပ္ပန္နော ဉာဏသမ္ပယုတ္တစိတ္တုပ္ပါဒေါ။ သော ဟိ အဝိပရီတမနသိကာရတာယ ယောနိသော မနသိကာရောတိ ဝုတ္တော၊ တဒါဘောဂတာယ အာဝဇ္ဇနာပိ တဂ္ဂတိကာဝ၊ တဿ အဘိဏှပဝတ္တနံ ဗဟုလီကာရော။ (မ၊ဋီ၊၁၊၃၈၁။)

၁။ ကုသိုလ်တရား အကုသိုလ်တရား စသော ခန္ဓာ (၅)ပါး ရုပ်နာမ်တရားတို့၏ ဟုတ်မှန်တိုင်းသော ကိုယ်ပိုင် သဘာဝလက္ခဏာနှင့် ရသ, ပစ္စုပဋ္ဌာန်, ပဒဋ္ဌာန်တို့ကိုလည်းကောင်း,

၂။ ယင်း ခန္ဓာ (၅)ပါး ရုပ်နာမ်တရားတို့၏ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံ စသော ဆိုင်ရာ ဆိုင်ရာ အကြောင်းတရားတို့ကြောင့် ထင်ရှား ဖြစ်ပေါ်လာရပုံကိုလည်းကောင်း၊

၃။ ယင်း ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ် အသီးအသီးတို့၏ ဟုတ်မှန်တိုင်းသော ကိုယ်ပိုင်သဘာဝလက္ခဏာနှင့် ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကိုလည်းကောင်း ဟုတ်တိုင်းမှန်စွာ ထွင်းဖောက်သိမြင်သည်၏ အစွမ်းဖြင့် ဖြစ်ပေါ် လာသော ပုထုဇန် သေက္ခပုဂ္ဂိုလ်တို့၏ မဟာကုသိုလ် ဉာဏသမ္ပယုတ် စိတ္တုပ္ပါဒ်သည် အသေက္ခ ရဟန္တာ အရှင်မြတ်တို့၏ မဟာကြိယာ ဉာဏသမ္ပယုတ် စိတ္တုပ္ပါဒ်သည် ယောနိသောမနသိကာရ မည်၏။

၄။ အနိစ္စ ဖြစ်သော ဥပါဒါနက္ခန္ဓာ (၅)ပါး ဒုက္ခသစ္စာတရားနှင့် ကြောင်း-ကျိုး ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရားဟူသော သမုဒယသစ္စာတရားတို့၌ အနိစ္စဟု နှလုံးသွင်းမှု,

၅။ ဒုက္ခဖြစ်သော ယင်း ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့၌ ဒုက္ခဟု နှလုံးသွင်းမှု,

၆။ အနတ္တဖြစ်သော ယင်း ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့၌ အနတ္တဟု နှလုံးသွင်းမှု,

၇။ အသုဘဖြစ်သော ယင်း ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့၌ အသုဘဟု နှလုံးသွင်းမှု၏ အစွမ်းဖြင့် ဟုတ်တိုင်းမှန်စွာ ထွင်းဖောက်သိမြင်သည်၏ အစွမ်းဖြင့်ဖြစ်ပေါ်လာသော ယင်း မဟာကုသိုလ် မဟာကြိယာ ဉာဏသမ္ပယုတ် စိတ္တုပ္ပါဒ်သည်လည်း ယောနိသောမနသိကာရပင် မည်ပေ၏။

အယောနိသောမနသိကာရ

အယောနိသော မနသိကာရောတိ အနုပါယမနသိကာရော ဥပ္ပထမနသိကာရော၊ အနိစ္စေ နိစ္စန္တိ ဝါ ဒုက္ခေ သုခန္တိ ဝါ အနတ္တနိ အတ္တာတိ ဝါ အသုဘေ သုဘန္တိ ဝါ မနသိကာရော။ (သံ၊ဋ္ဌ၊၃၊၁၇၇။ မ၊ဋ္ဌ၊၁၊၂၈၅-၂၈၆။)

အယောနိသောမနသိကာရဟူသည် လမ်းရိုးလမ်းမှန် မဟုတ်သော နှလုံးသွင်းမှုတည်း။ အနိစ္စဖြစ်သော ဒုက္ခသစ္စာတရား သမုဒယသစ္စာတရား၌ နိစ္စဟုလည်းကောင်း, ဒုက္ခဖြစ်သော ဒုက္ခသစ္စာတရား သမုဒယသစ္စာ တရား၌ သုခဟုလည်းကောင်း, အနတ္တဖြစ်သော ဒုက္ခသစ္စာတရား သမုဒယသစ္စာတရား၌ အတ္တဟုလည်းကောင်း, အသုဘဖြစ်သော ဒုက္ခသစ္စာတရား သမုဒယသစ္စာတရား၌ သုဘဟုလည်းကောင်း နှလုံးသွင်းမှုမျိုးကို ဆိုလိုသည်။ (သံ၊ဋ္ဌ၊၃၊၁၇၇။ မ၊ဋ္ဌ၊၁၊၂၈၅-၂၈၆။)

အာဝဇ္ဇန်း

တဒါဘောဂတာယ အာဝဇ္ဇနာပိ တဂ္ဂတိကာဝ၊ (မ၊ဋီ၊၁၊၃၈၁။)

အာဝဇ္ဇန်းသည် ယောနိသောမနသိကာရ တိုက်ရိုက် အမည်ရနေသည့် မဟာကုသိုလ်မဟာကြိယာ ဉာဏ သမ္ပယုတ် ဇောစိတ္တုပ္ပါဒ်ယူသည့် အာရုံကိုပင် ယင်းဇောက နှလုံးသွင်းသည့်အတိုင်း နှလုံးသွင်းတတ်သော သဘော ရှိသောကြောင့် ဇောအလား ရှိရကား ယောနိသောမနသိကာရပင် အမည် ရရှိပေသည်။ ဇောက အနိစ္စဖြစ်သော ဒုက္ခသစ္စာတရား သမုဒယသစ္စာတရား၌ အနိစ္စဟု နှလုံးသွင်းလျှင် အာဝဇ္ဇန်းကလည်း ဇော အလားတူပင် အနိစ္စ ဟု နှလုံးသွင်းပေသည်။ ဤသို့ စသည်ဖြင့် သဘောပေါက်ပါလေ။ တဂ္ဂတိကနည်းတည်း။

ဤ၌ ကုသိုလ်ဇောဖြစ်ခြင်း၏ အကြောင်း ယောနိသောမနသိကာရဟူသည်မှာ ယင်း အာဝဇ္ဇန်းကိုပင် ဆိုလိုပေသည်။

မနသိကာရ သုံးမျိုး

မနသိကာရသည် ဝီထိပဋိပါဒက မနသိကာရ, ဇဝနပဋိပါဒက မနသိကာရ, အာရမ္မဏပဋိပါဒက မနသိကာရဟု သုံးမျိုး ရှိ၏။ ထိုတွင် ----

၁။ ဝီထိစိတ်အစဉ်ကို ဖြစ်ပေါ်လာစေတတ်သော မနသိကာရကို ဝီထိပဋိပါဒက မနသိကာရဟု ခေါ်၏။ တရားကိုယ်မှာ ပဉ္စဒွါရာဝဇ္ဇန်းတည်း။ ပဉ္စဒွါရာဝဇ္ဇန်းသည် မိမိ၏ နောက်၌ စက္ခုဝိညာဏ်, သမ္ပဋိစ္ဆိုင်း စသော ဝီထိစိတ်အစဉ်ကို ဖြစ်စေတတ်သည်။

၂။ ဇောစိတ်အစဉ်ကို ဖြစ်ပေါ်လာစေတတ်သော မနသိကာရကို ဇဝနပဋိပါဒက မနသိကာရဟု ခေါ်၏၊ တရားကိုယ်မှာ မနောဒွါရာဝဇ္ဇန်းတည်း။ မနောဒွါရာဝဇ္ဇန်းသည် မိမိ၏ နောက်၌ ဇောစိတ်အစဉ်ကို ဖြစ် ပေါ်လာစေတတ်သည်။ ယင်း မနောဒွါရာဝဇ္ဇန်းကား ပဉ္စဒွါရဝီထိ၌ ဝုဋ္ဌောကိစ္စ (= အာရုံကို ဣဋ္ဌ အနိဋ္ဌ စသည်ဖြင့် ဆုံးဖြတ်ချက်ချခြင်းကိစ္စ)ကို ဆောင်ရွက်သည်။ မနောဒွါရဝီထိ၌ကား ယင်း မနောဒွါရာဝဇ္ဇန်း သည် အာရုံကို ဣဋ္ဌ အနိဋ္ဌ စသည်ဖြင့်လည်း ဆင်ခြင်ဆုံးဖြတ်၏၊ ရုပ်တရား နာမ်တရား အကြောင်းတရား အကျိုးတရား အနိစ္စတရား ဒုက္ခတရား အနတ္တတရား အသုဘတရား စသည်ဖြင့်လည်း ဆင်ခြင်ဆုံးဖြတ် ၏။ နိစ္စ သုခ အတ္တ သုဘ စသည်ဖြင့်လည်း ဆင်ခြင် ဆုံးဖြတ်၏။ ယင်း ဝုဋ္ဌော မနောဒွါရာဝဇ္ဇန်းတို့၏ ဆင်ခြင်ဆုံးဖြတ်မှုသည်လည်း ယောနိသောမနသိကာရ သို့မဟုတ် အယောနိသောမနသိကာရဟူသော အမည်ကို ရရှိသည်သာ ဖြစ်ပေသည်။ ယင်းယောနိသောမနသိကာရသည်လည်း ကုသိုလ်ဇော ဖြစ်ခြင်း၏ အကြောင်းတစ်ခု ဖြစ်ပေသည်။ ယင်း အယောနိသောမနသိကာရသည်လည်း အကုသိုလ်ဇော ဖြစ်ခြင်း၏ အကြောင်းတစ်ခုပင် ဖြစ်ပေသည်။

၃။ စိတ်၌ အာရုံကို ပေါ်လာစေတတ်သော မနသိကာရစေတသိက်သည် အာရမ္မဏပဋိပါဒက မနသိကာရ မည်ပေသည်။ (အဘိ၊ဋ္ဌ၊၁၊၁၇၇။)

သမ္ပတ္တိစက်တို့၏ စွမ်းအင်

ထိုယောနိသောမနသိကာရ ဖြစ်ဖို့ မဖြစ်ဖို့ရန် အကြောင်း အဆက်ဆက်ကား ----

၁။ အတ္တသမ္မာပဏိဓိ,

၂။ သဒ္ဓမ္မဿဝန,

၃။ သပ္ပုရိသူပနိဿယ,

၄။ ပဋိရူပဒေသဝါသ,

၅။ ပုဗ္ဗေ စ ကတပုညတာ - ဟူသော

သမ္ပတ္တိစက်တို့၏ ရှိခြင်း မရှိခြင်းများတည်း။

ရှေးရှေးဘဝများက မဂ်ဖိုလ် နိဗ္ဗာန် ရရှိရေးအတွက် ပြုစုပျိုးထောင်ခဲ့သော စရဏမျိုးစေ့ကောင်း ဝိဇ္ဇာ မျိုးစေ့ကောင်း ဟူသော ပါရမီတရားအပေါင်းတို့သည်ကား အဓိကာရ ကောင်းမှုကုသိုလ် မည်ပေသည်။

မဂ်ဖိုလ် နိဗ္ဗာန်ကို ရည်ရွယ်တောင့်တ၍ ပြုစုပျိုးထောင်ခဲ့သော ဒါနကျင့်စဉ် သီလကျင့်စဉ် သမာဓိကျင့်စဉ် တို့သည်ကား စရဏမျိုးစေ့ကောင်းများ ဖြစ်ကြ၏။ ယင်း စရဏမျိုးစေ့ကောင်းတို့ကား နိဗ္ဗာန်ရောက်ကြောင်း သူတော်ကောင်းတရားဟု ခေါ်ဆိုအပ်သော သစ္စာလေးပါးနှင့် စပ်သော တရားစကားကို ဟောကြားပြသ ဆိုဆုံးမ နိုင်သည့် ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့နှင့် တွေ့အောင် ကြုံအောင် ပို့ဆောင်ပေးကြ၏။

ရုပ်တရား နာမ်တရားတို့ကို ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် ကြိတ်ချေခဲ့ဖူးခြင်းဟူသော နာမရူပ ပရိစ္ဆေဒဉာဏ်,

အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးတို့၌ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းခဲ့ဖူးခြင်း ဉာဏ်ဖြင့် ကြိတ်ချေခဲ့ဖူးခြင်းဟူသော ပစ္စယပရိဂ္ဂဟဉာဏ်,

ယင်း ရုပ်-နာမ်-ကြောင်း-ကျိုး သင်္ခါရတရားတို့ကို အနိစ္စ ဒုက္ခ အနတ္တဟု လက္ခဏာရေး သုံးတန်တင်ကာ ကြိတ်ချေခဲ့ဖူးခြင်းဟူသော ဝိပဿနာဉာဏ် ----

ဤဉာဏ်တို့ကား ယေဘုယျအားဖြင့် ဝိဇ္ဇာမျိုးစေ့ကောင်းများ ဖြစ်ကြ၏။ [ယေဘုယျဟု ဆိုရခြင်းမှာ စရဏ တရား (၁၅)ပါးတို့တွင် သူတော်ကောင်းတရား (၇)ပါး၌ ဝိပဿနာပညာလည်း ပါဝင်လျက် ရှိ၏။ တစ်ဖန် ----ဝိဇ္ဇာ (၈)ပါးတို့တွင်လည်း ဝိပဿနာဉာဏ် ပါဝင်လျက် ရှိ၏။ သို့အတွက် ဝိပဿနာဉာဏ်သည် စရဏနှင့် ဝိဇ္ဇာ နှစ်ဖက်ရ တရားဖြစ်၍ ယေဘုယျဟု ဆိုခြင်းဖြစ်သည်။]

ပုဗ္ဗေ စ ကတပုညတာ သမ္ပတ္တိစက် ---- ရှေးရှေး ဘဝထိုထိုက စရဏမျိုးစေ့ကောင်း ဝိဇ္ဇာမျိုးစေ့ကောင်း ဟူသော ပါရမီ ကောင်းမှုထူး ကုသိုလ်ကောင်းမှုထူးကို ပြုခဲ့ဖူးခြင်းသည် ပုဗ္ဗေ စ ကတပုညတာ သမ္ပတ္တိစက် မည်၏။ ယင်း ပုဗ္ဗေ စ ကတပုညတာသမ္ပတ္တိစက်နှင့် ပြည့်စုံသူသည် သင့်တင့်လျောက်ပတ် ကောင်းမြတ်သော သူတော်သူမြတ်တို့ နေထိုင်ရာ ပဋိရူပဒေသခေါ်သည့် အရပ်၌ ဖြစ်လာရ၏။ ဘုရား အစရှိသော သူတော် သူမြတ်တို့ နေထိုင်ရာ အရပ်သို့ ရောက်အောင် ထိုအဓိကာရ ကောင်းမှုကုသိုလ်က ပစ်ပို့လိုက်သဖြင့် ပဋိရူပ ဒေသဝါသ သမ္ပတ္တိစက်နှင့် ပြည့်စုံလာရ၏။

တစ်ဖန် ထို ပဋိရူပဒေသဝါသ သမ္ပတ္တိစက် ရှိသူသည် မိကောင်း ဘကောင်း ဆွေကောင်း မျိုးကောင်း ဆရာကောင်း သမားကောင်းဟူသော သူတော်ကောင်းတို့ကို မှီခို ဆည်းကပ်ရခြင်းတည်းဟူသော သပ္ပုရိသူပ နိဿယ သမ္ပတ္တိစက်နှင့် ပြည့်စုံလာရပြန်၏။ ထို သပ္ပုရိသူပနိဿယ သမ္ပတ္တိစက်နှင့် ပြည့်စုံသူသည် သစ္စာလေးပါး နှင့် စပ်သော သူတော်ကောင်းတရားကို နာကြားရခြင်းဟူသော သဒ္ဓမ္မဿဝနစက်နှင့် ပြည့်စုံလာ၏။ ထိုသဒ္ဓမ္မ ဿဝန သမ္ပတ္တိစက် ထင်ရှား ရှိနေသူသည် မိမိကိုယ်ကိုလည်းကောင်း မိမိစိတ်ကိုလည်းကောင်း စောင့်စည်း ထိန်းသိမ်းနိုင်ခြင်းတည်းဟူသော အတ္တသမ္မာပဏိဓိ သမ္ပတ္တိစက်နှင့် ပြည့်စုံလာနိုင်၏။

