ဝီကီရင်းမြစ် mywikisource https://my.wikisource.org/wiki/%E1%80%97%E1%80%9F%E1%80%AD%E1%80%AF%E1%80%85%E1%80%AC%E1%80%99%E1%80%BB%E1%80%80%E1%80%BA%E1%80%94%E1%80%BE%E1%80%AC MediaWiki 1.47.0-wmf.6 first-letter မီဒီယာ အထူး ဆွေးနွေးချက် အသုံးပြုသူ အသုံးပြုသူ ဆွေးနွေးချက် ဝီကီရင်းမြစ် ဝီကီရင်းမြစ် ဆွေးနွေးချက် ဖိုင် ဖိုင် ဆွေးနွေးချက် မီဒီယာဝီကီ မီဒီယာဝီကီ ဆွေးနွေးချက် တမ်းပလိတ် တမ်းပလိတ် ဆွေးနွေးချက် အကူအညီ အကူအညီ ဆွေးနွေးချက် ကဏ္ဍ ကဏ္ဍ ဆွေးနွေးချက် မုခ်ဝ မုခ်ဝ ဆွေးနွေးချက် စာရေးသူ စာရေးသူ ဆွေးနွေးချက် ဘာသာပြန် ဘာသာပြန် ဆွေးနွေးချက် စာမျက်နှာ စာမျက်နှာ ဆွေးနွေးချက် အညွှန်း အညွှန်း ဆွေးနွေးချက် TimedText TimedText talk မော်ဂျူး မော်ဂျူး ဆွေးနွေးချက် Event Event talk နန္ဒကောဝါဒသုတ် 0 6341 22052 2026-06-11T17:29:17Z Tejinda 173 "{{header | title = နန္ဒကောဝါဒသုတ် | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = [[သမစိတ္တသုတ်]] | p..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 22052 wikitext text/x-wiki {{header | title = နန္ဒကောဝါဒသုတ် | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = [[သမစိတ္တသုတ်]] | previous2 = | next = [[မာတိကမာတာသုတ်]] | next2 = | year = | notes = | edition = | categories = ဖားအောက်တောရ | shortcut = | portal = }}
နန္ဒကောဝါဒသုတ္တန်

ပထမပိုင်း

၁၃၄၇ ခုနှစ်၊ ဒုတိယဝါဆိုလကွယ်နေ့ မုဒုံမြို့ ကံကြီးစေတီတော် ဝင်းအတွင်းရှိ ဓမ္မာရုံ၌ ဓမ္မပူဇာအဖြစ်ဖြင့် ဟောကြားအပ်သော မဇ္ဈိမနိကာယ်အဝင်အပါ ဥပရိပဏ္ဏာသပါဠိတော်၌လာရှိသော နန္ဒကောဝါဒသုတ္တန် တရားဒေသနာတော်။ ဒီနှစ်ဝါတွင်း ဒီမှာတရားဟောဖို့ရန်အတွက်နဲ့ ပတ်သက်လို့ ကံကြီးစေတီတော်ရဲ့ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဆရာကြီးဦးမြင့်က သူ မကွယ်လွန်မီမှာပဲ ဂေါတမီသုတ္တန်ကိုပဲဖြစ်စေ သို့မဟုတ် နန္ဒကောဝါဒသုတ္တန်ကိုပဲဖြစ်စေ တစ်ခုခုကို တစ်ရက်နဲ့အပြီး အကျဉ်းချုပ်ပြီး ဟောပေးပါဆိုပြီး လျှောက်ခိုင်းသည့်အကြောင်း တပည့်ဖြစ်သူ ဂေါပကအဖွဲ့ဝင် ဒကာကြီးများက လာရောက်ပြီး လျှောက်ထားကြတယ်။

လျှောက်ထားတော့ ဒီသုတ္တန် နှစ်ခုက တစ်ခုဟောရင် တစ်ခုက ကွင်းဆက်ဖြစ်နေတော့ နှစ်ခုလုံး ဟောနိုင်မှလည်း ပိုပြီး ကောင်းမှာ ဖြစ်တဲ့အတွက် သုတ္တန် နှစ်ခုကိုပဲ အကျဉ်းချုပ်နိုင်သမျှ အကျဉ်းချုပ်ပြီး ခပ်တိုတိုဟောဖို့ ဦးပဉ္စင်း ရည်ရွယ်ထားပါတယ်။ ဒကာကြီးဦးမြင့်ရဲ့ ဆန္ဒလည်း ပြည့်ဝသွားအောင်ပဲ။ အဲဒီလို အကျဉ်းချုပ် ဟောတဲ့နေရာမှာ အချက်အလက် စုံစုံစိစိ ပါချင်မှ ပါမယ်။ လိုနေခဲ့မယ်ဆိုရင်တော့ အချိန် တိုတောင်းမှုကြောင့်လို့ အာရုံယူပါနော်။

နောက်တစ်ခုကတော့ အလွန် ရှည်လျားလှတဲ့ အကြောင်းအရာ နှစ်ခုမှာ တစ်နေ့တည်းနဲ့အပြီး ဟောရမှာဖြစ်တော့ တရားအနည်းငယ် ရှည်ချင်လည်း ရှည်သွားမယ်။ တရားအကယ်၍များ ရှည်သွားရင် ဒကာကြီးတွေ ဒကာမကြီးတွေ နာနိုင်ကြပါ့မလား? ကဲ နာနိုင်တယ်ဆိုရင်လည်း ဟောကြရအောင်နော်။

ဂေါတမီသုတ္တန်ကတော့ ဘိက္ခုနီသာသနာ စတင်ဖြစ်ပေါ်လာပုံ အကြောင်းအရာတွေကို ဖော်ပြတဲ့ သုတ္တန်တစ်ခုဖြစ်တယ်။ နန္ဒကောဝါဒသုတ္တန်ကတော့ ဘိက္ခုနီသာသနာကို စတင် တည်ထောင် သွားတော်မူကြတဲ့ ဘိက္ခုနီမရဟန်းမ ငါးရာတို့၏ မဂ်ဖိုလ်နိဗ္ဗာန် တရားထူး တရားမြတ် ရပုံကို အသေးစိတ် ဖော်ပြတော်မူတဲ့ သုတ္တန်တစ်ခု ဖြစ်ပါတယ်နော်။ နန္ဒကောဝါဒသုတ္တန်ကို ပြည့်တယ်ပြီးတော့ တရား စတင်ကြရအောင်။ တရားမစမီမှာ တရားပိုင်ရှင် ဖြစ်တော်မူသော မြတ်စွာဘုရားအား ရှေးဦးစွာ ရှိခိုးကန်တော့ကြရအောင် ...။

‘‘ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။’’

ဧကံ သမယံ၊ အခါတစ်ပါး၌။ ဘဂဝါ၊ ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်သည်။ သာဝတ္ထိယံ၊ သာဝတ္ထိမြို့၏ အနီး၌။ အနာထပိဏ္ဍိကဿ၊ အနာထပိဏ်ကျောင်းဒါယကာ၏၊ အာရာမေ၊ အာရာမ်ဖြစ်သော။ ဇေတဝနေ၊ ဇေတဝန်ကျောင်းတိုက်တော်၌။ ဝိဟရတိ၊ သီတင်းသုံးစံနေတော်မူဆဲ ဖြစ်ပေ၏၊

နန္ဒကောဝါဒသုတ္တန် ဖြစ်ပေါ်လာတော်မူတဲ့အချိန် ရှင်အာနန္ဒာမထေရ်မြတ်က သတ်မှတ်ပြီး ပေးတော်မူလိုက်တယ်။ မြတ်စွာဘုရား သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်းတိုက်၌ သီတင်းသုံးတော်မူခိုက် ဖြစ်တယ်။ ဘာဖြစ်လာသလဲ?

‘‘အထ ခေါ မဟာပဇာပတိဂေါတမီ ပဉ္စမတ္တေဟိ ဘိက္ခုနိသတေဟိ သဒ္ဓိံ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ အဋ္ဌာသိ။ ဧကမန္တံ ဌိတာ ခေါ မဟာပဇာပတိဂေါတမီ ဘဂဝန္တံ ဧတဒဝေါစ – ဩဝဒတု, ဘန္တေ, ဘဂဝါ ဘိက္ခုနိယော၊ အနုသာသတု, ဘန္တေ, ဘဂဝါ ဘိက္ခုနိယော၊ ကရောတု, ဘန္တေ, ဘဂဝါ ဘိက္ခုနီနံ ဓမ္မိံ ကထံ။’’

အထ၊ ထိုအခါ၌။ မဟာပဇာပတိဂေါတမီ၊ မဟာပဇာပတိဂေါတမီသည်။ ပဉ္စမတ္တေဟိ ဘိက္ခုနိသတေဟိ၊ ငါးရာအတိုင်းအရှည် ရှိကြကုန်သော ဘိက္ခုနီရဟန်းမတို့နှင့်။ သဒ္ဓိံ၊ အတူတကွ။ ယေန၊ အကြင်အရပ်၌။ ဘဂဝါ၊ ဘုန်းတော်ခြောက်ပါးသခင်ဘုရားရှင်သည်။ အတ္ထိ၊ ရှိတော်မူပေ၏၊ တေန၊ ထိုဘုရားရှင် ရှိတော်မူရာအရပ်သို့။ ဥပသင်္ကမိ၊ အနီးအကပ် ချဉ်းကပ်ခဲ့လေပြီ။ ဥပသင်္ကမိတွာ၊ အနီးအကပ် ချဉ်းကပ်ပြီး၍။ ဘဂဝန္တံ၊ ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်ကို။ အဘိဝါဒေတွာ၊ ရှိခိုးပြီး၍။ ဧကမန္တံ၊ အပြစ် ခြောက်ပါး လွတ်၍ သင့်တင့်လျောက်ပတ်သော တစ်ခုသောအရပ်၌။ အဋ္ဌာသိ၊ မတ်တပ်ရပ်ကာ တည်နေတော်မူသည်။ ဧကမန္တံ၊ အပြစ် ခြောက်ပါး လွတ်၍ သင့်တင့်လျောက်ပတ်သော တစ်ခုသောအရပ်၌။ ဌိတာ၊ ရပ်သည်ရှိသော်။ မဟာပဇာပတိဂေါတမီ၊ မဟာပဇာပတိဂေါတမီသည်။ ဘဂဝန္တံ၊ ဘုန်းတော် ခြောက်စုံ တန်ခိုးဂုဏ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို။ ဘန္တေ၊ မြတ်စွာဘုရား ...။ ဘိက္ခုနိယော၊ ဘိက္ခုနီရဟန်းမတို့အား။ ဩဝဒတု၊ ဆိုဆုံးမတော်မူပါဘုရား။ အနုသာသတု၊ တားမြစ်တော်မူပါဘုရား။ ဘိက္ခုနီနံ၊ ဘိက္ခုနီရဟန်းမတို့အား။ ဓမ္မိံ ကထံ၊ တရားနှင့် လျော်သောစကားကို။ ကရောတု၊ ဟောကြားပြသ ဆိုဆုံးမတော်မူပါဘုရား။ ဣတိ၊ ဤသို့။ အဝေါစ၊ လျှောက်ထားတော်မူလေပြီ။

မြတ်စွာဘုရား ဇေတဝန်ကျောင်းတိုက်မှာ သီတင်းသုံးတော်မူခိုက် ဘိက္ခုနီရဟန်းမ ငါးရာကို ခေါ်ဆောင်လျက် မိထွေးတော်ဂေါတမီက ဘုရားရှင်ထံသွား ချဉ်းကပ်ပြီး ရိုသေစွာ ရှိခိုးပြီး သင့်တင့်လျောက်ပတ်တဲ့ တစ်နေရာမှာ မတ်တပ်ရပ်လိုက်တယ်။ မတ်တပ်ရပ်ပြီးတဲ့ အခါကျတော့မှ မြတ်စွာဘုရား ... ဘိက္ခုနီမတို့အား အဆုံးအမ ဩဝါဒပေးတော်မူပါ။ ဘိက္ခုနီမတို့ကို ကံမြစ်တော်မူပါ။

ဩဝါဒ အဆုံးအမဆိုတာက တစ်ကြိမ်တစ်ခါ ဆိုဆုံးမတာကို ဩဝါဒ၊ ထပ်ခါထပ်ခါ ဆိုဆုံးမနေတာကို အနုသာသနီလို့ ဒီလိုလည်း တစ်မျိုး ဖွင့်တယ်။ နောက်တစ်မျိုးကတော့ တရားနည်းလမ်းပြပြီး ကောင်းမွန်စွာ ဆိုဆုံးမတာကို ဩဝါဒ၊ အပြစ်ကို ဖော်ပြပြီး ဒီအပြစ်လုပ်ရင် ဒီလို မကောင်းတဲ့အကျိုး ရရှိတယ် စသည်ဖြင့် အပြစ်တွေကို ဖော်ပြပြီး ထိုအပြစ်တွေကို တားမြစ်တာကို ကံမြစ်တယ် ခေါ်တယ်။ အဲဒီလို ကံမြစ်တဲ့ အဆုံးအမမျိုးကို အနုသာသနီလို့ ဒီလိုလည်း ဖွင့်တယ်။

ဒီတော့ ဆိုဆုံးမတော်မူပါဘုရား။ ထပ်ခါထပ်ခါလည်း ဆိုဆုံးမတော်မူပါဘုရား။ တရားနဲ့လျော်တဲ့ တရားနဲ့လျှောက်ပတ်တဲ့ အဆုံးအမတွေလည်း ပေးတော်မူပါ။ တရားနဲ့မလျော်တဲ့ အပြစ်တွေကိုလည်း ဖော်ပြပြီးတော့ ကံမြစ်တော်မူပါလို့ ဒီလို လျှောက်ထားတယ်နော်။ တရားနဲ့ လျော်တဲ့ စကားတွေကို ဆိုဆုံးမဖို့ ဘိက္ခုနီမ ငါးရာတို့အား ဆိုဆုံးမဖို့ရန်အတွက် မိထွေးတော်ဂေါတမီကြီးက မြတ်စွာဘုရားအား လျှောက်ထား တောင်းပန်တယ်။

ဒီနေရာမှာ ဒီဘိက္ခုနီမ ငါးရာက ဘယ်လိုပုဂ္ဂိုလ်တွေလဲ? ဒီစကားလေးပြောဖို့လည်း တစ်ချက်လိုလာတယ်နော်။ ဒီဘိက္ခုနီမ ငါးရာ အကြောင်းကို ဂေါတမီသုတ္တန်နဲ့ ဆက်စပ်ပြီးတော့ အတိုချုပ်ပြီးတော့ ဦးပဉ္စင်း နည်းနည်း ပြောမယ်။ ဦးပဉ္စင်းတို့ မြတ်စွာဘုရား တစ်ဝါ ရတော်မူပြီးတဲ့နောက် အင်္ဂတိုင်း, မဂဓတိုင်း အဝင်အပါ ရဟန္တာပေါင်းက တစ်သောင်း၊ ကပိလဝတ်နေပြည်တော်သား ရဟန္တာပေါင်း နှစ်သောင်း ခြံရံပြီးတော့ တပေါင်းလပြည့်နေ့မှာ တောလမ်းခရီးဖြင့် ကပိလဝတ် နေပြည်တော်သို့ သုဒ္ဓေါဒနမင်းကြီးရဲ့ ပင့်လျှောက်ချက်အရ ခရီးဒေသစာရီ ကြွချီတော်မူခဲ့ပါတယ်။

ကဆုန်လပြည့်နေ့ ကပိလဝတ်နေပြည်တော်သို့ ဆိုက်ရောက်တယ်။ ကပိလဝတ်နေပြည်တော်မှာ မြတ်စွာဘုရား ခုနစ်ရက်ခန့် သီတင်းသုံးတော်မူပါတယ်။ ထို ခုနစ်ရက်အတွင်း ကျွတ်သင့်ကျွတ်ထိုက်တဲ့ သတ္တဝါတွေကို ချေချွတ်တော်မူလိုက်တာ မဟာပဇာပတိဂေါတမီ သောတာပန် တည်သွားတယ်။ ခမည်းတော်သုဒ္ဓေါဒနမင်းကြီးလည်း အနာဂါမိဖိုလ်အထိ ဆိုက်သွားပါတယ်။ သောတာပန်တည်နေပြီးဖြစ်တဲ့ မိထွေးတော် ဂေါတမီက တစ်ချိန် မြတ်စွာဘုရားထံ ချဉ်းကပ်ပြီးတော့ သူက ဘာလျှောက်ထားလဲ?

‘‘သာဓု, ဘန္တေ, လဘေယျ မာတုဂါမော တထာဂတပ္ပဝေဒိတေ ဓမ္မဝိနယေ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇ္ဇံ’’

ဘန္တေ၊ မြတ်စွာဘုရား ...။ သာဓု၊ တောင်းပန်ပါ၏၊ မာတုဂါမော၊ မာတုဂါမ မင်းမိန်းမသည်။ တထာဂတပ္ပဝေဒိတေ၊ ရှင်တော်ဘုရား ဟောကြားပြသ ဆိုဆုံးမတော်မူအပ်တဲ့။ ဓမ္မဝိနယေ၊ ဓမ္မဝိနယ သာသနာတော်မြတ်အတွင်း၌။ အဂါရသ္မာ၊ အိမ်ရာတည်ထောင် လူ့ဘောင်မှ။ နိက္ခမိတွာ၊ ရှောင်ခွာ၍။ အနဂါရိယံ၊ အိမ်ရာ မထောင်တဲ့ ရဟန်းဘောင်ကို။ ပဗ္ဗဇ္ဇံ၊ ဝင်ရောက်၍ ရှင်ရဟန်းပြုခြင်းကို။ လဘေယျ၊ အခွင့်ရစေချင်ပါ၏ မြတ်စွာဘုရား ...။

မြတ်စွာဘုရား ... မာတုဂါမ မင်းမိန်းမတွေ ဘုရားရှင် ဟောကြားပြသ ဆိုဆုံးမတော်မူအပ်တဲ့ ဓမ္မဝိနယသာသနာတော်တွင်းမှာ အိမ်ရာတည်ထောင် လူ့ဘောင်ကို စွန့်ခွာပြီး အိမ်ရာ မထောင်တဲ့ ရဟန်းဘောင်သို့ ဝင်ရောက်၍ ရှင်ရဟန်းပြုဖို့ရန်အတွက် အခွင့် ရစေချင်ပါတယ်။ ခွင့်ပြုတော်မူပါ မြတ်စွာဘုရားလို့ဆိုပြီး လျှောက်ထားတယ်။ ဒီလို လျှောက်ထားလိုက်တဲ့အချိန် မြတ်စွာဘုရားက မိထွေးတော်ဂေါတမီအား ဘာအမိန့်ရှိသလဲ?

‘‘အလံ, ဂေါတမိ, မာ တေ ရုစ္စိ မာတုဂါမဿ တထာဂတပ္ပဝေဒိတေ ဓမ္မဝိနယေ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇ္ဇံ’’

ဂေါတမိ၊ ဂေါတမီ ...။ အလံ၊ မသင့်တော်ချေ။ တေ၊ သင့်အား။ မာတုဂါမဿ၊ မာတုဂါမ မင်းမိန်းမသည်။ တထာဂတပ္ပဝေဒိတေ၊ ရှင်တော်ဘုရား ဟောကြားပြသ ဆိုဆုံးမတော်မူအပ်တဲ့။ ဓမ္မဝိနယေ၊ ဓမ္မဝိနယ သာသနာတော်မြတ်အတွင်း၌။ အဂါရသ္မာ၊ အိမ်ရာတည်ထောင် လူ့ဘောင်မှ။ နိက္ခမိတွာ၊ ရှောင်ခွာ၍။ အနဂါရိယံ၊ အိမ်ရာမထောင်တဲ့ ရဟန်းဘောင်သို့။ ပဗ္ဗဇ္ဇံ၊ ဝင်ရောက်၍ ရှင်ရဟန်းပြုခြင်းကို။ မာ ရုစ္စိ၊ မနှစ်သက်ပါလင့်။

မတော်ဘူး ဂေါတမီ ... မာတုဂါမ မင်းမိန်းမတွေ ငါဘုရား ဟောကြားပြသ ဆိုဆုံးမတော်မူအပ်တဲ့ ဓမ္မဝိနယသာသနာတွင်း ဝင်ရောက်ပြီးတော့ အိမ်ရာတည်ထောင် လူ့ဘောင်မှ ရှောင်ခွာပြီး အိမ်ရာ မထောင်တဲ့ ရဟန်းဘောင် ဝင်ရောက်ပြီး ရှင်ရဟန်းပြုဖို့ရန်အတွက် သင် မနှစ်သက်ပါနဲ့ဆိုပြီး မြတ်စွာဘုရား ပယ်မြစ်တော်မူပါတယ်။ ဒုတိယအကြိမ် လျှောက်တယ် ပယ်မြစ်တယ်။ တတိယအကြိမ် လျှောက်တယ် ပယ်မြစ်တယ်။ သုံးကြိမ်တိုင်တိုင် လျှောက်ထားသော်လည်း မြတ်စွာဘုရားက ပယ်မြစ်တော်မူလိုက်တဲ့အတွက် မိထွေးတော်ဂေါတမီသည် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်ခါ မျက်ရည်ဖြင့်ပြည့်သော မျက်နှာဖြင့် မြတ်စွာဘုရားအား ရိုသေစွာ ရှိခိုးကန်တော့ပြီး ထွက်ခွာသွားခဲ့ရတယ်။

သုံးကြိမ်တိုင်တိုင် တောင်းပန်သော်လည်း မြတ်စွာဘုရားသည် ခွင့်မပေးခဲ့ဘူး။ ဘာကြောင့် ခွင့်မပေးရသလဲဆိုတော့ အကြောင်းရှိတယ်။ လွယ်လွယ်ကူကူလေးနဲ့ ခွင့်ပြုလိုက်မယ်ဆိုလို့ရှိရင် ခပ်ပေါ့ပေါ့ဆဆနဲ့ ရဟန်းတရားတွေကို ကျင့်ကြံကြိုးကုတ်ပွားများ အားထုတ်ကြမယ်။ ပင်ပင်ပန်းပန်း, ဆင်းဆင်းရဲရဲ, ငြိုငြိုငြင်ငြင်, ခဲခဲယဉ်ယဉ်းနဲ့ တောင်းပန်မှ ရရှိတဲ့ တောင်းပန်မှ ခွင့်ပြုလိုက်ခဲ့မယ်ဆိုရင် ခဲခဲယဉ်ယဉ်းရထားတဲ့ ထိုရဟန်းဘဝကို ရိုရိုသေသေ မြတ်မြတ်နိုးနိုး လေးလေးစားစားနဲ့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်မယ်လို့ မြတ်စွာဘုရားက မြင်တော်မူတယ်။ ဒီမြင်တော်မူသည့်အတွက် မြတ်စွာဘုရားက လွယ်လွယ်ကူကူနဲ့ ခွင့်မပြုခြင်း ဖြစ်တယ်။

ဘယ်နဲ့ ဒကာစံမြင့် ဒီစကား လက်ခံနိုင်လား? ဒီဘက်မုဒုံတော့ မပြောတတ်ဘူး။ ဖားအောက်တော့ ပြောရဦးမယ်နော်။ နွေရာသီ ရောက်လာပြီဆိုရင် ဒုလ္လဘသီလရှင်ဆိုလား ဘာဆိုလား? ပေါ်လာပြီ။ တချို့တချို့တွေက ဘာတဲ့လဲ? သူတို့ဘက် ဝေါဟာရနဲ့ပြောရင် တချို့ကလည်း ရေပက်မီတဲ့။ တချို့ကလည်း ရိုးဂိုးမီတဲ့။ အကယ်၍များ ဟိုရိုးဂိုးက အသံလေး ပေးလိုက်ပြီဆိုလို့ရှိရင် လှုပ်ပြီ။ ဘယ်လိုမှ တချို့ ချော့လို့ မရချင်ဘူး ဟုတ်တယ်မဟုတ်လား? ဝင်ရောက်လာတာက ခပ်လွယ်လွယ်လေး ဝင်လို့ရတဲ့အတွက် ထွက်သွားတော့လည်း လွယ်လွယ်ပဲ။ သီလကျင့်စဉ်တွေကို ရိုရိုသေသေကျင့်ဖို့, သမာဓိကျင့်စဉ်တွေကို ရိုရိုသေသေ လေးလေးစားစားကျင့်ဖို့, ပညာကျင့်စဉ်တွေကို ရိုရိုသေသေ လေးလေးစားစားကျင့်ဖို့ တိုက်တွန်းသော်လည်း တိုက်တွန်းလို့ မရကြဘူး။ ခပ်လွယ်လွယ်နော်။ ဒါကြောင့် မြတ်စွာဘုရားက ဒီမှာ ခဲခဲယဉ်းယဉ်းဖြင့် ရရှိတဲ့ဘဝမှ တန်ဖိုး ထားလိမ့်မယ်လို့ သဘောပေါက်သည့်အတွက် မြတ်စွာဘုရား ခွင့်မပြုလိုက်ဘူး။

ကပိလဝတ်နေပြည်တော်မှာ မြတ်စွာဘုရား ခုနစ်ရက်ခန့် သီတင်းသုံးတော်မူပြီးနောက် ရာဇဂြိုဟ်သို့ ပြန်ကြွတော်မူခဲ့ပါတယ်။ ထိုမှတစ်ဆင့် ကျွတ်သင့်ကျွတ်ထိုက်တဲ့ ဝေနေယျသတ္တဝါတွေကို ချေချွတ်ရင်း ခရီးဒေသစာရီ ဆက်ချီတော်မူရာ ဖြတ်ပြောလိုက်မယ်ဆိုလို့ရှိရင်တော့ မြတ်စွာဘုရား ငါးဝါမြောက် ဝေသာလီပြည် မဟာဝုန်တောအတွင်း စုလစ်မွမ်းချွန် အထွတ်တပ်နေတဲ့ ပြာသတ်ကျောင်း ပြာသတ်ဆောင် ပေါက်ထားတဲ့ ကျောင်းတော်ကြီးမှာ မြတ်စွာဘုရား သီတင်းသုံးတော်မူခိုက် ဖြစ်တယ်။ ထိုနှစ်မှာ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးလည်း ထီးဖြူအောက်မှာပဲ အရဟတ္တဖိုလ်ဆိုက်ပြီး ပရိနိဗ္ဗာန် ပြုသွားတော်မူပါတယ်။

သုဒ္ဓေါဒနမင်းကြီး ပရိနိဗ္ဗာန်စံသွားပြီးဖြစ်တဲ့အတွက် မိထွေးတော်ဂေါတမီအဖို့ သာသနာဘောင်ကို ဝင်ရောက်ပြီး ရှင်ရဟန်းပြုဖို့ အခွင့်အလမ်းကြီး သိပ်သာသွားတယ်။ အဲဒီလို သာနေတဲ့အချိန် ဘာဖြစ်လာသလဲဆိုတော့ ကပိလဝတ် သာကီဝင်တွေနဲ့၊ ကောလိယ သာကီဝင်တွေ ရောဟဏီမြစ်ရေကို ယူပြီးတော့ လယ်ယာစိုက်ပျိုးတဲ့ လုပ်ငန်းတစ်ခု လုပ်ကြတယ်။ ထိုနှစ်မိုးခေါင်တဲ့အတွက် ထိုရေကိုယူတဲ့အခါ နှစ်ဘက် အဝေမတဲ့သဖြင့် ရန်ပွဲကြီးဖြစ်လိုက်တာ နောက်ဆုံး စစ်ခင်းမဲ့ အခြေအနေ ရောက်လာတယ်။

ထိုအခြေအနေမှာ မြတ်စွာဘုရား တရားဟောလိုက်တဲ့အတွက် ငြိမ်းချမ်းရေး ရသွားတယ်။ ငြိမ်းချမ်းရေးရတဲ့အခါ ကပိလဝတ် နေပြည်တော်သားဘက်က သာကီဝင်မင်းသား နှစ်ရာငါးဆယ်, ကောလိယ သာကီဝင်တွေဘက်က သာကီဝင်မင်းသား နှစ်ရာငါးဆယ် ပေင်းလိုက်တော့ သာကီဝင်မင်းသား ငါးရာ သာသနာဘောင်သို့ ဝင်ရောက်ပြီး ရဟန်းပြုကြပြန်တယ်။

သို့သော် ဒီရဟန်းတွေက ခုခေတ်အပြောနဲ့ ပြောရင်တော့ ငယ်ဖြူတွေ မဟုတ်ဘူး။ သူတို့က တောထွက်တွေနော်။ သူတို့ လူ့ဘဝက ဇနီးမယားတွေရှိနေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ခြင်းကြောင့် ထိုဇနီးမယားတွေကလည်း လျှို့ဝှက်တဲ့ နည်းစနစ်ဖြင့် လူ့ဘဝသို့ ပြန်လာပါမည့်အကြောင်း သတင်းတွေ ပါးကြတယ်။ လူ့ဘဝကို ပြန်လာပြီး လူထွက်ဖို့အတွက် သတင်းပါးလိုက်တော့ ဒီကိုယ်တော်တွေကလည်း လှုပ်ကုန်တယ်။ လှုပ်တာကို မြတ်စွာဘုရား သိတော်မူတဲ့အတွက် ဟိမဝန္တာတောဘက်သို့ တောရိပ်တောင်ရိပ်တွေကိုပြပြီး စိတ်ကြည်လင်အောင် မြတ်စွာဘုရား တန်ခိုးတော်ဖြင့် ခေါ်ဆောင်သွားတယ်။

ကုနာလအိုင်အနီး ကျောက်ဖျာထက်မှာ ကုနာလဇာတ်ဒေသနာတော်ဖြင့် ထိုရဟန်းတွေကို သောတာပန် တည်စေတယ်။ နောက်ပိုင်း မဟာသမယသုတ္တန်ဖြင့် ထိုရဟန်းတွေကို အကုန်လုံး အရဟတ္တဖိုလ်၌ တည်စေတော်မူပါတယ်။ အရဟတ္တဖိုလ်ရောက်သွားတဲ့ ထိုရဟန္တာတွေထံကိုလည်း အိမ်ရှင်မ ဖြစ်ခဲ့ဖူးကြတဲ့ ဒီဇနီးမယားတွေက လူ့ဘဝသို့ ပြန်လာမည့်အကြောင်း သတင်းကောင်းတွေ ပါးကြပြန်သေးတယ်။

သို့သော်လည်း လူ့ဘဝသို့ ပြန်လှည့်ဖို့ရန်အကြောင်း ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးဆိုတဲ့ သတင်းစကားတွေ ကြားရတော့ ဒီအမျိုးသမီးတွေအဖို့ ငြီးငွေ့သွားကြတယ်နော်။ တစ်ပင်လဲရင် တစ်ပင်ထူမယ် ဆိုတာကတော့ ခေတ်အနေနဲ့ ဒါမှမဟုတ် လောကအနေနဲ့ လွယ်တဲ့ ပုဂ္ဂိုလ်တွေအဖို့ လွယ်ပင်လွယ်ပေမဲ့ တကယ့် အမျိုးကောင်းသမီးတွေ အဖို့ကတော့ ဒီလုပ်ငန်းရပ်ဟာ တော်တော်လေး ခဲယဉ်းနေတယ်နော်။ သာကီဝင်မင်းသမီး အမျိုးကောင်းသမီးတွေ ဖြစ်ခြင်းကြောင့် တစ်ပင်လဲတော့ တစ်ပင်ထူတဲ့ စနစ်ကိုလည်း မကျင့်ချင်ဘူး။ မကျင့်ချင်တဲ့အတွက် မိထွေးတော်ဂေါတမီထံ ချဉ်းကပ်ပြီးတော့ သူတို့က အပူကပ်ကြပြန်တယ်။

သာသနာဘောင်သို့ ဝင်ရောက်ပြီး ရှင်ရဟန်းပြုခွင့် ရရှိရေးအတွက် မြတ်စွာဘုရားအား လျှောက်ထားတောင်းပန်ဖို့ မိထွေးတော်ဂေါတမီကို ချဉ်းကပ်ပြီး တောင်းပန်တယ်။ အပူကပ်ကြတော့ မိထွေးတော်ဂေါတမီက အားလုံး တိုင်ပင်ပြီးတော့ ဘာလုပ်လဲ? ဆတ္တာသည်တွေကိုခေါ် ဆံပင်တွေကို ရိတ်။ ဖန်ရည်စွန်းတဲ့ အဝတ်တွေကို ဘုရားရှင်အား ရည်ညွှန်းပြီးတော့ အကုန်လုံးဝတ် ဝတ်ပြီးတဲ့အခါကျတော့ ဘုရားရှိရာ ဝေသာလီပြည် မဟာဝန်တောသို့ ချဉ်းကပ်ပြီး ဘိက္ခုနီမ သာသနာအမျိုးသမီးများ သာသနာဘောင်သို့ ဝင်ရောက်ပြီး ရှင်ရဟန်းပြုရေး ဘိက္ခုနီမ ပြုနိုင်ရေးအတွက် အခွင့်တောင်းဘို့ ခရီးချီခဲ့ကြတယ်။ ဒေသစာရီ ချီခဲ့ကြတယ်။

သာကီဝင်မင်းသမီးတွေ ပင်ကိုယ်က အင်မတန် နုနယ်တဲ့ အမျိုးသမီးတွေ ဖြစ်ခြင်းကြောင့် သာကီဝင်မင်းသားတွေကလည်း ထိုအမျိုးသမီးတွေအတွက် ရွှေထမ်းစင် ငါးရာ စီမံပေးကြပါတယ်။ သို့သော်လည်း ဘုရားရှင်အား ရည်မှန်းပြီး ရှင်ရဟန်းပြုမယ်လို့ ရည်ရွယ်ထားတဲ့အတွက် ယာဉ်အမျိုးမျိုးဖြင့် စီးနင်းပြီး ဘုရားရှင်ထံ သွားခဲ့မယ်ဆိုရင် ဘုရားရှင်ရဲ့အပေါ် မရိုသေရာ ကျမယ်။ ဒါကြောင့် တို့ဒီယာဉ်တွေကို မစီးဘူး၊ ခြေလျင်ပဲ သွားမယ်ဆိုပြီးတော့ ခြေလျင်ခရီး နှင်ခဲ့ကြတယ်။

သာကီဝင်မင်းသားတွေကလည်း အစောင့်အကြပ်တွေ ခိုင်ခိုင်လုံလုံနဲ့ စားနပ်ရိက္ခာ ပြည့်ပြည့်စုံစုံနဲ့ နောက်ကနေလိုက်ပြီး စောင့်ရှောက်ဖို့ရန်အတွက် အစုံအလင် ထည့်ပေးလိုက်တယ်။ သူတို့ ခရီးချီခဲ့ရတဲ့ ခရီးအတိုင်းအတာကို ဖော်ပြထားတာကတော့ ကပိလဝတ်နေပြည်တော်မှ ဝေသာလီအထိ ငါးဆယ့်တစ်ယူဇနာ ရှိတယ်လို့ ဆိုတယ်။ တစ်ယူဇနာကို ဆယ်မိုင်နှုန်းနဲ့ တွက်မယ်ဆိုရင် မိုင် ငါးရာကျော်တယ်နော်။

ဘိက္ခုနီသာသနာရရှိရေး သို့မဟုတ် သာသနာဘောင်သို့ ဝင်ရောက်ပြီး ဘိက္ခုနီမ ဖြစ်နိုင်ရေးအတွက် ခြေလျင်လာခဲ့ရတဲ့ ခရီးကို ကြည့်မယ်ဆိုလို့ရှိရင် မိုင် ငါးရာ ကျော်နေပြီ။ ဘယ့်နှယ်တုန်း? မုဒုံက ဒကာမကြီးတွေ အဲဒီလို မိုင် ငါးရာကျော် ဖြတ်ကျော်ပြီး သီလရှင်ဝတ်ဖို့ တတ်နိုင်ပါ့မလား? သိပ်တော့မလွယ်ဘူး ထင်တယ်နော်။ ကဲ သူတို့က ဘယ်လောက် ကြည်ညိုဖို့ကောင်းတယ် ဆိုတာနော်။ ပင်ကိုယ်က နုနယ်နေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ခြင်းကြောင့် မိုင် ငါးရာကျော်ခရီးကို ဖြတ်ကျော်လာတဲ့အခါ ခြေထောက်တွေက ဖူးဖူးရောင်ကြွလာတယ်။ ဖူးဖူးရောင်ကနေ နောက်ဆုံးခြေထောက်တွေက ကွဲအက်ကုန်ကြတယ်။ အဲဒီလို ကွဲအက်တဲ့ ဒဏ်ရာတွေနဲ့ လမ်းခရီး ဖြတ်ကျော်လာခဲ့ရတော့ မြူအလိမ်းလိမ်းတွေကလည်း ခန္ဓာကိုယ်မှာ ကပ်နေတယ်။ ရေမိုးကလည်း ကောင်းကောင်း မချိုးနိုင်ဘူး။ ပင်ပင်ပန်းပန်း ဆင်းဆင်းရဲရဲ ငြိုငြိုငြင်ငြင်ဖြင့် လမ်းခရီးကို ဖြတ်ကျော်ပြီး လာခဲ့ကြရတယ်။

ဝေသာလီ မဟာဝုန်တော မြတ်စွာဘုရား သီတင်းသုံးတော်မူရာ ပြာသတ်ဆောင်ပေါက်ထားတဲ့ ကျောင်းတော်ကြီးအနီးတော့ ရောက်လာပြီ။ ကျောင်းတိုက် တံခါးမုခ် ရောက်တော့ ကျောင်းထဲ မဝင်ရဲဖြစ်နေတယ်။ ကျောင်းထဲ မဝင်ရဲဖြစ်နေတော့ ဘယ်လိုအကြောင်းကြောင့် မဝင်ရဲသလဲလို့ဆိုရင်တော့ မိထွေးတော်ဂေါတမီ ရှင်ရဟန်းပြုသွားပြီဆိုတဲ့ သတင်း ဇမ္ဗူဒိပ်မှာ တော်တော်လေး ပျံ့နှံ့နေတဲ့ ဒီသတင်းဖြစ်နေတော့ အကယ်၍ မြတ်စွာဘုရားက ရှင်ရဟန်း ပြုခွင့်ပေးလျှင်တော့ တော်ရဲ့၊ အကယ်၍များ ရှင်ရဟန်း ပြုခွင့်မပေးခဲ့ရင် သူ့အတွက်တော့ ခက်ရချည့်ရဲ့၊ အရှက်ရရချည့်ရဲ့ဆိုပြီး စိတ်မချမ်းမသာဖြစ်နေတယ်။

ရှေးယခင်တုန်းက တောင်းပန်စဉ်အခါက ခွင့်မပြုခဲ့ဘူး။ ယခုအခါမှာလည်း ဘုရားရှင်၏ ခွင့်ပြုချက် ကြိုတင် မရယူသေးဘဲနဲ့ ကိုယ်တိုင် ဆံပင်တွေ ရိတ်ပြီးတော့ ဖန်ရည်စွန်းတဲ့ အဝတ်တွေ ကိုယ့်ဟာကိုယ် ဝတ်ရုံမိတယ်။ ဒီအပြစ်ကို မြတ်စွာဘုရားက ခွင့်မပြု ဖြစ်နိုင်ခဲ့မယ်ဆိုရင် သူ့အတွက် အခက်ရချည့်ရဲ့ဆိုပြီး စိတ်မချမ်းမသာ ဖြစ်ပြီးတော့ ကျောင်းတိုက်တံခါးမုခ်ဝမှာ ငိုနေတယ်။

ကိုယ်ဆင်းရဲ စိတ်ဆင်းရဲနဲ့ မြူအလိမ်းလိမ်း ကပ်ပြီးတော့ ကွဲအက်နေတဲ့ ခြေထောက်တွေ ဖူးဖူးရောင်နေတဲ့ ခြေထောက်တွေနဲ့ ကျောင်းတိုက်တံခါးမုခ်ဝ မတ်တပ်ရပ်ပြီး ငိုနေတာကို ရှင်အာနန္ဒာကိုယ်တော်မြတ်က မြင်တော်မူတဲ့အတွက် အကျိုးအကြောင်း အစုံအလင် မေးလိုက်တဲ့အခါ မိထွေးတော်ဂေါတမီကြီးက ဘာပြန်ပြီးတော့ ရှင်အာနန္ဒာမထေရ်ကို လျှောက်ထားသလဲ?

‘‘တထာ ဟိ ပန, ဘန္တေ အာနန္ဒ, န ဘဂဝါ အနုဇာနာတိ မာတုဂါမဿ တထာဂတပ္ပဝေဒိတေ ဓမ္မဝိနယေ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇ္ဇံ’’

ဘန္တေ အာနန္ဒ၊ အရှင်ဘုရား အာနန္ဒာ ...။ တထာ ဟိ ပန၊ ဟုတ်မှန်သည့်အတိုင်း လျှောက်ထားရပါမူကား။ ဘဂဝါ၊ ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်သည်။ မာတုဂါမဿ၊ မာတုဂါမ မင်းမိန်းမသည်။ တထာဂတပ္ပဝေဒိတေ၊ ရှင်တော်ဘုရား ဟောကြားပြသ ဆိုဆုံးမတော်မူအပ်တဲ့။ ဓမ္မဝိနယေ၊ ဓမ္မဝိနယ သာသနာတော်မြတ်အတွင်း၌။ အဂါရသ္မာ၊ အိမ်ယာတည်ထောင် လူ့ဘောင်မှ။ အနဂါရိယံ၊ အိမ်ယာမထောင်တဲ့ ရဟန်းဘောင်သို့။ ပဗ္ဗဇ္ဇံ၊ ဝင်ရောက်၍ ရှင်ရဟန်းပြုခြင်းကို။ န အနုဇာနာတိ၊ ခွင့်မပြုတော်မူပါ။

အရှင်ဘုရားအာနန္ဒာ ဟုတ်မှန်တဲ့အတိုင်း တပည့်တော် လျှောက်ထားရမယ်ဆိုရင် တပည့်တော် ငိုနေခြင်းသည် တခြား အကြောင်းကြောင့်တော့ မဟုတ်ဘူး။ မာတုဂါမ မင်းမိန်းမများ ရှင်တော်ဘုရား ဟောကြားပြသ ဆိုဆုံးမတော်မူအပ်တဲ့ ဓမ္မဝိနယ သာသနာတော်တွင်းမှာ ဝင်ရောက်ပြီး ရှင်ရဟန်းပြုဘို့ရန်အတွက် မြတ်စွာဘုရား ခွင့်မပြုလို့ တပည့်တော်ငိုနေတယ်လို့ ပြန်ပြီး လျှောက်ထားတယ်။ ဘယ့်နှယ်တုန်း? ဒကာစံမြင့် ငိုနိုင်ပါ့မလား? မုဒုံက ဒကာမကြီးတွေကတော့ ငိုကြမယ်တော့ ဦးပဉ္စင်း သိပ်မထင်ပါဘူးနော်။ လွယ်လွယ်လေးနဲ့ သူက သီလရှင်ဝတ်က ရနိုင်နေတော့ စျေးပေါနေတယ်။ ကဲ ခွင့်မပြုလို့ ငိုပြီဆိုတော့ ရှင်အာနန္ဒာကိုယ်တော်မြတ်က ဘာအမိန့်ရှိလဲ?

ကဲ ဂေါတမီ ဒီလိုဆိုလို့ရှိရင် မြတ်စွာဘုရားကို သွားပြီးတော့ မာတုဂါမ မင်းမိန်းမတွေ ဓမ္မဝိနယ သာသနာတော်တွင်း ဝင်ရောက်ပြီး ရှင်ရဟန်းပြုဘို့ခွင့်ရရေးအတွက် လျှောက်ထားတောင်းပန်မယ်။ အဲဒီလို လျှောက်ထား တောင်းပန်ပြီးလို့ ပြန်မလာမချင်း ဒီနေရာမှာပဲ ခေတ္တ စောင့်ဆိုင်းပြီးနေပါလို့ ပြောပြီးတော့ ရှင်အာနန္ဒာကိုယ်တော်မှာ ဘုရားရှင်ထံကြွ ဘုရားရှင်အား ရိုသေစွာ ရှိခိုးကန်တော့ပြီး၊ မြတ်စွာဘုရား မိထွေးတော်ဂေါတမီသည် မြူအလိမ်းလိမ်းကပ်နေတဲ့ ခန္ဓာကိုယ်နဲ့၊ ကွဲအက်နေတဲ့ ဖူးဖူးရောင်ကြွနေတဲ့ ခြေထောက်တွေနဲ့၊ မျက်ရည်ဖြင့် ပြည့်သော မျက်နှာရှိနေတဲ့ မျက်နှာတွေမှာ မျက်ရည်တွေ ပြည့်နေပြီးတော့ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲနဲ့ ကျောင်းတိုက် တံခါးမုခ်ဝမှာ ငိုပြီးနေပါတယ် မြတ်စွာဘုရား ...။

သူငိုရခြင်းအကြောင်း ပြောရရင်တော့ မြတ်စွာဘုရားသည် မာတုဂါမ မင်းမိန်းမတွေကို ရှင်တော်ဘုရား ဟောကြားပြသ ဆိုဆုံးမတော်မူအပ်တဲ့ ဓမ္မဝိနယ သာသနာတော်တွင်းမှာ ဝင်ရောက်ပြီး ရှင်ရဟန်း ပြုဘို့ရန်အတွက် အခွင့် မပြုလို့ ငိုနေတယ်လို့ သိရပါတယ် မြတ်စွာဘုရား...။ ဒါကြောင့် မြတ်စွာဘုရားသည် မာတုဂါမ မင်းမိန်းမတွေ ရှင်တော်ဘုရား ဟောကြားပြသ ဆိုဆုံးမတော်မူအပ်တဲ့ ဒီ ဓမ္မဝိနယ သာသနာတော်တွင်းမှာ အိမ်ယာတည်ထောင် လူ့ဘောင်ကို စွန့်ခွာပြီးတော့ အိမ်ယာ မထောင်တဲ့ ရဟန်းဘောင်သို့ ဝင်ရောက်၍ ရှင်ရဟန်း ပြုဘို့ရန်အတွက် ခွင့်ပြုတော်မူပါ တောင်းပန်ပါတယ် မြတ်စွာဘုရားဆိုပြီး လျှောက်ထားတယ်။

ဒီလို လျှောက်ထားတဲ့အခါမှာလည်း မြတ်စွာဘုရားက အာနန္ဒာ မာတုဂါမ မင်းမိန်းမတွေ သာသနာ့ဘောင်သို့ ဝင်ရောက်ပြီး ရှင်ရဟန်းပြုဘို့အတွက် သင်ချစ်သား မနှစ်သက်ပါနဲ့ဆို ပယ်ချတယ်။ ဒုတိယအကြိမ် ထပ်လျှောက်တယ်။ ပယ်ချတယ်။ တတိယအကြိမ် ထပ်လျှောက်တယ်။ ပယ်ချတယ်။ သုံးကြိမ်တိုင်တိုင် လျှောက်ထားသော်လည်း မြတ်စွာဘုရား ခွင့်ပြုချက် မရတော့ ရှင်အာနန္ဒာကိုယ်တော်မြတ်က စဉ်းစားတယ်။ သုံးကြိမ်တိုင်တိုင် ငါ လျှောက်ထားသော်လည်း ဘုရားရှင်သည် ခွင့်မပြုဘူး။ ဘုရားရှင် ခွင့်ပြုနိုင်အောင် ပုံစံတစ်မျိုးနဲ့ပြောင်းပြီး ငါ လျှောက်ထားရရင် ကောင်းမယ်လို့ အကြံအစည်ဖြစ်တာနဲ့ မြတ်စွာဘုရားကို သူက လျှောက်ထားတယ်။ ဘယ်လိုလျှောက်ထားသလဲ?

‘‘ဘဗ္ဗော နု ခေါ၊ ဘန္တေ၊ မာတုဂါမော တထာဂတပ္ပဝေဒိတေ ဓမ္မဝိနယေ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတွာ သောတာပတ္တိဖလံ ဝါ သကဒါဂါမိဖလံ ဝါ အနာဂါမိဖလံ ဝါ အရဟတ္တဖလံ ဝါ သစ္ဆိကာတုံ’’

ဘန္တေ၊ မြတ်စွာဘုရား။ မာတုဂါမော၊ မာတုဂါမ မင်းမိန်းမသည်။ တထာဂတပ္ပဝေဒိတေ၊ ရှင်တော်ဘုရား ဟောကြားပြသ ဆိုဆုံးမတော်မူအပ်တဲ့။ ဓမ္မဝိနယေ၊ ဓမ္မဝိနယ သာသနာတော်မြတ်အတွင်း၌။ အဂါရသ္မာ၊ အိမ်ယာတည်ထောင် လူ့ဘောင်မှ။ အနဂါရိယံ၊ အိမ်ယာ မထောင်တဲ့ ရဟန်းဘောင်သို့။ ပဗ္ဗဇိတွာ၊ ဝင်ရောက်၍ ရှင်ရဟန်းပြုပြီးသော်။ သောတာပတ္တိဖလံ ဝါ၊ သောတာပတ္တိဖိုလ်ကိုလည်းကောင်း။ သကဒါဂါမိဖလံ ဝါ၊ သကဒါဂါမိဖိုလ်ကိုလည်းကောင်း။ အနာဂါမိဖလံ ဝါ၊ အနာဂါမိဖိုလ်ကိုလည်းကောင်း။ အရဟတ္တဖလံ ဝါ၊ အရဟတ္တဖိုလ်ကိုလည်းကောင်း။ သစ္ဆိကာတုံ၊ မျက်မှောက်ပြုခြင်းငှာ။ ဘဗ္ဗော နု ခေါ၊ ထိုက်တန်ပါသလား မြတ်စွာဘုရား ...။

ရှင်အာနန္ဒာကိုယ်တော်မြတ် စကားပြော ပိုင်ပုံပဲနော်။ မြတ်စွာဘုရား မာတုဂါမ မင်းမိန်းမတွေ ရှင်တော်ဘုရား ဟောကြားပြသ ဆိုဆုံးမတော်မူအပ်တဲ့ ဓမ္မဝိနယ သာသနာတော်တွင်းသို့ ဝင်ရောက်ပြီး အိမ်ယာတည်ထောင် လူ့ဘောင်ကို စွန့်ခွာ၍ အိမ်ယာ မထောင်တဲ့ ရဟန်းဘောင်သို့ ဝင်ရောက်ပြီး ရှင်ရဟန်းပြုခဲ့မယ်ဆိုရင် သောတာပတ္တိဖိုလ်ကိုလည်းကောင်း, သကဒါဂါမိဖိုလ်ကိုလည်းကောင်း, အနာဂါမိဖိုလ်ကိုလည်းကောင်း, အရဟတ္တဖိုလ်ကိုလည်းကောင်း မျက်မှောက်ပြုခြင်းငှာ ထိုက်တန်ပါသလား မြတ်စွာဘုရားဆိုပြီးတော့ လျှောက်ထားတယ်။ အဲဒီလို လျှောက်ထားလိုက်တဲ့ချိန်ခါကျတော့မှ မြတ်စွာဘုရားက ရှင်အာနန္ဒာကိုယ်တော်မြတ်ကို ဘာအမိန့်ရှိလဲ?

အာနန္ဒာ ...မာတုဂါမ မင်းမိန်းမတွေဟာ အိမ်ယာတည်ထောင် လူ့ဘောင်စွန့်ခွာပြီး အိမ်ယာမထောင်တဲ့ ရဟန်းဘောင်သို့ ဝင်ရောက်ပြီး ရှင်ရဟန်းပြုမယ်ဆိုရင် သောတာပတ္တိဖိုလ်, သကဒါဂါမိဖိုလ်, အနာဂါမိဖိုလ်, အရဟတ္တဖိုလ်ကို မျက်မှောက်ပြုခြင်းငှာ ထိုက်တန်တယ်လို့ ပြန်ပြီး အမိန့်ရှိလိုက်တယ်။

ဘုရားရှင် သာသနာပြုနေတာကလည်း မဂ်, ဖိုလ်, နိဗ္ဗာန် ရရေးဟာ အဓိကဘဲ။ အမျိုးသမီးတွေ သာသနာဘောင် ဝင်ရောက်ပြီး ရှင်ရဟန်းပြုလာလို့ မဂ်, ဖိုလ်, နိဗ္ဗာန် ရနိုင်တယ်ဆိုရင် ဘာကြောင့် ခွင့်မပြုရမလဲ ဆိုတဲ့ ဒီစကား အလိုလိုပေါ်နေတယ်နော်။ အဲဒီခါကျတော့မှ ရှင်အာနန္ဒာမထေရ်မြတ်က မြတ်စွာဘုရား အကယ်၍ မာတုဂါမ မင်းမိန်းမတွေဟာ ရှင်တော်ဘုရား ဟောကြားပြသ ဆိုဆုံးမတော်မူအပ်တဲ့ ဓမ္မဝိနယ သာသနာတော်တွင်းမှာ အိမ်ယာတည်ထောင် လူ့ဘောင်ကို စွန့်ခွာပြီး အိမ်ယာမထောင်တဲ့ ရဟန်းဘောင်သို့ဝင်ရောက်၍ ရှင်ရဟန်းပြုလို့ သောတာပတ္တိဖိုလ်, သကဒါဂါမိဖိုလ်, အနာဂါမိဖိုလ်, အရဟတ္တဖိုလ်ကို မျက်မှောက်ပြုနိုင်တယ်။

မျက်မှောက်ပြုထိုက်တာ မှန်ခဲ့မယ်ဆိုရင် မြတ်စွာဘုရား မဟာပဇာပတိဂေါတမီသည် မြတ်စွာဘုရားအပေါ်မှာ အလွန်ကျေးဇူးများပါတယ်။ မြတ်စွာဘုရား၏ မိထွေးတော်ရင်းလည်း ဖြစ်ပါတယ်။ မြတ်စွာဘုရားကို ဖဝါး လက်နှစ်လုံး, ပခုံး လက်နှစ်သစ်ကစ၍ ကျွေးမွေးသုတ်သင် ပြုပြင် စောင့်ရှောက်ခဲ့တဲ့ ပုဂ္ဂိုလ်လည်းဖြစ်တယ်။ တစ်နေ့ တစ်ကြိမ် နှစ်ကြိမ် စသည် ရေချိုးပြီးတော့ နံ့သာလိမ်းပြီးတော့ ကျွေးမွေးခဲ့တဲ့ မွေးမြူခဲ့တဲ့ ပုဂ္ဂိုလ်လည်း ဖြစ်တယ်။ ဘုရားရှင်၏ မယ်တော်ရင်းဖြစ်တဲ့ မယ်တော်မာယာ ကွယ်လွန်သွားတဲ့အခါ ဘုရားရှင်အားကိုယ်တိုင် နို့ချိုတိုက်ကျွေးခဲ့တဲ့ ပုဂ္ဂိုလ်လည်းဖြစ်ပါတယ် မြတ်စွာဘုရား။

ဒါကြောင့် မြတ်စွာဘုရားသည် မာတုဂါမ မင်းမိန်းမတွေ ရှင်တော်ဘုရား ဟောကြားပြသ ဆိုဆုံးမတော်မူအပ်တဲ့ ဓမ္မဝိနယ သာသနာတော်တွင်းမှာ အိမ်ယာတည်ထောင် လူ့ဘောင်ကို စွန့်ခွာပြီး အိမ်ယာမထောင်တဲ့ ရဟန်းဘောင်သို့ ဝင်ရောက်၍ ရှင်ရဟန်းပြုဘို့ရန်အတွက် ခွင့်ပြုတော်မူပါ မြတ်စွာဘုရားဆိုပြီး လျှောက်ထားတယ်။ အဲဒီလို လျှောက်ထားလိုက်တဲ့ ချိန်ခါကျတော့မှ မြတ်စွာဘုရားက နောက်မဆုတ်သာတဲ့အတွက် ဒီနေရာမှာ ဘာအမိန့်ရှိလဲ?

‘‘သစေ၊ အာနန္ဒ၊ မဟာပဇာပတီ ဂေါတမီ အဋ္ဌ ဂရုဓမ္မေ ပဋိဂ္ဂဏှာတိ၊ သာဝဿာ ဟောတု ဥပသမ္ပဒါ’’

ဘိက္ခုနီသာသနာစပြီး ဖြစ်ပေါ်လာတဲ့ စကားလေးပဲနော်။ အာနန္ဒာ အကယ်၍ မဟာပဇာပတီဂေါတမီသည် ဂရုဓံရှစ်ပါးကို လက်ခံခဲ့မယ်ဆိုရင် ထို ဂရုဓံရှစ်ပါးကို လက်ခံခြင်းသည်ပင် မိထွေးတော်ဂေါတမီအတွက် ရဟန်းပဉ္စင်းဖြစ်စေသတည်း ဆိုပြီးတော့ မြတ်စွာဘုရား အမိန့်ရှိတယ်။ အမိန့်ရှိပြီးတဲ့ အခါကျတော့ လက်ခံရမဲ့ ဂရုဓံရှစ်ပါးကို မြတ်စွာဘုရား ဆက်ပြီးတော့ ဟောတယ်။ အဲဒီ ဂရုဓံရှစ်ပါးက ဘာလဲဆိုရင် -

နံပါတ်တစ် - ဝါတစ်ရာရပြီးဖြစ်နေတဲ့ ဘိက္ခုနီမသည် ထိုနေ့မှာ ရဟန်းဖြစ်နေတဲ့ ရဟန်းသစ် ယောကျ်ားအား အဘိဝါဒန ရှိခိုးခြင်း၊ အဉ္ဇလီကမ္မ လက်အုပ်ချီခြင်း၊ သာမီစိကမ္မ အရိုသေပြုခြင်း၊ ပစ္စုပဋ္ဌာန ခရီးဦးကြိုဆိုခြင်းဆိုတဲ့ ဒီ လုပ်ငန်းရပ်တွေကို ပြုလုပ်ရမယ်။ ဒီ ဂရုဓံကိုလည်း အသက်ထက်ဆုံး ရိုရိုသေသေ လေးလေးစားစား မြတ်မြတ်နိုးနိုးဖြင့် လိုက်နာရမယ် အသက်ထက်ဆုံး မလွန်ကျူးရ၊

နံပါတ်နှစ် - ရဟန်းမိန်းမသည် ရဟန်းယောကျ်ားတို့နှင့် နေ့ချင်းပြန် အဆုံးအမ ဩဝါဒ ခံယူရန် သွားလို့မရောက်နိုင်တဲ့ အလွန် ဝေးကွာတဲ့ နေရာမှာ ဝါဆိုဝါကပ်ခြင်း မလုပ်ရဘူး။ ဒီဂရုဓံတရားကိုလည်း ရိုရိုသေသေ လေးလေးစားစား မြတ်မြတ်နိုးနိုးနဲ့ လိုက်နာရမယ်။ အသက်ထက်ဆုံး မလွန်ကျူးရဘူး။

နံပါတ်သုံး - လခွဲတစ်ကြိမ်၊ တစ်ဆယ့်ငါးရက်တစ်ကြိမ် ဘိက္ခုနီမသည် ဘိက္ခုသံဃာထံမှ နံပါတ်တစ် အဆုံးအမ ဩဝါဒကို ခံယူခြင်း။ နံပါတ်နှစ် ဥပုသ်နေ့ဟာ ဘယ်နေ့ ဖြစ်ပါသလဲလို့ ဥပုသ်နေ့ မေးလျှောက်ခြင်းဆိုတဲ့ ဒီလုပ်ငန်းရပ်နှစ်ခုကို ပြုလုပ်ရမယ်။ တစ်ဆယ့်ငါးရက် တစ်ကြိမ် အမြဲတမ်း ပြုလုပ်ရမယ်။ ဒီဂရုဓံတရားကိုလည်း ရိုရိုသေသေ လေးလေးစားစား မြတ်မြတ်နိုးနိုးနဲ့ လိုက်နာရမယ်။ အသက်ထက်ဆုံး မလွန်ကျူးရဘူး။

နံပါတ်လေး - ဝါကျွတ်ပြီးနေတဲ့အခါ ဝါမှထတဲ့ ဘိက္ခုနီမသည် ဘိက္ခုသံဃာ ဘိက္ခုနီသံဃာခေါ်တဲ့ နှစ်ဖက်သော သံဃာ့ထံ၌ မြင်သော်လည်းကောင်း, ကြားသော်လည်းကောင်း, ယုံမှားသံသယ ရှိသော်လည်းကောင်း, ပြောဆိုဆုံးမပါလို့ ဖိတ်ကြားခြင်း ပဝါရဏာ ပြုခြင်းလုပ်ငန်းရပ်ကို ပြုရမယ်။ ဒီဂရုဓံတရားကိုလည်း အသက်ထက်ဆုံး မလွန်ကျူးရဘူး ရိုရိုသေသေ လေးလေးစားစားနဲ့ လိုက်နာရမယ်။

နံပါတ်ငါး - သံဃာ့ဒိသိသ်လို့ ခေါ်ဆိုအပ်တဲ့ ဂရုကအာပတ်တွေ ရောက်ပြီးနေတဲ့ ဘိက္ခုနီမသည် ဘိက္ခုသံဃာ ဘိက္ခုနီသံဃာ နှစ်ဘက်၌ တစ်ဆယ့်ငါးရက်တိုင်တိုင် ရဟန်းသံဃာတို့ မြတ်နိုးလောက်တဲ့ မာနတ်လို့ခေါ်တဲ့ အကျင့်ကို ကျင့်ရမယ်။ ပက္ခမာနခေါ်တဲ့ အကျင့်ကို ကျင့်ရမယ်။ ဒီမာနတ်ကျင့်နေတဲ့ အချိန်အခါမှာ သီးသန့် တခြားတခြား မာနတ် မကျင့်တဲ့ (သို့မဟုတ်) ပရိဝတ် မဆောက်တည်တဲ့ တခြားတခြား ရဟန်းတွေ ဘိက္ခုနီမတွေထက် ပိုပြီးတော့ သိက္ခာပုဒ် ကိုးဆယ်ကျော်လောက် လိုက်နာရပါတယ်နော်။ အဲဒီ သိက္ခာပုဒ်ကလေးတွေ ရဟန်းသံဃာတွေ ဘိက္ခုသံဃာ ဘိက္ခုနီသံဃာ နှစ်ဘက် မြတ်နိုးသည့်တိုင်အောင် တစ်ဆယ့်ငါးရက် ကျင့်ရမယ်။ ဒီဂရုဓမ္မတရားကိုလည်း ရိုရိုသေသေ လေးလေးစားစား မြတ်မြတ်နိုးနိုးနဲ့ လိုက်နာရမယ်。 အသက်ထက်ဆုံး မလွန်ကျူးရဘူး။

နံပါတ်ခြောက် - နှစ်နှစ်တိုင်တိုင် သိက္ခမာန်အကျင့်ကို ကျင့်ပြီးဖြစ်နေတဲ့ သိက္ခမာန်သည် ဘိက္ခုသံဃာ ဘိက္ခုနီသံဃာဆိုတဲ့ နှစ်ဖက်သောသံဃာ၌ ရဟန်း ပဉ္စင်းအဖြစ်ကို ရှာမှီးရမယ်။ ဒီဂရုဓံတရားကိုလည်း ရိုရိုသေသေ လေးလေးစားစားနဲ့ လိုက်နာရမယ်။ အသက်ထက်ဆုံးလည်း မလွန်ကျူးရဘူး။ ဦးပဉ္စင်းတို့ ရဟန်းတော်များ ဘိက္ခုသံဃာလို့ ခေါ်တဲ့ တစ်ဘက်သော သံဃာမှာဘဲ ဉတ်ကမ္မဝါစာဖြင့် သိမ်ထဲဝင်ပြီး ဉတ္တိစတုတ္ထကမ္မဝါစာဖြင့် ဥပသမ္ပဒ ကံဆောင်ခဲ့မယ်ဆိုရင် ရဟန်းဖြစ်သွားတယ်။ ဘိက္ခုနီမတွေမှာတော့ ဒီလိုပုံစံမျိုး မဟုတ်ဘူးတဲ့။ ဥပမာ ဦးပဉ္စင်းတို့ သိက္ခမာန်ဆိုတာကတော့ ရဟန်းမှာ အသက် နှစ်ဆယ်ပြည့်ရင် ရဟန်းခံခွင့်ရှိပေမဲ့ ဘိက္ခုနီမတွေမှာ အသက် နှစ်ဆယ်ပြည့်တိုင်း ရဟန်းခံခွင့် မရှိဘူး။ ဥပမာ အနေနဲ့ ပြောရင်တော့ အသက် နှစ်ဆယ်မပြည့်ခင် တစ်ဆယ့်ရှစ်နှစ်လောက် ဆိုကြစို့။ အသက် တစ်ဆယ့်ရှစ်နှစ်လောက်မှာ သူက သိက္ခမာန်ခေါ်တဲ့ အကျင့်တစ်ခုကို တိုးပြီး ကျင့်ရတယ်။

သိက္ခမာန်ဆိုတာကတော့ ပါဏာတိပါတာ, အဒိန္နဒါနာ, အဗြဟ္မစရိယ, မုသာဝါဒ, သုရာမေရယ, ဝိကာလဘောဇနာလို့ခေါ်ဆိုတဲ့ ဒီသိက္ခာပုဒ်ခြောက်ပါးကို မကျိုးမပေါက် မပျောက်မကြားအောင် နှစ်နှစ်တိုင်တိုင် ကျင့်ရတယ်။ အဲဒီ နှစ်နှစ်တိုင်တိုင် ကျင့်နေတဲ့ကျင့်စဉ်ကို သိက္ခမာန်လို့ခေါ်ပါတယ်။ အဲဒီ သိက္ခမာန်အကျင့်ကို ကျင့်နေတဲ့ အချိန်အခါ ရဟန်းသံဃာတော်တွေက ကျေနပ်မှုရမယ်ဆိုရင် သူ့ကို ရဟန်းခံဖို့ရန်အတွက် သမုတိ ပေးရတယ်။ သမုတိရပါမှ သူက ရဟန်းခံခွင့် ရှိတယ်။ အကယ်၍ သမုတိမပေးခဲ့ရင် ရဟန်းခံခွင့် မရှိဘူး အဲဒီလို ရဟန်းခံတဲ့ အချိန်အခါမှာ သမုတိရပြီးပင်ဖြစ်သော်လည်း ဘိက္ခုနီသံဃာ တစ်ဘက်မှာပဲ ရဟန်းခံခြင်းဆိုတဲ့ လုပ်ငန်းရပ် မလုပ်ရဘူး။ ဘိက္ခုသံဃာ ဘိက္ခုနီသံဃာ နှစ်ဘက်မှာ နှစ်ကြိမ်တိုင်တိုင် ရဟန်းပဉ္စင်းခံခြင်း ဉတ်ကမ္မဝါစာဖြင့် သိမ်ထဲဝင်ပြီးတော့ ကမ္မဝါရွတ်ဖတ်ခြင်းဆိုတဲ့ လုပ်ငန်းရပ် လုပ်ရမယ်လို့ ဆိုလိုတယ်။

ဒီအချက်ကြောင့်ပဲ ဦးပဉ္စင်းတို့ ဒီနေ့ခေတ်နော် ဘိက္ခုသံဃာ, ဘိက္ခုနီသံဃာ နှစ်ဘက်မှာ ရဟန်းခံဘို့ရာ အခက်အခဲရှိတယ်။ ဘိက္ခုသံဃာတွင်ရှိတော့ ဘိက္ခုသံဃာတွေဘက်မှာ ရဟန်းခံခွင့် ရနိုင်ပေမယ်လို့နော် ဘိက္ခုနီသံဃာ အနွယ်အဆက်က ကင်းပြတ်သွားပြီ ဖြစ်လေတဲ့အတွက် ဒီနေ့ နှစ်ဘက်လုံးမှာ ဉတ်ကမ္မဝါစာဖြင့် သိမ်ထဲဝင်ပြီး ရွတ်ဖတ်ပါမှ ရဟန်းပဉ္စင်း ဖြစ်ရမှာဖြစ်တော့ တစ်ဘက်ပဲ ဖတ်ရင် ဖြစ်ပါတော့မလား။ မဖြစ်တော့ဘူး ချို့ယွင်းသွားပြီနော်။ ဒါကြောင့် ဘိက္ခုနီသာသနာ ဒီနေ့ ထူထောင် မရခြင်းဖြစ်တယ်။ ဒီ အင်္ဂါရပ်ကြောင့်ပဲနော်။ ကဲ - နံပါတ်ခြောက် ပြီးပြီ။

နံပါတ်ခုနစ်။ ဘယ်နည်းပရိယာယ်နဲ့မဆို ဘိက္ခုနီမသည် ရဟန်းယောက်ျားတို့ကို မဆဲရေးရဘူး။ သူက ဆဲတာကလည်း ပရိယာယ် နည်းပရိယာယ်တွေက အမျိုးမျိုးရှိပုံ ရပါတယ်နော်။ ခုခေတ်ဆိုရင် ဗန်းစကားအမျိုးမျိုးနဲ့ ဆဲကြသလိုပေါ့နော်။ အဲဒီ ပုံစံအတိုင်း ဘယ်နည်းနဲ့ပဲဖြစ်ဖြစ် ဘိက္ခုနီမက ဘိက္ခုသံဃာ ဘိက္ခုရဟန်းကို ဘယ်တော့မှ မဆဲရေးရဘူး။ ဒီ ဂရုဓံတရားကိုလည်း ရိုရိုသေသေ လေးလေးစားစားဖြင့် လိုက်နာရမယ်။ အသက်ထက်ဆုံးလည်း မလွန်ကျူးရဘူး။

နံပါတ်ရှစ်။ ဒီနေ့ကစပြီးတော့ ရဟန်းယောက်ျားတွေအပေါ်၌ ဘိက္ခုနီမတို့က ပြောဆိုခြင်းကို ပိတ်ပင်ထားတယ်။ ဒီနေ့ကစပြီးတော့ ရဟန်းမိန်းမတို့အပေါ်၌ ရဟန်းယောက်ျားတို့က ပြောဆိုခြင်းကို မပိတ်ပင်ဘူး။ ဒီ ဂရုဓံတရားကိုလည်း အသက်ထက်ဆုံး ရိုရိုသေသေ လေးလေးစားစားနဲ့ လိုက်နာရမယ်, မလွန်ကျူးရဘူး။ အာနန္ဒာ အကယ်၍ မိထွေးတော်ဂေါတမီသည် ခုပြောပြတဲ့ ဂရုဓံရှစ်ပါးကို ဝန်ခံခဲ့မယ်ဆိုရင် ထိုဂရုဓံရှစ်ပါးကို ဝန်ခံခြင်းသည်ပင် မိထွေးတော်ဂေါတမီ အတွက် ဥပသမ္ပဒ ရဟန်းပဉ္စင်း ဖြစ်စေဆိုပြီး မြတ်စွာဘုရား ခွင့်ပြုလိုက်တယ်။ ခွင့်ပြုလိုက်တော့ ဝမ်းမြောက်ဝမ်းသာနဲ့ ရှင်အာနန္ဒာကိုယ်တော်မြတ် မိထွေးတော်ဂေါတမီထံ သွားပြီး ဂရုဓံရှစ်ပါးကို အသေးစိတ် ဘုရားရှင်ထံ သင်ယူလာခဲ့သည့်အတိုင်း ရွတ်ပြလိုက်တယ်။

မိထွေးတော်ဂေါတမီကလည်း ဂရုဓံရှစ်ပါး ကြားနာရတဲ့ အခါမှာ သူ ဘာလျှောက်ထားသလဲ။ အရှင်ဘုရားအာနန္ဒာ တန်ဆာဆင်လေ့ရှိတဲ့ ငယ်ရွယ်နုပျိုနေသေးတဲ့ အမျိုးသမီးသည်သော်လည်းကောင်း, အမျိုးသားသည်သော်လည်းကောင်း, ပဒုမ္မာကြာကိုသော်လည်းကောင်း, မိုးစွေပန်းကိုသော်လည်းကောင်း, စစ်သိမ်ပန်းကိုသော်လည်းကောင်း, တစ်ခုခုကို ရခဲ့မယ်ဆိုရင် နှစ်ဘက်သော လက်တို့ဖြင့် ဝမ်းမြောက်ဝမ်းသာနဲ့ မိမိရဲ့ ဦးထိပ်ထက်မှာ ပန်ဆင်လိုက်သလိုပဲ တပည့်တော်ဟာလည်း ဝမ်းမြောက်ဝမ်းသာဖြင့် ဒီဂရုဓံတရားရှစ်ပါးကို အသက်ထက်ဆုံး မလွန်ကျူးပါဟု လက်ခံပါတယ် အရှင်ဘုရားဆိုပြီး ပြန်လျှောက်ထားလိုက်တယ်။

လျှောက်ထားလိုက်တော့ ဂရုဓံရှစ်ပါးကို လက်ခံလိုက်သည်နှင့် တပြိုင်နက်ထဲ မိထွေးတော်ဂေါတမီ ဘာဖြစ်သွားလဲ? ရဟန်းပဉ္စင်း ဖြစ်သွားတယ်။ ဒါကို အဋ္ဌဂရုဓမ္မပဋိဂ္ဂဟဏူပသမ္ပဒါတဲ့၊ ရဟန်းရှစ်မျိုးရှိတဲ့အနက်က ဒါဂရုဓံရှစ်ပါးကို ဝန်ခံလို့ ရဟန်းပဉ္စင်းဖြစ်သွားတာ ဒီ မိထွေးတော်ဂေါတမီ တစ်ဦးပဲရှိတယ်။ ဂရုဓံရှစ်ပါးကို မိထွေးတော်ဂေါတမီ လက်ခံလိုက်ပြီဆိုတဲ့အကြောင်း ရှင်အာနန္ဒာကိုယ်တော်မြတ်က မြတ်စွာဘုရားအား အကြောင်းစုံ လျှောက်ထားတယ်။ အဲဒီလို အကြောင်းစုံ လျှောက်ထားလိုက်တဲ့ အချိန်အခါကျတော့မှ မြတ်စွာဘုရားက ရှင်အာနန္ဒာကိုယ်တော်မြတ်ကို ဘာအမိန့်ရှိလဲ?

‘‘သစေ၊ အာနန္ဒ၊ နာလဘိဿ မာတုဂါမော တထာဂတပ္ပဝေဒိတေ ဓမ္မဝိနယေ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇ္ဇံ၊ စိရဋ္ဌိတိကံ၊ အာနန္ဒ၊ ဗြဟ္မစရိယံ အဘဝိဿ၊ ဝဿသဟဿမေဝ သဒ္ဓမ္မော တိဋ္ဌေယျ။’’

အာနန္ဒာ၊ ချစ်သားအာနန္ဒာ ...။ မာတုဂါမော၊ မာတုဂါမ မင်းမိန်းမသည်။ တထာဂတပ္ပဝေဒိတေ၊ ရှင်တော်ဘုရား ဟောကြားပြသ ဆိုဆုံးမတော်မူအပ်တဲ့။ ဓမ္မဝိနယေ၊ ဓမ္မဝိနယ သာသနာတော်မြတ်အတွင်း၌။ အဂါရသ္မာ၊ အိမ်ယာတည်ထောင်လူ့ဘောင်မှ။ အနဂါရိယံ၊ အိမ်ယာမထောင်တဲ့ ရဟန်းဘောင်သို့။ ပဗ္ဗဇ္ဇံ၊ ဝင်ရောက်၍ ရှင်ရဟန်းပြုခြင်းကို။ သစေ နာလဘိဿ၊ အကယ်၍ အခွင့်မရရှိခဲ့သည်ဖြစ်အံ့။ ဗြဟ္မစရိယံ၊ သာသနာ့ဗြဟ္မစရိယ မဂ္ဂဗြဟ္မစရိယဟုခေါ်ဆိုအပ်တဲ့ မြတ်သောအကျင့်သည်။ စိရဋ္ဌိတိကံ၊ ကြာမြင့်စွာတည်သည်။ အဘဝိဿ၊ ဖြစ်ပေရာ၏၊ ဝဿသဟဿမေဝ၊ နှစ်ပေါင်းတစ်ထောင်ကာလ ကြာမြင့်သည်သာလျှင်။ သဒ္ဓမ္မော၊ သဒ္ဓမ္မသုံးဖြာသာသနာတော်သည်။ တိဋ္ဌေယျ၊ တည်နေပေရာ၏၊

ချစ်သားအာနန္ဒာ ...အကယ်၍ မာတုဂါမ မင်းမိန်းမတွေဟာ ငါ ဘုရား ဟောကြားပြသ ဆိုဆုံးမတော်မူအပ်တဲ့ ဓမ္မဝိနယ သာသနာတော်တွင်းမှာ ဝင်ရောက်ပြီး ရှင်ရဟန်း ပြုခွင့်မရခဲ့ဘူးဆိုရင် သာသနာ့ဗြဟ္မစရိယ မဂ္ဂဗြဟ္မစရိယလို့ခေါ်ဆိုအပ်တဲ့ ဒီသာသနာတော်ကြီးသည် ရှည်မြင့်စွာ တည်သွားမယ်။ နှစ်ပေါင်းတစ်ထောင်ကာလကြာအောင် ပရိယတ္တိသဒ္ဓမ္မ, ပဋိပတ္တိသဒ္ဓမ္မ, ပဋိဝေဓသဒ္ဓမ္မလို့ခေါ်ဆိုအပ်တဲ့ သဒ္ဓမ္မသုံးဖြာ သာသနာတော်ကြီးသည် တည်သွားလိမ့်မယ်။ ဆက်ပြီးတော့ မြတ်စွာဘုရား အမိန့်ရှိတယ်နော်။

‘‘ယတော စ ခေါ၊ အာနန္ဒ၊ မာတုဂါမော တထာဂတပ္ပဝေဒိတေ ဓမ္မဝိနယေ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတော၊ န ဒါနိ၊ အာနန္ဒ၊ ဗြဟ္မစရိယံ စိရဋ္ဌိတိကံ ဘဝိဿတိ။ ပဉ္စေဝ ဒါနိ၊ အာနန္ဒ၊ ဝဿသတာနိ သဒ္ဓမ္မော ဌဿတိ။’’

အာနန္ဒာ၊ ချစ်သားအာနန္ဒာ ...။ ယတော စ ခေါ၊ အကြင်အကြောင်းကြောင့်။ မာတုဂါမော၊ မာတုဂါမ မိန်းမသည်။ တထာဂတပ္ပဝေဒိတေ၊ ရှင်တော်ဘုရား ဟောကြားပြသ ဆိုဆုံးမတော်မူအပ်သော။ ဓမ္မဝိနယေ၊ ဓမ္မဝိနယ သာသနာတော်မြတ်အတွင်း၌။ အဂါရသ္မာ၊ အိမ်ရာတည်ထောင် လူ့ဘောင်မှ။ အနဂါရိယံ၊ အိမ်ရာမထောင်သော ရဟန်းဘောင်သို့။ ပဗ္ဗဇိတော၊ ဝင်ရောက်၍ ရှင်ရဟန်းပြုချေပြီ။ န ဒါနိ အာနန္ဒ ဗြဟ္မစရိယံ စိရဋ္ဌိတိကံ ဘဝိဿတိ၊ ချစ်သားအာနန္ဒာ ယခုအခါ၌ ထိုသာသနာ့ဗြဟ္မစရိယ မဂ္ဂဗြဟ္မစရိယဟု ခေါ်ဆိုအပ်သော သာသနာတော်ကြီးသည် ကြာမြင့်စွာ တည်တံ့လတ္တံ့သည် မဟုတ်ပေ။ ဒါနိ၊ ယခုအခါ၌။ ပဉ္စေဝ ဝဿသတာနိ၊ ငါးရာသော နှစ်တို့ပတ်လုံးသာလျှင်။ သဒ္ဓမ္မော၊ သဒ္ဓမ္မသုံးဖြာ သာသနာတော်သည်။ ဌဿတိ၊ တည်ပေလတ္တံ့။

ပရိယတ္တိသဒ္ဓမ္မ, ပဋိပတ္တိသဒ္ဓမ္မ, ပဋိဝေဓသဒ္ဓမ္မလို့ ခေါ်ဆိုအပ်တဲ့ သဒ္ဓမ္မသုံးဖြာ သာသနာတော်သည် နှစ်ပေါင်း (၅၀၀)ပဲ တည်တော့မယ်။ ဘာကြောင့်လဲ?

မာတုဂါမ မင်းမိန်းမတွေ သာသနာတော်သို့ ဝင်ရောက်ပြီး ရှင်ရဟန်း ပြုခွင့်ရတဲ့အတွက် နှစ်ပေါင်း (၁၀၀၀)တည်နိုင်တဲ့ သာသနာတော်သည် နှစ်ပေါင်း (၅၀၀)ပဲ တည်တော့မယ်။ ဝမ်းနည်းစရာလေးပဲနော်။ ကဲ - မြတ်စွာဘုရား ဥပမာလေးတွေနဲ့ ဆက်ပြီးဟောတယ်။

ချစ်သားအာနန္ဒာ ...ဥပမာတစ်ခု ငါ ဘုရားဟောမယ်။ အကြင် အမျိုးသား အမျိုးအိမ် တစ်အိမ်ရှိတယ်။ ထို အမျိုးအိမ်မှာ ယောက်ျားတွေက နည်းတယ်။ အမျိုးသမီးတွေက များတယ်။ ယောက်ျားနည်းပြီး အမျိုးသမီးများနေတဲ့ ထိုအိမ်ကို ခိုးသားဓားပြတွေ ဝင်ရောက်ပြီး လွယ်လွယ်ကူကူနဲ့ ဖျက်ဆီးမယ်ဆိုရင် ဖျက်ဆီးလို့ ရနိုင်သလိုပဲ ဒီဥပမာအတိုင်းပဲ အာနန္ဒာ အကြင်ဓမ္မဝိနယ သာသနာတော်တွင်းမှာ မာတုဂါမ မင်းမိန်းမတွေဟာ ဝင်ရောက်ပြီး ရှင်ရဟန်း ပြုခွင့်ရကြတယ်။ ထို ဓမ္မဝိနယ သာသနာသည် ဘယ်တော့မှ ကြာမြင့်စွာ မတည်တံ့နိုင်ဘူး။

ချစ်သားအာနန္ဒာ ...နောက်ဥပမာတစ်ခု ငါ ဘုရား ပြောမယ်။ စပါးခင်းထဲမှာ ဖလံဖြူလို့ခေါ်ဆိုအပ်တဲ့ ပိုးတစ်မျိုး ကျရောက်လာပြီ။ အဲဒီလို ဖလံဖြူပိုး အထိုးခံရတဲ့ ထိုစပါးခင်းသည် ရှည်မြင့်စွာ ကြာမြင့်စွာ မတည်တံ့နိုင်သလိုပဲ ထိုနည်းအတူ အကြင် ဓမ္မဝိနယ သာသနာတော်တွင်း၌ မာတုဂါမ မင်းမိန်းမတွေ ဝင်ရောက်ပြီး ရှင်ရဟန်းပြုခွင့်ရတယ်။ မာတုဂါမ မင်းမိန်းမတွေ ဝင်ရောက်ပြီး ရှင်ရဟန်း ပြုခွင့်ရတဲ့ ထိုသဒ္ဓမ္မသုံးဖြာ သာသနာဟာလည်း ဘယ်တော့မှ ကြာမြင့်စွာ မတည်တံ့နိုင်ဘူး။

နောက် ဥပမာတစ်ခု ငါပြောဦးမယ်။ ချစ်သားအာနန္ဒာ ... ကြံခင်းတစ်ခု ရှိတယ်။ အဲဒီ ကောင်းမွန်နေတဲ့ ကြံခင်းထဲမှာ ကြံတွေရဲ့ အူအလယ်ခေါင်မှာ အူနီပိုးလို့ ခေါ်ဆိုအပ်တဲ့ ပိုးတစ်မျိုးကျရောက်လာပြီ ဆိုရင် ထိုကြံခင်းသည် ကြာမြင့်စွာ ဘယ်နည်းနဲ့မှ မတည်တံ့နိုင်ဘူး။ အဲဒီပုံစံအတိုင်းပဲ အကြင် ဓမ္မဝိနယ သာသနာတော်တစ်ခုမှာ မာတုဂါမ မင်းမိန်းမတွေ ဝင်ရောက်ပြီး ရှင်ရဟန်း ပြုခွင့်ရကြတယ်။ အဲဒီလို ရှင်ရဟန်း ပြုခွင့်ရနေတဲ့ သဒ္ဓမ္မသုံးဖြာသာသနာတော်သည် ဘယ်တော့မှ ကြာမြင့်စွာ မတည်တံ့နိုင်ဘူး။ ဒီလို မြတ်စွာဘုရား ဥပမာနဲ့ ဟောတယ်နော်။ ဟောပြီးတဲ့အခါကျတော့မှ နောက်ဆုံး ရှင်အာနန္ဒာကို မြတ်စွာဘုရား နောက်ဆုံး ဘာအမိန့်ရှိလဲ?

