ဝီကီရင်းမြစ် mywikisource https://my.wikisource.org/wiki/%E1%80%97%E1%80%9F%E1%80%AD%E1%80%AF%E1%80%85%E1%80%AC%E1%80%99%E1%80%BB%E1%80%80%E1%80%BA%E1%80%94%E1%80%BE%E1%80%AC MediaWiki 1.47.0-wmf.6 first-letter မီဒီယာ အထူး ဆွေးနွေးချက် အသုံးပြုသူ အသုံးပြုသူ ဆွေးနွေးချက် ဝီကီရင်းမြစ် ဝီကီရင်းမြစ် ဆွေးနွေးချက် ဖိုင် ဖိုင် ဆွေးနွေးချက် မီဒီယာဝီကီ မီဒီယာဝီကီ ဆွေးနွေးချက် တမ်းပလိတ် တမ်းပလိတ် ဆွေးနွေးချက် အကူအညီ အကူအညီ ဆွေးနွေးချက် ကဏ္ဍ ကဏ္ဍ ဆွေးနွေးချက် မုခ်ဝ မုခ်ဝ ဆွေးနွေးချက် စာရေးသူ စာရေးသူ ဆွေးနွေးချက် ဘာသာပြန် ဘာသာပြန် ဆွေးနွေးချက် စာမျက်နှာ စာမျက်နှာ ဆွေးနွေးချက် အညွှန်း အညွှန်း ဆွေးနွေးချက် TimedText TimedText talk မော်ဂျူး မော်ဂျူး ဆွေးနွေးချက် Event Event talk ဥပသေနသုတ် 0 6334 22044 22041 2026-06-10T01:44:42Z Tejinda 173 22044 wikitext text/x-wiki {{header | title = ဥပသေနသုတ် | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = [[မင်္ဂလသုတ်-၉၇/၉၇]] | previous2 = | next = [[သုမေဓာထေရီအပါဒါန်]] | next2 = | year = | notes = | edition = | categories = ဖားအောက်တောရ | shortcut = | portal = }}
ဥပသေနသုတ္တန်-ပထမပိုင်း

၁၃၅၉-ခုနှစ် တော်သလင်းလဆန်း (၄)ရက်နေ့၌ ဟောကြားအပ်သော ခုဒ္ဒကနိကာယ် ဥဒါန်းပါဠိတော်မှာ လာရှိတဲ့ ဥပသေနသုတ္တန်-တရားဒေသနာတော် ဖြစ်ပါတယ်။ ထိုဒေသနာတော်ကို မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်က ဟောကြားတော်မူခဲ့ပါတယ်။ ဒီဒေသနာတော်ကို ဘုန်းကြီး ဒီညဟောဖို့ ရွေးချယ်လိုက်ရတာက သတ္တဝါတစ်ဦးအတွက် သေဘေးကြုံတဲ့အချိန်အခါမှာ သက်လုံကောင်းဖို့ လိုတယ်ဆိုတာလေး သဘောပေါက်စေချင်လို့။ ကောင်းမှုကုသိုလ် ဒါနသော်လည်းကောင်း၊ သီလသော်လည်းကောင်း၊ သမထဘာဝနာသော်လည်းကောင်း၊ ဝိပဿနာဘာဝနာသော်လည်းကောင်း ပွားများအားထုတ်တာမှန်သော်လည်း သက်လုံကောင်းလောက်အောင် အားကိုးစိတ်ချရတဲ့ ကောင်းမှုကုသိုလ်ကံမျိုး မဖြစ်ခဲ့ဘူးဆိုရင် သက်လုံကောင်းတယ်လို့ မပြောနိုင်ဘူး။

ကျိန်းသေတဲ့ ကံမျိုးကို ဒီနေ့ သာသနာတော်တွင်းမှာ လူဖြစ်လာရတဲ့ သူတော်ကောင်းတွေအဖို့ ထူထောင်နိုင်တဲ့ စွမ်းအားတွေ ရှိကြပါတယ်။ ထိုစွမ်းအားကြီးတွေကို အလဟသတ် ဖြုန်းတီးမှု မဖြစ်စေချင်တဲ့အတွက် ဒီည ဥပသေနသုတ္တန်ကို ဘုန်းကြီးဟောဖို့ ရည်ရွယ်ထားပါတယ်။ ကဲ နာကြားကြည့်ရအောင်။

ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ ရာဇဂဟေ ဝိဟရတိ ဝေဠုဝနေ ကလန္ဒကနိဝါပေ။

ဧကံ သမယံ၊ အခါတစ်ပါး၌။ ဘဂဝါ၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူသော မြတ်စွာဘုရားသည်။ ရာဇဂဟေ၊ ရာဇဂြိုဟ်မြို့၌။ ကလန္ဒကနိဝါပေ၊ ရှဉ့်နက်တို့ကို အစာကျွေး၍ မွေးမြူရာဖြစ်သော။ ဝေဠုဝနေ၊ ဝေဠုဝန်ကျောင်းတိုက်တော်၌။ ဝိဟရတိ၊ သီတင်းသုံးစံနေတော်မူဆဲ ဖြစ်ပေ၏။

မြတ်စွာဘုရား... ဒီသုတ္တန်ဟောတော်မူမယ့် အချိန်အခါလေးကို အရှင်အာနန္ဒာကိုယ်တော်မြတ်က နိဒါန်းသွယ်ပြီးတော့ လျှောက်ထားနေတယ်။ ရှဉ့်နက်တွေကို အစာကျွေးပြီး မွေးမြူရာဖြစ်တဲ့ ကလန္ဒကနိဝါပလို့ ခေါ်ဆိုအပ်တဲ့ ရာဇဂြိုဟ်မြို့မှာ ထင်ရှားတဲ့ ဗိမ္မိသာရမင်းကြီးရဲ့ ကောင်းမှုကုသိုလ်တော်ဖြစ်တဲ့ ဝေဠုဝန်ကျောင်းတိုက်တော်မှာ ဘုန်းတော် (၆)ပါးသခင် ဘုရားရှင်သည် သီတင်းသုံးစံနေတော်မူခိုက် ဖြစ်ပါတယ်။ ထိုအချိန်ခါမှာ ဘာဖြစ်လာမလဲ?

အထ ခေါ အာယသ္မတော ဥပသေနဿ ဝင်္ဂန္တပုတ္တဿ ရဟောဂတဿ ပဋိသလ္လီနဿ ဧဝံ စေတသော ပရိဝိတက္ကော ဥဒပါဒိ

အထခေါ၊ ထိုအခါ၌။ အာယသ္မတော ဥပသေနဿ ဝင်္ဂန္တပုတ္တဿ၊ ဝင်္ဂန္တပုဏ္ဏား၏သားဖြစ်သော အရှင်ဥပသေနမထေရ်မြတ်၏သန္တာန်၌။ ရဟောဂတဿ၊ ဆိတ်ငြိမ်ရာအရပ်သို့ချဉ်းကပ်လျက်။ ပဋိသလ္လီနဿ၊ တစ်ပါးထီးတည်း သမာပတ်ဝင်စားလျက် လဲလျောင်းလျက်နေစဉ်။ ဧဝံ စေတသော ပရိဝိတက္ကော၊ ဤသို့သော စိတ်အကြံအစည်သည်။ ဥဒပါဒိ၊ ထင်ရှားဖြစ်ပေါ်တော်မူခဲ့လေပြီ။

ဝင်္ဂန္တပုဏ္ဏားရဲ့ သားဖြစ်တဲ့ အရှင်ဥပသေနမထေရ်မြတ်ရဲ့သန္တာန်မှာ အကြံအစည်တစ်ခု ဖြစ်ပေါ်လာတယ်။ ဘယ်အခါလဲလို့မေးတော့ နေ့အခါမှာ တစ်ပါးထီးတည်း ဆိပ်ငြိမ်ရာအရပ်သို့ ချဉ်းကပ်ပြီး အရဟတ္တဖိုလ် ဖလသမာပတ်ကို ဝင်စားလျက် ကိန်းအောင်း စံနေတော်မူစဉ် အရဟတ္တဖိုလ် သမာပတ်မှအထ စိတ်အကြံအစည်တစ်ခု ပေါ်လာတယ်။ ဒီတော့ ဒီဝင်္ဂန္တပုဏ္ဏားရဲ့ သားဖြစ်တဲ့ အရှင်ဥပသေနမထေရ်ဆိုတာက ဘယ်လိုပုဂ္ဂိုလ်လည်းဆိုတော့ အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးရဲ့ ညီတော်တစ်ဦး ဖြစ်ပါတယ်။ ဒီတော့ ဒီအရှင်ဥပသေနမထေရ်သည် မိမိရဲ့ သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ရေးအတွက် သို့မဟုတ် သေဘေးကြုံတဲ့အခါမှာ သက်လုံကောင်းဖို့အတွက် ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ကြိုးစားအားထုတ်ခဲ့သလဲ?

ဒီအပိုင်းလေးကို ဘုန်းကြီးက အတုယူစေချင်လို့ပါ။ အရှင်သာရိပုတ္တရာရဲ့ ညီထွေးဖြစ်ပါတယ်။ မြတ်စွာဘုရား သာသနာတော်မှာ ဝင်ရောက်ပြီးတော့ ရှင်ရဟန်းပြုတယ်။ ရှင်ရဟန်းပြုပြီးတဲ့ အချိန်အခါမှာ—

အပညတ္တေ သိက္ခာပဒေ ဥပသမ္ပဒါယ ဒွိဝေဿာ ဥပဇ္ဈာယော ဟုတွာ ဧကံ ဘိက္ခုံ ဥပသမ္ပာဒေတွာ တေန သဒ္ဓိံ ဘဂဝတော ဥပဋ္ဌာနံ ဂတော၊

အကြောင်းလေးတစ်ခု တစ်နေ့ပေါ်လာတယ်နော်။

သာသနေ၊ ဘုရားရှင်၏ သာသနာတော်မြတ်အတွင်း၌။ ပဗ္ဗဇ္ဇေတွာ၊ ရှင်ရဟန်းပြုပြီးနောက်။ အပညတ္တေ သိက္ခာပဒေ၊ သိက္ခာပုဒ် မပညတ်ရသေးမီ အချိန်အခါကာလ၌။ ဥပသမ္ပဒါယ၊ ရဟန်းပဉ္စင်းဖြစ်ပြီးနောက်။ ဒွိဝေဿာ၊ (၂) ဝါရှိလျက်။ ဥပဇ္ဈာယော၊ ဆရာဥပဇ္ဈာယ်သည်။ ဟုတွာ၊ ပြု၍။ ဧကံ ဘိက္ခုံ၊ ရဟန်းတစ်ပါးကို။ ဥပသမ္ပာဒေတွာ၊ ရဟန်းပဉ္စင်းခံပေးပြီး၍။ တေန သဒ္ဓိံ၊ ထိုရဟန်းပဉ္စင်းနှင့်အတူ။ ဘဂဝတော၊ မြတ်စွာဘုရားအား။ ဥပဋ္ဌာနံ၊ ချဉ်းကပ် ခစားခြင်းသို့။ ဂတော၊ ရောက်ရှိ၍ လာခဲ့လေပြီ။

သာသနာတော်မှာ အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးကို အကြောင်းပြုပြီးတော့ ညီတော်ဖြစ်တဲ့ ပုဂ္ဂိုလ်တွေ တော်တော်များများ သာသနာဘောင် ဝင်ရောက်ပြီး ရှင်ရဟန်းပြုကြပါတယ်။ အားလုံးပဲ။ အဲဒီတော့ ညီငယ်တွေက သာသနာဘောင်ဝင်ရောက်ပြီး ရှင်ရဟန်းပြုပြီးတဲ့အထဲမှာ ဒီအရှင်ဥပသေနမထေရ်လည်း တစ်ပါး အပါအဝင် ဖြစ်ပါတယ်။ သာသနာဘောင်သို့ ဝင်ရောက်ပြီး ရှင်ရဟန်းပြုပြီးတဲ့နောက် နှစ်ဝါမြောက်လောက် ရောက်တဲ့အချိန်အခါမှာ ဘုရားရှင်ကလည်း နိသီဒနသန္ထတ သိက္ခာပုဒ်ဆိုပါတော့။ ဒီသိက္ခာပုဒ်ကိုလည်း မပညတ်ရသေးဘူး။

နောက်တစ်ခု – (၁၀)ဝါ မပြည့်ဘဲနဲ့ ဥပဇ္ဈာယ်ဆရာပြု၍ ရှင်ပြုမပေးရ၊ ရဟန်းပြုမပေးရ စသည်ဖြင့် ဒီလို သိက္ခာပုဒ်တွေလည်း မပညတ်ရသေးဘူး။ အဲဒီလို သိက္ခာပုဒ် မပညတ်ရသေးမီ အချိန်ကာလတစ်ခုအတွင်းမှာ ရဟန်း (၂)ဝါရတဲ့ အချိန်အခါမှာ တခြား ပဉ္စင်းလောင်းတစ်ပါးကို မိမိက ဥပဇ္ဈာယ်ဆရာပြုပြီးတော့ ရဟန်းခံပေးလိုက်တယ်။ ရဟန်းပဉ္စင်း ပြုပေးပြီးတော့ ထိုရဟန်းငယ်နှင့်အတူ ရဟန်းသစ်ဖြစ်တဲ့ ရဟန်းငယ်လေး ခေါ်ဆောင်လျက် ဘုရားရှင်ထံသို့ ချဉ်းကပ်ဖို့ ရောက်ရှိလာတယ်။ ချဉ်းကပ်ဖို့ ရောက်ရှိလာတဲ့ အချိန်အခါမှာ ဘုရားရှင်တို့ရဲ့ ဓမ္မတာအတိုင်း သိလျက်နဲ့လည်း မေးတော်မူတယ်။ သိလျက်နဲ့လည်း မမေးတော်မူဘူး။ ဒီအချိန်အခါမှာ ဘုရားရှင်က ဒီရဟန်းနဲ့ သင်နဲ့ ဘယ်လိုတော်စပ်သလဲစသည်ဖြင့် ဒီလိုမေးခွန်းတွေ မေးလိုက်တဲ့ အချိန်အခါမှာ တပည့်တော်က ဥပဇ္ဈာယ်ဆရာဖြစ်တယ်။ ဒီရဟန်းလေးက တပည့်တော်ရဲ့ တပည့်ဖြစ်ပါတယ် စသည်ဖြင့် တင်ပြလျှောက်ထားတော့ ဘုရားရှင်က ဘာအမိန့်ရှိလဲ?

အတိလဟုံ ခေါ တွံ၊ မောဃပုရိသ၊ အာဝတ္တော ဗာဟုလ္လာယ၊ ယဒိဒံ ဂဏဗန္ဓိယ။

မောဃပုရိသတဲ့ မဂ်ဖိုလ်နိဗ္ဗာန်မှ အချည်းနှီးဖြစ်တဲ့ယောက်ျားတဲ့ မြတ်စွာဘုရားမကြိုက်တဲ့အခါမှ ဒီစကားသုံးတယ်။ အဲဒီစကားကို ဘယ်လိုပုဂ္ဂိုလ်တွေအတွက်သုံးသလဲလို့မေးတော့ အဋ္ဌကထာကနှစ်မျိုး ဖွင့်ထားပါတယ်။ တစ်မျိုးကတော့ မဂ်၊ ဖိုလ်၊ နိဗ္ဗာန် မရသေးတဲ့ပုဂ္ဂိုလ် နောင်ရလတ္တံ့ဖြစ်သော်လည်း မရသေးဘူးဆိုရင်လည်း မောဃပုရိသလို့ ထိုပုဂ္ဂိုလ်မျိုးကို မြတ်စွာဘုရား ခေါ်ဝေါ်သုံးစွဲတော်မူလေ့ ရှိပါတယ်။ နောက်တစ်မျိုးကတော့ ဒီဘဝမှာ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ကို ဘယ်တော့မှ ရလိမ့်မှာ မဟုတ်ဘူး။ နောင်တစ်ချိန် အနာဂတ်ကျမှ ရချင်ရမယ်။ ဒီဘဝမှာ မဂ်၊ ဖိုလ်၊ နိဗ္ဗာန် ကျိန်းသေဧကန်မရထိုက်တဲ့ ပုဂ္ဂိုလ်မျိုးကိုလည်း မြတ်စွာဘုရားက တစ်ခါတလေ မောဃပုရိသ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်မှ အချည်းနှီးဖြစ်တဲ့ ဟဲ့ယောက်ျားဆိုပြီး ဒီလိုသုံးတယ်။ အဲဒီလို ခေါ်ပြီးတော့ —

အတိလဟုံ အာဝတ္တော ဗာဟုလ္လာယ၊

ပစ္စည်းလေးပါးပေါများဖို့ တပည့်အခြွေအရံပေါများဖို့ရန်အတွက် သင် လျင်လျင်မြန်မြန်ကြီး လှည့်လည်နေပါလား။ ဂဏဗန္ဓိယဆိုတဲ့ ဂိုဏ်းအသင်းအပင်းကို သင်ဖွဲ့ပြီး နေပါလားဆိုပြီးတော့ မြတ်စွာဘုရားက ကဲ့ရဲ့တယ်။ အဲဒီလို ကဲ့ရဲ့လိုက်တဲ့ အချိန်အခါမှာ ဘုရားရှင်သည် ကဲ့ရဲ့တဲ့ စကားတွေသည် သူ့အတွက် သံချွန်တပ်ထားတဲ့ ကြိမ်လုံးကို နှင်တံလို့ ခေါ်ပါတယ်။ နှင်တံနဲ့နွားကို ထိုးဆွတဲ့ပုံစံအတိုင်း ဘုရားရှင်ရဲ့ စကားတည်းဟူသောနှင်တံဖြင့် ထိုးဆွခံလိုက်ရတဲ့အတွက် ယောက်ျားအာဇာနည်စင်စစ်ဖြစ်နေတဲ့ ဒီဥပသေနမထေရ်အလောင်းအလျာ သူတော်ကောင်းသည် ဘာဖြစ်လဲ? သံဝိဂ္ဂမာနသ ထိတ်လန့်တုန်လှုပ်တဲ့ စိတ်ထားတွေ ပေါ်လာတယ်။

ငါတော့ ဘုရားရှင် မနှစ်ခြိုက်တဲ့ အပြုအမူတစ်ခုကို သာသနာတော်မှာ နေထိုင်ပြီး ပြုမူမိလေပြီ။ ကြောက်ရွံ့ရိုသေနေတဲ့ စိတ်ဓာတ်တွေ ပေါ်လာတယ်။ ဘုရားရှင် ဆိုဆုံးမလိုက်တဲ့အခါ ဘုရားအဆုံးအမအပေါ်၌ လိုက်နာပြုကျင့်မယ်ဆိုတဲ့ ရိုသေလေးစားတဲ့ စိတ်ဓာတ်တွေ သာသနာတော်မှာ အလွန် တန်ဖိုးရှိတဲ့စိတ်ဓာတ် ဖြစ်ပါတယ်။ ဒီလို တန်ဖိုးရှိတဲ့ စိတ်ထားဖြင့် ဘုရားမကြိုက်တဲ့အလုပ်ကို ငါပြုမိတာ မှားလေပြီဆိုပြီး ထိတ်လန့်တုန်လှုပ်တဲ့ သံဝေဂဉာဏ်လေးတွေ ပေါ်လာတယ်။

ဒီသံဝေဂဉာဏ်ကလည်း အလွန် တန်ဖိုးရှိပါတယ်။ အဲဒီလို သံဝေဂဉာဏ် မရှိတဲ့ပုဂ္ဂိုလ်တွေ သာသနာတော်မှာ တန်ဖိုးရှိပါ့မလား? မရှိနိုင်ဘူး။ ဒါ သတိထားကြနော်။ သာသနာတော်မှာ တန်ဖိုးရှိတဲ့ ဒီအရှင်ဥပသေနမထေရ်မြတ်တို့ကဲ့သို့ တန်ဖိုးရှိတဲ့ သူတော်ကောင်းတစ်ဦး ဖြစ်ချင်တယ်ဆိုရင် ဘုရားရှင်မကြိုက်တဲ့ အလုပ်တွေကို မပြုလုပ်ရေးကို ကြိုးစားရမယ်။ မသိလို့ ခုလို ရှင်ဥပသေနမထေရ်တို့လို သိက္ခာပုဒ် မပညတ်ရသေးလို့ ပြုခဲ့မိမယ်ဆိုရင်လည်း ဘုရားရှင် မကြိုက်တဲ့ လုပ်ငန်းတွေကို ပြုမိတဲ့အတွက် ထိတ်လန့်တုန်လှုပ်တဲ့ သံဝေဂဉာဏ်လေးတွေ ပေါ်လာရမယ်နော်။ အဲဒီလို ပေါ်လာပြီးတဲ့အချိန်အခါကျတော့မှ ဘယ်လို စိတ်ဓာတ်ထဲ ဆုံးဖြတ်ချက်ချလိုက်လဲ?

ယဒိပါဟံ ဣဒါနိ ပရိသံ နိဿာယ ဘဂဝတာ ဝိဂရဟိတော၊ ပရိသံယေဝ ပန နိဿာယ ပါသံသိယော ဘဝေယျံ

အဟံ၊ ငါသည်။ ဣဒါနိ၊ ခုအခါ၌။ ပရိသံ၊ ပရိသတ်ကို။ နိဿာယ၊ အမှီပြု၍။ ဘဂဝတာ၊ ဘုန်းတော် (၆)ပါးသခင်ဘုရားရှင်သည်။ ယဒိပါဟံ ဝိဂရဟိတော၊ အကယ်၍ ကဲ့ရဲ့အပ်သည် မှန်ပါပေ၏။ ပန၊ ထိုကဲ့သို့မှန်ပါသော်လည်း။ ပရိသံယေဝ၊ ပရိသတ်ကိုသာလျှင်။ နိဿာယ၊ အမှီပြု၍။ ပါသံသိယော၊ အချီးမွမ်းခံရသည့်ပုဂ္ဂိုလ်သည်။ ဘဝေယျံ၊ ဖြစ်အောင်ငါကြိုးစားအားထုတ်မယ်။

စိတ်ဓာတ်က ပြောင်းလိုက်တယ်နော်။ ငါဟာခုအခါမှာ ပရိသတ်မွေးမြူခြင်းဆိုတဲ့ လုပ်ငန်းခွင်ကို အခြေခံအမှီပြုပြီးတော့ ဘုရားရှင်က ငါ့ကို ကဲ့ရဲ့ခဲ့တယ်။ ဒီလို ကဲ့ရဲ့ရှုံ့ချတာမှန်သော်လည်း ငါသည် ပရိသတ်ကို အမှီပြုပြီးတော့ မြတ်စွာဘုရား အချီးမွမ်းခံရတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်အောင် ငါ ကျင့်ကြံကြိုးကုတ်ပွားများ အားထုတ်မယ်ဆိုပြီးတော့ သူက ကြိုးစားလိုက်တယ်။ ဘယ်လို ကြိုးစားလိုက်လဲ။

ဥဿာဟဇာတော သဗ္ဗေ ဓုတဓမ္မေ သမာဒါယ ဝတ္တမာနော ဝိပဿနံ အာရဘိတွာ န စိရေဿဝ ဆဠဘိညော ပဋိသမ္ဘိဒါပ္ပတ္တော မဟာခီဏာသဝေါ ဟုတွာ။

ဥဿာဟဇာတ ထက်သန်နေတဲ့ လုံ့လဝီရိယတွေ သူရဲ့ စိတ်သန္တာန်မှာ ဖြစ်ပေါ်လာတယ်။ သေသေကျေကျေနော်။ အရိုးကြွင်းစေ၊ အရေကြွင်းစေ၊ အကြောကြွင်းစေ၊ အသားအသွေးတွေ အကုန်ခမ်းခြောက်ချင် ခမ်းခြောက်ပါစေ။ ယောက်ျားတို့ရဲ့ ဇွဲ လုံ့လဝီရိယနဲ့ ရနိုင်တဲ့ အရာမှန်ခဲ့ရင် ငါ နောက်ကို ဘယ်တော့မှ မဆုတ်ဘူးဆိုလို့ရှိရင် ဒီလို ထက်သန်တဲ့ လုံ့လဝီရိယ စိတ်အစဉ်တွေ ကိန်းဝပ်လာတယ်။ ထက်သန်တဲ့ လုံ့လဝီရိယတွေဟာ စိတ်အစဉ်မှာ ကိန်းဝပ်လာတယ်။ နက်ဖြန်ကျရင်တော့ လူထွက်မှ ကောင်းမှာ ထင်တယ်။ အဲဒီ ပုံစံမျိုးဟုတ်သလား? မဟုတ်ဘူးနော်။ အရိုးကြေကြေ အရေခန်းခန်း ငါ နောက်မဆုတ်တမ်း ယောက်ျားတို့ရဲ့ ဇွဲ လုံ့လဝီရိယနဲ့ ကြိုးစားအားထုတ်မယ်ဆိုတဲ့ ဒီ လုံ့လဝီရိယစိတ်ဓာတ်တွေ ပေါ်လာတယ်ဆိုရင် ဒီလို လုံ့လဝီရိယ စိတ်ဓာတ်ပေါ်လာတဲ့ သူတော်ကောင်းတစ်ဦးအဖို့ ဆုတ်ယုတ်မှု ရှိမလား? တိုးတက်မှု ရှိမလားလို့မေးရင် ဘယ်လိုဖြေကြမလဲ? ဆုတ်ယုတ်မှုရှိမလား? မရှိနိုင်ဘူး။ ကုသိုလ်တရားတွေရဲ့ တိုးပွားမှုသာလျှင် ဖြစ်ပေါ်လာတော့မယ်။ ဒါက အခြေခံ အကြောင်းရင်းလေးပဲနော်။ အဲဒီလို ကြိုးစားအားထုတ်တဲ့ လုံ့လဝီရိယတွေကို စိတ်ဓာတ်မှာ မွေးမြူပြီးတဲ့အချိန်အခါ ဘာလုပ်သလဲ?

သဗ္ဗေဓုတဓမ္မေ သမာဒါယ ဝတ္တမာနော။

သဗ္ဗေဓုတဓမ္မေ၊ အလုံးစုံသော ဓူတင်တရားကျင့်ဝတ်တို့ကို။ သမာဒါယ၊ ကောင်းစွာ ဆောက်တည်၍။ ဝတ္တမာနော၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လျက်။

ဓူတင် (၁၃)ပါးကို အားလုံးဆောင်ပြီးတော့ ခိုင်ခိုင်မာမာ စိတ်ဓာတ်တွေနဲ့ ဆောက်တည်ပြီးတော့ တကယ်လက်တွေ့ ကျင့်တယ်။ ဓူတင် (၁၃)ပါးဆောင်တယ်။ အဲဒီအထဲမှာ (၁၃)ပါးထဲမှာ အရေးအကြီးဆုံး အင်္ဂါတစ်ခုကတော့ အရညကင်ဓူတင် တစ်ခုဖြစ်ပါတယ်နော်။ တောမှာပဲ နေတယ်။ ဒါပေမဲ့ သူ အလေးဂရုပြုနေတဲ့ ဓူတင်က (၃)ခု ဖြစ်တယ်။

နံပါတ် (၁) ပိဏ္ဍပါတိကဓူတင် ဆွမ်းခံဝတ်ဖြင့်သာလျှင် ဆွမ်းကို စားမယ်။ ဒီ ဓူတင်တစ်ခုကို ဆောက်တည်တယ်။ နံပါတ် (၂)ကတော့ ပံသုကူလိကဓူတင် ပံသုကူသင်္ကန်းကိုသာလျှင် အမြဲတမ်း ဆောင်မယ်။ ဒီ ဓူတင်တစ်ခုကိုလည်း ဆောင်တယ်။ နံပါတ် (၃)ကတော့ အရညကင်ဓူတင် တောကျောင်းတောင်ကျောင်းမှာသာ နေပြီး တရားဘာဝနာကို ငါ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်မယ်ဆိုပြီး ဒီအရညကင်ဓူတင်လည်း အထူးသဖြင့် ဆောင်ပါတယ်။ သို့သော် ဒီ ရဟန္တာမဖြစ်မီ အပိုင်းလေးမှာတော့ ဓူတင် (၁၃)ပါးလုံးကို ဆောင်တယ်။ ဆောင်ပြီးတဲ့အချိန်အခါကျတော့ ဘာဖြစ်သလဲ?

ဝိပဿနံ အာရဘိတွာ။

ဝိပဿနံ၊ ဝိပဿနာတရားကို။ အာရဘိတွာ၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တော်မူခဲ့သည်ရှိသော်။

ဝိပဿနာတရားတွေ တကယ် လက်တွေ့ကြိုးစားတယ်နော်။ တကယ်လက်တွေ့ ကြိုးစားလိုက်တဲ့ အချိန်ခါကျတော့ ဘာဖြစ်လဲ?

န စိရေဿဝ ဆဠဘိညော ပဋိသမ္ဘိဒါပ္ပတ္တော မဟာခီဏာသဝေါ ဟုတွာ

နစိရေဿဝ၊ မကြာမီ အချိန်ကာလအတွင်းမှာပင်လျှင်။

ဘယ်လောက်ကြာသတဲ့လဲ? မကြာပါဘူးနော်။ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းလောက်များ ကြာနေသလား? မကြာဘူးတဲ့နော်။ ဘာဖြစ်လို့ မကြာရတယ်ဆိုတာလေးကို ဘုန်းကြီးက ပြောချင်လို့ပါနော်။

နစိရေဿဝ၊ မကြာမီ အချိန်ကာလအတွင်းမှာပင်လျှင်။ ဆဠဘိညော၊ အဘိဉာဏ် (၆)ပါးကို ရရှိတော်မူသော။ ပဋိသမ္ဘိဒါပ္ပတ္တော၊ ပဋိသမ္ဘိဒါဉာဏ်လေးပါးသို့လည်း ရောက်ရှိတော်မူသော။ မဟာခီဏာသဝေါ၊ ရဟန္တာမထေရ်မြတ်ကြီးသည်။ ဟုတွာ၊ ဖြစ်လေပြီ။

မကြာမီအချိန်ကာလလေးအတွင်းမှာပဲ အဘိဉာဏ် (၆)ပါးကိုလည်း ရရှိတော်မူတယ်။ ပဋိသမ္ဘိဒါဉာဏ်တော်မြတ်လေးပါးသို့လည်း ရောက်ရှိတော်မူတယ်။ မဟာခီဏာသဝ ရဟန္တာမထေရ်မြတ်ကြီးတစ်ပါး ဖြစ်တော်မူသွားတယ်။ တကယ် ကြိုးစားလိုက်တာနော်။ အဲဒီလို ကြိုးစားလိုက်တဲ့အချိန်ခါကျတော့ တကယ်ကြိုးစားလို့ ဒီလိုရတယ်ဆိုရင် သူက ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ကြိုးစားရသလဲ? ဒီအပိုင်းလေးကို ဘုန်းကြီး နည်းနည်းလေး ပြောချင်လို့ပါ။ အဘိဉာဏ် (၆)ပါးရတဲ့ အပိုင်းကိုတော့ ဒီည ဘုန်းကြီး မပြောလိုပါဘူး။ ပြောချင်တဲ့ အချက်တော့ ပဋိသမ္ဘိဒါဉာဏ်လေးပါး အကြောင်းလေးပဲနော်။ ဒီတော့ ပဋိသမ္ဘိဒါဉာဏ်တော်မြတ်လေးပါးကို ရရှိအောင် ရရှိသွားတယ်ဆိုတော့ ဒီလိုရရှိအောင် ဘယ်လို ကြိုးစားရသလဲ? ဘဝတစ်ခုတည်း ရင်းနှီးရုံနဲ့ မပြီးပါဘူးနော်။ ဘဝတစ်ခုတည်း ရင်းနှီးရုံနဲ့မပြီးတော့ ဒီပဋိသမ္ဘိဒါဉာဏ်အကြောင်းလေးကို ဘုန်းကြီး နည်းနည်းလေး ဟောချင်သေးတယ်။

ဘုန်းကြီးတို့ သာသနာတော်မှာ အလွန် အဆင့်အတန်း မြင့်မားနေတဲ့ တန်ဖိုးရှိတဲ့ အသိထူး ဉာဏ်ထူးတွေ ရှိကြပါတယ်။ ဒီ အသိထူး ဉာဏ်ထူးတွေကို ရရှိအောင် ဆည်းပူးရှာဖွေဖို့ရန်အတွက် နည်းကောင်း လမ်းကောင်းတွေလည်း အထင်အရှား ရှိတယ်။ မိမိတို့ဘက်က တကယ်လက်တွေ့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့ဆိုတဲ့ အခွင့်အလမ်း တစ်ခုပဲရှိတယ်။ ထက်သန်နေတဲ့ လုံ့လဝီရိယတစ်ခု အဆင့်အတန်းမှီမှီ ရှိနေဖို့တော့ လိုအပ်ပါတယ်။ ဒီတော့ ဒီပဋိသမ္ဘိဒါဉာဏ်လေးပါး ဆိုတာက ဘာတွေလဲ?

ဒီအပိုင်းကို ဘုန်းကြီး နည်းနည်းလေး ပြောမယ်နော်။ ပဋိသမ္ဘိဒါဉာဏ်လေးပါးက - နံပါတ် (၁) အတ္ထပဋိသမ္ဘိဒါ၊ နံပါတ် (၂) ဓမ္မပဋိသမ္ဘိဒါ၊ နံပါတ် (၃) နိရုတ္တိပဋိသမ္ဘိဒါ၊ နံပါတ် (၄) ပဋိဘာနပဋိသမ္ဘိဒါ။ ပေါင်းလိုက်တော့ ပဋိသမ္ဘိဒါဉာဏ်တော်မြတ် ဘယ်နှစ်ဆူလဲ? လေးဆူလေးပါး ရှိတယ်နော်။ အဲဒီတော့ ဒီအတ္ထပဋိသမ္ဘိဒါဆိုတာက ဘာကို အတ္ထပဋိသမ္ဘိဒါ ခေါ်ဆိုသလဲ? ဒီအပိုင်းလေးနော်။

အတ္ထောတိ သင်္ခေပတော ဟေတုဖလံ။

အတ္ထ၊ အတ္ထဆိုတာ အကျဉ်းချုပ်အားဖြင့် ပြောမယ်ဆိုရင်။ ဟေတုဖလံ၊ အကြောင်းတရားကြောင့် ဖြစ်ပေါ်လာရတဲ့ အကျိုးတရားကို အတ္ထလို့ ခေါ်တယ်။ ဒါဖြင့်ရင် အတ္ထဆိုတာက ဘာပြောတာလဲ? အကြောင်းတရားကြောင့် ဖြစ်ပေါ်လာရတဲ့ အကျိုးတရား၊ အကြောင်းတရားကြောင့် ဖြစ်ပေါ်လာရတဲ့ အကျိုးတရားသည် ဘာလဲ?

အတ္ထော (တဥှိ ယသ္မာ ဟေတုအနုသာရေန အရီယတိ အဓိဂမီယတိ ပါပုဏီယတိ၊ တသ္မာ အတ္ထောတိ ဝုစ္စတိ။)

(တံ၊ ထိုအကျိုးတရားသည်။ ဟေတုဝသေန၊ အကြောင်းတရား၏ စွမ်းအားကြောင့် [လားအပ် ရောက်အပ် ရရှိအပ်သောကြောင့်])?

ဒီအကျိုးတရားသည် အကြောင်းတရားရဲ့ စွမ်းအင်ကြောင့် ဖြစ်သင့်ဖြစ်ထိုက်တဲ့ ရောက်သင့်ရောက်ထိုက်တဲ့တရားဖြစ်လို့ အတ္ထလို့ ခေါ်တယ်။ ဒါဖြင့်ရင် အကြောင်းတရားကြောင့် ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဒီအကျိုးတရားတွေဟာ ဘာတွေလဲလို့ မေးတော့ ----

ပဘေဒတော ပန ယံကိဉ္စိ ပစ္စယသမုပ္ပန္နံ၊ နိဗ္ဗာနံ၊ ဘာသိတတ္ထော၊ ဝိပါကော၊ ကိရိယာတိ ဣမေ ပဉ္စ ဓမ္မာ အတ္ထောတိ ဝေဒိတဗ္ဗာ။

ဟော သိပ်ရှင်းတယ်နော်။ ကွဲကွဲပြားပြား ပြောကြစို့ဆိုရင် နံပါတ်(၁) ယံကိဉ္စိ ပစ္စယသမုပ္ပန္နံ အကြောင်းတရားကို အစွဲပြု၍ ဖြစ်ပေါ်လာရတဲ့ အကျိုးတရား အကုန်လုံးပဲ။ ဒါကတစ်ခု။ နံပါတ်(၂) နိဗ္ဗာနံတဲ့ နိဗ္ဗာန်တရားတော်မြတ်။ နံပါတ်(၃) ဘာသိတတ္ထော ပြောဆိုအပ်သော စကားရဲ့ အနက်အဓိပ္ပါယ်။ နံပါတ်(၄) ဝိပါကော ကုသိုလ်ကံ အကုသိုလ်ကံကြောင့် ဖြစ်ပေါ်လာရတဲ့ အကျိုးဝိပါက်အားလုံး။ နံပါတ်(၅) ကိရိယာ ရဟန္တာအရှင်မြတ်တို့ရဲ့ သန္တာန်မှာ ယေဘုယျအားဖြင့် ဖြစ်ပေါ်တတ်တဲ့ ကြိယာစိတ်တွေပဲ။ ပုထုဇဉ်သေက္ခတို့ သန္တာန်မှာလည်း ပဉ္စဒွါရာဝဇ္ဇန်း၊ မနောဒွါရာဝဇ္ဇန်းဆိုတဲ့ ကြိယာစိတ်ကလေးတွေလည်း ဖြစ်တတ်ပါတယ်။ အဲဒီ ကြိယာစိတ်အားလုံး ပေါင်းလိုက်တော့ ဘယ်နှစ်ခုလဲ? (၅) ခုနော်။

ဒီတော့ ဝိပါကက ကုသိုလ်ကံ အကုသိုလ်ကံကြောင့် ဖြစ်ပေါ်လာရတဲ့ အကျိုးတရား၊ ပစ္စယသမုပ္ပါနက အကြောင်းတရားကို အစွဲပြုပြီး ဖြစ်ပေါ်လာရတဲ့ အကျိုးတရားဆိုတော့ ဘာထူးသလဲလို့ ဒီလိုတော့ နည်းနည်း မေးစရာ ရှိတယ်။ ပဋိစ္စသမုပ္ပါဒ်သဘောတရားကို လက်တွေ့ရှုနေတဲ့ ယောဂီများ နားလည်လိမ့်မယ်လို့တော့ ဘုန်းကြီး သဘောပေါက်ပါတယ်နော်။ အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်တယ်။ အဝိဇ္ဇာက အကြောင်းတရား၊ သင်္ခါရက အကျိုးတရား။ အဝိဇ္ဇာကြောင့် ဖြစ်ပေါ်လာရတဲ့ သင်္ခါရအကျိုးတရားကို ပဋိစ္စသမုပ္ပါဒ်တရားလို့ ဒီလိုခေါ်တယ်။ အဲဒီ သင်္ခါရအကျိုးတရားသည် ကုသိုလ်ကံ အကုသိုလ်ကံ ဖြစ်တယ်။ ဝိပါက်အကျိုးတရား မဟုတ်ဘူး။ တစ်ခါ သင်္ခါရပစ္စယာ ဝိညာဏာ၊ သင်္ခါရကြောင့် ဝိညာဏ်ဖြစ်တယ်။ သင်္ခါရက အကြောင်းတရား ဝိညာဏ်က အကျိုးတရား။ အဲဒီ ဝိညာဏ်တွေကို သုတ္တန်ဒေသနာတော်နည်းအရ ဒီဝိညာဏ်တွေကတော့ ဝိပါက်ဝိညာဏ်အားလုံး ကောက်ထားပါတယ်။

ဝိညာဏပစ္စယာ နာမရူပံ၊ ဝိညာဏ်ကြောင့် နာမ်ရုပ် ဖြစ်တယ် စသည်ဖြင့် ဒီလို ဟောထားတယ်။ သုတ္တန်နည်းအရကတော့ ဒါကတော့ ဝိပါက်ဒေသနာတွေပဲ။ ဆိုလိုတာကတော့ ပစ္စယသမုပ္ပါနဆိုတဲ့အထဲမှာ အကြောင်းတရားကို အစွဲပြု၍ အကျိုးတရားမှန်သော်လည်း ထိုအကျိုးတရားတွေထဲမှာ ကုသိုလ်၊ အကုသိုလ်တရားတွေလည်း ပါတယ်လို့ ဒါဆိုလိုပါတယ်နော်။ ဘာဖြစ်လို့လဲ?

အဝိဇ္ဇာကို အစွဲပြုပြီးမှ သင်္ခါရက ဖြစ်ရတယ်။ သင်္ခါရကို အစွဲပြုပြီးတော့လည်း တစ်ခါ ဝိညာဏ်က ဖြစ်ရပြန်တယ်။ အဲဒီလို အကြောင်းတရားကို အစွဲပြုပြီး ဖြစ်ပေါ်လာရတဲ့ အကျိုးတရားတွေကို ပစ္စယသမုပ္ပါနတရားလို့ ဒီလိုခေါ်တယ်။ ဝိပါကတရားဆိုတာကတော့ အကြောင်းတရားလို့ ခေါ်ဆိုအပ်တဲ့ ကုသိုလ်ကံ၊ အကုသိုလ်ကံကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဝိပါက်သက်သက်ကိုသာလျှင် ပြောတယ်။ အဲဒီတော့ ဒီအကျိုးဝိပါက်သက်သက်တရား အားလုံးပေါင်းလိုက်တော့ (၅)ခု။ အဲဒီ (၅)ခုကို အတ္ထလို့ခေါ်တယ်။ အဲဒီ အတ္ထလို့ခေါ်တော့ ဘာဖြစ်လဲ?

တံ အတ္ထံ ပစ္စဝေက္ခန္တဿ တသ္မိံ အတ္ထေ ပဘေဒဂတံ ဉာဏံ အတ္ထပဋိသမ္ဘိဒါ။

တံ အတ္ထံ၊ ထို (၅) မျိုးသော အတ္ထခေါ်တဲ့တရားကို။ ပစ္စဝေက္ခန္တဿ၊ ဉာဏ်ဖြင့်ဆင်ခြင်၍။ တသ္မိံ အတ္ထေ၊ (၅) မျိုးသော အတ္ထတရား၌။ ပဘေဒဂတံ၊ ထိုထိုကွဲပြားခြင်းသို့ ရောက်ရှိလာသော။ ဉာဏံ၊ အသိဉာဏ်သည်။ အတ္ထပဋိသမ္ဘိဒါ၊ အတ္ထပဋိသမ္ဘိဒါဉာဏ်မည်၏။

ဒီတော့ ဒီအတ္ထခေါ်တဲ့ (၅) မျိုးသောတရားကို လှမ်းပြီးတော့ ဉာဏ်နဲ့ ဆင်ခြင်လိုက်တဲ့အချိန်အခါ ထိုငါးမျိုးသော အတ္ထတရား၌ ထူးထူးထွေထွေ ကွဲကွဲပြားပြား ခွဲခွဲခြားခြား သိရှိလာတဲ့ဉာဏ်ကို ဘာခေါ်လဲ? အတ္ထပဋိသမ္ဘိဒါဉာဏ်တော်တဲ့။ ဒီတော့ အကြောင်းတရားကြောင့် အကျိုးတရားဖြစ်ပုံကို သိတဲ့ဉာဏ်သည် အတ္ထ။ အကြောင်းတရားကို အစွဲပြု၍ အကျိုးတရားကို သိတဲ့ဉာဏ်သည် အတ္ထပဋိသမ္ဘိဒါဉာဏ်။ နိဗ္ဗာန်ကို သိတော်မူတဲ့ဉာဏ်သည် အတ္ထပဋိသမ္ဘိဒါဉာဏ်။ ပြောဆိုလိုက်တဲ့ စကားရပ် အနက်-အဓိပ္ပာယ်ကို သိတဲ့ဉာဏ်ဟာလည်း အတ္ထပဋိသမ္ဘိဒါဉာဏ်။ အကျိုး-ဝိပါက်တရားတွေကို သိတဲ့ဉာဏ်ဟာလည်း အတ္ထပဋိသမ္ဘိဒါဉာဏ်။ ကြိယာစိတ်တွေကို ထိုးထွင်းသိတဲ့ ဉာဏ်ဟာလည်း အတ္ထပဋိသမ္ဘိဒါဉာဏ်လို့ ခေါ်ပါတယ်။

အဲဒီ အတ္ထပဋိသမ္ဘိဒါဉာဏ်တော်မြတ်ကြီးကိုလည်း အရှင်ဥပါသေနမထေရ်မြတ်သည် ရရှိတော်မူတယ်။ ဒါကတစ်ခု ဒီတရားတွေသိလို့ ဘာများထူးသလဲလို့ တချို့ ဒီလို မေးချင်လည်း မေးမယ်နော်။ အဲဒီ တရားထဲက အထူးဆုံးတရားတစ်ခုကတော့ နိဗ္ဗာန်ဖြစ်ပါတယ်နော်။ နိဗ္ဗာန်တရားတော်မြတ်ကြီးကို သိရင် မထူးဘူးလား? ထူးပြီ ဒီထက်ကောင်းတာ ဘာရှိဦးမှာလဲ? နိဗ္ဗာန်တရားတော်မြတ်ကြီးကိုသိတဲ့ ပုဂ္ဂိုလ်အဖို့ နိဗ္ဗာန်တရားတော်မြတ်သည် သောတာပတ္တိ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ဖြင့် ထိုးထွင်းသိတဲ့ နိဗ္ဗာန်ဖြစ်ရင် အပါယ်သံသရာကြီးမှ ကွင်းလုံးကျွတ်လွတ်ပြီ။

သကဒါဂါမိ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ဖြင့် ထိုးထွင်းသိအပ်တဲ့ နိဗ္ဗာန်တရားတော်မြတ်ကြီး ဖြစ်ခဲ့မယ်ဆိုရင် ကာမဘုံတစ်ကြိမ်လောက်ပဲ ပြန်လာခွင့် ရှိတော့တယ်။ အနာဂါမိမဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ထိုးထွင်းသိအပ်တဲ့ နိဗ္ဗာန်တရားတော်မြတ် ဖြစ်ခဲ့မယ်ဆိုရင် ကာမ (၁၁) ဘုံမှ ကွင်းလုံးကျွတ် လွတ်ပြီ။ ငမူးတွေလက်မှ လွတ်ပြီတဲ့ မကောင်းဘူးလား? ဒီငမူးတွေနဲ့ နောက်ထပ်ဘယ်တော့မှ မတွေ့ရတော့ဘူး။ ဗြဟ္မာ့ပြည်ပဲ ရောက်စရာရှိရင် ရောက်တော့မယ်နော်။

နောက်တစ်ခု အရဟတ္တ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ဖြင့် ထိုးထွင်းသိအပ်တဲ့ နိဗ္ဗာန်ဖြစ်ခဲ့မယ်ဆိုရင်တော့ (၃၁) ဘုံမှ ကွင်းလုံးကျွတ် လွတ်ပြီ။ အိုဘေးဆိုးကြီးမှ လွတ်ပြီ၊ နာဘေးဆိုးကြီးမှ လွတ်ပြီ၊ သေဘေးဆိုးကြီးမှ လွတ်ပြီ။ နောက်ထပ်တဖန် အမိဝမ်းမှာ ပဋိသန္ဓေ တည်နေရခြင်းဆိုတဲ့ ဘေးဆိုးကြီးကလည်း လွတ်ပြီ။ မကောင်းဘူးလား? ဒီထက်ကောင်းတာ ဘာရှိဦးမလဲ? မရှိတော့ဘူး။

ဒါကြောင့် ဒီအတ္ထပဋိသမ္ဘိဒါဉာဏ်တော်မြတ်ကြီးတစ်ခုကို ရရှိတယ်ဆိုရင်ပဲ အလွန် အဆင့်အတန်း မြင့်မားနေတဲ့ အကျိုးထူးတရားတွေ မရနိုင်ဘူးလား? ရနိုင်တယ်။ ဒါက တစ်ချက်။ နောက်တစ်ခု နံပါတ် (၂) ဒါက နံပါတ် (၁) အတ္ထပဋိသမ္ဘိဒါဉာဏ်တော်၊ နံပါတ် (၂) က ဓမ္မပဋိသမ္ဘိဒါဉာဏ်တော် ဓမ္မောတိ သင်္ခေပတော ပစ္စယော။ ဓမ္မ ဓမ္မ ဆိုတာကတော့ အကျဉ်းချုပ်အားဖြင့် ပြောမယ်ဆိုလို့ရှိရင် အကြောင်းတရားကို ဓမ္မလို့ ခေါ်တယ်။

သော ဟိ ယသ္မာ တံ တံ ဝိဒဟတိ ပဝတ္တေတိ စေဝ ပါပေတိ စ၊ တသ္မာ ဓမ္မောတိ ဝုစ္စတိ။

သော၊ ထိုအကြောင်းတရားသည်။ ယသ္မာ၊ အကြင် အကြောင်းတရားကြောင့်။ တံ တံ၊ ထိုထိုအကျိုးတရားကို။ ဝိဒဟတိ ပဝတ္တေတိ စေဝ၊ ဖြစ်လည်းဖြစ်စေ၏။ ပါပေတိ စ၊ ရောက်လည်း ရောက်စေ၏။ တသ္မာ၊ ထိုအကြောင်းကြောင့်။ ဓမ္မောတိ၊ ဓမ္မဟူ၍။ ဝုစ္စတိ၊ ခေါ်ဆိုအပ်ပါပေ၏။

ဘာကို ဓမ္မ ခေါ်သလဲ? အကြောင်းတရားကို ဓမ္မခေါ်တယ်။ ဘာကြောင့် အကြောင်းတရားသည် ဓမ္မ ဖြစ်ရသလဲလို့မေးတော့ --- ထိုထို အကျိုးတရားတွေကို ဖြစ်စေတတ် ရောက်စေတတ်တဲ့အတွက်ကြောင့် ဓမ္မလို့ခေါ်တယ်။

ပဘေဒတော ပန ယော ကောစိ ဖလနိဗ္ဗတ္တကော ဟေတု၊ အရိယမဂ္ဂေါ၊ ဘာသိတံ၊ ကုသလံ၊ အကုသလန္တိ ဣမေ ပဉ္စ ဓမ္မာ ဓမ္မောတိ ဝေဒိတဗ္ဗာ။

အပြားအားဖြင့် ပြောမယ်ဆိုလို့ရှိရင် နံပါတ် (၁) ဟေတု အကြောင်းတရားအားလုံး။ အကြောင်းတရားအားလုံးကိုလည်း ဓမ္မလို့ခေါ်တယ်။ နံပါတ် (၂) အရိယာမဂ်ဉာဏ် အရိယာမဂ်ဉာဏ်ကိုလည်း ဓမ္မလို့ခေါ်တယ်။ နံပါတ် (၃) ဘာသိတ ပြောဆိုအပ်တဲ့စကား၊ ပြောဆိုအပ်တဲ့ စကားကိုလည်း ဓမ္မလို့ခေါ်တယ်။ နံပါတ် (四) ကုသိုလ် ကုသိုလ်တရား အားလုံးကိုလည်း ဓမ္မလို့ခေါ်တယ်။ နံပါတ် (၅) အကုသိုလ်တရား အားလုံးကိုလည်း ဓမ္မလို့ခေါ်တယ်။ ဘုန်းကြီး ဒီနေရာမှာလည်း ဟေတုနဲ့ ကုသိုလ်၊ အကုသိုလ်နဲ့ တူသလား၊ မတူဘူးလားလို့ မေးစရာရှိပါတယ်နော်။ တူတဲ့အပိုင်းလည်း ရှိပါတယ်။ မတူတဲ့အပိုင်းလည်း ရှိတယ်။

မတူတဲ့အပိုင်းဆိုတာက ဥပမာ ----- ဝိညာဏ်ကြောင့် နာမ်ရုပ် ဖြစ်တယ်။ ဝိညာဏ်သည် ပဋိသန္ဓေဝိညာဏ် ဖြစ်ခဲ့မယ်ဆိုရင် ဝိညာဏ်က အကြောင်းတရား၊ နာမ်ရုပ်က အကျိုးတရား။ ဝိညာဏ်က ပဋိသန္ဓေဝိညာဏ် နာမ်ရုပ်က ပဋိသန္ဓေနာမ်ရုပ်၊ ဝိညာဏ်ကလည်း ဝိပါက်တရား နာမ်ရုပ်ကလည်း ဝိပါက်တရားဘဲ အကြောင်းလည်း ဝိပါက် အကျိုးလည်း ဝိပါက် ဖြစ်နေတယ်။ ဘယ်လိုပဲ ဖြစ်ချင်ဖြစ်ပါစေ။ ဝိညာဏ်ကို ဟေတုအကြောင်းတရားလို့ ခေါ်တယ်။ ဒါပေတဲ့ ကုသိုလ် အကုသိုလ်ကျတော့ ဝိပါက်တရား ဟုတ်သေးလား။ မဟုတ်တော့ဘူးနော်။

အဲဒါကြောင့် အဲဒီ ကွဲလွဲချက်ကလေးတွေရှိလို့ မြတ်စွာဘုရား ဒီလို အဋ္ဌကထာများကလည်း (၅) မျိုး ခွဲပါတယ်။ ဒီတော့ ဓမ္မဆိုတာက ဘယ်နှစ်မျိုးရှိလဲ? (၅) မျိုး။ နံပါတ် (၁) ဟေတုခေါ်တဲ့ အကြောင်းတရား နံပါတ် (၂) အရိယာမဂ်ဉာဏ်၊ နံပါတ် (၃) ပြောဆိုလိုက်တဲ့စကား နံပါတ် (၄) ကုသိုလ် နံပါတ် (၅) အကုသိုလ်။ ပေါင်းလိုက်တော့ ဓမ္မ ဘယ်နှစ်မျိုးလဲ? (၅) မျိုး။

တံ ဓမ္မံ ပစ္စဝေက္ခန္တဿ တသ္မိံ ဓမ္မေ ပဘေဒဂตံ ဉာဏံ ဓမ္မပဋိသမ္ဘိဒါ။

တံ ဓမ္မံ၊ ထိုတရားတော်မြတ်ကို။ ပစ္စဝေက္ခန္တဿ၊ ဉာဏ်ဖြင့် ဆင်ခြင်ရှုပွားသုံးသပ်၍နေစဉ်။ တသ္မိံ ဓမ္မေ၊ ထိုဓမ္မအမည်ရသော (၅) မျိုးသောတရား၌။ ပဘေဒဂတံ၊ ထူးထွေကွဲပြားခြင်းသို့ ရောက်ရှိ၍လာသော (ဝါ) ထိုထိုကွဲကွဲပြားပြား ခြားခြားနားနား သိခြင်းသို့ ရောက်ရှိလာသောဉာဏ်သည်။ ဓမ္မပဋိသမ္ဘိဒါ၊ ဓမ္မပဋိသမ္ဘိဒါဉာဏ်မည်ပါပေ၏။

အကြောင်းတရားကို သိတတ်တဲ့ဉာဏ်သည် ဓမ္မပဋိသမ္ဘိဒါဉာဏ်၊ အရိယာမဂ်ဉာဏ်သည် ဓမ္မပဋိသမ္ဘိဒါဉာဏ်၊ အရိယာမဂ်ဉာဏ်ကို သိတတ်တဲ့ဉာဏ်သည် ဓမ္မပဋိသမ္ဘိဒါဉာဏ်၊ ပြောဆိုတဲ့စကားကို သိတတ်တဲ့ဉာဏ်သည် ဓမ္မပဋိသမ္ဘိဒါဉာဏ်၊ ကုသိုလ်ကိုသိတတ်တဲ့ဉာဏ်သည် ဓမ္မပဋိသမ္ဘိဒါဉာဏ်၊ အကုသိုလ်ကိုသိတတ်တဲ့ဉာဏ်သည် ဓမ္မပဋိသမ္ဘိဒါဉာဏ်တဲ့၊ ကုသိုလ် အကုသိုလ်ကို ထိုးထွင်းသိတယ်။ အဲဒီလို သိတဲ့အပိုင်းမှာ ကမ်းကုန်အောင် လမ်းဆုံးအောင်သာ သိပါစေ ဒီပုဂ္ဂိုလ်အတွက် အဆင့်မြင့်တယ်။ ကမ်းကုန်အောင် လမ်းဆုံးအောင်ဆိုတာက ဘာလဲ?

ခုပြောခဲ့တဲ့ အကြောင်းတရားပဲဖြစ်ဖြစ် ကုသိုလ် အကုသိုလ်ပဲဖြစ်ဖြစ် အဲဒီတရားတွေရဲ့ အဲဒီတရားတွေမှာ နိစ္စ မြဲတဲ့သဘော၊ သုခ ချမ်းသာတဲ့သဘော၊ သုဘ တင့်တယ်တဲ့သဘော၊ အတ္တ အတ္တဆိုတဲ့သဘော။ ဒီ နိစ္စ၊ ဒုက္ခ၊ အတ္တ၊ သုဘဆိုတဲ့ သဘောတွေမှ ဆိတ်သုန်းနေတဲ့ သုညသဘောကို ကမ်းကုန်အောင် လမ်းဆုံးအောင်သာ မြင်ပါစေ။ ကမ်းကုန်အောင် လမ်းဆုံးအောင် မြင်နေတဲ့ ထိုပုဂ္ဂိုလ်သည် ရှင်သေမင်း မမြင်နိုင်တဲ့ ပုဂ္ဂိုလ်သာဖြစ်တယ်။ ရှင်သေမင်း စိုးပိုင်နေတဲ့ (၃၁) နိုင်ငံမှ ကျော်လွှား လွန်မြောက်သွားတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။

ရှင်သေမင်း မမြင်နိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်လို့ နောက်ထပ် ဘယ်တော့မှ မသေရတော့ဘူးဆိုရင် ဒီထက်ကောင်းတဲ့ အဆင့်အတန်း မြင့်မားနေတဲ့ အကျိုးရှိဦးမှာလား? မရှိတော့ဘူးနော်။ ဒါကြောင့် ဒီဓမ္မပဋိသမ္ဘိဒါ ဉာဏ်တော်မြတ်ကြီးကို ရရှိတဲ့ သူတော်ကောင်းတွေလည်း အို၊ နာ၊ သေရေး ဒုက္ခဘေးမှ လွတ်မြောက်နိုင်တဲ့ စွမ်းအားရှိတယ်။ ကဲ အတ္ထပဋိသမ္ဘိဒါဉာဏ်တော်၊ ဓမ္မပဋိသမ္ဘိဒါဉာဏ်တော်။ ဉာဏ်တော် (၂) ခု ပြီးသွားပြီ။ နောက်ထပ်က နိရုတ္တိပဋိသမ္ဘိဒါဉာဏ်တော် ဒါကတော့ ဒီဉာဏ်တော်ကိုတော့ အကျဉ်းချုပ် ပြောမယ်နော်။ ဒီဉာဏ်တော်ကတော့ တရားတွေနဲ့ ပတ်သက်ပြီး ခေါ်ဝေါ်သုံးစွဲနေတဲ့ အသုံးအနှုန်းဝေါဟာရမှာ ကျွမ်းကျင်လိမ္မာနေတဲ့ ဉာဏ်တော်တစ်ခု ဖြစ်ပါတယ်။

ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ ပထဝီဓာတ်၊ အာပေါဓာတ်၊ တေဇောဓာတ်၊ ဝါယောဓာတ် စသည်ဖြင့် ပြောလိုက်ပြီ ဆရာသမားက သင်ပေးပြီ ဘာလဲ ပထဝီနော်? အဲဒီလိုသိတတ်တဲ့ စကားအသုံးအနှုန်း ဝေါဟာရကိုသိတယ်။ ထိုဝေါဟာရရဲ့ အနက်အဓိပ္ပာယ်ကို သိတယ်။ နောက်တစ်ခုကတော့ ပဋိဘာနပဋိသမ္ဘိဒါဉာဏ်။ အဲဒီ ပဋိဘာနပဋိသမ္ဘိဒါဉာဏ်ဆိုတာနဲ့ ပတ်သက်လို့တော့နော် အဋ္ဌကထာက ဘယ်လိုဖွင့်ထားလဲ?

ဉာဏေသု ဉာဏန္တိ သဗ္ဗတ္ထကဉာဏမာရမ္မဏံ ကတွာ ပစ္စဝေက္ခန္တဿ ပဘေဒဂတံ ဉာဏံ၊ ပဋိဘာနပဋိသမ္ဘိဒါ။

ခုန အတ္ထပဋိသမ္ဘိဒါဉာဏ်ကို တဖန် ပြန်ပြီး သိတတ်တဲ့ဉာဏ်။ ဓမ္မပဋိသမ္ဘိဒါဉာဏ်ကို တဖန်ပြန်ပြီး သိတတ်တဲ့ဉာဏ်။ နိရုတ္တိပဋိသမ္ဘိဒါဉာဏ်ကို တဖန်ပြန်ပြီး အာရုံပြုပြီး ဆင်ခြင်လိုက်တဲ့အခါ သိတတ်တဲ့ဉာဏ်။ အဲဒီဉာဏ်ကိုလည်း ပဋိဘာနပဋိသမ္ဘိဒါဉာဏ်လို့ ခေါ်တယ်။ အလားတူပဲ။ အတ္ထပဋိသမ္ဘိဒါဉာဏ်ကို ပြန်ဆင်ခြင်လိုက်တဲ့အခါ အတ္ထပဋိသမ္ဘိဒါဉာဏ်ကို သိပြီ။ အတ္ထပဋိသမ္ဘိဒါဉာဏ်ကို သိတဲ့ဉာဏ်ကို ပဋိဘာနပဋိသမ္ဘိဒါဉာဏ်လို့ ခေါ်တယ်ဆိုရင် အဲဒီပဋိဘာနပဋိသမ္ဘိဒါဉာဏ်ကို သိတတ်တဲ့ဉာဏ်ကိုလည်း ဘာလို့ခေါ်လဲလို့မေးတော့ ပဋိဘာနပဋိသမ္ဘိဒါဉာဏ်လို့ပဲ ခေါ်တယ်။

ပေါင်းလိုက်တော့ အတ္ထပဋိသမ္ဘိဒါဉာဏ်ကို ပြန်ရှုတတ်တဲ့ဉာဏ်၊ ဓမ္မပဋိသမ္ဘိဒါဉာဏ်ကို ပြန်ရှုတတ်တဲ့ဉာဏ်၊ နိရုတ္တိပဋိသမ္ဘိဒါဉာဏ်ကို ပြန်ရှုတတ်တဲ့ဉာဏ်၊ အဲဒီဉာဏ်တွေကိုရှုတတ်တဲ့ ပဋိဘာနပဋိသမ္ဘိဒါဉာဏ်ကိုလည်း တဖန်ပြန်ရှုတတ်တဲ့ဉာဏ်၊ အဲဒီ ဉာဏ်လေးမျိုးကို ဘာလို့ခေါ်လဲ? ပဋိဘာနပဋိသမ္ဘိဒါဉာဏ်လို့ ခေါ်ပါတယ်။ ဒါတွေကို ဘာလို့ ရှုနေရသလဲလို့မေးတော့ ဘုန်းကြီးတို့ ဟိုဝိပဿနာပိုင်းရောက်တဲ့အခါ ----

ဉာတဉ္စ ဉာဏဉ္စ ဥဘောပိ ဝိပဿတိ။

ဉာတအမည်ရနေတဲ့ အရှုခံအာရုံဖြစ်တဲ့ ရုပ်တွေ နာမ်တွေ အကြောင်းတရားတွေ အကျိုးတရားတွေ ခန္ဓာငါးပါးတွေကိုလည်း အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေး (၃) တန်တင်ပြီးတော့ ဝိပဿနာရှုရပါတယ်။ ဉာဏအမည်ရတဲ့ ရှုနေတဲ့ဝိပဿနာဉာဏ်ကိုလည်း အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေး (၃) တန် တင်ပြီးတော့ပဲ တဖန်ပြန်ပြီးတော့ ဝိပဿနာ ရှုရပါတယ်။ ဘာဖြစ်လို့လဲ? ဉာတအမည်ရနေတဲ့ တရားတွေကသာ အနိစ္စ၊ ဒုက္ခ၊ အနတ္တ မှန်တယ်။ ရှုတတ်တဲ့ဉာဏ်ကတော့ နိစ္စ၊ သုဘ၊ အတ္တ၊ သုခလေလားလို့ ဒီလို ယုံမှားသံသယ ဖြစ်ဖွယ်ရာ ဖြစ်တယ်။ အဲဒီလို ဖြစ်ဖွယ်ရာရှိနေတဲ့အတွက် ဉာတ၊ ဉာဏ နှစ်မျိုးစလုံးကိုပဲ ဝိပဿနာပြန်ပြီး ရှုပေးရတယ်။

အဲဒီလို ရှုနိုင်ရေးအတွက် ဒီပဋိသမ္ဘိဒါဉာဏ်တော်မြတ်တွေက အလွန် အရေးကြီးနေတယ်။ အလွန် အရေးကြီးနေတယ်ဆိုတဲ့ အပိုင်းမှာ ခုနက အတ္ထပဋိသမ္ဘိဒါက အကျိုးပဲ။ ဓမ္မပဋိသမ္ဘိဒါဉာဏ်က အကြောင်းပဲဖြစ်တော့ သစ္စာဒေသနာတော်နည်းနဲ့ ဆက်စပ်ပြီး တဖန် ပြန်ပြောခဲ့မယ်ဆိုရင် အတ္ထပဋိသမ္ဘိဒါဉာဏ်တော်ဖြင့် ထိုးထွင်းသိအပ်တဲ့ တရားတွေက ဒုက္ခသစ္စာတရား၊ ဓမ္မပဋိသမ္ဘိဒါဉာဏ်တော်မြတ်ဖြင့် ထိုးထွင်းသိအပ်တဲ့ တရားတွေက သမုဒယသစ္စာတရား ဖြစ်တယ်။ ထိုဒုက္ခသစ္စာတရား၊ သမုဒယသစ္စာတရား နှစ်ပါးတို့က ဝိပဿနာဉာဏ်၏ အရှုခံအာရုံတွေ ဖြစ်ကြပါတယ်။

ထိုဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်တဲ့ ဒုက္ခသစ္စာတရား၊ သမုဒယသစ္စာတရား နှစ်မျိုးကို ယောဂါဝစရပုဂ္ဂိုလ်တို့က အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေး (၃) တန်တင်ပြီးတော့ ဝိပဿနာရှုနိုင်ခဲ့ရင် ထိုဝိပဿနာဉာဏ်တွေက ရင့်ကျက်လာတဲ့အခါ ဝိပဿနာဉာဏ်တို့၏ အဆုံး၌ အရိယာမဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ပေါ်လာမယ်။ ထိုအရိယာမဂ်ဉာဏ်၊ ဖိုလ်ဉာဏ်တို့က အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ကို လှမ်းပြီးအာရုံယူမယ်။ ထိုအသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးက နိရောဓသစ္စာ ဖြစ်ပါတယ်။ ထိုအသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ကို လှမ်းအာရုံယူနေတဲ့ အရိယာမဂ်ဉာဏ်နဲ့ ယှဉ်တွဲနေတဲ့ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ အစရှိတဲ့ မဂ္ဂင်တရားကိုယ်ရှစ်ပါးက မဂ္ဂသစ္စာဖြစ်တယ်။ ပေါင်းလိုက်တော့ သစ္စာဘယ်နှစ်ပါးလဲ? လေးပါး။

ထိုသစ္စာလေးပါးကို ဟုတ်တိုင်းမှန်စွာ သိရေးအတွက် ဒီပဋိသမ္ဘိဒါဉာဏ်တော်မြတ်ကြီးတွေက အားကြီးသော မှီရာ အကြောင်းအထောက်အပံ့တွေ မဖြစ်ဘူးလား? ဖြစ်နေတယ်။ ဖြစ်နေတော့ ဒီပဋိသမ္ဘိဒါဉာဏ်တော်မြတ်ကြီးတွေကို ရရှိဖို့ရန်အတွက် ဘယ်လိုကျင့်ရသလဲ? အဲဒီကျင့်စဉ်နဲ့ ပတ်သက်ပြီးတော့ အဋ္ဌကထာဆရာတော်တွေက ရှင်းထားပါတယ်နော်။

အဓိဂမေန၊ ပရိယတ္တိယာ၊ သဝနေန၊ ပရိပုစ္ဆာယ၊ ပုဗ္ဗယောဂေန ဆိုပြီးတော့ ငါးချက်ရှင်းထားတယ်နော်။ ပေါင်းလိုက်တော့ ဘယ်နှစ်ခုလဲ? ငါးခု။ နံပါတ် (၁) အဓိဂမ နံပါတ် (၂) ပရိယတ္တိ နံပါတ် (၃) သဝန နံပါတ် (四) ပရိပုစ္ဆာ နံပါတ် (၅) ပုဗ္ဗယောဂ ပေါင်းလိုက်တော့ ဘယ်နှစ်ခုလဲ? (၅) ခု။

ခု နံပါတ် (၁) အဓိဂမဆိုတာ ဘာလဲ?

အဓိဂမော နာမ အရဟတ္တံ။ ဒါကတော့ အထွဋ်အထိပ်ကို ပြောတာ၊ အဓိဂမ အဓိဂမဆိုတာက အရဟတ္တဖိုလ်ရရှိခြင်းကို ပြောတာပါတဲ့။ ဒါကတော့ အထွဋ်အထိပ် ဥက္ကဋ္ဌနည်းအားဖြင့် ဖွင့်ဆိုခြင်း ဖြစ်ပါတယ်။ အရိယာမဂ်ဉာဏ်တစ်ခုခု ဖိုလ်ဉာဏ်တစ်ခုခုကို ရရှိရင်လည်း အဓိဂမလို့ခေါ်ပါတယ်။ အရိယာမဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကို ရရှိခြင်းကို ဘာလို့ခေါ်လဲ? အဓိဂမ။ အရိယာမဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကို ရရှိခဲ့ရင် ဒီပဋိသမ္ဘိဒါဉာဏ်ကိုရမယ်။

တဥှိပတ္တာစ ပဋိသမ္ဘိဒါ ဝိသဒ္ဒါ ဟောန္တိ။

တံ၊ ထိုအရိယာမဂ်ဉာဏ်၊ ဖိုလ်ဉာဏ်သို့။ ပတ္တာစ၊ ဆိုက်ရောက်၍နေသော ပုဂ္ဂိုလ်၏သန္တာန်၌။ ပဋိသမ္ဘိဒါ၊ ပဋိသမ္ဘိဒါဉာဏ်တော်မြတ်တို့သည်။ ဝိသဒ္ဒါ၊ သန့်ရှင်းကြကုန်သည်။ ဟောန္တိ၊ ဖြစ်ကြလေကုန်၏။

အရိယာမဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကို ဆိုက်ရောက်နေတဲ့ သူတော်ကောင်းတို့ရဲ့သန္တာန်မှာ ပဋိသမ္ဘိဒါဉာဏ်တော်မြတ်လေးပါးသည် သန့်ရှင်းနေတယ်နော်။ ဒါကြောင့် အဓိဂမခေါ်တဲ့ အရိယာမဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကို ရရှိခြင်းသည် အလွန် အရေးကြီးတယ်။ ဒါက နံပါတ် (၁) နော်။

နံပါတ် (၂) ပရိယတ္တိ။ ပရိယတ္တိဆိုတာက ဘာလဲ?

ပရိယတ္တိ နာမ ဗုဒ္ဓဝစနံ။ ပရိယတ္တိ ဆိုတာက မြတ်စွာဘုရား၏ တရားစကားတော်ကို ပရိယတ္တိလို့ ခေါ်တယ်။

တဥှိ ဥဂ္ဂဏှန္တဿ ပဋိသမ္ဘိဒါ ဝိသဒ္ဒါ ဟောန္တိ။

တံ၊ ထိုပရိယတ္တိတရားတော်ကို။ ဥဂ္ဂဏှန္တဿ၊ သင်ယူ၍နေသော ပုဂ္ဂိုလ်၏သန္တာန်၌။ ပဋိသမ္ဘိဒါ၊ ပဋိသမ္ဘိဒါဉာဏ်တော်မြတ်တို့သည်။ ဝိသဒ္ဒါ၊ သန့်ရှင်းကြကုန်သည်။ ဟောန္တိ၊ ဖြစ်ကြလေကုန်၏။

ပရိယတ္တိတရားတော်ကို သင်ယူနေတဲ့ ပုဂ္ဂိုလ်တို့ရဲ့သန္တာန်မှာလည်း ပဋိသမ္ဘိဒါဉာဏ်တော်မြတ်တို့သည် သန့်ရှင်းကြတယ်။ ဒီလိုဆိုရင် ဘုရားရှင်ရဲ့ ပရိယတ်တရားတော်တွေကို သင်ယူသင့်သလား၊ မသင်ယူသင့်ဘူးလား? တရားအားထုတ်တာ စာမလိုပါဘူးဆိုပြီး တချို့ကတော့ ပြောကြတယ်။ မှားလား၊ မှန်လား? မှားနေတယ်။ ပထဝီဓာတ်ဆိုတာက ဘာလဲ? အာပေါဓာတ်ဆိုတာက ဘာလဲ? တေဇောဓာတ်ဆိုတာက ဘာလဲ? ဝါယောဓာတ်ဆိုတာက ဘာလဲ? မသိဘူးဆိုလို့ရှိရင် ဒီဓာတ်လေးပါး သိအောင် ဘယ်လို ကြိုးစားအားထုတ်မလဲ? ကြိုးစားအားထုတ်ဖို့ မခက်ခဲဘူးလား? ခက်ခဲနေတယ်နော်။ ဒါကြောင့် ဘုရားရှင်ရဲ့ တရားတော်တွေကို သင်ယူခြင်းသည် ပဋိသမ္ဘိဒါဉာဏ်တော်မြတ်ကြီးတွေ သန့်ရှင်းဖို့ရန် အကြောင်းတစ်ခု ဖြစ်တယ်လို့ ဖွင့်ထားတယ်။ နောက် နံပါတ် (၃) က ဘာလဲ? သဝန။

သဝနံ နာမ ဓမ္မသဝနံ။

သဝနံ နာမ၊ သဝနမည်သည်ကား။ ဓမ္မသဝနံ၊ တရားတော်မြတ်ကို နာကြားခြင်းတည်း။

သဝန ဆိုတာ တရားတော်မြတ်ကို နာကြားခြင်းပြောတာ။ ဘယ်လို နာကြားတာလဲလို့မေးတော့ -----

သက္ကစ္စံ အဋ္ဌိံ ကတွာ ဓမ္မံ သုဏန္တဿ ဟိ ပဋိသမ္ဘိဒါ ဝိသဒါ ဟောန္တိ။

သက္ကစ္စံ၊ ရိုသေလေးမြတ်စွာ။ ဓမ္မံ၊ တရားတော်မြတ်ကို။ သုဏန္တဿ၊ နာကြားနေသော ပုဂ္ဂိုလ်၏သန္တာန်၌။ ပဋိသမ္ဘိဒါ၊ ပဋိသမ္ဘိဒါဉာဏ်တော်မြတ်တို့သည်။ ဝိသဒါ၊ သန့်ရှင်းကြကုန်သည်။ ဟောန္တိ၊ ဖြစ်ကြလေကုန်၏။

ရိုသေလေးစားစွာဖြင့် တရားတော်ကို နာယူနေတဲ့ ပုဂ္ဂိုလ်တို့၏ သန္တာန်မှာလည်း ပဋိသမ္ဘိဒါဉာဏ်တော်မြတ်တွေ သန့်ရှင်းလာတယ်။ ဒီလိုဆိုရင် တရားတော်ကိုလည်း ရိုရိုသေသေနဲ့ နာယူဖို့ မလိုဘူးလား? ဒီ ဘုန်းကြီးကလည်းကွာ ဘာတွေ ဟောနေမှန်းလည်း မသိဘူး။ တို့လည်း နားမလည်ပါဘူး။ ဟောဒီပုံစံမျိုး ဖြစ်ရမလား? မဖြစ်ရဘူး။ နားလည်အောင် ကြိုးစားပြီးတော့ နာယူရပါတယ်နော်။ နောက် နံပါတ် (၄) က ဘာလဲ? ပရိပုစ္ဆာ။

ပရိပုစ္ဆာ နာမ အဋ္ဌကထာ။

ပရိပုစ္ဆာဆိုတာ အဋ္ဌကထာကို ပြောတာ။ ပါဠိတော်ကိုဖွင့်ဆိုနေတဲ့ အတ္ထ အနက်အဓိပ္ပါယ်ကို ဖွင့်ဆိုနေတဲ့ တရားစကားတွေကို အဋ္ဌကထာလို့ခေါ်ပါတယ်။ ပါဠိတော်ရဲ့ အနက်အဓိပ္ပာယ်ကို ဖွင့်ဆိုတဲ့ တရားစကားကို ဘာလို့ခေါ်လဲ? အဋ္ဌကထာနော်။

ဥဂ္ဂဟိတပါဠိအာဒီသု ဟိ အတ္ထံ ပရိပုစ္ဆန္တဿ ပဋိသမ္ဘိဒါ ဝိသဒါ ဟောန္တိ။

ဥဂ္ဂဟိတပါဠိ၊ သင်ယူထားအပ်သော ပါဠိတော်မြတ်၏။ အတ္ထံ၊ အနက်အဓိပ္ပာယ်ကို။ ပရိပုစ္ဆန္တဿ၊ မေးမြန်းစုံစမ်းလျှက်ရှိသော ပုဂ္ဂိုလ်၏သန္တာန်၌။ ပဋိသမ္ဘိဒါ၊ ပဋိသမ္ဘိဒါဉာဏ်တော်မြတ်တို့သည်။ ဝိသဒါ၊ သန့်ရှင်းကြကုန်သည်။ ဟောန္တိ၊ ဖြစ်ကြလေကုန်၏။

ပါဠိတော်ရဲ့ အနက်အဓိပ္ပာယ်တွေကို မိမိဟာမိမိ မေးမြန်းစုံစမ်းဖွင့်ဆိုတယ်။ ဖွင့်ဆိုတယ်ဆိုတာကတော့ အလွတ်ရအောင် လေ့ကျက်နေတယ်။ အဲဒီလို လေ့ကျက်ပြီး ကိုယ့်ဟာကိုယ် ဖွင့်ဆိုနေတဲ့ ပုဂ္ဂိုလ်၊ ပါဠိတော်ရဲ့အနက်တွေကို ရွတ်ဖတ်နေတဲ့ ပုဂ္ဂိုလ်သန္တာန်မှာလည်း ပဋိသမ္ဘိဒါဉာဏ်တော်မြတ်တွေ သန့်ရှင်းလာတယ်။ နောက်တစ်ခု နံပါတ် (၅) က ဘာလဲ? ပုဗ္ဗယောဂ ဘာတဲ့လဲ? ပုဗ္ဗယောဂ ဘာကို ပုဗ္ဗယောဂ ခေါ်လဲ?

[ပုဗ္ဗယောဂေါ နာမ ပုဗ္ဗဗုဒ္ဓါနံ သာသနေ ယောဂါဝစရတာ ဂတပစ္စာဂတိကဘာဝေန ယာဝ အနုလောမဂေါတြဘုသမီပံ ပတ္တဝိပဿနာနုယောဂေါ။]

ပုဗ္ဗယောဂေါ နာမ၊ ပုဗ္ဗယောဂမည်သည်ကား။ ပုဗ္ဗဗုဒ္ဓါနံ၊ ရှေးရှေးဘုရားရှင်တို့၏။ သာသနေ၊ သာသနာတော်မြတ်အတွင်း၌။

ဘယ်သာသနာမှာလဲ? ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာတော်မြတ်တွင်းမှာ။

ဂတပစ္စာဂတိကဘာဝေန၊ ဂတပစ္စာဂတိကဝတ်ကို ဖြည့်ကျင့်ပြီး အစွမ်းဖြင့်။ ယာဝ အနုလောမဂေါတြဘုသမီပံ၊ ဂေါတြဘူဉာဏ်ရဲ့ အနီးအပါး၌ဖြစ်သော အနုလောမဉာဏ်သို့ တိုင်အောင်။ ---------- ထိုဂေါတြဘူဉာဏ်၏ အနီးအပါးဖြစ်သော အနုလောမဉာဏ်သို့ တိုင်အောင်။ ဝိပဿနာနုယောဂေါ၊ ဝိပဿနာဘာဝနာကို ကြိုးစားအားထုတ်ခြင်းသည်။

ဂေါတြဘူဉာဏ်၏ အနီးအပါးမှာ ဖြစ်လေ့ရှိတဲ့ အနုလောမဉာဏ်သို့တိုင်အောင် ဝိပဿနာဘာဝနာကို ကြိုးစားအားထုတ်ခြင်းကို ပုဗ္ဗယောဂလို့ ခေါ်တယ်။

အဲဒီ ကျင့်ဝတ်ကိုကျင့်တဲ့အပိုင်းမှာ ဂတပစ္စာဂတိကဘာဝေန ဂတပစ္စာဂတဝတ်တွေကို ဖြည့်ကျင့်ပြီးတော့မှ လက်တွေ့ကျင့်တယ်။ ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာတော်မြတ်တွင်းမှာ ဂတပစ္စာဂတိကဝတ်ဆိုတာက ဂတ က ဆွမ်းခံသွားတာ။ ပစ္စာဂတိက က ဆွမ်းခံရွာမှ တဖန်ကျောင်းကို ပြန်လာတာကို ပြောတယ်။ ဆွမ်းခံရွာသို့ သွားတဲ့အခါမှာလည်း ကမ္မဋ္ဌာန်းကို နှလုံးသွင်းပြီးတော့ သွားတယ်။ ဆွမ်းခံရွာမှ ကျောင်းသို့ ပြန်လာတဲ့အခါမှာလည်း ကမ္မဋ္ဌာန်းကို နှလုံးသွင်းပြီးမှ ပြန်လာတယ်။ အဲဒီလို အသွားအပြန် ကမ္မဋ္ဌာန်းဆောင်တဲ့ ကျင့်ဝတ်ကို ဂတပစ္စာဂတိကကျင့်ဝတ်လို့ခေါ်တယ်။

ဘယ်လို ကမ္မဋ္ဌာန်းတွေ ဆောင်ရမလဲလို့မေးရင် မိမိတို့က သမထပိုင်းရှိခဲ့ရင် သမထကမ္မဋ္ဌာန်းကို ဆောင်ပါ။ မိမိတို့က ဝိပဿနာပိုင်း၊ သမထကမ္မဋ္ဌာန်းပိုင်းကလည်း (၄၀) ရှိနေတော့ မိမိတို့ ဘယ်ကမ္မဋ္ဌာန်း ပွားသလဲ? ဘယ်ကမ္မဋ္ဌာန်း အားထုတ်သလဲ? မိမိတို့ အားထုတ်နေတဲ့ သမထကမ္မဋ္ဌာန်းကို ဆောင်သွားဖို့ လိုတယ်။ အကယ်၍ မိမိတို့က ဝိပဿနာပိုင်း ရောက်နေပြီဆိုရင်တော့ ဘာလုပ်ရမလဲ? ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပြီးတော့ ဆွမ်းခံသွားပါ၊ ဆွမ်းခံရွာမှပြန်လာပါတဲ့။ ဒါက ဂတပစ္စာဂတဝတ်ကို ဖြည့်ကျင့်ပုံပဲ။ အဲဒီလို ဖြည့်ကျင့်လိုက်တဲ့အခါ ဖြည့်ကျင့်ရုံလေး သက်သက်တွင်လားဆိုတော့ မဟုတ်သေးဘူး။

ယာဝ အနုလောမဂေါတြဘုသမီပံ ပတ္တဝိပဿနာနုယောဂေါ။

ဂေါတြဘူဉာဏ်ရဲ့ အနီးအပါးမှာ ဖြစ်လေ့ရှိတဲ့ အနုလောမဉာဏ်သို့ တိုင်အောင် ဝိပဿနာဘာဝနာကို လက်တွေ့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖူးခြင်းဆိုတဲ့ ဒီအကြောင်းကို ပုဗ္ဗယောဂခေါ်တယ်ဆိုပြီး ဒီလို ရှင်းထားတယ်။ ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာတော်တွင်းမှာ ဂေါတြဘူဉာဏ်ရဲ့ အနီးအပါးမှာ ဖြစ်လေ့ရှိတဲ့ အနုလောမဉာဏ်ဆိုတာကတော့ အဋ္ဌကထာများက ဋီကာများက ထပ်ဆင့် ဖွင့်ထားတာကတော့ အထွတ်အထိပ်ကို ရောက်ရှိလာတဲ့ သင်္ခါရုပေက္ခာဉာဏ်ကို ဆိုလိုတယ်ဆိုပြီး ရှင်းထားပါတယ်နော်။ ဘာဖြစ်လို့လဲ?

မဂ္ဂဝီထိအတွင်းမှာ တည်ရှိတဲ့ ဂေါတြဘူနဲ့ ကပ်နေတဲ့ အနုလောမဉာဏ်တွေကတော့ နောက်ပြန် မဆင်းတော့ဘူး။ အရိယာမဂ်ဉာဏ်ကို တန်းသွားမှာ ခုကတော့ ပါရမီခန်းဖြစ်နေတဲ့အတွက် အရိယာမဂ်ဉာဏ် မဆိုက်သေးဘူး။ ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာတော်တွင်းမှာသာပဲ ကြိုးစားအားထုတ်ခဲ့တဲ့ လုပ်ငန်းခွင် ဖြစ်ခြင်းကြောင့် သင်္ခါရုပေက္ခာဉာဏ်ကို ဆိုလိုတယ်ဆိုပြီး ရှင်းထားတယ်နော်။ ပေါင်းလိုက်တော့ ပဋိသမ္ဘိဒါဉာဏ်တော်မြတ်တွေ သန့်ရှင်းဖို့ရန်အတွက် ရရှိဖို့ရန်အတွက် အကြောင်း ဘယ်နှစ်မျိုးရှိသလဲ? လေးမျိုးနော်။ ငါးမျိုးနော်။ အဲဒီ (၅)မျိုးထဲမှာ—

ဧတေသု ပန ကာရဏေသု ပရိယတ္တိ သဝနံ ပရိပုစ္ဆာတိ ဣမာနိ တီဏိ ပဘေဒေဿဝ ဗလဝကာရဏာနိ။

ဧတေသု ပန ကာရဏေသု၊ ဤအကြောင်းတရား(၅)မျိုးတို့တွင်။ ပရိယတ္တိ သဝနံ ပရိပုစ္ဆာတိ၊ ပရိယတ္တိသဝနပရိပုစ္ဆာဟု ခေါ်ဆိုကြကုန်သော။ ဣမာနိ တီဏိ၊ ဤ(၃)မျိုးသော အကြောင်းတရားတို့သည်ကား။ ပဘေဒေဿဝ၊ ပဋိသမ္ဘိဒါဉာဏ်တော်မြတ်၏ ထူးထွေ ကွဲပြားခြင်း၏သာလျှင်။ ဗလဝကာရဏာနိ၊ အားကြီးသော အကြောင်းတရားတို့သည်။ ဟောန္တိ၊ ဖြစ်ကြလေကုန်၏။

အကြောင်းတရား (၅)မျိုး ရှိတယ်နော်။ (၅)မျိုးထဲမှာ ပရိယတ္တိ, သဝန, ပရိပုစ္ဆာဆိုတဲ့ အကြောင်း (၃)မျိုးကတော့ ပဋိသမ္ဘိဒါဉာဏ်တော်မြတ်တွေ ထူးထွေ ကွဲပြားဖို့ရန်အတွက် အကြောင်းတရားတွေသာ ဖြစ်ကြပါတယ်။ ဦးပဉ္စင်းတို့ ပဋိသမ္ဘိဒါဉာဏ်တော်မြတ်အရာမှာ အရှင်မဟာကောဋ္ဌိကမထေရ်က ထိပ်ဆုံးဖြစ်ပါတယ်။ ဧတဒဂ်ရတယ်။ တခြားတခြား အရိယာသူတော်ကောင်းတွေလည်း ပဋိသမ္ဘိဒါဉာဏ်တော်မြတ် ရရှိတဲ့ ပုဂ္ဂိုလ်တွေ ဂဏန်းသင်္ချာ လွန်နေပါတယ်။ မရေမတွက်နိုင်အောင် များတယ်။ ဒါပေမယ့် တစ်ပါးရဲ့ ပဋိသမ္ဘိဒါဉာဏ်တော်မြတ်နှင့် အခြားပုဂ္ဂိုလ်တစ်ပါးရဲ့ ပဋိသမ္ဘိဒါဉာဏ်တော်မြတ် မတူ ထူးထွေ ကွဲပြားတဲ့သဘော ရှိတယ်။

ဘာကိုအခြေတည်ပြီးတော့ ဒီလို ထူးထွေကွဲပြားမှု ဖြစ်ရသလဲလို့ မေးတော့ ပဋိသမ္ဘိဒါဉာဏ်ကို ရရှိတော်မူတဲ့ သူတော်ကောင်းတို့ လေ့ကျက်ခဲ့ရတဲ့ ပရိယတ္တိတရားတော်ရဲ့ ထူးထွေ ကွဲပြားမှုကြောင့်လည်းကောင်း၊ တရားတော်ကို နာယူစဉ် အချိန်အခါမှာ ရရှိတဲ့ တရားနာကြားမှု အသိဉာဏ်ရဲ့ ထူးထွေကွဲပြားမှုအပေါ်မှာ အခြေတည်၍လည်းကောင်း၊ ပရိပုစ္ဆာခေါ်တဲ့ အဋ္ဌကထာကို သင်ယူတဲ့အပိုင်းမှာ အဋ္ဌကထာနှင့် ပတ်သက်ပြီး တတ်သိနားလည်တဲ့ ဉာဏ်တော်မြတ်တွေရဲ့ ထူးထွေ ကွဲပြားမှုအပေါ်မှာ အခြေတည်၍လည်းကောင်း၊ ပဋိသမ္ဘိဒါဉာဏ်တော်မြတ်တွေ ထူးထွေ ကွဲပြားသွားတယ်။

ပဋိသမ္ဘိဒါဉာဏ်တော်မြတ်တွေ တစ်ဦးနဲ့တစ်ဦး အဆင့်အတန်းချင်း မတူညီဘဲ ထူးထွေ ကွဲပြားသွားတယ်။ ဒီတော့ နားလည်လွယ်တဲ့ စကားတစ်လုံးနဲ့ ပြောမယ်။ စာသင်ကြတယ် ဆိုကြစို့။ သူလည်း ပထမငယ် အောင်တယ်။ ကိုယ်လည်း ပထမငယ် အောင်တယ်။ ဒါပေမဲ့ အောင်သွားတဲ့ ပုဂ္ဂိုလ်အချင်းချင်း တစ်ဦးနဲ့တစ်ဦး အသိဉာဏ်လေးတွေ ကွာဟချက်တော့ အထိုက်အလျောက် မရှိကြဘူးလား? ဖြစ်ကြတယ်။ သူလည်း လေးတန်းအောင်တယ်၊ ငါလည်း လေးတန်းအောင်တယ်။ သူလည်း ဆယ်တန်းအောင်တယ်၊ ငါလည်း ဆယ်တန်းအောင်တယ်။ အောင်သွားတဲ့ ပုဂ္ဂိုလ်တွေမှာ တချို့က အင်္ဂလိပ်စာတော်တယ်၊ တချို့က သင်္ချာတော်တယ် စသည်ဖြင့် ထူးထွေ ကွဲပြားမှုလေးတွေ မရှိဘူးလား? ရှိကြတယ်။ အဲဒီ ပုံစံအတိုင်းပဲ။

ဒီပဋိသမ္ဘိဒါဉာဏ်တော်မြတ်ကို ရရှိတဲ့ ပုဂ္ဂိုလ်တွေထဲမှာလည်း တစ်ဦးနဲ့တစ်ဦး ပဋိသမ္ဘိဒါဉာဏ်တော်မြတ်ခြင်း တူသော်လည်း အဆင့်အတန်းခြင်း မတူကြဘူး။ ထူးထွေကွဲပြားမှု ရှိကြတယ်။ ဘာပေါ် အခြေတည်ပြီး ထူးထွေ ကွဲပြားရသလဲလို့မေးတော့ ပရိယတ္တိခေါ်တဲ့ ဘုရားရှင်ရဲ့ ပါဠိတော်ကိုသင်ယူတဲ့ အသိဉာဏ်၊ သဝနခေါ်တဲ့ ဘုရားရှင်ရဲ့ တရားတော်များကို နာကြားတတ်တဲ့ အသိဉာဏ်၊ ပရိပုစ္ဆာခေါ်တဲ့ ပါဠိတော်ရဲ့ အနက်အဓိပ္ပာယ်တွေကို ဖွင့်ဆိုထားတဲ့ အဋ္ဌကထာကို သင်ယူတဲ့ တတ်သိ နားလည်တဲ့ အသိဉာဏ်။ အဲဒီ အသိဉာဏ်တွေ ကွဲပြားတဲ့အတွက် တစ်ပါးနဲ့တစ်ပါး တူညီမှု မရှိဘဲ ပဋိသမ္ဘိဒါဉာဏ်တော်မြတ်တွေလည်း ထူးထွေကွဲပြား သွားရတယ်။ ဒါပေမဲ့ —

ပုဗ္ဗယောဂေါ အဓိဂမဿ ဗလဝပစ္စယော၊ ပဘေဒဿ ဟောတိ န ဟောတီတိ?

ပုဗ္ဗယောဂ ပုဗ္ဗယောဂဆိုတဲ့ ခုနက ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာတော်တွင်းမှာ သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင် ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းတွေကို စီးဖြန်း ပွားများအားထုတ်ခဲ့ဖူးခြင်းဆိုတဲ့ ဒီအကြောင်းတရားတစ်ခုရှိတယ်။ အဲဒီ အကြောင်းတရားကတော့ အဓိဂမခေါ်တဲ့ အရိယာမဂ်ဉာဏ်, ဖိုလ်ဉာဏ် (သို့မဟုတ်) အရဟတ္တမဂ်ဉာဏ်, ဖိုလ်ဉာဏ်ရဲ့ အားကြီးသော အကြောင်းသာ ဖြစ်တယ်။ ပဘေဒဿ ဟောတိ နဟောတိ။ ပဘေဒခေါ်တဲ့ ပဋိသမ္ဘိဒါဉာဏ်တော်မြတ်တွေ ထူးထွေကွဲပြားဖို့ရန်အတွက် အကြောင်းဖြစ်သလား မဖြစ်ဘူးလားလို့မေးရင်တော့ နပန အတ္ထာတဲ့နော်။

ရှေးရှေးပဋိသမ္ဘိဒါဉာဏ်တွေလို ကွဲပြားမှု မဖြစ်တာမျိုးတော့ မဟုတ်ဘူး။ ဖြစ်တန်သလောက်တော့ ဖြစ်တယ်နော်။ ဖြစ်တန်သလောက် ဖြစ်တယ်ဆိုတာက ဒီရုပ်တွေ နာမ်တွေကို ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိအောင် လေ့ကျင့်ရတဲ့အပိုင်း ရှိတယ်။ လေ့ကျင့်ရတဲ့ အပိုင်းလေးတွေမှာ ထူးထူးထွေထွေ ထိုးထိုးထွင်းထွင်း သိအောင် ကြိုးစားအားထုတ်တဲ့ အပိုင်းမှာ လက်တွေ့ရှုနေတဲ့ ပုဂ္ဂိုလ်များကတော့ နားလည်ကြမယ်။ ပုံစံလေးတစ်ခု ဘုန်းကြီးပြောမယ်။

မျက်စိမှာ ဓာတ်လေးပါးစိုက်လိုက်တော့ ကလာပ်အမှုန်တွေ့ပြီ။ တချို့က ကလာပ်အမှုန် တော်တော်များများကို ဓာတ်ခွဲလို့ ရတယ်။ တချို့ကတော့ အနည်းအကျဉ်းလောက်ပဲ ဓာတ်ခွဲလို့ ရတယ်။ တစ်ဦးနဲ့တစ်ဦး တူညီပါ့မလား? မတူညီဘူးနော်။ အလားတူပဲ။ နာမ်တရားတွေ ရှုတဲ့အပိုင်းမှာလည်း တချို့က သွက်သွက်လက်လက်နဲ့ ရှင်းရှင်းလင်းလင်း ရှုလို့ရတယ်။ တချို့က သိပ်ပြီး မသွက်ဘူး။ သိပ်ပြီး မသန့်ရှင်းဘူး။ အဲဒီလို မရှိဘူးလား? ရှိတယ်။

အလားတူပဲ။ အကြောင်းတရား, အကျိုးတရား သိမ်းဆည်းတဲ့ အပိုင်းတွေကျတော့လည်း တချို့က အတိတ်ဘဝ တော်တော်များများကို ရှုပြီးတော့ အကြောင်းတရား အကျိုးတရားတွေကို သိမ်းဆည်းလို့ရတယ်။ အနာဂတ်ကို ရှုလိုက်ရင်လည်း ရှင်းရှင်းလင်းလင်းနဲ့ အကြောင်းတရား အကျိုးတရားတွေကို တော်တော် နက်နက်နဲနဲ ရှုလို့ရတယ်။ ဝိပဿနာပိုင်းရောက်တော့လည်း အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓဆိုတဲ့ ကာလ (3)ပါး, သန္တာန် (2)ပါးအတွင်းမှာ တည်ရှိတဲ့ ရုပ်, နာမ်, ကြောင်းကျိုး သင်္ခါရတရားတွေကို လက္ခဏာရေး (3)တန် တင်ပြီး ရှုတဲ့အပိုင်းမှာ တချို့က တော်တော်လေး အသိဉာဏ် သန့်ရှင်းတယ် ထက်မြက်တယ်။ တချို့ကတော့ အသိဉာဏ် အလွန်ကြီး မသန့်ရှင်းဘူး။ အလွန်ကြီးလည်း မထက်ဘူး။ မထက်တဲ့အခါကျတော့ မထက်မြက်တဲ့ပုဂ္ဂိုလ်နဲ့ ထက်မြက်တဲ့ပုဂ္ဂိုလ် ရရှိတဲ့ အကျိုးတရားခြင်းသည် တူညီပါ့မလား? မတူညီဘူး။

ဒါကြောင့် ပဋိသမ္ဘိဒါဉာဏ် ထူးထွေ ကွဲပြားဖို့ရန်အတွက်လည်း ပုဗ္ဗယောဂခေါ်တဲ့ ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာတော်တွင်းမှာ သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းတွေကို စီးဖြန်းခဲ့ဖူးခြင်းဆိုတဲ့ဒီအကြောင်းတရားကလည်း ပဋိသမ္ဘိဒါဉာဏ်တော်မြတ်တွေ ထူးထွေကွဲပြားဖို့ရာ အကြောင်းရင်းတစ်ခု ဖြစ်တန်သလောက်တော့ ဖြစ်ပါတယ်။ လုံးလုံးတော့ မဖြစ်တာတော့ မဟုတ်ဘူးဆိုပြီး ဒီလို ဖွင့်ထားတယ်နော်။ ဒါပေမယ့် ခုနက ပရိယတ္တိ, သဝန, ပရိပုစ္ဆာခေါ်တဲ့ ဒီသုံးခုကတော့ တကယ် မဂ်ဉာဏ်, ဖိုလ်ဉာဏ် ရရှိရေးအတွက် ပဋိသမ္ဘိဒါဉာဏ်တွေ ထူးထွေကွဲပြားဖို့ရန်အတွက် အကြောင်းရင်းသာဖြစ်တယ်လို့ ဒီလို ဖွင့်ထားပါတယ်နော်။ ကဲနောက်တစ်ခု — ဘုန်းကြီး ဒီနေ့ ယောဂီတွေကို ပြောချင်တဲ့အပိုင်းလေးက ဘာလဲ?