ဤ အတ္တသမ္မာပဏိဓိစက်နှင့် အချက်ကျကျ ပြည့်စုံနေသူ၏ သန္တာန်ဝယ် တွေ့ဆုံမိရာ အာရုံတိုင်း၌ ယောနိသောမနသိကာရ အဖြစ်များတော့သည်သာတည်း၊ ထိုသူတော်ကောင်းသည် မိမိကိုယ်ကိုလည်းကောင်း စိတ်ကိုလည်းကောင်း ----

၁။ သီလဖြင့် ထိန်းချုပ်ရမည့် နေရာတွင် သီလဖြင့် ထိန်းချုပ်လျက် ရှိ၏။

၂။ သမာဓိဖြင့် ထိန်းချုပ်ရမည့် နေရာတွင် သမာဓိဖြင့် ထိန်းချုပ်လျက် ရှိ၏။

၃။ ပညာဖြင့် ထိန်းချုပ်ရမည့် နေရာတွင် ပညာဖြင့် ထိန်းချုပ်လျက် ရှိ၏။

သို့အတွက် ယောနိသောမနသိကာရ အဖြစ်များရခြင်း ဖြစ်ပေသည်။

ထိုကဲ့သို့သော အဆင့်ဆင့်သော သမ္ပတ္တိစက်များ ချွတ်ယွင်းပျက်ပြားနေသူ သန္တာန်၌ကား အယောနိသော မနသိကာရ အဖြစ်များလျက် အကုသိုလ်ဇောများ စောခွင့် ရတော့ပေလတ္တံ့။ ဤ စကားအစဉ်အရ ယခုဘဝ ကုသိုလ်ဇော စောရာ၌ ယောနိသောမနသိကာရသည် နီးကပ်သောအကြောင်း, အတ္တသမ္မာပဏိဓိစက် စသည် ကား ဝေးသောအကြောင်းဟု မှတ်ပါ။ ဤသို့ ဇောများ ထိုက်သလို စောပြီးနောက် တဒါရုံ နှစ်ကြိမ်တို့၏ နောက်ဝယ် ဘဝင် တစ်ဖန် ပြန်၍ ကျပေသည်။ ဤကား အတိမဟန္တာရုံဝီထိတည်း။

စိတ်ဖြစ်ပေါ်လာပုံ

ဤပြခဲ့ပြီးသော စိတ်များသည် အခွင့်သာလျှင် သင့်ရာမှ ဖြစ်ဖို့ရာ ခန္ဓာကိုယ်တွင်း၌ စုဝေး တည်ရှိနေသည် လည်း မဟုတ်၊ အပြင်ဘက် တစ်စုံတစ်ခုသော နေရာ၌ စုပေါင်း သိမ်းဆည်းထားနိုင်သူလည်း မရှိ။ ဝတ္ထု, အာရုံ မနသိကာရ စသော ဆိုင်ရာ အကြောင်းတရားတို့ ပေါင်းဆုံမိကြသည့်အခါကျမှ ရုတ်ခြည်း ဖြစ်ပေါ်လာကြပေ သည်။ ဥပမာ -- နေအပူရှိန် ကျရောက်က မီးထ၍တောက်နိုင်သော သူရိယကန္တ ခေါ်သော ကျောက်တစ်မျိုးသည် ရှိ၏၊ မီးသည် နေရောင်မှာလည်း မရှိသေး၊ သူရိယကန္တ ခေါ်သော ကျောက်မှာလည်း မရှိသေး၊ သို့သော် နေရောင် နှင့် သူရကန်ကျောက်တို့ ပေါင်းဆုံမိသည့်အခါဝယ် ဓာတ်သဘာဝအလျောက် မီးထ၍ တောက်သကဲ့သို့တည်း။ ကျောက်နှင့် မှီရာဝတ္ထု, နေရောင်နှင့် အာရုံ, မီးပေါ်လာပုံနှင့် စိတ်ဖြစ်ပေါ်လာပုံတို့ တူမျှကြလေသည်။

သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံတို့၏ အတိမဟန္တာရုံ အမည်ကို ရရှိရာ၌လည်း နည်းတူပင် မှတ်ပါ။ ဤဝါရကို တဒါရမ္မဏဝါရဟု အဘိဓမ္မတ္ထသင်္ဂဟကျမ်းက အမည်တပ်ထားပေသည်။

မဟန္တာရုံ ဝီထိ

ရူပါရုံသည် ဥပါဒ်ပြီးနောက် စက္ခုဒွါရ မနောဒွါရ၌ မထင်နိုင်သေးဘဲ စိတ္တက္ခဏ နှစ်ချက်ခန့် သုံးချက်ခန့် လွန်သွား၏။ စိတ္တက္ခဏ နှစ်ချက်ခန့် သုံးချက်ခန့် လွန်သွားပါမှ ထင်လာခဲ့သော် ယင်းရူပါရုံသည် တဒါရုံဖြစ်သည့် တိုင်အောင် ဌီအခိုက်၌ တည်နေခြင်းငှာ မစွမ်းနိုင်ဘဲ တဒါရုံ မဖြစ်ခင် စိတ္တက္ခဏ (၁၇)ချက် သက်တမ်းစေ့ သွားသဖြင့် ကွယ်လွန်ချုပ်ပျောက်ရ၏။ ယင်းသို့ စိတ္တက္ခဏ နှစ်ချက်ခန့် သုံးချက်ခန့် လွန်မှ စက္ခုဒွါရ မနောဒွါရ၌ ထင်လာရသော ရူပါရုံသည် မဟန္တာရုံ မည်၏။

မဟန္တာရုံ အမည်ရသော ဤရူပါရုံသည် ဥပါဒ်ပြီးနောက် ဌီကာလသို့ ရောက်လျှင် ရောက်ခြင်း စက္ခုဒွါရ မနောဒွါရ၌် မထင်လာနိုင်သေးခြင်း၏ အကြောင်းမှာ ဤသို့ ဖြစ်၏။ ရူပါရုံ၏ စက္ခုဒွါရ၌ ထင်ခြင်း၏ အကြောင်း တရားသုံးပါးတို့တွင် ရူပါရုံက ဖြစ်စေ, စက္ခုပသာဒက ဖြစ်စေ, အာလောကက ဖြစ်စေ, အတိမဟန္တာရုံတုန်းက လောက် အားမကောင်းသောကြောင့် ဤမဟန္တာရုံ အမည်ရသော ရူပါရုံသည် ဥပါဒ်ပြီးနောက် စက္ခုဒွါရ မနော ဒွါရတို့၌ စိတ္တက္ခဏ နှစ်ချက်ခန့် သုံးချက်ခန့်လွန်မှ ထင်လာနိုင်သည်။ ဤ၌လည်း မဟန္တာရုံချင်း တူပါသော်လည်း အာရုံ ပသာဒ အာလောကတို့၏ အင်အားအလိုက် အားရှိလျှင် နှစ်ချက်ခန့် အလွန်တွင် ထင်လာ၍ ထိုမျှလောက် အားမရှိလျှင် သုံးချက်ခန့်လွန်မှ ထင်လာနိုင်သည်။ သဒ္ဒါရုံ စသည် အာရုံတို့၏ မဟန္တာရုံ အမည်ကို ရရှိရာ၌လည်း နည်းတူ မှတ်ပါ။

ထို မဟန္တာရုံ ဝီထိ၌ ဇော၏အဆုံး၌ ဘဝင်ကျတော့၏။ တဒါရုံ မဖြစ်တော့ပေ။ ဤဝါရကို ဇဝနဝါရ - ဟု အဘိဓမ္မတ္ထသင်္ဂဟကျမ်းက အမည်တပ်ထားပေသည်။

ဣဒဉ္စာပိ အာရမ္မဏဒုဗ္ဗလတာယ ဧဝ ဟောတိ။ အယံ တတိယော မောဃဝါရော။ (အဘိ၊ဋ္ဌ၊၁၊၃၁၀။)

= ဤမဟန္တာရုံ အမည်ရသော အာရုံသည်လည်း တဒါရုံမဖြစ်မီ အတွင်းမှာပင်လျှင် ဇော၏အဆုံး၌ ဘဝင် ကျရသော ဝါရ ဖြစ်ရသည်မှာ အာရုံ၏ အားနည်းမှုကြောင့်သာလျှင် ဖြစ်ပေသည်။ ဤဝါရသည် တတိယ မောဃဝါရ ဖြစ်သည်။ (အဘိ၊ဋ္ဌ၊၁၊၃၁၀။) ---- ဤသို့လျှင် အဘိဓမ္မာ အဋ္ဌသာလိနီအဋ္ဌကထာ၌ ဤမဟန္တာရုံ ဝီထိကို တတိယမောဃဝါရဟု အမည်တပ်ထားပေသည်။ တဒါရုံမှ ကင်းဆိတ်သောကြောင့် မောဃဝါရဟု အမည် တပ်ခြင်း ဖြစ်ပေသည်။ အဘိဓမ္မတ္ထသင်္ဂဟကျမ်း၌ကား ဇောတွင် အဆုံးသတ်သော အာရုံ ဖြစ်ခြင်းကြောင့် ဇဝန ဝါရဟု ခေါ်ဆိုထားပေသည်။

ပရိတ္တာရုံ ဝီထိ

ရူပါရုံသည် အားနည်းသော ဒုဗ္ဗလသဘော ရှိခြင်းကြောင့် ဥပါဒ်ပြီးနောက် ဌီကာလသို့ ရောက်ရှိသော် လည်း စက္ခုဒွါရ မနောဒွါရ၌ ရုတ်ခြည်း မထင်သေးဘဲ စိတ္တက္ခဏ ၄-၅-၆-၇-ချက် စသည် လွန်သွားပါမှသာလျှင် ယင်းဒွါရတို့၌ ထင်လာနိုင်၏။ ယင်းကဲ့သို့သော ရူပါရုံသည် တဒါရုံဖြစ်သည်တိုင်အောင် ဌီအခိုက်၌ တည်ခြင်းငှာ မစွမ်းနိုင်ရုံသာမက ဇောဖြစ်သည့်တိုင်အောင်လည်း တည်ခြင်းငှာ မစွမ်းနိုင် ဖြစ်နေ၏။ ဇော (၇)ကြိမ် မစောမီ အချိန်ကာလအတွင်းမှာပင် စိတ္တက္ခဏ (၁၇)ချက် သက်တမ်းစေ့၍ ချုပ်ပျက်သွား၏။ ဇောဖြစ်သည်တိုင်အောင် သက်တမ်းစေ့သဖြင့် မတည်နေနိုင်သော စက္ခုဒွါရ မနောဒွါရ၌ ထင်လာသော ရှေးရှု ကျရောက်လာသော ထိုရူပါရုံသည် ပရိတ္တာရုံ မည်၏။ ထိုဝီထိမှာ ပရိတ္တာရုံဝီထိ ဖြစ်၏။

တတ္ထ ဇဝနမ္ပိ အနုပ္ပဇ္ဇိတွာ ဒွိတ္တိက္ခတ္တုံ ဝေါဋ္ဌဗ္ဗနမေဝ ပဝတ္တတိ၊ တတော ပရံ ဘဝင်္ဂပါတောဝ ဟောတိ။ (အဘိဓမ္မတ္ထသင်္ဂဟ။)

ထိုပရိတ္တာရုံဝီထိ၌ ဇောသော်မှလည်း မဖြစ်တော့ဘဲ နှစ်ကြိမ် သုံးကြိမ် ဝုဋ္ဌောသာလျှင် ဖြစ်တော့သည်။ ထို ဝုဋ္ဌောနောင်၌ ဘဝင်ကျတော့သည်သာ ဖြစ်၏။ (အဘိဓမ္မတ္ထသင်္ဂဟ။)

ဤ ဝါရကို ဝေါဋ္ဌဗ္ဗနဝါရဟု အဘိဓမ္မတ္ထသင်္ဂဟကျမ်းက အမည်တပ်ထားပေသည်။ သို့သော် အဋ္ဌသာလိနီ အဋ္ဌကထာ၌ အောက်ပါအတိုင်း မှတ်သားစရာများနှင့်တကွ ဖွင့်ဆိုထားပေသည်။

ဒုတိယ မောဃဝါရ

သစေ ပန ဘဝင်္ဂံ အာဝဋ္ဋေတိ၊ ကိရိယမနောဓာတုယာ ဘဝင်္ဂေ အာဝဋ္ဋိတေ ဝေါဋ္ဌဗ္ဗနံ အပါပေတွာဝ အန္တရာ စက္ခုဝိညာဏေ ဝါ သမ္ပဋိစ္ဆနေ ဝါ သန္တီရဏေ ဝါ နိဝတ္တိဿတီတိ နေတံ ဌာနံ ဝိဇ္ဇတိ။ ဝေါဋ္ဌဗ္ဗနဝသေန ပန ဌတွာ ဧကံ ဝါ ဒွေ ဝါ စိတ္တာနိ ပဝတ္တန္တိ။ တတော အာသေဝနံ လဘိတွာ ဇဝနဋ္ဌာနေ ဌတွာ ပုန ဘဝင်္ဂံ ဩတရတိ၊ ဣဒမ္ပိ အာရမ္မဏဒုဗ္ဗလတာယ ဧဝ ဟောတိ။ အယံ ပန ဝါရော ဒိဋ္ဌံ ဝိယ မေ, သုတံ ဝိယ မေတိအာဒီနိ ဝဒနကာလေ လဗ္ဘတိ။ အယမ္ပိ ဒုတိယော မောဃဝါရော။ (အဘိ၊ဋ္ဌ၊၁၊၃၀၉-၃၁၀။)

= နောက်တစ်မျိုးကား ---- စက္ခုဒွါရ မနောဒွါရ၌ ဌီကာလသို့ ရောက်ရှိနေသော ရူပါရုံသည် စိတ္တက္ခဏ (၄-၅) ချက် စသည် အလွန်တွင် ထင်လာခဲ့သည် ဖြစ်၏။ ထိုအခါ၌ ပဉ္စဒွါရာဝဇ္ဇန်းဟူသော ကိရိယမနောဓာတ် သည် ဘဝင်ကို လည်စေသည် ဖြစ်အံ့၊ ဘဝင်အယဉ်ကို ရပ်စေသည် ဖြစ်အံ့၊ ကိရိယာမနောဓာတ်က ဘဝင်ကို လည်စေအပ်ပြီးသည် ရှိသော် = ရပ်စေအပ်ပြီးသည် ရှိသော် အာရုံကို ဣဋ္ဌ အနိဋ္ဌ စသည်ဖြင့် ဆုံးဖြတ်ချက် ချသည့် ဝုဋ္ဌောစိတ်သို့ မရောက်စေမူ၍သာလျှင် ပဉ္စဒွါရာဝဇ္ဇန်းဟူသော ကိရိယမနောဓာတ်နှင့် ဝုဋ္ဌောအကြား၌

၁။ စက္ခုဝိညာဏ်၌သော်လည်းကောင်း,

၂။ သမ္ပဋိစ္ဆိုင်း၌သော်လည်းကောင်း,

၃။ သန္တီရဏ၌သော်လည်းကောင်း ---

ဝီထိစိတ်အစဉ်သည် တန့်ရပ်၍ ဆုတ်နစ်သွားလတ္တံ့= ဘဝင်သို့ သက်ရောက်လတ္တံ့ဟူသော ဤအကြောင်း အရာသည် မရှိသည်သာတည်း။ အကယ်စင်စစ်မှာမူကား ဝုဋ္ဌော၏ အစွမ်းဖြင့် ဝုဋ္ဌော၌ တန့်ရပ်၍ တစ်ကြိမ်သော ဝုဋ္ဌောစိတ်သည်သော်လည်းကောင်း နှစ်ကြိမ်ကုန်သော ဝုဋ္ဌောစိတ်တို့သည်သော်လည်းကောင်း ဖြစ်ပေါ်သွား ကြကုန်၏။ ထိုမှနောက်၌ အာသေဝနပစ္စည်းကို သို့မဟုတ် အာသေဝနပစ္စည်းနှင့်တူသော အထုံကို ရရှိသည် ဖြစ်၍ ဇော၏အရာ၌ ရပ်တည်၍ ဖြစ်ပြီးလျှင် တစ်ဖန် ဘဝင်သို့ သက်ပြန်၏။ ဤ ဝီထိစိတ်အစဉ်သည်လည်း အာရုံ၏ အားနည်းသည်၏ အဖြစ်ကြောင့် ဤဆိုခဲ့သည့်အတိုင်း ဇော တဒါရုံတို့သို့ တိုင်အောင် ထိုအာရုံက ဌီကာလ၌ ရပ်တည်၍ မနေနိုင်သဖြင့် ဝုဋ္ဌောတိုင်ရုံသာ ဖြစ်ရလေသည်။