‘‘သေယျထာပိ, အာနန္ဒ, ပုရိသော မဟတော တဠာကဿ ပဋိကစ္စေဝ အာဠိံ ဗန္ဓေယျ ယာဝဒေဝ ဥဒကဿ အနတိက္ကမနာယ၊ ဧဝမေဝံ ခေါ, အာနန္ဒ, မယာ ပဋိကစ္စေဝ ဘိက္ခုနီနံ အဋ္ဌ ဂရုဓမ္မာ ပညတ္တာ ယာဝဇီဝံ အနတိက္ကမနီယာ။’’

အာနန္ဒာ၊ ချစ်သားအာနန္ဒာ ...။ သေယျထာပိ၊ ဖြစ်သင့်နှိုင်းခိုင်းဖွယ်ရာ လောကဥပမာကို ဆိုဦးအံ့။ ပုရိသော၊ ယောက်ျားသည်။ မဟတော တဠာကဿ၊ ကြီးစွာသော တစ်ဖက်ဆည်ကန်ကြီး၏။ ယာဝဒေဝ ဥဒကဿ အနတိက္ကမနာယ၊ ရေကျော်၍ မသွားရန် အလို့ငှာသာလျှင်။ ပဋိကစ္စေဝ၊ ရှေးမဆွကပင် ကြိုတင်၍သာလျှင်။ အာဠိံ ဗန္ဓေယျ၊ ဖောင်ရိုးကန်သင်းကို ဖွဲ့စပ်ရာ၏။ ဧဝမေဝံ ခေါ၊ ဤဥပမာအတူသာလျှင်တည်း။ အာနန္ဒာ၊ ချစ်သားအာနန္ဒာ။ မယာ၊ ငါဘုရားသည်။ ဘိက္ခုနီနံ၊ ဘိက္ခုနီမတို့အား။ အဋ္ဌ ဂရုဓမ္မာ၊ ရှစ်ပါးသော ဂရုဓံတရားတို့ကို။ ပညတ္တာ၊ ပညတ်တော်မူအပ်ကုန်ပြီ။ ယာဝဇီဝံ အနတိက္ကမနီယာ၊ အသက်ထက်ဆုံး မလွန်ကျူးအပ်ကုန်။

ချစ်သားအာနန္ဒာ ... ယောက်ျားတစ်ယောက်ဟာ တစ်ဖက်ဆည်ကန်ကြီး တစ်ခုရှိတယ်။ ထိုတစ်ဖက်ဆည်ကန်ကြီးရဲ့ ကန်ဘောင်ရိုးတွေကို ကြိုတင်ပြီးတော့ သူကဆည်ထားလိုက်တယ်။ ကြိုတင်ဆည်တာ ရည်ရွယ်ချက်က ဘာလဲလို့မေးရင် ရေကျော်မသွားရန်ဆိုတဲ့ ရည်ရွယ်ချက်ဖြင့် ကြိုတင်ပြီးတော့ ကန်ဘောင်ရိုးတွေကို ဆည်ထားလိုက်တယ်။ အဲဒီပုံစံအတိုင်း ဥပမာအတိုင်းပဲ ငါ ဘုရားသည် ဘိက္ခုနီမတို့အားလည်း အသက်ထက်ဆုံး မလွန်ကျူးရဆိုပြီးတော့ ဂရုဓံတရား (၈)ပါးကို ငါ ဘုရား ပညတ်တော်မူပါတယ်ဆိုပြီး ဒီစကားလေး အမိန့်ရှိတယ်။ ဒီ ဥပမာစကားရပ်ကလေးက ဘာကိုဆိုလိုသလဲဆိုတော့ ဆိုလိုရင်းအဓိပ္ပာယ်ကတော့ ဒီလိုပါ ဦးပဉ္စင်းတို့ တစ်ဖက်ဆည်ကန်ကြီး တစ်ခုရှိတယ်။ ခုကာလတော့ ဆည်လို့လည်း ခေါ်ကြတယ် ထင်တယ်နော်။

အဲဒီ တစ်ဖက်ဆည်ကန်ကြီးတစ်ခုမှာ ကန်ဘောင်ရိုး မရှိဘူးဘဲထား။ သူတည်နေကျ ရေကတော့ တည်သွားမယ်။ ဒါပေမဲ့ ဘေးကနေ ခိုင်ခန့်တဲ့ ကန်ဘောင်ရိုးတွေကို ခပ်မြင့်မြင့်တပ်ပြီးတော့မှ ဖွဲ့လိုက်မယ် ကန်ဘောင်ရိုးတွေ ထပ်ပြုပြင်လိုက်မယ်ဆိုလို့ရှိရင် ဘာဖြစ်သွားလဲ? ကန်ဘောင်ရိုး မရှိခြင်းတည်းဟူသော အကြောင်းကြောင့် လျှံပြီး ထွက်သွားမယ့် ရေတွေလည်း တည်နေလိမ့်မယ်။ ဒီတော့ ကန်ဘောင်ရိုးမရှိရင် တည်မယ့်ရေနဲ့ ကန်ဘောင်ရိုး ရှိလိုက်ခြင်းကြောင့် လျှံသွားမယ့်ရေတွေလည်း တည်တယ်ဆိုတော့ ရေဘယ်နှစ်မျိုး တည်သွားလဲ? နှစ်မျိုးနော်။

အဲဒီပုံစံအတိုင်းပဲ မာတုဂါမ မင်းမိန်းမတွေ သာသနာတွင်းသို့ ဝင်ရောက်ပြီး ရှင်ရဟန်းပြုဖို့ အခွင့်မရခဲ့ဘူးဆိုလို့ရှိရင် နှစ်ပေါင်း (၁၀၀၀)ကာလကြာအောင် ဒီသာသနာတော်ကြီး တည်သွားနိုင်တယ်။ မာတုဂါမ မင်းမိန်းမတွေ သာသနာဘောင်အတွင်း ဝင်ရောက်ပြီး ရှင်ရဟန်း ပြုခွင့်ရတဲ့အတွက် နှစ်ပေါင်း (၁၀၀၀)တည်နိုင်တဲ့ ဒီသာသနာတော်ကြီးသည် ဘယ်လောက်တည်မလဲ? နှစ်ပေါင်း (၅၀၀)ပဲ တည်သွားမယ်။ ဒါပေမဲ့ ကန်ဘောင်ရိုးနဲ့တူတဲ့ ဂရုဓံတရား (၈)ပါးကို ငါဘုရား ကြိုတင်ပြီး တားဆီးလိုက်တဲ့အတွက် ဘာဖြစ်လဲ? ကန်ဘောင်ရိုးတားတဲ့အတွက် ဂရုဓံ (၈)ပါးတည်းဟူသော ကန်ဘောင်ရိုးကြီး ထပ်ပြီး တားလိုက်တဲ့အတွက်ကြောင့် မူလတည်ရမယ့် သာသနာက အနှစ် (၅၀၀), ဂရုဓံဆိုတဲ့ ကန်ဘောင်ရိုးကြီး ထပ်ပြီး တားလိုက်ခြင်းကြောင့် တည်ရမယ့် သာသနာက နှစ်ပေါင်း (၅၀၀)၊ နှစ်ရပ်ပေါင်းလိုက်တော့လည်း နှစ်ပေါင်း (၁၀၀၀)ပဲ ပြန်တည်သွားမယ်လို့ ဒီလို ဆိုလိုပါတယ်နော်။ ဂရုဓံ (၈)ပါးဆိုတဲ့ ဝန်းခြံကြီး ကန်ဘောင်ရိုးကြီးသာ မဆည်လိုက်ဘူး, ဝန်းခြံ မခတ်လိုက်ဘူးဆိုလို့ရှိရင်တော့ ဒီသာသနာ နှစ်ပေါင်း (၅၀၀)လောက်ပဲ တည်ချင်တည်မယ်လို့ ဆိုလိုတယ်နော်။

ဒီစကားရပ်ကလေးကတော့ နည်းနည်းလေး နားထွေးတတ်တယ်။ ဦးပဉ္စင်းတို့ သာသနာ (၅၀၀၀)ဆိုပြီး အဆိုရှိကြပါတယ်နော်။ ဒီစကားရပ်မှာ မြတ်စွာဘုရားက သစေ၊ အကယ်၍လို့ဆိုတဲ့ စကားလေး သုံးထားပါတယ်နော်။ ဒီတော့ ဒီအကယ်၍ဆိုတဲ့ စကားက ကျိန်းသေပြောနေတဲ့ စကားမျိုးတော့ မဟုတ်ပါဘူးနော်။ သာသနာတော်သည် နှစ်ပေါင်း (၁၀၀၀)ပဲ ကျိန်းသေ တည်တော့မယ်လို့ ဒီလိုပြောလိုရင်း စကားမျိုး မဟုတ်ဘူး အကယ်၍သာလို့ဆိုပြီး စကားက ခံသုံးထားတယ်နော်။ ဒါကြောင့် ဒီနေရာမှာ သာသနာ (၅၀၀၀)ဆိုတဲ့ စကားနဲ့ ပတ်သက်လို့လည်း အဆိုအမိန့်လေးတွေ နည်းနည်းကွဲနေကြတယ်။

ခုဦးပဉ္စင်းပြောနေတဲ့ ဂေါတမီသုတ္တန်က အင်္ဂုတ္တရနိကာယ် အဋ္ဌကနိပါတ်မှာ လာပါတယ်။ ထို အင်္ဂုတ္တရနိကာယ်ကို ဖွင့်ဆိုတဲ့ အင်္ဂုတ္တရအဋ္ဌကထာကတော့ ဒီနေရာမှာ နှစ်ပေါင်း (၁၀၀၀)ဆိုတာက ပဋိသမ္ဘိဒါပတ္တ ရဟန္တာခေတ်ကို ဘုရားရှင် ရည်ရွယ်တယ်လို့ ဒီလို သတ်မှတ်ပေးတယ်။ ပဋိသမ္ဘိဒါပတ္တဆိုတဲ့ အထဲမှာ ဘာတွေပါသွားသလဲလို့ မေးရင် ဋီကာဆရာတော်တွေရဲ့ ခွင့်ပြုချက်နဲ့ကြည့်လိုက်ရင် ဆဠာဘိညာ အဘိညာဏ် (၆)ပါးရတဲ့ ရဟန္တာတွေ, တေဝိဇ္ဇာပတ္တ ဝိဇ္ဇာဉာဏ် (၃)ပါးရတဲ့ ရဟန္တာတွေ, အားလုံး ပါသွားတယ်။

အဲဒီတော့ ပဋိသမ္ဘိဒါပတ္တရဟန္တာ, ဆဠာဘိညာပတ္တရဟန္တာ, တေဝိဇ္ဇာပတ္တရဟန္တာ။ အဲဒီရဟန္တာခေတ်က နှစ်ပေါင်း (၁၀၀၀) ဒီလို သတ်မှတ်ပေးလိုက်တယ်။ သုက္ကဝိပဿကလို့ခေါ်တဲ့ ဈာန်အစေးခန်းခြောက်နေတဲ့ ဈာန်မရတဲ့ ရဟန္တာတွေက နှစ်ပေါင်း (၁၀၀၀)၊ အနာဂါမ်ခေတ်က နှစ်ပေါင်း (၁၀၀၀)၊ သကဒါဂါမ်ခေတ်က နှစ်ပေါင်း (၁၀၀၀)၊ သောတာပန်ခေတ်က နှစ်ပေါင်း (၁၀၀၀)။ ပေါင်းလိုက်ရင်တော့ နှစ်ပေါင်း ဘယ်လောက်ဖြစ်သွားလဲ? (၅၀၀၀)ပဲ ပြန်ဖြစ်သွားတယ်နော်။ အဲဒီလို တည်မယ်လို့ ဘုရားရှင်ရဲ့ ရည်ရွယ်ချက် ရှိတယ်လို့ ဒီလိုအဋ္ဌကထာများက သတ်မှတ်ပေးလိုက်တယ်။

နောက်တစ်ခါ ဒီဃနိကာယ် ဒီဃနိကာယအဋ္ဌကထာ စတဲ့ ထိုထို အဋ္ဌကထာတွေမှာတော့ ပုံစံလေးတစ်မျိုးနဲ့ လာတယ်။ ပုံစံတစ်မျိုးက ဘယ်လိုလဲဆိုလို့ရှိရင် ပဋိသမ္ဘိဒါပတ္တရဟန္တာခေတ်က နှစ်ပေါင်း (၁၀၀၀)၊ ဆဠာဘိညာပတ္တရဟန္တာခေတ်က နှစ်ပေါင်း (၁၀၀၀)၊ တေဝိဇ္ဇာပတ္တရဟန္တာခေတ်က နှစ်ပေါင်း (၁၀၀၀)ဆိုတော့ နှစ်ပေါင်း ဘယ်လောက်ဖြစ်သွားပြီလဲ? (၃၀၀၀)၊ ဦးပဉ္စင်းတို့ သာသနာတော်က ဘယ်အတွင်းရှိနေလဲ? (၃၀၀၀)အတွင်းပေါ့နော်။

ဒီတော့ တေဝိဇ္ဇာပတ္တရဟန္တာခေတ်က ရှိသေးတယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့နော်။ ဒါ-ဒီဃနိကာယ် အဋ္ဌကထာအလို တေဝိဇ္ဇာပတ္တရဟန္တာခေတ်က နှစ်ပေါင်း (၁၀၀၀)၊ နောက်တစ်ခု သုက္ကဝိပဿက ရဟန္တာခေတ်က နှစ်ပေါင်း (၁၀၀၀)။ ပေါင်း (၄၀၀၀)နော်။ ပါတိမောက္ခခေတ်လို့ ခေါ်ဆိုအပ်တဲ့ ပါတိမောက္ခသံဝရသီလကို ထိန်းသိမ်းစောင့်ရှောက်နေတဲ့ခေတ် တစ်နည်းအားဖြင့် သောတာပန်, သကဒါဂါမ်, အနာဂါမ်ခေတ်ပေါ့။ အဲဒီခေတ်က နှစ်ပေါင်း (၁၀၀၀)။ ပေါင်းလိုက်တော့ (၅၀၀၀)နော်။

အဋ္ဌကထာအချင်းချင်း အဆိုအမိန့်တွေ ဘာကြောင့် မတူရသလဲ? ဒီနေရာမှာ ဝိမုတ္တိဋီကာဆရာတော်က ရှင်းထားပါတယ်။ ဒီစကားရပ်တွေသည် ကျင့်စဉ်နဲ့ သက်ဆိုင်တဲ့ စကားရပ်တွေ မဟုတ်ပါဘူးနော်။ ဒီဃနိကာယ်ကိုဆောင်တော်မူတဲ့ ဒီဃဘာဏကမထေရ်တွေရဲ့ အလိုအတိုင်း အဋ္ဌကထာဆရာများကလည်း ထိုအလိုဆန္ဒကို မဆန့်ကျင်တဲ့အတွက် ဒီဃနိကာယ်ကို ဖွင့်တဲ့အခါ ဒီဃနိကာယ်ကိုဆောင်တဲ့ မထေရ်တွေရဲ့ အလိုဆန္ဒအတိုင်း ရေးထားခြင်း ဖြစ်တယ်တဲ့။ အင်္ဂုတ္တရနိကာယ်ကျတော့လည်း အင်္ဂုတ္တရဘာဏကမထေရ်တို့ရဲ့ အလိုဆန္ဒအတိုင်း ထိုမထေရ်တို့ရဲ့ အလိုဆန္ဒကို မဆန့်ကျင်ချင်တဲ့အတွက် ထိုမထေရ်တို့ရဲ့ အလိုဆန္ဒအတိုင်း အင်္ဂုတ္တရအဋ္ဌကထာမှာလည်း အဋ္ဌကထာဆရာတွေက ဒီလိုပဲ ရေးသွားခြင်း ဖြစ်တယ်။

ဘုရားရှင်လက်ထက်ကနေ စပြီးတော့နော် ဦးပဉ္စင်းတို့ သာသနာခေတ် နှစ်ပေါင်း (၄၀၀)ကျော်အထိပေါ့၊ စတုတ္ထသင်္ဂါယနာ မတင်ခင်အထိ နှုတ်နဲ့ပဲ ဆောင်လာ ကြရတာဖြစ်တယ်။ နှုတ်နဲ့ဆောင်လာတဲ့ ပါဠိတော်တွေကို နှုတ်နဲ့ဆောင်လာတဲ့ ပုဂ္ဂိုလ်တွေကို ဘာဏကဆိုပြီး ဒီလိုသုံးပါတယ်နော်။ ဒီဃဘာဏက, မဇ္ဈိမဘာဏက, အင်္ဂုတ္တရဘာဏက စသည်ဖြင့် ဒီလိုသုံးတော့ နှုတ်နဲ့ ဆောင်လာတဲ့ ပုဂ္ဂိုလ်တွေ၊ တစ်ဂိုဏ်းနဲ့ တစ်ဂိုဏ်း ဘာဏက တစ်ခုနဲ့တစ်ခု အယူအဆ မတူတာကတော့ အဋ္ဌကထာဆရာရဲ့ တာဝန်တွေ မဟုတ်ပါဘူးနော်။ အဋ္ဌကထာဆရာတွေက ထိုထို ဘာဏကဆရာတို့ရဲ့ အလိုဆန္ဒအတိုင်း အနက်အဓိပ္ပာယ်တွေကို မပျောက်ပျက်အောင် ဖွင့်ဆိုပြဖို့ ဒါသူတို့ရဲ့ တာဝန်ပဲ။ ဒါကြောင့် ထိုထိုဘာဏကတို့ရဲ့ အယူအဆအတိုင်း ဖွင့်ပြခြင်းပဲ ဖြစ်တယ်။ ဒီဖွင့်ပြတဲ့ အယူအဆဟာ မတူတော့ကော ကျင့်စဉ်တွေ လွဲမှားသွားမလားလို့

(--- အခွေ၌ မတွေ့ ---)

မေးစရာမလိုဘူးလား?...ဘာမှကျင့်စဉ် မလွဲနိုင်ဘူးနော်။ (၅၀၀၀) တည်ချင်လည်းတည် (၃၀၀၀)ပဲ တည်လည်းတည်၊ (၂၀၀၀)ပဲ တည်ချင်လည်းတည် ကျင့်စဉ်နဲ့ ဘာမှမသက်ဆိုင်ဘူးနော်။ နိဗ္ဗာန်ရရှိရေးအတွက် ဘယ်လိုကျင့်ရမလဲ? ထိုကျင့်စဉ်တွေနဲ့ ပတ်သက်လို့သာ အသေးစိတ် ဆွေးနွေးဖို့ တာဝန်ရှိတယ်။ ကျင့်စဉ် လွဲချော်ခဲ့ရင် ဘာဖြစ်မလဲ?...မဂ်, ဖိုလ်, နိဗ္ဗာန် မရနိုင်ဘူးနော်။ ကျင့်စဉ်မှန်မှ မဂ်, ဖိုလ်, နိဗ္ဗာန်ရမယ်။ ဘာဖြစ်လို့လဲ မဂ်, ဖိုလ်, နိဗ္ဗာန် သွားတာသည် လမ်း ဘယ်နှစ်လမ်းရှိလဲ? တစ်လမ်းပဲရှိတယ်။ ဧကာယနနော်။ လမ်းတစ်လမ်းပဲရှိတယ်ဆိုတာက ဘုရားရှင် မဟာသတိပဋ္ဌာနသုတ္တန်မှာ အတိအကျ ဟောထားတယ်။

လမ်းတစ်လမ်း ထပ်ပြီး ချော်နေဦးမယ်ဆိုလို့ရှိရင် မဂ်, ဖိုလ်, နိဗ္ဗာန်ရမလား။ ဦးပဉ္စင်းက သာသနာတော်ရဲ့ အနှစ်ပန်းတိုင်သည် ဘာလဲ။ မဂ်, ဖိုလ်, နိဗ္ဗာန်ပဲနော်။ မဂ်, ဖိုလ်, နိဗ္ဗာန်ဆိုတဲ့ အနှစ်သာရကို ရယူချင်နေတဲ့ ပုဂ္ဂိုလ်သူတော်ကောင်းတစ်ဦးအဖို့ လမ်းချော်ဖို့လိုမလား မလိုဘူးလား။ မလိုပါဘူးနော်။ လမ်းချော်ရင် မဂ်, ဖိုလ်, နိဗ္ဗာန်ရမလား။ မရဘူး။ ဒါကြောင့် ဒီလမ်းချော်သွားရေးအတွက် မချော်ရအောင် ကျင့်စဉ်နဲ့ ပတ်သက်တဲ့ အသေးစိတ် ဆွေးနွေးချက်တွေကတော့ အဋ္ဌကထာဆရာတွေရဲ့တာဝန်၊ ဋီကာဆရာတွေရဲ့ တာဝန် ဖြစ်ပါတယ်ဆိုပြီးတော့ သူကရှင်းထားတယ်နော်။ ဒီတော့ ဒီနေ့ ဟောမယ့် နန္ဒကောဝါဒသုတ္တန်ဟာလည်း ထိုကျင့်စဉ်တွေထဲမှာ အရေးကြီးတဲ့ အချက်ပါပါတယ်နော်။

(--- အသံပြတ် ---)

ဒုတိယပိုင်း

ဘုရားက ဝန်ခံပြီးပြောထားတဲ့ စကားပါနော်။ အကယ်၍သာ သိန်းထီပေါက်ခဲ့ရင် ဘာလုပ်မယ်ဆိုတဲ့ ပုံစံမျိုးပဲနော်။ ဒီတော့ (၅၀၀၀) သာသနာဟာ (၅၀၀၀)ပဲ။ ကျိန်းသေတည်ရတော့မလားလို့ဆိုတော့ ဒီလိုတော့ မဟုတ်ပါဘူးတဲ့။ ပရိနိဗ္ဗာန်စံခါနီး သုဘဒ္ဒပရဗိုဇ်ကို ဘုရားရှင် မိန့်ကြားတော်မူခဲ့တဲ့ စကားရှိတယ်နော်။

‘‘ဣမေ စ, သုဘဒ္ဒ, ဘိက္ခူ သမ္မာ ဝိဟရေယျုံ၊ အသုညော လောကော အရဟန္တေဟိ အဿ။’’ (ဒီ၊၂၊၁၂၅။)

ဒီရဟန်းတွေဟာ ကောင်းမွန်စွာ နေထိုင်ကြမယ်။ ကောင်းမွန်စွာ နေထိုင်တယ်ဆိုတာက သီလကျင့်စဉ်တွေကို ရိုရိုသေသေ လေးလေးစားစားနဲ့ ကျင့်ကြမယ်။ သမာဓိကျင့်စဉ်တွေကို ရိုရိုသေသေ လေးလေးစားစားဖြင့် ကျင့်ကြမယ်။ ပညာကျင့်စဉ်တွေကို ရိုရိုသေသေ လေးလေးစားစားဖြင့် တကယ်ကျင့်ကြမယ်ဆိုရင် ကောင်းမွန်မှန်ကန်စွာ နေထိုင်သည် မည်ပါတယ်နော်။ ထိုကဲ့သို့ ကောင်းမွန်မှန်ကန်စွာ နေမယ်ဆိုရင်

အသုညော လောကော အရဟန္တေဟိ အဿ၊ ဒီလောကကြီးသည် ရဟန္တာပုဂ္ဂိုလ်တွေနဲ့ ဘယ်တော့မှ ဆိတ်သုဉ်းပြီး မသွားနိုင်ဘူးလို့ ဘုရားရှင် မိန့်ကြားထားတဲ့ စကားရှိတယ်။ အဲဒီစကားက ကျိန်းသေစကားပဲနော်။ ဒီတော့ ကျိန်းသေစကားအရ သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်လို့ခေါ်ဆိုအပ်တဲ့ ကျင့်စဉ်တွေကို စနစ်တကျ ကျင့်နေရင် သာသနာ ရှိနေမယ်နော်။

ဒီတော့ မုဒုံက ဒကာကြီးတွေ, ဒကာမကြီးတွေက သီလကျင့်စဉ်တွေကို စနစ်တကျ ကျင့်မယ်။ သမာဓိကျင့်စဉ်တွေကို စနစ်တကျ ကျင့်မယ်။ ပညာကျင့်စဉ်တွေကို စနစ်တကျ ကျင့်ကြမယ်ဆိုရင် ကျင့်နေတဲ့ ပုဂ္ဂိုလ်သန္တာန်မှာ သာသနာ တည်နေမှာပဲနော်။ မကျင့်ကြဘူးဆိုရင် သာသနာ မတည်ဘူးနော်။ ထုံးလေးကြည့်ပေါ့ ဦးပဉ္စင်းတို့ အိန္ဒိယ နှစ်ပေါင်း (၅၀၀၀)ခု သာသနာ ပြည့်ပြီလား? မပြည့်သေးဘူး။ မပြည့်သေးပေမယ့်လို့ အိန္ဒိယမှာ သာသနာရှိသေးလား? မရှိတော့ဘူး။ ဘာကြောင့်လဲ? သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်တွေကို ရိုရိုသေသေ လေးလေးစားစားနဲ့ စနစ်တကျနဲ့ မကျင့်ဘူး မကျင့်တော့ သာသနာရှိသလား? မရှိတော့ဘူး။ ဒါကြောင့် ဦးပဉ္စင်းတို့ ဒီနိုင်ငံဟာလည်း အကယ်၍ သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်လို့ခေါ်ဆိုအပ်တဲ့ ဒီကျင့်စဉ်တွေကို စနစ်တကျ ရိုရိုသေသေ လေးလေးစားစားနဲ့ မကျင့်ဘူးဆိုလို့ရှိရင် ဒီသာသနာကြီးဟာ (၅၀၀၀)အထိ တည်ပါ့မလား။ မတည်ပါဘူး။ ကျင့်ကြမယ်ဆိုရင်တော့ (၅၀၀၀)မက တည်ချင်လည်း တည်သွားနိုင်တယ်လို့ ဒီလိုဆိုလိုပါတယ်နော်။

ကဲ- ပြီးစေတော့ သာသနာ (၅၀၀၀) အကြောင်းပြီးတော့ ဘိက္ခုနီသာသနာကို ရရှိရေးအတွက် ကြိုးပမ်းတော်မူခဲ့ကြတဲ့ ပုဂ္ဂိုလ် (၅၀၀) ရှိနေသေးတယ်နော်။ မိထွေးတော်ဂေါတမီတစ်ဦးပဲ ရဟန်းပဉ္စင်း ဖြစ်သေးတယ်။ ကျန်တဲ့ အမျိုးသမီး (၅၀၀)က ရဟန်းပဉ္စင်း မဖြစ်သေးတော့ မြတ်စွာဘုရားထံ ချဉ်းကပ်ပြီး လျှောက်ထားတော့ မြတ်စွာဘုရားက မိထွေးတော်ဂေါတမီကြီးကို ဥပဇ္ဈာယ်ဆရာပြုပြီးတော့ ဘိက္ခုသံဃာလို့ခေါ်ဆိုအပ်တဲ့ တစ်ဖက်သော ရဟန်းသံဃာက ထို (၅၀၀)သော အမျိုးသမီးတွေကို ဉတ္တိစတုတ္ထကမ္မဝါစာဖြင့် သိမ်ထဲမှာ ဝင်ပြီးတော့ ကမ္မဝါ ရွတ်ဖတ်ပြီး ရဟန်းပဉ္စင်း ပြုပေးစေလို့ဆိုပြီးတော့ ခွင့်ပြုလိုက်ပါတယ်နော်။

ခွင့်ပြုလိုက်တဲ့အတွက် ထို (၅၀၀)သော အမျိုးသမီးသည် ဘိက္ခုနီမ အဖြစ်သို့ ရရှိသွားကြတယ်။ ထို ဘိက္ခုနီမ (၅၀၀)သည် ဧကတောဥပသမ္ပဒါ ရဟန်းယောက်ျား တစ်ဖက်တည်းမှာပဲ ရဟန်းအဖြစ်ကို ရရှိသွားတယ်။ ဘိက္ခုနီမအဖြစ်ကို ရရှိသွားတဲ့ ဘိက္ခုနီမတွေလို့ ဒီလိုသာသနာတော်က သတ်မှတ်တယ်နော်။ သူတို့ရဲ့နောက်ပိုင်း ဖြစ်ပေါ်လာမယ့် ဘိက္ခုနီဟူသမျှသည် ဘိက္ခုသံဃာမှာရော, ဘိက္ခုနီသံဃာမှာရော နှစ်ဖက်သော သံဃာထံ၌ နှစ်ကြိမ်တိုင်တိုင် ဥပသမ္ပဒါကမ္မဝါစာဖြင့် ရွတ်ဖတ်ပြီး ရဟန်းအဖြစ်ကို ရွတ်ဖတ်ပေးမှ ရဟန်းပဉ္စင်း အဖြစ်ကို ရရှိကြတယ်။ ထိုဘိက္ခုနီမ (၅၀၀)အနက် မိထွေးတော်ဂေါတမီကြီးက သာသနာဘောင် ဝင်ရောက်ပြီး ရှင်ရဟန်းပြုခွင့် ရရှိတဲ့အချိန် သောတာပန် တည်သွားပြီး ဖြစ်တယ်နော်။ ကျန်တဲ့ ဘိက္ခုနီမ (၅၀၀)က တရားထူး တရားမြတ် မရရှာကြသေးဘူး။ ဒါပေမယ့်လို့ မိထွေးတော်ဂေါတမီကြီးက တစ်ချိန်မှာ မြတ်စွာဘုရားက ဣန္ဒြေတွေ ရင့်ကျက်လာပြီဆိုတာ သိတော်မူတဲ့အတွက် မိထွေးတော်ဂေါတမီကြီးကို သံခိတ္တသုတ္တန်ဆိုတဲ့ သုတ္တန်လေးတစ်ခု ခပ်တိုတို မြတ်စွာဘုရား ဟောပေးပါတယ်။

ထိုသံခိတ္တသုတ္တန်ကို နာကြားရတဲ့အခါ အင်္ဂုတ္တိုရ်ပါဠိတော်မှာ လာတယ်နော်။ သံခိတ္တသုတ္တန်ကို နာကြားရတဲ့အခါ မိထွေးတော်ဂေါတမီ ရဟန္တာအဖြစ်ကို ရရှိသွားတယ်။ မိထွေးတော်ဂေါတမီတစ်ဦးက ရဟန္တာ ဖြစ်သွားသော်လည်း ကျန်တဲ့ ဘိက္ခုနီမ (၅၀၀)တို့သည် တရားထူး တရားမြတ် မရဖြစ်နေကြတယ်။ ဒီဘိက္ခုနီမ (၅၀၀)တို့သည် ဘယ်ချိန်ခါ တရားထူး တရားမြတ် ရမလဲဆိုတာ မြတ်စွာဘုရား လှမ်းမျှော် ကြည့်တော်မူလိုက်တဲ့အခါ ရှင်နန္ဒကမထေရ်၏ တရားစကား နာကြားရတဲ့အခါမှာ တရားထူး တရားမြတ် ရကြလိမ့်မယ်လို့ မြတ်စွာဘုရားက မြင်တော်မူတယ်။ မြင်တော်မူတဲ့အတွက်ကြောင့် မြတ်စွာဘုရားက ရဟန်းတွေကို ဘာအမိန့်ရှိထားလဲ။ ရဟန်းတွေသည် ဘိက္ခုနီမတွေကို အလှည့်ကျ ဆိုဆုံးမရမယ်ဆိုပြီး အမိန့်ထုတ်ထားတယ်။ ဒီလို အမိန့်ထုတ်ခြင်းသည်လည်း ရှင်နန္ဒကမထေရ်ကိုသာ အကြောင်းပြုပြီး အမိန့်ထုတ်ခြင်း ဖြစ်တယ်။ ဘာဖြစ်လို့လဲ? ဒီဘိက္ခုနီမ (၅၀၀)သည် ဗုဒ္ဓဝေနေယျ ဘုရားချေချွတ်လို့ ကျွတ်တမ်းဝင်မယ့် မဂ်, ဖိုလ်, နိဗ္ဗာန် ရနိုင်တဲ့ ဘိက္ခုနီမ (၅၀၀)မဟုတ်ဘူး။

ရှင်နန္ဒကတရားနဲ့မှ ကျွတ်တမ်းဝင်မဲ့ မဂ်,ဖိုလ်,နိဗ္ဗာန်ရမဲ့ ဘိက္ခုနီမတွေ ဖြစ်နေကြတယ်။ ဘာကြောင့်လဲ? ဒီဘိက္ခုနီမတွေကိုယ်တိုင်က ရှင်နန္ဒကကို ဖူးမြှော်ရတဲ့အခါ သူတို့ရဲ့ စိတ်တွေ ကြည်လင်သွားမယ်။ ရှင်နန္ဒကထံမှ အဆုံးအမဩဝါဒတွေကိုလည်း သူတို့က သိပ်ခံယူချင်တယ်။ ရှင်နန္ဒကရဲ့ တရားတော်ကိုလည်း သူတို့က သိပ်နာယူချင်ကြတယ်။ အဲဒီလို စိတ်ထားတွေ သူတို့မှာ ပြည့်နေတယ်။ အကယ်၍ ဒီရှင်နန္ဒကရဲ့တရား နာခဲ့ရမယ်ဆိုရင်လည်း သူတို့က လွယ်လွယ်ကူကူနဲ့ ကျွတ်တမ်းဝင်သွားကြမယ်ဆိုတာလည်း မြတ်စွာဘုရား သိတော်မူတယ်နော်။ အဲဒီလို သိတော်မူတဲ့အတွက်ကြောင့်လည်း မြတ်စွာဘုရားက ရဟန်းတော်တွေ မထေရ်ကြီးတွေဟာ ဘိက္ခုနီမတွေကို အလှည့်ကျ ဆိုဆုံးမရမယ်ဆိုပြီး သတ်မှတ်ချက် ပေးထားတော်မူပါတယ်။ ဒီတော့ ဒကာကြီးတွေ ဒကာမကြီးတွေနော် နည်းနည်း ဦးပဉ္စင်းဒီနေရာမှာ သတိပေးချင်တယ်။ တချို့တချို့ ဒကာကြီးတွေ, တချို့တချို့ ဒကာမကြီးတွေ ဘယ်ဆရာတော်တရား ပိုသဘောကျတယ်, ဘယ်ဆရာတော်တရား ပိုသဘောကျတယ်လို့ ပြောကြတယ်နော်။ သူ့အကြောင်းလေးတွေနဲ့ သူရှိကြတယ်နော်။ အဲဒါများ သွားမကဲ့ရဲ့ကြနဲ့ ဟုတ်လား။ သူ့ဝေနေယျနဲ့သူ ဖြစ်ကြတယ်နော်။

တစ်ဦးနဲ့ တစ်ဦး မတူဘူး။ ခုကြည့် ဘုရားရှင်ချွတ်လို့ မကျွတ်ဘူး။ ရှင်နန္ဒကမထေရ်ချွတ်မှ ရှင်နန္ဒကမထေရ်ရဲ့ တရားနာရမှ သူတို့က ကျွတ်တမ်းဝင်ကြမဲ့ ပုဂ္ဂိုလ်တွေနော်။ သွားကဲ့ရဲ့လို့ မဖြစ်ဘူး။ သူတို့ အတိတ်ကြောင်းလေးတွေ ရှိတယ်နော်။ အတိတ်ကြောင်းလေး မပြောမီ ဒီနေရာမှာ ပြောစရာလေးတစ်ခု ရှိနေသေးတယ်။ ရှင်နန္ဒကမထေရ်ကလည်း သူက ရဟန္တာလည်း ဖြစ်ပြီးပြီ။ အဘိညာဏ်ခြောက်ပါးကလည်း ရထားပြီး ပဋိသမ္ဘိဒါရဟန္တာမထေရ်မြတ်ကြီးလည်း ဖြစ်တယ်။ ပုဗ္ဗေနိဝါသဉာဏ်တော်ဖြင့် လှမ်းမြှော်ကြည့်လိုက်တဲ့ အချိန်အခါ ဒီဘိက္ခုနီမငါးရာတို့သည် သူရဲ့ မောင်းမမိဿံ ခြွေရံသင်းပင်းတွေ ဖြစ်ခဲ့တယ်ဆိုတာ လှမ်းပြီး မြင်တော်မူပါတယ်နော်။ မြင်တော်မူတဲ့အတွက် ဒီဘိက္ခုနီမငါးရာကို သူ ဆုံးမဖို့ရန်အတွက် ဝန်လေးနေတယ်။

ဘာကြောင့်လဲ? သူ့လို ပုဗ္ဗေနိဝါသအဘိညာဏ် ရရှိတဲ့ စျာနလာဘီ ရဟန္တာမထေရ်မြတ်တစ်ပါးက အတိတ်ကို လှမ်းကြည့်လိုက်တဲ့ အချိန်အခါမှာ ဘယ်လိုဖြစ်နိုင်သလဲ? မောင်နန္ဒကဟာ ခုထက်ထိ မောင်းမမိဿံတွေ ခြံရံပြီးတော့ တရားဟောပလ္လင်ပေါ်မှာ ထိုင်ပြီး တရားဟောနေတဲ့ မောင်နန္ဒက ကြည့်ရတာ တယ်တင့်တယ်တာကိုးဆိုပြီး ဒီလိုကဲ့ရဲ့မှာ သူသိပ်ရှက်တယ်။ အဲဒီ ရှက်တဲ့အတွက် အဲဒီသူ ဘာလုပ်သလဲ ဘိက္ခုနီမတွေ ဆိုဆုံးမရမဲ့နေ့ ရောက်လာပြီဆိုရင် ခရီးသွားစရာ ရှိသေးတယ်။ သင်္ကန်းချုပ်စရာ ရှိသေးတယ် စသည်ဖြင့် အကြောင်းတစ်ခုခုပြပြီးတော့ သူက ရှောင်လွဲပြီး နေတတ်တယ်။ ရှောင်လွဲနေလိုက်တဲ့ အချိန်မှာပဲ ခုနက ဘိက္ခုနီမငါးရာကို ခေါ်ဆောင်ပြီး မိထွေးတော်ဂေါတမီကလည်း ဘုရားရှင်ထံ ဩဝါဒ အဆုံးအမခံယူဖို့ လာလျှောက်ထားနေခြင်း ဖြစ်တယ်။

အဲဒီလို လျှောက်ထားလိုက်တဲ့အခါမှာ မြတ်စွာဘုရားက ရှင်အာနန္ဒာကိုယ်တော်မြတ်ကို မေးတယ်။ အာနန္ဒာ ဒီနေ့ ဘိက္ခုနီမတွေကို အလှည့်ကျ ဆိုဆုံးမရမှာ ဘယ်သူ့အလှည့်လဲလို့ မေးလိုက်တဲ့အခါ ရှင်အာနန္ဒာကိုယ်တော်မြတ်က မြတ်စွာဘုရားကို လျှောက်တယ်။ ဘယ်လိုလျှောက်သလဲ? မြတ်စွာဘုရား အားလုံး မထေရ်ကြီးတွေဟာ ဘိက္ခုနီမတွေကို အလှည့်ကျဆိုဆုံးမပြီး ဖြစ်ပါတယ်ဘုရား။ ဒါပေမဲ့ အရှင်နန္ဒကတစ်ပါးကတော့ ဘိက္ခုနီမတွေကို အလှည့်ကျ ဆိုဆုံးမဖို့ရန်အတွက် အလိုမရှိ ဖြစ်နေပါတယ် မြတ်စွာဘုရားဆိုပြီး လျှောက်ထားတယ်။ အဲဒီလို လျှောက်ထားလိုက်တဲ့ ချိန်ခါကျတော့မှ မြတ်စွာဘုရားက ရှင်နန္ဒကကို တိုက်တွန်းတယ်။

ချစ်သားနန္ဒက ...ဘိက္ခုနီမတွေကို အဆုံးအမ ဩဝါဒပေးပါ ကံမြစ်ပါ။ သင်ချစ်သားသည် ဘိက္ခုနီမတွေကို တရားစကား ဟောကြားပေးပါဆိုပြီး မြတ်စွာဘုရား ကိုယ်တော်တိုင် ရှင်နန္ဒကကို တိုက်တွန်းတော်မူပါတယ်။ ဘုရားရှင်ကိုယ်တော်တိုင် တိုက်တွန်းတော်မူလိုက်တဲ့ အချိန်ခါကျတော့မှ ရှင်နန္ဒကလည်း ဘုရားရှင်ကို ရိုသေစွာ ဝန်ခံပြီးတော့ ထိုနေ့ သာဝတ္ထိပြည်တွင်း ဆွမ်းခံ ဆွမ်းစားခြင်းကိစ္စအပြီး အဖော်ရဟန်းတော်တစ်ပါး ခေါ်ဆောင်လျက် ဘိက္ခုနီမတွေ အဆုံးအမခံယူဖို့ရန် အသင့်ဖြစ်နေတဲ့ ရာဇကာရာမလို့ ခေါ်ဆိုအပ်တဲ့ အာရမ်တစ်ခုသို့ ကြွချီတော်မူပါတယ်။ ထို ရာဇကာရာမအာရမ်သည် ဘယ်နေရာမှာရှိသလဲလို့ ဆိုတာနဲ့ ပတ်သက်လို့ကတော့ သာဝတ္ထိမြို့ရဲ့ တောင်ဘက်မှာရှိတဲ့ ကောသလမင်းကြီးရဲ့ ကောင်းမှုတော်လို့ ဒီလောက်ပဲ သတ်မှတ်ထားတယ်နော်။

ဇေတဝန်ကျောင်း ဘိက္ခုနီမတွေကို ဆိုဆုံးမဖို့ရန်အတွက် သတ်မှတ်ထားတဲ့နေရာတစ်ခုလို့ ဒီလိုသဘောပေါက်တယ်။ အဲဒီနေရာကိုကြွတော့ ရှင်နန္ဒကမထေရ် ကြွချီလာတာက မြင်တော်မူလိုက်သည်နှင့် တစ်ပြိုင်နက်တည်း ဘာဖြစ်လာသလဲ? ဘိက္ခုနီမတွေကလည်း ဝမ်းမြောက်ဝမ်းသာဖြင့် ခရီးဦးကြိုဆိုပြီး နေရာတွေ ခင်းကြတယ် ခြေဆေးရေတွေ တည်ထားကြတယ်။ ခင်းထားတဲ့နေရာ အသင့်ထိုင် ခြေထောက်တွေ ဆေး၊ ဆေးပြီးတဲ့အခါ ရှင်နန္ဒကမထေရ်လည်း ပလ္လင်ပေါ်တက် ပလ္လင်ပေါ်တက်ပြီး ဓမ္မာသနပလ္လင်ထက်ကနေပြီးတော့ ဘိက္ခုနီမတွေကို စတင်ပြီး တရားနိဒါန်းပျိုးတယ်နော်။ ဘယ်လို နိဒါန်းပျိုးသလဲ?

‘‘ပဋိပုစ္ဆကထာ ခေါ၊ ဘဂိနိယော၊ ဘဝိဿတိ။ တတ္ထ အာဇာနန္တီဟိ “အာဇာနာမာ”တိဿ ဝစနီယံ၊ န အာဇာနန္တီဟိ “န အာဇာနာမာ”တိဿ ဝစနီယံ။ ယဿာ ဝါ ပနဿ ကင်္ခါ ဝါ ဝိမတိ ဝါ အဟမေဝ တတ္ထ ပဋိပုစ္ဆိတဗ္ဗော “ဣဒံ၊ ဘန္တေ၊ ကထံ၊ ဣမဿ ကွတ္ထော”တိ။’’

ဘဂိနိယော၊ နှစ်မတို့ ...။ ပဋိပုစ္ဆကထာ၊ တဖန်ပြန်၍ မေးအပ်သော တရားစကားမျိုးသည် (ဝါ) အမေးအဖြေ တရားစကားမျိုးသည်။ ခေါ၊ လျှင်။ ဘဝိဿတိ၊ ဖြစ်ပေလိမ့်မည်။ တတ္ထ၊ ထိုတရားစကား၌။ အာဇာနန္တီဟိ၊ သိကြတဲ့ ဘိက္ခုနီမတို့သည်။ အာဇာနာမာတိ၊ သိပါကုန်၏ဘုရားဟူ၍။ ဝစနီယံ၊ ပြောဆိုလျှောက်ထားရ၏၊ န အာဇာနန္တီဟိ၊ မသိကြတဲ့ ဘိက္ခုနီမတို့သည်။ န အာဇာနာမာတိ၊ မသိပါကုန်ဘုရားဟူ၍။ ဝစနီယံ၊ ပြောဆို လျှောက်ထားရမည်။ ယဿာ ဝါ ပန၊ အကြင်ဘိက္ခုနီမအားလည်းကောင်း။ ကင်္ခါ ဝါ၊ ယုံမှားခြင်းသည်သော်လည်းကောင်း။ ဝိမတိ ဝါ၊ သို့လော သို့လော တွေးတောခြင်းသည်လည်းကောင်း။ အဿ၊ ဖြစ်ပေရာ၏၊ တတ္ထ၊ ထိုယုံမှားတွေးတောခြင်း အချက်၌။ အဟမေဝ၊ ငါ့ကိုသာလျှင်။ ပဋိပုစ္ဆိတဗ္ဗော၊ တဖန်ပြန်၍ မေးလျှောက်ရမည်။ ဘန္တေ၊ အရှင်ဘုရား။ ဣဒံ၊ ဤပါဠိတော်သည်ကား။ ကထံ၊ အသို့ပါနည်း။ ဣမဿ၊ ဤပါဠိတော်၏။ ကွတ္ထော၊ အဘယ်အနက်ပါနည်း (ဝါ) အနက်ကား အဘယ်နည်း။ ဣတိ၊ ဤသို့ (လျှောက်အပ်၏)။

နှစ်မတို့ ဒီနေ့ဟောမဲ့ တရားက အမေးအဖြေ တရားတစ်ခု ဖြစ်တယ်။ အဲဒီ အမေးအဖြေ တရားတစ်ပုဒ် ငါဟောတဲ့အခါ သိတဲ့ ဘိက္ခုနီမတွေက သိပါတယ်ဘုရားလို့ လျှောက်ထားရမယ်။ မသိတဲ့ ဘိက္ခုနီမတွေက မသိပါဘုရားလို့ လျှောက်ထားရမယ်။ ယုံမှားသံသယ ရှိနေတဲ့ ဘိက္ခုနီမတွေကလည်း ယုံမှားသံသယ ရှိနေတဲ့ ထိုအချက်မှာ ငါ့ကိုပဲ တစ်ဖန်ပြန်ပြီးတော့ မေးလျှောက်ရမယ်။ အရှင်ဘုရား ဒီပါဠိတော်က ဘယ်လိုပါလဲ? ဒီပါဠိတော်ရဲ့ ဆိုလိုရင်း အနက်သဘောက ဘယ်လိုပါလဲလို့ ပြန်ပြီး လျှောက်ထားရမယ်လို့ တရားနိဒါန်း စလိုက်တယ်နော်။ အဲဒီလို တရားနိဒါန်း စလိုက်ရင်ပဲ ဘာဖြစ်သွားလဲ?

‘‘“ဧတ္တကေနပိ မယံ၊ ဘန္တေ၊ အယျဿ နန္ဒကဿ အတ္တမနာ အဘိရဒ္ဓါ ယံ နော အယျော နန္ဒကော ပဝါရေတိ”။’’

ဘန္တေ၊ အရှင်ဘုရား။ နော၊ ဘုရားတပည့်တော်မတို့အား။ အယျော နန္ဒကော၊ အရှင်နန္ဒကသည်။ ယံ၊ အကြင်သို့။ ပဝါရေတိ၊ ဖိတ်ကြားတော်မူ၏၊ ဧတ္တကေနပိ၊ ဤကဲ့သို့ ဖိတ်ကြားကာမျှဖြင့်လည်း။ မယံ၊ ဘုရားတပည့်တော်မတို့သည်။ အယျဿ နန္ဒကဿ၊ အရှင်နန္ဒက၏ တရားစကားကို။ အတ္တမနာ၊ ပီတိ, ဒေါမနဿတို့ဖြင့် ယူအပ်သော စိတ်ရှိကြကုန်သည်ဖြစ်၍ (ဝါ) နှစ်လိုဝမ်းမြောက်ခြင်း ရှိကြကုန်သည်ဖြစ်၍ အဘိရဒ္ဓါ၊ အလွန် ကျေနပ်ကြပါကုန်၏ဘုရား။

အရှင်ဘုရားနန္ဒက ... အရှင်ဘုရားနန္ဒကက တပည့်တော်မတို့အား ခုလို ဖိတ်ကြားရုံမျှဖြင့် တပည့်တော်တို့ဟာ အရှင်ဘုရားနန္ဒက၏ တရားစကားကို အလွန် နှစ်သက်ကြပါတယ်။ အလွန် ကျေနပ်ကြပါတယ်ဆိုပြီး လျှောက်ထားကြတယ်နော်။ ဘယ့်နှယ်တုန်း ဒကာစံမြင့် ကွမ်းသီးကြိုက်ကြီးတွေ တောင်ငူပို့တာနဲ့ မတူဘူးလား? အကြိုက်တော့ တွေ့ကုန်ကြပြီနော်။ အဲဒီလို အကြိုက်တွေ့တဲ့ အချိန်အခါကျတော့မှ ဒီဘိက္ခုနီမ ရဟန်းငါးရာတို့ အရဟတ္တဖိုလ်ပေါက်တိုင်အောင် ကျွတ်တမ်းဝင်ရေးအတွက် အရှင်နန္ဒကကိုယ်တော်မြတ်က တရားစတယ်။ ခေတ္တခဏ အနားယူပြီးမှ ထိုတရားဟောကြရအောင်နော်။

ဒုတိယပိုင်း တရားပြန်ဆက်ကြရအောင်နော်။ ရှင်နန္ဒကက တရားဟောဖို့ရန် စတင် ဖိတ်ကြားရုံနဲ့ ဘိက္ခုနီမ ရဟန်းပေါင်းငါးရာတို့က အလွန် ကျေနပ်တဲ့အကြောင်း နှစ်သက်ဝမ်းမြောက်တဲ့အကြောင်း လျှောက်ထားကြတယ်။ ဘာကြောင့်လဲဆိုတဲ့ အကြောင်းပြချက်လေး ရှိတယ်နော်။ အရှင်နန္ဒကရဲ့ အဆုံးအမဩဝါဒကို သူတို့က သိပ်ခံယူချင်တယ်။ တရားနာချင်တယ်။ ဘာကြောင့်လဲ? အတိတ်ကလည်း အရှင်နန္ဒကရဲ့ အဆုံးအမဩဝါဒကို သူတို့က နှစ်သက်ခဲ့ကြတယ်။ ဘယ်ပုံ ဘယ်ပန်း ဘယ်နည်း နှစ်သက်ခဲ့တယ်ဆိုတာနဲ့ ပတ်သက်လို့ အဋ္ဌကထာက အတိတ်ဇာတ်ကြောင်းလေး ဖော်ပြထားတယ်။

တစ်ချိန် အတိတ်ဘဝ တစ်ခုသောဘဝမှာ ဒီဘိက္ခုနီမငါးရာကလည်း ကျွန်မတွေဖြစ်ခဲ့ကြတယ်။ ခုနက ရေပြဿနာကို အကြောင်းပြုပြီးတော့ ရဟန္တာဖြစ်သွားတော်မူကြတဲ့ ရဟန္တာငါးရာကလည်း ကျွန်ယောကျ်ားတွေ ဖြစ်ခဲ့ကြတယ်။ မိထွေးတော်ဂေါတမီကလည်း ကျွန်မဖြစ်ခဲ့တယ်။ အရှင်နန္ဒကကလည်း ကျွန်ဖြစ်ခဲ့တယ်။ အဲဒီ အမျိုးသမီးငါးရာ, အမျိုးသားငါးရာ။ ပေါင်းတစ်ထောင် ခြေသလုံးအိမ်တိုင်ဘဝဖြင့် ကျွန်ခံပြီး အသက်မွေးလာကြရတာ ဗာရာဏသီမှာ ကျွန်ခံပြီး အသက်မွေးလာကြရတယ်။ တစ်ချိန်တစ်နေ့ သူတို့ထဲမှာ ခေါင်းဆောင်က ကျွန်ယောကျ်ားခေါင်းဆောင်က အရှင်နန္ဒက ကျွန်အမျိုးသမီးခေါင်းဆောင်က မိထွေးတော်ဂေါတမီအလောင်း သူတို့နှစ်ဦးက ဇနီးမောင်နှံ ဖြစ်တယ်။

အဲဒီအချိန် တစ်ခုသောတစ်နေ့ဆိုကြစို့။ ဗာရာဏသီမြို့ ဣသိပတန မိဂဒါဝုန်တောမှာ ဟိမဝန္တာမှာ သီတင်းသုံးတဲ့ ရှင်ပစ္စေကဗုဒ္ဓါ မထေရ်ငါးပါးတို့ စျာန်အဘိဉာဏ်ဖြင့် ကြွချီလာခဲ့တယ်။ ဣသိပတန မိဂဒါဝုန်တောမှာ ဆင်းသက်၊ ဆင်းသက်ပြီးတဲ့အခါ မိဂဒါဝုန်တောမှာ ဝါဆိုဝါကပ်လိုတဲ့အတွက် ဝါဆိုကျောင်း လိုအပ်နေတယ်။ လိုနေတဲ့ ထိုဝါဆိုကျောင်းအတွက်က သစ်ဝါးစတဲ့ အဆောက်အဦတွေကတော့ တောမှာ သွားယူရင် လွယ်လွယ်နဲ့ ရနိုင်တယ်။ ထိုသစ်ဝါးတွေ ယူပြီးတော့ ကျောင်းဆောက်ပေးရေးအတွက် လုပ်အားအလှူကတော့ လိုအပ်နေတယ်။

ဦးပဉ္စင်းတို့ ရဟန်းတော်များမှာလည်း သစ်ဝါးစတဲ့ ဒီပစ္စည်းတွေကို ဝစီဝိညတ်ဖြင့် မတောင်းကောင်းသော်လည်း အတ္ထကာမလို့ ခေါ်ဆိုအပ်တဲ့ လုပ်အားကိုတော့ လုပ်အားအလှူကိုတော့ ဆွမ်းခံသလိုပေါ့လေ။ သပိတ်ပိုက်ပြီးသွား ဆွမ်းခံရပ်ပြီး အလှူခံမယ်ဆိုရင် အလှူခံကောင်းတဲ့ ထုံးရှိပါတယ်နော်။ ထို ထုံးတမ်းစဉ်လာအတိုင်းပဲ ပစ္စေကဗုဒ္ဓါငါးပါးတို့ကလည်း ညနေချမ်းအခါ သပိတ်ကိုယ်စီပိုက်ပြီးတော့ ဗာရာဏသီသူဌေး အိမ်ရှေ့မှာ သွားပြီး လုပ်အားလိုချင်တဲ့အတွက် ဆွမ်းခံသွားပြီး ရပ်တယ်။ ဗာရာဏသီသူဌေးကလည်း အကျိုးအကြောင်း ထွက်ပြီး မေးလိုက်တဲ့အခါ အကြောင်းစုံသိရတော့ လုပ်အား မလှူနိုင်ဘူးဆိုပြီး ကန်တော့ဆွမ်း လောင်းလိုက်တယ်။

ရှင်ပစ္စေကဗုဒ္ဓါတွေ ပြန်ပြီး မြို့က ထွက်လာတယ်။ မြို့ထဲ ဝင်သွားတဲ့အချိန်မှာ မဟာပဇာပတိဂေါတမီရဲ့အလောင်း ကျွန်မကြီးနဲ့ လမ်းတစ်ချက်ဆုံလိုက်တယ်။ မြို့က ပြန်အထွက် မဟာပဇာပတ္ထိဂေါတမီကြီးနဲ့လည်း တစ်ခါဆုံပြန်တယ်။ ဘာကြောင့်ဆုံသလဲဆိုတော့ မဟာပဇာပတ္ထိဂေါတမီက ရေသွားအခပ်မှာ ပစ္စေကဗုဒ္ဓါတွေ မြို့ဝင်သွားတာနဲ့ သွားဆုံခြင်းဖြစ်တယ်။ ရေခပ်ပြီးလို့ ပြန်အလာ ပစ္စေကဗုဒ္ဓါတွေ မြို့က ပြန်အထွက်နဲ့ တစ်ခါပြန်ဆုံပြန်တော့ အသိဉာဏ်ရှိတဲ့ အမျိုးကောင်းသမီး ဖြစ်ခြင်းကြောင့် သူက ခပ်မြန်မြန်ဝပ်ချ၊ ပါးစပ်ကလေး ပိတ်ပြီးတော့ ရိုသေစွာ လျှောက်ထားတယ်။

အရှင်ဘုရားတို့ ...မြို့တွင်းကို ခုဝင်သွားပြီး ခုချက်ချင်း ဘာကြောင့် ပြန်ထွက်လာရပါသလဲဆိုပြီး လျှောက်ထားလိုက်တဲ့အခါ ရှင်ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့ကလည်း ဝါဆိုကျောင်းအတွက် လုပ်အားပေးအလှူ အလိုရှိလို့ မြို့ထဲအလှူခံတာ အဆင်မပြေခဲ့တဲ့အကြောင်း ပြန်ပြီး မိန့်ကြားကြတယ်။ ဒီလို လုပ်အားပေးအလှူမျိုးဟာ အစိုးရတဲ့ ချမ်းသာကြွယ်ဝတဲ့ လူတွေသာ လှူနိုင်ပါသလား တပည့်တော်တို့လို ဆင်းရဲတဲ့ပုဂ္ဂိုလ်တွေ ကျွန်ခံနေရတဲ့ ပုဂ္ဂိုလ်တွေရော ဒီလုပ်အားပေးအလှူ မလှူနိုင်ဘူးလားဆိုပြီး လျှောက်ထားတော့ ဘယ်လိုပုဂ္ဂိုလ်မဆို လှူနိုင်တယ်ဆိုတဲ့အကြောင်း ရှင်ပစ္စေကဗုဒ္ဓါတို့က မိန့်ကြားတဲ့အခါ ကဲဒီလိုဆိုလို့ရှိရင် တပည့်တော်မရဲ့ တာဝန်ဖြစ်ပါစေ။ အရှင်ဘုရားတို့ ဝါဆိုဖို့ကျောင်းအတွက် တပည့်တော် တာဝန်ယူပြီး ဆောက်လုပ်လှူဒါန်းပါမယ်လို့ ပဋိဉာဏ်စကား လျှောက်ထားပြီးတော့ နက်ဖြန်အတွက် ဆွမ်းဖြင့် ဖိတ်ကြားခဲ့တယ်။

ကျွန်အမျိုးသမီးတွေ အားလုံးစည်းရုံးငါးရာ၊ ကျွန်ယောကျ်ားငါးရာ အားလုံး စည်းရုံး။ တစ်ချို့ စိတ်မပါတဲ့ ပုဂ္ဂိုလ်တွေကိုလည်း အနိုင်အထက် စည်းရုံးပြီးတော့ နောက်တစ်နေ့မှာ ပစ္စေကဗုဒ္ဓါငါးပါးတို့အား ဆွမ်းကပ်ကြတယ်။ ဆွမ်းကပ်ပြီးတဲ့အခါ ကျွန်ယောကျ်ားကငါးရာ ရှိနေတဲ့အတွက် ငါးစု စုတယ်။ တစ်စု တစ်စုမှာ လူတစ်ရာ၊ တစ်ရာ ငါးစုစုပြီးတော့ အဲဒါ လူတစ်ရာမှာ တစ်ကျောင်းကျဖြင့် ဝေပုံချပြီးတော့ ကျောင်းဆောက်ကြတယ်။ ကျောင်းဆောက်ဖို့ရန်အတွက် တောထဲမှာ သစ်တွေဝါးတွေ အားလုံး သွားပြီး ဆွဲကြတယ်။ သစ်တွေဝါးတွေ သွားခုတ်ပြီးတော့ ဣသိပတန မိဂဒါဝုန်တောမှာပဲ ဝါဆိုကျောင်းလေးတွေ ဆောက်ပေးတယ်။ နေ့သန့်ရာနေရာ ညသန့်ရာနေရာ စင်္ကြံ သောက်ရေသုံးရေ စသည်ဖြင့် အဆင်သင့်အားလုံးဖြစ်အောင် စီမံကြတယ်။ စီမံပြီးတဲ့အခါကျတော့မှ ဒီကျောင်းလေးတွေကို ပစ္စေကဗုဒ္ဓါတွေ အပ်နှင်း၊ အပ်နှင်းပြီးတဲ့အခါ ဝါတွင်းသုံးလ ကာလပတ်လုံး ဝါဆိုဝါကပ်တော်မူဖို့ရန်အတွက် ပဋိဉာဏ်စကား ရှင်ပစ္စေကဗုဒ္ဓါထံမှ တောင်းယူကြတယ်။

ပစ္စေကဗုဒ္ဓါအရှင်မြတ်တွေကလည်း ဝါတွင်းသုံးလ ကာလပတ်လုံး သီတင်းသုံးမည့်အကြောင်း ပဋိဉာဏ်စကား ပေးတော်မူကြပါတယ်။ အလှည့်ကျအားဖြင့် ထိုပစ္စေကဗုဒ္ဓါငါးပါးတို့အား ဆွမ်းဝတ် ဝါတွင်းသုံးလပတ်လုံး ပြုစုကြတယ်။ မတတ်နိုင်တဲ့ ပုဂ္ဂိုလ်တွေအဖို့ ခုနက ကျွန်ယောကျ်ား, ကျွန်အမျိုးသမီး ခေါင်းဆောင်ဖြစ်တဲ့ မိထွေးတော်ဂေါတမီတို့က တာဝန်ယူပြီး ပြုစုလုပ်ကျွေးကြတယ်။ ဝါတွင်းသုံးလလည်း စေ့သွားပြီ၊ ဝါကျွတ်တဲ့အခါ တစ်အိမ်တစ်အိမ်လျှင် သင်္ကန်းတစ်စုံလှူရမယ်ဆိုပြီး တာဝန်ပေးလိုက်တော့ သူတို့ လှူနိုင်တဲ့သင်္ကန်းက ဆင်းရဲတဲ့ပုဂ္ဂိုလ်တွေ ဖြစ်ခြင်းကြောင့် ဖျဉ်ခပ်ကြမ်းကြမ်းပဲ လှူနိုင်ကြတယ်။

အဲဒီ ဖျဉ်ကြမ်းအစုံငါးရာကို ဖျဉ်ချောတွေဖြင့် လဲလှယ်ပြီးတော့ ပစ္စေကဗုဒ္ဓါ တစ်ပါးတစ်ပါးလျှင် တိစီဝရိတ် တစ်စုံစီ တစ်စုံစီ လှူဒါန်းကြတယ် ကောင်းမှုကုသိုလ်အတူ ပြုခဲ့ကြတယ်။ ထိုကောင်းမှုကုသိုလ်ကြောင့် ကွယ်လွန်သွားတဲ့အခါ နတ်ပြည်ရောက်၊ လူ့ပြည် နတ်ပြည် စုန်ဆန်ကျင်လည်ရာကနေ တစ်ချိန် ရှင်နန္ဒကအလောင်းကလည်း ဗာရာဏသီပြည်မှာ မင်းမျိုးမှာ လာပြီး လူဖြစ်တယ်။ ခုနက အမျိုးသမီးငါးရာတို့ကလည်း ချမ်းသာကြွယ်ဝတဲ့ အမျိုးသမီးတွေ လာဖြစ်ကြတယ်။ အဲဒီလို ဖြစ်တဲ့အခါ အချိန်တန်တော့ အရှင်နန္ဒကကလည်း မင်းစည်းစိမ်ကို ရတယ်။ မင်းအဖြစ် ရရှိတယ်။ ရှင်နန္ဒကအလောင်းကလည်း မင်းဖြစ်တဲ့အချိန် ဒီအမျိုးသမီးငါးရာလည်း အားလုံး နန်းတော်ရောက်လာကြတယ်။ သူ့ရဲ့ မောင်းမမိဿံတွေ ဖြစ်သွားကြတယ်။ ဒီ မောင်းမမိဿံတွေကလည်း ရှင်နန္ဒကရဲ့ အဆုံးအမဩဝါဒကို တည်ပြီးတော့ ကောင်းမှုကုသိုလ်တွေ ထပ်ပြီး ပြုကြပြန်တယ်။

ကောင်းမှုကုသိုလ်ပြုနေတဲ့ အချိန်အခါမှာ ကိုယ်တိုင်က ရည်ရွယ်ချက်ကလေးတွေ ကပ်ပါနေတယ်။ အတူဖြစ်ချင်တယ်ဆိုတဲ့ ရည်ရွယ်ချက် အဆုံးအမ ဩဝါဒကိုခံယူချင်တယ် လိုက်နာချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်ကလေးတွေနဲ့ ပြုထားတော့ ဒီကံက အကျိုးလာပေးပြီဆိုလို့ရှိရင် ဒီပုဂ္ဂိုလ် ပြောတဲ့စကား နာယူချင်တယ်။ ဒီပုဂ္ဂိုလ်နဲ့ ဆုံဆည်းချင်တယ်။ ဒီပုဂ္ဂိုလ်ဟောတဲ့ တရားနာချင်တယ်။ ဒီလိုဖြစ်လာတယ်နော်။ အဲဒီလို မောင်းမမိဿံဘဝကနေပြီးတော့ နောက်ဆုံး လူ့ပြည် နတ်ပြည် ကျင်လည်ရာက တစ်ချိန် ဦးပဉ္စင်းတို့ ခုနက ကျွန်ယောကျ်ားငါးရာကလည်း ခုနက သာကီဝင်မင်းသားငါးရာ လာဖြစ်ကြတယ်။ အမျိုးသမီးငါးရာကလည်း ခုနက သာကီဝင်မင်းသမီးငါးရာ လာပြီး ဖြစ်ကြတယ်။

အရှင်နန္ဒကကတော့ သာဝတ္ထိပြည်မှာ လာပြီး အမျိုးကောင်းသားတစ်ဦးဖြစ်တယ်။ မြတ်စွာဘုရား သာဝတ္ထိပြည် ရောက်တဲ့အခါ ဘုရားရှင်ထံမှ တရားတွေ ကြားနာရတဲ့အတွက် သာသနာတွင်းသို့ ဝင်ရောက်ပြီး ရှင်ရဟန်းပြုတယ်။ သူက ရဟန္တာဖြစ်သွားတယ်။ အရှင်နန္ဒက ရဟန္တာဖြစ်နေတဲ့အချိန် ခုနက ဘိက္ခုနီမငါးရာတို့က ရဟန္တာ မဖြစ်ကြသေးဘူးနော်။ ရဟန္တာ မဖြစ်ကြသေးပေမဲ့လို့ အရှင်နန္ဒကကို ဖူးလိုက်ရရင်ပဲ သူတို့စိတ်တွေ ကြည်လင်သွားတယ်။ အရှင်နန္ဒကရဲ့ ဖိတ်ကြားတဲ့ တရားစကားလေး ကြားလိုက်ရရုံနဲ့ ဘာဖြစ်လဲ? အလွန် ကျေနပ်သွားကြတယ်။ သိပ်ဝမ်းသာသွားကြတယ်နော်။ အဲဒီလို အကျေနပ်ကြီး ကျေနပ်တဲ့ အချိန်ကျမှ အရှင်နန္ဒကကိုယ်တော်မြတ်က ဒီဘိက္ခုနီမတွေ အရဟတ္တဖိုလ်ပေါက် ရောက်ရှိရေးအတွက် တရားနိဒါန်း စပြီးချီတယ်။ ဘယ်လိုချီလဲ?

‘‘တံ ကိံ မညထ, ဘဂိနိယော, စက္ခု နိစ္စံ ဝါ အနိစ္စံ ဝါ’’တိ? ‘‘အနိစ္စံ, ဘန္တေ’’။ ‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝါ တံ သုခံ ဝါ’’တိ? ‘‘ဒုက္ခံ, ဘန္တေ’’။ ‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ, ကလ္လံ နု တံ သမနုပဿိတုံ – ‘ဧတံ မမ, ဧသောဟမသ္မိ, ဧသော မေ အတ္တာ’’’တိ? ‘‘နော ဟေတံ, ဘန္တေ’’။

ဘဂိနိယော၊ နှမတို့ ...။ တံ၊ ထိုငါမေးလတ္တံ့သော မေးခွန်းကို။ တုမှေ၊ သင်နှမတို့သည်။ ကိံ မညထ၊ အသို့အောက်မေ့ မှတ်ထင် ယူဆကြကုန်သနည်း။

နှမတို့ ... သင်နှမတို့တစ်တွေကို ငါ မေးခွန်းတစ်ခု မေးမယ်။ ငါမေးလတ္တံ့သော ဒီမေးခွန်းကို သင်နှမတို့တစ်တွေ ဘယ်လို ထင်မြင် ယူဆကြသလဲ? ထင်မြင် ယူဆသည့်အတိုင်း ဖြေဆိုနိုင်တယ်လို့ ခွင့်ပေးလိုက်တယ်နော်။

စက္ခု၊ စက္ခုအကြည်ဓာတ်သည်။ နိစ္စံ ဝါ၊ နိစ္စလော။ အနိစ္စံ ဝါ၊ အနိစ္စလော။ ဣတိ၊ ဤသို့မေးတော်မူသည်ရှိသော်။ ဘန္တေ၊ အရှင်ဘုရား။ အနိစ္စံ၊ အနိစ္စဖြစ်ရိုးအမှန်ပါဘုရား။ ဣတိ၊ ဤသို့ လျှောက်ထားကြလေပြီ။ ယံ၊ အကြင် အနိစ္စဖြစ်၍နေတဲ့ စက္ခုအကြည်ဓာတ်သည်။ အနိစ္စံ၊ အနိစ္စတရားသာတည်း။ တံ၊ ထိုအနိစ္စဖြစ်၍နေတဲ့ စက္ခုအကြည်ဓာတ်သည်။ ဒုက္ခံ ဝါ၊ ဒုက္ခလော။ သုခံ ဝါ၊ သုခလော။ ဣတိ၊ ဤသို့ မေးတော်မူသည်ရှိသော်။ ဒုက္ခံ၊ ဒုက္ခဖြစ်ရိုး အမှန်ပါဘုရား။ ယံ၊ အကြင်စက္ခုအကြည်ဓာတ်သည်။ အနိစ္စံ၊ အနိစ္စတရားသာတည်း။ ဒုက္ခံ၊ ဒုက္ခတရားသာတည်း။ ဝိပရိဏာမဓမ္မံ၊ ဖောက်ပြန်ပျက်စီးတတ်သည့် ဝိပရိဏာမတရားသာတည်း။ တံ၊ ထိုအနိစ္စ, ဒုက္ခ, ဝိပရိဏာမဓမ္မဖြစ်၍နေတဲ့ စက္ခုအကြည်ဓာတ်ကို။ ဧတံ၊ ဤစက္ခုအကြည်ဓာတ်သည်။ မမ၊ ငါ၏ ဥစ္စာတည်း။ ဧသော၊ ဤစက္ခုအကြည်ဓာတ်သည်ကား။ ဟမသ္မိ၊ ငါတည်း။ မေ၊ ငါ၏။ အတ္တာ၊ အတ္တတည်း။ ဣတိ၊ ဤသို့။ သမနုပဿိတုံ၊ စွဲလမ်းထင်မြင် ရှုဆင်ခြင်ခြင်းငှာ။ ကလ္လံ နု၊ သင့်တင့်လျောက်ပတ်ပါမည်လော။ ဣတိ၊ ဤသို့မေးတော်မူသည်ရှိသော်။ ဘန္တေ၊ အရှင်ဘုရား။ ဧတံ၊ ဤကဲ့သို့ စွဲလမ်းထင်မြင် ရှုဆင်ခြင်ခြင်းသည်။ နော ဟေတံ၊ မသင့်ပါဘုရား။ ဣတိ၊ ဤသို့ လျှောက်ထားကြလေကုန်၏။

အမေးအဖြေလေး ခပ်ရိုးရိုးပဲနော်။ စက္ခုအကြည်ဓာတ်ကလေးတစ်ခု ကွက်ပြီး မေးလိုက်တယ်။ နှမတို့ စက္ခုအကြည်ဓာတ်ရှိတယ်။ မျက်စိအကြည်ဓာတ် ရှိတယ်။ အဲဒီ မျက်စိအကြည်ဓာတ်၊ စက္ခုအကြည်ဓာတ်သည် အနိစ္စတရားလား, နိစ္စတရားလား? ဒီလို မေးလိုက်တယ်။ မေးလိုက်တဲ့အခါမှာ ဘိက္ခုနီမတွေက အရှင်ဘုရား ဒီစက္ခုအကြည်ဓာတ်သည် ဖြစ်ပြီးရင် ပျက်တတ်တဲ့ အနက်သဘောကြောင့် အနိစ္စတရား စင်စစ်ဧကန် မှန်ပါတယ်ဘုရားဆိုပြီး လျှောက်ထားကြတယ်။

တစ်ခါ ဆက်ပြီး မေးတယ်။ အကြင် စက္ခုအကြည်ဓာတ်ဟာ အနိစ္စတရားဖြစ်တယ်။ ထိုအနိစ္စဖြစ်နေတဲ့ ဒီစက္ခုအကြည်ဓာတ်သည် ဒုက္ခလား, သုခလားလို့ ဒီလို မေးပြန်တယ်။ အဲဒီလို မေးတဲ့အခါမှာလည်း အရှင်ဘုရား ဒီစက္ခုအကြည်ဓာတ်သည် ดုက္ခတရား စင်စစ်ဧကန် ဖြစ်ပါတယ်ဘုရားဆိုပြီး လျှောက်ထားကြတယ်။ တစ်ခါ ဆက်ပြီး မေးပြန်တယ်။ အကြင်စက္ခုအကြည်ဓာတ်ဟာ အနိစ္စလည်းမှန်တယ်, ဒုက္ခလည်းမှန်တယ်၊ ဖောက်ပြန်ပျက်စီးတတ်တဲ့ ဝိပရိဏာမဓမ္မလည်း မှန်တယ်။ အနိစ္စလည်းမှန်၊ ဒုက္ခလည်း မှန်၊ ဖောက်ပြန်ပျက်စီးတတ်တဲ့ ဝိပရိဏာမဓမ္မလည်း မှန်နေတဲ့ ဒီစက္ခုအကြည်ဓာတ်ကို ဒီစက္ခုအကြည်ဓာတ်ဟာ ငါ့ရဲ့ အကြည်ဓာတ်ပဲ, ဒီစက္ခုအကြည်ဓာတ်သည် ငါ့ရဲ့ဥစ္စာပဲ, ဒီစက္ခုအကြည်ဓာတ်သည် ငါပဲ, ဒီစက္ခုအကြည်ဓာတ်သည် ငါ့ရဲ့အတ္တပဲလို့ ဒီလို စွဲလမ်းထင်မြင် ရှုဆင်ခြင်ဖို့ သင့်တင့်ပါမလား မေးတယ်။ အဲဒီလို မေးလိုက်တဲ့ချိန်ခါမှာလည်း အရှင်ဘုရား ဒီလို စွဲလမ်းထင်မြင် ငါ့ဟာပဲ ငါပဲ ငါ့ရဲ့အတ္တပဲလို့ စွဲလမ်းထင်မြင် ရှုဆင်ခြင်ဖို့ မသင့်တင့်ပါဘူး အရှင်ဘုရားဆိုပြီး ပြန်လည် လျှောက်ထားကြတယ်နော်။

အဲဒီလို လျှောက်ထားပြီးတဲ့ချိန်ခါ ရှင်နန္ဒကကိုယ်တော်မြတ်က ဆက်ပြီးတော့ နားအကြည်, နှာခေါင်းအကြည်, လျှာအကြည်, ကိုယ်အကြည်, မနောအကြည်, စက္ခုအကြည်နဲ့ ပေါင်းလိုက်ရင် အကြည်ဓာတ် ဘယ်နှစ်ခု ရှိသွားလဲ? ခြောက်ခု၊ ဒါက ဝိပဿနာတရား စီးဖြန်း အားထုတ်တော့မယ်ဆိုရင်တော့ ဒီအကြည်ဓာတ် ခြောက်ပါး စနစ်တကျ သိထားဖို့ ရှုတတ်ထားဖို့ လိုအပ်ပါတယ်နော်။ အကြည်ဓာတ် ခြောက်ပါး က ဘာတွေလဲ? ပြန်ပြောပြမယ်။ မျက်စိအကြည်, နားအကြည်, နှာခေါင်းအကြည်, လျှာအကြည်, ကိုယ်အကြည်, မနောအကြည်, အကြည်ဓာတ် ဘယ်နှစ်ပါးလဲ? ခြောက်ပါး။

အဲဒီ အကြည်ဓာတ် ခြောက်ပါး သည် နိစ္စလား, အနိစ္စလား? အနိစ္စပါ ဘုရား။ ဒုက္ခလား, သုခလား? ဒုက္ခပါ ဘုရား။ အနိစ္စလည်းဖြစ် ဒုက္ခလည်း ဖြစ်နေတဲ့ ဒီအကြည်ဓာတ် ခြောက်ပါး သည် ဖောက်ပြန် ပျက်စီးတတ်တဲ့ ဒီအကြည်ဓာတ် ခြောက်ပါး ကို ငါပဲ ငါ့ဟာပဲ ငါ့ရဲ့အတ္တပဲလို့ စွဲလမ်းထင်မြင် ရှုဆင်ခြင်ဖို့ သင့်တင့်ပါ့မလားလို့ မေးတဲ့အခါ မသင့်ပါဘူးဘုရားဆိုပြီး ဒီလိုပြန်ဖြေတယ်။ ဘာကြောင့် ဒီလို ငါပဲ ငါ့ဟာပဲ ငါ့ရဲ့အတ္တပဲလို့ စွဲလမ်းဆင်ခြင် ရှုဆင်ခြင်ဖို့ မသင့်ရသလဲ? ဒီအချက်ကို ဘိက္ခုနီမတွေက ဆက်ပြီး လျှောက်ထားတယ်နော်။ သူတို့ရဲ့ လျှောက်ထားချက်က သိပ်ပြီး အရေးကြီးတယ်နော်။ ကဲ အဲဒါလေး နာကြည့်ကြရအောင်………

‘‘တံ ကိဿ ဟေတု’’? ‘‘ပုဗ္ဗေဝ နော ဧတံ, ဘန္တေ, ယထာဘူတံ သမ္မပ္ပညာယ သုဒိဋ္ဌံ – ‘ဣတိပိမေ ဆ အဇ္ဈတ္တိကာ အာယတနာ အနိစ္စာ’’’

တံ၊ ထိုကဲ့သို့ ငါ့ဟာပဲ ငါပဲ ငါ့ရဲ့အတ္တပဲဟု စွဲလမ်းထင်မြင် ရှုဆင်ခြင်ဖို့ မသင့်တင့်ခြင်းသည်။ ကိဿ ဟေတု၊ ဘယ်အကြောင်းကြောင့်နည်းဟူမူကား။ ဘန္တေ၊ အရှင်ဘုရား။ နော၊ ဘုရားတပည့်တော်မတို့သည်။ ပုဗ္ဗေဝ၊ ရှေးမဆွကပင်လျှင်။ ဧတံ၊ ဤစွဲလမ်းထင်မြင် ရှုဆင်ခြင်ခြင်းကို။ ယထာဘူတံ၊ ဟုတ်မှန်သည့်အတိုင်း။ သမ္မပ္ပညာယ၊ ဝိပဿနာပညာဖြင့်။ သုဒိဋ္ဌံ၊ ကောင်းစွာ မြင်အပ်ပြီးဖြစ်ပါ၏။ ဣတိပိ၊ ဤသို့သောအကြောင်းကြောင့်လည်းပဲ။ ဣမေ၊ ဤ။ ဆ အဇ္ဈတ္တိကာ အာယတနာ၊ အတွင်းအာယတန ခြောက်ပါးတို့သည်။ အနိစ္စာ၊ မမြဲကုန်။ ဣတိ၊ ဤသို့။

ခုန အကြည်ဓာတ် ခြောက်ပါး ကို အတွင်းအာယတန ခြောက်ပါး လို့လည်း ခေါ်တယ်နော်။ အာယတနဆိုကတော့ အဓိပ္ပာယ်တွေ အမျိုးမျိုးဖွင့်တယ်။ အဓိပ္ပာယ်တစ်ခု နားလည်လွယ်တဲ့ အဓိပ္ပာယ်တစ်ခုကတော့ ဦးပဉ္စင်းတို့ ဓာတ်ပုံဆိုင်နားမှာ ပုံကြီးချဲ့တဲ့ အင်လာဂျာခေါ်တဲ့ ပုံကြီးချဲ့တဲ့ ကိရိယာတစ်ခုရှိတယ်။ အဲဒီ ကိရိယာလိုပဲ။ ဒီအကြည်ဓာတ် ခြောက်ပါး မျက်စိအကြည်, နားအကြည်, နှာခေါင်းအကြည်, လျှာအကြည်, ကိုယ်အကြည်, မနောအကြည်ခေါ်တဲ့ ဒီအကြည်ဓာတ် ခြောက်ပါး ဟာလည်း စိတ်, စေတသိက်တွေကို ကျယ်သွားအောင် ပြန့်သွားအောင် ပုံကြီးချဲ့တတ်တဲ့ ကိရိယာဖြစ်လို့ သူတို့ကို အာယတနလို့ သတ်မှတ်ပေးထားတယ်။ နည်းနည်းလေး စဉ်းစားကြည့်ပေါ့။

ကြိုက်တဲ့ အာရုံလေးတစ်ခု မျက်စိနဲ့ မြင်လိုက်ပြီဆိုရင်လည်း ဘာဖြစ်သလဲ? ပြုံးပြီးတော့ ပုံကြီးချဲ့တယ်။ မကြိုက်တဲ့ အာရုံလေးတစ်ခု မျက်စိနဲ့ မြင်လိုက်ရတော့လည်းပဲ မဲ့ပြီးတော့ ပုံကြီးချဲ့တယ်။ ကြိုက်တဲ့ အသံကြားရရင်လည်း ပြုံးပြီး ပုံကြီးချဲ့တယ်။ မကြိုက်တဲ့ အသံကြားရတော့လည်း မဲ့ပြီးတော့ ပုံကြီးချဲ့တယ်နော်။ အလားတူပဲ အာရုံ ခြောက်ပါး တိုက်ဆိုင်တိုင်း တိုက်ဆိုင်တိုင်းလည်း ဒီအကြည်ဓာတ် ခြောက်ပါး ကို အစွဲပြုပြီး စိတ်, စေတသိက်တွေ ကျယ်မသွားဘူးလား။ ကျယ်သွားတယ်။ စိတ်စေတသိက်တွေ ကျယ်ပြန့်သွားအောင် ပုံကြီးချဲ့ပေးထားတဲ့ ကိရိယာဖြစ်လို့ သူတို့ကို အာယတနလို့ခေါ်တယ်။ အဲဒီ အာယတနတွေကလည်း တဆယ့်နှစ်ပါး ရှိတဲ့အနက် ခုပြောခဲ့တဲ့ အကြည်ဓာတ် ခြောက်ပါး သည် အတွင်းကျလွန်းလို့ သူတို့ကို အဇ္ဈတ္တိကာယတနာ အတွင်းအာယတန ခြောက်ပါး လို့ ဒီလိုခေါ်ပါတယ်နော်။ ကဲ - ပြန်ဆက်ကြအောင်...

ဘန္တေ၊ အရှင်ဘုရား။ နော၊ ဘုရားတပည့်တော်မတို့သည်။ ဣတိပိ၊ ဤသို့သော အကြောင်းကြောင့်လည်းပဲ။

ဘယ်လိုအကြောင်းတွေ ဆိုတာပြီးတော့ ပြောမယ်နော်။

ဣမေ၊ ဤ။ ဆ အဇ္ဈတ္တိကာ အာယတနာ၊ အတွင်းအာယတန ခြောက်ပါးတို့သည်။ အနိစ္စာ၊ မမြဲတဲ့ အနိစ္စတရားတို့ဟူ၍။ သမ္မပ္ပညာယ၊ ရုပ်ခဲ နာမ်ခဲ ဖြိုခွဲဖောက်ထွင်း ဝိပဿနာဉာဏ်အလင်းဓာတ်ဖြင့်။ ပုဗ္ဗေဝ၊ ရှေးမဆွကပင်လျှင်။ သုဒိဋ္ဌံ၊ ကောင်းစွာပိုင်ပိုင် မြင်အပ်ပြီး သိအပ်ပြီးဖြစ်ပါသည် အရှင်ဘုရား။

သူတို့ လျှောက်ထားပုံနော်။ သူတို့ လျှောက်ထားပုံက အရှင်ဘုရားနန္ဒက တပည့်တော်မတို့ဟာလေ ဟိုရှေးရှေးထဲက ရှေးရှေးထဲကဆိုတာက အခု အရှင်နန္ဒကထံမှ တရားမနာခင်ထဲကလို့ ပြောလိုတယ်နော်။ ရှေးမဆွထဲကနေပြီးတော့ တပည့်တော်မတို့ သိထားတယ်။ ဒီလို သိထားတယ်။ ဤသို့ ဤသို့သော အကြောင်းကြောင့်လည်း ဒီအတွင်းအာယတန ခြောက်ပါး တွေဟာ အနိစ္စဖြစ်တယ်လို့ တပည့်တော်မတို့ဟာ ရုပ်ခဲ နာမ်ခဲတွေကို ဖြိုခွဲဖောက်ထွင်းပြီး သိနိုင်တဲ့ ဝိပဿနာဉာဏ် အလင်းဓာတ်ဖြင့် ကောင်းစွာပိုင်ပိုင် သိထားပြီး ရှုထားပြီး မြင်ထားပြီး ဖြစ်နေပါတယ်ဆိုပြီး သူတို့က လျှောက်ထားတယ်။ ဒီ လျှောက်ထားချက်ကို ကြည့်မယ်ဆိုလို့ရှိရင်နော်၊ စကား သုံးခု လောက် ထွက်နေတယ်နော်။ ဒီဘိက္ခုနီမတွေသည် ဒီအကြည်ဓာတ် ခြောက်ပါး ကို သိထားပြီးပြီလား မသိဘူးလားလို့ မေးရင် ဘယ်လိုပြောမလဲ? သိထားပြီးပြီနော်။

ဝိပဿနာရှုချင်တဲ့ ယောဂီပုဂ္ဂိုလ်တစ်ယောက် အကြည်ဓာတ်တွေဟာ ဘယ်လိုနေသလဲလို့မှ မသိသေးလို့ရှိရင် ဒီဘိက္ခုနီမတွေရဲ့ စံချိန်မီပါ့မလား။ မမှီသေးဘူးနော်။ မျက်စိအကြည် တချို့တချို့ယောဂီတွေသည် ဒီအကြည်ဓာတ်ဆိုတာ ဘယ်လိုနေလဲ? ဒီအကြည်ဓာတ်ဆိုတာ ဘယ်လိုနေလဲ? ခဏခဏလာလာ မေးကြတယ်နော်။ အကြည်ဓာတ်ဆိုတာ ဘယ်လိုနေတယ်ဆိုတာကို စနစ်တကျမှ မရှုတတ်သေးဘူးဆိုရင် ထိုပုဂ္ဂိုလ် ဝိပဿနာကူးသော်လည်း ထိုဝိပဿနာသည် တကယ့် ဝိပဿနာအစစ် စံချိန်မှီ ဝိပဿနာ ဖြစ်နိုင်ပါ့မလားဟ မဖြစ်နိုင်ဘူးနော်။ ဒီမှာ အရေးကြီးနေတယ်။ ဒီဘိက္ခုနီမတွေက ဒီအကြည်ဓာတ် ခြောက်ပါး ကိုသိတယ် နောက်တစ်ခု သူတို့ ဘာသိလဲ? ဣတိပိ၊ ဤသို့သော အကြောင်းကြောင့်လည်းပဲ ဒီအကြောင်း ဒီအကြောင်းတွေကြောင့်ဆိုပြီး အနိစ္စဖြစ်တယ်လို့ သူတို့က သိတယ်နော်။

ဒီတော့ ဒီအကြောင်း ဒီအကြောင်းကြောင့် အနိစ္စဖြစ်တယ်ဆိုရင် ဒီစက္ခုအကြည်ဓာတ်တွေရဲ့ အကြောင်းတရားတွေကိုရော သူတို့မသိဘူးလား? သိထားပြီးပြီနော်။ ဒီအကြောင်း ဒီအကြောင်းကြောင့် အနိစ္စဖြစ်ပါတယ်ဆိုတော့ ဒီအကြောင်းဒီအကြောင်းတွေဟာ ဘာတွေလဲ? ပြီးတော့မှ ပြောမယ်နော်။ ဒီအကြောင်း ဒီအကြောင်းကြောင့်လည်း အနိစ္စဖြစ်တယ်ဆိုတော့ သူတို့ အကြောင်းလည်း သိထားပြီးပြီ။ ဒါ-နံပါတ်နှစ်။ နောက်တစ်ခု ဒီစက္ခုအကြည်ဓာတ်တွေရဲ့ အနိစ္စသဘောကော သူတို့ မသိဘူးလား? သိထားပြီးပြီလို့ သူတို့စကားမှာ ကောက်ချက်ချလိုက်ရင် ဘယ်နှစ်ချက်ထွက်လာလဲ? သုံးချက်။

အကြည်ဓာတ် ခြောက်ပါး ကို သိပြီးပြီ။ အကြည်ဓာတ် ခြောက်ပါး ရဲ့ အကြောင်းတရားတွေကိုလည်း သိပြီးပြီ။ ဒီအကြည်ဓာတ် ခြောက်ပါး တို့ရဲ့ အနိစ္စသဘောကိုလည်း သိပြီးပြီ။ နောက် အနိစ္စသာ သိတယ်၊ ဒုက္ခနဲ့ အနတ္တ မသိတော့ဘူးလားလို့မေးရင် ရှေ့ထဲက သူတို့က အဖြေပေးထားတယ်နော်။ ဒုက္ခလား, သုခလားမေးတော့ ဘယ်လိုဖြေလဲ? ဒုက္ခလို့ ဖြေတယ်။ အတ္တလို့ ရှုသင့်သလား, မရှုသင့်ဘူးလားလို့မေးတော့၊ မရှုသင့်ဘူးလို့ဖြေတော့ ဘယ်လိုရှုရမလဲ အနတ္တလို့ ရှုရမယ်လို့ ဆိုလိုတယ်။ ဒါဖြင့်ရင် ဒီအကြည်ဓာတ် ခြောက်ပါး ရဲ့ အနိစ္စ, ဒုက္ခ, အနတ္တသဘောကို သိပြီးပြီလား မသိဘူးလားမေးရင် ဘယ်လိုပြောမလဲ သိပြီးထားပြီနော်။

ကဲ ဤအကြောင်းကြောင့်ဆိုတာလေး နည်းနည်း ရှင်းရအောင်နော်။ ဣတိပိ ဤသို့သော အကြောင်းကြောင့်လည်းပဲ ဟောဒီ အတွင်း အာယတန ခြောက်ပါး တွေသည် ဤသို့သော အကြောင်းကြောင့်လည်းပဲ အနိစ္စ ဖြစ်နေတယ်ဆိုတာ တပည့်တော်တို့က သိနေတယ် မြင်နေတယ်ဆိုတော့ ဤသို့ ဤသို့သော အကြောင်းဆိုတာ ဘာတွေလဲ?

သုတ္တန်လေးတစ်ခု ဟောကြရအောင်နော်။ သဠာရတနဝဂ္ဂသံယုတ် ပါဠိတော်မှာဘဲ လာပါတယ်။ အဇ္ဈတ္တဟေတု အနိစ္စသုတ္တန်စတဲ့ သုတ္တန်တော်တော်ခပ်များများ လာတယ်နော်။ လက္ခဏာရေးသုံးတန်နဲ့ ဆက်ပြီးတော့ အဇ္ဈတ္တိတာယတန ဗာဟိရာယတန စသည်ဖြင့် အကုန်လုံး ဟောထားပါတယ်နော်။ ကဲ အဲဒီမှာ မြတ်စွာဘုရားရဲ့ ဟောကြားချက်ကလေးတစ်ခု ပုံစံလေးတစ်ခုလောက်ပဲ ထုတ်ပြီး နာကြည့်ကြရအောင်။

‘‘စက္ခုံ, ဘိက္ခဝေ, အနိစ္စံ။ ယောပိ ဟေတု, ယောပိ ပစ္စယော စက္ခုဿ ဥပ္ပါဒါယ, သောပိ အနိစ္စော။ အနိစ္စသမ္ဘူတံ, ဘိက္ခဝေ, စက္ခု ကုတော နိစ္စံ ဘဝိဿတိ’’။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ စက္ခုံ၊ စက္ခုအကြည်ဓာတ်သည်။ အနိစ္စံ၊ မမြဲတဲ့အနိစ္စတရားတည်း။ ယောပိ ဟေတု၊ အကြင်စက္ခုအကြည်ဓာတ်ကို တိုက်ရိုက်ဖြစ်ပေါ်စေတတ်တဲ့ ဟေတုအကြောင်း ဇနကအကြောင်းတရားသည်လည်း။ အတ္ထိ၊ ဖြစ်၏။ ယောပိ ပစ္စယော၊ အကြင်စက္ခုအကြည်ဓာတ်ကို အားပေးထောက်ပံ့ကူညီနေတဲ့ ပစ္စယအကြောင်း ဥပထမ္ဘက အကြောင်းတရားသည်လည်း။ အတ္ထိ၊ ရှိ၏။ သောပိ၊ ထိုဟေတုအကြောင်း ပစ္စယအကြောင်းတရားသည်လည်း။ အနိစ္စော၊ အနိစ္စတရားသာတည်း။ အနိစ္စသမ္ဘူတံ၊ အနိစ္စဖြစ်၍နေတဲ့ အကြောင်းတရားတွေကြောင့် ဖြစ်ပေါ်၍လာရသော။ စက္ခု၊ စက္ခုအကြည်ဓာတ်သည်။ ကုတော၊ အဘယ်မှာလျှင် နိစ္စတရားသည်။ ဘဝိဿတိ၊ ဖြစ်နိုင်ပါအံ့နည်း။

ချစ်သား ရဟန်းတို့ ... စက္ခုအကြည်ဓာတ်ကို တိုက်ရိုက်ဖြစ်ပေါ်စေတတ်တဲ့ ဟေတုအကြောင်း ဇနကအကြောင်းတရားတွေလည်း ရှိတယ်။ ဒီစက္ခုအကြည်ဓာတ်ကလေး ဖြစ်ပေါ်လာဖို့ရန်အတွက် အားပေးထောက်ပံ့ ကူညီနေတဲ့ ဥပထမ္ဘကအကြောင်း ပစ္စယအကြောင်းတရားတွေလည်းရှိတယ်။ ဒီအကြောင်းတရားတွေကိုယ်တိုင်က အနိစ္စ ဖြစ်နေတယ်။ အနိစ္စ ဖြစ်တဲ့ ဒီအကြောင်းတရားတွေကြောင့် ဖြစ်ပေါ်လာရတဲ့ ဒီစက္ခုအကြည်ဓာတ်သည် ဘယ်မှာလျှင် နိစ္စဖြစ်နိုင်ပါ့မလဲ? ချစ်သားတို့လို့ ဒီလိုဟောထားတယ်နော်။ အတွင်းအာယတန ခြောက်ပါး လုံး ပုံစံတူ ဒီအတိုင်းပဲ ဟောတယ်။ ဒီတော့ စက္ခုအကြည်ဓာတ်ကို ဖြစ်ပေါ်စေတတ်တဲ့ အကြောင်းတရားတွေကိုယ်တိုင်ကလည်း အနိစ္စ ဖြစ်နေတဲ့အတွက် အကျိုးဖြစ်တဲ့ စက္ခုအကြည်ဓာတ်ဟာလည်း အနိစ္စပဲ ဖြစ်နေရတယ်။ အကြောင်းတရားတွေကိုယ်တိုင်က ဒုက္ခ, အနတ္တ ဖြစ်နေတဲ့အတွက် အကျိုးဖြစ်တဲ့ ဒီစက္ခုအကြည်ဓာတ်ဟာလည်း ဒုက္ခ, အနတ္တပဲဖြစ်တယ်။

အတွင်းအာယတန ခြောက်ပါး ကို ဖြစ်ပေါ်စေတတ်တဲ့ အကြောင်းတရားတွေ ကိုယ်တိုင်က အနိစ္စ, ဒုက္ခ, အနတ္တ ဖြစ်နေကြတဲ့အတွက် အကျိုးဖြစ်နေတဲ့ ဒီအတွင်းအာယတန ခြောက်ပါး ဟာလည်း အနိစ္စ, ဒုက္ခ, အနတ္တပဲ ဖြစ်နေကြတယ်။ ပုံစံနမူနာလေးတစ်ခု ဒီအကြောင်းတရားတွေနဲ့ ပတ်သက်လို့ သဘောပေါက်အောင် ပဋိသမ္ဘိဒါမဂ်ပါဠိတော်ကြီး စာမျက်နှာ (၅၀)မှာ လာပါတယ်နော်။ (၅၁) စသည်မှာ လာတယ်။ ဘယ်လိုပြောသလဲ? အကြောင်းအကျိုးလေးစပ်ပြီး နည်းနည်းလေး ပြောကြည့်ရအောင်။

စက္ခုအကြည်ဓာတ်ကို ဘုန်းကြီးတို့ ခန္ဓာနည်းအရပြောရင် ဘာခန္ဓာလို့ ခေါ်ရမလဲ? ရူပက္ခန္ဓာ နော် သူက ရုပ်တရား အုပ်စုကြီးထဲမှာ ပါတယ်။ နားအကြည်, လျှာအကြည်, နှာခေါင်းအကြည်, ကိုယ်အကြည်, ဒီအကြည်ဓာတ် ငါးပါးသည် ခန္ဓာနည်းအရ ရူပက္ခန္ဓာ။ မနောအကြည်ကတော့ ခန္ဓာနည်းအရပြောရင် ဝိညာဏက္ခန္ဓာ ထဲမှာ အကျုံးဝင်ပါတယ်နော်။ ကဲရှိစေတော့ ရူပက္ခန္ဓာ ဖြစ်နေတဲ့ ဒီခန္ဓာအကြည်ဓာတ်ငါးခုနဲ့ ပတ်သက်လို့ နမူနာလေး ပုံစံလေးဘယ်လို အကြောင်းတွေဆိုတာ သိရအောင် ရိပ်မိအောင် နည်းနည်းပြောမယ်နော်။

အဝိဇ္ဇာသမုဒယာ ရူပသမုဒယော အဝိဇ္ဇာနိရောဓာ ရူပနိရောဓော။ တဏှာသမုဒယာ ရူပသမုဒယော တဏှာနိရောဓာ ရူပနိရောဓော၊ ကာမသမုဒယာ ရူပသမုဒယော ကာမနိရောဓာ ရူပနိရောဓော၊ အာဟာရသမုဒယာ ရူပသမုဒယော အာဟာရနိရောဓာ ရူပနိရောဓော၊ နိဗ္ဗတ္တိလက္ခဏာဆိုတာက တစ်ခု, ဝယလက္ခဏာဆိုတာကတစ်ခု ပေါင်းလိုက်တော့ ငါးခုစီပဲ။

ဘာကိုဆိုလိုသလဲ? အဝိဇ္ဇာဖြစ်ခြင်းကြောင့် ရုပ်ဖြစ်၏၊ အဝိဇ္ဇာချုပ်ခြင်းကြောင့် ရုပ်ချုပ်၏၊ တဏှာဖြစ်ခြင်းကြောင့် ရုပ်ဖြစ်၏၊ တဏှာချုပ်ခြင်းကြောင့် ရုပ်ချုပ်၏၊ ကံဖြစ်ခြင်းကြောင့် ရုပ်ဖြစ်၏၊ ကံချုပ်ခြင်းကြောင့် ရုပ်ချုပ်၏၊ အာဟာရဖြစ်ခြင်းကြောင့် ရုပ်ဖြစ်၏၊ အာဟာရချုပ်ခြင်းကြောင့် ရုပ်ချုပ်၏၊ ဒီလို ဖော်ပြထားတယ်။

အဋ္ဌကထာတွေနဲ့ ညှိနှိုင်းတိုက်ဆိုင်ပြီး ပြောလိုက်တဲ့အခါမှာ အဝိဇ္ဇာနဲ့ တဏှာကိုယူရင် အဝိဇ္ဇာ, တဏှာရဲ့ အပေါင်းအပါဖြစ်တဲ့ ဥပါဒါန်လည်း ပါသွားတယ်။ ကံကိုယူလိုက်ရင် ကံရဲ့အပေါင်းပါဖြစ်တဲ့ သင်္ခါရလည်း ပါသွားတယ်။ ဒီတော့ အဝိဇ္ဇာ, သင်္ခါရ, တဏှာ, ဥပါဒါန်, ကံဆိုတဲ့ အတိတ်အကြောင်းတရားက ငါးခု ပါသွားတယ်။ အာဟာရသည် ပစ္စုပ္ပန်အကြောင်းတရား ဖြစ်တယ်။ ပစ္စုပ္ပန်အကြောင်းတရားက ရုပ်တရားတွေကို ဖြစ်ပေါ်စေတတ်တဲ့ ပစ္စုပ္ပန်အကြောင်းတရားသည် ဘယ်နှစ်ခုရှိလည်းလို့ မေးရင် စိတ်, ဥတု, အာဟာရ သုံးခု ရှိတယ်နော်။ အာဟာရဆိုတဲ့ ပစ္စုပ္ပန်အကြောင်းတရားတစ်ခုကို ယူလိုက်ရင် ပစ္စုပ္ပန်အကြောင်းခြင်းတူနေတဲ့ စိတ်, ဥတုတို့လည်း ပါဝင်သွားတယ်။

ဒါက ဘုန်းကြီးတို့ စာပေနယ်က ယူဆနည်းလေးပဲနော်။ ဒီတော့ ဒီအကြောင်းတရားတွေကို ဆန့်ပြီး ထုတ်လိုက်မယ်ဆိုလို့ရှိရင် ဘယ်လိုဖြစ်သွားသလဲ? စက္ခုအကြည်ဓာတ်ကို တိုက်ရိုက်ဖြစ်ပေါ်စေတတ်တဲ့ ဇနကအကြောင်းတရားတွေဟာ ဘာတွေလဲလို့ မေးရင် အဝိဇ္ဇာ, သင်္ခါရ, တဏှာ, ဥပါဒါန်, ကံ ဘယ်နှစ်ခုလဲ။ ငါးခု။ ဒါကို အတိတ်အကြောင်းတရားလို့ လည်းခေါ်တယ်။ ဟေတုအကြောင်းတရားတွေလို့ ဒီလိုလည်း ခေါ်တယ်။

သင်္ခါရနဲ့ ကံလေးကို အတိတ်အကြောင်းလို့ ဘာကြောင့် ပြောရလဲလို့ မေးရင် ဦးပဉ္စင်းတို့ ဒီဘဝမှာ ခုအကြည်ဓာတ် ခြောက်ပါး ရတယ်နော်။ အဲဒီ အကြည်ဓာတ် ခြောက်ပါး သည် ဒီဘဝမှာ အားထုတ်နေတဲ့ ကံကြောင့် ရခဲ့သလား (သို့မဟုတ်) အတိတ်က ကံကြောင့် ရခဲ့သလားဆိုတာ ဒကာကြီးတွေ နည်းနည်း စဉ်းစားကြည့်! ဒကာစံမြင့် ဘယ်လိုများ သဘောပေါက်သလဲ? အတိတ်ကကံကြောင့် ရခဲ့တယ်လို့ပဲ သဘောပေါက်သလား? ဒီဘဝမှာ အားထုတ်နေတဲ့ ကံကြောင့်ပဲရတယ်လို့ သဘောပေါက်သလားနော်။ ဒါကတော့ နည်းနည်းလွယ်လွယ်လေးနဲ့ မှတ်နိုင်တယ်နော်။ ဒါပေမဲ့ ပိုပြီးသေချာအောင်လို့ ဦးပဉ္စင်းနည်းနည်းလေး ပြောမယ်။ ဟိုပဋိသမ္ဘိဒါမဂ် ပါဠိတော် စာမျက်နှာ (၅၀)မှာ လာပါတယ်နော်။

‘‘ပုရိမကမ္မဘဝသ္မိံ မောဟော အဝိဇ္ဇာ၊ အာယူဟနာ သင်္ခါရာ၊ နိကန္တိ တဏှာ၊ ဥပဂမနံ ဥပါဒါနံ၊ စေတနာ ဘဝေါ၊ ဣမေ ပဉ္စ ဓမ္မာ ပုရိမကမ္မဘဝသ္မိံ ဣဓ ပဋိသန္ဓိယာ ပစ္စယာ’’။

အတိတ်က အဝိဇ္ဇာ, သင်္ခါရ, တဏှာ, ဥပါဒါန်, ကံဆိုတဲ့ အကြောင်းတရား ငါးခု ရှိသည်။ ပုရိမကမ္မဘဝသ္မိံဆိုပြီး ဒီလို ဝိသေသန မှတ်ထားပါတယ်နော်။ ရှေးဘဝက ဖြစ်ခဲ့တဲ့ အဝိဇ္ဇာ, သင်္ခါရ, တဏှာ, ဥပါဒါန်, ကံဆိုတဲ့ ဒီအကြောင်းတရား ငါးခုသည် ဣဓ ပဋိသန္ဓိယာ ပစ္စယာ၊ ဒီယခု မျက်မှောက်ပစ္စုပ္ပန်ဘဝ ပဋိသန္ဓေ အကြောင်းတရား ဖြစ်တယ်လို့ ဒီလို သတ်မှတ်ပေးတယ်။ ဒီတော့ ဒီဘဝမှာ ဦးပဉ္စင်းတို့ ပဋိသန္ဓေ စပြီး တည်နေရတာသည် ပစ္စုပ္ပန် အကြောင်းတရားတွေကြောင့် တည်နေရသလား, အတိတ်အကြောင်းတရားကြောင့် တည်နေရသလား? အတိတ်အကြောင်းတရားကြောင့် တည်နေရတယ်နော်။

ဒီတော့ အဝိဇ္ဇာဆိုတာက ဘာလဲ? တဏှာဆိုတာက ဘာလဲ? ဥပါဒါန်ဆိုတာက ဘာလဲ? သင်္ခါရဆိုတာက ဘာလဲ? ကံဆိုတာက ဘာလဲ? ဒါလေး နည်းနည်းလေး သဘောပေါက်ရုံတော့ ရှင်းမယ်။ အဝိဇ္ဇာ ဆိုတာက သစ္စာလေးပါး ဒုက္ခသစ္စာ, သမုဒယသစ္စာ, နိရောဓသစ္စာ, မဂ္ဂသစ္စာ လို့ ခေါ်ဆိုအပ်တဲ့ သစ္စာလေးပါးကို မသိမှုသဘောကို အဝိဇ္ဇာလို့ခေါ်တယ်။ သစ္စာလေးပါးအမှန်တရားကို မသိတော့ ဘာတွေသိနေသလဲလို့မေးရင် သစ္စာလေးပါးထဲမှာ ခဏိကနိရောဓ အရကွက်ပြီး ပြောလိုက်မယ်ဆိုရင်တော့ အနိစ္စသဘော, ဒုက္ခသဘော, အနတ္တသဘော သိတာကိုလည်း ခဏိကနိရောဓလို့ ခေါ်ပါတယ်နော် ဘာဖြစ်လို့လဲ? အနိစ္စ, ဒုက္ခ, အနတ္တသဘောတွေ သိနေတဲ့ တဒင်္ဂအားဖြင့် ကိလေသာတွေ ချုပ်ချုပ်သွားတယ်။ တဒင်္ဂအားဖြင့် ကိလေသာတွေချုပ်နေတဲ့အတွက် ထိုနိရောဓကို ခဏိကနိရောဓ လောကီနိရောဓသစ္စာလို့ ခေါ်တယ်နော်။ အဲဒီ လောကီနိရောဓသစ္စာဖြစ်တဲ့ အနိစ္စ, ဒုက္ခ, အနတ္တ သဘောကို သူက မသိတော့ ဘယ်လိုသိလဲဆိုရင် ပြောင်းပြန်လှန် သိတယ်။ နိစ္စ, သုခ, အတ္တ, သုဘလို့ ဒီလို ပြောင်းပြန်လှန် သိတယ်။

နိစ္စ မြဲတယ်လို့ သိတယ်။ သုခ ချမ်းသာဖွယ်လို့ သိတယ်။ အတ္တ, အသက်ကောင်, လိပ်ပြာကောင်, ဝိညာဏ်ကောင်, အတ္တကောင်လို့ မိစ္ဆာဒိဋ္ဌိတွေ ကြံဆတဲ့ဘက်က သိတယ်။ တစ်နည်းအားဖြင့်လည်း ငါ, သူတစ်ပါး, ယောကျ်ား, မိန်းမ, ပုဂ္ဂိုလ်, သတ္တဝါ, လူ, နတ်, ဗြဟ္မာ စသည်ဖြင့် လောကသမညာ အတ္တစွဲ အနေနဲ့လည်း သိနေတယ်။ ဒီတော့ မိထွေးတော်ဂေါတမီကို နည်းနည်းပုံစံလေး ထုတ်ပြမယ်။ လွန်ခဲ့တဲ့ ကမ္ဘာတစ်သိန်းဆိုကြစို့ ပဒုမုတ္တရမြတ်စွာဘုရား သာသနာမှာ သူက မိထွေးတော်ဂေါတမီ ဖြစ်ဖို့ရန်အတွက် ပါရမီစပြီး ဆုတောင်းခဲ့တယ်။

ဦးပဉ္စင်းတို့ ဒီ ဗုဒ္ဓအဘိဓမ္မာ သဘောတရားအရ မိထွေးတော်ဆိုတာ ရှိလား။ မရှိဘူး။ ပရမတ္ထမျက်လုံးနဲ့ တပ်ကြည့်မယ်ဆိုရင် ရုပ်တရား အစုအပုံ, နာမ်တရား အစုအပုံ ရှိတယ်။ ထိုရုပ်တရား ထိုနာမ်တရားတွေသည် ဘယ်လိုသဘောသာဖြစ်လဲ? အနိစ္စသဘော, ဒုက္ခသဘော, အနတ္တသဘောသာဖြစ်တယ်။ အနိစ္စသဘော, ဒုက္ခသဘော, အနတ္တသဘောလို့ သိရင်လည်း ပုံစံမှန်တယ်။ ရုပ်တရား အစုအပုံ နာမ်တရား အစုအပုံ (သို့မဟုတ်) ရုပ်တရား နာမ်တရားတွေကို သစ္စာနည်းအရ ဘာသစ္စာပြောလဲ? ဒုက္ခသစ္စာ။ ရုပ်တရား အစုအပုံ နာမ်တရား အစုအပုံပဲလို့ သိမယ် ဒုက္ခသစ္စာတရားတွေပဲလို့ သိမယ်ဆိုရင်လည်း ပုံစံမှန်တယ်။

ဒါပေမဲ့ မိထွေးတော်လို့ လှမ်းပြီးသိလိုက်မယ် ဆိုရင် ပုံစံမှန်ပါ့မလား? မမှန်ဘူး။ ဒါကို အသိမှားတယ်လို့ ခေါ်တယ်။ ဒီအသိမှားနေတဲ့ သဘောလေးကိုပဲ ဘာလို့ခေါ်လဲ? အဝိဇ္ဇာ။ မိထွေးတော်ဘဝကို လှမ်းတွယ်တာနေတာလေးက တဏှာ။ မိထွေးတော်ဘဝ အပေါ်မှာ စိတ်အစဉ်တွေ သွားကပ်ရောက် စွဲလမ်းနေတာလေးက ဥပါဒါန်။ ဒီ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်ဆိုတဲ့ တရားသုံးပါးက လှုံ့ဆော်တိုက်တွန်းလိုက်တော့ တစ်နည်းအားဖြင့် ဒီသုံးပါးကို ကိလေသာဝဋ်လို့ ခေါ်ပါတယ်နော်။ ဒီကိလေသာဝဋ်က လှုံ့ဆော်တိုက်တွန်းလိုက်တဲ့အတွက် မိထွေးတော်ဖြစ်ဖို့ရန်အတွက် ဒါနစတဲ့ ပါရမီအလီလီတွေ ကောင်းမှုကုသိုလ်တွေကို ပြုတယ်။ ထိုကောင်းမှုကုသိုလ်တွေက သင်္ခါရ, ကံနော်။ ပေါင်းလိုက်တော့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံ အကြောင်းတရားငါးပါး ဆုံသွားတယ်။ ဒီအကြောင်းတရားငါးပါး ဒီဂရီစံချိန်မှီလာတဲ့ အချိန်မှာ ဘာဖြစ်လာလဲ? မိထွေးတော်ဂေါတမီ လာဖြစ်တယ်။

ဒါဖြင့် မိထွေးတော်ဂေါတမီ ဖြစ်ရခြင်းရဲ့ အကြောင်းကို လိုက်ပြီး ပြန်ပြောင်း ဆန်းစစ်လိုက်မယ်ဆိုလို့ရှိရင် အဝိဇ္ဇာ, တဏှာ, ဥပါဒါန် ကင်းသလား? မကင်းဘူး။ သင်္ခါရ, ကံကော ကင်းသလား? မကင်းဘူး။ ဒါဖြင့်ရင် ဒီ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်တွေက ဘယ်လိုသဘောရှိလဲ။ ဒီ သင်္ခါရ, ကံတွေကလည်း ဘယ်လိုသဘောရှိလဲလို့ လှမ်းကြည့်လိုက်တော့ ဒီအဝိဇ္ဇာ, တဏှာ, ဥပါဒါန်တွေဟာလည်း မြဲတဲ့ နိစ္စတရား ဟုတ်သလား? ချမ်းသာတဲ့ သုခတရား ဟုတ်သလား? ငါ, သူတစ်ပါး, ယောကျ်ား, မိန်းမ, ပုဂ္ဂိုလ်, သတ္တဝါခေါ်တဲ့ အတ္တသဘော ဟုတ်သလား? ဒီ အဝိဇ္ဇာ, သင်္ခါရ, တဏှာ, ဥပါဒါန်, ကံတွေလည်း အနိစ္စတရားမှန်တယ်၊ ဒုက္ခတရားမှန်တယ်, အနတ္တတရားမှန်တယ်နော်။

အကြောင်းတရားတွေ ကိုယ်တိုင်က အနိစ္စ, ဒုက္ခ, အနတ္တဖြစ်နေခဲ့ရင်၊ ဒီအနိစ္စ, ဒုက္ခ, အနတ္တဖြစ်တဲ့ အကြောင်းတရားကြောင့် ဖြစ်ပေါ်လာရတဲ့ ဒီမိထွေးတော်ဂေါတမီသန္တာန်မှာ ရှိနေတဲ့ ရုပ်နာမ်အစု တစ်နည်းအားဖြင့် ခုဒီဒေသနာတော်အရ ပြောဆဲအရ ပြောမယ်ဆိုရင် အကြည်ဓာတ်ခြောက်ပါးနော်။ ဒီအကြည်ဓာတ်ခြောက်ပါးဟာလည်း နိစ္စဖြစ်နိုင်ပါ့မလား? သုခဖြစ်နိုင်ပါ့မလား? အတ္တကော ဖြစ်နိုင်ပါ့မလား? မဖြစ်နိုင်ဘူးလို့ ဒီလိုဆိုလိုတယ်နော်။

အဲဒီ ဆိုလိုရင်းအဓိပ္ပာယ်ကို ခုနက ဘိက္ခုနီမငါးရာတို့က သူတို့က ဘာလျှောက်ထားလဲ?