ပရိယတ္တိသဝနပရိပုစ္ဆာ ဟိ ပုဗ္ဗေ ဟောန္တု ဝါ မာ ဝါ၊ ပုဗ္ဗယောဂေန ပန ပုဗ္ဗေ စေဝ ဧတရဟိ စ သင်္ခါရသမ္မသနံ ဝိနာ ပဋိသမ္ဘိဒါ နာမ နတ္Filling။

ပရိယတ္တိသဝနပရိပုစ္ဆာ ဟိ၊ ပရိယတ္တိ = ပါဠိတော်ကို သင်ယူခြင်း၊ သဝန = ဘုရားရှင်၏ တရားတော်မြတ်ကို နာယူခြင်း။ ပရိပုစ္ဆာ = ပါဠိတော်ကို ဖွင့်ဆိုကြောင်းဖြစ်တဲ့ အနက်အဓိပ္ပာယ် အဋ္ဌကထာကို သင်ယူခြင်းဆိုတဲ့ ဒီအကြောင်းတရား (၃)မျိုးတို့သည်။ ပုဗ္ဗေ၊ ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာတော်တွင်း၌။ ဟောန္တု ဝါ၊ ရှိကြသည်မူလည်း ရှိချင်ရှိကြပါစေ။ မာ ဝါ ဟောန္တု၊ မရှိကြမူသည်လည်း ရှိချင်ရှိပါစေနော်။ ပုဗ္ဗယောဂေန ပန ပုဗ္ဗေ စေဝ၊ ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာတော်အတွင်း၌လည်းကောင်း။ ဧတရဟိ စ၊ ဤယခုဘုရားရှင်၏ သာသနာတော်တွင်း၌လည်းကောင်း။ သင်္ခါရသမ္မသနံ၊ သင်္ခါရတရားတို့ကို လက္ခဏာရေး (၃)တန်တင်ပြီး သုံးသပ်ရှုပွားခြင်း သင်္ခါရသမ္မသနံအမှုကို။ ဝိနာ၊ ပြု၍။ ပဋိသမ္ဘိဒါ နာမ၊ ပဋိသမ္ဘိဒါဉာဏ်တော်မြတ်တို့သည်။ နတ္ထိ၊ မရှိစဖူးပေ။

ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာတော်အတွင်းမှာ ပရိယတ္တိ ပါဠိတော်ကို သင်ယူခြင်း။ သဝန ပါဠိတော်တရားတော်မြတ်ကို ရိုရိုသေသေ နာကြားခြင်း။ ပရိပုစ္ဆာ ပါဠိတော်ကို ဖွင့်ဆိုကြောင်းဆိုတဲ့ အနက်အဓိပ္ပာယ် အဋ္ဌကထာကိုသင်ယူခြင်းဆိုတဲ့ ဒီအကြောင်းတရား (၃)ခုသည် ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာတွင်းမှာ ပြုခဲ့ချင်လည်းပြုပါစေ၊ မပြုသော်လည်း ရှိချင်ရှိပါစေနော်။ ဒါပေမဲ့ ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာတွင်းမှာ ဘာဖြစ်လဲ? ပုဗ္ဗယောဂခေါ်တဲ့ သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းအားထုတ်ခဲ့ခြင်းဆိုတဲ့ ဒီအကြောင်းတရားကတော့ ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာတော်တွင်းမှာလည်း ရှိရမယ်။ ဒီဘုရားရှင်ရဲ့ သာသနာတော်တွင်းမှာလည်း ရှိရမယ်။

ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာတော်တွင်းမှာလည်း ဒီသင်္ခါရတရားတွေကို လက္ခဏာရေး (၃)တန်တင်ကာ ရှုပွားသုံးသပ်မှု မပြုခဲ့ဖူးဘူးဆိုရင် ပဋိသမ္ဘိဒါဉာဏ်တော်မြတ်ကို မရနိုင်ဘူး။ ဒီဘုရားရှင်ရဲ့ သာသနာတော်တွင်းမှာလည်း ဒီသင်္ခါရတရားတွေကို လက္ခဏာရေး (၃)တန်တင်ကာ ရှုပွားသုံးသပ်ခြင်း မပြုခဲ့ရင် ဒီပဋိသမ္ဘိဒါဉာဏ်တော်မြတ်ကို ဘယ်လိုမှ မရနိုင်ဘူး။ ဒါဖြင့် ပဋိသမ္ဘိဒါဉာဏ် ရရှိရေးအတွက် ပုဗ္ဗယောဂခေါ်တဲ့ ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာတော်တွင်းမှာရော ဒီဘုရားရှင်ရဲ့ သာသနာတော် အတွင်းမှာရော သင်္ခါရတရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး (၃)တန်တင်ပြီးတော့ ဝိပဿနာ ရှုပွားသုံးသပ်ဖို့ မလိုဘူးလား? လိုအပ်တယ်နော်။

ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာတော်မှာလည်း သင်္ခါရတရားတွေကို လက္ခဏာရေး (၃)တန်တင်ပြီးတော့ ရှုပွားသုံးသပ်ဖူးရမယ်။ ဒီဂေါတမဘုရားရှင်ရဲ့ သာသနာတော်တွင်းမှာလည်း ဒီသင်္ခါရတရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး (၃)တန်တင်ပြီးတော့ ဝိပဿနာ ရှုပွားသုံးသပ်ဖူးရမယ်။ အဲဒီလို ရှုပွားသုံးသပ်ဖူးမှ ဘာဖြစ်သလဲ?

ဣမေ ပန ဒွေပိ ဧကတော ဟုတွာ ပဋိသမ္ဘိဒါ ဥပတ္ထမ္ဘေတွာ ဝိသဒါ ကရောန္တီတိ။

ဒုတိယပိုင်း

ဣမေ ဒွေပိ၊ ဤနှစ်မျိုးသော အကြောင်းတရားတို့သည်လည်းပဲ။ ဧကတော ဟုတွာ၊ တစ်ပုံကြီး ဖြစ်ကြကုန်သည်။ ပဋိသမ္ဘိဒါ၊ ပဋိသမ္ဘိဒါဉာဏ်တော်မြတ်တို့ကို။ ဥပတ္ထမ္ဘေတွာ၊ ထောက်ပံ့ကြကုန်လျက်။ ပဋိသမ္ဘိဒါ၊ ပဋိသမ္ဘိဒါဉာဏ်တော်မြတ်တို့သည်။ ဝိသဒါ၊ သန့်ရှင်းကြကုန်သည်။ ဝိသဒါ ကရောန္တိ၊ သန့်ရှင်းအောင် ပြုလုပ်နိုင်ကြပါပေကုန်၏။

ပုဗ္ဗယောဂခေါ်တဲ့ ဒီအကြောင်းတရားတစ်ခု၊ အဓိဂမခေါ်တဲ့ အရိယာမဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရရှိခြင်းဆိုတဲ့ အကြောင်းတစ်ခု၊ ဒီအကြောင်း (၂)ခုက တစ်ပေါင်းထဲ ပြုလုပ်လိုက်တဲ့ အချိန်အခါမှာ ပဋိသမ္ဘိဒါဉာဏ်တော်မြတ်တွေကို ဒီအကြောင်းတရားနှစ်ခုကနေ အားပေး ထောက်ပံ့ပါတယ်။ အားပေး ထောက်ပံ့လိုက်တဲ့အတွက် ပဋိသမ္ဘိဒါဉာဏ်တော်မြတ်တွေကို သန့်ရှင်းအောင် ဒီအကြောင်းတရားနှစ်ခုက ပြုလုပ်ပေးတယ်နော်။ အဲဒီလို ပြုလုပ်ပေးလိုက်တဲ့အတွက် ပဋိသမ္ဘိဒါဉာဏ်တော်မြတ်တွေအတွက် ဒီပုဗ္ဗယောဂခေါ်တဲ့ ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာတော်ထဲမှာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းခဲ့ဖူးခြင်းဆိုတဲ့ အကြောင်းတစ်ခု၊ အဓိဂမခေါ်တဲ့ ဒီ ဘုရားရှင်ရဲ့ သာသနာတော်မှာ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရရှိခြင်းဆိုတဲ့ အကြောင်းတစ်ခု၊ ဒီအကြောင်း (၂)ခုဟာလည်း ပဋိသမ္ဘိဒါဉာဏ်တွေ ထူးထွေ ကွဲပြားဖို့ရာအတွက် အကြောင်းပဲဖြစ်ပါတယ်ဆိုပြီး ဒီလို ဖွင့်ထားတယ်။

ဒီတော့ ဘုန်းကြီး ပြောချင်တဲ့အချက်က ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာတော်တွင်းမှာ ပရိယတ္တိခေါ်တဲ့ ပါဠိတော်ကိုသင်ယူဖူးခြင်း၊ သဝနခေါ်တဲ့ တရားတော်ကို ရိုသေစွာ နာကြားခဲ့ဖူးခြင်း၊ ပရိပုစ္ဆာခေါ်တဲ့ အဋ္ဌကထာကို သင်ယူခဲ့ဖူးခြင်းဆိုတဲ့ ဒီအကြောင်းတွေ ရှိချင်လည်းရှိပါစေ မရှိချင်လည်းနေပါစေ၊ ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာတော်တွင်းမှာ သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကတော့ အားထုတ်ခဲ့ဖူးခြင်းဆိုတာ ရှိရမလား, မရှိရဘူးလား? ရှိရမယ်။ ဒီဘုရားရှင်ရဲ့ သာသနာတော်မှာလည်း ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင် ကြိုးစားအားထုတ်ဖူးခြင်း(သို့မဟုတ်) အရိယာမဂ်ဉာဏ် ဖိုလ်ဉာဏ်သို့တိုင်အောင် ကြိုးစားအားထုတ်ဖူးခြင်းဆိုတာ ရှိရမလား, မရှိရဘူးလား? ရှိရမယ်။ ဒီအကြောင်း (၂)ခု ရှိရမယ်။

အဲဒီ အကြောင်း(၂)ခုရှိပါမှသာလျှင် ပဋိသမ္ဘိဒါဉာဏ်တော်မြတ်တွေ ရရှိနိုင်ပါတယ်နော်။ ဒီလိုဆိုရင် ဘုန်းကြီး တပည့်တော်တို့က ပဋိသမ္ဘိဒါဉာဏ်လိုချင်တာ မဟုတ်ဘူးဘုရား။ တပည့်တော်တို့က အရိယာမဂ်ဉာဏ် ဖိုလ်ဉာဏ်ကို လိုချင်တာ၊ နိဗ္ဗာန်ကို ခပ်မြန်မြန်သွားချင်တာ ဒီလိုတော့ ပြောချင်လည်း ပြောကြလိမ့်မယ်နော်။ မပြောချင်ကြဘူးလား? ပြောချင်လည်း ပြောကြပါလိမ့်မယ်။ ပြောချင်တဲ့ပုဂ္ဂိုလ်တွေအတွက် ဘုန်းကြီး နည်းနည်းလေး ထပ်ပြီး အဋ္ဌကထာ ဖွင့်ထားတာလေး ပြောချင်တယ်နော်။

အရိယသာဝကော နော ပဋိသမ္ဘိဒါပ္ပတ္တော နာမ နတ္ထိ။

အရိယာသာဝကော၊ အရိယာသာဝကတိုင်းသည်။ နော ပဋိသမ္ဘိဒါပ္ပတ္တော နာမ၊ ပဋိသမ္ဘိဒါဉာဏ်တော်မြတ်သို့ မရောက်ရှိတဲ့ ပုဂ္ဂိုလ်မည်သည်။ နတ္ထိ၊ မရှိစကောင်းပေ။

အရိယာသာဝကဆိုရင် ပဋိသမ္ဘိဒါဉာဏ်တော်မြတ်သို့ မရောက်ရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးမှ မရှိကောင်းဘူး။ ဘာဖြစ်လို့လဲ? ခုနက ပြောခဲ့ပြီးပြီ။ အတ္ထပဋိသမ္ဘိဒါဉာဏ်တော်က ဒုက္ခသစ္စာကို သိတတ်တဲ့ဉာဏ်၊ ဓမ္မပဋိသမ္ဘိဒါဉာဏ်တော်က သမုဒယသစ္စာကို သိတတ်တဲ့ဉာဏ်၊ အရိယာသူတော်ကောင်းမှန်ရင် ဒီဒုက္ခသစ္စာနဲ့ သမုဒယသစ္စာကို သိလား မသိဘူးလား? သိတယ်။ တစ်ခါ ဒီ ဒုက္ခသစ္စာ သမုဒယသစ္စာကိုသိတဲ့ ပုဂ္ဂိုလ်တွေသည် နောက်တစ်ဆင့် တက်လိုက်ဦး။ ဒုက္ခသစ္စာဆိုတာက ဘာတွေ၊ သမုဒယသစ္စာဆိုတာက ဘာတွေဆိုတဲ့ အခေါ်အဝေါ် အသုံးအနှုန်းလေးတွေလည်း မသိဘူးလား? သိတယ်။

ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ် မသိရဘူးလား? သိရပါတယ်။ ဖဿ, ဝေဒနာ, သညာ, စေတနာ လိုက်ဆိုစမ်း ဟုတ်ပြီလား။ လိုက်ပြီး ဆိုတယ်။ ဆိုပြီးတဲ့အခါ အဲဒီ တရားလေးတွေ ရအောင် မကျက်ရဘူးလား? ကျက်ရတယ်။ ဟော နိရုတ္တိပဋိသမ္ဘိဒါဉာဏ်လည်း အထိုက်အလျောက် မရဘူးလား? ရပြီ။ ရပြီးတဲ့အခါ မိမိတို့က ဒီရုပ်တွေ နာမ်တွေလည်း စနစ်တကျ ရှုလို့ သိပြီ။ ဒုက္ခသစ္စာတရားလည်း ထိုးထွင်းသိပြီ၊ သမုဒယသစ္စာတရားတွေလည်း အထိုက်အလျောက် ဝိပဿနာဉာဏ်နဲ့ ထိုးထွင်းသိပြီ ဆိုကြစို့။ ထိုးထွင်းသိပြီးတဲ့ အချိန်အခါမှာ ဒီဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး (၃)တန်တင်ပြီးတော့ ဝိပဿနာ ရှုရတယ်။ ဝိပဿနာဉာဏ်တွေ အဆင့်ဆင့် တက်သွားလိုက်တဲ့အချိန်အခါ ဘင်္ဂဉာဏ်ပိုင်းလောက် အပျက်နယ်ထဲ ရောက်ပြီဆိုတော့ ဘာလုပ်သလဲ?

ဉာတဉ္စ ဉာနဉ္စ ဥဘောပိ ဝိပဿတိ။

ဉာတ အမည်ရတဲ့ အရှုခံ ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတွေကိုလည်း လက္ခဏာရေး (၃)တန်တင်ပြီးတော့ ဝိပဿနာ ရှုတယ်။ ဉာန အမည်ရနေတဲ့ ရှုတတ်တဲ့ ဝိပဿနာဉာဏ်ကိုလည်း တဖန်ပြန်ပြီးတော့ အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး (၃)တန်တင်ပြီးတော့ ဝိပဿနာရှုတယ်။ အဲဒီလို ရှုလိုက်တဲ့အပိုင်းမှာ ဒုက္ခသစ္စာကို သိတတ်တဲ့ ဉာဏ်ကိုလည်း ပြန်ပြီးတော့ ဝိပဿနာ ရှုတယ်။ တနည်းပြောရင်တော့ ဒုက္ခသစ္စာကို ဝိပဿနာ ရှုနေတဲ့ဉာဏ်ကိုလည်း တဖန်ပြန်ပြီးတော့ ဝိပဿနာ ရှုတယ်။ သမုဒယသစ္စာကို ဝိပဿနာ ရှုတတ်တဲ့ဉာဏ်ကိုလည်း တဖန်ပြန်ပြီးတော့ ဝိပဿနာ ရှုတယ်။ ရှုလိုက်ပြီဆိုလို့ရှိရင် ထိုပုဂ္ဂိုလ်သည် ဒါ ပဋိဘာနပဋိသမ္ဘိဒါဉာဏ်လို့ မပြောနိုင်ဘူးလား? လောကီပဋိဘာနပဋိသမ္ဘိဒါဉာဏ်ပဲ။ အဲဒါကြောင့် ပြောမယ်ဆိုရင် ပဋိသမ္ဘိဒါဉာဏ်လေးပါးကို အရိယာသူတော်ကောင်းတိုင်း မရနိုင်ဘူးလား? ရနိုင်တယ်။ ဒါကြောင့် —

ဗဟုမ္ပိ ဥဂ္ဂဟေတွာ ပန ပုထုဇ္ဇနဿ ပဋိသမ္ဘိဒါပ္ပတ္တိ နာမ နတ္ထိ၊

ဗဟုမ္ပိ၊ များစွာသော်လည်းပဲ။ ဥဂ္ဂဟေတွာ၊ သင်ယူပြီး၍။ ပုထုဇ္ဇနဿ၊ ပုထုဇဉ်ပုဂ္ဂိုလ်၏သန္တာန်၌။ ပဋိသမ္ဘိဒါပ္ပတ္တိ နာမ၊ ပဋိသမ္ဘိဒါဉာဏ်တော်မြတ်သို့ ဆိုက်ရောက်ခြင်းသည်။ နတ္ထိ၊ မရှိစကောင်းပေ။

အရိယသာဝကော Nော ပဋိသမ္ဘိဒါပ္ပတ္တော နာမ နတ္ထိ။

အရိယာသာဝကော၊ အရိယာသာဝကတိုင်းသည်။ နော ပဋိသမ္ဘိဒါပ္ပတ္တော နာမ၊ ပဋိသမ္ဘိဒါဉာဏ်တော်မြတ်သို့ မရောက်ရှိတဲ့ ပုဂ္ဂိုလ်မည်သည်။ နတ္ထိ၊ မရှိစကောင်းပေ။

ပုထုဇဉ်မှန်ရင်လည်း ဘယ်လောက်ပဲသင်သင် ပုထုဇဉ်တိုင်း ပုထုဇဉ်တိုင်း ပဋိသမ္ဘိဒါဉာဏ်တော်မြတ်သို့ ရောက်ရှိတယ်ဆိုတာ တစ်ယောက်မှ မရှိဘူး။ အရိယာမှန်လို့ရှိရင်လည်း အရိယာပုဂ္ဂိုလ်တိုင်း အရိယာပုဂ္ဂိုလ်တိုင်းသည် ပဋိသမ္ဘိဒါဉာဏ်သို့ မရောက်တဲ့ အရိယာပုဂ္ဂိုလ်ဆိုတာ တစ်ပါးမှ မရှိဘူး။ မရှိခဲ့ရင် ဘာဖြစ်သလဲ?

ပုဗ္ဗယောဂေန ပန ပုဗ္ဗေ စေဝ ဧတရဟိ စ သင်္ခါရသမ္မသနံ ဝိနာ ပဋိသမ္ဘိဒါ နာမ နတ္ထိ။

ပုဗ္ဗယောဂနဲ့ကင်းပြီးတော့ ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာတော်တွင်းမှာ ကြိုးစားအားထုတ်ခဲ့ခြင်း သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို အားထုတ်ခဲ့ခြင်းဆိုတဲ့ ပုဗ္ဗယောဂနဲ့ ကင်း၍သော်လည်းကောင်း၊ ဒီဘုရားရှင်ရဲ့ သာသနာတော်တွင်းမှာလည်း သင်္ခါရတရားတွေကို လက္ခဏာရေး (၃)တန်တင်ပြီး ဝိပဿနာ ရှုပွားသုံးသပ်ခြင်း၊ သင်္ခါရသမ္မသနအမှုနဲ့ ကင်း၍သော်လည်းကောင်း၊ ပဋိသမ္ဘိဒါဉာဏ်တော်မြတ်သို့ ရောက်ရှိတဲ့ ပုဂ္ဂိုလ်ဆိုတာလည်း မရှိဘူး။ ဒီလိုဆိုရင် ပါရမီ လိုသလား, မလိုဘူးလား? လိုအပ်ပါတယ်။ ဒါကြောင့် ဒီဘဝမှာ ကြိုးစားအားထုတ်လိုက်လို့ မဂ်, ဖိုလ်, နိဗ္ဗာန် မရဘူးထား။ ဒီကြိုးစားအားထုတ်လိုက်တဲ့ ပါရမီမျိုးစေ့ကောင်းတွေသည် နောင်တစ်ချိန် ဘုရားရှင်ရဲ့ သာသနာတော်တွင်းမှာ မဂ်ဉာဏ် ဖိုလ်ဉာဏ် ရရှိဖို့အတွက် မျိုးစေ့ကောင်း မဖြစ်ဘူးလား? ဖြစ်တယ်။

အလားတူပဲ။ ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာတွင်းမှာ ကြိုးစားအားထုတ်ခဲ့တဲ့ မျိုးစေ့ကောင်း ရှိခဲ့မယ်ဆိုရင်လည်း ဒီဘုရားရှင်ရဲ့ သာသနာတော်တွင်းမှာ အရိယာသူတော်ကောင်းအဆင့်သို့ ရောက်ကောင်း ရောက်နိုင်တဲ့သဘောကော မရှိဘူးလား? ရှိနေတယ်။ ဒါကြောင့် ကြိုးစားအားထုတ်ဖို့တော့ မလိုဘူးလား? လိုအပ်နေပါတယ်။ သို့သော် ဒီမှာ အရှင်ဥပသေနမထေရ်မြတ်က ပဋိသမ္ဘိဒါဉာဏ်တော်မြတ်ကိုရရှိတဲ့ သူတော်ကောင်းဖြစ်တယ်။ ပဋိသမ္ဘိဒါဉာဏ်လေးပါးကိုရရှိတဲ့ သူတော်ကောင်းဖြစ်ခြင်းကြောင့် ဒီလို ပဋိသမ္ဘိဒါဉာဏ်တွေကို ရရှိရေးအတွက် သူသည် ဘယ်လို ကြိုးပမ်းခဲ့သလဲ?

ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာတော်တွင်းမှာ သင်္ခါရုပေက္ခာဉာဏ်သို့ တိုင်အောင် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းတွေကို ကြိုးစားအားထုတ်ခဲ့တယ်နော်။ အဲဒီလို ကြိုးစားအားထုတ်ခဲ့တဲ့ ပါရမီ မျိုးစေ့ကောင်းတွေက လှုံ့ဆော်တိုက်တွန်းလိုက်တဲ့အခါ ပါရမီရှိနေတဲ့ ဒီသူတော်ကောင်းအဖို့ ဘုရားရှင်ကနေပြီးတော့ ကြိမ်လုံးလေးတစ်ချက်လောက် တို့ပေးလိုက်တာနဲ့ ဘာဖြစ်လာလဲ?

” ယဒိပါဟံ ဣဒါနိ ပရိသံ နိဿာယ ဘဂဝတာ ဝိဂရဟိတော၊ ပရိသံယေဝ ပန နိဿာယ ပါသံသိယော ဘဝေယျံ ” န္တိ

ယဒိပန၊ အကယ်၍လည်းပဲ။ အဟံ၊ ငါသည်။ ပရိသံ၊ ပရိသတ်ကို။ နိဿာယ၊ အမှီပြု၍။ ဘဂဝတာ၊ ဘုန်းတော်(၆)ပါးသခင်ဘုရားရှင်က။ ဝိဂရဟိတော၊ ကဲ့ရဲ့အပ်သည်သာ မှန်ပါပေ၏၊ ပန၊ ထိုသို့ပင်မှန်သော်လည်းပဲ။ ပရိသံယေဝ၊ ပရိသတ်ကိုပင်လျှင်။ နိဿာယ၊ အမှီပြု၍။ ပါသံသိယော၊ အချီးမွမ်းခံရသော ပုဂ္ဂိုလ်သည်။ ဘဝေယံ၊ ငါဖြစ်အောင် ကြိုးစားအားထုတ်မယ်။

ဆုံးဖြတ်ချက်ချတယ်။ ဘာဖြစ်လို့ ဒီဆုံးဖြတ်ချက် ချနိုင်လဲ? အတိတ်က ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာတော်တွင်းမှာ ပဋိသမ္ဘိဒါဉာဏ်တော်မြတ်တွေ ရရှိနိုင်ဖို့ရန်အတွက် အကြောင်းတရား (၅)ခုကို သူက စနစ်တကျ ထူထောင်ထားခဲ့တဲ့ သူတော်ကောင်းကြီး ဖြစ်တယ်နော်။ ဒီတော့ ဒီနေ့ တရားနာနေတဲ့ ပုဂ္ဂိုလ်တွေလည်း ပဋိသမ္ဘိဒါဉာဏ် ရသည် မရသည်ထားပေါ့၊ အရိယာသူတော်ကောင်းတိုင်း ရသင့်ရထိုက်တဲ့ ပဋိသမ္ဘိဒါဉာဏ်မျိုး လိုချင်တယ်ဆိုလို့ရှိရင်တော့ ဒီအကြောင်းတရား (၅)မျိုးကို အချိန်မီ စနစ်တကျ ထူထောင်ဖို့တော့ မလိုဘူးလား? လိုအပ်ပါတယ်။ အတိတ်က ထူထောင်ထားခဲ့တဲ့ မျိုးစေ့ကောင်းရှိခဲ့ရင် ဒီဘုရားသာသနာမှာ မဂ်ဉာဏ်, ဖိုလ်ဉာဏ် ရချင်ရမယ်။ အကယ်၍ အတိတ်က ထူထောင်ခဲ့တဲ့ မျိုးစေ့ကောင်း မရှိခဲ့လို့ရှိရင်လည်း နောက်အနာဂတ် ဘုရားရှင်ရဲ့ သာသနာတော်တွင်းမှာ ပဋိသမ္ဘိဒါဉာဏ်တော်မြတ်တွေ ရဖို့ရန် ပါရမီမျိုးစေ့ကောင်းတွေကို ထူထောင်ပြီး ဖြစ်မသွားဘူးလား? ဖြစ်သွားပြီနော်။

အရှင်ဥပသေနမထေရ်ကတော့ ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာတော်တွင်းမှာလည်း စနစ်တကျ ကြိုးစားအားထုတ်ခဲ့တဲ့အတွက် အကြောင်းတရား (၅)ပါးကို စနစ်တကျ ထူထောင်ခဲ့တဲ့အတွက် အထူးသဖြင့် သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းတွေကို အပတ်တကုတ် ကြိုးစားအားထုတ်ခဲ့တဲ့ သူတော်ကောင်းဖြစ်ခြင်းကြောင့် ဘုရားရှင် ကြိမ်လုံးတစ်ချက် တို့လိုက်တာနဲ့ အင်မတန် ထက်သန်နေတဲ့ လုံ့လဝီရိယတွေ ပေါ်လာတယ်။

ငါသည် ဒီပရိသတ်ကို အမှီပြုပြီးတော့ ဘုရားရှင်ထံမှ ကဲ့ရဲ့မှုကို ခံယူရတယ်။ ဒါပေမဲ့ ဒီပရိသတ်ကို အမှီပြုပြီးတော့ အချီးမွမ်းခံရတဲ့ ပုဂ္ဂိုလ်ဖြစ်အောင် ငါကြိုးစားအားထုတ်မယ်ဆိုတဲ့ ဒီလို အင်မတန် ထက်သန်တဲ့ လုံ့လဝီရိယတွေ သူ့ရဲ့ သန္တာန်မှာ ပေါ်လာတယ်။ ပေါ်လာလိုက်တဲ့အတွက် ဘာလုပ်သလဲ? ဓူတင်(၁၃)ပါး ဆောင်တယ်။ သမထ ဝိပဿနာ ဘာဝနာဆိုတဲ့ ကမ္မဋ္ဌာန်းတွေကို အပတ်တကုတ် စနစ်တကျ ကြိုးစားအားထုတ်တယ်။ ကြိုးစားအားထုတ်လိုက်တဲ့အတွက် မကြာမီ အချိန်ကာလအတွင်းလေးမှာပဲ ဘာဖြစ်သလဲ? အဘိဉာဏ် (၆)ပါး ရရှိသွားတယ်။

ဘာဖြစ်လို့ ဒီမကြာမီ အချိန်ကာလအတွင်းမှာ အဘိဉာဏ် (၆)ပါး ရရှိပြီးတော့ ပဋိသမ္ဘိဒါဉာဏ် (၄)ပါးလည်း ရရှိသလဲလို့မေးရင် ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာတော်တွင်းမှာ သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းတွေ စီးဖြန်းခဲ့ဖူးတယ်။ ပဋိသမ္ဘိဒါဉာဏ်တော်မြတ်ကို ရရှိဖို့ရန်အတွက် အကြောင်းတရား (၅)မျိုးကိုလည်း မထူထောင်ခဲ့ဘူးလား? ထူထောင်ခဲ့ဖူးတယ်။ မျိုးစေ့ကောင်းလေးတွေ အချိန်မီ ကြဲချစိုက်ပျိုးနိုင်ဖို့ မလိုဘူးလား? လိုအပ်တယ်။ မျိုးစေ့ကောင်းတွေ ပါလာတဲ့ပုဂ္ဂိုလ်အတွက် မကြာမီ အချိန်ကာလအတွင်းမှာ ဒီဘုရားရှင်ရဲ့ သာသနာမှာ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရရှိနိုင်ပါတယ်နော်။ အဲဒီလို မဂ်ဉာဏ် ဖိုလ်ဉာဏ် ရပြီးလို့ ရဟန္တာမထေရ်မြတ် ဖြစ်သွားတဲ့အခါ ဘာဖြစ်သလဲ?

အတ္တနော နိဿိတကေ ဓုတင်္ဂဓရေ ဧဝ ကတွာ တေဟိ သဒ္ဓိံ ဘဂဝန္တံ ဥပသင်္ကမိတွာ

အတ္တနော၊ မိမိအား။ နိဿိတကေ၊ မှီတင်းနေထိုင်ကြကုန်သော။ ဓုတင်္ဂဓရေ ဧဝ၊ ဓူတင်ကို ဆောင်နေတဲ့ တပည့် သား မြေးတို့ကိုသာလျှင်။ ကတွာ၊ ပြု၍။ တေဟိ၊ ထိုတပည့် သား မြေးတို့နှင့်။ သဒ္ဓိံ၊ အတူတကွ။ ဘဂဝန္တံ၊ ဘုန်းတော် (၆)ပါးသခင် တန်ခိုးဂုဏ်နှင့် ပြည့်စုံသော ဘုရားရှင်သို့။ ဥပသင်္ကမိတွာ၊ အနီးအစပ် ချဉ်းကပ်၍။

မိမိတပည့် သား မြေးတွေကို ဓူတင် (၁၃)ပါး ဆောင်အောင် သူက ကြိုးစားအားထုတ်တယ်။ မိမိတပည့် သား မြေးတွေကို ဓူတင် (၁၃)ပါး ဆောင်စေပြီးတဲ့နောက် ဘာလုပ်သလဲ? ဆက်ပြီးတော့ ဒီတပည့်တွေကို သူက ခေါ်ဆောင်သွားတယ်။ ဘုရားရှင်ထံ ခေါ်ဆောင်သွားလိုက်တဲ့ အချိန်အခါမှာ ဘုရားရှင်ကလည်း ဒီတပည့်ပရိသတ်တွေကို လှမ်းကြည့်လိုက်တော့ သူက မြင်တယ်၊ မြင်လိုက်တဲ့အခါမှာ ဘုရားရှင်က တော်တော်လေး ကျေနပ်သွားတယ်။ ကျေနပ်တဲ့အချိန် ဆိုကြပါစို့။ အဲဒီအချိန်က ဘယ်လိုလဲဆိုတော့ မြတ်စွာဘုရား သာဝတ္Fillingပြည်မွန် ဇေတဝန်ကျောင်းတိုက်တော်မှာ သီတင်းသုံးစံနေတော်မူခိုက် ဖြစ်တယ်။ ထိုဝါတွင်း မြတ်စွာဘုရား လောကကို ကြည့်ရှုတော်မူလိုက်တဲ့ အချိန်အခါ တလောကလုံးမှာ ဘုရားရှင် ချေချွတ်လို့ ကျွတ်တန်းဝင်မယ့် သူတော်ကောင်း တစ်ဦးမှ မတွေ့ရဘူး။ မတွေ့ရတော့ ဘုရားရှင်က ဘာလုပ်သလဲ?

” ဣစ္ဆာမဟံ၊ ဘိက္ခဝေ၊ တေမာသံ ပဋိသလ္လီယိတုံ။ နာဟံ ကေနစိ ဥပသင်္ကမိတဗ္ဗော၊ အညတြ ဧကေန ပိဏ္ဍပါတနီဟာရကေန ”

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ အဟံ၊ ငါဘုရားသည်။ တေမာသံ၊ ဝါတွင်းသုံးလ ကာလပတ်လုံး။ ပဋိသလ္လီယိတုံ၊ တစ်ပါးထီးတည်း ကိန်းအောင်း၍ နေထိုင်ခြင်းငှာ။ ဣစ္ဆာမိ၊ အလိုရှိပါ၏၊

လောက ကြည့်ရှုလိုက်တဲ့အခါ ဗုဒ္ဓဝေနေယျ ဘုရားရှင် ချေချွတ်လို့ ကျွတ်မယ့် ပုဂ္ဂိုလ်တစ်ဦးမှ မရှိတော့ - ကဲ ချစ်သားရဟန်းတို့ ... ဒီဝါတွင်း (၃)လပတ်လုံး ငါ ဘုရားရှင်သည် တစ်ပါးတည်း ကိန်းအောင်း နေထိုင်ဖို့ရန်အတွက် အလိုရှိတယ်။

နာဟံ ကေနစိ ဥပသင်္ကမိတဗ္ဗော၊ အညတြ ဧကေန ပိဏ္ဍပါတနီဟာရကေန

ဧတေန ပိဏ္ဍပါတနီဟာရကေန၊ တစ်ပါးသော ဆွမ်းကို သယ်ဆောင်တတ်တဲ့ ရဟန်းတော်ကို။ အညတြ၊ အကြင်ထား၍။ ကေနစိ၊ တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်သည်။ ဥပသင်္ကမိတဗ္ဗော၊ ချဉ်းကပ်သင့် ချဉ်းကပ်ထိုက်သည်။ န အမှိ၊ မဖြစ်ပေ။

ဆွမ်းကို သယ်ဆောင်လာတဲ့ ရဟန်းတော်တစ်ပါးကလွဲရင် ငါဘုရားရှင်ထံသို့ ဘယ်ရဟန်းမှ မချဉ်းကပ်ရဆိုပြီးတော့ ဘုရားရှင်က ထိုဝါတွင်းမှာ အမိန့်ထုတ်ထားတယ်။ အဲဒီလို အမိန့်ထုတ်ထားတဲ့ ဝါတွင်းမှာ အရှင်ဥပသေနမထေရ်ကနေပြီးတော့ ဆိုက်ရောက်လာခြင်း ဖြစ်တယ်။ ဆိုက်ရောက်လာတဲ့ အချိန်အခါမှာ ဒီ သာဝတ္ထိပြည်က ရဟန်းတော်တွေကလည်း ဘယ်လို ကတိထားကြသလဲလို့ မေးတော့-

” ဣစ္ဆတိ အာဝုသော၊ ဘဂဝါ တေမာသံ ပဋိသလ္လီယိတုံ။ န ဘဂဝါ ကေနစိ ဥပသင်္ကမိတဗ္ဗော အညတြ ဧကေန ပိဏ္ဍပါတနီဟာရကေန။ ယော ဘဂဝန္တံ ဥပသင်္ကမတိ သော ပါစိတ္တိယံ ဒေသာပေတဗ္ဗော ”

အာဝုသော၊ ငါ့ရှင်တို့ ...။ ဘဂဝါ၊ ဘုန်းတော် (၆)ပါးသခင် ဘုရားရှင်သည်။ တေမာသံ၊ ဝါတွင်းသုံးလ ကာလပတ်လုံး။ ပဋိသလ္လီယိတုံ၊ တစ်ပါးထီးတည်း ကိန်းအောင်းအံ့သောငှာ။ ဣစ္ဆတိ၊ အလိုရှိ၍နေပေ၏၊ ဘဂဝါ၊ ဘုန်းတော် (၆)ပါးသခင်ဘုရားရှင်သို့။ ကေနစိ၊ တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်သည်။ န ဥပသင်္ကမိတဗ္ဗော၊ မချဉ်းကပ်အပ်ပေ။ ဧကေန ပိဏ္ဍပါတနီဟာရကေန၊ တစ်ပါးသော ဆွမ်းကို သယ်ဆောင်တတ်တဲ့ ရဟန်းတော်ကို။ အညတြ၊ အကြင်ထား၍။ ကေနစိ၊ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သည်။ ဘဂဝါ၊ ဘုန်းတော် (၆)ပါးသခင် ဘုရားရှင်သို့။ န ဥပသင်္ကမိတဗ္ဗော၊ မချဉ်းကပ်အပ်ပေ။ ယော၊ အကြင်ရဟန်းတော်သည်။ ဘဂဝန္တံ၊ ဘုန်းတော် (၆)ပါးသခင် ဘုရားရှင်ကို။ ဥပသင်္ကမတိ၊ ချဉ်းကပ်၏၊ သော၊ ထိုဘုရားရှင်သို့ ချဉ်းကပ်နေသော ပုဂ္ဂိုလ်သည်။ ပါစိတ္တိယံ၊ ပါစိတ်အာပတ်ကို။ ดေသာပေတဗ္ဗော၊ ကြားအပ်၏၊

ငါ့ရှင်တို့ မြတ်စွာဘုရားသည် ဝါတွင်း (၃)လကာလပတ်လုံး တစ်ပါးတည်း ထီးထီးကိန်းအောင်းတော်မူရန်အတွက် အလိုရှိနေတယ်။ ဒါကြောင့် ဆွမ်းသယ်ဆောင်တဲ့ ရဟန်းမှလွဲရင် ရဟန်းတစ်ပါးကလွဲရင် ဘယ်ရဟန်းတော်မှ ဘုရားရှင်ထံသို့ မချဉ်းကပ်ရ၊ အကယ်၍ ချဉ်းကပ်ခဲ့မယ်ဆိုလို့ရှိရင် ချဉ်းကပ်တဲ့ရဟန်းသည် ပါစိတ်အာပတ်ကို ဒေသနာကြားစေဆိုပြီးတော့ ဒီလို သာဝတ္ထိမှာရှိတဲ့ ရဟန်းတော်တွေ ကတိကဝတ် ထားထားကြတယ်။

အဲဒီလို ကတိကဝတ်ထားတဲ့ အချိန်အခါမှာ ထိုဝါတွင်းမှာပဲ အရှင်ဥပသေနမထေရ်က သူ့ရဲ့ ပရိသတ်တွေကို ခေါ်ဆောင်ပြီးတော့ မြတ်စွာဘုရားထံ ချဉ်းကပ်ခြင်းဖြစ်တယ်။ မြတ်စွာဘုရားထံ ချဉ်းကပ်ပြီး ဝင်သွားတဲ့ အခါကျတော့ သာဝတ္ထိက ရဟန်းတွေကလည်း ဒီကိုယ်တော် ဘုရားထံက ထွက်လာလို့ရှိရင် ပါစိတ်အာပတ် ဒေသနာကြားရမယ်ဆိုပြီးတော့ ဂန္ဓကုဋိတိုက်တော်ရဲ့ အပြင်ဘက်ကနေ ဝိုင်းပြီးတော့ စောင့်နေကြတယ်။ အရှင်ဥပသေနမထေရ်ကလည်း သူ့ပရိသတ်နဲ့ဘုရားရှင်ထံ ချဉ်းကပ်လိုက်တော့ ဘုရားရှင်ကလည်း ပရိသတ်ကို ကြည့်ပြီးတော့ တော်တော်လေး နှစ်ခြိုက်သွားတယ်။ နှစ်ခြိုက်တဲ့အတွက် ရဟန်းတစ်ပါးကို ဘုရားရှင်က မေးကြည့်တယ်။

သင်ဟာ ဒီပံ့သကူသင်္ကန်းတွေကို နှစ်ခြိုက်ပါသလားလို့ မေးကြည့်တယ်။ မေးကြည့်လိုက်တဲ့အခါမှာ ရဟန်းတော်ကလည်း ခပ်ရိုးရိုးပဲ ခပ်ရှင်းရှင်း ပြန်ပြောတယ်။ တပည့်တော် ဒီပံ့သကူသင်္ကန်းကို မနှစ်ခြိုက်ပါဘူးတဲ့။ ဘာဖြစ်လို့ ဒီလိုဆိုရင် သင်သည် ပံ့သကူသင်္ကန်းတွေ ဆောင်နေရသလဲလို့ ဘုရားရှင်က မေးလိုက်တဲ့အခါမှာ တပည့်တော်ဆရာက ပံ့သကူသင်္ကန်းကို ဆောင်စေတဲ့အတွက် တပည့်တော်လည်း ပံ့သကူသင်္ကန်းကို ဆောင်ခြင်းဖြစ်ရပါတယ် စသည်ဖြင့် တင်ပြ လျှောက်ထားတယ်။ အဲဒီအခါကျတော့မှ အရှင်ဥပသေနမထေရ်ကို လှည့်ပြီးတော့ ဘုရားရှင်က မေးခွန်းတွေ မေးပါတယ်။ သင်သည် ပရိသတ်ကို ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ဆိုဆုံးမနေသလဲလို့ မေးတယ်။ မေးလိုက်တဲ့အခါမှာ အတိုချုပ် သူက ဘာပြန်လျှောက်ထားသလဲ?

မြတ်စွာဘုရား ... တပည့်တော်ထံကို ဥပဇ္ဈာယ်ယူပြီးတော့ နိဿရည်းယူပြီးတော့ နေထိုင်လိုတဲ့ ပုဂ္ဂိုလ်တစ်ဦးဆိုက်ရောက်လာပြီဆိုရင် တပည့်တော် သူတို့ကို ဒီလိုပြောတယ်။ ဘယ်လိုလဲ ငါ့ရှင်? ငါသည် အရညကင်ဓုတင်ကို ဆောင်ပြီး တောမှာနေတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ပိဏ္ဍပါတ်ဓုတင်ဆောင်တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ပံ့သကူသင်္ကန်းဆောင်တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ သင်လည်း ငါလိုပဲ အရညကင်ဓုတင် ဆောင်ပြီးတော့, ပိဏ္ဍပါတ်ဓုတင်ဆောင်ပြီးတော့, ပံ့သကူသင်္ကန်းဆောင်ပြီးတော့, ပံ့သကူဓုတင် ဆောင်ပြီးနေမယ်ဆိုရင် ငါ့ထံမှာ ဥပဇ္ဈာယ်ယူပြီး နေပါ၊ နိဿရည်း ယူပြီးတော့ နေပါ။ ဒီလိုပဲ တပည့်တော် ဆိုဆုံးမပြီးတော့ ပရိသတ်ကို မွေးပါတယ် စသည်ဖြင့် တင်ပြလျှောက်ထားတယ်။

အဲဒီလို တင်ပြလျှောက်ထားတဲ့ အချိန်အခါကျတော့ ဘုရားရှင်က တော်တော်လေး နှစ်ခြိုက် သွားပါတယ်နော်။ နှစ်ခြိုက်ပြီးတဲ့ အချိန်အခါမှာ နောက်ထပ် ဘုရားရှင်က သူ့ကို မေးခွန်းလေးတစ်ခု မေးတယ်။ သာဝတ္ထိက ရဟန်းတွေက ကတိကဝတ် ထားထားတာကို သင်မသိဘူးလား? စသည်ဖြင့် မေးလိုက်တော့ တပည့်တော် သာဝတ္ထိက ရဟန်းတော်တွေ ကတိကဝတ်ထားထားတာ သိပါတယ် မြတ်စွာဘုရား။ သိလိုက်တဲ့ အချိန်အခါမှာ သင့်စိတ်ထဲမှာ ဘယ်လိုများ ဖြစ်သလဲ? ထပ်ဆင့်ပြီး ဘုရားရှင် မေးကြည့်တယ်။ မေးကြည့်လိုက်တဲ့ အချိန်အခါမှာ အရှင်ဥပသေနမထေရ်က ဘာပြန်လျှောက်ထားလဲ?

” ပညာယိဿတိ၊ ဘန္တေ၊ သာဝတ္ထိယာ သံဃော သကာယ ကတိကာယ၊ န မယံ အပညတ္တံ ပညပေဿာမ ပညတ္တံ ဝါ န သမုစ္ဆိန္ဒိဿာမ၊ ယထာပညတ္တေသု သိက္ခာပဒေသု သမာဒါယ ဝတ္တိဿာမ ”

ဘန္တေ၊ ဘုန်းတော်နေဝန်း ထွန်းလင်း တောက်ပတော်မူပါပေသော မြတ်စွာဘုရား ...။ သာဝတ္ထိယာ၊ သာဝတ္ထိ၌။ သကာယ ကတိကာယ၊ မိမိတို့၏ ကတိအတိုင်း ပညာရှိတို့သည် ထင်ရှား၍ နေပါလိမ့်မယ် မြတ်စွာဘုရား။ မယံ၊ ဘုရားတပည့်တော်တို့သည်ကား။ အပညတ္တံ၊ မြတ်စွာဘုရား မပညတ်အပ်သော သိက္ခာပုဒ်ကိုလည်းပဲ။ န ပညပေဿာမ၊ မပညတ်ပါကုန်အံ့။ ပညတ္တံ ဝါ၊ မြတ်စွာဘုရား ပညတ်မူပြီးတဲ့ သိက္ခာပုဒ်ကိုသော်လည်းပဲ။ န သမုစ္ဆိန္ဒိဿာမ၊ မဖြတ်တောက်ကြပါကုန်အံ့။ ယထာပညတ္တေသု သိက္ခာပဒေသု၊ ပညတ်တော်မူတိုင်းဖြစ်တဲ့ သိက္ခာပုဒ်တို့၌။ သမာဒါယ၊ ကောင်းစွာ ဆောက်တည်၍။ ဝတ္တိဿာမ၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြပါကုန်အံ့။

ဒီစကားလေး သူက တင်ပြ လျှောက်ထားတယ်နော်။ မြတ်စွာဘုရား သာဝတ္ထိမှာရှိတဲ့ ရဟန်းတွေဟာ မိမိတို့ရဲ့ ကတိအတိုင်းပဲ ထင်ရှားပြီး နေကြပါစေ။ တပည့်တော်တို့က ပြောမယ်ဆိုရင်တော့ မြတ်စွာဘုရား မပညတ်တဲ့ သိက္ခာပုဒ်တွေကိုလည်း အသစ်ထပ်မံပြီး တပည့်တော်တို့ မပညတ်ကြပါဘူး မြတ်စွာဘုရား၊ မြတ်စွာဘုရား ပညတ်တော်မူတဲ့ သိက္ခာပုဒ်တွေကိုလည်း မဖျက်သိမ်းကြပါဘူး မြတ်စွာဘုရား။ မြတ်စွာဘုရား ပညတ်တော်မူတဲ့ သိက္ခာပုဒ်တွေမှာ ကောင်းစွာ ဆောက်တည်ပြီးတော့ တပည့်တော်တို့တွေ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြပါမယ် မြတ်စွာဘုရားဆိုပြီးတော့ ဒီလိုတင်ပြလျှောက်ထားတယ်။ ကဲ သူ တင်ပြလျှောက်ထားတဲ့ စကားက ကောင်းသလား, မကောင်းဘူးလား? ကောင်းနေတယ်။

သိက္ခာပုဒ် ပညတ်တယ်ဆိုတာ ဘုရားရှင်တို့ရဲ့ အရာသာ ဖြစ်ပါတယ်။ မိမိတို့ရဲ့ အရာဌာန ဟုတ်သလား? မဟုတ်ဘူးနော်။

ဒါကြောင့် မြတ်စွာဘုရား မပညတ်တာကိုလည်း မပညတ်ပါနဲ့။ ပညတ်ထားတာကိုလည်း ပယ်ဖျက်ရမလား? မပယ်ဖျက်ပါနဲ့။ ဘုရားက မြက်ပေါ်မှာ တံတွေး မထွေးရဘူးဆိုရင် မထွေးဘဲနေ။ ဘာဖြစ်လို့လဲ? ညာဖြစ်လို့လဲ? သွားပြီး ဆင်ခြေပေးမနေနဲ့။ ဟုတ်တယ် မဟုတ်လား? ဆင်ခြေပေးတာက ဘာလုပ်တာလဲ? ဖျက်သိမ်းနေတာပဲနော်။ ပယ်ဖျက်ရေး လုပ်ရမလား၊ မလုပ်ရဘူးလား? မလုပ်ရဘူး။

မြတ်စွာဘုရားက ဒီလို နေဆို နေလိုက်၊ ဒီလို ထဆို ထလိုက်၊ ဒီလို ထိုင်ဆိုရင် ထိုင်လိုက်ပါ။ ဆင်ခြေတွေ သိပ်ပေးမနေနဲ့နော်။ မြတ်စွာဘုရား မပညတ်တာကိုလည်း မပညတ်နဲ့။ ပညတ်တာကိုလည်း မပယ်ဖျက်ပါနဲ့။ ပညတ်တော်မူတိုင်းဖြစ်တဲ့ သိက္ခာပုဒ်တွေမှာ ကောင်းစွာ ဆောက်တည်ပြီး ကျင့်ပါ။ အဲဒီလို လျှောက်ထားလိုက်တဲ့ အချိန်အခါကျတော့ မြတ်စွာဘုရားက ဘာအမိန့်ရှိလဲ?

” သာဓု သာဓု၊ ဥပသေန၊ အပညတ္တံ န ပညပေတဗ္ဗံ၊ ပညတ္တံ ဝါ န သမုစ္ဆိန္ဒိတဗ္ဗံ၊ ယထာပညတ္တေသု သိက္ခာပဒေသု သမာဒါယ ဝတ္တိတဗ္ဗံ။

ဥပသေန၊ ချစ်သား ဥပသေန ...။ သာဓု သာဓု၊ ကောင်းလေစွ ကောင်းလေစွ။ အပညတ္တံ၊ ငါဘုရား မပညတ်အပ်တဲ့ သိက္ခာပုဒ်ကိုလည်းပဲ။ န ပညပေတဗ္ဗံ၊ မပညတ်အပ်ပါ။ ပညတ္တံ ဝါ၊ ငါဘုရား ပညတ်တော်မူပြီးတဲ့ သိက္ခာပုဒ်ကိုလည်းပဲ။ န သမုစ္ဆိန္ဒိတဗ္ဗံ၊ မပယ်ဖျက်အပ်ပါ။ ယထာပညတ္တေသု သိက္ခာပဒေသု၊ ပညတ်တော်မူတိုင်းသော သိက္ခာပုဒ်တို့၌။ သမာဒါယ၊ ကောင်းစွာ ဆောက်တည်၍။ ဝတ္တိတဗ္ဗံ၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါ။

ချစ်သားဥပသေန ...ကောင်းလေစွ ကောင်းလေစွ။ ငါဘုရား မပညတ်တဲ့ သိက္ခာပုဒ်ကိုလည်း သင်ချစ်သား မပညတ်နဲ့၊ ငါဘုရား ပညတ်ထားပြီးတဲ့ သိက္ခာပုဒ်တွေကိုလည်း ဘယ်တော့မှ မပယ်ဖျက်နဲ့၊ ပညတ်တော်မူတိုင်းဖြစ်တဲ့ သိက္ခာပုဒ်တွေမှာ သင်ချစ်သား ကောင်းစွာ ဆောက်တည်ပြီးတော့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါဆိုပြီးတော့ မြတ်စွာဘုရား ဒီလို အမိန့်ပေးထားတယ်နော်။ အမိန့်ပေးသလို ဘုရားရှင်က ကျေနပ်လွန်းတဲ့အတွက် ဘာထပ်ဆင့်မေးလဲ?

” အနုဇာနာမိ၊ ဥပသေန၊ ယေ တေ ဘိက္ခူ အာရညိကာ ပိဏ္ဍပါတိကာ ပံသုကူလိကာ ယထာသုခံ မံ ဒဿနာယ ဥပသင်္ကမန္တူ ”

ဥပသေန၊ ချစ်သား ဥပသေန ...။ အနုဇာနာမိ၊ ငါဘုရား ခွင့်ပြုတော်မူပါ၏၊ ငါဘုရား ခွင့်ပြုတယ်ကွယ်။ ယေ တေ ဘိက္ခူ၊ အကြင်ရဟန်းတော်တို့သည်ကား။ အာရညိကာ၊ အရညကင်ဓုတင် ဆောက်တည်လျက်ရှိကြကုန်၏၊ ပိဏ္ဍပါတိကာ၊ ပိဏ္ဍပါတ် ဓုတင်ဆောက်တည်လျက် ရှိကြကုန်၏၊ ပံသုကူလိကာ၊ ပံသုကူဓုတင် ဆောင်လျက် ရှိကြကုန်၏၊ တေ၊ ထိုရဟန်းတော်တို့သည်။ ယထာသုခံ၊ အလိုရှိတိုင်း။ မံ၊ ငါဘုရားကို။ ဒဿနာယ၊ ဖူးမြော်ခြင်းငှာ။ ဥပသင်္ကမန္တု၊ ချဉ်းကပ်ကြစေကုန်သတည်း။

ချစ်သား ဥပသေန ... အကြင်ရဟန်းတွေဟာ အရညကင်ဓုတင်ဆောင်တယ်။ ပိဏ္ဍပါတ်ဓုတင်ဆောင်တယ်။ ပံ့သကူဓုတင်ဆောင်တယ်။ အဲဒီ ရဟန်းတွေဟာ အလိုရှိတိုင်း ငါဘုရားကို ချဉ်းကပ်ကြစေ၊ ချဉ်းကပ်ဖို့ရန်အတွက် ငါဘုရား ခွင့်ပြုတယ်ဆိုပြီးတော့ မြတ်စွာဘုရား အမိန့်ချပေးပါတယ်။ အဲဒီလို အမိန့်ချပေးပြီးတဲ့နောက် ဘုရားရှင်က ဒီကျေနပ်ချက်တွေကို ပရိသတ်မွေးမြူတဲ့အပိုင်းမှာ ကျေနပ်ချက်ကလေးတွေကို အခြေခံပြီးတော့ မြတ်စွာဘုရားရှင်က ရှင်ဥပသေနကို ဘာလုပ်သလဲ?

” ဧတဒဂ္ဂံ၊ ဘိက္ခဝေ၊ မမ သာဝကာနံ ဘိက္ခူနံ သမန္တပါသာဒိကာနံ ယဒိဒံ ဥပသေနော ဝင်္ဂန္တပုတ္တော ”

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ ယဒိဒံ ဥပသေနော ဝင်္ဂန္တပုတ္တော၊ အကြင်ဝင်္ဂန္တပုဏ္ဏား၏ သားဖြစ်သော ဥပသေနသည်။ အတ္ထိ၊ ရှိ၏၊ ဧတံ ဧသော၊ ဤဝင်္ဂန္တပုဏ္ဏား၏သားဖြစ်သော ဥပသေနသည်။ သမန္တပါသာဒိကာနံ၊ ထက်ဝန်းကျင် ကြည်ညိုဖွယ်ဂုဏ်ကို ဆောင်နိုင်သော။ မမ သာဝကာနံ၊ ငါဘုရား၏ တပည့်သာဝကတို့တွင်။ အဂ္ဂံ၊ အသာဆုံး အမြတ်ဆုံး ဖြစ်ပါပေ၏၊

ထက်ဝန်းကျင် ကြည်ညိုဖွယ် ဂုဏ်ကိုဆောင်နိုင်တဲ့ ပရိသတ်တွေကို မွေးမြူတဲ့နေရာမှာ ငါဘုရားရှင်ရဲ့ တပည့်သာဝကအပေါင်းတို့တွင် ဒီ ဝင်္ဂန္တပုဏ္ဏားရဲ့သားဖြစ်တဲ့ ဥပသေနသည် အသာဆုံး အမြတ်ဆုံး ဖြစ်တယ်ဆိုပြီး ဧတဒဂ်ဘွဲ့ထူး ချီးမြှင့်ပေးတော်မူပါတယ်နော်။ အဲဒီလို ဧတဒဂ်ဘွဲ့ထူး အချီးမြှင့်ခံရတဲ့ အရှင်ဥပသေနမထေရ်က တစ်နေ့ ဘာဖြစ်လာသလဲနော်။

အထ ခေါ အာယသ္မတော ဥပသေနဿ ဝင်္ဂန္တပုတ္တဿ ရဟောဂတဿ ပဋိသလ္လီနဿ ဧဝံ စေတသော ပရိဝိတက္ကော ဥဒပါဒိ

အထခေါ၊ ထိုအခါ၌ -----------။ ဥဒပါဒိ၊ ထင်ရှားဖြစ်ပေါ်တော်မူခဲ့လေပြီ။

အရှင်ဥပသေနမထေရ်ရဲ့ သန္တာန်မှာ ဆိတ်ငြိမ်ရာအရပ် ချဉ်းကပ်ပြီး တစ်ပါးတည်း အရဟတ္တဖိုလ်သမာပတ်ကို ဝင်စားပြီးတော့ အရဟတ္တဖိုလ် သမာပတ်မှထလျက် စိတ်အကြံအစည်တစ်ခု ပေါ်လာတယ်။ ဘယ်လိုလဲ?

‘လာဘာ ဝတ မေ, သုလဒ္ဓံ ဝတ မေ’၊

သူ့ရဲ့ ကြံစည်စိတ်ကူးမှုလေး ဘယ်လိုလဲ?။

မေ၊ ငါသည်။ ---------- သုလဒ္ဓံဝတ၊ ကောင်းစွာ ရအပ်ပါပေစွတကား။

ဘာတွေများ သူက အရတော်သလဲ? လူ့လောကမှာ သူက လူ့ဘဝကိုလည်း ရရှိခဲ့တယ်။ ဒါလည်း မနုဿတ္တဒုလ္လဘဆိုတဲ့ ဒုလ္လဘတစ်ခု ဖြစ်ပါတယ်နော်။ နောက်တစ်ခု ဗုဒ္ဓုပ္ပါဒ ဘုရားရှင် ပွင့်ပေါ်တော်မူခြင်းနှင့် ကြုံကြိုက်ခြင်းဆိုတဲ့ ဒီအခွင့်အရေးကြီးတစ်ခုလည်း သူ ရခဲ့တယ်။ ဒါလည်း ဒုလ္လဘတစ်ခု၊ သဒ္ဓါသမ္ပတ္တိဒုလ္လဘ ဘုရားရှင်ရဲ့ သာသနာတော်၌ ယုံကြည်ချက် သဒ္ဒါတရားကိုလည်း ငါရရှိခဲ့တယ်။ ဒါလည်း အခွင့်အရေးတစ်ခုပဲ။ ပဗ္ဗဇိတဘာဝဒုလ္လဘ ရဟန်းအဖြစ်ကိုလည်း သူက ရရှိခဲ့တယ်။ ဒါလည်း ဒုလ္လဘပဲ။ အဲဒီလို ဒုလ္လဘတွေကို သူက ရခဲတဲ့ဘဝတွေကို ငါတော့ ရပြီ၊ သူ့ကိုယ်သူ သူသိတယ်နော်။ အဲဒီ ရခဲတဲ့ဘဝတွေကို ရခြင်းသည် ဘာဝတ = အရတော်လေစွတကား။ ကောင်းသောရခြင်း ဖြစ်တယ်။ သိပ်ပြီးတော့ ငါအရတော်တယ်။ မေ၊ ငါသည်။ ဝတ၊ စင်စစ်ဧကန် အမှန်အားဖြင့်။ သုလဒ္ဓံ၊ ကောင်းစွာ ရအပ်ပါပေစွတကား။

ဒီလို ငါရရှိတဲ့ဘဝသည် အလွန် ကောင်းစွာ ရရှိတဲ့ဘဝ ဖြစ်တယ်။ မိမိရတဲ့ ဘဝတန်ဖိုးကို နားလည်သလား, မလည်ဘူးလား? နားလည်နေတယ်။ ကိုယ်ရတဲ့ ဘဝလေးတစ်ခုရဲ့ တန်ဖိုး ကိုယ်သိတတ်ဖို့ လိုပါတယ်။ ကိုယ်ရတဲ့ ဘဝတစ်ခုဟာ ဘယ်လောက် အရတော်နေတဲ့ ဘဝတစ်ခု ဖြစ်တယ်ဆိုတာ နားလည်ခဲ့ရင် မိမိဘဝကို မိမိမြတ်နိုးဖို့ မဟုတ်ဘူး။ ဘုရားရှင်က တရားတွေကို ဟောတော်မူတယ်ဆိုတာက ---

‘‘ဓမ္မာပိ ဝေါ, ဘိက္ခဝေ, ပဟာတဗ္ဗာ ပဂေဝ အဓမ္မာ’’

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။

သင်ချစ်သားတို့တတွေ ဓမ္မကိုသော်လည်း စွန့်ပယ်ကြပါ၊ အဓမ္မ ဆိုတာက စွန့်ပယ်ဖို့ ပြောဘွယ်တောင် မလိုတော့ဘူး။ ကုလ္လူပမပေါ့ ဖောင်ဥပမာနဲ့ မြတ်စွာဘုရားက တရားတော်ကို ဟောတော်မူခြင်းဖြစ်တယ်။ နိဗ္ဗာန်ဆိုတဲ့ ထိုမှာဘက်ကမ်းကူးဖို့ရန်အတွက် မဂ္ဂင် (၈)ပါး ဆိုတဲ့ဖောင်ကို ဖွဲ့ပြီးတော့ကူးဖို့ မြတ်စွာဘုရားက ဟောတော့ မဂ္ဂင် (၈)ပါးဆိုတဲ့ ဒီဖောင်က သမ္မာဒိဋ္ဌိ, သမ္မသင်္ကပ္ပ ဦးဆောင်နေတဲ့ မဂ္ဂင်တရားကိုယ် (၈)ပါး ကုသိုလ်တရားတွေ ဖြစ်ပါတယ်။ ထိုကုသိုလ်တရားတွေကို ဓမ္မလို့ခေါ်တယ်။ ထိုဓမ္မတွေကိုသော်လည်း ပယ်ဖို့ ငါဘုရား ဟောပါတယ်။ သိမ်းပိုက်ထားဖို့ မဟောဘူး။ အဓမ္မတွေကိုတော့ ပြောဖွယ်တောင် မလိုတော့ဘူးလို့ ဒီလို ဘုရားက ဟောတယ်။

ဒီတော့ တဖက်ကမ်းကူးလိုတဲ့ ပုဂ္ဂိုလ်တစ်ဦးက ဖောင်တစ်ခုဖွဲ့ပြီး ဟိုဘက်ကမ်းကူးခဲ့ရင် ဟိုဘက်ကမ်းရောက်တဲ့ အချိန်အခါမှာ ဒီဖောင်သည် ငါ့ကို အလွန်ကျေးဇူးများတဲ့ ဖောင်ဖြစ်တယ်ဆိုပြီး ဖောင်ကြီး ထမ်းပြီးတော့ ဟိုကုန်းပေါ်မှာ သွားပြီး လှည့်လည် သွားနေရမလား? မဟုတ်ဘူးနော်။ ဟိုဘက်ကမ်း ရောက်ပြီဆိုတာနဲ့ လိုတဲ့ခရီး ရောက်တဲ့အတွက် ဒီဖောင်ကို အာလယပြတ် စွန့်ခွာပြီးတော့ ထွက်ခွာသွားသလို အလားတူပဲ။ ကုသိုလ်တရားဆိုတဲ့ မဂ္ဂင် (၈)ပါးဖောင်ကြီးကို ဆည်းပူး-ရှာဖွေနေတဲ့ သူတော်ကောင်းကလည်း နိဗ္ဗာန်ဆိုတဲ့ ထိုမှာဘက်ကမ်း ရောက်ပြီဆိုရင် ဒီကုသိုလ်တရားတွေကို ကုသိုလ်တရားလို့ခေါ်ဆိုအပ်တဲ့ ဒီဖောင်ကြီးကို စွန့်ပယ်ခဲ့ရမှာ ဖြစ်ပါတယ်နော်။

အဲဒီလို စွန့်ပယ်နိုင်ဖို့ရန်အတွက် ကုသိုလ်တရားတွေ, အကုသိုလ်တရားတွေကို စွန့်ပယ်ဖို့ရန်အတွက်သာ မြတ်စွာဘုရားက ဟောတယ်၊ သိမ်းပိုက်ထားဖို့ မဟောဘူး။ စွန့်ပယ်နိုင်တဲ့ ဘဝတစ်ခုကို ရရှိပြီဆိုရင် ဒီဘဝကို မြတ်နိုးဖို့ ဘုရားရှင် ဟောနေတာ မဟုတ်ဘူး။ ဒီဘဝကိုသော်လည်း စွန့်ပယ်ဖို့ မြတ်စွာဘုရားက ဟောတယ်။ ဒါပေမဲ့ ခုဒီမှာ အရှင်ဥပသေနမထေရ်က မိမိရဟန်းဘဝမှာ ပဋိသမ္ဘိဒါဉာဏ်နှင့်တကွ အဘိဉာဏ် (၆)ပါးကိုရရှိတဲ့ ရဟန္တာအဖြစ်သို့ ရောက်ရှိသွားတဲ့အခါ မိမိရရှိတဲ့ ရဟန်းဘဝသည် အရတော်တဲ့ ရဟန်းဘဝတစ်ခု ဖြစ်တယ်။ ကောင်းစွာ ရအပ်တဲ့ ရဟန်းဘဝတစ်ခု ဖြစ်တယ်ဆိုပြီးတော့ သူက ဒီလို သဘောပေါက်တယ်နော်။ အဲဒီလို သဘောပေါက်ပြီးတော့ ငါရတဲ့ ဘဝသည် အရတော်တဲ့ ဘဝတစ်ခုဖြစ်တယ်ဆိုရင် ဒီအရတော်နေတဲ့ ဘဝတစ်ခုကို စွန့်ခွာပြီးတော့ ယုတ်နိမ့်တဲ့ဘဝတစ်ခုကို ဆင်းသွားတော့မယ်ဆိုရင် ဇောက်ထိုးပြန်ဆင်းတာနဲ့ မတူဘူးလား? တူနေပြီနော်။ ကဲ နောက်တစ်ခု-

သတ္ထာ စ မေ ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ၊

မေ၊ ငါ၏၊ သတ္ထာစ၊ ဆရာတစ်ဆူဖြစ်တော်မူတဲ့ ဘုရားရှင်သည်လည်းပဲ။ ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ၊ ဘုန်းတော် (၆)ပါးသခင် အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် ဖြစ်တော်မူပါပေ၏၊

ငါ့ဆရာကို ကြည့်လိုက်ရင်လည်း ဘယ်လိုဆရာမျိုးလဲလို့မေးတော့ ဘုန်းတော်ခြောက်စုံနဲ့ ပြည့်စုံတဲ့ ဆရာတစ်ဆူဖြစ်တယ်။ လူ, နတ်, ဗြဟ္မာ, သတ္တဝါတို့ရဲ့ မြတ်သောအလှူ ပူဇော်အထူးကို ခံယူတော်မူထိုက်တဲ့ အရဟံဂုဏ်ရှင်နဲ့ ပြည့်စုံတဲ့ ဆရာတစ်ဆူ ဖြစ်တယ်။ သင်္ခါရ, ဝိကာရ, လက္ခဏ, နိဗ္ဗာန်, ပညတ်ဆိုတဲ့ သိသင့် သိထိုက်တဲ့ ဉေယျဓံတရားတွေကို ဆရာမကူ သယမ္ဘူဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိနေတော်မူတဲ့ သမ္မာသမ္ဗုဒ္ဓဂုဏ်နှင့် ပြည့်စုံတော်မူတဲ့ ဘုရားဖြစ်တယ်။ မိမိဆရာကလည်း တန်ဘိုး မရှိဘူးလား? ရှိနေတယ်နော်။ ဒီလို တန်ဘိုးရှိနေတဲ့ ဆရာတစ်ဆူကို ဆရာအဖြစ်နဲ့ အသိအမှတ်ပြုပြီး နေထိုင်ရတဲ့ မိမိဘဝကို ပြန်ပြီးတော့ အရတော်တဲ့ ဘဝတစ်ခုအဖြစ် မြင်နေတယ်။ ဘဝကို မြတ်နိုးနေတာမျိုး ဟုတ်သလား? မဟုတ်ဘူးနော်။ အရတော်တဲ့ ဘဝတစ်ခုအဖြစ်နဲ့ မြင်သော်လည်းပဲ ဒီဘဝကို ဖောင်တစ်ခုအဖြစ်နဲ့သာ အသုံးချနေတယ်။ နိဗ္ဗာန်ဆိုတဲ့ ထိုမှာဘက်ကမ်းသို့ သွားဖို့-အတွက် ဖောင်တစ်ခုအဖြစ်နဲ့သာ ဒီဘဝကို အသုံးချခြင်းဖြစ်တယ်။ နောက်တစ်ခု

သွာက္ခာတေ စမှိ ဓမ္မဝိနယေ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတော၊

အဟံ၊ ငါသည်။ သွာက္ခာတေ၊ ကောင်းစွာ ဟောကြားပြသ ဆိုဆုံးမ၍ ထားအပ်သော။ ဓမ္မဝိနယေ၊ ဓမ္မဝိနယသာသနာတော်မြတ်-အတွင်း၌။ အဂါရသ္မာ၊ အိမ်ယာထူထောင်လူ့ဘောင်မှ။ နဂါရိယံ၊ အိမ်ယာ မထောင်သည့် ရဟန်းဘောင်သို့။ ပဗ္ဗဇိတော၊ ဝင်ရောက်၍ ရှင်ရဟန်းပြုခဲ့လေပြီ။

ကောင်းစွာ ဟောကြားထားတော်မူအပ်တဲ့ ဓမ္မဝိနယ သာသနာတော်-အတွင်းမှာ အိမ်ယာတည်ထောင် လူ့ဘောင်ကို စွန့်ခွာပြီး အိမ်ယာ မထောင်သည့် ရဟန်းဘောင်သို့ ဝင်ရောက်ပြီး ငါ ရှင်ရဟန်းပြုနေရတဲ့ ပုဂ္ဂိုလ်လည်း ဖြစ်တယ်။ မိမိရရှိတဲ့ ဘဝကို ပြန်ပြီး စဉ်းစားပြီနော်။ စဉ်းစားလိုက်တဲ့ ချိန်ခါကျတော့ ဒီနေရာမှာ ကောင်းစွာ ဟောထားတဲ့ တရားတွေဆိုတာက ဘယ်လိုတရားတွေလဲလို့ မေးရင်တော့ ---

ဧကန္တနိယျာနိကံ ကတွာ ဘာသိတေ။

ဧကန္တနိယျာနိကံ၊ ဘုရားရှင်ရဲ့ မဂ္ဂင် (၈)ပါးကျင့်စဉ်တရားတွေက တကယ် လက်တွေ့ကျင့်မယ်ဆိုရင် အောင်မြင်မှုရရှိတဲ့ သူတော်ကောင်းအဖို့ သံသရာဝဋ်ဆင်းရဲဒုက္ခမှ လွတ်မြောက်အောင် တကယ်တမ်း ထုတ်ဆောင် ကယ်တင်နိုင်တဲ့ စွမ်းအားရှိတဲ့ တရားဖြစ်တယ်။ အဲဒီတရားတွေကို ဘုရားရှင် ဟောကြားတော်မူခြင်းသည် သွာက္ခာတ ကောင်းစွာ ဟောကြားထားအပ်တဲ့ တရားဖြစ်တယ်။ ကောင်းစွာ ဟောကြားထားအပ်တဲ့ ဒီသွာက္ခာတ-ဂုဏ်နှင့်ပြည့်စုံတဲ့ ဓမ္မဝိနယ သာသနာတော်တွင်းမှာ ဝင်-ရောက်ပြီး ရှင်ရဟန်း ပြုရတယ်။ ဒီတော့ ဓမ္မဆိုတာက ဘာလဲလို့မေးတော့ ဓမ္မဝိနယေတိ ဘာဝစနေ ဘုရားရှင်ရဲ့ တရားစကားတော်တွေကို ဓမ္မဝိနယလို့ခေါ်တယ်။ ခေါ်လိုက်တဲ့ချိန်ခါကျတော့ ဒီဓမ္မဝိနယလို့ ဘာကြောင့် ဒီတရားစကားတော်တွေကို ခေါ်ရသလဲလို့ မေးတော့ ---

တဥှိ ယထာနုသိဋ္ဌံ ပဋိပဇ္ဇမာနာနံ သံသာရဒုက္ခပါတတော ဓာရဏေန၊ ရာဂါဒိကိလေသေ ဝိနယနေန စ ဓမ္မဝိနယောတိ ဝုစ္စတိ။

ဆိုဆုံးမတဲ့အတိုင်း ဒီဓမ္မတရားတွေကိုလိုက်နာပြီး ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်မယ်ဆိုရင် သံသရာဝဋ်ဆင်းရဲ ဒုက္ခဘေးဆိုးကြီးတွေကို မကျရောက်အောင် သံသရာဝဋ်ဆင်းရဲ ဒုက္ခဘေးဆိုးကြီးမှ ထုတ်ဆောင်ကယ်တင်နိုင်တဲ့ စွမ်းအားရှိခြင်းကြောင့်လည်း ဓမ္မလို့ခေါ်တယ်။

ဒီဓမ္မတွေကို ဒီဝိနယတွေကို စနစ်တကျ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်မယ်ဆိုရင် ရာဂစသော ကိလေသာတွေကိုပယ်နိုင်တဲ့ စွမ်းအား အပြည့်အဝ ရှိခြင်းကြောင့် ဒီတရားဓမ္မတွေကို ဝိနယလို့လည်း ခေါ်တယ်။ ထို ဓမ္မဝိနယအမည်ရှိနေတဲ့ သာသနာတော်တွင်းမှာ အိမ်ယာတည်ထောင် လူ့ဘောင်ကို စွန့်ခွာပြီးတော့ အိမ်ယာမထောင်သည့် ရဟန်းဘောင်သို့ ငါ ဝင်ရောက်ပြီး ရှင်ရဟန်းပြုရလေပြီ။ ငါ ရှင်ရဟန်းပြုရတဲ့ ဒီဘဝသည် အရတော်တဲ့ဘဝဖြစ်တယ်။ ကောင်းကောင်း နားလည်နေတယ်။ တန်ဘိုးရှိတဲ့ ဘဝတစ်ခု ဖြစ်နေပြီ။ နားလည်ပြီနော်။ နောက်တစ်ခု

သဗြဟ္မစာရိနော စ မေ သီလဝန္တော ကလျာဏဓမ္မာ၊

မေ၊ ငါ၏၊ သဗြဟ္မစာရိနော၊ သီတင်းသုံးဖေါ် ပုဂ္ဂိုလ်တို့-သည်လည်းပဲ။ သီလဝန္တော၊ သီလရှိတဲ့ပုဂ္ဂိုလ်တို့ဖြစ်ကြပါကုန်၏၊ ကလျာဏဓမ္မာ၊ ကောင်းသော တရားဓမ္မနှင့် ပြည့်စုံတဲ့ ပုဂ္ဂိုလ်တို့ ဖြစ်ကြပါကုန်၏၊

အဲဒီတော့ သီလဝန္တ သီလရှိတဲ့ ပုဂ္ဂိုလ်တွေလည်း ဖြစ်တယ်။ ကလျာဏဓမ္မ ကောင်းသော တရားဓမ္မရှိတဲ့ ပုဂ္ဂိုလ်တွေလည်းဖြစ်တယ်။ ဘယ်လို သီလလည်းလို့ မေးတော့?

သီလဝန္တောတိ မဂ္ဂဖလသီလဝသေန သီလဝန္တော။

အရိယာမဂ် အရိယာဖိုလ်နှင့် ယှဉ်တွဲနေတဲ့ မကျိုးမပေါက် မပျောက် မကြားအောင် ထိန်းသိမ်း စောင့်ရှောက်နေတဲ့ ခိုင်မြဲတဲ့ ကိုယ်ကျင့်သီလရှိတဲ့ သူတော်ကောင်းတွေလည်း ဖြစ်ကြတယ်။ ကလျာဏဓမ္မ ကောင်းသော တရားဓမ္မတွေနဲ့ ပြည့်စုံတယ်။ ဘယ်လို ကောင်းတဲ့တရားတွေလဲ?

ကလျာဏဓမ္မာတိ သမာဓိပညာဝိမုတ္တိဝိမုတ္တိဉာဏဒဿနာဒယော ကလျာဏာ သုန္ဒရာ ဓမ္မာ ဧတေသံ အတ္ထီတိ ကလျာဏဓမ္မာ။

သူတို့ကို ကြည့်လိုက်မယ်ဆိုလို့ရှိရင် သမာဓိပိုင်း ကြည့်ရင်လည်း သိပ်ကောင်းတယ်။ သမာဓိတွေက အလွန် အဆင့်အတန်း မြင့်နေကြပြီ။ အဆင့်မြင့်မားနေတဲ့ သမာဓိနဲ့ ပြည့်စုံတဲ့ သူတော်ကောင်းတွေ ဖြစ်တယ်။ ဝိပဿနာဉာဏ်ပညာပိုင်း ကြည့်လိုက်ရင်လည်း ဝိပဿနာဉာဏ်ပညာတွေနဲ့ ပြည့်စုံနေတဲ့ သူတော်ကောင်းတွေ ဖြစ်တယ်။

ကိလေသာမှ လွတ်မြောက်မှုကို ကြည့်လိုက်ရင်လည်း အရဟတ္တဖိုလ် ဝိမုတ္တိခေါ်တဲ့ ကိလေသာတို့မှ လွတ်မြောက်ခြင်း အရဟတ္တဖိုလ် ဂုဏ်-ကျေးဇူးတွေနဲ့ ပြည့်စုံတဲ့ သူတော်ကောင်းတွေ ဖြစ်တယ်။ နောက်တစ်ခု ဒါတွင်လားဆိုတော့ မကသေးဘူး။ အရဟတ္တဖိုလ် ဝိမုတ္တိခေါ်တဲ့ ကိလေသာတို့မှ လွတ်မြောက်တဲ့ အရဟတ္တဖိုလ် ဝိမုတ္တိကို ပြန်ဆင်ခြင်တတ်တဲ့ ဝိမုတ္တိဉာဏဒဿနဂုဏ်တွေနဲ့လည်း ပြည့်စုံတဲ့ သူတော်ကောင်းဖြစ်တယ်။

ဒီလို အလွန် အဆင့်အတန်းမြင့်မားနေတဲ့ သီလဂုဏ်ကျေးဇူးတွေ, သမာဓိဂုဏ်ကျေးဇူးတွေ, ပညာဂုဏ်ကျေးဇူးတွေ, ဝိမုတ္တိဂုဏ်ကျေးဇူးတွေ, ဝိမုတ္တိဉာဏဒဿနဂုဏ်ကျေးဇူး အစရှိတဲ့ ကောင်းသော တရားဓမ္မတွေဟာ ငါ့ရဲ့ သီတင်းသုံးဖေါ်တွေမှာ အတိအကျ ရှိနေပြီ။ ဒီလို သီတင်းသုံးဖေါ်တွေနဲ့ တရားကျင့်ဖေါ်ကျင့်ဖက် ပုဂ္ဂိုလ်တွေနဲ့ အတူယှဉ်တွဲ နေထိုင်ရတဲ့ ဘဝတစ်ခုဆိုရင် အရတော်တဲ့ဘဝလို့ မပြောနိုင်ဘူးလား? ပြောနိုင်ပြီ။ မိမိရထားတဲ့ ဘဝလေး မိမိတန်ဘိုးရှိတာကို နားလည်စေချင်လို့ ဘုန်းကြီး ဟောနေတာပါနော်။ နောက်တစ်ခု

သီလေသု စမှိ ပရိပူရကာရီ။

သီလေသု၊ ကိုယ်ကျင့်သီလတို့၌လည်းပဲ။ ပရိပူရကာရီ၊ ဖြည့်-ကျင့်လေ့ရှိတဲ့ ပုဂ္ဂိုလ်သည်။ အမှိ၊ ဖြစ်ပေ၏၊

ငါ့သီတင်းသုံးဖေါ်တွေ ကြည့်လိုက်ရင် ကိုယ်ကျင့်သီလတွေကို တကယ်လက်တွေ့ ဖြည့်ကျင့်နေတဲ့ပုဂ္ဂိုလ်တွေ ဖြစ်နေတယ်နော်။ ဘယ်လိုလဲဆိုတော့ -----

သီလေသု စမှိ ပရိပူရကာရီတိ ‘‘အဟမ္ပိ ပဗ္ဗဇိတွာ န တိရစ္ဆာနကထာကထိကော ကာယဒဠှိဗဟုလော ဟုတွာ ဝိဟာသိံ၊

အဟမ္ပိ၊ ငါသည်လည်းပဲ။ ပဗ္ဗဇိတွာ၊ ရှင်ရဟန်းပြုပြီးနောက်။ တိရစ္ဆာနကထာကထိကော၊ (၃၂)မျိုးသော တိရစ္ဆာနကထာတို့ကို ပြောကြားတတ်သော ပုဂ္ဂိုလ်ရှိလျက်။ န ဝိဟာသိံ၊ မနေထိုင်ခဲ့စဘူးပေ။ ကာယဒဠှိဗဟုလော၊ ကိုယ်လက်ကြံ့ခိုင်ရေးကို လေ့ကျင့်လျက် လေ့ကျင့်ပြီး။ ဟုတွာ၊ ဖြစ်၍။ န ဝိဟာသိံ၊ မနေထိုင်ခဲ့ဖူးပေ။

မြို့အကြောင်း ရွာအကြောင်း ရပ်အကြောင်း တိုင်းရေး ပြည်ရေး အစား အဝတ်အကြောင်း အစရှိတဲ့ ဘုရားရှင်မကြိုက်တဲ့ မဂ်, ဖိုလ်, နိဗ္ဗာန်မှ ဖီလာကန့်လန့်ဖြစ်တဲ့ ရဟန်းတို့ မပြောသင့် မပြောထိုက်တဲ့ (၃၂)မျိုးသော တိရစ္ဆာနကထာစကားဆိုတာ ရှိပါတယ်။ အဲဒီ တိရစ္ဆာနကထာစကားတွေကို ပြောကြားပြီးတော့ ငါ သာသနာမှာနေထိုင်တာလည်း မဟုတ်ဘူး။ ကိုယ်လက် ကြံ့ခိုင်ရေးတွေကို လေ့ကျင့်ပြီးတော့ ကိုယ်လက် ကြံ့ခိုင်အောင်ဆိုတဲ့ ဦးတည်ချက်ဖြင့် ဆွမ်းအာဟာရအစရှိတဲ့ အာဟာရတွေ မှီဝဲပြီး အိပ်ချင်တိုင်းအိပ် စားချင်တိုင်းစားပြီးတော့ ကိုယ်လက်ကြံ့ခိုင်ရေး လုပ်လျက် နေထိုင်နေတဲ့ ပုဂ္ဂိုလ်လည်း မဟုတ်ဘူး။

မိမိရဲ့ဘဝကို မိမိပြန်ကြည့်တယ်။ ရဟန်းဖြစ်လာပြီဆိုလို့ရှိရင် မပြောသင့် မပြောထိုက်တဲ့ စကားတွေကို ဘလဝါဘွေ ပြောရမလား? မပြောရဘူးလား? မပြောရဘူးနော်။ ခုဒီမှာ သူက ပဋိသမ္ဘိဒါဉာဏ်လေးပါး ရရှိတဲ့ အရဟတ္တဖိုလ်ဆိုက်အောင် ဘယ်လို နေထိုင်နေတယ်ဆိုတာကို ဖေါ်ပြနေတယ်။ အဆင့်အတန်း မြင့်မားနေတဲ့ ဘဝတစ်ခုရရင် အဆင့်အတန်း မြင့်မားနေတဲ့ ဘဝကို ရောက်ကြောင်းဖြစ်တဲ့ ကျင့်ဝတ်ပဋိပတ်တွေကို ရိုရိုသေသေ ဖြည့်ကျင့်ဖို့တော့ မလိုဘူးလား? လိုအပ်နေတယ်နော်။ နောက်တစ်ခု

အထ ခေါ ပါတိမောက္ခသံဝရာဒိံ စတုဗ္ဗိဓမ္ပိ သီလံ အခဏ္ဍံ အဆိဒ္ဒံ အသဗလံ အကမ္မာသံ ဘုဇိဿံ ဝိညုပ္ပသတ္ထံ အပရာမဋ္ဌံ ကတွာ ပရိပူရေန္တော အရိယမဂ္ဂံယေဝ ပါပေသိ’’

ဘာပြောလဲ?

အထ ခေါ၊ တကယ်စင်စစ်အားဖြင့်သော်ကား။ ပါတိမောက္ခသံဝရာဒိံ၊ ပါတိမောက္ခသံဝရသီလအစရှိသော။ စတုဗ္ဗိဓမ္ပိ သီလံ၊ လေးမျိုးသော သီလကိုသော်လည်းပဲ။

ပါတိမောက္ခသံဝရ အစရှိတဲ့ သီလကြီးလေးမျိုးဆိုတာ ဘာတွေလဲ?-ဝိနည်း သိက္ခာပုဒ်တော်မှာလာရှိတဲ့ ကိုယ်ကျင့်သီလပိုင်းဆိုင်ရာ ကျင့်ဝတ်ပဋိပါတ်တွေကို ရိုရိုသေသေ ဖြည့်ကျင့်တယ်။ နံပါတ်(၂) ဣန္ဒြိယသံဝရသီလ ဒွါရ(၆)ပါးမှ ကိလေသာတွေ မဝင်လာအောင် သမထကမ္မဋ္ဌာန်း ဝိပဿနာကမ္မဋ္ဌာန်းဆိုတဲ့ မိမိစွမ်းအားရှိတဲ့ ကမ္မဋ္ဌာန်းအာရုံမှာ မိမိရဲ့ ဘာဝနာစိတ်ကို အမြဲသွတ်သွင်းပြီးတော့ အမြဲနှလုံးသွင်းပြီးတော့ ဣန္ဒြိယ-သံဝရသီလကိုလည်း လုံခြုံအောင် စောင့်ထိန်းတယ်။ အာဇီဝပါရိသုဒ္ဓိသီလ ဘုရားရှင် မနှစ်ချိုက်တဲ့ အသက်မွေးဝမ်းကျောင်းနဲ့ စပ်ဆိုင်နေတဲ့ ပညတ်တော်မူအပ်တဲ့ သိက္ခာပုဒ်တွေကို မလွန်ကျူးဘဲနဲ့ အသက်မွေးဝမ်းကျောင်း စင်ကြယ်အောင် ကြိုးစားအားထုတ်ပြီးတော့ နေထိုင်တယ်။ ပစ္စယသန္နိဿိတသီလ ပစ္စည်းလေးပါးကို ပစ္စဝက္ခဏာဆင်ခြင်ပြီးတော့ အမြဲတမ်း သုံးစွဲပြီးတော့ နေထိုင်တယ်။ ပေါင်းလိုက်တော့ သီလကြီး ဘယ်နှစ်ပါးလဲ? လေးပါး။ အဲဒီ သီလကြီးလေးပါးကို ဘာလုပ်သလဲ?

စတုဗ္ဗိဓမ္ပိ သီလံ၊ လေးမျိုးသော သီလကိုသော်လည်းပဲ။ အခဏ္ဍံ၊ မကျိုးအောင်။ အဆိဒ္ဒံ၊ မပေါက်အောင်။ အသဗလံ အကမ္မာသံ၊ မပြောက်မကြားအောင်။ ဘုဇိဿံ၊ တဏှာကျွန်အဖြစ်မှ လွတ်အောင်။ ဝိညုပ္ပသတ္ထံ၊ ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့ ချီးမွမ်းသော အဆင့်သို့ ရောက်အောင်။ အပရာမဋ္ဌံ၊ တဏှာဒိဋ္ဌိတို့ ကိုင်တွယ် သုံးသပ်၍ မရနိုင်အောင်။ ကတွာ၊ ပြု၍။ ပရိပူရေန္တော၊ ဖြည့်ကျင့်လျက်။ အရိယမဂ္ဂံယေဝ၊ အရိယာမဂ်ဉာဏ်သို့သာလျှင်။ ပါပေသိံ၊ ငါရောက်အောင် ကြိုးစားအားထုတ်ခဲ့လေပြီ။

မိမိရရှိတဲ့ ဘဝနော်။ ရဟန်းတွေ ရရှိတဲ့ ဘဝပြန်ပြီးတော့ ပြန်ပြီး စဉ်းစားနေတယ်။ ငါ့ သီတင်းသုံးဖေါ်တွေကို ကြည့်လိုက်မယ်ဆိုလို့ရှိရင် သီလကြီး လေးပါးကို မကျိုးမပေါက် မပြောက်မကြားအောင် တကယ်တမ်း ကြိုးစားအားထုတ်နေတဲ့ သူတော်ကောင်းတွေ ဖြစ်ကြတယ်။ တဏှာ ဒိဋ္ဌိကို အခြေခံပြီးတော့ လိုလားတတ်မက်မှု အယူမှားမှုတွေကို အခြေခံပြီးတော့ ဒီသီလတွေကို ကျိုးပေါက်အောင် ချိုးနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်မှ မရှိဘူး။ ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့ ချီးမွမ်းခံထိုက်တဲ့ ဖြူစင်နေတဲ့ သီလတွေဖြစ်အောင် တဏှာ ဒိဋ္ဌိတို့ဖြင့် ကိုင်တွယ် သုံးသပ်ခွင့် မရအောင် တကယ်လက်တွေ့ ကြိုးစားအားထုတ်ပြီးတော့ အရိယာမဂ်ကို ရောက်အောင် တကယ်ကျင့်နေတဲ့ သူတော်ကောင်းတွေဖြစ်တယ်လို့ ဒီလို မိမိရဲ့ သီတင်းသုံးဖေါ် သူတော်ကောင်းတွေကို လှမ်းပြီးတော့ မြင်တယ်။ မိမိသီတင်းသုံးဖေါ် သူတော်ကောင်းတွေမှာ ဒီအင်္ဂါနဲ့ ပြည့်စုံရုံတွင်လားဆိုတော့ မကသေးဘူး။ ဒီသီလဖြည့်ကျင့်တယ်ဆိုတာက ဘယ်လိုပုဂ္ဂိုလ်ကို ပြောသလဲလို့ မေးတော့?

ဧတေန ဟေဋ္ဌိမဖလဒွယသမ္ပတ္တိမတ္တနော ဒီပေတိ။

ဟေဋ္ဌိမဖလဒွယဆိုတော့ သောတာပတ္တိဖိုလ် သကဒါဂါမိဖိုလ်ဆိုတဲ့ ဒီအရိယာဖိုလ် (၂)မျိုးနဲ့ ပြည့်စုံပြီးဖြစ်နေတယ်ဆိုတာကို ဒီစကားရပ်ကလေးက ဖေါ်ပြတယ်။ အရှင်ဥပသေနမထေရ်က ဒီသောတာပတ္တိဖိုလ်ဉာဏ်နဲ့လည်း ပြည့်စုံတယ်။ သကဒါဂါမိဖိုလ်ဉာဏ်နဲ့လည်း ပြည့်စုံတယ်။ ပြည့်စုံတဲ့အဆင့်သို့ ရောက်အောင် ဒီသီလတွေကို တကယ်လက်တွေ့ ဖြည့်ကျင့်တယ်။ ဘာကြောင့်လဲ?

သောတာပန္နသကဒါဂါမိနော ဟိ သီလေသု ပရိပူရကာရိနော။

သောတာပန်ပုဂ္ဂိုလ်နဲ့ သကဒါဂါမ်ပုဂ္ဂိုလ်တွေက သီလတွေမှာ ဖြည့်ကျင့်လေ့ရှိတဲ့ သူတော်ကောင်းတွေ ဖြစ်ကြတယ်။ မိမိရဲ့ သီတင်းသုံးဖေါ်တွေ ကြည့်လိုက်ရင် သောတာပန်တွေလည်း ရှိတယ်။ သကဒါဂါမ်တွေလည်း ရှိတယ်။ ဒီသီလကို တကယ်လက်တွေ့ ဖြည့်ကျင့်နေတဲ့ သူတော်ကောင်းတွေလည်း ရှိကြတယ်။ နောက်တစ်ခု

သုသမာဟိတော စမှိ ဧကဂ္ဂစိတ္တော။

သုသမာဟိတော၊ ကောင်းစွာ တည်ကြည်တဲ့ သမာဓိရှိတဲ့ ပုဂ္ဂိုလ်သည်။ ဧကဂ္ဂစိတ္တော၊ တစ်ခုတည်းသော အာရုံ၌ ကျရောက်-လျက်ရှိသော စိတ်ဓာတ်ရှိတဲ့ ပုဂ္ဂိုလ်သည်။ အမှိ၊ ဖြစ်ပေ၏၊

ဒီစကားရပ်ကလေးက ဘာဖြစ်သလဲ?

ဥပစာရပ္ပနာဘေဒေန သမာဓိနာ သဗ္ဗထာပိ သမာဟိတော စ အမှိ အဝိက္ခိတ္တစိတ္တော။

ဥပစာရသမာဓိဆိုက်အောင်လည်း ပွားများလို့ ရတယ်။ အပ္ပနာ-သမာဓိခေါ်တဲ့ ဈာန်သမာဓိတွေ လောကီဈာန် လောကုတ္တရာဈာန်တွေ အဲဒီ ဈာန်သမာဓိအားလုံးကိုလည်း ဆိုက်အောင် ပွားများအားထုတ်လို့ ရနိုင်တဲ့ စွမ်းအားရှိတယ်။ သမာဓိတွေနဲ့ ပြည့်စုံနေတယ်။ စိတ်ပျံ့လွင့်မှု မရှိဘူးနော်။ မိမိလည်း မရှိဘူး။ သီတင်းသုံးဖေါ်တွေလည်း မရှိကြဘူးနော်။

ဣမိနာ သမာဓိသ္မိံ ပရိပူရကာရိတာဝစနေန တတိယဖလသမ္ပတ္တိမတ္တနော ဒီပေတိ။

ဒါက အနာဂါမိမဂ်ဉာဏ် ဖိုလ်ဉာဏ်တွေနဲ့ ပြည့်စုံပုံကို ဖေါ်ပြနေတဲ့တရား။ ဘာကြောင့်လဲ?

အနာဂါမိနော ဟိ သမာဓိသ္မိံ ပရိပူရကာရိနော။

အနာဂါမ်ပုဂ္ဂိုလ်ဆိုတာက သမာဓိမှာ ဖြည့်ကျင့်နေတဲ့ပုဂ္ဂိုလ်၊ ဖြည့်ကျင့်လေ့ရှိတဲ့ ပုဂ္ဂိုလ်တွေတဲ့နော်။ နောက်တစ်ခု

အရဟာ စမှိ ခီဏာသဝေါ။

အဟံ၊ ငါသည်ကား။ အရဟာ၊ ရဟန္တာပုဂ္ဂိုလ်သည်။ ခီဏာသဝေါ၊ ကုန်ပြီးသော အာသဝေါရှိသည့်ပုဂ္ဂိုလ်သည်။ အမှိ၊ ဖြစ်ရပေပြီ။

မိမိဘဝနော် ငါဟာ အာသဝေါတရားတွေ ကုန်ပြီးတဲ့ ရဟန္တာပုဂ္ဂိုလ်လည်း ဖြစ်ရပြီ။ မိမိသီတင်းသုံးဖေါ်တွေ ကြည့်လိုက်တော့လည်း အာသဝေါကုန်ပြီးတဲ့ ရဟန္တာပုဂ္ဂိုလ်တွေ ရှိတယ်ဆိုတာ လှမ်းမြင်တယ်။ မိမိကိုယ်တိုင်ရထားတဲ့ ဘဝတစ်ခု ကြည့်လိုက်ရင်လည်း အာသဝေါတရားတွေ ကုန်နေတဲ့ ရဟန္တာပုဂ္ဂိုလ် ဖြစ်တယ်ဆိုတာ မြင်ပြီ။ ဒီတော့ ဒီစကားက အရဟတ္တဖိုလ်ကို ပြတယ်နော်။ နောက်တစ်ခု

မဟိဒ္ဓိကော စမှိ မဟာနုဘာဝေါ။

အဟံ၊ ငါသည်။ မဟိဒ္ဓိကော၊ ကြီးမားတဲ့ တန်ခိုးရှိတဲ့ ပုဂ္ဂိုလ်သည်။ မဟာနုဘာဝေါ၊ ကြီးမားတဲ့ အာနုဘော်ရှိတဲ့ ပုဂ္ဂိုလ်သည်။ အမှိ၊ ဖြစ်ရပေပြီ။

တန်ခိုးဣဒ္ဓိပါတ် အမျိုးမျိုးနဲ့လည်း ငါ ပြည့်စုံတယ်။ ဘုန်းကံ-အာနုဘော်တွေကလည်း ကြီးမားတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ပါရမီကုသိုလ်ကံတွေ စွမ်းအားတွေက သိပ်ပြီးတော့ ပြည့်ဝတယ်နော်။ အတိတ်က ဆည်းပူးထားခဲ့တဲ့ ပါရမီကုသိုလ်ကံ စွမ်းအင်တွေကလည်း အလွန် ကြီးကျယ်တယ်ဆိုတာကို လှမ်းကြည့်တော့ မြင်ပြီ။ မြင်လိုက်တဲ့အတွက် ဘာဖြစ်သလဲ?