ဤ ဝါရကို ငါသည် မြင်လိုက်သလိုတော့ ရှိ၏၊ ငါသည် ကြားလိုက်သလိုတော့ ရှိ၏ ဤသို့ စသော စကားတို့ကို ပြောဆိုရာအခါ၌ ရအပ်ပေသည်။ ဤဝါရသည်လည်း ဇောမှ ကင်းဆိတ်သော နှစ်ခုမြောက်သော ဒုတိယ မောဃဝါရတည်း။

မူလဋီကာ အနုဋီကာ အဆို

အာသေဝနံ လဘိတွာ --- အရ ဝုဋ္ဌော နှစ်ကြိမ် ဖြစ်ရာ၌ နောက်ဝုဋ္ဌောသည် ရှေးဝုဋ္ဌော၏ အာသေဝန ပစ္စည်းဖြင့် ကျေးဇူးအပြုကို ခံရ၏ဟုလည်းကောင်း ထိုဝုဋ္ဌော နှစ်ကြိမ်ကိုပင် ဇောအရာ၌ တည်သည်ဟုလည်းကောင်း ယူလျှင် ပဋ္ဌာန်းပါဠိတော်၌ ထိုသို့ ဟောတော်မူအပ်ချက် မရှိ၍ ဤအဆိုအမိန့်ကို စူးစမ်း၍ လက်ခံ သင့်ကြောင်းကို (မူလဋီ၊၁၊၁၂၉-၁၃၀) တို့၌ မူလဋီကာဆရာတော်က စိစစ် တင်ပြသွား၏။ အနုဋီကာဆရာတော် ကား ဤသို့ ဖွင့်ဆိုသွား၏။

ဇဝနဋ္ဌာနေ ဌတွာတိ ဇဝနဿ ဥပ္ပဇ္ဇနဋ္ဌာနေ ဒွိက္ခတ္တုံ ပဝတ္တိတွာ၊ န ဇဝနဘာဝေနာတိ၊ အာသေဝနံ လဘိတွာတိ စ အာသေဝနံ ဝိယ အာသေဝနန္တိ ဝုစ္စမာနေ န ကောစိ ဝိရောဓော။ (အနုဋီ၊၁၊၁၃၈။)

ဇောအရာဌာန၌ ရပ်တည်၍ဟူသည် ဇောဖြစ်ရမည့် နေရာ၌ နှစ်ကြိမ်ဖြစ်ခြင်းကို ဆိုလိုသည်၊ ဇောအဖြစ် ဖြင့် ဖြစ်ခြင်းကို မဆိုလိုပါဟုလည်းကောင်း, အာသေဝနပစ္စည်းကို ရ၍ဟူရာ၌လည်း နှစ်ကြိမ်ဖြစ်သည့်အတွက် အာသေဝနပစ္စည်း အထောက်အပံ့ကို ရသကဲ့သို့ ဖြစ်ခြင်းကို ဆိုလိုသည်ဟုလည်းကောင်း ---- ဤသို့ အဓိပ္ပါယ် ယူဆလျှင် အဋ္ဌကထာစကားသည် ပါဠိတော်စကားနှင့် မဆန့်ကျင်သော စကား ဖြစ်၏ဟု ဖွင့်ဆိုသွားပေသည်။ (အနုဋီ၊၁၊၁၃၈။)

ဘဝင်္ဂုပစ္ဆေဒ

တတော ဒွိက္ခတ္တုံ ဘဝင်္ဂေ စလိတေ ဘဝင်္ဂသောတံ ဝေါစ္ဆိန္ဒိတွာ တမေဝ ရူပါရမ္မဏံ အာဝဇ္ဇန္တံ ပဉ္စဒွါရာဝဇ္ဇနစိတ္တံ ဥပ္ပဇ္ဇိတွာ နိရုဇ္ဈတိ။ (အဘိဓမ္မတ္ထသင်္ဂဟ။)

= ရူပါရုံသည် စက္ခုဒွါရ မနောဒွါရ၌ ထင်လာပြီးနောက် ဘဝင်နှစ်ကြိမ် လှုပ်ပြီးလတ်သော် ဘဝင်အစဉ် ဘဝင်အယဉ်ကို ဖြတ်တောက်၍ ထိုရူပါရုံကိုပင်လျှင် ဆင်ခြင်တတ်သော ပဉ္စဒွါရာဝဇ္ဇန်းစိတ်သည် ဖြစ်ပြီးနောက် ချုပ်ပျက်၍ သွား၏။ (အဘိဓမ္မတ္ထသင်္ဂဟ။)

ဤအထက်ပါ အဘိဓမ္မတ္ထသင်္ဂဟ (= သင်္ဂြိုဟ်) ဆရာတော် အရှင်အနုရုဒ္ဓါမထေရ်မြတ်၏ အယူအဆ အရမူ အတိမဟန္တာရုံဝီထိ၌ ဘဝင်္ဂစလန (= လှုပ်သောဘဝင်) နှစ်ကြိမ် ကျပြီးနောက် ပဉ္စဒွါရာဝဇ္ဇန်းစိတ် ဖြစ်ပေါ် လာသည်။ ယင်းပဉ္စဒွါရာဝဇ္ဇန်းသည်ပင် ဘဝင်္ဂသောတံ ဝေါစ္ဆိန္ဒိတွာ = ဘဝင်အစဉ် ဘဝင်အယဉ်ကို ဖြတ်တောက်၍ ဟု ဖွင့်ဆိုထားသဖြင့် ဘဝင်္ဂုပစ္ဆေဒပင် အမည်ရပေသည်။ ဘဝင်္ဂုပစ္ဆေဒ = ဘဝင်အစဉ် ဘဝင်အယဉ်ကို ဖြတ်သော စိတ်ဟူသည် ပဉ္စဒွါရာဝဇ္ဇန်းစိတ်ပင် ဖြစ်သည်၊ ဘဝင်စိတ် မဟုတ်ဟု ဆိုလိုပေသည်။

တစ်ဖန် အထက်တွင် ဖော်ပြထားသော အဋ္ဌသာလိနီအဋ္ဌကထာ၌လည်း ကိရိယာမနောဓာတုယာ ဘဝင်္ဂေ အာဝဋ္ဋိတေ = ကိရိယာမနောဓာတ်သည် (= ပဉ္စဒွါရာဝဇ္ဇန်းသည်) ဘဝင်ကို လည်စေအပ်ပြီးသည်ရှိသော် ရပ်စေ အပ်ပြီးသည်ရှိသော် - ဟု ဖွင့်ဆိုထားသဖြင့် ဘဝင်အစဉ် ဘဝင်အယဉ်ကို ရပ်စေသောစိတ်မှာ ပဉ္စဒွါရာဝဇ္ဇန်း အမည်ရသည့် ကိရိယာမနောဓာတ်ပင် ဖြစ်သည်။ သို့သော် ဤကျမ်း၌ကား ဆရာအစဉ်အဆက် သင်ကြား ချပို့လာခဲ့သော စကားအစဉ် = ဝါစာနာမဂ္ဂ အတိုင်း ဘဝင်္ဂစလန နှစ်ကြိမ်တို့တွင် ----

၁။ ပထမ ဘဝင်္ဂစလနကို ဘဝင်္ဂစလနဟုလည်းကောင်း,

၂။ ဒုတိယ ဘဝင်္ဂစလနကို ဘဝင်္ဂုပစ္ဆေဒဟုလည်းကောင်း ----

ခေါ်ဝေါ်သုံးစွဲထားပါသည်။

ဒိဋ္ဌေ ဒိဋ္ဌမတ္တံ

အထက်တွင် ဖော်ပြထားခဲ့သော ---- ကိရိယာမနောဓာတ်က ဘဝင်ကို လည်စေအပ်ပြီးသည်ရှိသော် = ရပ်စေအပ်ပြီးသည်ရှိသော် အာရုံကို ဣဋ္ဌ အနိဋ္ဌ စသည်ဖြင့် ဆုံးဖြတ်ချက်ချသည့် ဝုဋ္ဌောစိတ်သို့ မရောက်စေမူ၍ သာလျှင် ပဉ္စဒွါရာဝဇ္ဇန်းဟူသော ကိရိယာမနောဓာတ်နှင့် ဝုဋ္ဌော၏အကြား၌ စက္ခုဝိညာဏ်၌သော်လည်းကောင်း, သမ္ပဋိစ္ဆိုင်း၌သော်လည်းကောင်း, သန္တီရဏ၌သော်လည်းကောင်း ဝီထိစိတ်အစဉ်သည် တန့်ရပ်၍ ဆုတ်နစ် သွားလတ္တံ့ = ဘဝင်သို့ သက်ရောက်လတ္တံ့ဟူသော ဤအကြောင်းအရာသည် မရှိသည်သာတည်း။ (အဘိ၊ဋ္ဌ၊ ၁၊၃၀၉-၃၁၀။) ---- ဟူသော ဤစကားရပ်မှာလည်း ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ကျင့်စဉ်ကို ကျင့်လိုသော ယောဂါဝစရပုဂ္ဂိုလ် သူမြတ်တို့သည် အထူးမှတ်သားထားရမည့် စကားတစ်ရပ်ပင် ဖြစ်ပေသည်။

ယင်းစက္ခုဒွါရဝီထိနှင့် ရူပါရုံကို ဆက်လက်၍ အာရုံယူကြသည့် မနောဒွါရဝီထိတို့တွင် ရူပါရုံကို မြင်တတ် သော ဒဿနကိစ္စကို ရွက်ဆောင်တတ်သော တရားမှာ စက္ခုဝိညာဏ် ဖြစ်၏။

ဧကန္တေန ပန စက္ခုဝိညာဏမေဝ ဒဿနကိစ္စံ သာဓေတိ။ (အဘိ၊ဋ္ဌ၊၁၊၃၂၀။)

ဒိဋ္ဌေ ဒိဋ္ဌမတ္တံ-အရ မြင် မြင်ကာမတ္တ စိတ်ထားရမည်ဟူသော အချက်နှင့် ပတ်သက်၍ အယူအဆ မလွဲမှားရန်ကား သတိပြုရမည် ဖြစ်သည်။ မြင် မြင်ကာမတ္တ စိတ်ထားရမည် ဟူသောအချက်ကို မြင်ရုံတွင်သာ စိတ်ထားရန် နောက်ထပ် ထိုရူပါရုံအပေါ်၌ စိတ်များ ထပ်မဖြစ်အောင် ကျင့်ရန် ညွှန်ကြားတော်မူသည်ဟု ယူဆ ခဲ့လျှင်ကား, မြင်တတ်သောတရားမှာ စက္ခုဝိညာဏ်ဖြစ်၍ ထိုစက္ခုဝိညာဏ်၏ နောက်၌ ဝီထိစိတ်များ ထပ်မဖြစ် အောင် ကျင့်ရမည်ဟု ဆိုသည်နှင့် အဓိပ္ပါယ်တူလျက် ရှိ၏။ စက္ခုဝိညာဏ် ဖြစ်ပြီးနောက်, နောက်ထပ် ဝီထိစိတ်များ မဖြစ်အောင်ကား မကျင့်နိုင်, ကျင့်၍ မရနိုင်၊ အောက်ထစ်ဆုံးအားဖြင့် စက္ခုဝိညာဏ်ဖြစ်ပြီးနောက် ဝုဋ္ဌောသို့ မရောက်သေးဘဲ ဝီထိစိတ်အစဉ်၏ တန့်ရပ်ခြင်းမည်သည် မဖြစ်ကောင်းသောကြောင့်ပင်တည်း။ အထက်ပါ အဋ္ဌကထာစကားတော်ကို ထောက်ရှုပါ။ စက္ခုဝိညာဏ် ဖြစ်ပြီးနောက် နောက်ထပ် ဝီထိစိတ်များ မဖြစ်အောင် သာဝကများကို မဆိုထားဘဲ ဘုရားရှင်သော်မှလည်း ကျင့်၍ကား မရနိုင်သော အရာဌာနပင် ဖြစ်သည်။ အဘိဓမ္မာ စည်းမျဉ်းကို မကျော်လွှားနိုင်သောကြောင့် ဖြစ်၏။

ဒိဋ္ဌေ ဒိဋ္ဌမတ္တံ၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။

၁။ ရူပါရုံသည် မြင်အပ်သောကြောင့် ဒိဋ္ဌ မည်၏။

၂။ စက္ခုဝိညာဏ်နှင့် တကွ ထိုစက္ခုဒွါရ၌ ဖြစ်ကုန်သော စိတ်စေတသိက် နာမ်တရားစုတို့သည်လည်းကောင်း, ထိုရူပါရုံကိုပင် ဆက်လက် အာရုံယူကြသည့် မနောဒွါရိက စိတ်စေတသိက် နာမ်တရားစုတို့သည်လည်းကောင်း ထိုရူပါရုံကို မြင်တတ်သောကြောင့် ဒိဋ္ဌ မည်၏။

ယင်းမြင်အပ်သောတရား မြင်တတ်သောတရားတို့ကို မှီရာဝတ္ထုရုပ်နှင့် တကွ သိမ်းဆည်း၍ အကြောင်း တရားကို ရှာဖွေပြီးလျှင် အကြောင်းတရားနှင့်တကွ ဖြစ်ကုန်သော ယင်း ဒိဋ္ဌ အမည်ရသည့် မြင်အပ် မြင်တတ်သော တရားတို့ကို လက္ခဏာရေး သုံးတန်တင်ကာ ရှုပွားသုံးသပ်ခဲ့သော် ယင်းဝိပဿနာဉာဏ်တို့က ယင်းမြင်အပ် မြင်တတ်သော ဒိဋ္ဌတရားတို့ အပေါ်၌ တွယ်တာ တပ်မက်နေသည့် ရာဂ ဒေါသ မောဟတို့ကို တဒင်္ဂအားဖြင့် ပယ်ခွာနိုင်မည် ဖြစ်၏။ ဝိပဿနာဉာဏ်တို့၏ အဆုံး၌ ဖြစ်ပေါ်လာကုန်သော အရိယမဂ်တရားတို့က ရာဂ ဒေါသ မောဟတို့ကို သမုစ္ဆေဒအားဖြင့် အကြွင်းမဲ့ ပယ်သတ်ကြမည် ဖြစ်၏။ ဤသို့လျှင် မြင်ခိုက်၌ ဖြစ်ပေါ်သွားကြကုန် သော အကြောင်းတရားနှင့် တကွ ဖြစ်ကုန်သော ယင်းဒိဋ္ဌတရားတို့ အပေါ်၌ ရာဂ ဒေါသ မောဟတို့ ဖြစ်ခွင့် မရအောင် ကျင့်ပါဟု ဆိုလိုရင်း ဖြစ်ပေသည်။ အကျယ်ရှုကွက်သည် နောက်၌ ထင်ရှားလတ္တံ့။ (ဗာဟိယသုတ်၊ ဥဒါန်းအဋ္ဌကထာ၊ ၈၁-၈၂ - တို့၌ ကြည့်ပါ။)

အတိပရိတ္တာရုံ ဝီထိ

ရူပါရုံသည် ဥပါဒ်ပြီးနောက် ဌီကာလသို့ ရောက်ရှိလာသော်လည်း တဒါရုံ ဇော ဖြစ်သည့်တိုင်အောင်သာ မက ဝုဋ္ဌောဖြစ်သည့်တိုင်အောင်လည်း ဌီအခိုက်၌ တည်နေခြင်းငှာ မစွမ်းနိုင်သော, စက္ခုဒွါရ မနောဒွါရ၌ ရှေးရှု ကျရောက်လာသော်လည်း ကိရိယာမနောဓာတ် အမည်ရသော ပဉ္စဒွါရာဝဇ္ဇန်းစိတ်က ဘဝင်အစဉ် ဘဝင်အယဉ် ကို မလည်စေနိုင်မီ မရပ်တန့်စေနိုင်မီ အတွင်းမှာပင်လျှင် ချုပ်ပျက်၍ သွားရသော, အာရုံ၏ အလွန်အားနည်း မှုကြောင့် ချုပ်ခါနီးမှ ထင်လာသည့်အတွက် ထင်သည်မှ စ၍ ရေတွက်လျှင် အလွန်နည်းပါးသော စိတ္တက္ခဏ သက်တမ်းရှိသော ရူပါရုံသည် အတိပရိတ္တာရုံ မည်၏။ ဤ အတိပရိတ္တာရုံဝီထိ၌ ဘဝင်လှုပ်ရုံသာ လှုပ်၏၊ ဝီထိ စိတ္တုပ္ပါဒ် ဖြစ်ခြင်းသည် မရှိတော့ပေ။ ဤဝါရကို အဘိဓမ္မတ္ထသင်္ဂဟကျမ်း၌ မောဃဝါရဟု ခေါ်ဝေါ်သုံးစွဲထား သည်။ အဋ္ဌသာလိနီအဋ္ဌကထာ (အဘိ၊ဋ္ဌ၊၁၊၃၀၉) ၌ ပထမ မောဃဝါရဟု သုံးစွဲထားပေသည်။ ဝီထိစိတ်မှ ကင်းဆိတ်သောကြောင့် မောဃဝါရဟု ဤဝါရကို ခေါ်ဝေါ်ခြင်း ဖြစ်သည်။