ဣတိပိ၊ ဤသို့သော အကြောင်းကြောင့်လည်းပဲ။ ဣမေ စ အဇ္ဈတ္တိကာ အာယတနာ၊ အတွင်းအာယတနခြောက်ပါးတို့သည်။ အနိစ္စာတိ၊ အနိစ္စတရားတို့ဟူ၍။ နော၊ ဘုရားတပည့်တော်မတို့သည်။ ပုဗ္ဗေဝ၊ ရှေးမဆွကပင်လျှင်။ သမ္မပ္ပညာယ၊ ရုပ်ခဲနာမ်ခဲ ဖြိုခွဲဖောက်ထွင်း ဝိပဿနာဉာဏ် အလင်းဓာတ်ဖြင့်။ သုဒိဋ္ဌံ၊ ကောင်းစွာပိုင်ပိုင် သိမြင်အပ်ပြီး ရှုမြင်အပ်ပြီးဖြစ်ပါသည် အရှင်ဘုရား။

ဟော သူတို့ လျှောက်ထားချက်နော်။ ဒီတော့ ဤသို့ ဤသို့သော အကြောင်းတွေဆိုတာက ခုနက ပြောခဲ့ပြီးပြီ။ အတိတ်အကြောင်းတရားကို ဆန်းစစ်ကြည့်လို့ရှိရင် အဝိဇ္ဇာ, သင်္ခါရ, တဏှာ, ဥပါဒါန်, ကံ သူတို့တွေကလည်း အနိစ္စလား, နိစ္စလားဆိုလို့ရှိရင် အနိစ္စတရား။ နောက်တစ်ခါ ပစ္စုပ္ပန်အကြောင်းတရားတွေ လှမ်းကြည့်လိုက်ဦး။ ပစ္စုပ္ပန်အကြောင်းတွေမှာ စိတ်, ဥတု, အာဟာရ ရုပ်တရားကို ဖြစ်ပေါ်စေတတ်တဲ့ အကြောင်းထဲမှာ စိတ်, ဥတု, အာဟာရ ပါတယ်နော်။ စိတ်လည်း နိစ္စလား, အနိစ္စလား မေးရင်? အနိစ္စ။ ဥတုခေါ်တဲ့ တေဇောဓာတ်ကော နိစ္စလား, အနိစ္စလား? အနိစ္စ။ အာဟာရလို့ခေါ်တဲ့ အစာအာဟာရ (သို့မဟုတ်) ကဗဠီကာရအာဟာရ (သို့မဟုတ်) အဆီဩဇာလေးပဲနော်။ အဲဒီဩဇာလေးကတော့ ကမ္မဇဩဇာလည်း ရှိပါတယ်နော်။

ဒီဩဇာဓာတ်ကလေးဟာကော နိစ္စလား, အနိစ္စလား? အနိစ္စ။ အတိတ်အကြောင်းတရားတွေကလည်း အနိစ္စပဲ။ ပစ္စုပ္ပန်အကြောင်းတရားတွေလည်း အနိစ္စပဲ။ ဒီအနိစ္စအကြောင်းတရားတွေကြောင့် ဖြစ်ပေါ်လာရတဲ့ ဒီအကြည်ဓာတ်ခြောက်ပါးကော နိစ္စဖြစ်နိုင်မလား? မဖြစ်နိုင်ဘူး။ အကြည်ဓာတ်ရုပ်တွေကော နိစ္စဖြစ်မလား? မဖြစ်နိုင်ဘူး။ မဖြစ်ဘူးဆိုတဲ့ သဘောကို ဒီဘိက္ခုနီမတွေ သိသလား, မသိဘူးလား? သိနေကြတယ်နော်။ ကဲ ဒီလောက်ဆိုလို့ရှိရင်တော့ အသင့်အတင့် နားရှင်းလောက်ပြီနော်။

ဒီတော့ ဒီစကားလေးကိုနည်းနည်း အကျဉ်းချုံးပြီး ပြန်ပြောမယ်။ အကြည်ဓာတ်ခြောက်ပါးကို သိတယ်။ အကြည်ဓာတ်ခြောက်ပါး ဖြစ်ပေါ်ရခြင်းရဲ့ အကြောင်းတရားတွေကိုလည်း သိတယ်နော်။ အကြည်ဓာတ်ခြောက်ပါးကို ဖြစ်ပေါ်စေတတ်တဲ့ အကြောင်းတရားတွေကိုလည်း သူတို့သိတယ်။ အကြောင်းတရားတွေလည်း အနိစ္စ, ဒုက္ခ, အနတ္တ အကျိုးဖြစ်နေတဲ့ ဒီအကြည်ဓာတ်ခြောက်ပါးဟာလည်း အနိစ္စ, ဒုက္ခ, အနတ္တလို့ သူတို့သိသလား, မသိဘူးလား? သိနေကြပြီ။ ဒါ တစ်ဆင့်သွားဦးမယ်နော်။ ကဲ နောက်တဆင့် အရှင်နန္ဒကက ဆက်ပြီးမေးတယ်။

‘‘တံ ကိံ မညထ၊ ဘဂိနိယော၊ ရူပါ နိစ္စာ ဝါ အနိစ္စာ ဝါ’’တိ? ‘‘အနိစ္စာ၊ ဘန္တေ’’။ ‘‘ယံ ပနာနိစ္စံ၊ ဒုက္ခံ ဝါ တံ သုခံ ဝါ’’တိ? ‘‘ဒုက္ခံ၊ ဘန္တေ’’။ ‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ၊ ကလ္လံ နု တံ သမနုပဿိတုံ — ‘‘ဧတံ မမ၊ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာ’’’’တိ? ‘‘နော ဟေတံ၊ ဘန္တေ’’။

ဘဂိနိယော၊ နှမတို့ ...။ တံ၊ ထိုငါမေးမည့် မေးခွန်းကို။ တုမှေ၊ သင်နှမတို့သည်။ ကိံ မညထ၊ အဘယ်သို့ အောက်မေ့မှတ်ထင် ယူဆကြသနည်း။ ရူပါ၊ အဆင်းရူပါရုံအမျိုးမျိုးတို့သည်။ နိစ္စာ ဝါ၊ နိစ္စလေလော။ အနိစ္စာ ဝါ၊ အနိစ္စလေလော။ ဣတိ၊ ဤသို့ မေးတော်မူသည်ရှိသော်။ ဘန္တေ၊ အရှင်ဘုရား။ အနိစ္စာ၊ အနိစ္စဖြစ်ရိုး အမှန်ပါဘုရား။ ဣတိ၊ ဤသို့ လျှောက်ထားကြလေကုန်ပြီ။ ယံ၊ အကြင်ရူပါရုံသည်။ အနိစ္စံ၊ အနိစ္စတရားသာတည်း။ တံ၊ ထို အနိစ္စဖြစ်နေသည့် ရူပါရုံသည်။ ဒုက္ခံ ဝါ၊ ဒုက္ခလေလော။ သုခံ ဝါ၊ သုခလေလော။ ဣတိ၊ ဤသို့ မေးတော်မူသည်ရှိသော်။ ဘန္တေ၊ အရှင်ဘုရား။ ဒုက္ခံ၊ ဒုက္ခဖြစ်ရိုး အမှန်ပါဘုရား။ ဣတိ၊ ဤသို့ လျှောက်ထားကြလေကုန်ပြီ။ ယံ၊ အကြင် ရူပါရုံသည်။ အနိစ္စံ၊ အနိစ္စတရားသာတည်း။ ဒုက္ခံ၊ ဒုက္ခတရားသာတည်း။ ဝိပရိဏာမဓမ္မံ၊ ဖောက်ပြန်ပျက်စီးတတ်တဲ့ ဝိပရိဏာမ တရားသာတည်း။ တံ၊ ထို အနိစ္စ, ဒုက္ခ, ဝိပရိဏာမဓမ္မ ဖြစ်နေတဲ့ ထိုရူပါရုံကို။ ဧတံ၊ ဤရူပါရုံသည်။ မမ၊ ငါ၏ ရူပါရုံတည်း။ ဧသော၊ ဤရူပါရုံသည်။ အဟမသ္မိ၊ ငါတည်း။ မေ၊ ငါ၏၊ အတ္တ၊ အတ္တတည်းဟု။ သမနုပဿိတုံ၊ စွဲလမ်းထင်မြင် ရှုဆင်ခြင်ခြင်းငှာ။ ကလ္လံ နု၊ သင့်တင့်လျောက်ပတ်ပါမည်လော။ ဣတိ၊ ဤသို့ မေးတော်မူသည်ရှိသော်။ ဘန္တေ၊ အရှင်ဘုရား။ ဧတံ၊ ဤကဲ့သို့ စွဲလမ်းထင်မြင် ရှုဆင်ခြင်ခြင်းသည်။ နော ဟေတံ၊ မသင့်ပါဘုရား။ ဣတိ၊ ဤသို့ လျှောက်ထားကြလေကုန်ပြီ။

ကျန်တဲ့ အသံ, အနံ့, အရသာ, အတွေ့အထိ, ဓမ္မသဘော အပြင်အာယတနဘယ်နှစ်ခု ရှိသလဲ? ခြောက်ခုနော်။ အဆင်း, အသံ, အနံ့, အရသာ, အတွေ့အထိ, ဓမ္မသဘော အပြင်အာယတနက ဘယ်နှစ်ပါးလဲ? ခြောက်ပါး။ ခြောက်ပါးကို ပုံစံတူမေးတော့ ပုံစံတူပဲ ပြန်ဖြေကြတယ်။ ဒီတော့ အပြင်အာယတနခြောက်ပါးသည် နိစ္စလား, အနိစ္စလား မေးတော့ အနိစ္စပါဘုရားလို့ဖြေတယ်။ ဒုက္ခလား, သုခလားမေးတော့ ဒုက္ခလို့ ဖြေတယ်။ အနိစ္စလည်းဖြစ်တယ်, ဒုက္ခလည်းဖြစ်တယ်, ဖောက်ပြန်ပျက်စီးတတ်တဲ့ ဝိပရိဏာမဓမ္မလည်းဖြစ်တဲ့ ဒီအပြင်အာယတနခြောက်ပါးကို ဒီအပြင်အာယတနခြောက်ပါးသည် ငါ့ဟာပဲ။ ဒီအပြင်အာယတနခြောက်ပါးသည် ငါပဲ။ ဒီအပြင်အာယတနခြောက်ပါးသည် ငါ့ရဲ့အတ္တပဲလို့ စွဲလမ်းထင်မြင် ရှုဆင်ခြင်ဖို့ သင့်တင့်ပါ့မလား မေးတဲ့အခါ မသင့်ပါဘူးဘုရားဆိုပြီး လျှောက်ထားကြတယ်နော်။ ဘာကြောင့်မသင့်ရသလဲဆိုတာကို သူတို့က ဆက်ပြီး လျှောက်ထားတယ်။ ဘယ်လိုလျှောက်ထားလဲ?

‘‘တံ ကိဿ ဟေတု’’? ‘‘ပုဗ္ဗေဝ နော ဧတံ၊ ဘန္တေ၊ ယထာဘူတံ သမ္မပ္ပညာယ သုဒိဋ္ဌံ — ‘‘ဣတိပိမေ ဆ ဗာဟိရာ အာယတနာ အနိစ္စာ’’’’တိ။

ဘန္တေ၊ အရှင်ဘုရား ...။ တံ၊ ထိုကဲ့သို့ စွဲလမ်းထင်မြင် ရှုဆင်ခြင်ခြင်းငှာ မသင့်တင့်ခြင်းသည်။ တံ ကိဿ ဟေတု၊ အဘယ်အကြောင်းကြောင့်နည်းဟူမူကား။ ဣတိပိ၊ ဤသို့သော အကြောင်းကြောင့်လည်းပဲ။ ဣမေ ဆ ဗာဟိရာ အာယတနာ၊ ဤအပြင်အာယတနခြောက်ပါးတို့သည်။ အနိစ္စာတိ၊ အနိစ္စတရားတို့ဟူ၍။ ပုဗ္ဗေဝ၊ ရှေးမဆွကပင်လျှင်။ နော၊ ဘုရားတပည့်တော်မတို့သည်။ သမ္မပ္ပညာယ၊ ရုပ်ခဲ နာမ်ခဲ ဖြိုခွဲဖောက်ထွင်း ဝိပဿနာဉာဏ်အလင်းဓာတ်ဖြင့်။ ယထာဘူတံ၊ မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ။ သုဒိဋ္ဌံ၊ ကောင်းစွာပိုင်ပိုင် သိမြင်အပ်ပြီး ရှုမြင်အပ်ပြီး ဖြစ်ပါသည်အရှင်ဘုရား။

အရှင်ဘုရားနန္ဒက ဒီအပြင်အာယတနခြောက်ပါးတွေဟာ ဤသို့ ဤသို့သော အကြောင်းကြောင့်လည်းပဲ အနိစ္စတရား ဖြစ်နေတယ်ဆိုတာကို ရှေးမဆွထဲက ကြိုတင်ပြီး ဘုရားတပည့်တော်မတို့ ရုပ်ခဲ, နာမ်ခဲ ဖြိုခွဲဖောက်ထွင်း ဝိပဿနာဉာဏ်အလင်းဓာတ်ဖြင့် ကောင်းစွာပိုင်ပိုင် ရှုမြင်အပ်ပြီး သိမြင်အပ်ပြီး ဖြစ်နေပါတယ် အရှင်ဘုရား ...ဆိုပြီး လျှောက်ထားကြတယ်နော်။ ဒီလျှောက်ထားချက်ကို ကောက်ချက်ချလိုက်မယ်ဆိုရင်လည်း ခုနက သုံးချက်ပဲ ပြန်ထွက်လာတယ်နော်။

နံပါတ်တစ်က ဘာလဲဆိုလို့ရှိရင် အပြင်အာယတနခြောက်ပါးကို သူတို့ သိထားပြီးပြီနော်။ အဆင်း, အသံ, အနံ့, အရသာ အတွေ့အထိ၊ အတွေ့အထိဆိုတာက ပထဝီ, တေဇော, ဝါယောနော်။ နောက်တစ်ခု ဓမ္မသဘော။ ဓမ္မသဘောဆိုတဲ့အတိုင်းမှာ ဘုန်းကြီးတို့ စာပေနယ်က ပြောရင်တော့ သုခုမရုပ်လို့ခေါ်တဲ့ ကျန်နေတဲ့ ရုပ်ကလေးတွေပါတယ် တစ်ဆယ့်ခြောက်မျိုး။ စေတသိက်ငါးဆယ်နှစ်လုံး ပါတယ်နော်။ ဒီတော့ အတွင်းအာယတနခြောက်ပါးထဲမှာက ရုပ်တရားဘက်က အကြည်ဓာတ်ငါးခု၊ အပြင်အာယတနခြောက်ပါးထဲက ရုပ်တရားဘက်က အာရုံရုပ်က ခုနစ်ခု၊ သုခုမရုပ်က တစ်ဆယ့်ခြောက်ခု။

ပေါင်းလိုက်မယ်ဆိုလို့ရှိရင် ရုပ်နှစ်ဆယ်ရှစ်ပါး ကုန်သွားတယ်နော်။ စေတသိက်ငါးဆယ်နှစ်လုံးလည်း ကုန်သွားတယ်။ ဒါပေမဲ့ မနာယတနလို့ခေါ်တဲ့ အထဲမှာ အခု ဓာတ်တစ်ဆယ့်ရှစ်ပါးနည်း၊ နောက်ထပ် မေးလတ္တံ့ ဝိညာဏဓာတ်ခြောက်ပါးကို သီးသန့် မေးလတ္တံ့ဖြစ်တဲ့အတွက်၊ ဒီ မနာယတနအရကို မနောအကြည်ဓာတ်ကိုဘဲ ယူထားတယ်။ မနောအကြည်ဆိုတာကတော့ ဟောဒီ ဦးပဉ္စင်းတို့ အိမ်ရှင်ဖြစ်နေတဲ့ ဘဝင်အကြည်ဓာတ်ကလေးပါပဲ။

ကဲ ရှိစေတော့ ရုပ်နှစ်ဆယ်ရှစ်ပါး ကုန်သွားပြီ။ စေတသိက်ငါးဆယ်နှစ်လုံး ကုန်သွားပြီ။ မနောအကြည်ဓာတ်လည်း ကုန်သွားပြီလို့ မှတ်ထားနော်။ ဒီတော့ သူတို့ ဒီနေရာမှာ အပြင်အာယတနခြောက်ပါးကို သိတယ်။ အပြင်အာယတနခြောက်ပါးရဲ့ အကြောင်းတရားတွေကိုလည်း သိတယ်။ အပြင်အာယတနခြောက်ပါးလည်း အနိစ္စ, ဒုက္ခ, အနတ္တ, အပြင်အာယတနခြောက်ပါးကို ဖြစ်ပေါ်စေတတ်တဲ့ အကြောင်းတရားတွေလည်း အနိစ္စ, ဒုက္ခ, အနတ္တလို့ သူတို့သိနေပြီ။ အတွင်းအာယတနခြောက်ပါးလည်း သိတယ်နော်။ အပြင်အာယတနခြောက်ပါးလည်း သိတယ်။ အကြောင်းတရားတွေလည်း သိတယ်။ အကြောင်းတရားတွေလည်း အနိစ္စ, ဒုက္ခ, အနတ္တ, အကျိုးဖြစ်နေတဲ့ အတွင်းအာယတန, အပြင်အာယတနတွေလည်း အနိစ္စ, ဒုက္ခ, အနတ္တလို့ သိနေတယ်။ တရားရကြပြီလား? မရသေးဘူးနော်။

အတွင်းအာယတန ဆိုတာက ဘာမှန်းမသိသေးဘူး။ အပြင်အာယတနခြောက်ပါးဆိုတာကလည်း ဘာမှန်းမသိသေးဘူး။ စေတသိက်ငါးဆယ်နှစ်လုံးက ဘယ်လိုရှုရမယ်ဆိုတာလည်း မသိသေးဘူး။ ဒီရုပ်တရား ဒီနာမ်တရားတွေ ဘယ်လိုအကြောင်းကြောင့် ဖြစ်တယ်ဆိုတာလည်း လှမ်းမြှော်ပြီး နည်းနည်းမှ မကြည့်တတ်သေးဘူး။ တရားရပါ့မလား? မရနိုင်ဘူးနော်။ မရနိုင်ပုံလေး ပြီးတော့ ဦးပဉ္စင်း သေသေချာချာထပ်ပြီး ပြောပါ့မယ်။ ဒီလောက်နဲ့ပဲ တရားထားဦး။ ကဲ ရှေ့တစ်ခုဆက်ပြီးတော့ မေးကြရအောင် အရှင်နန္ဒက မေးခွန်းလေး -

‘‘တံ ကိံ မညထ၊ ဘဂိနိယော၊ စက္ခုဝိညာဏံ နိစ္စံ ဝါ အနိစ္စံ ဝါ’’တိ? ‘‘အနိစ္စံ၊ ဘန္တေ’’။ ‘‘ယံ ပနာနိစ္စံ၊ ဒုက္ခံ ဝါ တံ သုခံ ဝါ’’တိ? ‘‘ดုက္ခံ၊ ဘန္တေ’’။ ‘‘ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ၊ ကလ္လံ နု တံ သမနုပဿိတုံ — ‘‘ဧတံ မမ၊ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာ’’’’တိ? ‘‘နော ဟေတံ၊ ဘန္တေ’’။

ဘဂိနိယော၊ နှမတို့ ...။ တံ၊ ထိုငါမေးမည့် မေးခွန်းကို။ တုမှေ၊ သင်နှမတို့သည်။ ကိံ မညထ၊ အဘယ်သို့ အောက်မေ့မှတ်ထင် ယူဆကြသနည်း။ စက္ခုဝိညာဏံ၊ စက္ခုဝိညာဏ်ဟု ခေါ်ဆိုအပ်တဲ့ ရူပါရုံကို သိတတ်တဲ့ မြင်သိစိတ်သည်။ နိစ္စံ ဝါ၊ နိစ္စလေလော။ အနိစ္စံ ဝါ၊ အနိစ္စလေလော။ ဣတိ၊ ဤသို့ မေးတော်မူသည်ရှိသော်။ ဘန္တေ၊ အရှင်ဘုရား ...။ အနိစ္စံ၊ အနိစ္စဖြစ်ရိုး အမှန်ပါဘုရား။ ဣတိ၊ ဤသို့ လျှောက်ထားကြလေကုန်ပြီ။ ယံ၊ အကြင် စက္ခုဝိညာဏ်သည်။ အနိစ္စံ၊ အနိစ္စတရားသာတည်း။ တံ၊ ထို အနိစ္စဖြစ်၍နေတဲ့ စက္ခုဝိညာဏ်ဆိုတဲ့ တရားသည်။ ดုက္ခံ ဝါ၊ ဒုက္ခလေလော။ သုခံ ဝါ၊ သုခလေလော။ ဣတိ၊ ဤသို့ မေးတော်မူသည်ရှိသော်။ ဘန္တေ၊ အရှင်ဘုရား။ ဒုက္ခံ၊ ဒုက္ခဖြစ်ရိုး အမှန်ပါဘုရား။ ဣတိ၊ ဤသို့ လျှောက်ထားကြလေကုန်ပြီ။ ယံ၊ အကြင် စက္ခုဝိညာဏ်သည်။ အနိစ္စံ၊ အနိစ္စတရားသာတည်း။ ဒုက္ခံ၊ ဒုက္ခတရားသာတည်း။ ဝိပရိဏာမဓမ္မံ၊ ဖောက်ပြန်ပျက်စီးတတ်တဲ့ တရားသာတည်း။ တံ၊ ထို အနိစ္စလည်းဖြစ်, ဒုက္ခလည်းဖြစ်, ဖောက်ပြန်ပျက်စီးတတ်တဲ့ ဝိပရိဏာမဓမ္မလည်း ဖြစ်၍နေတဲ့ စက္ခုဝိညာဏ်ကို။ ဧတံ၊ ထို စက္ခုဝိညာဏ်သည်။ မမ၊ ငါ၏ စက္ခုဝိညာဏ်တည်း။ ဧသော၊ ဤ စက္ခုဝိညာဏ်သည်။ အဟမသ္မိ၊ ငါတည်း။ ဧသော၊ ဤ စက္ခုဝိညာဏ်သည်။ မေ၊ ငါ၏၊ အတ္တ၊ အတ္တတည်းဟု။ သမနုပဿိတုံ၊ စွဲလမ်းထင်မြင် ရှုဆင်ခြင်ခြင်းငှာ။ ကလ္လံ နု၊ သင့်တင့်လျောက်ပတ်ပါမည်လား။ ဣတိ၊ ဤသို့ မေးတော်မူသည်ရှိသော်။ ဘန္တေ၊ အရှင်ဘုရား။ ဧတံ၊ ဤသို့ စွဲလမ်းထင်မြင် ရှုဆင်ခြင်ခြင်းသည်။ နော ဟေတံ၊ မသင့်တင့်ပါဘုရား။ ဣတိ၊ ဤသို့ လျှောက်ထားကြလေကုန်ပြီ။

လွယ်လွယ်လေးပဲနော်။ စက္ခုအကြည်ဓာတ်ကလေးကို မှီဖြစ်သွားတယ်။ ဘယ်အချိန်ခါမှာ ဒီစက္ခုအကြည်ဓာတ် မှီဖြစ်လဲလို့မေးရင် ဒီစက္ခုဝိညာဏ်လေး ရှုတဲ့ပုဂ္ဂိုလ်က တစ်ဘက်က စက္ခုအကြည်ဓာတ်ကလေး ဖမ်းထား၊ စက္ခုဝိညာဏ် သက်သက် ကွက်ရှုချင်ပြောတာပါနော်။ ဝီထိစိတ် အစဉ်အတိုင်း ရှုချင်တယ်ဆိုလို့ရှိရင်တော့ စက္ခုအကြည်ဓာတ်နဲ့ မနောအကြည်ဓာတ် နှစ်ခုကို ပူးတွဲပြီး ဖမ်းထားရတယ်။ နီးစပ်ရာ ဒီအချိန်မှာ ဒီအကြည်ဓာတ်နှစ်ခုကို ကောင်းမွန် မှန်ကန်စွာ သိနေတဲ့ ယောဂီပုဂ္ဂိုလ်အဖို့ ရုပ်ခဲ, နာမ်ခဲတွေကို ဖြိုခွဲနိုင်တဲ့ ဝိပဿနာဉာဏ်တွေက ရှိနေပြီဖြစ်တဲ့အတွက် ရုပ်ကလာပ်တွေလည်း ကောင်းစွာ မြင်နေပြီ။ ရုပ်ကလာပ်ကလေးတွေမှာ ရှိနေတဲ့ သဘောတရားလေးတွေကိုလည်း ဖြိုခွဲဖောက်ထွင်းပြီး သိနေပြီ မြင်နေပြီ။

မြင်နေတဲ့အတွက် ထိုပုဂ္ဂိုလ်က အကြည်ဓာတ်နှစ်ခုကို ပူးတွဲဖမ်းပြီးတော့ ရူပါရုံနီးစပ်ရာ ရုပ်ကလာပ်တစ်ခုခုမှာ ရှိနေတဲ့ ရူပါရုံအရောင်ကလေးကို လှမ်းအာရုံ ယူကြည့်လိုက်ရင်၊ ထိုရူပါရုံအရောင်လေးက စက္ခုအကြည်ဓာတ်နဲ့ မနောအကြည်ဓာတ်ကို ပြိုင်တူရိုက်တယ်။ ရိုက်ခတ်လိုက်တဲ့အခါမှာ ပဉ္စဒွါရာဝဇ္ဇန်း, စက္ခုဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, ဝုဋ္ဌော, ဇော စတဲ့ ဝီထိစိတ်အစဉ်လေးတွေ တသီတတန်းကြီး ဖြစ်သွားတယ်။

အဲဒီအထဲမှာ စက္ခုအကြည်ဓာတ်ကို မှီတွယ်ပြီးတော့ စက္ခုဝိညာဏ်လေး တစ်ခုပေါ်လာတယ်။ ထို စက္ခုဝိညာဏ်သည် နိစ္စလား, အနိစ္စလား လို့မေးတယ်။ အနိစ္စပါဘုရားလို့ ဖြေတယ်။ အနိစ္စမှန်ရင် ဒုက္ခလား, သုခလား မေးတယ်။ ဒုက္ခပါဘုရားလို့ ဖြေတယ်။ အနိစ္စလည်းဖြစ်, ဒုက္ခလည်းဖြစ်, ဖောက်ပြန်ပျက်စီးတတ်တဲ့ ဝိပရိဏာမဓမ္မလည်း ဖြစ်နေတဲ့ ဒီစက္ခုဝိညာဏ်ကို ငါပဲ, ငါ့ဟာပဲ, ငါ့ရဲ့အတ္တပဲလို့ စွဲလမ်းထင်မြင် ရှုမြင်ဆင်ခြင်ဖို့ သင့်တင့်ပါ့မလားလို့ မေးတယ်။ ဒီအခါမှာလည်း မသင့်ပါဘူးဘုရားဆိုပြီး ပြန်ပြီး လျှောက်ထားကြတယ်နော်။ စက္ခုဝိညာဏ်မှာ အမေးအဖြေလုပ်တဲ့ ပုံစံအတိုင်းပဲ။ သောတဝိညာဏ်, ဃာနဝိညာဏ်, ဇိဝှာဝိညာဏ်, ကာယဝိညာဏ်, မနောဝိညာဏ်၊ အသိစိတ်ခြောက်ပါးနော်။ ဝိညာဏဓာတ်ခြောက်ပါး ဖြစ်ရာဌာနကို လိုက်ပြီးတော့ ဝိညာဏဓာတ်ခြောက်ပါး ခွဲလိုက်တယ်နော်။

နားအကြည်ဓာတ်ကို မှီဖြစ်သွားတဲ့ အသံကို သိလိုက်တဲ့ သောတဝိညာဏ်, နှာခေါင်းအကြည်ဓာတ်ကို မှီပြီး အနံ့ကိုသိတဲ့ ဃာနဝိညာဏ်, လျှာအကြည်ဓာတ်ကို မှီပြီး အရသာကိုသိတဲ့ ဇိဝှာဝိညာဏ်, ကိုယ်အကြည်ဓာတ်ကို မှီပြီး ဖောဋ္ဌဗ္ဗာရုံကို သိလိုက်တဲ့ ကာယဝိညာဏ်နော်။ အာရုံခြောက်ပါးလုံးကို ထိုက်သလိုသိနေတဲ့ မနောအကြည်ဓာတ်ကိုစွဲပြီး ဟဒယဝတ္ထုကို မှီဖြစ်သွားတဲ့ မနောဝိညာဏ်၊ ဝိညာဏဓာတ် ဘယ်နှစ်ပါးလဲ? ခြောက်မျိုး။ ဖြစ်ရာဌာန လိုက်ပြီးတော့ ဝိညာဏဓာတ် အကျဉ်းဆုံး ခွဲလိုက်ရင် ခြောက်မျိုးနော်။

ထိုဝိညာဏခြောက်မျိုးလုံးကိုပဲ ခြုံငုံပြီးတော့ ရှင်နန္ဒကက နိစ္စလား, အနိစ္စလား မေးတယ်။ အနိစ္စပါဘုရားလို့ ဖြေတယ်။ ဒုက္ခလား သုခလား မေးတယ်။ ဒုက္ခပါဘုရားလို့ ဖြေတယ်။ အနိစ္စလည်းဖြစ် ဒုက္ခလည်းဖြစ် ဖောက်ပြန်ပျက်စီးတတ်တဲ့ ဝိပရိဏာမဓမ္မလည်း ဖြစ်နေတဲ့ ဒီဝိညာဏဓာတ်ခြောက်ပါးကို ငါပဲ ငါ့ဟာပဲ ငါ့ရဲ့အတ္တပဲလို့ မေးတယ်။ ဒီအခါမှာလည်း မသင့်ပါဘူးဘုရားဆိုပြီး ဖြေတယ်။ ဘာကြောင့် မသင့်ရတယ် ဆိုတာကိုလည်း ဘိက္ခုနီမတွေက အကြောင်းပြချက် ခိုင်ခိုင်လုံလုံနဲ့ ဆက်ပြီး လျှောက်ထားတယ်။ ဘယ်လိုလျှောက်ထားလဲ?

‘‘တံ ကိဿ ဟေတု’’? ‘‘ပုဗ္ဗေဝ နော ဧတံ၊ ဘန္တေ၊ ယထာဘူတံ သမ္မပ္ပညာယ သုဒိဋ္ဌံ — ‘‘ဣတိပိမေ ဆ ဝိညာဏကာယာ အနိစ္စာ’’’’တိ။

ဘန္တေ၊ အရှင်ဘုရား ...။ တံ၊ ထိုကဲ့သို့ စွဲလမ်းထင်မြင် ရှုဆင်ခြင်ခြင်းငှာ မသင့်တင့်ခြင်းသည်။ တံ ကိဿ ဟေတု၊ အဘယ်အကြောင်းကြောင့်နည်းဟူမူကား။ ဣတိပိ၊ ဤသို့သော အကြောင်းကြောင့်လည်းပဲ။ ဣမေ ဆ ဝိညာဏကာယာ၊ ဤဝိညာဏ်ဓာတ်ခြောက်ပါးတို့သည်။ အနိစ္စာ၊ အနိစ္စတရားဟူ၍။ ပုဗ္ဗေဝ၊ ရှေးမဆွကပင်လျှင်။ နော၊ ဘုရားတပည့်တော်မတို့သည်။ သမ္မပ္ပညာယ၊ ရုပ်ခဲ နာမ်ခဲ ဖြိုခွဲဖောက်ထွင်း ဝိပဿနာဉာဏ် အလင်းဓာတ်ဖြင့်။ ယထာဘူတံ၊ မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ။ သုဒိဋ္ဌံ၊ ကောင်းစွာပိုင်ပိုင် ရှုမြင်အပ်ပြီး သိမြင်အပ်ပြီးဖြစ်ပါသည် အရှင်ဘုရား ...။

ဟော သူတို့ လျှောက်ထားချက်နော်။ ဒီဝိညာဏဓာတ်ခြောက်ပါးဟာလည်း ဤသို့ဤသို့သော အကြောင်းကြောင့်လည်းပဲ အနိစ္စဖြစ်နေတယ်ဆိုတာကို ရှေးမဆွထဲက ကြိုတင်ပြီး ဘုရားတပည့်တော်မတို့ ရုပ်ခဲနာမ်ခဲ ဖြိုခွဲဖောက်ထွင်း၍ သိနိုင်တဲ့ ဝိပဿနာဉာဏ်အလင်းဓာတ်ဖြင့် ဟုတ်တိုင်းမှန်စွာ ကောင်းမွန်မှန်ကန်စွာ ရှုမြင်အပ်ပြီး, သိမြင်အပ်ပြီး ဖြစ်နေပါတယ် အရှင်ဘုရားဆိုပြီး ပြန်လျှောက်ထားကြတယ်နော်။

(အခွေမတွေ့)

တတိယပိုင်း

ဒီလျှောက်ထားချက်ကို အကျဉ်းချုပ်လိုက်မယ်ဆိုရင်လည်း ဒီ ဘိက္ခုနီမငါးရာတို့သည် နံပါတ်တစ် ဝိညာဏဓာတ်ခြောက်ပါးကို သိထားပြီး ဖြစ်နေကြတယ်။ နံပါတ်နှစ် ဒီဝိညာဏဓာတ်ခြောက်ပါးသည် ဘယ်အကြောင်းတရားတွေကြောင့် ဖြစ်နေတယ်ဆိုတာလည်း သိထားတယ်။ နံပါတ်သုံး အကြောင်းတရားတွေလည်း အနိစ္စ, ဒုက္ခ, အနတ္တ၊ အကျိုးဖြစ်နေတဲ့ ဝိညာဏဓာတ်တွေလည်း အနိစ္စ, ဒုက္ခ, အနတ္တပဲလို့ သူတို့ သိထားပြီး ဖြစ်နေတယ်နော်။ သုံးခုလုံး ပေါင်းစပ်ပြီး ပြောကြရအောင်။ သူတို့ ဘာတွေသိထားလဲ အတွင်းအာယတနခေါ်တဲ့ အကြည်ဓာတ်ခြောက်မျိုး၊ အပြင်အာယတနခြောက်ပါးလို့ခေါ်တဲ့ အာရုံခြောက်ပါး၊ ဝိညာဏဓာတ်ခြောက်ပါး၊ ပေါင်းလိုက်တော့ ၆x၃လီ = ဓာတ်သေဋ္ဌာရသမင်္ဂ (ဓာတ်တဆယ့်ရှစ်ပါး) နည်းလို့ ခေါ်ပါတယ်နော်။ ထို ဓာတ်တဆယ့်ရှစ်ပါးကို ဟုတ်တိုင်းမှန်စွာ သိတာ။ ဓာတ်တဆယ့်ရှစ်ပါးကို ဖြစ်ပေါ်စေတတ်တဲ့ အကြောင်းတရားတွေကိုလည်း ဟုတ်တိုင်းမှန်စွာ သိတာ။ အကြောင်းတရားတွေလည်း အနိစ္စ, ဒုက္ခ, အနတ္တ၊ အကျိုးဖြစ်နေတဲ့ ဒီ ဓာတ်တဆယ့်ရှစ်ပါးဟာလည်း အနိစ္စ, ဒုက္ခ, အနတ္တပဲလို့ သိတယ်။

အဲဒီလို သိတဲ့ အချိန်အခါမှာ သူပြော ငါပြောနဲ့ လွမ်းပြီးသိတာလား သို့မဟုတ် ဘယ်ပုံစံနဲ့ သိတာလဲလို့ မေးရင်—

‘‘သမ္မပ္ပညာယ သုဒိဋ္ဌံ ယထာဘူတံ’’

ယထာဘူတံ၊ ဟုတ်တိုင်းမှန်စွာ။ သမ္မပ္ပညာယ၊ ရုပ်ခဲ နာမ်ခဲတွေ ဖြိုခွဲဖောက်ထွင်းပြီး သိနိုင်မြင်နိုင်တဲ့ ဝိပဿနာဉာဏ် အလင်းဓာတ်နဲ့။ သုဒိဋ္ဌံ၊ ကောင်းစွာပိုင်ပိုင် သိထားပြီး ရှုထားပြီး ဖြစ်နေပါတယ်ဆိုပြီး သူတို့ လျှောက်ထားကြတယ်နော်။ ဒီတော့ ဝိပဿနာဉာဏ်မှာ အရောင်အလင်း ရှိတယ်ဆိုတာ ဒကာစံမြင့် လက်ခံနိုင်လား, လက်မခံဘူးလား? ကဲ ဒီမှာက သူက ဝိပဿနာဉာဏ်မှာ အရောင်အလင်း ရှိတယ်ဆိုတာ ဘုန်းကြီးတို့စာပေမှာ အတိအကျ ရှိတယ်နော်။ ပညာရဲ့ စကားလုံးကို ဖော်ထုတ်ပြီး အဋ္ဌကထာတွေက သတ်မှတ်ပေးလိုက်တဲ့ အချိန်အခါမှာ ဝိသယောဘာသနရသာ အာရုံကို ဆီမီးတိုင်လို ထွန်းပြနိုင်တဲ့ စွမ်းရည်သတ္တိရှိတယ်နော်။ ဒကာကြီးတွေနဲ့ နီးစပ်တာ ဓမ္မစကြာရဘူးလား။ ဓမ္မစကြာပါဠိတော်မှာ ဘာပါလဲ?

‘‘စက္ခု ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။’’

ဟော အာလောကောဆိုတာ မပါဘူးလား။ အာလောကောကို ဘယ်လိုအနက်ပေးထားကြလဲ? အာလောကော၊ ပညာဉာဏ် အရောင်အလင်းသည်။ ဥဒပါဒိ၊ ထင်ရှားဖြစ်၏။ ပညာမှာ ဉာဏ်အရောင်အလင်း မရှိဘူးလား? မရှိဘူးဆိုတာ မှားသလား, မှန်သလား? မှားနေတာပေါ့။ ဒါ ဒကာကြီးတွေ ဒါမျက်စိမှောက်နေတာ ရှုနေတဲ့ဉာဏ်က ဘယ်ချိန်ခါမှာ အရောင်ထွက်သလဲလို့ မေးရင်တော့ သမာဓိ သိပ်ကောင်းလာပြီဆို အရောင်ထွက်တယ်နော်။

‘‘သမာဓိံ၊ ဘိက္ခဝေ၊ ဘာဝေထ၊ သမာဟိတော၊ ဘိက္ခဝေ၊ ဘိက္ခု ယထာဘူတံ ပဇာနာတိ။’’ (သံ၊၂၊၁၂။ သံ၊၃၊၃၆၃။)

သမာဓိသည် ပညာဖြစ်ဖို့ရန် အတွက် အနီးဆုံး အကြောင်းတရား ဒါကြောင့် —

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ သမာဓိံ၊ သမာဓိကို။ ဘာဝေထ၊ ပွားများကြကုန်လော့။ သမာဟိတော၊ သမာဓိရှိတဲ့ ပုဂ္ဂိုလ်သည်။ ယထာဘူတံ၊ မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ။ ပဇာနာတိ၊ သိ၏။

သမာဓိကို သင်ချစ်သားတို့ ထူထောင်ကြ ပွားများကြ။ သမာဓိ ရှိမယ်ဆိုလို့ရှိရင် ဟုတ်တိုင်းမှန်စွာ သိနေတဲ့ ယထာဘူတဉာဏ်အမြင်ဆိုတာ ပေါ်လာမယ်။ ဟုတ်တိုင်းမှန်စွာ သင် ချစ်သားတို့ ကိုယ်တိုင်သိမယ်။ ဟုတ်တိုင်းမှန်စွာ သင်ချစ်သားတို့ ကိုယ်တိုင်မြင်မယ်လို့ ဒီလို ဘုရား ဟောထားတယ်နော်။ သမာဓိက အားကောင်းလေလေ ရှုနေတဲ့ ဉာဏ်က အရောင်အလင်း ထွက်လေလေပဲ။ ယောဂီပုဂ္ဂိုလ် တစ်ဦးနဲ့တစ်ဦးတော့ မတူကြဘူးနော်။ အချို့က အရောင်ခပ်မှိန်မှိန် ဖြစ်တယ်။ သမာဓိ အားပျော့တယ်။ တချို့က သမာဓိအား သိပ်ကောင်းလို့ ရှိရင်တော့ အရောင် သိပ်တောက်တယ်နော်။ သမာဓိ ဒီဂရီအပေါ်မှာ မှီပြီးတော့ ဒီဝိပဿနာဉာဏ်က အရောင်အလင်း ထွက်တော့ ထိုအရောင်အလင်းသည် ဆီမီးတိုင်ကဲ့သို့ ထွန်းလင်းပြနိုင်တဲ့ စွမ်းရည်သတ္တိ ရှိတယ်။

ရုပ်ခဲ နာမ်ခဲတွေကို ဖြိုခွဲဖောက်ထွင်းနိုင်တဲ့ သတ္တိရှိတယ်။ ရုပ်တုံး ရုပ်ခဲ နာမ်တုံး နာမ်ခဲတွေကို ပြိုကွဲသွားအောင် ဖျက်ဆီးနိုင်တဲ့ စွမ်းအင်သတ္တိရှိတယ်။ အဲဒီလို စွမ်းအင်သတ္တိနဲ့ပြည့်စုံနေတဲ့ ဒီဝိပဿနာဉာဏ် အလင်းဓာတ်ဖြင့် ဓာတ်တဆယ့်ရှစ်ပါးကိုလည်း တပည့်တော်မတို့ သိထားပြီး ဖြစ်တယ်။ ဓာတ်တဆယ့်ရှစ်ပါးရဲ့ အကြောင်းရင်းဖြစ်နေတဲ့ တရားတွေကိုလည်း တပည့်တော်မတို့ သိထားပြီး ဖြစ်တယ်။ ထိုဓာတ်တဆယ့်ရှစ်ပါးနှင့်တကွ အကြောင်းတရားတွေရဲ့ အနိစ္စသဘော, ဒုက္ခသဘော, အနတ္တသဘောတွေကိုလည်း ဘုရားတပည့်တော်မတို့ သိထားပြီး ဖြစ်ပါတယ်ဆိုပြီး လျှောက်ထားကြတယ်နော်။ အဲဒီလို လျှောက်ထားလိုက်တဲ့ အချိန်အခါမှာ သုံးခုလုံး ခြုံပြီး ပြောကြရအောင် ရှင်နန္ဒကက ဘာအမိန့်ရှိလဲ?

‘‘သာဓု သာဓု ဘဂိနိယော၊ ဧဝဉှေတံ၊ ဘဂိနိယော၊ ဟောတိ အရိယသာဝကဿ ယထာဘူတံ သမ္မပ္ပညာယ ပဿတော။’’

ဘဂိနိယော၊ နှမတို့။ သာဓု သာဓု၊ ကောင်းလေစွ ကောင်းလေစွ။ ဘဂိနိယော၊ နှမတို့။ ယထာဘူတံ၊ ဟုတ်တိုင်းမှန်စွာ။ သမ္မပ္ပညာယ၊ ကောင်းမြတ်သော ဝိပဿနာပညာဖြင့်။ ပဿတော၊ ရှုမြင်၍နေသော။ အရိယသာဝကဿ၊ အရိယာသာဝကအား။ ဧတံ၊ ဤသင်နှမတို့ လျှောက်ထားသည့်အတိုင်း သိမြင်ခြင်းသည်။ ဧဝံ ဟောတိ၊ ဤသို့သာလျှင် ဖြစ်ပေ၏။

သင်နှမတို့ လျှောက်ထားတဲ့အတိုင်း မှန်သည်သာလျှင် ဟောတိ ဖြစ်ပါပေ၏၊ သင်နှမတို့ လျှောက်ထားတဲ့အတိုင်း မှားတယ်လို့ ပြောသလား, မှန်တယ်လို့ ပြောသလား? မှန်တယ်လို့ သူက ဝန်ခံလိုက်တယ်။ ဝန်ခံနေတဲ့ပုဂ္ဂိုလ်က ပလ္လင်ပေါ်က ထိုင်ပြီးတော့ အဲဒီ ပလ္လင်ပေါ်က ထိုင်နေတဲ့ သာဓုခေါ်တဲ့ ဒီကိုယ်တော်ကြီးက ဘယ်လို ပုဂ္ဂိုလ်များလဲလို့မေးရင် ပဋိသမ္ဘိဒါပတ္တရဟန္တာကိုယ်တော်ကြီးပါနော်။ ပဋိသမ္ဘိဒါပတ္တ ရဟန္တာကိုယ်တော်ကြီးက တရားနာပရိသတ်ဖြစ်တဲ့ သူ့တပည့်တွေ ဖြေတဲ့ အဖြေကို မှားတယ်ပြောလား, မှန်တယ်ပြောလား? မှန်တယ်လို့ ပြောတယ်နော်။ အဲဒီ မှန်တာက ဘာတွေမှန်သလဲ?

ဓာတ်တဆယ့်ရှစ်ပါး သူတို့ သိထားပြီးပြီနော်။ ဓာတ်တဆယ့်ရှစ်ပါးရဲ့ အကြောင်းတရားတွေ သူတို့ သိထားပြီးပြီ။ အတိတ်အကြောင်း ပစ္စုပ္ပန်အကြောင်း အကုန်လုံး သိထားတယ်နော်။ အကြောင်းတရားတွေလည်း အနိစ္စ, ဒုက္ခ, အနတ္တ၊ အကျိုးဖြစ်နေတဲ့ ဓာတ်တဆယ့်ရှစ်ပါးလည်း အနိစ္စ, ဒုက္ခ, အနတ္တလို့ သူတို့ သိထားတယ်နော်။ အဲဒီလို သိထားတဲ့ အချက်တွေသည် မှားသလား, မှန်သလားလို့ မေးရင် မှန်တယ်လို့။ မှန်ပေမဲ့လို့ သူတို့ တရားရပြီလား? မရသေးဘူး။ ဒီတော့ ဒီနေရာမှာ နည်းနည်းလေး ဦးပဉ္စင်းထပ်ပြီး ပြောဖို့ လိုနေတယ်နော်။ ဦးပဉ္စင်းကလည်း တစ်ပါးတည်းရှိတဲ့ ပုဂ္ဂိုလ် ဖြစ်နေတယ်။ တစ်ပါးတည်းဆိုတာက ဦးပဉ္စင်းက အတိတ်ကို ရှုသင့်တယ်, မရှုသင့်ဘူးနဲ့ ပတ်သက်လို့ ဟောနေရတာက တော်တော်လေး အာပေါက်အောင် ဟောနေရတယ်။ ဘယ်လိုပင် ဟောသော်လည်း အတိတ် ရှုရမယ်ဆိုတာနဲ့ ပတ်သက်လို့ ဇဝေဇဝါ ဖြစ်နေတဲ့ပုဂ္ဂိုလ်က တော်တော် များနေကြတယ်နော်။ ခုနက ပြောခဲ့ပြီးပြီ။

အဝိဇ္ဇာ, သင်္ခါရ, တဏှာ, ဥပါဒါန်, ကံခေါ်တဲ့ အကြောင်းတရားတွေကြောင့် ဒီဓာတ်တဆယ့်ရှစ်ပါးထဲမှာ အထူးသဖြင့် ဝိပါက်ဇာတ်တွေပေါ့။ ဦးပဉ္စင်းတို့ နာမ်တရားမှာလည်း ဝိပါက်စိတ်၊ စေတသိက်၊ ရုပ်တရားမှာလည်း ဝိပါက် ကမ္မဇရုပ်ကို ဦးပဉ္စင်း ရည်ရွယ်ပြီး ပြောနေတာနော်။ အဲဒီ အတိတ်က အဝိဇ္ဇာ, သင်္ခါရ, တဏှာ, ဥပါဒါန်, ကံကြောင့် ဖြစ်နေတာကို ဒီရုပ်တရား, နာမ်တရားတွေ အတိတ်က အဝိဇ္ဇာ, သင်္ခါရ, တဏှာ, ဥပါဒါန်, ကံကြောင့် ဖြစ်နေပါတယ်ဆိုတာကို ဘိက္ခုနီမတွေ သိသလား, မသိဘူးလား? သိနေတယ်။ သိရုံတင်မကဘူး အဲဒီ အတိတ်က ဖြစ်ခဲ့တဲ့ အဝိဇ္ဇာ, သင်္ခါရ, တဏှာ, ဥပါဒါန်, ကံတွေဟာလည်း အနိစ္စပဲ, ဒုက္ခပဲ, အနတ္တပဲဆိုတာကော သူတို့ မသိဘူးလား? သိတယ်။ သိတယ်ဆိုလို့ရှိရင် အတိတ်ကို ရှုလို့ သိတာလား, မရှုဘဲနဲ့ သိတာလား? ဒါက လွယ်လွယ်လေး ရှင်းနေပါတယ်နော်။

အတိတ်က အကြောင်းတရားတွေကြောင့် ပစ္စုပ္ပန်မှာ ဓာတ်တဆယ့်ရှစ်ပါးဆိုတဲ့ အကျိုးတရားတွေ ဖြစ်နေတယ်။ သိတယ်။ ဘာကြောင့်သိလဲ? အတိတ်ကို ရှုလို့ သိသလား, မရှုလို့သိသလား? အတိတ်က ဒီအကြောင်းတရားတွေကြောင့် ဖြစ်ရုံတင်လားဆိုတော့ မဟုတ်သေးဘူး။ ဒီ အတိတ်အကြောင်းတရားတွေဟာလည်း အနိစ္စပဲ, ဒုက္ခပဲ, အနတ္တပဲလို့သိနေတယ်။ ဒါဖြင့် အတိတ်ကို လှမ်းပြီး ရှုလို့ သိတာလား, မရှုဘဲနဲ့ သိတာလား? လှမ်းရှုလို့သိတာ။ သိတဲ့အခါကျတော့ ဒီအတိတ် မရှုဘူးဆိုလို့ရှိရင် ပဋိစ္စသမုပ္ပါဒ် ကြောင်းကျိုးဆက်သဘောကို ဘယ်လိုမှ မသိနိုင်ဘူးနော်။ ပဋိစ္စသမုပ္ပါဒ် ကြောင်းကျိုးဆက်သဘောကို မသိရင် မဂ်, ဖိုလ်, နိဗ္ဗာန် ရမလား, မရဘူးလားဆိုတော့ — မရဘူး။ မရဘူးဆိုတာလည်း ဘုရားဟော အတိအကျ ရှိတယ်။ နာဖူးထပ်မံအနေနဲ့ ဦးပဉ္စင်း ထပ်ပြီး ပြောမယ်။

တစ်ချိန် ဦးပဉ္စင်းတို့ မြတ်စွာဘုရားရှင်ကို ရှင်အာနန္ဒာကိုယ်တော်မြတ်က မေးခွန်းတစ်ခု သွားလျှောက်ထားတယ်ပေါ့နော်။ သူလျှောက်ထားရခြင်း အကြောင်းရင်းလေးကို ဆန်းစစ်ကြည့်လိုက်တဲ့ အခါကျတော့ သူက တစ်နေ့ နေ့သန့်စင်ရင်းနဲ့ ပဋိစ္စသမုပ္ပါဒ် သဘောတရားတွေကို သူကဆင်ခြင်တယ်။ ဆင်ခြင်လိုက်တဲ့ အချိန်ခါမှာ အဝိဇ္ဇာ ဖြစ်ခြင်းကြောင့် သင်္ခါရ ဖြစ်၏၊ သင်္ခါရဖြစ်ခြင်းကြောင့် ဝိညာဏ်ဖြစ်၏၊ ဝိညာဏ်ဖြစ်ခြင်းကြောင့် နာမ်ရုပ် ဖြစ်၏ စသည်ဖြင့် အနုလောမ သဘောအားဖြင့်လည်း သူက ဆင်ခြင်တယ်နော်။ တစ်ခါ ပဋိလောမသဘောအားဖြင့်လည်း သူက ဆင်ခြင်တယ်နော်။

တစ်ခါ ပဋိလောမအနေနဲ့ ပြောင်းပြန်လှန်ပြီးတော့လည်း ဇရာ မရဏတွေ ဘာကြောင့်ဖြစ်တယ် ဇာတိကြောင့် ဖြစ်တယ်။ ဇာတိ ဘာကြောင့် ဖြစ်သလဲ ကမ္မဘဝကြောင့် ဖြစ်တယ် စသည်ဖြင့် ပြောင်းပြန်လှန် ပြီးတော့လည်း ဆင်ခြင်တယ်။ တစ်ခါ အစကနေစပြီးတော့ အလယ်၊ အဆုံးကနေ စပြီးတော့လည်း အလယ်၊ ဒီလိုလည်း ဆင်ခြင်တယ်။ အလယ်ခေါင်ကနေ အစ၊ အလယ်ခေါင်ကနေ အဆုံး ဒီလိုလည်း သူက ဆင်ခြင်ကြည့်တယ်။ ဘယ်နှစ်နည်းလဲ? လေးနည်း။

အဲဒီလို လေးနည်းအားဖြင့် ဒီပဋိစ္စသမုပ္ပါဒ် သဘောတရားတွေကို ဆင်ခြင်ကြည့်လိုက်တဲ့ အချိန်အခါမှာ သူ့ဉာဏ်ထဲမှာ သိပ်ထင်ရှား ပေါ်လွင်နေတယ်။ အင်မတန် ခက်ပါတယ်လို့ ဘုရားရှင်က ဟောထားတဲ့ နက်နဲပါတယ်လို့ ဟောထားတဲ့ ဒီပဋိစ္စသမုပ္ပါဒ် သဘောတရားတွေသည် သူ့ဉာဏ်ထဲမှာ ပေါ်လွင်ထင်ရှားသလို ဖြစ်နေတော့ ဒီပြဿနာကို မေးခွန်းတစ်ခုပြုပြီး ငါဘုရားရှင်ကို သွားလျှောက်ခဲ့ရင်တော့ ဘုရားရှင်ထံမှ ဒီချိုမြိန်ကောင်းမြတ်တဲ့ တရားစကားတွေ ကြားနာရမယ်လို့ သူက သဘောပေါက်တယ်။ သဘောပေါက်တဲ့အတွက် မြတ်စွာဘုရားကို သူက သွားပြီးလျှောက်ထားတယ်။ ဘယ်လို လျှောက်ထားလဲ?

‘‘အစ္ဆရိယံ၊ ဘန္တေ၊ အဗ္ဘုတံ၊ ဘန္တေ! ယာဝ ဂမ္ဘီရော စာယံ၊ ဘန္တေ၊ ပဋိစ္စသမုပ္ပါဒေါ ဂမ္ဘီရာဝဘာသော စ၊ အထ စ ပန မေ ဥတ္တာနကုတ္တာနကော ဝိယ ခါယတိ။’’

မြတ်စွာဘုရား ဒီပဋိစ္စသမုပ္ပါဒ် သဘောတရားတွေဟာ နက်လည်း နက်နဲတယ်၊ ခက်လဲခက်တယ်။ နက်နဲတဲ့အတွက် နက်နဲရောင်လည်း ထင်ပါတယ်။ သို့သော်လည်း ဒီလောက်နက်နဲနေတဲ့ ပဋိစ္စသမုပ္ပါဒ် သဘောတရားတွေဟာ ဘုရားတပည့်တော်ရဲ့ အသိဉာဏ်မှာ ပေါ်လွင် ထင်ရှားသကဲ့သို့ လာပြီး ထင်နေပါတယ် မြတ်စွာဘုရား ...။ ဒါကြောင့် အင်မတန် အံ့ဩဘွယ် ကောင်းတယ်။ မဖြစ်စဘူး အဦးအသစ် ဖြစ်နေပါတယ် မြတ်စွာဘုရားဆိုပြီး သူက လျှောက်ထားတယ်။ အဲဒီလို လျှောက်ထားတဲ့ အချိန်အခါမှာ မြတ်စွာဘုရားက ဘာအမိန့်ရှိလဲ?

‘‘မာ ဟေဝံ၊ အာနန္ဒ၊ အဝစ၊ မာ ဟေဝံ၊ အာနန္ဒ၊ အဝစ။ ဂမ္ဘီရော စာယံ၊ အာနန္ဒ၊ ပဋိစ္စသမုပ္ပါဒေါ ဂမ္ဘီရာဝဘာသော စ။ ဧတဿ၊ အာနန္ဒ၊ ဓမ္မဿ အနနုဗောဓာ အပ္ပဋိဝေဓာ ဧဝမယံ ပဇာ တန္တာကုလကဇာတာ ကုလဂဏ္ဌိကဇာတာ မုဉ္စပဗ္ဗဇဘူတာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ သံသာရံ နာတိဝတ္တတိ။’’ (ဒီ၊၂၊၄၇။)

အာနန္ဒ၊ ချစ်သား အာနန္ဒာ။ မာ ဟေဝံ အဝစ၊ ဤသို့ မပြောပါလင့်။ မာ ဟေဝံ အဝစ၊ ဤသို့ မပြောပါလင့်။ အာနန္ဒ၊ ချစ်သား အာနန္ဒာ။ အယံ ပဋိစ္စသမုပ္ပါဒေါ၊ ဤပဋိစ္စသမုပ္ပါဒ် သဘောတရားသည်။ ဂမ္ဘီရော စ၊ နက်လည်းနက်နဲလှ၏။ ဂမ္ဘီရာဝဘာသော စ၊ နက်နဲသော အဆင်းရှိသည်လည်း ဖြစ်၏။ အာနန္ဒ၊ ချစ်သား အာနန္ဒာ။ ဧတဿ ဓမ္မဿ၊ ဤပဋိစ္စသမုပ္ပါဒ် တရားတော်ကို။ အနနုဗောဓာ၊ အစဉ်လိုက်၍ မသိခြင်းကြောင့်လည်းကောင်း။ အပ္ပဋိဝေဓာ၊ ထိုးထွင်း၍ မသိခြင်းကြောင့်လည်းကောင်း။ ဧဝံ၊ ဤသို့ဖြစ်ရကား။ အယံ ပဇာ၊ ဤသတ္တဝါအပေါင်းသည်။ တန္တာကုလကဇာတာ၊ ချည်ခင်ထွေးကဲ့သို့ ရှုပ်ထွေးပွေလီသည်ဖြစ်၍။ ကုလဂဏ္ဌိကဇာတာ၊ စာပေါင်းသိုက်ကဲ့သို့ ရှုပ်ထွေးသည်ဖြစ်၍။ မုဉ္စပဗ္ဗဇဘူတာ၊ ဖြူဆံမြက် ပြိန်မြက်ကဲ့သို့ ဖြစ်၍။ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ သံသာရံ၊ အပါယ်ဒုဂ္ဂတိ ဝိနိပါတဖြစ်သော သံသရာကို။ နာတိဝတ္တတိ၊ မလွန်မြောက်နိုင်။

ချစ်သား အာနန္ဒာ ... သင်ဒီလို မပြောပါနဲ့။ ဒီပဋိစ္စသမုပ္ပါဒ် သဘောတရားဟာ နက်လည်း နက်နဲတယ်၊ နက်နဲတဲ့အတွက်ကြောင့် နက်နဲရောင်လည်း ထင်တယ်။ ဒီပဋိစ္စသမုပ္ပါဒ်သဘောတရားတွေကို ထွင်းဖောက် မသိတဲ့အတွက် သတ္တဝါတွေဟာ သံသရာထဲမှာ ချည်ခင်ထွေးတွေ ရှုပ်ထွေးပွေလီသလို ရှုပ်ထွေးပွေလီပြီး နေခဲ့ရတယ်။ စာပေါင်းသိုက်ငှက်မရဲ့ အသိုက်သဖွယ် ဖြစ်ပြီးတော့ ရှုပ်ထွေးပွေလီပြီး နေခဲ့ရတယ်။ ဖြူဆံမြက် ပြိန်မြက်တွေကို ကြိုးလေးတစ်ခုကျစ် ခြေသုတ်ဝန်းလေး လုပ်လိုက်မယ်ဆိုရင် ဘယ်ဒင်းက အရင်း ဘယ်ဒင်းက အဖျားလို့ မသိနိုင်အောင် ရှုပ်ထွေး ပွေလီပြီးနေသလို သတ္တဝါတွေဟာ ဒီသံသရာထဲမှာ ရှုပ်ထွေး ပွေလီပြီး နေကြရတယ်။

အပါယ်လေးပါးမှလည်း မလွတ်မြောက်နိုင်ဘူး။ အပါယ်လေးပါးမှ ကြွင်းတဲ့သံသရာမှလည်း မလွတ်မြောက်နိုင် ဖြစ်နေကြတယ်လို့ မြတ်စွာဘုရား ဟောတယ်။ ဒီ ဟောကြားချက်ကို အခြေခံပြီးတော့ ပဋိစ္စသမုပ္ပါဒ်ဝိဘင်းကို ဖွင့်ဆိုတော်မူတဲ့ သမ္မောဟဝိနောဒနီ အဋ္ဌကထာ၊ ဝိသုဒ္ဓိမဂ် အဋ္ဌကထာ, အဋ္ဌကထာကြီးနှစ်စောင်လုံးကလည်း ဘာပြောလဲ?

‘‘ဘဝစက္ကမပဒါလေတွာ၊ အသနိဝိစက္ကမိဝ နိစ္စနိမ္မထနံ။ သံသာရဘယမတီတော၊ န ကောစိ သုပိနန္တရေပျတ္ထိ။’’

ဆိုပြီး ဒီလိုဖွင့်ထားတယ်။ ပဋိစ္စသမုပ္ပါဒ် သံသရာဘဝစက်ကို ဉာဏ်တည်းဟူသော သံလျက်ဖြင့် မဖောက်ထွင်းနိုင်ဘဲ, မဖောက်ခွဲနိုင်ဘဲ, မဖျက်ဆီးနိုင်ဘဲ သံသရာမှ လွန်မြောက်သွားတဲ့ ပုဂ္ဂိုလ်ဆိုတာ အိပ်မက်ထဲတောင် မရှိကောင်းပါဘူးဆိုပြီး ဒီလို ဆုံးဖြတ်ထားတယ်နော်။ ဒီတော့ ပဋိစ္စသမုပ္ပါဒ် သဘောတရား မရဘူးဆိုလို့ရှိရင် သုံးဆယ့်တစ်ဘုံမှ လွန်မြောက်နိုင်မလား? မလွန်မြောက်နိုင်ဘူး။ သုံးဆယ့်တစ်ဘုံမှ လွန်မြောက်တယ်ဆိုတာက ဘယ်လိုပုဂ္ဂိုလ်တွေ လွန်မြောက်သလဲလို့မေးရင် သောတာပန်အစ သကဒါဂါမ်, အနာဂါမ်, ရဟန္တာ ဒီပုဂ္ဂိုလ်တွေသာ လွန်တာနော်။ ဒီတော့ သုံးဆယ့်တစ်ဘုံမှ မလွန်နိုင်ဘူးဆိုလို့ရှိရင်တော့ သောတာပန်, သကဒါဂါမ်, အနာဂါမ်, ရဟန္တာ မဖြစ်နိုင်ဘူးလို့ဆိုလိုတယ်။ ဆိုလိုတဲ့ အချိန်အခါကျတော့ ဦးပဉ္စင်းတို့ ဒီနေရာမှာ ရှင်အာနန္ဒာကိုယ်တော်မြတ်နဲ့ ပတ်သက်လို့ ဘာကြောင့် ဒီပဋိစ္စသမုပ္ပါဒ်သဘောတရားတွေဟာ သူ့သန္တာန်မှာ ပေါ်လွင် ထင်ရှားနေရသလဲ? ဒီအချက်ကလေး ဦးပဉ္စင်း နည်းနည်းပြောချင်တယ်။

ပြောချင်တာက ဦးပဉ္စင်းမှာ ရည်ရွယ်ချက်ကလေးတွေ ရှိပါတယ်။ ဘာကြောင့် ရည်ရွယ်ချက်ကလည်း ဒီလို ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ဦးပဉ္စင်းတို့ အတိတ်ရှုတဲ့အပိုင်းနဲ့ ပတ်သက်လို့ တချို့က ဘယ်လိုပြောသလဲလို့ ပြောရင် အတိတ်သည် ဝိပဿနာရှုပြီးမှ တစ်နည်းအားဖြင့် ပြောရင်တော့ ရုပ်တရား နာမ်တရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ, လက္ခဏာရေးသုံးတန်တင်ပြီးတော့ ရှုလို့မြင်ပြီးတဲ့ အခါကျတော့မှ အတိတ်ကရုပ်တရား နာမ်တရားတွေဟာလည်း ထိုနည်းလည်းကောင်းပဲလို့ အနုမာနအားဖြင့် မှန်းဆပြီးတော့သာ အတိတ်နဲ့အနာဂတ်ကို ရှုရမယ်လို့ တချို့က ဒီလိုပြောတယ်။ ဦးပဉ္စင်းက အနုမာနမဟုတ်ဘူး။ တိုက်ရိုက်သိရမယ်လို့ ပြောတယ်နော်။ တိုက်ရိုက်သိတဲ့ ချိန်ခါမှာလည်း ခုနက ပစ္စုပ္ပန်ဖြစ်နေတဲ့ ရုပ်တရား နာမ်တရားတွေရဲ့ အနိစ္စ, ဒုက္ခ, အနတ္တ သိပြီးမှ ရှုရမယ်ဆိုတဲ့ စကားလည်း ဦးပဉ္စင်း လက်မခံနိုင်ဘူး။ ဘာဖြစ်လို့လဲ ဦးပဉ္စင်း လက်မခံတာ မဟုတ်ပါဘူး။ ဘုရားအဟောက အတိအကျ ရှိနေတယ်နော်။

ပဋိစ္စသမုပ္ပါဒ် ကြောင်းကျိုးဆက်သဘောကို သိတာက ဦးပဉ္စင်းတို့ ဘယ်ချိန်ခါမှာ သိအောင် ရှုရသလဲလို့ မေးရင် နည်းနည်းလေး ခုနက မိထွေးတော်ဂေါတမီကိုပဲ ဦးပဉ္စင်း ပုံစံ ထုတ်ပြမယ်နော်။ လွန်ခဲ့တဲ့ ကမ္ဘာတစ်သိန်းထက် ပဒုမုတ္တရမြတ်စွာဘုရား သာသနာတော်တွင်းမှာ သူက အမျိုးသမီးကောင်း သမီးတစ်ဦး ဖြစ်တယ်။ ဒီ အမျိုးသမီးကောင်းသမီးရဲ့ သန္တာန်မှာ မိထွေးတော် ဖြစ်ချင်တယ်ဆိုတဲ့ ဓာတ်တွေ ကိန်းဝပ်လာတယ်။ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံ တွေ ဖြစ်လာတယ်။ ဒါပြောပြီးပြီနော်။ အဲဒီ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံတွေသည် ဘယ်မှာဖြစ်သလဲလို့ မေးရင် ဟိုပဒုမုတ္တရဘုရားရှင် သာသနာတော်တုန်းက အမျိုးကောင်းသမီးလေးရဲ့ သန္တာန်မှာ ဖြစ်ခဲ့တယ်။ စတင်ပြီး ဖြစ်ခဲ့တယ်။

အဲဒီ အမျိုးသမီးကောင်းသမီးလေးကို ဓာတ်ခွဲလိုက်မယ်ဆိုရင် ဘာတွေရမလဲ? ရုပ်တရား အစုအပုံ, နာမ်တရား အစုအပုံ ရမယ်။ ထို အမျိုးကောင်းသမီးလေးရဲ့ ရုပ် နာမ်ကို အစွဲပြုပြီးတော့မှ အဝိဇ္ဇာ, တဏှာ, သင်္ခါရ, ဥပါဒါန်, ကံဆိုတဲ့ ဒီအကြောင်းတရားတွေ ပေါ်မလာဘူးလား? အဲဒီ ပေါ်လာတဲ့ အဝိဇ္ဇာ, သင်္ခါရ, တဏှာ, ဥပါဒါန်, ကံတွေကို လှမ်းရှုချင်တယ်ဆိုလို့ရှိရင် ထိုအမျိုးသမီးလေးရဲ့ သန္တာန်မှာရှိနေတဲ့ ရုပ် နာမ်ကိုမှ မမြင်သေးရင် ထို ရုပ် နာမ်ကို အမှီအတွယ် ရပြီးတော့ ဖြစ်ပေါ်သွားတဲ့ ဒီ အဝိဇ္ဇာ, သင်္ခါရ, တဏှာ, ဥပါဒါန်, ကံကို လှမ်းရှု! ရှုလို့ရမလား? မရဘူး ဘယ်လိုမှ မရဘူးနော်။

ဒါဖြင့် အတိတ်က ထိုအမျိုးသမီးလေးရဲ့ သန္တာန်မှာ ရှိနေတဲ့ ရုပ်တရား နာမ်တရားကို လှမ်းပြီးသိနေတာက ဉာဏ်စဉ်နည်းအရ ပြောရင် ဘာဉာဏ်ခေါ်လဲ။ ရုပ်နာမ်ကို သိတာသည် ဉာဏ်စဉ်အရ ဘာဉာဏ်လဲ? နာမရူပပရိစ္ဆေဒဉာဏ်နော်။ အကြောင်းတရားတွေ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဆိုတဲ့ အကြောင်းတရားတွေကို လှမ်းသိတာက ဉာဏ်စဉ်နည်းအရ ပြောရင် ဘာဉာဏ်လဲ? ပစ္စယပရိဂ္ဂဟဉာဏ်။ ဒါဖြင့်ရင် အတိတ်ရှုရမှာ နာမရူပပရိစ္ဆေဒဉာဏ်ထဲက စရှုရမယ်ဆိုတာ မထင်ရှားဘူးလား? ပစ္စယပရိဂ္ဂဟဉာဏ်မှာ ရှုရမယ်ဆိုတာလည်း မထင်ရှားဘူးလား? ဒါဖြင့် ဝိပဿနာဉာဏ်ရောက်တော့ကော မရှုရတော့ဘူးလားဆို ရှုရမယ်။

ခုနက ပြောခဲ့ပြီးပြီ။ အဝိဇ္ဇာ ဖြစ်ခြင်းကြောင့် ရုပ်ဖြစ်၏၊ အဝိဇ္ဇာ ချုပ်ခြင်းကြောင့် ရုပ်ချုပ်၏၊ အဝိဇ္ဇာလည်း ဖြစ်ပျက် ရုပ်လည်း ဖြစ်ပျက်။ နောက်ကနေ အနိစ္စ, ဒုက္ခ, အနတ္တ လိုက်ပြီး ရှုရမယ်နော်။ အလားတူပဲ။ အဝိဇ္ဇာ, သင်္ခါရ, တဏှာ, ဥပါဒါန်, ကံ ဖြစ်ခြင်းကြောင့် ရုပ်ဖြစ်တယ်။ အဝိဇ္ဇာ, သင်္ခါရ, တဏှာ, ဥပါဒါန်, ကံတွေ ချုပ်တော့ ရုပ်တရားချုပ်သွားတယ်။ အဝိဇ္ဇာ, တဏှာ, သင်္ခါရ, ဥပါဒါန်, ကံတွေလည်း ဖြစ်ပျက် ရုပ်တရားလည်း ဖြစ်ပျက်။ ဒီလို ရှုရမယ်။ အဲဒီအပိုင်းသည် ဘာဉာဏ်လဲလို့ မေးရင် ဝိပဿနာဉာဏ်ပဲ။

ဒီတော့ အတိတ်ကို ရှုရမယ့်အပိုင်းသည် နာမရူပပရိစ္ဆေဒဉာဏ်မှာလည်း ရှုရမယ်။ ပစ္စယပရိဂ္ဂဟဉာဏ်မှာလည်း ရှုရမယ်။ ဝိပဿနာဉာဏ်မှာလည်း ရှုရမယ်နော်။ အဲဒီလို ရှုရတဲ့အချိန်အခါမှာ အတိတ်ကို မှန်းဆသာ သိသလား, တိုက်ရိုက်သိလားလို့မေးရင် ဦးပဉ္စင်းက တိုက်ရိုက်သိတယ်လို့ ပြောတယ်။ ထိုတိုက်ရိုက်သိချက်သည် ဒကာကြီးတွေ နည်းနည်းလေး စဉ်းစားနော်။ ခု ဘိက္ခုနီမတွေဟာ ဤသို့ ဤသို့သော အကြောင်းကြောင့် အနိစ္စ ဖြစ်တယ်ဆိုတာ သူတို့ ကိုယ်တိုင် သိသလား, မသိဘူးလားမေးရင် သိတယ်။ အဲဒီလို သိတာမှာ သူတို့က ဘယ်လိုဝန်ခံလဲ?

‘‘ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ’’
ယထာဘူတံ၊ ဟုတ်တိုင်းမှန်စွာ။ သမ္မပ္ပညာယ၊ ရုပ်ခဲနာမ်ခဲ ဖြိုခွဲဖောက်ထွင်း ဝိပဿနာဉာဏ်အလင်းဓာတ်ဖြင့်။ ဒဋ္ဌဗ္ဗံ (သုဒိဋ္ဌံ) = ကောင်းစွာပိုင်ပိုင် သိမြင်အပ်ပြီး ရှုမြင်အပ်ပြီး ဖြစ်ပါသည် အရှင်ဘုရား။

ရုပ်ခဲနာမ်ခဲ ဖြိုခွဲဖောက်ထွင်းပြီး သိနိုင်တဲ့ ဝိပဿနာဉာဏ် အလင်းဓာတ်တွေဖြင့် ဟုတ်တိုင်းမှန်စွာ ယထာဘူတ ဟုတ်တိုင်းမှန်စွာ သိပါပြီ။ မြင်ထားပြီး ဖြစ်ပါတယ်လို့ သူတို့က လျှောက်ထားနေတယ်။ မှန်းဆပြီး သိတယ်လို့ လျှောက်ထားသလား။ မဟုတ်ဘူးနော်။ တရားလိုချင်တဲ့ ပုဂ္ဂိုလ်ဟာ အစစ်အမှန်သိဖို့ သိပ်အရေးကြီးတယ်နော်။ မှန်းဆပြီး သိတယ်လို့ သူတို့က မလျှောက်ထားဘူး။ ဟုတ်တိုင်းမှန်စွာကို ကျကျနန သိနေတယ်လို့ လျှောက်ထားတယ်။ အဲဒီလို ဟုတ်တိုင်းမှန်စွာ သိတာဟာ အနုမာန မှန်းဆသိတာ မဟုတ်ဘူး။ ပစ္စက္ခတိုက်ရိုက်အားဖြင့် သိပါတယ်ဆိုတာ ကျမ်းဂန်အထောက်အထား ရှိပါတယ်။ အဲဒီ အထောက်အထားလေးကို ဦးပဉ္စင်း နည်းနည်းလေး ခြုံငုံပြီးတော့ ဆက်ပြောမယ်။

ဒီတော့ ရှင်အာနန္ဒာကိုယ်တော်မြတ်မှာ ခုနက ပဋိစ္စသမုပ္ပါဒ် သဘောတရားတွေ ပေါ်လွင်နေရတာသည် ဘယ်လို အကြောင်းတရားကြောင့်လဲလို့ မေးရင် အကြောင်းတရား လေးချက် ပြထားတယ်။ နံပါတ်-(၁) အကြောင်းတရားက ပုပ္ပဝုသိတသမ္ပဒတာ ရှေ့ကောင်းမှု ဥပနိဿယ ကောင်းမှုကုသိုလ်တွေရဲ့ ပြည့်စုံခြင်းကြောင့်လည်း သူ့မှာ ပဋိစ္စသမုပ္ပါဒ်သဘောတရားတွေ လွယ်ကူနေတယ်။ အဲဒီတော့ ဥပနိဿယသမ္ပတ္တိ အကြောင်းဥပနိဿယတွေနဲ့ ပြည့်စုံမှုအပိုင်းမှာတော့ ပဒုမုတ္တရမြတ်စွာဘုရား သာသနာမှ စပြီးတော့ ရှင်ပုဏ္ဏထံမှာ ခန္ဓာငါးပါးနဲ့စပ်တဲ့ တရားစကား တေပရိဝတ္တဓမ္မဒေသနာနည်းကို နာယူရတဲ့ အချိန်အထိ သောတာပန် ဖြစ်တဲ့အထိ ဖော်ပြထားပါတယ်နော်။
ကမ္ဘာတစ်သိန်းတိုင်တိုင် ပါရမီဖြည့်ထားတဲ့ ပုဂ္ဂိုလ်တစ်ယောက်အဖို့ ပဋိစ္စသမုပ္ပါဒ်သဘောတရားဟာ လွယ်နေတယ်လို့ ဆိုလိုတယ်နော်။ ဒါက အကြောင်းတစ်ချက် အကြောင်းတစ်ရပ်။ နောက်အကြောင်းတစ်ရပ်ကတော့ တိတ္ထဝါသေန၊ တိတ္ထဝါသဆိုတာက ဆရာမြတ်တို့ထံမှာ ချဉ်းကပ်ပြီးတော့ ဒီ ပဋိစ္စသမုပ္ပါဒ်သဘောတရားတွေနဲ့ ပတ်သက်လို့ (သို့မဟုတ်) တရားဒေသနာတော် နက်နက်နဲနဲတွေနဲ့ ပတ်သက်လို့ သူက ချဉ်းကပ်ပြီးတော့ ဘာလုပ်သလဲ? ဥဂ္ဂဟန = သင်ယူတယ်။ ပဋိပုစ္ဆန = မေးမြန်းတယ်။ ဓာရဏ = မေးမြန်းတဲ့ အနက်အဓိပ္ပာယ်တွေကို ဆောင်ထားတယ်။ သဝန = နာလည်း နာကြားတယ်နော်။

အဲဒီလို သင်ယူခြင်း, နာကြားခြင်း, မေးမြန်းခြင်း ရရှိတဲ့ အနက်အဓိပ္ပာယ်ပါဠိတွေကို အကုန်လုံး ဆောင်ထားခြင်းဆိုတဲ့ ဒီအင်္ဂါရပ်တွေက သူ့မှာ ပြည့်စုံနေတယ်တဲ့။ အဲဒီလို ပြည့်စုံနေတဲ့အတွက်ကြောင့်လည်း အင်မတန်နက်နဲနေတဲ့ ဒီပဋိစ္စသမုပ္ပါဒ်သဘောတရားတွေ သူ့အတွက် ပေါ်လွင်ထင်ရှားနေတာ ဖြစ်တယ်။ ဒါက အကြောင်းပြချက် တစ်ခုနော်။ ဒီ အကြောင်းပြချက်က ဘယ်မှာပါသလဲလို့ မေးရင်တော့ ဦးပဉ္စင်းတို့ ဒီဃနိကာယ် အဋ္ဌကထာ ဒုတိယတွဲ သုတ်မဟာဝါ အဋ္ဌကထာ စာမျက်နှာ (၈၃)မှာ ပါပါတယ်နော်။ အလိုရှိလို့ရင် သွားကြည့်နိုင်တယ်။
နောက်တစ်ခု အကြောင်းပြချက်ကတော့ သောတာပန္နတာကြောင့်တဲ့ သောတာပန် ဖြစ်နေတဲ့အတွက်ကြောင့်လည်း ဒီ ပဋိစ္စသမုပ္ပါဒ် သဘောတရားတွေဟာ သူ့သန္တာန်မှာ ပေါ်လွင်ထင်ရှားနေပါတယ်။ ကဲ အဲဒီအပိုင်းလေးကတော့ နည်းနည်းအရေးကြီးလို့ ဦးပဉ္စင်းပြောမယ်နော်။ အဋ္ဌကထာ အဲဒီ ဒီဃနိကာယ် အဋ္ဌကထာ ဒုတိယတွဲ စာမျက်နှာ(၈၃)မှာ ဘာပြောထားလဲ ...

‘‘သောတာပန္နာနဉ္စ နာမ ပစ္စယာကာရော ဥတ္တာနကောဝ ဟုတွာ ဥပဋ္ဌာတိ။ အယဉ္စ အာယသ္မာ သောတာပန္နော။’’ (ဒီ၊ဋ္ဌ၊၂၊၈၃။)
သောတာပန္နာနဉ္စ နာမ၊ သောတာပန်ပုဂ္ဂိုလ်မည်သည်ကား။ ပစ္စယာကာရော၊ ပဋိစ္စသမုပ္ပါဒ်သဘောတရားသည်။ ဥတ္တာနကောဝ၊ ပေါ်လွင် ထင်ရှားသည်ဖြစ်၍သာလျှင်။ ဟုတွာ၊ ဖြစ်၍။ ဥပဋ္ဌာတိ၊ အသိဉာဏ်၌ ထင်ရှား၍နေ၏၊

သောတာပန်သာ မှန်ပါစေ။ သောတာပန်မှန်ရင် ပဋိစ္စသမုပ္ပါဒ် ကြောင်းကျိုးဆက်သဘောတရားတွေသည် ဘာဖြစ်နေလဲ? ပေါ်လွင်ထင်ရှား နေပါတယ်။ ဒါဖြင့် ပြောင်းပြန်လှန်လိုက် ပဋိစ္စသမုပ္ပါဒ် သဘောတရားတွေကို မသိသေးဘူးဆိုလို့ရှိရင် သောတာပန် ဟုတ်မလား? ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ကိုယ်သောတာပန် ဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေလည်း ဒီပရိသတ်ထဲပါချင်လည်း ပါကြမယ်နော်။ အတိတ်က အဝိဇ္ဇာ, သင်္ခါရ, တဏှာ, ဥပါဒါန်, ကံကြောင့် ပစ္စုပ္ပန်မှာ အကျိုးတရားတွေ ရတယ်။ ဝိဉာဏ်, နာမ်, ရုပ်, သဠာယတန, ဖဿ, ဝေဒနာဆိုတဲ့ အကျိုးတရားတွေ ရတယ်။ ပစ္စုပ္ပန်မှာလည်း တစ်ခါအကြောင်းတရားတွေ ထပ်ပြီး ဖြစ်ပြန်တယ်။ ထိုအကြောင်းတရားတွေကြောင့် အနာဂတ်မှာလည်း ဝိဉာဏ်, နာမ်, ရုပ်, သဠာယတန, ဖဿ, ဝေဒနာဆိုတဲ့ အကျိုးတရား ရမယ်။ အတိတ်အကြောင်းတရားကြောင့် ပစ္စုပ္ပန်အကျိုးတရားရပုံ၊ ပစ္စုပ္ပန်အကြောင်းတရားတွေကြောင့် နောင် အနာဂတ်အကျိုးတရားရပုံကို သိမှ မြင်မှ ပဋိစ္စသမုပ္ပါဒ် ကြောင်းကျိုးဆက်ကို သိသည် မည်ပါတယ်နော်။
ဒီတော့ ပစ္စုပ္ပန်အကြောင်းတရားတွေကြောင့် အနာဂတ်မှာ အကျိုးတရားရမယ်ဆိုရင် အနာဂတ်ကို မရှုဘဲနဲ့ ပစ္စုပ္ပန် ရှိသာရှိမယ်ဆိုရင် အရုပ်ဆိုးတဲ့ လူတွေကောရှိပါ့မလား။ မကျန်းမာတဲ့ပုဂ္ဂိုလ်တွေကော ရှိပါ့မလား။ အကုန်လုံး တဏှာက ပြုပြင်ပေးမှာပေါ့။ ကိုယ်ပြုပြင်ချင်တိုင်း ဖြစ်လို့ရတယ်ဆိုရင် ပြောတာပါနော်။ ဒီတော့ ပြုပြင်တိုင်း မဖြစ်ဘူးလားလို့ မေးရင် မဖြစ်ဘူးလို့ ဦးပဉ္စင်း ပြောတာမဟုတ်ဘူးနော်။

ပစ္စုပ္ပန်မှာ ပြုလုပ်နေတဲ့ ပြုပြင်နေတဲ့ အဝိဇ္ဇာ, သင်္ခါရ, ဥပါဒါန်, ကံတွေ ပစ္စုပ္ပန်ခန္ဓာငါးပါးရဲ့ အကြောင်းတရားတော့ မဟုတ်ဘူး။ အဲဒီ ပြုပြင်နေတဲ့ ကံသည် နောင်အနာဂတ်ခန္ဓာငါးပါးရဲ့ အကြောင်းတရားသာ ဖြစ်တယ်။ အနာဂတ်မှာကတော့ သွားဖြစ်မယ်နော်။ ပစ္စုပ္ပန်မှာ လက်ငင်း ဖြစ်မလား? မဖြစ်ဘူး။ လက်ငင်းဖြစ်တာလေးတွေ အချို့အဝက် မပြောစလောက်တော့ ရှိတယ်။ ခု ဦးပဉ္စင်း ရည်ရွယ်ပြောနေတာက ပဋိသန္ဓေအကျိုးကို တိုက်ရိုက်ရည်ရွယ်ပြီး ပြောနေတာနော်။ ဒါကြောင့် အနာဂတ်ကို မရှုဘဲနဲ့ ပစ္စုပ္ပန်အကြောင်းတရားကြောင့် အနာဂတ်ဖြစ်ပုံ သိမလား? မသိပါဘူး။ သောတာပန် ပုဂ္ဂိုလ်ကတော့ ဘယ်လိုသဘောရှိလဲ? အတိတ်အကြောင်းတရားတွေကြောင့် ပစ္စုပ္ပန်မှာ အကျိုးတရားဖြစ်ပုံ ပစ္စုပ္ပန်အကြောင်းတရားတွေကြောင့် နောင်အနာဂတ်မှာ အကျိုးတရားဖြစ်ပုံဆိုတဲ့ ပဋိစ္စသမုပ္ပါဒ်ကြောင်းကျိုးဆက် သဘောတရားတွေသည် သူ့ရဲ့ အသိဉာဏ်၌ ဘာဖြစ်လဲ? ပေါ်လွင်ထင်ရှား နေတယ်နော်။ ပေါ်လွင်ထင်ရှားနေတဲ့အတွက် ရှင်အာနန္ဒာဟာ ဘယ်လိုပုဂ္ဂိုလ်လဲ?

‘‘အယဉ္စ အာယသ္မာ သောတာပန္နော။’’ (ဒီ၊ဋ္ဌ၊၂၊၈၃။)
အယဉ္စ အာယသ္မာ၊ ဤအရှင်အာနန္ဒာကိုယ်တော်မြတ်သည်လည်း။ သောတာပန္နော၊ သောတာပန်တည်း။

ရှင်အာနန္ဒာကိုယ်တော်မြတ်ကလည်း သောတာပန်တစ်ပါး ဖြစ်နေတယ်။ သောတာပန်တစ်ပါး ဖြစ်နေတဲ့အတွက်ကြောင့်လည်း ဒီပဋိစ္စသမုပ္ပါဒ်သဘောတရားတွေသည် သူ့အတွက် ပေါ်လွင်ထင်ရှားနေပါတယ်ဆိုပြီး ဒီလိုအကြောင်းပြချက် တစ်ခုပြတယ်နော်။ နောက် အကြောင်းပြချက် တစ်ခုကတော့ ဦးပဉ္စင်းတို့ ဗဟုဿုတဘာဝေနတဲ့ ဗဟုဿုတများတယ်။ ရှင်အာနန္ဒာကိုယ်တော်မြတ်က အကြားအမြင် ဗဟုဿုတ သိပ်များတယ်နော်။ ဗဟုဿုတများတာနဲ့ ဒီပဋိစ္စသမုပ္ပါဒ်နဲ့ ဘယ်လို ကွင်းဆက်ရှိသလဲလို့ မေးရင် ကွင်းဆက်ကလေး ရှိပါတယ်နော်။

‘‘ဗဟုဿုတာနဉ္စ စတုဟတ္ထေ ဩဝရကေ ပဒီပေ ဇလမာနေ မဉ္စပီဌံ ဝိယ နာမရူပပရိစ္ဆေဒေါ ပါကဋော ဟောတိ၊’’ (ဒီ၊ဋ္ဌ၊၂၊၈၃။)
ဗဟုဿုတာနဉ္စ၊ ဗဟုဿုတရှိသော ပုဂ္ဂိုလ်တို့အားလည်း။ စတုဟတ္ထေ၊ လေးတောင်မျှရှိသော။ ဩဝရကေ၊ တိုက်ခန်း၌။ ပဒီပေ၊ ဆီမီးကို။ ဇလမာနေ၊ ထွန်းညှိခဲ့သည်ရှိသော်။ မဉ္စပီဌံ ဝိယ၊ ညောင်စောင်းအင်းပျဉ်ကဲ့သို့။ နာမရူပပရိစ္ဆေဒေါ၊ နာမရူပပရိစ္ဆေဒဉာဏ်သည် (ဝါ) အကြောင်းတရားနှင့်တကွသော နာမရူပပရိစ္ဆေဒဉာဏ်သည်။ ပါကဋော၊ ထင်ရှားသည်။ ဟောတိ၊ ဖြစ်၏၊

ဗဟုဿုတရှိတဲ့ ပုဂ္ဂိုလ်ဆိုတာကတော့ ဦးပဉ္စင်းတို့ ဝိပဿနာနယ်မှာ ขန္ဓာ, အာယတန, ဓာတ်, သစ္စာ, ပဋိစ္စသမုပ္ပါဒ်သဘောတရားတွေကို သင်သိ ကျင့်သိ ဒီလို နှစ်မျိုးဖြင့် သိထားတာကို ဗဟုဿုတလို့ ခေါ်ပါတယ်နော်။ အထောက်အထား သိချင်လို့ရှိရင်တော့ ဦးပဉ္စင်းတို့ အင်္ဂုတ္တိုရ်ပါဠိတော် သတ္တကနိပါတ် သတ္တဓနသုတ္တန်မှာ မြတ်စွာဘုရား ကိုယ်တော်တိုင် ဟောထားတယ်။ အဲဒီမှာ ကြည့်ပေတော့နော်။

ဒီတော့ ခန္ဓာ, အာယတန, ဓာတ်, သစ္စာ, ပဋိစ္စသမုပ္ပါဒ် သဘောတရားတွေကို သင်သိနဲ့လည်း သိရမယ်။ ကျင့်သိနဲ့လည်း သိရမယ်။ အဲဒီလို သိနေတဲ့ သင်သိ ကျင့်သိ ထိုနှစ်မျိုးဖြင့် သိနေတဲ့ ပုဂ္ဂိုလ်အဖို့ အကြောင်းတရားလို့ ခေါ်ဆိုအပ်တဲ့ ပစ္စယပရိဂ္ဂဟဉာဏ်၊ အကျိုးတရားလို့ ခေါ်ဆိုအပ်တဲ့ နာမရူပပရိစ္ဆေဒဉာဏ် ဒီဉာဏ် နှစ်ပါးသည် ဘယ်လိုဖြစ်နေလဲ? စတုဟတ္ထေ ဩဝရကေ လေးတောင်လောက်ရှိတဲ့ တိုက်ခန်းထဲမှာတဲ့ မဉ္စပီဌံ ဝိယ ကုတင်ညောင်စောင်းတွေကို ဆီမီးထွန်းပြီး လှမ်းကြည့်လိုက်မယ်ဆိုလို့ရှိရင် ညောင်စောင်းအင်းပျဉ်တွေကို လွယ်လွယ်ကူကူနဲ့ ထင်ထင်ရှားရှား တွေ့နေရသလို မြင်ရသလို ဒီ နာမရူပပရိစ္ဆေဒဉာဏ် ပစ္စယပရိဂ္ဂဟဉာဏ် နှစ်ပါးကိုလည်း ထင်ထင်ရှားရှားကြီး တွေ့နေရတယ် မြင်နေရတယ်နော်။

‘‘အယဉ္စ အာယသ္မာ ဗဟုဿုတာနံ အဂ္ဂေါ ဟောတိ၊’’
အယဉ္စ အာယသ္မာ၊ ဤအရှင်အာနန္ဒာ ကိုယ်တော်မြတ်သည်လည်း။ ဗဟုဿုတာနံ၊ အကြားအမြင် ဗဟုဿုတ များကြကုန်သော ပုဂ္ဂိုလ်အပေါင်းတို့တွင်။ အဂ္ဂေါ၊ အသာဆုံး အမြတ်ဆုံးသည်။ ဟောတိ၊ ဖြစ်ပါပေ၏၊

အကြားအမြင် ဗဟုဿုတများတဲ့ ပုဂ္ဂိုလ်တွေထဲမှာဆိုလို့ရှိရင်လည်း ဒီရှင်အာနန္ဒာကိုယ်တော်မြတ်သည် ဘာဖြစ်နေလဲ? အသာဆုံးပဲနော်။ အသာဆုံးဖြစ်နေတဲ့အတွက် ဘာဖြစ်လဲ?