ဘတ္တကံ မေ ဇီဝိတံ ဘတ္တကံ မရဏံ။

မေ၊ ငါ၏၊ ဇီဝိတံ၊ အသက်ရှင်ရခြင်းသည်ကား။ ဘတ္တကံ၊ ကောင်းမြတ်သော အသက်ရှင်ရခြင်း ဖြစ်ပါပေ၏၊ မရဏံ၊ သေကြေ-ပျက်စီးရခြင်းသည်ကား။ ဘတ္တကံ၊ ကောင်းမြတ်သော သေကြေပျက်-စီးရခြင်း ဖြစ်ပါပေ၏၊

ငါ့ရဲ့ အသက်ရှင်ခြင်းဟာလည်း ကောင်းသော အသက်ရှင်ခြင်း ဖြစ်တယ်။ ငါ့ရဲ့ သေခြင်းဟာလည်း ကောင်းသော သေခြင်းပဲ ဖြစ်တယ်။ ဒီနေ့ တရားနာနေတဲ့ပုဂ္ဂိုလ်တွေ ကောင်းသော အသက်ရှင်ခြင်းလည်း မဖြစ်ချင်ကြဘူးလား? ကောင်းသော သေခြင်းကော မဖြစ်ချင်ကြဘူးလား? ဖြစ်ချင်ကြရင်လည်း ဘာလုပ်ရမလဲ? အရှင်ဥပသေနထုံးကို အာရုံယူပြီးတော့ တကယ်လက်တွေ့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြဖို့ မလိုဘူးလား? လိုအပ်တယ်။ သံသရာခရီး တစ်နေ့ မဆုံးသေးရင်တော့ ဆက်ကြရမယ်。 ဆက်ကြရသည်ပဲဖြစ်စေ မဆက်ရသည်ပဲဖြစ်စေ၊ အသက်ရှင်ရင်လည်း ကောင်းသော အသက်ရှင်ခြင်း ဖြစ်ကြ-မယ်ဆိုရင် သေရင်လည်း ကောင်းသော သေခြင်းသာ ဖြစ်ကြရမယ်ဆိုရင် မိမိတို့အတွက် တန်ဘိုးမဖြတ်နိုင်တဲ့ ဘဝတစ်ခုကို ရရှိခြင်းဖြစ်တယ်နော်။

ခုဒီနေရာမှာ အရှင်ဥပသေနမထေရ်က မိမိရဲ့အသက်ရှင်ရခြင်းသည် ကောင်းသော အသက်ရှင်ရခြင်းဖြစ်တယ်။ မိမိရဲ့ သေကြေပျက်စီးရခြင်း-ဟာလည်း ကောင်းသော သေကြေပျက်စီးရခြင်း ဖြစ်တယ်လို့ ဒီလိုမြင်တယ်။ မြင်လိုက်တဲ့ချိန်ခါမှာ သူက ပဋိသမ္ဘိဒါဉာဏ်ကို ရရှိတော်မူတဲ့ ရဟန္တာအဖြစ်နဲ့ အသက်ရှင်ရတဲ့အတွက် သူ့ရဲ့ အသက်ရှင်ခြင်းဟာလည်း ကောင်းတယ်။ ရဟန္တာအဖြစ်နဲ့ ပရိနိဗ္ဗာန် စံလွန်ခြင်း သေကြေပျက်စီးရခြင်းဖြစ်တဲ့အတွက် သူ့ရဲ့ သေကြေပျက်စီးရခြင်းသည် နောက်ထပ်တစ်ဖန် ဘဝဆိုတာ ရှိဦးမလား? မရှိတော့ဘူး။ ဒါကြောင့် သူ့ရဲ့ သေကြေပျက်စီးရခြင်းလည်း ဘာဖြစ်သလဲ?

ဘဒ္ဒကံ မရဏန္တိ သစေ ပနိဒံ ခန္ဓပဉ္စကံ အဇ္ဇ ဝါ ဣမသ္မိံ ယေဝ ဝါ ခဏေ အနုပါဒါနော ဝိယ ဇာတဝေဒေါ နိဗ္ဗာယတိ၊ တံ အပ္ပဋိသန္ဓိကံ ပရိနိဗ္ဗာနသင်္ခါတံ မရဏမ္ပိ မေ ဘဒ္ဒကန္တိ ဥဘယတ္ထ တာဒိဘာဝံ ဒီပေတိ။

ဒီစကားရပ်လေးက ဘာပြောချင်လဲလို့ မေးတော့ -----

ဘဒ္ဒကံ မေ ဇီဝိတန္တိ ဧဝံဝိဓသီလာဒိဂုဏသမန္နာဂတဿ မေ ယာဝါယံ ကာယော ဓရတိ၊ တာဝ သတ္တာနံ ဟိတသုခမေဝ ဝဍ္ဎတိ၊ ပုညက္ခေတ္တဘာဝတော ဇီဝိတမ္ပိ မေ ဘဒ္ဒကံ သုန္ဒရံ။

ဘဒ္ဒကံ မေ ဇီဝိတန္တိ၊ ငါ့ရဲ့ အသက်ရှင်ခြင်းသည် ကောင်းမြတ်၏-ဟူသည်ကား။ ဧဝံဝိဓသီလာဒိဂုဏသမန္နာဂတဿ၊ ဤသို့သော ထူးထွေကွဲပြားသော သီလဂုဏ်ကျေးဇူး သမာဓိဂုဏ်ကျေးဇူး ပညာဂုဏ်ကျေးဇူးနှင့် ပြည့်စုံ၍နေသော။ မေ၊ ငါ့အား။ မေ၊ ငါ့၏၊ ယာဝ၊ အကြင်မျှလောက်သော။ အယံ ကာယော၊ ဤခန္ဓာကိုယ်ကို။ ဓရတိ၊ ဆောင်ထားရပေ၏၊ တာဝ၊ ထိုမျှလောက်။ သတ္တာနံ၊ သတ္တဝါတို့၏၊ ဟိတသုခမေဝ၊ အကျိုးစီးပွား ချမ်းသာသုခသည်သာလျှင်။ ဝဍ္ဎတိ၊ တိုးပွား၍ နေပေ၏၊ ပုညက္ခေတ္တဘာဝတော၊ ကောင်းမှုတည်းဟူသော မျိုးစေ့၏ ကြဲချစိုက်ပျိုးသော လယ်ယာမြေကောင်းသဖွယ် ဖြစ်ခြင်းကြောင့်။ မေ၊ ငါ၏၊ ဇီဝိတမ္ပိ၊ အသက်ရှင်ရခြင်းသည်လည်းပဲ။ ဘဒ္ဒကံ သုန္ဒရံ၊ ကောင်းမြတ်သော အသက်ရှင်ရခြင်း ဖြစ်ပါပေ၏၊

မိမိရဲ့ အသက်ရှင်နေတာ ကြည့်လိုက်တော့ သီလဂုဏ်ကျေးဇူးတွေနဲ့ ပြည့်စုံနေတဲ့ အသက်ရှင်ခြင်း၊ သမာဓိဂုဏ်ကျေးဇူးနဲ့ ပြည့်စုံတဲ့ အသက်ရှင်ခြင်း၊ ပညာဂုဏ်ကျေးဇူးနဲ့ ပြည့်စုံတဲ့ အသက်ရှင်ခြင်း ဖြစ်ခြင်းကြောင့် အကြင်မျှလောက်သော ကာလပတ်လုံး ငါသည် ဒီခန္ဓာကိုယ်ကြီးကို ဆောင်ထားတယ်။ ငါ့ခန္ဓာကိုယ်ကို ငါဆောင်ထားနိုင်သမျှ ကာလပတ်လုံး ဒီခန္ဓာကိုယ်ကို ဆောင်ထားခြင်းသည် သတ္တဝါတွေအတွက် အကျိုးစီးပွား ချမ်းသာရရှိဖို့ရန် တိုးပွားဖို့ရန်သာဖြစ်တယ်။ ဒီခန္ဓာအိမ်ကြီးကို အကြောင်းပြုပြီးတော့ ဖူးတွေ့ရတဲ့ ပူဇော်ရတဲ့ လှူဒါန်းရတဲ့ သတ္တဝါတွေမှာ လူ, နတ်, နိဗ္ဗာန် (၃)တန်သော အကျိုးစီးပွားတွေ တိုးပွားပြီးလာဖို့သာ ဖြစ်တယ်။ ဘာကြောင့်လဲ?

လှူခဲ့ရင်လည်း ဒါနကုသိုလ် ဖြစ်မယ်။ ဒီဒါနကုသိုလ်က လယ်ယာမြေကောင်းမှာ ကြဲချစိုက်ပျိုးထားတဲ့ ဒါနကုသိုလ်ဖြစ်ခြင်းကြောင့် ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့အကျိုးတွေကို ပေးနိုင်တယ်။ ဒါကတစ်ချက်။ သို့မဟုတ် ဆည်းကပ်ခဲ့လို့ ဟောကြားလိုက်တဲ့ တရားတွေကို နာကြားရတဲ့အတွက် ဒီတရားတွေကို တကယ်လက်တွေ့ ကျင့်ရင် ကျင့်တဲ့ပုဂ္ဂိုလ်တွေမှာ သီလဂုဏ်ကျေးဇူးတွေ သမာဓိဂုဏ်ကျေးဇူးတွေ ပညာဂုဏ်ကျေးဇူးတွေ ကြီးပွားတိုးတက်လာနိုင်တယ်။ ကြီးပွားတိုးတက်လာခဲ့ရင် ဒီဂုဏ်ကျေးဇူးတွေက သူ့အဆင့်နဲ့ လျော်ညီစွာ လူ့ချမ်းသာ နတ်ချမ်းသာ ဗြဟ္မာ့ချမ်းသာ နိဗ္ဗာန်ချမ်းသာဆိုတဲ့ ချမ်းသာတွေကို အဆင့်ဆင့် ရွက်ဆောင်ပေးနိုင်တယ်။ ဒါ့ကြောင့် မိမိရဲ့အသက်ရှင်ခြင်းသည် ဖူးတွေ့ရတဲ့ (သို့မဟုတ်) မိမိကို ဆည်းကပ်နေတဲ့ တပည့်သာဝကတွေ သန္တာန်မှာ ကုသိုလ်တရား တိုးပွားဖို့ရန်အတွက် မဖြစ်ဘူးလား? ဖြစ်တယ်။

လူ, နတ်, နိဗ္ဗာန်သော သုံးတန် အကျိုးစီးပွား ချမ်းသာတွေ ကြီးပွားတိုးတက်ရန်ပဲ ဖြစ်တယ်။ သာသနာမှာနေတယ်ဆိုတာ အဲဒီစိတ်ထားလေး ရှိဖို့ လိုတယ်နော်။ သာသနာမှာနေတဲ့ပုဂ္ဂိုလ်တွေက ခုနက သာသနာ့ဝန်ထမ်း ရှင်ရဟန်းဖြစ်ပြီဆိုရင် ငါ့ကို အကြောင်းပြုပြီးတော့ ငါ့ကို မှီခိုနေတဲ့ ဒကာ ဒကာမတွေ မှီခိုနေတဲ့ တပည့် သား မြေးတို့ရဲ့ သန္တာန်၌ လူ, နတ်, နိဗ္ဗာန်သုံးတန်သော အကျိုးစီးပွား ချမ်းသာသုခတွေ တိုးပွားပါစေဆိုတဲ့ ဒီစိတ်ထားရှိရမယ်။ အဲဒီ စိတ်ထားရှိခဲ့မယ်ဆိုရင် ဒီစိတ်ထားရှိနေတဲ့ သူတော်ကောင်းသည် ဘာလုပ်ရမလဲ? သီလဂုဏ်ကျေးဇူးတွေနဲ့ ပြည့်စုံအောင်, သမာဓိဂုဏ်ကျေးဇူးတွေနဲ့ ပြည့်စုံအောင်, ပညာဂုဏ်ကျေးဇူးတွေနဲ့ ပြည့်စုံအောင် အရှင်ဥပသေနမထေရ်မြတ်ကဲ့သို့ ကြိုးစားအားထုတ်ထားပြီး ဖြစ်ဖို့မလိုဘူးလား? လိုအပ်နေတယ်။

နောက်တစ်ခု ----- ကောင်းမှုတည်းဟူသော မျိုးစေ့ရဲ့ ကြဲချစိုက်ပျိုးရာ လယ်ယာမြေကောင်းကြီး ဖြစ်နေတဲ့အတွက် ငါ့ရဲ့ အသက်ရှင်ခြင်းသည် ကောင်းမြတ်သော အသက်ရှင်ခြင်းပဲဖြစ်တယ်။ ဒီ အသက်ရှင်နေတဲ့ ဥပသေနကဲ့သို့သော ငါ့ကို အကြောင်းပြုပြီးတော့ ကောင်းမှုတည်းဟူသော မျိုးစေ့တွေ ကြဲချစိုက်ပျိုးတယ်ဆိုရင် လယ်ယာမြေကောင်းမှာ ကြဲချစိုက်ပျိုးလိုက်တဲ့အတွက် ကောင်းမှုတည်းဟူသော မျိုးစေ့မှ ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့ အကျိုးတရားတွေ ထွက်ပေါ်လာလိမ့်မယ်။ ဒါကြောင့် ငါ့ရဲ့ အသက်ရှင်ခြင်းသည် ကောင်းမြတ်တဲ့ အသက်ရှင်ခြင်းပဲဖြစ်တယ်။ ဒီလိုမြင်တယ်။

ဒီတော့ ----- တရားနာပရိသတ်အပေါင်းတွေလည်း အရှင်ဥပသေနမထေရ်မြတ်ကဲ့သို့ ကောင်းမြတ်သော အသက်ရှင်ခြင်းတစ်ခုဖြစ်အောင် သတ္တဝါတွေကို ငဲ့ညှာသောအားဖြင့်သော်လည်းကောင်း၊ မိမိရဲ့ အကျိုးစီးပွားကို ငဲ့ညှာသောအားဖြင့်သော်လည်းကောင်း၊ ကြိုးစားအားထုတ်ထားတတ်ဖို့တော့ မလိုဘူးလား? လိုအပ်တယ်။ နောက်တစ်ခု ----- ငါ့ရဲ့သေခြင်းသည် ကောင်းသောသေခြင်း ဘယ်လိုလဲ?

ဘဒ္ဒကံ မရဏန္တိ သစေ ပနိဒံ ขန္ဓပဉ္စကံ အဇ္ဇ ဝါ ဣမသ္မိံ ယေဝ ဝါ ขဏေ အနုပါဒါနော ဝိယ ဇာတဝေဒေါ နိဗ္ဗာယတိ၊ တံ အပ္ပဋိသန္ဓိကံ ပရိနိဗ္ဗာနသင်္ခါတံ မရဏမ္ပိ မေ ဘဒ္ဒကန္တိ ဥဘယတ္ထ တာဒိဘာဝံ ဒီပေတိ။

ဘဒ္ဒကံ မရဏန္တိ၊ ကောင်းသော သေကျေပျက်စီးရခြင်းဟူသည်ကား။ သစေ၊ အကယ်၍။ ဣဒံ ခန္ဓပဉ္စကံ၊ ဤခန္ဓာငါးပါးအပေါင်းကို။ အဇ္ဇ ဝါ၊ ယနေ့သော်လည်းကောင်း။ ဣမသ္မိံ ယေဝ ဝါ ขဏေ၊ ယခုရောက်ဆဲ ခဏအတွင်း၌သော်လည်းကောင်း။ အနုပါဒါနော ဝိယ ဇာတဝေဒေါ၊ လောင်စာမရှိတဲ့ မီးကဲ့သို့။ နိဗ္ဗာယတိ၊ ငြိမ်း၍ သွားသည်ဖြစ်အံ့။ တံ၊ ထိုကဲ့သို့ ဘဝဇာတ်ငြိမ်းရခြင်းသည်ကား။ အပ္ပဋိသန္ဓိကံ၊ နောက်ထပ်တဖန် ပဋိသန္ဓေ တည်နေရမှု မရှိသော။ ပရိနိဗ္ဗာနသင်္ခါတံ၊ ပရိနိဗ္ဗာန်ဝင်စံရုပ်သိမ်း ဒုက္ခဇာတ် ငြိမ်းရခြင်းဟုခေါ်ဆိုအပ်သော။ မေ၊ ငါ၏၊ မရဏမ္ပိ၊ သေခြင်းသည်လည်းပဲ။ ဘဒ္ဒကံ၊ ကောင်းမြတ်သော သေခြင်းဖြစ်ရပါပေ၏၊ ဣတိ၊ ဤသို့လျှင်။ ဥဘယတ္ထ၊ ရှင်ခြင်း သေခြင်း (၂)မျိုး၌။ တာဒိဘာဝံ၊ မတုန်မလှုပ်ခြင်း တာဒိဂုဏ်နှင့် ပြည့်စုံသည့်အဖြစ်ကို။ ဒီပေတိ၊ ထင်ရှားပြ၍ နေပေ၏၊

အကယ်၍သာ ဒီနေ့ (သို့မဟုတ်) ယခုရောက်ဆဲ အချိန်အခါလေးမှာလည်း ငါ သေကျေ ပျက်စီးခဲ့ရမယ်ဆိုရင်တဲ့နော် ဒီခန္ဓာငါးပါးကို စွန့်ပစ်ခဲ့ရမယ်ဆိုရင် ဒီခန္ဓာငါးပါးကြီး ငြိမ်းသွားမယ်ဆိုရင် လောင်စာ မရှိတဲ့ မီးကဲ့သို့ ငြိမ်းသွားပြီဆိုလို့ရှိရင်တော့ နောက်ထပ်တဖန် ဘဝသစ်မှာ ပဋိသန္ဓေ တည်နေရမှု ငါ့မှာ မရှိဘူး၊ ပရိနိဗ္ဗာန်ဝင်စံရုပ်သိမ်း ဒုက္ခဇာတ် သိမ်းရခြင်းဆိုတဲ့ ဒီသေကျေပျက်စီးရခြင်းသည် ငါ့အတွက် ကောင်းသော သေကျေ ပျက်စီးရခြင်းသာ ဖြစ်တယ်နော်။ အဲဒီလိုဖြစ်တဲ့အတွက် အသက်ရှင်ခြင်းကိုလည်း ကောင်းသော အသက်ရှင်ခြင်းလို့ မြင်တယ်။ သေခြင်းကိုလည်း ကောင်းသော သေခြင်းလို့ မြင်တယ်။ မြင်လိုက်တဲ့အတွက် အသက်ရှင်ခြင်း သေခြင်းဆိုတဲ့ ဒီတရား (၂)ခုမှာ တုန်လှုပ်မှုဆိုတဲ့ သဘောရှိလား? မရှိဘူး။ အဲဒီလို တုန်လှုပ်မှုမရှိတဲ့ ဒီသဘောကို တာဒိဘာဝ တာဒိဂုဏ်လို့ ခေါ်ပါတယ်။ အရှင်ဥပသေနမထေရ်ရဲ့ သန္တာန်မှာ ဒီတာဒိဂုဏ်နှင့် ပြည့်စုံနေတဲ့သဘောတွေ ထင်ရှားဖြစ်ပေါ်လာပြီ။ ဖြစ်ပေါ်လာတဲ့အတွက် ဘာဖြစ်လဲ?

ဧဝံ မဟာထေရော အပ္ပဟီနသောမနဿုပ္ပိလာဝိတဝါသနုဿန္နတ္တာ ဥဠာရသောမနဿိတော ဓမ္မဗဟုမာနေန ဓမ္မပီတိပဋိသံဝေဒနေန ပရိဝိတက္ကေသိ။

အဲဒီလို မိမိရထားတဲ့ ဘဝတစ်ခုကို ကြည့်ပြီး သိပ်ကောင်းတယ်လို့ လှမ်းပြီး ဒီလို ဆင်ခြင်လိုက်တဲ့ အချိန်အခါမှာ အရှင်ဥပသေနမထေရ်ရဲ့ သန္တာန်မှာ ဝမ်းမြောက်ခြင်းဆိုတဲ့ သောမနဿတရားတွေက မပယ်ရသေးဘူး။ မပယ်ရသေးတဲ့အတွက် ဒီ သောမနဿတရားတွေက ရုပ် နာမ်သန္တာန်အစဉ်မှာ အထက်တန်းကျကျ ပေါ်လာတယ်။ ပေါ်လာတဲ့အခါမှာ အတိတ်က ဝါသနာဓာတ်ငွေ့ကလည်း သောမနဿ အရှိန်အဝါ များခဲ့တဲ့ သူတော်ကောင်းဖြစ်ခြင်းကြောင့် အလွန် ကြီးကျယ် မြင့်မြတ်နေတဲ့ ဝမ်းမြောက်မှု မိမိဘဝရဲ့ တန်ဖိုးရှိနေတဲ့ ကောင်းသော အသက်ရှင်ခြင်း ကောင်းသော သေခြင်းဆိုတဲ့ ဘဝတွေကို လှမ်းကြည့်လိုက်တဲ့အခါ မြင်ရတော့ အလွန့်အလွန် ဝမ်းသာတယ်။ ဝမ်းသာပြီးတော့ တရားတော်ကို မြတ်နိုးနေတဲ့ ဓမ္မပီတိတွေဟာ သု့သန္တာန်မှာ တဖွားဖွား ဖြစ်ပေါ်လာတယ်။ ဖြစ်ပေါ်လာတဲ့အတွက် ဒီလိုကြံစည်စိတ်ကူးမှုလေး သူ့သန္တာန်မှာ ဖြစ်ပေါ်လာခြင်း ဖြစ်တယ်နော်။

မိမိရဲ့ဘဝကို လှမ်းပြီး ဆင်ခြင်လိုက်တဲ့ အချိန်အခါမှာ ဒီလို ဝမ်းသာမှုမျိုး ဖြစ်ရမယ်ဆိုရင် ဒီဝမ်းသာမှုမျိုးသည် တန်ဖိုး မရှိဘူးလား? တန်ဖိုးရှိတယ်။ တန်ဖိုးရှိတဲ့ ဘဝတစ်ခုကို ရရှိအောင် တန်ဖိုးရှိတဲ့ လုပ်ငန်းရပ်တွေကိုလည်း စနစ်တကျကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့ကော မလိုဘူးလား? လိုအပ်နေတယ်။ အဲဒီအချိန်အခါမှာ ဘာဖြစ်လာသလဲ? ဦးပဉ္စင်းတို့ မိဘတစ်ဦးက မိမိရဲ့ သားသမီးတစ်ဦး အောင်မြင်မှုရလို့ ဝမ်းသာနေတဲ့အချိန်အခါမှာ မိဘရဲ့သန္တာန်မှာကော ဝမ်းသာမှု မဖြစ်နိုင်ဘူးလား? ဖြစ်နိုင်ပြီ။

(အထခေါ ဘဂဝါ အာယသ္မာတော ဥပသေနဿ ဝင်္ဂန္တပုတ္တဿ စိတ္တံ [ဝိဒိတွာ] ဣမံ ဥဒါနံ ဥဒါနေသိ။)

အထခေါ၊ ထိုအခါ၌။ ဘဂဝါ၊ ဘုန်းတော် (၆)ပါးသခင်ဘုရားရှင်သည်။ အာယသ္မာတော ဥပသေနဿ ဝင်္ဂန္တပုတ္တဿ၊ ဝင်္ဂန္တပုဏ္ဏား၏သားဖြစ်သော အရှင်ဥပသေနမထေရ်မြတ်၏၊ [စိတ္တံ]၊ စိတ်အကြံကို [သိတော်မူ၍]။ ဥဒါနေသိ၊ မြွက်ကြားတော်မူခဲ့လေပြီ။

ဘုရားရှင်က ထိုအချိန်မှာ ရှင်ဥပသေန ဝမ်းမြောက်ဝမ်းသာဖြစ်ပြီး ကြံစည်စိတ်ကူးတဲ့ သဘာဝတစ်ခုကို လှမ်းကြည့်လိုက်တော့ ဘုရားရှင်ကလည်း သိပ်ဝမ်းသာသွားတယ်။ မိမိရဲ့ သားရတနာလေး အောင်မြင်မှုရတဲ့ တန်ဖိုးရှိတဲ့ ဘဝတစ်ခုအကြောင်းကို အောင်မြင်စွာ ဒီဘဝကိုရရှိတဲ့အတွက် ဝမ်းသာသလို ဘုရားရှင်သန္တာန်မှာလည်း မြိုသိပ်လို့ မထားနိုင်အောင် အလွန့်အလွန် ဝမ်းသာတဲ့အတွက် ဘုရားရှင်က ဒီနေရာမှာ ဥဒါန်းစကား ဝမ်းမြောက်ဖွယ်စကားလေး ဂါထာလေး (၂)ခုဟောတယ်။ အဲဒီဂါထာလေးတွေ ဘုန်းကြီးဟောချင်လို့ ဒီည နိဒါန်းချီတယ်နော်။ ကဲ ဘယ်လိုတဲ့လဲ?

ယံ ဇီဝိတံ န တပတီ မရဏန္တေ န သောစတီ၊ သ ဝေ ဒိဋ္ဌပဒေါ ဓီရော သောကမဇ္ဈေ န သောစတီ။

ကောင်းလိုက်တာလေးနော်။ ဘာဖြစ်လဲ?

ယံ၊ အကြင်ရဟန္တာပုဂ္ဂိုလ်သည်။ ဇီဝိတံ၊ အသက်ရှင်ခြင်းကိုလည်းပဲ။ န တပတီ၊ ပူပန်မှု မရှိပေ။ မရဏန္တေ၊ သေခြင်း၏ အဆုံး၌ (ဝါ) သေခါနီးကာလ၌လည်းပဲ။ န သောစတီ၊ စိုးရိမ်ပူဆွေးမှု မရှိပေ။ ဝေ၊ စင်စစ်ဧကန် အမှန်အားဖြင့်။ ဒိဋ္ဌပဒေါ၊ မြင်အပ်ပြီးသော နိဗ္ဗာန်တရားတော်မြတ်ရှိတော်မူသော။ သ သော ဓီရော၊ ထိုပညာရှိသူတော်ကောင်းသည်။ သောကမဇ္ဈေ၊ စိုးရိမ်ပူဆွေးခြင်း သောကတရား ထင်ရှားရှိနေတဲ့ သတ္တဝါအပေါင်းတို့၏ အလယ်၌။ န သောစတိ၊ စိုးရိမ်ပူဆွေးမှု ဘယ်တော့မှ မဖြစ်ရပေ။

မြတ်စွာဘုရား ဝမ်းသာလို့ ဟောတော်မူတဲ့ ဂါထာလေးပဲနော်။ အကြင်ရဟန္တာပုဂ္ဂိုလ်သည် အသက်ရှင်ရခြင်းကိုလည်း ပူပန်မှု မရှိဘူး၊ အသက်ရှင်မှုနဲ့ ပတ်သက်လို့လည်း ပူပန်ကြောင့်ကြမှု သူ့မှာ ရှိသလား? မရှိဘူး။

မရဏန္တေ န သောစတိ။

မရဏန္တေ၊ သေကြေပျက်စီးရခြင်း၏ အဆုံး၌လည်းပဲ (ဝါ) သေရခါနီး အချိန်ကာလ၌လည်းပဲ။ န သောစတိ၊ စိုးရိမ်ပူဆွေးမှု မရှိရပေ။

သေရတော့မယ် (သို့မဟုတ်) သေကြေပျက်စီးလို့လည်း စိုးရိမ်မှု မရှိဘူး (သို့မဟုတ်) သေခါနီးကာလမှာသော်လည်း စိုးရိမ်ပူဆွေးမှု မရှိဘူး။ အသက်ရှင်တာနဲ့ ပတ်သက်လို့လည်း ပူပန်မှု မရှိဘူး။ စဉ်းစားကြည့်စမ်း။ ဒကာကြီးတွေ ဒကာမကြီးတွေနော် အသက်ရှင်နေတာနဲ့ ပတ်သက်ပြီး မိမိရဲ့ အသက်မွေးဝမ်းကြောင်းနဲ့ ပတ်သက်လို့ ပူပန်မှုတွေ မဖြစ်ကြဘူးလားလို့မေးရင် ဘယ်လို ဖြေကြမလဲ? ဖြစ်ကြတယ်။ အသက်ရှင်ဖို့အတွက် ပူပန်ရတယ်။ မိမိအသက်ရှင်ဖို့အတွက် ပူပန်ရတယ်။ မိမိနဲ့ဆက်စပ်ရာ သားတွေ သမီးတွေ ဇနီးတွေ မြေးတွေ မြစ်တွေ ဆွေတွေ မျိုးတွေ တိုင်းပြည်တွေ အသက်ရှင်ရေးအတွက်လည်း မပူပန်ရဘူးလား? ပူပန်ကြရတယ်။

ခုဒီမှာ အရှင်ဥပသေနတို့လို ပုဂ္ဂိုလ်မျိုးကျတော့ အသက်ရှင်မှုနဲ့ ပတ်သက်ပြီး ပူပန်မှုကော ရှိသေးလား? မရှိတော့ဘူး။ မကောင်းဘူးလား? သိပ်ကောင်းတယ်နော်။ ဘယ်လိုမှ မပူပန်ရတဲ့ ဘဝတစ်ခုရပြီးပြီ။ နောက် သေကျေပျက်စီးတဲ့ အချိန်မှာကော သေကျေပျက်စီးခြင်းကို အကြောင်းပြုပြီးတော့ သေခါနီးကာလမှာ စိုးရိမ်ပူဆွေးမှုဆိုတာ ရှိသေးလား? မရှိဘူး။ ရှင်လို့လည်း မပူဆွေးရဘူး၊ သေလို့လည်း မပူဆွေးရဘူး။ မကောင်းဘူးလား? သိပ်ကောင်းတယ်။ ဒါဖြင့်ရင် သေရင် ပူဆွေးတယ်ဆိုတာ ဘယ်လိုပုဂ္ဂိုလ်တွေလဲလို့ ပြန်ပြီး ဆန်းစစ်လိုက်တဲ့အခါ အပါယ်သံသရာဘေးမှ ထုတ်ဆောင်ကယ်တင်နိုင်တဲ့ စွမ်းအားရှိတဲ့ မဂ်ဉာဏ်, ဖိုလ်ဉာဏ် အစရှိတဲ့ တကယ် အဆင့်အတန်း မြင့်မားနေတဲ့ ကောင်းမှုကုသိုလ်တွေကို စိတ်ချလက်ချ အားကိုးထိုက်တဲ့ အဆင့်အထိရောက်အောင် ကြိုးစားအားထုတ်ထားမှု မရှိတဲ့ပုဂ္ဂိုလ်တွေ တစ်ချိန် သေခါနီးကာလ ရောက်လာပြီ။ ရောက်လာတဲ့အချိန်အခါမှာ နေကွယ်တော့မယ်ဆိုရင် တောင်ရဲ့အနောက်ဖက်မှာ နေရောက်သွားတဲ့ အချိန်အခါ တောင်ရဲ့အရိပ်သည် အရှေ့ဘက်အခြမ်းမှာ တွဲလျားခိုပြီး ဆွဲနေသလို သေခါနီးကာလမှာ မိမိပြုထားတဲ့ မကောင်းမှု အကုသိုလ်ကံတွေဆိုတာ ရှိတတ်ပါတယ်။

အဲဒီ အကုသိုလ်ကံတွေကလည်း အားကိုးတတ်တဲ့ ကောင်းမှုကုသိုလ်ကံကို ဆည်းပူးထားမှု မရှိဘဲ မကောင်းမှုအကုသိုလ်တွေကို လွန်ကျူးနေတဲ့ ပုဂ္ဂိုလ်အဖို့ ဒီအကုသိုလ်ကံရဲ့စွမ်းအင်ကြောင့် အကျိုးပေးတော့မဲ့ အကုသိုလ်ကံရဲ့ စွမ်းအင်ကြောင့် သေခါနီးကာလမှာ မကောင်းမှု နိမိတ်တွေ ထင်လာပြီ၊ ထင်လာတဲ့ချိန်ခါကျတော့မှ ငါသည် မကောင်းမှု ပြုမိတာတော့ မှားပြီ။ အားကိုးထိုက်တဲ့ ကောင်းမှုကုသိုလ်တွေကို မပြုမိတာတော့ မှားပြီဆိုပြီး ထိုအချိန်အခါမှာ ပူပန်သောကတွေ ဖြစ်လာတတ်တယ်နော်။

အားကိုးထိုက်တဲ့ကံတွေကို အရိယာမဂ်ဉာဏ် ဖိုလ်ဉာဏ်ဆိုက်သည့်တိုင်အောင် (သို့မဟုတ်) အရဟတ္တဖိုလ်ဆိုက်သည့်တိုင်အောင် ကြိုးစားအားထုတ်ထားတဲ့ ပုဂ္ဂိုလ်အဖို့ သေခါနီးကာလမှာ နောက်ဘဝသွားဖို့အတွက် နိမိတ်တွေ ထင်သေးလား? မထင်တော့ဘူး။ ဘာနိမိတ်မှလည်း မထင်တဲ့အတွက် နောက်ထပ်ဘဝဆိုတာလည်း မရှိတော့ဘူး။ မရှိတဲ့အတွက် ငါမကောင်းတဲ့ ဘုံသွားရတော့မယ်ဆိုတဲ့ စိုးရိမ်ပူပန်မှု ရှိဦးမလား? မရှိတော့ဘူး။ ဘာမှ ကြောင့်ကြစရာမရှိဘူး။

ရှင်နေတဲ့အတွက်လည်း မပူရဘူး။ သေဖို့အတွက်လည်း မပူပန်ရဘူး။ ရှင်ဖို့အတွက်လည်း မပူပန်ရဘူး။ သေဖို့အတွက်လည်း မပူပန်ရဘူးဆိုလို့ရှိရင်တော့ ဒီထက်ကောင်းတဲ့တရား ဘယ်မှာရှိဦးမလဲ? မရှိတော့ဘူး။ ဒါကြောင့်-----

သ ဝေ ဒိဋ္ဌပဒေါ ဓီရော၊ သောကမဇ္ဈေ န သောစတိ

ဝေ၊ စင်စစ်ဧကန်အမှန်အားဖြင့်။ ဒိဋ္ဌပဒေါ၊ မြင်အပ်ပြီးသော နိဗ္ဗာန်တရားတော်မြတ်ရှိတော်မူသော။ သော ဓီရော၊ ထိုပညာရှိသူတော်ကောင်းသည်။ သောကမဇ္ဈေ၊ စိုးရိမ်ပူဆွေးခြင်း သောကတရား ထင်ရှားရှိနေတဲ့ သတ္တဝါအပေါင်းတို့၏ အလယ်၌။ န သောစတိ၊ စိုးရိမ်ပူဆွေးမှု မရှိရတော့ပေ။

သိပ်ကောင်းတယ်နော်။ စိုးရိမ်ပူဆွေးမှု သောကတရားတွေ ထင်ရှားရှိနေတဲ့ သတ္တဝါတို့ရဲ့အလယ်မှာ ဒီလို နိဗ္ဗာန်မြင်ပြီးတဲ့ ပညာရှိသူတော်ကောင်းတစ်ဦးအဖို့ စိုးရိမ်ပူဆွေးမှု ဘယ်တော့မှ မရှိတော့ဘူး။

ဥစ္ဆိန္နဘဝတဏှဿ သန္တစိတ္တဿ ဘိက္ခုနော၊ ဝိက္ခီဏော ဇာတိသံသာရော နတ္ထိ တဿ ပုနဗ္ဘဝေါ။

ဥစ္ဆိန္နဘဝတဏှဿ၊ ဖြတ်တောက်အပ်ပြီးသော ဘဝတဏှာ ရှိတော်မူသော။ သန္တစိတ္တဿ၊ ငြိမ်သက်အေးချမ်းသော စိတ်ဓာတ် ရှိတော်မူသော။ ဘိက္ခုနော၊ ရဟန်းအဖို့။ ဇာတိသံသာရော၊ ပဋိသန္ဓေ အဖန်ဖန် အထပ်ထပ် တည်နေရခြင်း ဇာတိဟုခေါ်ဆိုအပ်သော သံသရာခရီးသည်။ ဝိက္ခီဏော၊ ကုန်ဆုံးပျက်သုဉ်း၍သွားခဲ့လေပြီ။ တဿ၊ ထိုရဟန်းတော်အဖို့။ ပုနဗ္ဘဝေါ၊ နောက်ထပ်တဖန် ဘဝသစ်၌ ဖြစ်ပေါ်ရခြင်းသည်လည်း။ နတ္ထိ၊ မရှိတော့ပေ။

ဘဝကို တွယ်တာတပ်မက်တတ်တဲ့ ဘဝတဏှာကို ဖြတ်တောက်ပြီးဖြစ်တဲ့ ငြိမ်သက်အေးချမ်းနေတဲ့ စိတ်ဓာတ်ရှိတဲ့ ရဟန်းတော်တစ်ပါးသန္တာန်မှာ နောက်ထပ်တဖန် ဘဝသစ်၌ ပဋိသန္ဓေ အဖန်ဖန် အထပ်ထပ် တည်နေရခြင်းဆိုတဲ့ သံသရာခရီးသည် ကုန်သွားပြီ။ နောက်ထပ်တဖန် ထိုရဟန်းတော်အဖို့ ဘဝသစ်မှာ ပဋိသန္ဓေတည်နေရခြင်းဆိုတာ ဘယ်တော့မှ မရှိတော့ဘူးဆိုပြီးတော့ ဝမ်းသာလွန်းလို့ မြတ်စွာဘုရား ဒီဥဒါန်းစကားလေး ဟောကြားတော်မူပါတယ်နော်။

ဒါကြောင့် ဒီဥဒါန်းစကားလေးတွေကို ရွတ်ဖတ်ပြီးတော့ ဒီည တရားသိမ်းကြရအောင်နော်။

ယံ ဇီဝိတံ န တပတီ မရဏန္တေ န သောစတီ၊ သ ဝေ ဒိဋ္ဌပဒေါ ဓီရော သောကမဇ္ဈေ န သောစတီ။

ယံ၊ အကြင်ရဟန္တာပုဂ္ဂိုလ်သည်။ ဇီဝိတံ၊ အသက်ရှင်ရခြင်းကိုလည်းပဲ။ န တပတီ၊ ပူပန်မှုမရှိပေ။ မရဏန္တေ၊ သေခြင်း၏ အဆုံး၌ (ဝါ) သေခါနီးကာလ၌လည်းပဲ။ န သောစတိ၊ စိုးရိမ်ပူဆွေးမှု မရှိရပေ။ ဝေ၊ စင်စစ်ဧကန်အမှန်အားဖြင့်။ ဒိဋ္ဌပဒေါ၊ မြင်အပ်ပြီးသော နိဗ္ဗာန်တရားတော်မြတ်ရှိတော်မူသော။ သ သော ဓီရော၊ ထိုပညာရှိသူတော်ကောင်းသည်။ သောကမဇ္ဈေ၊ စိုးရိမ်ပူဆွေးခြင်း သောကတရား ထင်ရှားရှိနေတဲ့ သတ္တဝါအပေါင်းတို့၏ အလယ်၌။ န သောစတိ၊ စိုးရိမ်ပူဆွေးမှု မရှိရတော့ပေ။

ဥစ္ဆိန္နဘဝတဏှဿ၊ ဖြတ်တောက်အပ်ပြီးသော ဘဝတဏှာရှိတော်မူသော။ သန္တစိတ္တဿ၊ ငြိမ်သက်အေးချမ်းသော စိတ်ဓာတ်ရှိတော်မူသော။ ဘိက္ခုနော၊ ရဟန်းတော်အား (ဝါ) ရဟန်းတော်၏သန္တာန်၌။ ဇာတိသံသာရော၊ ပဋိသန္ဓေ အဖန်ဖန် အထပ်ထပ် တည်နေရခြင်း ဇာတိဟုခေါ်ဆိုအပ်သော သံသရာခရီးသည်။ ဝိက္ခီဏော၊ ကုန်ဆုံးပျက်ပြုန်းခဲ့လေပြီ။ တဿ၊ ထိုရဟန်းတော်အဖို့။ ပုနဗ္ဘဝေါ၊ နောက်ထပ်တဖန် ဘဝသစ်၌ ဖြစ်ပေါ်ရခြင်းသည်လည်း။ နတ္ထိ၊ ဘယ်တော့မှ မရှိနိုင်တော့ပေ။

ဘဝတဏှာ ဖြတ်တောက်ပြီးတဲ့ ဒီရဟန်းတော်ရဲ့သန္တာန်မှာ နောက်ထပ်တဖန် ဘဝသစ်ဆိုတာ ဘယ်တော့မှ မရှိတော့ဘူးနော်။ ဘဝသစ် မရှိအောင် ထိုရဟန်းတော်သည် ဘာလုပ်သလဲ? ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာတော်တွင်းမှာရော ဒီဘုရားရှင်ရဲ့ သာသနာတော်တွင်းမှာရော စနစ်တကျ သမထ-ဝိပဿနာ ဘာဝနာအလုပ်တွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တော်မူတယ်။ ဒါကြောင့် ဒီနေ့ သူတော်ကောင်းအပေါင်းတို့လည်း အရှင်ဥပသေနမထေရ်မြတ်ကဲ့သို့ ဝမ်းမြောက်တော်မူတတ်တဲ့ ကောင်းသော အသက်ရှင်ခြင်း, ကောင်းသော သေခြင်းရှိတဲ့ သူတော်ကောင်းတစ်ဦးဖြစ်ချင်တယ်ဆိုရင် ဘာလုပ်ရမလဲ? သမထ ဝိပဿနာ ဘာဝနာ ကျင့်စဉ်တွေကို စနစ်တကျ ကျင့်ကြံကြိုးကုတ်ပွားများ အားထုတ်ကြပါ။ ဒါနကျင့်စဉ်, သီလကျင့်စဉ်လောက်နဲ့ ရပ်တန့်ပြီး မနေကြဘဲ အဆင့်အတန်း မြင့်မားနေတဲ့ သမာဓိကျင့်စဉ်, ပညာကျင့်စဉ်တွေကို တကယ်လက်တွေ့ ကျင့်ကြံကြိုးကုတ်ပွားများ အားထုတ်ကြပါ။ အားထုတ်ပြီးသကာလ အရှင်ဥပသေနမထေရ်မြတ်တို့ကဲ့သို့ ကောင်းသော အသက်ရှင်ခြင်း, ကောင်းသော သေခြင်းရှိတဲ့ ပုဂ္ဂိုလ်တွေဖြစ်အောင် ကျင့်ကြံကြိုးကုတ်ပွားများ အားထုတ်ကြပါလို့ တိုက်တွန်းရင်း တရားသိမ်းကြစို့နော်။
p36kqyrlu54pkv7y1h7ab80no9kjdue သုမေဓာထေရီအပါဒါန် 0 6336 22045 2026-06-10T01:46:18Z Tejinda 173 "{{header | title = သုမေဓာထေရီအပါဒါန် | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = [[ဥပသေနသုတ်]]..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 22045 wikitext text/x-wiki {{header | title = သုမေဓာထေရီအပါဒါန် | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = [[ဥပသေနသုတ်]] | previous2 = | next = [[သုမနသုတ်]] | next2 = | year = | notes = | edition = | categories = ဖားအောက်တောရ | shortcut = | portal = }}
သုမေဓာထေရီအပါဒါန်

ပထမပိုင်း
သုမေဓာထေရ်ရီလို့ ဘုရားရှင်လက်ထက်က ထင်ရှားခဲ့တဲ့ ရဟန္တာထေရီမတစ်ပါးအကြောင်းကို အခြေတည်ပြီးတော့ သမထ-ဝိပဿနာ ကျင့်စဉ်တွေကို ဟောကြားပြသပေးဖို့ ဘုန်းကြီးလည်း ရည်ရွယ်ပါတယ်။ ဒီသုမေဓာထေရီက ပဋိသမ္ဘိဒါဉာဏ် (၄)ပါးကို ရရှိတော်မူသည့် ရဟန္တာထေရီမတစ်ပါး ဖြစ်သည့်အတွက် ရတနသုတ္တန်၌ မြတ်စွာဘုရား ဟောကြားထားတော်မူသည့် ရဟန္တာအရှင်မြတ်တို့၏ဂုဏ်ကို ထုတ်ဖော်၍ သစ္စာပြုသည့် တရား-ဒေသနာတော် ဂါထာတစ်ခုဖြင့် တရားနိဒါန်း ပျိုးကြရအောင် ...

‘‘ယေ သုပ္ပယုတ္တာ မနသာ ဒဠှေန၊
နိက္ကာမိနော ဂေါတမသာသနမှိ။
တေ ပတ္တိပတ္တာ အမတံ ဝိဂယှ၊
လဒ္ဓါ မုဓာ နိဗ္ဗုတိံ ဘုဉ္ဇမာနာ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။’’

ယေ၊ အကြင် ကိလေသာ အာသဝေါ လျှောကျကင်းကွာ ရဟန္တာအရှင်မြတ်ကြီးတို့သည်။ ဂေါတမသာသနမှိ၊ ဂေါတမမြတ်စွာ ရောင်ဝါထိန်လင်း သာသနာတော်မြတ်အတွင်း၌။ ဒဠှေန၊ ကျောက်တောင်ကြီးပမာ မြဲခိုင်လှစွာသော။ မနသာ၊ သမာဓိနှင့်ယှဉ်သော စိတ်ဓာတ်ဖြင့်။ သုပ္ပယုတ္တာ၊ လွန်စွာ ကြိုးကုတ် အားထုတ်တော်မူကြကုန်သည်ဖြစ်၍။ နိက္ကာမိနော၊ ကိလေသာဟူ အပူခပ်သိမ်းမှ အလျှင်းကျွတ်၍ ကင်းလွတ် ထွက်မြောက်တော်မူကြလေကုန်ပြီ။ တေ၊ ထိုရဟန္တာပုဂ္ဂိုလ်မြတ်ကြီးတို့သည်။ ပတ္တိပတ္တာ၊ မိမိတို့သည် ရောက်ရှိအပ်ပြီး, ရရှိအပ်ပြီးဖြစ်တဲ့ အရဟတ္တဖိုလ်သို့ အသစ်တစ်ဖန် ဝင်စားသောအားဖြင့် ဆိုက်ရောက်တော်မူကြလေကုန်ပြီ။ အမတံ၊ စုတိပြတ်ကြွေ ဘယ်အခါမှ သေကျေပျက်စီးရခြင်း မရှိသော အမတဓာတ် နိဗ္ဗာန်တရားတော်မြတ်သို့။ ဝိဂယှ၊ အာရုံပြုသောအားဖြင့် သက်ရောက်တော်မူကြကုန်သည်ဖြစ်၍။ လဒ္ဓါ မုဓာ၊ ပစ္စည်းဥစ္စာ အနည်းငယ်မျှ မကုန်ကြရဘဲ လိုရာခဏ အလွယ်ပင် ရတော်မူကြကုန်သည်ဖြစ်၍။ နိဗ္ဗုတိံ၊ ဖလသမာပတ် အငြိမ်းဓာတ် အရသာကို။ ဘုဉ္ဇမာနာ၊ သုံးဆောင် ခံစားတော်မူကြကုန်လျက်။ သံဃေ၊ ရဟန္တာသံဃာတော်မြတ်၌။ ဣဒမ္ပိ ရတနံ၊ ဤမြတ်နိုးဖွယ်ရာ ရတနာအဖြစ် သိသာဖွယ်အကြောင်း နှစ်သက်ဖွယ် ဂုဏ်တော်အပေါင်းသည်လည်း။ ပဏီတံ၊ ထူးမြတ်တော်မူလှပါပေ၏။ ဧတေန သစ္စေန၊ ဝစီမင်္ဂလာ ဤသစ္စာစကားကြောင့်။ တုမှာကံ၊ တရားနာပရိသတ်အပေါင်း အသင်သူတော်ကောင်းတို့အား။ သုဝတ္ထိ၊ ဘေးရန်ကုန်ကင်း ချမ်းသာအေးမြခြင်းသည်။ ဟောတု၊ မုချမသွေ ဖြစ်ပါစေသတည်း။
(သာဓု သာဓု သာဓုပါဘုရား ...)

သုမေဓာထေရီဆိုတာကတော့ ဦးပဉ္စင်းတို့ ရှေးရှေး ဘုရားရှင်တို့ရဲ့ သာသနာတွင်းမှာ သံသရာဝဋ်ဆင်းရဲဒုက္ခရဲ့ လွတ်ရာ လွတ်ကြောင်း, ကျွတ်ရာ ကျွတ်ကြောင်းဖြစ်တဲ့ ဝိဝတ္ထူပနိဿယလို့ ခေါ်ဆိုအပ်တဲ့ သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း အားကြီးသော ကောင်းမှုကုသိုလ်တွေကို ဆည်းပူးရှာမှီးပြီးတော့ လာခဲ့တဲ့ သူတော်ကောင်းမလေးတစ်ဦး ဖြစ်ပါတယ်။ အနီးစပ်ဆုံး ကောင်းမှုကုသိုလ် ကြဲချစိုက်ပျိုးခဲ့တာကတော့ ဒီကမ္ဘာမှာ ပွင့်ထွန်းတော်မူခဲ့တဲ့ ဒုတိယမြောက် ဘုရားရှင် ဖြစ်တော်မူသည့် ကောဏဂုံမြတ်စွာဘုရားရှင်၏ သာသနာတော်တွင်းမှာ ဖြစ်ပါတယ်။ ထိုကောဏဂုံမြတ်စွာဘုရားရှင်၏ သာသနာတော်တွင်းမှာ သုမေဓာ အမျိုးကောင်းသမီးလေးက သူ့ရဲ့ မိတ်ဆွေများ ဖြစ်ကြတဲ့ ခေမာထေရီအလောင်း အမျိုးသမီး, ဓနဉ္စရီအလောင်းဖြစ်တဲ့ အမျိုးကောင်းသမီး။ အဲဒီ အမျိုးကောင်းသမီး နှစ်ဦးနှင့်အတူ အားလုံး သုံးယောက် ပေါင်းပြီးတော့ ဘုရားအမှူးရှိသော သံဃာတော်များအတွက် ရည်စူးပြီးတော့ ကျောင်းတိုက်ကြီးတစ်ခု ဆောက်လုပ် လှူဒါန်းပါတယ်။

ကောဏဂုံမြတ်စွာဘုရားသည် လူတို့ရဲ့ သက်တမ်းအားဖြင့် အနှစ် သုံးသောင်းတမ်းမှာ ပွင့်ထွန်းတော်မူသည့် ဘုရားရှင်တစ်ဆူ ဖြစ်တော်မူခြင်းကြောင့် အနှစ် သုံးသောင်းတို့ ကာလပတ်လုံး သို့မဟုတ် အနှစ် သုံးသောင်းနီးနီး ထိုအမျိုးကောင်းသမီးတွေဟာ ဘုရားရှင်၏ သာသနာတော်အတွင်း၌ ဒါနကုသိုလ်လောက်တွင် ကျေနပ်ရောင့်ရဲမှုမရှိဘဲ သီလကျင့်စဉ်တွေကို တကယ်လက်တွေ့ ပြည့်မီအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြတယ်။ သမာဓိကျင့်စဉ်တွေကို တကယ်လက်တွေ့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြတယ်။ ပညာကျင့်စဉ်တွေကို တကယ်လက်တွေ့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြတယ်။

ဘုရားရှင် သို့မဟုတ် ဘုရားရှင်တို့၏ သာသနာတော်နှင့် တွေ့ခိုက်, ကြုံခိုက်မှာ ရနိုင်သည့် အကောင်းဆုံး အခွင့်အရေးတွေကို အတတ်နိုင်ဆုံး ရရှိအောင် ကြိုးစားအားထုတ်ခဲ့ကြပါတယ်။ ဘာကြောင့် ဒီစကားလေး ပြောနေရသလဲလို့ မေးရင်တော့ — သုမေဓာထေရီ ရဟန္တာထေရီမသည် ဦးပဉ္စင်းတို့ ဘုရားရှင်၏ သာသနာတော်တွင်း၌ ပဋိသမ္ဘိဒါပတ္တ၊ ပဋိသမ္ဘိဒါဉာဏ် လေးပါးသို့ ရောက်ရှိတော်မူသည့် ရဟန္တာထေရီမတစ်ပါး ဖြစ်ပါတယ်။ ပဋိသမ္ဘိဒါဉာဏ်ကို ရရှိတော်မူတဲ့ သူတော်ကောင်းတို့မှာ ပြည့်စုံရမယ့် အင်္ဂါရပ် ငါးချက်ရှိတယ်။

အဲဒီ အင်္ဂါရပ် ငါးချက်ထဲမှာ အရေးအကြီးဆုံး အင်္ဂါရပ်တစ်ခုကတော့ ပုဗ္ဗယောဂ ဖြစ်ပါတယ်။ ပုဗ္ဗယောဂဆိုတာက ရှေးရှေးဘုရားရှင်တို့၏ သာသနာတော်တွင်း၌ သမထ-ဝိပဿနာဘာဝနာလုပ်ငန်းရပ်တွေကို စနစ်တကျ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လိုက်သည့်အခါ ဝိပဿနာဉာဏ်ထဲမှာ အထွဋ်အထိပ် ဉာဏ်တစ်ခုလို့ ပြောနိုင်သည့် ဂေါတြဘူဉာဏ်ရဲ့ အနီးအပါးဖြစ်တဲ့ အနုလောမဉာဏ်လို့ ခေါ်ဆိုအပ်တဲ့ သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းတွေကို စနစ်တကျ စီးဖြန်း ပွားများအားထုတ်ခဲ့တဲ့ ပုဗ္ဗယောဂရှိခြင်းဆိုတဲ့ အင်္ဂါရပ်တစ်ခု အရေးအကြီးဆုံး ကဏ္ဍအနေနဲ့ ပါဝင်နေပါတယ်။ ဒါကြောင့် ရှေးရှေး ဘုရားရှင်တို့ရဲ့ သာသနာတော်တွင်းထဲက ဒီသုမေဓာထေရီအလောင်း အမျိုးကောင်းသမီးလေးက သင်္ခါရုပေက္ခာဉာဏ်ကဲ့သို့သော ဝိပဿနာဉာဏ်တွေကို ရရှိအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခဲ့ပါတယ်။

နှစ်ပေါင်း ဘယ်လောက်ကြာလဲလို့ မေးရင်တော့ — နှစ်ပေါင်း သုံးသောင်းဝန်းကျင် ဖြစ်ပါတယ်။ ဒီလောက် နှစ်ပေါင်းကြာအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပြီးတဲ့ အချိန်အခါမှာ ထိုသူတော်ကောင်းတစ်ဦးက ဒီကုသိုလ်တည်းဟူသော ဥစ္စာထုပ်ကြီးကို ပိုက်ပြီးတော့ သံသရာခရီး ကျင်လည်ပြန်တယ်။ ခုနက ဩစတြေးလျဘုန်းကြီး ဟောသွားတဲ့အတိုင်း ကုသလဿူပသမ္ပဒါဆိုတဲ့အတိုင်း ကုသိုလ်တရားတွေကို မိမိရဲ့ ရုပ်နာမ်သန္တာန်အစဉ်မှာ ပြည့်စုံလောက်အောင် ကြိုးစားတယ်။ ရာဂ, ဒေါသ, မောဟ, မာန်မာန အစရှိတဲ့ ကိလေသာတရားဆိုးတွေ မိမိရဲ့ ရုပ်နာမ်သန္တာန်အစဉ်မှာ ကိန်းဝပ်မလာအောင် သမထ-ဝိပဿနာဘာဝနာလို့ ခေါ်ဆိုအပ်တဲ့ ရေစဉ်တွေဖြင့် ဆေးကြောသုတ်သင်တယ်။ မိမိရဲ့ စိတ်ဓာတ်ကို မိမိ ဖြူစင်သန့်ရှင်းအောင် ကြိုးစားအားထုတ်ခဲ့ပါတယ်။

အဲဒီလို ကြိုးစားအားထုတ်ပြီးလို့ သံသရာခရီး ကျင်လည်လိုက်တာ လူ့ပြည်, နတ်ပြည် စုန်ဆန် ကျင်လည်ရာကနေ နောက်ဆုံး ဦးပဉ္စင်းတို့ ကဿပမြတ်စွာဘုရား လောကမှာ ပွင့်တော်မူပြန်တယ်။ ကဿပမြတ်စွာဘုရားရှင် လက်ထက်မှာ ခေမာထေရီတို့, ပဋာစာရီတို့, ဥပ္ပလဝဏ်ထေရီတို့က သိဝီမင်းကြီးရဲ့ သမီးတော် ဖြစ်ကြပါတယ်။ အားလုံး သမီးတော် ခုနစ်ဦး ဖခမည်းတော်သိဝီမင်းကြီးထံ တင်ပြပြီးတော့ သာသနာဘောင် ဝင်ရောက်ပြီး ရှင်ရဟန်းပြုဖို့ရန် ခွင့်တောင်းကြသော်လည်း သိဝီမင်းကြီးက ဘယ်လိုမှ ခွင့်မပြု ဖြစ်နေတယ်။ ခွင့်မပြုတဲ့အတွက်ကြောင့် ဘာလုပ်သလဲ?

ဒီသမီး ခုနစ်ဦးတို့က သာသနာဘောင်ကို ဝင်ရောက်ခွင့် မရတဲ့အတွက် ကောမာရီဗြဟ္မစရိယလို့ခေါ်တဲ့ ကျင့်စဉ်တွေကို အနှစ် နှစ်သောင်းတို့ ကာလပတ်လုံး ကျင့်ကြပါတယ်။ ကောမာရီဗြဟ္မစရိယာဆိုတာကတော့ အဗြဟ္မစရိယာသိက္ခာပုဒ်ကို ရာသက်ပန် စောင့်ထိန်းတဲ့ ကျင့်ဝတ်ပဋိပတ်လည်း ဖြစ်တယ်။ ငါးပါးသီလနေရာမှာ, ကာမေသုမိစ္ဆာစာရနေရာမှာ အဗြဟ္မစရိယသိက္ခာပုဒ်ကို ထည့်သွင်းပြီး ဆောက်တည်ကြတယ်။

သို့သော် ကောမာရဗြဟ္မစရိယခေါ်တဲ့ သို့မဟုတ် ကောမာရီဗြဟ္မစရိယခေါ်တဲ့ ကျင့်ဝတ်ပဋိပတ် သီလကို ခိုင်မြဲအောင်သာ ကြိုးစားနေကြသလားဆိုတော့ မဟုတ်ပါဘူး။ သာသနာတော်မှာ စွန့်လွှတ် လှူဒါန်းသင့်, လှူဒါန်းထိုက်တဲ့ ဒါနမျိုးစေ့တွေကိုလည်း ကြဲချစိုက်ပျိုးတယ်။ အနှစ် နှစ်သောင်းတိုင်တိုင် သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်လို့ခေါ်ဆိုအပ်တဲ့ သာသနာ့ဗြဟ္မစရိယ ကျင့်ဝတ်ပဋိပတ်တွေကိုလည်း အသက်ထက်ဆုံး ဖြည့်ကျင့်တော်မူကြပါတယ်။

အဲဒီလို ဖြည့်ကျင့်တဲ့ ဒီမင်းသမီးတွေနဲ့ အပေါင်းအဖော်အဖြစ် သုမေဓာ အမျိုးသမီးလေးက ပါဝင်ခဲ့ပါတယ်။ မင်းသမီးတွေ ကောင်းမှုကုသိုလ်ပြုတိုင်း နောက်ကနေ အမြဲတမ်း တကောက်ကောက်လိုက်ပြီးတော့ တန်းတူရည်တူ ကောင်းမှုကုသိုလ်တွေကို ဆည်းပူးရှာမှီးခဲ့ကြတယ်။ ဒီတော့ ဒီကောင်းမှုကုသိုလ်တွေထဲမှာ နိဗ္ဗာန်ကို ရည်ရွယ်တောင့်တပြီး ပြုစုပျိုးထောင်နေသည့် သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ဒါနကျင့်စဉ်။ ဒီကျင့်စဉ်တွေကိုတော့ စရဏမျိုးစေ့လို့ ခေါ်ပါတယ်။

ဒီစရဏမျိုးစေ့က နိဗ္ဗာန်ကို ရည်ရွယ်တောင့်တပြီး ပြုစုပျိုးထောင်လိုက်သည့်အခါ နိဗ္ဗာန်ရောက်ကြောင်း သူတော်ကောင်းတရားတွေကို ဟောကြားပြသ ဆိုဆုံးမပေးမယ့် ဘုရားအစရှိသော အရိယာ သူတော်ကောင်းတွေနဲ့ တွေ့အောင် ကြုံအောင်, မိကောင်းဖကောင်း, ဆရာကောင်းသမားကောင်း, မိတ်ကောင်းဆွေကောင်းတွေနဲ့ တွေ့အောင် ကြုံအောင် ဒီကံက ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ ဒီလို ကံက ပို့ဆောင်ပေးလိုက်သည့်အချိန်အခါမှာ ဘုရားအစရှိသော အရိယာ သူတော်ကောင်းတို့ထံမှ သစ္စာလေးပါးနှင့်စပ်သည့် တရားစကား နာကြားခွင့် ရရှိပြီ။ အဲဒီလို သစ္စာလေးပါးနှင့်စပ်သည့် တရားစကား နာကြားခွင့် ရရှိသည့် အချိန်အခါမှာ သစ္စာလေးပါးနှင့်စပ်သည့် တရားစကားတွေကို လွယ်လွယ်ကူကူနဲ့ ထိုးထွင်းသိမြင်ဖို့ရန်အတွက်ကတော့ ဝိဇ္ဇာမျိုးစေ့ရဲ့ တာဝန်ဖြစ်ပါတယ်။

ဝိဇ္ဇာမျိုးစေ့ဆိုတာက ရှေးရှေး ဘုရားရှင်တို့ရဲ့ သာသနာတော်တွင်းမှာပဲဖြစ်စေ, ယခု ဘုရားရှင်ရဲ့ သာသနာတော်တွင်းမှာပဲဖြစ်စေ ရှေးရှေး လွန်ခဲ့သော ဘဝတွေက ရုပ်တွေ နာမ်တွေ ဟုတ်တိုင်းမှန်စွာ သိခြင်း, အကြောင်းတရား အကျိုးတရားတွေကို ဟုတ်တိုင်းမှန်စွာ သိခြင်း, အကြောင်းတရားနှင့်တကွ ဒီရုပ်နာမ်တို့ရဲ့ အနိစ္စသဘော, ဒုက္ခသဘော, အနတ္တသဘောတွေကို ဟုတ်တိုင်းမှန်စွာ သိခြင်းဆိုတဲ့ အသိထူး ဉာဏ်ထူးတွေကို ဝိဇ္ဇာမျိုးစေ့ကောင်းတွေလို့ ခေါ်ပါတယ်။ အဲဒီ ဝိဇ္ဇာမျိုးစေ့ကောင်း ရှိနေတဲ့ သူတော်ကောင်းတစ်ဦးက ဘုရားအစရှိသော အရိယာ သူတော်ကောင်းတို့နှင့် တွေ့ကြုံသည့်အချိန်ခါမှာ ဘုရားအစရှိသော အရိယာ သူတော်ကောင်းတို့ထံမှ သစ္စာလေးပါးနှင့်စပ်သည့် တရားစကားတစ်ခု နာကြားခွင့် ရရှိသည်ဆိုရင် လွယ်လွယ်ကူကူနဲ့ သို့မဟုတ် မပင်မပန်းဘဲနဲ့ ထိုးထွင်းသိနိုင်တဲ့ စွမ်းအင်တွေ ထိုအချိန်ခါမှာ ပေါ်လာတယ်။

ဒါကြောင့် သံသရာဝဋ်ဆင်းရဲဒုက္ခမှ ကျွတ်ချင် လွတ်ချင်နေတဲ့ သူတော်ကောင်းများအတွက် ဝိဇ္ဇာမျိုးစေ့ကောင်းလည်း လိုအပ်ပါတယ်, စရဏမျိုးစေ့ကောင်းလည်း လိုအပ်ပါတယ်။ စရဏမျိုးစေ့က လက်ခြေနဲ့ တူတယ်။ ဝိဇ္ဇာမျိုးစေ့က မျက်စိနဲ့ တူကြပါတယ်။ လက်ခြေလည်း ရှိမယ်, မျက်စိလည်း ရှိမယ်ဆိုရင် ထိုပုဂ္ဂိုလ်သည် လိုရာအရပ်သို့ သွားပြီး အလိုရှိတဲ့ လုပ်ငန်းရပ်တွေကို လွယ်လွယ်ကူကူနဲ့ ပြုလုပ်နိုင်သလို၊ ဒါန, သီလ, သမထလို့ ခေါ်ဆိုအပ်တဲ့ စရဏမျိုးစေ့ကောင်းတွေ, ဝိပဿနာကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ ဝိဇ္ဇာမျိုးစေ့ကောင်းတွေ ရှိနေတဲ့ သူတော်ကောင်းကလည်း ဘုရားအစရှိသော အရိယာ သူတော်ကောင်းတွေနဲ့ တွေ့အောင်, ကြုံအောင် ဒီကံတွေက ပို့ဆောင်လိုက်လို့ တွေ့မိ ကြုံမိ ဆုံမိတဲ့ အချိန်ခါမှာ ဘုရားအစရှိသော အရိယာ သူတော်ကောင်းတို့ထံမှ သစ္စာလေးပါးနှင့်စပ်သည့် တရားစကား နာကြားခွင့်ရသည်နှင့် တစ်ပြိုင်နက်တည်း သစ္စာလေးပါးကို ထိုးထွင်းသိနေတဲ့ ဉာဏ်ပညာ မျက်စိအမြင်တွေ ထင်ရှားပေါ်လာတယ်။

အားလုံး ရဖူးတဲ့ ဓမ္မစကြာဒေသနာ ကြည့်ပါ။ စက္ခုံ ဥဒပါဒိ၊ ဉာဏ်ပညာမျက်စိတွေ ပွင့်ပွင့်လင်းလင်း ထင်ထင်ရှားရှားကြီးကို ဖြစ်ပေါ်လာတတ်တယ်။ ဒါကြောင့် ဦးပဉ္စင်းတို့ သာသနာတော်နှင့် တွေ့ခိုက်သာ ဒီလို စရဏမျိုးစေ့ကောင်း, ဝိဇ္ဇာမျိုးစေ့ကောင်းတွေကို ထူထောင်နိုင်သည့် စွမ်းအား ရှိပါတယ်။ ဒီစွမ်းအင်တွေကို ယုံကြည်သက်ဝင်နေတဲ့ သုမေဓာအလောင်း အမျိုးကောင်းသမီးလေးက ကဿပမြတ်စွာဘုရားရှင်ရဲ့ သာသနာတော်တွင်းမှာလည်း အနှစ် နှစ်သောင်းတိုင်တိုင် ကောမာရီဗြဟ္မစရိယခေါ်တဲ့ အဗြဟ္မစရိယသိက္ခာပုဒ်ကို တစ်ကြိမ်တစ်ခါမျှ လွန်ကျူးခြင်း မရှိဘဲနဲ့ သာသနာတော်မှာ ဖြူဖြူစင်စင်ဖြင့် သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်တွေကို လက်တွေ့ ကျင့်ခဲ့တယ်။ မျိုးစေ့တွေက သိပ်အောင်မြင်နေတယ်။

အဲဒီလို အောင်မြင်နေရာကနေ လူ့ပြည်, နတ်ပြည် စုန်ဆန် ကျင်လည်ရာကနေပြီးတော့ နောက်ဆုံး ဦးပဉ္စင်းတို့ ဂေါတမမြတ်စွာဘုရားရှင်၏ သာသနာတော်တွင်း ဆိုကြစို့။ ဂေါတမမြတ်စွာဘုရားရှင်၏ သာသနာတော်တွင်း ရောက်လာတဲ့ အချိန်အခါကျတော့ မန္ဓာဝတီမြို့မှာ ကောဉ္စအမည်ရှိနေတဲ့ ဘုရင်မင်းမြတ်ရဲ့ အဂ္ဂမဟေသီမိဖုရားကြီးရဲ့ ဝမ်းကြာတိုက်မှာ ပဋိသန္ဓေ စွဲပိုက်သန္ဓေ တည်နေပါတယ်။ မွေးဖွားလာတဲ့ အချိန်အခါမှာ မိဘတွေကလည်း သုမေဓာဆိုပြီး အမည်နာမ ပေးထားတယ်။

အဲဒီ သုမေဓာ အမျိုးသမီးလေးက အတိတ်က ပြုစုပျိုးထောင်ခဲ့သည့် ပါရမီမျိုးစေ့ အရှိန်အဝါတွေက အလွန် သိပ်အားကောင်းနေလေတော့ ဘာဖြစ်သလဲ? ဘိက္ခူနီမကျောင်းတိုက်ကို အဖော်တွေနဲ့ သွားတယ်။ သွားပြီးတဲ့ အချိန်အခါမှာ ဘိက္ခူနီမတွေထံမှ တရားဒေသနာတွေကို စနစ်တကျ သင်ယူတယ်။ သင်ယူပြီးတဲ့ အချိန်အခါမှာလည်း တကယ်လက်တွေ့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တယ်။ ပွားများအားထုတ်လိုက်တဲ့အတွက် သုမေဓာအမျိုးသမီးမှာ အင်မတန် အဆင့်အတန်း မြင့်မားနေတဲ့ မွန်မြတ်တဲ့ ဂုဏ်ရည် လေးခု ရှိနေတယ်။ အဲဒီ ဂုဏ်ရည် လေးခုက —
(၁) သီလဝတီ၊ သီလရှိခြင်း။
(၂) စိတ္တကထာ၊ ဆန်းကျယ်သော တရားစကားတွေကို ဟောကြားပြသတတ်ခြင်း။

(၃) ဗဟုဿုတ၊ ဘုရားရှင်၏ တရားတွေကို သင်သိ ကျင့်သိ။ အာဂမသုတ = သင်သိ။ အဓိဂမသုတ = ကျင့်သိ။ သင်သိ ကျင့်သိ ထိုနှစ်သိဖြင့် ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိနေတဲ့ ဗဟုဿုတရှိခြင်း။

(၄) ဗုဒ္ဓသာသနီ ဝိနိတာ၊ ဘုရားရှင်၏ သာသနာတော်တွင်း၌ မိမိရဲ့ စိတ်ကို ယဉ်ကျေးအောင် ဆိုဆုံးမပြီး ဖြစ်ခြင်း။

ဒီအင်္ဂါ လေးခု သူ့မှာ ရှိနေတယ်။ ဒီအင်္ဂါ လေးခုကို ကြည့်လိုက်ရင် နံပါတ် တစ် အင်္ဂါလေး ကြည့်စမ်း! သီလဝတီ။ ကိုယ်ကျင့်သီလတွေ သိပ် ဖြူစင်တယ်နော်။ ကိုယ်ကျင့်သီလ ဖြူစင်တာနဲ့ ကိုယ်ကျင့်သီလ မဖြူစင်ခြင်း ဘယ်ဒင်းက ကောင်းသလဲလို့ မေးရင်တော့ ကိုယ်ကျင့်သီလ ဖြူစင်တာ ကောင်းတယ်လို့တော့ အများက ဖြေမှာပဲနော်။ ဒါပေမယ့်လို့ ဘာဖြစ်သလဲ? ကောင်းတော့ ကောင်းတယ်ဘုရား ... တပည့်တော်တို့က မလိုက်နာနိုင်ဘူး။ ဒီနေ့ခေတ်က ဒီစကား ခပ်များများ ပြောကြတယ်။ ကောင်းတယ်ဆိုတာက သိတယ်။ မလိုက်နာနိုင်တဲ့ပုဂ္ဂိုလ်က ပိုပြီးတော့ များတယ်။ တပည့်တော်တို့က လိုက်နာပါတယ်လို့ ပြောချင် ပြောမယ်နော်။

ဘုန်းကြီးဘက်ကလည်း นည်းနည်း ပြန်ပြောစရာ ရှိပါတယ်။ ဘုန်းကြီးဝတ်တာ မကောင်းဘူးလားလို့မေးရင် ဘယ်လို ဖြေမလဲ? (ကောင်းတယ်) ဝတ်နိုင်သလား? (ဝတ်နိုင်တယ်) ကဲ ... သီလရှင်ဝတ်တာ မကောင်းဘူးလား? ကောင်းတယ်။ ဝတ်နိုင်လား? မဝတ်နိုင်ဘူး။ ဒါပဲ။ ကောင်းတော့ ကောင်းတယ်။ မလုပ်နိုင်ဘူး။ ဟုတ်တယ်မဟုတ်လား? အဲဒီပုံစံပဲ။ သုမေဓာအမျိုးသမီးလေးက ဒီပုံစံ မဟုတ်ဘူး။ ကောင်းတယ်ဆိုတာ သိတယ်။ ရိုသေစွာ လိုက်နာတယ်။ ဒီနေရာမှာ မြတ်စွာဘုရားက ဘယ်လိုဟောလဲ?

‘‘ယော စ ဝဿသတံ ဇီဝေ၊ ဒုဿီလော အသမာဟိတော၊ ဧကာဟံ ဇီဝိတံ သေယျော၊ သီလဝန္တဿ ဈာယိနော။’’

ယော စ၊ အကြင်ပုဂ္ဂိုလ်သည်ကား။ ဒုဿီလော၊ သီလမရှိပါဘဲလျက်။ အသမာဟိတော၊ တည်ကြည်သော စိတ်ထား မရှိပါဘဲလျက်။ ဝဿသတံ၊ နှစ်ပေါင်း တစ်ရာကြာအောင်။ ဇီဝေ၊ အကယ်၍ အသက်ရှင်နေငြားအံ့။ တဿ၊ ထိုပုဂ္ဂိုလ်၏။ တတော၊ ထိုကဲ့သို့ နှစ်ပေါင်း တစ်ရာကာလကြာအောင် အသက်ရှင်ခြင်းထက်။ သီလဝန္တဿ၊ သီလနှင့်ပြည့်စုံသော။ ဈာယိနော၊ ဈာန်ကို ဝင်စားလျက်ရှိသော ပုဂ္ဂိုလ်၏။ ဧကာဟံ၊ တစ်နေ့ တစ်ရက် တစ်နံနက်မျှ။ ဇီဝိတံ၊ အသက်ရှင်ရခြင်းသည်။ သေယျော၊ သာလွန်၍ မြင့်မြတ်လှပါပေ၏၊

ပုဂ္ဂိုလ်တစ်ယောက် သီလမရှိဘူး။ ကိုယ်ကျင့်သီလတွေ ပျက်စီးနေပြီ။ အသမာဟိတ ဥပစာရသမာဓိ, အပ္ပနာသမာဓိလို့ ခေါ်ဆိုအပ်တဲ့ နှစ်မျိုးသော သမာဓိတစ်ခုမှလည်း မရှိဘူး။ ကိုယ်ကျင့်သီလလည်း မရှိဘူး, သမာဓိလည်း မရှိဘူး။ ထိုပုဂ္ဂိုလ်ရဲ့ နှစ်ပေါင်း တစ်ရာ ကာလကြာအောင် အသက်ရှင်ရခြင်းသည် မမြတ်ဘူး။ ဒါပေမယ့် ပုဂ္ဂိုလ်တစ်ဦး ကြည့်လိုက်မယ်ဆိုရင် ကိုယ်ကျင့်သီလတွေကလည်း ပြည့်စုံတယ်, ဥပစာရသမာဓိ, အပ္ပနာသမာဓိလို့ ခေါ်ဆိုအပ်တဲ့ စိတ်တည်ကြည်မှု သမာဓိတွေနဲ့လည်း ပြည့်စုံတယ်။ အဲဒီလို ပုဂ္ဂိုလ်ရဲ့ တစ်နေ့ တစ်ရက် တစ်နံနက်မျှ အသက်ရှင်ရခြင်းသည် သာလွန် မြင့်မြတ်တယ်။ ဘာကြောင့်လဲ?

သီလမရှိတဲ့ ပုဂ္ဂိုလ်တွေသည် သေခါနီးကာလကျရင် ဘာဖြစ်လဲ? သမ္မူဠှမရဏ ခေါ်ပါတယ်။ တွေတွေဝေဝေနဲ့ သေခဲ့ရတယ်။ သေခါနီးကာလကျလို့ရှိရင် မိမိပြုခဲ့တဲ့ မကောင်းမှုဒုစရိုက်တွေက နေဝင်ခါနီး အချိန်အခါကာလမှာ တောင်ရဲ့ အရှေ့ဘက်အခြမ်းမှာ တောင်ရဲ့အရိပ်သည် တွဲလျားခိုနေသလို သေခါနီး အချိန်အခါကာလမှာ မိမိပြုခဲ့တဲ့ မကောင်းမှုအကုသိုလ်ကံတွေရဲ့ စွမ်းအင်ကြောင့် ထိုအကုသိုလ်ကံတွေကို အသစ်တစ်ဖန် ပြုနေသည်။ အလားတူပဲ လာပြီး ပေါ်နေတတ်တယ်။

ထိုအကုသိုလ်ကံ ကျူးလွန်စဉ်အချိန်ခါက အသုံးပြုခဲ့တဲ့ လက်နက်တွေ, လေးမြားတွေ ဒီလို အဆောက်အဦတွေလည်း လာပြီး ပေါ်ချင်ပေါ်တယ်။ သေကျေပျက်စီးနေတဲ့ သတ္တဝါတွေ အာရုံထဲမှာ လာထင်ချင်လည်း ထင်နေတတ်တယ်။ သို့မဟုတ် မိမိ လားရောက်ရမယ့် ငရဲ, တိရစ္ဆာန်, ပြိတ္တာဆိုတဲ့ ဒီဘုံဘဝတွေဟာလည်း လာပြီး တွဲလျားခိုပြီး ထင်နေတတ်ပါတယ်။ အဲဒီ အချိန်ခါကျတော့မှ ငါသည် မကောင်းမှု ပြုခဲ့တာတော့ မှားပြီ, ဒီလို ရက်စက်ကြမ်းကြုတ်မှုတွေ ပြုလုပ်မိတာတွေတော့ မှားပြီဆိုပြီး နောင်တရ မျက်ရည်ကျနေမယ် ဆိုလို့ရှိရင် အချိန်နှောင်းမသွားဘူးလား? အချိန်နှောင်းသွားတယ်။ ဒါကြောင့် ခုလို အချိန်အခါမှာ မိမိတို့ ကိုယ်ကျင့်သီလလေးတွေကို ဖြူစင်အောင် ဖြည့်ကျင့်မယ်ဆိုရင် ဖြည့်ကျင့်လို့ရနိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။ သူတော်ကောင်းတို့ရဲ့ သဘောက ဘယ်လိုရှိလဲ?

‘‘စဇေ ဓနံ အင်္ဂဝရဿ ဟေတု၊ အင်္ဂံ စဇေ ဇီဝိတံ ရက္ခမာနော။ အင်္ဂံ ဓနံ ဇီဝိတဉ္စာပိ သဗ္ဗံ၊ စဇေ နရော ဓမ္မမနုဿရန္တော’’

ဓနံ၊ စည်းစိမ်ဥစ္စာကို။ အင်္ဂဝရဿ၊ မြတ်သော ကိုယ်အင်္ဂါကြီးငယ်၏။ ဟေတု၊ အကြောင်းကြောင့်။ စဇေ၊ စွန့်လွှတ်လေရာ၏။

မိမိ အမြတ်ဆုံးထားနေတဲ့ ကိုယ်အင်္ဂါကြီးငယ်တစ်ခုနဲ့ စည်းစိမ်ဥစ္စာ၊ ဒီနှစ်ခု စွန့်လွှတ်ဖို့ရန်အကြောင်း ပေါ်လာပြီဆိုလို့ရှိရင် သူတော်ကောင်းတို့ရဲ့သဘောက စည်းစိမ်ဥစ္စာကိုသာ စွန့်လွှတ်တယ်၊ ကိုယ်အင်္ဂါကြီးငယ်ကို ဘယ်လိုမှ မစွန့်လွှတ်ဘူး။

‘‘အင်္ဂံ စဇေ ဇီဝိတံ ရက္ခမာနော’’

ဇီဝိတံ၊ အသက်ကို။ ရက္ခမာနော၊ ထိန်းသိမ်းစောင့်ရှောက်၍နေသော ပုဂ္ဂိုလ်သည်။ အင်္ဂံ၊ ကိုယ်အင်္ဂါကြီးငယ်ကို။ စဇေ၊ စွန့်လွှတ်လေရာ၏။

ကိုယ်အင်္ဂါကြီးငယ်နဲ့ အသက်၊ ဒီနှစ်ခု တစ်ခုခုတော့ စွန့်ဖို့အကြောင်းတော့ ပေါ်လာပြီ။ အဲဒီလို ပေါ်လာတဲ့အချိန်အခါမှာ သူတော်ကောင်းတို့ရဲ့ ဓမ္မတာက ဘယ်လိုရှိလဲ? ကိုယ်အင်္ဂါကြီးငယ်ကိုသာ စွန့်လွှတ်မယ်၊ အသက်ကို မစွန့်လွှတ်ဘူး။ နောက်တစ်ခု —

‘‘အင်္ဂံ ဓနံ ဇီဝိတဉ္စာပိ သဗ္ဗံ၊ စဇေ နရော ဓမ္မမနုဿရန္တော’’

ဓမ္မံ၊ သူတော်ကောင်းတရားကို။ မနုဿရန္တော၊ ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့တတ်သော။ နရော၊ သတ္တဝါသည်။ အင်္ဂံ၊ ကိုယ်အင်္ဂါကြီးငယ်ကိုလည်းကောင်း။ ဓနဉ္စ၊ စည်းစိမ်ဥစ္စာကိုလည်းကောင်း။ ဇီဝိတဉ္စ၊ အသက်ကိုလည်းကောင်း။ ဣဒံ သဗ္ဗမ္ပိ၊ ဤအလုံးစုံကိုသော်လည်းပဲ။ စဇေ၊ စွန့်လွှတ်လေရာ၏။

သူတော်ကောင်းတရား တစ်ဘက်က ရှိတယ်၊ ကိုယ်ကျင့်သီလရှိတယ်၊ သမာဓိရှိတယ်၊ ပညာရှိတယ်။ သီလ၊ သမာဓိ၊ ပညာလို့ ခေါ်ဆိုအပ်တဲ့ သူတော်ကောင်းတရားတွေက တစ်ဘက် ရှိနေပြီ၊ တစ်ဘက်က မိမိ ကိုယ်အင်္ဂါရယ်၊ စည်းစိမ်ဥစ္စာရယ်၊ အသက်ရယ် ရှိနေတယ်။ သူတော်ကောင်းတရားနဲ့ သူတော်ကောင်းတရားကို စွန့်လွှတ်ဖို့ဆိုတဲ့ အကြောင်းတစ်ခု၊ မိမိရဲ့ ကိုယ်အင်္ဂါကြီးငယ်၊ စည်းစိမ်ဥစ္စာ၊ အသက်ကို စွန့်လွှတ်ဖို့ဆိုတဲ့ အကြောင်းတစ်ခု။ ဒီနှစ်ခု ပေါ်လာပြီဆိုလို့ရှိရင် သူတော်ကောင်းတို့ရဲ့ ဓမ္မတာက မိမိကိုယ်အင်္ဂါရယ်၊ စည်းစိမ်ဥစ္စာရယ်၊ အသက်ရယ်၊ ဒီသုံးခုကိုသာ စွန့်တယ်။ သူတော်ကောင်းတရားကို ဘယ်တော့မှ မစွန့်ဘူး၊ ဒါက သူတော်ကောင်းတို့ရဲ့ ဓမ္မတာပဲ။

အဲဒီလို စိတ်ဓာတ်တွေ ခိုင်ခိုင်မြဲမြဲဖြင့် သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်တွေကို တကယ်လက်တွေ့ ကျင့်နေတဲ့ သူတော်ကောင်းတွေမှ အထက်တန်းကျတဲ့ဘဝ ရောက်ပါတယ်။ အထက်တန်းကျနေတဲ့ နိဗ္ဗာန်ကို ရောက်တယ်။ အကြောင်းတိုက်ဆိုင်လို့ရှိရင်လည်း ခုနက ဩစတြေးလျဘုန်းကြီး ပြောတဲ့အတိုင်း မုသားလေး နည်းနည်းပြောပြီး စျေးရောင်းလိုက်။ ဟုတ်တယ်မဟုတ်လား? ဟိုဟာလေး နည်းနည်း အပိုအလိုလေး ပြောပြီး စျေးရောင်းလိုက် စသည်ဖြင့် ဒီပုံစံနဲ့ ရရသလို ယူနေတယ်ဆိုလို့ရှိရင် သီလကို ပစ္စည်းနဲ့ လဲယူနေတာနဲ့ မတူဘူးလား? တူတယ်။

မိမိ ကိုယ်ကျင့်သီလကို မိမိတို့က အရှုံးပေးထားတယ်၊ စည်းစိမ်ဥစ္စာကိုသာ အမြတ်တနိုး ရအောင် ကြိုးစားနေကြတယ်။ သူတော်ကောင်းတို့ရဲ့ ဓမ္မတာကတော့ ဒီပုံစံမျိုး မဟုတ်ဘူးနော်။ သူတော်ကောင်းတရားလို့ခေါ်ဆိုအပ်တဲ့ သီလတွေ၊ သမာဓိတွေ၊ ပညာတွေ မပျက်စီးအောင်သာ ထိန်းသိမ်းစောင့်ရှောက်တယ်။ မိမိကိုယ်အင်္ဂါကို စွန့်ရင် စွန့်ရပါစေ၊ စည်းစိမ်ဥစ္စာတွေကိုလည်း စွန့်ရင် စွန့်ရပါစေ၊ အသက်ကိုသော်လည်း စွန့်ရင် စွန့်ရပါစေ ဒီသူတော်ကောင်းတရားကိုတော့ ဘယ်တော့မှ မစွန့်ဘူးဆိုတဲ့ ဒီစိတ်ထား ရှိတယ်။

ခု ဒီသုမေဓာမင်းသမီးလေး ကြည့်လိုက်ရင် အဲဒီစိတ်ထား အပြည့်အဝ ရှိနေတယ်နော်။ သီလဝတီ၊ ကိုယ်ကျင့်သီလကလည်း သိပ်ပြည့်စုံတယ်။ နောက်တစ်ခု — စိတ္တကထာ၊ ဆန်းကျယ်တဲ့ တရားစကားတွေကို သူက ဟောကြားပြသတတ်တဲ့ ပုဂ္ဂိုလ်လည်း ဖြစ်တယ်။ ဘယ်လောက်အထိ ဆန်းပြားတဲ့ တရားစကားတွေကို ဟောတတ်တယ်ဆိုတာကတော့ သူ့ရဲ့ အကြောင်းကို ဆက်လက်နာကြည့်ရင် သိရှိပါလိမ့်မယ်။

နောက်တစ်ခု — ဗဟုဿုတ၊ အာဂမသုတ၊ အဓိဂမသုတလို့ ခေါ်ဆိုအပ်တဲ့ အကြားအမြင် ဗဟုဿုတ နှစ်မျိုးရှိတယ်။ အာဂမသုတ ဆိုတာကတော့ ဘုရားရှင် ဟောကြားပြသထားတဲ့ တရားဒေသနာတော်တွေကို သင်သိအနေနဲ့ ပထမ သိအောင် ကြိုးစားရတယ်။ သင်သိအနေနဲ့ သိပြီးတဲ့အခါမှာ နောက်တစ်ဆင့်တက်ပြီးတော့ အဓိဂမသုတလို့ခေါ်ဆိုအပ်တဲ့ ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိသည့်အဆင့် ရောက်အောင် ကြိုးစားရတယ်။ အဲဒီတော့ ဒီလို ကြိုးစားတဲ့အပိုင်းတွေမှာ ဘုရားရှင်ရဲ့ တရားတွေက ဘယ်မှာ သွားပြီးတော့ ဦးတိုက်ကြသလဲလို့မေးရင်တော့ ဗောဓိပက္ခယတရား (၃၇)ပါးပါပဲ။

ဗောဓိပက္ခယတရား (၃၇)ပါးကို ထပ်ပြီး အဆီအနှစ် ထုတ်လိုက်မယ်ဆိုလို့ရှိရင်တော့ မဂ္ဂင် (၈)ပါး။ ဒီမဂ္ဂင် (၈)ပါးကို ထပ်ပြီး အဆီအနှစ် ထုတ်လိုက်ရင်တော့ သီလ၊ သမာဓိ၊ ပညာဆိုပြီး သိက္ခာ (၃)ရပ် အကျင့်မြတ် ထွက်လာတယ်။ ဒီသိက္ခာ (၃)ရပ် အကျင့်မြတ်တွေက ဘာကို ဦးတိုက်နေသလဲလို့ မေးရင်တော့ သစ္စာလေးပါးကို ဦးတိုက်နေပါတယ်။ ဒုက္ခသစ္စာကို ဟုတ်တိုင်းမှန်စွာ သိဖို့။ သမုဒယသစ္စာကို ဟုတ်တိုင်းမှန်စွာ သိဖို့။ နိရောဓသစ္စာကို ဟုတ်တိုင်းမှန်စွာ သိဖို့။ မဂ္ဂသစ္စာကို ဟုတ်တိုင်းမှန်စွာ သိဖို့ဆိုတဲ့ ဒီသစ္စာလေးပါးကို သိဖို့ အားလုံး တာစူထားကြတယ်။

အဲဒီလို တာစူထားတဲ့ အချိန်အခါမှာ ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးက ရှေးဦးစွာ ဘုရားရှင် ဟောကြားပြသထားတဲ့ ဒီသစ္စာလေးပါးထဲက ဒုက္ခသစ္စာနဲ့ သမုဒယသစ္စာကို ပထမ သိအောင် ကြိုးစားအားထုတ်ရပါတယ်။ အဲဒီလို ကြိုးစားအားထုတ်လိုက်တဲ့ အချိန်အခါ နောက်တစ်ဆင့်တက်ပြီးတော့ ဘာလုပ်ရလဲ? ဒုက္ခသစ္စာအမည်ရနေတဲ့ ခန္ဓာ (၅)ပါး၊ သမုဒယသစ္စာအမည်ရနေတဲ့ ကြောင်းကျိုးဆက်နွယ်နေတဲ့ ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တွေ။ အဲဒီသဘောတရားတွေရဲ့ ဖြစ်ပြီး ပျက်နေတဲ့ သဘောတရားတွေကို ဉာဏ်နဲ့ မြင်အောင် ကြည့်ပြီးတော့ အနိစ္စလို့ တွင်တွင်ရှုရတယ်။ ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အနှိပ်စက် ခံနေရတဲ့သဘောတွေကို ဉာဏ်ဖြင့် မြင်အောင် ကြည့်ပြီး ဒုက္ခလို့ တွင်တွင်ရှုရတယ်။ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေတဲ့ အတ္တမဟုတ်တဲ့ သဘောတရားတွေကို ဉာဏ်ဖြင့် မြင်အောင် ကြည့်ပြီး နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာဟု အနတ္တလို့ တွင်တွင်ရှုရတယ်။

အဲဒီလို ရှုလိုက်တဲ့ အချိန်အခါမှာ ဝိပဿနာဉာဏ်တွေက ရင့်ကျက်ခဲ့မယ်ဆိုရင် ထိုဝိပဿနာဉာဏ်တို့ရဲ့အဆုံး၌ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ပေါ်လာမယ်။ ထိုမဂ်ဉာဏ်၊ ဖိုလ်ဉာဏ်တို့က အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်လို့ ခေါ်ဆိုအပ်တဲ့ နိရောဓသစ္စာတရားကို အာရုံပြုကြလိမ့်မယ်။ ထိုအချိန်ခါမှာ ထိုယောဂါဝစရပုဂ္ဂိုလ်ရဲ့သန္တာန်မှာ နိရောဓသစ္စာတရား ပေါ်လာမယ်။ ထိုနိရောဓ အမည်ရနေတဲ့ အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ကို ထိုးထွင်းသိမြင်နေတဲ့ သမ္မာဒိဋ္ဌိဦးဆောင်နေတဲ့ မဂ္ဂင်တရားကိုယ်တွေက မဂ္ဂသစ္စာဖြစ်ကြပါတယ်။ ပေါင်းလိုက်မယ်ဆိုလို့ရှိရင် သစ္စာလေးပါး စုံညီသွားပြီ။

အဲဒီ သစ္စာလေးပါးကို ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိမြင်ရေးအတွက် ဘုရားရှင်သည် ပိဋကတ် (၃)ပုံမှာ တရားဒေသနာတွေကို ဟောကြားခဲ့ပါတယ်။ ဟောကြားတဲ့ တရားတွေမှာ နံပါတ် (၁) ယောဂါဝစရပုဂ္ဂိုလ်တွေက ဒီဒုက္ခသစ္စာခေါ်တဲ့ ဥပါဒါနက္ခန္ဓာငါးပါးကို ပထမ သိအောင် ကြိုးစားရတယ်။ ဒုတိယ သမုဒယသစ္စာလို့ ခေါ်ဆိုအပ်တဲ့ ကြောင်းကျိုးဆက်နွယ်နေတဲ့ သဘောတရားတွေကို ဟုတ်တိုင်းမှန်စွာ သိအောင် ကြိုးစားရပါတယ်။ အဲဒီလို ကြိုးစားပြီးတဲ့ အချိန်အခါမှာ ဒီအမျိုးကောင်းသမီးတွေရဲ့သန္တာန်မှာ နောက်ထပ် ထူးခြားတဲ့ အင်္ဂါရပ်တစ်ခုကတော့ ဘာလဲ?