စက္ခုဒွါရ၌ ----

၁။ တဒါရမ္မဏဝါရ ဟု ခေါ်ဆိုအပ်သော အတိမဟန္တာရုံဝီထိ,

၂။ ဇဝနဝါရဟု ခေါ်ဆိုအပ်သော မဟန္တာရုံဝီထိ,

၃။ ဝေါဋ္ဌဗ္ဗနဝါရဟု ခေါ်ဆိုအပ်သော ပရိတ္တာရုံဝီထိ,

၄။ မောဃဝါရဟု ခေါ်ဆိုအပ်သော အတိပရိတ္တာရုံ ဝီထိ - ဟု

အာရုံတို့၏ ဖြစ်ပုံ ဝိသယပ္ပဝတ္တိ အမည်ရသော ဝီထိ (၄)မျိုး ပြားသကဲ့သို့ အလားတူပင် သောတဒွါရ ဃာနဒွါရ ဇိဝှါဒွါရ ကာယဒွါရတို့၌လည်း (၄)မျိုးစီပင် ပြားပေသည်ဟု သိရှိပါလေ။ ဤကား ပဉ္စဒွါရ၌ ဝီထိစိတ် တို့၏ ဖြစ်ပုံနည်းတည်း။ မနောဒွါရ၌ကား ----

၁။ ဝိဘူတာရုံ,

၂။ အဝိဘူတာရုံ - ဟု (၂)မျိုး ပြားပေသည်။

ဝိဘူတန္တိ သုပါကဋံ၊ (မဟာဋီ၊၂၊၁၃၃။)

ဤသို့ ဖွင့်ဆိုထားသော မဟာဋီကာနှင့် အညီ ---- စိတ်၌ = မနောဒွါရ၌ ပေါ်လွင်ထင်ရှားသော အာရုံသည် ဝိဘူတာရုံ မည်၏၊ မပေါ်လွင် မထင်ရှား ဝိုးဝါးဖြစ်သော အာရုံသည် အဝိဘူတာရုံ မည်၏။

ထင်ရှားသော ဝိဘူတာရုံဝီထိ၌ ----

၁။ မနောဒွါရာဝဇ္ဇန်း (၁) ကြိမ်,

၂။ ဇော (၇) ကြိမ်,

၃။ တဒါရုံ (၂) ကြိမ် ----

ဤသို့လျှင် ဝီထိစိတ် အမျိုးအစား (၃)မျိုး ဝီထိစိတ် အရေအတွက် (၁၀)မျိုး ရှိလေသည်။ တဒါရုံနောင် ဘဝင်မကျသော အဝိဘူတာရုံ ဖြစ်လျှင်ကား ဇော၏ အဆုံး၌ ဘဝင်ကျတော့သည်သာ ဖြစ်၏။ တဒါရုံ ဖြစ်ခွင့် မရှိတော့ပေ။

၁။ မနောဒွါရာဝဇ္ဇန်း (၁) ကြိမ်,

၂။ ဇော (၇) ကြိမ်ဟု ယေဘုယျအားဖြင့် ဖြစ်တတ်ပေသည်။

ဤကား ပရိတ္တဇဝနဝါရ အမည်ရသော ကာမဇော စောသော ဝိသယပ္ပဝတ္တိ (၆)မျိုးတည်း။

အပ္ပနာဇောဝါရ - ၌ကား ဝိဘူတ - အဝိဘူတ ကွဲပြားမှုလည်း မရှိတော့ပေ။ တဒါရုံ ကျခွင့်လည်း မရှိတော့ပေ။ (နာမ်ကမ္မဋ္ဌာန်းပိုင်း ဇယားများတွင် ကြည့်ပါ။)

ဤတွင်ရွေ့ကား နာမ်ကမ္မဋ္ဌာန်းကို စတင်၍ အားသစ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်တို့သည် ကြို တင်၍ သိထားသင့်သော ၆ _ ၆-လီ တရားများပင် ဖြစ်ကြပေသည်။

ဝိပဿနာဉာဏ်၏ အရှုခံအာရုံ နာမ်တရားတို့ကို စိစစ်ချက်

ဝိပဿနာရှုရမည့် နာမ်တရား

ဤနာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ယောဂါဝစရပုဂ္ဂိုလ်သူမြတ်တို့ သိမ်းဆည်းရှုပွားရမည့် နာမ်တရားတို့မှာ လောကီ စိတ်စေတသိက် တရားများ ဖြစ်ကြောင်းကိုလည်းကောင်း, ထိုတွင် စျာန်ရသူတို့က စျာန်တရားများကိုပါ ထည့်သွင်း ၍ သိမ်းဆည်းရှုပွားရပြီးလျှင် စျာန်မရသူတို့ကား စျာန်တရားများကို ထည့်သွင်း၍ သိမ်းဆည်း ရှုပွားရန် မလို ကြောင်းကိုလည်းကောင်း ရှေးပိုင်းတွင် ရှင်းပြခဲ့ပြီး ဖြစ်သည်။

ထိုနာမ်တရားတို့သည်ကား ပဋိသန္ဓေ-ဘဝင်-စုတိ-ဟူသော ဝီထိမုတ်စိတ် အနေအားဖြင့်လည်းကောင်း, စိတ္တနိယာမ သဘောတရားအရ ဝီထိဟု ခေါ်ဆိုအပ်သော စိတ်အစဉ်အားဖြင့်လည်းကောင်း ဖြစ်ရိုး ဖြစ်စဉ် ဓမ္မတာ ရှိကြ၏။ ပြုပြင်ပြောင်းလဲ၍ မရနိုင်သော ကိန်းသေမြဲသော နိယာမ လမ်းရိုးလမ်းဟောင်းကြီးပင်တည်း။ နာမ်ကမ္မဋ္ဌာန်းကို အားသစ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် နိယာမ လမ်းရိုးလမ်းဟောင်းကြီးအတိုင်း ဖြစ်ပေါ်သွားကြကုန်သော ယင်းနာမ်တရားတို့ကို ဉာဏ်ဖြင့် မြင်အောင် ကြည့်လျက် သိမ်းဆည်းရှုပွားရမည် ဖြစ်ပေသည်။

ယင်းကဲ့သို့ ဝီထိခေါ်သည့် နိယာမ လမ်းရိုးလမ်းဟောင်းကြီးအတိုင်း ဖြစ်ပေါ်သွားကြကုန်သော စိတ်+ စေတသိက် နာမ်တရားစုတို့ကို သာဝကတို့လည်း သိမ်းဆည်းရှုပွားရမည် ဖြစ်ကြောင်းကိုလည်းကောင်း, အကုသိုလ် ဇောများ ပါဝင်သည့် ဝီထိစိတ်အစဉ်များကိုလည်း သိမ်းဆည်းရှုပွားရမည် ဖြစ်ကြောင်းကိုလည်းကောင်း ဝိသုဒ္ဓိ မဂ္ဂအဋ္ဌကထာတွင် ဤသို့ ဖွင့်ဆိုထား၏။

ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာအဖွင့် - အရူပနိဗ္ဗတ္တိပဿနာကာရ

ယထာ စ ရူပံ သမ္မသန္တေန ရူပဿ၊ ဧဝံ အရူပံ သမ္မသန္တေနပိ အရူပဿ နိဗ္ဗတ္တိ ပဿိတဗ္ဗာ။ သာ စ ခေါ ဧကာသီတိ လောကိယစိတ္တုပ္ပါဒဝသေနေဝ။

သေယျထိဒံ ---- ဣဒဥှိ အရူပံ နာမ ပုရိမဘဝေ အာယူဟိတကမ္မဝသေန ပဋိသန္ဓိယံ တာဝ ဧကူနဝီသတိစိတ္တုပ္ပါဒပ္ပဘေဒံ နိဗ္ဗတ္တတိ။ နိဗ္ဗတ္တနာကာရော ပနဿ ပဋိစ္စသမုပ္ပါဒနိဒ္ဒေသေ ဝုတ္တနယေနေဝ ဝေဒိတဗ္ဗော။ တဒေဝ ပဋိသန္ဓိစိတ္တဿ အနန္တရစိတ္တတော ပဋ္ဌာယ ဘဝင်္ဂဝသေန, အာယုပရိယောသာနေ စုတိဝသေန။ ယံ တတ္ထ ကာမာဝစရံ၊ တံ ဆသု ဒွါရေသု ဗလဝါရမ္မဏေ တဒါရမ္မဏဝသေန။

ပဝတ္တေ ပန အသမိ႓န္နတ္တာ စက္ခုဿ အာပါထဂတတ္တာ ရူပါနံ အာလောကသန္နိဿိတံ မနသိကာရဟေတုကံ စက္ခုဝိညာဏံ နိဗ္ဗတ္တတိ သဒ္ဓိံသမ္ပယုတ္တဓမ္မေဟိ။ စက္ခုပသာဒဿ ဟိ ဌိတိက္ခဏေ ဌိတိပ္ပတ္တမေဝ ရူပံ စက္ခုံ ဃဋ္ဋေတိ။ တသ္မိံဃဋ္ဋိတေ ဒွိက္ခတ္တုံ ဘဝင်္ဂံ ဥပ္ပဇ္ဇိတွာ နိရုဇ္ဈတိ။ တတော တသ္မိံယေဝ အာရမ္မဏေ ကိရိယမနောဓာတု အာဝဇ္ဇနကိစ္စံ သာဓယမာနာ ဥပ္ပဇ္ဇတိ။ တဒနန္တရံ တဒေဝ ရူပံ ပဿမာနံ ကုသလဝိပါကံ အကုသလဝိပါကံ ဝါ စက္ခုဝိညာဏံ။ တတော တဒေဝ ရူပံ သမ္ပဋိစ္ဆမာနာ ဝိပါကမနောဓာတု။ တတော တဒေဝ ရူပံ သန္တီရယမာနာ ဝိပါကာဟေတုကမနောဝိညာဏဓာတု။ တတော တဒေဝ ရူပံ ဝဝတ္ထာပယမာနာ ကိရိယာဟေတုကမနောဝိညာဏဓာတု ဥပေက္ခာသဟဂတာ။ တတော ပရံ ကာမာဝစရကုသလာကုသလကိရိယစိတ္တေသု ဧကံ ဝါ ဥပေက္ခာသဟဂတာဟေတုကံ စိတ္တံ ပဉ္စ သတ္တ ဝါ ဇဝနာနိ။ တတော ကာမာဝစရသတ္တာနံ ဧကာဒသသု တဒါရမ္မဏစိတ္တေသု ဇဝနာနုရူပံ ယံကိဉ္စိ တဒါရမ္မဏန္တိ။ ဧသ နယော သေသဒွါရေသုပိ။ မနောဒွါရေ ပန မဟဂ္ဂတစိတ္တာနိပိ ဥပ္ပဇ္ဇန္တီတိ။ ဧဝံ ဆသု ဒွါရေသု အရူပဿ နိဗ္ဗတ္တိ ပဿိတဗ္ဗာ။ (ဝိသုဒ္ဓိ၊၂၊၂၅၂-၂၅၃။)

ဤအဋ္ဌကထာ၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။ တစ်ဖန် ရုပ်တရားကို သုံးသပ် ရှုပွားသော ယောဂါဝစရ ပုဂ္ဂိုလ်သည် ရုပ်တရား၏နိဗ္ဗတ္တိလက္ခဏာဟူသော ဖြစ်ခြင်း သဘောတရားကို ရှုအပ်သကဲ့သို့ အလားတူပင် နာမ်တရားကို သုံးသပ်ရှုပွားသော ယောဂါဝစရပုဂ္ဂိုလ်သည်လည်း နာမ်တရား၏နိဗ္ဗတ္တိလက္ခဏာဟူသော ဖြစ်ခြင်း သဘောတရားကို ရှုအပ်၏။ ထိုနာမ်တရား၏ ဖြစ်မှု သဘောတရားကို ရှုရာ၌လည်း (၈၁)ပါးသော လောကီ စိတ္တုပ္ပါဒ်၏ အစွမ်းဖြင့်သာလျှင် ရှုအပ်၏။

ဤ လောကီ စိတ်+စေတသိက် ဟူသော လောကီစိတ္တုပ္ပါဒ်၏ အစွမ်းဖြင့် ရှုသော ဝိပဿနာဟူသည် အဘယ်နည်းဟူမူကား ----

ဤနာမ်တရား မည်သည်ကား ရှေးရှေးဘဝ၌ ဆည်းပူးအားထုတ်ခဲ့ပြီးသော ကံ၏ အစွမ်းဖြင့် ပဋိသန္ဓေ အခါ၌ ရှေးဦးစွာ (၁၉)မျိုးသော စိတ္တုပ္ပါဒ် အပြားရှိသော ပဋိသန္ဓေတို့တွင် တစ်မျိုးမျိုးသော စိတ္တုပ္ပါဒ်သည် ထိုထိုဘဝ အားလျော်စွာ ပဋိသန္ဓေကိစ္စ တပ်လျက် ဖြစ်ပေါ်လာ၏။ ထို ပဋိသန္ဓေနာမ်တရား၏ ဖြစ်ပုံအခြင်းအရာ သည် ပဋိစ္စသမုပ္ပါဒ်ပိုင်းတွင် ထင်ရှားလတ္တံ့။

ထို (၁၉)မျိုးသော ပဋိသန္ဓေစိတ်တို့တွင် သတ္တဝါတစ်ဦးအတွက် တစ်ခုသော ဘဝဝယ် တစ်မျိုးသော စိတ်သည်သာလျှင် ပဋိသန္ဓေကိစ္စကို ရွက်ဆောင်ပေးသည်။

ပဋိသန္ဓေကိစ္စ ---- ပဋိသန္ဓာနံ - ပဋိသန္ဓိ = ဆက်စပ်မှု ဆက်စပ်ပေးမှုသည် ပဋိသန္ဓိ မည်၏။ ဘဝဟောင်း အပြတ်တွင် ဘဝသစ်၌ ရှေးဦးစွာ စိတ်၏ ဖြစ်ပေါ်ခြင်းသည် ဘဝဟောင်းနှင့် ဘဝသစ်ကို ဆက်စပ်ပေးသကဲ့သို့ ဖြစ်၏။ တစ်နည်းဆိုရသော် ဖြစ်-ပျက် အစဉ်အတန်းအားဖြင့် ဖြစ်ပေါ်နေသော ဘဝဟောင်း ရုပ်သန္တတိအစဉ်, နာမ်သန္တတိအစဉ်, ရုပ်နာမ်သန္တတိအစဉ်၏ အရပ်တွင် ဘဝသစ်၌ ရှေးဦးစွာသော ရုပ်တရား၏ ဖြစ်ခြင်း, နာမ် တရား၏ ဖြစ်ခြင်း, ရုပ်နာမ်၏ ဖြစ်ခြင်းသည် ဖြစ်ပေါ်လာ၏။ ယင်း ဘဝသစ်၌ ရှေးဦးစွာ ဖြစ်ပေါ်လာသော ပဋိသန္ဓေအမည်ရသော စိတ်သည် ဘဝဟောင်း ခန္ဓာအစဉ်နှင့် ဘဝသစ်ခန္ဓာအစဉ်ကို တစ်စပ်တည်း ဖြစ်အောင် ဆက်စပ်ပေးသကဲ့သို့ ဖြစ်၏။ ထိုကဲ့သို့ ဆက်စပ်မှု ကိစ္စကြောင့် သတ္တဝါဟု ခေါ်ဆိုရသော ခန္ဓာအစဉ်သည် မချုပ်ငြိမ်းဘဲ အသစ်အသစ်ဘဝကို ရလျက် တစ်ဝဲလည်လည် နေရလေသည်။ ဤသို့ ဘဝဟောင်းနှင့် ဘဝသစ်ကို = ဘဝဟောင်းခန္ဓာနှင့် ဘဝသစ်ခန္ဓာကို ဆက်စပ်မှု အခြင်းအရာသည် ပဋိသန္ဓေကိစ္စ မည်၏။