‘‘ဗာဟုသစ္စာနုဘာဝေနပိဿ ဂမ္ဘီရောပိ ပစ္စယာကာရော ဥတ္တာနကော ဝိယ ဥပဋ္ဌာသိ။’’
ဗာဟုသစ္စာနုဘာဝေနပိ၊ အကြားအမြင် ဗဟုဿုတများခြင်း၏ အာနုဘော်ကြောင့်လည်း။ အဿ၊ ထိုအရှင်အာနန္ဒာကိုယ်တော်မြတ်အား။ ဂမ္ဘီရောပိ၊ နက်နဲသော်လည်းဖြစ်သော။ ပစ္စယာကာရော၊ ပဋိစ္စသမုပ္ပါဒ်သဘောတရားသည်။ ဥတ္တာနကော ဝိယ၊ ပေါ်လွင်ထင်ရှားသကဲ့သို့။ ဥပဋ္ဌာသိ၊ အသိဉာဏ်၌ ထင်ရှား၍နေ၏၊

အင်မတန် နက်နဲနေတဲ့ ဒီပဋိစ္စသမုပ္ပါဒ် သဘောတရားကြီးဟာလည်း သူ့အတွက် ဗဟုဿုတ များနေတဲ့အတွက်ကြောင့် ပေါ်လွင်ထင်ရှားသလို ဖြစ်နေပါတယ်။ အဲဒီတော့ ဒီနေရာမှာ ဘာဖြစ်လို့ ဒီ သောတာပန်ပုဂ္ဂိုလ်တွေသည် ဒီနာမရူပပရိစ္ဆေဒဉာဏ်နဲ့ ပစ္စယပရိဂ္ဂဟဉာဏ် ပေါ်လွင်ထင်ရှားနေရသလဲ? ဒီအကြောင်းနဲ့ ပတ်သက်လို့ ဦးပဉ္စင်းတို့ ဋီကာဆရာတော်က ရှင်းထားပါတယ်နော်။

‘‘တတ္ထ သမ္မောဟဝိဒ္ဓံသနေန, ‘ယံ ကိဉ္စိ သမုဒယဓမ္မံ, သဗ္ဗံ တံ နိရောဓဓမ္မ’န္တိ အတ္တပစ္စက္ခဝသေန ဥပဋ္ဌာနတော။’’
တတ္ထ၊ ထိုပဋိစ္စသမုပ္ပါဒ်သဘောတရားအပေါ်၌။ သမ္မောဟဝိဒ္ဓံသနေန၊ သဘောမှန်ကို ထွင်းဖောက်မသိခြင်း ခေါ်ဆိုအပ်တဲ့ မောဟတရားကို ဖျက်ဆီးပြီးသည့်အဖြစ်ကြောင့်။

သစ္စာလေးပါး သိလိုက်သည်နှင့် တစ်ပြိုင်နက်တည်း သစ္စာလေးပါး မသိအောင်ဖုံးထားတဲ့ ဒီ မောဟကို မဂ်ဉာဏ်က အကြွင်းမဲ့ ပယ်သတ်ပြီး ဖြစ်သွားတယ်နော်။ အကြွင်းမဲ့ ပယ်သတ်လိုက်တဲ့အတွက် ဒီ မောဟဓာတ် ရှိနေသေးလား? မရှိတော့ဘူး။ မောဟဓာတ်ကို ဖျက်ဆီးပြီးပြီ။ ဒါကို သမ္မောဟဝိဒ္ဓံသနလို့ ခေါ်တယ်နော်။ သမ္မောဟဝိဒ္ဓံသနေန…သစ္စာလေးပါးကို ထွင်းဖောက်၍ မသိခြင်းဟု ခေါ်ဆိုအပ်တဲ့ မောဟဓာတ်ကို အကြွင်းမဲ့ ပယ်သတ်ဖျက်ဆီး ပြီးသည်၏ အဖြစ်ကြောင့် -

‘‘ယံ ကိဉ္စိ သမုဒယဓမ္မံ၊ သဗ္ဗံ တံ နိရောဓဓမ္မံ။’’
ဟူ၍ အားလုံး ကြားဖူးကြလိမ့်မယ်။ ဓမ္မစကြာမှာနော်။ ရှင်ကောဏ္ဍညမထေရ်မြတ်ကြီး သောတာပန် တည်သွားပြီးတဲ့အခါ သူ့သန္တာန်မှာ ဘယ်လို အသိဉာဏ်လေး စွဲကျန်ရစ်ခဲ့လဲ?

‘‘ယံ ကိဉ္စိ သမုဒယဓမ္မံ၊ သဗ္ဗံ တံ နိရောဓဓမ္မံ။’’
သမုဒယသစ္စာကြောင့် ဖြစ်နေတဲ့ ဒုက္ခသစ္စာ တရားတွေ ရှိတယ်။ ထို သမုဒယသစ္စာ, ဒုက္ခသစ္စာ နှစ်မျိုးသည် ဘာဖြစ်လဲ? နိရောဓဓမ္မ ဖြစ်နေတယ်။ လွယ်လွယ်လေးပြောရင် ဖြစ်နေတဲ့တရားမှန်သမျှ ဘာဖြစ်သလဲ? ပျက်နေတယ်။ ဒီ အသိဉာဏ်လေး စွဲကျန်နေတဲ့ အတွက်ကြောင့် ဘာဖြစ်လဲ………

‘‘ယံ ကိဉ္စိ သမုဒယဓမ္မံ၊ သဗ္ဗံ တံ နိရောဓဓမ္မံ။’’
အဲဒီလို သိတာဟာ မှန်းဆပြီး သိတာလားလို့ မေးရင် မဟုတ်ဘူး။ ဘယ်လိုလဲ အတ္တပစ္စက္ခဝသေန…ကိုယ်တိုင်မျက်မှောက်ပြုသည်၏ အစွမ်းဖြင့် ဥပဋ္ဌာနတော … ထို သောတာပန်ပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်ရှားနေသည်၏ အဖြစ်ကြောင့်တည်း။ သောတာပန်သာ မှန်ပါစေ။ ဒီ ပဋိစ္စသမုပ္ပါဒ်သဘောတရား တွေကို မသိအောင် ဖုံးထားတဲ့ မောဟကို သူ့ရဲ့ သောတာပတ္တိမဂ်ဉာဏ်က ပယ်သတ်ထားပြီး ဖြစ်နေတယ်။ အဲဒီလို ပယ်သတ်ပြီး ဖြစ်နေတဲ့အတွက် ဒီပဋိစ္စသမုပ္ပါဒ်သဘောတရားတွေနဲ့ ပတ်သက်လို့ မောဟဓာတ် ကင်းနေတဲ့အတွက်ကြောင့် ဒုက္ခသစ္စာကို လှမ်းကြည့် မြင်နေတယ်။ သမုဒယသစ္စာလို့ ခေါ်ဆိုအပ်တဲ့ ပဋိစ္စသမုပ္ပါဒ်တွေကို လှမ်းကြည့် သိနေတယ်။ မြင်နေတယ်။

‘‘ယံ ကိဉ္စိ သမုဒယဓမ္မံ၊ သဗ္ဗံ တံ နိရောဓဓမ္မံ။’’
သမုဒယသစ္စာကြောင့် ဖြစ်နေတဲ့ ဒုက္ခသစ္စာ တရားတွေရှိတယ်။ ထို သမုဒယသစ္စာ, ဒုက္ခသစ္စာတရားတွေသည် နိရောဓ ချုပ်ချုပ်နေတယ်ဆိုတဲ့ ဒီ အသိဉာဏ်ဟာ သူ့သန္တာန်မှာ ထင်ရှားနေတယ်။ အဲဒီလို ထင်ရှားတာသည် အနုမာန မှန်းဆပြီး သိတာလားလို့ မေးရင် မဟုတ်ဘူး။ အတ္တပစ္စက္ခဝသေန ကိုယ်တိုင်မျက်မှောက်ပြုသည်၏အစွမ်းဖြင့် ဥပဋ္ဌာနတော အသိဉာဏ်၌ ထင်ရှားနေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ကိုယ်တိုင်မျက်မှောက်ပြုပြီး သိနေတယ်ဆိုတော့ မှန်းဆသိတာ ဟုတ်သေးလား? မဟုတ်ဘူး။ ဒီတော့ သောတာပန် ဖြစ်ပြီးတဲ့ ပုဂ္ဂိုလ်တွေသည်သာ ကိုယ်တိုင်မျက်မှောက်ပြုပြီး သိတယ်။ သောတာပန် မဟုတ်သေးတဲ့ ပုဂ္ဂိုလ်တွေကျတော့ ကိုယ်တိုင်မျက်မှောက်ပြုပြီး မသိဘူးလို့ ဒီလိုတော့ မယူနဲ့နော်။ ခုနက ဘိက္ခုနီမ (၅၀၀) သူတို့လည်း မသိဘူးလား? သိတယ်။ ဘာနဲ့သိလဲ?

‘‘ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။’’
ယထာဘူတံ၊ မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ။ သမ္မပ္ပညာယ၊ ရုပ်ခဲ နာမ်ခဲ ဖြိုခွဲဖောက်ထွင်း ဝိပဿနာဉာဏ် အလင်းဓာတ်ဖြင့်။ ဒဋ္ဌဗ္ဗံ၊ ရှုမြင်အပ်၏၊ (ဝါ) သိမြင်အပ်ပြီး ရှုမြင်အပ်ပြီး ဖြစ်ပါ၏၊

ကောင်းစွာပိုင်ပိုင် သိထားတယ် ရှုထားတယ် မြင်ထားတယ်၊ ရုပ်ခဲ နာမ်ခဲတွေကို ဖြိုခွဲဖောက်ထွင်းနိုင်တဲ့ ဝိပဿနာဉာဏ် အလင်းဓာတ်ဖြင့် သိထားတယ်။ ဝိပဿနာဉာဏ် အလင်းဓာတ်ရောက်နေတဲ့ ပုဂ္ဂိုလ်အဖို့ ဝိပဿနာဉာဏ်လို့ ပြောရတယ်နော်။ ဒီထဲမှာ နာမရူပပရိစ္ဆေဒဉာဏ်, ပစ္စယပရိဂ္ဂဟဉာဏ်တွေလည်း ပါပါတယ်။ ဒီတော့ ခုပြောတဲ့ စကားတွေကို ခြုံပြီးကြည့်လိုက်မယ်ဆိုလို့ရှိရင် ဘာကိုပြောလိုတာလဲဆိုရင် ဒီ ပဋိစ္စသမုပ္ပါဒ် သဘောတရားတွေကို လှမ်းပြီး သိတဲ့ အချိန်အခါမှာ အနုမာန မှန်းဆပြီး သိရမှာလားလို့မေးရင် မဟုတ်ဘူး။ အတ္တပစ္စက္ခဝသေန ဒီစကားလုံးကလေးကို သိချင်တယ်ဆိုလို့ရှိရင် ဒီဃနိကာယ် ဋီကာ ဒုတိယတွဲ စာမျက်နှာ (၈၄)မှာ ပါပါတယ်နော်။ မဟာနိဒါနသုတ္တန်မှာ ဖွင့်ထားတယ်။ အဲဒီတော့ အတ္တပစ္စက္ခဝသေန ကိုယ်တိုင်မျက်မှောက်ကို သိပါတယ်တဲ့ မှန်းဆပြီး သိတာမဟုတ်ဘူး။
ဒီတော့ ပဋိစ္စသမုပ္ပါဒ် သဘောတရားတွေကို ကိုယ်တိုင် မျက်မှောက်ပြုပြီး သိတယ်ဆိုလို့ရှိရင် အတိတ်ကို မရှုဘဲနဲ့ အတိတ်အကြောင်းတရားကြောင့် ပစ္စုပ္ပန်အကျိုးတရားဖြစ်တာ မသိဘူး။ အနာဂတ်ကို မရှုရင်လည်း ပစ္စုပ္ပန်အကြောင်းတရားကြောင့် အနာဂတ်အကျိုးတရားဖြစ်တာ မသိဘူး။ ဒီတော့ ပဋိစ္စသမုပ္ပါဒ်သဘောတရားကို ကိုယ်တိုင်မျက်မှောက် သိနေတဲ့ ပုဂ္ဂိုလ်သည် အတိတ်ကို ရှုသလား, မရှုဘူးလားမေးရင် ရှုတယ်။ အနာဂတ်ကို ရှုသလား, မရှုဘူးလားမေးရင်လည်း ရှုနေတယ်။ ရှုတဲ့အခါ မှန်းဆရှုတာလား, တိုက်ရိုက်ရှုတာလား မေးရင် တိုက်ရိုက် ရှုနေတယ်။ အတ္တပစ္စက္ခ ကိုယ်တိုင်မျက်မှောက်ပြုပြီး သိနေတယ်။ အနုမာနဉာဏ်လား ပစ္စက္ခဉာဏ်လားလို့မေးရင် ပစ္စက္ခဉာဏ်။ အထောက်အထား သိချင်လို့ရှိရင် ဒီဃနိကာယ်ဋီကာ ဒုတိယတွဲ စာမျက်နှာ(၈၄) မှာရှိပါတယ်။ အလိုရှိရင် သွားကြည့်ကြနော်။ ကဲ ဒါက ဋီကာစကားကြီး ဖြစ်တယ် အရှင်ဘုရား ပြောတာက ဋီကာစကားကြီး ဖြစ်တယ်။ တပည့်တော်တို့က သိပ်လက်မခံနိုင်ဘူးလို့တော့ ငြင်းချင်သေးလား? ပါဠိတော်မှာ ဦးပဉ္စင်း ထောက်ပြမယ်။

ပါဠိတော်မှာမှ တခြား ပါဠိတော် မဟုတ်ဘူး၊ ဘုရား ခေါင်ဆုံးလိုလိုပေါ့။ သတ္တသတ္တဟ စံနေတော်မူတဲ့ အချိန်အခါ သဟံပတိဗြဟ္မာကြီးက တရားဟောဖို့ လာရောက်ပြီး တိုက်တွန်းတဲ့အချိန် လျှောက်ထားတဲ့အချိန်ခါမှာ ကိုယ်တိုင်က မြတ်စွာဘုရား မိန့်ကြားတဲ့ စကားလေးတစ်ခု ရှိတယ်။ လိုရင်းလောက်ပဲ ဦးပဉ္စင်း ကွက်ပြောမယ်။

‘‘အဓိဂတော ခေါ မျာယံ ဓမ္မော ဂမ္ဘီရော ဒုဒ္ဒသော ဒုရနုဗောဓော သန္တော ပဏီတော အတက္ကာဝစရော နိပုဏော ပဏ္ဍိတဝေဒနီယော၊’’ (ဝိ၊၃၊၅။ ဒီ၊၂၊၃၁။)
ဝိနည်းမဟာဝါ ပါဠိတော် ဗြဟ္မာယာစနကထာမှာ ပါပါတယ်နော်။
မေ မယာ၊ ငါဘုရားသည်။ အယံ ဓမ္မော၊ ဤပဋိစ္စသမုပ္ပါဒ်သဘောတရားကို။ အဓိဂတော ခေါ၊ ရတော်မူအပ်ပြီ သိတော်မူအပ်ပြီ။ အယံ၊ ဤပဋိစ္စသမုပ္ပါဒ်သဘောတရားသည်။ ဂမ္ဘီရော၊ နက်နဲ၏၊ ဒုဒ္ဒသော၊ မြင်နိုင်ခဲ၏၊ ဒုရနုဗောဓေါ၊ ထွင်းဖောက်၍ သိနိုင်ခဲ၏၊ သန္တော၊ ငြိမ်သက်၏၊ ပဏီတော၊ မွန်မြတ်၏၊ အတက္ကာဝစရော၊ ကြံစည်တွေးဆရုံမျှဖြင့် မသိနိုင်၊ နိပုဏော၊ သိမ်မွေ့၏၊ ပဏ္ဍိတဝေဒနီယော၊ ပညာရှိတဲ့ ပုဂ္ဂိုလ်တို့သာ ထွင်းဖောက်သိနိုင်၏၊

ပဋိစ္စသမုပ္ပါဒ်သဘောတရားကို ဘုရားရှင်က အနုမာန မှန်းဆပြီး သိနိုင်တယ်လို့ ပြောလား? အတက္ကာဝစရောတဲ့ ကြံစည်စိတ်ကူးပြီး လှမ်းရှုသိနေရုံနဲ့တော့ ဒီပဋိစ္စသမုပ္ပါဒ်ကို ဘယ်လိုမှ မသိနိုင်ဘူးလို့ ဘုရား ဟောတယ်နော်။ ဘယ်လိုဟောလဲ? အတက္ကာဝစရလို့ခေါ်တယ်။ ဒီ အတက္ကာဝစရဆိုတဲ့ စကားလုံးလေးက အနုမာန မှန်းဆပြီး ရှုလို့ မရဘူးလို့ ဆိုလိုတယ်နော်။ ဒါကြောင့် ဦးပဉ္စင်းတို့ ပဋိစ္စသမုပ္ပါဒ်ကြောင်းကျိုးဆက် သဘောကိုမှ မသိရင်လည်း မဂ်, ဖိုလ်, နိဗ္ဗာန် မရဘူးလို့ မဟာနိဒါနသုတ္တန် သုတ်မဟာဝါ ပါဠိတော် စာမျက်နှာ (၄၇)မှာ ဘုရားရှင် ကိုယ်တော်တိုင် တိုက်ရိုက်ဟောခဲ့တယ်နော်။ အဲဒီလို ဟောခဲ့တဲ့အတွက်ကြောင့် ပဋိစ္စသမုပ္ပါဒ်ကြောင်းကျိုးဆက်ကို သိရမယ်ဆိုလို့ရှိရင် အတိတ်နဲ့အနာဂတ်ကို လွှတ်လို့ရမလား? မရဘူး။ အတိတ် အနာဂတ်ကို ရှုမှသာလျှင် ပဋိစ္စသမုပ္ပါဒ် ကြောင်းကျိုးဆက်ကို နားလည်မယ် သိမယ်နော်။ ပဋိစ္စသမုပ္ပါဒ် ကြောင်းကျိုးဆက်သဘောကို ထွင်းဖောက်သိမှလည်း ဘာဖြစ်မလဲ? မဂ်, ဖိုလ်, နိဗ္ဗာန် ရမယ်။ ကဲ အတိတ် ရှုသင့် မရှုသင့်?

အတိတ်ရှုတာသည် အနုမာန မှန်းဆရှုရတာ မဟုတ်ဘူး။ ပစ္စက္ခ တိုက်ရိုက်သိအောင် ရှုရတယ် ဆိုတဲ့အပိုင်း တစ်ချက်။ အတိတ်ကို ဘယ်အချိန်ခါမှာထဲက စရှုရမလဲ? နာမရူပပရိစ္ဆေဒဉာဏ် ပစ္စယပရိဂ္ဂဟဉာဏ်ကစပြီးတော့ ဝိပဿနာဉာဏ် တောက်လျှောက် အကုန်ရှုရမယ်။ ရုပ်နာမ်ကို သိပြီးလို့ အနိစ္စ, ဒုက္ခ, အနတ္တ မြင်ပြီးတဲ့အခါကျမှ အတိတ်ကို မှန်းဆပြီး ထိုနည်းလည်းကောင်းလို့ ရှုရမလား? မဟုတ်ဘူးနော်။ ကဲ ဒီလောက်ဆိုလို့ရှိရင်တော့ သဘောပေါက်လောက်ပြီ။
ကဲ ဘိက္ခုနီမတွေက ဓာတ် (၁၈)ပါးကိုလည်း သိပြီးပြီ။ ဓာတ် (၁၈)ပါးကို ဖြစ်ပေါ်စေတတ်တဲ့ အကြောင်းတရားတွေလည်း သိပြီးပြီ။ အကြောင်းတရားတွေလည်း အနိစ္စ, ဒုက္ခ, အနတ္တ၊ အကျိုးဖြစ်တဲ့ ဒီ ဓာတ် (၁၈)ပါးလည်း အနိစ္စ, ဒုက္ခ, အနတ္တလို့သိပြီးပြီ။ တရား ရကြပြီလား? မရသေးဘူးနော်။ တရားမရသေးတဲ့အတွက် ရှင်နန္ဒကက တရားနိဒါန်း ဆက်ရပြန်တယ်နော်။

‘‘သေယျထာပိ, ဘဂိနိယော, တေလပ္ပဒီပဿ ဈာယတော တေလမ္ပိ အနိစ္စံ ဝိပရိဏာမဓမ္မံ, ဝဋ္ဋိပိ အနိစ္စာ ဝိပရိဏာမဓမ္မာ, အစ္စိပိ အနိစ္စာ ဝိပရိဏာမဓမ္မာ, အာဘာပိ အနိစ္စာ ဝိပရိဏာမဓမ္မာ။’’

ဘဂိနိယော၊ နှမတို့၊ ဖြစ်သင့်ဖြစ်ရာ လောက ဥပမာ နှိုင်းခိုင်းဖွယ်ရာကို ပြောဦးမယ်။ ဆီမီးတိုင်လေး တစ်ခုတောက်နေတယ်။ အဲဒီ တောက်လောင်နေတဲ့ ဆီမီးတိုင်မှာ ဆီကလည်း အနိစ္စ, ဒုက္ခ, အနတ္တ, ဖောက်ပြန်ပျက်စီးတတ်တဲ့ ဝိပရိဏာမဓမ္မတရား၊ ဝဋ္ဋိလို့ခေါ်တဲ့ မီးဇာ, မီးဇာကလည်း အနိစ္စတရား ဖောက်ပြန်ပျက်စီးတတ်တဲ့ ဝိပရိဏာမတရား၊ အစ္စိလို့ခေါ်တဲ့ မီးတောက် မီးလျှံကလည်း အနိစ္စတရား ဖောက်ပြန်ပျက်စီးတတ်တဲ့ ဝိပရိဏာမတရားဖြစ်တယ်။ အာဘာ ဒီဆီမီးကြောင့် ဖြစ်ပေါ်လာတဲ့ အရောင်အလင်းဟာလည်း အနိစ္စတရား ဖောက်ပြန်ပျက်စီးတတ်တဲ့ ဝိပရိဏာမတရားဖြစ်တယ်။ ဘယ်နှစ်ခုလဲ? လေးခုနော်။

‘‘ယော နု ခေါ, ဘဂိနိယော, ဧဝံ ဝဒေယျ — ‘အမုဿ တေလပ္ပဒီပဿ ဈာယတော တေလမ္ပိ အနိစ္စံ ဝိပရိဏာမဓမ္မံ, ဝဋ္ဋိပိ အနိစ္စာ ဝိပရိဏာမဓမ္မာ, အစ္စိပိ အနိစ္စာ ဝိပရိဏာမဓမ္မာ, ယာ စ ခွါဿ အာဘာ သာ နိစ္စာ ဓုဝါ သဿတာ အဝိပရိဏာမဓမ္မာ’ တိ, သမ္မာ နု ခေါ သော, ဘဂိနိယော, ဝဒမာနော ဝဒေယျ’’ တိ?

နှမတို့၊ ပုဂ္ဂိုလ်တစ်စုံတစ်ယောက်က လာပြီး ပြောမယ်။ ဘယ်လိုပြောမလဲ? အဲဒီ တောက်လောင်နေတဲ့ ဒီဆီမီးမှာ ဆီကလည်း အနိစ္စတရား, ဖောက်ပြန်ပျက်စီးတတ်တဲ့ ဝိပရိဏာမတရား ဖြစ်တယ်။ မီးဇာကလည်း အနိစ္စတရား, ဖောက်ပြန်ပျက်စီးတတ်တဲ့ ဝိပရိဏာမတရား ဖြစ်တယ်။ မီးတောက် မီးလျှံဟာလည်း အနိစ္စတရား, ဖောက်ပြန်ပျက်စီးတတ်တဲ့ ဝိပရိဏာမတရား ဖြစ်တယ်။ ဒါပေမဲ့လို့ ဒီဆီမီးကို အစွဲပြုပြီး ဖြစ်ပေါ်လာတဲ့ အရောင်အလင်း တစ်ခု ရှိတယ်။ အဲဒီ အရောင်အလင်းလို့ ခေါ်ဆိုအပ်တဲ့ အာဘာသည် နိစ္စ မြဲတဲ့တရား, ဓုဝ ခိုင်ခန့်တဲ့တရား, သဿတ တည်တန့်တဲ့တရား, အဝိပရိဏာမဓမ္မ မဖောက်မပြန် မပျက်စီးတတ်တဲ့တရား တစ်ခုဖြစ်တယ်လို့ ပုဂ္ဂိုလ် တစ်စုံတစ်ယောက်က လာပြီး ပြောမယ်။ အဲဒီလို ပြောခဲ့မယ်ဆိုလို့ရှိရင် ထိုပုဂ္ဂိုလ်ရဲ့ ပြောဆိုချက်သည် ကောင်းမွန်မှန်ကန်စွာ ပြောဆိုသည်မည်ပါသလားလို့ ဒီ မေးခွန်းတစ်ခု မေးတယ်။ ကဲ ဒကာစံမြင့် ဘယ်လိုဖြေမလဲ? မမည်ပါဘူး။

နော ဟေတံ ဘန္တေ ဆိုပြီး ပြန်ပြီးလျှောက်ထားကြတယ်။ ဒီ စကားလေးကို ဘာလို့ နိဒါန်းချီနေသလဲလို့ မေးရင်တော့ ဒီဘိက္ခုနီမ (၅၀၀)က သူတို့က ဓာတ် (၁၈)ပါးကိုလည်း ရှုတတ်ပြီ၊ အကြောင်းတရားတွေကိုလည်း ရှုတတ်ပြီ၊ အကြောင်းတရားတွေလည်း အနိစ္စ, ဒုက္ခ, အနတ္တ၊ အကျိုးဖြစ်တဲ့ ဒီဓာတ် (၁၈)ပါးလည်း အနိစ္စ, ဒုက္ခ, အနတ္တဆိုတာတော့ သိနေကြတယ်နော်။ သိပင် သိသော်လည်းပဲ သူတို့က တရားမရသေးတော့ တရားထူး တရားမြတ် ရရှိရေးအတွက် ရှင်နန္ဒကကိုယ်တော်က ဘာဆက်ချင်သလဲလို့ မေးရင် သူက ဝေဒနာနုပဿနာ ရှုပွားနည်းကလေးကို ဆက်ပြီး ဟောချင်တယ်နော်။ ဝေဒနာကမ္မဋ္ဌာန်း ဝေဒနာကို ဘယ်ပုံ ဘယ်နည်း ရှုရမယ်ဆိုတာလေးကို သူက ဟောချင်တဲ့အတွက် ဒါ နိဒါန်းပျိုးနေတာနော်။ ဒီတော့ ဒီ ဘိက္ခုနီမတွေက ခုနက ရှင်နန္ဒက မေးလိုက်တဲ့အခါ သူတို့ ဘာပြန်လျှောက်ထားလဲ?

‘‘‘နော ဟေတံ, ဘန္တေ’။ ‘အမုဿ ဟိ, ဘန္တေ, တေလပ္ပဒီပဿ ဈာယတော တေလမ္ပိ အနိစ္စံ ဝိပရိဏာမဓမ္မံ, ဝဋ္ဋိပိ အနိစ္စာ ဝိပရိဏာမဓမ္မာ, အစ္စိပိ အနိစ္စာ ဝိပရိဏာမဓမ္မာ, ပဂေဝဿ အာဘာ အနိစ္စာ ဝိပရိဏာမဓမ္မာ’ တိ။’’

အရှင်ဘုရား ဤသို့ပြောဆိုခြင်းငှာတော့ မသင့်ဘူးဘုရား ...။ ဘာကြောင့်လည်းဆိုလို့ရှိရင် ဒီတောက်လောင်နေတဲ့ ဆီမီးမှာ ဆီကလည်း အနိစ္စတရား, ဖောက်ပြန်ပျက်စီးတတ်တဲ့ ဝိပရိဏာမတရား ဖြစ်တယ်။ မီးဇာကလည်း အနိစ္စတရား, ဖောက်ပြန်ပျက်စီးတတ်တဲ့ ဝိပရိဏာမတရား ဖြစ်တယ်။ မီးတောက်မီးလျှံဟာလည်း အနိစ္စတရား, ဖောက်ပြန်ပျက်စီးတတ်တဲ့ ဝိပရိဏာမတရား ဖြစ်တယ်။ ဒီလို ဖြစ်နေတဲ့အတွက်ကြောင့် ဒီ မီးတောက်မီးလျှံကို အစွဲပြုပြီး ဖြစ်ပေါ်လာတဲ့ ဒီ အရောင်အလင်းသည် ဟိုရှေးမဆွထဲက ပိုပြီးတော့ အနိစ္စ ဖြစ်နေတယ်။ ဖောက်ပြန်ပျက်စီးတတ်တဲ့ ဝိပရိဏာမ ဖြစ်နေပါတယ် အရှင်ဘုရားဆိုပြီး လျှောက်ထားတယ်နော်။ အဲဒီလို လျှောက်ထားလိုက်တဲ့ချိန်ခါကျတော့မှ ရှင်နန္ဒကကိုယ်တော်က ဘာဆက်ဟောလဲ.........

‘‘‘ဧဝမေဝ ခေါ, ဘဂိနိယော, ယော နု ခေါ ဧဝံ ဝဒေယျ — ဆ ခေါမေ အဇ္ဈတ္တိကာ အာယတနာ အနိစ္စာ ဝိပရိဏာမဓမ္မာ, ယဉ္စ ခေါ ဆ အဇ္ဈတ္တိကေ အာယတနေ ပဋိစ္စ ပဋိသံဝေဒေတိ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တံ နိစ္စံ ဓုဝံ သဿတံ အဝိပရိဏာမဓမ္မန္တိ, သမ္မာ နု ခေါ သော, ဘဂိနိယော, ဝဒမာနော ဝဒေယျာ’ တိ?’’

(သုံးအတိုင်းပဲ) ပုဂ္ဂိုလ်တစ်စုံတစ်ဦးက လာပြီး ပြောမယ်။ ဘယ်လိုပြောမလဲ? အတွင်းအာယတန (၆)ပါး ရှိတယ်။ ဘာတွေလဲ? မျက်စိအကြည်, နားအကြည်, နှာခေါင်းအကြည်, လျှာအကြည်, ကိုယ်အကြည်, မနောအကြည်နော်။ ဒီအတွင်းအာယတန (၆)ပါးရှိတယ်။ အဲဒီ အတွင်းအာယတန (၆)ပါးကတော့ အနိစ္စတရား, ဖောက်ပြန်ပျက်စီးတတ်တဲ့ ဝိပရိဏာမတရား မှန်တယ်။ ဒါပေမဲ့လို့ ဒီ အတွင်းအာယတန (၆)ပါးကို အစွဲပြုပြီး ဖြစ်ပေါ်လာတဲ့ ခံစားမှု သုခဝေဒနာ, ဒုက္ခဝေဒနာ, ဥပေက္ခာဝေဒနာဆိုတဲ့ ဝေဒနာခံစားချက်တွေ ရှိတယ်။ အဲဒီ ခံစားမှု ဝေဒနာတရားကတော့ အနိစ္စ မြဲတဲ့တရား, ဓုဝ ခိုင်ခံ့တဲ့တရား, အဝိပရိဏာမဓမ္မ မဖောက်မပြန် မပျက်မစီးတတ်တဲ့တရားလို့ လာပြီး ပြောမယ်။ အဲဒီလို ပြောခဲ့မယ်ဆိုလို့ရှိရင် ထိုပြောတဲ့ပုဂ္ဂိုလ်သည် ကောင်းမွန် မှန်ကန်စွာ ပြောဆိုရာ ရောက်ပါသလားဆိုပြီး မေးတယ်။

ဘယ်နဲ့တုံး ဒကာစံမြင့် ဘယ်လိုသဘောပေါက်သလဲ? မရောက်ဘူးနော်။ နော ဟေတံ ဘန္တေဆိုပြီးတော့ ပြန်ဖြေကြတယ်နော်။ ဒီလို ပြောနေခြင်းသည် ကောင်းမွန် မှန်ကန်စွာ ပြောဆိုသည် မမည်ပါဘူး။ ဒါပေမဲ့ ဒီနေရာမှာ ကြားဖြတ် ဦးပဉ္စင်း နည်းနည်းသတိပေးချင်တယ်နော်။ ရှင်နန္ဒကက ဒီနေရာမှာ ဝေဒနာကို ဘယ်နှစ်မျိုး အရှုခိုင်းနေလဲ သုံးမျိုး။ သုခဝေဒနာ, ဒုက္ခဝေဒနာ, ဥပေက္ခာဝေဒနာ။ ဝေဒနာ ဘယ်နှစ်မျိုးလဲ? သုံးမျိုး။ ဒုက္ခဝေဒနာ တစ်ခုထဲသာ ရှုခိုင်းသလား မဟုတ်ဘူးနော်။ ဝေဒနာဆိုတာက ခံစားမှု သဘောလေးမျှသာ ဖြစ်တယ်။ ထိုခံစားမှုသည် ရုပ်လား, နာမ်လားလို့မေးရင် ဘယ်လိုဖြေမလဲ? နာမ်တရားနော်။ ဒီတော့ ဝေဒနာကို ရှုပါလို့မေးရင် ဝေဒနာတစ်လုံးထဲ ရှုရမလားလို့ မေးရင် ဒီလိုတော့ မဟုတ်ဘူးနော်။ ဝေဒနာကို ရှေ့တန်းတင်ပြီးတော့ သူက ရှုတယ်။ ဝေဒနာကို ရှေ့တန်းတင်ပြီး ရှုတယ်ဆိုတော့ ဝေဒနာ တစ်လုံးထဲ မရှုရရင် ဘာတွေရှုရမလဲလို့ မေးရင် — မူလပဏ္ဍာသ အဋ္ဌကထာ စာမျက်နှာ (၂၈၀-၂၈၁)က ပြောနေပါတယ်။ ဘယ်လိုပြောလဲ?

‘‘ယဿ ဝေဒနာ ပါကဋာ ဟောတိ။ သော — ‘န ကေဝလံ ဝေဒနာဝ ဥပ္ပဇ္ဇတိ, တာယ သဒ္ဓိံ တဒေဝါရမ္မဏံ ဖုသမာနော ဖေဿာပိ ဥပ္ပဇ္ဇတိ, သဉ္ဇာနနမာနာ သညာပိ, စေတယမာနာ စေတနာပိ, ဝိဇာနနမာနံ ဝိညာဏမ္ပိ ဥပ္ပဇ္ဇတီ’ တိ ဖဿပဉ္စမကေယေဝ ပရိဂ္ဂဏှာတိ။’’

ဝေဒနာခံစားမှု သဘောလေး ရှုရင် ဝေဒနာတစ်လုံးထဲ မရှုနဲ့ ထိုဝေဒနာနဲ့ အပေါင်းပါ ပြိုင်တူဖြစ်နေတဲ့ ထိုအာရုံပေါ်မှာပဲ ပြိုင်တူဖြစ်သွားတဲ့ ဖဿ, ဝေဒနာ, သညာ, စေတနာ, ဝိညာဏ်ဆိုတဲ့ ဖဿပဉ္စမက တရားလေးတွေကို ရှုရမယ်။ ဒီလို ညွှန်ကြားထားတယ်နော်။ ဒီဃာဆရာတော်ကတော့ ဒါ ပဓာနနည်းပဲတဲ့နော်။ ဖဿနဲ့ စေတနာကို ပြောလိုက်ရင် သင်္ခါရက္ခန္ဓာစာရင်းဝင် စေတသိက်အကုန်လုံးပါတယ်လို့ ဒီလို ပြောတယ်နော်။ စိတ်, စေတသိတ်တွေ ယှဉ်ပုံကတော့ ဆရာသမားနဲ့ပဲ ချဉ်းကပ်ပြီးတော့ လေ့လာပေတော့နော်။

ဒီတော့ ဝေဒနာကို ရှုပါလို့ ပြောရင် ဝေဒနာနဲ့ပြိုင်တူဖြစ်သွားတဲ့ စိတ်, စေတသိက်တွေ အကုန်လုံး ရှုရမယ်နော်။ အဲဒီလို ရှုမဲ့ ပုဂ္ဂိုလ်မှာ ခုရှင်နန္ဒက နည်းပေးနေတာက ဘယ်လို ပြောလဲ? အတွင်းအာယတန (6)ပါးကို အစွဲပြုပြီး ဖြစ်ပေါ်လာတဲ့ဝေဒနာလို့ ဒီလို သတ်မှတ်ပေးထားတယ်။ မျက်စိအကြည်, နားအကြည်, နှာခေါင်းအကြည်, လျှာအကြည်, ကိုယ်အကြည်, မနောအကြည်ဆိုတဲ့ ဒီအကြည်ဓာတ် (၆)ပါးကို အစွဲပြုပြီး ဖြစ်ပေါ်သွားတဲ့ ဝေဒနာဆိုတော့ ဒီအကြည်ဓာတ် (၆)ပါးကို ကြိုတင်ပြီး သိထားရမလား မသိထားရဘူးလား? ဝေဒနာရှုတော့မဲ့ပုဂ္ဂိုလ်သည် ဒီအကြည်ဓာတ် (၆)ပါးကို မြင်ရမလား, မမြင်ရဘူးလား? ဒါလေး တစ်ခု မှတ်ထားဦးနော်။

ကဲ ဒါဖြင့်ရင် အနိစ္စ ဖြစ်တယ်လို့ ဒီဘိက္ခုနီမတွေက လျှောက်ထားကြတယ်နော်။ ဒီ ဘိက္ခုနီမတွေက လျှောက်ထားတဲ့အခါ သူတို့က ဘယ်လို အကြောင်းပြချက် ရှိသလဲ? အဲဒါလေး နည်းနည်းဆက်ပြီး ပြောကြရအောင်နော်။ နော ဟေတံ ဘန္တေ ခုနက နိစ္စတရားဖြစ်တယ်။ မဖောက်ပြန်ဘူး မပျက်စီးတတ်တဲ့ တရားဖြစ်တယ်လို့ ပြောရင် မသင့်ဘူးလို့ သူတို့က လျှောက်ထားတယ်။ ဘယ်လိုအကြောင်းကြောင့်လဲလို့ ဆိုတာကို အကြောင်းသူတို့က ဆက်ပြတယ်နော်။

စတုတ္ထပိုင်း

‘‘တံ ကိဿ ဟေတု? တဇ္ဇံ တဇ္ဇံ, ဘန္တေ, ပစ္စယံ ပဋိစ္စ တဇ္ဇာ တဇ္ဇာ ဝေဒနာ ဥပ္ပဇ္ဇန္တိ။ တဇ္ဇဿ တဇ္ဇဿ ပစ္စယဿ နိရောဓာ တဇ္ဇာ တဇ္ဇာ ဝေဒနာ နိရုဇ္ဈန္တိ။’’

တံ၊ ထိုကဲ့သို့ မသင့်ခြင်းသည်။ ကိဿ ဟေတု၊ အဘယ်အကြောင်းကြောင့်နည်းဟူမူကား။ ဘန္တေ၊ အရှင်ဘုရား။ တဇ္ဇံ တဇ္ဇံ၊ ထိုထိုသဘောတရားကြောင့် ဖြစ်ပေါ်၍လာရသော။ ပစ္စယံ၊ အကြောင်းတရားကို။ ပဋိစ္စ၊ အစွဲပြု၍။ တဇ္ဇာ တဇ္ဇာ ဝေဒနာ၊ ထိုထိုသဘောတရားကြောင့် ဖြစ်ပေါ်၍ လာကြရကုန်သော ခံစားမှုဝေဒနာတို့သည်။ ဥပ္ပဇ္ဇန္တိ၊ ဖြစ်ပေါ်၍ လာကြရကုန်၏၊ တဇ္ဇဿ တဇ္ဇဿ၊ ထိုထိုသဘောတရားကြောင့် ဖြစ်ပေါ်၍လာရသော။ ပစ္စယဿ၊ အကြောင်းတရား၏၊ နိရောဓာ၊ ချုပ်ပြတ်၍သွားခြင်းကြောင့်။ တဇ္ဇာ တဇ္ဇာ ဝေဒနာ၊ ထိုထိုသဘောတရားကြောင့် ဖြစ်ပေါ်၍ လာရသော ခံစားမှု ဝေဒနာတို့သည်။ နိရုဇ္ဈန္တိ၊ ချုပ်ပြတ်၍သွားကြရကုန်၏၊ ဣတိ တသ္မာ၊ ထို့ကြောင့်။ ဧတံ၊ ထိုကဲ့သို့ပြောဆိုခြင်းသည်။ နော ဟိ၊ မသင့်ပါဘုရား။

သူတို့ လျှောက်ထားချက်ကလေးကို နည်းနည်းလေး သေသေချာချာ လေးလေးနက်နက်ကလေး စဉ်းစားမှ သဘောပေါက်မယ်နော်။

တဇ္ဇံ တဇ္ဇံ၊ ထိုထိုသဘောတရားတွေကြောင့် ဖြစ်ပေါ်လာရသော၊ ပစ္စယံ၊ အကြောင်းတရားကို။ ပဋိစ္စ၊ အစွဲပြုပြီးတော့ ထိုထိုသဘောတရားကြောင့် ဖြစ်ပေါ်လာရတဲ့ အကြောင်းတရားကို အစွဲပြုပြီးမှ ခံစားချက် ဝေဒနာတွေက ဖြစ်ပေါ်လာကြရတယ်။

ထိုထိုသဘောတရားကြောင့် ဖြစ်ပေါ်လာတဲ့ အကြောင်းတရားတွေ ချုပ်သွားတဲ့အခါ ဒီခံစားမှုဝေဒနာလည်း ချုပ်သွားတယ်။ အဲဒီလို ချုပ်နေတဲ့အတွက်ကြောင့် အတွင်းအာယတန (၆)ပါးကတော့ အနိစ္စတရား မှန်တယ်၊ ဖောက်ပြန်ပျက်စီးတတ်တဲ့ ဝိပရိဏာမတရား မှန်တယ်။ ဒါပေမဲ့ အတွင်းအာယတန (၆)ပါးကို အစွဲပြုပြီး ဖြစ်ပေါ်လာတဲ့ သုခ, ဒုက္ခ, ဥပေက္ခာဝေဒနာတွေက နိစ္စတရားတွေ မဖောက်ပြန် မပျက်စီးတတ်တဲ့ အဝိပရိဏာမတရားတွေလို့ ပြောနေတဲ့ ဒီစကားသည် မမှန်ပါဘူးလို့ သူတို့က ပြန်လျှောက်ထားတယ်နော်။ ဒီတော့ ဒီနေရာမှာ တဇ္ဇံ တဇ္ဇံ ဆိုတာလေးကို ဦးပဉ္စင်း သဘောပေါက်အောင် ပြောဖို့က တော်တော်လေး ကြိုးစား ယူရမယ်နော်။ ထိုထိုသဘောတရားကြောင့် ဖြစ်ပေါ်လာရတဲ့ အကြောင်းတရားတဲ့။

ကဲ မိထွေးတော်ဂေါတမီကိုဘဲ နည်းနည်းပုံစံ ပြန်ထုတ်ကြရအောင်၊ ဟို လွန်ခဲ့တဲ့ ကမ္ဘာတစ်သိန်းက အမျိုးကောင်းသမီးလေးဘဝနဲ့ သူက ဘာဆုတောင်းလဲ? မိထွေးတော်အဖြစ်ကို ဆုတောင်းတယ်နော်။ မိထွေးတော်ဖြစ်ဖို့ ဆုတောင်းစဉ်အခါမှာ သူ့သန္တန်မှာ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံ ဆိုတဲ့အကြောင်းတရားတွေ ဖြစ်ခဲ့တယ်။ ပြောပြီးသွားပြီနော်။ အဲဒီ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဆိုတဲ့ အကြောင်းတရားတွေသည် အလိုအလျောက် သက်သက်ဖြစ်လာသလားလို့ မေးရင် ဘယ်လိုပြောမလဲ? သူတို့မှာလည်း ဖြစ်စေတတ်တဲ့ အကြောင်းတရား မရှိဘူးလား။ သူတို့မှာလည်း အကြောင်းရှိတယ် အကြောင်းမရှိဘဲနဲ့ ဒီ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, ကံက သက်သက်ဗလာ ပေါ်လာတာမျိုး မဟုတ်ဘူး။ ဒါကို တဇ္ဇံ တဇ္ဇံ ပစ္စယံ… ထိုထိုသဘောတရားတွေကြောင့် ဖြစ်ပေါ်လာရတယ်။ အဲဒီ ထိုထိုသဘောတရားတွေ ဆိုတာ ဘာတွေလဲ.........

အဲဒီမှာ ပြန်ကြည့် နည်းနည်းလေး။ ခုနက ပြောခဲ့ပြီးပြီ၊ အဝိဇ္ဇာ, သင်္ခါရ, တဏှာ, ဥပါဒါန်, ကံဆိုတဲ့ ဒီ အကြောင်းတရားငါးခုက ထို ကမ္ဘာတစ်သိန်းထက်က မိထွေးတော်ဂေါတမီအလောင်း အမျိုးကောင်းသမီးလေးရဲ့ ရုပ်နာမ်အစဉ်ကို မှီတွယ်ပြီးတော့မှ ဖြစ်ရတယ်နော်။ ဖြစ်တဲ့ချိန်ခါမှာ ဒီ အဝိဇ္ဇာ, သင်္ခါရ, တဏှာ, ဥပါဒါန်, ကံတွေက ဦးပဉ္စင်းတို့ အထူးသဖြင့် ဘုန်းကြီးတို့ စာပေနယ် စာပေနယ်အနေနဲ့ ပြောရင်တော့ ဇောစိတ်အစဉ်တွေပါပဲနော်။ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်က အကုသိုလ်ဇောအစဉ်၊ သင်္ခါရ, ကံက အထူးသဖြင့် မိထွေးတော်ဂေါတမီက ကောင်းမှုကုသိုလ် ပြုနေတဲ့အတွက် သူ့ သင်္ခါရ, ကံက ကုသိုလ်ဇောစိတ်အစဉ် ဒီကုသိုလ်ဇော, အကုသိုလ်ဇောတွေသည် ဘယ်မှာ ဖြစ်သလဲလို့မေးရင် ထိုအမျိုးကောင်းသမီးလေးရဲ့ နှလုံးအိမ်ကို မှီတွယ်ပြီး ဖြစ်သွားတယ်။ ဒီထက်ကို တိတိကျကျ ပြောရမယ်ဆိုလို့ရှိရင် ထိုအမျိုးကောင်းသမီးလေးရဲ့ နှလုံးအိမ်အတွင်းမှာ ရှိနေတဲ့ ဟဒယဝတ္ထုကို မှီတွယ်ပြီး ဖြစ်သွားတယ်။ မနောအကြည်ဓာတ်ကလေးကို စွဲပြီးတော့ ဟဒယဝတ္ထုကို မှီတွယ်ဖြစ်သွားတော့ ဟဒယဝတ္ထုသာ အကယ်၍ မရှိခဲ့ရင် ဒီ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဆိုတဲ့ အကြောင်းတရားတွေသည် ဖြစ်ပါ့မလား? ဒါဖြင့် ဟဒယဝတ္ထု ရှိနေခြင်းသည် အကြောင်းတစ်ခု မဖြစ်ဘူးလား? ဖြစ်ပြီ။ ဒါက အကြောင်းတစ်ခုနော်။

နောက်တစ်ခု ကြည့်ဦး။ ဒီ ဟဒယဝတ္ထုက မနောအကြည်ရဲ့ မှီရာပဲနော်။ ဒါကြောင့် ဦးပဉ္စင်းတို့ ဇောစိတ်အစဉ်များက မနောအကြည်ကို အစွဲပြုပြီး ဟဒယဝတ္ထုကို မှီဖြစ်တယ်လို့ ဒီလို သုံးရတယ်။ မှီတာက ဟဒယဝတ္ထု အစွဲပြုတာက မနောအကြည်နော်။ ဒါကြောင့် ပဋိစ္စဆိုပြီး ခုန သုံးထားတယ်။ မနောအကြည်ကိုစွဲပြီး ဟဒယဝတ္ထုကိုမှီတွယ်ပြီး ဖြစ်ပေါ်သွားတယ်။ နောက်တစ်ခုကြည့်ဦး။ ဖြစ်လိုက်တော့ ဒီအဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံတွေက ဘယ်လို အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, ကံလဲလို့မေးရင် ဘယ်လို ပြောမလဲ? မိထွေးတော်ဖြစ်ချင်တယ်နော်။ မိထွေးတော်ဆိုတဲ့ ဓမ္မာရုံပညတ်ကို သူက လှမ်းအာရုံမယူဘူးလား။ ဒီ အာရုံကလေးက လှမ်းပြီး သူ့မနောအကြည်ကို ရိုက်ခတ်လိုက်မှ ဒီ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံတွေက ပေါ်လာတာနော်။ ဒါဖြင့် အာရုံ ရှိခြင်းဟာလည်း အကြောင်းတစ်ခု မဖြစ်ဘူးလား? ဝတ္ထုက အကြောင်းတစ်ခု, အာရုံက အကြောင်းတစ်ခု။ နောက်တစ်ခု ဒီ အဝိဇ္ဇာ, တဏှာ, ဥပါဒါန် တွေကကလည်း ဗြောင်သက်သက် မဖြစ်ဘူးတဲ့၊ အဘိဓမ္မာသဘောအရ စိတ်တို့မည်သည် စေတသိက်နဲ့ကင်းပြီး ဘယ်လိုမှ ဖြစ်လို့ မရဘူး။ စေတသိက်တို့မည်သည် စိတ်နဲ့ကင်းပြီး ဘယ်လိုမှ ဖြစ်လို့မရဘူး။ စိတ်တစ်ခုဖြစ်ပြီဆိုလို့ရှိရင် အနည်းဆုံး ယှဉ်ဘက်စိတ် စေတသိက်တွေ ရှစ်လုံးလောက်ပါတယ်။ ဒါအနည်းဆုံးနော်။ ခုဒီမှာ ဇောစိတ်ဆိုလို့ရှိရင် အဝိဇ္ဇာ, တဏှာ, ဥပါဒါန် အုပ်စုက အလုံး နှစ်ဆယ်လောက် ပါတယ်။ သင်္ခါရ, ကံ အုပ်စုက သုံးဆယ့်လေးလုံးလောက် ပါပါတယ်။ အဲဒါကတော့ ဆရာသမားနဲ့သာ ချဉ်းကပ်လေ့လာတော့နော်။ အဲဒီအထဲမှာ ဖဿ, ဝေဒနာစတဲ့ စေတသိက်ကလေးတွေပါတယ်။

အဲဒီ ဖဿလေးက ဒီအာရုံနဲ့ဆက်သွယ်ပြီး မပေးဘူး။ ဝေဒနာကလည်း ဒီအာရုံအပေါ်မှာ မခံစားဘူးဆိုလို့ရှိရင် ဒီ အဝိဇ္ဇာ, တဏှာ, ဥပါဒါန် တွေဖြစ်မလားဆိုတော့ မဖြစ်ဘူး။ သင်္ခါရ, ကံတွေကော ဖြစ်မလား? မဖြစ်ဘူး။ ဒီတော့ ဖဿစတဲ့ ယှဉ်ဘက် စိတ်စေတသိက်တွေကလည်း အကြောင်းတစ်ခု၊ ပေါင်းလိုက်တော့ အကြောင်းဘယ်နှစ်ခု ဖြစ်သွားလဲ? သုံးခု။ ဝတ္ထုက အကြောင်းတစ်ခု၊ အာရုံက အကြောင်းတစ်ခု၊ ဖဿဦးဆောင်နေတဲ့ ယှဉ်ဘက်စိတ် စေတသိက်တွေက အကြောင်းတစ်ခု၊ နောက် အကြောင်းတစ်ခုကတော့ ဒီ နေရာမှာ အယောနိသောမနသိကာရနဲ့ ယောနိသောမနသိကာရပဲ။ အဝိဇ္ဇာ, တဏှာ, ဥပါဒါန် ဦးဆောင်နေတဲ့ ကိလေသဝဋ် အကုသိုလ်ဇောများအတွက် နှလုံးသွင်း မှားနေခြင်းသည် အကြောင်းတစ်ခု။

ဘယ်လို နှလုံးသွင်းမှားသလဲလို့မေးရင်တော့ ခုနက ပြောခဲ့ပြီးပြီ။ ရုပ်တရား နာမ်တရားလို့ နှလုံးသွင်းရင်လည်း မှန်တယ်။ အကြောင်းတရား အကျိုးတရားလို့ နှလုံးသွင်းရင်လည်း မှန်တယ်။ အနိစ္စတရားတွေ ဒုက္ခတရားတွေ အနတ္တတွေလို့ နှလုံးသွင်းရင်လည်း မှန်တယ်။ အဲဒီလို နှလုံးမသွင်းဘဲ ပြောင်းပြန်လှန်ပြီးတော့ နိစ္စလို့ နှလုံးသွင်းရင်လည်း မှားတယ်။ သုခလို့ နှလုံးသွင်းရင်လည်း မှားတယ်။ အတ္တလို့ နှလုံးသွင်းရင်လည်း မှားနေတယ်။ အတ္တဆိုတာ ငါ, သူတစ်ပါး, ယောက်ျား, မိန်းမ, ပုဂ္ဂိုလ်, သတ္တဝါ, လူ, နတ်, ဗြဟ္မာလို့ နှလုံးသွင်းရင် မှားတယ်။ ခုနက အမျိုးကောင်းသမီးလေးအဖို့က ဘယ်လို နှလုံးသွင်းသလဲ? မိထွေးတော်လို့ သွားနှလုံးသွင်းတယ်။

မိထွေးတော်လို့ နှလုံးသွင်းနေတာကိုက မှားလား, မှန်လား မှားနေတယ်။ အဲဒီ နှလုံးသွင်းမှားမှုကို အယောနိသောမနသိကာရလို့ ခေါ်ပါတယ်။ ဒီအယောနိသောမနသိကာရ ဖြစ်နေခြင်းဟာလည်း အကြောင်းတစ်ခုနော်။ အကြောင်းဘယ်နှစ်ခု ဖြစ်သွားလဲ? လေးခု။ ဝတ္ထုက အကြောင်းတစ်ခု၊ အာရုံက အကြောင်းတစ်ခု၊ ဖဿစတဲ့ ယှဉ်ဘက်စိတ်စေတသိက်တွေက အကြောင်းတစ်ခု၊ နောက်တစ်ခုက ဘာလဲ? အယောနိသောမနသိကာရက အကြောင်းတစ်ခု၊ အဲဒီ အကြောင်းတရား လေးခုကို စွဲရမှ အဝိဇ္ဇာ, တဏှာ, ဥပါဒါန် ဖြစ်ခွင့်ရတယ်နော်။ အဲဒီ အကြောင်းတရားလေးခုကို ဖယ်လိုက် ဒီ အဝိဇ္ဇာ, တဏှာ, ဥပါဒါန် ဖြစ်ဦးမှာလား? မဖြစ်ဘူး။

ဒါကြောင့် အကြောင်းတရားတွေကို အစွဲရမှ ဒီ အကြောင်းတရားကလည်း ထပ်ပြီးဖြစ်တယ်။ ဒါကြောင့် တဇ္ဇံ တဇ္ဇံ ထိုထိုသောသဘောတရားကြောင့် ဖြစ်ပေါ်၍လာရသော ပစ္စယံ… အကြောင်းတရားကို ပဋိစ္စ… အစွဲပြု၍ ဒီလိုလာတယ်နော်။ အတိတ်ကအကြောင်းတရားတွေကြောင့် ပစ္စုပ္ပန်မှာ အကျိုးတရားဖြစ်တာမှန်တယ်။ ဒါပေမဲ့ ဒီ အတိတ်အကြောင်းတရားတွေကို လှမ်းကြည့်ရင်လည်း သူတို့မှာလည်း အကြောင်း မရှိဘူးလား? ရှိနေတယ်။ အဲဒီ အကြောင်းတရားကို မြင်ရမလား မမြင်ရဘူးလား? မြင်ရမယ်။ ဝေဒနာရှုတော့မဲ့ ပုဂ္ဂိုလ်အတွက် ဒါ အရေးမကြီးဘူးလား? ကြီးနေတယ်။

ကဲ ဒီစကားလေးကို ကောက်ချက်ချပြီး ပြန်ပြောလိုက်ဦးမယ်နော်။ ဦးပဉ္စင်းတို့ ပဋိသန္ဓေဝေဒနာလေးတစ်ခု ရှုတော့မယ်ဆိုရင် ပဋိသန္ဓေစိတ်နဲ့ ယှဉ်တွဲနေတဲ့ဝေဒနာ သို့မဟုတ် ဒကာကြီးတွေဘက်က နည်းနည်းလေး နားလည်လွယ်တဲ့ ဝေဒနာတစ်ခု ပြောရင်တော့ စက္ခုအကြည်ဓာတ်နဲ့ ဖမ်းကြည့် စက္ခုအကြည်ဓာတ်ကို မှီတွယ်ဖြစ်ပေါ်သွားတဲ့အထဲမှာ နာမ်တရား ဘယ်နှစ်လုံးပါလဲလို့ မေးရင် ရှစ်လုံးလောက်ရှိတယ်။ ဖဿ, ဝေဒနာ, သညာ, စေတနာ, ဧကဂ္ဂတာ, ဇီဝိတ, မနသိကာရ, စက္ခုဝိဉာဏ် ဆိုပြီး ပေါင်း ရှစ်လုံးလောက် ရှိပါတယ်နော်။ အဲဒီ ရှစ်လုံးထဲမှာ ဝေဒနာလေး တစ်ခုပါတယ်။

ဒီ ဝေဒနာကို ရှုတော့မဲ့ ယောဂီသည် နံပါတ်တစ် ဘာသိရမလဲ? စက္ခုအကြည်ဓာတ် သိထားပြီး ဖြစ်နေရမယ်နော်။ အဲဒီ စက္ခုအကြည်ဓာတ် သိထားပြီးရုံတင် ပြီးရောလားဆိုတော့ မဟုတ်သေးဘူး။ ဒီ ဝေဒနာသည် ဘယ်လို အကြောင်းတရားကြောင့် ဖြစ်တယ်ဆိုတဲ့ အတိတ်က အကြောင်းတရားလည်း လှမ်းသိရမယ်နော်။ အဲဒီ အတိတ်အကြောင်းတရား သိရုံနဲ့ ပြီးရောလားဆိုတော့ မဟုတ်သေးဘူးတဲ့။ အဲဒီ အတိတ်အကြောင်းတွေလည်း ဘယ်လိုအကြောင်းတရားကြောင့် ဖြစ်နေတယ်ဆိုတဲ့ အကြောင်းကို တစ်ဆင့် ထပ်ပြီး သိရမယ်။ ဘယ့်နှယ်တုန်း သဘောပေါက်ပြီလား။

ဒါဖြင့်ရင် အကြောင်းက ဘယ်နှစ်ဆင့်လောက် သွားသလဲ? နှစ်ဆင့်။ နံပါတ်(၁) အကြည်ဓာတ်ကို သိထားရမယ်။ နံပါတ်(၂) အကြောင်းတရားကို သိရမယ်။ နံပါတ်(၂) အကြောင်းတရားရဲ့ အကြောင်းကိုလည်း ထပ်ပြီး သိရမယ်။ ဟုတ်တယ် မဟုတ်လား? အဲဒီလို သိနေတဲ့ အခါကျတော့ ဘာဖြစ်မလဲ? အကြောင်းတရားတွေ ကိုယ်တိုင်က အနိစ္စ, ဒုက္ခ, အနတ္တ ဖြစ်နေတဲ့အတွက် အကျိုးဖြစ်တဲ့ ဒီဝေဒနာဟာလည်း အနိစ္စ, ဒုက္ခ, အနတ္တ ဖြစ်နေတယ်။ ဒီလို သိအောင် မြင်အောင် ရှုရမယ်နော်။ အဲဒီလို ရှုရမှာဖြစ်နေတော့ ဝေဒနာတစ်လုံးထဲ ရှုရမလားလို့ မေးရင် ခုနက ပြောပြီးပြီ။ ဝေဒနာတစ်လုံးထဲ မဟုတ်ဘူး။ ဝေဒနာကို ရှေ့တန်းတင်ပြီး ရှုရမယ်။ ဝေဒနာနဲ့ အပေါင်းပါ စိတ် စေတသိက် အကုန်လုံးပါတယ်နော်။ ကဲ အတွင်းအာယတနနဲ့ ပတ်သက်လို့ ဝေဒနာကို ရှုနည်း ဒီလောက်ပဲ နာပြီးတော့ နည်းနည်း အပြင်အာယတနနဲ့ ပတ်သက်တဲ့ ရှုနည်းလေး နည်းနည်းတစ်ဆင့် ဆက်ကြရအောင်နော်။ စုံတဲ့အခါကျတော့မှ ထပ်ပြီး ပေါင်းပြီး ဦးပဉ္စင်း ပြောမယ်။

‘‘သေယျထာပိ၊ ဘဂိနိယော၊ မဟတော ရုက္ခဿ တိဋ္ဌတော သာရဝတော မူလမ္ပိ အနိစ္စံ ဝိပရိဏာမဓမ္မံ၊ ခန္ဓောပိ အနိစ္စော ဝိပရိဏာမဓမ္မော၊ သာခါပလာသမ္ပိ အနိစ္စံ ဝိပရိဏာမဓမ္မံ၊ ဆာယာပိ အနိစ္စာ ဝိပရိဏာမဓမ္မာ။’’

နှမတို့ သင်နှမတို့အား ဥပမာလေးတစ်ခု ပြောမယ်။ သစ်ပင်ကြီး တစ်ခုရှိတယ်။ အနှစ်သာရတွေနဲ့ သိပ်ပြည့်စုံနေတဲ့ သစ်ပင်ကြီးတစ်ခု ရှိတယ်။ အဲဒီ သစ်ပင်ကြီးရဲ့ အမြစ်ဟာလည်း အနိစ္စတရား, ဖောက်ပြန် ပျက်စီးတတ်တဲ့ ဝိပရိဏာမတရား ဖြစ်တယ်။ ပင်စည်လုံးပတ်ကြီးဟာလည်း အနိစ္စတရား, ဖောက်ပြန်ပျက်စီးတတ်တဲ့ ဝိပရိဏာမတရား ဖြစ်တယ်။ သစ်ခက်သစ်ရွက်တွေဟာလည်း အနိစ္စတရား, ဖောက်ပြန်ပျက်စီးတတ်တဲ့ ဝိပရိဏာမတရား ဖြစ်တယ်။ ထို သစ်ပင်ကို အစွဲပြု ဖြစ်ပေါ်လာတဲ့ အရိပ်ဟာလည်း အနိစ္စတရား, ဖောက်ပြန်ပျက်စီးတတ်တဲ့ ဝိပရိဏာမတရားတစ်ခု ဖြစ်တယ်။ ဒါက စကားခင်းလိုက်တာနော်။ စကားခင်းပြီးတော့ ရှေ့ဘာဆက်လဲ?

‘‘ယော နု ခေါ၊ ဘဂိနိယော၊ ဧဝံ ဝဒေယျ -- “အမုဿ မဟတော ရုက္ခဿ တိဋ္ဌတော သာရဝတော မူလမ္ပိ အနိစ္စံ ဝိပရိဏာမဓမ္မံ၊ ခန္ဓောပိ အနိစ္စော ဝိပရိဏာမဓမ္မော၊ သာခါပလာသမ္ပိ အနိစ္စံ ဝိပရိဏာမဓမ္မံ၊ ယာ စ ခွါဿ ဆာယာ သာ နိစ္စာ ဓုဝါ သဿတာ အဝိပရိဏာမဓမ္မာ” တိ၊ သမ္မာ နု ခေါ သော၊ ဘဂိနိယော၊ ဝဒမာနော ဝဒေယျာ” တိ?’’

နှမတို့ ပုဂ္ဂိုလ်တစ်စုံတစ်ယောက်က ဒီလို လာပြီး ပြောမယ်။ ဘယ်လိုပြောမလဲ? အနှစ်သာရနဲ့ ပြည့်စုံနေတဲ့ တည်နေတဲ့ ဒီသစ်ပင်ကြီးမှာ အမြစ်ကလည်း အနိစ္စတရား, ဖောက်ပြန်ပျက်စီးတတ်တဲ့ ဝိပရိဏာမတရား ဖြစ်တယ်။ ပင်စည်လုံးပတ်ကြီးကလည်း အနိစ္စတရား, ဖောက်ပြန် ပျက်စီးတတ်တဲ့ ဝိပရိဏာမတရား ဖြစ်တယ်။ သစ်ခက်သစ်ရွက်တွေကလည်း အနိစ္စတရား, ဖောက်ပြန်ပျက်စီးတတ်တဲ့ ဝိပရိဏာမတရား ဖြစ်တယ်။ ဒါပေမဲ့လို့ ဒီ သစ်ပင်ကြီးရဲ့ အရိပ်ကတော့ နိစ္စ မြဲတဲ့တရား၊ ဓုဝ ခိုင်ခန့်တဲ့တရား၊ သဿတ တည်တန့်တဲ့တရား၊ အဝိပရိဏာမဓမ္မ မဖောက်မပြန် မပျက်စီးတတ်တဲ့တရား တစ်ခုဖြစ်တယ်လို့ လာပြီး ပြောမယ်ဆိုကြစို့။ ထိုပုဂ္ဂိုလ်ရဲ့ ထိုပြောကြားချက်သည် ကောင်းမွန် မှန်ကန်စွာ ပြောဆိုသည် မည်ပါသလားလို့ မေးတယ်။ အဲဒီလို မေးလိုက်တဲ့ချိန်ခါမှာလည်း ဘိက္ခုနီမတွေက -

နော ဟေတံ ဘန္တေ လို့ စသည်ဖြင့် လျှောက်ထားတယ်။ ဘာကြောင့်လဲ? ကောင်းမွန် မှန်ကန်စွာ ပြောဆိုသည် မမည်ပါဘူး။ အကြောင်းပြောရရင် အရှင်ဘုရား ...အနှစ်သာရနဲ့ ပြည့်စုံနေတဲ့ တည်နေတဲ့ ဒီ သစ်ပင်ကြီးရဲ့ အမြစ်ဟာလည်း အနိစ္စတရား, ဖောက်ပြန် ပျက်စီးတတ်တဲ့ ဝိပရိဏာမတရား ဖြစ်တယ်။ ပင်စည်လုံးပတ်ကြီးကလည်း အနိစ္စတရား, ဖောက်ပြန်ပျက်စီးတတ်တဲ့ ဝိပရိဏာမတရား ဖြစ်နေပါတယ်။ သစ်ခက်သစ်ရွက်တွေကလည်း အနိစ္စတရား, ဖောက်ပြန် ပျက်စီးတတ်တဲ့ ဝိပရိဏာမတရား ဖြစ်တယ်။ ဒီသစ်ပင်ကို အစွဲပြုပြီး ဖြစ်ပေါ်လာတဲ့ ဒီအရိပ်က ဘယ်ပြောဘွယ်ရာ ရှိတော့မလဲ? အနိစ္စတရား စင်စစ်ဧကန် ဖောက်ပြန်ပျက်စီးတတ်တဲ့ ဝိပရိဏာမတရား စင်စစ်ဧကန် ဖြစ်နေပါတယ် အရှင်ဘုရားဆိုပြီး လျှောက်ထားကြတယ်။ အဲဒီလို လျှောက်ထားပြီးတဲ့ အချိန်ခါကျတော့မှ ရှင်နန္ဒကက တရားဟောတယ်။

‘‘ဧဝမေဝ ခေါ၊ ဘဂိနိယော၊ ယော နု ခေါ ဧဝံ ဝဒေယျ -- “ဆ ခေါမေ ဗာဟိရာ အာယတနာ အနိစ္စာ ဝိပရိဏာမဓမ္မာ ယဉ္စ ခေါ ဆ ဗာဟိရေ အာယတနေ ပဋိစ္စ ပဋိသံဝေဒေတိ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တံ နိစ္စံ ဓုဝံ သဿတံ အဝိပရိဏာမဓမ္မ” န္တိ၊ သမ္မာ နု ခေါ သော၊ ဘဂိနိယော၊ ဝဒမာနော ဝဒေယျာ” တိ?’’

နှမတို့ ...အဲဒီ ဥပမာအတိုင်းပဲ အဆင်း, အသံ, အနံ့, အရသာ, အတွေ့အထိ, ဓမ္မသဘောခေါ်တဲ့ အပြင်အာယတန ခြောက်ပါးရှိတယ်။ ဒီ အပြင်အာယတန ခြောက်ပါးကို အစွဲပြုပြီးတော့ ခံစားမှု သုခဝေဒနာ, ဒုက္ခဝေဒနာ, ဥပေက္ခာဝေဒနာဆိုတဲ့ ခံစားမှု သုံးမျိုး ပေါ်လာတယ်။ အပြင်အာယတန ခြောက်ပါးကတော့ အနိစ္စတရား, ဖောက်ပြန်ပျက်စီးတတ်တဲ့ ဝိပရိဏာမတရားတွေ မှန်တယ်။ ဒါပေတဲ့ ဒီ အပြင်အာယတန ခြောက်ပါးကို အစွဲပြုပြီး ဖြစ်ပေါ်လာတဲ့ ခံစားချက် သုခဝေဒနာ, ဒုက္ခဝေဒနာ, ဥပေက္ခာဝေဒနာတွေက နိစ္စ မြဲတဲ့တရား၊ ဓုဝ ခိုင်ခန့်တဲ့တရား၊ သဿတ တည်တန့်တဲ့တရား၊ အဝိပရိဏာမဓမ္မ မဖောက်မပြန် မပျက်စီးတတ်တဲ့တရား ဖြစ်တယ်လို့ လာပြီး ပြောမယ်ဆိုကြစို့။ အဲဒီလိုပြောရင် ထိုပုဂ္ဂိုလ်ရဲ့ ပြောကြားချက်သည် ကောင်းမွန် မှန်ကန်စွာ ပြောဆိုရာ မည်ပါသလားလို့ ဒီ မေးခွန်းတစ်ခု ထပ်မေးတယ်။ အဲဒီလို မေးလိုက်တဲ့ချိန်ခါမှာလည်း ဘိက္ခုနီမတွေက ဘယ်လို ပြန်လျှောက်ထားလဲ? နော ဟေတံ ဘန္တေ ကောင်းမွန် မှန်ကန်စွာ ပြောဆိုသည် မမည်ပါဘူး အရှင်ဘုရားဆိုပြီး လျှောက်ထားကြတယ်။ ဘာကြောင့်လဲ?…

‘‘တဇ္ဇံ တဇ္ဇံ၊ ဘန္တေ၊ ပစ္စယံ ပဋိစ္စ တဇ္ဇာ တဇ္ဇာ ဝေဒနာ ဥပ္ပဇ္ဇန္တိ။ တဇ္ဇဿ တဇ္ဇဿ ပစ္စယဿ နိရောဓာ တဇ္ဇာ တဇ္ဇာ ဝေဒနာ နိရုဇ္ဈန္တီ’’ တိ။

ဘန္တေ၊ အရှင်ဘုရား။ တဇ္ဇံ တဇ္ဇံ၊ ထိုထိုသဘောတရားကြောင့် ဖြစ်ပေါ်၍လာရသော။ ပစ္စယံ၊ အကြောင်းတရားကို။ ပဋိစ္စ၊ အစွဲပြု၍။ တဇ္ဇာ တဇ္ဇာ ဝေဒနာ၊ ထိုထိုသဘောတရားကြောင့် ဖြစ်ပေါ်၍ လာရသော ခံစားမှုဝေဒနာတို့သည်။ ဥပ္ပဇ္ဇန္တိ၊ ဖြစ်ပေါ်၍ လာကြရကုန်၏၊ တဇ္ဇဿ တဇ္ဇဿ ပစ္စယဿ၊ ထိုထိုသဘောတရားကြောင့် ဖြစ်ပေါ်၍ လာရသော အကြောင်းတရားသည်။ နိရောဓာ၊ ချုပ်ပြတ်၍ သွားခြင်းကြောင့်။ တဇ္ဇာ တဇ္ဇာ ဝေဒနာ၊ ထိုထိုသဘောတရားကြောင့် ဖြစ်ပေါ်၍ လာကြရကုန်သော ခံစားမှုဝေဒနာတို့သည်။ နိရုဇ္ဈန္တိ၊ ချုပ်ပြတ်၍ သွားကြရကုန်၏၊ ဣတိ တသ္မာ၊ ထို့ကြောင့်။ တံ၊ ထိုကဲ့သို့ ပြောဆိုခြင်းသည်။ နော ဟိ၊ မသင့်ပါဘုရား။ ဣတိ၊ ဤသို့ လျှောက်ထားကြလေကုန်ပြီ။

ကဲ သူတို့ရဲ့ လျှောက်ထားချက် ခုနကလည်း ပြောပြီးပြီနော်။ ထိုထိုသဘောတရားကြောင့် ဖြစ်ပေါ်လာရတဲ့ အကြောင်းတရားတွေ ရှိတယ်။ ဒီ အကြောင်းတရားတွေကို အစွဲပြုပြီးတော့ ဒီ ခံစားမှု ဝေဒနာလေးက ပေါ်လာတယ်။ ဒီ ခံစားမှုဝေဒနာလေး အကြောင်းတရားတွေဟာ အနိစ္စ, ဒုက္ခ, အနတ္တ ဖြစ်နေတဲ့အတွက် အကြောင်းတရားတွေ ချုပ်သွားရင် အကျိုးတရားပါ ချုပ်သွားတဲ့အတွက် အကျိုးဖြစ်တဲ့ ဒီ ဝေဒနာတွေဟာ နိစ္စပဲ, ဓုဝပဲ, သဿတပဲ မဖောက်မပြန် မပျက်စီးတတ်တဲ့ အဝိပရိဏာမဓမ္မတွေပဲလို့ လာပြီးပြောမယ်ဆိုရင် ထို ပြောကြားချက်သည် မသင့်ပါဘူး အရှင်ဘုရားဆိုပြီး ပြန်လျှောက်ထားကြတယ်နော်။ နှစ်ချက် စုံသွားပြီ။

အတွင်းအာယတန ခြောက်ပါး, အပြင်အာယတန ခြောက်ပါး။ ဒီတော့ ဝေဒနာကို ရှုတော့မဲ့ ထို ယောဂီပုဂ္ဂိုလ်သည် အတွင်းအာယတန ခြောက်ပါးနဲ့ အပြင်အာယတန ခြောက်ပါးကို ကြိုတင်ပြီး မသိရဘူးလား? အတွင်းအာယတန ခြောက်ပါးဆိုတာ ဘယ်လိုလဲ? မသိသေးဘူး အပြင်အာယတန ခြောက်ပါးဆိုတာလဲ မသိသေးဘူး။ အဲဒီ ပုဂ္ဂိုလ် ဝေဒနာ သွားရှုမယ်ဆိုလို့ရှိရင် ပုံစံမှန်သိပါ့မလား? မသိနိုင်ဘူးနော်။ ဘာဖြစ်လို့လဲ? အတွင်းအာယတနနဲ့ အပြင်အာယတန ရိုက်ခတ်လိုက်တဲ့ အချိန်ခါကျတော့မှ ဒီ ဝေဒနာက ပေါ်လာတာနော်။ အတွင်းအာယတနနဲ့ အပြင်အာယတန ရိုက်ခတ်လိုက်တဲ့ အကြောင်းတရားကိုမှ ကိုယ်က မသိသေးဘဲနဲ့ ဝေဒနာကို သွားရှုမယ်ဆိုရင် ပုံစံမှန် သိမလား? မသိနိုင်တဲ့အတွက်ကြောင့် စျာန်လမ်းကိုတော့ မဆိုလိုဘူးနော်။

သုက္ကဝိပဿနာယာနိက လမ်းလို့ခေါ်ဆိုအပ်တဲ့ သမထကို အခြေမခံဘဲ ဝိပဿနာကို တိုက်ရိုက်သွားချင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်အဖို့ အထူးသဖြင့် ဓာတ်ကမ္မဋ္ဌာန်းလမ်းစဉ်က သွားချင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်အဖို့ ရုပ်ကမ္မဋ္ဌာန်းကို မပိုင်သေးရင်တော့ နာမ်ကမ္မဋ္ဌာန်းပြောင်း မရှုပါနဲ့ ဆိုပြီး ဝိသုဒ္ဓိမဂ် အဋ္ဌကထာ ဒုတိယတွဲ စာပိုဒ်ရေ (၆၇၁)က အတိအကျ ပြောထားတယ်နော်။ နာမ်ကမ္မဋ္ဌာန်း ပြောင်းရှုခဲ့မယ်ဆိုရင်တော့ ဝိပဿနာတွေ ဆုတ်ယုတ်သွားမယ်လို့ဆိုပြီး အတိအကျ ပြောထားတယ်။ ဘာဖြစ်လို့လဲ?

ဒီမှာ ဝေဒနာရှုကွက်က ဝေဒနာတစ်လုံးထဲ မရှုရဘူး။ ဝေဒနာနဲ့ အပေါင်းပါ စိတ် စေတသိက်တွေ အကုန်လုံး ရှုရမယ်။ အဲဒီ အကြည်ဓာတ် ခြောက်ပါးကို မမြင်သေးတဲ့ ပုဂ္ဂိုလ်တစ်ယောက်အဖို့ အကြည်ဓာတ်တွေ အစွဲပြုပြီး ဒီ ဝေဒနာနဲ့ ယှဉ်တွဲပြီး ဖြစ်ပေါ်သွားတဲ့ စိတ် စေတသိက်တွေ အကုန်လုံးလိုက်ရှု ရှုလို့ မတတ်ဘူး။ ဘာဖြစ်လို့လဲ? အကြည်ဓာတ်မှန်ကိုမှ မမြင်သေးတာကိုနော်။ မှန်က ကြည်လင်နေမှ ဒီမှန်ထဲကို စိုက်ကြည့်ရင် အရိပ်ဆိုတာ ပေါ်လာမှာနော်။ နာမ်တရားတွေက ဒီအကြည်ဓာတ်မှန်တွေကို အစွဲပြုပြီး ပေါ်လာတဲ့ အရိပ်တွေနဲ့ တူတယ်နော်။ ဒါကြောင့် ဒီ အကြည်ဓာတ်ကိုမှ မသိသေးရင် ဒီ ဝေဒနာကိုလည်း မသိဘူး။ ဝေဒနာနဲ့ ယှဉ်တွဲ ဖြစ်ပေါ်သွားတဲ့ စိတ် စေတသိက်လည်း မသိနိုင်ဘူး တစ်ချက်။ နောက်တစ်ခု ဝေဒနာ ရှုတော့မဲ့ ပုဂ္ဂိုလ်သည် ထိုထိုအကြောင်းတရားကြောင့် ဖြစ်ပေါ်လာရတဲ့ အကြောင်းတရားကို အစွဲပြုပြီး ထိုထိုဝေဒနာတွေ ဖြစ်ပေါ်လာတယ်။ ထိုထိုအကြောင်းတရားတွေ ချုပ်သွားရင် ထိုထိုဝေဒနာတွေလည်း ချုပ်သွားတယ်ဆိုတာ သိအောင် ရှုရတယ်နော်။ ဒီ ရှုကွက်ကလေးနဲ့ ပတ်သက်ပြီး ဦးပဉ္စင်း နည်းနည်းလေး ထပ်ပြီးပြောမယ်။ ပဋိသမ္ဘိဒါမဂ် ပါဠိတော် စာမျက်နှာ (၅၀…၅၁) စသည်မှာ ဖေါ်ပြထားတယ်။

‘‘အဝိဇ္ဇာသမုဒယာ ဝေဒနာသမုဒယော အဝိဇ္ဇာနိရောဓာ ဝေဒနာနိရောဓေါ၊ တဏှာသမုဒယာ ဝေဒနာသမုဒယော တဏှာနိရောဓာ ဝေဒနာနိရောဓေါ၊ ကမ္မသမုဒယာ ဝေဒနာသမုဒယော ကမ္မနိရောဓာ ဝေဒနာနိရောဓေါ၊ ဖဿသမုဒယာ ဝေဒနာသမုဒယော ဖဿနိရောဓာ ဝေဒနာနိရောဓေါ။’’

အဝိဇ္ဇာဖြစ်ခြင်းကြောင့် ဝေဒနာ ဖြစ်၏၊ အဝိဇ္ဇာချုပ်ခြင်းကြောင့် ဝေဒနာချုပ်၏၊ အဝိဇ္ဇာကလည်းဖြစ်ပျက် ဝေဒနာကလည်းဖြစ်ပျက်။ တဏှာဖြစ်ခြင်းကြောင့် ဝေဒနာဖြစ်၏၊ တဏှာချုပ်ခြင်းကြောင့် ဝေဒနာချုပ်၏၊ တဏှာလည်းဖြစ်ပျက် ဝေဒနာလည်းဖြစ်ပျက်။ သင်္ခါရဖြစ်ခြင်းကြောင့် ဝေဒနာဖြစ်၏၊ သင်္ခါရချုပ်ခြင်းကြောင့် ဝေဒနာချုပ်၏၊ သင်္ခါရလည်းဖြစ်ပျက် ဝေဒနာလည်းဖြစ်ပျက်။ ကံဖြစ်ခြင်းကြောင့် ဝေဒနာဖြစ်၏၊ ကံချုပ်ခြင်းကြောင့် ဝေဒနာချုပ်၏၊ ကံလည်းဖြစ်ပျက် ဝေဒနာလည်းဖြစ်ပျက် စသည်ဖြင့် ဒီလို ရှုရမယ်။ ဒါက အတိတ်အပိုင်း ပစ္စုပ္ပန်အပိုင်းကျတော့ မြတ်စွာဘုရားက ဖဿဆိုပြီး ဟောထားတယ်။ ဖဿလို့ ဟောလိုက်လို့ရှိရင် နာမ်တရားတွေမှာ ပစ္စုပ္ပန်အကြောင်းတရားက ဖဿက အဓိက ဖြစ်လို့ မြတ်စွာဘုရားက ဖဿဖြစ်ခြင်းကြောင့် ဝေဒနာ ဖြစ်၏၊ ဖဿချုပ်ခြင်းကြောင့် ဝေဒနာချုပ်၏၊ ဖဿလည်းဖြစ်ပျက် ဝေဒနာလည်းဖြစ်ပျက် ဒီလို ရှုဖို့ ဟောတယ်။ အဓိက ပစ္စုပ္ပန်အကြောင်းဖြစ်တဲ့ ဖဿကိုဟောလိုက်ရင် ပစ္စုပ္ပန်အကြောင်းခြင်းတူနေတဲ့ ဝတ္ထု, အာရုံလည်း ပါသွားတယ်။

ဝတ္ထုကို ခုနက အကြည်ဓာတ် ခြောက်ပါးလို့ ခေါ်ပါတယ်။ အတွင်းအာယတန ခြောက်ပါးလို့ ခေါ်တယ်။ အာရုံက အပြင်အာယတန ခြောက်ပါးနော်။ ဒီတော့ အတိတ်အကြောင်းက အဝိဇ္ဇာ, သင်္ခါရ, တဏှာ, ဥပါဒါန်, ကံ၊ ပစ္စုပ္ပန်အကြောင်းက အတွင်းအာယတန ခြောက်ပါးလို့ ခေါ်တဲ့ ဝတ္ထု၊ အပြင်အာယတန ခြောက်ပါးလို့ခေါ်တဲ့ အာရုံ၊ နောက်တစ်ခု ဖဿ။ ဝတ္ထု, အာရုံ, ဖဿ အဲဒီ ဝတ္ထုဖြစ်ခြင်းကြောင့် ဝေဒနာ ဖြစ်၏၊ ဝတ္ထုချုပ်ခြင်းကြောင့် ဝေဒနာချုပ်၏၊ ဝတ္ထုလည်းဖြစ်ပျက် ဝေဒနာလည်း ဖြစ်ပျက်။ အာရုံဖြစ်ခြင်းကြောင့် ဝေဒနာဖြစ်၏၊ အာရုံချုပ်ခြင်းကြောင့် ဝေဒနာချုပ်၏၊ အာရုံလည်းဖြစ်ပျက် ဝေဒနာလည်းဖြစ်ပျက်။ ဖဿဖြစ်ခြင်းကြောင့် ဝေဒနာဖြစ်၏၊ ဖဿချုပ်ခြင်းကြောင့် ဝေဒနာချုပ်၏၊ ဖဿလည်းဖြစ်ပျက် ဝေဒနာလည်းဖြစ်ပျက်လို့ ဒီလို ရှုရပါတယ်။ အဲဒီလိုရှုမှ ထိုထိုအကြောင်းတရားကို အစွဲပြုပြီးဖြစ်ပေါ်လာတဲ့ အကြောင်းတရားတွေ ဖြစ်ခြင်းကြောင့် ဝေဒနာတွေ ပေါ်လာတယ်။ အကြောင်းတရားတွေ ချုပ်သွားရင် ဝေဒနာလည်း ချုပ်သွားတယ်လို့ ပုံစံမှန် သိမှာ ဖြစ်ပါတယ်။ အဲဒီလို သိတဲ့အတွက် အဲဒီလို သိမှလည်း ဝေဒနာနုပဿနာကို စနစ်တကျ ရှုတတ်သည် မည်တယ်နော်။

ဒီတော့ ဝေဒနာနုပဿနာရဲ့ လိုရင်းအချက်ကလေးကို ထပ်ပြီး ပြောမယ်။ ဝေဒနာရှုတော့မဲ့ ပုဂ္ဂိုလ်သည် အတွင်းအာယတန ခြောက်ပါး, အပြင်အာယတန ခြောက်ပါးကို နံပါတ် (၁) သိထားရမယ်နော်။ နံပါတ် (၂) ဝေဒနာကို ဖြစ်ပေါ်စေတတ်တဲ့ အတိတ်အကြောင်း, ပစ္စုပ္ပန်အကြောင်းတွေကို သိရမယ်။ ပစ္စုပ္ပန်အကြောင်းထဲမှာ ဘာပါလဲ? ခုနက အတွင်းအာယတန ခြောက်ပါးလို့ ခေါ်တဲ့ ဝတ္ထု၊ အပြင်အာယတန ခြောက်ပါးလို့ ခေါ်တဲ့ အာရုံ၊ ယှဉ်ဘက် စိတ် စေတသိက်လို့ ခေါ်ဆိုအပ်တဲ့ ဖဿ၊ သုံးခုလုံး ပါတယ်နော်။ ဝတ္ထု, အာရုံ, ဖဿ ပြီးတော့မှ အတိတ်အကြောင်းတရားတွေလည်း ဖြစ်ပျက် အကျိုးဖြစ်တဲ့ ဝေဒနာလည်းဖြစ်ပျက်၊ ပစ္စုပ္ပန်အကြောင်းတရားတွေလည်းဖြစ်ပျက် အကျိုးဖြစ်တဲ့ ဝေဒနာလည်း ဖြစ်ပျက်လို့ ဒီလိုရှုရမယ်။ အဲဒီလို ရှုတဲ့ချိန်ခါမှာ ဝေဒနာကို ရှေ့တန်းတင်ပြီးသာ ရှုရတယ်နော်။ ဝေဒနာနဲ့ အပေါင်းပါ စိတ် စေတသိက်အကုန်လုံး ရှုရမယ်။ ဒီ စိတ် စေတသိက် အကုန်လုံးရှုနိုင်ရေးအတွက် ကြိုတင်ပြီးတော့ အတွင်းအာယတန ခြောက်ပါးလို့ ခေါ်တဲ့ အကြည်ဓာတ် ခြောက်ပါး, အပြင်အာယတန ခြောက်ပါးလို့ ခေါ်တဲ့ အာရုံ ခြောက်ပါး ကိုကြိုတင်သိထားပြီး ဖြစ်ရမယ်လို့ ဆိုလိုပါတယ်နော်။ ကဲ ဒီလောက်နဲ့ မပြီးသေးဘူး။ ရှင်နန္ဒကက ဥပမာတစ်ခုနဲ့ ဆက်ပြီးဟောသေးတယ်။

‘‘သေယျထာပိ၊ ဘဂိနိယော၊ ဒက္ခော ဂေါဃာတကော ဝါ ဂေါဃာတကန္တေဝါသီ ဝါ ဂါဝိံ ဝဓိတွာ တိဏှေန ဂေါဝိကန္တနေန ဂါဝိံ သင်္ကန္တေယျ အနုပဟစ္စ အန္တရံ မံသကာယံ အနုပဟစ္စ ဗာဟိရံ စမ္မကာယံ။ ယံ ယဒေဝ တတ္ထ အန္တရာ ဝိလိမံသံ အန္တရာ နှာရု အန္တရာ ဗန္ဓနံ တံ တဒေဝ တိဏှေန ဂေါဝိကန္တနေန သဉ္ဆိန္ဒေယျ သင်္ကန္တေယျ သမ္ပကန္တေယျ သမ္ပရိကန္တေယျ။ သဉ္ဆိန္ဒိတွာ သင်္ကန္တိတွာ သမ္ပကန္တိတွာ သမ္ပရိကန္တိတွာ ဝိဓုနိတွာ ဗာဟိရံ စမ္မကာယံ တေနေဝ စမ္မေန တံ ဂါဝိံ ပဋိစ္ဆာဒေတွာ ဧဝံ ဝဒေယျ -- “တထေဝါယံ ဂါဝီ သံယုတ္တာ ဣမိနာဝ စမ္မေနာ” တိ၊ သမ္မာ နု ခေါ သော ဘဂိနိယော၊ ဝဒမာနော ဝဒေယျာ” တိ?’’