ဘုရားရှင်ရဲ့ သာသနာတော်မှာ ယဉ်ကျေးအောင် ဆိုဆုံးမထားပြီးတဲ့ သူတော်ကောင်းတစ်ဦး ဖြစ်နေပြန်တယ်။ သူ့ရဲ့ စိတ်ဓာတ်ကလေးတွေကို ယဉ်ကျေးသွားအောင် သူက ဆိုဆုံးမထားပြီး ဖြစ်တယ်။ ဘယ်လိုကြောင့် သူက ဒီလို ဆိုဆုံးမ နိုင်သလဲလို့မေးရင်လဲ? ဘုရားရှင်ရဲ့ တပည့်သားသာဝက၊ အရိယာသာဝက ဖြစ်တော်မူကြတဲ့ မထေရ်မြတ်ကြီးတွေက သူ့ကို တရားဓမ္မ ဟောကြားပြသ ဆိုဆုံးမပြီး ပေးတော်မူကြပါတယ်။ အဲဒီလို ပေးတော်မူတဲ့အတွက် သာသနာတော်မှာ သူက အလွန် သက်ဝင်ယုံကြည်တဲ့ ကြည်ညိုတဲ့ သဒ္ဓါတရားရှိတဲ့ အမျိုးကောင်းသမီးတစ်ဦး ဖြစ်လာတယ်။

ဒီလို ကြည်ညိုတဲ့ သဒ္ဓါတရား ဖြစ်ရခြင်းကလည်း အတိတ်က ကောဏာဂမနမြတ်စွာဘုရားရှင်၏ သာသနာတော်။ ကဿပမြတ်စွာဘုရားရှင်၏ သာသနာတော်တွင် ကြဲချစိုက်ပျိုးခဲ့တဲ့ ဝိဇ္ဇာမျိုးစေ့ကောင်း၊ စရဏမျိုးစေ့ကောင်းတွေက အားကြီးသော မှီရာ ဥပနိဿယသတ္တိနဲ့ ကျေးဇူးပြုပေးနေသည့်အတွက် ဒီလို အလွန် ကြည်ညိုသက်ဝင်တဲ့ စိတ်ထားတွေ ခဏလေးနဲ့ ပေါ်လာခြင်း ဖြစ်ပါတယ်။ ဘုရားရှင်၏တရားတွေ သို့မဟုတ် သစ္စာလေးပါးနဲ့ စပ်သည့်တရားတွေ၊ သံသရာဝဋ်ဆင်းရဲဒုက္ခမှ ကျွတ်လွတ်ကြောင်းဖြစ်တဲ့ တရားတွေ ကြားနာလိုက်ရရင်ပဲ စိတ်ထဲမှာ အင်မတန် ကြည်နူးပြီးတော့ အင်မတန် သဒ္ဓါတရားတွေ အားကောင်းလာတယ်။ အဲဒီလို သဒ္ဓါတရား အားကောင်းလိုက်တဲ့ အချိန်အခါမှာ သူ့ရဲ့ စိတ်ဓာတ်ကလေးကို သူက ယဉ်ကျေးသွားအောင် ဆိုဆုံးမတယ်။ ဘယ်လို ဆုံးမထားသလဲလို့ မေးရင် —

ဧဝံ ပုတ္တိ၊ သံသရာဆိုတာက ဒီပုံ ဒီပန်း ဒီနည်းလမ်းအားဖြင့် ဖြစ်ပေါ်လာတယ်။ ဧဝံ နိဝတ္တိ၊ သံသရာဆိုတာက ဒီနည်းအားဖြင့် ချုပ်ပျက်သွားတယ်။ ဒါကို သူက သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်သိအောင် သူက ကြိုးစားတယ်။ ဣတိ သီလံ၊ သီလဆိုတာက ဒါကို ခေါ်တယ်။ သိပြီးတဲ့အခါမှာ ဒီသီလကျင့်စဉ်တွေကို တကယ်လက်တွေ့ လိုက်နာပြုကျင့်တယ်။ ဣတိ သမာဓိ၊ သမာဓိဆိုတာက ဒါကို ခေါ်တယ်။ ဒီသမာဓိကို ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ထူထောင်ရမယ်၊ ဟုတ်တိုင်းမှန်စွာ သိတယ်။ သိလိုက်တဲ့အချိန်ခါမှာ သမာဓိတွေကို ရရှိအောင် တကယ်လက်တွေ့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တယ်။ ဣတိ ပညာ၊ ပညာဆိုတာက ဒါကို ပြောတယ်။ ဒုက္ခသစ္စာကို သိနေတဲ့ဉာဏ်သည် ပညာ၊ သမုဒယသစ္စာကို သိနေတဲ့ဉာဏ်သည် ပညာ၊ နိရောဓသစ္စာကို သိနေတဲ့ဉာဏ်သည် ပညာ၊ မဂ္ဂသစ္စာကို သိနေတဲ့ဉာဏ်သည် ပညာ၊ ပညာဆိုတာက ဒါကို ပြောတယ်။

ဒီပညာကို မိမိရဲ့ ရုပ်နာမ်သန္တာန်အစဉ်မှာ ကိန်းဝပ်လာအောင် တကယ်လက်တွေ့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါတယ်။ အဲဒီလို ပွားများအားထုတ်လိုက်တဲ့အချိန်အခါမှာ သူက ယောနိသောမနသိကာရကို ရှေ့သွားပြုတယ်။ ယောနိသောမနသိကာရဆိုတာက ဒီရုပ်၊ ဒီနာမ်၊ ဒီအကြောင်းတရား၊ ဒီအကျိုးတရားတွေသည် ဖြစ်ပြီး ပျက်နေတဲ့ အနိစ္စတရားသာ မှန်တယ်၊ ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အနှိပ်စက်ခံနေရတဲ့ ဒုက္ခတရားတွေသာ မှန်တယ်၊ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေသည့် အတ္တမဟုတ်တဲ့ အနတ္တတရားတွေသာ မှန်တယ်။

အဲဒီလို အနိစ္စ၊ ဒုက္ခ၊ အနတ္တဖြစ်နေတဲ့ ဒီတရားတွေကို အနိစ္စပဲ၊ ဒုက္ခပဲ၊ အနတ္တပဲလို့ ဒီလို တွင်တွင်ကြီး နှလုံးသွင်းနိုင်ရင် ဒီလို နှလုံးသွင်းမှုမျိုးကို ယောနိသောမနသိကာရလို့ ခေါ်ပါတယ်။ အဲဒီ ယောနိသောမနသိကာရခေါ်တဲ့ ဝိပဿနာဉာဏ်တွေ ရရှိအောင် စနစ်တကျ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပြီးတော့ မိမိရဲ့စိတ်ကို ယဉ်ကျေးအောင် ဆိုဆုံးမထားတယ်။ ဘယ်လိုကြောင့် ယဉ်ကျေးသွားလဲ? ဒီရုပ်တွေ၊ ဒီနာမ်တွေ၊ ဒီအကြောင်း၊ ဒီအကျိုးတွေကို အနိစ္စလို့ တွင်တွင်ရှုနိုင်ရင် “ငါ ငါ” လို့ ထောင်လွှားနေတဲ့ မာနတရားတွေ တဒင်္ဂအားဖြင့် လွင့်စင်သွားပါတယ်။

ဒီဒုက္ခသစ္စာ၊ သမုဒယသစ္စာ အမည်ရနေတဲ့ ဒီရုပ်နာမ်ကြောင်းကျိုး သင်္ခါရတရားတွေကို ဒုက္ခလို့ တွင်တွင်ရှုနိုင်ရင် “ငါ့ဟာ ငါ့ဟာ” လို့ စွဲလမ်းနေတဲ့ တဏှာစွဲတွေ တဒင်္ဂအားဖြင့် လွင့်စင်သွားတယ်။ ဒီဒုက္ခသစ္စာ၊ သမုဒယသစ္စာ အမည်ရနေတဲ့ သင်္ခါရတရားတွေကို အနတ္တလို့ တွင်တွင် ရှုနိုင်ရင် အတ္တလို့ စွဲလမ်းယုံကြည်နေတဲ့ အတ္တဒိဋ္ဌိ ဒီအချိန်မှာ တဒင်္ဂအားဖြင့် လွင့်စင်သွားပါတယ်။ တဏှာ၊ မာန၊ ဒိဋ္ဌိခေါ်ဆိုအပ်တဲ့ ခေါင်းဆောင်ကြီး သုံးဦးက တဒင်္ဂအားဖြင့် လွင့်စင်သွားပါတယ်။

တဏှာ၊ မာန၊ ဒိဋ္ဌိခေါ်ဆိုအပ်တဲ့ ခေါင်းဆောင်ကြီး သုံးဦးက တဒင်္ဂအားဖြင့် လွင့်စင်သွားရင် နောက်ပါ ကိလေသာတွေလည်း အကုန်လုံး တဒင်္ဂအားဖြင့် လွင့်စင်သွားကြတယ်။ ကိလေသာတွေကို တလပ်စပ်အားဖြင့်၊ တဒင်္ဂအားဖြင့် လွင့်စင်သွားအောင် အမြဲမပြတ် ကြိုးစားနေတဲ့ ဒီသူတော်ကောင်းရဲ့ စိတ်သည် ဘုရားရှင်ရဲ့ သာသနာတော်မှာ ယဉ်ကျေးအောင် ဆိုဆုံးမထားတဲ့ စိတ်လို့ ခေါ်ပါတယ်။ ဒီနေ့ တရားနာပရိသတ်တွေ သုမေဓာထေရီလိုပေါ့နော်။ မိမိတို့ရဲ့ စိတ်ကလေးကို မိမိတို့ ယဉ်ကျေးအောင် မဆုံးမချင်ဘူးလား? (ဆုံးမချင်ပါတယ်) တကယ် ဆုံးမမှာလား? ဆုံးမရင် ဘုန်းကြီးက နည်းစနစ် ဟောရမယ်။

နည်းစနစ် ဟောတဲ့အပိုင်းလေးက ကြိုဟောရတာ အကြောင်းရှိပါတယ်။ သူက သူဟောမဲ့တရားက တကယ်လက်တွေ့ ကျင့်စဉ်ကို ဟောနေတဲ့တရားဖြစ်တော့ ဘုန်းကြီးဘက်ကလည်း တရားနာပရိသတ်တွေ လိုက်နိုင်အောင် ကျင့်စဉ်လေးကိုတော့ ကြားညှပ်ပြီး ဟောဖို့ လိုအပ်လာတယ်။ ဒီတော့ သုမေဓာထေရီက အထူးသဖြင့် ပဋိကူလမနသိကာရလို့ ခေါ်ဆိုအပ်တဲ့ (၃၂)ကောဋ္ဌာသတွေကို ရွံရှာစက်ဆုပ်အဖွယ်အနေနဲ့ သမာဓိ ပထမ စတင် ထူထောင်တဲ့ အမျိုးကောင်းသမီး ဖြစ်ပါတယ်။

သို့သော် ဒီနေ့ တရားနာပရိသတ်တွေအနေနဲ့ (၃၂)ကောဋ္ဌာသကို ရရှိအောင် ရှုဖို့ဆိုတဲ့အပိုင်းလေးမှာ လွယ်ကူတဲ့ ပရိသတ်လည်း ရှိချင်ရှိမယ်၊ ခက်ခဲတဲ့ ပရိသတ်လည်း ရှိချင်ရှိမယ်။ များသောအားဖြင့် ဘုန်းကြီး သင်ပေးတဲ့ အပိုင်းမှာတော့ — (၃၂)ကောဋ္ဌာသကို ချဉ်းကပ်တဲ့ အပိုင်းလေးမှာ ကဏ္ဍ နှစ်ခု ရှိတဲ့အနက်က ဒုတိယကဏ္ဍအနေနဲ့ပဲ ဘုန်းကြီး သင်ပေးပါတယ်။ ပထမကဏ္ဍကတော့ (၃၂)ကောဋ္ဌာသကို တိုက်ရိုက်ရှုခြင်းပဲ။ (၃၂)ကောဋ္ဌာသကို တိုက်ရိုက်ရှုတဲ့ စနစ်ကတော့ ကေသာ၊ လောမာ၊ နခါ၊ ဒန္တာ၊ တစော = ဆံပင်၊ မွေးညှင်း၊ ခြေသည်းလက်သည်း၊ သွား၊ အရေ စသည်ဖြင့် ဒီလို နှုတ်နဲ့ ရွတ်ဖတ်ရပါတယ်။ အဲဒီလို နှုတ်နဲ့ ရွတ်ဖတ်တဲ့ နည်းစနစ်ကတော့ အနည်းဆုံး (၃-၄)လလောက် ကြာပါတယ်။ ယောဂီအများစုကတော့ အဲဒီလောက် အချိန်မပေးနိုင်တာလည်း အကြောင်းတစ်ခု။ အချိန်ပေးနိုင်တဲ့ ယောဂီတချို့ကို သင်ပေးသော်လည်း အောင်မြင်မှုတော့ နည်းနည်းလေး နည်းပါတယ်။

ဒါကြောင့် ဘုန်းကြီးက နောက်စနစ်တစ်ခု ဒုတိယနည်းလို့ ဘုန်းကြီး သတ်မှတ်ပေးထားတဲ့ စနစ်တစ်ခုတော့ သင်ပေးတယ်။ အဲဒါက ဘာလဲဆိုတော့ တခြား ကမ္မဋ္ဌာန်းတစ်ခုခုဖြင့် သမာဓိထူထောင်လို့ အောင်မြင်မှု ရရှိတဲ့ အချိန်အခါမှာ ဒီ (၃၂)ကောဋ္ဌာသကို ရှုပွားသုံးသပ်ခြင်းဆိုတဲ့ ကျင့်စဉ်တစ်ခု ဖြစ်ပါတယ်။ အဲဒီ ကျင့်စဉ်ကို ဒီည ဘုန်းကြီးဟောဖို့ ရည်ရွယ်ထားပါတယ်။ အဲဒီ ကျင့်စဉ်ပိုင်းမှာလည်း ကမ္မဋ္ဌာန်း (၄၀)ထဲက မိမိတို့ နှစ်ခြိုက်ရာ ကမ္မဋ္ဌာန်း တစ်ခုခုကနေ စပြီး သမာဓိ ထူထောင်နိုင်ပါတယ်။ သို့သော်လည်း အများအားဖြင့်တော့ ယောဂီအများစုမှာ အာနာပါနဖြစ်စေ သို့မဟုတ် ဓာတ်ကမ္မဋ္ဌာန်းဖြစ်စေ စပြီး သမာဓိ ထူထောင်ရင်တော့ လွယ်ကူတဲ့သဘောတော့ ရှိပါတယ်။

ဒါကြောင့် ဒီနေ့ အာနာပါနကနေစပြီး သမာဓိထူထောင်တဲ့ စနစ်ကလေး နည်းနည်း ပြောချင်ပါတယ်။ ဘာဖြစ်လို့ ဒီလို ပြောရသလဲလို့ မေးရင်လည်း အိမ်မှာ သွားရင်း၊ လာရင်း၊ နေရင်း၊ ထိုင်ရင်း။ ကုလားထိုင်ပေါ်မှာပဲဖြစ်စေ၊ အိပ်ယာထဲ လှဲလို့ပဲဖြစ်စေ တရားတစ်ခုခု နှလုံးသွင်းမယ်ဆိုလို့ရှိရင်တော့ အာနာပါနက နည်းနည်းလေး လွယ်ကူတဲ့သဘောတော့ ရှိတယ်။ လွယ်ကူတယ်ဆိုတာက နှလုံးသွင်းလို့ လွယ်ကူတဲ့သဘော ပြောတာပါ။ သမာဓိဖြစ်ဖို့ လွယ်ကူတယ်လို့တော့ ဘုန်းကြီး မဆိုလိုပါဘူး။ ပါရမီအားလျော်စွာ သမာဓိ အဖြစ်မြန်တဲ့ သူတော်ကောင်းတွေလည်း ရှိချင်ရှိမယ်၊ ခက်ခဲတဲ့ သူတော်ကောင်းတွေလည်း ရှိချင်ရှိမယ်လိမ့်မယ်။

သို့သော် ဘုန်းကြီး နည်းနည်းတော့ ကြိုတင်ပြီးတော့ ယောဂီတွေကို သတိလေးတစ်ခုတော့ ပေးချင်ပါတယ်။ ဒီနေ့ မျက်မှောက်ခေတ်မှာ များသောအားဖြင့်တော့ သမထတွေသည် သာသနာတွင်းတရား မဟုတ်ဘူး၊ သာသနာပတရားပဲလို့ ဒီလိုတော့ ပြောကြပါတယ်။ ဒီတော့ ဘုန်းကြီးဘက်ကလည်း ဒကာကြီးတွေ၊ ဒကာမကြီးတွေ နှိုင်းချိန်နိုင်အောင် စဉ်းစားခန်းလေးတစ်ခုတော့ နည်းနည်းပြောချင်တယ်။

နိဗ္ဗာန်သွားဖို့ရန်အတွက် မြတ်စွာဘုရားသည် မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားတွေကို ဟောခဲ့ပါတယ်။ မဂ္ဂင် (၈)ပါး အကျင့်မြတ်တရားတွေသည် နိဗ္ဗာန်သွားရာလမ်းကြောင်း ဖြစ်တယ်ဆိုတာ ဒီနေ့ တရားနာပရိသတ်တွေ လက်ခံနိုင်သလားလို့မေးရင် ဘယ်လိုဖြေကြမလဲ? (လက်ခံနိုင်ပါတယ်) မဂ္ဂင် (၈)ပါးကို သာသနာတွင်းတရားလို့ လက်ခံနိုင်ပါသလားလို့ မေးရင်ကော ဘယ်လိုဖြေမလဲ? (လက်ခံနိုင်ပါတယ်) မဂ္ဂင် (၈)ပါးသည် သာသနာတွင်းတရားလား၊ သာသနာပတရားလား? သာသနာတွင်းတရားနော်။ မဂ္ဂင် (၈)ပါးကို သာသနာတွင်းတရားအဖြစ် လက်ခံနိုင်ရင် မဂ္ဂင် (၈)ပါးထဲမှာ အစိတ်အပိုင်း တစ်ခုအဖြစ်နဲ့ ပါဝင်နေတဲ့ သမ္မာသမာဓိဆိုတာ ရှိပါတယ်။ သမ္မာသမာဓိကိုလည်း သာသနာတွင်းတရားလို့ လက်ခံနိုင်ပါသလားလို့ ထပ်ပြီး မေးရင်ကော ဘယ်လိုဖြေကြမလဲ? လက်ခံနိုင်တယ်။ ဘာကို သမ္မာသမာဓိခေါ်သလဲ? အဲဒါ ကျကျနနသိဖို့ လိုအပ်ပါတယ်။ မဟာသတိပဋ္ဌာနသုတ္တန်ဆိုတာက သတိပဋ္ဌာန်ကျင့်စဉ်ပိုင်းကို မြတ်စွာဘုရား ဟောကြားတော်မူတဲ့ သုတ္တန်တစ်ခု ဖြစ်တယ်။ ထိုသုတ္တန်မှာ ဘုရားရှင် ကိုယ်တော်တိုင်က —

‘‘ကတမော စ ဘိက္ခဝေ သမ္မာသမာဓိ။’’

ချစ်သားရဟန်းတို့ ....ဘာကို သမ္မာသမာဓိလို့ ခေါ်ဆိုသလဲ? ဒီလို မေးခွန်း မေးပြီး ဘုရားရှင် ကိုယ်တော်တိုင်က ပြန်ဖြေထားတယ်။

‘‘ဣဓ, ဘိက္ခဝေ, ဘိက္ခု ဝိဝိစ္စေဝ ကာမေဟိ ဝိဝိစ္စ အကုသလေဟိ ဓမ္မေဟိ သဝိတက္ကံ သဝိစာရံ ဝိဝေကဇံ ပီတိသုခံ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။’’

စသည်ဖြင့် ပထမဈာန်သမာဓိ၊ ဒုတိယဈာန်သမာဓိ၊ တတိယဈာန်သမာဓိ၊ စတုတ္ထဈာန်သမာဓိတွေကို သမ္မာသမာဓိလို့ ခေါ်ဆိုတယ်ဆိုပြီး အတ္ထိအကျ ရှင်းထားပါတယ်။ ဒါကတော့ ဘုန်းကြီးတို့ စာပေနယ်အရ ပြောရင်တော့ မဇ္ဈေဒီပကနည်းလို့ ခေါ်ပါတယ်။ အထွတ်အထိပ်သို့ ရောက်နေတဲ့ ဥပစာရသမာဓိ အမည်ရနေတဲ့ ကာမာဝစရသမာဓိက တစ်မျိုး၊ ရူပါဝစရသမာဓိကတစ်မျိုး၊ အရူပါဝစရသမာဓိကတစ်မျိုးဆိုပြီး သမာဓိ သုံးမျိုး ရှိတဲ့အနက်က အလယ်ခေါင်ဖြစ်တဲ့ ရူပါဝစရသမာဓိကို ကိုင်ပြီး မြှောက်ပြလိုက်ရင် အစအဆုံးဖြစ်တဲ့ ကာမာဝစရသမာဓိနဲ့ အရူပါဝစရသမာဓိတွေကိုပါ သိမ်းကျုံးပြီးယူရတဲ့နည်းလို့ ခေါ်ပါတယ်။ ဒါကြောင့် ဦးပဉ္စင်းတို့ ဝိသုဒ္ဓိမဂ်အဋ္ဌကထာဆရာတော်ကတော့ —

‘‘စိတ္တဝိသုဒ္ဓိ နာမ သဥပါစာရာ အဋ္ဌသမာပတ္တိယော။’’

ဥပစာရသမာဓိနှင့်တကွ သမာပတ် (၈)ပါးကို စိတ္တဝိသုဒ္ဓိခေါ်တယ်ဆိုပြီး ဒီလို ရှင်းထားတယ်။ စိတ္တဝိသုဒ္ဓိဆိုသည်နှင့် သမ္မာသမာဓိဆိုသည်မှာ တရားကိုယ်အားဖြင့် အတူတူပဲ၊ စကားလုံးပဲ ကွဲတယ်။ ဒါကြောင့် ဦးပဉ္စင်းတို့ ဝိသုဒ္ဓိ(၇)ပါးကျင့်စဉ်အရ ပထမ ယောဂါဝစရပုဂ္ဂိုလ်က သီလဝိသုဒ္ဓိခေါ်တဲ့ သီလစင်ကြယ်အောင် ဖြည့်ကျင့်ရတယ်။ ဒုတိယ စိတ္တဝိသုဒ္ဓိခေါ်တဲ့ ဥပစာရသမာဓိ၊ အပ္ပနာဈာန်သမာဓိခေါ်တဲ့ သမာဓိ တစ်မျိုးမျိုး သို့မဟုတ် နှစ်မျိုးလုံးကိုသော်လည်း ရရှိအောင် ကြိုးစားရတယ်။ အဲဒီ စိတ္တဝိသုဒ္ဓိခေါ်လို့ စိတ်ဓာတ်တွေ ဖြူစင်သန့်ရှင်းလာတဲ့ အချိန်အခါမှ ဒိဋ္ဌိဝိသုဒ္ဓိခေါ်တဲ့ ရုပ်တွေ နာမ်တွေကို ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိမြင်နေတဲ့ ဖြူစင်သန့်ရှင်းတဲ့ ဉာဏ်အမြင်ကို ရရှိအောင် ကြိုးစားရပါတယ်။ ဒီလို ကြိုးစားရမယ်ဆိုတာကိုလည်း ဘုရားရှင်ကိုယ်တော်တိုင်က ခန္ဓဝဂ္ဂသံယုတ်ပါဠိတော်မှာ။ သစ္စသံယုတ်ပါဠိတော်မှာ ထိုထိုသုတ္တန်တွေမှာ ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ ဟောထားပါတယ်။

‘‘သမာဓိံ ဘိက္ခဝေ ဘာဝေထ၊ သမာဟိတော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ။’’

ချစ်သားရဟန်းတို့ ... သမာဓိထူထောင်ကြ၊ သမာဓိရှိရင် ဟုတ်တိုင်းမှန်စွာ သိမယ်၊ မြင်မယ်။ ဘာတွေကို ဟုတ်တိုင်းမှန်စွာ သိမလဲ၊ မြင်မလဲလို့ မေးရင်တော့ —

‘‘ကိဉ္စ ယထာဘူတံ ပဇာနာတိ၊ “ဣဒံ ဒုက္ခ”န္တိ ယထာဘူတံ ပဇာနာတိ။ “အယံ ဒုက္ခသမုဒယော”တိ ယထာဘူတံ ပဇာနာတိ။ “အယံ ဒုက္ခနိရောဓော”တိ ယထာဘူတံ ပဇာနာတိ။ “အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ”တိ ယထာဘူတံ ပဇာနာတိ။ သမာဓိံ ဘိက္ခဝေ ဘာဝေထ၊ သမာဟိတော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ။’’

ကိဉ္စ၊ အဘယ်သို့လျှင်။ ယထာဘူတံ၊ ဟုတ်တိုင်းမှန်စွာ။ ပဇာနာတိ၊ သိသနည်း။ ဣဒံ ဒုက္ခန္တိ၊ ဤကား ဒုက္ခသစ္စာတည်းဟူ၍။ ယထာဘူတံ၊ ဟုတ်တိုင်းမှန်စွာ။ ပဇာနာတိ၊ သိ၏။ အယံ ဒုက္ခသမုဒယောတိ၊ ဤကား ဒုက္ခသမုဒယသစ္စာတည်းဟူ၍။ ယထာဘူတံ၊ ဟုတ်တိုင်းမှန်စွာ။ ပဇာနာတိ၊ သိ၏။ အယံ ဒုက္ခနိရောဓောတိ၊ ဤကား ဒုက္ခနိရောဓသစ္စာတည်းဟူ၍။ ယထာဘူတံ၊ ဟုတ်တိုင်းမှန်စွာ။ ပဇာနာတိ၊ သိ၏။ အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါတိ၊ ဤကား ဒုက္ခနိရောဓဂါမိနီပဋိပဒါသစ္စာတည်းဟူ၍။ ယထာဘူတံ၊ ဟုတ်တိုင်းမှန်စွာ။ ပဇာနာတိ၊ သိ၏။ ဘိက္ခဝေ၊ ရဟန်းတို့။ သမာဓိံ၊ သမာဓိကို။ ဘာဝေထ၊ ပွားကြကုန်လော့။ ဘိက္ခဝေ၊ ရဟန်းတို့။ သမာဟိတော၊ တည်ကြည်သော သမာဓိရှိသော။ ဘိက္ခု၊ ရဟန်းသည်။ ယထာဘူတံ၊ ဟုတ်တိုင်းမှန်စွာ။ ပဇာနာတိ၊ သိ၏။

ဤကား ဒုက္ခသစ္စာ, ဤကား သမုဒယသစ္စာ, ဤကား နိရောဓသစ္စာ, ဤကား မဂ္ဂသစ္စာ။ ဒီလို ဟုတ်တိုင်းမှန်စွာ သိမယ်။ ဒီလို ဘုရားရှင် ကိုယ်တော်တိုင်က ဟောထားတယ်။ ဒါကြောင့် ဘုရားဟောနေတဲ့ သစ္စာလေးပါးကို ဟုတ်တိုင်းမှန်စွာ သိချင်နေတဲ့ သူတော်ကောင်းမှန်ခဲ့ရင် သမာဓိ ထူထောင်ရမလား, မထူထောင်ရဘူးလားမေးရင် ဘယ်လို ဖြေကြမလဲ? သမာဓိ ထူထောင်ရမယ်။ ဘာဖြစ်လို့လဲ? သစ္စာလေးပါးထဲမှာ ဝိပဿနာဉာဏ်၏ အရှုခံ အာရုံဖြစ်တဲ့ သစ္စာက ဒုက္ခသစ္စာနဲ့ သမုဒယသစ္စာ ဖြစ်ပါတယ်။

ထိုဒုက္ခသစ္စာနဲ့ သမုဒယသစ္စာကို ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိပြီးတဲ့ သူတော်ကောင်းက ထိုဒုက္ခသစ္စာနဲ့ သမုဒယသစ္စာ အမည်ရနေတဲ့ သင်္ခါရတရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး သုံးတန်တင်ပြီးတော့ ဝိပဿနာရှုမှ နိရောဓသစ္စာခေါ်တဲ့ နိဗ္ဗာန်ဆိုက်မှာ။ အဲဒီလို ရှုနေတဲ့ ဝိပဿနာဉာဏ်က မဂ္ဂသစ္စာဖြစ်ပါတယ်။ အဲဒီ မဂ္ဂသစ္စာကို ကြိမ်ဖန်များစွာ ပွားလိုက်တဲ့ အချိန်ခါကျတော့မှ နိရောဓခေါ်တဲ့ နိဗ္ဗာန်ကို ဆိုက်ရောက်သွားတော့ နိဗ္ဗာန်ကို ထိုးထွင်းသိနေတဲ့ အရိယာမဂ်နဲ့ ယှဉ်တွဲနေတဲ့ မဂ္ဂင်တရားကိုယ် ရှစ်ပါးသည် လောကုတ္တရာမဂ္ဂသစ္စာ ဖြစ်ပါတယ်။ အဲဒီလို ရရှိတဲ့ ဝိပဿနာဉာဏ်တွေက လောကီမဂ္ဂသစ္စာ ဖြစ်ပါတယ်။ လောကုတ္တရာမဂ္ဂသစ္စာကို ရရှိရေးအတွက် လောကီမဂ္ဂသစ္စာကို ယောဂါဝစရပုဂ္ဂိုလ်က မိမိရဲ့ ရုပ်နာမ်သန္တာန်အစဉ်မှာ ကိန်းဝပ်လာအောင် ပထမ ကြိုးစားအားထုတ်ရပါတယ်။

ဒါကြောင့် ဦးပဉ္စင်းတို့ သမာဓိတစ်ခုခု ထူထောင်ဖို့ လိုတယ်။ ဘာဖြစ်လို့လဲ? ဘုရားဟောတဲ့ ရုပ်။ ခေတ်ကာလပြောတဲ့ ရုပ်နဲ့တော့ မတူဘူး။ ရုပ်တို့မည်သည်မှာ ကလာပ်ခေါ်တဲ့ အမှုန်လေးတွေ အနေနဲ့ ဖြစ်တယ်။ ထိုအမှုန်လေးတွေသည် ဒီနေ့ အက်တမ်လို့ ခေါ်ဆိုအပ်တဲ့ အနုမြူထက် အဆပေါင်းများစွာ သေးလိမ့်မယ်လို့ ယူဆရပါတယ်။ အဲဒီ အမှုန်လေး တစ်မှုန် တစ်မှုန်အတွင်းမှာ ပထဝီ, အာပေါ, တေဇော, ဝါယော, အဆင်း, အနံ့, အရသာ, ဩဇာ စသည်ဖြင့် ရုပ်သဘောတရားလေးတွေ တချို့ ရှစ်ခု, တချို့ ကိုးခု, တချို့ တစ်ဆခု စသည်ရှိတယ်။ အဲဒီ ပရမတ်ရုပ်တွေကို ဟုတ်တိုင်းမှန်စွာ သိမှ ရုပ်ပရမတ် စသိတဲ့အဆင့်ပါ။ အဲဒီ ရုပ်တွေကို ဟုတ်တိုင်းမှန်စွာ သိရေးက သမာဓိရှိမှ သိနိုင်တယ်။ သမာဓိမရှိရင် ဘယ်လိုမှ မသိနိုင်ဘူး။ ဒါကြောင့် သမာဓိတစ်ခုတော့ ကြိုတင် ထူထောင်ရပါတယ်။

အဲဒီလို ထူထောင်တဲ့ အပိုင်းလေးမှာ အာနာပါနနဲ့ သမာဓိ ထူထောင်တယ် ဆိုကြပါစို့။ ဒကာကြီးတွေ, ဒကာမကြီးတွေ တရားနာရင်းနဲ့ နည်းနည်း ရှုကြည့်ပါနော်။ ဝင်လေ ထွက်လေ = အသက်ရှူနေတာပဲ။ မိမိရဲ့ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်း တစ်နေရာမှာ စိတ်စိုက်ကြည့်လိုက်။ ဘယ်နေရာမှာ ထိမှုက ထင်ရှားလည်း နှာသီးဖျားမှာလည်း ဘယ်, ညာ နှစ်ဖက် ရှိတဲ့အနက်က ထင်ရှားတဲ့ တစ်ဖက်ကို ကပ်လိုက်ပါ။ အဲဒီ ထင်ရှားတဲ့တစ်ဖက်မှာ လေလေးကို ပုံမှန် ရှူနေကြည့်။ ရှူလိုက်တဲ့ အချိန်အခါမှာ ဒီလေလေးက ထိထိသွားတယ်။ ထိမှုသက်သက်ကို မကြည့်နဲ့။ ထိနေသည့် လေကို ကြည့်ရတယ်။ လေဆိုတဲ့ ပညတ်ကို ကြည့်တယ်။ ဒီနေရာမှာ ပရမတ် မကြည့်ဘူး။ ပရမတ် ကြည့်မယ်ဆိုလို့ရှိရင်တော့ ဓာတ်ကမ္မဋ္ဌာန်း ဖြစ်သွားလိမ့်မယ်။ ပညတ်ကိုပဲ ကြည့်ရပါတယ်။

အဲဒီ လေဆိုတဲ့ ပညတ်ကလေးမှာ စိတ်ကလေး ကပ်ထားလိုက်။ ကပ်ထားပြီးတဲ့ အချိန်အခါကျတော့မှ ယောဂီပုဂ္ဂိုလ်က ဘာလုပ်ရသလဲ? အဲဒီ လေဆိုတဲ့ ပညတ်ကလေးက အထဲလည်းဝင်တော့ အထဲလည်း လိုက်မကြည့်ရဘူး။ အပြင်ထွက်တော့ အပြင်လည်း လိုက်မကြည့်ရဘူး။ အဲဒီ လေပညတ်ကလေးမှာ စိတ်ကလေး ငြိမ်နေအောင် ကပ်လို့ မမြဲရင် ဘာလုပ်ရသလဲ? ရေတွက်တဲ့နည်းကို အသုံးပြုရန် အဋ္ဌကထာများက ညွှန်ကြားထားပါတယ်။

ဝင်လေ ထွက်လေ နှစ်ခုပေါင်းကို “တစ်”
ဝင်လေ ထွက်လေ နှစ်ခုပေါင်းကို “နှစ်”
ဝင်လေ ထွက်လေ နှစ်ခုပေါင်းကို “သုံး”
ဝင်လေ ထွက်လေ နှစ်ခုပေါင်းကို “လေး”
ဝင်လေ ထွက်လေ နှစ်ခုပေါင်းကို “ငါး”
ဝင်လေ ထွက်လေ နှစ်ခုပေါင်းကို “ခြောက်”
ဝင်လေ ထွက်လေ နှစ်ခုပေါင်းကို “ခုနစ်”
ဝင်လေ ထွက်လေ နှစ်ခုပေါင်းကို “ရှစ်”

တော်ပြီ။ တစ်ဆယ်ထိလည်း ရေတွက်နိုင်ပါတယ်။ ငါးထိလည်း ရေတွက်နိုင်ပါတယ်။ အဲဒီတော့ တစ်ကနေ ရှစ်အထိ ငါ့စိတ်သည် ဘယ်မှ မထွက်စေရဘူးလို့ စိတ်ကလေး ခပ်တင်းတင်း ထားပြီးတော့ ရေတွက်ကြည့်ပါ။ အဲဒီလို စိတ်ဓာတ်ကလေး ပြင်းပြင်းထန်ထန် ထားပြီးတော့ ရေတွက်မယ်ဆိုရင်တော့ ဒီရေတွက်ခြင်း ဂဏနာနည်းရဲ့ စွမ်းအင်ကြောင့် စိတ်တွေ ငြိမ်ဝပ်လာတတ်ပါတယ်။ အဲဒီလို စိတ်က ငြိမ်ဝပ်တဲ့ အချိန်ခါမှာ ငြိမ်ဝပ်နေတဲ့ ဒီသမာဓိလေး မပျောက်ပျက်အောင် သွားလည်း ရှုရတယ်, ရပ်လည်း ရှုရတယ်, ထိုင်လည်း ရှုရတယ်, အိပ်လည်း ရှုရတယ်။ သွားလည်း ဒီဝင်လေ ထွက်လေပဲ ရှု, ရပ်လည်း ရှု, ထိုင်လည်း ရှု, အိပ်လည်း ရှု။ အဲဒီ နည်းစနစ်အားဖြင့် ရှုလိုက်တဲ့ အချိန်အခါမှာ အနည်းဆုံးပေါ့လေ တစ်နာရီလောက်ဖြစ်စေ, နှစ်နာရီလောက်ဖြစ်စေ ဘာဝနာစိတ်က ဝင်လေထွက်လေ အာရုံ၌ ငြိမ်ဝပ်စွာ ကပ်ပြီး တည်လာပြီဆိုရင်တော့ သိပ်ကောင်းတယ်။ အဲဒီလို ငြိမ်ဝပ်စွာ ကပ်ပြီး မတည်သေးရင်လည်း တည်အောင်တော့ ကြိုးစားပါ။ တည်လာပြီဆိုလို့ရှိရင်တော့ ထိုပုဂ္ဂိုလ် ဘာလုပ်ရလဲ?

ဒီဃံ ဝါ အဿသန္တော ‘‘ဒီဃံ အဿသာမီ’’တိ ပဇာနာတိ။ ဒီဃံ ဝါ ပဿသန္တော ‘‘ဒီဃံ ပဿသာမီ’’တိ ပဇာနာတိ။

အသက်ရှူတာ ရှည်ရင် ရှည်တယ်လို့ သိပါ။ အသက်ရှူတာ တိုရင် တိုတယ်လို့ သိပါ။ ရှည်တယ်, တိုတယ်ဆိုတာက ဘာပြောတာလဲလို့မေးတော့ အသက်ရှူ နှေးတာနဲ့ အသက်ရှူ မြန်တာ ပြောတာ။ အသက်ရှူ နှေးရင်လည်း နှေးတဲ့အတိုင်း သိနေ၊ အသက်ရှူ မြန်ရင်လည်း မြန်တဲ့အတိုင်း သိနေပါ။ အချိန်ကြာကြာဖြစ်ရင် ရှည်တယ်။ အချိန်တိုတိုလေးဖြစ်ရင် တိုတယ်လို့ ခေါ်ပါတယ်။ အသက်ရှူ နှေးအောင်လည်း သက်သက် မကြိုးစားနဲ့၊ အသက်ရှူ မြန်အောင်လည်း သက်သက် မကြိုးစားပါနဲ့။ ပုံမှန်သာ ရှူပါ။ အဲဒီလို ပုံမှန်ရှူတဲ့အချိန်ခါမှာ တစ်ခါအသက်ရှူတာနဲ့ တစ်ခါအသက်ရှူတာ ညီတူညာတူတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ တစ်ခါတစ်လေ နှေးချင်လည်း နှေးမယ်၊ တစ်ခါတစ်လေ မြန်ချင်လည်း မြန်မယ်။

နှေးရင်လည်း နှေးတဲ့အတိုင်း သိပါ။ ဒီလောက်ပဲ။ မြန်လည်း မြန်တဲ့အတိုင်း သိပါ။ ဒီလောက်ပဲ။ ဘယ်လောက် နှေးသလဲ, ဘယ်လောက် မြန်သလဲ, ဘယ်လောက် ရှည်သလဲ, ဘယ်လောက် တိုသလဲ? လိုက်ပြီး မဆန်းစစ်ပါနဲ့။ ဆန်းစစ်နေရင် သမာဓိ ပျက်သွားလိမ့်မယ်။ ဒီတော့ ဒီဝင်လေထွက်လေ အာရုံမှာ စိတ်ကလေးက ငြိမ်လာပြီဆိုလို့ရှိရင် အဲဒီ အရှည်အတို ကူးလိုက်။ အရှည်အတိုမှာ စိတ်က ငြိမ်ပြီဆိုရင်တော့ ဒီအပိုင်းမှာလည်း နိမိတ်ပေါ်တတ်ပါတယ်။ ပေါ်သည်ဖြစ်စေ, မပေါ်သည်ဖြစ်စေ နောက်တစ်ဆင့် မြတ်စွာဘုရား ဟောထားတာ ကူးရမယ်။

သဗ္ဗကာယပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခတိ။ သဗ္ဗကာယပဋိသံဝေဒီ ပဿသိဿာမီတိ သိက္ခတိ။

ဝင်သက်လေ ထွက်သက်လေရဲ့ အစ အလယ် အဆုံး အကုန်လုံး ထင်ထင်ရှားရှား သိအောင် ကြိုးစားအားထုတ်ပါတဲ့။ ရှည်ရင်လည်း အစ အဆုံး တောက်လျှောက်သိရမယ်။ တိုရင်လည်း အစ အဆုံး တောက်လျှောက်သိရမယ်။ မသိတာ တစ်ချက်မှ မရှိစေနဲ့။ အဲဒီ အစ အဆုံးကို ထင်ထင်ရှားရှား သိတဲ့အဆင့် တစ်နာရီလောက်သာ တောက်လျှောက် သိပြီဆိုရင် နိမိတ် ပေါ်တတ်ပါတယ်။ ပေါ်သော်ရှိ, မပေါ်သော်ရှိ နောက်တစ်ဆင့် မြတ်စွာဘုရား ကူးဖို့ ဟောထားတယ်။ နောက် နံပါတ် လေးအဆင့်က ဘာလဲ?

ပဿမ္ဘယံ ကာယသင်္ခါရံ အဿသိဿာမီတိ သိက္ခတိ။ ပဿမ္ဘယံ ကာယသင်္ခါရံ ပဿသိဿာမီတိ သိက္ခတိ။

ဝင်သက်လေ ထွက်သက်လေကို ငြိမ်သက်သွားအောင်, သိမ်မွေ့သွားအောင် ကြိုးစားအားထုတ်ပါ။ နောက်ဆုံး ချုပ်သွားအောင် ကြိုးစားအားထုတ်ရမယ်။ ဒီအဆင့်မှာတော့ လေသိမ်မွေ့စေရမယ်ဆိုတဲ့ နှလုံးသားလေးနဲ့ အသက်ရှူရမယ်။ မိမိရဲ့ ဝင်သက်လေ ထွက်သက်လေလေးကို ထင်ရှားအောင်ဆိုပြီးတော့ ကြမ်းကြမ်းတမ်းတမ်း မရှူရဘူး။ ဝင်သက်လေ ထွက်သက်လေလေး သိမ်မွေ့အောင် ရှုပေးရမယ်။ အဲဒီလို ရှုတဲ့အပိုင်းမှာ သက်သက် တမင်တကာ ဖြည်းဖြည်းလေး ရှူမယ်ဆိုရင်တော့ မောပြီးတော့ သမာဓိ ပျက်သွားတတ်ပါတယ်။ အဲဒါကြောင့် ယောဂီပုဂ္ဂိုလ်က ဘာလုပ်ရမလဲ? ဒီနေရာမှာ အာဘောဂခေါ်တဲ့ နှလုံးသွင်းလေးရှိဖို့သာ လိုရင်းဖြစ်တယ်။

ငါရဲ့ ဝင်သက်လေ ထွက်သက်လေသည် ငြိမ်သက်စေရမယ်, သိမ်မွေ့စေရမယ်ဆိုတဲ့ ဒီစိတ်ထားဖြင့်သာ ပုံမှန် ရှူနေပါ။ ရှူနေရင် တဖြည်းဖြည်း သမာဓိစွမ်းအင် ထက်လာပြီဆိုရင် ဝင်သက်လေ ထွက်သက်လေက ငြိမ်သွားလိမ့်မယ်။ တဖြည်းဖြည်း သိမ်မွေ့လာလိမ့်မယ်။ အဲဒီလို သိမ်မွေ့လာတဲ့ အချိန်ခါမှာ သိမ်မွေ့နေတဲ့ လေပေါ်မှာ ဘာဝနာစိတ်ကို ငြိမ်သထက် ငြိမ်အောင် ကပ်ထားရတယ်။ အလွန် နူးညံ့သိမ်မွေ့နေတဲ့ အပ်ကလေးတစ်ချောင်းကို အလိုရှိခဲ့ရင် ထိုအပ်ရဲ့ နဖါးကို ထွင်းမဲ့စူးသည် ပိုပြီး သိမ်မွေ့နူးညံ့ဖို့ လိုအပ်တယ်။

အဲဒီပုံစံအတိုင်းပဲ အလွန် သိမ်မွေ့နူးညံ့နေတဲ့ ဝင်သက်လေ ထွက်သက်လေအာရုံမှာ ဘာဝနာစိတ်က ငြိမ်သထက် ငြိမ်စွာ ကပ်ထားဖို့ လိုတယ်။ အလွန် အားကောင်းနေတဲ့ သတိ, ဝင်သက်လေ ထွက်သက်လေကို ဟုတ်တိုင်းမှန်စွာ သိနေတဲ့ ပညာ။ ဒီသတိ, ပညာ နှစ်ပါးက အလွန် အားကောင်းနေဖို့ လိုပါတယ်။ ဒီတော့ ပေါင်းလိုက်မယ်ဆိုလို့ရှိရင် အဆင့် ဘယ်နှစ်ဆင့် ဖြစ်သွားလဲ? လေးဆင့်။
(၁) အရှည်။
(၂) အတို။
(၃) အစ အလယ် အဆုံး။
(၄) သိမ်မွေ့အောင်, ငြိမ်သက်အောင် ကျင့်ခြင်း။

အဲဒီ လေးဆင့်လုံးမှာ ယောဂီပုဂ္ဂိုလ်က ဘာလုပ်ရမလဲ?

ဖုဋ္ဌဖုဋ္ဌောကာသေယေဝ သတိံ ဌပေတွာ ဘဝန္တဿေဝ ဘာဝနာ သမ္ပဇ္ဇတိ။

ထိထိသွားတဲ့ နေရာလေးမှာ ဘာဝနာစိတ်ကလေး ငြိမ်ဝပ်စွာ ကပ်ပြီးရှုမှ ဒီသတိမြဲတယ်။ သတိမြဲပါမှ အာနာပါနဿတိ သမာဓိဘာဝနာက ပြည့်စုံနိုင်တယ်။ ထိတဲ့နေရာကို မလွှတ်ရဘူး။ ရှည်ချင်လည်း ရှည်ပါစေ, တိုချင်လည်း တိုပါစေ, နှေးချင်လည်း နှေးပါစေ, မြန်ချင်လည်း မြန်ပါစေ, သိမ်မွေ့ချင်လည်း သိမ်မွေ့ပါစေ။ အဲဒီ ဝင်သက်လေ ထွက်သက်လေ ထိတဲ့နေရာကနေ အထဲလည်း မလိုက်ရဘူး၊ အပြင်လည်း မလိုက်ရဘူး။ အထဲလိုက်ရင် အတွင်းဘက် ပျံ့သွားတဲ့စိတ်၊ အပြင်ဘက်လိုက်ရင် အပြင်ဘက် ပျံ့လွင့်သွားတဲ့စိတ်။ ဝိက္ခေပခေါ်ပါတယ်။ ဥဒ္ဓစ္စ။ အဲဒီလို စိတ်တွေက ပျံ့လွင့်သွားပြီဆိုလို့ရှိရင် သမာဓိ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဥဒ္ဓစ္စနဲ့ သမာဓိ ထိပ်တိုက် ဆန့်ကျင်ဘက် ဖြစ်ပါတယ်။

ဒါကြောင့် ထိတဲ့နေရာကနေ အပြင်ကို မလိုက်မိဖို့, အထဲကို မလိုက်မိဖို့ ကြိုးစားပါ။ အဲဒီလို အဆင့် လေးဆင့်မှာ စနစ်တကျ ကြိုးစားလိုက်လို့ သိမ်မွေ့နေတဲ့ လေကလေးမှာ ဘာဝနာစိတ်ကလေးက ငြိမ်ဝပ်စွာ ကပ်ပြီး တည်လာပြီဆိုရင်တော့ များသောအားဖြင့်တော့ တစ်ဆယ်ထိုင်လောက်သာ ကျကျနန တည်ပါစေ နိမိတ် ပေါ်တတ်ပါတယ်။

သို့သော် ဒီအပိုင်းလေးမှာ လေက တစ်ခါတစ်ရံ ပျောက်ပျောက် သွားတတ်တယ်။ နိမိတ်မပေါ်ခင် အပိုင်းလေးမှာ လေက ပျောက်ပျောက်သွားတော့ ပျောက်သွားလို့ရှိရင် ငြိမ်သက်နေတဲ့ ဒီလေလေး ထင်ရှားလာအောင်ဆိုပြီးတော့ တမင်တကာ ပြင်းပြင်းထန်ထန် ပြန်ပြီး အသက်မရှူဖို့တော့ ကြိုးစားပါ။ ပုံမှန်သာ ကြည့်နေပါ။ ကြည့်နေလိုက်လို့ရှိရင် ဝင်သက်လေ ထွက်သက်လေသည် ရှိတယ်လို့သာ အာရုံယူပြီး စိုက်ထားခဲ့မယ်ဆိုရင် ပြန်ပေါ်လာတတ်တယ်။ မပေါ်ဘူးဆိုလို့ရှိရင်တော့ အဲဒီ ထိတဲ့နေရာမှာ စိတ်က ကပ်ထား။ မူလ ရှုနေကျနေရာလေးမှာသာ စိတ်ကလေး ကပ်ထားလိုက်။ ကပ်ထားရင်တော့ တစ်စတစ်စ ဒီလေလေး တွေ့မယ်။ အဲဒီခါမှာ နိမိတ် စပေါ်တတ်ပါတယ်။ အဲဒီတော့ နိမိတ်ပေါ်စမှာကတော့ မီးခိုးရောင်လောက် ဖြစ်တတ်ပါတယ်။ ပေါ်စမှာ မီးခိုးရောင် ဖြစ်ခဲ့မယ်ဆိုလို့ရှိရင်တော့ ဒီနိမိတ်နောက် စိတ် မလိုက်ပါနဲ့ဦး။ ပေါ်စမှာ မခိုင်ခံ့တဲ့သဘော ရှိတယ်။ အဲဒီတော့ ပကတိ ဝင်သက်လေ ထွက်သက်လေ အာရုံမှာသာ ထိတဲ့နေရာက စောင့်သာ ကြည့်နေပါ။

တချို့ နိမိတ်က ဝေးနေတတ်တယ်။ တချို့ နိမိတ်က နဖူးမှာ ကပ်နေတတ်တယ်။ နဖူးမှာ ကပ်နေရင်လည်း နဖူးလိုက်မကြည့်နဲ့။ နိမိတ်က နှာသီးဝနဲ့ လက်လေးလုံး, တစ်ထွာ, တစ်မိုက် စသည် ကွာနေခဲ့မယ်ဆိုလို့ရှိရင်လည်း အဲဒီ နိမိတ်နောက်ကို စိတ်လိုက်မကြည့်ပါနဲ့။ ပကတိ ဝင်သက်လေ ထွက်သက်လေမှာသာ စိတ်ကလေး ကပ်ထားပါ။ ကပ်ထားလိုက်မယ်ဆိုလို့ရှိရင်တော့ တဖြည်းဖြည်း လေနဲ့ နိမိတ်သည် တသားထဲ ဖြစ်သွားလိမ့်မယ်။ အဲဒီလို တသားတည်း ဖြစ်သွားလို့ နိမိတ်ကလည်း ခိုင်ခံ့လာပြီဆိုလို့ရှိရင်တော့ ဒီနိမိတ်သည်ပင် လေ၊ လေသည်ပင် နိမိတ် ဖြစ်နေတဲ့အတွက် နိမိတ်ပေါ်မှာ ဘာဝနာစိတ်က ပြောင်းပြီး ကပ်သွားလိမ့်မယ်။ ကပ်သွားရင်လည်း ခွာမချလိုက်နဲ့။

မကပ်သေးရင်လည်း နိမိတ်က တစ်နာရီလောက်အထိ ခိုင်နေပြီ ဆိုလို့ရှိရင်တော့ ပြောင်းကပ်ကြည့်ပါ။ ထိုအချိန်အခါမှာ ဘာဝနာစိတ်က နိမိတ်ထဲမှာ နစ်ပြီးတော့ သွားလိမ့်မယ်။ နိမိတ်သည် ပေါ်စမှာ များသောအားဖြင့် မီးခိုးရောင် ဖြစ်သော်လည်း တဖြည်းဖြည်း သမာဓိကောင်းလာရင်တော့ အဖြူရောင်ဘက် ပြောင်းတတ်တယ်။ သို့သော် ပုဂ္ဂိုလ်တိုင်းတော့ မဖြူပါဘူး။ တချို့ အဝါရောင်၊ တချို့ အနီရောင် စသည်ဖြင့် ပြောင်းတတ်တယ်။ နိမိတ်မှာလည်း ပုံသဏ္ဌာန်အမျိုးမျိုး ရှိတတ်ပါတယ်။ တချို့ အဝိုင်း၊ တချို့ အရှည် စသည် ဖြစ်တတ်ပါတယ်။

ဘာကြောင့် ဒီကမ္မဋ္ဌာန်း တစ်ခုထဲက ဒီလို ပုံပြောင်းနေရသလဲလို့ မေးရင်တော့ ယောဂီတစ်ဦးနဲ့ တစ်ဦး မတူညီဘဲ ယောဂီပုဂ္ဂိုလ်တို့ရဲ့ စိတ်ထား ဘာဝနာသညာ ပြောင်းလဲသည့်အတွက်ကြောင့် နိမိတ်တွေ ပြောင်းလဲသွားတယ်လို့ ဒီလို အဋ္ဌကထာက ရှင်းထားတယ်။ ဘာဝနာသညာဆိုတာကတော့ ခုလို သမာဓိစွမ်းအင် တော်တော်လေး ထက်မြက်လာတဲ့ အချိန်အခါမှာ ယောဂီပုဂ္ဂိုလ်က မသိမသာ ဒီလို နိမိတ်ကလေး ဖြစ်ရင် ကောင်းမယ်ဆိုတဲ့ ကြံစည်စိတ်ကူးမှုလေး မသိမသာလေး ဖြစ်ဖြစ်နေတတ်တယ်။ အဲဒီ ကြံစည်စိတ်ကူးမှု ဝိတက်နှင့် ယှဉ်တွဲနေတဲ့ အမှတ်သညာကို ဘာဝနာသညာလို့ ခေါ်ပါတယ်။ အဲဒီ ဘာဝနာသညာ ပြောင်းလဲမှုအပေါ်မှာ အခြေတည်ပြီးတော့ နိမိတ်တွေ ပြောင်းသွားတတ်တယ်။

ဒါကြောင့် မိမိက စိတ်မကစားဖို့ကိုတော့ အထူး သတိပြုရပါတယ်။ ပကတိလေပေါ်မှာသာ စိတ်ကလေး ကပ်ထားပါ။ ကပ်ထားလိုက်ပြီဆိုလို့ရှိရင်တော့ အဲဒီ ထိတဲ့နေရာကလည်း မလွှတ်ဘဲနဲ့ ကပ်သာထားမယ်ဆိုလို့ရှိရင် လေနဲ့ နိမိတ် တစ်သားတည်း ဖြစ်သွားလိမ့်မယ်။ မီးခိုးရောင်ကနေပြီးတော့ ဝါဂွမ်းဆိုင်လို တဖြည်းဖြည်း ဖြူလာလိမ့်မယ်။ ဖြူလာတဲ့ နိမိတ်မှာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ဆက်ပြီး ကပ်နိုင်မယ်ဆိုလို့ရှိရင်တော့ သောက်ရှူးကြယ်, သောကြာကြယ်ကဲ့သို့ အလွန် ကြည်လင်တောက်ပနေတဲ့ နိမိတ်တစ်ခု ပေါ်လာလိမ့်မယ်။ အဲဒီ အလွန် ကြည်လင်တောက်ပနေတဲ့ နိမိတ်ကိုတော့ ပဋိဘာဂနိမိတ်လို့ ခေါ်ပါတယ်။

မီးခိုးရောင်နိမိတ်ကတော့ ပရိကမ္မနိမိတ်, ဝါဂွမ်းဆိုင်လို ဖြူနေတဲ့ နိမိတ်ကတော့ ဥဂ္ဂဟနိမိတ်, သောက်ရှူးကြယ်ကဲ့သို့ ကြည်နေတဲ့ နိမိတ်ကတော့ ပဋိဘာဂနိမိတ်လို့ ဒီလိုခေါ်ပါတယ်။ အဲဒီ ပဋိဘာဂနိမိတ်မှာဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီး တစ်နာရီ, နှစ်နာရီ စသည်ဖြင့် ထားနိုင်မယ်ဆိုလို့ရှိရင်တော့ ဒီပုဂ္ဂိုလ်သည် ပထမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန်ဆိုတဲ့ ဈာန်တွေကို ကူးလို့ရပါတယ်။ အကယ်၍ စတုတ္ထဈာန်အထိများ ကူးခဲ့ပြီးပြီဆိုရင်တော့ အဲဒီမှာ အာနာပါန ဝင်သက်လေ ထွက်သက်လေက လုံးလုံး ချုပ်နေတတ်ပါတယ်။ လုံးလုံး ငြိမ်းသွားတယ်နော်။

အဲဒီလို လုံးလုံး ငြိမ်းတဲ့အဆင့်အထိသာ ရောက်မယ်ဆိုလို့ရှိရင်တော့ နိမိတ်ဟာလည်း အလွန် ကြည်လင်တောက်ပပြီးတော့ ဘာဝနာစိတ်ကလည်း အလွန် ငြိမ်သက်လာလိမ့်မယ်။ အဲဒီ အလွန် ငြိမ်သက်နေတဲ့ ဒီဘာဝနာစိတ်ရဲ့ စွမ်းအင်ကြောင့် လင်းရောင်ခြည်တွေကလည်း အရပ် တစ်ဆယ်မျက်နှာ အကုန်လုံး ပြန့်ပြီး တောက်ပနေလိမ့်မယ်။ အဲဒီလို လင်းရောင်ခြည်တွေက တောက်ပနေပြီဆိုလို့ရှိရင်တော့ ထိုလင်းရောင်ခြည်ရဲ့ အကူအညီကို ယူပြီးတော့ လင်းရောင်ခြည်က ပြိုးပြိုးပျက် တလက်လက် တောက်ပနေတဲ့အချိန်ခါမှာ မိမိရဲ့ ဆံပင်, မွေးညှင်း, ခြေသည်းလက်သည်း, သွား, အရေ စသည်ဖြင့် သုံးဆယ့်နှစ်ကောဋ္ဌာသ အစုအဝေးတွေကို တစ်ခုပြီးတစ်ခု လျှောက်သာ ကြည့်ပေတော့။

အဲဒီ အချိန်အခါမှာ ယောဂီပုဂ္ဂိုလ်က ဒီ သုံးဆယ့်နှစ်ကောဋ္ဌာသ အစုအဝေးကို ကောင်းကောင်း မြင်ရတယ်။ အကယ်၍များ ဒီ သုံးဆယ့်နှစ်ကောဋ္ဌာသ အစုအဝေးတွေက မထင်မရှား ဖြစ်နေခဲ့မယ်ဆိုရင်လည်း ထိုယောဂီပုဂ္ဂိုလ်က ဘာလုပ်ရမလဲ? ဒီအာနာပါနလေးကို ပြန်ပြီး သမာဓိ ထူထောင်ပါ။ စတုတ္ထဈာန်သမာဓိဆိုက်အောင်သာ သမာဓိ ပြန်ထူထောင်လိုက်ပါ။ ထူထောင်လိုက်မယ် ဆိုလို့ရှိရင်တော့ ထိုသမာဓိစွမ်းအင်ကြောင့် လင်းရောင်ခြည်တွေက အလွန် ကြည်လင်တောက်ပလာတဲ့ အချိန်အခါမှာ တစ်ဖန် ပြန်ပြီးတော့ မိမိခန္ဓာအိမ်ထဲ စိုက်ကြည့်လိုက်ရင် မိမိ မထင်မရှားဖြစ်နေတဲ့ ကောဋ္ဌာသတွေ ပြန်ပြီးတော့ ထင်ရှားလာလိမ့်မယ်။

ဒီတော့ ဒီနေရာမှာ တချို့ပုဂ္ဂိုလ်တွေက မေးတယ်။ ဈာန်ရတယ်ဆိုရင် ကောင်းကင်သွားလို့ ရရမှာပေါ့လို့ ဒီလို ထင်ကြတယ်နော်။ ဒါကတော့ သူတို့က ဈာန်နဲ့ အဘိညာဉ်ကို မကွဲလို့ ပြောတဲ့စကားပါ။ ဈာန်ရနေတဲ့ သူတော်ကောင်း ဦးပဉ္စင်းတို့ သာမန်လူသားတစ်ဦး ဆိုကြပါစို့။ လူသား တစ်ထောင်လောက်မှာ ဈာန်ရတဲ့ပုဂ္ဂိုလ်ဆိုတာကတော့ တစ်ယောက်လောက်ပဲ ပေါ်တတ်ပါတယ်။ ဈာန်ရတဲ့ပုဂ္ဂိုလ် တစ်ထောင်လောက်မှာလည်း အဘိညာဉ်ရတဲ့ ပုဂ္ဂိုလ်ဆိုတာလည်း တစ်ယောက်လောက်ပဲ ရှိတတ်ပါတယ်။ အင်မတန် နည်းပါတယ်။ ဒီတော့ မြေလျှိုးမိုးပျံနေတယ်ဆိုတာက ဒီဈာန်ကို အခြေခံပြီးတော့ ကသိုဏ်းတစ်ဆယ်ပါး လေ့ကျင့်ရပါတယ်။ ကသိုဏ်းတစ်ဆယ်ပါး သမာပတ် ရှစ်ပါးကို တစ်ဆယ့်လေးမျိုးသော အခြင်းအရာအားဖြင့် လေ့ကျင့်လိုက်တဲ့ အချိန်အခါမှာ မိမိတို့ အတိတ်က ဆည်းပူးထားတဲ့ ပါရမီ အရှိန်အဝါကလည်း ရှိခဲ့မယ်ဆိုလို့ရှိရင်တော့ မြေလျှိုးမိုးပျံနိုင်တဲ့အဆင့် ရောက်နိုင်ပါတယ်။ သို့သော် အတိတ်က ဆည်းပူးထားတဲ့ ပါရမီအရှိန်အဝါတွေကလည်း မရှိခဲ့ဘူး သို့မဟုတ် အားပျော့နေသေးတယ်ဆိုလို့ရှိရင်တော့ ဒီအဘိညာဉ်ကူးဖို့ဆိုတာက အခက်အခဲတွေ များစွာ ရှိကောင်း ရှိနိုင်ပါတယ်။ ဒါကြောင့် ဈာန်နဲ့ အဘိညာဉ်ကတော့ သီးသန့်ဖြစ်ပါတယ်။

ဒီတော့ ယောဂီပုဂ္ဂိုလ်က ဒီ သုံးဆယ့်နှစ်ကောဋ္ဌာသတွေကို မြင်ပြီဆိုလို့ရှိရင်တော့ အဲဒီ သုံးဆယ့်နှစ်ကောဋ္ဌာသတွေမှာ သွားရာလမ်း သုံးသွယ် ရှိပါတယ်။ လမ်းတစ်ခုကတော့ အရိုးတို့လို ဖြူတဲ့ ကောဋ္ဌာသတစ်ခုကို အာရုံယူပြီး အဖြူရောင်ကသိုဏ်း ပြောင်းလိုက်မယ်ဆိုလို့ရှိရင်တော့ သမာပတ် ရှစ်ပါး အားလုံး ရပါတယ်။ ဆံပင်တို့လို ညိုတဲ့ ကောဋ္ဌာသကို အာရုံယူပြီးတော့ အညိုရောင်ကသိုဏ်း ပြောင်းနိုင်တယ်။ အဆီခဲတို့လို, ကျင်ငယ်တို့လို ဝါတဲ့ ကောဋ္ဌာသကို အာရုံယူပြီးတော့ အဝါရောင်ကသိုဏ်း ပြောင်းနိုင်တယ်။ သွေးတို့လို နီတဲ့ကောဋ္ဌာသကို အာရုံယူပြီးတော့ အနီရောင်ကသိုဏ်း ပြောင်းနိုင်ပါတယ်။ သမာပတ် ရှစ်ပါး အားလုံး ပေါက်ပါတယ်။

အဲဒီ အချိန်အခါမှာ ယောဂီပုဂ္ဂိုလ်က ဒီဈာန်သမာပတ်တွေကို အခြေခံပြီးတော့လည်း ဝိပဿနာ ပြန်ကူး ကူးလို့ရပါတယ်။ ဒါက လမ်းတစ်ခု။ နောက် လမ်းတစ်ခုကတော့ ဓာတ်လေးပါး နှလုံးသွင်းခြင်းပဲ။ ဆံပင်မှာ ဓာတ်လေးပါး ရှုတယ်။ မွေးညှင်း, ခြေသည်းလက်သည်းတွေ ဓာတ်လေးပါး လျှောက်ရှုတယ်။ ဓာတ်ကမ္မဋ္ဌာန်းလမ်းကတစ်ခု။ ဒါ သုညတကမ္မဋ္ဌာန်းလို့ ခေါ်ပါတယ်။ နောက်ကမ္မဋ္ဌာန်းတစ်ခုကတော့ ပဋိကူလ၊ ရွံရှာစက်ဆုပ်ဖွယ်အနေနဲ့ နှလုံးသွင်းခြင်း ဖြစ်ပါတယ်။ ဒီတော့ ဆံပင်, မွေးညှင်း, ခြေသည်းလက်သည်း, သွား, အရေ အစရှိတဲ့ ဒွတ္တိံသာကာရ (၃၂) ကောဋ္ဌာသတွေကို ခြုံငုံပြီးတော့လည်း ရွံရှာစက်ဆုပ်ဖွယ်အနေနဲ့ “ရွံစရာ ရွံစရာ” သို့မဟုတ် “ပဋိကူလ ပဋိကူလ” လို့ ဒီလို ရှုနိုင်ပါတယ်။ ရှုလိုက်ရင် ဒီရွံရှာစက်ဆုပ်ဖွယ် ကောဋ္ဌာသတွေအပေါ်မှာ ဘာဝနာစိတ်က တစ်နာရီ, နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်ပြီး တည်သွားတတ်တယ်။

အဲဒီလို ငြိမ်ဝပ်စွာ ကပ်ပြီး တည်ပြီဆိုလို့ရှိရင်တော့ ထိုပုဂ္ဂိုလ်က ထိုအချိန်ခါမှာ ပထမဈာန်သမာဓိကို အဇ္ဈတ္တမှာ ဆိုက်အောင် ရှုလို့ရပါတယ်။ ဗဟိဒ္ဓမှာတော့ ဥပစာရသမာဓိလောက် ရတယ်လို့ ဒီလို အဆိုရှိပါတယ်။ ဒီတော့ ဒီ (၃၂) ကောဋ္ဌာသတွေကနေပြီးတော့ ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလ အနေနဲ့ နှလုံးသွင်းခြင်းကြောင့် ပထမဈာန်သမာဓိကို အခြေခံပြီးတော့ ဒီသုမေဓာ အမျိုးကောင်းသမီးလေးက ဝိပဿနာကို သူက အမြဲတမ်း ကူးခဲ့တယ်။ ဒီတော့ ဒီနေ့ တရားနာပရိသတ်တွေလည်း ဝိပဿနာ ကူးချင်တယ်ဆိုလို့ရှိရင်တော့ ဘယ်လို လုပ်မလဲ?

ဝိပဿနာကူးတဲ့အပိုင်းမှာ ဘုန်းကြီးတို့ သမထပိုင်းမှာ ကမ္မဋ္ဌာန်း (၄၀) ရှိပါတယ်။ ဝိပဿနာပိုင်းသို့ ရောက်လာပြီဆိုလို့ရှိရင်တော့ ကမ္မဋ္ဌာန်း နှစ်ခုပဲ ရှိတယ်။ ရုပ်ကမ္မဋ္ဌာန်း, နာမ်ကမ္မဋ္ဌာန်းဆိုပြီး ကမ္မဋ္ဌာန်း နှစ်မျိုးပဲ ရှိပါတယ်။ ဒီလို ပထမဈာန်သမာဓိပဲဖြစ်စေ သို့မဟုတ် အာနာပါနတို့လို စတုတ္ထဈာန်သမာဓိတိုင်အောင် ပွားများအားထားပြီးတဲ့ သူတော်ကောင်းပဲဖြစ်စေပေါ့။ တရားထိုင်တိုင်း ထိုင်တိုင်း ပထမ ရုပ်တွေ, နာမ်တွေ မရှုခင်မှာ ဒီသမာဓိကို ပြန်ထူထောင်ရပါတယ်။ သမာဓိ ထူထောင်ပြီးတဲ့အခါမှာ ခုပဋိကူလပေါ့။ ရွံရှာစက်ဆုပ်ဖွယ်အနေနဲ့ (၃၂) ကောဋ္ဌာသကို ရှုမယ်ဆိုရင်လည်း ရွံရှာစက်ဆုပ်ဖွယ်အနေနဲ့ ပြန်ပြီးတော့ (၃၂) ကောဋ္ဌာသကို သမာဓိ ထူထောင်ရတယ်။ (၃၂) ကောဋ္ဌာသကို အာရုံယူပြီး သမာဓိ ထူထောင်တဲ့အပိုင်းလေးမှာ ကဏ္ဍ နှစ်ခုတော့ ကွဲသွားတယ်။

ကောဋ္ဌာသ တစ်ခုစီ တစ်ခုစီကို အာရုံယူပြီး ရွံရှာစက်ဆုပ်ဖွယ်အနေနဲ့ ရှုလည်း ကောဋ္ဌာသတိုင်းမှာ ပထမဈာန်သမာဓိကို ပေါက်အောင် ရှုလို့ရပါတယ်။ (၃၂) ကောဋ္ဌာသကို ဉာဏ်ငုံလို့ ရနိုင်သမျှ ခြုံငုံပြီးတော့လည်း ရွံရှာစက်ဆုပ်ဖွယ်သဘောကို အာရုံယူပြီးတော့ ရှုမယ်ဆိုရင်လည်း ပထမဈာန်သမာဓိ ပေါက်ပါတယ်။ ဒါကတော့ မိမိတို့ ကြိုက်သလို ရွေးချယ်ခွင့် ရှိတယ်နော်။ ဒီတော့ သမာဓိကို ထူထောင်ပြီးတဲ့ အချိန်အခါမှာ ယောဂီက ရုပ်ကမ္မဋ္ဌာန်း, နာမ်ကမ္မဋ္ဌာန်း နှစ်မျိုးရှိတဲ့အနက်က မိမိက ဈာန်သမာဓိကို အခြေခံထားတဲ့အတွက်ကြောင့် နာမ်ကမ္မဋ္ဌာန်းက စလည်း ရတယ်။ ရုပ်ကမ္မဋ္ဌာန်းက စလည်း ရပါတယ်။ ကြိုက်တာ ရွေးချယ်နိုင်တယ်။ နာမ်ကမ္မဋ္ဌာန်းကနေ စလည်း နာမ်သက်သက် ရှုရုံနဲ့ မဂ်ဉာဏ်, ဖိုလ်ဉာဏ် မရနိုင်သည့်အတွက် ရုပ်ကမ္မဋ္ဌာန်း ပြောင်းရှုရမှာပဲ။ ရုပ်ကမ္မဋ္ဌာန်းက စရှုလည်း ရုပ်တရားသက်သက် ဝိပဿနာ ရှုနေရုံနဲ့ မဂ်ဉာဏ်, ဖိုလ်ဉာဏ် မဆိုက်နိုင်သည့်အတွက် နာမ်တရားကိုလည်း ပြောင်းရှုရမှာပဲ။ ဒီတော့ ဘုန်းကြီး ရုပ်ကို ရှုတဲ့အပိုင်းလေးကို အကျဉ်းချုပ်ပြီး နည်းနည်း ဟောမယ်။ ဒီတော့ ရုပ်ကို ရှုမယ်ဆိုလို့ရှိရင် မြတ်စွာဘုရားက ဘယ်လို ဟောသလဲ?

ဒုတိယပိုင်း

‘‘တတ္ထ ဘဂဝါ ရူပကမ္မဋ္ဌာနံ ကထေန္တော သင်္ခေပမနသိကာရဝသေန ဝါ ဝိတ္ထာရမနသိကာရဝသေန ဝါ စတုဓာတုဝဝတ္ထာနံ ကထေသိ။’’ (မ၊ဋ္ဌ၊၁၊၂၈၀။)

တတ္ထ၊ ထိုရုပ်ကမ္မဋ္ဌာန်း, နာမ်ကမ္မဋ္ဌာန်း နှစ်မျိုးတို့တွင်။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ ရူပကမ္မဋ္ဌာနံ၊ ရုပ်ကမ္မဋ္ဌာန်းကို။ ကထေန္တော၊ ဟောကြားပြသ ဆိုဆုံးမတော်မူခဲ့သည်ရှိသော်။ သင်္ခေပမနသိကာရဝသေန ဝါ၊ အကျဉ်းနှလုံးသွင်းနည်း၏ အစွမ်းဖြင့်သော်လည်းကောင်း။ ဝိတ္ထာရမနသိကာရဝသေန ဝါ၊ အကျယ်နှလုံးသွင်းနည်း၏ အစွမ်းဖြင့်သော်လည်းကောင်း။ စတုဓာတုဝဝတ္ထာနံ၊ စတုဓာတုဝဝတ္ထာန်ကမ္မဋ္ဌာန်းကို။ ကထေသိ၊ ဟောကြားပြသ ဆိုဆုံးမမြဲ ဓမ္မတာ ဖြစ်တော်မူပါပေ၏၊

ရုပ်ကမ္မဋ္ဌာန်းရှုကွက်နဲ့ ပတ်သက်လို့ ဘုရားရှင်က ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနည်း, ဓာတ်ကမ္မဋ္ဌာန်း အကျယ်နည်းဆိုပြီး ဒီ နှစ်နည်းပဲ ဟောကြားတော်မူမြဲ ဓမ္မတာ ဖြစ်တယ်။ မဟာသတိပဋ္ဌာနသုတ္တန် အဋ္ဌကထာမှာ အတ္ထိအကျ ဖွင့်ထားပါတယ်။ ဒီတော့ ရုပ်ကမ္မဋ္ဌာန်းရှုကွက်ကို ဘုရားရှင်သည် ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနည်း, ဓာတ်ကမ္မဋ္ဌာန်း အကျယ်နည်းဆိုပြီးတော့ နှစ်မျိုးသာ ဟောထားတယ်။ ဒီတော့ ဒီနေ့ တရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့လည်း မိမိတို့ ရုပ်ကမ္မဋ္ဌာန်းကို ရှုချင်တယ်ဆိုရင် ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနည်း ကြိုက်ရင်လည်း အကျဉ်းနည်းနဲ့ ရှုပါ။ ဓာတ်ကမ္မဋ္ဌာန်း အကျယ်နည်း ကြိုက်ရင်လည်း အကျယ်နည်းနဲ့ ရှုပါ။ ဘာကြောင့်လဲ?

ဘုရားရှင်က ရုပ်ကမ္မဋ္ဌာန်း ရှုကွက်ကို နှစ်နည်းသာ ဟောထားတဲ့အတွက် ဒီ နှစ်နည်းမှာ မိမိတို့ ကြိုက်နှစ်သက်ရာ နည်းတစ်ခုကို ရွေးချယ်ပြီး ရှုနိုင်ပါတယ်။ သို့သော် အကျဉ်းနည်းကတော့ ဉာဏ်ပညာ ထက်မြက်နေတဲ့ သူတော်ကောင်းတွေအတွက် ရည်ရွယ်ပြီး ဘုရားဟောတယ်။ အကျယ်နည်းကိုတော့ ဉာဏ်ပညာနုံ့တဲ့ သူတော်ကောင်းများအတွက် မြတ်စွာဘုရား ရည်ရွယ်ပြီး ဟောတော်မူတယ်ဆိုပြီး အဋ္ဌကထာကတော့ ဒီလို ရှင်းထားပါတယ်။

သို့သော် မိမိတို့ စမ်းကြည့်တာပေါ့။ စမ်းကြည့်လိုက်တဲ့ အချိန်အခါမှာ ရှုလို့ ရမယ်ဆိုရင်လည်း မိမိလည်း သိပ် ဉာဏ်အလွန်ကြီး မထက်တောင်မှ အသင့်အတင့် ဉာဏ်ထက်တဲ့ အမျိုးအစားထဲ ပါကောင်းပါနိုင်ပါတယ်။ ဘုန်းကြီး ဒီညတော့ အကျဉ်းနည်းပဲ ရှေးဦးစွာ ဟောမယ်။ အကျဉ်းနည်းနဲ့ ရှုတဲ့အပိုင်းမှာ ဓာတ်ကြီးလေးပါးက ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်ဆိုပြီး ဓာတ်ကြီး ဘယ်နှစ်ပါးရှိသလဲ? လေးပါး။

ပထဝီဓာတ်ကိုတော့ သုတ္တန်ဒေသနာတော် ခပ်များများမှာတော့ မြတ်စွာဘုရားက ကက္ခဠဃတ မာတဲ့သဘော, ကြမ်းတဲ့သဘောဆိုပြီး နှစ်ခုပဲ ဟောထားတယ်။ သို့သော်လည်း ဓမ္မသင်္ဂဏီပါဠိတော်မှာတော့ ဘုရားရှင်က ဓမ္မသင်္ဂဏီတရားဒေသနာတော်ကို နာကြားနေတဲ့ တရားနာပရိသတ်တွေရဲ့ အလိုအဇ္ဈာသယဓာတ်နဲ့ လျော်ညီစွာ ခြောက်မျိုး ခွဲဟောထားပါတယ်။ ဘုန်းကြီးလည်း ဒီ ခြောက်မျိုးကိုပဲ သင်ပေးပါတယ်။ အကြောင်းကတော့ မာတာ, ကြမ်းတာ နှစ်ခုကို သင်ပေးရင် တချို့ တချို့ယောဂီတွေမှာ မာမှုတွေက သိပ်လွန်ကဲလာရင် ပြန်ပြီးတော့ သည်းမခံနိုင် ဖြစ်တတ်တယ်။ ကြမ်းမှုတွေက သိပ်လွန်ကဲလာရင်လည်း သမာဓိ ခဏခဏ ပျက်နေတတ်တယ်။ ဒါကြောင့် မာတဲ့သဘောက သိပ်လွန်ကဲနေတဲ့ ယောဂီများအတွက် ပျော့တာလေး ပြောင်းပြီး သင်ပေးလိုက်ရင် နည်းနည်းလေး ခံသာတဲ့သဘော ရှိတယ်။ သမာဓိ နည်းနည်း ထူထောင်လို့ ရလွယ်တယ်။ ဒါကြောင့် ဓာတ်ကလေးတွေ တွဲတွဲပြီး သင်ပေးပါတယ်။

ပထဝီမှာ မာတဲ့သဘော, ကြမ်းတဲ့သဘော, လေးတဲ့သဘော ဂရုပထဝီအုပ်စု သုံးခု (အလေးဓာတ်)။ ပျော့တဲ့သဘော, ချောတဲ့သဘော, ပေါ့တဲ့သဘော လဟုပထဝီအုပ်စု သုံးခု (အပေါ့ဓာတ်)။ ပေါင်းလိုက်ရင် ခြောက်ခု ရှိပါတယ်။ အဲဒီမှာ မာမှု ထင်ရှားတဲ့ တစ်နေရာကစပြီး မာတဲ့သဘော တစ်ကိုယ်လုံး မြင်အောင် ကြည့်ပါ။ သွားနှစ်ခု ထိထားကြည့် မာနေတယ်။ အဲဒီ မာမှုထင်ရှားတဲ့ တစ်နေရာကစပြီး မာတဲ့သဘောလေး တစ်ကိုယ်လုံး မြင်အောင်ကြည့်။ လက်လက်ချင်း ထပ်ထားတဲ့နေရာ စိုက်ကြည့်။ မာနေတယ်။ မာမှုထင်ရှားတဲ့ တစ်နေရာကစပြီး မာတဲ့သဘောလေးကို “မာတယ် မာတယ်” လို့သာ စိုက်ပြီး ရှုလိုက်ရင် တစ်ကိုယ်လုံး တဖြည်းဖြည်း မာသွားတတ်တယ်။ ပိုပြီး လျင်မြန်တဲ့ စနစ်တစ်ခုကတော့ အာနာပါနနဲ့ပဲဖြစ်စေ သို့မဟုတ် ဓာတ်ကမ္မဋ္ဌာန်းနဲ့ပဲဖြစ်စေ သမာဓိတစ်ခုခု အရင်ထူထောင်ပြီးမှ ဒီလို ကူးရင်တော့ ပိုမြန်ပါတယ်။

ဒီတော့ မိမိတို့ ရရှိတဲ့ သမာဓိတစ်ခုခုပေါ့။ အာနာပါနနဲ့ သမာဓိထူထောင်ပြီးတဲ့ သူတော်ကောင်းကတော့ အာနာပါနစတုတ္ထဈာန်ရောက်အောင် သမာဓိ ထူထောင်ပါ။ ထိုသမာဓိမှ ထတဲ့အချိန်အခါမှာ မာမှုထင်ရှားတဲ့ တစ်နေရာကစပြီး မာတဲ့သဘောလေး တစ်ကိုယ်လုံး လှမ်းပြီး စိုက်ကြည့်။ တစ်ကိုယ်လုံး မာသွားလိမ့်မယ်။ မာတာကို လွယ်လွယ်ကူကူနဲ့ ရပြီဆိုရင် ကြမ်းတဲ့သဘော ဆက်ရှုကြည့်။ သို့သော် မလွယ်ကူဘူးဆိုလို့ရှိရင်တော့ လွယ်ကူတဲ့ နည်းစနစ်တစ်ခုကတော့ တွန်းတာပဲ။ ဝါယောဓာတ်ပါ။ ဝါယောဓာတ်မှာ ထောက်ကန်တဲ့သဘော, တွန်းကန်တဲ့သဘောဆိုပြီး နှစ်ခုရှိတယ်။ တွန်းကန်တဲ့သဘောကတော့ ရသလုပ်ငန်းကိစ္စ ဖြစ်ပါတယ်။ ထောက်ကန်တဲ့သဘောကတော့ ဝါယောဓာတ်ရဲ့ သဘာဝလက္ခဏာ ဖြစ်တယ်။

အဲဒီတော့ ဒီတွန်းကန်တဲ့သဘောက ဘယ်မှာ ထင်ရှားလဲလို့ မေးရင်တော့ အသက်ရှူနေတဲ့ လမ်းကြောင်းမှာ လှမ်းကြည့်မယ်ဆိုရင် မြင်နိုင်ပါတယ်။ ဒီတစ်ခါ ကြည့်ရင်တော့ ခေါင်းတစ်ခုလုံးရဲ့ဗဟို အလယ်လောက်ကို စူးစိုက်ကြည့်ပါ။ ရှေ့သွားလေးနှစ်ခု နည်းနည်းလေး ဖိထားကြည့်လိုက်ပြီး အသက်ရှူကြည့်။ လေ အထဲဝင်အောင် တွန်းကန်နေတဲ့သဘော သွားတွေ့နိုင်တယ်။ အဲဒီ တွန်းကန်နေတဲ့သဘော လေလေးပေါ်မှာ စိတ်ကလေး ကပ်ထား။ တွန်းကန်နေတဲ့သဘော အပေါ်မှာသာ စိတ်ကလေး ကပ်ပါ။ လေဆိုတဲ့ ပညတ်ကိုတော့ တစ်ဖက်သတ် အာရုံမယူနဲ့။

သို့သော် လေနဲ့တွဲပြီး ရှုရမှာဖြစ်လို့ တွန်းနေတဲ့ လေလို့ ဒီလို ပြောလိုက်တာပဲ။ အဲဒီတော့ တွန်းမှုသဘောအပေါ်မှာသာ စိတ်ကပ်ထားလိုက်။ စိတ်ကပ်ထားလိုက်ရင် တွန်းကန်တဲ့သဘောက တဖြည်းဖြည်း ထင်ရှားလာမယ်။ ထင်ရှားလာလို့ရှိရင်တော့ ခေါင်းအတွင်းကနေ စပြီး တစ်ခေါင်းလုံး မြင်အောင်ကြည့်။ တစ်ခေါင်းလုံး မြင်ရင် တစ်ကိုယ်လုံး မြင်အောင် ဆက်ကြည့်ပါ။ ဘာဖြစ်လို့လဲ? အသက်ရှူတာ တစ်ကိုယ်လုံး ပျံ့နှံ့နေတဲ့သဘော ရှိပါတယ်။ အဲဒီ တွန်းကန်နေတဲ့သဘော တစ်ကိုယ်လုံး မြင်တဲ့ အချိန်အခါကျတော့မှ ခုနက မာတဲ့သဘော ပြောင်းစိုက်ကြည့်ပါ။ ပိုလွယ်လာလိမ့်မယ်။

တွန်းတာနဲ့ မာတာလေးကို နှစ်ခုရပြီဆိုရင် တွန်းတာ တစ်ကိုယ်လုံး ပြန့်အောင်ရှုလိုက်၊ မာတာ တစ်ကိုယ်လုံး ပြန့်အောင်ရှုလိုက်။ အဲဒီလို ထပ်ခါထပ်ခါ ရှုမယ်ဆိုလို့ရှိရင်တော့ တစ်ကိုယ်လုံးမှာ ကြမ်းတဲ့သဘော ပေါ်လာလိမ့်မယ်။ လက်ကလေးနဲ့ အဝတ်ကလေးကို အသာလေး ပွတ်ကြည့်ပါ။ ကြမ်းနေလိမ့်မယ်။ အဲဒီပုံစံလိုပဲ တစ်ကိုယ်လုံး ကြမ်းနေတဲ့သဘော ပေါ်လာမယ်။ မပေါ်ရင်တော့ ကြမ်းတမ်းမှု ထင်ရှားတဲ့ တစ်နေရာကသာ စရှုပါ။

အဲဒီတော့ တွန်းတယ်, မာတယ်, ကြမ်းတယ်။ ဒီ သုံးခု ရပြီဆိုလို့ရှိရင် လက်ကလေးနဲ့ ခြေသလုံးပေါ်ကိုဖြစ်စေ, ပေါင်ပေါ်ကိုဖြစ်စေ ဖိကြည့်ပါ။ လေးနေတယ်။ တင်ပါးလေးကို ကြမ်းနဲ့ နည်းနည်းလေး ဖိကြည့်လိုက်။ လေးနေတယ်။ လေးမှုထင်ရှားတဲ့ တစ်နေရာကစပြီး လေးတဲ့သဘော တစ်ကိုယ်လုံး မြင်အောင် ကြည့်။ မာတယ်, ကြမ်းတယ်, လေးတယ် ရပြီဆိုလို့ရှိရင်တော့ ထိုပုဂ္ဂိုလ် နည်းနည်းလေး လွယ်ကူတဲ့ စနစ်တစ်ခုကတော့ ထောက်တာပဲ။ ထိုအချိန်ခါမှာ ထောက်တဲ့သဘော ဝါယောဓာတ်ကို လှမ်းကြည့်လိုက်ရင် လွယ်တယ်။ ထောက်တယ်ဆိုတာက ဒီခန္ဓာကိုယ် မလဲအောင် ထိန်းထားတာပဲ။

အကယ်၍ မထင်ရှားရင် ကိုယ်ကို နည်းနည်းလေး လှုပ်ကြည့်ပါ။ မလဲအောင် ပြန်ပြန် ထိန်းထားတဲ့သဘောလေး တွေ့နိုင်တယ်။ မထင်ရှားရင်တော့ မာတာနဲ့ တွဲရှုပါ။ တုတ်နဲ့ လျှိုပြီး ထောက်ထားသလို ဖြစ်နေလိမ့်မယ်။ ကိုယ်ထားရင် ထားတဲ့အတိုင်း, လက်ထား ထားတဲ့အတိုင်း, ခေါင်းထား ထားတဲ့အတိုင်း Ngရိမ်နေအောင် ထိန်းထားတဲ့ သဘောလေးကို ထောက်တယ်လို့ ခေါ်ပါတယ်။ အိမ်တစ်အိမ် ပြိုတော့မယ်ကြံရင် ကျားခေါ်တဲ့ တုတ်တစ်ချောင်းနဲ့ ထောက်လိုက်သလို တစ်ကိုယ်လုံး ငြိမ်အောင် ထောက်ထားတဲ့ သဘောလေးပဲ။ အဲဒီသဘောကို စနစ်တကျ တွေ့ပြီဆိုလို့ရှိရင်တော့ သဘောတရား ငါးခု ရပြီ။

အဲဒီ ငါးခုရတဲ့ပုဂ္ဂိုလ်က အောက်အတွင်းနှုတ်ခမ်းသားလေး လျှာလေးနဲ့ ထိထားကြည့်။ ပျော့တယ်။ အဲဒီ ပျော့မှုထင်ရှားတဲ့ တစ်နေရာကစပြီး ပျော့တဲ့သဘော တစ်ကိုယ်လုံး မြင်အောင်ကြည့်။ ဂွမ်းပုံလို, မုန့်ကျွဲသဲလို တစ်ကိုယ်လုံး ပျော့သွားလိမ့်မယ်။ ပျော့တာ တစ်ကိုယ်လုံး ထင်ရှားပြီဆိုရင် အောက်အတွင်း နှုတ်ခမ်းသားလေးကို လျှာလေး တံတွေးစွတ်ပြီးတော့ ဖြည်းဖြည်းလေး ပွတ်ကြည့်ပါ။ ချောနေလိမ့်မယ်။ အဲဒီ ချောမှုထင်ရှားတဲ့ တစ်နေရာကနေစပြီး ချောတဲ့သဘော တစ်ကိုယ်လုံး မြင်အောင်ကြည့်။ ပျော့တဲ့သဘော, ချောတဲ့သဘော နှစ်ခုလုံး ရပြီဆိုလို့ရှိရင်တော့ ထိုပုဂ္ဂိုလ် နောက်တစ်ဆင့် တက်ပြီး ဘာလုပ်ရမလဲ? ပျော့တာ, ချောတာကို စူးစိုက်ပြီး ရှုနေလိုက်ရင် ပေါ့တဲ့သဘော ပေါ်လာမယ်။ မထင်ရှားရင် လေးတာ စိုက်လိုက်။ လေးနေတုန်းမှာ လက်ညှိုးလေး တစ်ချောင်းလောက် အသာလေး မကြည့်! ပေါ့သွားလိမ့်မယ်။ တစ်ကိုယ်လုံး ပေါ့သွားအောင် ရှုပါ။ ဒီတော့ မာ, ကြမ်း, လေး, ပျော့, ချော, ပေါ့ ပထဝီဓာတ် ဖြစ်ပါတယ်။

နောက်တစ်ခုကတော့ တေဇောဓာတ်။ ပူမှုထင်ရှားတဲ့ တစ်နေရာကစပြီး ပူတဲ့သဘော။ အေးမှု ထင်ရှားတဲ့ တစ်နေရာကစပြီး အေးတဲ့သဘော တစ်ကိုယ်လုံး မြင်အောင်ရှု။ ပေါင်းလိုက်မယ်ဆိုလို့ရှိရင်တော့ ဓာတ် တစ်ဆယ်ပါး စုံသွားပြီ။ အဲဒီ တစ်ဆယ်ခုကို ထပ်ခါထပ်ခါ ရှုရင် ဖွဲ့စည်းတဲ့သဘော ပေါ်လာမယ်။ မပေါ်ရင် တွန်းတဲ့သဘော, မာတဲ့သဘော နှစ်ခု ထပ်ခါထပ်ခါ ရှုပါ။ ဖွဲ့စည်းတဲ့သဘော ပေါ်လာမယ်။ ဖွဲ့စည်းတာ ထင်ရှားရင် ယိုစီးမှုထင်ရှားတဲ့ သွားရင်း, လျှာရင်း စသည်ကနေ စပြီးတော့ ယိုစီးတဲ့သဘော တစ်ကိုယ်လုံး မြင်အောင်စိုက်။ ယိုစီး, ဖွဲ့စည်းက အာပေါဓာတ်။ ပေါင်းလိုက်မယ်ဆိုလို့ရှိရင် ဓာတ်လေးပါး စုံသွားပြီ။ မာ, ကြမ်း, လေး, ပျော့, ချော, ပေါ့, ယိုစီး, ဖွဲ့စည်း, ပူ, အေး, ထောက်, တွန်းဆိုပြီး သဘောတရား (၁၂) ခု သွက်အောင် ရှု။

သွက်ပြီဆိုလို့ရှိရင် မိမိ ထိုင်နေတာကို အပေါ်က ခြုံကြည့်ပါ။ တစ်ကိုယ်လုံး ခြုံကြည့်လိုက်လို့ ဓာတ် (၁၂) လုံးကို သွက်သွက်လက်လက် မြင်ပြီဆိုလို့ရှိရင်တော့ မာ, ကြမ်း, လေး, ပျော့, ချော, ပေါ့ကိုကြည့်ပြီး ပထဝီဓာတ်၊ ယိုစီး, ဖွဲ့စည်းကိုကြည့်ပြီး အာပေါဓာတ်၊ ပူ, အေးကိုကြည့်ပြီး တေဇောဓာတ်၊ ထောက်, တွန်းကိုကြည့်ပြီး ဝါယောဓာတ်။ လေးချက်ပြောင်းပါ။ မနှေးမမြန် ရှုပါ။ (ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်)၂ ဒီနှုန်းအတိုင်း ရှုပါ။

အဲဒီလို ရှုလိုက်မယ်ဆိုလို့ရှိရင်တော့ သမာဓိတော်တော်လေး အားကောင်းလာပြီဆိုရင် များသောအားဖြင့် မီးခိုးရောင် စပြီး ပေါ်တတ်ပါတယ်။ အဲဒီ မီးခိုးရောင်မှာလည်း ဓာတ်လေးပါးကို မြင်အောင် စိုက်ရှုမယ် ဆိုလို့ရှိရင်တော့ အဖြူရောင် ပေါ်လာတတ်တယ်။ အဲဒီ အဖြူရောင်မှာလည်း ဆက်ပြီးတော့ ဓာတ်လေးပါးကို မြင်အောင် ရှုရပါတယ်။ အဖြူ မတွေ့တော့ဘဲနဲ့ အဖြူတုံးကြီး တွေ့သွားလိမ့်မယ်။ အဲဒီနောက် အဖြူတုံး တွေ့လာပြီဆိုလို့ရှိရင်လည်း ဒီအဖြူမှာ ဓာတ်လေးပါး မြင်အောင် စိုက်ရှုပါ။ ရှုလိုက်ပြီဆိုလို့ရှိရင်တော့ ထိုပုဂ္ဂိုလ်ဟာ ဘာဖြစ်လာမလဲ? တဖြည်းဖြည်း အဖြူတုံးကြီးက ရေခဲတုံးလို ကြည်လင်ပြီး အကြည်တုံးကြီး ဖြစ်သွားလိမ့်မယ်။

အတိတ်က ဆည်းပူးထားတဲ့ ပါရမီရှိနေတဲ့ သူတော်ကောင်းဖြစ်ခဲ့မယ်ဆိုလို့ရှိရင်တော့ အဲဒီမှာ ရုပ်ကလာပ်အမှုန်လေးတွေ လွယ်လွယ်နဲ့ တွေ့နိုင်ပါတယ်။ အကယ်၍ လွယ်လွယ်နဲ့ မတွေ့ဘူးဆိုလို့ရှိရင်တော့ ထိုပုဂ္ဂိုလ် ဘာလုပ်ရမလဲ? အဲဒီမှာ အာကာသခေါ်တဲ့ အကြားအပေါက်ကလေး ရှိတယ်လို့ အာရုံယူပြီး စိုက်ကြည့်ပါ။ ဦးပဉ္စင်းတို့ ပကတိလက်ကို ကြည့်လိုက်။ မိမိရဲ့ လက်ကို ကြည့်လိုက်မယ်ဆိုလို့ရှိရင် တစ်စပ်တည်းလို့ ထင်ရတယ်။ ဒါပေမယ့်လို့ သေသေချာချာ စူးစိုက်ပြီး ကြည့်လိုက်တဲ့အခါမှာ မွေးညှင်းပေါက်ကလေးတွေ ရှိတယ်။ အာကာသလို့ ခေါ်ပါတယ်။

အဲဒီပုံစံအတိုင်းပဲ ဒီအကြည်တုံးကြီးမှာလည်း အာကာသခေါ်တဲ့ အကြားအပေါက် ရှိတယ်ဆိုပြီး မိမိရဲ့ ထိုအချိန်ခါမှာလည်း လင်းရောင်ခြည်က ရှိနေပါတယ်။ အဲဒီ အလင်းရောင်နဲ့ ထိုးစိုက်လိုက်မယ်ဆိုရင် အဲဒီမှာ အာကာသ အကြားအပေါက်တွေ ပေါ်လာလိမ့်မယ်။ ပေါ်လာသည်နှင့် တစ်ပြိုင်နက်တည်း အဲဒီမှာ ရုပ်ကလာပ်အမှုန်လေးတွေ စတွေ့ပြီ။ အဲဒီ ရုပ်ကလာပ် အမှုန်လေးတွေ တွေ့ပြီဆိုလို့ရှိရင်တော့ အဲဒီ ရုပ်ကလာပ် တစ်ခု တစ်ခုမှာ ပထဝီ, အာပေါ, တေဇော, ဝါယောခေါ်တဲ့ ဓာတ်ကြီးလေးပါး မြင်အောင် စရှုပေတော့။ အဲဒီအခါကျတော့မှ ရုပ်ပရမတ် စတွေ့ပါတယ်။ အဲဒီ ရုပ်ပရမတ် သိနေတဲ့ သူတော်ကောင်းတစ်ဦးက ရှေ့ဆက်ပြီးတော့ ဘာလုပ်ရမလဲ? အဲဒီ ရုပ် (၂၈) ပါး စုံညီအောင် အားထုတ်ရပါတယ်။

အဲဒီ ရုပ် (၂၈) ပါးကို စနစ်တကျ သိပြီဆိုလို့ရှိရင်တော့ ဒီရုပ်တရားတွေကို မှီပြီး ရုပ်တရားတွေကို အာရုံယူ၍ ဖြစ်ပေါ်နေတဲ့ နာမ်တရားတွေကို ဆက်လက် သိမ်းဆည်းရတယ်။ အဲဒီ ရုပ်တွေ, နာမ်တွေ သိမ်းဆည်းပြီးတဲ့ အချိန်အခါမှာ အဇ္ဈတ္တတွင်သာမက ဗဟိဒ္ဓမှာလည်း ဒီရုပ်တွေ, နာမ်တွေကို တစ်စတစ်စ ဆက်ပြီး (၃၁) ဘုံ ငုံမိအောင် သိမ်းဆည်းရပါတယ်။ အဲဒီလို သိမ်းဆည်းလိုက်တဲ့ အချိန်အခါမှာ ထိုသူတော်ကောင်းရဲ့သန္တာန်မှာ အဇ္ဈတ္တ, ဗဟိဒ္ဓ နှစ်ဌာနလုံး၌ ရုပ်တွေ, နာမ်တွေကို အသိဉာဏ် သန့်သန့်ရှင်းရှင်းနဲ့ သိမ်းဆည်းလို့ ရပြီဆိုလို့ရှိရင်တော့ ထိုပုဂ္ဂိုလ်သည် ဘာလုပ်ရသလဲ?