ဘဝင် - စုတိ ---- ထိုပဋိသန္ဓေကိစ္စကို ရွက်ဆောင်ပေးသော စိတ်နှင့် မျိုးတူစိတ်သည်ပင်လျှင် ပဋိသန္ဓေ စိတ်၏ အခြားမဲ့ဖြစ်သော စိတ်မှ စ၍ ဘဝင်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာ၏။ အသက်၏ အဆုံး၌ စုတိ၏အစွမ်းဖြင့် ဖြစ်ပေါ်လာ၏။

ဘဝင်္ဂကိစ္စ ---- ဘဝဿ အင်္ဂံ ဘဝင်္ဂံ = ဥပပတ္တိဘဝ၏ မပြတ်မစဲ ဖြစ်မြဲ ဖြစ်ရန် အကြောင်းခံ ဖြစ်သော စိတ်သည် ဘဝင် မည်၏။ ဘဝတစ်ခုဝယ် ရှေးဦးအစ ဖြစ်သော စိတ်သည် ပဋိသန္ဓေမည်၍ နောက်ဆုံးဖြစ်သော စိတ်သည် စုတိ မည်၏။ ယင်း ပဋိသန္ဓေနှင့် စုတိ၏ အကြားကို ဥပပတ္တိဘဝဟု ခေါ်၏။ ပဋိစ္စသမုပ္ပါဒ် ဒေသနာ တော်၌ လာရှိသော ဥပပတ္တိဘဝတည်း။ ဥပပတ္တိဘဝဟူသည်လည်း ---- ကမ္မတော ဥပပဇ္ဇတီတိ ဥပပတ္တိ - အရ ကံကြောင့် ဖြစ်သော လောကီဝိပါက် နာမက္ခန္ဓာနှင့် ကဋတ္တာရုပ်ခေါ် ကမ္မဇရုပ်များတည်း။

ကံအားလျော်စွာ အတိတ်ဘဝဟောင်း ချုပ်ဆုံးသည့် အခြားမဲ့၌ ဘဝသစ်အတွက် ပဋိသန္ဓေစိတ်က ဆက်စပ် ပေးပြီးနောက်, အလားတူ ဝိပါက်စိတ်များ ဆက်လက်၍ မဖြစ်လျှင် ပဋိသန္ဓေစိတ်၏ အခြားမဲ့၌ပင် စိတ်အစဉ် ပြတ်၍ တစ်ဘဝ အဆုံးသတ်ဖွယ်ရာ ရှိ၏။ ထိုကြောင့် ထိုသို့ မဆုံးရလေအောင် အကျိုးပေးနေသည့် ကံ၏ စွမ်းဟုန်ကြောင့် ပဋိသန္ဓေစိတ်၏ အခြားမဲ့၌ ပဋိသန္ဓေနှင့် အလားတူ ဝိပါက်အစဉ်သည် ဆက်လက်၍ ဖြစ်ပေါ် လာပေသည်။ ထိုနောက် ပဝတ္တိအခါ၌လည်း ဆိုင်ရာဆိုင်ရာ ဒွါရတို့၌ ရှေးရှု ကျရောက်လာကြကုန်သော အာရုံ သစ်များကို အကြောင်းပြု၍ အာရုံပြု၍ ဝီထိစိတ်အစဉ်များ ဖြစ်ပေါ်လာကြရ၏။ ထို ဝီထိစိတ်အစဉ် ချုပ်ပျက် သွားသည့်အခါ ဘဝင် အမည်ရသော ဝိပါက်စိတ်သည် မဖြစ်ပေါ်လာပါမူ စိတ်အစဉ် ပြတ်သဖြင့် စိတ္တဇရုပ်များ ကမ္မဇရုပ်များလည်း ပြတ်စဲသွားဖွယ်ရာ ရှိ၏။ ထိုသို့ မဖြစ်ရလေအောင် ကံအရှိန်ရှိသမျှ တစ်ဘဝလုံး ခန္ဓာအစဉ် မပြတ်ရလေအောင် ဆက်စပ်တတ်သော ဝိပါက်စိတ်ကို ဥပပတ္တိဘဝ၏ မပြတ်မစဲ ဖြစ်မြဲဖြစ်ရန် အကြောင်းခံ စိတ်ဖြစ်သောကြောင့် ဘဝင်ဟု ခေါ်ဆိုလေသည်။ ပဋိသန္ဓေစိတ်နှင့် အမျိုးတူသော ကံအဟုန်ကြောင့် ဖြစ်ပေါ် လာရသော စိတ်ပင် ဖြစ်သည်။

ထို ပဋိသန္ဓေ ဘဝင် စုတိ ကိစ္စတို့ကို ရွက်ဆောင်ပေးတတ်သော (၁၉)မျိုးကုန်သော စိတ်တို့တွင် မဟာ ဝိပါက်စိတ် (၈)ပါး ဥပေက္ခာသန္တီရဏစိတ် (၂)ပါး ဟူသော ကာမာဝစရပဋိသန္ဓေ (၁၀)သည်ကား ဒွါရ (၆)ပါးတို့၌ အားရှိသော ဗလဝအာရုံ၌ တဒါရုံ၏အစွမ်းဖြင့်လည်း ဖြစ်၏။

တစ်ဖန် ပဝတ္တိအခါ၌ကား စက္ခုပသာဒ မပျက်စီးသေးသော သတ္တဝါ၏ သန္တာန်၌ စက္ခုပသာဒ မပျက်စီး သည့်အတွက် ရူပါရုံတို့၏ စက္ခုပသာဒအား ထင်ခြင်းသို့ = ရှေးရှုကျရောက်ခြင်းသို့ ရောက်ရှိလာသည်၏ အဖြစ် ကြောင့် အာလောက (= အလင်းရောင်)ကို မှီသော, စက္ခုဒွါရဝီထိစိတ်တို့၏ အခြေခံ အကြောင်းရင်းဖြစ်သော ရူပါရုံကို ဆင်ခြင် နှလုံးသွင်းတတ်သော ပဉ္စဒွါရာဝဇ္ဇန်းဟူသော ဝီထိပဋိပါဒက မနသိကာရလျှင် အကြောင်းရင်းခံ ရှိသော စက္ခုဝိညာဏ်စိတ်သည် ယှဉ်ဖက် စေတသိက် သမ္ပယုတ်တရားတို့နှင့် အတူတကွ ဖြစ်ပေါ်၍ လာ၏။

ထင်ရှားစေအံ့ ---- စက္ခုပသာဒ၏ ဥပါဒ်ပြီးနောက် ဌီကာလသို့ ရောက်ရှိနေခိုက်ဝယ် ဥပါဒ်ပြီးနောက် ဌီကာလ ဌီခဏသို့ပင် ရောက်ရှိလာသည်သာဖြစ်သော ရူပါရုံသည် စက္ခုပသာဒကို ထိခိုက်မိ၏။ ထိုရူပါရုံသည် စက္ခုပသာဒကို ထိခိုက်သည် ရှိသော် ဘဝင် နှစ်ကြိမ် ဖြစ်၍ ချုပ်၏။ (ဘဝင်္ဂစလန ဘဝင်္ဂုပစ္ဆေဒ အမည်ရသော ဘဝင်နှစ်ကြိမ် ဖြစ်၍ ချုပ်၏ဟု ဆိုလိုသည်။)

ထိုနောင်မှ ထိုရူပါရုံ၌ပင်လျှင် ပဉ္စဒွါရာဝဇ္ဇန်း အမည်ရသော ကိရိယာမနောဓာတ်သည် ယင်းရူပါရုံကိုပင် ဆင်ခြင်ခြင်းကိစ္စကို ပြီးစေလျက် ဖြစ်ပေါ်လာ၏။ (၁)

ထိုပဉ္စဒွါရာဝဇ္ဇန်း = ဆင်ခြင်စိတ်၏ အခြားမဲ့၌ ထိုရူပါရုံကိုပင် မြင်တတ်သော ကုသလဝိပါက် သို့မဟုတ် အကုသလဝိပါက်ဖြစ်သော စက္ခုဝိညာဏ်သည် ဖြစ်ပေါ်လာ၏။ (ထိုရူပါရုံသည် ဣဋ္ဌာရုံဖြစ်ခဲ့သော် ကုသလ ဝိပါက် စက္ခုဝိညာဏ်ဖြစ်၍ ထိုရူပါရုံသည် အနိဋ္ဌာရုံဖြစ်သော် အကုသလဝိပါက် စက္ခုဝိညာဏ်သည် ဖြစ်ပေါ် လာ၏။) (၂)

ထိုသို့ စက္ခုဝိညာဏ်ဖြစ်သည်မှ နောက်၌ ထိုရူပါရုံကိုပင်လျှင် ခံလင့်သကဲ့သို့သော သမ္ပဋိစ္ဆိုင်း အမည် ရသော ဝိပါက်မနောဓာတ်သည် ဖြစ်ပေါ်လာ၏။ (၃)

ထိုသမ္ပဋိစ္ဆိုင်းစိတ် ဖြစ်သည်မှ နောက်၌ ထိုရူပါရုံကိုပင် စုံစမ်းလင့်သကဲ့သို့သော သန္တီရဏ အမည်ရသော အဟိတ်ဝိပါက် မနောဝိညာဏဓာတ်သည် ဖြစ်ပေါ်လာ၏။ (၄)

ထိုသန္တီရဏစိတ် ဖြစ်သည်မှ နောက်၌ ထိုရူပါရုံကိုပင်လျှင် ပိုင်းခြား မှတ်သားလင့်သကဲ့သို့သော = ထို ရူပါရုံကိုပင်လျှင် ဣဋ္ဌ အနိဋ္ဌ စသည်ဖြင့် ဆုံးဖြတ်လင့်သကဲ့သို့သော ဝုဋ္ဌောအမည်ရသော အဟိတ်ကိရိယာ မနော ဝိညာဏဓာတ် ဥပေက္ခာသဟဂုတ်စိတ်သည် ဖြစ်ပေါ်လာ၏။ (၅)

ဝုဋ္ဌောစိတ် ဖြစ်သည်မှ နောက်၌ ----

၁။ ကာမာဝစရကုသိုလ်,

၂။ အကုသိုလ်,

၃။ ကာမာဝစရ ကိရိယာ ---- ဇောစိတ်တို့တွင် တစ်မျိုးမျိုးသော ဇောစိတ်သည် (၅) ကြိမ်သော်လည်းကောင်း, (၇) ကြိမ်သော်လည်းကောင်း အဟုန်ပြင်းစွာ ဆက်တိုက် ဖြစ်ပေါ်လာ၏။ (ပုထုဇန်နှင့် သေက္ခအရိယာ ပုဂ္ဂိုလ် တို့၏သန္တာန်ဝယ် ထိုဝုဋ္ဌော၏ ဆုံးဖြတ်ချက်မှာ ယောနိသောမနသိကာရ ဖြစ်ပါက ကုသိုလ်ဇော စော၍ အယောနိသော မနသိကာရ ဖြစ်ပါက အကုသိုလ်ဇော စော၏။ ရဟန္တာအရှင်မြတ်တို့၏ သန္တာန်၌ကား ကာမာဝစရ ကြိယာဇော စော၏။) (၆)

အကယ်၍ အာရုံက သိပ်အားမကောင်း၍ ဇောစိတ်များ ဖြစ်ခွင့် မရနိုင်လျှင် ပထမဝုဋ္ဌော ဒုတိယဝုဋ္ဌောဟု ဝုဋ္ဌော နှစ်ကြိမ် ဖြစ်၍ ဝီထိစိတ်အစဉ် ရပ်ကာ ဘဝင် ပြန်ကျသည်ဟု မှတ်ပါ။ အကယ်၍ အာရုံက အားကောင်း မောင်းသန်သော ဗလဝအာရုံ ဖြစ်၍ ဇောစိတ်များ စောခွင့်ရခဲ့သော် ----

ထိုဇောစိတ်ချုပ်သည်မှ နောက်၌ ကာမာဝစရသတ္တဝါတို့အား သန္တီရဏစိတ် (၃)မျိုး, မဟာဝိပါက်စိတ် (၈)မျိုး - ပေါင်း (၁၁)မျိုးသော တဒါရုံကိစ္စကို ရွက်ဆောင်တတ်သော ဝိပါက်စိတ်တို့တွင် ဇောအားလည်းကောင်း အာရုံအားလည်းကောင်း လျော်စွာ အမှတ်မရှိ တစ်မျိုးမျိုးသော တဒါရုံဝိပါက်စိတ်သည် ဖြစ်ပေါ်၍လာ၏။ (၇)

ဇောနှင့် အာရုံ

[ဇဝနာရမ္မဏာနုရူပန္တိ တိဟေတုကံ စေ ဇဝနံ၊ တိဟေတုကံ, ဒွိဟေတုကံ ဝါတိအာဒိနာ ဣဋ္ဌံ စေ အာရမ္မဏံ၊ သောမနဿသဟဂတန္တိအာဒိနာ စ ဇဝနဿ, အာရမ္မဏဿ စ အနုရူပံ။ (မဟာဋီ၊၂၊၄၀၅။)

ယခုလက်ရှိ ဝိသုဒ္ဓိမဂ်စာမူ၌ - ဇဝနာနုရူပံ (ဝိသုဒ္ဓိ၊၂၊၂၅၃။) ဟု ရှိနေ၏။ အထက်ပါ မဟာဋီကာ၌ကား ဇဝနာရမ္မဏာနုရူပံဟု ရှိနေ၏။ ပြည်ဆရာတော်ဘုရားကြီး၏ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာနိဿယ၌လည်း ဇဝနာရမ္မဏာနုရူပံဟုပင် ရှိနေသည်။ ထိုဋီကာ၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။

အကယ်၍ ဇောသည် အလောဘ အဒေါသ အမောဟဟူသော ဟိတ်သုံးပါးနှင့် ယှဉ်သော တိဟိတ်ဇော ဖြစ်အံ့၊ တဒါရုံ၌လည်း အလောဘ အဒေါသ အမောဟဟူသော ဟိတ်သုံးပါးနှင့် ယှဉ်သည့် တိဟိတ်တဒါရုံ ဝိပါက်သော်လည်းကောင်း, အလောဘ အဒေါသဟူသော ဟိတ်နှစ်ပါးနှင့် ယှဉ်သော ဒွိဟိတ်တဒါရုံဝိပါက် သော်လည်းကောင်း ဖြစ်၏ -- ဤသို့စသည်ဖြင့် ဇောနှင့် လျော်စွာလည်းကောင်း,

အကယ်၍ အာရုံသည် အလို ရှိအပ် နှစ်သက်မြတ်နိုးအပ်သော ဣဋ္ဌာရုံ ဖြစ်အံ့၊ ဇောသည် သောမနဿ ဝေဒနာနှင့် အတူတကွ ဖြစ်၏၊ ထိုအခါ တဒါရုံသည်လည်း သောမနဿဝေဒနာနှင့်ပင် အတူတကွ ဖြစ်၏ ---- ဤသို့ စသည်ဖြင့် အာရုံအားလျော်စွာလည်းကောင်း တဒါရုံ၏ ဖြစ်ခြင်းကို ဆိုလိုပေသည်။]

စက္ခုဒွါရမှ ကြွင်းကျန်သော သောတဒွါရ, ဃာနဒွါရ, ဇိဝှါဒွါရ, ကာယဒွါရတို့၌လည်း ဤနည်းကိုပင် သိရှိပါလေ။ မနောဒွါရ၌ကား အထက်ပါ ကုသိုလ်ဇော အကုသိုလ်ဇော ကြိယာဇောတို့ အပြင် မဟဂ္ဂုတ်စျာန် ဇောစိတ်တို့သည်လည်း ဖြစ်ပေါ်ကြကုန်၏။

ဤသို့လျှင် ဒွါရ (၆)ပါးတို့၌ နာမ်တရား၏ ဖြစ်ခြင်းကို မြင်အောင် ရှုပါ။ (ဝိသုဒ္ဓိ၊၂၊၂၅၂-၂၅၃။)