ဥပမာလေးတစ်ခုနဲ့ ရှင်နန္ဒကက ဆက်ပြီးမေးတယ်နော်။ ဖြစ်သင့် ဖြစ်ရာ နှိုင်းခိုင်းဘွယ်ရာ လောကဥပမာတစ်ခုကို သင်နှမတို့အား ငါမေးမယ်။ ကျွမ်းကျင်လိမ္မာတဲ့ နွားသတ်ယောက်ျားတစ်ဦး သို့မဟုတ် ထို နွားသတ်ယောက်ျားရဲ့ တပည့်တစ်ဦးသည် ဘာဖြစ်သလဲ? နွားတစ်ကောင်ကို သတ်၊ သတ်ပြီးတဲ့ အချိန်အခါမှာ ထက်လှစွာသော နွားသတ် သားလှီးဓားငယ်ဖြင့် ထိုနွားမကို ဖျက်တယ်။ ဖျက်တဲ့အချိန်အခါမှာ အတွင်းသားအပေါင်းကိုလည်း မထိခိုက် မပျက်စီးစေဘူး။ အပြင်အရေခွံကိုလည်း မထိခိုက် မပျက်စီးစေဘူး။ အရေအသားတို့ရဲ့အကြားမှာ ရှိနေတဲ့ အမြှေး, အကြော, အဖွဲ့ အစပ်အားလုံးကိုလည်း မထိခိုက် မပျက်စီးစေဘဲနဲ့ ဒီ နွားကို ဖျက်တယ်။ အဲဒီလို ဖျက်ပြီးတဲ့ချိန်ခါကျတော့မှ ဒီ အရေခွံကြီးကိုခွာလိုက် ခွါပြီးတဲ့ချိန်ခါကျတော့မှ ဒီ နွားမကို ဒီအရေခွံနဲ့ တစ်ခါပြန်ပြီး အုပ်ထားတယ်။ အုပ်ပြီးတော့ သူက ဘာပြောလဲ? ရှေ့နည်းအတူပဲ ဒီနွားမကို ဒီ အရေခွံနဲ့ ပြန်ပြီး ဖွဲ့စပ်ထားပြီးပါပြီလို့ သူက ပြောတယ်။ အဲဒီလို ပြောမယ်ဆိုလို့ရှိရင် ထိုပုဂ္ဂိုလ်ရဲ့ ပြောဆိုချက်သည် ကောင်းမွန် မှန်ကန်စွာ ပြောဆိုသည် မည်ပါသလားလို့ ဒီမေးခွန်း မေးတယ်။

အဲဒီလို မေးတဲ့အခါမှာလဲ ဘိက္ခုနီမတွေက ကောင်းမွန် မှန်ကန်စွာ ပြောဆိုသည် မမည်ပါဘူး အရှင်ဘုရား ...။ ဘာကြောင့်လဲ? ဒီ ကျွမ်းကျင်လိမ္မာတဲ့ နွားသတ်ယောက်ျား သို့မဟုတ် နွားသတ်ယောက်ျားရဲ့ တပည့်ဟာ နွားမကိုသတ်၊ သတ်ပြီးတဲ့ ချိန်ခါကျတော့မှ ထက်လှစွာသော နွားသတ်သားလှီးဓားငယ်နဲ့ ဒီနွားမကို အတွင်းသားကို မထိခိုက်စေဘဲ အပြင်အရေခွံကို မထိခိုက်စေဘဲ အသားအရေတို့ရဲ့ အကြားမှာရှိနေတဲ့ အမြှေး, အကြော, အဖွဲ့အစပ်တွေကို မထိခိုက်စေဘဲနဲ့ နွားကို ကောင်းစွာ ဖျက်၊ ဖျက်ပြီးတဲ့ ချိန်ခါကျတော့မှ ဒီအရေခွံကို ခွာ၊ ခွာပြီးတဲ့ ချိန်ခါကျတော့မှ ဒီ အရေခွံနဲ့ တစ်ခါ ဒီနွားမကို ဖုံးအုပ်ပြီးတော့ ရှေးနည်းအတိုင်းပဲ ဒီနွားမနဲ့ ဒီအရေခွံကို ယှဉ်စပ်ထားပြီးပါပြီလို့ သူပြောချင်လည်း ပြောပါစေ။ တကယ်တော့ သူပြောတဲ့အတိုင်း နွားအရေနှင့် ဒီနွားမသည် နောက်ထပ်တဖန် ဘယ်နည်းနဲ့မှ ပြန်ပြီးမစပ်တော့ပါဘူး အရှင်ဘုရားလို့ဆိုပြီး ပြန်ဖြေကြတယ်နော်။ အဲဒီလို ဖြေတဲ့ချိန်ခါကျတော့မှ ရှင်နန္ဒကက ဘာဆက်ဟောလဲ?…

‘‘ဥပမာ ခေါ မေ အယံ၊ ဘဂိနိယော၊ ကတာ အတ္ထဿ ဝိညာပနာယ။ အယမေဝေတ္ထ အတ္ထော၊’’

ဒီဥပမာလေး ငါပြောတာ ဆိုလိုရင်းအနက်သဘောလေး နားလည်စေချင်လို့ ငါပြောနေခြင်းဖြစ်တယ်။ ဆိုလိုရင်းအနက်သဘောက ဘာလဲဆိုရင်…

‘‘အန္တရာ မံသကာယော” တိ ခေါ၊ ဘဂိနိယော၊ ဆန္နေတံ အဇ္ဈတ္တိကာနံ အာယတနာနံ အဓိဝစနံ၊’’

နွားမှာ အတွင်းသား အတွင်းသားလို့ ငါ ပြောနေတာဟာ အတွင်းအာယတန ခြောက်ပါးတို့၏ အမည်ဖြစ်ပါတယ်။

‘‘ဗာဟိရော စမ္မကာယော” တိ ခေါ ဘဂိနိယော၊ ဆန္နေတံ ဗာဟိရာနံ အာယတနာနံ အဓိဝစနံ၊’’

နွားရဲ့ အပြင်အရေခွံ။ အပြင်အရေခွံဆိုတာ အပြင်အာယတန ခြောက်ပါးကို ငါဆိုလိုတယ်နော်။

နောက်တစ်ခုက ဘာလဲလို့မေးရင်?………

‘‘အန္တရာ ဝိလိမံသံ, အန္တရာ နှာရု, အန္တရာ ဗန္ဓန” န္တိ ခေါ, ဘဂိနိယော, နန္ဒီရာဂဿေတံ အဓိဝစနံ။’’

အသားအရေတို့ရဲ့အကြားမှာ ရှိနေတဲ့ အမြှေး, အကြော, အဖွဲ့အစပ်ဆိုတာ တွယ်တာမှု နန္ဒီရာဂတရား၊ နှစ်သက်မှု နန္ဒီရာဂတရားကို ငါဆိုလိုတယ်။ အတွင်းအာယတန, အပြင်အာယတန နောက် နှစ်သက်မှု နန္ဒီရာဂတရားနော်။

‘‘တိဏှံ ဂေါဝိကန္တန” န္တိ ခေါ၊ ဘဂိနိယော၊ အရိယာယေတံ ပညာယ အဓိဝစနံ၊ ယာယံ အရိယာ ပညာ အန္တရာ ကိလေသံ အန္တရာ သံယောဇနံ အန္တရာ ဗန္ဓနံ သဉ္ဆိန္ဒတိ သင်္ကန္တတိ သမ္ပကန္တတိ သမ္ပရိကန္တတိ။’’

ထက်လှစွာသော နွားသတ်သားလှီးဓားငယ်ဆိုတာက မွန်မြတ်သော အရိယာမဂ်ပညာကို ငါဆိုလိုတယ်။ ဒီ အရိယာမဂ်ပညာသည် ကိလေသာအပေါင်း သံယောဇဉ်အနှောင်အဖွဲ့ ဒီဥပမာ စကားရပ်ကလေးက ဘာပြောလဲလို့မေးရင်တော့ အတွင်းအာယတန ခြောက်ပါးနဲ့ ပတ်သက်လို့လည်း သူက ဟောခဲ့ပြီးပြီ။ အပြင်အာယတန ခြောက်ပါး အကြောင်းလည်း ဟောခဲ့ပြီးပြီ။ ဟောခဲ့ပြီးတဲ့ အခါကျတော့ ဒီ အတွင်းအာယတန, အပြင်အာယတနတွေအပေါ်မှာ စွဲမက်ပြီး ဖြစ်ပေါ်နေတဲ့ နန္ဒီရာဂတရားကို ဖယ်ရှားနိုင်အောင် အရိယာမဂ်တရား ရအောင် ကြိုးစားပါလို့ ဆိုလိုတယ်။

ဒီတော့ အရိယာမဂ်တရားဖြင့် ဒီ နန္ဒီရာဂကို အကြွင်းမဲ့ ပယ်သတ်နိုင်အောင် ကြိုးစားရမယ်ဆိုရင် အရိယာမဂ်တရား အရိယာမဂ်ပညာဆိုတာဟာ သူ့တစ်လုံးတည်း ဖြစ်လို့ရပါသလားလို့ မေးစရာမရှိဘူးလား။ ဒီပညာဟာ အရိယာမဂ်ပညာဆိုတာ တစ်လုံးတည်း ဖြစ်လို့မရဘူး။ မဂ်ပညာနဲ့ အတူ ဗောဇ္ဈင်ခုနစ်ပါး သူကဗောဇ္ဈင်နည်းနဲ့ ဟောတယ်နော်။ သို့မဟုတ် မဂ္ဂင်ရှစ်ပါး အတူတူပဲ။ ဗောဇ္ဈင်မြတ်တရား ခုနစ်ပါးက ဝိုင်းဝန်းပြီး ကျေးဇူးပြုပေးမှ ဒီအရိယာမဂ်တရား ပေါ်လာမယ်ဆိုတာ သိစေလိုတဲ့အတွက် အရိယာမဂ်တရား ရရှိနိုင်တဲ့ကျင့်စဉ်ကို ညွှန်ကြားလိုတဲ့အတွက် သူက တရားနိဒါန်း ဆက်ပြန်တယ်နော်။

‘‘သတ္တ ခေါ ပနိမေ၊ ဘဂိနိယော၊ ဗောဇ္ဈင်္ဂါ၊ ယေသံ ဘာဝိတတ္တာ ဗဟုလီကတတ္တာ ဘိက္ခု အာသဝါနံ ခယာ အနာသဝံ စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ဒိဋ္ဌေဝ ဓမ္မေ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရတိ။’’

နှမတို့ ယင်း ဗောဇ္ဈင်မြတ်တရား ခုနစ်ပါးကို ပွားများမယ် ဖြစ်စေခဲ့မယ် ဆိုလို့ရှိရင် အာသဝေါတရားတွေ ကုန်သွားမယ်။ အာသဝေါတရားတို့ရဲ့ မရှိရာဖြစ်တဲ့ အရဟတ္တဖိုလ် သမာဓိ အရဟတ္တဖိုလ်ပညာတွေကို ယခု မျက်မှောက်ဘဝမှာပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုပြီး နေနိုင်မယ်။ အဲဒီလို နေနိုင်ကြောင်းဖြစ်တဲ့ ဒီ ဗောဇ္ဈင်တရား ခုနစ်ပါးဆိုတာဟာ ဘာတွေလဲ? ဗောဇ္ဈင်တရား ခုနစ်ပါး ရှိတယ်။ အဲဒီ ဗောဇ္ဈင်တရား ခုနစ်ပါးဟာ ဘာတွေလဲ? သူက ဆက်ပြီးရေတွက်ပြတယ်နော်။

‘‘ဣဓ၊ ဘဂိနိယော၊ ဘိက္ခု သတိသမ္ဗောဇ္ဈင်္ဂံ ဘာဝေတိ ဝိဝေကနိဿိတံ ဝိရာဂနိဿိတံ နိရောဓနိဿိတံ ဝေါဿဂ္ဂပရိဏာမိံ၊’’

ဘဂိနိယော၊ နှမတို့။ ဣဓ၊ သာသနာတော်၌။ ဘိက္ခု၊ ယောဂီ ရဟန်းသည်။ ဝိဝေကနိဿိတံ၊ ဝိဝေကဖြစ်ရာ နိဗ္ဗာန်၌မှီသော။ ဝိရာဂနိဿိတံ၊ ရာဂကင်းရာ နိဗ္ဗာန်၌မှီသော။ နိရောဓနိဿိတံ၊ ရာဂ၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်၌မှီသော။ ဝေါဿဂ္ဂပရိဏာမိံ၊ ကิလေသာတို့ကို စွန့်လွှတ်ရာ နိဗ္ဗာန်သို့ ညွှတ်ကိုင်းလျက်ရှိသော။ သတိသမ္ဗောဇ္ဈင်္ဂံ၊ သတိသမ္ဗောဇ္ဈင်တရားကို။ ဘာဝေတိ၊ ပွားများ၏၊

ဗောဇ္ဈင်တရားတွေ ပွားတဲ့ချိန်ခါမှာ ပွားတဲ့ပုဂ္ဂိုလ်ရဲ့ သန္တန်မှာ ဦးတည်ချက် တစ်ခုခု ရှိရတယ်။ ထို ဦးတည်ချက်ကို သူက ဘာပြောသလဲ။ ဝိဝေကနိဿိတာ ဝိဝေကဖြစ်ရာ နိဗ္ဗာန်ဘက်ကို ညွှတ်နေ ကိုင်းနေ ရှိုင်းနေရမယ်။ စိတ်ဓာတ်နော်။ တရားအားထုတ်နေတဲ့ ပုဂ္ဂိုလ်သည် ကာယဝိဝေက စိတ္တဝိဝေက ဥပဓိဝိဝေကဆိုတဲ့ ဝိဝေကသုံးပါးတို့ ကင်းဆိတ်ရာ ဖြစ်နေတဲ့ နိဗ္ဗာန်ဘက်သို့ ညွတ်နေ ကိုင်းနေ ရှိုင်းနေရမယ်။ ဝိရာဂနိဿိတ ရာဂကင်းရာ ကုန်ရာဖြစ်တဲ့ နိဗ္ဗာန်ဘက်သို့ ညွတ်နေ ကိုင်းနေ ရှိုင်းနေရမယ်။ နိရောဓနိဿိတ ရာဂချုပ်ရာဖြစ်တဲ့ နိဗ္ဗာန်ဘက်သို့ ညွတ်နေ ကိုင်းနေ ရှိုင်းနေရမယ်။ ဝေါဿဂ္ဂပရိဏာမိ ကိလေသာတို့ကို စွန့်လွှတ်ရာ စွန့်လွှတ်ကြောင်း ဖြစ်တဲ့ နိဗ္ဗာန်ဘက်သို့ ညွတ်နေ ကိုင်းနေ ရှိုင်းနေရမယ်။ အဲဒီလို ညွှတ်ကိုင်းရှိုင်းတဲ့ စိတ်ဓာတ်ဖြင့် ဘာလုပ်ရမလဲ? သတိသမ္ဗောဇ္ဈင်ကို ပွားရမယ်။

သတိသမ္ဗောဇ္ဈင်လားဆိုတော့မဟုတ်ဘူး ဆက်ပြီး ဟောထားတယ်။ ဓမ္မဝိစယသမ္ဗောဇ္ဈင် ဝီရိယသမ္ဗောဇ္ဈင် ပီတိသမ္ဗောဇ္ဈင် ပဿဒ္ဓိသမ္ဗောဇ္ဈင် သမာဓိသမ္ဗောဇ္ဈင် ဥပေက္ခာသမ္ဗောဇ္ဈင်ဆိုတဲ့ ဒီ ဗောဇ္ဈင်တရား ခုနစ်ပါး ပွားရမယ်လို့ ဆက်ပြီး ပုံစံတူဟောထားပါတယ်။ ဒီတော့ ဒီနေရာမှာ ဗောဇ္ဈင်တရား ခုနစ်ပါးပွားများရေးနဲ့ ပတ်သက်လို့ ဦးပဉ္စင်း အကျဉ်းချုပ်ပြီး နည်းနည်းလေး ပြောမယ်။ ဦးပဉ္စင်းတို့ သတိသမ္ဗောဇ္ဈင်ဆိုတာက သတိက ဘာတွေကို ပွားရလဲလို့ မေးရင် သတိပဋ္ဌာန်တရား လေးပါး ပွားရပါတယ်နော်။ ကာယာနုပဿနာသတိပဋ္ဌာန်က ရုပ်တရားကို အဦးမူပြီး ပွားတယ်။ ဝေဒနာနုပဿနာသတိပဋ္ဌာန်က ဝေဒနာကို အဦးမူပြီး ပွားတယ်။ စိတ္တာနုပဿနာသတိပဋ္ဌာန်က စိတ်ကို အဦးမူပြီး ပွားတယ်။ ဓမ္မာနုပဿနာသတိပဋ္ဌာန်က ဖဿ, စေတနာ ဦးဆောင်နေတဲ့ စေတသိက်ကလေးတွေကို အဦးမူပြီး ပွားတယ်။

အနုပဿနာ လေးပါး ပေါင်းလိုက်မယ် ဆိုလို့ရှိရင် စိတ် စေတသိက် ရုပ်တရား အားလုံး ကုန်သွားတယ်။ ခန္ဓာငါးပါး အာယတန တစ်ဆယ့်နှစ်ပါး ခု ဒီသုတ္တန်မှာ ဟောနေတဲ့ ဓာတ်တစ်ဆယ့်ရှစ်ပါးအပေါ်မှာ အကုန်ဖြစ်သွားတယ်နော်။ အဲဒီ ဓာတ်တစ်ဆယ့်ရှစ်ပါးအပေါ်မှာ သတိခိုင်မြဲနေတဲ့ သဘောကို သတိသမ္ဗောဇ္ဈင်လို့ခေါ်တယ်။ ဒီ ဓာတ်တစ်ဆယ့်ရှစ်ပါးရဲ့ အကြောင်းတရားတွေ အပေါ်၌ သတိခိုင်မြဲနေတဲ့ သဘောကို သတိသမ္ဗောဇ္ဈင်၊ ထပ်ခါထပ်ခါ သုံးသပ်နေတယ် သို့မဟုတ် သိမ်းဆည်းနေတဲ့သဘော၊ အကြောင်းတရားနှင့်တကွ အကြောင်းတရားတွေလည်း အနိစ္စ, ဒုက္ခ, အနတ္တ အကြောင်းတရားတွေရဲ့ အနိစ္စ, ဒုက္ခ, အနတ္တ သဘောကို သိမ်းဆည်းတယ်။ အကျိုးဖြစ်နေတဲ့ ရုပ်တရား နာမ်တရား သို့မဟုတ် ဓာတ်တစ်ဆယ့်ရှစ်ပါးတို့ရဲ့ အနိစ္စ, ဒုက္ခ, အနတ္တ သဘောကို သိမ်းဆည်းတယ်။ အဲဒီ သိမ်းဆည်းနေတဲ့ သဘောကို ဘာခေါ်လဲ? သတိသမ္ဗောဇ္ဈင်။

ဓမ္မဝိစယသမ္ဗောဇ္ဈင်ဆိုတာက ဒီ ဓာတ်တစ်ဆယ့်ရှစ်ပါးကို ထွင်းဖောက်သိတာက ဓမ္မဝိစယသမ္ဗောဇ္ဈင်နော်။ ဓာတ်တစ်ဆယ့်ရှစ်ပါးတို့ရဲ့ အကြောင်းတရားတွေကို ထွင်းဖောက်သိတာ ဓမ္မဝိစယသမ္ဗောဇ္ဈင် ဓာတ်တစ်ဆယ့်ရှစ်ပါးတို့ရဲ့ အနိစ္စ, ဒုက္ခ, အနတ္တ သဘောတွေကို ထွင်းဖောက်သိနေတာ ဓမ္မဝိစယသမ္ဗောဇ္ဈင်၊ ဗောဇ္ဈင်နှစ်ပါးနော်။ ဝိရိယသမ္ဗောဇ္ဈင်ဆိုတာက သတိသမ္ဗောဇ္ဈင် ဓမ္မဝိစယသမ္ဗောဇ္ဈင်အရ ရှုပွားသုံးသပ်နေတဲ့ ဓာတ်တစ်ဆယ့်ရှစ်ပါးကို သိအောင် ကြိုးစားမှု ဓာတ်တစ်ဆယ့်ရှစ်ပါးနှင့် တကွ အကြောင်းတရားတွေရဲ့ အနိစ္စ, ဒုက္ခ, အနတ္တ သဘောတွေကို သိအောင် ကြိုးစားမှုကို ဘာခေါ်လဲ။ ဝိရိယသမ္ဗောဇ္ဈင်။

အဲဒီလို ကြိုးစားအားထုတ်လိုက်တဲ့အခါ ပီတိတွေ ဖြစ်လာပြီ။ ဝိပဿနာဉာဏ်တွေ ပေါ်လာပြီ ဝိပဿနာဉာဏ်တွေ ပေါ်လာလို့ ပီတိဖြစ်ပေါ်လာရင် ထို ဝိပဿနာဉာဏ်နှင့် တွဲနေတဲ့ ပီတိက ပီတိသမ္ဗောဇ္ဈင် ပီတိဖြစ်ပြီဆိုရင် စိတ် စေတသိက်တွေ ငြိမ်းအေးလာတယ်။ ငြိမ်းအေးလာတဲ့ ပဿဒ္ဓိသဘောလေးက ပဿဒ္ဓိသမ္ဗောဇ္ဈင်။ ထို ရုပ်တရား နာမ်တရား (သို့မဟုတ်) ဓာတ်တစ်ဆယ့်ရှစ်ပါး အကြောင်းတရားနှင့်တကွ ထို ဓာတ်တစ်ဆယ့်ရှစ်ပါးတို့ရဲ့ အနိစ္စ ဒုက္ခ အနတ္တ သဘောတွေအပေါ်၌ တည်ကြည်နေတဲ့ သမာဓိက သမာဓိသမ္ဗောဇ္ဈင်။ ဥပေက္ခာသမ္ဗောဇ္ဈင်ဆိုတာကတော့ ဒီနေရာမှာဆိုလိုတဲ့ ဥပေက္ခာက အဆင့်အတန်းမြင့်သွားတယ်နော်။ အဲဒီ ဗောဇ္ဈင်တရားတွေနဲ့ ပွားလိုက်တဲ့အခါ နောက်ဆုံး ဘယ်ရောက်သွားသလဲဆိုရင် သင်္ခါရုပေက္ခာအဆင့်လောက် ရောက်သွားတယ်နော်။

ရုပ်တရား နာမ်တရား အကြောင်းတရား အကျိုးတရားတွေရဲ့ အပေါ်၌ ကြောင့်ကြပြေ၍ တောင့်တပြေ၍ နေသာထိုင်သာရှိနေတဲ့ ဥပေက္ခာ သဘောဝင်လာတယ်။ အဲဒီ ဥပေက္ခာ သဘောကဘာလဲ ဥပေက္ခာသမ္ဗောဇ္ဈင်၊ ပေါင်းလိုက်တော့ ဘယ်နှစ်ပါးလဲ။ ဗောဇ္ဈင်ခုနစ်ပါးကို ပွားများခဲ့မယ် အားထုတ်ခဲ့မယ် ဆိုလို့ရှိရင် ဘာဖြစ်မလဲ။ ဒီဘဝမှာပဲ အာသဝေါတရားတွေ ကုန်ပြီးတော့ အရဟတ္တဖိုလ် ပညာအရဟတ္တဖိုလ် သမာဓိကို မျက်မှောက်ပြုပြီး နေနိုင်ပါတယ်လို့ ရှင်နန္ဒကက ဒီလို ဟောလိုက်တယ်။

ဟောလိုက်တဲ့ ချိန်ခါကျတော့ ဒီနေရာမှာ ဦးပဉ္စင်းတို့ ဓာတ်ကမ္မဋ္ဌာန်း လမ်းစဉ်အရ အလုပ်စခန်းလေးကို နည်းနည်းလေးထပ်ပြီး ပြောရမယ်ဆိုရင် ဘုန်းကြီးတို့ ဒီ ဓာတ်လေးပါးနဲ့ ပထမသမာဓိ ထူထောင်ရပါတယ်နော်။ ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ် ဒီဓာတ်လေးပါးနဲ့ သမာဓိ ထူထောင်၊ ထူထောင်လိုက်လို့ သမာဓိ ဒီဂရီစံချိန်မှီပြီဆိုလို့ရှိရင် အကြည်ဓာတ်တွေ ပေါ်လာပါတယ်။ အဲဒီ အကြည်ဓာတ်တွေ ပေါ်လာတဲ့အခါမှာ အဲဒီ အကြည်ဓာတ်တွေကို အာကာသမြင်အောင် ထိုးစိုက်လိုက်မယ်ဆိုလို့ရှိရင် ရုပ်ကလာပ်ကလေးတွေ ပေါ်လာပြီ။ ပေါ်လာတဲ့ ဒီ ရုပ်ကလာပ်ကလေးတွေကို ပထဝီ, အာပေါ, တေဇော, ဝါယော, အဆင်း, အနံ့, အရသာ, ဩဇာ စသည်ဖြင့် စနစ်တကျ ဓာတ်ခွဲတတ်မယ်ဆိုလို့ရှိရင် ရုပ်နှစ်ဆယ့်ရှစ်ပါးကုန်တယ်။ အဲဒီ ရုပ်နှစ်ဆယ့်ရှစ်ပါး ကုန်သွားပြီးပြီဆိုလို့ရှိရင် ထိုပုဂ္ဂိုလ်သည် ဘာလုပ်ရသလဲ?

နာမ်ကမ္မဋ္ဌာန်းကို ပြောင်း။ ရုပ်ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်းတွေ ကုန်ပြီ ထွင်းဖောက်သိပြီးပြီဆိုလို့ရှိရင် ထိုပုဂ္ဂိုလ် ဘာလုပ်ရသလဲ? အကြောင်းတရားကို ရှာရတယ်။ အကြောင်းတရားတွေလည်း ရှာပြီးပြီ ရုပ်တရား နာမ်တရားတွေလည်း သိပြီးပြီ ရုပ်နာမ်တို့ရဲ့ အကြောင်းလည်း စနစ်တကျ သိပြီးပြီ ဆိုတဲ့ခါကျတော့မှ အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီး ဝိပဿနာ ရှုရတယ်။ အဲဒီ ဝိပဿနာဉာဏ်တွေက ရင့်ကျက်လာပြီ ဆိုလို့ရှိရင် ခုနက ပြောနေတဲ့ အရဟတ္တဖိုလ်ပညာကို ထွင်းဖောက်သိနိုင်တယ်လို့ ဆိုလိုပါတယ်နော်။

ကဲ ရှင်နန္ဒကကတော့ တရား ဒီမှာပဲ အဆုံးသတ်လိုက်ပြီ ဖြစ်တယ်။ အဆုံးသတ်လိုက်ပြီးတဲ့ချိန်ခါမှာ ဒီ ဘိက္ခုနီမတွေကို ရှင်နန္ဒကက ပြန်လွှတ်လိုက်တယ်။ ဂစ္ဆထ ဘဂိနိယော ကာလော ကဲ ငါ့နှမတို့ အချိန်တန်ပြီ ပြန်ကြပေတော့ဆိုပြီး ပြန်လွှတ်လိုက်တယ်။ ပြန်လွှတ်လိုက်တဲ့ ချိန်ခါမှာ ဒီ ဘိက္ခုနီမတွေက ရှင်နန္ဒကကို ရိုသေစွာ ရှိခိုးကန်တော့ပြီးတော့ ပြန်သွားကြတယ်။ ပြန်သွားပြီးတဲ့ချိန်ခါ မြတ်စွာဘုရားကို ဝင်ရောက်ပြီး သူတို့က ကန်တော့တယ်။ ကန်တော့လိုက်တဲ့ ချိန်ခါမှာလည်း မြတ်စွာဘုရားက ဘာအမိန့်ရှိလဲ?

ကဲ ဘိက္ခုနီတွေ အချိန်တန်ပြီ ပြန်ကြပေတော့လို့ မြတ်စွာဘုရားကလည်း ဘိက္ခုနီမတွေ ပြန်လွှတ်လိုက်တယ်။ ကဲ တရားနာ ပရိသတ်တွေလည်း ပြန်ချင်ကြပြီနဲ့ တူတယ်နော်။ ဘုန်းကြီးကလည်း ပြန်လွှတ်ဖို့ အချိန်ရောက်နေပါပြီ တရားက မဆုံး ဖြစ်နေတယ်။ အဲဒီလို ဘိက္ခုနီမတွေကို မြတ်စွာဘုရားက ပြန်လွှတ်လိုက်တဲ့အချိန် ဘိက္ခုနီမတွေလည်း မြတ်စွာဘုရားအား ရိုသေစွာရှိခိုး လက်ျာရစ်လှည့်ပြီးတော့ ပြန်သွားကြတယ်။ ပြန်သွားပြီးတဲ့ချိန်ခါကျတော့မှ မြတ်စွာဘုရားက ရဟန်းတွေကို ဘာအမိန့်ရှိလဲ?

‘‘သေယျထာပိ၊ ဘိက္ခဝေ၊ တဒဟုပေါသထေ စာတုဒ္ဒသေ န ဟောတိ ဗဟုနောဇနဿ ကင်္ခါ ဝါ ဝိမတိ ဝါ ‘‘ဦနော နု ခေါ စန္ဒော၊ ပုဏ္ဏော နု ခေါ စန္ဒော’’တိ၊ အထ ခေါ ဦနော စန္ဒောတွေဝ ဟောတိ။’’

ချစ်သား ရဟန်းတို့ ...ဥပမာတစ်ခု ပြောမယ်။ တစ်ဆယ့်လေးရက်မြောက် လကွယ်နေ့ ဖြစ်တယ်။ အဲဒီ တစ်ဆယ့်လေးရက်မြောက် လကွယ်နေ့မှာ လူများအပေါင်းရဲ့ သန္တာန်မှာ ဒီနေ့ဟာ လပြည့်မှ ပြည့်ပါ့မလားဆိုတဲ့ အကြံအစည် စိတ်ကူးမှု ယုံမှားသံသယဖြစ်မှု လုံးလုံးမရှိဘူး။ ဒါက ဥပမာ စကားရပ်နော်။

‘‘ဧဝမေဝ ခေါ၊ ဘိက္ခဝေ၊ တာ ဘိက္ခုနိယော နန္ဒကဿ ဓမ္မဒေသနာယ အတ္တမနာ ဟောန္တိ နော စ ခေါ ပရိပုဏ္ဏသင်္ကပ္ပါ’’။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ ဧဝံ၊ ဤဥပမာအတူသာလျှင်။ တာ ဘိက္ခုနိယော၊ ထိုဘိက္ခုနီမတို့သည်။ နန္ဒကဿ ဓမ္မဒေသနာယ၊ ရှင်နန္ဒက၏ တရားဒေသနာ၌။ အတ္တမနာ၊ ပီတိသုခတို့ဖြင့် ဝမ်းမြောက်သော စိတ်ရှိကြကုန်သည်။ ဟောန္တိ၊ ဖြစ်ကြပါပေကုန်၏၊ နော စ ခေါ ပရိပုဏ္ဏသင်္ကပ္ပါ၊ ပြည့်စုံသော စိတ်ကူးအကြံအစည် ရှိကြကုန်သည်မူလည်း မဖြစ်ကြလေကုန်။

အဲဒီ ဥပမာအတိုင်းပဲ။ ဒီ ဘိက္ခုနီတွေအဖို့ မောင်နန္ဒကရဲ့ တရားဒေသနာ နာကြားရတဲ့အတွက် နှစ်လိုဝမ်းမြောက်တဲ့စိတ် ပီတိ သုခ တို့ဖြင့် ယူအပ်တဲ့ စိတ်တွေတော့ ရှိကြတယ်။ မောင်နန္ဒကရဲ့ တရားကို အင်မတန် နှစ်သက်ကြတယ်။ သဘောကျကြတယ်။ ဒါပေမဲ့ သူတို့ရဲ့ ကြံစည် စိတ်ကူးမှုတွေကတော့ မပြည့်စုံ ဖြစ်နေတယ်။ အကြံအစည် မပြည့်ဘူးလို့ ဆိုလိုတယ်နော်။ အကြံအစည် မပြည့်တော့ ဘာဖြစ်လာလဲ? ရှင်နန္ဒကကလည်း မြတ်စွာဘုရားကို လာပြီး ကန်တော့တဲ့ခါ မြတ်စွာဘုရားက ရှင်နန္ဒကကို ထပ်ပြီး အမိန့်ရှိတယ်။ ကဲ မောင်နန္ဒက နက်ဖြန်ကျလို့ရှိရင်လည်း ဒီ ဘိက္ခုနီမတွေကို ဒီနေ့ဟောတဲ့ တရားအတိုင်း ဒီနေ့ ဆုံးမတဲ့ အဆုံးအမဩဝါဒ အတိုင်းပဲ ထပ်ပြီးတော့ ဒီတရားကိုပဲ နက်ဖန် ဟောပါလို့ဆိုပြီး မြတ်စွာဘုရားက အမိန့်ချလိုက်တယ်။ ဘာကြောင့် အမိန့်ချရသလဲဆိုတော့ အကြောင်းရှိပါတယ်နော်။

ဒီရှင်နန္ဒကရဲ့ တရားတွေ ကြားနာရတဲ့အခါ ဒီဘိက္ခုနီမတွေ သန္တာန်မှာ ဝိပဿနာဉာဏ်တွေ ဖြစ်ကြတယ်။ ဝိပဿနာဉာဏ်တွေက မဂ်, ဖိုလ်, နိဗ္ဗာန်ရလောက်အောင် အားမကောင်းသေးဘူး။ နက်ဖန်ကျလို့ရှိရင်တော့ ဒီဝိပဿနာဉာဏ်တွေက မဂ်, ဖိုလ်, နိဗ္ဗာန်ရလောက်အောင် အားကောင်းတော့မယ်။ မဂ်, ဖိုလ်, နိဗ္ဗာန် ရကြလိမ့်မယ်လို့ မြတ်စွာဘုရား သိတော်မူ မြင်တော်မူတယ်။ သိတော်မူ မြင်တော်မူတဲ့အတွက် ရှင်နန္ဒကကို မြတ်စွာဘုရား တိုက်တွန်းခြင်း ဖြစ်တယ်နော်။ တိုက်တွန်းတဲ့အခါမှာလည်း ရှင်နန္ဒကက မြတ်စွာဘုရားကို ရိုသေစွာ ဝန်ခံပြီးတဲ့အခါ နောက်တစ်နေ့ သာဝတ္ထိပြည်တွင်း ဆွမ်းခံ၊ ဆွမ်းခံခြင်းကိစ္စပြီးတဲ့အခါ ဘိက္ခုနီမတွေ ဆုံးမရာဖြစ်တဲ့ ရာဇကာရာမကျောင်းတိုက်အာရမ် သွားပြီး ယမန်နေ့က အတိုင်းပဲ အစ အဆုံး တစ်လုံးမကျန် အကုန် ဟောပြလိုက်တယ်နော်။

ဟောပြလိုက်တဲ့ချိန်ခါကျတော့မှ ဘိက္ခုနီမတွေကို တရားလည်းဆုံးရော ရှင်နန္ဒကက ပြန်လွှတ်လိုက်တယ်။ ဘိက္ခုနီမတွေလည်း ရှင်နန္ဒက ရှိခိုးပြီး မြတ်စွာဘုရား သွားကန်တော့ မြတ်စွာဘုရားကို ကန်တော့ပြီးတဲ့ ချိန်ခါကျတော့မှ မြတ်စွာဘုရားက ဘိက္ခုနီမတွေကို အချိန်တန်ပြီ ပြန်ကြတော့ဆိုပြီး ပြန်လွှတ်လိုက်တယ်။ ဘိက္ခုနီမတွေလည်း ပြန်ကြွသွားရော မြတ်စွာဘုရားက ရဟန်းတော်တွေကို ဘာအမိန့်ရှိလဲ?

‘‘သေယျထာပိ၊ ဘိက္ခဝေ၊ တဒဟုပေါသထေ ပန္နရသေ န ဟောတိ ဗဟုနော ဇနဿ ကင်္ခါ ဝါ ဝိမတိ ဝါ ‘‘ဦနော နု ခေါ စန္ဒော၊ ပုဏ္ဏော နု ခေါ စန္ဒော’’တိ၊ အထ ခေါ ပုဏ္ဏော စန္ဒောတွေဝ ဟောတိ။’’

ချစ်သား ရဟန်းတို့ ... တစ်ဆယ့်ငါးရက်မြောက် လပြည့်နေ့တစ်ခု ရှိတယ်။ ဖြစ်သင့်ဖြစ်ရာ ဥပမာလေးတစ်ခု ငါ ဘုရားဟောမယ်။ တစ်ဆယ့်ငါးရက်နေ့မြောက်လပြည့်နေ့ တစ်ခုရှိတယ်။ အဲဒီ လပြည့်နေ့မှာဆိုရင် လူများအပေါင်းရဲ့သန္တာန်မှာ ဒီနေ့ဟာ လပြည့်မှ ပြည့်ပါ့မလား။ လများ လျော့နေပါသလားဆိုတဲ့ ဒီလို တွေးတောမှု ယုံမှားသံသယမှု မရှိဘူး။ ဒါက ဥပမာစကားရပ်နော်။ လပြည့်နေပါတယ်ဆိုတဲ့ စိတ်ကူးကြံစည်မှုသာ ဖြစ်နေတယ်။ အဲဒီ ဥပမာ အတိုင်းပဲ။

‘‘ဧဝမေဝ ခေါ၊ ဘိက္ခဝေ၊ တတာ ဘိက္ခုနိယော နန္ဒကဿ ဓမ္မဒေသနာယ အတ္တမနာ စေဝ ပရိပုဏ္ဏသင်္ကပ္ပါ စ။ တာသံ၊ ဘိက္ခဝေ၊ ပဉ္စန္နံ ဘိက္ခုနီသတာနံ ယာ ပစ္ဆိမိကာ ဘိက္ခုနီ၊ သာ သောတာပန္နာ အဝိနိပါတဓမ္မာ နိယတာ သမ္ဗောဓိပရာယနာ’’တိ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ ဧဝမေဝ၊ ဤဥပမာအတူသာလျှင်။ တာ ဘိက္ခုနိယော၊ ထိုဘိက္ခုနီမတို့သည်။ နန္ဒကဿ ဓမ္မဒေသနာယ၊ ရှင်နန္ဒက၏ တရားဒေသနာ၌။ အတ္တမနာ စေဝ၊ ပီတိသုခတို့ဖြင့် နှစ်လိုဝမ်းမြောက်သော စိတ်ရှိကြကုန်သည်လည်း။ ဟောန္တိ၊ ဖြစ်ကြကုန်၏၊ ပရိပုဏ္ဏသင်္ကပ္ပါ စ၊ ပြည့်စုံသော ကြံစည်စိတ်ကူးမှု ရှိကြကုန်သည်လည်း။ ဟောန္တိ၊ ဖြစ်ကြပေကုန်သည်။ ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ တာသံ၊ ထိုရဟန်းမတို့တွင်။ ယာ ဘိက္ခုနီ၊ အကြင်ရဟန်းမသည်။ ပစ္ဆိမိကာ၊ အစွန်ဆုံးအညံ့ဆုံး ဖြစ်၏။ သာ၊ ထိုဘိက္ခုနီမသည်ကား။ အဝိနိပါတဓမ္မာ၊ ဖရိုဖရဲ ပြိုကွဲပျက်စီးခြင်းသဘော မရှိသော။ နိယတာ၊ မြဲသောဂတိ ရှိသော။ သမ္ဗောဓိပရာယနာ၊ အထက်မဂ်သုံးပါးလျှင် လဲလျောင်းရာ ရှိသော။ သောတာပန္နာ၊ သောတာပန်သည်။ ဟောတိ၊ ဖြစ်၏၊

ချစ်သား ရဟန်းတို့ ... အဲဒီ ဘိက္ခုနီမတွေထဲမှာ အညံ့ဆုံး ဘိက္ခုနီမကို ပြောမယ်ဆိုလို့ရှိရင် သောတာပန် ဖြစ်နေပြီ။ အထက်မဂ်သုံးပါးကို ကြိမ်းသေဧကန်ရမဲ့ သောတာပန် ဖြစ်နေတယ်။ ဒါကြောင့် မောင်နန္ဒကရဲ့ တရားနာရတဲ့အတွက် သူတို့ရဲ့ ကြံစည်စိတ်ကူးမှုတွေလည်း ပြည့်စုံသွားတယ်။ နှစ်လိုဝမ်းမြောက်မှုလည်း ရှိကြတယ်လို့ မြတ်စွာဘုရားက အမိန့်ရှိတယ်။ ဒီနေရာမှာ အဋ္ဌကထာက နည်းနည်းလေးရှင်းထားတယ်။ သောတာပန် ဖြစ်တယ်ဆိုလို့ရှိရင် ဘယ်လိုလုပ် ကြံစည်စိတ်ကူးမှုတွေ ပြည့်မလဲ? ရဟန္တာဖြစ်မှသာလျှင် ကြံစည်စိတ်ကူးမှု ပြည့်တယ်လို့ ပြောနိုင်တယ် မဟုတ်လားလို့ ဒီလို မေးထားတယ်။

ဒီမေးခွန်းကို ပြန်ပြီး ဘယ်လိုဖြေထားလဲဆိုတော့ ဘိက္ခုနီမတွေရဲ့ အတွင်းအဇ္ဈသယ ဓာတ်ခံလေးတွေ မတူညီကြဘူး။ တချို့တချို့ ဘိက္ခုနီမတွေက အရှင်နန္ဒကထံမှ တရားဒေသနာ နာကြားရပြီးတဲ့အခါ သောတာပန်ဖြစ်ရရင် ကောင်းမှာပဲဆိုတဲ့ ကြံစည်စိတ်ကူးမှု ရှိကြတယ်။ အဲဒီ ဘိက္ခုနီမတွေဟာ သောတာပန် ဖြစ်သွားကြတယ်။ သောတာပန် ဖြစ်ရင် သူတို့ ကြံစည်စိတ်ကူးမှု ပြည့်စုံမသွားဘူးလား။ ပြည့်စုံသွားတယ်။ တချို့တချို့ ဘိက္ခုနီမတွေက သကဒါဂါမ် ဖြစ်ရရင် ကောင်းမယ်။ တချို့တချို့က အနာဂါမ်ဖြစ်ရရင် ကောင်းမယ်။ တချို့တချို့က ရဟန္တာ ဖြစ်ရရင် ကောင်းမယ်လို့ ကြံစည်စိတ်ကူးထားတယ်။ မိမိတို့ ကြံစည်စိတ်ကူးထားသည့်အတိုင်း သကဒါဂါမ်, အနာဂါမ်, ရဟန္တာတွေ ဖြစ်သွားကြတယ်။ ဒါကြောင့် ကြံစည်စိတ်ကူးမှုအားလုံးလည်း ပြည့်စုံတယ်လို့ဆိုလိုပါတယ်နော်။ နန္ဒကောဝါဒသုတ္တန်လည်း ဒီနေရာမှာ ပြီးဆုံးသွားပြီ ဖြစ်တယ်။ ပြီးဆုံးသွားပြီ ဖြစ်တဲ့အတွက် တရားနိဂုံးသတ်ကြရအောင်နော်။

‘‘ဣဒမဝေါစ ဘဂဝါ။ အတ္တမနာ တေ ဘိက္ခူ ဘဂဝတော ဘာသိတံ အဘိနန္ဒုန္တိ။’’

ဣဒံ၊ ဤနန္ဒကောဝါဒသုတ္တန် တရားဒေသနာတော်မြတ်ကို။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ အဝေါစ၊ ဟောကြားတော်မူခဲ့လေပြီ။ တေ ဘိက္ခူ၊ ထိုတရားနာဖြစ်ကြကုန်သော ရဟန်းတို့သည်။ ဘဂဝတော၊ ဘုန်းတော်ခြောက်ပါးသခင် မြတ်စွာဘုရားရှင်၏။ ဘာသိတံ၊ ဟောကြားပြသ ဆိုဆုံးမတော်မူအပ်သော တရားစကားတော်ကို။ ဘိနန္ဒုန္တိ၊ ရိုသေစွာ ဦးဖြင့် ခံယူကြလေကုန်သတည်း ...။

သာဓု သာဓု သာဓု
edj6r8jksyuetxotx06qi09gtt933xx မာတိကမာတာသုတ် 0 6342 22053 2026-06-12T00:36:30Z Tejinda 173 "{{header | title = မာတိကမာတာသုတ် | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = နန္ဒကောဝါဒသုတ်..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 22053 wikitext text/x-wiki {{header | title = မာတိကမာတာသုတ် | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = [[နန္ဒကောဝါဒသုတ်]] | previous2 = | next = [[စျာနသုတ်]] | next2 = | year = | notes = | edition = | categories = ဖားအောက်တောရ | shortcut = | portal = }}
မာတိကမာတာသုတ္တန်

ပထမပိုင်း

(၁၃၆၁)ခုနှစ်၊ ဒုတိယဝါဆိုလပြည့်နေ့။ ထိုဝါဆိုလပြည့်နေ့မှာ ဂျပန်ပြည်မှာ ရောက်ရှိနေတဲ့ မြန်မာအလှူရှင်တစ်စုမှ ဖားအောက်တောရကျောင်းတွင် ဝါဆိုဝါကပ်မယ့် မဟာယာနဘုန်းတော်ကြီးများ အဝင်အပါ သံဃာတော် (၁၉၂)ပါးအား ဝါဆိုသင်္ကန်းကပ်လှူခြင်း၊ ထေရဝါဒဘုန်းတော်ကြီးများက (၁၇၀)ကျော်၊ မဟာယာနဘုန်းတော်ကြီးများက (၁၅)ပါးကျော်ကျော်လောက်ရှိတယ် ဆိုကြစို့နော်။

ဒီသံဃာတော် (၁၉၂)ပါးတို့အား ဝါဆိုသင်္ကန်းကပ်လှူပူဇော်ခြင်း၊ နံပါတ် နှစ် ဖားအောက်တောရကျောင်းတွင် ဆွမ်းချက်ဆောင်အသစ် ဆောက်လုပ်လှူဒါန်းရာတွင် ဂျပန်ပြည်သို့ ရောက်ရှိနေကြသော မြန်မာအမျိုးသား အလှူရှင်တစ်စုမှာ (၁၉၉၈)ခုနှစ် ဝါဆိုသင်္ကန်း၊ (၁၉၉၈)ခုနှစ် ကထိန်သင်္ကန်းကပ် လှူပူဇော်ရာမှ ပိုလျှံနေသော လှူဖွယ်ဝတ္ထု (၉၉၇၁၃၇)ကျပ်တန် အပ်စပ်သော ပစ္စည်းများကိုလည်းကောင်း၊ (၁၉၉၉)ခုနှစ် ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲတွင် ပိုလျှံနေသော (၂၃၅၂၀၀)ကျပ်တန် အပ်စပ်သော ပစ္စည်းများကိုလည်းကောင်း။

ထိုပစ္စည်းအရပ်ရပ်တို့ကို ဖြည့်စွက်ပြီးတော့ ဆွမ်းချက်ဆောင် ဆောက်လှူရာတွင် ထည့်ဝင်ပြီး လှူဒါန်းပူဇော်ခြင်း၊ ဂျပန်ပြည်သို့ ရောက်ရှိနေကြသော မြန်မာအလှူရှင်တစ်စုမှ ဖားအောက်တောရတွင် အရုဏ်ဆွမ်းကျွေး အလှူရှင် မရှိသောနေ့များတွင် အရုဏ်ဆွမ်း ဆက်ကပ် လှူဒါန်းပူဇော်ရန်အတွက် ဖျာပုံပေါ်ဆန်းမွှေးဆန် (၃၈၄၀၀)ကျပ်တန်ဖိုး (၁၂)တင်းဖိုး လှူဒါန်းပူဇော်ခြင်း၊ (၁၉၉၈)ခု (၇)လပိုင်း (၂၇)ရက်နေ့တွင် ကွယ်လွန်အနိစ္စရောက်သွားသော မိခင်ဖြစ်သူ ဒေါ်ကျင်စန်းအား ရည်စူး၍၊ အဖွားဒေါ်ကျင်မှိန်၊ ဖခင်ဦးတင်အောင်အား ဦးထိပ်ထား၍ သားဖိုးကျော် ခေတ္တဂျပန်၌ တည်ရှိနေသော ဖိုးကျော်နှင့် မောင်နှမတစ်စုမှ အရုဏ်ဆွမ်းကျွေး အလှူရှင် မရှိကြသောနေ့များတွင် အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းပူဇော်ရန်အတွက် (၅၀၀00)တန် ပေါ်ဆန်းမွှေးဆန်များကို လှူဒါန်းပူဇော်ကြခြင်း၊ ဖားအောက်တောရဆရာတော်ဘုရား၏ နိဗ္ဗာန်ရောက်ကြောင်း ကျင့်စဉ်အကျဉ်းချုပ် အတွဲ(၁)ကို ခေတ္တဂျပန်ပြည်တွင် ရောက်ရှိနေသော ကိုသိန်းလွင်မှလည်းကောင်း၊ အတွဲ (၂)မှ (၅)သို့ တိုင်အောင်သော ကျမ်းစာများကို ဂျပန်ပြည်တွင် ရောက်ရှိနေကြသော မြန်မာအလှူရှင်တစ်စုတို့ကလည်းကောင်း၊ အတွဲ(၆)ကို ဂျပန်ပြည်တွင် ခေတ္တရောက်ရှိနေသော ဒေါ်ရင်ရင်မြမှလည်းကောင်း လှူဒါန်းပူဇော်ခြင်းဆိုပြီးတော့ အလှူအရပ်ရပ် ရှိကြပါတယ်။

ထိုအလှူအရပ်ရပ်နှင့် ဆက်စပ်ပြီး ဘုန်းကြီးဘက်က ဝမ်းမြောက်ဖွယ် အနုမောဒနာတရားစကားတစ်ပုဒ် ဟောကြားဖို့ တာဝန်ဆိုက်ရောက်လာတဲ့အတွက် သင့်လျော်မယ်လို့ ရွေးချယ်ထားတဲ့ တရားကတော့ မာတိကမာတာအကြောင်း ဖြစ်ပါတယ်၊၊ ဒါကြောင့် ဒီအနုမောဒနာတရားတစ်ပုဒ်ကို ဒီညစတင်ပြီး နာကြားကြည့်ကြရအောင်၊၊

‘‘ဒုန္နိဂ္ဂဟဿ လဟုနော၊ ယတ္ထကာမနိပါတိနော။ စိတ္တဿ ဒမထော သာဓု၊ စိတ္တံ ဒန္တံ သုခါဝဟံ။’’

ဒုန္နိဂ္ဂဟဿ၊ နှိပ်ဖို့ရန် ခက်ခဲလှစွာသော။ လဟုနော၊ လျင်မြန်သော ဖြစ်ခြင်းပျက်ခြင်း ရှိပေသော။ ယတ္ထကာမနိပါတိနော၊ အလိုရှိရာ အာရုံအမျိုးမျိုးသို့ ကျလေ့ရှိသော။ စိတ္တဿ၊ စိတ်ကို။ ဒမထော၊ မဂ်ဉာဏ်ဖြင့် ယဉ်ကျေးအောင် ဆိုဆုံးမနိုင်ခြင်းသည်ကား။ သာဓု၊ ကောင်းမြတ်လှပါပေ၏၊ ဒန္တံ၊ ဝိပဿနာဉာဏ်၊ မဂ်ဉာဏ်တို့ဖြင့် ဆိုဆုံးမထားသည့်အတွက် ယဉ်ကျေးသိမ်မွေ့လျက်ရှိသော။ စိတ္တံ၊ စိတ်ဓာတ်သည်ကား။ သုခါဝဟံ၊ မဂ်ချမ်းသာ၊ ဖိုလ်ချမ်းသာ၊ ပရမတ် နိဗ္ဗာန်ချမ်းသာဆိုတဲ့ ချမ်းသာထူး ချမ်းသာမြတ်ကို။ ဝဟံ၊ ရွက်ဆောင်တတ်သည်။ ဟောတု၊ ဖြစ်ပါပေသည်၊၊ ဒန္တံ၊ ဝိပဿနာဉာဏ်၊ မဂ်ဉာဏ်တို့ဖြင့် ယဉ်ကျေးသိမ်မွေ့အောင် ဆိုဆုံးမထားသော။ စိတ္တံ၊ စိတ်ဓာတ်သည်ကား။ သုခါဝဟံ၊ မဂ်ချမ်းသာ၊ ဖိုလ်ချမ်းသာ၊ နိဗ္ဗာန်ချမ်းသာဆိုတဲ့ချမ်းသာ ရွက်ဆောင်တတ်သည်။ ဟောတိ၊ ဖြစ်ပါပေသတည်း။

ဒီဂါထာလေးက ရဟန်းတော်တစ်ပါးကို အကြောင်းပြုပြီးတော့ ဇေတဝန်ကျောင်းတော်မှာ မြတ်စွာဘုရား သီတင်းသုံးစံနေတော်မူခိုက် ဟောကြားတော်မူခြင်း ဖြစ်ပါတယ်။ ကောသလတိုင်းမှာ ကောသလမင်းကြီး ထီးဖြူအုပ်ချုပ် မင်းလုပ်နေတဲ့ နယ်ပယ်အတွင်း တောင်ခြေတစ်ခုမှာ မာတိကဆိုတဲ့ ရွာလေးတစ်ရွာ ရှိပါတယ်။ ဒီရွာက လူနေထူထပ် ပေါများတဲ့ ရွာလည်းဖြစ်တယ်။ တောအုပ်ထူထပ်ပေါများတဲ့ ရွာလေးတစ်ရွာလည်း ဖြစ်ပါတယ်။

တစ်နေ့မှာ (၆၀)အတိုင်းအရှည်ရှိသော ရဟန်းတစ်စုက မြတ်စွာဘုရားထံမှာ အရဟတ္တဖိုလ်ပေါက် ကမ္မဋ္ဌာန်းတွေကို သင်ယူကြတယ်။ အရဟတ္တဖိုလ်ပေါက် ကမ္မဋ္ဌာန်းတွေကို သင်ယူပြီးတဲ့ အချိန်အခါမှာ ဝါဆိုဝါကပ်ဖို့ရန် သင့်လျော်လျောက်ပတ် ကောင်းမြတ်တဲ့နေရာတွေကို ရှာဖွေရင်းဖြင့် ခရီးဒေသစာရီ ကြွချီတော်မူရာ ထိုမာတိက အမည်ရှိတဲ့ ရွာငယ်သို့ ဆိုက်ရောက်လာကြပါတယ်။ မာတိကရွာငယ်အတွင်းသို့ ဆွမ်းအလို့ငှာ ဝင်ရောက်ပြီးတော့ ဆွမ်းခံကြတယ်။

ဣရိယာပထသမ္ပန္န၊ ရှေ့သို့တက်ခြင်း၊ နောက်သို့ဆုတ်ခြင်း၊ ကွေးခြင်း၊ ဆန့်ခြင်း၊ ကိုယ်အမူအရာတို့ဖြင့် ဣရိယာပုတ်နှင့် ပြည့်စုံစွာ ရွာအတွင်းသို့ ဆွမ်းခံကြွဝင်လာတဲ့ သံဃာတော်တွေကို ဖူးမြင်လိုက်ရတဲ့ အချိန်အခါမှာ မာတိကရွာကို အုပ်ချုပ်နေတဲ့ မာတိကလို့ ခေါ်ဆိုအပ်တဲ့ ရွာစား (သို့မဟုတ်) ရွာသူကြီးရဲ့ မိခင်တစ်ဦး ရှိပါတယ်။ သူ့ကိုလည်း မာတိက ရွာသူကြီးရဲ့ မိခင်ဖြစ်ခြင်းကြောင့် မာတိကမာတာလို့ ခေါ်ပါတယ်။

ထိုမာတိကမာတာ အမည်ရှိတဲ့ ဒါယိကာမကြီးက ဒီရဟန်းတော်တို့ရဲ့ ဣရိယာပုတ်နှင့် ပြည့်ပြည့်စုံစုံ ဣန္ဒြေသိက္ခာ ဂုဏ်ရှိစွာဖြင့် ဆွမ်းခံကြွဝင်လာတာမြင်တော့ ကြည်ညိုတဲ့ သဒ္ဓါတရားတွေ သိပ်အားကောင်းသွားတယ်။ ဘာဖြစ်လို့ ဒကာမကြီးက ကြည်ညိုရသလဲဆိုတဲ့ အချက်ကတော့ ဘုန်းကြီးတို့ အတိတ်အကြောင်းလေးနဲ့ နည်းနည်း ဆက်စပ်နေပါတယ်။

နောက်ပိုင်းကို ကြည့်လိုက်မယ်ဆိုရင် ဒီဒကာမကြီးက ပဋိသမ္ဘိဒါဉာဏ်လေးပါးနှင့်တကွ အနာဂါမိမဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကို ဆိုက်ပြီး မဂ်ဉာဏ်တို့ရဲ့ စွမ်းအင်သတ္တိကြောင့် မဂ္ဂသိဒ္ဓိအဘိညာဏ်၊ လောကီအဘိညာဏ်တွေကိုပါ ရရှိမယ့် သူတော်ကောင်းတစ်ဦး ဖြစ်ပါတယ်။ ထိုသူတော်ကောင်းတစ်ဦးအဖို့ ပဋိသမ္ဘိဒါဉာဏ်တွေကိုပါ ရရှိမယ့် အရည်အသွေးတွေက ထင်ရှားရှိပြီးဖြစ်တဲ့အတွက် ပဋိသမ္ဘိဒါဉာဏ်တွေကို ရရှိမယ့် သူတော်ကောင်းတို့ရဲ့ ဓမ္မတာအတိုင်း ရှေးရှေးဘုရားတို့ရဲ့ သာသနာတော်အတွင်းမှာ သမထ - ဝိပဿနာ ဘာဝနာလုပ်ငန်းရပ်တွေကို သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင် ပွားများအားထုတ်ခဲ့ဖူးခြင်းဆိုတဲ့ ပုဗ္ဗယောဂတွေလည်း ရှိပြီး ဖြစ်တယ်။

ဒီလို ပုဗ္ဗယောဂခေါ်တဲ့ ကျင့်စဉ်တွေကို စနစ်တကျ ကျင့်နိုင်ရေးအတွက် ဘုရားရှင်ရဲ့ တရားတော်တွေကို စနစ်တကျ သင်ယူခြင်း၊ ဘုရားရှင် ဟောကြားတော်မူတဲ့ အနက်အဓိပ္ပာယ်တွေကို စနစ်တကျ သင်ယူခြင်း၊ နာယူခြင်းအစရှိတဲ့ ဒီလုပ်ငန်းခွင်တွေလည်းပါတယ်။ သမထ - ဝိပဿနာဘာဝနာတွေကို လေ့ကျင့်တဲ့အပိုင်းမှာ ဂတပစ္စာဂတိကဝတ်လို့ခေါ်ဆိုအပ်တဲ့ ရွာသို့ ဆွမ်းခံသွားရင်လည်း ကမ္မဋ္ဌာန်းအာရုံကို နှလုံးသွင်းပြီး သွားခြင်း၊ ရွာတွင်းမှ ကျောင်းသို့ ဆွမ်းခံ ပြန်ကြွလာရာမှာလည်း ကမ္မဋ္ဌာန်းတရားကို နှလုံးသွင်းလျက် ပြန်ကြွလာခြင်းဆိုတဲ့ ဒီဂတပစ္စာဂတိကဝတ်တွေကိုလည်း ဖြည့်ကျင့်ပြီး ဖြစ်ရပါတယ်။

ဒီတော့ မိမိကိုယ်တိုင်က အတိတ်သံသရာ အဆက်ဆက်မှာ ပဋိသမ္ဘိဒါဉာဏ် ရရှိရေးအတွက် သို့မဟုတ် ပဋိသမ္ဘိဒါဉာဏ် လေးပါးတို့ အထွတ်တပ်ထားတဲ့ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကို ရရှိရေးအတွက် တစ်နည်းပြောရရင်တော့ ထိုမဂ်ဉာဏ်၊ ဖိုလ်ဉာဏ်တို့ဖြင့် မျက်မှောက်ပြုအပ်တဲ့ နိဗ္ဗာန်ကို ရရှိရေးအတွက် ရည်ရွယ်တောင့်တပြီးတော့ သံသရာခရီး ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာအတွင်းမှာ ဂတပစ္စာဂတိကဝတ်တွေကို ဖြည့်ကျင့်ထားခဲ့တယ်။ သမထ - ဝိပဿနာဘာဝနာတွေကိုလည်း သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင် ပွားများအားထုတ်ခဲ့ဖူးတဲ့ ပါရမီမျိုးစေ့ကောင်းတွေက ရှိနေတယ်။

ဒီလို ပုဂ္ဂိုလ်တစ်ယောက်က အတိတ်သံသရာခရီးမှာ မိမိကိုယ်တိုင်က ဆွမ်းခံသွားရင်လည်း ကမ္မဋ္ဌာန်းအာရုံကို နှလုံးသွင်းလျက် သွားခြင်း၊ ဆွမ်းခံရွာမှ ကျောင်းသို့ ပြန်ကြွလာတဲ့ အချိန်အခါမှာလည်း ကမ္မဋ္ဌာန်းတရားကို နှလုံးသွင်းလျက် ပြန်ကြွလာခြင်းဆိုတဲ့ ကျင့်ဝတ်တွေကို စနစ်တကျ ကျင့်ခဲ့ဖူးတဲ့အတွက် ယခုလို (၆၀)မျှ အတိုင်းအရှည်ရှိသော ရဟန်းတော်တို့က ရွာတွင်းသို့ ဆွမ်းခံကြွလာတဲ့ အချိန်အခါမှာ ကမ္မဋ္ဌာန်းတရားတွေကို နှလုံးသွင်းပြီး ဣန္ဒြေသိက္ခာရှိစွာဖြင့် ကြွလာတာကို မြင်လိုက်တော့ စိတ်ထဲမှာ တဖွားဖွားနဲ့ ကြည်ညိုတဲ့ သဒ္ဓါတရားတွေ ပေါ်လာတယ်။

ဒီလိုဆိုရင် ဆွမ်းခံကြွတဲ့ အချိန်အခါလေးတွေမှာ မိမိတို့ရဲ့ ကမ္မဋ္ဌာန်းတရားလေးကို နှလုံးသွင်းပြီး ဆွမ်းခံကြွကြမယ်ဆိုရင် မကောင်းကြဘူးလား? ဒါလေးတွေက ရှေးသူကောင်းတို့ရဲ့ ထုံးတမ်းစဉ်လာလေးတွေပါပဲ။ တပည့်တော်တို့ဘက်က လိုက်နာပြုကျင့်ရမယ့် လုပ်ငန်းခွင် ဖြစ်တယ်။ ရဟန်းတော်များလားဆိုတော့ မဟုတ်ပါဘူးနော်။ အလှူခံပုဂ္ဂိုလ်ဘက်မှာ တည်ရှိနေတဲ့ သူတော်ကောင်းမှန်ခဲ့မယ်ဆိုလို့ရှိရင်တော့ လှူဒါန်းနေတဲ့ ပုဂ္ဂိုလ်တွေအပေါ်၌ ကာယကံမေတ္တာ၊ ဝစီကံမေတ္တာ၊ မနောကံမေတ္တာတွေ ထင်ရှားရှိကြမယ်ဆိုရင် မိမိကို လှူဒါန်းလိုက်ရခြင်းတည်းဟူသော အကြောင်းကြောင့် အလှူပေးနေတဲ့ပုဂ္ဂိုလ်တွေ အကျိုးကြီးမားပါစေဆိုတဲ့ ရည်ရွယ်ချက် ရှိခဲ့မယ်ဆိုရင် အလှူပေးတဲ့ပုဂ္ဂိုလ်တွေ အကျိုးကြီးမားအောင် အလှူခံနေတဲ့ အချိန်အခါမှာ ကမ္မဋ္ဌာန်းဘာဝနာလေးတွေကို နှလုံးသွင်းပြီး အလှူခံကြမယ်ဆိုရင်တော့ ပိုပြီး အကျိုးမကြီးဘူးလား? အကျိုးကြီးနေတယ်နော်။

ဒီတော့ ဒီမာတိကမာတာ အမည်ရှိနေတဲ့ ဒကာမကြီးက ဒီလို မြင်တွေ့လိုက်ရတဲ့ အချိန်အခါမှာ ဘာလုပ်သလဲ? အတိတ်က လှုံ့ဆော်ထားတဲ့ သဒ္ဓါတရားတွေက ရဲရဲတောက်လာတဲ့အတွက် ကိုယ်တော်တွေကို ဆင်းပြီးတော့ ရိုသေစွာ ရှိခိုးတယ်။ ရှိခိုးပြီးတော့ အိမ်ပေါ်ကို ပင့်တင်တယ်။ မွန်မြတ်တဲ့ နေရာလေးတွေ ခင်းကျင်းပြီးတော့ အိမ်ပေါ်မှာ နာနဂ္ဂရသ၊ အထူးထူးသော ဘောဇဉ်တွေကို ပြုစုလုပ်ကျွေးတယ်။ ဆွမ်းဖြင့် ရိုရိုသေသေ ပြုစုလုပ်ကျွေးပြီးတဲ့ အချိန်အခါကျတော့မှ —

‘‘ဘန္တေ, ကတ္ထ ဂန္တုကာမာ’’တိ ပုစ္ဆိ။

ဘန္တေ၊ အရှင်မြတ်တို့ဘုရား...။ ကတ္ထ၊ အဘယ်အရပ်သို့။ ဂန္တုကာမာ၊ ကြွလိုကြပါသနည်း။ ဣတိ၊ ဤသို့။ ပုစ္ဆိ၊ မေးမြန်းလျှောက်ထားလေပြီ။

အရှင်ဘုရားတို့... ဘယ်အရပ်သို့များ ကြွမလဲလို့ မေးကြည့်တယ်။ မေးလိုက်တဲ့ အချိန်ခါကျတော့ —

‘‘ယထာ ဖာသုကဋ္ဌာနံ မဟာဥပါသိကေ’’

မဟာဥပါသိကေ၊ မဟာဥပါသိကာမကြီး။ ယထာ ဖာသုကဋ္ဌာနံ၊ အကြင် ချမ်းသာ သင့်တင့်လျောက်ပတ် ကောင်းမြတ်တဲ့ အရာဌာနသို့ (လားလိုကုန်၏)။ မယံ၊ ငါတို့သည်။ ဂန္တုကာမာ၊ သွားလိုကြပါကုန်၏၊

အေး... ဒကာမကြီး ဘုန်းကြီးတို့ကတော့ ချမ်းသာမယ့်နေရာကို သွားလိုတဲ့ ဆန္ဒဓာတ် ရှိပါတယ်ဆိုပြီးတော့ ဒီလောက်ပဲ ပြောပါတယ်နော်။ ရှေးသူတော်ကောင်းတို့က နှုတ်ကို စောင့်စည်းကြတယ်။ ဒါပေမယ့် ဒီဒကာမကြီးကလည်း လိမ္မာတဲ့ ဒကာမကြီးဖြစ်ခြင်းကြောင့် သူ့စိတ်ထဲမှာ ဘယ်လို ထင်လိုက်သလဲ?

‘‘သာ ‘ဝဿာဝါသဋ္ဌာနံ, အယျာ, ပရိယေသန္တိ မညေ’တိ ဉတွာ ပါဒမူလေ နိပဇ္ဇိတွာ, ‘သစေ, အယျာ, ဣမံ တေမာသံ ဣဓ ဝသိဿန္တိ, အဟံ တီဏိ သရဏာနိ, ပဉ္စ သီလာနိ ဂဟေတွာ ဥပေါသထကမ္မံ ကရိဿာမီ’တိ အာဟ။’’

အယျာ၊ အရှင်ကောင်း အရှင်မြတ်တို့သည်။ ဝဿာဝါသဋ္ဌာနံ၊ ဝါဆိုဖို့ရာနေရာကို။ ပရိယေသန္တိ၊ ရှာဖွေနေကြကုန်၏။ မညေ၊ ရှာဖွေနေကြကုန်ယောင်တကား။ ဣတိ၊ ဤသို့။ သာ၊ ထိုဥပါသိကာမကြီးသည်။ ဉတွာ၊ သိရှိသည်ဖြစ်၍။

ရဟန်းတွေ ဒါလောက်ပြောလိုက်ရင်ပဲ ထပ်ကွန့်ပြီး မေးခွန်းတွေ ရာနဲ့ချီပြီး မေးနေစရာလိုသေးလား? မလိုပါဘူး။ သူတော်ကောင်းဆိုတာက တစ်ခွန်း နှစ်ခွန်းလောက် ပြောလိုက်ရင် နားလည်တာနဲ့။ ဩော်... အရှင်ကောင်း အရှင်မြတ်တွေကတော့ ဝါဆိုဖို့ရန်အတွက် နေရာကို ရှာဖွေနေကြပုံရတယ်လို့ ဒီလို စိတ်ထဲမှာ သိသွားတယ်။ သိလိုက်တဲ့အတွက် ဘာလုပ်သလဲ?

ပါဒမူလေ၊ ရဟန်းတော်တို့ရဲ့ ခြေတော်ရင်း၌။ နိပဇ္ဇိတွာ၊ ဝပ်စင်း၍။ အယျာ၊ အရှင်မြတ်တို့သည်။ ဣမံ တေမာသံ၊ ဤဝါတွင်း သုံးလ ကာလပတ်လုံး။ ဣဓ၊ ဤနေရာ၌။ သစေ ဝသိဿန္တိ၊ အကယ်၍ သီတင်းသုံးတော်မူကြကုန်သည် ဖြစ်ငြားအံ့။ အဟံ၊ ဘုရားတပည့်တော်မသည်။ တီဏိ သရဏာနိ၊ သရဏဂုံ သုံးပါးတို့ကိုလည်းကောင်း။ ပဉ္စ သီလာနိ၊ ငါးပါးသီလတို့ကိုလည်းကောင်း။ ဂဟေတွာ၊ ခံယူဆောက်တည်၍။ ဥပေါသထကမ္မံ၊ ဥပုသ်ကျင့်သုံးခြင်းအမှုကို။ ကရိဿာမိ၊ ပြုပါအံ့။ ဣတိ၊ ဤသို့။ အာဟ၊ လျှောက်ထားလိုက်လေပြီ။

အရှင်ဘုရား... အရှင်မြတ်တို့သည် အကယ်၍ ဝါတွင်း သုံးလ ကာလပတ်လုံး ဤနေရာ၌ ဝါဆိုဝါကပ်တော်မူကြမယ်ဆိုရင် ဘုရားတပည့်တော်မသည် သရဏဂုံ သုံးပါး ဆောက်တည်ခြင်း၊ ငါးပါး သီလဆောက်တည်ခြင်း၊ ဥပုသ်ကျင့်သုံးခြင်းဆိုတဲ့ အမှုတွေကို တပည့်တော်မ ပြုလုပ်ပါမယ်ဘုရား” ဆိုပြီးတော့ လျှောက်ထားတယ်။ ရဟန်းတော်တွေဘက်ကလည်း ဘယ်လို စဉ်းစားသလဲ?

‘‘ဘိက္ခူ ‘မယံ ဣမံ နိဿာယ ဘိက္ခာယ အကိလမန္တာ ဘဝနိဿရဏံ ကာတုံ သက္ခိဿာမာ’တိ အဓိဝါသယိံသု။’’

ဘိက္ခူ၊ ရဟန်းတော်တို့ကလည်းပဲ။ မယံ၊ ငါတို့သည်။ ဣမံ၊ ဤဥပါသိကာမကြီးကို။ နိဿာယ၊ အမှီပြု၍။ ဘိက္ခာယ၊ ဆွမ်းအလို့ငှာ။ အကိလမန္တာ၊ မပင်ပန်းကြကုန်ဘဲ။ ဘဝနိဿရဏံ၊ သံသရာဝဋ်ဆင်းရဲဒုက္ခအဝဝမှ လွတ်မြောက်ကြောင်းဖြစ်တဲ့ နိဗ္ဗာန်ကို။ ကာတုံ၊ မျက်မှောက်ပြုခြင်းငှာ။ သက္ခိဿာမ၊ စွမ်းနိုင်ကြကုန်လတ္တံ့ (ဣတိ = ဤသို့ ကြံစည်၍)။ အဓိဝါသယိံသု၊ လက်ခံတော်မူကြလေကုန်ပြီ။

ဒကာမကြီးရဲ့ လျှောက်ထားချက်ကို ရဟန်းတော်တွေဘက်ကလည်း စဉ်းစားတယ်နော်။ ငါတို့ဟာ ဒီဒကာမကြီးကို အမှီပြုပြီးတော့ ဆွမ်းဖြင့် မပင်မပန်းဘဲ သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်းဖြစ်တဲ့ နိယျာနိကတရားကောင်းတွေကို တို့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်မယ်ဆိုရင် သံသရာဝဋ်ဆင်းရဲဒုက္ခကြီးမှ လွတ်မြောက်ဖို့ရန်အတွက် တို့ စွမ်းနိုင်လိမ့်မယ်လို့ ဒီလို သဘောပေါက်ပြီးတော့ ဥပါသိကာမကြီးရဲ့ လျှောက်ထားချက်ကို လက်ခံတော်မူလိုက်ကြပါတယ်။

အဲဒီလို လက်ခံလိုက်တာနဲ့ တစ်ပြိုင်နက်တည်း ဒကာမကြီးကလည်း ဒီရဟန်းတော်တွေအတွက် နေထိုင်ဖို့ရန်အတွက် ကျောင်းတွေကို ပြုပြင်သုတ်သင် ရှင်းလင်းပြီးတော့ လှူဒါန်းပူဇော်ပါတယ်။ သိပ်ပြီး အလွန်ကြီး ကြီးကျယ်တဲ့ ကျောင်းတွေလို့တော့ မယူဆရပါဘူးနော်။ နေ့ချင်း ညချင်းလိုလို ရဟန်း (၆၀)အတွက် ဆောက်လုပ်ရတဲ့ ကျောင်းတွေဆိုတော့ အလွန်ကြီး အဆင့်အတန်း မြင့်မားနေတဲ့ သစ်သားကျောင်းကြီးတွေ၊ အုတ်တိုက်ကြီးတွေတော့ ဖြစ်ပုံမရဘူးနော်။ ဖြစ်နိုင်တဲ့ အလားအလာကတော့ သစ်ရွက်မိုးကျောင်း အများစုအားဖြင့် ဖြစ်နိုင်တဲ့သဘော ရှိပါတယ်။ ဒီတော့ ဒီကျောင်းလေးတွေ ဆောက်လုပ်ပြီးတဲ့ အချိန်အခါကျတော့ ဘာဖြစ်လဲ? ရဟန်းတော်တွေကို ဆက်ကပ်ပြီး လှူဒါန်းလိုက်ပြီ။ အဲဒီလို ဆက်ကပ်လှူဒါန်းလိုက်တဲ့ အချိန်အခါကျတော့ ရဟန်းတော်တို့ဘက်က ဘယ်လိုဖြစ်လာသလဲ?

‘‘တေ တတ္ထေဝ ဝသန္တာ ဧကဒိဝသံ သန္နိပတိတွာ အညမညံ ဩဝဒိံသု၊’’

တေ၊ ထိုရဟန်းတော်တို့သည်။ တတ္ထေဝ၊ ထိုကျောင်းတိုက်အတွင်း၌ပင်လျှင်။ ဝသန္တာ၊ သီတင်းသုံးတော်မူကြကုန်လျက်။ ဧကဒိဝသံ၊ တစ်နေ့သ၌။ သန္နိပတိတွာ၊ အညီအညွတ် စည်းဝေးတိုင်ပင်ကြကုန်၍။ အညမညံ၊ အချင်းချင်း။ ဩဝဒိံသု၊ ဆိုဆုံးမတော်မူကြလေကုန်ပြီ။

ဒီရဟန်းတွေကလည်း ထိုနေရာမှာပဲ ဝါဆိုဝါကပ်ပြီးတဲ့အခါ တစ်နေ့ အညီအညွတ် စည်းဝေးပြီး အချင်းချင်း ဆိုဆုံးမကြတယ်။ ဘယ်လိုလဲ?

‘‘‘အာဝုသော, အမှေဟိ ပမာဒစာရံ စရိတုံ န ဝဋ္ဋတိ။’’

အာဝုသော၊ သီတင်းသုံးဖော် ငါ့ရှင်တို့...။ အမှေဟိ၊ ငါတို့သည်ကား။ ပမာဒစာရံ၊ ကုသိုလ် ဆယ်ခု မြတ်ကောင်းမှု၌ မေ့လျော့ပေါ့ဆခြင်း ပမာဒတရားဖြင့် လှည့်လည်ကျက်စားခြင်းကို။ စရိတုံ၊ လှည့်လည် ကျက်စားအံ့သောငှာ။ န ဝဋ္ဋတိ၊ မသင့်ပေ။

ဒါန၊ သီလ၊ သမထ - ဝိပဿနာဘာဝနာ အစရှိတဲ့ ကုသိုလ် ဆယ်ခု မြတ်ကောင်းမှု၌ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆဖြင့် လှည့်လည်ကျက်စားခြင်းဆိုတဲ့ လုပ်ငန်းခွင်တွေကို ပြုစုပျိုးထောင်လျက် ငါတို့တစ်တွေသည် လှည့်လည်ကျက်စားပြီး နေထိုင်မယ်ဆိုရင်တော့ မတော်ဘူး။ မိမိတို့ ဖြည့်ကျင့်ရမယ့် သီလကို မမေ့မလျော့ မပေါ့မဆ ဖြည့်ကျင့်ဖို့လိုတယ်။ မိမိတို့ ကြိုးစားအားထုတ်ရမဲ့ သမထဘာဝနာ၊ ဝိပဿနာဘာဝနာ လုပ်ငန်းရပ်တွေကို မမေ့မလျော့ မပေါ့မဆဘဲ လက်တွေ့ကျင့်သုံးဖို့ လိုတယ်လို့ ဒီလို သူတို့က တိုင်ပင်ကြတယ်။ ဘာကြောင့်လဲ?

‘‘အမှာကဉှိ သကဂေဟံ ဝိယ အဋ္ဌ မဟာနိရယာ ဝိဝဋဒွါရာယေဝ၊’’

ဟိ၊ မှန်လှပေ၏၊ အမှာကံ၊ ဘုရားတပည့်တော်တို့အဖို့။ အဋ္ဌ မဟာနိရယာ၊ ငရဲကြီး ရှစ်ထပ်တို့သည်ကား။ သကဂေဟံ ဝိယ၊ မိမိတို့ ပိုင်ဆိုင်သည့် ကိုယ့်အိုးကိုယ့်အိမ်ကဲ့သို့။ ဝိဝဋဒွါရာ ယေဝ၊ အမြဲဖွင့်ထားသော တံခါးရှိကြကုန်သည်သာလျှင်။ ဟောန္တိ၊ ဖြစ်ကြပါကုန်၏၊

တကယ် ပြောကြစို့ဆိုရင် တပည့်တော်တို့အဖို့ ငရဲကြီး ရှစ်ထပ်ဆိုတဲ့ ဒီငရဲတွေက ကိုယ့်အိုးကိုယ့်အိမ်လိုပဲ။ တပည့်တော်တို့အတွက် တံခါးတွေ အမြဲ ဖွင့်ထားကြတယ်တဲ့နော်။

” ငါငါ တက်ကြွ မာန်မာနနှင့် လောဘ ဒေါသ အစဖြာသား၊ မိုက်မဲလှစွာ အဓမ္မကို ဝေးကမလာ ကင်းရှင်းကွာအောင် ခါခါမပွား အပျင်းများမူ လေးပါးပယ်ရွာ နင့်အိမ်သာဟု စိတ်မှာစွဲကပ် သတိချပ်လော့”

လယ်တီဆရာတော်ဘုရားကြီးက ဆုံးမထားတယ်နော်။ လောဘ၊ ဒေါသ၊ မောဟ အစရှိတဲ့ ကိလေသာတွေကို ကုန်ခန်းသွားအောင် သမထ ဝိပဿနာဘာဝနာတွေကို (တစ်နည်း) သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်တွေကို ငါ လက်တွေ့ တကယ်ကျင့်မယ်ဆိုပြီးတော့ ကြိုးစားအားထုတ်ဖို့ လိုတယ်။ အဲဒီလို ကြိုးစားအားထုတ်မှု မရှိဘဲ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆဖြင့် အပျင်းကြောတွေ ထူနေကြမယ်ဆိုရင်တော့ ဘာတဲ့လဲ?

” လေးပါးပယ်ရွာ နင့်အိမ်သာဟု စိတ်မှာစွဲကပ် သတိချပ်လော့”

အပါယ်လေးဘုံဟာ ကိုယ့်အိုးကိုယ့်အိမ်ပဲ။ အဲဒီ ကိုယ့်အိုးကိုယ့်အိမ်တွေက မိမိအတွက် ဖိတ်ခေါ်တဲ့အနေနဲ့ ဘာလုပ်သလဲ? တံခါးကြီးတွေ အမြဲတမ်း ဖွင့်ထားကြတယ်။ ဘယ့်နှယ်တုန်း တရားနာပရိသတ်တွေ ကြောက်ဖို့ မကောင်းဘူးလား? လောဘ၊ ဒေါသ၊ မောဟတွေ တန်းလန်းနဲ့ ဘဝတစ်ခု အဆုံးသတ် သွားကြရရင်တော့ ဘယ်ရောက်ကြမလဲ? အပါယ်လေးဘုံ ရောက်မယ်။ ဒါကြောင့် အပျင်းကြောတွေ ထူနေဖို့ လိုသေးလား? မလိုဘူး။ ဒါကြောင့် —

ဟိ၊ မှန်လှပါပေ၏၊ အမှာကံ၊ ဘုရားတပည့်တော်တို့အဖို့။ အဋ္ဌမဟာနိရယာ၊ ငရဲကြီး ရှစ်ထပ်တို့သည်ကား။ သကဂေဟံ ဝိယ၊ မိမိတို့ရဲ့ အိုးအိမ်ကဲ့သို့။ ဝိဝဋဒွါရာယေဝ၊ အမြဲဖွင့်ထားသော တံခါးရှိကြကုန်သည်သာလျှင်။ ဟောန္တိ၊ ဖြစ်ကြပါကုန်၏၊

‘‘ဓရမာနကဗုဒ္ဓဿ ခေါ ပန သန္တိကေ ကမ္မဋ္ဌာနံ ဂဟေတွာ မယံ အာဂတာ၊’’

ခေါ ပန၊ တကယ် စင်စစ်အားဖြင့်သော်ကား။ မယံ၊ ဘုရားတပည့်တော်တို့သည်။ ဓရမာနကဗုဒ္ဓဿ၊ သက်တော်ထင်ရှား ဘုရားရှင်၏၊ သန္တိကေ၊ ထံတော်မှောက်၌။ ကမ္မဋ္ဌာနံ၊ ကမ္မဋ္ဌန်းကို။ ဂဟေတွာ၊ သင်ယူခဲ့ကြ၍။ အာဂတာ၊ ဤနေရာသို့ ဆိုက်ရောက်လာခဲ့ကြကုန်၏၊

တကယ် ပြောကြစို့ဆိုရင် တပည့်တော်တို့တစ်တွေဟာ သက်တော်ထင်ရှား ဘုရားရှင်ထံမှာ ကမ္မဋ္ဌာန်းတွေ သင်ယူပြီးတော့ ဒီနေရာကို ရောက်ရှိလာကြခြင်း ဖြစ်ပါတယ်။

ဤတွင် Classical Pali-Myanmar Nissaya ရေးထုံး၊ သတ်ပုံသတ်ညွှန်းနှင့် သာသနာရေးဆိုင်ရာ တရားတော်များ၏ ထုံးစံနှင့်အညီ ပြင်ဆင်တည်းဖြတ်ထားသော စာသားကို တင်ပြအပ်ပါသည်။

‘‘ဗုဒ္ဓါ စ နာမ ပဒါနုပဒိကံ ဝိစရန္တေနာပိ သဌေန အာရာဓေတုံ န သက္ကာ’’

ဗုဒ္ဓါ စ နာမ၊ ဘုရားရှင်တို့ မည်သည်ကား။ ပဒါနုပဒိကံ ဝိစရန္တေနာပိ၊ ဖဝါးခြေထပ် ထပ်ချပ်မကွာ နောက်တော်ပါးက အစဉ်လိုက်လျက် လှည့်လည်ကျက်စားနေပါသော်လည်း။ သဌေန၊ ကောက်ကျစ်စဉ်းလဲခြင်းဖြင့်။ အာရာဓေတုံ၊ ဘုရားရှင်တို့၏ စိတ်ဓာတ်ကို နှစ်သက်ရွှင်လန်းစေခြင်းငှာ။ န သက္ကာ၊ မတတ်ကောင်းပေ။

ဘုရားရှင်တို့ဆိုတာနော် ... ဖဝါးခြေထပ် ထပ်ချပ်မကွာ နောက်တော်ပါးက အစဉ်လိုက်ပြီး ဘုရားနောက်ကို တကောက်ကောက်လိုက်ပြီး ကျက်စားနေပေမယ့်လို့ စဉ်းလဲကောက်ကျစ်နေတဲ့ စိတ်ထားဖြင့် ဘုရားရှင်တို့၏ စိတ်အစဉ်တော်ကို နှစ်သက်ကျေနပ်စေဖို့ရန်အတွက် ဘယ်လိုမှ မစွမ်းနိုင်ဘူးတဲ့။

ဘုရားရှင်နောက်က လိုက်ချင်လည်း လိုက်ပါစေ။ ဖဝါးခြေထပ် ထပ်ချပ်မကွာ အစဉ်လိုက်ချင်လည်း လိုက်နေပါစေ။ မိမိတို့၏ စိတ်ဓာတ်တွေက ကောက်ကျစ်စဉ်းလဲနေမယ်ဆိုရင် ဘုရားရှင်၏ စိတ်အစဉ်ကို နှစ်သက်ကျေနပ်စေဖို့ရန်အတွက် ဘယ်လိုမှ မစွမ်းနိုင်ဘူးတဲ့။ ဘယ့်နှယ်လဲ? ပရိသတ်တွေ လက်ခံနိုင်ကြသလား? ကောက်ကျစ်စဉ်းလဲနေတယ်ဆိုတာက ဘာလဲ? နည်းနည်းလေး အာရုံယူပြီး ပြန်ကြည့်ကြစမ်းပါနော်။

‘‘ဘန္တေ သံသာရဝဋ္ဋဒုက္ခတော မောစနတ္ထာယ ပဗ္ဗဇ္ဇံ ယာစာမိ’’

ရှင်ရဟန်းပြုတုန်းကနော်။ ဘာတဲ့လဲ? ဆရာသမားက သင်ပေးလိုက်လို့ပဲဖြစ်စေ၊ မိမိစိတ်ထဲက ပါလို့ပဲဖြစ်စေ၊ မပါဘဲနဲ့ပဲဖြစ်စေပေါ့။ ဘာဦးတည်ချက်နဲ့ သာသနာတော်ကို ဝင်ရောက်ပြီး ရှင်ရဟန်း ပြုလာကြသလဲ?

ဘန္တေ သံသာရဝဋ္ဋဒုက္ခတော မောစနတ္ထာယ

သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ပါရခြင်း အကျိုးငှာ တပည့်တော်ကို ရှင်ပြုပေးတော်မူပါ၊ ရဟန်းပြုပေးတော်မူပါဆိုပြီး ဦးတည်ချက်ဖြင့် သာသနာတော်သို့ ဝင်ရောက်လာခြင်း ဖြစ်ပါတယ်။ သာသနာတော်သို့ ဝင်ရောက်လာပြီးတော့ ရှင်ရဟန်းဖြစ်ပြီးတဲ့ အချိန်အခါကျတော့ သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်းဖြစ်တဲ့ နိယျာနိကတရားကောင်းလို့ ခေါ်ဆိုအပ်တဲ့ သီလကျင့်စဉ်လည်း မကျင့်ဘူး၊ သမာဓိကျင့်စဉ်တွေလည်း မကျင့်ဘူး၊ ပညာကျင့်စဉ်တွေလည်း မကျင့်ဘူးဆိုရင် ဒီပုဂ္ဂိုလ်သည် ကောက်ကျစ်စဉ်းလဲနေတဲ့ ပုဂ္ဂိုလ်လို့ မပြောနိုင်ဘူးလား?

ဘယ့်နှယ်တုန်း တပည့်တော်တို့ ဘုန်းကြီးတွေ ကောက်ကျစ်စဉ်းလဲတဲ့ ဘုန်းကြီးတွေလား၊ မကောက်ကျစ် မစဉ်းလဲတဲ့ ဘုန်းကြီးတွေလားလို့ ထပ်ပြီးမေးရင် ဘယ်လိုများ ဖြေကြမလဲ? နှစ်မျိုးတော့ ဖြေကြမယ် ထင်တယ်နော်။ ကဲ နောက်က ယောဂီတွေကော ဘယ်လိုတုန်း? နောက်က သီလရှင်တွေ ဘုန်းကြီးကျေနပ်အောင်တော့ အဖြေပေးလိမ့်မယ်လို့တော့ နဂိုတည်းက မျှော်လင့်ထားပါတယ်နော်။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုတော့ အသိဆုံး ဖြစ်သလား၊ မဖြစ်ဘူးလား? ဖြစ်ကြပါတယ်။ ကောက်ကျစ်စဉ်းလဲနေတဲ့ စိတ်ဓာတ်တွေဖြင့် ဘုရားရှင်၏ စိတ်အစဉ်တော်ကို နှစ်သက်ကျေနပ်ဖို့ရန်အတွက်တော့ စွမ်းနိုင်မလား? မစွမ်းနိုင်ဘူး။ ဒီမထေရ်ကြီးတွေ တိုင်ပင်ပုံလေးတွေ မကောင်းဘူးလား? သိပ်ကောင်းတယ်။ တစ်ပါးနဲ့တစ်ပါး ဆုံးမနေတယ်နော်။

‘‘ယထာဇ္ဈာသယေနေဝ အာရာဓေတုံ သက္ကာ’’

ယထာဇ္ဈာသယေနေဝ၊ ဘုရားရှင်၏ အလိုအဇ္ဈာသယအတိုင်း ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခြင်းဖြင့်သာလျှင်။ အာရာဓေတုံ၊ ဘုရားရှင်တို့၏ စိတ်အစဉ်ကို နှစ်သက်စေခြင်းငှာ။ သက္ကာ၊ တတ်ကောင်းပါပေ၏၊

ဘုရားရှင်၏ အလိုအဇ္ဈာသယဓာတ်တော်နှင့် လျော်ညီစွာ၊ ဘုရားရှင်၏ အလိုအဇ္ဈာသယဓာတ်အတိုင်း သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်တွေကို လက်တွေ့ ကျင့်ခြင်းဖြင့်သာလျှင် ဘုရားရှင်၏ စိတ်အစဉ်ကို နှစ်သက်ကျေနပ်ဖို့ရန်အတွက် စွမ်းနိုင်ကြပါတယ်။ ဘယ့်နှယ်တုန်း ဟုတ်သလား၊ မဟုတ်ဘူးလား? ဟုတ်တယ်။ ဘုရားရှင်တို့က —

‘‘ဓမ္မဂရုက န အာမိသဂရုက’’

ဓမ္မဂရုက၊ တရားကို လေးစားတဲ့ ပုဂ္ဂိုလ်တွေသာ ဖြစ်ပါတယ်။ န အာမိသဂရုက၊ ပစ္စည်းလေးပါးဆိုတဲ့ အာမိသကို လေးစားတဲ့ ပုဂ္ဂိုလ်တွေ မဟုတ်ကြဘူး။

ဒါကြောင့် တရားကို လေးစားနေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ခြင်းကြောင့် နောက်ဆုံး သုဘဒ္ဒရဟန်း ဆိုကြစို့။ မဇ္ဈိမသာဝက သုဘဒ္ဒရဟန်းက မြတ်စွာဘုရား ပရိနိဗ္ဗာန်စံမယ့်ညမှာ ဘုရားကို မပြုစုဘူး။ တခြားရဟန်းတွေကသာ ပြုစုနေတော့ သုဘဒ္ဒရဟန်းကို တချို့ မသိတဲ့ ရဟန်းတွေက ကဲ့ရဲ့တဲ့အခါ ဘုရားရှင်က သုဘဒ္ဒရဟန်းကို သာဓုခေါ်တယ်နော်။ ဘုရား ပရိနိဗ္ဗာန်မစံမီ အရဟတ္တဖိုလ်ကို ရရှိကြောင်း ငါဘုရားကို လျှောက်ထားနိုင်ရမယ်ဆိုတဲ့ ဦးတည်ချက်ဖြင့် ထိုညမှာ အကြိတ်အနယ် တရားတွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတယ်။ ဒီလို အားထုတ်တာမျိုးကို ဘုရားရှင်၏ အလိုအဇ္ဈာသယအတိုင်း အားထုတ်ခြင်းလို့ ခေါ်ပါတယ်။ ဒီလို ဘုရားရှင်၏ အလိုအဇ္ဈာသယအတိုင်း အားထုတ်နေတဲ့အတွက် ဒီလို အားထုတ်တဲ့ စွမ်းအင်တွေက ဘုရားရှင်၏ စိတ်အစဉ်တော်ကို နှစ်သက်ကျေနပ်စေနိုင်တဲ့ စွမ်းအားတွေ ပေါ်လာတယ်။ ဘုရားရှင် သာဓုခေါ်တယ်။ သိပ်ကျေနပ်သွားတယ်။ ဒါကြောင့် —

‘‘အပ္ပမတ္တာ ဟောထ’’

အပ္ပမတ္တာ၊ သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်ဟု ခေါ်ဆိုအပ်တဲ့ ကျင့်ဝတ်ပဋိပတ်တို့၌ မမေ့မလျော့ မပေါ့ဆခြင်း အပ္ပမာဒတရား လက်ကိုင်ထားကြကုန်သည်။ ဟောထ၊ ဖြစ်ကြပါကုန်လော့။

မိမိတို့ ကျင့်ရမယ့် သီလကျင့်စဉ်၊ မိမိတို့ ကျင့်ရမယ့် သမာဓိကျင့်စဉ်၊ မိမိတို့ ကျင့်ရမယ့် ပညာကျင့်စဉ်တွေအပေါ်၌ မမေ့မလျော့ခြင်း အပ္ပမာဒတရား လက်ကိုင်ထားပြီးတော့ နေထိုင်ကြပါ။

‘‘ဒွီဟိ ဧကဋ္ဌာနေ န ဌာတဗ္ဗံ, န နိသီဒိတဗ္ဗံ’’

ဒွီဟိ၊ နှစ်ပါးသော ရဟန်းတို့သည်။ ဧကဋ္ဌာနေ၊ တစ်ခုတည်းသော နေရာ၌။ န ဌာတဗ္ဗံ၊ ရပ်တည်၍လည်း မနေပါနှင့်။ န နိသီဒိတဗ္ဗံ၊ ထိုင်၍လည်း မနေပါနဲ့။

နှစ်ပါး တစ်နေရာတည်းမှာ မတ်တပ်ရပ်ပြီးတော့ ဘယ်တော့မှ မနေပါနဲ့။ နေရာတစ်ခုတည်းမှာ နှစ်ပါးထိုင်ပြီးတော့လည်း ဘယ်တော့မှ မနေပါနဲ့။ ဘယ့်နှယ်လဲ? ဘုန်းကြီးတို့ ကောင်းသလား၊ မကောင်းဘူးလား? ကောင်းတော့ ကောင်းတယ်။ ဘာဖြစ်သလဲ? အဲဒါပဲ။ တပည့်တော်တို့ သာသနာတော်မှာ နေတယ်ဆိုတာက ဘုရားရှင်၏ အလိုတော်ကျလေး နေထိုင်တတ်ဖို့အတွက် တပည့်တော်က ကျောင်းလေးတွေကို ခပ်ဝေးဝေး လုပ်ထားပေးပါတယ်။ တစ်နေရာတည်းမှာ နှစ်ပါးနေဖို့ လုပ်ပေးသလား၊ တစ်ပါးတည်းနေဖို့ လုပ်ပေးသလား? တစ်ပါးနေဖို့။ နှစ်ပါးနေဖို့ တပည့်တော် လုပ်မပေးထားပါဘူး။ တစ်ပါးစီ နေထိုင်ဖို့ပဲ လုပ်ပေးထားပါတယ်။ မထေရ်ကြီးတွေ ကြည့်ပေါ့။ အပါးခြောက်ဆယ် တစ်နေရာတည်းမှာ နှစ်ပါး ဘယ်တော့မှ မတ်တပ်မရပ်ပါနဲ့။ တစ်နေရာတည်းမှာ နှစ်ပါး ဘယ်တော့မှလည်း မထိုင်ပါနဲ့။ လိုက်နာဖို့ မကောင်းဘူးလား? သိပ်ကောင်းတယ်နော်။ နောက်တစ်ခု —

‘‘သာယံ ခေါ ပန ထေရူပဋ္ဌာနကာလေ ပါတောဝ ဘိက္ခာစာရကာလေ ဧကတော ဘဝိဿာမ’’

ခေါ ပန၊ တကယ်စင်စစ်အားဖြင့်သော်ကား။ သာယံ၊ ညနေချမ်းအခါ၌။ ထေရူပဋ္ဌာနကာလေ၊ သံဃမထေရ်ကြီးကို ဆည်းကပ်ခစားတဲ့ အချိန်အခါကာလ၌လည်းကောင်း။ ပါတောဝ၊ နံနက်စောစောကပင်လျှင်။ ဘိက္ခာစာရကာလေ၊ ဆွမ်းခံကြွရာ အချိန်အခါကာလ၌လည်းကောင်း။ ဧကတော၊ တစ်ပေါင်းတည်း။ ဘဝိဿာမ၊ ဖြစ်ကြပါကုန်အံ့။

ချွင်းချက်ကလေးတော့ ထားလိုက်တယ်။ ညနေချမ်း အချိန်အခါမှာ မထေရ်ကြီးကို ဆည်းကပ်တဲ့အချိန်၊ နံနက်စောစော ဆွမ်းခံတဲ့အချိန်မှာတော့ အပါးခြောက်ဆယ် တစ်ပေါင်းတည်း ဖြစ်ကြပါစို့။ ဒါကိုတော့ ကတိထားကြတယ်နော်။ ညနေချမ်းအချိန်အခါမှာ မထေရ်ကြီးကို ဆည်းကပ်ခစားတဲ့ အချိန်ဆိုတာက ရှေးဟောင်းယဉ်ကျေးမှုတစ်ခုပဲနော်။ မထေရ်ကြီးက ပြောစရာရှိတယ်၊ ဆိုဆုံးမစရာ ရှိတယ်ဆိုလို့ရှိရင်လည်း ဆိုဆုံးမဖို့။ ဒါလည်း အကြောင်းတစ်ခု။ သီလကျင့်စဉ်နဲ့ ပတ်သက်ပြီး ပြောစရာ၊ ဆိုစရာရှိရင် သီလကျင့်စဉ်နဲ့ ပတ်သက်ပြီး ပြောဖို့၊ သမာဓိကျင့်စဉ်နဲ့ ပတ်သက်ပြီး ညွှန်ကြားချက် ရှိမယ်ဆိုရင်လည်း ညွှန်ကြားပေးဖို့၊ ပညာကျင့်စဉ်နဲ့ ပတ်သက်ပြီး ညွှန်ကြားစရာ ရှိရင်လည်း ညွှန်ကြားပေးဖို့ဆိုတဲ့ ဦးတည်ချက်ဖြင့် ညနေချမ်း အချိန်အခါကာလမှာ မထေရ်ကြီးကို ဆည်းကပ်ခစားကြရတယ်။

ဒီယဉ်ကျေးမှုလေးကတော့ ဘုန်းကြီးတို့ မြန်မာပြည်မှာ တော်တော်လေး ပျောက်ကွယ်နေတဲ့ သဘောရှိတယ်။ ဒါပေမယ့် ဘုန်းကြီးတို့ သီဟိုဠ်ရောက်သွားတဲ့ အချိန်အခါမှာ သီဟိုဠ်က မထေရ်ကြီးတွေ ဒီယဉ်ကျေးမှုကို လိုက်နာလျက်ပဲ ရှိနေပါတယ်။ သင့်တင့်လျောက်ပတ်တဲ့ တစ်နေ့ တစ်ချိန်လောက် မထေရ်ကြီးကို လာပြီးတော့ အမြဲတမ်း ဆည်းကပ်ကြတယ်။ လာပြီး လျှောက်ထားကြတယ်။ ဒါ သူတို့၏ ယဉ်ကျေးမှုပဲ။ ဒီသူတို့၏ ယဉ်ကျေးမှုသည် ဘယ်က ဆင်းသက်လာသလဲလို့မေးတော့ ဘုရားရှင် လက်ထက်တော်က ဆင်းသက်လာခဲ့တဲ့ ယဉ်ကျေးမှု ဖြစ်ပါတယ်။

ဒါကြောင့် နေ့စဉ် တရားလာပြီး လျှောက်ထားကြပါဆိုပြီး တပည့်တော်က တိုက်တွန်းတယ်။ လျှောက်ထားတဲ့ ပုဂ္ဂိုလ်က အပါးတစ်ရာမှာ ဆယ်ပါးတောင် မရှိဘူး။ တပည့်တော် ဒီကျောင်းပေါ်မှာ တရားစစ်တယ်။ ဘုန်းကြီးတွေ တရားလာလျှောက်ထားရမယ်ဆိုပြီးတော့ အမိန့်ထုတ်ထားတယ်။ လာပြီး တရားလျှောက်တဲ့ ပုဂ္ဂိုလ် တစ်ခါတစ်ရံ သုံးပါးလောက်ပဲ ရှိတယ်။ အပါးတစ်ရာ့ခုနစ်ဆယ်ကျော်မှာ သုံးပါးလောက်ပဲ လာပြီး တရားလျှောက်တယ်ဆိုရင် ဒီကျင့်ဝတ်ပဋိပတ်တွေကို ရိုရိုသေသေ လိုက်နာနေကြတယ်လို့ တပည့်တော်ဘက်က ပြောမယ်ဆိုရင် ပြောလို့ရပါ့မလား? တောကျောင်းမှာကတော့ မလာမနေရဆိုပြီး အမိန့်ထုတ်ထားတဲ့အတွက် လာပြီး တရားလျှောက်တဲ့ ပုဂ္ဂိုလ်တော့ တော်တော် အရေအတွက် များပါတယ်။ တောကျောင်းလို့ ခေါ်မလား၊ ရွာကျောင်းလို့ ခေါ်မလား? ဒီမှာ တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေကျတော့ မလာတဲ့ ပုဂ္ဂိုလ်က အရေအတွက် များနေတယ်တဲ့။

မိမိ ကျင့်ရမယ့် ကျင့်ဝတ်ပဋိပတ်ကို ရိုရိုသေသေ ဖြည့်ကျင့်နေတဲ့ ပုဂ္ဂိုလ်တွေလို့ ဒီပုဂ္ဂိုလ်တွေကို တပည့်တော်တို့ဘက်က ပြောရမလား၊ မပြောရဘူးလား? နောက်က ယောဂီတွေကော ဘယ်လိုတုန်း။ သီလရှင်တွေ ကျင့်ဝတ်ပဋိပတ်တွေကို ရိုရိုသေသေ ဖြည့်ကျင့်နေတဲ့ ပုဂ္ဂိုလ်တွေလို့ ပြောရမလား၊ မပြောရဘူးလား? အသံတွေက တော်တော် တိတ်သွားကြတယ်နော်။ သာသနာမှာ နေခဲ့ရင် သာသနာတော်၏ စည်းကမ်းလေးတွေကို ရိုရိုသေသေ လိုက်နာပြုကျင့်ခြင်းသည် မိမိတို့အတွက် အကျိုးမရှိဘူးလား? အကျိုးရှိတယ်။ ဒီတော့ တရား လာမလျှောက်တဲ့ ပုဂ္ဂိုလ်တွေ ဒီတရား လျှောက်ရမယ့် အချိန်အခါ ဘာလုပ်နေလဲ?

ဒွီဟိ၊ နှစ်ပါးသော ရဟန်းတို့သည်။ ဧကဋ္ဌာနေ၊ တစ်နေရာတည်း၌။ န ဌာတဗ္ဗံ၊ မတ်တပ်ရပ်၍လည်း မနေပါနှင့်။ န နိသီဒိတဗ္ဗံ၊ ထိုင်၍လည်း မနေပါနဲ့။

ဒါကတော့ စည်းကမ်းပဲ။ အဲဒီတော့ တရားလျှောက်ရမယ့် အချိန်အခါကျတော့ အဲဒီ ရဟန်းတွေက ဘာလုပ်သလဲ? တစ်နေရာတည်းမှာ နှစ်ပါး၊ သုံးပါး၊ လေးပါး၊ ငါးပါး မတ်တပ်ရပ်နေတာလည်း မရှိဘူးလား? ရှိကြပြန်တယ်။ တစ်နေရာမှာ စုပြီးတော့ ဝိုင်းဖွဲ့ပြီး ဆွေးနွေးပွဲတွေ ကျင်းပနေတာကော မရှိဘူးလား? ရှိကြပြန်တယ်။ အဲဒီ ဆွေးနွေးပွဲတွေကလည်း နေ့စဉ် ကျင်းပနေတော့ ကျင်းပလို့ကော ပြီးနိုင်မလား? မပြီးနိုင်တဲ့ စကားတွေ ပြောနေကြတယ်။ သာသနာတော်မှာနေရင် သာသနာတော်၏ စည်းကမ်းလေးတွေကို ရိုသေစွာ လိုက်နာပြီး ဖြည့်ကျင့်ခြင်းသည် မိမိတို့အတွက် အကျိုးရှိတယ်။ ဘုရားရှင်၏ အလိုဆန္ဒအတိုင်းလည်း ဖြည့်ကျင့်နေသည်မည်တယ်။ ဘုရားရှင်၏ စိတ်အစဉ်တော်ကိုလည်း နှစ်သက်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေသည် မည်ပါတယ်။

ဒါ ရှေးရှေး မထေရ်ကြီးတို့က ဘုရားရှင်လက်ထက်တည်းက ဆင်းသက်လာတဲ့ ကျင့်ထုံးတွေကို၊ ရိုရိုသေသေ ကျင့်ပုံစနစ်လေးတွေကို တပည့်တော် ပြောနေတာပါ။ နောက်တစ်ခု — နံနက် ဆွမ်းခံတဲ့ အချိန်အခါမှာလည်း တစ်ပေါင်းတည်း ဖြစ်ပါစေ။ ဒါကတော့ အလှူရှင်တွေအတွက် ငဲ့ကွက်တာလည်း အကြောင်းတစ်ခု ပါပါတယ်။ ဘာဖြစ်လို့ အလှူရှင်ကို ငဲ့ကွက်နေရသလဲလို့မေးတော့ ဒီဝါတွင်းမှာ ဆွမ်းအတွက် တာဝန်ယူနေတာက ဒီမာတိကဥပါသိကာမကြီး တစ်ဦးတည်းပဲ ဖြစ်တယ်။ တော်ကြာ တစ်ပါးလာလိုက်၊ တော်ကြာ တစ်ပါးလာလိုက်ဆိုတော့ ပြုစုလုပ်ကျွေးရတဲ့ ပုဂ္ဂိုလ်တွေက တာဝန်တွေက သိပ်မကြီးဘူးလား? ကြီးနေတယ်။

ဒါကြောင့် ပြုစုလုပ်ကျွေးနေတဲ့ ပုဂ္ဂိုလ်တွေလည်း တာဝန်မကြီးရအောင်ဆိုတဲ့ ရည်ရွယ်ချက်လည်း ပါပါတယ်နော်။ တစ်ပါးနဲ့တစ်ပါး ထိုအချိန်အခါမှာ တွေ့လို့ရှိရင် ပြောသင့်ပြောထိုက်တဲ့စကား၊ သမထ - ဝိပဿနာနဲ့ ပတ်သက်တဲ့ အခက်အခဲ ဖြစ်နေတဲ့စကား၊ သီလကျင့်စဉ်၊ ဝိနည်းကျင့်စဉ်နဲ့ ပတ်သက်ပြီး အခက်အခဲ ဖြစ်နေတဲ့စကားတွေကို ခေတ္တခဏ ပြောမယ်ဆိုရင်လည်း ပြောဖို့ရာ အခွင့်အရေးရတယ်။ ဒီဦးတည်ချက်ဖြင့် နံနက် ဆွမ်းခံတဲ့အချိန်အခါမှာလည်း တစ်ပေါင်းတည်း ဖြစ်ကြပါစို့ဆိုပြီး ဒီလောက်တော့ ကတိကဝတ် ထားကြတယ်။ နောက်တစ်ခု -

‘‘သေသကာလေ ဒွေ ဧကတော န ဘဝိဿာမ’’

သေသကာလေ၊ ထိုနှစ်ချိန်မှ ကြွင်းကျန်တဲ့ အချိန်အခါကာလ၌။ ဒွေ၊ နှစ်ပါးသော ရဟန်းတို့သည်။ ဧကတော၊ တစ်ပေါင်းတည်း။ န ဘဝိဿာမ၊ မဖြစ်ကြပါကုန်အံ့။

ဒီအချိန် နှစ်ချိန်ကလွဲရင် ကျန်တဲ့အချိန် ဘယ်အချိန်မှ တစ်နေရာတည်းမှာ နှစ်ပါး ဘယ်တော့မှ မဖြစ်ပါစေနဲ့တဲ့။ ဘယ့်နှယ်လဲ မကောင်းဘူးလား? ကောင်းလည်း ကောင်းတယ်။ ကျင့်လည်း ကျင့်ဖို့ မလိုဘူးလား?