အကြောင်းတရားတွေကို တစ်ဆင့်တက်ပြီး ရှာဖွေရတယ်။ ပစ္စယပရိဂ္ဂဟဉာဏ် ဖြစ်ပါတယ်။ အဲဒီတော့ ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်းမှာ ကြောင်းကျိုးဆက်နွယ်နေတဲ့ ပဋိစ္စသမုပ္ပါဒ်သဘောတရားတွေ ပေါ်လာပါတယ်။ အတိတ်က ပြုစုပျိုးထောင်ခဲ့တဲ့ အကြောင်းတရားတွေကြောင့် ဒီဘဝမှာ အကျိုးတရားတွေ ထင်ရှားဖြစ်ပုံ၊ ဒီဘဝ ပြုစုပျိုးထောင်နေတဲ့ အကြောင်းတရားတွေကြောင့် နောင်အနာဂတ်မှာလည်း အကျိုးတရား ဖြစ်ပုံတွေကို ယောဂါဝစရပုဂ္ဂိုလ်က ဒီအပိုင်းမှာ သိအောင် ရှုရမှာ ဖြစ်ပါတယ်။ ဒီအပိုင်းမှာ အတိတ်, အနာဂတ် ရှုကွက်တွေ လုံးလုံး ဝင်လာပါတယ်။ ဒီတော့ အတိတ်က ပြုစုပျိုးထောင်ခဲ့တဲ့ အကြောင်းတရားတွေကြောင့် ဒီဘဝမှာ အကျိုးတရားဖြစ်တာနဲ့ ပတ်သက်ပြီးတော့ သဘောပေါက်အောင် ဘုန်းကြီး ဥပမာလေး နည်းနည်း ပုံစံထုတ်ပြပါ့မယ်။

ဘုန်းကြီးတို့ သာသနာတော်မှာ ထင်ရှားသွားတဲ့ ဥပ္ပလဝဏ်ထေရီမ အလောင်းပဲ ဆိုကြပါစို့။ ဘဝတစ်ခု ဆိုကြပါစို့ ... လယ်သူမ ဖြစ်နေတယ်။ အဲဒီ လယ်သူမဘဝမှာ သူက အရှင်ပစ္စေကဗုဒ္ဓါတစ်ဆူကို ပဒုမ္မာကြာပန်းတွေ လှူဒါန်းခွင့် ရရှိခဲ့တယ်။ လယ်ကနေပြီးတော့ သလေးစပါးတွေ ယူခဲ့ပြီး ပေါက်ပေါက်လုပ်။ အဲဒီ ပေါက်ပေါက်ကလေးတွေကို အပွင့် (၅၀၀) ပေါ့လေ။ သူက သေချာ ရေတွက်ပြီးတော့လည်း လှူဒါန်းပါတယ်။ အဲဒီလို ပေါက်ပေါက်ကလေးတွေနဲ့ ကြာပန်း လှူဒါန်းပြီးတဲ့အချိန်အခါမှာ သူက ဘာဆုတောင်းလဲ? သူ့ရဲ့ ဆုတောင်းလေးပေါ့နော် —

‘‘ဘန္တေ, ဣမေသံ မေ လာဇာနံ နိဿန္ဒေန လာဇဂဏနာယ ပုတ္တာ အဿု, ပဒုမပုပ္ဖဿ နိဿန္ဒေန နိဗ္ဗတ္တနိဗ္ဗတ္တဋ္ဌာနေ မေ ပဒေ ပဒေ ပဒုမပုပ္ဖံ ဥဋ္ဌဟတု’’

ဘန္တေ၊ အရှင်မြတ်...။ မေ၊ ဘုရားတပည့်တော်မ၏။ ဣမေသံ၊ ဤပန်းပေါက်ပေါက်တို့ကို။ လာဇာနံ နိဿန္ဒေန၊ လှူဒါန်းရခြင်းတည်းဟူသော အကျိုးအာနိသင်ကြောင့်။ လာဇဂဏနာယ၊ ပန်းပေါက်ပေါက် အရေအတွက်အားဖြင့်။ ပုတ္တာ၊ သားတို့သည်။ အဿု၊ ဖြစ်ပေါ်၍ လာကြပါစေကုန်သတည်း။

ပန်းပေါက်ပေါက်ကလေးက သူက ထူးထူးခြားခြား ရေတွက်ပြီး လှူဒါန်းတဲ့အတွက် ငါးရာဖြစ်ပါတယ်။ ပန်းပေါက်ပေါက် အရေအတွက် ငါးရာနဲ့ ညီမျှနေတဲ့ သား ငါးရာ ရပါစေ၊ ဒီလို ဆုတောင်းတယ်။ ဘယ်လိုတုန်း? ဒကာကြီးတွေ, ဒကာမကြီးတွေ သား ငါးရာ လိုချင်ကြသလား? ဒါ သူ့ရဲ့ ဆုတောင်းပဲနော်။

ပဒုမပုပ္ဖဿ၊ ပဒုမ္မာကြာပန်းကို။ နိဿန္ဒေန၊ လှူဒါန်းရခြင်းတည်းဟူသော အကျိုးအားကြောင့်။ နိဗ္ဗတ္တနိဗ္ဗတ္တဋ္ဌာနေ၊ ဖြစ်လေရာ ဖြစ်လေရာ ဘုံဘဝ၌။ မေ၊ ဘုရားတပည့်တော်မ၏။ ပဒေ ပဒေ၊ ခြေရာတိုင်း ခြေရာတိုင်း၌။ ပဒုမပုပ္ဖံ၊ ပဒုမ္မာကြာပန်းသည်။ ဥဋ္ဌဟတု၊ ပေါ်ထွန်း၍ လာပါစေသတည်း။

ပဒုမ္မာကြာပန်းကို လှူဒါန်းရခြင်းတည်းဟူသော အကျိုးဆက်ကြောင့် ဘုရားတပည့်တော်မရဲ့ ခြေရာတိုင်း ခြေရာတိုင်း၌ ပဒုမ္မာကြာပန်းလည်း မြေမှ ထွက်ပေါ်လာပါစေသတည်းလို့ သူက ဒီဆုတောင်းတယ်။ သူ့ရဲ့ ဆုတောင်းခန်းလေးကို ကြည့်လိုက်မယ်ဆိုရင်တော့ သံသရာဝဋ်ကို မှီနေတဲ့သဘော ရှိပါတယ်။ ဒီဆုတောင်းချက်က ပြည့်နိုင်, မပြည့်နိုင်ဆိုတာကတော့ အကြောင်းရှိပါတယ်။ ဘယ်လို အကြောင်းလဲလို့ မေးရင်တော့-

ဒီအမျိုးကောင်းသမီးလေးက လယ်သူမဖြစ်တယ်။ သီလစင်ကြယ်တယ်, တရားသောနည်းလမ်းဖြင့် ရှာဖွေရရှိတဲ့ လှူဖွယ်ဝတ္ထုပစ္စည်းစုကလည်း ဖြစ်နေတယ်, လှူဒါန်းတဲ့ အချိန်အခါမှာ ကြည်လင်တဲ့ စိတ်စေတနာကလည်း ရှိတယ်, ကံ-ကံ၏အကျိုးကို သက်ဝင်ယုံကြည်နေတဲ့ တတ်သိနားလည်နေတဲ့ ကမ္မသကတာ သမ္မာဒိဋ္ဌိဉာဏ်ကလည်း ရှေ့သွားရှိတယ်။ အလှူခံပုဂ္ဂိုလ် ကြည့်လိုက်မယ်ဆိုရင်လည်း အလွန် သီလစင်ကြယ်နေတဲ့ အထက်တန်း အကျဆုံးဖြစ်တဲ့ အရှင်ပစ္စေကဗုဒ္ဓါဘုရားရှင် ဖြစ်နေတယ်။ အင်္ဂါငါးချက် စုံညီနေပါတယ်။ အဲဒီလို အင်္ဂါငါးချက် စုံညီနေတဲ့ပုဂ္ဂိုလ်တွေရဲ့ အလှူဒါနသည် တောင့်တသည့်အတိုင်း ပြည့်စုံနိုင်ပါသလားလို့ မေးရင်တော့- ပြည့်စုံနိုင်တယ်ဆိုပြီး မြတ်စွာဘုရား ဟောထားပါတယ်။

တဉ္စ ခေါ သီလဝတော ဝဒါမိ၊ နော ဒုဿီလဿ။ ဘိက္ခဝေ၊ ချစ်သားရဟန်းတို့...။ တဉ္စ ခေါ၊ ထိုကဲ့သို့ အကျိုးတရားကို ရရှိနိုင်ခြင်းသည်လည်းပဲ။ သီလဝတော၊ သီလရှိတဲ့ပုဂ္ဂိုလ်အား။ ဝဒါမိ၊ ငါဘုရား ဟောတော်မူ၏။ ဒုဿီလဿ၊ သီလမရှိတဲ့ ပုဂ္ဂိုလ်အား။ နော ဝဒါမိ၊ ငါဘုရား ဟောတော်မမူ။

ဒီလို တောင့်တတဲ့အကျိုးတွေ ပြည့်စုံနိုင်တယ်ဆိုတာကလည်း ငါဘုရား သီလရှိတဲ့ ပုဂ္ဂိုလ်အတွက်ပဲ ဟောပါတယ်။ သီလမရှိတဲ့ပုဂ္ဂိုလ်ကို ငါဘုရား မဟောဘူး။ ဒီလိုဆိုရင် ဒီနေ့ ဒကာကြီးတွေ, ဒကာမကြီးတွေ အလှူရေစက် လက်နဲ့မကွာ နေထိုင်ကြတဲ့ အမျိုးကောင်းသားတွေ, အမျိုးကောင်းသမီးတွေ ဖြစ်ကြပါတယ်။ မိမိတို့ ပြုစုပျိုးထောင်နေတဲ့ အလှူဒါနတစ်ခုက အလွန် အဆင့်အတန်း မြင့်နေတဲ့ အကျိုးတရားတွေကို ဖြစ်ပေါ်စေနိုင်တဲ့ စွမ်းအားရှိအောင် သီလတွေ စင်ကြယ်ဖို့ မလိုဘူးလား? လိုအပ်တယ်။ သိပ် အရေးကြီးတယ်။ ဘာဖြစ်လို့လဲ?

ဣဇ္ဈတိ ဘိက္ခဝေ သီလဝတော စေတောပဏိဓိ ဝိသုဒ္ဓတ္တာ။ (အံ၊၃၊၇၁။ ဒါနူပပတ္တိသုတ်။)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့...။ ဝိသုဒ္ဓတ္တာ၊ သီလစင်ကြယ်နေသည့်အတွက်ကြောင့်။ သီလဝတော၊ သီလရှိတဲ့ ပုဂ္ဂိုလ်၏။ စေတောပဏိဓိ၊ စိတ်ရဲ့ တောင့်တချက်ဟူသမျှသည်။ ဣဇ္ဈတိ၊ မချွတ်ဧကန် ပြည့်စုံတတ်ပေ၏၊

သီလစင်ကြယ်နေသည့်အတွက်ကြောင့် သီလရှိတဲ့ပုဂ္ဂိုလ်ရဲ့ စိတ်တောင့်တချက်ဟူသမျှသည် မချွတ်ဧကန် ပြည့်စုံတတ်တယ်။ ဒီလိုဆိုရင် ဒကာကြီးတွေ, ဒကာမကြီးတွေ မိမိတို့ရဲ့ စိတ်တောင့်တချက်ကလေးတွေ အားလုံး ပြည့်စုံချင်တယ်ဆိုလို့ရှိရင် သီလရှိဖို့ မလိုဘူးလား? သိပ်လိုအပ်တယ်။ သီလတည်းဟူသော မြေပေါ်မှာ ရပ်တည်ပြီး ကြဲချစိုက်ပျိုးခဲ့တဲ့ ဒါနက သိပ် အဆင့်အတန်း မြင့်တယ်။ ခု ကြည့်ပေါ့။

ဒီအမျိုးကောင်းသမီးလေးက သူဆုတောင်းတာက “ပန်းပေါက်ပေါက် ငါးရာနဲ့ ညီမျှနေတဲ့ သား ငါးရာ ရပါလို၏” ဒီဆုတောင်းတယ်။ “သူ့ရဲ့ ခြေလှမ်းတိုင်း ခြေလှမ်းတိုင်းမှာ မြေကြီးကနေပြီးတော့ ပဒုမ္မာကြာပန်းတွေ ထွက်ပေါ်လာပါစေသတည်း” ဒီဆုတောင်းတယ်။ ဒီတော့ သား ငါးရာ ရနိုင်တဲ့ အမျိုးသမီး, ခြေလှမ်းတိုင်း ခြေလှမ်းတိုင်း ပဒုမ္မာကြာပန်းတွေ ထွက်ပေါ်လာနိုင်တဲ့ အမျိုးသမီးလို့ အသိမှားနေတဲ့သဘောက ဘာလဲ? အဝိဇ္ဇာ။ ဘာဖြစ်လို့လဲ? ဒီခန္ဓာအိမ်ကို ခုနက ပြောခဲ့တဲ့အတိုင်း ဓာတ်လေးပါး ပြည်တည်ပြီး စိုက်ကြည့်ပါ။ ရုပ်တရား အစုအပုံ, နာမ်တရား အစုအပုံတွေသာ တွေ့တယ်။ အဲဒီ ရုပ်တရားတွေသည် ဖြစ်ပြီးတာနဲ့ ချက်ချင်း ပျက်တယ်။ မဖြစ်ခင်ကလည်း မရှိဘူး၊ ဖြစ်ပြီးနောက်လည်း မရှိဘူး။ မရှိခြင်းနှစ်ခုရဲ့ အလယ်ကောင်မှာ ယာယီ အခိုက်အတန့်အားဖြင့် ပေါ်လာတယ်။

ဘာဖြစ်လို့ ဒီလို ပေါ်လာသလဲလို့မေးတော့- ဒီရုပ်တရား, ဒီနာမ်တရားတွေကို ဖြစ်ပေါ်စေတတ်တဲ့ အကြောင်းတရားတွေကိုယ်တိုင်က ဖြစ်ပြီး ပျက်နေတဲ့ အနိစ္စတရား, ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အနှိပ်စက်ခံနေရတဲ့ ဒုက္ခတရား, မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေတဲ့ အတ္တမဟုတ်တဲ့ အနတ္တတရားတွေ ဖြစ်နေတယ်။ အကြောင်းတရားတွေ ကိုယ်တိုင်က အနိစ္စ, ဒုက္ခ, အနတ္တ ဖြစ်နေသည့်အတွက် အကျိုး ရုပ်တွေ, နာမ်တွေဟာလည်း အနိစ္စ, ဒုက္ခ, အနတ္တ ဖြစ်နေရတယ်။ ဒါ ဓမ္မတာပဲ။

အဲဒီ ဖြစ်ပြီး ပျက်နေတဲ့ ဒီရုပ်တရား, ဒီနာမ်တရားတွေပဲလို့ သိမယ်။ အနိစ္စတရား အစုအပုံ, ဒုက္ခတရား အစုအပုံ, အနတ္တတရား အစုအပုံလို့ သိမယ်ဆိုရင် ဒီအသိသည် မှန်တယ်။ ဒါပေမယ့် အမျိုးသမီးလို့ သိမယ်, အမျိုးသားလို့ သိမယ်ဆိုရင် ဒီအသိသည် မှားလား, မှန်လား? မှားနေပြီ။ အဲဒီ အမျိုးသမီးလို့ အသိမှားမှုက အဝိဇ္ဇာ။ အဲဒီ အမျိုးသမီးဘဝကို လှမ်းပြီး တွယ်တာတပ်မက်နေတဲ့ သဘောလေးက တဏှာ။ စိတ်ကပ်ပြီး စွဲနေတဲ့သဘောက ဥပါဒါန်။ ဒီ အဝိဇ္ဇာ, တဏှာ, ဥပါဒါန် သုံးခု ခြံရံပြီးတော့ အရှင်ပစ္စေကဗုဒ္ဓါအား ပန်းပေါက်ပေါက် လှူဒါန်းခြင်းဆိုတဲ့ ကုသိုလ်စေတနာ သင်္ခါရတွေကို ပြုစုပျိုးထောင်လိုက်တယ်။ သို့သော် ဒါ သင်္ခါရနော်။

အဲဒီ သင်္ခါရတရားတွေကလည်း ဖြစ်ပြီး ပျက်နေတဲ့ အနိစ္စတရားပဲ။ ဒါပေမယ့်လို့ ဝိပါက်တရားတွေလို စွမ်းအင်သတ္တိ တစ်စုံတစ်ရာ မထားခဲ့ဘဲနဲ့ ချုပ်ပျက်သွားတာတော့ မဟုတ်ဘူး။ နောင်တစ်ချိန်မှာ သူ မျှော်လင့်တောင့်တနေတဲ့ အမျိုးသမီးဘဝကို ရရှိနိုင်တဲ့ စွမ်းအင် ကမ္မသတ္တိကို ရုပ်နာမ်အစဉ်မှာ မြှုပ်နှံပြီးမှ ချုပ်ပျက်သွားတယ်။ အဲဒီ စွမ်းအင် ကမ္မသတ္တိလေးက ကံပဲ။ ပေါင်းလိုက်တော့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဆိုပြီးတော့ အကြောင်းတရားငါးခု စုံညီသွားတယ်။

အဲဒီ အကြောင်းတရားငါးခု စုံညီလိုက်တဲ့အတွက် လူ့ပြည်, နတ်ပြည် ကျင်လည်လိုက်တော့ နတ်ပြည်ရောက်လည်း သူ့ရဲ့ ခြေဖဝါးအောက်မှာ ပဒုမ္မာကြာတွေက အသင့် ခံထားတယ်။ နတ်ပြည်ရောက်လည်း အသင့်ခံထားတယ်။ လူ့ပြည်ရောက်လည်း အသင့်ခံထားတယ်။ နောက်ဆုံး ပဒုမ္မဝတီ မိဖုရား လာဖြစ်တယ်နော်။ အဲဒီမှာ သူ မျှော်လင့်တောင့်တတဲ့အတိုင်း သားငါးရာလည်း ရရှိပါတယ်။ ဒီသား ငါးရာက ပစ္စေကဗုဒ္ဓါ ငါးရာ ဖြစ်သွားကြတယ်။ အဲဒီပုံစံဟာ သံသရာစက် လည်ပတ်တဲ့ ပုံစံလေးပဲ။ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံတွေကို ပြုစုပျိုးထောင်လိုက်တဲ့အတွက် သား ငါးရာ ရရှိနေတဲ့ အမျိုးသမီးဘဝတစ်ခုကို သူ ရရှိသွားတယ်နော်။

အဲဒီပုံစံအတိုင်းပဲ ယောဂီပုဂ္ဂိုလ်က ခုလက်ရှိ မိမိရဲ့ ရုပ်တွေ, နာမ်တွေ စနစ်တကျ သိမ်းဆည်းပြီးတဲ့ အချိန်အခါမှာ ဒီရုပ်တွေ, နာမ်တွေ ဘာကြောင့်ဖြစ်သလဲဆိုပြီးတော့ အတိတ်ဘက်ကို တာစူပြီး ရုပ်တွေ, နာမ်တွေ တစ်စတစ်စ သိမ်းဆည်းသွားရပါတယ်။ သိမ်းဆည်းပုံ နည်းစနစ်တွေကတော့ လေးမျိုး ဘုရားဟောထားတယ်။ အလယ်ခေါင်ကနေ ဖောက်ပြီးတော့ အစကို သွားတဲ့ နည်းစနစ်ကလေးတစ်ခု အရိပ်အမြွက် ဘုန်းကြီး နည်းနည်း ပြောမယ်နော်။

ဒီတော့ လက်ရှိ ရုပ်တွေ, နာမ်တွေကို သိမ်းဆည်းပါ။ သိမ်းဆည်းပြီးတဲ့ အချိန်အခါမှာ အဇ္ဈတ္တ, ဗဟိဒ္ဓ အောင်အောင်မြင်မြင် သိမ်းဆည်းပြီးလို့ရှိရင် အနီးစပ်ဆုံးပေါ့လေ- ခု တရားမထိုင်ခင် သို့မဟုတ် တရားမနာခင်လေးမှာ ဖြစ်ပေါ်ခဲ့တဲ့ ဣရိယာပုထ်တစ်ခု ရှိမယ်။ အဲဒီအချိန်ခါမှာ မိမိတို့ မျှော်လင့်တောင့်တနေတဲ့ ဆုတောင်းလေးတွေလည်း ရှိချင်ရှိမယ်။ အဲဒီစိတ်အစဉ်လေးတွေမှ ရုပ်တွေ, နာမ်တွေကို ပြန်သိမ်းဆည်းကြည့်ပါ။ အနီးကပ်ဆုံး ရုပ်နာမ်ပဲ။ အဲဒီ ရုပ်နာမ်ကို သိမ်းဆည်းလို့ အောင်မြင်မှု ရရှိလို့ရှိရင် မနေ့က ရုပ်နာမ်, တစ်နေ့က ရုပ်နာမ်, လွန်ခဲ့တဲ့ တစ်လလောက်, နှစ်လလောက်, တစ်နှစ်လောက်, နှစ်နှစ်လောက် စသည်ဖြင့် အတိတ်ဘက် တာစူပြီးတော့ ရုပ်နာမ်တွေကို တစ်စတစ်စ သိမ်းဆည်းသွားရပါတယ်။

အဲဒီလို သိမ်းဆည်းရာကနေ နောက်ဆုံး အမိဝမ်းတွင်း ကလလရေကြည်တိုင်အောင် ရုပ်နာမ်တွေ သိမ်းဆည်းပြီးပြီဆိုရင်တော့ ဒီရုပ်တွေ, ဒီနာမ်တွေသည် ဘယ်ကနေ စပြီး ဖြစ်ပေါ်လာပါသလဲလို့ သိချင်စိတ်နဲ့ ဟိုဘက်ကို လှမ်းပြီးတော့ အသာလေး စိုက်ပြီး ကြည့်ရတယ်။ ထိုအချိန်ခါမှာ လင်းရောင်ခြည်ရဲ့ စွမ်းအင်ဖြင့် အတိတ်မှာ ပြုစုပျိုးထောင်ခဲ့တဲ့ ကံတွေကို လှမ်းပြီးတော့ တွေ့တတ်ပါတယ်။ မတွေ့ဘူးဆိုရင်တော့ ရုပ်တွေ, နာမ်တွေ ထပ်ခါထပ်ခါ သိမ်းဆည်းရပါတယ်။ သိမ်းဆည်းပြီးတော့ သမာဓိထူထောင်ပြီး လင်းရောင်ခြည်စွမ်းအင် အားကောင်းနေတဲ့အချိန်ခါမှာ အတိတ်ဘက်ကို တာစူပြီး လှမ်းကြည့်လိုက်လို့ရှိရင်တော့ ဒီကံကို တွေ့တတ်တယ်။ ဘယ်လို တွေ့သလဲ?

ဒီပွဲကြီးမှာတော့ သီတင်းကျွတ်ပွဲနဲ့ ဆုံနေတဲ့အတွက် ယောဂီပုဂ္ဂိုလ်တစ်ဦးရဲ့ အတွေ့အကြုံလေးကို ဘုန်းကြီး နည်းနည်း ပြောချင်ပါတယ်။ ထိုယောဂီက ခုလို အတိတ်ဘက်ကို တာစူပြီး လှမ်းပြီး ရုပ်တွေ နာမ်တွေ သိမ်းဆည်းလိုက်တဲ့အချိန်အခါမှာ များသောအားဖြင့်တော့ အတိတ်ဘဝ သေခါနီးကာလ မရဏာသန္နဇော စောခါနီးဆဲဆဲ အချိန်လေးကို သွားပြီးတော့ ရုပ်တွေ, နာမ်တွေ သိမ်းဆည်းမိရဲ့သား ဖြစ်တတ်ပါတယ်။ သေခါနီး ပုံရိပ်ပေါ့။ သမုတိသစ္စာနယ်ဘက်က ပြောရင်တော့ သေခါနီးပုံလေး သွားတွေ့တတ်တယ်။ တွေ့လိုက်ပြီဆိုရင် အဲဒီပုံမှာ ဓာတ်လေးပါး စိုက်လိုက်။ အားလုံး အမှုန်ဖြစ်တယ်။ အမှုန်တွေ ဓာတ်ခွဲရတယ်နော်။

ခြောက်ဌာန၊ လေးဆယ့်နှစ်ကောဋ္ဌာသ ရုပ်တွေ လှည့်လည် ဓာတ်ခွဲပြီး ဟဒယဝတ္ထုကို မိအောင် ဆက်လက် သိမ်းဆည်းရတယ်။ အဲဒီ ဟဒယဝတ္ထုကို ဆက်လက် သိမ်းဆည်းလို့ အောင်မြင်မှု ရပြီဆိုလို့ရှိရင်တော့ ဟဒယဝတ္ထုကို မှီတွယ်ပြီး ဖြစ်နေတဲ့ ဘဝင်မနောအကြည်ကို ဆက်လက် သိမ်းဆည်းရတယ်။ အဲဒီလို သိမ်းဆည်းလိုက်တဲ့အချိန်အခါမှာ ဒီဘဝင်မနောအကြည်ကို သိမ်းဆည်းလို့ ရပြီဆိုရင်တော့ ဒီဘဝင်မနောအကြည်ကို ရှေ့တိုး, နောက်ဆုတ်ပြီး ကြည့်ရတယ်။ ကြည့်လိုက်တဲ့အချိန်ခါမှာ ဒီဘဝင်မနောအကြည်မှာ အကျိုးပေးမယ့် ကံရဲ့ စွမ်းအင်သတ္တိကြောင့် ကံနိမိတ်, ကမ္မနိမိတ်, ဂတိနိမိတ်ခေါ်တဲ့ နိမိတ်သုံးမျိုး တစ်မျိုးမျိုး ထင်နေတတ်ပါတယ်။

အကျိုးပေးမယ့် ကံရဲ့ စွမ်းအင်ပဲ။ အဲဒီတော့ အဲဒီ စွမ်းအင်သတ္တိလေးကြောင့် ဒီနိမိတ်တွေ ထင်နေတဲ့အခါမှာ ဒီနိမိတ်တွေဟာ ဘဝင်မနောအကြည်မှာ လာပြီး ထင်နေတတ်တယ်။ အဲဒီ ဘဝင်မနောအကြည်ကို ရှုလိုက်တဲ့ ယောဂီက ဒီနိမိတ်ကို လှမ်းပြီး ကြည့်လိုက်မယ်ဆိုရင် လွယ်လွယ်ကူကူနဲ့ မြင်တတ်ပါတယ်။

ယောဂီတစ်ဦးကတော့ သူက စေတီတော်တစ်ဆူပဲ ဆိုကြပါစို့။ စေတီတော်တစ်ဆူမှာ ဆီမီးတွေ လှူဒါန်းနေတဲ့အာရုံ သေခါနီးကာလမှာ ထင်နေပြီ။ အဲဒီတော့ သေခါနီးကာလမှာ စေတီတော်မှာ ဆီမီးလှူနေတဲ့အာရုံ ထင်လိုက်တဲ့ အချိန်ခါကျတော့ လှူတဲ့ပုဂ္ဂိုလ်က ဘယ်လောက်များသလဲလို့ မေးလိုက်ရင် တော်တော်လေး များနေပြီ။ များနေတဲ့ အချိန်အခါကျတော့ ဘာလုပ်ရသလဲ? ဘယ်ပုဂ္ဂိုလ်က မိမိလဲလို့ သိချင်ရင်။ အဲဒီပုဂ္ဂိုလ်တွေကို တစ်ယောက်ပြီး တစ်ယောက် စမ်းပြီးတော့ ဓာတ်လေးပါး စိုက်ရတယ်။ စိုက်ပြီးတော့ ရုပ်တွေ သိမ်းဆည်း, နာမ်တွေကို ဆက်ပြီးတော့ သိမ်းဆည်းရတယ်။ သိမ်းဆည်းလိုက်တဲ့ အချိန်အခါမှာ မိမိ ရှုလိုက်တဲ့ပုဂ္ဂိုလ်က မိမိ မဟုတ်ခဲ့ဘူးဆိုရင်ပေါ့။ အဲဒီ ရုပ်နာမ်နဲ့ မိမိ ရုပ်နာမ်ဟာ ဘာမှ ဆက်စပ်မှု မရှိဘူး။

အကယ်၍ အဲဒီလို ဓာတ်လေးပါး စိုက်ပြီး ရုပ်တွေ, နာမ်တွေ သိမ်းဆည်းလိုက်တဲ့ အချိန်အခါမှာ လှူနေတဲ့ပုဂ္ဂိုလ်တွေထဲက တစ်ယောက်ယောက်က မိမိ ဖြစ်ခဲ့မယ်ဆိုရင် အဲဒီ လှူနေတဲ့ပုဂ္ဂိုလ်ရဲ့ ရုပ်နာမ်သန္တာန်အစဉ်နဲ့ မိမိရဲ့ ရုပ်နာမ်သန္တာန်အစဉ်သည် အပ်ချည်ကြိုးလေးတစ်ချောင်း သွယ်တန်းထားတဲ့ ပုံစံအနေအထားအားဖြင့် “ဖြစ်ပျက် ဖြစ်ပျက် ဖြစ်ပျက်” နဲ့ လာနေတဲ့ အစဉ်အတန်းဟာ တစ်တန်းတည်း ဖြစ်နေတယ်။ တစ်ဆက်တည်း ဖြစ်နေတတ်တယ်။ အဲဒီအချိန်အခါမှာ ဒါ မိမိပဲဆိုတာ လွယ်လွယ်ကူကူနဲ့ သိနိုင်ပါတယ်။

ဒီတော့ ယောဂီပုဂ္ဂိုလ်က အဲဒီစနစ်နဲ့ လှမ်းပြီး ရှာဖွေလိုက်တဲ့ အချိန်ခါမှာ မိမိရဲ့ ရုပ်နာမ်သန္တာန်အစဉ်ကိုတော့ တွေ့တယ်။ တွေ့လိုက်တဲ့ အချိန်ခါမှာ သူ့ကို တစ်ဆင့်တက်ပြီးတော့ ဘာလုပ်ရမလဲ? အဲဒီ လှူဒါန်းနေတဲ့ပုံမှာ ဓာတ်လေးပါး စိုက်ပြီးတော့ လှူဒါန်းနေတဲ့အချိန်မှာ ဖြစ်ပေါ်နေတဲ့ ဘဝင်မနောအကြည်လေးကို အာရုံယူပြီးတော့ အဲဒီ ဘဝင်မနောအကြည်ကို ရှေ့တိုး နောက်ဆုတ် ကြည့်လိုက်တဲ့ အချိန်အခါမှာ ဘာဆုတွေ တောင်းနေသလဲ? ဘာစိတ်အစဉ် ရှိနေသလဲ? အဲဒါကို သေချာရှာရတယ်။

ရှာလိုက်တဲ့ အချိန်အခါမှာ သူက ဘာတွေ့သလဲ? ဆီမီးလှူနေတဲ့အချိန်ခါမှာ မလှမ်းမကမ်းမှာ အမျိုးကောင်းသမီးတစ်ဦး ရှိပါတယ်။ ဘီးစပတ်နဲ့ တော်တော်လေး ခန့်ခန့်ညားညား ဖြစ်တယ်။ သူက ကျေးလက်တောသူ ဖြစ်နေတယ်။ ကျေးလက်တောသူ ဖြစ်နေတဲ့အတွက်ကြောင့် ဒီလို မြို့ကြီးသူကဲ့သို့ ဘီးစပတ်ကြီးနဲ့ ခန့်ခန့်ညားညား အမျိုးကောင်းသမီးဘဝကို တွယ်တာတဲ့စိတ်ကလေး ထိုအချိန်ခါမှာ မသိမသာ ဖြစ်ပါတယ်။ အဲဒီ အမျိုးသမီးလို တင့်တယ်ပြီး ကျက်သရေမင်္ဂလာရှိတဲ့ အမျိုးကောင်းသမီးတစ်ဦး ဖြစ်ရလျှင် သိပ်ကောင်းမှာပဲဆိုတဲ့ ဒီစိတ်ထားဖြင့် ဘုရားကို ဆီမီး ပူဇော်မိတယ်။ ဘီးစပတ်နဲ့ ကျက်သရေမင်္ဂလာရှိတဲ့ အမျိုးကောင်းသမီးလို့ အသိမှားနေတဲ့သဘောက အဝိဇ္ဇာ, ထိုကဲ့သို့သော အမျိုးသမီးဘဝကို တွယ်တာတပ်မက်တဲ့ သဘောလေးက တဏှာ, စိတ်ကပ်ပြီး စွဲနေတဲ့သဘောက ဥပါဒါန်။ ဒီ အဝိဇ္ဇာ, တဏှာ, ဥပါဒါန် သုံးခု ခြံရံပြီးတော့ စေတီတော်အား ဆီမီးပူဇော်ခြင်းဆိုတဲ့ ကုသိုလ်စေတနာ သင်္ခါရတွေကို ပြုစုပျိုးထောင်လိုက်တယ်။

အဲဒီ သင်္ခါရတရားတွေကလည်း သူက အနိစ္စတရားတွေ ဖြစ်ပြီးတာနဲ့ ပျက်သွားတယ်။ ဖြစ်ပြီး ပျက်သွားတဲ့ အချိန်ခါမှာ ရုပ်နာမ်သန္တာန်အစဉ်မှာ နောင်တစ်ချိန် သူ မျှော်လင့်တောင့်တနေတဲ့ အမျိုးသမီးဘဝကို ဖြစ်စေနိုင်တဲ့ စွမ်းအင် ကမ္မသတ္တိလေး မြှုပ်နှံပြီးမှ ချုပ်ပျက်သွားတယ်။ အဲဒီ စွမ်းအင် ကမ္မသတ္တိလေးက ကံ။ ပေါင်းလိုက်တော့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံ။ ပေါင်းလိုက်တော့ အကြောင်းတရား ဘယ်နှစ်ခုလဲ? ငါးခု။

အကြောင်းတရားငါးခု စုံညီသွားတဲ့ အချိန်အခါမှာ ဒီကမ္မသတ္တိကို ရှာဖွေတွေ့ရှိပြီဆိုလို့ရှိရင် ပဋိသန္ဓေ ကလလရေကြည်မှာ တည်ရှိနေတဲ့ ရုပ်တွေ နာမ်တွေကို တစ်ဖန် ပြန်သိမ်းဆည်းရတယ်။ ဒီကမ္မသတ္တိကို တစ်ဖန် ပြန်သိမ်းဆည်းရတယ်။ ကမ္မသတ္တိကို ကြည့်လိုက်၊ ဒီဘက်က ရုပ်တွေ နာမ်တွေကို ကြည့်လိုက်။ အဲဒီလို ခေါက်တုံ့ခေါက်ပြန် ကြည့်နေလိုက်တဲ့အခါ ဒီကမ္မသတ္တိလေးကြောင့် ဖြစ်ရင်လည်း ဖြစ်တယ်ဆိုတာ ယောဂီက ဟုတ်တိုင်းမှန်စွာ သိတယ်။ ဘယ်လိုကြောင့် သိနိုင်သလဲလို့မေးရင်- ဒီပစ္စုပ္ပန်မှာ ဦးပဉ္စင်းတို့ ဒီရုပ်တွေ သိမ်းဆည်းတဲ့ အပိုင်းလေးမှာ စိတ်ကြောင့်ဖြစ်တဲ့ ရုပ်, ဥတုကြောင့်ဖြစ်တဲ့ ရုပ်, အာဟာရကြောင့်ဖြစ်တဲ့ ရုပ်, ကံကြောင့်ဖြစ်တဲ့ ရုပ်ဆိုပြီး လေးမျိုးသော ရုပ်တွေကို သိမ်းဆည်းရတယ်။

အဲဒီလို သိမ်းဆည်းတဲ့အပိုင်းမှာ ဦးပဉ္စင်းတို့ ဟဒယဝတ္ထုကို မှီတွယ်ပြီး ဖြစ်ပေါ်နေတဲ့ စိတ်တိုင်း စိတ်တိုင်းသည် စိတ္တဇရုပ်ကို ဖြစ်စေနိုင်တဲ့ စွမ်းအား ရှိတယ်။ ဘဝင်မနောအကြည်ကို မိအောင် ဖမ်းပြီးတော့ ဟဒယဝတ္ထုကို မှီတွယ်ပြီး ဖြစ်ပေါ်နေတဲ့ စိတ်ကို ပထမ သိမ်းဆည်းရတယ်။ မထင်ရှားရင်တော့ လက်ညှိုးတစ်ချောင်း ကွေးလိုက် ဆန့်လိုက် ပြုလုပ်ကြည့်လိုက်။ စိတ်က ဘဝင်မနောအကြည်မှာ စိုက်ထားပါ။ လက်ညှိုးလေး ကွေးလိုက် ဆန့်လိုက် လုပ်နေခဲ့မယ်ဆိုရင်တော့ အဲဒီ ကွေးချင် ဆန့်ချင်တဲ့စိတ်က စိတ္တဇရုပ်တွေ တစ်ကိုယ်လုံး ပျံ့နှံ့နေတာကို သဘောပေါက်မယ်။

စိတ်က အကြောင်းတရား၊ စိတ္တဇရုပ်တွေက အကျိုးတရား။ စိတ်ကြောင့် စိတ္တဇရုပ်တွေ တစ်ကိုယ်လုံး ပျံ့နှံ့နေသလို အတိတ်က ကမ္မသတ္တိကြောင့် ကမ္မဇရုပ်တွေသည် တစ်ကိုယ်လုံး ဖြစ်သလား, မဖြစ်ဘူးလားဆိုတာ ယောဂီပုဂ္ဂိုလ်က ထိုအချိန်ခါမှာ ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ စစ်ကြည့်ရတယ်။ အဲဒီလို ထပ်ခါထပ်ခါ စစ်ကြည့်လိုက်လို့ရှိရင်တော့ ဒီကံကြောင့် ဖြစ်တယ်ဆိုတာ ဟုတ်တိုင်းမှန်စွာ သိတဲ့အခါ ဘာလုပ်ရလဲ?

အဝိဇ္ဇာဖြစ်ခြင်းကြောင့် ရုပ်ဖြစ်၏၊
အဝိဇ္ဇာက အကြောင်းတရား ရူပက္ခန္ဓာက အကျိုးတရား။
စသည်ဖြင့် ဒီလို အကြောင်းအကျိုး သိမ်းဆည်းရပါတယ်။ အဲဒီလို အကြောင်းအကျိုး သိမ်းဆည်းတာ ဒီလောက်နဲ့ လုံလောက်ပြီလားဆိုတော့ မဟုတ်ပါဘူးနော်။

အတီတေပိ ပစ္စယာ စေဝ ပစ္စယသမုပ္ပန္နဓမ္မာ စ၊ အနာဂတေပိ ဧတရဟိပိ ပစ္စယာ စေဝ ပစ္စယသမုပ္ပန္နဓမ္မာ စ၊

အတိတ် ကြည့်လိုက်တော့လည်း အကြောင်းတရားနဲ့ အကျိုးတရား၊ ပစ္စုပ္ပန် ကြည့်လည်း အကြောင်းတရားနဲ့ အကျိုးတရား၊ အနာဂတ် ကြည့်လည်း အကြောင်းတရားနဲ့ အကျိုးတရားပဲလို့ ဒီလို သိအောင် ဆက်လက် သိမ်းဆည်းရပါတယ်။ အဲဒီလို အတိတ်, အနာဂတ်, ပစ္စုပ္ပန် ကာလသုံးပါးလုံးမှာ အကြောင်းတရား အကျိုးတရားတွေကို စနစ်တကျ သိမ်းဆည်းတတ်ပြီဆိုတော့မှ ထိုယောဂီပုဂ္ဂိုလ်က အကြောင်းတရားနဲ့တကွ ဒီရုပ်နာမ်တွေရဲ့ ဖြစ်ပြီး ပျက်နေတဲ့သဘောကို ဉာဏ်နဲ့ မြင်အောင် ကြည့်ပြီး အနိစ္စလို့ ရှုရတယ်။ ဖြစ်ခြင်း ပျက်ခြင်းသဘောဖြင့် အမြဲမပြတ် ညှဉ်းပန်းနှိပ်စက် ခံနေရတဲ့သဘောတွေကို ဉာဏ်ဖြင့် မြင်အောင် ကြည့်ပြီး ဒုက္ခလို့ ရှုရတယ်။ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေတဲ့ အတ္တမဟုတ်တဲ့ သဘောတရားတွေကို ဉာဏ်နဲ့ မြင်အောင် ကြည့်ပြီး အနတ္တလို့ ရှုရတယ်။ အဲဒီအခါမှာ အကွက်ဝင်လာပါတယ်။

သုံးဆယ့်နှစ်ကောဋ္ဌာသတွေရဲ့ ရွံရှာစက်ဆုပ်ဖွယ် သဘောတရားတွေကို အာရုံယူပြီးတော့လည်း အသုဘလို့ ရှုရတယ်။ အပြင် ဗဟိဒ္ဓ အလောင်းကောင် တစ်ခုပေါ့။ မြင်ပြီဆိုလို့ရှိရင် ထိုအလောင်းကောင်ရဲ့ ရွံရှာစက်ဆုပ်ဖွယ်သဘောကို ကြည့်ပြီးတော့ “အသုဘ အသုဘ” လို့ ရှုရတယ်။ အလားတူပဲ။ ငါလည်း ဒီလိုပဲ သေရလိမ့်မယ်လို့ မိမိရဲ့ သေနေတဲ့ပုံကိုလည်း ဉာဏ်နဲ့ ကပ်ဆောင်ကြည့်ပြီးတော့ “အသုဘ အသုဘ” လို့ ရှုရတယ်။ ဒါကတော့ သေအသုဘလို့ ခေါ်ပါတယ်။ အဲဒီလို အဇ္ဈတ္တတစ်လှည့်, ဗဟိဒ္ဓတစ်လှည့် အသုဘရှုလို့ အောင်မြင်မှု ရပြီဆိုလို့ရှိရင်တော့ အသက်ရှင်နေတဲ့ တခြားပုဂ္ဂိုလ်တွေကိုလည်း လှမ်းပြီးတော့ တစ်ယောက်ပြီး တစ်ယောက် ရှုကြည့်ပါ။ ဉာဏ်က ထက်လာပြီဆိုလို့ရှိရင် အသုဘအခြင်းအရာတွေ အားလုံး ထင်လာလိမ့်မယ်။ ဒီအသုဘကတော့ ရှင်အသုဘ။

နောက်တစ်ခု- ရှင်အသုဘကတော့ မိမိရဲ့သန္တာန်မှာ တည်ရှိနေတဲ့ သုံးဆယ့်နှစ်ကောဋ္ဌာသ, သူတစ်ပါးသန္တာန်မှာ တည်ရှိနေတဲ့ သုံးဆယ့်နှစ်ကောဋ္ဌာသတို့ရဲ့ ရွံရှာစက်ဆုပ်ဖွယ်သဘောကို အာရုံယူပြီးတော့လည်း “အသုဘ အသုဘ” လို့ ရှုရပါတယ်။ အဲဒီအဆင့်အထိ စနစ်တကျ ဝိပဿနာ ရှုတတ်ပြီဆိုရင်တော့ ယနေ့ သုမေဓာထေရီမလေး ဟောနေတဲ့တရားတွေကို တော်တော်လေးတော့ သဘောပေါက်လိမ့်မယ်လို့ ဘုန်းကြီး ယူဆပါတယ်နော်။ ကဲ သုမေဓာက ဘယ်လို ဖြစ်လာသလဲ?
(၁) သီလရှိတဲ့ ပုဂ္ဂိုလ်။
(၂) ဆန်းကျယ်တဲ့ တရားစကားတွေကို ဟောကြားတတ်တဲ့ ပုဂ္ဂိုလ်။

(၃) ဘုရားရှင်ရဲ့ တရားတွေကို သင်သိကျင့်သိ အသိနှစ်မျိုးဖြင့် စနစ်တကျ သိထားပြီးဖြစ်တယ်။ ဝိပဿနာနယ်ထဲ ရောက်နေပြီနော်။

(၄) ဘုရားရှင်ရဲ့ သာသနာတော်မှာ ယဉ်ကျေးအောင် မိမိရဲ့ စိတ်ကို ဆိုဆုံးမထားပြီး ဖြစ်တယ်။ သမထ ဝိပဿနာတွေဖြင့် မိမိရဲ့ စိတ်ကို ယဉ်ကျေးအောင် ဆုံးမထားပြီး ဖြစ်ပြီ။

အဲဒီ ပုဂ္ဂိုလ်က တစ်နေ့ကျတော့ မိဘတွေထံ ချဉ်းကပ်ပြီးတော့ သူက ဘာပြောလဲ? မိဘတွေက သူ့ကို ဝါရဏဝတီမြို့မှာ ရှိနေတဲ့ ဝါရဏဝတ္ထီဘုရင်နဲ့ သူ့ကို လက်ထပ်ပေးဖို့ရန်အတွက် မိဘတွေက စေ့စပ်ကြောင်းလမ်း ထားပါတယ်။ ဒီဘုရင်ရဲ့ နာမည်က အနီဃရဒ္ဓလို့ ခေါ်ပါတယ်။ သို့သော် ဒီဘုရင်တွေဟာ များသောအားဖြင့် ခုခေတ် စော်ဘွားတွေ အဆင့်လောက်တော့ ယူဆရပါတယ်။ လက်အောက်ခံ ဘုရင်ခံလေးတွေပဲနော်။ အဲဒီတော့ အနီဃရဒ္ဓမင်းကို သူက လက်ထပ်ဖို့ရန်အတွက် မိဘတွေကလည်း သဘောတူထားပြီး ဖြစ်တယ်။ အဲဒီ သဘောတူတဲ့ သတင်းကို မိဘတွေကလည်း နားချတယ်။ နားချတဲ့ အချိန်အခါမှာ မိဘတွေထံ ချဉ်းကပ်ပြီးတော့ တရားဟောတယ်နော်။ သူဟောမဲ့ တရားလေးက ဘာလဲဆိုတော့ —

မိဘနှစ်ပါးတို့ ... ကျွန်တော်မဟာ နိဗ္ဗာန်တရားတော်မှာသာလျှင် မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်ပါတယ်။ သံသရာဝဋ်ဆင်းရဲဒုက္ခ အားလုံးတို့ရဲ့ ကုန်ဆုံးရာဖြစ်တဲ့ နိဗ္ဗာန်တရားတော်ကြီးကိုသာလျှင် သူက နှစ်ခြိုက်နေတယ်။ အဇ္ဈတ္တ, ဗဟိဒ္ဓ (၃၁) ဘုံအတွင်းမှာ တည်ရှိနေတဲ့ ရုပ်တရား, နာမ်တရား, အကြောင်းတရား, အကျိုးတရားလို့ ခေါ်ဆိုအပ်တဲ့ ရုပ်နာမ်ဓမ္မသင်္ခါရတရား မှန်သမျှသည် နတ်ပြည် နတ်လောက, ဗြဟ္မာ့ပြည် ဗြဟ္မာ့လောကမှာ ဖြစ်နေတဲ့ သင်္ခါရတရားပဲ ဖြစ်ချင်ဖြစ်ပါစေ အဿာသတ = ဘယ်တော့မှ ခိုင်မြဲမှု မရှိပါဘူး။ ဘာကြောင့်လဲ? ဝိပဿနာရှုတဲ့ ပုဂ္ဂိုလ်က ဦးပဉ္စင်းတို့ ဘုရားရှင် မဟာသတိပဋ္ဌာနသုတ္တန်မှာ ဟောထားတဲ့အတိုင်း —

ဣတိ အဇ္ဈတ္တံ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ။

စသည်ဖြင့် သတိပဋ္ဌာန် ကျင့်စဉ်တိုင်း ကျင့်စဉ်တိုင်းမှာ ဘုရားရှင်က အဇ္ဈတ္တ, ဗဟိဒ္ဓ နှစ်ဌာနလုံးမှာ ကာယ, ဝေဒနာ, စိတ္တ, ဓမ္မလို့ အမည်ရနေတဲ့ ရုပ်တရား, နာမ်တရားတွေကို ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ ရှုပွားသုံးသပ်ဖို့ရန် ညွှန်ကြားထားတယ်။ အဲဒီ ညွှန်ကြားချက်နဲ့အညီပဲ ယောဂီပုဂ္ဂိုလ်က မိမိရဲ့ အဇ္ဈတ္တမှာ တည်ရှိတဲ့ ရုပ်တရား, နာမ်တရားတွေကိုလည်း တစ်ဖန် ပြန်ပြီးတော့ အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး သုံးတန်တင်ပြီးတော့ ဝိပဿနာ ရှုတယ်။ အပြင် (၃၁) ဘုံမှာ တည်ရှိနေတဲ့ ရုပ်တရား, နာမ်တရားတွေကိုလည်း တစ်ဖန် ပြန်ပြီးတော့ အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး သုံးတန်တင်ပြီးတော့ ဝိပဿနာ ရှုရပါတယ်။

အဲဒီလို ရှုလိုက်တဲ့ အပိုင်းမှာ ယောဂီပုဂ္ဂိုလ်က ပထမတော့ နီးနီးကပ်ကပ်က စပြီး ရှုရပါတယ်။ အနီးကို ရှုရာကနေ တဖြည်းဖြည်း ဉာဏ်ကို ရင့်ကျက်အောင် စေလွှတ်ပြီး ကြည့်လိုက်တဲ့ အချိန်အခါမှာ တဖြည်းဖြည်း တစတစ တိုးချဲ့လိုက်တဲ့ အချိန်အခါ (၃၁) ဘုံ ခြုံမိပြီ။ အဲဒီလို (၃၁) ဘုံကို ခြုံမိငုံမိတဲ့ အချိန်ခါကျတော့မှ (၃၁) ဘုံအတွင်းမှာ တည်ရှိနေတဲ့ ရုပ်တရား, နာမ်တရား ဒီအကြောင်းတရား ဒီအကျိုးတရားတွေရဲ့ ဖြစ်ပြီး ပျက်တာကို ဉာဏ်နဲ့ မြင်အောင်ကြည့်ပြီးတော့ အနိစ္စလို့ ရှုရတယ်။ ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အနှိပ်စက်ခံနေရတဲ့ သဘောတွေကို ဉာဏ်ဖြင့် မြင်အောင် ကြည့်ပြီး ဒုက္ခလို့ ရှုရတယ်။ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေတဲ့ အတ္တမဟုတ်တဲ့ သဘောတရားတွေကို ဉာဏ်နဲ့ မြင်အောင် ကြည့်ပြီးတော့ အနတ္တလို့ ရှုရတယ်။ အဲဒီလို အနိစ္စ, ဒုက္ခ, အနတ္တလို့ ရှုလိုက်တဲ့ အချိန်အခါမှာ ဒီသင်္ခါရတရားတွေအတွင်းမှာ ခိုင်ခံ့နေတဲ့ မြဲမြံနေတဲ့ တရား တစ်ခုမှ မရှိဘူး။

ဒီရုပ်တရား, ဒီနာမ်တရား, ဒီအကြောင်းတရား, ဒီအကျိုးတရားကလွဲရင် (၃၁) ဘုံအတွင်းမှာလည်း အခြားသီးသန့်အားဖြင့် တည်ရှိနေတဲ့ ဓမ္မသဘာဝဆိုတာ ရှာလို့ မတွေ့ဘူး။ ရှာဖွေတွေ့ရှိနေတဲ့ ဒီရုပ်တရား, ဒီနာမ်တရား, ဒီအကြောင်းတရား, ဒီအကျိုးတရားတွေဟာလည်း အားလုံးဟာ ဖြစ်ပြီး ပျက်နေတဲ့ အနိစ္စတရားတွေပဲ။ ခိုင်မြဲတဲ့ တရား တစ်ခုမှ မရှိဘူး။ သူက မြင်နေတယ်။ အဲဒီ မြင်နေတဲ့ အတွက်ကြောင့် လူမှာ ဖြစ်နေတဲ့ သင်္ခါရတရားတွေကို မဆိုထားဘိ နတ်တွေ, ဗြဟ္မာတွေမှာ တည်ရှိနေတဲ့ သင်္ခါရတရားတွေသော်မှာလည်းပဲ မြဲတဲ့ သဘောဆိုတာ တစ်ခုမှ မရှိပါဘူး။ ခိုင်ခံ့တဲ့ သဘောဆိုတာ တစ်ခုမှ မရှိပါဘူး။ ကာမဂုဏ်တွေဟာ အချည်းနှီးသာ ဖြစ်ပါတယ်။ ကာမဂုဏ်တွေဟာ အပ္ပသာဒ = သာယာဖွယ်လေးက နည်းနည်းပဲ ရှိတယ်။

သင်တုန်းသွား အပေါ်မှာ ပျားရည်စက်ကလေးတစ်ခု တင်လိုက်။ သွားပြီး လျက်ကြည့်မယ်ဆိုလို့ရှိရင် ပျားရည်ရဲ့ အရသာလေးက နည်းနည်းပဲ၊ လျှာမှာ ဒုက္ခရောက်သွားမှာက များများ။ အဲဒီအတိုင်းပဲ။ ကာမဂုဏ်တွေဟာ သာယာဖွယ်က နည်းနည်းလေးပဲ ရှိပါတယ်။ ပင်ပန်းဆင်းရဲမှုတွေကသာ များနေတယ်။ ဗဟုဝိကာရ = ပစ္စုပ္ပန်မှာလည်း ပင်ပန်းဆင်းရဲရတယ်။ ကာမဂုဏ်တွေကို အကြောင်းပြုပြီးတော့လည်း ပစ္စုပ္ပန်မှာ ပင်ပန်းဆင်းရဲရတယ်။ နောင် အနာဂတ်မှာလည်း ဒီကာမဂုဏ်တွေကို အကြောင်းပြုပြီးတော့လည်း ပစ္စုပ္ပန်မှာ ပင်ပန်းဆင်းရဲကြရမှာ ဖြစ်တယ်။

ဘာဖြစ်လို့ ကာမဂုဏ်ကို အကြောင်းပြုပြီးတော့ နောင်အနာဂတ်မှာ ဆင်းရဲရမှာလဲ? များသောအားဖြင့် သတ္တဝါတွေ ကာမဂုဏ်ကို အကြောင်းပြုပြီး ဒုစရိုက်တွေ လွန်ကျူးတာလည်း ရှိတယ်။ ကာမဂုဏ်ကို အကြောင်းပြုပြီး ဒုစရိုက်ကို လွန်ကျူးခဲ့မယ်ဆိုလို့ရှိရင်လည်း ဒီဒုစရိုက်တရားတွေက အပါယ်လေးဘုံကို ရောက်အောင် ပို့ဆောင်ပေးတယ်။ ကာမဂုဏ်ကို ဒုစရိုက်တွေ လွန်ကျူးပြီးတော့ ရှာဖွေရတဲ့ အတွက်ကြောင့်လည်း ပစ္စုပ္ပန်မှာ ဆင်းရဲတယ်။ ဒုစရိုက်တွေကို လွန်ကျူးခဲ့တဲ့ အတွက်ကြောင့် နောင်အနာဂတ်ကာလမှာလည်း အပါယ်လေးဘုံမှာ ဆင်းရဲကြမယ်။ တစ်ချက်။ ဒီကာမဂုဏ်တွေအပေါ်မှာ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ အချိန်အခါမျိုးမှာ ဗြုန်းခနဲ ဘဝတစ်ခုကို အဆုံးသတ်ခဲ့ရင် ဘာဖြစ်မလဲ?

‘‘တသ္မိံ စေ သမယေ ကာလံ ကရေယျ၊ ဌာနမေတံ ဝิဇ္ဇတိ၊ ယံ ဒွိန္နံ ဂတီနံ အညတရံ ဂတိံ ဂစ္ဆေယျ နိရယံ ဝါ တိရစ္ဆာနယောနိံ ဝါတိ။’’ (သံ၊၂၊၃၇၇။) (မ၊ဋီ၊၃၊၃၇၁။)

တသ္မိံ သမယေ၊ ထိုကဲ့သို့သော နှစ်သက်သာယာမှုတွေ ရစ်ပတ်နှောင်ဖွဲ့၍ တည်နေသည့် ထိုအချိန်ခါမျိုး၌။ စေ ကာလံ ကရေယျ၊ အကယ်၍များ သေသွားငြားအံ့။ ဧဝံ သတိ၊ ဤသို့ သေသွားခဲ့သည်ရှိသော်။ နိရယံ ဝါ၊ ငရဲသို့မူလည်းကောင်း။ တိရစ္ဆာနယောနိံ ဝါ၊ တိရစ္ဆာန်မျိုး၌မူလည်းကောင်း။ ဒွိန္နံ ဂတီနံ၊ နှစ်မျိုးသော ဂတိတို့တွင်။ ယံ အညတရံ ဂတိံ၊ အကြင် တစ်ပါးပါးသော ဂတိသို့။ ဂစ္ဆေယျ၊ လားရောက်လေရာ၏။ ဧတံ ဌာနံ၊ ဤ ငရဲ, တိရစ္ဆာန်ဟု ခေါ်ဆိုအပ်သော နှစ်မျိုးသော ဂတိတို့တွင် တစ်မျိုးမျိုးသော ဂတိသို့ လားရောက်ရန် အကြောင်းတရားမျိုးသည်။ ဝိဇ္ဇတိ၊ ထင်ရှားဧကန် ရှိသည် အမှန်သာတည်း။

ဒီကာမဂုဏ်တွေကို ခံစားလို့ နှစ်သက်သာယာမှု ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေသည့် ထိုအချိန်ခါမျိုး၌ အကယ်၍များ သေသွားခဲ့မယ်ဆိုရင် ငရဲနဲ့ တိရစ္ဆာန် နှစ်မျိုး တစ်မျိုးမျိုးသော ဘုံဘဝသို့ ရောက်မယ်ဆိုတဲ့ ဒီအကြောင်းတရားတွေသည် ထင်ရှားဧကန် ရှိနေတယ်။ ရောက်ခဲ့မယ်ဆိုလို့ရှိရင်လည်း ပင်ပန်းမှု, ဆင်းရဲမှု မဖြစ်ဘူးလား? ဖြစ်လိမ့်မယ်။ ဒါဖြင့်ရင် ဒကာကြီးတွေ, ဒကာမကြီးတွေ စဉ်းစားကြည့်ကြနော်။ ဒီကာမဂုဏ်ကို နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ စိတ်အစဉ်လေးတွေကို မိမိတို့ရဲ့ ရုပ်နာမ်သန္တာန်အစဉ်မှာ ရှိသင့်သလား, မရှိသင့်ဘူးလား? မရှိသင့်ဘူး။ ဒါကို သူက ညွှန်းနေတယ်။ ဒါကြောင့် ကာမဂုဏ်တွေဟာ ပစ္စုပ္ပန်, သံသရာ နှစ်ဖြာမှာ အင်မတန် ပင်ပန်းဆင်းရဲဖို့ရန်အတွက် အကြောင်းတရားတွေ ဖြစ်ပါတယ်။

နောက်တစ်ခု — ကာမဂုဏ်တွေဟာ ခါးစပ်တဲ့ သဘော ရှိပါတယ်။ ကာမဂုဏ်တွေဟာ ဘယ်လို ခါးစပ်သလဲလို့ မေးရင်တော့ အလိုမရှိအပ်တဲ့ တရားတွေသာ ဖြစ်တယ်။ ဘုရား အစရှိသော အရိယာသူတော်ကောင်းတို့ရဲ့ မျက်စိဘက်က ကြည့်ရင် ဒီကာမဂုဏ်တွေက သတ္တဝါတစ်ဦးကို သံသရာဝဋ်ဆင်းရဲဒုက္ခမှ မလွတ်အောင် နှောင်ဖွဲ့ထားနိုင်တဲ့ စွမ်းအင်သတ္တိ ရှိနေခြင်းကြောင့် ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့ကတော့ ဒီကာမဂုဏ်ကို ဘယ်တော့မှ အလိုမရှိဘူး။

နောက်တစ်ခု — ကာမဂုဏ်တွေသည် လျင်မြန်သော အဆိပ်ရှိတဲ့ မြွေပွေး, မြွေဟောက်နဲ့လည်း သိပ်တူတယ်။ ဘာကြောင့်လဲ? ကာမဂုဏ်ကို အကြောင်းပြုပြီးတော့ ဘေးဒုက္ခတွေက အမျိုးမျိုး ဆိုက်ရောက်နိုင်တယ်။ အဲဒီ ဆိုက်ရောက်လာပြီဆိုလို့ရှိရင် သတ္တဝါတစ်ယောက်မှာ အင်မတန် ပြင်းထန်နေတဲ့ ဆင်းရဲဒုက္ခအမျိုးမျိုး ကျရောက်ရတယ်။ ဒါကြောင့် ကာမဂုဏ်တွေဟာ အဆိပ်ပြင်းထန်နေတဲ့ မြွေပွေး, မြွေဟောက်နဲ့လည်း တူတယ်။ လူမိုက်တွေသာလျှင် ဒီကာမဂုဏ်တွေမှာ မြိုမတတ် စွဲလမ်းပြီးတော့ မေ့မြောနေတာပါ။ လူလိမ္မာ ပညာရှိသူတော်ကောင်းတွေကတော့ ဒီကာမဂုဏ်တွေကို စွန့်လွှတ်ပြီးတော့ ကာမဂုဏ်မှ ထွက်မြောက်ရာဖြစ်တဲ့ နိဗ္ဗာန်သို့ ရောက်အောင်သာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တော်မူကြပါတယ်။

အကယ်၍ လူမိုက်တွေက ဒီကာမဂုဏ်ကို မြိုမတတ် စွဲလမ်းပြီး နေကြမယ်ဆိုလို့ရှိရင်လည်း နေ့ညဉ့်သံသရာ ရှည်မြင့်စွာသော အချိန်အခါ ကာလပတ်လုံး ဒီကာမဂုဏ်တွေက ဒီသတ္တဝါကို ငရဲသို့ရောက်အောင် ပို့ဆောင်ပြီး ပစ်ချလိမ့်မယ်။ ပစ်ချလိုက်တဲ့ အချိန်ခါမှာ ဒီသတ္တဝါဟာ ငရဲမှာ ဆင်းရဲဒုက္ခအမျိုးမျိုးဖြင့် အမြဲမပြတ် ညှဉ်းပန်းနှိပ်စက်ပြီးတော့ ခံနေရပါလိမ့်မယ်။ ကာမဂုဏ်ကို အကြောင်းပြုပြီး ဒုစရိုက် လွန်ကျူးတာလည်း ရှိတယ်။ ကာမဂုဏ်ကို အကြောင်းပြုပြီး နှစ်သက်သာယာမှုတွေ လောဘတွေ, ဒေါသတွေ, မောဟတွေ ဖြစ်နေတာလည်း ရှိတယ်။ အဲဒီ လောဘ, ဒေါသ, မောဟတရားတွေက သတ္တဝါတွေကို အပါယ်ရောက်အောင် ပစ်ချပြီးတော့ ဒီအပါယ်ဘုံမှာ ဆင်းရဲဒုက္ခ အမျိုးမျိုးဖြင့် ညှဉ်းပန်းနှိပ်စက်စေလိမ့်မယ်။ ဘာကြောင့် ဒီလို ညှဉ်းပန်းနှိပ်စက်မှုတွေ ခံရသလဲလို့ လှမ်းကြည့်လိုက်တဲ့ အချိန်အခါမှာ ဒီကာမဂုဏ်တွေကို အခြေခံနေပါတယ်။ ကာမဂုဏ်ဆိုတာကတော့ သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတွေပဲ။ လိုချင်စရာ, နှစ်သက်မြတ်နိုးဖွယ်ရာတွေကို ကာမဂုဏ်လို့ ခေါ်ပါတယ်နော်။

ဒီတော့ ကာမဂုဏ်တွေကို အကြောင်းပြုပြီးတော့ သတ္တဝါတွေဟာ ဘာဖြစ်ကြသလဲ? မကောင်းမှုတွေကို ပြုကြတယ်။ မကောင်းမှုတွေကို ပြုလိုက်တဲ့ အတွက် အပါယ်လေးဘုံမှာလည်း ဖရိုဖရဲ ပြိုကွဲပျက်စီးပြီးတော့ ကျရောက်ကြတယ်။ မကောင်းမှုအကုသိုလ်တရားတွေဖြင့်လည်း ထပ်ခါထပ်ခါ ဒီကာမဂုဏ်တွေကို အကြောင်းပြုပြီးတော့ သတ္တဝါတွေရဲ့ သန္တာန်မှာ တိုးပွားနေကြပါတယ်။ ဘယ်လို တိုးပွားသလဲလို့မေးတော့။ ဒီကာမဂုဏ်တွေကို အကြောင်းပြုပြီးတော့လည်း မပြုသင့် မပြုထိုက်တဲ့ ကာယကံမှုတွေကို ပြုကြတယ်။ မပြောသင့် မပြောထိုက်တဲ့ ဝစီကံမှုတွေကို ပြုကြတယ်။ မကြံစည်သင့် မကြံစည်ထိုက်တဲ့ မနောကံတွေကို ကြံစည်ကြတယ်။ ကာယကံ စောင့်စည်းမှုလည်း မရှိဘူး။ ဝစီကံစောင့်စည်းမှုလည်း မရှိဘူး။ မနောကံ စောင့်စည်းမှုလည်း မရှိဘူး။

ဘယ်လို ပုဂ္ဂိုလ်တွေ မစောင့်စည်းနိုင်လဲလို့ မေးရင်တော့။ ကာမဂုဏ်ရဲ့ အပြစ်ကို ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိမြင်တဲ့ ဉာဏ်ပညာမျက်စိ မရှိနေတဲ့ ပညာမျက်စိကန်းနေတဲ့ လူမိုက်တွေပါ။ အဲဒီ လူမိုက်တွေက ဒီကာမဂုဏ်နဲ့ ပတ်သက်ပြီးတော့ ကာယကံစောင့်စည်းမှုလည်း မရှိဘူး, ဝစီကံစောင့်စည်းမှုလည်း မရှိဘူး, မနောကံစောင့်စည်းမှုလည်း မရှိပါဘူး။ ဒကာကြီးတွေ, ဒကာမကြီးတွေ လူမိုက်တွေလား, လူလိမ္မာတွေလား? ဘယ်လိုတုန်း ဒကာကြီးတွေ ဘုန်းကြီးကို လှန်ကြည့်နေတယ်။ ဘုန်းကြီးဟောတာ မဟုတ်ဘူးနော်။ သုမေဓာထေရီက သူ့မိဘတွေကို ပြောနေတဲ့ စကားပဲ။

နောက်တစ်ခု — ဒီကာမဂုဏ်တွေကို ဘယ်လို ပုဂ္ဂိုလ်တွေသာ မှီဝဲကြသလဲလို့မေးရင်တော့ ပညာမရှိတဲ့ လူမိုက်တွေက မှီဝဲတာ။ ပညာမရှိတဲ့ လူမိုက်ဆိုတာက ခုနက ရုပ်တွေ, နာမ်တွေ ဟုတ်တိုင်းမှန်စွာ မသိဘူး။ အကြောင်းတရား, အကျိုးတရားတွေကို ဟုတ်တိုင်းမှန်စွာ မသိဘူး။ အကြောင်းတရားနှင့်တကွ ဒီရုပ်နာမ်တို့ရဲ့ အနိစ္စသဘော, ဒုက္ခသဘော, အနတ္တသဘောတွေလည်း ဟုတ်တိုင်းမှန်စွာ မသိဘူး။ အဲဒီလို မသိတဲ့ ပုဂ္ဂိုလ်တွေကို ပညာမရှိတဲ့ ပုဂ္ဂိုလ်လို့ ခေါ်ပါတယ်။ အဲဒီ ပညာမရှိတဲ့ ပုဂ္ဂိုလ်တွေဟာ ဘာဖြစ်ကြသလဲ?

အစေတနာ၊ မိမိရဲ့ အကျိုးစီးပွားအတွက် လိုလားတောင့်တနေတဲ့ စိတ်စေတနာ မရှိဘူး။ ဒကာကြီးတွေ ဟုတ်သလား, မဟုတ်ဘူးလား? စဉ်းစားကြည့်နော်။ သားအတွက်ဆိုရင် ဘာလုပ်ပေးရမလဲ, သမီးအတွက်ဆိုရင် ဘာလုပ်ပေးရမလဲ, ဇနီးအတွက်ဆိုရင် ဘာလုပ်ပေးရမလဲ, အဖိုးကြီးအတွက်ဆိုရင် ဘာလုပ်ပေးရမလဲ, အဖွားကြီးအတွက်ဆိုရင် ဘာလုပ်ပေးရမလဲ? လုပ်ပေးဖို့ ဒီစိတ်ထား တော်တော်ရှိကြတယ်။ ဒါပေမယ့် မိမိရဲ့ အကျိုးစီးပွားအတွက်ကျတော့ မိမိအပေါ်မှာ စိတ်စေတနာ ရှိကြလား? မရှိဘူး။ ဘယ်လို ပုဂ္ဂိုလ်တွေလဲ? လူမိုက်တွေပဲ။

အဲဒီ လူမိုက်တွေဟာ လူ, နတ်, နိဗ္ဗာန် သုံးတန်သော အကျိုးစီးပွားခေါ်တဲ့ မိမိရဲ့ အကျိုးစီးပွားကျတော့ လိုလားတောင့်တနေတဲ့ စိတ်စေတနာ မရှိဘူး။ ဘယ်မှာသွားပြီး စိတ်စေတနာရှိလဲလို့မေးတော့ — ဒုက္ခဖြစ်ခြင်းရဲ့ အကြောင်းရင်းဖြစ်တဲ့ သမုဒယသစ္စာအပေါ်မှာ သို့မဟုတ် သမုဒယသစ္စာနဲ့ တွယ်တာနေတဲ့ ကာမဂုဏ်တွေအပေါ်မှာ သွားပြီးတော့ လိုလားတောင့်တနေတဲ့ စိတ်ထား ရှိတယ်။ သူတစ်ပါးတွေအတွက်တော့ ပြုစုပျိုးထောင်လိုတဲ့ စိတ်ထား ရှိတယ်။ မိမိရဲ့ ကောင်းကျိုးချမ်းသာအတွက်တော့ လိုလားတောင့်တနေတဲ့ စိတ်ထား မရှိဘူး။ ဘာဖြစ်လို့ ဒီစိတ်ထား မရှိရသလဲလို့မေးတော့ — သမုဒယသစ္စာဖြင့် တဏှာဆိုတဲ့ သံယောဇဉ်နှောင်ကြိုးဖြင့် တုပ်နှောင်ထားခံရလို့ ဒီလိုစိတ်ထား မရှိတာတဲ့။ ဟုတ်, မဟုတ်တော့ စဉ်းစားကြနော်။

သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်တယ်ဆိုတာလည်း သိတယ်။ ဒီသမုဒယသစ္စာတွေဟာလည်း ဖြစ်ပြီး ပျက်နေတဲ့ အနိစ္စတရား, ဒုက္ခတရား, အနတ္တတရားပဲ။ ဒုက္ခသစ္စာတရားတွေကလည်း ဖြစ်ပြီး ပျက်နေတဲ့ အနိစ္စတရား, ဒုက္ခတရား, အနတ္တတရားတွေပဲလို့ ဟုတ်တိုင်းမှန်စွာ သိတယ်။ ဒီအသိဉာဏ်ရှိနေတဲ့ ပုဂ္ဂိုလ်တွေသာလျှင် ဒီစကားကို ပြောတာပါ။ အဲဒီ အသိဉာဏ်မရှိတဲ့ ပုဂ္ဂိုလ်တွေ ဒီစကားမျိုး မပြောနိုင်ဘူး။ သမုဒယသစ္စာက ပိတ်ဆို့ထားတဲ့ အတွက်ကြောင့် သတ္တဝါတွေဟာ မိမိရဲ့ အကျိုးစီးပွားအတွက် လိုလားတောင့်တနေတဲ့ စိတ်ထားတွေ ဒီသတ္တဝါတွေရဲ့ သန္တာန်မှာ, လူမိုက်တွေရဲ့ သန္တာန်မှာ မရှိပါဘူးဆိုပြီး သူက ဒီလို ပြောတယ်နော်။

ဒီလောက်တင်လားဆိုတော့ မကသေးဘူး။ အဲဒီ လူမိုက်တွေကို သွားပြီးတော့ သစ္စာလေးပါးနဲ့ ပတ်သက်တဲ့ တရားစကားကို ဟောပါ။ ဘုရားရှင်တို့က သစ္စာလေးပါးနဲ့ ပတ်သက်တဲ့ တရားစကား သွားဟောရင် ဒီလူမိုက်တွေဟာ ဘုရားဟောနေတဲ့ ဒီသစ္စာလေးပါးကို ဟုတ်တိုင်းမှန်စွာ ဘယ်လိုမှ ထိုးထွင်းမသိကြဘူး။ ဘယ့်နှယ်တုန်း? ဒကာကြီးတွေ, ဒကာမကြီးတွေ မှားလား, မှန်လား? မှန်နေတယ်နော်။ ဒီသစ္စာလေးပါးကို သိဖို့ဆိုတာက ဘုရားရှင်သာသနာတော်နှင့် တွေ့ခိုက်မှာသာ ကြိုးစားအားထုတ်နိုင်တဲ့ အခွင့်အလန်း တစ်ခုပဲနော်။

နောက်တစ်ခု — ဒီသစ္စာလေးပါးဆိုတာက ဘုရားမြတ်တို့သာ ဟောကြားပြသ ဆိုဆုံးမနိုင်တယ်။ အဲဒီ ဟောနိုင်တဲ့, ဆိုဆုံးမနိုင်တဲ့ ဒီသစ္စာလေးပါးကို သိတဲ့ ပုဂ္ဂိုလ်နဲ့ မသိတဲ့ ပုဂ္ဂိုလ် လောကမှာ တိုင်းတာ နှိုင်းစာကြည့်မယ်ဆို မသိတဲ့ ပုဂ္ဂိုလ်တွေက ပိုပြီးတော့ များပါတယ်။ ဘာဖြစ်လို့လဲလို့မေးရင်တော့ ဒီမသိတဲ့ ပုဂ္ဂိုလ်တွေက (၃၁) ဘုံအတွင်းမှာ တည်ရှိနေတဲ့ ရုပ်နာမ်ဓမ္မသင်္ခါရတရားတွေအပေါ်၌ အလွန် နှစ်သက်နေကြတယ်, မြတ်နိုးနေကြတယ်။ နတ်ပြည် နတ်လောက, ဗြဟ္မာ့ပြည် ဗြဟ္မာ့လောကမှာ ဖြစ်ဖို့ရန်အတွက်ကို လိုလားတောင့်တနေတဲ့ စိတ်ထားတွေက သိပ်ပြီးတော့ အားကောင်းကြပါတယ်။

ဒါကြောင့် သစ္စာလေးပါးကို သိတဲ့ ပုဂ္ဂိုလ်နဲ့ မသိတဲ့ ပုဂ္ဂိုလ် တိုင်းတာ နှိုင်းစာကြည့်မယ်ဆိုရင် သစ္စာလေးပါးကို မသိတဲ့ ပုဂ္ဂိုလ်တွေက ပိုပြီးတော့ များနေတယ်။ သို့သော် သူတို့ လိုလားတောင့်တနေတဲ့ နတ်ပြည် နတ်လောကဆိုတာ လှမ်းကြည့်ပါတဲ့နော်။ (၃၁) ဘုံအတွင်းမှာ တည်ရှိနေတဲ့ ရုပ်နာမ်ဓမ္မသင်္ခါရတရားမှန်သမျှသည် ဖြစ်ပြီး ပျက်နေတဲ့ အနိစ္စတရားသာ မှန်ခဲ့မယ်ဆိုရင် နတ်ပြည်, နတ်လောကက နိစ္စ မြဲနေတဲ့ တရားတစ်ခု ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ နတ်ပြည်, နတ်လောကမှာ ပဋိသန္ဓေတည်နေရခြင်းဆိုတဲ့ ဒီသဘာဝတရားဟာလည်း အနိစ္စတရားသာ ဖြစ်ပါတယ်။

ဒါပေမယ့်လို့ လူမိုက်တွေက ကြောက်လန့်သင့်, ကြောက်လန့်ထိုက်တဲ့ ဒီအနိစ္စတရားမှ ဘယ်တော့မှ မကြောက်ကြဘူးတဲ့နော်။ ဒီအနိစ္စဖြစ်နေတဲ့ ရုပ်တရား, နာမ်တရားတွေ, အကြောင်းတရား, အကျိုးတရားတွေကိုပဲ လိုလားတပ်မက်နေတဲ့ စိတ်ထားဖြင့် ထပ်ခါထပ်ခါ ဒီကာမဂုဏ်တွေကို မှီဝဲပြီးတော့ ထပ်ခါထပ်ခါ ဒီကာမဂုဏ်တွေကို ရဖို့ရန်အတွက် သင်္ခါရတရားတွေကို ပြုစုပျိုးထောင်နေကြပါတယ်။ သို့သော် ဒီကာမဂုဏ်ကို အကြောင်းပြုပြီးတော့ အပါယ်လေးပါး ရောက်ခဲ့မယ်ဆိုရင် ဒီအပါယ်လေးပါးဆိုတာကလည်း ဖရိုဖရဲ ပြိုကွဲပျက်စီးပြီး ကျရောက်နေတဲ့ သတ္တဝါတွေရဲ့ ဆင်းရဲဒုက္ခရောက်ဖို့ရာ နေရာသာဖြစ်တယ်။

လူ့ပြည်, နတ်ပြည်ဆိုတဲ့ ဒီကောင်းတဲ့ ဂတိတွေဆိုတာကလည်း ဆင်းဆင်းရဲရဲ ပင်ပင်ပန်းပန်းဖြင့်သာ ရရှိနိုင်တဲ့ ဂတိတွေ ဖြစ်ပါတယ်။ လွယ်လွယ်ကူကူလေးနဲ့ ရရှိနိုင်တဲ့ သဘောတရား မရှိဘူး။ ဒီနေ့ သူတော်ကောင်းတွေ သီလတည်းဟူသော မြေပေါ်မှာ ရပ်တည်ပြီး ကောင်းမှုကုသိုလ်တည်းဟူသော မျိုးစေ့ကို ကြဲချစိုက်ပျိုးခဲ့မယ်ဆိုလို့ရှိရင် မိမိတို့ကလည်း လိုလားတောင့်တခဲ့ရင် လူ့ပြည်, နတ်ပြည်ဆိုတဲ့ ချမ်းသာတွေကို ရနိုင်တယ်ဆိုတာက ဘုရားရှင် ပွင့်လာလို့ ဒီအသိဉာဏ်မျိုး ရှိတာနော်။ ဒါကလည်း သီလကို တကယ် စင်ကြယ်အောင် စောင့်ထိန်းနိုင်ပါမှသာလျှင်, မိမိတို့ရဲ့ စိတ်ကိုလည်း ယဉ်ကျေးအောင် ဆိုဆုံးမနိုင်ပါမှသာလျှင် သေချာတဲ့ သဘော ရှိပါတယ်။ မိမိတို့ရဲ့ စိတ်ကို ယဉ်ကျေးအောင် ဆုံးမနိုင်တဲ့ စွမ်းအား မရှိဘူးဆိုရင် သေချာပါ့မလား? မသေချာသေးဘူး။

နောက်တစ်ခု — အကယ်၍များ အပါယ်ရောက်သွားပြီ။ ပြန်စဉ်းစားကြည့်! တိရစ္ဆာန်ဖြစ်ပြီ။ ရဟန်းဘဝ ရောက်နိုင်ပါ့မလား? မရောက်နိုင်ဘူး။ ပြိတ္တာဘဝရောက်ရင်လည်း ရဟန်းဘဝ မရောက်နိုင်ဘူး။ ငရဲဘဝရောက်ရင်လည်း ရဟန်းဘဝ မရောက်နိုင်ဘူး။ ဒါကြောင့် အပါယ်လေးဘုံမှာ ရဟန်းဘဝဆိုတာ မရှိပါဘူး။ ရဟန်းဘဝ ရှိနိုင်တယ်ဆိုတာက လူ့ပြည်, လူ့လောကမှာသာ ရှိနိုင်တယ်။ ဒါကြောင့် ကိုယ်တော်အား တစ်ဆယ်ပါး, ဉာဏ်တော်အား တစ်ဆယ်ပါးနဲ့ ပြည့်စုံတော်မူတဲ့ မြတ်စွာဘုရားရှင်ရဲ့ သာသနာတော်မှာ ဝင်ရောက်ပြီး ရှင်ရဟန်းပြုဖို့ရန်အတွက် သင်မိဘနှစ်ပါးတို့က ကျွန်တော်မကို ခွင့်ပြုတော်မူပါ။ တခြားတခြားသော ကိစ္စဟူသမျှတို့၌ ကြောင့်ကြမဲ့နေထိုင်ပြီးတော့ နိဗ္ဗာန် ရရှိရေးအတွက် သမထ ဝိပဿနာ ဘာဝနာကျင့်စဉ်တွေကို ကျွန်တော်မ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လိုပါတယ်။ အို, နာ, သေရေးဒုက္ခဘေးမှ လွတ်မြောက်လိုပါတယ်။ အို, နာ, သေရေးဒုက္ခဘေးမှ လွတ်မြောက်ကြောင်းဖြစ်တဲ့ သမထ ဝิပဿနာ ဘာဝနာကျင့်စဉ်တွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့ရန်အတွက် ကျွန်တော်မကို ခွင့်ပြုတော်မူပါဆိုပြီးတော့ တောင်းတယ်။ နောက်တစ်ခု — သူက ဘာဆက်ဟောလဲ?

ဘဝ သုံးပါးအတွင်းမှာ တည်ရှိနေတဲ့ ရုပ်နာမ်ဓမ္မသင်္ခါရတရား မှန်သမျှသည် အနှစ်သာရလည်း မရှိ၊ ခန္ဓာကိုယ်ကို ညှဉ်းဆဲတတ်တဲ့ သဘာဝတွေသာ ဖြစ်နေတယ်။ အဲဒီလို ခန္ဓာကိုယ်ကိုသာ ဆင်းရဲစေတတ်တဲ့ အနှစ်သာရမရှိတဲ့ ဒီရုပ်နာမ်ဓမ္မသင်္ခါရတရားတွေအပေါ်၌ အလွန် နှစ်သက်မြတ်နိုးနေခဲ့မယ်ဆိုရင် ကျွန်တော်မအတွက် ဘာအကျိုးရှိမှာလဲ? ဒါကြောင့် ဘဝအပေါ်မှာ တွယ်တာတပ်မက်နေတဲ့ ဒီတဏှာတရား ချုပ်ငြိမ်းဖို့ရန်အတွက် သာသနာဘောင်မှာ ဝင်ရောက်ပြီးတော့ ရှင်ရဟန်းပြုပြီးတော့ အို, နာ, သေရေးဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်းဖြစ်တဲ့ တရားကောင်းတွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့ရန်အတွက် ကျွန်တော်မကို အနူးအညွတ် ခွင့်လွှတ်တော်မူပါ။ ဘာဖြစ်လို့လဲ?

ဗုဒ္ဓါနံ ဥပ္ပါဒေါ၊ ဘုရားရှင်တို့ ပွင့်ထွန်းပေါ်ပေါက်တော်မူလာခြင်းဆိုတာက အလွန် ရခဲတဲ့သဘော ရှိပါတယ်။ အကယ်၍များ ငရဲရောက်နေမယ်ဆိုလို့ရှိရင် လောကမှာ ဘုရားပွင့်သော်လည်း မိမိအတွက် ကျွတ်နိုင်ခွင့် ရှိသလား? မရှိဘူးနော်။ ပြိတ္တာဘဝ ရောက်နေမယ်, တိရစ္ဆာန်ဘဝရောက်နေမယ်ဆိုလည်း ပုံစံတူပဲ။ ဟို... အသက် သိပ်ရှည်နေတဲ့ အသညသတ်ဗြဟ္မာတို့လို ဘဝတစ်ခု ရောက်နေမယ်ဆိုလို့ရှိရင်လည်း ဒီဘုရားသာသနာမှာ အို, နာ, သေရေးဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်း တရားကောင်းတွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခွင့် မရနိုင်ဘူး။

လောကမှာ ဘုရားကလည်း ပွင့်လာပြီ။ သံသရာဝဋ်ဆင်းရဲဒုက္ခကို ကုန်ခန်းစေနိုင်တဲ့ စွမ်းအင်ရှိနေတဲ့ သစ္စာလေးပါး တရားတွေကိုလည်း ဟောပြီ။ ဒါပေမယ့် မိမိက မိစ္ဆာဒိဋ္ဌိ = အယူဝါဒရှိတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်မယ်ဆိုလို့ရှိရင် မိမိဟာ ဒီသာသနာဘောင်မှာ ဝင်ရောက်ပြီး ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခွင့်ဆိုတဲ့ အခွင့်အလန်းမျိုး ရနိုင်ဦးမလား? မရနိုင်ဘူး။ သာသနာ မပျံ့နှံ့ရာဖြစ်တဲ့ ဘုရားရှင်ရဲ့ တပည့်သာဝကတွေ မရောက်နိုင်တဲ့ တောကြိုတောင်ကြားမှာ သွားပြီး လူဖြစ်မယ်ဆိုလို့ရှိရင်လည်း ဒီတရားတွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့ရန်ဆိုတဲ့ အခွင့်အလန်းတွေက ဘယ်လိုမှ မရနိုင်ဘူး။

ဘုရားပွင့်ရာ သာသနာတော်အတွင်းမှာ မိမိက လူဖြစ်တာ မှန်တယ်၊ ဒါပေမယ့် ဆွံ့နေတယ်, အနေတယ်, နာမကျန်းဖြစ်နေတယ်။ ဒီချိန်ခါမှာလည်း ဘုရားရှင်ရဲ့ အို, နာ, သေရေးဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်း တရားကောင်းတွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့ရန်အတွက် အခွင့် ရနိုင်မလား? မရနိုင်ဘူး။ ဒါကြောင့် တို့ ဘုရားပွင့်တဲ့ အခွင့်အခါ ကြုံတုန်းလေးမှာ မိမိကလည်း မဆွံ့ မအဘူး။ မဂ်, ဖိုလ်, နိဗ္ဗာန် ရနိုင်တဲ့ တိဟိတ်ပဋိသန္ဓေမျိုးစေ့လို့ ခေါ်အပ်တဲ့ အသိအလိမ္မာ ဉာဏ်ပညာလေးကလည်း ရှိတယ်, ဘုရားရှင်ရဲ့ တရားကိုလည်း ကြားနိုင်ခွင့်ရတယ်, ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့လည်း အခွင့်ရတယ်။ အဲဒီ အခွင့်အလန်းရနေတဲ့ ခဏပေါ့။ ဗုဒ္ဓုပ္ပါဒ နဝမခဏလို့ ခေါ်ပါတယ်။

အဲဒီ ဗုဒ္ဓုပ္ပါဒ နဝမခဏလေးမှာသာလျှင် စတုပါရိသုဒ္ဓိလို့ ခေါ်ဆိုအပ်တဲ့ သီလကို ဖြူစင်အောင် ဖြည့်ကျင့်လို့ ရနိုင်တယ်။ သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ ကျင့်စဉ်တွေကို သာသနာ့ဗြဟ္မာ့စရိယလို့ ခေါ်ဆိုအပ်တဲ့ မြတ်သောကျင့်စဉ်တွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခွင့် ရနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်မရဲ့ အသက်ထက်ဆုံး မိမိရဲ့ သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်တွေကို ဖျက်ဆီးလိုတဲ့ စိတ်ထား မရှိပါဘူး။ မိမိရဲ့ ကိုယ်ကျင့်သီလတွေကို ဖျက်ဆီးပြီးတော့ လက်ထပ်ထိမ်းမြားလိုတဲ့ ဆန္ဒတွေ ကျွန်တော်မမှာ မရှိပါဘူး။ ဒါကြောင့် သာသနာဘောင်ကို ဝင်ရောက်ပြီး ရှင်ရဟန်းပြုဖို့ရန်အတွက် အနူးအညွတ် ခွင့်လွှတ်တော်မူပါဆိုပြီးတော့ ခွင့်တောင်းတယ်နော်။

အဲဒီလို ခွင့်တောင်းလိုက်တဲ့ အချိန်အခါကျတော့ မိဘတွေက လွယ်လွယ်နဲ့ ခွင့်မပေး ဖြစ်နေပြန်တယ်။ မိဘတွေက လွယ်လွယ်နဲ့ ခွင့်မပေးလိုက်တဲ့ အချိန်အခါကျတော့ ဘာလုပ်ရလဲ? အစာငတ်ခံပြီးတော့ ဆန္ဒပြရတယ်။ ဒီနေ့ကစပြီးတော့ ရှင်ရဟန်းအဖြစ်ကို မခံရသေးသမျှ ကာလပတ်လုံး ကျွန်တော်မသည် အစာအာဟာရကို ဘယ်တော့မှ မစားတော့ပါဘူးဆိုပြီးတော့ အိပ်ရာထဲလှဲပြီး အိပ်လိုက်ပြီ။ အဲဒီလို လှဲပြီး အိပ်လိုက်တဲ့ အချိန်ခါကျတော့ မိဘတွေက အင်မတန် စိတ်ဆင်းရဲကြတယ်။ စိတ်ဆင်းရဲပြီးတော့ မိဘတွေက ငိုကြတယ်။ အမေကလည်း ငိုတယ်, အဖေကလည်း ငိုတယ်။ မျက်ရည်ပြည့်နေတဲ့ မျက်နှာတွေဖြင့် လာပြီးတော့ ချော့ကြတယ်။ လာပြီး ဘယ်လိုပင် ချော့သော်လည်း သုမေဓာမင်းသမီးလေးဘက်ကတော့ ပြန်ပြီးတော့ အလျှော့ပေးတဲ့စိတ်ထား မရှိပါဘူး။ အဲဒီတော့ အလျှော့ပေးတဲ့စိတ်ထား မရှိတဲ့ အချိန်အခါမှာ ဘာဖြစ်သလဲ?

ချစ်သမီး... သင်ချစ်သမီးကို ဟို ဝါရဏဝတီမြို့မှာ ရှိနေတဲ့ အနိဃရဒ္ဓ အမည်ရှိတဲ့ ဘုရင်မင်းမြတ်ကို ပေးထားပြီး ဖြစ်ပါတယ်။ အနိဃရဒ္ဓအမည်ရှိတဲ့ ဘုရင်မင်းမြတ်ဟာလည်း အလွန် လှပတင့်တယ်တဲ့ အမျိုးကောင်းသားတစ်ဦး ဖြစ်ပါတယ်။ စည်းစိမ်ဥစ္စာ အလွန် ချမ်းသာကြွယ်ဝတဲ့ အမျိုးကောင်းသားတစ်ဦးလည်း ဖြစ်ပါတယ်။ အနိဃရဒ္ဓအမည်ရှိတဲ့ ဒီဘုရင်ကြီးရဲ့ထံမှာ သင်ချစ်သမီးက အဂ္ဂမဟေသီဆိုတဲ့ အမြတ်ဆုံး မိဖုရားကြီးတစ်ဦးလည်း ဖြစ်ရမှာ ဖြစ်တယ်။

ဒီတော့ သာသနာတော်မှာ ဝင်ပြီး ရှင်ရဟန်းပြုတယ်ဆိုတာက စတုပါရိသုဒ္ဓိသီလလို့ ခေါ်ဆိုအပ်တဲ့ ရဟန်းတို့ ဖြည့်ကျင့်တဲ့ သီလကျင့်စဉ်တွေဆိုတာကလည်း အလွန် ဖြည့်ကျင့်လို့ ရနိုင်ခဲတဲ့သဘော, ဖြည့်ကျင့်နိုင်ခဲပါတယ်။ သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်တွေဟာလည်း အင်မတန် ကျင့်နိုင်ခဲပါတယ်။ ရဟန်းအဖြစ်, ရှင်အဖြစ်ဆိုတဲ့ ဘဝဆိုတာက အင်မတန် ခဲခဲယဉ်းယဉ်း ပြုလုပ်ရတဲ့ဘဝတွေ ဖြစ်ပါတယ်။ ဒါကြောင့် တို့ရဲ့မြို့မှာကော, တိုင်းနိုင်ငံမှာကော, အနိဃရဒ္ဓအမည်ရှိနေတဲ့ ဘုရင်မင်းမြတ်ရဲ့ ဝါရဏဝတီအမည်ရှိတဲ့ တိုင်းနိုင်ငံမှာရော နိုင်ငံနှစ်ခုလုံးမှာ ရှိနေတဲ့ စည်းစိမ်ဥစ္စာတွေဟာ သင်ချစ်သမီးရဲ့ လက်တွင်းကို ရောက်ရှိနေတဲ့ စည်းစိမ်ဥစ္စာတွေသာ ဖြစ်ပါတယ်။ အဲဒီ စည်းစိမ်ဥစ္စာတွေအပေါ်၌ သင်ချစ်သမီးသည် အစိုးတရ ပြုလုပ်နိုင်တဲ့ စွမ်းအင်တွေ ရှိပါတယ်။ ဒီစည်းစိမ်ဥစ္စာတွေကို ခုလို အချိန်အခါမှာ သုံးဆောင်ခံစားပါဦး။

သင်ချစ်သမီးဟာ ငယ်ရွယ်နုနယ်သေးတဲ့ ပုဂ္ဂိုလ်သာ ဖြစ်ပါတယ်။ ကာမဂုဏ်တွေ သုံးဆောင်ခံစားပြီးလို့ အသက်အရွယ် အိုမင်းမစွမ်းဖြစ်တဲ့ အခါကျတော့မှ သာသနာဘောင် ဝင်ရောက်ပြီး ရှင်ရဟန်းပြုပါ။ ခုချိန်ခါမှာ လက်ထပ်ပါဦးဆိုပြီးတော့ မိဘတွေက တိုက်တွန်းကြတယ်။ အဲဒီလို မိဘတွေ တိုက်တွန်းလိုက်တဲ့ အချိန်ခါမှာ သုမေဓာအမျိုးသမီးလေးက ဘာပြန်ပြောလဲ? ကျွန်တော်မအတွက်ကတော့ အနှစ်သာရမရှိတဲ့ ဘုံ သုံးပါးအတွင်းမှာ တည်ရှိနေတဲ့ ဒီသင်္ခါရတရားတွေကို ကောင်းကောင်းကြီး ဉာဏ်ပညာမျက်စိနဲ့ မြင်နေပါတယ်။ ဒီအချိန်ခါမှာ ပညာမျက်စိရှိဖို့ သိပ်လိုအပ်နေပါတယ်။ ခုလို အချေအတင် ဖြစ်နေတဲ့ ပွဲတစ်ခုမှာ မိမိတို့ဘက်က အသိအလိမ္မာဉာဏ်ပညာ ရှိနေတဲ့ မျက်စိသာ မရှိခဲ့ဘူးဆိုလို့ရှိရင်တော့ ဒီကာမဂုဏ်တွေဘက်ကို ကောက်ကောက်ပါသွားမှာ ဖြစ်ပါတယ်။

ဒီအချိန်ခါမှာ သူက ရုပ်တွေ, နာမ်တွေကို ဟုတ်တိုင်းမှန်စွာ သိတယ်။ သုံးဆယ့်တစ်ဘုံအတွင်းမှာ တည်ရှိနေတဲ့ ရုပ်နာမ်တွေရဲ့ အကြောင်းတရား, အကျိုးတရားတွေကို ဟုတ်တိုင်းမှန်စွာ သိတယ်။ အကြောင်းတရားနဲ့တကွ ဒီရုပ်နာမ်တို့ရဲ့ အနိစ္စသဘော, ဒုက္ခသဘော, အနတ္တသဘောတွေ ဟုတ်တိုင်းမှန်စွာ သိတယ်။ ဒီရုပ်နာမ်ကလွဲ၍ ဒီအကြောင်းတရား, ဒီအကျိုးတရားကလွဲ၍ ဒီ သုံးဆယ့်တစ်ဘုံအတွင်းမှာ ဘာမှ မရှိဘူးဆိုတာလည်း သိတယ်။ ရှိနေတဲ့ ဒီရုပ်, ဒီနာမ်, ဒီအကြောင်း, ဒီအကျိုးလို့ ခေါ်ဆိုအပ်တဲ့ ဒီသင်္ခါရတရားတွေမှာလည်း ခိုင်မာတဲ့အနှစ်သာရ တစ်ခုမှ မရှိဘူးဆိုတာ သိနေပြီ။

အဲဒီ အသိဉာဏ်က သူ့ကို ဒီအိမ်ထောင်ရှင်ဘဝ မရောက်အောင် သူက စွမ်းဆောင်နေတဲ့ အသိဉာဏ်တစ်ခု ဖြစ်ပါတယ်။ ဒီတော့ ဒီအိမ်ထောင်ရှင်ဘဝ မရောက်အောင် သူက ဒီလို အသိဉာဏ်တွေ ရရှိအောင် သူက လေ့ကျင့်ထားတယ်။ ခုလို အချိန်ခါမျိုးမှာ သုံးဆယ့်တစ်ဘုံတွင်းမှာ တည်ရှိနေတဲ့ ဒီသင်္ခါရတရားတွေဟာ အကုန်လုံး အနှစ်သာရ မရှိဘူးဆိုတာ ကျွန်တော်မ သိနေတယ်။ ဒါကြောင့် ကျွန်တော်မအဖို့ ရှင်ရဟန်းအဖြစ်သော်လည်းကောင်း, သေခြင်းသော်လည်းကောင်း ဒီနှစ်ခု တစ်ခုခုသာ ဖြစ်မယ်။ ဘယ်တော့မှ လက်ထပ်မှာ မဟုတ်ဘူးဆိုပြီးတော့ ခပ်တင်းတင်းပဲ သူက ပြောတယ်။

တတိယပိုင်း

နောက်တစ်ခု... သူ ဘာဆက်ပြောလဲ? ကျွန်တော်မရဲ့ ခန္ဓာကိုယ်ကြီးကို ကြည့်ပါတဲ့။ ဒီခန္ဓာကိုယ်ကြီးဟာ ပူတိကာယံ အသုစိံ၊ သဝန္တံ ဂန္ဓံ ဘယာနကံ။ (ထေရီ၊၄၀၄။)

ပူတိကာယံ၊ ပုတ်သိုးနေသော ခန္ဓာကိုယ်ကြီး ဖြစ်ထသော။ အသုစိံ၊ မစင်မကြယ် ရွံရှာစက်ဆုပ်ဖွယ် ကောင်းထသော။ သဝန္တံ၊ (အနံ့အသက်ဆိုးတို့) တစီစီ ယိုစီးထသော။ ဂန္ဓံ၊ အနံ့အသက်တွေ တလှိုင်လှိုင်ထွက်နေထသော။ ဘယာနကံ၊ (ရာဂမကင်းသေးသူတို့အဖို့) ကြောက်မက်ဖွယ် ကောင်းလှထသော။ ခန္ဓာကိုယ်ကြီးသာ ဖြစ်ပါတယ်။ သူက အဲဒီအချိန်အခါမှာ သူက သမာဓိစွမ်းအင်ပေါ့နော်။ သမာဓိစွမ်းအင်က လင်းရောင်ခြည်စွမ်းအင်တွေ ဖြစ်ပါတယ်။ ဒီလင်းရောင်ခြည်စွမ်းအင်ဖြင့် မိမိခန္ဓာကိုယ်ထဲကို စိုက်ပြီး ကြည့်လိုက်တဲ့အခါမှာ သုံးဆယ့်နှစ်ကောဋ္ဌာသတွေကို ရွံရှာစက်ဆုပ်ဖွယ်သဘော ဟုတ်တိုင်းမှန်စွာ သိတယ်။ အပြင် ဗဟိဒ္ဓ သူတစ်ပါးသန္တာန်မှာ တည်ရှိနေတဲ့ သုံးဆယ့်နှစ်ကောဋ္ဌာသတွေကိုလည်း လင်းရောင်ခြည်စွမ်းအင် အကူအညီဖြင့် လှမ်းပြီးတော့ ထိုးဖောက်ကြည့်လိုက်တဲ့ အချိန်ခါမှာ ဒီ သုံးဆယ့်နှစ်ကောဋ္ဌာသတို့ရဲ့ ရွံရှာစက်ဆုပ်ဖွယ်သဘောကို ဟုတ်တိုင်းမှန်စွာ သိတယ်။

‘‘ယထာ ဧတံ တထာ ဧတံ၊ ယထာ ဧတံ တထာ ဣဒံ။’’

ဟော ဦးပဉ္စင်းတို့ ခေမာထေရီကို ချွတ်တဲ့ပွဲမှာရော, ဝိဇယသုတ္တန်မှာရော မြတ်စွာဘုရားဟောထားတဲ့ ဒေသနာလေးတွေပဲနော်။ အဇ္ဈတ္တတစ်လှည့်, ဗဟိဒ္ဓတစ်လှည့် ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလသဘောကို လှည့်လည်ပြီးတော့ ကြည့်နေတဲ့ သူတော်ကောင်းအဖို့ မိမိရဲ့ သုံးဆယ့်နှစ်ကောဋ္ဌာသတွေမှာ ရွံရှာစက်ဆုပ်ဖွယ်သဘော, အပြင် ဗဟိဒ္ဓ သတ္တဝါတွေရဲ့သန္တာန်မှာ တည်ရှိနေတဲ့ ရွံရှာစက်ဆုပ်ဖွယ်သဘော။ ဒီသဘောတရားတွေက ဉာဏ်ထဲမှာ ဘောလောကြီး ပေါ်နေပြီ။ ပေါ်နေတဲ့အတွက်ကြောင့် မိမိခန္ဓာကိုယ်ကို သူက ပြောတယ်။ ကျွန်မရဲ့ ခန္ဓာကိုယ်ကို ကြည့်ပါ။ ပုတ်သိုးနေတဲ့ ခန္ဓာကိုယ်ကြီး ဖြစ်တယ်။ မစင်မကြယ် ရွံရှာစက်ဆုပ်ဖွယ်ကောင်းနေတဲ့ အနံ့တွေ တစီစီ ယိုစီးနေတဲ့ ခန္ဓာကိုယ်ကြီးသာ ဖြစ်ပါတယ်။ ရာဂမကင်းသေးတဲ့ ပုဂ္ဂိုလ်တွေအဖို့ ကြောက်မက်ဖွယ်ကောင်းနေတဲ့ ခန္ဓာကိုယ်ကြီး ဖြစ်တယ်။ ဘာဖြစ်လို့ ကြောက်မက်ဖွယ်ကောင်းလဲ? ဒကာကြီးတွေ စဉ်းစားကြည့်နော်။ ကြောက်မက်ဖွယ်ကောင်းတယ်ဆိုတာက ဒီလိုပါ။

ရာဂမကင်းသေးတဲ့ ပုဂ္ဂိုလ်တွေက ဒီခန္ဓာကိုယ်ကို ခုနက သနပ်ခါးတို့, ပေါင်ဒါတို့ စသည်ဖြင့် အဝတ်အစားတွေနဲ့ ပြုပြင်မွမ်းမံပြီး ပေးထားလိုက်တဲ့ အချိန်အခါမှာ အင်မတန် တပ်မက်တယ်။ တပ်မက်တဲ့ ပုဂ္ဂိုလ်တို့အဖို့ ဒီနှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ အချိန်အခါမှာ ဗြုန်းခနဲ သေသွားခဲ့မယ်ဆိုရင် ဘယ်ရောက်မလဲ? ငရဲနဲ့ တိရစ္ဆာန် နှစ်မျိုး တစ်မျိုးမျိုးသော ဘုံဘဝ ရောက်မယ်။ တစ်နည်း အပါယ်လေးဘုံရောက်မယ်။ ဒီလိုဆိုလို့ရှိရင် ဒီလို နှစ်သက်ဖွယ်ကောင်းတဲ့အာရုံတွေဟာ ရာဂမကင်းသေးတဲ့ ပုဂ္ဂိုလ်တွေအတွက် ကြောက်မက်ဖွယ်အာရုံတွေ မဖြစ်ဘူးလား? ဖြစ်တယ်။ ဒါကြောင့် ကျွန်တော်မျိုးရဲ့ ခန္ဓာကိုယ်ဟာ တကယ်တော့ ပြောမယ်ဆိုလို့ရှိရင် ရာဂမကင်းသေးတဲ့ ပုဂ္ဂိုလ်တွေအတွက် ကြောက်မက်ဖွယ် အလွန် ကောင်းတဲ့ အာရုံတစ်ခုသာ ဖြစ်ပါတယ်။

နောက်တစ်ခု... ပုဠုဝကပုဏ္ဏံ အသုစိံ၊ ဘိန္ဒံ ကာယံ ပဿ အဝိဒ္ဓသံ။ (ထေရီ၊၄၀၄။)

ပုဠုဝကပုဏ္ဏံ၊ ပိုးလောက်တို့ဖြင့် အပြည့်ရှိထသော။ အသုစိံ၊ မစင်မကြယ် ရွံရှာစက်ဆုပ်ဖွယ် ကောင်းထသော။ ဘိန္ဒံ၊ (သေလွန်သောအခါ) ပျက်စီးတတ်ထသော။ ကာယံ၊ (ကျွန်ုပ်၏) ခန္ဓာကိုယ်ကို။ ပဿ၊ ရှုကြည့်တော်မူပါ။ အဝိဒ္ဓသံ၊ ခိုင်မာသော အနှစ်သာရ မရှိပါတည်း။

သားရေအိတ်ကြီး တစ်ခု ရှိတယ်။ အဲဒီ သားရေအိတ်ကြီးထဲမှာ မစင်မကြယ် ရွံရှာဖွယ် စက်ဆုပ်ဖွယ်ကောင်းနေတဲ့ ပိုးလောက်တွေ အပြည့်ထည့်ထားတယ်။ အဲဒီပုံစံအတိုင်းပဲ ကျွန်တော်မရဲ့ ခန္ဓာအိမ်ကြီးဟာလည်း မစင်မကြယ် ရွံရှာစက်ဆုပ်ဖွယ် ကောင်းနေတဲ့ ပိုးလောက်တွေ အပြည့်ထည့်ထားတဲ့ သားရေအိတ်ကြီးနဲ့ တူပါတယ်။ ဒီဥစ္စာကတော့ ဝိပဿနာရှုကွက်တစ်ခု ဖြစ်ပါတယ်။ ဒီတော့ ခုနက ဝိပဿနာကို ရောက်နေတဲ့ သူတော်ကောင်းက ဦးပဉ္စင်းတို့ သေအသုဘမှာ တစ်မျိုးပေါ့နော်။ ရှင်အသုဘကျလို့ရှိရင်တော့ သုံးမျိုးလောက် ခွဲရှုရပါတယ်။ သုံးဆယ့်နှစ်ကောဋ္ဌာသတို့ရဲ့ ရွံရှာစက်ဆုပ်ဖွယ်သဘောကို အာရုံယူပြီး ရှုတာ။ ဒါလည်း သဝိညာဏကအသုဘလို့ ခေါ်တယ်။ ခု ပိုးလောက်တွေနဲ့ ပြည့်နေတဲ့ မိမိခန္ဓာအိမ်, သူတစ်ပါးခန္ဓာအိမ် ထိုအချိန်ခါမှာ ဝိပဿနာဉာဏ် လင်းရောင်ခြည်စွမ်းအင်တွေကလည်း အလွန် ကောင်းနေတယ်။

အားကောင်းနေတဲ့ ဒီဝိပဿနာဉာဏ် လင်းရောင်ခြည်စွမ်းအင် အကူအညီဖြင့် မိမိခန္ဓာအိမ်, သူတစ်ပါးခန္ဓာအိမ်ကို ထိုးဖောက်ပြီး ကြည့်လိုက်တဲ့ အချိန်အခါမှာ မိမိခန္ဓာအိမ်ထဲမှာလည်း မစင်မကြယ် ရွံရှာစက်ဆုပ်ဖွယ်ကောင်းနေတဲ့ ပိုးလောက်တွေ အပြည့်ရှိနေတာကို တွေ့တယ်။ သူတစ်ပါးတို့၏ ခန္ဓာအိမ် အထူးသဖြင့် ခုလိုပေါ့... မိမိ နှစ်သက်မြတ်နိုးဖွယ်ရာ လက်ထပ်ထိမ်းမြားမယ့် ပုဂ္ဂိုလ်တွေရဲ့ ခန္ဓာအိမ်ပေါ့။ ဒီခန္ဓာတွေကို လှမ်းပြီး ကြည့်လိုက်မယ်ဆိုရင်လည်း ထိုခန္ဓာအိမ်အတွင်းမှာလည်း မစင်မကြယ် ရွံရှာစက်ဆုပ်ဖွယ် ကောင်းနေတဲ့ ပိုးလောက်တို့ဖြင့် အပြည့်ရှိနေတာကို သွားတွေ့ပြီ။ အဇ္ဈတ္တတစ်လှည့်, ဗဟိဒ္ဓတစ်လှည့် ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ ရှုရပါတယ်။

အဲဒီလို ရှုလိုက်တဲ့အပိုင်းမှာပေါ့။ ဝိပဿနာပိုင်းမှာ ယောဂီက ရောက်နေပြီဖြစ်တော့ သုံးဆယ့်နှစ်ကောဋ္ဌာသတွေကို အဇ္ဈတ္တ, ဗဟိဒ္ဓ ခေါက်တုံ့ခေါက်ပြန် အဇ္ဈတ္တ, ဗဟိဒ္ဓ ရှုတဲ့အပိုင်းမှာပဲဖြစ်ဖြစ် ကလာပ်အမှုန်လေးတွေကို လွယ်လွယ်ကူကူနဲ့ တွေ့တတ်ပါတယ်။ မတွေ့ရင်လည်း ထိုအချိန်ခါမှာ ဓာတ် လေးပါး ဖမ်းပြီး စိုက်လိုက်ပါ။ စိုက်လိုက်မယ်ဆိုလို့ရှိရင်တော့ အဲဒီချိန်ခါမှာ ကလာပ်အမှုန်လေးတွေ လွယ်လွယ်နဲ့ တွေ့နိုင်ပါတယ်။ အဲဒီ ကလာပ်အမှုန်လေးတွေကို သိမ်းဆည်းပြီးတော့ တစ်ခါ အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ ပြန်ရှုရပါတယ်။ ခုဒီအပိုင်းမှာတော့ အသုဘသဘော ရှုနေတဲ့အပိုင်းပဲ။

နောက်အသုဘတစ်ခုကတော့... ကလာပ်အမှုန်လေးတွေမှာ မစင်မကြယ် ရွံရှာစက်ဆုပ်ဖွယ်ကောင်းနေတဲ့ အနံ့အသက်, အဆင်းအနံ့ စသည်ဖြင့် ရောယှက်နေတယ်။ ရောယှက်နေတဲ့အတွက်ကြောင့် ဒီပရမတ်ရုပ်တရားတွေဟာလည်း ရွံရှာစက်ဆုပ်ဖွယ် အသုဘသဘောသာ ဖြစ်တယ်။ အဲဒီ အသုဘသဘောကို ဉာဏ်နဲ့ မြင်အောင် ကြည့်ပြီးတော့ အဇ္ဈတ္တတစ်လှည့်, ဗဟိဒ္ဓတစ်လှည့် ရှုရတယ်။ ခုဒီနေရာမှာ သုမေဓာမင်းသမီးလေးက အဲဒီပုံစံကို စနစ်တကျ စူးစိုက်မိတယ်။ မိမိရုပ်နာမ်သန္တာန်အစဉ်ကို ကြည့်လိုက်တော့လည်း မစင်မကြယ် ရွံရှာစက်ဆုပ်ဖွယ် ပိုးလောက်တွေ အပြည့်ဖြည့်ထားတဲ့ သားရေအိတ်ကြီးကဲ့သို့ မြင်နေတယ်။ သူတစ်ပါးတို့ရဲ့ ရုပ်နာမ်သန္တာန်အစဉ်ကို, သူတစ်ပါးခန္ဓာအိမ်ကို လှမ်းကြည့်လိုက်တဲ့ အချိန်အခါမှာလည်း မစင်မကြယ် ရွံရှာစက်ဆုပ်ဖွယ် ပိုးလောက်တွေ အပြည့်ဖြည့်ထားတဲ့ သားရေအိတ်ကြီးအသွင် မြင်နေပြီ။

အဲဒီလို မြင်တာဟာ ဒကာကြီးတွေ, ဒကာမကြီးတွေ ကောင်းလား, မကောင်းဘူးလား? (ကောင်းတယ်) ကောင်းရင် ဘယ်လိုလုပ်ရမလဲ? ကောင်းတော့ ကောင်းတယ်။ ဒါပေမယ့်ဆိုတဲ့ ကွက်လပ်ကလေးတော့ ပြေးတော့ မဝင်ကြနဲ့။ ကောင်းတယ်ဆိုလို့ရှိရင်တော့ ဒီသာသနာတော်တွင်းမှာ ဒီအသိဉာဏ်လေးတွေက ရနိုင်တဲ့အဆင့် ရှိရမယ်။ ဒီနေ့ ကြိုးစားလို့ရှိရင်တော့ ဒီနေ့ ရကောင်း ရနိုင်ပါတယ်။ ရကောင်း ရနိုင်တယ်ဆိုတာကတော့ မိမိတို့ရဲ့ ပါရမီအားလျော်စွာပေါ့။ အဲဒီတော့ ဒီလို ပိုးလောက်တွေနဲ့ ပြည့်နေတဲ့သဘောကို မြင်တဲ့အတွက် သူက ဘာပြောသလဲ?