ဤကား နာမ်တရားတို့ကို ဒွါရ (၆)ပါးတို့၌ ဝီထိစိတ်အစဉ်အတိုင်း မြင်အောင် ရှုရန် ညွှန်ကြားထားသော ခိုင်လုံသော ကျမ်းဂန်အဆိုအမိန့်များပင် ဖြစ်ကြသည်။ ဇောကို ရှုရာ၌ ပုထုဇန်နှင့် သေက္ခယောဂါဝစရပုဂ္ဂိုလ် တို့သည် ယောနိသော မနသိကာရအားလျော်စွာ ဖြစ်ပေါ်သွားကြကုန်သော ကုသိုလ်ဇောတို့ကိုလည်းကောင်း, အယောနိ သောမနသိကာရအားလျော်စွာ ဖြစ်ပေါ်သွားကြကုန်သော အကုသိုလ်ဇောတို့ကိုလည်းကောင်း ရှုရမည် ဖြစ်သည်။ ကြိယာဇောတို့ကား ရဟန္တာအရှင်မြတ်တို့၏ သန္တာန်၌သာ ဖြစ်ခွင့်ရှိကြပေသည်။ ထိုပြင် ပဋိသန္ဓေ ဘဝင် စုတိ ဟူသော ဝီထိမုတ်စိတ်တို့ကိုလည်း မြင်အောင် ရှုရန် အထက်ပါ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက ညွှန်ကြား တော်မူလျက်ပင် ရှိသည်ကိုလည်း သတိပြုပါလေ။

ထိုသို့ ရှုရာ၌ ---- သဒ္ဓိံသမ္ပယုတ္တဓမ္မေဟိ = ယှဉ်ဖက် စေတသိက် သမ္ပယုတ်တရားတို့နှင့် အတူတကွ ရှုရန် ညွှန်ကြားထားတော်မူသဖြင့် အသင်ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် စိတ္တနိယာမလမ်းကြောင်းအတိုင်း ဖြစ်ပေါ်သွားကြကုန်သော နာမ်တရားတို့ကိုလည်းကောင်း, ဝီထိမှ အလွတ်ဖြစ်ကုန်သော ဘဝင်စသော နာမ်တရား တို့ကိုလည်းကောင်း စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ ယှဉ်ဖက် စေတသိက် တရားစုတို့နှင့်တကွ နာမ်တုံး နာမ်ခဲ ဟူသော နာမ်ဃန အသီးအသီးကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် သိမ်းဆည်းရှုပွားရမည်ဟု မှတ်ပါ။

ဤအထက်ပါ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၏ ဖွင့်ဆိုချက် ညွှန်ကြားတော်မူချက်မျှဖြင့် မကျေနပ်သေးပါက အောက်ပါ မဟာသတိပဋ္ဌာနသုတ္တန်အဋ္ဌကထာ စသည်တို့၏ ဖွင့်ဆိုချက်ကိုလည်း ဆက်လက်၍ ဖတ်ရှုကြည့်ပါ။

မူလပရိညာ

မူလပရိညာဝသေန တာဝ ----

ဘဝင်္ဂါဝဇ္ဇနံ စေဝ၊ ဒဿနံ သမ္ပဋိစ္ဆနံ။

သန္တီရဏဝေါဋ္ဌဗ္ဗနံ၊ ဇဝနံ ဘဝတိ သတ္တမံ။

တတ္ထ ဘဝင်္ဂံ ဥပပတ္တိဘဝဿ အင်္ဂကိစ္စံ သာဓယမာနံ ပဝတ္တတိ၊ တံ အာဝဋ္ဋေတွာ ကိရိယမနောဓာတု အာဝဇ္ဇနကိစ္စံ သာဓယမာနာ, တန္နိရောဓာ စက္ခုဝိညာဏံ ဒဿနကိစ္စံ သာဓယမာနံ, တန္နိရောဓာ ဝိပါကမနောဓာတု သမ္ပဋိစ္ဆနကိစ္စံ သာဓယမာနာ, တန္နိရောဓာ ဝိပါကမနောဝိညာဏဓာတု သန္တီရဏကိစ္စံ သာဓယမာနာ, တန္နိရောဓာ ကိရိယမနောဝိညာဏဓာတု ဝေါဋ္ဌဗ္ဗနကိစ္စံ သာဓယမာနာ, တန္နိရောဓာ သတ္တက္ခတ္တုံ ဇဝနံ ဇဝတိ။ တတ္ထ ပဌမဇဝနေပိ အယံ ဣတ္ထီ, အယံ ပုရိသောတိ ရဇ္ဇနဒုဿနမုယှနဝသေန အာလောကိတဝိလောကိတံ န ဟောတိ။ ဒုတိယဇဝနေပိ။ ပ ။ သတ္တမဇဝနေပိ။ ဧတေသု ပန ယုဒ္ဓမဏ္ဍလေ ယောဓေသု ဝိယ ဟေဋ္ဌုပရိယဝသေန ဘိဇ္ဇိတွာ ပတိတေသု အယံ ဣတ္ထီ အယံ ပုရိသောတိ ရဇ္ဇနာဒိဝသေန အာလောကိတဝိလောကိတံ ဟောတိ။ ဧဝံ တာဝေတ္ထ မူလပရိညာဝသေန အသမ္မောဟသမ္ပဇညံ ဝေဒိတဗ္ဗံ။ (ဒီ၊ဋ္ဌ၊၁၊၁၇၄။ မ၊ဋ္ဌ၊၁၊၂၆၆-၂၆၇။ သံ၊ဋ္ဌ၊၃၊၂၂၆-၂၂၇။ အဘိ၊ဋ္ဌ၊၂၊၃၄၁။)

ပဌမဇဝနေပိ။ ပ ။ န ဟောတီတိ ဣဒံ ပဉ္စဒွါရဝိညာဏဝီထိယံ ဣတ္ထီ ပုရိသောတိ ရဇ္ဇနာဒီနံ အဘာဝံ သန္ဓာယ ဝုတ္တံ။ တတ္ထ ဟိ အာဝဇ္ဇနဝေါဋ္ဌဗ္ဗနာနံ အယောနိသော အာဝဇ္ဇနဝေါဋ္ဌဗ္ဗနဝသေန ဣဋ္ဌေ ဣတ္ထိရူပါဒိမှိ လောဘော, အနိဋ္ဌေ စ ပဋိဃော ဥပ္ပဇ္ဇတိ၊ မနောဒွါရေ ပန ဣတ္ထီ ပုရိသောတိ ရဇ္ဇနာဒိ ဟောတိ၊ တဿ ပဉ္စဒွါရာဝဇ္ဇနံ မူလံ, ယထာ ဝုတ္တံ ဝါ သဗ္ဗံ ဘဝင်္ဂါဒိ။ ဧဝံ မနောဒွါရဇဝနဿ မူလဝသေန မူလပရိညာ ဝုတ္တာ။ (မ၊ဋီ၊၁၊၃၆၀။)

ဤအထက်ပါ အဋ္ဌကထာဋီကာတို့၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။

တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ မူလပရိညာ၏ အစွမ်းဖြင့် အသမ္မောဟသမ္ပဇဉ် ဖြစ်ပုံကို ဤသို့ သိပါ ---- ရူပါရုံကို မြင်ရာ၌ စက္ခုဒွါရဝီထိ ဖြစ်ပြီးနောက်၌ ဘဝင်များ ခြားလျက် မနောဒွါရဝီထိများ ဆက်၍ ဝီထိပေါင်း များစွာ ဖြစ်ကြ၏။ ထို မနောဒွါရဝီထိစိတ်အစဉ်များက ထို ရူပါရုံကို ဣဋ္ဌ အနိဋ္ဌ စသည်ဖြင့်လည်း သိ၏၊ ဣဋ္ဌဖြစ်သော ရူပါရုံ၌ တပ်မက်ခြင်း လောဘ, အနိဋ္ဌဖြစ်သော ရူပါရုံ၌ ပြစ်မှားခြင်း ဒေါသ စသည်လည်း ဖြစ်တတ်၏။ ထိုရူပါရုံကို နှလုံးသွင်းမှားခဲ့သော် လောဘ ဒေါသ စသည် ဖြစ်နိုင်၏ဟု ဆိုလိုပေသည်။ အကယ်၍ ထိုရူပါရုံအပေါ်၌ နှလုံးသွင်းမှန်မှု = ယောနိသောမနသိကာရ ဖြစ်ခဲ့သော် ကုသိုလ်ဇောများလည်း ထိုက်သလို စောကြမည် ဖြစ်ပေသည်။ ထိုမနောဒွါရိကဇောဝီထိ စိတ်အစဉ်တို့ ဖြစ်ပေါ်လာရခြင်း အကြောင်းရင်းမှာ စက္ခုဒွါရ ဝီထိ စသော ပဉ္စဒွါရိကဇောဝီထိစိတ်အစဉ် အားလုံးနှင့် ဘဝင်စသည်သည် ထိုရူပါရုံစသည်ကို ဆက်လက် အာရုံပြုကြသည့် မနောဒွါရိကဇောဝီထိ စိတ်အစဉ်တို့၏ မူလအကြောင်းရင်း ဖြစ်ကြ၏။

ယင်းမနောဒွါရိကဇောဝီထိစိတ်အစဉ်၏ မူလအကြောင်းရင်း ဖြစ်သော ပဉ္စဒွါရိကဇောဝီထိ စိတ်အစဉ်ကို ပိုင်းခြားသိခြင်းကို မူလပရိညာဟု ခေါ်ဆိုပေသည်။ ထိုမူလပရိညာ၏ အစွမ်းဖြင့် အသမ္မောဟသမ္ပဇဉ် ဖြစ်ပုံကို ဤသို့ သိပါ။

(၁) ဘဝင်, (၂) အာဝဇ္ဇန်း, (၃) ဒဿန အမည်ရသော စက္ခုဝိညာဏ်, (၄) သမ္ပဋိစ္ဆိုင်း, (၅) သန္တီရဏ, (၆)ဝုဋ္ဌော, (၇) ဇော - ဟု စိတ် (၇)မျိုး ဖြစ်၏။

ထို (၇)မျိုးတို့တွင် ဘဝင်သည် ဥပပတ္တိဘဝ၏ စိတ်အစဉ် မပြတ်စဲရေးအတွက် အကြောင်းကိစ္စကို ပြီးစီး စေလျက် ဖြစ်ပေါ်လာ၏၊ ထိုဘဝင်ကို လည်စေလျက် = ရပ်တန့်စေလျက် ကိရိယမနောဓာတ် အမည်ရသော ပဉ္စဒွါရာဝဇ္ဇန်းစိတ်သည် ရူပါရုံကို ဆင်ခြင်ခြင်းကိစ္စကို ပြီးစီးစေလျက် ဖြစ်ပေါ်လာ၏။ ထို ပဉ္စဒွါရာဝဇ္ဇန်းစိတ် ချုပ်ပျက်သွားခြင်းကြောင့် စက္ခုဝိညာဏ်စိတ်သည် ရူပါရုံကို မြင်ခြင်းကိစ္စကို ပြီးစီးစေလျက် ဖြစ်ပေါ်လာ၏။ ထိုစက္ခုဝိညာဏ်စိတ် ချုပ်ပျက်သွားသည်မှ နောက်၌ ဝိပါက်မနောဓာတ် အမည်ရသော သမ္ပဋိစ္ဆိုင်းစိတ်သည် ရူပါရုံကို ခံလင့်သကဲ့သို့သော လက်ခံခြင်းကိစ္စကို ပြီးစီးစေလျက် ဖြစ်ပေါ်လာ၏၊ ထိုသမ္ပဋိစ္ဆိုင်း ချုပ်ပြီးသည်မှ နောက်၌ ဝိပါက်မနောဝိညာဏဓာတ် ဖြစ်သော သန္တီရဏစိတ်သည် ရူပါရုံကို စုံစမ်းခြင်းကိစ္စကို ပြီးစီးစေလျက် ဖြစ်ပေါ်လာ၏။ ထို သန္တီရဏစိတ် ချုပ်ပျက်သည်မှ နောက်၌ ကိရိယမနောဝိညာဏဓာတ်ဖြစ်သော ဝုဋ္ဌောစိတ် သည် ရူပါရုံကိုပင် ဣဋ္ဌ အနိဋ္ဌ စသည်ဖြင့် ဆုံးဖြတ်ချက်ချခြင်းကိစ္စကို ပြီးစီးစေလျက် ဖြစ်ပေါ်လာ၏၊ ထိုဝုဋ္ဌောစိတ် ချုပ်ပျက်သည်မှ နောက်ကာလ၌ (၇) ကြိမ်သော ဇောစိတ်သည် အဟုန်ပြင်းစွာ ဖြစ်ပေါ်လာ၏။

ထို ဇော (၇) ကြိမ်တို့တွင် ပထမဇော၌လည်း - ဤသူသည် အမျိုးသ္မီးတည်း၊ ဤသူသည် အမျိုးသား တည်း ဟု တပ်မက်ခြင်း ပြစ်မှားခြင်း တွေဝေခြင်း၏ အစွမ်းဖြင့် တည့်တည့်ကြည့်ခြင်း စောင်းငဲ့ကြည့်ခြင်းသည် မဖြစ်။ ဒုတိယဇော၌လည်း။ ပ ။ သတ္တမဇော၌လည်း မဖြစ်။

စစ်မြေပြင်၌ စစ်သည်တို့ကဲ့သို့ ထို (၇)ကြိမ်ကုန်သော ဇောတို့သည် ထက်အောက်ပြောင်းပြန်၏ အစွမ်းဖြင့် ပျက်စီး၍ ကျကုန်လတ်သော် ဤသူကား အမျိုးသ္မီး, ဤသူကား အမျိုးသားဟု တပ်မက်ခြင်း ပြစ်မှားခြင်း တွေဝေခြင်း၏ အစွမ်းဖြင့် တည့်တည့်ကြည့်ခြင်း စောင်းငဲ့ကြည့်ခြင်းသည် ဖြစ်ပေါ်လာ၏ ---- ဤသို့လျှင် ရှေးဦးစွာ မူလပရိညာ၏ အစွမ်းဖြင့် အသမ္မောဟသမ္ပဇဉ်ကို သိရှိပါလေ။ (ဒီ၊ဋ္ဌ၊၁၊၁၇၄။ မ၊ဋ္ဌ၊၁၊၂၆၆-၂၆၇။ သံ၊ဋ္ဌ၊၃၊၂၂၆-၂၂၇။ အဘိ၊ဋ္ဌ၊၂၊၃၄၁။)

ထိုစက္ခုဒွါရဝီထိစသော ပဉ္စဒွါရဝီထိ၌ ပဉ္စဒွါရာဝဇ္ဇန်းနှင့် ဝုဋ္ဌောတို့၏ ဆင်ခြင်ဆုံးဖြတ်မှုမှာ အယောနိ သော မနသိကာရ ဆင်ခြင်ဆုံးဖြတ်မှု ဖြစ်ခဲ့သော် ---- ယင်း ဆင်ခြင် ဆုံးဖြတ်မှု၏ အစွမ်းဖြင့် ဣဋ္ဌဖြစ်သော အမျိုးသား အမျိုးသ္မီးတို့၏ ရူပါရုံ၌ တပ်မက်မှု လောဘ, အနိဋ္ဌဖြစ်သော ရူပါရုံ၌ ပြစ်မှားခြင်း ဒေါသကား ဖြစ်နိုင်သေး၏။ သို့သော် ထိုပဉ္စဒွါရဝီထိစိတ်တို့ကား ဤသူကား အမျိုးသ္မီး, ဤသူကား အမျိုးသားဟု မသိပေ။ ဤသူကား အမျိုးသား, ဤသူကား အမျိုးသ္မီးဟု သိ၍ တပ်မက်သည်လည်း မဟုတ်ပေ။ ပြစ်မှားသည်လည်း မဟုတ်ပေ။ ရူပါရုံ အရောင်မျှ၌သာ တပ်မက်မှုတည်း။ ပြစ်မှားမှုတည်း။ ယင်း ပဉ္စဒွါရဝီထိနောင် ဘဝင်များ ခြားလျက် ဆက်လက်ဖြစ်ပေါ်လာကြကုန်သော မနောဒွါရဝီထိစိတ်အစဉ်တို့ကသာလျှင် ယောက်ျား မိန်းမ စသည်ဖြင့် သိတတ်၏။ ထိုသို့ သိသဖြင့် ယင်း မနောဒွါရဝီထိစိတ်တို့၌သာလျှင် ဤသူကား ယောက်ျား ဤသူကား အမျိုးသ္မီးဟု တပ်မက်ခြင်း ပြစ်မှားခြင်း စသည်သည် ဖြစ်ပေါ်လာ၏။ ထိုသို့ တပ်မက်ခြင်း ပြစ်မှားခြင်း စသည့် စိတ်အစဉ်မှာ မနောဒွါရိကဇောဝီထိစိတ်များတည်း။ ယင်းမနောဒွါရဝီထိတို့၏ မူလအကြောင်းရင်းမှာ စက္ခုဒွါရ ဝီထိစိတ်များပင်ဖြစ်၏။ ယင်းစက္ခုဒွါရဝီထိ စိတ်အစဉ်တို့ကို သမ္ပယုတ်တရားတို့နှင့် အတူတကွ ပရမတ်သို့ ဉာဏ် အမြင် ဆိုက်အောင် သိခဲ့သော် အသမ္မောဟသမ္ပဇဉ် ဖြစ်ပေပြီ။ ဤကား တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ မူလပရိညာ၏ အစွမ်းဖြင့် အသမ္မောဟသမ္ပဇဉ် ဖြစ်ပုံတည်း။ ဤသည်မှာလည်း နာမ်တရားတို့ကို သိမ်းဆည်း ရှုပွားရာ၌ ဝီထိခေါ်သည့် စိတ္တနိယာမလမ်းကြောင်းအတိုင်း သိမ်းဆည်းရှုပွားရန် ညွှန်ကြားထားကြသော ကျမ်းဂန် အဆိုအမိန့်တို့ပင် ဖြစ်ကြသည်။