‘‘အပိစ ခေါ ပန အဖာသုကေန ဘိက္ခုနာ အာဂန္တွာ ဝိဟာရမဇ္ဈေ ဃဏ္ဍိယာ ပဟတာယ ဃဏ္ဍိသညာယ အာဂန္တွာ တဿ ဘေသဇ္ဇံ ကရိဿာမာ’’

အပိ စ ခေါ ပန၊ တကယ် စင်စစ်အားဖြင့်သော်ကား။ ဘိက္ခုနာ၊ မကျန်းမာသော ရဟန်းတော်သည်။ အာဂန္တွာ၊ လာ၍။ ဝိဟာရမဇ္ဈေ၊ ကျောင်းတိုက်၏အလယ်၌။ ဃဏ္ဍိယာ၊ ထိုးစည်ကို။ ပဟတာယ၊ ထိုးခတ်အပ် ပုတ်ခတ်အပ်သည်ရှိသော်။ ဃဏ္ဍိသညာယ၊ ထိုးစည်တီးခတ်သော အမှတ်သညာဖြင့်။ အာဂန္တွာ၊ စည်းဝေးလာကြကုန်၍။ တဿ၊ ထိုမကျန်းမာနေတဲ့ ရဟန်းတော်အတွက်။ ဘေသဇ္ဇံ၊ ဆေးကို။ ကရိဿာမ၊ ဖော်စပ်ကြပါကုန်အံ့။ ဣတိ၊ ဤသို့လျှင်။ သန္နိပါတာပေတွာ၊ အညီအညွတ် စည်းဝေးတိုင်ပင်ကြကုန်၍။ အညမညံ၊ အချင်းချင်း။ ဩဝါဒိံသု၊ ဆိုဆုံးမတော်မူကြလေကုန်ပြီ။

ကဲ ... တကယ်ပြောကြစို့ဆိုရင် ချွင်းချက်ကလေး တစ်ခုတော့ ရှိတယ်။ ရဟန်းတော်တစ်ပါးက အကယ်၍ မကျန်းမမာ ဖြစ်နေပြီဆိုရင် ထိုမကျန်းမာနေတဲ့ ရဟန်းတော်က ကျောင်းတိုက်အလယ်သို့ ကြွလာပြီး ကျောင်းတိုက်အလယ်မှာ တည်ရှိနေတဲ့ ထိုးစည်ခေါင်းလောင်းကို တီးခတ်ပါ။ ထိုးစည်ခေါင်းလောင်း တီးခတ်လိုက်တဲ့ အမှတ်သညာဖြင့် ရဟန်းတော်အားလုံး စည်းဝေးပြီးတော့ လာကြပါ။ စည်းဝေးလာပြီးတဲ့ အချိန်အခါမှာ ထိုရဟန်းတော်အတွက် သင့်တင့်လျောက်ပတ်တဲ့ ဆေးတွေကို ဖော်စပ်ပြီး ပြုစုလုပ်ကျွေးကြမယ်ဆိုပြီးတော့ ဒီလို အချင်းချင်း ကတိကဝတ် ထားကြတယ်၊ ဆိုဆုံးမကြတယ်။ အဲဒီလို ကတိကဝတ်တွေ တည်ထားပြီးတော့ ဘာလုပ်သလဲ?

‘‘တေသု ဧဝံ ကတိကံ ကတွာ ဝိဟရန္တေသု ဧကဒိဝသံ သာ ဥပါသိကာ သပ္ပိတေလဖာဏိတာဒီနိ ဂါဟာပေတွာ ဒါသဒါသိကမ္မကရာဒီဟိ ပရိဝုတာ သာယနှသမယေ တံ ဝိဟာရံ ဂန္တွာ ဝိဟာရမဇ္ဈေ ဘိက္ခူ အဒိသွာ, ‘ကဟံ နု ခေါ, အယျာ, ဂတာ’တိ ပုရိသေ ပုစ္ဆိတွာ’’

မာတိကဥပါသိကာမကြီးက တစ်နေ့ ကျောင်းတိုက်အတွင်း ရောက်ရှိလာတယ်။ ထောပတ်၊ ဆီ၊ ပျားရည်၊ တင်လဲ အစရှိတဲ့ လှူဖွယ်ဝတ္ထုတွေကိုလည်း လက်က ကိုင်စွဲပြီး လာတယ်။ ကျွန်ယောက်ျား၊ ကျွန်မိန်းမ အလုပ်သမား အစရှိတဲ့ အခြွေအရံ ပရိသတ်တွေ ခြံရံပြီးတော့ ညနေချမ်းအခါ ကျောင်းတိုက်သို့ ဆိုက်ရောက်လာခြင်းဖြစ်တယ်။ ကျောင်းတိုက်အလယ်ကို ဝင်ပြီး ကြည့်လိုက်တဲ့အခါမှာ ရဟန်းတော်တစ်ပါးမှ မတွေ့ရဘူး။ မတွေ့ရတဲ့အတွက် အရှင်ကောင်း၊ အရှင်မြတ်တွေသည် ဘယ်အရပ်သို့လျှင် ကြွသွားကြသလဲဆိုပြီး နောက်တော်က ပါလာတဲ့ တတ်သိနားလည်နေတဲ့ အလုပ်သမားတွေကို လှမ်းပြီးတော့ မေးလိုက်တယ်။ မေးလိုက်တဲ့ အချိန်အခါမှာ ဒီထဲမှာ ကျင့်ဝတ်ပဋိပတ် နားလည်နေတဲ့ ပုဂ္ဂိုလ်တစ်ဦး ပါလာတယ်။ ဒီပုဂ္ဂိုလ်တစ်ဦးက ဘာပြောသလဲ?

‘‘အတ္တနော အတ္တနော ရတ္တိဋ္ဌာနဒိဝါဋ္ဌာနေသု နိသိန္နာ ဘဝိဿန္တိ, အယျေ’’

အယျေ၊ အိုအရှင်မ ...။ ဘိက္ခူ၊ ရဟန်းတော်တို့သည်ကား။ အတ္တနော အတ္တနော၊ မိမိ မိမိ၏၊ ရတ္တိဋ္ဌာနဒိဝါဋ္ဌာနေသု၊ ညဉ့်သန့်စင်ရာနေရာ၊ နေ့သန့်စင်ရာနေရာတို့၌။ နိသိန္နာ၊ သီတင်းသုံးလျက် နေထိုင်ကြကုန်သည်။ ဘဝိဿန္တိ၊ ဖြစ်ကြပါကုန်လိမ့်မည်။

အရှင်မ ... ရဟန်းတော်တွေဟာ မိမိတို့၏ နေ့သန့်စင်တဲ့နေရာ၊ ညဉ့်သန့်စင်တဲ့နေရာတွေမှာ ထိုင်ပြီး သီတင်းသုံးနေတာ ဖြစ်ကြပါလိမ့်မယ်ဆိုပြီးတော့ ဒီလို တင်ပြတယ်။

ရတ္တိဋ္ဌာန၊ ညဉ့်သန့်စင်တဲ့နေရာဆိုတာက ညဉ့်အခါမှာ တရားဘာဝနာ ကြိုးစားအားထုတ်တဲ့နေရာကို ညဉ့်သန့်စင်တဲ့ နေရာလို့ခေါ်တယ်။ ဒိဝါဋ္ဌာန၊ နေ့သန့်စင်တဲ့နေရာဆိုတာက နေ့အခါမှာ တရားဘာဝနာကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တဲ့နေရာကို ခေါ်ပါတယ်။ ဘာကြောင့် ဒီလို ခွဲထားရသလဲဆိုတော့ တရားလက်တွေ့ အားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေ နားလည်ကြလိမ့်မယ်လို့ ထင်ပါတယ်နော်။

တရားက တကယ်ထိုင်လိုက်ပြီဆိုတော့ ဘာဖြစ်သလဲ။ ငိုက်လာပြီ။ အိပ်ရာထဲမှာ ထိုင်လိုက်တယ်ဆိုတဲ့ အခါကျတော့ ဘေးမှာလည်း စောင့်ကြည့်တဲ့ ပုဂ္ဂိုလ်ကလည်း တစ်ယောက်မှ မရှိလေတော့ ဘာလုပ်သလဲ? သိပ်ငိုက်လာရင်တော့ မထူးပါဘူး။ ခဏတော့ အိပ်လိုက်ဦးမှပဲဆိုပြီး လှဲပြီး အိပ်ကရော။ ဟုတ်တယ် မဟုတ်လား? အဲဒီ ပုံစံစနစ်အားဖြင့် ကျင့်နေမယ်ဆိုရင်တော့ တရားက တက်မလား? မတက်နိုင်ဘူး။ ခန္ဓာကိုယ်ကို သူက အလိုလိုက်နေတယ်နော်။ ဒီခန္ဓာကိုယ်ကို အလိုလိုက်တဲ့ဥစ္စာက သံသရာခရီးတစ်လျှောက်မှာ များခဲ့ပါပြီတဲ့နော်။

မြိုင်နက်စွန်ဖျား၊ တောသစ်ကျားကို၊ မယ်ဘွားမိခင် နွားငယ်ထင်သို့၊ အမြင်မဖြောင့်၊ ဝိပလ်မှောက်၍၊ တကြောင့်ကြကြ၊ ပြုခဲ့လှပြီ။

ခါးကလည်း နာနေပြီ။ သိပ်ပြီး ဆက်ပြီး ထိုင်လိုက်ရင်တော့ ပိုဆိုးသွားမယ်ထင်တယ်။ နည်းနည်းတော့ လျှော့လိုက်ဦးမှနဲ့ တူပါရဲ့။ ဟုတ်တယ် မဟုတ်လား? ခေါင်းတွေကလည်း ဒီနေ့ ကိုက်နေတယ်။ ထိုင်လို့ကလည်း သိပ်မကောင်းဘူး။ ဆေးလေး ဘာလေး စားလိုက်ဦးမှနဲ့ တူပါရဲ့ စသည်ဖြင့် ဒီခန္ဓာကိုယ်ကြီးကိုနော်။ တကြောင့်ကြကြ ပြုခဲ့လှတဲ့ ဘဝတွေက ဘယ်လောက်များခဲ့သလဲ။ သိပ်များခဲ့ပြီတဲ့နော်။

အနောက်ရိုးမတို့လို မြိုင်နက်စွန်ဖျားမှာ မိမိကို အသေသတ်မယ်လို့ ပုန်းအောင်းပြီး ချောင်းနေတဲ့ ကျားသစ်တွေ ရှိကြတယ်။ နွားမကြီးတစ်ကောင်က မိမိကို အသေသတ်မယ်လို့ ချောင်းနေတဲ့ ဒီကျားတွေကို မိမိ၏ နွားသားငယ်လို့ ထင်သလို။

မိမိကို အသေသတ်မယ့် ဒီခန္ဓာငါးပါးကိုလည်း တကြောင့်ကြကြနဲ့ ပြုနေပြီ။ ခန္ဓာငါးပါးရှိရင် သေခြင်းဆိုတဲ့ သဘောတရား ထင်ရှားဖြစ်ပေါ်လာမယ်။ ဒါကြောင့် လူသတ်သမားဟာ ဘယ်သူလဲလို့မေးရင် ဒီခန္ဓာငါးပါးပဲ။ မိမိမှာ ရုပ်တရားရှိရင် ရုပ်တရားတွေကလည်း ဒီခန္ဓာအိမ်ကြီးကို အသေသတ်ကြမယ်။ မာနေတဲ့ ပထဝီတွေက လွန်ကဲလာပြီဆိုရင်လည်း ဒီခန္ဓာအိမ်ကြီး ပျက်စီးသွားတတ်တယ်။ ပူနေတဲ့ တေဇောဓာတ်တွေက လွန်ကဲ ဖောက်ပြန်လာပြီဆိုလို့ရှိရင်လည်း ဒီခန္ဓာအိမ်ကြီး ပျက်စီးမသွားဘူးလား? ပျက်စီးသွားနိုင်တယ်။ ဒါကြောင့် ဒီပထဝီဓာတ်၊ အာပေါဓာတ်၊ တေဇောဓာတ်၊ ဝါယောဓာတ်ခေါ်တဲ့ ဓာတ်ကြီးလေးပါးကို မြွေကြီးလေးကောင်အနေနဲ့ စံထားပြီး မြတ်စွာဘုရားက အာသီဝီသောပမသုတ္တန်မှာ ဟောထားပါတယ်။

ဒီမြွေကြီး လေးကောင်က ခန္ဓာ ငါးပါး ပိုင်ရှင်ဖြစ်တဲ့ ဒီသတ္တဝါကို အသေသတ်ဖို့ရန်အတွက် ဒီခန္ဓာအိမ်မှာ ကပ်ကပ်လာတာ ဖြစ်တယ်။ ဒါကြောင့် မိမိကို အသေသတ်မယ့် ခန္ဓာ ငါးပါးထဲမှာ အကျုံးဝင်နေတဲ့ ဒီဓာတ်ကြီး လေးပါးကို မိမိတို့က သိပ်ပြီး တကြောင့်ကြကြ ပြုနေမယ်ဆိုရင် မိမိ လိုလားတောင့်တနေတဲ့ နိဗ္ဗာန်ကြီးကို ရနိုင်ပါ့မလား? မရနိုင်ဘူးတဲ့နော်။

ဒါကြောင့် ဒီနေရာမှာလည်းပဲ နေ့သန့်စင်တဲ့နေရာမှာ တရားဘာဝနာ အားထုတ်တယ်ဆိုတာက များသောအားဖြင့် သစ်ပင်အောက်မှာ ကွပ်ပျစ်ကလေးတွေ (သို့မဟုတ်) ကျောက်တုံးကလေးတွေ ချပြီးတော့ ဒီလို သင့်တင့်လျောက်ပတ်တဲ့နေရာမှာ ညောင်းညာတဲ့အခါ (သို့မဟုတ်) တရားခေတ္တနားတဲ့အခါ လျောင်းဖို့ရန်အတွက် စင်္ကြံလေးတွေလည်း ပြုလုပ်ထားကြပါတယ်။ အဲဒီလို လဟာပြင် အတွင်းမှာပေါ့။ အိပ်ရာနဲ့ အလွန် ဝေးတဲ့နေရာမှာ သွားပြီး တရားအားထုတ်ခဲ့မယ်။ စိတ်ဓာတ်တွေ, ဇွဲတွေကလည်း အားကောင်းခဲ့မယ်ဆိုရင် အိပ်ချင်ငိုက်မျဉ်းလာသော်လည်းပဲ အိပ်ချင်ငိုက်မျဉ်းနေတဲ့ ဒီစိတ်ကို ဖယ်ရှားပြီးတော့ ဆက်လက်ပြီး တရားအားထုတ်တယ်။ အိပ်ချင်ငိုက်မျဉ်းမှုတွေကလည်း ဒီလို နေ့သန့်စင်တဲ့ နေရာမှာသွားပြီး အားထုတ်ပြီဆိုလို့ရှိရင်တော့ တော်တော်လေး ဝေးကွာသွားတတ်တဲ့ သဘောရှိတယ်။

ဒါကြောင့် နေ့အခါမှာ တရားအားထုတ်တဲ့နေရာကို သီးသန့်ထားတာ။ ညအခါမှာ တရားအားထုတ်တဲ့ နေရာကျတော့ မိမိတို့သက်ဆိုင်ရာ သင်္ခမ်းကျောင်းအတွင်းမှာ ဝင်ပြီး အားထုတ်ကြရတယ်။ ဒါကြောင့် ညဉ့်သန့်စင်တဲ့နေရာ, နေ့သန့်စင်တဲ့နေရာဆိုပြီးတော့ ရှေးယခင်က ရဟန်းတော်များ တရားအားထုတ်တဲ့ နေရာ နှစ်ခု ရွေးချယ်ထားပါတယ်။ ဒီလို နေသန့်စင်တဲ့နေရာ, ညဉ့်သန့်စင်တဲ့နေရာတွေမှာ ရဟန်းတော်များ သီတင်းသုံးပြီးတော့ ထိုင်နေတာ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်ဆိုပြီးတော့ တတ်သိနားလည်တဲ့ပုဂ္ဂိုလ်က ပြန်ပြီးတော့ ပြောဆိုတယ်။ အဲဒီအခါမှာ —

ဒုတိယပိုင်း

‘‘ကိံ နု ခေါ ကတွာ ဒဋ္ဌုံ သက္ခိဿာမိ’’

ကိံ နု ခေါ၊ အဘယ်အမှုကို။ ကတွာ၊ ပြု၍ (ဝါ) ငါပြုလုပ်ခဲ့သည်ရှိသော်။ ဒဋ္ဌုံ၊ ရဟန်းတော်တို့အား ဖူးမြင်ဖို့ရန်အတွက်။ သက္ခိဿာမိ၊ စွမ်းနိုင်ပါအံ့နည်း။

ဘယ်လိုလုပ်ရင်တော့ ဒီရဟန်းတွေကို ဖူးမြော်ဖို့ရန်အတွက် အခွင့်ရနိုင်မလဲဆိုပြီးတော့ မေးကြည့်တယ်နော်။ အဲဒါနဲ့ ဒီရဟန်းသံဃာတော်တို့ရဲ့ ကတိကဝတ်ကို တတ်သိနားလည်နေတဲ့ အလုပ်သမားတစ်ဦးကနေပြီးတော့ အကယ်၍များ ထိုးစည်ကို တီးလိုက်မယ်ဆိုလို့ရှိရင်တော့ ဒီရဟန်းတော်တွေကို တွေ့နိုင်တယ်ဆိုပြီးတော့ အကြံပေးတယ်။ အကြံပေးလိုက်တဲ့ အချိန်အခါမှာ ဒကာမကြီးက ထိုးစည်ကို တီးလိုက်တယ်။ ထိုးစည်သံကို ကြားလိုက်တဲ့ အချိန်အခါကျတော့ ဘာဖြစ်လဲ?

‘‘ကဿစိ အဖာသုကံ ဘဝိဿတိ’’

ကဿစိ၊ တစ်စုံတစ်ဦးသော ရဟန်းတော်အား။ အဖာသုကံ၊ မကျန်းမာခြင်းသည်။ ဘဝိဿတိ၊ ဖြစ်ပေလိမ့်မယ်။

ရဟန်းတော်တစ်ပါးပါးတော့ မကျန်းမာပုံရတယ်လို့ ဒီလို နှလုံးပိုက်ပြီးတော့ ဘာဖြစ်လဲ?

‘‘သကသကဋ္ဌာနေဟိ နိက္ခမိတွာ ဝိဟာရမဇ္ဈေ သန္နိပတိံသု။’’

သကသကဋ္ဌာနေဟိ၊ မိမိ, မိမိတို့သီတင်းသုံးရာဌာနတို့မှ။ နိက္ခမိတွာ၊ ထွက်ခွာတော်မူကြကုန်လျက်။ ဝိဟာရမဇ္ဈေ၊ ကျောင်းတိုက်အလယ်၌။ သန္နိပတိံသု၊ စည်းဝေးနေကြလေကုန်ပြီ။

မိမိတို့ နေရာလေးတွေကနေ အသီးသီး ထွက်လာပြီး ကျောင်းတိုက် အလယ်မှာ လာပြီး စုစည်းကြတယ်။

‘‘ဒွေပိ ဇနာ ဧကမဂ္ဂေနာဂတာ နာမ နတ္ထိ။’’

ဒွေပိ ဇနာ၊ နှစ်ဦးသော ရဟန်းတော်တို့သည်လည်းပဲ။ ဧကမဂ္ဂေန၊ တစ်ခုတည်းသောလမ်းဖြင့်။ အာဂတာ နာမ၊ ကြွလာသည်မည်သည်။ နတ္ထိ၊ မရှိပေ။

လမ်းတစ်ခုမှာ ရဟန်းနှစ်ပါး တစ်ခါမှ ကြွလာတာ မတွေ့ရဘူးတဲ့။ ဘယ့်နှယ်တုန်း မကောင်းဘူးလား? နိဗ္ဗာန်ကို လိုလားတောင့်တနေတဲ့ ပုဂ္ဂိုလ်က တစ်တွဲတွဲ လုပ်နေမယ်ဆိုရင်တော့ ဘယ့်နှယ်တုန်း တော်ပါ့မလား? မတော်ဘူး။ ကိုယ်က နိဗ္ဗာန်ကို သွားတာမှာ အဖော်လေးနဲ့ သွားနေခဲ့မယ်ဆိုလို့ရှိရင် ဖြစ်ပါမလား? မဖြစ်တော့ဘူးတဲ့။ ရှေးရှေး မထေရ်ကြီးတွေ တောထဲ တောင်ထဲမှာ ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် နေထိုင်ကြတယ်ဆိုတဲ့ စနစ်ကလေးတွေနော်။

ဒွေပိ ဇနာ၊ နှစ်ဦးသော ရဟန်းတော်တို့သည်လည်းပဲ။ ဧကမဂ္ဂေန၊ တစ်ခုတည်းသော လမ်းဖြင့်။ အာဂတာ နာမ၊ ကြွလာသည်မည်သည်။ နတ္ထိ၊ မရှိပေ။

ရဟန်းတော် နှစ်ပါး လမ်းတစ်ခုတည်းမှာ ကြွလာတာကို သူ ဘယ်လိုမှ မမြင်ရဘူး။

‘‘ဥပါသိကာ ဧကေကဋ္ဌာနတော ဧကေကမေဝ အာဂစ္ဆန္တံ ဒိသွာ, ‘‘မမ ပုတ္တေဟိ အညမညံ ကလဟော ကတော ဘဝိဿတီ’’တိ စိန္တေတွာ’’

ဥပါသိကာ၊ ဥပါသိကာမကြီးသည်။ ဧကေကဋ္ဌာနတော၊ တစ်ခု တစ်ခုသောနေရာမှ။ ဧကေကမေဝ၊ တစ်ပါး တစ်ပါးတည်းသာလျှင်။ အာဂစ္ဆန္တံ၊ ကြွလာသည်ကို။ ဒိသွာ၊ မြင်၍။ မမ၊ ငါ၏၊ ပုတ္တေဟိ၊ သားတော်တို့သည်ကား။ အညမညံ၊ အချင်းချင်း။ ကလဟော၊ ငြင်းခုံခိုက်ရန်မှုကို။ ကတော၊ ပြုလုပ်မိသည်။ ဘဝိဿတိ၊ ဖြစ်ပေလိမ့်မယ်။ ဣတိ၊ ဤသို့။ စိန္တေတွာ၊ ကြံစည်စိတ်ကူးမိခဲ့လေပြီ။

တစ်နေရာမှ ရဟန်း တစ်ပါးတစ်ပါးသာ ကြွလာတာ မြင်လိုက်တော့ ဧကန္တတော့ ငါ့ရဲ့သားတော်တွေဟာ တစ်ပါးနဲ့တစ်ပါး ငြင်းခုံ ခိုက်ရန်မှုတော့ ပြုပြီးပြီနဲ့ တူတယ်လို့ ဒီလို စိတ်ထဲမှာ စဉ်စားမိတယ်။ အဲဒီလို စဉ်းစားမိတဲ့အတွက် ဘာဖြစ်လဲ?

‘‘ဘိက္ခုသံဃံ ဝန္ဒိတွာ ပုစ္ဆိ –’’

ဘိက္ခုသံဃံ၊ ရဟန်းသံဃာတော်ကို။ ဝန္ဒိတွာ၊ ရှိခိုးပြီး၍။ ပုစ္ဆိ၊ မေးမြန်းလျှောက်ထား၏၊

ဘယ်လို လျှောက်ထားလဲ?

‘‘‘‘ကလဟံ နု ခေါ, ဘန္တေ, ကရိတ္ထ’’’’

ဘန္တေ၊ အရှင်မြတ်တို့ဘုရား။ တုမှေ၊ အရှင်ဘုရားတို့သည်။ ကလဟံ၊ ခိုက်ရန်ငြင်းခုံမှုကို။ နု ခေါ၊ ပြုလုပ်ကြပါသလော။

အရှင်ဘုရားတို့ ... အရှင်ဘုရားတို့ အချင်းချင်း တစ်ပါးနှင့်တစ်ပါး ခိုက်ရန်ငြင်းခုံမှုကို ပြုလုပ်ကြပါသလားဆိုပြီးတော့ မေးတယ်။

‘‘‘‘န ကရောမ, မဟာဥပါသိကေ’’’’

မဟာဥပါသိကေ၊ မဟာဥပါသိကာမကြီး။ မယံ၊ ငါတို့သည်။ န ကရောမ၊ မပြုလုပ်ကြပါကုန်။

တို့ ငြင်းခုံခိုက်ရန်မှုတွေ မပြုကြပါဘူးဆိုပြီးတော့ ပြန်ပြီးတော့ အဖြေပေးတယ်။

‘‘‘‘သစေ ဝေါ, ဘန္တေ, ကလဟော နတ္ထိ, အထ ကသ္မာ ယထာ အမှာကံ ဂေဟံ အာဂစ္ဆန္တာ သဗ္ဗေ ဧကတောဝ အာဂစ္ဆထ, ဧဝံ အနာဂန္တွာ ဧကေကဋ္ဌာနတော ဧကေကာဝ အာဂတ’’’’

ဘန္တေ၊ အရှင်မြတ်တို့ဘုရား။ ဝေါ၊ အရှင်ဘုရားတို့အား။ သစေ၊ အကယ်၍။ ကလဟော၊ ခိုက်ရန်ငြင်းခုံမှုသည်။ နတ္ထိ၊ မရှိခဲ့သည်ဖြစ်ငြားအံ့။ အမှာကံ ဂေဟံ၊ ဘုရားတပည့်တော်မတို့၏ အိမ်သို့။ အာဂစ္ဆန္တာ ယထာ၊ ကြွလာတော်မူကြပါကုန်သကဲ့သို့။ သဗ္ဗေ၊ အလုံးစုံကုန်သော ရဟန်းတော်တို့သည်။ ဧကတောဝ၊ တစ်ပေါင်းတည်းသာလျှင်။ န အာဂစ္ဆထ၊ မကြွလာကြပါကုန်သနည်း။

သဗ္ဗေ၊ ခပ်သိမ်းကုန်သော ရဟန်းတော်တို့သည်။ ဧကတောဝ၊ တစ်ပေါင်းတည်းသာလျှင်။ အာဂစ္ဆထ၊ ကြွလာတော်မူကြပါကုန်၏၊ ဧဝံ၊ ဤသို့။ အနာဂန္တွာ၊ ကြွလာတော်မမူကြကုန်ဘဲ။ ဧကေကဋ္ဌာနတော၊ တစ်ခုတစ်ခုသော နေရာမှ။ ဧကေကာဝ၊ တစ်ပါးတစ်ပါးစီသာလျှင်။ အာဂတ၊ ကြွလာတော်မူကြပါကုန်သနည်း။

အကယ်၍ အရှင်ဘုရားတို့က ခိုက်ရန်ငြင်းခုံမူ မရှိခဲ့ဘူးဆိုရင် တပည့်တော်မတို့ အိမ်သို့ အရှင်ဘုရားတို့ ကြွလာတဲ့အချိန်အခါမှာ ရဟန်းအားလုံး တစ်ပေါင်းတည်း ကြွလာသလို။ အလားတူပဲတဲ့။ ခုအခါမှာ တစ်ပေါင်းတည်း မကြွလာဘဲ တစ်နေရာ တစ်နေရာမှ တစ်ပါးစီ တစ်ပါးစီသာလျှင် ဘာကြောင့် ကြွလာတော်မူရပါသလဲဆိုပြီးတော့ ဒီမေးခွန်း မေးတယ်နော်။

‘‘‘‘မဟာဥပါသိကေ, ဧကေကသ္မိံ ဌာနေ နိသီဒိတွာ သမဏဓမ္မံ ကရိမှ’’’’

မဟာဥပါသိကေ၊ မဟာဥပါသိကာမကြီး။ ဧကေကသ္မိံ ဌာနေ၊ တစ်ခုတစ်ခုသော နေရာ၌။ နိသီဒိတွာ၊ သီတင်းသုံးကုန်၍။ သမဏဓမ္မံ၊ ရဟန်းတရားကို။ ကရိမှ၊ ငါတို့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်၍ နေထိုင်ကြပါကုန်၏၊ ဣတိ၊ ဤသို့။ အာဟံသု၊ မိန့်ဆိုတော်မူကြလေကုန်ပြီ။

ဒကာမကြီး ... ဘုန်းကြီးတို့က တစ်နေရာ တစ်နေရာတည်းမှာ နေပြီးတော့ ရဟန်းတရား သမဏဓမ္မခေါ်တဲ့ ရဟန်းတရားတွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပြီးတော့ နေကြပါတယ်ဆိုပြီးတော့ ဒီလိုပဲ ဖြေလိုက်တယ်။ ဖြေလိုက်တဲ့ အချိန်အခါကျတော့မှနော်။

‘‘‘‘ကော ဧသ, ဘန္တေ, သမဏဓမ္မော နာမ’’’’

ဘန္တေ၊ အရှင်မြတ်တို့ဘုရား။ ဧသ သမဏဓမ္မော နာမ၊ ဤရဟန်းတရားမည်သည်ကား။ ကော၊ အဘယ်ပါနည်း။ ဣတိ၊ ဤသို့။ အာဟ၊ မေးမြန်း လျှောက်ထားခဲ့လေပြီ။

ရဟန်းတရားဆိုတာ ဘယ်လိုဟာမျိုးလဲဘုရား ... သိပ်ပြီး မကြားဖူးဘူးနော်။ ခု တရားနာနေတဲ့ပုဂ္ဂိုလ်တွေ နည်းနည်းလေး ပြန်စဉ်းစားကြည့်ပေါ့နော်။ ရဟန်းတရားတွေဆိုတာ ဘာလဲလို့မေးရင် ကြားဖူးတဲ့ပုဂ္ဂိုလ်က ဒီပရိသတ်ထဲမှာ မများဘူးလား? များကြပါတယ်။ သမဏဓမ္မ၊ ရဟန်းတရားဆိုတဲ့ စကားလုံး မသိချင်လည်း နေပစေလေ။ သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်တွေဆိုတဲ့ ဒီစကားလုံးလောက်တော့ ကြားဖူးတဲ့ပုဂ္ဂိုလ် မများဘူးလား? များကြတယ်။ သာသနာတော်နဲ့တွေ့တဲ့ ဒီအချိန်လေးသည် မိမိတို့အတွက် အလွန် ကြီးမားတဲ့ အခွင့်အရေးတစ်ခု ဖြစ်ပါတယ်။

ဒီလို တတ်သိနားလည်နေတဲ့ အသိဉာဏ်ရှိတဲ့ဘဝမျိုးမှာ ဒီဒကာမကြီးကို စံထားပြီး မိမိတို့ဘက်ကလည်း ကြိုးစားဖို့တော့ လိုပါတယ်နော်။ ဒီတော့ ဒီဒကာမကြီးဘက်ကို ကြည့်လိုက်မယ်ဆိုလို့ရှိရင် သမဏဓမ္မ၊ ရဟန်းတရားဆိုတဲ့ စကားလုံးကို သူတစ်ခါမှ မကြားခဲ့ဖူးဘူးနော်။ ဒီတော့ ဒီအခါမှာ သမဏဓမ္မ၊ ရဟန်းတရားဆိုတာ ဘာလဲဆိုတာနဲ့ပတ်သက်ပြီး သူက မေးတယ်။ မေးလိုက်တဲ့ အချိန်အခါကျတော့ ရဟန်းတော်ဘက်ကလည်း မိမိတို့ ပွားများအားထုတ်နေတဲ့ တရားလေးကိုပဲ ကွက်ပြီးတော့ သူတို့က အဖြေပေးကြပါတယ်။ ဘယ်လိုလဲ?

‘‘‘‘ဒွတ္တိံသာကာရေ သဇ္ဈာယံ ကရောမ, အတ္တဘာဝေ စ ခယဝယံ ပဋ္ဌပေမ, မဟာဥပါသိကေ’’’’

မဟာဥပါသိကေ၊ မဟာဥပါသိကာမကြီး။ မယံ၊ ငါတို့သည်။ ဒွတ္တိံသာကာရေ၊ ဒွတ္တိံသကာရဟုခေါ်ဆိုအပ်တဲ့ (၃၂)ကောဋ္ဌာသကမ္မဋ္ဌာန်းကို။ သဇ္ဈာယံ၊ ရွတ်ဖတ်သရဇ္ဈာယ်ခြင်းကို။ ကရောမ၊ ပြုကြပါကုန်၏၊ အတ္တဘာဝေ စ၊ မိမိခန္ဓာကိုယ် အတ္တဘော၌လည်းပဲ။ ခယဝယံ၊ ကုန်ခြင်း ပျက်ခြင်း ခယဝယသဘောကို။ ပဋ္ဌပေမ၊ တည်စေကြပါကုန်၏၊

ဒကာမကြီး ... ဘုန်းကြီးတို့က ဒွတ္တိံသကာယခေါ်တဲ့ (၃၂) ကောဋ္ဌာသကမ္မဋ္ဌာန်းတွေကိုလည်း ရွတ်ဖတ်သရဇ္ဈာယ်တယ်။ မိမိ ခန္ဓာကိုယ် အတ္တဘောမှာ တည်ရှိနေတဲ့ ခန္ဓာ ငါးပါး ရုပ်တရား, နာမ်တရားတွေကို ကုန်ခြင်း ပျက်ခြင်းသဘောကိုလည်း မိမိတို့ရဲ့ အသိဉာဏ်မှာ မြင်အောင် ကြိုးစားအားထုတ်နေကြပါတယ်ဆိုပြီးတော့ ဒီလောက်ပဲ ပြန်ပြီး အဖြေပေးတယ်။ အဲဒီလို အဖြေပေးလိုက်တဲ့ အချိန်အခါကျတော့ —

‘‘‘‘ကိံ ပန, ဘန္တေ, ဒွတ္တိံသာကာရေ သဇ္ဈာယံ ကာတုံ, အတ္တဘာဝေ စ ခယဝယံ ပဋ္ဌပေတုံ တုမှာကမေဝ ဝဋ္ဋတိ, ဥဒါဟု အမှာကမ္ပီတိ’’’’

ဘန္တေ၊ အရှင်မြတ်တို့ဘုရား။ ဒွတ္တိံသာကာရေ၊ (၃၂) ကောဋ္ဌာသတို့ကို။ သဇ္ဈာယံ၊ ရွတ်ဖတ်သရဇ္ဈာယ် စီးဖြန်းခြင်းအမှုကို။ ကာတုံ၊ ပြုခြင်းငှာ။ အတ္တဘာဝေ စ၊ မိမိ ခန္ဓာကိုယ် အတ္တဘော၌လည်းပဲ။ ခယဝယံ၊ ကုန်ခြင်း ပျက်ခြင်း ခယဝယသဘောကို။ ပဋ္ဌပေတုံ၊ မိမိရဲ့ အသိဉာဏ်၌ တည်လာအောင် တည်စေခြင်းငှာ။ တုမှာကမေဝ၊ အရှင်ဘုရားတို့အားသာလျှင်။ ဝဋ္ဋတိ ကိံ ပန၊ သင့်တင့်ပါသလား။ ဥဒါဟု၊ ထိုသို့မဟုတ်။ အမှာကမ္ပိ၊ ဘုရားတပည့်တော်တို့အားလည်းပဲ။ ကာတုံ၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခြင်းငှာ။ ဝဋ္ဋတိ၊ သင့်တင့်လျောက်ပတ်ပါသလား။

ဒီတရားတွေကို (၃၂)ကောဋ္ဌာသကို ရွတ်ဖတ်စီးဖြန်းခြင်း, မိမိ ခန္ဓာ ငါးပါး ရုပ်, နာမ်တရားတို့ရဲ့ ကုန်ခြင်း ပျက်ခြင်းသဘောကို မိမိရဲ့ဉာဏ်မှာ တည်အောင်ထားခြင်းဆိုတဲ့ ဒီကျင့်ဝတ်ပဋိပတ်တွေကို အရှင်ဘုရားတို့သာလျှင် ပြုကျင့်ကောင်းပါသလား? တပည့်တော်တို့ကော ပြုကျင့်ထိုက်သလားဆိုပြီးတော့ ဒီမေးခွန်း မေးတယ်။ ဒီလို မေးလိုက်တဲ့ အချိန်အခါမှာလည်း လူတွေဟာ တရားအားထုတ်ရင် ကောင်းတယ်ဆိုတဲ့ အသိဉာဏ် သူ့မှာ ရှိသလား? မရှိသေးဘူး။ ဒီနေ့ တရားနာပရိသတ်တွေကိုကြည့်ရင် လူတွေလည်း ဒီတရား အားထုတ်ရင် ကောင်းတယ်ဆိုတဲ့ အသိတော့ မရှိကြဘူးလား? ရှိပါတယ်။ မိမိတို့က အခွင့်အရေး ပိုကောင်းနေတယ်နော်။ ကဲ ... အဲဒီလို မေးလိုက်တဲ့ အချိန်အခါကျတော့မှ —

‘‘ကဿစိပိ အဝါရိတော ဧသ ဓမ္မော, မဟာဥပါသိကေ’’

မဟာဥပါသိကေ၊ မဟာဥပါသိကာမကြီး။ ဧသ ဓမ္မော၊ ဤ သမဏ ဓမ္မလို့ ခေါ်ဆိုအပ်တဲ့ ကျင့်ဝတ်ပဋိပတ်သည်ကား။ ကဿစိပိ၊ တစ်စုံတစ်ယောက်သော သူအားမျှသော်လည်းပဲ။ အဝါရိတော၊ မတားမြစ် မပိတ်ပင်တတ်ပါပေ။

ဒီကျင့်ဝတ်ပဋိပတ်က ဘယ်သူ့ကိုမျှ တားမြစ် ပိတ်ပင်မှု မရှိပါဘူး။ အားလုံး ကျင့်နိုင်တယ်ဆိုပြီးတော့ အဖြေပေးတယ်။

‘‘‘‘တေန ဟိ, ဘန္တေ, မယှမ္ပိ ဒွတ္တိံသာကာရံ ဒေထ, အတ္တဘာဝေ စ ခယဝယပဋ္ဌပနံ အာစိက္ခထ’’’’

ဘန္တေ၊ အရှင်မြတ်တို့ဘုရား။ တေန ဟိ၊ ထိုသို့ဖြစ်ခဲ့ပါမူကား။ မယှမ္ပိ၊ ဘုရားတပည့်တော်အားလည်းပဲ။ ဒွတ္တိံသာကာရံ၊ (၃၂)ကောဋ္ဌာသကမ္မဋ္ဌာန်းကို။ ဒေထ၊ ပေးသနားတော်မူကြပါကုန်ဘုရား။ အတ္တဘာဝေ စ၊ မိမိခန္ဓာကိုယ် အတ္တဘော၌လည်းပဲ။ ခယဝယပဋ္ဌပနံ၊ ကုန်ခြင်း ပျက်ခြင်း ခယဝယသဘောကို တည်ရှိခြင်းကို။ အာစိက္ခထ၊ ပြောပြတော်မူကြကုန်ဘုရား။

သဒ္ဓါတရားဆိုတဲ့ပန်းလေး ရှိဖို့တော့ မလိုဘူးလား? လိုအပ်နေတယ်။ သဒ္ဓါတရား ရှိလာပြီဆိုရင် လုပ်ငန်းခွင်တွေက သိပ်လုပ်ချင်လာတယ်။ ဘာဖြစ်လို့လဲ? အတိတ်သံသရာက ပါရမီတွေကို ရင့်ညောင်းအောင် ဖြည့်ကျင့်ခဲ့တဲ့ သူတော်ကောင်းလည်း ဖြစ်ပါတယ်။ ပဋိသမ္ဘိဒါဉာဏ်ကို ရရှိမယ့် သူတော်ကောင်းဖြစ်ခြင်းကြောင့် ပဋိသမ္ဘိဒါဉာဏ် လေးပါးကို ရရှိမယ့် သူတော်ကောင်းတို့ရဲ့ ဓမ္မတာအတိုင်း ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာတော်အတွင်းမှာ သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင်သော ဝိပဿနာဘာဝနာ လုပ်ငန်းခွင်တွေကို စနစ်တကျ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခဲ့ခြင်းဆိုတဲ့ ပါရမီမျိုးစေ့ကောင်းတွေကလည်း ရှိနေတယ်။

ရှိနေတော့ ဒီပါရမီမျိုးစေ့ကောင်းတွေက အချိန်ကျလာပြီဆိုရင် ပြုစုစောင့်ရှောက်ပြီ။ အားထုတ်ချင်တဲ့စိတ်ဓာတ်တွေ တဖွားဖွား ပေါ်လာပြီ။ အရှင်ဘုရားတို့သာ အားထုတ်ကောင်းသလား, တပည့်တော်တို့ကော အားမထုတ်ကောင်းဘူးလားဆိုပြီး မေးတယ်။ အားထုတ်ကောင်းတယ်ဆိုတဲ့သတင်း ကြားလိုက်တာနဲ့။ ကဲ ... ဒီလိုဆိုရင် တပည့်တော်လည်း ဟောပေးတော်မူပါ။ ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ဒီ (၃၂)ကောဋ္ဌာသ ကမ္မဋ္ဌာန်းကို အားထုတ်ရမယ်။ မိမိ ခန္ဓာအိမ်မှာရှိတဲ့ ခန္ဓာ ငါးပါး ရုပ်တရား, နာမ်တရားတို့ရဲ့ ဖြစ်ခြင်း ပျက်ခြင်း ခယဝယ သဘောတွေကို အသိဉာဏ်မှာ တည်လာအောင် တပည့်တော် ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရမယ်ဆိုတာကို တပည့်တော်မကိုလည်း ဟောပြပေးတော်မူပါ, သင်ပြပေးတော်မူပါနော်။

‘‘‘‘တေန ဟိ ဥဂ္ဂဏှ, မဟာဥပါသိကေ’’တိ သဗ္ဗံ ဥဂ္ဂဏှာပေသုံ။’’

တေန ဟိ၊ ထိုသို့ဖြစ်ခဲ့ပါမူကား။ မဟာဥပါသိကေ၊ မဟာဥပါသိကာမကြီး။ ဥဂ္ဂဏှ၊ သင်ယူလေလော့။ ဣတိ၊ ဤသို့လျှင်။ သဗ္ဗံ၊ အလုံးစုံသော ကမ္မဋ္ဌာန်းကို။ ဥဂ္ဂဏှာပေသုံ၊ သင်ပြပေးလေကုန်ပြီ။

ကဲ ... ဒီလိုဆိုလို့ရှိရင်လည်း ဒကာမကြီး သင်ပေးတော့ဆိုပြီးတော့ ကမ္မဋ္ဌာန်းအားလုံးကို သင်ပြပေးကြတယ်။ ဘယ့်နှယ်တုန်း? တရားနာပရိသတ်တွေ မသင်ချင်ဘူးလား? သင်ပေးနေတာပါနော်။ အားထုတ်ဖို့ပဲ မလိုဘူးလား? လိုနေတယ်တဲ့။ ဒါပေမယ့် ဘုန်းကြီး သူ့နေရာသူ ဆက်စပ်အောင်ပေါ့နော်။ ဒီနေရာမှာ (၃၂)ကောဋ္ဌာသကမ္မဋ္ဌာန်းကို မြတ်စွာဘုရား ဘယ်မှာ ဟောခဲ့သလဲဆိုတာနဲ့ ပတ်သက်လို့ နည်းနည်းလေးတော့ ထပ်ပြီး ပြောချင်ပါတယ်။ (၃၂)ကောဋ္ဌာသကမ္မဋ္ဌာန်း စီးဖြန်းပုံတွေက သုံးနည်း ရှိပါတယ်။ သုံးနည်းမှာ ညက ပြောခဲ့ဖူးတဲ့အတိုင်းပဲ။ နံပါတ် တစ်က ဝဏ္ဏကသိုဏ်း၊ အရောင်ကသိုဏ်းအနေနဲ့ (၃၂)ကောဋ္ဌာသကို စီးဖြန်းရင်လည်း ရတယ်။ အရောင်ကသိုဏ်းအနေနဲ့ စီးဖြန်းပုံ နည်းစနစ်တွေကို မဟာပရိနိဗ္ဗာနသုတ္တန် အစရှိတဲ့ ထိုထိုသုတ္တန်တွေမှာ မြတ်စွာဘုရား အကြိမ်များစွာ ဟောခဲ့ပါတယ်။ အဘိဘာယတနဈာန် စတဲ့ ဒီလိုနာမည်တွေနဲ့ ဟောထားပါတယ်။ နောက်တစ်ခု ပဋိကူလမနသိကာရ၊ ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလအနေအားဖြင့်လည်း (၃၂)ကောဋ္ဌာသကမ္မဋ္ဌာန်းကို စီးဖြန်းနိုင်တယ်။ ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလကမ္မဋ္ဌာန်းအဖြစ်နဲ့ နှလုံးသွင်းပုံအပိုင်းကိုတော့ အကျဉ်းနည်းကိုတော့ မဟာသတိပဋ္ဌာနသုတ္တန်မှာ မြတ်စွာဘုရား ဟောကြားထားပါတယ်နော်။

နောက်တစ်ခုကတော့ ဓာတ်ကမ္မဋ္ဌာန်းအနေနဲ့ ပွားများအားထုတ်တဲ့ နည်းစနစ်ဖြစ်တယ်။ ဓာတ်ကမ္မဋ္ဌာန်းအနေနဲ့ ပွားများအားထုတ်ပုံ, (၃၂)ကောဋ္ဌာသကို ဓာတ်ကမ္မဋ္ဌာန်းအနေနဲ့ ပွားများအားထုတ်ပုံ နည်းစနစ်တွေကိုတော့ မဟာရာဟုလောဝါဒသုတ္တန်, မဟာဟတ္ထိပဒေါပမသုတ္တန် စသည်ဖြင့် ထိုထိုသုတ္တန်တွေမှာ မြတ်စွာဘုရား ဟောကြားထားတော်မူပါတယ်။

ဒီတော့ ဒီနေရာမှာ ဘုန်းကြီးကတော့ (၃၂)ကောဋ္ဌာသကမ္မဋ္ဌာန်းတွေကို ပဋိကူလမနသိကာရအားဖြင့် အားထုတ်ပုံ အစီအစဉ်လေးကို မဟာသတိပဋ္ဌာနသုတ္တန်မှာ လာသည့်အတိုင်း အကျဉ်းချုပ်ပြီး ဟောဖို့ ရည်ရွယ်ထားပါတယ်။ ဒီတော့ ပဋိကူလ = ရွံရှာစက်ဆုပ်ဖွယ်အနေနဲ့ အားထုတ်ခဲ့ရင် ပထမဈာန်သမာဓိကို ဆိုက်ပါတယ်။ ထိုပထမဈာန်သမာဓိကို အခြေခံပြီးတော့မှ ဒီရဟန်းတော်တွေက ဝိပဿနာ ကူးကြတယ်။ ဒကာမကြီးကလည်း ဒီပုံစံစနစ်ကိုပဲ လိုက်နာပြုကျင့်ပါတယ်နော်။ ဒီတော့ (၃၂)ကောဋ္ဌာသကမ္မဋ္ဌာန်းကို မြတ်စွာဘုရားက မဟာသတိပဋ္ဌာနသုတ္တန်မှာ ဘယ်လိုဟောလဲ?

‘‘ပုန စပရံ ဘိက္ခဝေ ဘိက္ခု ဣမမေဝ ကာယံ ဥဒ္ဓံ ပါဒတလာ အဓော ကေသမတ္ထကာ တစပရိယန္တံ ပူရံ နာနပ္ပကာရဿ အသုစိနော ပစ္စဝေက္ခတိ ‘အတ္ထိ ဣမသ္မိံ ကာယေ ကေသာ လောမာ နခါ ဒန္တာ တစော၊ မံသံ နှာရု အဋ္ဌိ အဋ္ဌိမိဉ္ဇံ ဝက္ကံ၊ ဟဒယံ ယကနံ ကိလောမကံ ပိဟကံ ပပ္ဖာသံ၊ အန္တံ အန္တဂုဏံ ဥဒရိယံ ကရီသံ (မတ္ထလုင်္ဂံ)၊ ပိတ္တံ သေမှံ ပုဗ္ဗော လောဟိတံ သေဒေါ မေဒေါ၊ အဿု ဝသာ ခေဠော သိင်္ဃာဏိကာ လသိကာ မုတ္တံ’။’’
ဟောထားတာလေးကတော့ ခပ်ကျဉ်းကျဉ်းပဲနော်။ တကယ်လက်တွေ့ အားထုတ်ဖို့ရန်အတွက် အဋ္ဌကထာများက ဖွင့်ဆိုထားကာ အလွန် ကျယ်ပြန့်ပါတယ်။ ဘာပြောသလဲ?
ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ပုန စပရံ၊ နောက်တစ်မျိုးသော်ကား။ ဘိက္ခု၊ ယောဂါဝစရ ရဟန်းတော်သည်။ ပါဒတလာ၊ ခြေဖဝါးအပြင်မှ။ ဥဒ္ဓံ၊ အထက်၌။ ကေသမတ္ထကာ၊ ဆံဖျားမှ။ အဓော၊ အောက်အဖို့၌။ တစပရိယန္တံ၊ အရေထူ အရေပါးလျှင် အဆုံးအပိုင်းခြားရှိသော။ နာနပ္ပကာရဿ၊ အထူးထူး အပြားပြားသော။ အသုစိနော၊ မစင်မကြယ် ရွံရှာစက်ဆုပ်ဖွယ်ဖြင့်။ ပူရံ၊ ပြည့်နှက်လျက်ရှိသော။ ဣမမေဝ ကာယံ၊ ဤရူပကာယကြီးကိုပင်လျှင်။ ပစ္စဝေက္ခတိ၊ အသီးအသီး ဉာဏ်ဖြင့် ဆင်ခြင်သုံးသပ် ရှုပွား၍ နေပေ၏၊

ခြေဖဝါးကနေပြီးတော့ အထက်ပိုင်း, ဆံဖျားကနေပြီး အောက်ပိုင်း အရေထူ အရေပါးဖြင့် ပိုင်းခြားထားတဲ့ တစ်ကိုယ်လုံး လှမ်းကြည့်လိုက်လို့ရှိရင် နာနပ္ပကာရဿ အသုစိနော၊ အထူးထူး အပြားပြားသော ရွံရှာစက်ဆုပ်ဖွယ်တွေနဲ့ ပြည့်နေတယ်။ အဲဒီ ပြည့်နေတဲ့ ရူပကာယကြီးကို ဉာဏ်ဖြင့် စူးစမ်းဆင်ခြင်တယ်။ ဘယ်လိုလဲ?
ဣမသ္မိံ ကာယေ၊ ဤရူပကာယကြီး၌။ ကေသာ၊ ဆံပင်တို့သည်လည်းကောင်း။ လောမာ၊ မွေးညင်းတို့သည်လည်းကောင်း။ နခါ၊ ခြေသည်း လက်သည်းတို့သည်လည်းကောင်း။ ဒန္တာ၊ သွားတို့သည်လည်းကောင်း။ တစော၊ အရေထူ အရေပါးသည်လည်းကောင်း။ အတ္ထိ၊ ရှိ၏၊

စသည်ဖြင့် ဆင်ခြင်တယ်နော်။ ဆံပင်, မွေးညင်း, ခြေသည်းလက်သည်း, သွား, အရေ စသည်ဖြင့် သုံးဆယ့်နှစ်ကောဋ္ဌာသ အစုအပုံတွေနှင့် အကုန် ပြည့်နှက်နေတယ်။ မြတ်စွာဘုရားက ဟောပေးတယ်။ ပါဠိတော်မှာကတော့ မတ္ထလုင်္ဂံဆိုတဲ့ ဦးနှောက် မပါပါဘူး။ ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်မှာတော့ ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးက ထည့်သွင်းပြီး ဟောကြားထားတော်မူခဲ့ပါတယ်။ ဘာဖြစ်လို့ ပါဠိတော်မှာ မဟောသလဲလို့မေးတော့ မတ္တလုင်္ဂံဆိုတာက အရိုးတွေရဲ့ အတွင်းမှာ ရှိနေတဲ့အတွက် ရိုးတွင်းခြင်ဆီ စာရင်းထဲမှာ ထည့်သွင်းပြီးတော့ မြတ်စွာဘုရားက ဟောကြားထားတော်မူခြင်း ဖြစ်တယ်ဆိုပြီး ဒီလို ရှင်းထားတယ်။ ပဋိသမ္ဘိဒါမဂ်ပါဠိတော်မှာကတော့ ရိုးတွင်းခြင်ဆီနဲ့ အရောင်အဆင်းချင်းအားဖြင့် မတူကွဲပြားမှုရှိနေတဲ့အတွက် ဦးနှောက်ကို သီးသန့်ထုတ်ပြီးတော့ ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးက ဟောကြားသွားတော်မူခြင်း ဖြစ်ပါတယ်နော်။ ဦးနှောက်ပါထည့်ရင် သုံးဆယ့်နှစ်ကောဋ္ဌာသ၊ ပါဠိတော်မှာ လာတာက သုံးဆယ့်တစ်ကောဋ္ဌာသ တိုက်ရိုက်ပဲနော်။

သို့သော် ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်ကိုလည်း ပါဠိတော်စာရင်းထဲမှာ ထည့်သွင်းပြီး ထားပါတယ်။ ဒါကြောင့် သုံးဆယ့်နှစ်ကောဋ္ဌာသပဲ ဆိုကြတယ်။ ဒီတော့ ဒီ သုံးဆယ့်နှစ်ကောဋ္ဌာသတွေကို မြင်အောင်ကြည့်တဲ့အပိုင်းမှာ နည်းစနစ်ကတော့ နှစ်ခုရှိပါတယ်။ ခုဒီသုတ္တန်မှာလာတဲ့အတိုင်း ရွတ်ဖတ်သရဇ္ဈာယ်တဲ့ နည်းစနစ်ကလည်း တစ်ခုရှိပါတယ်။ အဲဒီစနစ်အတိုင်း ကျင့်လို့ အောင်မြင်တော်မူကြတဲ့ သူတော်ကောင်းတွေလည်း များစွာ ရှိပါတယ်။ အခုဟောနေတဲ့ မာတိကမာတာ အကြောင်းအရာကို ကြည့်လိုက်ရင် ရဟန်းတော် အပါးခြောက်ဆယ်ကလည်း ဒီစနစ်ကို အသုံးပြုပြီးတော့ အောင်မြင်တော်မူသွားကြပါတယ်။ မာတိကမာတာကိုကြည့်ရင်လည်း ဒီစနစ်ကိုပဲ အသုံးပြုပြီးတော့ အနာဂါမိမဂ်ဉာဏ်, ဖိုလ်ဉာဏ်ဆိုက်သည့်တိုင်အောင် အောင်မြင်သွားခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ သို့သော် အဲဒီလိုစနစ်ကို ကျင့်သုံးလို့ မအောင်မြင်တဲ့ ပုဂ္ဂိုလ်တွေလည်း အထိုက်အလျောက်တော့ ရှိကြပါတယ်။

မအောင်မြင်တဲ့ ပုဂ္ဂိုလ်တွေကတော့ တခြားတခြား ကမ္မဋ္ဌာန်းတစ်ခုခုမှ အောင်မြင်မှု ရခဲ့ရင် ဒီ သုံးဆယ့်နှစ်ကောဋ္ဌာသကို ကူးမယ်ဆိုရင်လည်း ကူးလို့ရတယ်။ အဲဒီစနစ်ကိုတော့ ဒီဖားအောက်မှာ တော်တော်ခပ်များများ သင်ပေးပါတယ်။ အဲဒီတော့ အာနာပါနပဲ ဆိုကြပါစို့နော်။ အာနာပါနကမ္မဋ္ဌာန်းကို စပြီး အားထုတ်လိုက်တဲ့အခါ ဝင်လေ, ထွက်လေမှာ သတိကပ်လို့ နိမိတ်တွေ ပေါ်လာပြီ။ ထိုနိမိတ်တွေကလည်း အဆင့်ဆင့် ပရိကမ္မနိမိတ်, ဥဂ္ဂဟနိမိတ်, ပဋိဘာဂနိမိတ်ဆိုတဲ့ နိမိတ်တွေ ကူးသွားပြီဆိုရင် ထိုပဋိဘာဂနိမိတ်ဆိုတဲ့ အာရုံယူပြီးတော့ ယောဂီသူတော်ကောင်းက ပထမဈာန်သမာဓိ, ဒုတိယဈာန်သမာဓိ, တတိယဈာန်သမာဓိ, စတုတ္ထဈာန်သမာဓိ ဆိုက်အောင် သမာဓိကို ထူထောင်နိုင်ခဲ့ပြီဆိုရင် လင်းရောင်ခြည်တွေက ပြိုးပြိုးပြက် တလက်လက် တောက်ပလာပြီ။ အဲဒီအချိန်အခါမှာ ဒီလင်းရောင်ခြည် အကူအညီဖြင့် သုံးဆယ့်နှစ်ကောဋ္ဌာသကို လှမ်းမျှော်ကြည့်ခဲ့မယ်ဆိုရင်ပေါ့ လွယ်လွယ်ကူကူနဲ့ ရှုလို့ရတဲ့ ယောဂီကတော့ အရေအတွက် တော်တော်လေးကို များပါတယ်။ ခက်ခဲတဲ့ ယောဂီတွေလည်း ရှိတန်သလောက် ရှိပါတယ်နော်။ အဲဒီစနစ်နဲ့ သုံးဆယ့်နှစ်ကောဋ္ဌာသကို အောင်အောင်မြင်မြင် ရှုနိုင်ပြီဆိုရင် ဆံပင်ကနေ ကျင်ငယ်၊ ကျင်ငယ်ကနေ ဆံပင် ကြိမ်ဖန်များစွာ ရှုနိုင်လို့ရှိရင် ထိုယောဂီပုဂ္ဂိုလ်အတွက် အဇ္ဈတ္တမှာ အောင်မြင်သွားပြီလို့ ဒီလိုတော့ ယူဆရပါတယ်။ ဒါပေမယ့် ဒီနေရာမှာ မြတ်စွာဘုရားက ဥပမာလေးတစ်ခုနဲ့ ဆက်ပြီး ဟောထားတယ်။

‘‘သေယျထာပိ ဘိက္ခဝေ ဥဘတောမုခါ ပုတောဠိ ပူရာ နာနာဝိဟိတဿ ဓညဿ၊ သေယျထိဒံ သာလီနံ ဝီဟီနံ မုဂ္ဂါနံ မာသာနံ တိလာနံ တဏ္ဍုလာနံ။’’
ချစ်သားရဟန်းတို့ ... ဥပမာတစ်ခုပြောမယ်။ နှစ်ဖက်အဝရှိတဲ့ အိတ်ကြီးတစ်လုံးရှိတယ် ဆိုကြစို့။ ပုဆိုးလိုပေါ့နော်။ ပုဆိုးကို ဟိုဘက်ထိပ်က ကြိုးနဲ့ချည်လိုက်။ ဒီဘက်ထိပ်က ကြိုးနဲ့ချည်လိုက်ရင် အိတ် မဖြစ်သွားဘူးလား? ဖြစ်သွားတယ်။ နှစ်ဖက်အဝရှိနေတဲ့ အိတ်ကြီးတစ်ခုအတွင်းမှာ သလေးဆန်တွေ, ကောက်ကြီးဆန်တွေ, ပဲကြီးတွေ, ပဲနောက်တွေ, နှမ်းတွေ, ဆန်တွေအမျိုးမျိုး ထည့်ထားတယ်။ အဲဒီလို ထည့်ထားလိုက်တဲ့ အချိန်အခါမှာ ဘာဖြစ်လဲ?

‘‘တမေနံ စက္ခုမာ ပုရိသော မုဉ္စိတွာ ပစ္စဝေက္ခေယျ --’’
စက္ခုအမြင်ရှိနေတဲ့ ယောကျ်ားတစ်ယောက်က ဒီအိတ်ကြီးကို ဖြေပြီးတော့ လှမ်းပြီး ကြည့်လိုက်တယ်။ ကြည့်လိုက်တဲ့ အချိန်အခါမှာ —

‘‘‘ဣမေ သာလီ ဣမေ ဝီဟီ ဣမေ မုဂ္ဂါ ဣမေ မာသာ ဣမေ တိလာ ဣမေ တဏ္ဍုလာ’တိ။’’
ဒါတွေကတော့ သလေးစပါးတွေပဲ, ဒါတွေက သလေးဆန်တွေ, ဒါတွေက ကောက်ကြီးဆန်တွေ, ဒါတွေက ပဲနောက်တွေ, ဒါတွေက ပဲကြီးတွေ, ဒါတွေက နှမ်းတွေ, ဒါတွေက ဆန်တွေဆိုပြီးတော့ ဒီလို ကွဲကွဲပြားပြား မသိဘူးလား? သိတယ်။ မျက်စိအမြင်သာ ရှိပါစေ၊ မသိဘူးလား? သိတယ်။

‘‘ဧဝမေဝ ခေါ ဘိက္ခဝေ ဘိက္ခု ဣမမေဝ ကာယံ ဥဒ္ဓံ ပါဒတလာ အဓော ကေသမတ္ထကာ တစပရိယန္တံ ပူရံ နာနပ္ပကာရဿ အသုစိနော ပစ္စဝေက္ခတိ’’
ချစ်သားရဟန်းတို့ ... အဲဒီပုံစံအတိုင်းပဲ။ ခြေဖဝါးအပြင်ကနေပြီးတော့ အထက် ခေါင်းဆံဖျားအထိ။ အရေထူအရေပါးဖြင့် ပိုင်းခြားထားအပ်တဲ့ ဒီခန္ဓာကိုယ်ကြီးအတွင်းမှာ မစင်မကြယ် ရွံရှာစက်ဆုပ်ဖွယ်သဘောတွေဖြင့် ပြည့်နေတယ်။ အဲဒါတွေက ဘာတွေလဲ? ဆံပင်ကနေ ကျင်ငယ်အထိ သုံးဆယ့်နှစ်ကောဋ္ဌာသ အစုအပုံတွေပဲ။ အဲဒီ အစုအပုံတွေကို ဉာဏ်နဲ့ တစ်လုံးစီ တစ်လုံးစီ ဆင်ခြင်ကြည့်လိုက်တဲ့အခါ ဒါကဆံပင်, ဒါကမွေးညင်း, ဒါကခြေသည်း လက်သည်း, ဒါက သွား, ဒါက အရေထူအရေပါး စသည်ဖြင့် ဉာဏ်ထဲမှာ ကွဲကွဲပြားပြား မသိဘူးလား? သိတယ်။ အဲဒီလို သိအောင် ကြိုးစားအားထုတ်ပါဆိုပြီးတော့ မြတ်စွာဘုရားက တိုက်တွန်းနေတယ်။

တိုက်တွန်းတော့ ဒီလို တိုက်တွန်းတဲ့ နည်းစနစ်မှာ ဒီသုတ္တန်ဆိုတာကတော့ ခုနက မာတိကမာတာ အကြောင်းအရာမှာရော, မဟာသတိပဋ္ဌာနသုတ္တန်မှာရော မြတ်စွာဘုရားက ပဋိကူလ၊ ရွံရှာစက်ဆုပ်ဖွယ်အနေနဲ့ နှလုံးသွင်းဖို့ ဟောထားပါတယ်။ ရွံရှာစက်ဆုပ်ဖွယ်အနေနဲ့ သုံးဆယ့်နှစ်ကောဋ္ဌာသကမ္မဋ္ဌာန်းကို စီးဖြန်းခဲ့ရင် ကောဋ္ဌာသ တစ်ခုစီ တစ်ခုစီကို အာရုံယူပြီး စီးဖြန်းလို့လည်း ရတယ်။ ကောဋ္ဌာသအားလုံးကို အများစုကို ခြုံငုံပြီးတော့လည်း ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလအနေနဲ့ နှလုံးသွင်းရင်လည်း ရတယ်။ ကောဋ္ဌာသ တစ်ခုစီကို အာရုံယူပြီး ရွံရှာစက်ဆုပ်ဖွယ်အနေနဲ့ နှလုံးသွင်းခဲ့ရင်လည်း ပထမဈာန်သမာဓိ ဆိုက်တယ်။ သုံးဆယ့်နှစ်ကောဋ္ဌာသ အားလုံးကို ခြုံငုံပြီး ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလအနေနဲ့ နှလုံးသွင်းခဲ့မယ်ဆိုလို့ရှိရင်လည်း ပထမဈာန်သမာဓိ ဆိုက်ပါတယ်နော်။

အဲဒီ ပထမဈာန်သမာဓိကို ဝိပဿနာရဲ့ အခြေခံ ပါဒကဈာန်အဖြစ်နဲ့ သမာဓိကို ထူထောင်ရတယ်။ ထူထောင်ပြီးတဲ့အခါ ထိုပထမဈာန်သမာဓိမှ ထတဲ့အခါ ရုပ်တွေ, နာမ်တွေကို စတင်ပြီး သိမ်းဆည်းရတယ်။ ရုပ်တွေ, နာမ်တွေကို စတင်ပြီး သိမ်းဆည်းတဲ့အပိုင်းမှာ ရုပ်ကမ္မဋ္ဌာန်း, နာမ်ကမ္မဋ္ဌာန်းဆိုပြီး ကမ္မဋ္ဌာန်း ဝိပဿနာနယ်မှာ နှစ်မျိုး ရှိပါတယ်။ ဝိပဿနာနယ်မှာ ရုပ်ကမ္မဋ္ဌာန်း, နာမ်ကမ္မဋ္ဌာန်းဆိုပြီး နှစ်မျိုးရှိတော့ ရုပ်ကမ္မဋ္ဌာန်းကို ရှုချင်တယ်ဆိုရင် ဘယ်လို ရှုရမလဲ?

‘‘တတ္ထ ဘဂဝါ ရူပကမ္မဋ္ဌာနံ ကထေန္တော သင်္ခေပမနသိကာရဝသေန ဝါ ဝိတ္ထာရမနသိကာရဝသေန ဝါ စတုဓာတုဝဝတ္ထာနံ ကထေသိ။’’ (မ၊ဋ္ဌ၊၁၊၂၈၀။)
တတ္ထ၊ ထို ရုပ်ကမ္မဋ္ဌာန်း, နာမ်ကမ္မဋ္ဌာန်း နှစ်မျိုးတို့တွင်။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ ရူပကမ္မဋ္ဌာနံ၊ ရုပ်ကမ္မဋ္ဌာန်းကို။ ကထေန္တော၊ ဟောကြားပြသ ဆိုဆုံးမတော်မူသည်ရှိသော်။ သင်္ခေပမနသိကာရဝသေန ဝါ၊ အကျဉ်းနှလုံးသွင်းနည်း၏ အစွမ်းအားဖြင့်သော်လည်းကောင်း။ ဝိတ္ထာရမနသိကာရဝသေန ဝါ၊ အကျယ်နှလုံးသွင်းနည်း၏ အစွမ်းအားဖြင့်သော်လည်းကောင်း။ စတုဓာတုဝဝတ္ထာနံ၊ စတုဓာတုဝဝတ္ထာန်ကမ္မဋ္ဌာန်းကို။ ကထေသိ၊ ဟောကြားတော်မူမြဲ ဓမ္မတာဖြစ်ပေ၏၊

ရုပ်ကမ္မဋ္ဌာန်းကို ဘုရားရှင် ဟောပြီဆိုရင် အကျဉ်းနည်း, အကျယ်နည်း နှစ်နည်းတို့တွင် တစ်နည်းနည်းဖြင့် စတုဓာတုဝဝတ္ထာန်ခေါ်တဲ့ ဓာတ်ကမ္မဋ္ဌာန်းကို ဘုရားရှင် ဟောတော်မူမြဲ ဓမ္မတာဖြစ်တယ်။ ဒီတော့ ရုပ်ကမ္မဋ္ဌာန်းရှုကွက်ကို ဘုရားရှင် ဘယ်နှစ်နည်း ဟောသလဲ? နှစ်နည်း။ ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနည်း, ဓာတ်ကမ္မဋ္ဌာန်း အကျယ်နည်း။ နှစ်နည်း ဟောပါတယ်။ ဒီတော့ မိမိတို့က ရုပ်ကမ္မဋ္ဌာန်းကို ရှုတော့မယ်ဆိုရင် ဘုရားရှင် ဟောတော်မူတဲ့အတိုင်း ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနည်းကို ကြိုက်ရင်လည်း အကျဉ်းနည်းနဲ့ရှု။ ဓာတ်ကမ္မဋ္ဌာန်း အကျယ်နည်းကို ကြိုက်ရင်လည်း အကျယ်နည်းနဲ့ ရှုဖို့တော့ မလိုဘူးလား? လိုတယ်။ ရုပ်တရားကိုတော့ ရှုတယ်၊ ဓာတ်ကမ္မဋ္ဌာန်းကိုတော့ မရှုဘူးဆိုလိုရှိရင်တော့ ဘုရားရှင် အလိုတော် ကျပါ့မလား? မကျဘူး။

ဘုရားရှင် အလိုတော် မကျခဲ့ရင် ရုပ်ကမ္မဋ္ဌာန်းကို ရှုတဲ့အပိုင်းမှာ ဓာတ်ကမ္မဋ္ဌာန်းကို မရှုဘူးဆိုရင်တော့ ရုပ်ကမ္မဋ္ဌာန်းရှုကွက်ထဲမှာ အကျုံးဝင်ဖို့ရာ တော်တော်ခက်တယ်။ ရုပ် (၂၈)ပါးသိဖို့လည်း ခက်ခဲပါတယ်နော်။ ဒီတော့ ရှုမယ်ဆိုရင် ဘယ်လိုရှုသလဲ? ဓာတ်ကြီးလေးပါးကို စပြီး ရှုတယ်။ ရှုတဲ့အပိုင်းမှာ ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနည်းကတော့ မြတ်စွာဘုရား မဟာသတိပဋ္ဌာနသုတ္တန်မှာ ဟောထားပါတယ်။ ဓာတ်ကမ္မဋ္ဌာန်း အကျယ်နည်းကတော့ ခုနက ဟောခဲ့တဲ့အတိုင်း မဟာရာဟုလောဝါဒသုတ္တန်, မဟာဟတ္ထိပဒေါပမသုတ္တန်, ဓာတုဝိဘင်္ဂသုတ္တန်, အဘိဓမ္မာဓာတုဝိဘင်း ပါဠိတော်စတဲ့ ထိုထိုပါဠိတော်တွေမှာ ဟောကြားထားပါတယ်။

ဒီတော့ ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနည်းကို ရှုတော့မယ်ဆိုရင် ဒီခန္ဓာအိမ်ထဲကို ဉာဏ်စိုက်ပြီးတော့ ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်တွေကို မြင်အောင် ရှုရတယ်။ ပထဝီဓာတ်က ဘာလဲ? မာတဲ့သဘော, ကြမ်းတဲ့သဘော, လေးတဲ့သဘော, ပျော့တဲ့သဘော, ချောတဲ့သဘော, ပေါ့တဲ့သဘော။ အာပေါဓာတ်က ယိုစီးတဲ့သဘော, ဖွဲ့စည်းတဲ့သဘော။ တေဇောဓာတ်က ပူတဲ့သဘော, အေးတဲ့သဘော။ ဝါယောဓာတ်က ထောက်တဲ့သဘော, တွန်းကန်တဲ့သဘော။ ဒီသဘောတရား တဆယ့်နှစ်ခုကို ဉာဏ်ထဲမှာမြင်အောင် ခန္ဓာအိမ်ထဲကို ဉာဏ်သွင်းပြီး ရှုရပါတယ်။

ဲအဲဒီလို ရှုလိုက်တဲ့အချိန်အခါမှာ ဓာတ်ကြီးလေးပါးဖြင့် စနစ်တကျ သမာဓိ ထူထောင်နိုင်တဲ့ အဆင့်ရောက်ရင်တော့ ခန္ဓာအိမ်တစ်ခုလုံးမှာ အကြည်တုံး, အကြည်ခဲကြီး ဆိုက်တဲ့အထိ မြင်လာပါတယ်။ သမာဓိဒီဂရီ စံချိန်မီခဲ့ရင်ပေါ့။ ဒီအကြည်အပြင်မှာလည်း ဓာတ်ကြီးလေးပါးကို စနစ်တကျ ရှုနိုင်မယ်ဆိုလို့ရှိရင် အာကာသဓာတ်ကိုလည်း မြင်အောင် ဆက်လက်ပြီး ရှုပွားသုံးသပ်နိုင်ခဲ့မယ်ဆိုရင် ထိုအချိန်အခါမှာ ရုပ်ကလာပ်အမှုန်ကလေးတွေ တွေ့ပါတယ်။

အဲဒီ ရုပ်ကလာပ် တစ်ခု တစ်ခုမှာလည်းပဲ ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်ခေါ်တဲ့ ဓာတ်ကြီးလေးပါးကို မြင်အောင် ဆက်လက်ပြီး သိမ်းဆည်းရပါတယ်။ ရုပ်ကလာပ်တိုင်း ရုပ်ကလာပ်တိုင်းလိုလိုမှာ ဓာတ်ကြီးလေးပါးကို စနစ်တကျ သိမ်းဆည်းတတ်တဲ့ ယောဂီပုဂ္ဂိုလ်က အဆင်း, အနံ့, အရသာ, ဩဇာ အစရှိတဲ့ ဥပါဒါရုပ်တွေကို ဆက်လက် သိမ်းဆည်းမယ်ဆိုရင်တော့ တစ်စ တစ်စ လွယ်ကူသွားတတ်ပါတယ်နော်။

ဒီရုပ်ကမ္မဋ္ဌာန်းတွေကို သိမ်းဆည်းပြီးတဲ့ အချိန်အခါကျတော့မှ ထိုယောဂီပုဂ္ဂိုလ်က နာမ်ကမ္မဋ္ဌာန်းကို ပြောင်းသိမ်းဆည်းခဲ့မယ်ဆိုရင်တော့ ပိုပြီး လွယ်ကူတဲ့သဘောရှိတယ်။ ဒီလို နာမ်ကမ္မဋ္ဌာန်းကို ပြောင်းသိမ်းဆည်းတဲ့အပိုင်းမှာ ဈာန်ရနေတဲ့ သူတော်ကောင်းဖြစ်ခဲ့ရင် မိမိရရှိနေတဲ့ ဈာန်နာမ်တရားတွေက စပြီး သိမ်းဆည်းရင်တော့ ပိုလွယ်ကူတဲ့သဘောရှိတယ်။ ဘာကြောင့်လဲ? ခုလို သုံးဆယ့်နှစ်ကောဋ္ဌာသကမ္မဋ္ဌာန်းမှာ ပထမဈာန်သမာဓိဆိုက်အောင် ပွားထားနိုင်တဲ့ ယောဂီသူတော်ကောင်းက ပထမဈာန်မှ ထပြီးတော့ ဈာန်အင်္ဂါငါးပါးကို သိမ်းဆည်းမယ်ဆိုရင် လွယ်လွယ်ကူကူ သိမ်းဆည်းလို့ ရနေတယ်။

ဒီဈာန်အင်္ဂါငါးပါးကနေ စပြီးတော့ တစ်စထက်တစ်စ တိုးတက်ပြီးတော့ ပထမဈာန်နာမ်တရား သုံးဆယ့်လေးလုံးကို ခုလို ပဋိကူလမနသိကာရလမ်းက ပြောခဲ့တယ်။ ပထမဈာန်နာမ်တရား သုံးဆယ့်လေးလုံးကို စနစ်တကျ ဆက်လက်ပြီး တစ်လုံးစီ တစ်လုံးစီ တိုးပွားပြီးတော့ သိမ်းဆည်းခဲ့မယ်ဆိုရင်တော့ ဈာန်နာမ်တရားကို သိမ်းဆည်းမှုလုပ်ငန်း အောင်မြင်နိုင်ပါတယ်။ သို့သော် ကာမာဝစရနာမ်တရားတွေကို သိမ်းဆည်းတော့မယ်ဆိုရင်တော့ ကာမာဝစရ နာမ်တရားတွေမှာက နံပါတ်တစ် ရုပ်တရားသိမ်းဆည်းပြီး, ရုပ်ကမ္မဋ္ဌာန်းကို သိမ်းဆည်းပြီး ဖြစ်ရပါတယ်။

ကာမာဝစရနာမ်တရားတွေကို သိမ်းဆည်းထားပြီးတဲ့ ပုဂ္ဂိုလ်က နံပါတ်နှစ်အနေနဲ့ ဖဿကစပြီး သိမ်းဆည်းတဲ့ နည်းစနစ်, ဝေဒနာကစပြီး သိမ်းဆည်းတဲ့နည်းစနစ်, အသိစိတ် ဝိညာဏ်ကစပြီး သိမ်းဆည်းတဲ့နည်းစနစ်ဆိုပြီး နည်းစနစ်သုံးမျိုး ရှိတယ်။ အဲဒီ သုံးမျိုးထဲက မိမိနှစ်ခြိုက်တဲ့ နည်းစနစ်တစ်ခုကို လက်ခံကျင့်သုံးဖို့တော့ လိုအပ်ပါတယ်။

ဝေဒနာကနေစပြီး သိမ်းဆည်းရင်လည်း ဝေဒနာတစ်ခုတည်း သိမ်းဆည်းရသည် မဟုတ်။ ဝေဒနာနှင့် ယှဉ်ဖက်စိတ်စေတသိက် အထူးသဖြင့် ဖဿပဉ္စမကတရားငါးပါးကို စတင်ပြီး သိမ်းဆည်းရတယ်။ ဖဿ, ဝေဒနာ, သညာ, စေတနာ, ဝိညာဏ်ခေါ်တဲ့ ဖဿပဉ္စမကတရားငါးပါး။ ဖဿလျှင် ငါးခုမြောက်ရှိတဲ့ တရားငါးပါးက စတင် သိမ်းဆည်းရတယ်။

အသိစိတ်က စပြီး သိမ်းဆည်းရင်လည်း အသိစိတ်ကနေ အသိစိတ်တစ်ခုတည်း သိမ်းဆည်းရသည်တော့ မဟုတ်ဘူး။ ဖဿပဉ္စမကတရားငါးခုကိုပဲ ဦးဆောင်ပြီး သိမ်းဆည်းရပါတယ်။ အဲ ဖဿကနေစ သိမ်းဆည်းရင်လည်း ဖဿပဉ္စမကတရားငါးလုံးပဲ ဆက်လက်ပြီး သိမ်းဆည်းရတယ်။ ဒီဖဿပဉ္စမကတရားငါးလုံးကို စနစ်တကျ သိမ်းဆည်းထားတတ်တဲ့ပုဂ္ဂိုလ်, သိမ်းဆည်းနိုင်တဲ့ပုဂ္ဂိုလ်က ကျန်နေတဲ့ စိတ်စေတသိက်တွေကို တစ်စ တစ်စ တွဲပြီး သိမ်းဆည်းရပါတယ်။ ဘာကြောင့်လဲ?

‘‘သဗ္ဗံ ဘိက္ခဝေ အနဘိဇာနံ အပရိဇာနံ အဝိရာဇယံ အပ္ပဇဟံ အဘဗ္ဗော ဒုက္ခက္ခယာယ’’
အလုံးစုံသော ရုပ်တရား, နာမ်တရား, ခန္ဓာငါးပါးတို့ကို ဉာတပရိညာ, တီရဏပရိညာ, ပဟာနပရိညာခေါ်တဲ့ ပရိညာပညာသုံးချက်ဖြင့် ပိုင်းခြား မသိခဲ့ရင် သံသရာဝဋ်ဆင်းရဲဒုက္ခကြီး ဘယ်လိုမှ မကုန်နိုင်ဘူးတဲ့။ အပ္ပရိဇာနနသုတ္တန်အစရှိတဲ့ ထိုထိုသုတ္တန်တွေမှာလည်း မြတ်စွာဘုရား ဟောကြားထားတော်မူပါတယ်။ ဒီဟောကြားချက် ဒေသနာတော်မြတ်နဲ့အညီ အလုံးစုံသော ရုပ်တရား, နာမ်တရားတွေကိုတော့ စနစ်တကျ ပရိညာဉာဏ်ပညာသုံးမျိုးဖြင့် ပိုင်းပိုင်းခြားခြားသိအောင် ယောဂီပုဂ္ဂိုလ်က ကြိုးစားအားထုတ်ရမှာ ဖြစ်ပါတယ်နော်။

ကဲ ...နောက်တစ်ခု။ ဒီရုပ်တွေ, နာမ်တွေကို စနစ်တကျ သိမ်းဆည်းပြီးပြီဆိုရင် ထိုယောဂီပုဂ္ဂိုလ်က နောက်တစ်ဆင့် ဘာလုပ်ရသလဲ? နာမရူပပရိစ္ဆေဒဉာဏ် ရပြီးတဲ့အခါ ပစ္စယပရိဂ္ဂဟဉာဏ်ကို ကူးရတယ်။ ပစ္စယပရိဂ္ဂဟဉာဏ်မှာ အထူးသဖြင့် အတိတ်ဘဝက ပြုစုပျိုးထောင်နေတဲ့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံ အစရှိတဲ့ အကြောင်းတရားတွေကြောင့် ဒီဘဝမှာ ခန္ဓာငါးပါး ရုပ်တရား နာမ်တရားတွေ ထင်းရှားဖြစ်ပုံ၊ ဒီဘဝမှာ ပြုစုပျိုးထောင်လိုက်တဲ့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံ အစရှိတဲ့ အကြောင်းတရားတွေကြောင့် နောင်အနာဂတ်မှာ ခန္ဓာငါးပါး ရုပ်တရား နာမ်တရားတွေ ထင်ရှားဖြစ်ပုံ။ အလားတူပဲ။ အတိတ် သံသရာတစ်ကွေ့က ပြုစုပျိုးထောင်ခဲ့တဲ့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံတွေကြောင့် ထိုအတိတ်ဘဝမှာလည်းပဲ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာခေါ်တဲ့ ခန္ဓာငါးပါးတွေ ထင်ရှားဖြစ်ပုံကို စနစ်တကျ စွမ်းအားရှိသလောက် သိမ်းဆည်းရမှာ ဖြစ်ပါတယ်။

စွမ်းအားရှိသလောက်ဆိုတာကတော့ အတိတ်သံသရာခရီးဆိုတာက အစမထင် သံသရာတစ်ခွင်ဖြစ်လေတော့ သာဝကတစ်ဦးအနေဖြင့် အတိတ်သံသရာခရီးကို ကုန်စင်အောင် ရှုပါဆိုရင် ဘယ်လိုမှ မရှုနိုင်ဘူး။ ဒါကြောင့် နှစ်ဘဝ, သုံးဘဝ စသည်ဖြင့် စွမ်းအားရှိသလောက် အကြောင်းတရား, အကျိုးတရားတွေကို သိမ်းဆည်းရပါတယ်။ အဲဒီလို အကြောင်းတရား, အကျိုးတရားတွေကို သိမ်းဆည်းပြီးတဲ့အခါကျတော့မှ မရှုလိုက်နိုင်တဲ့ အတိတ်, အနာဂတ်တွေမှာလည်း ထိုနည်းလည်းကောင်း အကြောင်းတရားကြောင့် အကျိုးတရားတွေ ထင်ရှားဖြစ်နေရတယ်လို့ဆိုတာကို ဆက်လက်ပြီး သိမ်းဆည်းရတယ်။

ဒီလို သိမ်းဆည်းလို့ ကြောင်းကျိုးဆက်နွယ်နေတဲ့ ဒီပဋိစ္စသမုပ္ပါဒ် သဘောတရားကို မသိခဲ့ရင်လည်း နိဗ္ဗာန်ရမလား? မရနိုင်ဘူးဆိုပြီးတော့ မြတ်စွာဘုရားက မဟာနိဒါနသုတ္တန်မှာ အတိအကျ ဟောထားပါတယ်နော်။ အဋ္ဌကထာကြီးများကလည်း မဟာနိဒါနသုတ္တန်ကို ကိုးကားပြီးတော့ ကြောင်းကျိုးဆက်နွယ်နေတဲ့ ပဋိစ္စသမုပ္ပါဒ်သဘောတရားတွေကို ပရိညာဉာဏ်ပညာသုံးမျိုးဖြင့် ပိုင်းပိုင်းခြားခြား မသိခဲ့ဘူးဆိုရင် သံသရာဝဋ်ဆင်းရဲဒုက္ခမှ ကျော်လွှား လွန်မြောက်သွားတဲ့ပုဂ္ဂိုလ်ဆိုတာ အိပ်မက်ထဲမှာတောင်မျှ တစ်ယောက်မျှ မရှိခဲ့စဖူးပါဘူးဆိုပြီးတော့ ဒီလို ဖွင့်ဆိုထားတယ်။

ဒါကြောင့် သံသရာဝဋ်ဆင်းရဲဒုက္ခမှ ကျွတ်ချင်, လွတ်ချင်တဲ့ ပုဂ္ဂိုလ်က ဒီကြောင်းကျိုးဆက်နွယ်နေတဲ့ ပဋိစ္စသမုပ္ပါဒ်သဘောတရားတွေကို သိအောင် ကြိုးစားဖို့တော့ မလိုဘူးလား? လိုအပ်နေတယ်။ ဒီကြောင်းကျိုးဆက်နွယ်နေတဲ့ သဘောတရားတွေကို သိတာက ဉာဏ်စဉ်နည်းအရတော့ ပစ္စယပရိဂ္ဂဟဉာဏ် ဖြစ်ပါတယ်။

ထိုနာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ် နှစ်ပါးကို ရရှိတဲ့ သူတော်ကောင်းက အကြောင်းတရားနှင့်တကွသော ထိုရုပ်နာမ်တို့ရဲ့ ဖြစ်ပြီး ပျက်နေတဲ့ သဘောတွေကို ဉာဏ်နဲ့ မြင်အောင်ကြည့်ပြီး အနိစ္စလို့ ရှုရတယ်။ ဖြစ်ခြင်း, ပျက်ခြင်းဖြင့် အနှိပ်စက်ခံနေရတဲ့ သဘောတွေကို ဉာဏ်နဲ့ မြင်အောင်ကြည့်ပြီး ဒုက္ခလို့ ရှုရတယ်။ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေတဲ့ အတ္တမဟုတ်တဲ့ သဘောတွေကို ဉာဏ်နဲ့ မြင်အောင်ကြည့်ပြီး အနတ္တလို့ ရှုရတယ်။ ဒီလို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီး ရှုတဲ့အပိုင်းက သမ္မသနဉာဏ်ကနေ စပြီးတော့ ဝိပဿနာဉာဏ်ပိုင်းလို့ ဒီလို ခေါ်ပါတယ်။

ဒီမာတိကမာတာ အကြောင်းအရာမှလည်းပဲ အကြောင်းတရားနှင့်တကွသော ခန္ဓာငါးပါး, ရုပ်တရား, နာမ်တရားတို့ရဲ့ ကုန်ခြင်း, ပျက်ခြင်း ခယဝယသဘောတွေကို ဉာဏ်နဲ့ မြင်အောင် ရှုပွားသုံးသပ်ဖို့ရန်အတွက် ရဟန်းတော်တွေကနေပြီးတော့ ဒွတ္တိံသကာယခေါ်တဲ့ သုံးဆယ့်နှစ်ကောဋ္ဌာသကမ္မဋ္ဌာန်းကို အခြေခံပြီးတော့ သင်ပေးလိုက်ကြတယ်။ သင်ပေးလိုက်တော့ အိမ်လည်းရောက်ရော ပစ်ထားတဲ့ပုံစံမျိုး ဟုတ်သလား? ဘယ့်နှယ်တုန်း? ဒကာကြီးတွေ ဒကာမကြီးတွေ ဖြေကြစမ်းပါဦး။ ဟင်! အိမ်ရောက်လို့ရှိရင် ပစ်ထားတဲ့ ပုံစံဆိုရင်တော့ သင်ပေးရတဲ့ပုဂ္ဂိုလ်တွေ မမောဘူးလား? သင်ပေးရတဲ့ပုဂ္ဂိုလ် ဘယ်လောက်မောမော အရေးတောင် မဆိုက်ဘူး။ ဟုတ်တယ် မဟုတ်လား? အိမ်ပြန်သွားလို့ရှိရင် ကျော့နေတာပဲ။ သားတွေနဲ့ပျော်လိုက်, သမီးတွေနဲ့ပျော်လိုက်, ဇနီးနဲ့ပျော်လိုက်, ပစ္စည်းနဲ့ပျော်လိုက်။ အဲဒီလိုဆိုတော့ သင်ပေးရတဲ့ ပုဂ္ဂိုလ်တွေ မျှော်လင့်သလောက် အကျိုးထူး ရပါ့မလား? မရနိုင်ဘူး။ ဒါပေမယ့် ဒကာမကြီးက ဘာလုပ်သလဲ?

တတိယပိုင်း

‘‘သာ တတော ပဋ္ဌာယ ဒွတ္တိံသာကာရေ သဇ္ဈာယံ ကတွာ အတ္တနိ ခယဝယံ ပဋ္ဌပေတွာ တေဟိ ဘိက္ခူဟိ ပုရေတရမေဝ တယော မဂ္ဂေ, တီဏိ စ ဖလာနိ ပါပုဏိ။’’

သာ၊ ထိုဥပါသိကာမကြီးသည်။ တတော၊ ထိုအချိန်အခါမှ။ ပဋ္ဌာယ၊ စ၍။ ဒွတ္တိံသာကာရေ၊ ဒွတ္တိံသာကာရကမ္မဋ္ဌာန်း၌။ သဇ္ဈာယံ၊ ရွတ်ဖတ်သရဇ္ဈာယ်ခြင်းကို။ ကတွာ၊ ပြုလုပ်၍။

ဆံပင်, မွေးညင်း, ခြေသည်း, လက်သည်း, သွား, အရေ စသည်ဖြင့် ငါးခု ငါးခုစီ ပိုင်းခြားပြီးတော့ ရွတ်ဖတ်သရဇ္ဈာယ်ခြင်းအမှုကို ပြုတာလည်း တစ်နည်းရှိတယ်။

မိမိက ပါရမီစွမ်းဟုန်ကောင်းလို့ ၃၂-ကောဋ္ဌာသလုံးကို တိုက်ရိုက် ရွတ်ရင်လည်း ရွတ်လို့ရပါတယ်။ အဲဒီ နှစ်နည်းမှာ ကြိုက်တဲ့နည်းနဲ့ ရွတ်ဖတ် သရဇ္ဈာယ်ခြင်းကို ရှေးဦးစွာ ပြုရတယ်။ ပြုလိုက်လို့ သမာဓိက ဖြစ်လာပြီဆိုလို့ရှိရင်တော့ ဆံပင်, မွေးညင်း, ခြေသည်း, လက်သည်း, သွား, အရေ အစရှိတဲ့ ၃၂-ကောဋ္ဌာသတွေကို ဉာဏ်ထဲမှာ ထင်လာတယ်, မြင်လာတယ်။ အဲဒီ ထင်လာ, မြင်လာတဲ့အပိုင်းမှာ ဒီကောဋ္ဌာသတွေကို အာရုံယူပြီး သမာဓိကို ဆက်လက် ထူထောင်နိုင်ခဲ့ရင်တော့ ပထမဈာန်သမာဓိ ဆိုက်ပါတယ်။ ဒါကြောင့် —

ဒွတ္တိံသာကာရေ၊ ၃၂-ကောဋ္ဌာသကမ္မဋ္ဌာန်း၌။ သဇ္ဈာယံ၊ ရွတ်ဖတ်သရဇ္ဈာယ်ခြင်းအမှုကို။ ကတွာ၊ ပြု၍။ အတ္တနိ၊ မိမိ ခန္ဓာငါးပါး, ရုပ်တရား, နာမ်တရား၌။ (တစ်နည်း) အတ္တနိ၊ အကြောင်းတရားနှင့်တကွသော မိမိသန္တာန်၌ တည်ရှိနေသော ခန္ဓာငါးပါး ရုပ်တရား, နာမ်တရား၌။ ခယဝယံ၊ ကုန်ခြင်း ပျက်ခြင်း ခယဝယသဘောတရားကို။ ပဋ္ဌပေတွာ၊ အသိဉာဏ်၌ တည်စေ၍ (ဝါ) အသိဉာဏ်၌ တည်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ခဲ့ခြင်းတည်းဟူသော အကြောင်းတရားကြောင့်။ တေဟိ ဘိက္ခူဟိ၊ ထိုခြောက်ဆယ်သော ရဟန်းတို့ထက်။ ပုရေတရမေဝ၊ ရှေးဦးစွာပင်လျှင်။ တယော မဂ္ဂေ၊ သောတာပတ္တိမဂ်, သကဒါဂါမိမဂ်, အနာဂါမိမဂ်ဟု ဆိုအပ်သော သုံးပါးသော မဂ်ဉာဏ်တို့ကိုလည်းကောင်း။ တီဏိ စ ဖလာနိ၊ သောတာပတ္တိဖိုလ်ဉာဏ်, သကဒါဂါမိဖိုလ်ဉာဏ်, အနာဂါမိဖိုလ်ဉာဏ်ဟု ခေါ်ဆိုအပ်တဲ့ သုံးပါးသော ဖိုလ်ဉာဏ်တို့ကိုလည်းကောင်း။ ပါပုဏိ၊ ဆိုက်ရောက်ခဲ့လေပြီ။

သောတာပတ္တိမဂ်ဖိုလ်, သကဒါဂါမိမဂ်ဖိုလ်, ...အနာဂါမိမဂ်ဖိုလ်ဆိုတဲ့ မဂ်ဉာဏ်, ဖိုလ်ဉာဏ် သုံးမျိုး ဆိုက်ရောက်သွားပြီ။

‘‘မဂ္ဂေနေဝ စဿာ စတဿော ပဋိသမ္ဘိဒါ လောကိယအဘိညာ စ အာဂမိံသု။’’

အဿာ၊ ထိုဥပါသိကာမကြီး၏သန္တာန်၌။ မဂ္ဂေနေဝ၊ အရိယာမဂ်၏ စွမ်းအားကြောင့်ပင်လျှင်။ စတဿော ပဋိသမ္ဘိဒါ စ၊ ပဋိသမ္ဘိဒါဉာဏ် လေးပါးတို့သည်လည်းကောင်း။ လောကိယအဘိညာ စ၊ လောကီအဘိညာဏ် ငါးပါးတို့သည်လည်းကောင်း။ အာဂမိံသု၊ ဆိုက်ရောက်လာကြကုန်ပြီ။

ပဋိသမ္ဘိဒါဉာဏ် လေးပါးလည်း ဆိုက်ရောက်လာပြီ။ လောကီအဘိညာဏ် ငါးပါးတို့လည်း ဆိုက်ရောက်လာကြကုန်ပြီ။ အရိယာမဂ်ဉာဏ်ရဲ့ စွမ်းအားကြောင့် ဖြစ်ပေါ်လာကြပြီ။ ဘာကြောင့်လဲ? ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာတော်အတွင်းမှာ ပဋိသမ္ဘိဒါဉာဏ် ရရှိရေးဆိုတဲ့ ဦးတည်ချက်ဖြင့် သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင်သော ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းတွေကိုလည်း စီးဖြန်းခဲ့ဖူးတယ်။ လောကီအဘိညာဏ်တွေကို ရရှိအောင်လည်း ကျင့်ကြံကြိုးကုတ် အားထုတ်ခဲ့ဖူးတယ်တဲ့။ ဒီပါရမီမျိုးစေ့တွေက အသင့် စောင့်ဆိုင်းနေပါတယ်။ အကျိုးပေးဖို့ရန် အခါအခွင့်ကို စောင့်ဆိုင်းနေကြတယ်။ အရိယာမဂ်ကို ရသည်နှင့် တစ်ပြိုင်နက်တည်း ထိုအရိယာမဂ်ဉာဏ်, ဖိုလ်ဉာဏ်တွေမှာ ပဋိသမ္ဘိဒါဉာဏ် လေးပါးနှင့် လောကီအဘိညာဏ်တွေက အထွတ်တပ်ပြီး ကပ်ပြီး ပါလာတယ်။ ပဋိသမ္ဘိဒါဉာဏ် လေးပါးကို ရရှိဖို့ရန်အတွက် သီးခြား ကြိုးစားနေဖွယ် မလိုဘူး။ လောကီအဘိညာဏ်တွေကို ရရှိဖို့ရန်အတွက်လည်း သီးသန့်ကြိုးစားပြီး နေဖို့ မလိုတော့ဘူးနော်။ မကောင်းဘူးလား? ကောင်းအောင်က သူတို့ ဘာလုပ်ခဲ့ကြသလဲ?