အမေ... စဉ်းစားကြည့်စမ်းပါ။ ဒီလောက်တောင် မစင်မကြယ် ရွံရှာစက်ဆုပ်ဖွယ်ကောင်းနေတဲ့ ပိုးလောက်တွေ အပြည့်ထည့်ထားတဲ့ သားရေအိတ်ကြီးနဲ့ တူနေတဲ့ ဒီခန္ဓာအိမ်ကြီး ကျမ ဘယ်သူ့ကို ပေးရမှာလဲ? ဟော သူပြောတဲ့ စကားလေးကြည့်။ ပေးလိုက်မယ်ဆိုလို့ရှိရင် ဘာပေးတာနဲ့ အတူတူလဲ? မစင်မကြယ် ရွံရှာစက်ဆုပ်ဖွယ်ကောင်းနေတဲ့ ပိုးလောက်တွေ အပြည့်ထည့်ထားတဲ့ သားရေအိတ်ကြီးတစ်ခုကို သူများ သွားပေးတာနဲ့ မတူဘူးလား? တူနေတယ်။ ဒါကြောင့် ဒီလို အသိထူး, ဉာဏ်ထူးရှိခြင်းသည် ဒကာကြီးတွေ ကောင်းသလား, မကောင်းဘူးလား? သိပ်ကောင်းတယ်။

သံသရာဝဋ်ဆင်းရဲဒုက္ခမှ ကျွတ်ချင် လွတ်ချင်နေတဲ့ သူတော်ကောင်းတွေရဲ့သန္တာန်မှာ ဒီစိတ်ဓာတ်ကလေးတွေ ကိန်းဝပ်လာအောင် ကြိုးစားဖို့ မကောင်းဘူးလား? သိပ်ကောင်းတယ်။ ဒီလို စိတ်ဓာတ် မကိန်းဝပ်ဘူးဆိုလို့ရှိရင် ဒီအဘိုးကြီးနား, ဒီအဘွားကြီးနား ခွာနိုင်ပါ့မလား? မခွာနိုင်ဘူး။ ခေါင်းတွေ ဘယ်လောက်ပဲဖြူဖြူ တစ်ယောက်နဲ့ တစ်ယောက် ခွဲနိုင်တဲ့စိတ်ထား ရှိပါ့မလား? မရှိကြဘူး။ ဘာဖြစ်လို့လဲ? ဒီလို အသိထူး, ဉာဏ်ထူးလေးတွေ မရကြလို့ ဖြစ်ပါတယ်။

နောက်တစ်ခု... သူက ဘာပြောသလဲ? လူအများ ဖြစ်နေကြ သဘာဝလေးတွေ။ တစ်နေ့မှာ ဒီခန္ဓာကိုယ်ကြီးဟာ အသိစိတ်ကလေး ချုပ်သွားလိမ့်မယ်။ အသိစိတ်ကလေး တစ်နေ့ ချုပ်သွားပြီဆိုလို့ရှိရင် ဒီခန္ဓာကိုယ်ကြီးဟာ အသိစိတ် ကင်းနေတဲ့အတွက် လူသေကောင်ဆိုပြီး လောကက သတ်မှတ်လိမ့်မယ်။ အဲဒီ လောကက သူသေကောင်လို့ သတ်မှတ်ထားတဲ့ ဒီကျမရဲ့ ခန္ဓာကိုယ်ကြီးကို သုသာန်သချိုႋင်းသွားပြီး စွန့်ပစ်ပါလိမ့်မယ်။ ဒါက ဓမ္မတာပဲ။ အဲဒီလို သုသာန်သချိုႋင်းကို သွားပြီး စွန့်ပစ်လိုက်တဲ့ အချိန်အခါမှာ ဘယ်လိုသဘောနဲ့ စွန့်ပစ်သလဲလို့မေးရင် တန်ဖိုးမရှိတဲ့ လက်ပံတုံးကဲ့သို့ ထင်းတုံးတစ်ခုကို သုသာန်မှာ သွားပစ်တဲ့ ပုံစံအားဖြင့် သွားပစ်မှာပါ။ ငဲ့ကွက်တွယ်တာမှု ရှိသလား? မရှိဘူး။

အဲဒီလို သွားပြီး စွန့်ပစ်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လို ရည်ရွယ်ချက်နဲ့ သွားပြီး စွန့်ပစ်သလဲလို့မေးရင်... ရွံရှာစက်ဆုပ်လွန်းလို့ သွားစွန့်ပစ်တာ။ နှစ်သက်မြတ်နိုးလို့ စွန့်ပစ်တာ ဟုတ်သလား? မဟုတ်ဘူး။ ရွံရှာစက်ဆုပ်တာမှ ဘယ်လောက်ထိ ရွံရှာစက်ဆုပ်သလဲလို့မေးရင် သုသာန်မှာ ဒီအလောင်းကောင်ကြီးလည်း ပစ်ခဲ့ပြီ။ ပစ်ပြီးတဲ့အချိန်မှာ အင်မတန် စက်ဆုပ်ဖွယ်ကောင်းတဲ့ အလောင်းကောင်ရဲ့ နောက်ကနေ လိုက်မိလေခြင်းဆိုပြီးတော့ အင်မတန် ရွံရှာတဲ့ အခြင်းအရာအားဖြင့် သူတို့ ရေဆင်းပြီးတော့ ဆေးကြောခဲ့ကြတယ်။ ဒါက ရှေးရှေး ဝါဒတွေနော်။

သုသာန် အသုဘ လိုက်ပို့ပြီဆိုလို့ရှိရင် ပို့နေတဲ့ပုဂ္ဂိုလ်တွေက ရွံလွန်းလို့ ဒီအလောင်းကောင်နောက် လိုက်မိလေခြင်းဆိုပြီး ရွံလွန်းလို့ ရေထဲမှာ ဆင်းပြီးတော့ ရေချိုးကြတယ်။ ချိုးလိုက်တဲ့အခါမှာ အဝတ်အစားတွေ အကုန်လုံး အစိုခံတယ်။ အကုန်လုံး လျှော်ပစ်တယ်။ အဲဒီ ရေဆင်းချိုးတဲ့အထဲမှာ ဘယ်သူပါသလဲလို့မေးရင် အလွန် ချစ်ပါတယ်, ခင်ပါတယ်, မြတ်နိုးပါတယ်ဆိုတဲ့ မိဘတွေသော်လည်း ပါကြပါတယ်။ မိမိရဲ့ အမေရင်း, အဖေရင်းတွေသော်လည်းပဲ ဒီအလောင်းကောင်နောက်က တို့ လိုက်မိလေခြင်းဆိုပြီးတော့ စိတ်ထဲမှာ ရွံရှာစက်ဆုပ်တဲ့အတွက်ကြောင့် ဆင်းပြီး ရေချိုးကြပါတယ်။

ဒါကြောင့် အနှစ်သာရမရှိတဲ့ ဒီခန္ဓာကိုယ်ကြီးထဲမှာ လူမိုက်တွေကသာလျှင် မျိုမတတ် စွဲလမ်းပြီးတော့ တစ်ဦးနဲ့တစ်ဦး နှစ်သက် မြတ်နိုးနေကြတာပါ။ ဒီခန္ဓာကိုယ်ကြီးကို ပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင် အကောင်ပုပ်ကြီးဖြစ်တယ်။ အဲဒီ အကောင်ပုပ်ကြီးမှာ အရိုးတွေ, အကြောတွေဖြင့် စုပေါင်းပြီးတော့ ရစ်ပတ်နှောင်ဖွဲ့ထားပါတယ်။ ကျင်ကြီးတွေ, ကျင်ငယ်တွေ, နှပ်တွေ, တံတွေးတွေ အားလုံး ပြည့်တယ်။ အဲဒီလို ပြည့်နေတဲ့ ဒီခန္ဓာကိုယ်ကြီးကို ဉာဏ်မျက်စိနဲ့ လှမ်းပြီး ခွဲကြည့်ပါ။

မိန့်ကြားတော်မူအပ်သော တရားတော်များနှင့်အညီ ပါဠိတော်များ၊ နိဿယများနှင့် ဓမ္မကထာစကားရပ်များကို စနစ်တကျ ပြင်ဆင်တည်းဖြတ်ထားသော စာသားကို အောက်တွင် ဖော်ပြပေးလိုက်ရပါသည်—

အကယ်၍သာ ဉာဏ်မျက်စိနဲ့ ခွဲခဲ့လို့ မိမိခန္ဓာကိုယ်ကြီးရဲ့ အတွင်းသားတွေကို ပြောင်းပြန်လှန်ပြီးတော့ အပြင်ဘက်မှာ ထားကြည့်ပါ။ အပြင်သားတွေကို အတွင်း၊ အတွင်းသားတွေကို အပြင်မှာ ပြောင်းပြန်လှန်ပြီး ဒီလို ထားမယ်ဆိုလို့ရှိရင် အဲဒီအနံ့ကို ဘယ်သူ ခံနိုင်မလဲ? ဒကာကြီးတွေ၊ ဒကာမကြီးတွေ ဟုတ်သလား၊ မဟုတ်ဘူးလား? ဟုတ်တယ်။ အဲဒီအနံ့တွေကို ဘယ်သူ ခံနိုင်မလဲ? အင်မတန် ချစ်ပါတယ်ဆိုတဲ့ အမေရင်း၊ အဖေရင်းတွေသော်လည်းပဲ ဒီအနံ့ကို မခံနိုင်တဲ့အတွက် အလွန် ရွံရှာစက်ဆုပ်ကြမှာ ကျိန်းသေဧကန် ဖြစ်ပါတယ်။

ဒီသဘောတရားတွေကို သူက ဘယ်လိုမြင်သလဲ? ဝိပဿနာဉာဏ်နဲ့ စနစ်တကျ မြင်နေတယ်။ ဒီတော့ ဝိပဿနာဉာဏ်တွေသည် အသုဘဘာဝနာလို့ ခေါ်ပါတယ်။ ဒီလို အသုဘဘာဝနာတွေ ပွားများအားထုတ်ခြင်းသည် ဒကာကြီးတွေ၊ ဒကာမကြီးတွေ တန်ဖိုးရှိတဲ့ စိတ်ဓာတ်ကလေးတွေ အလွန် ကိန်းဝပ်မလာဘူးလား? ကိန်းဝပ်လာနိုင်တယ်။ ဒီလို တန်ဖိုးရှိတဲ့ စိတ်ဓာတ်တွေက ဒီသာယာမှု၊ နှစ်သက်မှု၊ တွယ်တာမှု၊ မက်မောမှုတွေကို သူက ဖြတ်တောက်ပစ်နိုင်တဲ့ စွမ်းအား ရှိပါတယ်။ ဒီဖြတ်တောက်ပစ်နိုင်တဲ့ စွမ်းအင်လေးတွေ မိမိတို့ရဲ့ ရုပ်နာမ်သန္တာန်အစဉ်မှာ ကိန်းဝပ်လာအောင် သတ္တဝါတွေဟာ ဘာလုပ်ရမလဲ? ကြိုးစားဖို့လိုတယ်။ ကြိုးစားလိုက်တဲ့အပိုင်းမှာ သူက ဘာလိုသလဲ? ခန္ဓာငါးပါးကို ဟုတ်တိုင်းမှန်စွာ သိတယ်။

ခန္ဓာငါးပါးဆိုတာက ဦးပဉ္စင်းတို့ ရုပ်တွေပေါ့။ ရုပ်က တစ်ပုံ၊ နာမ်တရားတွေမှာ ဝေဒနာတစ်ပုံ၊ သညာတစ်ပုံ၊ သင်္ခါရတစ်ပုံ၊ အသိစိတ်တစ်ပုံ = လေးပုံ။ ပေါင်းလိုက်တော့ ငါးပုံ။ ဒီရုပ်တရား၊ နာမ်တရားတွေပဲ။ ဒီရုပ်တရား၊ နာမ်တရားတွေကို ငါးပုံ ပုံလိုက်တော့ ခန္ဓာငါးပါး၊ တစ်ဆယ့်နှစ်ပုံ ပုံလိုက်တော့ အာယတန တစ်ဆယ့်နှစ်ပါး၊ တစ်ဆယ့်ရှစ်ပုံ ပုံလိုက်တော့ ဓာတ် တစ်ဆယ့်ရှစ်ပါး။ အဲဒီ ခန္ဓာ၊ အာယတန၊ ဓာတ်ဆိုတဲ့ ဒီသဘောတရားတွေကို ဟုတ်တိုင်းမှန်စွာ သိပြီးတဲ့ အချိန်ခါမှာ နောက်တစ်ဆင့်တက်ပြီးတော့ ဘာသိအောင် ကြိုးစားရသလဲ?

ခုနက ပြောခဲ့တဲ့အတိုင်း သင်္ခတ ဒီခန္ဓာငါးပါး ရုပ်တရား နာမ်တရားတွေသည် အကြောင်းမဲ့သက်သက် ဖြစ်လေသည်မဟုတ် ဆိုင်ရာ ဆိုင်ရာ အကြောင်းတရားတွေက ပေါင်းစုပြီး ပြုပြင်ပေးသည့်အတွက်ကြောင့် ဒီခန္ဓာငါးပါး ရုပ်တရား နာမ်တရားတွေသည် ဖြစ်ပေါ်လာရတယ်။ အဲဒီပုဂ္ဂိုလ်တွေက ဟုတ်တိုင်းမှန်စွာ သိတယ်။ ယောဂီပုဂ္ဂိုလ်ကလည်း ဒီသဘောတရားကို ဟုတ်တိုင်းမှန်စွာ သိအောင် ကြိုးစားအားထုတ်ရတယ်။ ဒီတော့ ဒီအကြောင်းတရားတွေက ပေါင်းစုပြီး ပြုပြင်ပေးလိုက်လို့ ဖြစ်ပေါ်လာရတဲ့ ဒီခန္ဓာငါးပါး၊ ရုပ်တရား၊ နာမ်တရားတွေသည် ဘဝတစ်ခုမှာ ဘာက စခဲ့သလဲလို့မေးတော့။ ဇာတိခေါ်တဲ့ ပဋိသန္ဓေ တည်နေရခြင်းက စတယ်။

တစ်နည်းအားဖြင့် ပြောရင်တော့ ဖြစ်မှုက စတယ်နော်။ ဖြစ်ပြီးတာနဲ့ တည်ပြီး ပျက်သွားတယ်။ အဲဒီတော့ ဖြစ်ပြီး ပျက်နေတဲ့သဘောကို ဟုတ်တိုင်းမှန်စွာ ယောဂါဝစရပုဂ္ဂိုလ်က သိအောင် ကြိုးစားအားထုတ်ရပါတယ်။ အဲဒီတော့ ဖြစ်ပြီး ပျက်နေတဲ့ သဘောတရားတွေကို လှမ်းပြီး ကြည့်လိုက်မယ်ဆိုလို့ရှိရင် ဒီရုပ်နာမ်ဓမ္မသင်္ခါရတရားတွေက ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် ညှဉ်းပန်း နှိပ်စက်ခံနေရသည့်အတွက်ကြောင့် သူတို့ဟာ သုခလား၊ ဒုက္ခလားလို့မေးရင် ဘယ်လိုဖြေမလဲ? ဒုက္ခပဲ။ ဘာကြောင့်လဲ? ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် အညှဉ်းပန်း အနှိပ်စက် ခံနေရတဲ့အတွက် သူ့ကို သုခလို့ ဘယ်လိုမှ မပြောနိုင်ဘူးနော်။ ဒီတော့ အဲဒီလို ဒုက္ခတရားဖြစ်နေတဲ့ သဘောကို ကျွန်တော်မ အနေအားဖြင့် ကြည့်မယ်ဆိုရင်—

‘‘ယောနိသော အနုဝိစိနန္တီ၊ ဝါရေယျံ ကိဿ ဣစ္ဆေယျံ။’’

ယောနိသော၊ အသင့်အားဖြင့် (သို့မဟုတ်) ဝိပဿနာဉာဏ်ပညာဖြင့်။ အနုဝိစိနန္တီ၊ အဖန်ဖန် ထိုးထွင်း၍ သိနေသော ကျွန်တော်မသည်။ ကိဿ၊ ဘယ်သို့သော အကြောင်းကြောင့်။ ဝါရေယျံ၊ အခြားပုဂ္ဂိုလ်နှင့် လက်ထပ်ခြင်းကို။ ဣစ္ဆေယျံ၊ အလိုရှိရအံ့နည်း။

ဝိပဿနာဉာဏ်ပညာဖြင့် ဟုတ်တိုင်းမှန်စွာ ထိုးထွင်းပြီးတော့ ကျွန်တော်မ သိနေပြီ။ အဲဒီလို သိနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်က ဘယ်လို အကြောင်းတရားကြောင့် အခြားပုဂ္ဂိုလ်တွေနဲ့ သွားပြီးတော့ လက်ထပ်နိုင်ရမှာလဲ? ဘယ့်နဲ့ ဒကာကြီးတွေ ကောင်းလား၊ မကောင်းဘူးလား? သိပ်ကောင်းတယ်နော်။ သံသရာဝဋ်ဆင်းရဲဒုက္ခမှ ကျွတ်ချင်၊ လွတ်ချင်တယ်ဆိုလို့ရှိရင်တော့ ဒီစိတ်ထားမျိုးတွေ ကိန်းဝပ်လာဖို့ သိပ်ပြီးတော့ လိုတယ်။ နောက်တစ်ခု သူက ဘာဆက်ဟောလဲ? သူ့ရဲ့ ဗဟုဿုတ ကြွယ်ဝပုံလေးပဲ။ မြတ်စွာဘုရား သုတ္တန်လေးတစ်ခု ဟောထားပါတယ်။

ချစ်သားရဟန်းတို့... ပုဂ္ဂိုလ်တစ်ယောက်က အကယ်၍များ လာပြီး ပြောမယ်ဆိုရင် မနက်မှာ လှံအချက် တစ်ရာ၊ နေ့လည်မှာ လှံအချက် တစ်ရာ၊ ညနေမှာ လှံအချက် တစ်ရာ။ တစ်နေ့တစ်နေ့ကို လှံအချက်ပေါင်း သုံးရာပေါ့။ အဲဒီလို သုံးရာ နှစ်ပေါင်း တစ်ရာပြည့် အထိုးခံလို့ရှိရင် သင်တို့ သံသရာဝဋ်ဆင်းရဲဒုက္ခကြီး ကုန်သွားမယ်လို့ ပုဂ္ဂိုလ်တစ်ယောက်က လာပြောမယ်ဆိုကြစို့။ အကယ်၍သာ သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ရိုး မှန်ခဲ့မယ်ဆိုလို့ရှိရင်တော့ သင်ချစ်သားတို့၊ သင်ချစ်သားသမီးတို့ အဲဒီလို လှံအထိုးခံပြီးတော့ လှံအထိုးခံရခြင်းဆိုတဲ့ ဆင်းရဲဒုက္ခကို ရအောင်ယူပြီးတော့ နိဗ္ဗာန်ကြီးကို ရအောင်ယူစမ်းပါဆိုပြီး မြတ်စွာဘုရား ဒီလို ဟောထားတဲ့ သုတ္တန်တစ်ခု ရှိတယ်နော်။

အဲဒီသုတ္တန်အတိုင်းပဲ။ တစ်နေ့တစ်နေ့မှာ လှံအချက် သုံးရာ ထိုးပြီးတော့ နိဗ္ဗာန်ရမယ်ဆိုလို့ရှိရင် အဲဒီလို လှံအချက် သုံးရာ သုံးရာ တစ်နေ့ အထိုးခံခြင်းက သာပြီးတော့ မြင့်မြတ်ပါသေးတယ်။ ဒီအိမ်ထောင်ပြုခြင်းဆိုတဲ့ သဘောတရားက ဘယ်လိုမှ မမြင့်မြတ်နိုင်ဘူး။ ဘာဖြစ်လို့လဲ? လက်ထပ်ထိမ်းမြားမှုတစ်ခု ရှိလာပြီဆိုလို့ရှိရင်တော့ နောက်ဆွယ်မှာ ရာဂ၊ ဒေါသ၊ မောဟ၊ မာန်မာန၊ ဣဿာ၊ မစ္ဆရိယ အစရှိတဲ့ ကိလေသာတရားဆိုးတွေက ဝင်ပြီးက ထပ်ချပ်မကွာ လိုက်လာမှာဖြစ်တယ်။ သတ္တဝါတစ်ယောက်ကို အပါယ်ဝဋ်ဆင်းရဲဒုက္ခမှ ခေါင်းမထောင်နိုင်အောင် အမြဲတမ်း နှိပ်ကွပ်ထားမယ့် တရားဆိုးတွေဖြစ်တယ်။ အပါယ်သံသရာဝဋ်ဆင်းရဲကြီး တစ်ခါ ရောက်သွားပြီဆိုလို့ရှိရင် သတ္တဝါတွေ ကျွတ်ဖို့ လွတ်ဖို့ဆိုတာ လွယ်ပါ့မလား? မလွတ်ဘူးနော်။

မလွယ်တဲ့အကြောင်းလေးတွေက သူက နည်းနည်းလေး ဆက်ပြီး ဟောထားပါတယ်။ ဒါကြောင့် ဒီလို ဆင်းရဲဒုက္ခတွေ ရှိနေတဲ့ သတ္တဝါတွေမှာ သံသရာခရီးဆိုတာက အင်မတန် ရှည်လျားပါတယ်။ အဲဒီ သံသရာခရီးထဲမှာ သတ္တဝါတွေဟာ အဖန်ဖန် အထပ်ထပ် အမြဲမပြတ် အို၊ နာ၊ သေရေးဒုက္ခဘေးဖြင့် ညှဉ်းပန်းနှိပ်စက်ခံနေရတယ်။ အပါယ်ဘေးဆိုးကြီးဖြင့် အမြဲမပြတ် ညှဉ်းပန်းနှိပ်စက်ခံနေရပါတယ်။ ဒီလူ့ပြည်၊ နတ်ပြည်ဆိုတာ ကြည့်လိုက်! လူ့ပြည်၊ နတ်ပြည်ဆိုတဲ့သဘောတွေ ရှိနေမယ်ဆိုရင်လည်း ဒီအို၊ နာ၊ သေရေးဒုက္ခဘေးဆိုတဲ့ ဒဏ်ချက်တွေဖြင့် အမြဲမပြတ် ညှဉ်းပန်းနှိပ်စက်ခံနေရတယ်။ တိရစ္ဆာန်ဘုံ၊ အသူရကာယ်ဘုံ၊ ငရဲဘုံတွေ၊ ပြိတ္တာဘုံတွေ ကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်း အတိုင်းအရှည် ပမာဏမရှိတဲ့ မပြောပြနိုင်လောက်အောင် များပြားနေတဲ့ ညှဉ်းပန်းမှု၊ နှိပ်စက်မှုတွေက အမြဲတမ်း ခံနေရပါတယ်။

ဒါကြောင့် ဒီလို ဆင်းရဲဒုက္ခအမျိုးမျိုးတွေ၊ ညှဉ်းပန်းနှိပ်စက်ခံနေရတဲ့ အပါယ်လေးဘုံမှာလည်း ကိန်းအောင်းမှီခိုရာ၊ ပုန်းအောင်းမှီခိုရာဆိုတာ မရှိပါဘူး။ အလားတူပဲ။ နတ်ပြည်၊ နတ်လောကမှာဆိုတာလည်း အို၊ နာ၊ သေရေးဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်း မှီခိုရာ၊ အားထားရာဆိုတာ မရှိပါဘူး။ နိဗ္ဗာန်ချမ်းသာထက် သာလွန် မြင့်မြတ်နေတဲ့ ချမ်းသာဆိုတာ လောကမှာ ဘယ်လိုမှ မရှိနိုင်ဘူး။ သူက နိဗ္ဗာန်တော့ မမြင်သေးဘူး။

ဒါပေမယ့် သူမြင်နေတာကတော့ ဒီရုပ်နာမ်ကြောင်းကျိုး သင်္ခါရတရားတို့ရဲ့ အနိစ္စသဘော၊ ဒုက္ခသဘော၊ အနတ္တသဘောတွေကို မြင်တယ်။ အဲဒီ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ သင်္ခါရ၊ ကံအစရှိတဲ့ အကြောင်းတရားတွေ ထင်ရှားရှိခြင်းကြောင့် အကျိုး ရုပ်တွေ၊ နာမ်တွေ ထင်ရှားဖြစ်ပုံ။ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ သင်္ခါရ၊ ကံအစရှိတဲ့ အကြောင်းတရားတွေ ချုပ်ငြိမ်းခြင်းကြောင့် အကျိုး ရုပ်တွေ၊ နာမ်တွေ ချုပ်ငြိမ်းပုံကို သူက ဟုတ်တိုင်းမှန်စွာ မြင်နေတယ်။ အဲဒီ ချုပ်ငြိမ်းပုံက ဘယ်ခါမှာ ချုပ်ငြိမ်းသလဲလို့မေးရင်တော့ ဦးပဉ္စင်းတို့ အရဟတ္တမဂ် ရတဲ့အခါမှာ ချုပ်ငြိမ်းတယ်။ သို့သော် သူက အရဟတ္တမဂ်တော့ ခု မရသေးဘူး။ မရသေးပေမယ့်လို့ နောင်တစ်ချိန် အနာဂတ် ရုပ်တွေ၊ နာမ်တွေ လှမ်းသိမ်းဆည်းလိုက်တဲ့အခါမှာ တစ်ချိန် အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ သင်္ခါရ၊ ကံတွေ သူက ချုပ်ငြိမ်းသွားတဲ့အတွက် ပရိနိဗ္ဗာနစုတိရဲ့ နောက်ဆွယ်မှာ ရုပ်တွေ၊ နာမ်တွေ နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းလို့ခေါ်ဆိုအပ်တဲ့ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းနေတဲ့ သဘောကို လှမ်းပြီးတော့ သူက မြင်နေပြီ။ အဲဒီရှုကွက်က ဦးပဉ္စင်းတို့ ဝိပဿနာ ရှုကွက်ပဲ ဖြစ်ပါတယ်။ မြတ်စွာဘုရား သတိပဋ္ဌာန်ကျင့်စဉ်တိုင်းမှာ ဟောထားတဲ့—

‘‘သမုဒယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ ဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ သမုဒယဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ။’’

ဆိုတဲ့ ဒီရှုကွက်တွေထဲမှာ ဝယဓမ္မာနုပဿီဆိုတဲ့ ရှုကွက်ပဲ ဖြစ်ပါတယ်။ သတိပဋ္ဌာန်ကျင့်စဉ်ထဲမှာ မြတ်စွာဘုရား ထည့်သွင်းပြီး ဟောထားတဲ့ ကျင့်စဉ်တစ်ခု ဖြစ်ပါတယ်။ ဒီတော့ အကြောင်းတရားတွေ ချုပ်ရင် အကျိုးတရားတွေ ချုပ်မယ်ဆိုရင်တော့ ခုတရားနာပရိသတ်တွေကော၊ တရားဟောနေတဲ့ ပုဂ္ဂိုလ်ကော အားလုံး ကြည့်လိုက်မယ်ဆိုလို့ရှိရင် အဝိဇ္ဇာ၊ တဏှာ، ဥပါဒါန်၊ သင်္ခါရ၊ ကံဆိုတဲ့ အကြောင်းတရားတွေ မချုပ်သေးဘူး။ သို့သော် ဘုရားရှင်က ဒီနေရာမှာ အကြောင်းတရားတွေ နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းတဲ့အတွက် အကျိုးတရားတွေလည်း နောင်တစ်ဖန် မဖြစ်ခြင်းဖြင့် ချုပ်ငြိမ်းပုံကို မြင်အောင် ရှုရမယ်ဆိုပြီး ဒီဥဒယဗ္ဗယဉာဏ်ပိုင်းမှာပဲ ဆက်ပြီးတော့ ဟောထားပါတယ်။

ဒါကြောင့် အဲဒီ ဥဒယဗ္ဗယဉာဏ်ပိုင်းမှာထဲက ဒီယောဂီပုဂ္ဂိုလ်က ဒီရှုကွက်ကို မြင်နေရမယ်။ ခုဒီသုမေဓာ အမျိုးသမီးလေး ကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်း ဒီဥဒယဗ္ဗယဉာဏ်ပိုင်းအထိ စနစ်တကျ လေ့ကျင့်ထားပြီးတဲ့ သူတော်ကောင်းဖြစ်ခြင်းကြောင့် အကြောင်းတရားတွေ ချုပ်ငြိမ်းတဲ့အတွက် အကျိုး ရုပ်တွေ၊ နာမ်တွေ ချုပ်ငြိမ်းပုံကိုလည်း လှမ်းပြီးတော့ မြင်နေပြီ။ မြင်နေတဲ့အတွက် နိဗ္ဗာန်ချမ်းသာထက် သာလွန်မြင့်မြတ်နေတဲ့ ချမ်းသာ ဘယ်လိုမှ မရှိပါဘူးဆိုပြီးတော့ သူက ပြောတယ်။ ဒါကြောင့် မြတ်စွာဘုရားရှင်ရဲ့ သာသနာတော်မှာ တကယ်တမ်း လက်တွေ့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တဲ့ သူတော်ကောင်းတွေသာလျှင် နိဗ္ဗာန်ကို ရကြပါတယ်။ တကယ်တမ်း ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်မှုမရှိတဲ့ သူတော်ကောင်းတွေသည် နိဗ္ဗာန်ကို ဘယ်လိုမှ မရကြပါဘူး။

ဒါကြောင့် တခြားတခြား ကိစ္စဟူသမျှ၌ လုံးလုံး မပြုလုပ်ဘဲ ကြောင့်ကျမဲ့ ထားပြီးတော့ အို၊ နာ၊ သေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်းဖြစ်တဲ့ နိဗ္ဗာန်သို့ ရောက်ရာရောက်ကြောင်း တရားကောင်းတွေကိုသာ ကျမ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လိုပါတယ်။ ဒါကြောင့် ကျမကို ယနေ့ပဲ ရှင်ရဟန်းပြုခွင့် ပေးတော်မူပါ။ ယနေ့ပဲ ရှင်ရဟန်း ပြုပါရစေ။ ကာမဂုဏ်ချမ်းသာတို့ဖြင့် အနှစ်သာရမရှိတဲ့ ကာမဂုဏ်ချမ်းသာတို့ဖြင့် ကျွန်တော်မမှာ ဘာအကျိုး ရှိမှာလဲ? ကျွန်တော်မသည် ကာမဂုဏ်မှာ ငြီးငွေ့နေပြီ ဖြစ်တယ်။ ကာမဂုဏ်တွေကို ခွေးအန်ဖတ်ကဲ့သို့ ထွေးအံထားပြီးတဲ့ ခွေးအန်ဖတ်ကဲ့သို့ စိတ်ထဲမှာ ထင်နေပါတယ်။

ဒါကြောင့် ကာမဂုဏ်အပေါ်မှာ တွယ်တာတပ်မက်နေတဲ့ တဏှာတရားကိုလည်း ထန်းပင်ငုတ်ရဲ့ တည်ရာကဲ့သို့ ကျွန်တော်မ ပြုပြီးဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ပဲ ကျွန်တော်မသည် သာသနာဘောင်သို့ ဝင်ရောက်ပြီး ရှင်ရဟန်းပြုပါရစေဆိုပြီးတော့ သူက မိဘတွေထံ ခွင့်တောင်းတယ်နော်။ ဒါပေမယ့်လို့ ပြဿနာက ဘာပေါ်လာသလဲ? ဘသားချောကလည်း လက်ထပ်ဖို့ရန် အချိန်နီးကပ်လာပြီဖြစ်တဲ့အတွက် သူက ဝါရဏဝတီမြို့ကနေပြီးတော့ သုမေဓာမင်းသမီးရှိရာဘက်သို့ သူက လက်ထပ်ဖို့ရန်အတွက် ချီတက်လာပြီး ဖြစ်ပါတယ်။ ထွက်ခွာလာလိုက်တဲ့ အချိန်အခါမှာ အနိဃရဒ္ဓမင်း လက်ထပ်ဖို့ရန်အတွက် ထွက်ခွာလာပြီဆိုတဲ့ ဒီသတင်းကို သုမေဓာမင်းသမီးကလည်း ကြားပါတယ်။ ကြားလိုက်တဲ့ အချိန်အခါကျတော့ ဘာဖြစ်လဲ?

‘‘အထ အသိတနိသိတမုဒုကေ၊ ကေသေ ခဂ္ဂေန ဆိန္ဒိယ သုမေဓာ၊ ပါသာဒံ ပိဒဟိတွာ၊ ပဌမဇ္ဈာနံ သမာပဇ္ဇိ။’’

အထ၊ ထိုအခါ၌။ သုမေဓာ၊ သုမေဓာမင်းသမီးသည်။ အသိတနိသိတမုဒုကေ၊ ပတ္တမြားညိုရောင် ပိတုန်းတောင်ကဲ့သို့ မဲမှောင်လျက် တစ်ခဲနက်စုဝေး တည်ရှိလျက်ရှိသော အလွန် ထက်မြက်နူးညံ့သိမ်မွေ့သော။ ကေသေ၊ ဆံပင်တို့ကို။ ခဂ္ဂေန၊ သံလျက်ဖြင့်။ ဆိန္ဒိယ၊ ဖြတ်တောက်ပြီး၍။ ပါသာဒံ၊ ပြာသာဒ်တံခါးကို။ ပိဒဟိတွာ၊ ပိတ်ထားလိုက်၍။ ပဌမဇ္ဈာနံ၊ ပထမဈာန်ကို။ သမာပဇ္ဇိ၊ ဝင်စား၍ နေခဲ့လေပြီ။

အရေးတစ်စုံတစ်ရာ ကြုံကြိုက်လာပြီဆိုရင် တရားလက်ကိုင်ရှိနေတဲ့ သူတော်ကောင်းတွေက တရားကို အားကိုးကြတယ်။ ဝါရဏဝတီမြို့ကနေပြီးတော့ အနိဃရဒ္ဓဘုရင်မင်းမြတ်က ထွက်ခွာလာပြီဆိုတဲ့ သတင်းကြားလိုက်သည်နှင့် တစ်ပြိုင်နက်ထဲ အလွန် ကောင်းမွန်နူးညံ့ပြီးတော့ ပတ္တမြားညိုရောင် ပိတုန်းတောင်ကဲ့သို့ အလွန် တင့်တယ်နေတဲ့ တစ်ခဲနက် အစုလိုက် အပုံလိုက် အလွန် ကောင်းနေတဲ့ ဆံပင်တွေ ရှိပါတယ်။ ဒီဆံပင်တွေဟာ ကြမ်းတမ်းတဲ့ ဆံပင်လည်း မဟုတ်ကြဘူး။ အလွန် သိမ်မွေ့နူးညံ့တဲ့ ဆံပင်တွေ ဖြစ်ကြတယ်။ ရှည်လျား ကျယ်ပြန့်ပြီးတော့ ကြီးမားနေတဲ့ တစ်ခဲနက် ထူထပ်နေတဲ့ ဒီဆံပင်တွေကို သူ့ဆီမှာ ရှိနေတဲ့ သံလျက်နဲ့ ချက်ချင်း ဖြတ်ပစ်လိုက်တယ်။ အင်မတန် သတ္တိကောင်းတယ်လို့ ဘုန်းကြီးတို့ဘက်ကတော့ ယူဆပါတယ်။

ဒီလောက်တောင် သတ္တိတွေ ဘာကြောင့် ကောင်းရသလဲလို့မေးရင်တော့— ရှေးရှေး ဘုရားရှင်တို့၏ သာသနာတော်တွင်းမှာလည်း အရဟတ္တဖိုလ် ရရှိရေးအတွက် သင်္ခါရုပေက္ခာဉာဏ်သို့ တိုင်အောင် သမထဝိပဿနာ ဘာဝနာကျင့်စဉ်တွေကို စနစ်တကျ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခဲ့တဲ့ ပါရမီတွေကလည်း လုံ့ဆော်လာပြီ ဖြစ်တယ်။ ဦးပဉ္စင်းတို့ ဂေါတမမြတ်စွာဘုရားရှင်၏ သာသနာတော်တွင်းမှာလည်း ဘိက္ခုနီမကျောင်းတိုက်သို့ ခဏခဏသွားပြီးတော့ ဘုရားရှင်၏ တရားတော်တွေကို စနစ်တကျ သင်ယူတယ်။ သင်ယူပြီးတဲ့ နောက်ပိုင်းမှာလည်း ဒီတရားတွေကို စနစ်တကျ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လို့ သူက ဝိပဿနာနယ်ထဲ ရောက်ရှိနေတဲ့ သူတော်ကောင်းတစ်ဦး ဖြစ်ပါတယ်။

ဒီလို ဝိပဿနာနယ်ထဲ ရောက်ရှိနေတဲ့ သူတော်ကောင်းတစ်ဦးက အခုလို အခက်အခဲတစ်ခု ကြုံတွေ့လာတဲ့ အချိန်ခါမှာ ဒီပြဿနာကို သူတော်ကောင်းနည်းလမ်းဖြင့် သူက ဖြေရှင်းမှာ ဖြစ်တယ်။ ဒါကြောင့် ဒီဆံပင်တွေကို သံလျက်နဲ့ ဖြတ်ပြီးတော့ သူက ပြာသာဒ်တံခါးကို အကုန်လုံး ပိတ်ထားလိုက်တယ်။ သူ့ထံ ဘယ်သူမှ ဝင်လို့ မရအောင်။ ပြာသာဒ်တံခါးကို ပိတ်ထားလိုက်ပြီးတော့ ပထမဈာန်ကို ဝင်စားတယ်။ ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ဒီနေရာမှာ ပထမဈာန်ကို သူက ဝင်စားသလဲလို့မေးရင်တော့— ရှေးယခင်ထက်က ဒီသုံးဆယ့်နှစ်ကောဋ္ဌာသတွေရဲ့ ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလမနသိကာရသဘောကို သူက နှလုံးသွင်းတယ်။ နှလုံးသွင်းပြီးတဲ့ အချိန်ခါမှာ ပထမဈာန်သမာဓိကို ထူထောင်တယ်။ ဒီပထမဈာန်သမာဓိကို အခြေခံပြီးတော့ ရုပ်တွေ၊ နာမ်တွေ သိမ်းဆည်းတယ်။ အကြောင်းတရား၊ အကျိုးတရားတွေ သိမ်းဆည်းတယ်။ အကြောင်းတရားနှင့်တကွ ဒီရုပ်နာမ်တို့ရဲ့ အနိစ္စသဘော၊ ဒုက္ခသဘော၊ အနတ္တသဘောတွေကို စနစ်တကျ ဝိပဿနာ ရှုထားတတ်ပြီးတဲ့ သူတော်ကောင်းတစ်ဦး ဖြစ်ပါတယ်။

အဲဒီသူတော်ကောင်းက ယခုအခါမှာလည်း မိမိ ဖြတ်တောက်လိုက်တဲ့ ဆံပင်တွေကို အခွေလိုက်ကလေး ရှေ့မှာချ။ ချပြီးတော့ ဒီဆံပင်ရဲ့ ရွံရှာစက်ဆုပ်ဖွယ်ကောင်းနေတဲ့ သဘောကို ဉာဏ်နဲ့ မြင်အောင် ကြည့်ပြီးတော့ “ရွံစရာ ရွံစရာ” သို့မဟုတ် “ပဋိကူလ ပဋိကူလ” ဆိုပြီးတော့ သူက နှလုံးသွင်းတယ်။ နှလုံးသွင်းလိုက်တဲ့ အချိန်အခါမှာ ဒီဆံပင်ရဲ့ ရွံရှာစက်ဆုပ်ဖွယ်သဘော အခြင်းအရာတွေ သူ့ရဲ့ ဉာဏ်ထဲမှာ ထင်လာတယ်။ ထင်လာလိုက်တဲ့ အချိန်အခါမှာ ရွံရှာစက်ဆုပ်ဖွယ်သဘောကို အာရုံယူပြီးတော့ ပထမဈာန်သမာဓိကို ရသည့်တိုင်အောင် သူက သမာဓိကို ထူထောင်လိုက်တယ်။ အဲဒီလို သမာဓိ ထူထောင်ပြီးတဲ့ အချိန်ခါကျတော့ သူ ရှေ့တစ်ဆင့် တက်ပြီးတော့ ဘာလုပ်သလဲ?

‘‘သာ စ တဟိံ သမာပန္နာ၊ အနီကရတ္တော စ အာဂတော နဂရံ၊ ပါသာဒေ စ သုမေဓာ၊ အနိစ္စသညံ သုဘာဝေတိ။’’

သာ စ၊ ထိုသုမေဓာမင်းသမီးသည်လည်းကောင်း။ တဟိံ၊ ထိုပထမဈာန်၌။ သမာပန္နာ၊ ဝင်စားလျက် နေထိုင်ပေ၏။ အနီကရတ္တော စ၊ အနီကရတ္တ (သို့မဟုတ်) အနိဃရဒ္ဓ ဘုရင်မင်းမြတ်သည်လည်းကောင်း။ နဂရံ၊ မန္ဓာဝတီမြို့သို့။ အာဂတော၊ ဆိုက်ရောက်၍ လာခဲ့လေပြီ။

ပထမဈာန်သမာပတ်တွေကို သူက ဝင်စားနေတဲ့အချိန် အနိဃရဒ္ဓ ဘုရင်မင်းမြတ်ကလည်းပဲ မန္ဓာဝတီမြို့ကို ဆိုက်ရောက်လာပြီ ဖြစ်တယ်။ ဖြစ်လိုက်တဲ့ အချိန်ခါကျတော့ ဘာဖြစ်လဲ?

သုမေဓာ၊ သုမေဓာမင်းသမီးသည်။ ပါသာဒေ၊ ပြာသာဒ်ထက်၌။ အနိစ္စသညံ၊ အနိစ္စသညာကို။ သုဘာဝေတိ၊ ကောင်းစွာ ပွားများအားထုတ်လျက် နေထိုင်လေ၏၊

အနိဃရဒ္ဓဘုရင်မင်းမြတ် ဆိုက်ရောက်လာတဲ့ အချိန်အခါမှာ သူ ဘာမှ ဂရုမစိုက်ဘူး။ အနိစ္စသညာကိုပဲ ပွားများထားတယ်။ အနိစ္စသညာဆိုတာကတော့ ဥပလက္ခဏာနည်း၊ အနိဒဿနနည်းအားဖြင့် ပြောခြင်း ဖြစ်ပါတယ်။ ရုပ်တွေ နာမ်တွေ သိမ်းဆည်း၊ အကြောင်းတရား အကျိုးတရားတွေ သိမ်းဆည်း၊ အကြောင်းတရားနှင့်တကွ ဒီရုပ်နာမ်တွေ ဖြစ်ပြီး ပျက်နေတဲ့ သဘောတရားတွေကို ဉာဏ်နဲ့ မြင်အောင် ကြည့်ပြီးတော့ အနိစ္စလို့ တွင်တွင် ရှုနေတယ်။ ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် အညှဉ်းပန်း အနှိပ်စက် ခံနေရတဲ့သဘောတွေကို ဉာဏ်နဲ့ မြင်အောင် ကြည့်ပြီးတော့ ဒုက္ခလို့ တွင်တွင် ရှုတယ်။ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေတဲ့ အတ္တမဟုတ်တဲ့ သဘောတရားတွေကို ဉာဏ်နဲ့ မြင်အောင် ကြည့်ပြီးတော့ အနတ္တလို့ တွင်တွင် ရှုနေရပါတယ်။

ရံခါ ဒီသုံးဆယ့်နှစ်ကောဋ္ဌာသတို့ရဲ့ ရွံရှာစက်ဆုပ်ဖွယ်သဘောတွေကို အာရုံယူပြီးတော့ အသုဘလို့ ရှုတယ်။ ရံခါ မိမိခန္ဓာအိမ်၊ သူတစ်ပါးခန္ဓာအိမ်တို့မှာ ပိုးလောက် အမျိုးမျိုးတို့ဖြင့် ပြည့်နှက်နေတဲ့သဘောတွေကို ဉာဏ်နဲ့ မြင်အောင် ကြည့်ပြီးတော့ အသုဘလို့ တွင်တွင်ရှုတယ်။ ရံခါ ရုပ်တရားတွေရဲ့ ရွံရှာစက်ဆုပ်ဖွယ်သဘောတွေကို အာရုံယူပြီးတော့ အသုဘလို့ ရှုတယ်။ ရံခါ ဗဟိဒ္ဓ အလောင်းကောင်တို့ရဲ့ အသုဘအခြင်းအရာကို ဉာဏ်နဲ့ မြင်အောင် ကြည့်ပြီးတော့ မိမိရဲ့ အသုဘအခြင်းအရာ၊ သေနေတဲ့ အသုဘအခြင်းအရာကိုလည်း ဉာဏ်နဲ့ မြင်အောင် ကြည့်ပြီးတော့ အသုဘလို့ တွင်တွင်ရှုတယ်။ အဇ္ဈတ္တတစ်လှည့်၊ ဗဟိဒ္ဓတစ်လှည့် ဒီလို တွင်တွင်ကြီး သူက ဝိပဿနာ ရှုနေပါတယ်။

ဒီဝိပဿနာဉာဏ်တွေက သူ့ကို အရဟတ္တဖိုလ် ရသည့်တိုင်အောင် ကျေးဇူးပြုပေးမယ့် ဉာဏ်တွေ ဖြစ်ပါတယ်။ အဲဒီ ဝိပဿနာဉာဏ်တွေကို စနစ်တကျ ရှုပွားပြီး နေထိုင်တော့ ဘာဖြစ်လဲ? အနိဃရဒ္ဓဘုရင်မင်းမြတ်ကြီးကလည်း ခပ်မြန်မြန် သူနေတဲ့ ပြာသာဒ်ထက်ကို တက်လာပြီ။ တက်လာလိုက်တဲ့ အနိဃရဒ္ဓဘုရင်မင်းမြတ်ကို ကြည့်လိုက်တော့ ဘာတွေ လုပ်ထားသလဲ? သူက အင်မတန် တန်ဖိုးရှိနေတဲ့ ပတ္တမြားတွေကို ရွှေတွေနဲ့ မွမ်းမံပြီးတော့မှ ရွှေနဲ့ မွမ်းမံထားတဲ့ ပတ္တမြားရတနာတွေကို ခန္ဓာကိုယ်မှာ ပြည့်အောင် သူက ဝတ်ဆင်ထားတယ်။ အဲဒီလို ဝတ်ဆင်ထားပြီးတဲ့ အချိန်ခါကျပြီးတော့မှ သူက ဘာလုပ်သလဲ?

‘‘ကတဉ္ဇလီ ယာစတိ သုမေဓံ။’’
ကတဉ္ဇလီ၊ လက်အုပ်ချီမိုးလျက် ရှိသည်ဖြစ်၍။ သုမေဓံ၊ သုမေဓာမင်းသမီးကို။ ယာစတိ၊ တောင်းပန်၍ နေလေ၏။

ဘယ့်နှယ်လဲ ဒကာကြီးတွေ၊ ယောက်ျားတစ်ယောက်ကပေါ့ အမျိုးသမီးတစ်ယောက်ကို လက်အုပ်ချီပြီး ဒီလို တောင်းပန်တယ်ဆိုတဲ့ အခါကျတော့ တော်တော်လေး မညံ့ဘူးလား၊ ညံ့တယ်လို့တော့ ပြောနိုင်ပါတယ်။ ဒါပေမယ့်လို့ သူလည်း သိပ်မညံ့လှပါဘူးနော်။ ဒီတော့ အဲဒီလို လက်အုပ်ချီမိုး တောင်းပန်ပြီးတော့ သူက ဘာပြောလဲ။

မန္ဓာဝီမြို့မှာလည်း ထီးဖြူအုပ်ချုပ် မင်းလုပ်နိုင်တဲ့ ဖခမည်းတော်တို့ရဲ့ စည်းစိမ်ဥစ္စာဟူသမျှကို စိုးပိုင်ရမယ့် ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပါတယ်။ သူနေနေတဲ့ တိုင်းနိုင်ငံအတွင်းမှာ တည်ရှိတဲ့ စည်းစိမ်ဥစ္စာ ပစ္စည်းတွေကိုလည်း ပိုင်သရမှာ ဖြစ်တယ်။ မိမိနိုင်ငံ, ဖခမည်းတော်ရဲ့နိုင်ငံဆိုတဲ့ ဒီနိုင်ငံနှစ်ခုအတွင်းမှာ ရှိနေတဲ့ အရာဝတ္ထုမှန်သမျှ အားလုံး စိုးမိုးအုပ်ချုပ်ရမယ့် ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။ စည်းစိမ်ဥစ္စာတွေကို ချမ်းချမ်းသာသာ စံစားရမှာလည်း ဖြစ်ပါတယ်။

သင် သုမေဓာမင်းသမီးက ငယ်ရွယ်နုနယ်သေးတဲ့ ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။ ဒါကြောင့် ကာမဂုဏ် ချမ်းသာတွေကို သုံးဆောင်ခံစားပါ။ ကာမဂုဏ်ချမ်းသာဆိုတာ လူ့လောကမှာ အင်မတန် ရခဲတဲ့သဘော ရှိပါတယ်။ ဝါရဏဝတီလို့ ခေါ်ဆိုအပ်တဲ့ တိုင်းနိုင်ငံတစ်ခုလုံးကို သင့်အား စွန့်လွှတ်ထားပြီးလည်း ဖြစ်ပါတယ်။ ကာမဂုဏ် စည်းစိမ်တွေကို သုံးဆောင်ခံစားပြီးတော့ အလှူဒါန ကောင်းမှုကုသိုလ်တွေကို စိတ်တိုင်းကျ ပြုစုပါ။ စိတ်ဆင်းရဲမှု နည်းနည်းလေးမှလည်း မရှိပါနဲ့။ သင် သာသနာဘောင်သို့ ဝင်ရောက်ပြီး ရှင်ရဟန်း ပြုမယ်ဆိုတဲ့ ဒီသတင်းကို ကြားသိရတဲ့အတွက် မိဘနှစ်ပါးတို့က ကိုယ်ဆင်းရဲခြင်း, စိတ်ဆင်းရဲခြင်းဆိုတဲ့ ဒီဒုက္ခတွေကို ရရှိနေကြပါတယ်။ အဲဒီ အကြောင်းကို လက်အုပ်ကလေး ချီပြီးတော့ သုမေဓာမင်းသမီးကို အခန်းရဲ့ အပြင်ဘက်ကနေ လှမ်းပြီးတော့ တောင်းပန်တယ်နော်။

တောင်းပန်လိုက်တဲ့ အချိန်အခါမှာ ဒီဝါရဏဝတီမြို့က အနိဃရဒ္ဓမင်းက ပြောနေတဲ့စကားတွေကို သုမေဓာက ဘာမှ အလိုမရှိဘူး။ ကာမဂုဏ်ဖြင့် အလိုရှိတဲ့စိတ်ထား သူ့သန္တာန်မှာ မရှိဘူး။ ကာမဂုဏ်တွေအပေါ်၌ တွယ်တာခြင်း, အသိမှားခြင်းဆိုတဲ့ မောဟတရားတွေ သူ့သန္တာန်မှာ ကင်းနေတယ်။ ဘယ်လိုကင်းသလဲ။ ဒီကာမဂုဏ်ဆိုတာကတော့ သက်ရှိသက်မဲ့ နှစ်မျိုးရှိပါတယ်။ လိုချင်စရာ, တွယ်တာမက်မောစရာ သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုတွေကို ကာမဂုဏ်လို့ ဒီနေရာမှာ ပြောလိုရင်းပဲ။

အဘိဓမ္မာနည်းကတော့ အဆင်း, အသံ, အနံ့, အရသာ, အတွေ့အထိဆိုတဲ့ အာရုံငါးပါး ကာမဂုဏ်တရားတွေကို ကာမဂုဏ်လို့ ဆိုလိုပါတယ်။ ဒီတော့ ဒီသက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုတွေထဲက သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုတွေနဲ့ ပတ်သက်တဲ့နေရာမှာ သူက မောဟ ကင်းနေတယ်။ ဘယ်လို ကင်းနေသလဲလို့ မေးရင်တော့ ရှေးဦးစွာ သက်ရှိပဲ ဆိုကြပါစို့နော်။ မိမိ တွယ်တာမြတ်နိုးနေတဲ့ ဒီသက်ရှိ ကာမဂုဏ်တွေကို ဖမ်းပြီး ဓာတ်လေးပါး စိုက်ကြည့်ပါ။ ဒီဓာတ်လေးပါးက ရုပ်တွေ, နာမ်တွေ သိမ်းဆည်းစဉ် အချိန်အခါထဲက မိမိရဲ့သန္တာန်မှာ တည်ရှိနေတဲ့ ရုပ်တရား, နာမ်တရား၊ အပြင် ဗဟိဒ္ဓသန္တာန်မှာ တည်ရှိနေတဲ့ ရုပ်တရား, နာမ်တရားတွေကို စနစ်တကျ သိမ်းဆည်းထားတတ်တဲ့ သူတော်ကောင်းအဖို့ လွယ်ကူနေပါပြီ။

ဒီတော့ မိမိ တွယ်တာမြတ်နိုးနေတဲ့ အသက်ရှိနေတဲ့ သတ္တဝါတွေကို လှမ်းပြီးတော့ ဓာတ်လေးပါး စိုက်ကြည့်ပါ။ စိုက်လိုက်တဲ့ အချိန်အခါမှာ တစ်ယောက်စီ တစ်ယောက်စီ စိုက်ဖို့တော့ သိပ် မလိုပါဘူး။ သာဝကပါရမီဉာဏ်အရာမှာတော့ ဗဟိဒ္ဓခြင်း တူလို့ သာမန် ပေါင်းစုခြုံငုံပြီးတော့ပဲ ရှုပွားသုံးသပ်ရပါတယ်။ အဲဒီလို ဓာတ်လေးပါး ဖမ်းပြီး စိုက်ရှုလိုက်တဲ့ အချိန်ခါမှာ အားလုံး ရုပ်ကလာပ်အမှုန်လေးတွေ တွေ့လိမ့်မယ်။ ဒီအမှုန်လေးတွေကို ဓာတ်ခွဲ။

တစ်မှုန် တစ်မှုန်မှာ တည်ရှိနေတဲ့ ပထဝီ, အာပေါ, တေဇော, ဝါယော, အဆင်း, အနံ့, အရသာ, ဩဇာ အစရှိတဲ့ သဘောတရား ရှစ်ခု သို့မဟုတ် ကိုးခု သို့မဟုတ် တစ်ဆယ်ခုတို့ကို ဉာဏ်နဲ့ မြင်အောင် ကြည့်ရမယ်။ အဲဒီလို ရုပ်တွေ သိမ်းဆည်းပြီးတဲ့အခါမှာ ဒီရုပ်တရားတွေရဲ့ ဖြစ်ပြီး ပျက်နေတာကို ဉာဏ်နဲ့ မြင်အောင် ကြည့်ပြီးတော့ အနိစ္စလို့ ရှုရတယ်။ ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် အနှိပ်စက်ခံနေရတဲ့သဘောကို ဉာဏ်နဲ့ မြင်အောင် ကြည့်ပြီးတော့ ဒုက္ခလို့ ရှုရတယ်။ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေတဲ့ အတ္တမဟုတ်တဲ့သဘောတရားတွေကို ဉာဏ်နဲ့ မြင်အောင် ကြည့်ပြီးတော့ အနတ္တလို့ ရှုရတယ်။ အဲဒီလို အနိစ္စ, ဒုက္ခ, အနတ္တ အခြင်းအရာတွေကို ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိမြင်မယ်ဆိုလို့ရှိရင်တော့ ဒါ မောဟကင်းနေတဲ့ အချိန်ပဲလို့ ဒီလိုဆိုလိုပါတယ်။

နောက်တစ်ခုကတော့ ဒီသက်ရှိသတ္တဝါတွေရဲ့သန္တာန်မှာ တည်ရှိနေတဲ့ နာမ်တရားတွေလည်း ရှိကြပါတယ်။ အဲဒီ နာမ်တရားတွေကိုလည်း ဗဟိဒ္ဓခြင်း တူညီလို့ သာမန်ပေါင်းစုခြုံငုံ သိမ်းဆည်းကြည့်တဲ့ အချိန်အခါမှာ ဒီနာမ်တရားတွေကိုလည်း လက္ခဏာရေးသုံးတန် တင်ပြီးတော့ တွင်တွင်ကြီး ဝိပဿနာ ရှုရပါတယ်။ အဲဒီလို ရှုလိုက်တဲ့ အချိန်ခါမှာလည်း ထိုရှုနေတဲ့ ယောဂီသူတော်ကောင်းရဲ့သန္တာန်မှာ ဒီသက်ရှိကာမဝတ္ထုတွေနဲ့ ပတ်သက်လို့ မောဟ ကင်းနေပြီ။ အမှန်အတိုင်း သိနေပြီလို့ ဒီလိုဆိုလိုပါတယ်။

သုမေဓာမင်းသမီးကလည်း ဒီပုံစံအတိုင်းပဲ။ သူက ဗဟိဒ္ဓမှာ တည်ရှိနေတဲ့ သက်ရှိ ကာမဝတ္ထုအစုစုတွေကို ဓာတ်လေးပါး စိုက်ပြီးတော့ ရုပ်တွေ, နာမ်တွေ သိမ်းဆည်းပြီးတော့ ဒီရုပ်တွေ, နာမ်တွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ သူက ဝိပဿနာ ရှုနေတဲ့အတွက် သူ့သန္တာန်မှာ ဒီသက်ရှိကာမဝတ္ထု အစုစုတွေနဲ့ ပတ်သက်ပြီး မောဟတွေက ကင်းနေပြီ။ တစ်ဖန် သုမေဓာမင်းသမီးလေးက ခုနက သက်မဲ့ကာမဝတ္ထုတွေ ရှိကြပါတယ်။ သက်မဲ့ကာမဝတ္ထုတွေဆိုတာကတော့ ခုနက ပတ္တမြားတို့လို, ရွှေတို့လို, ငွေတို့လို, အိုးတို့လို, အိမ်တို့လို။ ဒီလို သက်မဲ့ကာမဝတ္ထု အစုစုတွေ ဖြစ်ကြပါတယ်။

အဲဒီ သက်မဲ့ကာမဝတ္ထု အစုစုတွေကိုလည်း ဖမ်းပြီး ဓာတ်လေးပါး စိုက်ကြည့်ပါ။ ကလာပ်အမှုန်လေးတွေ။ ကလာပ်တစ်မှုန်မှာ ရှိတတ်တဲ့ တေဇောဓာတ်ကြောင့် နောက်ထပ် ကလာပ်အမှုန်လေးတွေ ဆင့်ကဲဆင့်ကဲ အကြောင်းမကုန်သမျှ ထပ်ခါထပ်ခါ ဖြစ်နေတဲ့ သဘာဝလေးတွေပဲ။ အဲဒီ ကလာပ်အမှုန်လေးကို ဓာတ်ခွဲလိုက်ရင် တစ်မှုန် တစ်မှုန်မှာ ပထဝီ, အာပေါ, တေဇော, ဝါယော, အဆင်း, အနံ့, အရသာ, ဩဇာ အစရှိတဲ့ သဘောတရား ရှစ်ခု ရှိကြပါတယ်။ ဥတုဇရုပ်တွေ ဖြစ်တယ်။ အဲဒီ ဥတုဇရုပ်တွေကိုလည်း သိမ်းဆည်းပြီးတော့ ဒီရုပ်တရားတွေကို ဖြစ်ပြီး ပျက်နေတာကို ဉာဏ်နဲ့ မြင်အောင် ကြည့်ပြီးတော့ အနိစ္စလို့ ရှုရတယ်။ ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် အနှိပ်စက်ခံနေရတဲ့သဘောကို ဉာဏ်နဲ့ မြင်အောင် ကြည့်ပြီးတော့ ဒုက္ခလို့ ရှုရတယ်။ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေတဲ့ အတ္တမဟုတ်တဲ့သဘောတရားတွေကို ဉာဏ်နဲ့ မြင်အောင် ကြည့်ပြီးတော့ အနတ္တလို့ ရှုရတယ်။ အဲဒီလို ရှုနေတဲ့ အချိန်ခါမှာ ထိုရှုနေတဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ဒီရုပ်နာမ်တွေနဲ့ ပတ်သက်ပြီးတော့ အသိမှားမှု မောဟတရား ကင်းနေတယ်။ အမှန်အတိုင်း ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိနေတယ်လို့ ဒီလိုဆိုရပါတယ်။

ခု သုမေဓာမင်းသမီးကလည်း အဲဒီပုံစံအတိုင်းပဲ။ ဒီသက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုတွေ အပေါ်၌ ရုပ်တွေ, နာမ်တွေကို သိမ်းဆည်းပြီးတော့ အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ တွင်တွင်ကြီး ဝိပဿနာ ရှုနိုင်တဲ့အတွက် မောဟ ကင်းနေပြီ။ ဒီလို မောဟကင်းနေတဲ့ ဒီအမျိုးကောင်းသမီးရဲ့သန္တာန်မှာ ဘာဖြစ်နေသလဲ? ဒီကာမဂုဏ်တွေအပေါ်မှာ လိုလားတပ်မက်နေတဲ့စိတ်ထား ထိုအချိန်ခါမှာ မရှိတော့ဘူး။ ဘာဖြစ်လို့လဲ? ဒီကာမဂုဏ်တွေကို ကြည့်လိုက်လို့ရှိရင် ကာမဂုဏ်လို့ သတ်မှတ်ထားအပ်တဲ့ ဒီရုပ်တရား, ဒီနာမ်တရားတွေကို ကြည့်လိုက်မယ်ဆိုရင် ဖြစ်ပြီး ပျက်နေတဲ့ အနိစ္စတရားတွေသာ မှန်တယ်။ ဖြစ်ခြင်း ပျက်ခြင်းဖြင့် အနှိပ်စက်ခံနေရတဲ့ ဒုက္ခတရားတွေသာ မှန်တယ်။ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေတဲ့ အတ္တမဟုတ်တဲ့ အနတ္တတရားတွေသာ မှန်နေတယ်။

ဒီလို တွင်တွင်ကြီး မြင်နေတဲ့အတွက် ထိုအချိန်ခါ, ထိုအခိုက်အတန့်မှာတော့ ဒီရုပ်နာမ်တွေအပေါ်၌ တွယ်တာမက်မောဖို့ အချိန်လည်း မရှိတော့ဘူး။ မရှိတဲ့အတွက်ကြောင့် ဒီကာမဂုဏ်တွေအပေါ်မှာ တွယ်တာတပ်မက်နေတဲ့စိတ်ထား ထိုသုမေဓာမင်းသမီးရဲ့သန္တာန်မှာ မတည်ရှိပါဘူးနော်။ မတည်ရှိတဲ့အတွက်ကြောင့် ဒီအနိဃရဒ္ဓဘုရင် အမှူးရှိနေတဲ့ မိမိရဲ့ မယ်တော်, ခမည်းတော်တို့ကိုရော, မှူးကြီးမတ်ရာ သေနာပတိ အစရှိတဲ့ နန်းတွင်းသူ အားလုံးကိုရော သူက ဆက်လက်ပြီးတော့ ဒီကာမဂုဏ်တွေရဲ့ အပြစ်ကို မြင်အောင် ရှုဖို့ရန်အတွက် သူက ဆက်ပြီး တရားဟောတယ်။ ဘယ်လိုဟောလဲ။

‘‘စာတုဒ္ဒီပေါ ရာဇာ မန္ဓာတာ, အာသိ ကာမဘောဂိန မဂ္ဂေါ။’’

ကမ္ဘာဦးကာလလောက်က ဆိုကြစို့နော်။ လေးကျွန်းလုံးကို အစိုးရနေတဲ့ မန္ဓာတုစကြာမင်းကြီးဆိုတာ တစ်ချိန်က ရှိခဲ့ဖူးပါတယ်။ ဒီမန္ဓာတုစကြာမင်းကြီးဆိုတာက ကာမဂုဏ်ကို ခံစားနေတဲ့ ပုဂ္ဂိုလ်တွေထဲမှာ အသာဆုံး အမြတ်ဆုံး ပုဂ္ဂိုလ်တစ်ဦးလို့ ဒီလိုတော့ ပြောနိုင်ပါတယ်။ အဲဒီ အသာဆုံး အမြတ်ဆုံးဖြစ်နေတဲ့ ဒီမန္ဓာတုစကြာမင်းကြီးက ဘာဖြစ်သလဲ? လူ့ကာမဂုဏ်ကို ခံစားရလို့ အားရမှု, ကျေနပ်မှု မရှိဘူး။ မရှိတဲ့အတွက် သူ စကြာရတနာကို အခြေခံပြီးတော့ နတ်ပြည်ကို တက်သွားလိုက်တာ တာဝတိံသာနတ်ပြည် ရောက်ပြီ။ တာဝတိံသာနတ်ပြည်ရောက်တဲ့ အချိန်ခါမှာလည်း သိကြားမင်းကြီးက နတ်စည်းစိမ်တွေကို ထက်ဝက်ခွဲပြီးတော့ အတူတူပဲ သုံးဆောင် ခံစားစေပါတယ်။ အဲဒီ နည်းစနစ်အားဖြင့် ဒီနတ်စည်းစိမ်တွေကို သူ သုံးဆောင်ခံစားလိုက်တာ သိကြားမင်းပေါင်း သုံးဆယ့်ခြောက်ဦး ကွယ်လွန်သွားပြီ။ ကွယ်လွန်သွားတဲ့ အချိန်တိုင်အောင်လည်း သူက ဒီကာမဂုဏ်ချမ်းသာတွေကို သုံးဆောင်ခံစားရလို့ စိတ်ထဲမှာ ကျေနပ်မှု ရသွားသလားဆိုတော့ မကျေနပ်ဘူးတဲ့။

‘‘အတိတ္တော ကာလင်္ကတော, န စဿ ပရိပူရိတာ ဣစ္ဆာ။’’

ဒီကာမဂုဏ်တွေကို သုံးဆောင်ခံစားရလို့ တင်းတိမ်မှု ရောင့်ရဲမှု မရှိဘဲနဲ့ သူက ဘဝတစ်ခုကို အဆုံးသတ်သွားရတယ်။ သူ့ရဲ့ လိုအင်ဆန္ဒတွေဟာ ပြီးဆုံးတိုင်အောင် အလိုပြည့်သွားတယ်ဆိုတာ မရှိဖူးဘူး။ ဒီစကား မှန်, မမှန်တော့ ဒကာကြီးတွေ, ဒကာမကြီးတွေ လက်တွေ့ ကိုယ့်ကိုယ်ကို ပြန်စဉ်းစားကြည့်ကြနော်။ ကာမဂုဏ်ကို သုံးဆောင်ခံစားပြီးတော့ ကာမဂုဏ်တွေအပေါ်မှာ တော်လောက်ပြီဆိုတဲ့ ကျေနပ်ရောင့်ရဲနေတဲ့ စိတ်ထား မိမိတို့ရဲ့ သန္တာန်မှာ ရှိ,မရှိတော့ ပြန်စဉ်းစားပါနော်။ မိမိတို့ရဲ့ လိုလားတောင့်တနေတဲ့ သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုတွေအပေါ်မှာ လိုလားတောင့်တနေတဲ့စိတ်ထားတွေ လိုလားတောင့်တသည့်အတိုင်း အားလုံး ပြည့်စုံမှု ရှိ,မရှိတော့ ပြန်စဉ်းစားပါ။ ဒီလို စဉ်းစားလိုက်မယ်ဆိုလို့ရှိရင်တော့ သုမေဓာမင်းသမီးဟောနေတဲ့ တရားအပေါ်မှာ တော်တော်လေး သဘောပေါက်နိုင်ပါလိမ့်မယ်နော်။

နောက်တစ်ခု သူက ဘာဆက်ဟောလဲ။ ကာမဂုဏ်အပေါ်မှာ နှစ်သက်မှု, ကျေနပ်မှု, ရောင့်ရဲမှု မရှိပုံနဲ့ ပတ်သက်ပြီးတော့ သူက ဘာပြောလဲ။ ရတနာခုနစ်ပါးမိုးကြီး အကယ်၍ ရွာသွန်းရင်လည်း ရွာသွန်းပါစေ။ အဲဒီ ရတနာခုနစ်ပါးမိုးကြီးကလည်း တစ်နေရာထဲမှာ ကွက်ပြီး ရွာတာ မဟုတ်ဘူး။ အရပ်ဆယ်မျက်နှာ အားလုံးအပြည့် အနှံ့အပြား ရွာသွန်းချင်လည်း ရွာသွန်းပါစေ။ ဒါပေမယ့် ကာမဂုဏ်ကို လိုလားတောင့်တနေတဲ့ ဒီပုဂ္ဂိုလ်တွေအဖို့ ဒီကာမဂုဏ်တွေနဲ့ ပတ်သက်ပြီး ကျေနပ်မှု, ရောင့်ရဲမှု, နှစ်သိမ့်မှု, ကျေနပ်ရောင့်ရဲသွားမှုဆိုတဲ့ ဒီသဘောတရား ဘယ်လိုမှ မဖြစ်နိုင်ဘူး။

ကာမဂုဏ်တွေအပေါ်မှာ လိုလားတောင့်တနေတဲ့ စိတ်ထားတွေ ရှိပြီးတော့ ကာမဂုဏ်နဲ့ ပတ်သက်ပြီး ရောင့်ရဲတဲ့စိတ်ထား မရှိခင်မှာဘဲ လူသားတွေဟာ ဘဝတစ်ခုကို အဆုံးသတ်ပြီး ကွယ်လွန် သွားရပါတယ်ဆိုပြီး သူက ဒီလို ဆက်ပြောတယ်။ နောက်တစ်ခု ဒီကာမဂုဏ်နဲ့ပတ်သက်ပြီးတော့ သူက ဘယ်လို ဆက်ဟောလဲ။

‘‘အသိသူနူပမာ ကာမာ, ကာမာ သပ္ပသိရောပမာ’’

ကာမဂုဏ်တွေဆိုတာက အသိသူနူပမာတဲ့ = သံလျက်နဲ့ သိပ်တူတယ်။ သံလျက်တို့ရဲ့သဘောက ထိုးကျင့်တတ်တဲ့သဘော, စူးရှသက်ဝင်တတ်တဲ့သဘော ရှိတယ်။ ဒီအတိုင်းပဲ။ ကာမဂုဏ်ဆိုတာကလည်း သတ္တဝါတစ်ဦးအဖို့ ရာဂမီးတွေ စုဝင်ပြီး လောင်ဖို့ရန်, ဒေါသမီးတွေ စုဝင်ပြီး လောင်ဖို့ရန်, မောဟမီးတွေ စုဝင်ပြီး လောင်ဖို့ရန်, မာန်မာန ဣဿာ မစ္ဆိယ အစရှိတဲ့ မီးတွေ စုဝင်ပြီး လောင်ဖို့ရန် အကြောင်းတစ်ခုသာ ဖြစ်ပါတယ်။ ဒီကာမဂုဏ်တွေကို အကြောင်းပြုပြီးတော့ တွယ်တာမက်မောနေတဲ့ လောဘတွေ ဖြစ်တယ်။ ဒီကာမဂုဏ်တွေကို အကြောင်းပြုပြီးတော့ မကျေနပ်မှု ဒေါသတွေ ဖြစ်နေတယ်။ ဒီကာမဂုဏ်တွေကို အကြောင်းပြုပြီးတော့ ငါ့သား, ငါ့သမီး, ငါ့ဇနီး, ငါ့မြေး, ငါ့ရွှေ, ငါ့ငွေ အစရှိတဲ့ အသိမှားမှု မောဟတွေ ဖြစ်နေတယ်။

ဒီကာမဂုဏ်တွေကို အကြောင်းပြုပြီးတော့ တချို့က မာနကြီးကြတယ်, တချို့က ဣဿာ = ကိုယ့်ထက်သာ မနာလိုတဲ့ စိတ်ထားတွေ ရှိကြတယ်။ ဒီကာမဂုဏ်တွေကို အကြောင်းပြုပြီးတော့ ဝန်တိုတဲ့ မစ္ဆရိယစိတ်ထားတွေ ဖြစ်ပေါ်နေကြတယ်။ မကောင်းတဲ့ အကုသိုလ်တရားတွေ တိုးပွားကြတယ်။ ဒါကြောင့် ဒီအကုသိုလ်တရားတွေက ထိုကာမဂုဏ်ကို လက်ခံနေတဲ့ သတ္တဝါတစ်ဦးရဲ့သန္တာန်မှာ စီးဝင်တတ်တဲ့ အနက်သဘောလေး ရှိတယ်။

နောက်တစ်ခု ဒီကာမဂုဏ်တွေသည် သပ္ပသိရောပမာ = မြွေဦးခေါင်းနှင့် တူတယ်။ မြွေဦးခေါင်းဆိုတာက အင်မတန် ဘေးကြမ်းထူထပ်တဲ့သဘော ရှိပါတယ်။ အကြောင်းမလှလို့ ဒီမြွေဦးခေါင်းကို သွားပြီး ကိုင်မိမယ်ဆိုလို့ရှိရင် အင်မတန် ပြင်းထန်နေတဲ့ အဆိပ်တွေက ဒီကိုင်နေတဲ့ သတ္တဝါသန္တာန်မှာ ကူးစက်ပြီးတော့ ဆင်းရဲဒုက္ခအမျိုးမျိုးတွေကို ပေးနိုင်တဲ့ စွမ်းအားရှိတယ်။ ဒါကြောင့် မြွေပွေး, မြွေဟောက်တို့ရဲ့ ဦးခေါင်းနဲ့ သိပ်တူတယ်။ ကာမဂုဏ်ကို သွားပြီး ကိုင်တွယ်သုံးသပ်ကြည့်နော်။ သိမ်းပိုက်ကြည့်စမ်းပါ။ သိမ်းပိုက်လိုက်ပြီဆိုလို့ရှိရင် ဒီကာမဂုဏ် အကြောင်းမလှလို့ ပျက်စီးသွားရင် မိမိသန္တာန်မှာ အင်မတန် ပြင်းထန်နေတဲ့ စိတ်ဖောက်ပြန်မှုတွေ မဖြစ်နိုင်ဘူးလား? ဖြစ်နိုင်တယ်။

အကယ်၍သာ ကာမဂုဏ်တစ်ခု ဆိုကြစို့။ သားကာမဂုဏ်တစ်ခု ပျက်စီးသွားပြီ။ သမီးကာမဂုဏ်တစ်ခု ပျက်စီးသွားပြီ။ ဒီကာမဂုဏ်တွေ ဆို့ပိတ်ထားတဲ့ သတ္တဝါတစ်ဦးအဖို့ ပျက်စီးခြင်းတစ်ခုနဲ့ ကြုံခဲ့ပြီဆိုလို့ရှိရင် အင်မတန် ပြင်းထန်နေတဲ့ စိတ်ဆင်းရဲမှုဆိုတဲ့ အဆိပ်တွေ တစ်ကိုယ်လုံး ပျံ့နှံ့ပြီး တက်မသွားဘူးလား? တက်သွားမယ်။ နေအိမ်ပစ္စည်းတွေလည်း ဒီအတိုင်းပဲ။ ပစ္စည်းကာမဂုဏ်တွေ အကြောင်းမလှလို့ ပျက်စီးသွားရင်လည်း မြွေပွေး, မြွေဟောက် အဆိပ်တွေ တက်သလို ခန္ဓာကိုယ်ထဲမှာ အင်မတန် ပြင်းထန်နေတဲ့ ခံစားချက်တွေ ပေါ်လာတတ်တယ်။ ဒါကြောင့် ဒီကာမဂုဏ်တွေသည် မြွေပွေး, မြွေဟောက်နဲ့လည်း တူပါတယ်။ မြွေပွေး, မြွေဟောက်ရဲ့ ခေါင်းနဲ့လည်း တူပါတယ်။

နောက်တစ်ခု ကာမဂုဏ်တွေဟာ မြက်မီးရှူးနဲ့လည်း တူပါတယ်။ ရှေးယခင်အခါက တောလမ်းခရီးတစ်ခုကို ညအခါ သွားကြမယ်ဆိုလို့ရှိရင် ခြောက်နေတဲ့ မြက်တွေကို စုရုံးစီးပြီးတော့ မီးရှို့ပြီး သွားကြရတယ်။ ဒီတော့ ဒီမီးရှို့ထားတဲ့ မြက်မီးရှူးဆိုတဲ့ မီးထုတ်က တစ်ချိန်မှာ လွှတ်လိုက်ရင် လွှတ်လိုက်။ မလွှတ်လိုက်ဘူးဆိုလို့ရှိရင် အစဉ်အတိုင်း လျှောက်ပြီး သူက လက်အထိ လောင်သွားတတ်တယ်နော်။ ဒီအတိုင်းပဲ။ ကာမဂုဏ်ဆိုတာကလည်း ဒီအတိုင်းပဲ။ မိမိက စွန့်ချင် စွန့်၊ မစွန့်ချင်ဘူးဆိုလို့ရှိရင် သူက အစဉ်အတိုင်း လျှောက်ပြီးတော့ အကုန်လုံး လောင်ကျွမ်းသွားတတ်တယ်။ ဘယ်လောက်အထိ သူက လောင်ကျွမ်းသွားသလဲလို့မေးရင် ဒီကာမဂုဏ်ကို မစွန့်လွှတ်နိုင်ဘဲ ဖားမြွေခဲသလို တခဲထဲသာ ခဲထားလို့ နောက်ဆုံး ဘဝတစ်ခု အဆုံးသတ်ခါနီးမှာ ဒီကာမဂုဏ်တွေအပေါ်မှာ တွယ်တာမက်မောနေတဲ့ စိတ်ထားဖြင့် ဘဝတစ်ခု အဆုံးသတ်ခဲ့ရမယ်ဆိုရင် ဒီသတ္တဝါသည် အပါယ်လေးဘုံမှာ သွားပြီးတော့ အပူမီးတွေဖြင့် လောင်ကျွမ်းနေရမှာ ဖြစ်တယ်။ ဒါကြောင့် ကာမဂုဏ်တွေဟာ မစွန့်လွှတ်တဲ့ ပုဂ္ဂိုလ်အဖို့ အစဉ်အတိုင်း လောင်ကျွမ်းစေတတ်တဲ့သဘောကြောင့် မြက်မီးရှူးနဲ့လည်း သိပ်တူတယ်။ နောက် ကာမဂုဏ်တွေဟာ —

‘‘အဋ္ဌိကင်္ကလ သန္နိဘာ’’၊ အသားအသွေးတွေ ခန်းခြောက်ပြီးတော့ ညှီစော် နည်းနည်းလေးရှိနေတဲ့ အရိုးစုနဲ့လည်း သွားပြီး တူတယ်။ အညှီနံ့ နည်းနည်းလောက်ပဲ ရှိတော့တယ်။ အသားတွေ, အသွေးတွေ လုံးလုံး မရှိတော့ဘူး။ ကျွမ်းကျင်လိမ္မာနေတဲ့ သားသတ်သမားတစ်ဦးက အသားတွေ အကုန်ခွာယူပြီးတော့ တစ်နေရာမှာ ဒီအရိုးကို စွန့်ပစ်လိုက်တယ်။ စွန့်ပစ်လိုက်တဲ့ အချိန်အခါမှာ ဒီအရိုးကို မက်မောနေတဲ့ ခွေးတွေက ကိုက်ချီပြီးတော့ အင်မတန် ဝါးကြတယ်။ ဒါပေမယ့် အရိုးမှာ သေသေချာချာ ကြည့်လိုက်မယ်ဆိုလို့ရှိရင် သူ မက်မောလောက်တဲ့ အသား အသွေးတွေလည်း ကုန်နေပြီဖြစ်တယ်။ ဒါပေမယ့် ညှီစို့စို့ အနံ့လေးတစ်ခုတော့ ထင်ရှားရှိနေတယ်။ ရှိနေတဲ့အတွက် ဒီခွေးက ဒီအရိုးစုကို တခဲထဲ ခဲနေတယ်။

အဲဒီပုံစံအတိုင်းပဲ။ ကာမဂုဏ်ကို ခံစားတယ်ဆိုတာက ကာမဂုဏ်နဲ့ပတ်သက်ပြီးတော့ သေသေချာချာ အားရပါးရ ခံစားနိုင်လောက်တဲ့ အသားအသွေးဆိုတာ ဘာမှ မရှိဘူး။ ကာမဂုဏ်တွေဟာ အရိုးစုနဲ့ သိပ်တူတယ်။ ကာမဂုဏ်ကို တကယ်မက်မောပြီးတော့ ခံစားနေတဲ့ပုဂ္ဂိုလ်တွေအဖို့ အနှစ်သာရကို လိုက်ပြီး ရှာဖွေကြည့်လိုက်တဲ့ အချိန်ခါမှာ ဘာမှ အနှစ်သာရ မရှိပါဘူး။ ဤကာမဂုဏ်တွေဟာ ဖြစ်ပြီး ပျက်နေတဲ့ အနိစ္စတရားတွေ, ဖြစ်ခြင်း ပျက်ခြင်းဖြင့် အနှိပ်စက်ခံနေရတဲ့ ဒုက္ခတရားတွေ, မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေတဲ့ အတ္တမဟုတ်တဲ့ အနတ္တတရားတွေသာ မှန်ကြပါတယ်။ ဒါကြောင့် ကာမဂုဏ်ဟာ တကယ်ခံစားကြည့်မယ်ဆိုလို့ရှိရင်တော့ ခုနက ခွေးတွေက အမဲရိုးကို ကိုက်နေတဲ့ ပုံစံလိုပဲ။ တကယ် အနှစ်သာရမရှိဘဲနဲ့ သတ္တဝါတွေက မက်မောပြီး ကိုက်ခဲနေတဲ့ အရိုးစုကြီးနဲ့ သိပ်တူတယ်။

နောက်တစ်ခု ဒီကာမဂုဏ်တွေသည် ဘယ်လိုသဘောရှိသလဲ? အနိစ္စ၊ ဖြစ်ပြီး ပျက်နေတဲ့တရားတွေသာ မှန်တယ်။ အဓုဝါ၊ မခိုင်ခံ့တဲ့ တရားတွေသာ မှန်တယ်။ ဗဟုဒုက္ခာ၊ ပင်ပန်းဆင်းရဲရတဲ့ ဒုက္ခတွေက ကာမဂုဏ်ကို အကြောင်းပြုပြီးတော့ များစွာ ဖြစ်ပေါ်နေပါတယ်။ နောက်တစ်ခု မဟာဝိသာ၊ လတ်တလော သေကျေတတ်တဲ့ အဆိပ်တွေနဲ့လည်း သိပ်တူတယ်။ တစ်ခါတစ်ံ အကြောင်းမလှလို့ ကာမဂုဏ်တွေက ဖောက်ပြန် ပျက်စီးသွားပြီ။ အဲဒီအချိန်ခါမှာ ကာမဂုဏ်တွေရဲ့ ဖောက်ပြန်ပျက်စီးမှုကို အခြေခံပြီး စိတ်မချမ်းသာမှုဆိုတဲ့ ဒေါမနဿမီးတွေက ဝင်ပြီး လောင်ကျွမ်းလိုက်တဲ့ အချိန်အခါ သတ္တဝါတွေ တချို့ သေကျေပျက်စီးတဲ့ အဆင့်ထိ ရောက်သွားတယ်နော်။ လတ်တလော သေကျေတတ်တဲ့ အဆိပ်နဲ့လည်း သိပ်တူတယ်။

နောက်တစ်ခု လောလောပူနေတဲ့ သံတွေခဲကြီးနဲ့လည်း သိပ်တူပါတယ်။ မီးဟုန်းဟုန်းတောက်ပြီးတော့ ရဲရဲတောက်နေတဲ့ သံတွေခဲကြီးနဲ့ သိပ်တူတယ်။ ကာမဂုဏ်ကို အကြောင်းပြုပြီးတော့ ပူပန်မှုတွေ သိပ်အားကောင်းတတ်တယ်နော်။ ကာမဂုဏ်တွေကို အကြောင်းပြုပြီးတော့ တချို့ ပူလောင်လိုက်တာ အထူးသဖြင့် ဦးပဉ္စင်းတို့ မနောပဒေါသိကနတ်တွေဆိုကြစို့။

ဒီကာမဂုဏ်တွေနဲ့ ပတ်သက်ပြီးတော့ စိတ်ထဲမှာ ပူလောင်လိုက်တဲ့အတွက် ဒီရာဂမီး၊ ဒေါသမီး၊ မောဟမီးတွေ လောင်မြိုက်လိုက်တဲ့ အချိန်အခါမှာ ဒီနတ်တွေ ချက်ချင်း နတ်သက်ကြွေသွားကြတယ်။ သံတွေခဲလို ဒီကာမဂုဏ်တွေ ပူလောင်တဲ့သဘောလည်း ရှိတယ်။ အဃမူလ၊ ဆင်းရဲဒုက္ခအားလုံးတို့ရဲ့ အခြေခံအကြောင်းရင်းလည်း ဖြစ်နေတယ်။ သတ္တဝါတွေ အပါယ်သံသရာဝဋ်ဆင်းရဲကြီး ရောက်ကြတယ်။ ဘာကို အခြေခံလဲ? ဒီကာမဂုဏ်ကိုပဲ အခြေခံတယ်။ ဘယ်လို အခြေခံလဲလို့မေးရင် ဒီကာမဂုဏ်တွေအပေါ်မှာ တွယ်တာမက်မောနေတဲ့ စိတ်ထား၊ ဒေါသကို အခြေခံပြီးတော့ မပြုသင့် မပြုထိုက်တဲ့ ဒုစရိုက်တရားတွေကို လွန်ကျူးကြတယ်၊ အကုသိုလ်တရားတွေကို လွန်ကျူးကြတယ်။

ဒီကာမဂုဏ်တွေကို အခြေခံပြီးတော့ မပြုသင့် မပြုထိုက်တဲ့ ဒုစရိုက် လွန်ကျူးနေတဲ့ အချိန်ခါမှာလည်း ဒေါသမီးတွေက လောင်ကျွမ်းပြန်တယ်။ အဲဒီ ဒုစရိုက် လွန်ကျူးနေတဲ့ချိန်ခါမှာ ဖြစ်ပေါ်နေတဲ့ လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန၊ ဣဿာ၊ မစ္ဆရိယ အစရှိတဲ့ ဒီအကုသိုလ်တရားဆိုးတွေက သေသည်၏ အခြားမဲ့၌ ဒီသတ္တဝါကို အပါယ်လေးဘုံထိရောက်အောင် ပို့ဆောင်ပေးမယ်။ ဒီတော့ ဒီသတ္တဝါတွေသည် အကုသိုလ်တရားတွေကြောင့် အပါယ်လေးဘုံသို့ ရောက်ရှိရတယ်ဆိုရင် ဒီအကုသိုလ်တရားတွေကို ဖြစ်ပေါ်စေတတ်တဲ့ အကြောင်းရင်းကို ပြန်ပြီး ဆန်းစစ်ကြည့်လိုက်တဲ့ အချိန်ခါမှာ ကာမဂုဏ်တွေ ဖြစ်နေတယ်။ ဒါကြောင့် ကာမဂုဏ်သည် ဆင်းရဲဒုက္ခအမျိုးမျိုးတို့ရဲ့ အကြောင်းရင်း ဖြစ်တယ်။

အပါယ်ဝဋ်ဆင်းရဲဒုက္ခရဲ့ အကြောင်းရင်းသာ ဖြစ်သလားဆိုတော့ မဟုတ်သေးဘူးနော်။ လူ့ဘုံမှာ ခံစားနေရတဲ့ အို၊ နာ၊ သေရေး ဒုက္ခဘေးတွေ၊ နတ်ဘုံမှာ ခံစားနေရတဲ့ အို၊ နာ၊ သေရေး ဒုက္ခဘေးတွေ အစရှိသည်ဖြင့် ဒီသံသရာဝဋ်ဆင်းရဲဒုက္ခဘေးတွေကို လှမ်းပြီး ကြည့်လိုက်ရင် မိမိခန္ဓာငါးပါးဆိုတဲ့ ဒီကာမဂုဏ်တွေအပေါ်မှာ မက်မောနေတဲ့ တဏှာကို အကြောင်းရင်းခံတယ်။ ဒါကြောင့် ဒီကာမဂုဏ်တွေက အကျိုးတရားတစ်ခုကို ဖြစ်အောင် ပြုလုပ်မယ်ဆိုလို့ရှိရင် ကာမဂုဏ်တွေကို အခြေခံပြီး ဖြစ်ပေါ်လာမယ့် အကျိုးတရားတွေသည် ဒုခဖလ၊ ဆင်းရဲတဲ့ အကျိုးသက်သက်သာဖြစ်တယ်။ ချမ်းသာတဲ့အကျိုး ဘယ်မှာမှ မရှိဘူး။ ဘာကြောင့် ဆင်းရဲတဲ့ အကျိုးရှိသလဲလို့မေးရင်တော့ ဦးပဉ္စင်းတို့ အလွန် အဆင့်အတန်း မြင့်မားနေတဲ့ လောကီထဲမှာ ချမ်းသာလို့ ခေါ်ဆိုအပ်တဲ့ ဈာန်ချမ်းသာတွေ ရှိကြပါတယ်။

အဲဒီ ဈာန်ချမ်းသာတွေကိုသော်လည်း ဘုရားရှင်က ဒုက္ခလို့ ဒီလို ဟောထားတယ်။ ဘာဖြစ်လို့လဲ? ဒီဈာန်တရားလို့ ပြောတဲ့ ဈာန်ချမ်းသာတွေ ရှိကြပါတယ်။ အဲဒီ ဈာန်ချမ်းသာတွေကိုသော်လည်းပဲ ဘုရားရှင်က ဒုက္ခလို့ ဒီလို ဟောထားတယ်။ ဘာဖြစ်လို့လဲ? ဒီဈာန်တရားတွေလို့ ပြောတဲ့ ဈာန်ချမ်းသာတွေကို လှမ်းပြီး ကြည့်လိုက်တဲ့ခါမှာ ဒီဈာန်နာမ်တရားတွေဟာလည်း ဖြစ်ပြီး ပျက်နေတဲ့ အနိစ္စတရားသာ မှန်တယ်။ ဖြစ်ခြင်း ပျက်ခြင်းဖြင့် အနှိပ်စက်ခံနေရတဲ့ ဒုက္ခတရားတွေသာ မှန်နေတယ်။ ဒါကြောင့် ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် အညှဉ်းပန်း အနှိပ်စက်ခံနေရတဲ့အတွက်ကြောင့် ဒီဈာန်ချမ်းသာလို့ ခေါ်ဆိုအပ်တဲ့ အထွတ်အထိပ်သို့ ရောက်နေတဲ့ ချမ်းသာတွေကိုသော်လည်းပဲ ဘုရားရှင်က ဒုက္ခလို့ ဒီလို ဟောထားပါတယ်။

ဒါကြောင့် ကာမဂုဏ်ကြောင့် ဖြစ်ပေါ်လာမယ့် အကျိုးတရားတွေ လှမ်းကြည့်လိုက်ရင် လူ့ချမ်းသာပဲဖြစ်ဖြစ်၊ နတ်ချမ်းသာဆိုတဲ့ အကျိုးတရားပဲဖြစ်ဖြစ် အားလုံး ဆင်းရဲတယ်။ အပါယ်သံသရာဝဋ်ဆင်းရဲဒုက္ခ လှမ်းကြည့်လိုက်ရင်တော့ ပိုဆင်းရဲနေတယ်။ ဒီနေရာမှာ သုမေဓာမင်းသမီးက ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် အပါယ်သံသရာဝဋ်ဆင်းရဲဒုက္ခကြီးက ဆင်းရဲတယ်ဆိုတာ သူက ဘယ်လိုမြင်သလဲ? ဒီလိုတော့ မေးစရာရှိတယ်။ ဒီတော့ ဒီနေရာမှာ ဝိပဿနာနယ်ထဲမှာပေါ့။ ဘုရားရှင် ကိုယ်တော်တိုင်ကလည်း သတိပဋ္ဌာန်ကျင့်စဉ်တိုင်း ကျင့်စဉ်တိုင်းမှာ —

‘‘ဣတိ အဇ္ဈတ္တံ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ။’’

စသည်ဖြင့် အဇ္ဈတ္တမှာလည်း ရူပကာယ၊ နာမကာယတွေ သိမ်းဆည်းပြီး ဝိပဿနာရှုဖို့၊ ဗဟိဒ္ဓမှာလည်း ရူပကာယ၊ နာမကာယတွေ သိမ်းဆည်းပြီး ဝိပဿနာရှုဖို့ မြတ်စွာဘုရား ညွှန်ကြားထားပါတယ်။ ဒီညွှန်ကြားချက်နဲ့အညီ ယောဂါဝစရပုဂ္ဂိုလ်က သမာဓိအဆင့်ဆင့် ထူထောင်ပြီးတဲ့အခါမှာ ဒီသမာဓိမှ ထပြီးတော့ ညက ဟောခဲ့တဲ့အတိုင်း ဓာတ်ကြီးလေးပါး ဦးတည်ပြီးတော့ ဆိုကြစို့နော်။ အဲဒီ ဓာတ်ကြီးလေးပါးကို ဦးတည်ပြီးတော့ ရုပ်တွေ၊ နာမ်တွေ သိမ်းဆည်းတယ်။ သိမ်းဆည်းတဲ့အပိုင်းမှာ ရံခါ အဇ္ဈတ္တ ရုပ်တွေ၊ နာမ်တွေ သိမ်းဆည်းရတယ်၊ ရံခါ ဗဟိဒ္ဓ ရုပ်တွေ၊ နာမ်တွေ သိမ်းဆည်းရတယ်။ ရံခါ တရားတစ်ထိုင်အတွင်းမှာလည်း အဇ္ဈတ္တတစ်လှည့်၊ ဗဟိဒ္ဓတစ်လှည့် ရုပ်တွေ၊ နာမ်တွေ သွက်သွက်ကလေး ခပ်မြန်မြန် သိမ်းဆည်းပေးရတယ်။ အဲဒီလို သိမ်းဆည်းလိုက်တဲ့ အချိန်ခါမှာ တဖြည်းဖြည်း ဉာဏ်ကို ရင့်ကျက်အောင် စေလွှတ်ပြီးတော့ နီးရာကနေ ဝေးရာသို့ ဉာဏ်ကို စေလွှတ်ပြီးတော့ တစ်စတစ်စ တိုးချဲ့ပြီး သိမ်းဆည်းလိုက်တဲ့ အချိန်ခါမှာ ၃၁ ဘုံကို ခြုံငုံပြီးတော့ သိမ်းဆည်းရပါတယ်။

ဉာဏ်က ဒီထက်စွမ်းအား ရှိခဲ့မယ်ဆိုလို့ရှိရင်တော့ အနန္တစကြဝဠာတိုင်အောင် ဉာဏ်ကို ဖြန့်ကျက်ပြီးတော့ သိမ်းဆည်းရပါတယ်။ အဲဒီလို သိမ်းဆည်းလိုက်တဲ့ အချိန်အခါမှာ ၃၁ ဘုံအတွင်းမှာ ဒီနတ်တွေ၊ ဘီလူးတွေ။ လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်ဆိုတဲ့ သုဂတိသံသရာတွေလည်း ပါးပါတယ်။ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာဟုခေါ်ဆိုတဲ့ အပါယ်လေးဘုံ သံသရာတွေလည်း ပါချင်ပါတယ်။ အဲဒီလို အပါယ်ဘုံဘက်ကို သိမ်းဆည်းလိုက်တဲ့အခါ မိမိရဲ့ သမာဓိစွမ်းအင်ကလည်း ထက်နေမယ်၊ ရုပ်တွေ နာမ်တွေကို သိမ်းဆည်းနေတဲ့ နာမရူပပရိစ္ဆေဒဉာဏ်တွေကလည်း အလွန် အားကောင်းပြီး ထက်နေရင်တော့ ဉာဏ်စေလွှတ်လိုက်တဲ့ဘက်မှာ လင်းရောင်ခြည်တွေက စွမ်းအင် သိပ်အားကောင်းနေတတ်တယ်။

အဲဒီလို အားကောင်းနေတဲ့ လင်းရောင်ခြည် အကူအညီဖြင့် တိရစ္ဆာန်ဘုံသားတွေ၊ ပြိတ္တာဘုံသားတွေ၊ ငရဲဘုံသားတွေကို လှမ်းကြည့် လွယ်လွယ်နဲ့ တွေ့တတ်ပါတယ်။ တွေ့တတ်တဲ့ အချိန်ခါကျတော့ အပါယ်သံသရာဝဋ်ဆင်းရဲကြီးဟာ ဘယ်လောက်ဆင်းရဲတယ်ဆိုတာ သူက သမုတိသစ္စာနယ်ဘက်က လှမ်းကြည့်ရင်လည်း မြင်နေတယ်။ သို့သော် ပရမတ္ထသစ္စာနယ်ဘက်က သိမ်းဆည်းချင်တဲ့ပုဂ္ဂိုလ်က အပါယ်သံသရာမှာ တည်ရှိနေတဲ့၊ အပါယ်သားသတ္တဝါတွေရဲ့သန္တာန်မှာ တည်ရှိနေတဲ့ ရုပ်တွေ၊ နာမ်တွေကို ဆက်လက်ပြီး သိမ်းဆည်းရတယ်။ သိမ်းဆည်းပြီးတော့မှ ဒီရုပ်နာမ်တွေကိုလည်း ဖြစ်ပြီး ပျက်နေတဲ့သဘောတွေကို ဉာဏ်နဲ့ မြင်အောင် ကြည့်ပြီးတော့ အနိစ္စလို့ တွင်တွင် ရှုရတယ်။ ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲတမ်း အညှဉ်းပန်း အနှိပ်စက်ခံနေရတဲ့သဘောတွေကို ဉာဏ်နဲ့ မြင်အောင် ကြည့်ပြီးတော့ ဒုက္ခလို့ တွင်တွင် ရှုရတယ်။ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေတဲ့ အတ္တမဟုတ်တဲ့ သဘောတရားတွေကို ဉာဏ်နဲ့ မြင်အောင် ကြည့်ပြီးတော့ အနတ္တလို့ တွင်တွင် ရှုရတယ်။

အဲဒီလို ရှုနိုင်နေတဲ့ သုမေဓာမင်းသမီးအဖို့ အပါယ်သံသရာဝဋ်ဆင်းရဲဒုက္ခကိုပဲ လှမ်းကြည့်လိုက် လှမ်းကြည့်လိုက်၊ သုဂတိသံသရာဝဋ်ဆင်းရဲတွေကိုပဲ လှမ်းကြည့်လိုက် လှမ်းကြည့်လိုက် အားလုံး ဒီသံသရာဝဋ်ဆင်းရဲဒုက္ခအပေါင်းသည် ဘာအကျိုးကိုသာ ပေးသလဲလို့မေးရင် ဒုခဖလ၊ ဆင်းရဲနေတဲ့ အကျိုးတရားတွေကိုသာ အားလုံး ပေးနေတယ်။ အနည်းဆုံး ပမာဏအားဖြင့်တော့ ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် ညှဉ်းပန်းနှိပ်စက် ခံနေရတဲ့ ဒုက္ခသဘောကြီး ဘောလောကြီး ပေါ်နေတယ်။ ဝိပဿနာ ရှုပွားသုံးသပ်နေတဲ့ ယောဂီသူတော်ကောင်းကလည်း အဲဒီ ဒုက္ခသဘောကို မိမိရဲ့ ဝိပဿနာဉာဏ်ထဲမှာ စနစ်တကျ သိဖို့၊ မြင်ဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲ?