တစ်နည်း ဖွင့်ဆိုပုံ

ဧတ္ထ ဟိ စက္ခု စေဝ ရူပဉ္စ ရူပက္ခန္ဓော၊ ဒဿနံ ဝိညာဏက္ခန္ဓော၊ တံသမ္ပယုတ္တာ ဝေဒနာ ဝေဒနာက္ခန္ဓော၊ သညာ သညာက္ခန္ဓော၊ ဖဿာဒိကာ သင်္ခါရက္ခန္ဓော။ ဧဝမေတေသံ ပဉ္စန္နံ ခန္ဓာနံ သမဝါယေ အာလောကနဝိလောကနံ ပညာယတိ။ တတ္ထ ကော ဧကော အာလောကေတိ၊ ကော ဝိလောကေတိ။ (မ၊ဋ္ဌ၊၁၊၂၆၇-၂၆၈။ ဒီ၊ဋ္ဌ၊၁၊၁၇၅။ သံ၊ဋ္ဌ၊၃၊၂၂၇။ အဘိ၊ဋ္ဌ၊၂၊၃၄၂။)

= ဤ ခန္ဓာ (၅)ပါးနည်းဖြင့် သိအောင် သိမ်းဆည်း ရှုပွားရမည့် ရှုကွက်၌ ----

၁။ စက္ခုအကြည်ဓာတ်နှင့် ရူပါရုံကား ရူပက္ခန္ဓာတည်း။

၂။ ရူပါရုံကို မြင်တတ်သော စက္ခုဝိညာဏ်ကား ဝိညာဏက္ခန္ဓာတည်း။

၃။ ထိုစက္ခုဝိညာဏ်နှင့် ယှဉ်သော ဝေဒနာကား ဝေဒနာက္ခန္ဓာတည်း။

၄။ ထိုစက္ခုဝိညာဏ်နှင့် ယှဉ်သော သညာကား သညာက္ခန္ဓာတည်း။

၅။ ထိုစက္ခုဝိညာဏ်နှင့် ယှဉ်သော ဖဿ စေတနာ ဧကဂ္ဂတာ ဇီဝိတ မနသိကာရတို့ကား သင်္ခါရက္ခန္ဓာတည်း။

ဤသို့လျှင် ဤ ခန္ဓာ (၅)ပါးတို့၏ ပေါင်းဆုံခြင်းသည် ထင်ရှားရှိလတ်သော် တည့်တည့်ကြည့်ခြင်း စောင်းငဲ့ကြည့်ခြင်းသည် ထင်ရှားဖြစ်ပေါ်လာ၏။ ထိုသို့ တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ အဘယ်မည် သော ပုဂ္ဂိုလ်သတ္တဝါ တစ်စုံတစ်ဦးသည် တည့်တည့်ကြည့်လေသနည်း၊ အဘယ်မည်သော ပုဂ္ဂိုလ်သတ္တဝါ တစ်စုံ တစ်ဦးသည် စောင်းငဲ့ကြည့်လေသနည်း, တည့်တည့်ကြည့်သော စောင်းငဲ့ကြည့်သော ပုဂ္ဂိုလ်သတ္တဝါ တစ်စုံတစ်ဦး သည် မရှိသည်သာတည်း။ ခန္ဓာ (၅)ပါးတို့၏ ပေါင်းဆုံခြင်းမျှသာတည်း။ (ဒီ၊ဋ္ဌ၊၁၊၁၇၅။ မ၊ဋ္ဌ၊၁၊၂၆၇-၂၆၈။ သံ၊ဋ္ဌ၊၃၊၂၂၇။ အဘိ၊ဋ္ဌ၊၂၊၃၄၂။)

ဤသို့ တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ စက္ခုဝိညာဏ်ဝယ် ခန္ဓာ (၅)ပါးတို့ ထင်ရှား ဖြစ်သွားပုံကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် သိမ်းဆည်းနိုင်သော် အသမ္မောဟသမ္ပဇဉ် ဖြစ်ပေပြီ။ သို့သော် စက္ခုဝိညာဏ်သည် ရှေးက ပဉ္စဒွါရာဝဇ္ဇန်း မပါဘဲလည်း မဖြစ်နိုင်။ တစ်ဖန် ပဉ္စဒွါရာဝဇ္ဇန်းစိတ်က ဘဝင်ကို လည်စေခဲ့သည်ရှိသော် ရပ်တန့်စေခဲ့သည်ရှိသော် ဝုဋ္ဌောသို့ မရောက်ဘဲလည်း ဝီထိစိတ်အစဉ်၏ ရပ်တန့်သွားခြင်း = ဘဝင်သို့ တစ်ဖန် ပြန်၍ ကျဆင်းသွားခြင်းမည်သည် မရှိကောင်းသည်သာ ဖြစ်၏။ (အဘိ၊ဋ္ဌ၊၁၊၃၀၉-၃၁၀။)

အကယ်၍ ရူပါရုံသည် အတိမဟန္တာရုံ ဖြစ်ခဲ့ပါမူ ဇော (၇) ကြိမ်, တဒါရုံ (၂) ကြိမ်အထိ ဝီထိစိတ်များ ဆက်လက်၍ ဖြစ်ကြမည်သာ ဖြစ်ပေသည်။ သို့အတွက် စက္ခုဝိညာဏ် စိတ္တက္ခဏအခိုက်ဝယ် ခန္ဓာ (၅)ပါး ထင်ရှားဖြစ်သွားသကဲ့သို့ အလားတူပင် ----

၁။ ပဉ္စဒွါရာဝဇ္ဇန်း ဖြစ်ခိုက်၌ ခန္ဓာ (၅)ပါး,

၂။ စက္ခုဝိညာဏ် ဖြစ်ခိုက်၌ ခန္ဓာ (၅)ပါး,

၃။ သမ္ပဋိစ္ဆိုင်း ဖြစ်ခိုက်၌ ခန္ဓာ (၅)ပါး,

၄။ သန္တီရဏ ဖြစ်ခိုက်၌ ခန္ဓာ (၅)ပါး,

၅။ ဝုဋ္ဌော ဖြစ်ခိုက်၌ ခန္ဓာ (၅)ပါး,

၆။ ဇော အသီးအသီး ဖြစ်ခိုက်၌ ခန္ဓာ (၅)ပါးစီ,

၇။ တဒါရုံ အသီးအသီး ဖြစ်ခိုက်၌ ခန္ဓာ (၅)ပါးစီ ---

ဤသို့လျှင် စိတ္တက္ခဏတိုင်း၌ ခန္ဓာ (၅)ပါးစီ အသီးအသီး ဖြစ်သွားကြ၏။ ယင်းခန္ဓာ (၅)ပါးတို့ကို စိတ္တက္ခ ဏတိုင်းဝယ် ဟုတ်တိုင်းမှန်စွာ ပရမတ်သို့ဆိုက်အောင် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် သိမ်းဆည်းနိုင် ဝိပဿနာ ရှုပွားသုံးသပ်နိုင်ပါက တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ အသမ္မောဟသမ္ပဇဉ် ဖြစ်ပေပြီ။ ထိုကြောင့် စက္ခု ဝိညာဏ်အခိုက်၌ ခန္ဓာ (၅)ပါး ဖြစ်ပုံကို ဖွင့်ဆိုထားသော အဋ္ဌကထာစကားကို အရိပ်ပြလျှင် အကောင်ထင်စေ သော ဥပလက္ခဏနည်း နိဒဿနနည်းဟု မှတ်ပါ။

ပဉ္စဒွါရာဝဇ္ဇန်း အခိုက်၌ ခန္ဓာ (၅) ပါး ----

၁။ ပဉ္စဒွါရာဝဇ္ဇန်း၏ မှီရာဟဒယဝတ္ထုနှင့် ရူပါရုံကား ရူပက္ခန္ဓာ,

၂။ ပဉ္စဒွါရာဝဇ္ဇန်းစိတ်ကား ဝိညာဏက္ခန္ဓာ,

၃။ ယင်းပဉ္စဒွါရာဝဇ္ဇန်းစိတ်နှင့် ယှဉ်သော သညာကား သညာက္ခန္ဓာ,

၄။ ယင်းပဉ္စဒွါရာဝဇ္ဇန်းစိတ်နှင့် ယှဉ်သော ဝေဒနာကား ဝေဒနာက္ခန္ဓာ,

၅။ ယင်းပဉ္စဒွါရာဝဇ္ဇန်းစိတ်နှင့် ယှဉ်သော ဖဿ-စေတနာ-ဧကဂ္ဂတာ-ဇီဝိတ-မနသိကာရ-ဝိတက်-ဝိစာရ-အဓိမောက္ခ - ဤ (၈)လုံးတို့ကား သင်္ခါရက္ခန္ဓာ ----

ဤသို့လျှင် ခန္ဓာ (၅)ပါး ဖြစ်ပေသည်။ ကျန်ဝီထိစိတ်တို့၌လည်း နည်းမှီး၍ သိပါလေ။

ဤကား နာမ်တရားတို့ကို ဝီထိခေါ်သည့် စိတ္တနိယာမလမ်းကြောင်းအတိုင်း ရှုပွားသိမ်းဆည်းရန် ညွှန်ကြား ထားသော ကျမ်းဂန်အဆိုအမိန့်အချို့ကို ကောက်နုတ်ဖော်ပြချက် ဖြစ်သည်။

အလွန်ခဲယဉ်းသော လုပ်ငန်းရပ်

စိတ္တနိယာမလမ်းကြောင်းအတိုင်း ဖြစ်ပေါ်သွားကြကုန်သော စိတ်+စေတသိက် = နာမ်တရားတို့ကို နာမ် ဃန ခေါ်သည့် နာမ်တုံးနာမ်ခဲကို ပြိုကွဲသွားအောင် ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် သိမ်းဆည်းရှုပွားရေးမှာ လွယ်ကူသော လုပ်ငန်းကိစ္စရပ်ကား မဟုတ်ပါပေ။ သို့သော် သာဝကတို့ သည် သိမ်းဆည်းရှုပွား၍ကား ရရှိနိုင်ကြသည်သာ ဖြစ်ပေသည်။ မိလိန္ဒပဥှာပါဠိတော်၌ လာရှိသော စကားရပ် ကို အယူအဆ လွဲမှားတော်မူကြသဖြင့် ယင်းနာမ်တရားတို့ကို သာဝကတို့သည် ရှု၍ မရနိုင်ဟု ပြောဆိုကြခြင်း ဖြစ်ပေသည်။ သံသယ ကင်းရှင်းသွားစေရန်အတွက် အဋ္ဌသာလိနီအဋ္ဌကထာ၏ ဖွင့်ဆိုချက်နှင့် မိလိန္ဒပဥှာ ပါဠိတော်၏ အဆိုအမိန့်ကို အောက်တွင် ဖော်ပြအပ်ပါသည်။

ဣမေသဉ္စ ပန ဖဿပဉ္စမကာနံ ဓမ္မာနံ ပါဋိယေက္ကံ ပါဋိယေက္ကံ ဝိနိဗ္ဘောဂံ ကတွာ ပညတ္တိံ ဥဒ္ဓရမာနေန ဘဂဝတာ ဒုက္ကရံ ကတံ။ နာနာဥဒကာနဥှိ နာနာတေလာနံ ဝါ ဧကဘာဇနေ ပက္ခိပိတွာ ဒိဝသံ နိမ္မထိတာနံ ဝဏ္ဏ-ဂန္ဓ-ရသာနံ နာနတာယ ဒိသွာ ဝါ ဃာယိတွာ ဝါ သာယိတွာ ဝါ နာနာကရဏံ သက္ကာ ဘဝေယျ ဉာတုံ၊ ဧဝံ သန္တေပိ တံ ဒုက္ကရန္တိ ဝုတ္တံ။ သမ္မာသမ္ဗုဒ္ဓေန ပန ဣမေသံ အရူပီနံ စိတ္တစေတသိကာနံ ဓမ္မာနံ ဧကာရမ္မဏေ ပဝတ္တမာနာနံ ပါဋိယေက္ကံ ပါဋိယေက္ကံ ဝိနိဗ္ဘောဂံ ကတွာ ပညတ္တိံ ဥဒ္ဓရမာနေန အတိဒုက္ကရံ ကတံ။ တေနာဟ အာယသ္မာ နာဂသေနတ္ထေရော ----

ဒုက္ကရံ မဟာရာဇ ဘဂဝတာ ကတန္တိ။ ကိံ ဘန္တေ နာဂသေန ဘဂဝတာ ဒုက္ကရံ ကတန္တိ?

ဒုက္ကရံ မဟာရာဇ ဘဂဝတာ ကတံ၊ ယံ ဣမေသံ အရူပီနံ စိတ္တစေတသိကာနံ ဓမ္မာနံ ဧကာရမ္မဏေ ပဝတ္တမာနာနံ ဝဝတ္ထာနံ အက္ခာတံ အယံ ဖဿော၊ အယံ ဝေဒနာ၊ အယံ သညာ၊ အယံ စေတနာ၊ ဣဒံ စိတ္တန္တိ။

ဩပမ္မံ ဘန္တေ ကရောဟီတိ။

ယထာ မဟာရာဇ ကောစိဒေဝ ပုရိသော နာဝါယ သမုဒ္ဒံ အဇ္ဈောဂါဟေတွာ ဟတ္ထပုဋေန ဥဒကံ ဂဟေတွာ ဇိဝှါယ သာယိတွာ ဇာနေယျ နု ခေါ မဟာရာဇ သော ပုရိသော ဣဒံ ဂင်္ဂါယ ဥဒကံ၊ ဣဒံ ယမုနာယ ဥဒကံ၊ ဣဒံ အစိရဝတိယာ ဥဒကံ၊ ဣဒံ သရဘုယာ ဥဒကံ၊ ဣဒံ မဟိယာ ဥဒကန္တိ။

ဒုက္ကရံ ဘန္တေ ဇာနိတုန္တိ။

တတော ဒုက္ကရတရံ ခေါ မဟာရာဇ ဘဂဝတာ ကတံ၊ ယံ ဣမေသံ အရူပီနံ စိတ္တစေတသိကာနံ ဓမ္မာနံ။ ပ ။ ဣဒံ စိတ္တန္တိ။ (အဘိ၊ဋ္ဌ၊၁၊၁၈၆-၁၈၇။ မိလိန္ဒပဥှာ၊၉၄။)

ဤအထက်ပါ ပါဠိတော် အဋ္ဌကထာတို့၏ ဆိုလိုရင်း သဘောတရားမှာ ဤသို့ ဖြစ်၏။

နာမ်တရားတို့ကို ဉာဏ်ဖြင့်ပိုင်းခြားယူရာ သိမ်းဆည်းရာ၌လည်းကောင်း ဝိပဿနာ ရှုပွားသုံးသပ်ရာ၌ လည်းကောင်း ဘဝင်စသည့် ဝီထိမှ အလွတ်ဖြစ်သော ဝီထိမုတ်စိတ်တို့၌လည်းကောင်း စိတ္တနိယာမလမ်းကြောင်း အတိုင်း ဖြစ်ပေါ်သွားကြကုန်သော ဝီထိစိတ်အစဉ်တို့တွင် စိတ္တက္ခဏတိုင်း၌လည်းကောင်း ဖဿလျှင် ငါးခုမြောက် ရှိသော ဖဿပဉ္စမကတရားတို့ကို တစ်နည်းဆိုရသော် ဖဿပဉ္စမကတရား ဦးဆောင်သည့် နာမ်တရားစုတို့ကို သိမ်းဆည်းရှုပွားရမည် ဖြစ်ကြောင်းကို ရှေးတွင် ရှင်းပြခဲ့ပြီး ဖြစ်၏။