ညကလည်း ဟောခဲ့ပါတယ်။ ရှေးရှေးဘုရားတို့ရဲ့ သာသနာတော်အတွင်းမှာ ပရိယတ္တိဆိုတဲ့ ဘုရားရှင်ရဲ့ တရားတော်တွေကို သင်ယူခဲ့တယ်။ သဝနခေါ်တဲ့ ဘုရားရှင်ရဲ့ တရားတော်ရဲ့ အနက်အဓိပ္ပာယ်တွေကို စနစ်တကျ နားလည်အောင် အဋ္ဌကထာတွေကိုလည်း စနစ်တကျ သင်ကြားခဲ့ကြတယ်။ အဲဒီ ပါရမီမျိုးစေ့အပြင် သမထ - ဝိပဿနာဘာဝနာ လုပ်ငန်းရပ်တွေကိုလည်း သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင် စနစ်တကျ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခဲ့ကြတယ်။

အဲဒီလို ပွားများအားထုတ်ခဲ့တဲ့ ပါရမီမျိုးစေ့တွေကရှိတော့ ဒီဘဝမှာ အရိယာမဂ်ဉာဏ်, ဖိုလ်ဉာဏ် တစ်ခုခုကိုပဲ ဆိုက်ရောက်ခဲ့မယ်ဆိုရင် ထိုပါရမီမျိုးစေ့တွေက အကျိုးပေးဖို့ရန် အခါအခွင့်သင့်လာတဲ့အတွက် မိမိ လိုလားတောင့်တနေတဲ့ ပဋိသမ္ဘိဒါဉာဏ်တွေ, မိမိ လိုလားတောင့်တနေတဲ့ လောကီအဘိညာဏ်တွေဟာ အလိုလို ဆိုက်ရောက်ပြီး လာခဲ့ပါတယ်။ အလိုလိုဆိုတာက မိမိရရှိထားတဲ့ အရိယာမဂ်ဉာဏ်ရဲ့ စွမ်းအင်ကြောင့် ဆိုက်ရောက်လာခြင်းဖြစ်တယ်။

ဒီတော့ အရိယာမဂ်ဉာဏ်ရဲ့ စွမ်းအင်ကြောင့် ဆိုက်ရောက်လာတယ်ဆိုတာက ဒီနေရာမှာ ပဋိသမ္ဘိဒါဉာဏ်တွေက သေက္ခပဋိသမ္ဘိဒါဉာဏ်နဲ့ အသေက္ခပဋိသမ္ဘိဒါဉာဏ်ဆိုပြီး နှစ်မျိုး ရှိပါတယ်။ ရဟန္တာဖြစ်တော်မူတဲ့ သူတော်ကောင်းတို့ရဲ့သန္တာန်မှာ ਪဋိသမ္ဘိဒါဉာဏ်တွေ ဆိုက်ရောက်ခဲ့မယ်ဆိုရင် ထိုပဋိသမ္ဘိဒါဉာဏ်တွေကိုတော့ အသေက္ခပဋိသမ္ဘိဒါဉာဏ်လို့ခေါ်တယ်။ အရှင်အာနန္ဒာတို့လို, မာတိကဥပါသိကာမတို့လို, စိတ္တသူကြွယ်တို့လို, ခုဇ္ဇုတ္တရာတို့လို။ ဒီလိုပုဂ္ဂိုလ်တွေကျတော့ သေက္ခပဋိသမ္ဘိဒါဉာဏ်လို့ ခေါ်ပါတယ်။ သောတာပတ္တိမဂ်ဉာဏ်, ဖိုလ်ဉာဏ် သို့မဟုတ် အနာဂါမိမဂ်ဉာဏ်, ဖိုလ်ဉာဏ် ဆိုက်ရောက်ခဲ့မယ်ဆိုရင်လည်း ပဋိသမ္ဘိဒါဉာဏ်တွေကို ရရှိနိုင်ကြပါတယ်။ ဒါက သေက္ခပဋိသမ္ဘိဒါဉာဏ်လို့ ခေါ်ပါတယ်။ ဒီဒကာမကြီးကလည်း သေက္ခပဋိသမ္ဘိဒါဉာဏ်သို့ ဆိုက်ရောက်သွားပြီ။ ဆိုက်ရောက်သွားတော့ ဘာဖြစ်လဲ?

‘‘သာ မဂ္ဂဖလသုခတော ဝုဋ္ဌာယ ဒိဗ္ဗစက္ခုနာ ဩလောကေတွာ, ‘‘ကဒါ နု ခေါ မမ ပုတ္တေဟိ အယံ ဓမ္မော အဓိဂတော’’တိ ဥပဓာရေန္တီ သဗ္ဗေပိမေ သရာဂါ သဒေါသာ သမောဟာ ဈာနဝိပဿနာမတ္တမ္ပိ တေသံ နတ္hierarchy’’

ဒကာမကြီးကလည်း သူက အလကားတော့ မနေဘူးနော်။

သာ၊ ထိုဒကာမကြီးသည်။ မဂ္ဂဖလသုခတော၊ မဂ်ချမ်းသာ, ဖိုလ်ချမ်းသာမှ။ ဝုဋ္ဌာယ၊ ထ၍။ ဒိဗ္ဗစက္ခုနာ၊ ဒိဗ္ဗစက္ခုအဘိညာဏ်ဖြင့်။ ဩလောကေတွာ၊ ကြည့်ရှုခဲ့သည်ရှိသော်။

မိမိ မဂ်ဉာဏ်, ဖိုလ်ဉာဏ် ဆိုက်သွားပြီးတဲ့ အချိန်အခါ ဒိဗ္ဗစက္ခုအဘိညာဏ်ကို ဝင်စားပြီးတော့ လှမ်းပြီး သူက ကြည့်လိုက်ပြန်ပြီ။ ဘယ်လိုကြည့်လဲ?

မမ၊ ငါ၏၊ ပုတ္တေဟိ၊ သားရတနာတို့သည်ကား။ ကဒါ နု ခေါ၊ ဘယ်အချိန်အခါ ကာလတုန်းက။ အယံ ဓမ္မော၊ ဤမဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်ဆိုတဲ့ တရားထူး တရားမြတ်ကို။ အဓိဂတော၊ ရရှိခဲ့ကြပါသနည်း။

ငါ့သားတွေ ဘယ်တုန်းကများ ဒီမဂ်ဉာဏ်, ဖိုလ်ဉာဏ်ဆိုတဲ့ တရားထူး တရားမြတ်တွေကို ရရှိခဲ့ကြလဲဆိုပြီး လှမ်းပြီး သူက ဆင်ခြင်တယ်။ ဆင်ခြင်လိုက်တော့ ဘာဖြစ်လဲ?

ဣတိ၊ ဤသို့။ ဥပဓာရေန္တီ၊ ဆင်ခြင်ခဲ့သည်ရှိသော်။ သဗ္ဗေပိ အိမေ၊ အလုံးစုံသော ဤရဟန်းတော်တို့သည်လည်းပဲ။ သရာဂါ၊ ရာဂတန်းလန်း ထင်ရှားရှိကြကုန်၏၊ သဒေါသာ၊ ဒေါသတန်းလန်း ထင်ရှားရှိကြကုန်၏၊ သမောဟာ၊ မောဟတန်းလန်း ထင်ရှားရှိကြကုန်၏၊ ဈာနဝိပဿနာမတ္တမ္ပိ၊ ဈာန်, ဝိပဿနာမျှသော်လည်းပဲ။ တေသံ၊ ထိုရဟန်းတော်တို့၏သန္တာန်၌။ နတ္ထိ၊ မရှိကြပေ။

ဒီရဟန်းအားလုံး ကြည့်လိုက်ကြရင် —

သဗ္ဗေပိ အိမေ၊ အလုံးစုံသော ဤရဟန်းတော်တို့သည်လည်းပဲ။ သရာဂါ၊ ရာဂတန်းလန်း ထင်ရှားရှိကြကုန်၏၊ သဒေါသာ၊ ဒေါသတန်းလန်း ထင်ရှားရှိကြကုန်၏၊ သမောဟာ၊ မောဟတန်းလန်း ထင်ရှားရှိကြကုန်၏၊

ရဟန်းတော်အားလုံးမှာ ရာဂ, ဒေါသ, မောဟတွေ အားလုံး တန်းလန်းကြီး ရှိနေကြတယ်တဲ့။

ဈာနဝိပဿနာမတ္တမ္ပိ၊ ဈာန်, ဝိပဿနာမျှသော်လည်းပဲ။ တေသံ၊ ထိုရဟန်းတော်တို့ရဲ့သန္တာန်၌။ နတ္ထိ၊ မရှိပေ။

ဈာန်တရားလေးတောင် ဒီရဟန်းတော်တို့ရဲ့သန္တာန်မှာ မရှိသေးဘူး။ ဝိပဿနာဉာဏ်မျှသော်လည်းပဲ မရှိသေးဘူးဆိုတာ သွားတွေ့တယ်။ သွားတွေ့လိုက်တဲ့ အချိန်အခါကျတော့ ဒီရဟန်းတော်တွေက ဘုန်းကြီး ခန့်မှန်းကြည့်တာကတော့ ဝါဆိုပြီးစ ရက်အနည်းငယ်အတွင်းလောက်လို့ပဲ ယူဆရပါတယ်နော်။ ရက်အနည်းငယ်အတွင်းလောက်မှာ ကမ္မဋ္ဌာန်းတရားတွေကလည်း ဘုရားရှင်ထံမှ သင်ယူခဲ့ပြီးစ။ ကျောင်းသစ်, ကန်သစ်တွေနဲ့ နေထိုင်စ အချိန်တွေဆိုတော့ ရဟန်းတရားကို စနစ်တကျ အားထုတ်နိုင်တဲ့ စွမ်းအင်တွေက သိပ်အားမကောင်းသေးတဲ့ အချိန်လို့ ယူဆရပါတယ်။ ဒါကြောင့် ဒီ ၃၂-ကောဋ္ဌာသ ကမ္မဋ္ဌာန်းတွေကို စီးဖြန်းနေတဲ့အဆင့် ၃၂-ကောဋ္ဌာသ အခြေခံပြီးတော့ ဝိပဿနာကို ကူးနိုင်တဲ့အဆင့် မရောက်သေးဘူး။ ၃၂-ကောဋ္ဌာသကို အခြေခံပြီးတော့ စီးဖြန်းနေတဲ့ အဆင့်လောက်မှာပဲ တည်ရှိနေတုန်းလို့ ယူဆရပါတယ်နော်။ အဲဒီအချိန်အခါမှာ ဒီဒကာမကြီးက လှမ်းပြီး ကြည့်လိုက်တော့ သင်းတို့မှာ ဈာန်သော်မျှလည်း မရသေးဘူး, ဝိပဿနာဉာဏ်မျှသော်လည်း မဖြစ်သေးဘူးဆိုတာကို လှမ်းကြည့်တော့ မြင်ပြီ။ မြင်လိုက်တော့ ဘာဖြစ်လဲ?

‘‘ကိံ နု ခေါ မယှံ ပုတ္တာနံ အရဟတ္တဿ ဥပနိဿယော အတ္ထိ, နတ္ထိ’’

မယှံ၊ ငါ၏၊ ပုတ္တာနံ၊ သားရတနာတို့အား။

ရဟန်းတွေကို သူက သားအဖြစ်နဲ့ အသိမှတ်ပြုပြီးတော့ ပြုစုနေတာနော်။ ဒါကြောင့် —

မယှံ၊ ငါ၏၊ ပုတ္တာနံ၊ သားတို့အား။ အရဟတ္တဿ၊ အရဟတ္တဖိုလ်၏၊ ဥပနိဿယော၊ အားကြီးသော မှီရာဥပနိဿယသည်။ အတ္ထိ ကိံ နု ခေါ၊ ရှိလေသလော, နတ္ထိ၊ မရှိလေသလော။

သူက စဉ်းစားပြန်ပြီ။ ငါ့သားတွေမှာ အရဟတ္တဖိုလ် ရလောက်တဲ့ အားကြီးတဲ့ မှီရာဥပနိဿယ အကြောင်းတရားတွေ ရှိများ ရှိလေသလော, မရှိများ မရှိလေသလားဆိုပြီးတော့ လှမ်းဆင်ခြင်ကြည့်တယ်။ ဆင်ခြင်လိုက်တော့ ဘာဖြစ်လဲ? ဆင်ခြင်လိုက်တဲ့ အချိန်အခါမှာ အတ္ထိတိဒိတွာ = ရှိတယ်ဆိုတာ သူက သွားတွေ့တယ်။ တွေ့တယ်ဆိုတာ, လှမ်းကြည့်တယ်ဆိုတာက ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာတွင်းမှာ သမထ - ဝိပဿနာဘာဝနာတွေကို စနစ်တကျ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခဲ့ဖူးတယ်ဆိုတာကို သူက လှမ်းကြည့်တော့ မြင်ပြီ။ မြင်လိုက်တဲ့အတွက် ဒီကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခဲ့တာလည်း ဒီရဟန်းတော်တွေကို လှမ်းကြည့်လိုက်ရင် သူတို့က ပဋိသမ္ဘိဒါပတ္တ ရဟန်းတော်တွေ ဖြစ်ကြပါတယ်။

ပဋိသမ္ဘိဒါဉာဏ်ကို ရရှိမယ့် သူတော်ကောင်းတို့ရဲ့ ဓမ္မတာအတိုင်း သင်္ါရုပေက္ခာဉာဏ်သို့တိုင်အောင်သော သမထ - ဝိပဿနာဘာဝနာ ကျဉ်းစဉ်တွေကို စနစ်တကျ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခဲ့ဖူးတယ်ဆိုတာ လှမ်းကြည့်လိုက်တော့ မြင်နေပြီ။ ဒါကြောင့် ရဟန်းတော်တွေမှာ အရဟတ္တဖိုလ်ကို ရနိုင်တဲ့ မျိုးစေ့ကောင်းတွေ ရှိနေတယ်လို့ မြင်လိုက်တဲ့အခါကျတော့ နောက်တစ်ခု ဘာစဉ်းစားလိုက်ပြန်လဲ?

‘‘သေနာသနသပ္ပါယံ နု ခေါ အတ္ထိ, နတ္ထိ’’

ရဟန်းတော်တွေမှာ ကျောင်းအိပ်ရာနေရာနဲ့ ပတ်သက်ပြီး သပ္ပါယရှိရဲ့လား, မရှိရဲ့လားဆိုတာကို သူက တစ်ဆင့်တက်ပြီးတော့ စဉ်းစားပြန်တယ်။ သူတို့နေတဲ့ ကျောင်းလေးတွေက သူတို့အတွက် သပ္ပါယများ ဖြစ်ရဲ့လား, သူတို့နေတဲ့ ကျောင်းလေးတွေက သူတို့အတွက် သပ္ပါယများ မဖြစ်ဘူးများ ရှိလေမလားဆိုပြီးတော့ စဉ်းစားလိုက်တယ်။ စဉ်းစားလိုက်တဲ့ အချိန်အခါကျတော့ ဘာဖြစ်လဲ?

အတ္ထိ၊ ကျောင်းအိပ်ရာနေရာနဲ့ ပတ်သက်ပြီးတော့လည်း သပ္ပါယ ဖြစ်နေပြီဆိုတာကို လှမ်းပြီး တွေ့ပြန်တယ်။

နောက်တစ်ခု — သူက စဉ်းစားပြန်တယ်။

‘‘ပုဂ္ဂလသပ္ပါယံ နု ခေါ လဘန္တိ, န လဘန္တိ’’

ပုဂ္ဂလသပ္ပါယံ၊ ပုဂ္ဂလသပ္ပါယကို။ လဘန္တိ နု ခေါ၊ ရကြပါကုန်သလော။ န လဘန္တိ နု ခေါ၊ မရကြဘဲများ ရှိကြပါကုန်သလော။

သူတို့ တစ်ပါးနဲ့တစ်ပါး ပုဂ္ဂလသပ္ပါယ မျှမျှတတ သင့်သင့်တင့်တင့် ညီညီညွတ်ညွတ်များ ရှိကြရဲ့လား? တစ်ဦးနဲ့တစ်ဦး မသင့်တင့်ဘဲ ရှိကြသလားဆိုပြီးတော့ ဒီလို စဉ်းစားကြတယ်။ ဒါကလည်း အရေးမကြီးဘူးလား? အရေးကြီးတယ်နော်။ တရားဘာဝနာ အားထုတ်ပြီဆိုလို့ရှိရင် ပုဂ္ဂိုလ်အချင်းချင်း တစ်ဦးနဲ့တစ်ဦး မကြည့်ချင်တဲ့စိတ်ထားက ပေါ်လာပြီဆိုလို့ရှိရင်တော့ ဒေါသက မြင်တိုင်း မြင်တိုင်း မဖြစ်တတ်ဘူးလား? ဖြစ်တတ်တယ်။ မြင်တိုင်း မြင်တိုင်း ဖြစ်ရုံတွင်မကဘူး။ ပြောမိတိုင်း ပြောမိတိုင်းလည်း မဖြစ်တတ်ကြဘူးလား? ဖြစ်တတ်ကြတယ်။ ဒါကြောင့် တရားဘာဝနာ အားထုတ်ပြီဆိုလို့ရှိရင် ပုဂ္ဂလသပ္ပါယ မျှတမှုဆိုတာလည်း အရေးမကြီးဘူးလား? အရေးကြီးတယ်။ အရေးကြီးလို့လည်း ဒီဒကာမကြီးက စဉ်းစားနေတယ်။ ကျောင်းအိပ်ရာ နေရာလေးတွေက သပ္ပါယဖြစ်ဖို့လည်း အရေးမကြီးဘူးလား? အရေးကြီးပါတယ်။ ဒါကြောင့်လည်း သူက စဉ်းစားနေတယ်။ နောက်တစ်ခု — ပုဂ္ဂလသပ္ပါယ မျှတနေပြီဆိုတာ သူက မြင်တယ်။ မြင်လိုက်တော့ ဘာဖြစ်လဲ?

‘‘အာဟာရသပ္ပါယံ နု ခေါ လဘန္တိ, န လဘန္တိ’’

အာဟာရသပ္ပါယံ၊ အစာအာဟာရသပ္ပါယမျှတမှုကို။ လဘန္တိ နု ခေါ၊ ရကြပါကုန်သလော။ န လဘန္တိ နု ခေါ၊ မရသေးဘဲ ရှိကြပါကုန်သလော။

အာဟာရသပ္ပါယ၊ အစားအစာနဲ့ပတ်သက်ပြီး မျှတတဲ့ အာဟာရ ရကြရဲ့လား? မရကြဘူးလားဆိုပြီးတော့ သူက ဒီလို စဉ်းစားတယ်။ တရားဘာဝနာ အားထုတ်ပြီဆိုလို့ရှိရင်တော့ မျှတတဲ့ အာဟာရလေးတစ်ခု မှီဝဲခွင့်ရဖို့က အလွန် အရေးကြီးနေပါတယ်။ မမျှတတဲ့ အာဟာရ မသင့်တင့်တဲ့ အာဟာရတွေကို စားလိုက်ရင် ဝမ်းတွေက လျှောလွန်းတော့ ဘယ့်နှယ်တုန်း? တရားအားထုတ်လို့ ရပါ့မလား? ကုဋီ ခဏ ခဏ ပြေးနေရတယ်။ ဒီပုံစံကို ဘုန်းကြီး တွေ့နေတယ်။ တော်ကြာ တစ်ပါး ဆင်းသွားပြန်ပြီ။ တော်ကြာ ကိုယ်တော်တစ်ပါး ဆင်းသွားပြန်ပြီ။ ဘာဖြစ်လို့လဲ မေးကြည့်လိုက်တော့ ဝမ်းလျှောနေလို့ဘုရားတဲ့။ ဒီလိုဆိုရင် တရားဘာဝနာ အားထုတ်လို့ ရပါ့မလား? မရဘူးနော်။

ဒီတော့ မိမိတို့နဲ့ မျှတနေတဲ့ အာဟာရကို စားသုံးရတဲ့အတွက် အင်အားတွေ ဖြစ်ပေါ်လာခဲ့ရင် အင်အားရှိနေတဲ့ပုဂ္ဂိုလ်က တရားကို တစ်နာရီ ထိုင်မယ်ဆိုရင်လည်း ရတယ်။ နှစ်နာရီ ထိုင်မယ်ဆိုရင် ရတယ်။ သုံးနာရီ, လေးနာရီ ဆက်ထိုင်မယ်ဆိုလည်း ခွန်အားက ရှိနေတဲ့အတွက် ဆက်ထိုင်ရင် မရဘူးလား? ရတယ်။ ဝမ်းတွေက အကြိမ် တစ်ဆယ်ကြိမ်, တစ်ဆယ့်ငါးကြိမ်အထိ သွားပြီဆိုရင် ခန္ဓာကိုယ်ကလည်း ပျော့သွားပြီ။ စိတ်ဓာတ်တွေကလည်း ပျော့သွားပြီ။ အဲဒီလိုဆိုတော့ တရား တစ်နာရီ, နှစ်နာရီ ထိုင်ဖို့ရန်အတွက် မခက်ခဲဘူးလား? ခက်ခဲနေတယ်။ ဒါက ဝမ်းလျှောတာကို စံထားပြီး ပြောနေတာပါ။ ဝမ်းမလျှောတဲ့ တခြား တခြား မမျှတတဲ့ အစာအာဟာရတွေကို စားမိခဲ့ရင်လည်း ပြဿနာအမျိုးမျိုး ဖြစ်ခဲ့မယ်ဆိုရင်လည်း စိတ်တိုင်းကျ တရားဘာဝနာကို အားထုတ်ဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား? မဖြစ်နိုင်ဘူး။ ဒါကြောင့် ဒီရဟန်းတော်တို့မှာ အာဟာရသပ္ပါယ မျှတမှု ရှိရဲ့လား, မရှိရဲ့လားဆိုပြီးတော့ သူက လှမ်းပြီး ကြည့်လိုက်တဲ့ အချိန်မှာ —

‘‘အာဟာရသပ္ပါယံ နေသံ နတ္ထိ’’

နေသံ၊ ထိုရဟန်းတော်တို့အား။ အာဟာရသပ္ပါယံ၊ မျှတတဲ့ အာဟာရသပ္ပါယသည်ကား။ နတ္ထိ၊ မရှိပေ။

အာဟာရသပ္ပါယ မဖြစ် ဖြစ်နေပြီနော်။ အဲဒီလို မြင်လိုက်တဲ့ အချိန်အခါကျတော့မှာ ဘာဖြစ်သလဲ?

‘‘တတော ပဋ္ဌာယ နာနာဝိဓံ ယာဂုံ, အနေကပ္ပကာရံ ခဇ္ဇကံ, နာနဂ္ဂရသဉ္စ ဘောဇနံ သမ္ပာဒေတွာ ဂေဟေ ဘိက္ခူ နိသီဒါပေတွာ ဒက္ခိဏောဒကံ ဒတွာ, ‘‘ဘန္တေ, တုမှာကံ ယံ ယံ ရုစ္စတိ, တံ တံ ဂဟေတွာ ပရိဘုဉ္ဇထာ’’တိ နိယျာဒေသိ။’’

သိပ်တော်တယ်လို့တော့ ဘုန်းကြီးက ချီးကျူးချင်တယ်။ အရှင်ဘုရား အကောင်းလုပ်တာကို ချီးကျူးမှာပေါ့။ ဒီလိုတော့ မထင်နဲ့နော်။ တော်ပုံလေးပေါ့။ ဘယ်လိုလဲ? ပစ္စည်းဥစ္စာလည်း ရှိတယ်, လှူလည်း လှူနိုင်တဲ့ သဒ္ဓါတရားလည်း ရှိတယ်။ လှူတတ်ဖို့တော့ မလိုဘူးလား? လိုအပ်တယ်။ ဒီဒကာမကြီးက သဒ္ဓါတရားလည်း ရှိတယ်, ပစ္စည်းဥစ္စာလည်း ရှိတယ်, လှူလည်း လှူတတ်တဲ့ အမျိုးအစားထဲမှာ ပါတယ်။ ဘယ်လိုလဲ?

တတော၊ ထိုနေ့မှ။ ပဋ္ဌာယ၊ စ၍။ နာနာဝိဓံ၊ အထူးထူး အပြားပြားသော။ ယာဂုံ၊ ယာဂုကိုလည်းကောင်း။ အနေကပ္ပကာရံ၊ များပြားလှစွာသော။ ခဇ္ဇကံ စ၊ ခဲဖွယ်သစ်သီး အမျိုးမျိုးကိုလည်းကောင်း။ နာနဂ္ဂရသံ၊ အထူးထူးသော မွန်မြတ်သော အရသာရှိသော။ ဘောဇနဉ္စ၊ ဘောဇဉ်ကိုလည်းကောင်း။ သမ္ပါဒေတွာ၊ စီရင်၍။ ဂေဟေ၊ မိမိအိမ်၌။ ဘိက္ခူ၊ ရဟန်းတော်တို့ကို။ နိသီဒါပေတွာ၊ သီတင်းသုံး နေတော်မူစေပြီးနောက်။ ဒက္ခိဏောဒကံ၊ မြတ်သော အလှူရေစက်ကို။ ဒတွာ၊ သွန်းချ၍။

ဘန္တေ၊ အရှင်မြတ်တို့ဘုရား ...။ တုမှာကံ၊ အရှင်ဘုရားတို့အဖို့။ ယံ ယံ၊ အကြင်ကြင်ကဲ့သို့သော ခဲဖွယ်ဘောဇဉ်သည်။ ရုစ္စတိ၊ နှစ်သက်မြတ်နိုးတော်မူပါပေ၏၊ တံ တံ၊ ထိုမိမိ နှစ်သက်မြတ်နိုးတဲ့ ခဲဖွယ်ဘောဇဉ်ကို။ ဂဟေတွာ၊ ယူတော်မူ၍။ ပရိဘုဉ္ဇထ၊ ဘုဉ်းပေးသုံးဆောင်တော်မူကြပါကုန်ဘုရား။ ဣတိ၊ ဤသို့။ နိယျာဒေသိ၊ အပ်နှင်းလှူဒါန်းခဲ့လေပြီ။

ခုခေတ်အပြောနဲ့ ပြောရင်တော့ ဘာတဲ့လဲ? ဘူဖေးဆိုလား ဟုတ်လား? ဘူဖေးစနစ်နဲ့ အရှင်ဘုရားတို့ နှစ်သက်မြတ်နိုးတော်မူတဲ့ ခဲဖွယ်ဘောဇဉ်တွေကို အလိုရှိသလို ဘုဉ်းပေးသုံးဆောင်တော်မူကြပါဆိုပြီးတော့ ရဟန်းတော်တွေကို ရေစက်သွန်းချပြီးတော့မှ လှူဒါန်းတယ်။ စီမံထားလိုက်တာ ကြည့်လိုက်တော့ — ယာဂုအမျိုးမျိုးတွေလည်း ပါတယ်, သစ်သီးခဲဖွယ်အမျိုးမျိုးတွေကလည်း ပါတယ်, အရသာအမျိုးမျိုးရှိနေတဲ့ ဘောဇဉ်အမျိုးမျိုးတွေကလည်း ပါကြတယ်တဲ့။ လှူလည်း လှူနိုင်တဲ့ ပစ္စည်းရှိတယ်, လှူလိုတဲ့ သဒ္ဓါတရားလည်း ရှိတယ်။ စီမံခန့်ခွဲတတ်တဲ့ အသိအလိမ္မာ ဉာဏ်ပညာလည်း မရှိဘူးလား? ရှိနေတယ်။ ဒါက အရေးမကြီးဘူးလား? အရေးကြီးတယ်။
လှူဖွယ်ဝတ္ထုတော့ ရှိပါရဲ့, သဒ္ဓါတရားတော့ ရှိပါရဲ့ စီမံခန့်ခွဲမှုကတော့ ပုံမကျဘူးဆိုလို့ရှိရင် အချိုးကျပါ့မလား? မကျဘူးနော်။ ဒီတော့ သဒ္ဓါတရားတော့ ရှိရဲ့။ လှူဖွယ်ဝတ္ထုက မရှိပြန်ဘူးဆိုရင်လည်း အချိုးကျပါ့မလား? မကျဘူး။ ဒါကြောင့် တရားအားထုတ်တဲ့နေရာမှာ ဒီဒကာမကြီးတို့လို စီမံခန့်ခွဲတတ်တဲ့ ပုဂ္ဂိုလ်တွေ ရှိဖို့တော့ မလိုဘူးလား? ဘုန်းကြီးကတော့ သိပ်လိုချင်တယ်။ မရဖြစ်နေတော့ ခက်နေတယ်။
အဲဒီတော့ ဒီမှာ မာတိကမာတာ တစ်ယောက်လောက်တော့ ဖားအောက်တောရမှာသာ ရှိခဲ့မယ်ဆိုလို့ရှိရင် ဘုန်းကြီးတွေ ဝမ်းလျှောနေတဲ့ ပြဿနာတော့ တော်တော်လေး ပြေလည်သွားလိမ့်မယ်လို့တော့ ထင်တယ်။ အစားအသောက်နဲ့ ပတ်သက်ပြီး ညည်းတွားနေရတဲ့ ပြဿနာတွေလည်း ပြေလည်သွားလိမ့်မယ်လို့တော့ ဘုန်းကြီး ထင်ပါတယ်။
သို့သော် မရှိတာ ဘာဖြစ်လို့ မရှိသလဲ? ဘယ်လို ထင်ကြသလဲ? မိမိတို့က မာတိကမာတာကဲ့သို့သော မိခင်တစ်ဦး ရရှိထိုက်တဲ့ ကံတွေကို မထူထောင်ခဲ့ကြဘူးတဲ့နော်။ မိမိတို့က ဒီလို ကံမျိုးကို မထူထောင်ခဲ့တဲ့အခါကျတော့ မာတိကမာတာကဲ့သို့သော မိခင်တစ်ဦး ရနိုင်ပါ့မလား? မရနိုင်ဘူး။ ဝမ်းမနည်းနဲ့။ ကိုယ့်ကံလို့သာ နှလုံးသွင်းပေတော့။ ဒီတော့ ဒီနေရာမှာ —

‘‘ဘန္တေ, တုမှာကံ ယံ ယံ ရုစ္စတိ, တံ တံ ဂဟေတွာ ပရိဘုဉ္ဇထ’’

ဘန္တေ၊ အရှင်မြတ်တို့ဘုရား ...။ တုမှာကံ၊ အရှင်ဘုရားတို့အား၊ ယံ ယံ၊ အကြင်အကြင် ခဲဖွယ်ဘောဇဉ်သည်။ ရုစ္စတိ၊ နှစ်သက်တော်မူ၏၊ တံ တံ၊ ထိုထို ခဲဖွယ်ဘောဇဉ်ကို။ ဂဟေတွာ၊ ယူပြီး၊ ပရိဘုဉ္ဇထ၊ သုံးဆောင်တော်မူကြပါဆိုတော့ — မယူခင်မှာ ကြိုတင်ပြီးတော့ ရဟန်းတွေကို ရေစက်သွန်းချပြီးတော့မှ လှူဒါန်းထားပြီးသား ဖြစ်ပါတယ်။ ဆက်ကပ်ပြီးသား ဖြစ်တယ်။ အဲဒီလို ဆက်ကပ်ထားပြီးတဲ့ အချိန်အခါကျတော့မှ —

‘‘တေ ယထာရုစိ ယာဂုအာဒီနိ ဂဟေတွာ ပရိဘုဉ္ဇန္တိ။’’

တေ၊ ထိုရဟန်းတော်တို့သည်။ ယထာရုစိ၊ နှစ်သက်သည်အလျောက်။ ယာဂုအာဒီနိ၊ ယာဂုစသည်တို့ကို။ ဂဟေတွာ၊ ယူဆောင်ကြကုန်၍။ ပရိဘုဉ္ဇန္တိ၊ ဘုဉ်းပေးသုံးဆောင်ကြလေကုန်၏၊
မိမိတို့ နှစ်သက်တဲ့အတိုင်း ရဟန်းတွေက မိမိတို့နဲ့ သင့်တော်လျောက်ပတ်တဲ့ ယာဂုခဲဖွယ် အစရှိတဲ့ ဘောဇဉ်တွေကို ယူပြီး ဘုဉ်းပေးသုံးဆောင်ကြတယ်။ သုံးဆောင်လိုက်တော့ ဘာဖြစ်လဲ?

‘‘တေသံ သပ္ပါယာဟာရံ လဘန္တာနံ စိတ္တံ ဧကဂ္ဂံ အဟောသိ။’’

သပ္ပါယာဟာရံ၊ မျှတတဲ့ အာဟာရကို။ လဘန္တာနံ၊ ရရှိကြကုန်သော။ တေသံ၊ ထိုရဟန်းတော်တို့၏၊ စိတ္တံ၊ စိတ်ဓာတ်သည်ကား။ ဧကဂ္ဂံ၊ တည်ကြည်လာသည်ကား။ အဟောသိ၊ ဖြစ်ခဲ့လေပြီ။
ဘယ်လောက်ကောင်းလဲနော်။ မျှတတဲ့ အစာအာဟာရလေးကို သုံးဆောင်ရတဲ့အတွက် ထိုနေ့ ထိုရဟန်းတော်တို့ရဲ့ စိတ်ဓာတ်သည် ဘာဖြစ်လာလဲ? တည်ကြည်လာပြီ။ စိတ်တွေက အေးချမ်းသွားပြီ။ ဘုန်းကြီးတို့ တောထဲနေတဲ့ အချိန်အခါကျတော့ ဒါလေးတွေ တော်တော်လေး သတိထားမိပါတယ်။ အထူးသဖြင့် ဘုန်းကြီးတို့ ဆွမ်းခံစားတဲ့ပုဂ္ဂိုလ်များ။ ဒီနေ့က ဆွမ်းခံတာ မျှမျှတတ သိပ်မရတော့၊ နက်ဖြန် ဘာလေးများ ရရင်ကောင်းမယ်ဆိုတဲ့ ကြံစည်စိတ်ကူးမှုတွေ တရားထိုင်ပြီဆိုရင် ဝင်ဝင်ပြီးတော့ မနှောင့်ယှက်တတ်ဘူးလား? နှောင့်ယှက်တတ်တယ်။
ဝမ်းကလည်း လျှောနေတာ အကြိမ်က များပြီ, နှစ်ကလည်း များပြီဆိုတော့ နက်ဖြန်ကျလို့ရှိရင်တော့ ဒီလို ဝမ်းလျှောတဲ့ အစာ ငါရခဲ့ရင်တော့ နက်ဖြန်လည်း ထပ်တော့ ဝမ်းလျှောဦးမှာပဲတူတယ်ဆိုပြီး ဒီစဉ်းစားခန်းတွေကလည်း မဝင်ဘူးလား? အဲဒီလို စဉ်းစားခန်း, တွေးခေါ်ခန်းတွေက ဝင်နေပြီဆိုလို့ရှိရင် စိတ်ဓာတ်တွေက တည်ကြည်မှု ရှိပါ့မလား? မရှိတော့ဘူး။ တည်ကြည်မှု မရှိဘူးဆိုတာက အခြေခံတာက မိမိတို့နဲ့ သပ္ပါယ မျှတတဲ့ အာဟာရကို မရမှုကလည်း အကြောင်းတစ်ခု ဖြစ်မနေဘူးလား? ဖြစ်နေတယ်။
ဒါပေမယ့် ဒီရဟန်းတော်တွေက ခုလို ဒကာမကြီးရဲ့ စောင့်ရှောက်မှုဖြင့် မျှတတဲ့ အာဟာရတွေကို ရရှိတဲ့အတွက် စိတ်ဓာတ်တွေက တည်ကြည်လာပြီ။ နည်းနည်းလေး စဉ်းစားကြည့်စမ်းပေါ့။ မိမိကိုယ်တိုင်လည်း မဂ်ဉာဏ်, ဖိုလ်ဉာဏ်ရတယ်။ သူတစ်ပါးတွေကိုလည်း မဂ်ဉာဏ်, ဖိုလ်ဉာဏ်တွေ ရရှိအောင် မိမိက ကူညီရိုင်းပင်းနေတယ်ဆိုရင် ဒီထက်ကောင်းတဲ့ ကုသိုလ်မျိုးတွေ ရှိနိုင်ပါ့မလား? မရှိနိုင်ဘူး။ သိပ်ကောင်းတဲ့ ကုသိုလ်ပဲနော်။

‘‘တေ ဧကဂ္ဂေန စိတ္တေန ဝိပဿနံ ဝဍ္ဎေတွာ န စိရဿေဝ သဟ ပဋိသမ္ဘိဒါဟိ အရဟတ္တံ ပတွာ စိန္တယိံသု –’’

တေ၊ ထိုရဟန်းတော်တို့သည်။ ဧကဂ္ဂေန စိတ္တေန၊ တည်ကြည်သော စိတ်ဓာတ်ဖြင့်။ ဝိပဿနံ၊ ဝိပဿနာကို။ ဝဍ္ဎေတွာ၊ တိုးပွားစေနိုင်ခဲ့သည်ရှိသော်။ န စိရဿေဝ၊ မကြာမီ အချိန်ကာလအတွင်းမှာပင်လျှင်။ သဟ ပဋိသမ္ဘိဒါဟိ၊ ပဋိသမ္ဘိဒါဉာဏ် လေးပါးတို့နှင့် အတူတကွ။ အရဟတ္တံ၊ အရဟတ္တဖိုလ်သို့။ ပတွာ၊ ဆိုက်ရောက်တော်မူကြကုန်သည်ဖြစ်၍။ စိန္တယိံသု၊ ကြံစည်စဉ်းစားမိကြလေကုန်ပြီ။
မကောင်းဘူးလား? သိပ်ကောင်းသွားတယ်နော်။ မျှတတဲ့ကျောင်း, မျှတတဲ့ ပုဂ္ဂလသပ္ပါယ, မျှတတဲ့ဘောဇဉ်။ ဒါတွေကို မှီဝဲခဲ့ရတဲ့အတွက် စိတ်ဓာတ်တွေက တည်ကြည်လာပြီ။ တည်ကြည်တဲ့ စိတ်ဓာတ်ဖြင့် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းတွေကို ဆက်လက်ပြီး ကြိုးစားအားထုတ်လိုက်တာ ဝိပဿနာဉာဏ်တွေက တိုးပွားလာတဲ့အတွက် မကြာမီ အချိန်အခါကာလအတွင်းမှာပဲ ပဋိသမ္ဘိဒါဉာဏ် လေးပါးနဲ့ အတူတကွ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်သွားကြပြီ။ ဆိုက်ရောက်တဲ့ အချိန်အခါကျတော့မှ စဉ်းစားပြီ။

‘‘အဟော မဟာဥပါသိကာ အမှာကံ ပတိဋ္ဌာ ဇာတာ,’’

မဟာဥပါသိကာ၊ မဟာဥပါသိကာမကြီးသည်ကား။ အမှာကံ၊ ငါတို့ရဲ့။ ပတိဋ္ဌာ၊ ထောက်ရာတည်ရာသည်။ ဇာတာ၊ ဖြစ်ခဲ့သည်ကား။ အဟော၊ ဩော် အံ့ဩဖွယ်ကောင်းလေစွ။
ဩော် ... ဒီဥပါသိကာမကြီးဟာ တို့ရဲ့ ထောက်ရာတည်ရာ ဖြစ်တာတော့ အံ့ဩဖွယ်ကောင်းတယ်။

‘‘သစေ မယံ သပ္ပါယာဟာရံ န လဘိမှ, န နော မဂ္ဂဖလပဋိဝေဓော အဘဝိဿ,’’

မယံ၊ ငါတို့သည်။ သပ္ပါယာဟာရံ၊ မျှတတဲ့ အာဟာရကို။ သစေ န လဘိမှ၊ အကယ်၍ မရကြကုန်သည်ဖြစ်ငြားအံ့။ နော၊ ငါတို့အား။ မဂ္ဂဖလပဋိဝေဓော၊ မဂ်ဉာဏ်, ဖိုလ်ဉာဏ်ကို ထိုးထွင်းသိမြင်ခြင်းသည်ကား။ န အဘဝိဿ၊ မဖြစ်ခဲ့လေရာ။
အကယ်၍များ တို့ဟာ မျှတတဲ့ အာဟာရကို မရရှိခဲ့ဘူးဆိုရင် ငါတို့အဖို့ မဂ်ဉာဏ်, ဖိုလ်ဉာဏ်ကို ထိုးထွင်းသိမြင်ခြင်းဆိုတဲ့ ဒီသဘောတရားသည် ဘယ်လိုမှ မဖြစ်နိုင်ဘူး။

‘‘ဣဒါနိ ဝုဋ္ဌဝဿာ ပဝါရေတွာ သတ္ထု သန္တိကံ ဂမိဿာမ’’

ဣဒါနိ၊ ဤယခုအခါ၌။ ဝုဋ္ဌဝဿာ၊ ဝါဆိုချိန်ပြီးပြီဖြစ်၍။ ပဝါရေတွာ၊ ပဝါရဏာပြုပြီး၍။ သတ္ထု၊ မြတ်စွာဘုရား၏။ သန္တိကံ၊ ထံတော်မှောက်သို့။ ဂမိဿာမ၊ သွားကြပါကုန်အံ့။
ခုတော့ တို့ ဝါလည်း ကျွတ်ပြီ။ ပဝါရဏာပွဲလည်း ကျင်းပပြီးပြီ။ တို့ မြတ်စွာဘုရားထံသို့ သွားကြမယ်။ ရှေးခေတ်ယဉ်ကျေးမှုတစ်ခုပေါ့။ ဘယ်နေရာမှာပဲဖြစ်ဖြစ် ဝါဆိုဝါကပ်သည်ဖြစ်စေ။ ဘုရားရှင်ထံမှ ကမ္မဋ္ဌာန်းကို သင်ယူပြီးတော့ တရားအားထုတ်လိုက်လို့ ဘုရားရှင် နှစ်ခြိုက်တဲ့ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ပြီဆိုရင် ဆရာသမားဖြစ်တော်မူတဲ့ ဘုရားရှင်ကို ဒီအရဟတ္တဖိုလ်ဖြင့် ပြန်ပြီး ပူဇော်လိုတဲ့အတွက် ဘယ်လောက်ပဲ ဝေးချင်ဝေးပါစေ ဝါကျွတ်တာနဲ့ တစ်ပြိုင်နက်တည်း ဘုရားရှင်ထံကို ချက်ချင်း သွားပြီး ပူဇော်ကန်တော့ကြတယ်။ ဘာနဲ့ ပူဇော်ကန်တော့လဲ? အရဟတ္တဖိုလ်ဖြင့် ပူဇော်ကန်တော့ကြတယ်တဲ့။
ဒီနေ့ တရားအားထုတ်နေတဲ့ပုဂ္ဂိုလ် သူတော်ကောင်းတွေလည်းပဲ ဝါကျွတ် ပဝါရဏာပွဲအပြီးမှာ ဘုရားရှင်ကို အရဟတ္တဖိုလ်ဖြင့် ပူဇော်နိုင်ကြမယ်ဆိုရင်တော့ မကောင်းဘူးလား? (ကောင်းတယ်) ကောင်းတယ်ဆိုလို့ရှိရင် ဘာလုပ်ရမလဲ? တစ်နေရာတည်းမှာ နှစ်ပါး မတ်တပ်ရပ်ပြီး မနေပါနဲ့၊ တစ်နေရာတည်းမှာ နှစ်ပါးထိုင်ပြီးတော့လည်း မနေပါနဲ့။ ဆွေးနွေးပွဲတွေလည်း မကျင်းပပါနဲ့။ ဘာတွေသာ လုပ်ရမလဲ? သမထ - ဝိပဿနာဘာဝနာတွေကိုသာ အပြင်းအထန် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြပါ။ တည်ကြည်သော စိတ်ဓာတ်ဖြင့် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းတွေကို တိုးပွားအောင် ကြိုးစားအားထုတ်နိုင်ခဲ့ရင် ဒီရဟန်းတော်တွေလို မကြာမီ အချိန်ကာလအတွင်းမှာပဲ မိမိတို့လည်း မျှော်လင့်တောင့်တနေတဲ့ အရဟတ္တမဂ်, အရဟတ္တဖိုလ်ကို ရချင်လည်း ရသွားနိုင်ပါတယ်။
သို့သော် တစ်နေရာတည်းမှာ နှစ်ပါး သုံးပါး မတ်တပ်ရပ်ပြီး စကားတွေ ထိုင်ပြီး ဆွေးနွေးပွဲ ကျင်းပနေကြမယ်ဆိုရင်တော့ မိမိတို့ မျှော်လင့်တောင့်တနေတဲ့ မဂ်ဉာဏ်, ဖိုလ်ဉာဏ်ဆိုတာ ရနိုင်ဖို့ရာ အင်မတန် မခက်ခဲဘူးလား? ခက်ခဲလိမ့်မယ်။ ကဲ ဒီရဟန်းတော်တို့ကို အတုယူပြီးတော့ပဲ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြပါလို့ တိုက်တွန်းပါတယ်။ သပ္ပါယမျှတတဲ့ အာဟာရဆိုတာကတော့ မိမိတို့မှာ မာတိကမာတာကဲ့သို့ အမေတစ်ဦး ရထိုက်တဲ့ ကံပါခဲ့ရင်တော့ ရလိမ့်မယ်လို့သာ နှလုံးထားတော့နော်။ ကဲ ... မြတ်စွာဘုရားကို ကိုးကွယ်လိုတဲ့ စိတ်ဆန္ဒဓာတ်တွေက ပြင်းထန်လာပြီ ဖြစ်တဲ့အတွက် ဒကာမကြီးကိုလည်း ပန်ကြားကြပြီ။ တို့ မြတ်စွာဘုရားကို သွားပြီး ဖူးမြော်ကန်တော့ကြမယ်လို့ ပန်ကြားကြတယ်။
ပန်ကြားလိုက်တဲ့ အချိန်အခါမှာလည်း ဒကာမကြီးဘက်ကလည်း နားလည်နေပါတယ်။ နားလည်နေတဲ့အတွက် "သာဓု, အယျ" အရှင်မြတ်တို့ဘုရား ကောင်းပါပြီဆိုပြီးတော့ ရိုရိုသေသေနဲ့ ပြန်ပြီး လျှောက်ထားတယ်။ သိပ်ကျေနပ်သွားတယ်။ ဘာဖြစ်လို့လဲ? ဒီရဟန်းတော်တွေကို အမှီပြုပြီး မိမိကိုယ်တိုင်လည်း အနာဂါမိမဂ်ဉာဏ်, ဖိုလ်ဉာဏ် ဆိုက်ခဲ့တယ်။ ဒီရဟန်းတွေကလည်း မိမိကို အမှီပြုပြီးတော့ အရဟတ္တမဂ်ဉာဏ်, ဖိုလ်ဉာဏ် ဆိုက်ခဲ့တယ်ဆိုတော့ ပြုစုလုပ်ကျွေးလိုက်ရတဲ့ ပုဂ္ဂိုလ်ဘက်က ပြန်ကြည့်မယ်ဆိုလို့ရှိရင် ကျေနပ်ဖို့ မကောင်းဘူးလား? သိပ်ကောင်းနေတယ်။ ဒါကြောင့် သိပ်ဝမ်းသာသွားတယ်။ ဝမ်းသာတဲ့အတွက် ဒီရဟန်းတွေနောက်ကို သူက နောက်ကနေ လိုက်ပြီးတော့ ပို့လိုက်သေးတယ်။ ပို့ပြီးတော့ —

‘‘ဘန္တေ, အမှေ ဩလောကေယျာထ’’

ဘန္တေ၊ အရှင်မြတ်တို့ဘုရား ...။ အမှေ၊ တပည့်တော်မတို့ကိုလည်း။ ဩလောကေယျာထ၊ လှမ်း၍ ကြည့်ရှုတော်မူကြပါကုန်ဘုရား။
တပည့်တော်တို့ကိုလည်း အရှင်ဘုရားတို့ ရောက်တဲ့ အရပ်ကနေ လှမ်းပြီး ကြည့်တော်မူပါဆိုပြီးတော့ များစွာသော ချစ်ခင်မြတ်နိုးဖွယ်ရာကောင်းတဲ့ အမှာစကားလေးတွေကို လျှောက်ထားပြီးတော့ ဒကာမကြီးလည်း ပြန်လာခဲ့တယ်။ တားမြစ်တဲ့စကား တစ်လုံးပါသလား? မပါဘူးနော်။ သိပ်ကောင်းတယ်။ ဘုန်းကြီးတို့ကတော့ ဒါ သိပ်သဘောကျပါတယ်နော်။ ကဲ ကောင်းပြီ။

‘‘တေပိ ခေါ ဘိက္ခူ သာဝတ္ထိံ ဂန္တွာ သတ္ထာရံ ဝန္ဒိတွာ ဧကမန္တံ နိသိန္နာ ‘‘ကစ္စိ, ဘိက္ခဝေ, ခမနီယံ, ကစ္စိ ယာပနီယံ, န စ ပိဏ္ဍကေန ကိလမိတ္ထာ’’တိ ဝုတ္တေ ‘‘ခမနီယံ, ဘန္တေ, ယာပနီယံ, ဘန္တေ, ပိဏ္ဍကေန ပန နေဝ ကိလမိမှ။’’

သာဝတ္ထိရောက်ပြီ။ ရောက်လိုက်တဲ့ အချိန်ခါ ဘုရားရှင်ကို ရှိခိုးဝတ်ပြုပြီး သင့်တင့်လျောက်ပတ်တဲ့ တစ်နေရာမှာ ထိုင်ကြပြီ။ ထိုင်လိုက်တဲ့ အချိန်အခါမှာ ဘုရားရှင်ဘက်က မေးနေကျ မေးခွန်းလေးတွေ ဘယ်လိုမေးသလဲ?
ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ကစ္စိ၊ အသို့ပါနည်း။ ခမနီယံ၊ ခန့်ကျန်းကြပါ၏လော။ ကစ္စိ၊ အဘယ်သို့နည်း။ ယာပနီယံ၊ မျှတကြပါရဲ့လော။ န စ ပိဏ္ဍကေန၊ ဆွမ်းဖြင့်လည်းပဲ။ ကိလမိတ္ထာ၊ မပင်ပန်းဘဲ ရှိကြပါကုန်ရဲ့လား။
ချစ်သားရဟန်းတို့ ... အနာရောဂါ ကင်းကင်းရှင်းရှင်းဖြင့် ခန္ဓာကိုယ်ကြီးကို ကျန်းကျန်းမာမာဖြင့် ဆောင်ထားနိုင်ကြရဲ့လား, မျှမျှတတကော နေထိုင်သီတင်းသုံးနိုင်ကြရဲ့လား, ဆွမ်းဖြင့်လည်း မပင်မပန်းဘဲ ရှိကြပါရဲ့လားဆိုပြီးတော့ မေးခွန်းလေးတွေ မေးလိုက်တယ်။ မေးလိုက်တဲ့ အချိန်အခါမှာ ရဟန်းတော်တွေက ဘာပြန်လျှောက်ထားလဲ?
ဘန္တေ၊ မြတ်စွာဘုရား ...။ ခမနီယံ၊ တပည့်တော်တို့လည်းပဲ ခန့်ကျန်းကြပါကုန်၏၊ ဘန္တေ၊ မြတ်စွာဘုရား။ ယာပနီယံ၊ မျှတကြပါကုန်၏၊ ပိဏ္ဍကေန ပန၊ ဆွမ်းဖြင့်ကား။ နေဝ ကိလမိမှ၊ ပင်ပန်းမှု မရှိကြပါကုန်။
တပည့်တော်တို့ ခန့်လည်း ခန့်ကျန်းကြပါတယ်။ ကျန်းမာကြပါတယ်။ မျှလည်း မျှတကြပါတယ်။ ဆွမ်းဖြင့်လည်း မပင်မပန်းဘဲ ရှိကြပါတယ် မြတ်စွာဘုရား။ ဒါပေမယ့် အဆစ်ကလေး သူတို့က ထပ်ပြီး လျှောက်ထားတယ်။ တစ်လုတ်စားဖူး သူ့ကျေးဇူးတဲ့။ သူတော်ကောင်းတို့က သူတစ်ပါးတို့ရဲ့ ကျေးဇူးကို သိပ်ပြီး သိပ်ပြီး သိတတ်ပါတယ်။ အလကား ဒီဖားအောက်တောရ ဘာတွေ ကျွေးမှန်းမသိဘူး အဲဒီလို သူတစ်ပါး ကျေးဇူးကို မသိတတ်တဲ့ စကားလုံးများ သူတော်ကောင်းဆိုတာ ပြောကောင်းလား? မပြောကောင်းပါဘူး။ နည်းနည်း သတိထားကြနော်။ ဒီမှာ ရဟန်းတော်တွေက ဘာပြောလဲ?

‘‘တေ ဟိ အမှာကဉှိ မာติကမာတာ နာမေကာ ဥပါသိကာ စိတ္တာစာရံ ဉတွာ, ‘အဟော ဝတ နော ဧဝရူပံ နာမ အာဟာရံ ပဋိယာဒေယျာ’တိ စိန္တိတေ ယထာစိန္တိတံ အာဟာရံ ပဋိယာဒေတွာ အဒါသီ’’တိ တဿာ ဂုဏကထံ ကထယိံသု။

တေ ဟိ၊ အမှန်အားဖြင့်သော်ကား ထိုရဟန်းတော်တို့သည်။ အမှာကံ၊ ဘုရားတပည့်တော်တို့အဖို့။ မာติကမာတာ နာမ၊ မာတိကမာတာအမည်ရှိတဲ့။ ဧကာ ဥပါသိကာ၊ ဥပါသိကာမကြီးတစ်ဦးသည်။ စိတ္တာစာရံ၊ ဘုရားတပည့်တော်တို့ရဲ့ စိတ်အစဉ်၌ လှည့်လည်ကျက်စားမှုကို။ ဉတွာ၊ သိရှိသည်ဖြစ်၍။ နော၊ ငါတို့အား။ ဧဝရူပံ နာမ အာဟာရံ၊ ဤကဲ့သို့သော သဘောရှိတဲ့ အာဟာရကို။ ပဋိယာဒေယျ၊ စီမံ၍ လှူဒါန်းခဲ့ပါမူကား။ အဟော ဝတ၊ ဩော် ကောင်းလေစွ။ ဣတိ၊ ဤသို့။ စိန္တိတေ၊ ကြံစည်စိတ်ကူးမိခဲ့သည်ရှိသော်။ ယထာစိန္တိတံ၊ ကြံစည်စိတ်ကူးထားတဲ့အတိုင်း။ အာဟာရံ၊ အာဟာရကို။ ပဋိယာဒေတွာ၊ စီရင်၍။ အဒါသိ၊ ပေးလှူခဲ့လေပြီ။ ဣတိ၊ ဤသို့လျှင်။ တဿာ၊ ထိုမာတိကမာတာမကြီး၏၊ ဂုဏကထံ၊ ဂုဏ်ကျေးဇူးစကားကို။ ကထယိံသု၊ ပြောဆိုလျှောက်ထားကြလေကုန်ပြီ။
ဒကာမကြီးရဲ့ ဂုဏ်ကျေးဇူးတွေကို မြတ်စွာဘုရားကို တင်ပြပြီး လျှောက်ထားကြတယ်။ မြတ်စွာဘုရား ... တကယ်ပြောကြစို့ဆိုရင် တပည့်တော်တို့မှာ မာတိကမာတာ အမည်ရှိတဲ့ ဥပါသိကာမကြီးတစ်ဦး ရှိပါတယ်။ ဒီဥပါသိကာမကြီးက ဘုရားတပည့်တော်တို့ရဲ့ စိတ်အစဉ် လှည့်လည်ကျက်စားနေပုံတွေကို ဉာဏ်နဲ့ သိရှိတဲ့အတွက် “ဩော် တို့ကို ဒီလို အာဟာရလေးတွေကို စီရင်ပြီးတော့ လှူဒါန်းမယ်ဆိုရင် သိပ်ကောင်းမှာပဲ” ဆိုတဲ့ စိတ်အကြံအစည်ဖြင့် ဖြစ်ခဲ့ရင်၊ ဒီစိတ်အကြံအစည်ကို ကြံစည်တဲ့အတိုင်း သိရှိတဲ့အတွက် တပည့်တော်တို့ ကြံစည်စိတ်ကူးထားတဲ့ အာဟာရတွေကို စီရင်ပြီးတော့ ပေးလှူနေပါတယ် မြတ်စွာဘုရား။ ဒီလို ဒကာမကြီးရဲ့ ဂုဏ်ကျေးဇူးတွေကို တင်ပြပြီး လျှောက်ထားကြတယ်။ ဒီလို သပ္ပါယမျှတတဲ့ အာဟာရတွေကို ရရှိတဲ့အတွက် တပည့်တော်တို့လည်း ကြိုးစားအားထုတ်လိုက်တာ အရဟတ္တမဂ်, အရဟတ္တဖိုလ်အထိ ဆိုက်ခဲ့ပါတယ်ဆိုတဲ့ သတင်းကောင်းတွေပဲနော်။
သို့သော် ပြဿနာက ဘာပေါ်လာလဲ? ရဟန်းတော်လေးတစ်ပါးက အဲဒီ ဂုဏ်ကျေးဇူး သတင်းစကားတွေကို ကြားလိုက်တဲ့ အချိန်အခါကျတော့ ဒီဥပါသိကာမကြီးရှိတဲ့ မာတိကရွာကို သွားချင်တဲ့စိတ်ထားတွေ တဖွားဖွား ပေါ်လာတယ်။ ပေါ်လာလိုက်တဲ့ အချိန်အခါကျတော့ မြတ်စွာဘုရားထံမှာ သူက ကမ္မဋ္ဌာန်း သင်ယူတယ်။ သင်ယူပြီးတဲ့ အချိန်အခါကျတော့ မြတ်စွာဘုရားကို တင်ပြလျှောက်ထားတယ်။ တပည့်တော်တော့ ဒီမာတိကရွာကို သွားလိုပါတယ်ဆိုပြီးတော့ တင်ပြလျှောက်ထားလိုက်တော့ မြတ်စွာဘုရားကလည်း ခွင့်ပြုတော်မူပါတယ်။
ကဲ မြတ်စွာဘုရားကို ပန်ကြားပြီး ဇေတဝန်ကျောင်းတိုက်တော်ကနေ ထွက်ပြီ။ အစဉ်အတိုင်း သွားလိုက်တာ မာတိကရွာကို ရောက်ပြီဆိုကြစို့နော်။ မာတိကရွာရောက်တော့ ဒီမာတိကဒကာမကြီး ဆောက်လုပ်လှူဒါန်းထားတဲ့ ဒီကျောင်းတိုက်အတွင်းကို ဝင်လိုက်ရင်ပဲ သူက ကြံစည်စိတ်ကူးမှုတစ်ခု ပေါ်လာပြီ။

‘‘အယံ ကိရ ဥပါသိကာ စိန္တိတစိန္တိတံ ဇာနာတိ, အဟဉ္စ မဂ္ဂကိလန္တော ဝိဟာရံ ပဋိဇဂ္ဂိတုံ န သက္ခိဿာမိ, အဟော ဝတ မေ ဝိဟာရပဋိဇဂ္ဂကံ မနုဿံ ပေသေယျ’’။

အယံ ကိရ ဥပါသိကာ၊ ဤဥပါသိကာမကြီးသည်ကား (ကြားဖူးသည်အတိုင်း စိန္တိတစိန္တိတံ = ကြံစည်တိုင်း ကြံစည်တိုင်းကို)။ စိန္တိတစိန္တိတံ၊ ကြံစည်တိုင်း ကြံစည်တိုင်းကို။ ဇာနာတိ၊ သိရှိ၏၊ အဟဉ္စ၊ ငါသည်လည်းပဲ။ မဂ္ဂကိလန္တော၊ ခရီးပန်း၍လာသည်။ ဟုတွာ၊ ဖြစ်၍။ ဝိဟာရံ၊ ကျောင်းကို။ ပဋိဇဂ္ဂိတုံ၊ သန့်ရှင်းအောင် ပြုလုပ်အံ့သောငှာ။ န သက္ခိဿာမိ၊ မစွမ်းနိုင်ပေ။

ဒီဒကာမကြီးကတော့ သူတစ်ပါး ကြံစည်တာကို ကြံစည်တဲ့အတိုင်း အကုန်သိတယ်လို့တော့ ပြောတယ်။ ငါလည်း ခရီးပန်းလာတယ်။ ကျောင်းကို သန့်ရှင်းရေး လုပ်ဖို့ရန်အတွက်တော့ မစွမ်းနိုင်ဖြစ်နေပြီ။

မေ၊ ငါ့အား။ ဝိဟာရပဋိဇဂ္ဂကံ၊ ကျောင်းကို သန့်ရှင်းရေး ပြုလုပ်ပေးနိုင်တဲ့။ မနုဿံ၊ ဒကာတစ်ဦးကို။ ပေသေယျ၊ ပို့စေပါမူကား။ အဟော ဝတ၊ ဩော် ကောင်းလေစွ။

ငါ့အတွက် ကျောင်းကို သန့်ရှင်းရေးလုပ်ပေးမယ့် ဒကာတစ်ယောက်လောက် ဒီဒကာမကြီး ပို့လိုက်မယ်ဆိုရင်တော့ သိပ်ကောင်းမှာပဲဆိုပြီးတော့ သူက ဒီလို စဉ်းစားတယ်။ စဉ်းစားလိုက်တဲ့အခါ စဉ်းစားတဲ့အတိုင်းပဲ ဒကာမကြီးက အိမ်ကနေ လှမ်းဆင်ခြင်လိုက်တော့ ဒီအကြောင်းသိတာနဲ့ ဒကာတစ်ယောက်ကို ကဲ သွားချေ။ ကျောင်းမှာ သွားပြီး သန့်ရှင်းရေး လုပ်ပေးလိုက်ပါဆိုပြီးတော့ ခိုင်းလိုက်တယ်။ နောက်တစ်ခါ ပြန်ပြီး စဉ်းစားပြန်တယ်။ ဘယ်လိုလဲ?

‘‘အဟော ဝတ မေ သက္ခရပါနကံ ကတွာ ပေသေယျ’’

ငါ့အတွက် သကြားဖျော်ရည်လေးတစ်ခု ပြုလုပ်ပြီး စီမံဖော်စပ်ပြီး ပို့ပေးမယ်ဆိုရင်တော့ သိပ်ကောင်းမှာပဲ။ ဘယ့်နှယ်တုန်း ဘုန်းကြီးတွေ ဖျော်ရည်မသောက်ချင်ဘူးလား? စဉ်းစားကြည့်။ လာမလား, မလာမလားဆိုတာ အဲဒါ ဘုန်းကံချင်းက ဘယ်လောက်ကွာတယ်ဆိုတာ သိလာလိမ့်မယ်နော်။ သူက အဲဒါ သကြားဖျော်ရည်လေး တစ်ခွက်လောက်များ ပို့ပေးမယ်ဆိုလို့ရှိရင်တော့ သိပ်ကောင်းမှာပဲဆိုပြီး စဉ်းစားလိုက်ပြန်ပြီ။ စဉ်းစားတဲ့အတိုင်း ဒကာမကြီးကလည်း ပို့ပေးလိုက်ပါတယ်။ ကဲ နောက်တစ်ခု — နောက်တစ်နေ့ကျတော့ သူက ဘာစဉ်းစားပြန်လဲ?

‘‘ပါတောဝ သိနိဒ္ဓယာဂုံ မေ သဥတ္တရိဘင်္ဂံ ပေသေတု’’

ခေါက်ဆွဲဆွမ်းလေးကို ငါ့အတွက် လက်သုပ်ဟင်းလျာနဲ့တကွ ယာဂု ဘောဇဉ်လေး ပို့ပေးမယ်ဆိုရင်တော့ သိပ်ကောင်းမယ်။ သူက စဉ်းစားပြန်တယ်။ အဲဒီလို စဉ်းစားလိုက်တဲ့ အချိန်အခါမှာလည်း ဒကာမကြီးက သူ စဉ်းစားလိုက်တဲ့အတိုင်း ပို့ပေးလိုက်ပါတယ်။ ယာဂုသောက်ပြီးတော့လည်း ကိုယ်တော်ချောက မကျေနပ်သေးဘူး။ ဘာလုပ်ပြန်လဲ?

‘‘အဟော ဝတ မေ ဧဝရူပံ ခဇ္ဇကံ ပေသေယျ’’

ဩော် ဒီလို ခဲဖွယ်လေးတစ်မျိုးလောက် ငါ့အတွက် ပို့ပေးလိုက်မယ်ဆိုလို့ရှိရင် သစ်သီးတစ်မျိုးပေါ့နော်။ သူကြိုက်တဲ့ သစ်သီးလေးတစ်မျိုး ပို့ပေးလိုက်ရင်တော့ သိပ်ကောင်းမှာပဲဆိုပြီး စဉ်းစားပြန်တယ်။ စဉ်းစားတဲ့အတိုင်း ဒကာမကြီးကလည်း ပို့ပေးလိုက်ပါတယ်။ နောက်တစ်ခါ ဘာစဉ်းစားပြန်လဲ?

‘‘အယံ ဥပါသိကာ မယာ သဗ္ဗံ စိန္တိတစိန္တိတံ ပေသေသိ

အယံ ဥပါသိကာ၊ ဤဥပါသိကာမကြီးသည်ကား။ မယာ၊ ငါသည်။ စိန္တိတစိန္တိတံ၊ ကြံစည်တိုင်း ကြံစည်တိုင်းသော။ သဗ္ဗံ၊ အလုံးစုံကို။ ပေသေသိ၊ အပို့ခိုင်း၏၊

အဟံ ဧတံ ဒဋ္ဌုကာမော

အဟံ၊ ငါသည်ကား။ ဧတံ၊ ဤဥပါသိကာမကြီးကို။ ဒဋ္ဌု၊ မြင်ခြင်းငှာ။ ကာမော၊ အလိုရှိ၏၊

ဖြစ်လာပြီ ဖြစ်လာပြီနော်။ ဒီဒကာမကြီးက ငါစိတ်ကူးတိုင်း စိတ်ကူးတိုင်း သူက အကုန်လုံး ပို့ပို့ပေးတယ်။ ခုတော့ ငါ ဒီဒကာမကြီးကို မြင်ချင်တယ်။

စတုတ္ထပိုင်း

အဟော ဝတ မေ နာနဂ္ဂရသဘောဇနံ ဂါဟာပေတွာ သယမေဝ အာဂစ္ဆေယျ’

မေ၊ ငါ့အတွက်။ နာနဂ္ဂရသဘောဇနံ၊ အထူးထူးသော မွန်မြတ်သော အရသာရှိသော ဘောဇဉ်ကို။ ဂါဟာပေတွာ၊ လက်ဝယ်ကိုင်စွဲလျက်။ သယမေဝ၊ ကိုယ်တိုင်သာလျှင်။ အာဂစ္ဆေယျ၊ ဆိုက်ရောက်လာခဲ့ပါမူကား။ အဟော ဝတ၊ ဩော် ကောင်းလေစွ။

ဘယ့်နှယ်တုန်း ကိုယ်တော်ကြီးတွေ အိမ်က ဒကာမကြီးများ အဲဒီလို လာခဲ့မယ်ဆိုရင် ဘယ့်နှယ်နေမလဲ? ဟင် ဝါတောင်မကျွတ်သေးဘူး ထွက်မှာတောင် စိတ်ပူနေရမယ်ထင်တယ်နော်။ ဒါနဲ့ ဒကာမကြီး အထူးထူးသော အရသာတွေ ငါ့အတွက် ယူဆောင်ပြီးတော့ လာခဲ့မယ်ဆိုရင် သိပ်ကောင်းမယ်ဆိုပြီး ဒီလို စဉ်းစားတယ်။ စဉ်းစားလိုက်တဲ့ အချိန်အခါကျတော့ ဒကာမကြီးဘက်က ဘယ်လိုစဉ်းစားလဲ?

‘‘မမ ပုတ္တော မံ ဒဋ္ဌုကာမော, အာဂမနံ မေ ပစ္စာသီသတီ’’တိ ဘောဇနံ ဂါဟာပေတွာ ဝိဟာရံ ဂန္တွာ တဿ အဒါသိ။

စိတ်ထဲမှာ သားလို့ပဲ မှတ်ပါတယ်။ ဘာကြောင့်လဲ? အနာဂါမိမဂ်ဉာဏ်, ဖိုလ်ဉာဏ် ဆိုက်သွားတဲ့အတွက် ဒီကာမရာဂခေါ်တဲ့ ကာမဂုဏ်နဲ့ ပတ်သက်တဲ့ လိုလားတပ်မက်နေတဲ့ တဏှာတရားတွေကို အနာဂါမိမဂ်ဉာဏ်က အကြွင်းမဲ့ ပယ်ရှားထားပြီး ဖြစ်တယ်။ သာသနာတော်ကို ပြုစုလုပ်ကျွေးနေတာက သားရတနာဆိုတဲ့ အမှတ်သညာဖြင့် မိမိသားတွေလည်း သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ပါစေဆိုတဲ့ ဒီစိတ်ထားဖြင့်သာ သူက ပြုစုပျိုးထောင်နေခြင်းဖြစ်တယ်။ အလွန် မွန်မြတ်တဲ့ စိတ်နေစိတ်ထားတွေလို့ မပြောနိုင်ဘူးလား? ပြောနိုင်တယ်။ ခု ဒီနေရာမှာလည်း —

မမ ပုတ္တော၊ ငါ့ရဲ့ သားရတနာသည်ကား။ မံ၊ ငါ့ကို။ ဒဋ္ဌုကာမော၊ မြင်ခြင်းငှာ အလိုရှိနေပေ၏၊ မေ၊ ငါ၏၊ အာဂမနံ၊ ဆိုက်ရောက်လာခြင်းကို။ ပစ္စာသီသတိ၊ တောင့်တ၍ နေပေ၏၊ ဣတိ၊ ဤသို့ နှလုံးပိုက်၍။ ဘောဇနံ၊ ဘောဇဉ်ကို။ ဂါဟာပေတွာ၊ လက်ဝယ်ကိုင်စွဲလျက်။ ဝိဟာရံ၊ ကျောင်းတိုက်သို့။ ဂန္တွာ၊ ဆိုက်ရောက်လာခဲ့သည်ရှိသော်။ တဿ၊ ထိုရဟန်းတော်အား။ တံ၊ ထိုဘောဇဉ်ကို။ အဒါသိ၊ လှူဒါန်းခဲ့လေပြီ။

ဩော် ငါ့သားကတော့ ငါ့ကို မြင်ချင်နေပြီ။ ငါသွားမှ တော်တော့မယ်။ ငါ့ရဲ့ လာခြင်းကို တောင့်တနေတယ်ဆိုပြီး ဒီလို နှလုံးပိုက်ပြီးတော့ သူကြိုက်တတ်တဲ့ မွန်မြတ်တဲ့ ဘောဇဉ်တွေ လက်ဝယ်စွဲကိုင်ပြီး ကျောင်းတိုက်ကို သွား။ ကျောင်းတိုက်ရောက်တဲ့ အချိန်အခါမှာ ထိုကိုယ်တော်ချောကို လှူလိုက်ပြီတဲ့နော်။ ဆွမ်းစားခြင်းကိစ္စလည်း ပြီးပြီ။ ပြီးလိုက်တဲ့ အချိန်အခါကျတော့ ကိုယ်တော်ချောကလည်း လျှာရှည်ပြန်တယ်နော်။ ဘယ်လိုလျှာရှည်လဲ?

မာတိကမာတာနာမ တွံ မဟာဥပါသိကေတိ ပုစ္ဆိ။

မာတိကမာတာဆိုတာ သင်ဒကာမကြီးလားဆိုပြီးတော့ မေးကြည့်တယ်။

အာမ တာတ = ချစ်သား ... မှန်ပေတယ်။

မာတိကမာတာဆိုတာ တပည့်တော်ပဲလို့ ပြန်ပြီး အဖြေပေးတယ်။ အဲဒီအခါမှာ သူက ဘာမေးပြန်လဲ?

‘‘တွံ ပရစိတ္တံ ဇာနာသိ’’?

တွံ၊ သင်သည်။ ပရစိတ္တံ၊ သူတစ်ပါးရဲ့စိတ်ဓာတ်ကို။ ဇာနာသိ၊ သိပါသလား?

သင် သူတစ်ပါးရဲ့စိတ်ကို သိသလားတဲ့။ သူတော်ကောင်းဆိုတာ ဒီလို တိုက်ရိုက် မမေးကောင်းပါဘူး။ ဒါပေမယ့် ဒီကိုယ်တော်က တိုက်ရိုက်ကို သွားမေးတယ်။ သင် သူတစ်ပါးရဲ့ စိတ်ကို သိသလား?

‘‘ကိံ မံ ပုစ္ဆသိ, တာတ’’?

တာတ၊ ချစ်သား ...။ ကိံ၊ အဘယ်အကြောင်းကြောင့်။ မံ၊ ငါ့ကို။ ပုစ္ဆသိ၊ မေးမြန်းပါသနည်း။

ချစ်သား ... ဘယ်လိုအကြောင်းကြောင့် သင် ငါ့ကို မေးနေတာလဲ?

‘‘မယာ စိန္တိတစိန္တိတံ သဗ္ဗမကာသိ, တေန တံ ပုစ္ဆာမိ’’။

စိန္တိတစိန္တိတံ၊ ကြံစည်တိုင်း ကြံစည်တိုင်းသော။ သဗ္ဗံ၊ အလုံးစုံကို။ အကာသိ၊ ပြုလုပ်၍ ပေးလေ၏၊ တေန၊ ထို့ကြောင့်။ တံ၊ သင့်ကို။ ပုစ္ဆာမိ၊ ငါမေးမြန်းခြင်းဖြစ်ပါ၏၊

ငါစဉ်းစားတိုင်း, ကြံစည်တိုင်း သင် အကုန်လုံး လုပ်ပေးနေတယ်တဲ့။ ဒါကြောင့် သင့်ကို ငါ မေးခြင်းဖြစ်တယ်။

‘‘ပရစိတ္တဇာနနကဘိက္ခူ ဗဟူ, တာတ’’?

တာတ၊ ချစ်သား ...။ ပရစိတ္တဇာနနကဘိက္ခူ၊ သူတစ်ပါးရဲ့ စိတ်ဓာတ်ကို သိရှိတဲ့ ရဟန်းတော်တို့သည်ကား။ ဗဟူ၊ များလှပါကုန်၏၊

ချစ်သား သူတစ်ပါးရဲ့စိတ်ဓာတ်ကို သိရှိနေတဲ့ ရဟန်းတော်တွေဟာ သိပ်များပါတယ်။ သူက ဒီလောက်ပဲ အဖြေပေးတယ်။

အဖြေပေးတော့ ကိုယ်တော်ချောကလည်း ကပ်ပြန်တယ်။ ဘယ်လိုကပ်လဲ?

‘‘နာဟံ အညေ ပုစ္ဆာမိ, တုဝံ ပုစ္ဆာမိ, ဥပါသိကေ’’။

ဥပါသိကေ၊ ဥပါသိကာမကြီး။ အဟံ၊ ငါသည်။ အညေ၊ သူတစ်ပါးတို့ကို။ န ပုစ္ဆာမိ၊ မမေးပါ။ တုဝံ၊ သင့်ကိုသာလျှင်။ ပုစ္ဆာမိ၊ မေးမြန်းပါ၏၊

ငါ သူတစ်ပါးတွေကို မေးနေတာမဟုတ်ဘူး။ သင့်ကိုသာ မေးတာပါတဲ့။ ဒီအခါမှာလည်း —

ဧဝံ သန္တေပိ ဥပါသိကာ ‘‘ပရစိတ္တံ ဇာနာမီ’’တိ အဝတွာ ‘‘ပရစိတ္တံ ဇာနန္တာ နာမ ဧဝံ ကရောန္တိ ပုတ္တ’’။

ဒကာမကြီးက သိပ်လိမ္မာပါတယ်။

ဧဝံ၊ ဤသို့ ပြောဆိုပါသော်လည်းပဲ။ ဥပါသိကာ၊ ဥပါသိကာမကြီးက။ ပရစိတ္တံ ဇာနာမီတိ၊ သူတစ်ပါးရဲ့စိတ်ဓာတ်ကို သိရှိပါ၏ဟူ၍။ အဝတွာ၊ မလျှောက်ထားဘဲ။

တပည့်တော် သူတစ်ပါးရဲ့စိတ်ကို သိပါတယ်ဆိုပြီးတော့ ဒီလို မလျှောက်ထားဘူး။ တကယ်တော့ မသိဘူးလား? သိတယ်။ သိတာတောင်မှ သိတယ်လို့ သူက မလျှောက်ထားဘူး။ မသိတဲ့ပုဂ္ဂိုလ်က သိပါတယ်လို့ ကြွားလုံးထုတ်ခဲ့မယ်ဆိုရင်တော့ ဘုရားရှင်ရဲ့ အလိုတော်ကျပါ့မလား? မကျတော့ဘူး။ ဒါ သတိထားပါနော်။ သူတော်ကောင်းတို့ဆိုတာက အပိစ္ဆ၊ အလိုနည်းပါးကြပါတယ်။ မိမိက ဘယ်လို ကျင့်ဝတ်ပဋိပတ်တွေကို ကျင့်နေပါတယ်ဆိုတာနဲ့ ပတ်သက်လို့လည်း သူတစ်ပါးသိမှာ သိပ်စိုးရိမ်တယ်။ ဘယ်လို သမာဓိတွေ ရှိတယ်, ဘယ်လို ဝိပဿနာဉာဏ်တွေ ရှိတယ်, ဘယ်လို အဘိညာဏ်တွေ ရှိတယ်ဆိုတာကိုလည်း သူတစ်ပါးတို့ သိမှာ သိပ်စိုးရိမ်တယ်။ သူတစ်ပါးတို့ကို မသိစေချင်ဘူး။ အပိစ္ဆ၊ အလိုနည်းတဲ့ဂုဏ် ရှိပါတယ်။

ခု ဒီဒကာမကြီးကလည်း ဒီလို အပိစ္ဆအလိုနည်းတဲ့ ဂုဏ်တွေနှင့် ပြည့်စုံတဲ့အတွက် သူတစ်ပါးတွေကို ကြွားလုံးထုတ်ချင်တဲ့ စိတ်ဓာတ်တွေကိုလည်း အနာဂါမိမဂ်ဉာဏ်က အပြီးတိုင် ပယ်ရှားထားပြီးဖြစ်တဲ့အတွက် သူတစ်ပါး သိမှာကို အလိုမရှိဘူးနော်။ အလိုမရှိတဲ့အတွက် တပည့်တော် သူတစ်ပါးရဲ့ စိတ်ဓာတ်ကို သိပါတယ်လို့ သူက မလျှောက်ထားဘူး။ ဘယ်လိုလျှောက်ထားလဲ?

ပုတ္တ၊ ချစ်သား။ ပရစိတ္တဇာနန္တာ နာမ၊ သူတစ်ပါး၏ စိတ်ဓာတ်ကို သိရှိတဲ့ ပုဂ္ဂိုလ်တို့မည်သည်ကား။ ဧဝံ၊ ဤသို့။ ကရောန္တိ၊ ပြုလုပ်တတ်ကြပါကုန်၏၊

ချစ်သား ... သူတစ်ပါးရဲ့ စိတ်ဓာတ်ကို သိရှိတဲ့ ပုဂ္ဂိုလ်တို့မည်သည် ဒီလိုပဲ ပြုလုပ်တတ်ကြပါတယ်ဆိုပြီး ဒီလောက်ပဲ လျှောက်ထားတယ်။

လျှောက်ထားတဲ့ အချိန်အခါကျတော့ ကိုယ်တော်ချောက ဘယ်လိုဖြစ်သွားလဲ?

‘‘ဘာရိယံ ဝတိဒံ ကမ္မံ, ပုထုဇ္ဇနာ နာမ သောဘနမ္ပိ အသောဘနမ္ပိ စိန္တေန္တိ, သစာဟံ ကိဉ္စိ အယုတ္တံ စိန္တယိဿာမိ, သဟ ဘဏ္ဍကေန စောရံ စူဠာယ ဂဏှန္တီ ဝိယ မံ ဝိပ္ပကာရံ ပါပေယျ

သူ စဉ်းစားပြီ။

အဟံ၊ ငါသည်။ ဘာရိယံ၊ အလွန် ဝန်လေးဖွယ်ကောင်းသော။ ဣဒံ ကမ္မံ၊ ဤအမှုကို။ ဝတ၊ စင်စစ်ဧကန် အမှန်အားဖြင့်။ အကာသိံ၊ ပြုခဲ့လေပြီ။ (သို့မဟုတ်) ဣဒံ ကမ္မံ၊ ဤအမှုသည်ကား။ ဘာရိယံ ဝတ၊ ဝန်လေးဖွယ် ကောင်းပေစွတကား။ ပုထုဇ္ဇနာ နာမ၊ ပုထုဇန် မည်သည်ကား။ သောဘနမ္ပိ၊ တင့်တယ်သည်ကိုလည်းကောင်း။ အသောဘနမ္ပိ၊ မတင့်တယ်သည်ကိုလည်းကောင်း။ စိန္တေန္တိ၊ ကြံစည်စိတ်ကူးတတ်ကြပေကုန်၏၊

ပုထုဇန်ငမိုက်သားဆိုတာက သင့်တင့်တာကိုလည်း ကြံစည်တတ်တယ်, မသင့်တင့်တာတွေကိုလည်း ကြံစည်တတ်တယ်တဲ့။ ဘယ့်နှယ်တုန်း? ဟုတ်သလား, မဟုတ်ဘူးလား? ဟုတ်ပါတယ်နော်။ ပုထုဇန်ငမိုက်သားဆိုတာက ကြံစည်သင့် ကြံစည်ထိုက်တာတွေကိုလည်း ကြံစည်တတ်တယ်။ မကြံစည်သင့် မကြံစည်ထိုက်တာတွေကိုလည်း ကြံစည်တတ်တယ်။

အဟံ၊ ငါသည်။ ကိဉ္စိ၊ တစ်စုံတစ်ခုသော။ အယုတ္တံ၊ မသင့်တင့်သော ကြံစည်စိတ်ကူးမှုကို။ သစေ စိန္တယိဿာမိ၊ အကယ်၍ ကြံစည်ခဲ့မိသည် ဖြစ်ငြားအံ့။

အကယ်၍များ ငါသည် ရဟန်းတော်တို့နှင့် မလျော်မလျောက်ပတ်တဲ့ မကြံစည်သင့် မကြံစည်ထိုက်တဲ့ အကြံအစည်တစ်ခုကို ငါ ကြံစည်ခဲ့မိမယ်ဆိုရင် ဘာဖြစ်လဲ?

သဟ ဘဏ္ဍကေန၊ ခိုးထုပ်ခိုးထည်နှင့်တကွ။ စောရံ၊ သူခိုးကို။ စူဠာယ၊ ယောင်ထုံး၌။ ဂဏှန္တီ ဝိယ၊ ကိုင်ဖမ်းသကဲ့သို့။ မံ၊ ငါ့ကို။ ဝိပ္ပကာရံ၊ ဖောက်ပြန် ပျက်စီးခြင်းသို့။ ပါပေယျ၊ ရောက်ရှိစေလေရာ၏၊

သူခိုးကို ခိုးထုပ်ခိုးထည်နှင့်တကွ ဖမ်းမိတဲ့အခါ ယောင်ထုံးကိုင်ပြီး ဆွဲဖမ်းလိုက်သလိုပဲ။ ငါ့ကိုတော့ ဖောက်ဖောက်ပြန်ပြန် ဖြစ်အောင်တော့ လုပ်တော့မယ်။ သူခိုးဖမ်းမိသလိုတော့ ငါတော့ အဖမ်းခံရတော့မယ်နော်။

မယာ ဣတော ပလာယိတုံ ဝဋ္ဋတိ’’

မယာ၊ ငါသည်။ ဣတော၊ ဤနေရာမှ။ ပလာယိတုံ၊ ထွက်ပြေးအံ့သောငှာ။ ဝဋ္ဋတိ၊ သင့်ပေ၏၊

ဒီနေရာက ငါပြေးမှ တော်တော့မယ်ဆိုပြီး သူက စဉ်းစားတယ်။ အဲဒီလို စဉ်းစားပြီးတဲ့ အချိန်အခါကျတော့မှ ဒကာမကြီးကို သူက —

‘‘ဥပါသိကေ, အဟံ ဂမိဿာမိ’’

ဥပါသိကေ၊ ဥပါသိကာမကြီး။ အဟံ၊ ငါသည်။ ဂမိဿာမိ၊ သွားပေတော့မယ်။

ငါ သွားတော့မယ်တဲ့။ နဂိုတုန်းကလည်း သူလာချင်တယ်။ ခုတော့လည်း သွားမယ်ဆိုပြီး သူက ပြောတယ်။

‘‘ကဟံ, အယျ’’ = အရှင်ဘုရား ဘယ်သွားမှာလဲ?

‘‘သတ္ထု သန္တိကံ, ဥပါသိကေ’’ = မြတ်စွာဘုရားထံတော်ကို ငါ ပြန်သွားမယ်တဲ့။

‘‘ဝသထ တာဝ, ဘန္တေ, ဣဓ’’။

ဣဓ၊ ဤနေရာ၌။ ဘန္တေ၊ အရှင်ဘုရား။ တာဝ၊ ထိုမျှလောက်။ ဝသထ၊ သီတင်းသုံးတော်မူပါ။

အရှင်ဘုရား ... ဒီမှာ ဒီလောက်တော့ နေပါဦးဆိုပြီးတော့ ဒကာမကြီးက လျှောက်ထားကြည့်တယ်။

‘‘န ဝသိဿာမိ, ဥပါသိကေ, ဂမိဿာမေဝ’’

ဒကာမကြီး ... မနေတော့ဘူး။ သွားတော့မယ်ဆိုပြီး မြတ်စွာဘုရားထံ ထွက်သွားတယ်။ အဲဒီ မြတ်စွာဘုရားထံ ရောက်ရှိတဲ့ အချိန်အခါမှာ မြတ်စွာဘုရားက —

‘‘ကိံ ဘိက္ခု န တွံ တတ္ထ ဝသသိ’’။

ဘိက္ခု၊ ချစ်သားရဟန်း။ တွံ၊ သင်သည်။ ကိံ၊ အဘယ်အကြောင်းတရားကြောင့်။ တတ္ထ၊ ထိုနေရာ၌။ န ဝသသိ၊ မနေထိုင်ပါသနည်း။

ချစ်သား ... အဲဒီနေရာမှာ သင် ဘာကြောင့် မနေသလဲဆိုပြီးတော့ မေးတယ်။ မေးလိုက်တဲ့အချိန်အခါ —

‘‘အာမ, ဘန္တေ, န သက္ကာ တတ္ထ ဝသိတုံ’’။

ဘန္တေ၊ အရှင်မြတ်ဘုရား ...။ တတ္ထ၊ ထိုနေရာ၌။ ဝသိတုံ၊ နေထိုင်အံ့သောငှာ။ န သက္ကာ၊ မတတ်ကောင်းပါ။

မြတ်စွာဘုရား ... မှန်ပါတယ်။ တပည့်တော် အဲဒီမှာ နေဖို့ရန်အတွက်တော့ မစွမ်းနိုင်ဖြစ်နေပြီ။

ဘာကြောင့် သင် အဲဒီနေရာမှာ မနေနိုင်ရပါသလဲလို့ မြတ်စွာဘုရားက မေးတယ်။ မေးလိုက်တဲ့အချိန်မှာ —

‘‘ဘန္တေ, သာ ဥပါသိကာ စိန္တိတစိန္တိတံ သဗ္ဗံ ဇာနာတိ

ဘန္တေ၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား ...။ သာ ဥပါသိကာ၊ ထိုဥပါသိကာမကြီးသည်ကား။ စိန္တိတစိန္တိတံ၊ ကြံစည်တိုင်း ကြံစည်တိုင်းသော။ သဗ္ဗံ၊ အလုံးစုံကို။ ဇာနာတိ၊ သိရှိ၍ နေပါ၏၊

မြတ်စွာဘုရား ... ဒီဥပါသိကာမကြီးက တပည့်တော် ကြံစည်တိုင်း ကြံစည်တိုင်း အကုန်လုံး သိနေတယ်။

ပုထုဇ္ဇနာ စ နာမ သောဘနမ္ပိ အသောဘနမ္ပိ စိန္တေန္တိ

ပုထုဇ္ဇနာ စ နာမ၊ ပုထုဇန်ပုဂ္ဂိုလ်တို့မည်ကား။ သောဘနမ္ပိ၊ တင့်တယ်ကောင်းမြတ်တဲ့ အရာဝတ္ထုကိုသော်လည်းပဲ။ စိန္တေန္တိ၊ ကြံစည်ကြကုန်၏၊ အသောဘနမ္ပိ၊ မသင့်တင့် မလျောက်ပတ်တဲ့ အကြံစည်ကိုသော်လည်းပဲ။ စိန္တေန္တိ၊ ကြံစည်တတ်ပါကုန်၏၊

မြတ်စွာဘုရား ... ပုထုဇန်ငမိုက်သားဆိုတာကတော့ ကြံစည်သင့် ကြံစည်ထိုက်တဲ့ အကြံတွေကိုလည်း ကြံတတ်တယ်, မကြံစည်သင့် မကြံစည်ထိုက်တဲ့ အကြံတွေကို ကြံတတ်ပါတယ်။

သစာဟံ ကိဉ္စိ အယုတ္တံ စိန္တေဿာမိ

အဟံ၊ ဘုရားတပည့်တော်သည်။ ကိဉ္စိ၊ တစ်စုံတစ်ခုသော။ အယုတ္တံ၊ မသင့်မတင့်သော ကြံစည်စိတ်ကူးမှုကို။ သစေ စိန္တယိဿာမိ၊ အကယ်၍ ကြံစည်မိခဲ့သည် ဖြစ်ငြားအံ့။

တပည့်တော်မှာ မသင့်တင့် မလျောက်ပတ်တဲ့ အကြံတစ်ခုခု အကယ်၍ ကြံစည်မိခဲ့မယ်ဆိုရင် —

သဟ ဘဏ္ဍကေန စောရံ စူဠာယ ဂဏှန္တီ ဝိယ မံ ဝိပ္ပကာရံ ပါပေဿတိ’’။

သဟ ဘဏ္ဍကေန၊ ခိုးထုပ်ခိုးထည်နှင့်တကွ။ စောရံ၊ သူခိုးကို။ စူဠာယ၊ ယောင်ထုံး၌။ ဂဏှန္တီ ဝိယ၊ ကိုင်ဖမ်းလိုက်သကဲ့သို့။ မံ၊ ဘုရားတပည့်တော်ကို။ ဝိပ္ပကာရံ၊ ဖောက်ပြန်ပျက်စီးခြင်းကို။ ပါပေဿတိ၊ ရောက်စေလတ္တံ့။

ခိုးထုပ်ခိုးထည်နှင့်တကွ သူခိုးကို ဖမ်းမိတဲ့အခါ ယောင်ထုံးကို ကိုင်ပြီး ဖမ်းလိုက်သလို တပည့်တော်ကို ဖောက်ဖောက်ပြန်ပြန် ရောက်စေလိမ့်မယ်။ တပည့်တော် သူခိုးဖြစ်လိမ့်မယ်နော်။ ဒါကြောင့် တပည့်တော် ပြန်လာပါတယ်ဆိုပြီးတော့ တင်ပြ လျှောက်ထားတယ်။ အဲဒီအခါမှာ မြတ်စွာဘုရားက

‘‘ဘိက္ခု, တတ္ထေဝ တယာ ဝသိတုံ ဝဋ္ဋတိ’’

ဘိက္ခု၊ ချစ်သားရဟန်း။ တွံ၊ သင်သည်။ တတ္ထေဝ၊ ထိုနေရာ၌ပင်လျှင်။ ဝသိတုံ၊ နေထိုင်ခြင်းငှာ။ ဝဋ္ဋတိ၊ သင့်ပေ၏၊

ချစ်သားရဟန်း ... သင်ဟာ အဲဒီနေရာမှာပဲ နေသင့်တယ်။ အဲဒါကတော့ အကြောင်းရှိပါတယ်နော်။ အကြောင်းဆိုတာက ဘုန်းကြီးတို့ မေတ္တသုတ္တန်မှာ လာရှိတဲ့ ရဟန်းတော် (၅၀၀)ကို နတ်တွေကနေပြီးတော့ ခြောက်လှန့်တဲ့အတွက် မြတ်စွာဘုရားထံကို တစ်ဖန် ပြန်လာတယ်။ မြတ်စွာဘုရားက တစ်လောကလုံးကို လှမ်းကြည့်လိုက်တဲ့အခါ ဒီရဟန်းတွေ ဘယ်မှာအားထုတ်ခဲ့ရင် တရားရမလဲလို့ လှမ်းကြည့်လိုက်တဲ့ အချိန်အခါမှာ ဒီနတ်တွေ ခြောက်လှန့်လိုက်တဲ့နေရာမှာ ပြန်အားထုတ်မှ တရားရမယ်ဆိုတာကို မြတ်စွာဘုရားက မြင်တယ်။

ဒါကြောင့် မိမိတို့ အတိတ်က ဆည်းပူးထားခဲ့တဲ့ ပါရမီမျိုးစေ့ ရှိတဲ့နေရာလေးတွေဟာ မိမိတို့အတွက် တရားအားထုတ်ရင် ရနိုင်တဲ့ နေရာမျိုးလည်း ရှိတတ်ပါတယ်။ ခု ဒီရဟန်းကို ဘုရားရှင်က လှမ်းကြည့်လိုက်တဲ့ အချိန်အခါမှာ သူ အဲဒီမှာ နေသင့်တယ်။ ဘာဖြစ်လို့လဲ? အဲဒီမှာနေပြီး တရားအားထုတ်မှလည်း သူက တရားရမယ့် ပုဂ္ဂိုလ်မျိုး ဖြစ်နေတယ်။ ဒါကြောင့် မြတ်စွာဘုရားက အဲဒီမှာ ပြန်နေဖို့ရန်အတွက် နေသင့်တဲ့အကြောင်းကို အမိန့်ရှိလိုက်တယ်။ ဒီအခါမှာ —

‘‘န သက္ကောမိ, ဘန္တေ, နာဟံ တတ္ထ ဝသိဿာမိ’’။
ဘန္တေ၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား ...။ နာဟံ [န + အဟံ] = ဘုရားတပည့်တော်သည် မစွမ်းနိုင်ပါ။ တတ္ထ၊ ထိုနေရာ၌။ ဝသိဿာမိ၊ မနေနိုင်ပါ။

ဘုရားတပည့်တော် မစွမ်းနိုင်ဘူးဘုရား။ အဲဒီမှာ မနေနိုင်ဘူးဆိုပြီး တင်ပြလျှောက်ထားတယ်။ အဲဒီလို တင်ပြလျှောက်ထားတဲ့ အချိန်အခါမှာ —
” တယ်- ဒီကောင်လျှာရှည်တဲ့ အကောင် သွားတော့” ” ဒီလို လုပ်မလား? မလုပ်ပါဘူးနော်။ ဘုရားရှင်တို့က ကြီးကျယ်မြင့်မြတ်တဲ့ ကရုဏာရှိတဲ့, သနားကြင်နာတတ်တဲ့ စိတ်ထားရှိတဲ့ ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်တွေ ဖြစ်ခြင်းကြောင့် ဘာအမိန့်ရှိလဲ?

‘‘တေန ဟိ တွံ, ဘိက္ခု, ဧကမေဝ ရက္ခိတုံ သက္ခိဿသိ’’။
ဘိက္ခု၊ ရဟန်း။ တေန ဟိ၊ ထိုသို့ဖြစ်ခဲ့ပါမူ။ တွံ၊ သင်ချသားသည်။ ဧကမေဝ၊ တစ်ခုကိုပင်လျှင်။ ရက္ခိတုံ၊ ထိန်းသိမ်းစောင့်ရှောက်အံ့သောငှာ။ သက္ခိဿသိ၊ စွမ်းနိုင်ပါသလား?

ဒီလိုဆိုရင် သင်ချစ်သား တစ်ခုတည်းကို စောင့်ရှောက်ရမယ်ဆိုရင် သင် စောင့်ရှောက်နိုင်သလားတဲ့? မေးကြည့်တယ်။

‘‘ကိံ, ဘန္တေ’’?
ဘန္တေ၊ မြတ်စွာဘုရား ...။ ကိံ၊ အဲဒီ တစ်ခုတည်းဆိုတာ ဘာလဲတဲ့။ အမေးကလည်း တော်တော်ထူတဲ့ ကိုယ်တော်ပဲနော်။

‘‘တဝ စိတ္တမေဝ ရက္ခ, စိတ္တံ နာမေတံ ဒုရက္ခံ, တွံ အတ္တနော စိတ္တမေဝ နိဂ္ဂဏှ, မာ အညံ ကိဉ္စိ စိန္တယိ, စိတ္တံ နာမေတံ ဒုန္နိဂ္ဂဟံ’’
တဝ စိတ္တမေဝ၊ သင့်ရဲ့စိတ်ကိုပင်လျှင်။ ရက္ခ၊ ထိန်းသိမ်းစောင့်ရှောက်ပါ။ ဧတံ စိတ္တံ နာမ၊ ဤစိတ်မည်သည်ကား။ ဒုရက္ခံ၊ ထိန်းသိမ်းစောင့်ရှောက်ဖို့ရန် ခက်ခဲလှပါ၏၊ တွံ၊ သင်သည်။ အတ္တနော၊ မိမိ၏၊ စိတ္တမေဝ၊ စိတ်ကိုသာလျှင်။ နိဂ္ဂဏှ၊ နှိပ်ကွပ်ပါ။ အညံ ကိဉ္စိ၊ အခြားတစ်ပါးသော တစ်စုံတစ်ခုကို။ မာ စိန္တယိ၊ မကြံစည် စိတ်မကူးပါလင့်။

ဘယ့်နှယ်တုန်း? တရားနာပရိသတ်တွေ သဘောမကျဘူးလားဟင်? ဘာကိုမှ စဉ်းစားမနေနဲ့ မာတိကမာတာ ရှိလား, မရှိလားဆိုတာလည်း စဉ်းစားမနေပါနဲ့နော်။ ဘာမှ မစဉ်းစားနဲ့။ သင် တစ်ခုတည်းပဲ ထိန်းသိမ်းစောင့်ရှောက်စမ်းပါ။ ဘာစောင့်ရှောက်ရမလဲ? စိတ်ကလေးတစ်ခုပဲ။ အဲဒီ စိတ်ကလေးတစ်ခုဆိုတာကတော့ ထိန်းသိမ်းစောင့်ရှောက်ဖို့ရန် ခက်ခဲတာ မှန်တယ်။ ဒါပေမယ့် သင်ဟာ သင့်ရဲ့စိတ်ကို နှိပ်ကွပ်ပေးစမ်းပါ။ အလိုမလိုက်ပါနဲ့။ မကောင်းဘူးလား? ကောင်းတယ်။ စိတ်ကို အလိုလိုက်နေခဲ့မယ်ဆိုလို့ရှိရင်တော့ ဆုံးနိုင်ပါ့မလား? မဆုံးနိုင်ဘူးနော်။

‘‘မာ အညံ ကိဉ္စိ စိန္တယိ, စိတ္တံ နာမေတံ ဒုန္နိဂ္ဂဟံ’’
အညံ ကိဉ္စိ၊ အခြားတစ်စုံတစ်ခုကိုမျှ။ မာ စိန္တယိ၊ မကြံစည်ပါနဲ့။ ဧတံ စိတ္တံ နာမ၊ ဤစိတ်မည်သည်ကား။ ဒုန္နိဂ္ဂဟံ၊ နှိပ်ကွပ်ဖို့ရန် ခက်ခဲလှပါ၏၊

ဒီစိတ်ဓာတ်ဆိုတာ နှိပ်ကွပ်ဖို့ရန်အတွက် အလွန် ခက်ခဲတယ်တဲ့။ သင်ချစ်သား ... အခြားဘာကိုမှ ကြံစည်စိတ်ကူးမှု မလုပ်ပါနဲ့လို့ ဒီလို ပြောပြီးတော့မှ ဘုန်းကြီး တရားနိဒါန်းပျိုးခဲ့တဲ့ ဂါထာလေးကို မြတ်စွာဘုရား ဟောပေးပါတယ်နော်။ ဘယ်လို ဟောသလဲ?