ဒီလို ရှုနိုင်မှ လူ့ပြည် လူ့လောကမှာရှိတဲ့ ရုပ်နာမ်ကတော့ မကောင်းဘူး။ နတ်ပြည် နတ်လောက၊ ဗြဟ္မာ့ပြည် ဗြဟ္မာ့လောကမှာ တည်ရှိနေတဲ့ ရုပ်နာမ်ကတော့ ပိုပြီး အဆင့်မြင့်တယ်၊ ပိုပြီး ကောင်းတယ်။ ဒီလို ထင်ချင်လည်း ထင်မယ်နော်။ ဒီဘဝ ဒီရုပ်နာမ် မကောင်းဘူးဆိုပေမယ့် နောက်ဘဝ နောက်ရုပ်နာမ်တွေ ကောင်းနိုးနိုးနဲ့ ထင်ချင်လည်း ထင်တတ်ပါတယ်။ ဒါကြောင့် ၃၁ ဘုံအတွင်းမှာ တည်ရှိနေတဲ့ သင်္ခါရတရား မှန်ခဲ့ရင် ဘယ်ရုပ်၊ ဘယ်နာမ်၊ ဘယ်သင်္ခါရတရားမဆို အားလုံး ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အဆက်မပြတ် အညှဉ်းပန်း အနှိပ်စက်ခံနေရတဲ့ ဒုက္ခသဘောတရားတွေပဲလို့ ဒီလို ဉာဏ်နဲ့ မြင်အောင် လှမ်းကြည့်ရမယ်။ အဲဒီလိုကြည့်မှ ဒီရုပ် ဒီနာမ်အပေါ်မှာ တွယ်တာမက်မောနေတဲ့ တဏှာစွဲ ဒီအခါမှာ ပြိုသွားမှာ ဖြစ်တယ်။

ဒီတော့ ဒီတဏှာစွဲတွေ ဝိပဿနာအဆင့်မှာ ပြိုတယ်ဆိုတာကတော့ တဒင်္ဂပဲ။ တဒင်္ဂအားဖြင့် ဝိပဿနာဉာဏ်တွေက ဒီတဏှာစွဲ၊ မာနစွဲ၊ ဒိဋ္ဌိစွဲတွေကို ဖြိုဖျက်လိုက်တဲ့ အချိန်ခါမှာ ဝိပဿနာဉာဏ်တွေက ရင့်ကျက်လာခဲ့မယ်။ ဝိပဿနာဉာဏ်တွေရဲ့အဆုံးမှာ ပေါ်လာတဲ့ မဂ်ဉာဏ်တွေက အဆင့်ဆင့်အားဖြင့် ဆိုင်ရာ ကိလေသာတွေကို ပယ်သတ်သွားမှာ ဖြစ်ပါတယ်။ အဲဒီလို ပယ်သတ်နိုင်ရေးအတွက် ဒီဝိပဿနာဉာဏ်တွေကို ရင့်ကျက်အောင် ယောဂါဝစရပုဂ္ဂိုလ်တွေက ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရပါတယ်။ ခုဒီမှာလည်း သုမေဓာမင်းသမီးက အပါယ်သံသရာဝဋ်ဆင်းရဲဒုက္ခ၊ သုဂတိသံသရာဝဋ်ဆင်းရဲဒုက္ခဆိုတဲ့ နှစ်ဝသော ဒီဒုက္ခတွေကို သူက ဉာဏ်ပညာမျက်စိဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိနေပြီ။ သိနေတဲ့အတွက် သူက ဘယ်လို ဆက်ပြီး တရားဟောသလဲ?

‘‘ရုက္ခပ္ဖလူပမာ ကာမာ၊ မံသပေသူပမာ ဒုခါ။’’

ကာမာ၊ ကာမဂုဏ်တို့သည်။ ရုက္ခပ္ဖလူပမာ၊ အသီးရှိသော သစ်ပင်နှင့် တူကုန်၏။ ဒုခါ၊ ဆင်းရဲခြင်း အကျိုးရှိကုန်သည်။ မံသပေသူပမာ၊ သားတစ်နှင့် တူကုန်၏။

ကာမဂုဏ်ဆိုတာက အသီးသီးနေတဲ့ သစ်ပင်နဲ့ သိပ်တူတယ်။ ဘုန်းကြီးတို့ မဟာဇနကမင်းကြီး ဆိုကြစို့။ သူလည်း ဘုန်းကြီးတို့ရဲ့ ဘုရားအလောင်းတော်ပဲ။ မဟာဇနကမင်း ဖြစ်စဉ်အချိန်အခါမှာ တစ်နေ့ ဥယျာဉ်တော်ကို သွားတော့ ဥယျာဉ်အဝမှာ သရက်ပင်ကြီး နှစ်ပင် တည်ရှိတယ်။ သရက်ပင် တစ်ပင်ကြည့်လိုက်တဲ့ အချိန်ခါမှာ အသီးတွေက ဝေဆာနေတယ်။ ရှေ့ကနေ ရှင်ဘုရင်ကြီးကနေပြီးတော့ သရက်သီးတစ်လုံး ခူးသွားလိုက်တယ်။ ရှင်ဘုရင် ခူးပြီးပြီဆိုလို့ရှိရင်တော့ နောက်က ခြွေရံပရိသတ်၊ မောင်းမမိဿံပရိသတ်တွေ၊ မှူးမတ် ဗိုလ်ပါတွေ အားလုံးကလည်း ဒီသရက်သီး ခူးခွင့် ရှိသွားတယ်။ အားလုံး ခူးကြတယ်။ မမှီတဲ့ အသီးတွေကို အောက်ကနေပြီးတော့ အကိုင်းတွေ ကျိုးသွားအောင် ပစ်ချကြတယ်။ အကိုင်းတွေ တက်ချိုးကြတယ်။

တစ်နေ့တာ ကာလပတ်လုံး ဥယျာဉ်အတွင်းမှာ လှည့်လည်ကျက်စားပြီးတော့ ပြန်ထွက်လာတဲ့အခါမှာ မဟာဇနကမင်းကြီးက သူ့ရဲ့ သရက်ပင်ကြီး နှစ်ပင်ကို တစ်ဖန် ပြန်ကြည့်လိုက်တယ်။ ကြည့်လိုက်တဲ့ အချိန်ခါကျတော့ အသီးမသီးတဲ့ သရက်ပင်က ဘာမှမဖြစ်ဘူး။ ဣန္ဒြေရရနဲ့ ကောင်းကောင်းပဲ တည်နေတယ်။ အသီး သီးခဲ့တဲ့ သရက်ပင်ကြီး လှမ်းကြည့်လိုက်တဲ့အခါ တစ်ပင်လုံး ကျိုးပဲ့ ပျက်စီးပြီးတော့ နေတယ်။ သံဝေဂ သိပ်ဖြစ်သွားတယ်။

‘‘ဖလီ အမ္ဗော အဖလော စ၊ တေ သတ္ထာရော ဥဘော မမ။’’

ဖလီ၊ အသီးရှိသော။ အမ္ဗော စ၊ သရက်ပင်သည်လည်းကောင်း။ အဖလော စ၊ အသီးမရှိသော သရက်ပင်သည်လည်းကောင်း။ တေ ဥဘော၊ ထိုနှစ်ခုကုန်သော သစ်ပင်တို့သည်။ မမ၊ ငါ၏။ သတ္ထာရော၊ ဆရာတို့တည်း။

အသီးရှိတဲ့ သစ်ပင်၊ အသီးမရှိတဲ့ သစ်ပင်။ ဒီသစ်ပင် နှစ်ခုသည် ငါ့ရဲ့ ဆရာပဲ။ ဒီအခါမှာ ဒီလို ဆရာတင်ပြီးတော့ တောထွက်ရတယ်နော်။ ဒီတော့ ဒီကာမဂုဏ်ဆိုတာကလည်း ဒီတိုင်းပဲ။ အသီးရှိတဲ့ သစ်ပင်နဲ့ သိပ်တူတယ်။ အသီးကို အလိုရှိတဲ့ ပုဂ္ဂိုလ်တွေက အသီးကို အလိုရှိခြင်းတည်းဟူသော အကြောင်းကြောင့် ဒီသရက်ပင်ကြီးကို ချိုးဖဲ့ဖျက်ဆီးကြသလိုပဲ။ ကာမဂုဏ်ဆိုတဲ့ အသီးတွေကို လိုလားတောင့်တနေတဲ့ပုဂ္ဂိုလ်တွေက ဒီကာမဂုဏ်အိမ်လို့ဆိုတဲ့ အပင်ကြီးကို လာပြီး ချိုးဖဲ့ဖျက်ဆီးကြတယ်။ ဓားပြတွေ တိုက်ကြတယ်၊ လုကြတယ်၊ ယက်ကြတယ် စသည်ဖြင့် ဘာကြောင့်လဲ? အသီးသီးနေတဲ့ သစ်ပင်ဖြစ်လို့။

ကာမဂုဏ်သာ မရှိဘူးဆိုရင် ဒီကာမဂုဏ်မှာ လာပြီး လုယက်နေတဲ့ပုဂ္ဂိုလ်ဆိုပြီး ရှိပါ့မလား? မရှိဘူးနော်။ ဒါကြောင့် သူက ကာမဂုဏ်ရှိနေလို့ ကာမဂုဏ်တွေဟာ အသီးသီးနေတဲ့ သစ်ပင်နဲ့ သိပ်တူတယ်။ ချိုးဖဲ့ဖျက်ဆီးရဖို့ရန်အတွက် အခြေခံအကြောင်းရင်း ဖြစ်နေတယ်။ နောက်တစ်ခု —

မံသပေသူပမာ ဒုခါ၊ ကာမဂုဏ်တွေဟာ သားတစ်နဲ့လည်း သိပ်တူတယ်။ စွန်တွေ၊ ကျီးကန်းတွေ သားတစ်ခုရလို့ ချီသွားကြည့်ပါ။ ဒီသားတစ်ကို အလိုရှိနေတဲ့ နောက်ထပ်စွန်ရဲတွေက လိုက်ပြီးတော့ ထိုးချကြတယ်။ အကယ်၍ ဒီကာမဂုဏ်ဆိုတဲ့ သားတစ်ကို စွန့်ပြီး ပစ်ချလိုက်မယ်ဆိုရင် နောက်ထပ် စွန်ရဲတွေက ဒီသားတစ်ကို လာပြီး ထိုးနိုင်တဲ့သဘော ရှိသေးလား? မရှိဘူး။ သားတစ်သာ ချီထားမယ်ဆိုလို့ရှိရင် ချီထားသမျှ ကာလပတ်လုံး ဘေးက စွန်တွေ၊ ငှက်တွေက ဝိုင်းအုံပြီး ထိုးတာနဲ့ ဒီစွန်ရဲတွေဟာ အင်မတန် ကြီးကျယ်တဲ့ဒုက္ခ ရောက်ကြတယ်။ အဲဒီပုံစံအတိုင်းပဲ။

ကာမဂုဏ်ဆိုတဲ့ သားတစ်ကို ချီပိုးထားတဲ့ပုဂ္ဂိုလ်တွေ ဘေးက ဒီကာမဂုဏ်သားတစ်ကို လိုလားတောင့်တတဲ့ ပုဂ္ဂိုလ်တွေက ဝိုင်းပြီး ထိုးဆွကြတယ်။ အဲဒီထိုးဆွနေတဲ့ ဒီဒဏ်ချက်ကို ကာမဂုဏ်ပိုင်ရှင်တွေ ကောင်းကောင်းလှလှကြီး ခံရလိမ့်မယ်။ ဒါကြောင့် ကာမဂုဏ်တွေဟာ သားတစ်နဲ့လည်း သိပ်ပြီး တူတယ်။ နောက်တစ်ခု — ကာမဂုဏ်တွေဟာ အိပ်မက်နဲ့လည်း တူပါတယ်။ အိပ်မက်ထဲမှာ ကာမဂုဏ်တွေကို ခံစားပြီ။ နိုးလာတဲ့အခါ ဒီကာမဂုဏ်တွေ ရှိသေးလား? မရှိဘူး။ ဒီတိုင်းပဲ။ ကာမဂုဏ်ဆိုတာ သူက အိပ်မက်ပမာ တစ်ခဏလေးသာ ဖြစ်တယ်။ ဘယ်လို တစ်ခဏလေးသာ ဖြစ်သလဲဆိုတော့ လက်တွေ့ အစာတစ်ခု စားကြည့်ပါ။ ကောင်းတယ်ဆိုတဲ့ အရသာလေး လည်ချောင်းကို လွန်သွားပြီဆိုတာနဲ့ ရှိသေးလား? မရှိတော့ဘူး။ ပျောက်ပျက်သွားပြီနော်။ ဒါက သမုတိသစ္စာနယ်က ပြောတာပါ။

ပရမတ္ထသစ္စာနယ်ဘက်က ပြောရင်တော့ ဒီကာမဂုဏ်တွေကို ဖမ်းပြီး ဓာတ်လေးပါးစိုက်ကြည့်။ ရုပ်ကလာပ်အမှုန်လေးတွေ။ ဒီအမှုန်လေးတွေ ဓာတ်ခွဲပြီး ကြည့်လိုက်မယ်ဆိုရင် ဒီအမှုန်လေးတွေမှာ အနည်းဆုံး သဘောတရား ရှစ်ခု သို့မဟုတ် ကိုးခု၊ တစ်ဆယ်ခု စသည်ရှိတယ်။ အဲဒီ သဘောတရားလေးတွေ ဖြစ်ပြီးတာနဲ့ ချက်ချင်း ပျက်တယ်။ တစ်စက္ကန့်ဆိုတဲ့ အချိန်ခါကာလကို ကုဋေငါးထောင်ခန့် ပုံရင် တစ်ပုံလောက်ပဲ သက်တမ်းရှိတယ်။ အလွန့်အလွန် လျင်လျင်မြန်မြန်ကြီး ဖြစ်ပျက်နေတဲ့တရားတွေ။ အဲဒီ တရားတွေဟာ အိပ်မက်နဲ့ သိပ်တူတယ်။ အိပ်မက်ထဲမှာ တည်ရှိနေတဲ့ အရာဝတ္ထုတွေဟာ နိုးလာသည်နှင့် တစ်ပြိုင်နက်တည်း ပောက်ပျက်သွားသလို ဒီရုပ်တရားတွေဟာလည်း၊ ဒီနာမ်တရားတွေဟာလည်း ဖြစ်ပြီး ပျက်သွားတယ်။ ဖြစ်ပြီးတာနဲ့ ချက်ချင်း ပျောက်ပျက်သွားတယ်။ အိပ်မက်နဲ့ သိပ်ပြီး တူကြတယ်။

နောက်တစ်ခု — သူတို့က ဝဉ္စနိယာ၊ လှည့်ပတ်တတ်တယ်။ မျက်လှည့်သမားများဟာ ရွှေမဟုတ်တာကို ရွှေလုပ်ပြီး ပြသလို၊ ငွေမဟုတ်တာကို ငွေလုပ်ပြီး ပြသလို ဒီကာမဂုဏ်တွေက ပညာမျက်စိ မရှိတဲ့ လူမိုက်တွေကို မျက်လှည့်ပြတယ်။ ဘယ်လိုလဲ? ဒါက သားပဲ၊ ဒါက သမီးပဲ၊ ဒါက ဇနီး၊ ဒါက မြေး၊ ဒါက အဖိုးကြီး၊ ဒါက အဖွားကြီး၊ ဒါက ရွှေ၊ ဒါက ငွေ စသည်အားဖြင့် မျက်လှည့်ပြကြတယ်။ ပရမတ္ထသစ္စာနယ်ဘက်က ကြည့်လိုက်တဲ့ အချိန်အခါမှာ ဒီသားတို့၊ သမီးတို့၊ ဇနီးတို့၊ အဖိုးကြီးတို့၊ အဖွားကြီးတို့ကို ဖမ်းပြီး ဓာတ်လေးပါး စိုက်ကြည့်ပါ။ အားလုံး အမှုန်လေးတွေပဲ။ ဒီအမှုန်လေးတွေသည် ဓာတ်ခွဲလိုက်ရင် သဘောတရား ရှစ်ခု၊ ကိုးခု၊ တစ်ဆယ်ခု စသည်ရှိတယ်။ ရုပ်ပရမတ်တရားတွေပဲ။

အဲဒီ ပရမတ်တရားတွေသည် ဖြစ်ပြီးတာနဲ့ ချက်ချင်း ပျက်တယ်။ ဒါက အဖိုးကြီး၊ ဒါက အဖွားကြီး၊ ဒါက သား၊ ဒါက သမီး။ အဲဒီလို ပြောပြလောက်တဲ့ အချိန်အခါကာလ ရှိသေးလား? မရှိဘူး။ ဒါပေမယ့်လို့ ပရမတ္တဉာဏ်ပညာမျက်စိ မရှိတဲ့ လူမိုက်တွေကို ဒီကာမဂုဏ်တွေကနေပြီးတော့ ပြောပြနေတယ်။ ဟောဒါက သားပဲ၊ ဒါက သမီး၊ ဒါက ဇနီး၊ ဒါက အဖိုးကြီး၊ ဒါက မြေး၊ ဒါက အဖွားကြီး စသည်ဖြင့် ဒီလို ပြောကြလိမ့်မယ်။ ကာမဂုဏ်တွေဟာ မျက်လှည့်ပြသမားနဲ့ သိပ်တူတယ်။

နောက်တစ်ခု — အနာရောဂါနဲ့လည်း တူတယ်။ အနာရောဂါတစ်ခုခု ဖြစ်ပေါ်လာပြီဆိုလို့ရှိရင် ကျင်နာကိုက်ခဲမှုဆိုတာ ပေါ်လာတတ်တယ်။ အေး ... ဒီအတိုင်းပဲ။ ကာမဂုဏ်ဆိုတာက ဖြစ်ပေါ်လာပြီဆိုလို့ရှိရင် ဒီကာမဂုဏ်တွေက သတ္တဝါတစ်ဦးရဲ့သန္တာန်မှာ ရာဂမီးတွေ လောင်ကျွမ်းလာအောင်၊ ဒေါသမီးတွေ လောင်ကျွမ်းလာအောင်၊ မောဟမီးတွေ လောင်ကျွမ်းလာအောင်၊ မာန်မာန ဣဿာ မစ္ဆရိယ အစရှိတဲ့ မီးမျိုးတွေ လောင်ကျွမ်းလာအောင်၊ နာကျင်ကိုက်ခဲမှုတွေဖြစ်အောင် ထိုးဆွပေးတတ်တဲ့သဘော ဖြစ်ပါတယ်။ ဒါကြောင့် ကာမဂုဏ်တွေသည် အနာရောဂါနဲ့လည်း တူနေတယ်။

နောက်တစ်ခု — ကာမဂုဏ်တွေသည် အိုင်းအမာနဲ့လည်း တူတယ်။ ပကတိ အိုင်းအမာနာကြီးတစ်ခု၊ အနာစိမ်းတို့လို အနာမျိုးတစ်ခု ဆိုကြစို့နော်။ ပေါက်လာပြီဆိုလို့ရှိရင် ဒီအနာကနေ ပြည်တွေ တစီစီ ယိုစီးပြီး ကျလာတယ်။ ဒီအတိုင်းပဲ။ ကာမဂုဏ်ဆိုတာကလည်း ဒီအိုင်းအမာကြီးနဲ့ တူတယ်။ ကာမဂုဏ်တစ်ခု ဖြစ်ပေါ်လာလို့ သိမ်းပိုက်ထားပြီဆိုရင် ဒီကာမဂုဏ်ကို အကြောင်းပြုပြီးတော့ ကိလေသာအပုပ်ရေတွေက တစီစီ ယိုစီးပြီးတော့ ကျနေတယ်။ ဒါက ငါ့ရွှေ၊ ဒါက ငါ့ငွေ၊ ဒါက ငါ့သား၊ ဒါက ငါ့သမီး၊ ဒါက ငါ့မြေး စသည်ဖြင့် ကိလေသာ အပုပ်ရေတွေက ဒီကာမဂုဏ်ကို အကြောင်းပြုပြီးတော့ တစီစီ အမြဲတမ်း ယိုစီးပြီး ကျနေပါတယ်။ ဒါကြောင့် ကာမဂုဏ်တွေသည် အိုင်းအမာ အနာကြီးနဲ့လည်း တူတယ်။

နောက်တစ်ခု — ကာမဂုဏ်တွေသည် ဆင်းရဲဒုက္ခ အမျိုးမျိုးကို ဖြစ်စေတတ်တဲ့အတွက်ကြောင့် အဃလို့ခေါ်ဆိုအပ်တဲ့ မကောင်းတဲ့အကုသိုလ်တရားတွေသာ ဖြစ်ပါတယ်။ ကာမဂုဏ်ကို အကြောင်းပြုပြီး မကောင်းတဲ့အကုသိုလ်တရားဆိုးတွေ ဖြစ်တယ်။ အဲဒီလို ဖြစ်ခြင်းကြောင့် ကာမဂုဏ်တွေသည် ဆင်းရဲဒုက္ခကို ဖြစ်စေတတ်တဲ့တရားလည်း မှန်တယ်။ ကာမဂုဏ်ကို အကြောင်းပြုပြီး ရာဂ၊ ဒေါသ၊ မောဟ၊ မာန်မာန အစရှိတဲ့ ကိလေသာတွေ ဖြစ်နေတယ်။ ဖြစ်နေတဲ့ အချိန်အခါမှာလည်း ထိုသတ္တဝါတို့ရဲ့သန္တာန်မှာ ဆင်းရဲတယ်။ ဒီရာဂ၊ ဒေါသ၊ မောဟတွေကို အခြေခံပြီးတော့ အပါယ်သံသရာဝဋ်ဆင်းရဲဒုက္ခ အစရှိတဲ့ ဆင်းရဲဒုက္ခကို ရောက်ရှိပြီဆိုရင်လည်း ဒီအပါယ်သံသရာဝဋ်ဆင်းရဲဒုက္ခမှာ ဆင်းရဲဒုက္ခအမျိုးမျိုး ခံရတယ်။ ဒါကြောင့် ကာမဂုဏ်တွေသည် ဆင်းရဲကို ဖြစ်စေတတ်တဲ့ အကြောင်းတရားတွေသာ ဖြစ်ပါတယ်။

နောက်တစ်ခု — ဒီကာမဂုဏ်တွေဟာ သေခြင်းတရားကို ဖြစ်စေတတ်တဲ့ တရားလည်း မှန်တယ်။ သေခြင်းကို ဖြစ်စေတတ်တယ်။ ဘယ်လို ဖြစ်စေတတ်သလဲ? မိမိ ခန္ဓာငါးပါးလည်း ကာမဂုဏ်ပဲ။ သူတစ်ပါးရဲ့ ခန္ဓာငါးပါးလည်း ကာမဂုဏ်ပဲ။ မိမိ ခန္ဓာငါးပါးကို တွယ်တာ မက်မောတဲ့စိတ်ထားဖြင့် နောက်ထပ် ဒီလို ခန္ဓာငါးပါးတွေ ရရှိဖို့ရန် ရည်ရွယ်တောင့်တပြီး ကောင်းမှုကုသိုလ် ပြုတယ်ထား။ သူတစ်ပါး ခန္ဓာကို တွယ်တာမက်မောတဲ့စိတ်ထားဖြင့် နောက်ထပ် ဒီလို ခန္ဓာငါးပါးတွေနဲ့ တွေ့အောင်၊ ကြုံအောင် ကောင်းမှုကုသိုလ် ပြုတယ်ထား။ ပြုလိုက်လို့ တွေ့ပြီ။ နောက်ထပ် ခန္ဓာငါးပါးအသစ် ရကြတယ်။ ရရင်လည်း အဲဒီ ခန္ဓာငါးပါးက မသေဘူးလား? သေတယ်။

အဲ ဒီကာမဂုဏ်တွေကို အကြောင်းပြုပြီး ရာဂ၊ ဒေါသ၊ မောဟမီးတွေ လောင်တယ်။ ဒီရာဂ၊ ဒေါသ၊ မောဟမီးတွေကြောင့် အပါယ်သံသရာဝဋ်ဆင်းရဲဒုက္ခ ရောက်ပြီဆိုရင်လည်း အပါယ်သံသရာမှာလည်း မသေရဘူးလား?

သေရတယ်။ အဲဒီ သေရခြင်းဟာ သေချာ ပြန်ဆန်းစစ်ကြည့်လိုက်တဲ့ အချိန်အခါမှာ ဒီကာမဂုဏ်တွေကို အခြေခံ မနေဘူးလား? အခြေခံနေတယ်။ ဒါကြောင့် ကာမဂုဏ်တွေသည် သေခြင်းတရားကို ဖြစ်ပေါ်စေတတ်တဲ့ စွမ်းအင်တွေ ရှိနေပါတယ်။ ဒီရှုကွက်ကလေးကတော့ ဘုန်းကြီးတို့ သာသနာတော်မှာ ဝိပဿနာပိုင်း ရောက်လာပြီဆိုလို့ရှိရင် တော (၄၀) ရှုကွက်ဆိုတာ ရှိပါတယ်။

ဘုရားရှင် ကိုယ်တော်တိုင်က ဒီတော (၄၀) ရှုကွက်တွေကို သာဝကတွေ ဝိပဿနာပိုင်းရောက်လာရင် ရှုဖို့ရန်အတွက် ညွှန်ကြားထားပါတယ်။ ပဋိသမ္ဘိဒါမဂ် ပါဠိတော်ကြီးမှာလည်း အတိအကျ ဟောထားပါတယ်။ အဋ္ဌကထာ ဆရာတော်များကလည်း ဒီရှုကွက်တွေကို စနစ်တကျ ဝိပဿနာပိုင်းရောက်လာရင် ရှုပွားသုံးသပ်ဖို့ရန်အတွက် ညွှန်ကြားထားတယ်။ အဲဒီ တော (၄၀) ရှုကွက်ကို ရှုမယ်ဆိုရင် ခုပြောနေတဲ့အချက်တွေ အားလုံး ပါပါတယ်။

ဒီတော့ ဒီသုမေဓာမင်းသမီးလေးကလည်း သူက ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းတဲ့အပိုင်းလေးမှာ ဒီရုပ်တွေ၊ ဒီနာမ်တွေ၊ ဒီအကြောင်းတရားတွေ၊ ဒီအကျိုးတရားတွေကို သိမ်းဆည်းပြီးတော့ ဒီသင်္ခါရတရားတွေကို အနိစ္စလို့ ရှုတယ်၊ ဒုက္ခလို့ ရှုတယ်၊ အနတ္တလို့ ရှုတယ်၊ ရောဂလို့ ရှုတယ်၊ အဃလို့ ရှုတယ်၊ ဃာတလို့ ရှုတယ်လို့ဆိုပြီး သူက ဒီလို ဝိပဿနာ ရှုနေပါတယ်။ အဲဒီလို တွင်တွင်ကြီး ဝိပဿနာ ရှုနေတဲ့အတွက်ကြောင့် ဒီမယ်တော်၊ ခမည်းတော်တို့နှင့်တကွ ဒီအနိဃရဒ္ဓဘုရင်မင်းမြတ်တွေကို ဒီတရားတွေကို စနစ်တကျ သူက ဟောကြားနေခြင်းဖြစ်တယ်။

နောက်တစ်ခု ကာမဂုဏ်တွေသည် အင်္ဂါရကာသုသဒိသာ။ မီးကျီးခဲနဲ့လည်း သိပ်တူတယ်။ မီးကျီးခဲတို့ရဲ့သဘောက ပူလောင်စေတတ်တဲ့သဘော ရှိတယ်။ ဒီကာမဂုဏ်ကို သိမ်းပိုက်ထားပြီဆိုရင် သိမ်းပိုက်ထားတဲ့ ပုဂ္ဂိုလ်ကို ဒီကာမဂုဏ်တွေကလည်း ပူလောင်စေတယ်။ ဟုတ်သလား၊ မဟုတ်သလား စဉ်းစားကြနော်။ သားကာမဂုဏ်တစ်ခု သိမ်းပိုက်ထားပြီဆိုရင်လည်း ဒီသားအတွက် ပူရတယ်။ သမီးကာမဂုဏ်တစ်ခု သိမ်းပိုက်မိပြီဆိုရင်လည်း ဒီသမီးအတွက် ပူရတယ်။ ပစ္စည်းဥစ္စာ ကာမဂုဏ်တစ်ခု သိမ်းပိုက်မိပြီဆိုရင်လည်း ပစ္စည်းဥစ္စာအတွက် ပူပန်မှုတွေ မဖြစ်ရဘူးလား? ဖြစ်ရတယ်။ ဒါကြောင့် ကာမဂုဏ်တွေဟာ မီးကျီးခဲနဲ့ သိပ်တူတယ်။

နောက်တစ်ခု ဒီကာမဂုဏ်တွေဟာ အဃမူလ = ဆင်းရဲဒုက္ခအမျိုးမျိုးတို့ရဲ့ အကြောင်းရင်း ဖြစ်နေပါတယ်။ ဘယ = ဘေးဒုက္ခကို ဖြစ်ပေါ်စေတတ်တဲ့ အကြောင်းတရားတွေလည်း ဖြစ်တယ်။ အိုဘေးဆိုးကြီးနဲ့ တွေ့ရတယ်၊ နာဘေးဆိုးကြီးနဲ့ တွေ့ရတယ်၊ သေဘေးဆိုးကြီးနဲ့ တွေ့ရတယ်။ ဘာဖြစ်လို့လဲ? ဒီကာမဂုဏ်ကို လိုလားတောင့်တနေတဲ့ စိတ်ထားဖြင့် မိမိက ကံတွေကို ပြုစုပျိုးထောင်တယ်။ ပြုစုပျိုးထောင်လိုက်တဲ့ အချိန်ခါမှာ ဒီကံတွေက အကျိုးပေးပြီဆိုလို့ရှိရင် မိမိရဲ့ ဆုတောင်းပန်ထွာထားတဲ့ ပုံစံအတိုင်း နောက်ထပ် ขန္ဓာ (၅) ပါး ရုပ်တရား၊ နာမ်တရားတွေ ဖြစ်လာပြီ။ အဲဒီ ခန္ဓာ (၅) ပါး ရုပ်တရား၊ နာမ်တရားတွေ ဖြစ်ပေါ်လာပြီဆိုရင် အိုဘေးဆိုးကြီး တိုက်ရိုက် ကပ်ပြီး ပါလာတယ်၊ နာဘေးဆိုးကြီး တိုက်ရိုက် ကပ်ပြီး ပါလာတယ်၊ သေဘေးဆိုးကြီး တိုက်ရိုက် ကပ်ပြီး ပါလာတယ်။ ဒီလိုဆိုလို့ရှိရင် ဒီကာမဂုဏ်တွေသည် သံသရာဝဋ်ဆင်းရဲဒုက္ခ အားလုံးတို့ရဲ့ အခြေခံအကြောင်းရင်းကြီး ဖြစ်မနေဘူးလား? ဖြစ်နေပြီနော်။ ဘေးဒုက္ခအဝဝကို သူက ဖြစ်ပေါ်စေတတ်တယ်။ သူခိုး၊ ဓားပြဘေးရန် အစရှိတဲ့ ဒီဘေးရန်တွေဟာလည်း ကာမဂုဏ်ရှိလို့ ဖြစ်ရတာနော်။

နောက်တစ်ခု ဝဓ = သေခြင်းရဲ့ အကြောင်းရင်းတစ်ခု ဖြစ်တယ်။ သတ္တဝါတွေ ဘဝတိုင်း ဘဝတိုင်းမှာ ခန္ဓာ (၅) ပါး ရတယ်။ တချို့ ခန္ဓာ (၁) ပါး၊ တချို့ ခန္ဓာ (၄) ပါးရတယ်။ အဲဒီ ခန္ဓာရယ်လို့ ဖြစ်ပေါ်လာပြီဆိုလို့ရှိရင် ဒီခန္ဓာတွေက သေကျေပျက်စီးတတ်တဲ့သဘောသာ ရှိတယ်။ သေကျေပျက်စီးရတဲ့ ဒီသဘောတရားတွေဟာ ဘာကို အခြေခံပြီး ဖြစ်ပေါ်ရသလဲလို့မေးတော့ ဒီခန္ဓာ (၅) ပါးလို့ ခေါ်ဆိုအပ်တဲ့ ကာမဂုဏ်ကို လိုလားတောင့်တနေတဲ့စိတ်ထားကို အခြေခံတယ်။ ဒါကြောင့် ကာမဂုဏ်တွေသည် သေခြင်းရဲ့ အကြောင်းရင်း ဖြစ်နေတယ်။ ကာမဂုဏ်တွေအပေါ်မှာ တွယ်တာမက်မောနေတဲ့ ဒီစိတ်ထားကို မပယ်ဖျက်နိုင်သမျှ ကာလပတ်လုံး ဒီသတ္တဝါတွေသည် သံသရာဝဋ်ဆင်းရဲဒုက္ခမှ မလွတ်ဘူး။ မလွတ်လို့ရှိရင် ဒီသံသရာဝဋ်ဆင်းရဲဒုက္ခထဲမှာ ထပ်ခါထပ်ခါ ကြိမ်ဖန်များစွာ သေကျေပျက်စီးနေရမှာပဲ ဖြစ်တယ်။

နောက်တစ်ခု ဒီကာမဂုဏ်တွေဟာ ဒီလောက်တောင် အပြစ်များနေပါတယ်။ အပြစ်များနေတဲ့အတွက်ကြောင့် ဘုရားအစရှိသော အရိယာ သူတော်ကောင်းတို့ကလည်း အင်မတန် အန္တရာယ်ကြီးမားတဲ့ တရားတွေပဲလို့ ဒီလို ဟောထားပါတယ်။ ဘယ်လောက်အထိ အန္တရာယ်ကြီးမားသလဲလို့ မေးရင်တော့ ဦးပဉ္စင်းတို့ နတ်ရွာသုဂတိ မရောက်အောင်လည်း ဒီကာမဂုဏ်တွေက တားထားနိုင်တဲ့၊ အန္တရာယ်ပြုနိုင်တဲ့ စွမ်းအားရှိတယ်။ မဂ္ဂ = မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် မရအောင်လည်း ဒီကာမဂုဏ်တွေက တားထားနိုင်တဲ့ စွမ်းအားရှိတယ်။ နောက်တစ်ခု နိဗ္ဗာန်ကို မရအောင်လည်း ဒီကာမဂုဏ်တွေက တားထားနိုင်တဲ့ စွမ်းအားရှိတယ်ဆိုပြီးတော့ သိတော်မူ မြင်တော်မူတဲ့ ဘုရားအစရှိတဲ့ အရိယာ သူတော်ကောင်းတို့က ဟောကြားပြသ ဆိုဆုံးမထားပါတယ်။ ဟုတ်၊ မဟုတ် နည်းနည်း စဉ်းစားကြည့်ပေါ့နော်။

ဘုန်းကြီးတို့ တရားပြနေတဲ့ပုဂ္ဂိုလ်တွေမှာတော့ အကြောင်းအရာလေးတွေ ခဏခဏ ဆုံပါတယ်။ တချို့ တချို့ယောဂီတွေ ဝိပဿနာပိုင်း ရောက်ခါနီးပြီ၊ တချို့လည်း ရောက်နေပြီ။ အိမ်က လာခေါ်သွားပြန်ပြီ။ အိမ်က အမေက အခေါ်ခိုင်းလို့၊ အဖေက အခေါ်ခိုင်းလို့၊ ဘယ်သူက ဘာဖြစ်လို့ စသည်ဖြင့် လာအကြောင်းပြပြီးတော့ ခေါ်သွားပြန်ပြီ။ ခေါ်သွားလိုက်တဲ့ အချိန်ခါမှာ လာခေါ်နေတဲ့ ပုဂ္ဂိုလ်တွေ ကြည့်လိုက်ရင်လည်း သက်ရှိ ကာမဝတ္ထု အစုစုတွေပဲ။ အဲဒီ ကာမဝတ္ထု အစုစုတွေက ဒီဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းနေတဲ့ သူတော်ကောင်းတစ်ဦးကို နိဗ္ဗာန် မရအောင် လာပြီး ဆွဲခေါ်နေတဲ့အတွက် အန္တရာယ်ပြုတယ်လို့ မပြောနိုင်ဘူးလား? ပြောနိုင်တယ်။ အဲဒီတော့ သတ္တဝါတွေ နိဗ္ဗာန်မရအောင် အန္တရာယ်ပြုလုပ်နေတဲ့ တရားတွေအဖြစ်နဲ့လည်း ဘုရားအစရှိသော အရိယာ သူတော်ကောင်းတို့က ဒီကာမဂုဏ်တွေကို ဟောကြားထားပါတယ်။

ဒါကြောင့် ကာမ၊ ရူပ၊ အရူပလို့ခေါ်ဆိုအပ်တဲ့ ဘုံ (၃) ပါးအတွင်းမှာ တည်ရှိနေတဲ့ သင်္ခါရတရားတွေအပေါ်၌ ကျွန်တော်မနှင့် ချစ်ကျွမ်းဝင်နေတဲ့ ပုဂ္ဂိုလ်သတ္တဝါ တစ်စုံတစ်ယောက်ဆိုတာ တစ်ခုမှ မရှိပါဘူး။ ချစ်ကျွမ်းဝင်နေတဲ့ သင်္ခါရတရားဆိုတာလည်း မရှိပါဘူး။ ဘာပြောတာလဲ? မိမိသန္တာန်မှာ တည်ရှိနေတဲ့ ရုပ်တွေ၊ နာမ်တွေ သိမ်းဆည်းပြီးတော့ ဒီရုပ်နာမ်တွေ ဖြစ်ပြီး ပျက်နေတဲ့သဘောတွေကို ဉာဏ်နဲ့ မြင်အောင် ကြည့်နိုင်တယ်။ သူတစ်ပါးသန္တာန်လို့ ခေါ်ဆိုအပ်တဲ့ အနိဃရဒ္ဓမင်းတို့၊ မယ်တော်၊ ခမည်းတော်တို့ အစရှိတဲ့ ဗဟိဒ္ဓရုပ်တွေ နာမ်တွေကို သိမ်းဆည်းပြီးတော့လည်း ဒီရုပ်နာမ်တွေ ဖြစ်ပြီး ပျက်နေတဲ့သဘောတွေကို ဉာဏ်နဲ့ မြင်အောင် ရှုတယ်။

ဖြစ်ပြီးတာနဲ့ ချက်ချင်း ပျက်နေတဲ့ ဒီရုပ် ဒီနာမ်တွေကို ဒါက ငါပဲ၊ ဒါက အဖေ၊ ဒါက အမေ၊ ဒါက အနိဃရဒ္ဓဘုရင်မင်းကြီးပဲ စသည်ဖြင့် ပြောပြနိုင်လောက်တဲ့အချိန် ရှိသေးလား? မရှိဘူး။ မရှိတဲ့အတွက်ကြောင့် ဖြစ်ပြီး ပျက်နေတဲ့ ဒီရုပ်တရား၊ နာမ်တရားတွေကိုသာ တွေ့နေတဲ့ ဒီပုဂ္ဂိုလ်အဖို့ ဒီရုပ်နာမ်တွေနဲ့ ချစ်ကျွမ်းဝင်မှုဆိုတဲ့ သဘောတရားကော ရှိဦးမလား? မရှိတော့ဘူး။ ဒါကြောင့် ပြန်သွားကြပါ။ (၃၁) ဘုံအတွင်းမှာ တည်ရှိနေတဲ့ သင်္ခါရတရားအပေါင်းမှန်သမျှ ကျွန်တော်မနဲ့ ချစ်ကျွမ်းဝင်နေတဲ့ သင်္ခါရတရားဆိုတာ နည်းနည်းလေးမှ မရှိပါဘူး။ ဘယ့်နှယ်လဲ? ဒကာကြီးတွေ၊ ဒကာမကြီးတွေ သတ္တိကောင်းတယ်လို့ မပြောနိုင်ဘူးလား? သိပ်ကောင်းတယ်။ ကဲ သူက ဘာဆက်ပြီး ဟောသလဲ?

‘‘ကိံ မမ ပရော ကရိဿတိ, အတ္တနော သီသမှိ ဍယှမာနမှိ၊ အနုဗန္ဓေ ဇရာမရဏေ, တဿ ဃာတာယ ဃဋိတဗ္ဗံ’’။

အတ္တနော၊ မိမိ၏။ သီသမှိ၊ ဦးခေါင်းထက်၌။ ဍယှမာနမှိ၊ တစ်ဆယ့်တစ်ပါးသော မီးတို့သည် လောင်ကျွမ်းနေအပ်သည် ဖြစ်ပါလျက်။ မမ၊ ကျွန်တော်မအား။ ပရော၊ အခြား တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သတ္တဝါသည်။ ကိံ ကရိဿတိ၊ အဘယ်အရာကို ပြုလုပ်၍ ပေးနိုင်ပါအံ့နည်း။ ဇရာမရဏေ၊ အိုခြင်း၊ သေခြင်းတရားသည်။ အနုဗန္ဓေ၊ အစဉ်တစိုက် လိုက်ရှိ၍နေသော။ မမ၊ ကျွန်တော်မအား။ ပရော၊ အခြားတစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သတ္တဝါသည်။ ကိံ ကရိဿတိ၊ အဘယ်အရာကို ပြုလုပ်၍ ပေးနိုင်ပါအံ့နည်း။ တဿ၊ ထို အို၊ နာ၊ သေရေး ဒုက္ခဘေးကို။ ဃာတာယ၊ ဖျက်ဆီးခြင်းငှာ။ ဃဋိတဗ္ဗံ၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ထိုက်လှပါပေ၏၊

ကျွန်တော်မရဲ့သန္တာန်မှာ အို၊ နာ၊ သေရေး ဒုက္ခဘေးဆိုတဲ့ ဒီမီးတွေ လောင်ကျွမ်းနေတယ်။ မိမိရဲ့ ဦးခေါင်းထက်ကြည့်လိုက် ဇာတိဆိုတဲ့ ဖြစ်ခြင်း၊ ဇရာဆိုတဲ့ ဌီကာလ အိုခြင်း၊ မရဏဆိုတဲ့ သေခြင်း။ ဒီဥစ္စာကတော့ နှစ်နည်း ရှိပါတယ်။ တစ်နည်းကတော့ သမုတိသစ္စာနယ်။ တစ်ခုသောဘဝမှာ ပဋိသန္ဓေနေခြင်း၊ တစ်ခုသောဘဝမှာ သေခြင်း။ ဒါကတော့ သမုတိသစ္စာနယ်က အဆိုရှိတယ်။ ကြားအလယ်ခေါင်မှာလည်း အိုနေရတယ်။ ပရမတ္ထသစ္စာနယ်ဘက်က ပြောတော့ ခုနက ရုပ်တွေ၊ နာမ်တွေ သိမ်းဆည်းလိုက်တဲ့ အချိန်ခါမှာ ဒီရုပ် ဒီနာမ်တွေဟာ တစ်စက္ကန့်လို့ ခေါ်ဆိုအပ်တဲ့ အချိန်ကာလအတွင်းမှာ အကြိမ် ကုဋေ ငါးထောင်ခန့်ပုံရင် တစ်ပုံခန့်လောက်သာ ရုပ်တွေက သက်တမ်းရှိတယ်။ နာမ်တရားတွေ ကြည့်လိုက်ရင်လည်း အကြိမ် ကုဋေ တစ်သိန်းလောက်ပုံခဲ့ရင် တစ်ပုံခန့်လောက်သာ သက်တမ်းရှိကြတယ်။ ဒီလောက် လျင်လျင်မြန်မြန်ကြီး ဖြစ်ပြီးတော့ ပျက်တယ်။ ဖြစ်မှုကို ဇာတိလို့ခေါ်တယ်။ ပျက်မဲ့ဘက်ကို ယိုင်လဲနေတဲ့ အခြင်းအရာလေးကို ဌီလို့ခေါ်ပါတယ်။ ဇရာလို့လည်း ခေါ်တယ်။ ပျက်သွားတဲ့သဘောကို မရဏလို့ခေါ်တယ်။ အဲဒီ ဇာတိမီး၊ ဇရာမီး၊ မရဏမီးတွေဟာ သတ္တဝါတွေရဲ့သန္တာန်မှာ အမြဲတမ်း အချိန်မလပ် လောင်ကျွမ်းနေတယ်။ သတ္တဝါတွေဟာ ဒီမီးတွေရဲ့ လောင်ကျွမ်းနေတဲ့ ဒဏ်ချက်ကို အမြဲမပြတ် ခံစားနေရတယ်။

နောက်တစ်ခု ရာဂ၊ ဒေါသ၊ မောဟ မကင်းသေးတဲ့ ပုဂ္ဂိုလ်တွေအဖို့ ရာဂမီးတွေကလည်း အမြဲတမ်း လောင်ကျွမ်းနေတယ်။ မိမိကိုယ်ကို တွယ်တာတယ်၊ သူတစ်ပါးကိုယ်ကို တွယ်တာတယ်၊ သက်ရှိ ကာမဝတ္ထု အစုစုတွေကို တွယ်တာတယ်၊ သက်မဲ့ ကာမဝတ္ထု အစုစုတွေကို တွယ်တာတယ်။ အဲဒီ တွယ်တာမက်မောနေတဲ့ ဒီရာဂမီးတွေကလည်း အမြဲတမ်း လောင်ကျွမ်းနေတယ်၊ ဒေါသမီးတွေကလည်း လောင်ကျွမ်းနေတယ်၊ မောဟမီးတွေက လောင်ကျွမ်းနေတယ်။ ဒီကာမဂုဏ်တွေကို အကြောင်းပြုပြီးတော့ စိုးရိမ်မှု သောကမီး၊ ငိုကြွေးမြည်တမ်းရမှု ပရိဒေဝမီး၊ ကိုယ်ဆင်းရဲရမှု ဒုက္ခမီး၊ စိတ်ဆင်းရဲရမှု ဒေါမနဿမီး၊ ပြင်းစွာ ပူပန်ရမှု ဥပါယာသမီးဆိုတဲ့ ဒီတစ်ဆယ့်တစ်ပါးသော မီးတွေက အမြဲတမ်း လောင်ကျွမ်းနေတယ်။

ခုလို မီးတစ်ဆယ့်တစ်ပါးတို့ လောင်ကျွမ်းခံနေရတဲ့ ကျွန်တော်မအဖို့ ကျွန်တော်မရဲ့သန္တာန်မှာ ဒီအိုခြင်းတရားတွေ ရောက်ရှိမလာအောင်၊ သေခြင်းတရား ရောက်ရှိမလာအောင် အခြားအခြားသော ပုဂ္ဂိုလ်သတ္တဝါ တစ်စုံတစ်ယောက်ဟာ ဘယ်လိုလုပ်ပြီး ပြုလုပ်ပေးနိုင်မှာလဲ? ကျွန်တော်မ မအိုအောင် ပြုလုပ်ပေးနိုင်မယ့် ပုဂ္ဂိုလ်သတ္တဝါ မရှိဘူး၊ ကျွန်တော်မ မသေအောင် ပြုလုပ်ပေးနိုင်မယ့် ပုဂ္ဂိုလ်သတ္တဝါဆိုတာ မရှိပါဘူး။ ဒါကြောင့် ကျွန်တော်မအဖို့ ဒီအို၊ နာ၊ သေရေးဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်းဖြစ်တဲ့ တရားကောင်းတွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ထိုက်လှပါတယ်ဆိုပြီးတော့ သူက ဒီလို တရားဟောတယ်။ အဲဒီလို တရားဟောပြီးတဲ့အခါမှာ သူက တံခါးကို ဖွင့်လိုက်တယ်။ ဖွင့်ပြီးတဲ့ အချိန်ခါကျတော့ မိဘနှစ်ပါးနှင့်တကွ အနိဃရဒ္ဓမင်းကြီးက မြေကြီးမှာ ထိုင်ပြီးတော့ ငိုကြွေးနေတာ သူက သွားတွေ့တယ်။ အဲဒီလို ငိုနေတာတွေကို သွားတွေ့လိုက်တဲ့အတွက် သူက ဘာဆက်ပြီး တရားဟောသလဲ?

‘‘ဒီဃော ဗာလာနံ သံသာရော, ပုနပ္ပုနဉ္စ ရောဒတံ၊ အနမတဂ္ဂေ ပိတု မရဏေ, ဘာတု ဝဓေ အတ္တနော စ ဝဓေ’’။

လူမိုက်တွေအဖို့ လှမ်းကြည့်လိုက်ပါ။ သံသရာခရီး သိပ်ရှည်တယ်။ ဒီဃောဗာလာနံ သံသာရောဆိုပြီးတော့ မြတ်စွာဘုရား ဟောထားပါတယ်။ သံသရာခရီး ဘယ်လောက် ရှည်တယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့ ဦးပဉ္စင်းတို့ အတိတ်ဇာတ်ကြောင်းလေးကို ပြန်ပြောင်းပြီး ဆန်းစစ်လိုက်တဲ့ အချိန်အခါမှာ ဘုရားရှင် ကိုယ်တော်တိုင်က

‘‘အနမတဂ္ဂေါယံ ဘိက္ခဝေ သံသာရော။ ပုဗ္ဗာ ကောဋိ န ပညာယတိ အဝိဇ္ဇာနီဝရဏာနံ သတ္တာနံ တဏှာသံယောဇနာနံ သန္ဓာဝတံ သံသရတံ’’။

အသိမှားမှုဆိုတဲ့ အဝိဇ္ဇာနီဝရဏတရားက ပိတ်ဖုံးကာဆီးထားပြီးတော့ တဏှာတည်းဟူသော သံယောဇဉ်ကြိုးဖြင့် ရစ်ပတ်နှောင်ဖွဲ့ ခံနေရတဲ့ သတ္တဝါတွေ အတိတ်ဇာတ်ကြောင်းကို ပြန်ပြောင်းပြီး ကြည့်လိုက်တဲ့ အချိန်ခါမှာ ဉာဏ်ဖြင့် အစဉ်လျှောက်၍ လှမ်းကြည့်သော်လည်း မသိအပ် မသိနိုင်တဲ့ အစရှိတယ် စသည်ဖြင့် ဒီလို ဘုရား ဟောထားတယ်။ သဗ္ဗေညုတဉာဏ်တော်မြတ်ကြီးနဲ့ လှမ်းပြီး ကြည့်လိုက်သော်လည်းပဲ သတ္တဝါတွေဟာ ဘယ်ချိန်ခါထဲက စပြီး ဖြစ်ခဲ့တယ်ဆိုတာကို တစ်ဘဝပြီး တစ်ဘဝ၊ တစ်ကမ္ဘာပြီး တစ်ကမ္ဘာ စသည်ဖြင့် ဉာဏ်ဖြင့် အစဉ်လျှောက်ကြည့်မယ်ဆိုလို့ရှိရင် လှမ်းကြည့်လို့ မမြင်နိုင်လောက်အောင် အလွန် ရှည်လျားလှပါတယ်လို့ဆိုပြီးတော့ ဒီလို ဟောထားတယ်။ ဘယ်လို ပုဂ္ဂိုလ်တွေအတွက်လဲလို့မေးတော့

အပရိညာတ ဝတ္ထုက = ရုပ်တွေ နာမ်တွေ ဟုတ်တိုင်းမှန်စွာ မသိဘူး၊ အကြောင်းတရား အကျိုးတရားတွေ ဟုတ်တိုင်းမှန်စွာ မသိဘူး၊ အကြောင်းတရားနှင့်တကွ ဒီရုပ်နာမ်တို့ရဲ့ အနိစ္စသဘော၊ ဒုက္ခသဘော၊ အနတ္တသဘောတွေကို ဟုတ်တိုင်းမှန်စွာ မသိဘူး။ အဲဒီလို ဟုတ်တိုင်းမှန်စွာ မသိနေတဲ့ သတ္တဝါတွေအဖို့ ဒီသံသရာကြီးက သိပ်ပြီးတော့ ရှည်လျားတယ်။ အဲဒီလို ဘယ်လောက် ရှည်လျားတယ်ဆိုတာနဲ့ ပတ်သက်လို့နော်။ ဘာဖြစ်လို့ ဒီလို ရှည်ရသလဲ? ခုနက ပရိညာဝတ္ထုသုံးပါး။ ရုပ်နာမ်ကိုလည်း မှန်စွာ မသိဘူး။ အကြောင်းတရား အကျိုးတရားကိုလည်း မှန်စွာ မသိဘူး။ အကြောင်းတရားနှင့်တကွ ဒီရုပ်နာမ်တို့ရဲ့ အနိစ္စသဘော၊ ဒုက္ခသဘော၊ အနတ္တသဘောတွေ ဟုတ်တိုင်းမှန်စွာ မသိခြင်းဆိုတဲ့ ဒီမသိမှုတွေ ဖုံးလွှမ်းခံနေရတဲ့ သတ္တဝါတစ်ဦးအဖို့ သံသရာခရီး ကျင်လည်တဲ့ အချိန်အခါမှာ တစ်ခါတလေ သိပ်ပြီးတော့ ရှည်ပါတယ်။ ခုခေတ်ကတော့ များသောအားဖြင့် ဘယ်လိုဖြစ်နေကြသလဲ?

လူ့ဘဝ လူ့လောကမှာ လူတွေက သိပ်များတာတွေကို အကြောင်းပြုပြီး လူ့ဘဝ ရခဲတယ်ဆိုတာကို သိပ် လက်မခံချင်ကြဘူး။ ဘုရားရှင်ဆိုလိုတဲ့ လူ့ဘဝ ရခဲတယ်ဆိုတဲ့ သဘောကတော့ သတ္တဝါအားလုံးအတွက် ခြုံငုံပြီး ပြောတဲ့သဘောတော့ မဟုတ်ပါဘူး။ သတ္တဝါတစ်ဦးချင်း တစ်ဦးချင်းအတွက် မိမိရဲ့ သံသရာခရီးတစ်လျှောက်မှာ ကျင်လည်ခဲ့ရတဲ့ အချိန်အခါမှာ လူ့ဘဝကို ရရှိတဲ့သဘောဆိုတာက အင်မတန် ခက်ခဲတဲ့သဘော ဖြစ်တယ်လို့ ဒီလို ဟောတာပါ။ ပုံစံလေးတစ်ခု သဘောပေါက်အောင် ဘုန်းကြီး နည်းနည်းတော့ ထပ်ပြောပါ့မယ်။

အတိတ်သံသရာခရီး၊ အနာဂတ်သံသရာခရီးဆိုပြီး ခရီးနှစ်ခုရှိတယ်။ ခုနက ပရိညာဝတ္ထုသုံးပါးကို သိသင့်သိထိုက်တဲ့တရားတွေကို ဟုတ်တိုင်းမှန်စွာ မသိဘူး။ ရုပ်နာမ် မသိဘူး၊ အကြောင်း အကျိုး မသိဘူး၊ အနိစ္စသဘော၊ ဒုက္ခသဘော၊ အနတ္တသဘောတွေကို မသိဘူး။ အဲဒီလို မသိတဲ့ သတ္တဝါတွေအဖို့ နောင်အနာဂတ်သံသရာခရီးက သိပ်ပြီးတော့ ရှည်ဦးမယ်။ အတိတ်သံသရာခရီးကလည်း ရှည်လျားခဲ့တယ်။ ဘာဖြစ်လို့ ဒီလို ရှည်လျားခဲ့ကြသလဲမေးရင် ခုနက အသိမှန် ဉာဏ်မှန် မရရှိခဲ့တဲ့ သူတော်ကောင်းတွေက ဒီအသိမှန် ဉာဏ်မှန် မရရှိခဲ့တဲ့အတွက် အသိမှားမှု အဝိဇ္ဇာကို အခြေခံပြီးတော့ ရာဂမီးတွေ၊ ဒေါသမီးတွေ၊ မောဟမီးတွေရဲ့ လောင်မြိုက်မှု ဒဏ်ချက်ကြောင့် မကောင်းတဲ့ ဒုစရိုက်အမျိုးမျိုးကို လွန်ကျူးခဲ့ကြတယ်။ အဲဒီ လွန်ကျူးခဲ့တဲ့ ဒီဒုစရိုက်တွေက ဒီသတ္တဝါတွေကို အပါယ်သံသရာဝဋ်ဆင်းရဲဒုက္ခမှ မလွတ်အောင်၊ မကျွတ်အောင် အားလုံး ဝိုင်းစုပြီးတော့ တားမြစ်ထားတယ်။

ယောဂီတစ်ဦးပေါ့နော် အတိတ်သံသရာ ဘဝတစ်ကွေ့မှာ သူ့ရဲ့ အတိတ်ဇာတ်ကြောင်းလေးတွေကို ပြန်ပြောင်းပြီး ဘဝတစ်ခုပြီးတစ်ခု ပဋိစ္စသမုပ္ပါဒ်သဘောတရားလေးတွေကို ရှုခိုင်းလိုက်တဲ့ အချိန်အခါမှာ ဘဝတစ်ခု ရောက်သွားပြီဆိုကြစို့နော်။ ဘဝတစ်ခုမှာ သူက ဘာဖြစ်နေသလဲလို့မေးတော့ ဒီးဒုတ်ငှက်ကလေးတစ်ကောင် ဖြစ်တယ်။ အဲဒီ ဒီးဒုတ်ငှက်ဘဝမှာ ရေအိုင်တစ်ခုရဲ့ ဘေးပတ်ဝန်းကျင်မှာ ကျက်စားနေရင်း ဇီးကွက်တစ်ကောင်က လာပြီးတော့ ဒီရေအိုင်နားမှာ လာပြီး ကျက်စားပြန်တယ်။

ရေအိုင်ဆိုတာက ခုနက ပြောမယ်ဆိုလို့ရှိရင်တော့ ဇီးကွက်အဖို့ ကာမဂုဏ်ပဲ။ သူ နှစ်သက်မြတ်နိုးနေတဲ့ ကာမဂုဏ်တစ်ခု၊ ဒီးဒုတ်အတွက်လည်း နှစ်သက်မြတ်နိုးနေတဲ့ ကာမဂုဏ်တစ်ခုနော်။ အဲဒီ ကာမဂုဏ်ကို အခြေခံပြီးတော့ ဒီးဒုတ်ငှက်ကနေပြီးတော့ ဇီးကွက်ကို ဘာလုပ်သလဲ? နိုင်ထက်စီးနင်းအနေနဲ့ ပေါက်သတ်ခဲ့တယ်။ ဒုစရိုက်တစ်ခုအနေနဲ့ ထပ်ပြီး လွန်ကျူးတယ်။ ကာမဂုဏ်ကို အကြောင်းပြုပြီးတော့ ဒီဒုစရိုက်ကို လွန်ကျူးလိုက်တဲ့အတွက်ကြောင့် ဘာဖြစ်သလဲ?

အဲဒီ ဒီးဒုတ်ငှက်ဘဝကနေ ကွယ်လွန်သွားတဲ့ အချိန်ခါမှာ ငရဲမှာ နှစ်သောင်းပေါင်းများစွာ သူက ခံခဲ့ရတယ်။ ငရဲက ကျွတ်လာ လွတ်လာပြန်တော့လည်း ပြိတ္တာဘဝရောက်။ ပြိတ္တာဘဝမှာလည်း နှစ်သောင်းပေါင်းများစွာ ခံခဲ့ရတယ်။ ဒီလို ဆင်းရဲဒုက္ခအဝဝတွေဟာ အပါယ်သံသရာဝဋ်ဆင်းရဲဒုက္ခမှ သတ္တဝါတွေ အားလုံး ခံခဲ့ကြရတာ ဖြစ်ပါတယ်။ ဘာဖြစ်လို့ ခံခဲ့ကြရသလဲဆိုတဲ့ အခြေခံ အကြောင်းရင်းကို ပြန်ပြီး ဆန်းစစ်လိုက်တဲ့ အချိန်ခါမှာ ရာဂ၊ ဒေါသ၊ မောဟ အစရှိတဲ့ အကုသိုလ်တရားဆိုးတွေကို လက်ခံကျင့်သုံးခဲ့မိတဲ့အတွက်ကြောင့် ဒီလို ဒုက္ခအမျိုးမျိုး ခံခဲ့ရခြင်းဖြစ်တယ်။

ဒီရာဂ၊ ဒေါသ၊ မောဟတွေဟာ ဘာကြောင့် ဖြစ်ပေါ်လာရသလဲဆိုတဲ့ အကြောင်းရင်းကို ပြန်ဆန်းစစ်ကြည့်လိုက်တဲ့ အချိန်ခါမှာ ဒီကာမဂုဏ်တွေကို အကြောင်းခံနေတယ်။ ဒါကြောင့် ကာမဂုဏ်တွေနဲ့ သံသရာခရီးတစ်လျှောက်မှာ အမြဲတမ်း ဆက်ဆံနေတဲ့ သတ္တဝါတွေအဖို့ ရာဂမီး၊ ဒေါသမီး၊ မောဟမီးတွေ လောင်မြိုက်ခံရဖို့ သိပ်လွယ်ကူတယ်။ ရာဂ၊ ဒေါသ၊ မောဟမီးတွေ လောင်မြိုက်ခံနေရတဲ့ သတ္တဝါအဖို့ အပါယ်သံသရာဝဋ်ဆင်းရဲ ရောက်ဖို့ဆိုတာ အင်မတန် လွယ်ကူနေတယ်။

လွယ်ကူသွားပြီဆိုလို့ရှိရင်လည်း အပါယ်သံသရာဝဋ်ဆင်းရဲမှ တစ်ခါတလေ ခေါင်းမော့ပြီးတော့ အပါယ်ရောက်ဖို့ဆိုတာ ပိုပြီးတော့ မခက်ဘူးလား? ခက်ခဲပါတယ်နော်။ ဒါကြောင့် သံသရာခရီးက သိပ်ပြီးတော့ ရှည်တယ်။ အဲဒီ သံသရာခရီး ရှည်လှတဲ့အပိုင်းလေးတွေမှာ အဖေသေလို့ ငိုခဲ့ရတဲ့မျက်ရည်၊ အမေသေလို့ ငိုခဲ့ရတဲ့မျက်ရည်၊ အစ်ကိုသေလို့ ငိုခဲ့ရတဲ့မျက်ရည်၊ မိမိ သေကျေပျက်စီးလို့ ငိုခဲ့ရတဲ့မျက်ရည်။ အဲဒီ မျက်ရည်တွေ ဘယ်လောက်များတယ်ဆိုတာ ပြန်ပြီးတော့ ကြည့်စမ်းပါ။

စတုတ္ထပိုင်း

‘‘အဿု ထညံ ရုဓိရံ, သံသာရံ အနမတဂ္ဂတော သရထ၊ သတ္တာနံ သံသရတံ, သရာဟိ အဋ္ဌီနဉ္စ သန္နိစယံ။’’

မျက်ရည်တွေ ဘယ်လောက်များတယ်ဆိုတာ ပြန်ပြီး ကြည့်ပါ။ ကလေးဘဝမှာ မိခင်ရဲ့နို့ရည်ကို သောက်သုံးခဲ့ရတဲ့အတွက် ဒီနို့ရည်တွေ ဘယ်လောက်များတယ်ဆိုတာကို ပြန်ကြည့်ပါ။ သူတစ်ပါးရဲ့လက်ချက်ဖြင့် သေကျေပျက်စီးခဲ့ရတဲ့ ဘဝတွေ ပြန်ပြီးတော့ ကြည့်ပါ။ အဲဒီ သေကျေပျက်စီးနေရတဲ့ ဘဝတွေ ပြန်ပြီးတော့ ကြည့်ပါ။ အဲဒီ သေကျေပျက်စီးရတဲ့ ဘဝတွေမှာ သူတစ်ပါးတို့ရဲ့လက်ချက်ဖြင့် အသတ်ခံရတဲ့အတွက် ထွက်လာတဲ့ သွေးတွေဟာလည်း ဘယ်လောက်များတယ်ဆိုတာ ပြန်ပြီးတော့ ကြည့်ပါ။ သံသရာတစ်လျှောက်မှာ ဖြစ်ပေါ်ခဲ့ရတဲ့ ဒီဆင်းရဲဒုက္ခတွေကို အမှတ်ရစမ်းပါနော်။ သူက အမှတ်ရနိုင်တဲ့သဘောရှိပါတယ် ဘာကြောင့်လဲ?

ဘုန်းကြီးတို့ ကြောင်းကျိုးဆက်နွယ်နေတဲ့ သဘောတရားတွေကို ဝိပဿနာပိုင်းမှာ ရှုရပါတယ်။ ပစ္စယပရိဂ္ဂဟဉာဏ်လို့ ခေါ်ပါတယ်။ အတိတ်က ပြုစုပျိုးထောင်ခဲ့တဲ့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံတွေကြောင့် ဒီဘဝမှာ ရုပ်တွေ နာမ်တွေ ထင်ရှားဖြစ်ပုံ၊ ဒီဘဝမှာ ပြုစုပျိုးထောင်နေတဲ့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံတွေကြောင့် နောင်အနာဂတ်မှာ ရုပ်တွေ နာမ်တွေ ထင်ရှားဖြစ်ပုံ။ ဒါတွေကို သိအောင် ရှုရမယ်။ မရှုလိုက်ဘူးဆိုရင်လည်း မဂ်, ဖိုလ်, နိဗ္ဗာန် မရပါဘူးလို့ မဟာနိဒါနသုတ္တန်မှာ ဘုရားရှင်ကလည်း အတိအကျ ဟောထားတယ်။

အဋ္ဌကထာများကလည်း ဒီကြောင်းကျိုးဆက်နွယ်နေတဲ့ ပဋိစ္စသမုပ္ပါဒ် သဘောတရားတွေကို ပရိညာပညာ သုံးမျိုးဖြင့် အနုဗောဓဉာဏ်, ပဋိဝေဒဉာဏ်တို့ဖြင့် ဟုတ်တိုင်းမှန်စွာ မသိဘဲ သံသရာဝဋ်ဆင်းရဲဒုက္ခမှ ကျော်လွှား လွန်မြောက်သွားတဲ့ ပုဂ္ဂိုလ်ဆိုတာ အိပ်မက်ထဲတောင်မှ တစ်ယောက်မှ မရှိသေးပါဘူးဆိုတာ ဒီလောက်ထိ ဖွင့်ဆိုထားပါတယ်နော်။ ဒါကြောင့် သံသရာဝဋ်ဆင်းရဲဒုက္ခမှ ကျွတ်ချင် လွတ်ချင်နေတဲ့ ပုဂ္ဂိုလ်တွေအဖို့ ဒီကြောင်းကျိုးဆက်နေတဲ့ ပဋိစ္စသမုပ္ပါဒ်သဘောတရားတွေကို ရှုရမှာ ဖြစ်တယ်။

ရှုတဲ့အပိုင်းလေးမှာ အတိတ်သံသရာခရီးကို ခပ်များများ ရှုနိုင်ရင်တော့ ပိုကောင်းပါတယ်။ ဘာကြောင့် ပိုကောင်းသလဲ? သံသရာတစ်လျှောက်ကို လှမ်းပြီးတော့ ကြောင်းကျိုးဆက်နွယ်နေတဲ့ သဘောတွေကို ကြည့်လိုက်တော့ အကြောင်းတရားနှင့် အကျိုးတရားတွေ့ပြီ။ အဲဒီ အကြောင်းတရား အကျိုးတရားတွေထဲမှာ တစ်ခါတစ်ရံ ခုနကပြောသလိုပဲပေါ့။ ဒုစရိုက်တွေကြောင့် အကြောင်းမလှတဲ့ ဘဝတွေမှာ ကြောင်းမလှတဲ့ အပါယ်သံသရာ ဝဋ်ဆင်းရဲဒုက္ခကြီးတွေကို ဖြစ်ပေါ်နေတာကို ခပ်များများ မြင်တွေ့ရပြီဆိုရင် ဒီလို မြင်တွေ့ရမှုဆိုတဲ့ အသိထူး, ဉာဏ်ထူးသည် ထိုယောဂီပုဂ္ဂိုလ်အဖို့ ဘယ်လိုမှ မေ့လို့မရနိုင်တဲ့ အသိထူး, ဉာဏ်ထူးတစ်ခု ဖြစ်သွားပြီ။

ဘယ်လို မေ့မရနိုင်သလဲလို့မေးတော့ မိမိပြုခဲ့တဲ့ ဒီမကောင်းမှုအကုသိုလ်ကံတွေကြောင့် မကောင်းတဲ့အကျိုး ရရှိတယ်ဆိုတာကို သိခဲ့ရင် နောက်ထပ် ဒီယောဂီပုဂ္ဂိုလ်က ဒီလို မကောင်းမှုအကုသိုလ်ကို ပြုလုပ်ဖို့ရန်အတွက် နောက်တွန့် မသွားဘူးလား? ဒါဟာ တန်ဖိုး မဖြတ်နိုင်တဲ့ သင်ခန်းစာတွေ ဖြစ်ပါတယ်။ ဒါကြောင့် အတိတ်သံသရာခရီးကို ခပ်များများ ရှုနိုင်ရင်တော့ ပိုကောင်းတယ်။ ဘာဖြစ်လို့ ခပ်များများလဲလို့ ပြောရသလဲဆိုတော့ သံသရာ အစအဆုံး ကုန်စင်အောင်ကတော့ ဘယ်လိုမှ ရှုလို့ မရနိုင်ဘူး။ ရှုလို့ ရနိုင်သလောက်တော့ ခပ်များများ ရှုရပါတယ်နော်။

အဲဒီ သံသရာခရီးတစ်လျှောက်မှာ ငိုခဲ့ရတဲ့မျက်ရည်တွေ, သောက်သုံးခဲ့ရတဲ့ နို့ရည်တွေ, အသတ်ခံလို့ ထွက်လာတဲ့သွေးတွေ ဘယ်လောက်များတယ်ဆိုတာကို သေချာပြန်ပြီးတော့ ကြည့်စမ်းပါ, အမှတ်ရစမ်းပါနော်။ သေကျေပျက်စီးနေရတဲ့ ဘဝတွေမှာလည်း အရိုးတွေ ဘယ်လောက် ပုံခဲ့ပြီဆိုတာကို ပြန်ပြီး ကြည့်စမ်းပါ, အမှတ်ရစမ်းပါဆိုပြီး သူက တိုက်တွန်းနေတယ်နော်။

‘‘သရ စတုရောဒဓီ, ဥပနီတေ အဿုထညရုဓိရမှိ၊ သရ ဧကကပ္ပမဋ္ဌီနံ, သဉ္စယံ ဝိပုလေန သမံ။’’

ဘုရားရှင် ဟောထားတဲ့ သုတ္တန်လေးတွေ သူက ဗုဒ္ဓသုတ ရှိတော့ ဒီနေရာမှာ ဟောပြနေတယ်။ သတ္တဝါတစ်ဦးတစ်ယောက် ခုနက အမေသေလို့ ငိုခဲ့ရတဲ့ မျက်ရည်တွေက တစ်ဖက်က စုပုံထား၊ တစ်ဖက်က မဟာသမုဒ္ဒရာရေကို စုပုံထား။ မဟာသမုဒ္ဒရာက နည်းသေးတယ်၊ အမေသေလို့ ငိုခဲ့ရတဲ့ မျက်ရည်တွေက ပိုပြီးတော့ များတယ်။ ဘုရားဟောထားတဲ့ သုတ္တန်တစ်ခု။ တစ်ဖက်က အဖေသေလို့ ငိုခဲ့ရတဲ့မျက်ရည် စုပုံထား၊ တစ်ဖက်က မဟာသမုဒ္ဒရာ လေးစင်းမှာ ရေတွေကို စုပုံထား။ မဟာသမုဒ္ဒရာ လေးစင်းမှာရှိတဲ့ ရေက နည်းသေးတယ်။ အဖေသေလို့ ငိုခဲ့ရတဲ့ မျက်ရည်က ပိုပြီးတော့ များပါတယ်။ ဒီလို ဘုရားဟောထားတယ်။

အလားတူပဲ။ သားသေလို့ ငိုခဲ့ရတဲ့မျက်ရည်, သမီးသေလို့ ငိုခဲ့ရတဲ့မျက်ရည်, လင်သေလို့ ငိုခဲ့ရတဲ့မျက်ရည်, မယားသေလို့ ငိုခဲ့ရတဲ့မျက်ရည်။ အဲဒီ မျက်ရည်တွေကို တစ်ဖက်က စုပုံထား၊ တစ်ဖက်က မဟာသမုဒ္ဒရာရေကို တစ်ဖက်က စုပုံထား။ အဲဒီမျက်ရည်တွေက ပိုများတယ်။ မဟာသမုဒ္ဒရာရေက နည်းပါသေးတယ်လို့ ဒီလို ဘုရားဟောထားတယ်။ အဲဒီ ဟောထားတဲ့ ဒေသနာတွေကို အမှတ်ရကြစမ်းပါ။ သံသရာခရီး သိပ်ရှည်တယ်နော်။ ဆုံးအောင် မလုပ်နိုင်သေးရင်လည်း နောက်ထပ် ဒီလိုပဲ ထပ်ပြီး ငိုရမယ့်မျက်ရည်တွေ ပိုပြီးတော့ များနေပါသေးတယ်။ ဒီသဘောကို အမှတ်ရစမ်းပါဆိုပြီး သူက တိုက်တွန်းတယ်နော်။

နောက်တစ်ခု သတ္တဝါတစ်ဦးတစ်ယောက် သံသရာခရီး ကျင်လည်စဉ် အချိန်အခါမှာ မိခင်ရဲ့ နို့ရည်ဆိုတာ သောက်သုံးရမြဲ ဓမ္မတာ ဖြစ်ပါတယ်။ အဲဒီလို သောက်သုံးနေရတဲ့ ဘဝတွေမှာ မိခင်ရဲ့ နို့ရည်တွေကို တစ်ဖက်က စုပုံထား၊ တစ်ဖက်က မဟာသမုဒ္ဒရာရေကို စုပုံထားလျှင် မိခင်ရဲ့ နို့ရည်က ပိုပြီးတော့ များသေးတယ်လို့ မဟာသမုဒ္ဒရာရေက နည်းပါသေးတယ်။ ဘုရား ဟောထားတယ်။ အဲဒီ ဘုရားဟော ဒေသနာတော်ကိုလည်း အမှတ်ရစမ်းပါ။ သူက တိုက်တွန်းတယ်။

နောက်တစ်ခု သတ္တဝါတစ်ဦးတစ်ယောက် သံသရာခရီး ကျင်လည်စဉ် အချိန်အခါမှာ သူတစ်ပါးတို့ရဲ့ လက်ချက်ဖြင့် အသက်ထွက်ခဲ့ရတယ်။ ထိုအချိန်မှာ သူတစ်ပါးတို့ရဲ့ သတ်ဖြတ်မှုကြောင့် ထွက်လာတဲ့ သွေးတွေကို တစ်ဖက်က စုပုံထား၊ တစ်ဖက်က မဟာသမုဒ္ဒရာရေကို စုပုံထားမယ်ဆိုရင်လည်း မဟာသမုဒ္ဒရာရေက နည်းသေးတယ်၊ သူတစ်ပါးတို့ သတ်ဖြတ်လို့ သေကျေပျက်စီးရတဲ့အခါ ကျလာတဲ့သွေးတွေက ပိုပြီးတော့ များသေးတယ်။ ဒီလို ဘုရား ဟောထားတယ်။ အဲဒီလို ဟောကြားထားတဲ့ ဒေသနာတွေကိုလည်း အမှတ်ရစမ်းပါ။ သံသရာခရီး ဆုံးအောင် မလုပ်နိုင်ရင် နောက်ထပ် ဒီလိုဒုက္ခတွေ ခံရဦးမယ်ဆိုတာကို သူက ပြောပြတယ်နော်။

နောက်တစ်ချက် သံသရာခရီး ကျင်လည်စဉ် အချိန်အခါမှာ မြတ်စွာဘုရား ဟောထားတဲ့ သုတ္တန်လေးတစ်ခု ရှိသေးတယ်။ ဇမ္ဗူဒိပ်တစ်ကျွန်းလုံးမှာ တည်ရှိနေတဲ့ မြေတွေကို ဂေါ်လီလုံးခန့်, လောက်စာလုံးခန့်ပေါ့နော်။ အလုံးလေးတွေ လုံးလိုက်။ အဲဒီလို အလုံးကလေးတွေ လုံးပြီးတော့ ဒါက ငါ့အမေ သံသရာခရီးတစ်လျှောက်မှာ တော်ခဲ့ဖူးတယ်နော်။ ဒါက ငါ့အမေ, ဒါက ငါ့အမေရဲ့အဖွားပဲ စသည်ဖြင့် အဲဒီလို ရေတွက်။ ဇမ္ဗူဒိပ်တစ်ကျွန်းလုံးမှာ တည်ရှိနေတဲ့ မြေတွေသာ ကုန်ရင် ကုန်မယ်။ အမေတွေ, အဖွားတွေ အဆက်ဆက်ဟာ ဘယ်လိုမှ မကုန်နိုင်ဘူး။ သံသရာခရီး သိပ်ရှည်တယ်။

အလားတူပဲ ဇမ္ဗူဒိပ်တစ်ကျွန်းလုံးမှာ တည်ရှိနေတဲ့ သစ်ပင်တွေ, သစ်ရွက်တွေ, မြက်တွေကို လက်လေးသစ်လောက် အပိုင်းလေးတွေ, အတုံးလေးတွေ တုံးလိုက်။ တုံးပြီးတဲ့ အချိန်အခါမှာ ဒီသစ်တုံးက ငါ့အဖေ, ဒီသစ်တုံးက ငါ့အဖေရဲ့အဖေ အဖိုးပဲ စသည်ဖြင့် အဲဒီလို ရေတွက်ကြည့်! အဖေတွေ, အဖိုးတွေ ဘယ်လိုမှ မဆုံးနိုင်ဘူး။ သစ်တုံးတွေသာ ကုန်သွားမယ်နော်။ ဒီလောက်အထိ သံသရာခရီး ရှည်တယ်လို့ မြတ်စွာဘုရား ဟောထားပါတယ်။ အဲဒါကြောင့် အလွန် ရှည်လျားနေတဲ့ ဒီသံသရာခရီးကြီးကို အမှတ်ရစမ်းပါ။

နောက်တစ်ခု အပါယ်သံသရာဝဋ်ဆင်းရဲဒုက္ခမှ ကျွတ်ဖို့ရန်, လွတ်ဖို့ရန်အတွက် ခက်ခဲပုံနဲ့ ပတ်သက်ပြီးတော့လည်း ဘုရားရှင် ဟောထားတဲ့ စိဂ္ဂဠယုဂသုတ္တန် ခေါ်ပါတယ်။ လိပ်ကန်းထန်းပိုး ဥပမာသုတ္တန်လေး သူက ဆက်ပြီး ပြောတယ်။ အရှေ့သမုဒ္ဒရာ, အနောက်သမုဒ္ဒရာ, တောင်သမုဒ္ဒရာ, မြောက်သမုဒ္ဒရာဆိုပြီး သမုဒ္ဒရာ လေးစင်း ရှိတယ်။ သမုဒ္ဒရာတစ်စင်းမှာ ဆိုကြစို့။ ထန်းပိုးတစ်ခု သွားကျတယ်။ ကဲ ... မြောက်ဘက်သမုဒ္ဒရာပဲ ဆိုကြစို့နော်။ လိပ်ခေါင်း ဝင်နိုင်ရုံ အပေါက်ကလေး တစ်ပေါက်လောက် ဖောက်ပြီး ထန်းပိုးတစ်ခုကို သွားချထားတယ်။ တောင်ဘက်သမုဒ္ဒရာပဲ ဆိုကြစို့နော်။ အဲဒီ သမုဒ္ဒရာမှာလည်း အနှစ်တစ်ရာမှ တစ်ခါပေါ်တဲ့ မျက်စိနှစ်ဖက် ကန်းနေတဲ့ လိပ်ကြီးတစ်ကောင် ရှိတယ်။ အဲဒီလို တောင်ဘက်, မြောက်ဘက်။ ဒီလောက်တောင် ဝေးလံတဲ့နေရာမှာ ချထားတဲ့ ဒီထန်းပိုးရဲ့ အပေါက်နဲ့ ဒီလိပ်ရဲ့ ဦးခေါင်း စွပ်မိဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား? လိပ်ကလည်း မျက်စိကန်းနေတယ်။ အနှစ်တစ်ရာကြာမှ ရေပေါ်ကို တစ်ခါပဲ ပေါ်တယ်။ အဲဒီ လိပ်ခေါင်းနဲ့ ဒီထန်းပိုးရဲ့အပေါက် စွပ်မိဖို့ရာ ဖြစ်နိုင်ပါ့မလားလို့ ဘုရားရှင်က ရဟန်းတွေကို မေးလိုက်တဲ့အခါ ရဟန်းတွေကလည်း ဖြစ်နိုင်ဖို့ရန် အလွန် ခက်ခဲတဲ့အကြောင်း ပြန်ဖြေတယ်။

ရဟန်းတို့ ... တောင်လေက မြောက်ကို တိုက်တယ်။ မြောက်လေက တောင်ကို တိုက်တယ်။ အရှေ့လေက အနောက်ကို တိုက်တယ်။ အနောက်လေက အရှေ့ကို တိုက်တယ်။ အဲဒီလို တိုက်လိုက်တဲ့ အချိန်အခါမှာ ကာလကြာညောင်းသွားတဲ့ အချိန်အခါမှာ ထန်းပိုးကလည်း မဆွေးမြေ့ မပျက်စီးခဲ့ဘူး၊ လိပ်ကလည်း မသေကျေ မပျက်စီးခဲ့ဘူးဆိုရင် ဒီထန်းပိုးရဲ့ အပေါက်နဲ့ လိပ်ရဲ့ ဦးခေါင်း စွပ်မိဖို့ဆိုတာ ဖြစ်ချင်ဖြစ်နိုင်သေးတယ်။ သတ္တဝါတစ်ယောက် အပါယ်သံသရာဝဋ်ဆင်းရဲဒုက္ခ ရောက်ပြီဆိုလို့ရှိရင် ထိုအပါယ်သံသရာဝဋ်ဆင်းရဲမှ ကျွတ်ဖို့လွတ်ဖို့ရန်အတွက် ဒီထက်ကို ပိုပြီး ခက်ခဲသေးတယ်လို့ ဘုရားရှင် ဟောထားတယ်။ ဘာကြောင့် ဒီလို ခက်ခဲရသလဲဆိုတာကို မြတ်စွာဘုရားက အကြောင်းပြထားတယ်။

‘‘တံ ကိဿ ဟေတု? န ဟေတ္ထ, ဘိက္ခဝေ, အတ္ထိ ဓမ္မစရိယာ, သမစရိယာ, ကုသလကိရိယာ, ပုညကိရိယာ။ အညမညခါဒိကာ ဧတ္ထ, ဘိက္ခဝေ, ဝတ္တတိ ဒုဗ္ဗလခါဒိကာ။ တံ ကိဿ ဟေတု? အဒိဋ္ဌတ္တာ, ဘိက္ခဝေ, စတုန္နံ အရိယသစ္စာနံ။’’

တံ၊ ထိုကဲ့သို့ ခက်ခဲရခြင်းသည်။ ကိဿ ဟေတု၊ အဘယ်အကြောင်းကြောင့်နည်းဟူမူကား။ ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ ဧတ္ထ၊ ဤအပါယ်သံသရာဝဋ်ဆင်းရဲဒုက္ခ၌။ ဓမ္မစရိယာ၊ တရားကို ကျင့်ခြင်းသည်ကား။ န အတ္ထိ၊ မရှိသည်သာတည်း။ သမစရိယာ၊ အညီအမျှ ကျင့်ခြင်းသည်ကား။ န အတ္ထိ၊ မရှိသည်သာတည်း။ ကုသလကိရိယာ၊ ကုသိုလ်ကို ပြုကျင့်ခြင်းသည်ကား။ န အတ္ထိ၊ မရှိသည်သာတည်း။ ပုညကိရိယာ၊ ကောင်းမှုကုသိုလ်ကို ပြုလုပ်ခြင်းသည်ကား။ န အတ္ထိ၊ မရှိသည်သာတည်း။

ဘာကြောင့် ဒီအပါယ်သံသရာဝဋ်ဆင်းရဲ တစ်ခါရောက်သွားပြီးရင် သတ္တဝါတစ်ဦး ဒီအပါယ်သံသရာမှ ထွက်မြောက်ဖို့ မဖြစ်နိုင်ရသလဲ? အကြောင်းကတော့ အပါယ်လေးဘုံမှာ ဓမ္မစရိယ၊ တရားကို ကျင့်တယ်ဆိုတာ မရှိပါဘူးနော်။ ချွင်းချက်ရှိရင် နည်းနည်းပါးပါးတော့ ရှိပါတယ်။ ပါလိလေယျကဆင်တို့လို မြတ်စွာဘုရားကို ကောင်းမှုကုသိုလ်ပြုတဲ့ ဆင်မျိုး, တိရစ္ဆာန်မျိုး နည်းနည်းပါးပါးတော့ ရှိတတ်ပါတယ်။ ဒါကတော့ ချွင်းချက်ပေါ့နော်။ အများစုကို လှမ်းကြည့်လိုက်မယ်ဆိုရင် အပါယ်သံသရာဝဋ်ဆင်းရဲဒုက္ခမှာ တရားကျင့်နေတဲ့ ပုဂ္ဂိုလ်ဆိုတာ ရှိသလား? မရှိနိုင်ဘူး။

ငရဲသား သတ္တဝါတွေဆိုလည်း ငရဲဝဋ်ဆင်းရဲဒုက္ခ ခံနေရတာနဲ့ တရားကျင့်ဖို့ အချိန်မရှိဘူး။ ကုသိုလ်ကောင်းမှုပြုဖို့ အချိန်ဆိုတာလည်း ရှိသလား? မရှိကြဘူး။ နားလည်း မလည်ဘူးနော်။ ကောင်းမှုကုသိုလ်တွေကို ပြုဖို့ရန်အတွက် ကြိုးစားအားထုတ်ဖို့ဆိုတာလည်း အပါယ်သံသရာဝဋ်ဆင်းရဲမှာ မရှိဘူး။ မရှိတဲ့အတွက် ဒီအပါယ်လေးဘုံ ကျရောက်နေတဲ့သတ္တဝါတွေ အပါယ်လေးဘုံမှ ကျွတ်ဖို့, လွတ်ဖို့ဆိုတာက ဒီကုသိုလ်ကောင်းမှုတွေက ထုတ်ဆောင် ကယ်တင်ပေးမှ ကျွတ်နိုင်မှာ, လွတ်နိုင်မှာ။ အပါယ်သံသရာဝဋ်ဆင်းရဲဒုက္ခကို ကြည့်လိုက်ရင် တရားကျင့်တာလည်း မရှိဘူး, ကောင်းမှုကုသိုလ် ပြုလုပ်နေတာလည်း မရှိဘူးဆိုတော့ ဒီပုဂ္ဂိုလ်တွေရဲ့သန္တာန်မှာ ဒီကုသိုလ်တရားတွေ မရှိခဲ့ရင် ဒီဘဝ လွတ်ဖို့ဆိုတာ ဖြစ်နိုင်မလား? မဖြစ်နိုင်ဘူး။ အေး ... တစ်ဖက်က ကောင်းမှုကုသိုလ် မရှိခဲ့ဘူးဆိုလို့ရှိရင်လည်း တစ်ဖက်က ဘာတွေ ရှိသလဲ?