စိတ္တက္ခဏတစ်ခု အတွင်း၌ တည်ရှိကြကုန်သော ဤ ဖဿပဉ္စမကတရားစုတို့ကို အသီးအသီး တစ်လုံးစီ တစ်လုံးစီ ခွဲခြားစိတ်ဖြာခြင်းကို ပြုတော်မူလျက် ဖဿ ဝေဒနာ သညာ စေတနာ ဝိညာဏ်စသော အမည်နာမ ပညတ်များကို ထုတ်ဆောင်ပြတော်မူသော ဘုရားရှင်သည် ခဲယဉ်းစွာ ပြုလုပ်အပ်သော လုပ်ငန်းရပ်ကို ပြုတော် မူအပ်ပါပေပြီ၊ ဥပမာဆောင်၍ ထင်ရှားအောင် ဆိုပေဦးအံ့။

တစ်ခုတည်းသော ခွက်အတွင်း၌ အဆင်း အနံ့ အရသာ အမျိုးမျိုးရှိသော ရေအမျိုးမျိုးတို့ကို ထည့်၍ တစ်နေ့ပတ်လုံး မွှေနှောက်ထားသည်ဆိုကြပါစို့။ မြေပဲဆီ နှမ်းဆီ ဝက်ဆီ စသော အဆင်း အနံ့ အရသာ အမျိုးမျိုး ရှိသော ဆီတို့ကိုလည်း ခွက်တစ်ခုအတွင်း၌ ထည့်၍ တစ်နေ့ပတ်လုံး မွှေနှောက်ထားသည် ဆိုကြစို့။ တစ်ခုတည်း သော ခွက်၌ ထည့်၍ တစ်နေ့ပတ်လုံး မွှေနှောက်ထားအပ်ပြီးကုန်သော အထူးထူးသော ရေတို့၏သော်လည်း ကောင်း, အထူးထူးသော ဆီတို့၏သော်လည်းကောင်း အဆင်း အနံ့ အရသာတို့၏ တစ်ခုနှင့်တစ်ခု မတူ ထူးထွေ ကွဲပြားမှု ရှိသည်၏အဖြစ်ကြောင့် မျက်စိဖြင့် ကြည့်၍သော်လည်းကောင်း, နှာခေါင်းဖြင့် နမ်း၍သော်လည်းကောင်း, လျှာဖြင့်လျက်၍သော်လည်းကောင်း တစ်ခုနှင့်တစ်ခု မတူကွဲပြားမှုကို ပြုလုပ်ကြောင်း ဖြစ်သည့် ထူးခြားချက်ကို သိခြင်းငှာ တတ်ကောင်းသည် ဖြစ်တန်ရာသေး၏။

[ရုပ်တို့၏ဓမ္မတာသည် ရုပ်ကလာပ် ခေါ်သည့် အမှုန်များအနေဖြင့်သာ ဖြစ်ရိုးဓမ္မတာရှိသဖြင့် ရေဟူသည်မှာ ဆီဟူသည်မှာ အာပေါဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ရုပ်ကလာပ်တို့၏ အပေါင်းအစုမျှသာ ဖြစ်၏။ ရုပ်တို့သည် အချင်းချင်း ဝိပ္ပယုတ္တတရားများသာ ဖြစ်ခြင်းကြောင့် ရုပ်ကလာပ်တစ်ခု၏ အတွင်း၌ တည်ရှိသော ရုပ်တရားနှင့် အခြား ရုပ်ကလာပ်တစ်ခု အတွင်း၌ တည်ရှိသော ရုပ်တရားတို့သည် ပေါင်းစပ်မှု ယှဉ်တွဲမှု မရှိပေ။ သို့အတွက် ဉာဏ်ပညာမျက်စိ ရှိသူတို့၏ အဖို့မှာမူ တစ်ခုတည်းသော ခွက်၌ ထည့်၍ တစ်နေ့ ပတ်လုံး မွှေနှောက်ထားအပ်ပြီးကုန်သော အထူးထူးသော ရေတို့၏သော်လည်းကောင်း အထူးထူးသော ဆီတို့၏ သော်လည်းကောင်း အဆင်း အနံ့ အရသာတို့၏ တစ်ခုနှင့် တစ်ခု မတူ ထူးထွေကွဲပြားမှု ရှိသည်၏အဖြစ်ကြောင့် မျက်စိဖြင့် ကြည့်၍သော်လည်းကောင်း နှာခေါင်းဖြင့် နမ်း၍သော်လည်းကောင်း လျှာဖြင့်လျက်၍သော် လည်းကောင်း တစ်ခုနှင့်တစ်ခု မတူကွဲပြားမှုကို ပြုလုပ်ကြောင်း ဖြစ်သည့် ထူးခြားချက်ကို သိခြင်းငှာ တတ်ကောင်း သည် ဖြစ်တန်ရာသေး၏ဟု ဆိုလိုရင်း ဖြစ်ပေသည်။]

ဤသို့သိခြင်းငှာ တတ်ကောင်းပါသော်လည်း ထိုသိခြင်းကို ဒုက္ကရ = ခဲယဉ်းစွာပြုအပ်၏ဟူ၍ = ပြုနိုင်ခဲ၏ ဟူ၍ မိလိန္ဒပဥှာ၌ အရှင်နာဂသေနမထေရ် မိန့်ဆိုတော်မူအပ်ခဲ့လေပြီ။ သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်သည်ကား တစ်ခုတည်းသော အာရုံ၌ ဖြစ်ပေါ်၍ နေကြကုန်သော ဤ စိတ်စေတသိက် နာမ်တရားစုတို့၏ အသီးအသီး တစ်လုံးစီ တစ်လုံးစီကို ဉာဏ်တော်မြတ်ဖြင့် ခွဲခြားစိတ်ဖြာခြင်းကို ပြု၍ ---- ဤကား ဖဿ, ဤကား ဝေဒနာ, ဤကား သညာ, ဤကား စေတနာ, ဤကား ဝိညာဏ် - ဤသို့ စသည်ဖြင့် အမည်နာမပညတ်ကို ထုတ်ဆောင် ပြတော်မူ၏။ ထိုသို့ အမည်နာမပညတ်ကို ထုတ်ဆောင်ပြတော်မူသော ဘုရားရှင်သည် အလွန်ခဲယဉ်းစွာ ပြုအပ် သော အမှုကို ပြုတော်မူအပ်ပါပေပြီ။

[ပထမ မဟာကုသိုလ်စိတ်ဟူသော မနောဒွါရိကဇောစိတ္တက္ခဏ တစ်ခုတစ်ခု အတွင်း၌ ဉာဏ် ပီတိ နှစ်မျိုး လုံး ပါဝင်သဖြင့် စိတ်+စေတသိက်ဟူသော နာမ်တရား (၃၄)လုံး ရှိ၏။ ထိုစိတ်စေတသိက်တို့သည် ဧကုပ္ပါဒ စသော လက္ခဏာလေးပါးနှင့်ညီစွာ အတူဖြစ် အတူချုပ်၍ တူသော မှီရာဝတ္ထုရုပ်လည်းရှိလျက် (= ဟဒယဝတ္ထုရုပ် တစ်ခုတည်းကိုသာ မှီဖြစ်ကြလျက်) အာရုံ တစ်ခုကိုပင် ဝိုင်းလျက် အာရုံပြုကြလေရာ သဗ္ဗညုတဉာဏ်တော်ရှင် သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်သာ မဟုတ်ခဲ့ပါလျှင် ဤသဘောကား ဖဿ, ဤသဘောကား ဝေဒနာ စသည်ဖြင့် သာဝကတို့၏ ခွဲခြားစိတ်ဖြာ၍ သိရှိဖို့ရန် အမည်နာမပညတ်တင်လျက် ဟောကြားပြသတော်မူခြင်းငှာ မည်သည့် တစ်စုံတစ်ခုသော လောကဓာတ်နည်းနှင့်မျှ ရှေးကလည်း မဖြစ်ခဲ့၊ ယခုလည်း မဖြစ်နိုင်၊ နောက်နောင်အခါ ကမ္ဘာအဆက်ဆက်၌လည်း ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ ထိုကြောင့် နာမည်ကျော် အရှင်နာဂသေနမထေရ်မြတ် က ဒါယကာ မိလိန္ဒ မဟာရာဇာအား ဤ အဓိပ္ပါယ်ထင်ရှားအောင် သမုဒ္ဒရာဝယ် မြစ်ကြီးငါးသွယ်မှ စီးဝင်လာ သော ရေကို ဥပမာပြလျက် အောက်ပါအတိုင်း မိန့်ကြားထားတော်မူပေသည်။]

ဒါယကာတော် မိလိန္ဒ မဟာရာဇာ ...မြတ်စွာဘုရားသည် အလွန်ခဲယဉ်းစွာ ပြုအပ်သော အမှုကို ပြုအပ်ပါပေပြီ။

အရှင်ဘုရား နာဂသေန ...မြတ်စွာဘုရားသည် အဘယ်ကဲ့သို့သော အလွန်ခဲယဉ်းစွာ ပြုအပ်သော အမှုကို ပြုအပ်ပါသနည်း။

ဒါယကာတော် မိလိန္ဒ မဟာရာဇာ ...မြတ်စွာဘုရားသည် တစ်ခုတည်းသော အာရုံ၌ ပြိုင်တူ ဖြစ်ပေါ်၍ နေကြသော နာမ်တရားဖြစ်ကုန်သော ဤစိတ်စေတသိက်တရားတို့ကို ----

ဤအာရုံကို တွေ့ထိခြင်း သဘောတရားသည် ဖဿတည်း၊

ဤအာရုံ၏ အရသာကို ခံစားခြင်း သဘောတရားသည် ဝေဒနာတည်း၊

ဤအာရုံကို မှတ်သားခြင်း သဘောတရားသည် သညာတည်း၊

ဤစေ့ဆော်ခြင်း သဘောတရားသည် စေတနာတည်း၊

ဤအာရုံကို ယူတတ် (= သိတတ်) သော သဘောတရားသည် စိတ်တည်း။

ဤသို့လျှင် အမည်နာမပညတ်ကို ထုတ်ဆောင်လျက် အကြင် တစ်လုံးစီ တစ်လုံးစီကို အသီးအသီး ပိုင်းခြား ခြင်းကို ပြုလျက် ဟောကြားထားတော်မူအပ်၏၊ ထိုသို့ ပိုင်းခြားလျက် ဟောကြားတော်မူခြင်းဟူသော အလွန် ခဲယဉ်းစွာ ပြုအပ်သော အမှုကို ပြုတော်မူအပ်ပါပေပြီ။

အရှင်ဘုရား ...ဥပမာကို ပြုတော်မူပါဦးလော့။

ဒါယကာတော် မိလိန္ဒ မဟာရာဇာ ...တစ်စုံတစ်ဦးသော ယောက်ျားသည် လှေ သင်္ဘောဖြင့် သမုဒ္ဒရာ တွင်းသို့ ချင်းနင်းသက်ဝင်၍ လက်ခုပ်ဖြင့် ရေကို ခပ်ယူ၍ လျှာဖြင့် လျက်ကြည့်ခဲ့သော် ----

ဤရေသည် ဂင်္ဂါမြစ်ရေတည်း၊

ဤရေသည် ယမုနာမြစ်ရေတည်း၊

ဤရေသည် အစိရဝတိ မြစ်ရေတည်း၊

ဤရေသည် သရဘု မြစ်ရေတည်း၊

ဤရေသည် မဟိ မြစ်ရေတည်း၊

ဤသို့လျှင် ထို ယောက်ျားသည် သိနိုင်ရာပါသလော။

အရှင်ဘုရား နာဂသေန ...သိရှိဖို့ရန် ခဲယဉ်းစွာ ပြုအပ်ပါပေ၏။

ဒါယကာတော် မိလိန္ဒ မဟာရာဇာ ...တစ်ခုတည်းသော အာရုံ၌ ပြိုင်တူ ဖြစ်ပေါ်၍ နေကြကုန်သော နာမ်တရားဖြစ်ကြကုန်သော ဤ စိတ်+စေတသိက်တရားတို့ကို ----

ဤအာရုံကို တွေ့ထိခြင်း သဘောတရားသည် ဖဿတည်း။ ပ ။

ဤအာရုံကို ယူတတ် (= သိတတ်)သော သဘောတရားသည် စိတ်တည်း ---- ဤသို့လျှင် အမည်နာမပညတ် ကို ထုတ်ဆောင်လျက် အကြင် တစ်လုံးစီ တစ်လုံးစီကို အသီးအသီး ပိုင်းခြားခြင်းကို ပြုလျက် ဟောကြားတော် မူအပ်၏။ ထိုသို့ ပိုင်းခြားလျက် ဟောကြားတော်မူခြင်းဟူသော အလွန်ခဲယဉ်းစွာ ပြုအပ်သောအမှုကို ဘုရားရှင် သည် ပြုတော်မူအပ်ပါပေပြီ။ (မိလိန္ဒပဥှာ၊၉၄။)

ဤအထက်ပါ ပါဠိတော်အဋ္ဌကထာတို့၏ အဆိုအမိန့်ကား ---- တစ်ခုတည်းသော အာရုံကို အာရုံပြု၍ ပြိုင်တူ ဖြစ်ပေါ်သွားကြကုန်သော နာမ်တရားတို့ကို ဤကား ဖဿ, ဤကား ဝေဒနာ စသည်ဖြင့် တစ်လုံးစီ တစ်လုံးစီကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာလျက် အမည် နာမပညတ်ကို ထုတ်ဆောင်လျက် ပညတ်တင်ကာ ဘုရားရှင် ၏ ဟောကြားတော်မူချက်မှာ အလွန်ခဲယဉ်းသော လုပ်ငန်းရပ် ဖြစ်ကြောင်းကိုသာ မိန့်ဆိုခြင်း ဖွင့်ဆိုခြင်း ဖြစ်ပေ သည်။ သာဝကတို့သည် စိတ္တက္ခဏတစ်ခုအတွင်း၌ တည်ရှိကြကုန်သော နာမ်တရားတို့ကို ရှု၍ မရနိုင်ဟု ဟောကြားထားတော်မူသည်ကား မဟုတ်ပေ။ ဤအချက်ကို အလေးအနက် သဘောပေါက်နိုင်ရမည် ဖြစ်သည်။ အယူအဆ လွဲမှားသွားပါက ကျင့်စဉ်လည်း လွဲမှားသွားနိုင်ပေသည်။ သို့အတွက် လုပ်ငန်းခွင်နှင့် ပတ်သက်လာ လျှင် အယူအဆ မလွဲမှားမိရန် အထူးသတိပြုရမည် ဖြစ်ပေသည်။

ဤအထက်ပါ အဋ္ဌသာလိနီ အဋ္ဌကထာစကားရပ်ဝယ် ----

သမ္မာသမ္ဗုဒ္ဓေန ပန ဣမေသံ အရူပီနံ စိတ္တစေတသိကာနံ ဓမ္မာနံ ဧကာရမ္မဏေ ပဝတ္တမာနာနံ ပါဋိယေက္ကံ ပါဋိယေက္ကံ ဝိနိဗ္ဘောဂံ ကတွာ ပညတ္တိံ ဥဒ္ဓရမာနေန အတိဒုက္ကရံ ကတံ။ (အဘိ၊ဋ္ဌ၊၁၊၁၈၆။)

သမ္မာသမ္ဗုဒ္ဓဘုရားရှင်သည် အာရုံတစ်ခုတည်း၌ အာရုံပြုလျက် ဖြစ်ပေါ်နေကြကုန်သော နာမ်တရားစု တို့၏, စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌, အသီးအသီး တစ်လုံးစီ တစ်လုံးစီကို သဗ္ဗညုတဉာဏ်တော်မြတ်ဖြင့် ခွဲခြား စိတ်ဖြာခြင်းကို ပြု၍ ဤကား ဖဿ, ဤကား ဝေဒနာ, ဤကား သညာ, ဤကား စေတနာ, ဤကား ဝိညာဏ် ဤသို့စသည်ဖြင့် ယင်းနာမ်တရားစုတို့၏ အမည်နာမ ပညတ်ကိုထုတ်ဆောင်လျက် ပညတ်တင်ကာ ဘုရားရှင်၏ ဟောကြားတော်မူချက်မှာ အလွန်ခဲယဉ်းသော လုပ်ငန်းရပ်ကို ပြုတော်မူအပ်သည်မည်ကြောင်း ဖွင့်ဆိုချက်မှာ အထူး အလေးဂရုပြု၍ မှတ်သားထားရမည့် အချက်ပင် ဖြစ်ပေသည်။

q8o1znvrsmq28tjcyfx22xioz69hc3w