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ ဧတ္ထ၊ ဤအပါယ်သံသရာ၌။ အညမညခါဒိကာ၊ အချင်းချင်း ခဲစား၍ နေခြင်းဆိုတဲ့သဘောတရားသည်။ ဝတ္တတိ၊ ဖြစ်ပေါ်၍ နေပေ၏။ ဒုဗ္ဗလခါဒိကာ၊ အားနွဲ့တဲ့ ပုဂ္ဂိုလ်ကို အားရှိတဲ့ပုဂ္ဂိုလ်က ခဲစားကိုက်စား၍ နေခြင်းသည်။ ဝတ္တတိ၊ ဖြစ်ပေါ်၍ နေပေ၏၊

ဒီအပါယ်သံသရာဝဋ်ဆင်းရဲဒုက္ခကို လှမ်းပြီး ကြည့်လိုက်မယ်ဆိုလို့ရှိရင် အချင်းချင်း သတ်ဖြတ်ပြီးတော့ စားနေကြတဲ့ ဘဝတွေသာ ဖြစ်တယ်။ အကုသိုလ်တရားတွေ ထပ်ပြီးတော့ တိုးပွားမနေဘူးလား? တိုးပွားတယ်။ အားနွဲ့တဲ့ ပုဂ္ဂိုလ်ကို အားရှိနေတဲ့ ပုဂ္ဂိုလ်က နိုင်ထက်ကလူ ပြုမူပြီးတော့ သတ်ဖြတ် စားသောက်နေတဲ့ ဘဝတွေသာဖြစ်တယ်။ အဲဒီ ဘဝတွေမှာ တရားကျင့်ဖို့ဆိုတာ မရှိဘူး။ ကုသိုလ်ကောင်းမှု ပြုလုပ်ဖို့ဆိုတာလည်း မရှိဘူး။ ဒါကြောင့် အပါယ်သံသရာဝဋ်ဆင်းရဲဒုက္ခကို သတ္တဝါတစ်ဦး ရောက်ရှိသွားပြီဆိုလို့ရှိရင် ဒီအပါယ်သံသရာမှ ပြန်ပြီး ကျွတ်ဖို့ လွတ်ဖို့ဆိုတာ ဖြစ်နိုင်မလား? မဖြစ်နိုင်ဘူး။ ဘာကြောင့်လဲ?

‘‘အဒိဋ္ဌတ္တာ, ဘိက္ခဝေ, စတုန္နံ အရိယသစ္စာနံ။’’

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ စတုန္နံ အရိယသစ္စာနံ၊ အရိယသစ္စာတရား လေးပါးတို့ကို။ အဒိဋ္ဌတ္တာ၊ မမြင်သည်၏ အတွက်ကြောင့်ပင်တည်း။

ဒီလို တစ်ဦးနဲ့တစ်ဦး နိုင်ထက်ကလူ ပြုမူပြီးတော့ သတ်ဖြတ် စားသောက်နေတာ ဘာကြောင့်လဲလို့မေးတော့ ဒုက္ခသစ္စာ, သမုဒယသစ္စာ, နိရောဓသစ္စာ, မဂ္ဂသစ္စာခေါ်တဲ့ ဒီသစ္စာလေးပါး အမှန်တရားကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်မသိတဲ့အတွက် ဒီလို သံသရာကြီး ရှည်နေခြင်းဖြစ်တယ်ဆိုပြီးတော့ မြတ်စွာဘုရား ဟောထားတယ်။

ဒီလိုဆိုရင် ဒီနေ့ တရားနာနေတဲ့ ပရိသတ်တွေ ဒီဒုက္ခသစ္စာလို့ ခေါ်ဆိုအပ်တဲ့ ခန္ဓာ ငါးပါးတွေကို သိအောင်, သမုဒယသစ္စာလို့ ခေါ်ဆိုအပ်တဲ့ ကြောင်းကျိုးဆက်နွယ်နေတဲ့ ပဋိစ္စသမုပ္ပါဒ်သဘောတရားတွေကို သိအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့ရန်အတွက် ဒီနေ့ ပရိသတ်တွေမှာ အခွင့်ထူး အခါထူးကြီးတွေ မရှိဘူးလား? ရှိကြပါတယ်။ မိမိတို့ ရရှိထားတဲ့ အခွင့်အရေးကြီးကို လက်မလွတ်အောင် ကြိုးစားပေးဖို့ သိပ်လိုတယ်နော်။ ဒီဒုက္ခသစ္စာ, သမုဒယသစ္စာ အမည်ရနေတဲ့ သင်္ခါရတရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး သုံးတန်တင်ပြီးတော့ ဝိပဿနာ ရှုဖို့ဆိုတဲ့ အခွင့်ကောင်း အခါကောင်းကြီးတွေလည်း မရှိကြဘူးလား? ရှိနေပါတယ်။ ဒါကြောင့် မိမိတို့ ရရှိနေတဲ့ ဒီအခွင့်ကောင်းကြီးကို ဆုံးရှုံးသွားအောင် မပြုလုပ်သင့်ပါဘူး။ မြတ်စွာဘုရား ဟောထားတဲ့ ဒီသုတ္တန်တွေကို အမှတ်ရစမ်းပါဆိုပြီးတော့ သူက ပြန်ပြီးတော့ တရားဟောတယ်နော်။

နောက်တစ်ခု ဒီရုပ်တရားတွေဟာ ဘယ်လိုသဘောရှိသလဲ? ရေမြှုပ်စိုင်နဲ့ တူတယ်။ ပကတိ ရေမြှုပ်စိုင်ကြီးတစ်ခု မြစ်ထဲ မျောပါလာပြီဆိုလျှင် ဒီရေမြှုပ်စိုင်ကြီးထဲမှာ ခိုင်မာနေတဲ့ အနှစ်သာရဆိုတာ တစ်ခုမှ မရှိဘူး။ ဒီရေမြှုပ်စိုင်ကို ယူပြီးတော့ အိုးလေး ပြုလုပ်လိုက်မယ်, ပုဂံတွေ ပြုလုပ်လိုက်မယ်ဆိုပြီး သွားကိုင်ကြည့် အကိုင်ခံသလား? မခံဘူး။ ဒီပုံစံအတိုင်းပဲ။ ရုပ်တွေ, နာမ်တွေကို ဒါက ငါပဲလို့ သွားကိုင်ကြည့်! အကိုင်မခံဘူး။ ဒါက သူပဲလို့ သွားကိုင်ကြည့်! အကိုင်မခံဘူး။ ကိုင်လို့လည်း မရဘူး။ ဖြစ်ပြီးတာနဲ့ ချက်ချင်း ပျက်နေတယ်။

အဲဒီ ရေမြှုပ်စိုင်ကြီးထဲမှာ ကြည့်လိုက်လို့ရှိရင် ရွံရှာစက်ဆုပ်ဖွယ်ဖြစ်တဲ့ ပိုးလောက်အမျိုးမျိုးနဲ့ ပြည့်နှက်နေသလို ခန္ဓာအိမ်ကြီးထဲ ကြည့်လိုက်ရင်လည်း ရွံရှာစက်ဆုပ်ဖွယ် ပိုးလောက်အမျိုးမျိုးတွေ ပြည့်နေတယ်။ အဲဒီလို ပိုးလောက်တွေဟာ ဘာလုပ်နေသလဲ? ဒီခန္ဓာအိမ်ထဲမှာပဲ နေထိုင်ကြတယ်, ဒီခန္ဓာအိမ်ထဲမှာပဲ အိမ်ထောင်ပြုကြတယ်, ဒီခန္ဓာအိမ်ထဲမှာပဲ သားမွေးကြတယ်, ဒီခန္ဓာအိမ်ထဲမှာပဲ ကျင်ကြီးစွန့်ကြတယ်, ဒီခန္ဓာအိမ်ထဲမှာပဲ ကျင်ငယ်စွန့်ကြတယ်, ဒီခန္ဓာအိမ်ထဲမှာပဲ သေကျေပျက်စီးရင် အသုဘချကြတယ်။

ဒီလိုဆိုရင် ဒီခန္ဓာအိမ်ကြီးသည် ပိုးလောက်တို့ရဲ့ နေထိုင်ရာ အိမ်ကြီးလည်း ဟုတ်တယ်, အိမ်ထောင်ရာ သားမွေးရာ အိမ်ကြီးလည်း ဟုတ်တယ်, ကျင်ကြီးစွန့်ရာ ကျင်ငယ်စွန့်ရာ အိမ်ကြီးလည်း ဟုတ်တယ်။ ပိုးလောက်တို့ သေခဲ့ရင် အသုဘချဖို့ရန်အတွက် သုသာန်သင်္ချိုင်းကြီးလည်း မဟုတ်ဘူးလား? ဟုတ်နေတယ်။ ယုတ်မာနေတဲ့, အနှစ်သာရမရှိတဲ့ ဒီခန္ဓာအိမ်ကြီးရဲ့ သဘောတရားတွေကို မြင်အောင် ကြည့်ကြစမ်းပါ။ သူကိုယ်တိုင်ကတော့ မြင်နေတယ်နော်။ ဘာဖြစ်လို့လဲ? မြင်နိုင်လောက်တဲ့ ဝိပဿနာဉာဏ်တွေကို စနစ်တကျ သူက ရှုပွား သုံးသပ်ထားတယ်။

နောက်တစ်ခု ဒီခန္ဓာတွေရဲ့ အနိစ္စသဘော, ဒုက္ခသဘော, အနတ္တသဘောတွေကိုလည်း အမှတ်ရကြစမ်းပါ။ ဒီခန္ဓာအိမ်ကို အကြောင်းပြုပြီးတော့ ဖြစ်ပေါ်လာရမယ့် ပင်ပန်းဆင်းရဲမှု ဒုက္ခအဝဝတွေကိုလည်း ဉာဏ်နဲ့ မြင်အောင်ကြည့်ပါ။ နောက်တစ်ခု ဒီခန္ဓာအိမ်ကြီး သေကျေပျက်စီးသွားပြီဆိုလို့ရှိရင် သုသာန်သွားပြီးတော့ ပို့ရတယ်။ သုသာန်သင်္ချိုင်းမှာ မြေတွေ တိုးပွားမလာဘူးလား? တိုးပွားလာတယ်။ ထိုထိုဘုံဘဝတွေမှာ ပဋိသန္ဓေ တည်နေရပြီဆိုရင် သေခြင်းဆိုတဲ့ သဘောတရားသည် အထွတ်တပ်ပြီး ပါလာတယ်။ သေပြီဆိုတာနဲ့ ဒီသုသာန်သင်္ချိုင်းမှာ သွားသွားပြီး ပို့ရတဲ့အတွက် မြေကြီးတွေ တိုးပွားလာခဲ့ရတဲ့ ဘဝတွေ ဘယ်လောက်များတယ် ဆိုတာကိုလည်း ပြန်ပြီးတော့ အမှတ်ရကြစမ်းပါ။

နောက်တစ်ခု မိကျောင်းဘေး။ မိကျောင်းဘေးဆိုတာက သမုဒ္ဒရာဝမ်းတစ်ထွာလို့ ခေါ်ဆိုအပ်တဲ့ အစာအာဟာရဘေးကြီးပဲ။ နေ့စဉ် နေ့စဉ် ဒီအစာအာဟာရတွေ ထည့်ပေးလိုက်လို့ ဒီခန္ဓာကိုယ်ကြီးက မျှတသွားတယ်ဆိုတာ ရှိသလား? မရှိဘူး။ အဲဒီ ခန္ဓာကိုယ်ကြီးကို ပြုစုထိန်းသိမ်း စောင့်ရှောက်ပြီးတော့ အာဟာရတွေ မျှတအောင် ပြုလုပ်ပေးရတဲ့ ဒီဝဋ်ဆင်းရဲဒုက္ခဘေးကိုလည်း မြင်အောင် ကြည့်စမ်းပါ။ သစ္စာလေးပါးဆိုတဲ့ မွန်မြတ်တဲ့ တရားတွေကိုလည်း မြင်အောင် အမှတ်ရစမ်းပါ, မြင်အောင် ကြည့်ကြစမ်းပါဆိုပြီး သူက တိုက်တွန်းတယ်နော်။ နောက်တစ်ခု ဘာဆက်ပြီး တိုက်တွန်းလဲ?

‘‘အမတမှိ ဝိဇ္ဇမာနေ, ကိံ တဝ ပဉ္စကဋုကေန ပီတေန၊ သဗ္ဗာ ဟိ ကာမရတိယော, ကဋုကတရာ ပဉ္စကဋုကေန။’’

အမတမှိ၊ မသေရာ အမြိုက်နိဗ္ဗာန်တရားသည်။ ဝိဇ္ဇမာနေ၊ ထင်ရှားဧကန် ရှိနေသည်ဖြစ်ပါလျက်။ ပဉ္စကဋုကေန၊ ငါးပါးသော ခါးစပ်ခြင်းရှိသော (ဆေးကို)။ တဝ၊ သင်၏။ ပီတေန၊ သောက်သုံးခြင်းဖြင့်။ ကိံ၊ ဘယ်အကျိုးရှိနိုင်ပါအံ့နည်း။ သဗ္ဗာ ဟိ၊ အလုံးစုံကုန်သောလည်းဖြစ်သော။ ကာမရတိယော၊ ကာမဂုဏ်၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်ခြင်းဟူသမျှတို့သည်။ ပဉ္စကဋုကေန၊ ငါးပါးသော ခါးစပ်ခြင်းထက်။ ကဋုကတရာ၊ အလွန့်အလွန် ခါးစပ်ကြပါကုန်၏၊

မသေရာ အမြိုက်နိဗ္ဗာန် တရားတော်မြတ်ကြီးက တစ်ဖက်မှာ ထင်ရှားဧကန် ရှိနေတယ်။ ဒါပေမဲ့ သင် ခုပြောပြနေတဲ့ ကာမဂုဏ်ဆိုတာကို ပြန်ပြီး ကြည့်လိုက်မယ်ဆိုလို့ရှိရင် ဒီကာမဂုဏ်ကို မှီဝဲသောက်သုံးခြင်းဆိုတဲ့ လုပ်ငန်းခွင်မှာ ခါးစပ်ခြင်းတရား ငါးမျိုးရှိနေတယ်။ ခါးစပ်ခြင်း ငါးမျိုးဆိုတာက ဘာလဲ? ခံပြင်းတဲ့သဘောတွေနော်။
(၁) ပရိယေသန၊ ကာမဂုဏ်ကို ရှာမှီးရမှုဆိုတာလည်း အင်မတန် ပင်ပန်းဆင်းရဲတယ်။
(၂) ပရိဂဟ၊ ကာမဂုဏ်ကို သိမ်းဆည်းရခြင်းဆိုတာလည်း အင်မတန် ဆင်းရဲတယ်။

(၃) အရက္ခ၊ ကာမဂုဏ်ကို ထိန်းသိမ်းစောင့်ရှောက်ရခြင်းဆိုတာလည်း အင်မတန် ဆင်းရဲတယ်။

(၄) ပရိဘောဂ၊ ကာမဂုဏ်ကို သုံးဆောင်ရခြင်းဆိုတာလည်း အင်မတန် ဆင်းရဲတယ်။

(၅) ဝိပါက၊ ဒီကာမဂုဏ်ကြောင့် ရရှိမယ့် အကျိုးတရားတွေကို လှမ်းပြီး ကြည့်လိုက်ရင်လည်း အင်မတန် ဆင်းရဲတယ်။

ကာမဂုဏ်ကြောင့် ရရှိမယ့် အကျိုးတရားတွေကတော့ အပါယ်သံသရာဝဋ်ဆင်းရဲဒုက္ခ ပဲ ဖြစ်ပါတယ်နော်။ ဒါကြောင့် ဒီကာမဂုဏ်ကြောင့် ရရှိမယ့် အပါယ်သံသရာဝဋ်ဆင်းရဲဒုက္ခကြီးကို လှမ်းကြည့်လိုက်လို့ရှိရင်လည်း အင်မတန် ဆင်းရဲတယ်။ အကြောင်းလှလို့ပေါ့လေ။ အသိဉာဏ်ရှိလို့ ဒီကာမဂုဏ်တွေကို အကြောင်းပြုပြီးတော့ ဒါနဆိုတဲ့ အနှစ်တွေ၊ သီလဆိုတဲ့ အနှစ်တွေ ထုတ်ယူကြမယ်ဆိုလို့ရှိရင် သုဂတိသံသရာတစ်ဘက် ရောက်နိုင်ပါတယ်။ ဒီသုဂတိသံသရာဆိုတဲ့ ကာမဂုဏ်ကို လှမ်းကြည့်လိုက်လို့ရှိရင်လည်း ပဋိသန္ဓေနေရတဲ့ဒုက္ခ၊ အိုရတဲ့ဒုက္ခ၊ နာရတဲ့ဒုက္ခ၊ သေရတဲ့ဒုက္ခ၊ စိုးရိမ်ပူဆွေး ငိုကြွေးရတဲ့ဒုက္ခ၊ ကိုယ်ဆင်းရဲရတဲ့ဒုက္ခ၊ စိတ်ဆင်းရဲရတဲ့ဒုက္ခ၊ ပြင်းစွာ ပူပန်ရတဲ့ဒုက္ခတွေက အထွဋ်တပ်ထားတယ်နော်။

ဒါကြောင့် ဒီကာမဂုဏ်တွေကြောင့် ရရှိရမယ့် အကျိုးတရားတွေ လှမ်းကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်း ဆင်းရဲဒုက္ခခံရခြင်းဆိုတဲ့ ခါးစပ်နေတဲ့ အရသာတစ်မျိုးက အထွဋ်တပ်ပြီး ပါနေပါတယ်။ ဒါကြောင့် ကာမဂုဏ်ကို အကြောင်းပြုပြီး ရရှိမယ့် ခါးစပ်ခြင်းတရား ငါးမျိုးပဲ။ ဒါကြောင့် အလုံးစုံသော ကာမဂုဏ်မှာ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်ခြင်းဆိုတဲ့ ဒီငါးပါးသော ခါးစပ်ခြင်းဖြင့် အလွန့်အလွန် ခါးစပ်နေပါတယ်။ နောက်တစ်ခု —

‘‘အမတမှိ ဝိဇ္ဇမာနေ, ကိံ တဝ ပဉ္စကဋုကေန ပီတေန၊ သဗ္ဗာ ဟိ ကာမရတိယော, ကဋုကတရာ ပဉ္စကဋုကေန။’’

အမတမှိ၊ မသေရာအမြိုက်နိဗ္ဗာန်တရားတော်မြတ်ကြီးသည်။ ဝိဇ္ဇမာနေ၊ ထင်ရှားဧကန် ရှိနေပါလျက်။ တဝ၊ သင့်အား။ ပဉ္စကဋုကေန၊ ငါးပါးသော ခါးစပ်ခြင်းသဘောရှိသော ကာမဂုဏ်တရားကို။ ပီတေန၊ သောက်စားသုံးဆောင်ခြင်းဖြင့်။ ကိံ၊ အဘယ်အကျိုးရှိအံ့နည်း။ သဗ္ဗာ ဟိ၊ အလုံးစုံတို့မူလည်းဖြစ်ကုန်သော။ ကာမရတိယော၊ ကာမဂုဏ်၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်ခြင်းသဘောတရားတို့သည်။ ပဉ္စကဋုကေန၊ ငါးပါးသော ခါးစပ်ခြင်းတရားထက်။ ကဋုကတရာ၊ အလွန်အမင်း သာလွန်၍ ခါးစပ်ကုန်၏။

တစ်ဘက်ကို လှမ်းပြီး ကြည့်လိုက်ရင် — အပူခပ်သိမ်းတွေ လုံးဝ ငြိမ်းနေတဲ့ မသေရာ အမြိုက်နိဗ္ဗာန်တရားတော်မြတ်ကြီး ထင်ရှားဧကန် ရှိနေတယ်။ တစ်ဘက်ကို လှမ်းကြည့်လိုက်မယ်ဆိုလို့ရှိရင် သင် ဖိတ်ကြားနေတဲ့ ဒီကာမဂုဏ်တွေမှာ ပူလောင်မှုတွေက သိပ်ပြီး များတယ်နော်။ တကယ်လက်တွေ့ သားတွေ၊ သမီးတွေ၊ အိုးတွေ၊ အိမ်တွေနဲ့ နေထိုင်နေတဲ့ ဒကာကြီးတွေ၊ ဒကာမကြီးတွေ ပိုနားလည်ပါတယ်နော်။ သားအတွက် ဘယ်လောက်ပူရတယ်၊ သမီးအတွက် ဘယ်လောက်ပူရတယ်၊ ပစ္စည်းတွေအတွက် ဘယ်လောက်ပူရတယ်ဆိုတာ ပိုပြီး နားလည်မယ်နော်။ အဲဒီတော့ တစ်ဘက်ကို ကြည့်လိုက်လို့ရှိရင် အင်မတန် အေးမြနေတဲ့ မသေရာ အမြိုက်နိဗ္ဗာန်တရားတော်မြတ်ကြီးက ထင်ရှားဧကန် ရှိနေတယ်။ တစ်ဘက်ကို ကြည့်လိုက်ဆိုလို့ရှိရင်လည်း အလွန် ပူလောင်စရာကောင်းနေတဲ့ ကာမဂုဏ်တွေက ထင်ရှားရှိနေတယ်။

အလွန် အေးချမ်းနေတဲ့ မသေရာ အမြိုက်နိဗ္ဗာန်တရားတော်ကြီး ထင်ရှားရှိနေပါလျက် အင်မတန် ပူလောင်နေတဲ့ ကာမဂုဏ်တွေဖြင့် ဘာအကျိုးရှိမှာလဲ? အလုံးစုံသော ကာမဂုဏ်မှာ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်ခြင်းဆိုတဲ့ ဒီသဘောတရားတွေဟာ ရာဂမီးတွေ။ ဒေါသမီးတွေ။ မောဟမီးတွေ၊ မာန်မာန၊ ဣဿာ၊ မစ္ဆရိယဆိုတဲ့ မီးတွေ။ ဒီမီးတွေကို တဟုန်းဟုန်း တောက်လောင်စေတတ်တဲ့ သဘောသာ ရှိတယ်။ ဒီမီးတွေဟာ ကျိုက်ကျိုက် ဆူပွက်နေတဲ့ သဘောသာ ရှိတယ်။ ဒီမီးတွေကြောင့် သတ္တဝါတွေသည် အမြဲတမ်း ထိတ်လန့်တုန်လှုပ်ပြီးတော့ နေရတယ်။ ပူပန်သောက ရောက်ပြီးတော့သာ နေရပါတယ်နော်။

‘‘အသပတ္တမှိ သမာနေ, ကိံ တဝ ကာမေဟိ ယေ ဗဟုသပတ္တာ၊ ရာဇဂ္ဂိစောရဥဒကပ္ပိယေဟိ, သာဓာရဏာ ကာမာ ဗဟုသပတ္တာ။’’

အသပတ္တမှိ၊ ရန်သူမရှိရာဖြစ်သော နိဗ္ဗာန်တရားတော်မြတ်ကြီးသည်။ သမာနေ (ဝိဇ္ဇမာနေ) = ထင်ရှားဧကန် ရှိနေပါလျက်။ တဝ၊ သင့်အား။ ယေ ကာမေဟိ၊ အကြင်ရန်သူအပေါင်းတို့နှင့် ဆက်ဆံကုန်သော ကာမဂုဏ်တို့သည်။ (ဝိဇ္ဇန္တိ = ထင်ရှားရှိကုန်၏၊) တေဟိ ကာမေဟိ၊ ထိုရန်သူအပေါင်းတို့နှင့် ဆက်ဆံကုန်သော ကာမဂုဏ်တို့ဖြင့်။ ကိံ၊ အဘယ်အကျိုးရှိအံ့နည်း။ ကာမာ၊ ကာမဂုဏ်တို့သည်။ ရာဇဂ္ဂိစောရဥဒကပ္ပိယေဟိ၊ မင်း၊ မီး၊ ခိုးသူ၊ ရေ၊ မချစ်မနှစ်သက်အပ်သော ရန်သူတို့နှင့်။ သာဓာရဏာ၊ ဆက်ဆံကုန်သည်ဖြစ်၍။ ဗဟုသပတ္တာ၊ များစွာသော ရန်သူရှိကုန်၏။

တစ်ဘက်ကို ကြည့်လိုက်မယ်ဆိုလို့ရှိရင် ရေ၊ မီး၊ မင်း၊ ခိုးသူ၊ မချစ် မနှစ်သက်သူဆိုတဲ့ ရန်သူငါးတန်တို့ မရှိတဲ့ အင်မတန် အေးချမ်းနေတဲ့ နိဗ္ဗာန်တရားတော်မြတ်ကြီး ရှိတယ်။ တစ်ဘက်က သင် ဖိတ်ကြားနေတဲ့ ဒီကာမဂုဏ်ကို လှမ်းကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ ရန်သူငါးတန်တို့ဖြင့် အမြဲတမ်း ဆက်ဆံနေတဲ့ သဘောတွေရှိတယ်။ ဒါကြောင့် ရန်သူငါးတန်တို့ဖြင့် ဆက်ဆံမှုမရှိတဲ့ အလွန် အေးချမ်းနေတဲ့ နိဗ္ဗာန်တရားတော်မြတ်ကြီး ထင်ရှားဧကန် ရှိနေသည်ဖြစ်ပါလျက် သင်က ဒီကာမဂုဏ်ဖြင့် လာပြီး ဖိတ်ကြားလိမ့်မယ်ဆိုရင် သင်ဖိတ်ကြားနေတဲ့ ကာမဂုဏ်မှာက ရန်သူငါးတန်တို့ဖြင့် အမြဲတမ်း ဆက်ဆံနေတဲ့အတွက် ရန်သူငါးတန်ဖြင့် ဆက်ဆံနေတဲ့ သင့်ရဲ့ ကာမဂုဏ်တွေကို လက်ခံခြင်းဖြင့် ဘာအကျိုးရှိနိုင်လဲ?

ဘယ့်နှယ် ဒကာကြီးတွေ ဒကာမကြီးတွေ မှားလား၊ မှန်လား? မှန်နေတယ်နော်။ သူပြောနေတဲ့ စကားလေးတွေက အင်မတန် တန်ဖိုးရှိပါတယ်နော်။ နောက်တစ်ခု —

‘‘မောက္ခမှိ ဝိဇ္ဇမာနေ, ကိံ တဝ ကာမေဟိ ယေသု ဝဓဗန္ဓော၊ ကာမေသု ဟိ အသကာမာ, ဝဓဗန္ဓဒုခါနိ အနုဘောန္တိ။’’

မောက္ခမှိ၊ ကာမဂုဏ်မှ လွတ်မြောက်ရာဖြစ်သော နိဗ္ဗာန်တရားတော်မြတ်ကြီးသည်။ ဝိဇ္ဇမာနေ၊ ထင်ရှားဧကန် ရှိနေပါလျက်။ တဝ၊ သင့်အား။ ယေသု ကာမေသု၊ အကြင်ကာမဂုဏ်တို့၌။ ဝဓဗန္ဓော၊ သတ်ဖြတ်ခြင်း နှောင်ဖွဲ့ခြင်းသဘောသည်။ (ဝိဇ္ဇတိ = ထင်ရှားရှိ၏၊) တေဟိ ကာမေဟိ၊ ထိုသတ်ဖြတ်ခြင်း နှောင်ဖွဲ့ခြင်းရှိသော ကာမဂုဏ်တို့ဖြင့်။ ကိံ၊ အဘယ်အကျိုးရှိအံ့နည်း။ ကာမေသု ဟိ၊ ကာမဂုဏ်တို့၌။ အသကာမာ (အန္ဓဗာလာ) = ကာမဂုဏ်အလိုသို့ လိုက်ကုန်သော လူမိုက်တို့သည်။ ဝဓဗန္ဓဒုခါနိ၊ သတ်ဖြတ်ခြင်း နှောင်ဖွဲ့ခြင်းတည်းဟူသော ဆင်းရဲဒုက္ခတို့ကို။ အနုဘောန္တိ၊ ခံစားကြရကုန်၏။

တစ်ဘက်ကို ကြည့်လိုက်ရင် ကာမဂုဏ်မှ လွတ်မြောက်ကြောင်းဖြစ်တဲ့ ရဟန်းဘဝ။ တစ်နည်းအားဖြင့် ကာမဂုဏ်မှ လွတ်မြောက်ကြောင်းဖြစ်တဲ့ အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်ကြီး ထင်ရှားဧကန် ရှိနေတယ်။ တစ်ဘက်ကို ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ ကာမဂုဏ်တွေရှိတယ်။ အဲဒီကာမဂုဏ်တွေမှာက ဘာဖြစ်သလဲ? သတ်ဖြတ်ခြင်းဆိုတဲ့ ဒီတရားတွေဖြင့် နှောင်ဖွဲ့နေတယ်။ သေခြင်းဆိုတဲ့ ဒီတရားတွေက ဒီကာမဂုဏ်ဖြင့် နှောင်ဖွဲ့ထားတယ်။ အဲဒီတော့ မသေရာ အမြိုက်နိဗ္ဗာန်တရားကြီး၊ မအိုရာ အမြိုက်နိဗ္ဗာန်တရားကြီး၊ လွတ်မြောက်ရာဖြစ်တဲ့ ဒီနိဗ္ဗာန်တရားကြီး ထင်ရှားရှိနေပါလျက် သတ်ခြင်း၊ ဖြတ်ခြင်းဆိုတဲ့ ဒီသဘောတရားတွေ ထင်ရှားရှိနေတဲ့ သင့်ရဲ့ ကာမဂုဏ်တွေဖြင့် ဘာအကျိုးရှိမှာလဲ?

ကာမဂုဏ်တွေကို ကြည့်လိုက်ရင် အင်မတန် ယုတ်မာတဲ့သဘော ရှိပါတယ်။ ဘာဖြစ်လို့ ဒီကာမဂုဏ်တွေက ယုတ်မာကြသလဲလို့မေးတော့ — ယုတ်မာတဲ့ ဘုံဘဝကို ရောက်စေနိုင်တဲ့ စွမ်းအင်တွေ ဒီကာမဂုဏ်မှာ အပြည့်ရှိနေတယ်။ ဒီကာမဂုဏ်တွေကို အကြောင်းပြုပြီးတော့ သတ်ခြင်းတွေ၊ ဖြတ်ခြင်းတွေ၊ နှောင်ဖွဲ့ခြင်းဆိုတဲ့ ဆင်းရဲဒုက္ခတွေ အမျိုးမျိုး သတ္တဝါတွေ ခံစားနေကြရပါတယ်။ ဒါကြောင့် သင့်ရဲ့ ကာမဂုဏ်တွေဖြင့် ကျွန်တော်မအဖို့ ဘာအကျိုးရှိမလဲဆိုပြီး သူက ပြန်ဟောတယ်။

နောက်တစ်ခု — ဒီကာမဂုဏ်တွေကို ကြည့်လိုက်လို့ရှိရင် ရာဂမီး၊ ဒေါသမီး၊ မောဟမီး၊ မာန်မာနမီး အစရှိတဲ့ မီးတဟုန်းဟုန်း အမြဲတမ်း တောက်လောင်နေပါတယ်။ ခုနက မြက်မီးရှူးဟာ မစွန့်လွှတ်တဲ့ပုဂ္ဂိုလ်ကို လက်သို့တိုင်အောင် လောင်ကျွမ်းစေတတ်တဲ့ သဘောရှိသလို ဒီကာမဂုဏ်ဆိုတာက မစွန့်လွှတ်ဘူးဆိုလို့ရှိရင် တစ်ကိုယ်လုံးကို လောင်ကျွမ်းစေနိုင်တဲ့ စွမ်းအားတွေ ရှိနေတယ်။ ဒါကြောင့် ဒီကာမဂုဏ်တွေကို ကျွန်တော်မ အလိုမရှိဘူး။ ကာမဂုဏ်တွေကို စွန့်လွှတ်လိုတဲ့စိတ်ထားသာ ကျွန်တော်မရဲ့သန္တာန်မှာ တည်ရှိနေပါတယ်ဆိုပြီးတော့ သူက ပြန်ဟောတယ်နော်။ နောက်တစ်ခု —

‘‘မာ အပ္ပကဿ ဟေတု, ကာမသုခဿ ဝိပုလံ ဇဟီ သုခံ၊ မာ ပုထုလောမောဝ ဗဠိသံ, ဂိလိတွာ ပစ္ဆာ ဝိဟညသိ။’’

အပ္ပကဿ၊ နည်းငယ်မျှသော။ ကာမသုခဿ၊ ကာမဂုဏ်ချမ်းသာ၏။ ဟေတု၊ အကြောင်းကြောင့်။ ဝိပုလံ၊ ပြန့်ပြောကြီးကျယ်လှစွာသော။ သုခံ၊ လောကုတ္တရာချမ်းသာကြီးကို။ မာ ဇဟီ၊ မစွန့်လွှတ်ပါလင့်။ ဗဠိသံ၊ ငါးမျှားချိတ်ကို။ ဂိလိတွာ၊ မျိုမိ၍။ ပစ္ဆာ၊ နောင်အခါ၌။ ဝိဟညသိ၊ ပင်ပန်းဆင်းရဲခြင်းသို့ ရောက်ရလတ္တံ့ဖြစ်သော။ ပုထုလောမောဝ၊ ငါးကြီးကဲ့သို့။ မာ (ဝိဟညသိ) = ပင်ပန်းဆင်းရဲခြင်းသို့ မရောက်ပါစေလင့်။

တစ်ဘက်က နိဗ္ဗာန်ချမ်းသာဆိုတဲ့ အင်မတန် ကြီးကျယ်မြင့်မြတ်နေတဲ့ လောကုတ္တရာချမ်းသာကြီး ရှိတယ်။ တစ်ဘက်က ကာမဂုဏ်ချမ်းသာခေါ်တဲ့ မပြောပလောက်တဲ့ ချမ်းသာလေးတစ်ခု ရှိတယ်။ အင်မတန် ကြီးကျယ်မြင့်မြတ်နေတဲ့၊ ပြန့်ပြောကြီးကျယ်နေတဲ့ လောကုတ္တရာချမ်းသာကြီး ထင်ရှားရှိနေပါလျက် မပြောပလောက်တဲ့ ကာမဂုဏ်ချမ်းသာကို အကြောင်းပြုပြီးတော့ အလွန် ကြီးကျယ်မြင့်မြတ်နေတဲ့ လောကုတ္တရာချမ်းသာကြီးကို မစွန့်လွှတ်သင့်ပါဘူး။ ဘယ့်နှယ်တုန်း ဒကာကြီးတွေ၊ ဒကာမကြီးတွေ မှားလား၊ မှန်လား? မှန်တယ်နော်။

ဘုရားရှင်ရဲ့ သာသနာတော်နဲ့ ကြုံတယ်ဆိုတာ တစ်ခါတစ်ရံသာ ဖြစ်ပါတယ်။ ကြုံတဲ့အချိန်အခါမှာလည်း ဘုရားသာသနာတော်အပေါ်၌ ယုံကြည်ချက် သဒ္ဓါတရား အပြည့်အဝ ရှိဖို့ဆိုတာ အင်မတန် ခက်ခဲပါတယ်။ ယုံကြည်ချက် သဒ္ဓါတရားရှိရင်လည်း ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့ဆိုတဲ့ အခွင့်အလမ်းတွေဟာ အင်မတန် ခက်ခဲတယ်။ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရင်လည်း ဒီသစ္စာလေးပါး ဟုတ်တိုင်းမှန်စွာ သိဖို့ဆိုတဲ့ ဒီအခွင့်အလမ်းတွေက ပိုပြီးတော့ ခက်ခဲပါတယ်။

ဒီနေ့ တရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့ကို ကြည့်မယ်ဆိုရင် နိဗ္ဗာန်ရောက်ကြောင်း သူတော်ကောင်းတရားလို့ခေါ်ဆိုအပ်တဲ့ သစ္စာလေးပါးကို ဟုတ်တိုင်းမှန်စွာ သိအောင် ဘယ်ပုံ ဘယ်ပမ်း ဘယ်နည်းလမ်းအားဖြင့် ကျင့်ရမယ်ဆိုတဲ့ ကျင့်စဉ်တွေ စနစ်တကျ ဟောကြားပြသပေးနေတဲ့ ဆရာကောင်း၊ သမားကောင်းတွေ လောကမှာ များစွာ ရှိကြပါတယ်နော်။ သိခွင့်တွေ အများကြီး ရကြတယ်။ ယုံကြည်ချက်တွေလည်း ရှိနေတယ်။ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်တဲ့ အခွင့်အလမ်းတွေလည်း လုပ်ယူကြမယ်ဆိုရင် ရနိုင်ပါတယ်နော်။ အဲဒီ အခွင့်ထူး အခါထူးကြီးတွေကို လက်လွတ်သွားအောင် မပြုလုပ်သင့်ဘူး။

မပြောပလောက်တဲ့ ကာမဂုဏ်ချမ်းသာလေးကို မက်မောပြီးတော့ အင်မတန် တန်ဖိုးကြီးမားနေတဲ့ အဆင့်အတန်း အလွန် မြင့်မားနေတဲ့ သတ္တဝါတွေကို သံသရာဝဋ်ဆင်းရဲဒုက္ခကြီးအဝဝမှ ထုတ်ဆောင်ကယ်တင်ပေးနိုင်တဲ့ စွမ်းအင် အပြည့်အဝရှိနေတဲ့ လောကုတ္တရာချမ်းသာကြီးကို မစွန့်လွှတ်သင့်ပါဘူးနော်။ သောတာပတ္တိမဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ဖြင့် ဒီနိဗ္ဗာန်ကို မြင်ခဲ့မယ်ဆိုလို့ရှိရင် မြင်သိနေတဲ့ ဒီသတ္တဝါကို ဒီသောတာပတ္တိမဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ဆိုတဲ့ လောကုတ္တရာချမ်းသာကြီးက အပါယ်သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထုတ်ဆောင်သွားမှာ ဖြစ်တယ်။ သကဒါမိမဂ်ဉာဏ်၊ ဖိုလ်ဉာဏ် မြင်ခဲ့မယ်ဆိုလို့ရှိရင် ကာမဘုံ တစ်ကြိမ်လောက်ပဲ ပဋိသန္ဓေ နေခွင့်ရှိတယ်။ အနာဂါမိမဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ဖြင့် ဒီနိဗ္ဗာန်ကို မြင်ခဲ့မယ်ဆိုလို့ရှိရင် ဒီမဂ်ဉာဏ်၊ ဖိုလ်ဉာဏ် နိဗ္ဗာန်တရားတော်တွေက ဒီသတ္တဝါကို ကာမတစ်ဆယ့်တစ်ဘုံမှ ကွင်းလုံးကျွတ် လွတ်အောင် ထုတ်ဆောင် ကယ်တင်သွားမှာ ဖြစ်တယ်။ အကယ်၍ အရဟတ္တမဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို မြင်ခဲ့မယ်ဆိုလို့ရှိရင်လည်း ထိုအရဟတ္တမဂ်ဉာဏ်၊ ဖိုလ်ဉာဏ် နိဗ္ဗာန်ဆိုတဲ့ တရားတော်မြတ်ကြီးက ထိုသတ္တဝါကို သံသရာဝဋ်ဆင်းရဲဒုက္ခကြီးမှ ချုပ်ငြိမ်းသွားအောင် အပြီးတိုင် ထုတ်ဆောင် ကယ်တင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် အင်မတန် ကြီးကျယ်နေတဲ့ ဒီချမ်းသာသုခကြီးတွေကို မပြောပလောက်တဲ့ ကာမဂုဏ်ချမ်းသာလေးကို အကြောင်းပြုပြီးတော့ မစွန့်လွှတ်သင့်ပါဘူး။ ဘာနဲ့ ဥပမာတူလဲလို့ မေးရင်တော့ — နောင်တစ်ချိန်ကျတော့မှ နောင်တရတဲ့သဘော မဖြစ်စေချင်ဘူးနော်။ ပုထုလောမလို့ခေါ်ဆိုနေတဲ့ ငါးတစ်မျိုး ရှိပါတယ်။ ဒါကတော့ ငါးအားလုံးပါပဲနော်။ အဲဒီငါးတွေဟာ မပြောပလောက်တဲ့ ငါးစာလေးကို အကြောင်းပြုပြီးတော့ မိမိငါးမျှားချိတ်နဲ့တကွ ဒီငါးစာကို မျိုချမိမယ်ဆိုလို့ရှိရင် အင်မတန် ကြီးကျယ်နေတဲ့ ချမ်းသာသုခကြီးတွေကို စွန့်လွှတ်ပြီးတော့ အင်မတန် ကြီးကျယ်တဲ့ ဆင်းရဲဒုက္ခ မရောက်ရဘူးလား? ရောက်ရတယ်။ ငါးစာကို မက်မောတဲ့ ဒီငါးတွေလို မဖြစ်ပါစေနဲ့။ မပြောပလောက်တဲ့ ဒီကာမဂုဏ်ချမ်းသာကို အကြောင်းပြုပြီးတော့ အလွန် ကြီးကျယ်မြင့်မြတ်နေတဲ့ နိဗ္ဗာန်ချမ်းသာကြီးကို မစွန့်လွှတ်သင့်ပါဘူး။ နောက်တစ်ခု —

‘‘ကာမံ ကာမေသု ဒမဿု, တာဝ သုနခေါဝ သင်္ခလာဗဒ္ဓေါ၊ ကာဟိန္တိ ခု တံ ကာမာ, ဆာတာ သုနခံဝ စဏ္ဍာလာ။’’

တာဝ၊ ထိုမျှလောက်။ သင်္ခလာဗဒ္ဓေါ၊ သံကြိုးဖြင့် ချည်နှောင်အပ်သော။ သုနခေါဝ၊ ခွေးကဲ့သို့။ ကာမေသု၊ ကာမဂုဏ်တို့၌။ ကာမံ (အသေကံ) = အလိုရှိတိုင်း။ ဒမဿု (ဝိစရဿု) = လှည့်လည်ကျက်စားပါလော့။ ဆာတာ၊ ဆာလောင်မွတ်သိပ်ကုန်သော။ စဏ္ဍာလာ၊ ဒွန်းစဏ္ဍားတို့သည်။ သုနခံဝ၊ ခွေးကို ကဲ့သို့။ တံ၊ သင့်ကို။ ကာမာ၊ ကာမဂုဏ်တို့သည်။ ကာဟိန္တိ ခု၊ ဧကန်မလွဲ သတ်ဖြတ်စမြိန် စားသောက်ကြကုန်လတ္တံ့။

ခွေးတွေပေါ့နော်။ ဟိုအိမ်လည် ဒီအိမ်လည်။ လည်ပြီဆိုလို့ရှိရင် လည်ပင်းမှာ တောက်ကြီး ဆွဲထားတယ်။ တောက်ကြီးဆွဲရုံနဲ့ မငြိမ်ဘူးဆိုလို့ရှိရင်တော့ ဒီတောက်ကနေ ဆက်ပြီးတော့ တစ်ခါတည်း ကြိုးတစ်ချောင်းနဲ့ ခိုင်ခိုင်ချည်ပြီးတော့ တိုင်တစ်တိုင်မှာ ချည်ထားကြတယ်နော်။ အဲဒီအတိုင်းပဲ ခွေးတွေကို တောက်ဆွဲပြီးတော့ တိုင်တစ်တိုင်မှာ သေသေချာချာ ချည်ထားသလို ဒီကာမဂုဏ်ဆိုတဲ့ တရားတွေကလည်းပဲ သတ္တဝါတွေကို ဒီကာမဂုဏ်ဆိုတဲ့ တိုင်ကြီးမှာ ရုန်းထွက်ပြီး မသွားနိုင်အောင် ကြိုးနဲ့ အင်မတန် ချည်ထားတယ်။ ကာမဂုဏ်ဆိုတဲ့ ကြိုးနဲ့ ချည်ထားတယ်။ ချည်ထားတဲ့အတွက်ကြောင့် အင်မတန် ဆာလောင်မှု ပြင်းပြနေတဲ့ တချို့တချို့ ပုဂ္ဂိုလ်သတ္တဝါတွေက စဏ္ဍာလတွေက ဒီခွေးကို ဘာလုပ်ကြသလဲ? ဆာလောင်မွတ်သိပ်တဲ့ ဒဏ်ချက်ကို မခံနိုင်တဲ့အတွက် သတ်ပြီးတော့ စားကြတယ်။

အဲဒီပုံစံအတိုင်းပဲ ဒီကာမဂုဏ်ချမ်းသာကို မက်မောပြီးတော့ ခုနက ကာမဂုဏ်ချည်တိုင်မှာ အချည်ခံနေရတဲ့ သတ္တဝါတွေကို ဒီကာမဂုဏ်ဆိုတဲ့ ဒွန်းစဏ္ဍားတွေက တစ်နေ့မှာ ဆာလောင်မွတ်သိပ်လာတဲ့ အချိန်ခါမှာ အပြီးတိုင် သတ်ဖြတ်ပြီး စားသောက်ကြမှာ ဖြစ်ပါတယ်။ ဒီသဘောတရားကို ဉာဏ်ဖြင့် သေသေချာချာ မြင်အောင် ကြည့်စမ်းပါ။ အဲဒီလို အသတ်ဖြတ် ခံရပြီဆိုလို့ရှိရင် ကာမဂုဏ်ကို အကြောင်းပြုပြီးတော့ ကာမဂုဏ်မက်မောနေတဲ့ သတ္တဝါတွေကို ဒွန်းစဏ္ဍားနဲ့ တူနေတဲ့ ဒီကာမဂုဏ်တွေက သို့မဟုတ် ကာမဂုဏ်ကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ ကိလေသာတရားဆိုးတွေက သတ်ဖြတ် နှိပ်စက်လိုက်လို့ သတ္တဝါတစ်ယောက် သေကျေပျက်စီးသွားပြီဆိုလို့ရှိရင် ဘာဖြစ်မလဲ?

‘‘အပရိမိတဉ္စ ဒုက္ခံ, ဗဟူနိ စ စိတ္တဒေါမနဿာနိ၊ အနုဘောဟိသိ ကာမယုတ္တော, ပဋိနိဿဇ အဒ္ဓုဝေ ကာမေ။’’

ကာမယုတ္တော၊ ကာမဂုဏ်၌ ယှဉ်စပ်နှောင်ဖွဲ့မိသော သတ္တဝါသည်။ အပရိမိတဉ္စ၊ အတိုင်းအရှည် ပမာဏမရှိနိုင်သော။ ဒုက္ခံ၊ ဆင်းရဲခြင်းဒုက္ခကိုလည်းကောင်း။ ဗဟူနိ၊ များစွာကုန်သော။ စိတ္တဒေါမနဿာနိ စ၊ စိတ်မချမ်းသာခြင်း ဒေါမနဿတရားတို့ကိုလည်းကောင်း။ အနုဘောဟိသိ၊ ခံစားရလတ္တံ့။ (တသ္မာ = ထိုသို့ ခံစားရမည့်အကြောင်းကြောင့်။) အဒ္ဓုဝေ၊ မမြဲတရား ကင်းဆိတ်ငြားသော။ ကာမေ၊ ကာမဂုဏ်တို့ကို။ ပဋိနိဿဇ၊ အမြန်စွန့်လွှတ်ပါလော့။

အတိုင်းအတာ ပမာဏ မရှိနိုင်တဲ့ ဆင်းရဲဒုက္ခအဝဝတွေ ပေါ်လာမယ်။ ဆင်းရဲဒုက္ခဟာ ဒီကာမဂုဏ်ကို အကြောင်းပြုပြီး ရောက်လာ ခံစားရမယ်ဆိုပြီး ဉာဏ်နဲ့ ပိုင်းခြားကြည့်မယ်ဆိုသော်လည်း ဘယ်လိုမှ ပိုင်းခြားလို့ မရနိုင်ဘူး။ ဒီကာမဂုဏ်ကို အကြောင်းပြုပြီးတော့ သတ္တဝါတစ်ဦးက ခုနကလို သေကျေပျက်စီးသွားပြီဆိုရင် အပါယ်လေးပါး ရောက်တော့မယ်။ ငရဲရောက်ပြီဆိုလို့ရှိရင် ငရဲဒုက္ခဟာ ဒီလောက်ပဲ ရှိပါတယ်ဆိုပြီးတော့ ဘုရားရှင်ကိုယ်တော်သော်လည်း ထိုင်ပြီး ဟောမယ်ဆိုရင် ဟောလို့ မကုန်နိုင်ဘူး။ ဒီလောက်အထိ ကြီးကျယ်တယ်။ အဲဒီလောက် ကြီးကျယ်နေတဲ့ ဒီဆင်းရဲဒုက္ခတွေနဲ့ သွားပြီးတော့ တွေ့မှာ ဖြစ်တယ်။ အဲဒီဆင်းရဲဒုက္ခတွေနဲ့ တွေ့ပြီဆိုလို့ရှိရင် စိတ်ချမ်းသာမလား၊ စိတ်ဆင်းရဲမလား? စိတ်ဆင်းရဲလိမ့်မယ်။

ထိုအချိန်အခါကျတော့မှ ဩော်... ငါတရားတွေ မကျင့်ခဲ့မိတာတော့ မှားပြီ။ လူ့ပြည်သာ ဒီအချိန် ငါ ပြန်ရောက်ခဲ့မယ်ဆိုရင် ငါ တရားတွေ ဝအောင် ကျင့်လိုက်မယ်ဆိုပြီး လှမ်းပြီး ဟို... ဒု-သ-န-သောဆိုတဲ့ သတ္တဝါတွေလိုပေါ့နော်။ လှမ်းပြီး တောင့်တနေသော်လည်း တောင့်တချက်တွေ လွယ်လွယ်နဲ့ ရနိုင်ပါတော့မလား? မရနိုင်ဘူး။ ခုချိန်ခါမှာ အခွင့်အရေးတွေက ရနေသေးတယ်နော်။ ဒါကြောင့် မခိုင်ခံ့တဲ့ ဒီကာမဂုဏ်တွေကို ခပ်မြန်မြန် စွန့်လွှတ်စမ်းပါဆိုပြီး သူက တိုက်တွန်းတယ်နော်။

‘‘အဇရမှိ ဝိဇ္ဇမာနေ, ကိံ တဝ ကာမေဟိ ယေသု ဇရာ၊ မရဏဗျာဓိဂဟိတာ သဗ္ဗာ သဗ္ဗတ္ထ ဇာတိယော။’’

အဇရမှိ၊ အိုခြင်းမရှိရာဖြစ်သော နိဗ္ဗာန်တရားတော်မြတ်ကြီးသည်။ ဝိဇ္ဇမာနေ၊ ထင်ရှားဧကန် ရှိနေပါလျက်။ တဝ၊ သင့်အား။ ယေသု ကာမေသု၊ အကြင်ကာမဂုဏ်တို့၌။ ဇရာ၊ အိုခြင်းတရားသည်။ (ဝိဇ္ဇတိ = ထင်ရှားရှိ၏၊) တေဟိ ကာမေဟိ၊ ထိုအိုခြင်းတရားရှိသော ကာမဂုဏ်တို့ဖြင့်။ ကိံ၊ အဘယ်အကျိုးရှိအံ့နည်း။ သဗ္ဗတ္ထ၊ ခပ်သိမ်းသော ဘုံဘဝ၌။ သဗ္ဗာ၊ အလုံးစုံကုန်သော။ ဇာတိယော၊ ပဋိသန္ဓေနေခြင်း ဇာတိတရားတို့သည်။ မရဏဗျာဓိဂဟိတာ၊ သေခြင်း၊ နာခြင်းတို့ဖြင့် နှိပ်စက်အပ်ကုန်၏။

ဘဝအားလုံး ရှိကြတယ်။ ဘဝအားလုံးမှာ အိုခြင်းတရားဆိုတဲ့ သဘောတရားက အထွဋ်တပ်နေတယ်။ မအိုရာဖြစ်တဲ့ နိဗ္ဗာန်တရားတော်မြတ်ကြီး တစ်ဘက်မှာ ထင်ရှားဧကန် ရှိနေတယ်။ မအိုရာဖြစ်တဲ့ နိဗ္ဗာန်တရားတော်မြတ်ကြီး ထင်ရှားဧကန် ရှိနေသည်ဖြစ်ပါလျက် အိုခြင်းတရား ထင်ရှားရှိနေတဲ့ သင့်ရဲ့ ကာမဂုဏ်တွေဖြင့် ဘာအကျိုးရှိမှာလဲ? မသေရာဖြစ်တဲ့ အမြိုက်နိဗ္ဗာန်တရားမြတ်ကြီး တစ်ဘက်မှာ ထင်ရှားဧကန် ရှိနေတယ်။ သေခြင်းတရား ထင်ရှားရှိနေတဲ့ သင့်ရဲ့ကာမဂုဏ်တွေဖြင့် ဘာအကျိုးရှိမှာလဲ? နာခြင်းတရား မရှိရာဖြစ်တဲ့ မနာရာ အမြိုက်နိဗ္ဗာန်တရားတော်မြတ်ကြီးက တစ်ဘက်မှာ ထင်ရှားဧကန် ရှိနေတယ်။ နာခြင်းတရား ဧကန်ရှိနေတဲ့ သင့်ရဲ့ ကာမဂုဏ်တွေဖြင့် ဘာအကျိုးရှိမှာလဲ?

ဘဝဟူသမျှမှာ ပဋိသန္ဓေနေခြင်းဆိုတဲ့ ဇာတိသဘောတရားက ထင်ရှားရှိနေတယ်။ ဇာတိရှိပြီဆိုလို့ရှိရင် နောက်က အို၊ နာ၊ သေရေးဆိုတဲ့ ဒုက္ခဘေးတွေက ထက်ကြပ်မကွာ လိုက်ပြီး လာပါတယ်။ ဒါကြောင့် ပဋိသန္ဓေမနေရာ ဇာတိရဲ့ ကုန်ခန်းရာဖြစ်တဲ့ နိဗ္ဗာန်တရားတော်မြတ်ကြီး ထင်ရှားဧကန် ရှိနေတယ်။ ပဋိသန္ဓေ ထင်ရှားဧကန်ရှိနေတဲ့ သင့်ရဲ့ ကာမဂုဏ်တွေဖြင့် ဘာအကျိုးရှိမှာလဲ?

‘‘ဣဒမဇရမိဒမမရံ, ဣဒမဇရာမရံ ပဒမသောကံ၊ အသပတ္တမသမ္ဗာဓံ, အခလိတမဘယံ နိရုပတာပံ။’’

ဣဒံ၊ ဤနိဗ္ဗာန်တရားတော်မြတ်ကြီးသည်။ အဇရံ၊ အိုခြင်းမရှိရာလည်းဖြစ်၏။ ဣဒံ၊ ဤနိဗ္ဗာန်တရားတော်မြတ်ကြီးသည်။ အမရံ၊ သေခြင်းမရှိရာလည်းဖြစ်၏။ ဣဒံ၊ ဤနိဗ္ဗာန်တရားတော်မြတ်ကြီးသည်။ အဇရာမရံ၊ အိုခြင်း သေခြင်းကင်းရာလည်းဖြစ်သော။ အသောကံ၊ စိုးရိမ်ပူဆွေးမှုမရှိရာဖြစ်သော။ အသပတ္တံ၊ ရန်သူငါးတန်မရှိရာဖြစ်သော။ အသမ္ဗာဓံ၊ ကိလေသာတည်းဟူသော ကျဉ်းမြောင်းမှုမရှိရာဖြစ်သော။ အခလိတံ၊ ချွတ်ချော်တိမ်းပါးမှုမရှိရာဖြစ်သော။ အဘယံ၊ ဘေးဒုက္ခအပေါင်းမှ ကင်းဝေးရာလည်းဖြစ်သော။ နိရုပတာပံ၊ ကိလေသာပူပန်မှု ဆင်းရဲဒုက္ခမရှိရာဖြစ်သော။ ပဒံ၊ တကယ်လိုလားတောင့်တအပ်သော နိဗ္ဗာန်တရားတော်မြတ်ကြီးဖြစ်၏။

နိဗ္ဗာန်တရားတော်မြတ်ကြီးဆိုတာက မအိုရာတရားလည်း မှန်တယ်။ မသေရာတရားလည်း မှန်တယ်။ မအို၊ မသေရာတရားလည်း မှန်တယ်။ နိဗ္ဗာန်ကို တကယ် လိုလားတောင့်တနေတဲ့ သူတော်ကောင်းတို့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ထိုက်တဲ့ တရားကြီးလည်း မှန်နေတယ်။ ထိုနိဗ္ဗာန်တရားတော်မှာ စိုးရိမ်မှု၊ ပူဆွေးမှု၊ ငိုကြွေးမှု ဘာမှမရှိဘူး။ ရန်သူငါးတန်တို့နဲ့လည်း ဆက်ဆံမှု မရှိဘူး။ ကိလေသာတည်းဟူသော ကျဉ်းမြောင်းမှုလည်း မရှိဘူး။ ကိလေသာဖြင့် ကျဉ်းမြောင်းတယ်ဆိုတာ ဒကာကြီးတွေ ခုတရားနာပြီးရင် ဘယ်ပြန်မလဲ? အိမ်ပြန်ကြမယ်။ ဘာဖြစ်လို့လဲ ဒီအိမ်ကို တွယ်တာမက်မောမှု မရှိကြဘူးလား? ရှိတယ်။

ဘယ်လောက်ပဲ ဝေးလံတဲ့ခရီးပဲသွားသွား အချိန်ကျလို့ရှိရင် လိုအင်ဆန္ဒ ပြည့်ဝပြီလား? ပြည့်ဝပြီဆိုလို့ရှိရင် ဒီအိမ်ပဲ ပြန်လာရတယ်နော်။ ဘယ်ကိုပဲသွားသွား ဒီအိမ်အတွက် ကြောင့်ကြမှု ဖြစ်နေရတယ်။ ဒီလိုဆိုရင် စိတ်ဓာတ်ကလေးက ကျဉ်းမြောင်းတယ်လို့ မပြောရဘူးလား? ပြောရတယ်။ အေး... ခုလောက် သာသနာ့ဗိမာန်တို့လိုပေါ့လေ။ အလွန် ကျယ်ပြန့်နေတဲ့ အိမ်ကြီးအတွင်းမှာ နေထိုင်ရရင်လည်း နေနိုင်ပါတယ်။ တစ်ဦးနဲ့တစ်ဦး ရာဂတည်းဟူသော ကြိုးဖြင့် သွယ်တန်းထားပြီဆိုလို့ရှိရင် ဒီသတ္တဝါတွေဟာ ကျဉ်းမြောင်းနေတဲ့ သတ္တဝါတွေလို့ ခေါ်ရတယ်။ ဘာဖြစ်လို့လဲ? ရုန်းကန်နိုင်တဲ့ စွမ်းအင်မရှိဘူး။

ဒါပေမယ့် နိဗ္ဗာန်တရားတော်မြတ်ကြီးမှာ ဒီလို ကျဉ်းမြောင်းနေတဲ့ စိတ်ထားလေးတွေလဲ လုံးလုံး မရှိတော့ဘူး။ ဘာဖြစ်လို့လဲ? ရုပ်နာမ်ဓမ္မသင်္ခါရတရားတွေ အားလုံး ချုပ်ငြိမ်းတယ်။ ဒီနိဗ္ဗာန်တရားတော်မှာ ချွတ်ချော်မှု၊ တိမ်းပါးမှု နည်းနည်းမှ မရှိဘူး။ မတော်တဆ မှားယွင်းမှုဆိုတာလည်း မရှိဘူး။ ဘာဖြစ်လို့ ဒီမတော်တဆ မှားယွင်းမှုတွေ မရှိသလဲလို့မေးတော့ — မတော်တဆ မှားယွင်းတယ်ဆိုတာက ကိလေသာတွေကို အကြောင်းခံနေတယ်။ ကိလေသာတရားဆိုးတွေက ဒီနိဗ္ဗာန်မှာ လုံးဝ မရှိတဲ့အတွက် မတော်တဆ ချွတ်ချော်တိမ်းပါးမှုဆိုတာလည်း မရှိဘူး၊ အဘယဘေးလည်း မရှိဘူး။ ဘေးရှိတယ်ဆိုတာက ကိလေသာကိုပဲ အကြောင်းခံတယ်။ အိုဘေးဆိုးကြီးနဲ့ တွေ့ရတယ်၊ နာဘေးဆိုးကြီးနဲ့ တွေ့ရတယ်၊ သေဘေးဆိုးကြီးနဲ့ တွေ့ရတယ်။ ဒီလို ဘေးဒုက္ခအမျိုးမျိုးနဲ့ တွေ့ရတာ ပဋိသန္ဓေနေရခြင်းဆိုတဲ့ ဇာတိတရားကို အခြေခံတယ်။

ဒီပဋိသန္ဓေ တည်နေရခြင်းဆိုတဲ့ ဒီဇာတိတရားက ဘာကို အခြေခံနေသလဲလို့ တစ်ဖန် ပြန်ဆန်းစစ်ကြည့်လိုက်တော့ ဒီပဋိသန္ဓေကို ဖြစ်ပေါ်စေတတ်တဲ့ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ သင်္ခါရ၊ ကံဆိုတဲ့ အကြောင်းရင်းတရားတွေကို အခြေခံတယ်။ နိဗ္ဗာန်တရားတော်မြတ်မှာ အကြောင်းတရားလို့ ခေါ်ဆိုအပ်တဲ့ သမုဒယသစ္စာတရားတွေလည်း မရှိဘူး။ အကျိုးတရားလို့ခေါ်ဆိုအပ်တဲ့ ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတွေလည်း မရှိဘူး။ ပဋိသန္ဓေနေရမှု မရှိဘူး။ မရှိတဲ့အတွက် ရုပ်နာမ်ဓမ္မသင်္ခါရတရားတို့အတွက် ကုန်ဆုံးရာဖြစ်တဲ့ ဒီနိဗ္ဗာန်တရားတော်မြတ်ကြီးမှာ အိုဘေးဆိုးကြီးလည်း မရှိဘူး၊ နာဘေးဆိုးကြီးလည်း မရှိဘူး၊ သေဘေးဆိုးကြီးလည်း မရှိဘူး၊ ဘေးဒုက္ခအားလုံး ကင်းငြိမ်းနေပါတယ်နော်။ နောက်တစ်ခု —

နိရုပတာပံ၊ ပူပန်မှုသဘောတရားတွေ။ သင်္ခါရဒုက္ခကို အခြေခံပြီး ဖြစ်ပေါ်လာရမယ့် ပူပန်ဆင်းရဲမှု ဒုက္ခအဝဝတွေကလည်း ဒီနိဗ္ဗာန်တရားတော်မြတ်ကြီးမှာ လုံးလုံး မရှိတော့ပါဘူး။ နောက်တစ်ခု ဘာဆက်ပြီးဟောလဲ?

‘‘အဓိဂတမိဒံ ဗဟူဟိ, အမတံ အဇ္ဇာပိ စ လဘနီယမိဒံ၊ ယော ယောနိသော ပယုဉ္ဇတိ, န စ သက္ကာ အဃဋမာနေန’’။

ဒီနိဗ္ဗာန်တရားတော်မြတ်ကြီးဟာ ဒီနေ့ ကြိုးစားအားထုတ်မယ်ဆိုရင် ဒီနေ့ရနိုင်တဲ့ အခွင့်အလမ်း ရှိပါတယ်နော်။ ကြိုးစားအားထုတ်တဲ့ အချိန်အခါမှာ ယော ယောနိသော ပယုဉ္ဇတိ၊ နည်းမှန် လမ်းမှန် ကြိုးစားအားထုတ်ပါ။ အဲဒီလို နည်းမှန် လမ်းမှန် ကြိုးစားအားထုတ်ခဲ့မယ်ဆိုလို့ရှိရင် ဒီနေ့ ဒီနိဗ္ဗာန်တရားတော်မြတ်ကြီးကို ရနိုင်ပါသေးတယ်။ ရနိုင်တဲ့ အခွင့်အလမ်းတွေ ထင်ရှားရှိနေပါသေးတယ်။ သို့သော် န စ သက္ကာ အဃဋမာနေန၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်မှု မရှိတဲ့ ပုဂ္ဂိုလ်တွေအတွက်တော့ ဒီနိဗ္ဗာန်တရားတော်မြတ်ကြီးကို ဘယ်လိုမှ မရနိုင်ဘူးလို့ ဒီလို တရားအဆုံးသတ်လိုက်ပါတယ်နော်။ အဲဒီလို တရားအဆုံးသတ်လိုက်တဲ့ အချိန်အခါကျတော့မှပဲ ဘာဖြစ်လဲ? အနိဃရဒ္ဓဘုရင်မင်းကြီးကလည်း ထ။ ထပြီးတော့ မယ်တော်, ခမည်းတော်တွေကို တိုက်တွန်းတယ်။ သုမေဓာမင်းသမီးလေးကို ရှင်ရဟန်း ပြုဖို့ရာကို အနူးအညွတ် ခွင့်လွှတ်ကြပါဆိုပြီး သူကလည်း ကူပြီး တောင်းပန်ပေးပါတယ်နော်။ ဘာဖြစ်လို့လဲ?

သုမေဓာမင်းသမီးလေး ဟောလိုက်တဲ့တရားကို သူက အင်မတန် သဘောကျသွားတယ်နော်။ သဘောကျသွားလိုက်တဲ့အတွက် မယ်တော်, ခမည်းတော်တွေကို သုမေဓာမင်းသမီးကို သာသနာဘောင်သို့ ဝင်ရောက် ရှင်ရဟန်းပြုဖို့ရန်အတွက် သူကိုယ်တိုင် ဝင်ပြီးတော့ တိုက်တွန်းတယ်။ အဲဒီအခါမှာလည်း မိဘနှစ်ပါးကလည်း သဘောတူညီလိုက်ကြပါတယ်။ သဘောတူညီလိုက်တဲ့အတွက် သုမေဓာမင်းသမီးက သာသနာဘောင်ဝင်ပြီး ရှင်ရဟန်းပြုတယ်။ အဆောင်အယောင်များစွာဖြင့် ဘိက္ခုနီမကျောင်းတိုက်ကို သွားပြီး ပို့ကြပါတယ်။ ပို့ပြီးတဲ့အချိန်အခါမှာ သာသနာဘောင်ဝင်ရောက်ပြီး ရှင်ရဟန်းပြုလိုက်တဲ့အချိန်အခါမှာ သိက္ခမာန်ဘဝမှာပဲ ဝိပဿနာကမ္မဋ္ဌာန်းတွေကို စနစ်တကျ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လိုက်တဲ့အတွက် အရဟတ္တဖိုလ်ကို ဆိုက်သွားတယ်။

သိက္ခမာန်ဆိုတာကတော့ အိမ်ထောင်မကျဖူးသေးတဲ့ အမျိုးသမီးကို အသက် နှစ်ဆယ်ကျမှ ရဟန်းပြုဖို့ရန် မြတ်စွာဘုရား ခွင့်ပြုထားပါတယ်။ အိမ်ထောင်ကျဖူးတဲ့ အမျိုးသမီး ဖြစ်ခဲ့မယ်ဆိုလို့ရှိရင် တစ်ဆယ့်နှစ်နှစ်ပြည့်တဲ့အချိန်အခါမှာ သိက္ခမာန် နှစ်နှစ် ကျင့်ရတယ်။ ကျင့်ပြီးတဲ့အချိန်အခါမှာ ရဟန်းပြုဖို့ မြတ်စွာဘုရား ခွင့်ပြုထားပါတယ်။ ဒီတော့ သူက အပျိုဖြစ်နေတဲ့အတွက် သိက္ခမာန် နှစ်နှစ် ကျင့်ရမယ်ဆိုတာကတော့ အပျိုဖြစ်ခဲ့ရင် တစ်ဆယ့်ရှစ်နှစ်ပြည့်တဲ့ အချိန်အခါမှာ သိက္ခမာန်ဘဝနဲ့ နှစ်နှစ်ကျင့်ရတယ်။ သိက္ခမာန်ဘဝဆိုတာကတော့ ပါဏာတိပါတာသိက္ခာပုဒ်, အဒိန္နာဒါနသိက္ခာပုဒ်, အဗြဟ္မစရိယသိက္ခာပုဒ်, မုသာဝါဒသိက္ခာပုဒ်, သုရာမေရိယသိက္ခာပုဒ်, ဝိကာလဘောဇနာသိက္ခာပုဒ်။ ဒီသိက္ခာပုဒ် ခြောက်ပါးကို မကျိုးမပေါက် မပျောက်မကြားအောင် နှစ်နှစ်အတွင်းမှာ ကျကျနန ကျင့်ရတယ်။ ကျင့်လိုက်တဲ့အချိန်အခါမှာ သံဃာတော်က ကျေနပ်ခဲ့ရင် နှစ်နှစ်ပြည့်တဲ့အခါ အသက်လည်း နှစ်ဆယ်ပြည့်ပြီဆိုလို့ရှိရင်တော့။ အဲဒီမှာ ရဟန်းပြုဖို့ရန်အတွက် ကမ္မဝါဖတ်ဖို့ရန် မြတ်စွာဘုရား ခွင့်ပြုထားပါတယ်။

ခု သုမေဓာမင်းသမီးက အဲဒီ နှစ်နှစ်တိုင်တိုင် သိက္ခမာန်ဘဝဖြင့် ရှင်သာမဏေ အကြီးစားပေါ့နော်။ သာမဏေမဘဝဖြင့် သာသနာတော်မှာ နေထိုင်စဉ် နှစ်နှစ်အတွင်းမှာပဲ အရဟတ္တမဂ်, အရဟတ္တဖိုလ်ကို ရောက်ရှိသွားတယ်နော်။ အရဟတ္တဖိုလ် ရရှိတဲ့အချိန်အခါမှာ ပဋိသမ္ဘိဒါဉာဏ် လေးပါးနှင့်တကွ အရဟတ္တမဂ်, အရဟတ္တဖိုလ်ကို ရရှိသွားတဲ့အတွက် သံသရာဝဋ်ဆင်းရဲဒုက္ခကြီးမှ လုံးလုံး ကျွတ်လွတ်သွားတယ်။ အဲဒီ ကျွတ်လွတ်သွားတာဟာ ဘာတွေကို အခြေခံသလဲလို့ မေးတော့ ခန္ဓာငါးပါး ရုပ်တရား နာမ်တရား အကြောင်းတရား အကျိုးတရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး သုံးတန်တင်ပြီးတော့ ဝိပဿနာရှုတယ်။

တစ်နည်းအားဖြင့် တောလေးဆယ်ရှုကွက်တွေကို သူက စနစ်တကျ ဝိပဿနာရှုတယ်။ အဲဒီလို ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တဲ့အတွက်ကြောင့် ဒီသုမေဓာမင်းသမီးသည် အရဟတ္တဖိုလ်သို့ ရောက်ရှိသွားပါတယ်။ ဒါကြောင့် ဒီနေ့ တရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့လည်း သုမေဓာမင်းသမီးကို အတုလိုက်ပြီး ကျင့်နိုင်အောင် ဘုန်းကြီး လယ်တီဆရာတော်ဘုရား ဆိုဆုံးမတဲ့ လင်္ကာလေးတစ်ခုဖြင့် တရားသိမ်းဖို့ရန် ရည်ရွယ်ထားပါတယ်။

ဆိုမိန့်ဟုတ်ရာ စဉ်းစားပါလော့၊ ခန္ဓာဘာရ ပဉ္စတကား၊ ယုယခင်မင် စိန်ရွှေဆင်၍၊ ပြုပြင်ပိုက်ထွေး၊ နင်ကျွေးမွေးလည်း၊ အရေးမရောက်၊ သဲရေမှောက်သို့၊ နင့်နောက်မပါ၊ နင်လိုရာကို၊ ဘယ်ခါမလိုက်၊ နင့်အကြိုက်နှင့်၊ တိုက်ရိုက်ဖီလာ၊ ဆန့်ကျင်ပါခဲ့။။

မိမိတို့ရဲ့ ခန္ဓာငါးပါး ရုပ်တရား နာမ်တရားတွေ ပြန်ကြည့်နော်။ စိန်တွေ, ရွှေတွေ, ငွေတွေ ဘယ်လိုပင် ဆင်ပြီးတော့ ပြုပြင်ပိုက်ထွေး ကျွေးမွေးပေမယ့်လို့ မိမိတို့ရဲ့ အကြိုက်အတိုင်း လိုက်ပါနိုင်တဲ့ သဘောတရား ဒီခန္ဓာငါးပါးမှာ မရှိဘူး။

ရုပ်ဝါနုနယ်၊ ရှုစဖွယ်နှင့်၊ တင့်တယ်ရွှန်းစို၊ နင်လှလိုလည်း၊ အအိုစာရင်း၊ သူက သွင်း၏၊။

လှချင်ကြတယ် အားလုံးပဲနော်။ ရုပ်ဝါ နုနုနယ်နယ်လေးနဲ့ တင့်တင့်တယ်တယ် ရွှန်းရွှန်းစိုစိုနဲ့ ဘဝတစ်လျှောက်မှာ အမြဲတမ်း နေထိုင်ချင်တယ်။ ဒါပေမဲ့လို့ နေထိုင်ရသလား? မရဘူးနော်။

ရုပ်ဝါနုနယ်၊ ရှုစဖွယ်နှင့်၊ တင့်တယ်ရွှန်းစို၊ နင်လှလိုလည်း၊ အအိုစာရင်း၊ သူက သွင်း၏၊။ ဘေးကင်းရန်ကွာ၊ လွန်ချမ်းသာ၍၊ မနာရလို၊ တောင်းဆုဆိုလည်း၊ နင့်ကိုမညှာ၊ ဘေးရောဂါနှင့်၊ ခါခါမငဲ့၊ မိတ်ဆွေဖွဲ့၏၊။

ဘေးရန်တွေ ကင်းပါစေ, အိုဘေးဆိုးကြီး ကင်းပါစေ, နာဘေးဆိုးကြီး ကင်းပါစေ, သေဘေးဆိုးကြီး ကင်းပါစေ စသည်ဖြင့် ဘယ်လိုတွေ ကောင်းမှုကုသိုလ်ပြုပြီး ဆုတောင်းနေပေမယ့်လို့ ဒီဘေးရန်တွေက ကင်းသလား? မကင်းဘူး။

ရုပ်ဝါနုနယ်၊ ရှုစဖွယ်နှင့်၊ တင့်တယ်ရွှန်းစို၊ နင်လှလိုလည်း၊ အအိုစာရင်း၊ သူက သွင်း၏၊။ ဘေးကင်းရန်ကွာ၊ လွန်ချမ်းသာ၍၊ မနာရလို၊ တောင်းဆုဆိုလည်း၊ နင့်ကိုမညှာ၊ ဘေးရောဂါနှင့်., ခါခါမငဲ့၊ မိတ်ဆွေဖွဲ့၏၊။ နင်နဲ့တူညီ၊ ချစ်ကြိုးသီသား၊ ပလီပလာ၊ အပြစ်ကွာသည့်၊ ချစ်စွာမယား၊ သမီးသားနှင့်၊ စီးပွားဥစ္စာ၊ ဉာတကာကို၊ ဘယ်ခါမခွဲ၊ အတူတွဲ၍၊ အမြဲပြုံးချို၊ နေရလိုလည်း၊ နင့်ကိုမထောက်၊ နင့်နောက်မလိုက်၊ အပူတိုက်၍၊ နင်ဟိုက်နင်ခွေ၊ နင့်ကိုသေအောင်၊ ကျားမြွေခံတွင်း၊ အစာသွင်းသို့၊ သေမင်းသူ့လက်၊ ပဏ္ဏာဆက်၏၊။

သားတွေ, သမီးတွေ, ဇနီးတွေ, မြေးတွေ, မြစ်တွေ, ပစ္စည်းတွေနှင့် မကွဲမကွာဘဲနဲ့ တစ်သက်လုံး နေချင်သော်လည်း နေရတဲ့သဘော ရှိသလား? မရှိဘူး။

နင့်ကိုမညှာ၊ ဘေးရောဂါနှင့်၊ ခါခါမငဲ့၊ မိတ်ဆွေဖွဲ့၏၊။ နင်နဲ့တူညီ၊ ချစ်ကြိုးသီသား၊ ပလီပလာ၊ အပြစ်ကွာသည့်၊ ချစ်စွာမယား၊ သမီးသားနှင့်၊ စီးပွားဥစ္စာ၊ ဉာတကာကို၊ ဘယ်ခါမခွဲ၊ အတူတွဲ၍၊ အမြဲပြုံးချို၊ နေရလိုလည်း၊ နင့်ကိုမထောက်၊ နင့်နောက်မလိုက်၊ အပူတိုက်၍၊ နင်ဟိုက်နင်ခွေ၊ နင့်ကိုသေအောင်၊ ကျားမြွေခံတွင်း၊ အစာသွင်းသို့၊ သေမင်းသူ့လက်၊ ပဏ္ဏာဆက်၏၊။ လ-ရက်-နှစ်တွေ၊ အသင်္ချေနှင့်၊ လွန်လေဘဝ၊ အနန္တက၊ ဆုံးစမပိုင်၊ ယခုတိုင်အောင်၊ နိုင်နိုင်နင်းနင်း၊ ဉာဏ်မသွင်း၍၊ သေမင်းသူလျို၊ ခန္ဓာကိုယ်ကို မငြိုငြင်ရက်၊ စွဲလမ်းချက်ဖြင့်၊ မြိုက်နက်စွန်ဖျား၊ တောသစ်ကျားကို၊ မယ်ဘွားမိခင်၊ နွားငယ်ထင်သို့၊ အမြင့်မဖြောင့်၊ ဝိပလ်မှောင့်၍၊ တကြောင့်ကြကြ ပြုခဲ့လှပြီ။။

အဲဒီ ခန္ဓာငါးပါးကြီးကို မိမိက တကြောင့်ကြကြနဲ့ ယုယုယယနဲ့ ပြုခဲ့တယ်။ ဒီခန္ဓာငါးပါးက ဘယ်လို သဘောရှိသလဲမေးတော့ သေမင်းရဲ့ သူလျှိုပဲ။ ခန္ဓာငါးပါး ထင်ရှားဧကန် ရှိနေခဲ့ရင် သတ်ခြင်း, ဖြတ်ခြင်းဆိုတဲ့ သဘောတရားတွေလည်း ထင်ရှားပေါ်လာတယ်။ ခန္ဓာငါးပါး ထင်ရှားဧကန် ရှိနေရင် သေခြင်းဆိုတဲ့ သဘောတရားတွေလည်း ထင်ရှားဧကန် ပေါ်လာတယ်။ ခန္ဓာငါးပါး မရှိခဲ့ဘူးဆိုလို့ရှိရင် သတ်ခြင်းဖြတ်ခြင်းဆိုတဲ့ သဘောတရားတွေလည်း ထင်ရှား မရှိနိုင်ဘူး။ သေခြင်းဆိုတဲ့ သဘောတရားလည်း ထင်ရှား မရှိနိုင်ဘူး။

ဒါပေမဲ့လို့ သတ္တဝါတွေအနေနဲ့က ဒီလို သတ်ဖြတ်နေတဲ့ သေနေတဲ့ ခန္ဓာငါးပါးကိုပဲ ဟိုတောနက်နေတဲ့ တောအုပ်တစ်ခုအတွင်း ကျက်စားနေတဲ့ နွားမိုက်မကြီးက မိမိကို အသေသတ်ဖို့ရန် ချောင်းမြောင်းနေတဲ့ သစ်တွေ, ကျားတွေကို မိမိရဲ့ နွားသားငယ်လေး ထင်သလို သတ္တဝါတွေဟာလည်း မိမိကို အသေသတ်နေတဲ့ သေမင်းသူလျိုအဖြစ် တည်နေတဲ့ ဒီခန္ဓာငါးပါးကိုပဲ တယုတယ တကြောင့်ကြကြနဲ့ ပြုစုခဲ့တာ သံသရာတစ်လျှောက် များလှပြီ။

လ-ရက်-နှစ်တွေ၊ အသင်္ချေနှင့်၊ လွန်လေဘဝ၊ အနန္တက၊ ဆုံးစမပိုင်၊ ယခုတိုင်အောင်၊ နိုင်နိုင်နင်းနင်း၊ ဉာဏ်မသွင်း၍၊ သေမင်းသူလျို၊ ခန္ဓာကိုယ်ကို မငြိုငြင်ရက်၊ စွဲလမ်းချက်ဖြင့်၊ မြိုက်နက်စွန်ဖျား၊ တောသစ်ကျားကို၊ မယ်ဘွားမိခင်၊ နွားငယ်ထင်သို့၊ အမြင့်မဖြောင့်၊ ဝိပလ်မှောင့်၍၊ တကြောင့်ကြကြ ပြုခဲ့လှပြီ။။ ဘုရားသာသနာ၊ ခုအခါ၌၊ ပညာစက္ခု၊ ဖန်ဖန်ရှုလော့။။ ဥတုဂိမာန်၊ အချိန်တန်သော်၊ သူရကန်ဝှေ့၊ အပူငွေ့ကြောင့်၊ ရေသွေ့ခန်းငြား၊ အိုင်ပက်ကားဝယ်၊ ကျက်စားနေကြ၊ ငါးမစ္ဆတို့၊ ရေကလည်းနဲ၊ သိန်းစွန်ဝဲ၍၊ ပျော်ပွဲမြူမျှ၊ ရှာမရဘဲ၊ သေကြဖို့သာ၊ နီးကပ်လာသို့။။

နွေကာလ အချိန်အခါ နေကလည်း အပူရှိန် သိပ်ပြင်းလာပြီဆိုရင် အိုင်ငယ်ပက်ကားထဲမှာ ကျက်စားနေတဲ့ ငါးတွေအဖို့ ရေကလည်း နည်းပြီး၊ အပေါ်က သိန်းစွန်တွေကလည်း ဝဲနေပြီဆိုလို့ရှိရင် ပျော်ပွဲရှာလို့ ရနိုင်ပါ့မလား? မရနိုင်ဘူး။ ခုနေအချိန်အခါပေါ့ မိုးဥတုပုံစံလေးနော်။ ရေကလည်း များနေသေးတယ်။ သိန်းစွန်တွေကလည်း မဝဲသေးဘူးဆိုလို့ရှိရင် ဒီအို, နာ, သေရေး ดုက္ခဘေးတွေမှ လွတ်အောင်, ကျွတ်အောင် ရုန်းမယ်ဆိုလို့ရှိရင် အခါအခွင့် မရနိုင်ဘူးလား? ရနိုင်တယ်။ ဒီသဘောလေးကို ဉာဏ်ပညာမျက်စိဖြင့် သေသေချာချာ စေ့စေ့ငုငု ကြည့်ရှုစမ်းပါနော်။

လ-ရက်-နှစ်တွေ၊ အသင်္ချေနှင့်၊ လွန်လေဘဝ၊ အနန္တက၊ ဆုံးစမပိုင်၊ ယခုတိုင်အောင်၊ နိုင်နိုင်နင်းနင်း၊ ဉာဏ်မသွင်း၍၊ သေမင်းသူလျို၊ ခန္ဓာကိုယ်ကို မငြိုငြင်ရက်၊ စွဲလမ်းချက်ဖြင့်၊ မြိုက်နက်စွန်ဖျား၊ တောသစ်ကျားကို၊ မယ်ဘွားမိခင်၊ နွားငယ်ထင်သို့၊ အမြင့်မဖြောင့်၊ ဝိပလ်မှောင့်၍၊ တကြောင့်ကြကြ ပြုခဲ့လှပြီ။။ ဘုရားသာသနာ၊ ခုအခါ၌၊ ပညာစက္ခု၊ ဖန်ဖန်ရှုလော့။။ ဥတုဂိမာန်၊ အချိန်တန်သော်၊ သူရကန်ဝှေ့၊ အပူငွေ့ကြောင့်၊ ရေသွေ့ခန်းငြား၊ အိုင်ပက်ကားဝယ်၊ ကျက်စားနေကြ၊ ငါးမစ္ဆတို့၊ ရေကလည်းနဲ၊ သိန်းစွန်ဝဲ၍၊ ပျော်ပွဲမြူမျှ၊ ရှာမရဘဲ၊ သေကြဖို့သာ၊ နီးကပ်လာသို့။။ သူငါကစ၊ ရှိသမျှလည်း၊ နေ့ညဉ့်မပြတ်၊ အစဉ်စပ်လျက်၊ ဥပါဒ်-ဌီ-ဘင်၊ မပြတ်နှင်လျက်၊ ပျော်ရွှင်စရာ၊ မရှိပါဘဲ၊ ဖျားနာကိုက်ခဲ၊ ရောဂါစွဲ၍၊ သေပွဲသေတမ်း၊ သေစခန်းနှင့်၊ သေလမ်းသို့သာ၊ နီးကပ်လာ၏၊။

တစ်နေ့ တစ်နေ့ သေမယ့်ဘက် နီးလာပြီ။ နီးလာတဲ့အချိန်မှာ ဘာဖြစ်သလဲ?

ငါငါတက်ကြွ၊ မာန်မာနနှင့်၊ လောဘ ဒေါသာ၊ အစဖြာသား၊ ယုတ်မာစွာလှ၊ အဓမ္မကို၊ ဝေးကမလာ၊ ကင်းစင်ကွာအောင်၊ ခါခါမပွား၊ အပျင်းများမူ၊ လေးပါးပါယ်ရွာ၊ နင့်အိမ်သာဟု၊ Sိတ်မှာစွဲကပ်၊ သတ္ထိချပ်လော့။

တရွေ့ရွေ့နဲ့ သေမယ့်ဘက်တော့ နီးလာပြီ။ နီးလာတဲ့အချိန်အခါမှာ သတ္တဝါတွေက ငါငါတက်ကြွ မာန်မာန အစရှိတဲ့ လောဘ, ဒေါသ, မောဟ, မာန်မာန, ဣဿာ, မစ္ဆရိယ အစရှိတဲ့ တရားဆိုးတွေကို ကုန်ခန်းသွားအောင် သမထ-ဝိပဿနာဘာဝနာဆိုတဲ့ ကျင့်စဉ်တွေကို စနစ်တကျ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်မှု မရှိခဲ့ဘူးဆိုရင် ဘာဖြစ်မလဲ?

လေးပါးပါယ်ရွာ၊ နင်အိမ်သာဟု၊ စိတ်မှာစွဲကပ်၊ သတိချပ်လော့။

အပါယ်လေးဘုံဟာ ကိုယ့်အိုး ကိုယ့်အိမ်, နင့်အိုး နင့်အိမ် ဒီလိုသာ မှတ်ထားပေတော့။ ဘာဖြစ်လို့လဲ? ဒီကိလေသာတရားဆိုးတွေက သတ္တဝါတစ်ဦး သေကျေ ပျက်စီးပြီဆိုလို့ရှိရင် အပါယ်သံသရာ ရောက်အောင် ပို့ဆောင်ပေးမယ့် စွမ်းအင် အပြည့်အဝရှိနေတဲ့ တရားဆိုးတွေ ဖြစ်နေတယ်။ ဒါကြောင့် —

ကြုံခဲလှစွာ၊ သာသနာနှင့်၊ နင့်မှာမရွေ့၊ ယခုတွေ့ပြီ၊ မေ့မေ့မူးမူး နင်မရူးနှင့်၊ ဆီးဦးထောပတ်၊ ရသာဓာတ်ကို၊ အမြတ်တစ်ခုမှတ်မရှုဘဲ၊ ရွာသူဝက်မိုက် မစင်ကြိုက်သို့၊ အမြိုက်တရား၊ နင်ရှောင်ရှား၍၊ ငါးပါး-အာရုံ၊ မစင်ပုံကို စုံစုံမက်မက်၊ မနှစ်သက်နဲ့။

ကာမဂုဏ်ဆိုတာက မစင်ပုံကြီး။ တစ်ဖက်က မသေရာ အမြိုက်နိဗ္ဗာန်တရားတော်မြတ်ကြီး ရှိတယ်နော်။ ခုလို ကြုံခဲလှတဲ့ သာသနာတော်နဲ့ တွေ့ခိုက် ကြုံခိုက်လေးမှာ အာရုံငါးပါး ကာမဂုဏ်တရားလို့ ခေါ်ဆိုအပ်တဲ့ ဒီမစင်ပုံကြီးကို လှမ်းပြီးတော့ မက်မောမနေပါနဲ့။ မသေရာ အမြိုက်နိဗ္ဗာန်တရားတော်မြတ်ကြီး ထင်ရှားဧကန် ရှိနေသည်ဖြစ်ပါလျက် မသေရာ အမြိုက်နိဗ္ဗာန်ကြီးကို မက်မောမှုမရှိဘဲ အာရုံငါးပါး ကာမဂုဏ်တရားလို့ခေါ်ဆိုအပ်တဲ့ ဒီမစင်ပုံကြီးကို မက်မောနေခဲ့မယ်ဆိုလို့ရှိရင် ဘာဖြစ်မလဲ?

လေးပါးပါယ်ရွာ၊ နင့်အိမ်သာဟု၊ စိတ်မှာစွဲကပ်၊ သတိချပ်လော့။

အပါယ်လေးပါးသည် ကိုယ့်အိုးကိုယ့်အိမ်, နင့်အိုးနင့်အိမ် ဒီလို စိတ်ထဲမှာ မှတ်ထားပါ။ ဒါကြောင့် —

ကြုံခဲလှစွာ၊ သာသနာနှင့်၊ နင့်မှာမရွေ့၊ ယခုတွေ့ပြီ၊ မေ့မေ့မူးမူး၊ နင်မရူးနှင့်၊ ဆီဦးထောပတ်၊ ရသာဓါတ်ကို၊ အမြတ်တစ်ခု၊ မှတ်မရှုဘဲ၊ ရွာသူ့ဝက်မိုက်၊ မစင်ကြိုက်သို့၊ အမြိုက်တရား၊ နင်ရှောင်ရှား၍၊ ငါးပါး-အာရုံ၊ မစင်ပုံကို၊ စုံစုံမက်မက်၊ မနှစ်သက်နှင့်၊ ထက်မြက်အဖျား၊ သင်တုန်းသွားဝယ်၊ ပျားသဖွယ်သို့၊ ဉာဏ်ကျယ်သလောက်၊ အပြစ်ကောက်၍။

မနေ့က ဟောခဲ့တဲ့ သုမေဓာထေရီ ပြောတဲ့အတိုင်း အင်မတန် ထက်မြက်နေတဲ့ သင်တုန်းဓားအပေါ်မှာ ပျားရည်လေးတစ်စက် တင်ထားလို့ရှိရင် ဒီပျားရည်ကို သွားလျက်မိမယ်ဆိုရင် သာယာဖွယ်လေးက နည်းနည်းလေးရယ်၊ ဆင်းရဲဒုက္ခတွေက သိပ်အများကြီး ရောက်သွားမယ်နော်။ အဲဒီပုံစံအတိုင်းပဲ။

ထက်မြက်အဖျား၊ သင်တုန်းသွားဝယ်၊ ပျားသဖွယ်သို့၊ ဉာဏ်ကျယ်သလောက်၊ အပြစ်ကောက်၍၊ တောင်ချောက်မြိုင်ကြား၊ သမင်များကို၊ သစ်ကျားပုန်းအောင်း၊ အရချောင်းသို့။

တောထဲ တောင်ထဲမှာ သစ်တွေ, ကျားတွေကလည်း သားသမင်ကို ဖမ်းချင်တယ်ဆိုရင် တစ်နေရာကနေ ချောင်းပြီး ဖမ်းရတယ်။ အဲဒီ ပုံစံအတိုင်းပဲနော်။

တောင်ခေါင်းရိပ်မြှောင်၊ သင်္ခမ်းချောင်ဝယ်၊ တိမ်းရှောင်တစ်ကိုယ်၊ တော-တောဆို၍၊ မဂ်ဖိုလ်မနှောင်း၊ အရချောင်းမှ၊ အပေါင်းဒုက္ခ၊ ကင်းလွတ်ရဟု၊ ဗုဒ္ဓရွှေနှုတ်၊ ကြာကမုခ်မှ၊ လှစ်ထုတ်မြွက်ကြား၊ မိန့်တော်ထားသည်၊ နင်ကား နင့်တွက် ကျင့်တော့တည်း။

တောကျောင်း တောင်ကျောင်း, တောထဲတောင်ထဲ သွားပြီးတော့ တစ်ကိုယ်ရေ တစ်ကာယ နေထိုင်ပြီးတော့ တော-တောဆိုပြီးတော့ နေပါ။ တော-တောဆိုတာ ဘာလဲ? အနိစ္စတော, ဒုက္ခတော, ရောဂတော, ဂန္ဓတော, သလ္လတော, အဃတော, အာဘာဓတော။ ခုနက သုမေဓာထေရီ ဟောတဲ့ တောတွေနော်။ အနိစ္စလို့ ဒီရုပ်တွေ, နာမ်တွေ, ဒီခန္ဓာငါးပါးတွေ သိမ်းဆည်းပြီးတော့ အကြောင်းတရားနဲ့တကွ ဒီခန္ဓာငါးပါးတွေကို အနိစ္စလို့ ရှုပါ, ဒုက္ခလို့ ရှုပါ, အနတ္တလို့ ရှုပါ, အသုဘလို့ ရှုပါ။ အဲဒီလို တောလေးဆယ်ရှုကွက်ဆိုတာ ရှိပါတယ်နော်။

အဲဒီလို ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ ရှုပါ။ အဲဒီလို ရှုမှသာလျှင် ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်မယ်လို့ မြတ်စွာဘုရား ကိုယ်တော်တိုင်က နှုတ်ထွက်ပြီးတော့ ဟောကြားထားပါတယ်။ အဲဒီ ဟောကြားထားတဲ့အတိုင်း ဒီနေ့ သူတော်ကောင်းတွေလည်း သုမေဓာထေရီမ ဘိက္ခုနီမကို အတုလိုက်ပြီးတော့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ကြပါစေလို့ တိုက်တွန်းရင်းနဲ့ တရားသိမ်းကြရအောင်နော်။

တရားဒေသနာတော်နိဂုံး

‘‘ဟိတွာ ကာမေ ပဗ္ဗဇိံသု၊ သန္တော ဂမ္ဘီရစိန္တကာ။ တေ တုမှေပိ အနုသိက္ခာဝှေါ၊ ပဗ္ဗဇိတာ သုပေသလာ။’’

သန္တော၊ ဘုရားအလျာ ပစ္စေကာနှင့် အရိယာနွယ်လောင်းဟို တို့ရှေ့က သူတော်ကောင်းတို့သည်။
ဂမ္ဘီရစိန္တကာ၊ နက်နဲသည့် ဓာတ်သဘောတွေကို နက်နဲစွာကြံဆင် အကြံကောင်း ဝင်တော်မူကြကုန်သည်ဖြစ်၍။
ကာမေ၊ ရှေးက ပြုဖန် ကုသိုလ်ကံတို့ စီမံထောက်မ လက်ရောက်ရသား များလှဇနီးသည် ကြီးကြီးငယ်နှင့် နှီးနွယ်ရောယူ ကိုယ်တော်တို့ပိုင်သသည့် ကာမဝတ္ထု အစုစုတို့ကို။
ဟိတွာ၊ ငါတို့ပိုင်ငြား ဤကာမတရားတို့သည် အများနှင့်ဆက်ဆံ ဘေးတွေက ဝန်းခြံ၊ ရန်တွေက မြောက်မြား တကယ်ကို ကြောက်လန့်ဖွယ်တွေပါတကားဟု ကြောက်အားတော်ဉာဏ်ကြွယ် လွတ်လွတ်ကြီး စွန့်ပယ်တော်မူကြကုန်သည် ဖြစ်၍။
ပဗ္ဗဇိံသု၊ ဃရာဝါသ သမ္ဗာဓဟု ကိစ္စများမြောင် လူတို့ဘောင် ဝဋ်နှောင်ကို လွတ်အောင်ကြုံးလျက် ရုန်းကန်ထွက်၍ နှစ်သက်ရွှင်လန်း ရှင်ရဟန်းပြု၍ တောထွက်တော်မူကြလေပြီ။
တုမှေပိ၊ မြတ်နေက္ခမ္မ ဓာတ်အာသယဟု ဆန္ဒကိန်းအောင်း သင်သူတော်ကောင်းတို့သည်လည်းပဲ။
ပဗ္ဗဇိတာ၊ ဝတ္ထုကာမဟူသမျှမှ မရအရ ကြုံးလျက် ရုန်းကန်ထွက်ကြကုန်သည်ဖြစ်၍။
သုပေသလာ၊ စာမရီသား မြီးဖျားခုံမင် ပုံအသွင်သို့ ချစ်ခင်လေးမြတ် နှစ်သက်အပ်သော သီလ ကိုယ်စီကိုယ်င ရှိကြကုန်သည်ဖြစ်၍။
တေ၊ ထိုဘုရားအလျာ ပစ္စေကာနှင့် အရိယာအနွယ်လောင်း ဟို ... တို့ရှေ့က သူတော်ကောင်းတို့ကို။
အနုသိက္ခာဝေါ၊ အတုလိုက်ကာ ကျင့်တတ်ရာကို ကျင့်ကာမသွေ အားထုတ်နိုင်ကြပါစေကုန်သတည်း။

သာဓု သာဓု သာဓုပါဘုရား ...။

ဖားအောက်တောရဆရာတော်
စိတ္တလတောင်ကျောင်း
cnnpcuxi1vpgsyrpvtgsugv4gtou3es