‘‘ဒုန္နိဂ္ဂဟဿ လဟုနော, ယတ္ထကာမနိပါတိနော၊ စိတ္တဿ ဒမထော သာဓု, စိတ္တံ ဒန္တံ သုခါဝဟံ’’။
ဒုန္နိဂ္ဂဟဿ၊ နှိပ်ကွပ်ဖို့ရန် ခက်ခဲလှစွာသော။ လဟုနော၊ လျင်မြန်သော ဖြစ်ခြင်း ပျက်ခြင်းရှိသော။ ယတ္ထကာမနိပါတိနော၊ အလိုရှိရာ အာရုံအမျိုးမျိုးသို့ ကျရောက်လေ့ရှိသော။ စိတ္တဿ၊ စိတ်ဓာတ်ကို။ ဒမထော၊ မဂ်ဉာဏ်, ဖိုလ်ဉာဏ်ဖြင့် ယဉ်ကျေးအောင် ဆိုဆုံးမခြင်းသည်ကား။ သာဓု၊ ကောင်းလှပါပေ၏၊ ဒန္တံ၊ မဂ်ဉာဏ်ကြောင့် ယဉ်ကျေးသိမ်မွေ့လျက်ရှိသော။ စိတ္တံ၊ စိတ်ဓာတ်သည်ကား။ သုခါဝဟံ၊ မဂ်ချမ်းသာ ဖိုလ်ချမ်းသာ ပရမတ္ထသစ္စာဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာမြတ်ကို ရွက်ဆောင်တတ်သည်။ ဟောတိ၊ ဖြစ်ပါပေ၏၊

ဒီဂါထာလေးကို မြတ်စွာဘုရားက ဟောပေးတယ်နော်။ ဒီတော့ စိတ်ဆိုတဲ့ဥစ္စာက ဘယ်လို သဘောရှိလဲ?

‘‘ဧတဉှိ လဘိတဗ္ဗဋ္ဌာနံ ဝါ အလဘိတဗ္ဗဋ္ဌာနံ ဝါ ယုတ္တဋ္ဌာနံ ဝါ အယုတ္တဋ္ဌာနံ ဝါ န ဇာနာတိ’’၊
ဧတံ၊ ဤစိတ်ဓာတ်မည်သည်ကား။ လဘိတဗ္ဗဋ္ဌာနံ ဝါ၊ ရောက်သင့် ရောက်တတ်တဲ့ အရပ်ကိုသော်လည်းကောင်း။ အလဘိတဗ္ဗဋ္ဌာနံ ဝါ၊ မရောက်သင့် မရောက်တတ်တဲ့ အရပ်ကိုသော်လည်းကောင်း။ ယုတ္တဋ္ဌာနံ ဝါ၊ ကြံစည်သင့် ကြံစည်ထိုက်တဲ့ အရာဌာနကိုသော်လည်းကောင်း။ အယုတ္တဋ္ဌာနံ ဝါ၊ မကြံစည်သင့် မကြံစည်ထိုက်တဲ့ အရာဌာနကိုသော်လည်းကောင်း။ န ဇာနာတိ၊ မသိပေ။

ဒီစိတ်ဓာတ်ဆိုတာကနော်။ ရိုင်းနေတဲ့စိတ်ဓာတ်က ရောက်သင့်ရောက်ထိုက်တဲ့ အရပ်ကိုလည်း သူ မသိဘူး, မရောက်သင့် မရောက်ထိုက်တဲ့ အရပ်ကိုလည်း မသိဘူး, ကြံစည်သင့် ကြံစည်ထိုက်တဲ့ အရာဌာနကိုလည်း မသိဘူး, မကြံစည်သင့် မကြံစည်ထိုက်တဲ့ အရာဌာနကိုလည်း မသိဘူး။ ဒါတွင်လားဆိုတော့ မကသေးဘူး။

ပဉ္စမပိုင်း

‘‘နေဝ ဇာတိံ ဩလောကေတိ, န ဂေါတ္တံ, န ဝယံ’’။
ဇာတိံ၊ အမျိုးဇာတ်ကိုလည်း။ နေဝ ဩလောကေတိ၊ မကြည့်ပေ။

ငါတို့ အမျိုးအနွယ်ဟာ ဒီလို ကြံစည်စိတ်ကူးမှုတွေ မဖြစ်သင့်ဘူးဆိုပြီး အမျိုးအနွယ်ကို ဒီစိတ်ဓာတ်ကကော ကြည့်တတ်သလား? မကြည့်တတ်ဘူး။

န ဂေါတ္တံ၊ အနွယ်ကိုလည်းကောင်း။ န ဩလောကေတိ၊ မကြည့်တတ်ပေ။

မိမိရဲ့ အနွယ်ကိုလည်း မကြည့်ဘူး။

န ဝယံ၊ အရွယ်ကိုလည်းကောင်း။ န ဩလောကေတိ၊ မကြည့်တတ်ပေ။

ဩော် ... ငါတော့ ခေါင်းမှာ ဆံပင်ဖြူတွေ အလံထူနေပြီ ဖြစ်တယ်။ ငါ့အရွယ်က ဒါတွေ မစဉ်းစားသင့်ဘူးလို့ ဒီလို အရွယ်ကို လှမ်းကြည့်တာမျိုးကော ရှိလား? မရှိဘူး။ ဟို ... ကုသဇာတ်မှာနော်။ သီလဝတီမိဖုရားကြီး သားရတနာ မရတော့ သားဆုပန်တဲ့ပွဲ ဆိုကြပါစို့။ သီလဝတီမိဖုရား အလိုရှိတဲ့ ပုဂ္ဂိုလ်တွေလာစေဆိုတော့ တန်းစီလိုက်ကြတယ်။ တန်းစီတဲ့အထဲမှာ သိကြားမင်းကြီးက လူအိုယောင်ဆောင်ပြီး ထိပ်ဆုံးက နေတယ်။ သူ့ရှေ့ ဘယ်သူမှ တက်လို့လည်း မရဘူး။ သူ့တန်ခိုးကြောင့်။ ဒီတော့ ဘေးက ပုဂ္ဂိုလ်တွေက ဘာပြောလဲ? ဒီလောက်တောင် သက်ကြားအိုကြီးဖြစ်မှ ဒီနေရာမှာ လာတန်းစီနေရသလားဆိုပြီးတော့ ဘေးကနေ ပြောကြတယ်။ ပြောတော့ သူက ဘာပြန်ပြောလဲ? ဟ ... လူသာ အိုတာ။ ရာဂက မအိုဘူးတဲ့။ ဘယ့်နှယ်တုန်း? ဒကာကြီးတွေ ဟုတ်သလား? မဟုတ်လည်း စာထဲမှာပါတာပဲ။ ဟုတ်တယ်လို့သာ ထားလိုက်နော်။ ဒါကြောင့် အရွယ်ကိုလည်း ဘာမှ သူက မကြည့်ဘူး။

‘‘ယတ္ထ ယတ္ထ ဣစ္ဆတိ, တတ္ထ တတ္ထေဝ နိပတတိ’’
ယတ္ထ ယတ္ထ၊ အကြင်အကြင်အာရုံ၌။ ဣစ္ဆတိ၊ အလိုရှိ၏၊ တတ္ထ တတ္ထေဝ၊ ထိုထိုအာရုံ၌ပင်လျှင်။ နိပတတိ၊ ကျရောက်၍ နေတတ်ပေ၏၊

မိမိ အလိုရှိရာအရပ်ကို ကျရောက်နေတတ်တယ်။ ဒါကြောင့် ဒီစိတ်ကို ယတ္ထကာမနိပါတိ၊ အလိုရှိရာ အာရုံအမျိုးမျိုးသို့ ကျရောက်တတ်တဲ့ စိတ်ဓာတ်လို့ ဒီလို မြတ်စွာဘုရားက ဟောတယ်နော်။ ဒီလို စိတ်ဓာတ်မျိုးကို အရိယမဂ်ဖြင့် ယဉ်ကျေးအောင် ဆိုဆုံးမတတ်မယ်ဆိုရင် ကိလေသာ အပူမီးတွေသာ ငြိမ်းအေးပါစေ။ ကိလေသာ အပူမီး ငြိမ်းသွားပြီဆိုလို့ရှိရင် ဒီစိတ်ဓာတ်သည် ယဉ်ကျေးသိမ်မွေ့တဲ့ စိတ်ဓာတ်တစ်ခုဖြစ်ပြီ။ ဒီလို ဆုံးမနိုင်ခြင်းလည်း ကောင်းမြတ်တဲ့ ဆိုဆုံးမနိုင်ခြင်းလို့ခေါ်တယ်။

ဒီလိုယဉ်ကျေးနေတဲ့ မဂ်ဉာဏ်, ဖိုလ်ဉာဏ်တွေကြောင့် ယဉ်ကျေးသိမ်မွေ့သွားတဲ့ ဒီစိတ်ဓာတ်က မဂ်ချမ်းသာကိုသော်လည်း ရွက်ဆောင်ပေးမယ်, ဖိုလ်ချမ်းသာကိုလည်း ရွက်ဆောင်ပေးမယ်, ပရမတ္ထသစ္စာခေါ်တဲ့ ဘယ်လိုမှ မပျက်စီးနိုင်တဲ့ နိဗ္ဗာန်ချမ်းသာကြီးကိုလည်း ရွက်ဆောင်ပေးမယ်။ နိဗ္ဗာန်ချမ်းသာကြီးကို အရဟတ္တမဂ်, အရဟတ္တဖိုလ်ဖြင့်သာ ဆိုက်ရောက်ပါစေ။ ပရိနိဗ္ဗာနစုတိရဲ့နောက်ဆွယ်၌ နောက်ထပ်တစ်ဖန် ပဋိသန္ဓေ တည်နေရခြင်းဆိုတဲ့ ဒုက္ခကြီး လွတ်သွားပြီ။ နောက်ထပ်တစ်ဖန် ပဋိသန္ဓေ မနေရတော့ဘူးဆိုရင် နောက်ထပ်တစ်ဖန် အိုရမှု, နာရမှု, သေရမှုတွေလည်း ရှိဦးမလား? မရှိတော့ဘူး။ ဒီထက်ကောင်းတဲ့ ချမ်းသာ ဘာရှိဦးမလဲ? မရှိတော့ဘူး။ ဒါကြောင့် — ဒီလို ယဉ်ကျေးသိမ်မွေ့နေတဲ့ စိတ်ဓာတ်က မဂ်ချမ်းသာ, ဖိုလ်ချမ်းသာ, နိဗ္ဗာန်ချမ်းသာဆိုတဲ့ ချမ်းသာသုခအမျိုးမျိုးကို ရွက်ဆောင်ပေးတတ်ပါတယ်ဆိုပြီးတော့ ဒီဂါထာလေးကို ဘုရားရှင်က ဟောတယ်။

ဟောလိုက်တဲ့အချိန်အခါမှာ ဒေသနာနိဂုံး ပြီးဆုံးသွားတဲ့ အချိန်အခါမှာ ရောက်ရှိလာတဲ့ တရားနာပရိသတ်တွေက သောတာပန်အစရှိတဲ့ မဂ်ဉာဏ်, ဖိုလ်ဉာဏ်တွေကိုလည်း ဆိုက်ရောက်သွားကြပါတယ်။ ဒါကြောင့် ဒီဒေသနာလေးက အကျိုးရှိတဲ့ ဒေသနာတော်တစ်ခုတော့ ဖြစ်တယ်။ ဒီဒေသနာတော်လေးနဲ့ ထိုရဟန်းတော်ကို ဘုရားရှင်က ဆိုဆုံးမပြီးတော့ —

‘‘ဂစ္ဆ, ဘိက္ခု, အညံ ကိဉ္စိ အစိန္တယိတွာ တတ္ထေဝ ဝသာဟိ’’
ဘိက္ခု၊ ချစ်သားရဟန်း ...။ ဂစ္ဆ၊ သွားပေတော့။ အညံ ကိဉ္စိ၊ အခြားတစ်စုံတစ်ခုကို။ အစိန္တယိတွာ၊ ကြံစည်စိတ်ကူးမှုမပြုဘဲ။ တတ္ထေဝ၊ ထိုနေရာ၌သာလျှင်။ ဝသာဟိ၊ သင်ချစ်သား နေထိုင်ပေတော့။

သင် ဘာမှ မစဉ်းစားနဲ့, ဘာမှလည်း မကြံစည်နဲ့တော့။ သင်ချစ်သား အဲဒီနေရာသွားပြီး အဲဒီမှာပဲ နေထိုင်ပေတော့ဆိုပြီး ပြန်လွှတ်လိုက်တယ်။ ပြန်လွှတ်လိုက်တဲ့ အချိန်အခါကျတော့ တပည့်တော် မသွားနိုင်ဘူးလို့ ဒီနေရာမှာတော့ မကပ်တော့ဘူးနော်။ မဂ်ဉာဏ်, ဖိုလ်ဉာဏ်ကိုရဖို့ရန်အတွက် အားကြီးသော မှီရာ ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုပေးနေတဲ့ ပါရမီအရှိန်အဝါတွေကလည်း လှုံ့ဆော်လာပြီဖြစ်တော့ ဘာလုပ်သလဲ?

‘‘သော ဘိက္ခု သတ္ထု သန္တိကာ ဩဝါဒံ လဘိတွာ တတ္ထ အဂမာသိ’’။
သော ဘိက္ခု၊ ထိုရဟန်းတော်သည်။ သတ္ထု သန္တိကာ၊ မြတ်စွာဘုရား၏ ထံတော်မှောက်မှ။ ဩဝါဒံ၊ အဆုံးအမကို။ လဘိတွာ၊ ရရှိသည်ဖြစ်၍။ တတ္ထ၊ ထိုကျောင်းတိုက်သို့။ အဂမာသိ၊ ကြွသွားခဲ့လေပြီ။

ခွေ (၃) အေဆိုဒ်

‘‘ဣဒါနိ ဩဝါဒဒါယကံ အာစရိယံ လဘိတွာ ပုနာဂတော မမ ပုတ္တော’’တိ အတ္တနော ဉာဏေနေဝ ပရိစ္ဆိန္ဒိတွာ တဿ သပ္ပါယာဟာရံ ပဋိယာဒေတွာ အဒါသိ။
ဣဒါနိ၊ ယခုအခါ၌။ ဩဝါဒဒါယကံ၊ အဆုံးအမဩဝါဒကို ပေးသနားတတ်သော။ အာစရိယံ၊ ဘုရားရှင်ကဲ့သို့သော ဆရာသမားကို။ လဘိတွာ၊ ရရှိခဲ့သည်ဖြစ်၍။ မမ ပုတ္တော၊ ငါ့ရဲ့သားရတနာသည်ကား။ ပုနာဂတော၊ တစ်ဖန် ပြန်ကြွခဲ့လေပြီ။

ခုအခါမှာတော့ ဘုရားရှင်ကဲ့သို့သော ဆိုဆုံးမတတ်တဲ့ ဆရာသမားကို ရရှိလာတဲ့အတွက် ငါ့သားရတနာတော့ တစ်ဖန်ပြန်လာပြီ။

ဣတိ၊ ဤသို့။ အတ္တနော ဉာဏေနေဝ၊ မိမိရဲ့ဉာဏ်ဖြင့်ပင်လျှင်။ ပရိစ္ဆိန္ဒိတွာ၊ ပိုင်းခြားယူနိုင်သည်ဖြစ်၍။ တဿ၊ ထိုရဟန်းတော်အဖို့။ သပ္ပါယာဟာရံ၊ မျှတတဲ့ အာဟာရကို။ ပဋိယာဒေတွာ၊ စီရင်၍။ အဒါသိ၊ လှူဒါန်းခဲ့လေပြီ။

မိမိဉာဏ်နဲ့ ပိုင်းခြားနိုင်တဲ့အတွက် ထိုရဟန်းတော်နှင့် လျောက်ပတ်တဲ့ အစာအာဟာရကို စီရင်ပြီးတော့ လှူဒါန်းပူဇော်ပြီနော်။ လှူဒါန်းပူဇော်လိုက်တော့ ဘာဖြစ်လဲ?

‘‘သော သပ္ပါယဘောဇနံ သေဝိတွာ ကတိပါဟေနေဝ အရဟတ္တံ ပတွာ မဂ္ဂဖလသုခေန ဝီတိနာမေန္တော ‘‘အဟော မဟာဥပါသိကာ မယှံ ပတိဋ္ဌာ ဇာတာ, အဟံ ဣမံ နိဿာယ ဘဝနိဿရဏံ ပတ္တောမှီ’’တိ စိန္တေတွာ’’
သော၊ ထိုရဟန်းတော်သည်။ သပ္ပါယဘောဇနံ၊ မျှတတဲ့ဘောဇဉ်ကို။ သေဝိတွာ၊ မှီဝဲရခြင်းကြောင့်။ ကတိပါဟေနေဝ၊ နှစ်ရက် သုံးရက် အတွင်း၌ပင်လျှင်။ အရဟတ္တံ၊ အရဟတ္တဖိုလ်သို့။ ပတွာ၊ ဆိုက်ရောက်တော်မူသည်ဖြစ်၍။ မဂ္ဂဖလသုခေန၊ မဂ်ချမ်းသာ, ဖိုလ်ချမ်းသာဖြင့်။ ဝီတိနာမေန္တော၊ အချိန်ကို ကုန်လွန်စေလျက်။ မဟာဥပါသိကာ၊ မဟာဥပါသိကာမကြီးသည်ကား။ မယှံ၊ ငါ၏၊ ပတိဋ္ဌာ၊ ထောက်ရာတည်ရာသည်။ ဇာတာ၊ ဖြစ်ခဲ့သည်ကား။ အဟော ဝတ၊ ဩော် အံ့ဩဖွယ် ကောင်းလေစွ။

မျှတတဲ့ အာဟာရကို မှီဝဲရတဲ့အတွက် နှစ်ရက် သုံးရက် အတွင်းမှာပဲ အရဟတ္တဖိုလ် ဆိုက်သွားတယ်တဲ့။ ဒါကတော့ အာဟာရလည်း အကြောင်းတစ်ခု ဖြစ်တယ်ဆိုတာ ဖော်ပြခြင်းသာ ဖြစ်ပါတယ်နော်။ သူရဲ့ စိတ်ဓာတ်ကို ကမ္မဋ္ဌာန်းအာရုံမှ ပြင်ပ၌ နည်းနည်းလေးမှ ကြံစည်စိတ်ကူးမှု မဖြစ်အောင် သူ့စိတ်ကို မနှိပ်ကွပ်နိုင်ဘူးလား? နှိပ်ကွပ်နိုင်တယ်။ ကမ္မဋ္ဌာန်းအာရုံပေါ်မှာသာလျှင် မိမိရဲ့ ဘာဝနာစိတ်ကို အမြဲတမ်း သွတ်သွင်းထားတယ်။

ကမ္မဋ္ဌာန်းအာရုံမှာ အမြဲတမ်း မိမိစိတ်ဓာတ်ကို သွတ်သွင်းပြီး ပြင်ပအာရုံသို့ မရောက်အောင် ထိန်းချုပ်ထားနိုင်တဲ့ ဒီစွမ်းအင်ကလည်း တစ်ခု, မျှတတဲ့ အစာအာဟာရကို မှီဝဲရခြင်းဆိုတဲ့ စွမ်းအင်ကလည်း တစ်ခု။ ဒီစွမ်းအင်တွေ ပေါင်းစပ်လိုက်တဲ့ အချိန်အခါမှာ နှစ်ရက် သုံးရက် အတွင်းမှာပဲ အရဟတ္တဖိုလ်ကို ဆိုက်ရောက်သွားပြီ။ မိမိတို့ မျှော်လင့်တောင့်တနေတဲ့ အိုဘေးဆိုးကြီး, နာဘေးဆိုးကြီး, သေဘေးဆိုးကြီးမှ လွတ်မြောက်မသွားဘူးလား? လွတ်မြောက်သွားပြီ။ ဒါကြောင့် မျှတတဲ့ အာဟာရဆိုတာက သိပ်အလွန်ကြီးကျယ်တာ မဟုတ်သော်လည်းဘဲ အရဟတ္တမဂ်, အရဟတ္တဖိုလ် ရရှိရေးအတွက် အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုနိုင်တဲ့ စွမ်းအားတွေ မရှိဘူးလား? ရှိနေတယ်နော်။ ဒီစွမ်းအင်ကို ဒကာမကြီးက ကောင်းကောင်း နားလည်ပါတယ်။

မိမိအကျိုးအတွက်တော့ မဟုတ်ပါဘူးနော်။ သူတစ်ပါးတွေ အရဟတ္တမဂ်, အရဟတ္တဖိုလ် ရရှိရေးအတွက်သာလျှင် တာစူပြီးတော့ ဒီအသိဉာဏ်နဲ့သူက ပြုစုလုပ်ကျွေးခြင်းဖြစ်တယ်။ အဲဒီလို ပြုစုလုပ်ကျွေးလိုက်တဲ့အတွက် ဒီရဟန်းတော်ဘက်ကလည်း မဂ်ချမ်းသာ, ဖိုလ်ချမ်းသာဖြင့် အချိန်ကို ကုန်လွန်စေပြီး နေထိုင်လိုက်တဲ့ အချိန်အခါမှာ မဂ်ချမ်းသာတွေကလည်း သိပ်ချမ်းသာပြီ, ဖိုလ်ချမ်းသာကလည်း သိပ်ချမ်းသာပြီ, နိဗ္ဗာန်ကို အာရုံပြုပြီးနေရတဲ့ ချမ်းသာသုခကြီးကို သိပ်ချမ်းသာတဲ့ သုခကြီးအဖြစ် အသိအမှတ် ပြုနိုင်ပြီ။ အသိအမှတ်ပြုနိုင်တဲ့အခါ ဒီချမ်းသာထူးကြီး ရရှိအောင်အတွက် ဒီဒကာမကြီးကလည်း အကူအညီပေးနေတာဖြစ်လေတော့ ဒီဒကာမကြီးသည် ငါ့ရဲ့ထောက်ရာတည်ရာ ဖြစ်ခဲ့သည်ကား အလွန် အံ့ဩဖွယ်ကောင်းနေတယ်ဆိုပြီး သူက စဉ်းစားတယ်။

‘‘အဟံ ဣမံ နိဿာယ ဘဝနိဿရဏံ ပတ္တောမှိ’’
အဟံ၊ ငါသည်။ ဣမံ၊ ဤဒါယကာမကြီးကို။ နိဿာယ၊ အမှီပြု၍။ ဘဝနိဿရဏံ၊ သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်းဖြစ်တဲ့ နိဗ္ဗာန်သို့ ဆိုက်ရောက်ခဲ့သည်။ အမှိ၊ ဖြစ်ပေ၏၊

သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်းဖြစ်တဲ့ နိဗ္ဗာန်သို့ ငါ ဆိုက်ရောက်ခဲ့ရတာ ဒီဒကာမကြီးကို အမှီပြုပြီး ဆိုက်ရောက်ခဲ့ရခြင်း ဖြစ်တယ်လို့ ဒီလို စဉ်းစားမိတယ်။ အဲဒီလို စဉ်းစားမိတဲ့အတွက် ဒီလောက်နဲ့တော့ မရပ်သေးဘူးနော်။ နည်းနည်း ပြဿနာလေးက ဆက်ချင်လာတော့ ဒီလို စဉ်းစားရုံတွင်မကဘဲ ရှေ့တစ်ဆင့် သူက တက်ပြီးတော့ စဉ်းစားပြန်တယ်။ ဘယ်လိုလဲ?။

‘‘ဣမသ္မိံ တာဝ မေ အတ္တဘာဝေ ပတိဋ္ဌာ ဇာတာ, သံသာရေ ပန မေ သံသရန္တဿ အညေသုပိ အတ္တဘာဝေသု အယံ ပတိဋ္ဌာ ဘူတပုဗ္ဗာ, နော’’
ဣမသ္မိံ အတ္တဘာဝေ၊ ဤအတ္တဘော၌။ တာဝ၊ ရှေးဦးစွာ။ မေ၊ ငါ၏၊ ပတိဋ္ဌာ၊ ထောက်ရာတည်ရာသည်။ ဇာတာ၊ ဖြစ်ခဲ့လေပြီ။ သံသာရေ ပန၊ သံသရာ၌ကား။ သံသရန္တဿ၊ ကျင်လည်သော။ မေ၊ ငါ့အား။ အညေသုပိ အတ္တဘာဝေသု၊ အခြားခြားသော အတ္တဘောတို့၌လည်းပဲ။ အယံ၊ ဤဥပါသိကာမကြီးသည်။ မေ၊ ငါ၏၊ ပတိဋ္ဌာ၊ ထောက်ရာတည်ရာသည်။ ဘူတပုဗ္ဗာ နု ခေါ၊ ဖြစ်ခဲ့ဖူးလေသလော။ နော ဘူတပုဗ္ဗာ နု ခေါ၊ မဖြစ်ခဲ့ဖူးလေသလော။

တစ်ဆင့်တက်ပြီး စဉ်းစားပြန်တယ်နော်။ ဒီဘဝမှာ ငါ့ရဲ့ ထောက်ရာတည်ရာ ဖြစ်ခဲ့တာကတော့ မှန်ပြီ။ သံသရာခရီးကျင်လည်တဲ့ အချိန်အခါမှာလည်းပဲ တခြားတခြားသော အတ္တဘောတို့၌ ဒီဒကာမကြီးသည် ငါ့ရဲ့ ထောက်ရာတည်ရာ ဖြစ်ခဲ့လေသလား, မဖြစ်ခဲ့ဘူးလားဆိုတာကို သူက တစ်ဆင့်တက်ပြီး စဉ်းစားပြန်တယ်။ စဉ်းစားလိုက်တဲ့အခါကျတော့ ဘာတွေ့လဲ?

‘‘ဧကူနအတ္တဘာဝသတံ အနုဿရိ’’။
ဧကူနအတ္တဘာဝသတံ၊ ကိုးဆယ်ကိုးဘဝတို့ ကာလပတ်လုံး။ အနုဿရိ၊ ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့နိုင်ခဲ့လေပြီ။

ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ် စွမ်းအင်ဖြင့် လှမ်းမျှော်ပြီး ကြည့်လိုက်တဲ့ အချိန်အခါ ကိုးဆယ်ကိုးဘဝအထိ ဉာဏ်နဲ့လျှောက်ပြီး ကြည့်လိုက်လို့ မြင်ပြီ။ မြင်လိုက်တဲ့ အချိန်အခါကျတော့ ဘယ်လိုတွေ့လဲ?

‘‘သာပိ ဧကူနအတ္တဘာဝသတေ တဿ ပါဒပရိစာရိကာ အညေသု ပဋိဗဒ္ဓစိတ္တာ ဟုတွာ တံ ဇီဝိတာ ဝေါရောပေသိ’’။
သာပိ၊ ထိုဥပါသိကာမကြီးသည်လည်းပဲ။ ဧကူနအတ္တဘာဝသတေ၊ ကိုးဆယ်ကိုးဘဝတို့ ကာလပတ်လုံး။ တဿ၊ ထိုရဟန်းတော်၏၊ ပါဒပရိစာရိကာ၊ ခြေရင်းအလုပ်အကျွေး အိမ်ရှင်မသည်။ ဟုတွာ၊ ဖြစ်၍။ အညေသု၊ အခြားသော ယောကျ်ားတို့အပေါ်၌။ ပဋိဗဒ္ဓစိတ္တာ [ပဋိဗဒ္ဓ + စိတ္တာ] = နှစ်သက်နှောင်ဖွဲ့သော စိတ်ထားရှိသည်။ ဟုတွာ၊ ဖြစ်၍။ တံ၊ ထိုရဟန်းကို။ ဇီဝိတာ၊ ဇီဝိတိန္ဒြေမှ။ ဝေါရောပေသိ၊ ချခဲ့ဖူးလေပြီ။

မြင်ပြီနော်။ ကိုးဆယ်ကိုးဘဝကို လှမ်းမျှော်ပြီး ကြည့်လိုက်တဲ့အချိန်အခါ ကိုးဆယ်ကိုးဘဝတို့ ကာလပတ်လုံး ဒီဒကာမကြီးက ဒီရဟန်းတော်ရဲ့ ခြေရင်းအလုပ်အကျွေး အိမ်ရှင်မ ဖြစ်ခဲ့ဖူးတယ်။ အိမ်ရှင်မဖြစ်တဲ့ အချိန်အခါမှာ တခြားတခြားသော ယောကျ်ားတွေအပေါ်၌ နှစ်သက်နှောင်ဖွဲ့နေတဲ့ စိတ်ဓာတ်ဖြင့် ရစ်ပတ်နှောင်ဖွဲ့ ခံနေရတဲ့အတွက် ဒီရဟန်းတော်ကို ကိုးဆယ်ကိုးဘဝတို့ ကာလပတ်လုံး သတ်ခဲ့ဖူးတယ်။

‘‘ကိုးဆယ့်ကိုးဇာတ် လင်ကိုသတ်၏’’ ဆိုပြီးတော့ မန်လည်ဆရာတော်ဘုရားက ဖွဲ့ဆိုထားပါတယ်နော်။ ဒီတော့ ကိုးဆယ့်ကိုးဘဝတို့ ကာလပတ်လုံး မိမိက အသတ်ခံရတာကို လှမ်းမြင်လိုက်တော့ ဘာဖြစ်လာလဲ?

‘‘ထေရော တဿာ ဧတ္တကံ အဂုဏံ ဒိသွာ, ‘အဟော မယံ မဟာဥပါသိကာ ဘာရိယံ ကမ္မံ အကာသီ’တိ စိန္တေသိ။’’

ထေရော၊ ရဟန္တာမထေရ်မြတ်ကြီးသည်။ တဿာ၊ ထိုဥပါသိကာမကြီး၏၊ ဧတ္တကံ၊ ဤမျှလောက်သော၊ အဂုဏံ၊ ဂုဏ်ကျေးဇူးမဲ့ကို။ ဒိသွာ၊ တွေ့မြင်ရသည်ဖြစ်၍။ မဟာဥပါသိကာ၊ ဤဥပါသိကာမကြီးသည်ကား။ ဘာရိယံ၊ ဝန်လေးဖွယ်ကောင်းသော၊ ကမ္မံ၊ အမှုကို။ အကာသိ၊ ပြုခဲ့လေသည်ကား၊ အဟော၊ အံ့ဩဖွယ်ကောင်းလေစွ၊ ဣတိ၊ ဤသို့။ စိန္တေသိ၊ ကြံစည်စိတ်ကူးမိခဲ့လေပြီ။

ရဟန္တာမထေရ်မြတ်ကြီးက ဒီဒကာမကြီးရဲ့ ဤမျှသော ဂုဏ်ကျေးဇူးမဲ့တွေကို လှမ်းကြည့်လိုက်တော့ မြင်တဲ့အခါ — ဩော် ... ဒီဒကာမကြီးတော့ အလွန် ဝန်လေးဖွယ်ကောင်းတဲ့ အမှုတွေကို ပြုခဲ့တာ အံ့ဩဖွယ်တော့ သိပ်ကောင်းနေပြီဆိုပြီးတော့ သူက စဉ်းစားလိုက်တယ်။ စဉ်းစားလိုက်တဲ့ အချိန်အခါမှာ အိမ်ကနေ ဒကာမကြီးကလည်းပဲ အညံ့မခံဘူး။ အညံ့မခံတော့ သူက အိမ်က နေထိုင်လျက်နဲ့ —

‘‘ကိံ နု ခေါ မယှံ ပုတ္တဿ ပဗ္ဗဇိတကိစ္စံ မတ္တကံ ပတ္တံ, နော’’တိ

ငါ့သားတော်ဟာ ရဟန်းကိစ္စ အထွတ်အထိပ်သို့ ရောက်ရှိလေသလား, မရောက်ရှိဘူးလားဆိုပြီးတော့ လှမ်းပြီးတော့ အိမ်ကနေ ဆင်ခြင်လိုက်တဲ့အခါ သားတော်က အရဟတ္တဖိုလ်သို့ ဆိုက်ရောက်သွားပြီဆိုတာကို သိပြီ။ သိလိုက်တဲ့ အချိန်အခါကျတော့ —

‘‘မမ ပုတ္တော အရဟတ္တံ ပတွာ အဟော ဝတ မေ အယံ ဥပါသိကာ မဟတီ ပတိဋ္ဌာ ဇာတာ’’တိ စိန္တေတွာ

မမ ပုတ္တော၊ ငါ၏ သားရတနာသည်။ အရဟတ္တံ၊ အရဟတ္တဖိုလ်သို့။ ပတွာ၊ ဆိုက်ရောက်ခဲ့သည်ဖြစ်၍။ မေ၊ ငါ့အား။ အယံ ဥပါသိကာ၊ ဤဥပါသိကာမကြီးသည်ကား။ မဟတီ၊ ကြီးစွာသော၊ ပတိဋ္ဌာ၊ ထောက်ရာ တည်ရာသည်။ ဇာတာ၊ ဖြစ်ခဲ့သည်ကား၊ အဟော ဝတ၊ ဩော် ... အံ့ဖွယ်ကောင်းလေစွ၊ ဣတိ၊ ဤသို့။ စိန္တေတွာ၊ ကြံစည်စိတ်ကူးလျက်။

ငါ့သားတော် အရဟတ္တဖိုလ် ဆိုက်သွားတဲ့အချိန်အခါ ဒီဥပါသိကာကြီးသည် ငါ့ရဲ့ ထောက်ရာတည်ရာ ကြီးကြီးကျယ်ကျယ် ထောက်ရာတည်ရာ ဖြစ်ခဲ့သည်ကား သိပ် အံ့ဩဖွယ်ကောင်းတယ်ဆိုပြီး သူကတော့ စဉ်းစားပြီ။ စဉ်းစားရုံတွင် မကဘူး။

‘‘အတီတေပိ နု ခေါ မေ အယံ ပတိဋ္ဌာ ဘူတပုဗ္ဗာ, နော’’တိ ဥပဓာရေန္တော

အတိတ်တုန်းကလည်း ငါ့ရဲ့ ထောက်ရာတည်ရာ ဖြစ်ခဲ့လေသလား, မဖြစ်ခဲ့ဘူးလားဆိုတာကို သူက လှမ်းပြီး တစ်ဆင့်တက် စဉ်းစားလိုက်တဲ့အခါ —

‘‘ဧကူနအတ္တဘာဝသတံ အနုဿရိ,’’

ကိုးဆယ့်ကိုးဘဝကို သူက လှမ်းအောက်မေ့နေပြီဆိုတာ အိမ်ကနေ ဒကာမကြီးက သိတယ်။

‘‘အဟံ ခေါ ပန ဧကူနအတ္တဘာဝသတေ အညေဟိ သဒ္ဓိံ ဧကတော ဟုတွာ ဧတံ ဇီဝိတာ ဝေါရောပေသိံ,’’

အဟံ ခေါ ပန၊ ငါသည်ကား။ ဧကူနအတ္တဘာဝသတေ၊ ကိုးဆယ့်ကိုးဘဝတို့ ကာလပတ်လုံး။ အညေဟိ၊ အခြားသော ယောကျ်ားတို့နှင့်။ သဒ္ဓိံ၊ အတူတကွ။ ဧကတော၊ တစ်ပေါင်းတည်း။ ဟုတွာ၊ ဖြစ်၍။ ဧတံ၊ ဤရဟန်းတော်ကို။ ဇီဝိတာ၊ ဇီဝိတိန္ဒြေမှ။ ဝေါရောပေသိံ၊ ချခဲ့ဖူးလေပြီ။

ငါလည်းပဲ ကိုးဆယ့်ကိုးဘဝတို့ ကာလပတ်လုံး တခြားတခြားသော ယောကျ်ားတို့နှင့် အတူတကွ အပေါင်းအဖော်ပြုပြီးတော့ ဒီရဟန်းတော်ကို ငါ အသက်က သတ်ခဲ့ဖူးတယ်။

‘‘အယံ မေ ဧတ္တကံ အဂုဏံ ဒိသွာ ‘အဟော ဘာရိယံ ကမ္မံ ကတံ ဥပါသိကာယာ’တိ စိန္တေသိ။’’

အယံ၊ ဤရဟန်းတော်သည်ကား။ မေ၊ ငါ၏၊ ဧတ္တကံ၊ ဤမျှလောက်သော၊ အဂုဏံ၊ ဂုဏ်ကျေးဇူးမဲ့ကို။ ဒိသွာ၊ တွေ့မြင်ရသည်ဖြစ်၍။ အဟော၊ ဩော် ... အံ့ဩဖွယ်ကောင်းလေစွ၊ ဘာရိယံ၊ ဝန်လေးဖွယ်ကောင်းသော၊ ကမ္မံ၊ အမှုကို။ ဥပါသိကာယ၊ ဥပါသိကာမကြီးသည်။ ကတံ၊ ပြုလုပ်ခဲ့သည်ကား၊ ဣတိ၊ ဤသို့။ စိန္တေသိ၊ ကြံစည်စိတ်ကူးလျက်ရှိ၏၊

ဒီမျှလောက်သော ငါရဲ့ ဂုဏ်ကျေးဇူးမဲ့ကို တွေ့မြင်တဲ့အတွက် ဒီဒကာမကြီးက အလွန် အံ့ဩဖွယ်ကောင်းတဲ့, ဝန်လေးဖွယ်ကောင်းတဲ့ ကံတွေကိုတော့ ပြုစုခဲ့ပြီဆိုပြီးတော့ သူ စဉ်းစားနေပြီ။

‘‘အတ္ထိ နု ခေါ ဧဝံ သံသာရေ သံသရန္တိယာ မမ ပုတ္တဿ ဥပကာရော ကတပုဗ္ဗော’’

ဧဝံ၊ ဤသို့လျှင်။ သံသာရေ၊ သံသရာ၌။ သံသရန္တိယာ၊ ကျင်လည်ခဲ့သော။ မမ၊ ငါ၏၊ ပုတ္တဿ၊ သားရတနာအတွက်။ ကတပုဗ္ဗော၊ ပြုခဲ့ဖူးသော။ ဥပကာရော၊ ဂုဏ်ကျေးဇူးသည်။ အတ္ထိ နု ခေါ၊ ရှိခဲ့လေသလော။

ဒီလို သံသရာခရီး ကျင်လည်စဉ်အချိန်အခါမှာ ငါ့သားအတွက် ငါပြုလုပ်ခဲ့ဖူးတဲ့ ကျေးဇူးတရားများ ရှိလေရဲ့သလားဆိုပြီးတော့ ဒကာမကြီးက လှမ်းပြီး ဆင်ခြင်တယ်။ ဆင်ခြင်လိုက်တော့ ဘာဖြစ်လဲ?

‘‘တတော ဥတ္တရိံ သတမံ အတ္တဘာဝံ အနုဿရိတွာ သတမေ အတ္တဘာဝေ မယာ ဧတဿ ပါဒပရိစာရိကာယ ဟုတွာ ဧတသ္မိံ ဇီဝိတာ ဝေါရောပနဋ္ဌာနေ ဇီဝိတဒါနံ ဒိန္နံ,’’

တတော၊ ထိုကိုးဆယ့်ကိုးဘဝထက်။ ဥတ္တရိံ၊ အလွန်။ သတမံ အတ္တဘာဝံ၊ ရာမြောက်သော ဘဝကို။ အနုဿရိတွာ၊ ဉာဏ်ဖြင့်အစဉ်လျှောက် အောက်မေ့ခဲ့သည်ရှိသော်။ သတမေ အတ္တဘာဝေ၊ ရာမြောက်သော ခန္ဓာကိုယ်အတ္တဘော၌။ မယာ၊ ငါသည်။ ဧတဿ၊ ဤရဟန်းတော်၏၊ ပါဒပရိစာရိကာယ၊ ခြေရင်းအလုပ်အကျွေး။ ဟုတွာ၊ ဖြစ်၍။

ရာမြောက်ဘဝမှာလည်း ခြေရင်းအလုပ်အကျွေးပဲ ဖြစ်ခဲ့ဖူးပါတယ်။ အိမ်ရှင်မ ဖြစ်ခဲ့တယ်နော်။

ဧတသ္မိံ၊ ဤရဟန်းတော်အား။ ဇီဝိတာ ဝေါရောပနဋ္ဌာနေ၊ အသက် သတ်ထိုက်တဲ့ အရာဌာန၌။ ဇီဝိတဒါနံ၊ ငါ့ရဲ့အသက်ကို လှူဒါန်းခြင်း ဇီဝိတဒါနကို။ ဒိန္နံ၊ ငါပေးလှူခဲ့ဖူးလေပြီ။

ဒီရဟန်းတော် အသက်သေရမယ့်နေရာမှာ အသက်မသေအောင် သူက ကိုယ်စား အသက်အလှူဒါနတစ်ခု ပြုခဲ့ဖူးတယ်တဲ့နော်။

‘‘အဟော မယာ မမ ပုတ္တဿ မဟာဥပကာရော ကတပုဗ္ဗော’’

မယာ၊ ငါသည်။ မမ ပုတ္တဿ၊ ငါ့သားရတနာအတွက်။ မဟာဥပကာရော၊ ကြီးစွာသော ကျေးဇူးဥပကာရကို။ ကတပုဗ္ဗော၊ ပြုခဲ့ဖူးသည်ကား၊ အဟော၊ ဩော် ... အံ့ဩဖွယ်ကောင်းလေစွ။

ငါ့သားရတနာအတွက် ငါဟာ အတိတ်ဘဝမှာ လွန်မြတ်သော ကျေးဇူးဥပကာရတစ်ခု ပြုခဲ့တာကတော့ သိပ်အံ့ဩဖွယ်ကောင်းပြီလို့ ဒီလို မြင်တယ်။ အဲဒီလို မြင်လိုက်တဲ့အတွက် ဘာလုပ်သလဲ?

‘‘ဂေဟေ นိသိန္နာဝ ဥတ္တရိံ ဝိသေသေတွာ ‘ဥပဓာရေထာ’တိ အာဟ။’’

ဂေဟေ၊ မိမိရဲ့အိမ်၌။ နိသိန္နာဝ၊ ထိုင်လျက်သာပင်။ ဥတ္တရိံ၊ ကိုးဆယ့်ကိုးဘဝထက်အလွန်။ ဝိသေသေတွာ၊ ဉာဏ်ဖြင့် အထူးပြု၍။ ဥပဓာရေထ၊ ဆင်ခြင်စူးစမ်းတော်မူပါဘုရား၊ ဣတိ၊ ဤသို့။ အာဟ၊ လျှောက်ထားလိုက်လေပြီ။

အရှင်ဘုရား ... ကိုးဆယ့်ကိုးဘဝကို လွန်ပြီး ရာမြောက်သောဘဝကို လှမ်းပြီး အရှင်ဘုရား ဆင်ခြင်တော်မူပါဆိုပြီး အိမ်မှာထိုင်လျက်နဲ့ သူက လှမ်းပြီး လျှောက်ထားလိုက်တယ်။

‘‘သော ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဒံ သုတွာ ဝိသေသေတွာ သတမံ အတ္တဘာဝံ အနုဿရိတွာ တတ္ထ တာယ အတ္တနော ဇီဝိတဿ ဒိန္နဘာဝံ ဒိသွာ,’’

သော၊ ထိုရဟန်းတော်သည်။ ဒိဗ္ဗာယ သောတဓာတုယာ၊ ဒိဗ္ဗသောတအဘိညာဏ်ဖြင့်။ သဒ္ဒံ၊ ဒကာမကြီး လျှောက်ထားနေတဲ့ စကားကို။ သုတွာ၊ ကြားရသည်ဖြစ်၍။

ရဟန်းတော်ကလည်း အဘိညာဏ်ရနေတဲ့ ရဟန်းတော်။ ဒိဗ္ဗသောတအဘိညာဏ်ကို ဝင်စားပြီး နေတဲ့အချိန် ဒကာမကြီးကလည်း အိမ်ကနေပြီးတော့ ရာမြောက်သောဘဝကို အရှင်ဘုရား လှမ်းမျှော်ပြီးတော့ စဉ်းစား ဆင်ခြင်တော်မူပါဆိုပြီး လျှောက်ထားလိုက်တော့။ လျှောက်ထားလိုက်တဲ့အသံကို ဒိဗဗသောတအဘိညာဏ်နားဖြင့် ကြားလိုက်တဲ့အခါ ဘာလုပ်သလဲ?

သတမံ အတ္တဘာဝံ၊ ရာမြောက်ဖြစ်သော ခန္ဓာကိုယ်အတ္တဘောကို။ အနုဿရိတွာ၊ ဉာဏ်ဖြင့်အစဉ်လျှောက်၍ အောက်မေ့နိုင်ခဲ့သည်ရှိသော်။

ရာမြောက်ဘဝကို လှမ်းကြည့်လိုက်တော့ မြင်ပြီ။

တတ္ထ၊ ထိုဘဝ၌။ တာယ၊ ထိုဥပါသိကာမကြီးသည်။ အတ္တနော၊ မိမိအား၊ ဇီဝိတဿ၊ အသက်ကို။ ဒိန္နဘာဝံ၊ ပေးလှူခဲ့သည်၏ အဖြစ်ကို။ ဒိသွာ၊ မြင်ခဲ့သည်ရှိသော်။

ဒီဒကာမကြီးက သူ့အတွက် အသက်အလှူဒါနကြီးတစ်ခု ရာမြောက်ဘဝမှာ လှူဒါန်းခဲ့တာ မြင်ပြီတဲ့နော်။ မြင်လိုက်တဲ့ အချိန်အခါကျတော့ ဘာဖြစ်လဲ?

‘‘အဟော မမ ဣမာယ မဟာဥပါသိကာယ ဥပကာရော ကတပုဗ္ဗော’’

မမ၊ ငါ့အတွက်။ ဣမာယ မဟာဥပါသိကာယ၊ ဤဥပါသိကာမကြီးသည်။ ဥပကာရော၊ ကျေးဇူးကို။ ကတပုဗ္ဗော၊ ပြုအပ်ခဲ့ဖူးသည်ကား၊ အဟော၊ ဩော် ... အံ့ဩဖွယ်ကောင်းလေစွ။

မိမိရဲ့ အသက်ကိုသော်လည်းပဲ ဒီရဟန်းတော်အတွက် လှူဒါန်းခဲ့ဖူးတယ်ဆိုရင် ဒီလိုကျေးဇူးက မကြီးဘူးလား? ကြီးပြီ။ သူတော်ကောင်းတို့ဆိုတာက အပြစ်ကိုသာ တစ်ဖက်သတ် မကြည့်ဘူး။ အကောင်းကိုလည်း လှမ်းမျှော်ပြီး ကြည့်ရပါတယ်။ အကောင်းကို မြင်လိုက်တဲ့ အချိန်အခါမှာ ခွင့်လွှတ်နိုင်တဲ့ စိတ်ဓာတ်တွေ ပေါ်မလာဘူးလား? ပေါ်လာတယ်။

ကမ္ဘာကျော် စာရေးဆရာဖြစ်တဲ့ ဘားနပ်ရှောက သူ့ရဲ့စာအုပ် တစ်အုပ်မှာပေါ့။ “အားလုံးကို သိရင် အားလုံးကို ခွင့်လွှတ်နိုင်ပါတယ်” ဆိုပြီးတော့ စကားလေးတစ်ခု ရေးထားတယ်နော်။ ဘုန်းကြီးက ငယ်ငယ်တည်းက ဒီစကားလုံးလေးကို သဘောကျလွန်းလို့ မှတ်ထားတယ်နော်။ ဘုရားရှင်က အားလုံးကို သိတော်မူတဲ့အတွက် အားလုံးကို ခွင့်မလွှတ်နိုင်ဘူးလား? ခွင့်လွှတ်နိုင်တယ်။

ရှင်ဒေဝဒတ် ဘာကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာလည်း ဘုရားရှင် သိတယ်။ အားလုံး ခွင့်လွှတ်နိုင်တယ်။ သားရတနာ ရာဟုလာကဲ့သို့ပဲ ရှင်ဒေဝဒတ်အပေါ်မှာလည်း ဘုရားရှင်ဘက်က မေတ္တာထားပါတယ်နော်။ စိဉ္စမာနဟာ ဘာကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာလည်း ဘုရားရှင် အားလုံး သိတော်မူတယ်။ သိတဲ့အတွက်ကြောင့်လည်း ဥပ္ပလဝဏ်ထေရီမတို့အပေါ်မှာ ထားရှိတဲ့ မေတ္တာမျိုး, ယသော်ဓရာတို့အပေါ်မှာ ထားရှိတဲ့ မေတ္တာမျိုးလို စိဉ္စမာနအပေါ်မှာလည်း ထားနိုင်တဲ့ စိတ်ထားတွေ ပေါ်လာတယ်။ အားလုံးကို သိတော့ အားလုံးကို ခွင့်မလွှတ်နိုင်ဘူးလား? ခွင့်လွှတ်နိုင်တယ်။

ဒီဇာတ်တော်မှာလည်း ဒီရဟန်းတော်က ရာမြောက်ဘဝကို လှမ်းကြည့်လိုက်တော့ ဒကာမကြီးက သူ့အတွက် အသက်တွေ လှူဒါန်းခဲ့ဖူးတာကို လှမ်းမြင်လိုက်တော့ အားလုံးကို ခွင့်လွှတ်နိုင်တဲ့ စိတ်ဓာတ်တွေ ပေါ်မလာဘူးလား? ပေါ်လာတယ်။ ပေါ်လာတဲ့ အချိန်အခါမှာ ဘာဖြစ်လဲ?

‘‘အတ္တမနော ဟုတွာ တဿာ တတ္ထေဝ စတူသု မဂ္ဂဖလေသု ပဉှံ ကထေတွာ အနုပါဒိသေသာယ နိဗ္ဗာနဓာတုယာ ပရိနိဗ္ဗာယိ။’’

အတ္တမနော၊ နှစ်လိုဝမ်းမြောက်သော စိတ်ထားရှိသည်။ ဟုတွာ၊ ဖြစ်၍။

စိတ်ထဲမှာ သိပ်ကျေနပ်သွားပြီ။ ခွင့်လွှတ်နိုင်တဲ့ စိတ်ထားတွေလည်း ပေါ်လာပြီ။ ဒါကြောင့် —

တဿာ၊ ထိုဥပါသိကာမကြီးအား။ တတ္ထေဝ၊ ထိုနေရာ၌ပင်လျှင်။ စတူသု မဂ္ဂဖလေသု၊ လေးပါးသော မဂ်ဉာဏ်, ဖိုလ်ဉာဏ်တို့၌။ ပဉှံ၊ ပြဿနာကို။ ကထေတွာ၊ ဖြေဆိုတော်မူပြီး၍။

ဒကာမကြီးနဲ့ တစ်ဦးနဲ့ တစ်ဦး။ ရဟန်းတော်က ကျောင်းမှာ ဒကာမကြီးက အိမ်မှာ။ ဒါပေမယ့် တစ်ဦးနဲ့ တစ်ဦး လှမ်းစကားပြောတော့ စကားပြောလို့ ရတယ်။ တယ်လီဖုန်းတော့ မလိုဘူးနော်။ တယ်လီဖုန်း မပါဘဲနဲ့ တစ်ဦးနဲ့တစ်ဦး ဒိဗ္ဗသောတအဘိညာဏ်နားတွေဖြင့် လှမ်းပြီး စကားပြောလိုက်တော့ ပြောလို့ မရဘူးလား? ရသွားတယ်။ အဲဒီတော့ ဒိဗ္ဗသောတနားဖြင့် လှမ်းပြောလိုက်တဲ့ အချိန်အခါကျတော့ ဘာကို ပြောကြသလဲလို့မေးတော့ —

စတူသု မဂ္ဂဖလေသု ပဉှံ ကထေတွာ

မဂ်လေးပါး, ဖိုလ်လေးပါး ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် အားထုတ်လို့ ရရှိပါသလဲ? မဂ်ဉာဏ်က ဘယ်လိုနေတယ်, ဖိုလ်ဉာဏ်ဆိုတာက ဘယ်လိုနေတယ်, ဘာတွေကို အာရုံပြုတယ် စသည်ဖြင့် ဒီလို ပြဿနာ အရပ်ရပ်တွေကို မေးလိုက် ဖြေလိုက် ပြုလုပ်ကြတယ်။ အမေး အဖြေ ပြုလုပ်ပြီးတဲ့ အချိန်အခါကျတော့မှ ဒီရဟန်းတော်က ဘာလုပ်သလဲ?

အနုပါဒိသေသာယ နိဗ္ဗာနဓာတုယာ၊ အနုပါဒိသေသနိဗ္ဗာနဓာတ်ဖြင့်။ ပရိနိဗ္ဗာယိ၊ ပရိနိဗ္ဗာန် ဝင်စံတော်မူခဲ့လေပြီ။

အနုပါဒိသေသ၊ နောင်တစ်ဖန် ခန္ဓာအကြွင်းမရှိတဲ့ဓာတ်။ အဲဒီဓာတ်ဖြင့် နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန် စံသွားတယ်တဲ့နော်။ မကောင်းဘူးလား? သိပ်ကောင်းတယ် သိပ်ကောင်းတယ်။

သံသရာဝဋ်ဆင်းရဲဒုက္ခကြီး သိမ်းမသွားဘူးလား? သိမ်းသွားတယ်။ တစ်ဦးအပေါ် တစ်ဦး ထားရှိတဲ့ အာဃာတတွေလည်း ငြိမ်းမသွားဘူးလား? ငြိမ်းသွားကြပြီ။ ဒါကြောင့် ဒီနေ့ ဆွမ်းချက်ရုံနှင့် ဆွမ်းအလှူရှင်အပေါင်းတို့ ဆိုကြစို့။ အထူးသဖြင့် ဂျပန်မှာ နေထိုင်ကြတဲ့ အမျိုးကောင်းသားတွေ, အမျိုးကောင်းသမီးတွေ မိမိတို့ သာသနာတော်အတွက် ခုလို အားပေးထောက်ပံ့နေတာကို ဘုန်းကြီးတို့ဘက်ကလည်း သိပ်ပြီးတော့ ဝမ်းသာပါတယ်နော်။

မာတိကမာတာ ဥပါသိကာမကြီးကဲ့သို့ သာသနာတော်မှာ သမထ - ဝိပဿနာဘာဝနာတွေကို စီးဖြန်းနေတဲ့ သူတော်ကောင်းတွေကိုလည်း အားပေးထောက်ပံ့နိုင်ကြပါစေ။ အတုယူပြီး အားပေးထောက်ပံ့နိုင်ကြပါစေလို့ ဘုန်းကြီးဘက်က တိုက်တွန်းပါတယ်နော်။

အတုယူပြီး အားပေးထောက်ပံ့တယ်ဆိုတာကတော့ မျှတတဲ့ အာဟာရလေးတွေကို မာတိကာဥပါသိကာမကြီးကဲ့သို့ စီမံခန့်ခွဲပြီးတော့ တရားဘာဝနာ ကျင့်ကြံကြိုးကုတ်ပွားများ အားထုတ်နေတဲ့ ရဟန်းသူတော်ကောင်းတွေ, သီလရှင် သူတော်ကောင်းတွေ, လူဥပါသကာ ဥပါသိကာမ သူတော်ကောင်းတွေကို လှူဒါန်းပူဇော်တတ်ကြမယ်ဆိုရင် မျှတတဲ့အာဟာရကို မှီဝဲသုံးဆောင်ရတဲ့ ထိုသူတော်ကောင်းအပေါင်းတို့လည်း ခြောက်ဆယ်သော ရဟန္တာမထေရ်မြတ်တို့ကဲ့သို့ ခုနောက်ဆုံးဟောနေတဲ့ ရဟန်းတော်တို့ကဲ့သို့ အရဟတ္တမဂ်, အရဟတ္တဖိုလ်ကို ဆိုက်ရောက်သွားကြမယ်ဆိုရင်ဖြင့် လှူဒါန်းပူဇော်ရတဲ့ ပုဂ္ဂိုလ်တွေမှာလည်း အကျိုးမရှိဘူးလား? အကျိုးပိုရှိတယ်။ အလှူခံပုဂ္ဂိုလ်တွေမှာလည်း အရဟတ္တမဂ်, အရဟတ္တဖိုလ် ပန်းတွေကို ဆင်မြန်းရတဲ့အတွက် အကျိုးမရှိဘူးလား? အကျိုးရှိကြတယ်တဲ့။

ဒါကြောင့် ရှေးသူတော်ကောင်းတို့ရဲ့ ထုံးဟောင်းကို အတုယူပြီးတော့ တစ်နေရာမှာ နှစ်ပါးအတူ ရပ်ပြီး စကားပြောခြင်း, တစ်နေရာထဲမှာ နှစ်ပါးအတူ ထိုင်ပြီး နေထိုင်ခြင်းဆိုတဲ့ ကျင့်ဝတ်ပဋိပတ်တွေကို မပြုကျင့်ကြဘဲ မိမိတို့ရဲ့စိတ်ကို မိမိတို့ နှိပ်ကွပ်လျက်, နိုင်နင်းအောင် နှိပ်ကွပ်လျက် သမထ - ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းအာရုံ၌ အမြဲတမ်း သွတ်သွင်းပြီးတော့ အရိယမဂ်ဉာဏ်, အရိယဖိုလ်ဉာဏ်ရောက်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ကြပါစေလို့ တိုက်တွန်းရင်ဖြင့် ကဲ ... တရားသိမ်းကြစို့နော်။

တရားဒေသနာတော်နိဂုံး

‘‘ဟိတွာ ကာမေ ပဗ္ဗဇိံသု၊ သန္တော ဂမ္ဘီရစိန္တကာ။ တေ တုမှေပျနုသိက္ခာဝှေါ၊ ပဗ္ဗဇိတာ သုပေသလာ။’’

သန္တော၊ ဘုရားအလျာ ပစ္စေကာနှင့် အရိယာနွယ်လောင်းဟို တို့ရှေ့က သူတော်ကောင်းတို့သည်။
ဂမ္ဘီရစိန္တကာ၊ နက်နဲသည့် ဓာတ်သဘောတွေကို နက်နဲစွာကြံဆင် အကြံကောင်း ဝင်တော်မူကြကုန်သည်ဖြစ်၍။
ကာမေ၊ ရှေးက ပြုဖန် ကုသိုလ်ကံတို့ စီမံထောက်မ လက်ရောက်ရသား များလှဇနီးသည် ကြီးကြီးငယ်နှင့် နှီးနွယ်ရောယူ ကိုယ်တော်တို့ပိုင်သသည့် ကာမဝတ္ထု အစုစုတို့ကို။
ဟိတွာ၊ ငါတို့ပိုင်ငြား ဤကာမတရားတို့သည် အများနှင့်ဆက်ဆံ ဘေးတွေက ဝန်းခြံ၊ ရန်တွေက မြောက်မြား တကယ်ကို ကြောက်လန့်ဖွယ်တွေပါတကားဟု ကြောက်အားတော်ဉာဏ်ကြွယ် လွတ်လွတ်ကြီး စွန့်ပယ်တော်မူကြကုန်သည် ဖြစ်၍။
ပဗ္ဗဇိံသု၊ ဃရာဝါသ သမ္ဗာဓဟု ကိစ္စများမြောင် လူတို့ဘောင် ဝဋ်နှောင်ကို လွတ်အောင်ကြုံးလျက် ရုန်းကန်ထွက်၍ နှစ်သက်ရွှင်လန်း ရှင်ရဟန်းပြု၍ တောထွက်တော်မူကြလေပြီ။
တုမှေပိ၊ မြတ်နေက္ခမ္မ ဓာတ်အာသယဟု ဆန္ဒကိန်းအောင်း သင်သူတော်ကောင်းတို့သည်လည်းပဲ။
ပဗ္ဗဇိတာ၊ ဝတ္ထုကာမဟူသမျှမှ မရအရ ကြုံးလျက် ရုန်းကန်ထွက်ကြကုန်သည်ဖြစ်၍။
သုပေသလာ၊ စာမရီသား မြီးဖျားခုံမင် ပုံအသွင်သို့ ချစ်ခင်လေးမြတ် နှစ်သက်အပ်သော သီလ ကိုယ်စီကိုယ်င ရှိကြကုန်သည်ဖြစ်၍။
တေ၊ ထိုဘုရားအလျာ ပစ္စေကာနှင့် အရိယာအနွယ်လောင်း ဟို ... တို့ရှေ့က သူတော်ကောင်းတို့ကို။
အနုသိက္ခာဝှေါ၊ အတုလိုက်ကာ ကျင့်တတ်ရာကို ကျင့်ကာမသွေ အားထုတ်နိုင်ကြပါစေကုန်သတည်း။

သာဓု သာဓု သာဓုပါဘုရား ...။

ဖားအောက်တောရဆရာတော်
စိတ္တလတောင်ကျောင်း။
pl1okw2v6m13cblc83hsd2fani6u0m4 22054 22053 2026-06-12T00:38:02Z Tejinda 173 22054 wikitext text/x-wiki {{header | title = မာတိကမာတာသုတ် | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = [[နန္ဒကောဝါဒသုတ်]] | previous2 = | next = [[စျာနသုတ်]] | next2 = | year = | notes = | edition = | categories = ဖားအောက်တောရ | shortcut = | portal = }}

cq2iahnissugkkkdv5fawm9c03lfxyu စျာနသုတ် 0 6343 22055 2026-06-12T05:11:07Z Tejinda 173 "{{header | title = စျာနသုတ် | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = [[မာတိကမာတာသုတ်]] | previous2 = |..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 22055 wikitext text/x-wiki {{header | title = စျာနသုတ် | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = [[မာတိကမာတာသုတ်]] | previous2 = | next = [[ဓမ္မနှင့်အဓမ္မတရားတော်]] | next2 = | year = | notes = | edition = | categories = ဖားအောက်တောရ | shortcut = | portal = }}
စျာနသုတ္တန်

ပထမပိုင်း

၁၃၅၇-ခုနှစ်၊ သီတင်းကျွတ်လဆန်း (၇)ရက်နေ့ ရန်ကုန်မြို့မှ ဒါယကာဦးဝင်းမောင်မိသားစုတို့က တစ်နေ့တာ ဆွမ်းလှူတယ်။ သံဃာတော်အတွက် ရည်စူးပြီး သံဃိကသင်္ကန်းတွေလည်း တတ်အားသ၍ လှူဒါန်းပူဇော်ကြပါတယ်နော်။ ကွယ်လွန်သူ နှစ်ဖက်သော မိဘဘိုးဘွားနှင့် ကွယ်လွန်သူဖြစ်တဲ့ ဖခင်အားရည်စူး၍ အသက်ထင်ရှား တည်ရှိနေသေးသော မိခင်ဖြစ်သူ ဒေါ်အောင်စွတ်တင်အား ဦးထိပ်ထားပြီး သားဖြစ်သူ မောင်ဝင်းမောင် (၃၄)နှစ်မြောက် မွေးနေ့မင်္ဂလာအဖြစ်ဖြင့် အလှူဒါနပွဲတစ်ခု ကျင်းပပါတယ်။ ထိုအလှူဒါနပွဲ၌ အနုမောဒနာတရားအဖြစ် ဟောကြားအပ်သော အင်္ဂုတ္တရနိကာယ် ဒသကနိပါတ်၌လာရှိသော စျာနသုတ္တန် တရားဒေသနာတော်။

ဒီသုတ္တန်ကို ဘုန်းကြီးဟောရတဲ့ ရည်ရွယ်ချက်ကတော့ ဒီနေ့ အလှူရှင်ဖြစ်တဲ့ ဦးဝင်းမောင်၊ တရားနာပရိတ်သတ်ဖြစ်ကြတဲ့ ရှင်ယောဂီ, ရဟန်းယောဂီ, သီလရှင်ယောဂီ, လူယောဂီပရိသတ်အပေါင်း သူတော်ကောင်းတို့ဟာ ဘုရားရှင် နှစ်ခြိုက်တော်မူတဲ့, ဘုရားရှင် မြတ်နိုးတော်မူတဲ့ တပည့်သာဝကတစ်ဦးဖြစ်အောင် ကျင့်ကြံကြိုးကုတ်ပွားများ အားထုတ်နိုင်ကြပါစေဆိုတဲ့ ဦးတည်ချက်ဖြင့် ဒီတရားတော်ကို ဟောကြားခြင်း ဖြစ်ပါတယ်နော်။

ဒီနေ့ အလှူရှင်ဖြစ်တဲ့ ဒါယကာဦးဝင်းမောင်တို့က နံပါတ် (၁) အနေအားဖြင့် စိတ္တလတောင် ကျောင်းမှာ ကျောင်းလေး တစ်ကျောင်း ဆောက်လုပ်ပြီး သေနာသန ပရိဘောဂပစ္စည်းများလည်း လှူဒါန်းပူဇော်ပါတယ်။ နံပါတ် (၂)က ဖားအောက်တောရ ရိပ်သာခွဲအဖြစ်နဲ့လည်း မြေနေရာတစ်ကွက် လှူဒါန်း ပူဇော်ထားတယ်။ နံပါတ် (၃) ဖားအောက်တောရ သိမ်တည်ဆောက်ရန်အတွက် ပထမ (၁၅၀၀)တန် အပ်တဲ့ပစ္စည်းများ လှူဒါန်းပူဇော်ထားတယ်။ နံပါတ် (၄) ဖားအောက်တောရ စိတ္တလတောင်ကျောင်းမှာ ကျောင်းများ တည်ဆောက်စဉ်အခါက မြေညှိရန်အတွက်လည်း (၂၂၀၀)တန် အပ်တဲ့ပစ္စည်းများ လှူဒါန်းပူဇော်ထားပါတယ်။ နံပါတ် (၅) ဖားအောက်တောရ စိတ္တလတောင်ကျောင်း၌ လိုအပ်နေတဲ့ လေးခန်းတွဲ ကုဋီအတွက် မိတ်ဆွေ (၁၃)ဦး စုပေါင်းပြီးတော့လည်း ကုဋီတစ်လုံး ဆောက်လုပ်ပြီး လှူဒါန်းပူဇော်တယ်။ နံပါတ် (၆) ဒုတိယအကြိမ်အနေအားဖြင့် စိတ္တလတောင်ကျောင်းမှာ ဆောက်လုပ်ဆဲဖြစ်သည့် သိမ်တော်အတွက်လည်း (၄၀၀၀)တန် အပ်တဲ့ပစ္စည်းများ လှူဒါန်းပူဇော်ပါတယ်။ နံပါတ် (၇)အဖြစ် ရန်ကုန်မြို့၊ မင်္ဂလာဗျူဟာ သာမဏေကျော် စာပြန်ပွဲအဖြစ် ပထမအကြိမ် (၂၅၀၀) တန် အပ်တဲ့ပစ္စည်းများကို ထိုစာပြန်ပွဲမှာ လှူဒါန်းပူဇော်ထားတယ်။ နံပါတ် (၈) မေတ္တာဗျူဟာအဖွဲ့ သွေးလှူဘဏ်မှာလည်း (၂၀၀0)တန် အပ်တဲ့ပစ္စည်းများ လှူဒါန်းပူဇော်ထားပါတယ်။ အလားတူပဲ မေတ္တာဗျူဟာအဖွဲ့ရဲ့ အာရုံဆွမ်း အလှူမှာလည်း (၂၀၀0)တန် အပ်တဲ့ပစ္စည်းများ လှူဒါန်းပူဇော်ထားပါတယ်။ မုဒုံမြို့နယ်၊ ကျောက်တစ်လုံးကျေးရွာ၊ စိတ္တသုခတောရကျောင်း စာသင်သားများအတွက် ပစ္စည်းလေးပါး ထောက်ပံ့ရေးအတွက် (၄၃၀၀)တန် အပ်တဲ့ပစ္စည်းလည်း လှူဒါန်းပူဇော်ထားပါတယ်။ နံပါတ် (၁၁)အနေနဲ့ ဒုတိယအကြိမ်မြောက် မင်္ဂလာဗျူဟာ သာမဏေကျော် စာပြန်ပွဲတော်အတွက် (၆၀၀၀)တန် အပ်တဲ့ပစ္စည်းများလည်း လှူဒါန်းပူဇော်ထားတယ်။ နောက် နံပါတ်(၁၂) မှော်ဘီသာသနာ့ဝန်ဆောင် ကျောင်းတိုက်အတွက် အပ်စပ်သော ပစ္စည်းလေးပါးကို (၃၀၀၀)တန် လှူဒါန်းပူဇော်ထားပါတယ်။ ဖားအောက်တောရမှာ လွန်ခဲ့တဲ့နှစ် ကထိန်အတွက် မတည်ပြီးတော့ (၂၃၀၀)တန် အပ်တဲ့ပစ္စည်းများလည်း လှူဒါန်းပူဇော်ထားပါတယ်။ အလားတူပဲ။ မှော်ဘီသာသနာ့ဝန်ဆောင် ရှင်သာမဏေ ဓမ္မဗိမာန်, ရွှေတိဂုံစေတီ အရှေ့ဘက်, သာမဏေဓမ္မာရုံ စတဲ့ ဒီဌာနတွေမှာလည်း လျှပ်စစ်မီးများ လှူဒါန်းပူဇော်ထားပါတယ်။

စိတ္တလတောင်ကျောင်းမှာ လိုအပ်နေတဲ့ တံတားများလည်း ဆောက်လုပ် လှူဒါန်းထားတယ်။ အလွန် ကြည်ညိုဖွယ်ကောင်းတဲ့ ရွှေတိဂုံစေတီတော်ဓာတ်ပုံ (ခေတ်မီဓာတ်ပုံများပေါ့နော်။)များလည်း စိတ္တလတောင်ကျောင်းမှာ ပူဇော်ဖို့ရန်အတွက် လှူဒါန်းပူဇော်ထားပါတယ်။ ထိုအလှူဒါန အရပ်ရပ်တို့ကို ဒီညမှာ စုပေါင်းပြီး ရေစက်သွန်းချ အမျှပေးဝေလိုတယ်။ ထိုအမျှပေးဝေတဲ့ပွဲမှာ ဘုန်းကြီးဘက်ကလည်း ဝမ်းမြောက်ဖွယ် အနုမောဒနာ တရားစကားတစ်ပုဒ် ဟောကြားဖို့ တာဝန် ဆိုက်ရောက်လာပါတယ်။

အင်္ဂုတ္တရနိကာယ် ဒသကနိပါတ်မှာလာရှိတဲ့ စျာနသုတ္တန်ကို အခြေခံပြီးတော့ ဘုန်းကြီးဟောဖို့ ရည်ရွယ်ထားပါတယ်နော်။ ကဲ တရားစပြီး နာကြား ကြည့်ကြရအောင်။

‘‘သဒ္ဓေါ စ, ဘိက္ခဝေ, ဘိက္ခု ဟောတိ, နော စ သီလဝါ၊ ဧဝံ သော တေနင်္ဂေန အပရိပူရော ဟောတိ။’’

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ဘိက္ခု၊ ယောဂါဝစရ ရဟန်းတော်သည်။ သဒ္ဓေါ စ၊ သဒ္ဓါတရားနှင့်လည်း ပြည့်စုံသည်လည်း။ ဟောတိ၊ ဖြစ်၏၊ သီလဝါ၊ ကိုယ်ကျင့်သီလနှင့် ပြည့်စုံသည်ကား။ နော စ ဟောတိ၊ မဖြစ်ပေ၊ ဧဝံ၊ ဤသို့လျှင်။ သော၊ ထိုယောဂါဝစရ ရဟန်းတော်သည်။ တေနင်္ဂေန၊ ထိုသီလတည်းဟူသော အင်္ဂါရပ်နှင့်။ အပရိပူရော၊ မပြည့်စုံသည်။ ဟောတိ၊ ဖြစ်ပေ၏၊

သာသနာတော်မှာ အရေးကြီးဆုံးအချက်။ နံပါတ် (၁)ကတော့ သဒ္ဓါတရား ဖြစ်ပါတယ်နော်။ ရဟန်းတော်တစ်ပါးကို လှမ်းပြီးကြည့်လိုက်ရင် သို့မဟုတ် သာသနာတော်ကို ကြည်ညိုမြတ်နိုးနေတဲ့ ဥပါသကာ = ဒါယကာတစ်ဦး, ဥပါသိကာမ = ဒါယိကာမတစ်ဦး, ရဟန်းယောက်ျား, ရဟန်းမိန်းမဆိုတဲ့ ပရိသတ် လေးပါး တစ်ဦးဦးကို လှမ်းမျှော်ပြီး ကြည့်လိုက်တဲ့အချိန်အခါမှာ ရတနာသုံးတန် ကံ-ကံ၏အကျိုးတရား စသည်တို့ကို ယုံကြည်နေတဲ့ သဒ္ဓါတရား စွမ်းအင်ရှိဖို့ လိုအပ်ပါတယ်။

ထိုပုဂ္ဂိုလ်မှာ ယုံကြည်ချက် သဒ္ဓါတရား စွမ်းအားကတော့ ရှိတယ်။ ဒီတော့ ယုံကြည်ချက် သဒ္ဓါတရားစွမ်းအင်က အလွန် အရေးကြီးတဲ့ စွမ်းအင်တစ်ခု ဖြစ်ပါတယ်။ ဦးပဉ္စင်းတို့ သဗ္ဗညုတသမ္မာသမ္ဗုဒ္ဓဘုရားရှင်များ သဗ္ဗညုတဉာဏ် ရရှိရေးအတွက် ဦးထိပ်ထားပြီးတော့ ဆောင်ရွက်ရမယ့် ယုံကြည်ချက် သဒ္ဓါတရားမျိုးကိုတော့ အာဂမသဒ္ဓါလို့ခေါ်ပါတယ်။ ဘုရားအလောင်းတော်များ အထူးသဖြင့် နိယတဗျာဒိတ်ပန်း ဆင်မြန်းတော်မူသည့်နေ့က စပြီးတော့ သဗ္ဗညုတဉာဏ် ရတော်မူသည်အထိ နောက်မဆုတ်တမ်းသော ယုံကြည်ချက် သဒ္ဓါတရား အပြည့်အဝဖြင့် ပါရမီဆယ်ပါး အပြားသုံးဆယ်ကို ဖြည့်ကျင့် ဆည်းပူးတော်မူရပါတယ်။

ပစ္စေကဗောဓိဉာဏ် ရရှိရေးအတွက် ပစ္စေကဗောဓိ အလောင်းအလျာ သူတော်ကောင်းတို့သည်လည်းပဲ နှစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်းတိုင်တိုင် ပစ္စေကဗောဓိဉာဏ် ရရှိရေးအတွက် ဦးတည်ပြီးတော့ ပါရမီဆယ်ပါး အပြားသုံးဆယ်တို့ကို ထိုက်သလိုပဲ ဖြည့်ကျင့် ဆည်းပူးတော်မူရမြဲ ဓမ္မတာပဲ ဖြစ်ပါတယ်။ သို့သော် ပစ္စေကဗုဒ္ဓါ အရှင်သူမြတ်တို့ရဲ့ သဒ္ဓါတရားထက် သမ္မာသမ္ဗောဓိ အလောင်းအလျာ သူတော်ကောင်းတို့ရဲ့ သဒ္ဓါတရားက ပိုမိုပြီး ထက်သန် အားကောင်းတဲ့အတွက်, အဆင့်အတန်း မြင့်မားနေတဲ့အတွက်ကြောင့် ဘုရားအလောင်းတော်တို့ရဲ့ သဒ္ဓါတရားကိုသာလျှင် အာဂမသဒ္ဓါဆိုပြီးတော့ ခေါ်တယ်။

အရိယာသူတော်ကောင်းတို့ မဂ်ဉာဏ်, ဖိုလ်ဉာဏ် ဆိုက်ရောက်တဲ့ အအချိန်အခါမှာ အရိယမဂ်ဉာဏ်, ဖိုလ်ဉာဏ်ဖြင့် အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ကို ထိုးထွင်းသိပြီ။ သစ္စာလေးရပ် တရားမြတ်ကို ထိုးထွင်းသိပြီ။ ထိုအချိန်အခါမှာ ဖြစ်ပေါ်လာတဲ့ ယုံကြည်ချက် သဒ္ဓါတရားမျိုးကိုတော့ အဓိဂမသဒ္ဓါလို့ ခေါ်တယ်။

ရိုးရိုးပုထုဇဉ် လူသာမန်တို့သန္တာန်မှာ တစ်ခါတစ်ရံ အရိယာသူတော်ကောင်းတို့နှင့် အဆင့်အတန်း စံချိန်ချင်း တူညီလောက်နီးနီး ရှိနေတဲ့ ယုံကြည်ချက် သဒ္ဓါတရားမျိုး ပေါ်လာတတ်ပါတယ်။ ထိုသဒ္ဓါတရားမျိုးကိုတော့ ရတနာသုံးတန် ကံ-ကံ၏အကျိုးတရားစသည်တို့ အပေါ်၌ မတုန်မလှုပ် သက်ဝင်ယုံကြည်မှု ဖြစ်တဲ့အတွက် ဩကပနသဒ္ဓါစသည်ဖြင့် ဒီလို ခေါ်တယ်။ မဂ် ဖိုလ် နိဗ္ဗာန်ကို လိုလားတောင့်တနေတဲ့ သူတော်ကောင်း မှန်ခဲ့ရင်တော့ ဒီဩကပနသဒ္ဓါခေါ်တဲ့ သဒ္ဓါတရားနဲ့ ပြည့်စုံရမယ်ဆိုပြီး ပဓာနိယင်္ဂတရား ငါးပါးထဲမှာ တစ်ပါးအဖြစ် မြတ်စွာဘုရား ထည့်သွင်းပြီး ဟောကြားထားတော်မူခဲ့ပါတယ်။

နောက် သဒ္ဓါတရား တစ်ခုကတော့ သာမန် ယုံကြည်ချက် = မိရိုးဖလာ ယုံကြည်ချက် သဘောမျှသာ ဖြစ်ပါတယ်။ ပသာဒသဒ္ဓါလို့ ခေါ်ပါတယ်။ ဒီပသာဒသဒ္ဓါကတော့ သဒ္ဓါတရား လေးမျိုးထဲမှာ အလွန် အားပျော့ပါတယ်။ ခု ဒီစျာနသုတ္တန်မှာ လာရှိတဲ့ သဒ္ဓါတရားကတော့ သာဝကများအတွက် မြတ်စွာဘုရားရှင်က အထူးသဖြင့် ရည်ညွှန်းထားတဲ့အတွက် သဒ္ဓါတရား လေးမျိုးထဲမှာလည်း ဒီနေရာမှာ အထူးသဖြင့် အရိယာဖြစ်ပြီးတဲ့ သူတော်ကောင်းများရဲ့ အဓိဂမသဒ္ဓါကိုတော့ တစ်စိတ် တစ်ဒေသလောက်သာ ရည်ညွှန်းထားပြီး အထူးသဖြင့် ဩကပနသဒ္ဓါကို ရည်ညွှန်းထားပါတယ်။

ရတနာသုံးတန် ကံ-ကံ၏အကျိုးတရား အပေါ်၌ ရတနာသုံးပါးကို ကိုးကွယ် ဆည်းကပ်နေတဲ့ သူတော်ကောင်းမှန်ခဲ့ရင် မတုန်မလှုပ် သက်ဝင်ယုံကြည်နေတဲ့ စွမ်းအင်တစ်ခု ရှိဖို့တော့ လိုအပ်ပါတယ်။ ဒီစွမ်းအား မရှိခဲ့ဘူးဆိုလို့ရှိရင်တော့ ဘာဖြစ်တတ်သလဲ? သံသရာခရီးပေါ့။ မိမိက ဆုံးအောင် လုပ်နိုင်ရင်တော့ မိမိအတွက် ကောင်းပါတယ်နော်။ သံသရာခရီး မဆုံးသေးဘူးဆိုရင်တော့ မိမိအတွက်က အခက်အခဲတွေ များစွာ ရှိနိုင်တယ်နော်။ ဒီနေ့ အလှူရှင်များ ဘာလုပ်တာလဲလို့ မေးရင်တော့ တစ်နည်းတစ်ဖုံအားဖြင့် ပြောရင်တော့ သံသရာခရီးမှာ ခေတ္တ အကြောင်းညီညွတ်တဲ့ အချိန်အခါလေးမှာ ကံတွေကို ထူထောင်တယ်လို့ ပြောနိုင်ပါတယ်။ အဲဒီတော့ ဒီကံကို ထူထောင်တဲ့ အပိုင်းလေးတွေမှာ ဘုရားရှင် နှစ်ခြိုက်တဲ့ကံနဲ့ ဘုရားရှင် မနှစ်ခြိုက်တဲ့ကံဆိုပြီးတော့ နှစ်မျိုးနှစ်စားတော့ ကွဲပါတယ်။

ကဏှကံဆိုတာက အမည်းကံ အကုသိုလ်ကံတွေပဲ။ ဒါလည်း ဘုရား မနှစ်ခြိုက်ဘူး။ သုက္ကကံဆိုတာကတော့ အဖြူကံပဲ။ ဒီအဖြူကံမှာတော့ နှစ်ပိုင်း ရှိပါတယ်။ ဝဋ္ဋနိဿိတဖြစ်တဲ့ သံသရာဝဋ်ဆင်းရဲဒုက္ခကို မှီနေတဲ့ကံ သို့မဟုတ် သံသရာဝဋ်ဆင်းရဲဒုက္ခကို လူချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာချမ်းသာတွေကို မျှော်လင့်တောင့်တပြီး ပြုစုပျိုးထောင်နေတဲ့ ကံမျိုး။ ဒီကံမျိုးကိုတော့ ဘုရားရှင်က မနှစ်ခြိုက်ဘူး။ သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်းဖြစ်တဲ့ နိဗ္ဗာန်ကို ဦးတည်ပြီး ပြုစုပျိုးထောင်နေတဲ့ကံ ဖြစ်ခဲ့ရင်တော့ သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်းဖြစ်တဲ့ ဝိဝဋ္ဋနိဿိတကံ ဖြစ်နေတဲ့အတွက် ထိုကံမျိုးကိုတော့ ဘုရားရှင်က နှစ်ခြိုက်ပါတယ်။

နောက်တစ်ခုကတော့ ကဏှသုက္က၊ အဖြူနှင့် အမည်း ရောနေတဲ့ကံပဲ။ အဲဒီ ကံမျိုးကိုလည်း ဘုရားရှင်ကတော့ သိပ်မနှစ်ခြိုက်ဘူး။ နောက်တစ်ခုကတော့ ကမ္မက္ခယကံ၊ ကံတစ်ပါးကို ကုန်စေနိုင်တဲ့ စွမ်းအင်ရှိနေတဲ့ ကံပဲ။ အဲဒီ ကမ္မက္ခယကံဆိုတာကတော့ အထူးသဖြင့်တော့ မဂ်ဉာဏ်ကို ရည်ညွှန်းထားပါတယ်။ မဂ်ကုသိုလ်ကံတွေပဲ။ ဒီမဂ်ကုသိုလ်ကံတွေက အပါယ်သံသရာ ဝဋ်ဆင်းရဲဒုက္ခအစရှိတဲ့ သံသရာဝဋ်ဆင်းရဲဒုက္ခကို ပေးနိုင်တဲ့စွမ်းအား ရှိနေတဲ့ ကုသိုလ်ကံ, အကုသိုလ်ကံ မှန်သမျှကို ကုန်စေနိုင်တဲ့ စွမ်းအား ရှိတယ်။

ဥပမာ — သောတာပတ္တိမဂ်ဉာဏ်က အပါယ်ပဋိသန္ဓေ အကျိုးပေးနိုင်တဲ့ အကုသိုလ် ကံမှန်သမျှကို အကုန်လုံး ဖျက်ဆီးနိုင်တဲ့ စွမ်းအားရှိတယ်။ သကဒါဂါမိမဂ်ဉာဏ်က ကာမဘုံမှာ ကျင်လည်စေတတ်တဲ့ ကံတွေကို တစ်နည်းအားဖြင့် ကာမရာဂနှင့် ဒေါသကို ခေါင်းပါးစေနိုင်တဲ့ စွမ်းအား ရှိတယ်။ အနာဂါမိမဂ်ဉာဏ်က ကာမတစ်ဆယ့်တစ်ဘုံမှာ ကျင်လည်စေနိုင်တဲ့ စွမ်းအင် ရှိနေတဲ့ ကုသိုလ်ကံမှန်သမျှကို ဖျက်ဆီးနိုင်တဲ့ စွမ်းအား ရှိတယ်။ အရဟတ္တမဂ်ဉာဏ်က သုံးဆယ့်တစ်ဘုံကို ကျင်လည်စေတတ်တဲ့ စွမ်းအင် ရှိနေတဲ့ ကုသိုလ်ကံမှန်သမျှကို အားလုံး ဖျက်ဆီးပေးနိုင်တဲ့ စွမ်းအား ရှိနေတယ်နော်။ ဒါကြောင့် ဦးပဉ္စင်းတို့ ကံတွေကို ထူထောင်တဲ့ အပိုင်းလေးတွေဟာ ဘုရားရှင် နှစ်ခြိုက်နေတဲ့ ကံလေးတွေကိုတော့ ထူထောင်တတ်ဖို့ လိုအပ်ပါတယ်။ အဲဒီလို ထူထောင်တဲ့အပိုင်းမှာ ရှေးရှေး ဆရာတော်ကြီးများ ဒီနေရာလေးမှာ ဆိုဆုံးမထားတယ်နော်။

” ကြောင်းရင်းကြမ္မာ ကံမပါလျှင်၊ ကြံရာမပြီး၊ အချည်းနှီးဖြင့် ပျက်စီးတတ်စွာ၊ မချွတ်ရာတည်း”

ကံမရှိရင်တော့ ဉာဏ်ရှိတိုင်း မွဲတတ်တယ်။ မိမိက သံသရာခရီး ဆုံးအောင်တော့ ကြိုးစားပါရဲ့။ ဒါပေမယ့်လို့ သံသရာခရီးက မဆုံး ဖြစ်နေခဲ့ရင်တော့ မိမိတို့မှာ ကံတွေ ပါလာဖို့တော့ လိုအပ်တယ်နော်။ အဲဒီလို ကံတွေထဲမှာ နိဗ္ဗာန်ကို ရည်ရွယ်တောင့်တပြီး ပြုစုပျိုးထောင်တဲ့ ကံကိုတော့ ဘုရားရှင်က ပိုနှစ်ခြိုက်တယ်။ ဒါ ပြောပြီးပြီ။ နိဗ္ဗာန်ကို ရည်ရွယ်တောင့်တပြီး ပြုစုပျိုးထောင်လိုက်တဲ့ ဒီကံတွေဟာ သံသရာမှာ ကျင်လည်ခိုက် သံသရာဝဋ်ဆင်းရဲဒုက္ခမှ မကျွတ်ခင် အကျိုးမပေးတော့ဘူးလားလို့ မေးတော့။ ပေးပါတယ်နော်။ ပေးလိုက်တဲ့ အချိန်အခါမှာ ဘာစွမ်းအင်ရှိသလဲ? လူချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာ့ချမ်းသာကို မျှော်လင့်တောင့်တပြီး ကံတွေကို ထူထောင်ခဲ့ရင် ဒီကံက အကျိုးပေးတဲ့ဘဝမှာ လူချမ်းသာနဲ့တွေ့ရင် လူချမ်းသာကို မခွဲနိုင်ဘူး။ နတ်ချမ်းသာနဲ့တွေ့ရင် နတ်ချမ်းသာကို မစွန့်လွှတ်နိုင်ဘူး။ ဗြဟ္မာ့ချမ်းသာနဲ့တွေ့ရင်လည်း ဗြဟ္မာ့ချမ်းသာကို မစွန့်လွှတ်နိုင်တဲ့သဘော ရှိတယ်။

နိဗ္ဗာန်ကို ရည်ရွယ်တောင့်တပြီးတော့ ကံတွေကို ထူထောင်ခဲ့မယ်ဆိုရင် ဒီကံတွေက အကျိုးပေးတဲ့ဘဝမှာ လူချမ်းသာတွေ့ရင်လည်း နိဗ္ဗာန်ချမ်းသာကြီးကို တစ်ဖက်က ရဖို့ရန် အခွင့်အလမ်းကြီးကို လှမ်းပြီး မြင်ပြီဆိုရင်တော့ ဒီလူချမ်းသာကို စွန့်လွှတ်နိုင်တဲ့ စွမ်းအားရှိတယ်။ နိဗ္ဗာန်ချမ်းသာကြီးကို ရနိုင်တယ်လို့ တစ်ဘက်က မြင်ပြီဆိုရင် နတ်ချမ်းသာကိုလည်း စွန့်လွှတ်နိုင်တဲ့ စွမ်းအားရှိတယ်။ နိဗ္ဗာန်ချမ်းသာကြီးကို ရမယ်လို့ တစ်ဘက်က မြင်ပြီဆိုရင်တော့ ဗြဟ္မာချမ်းသာလည်း စွန့်လွှတ်နိုင်တဲ့ စွမ်းအားရှိတယ်။

လူချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာ့ချမ်းသာတွေကို စွန့်နိုင်တဲ့ စွမ်းအားရှိတဲ့ကံက နိဗ္ဗာန်ကို ရစေနိုင်တဲ့ သဘောရှိတယ်။ လူချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာ့ချမ်းသာကို မစွန့်လွှတ်နိုင်ဘူးဆိုရင် ထိုပုဂ္ဂိုလ်အတွက် နိဗ္ဗာန်ကို ရနိုင်ပါ့မလား? မရနိုင်ဘူး။ ဒါကွာဟချက်ပဲနော်။

ဒါပေမဲ့လို့ သံသရာခရီး ကျင်လည်တဲ့ အချိန်အခါမှာ နိဗ္ဗာန်ကို ရည်ရွယ်တောင့်တပြီး ပြုစုပျိုးထောင်တဲ့ ကံပဲဖြစ်ဖြစ်၊ လူချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာချမ်းသာကို ရည်ရွယ်တောင့်တပြီး ပြုစုပျိုးထောင်တဲ့ ကံပဲဖြစ်ဖြစ်၊ ဒီကံတစ်ခုပေါ့။ ကောင်းမှုကုသိုလ်ကံတစ်ခု မပါခဲ့ဘူးဆိုရင်တော့ ဘာဖြစ်တတ်လဲ?

” ကြောင်းရင်းကြမ္မာ၊ ကံမပါလျှင် ကြံရာမပြီး၊ အချည်းနှီးဖြင့် ပျက်စီးတတ်စွာ၊ မချွတ်ရာတည်း”

ကံမရှိ ဉာဏ်ရှိတိုင်း မွဲတတ်တယ်။ လုပ်ငန်းလုပ်တဲ့ အချိန်အခါမှာ အောင်မြင်မှု ဘာမှမရတတ်ဘူးနော်။

” ကလျာဏ ကလျာဏံ ကျင့်ကံမဖြစ်၊ ပုညပါပ ကိစ္စ အမှု၊ ခွဲဝေရှုသော် အကုသိုလ် ကုသိုလ် နှစ်ခုကိုလည်း၊ မပြုလိုခဲ့၊ ပြုလိုရဲ၏၊”

ကံတွေကို ခွဲတမ်းချလိုက်တဲ့ အချိန်အခါမှာ ကလျာဏ = ကောင်းတဲ့ကုသိုလ်ကံ။ အကလျာဏ = မကောင်းတဲ့အကုသိုလ်ကံဆိုပြီး နှစ်ခုရှိတယ်။ ပြုလုပ်နိုင်တဲ့ သတ္တိစွမ်းအားသာ ရှိပါစေ။ ကုသိုလ်ကံလည်း ပြုလို့ရတယ်။ ပြုလုပ်နိုင်တဲ့ စွမ်းအင်သတ္တိသာ ရှိပါစေ။ ပြုလုပ်သာ ပြုလုပ်ရဲပါစေ။ အကုသိုလ်ကံကိုလည်း ပြုလုပ်လို့ ရတယ်။ ပြုလုပ်ရဲတဲ့ စွမ်းအင်သတ္တိရှိနေတဲ့ ပုဂ္ဂိုလ်တစ်ဦးက ကုသိုလ်ကံကို ပြုရမှာလည်း သူ့အတွက် မခဲယဉ်းဘူး။ အကုသိုလ်ကံကို ပြုစုပျိုးထောင်ရမှာလည်း မခဲယဉ်းဘူး။ ပြုလုပ်ရဲတဲ့ သတ္တိ ရှိတယ်နော်။ ဒါကြောင့် —

” ကလျာဏ ကလျာဏံ ကျင့်ကံမဖြစ် ပုညပါပ ကိစ္စအမှု ခွဲဝေရှုသော် အကုသိုလ် ကုသိုလ်နှစ်ခုကိုလည်း မပြုလိုခဲ့၊ ပြုလိုရဲ၏၊ ကံမွဲမပြောင်၊ ကံမဆောင်လျှင်၊ ဂုဏ်ရောင်မလှ၊ မထွန်းပဘူး၊ ဒုက္ခလူ့ဘောင် ဆင်းရဲခေါင်သည်။”

မိမိတို့က စနစ်ကျနေတဲ့ ကံတွေကို ထူထောင်ထားမှု မရှိဘူးဆိုရင်ပေါ့နော်။ စနစ်တကျ ကံတွေကို မထူထောင်ခဲ့ဘူးဆိုရင်တော့ လူ့ဘောင် လူ့လောကမှာပဲဖြစ်ဖြစ်၊ နတ်ဘောင် နတ်လောကမှာပဲဖြစ်ဖြစ်၊ ဗြဟ္မာ့ဘောင် ဗြဟ္မာ့လောကမှာပဲဖြစ်ဖြစ် ဂုဏ်ရောင် ထွန်းပနိုင်တဲ့ စွမ်းအား မရှိဘူး။ ကံက မွဲနေတဲ့အခါမှာ လူမွဲတတ်တယ်။ လူဖြစ်ပေမယ့် လူမွဲ ဖြစ်တတ်တယ်။ နတ်ဖြစ်ပေမယ့် နတ်မွဲ ဖြစ်တတ်တယ်။ ဗြဟ္မာဖြစ်ရင်လည်း ဗြဟ္မာမွဲပဲ ဖြစ်တတ်တယ်။ ဘာဖြစ်လို့လဲ? ထူထောင်ထားတဲ့ ကံတွေက တောက်ပြောင်မှု မရှိဘူး။ ဒီတော့ ဒီထူထောင်တဲ့ ကံလေးတွေမှာ ယုံကြည်ချက် သဒ္ဓါတရားရှိနေတဲ့ သူတော်ကောင်းက ထူထောင်လိုက်ပြီဆိုလို့ရှိရင်တော့၊ တောက်ပြောင်နေတဲ့ ကံလေးတွေကို ထူထောင်မိဖို့ မလိုဘူးလား? လိုအပ်တယ်နော်။ နောက်တစ်ခု -

” ဆယ်ပါးပညတ်၊ ကုသိုလ်ရပ်ကို၊ ပြုအပ်ပြီးသည်၊ လူတစ်မည်ကား၊ လူ့ပြည် နတ်ပွဲ၊ ရမခဲတည်း”

ကုသိုလ်ဆိုပြီး သတ်မှတ်ထားတဲ့ တရားတစ်ဆယ်မျိုး ရှိပါတယ်နော်။ အားလုံး ကြားဖူးကြမယ်။ ဒါန, သီလ, ဘာဝနာဆိုပြီးတော့ အခြေခံ ကုသိုလ်သုံးခု။ ဝေယျာဝစ္စ = ရတနာသုံးပါး၊ မိဘ၊ ဆရာသမားတို့ရဲ့ ဝေယျာဝစ္စကို ပြုခြင်းဆိုတဲ့ ကုသိုလ်။ ပတ္တိဒါန = မိမိပြုတဲ့ ကောင်းမှုကုသိုလ်ရဲ့ အဖို့ဘာဂကို အမျှအတန်း ပေးဝေခြင်း။ ပတ္တာနုမောဒန = သူတစ်ပါးတို့ ပြုစုပျိုးထောင်လိုက်တဲ့ ကောင်းမှုကုသိုလ်တွေကိုလည်း ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုခြင်း။ ဓမ္မသဝန = တရားနာယူခြင်း။ ဓမ္မဒေသန = တရားဟောခြင်း။ ဒိဋ္ဌိဇုကမ္မ = အယူကို ဖြောင့်မတ်စွာထားခြင်း။ ကုသိုလ်ဖြစ်ကြောင်းတရား ဘယ်နှစ်ခုရှိလဲ? ပုညကြိယာဝတ္ထု တစ်ဆယ်မျိုးပဲနော်။

အဲဒီ တစ်ဆယ်မျိုးတရားကို ပြုစုပျိုးထောင်တယ်ဆိုတဲ့ ဥစ္စာဟာ ဘာလုပ်တာလဲ?

” ဆယ်ပါးပညတ်၊ ကုသိုလ်ရပ်ကို ပြုအပ်ပြီးသည်၊ လူတစ်မည်ကား၊ လူ့ပြည် နတ်ပွဲ၊ ရမခဲတည်း၊ ယူစွဲမုချ၊ ယွင်းမခွဘူး။”

ဒီလို ကောင်းမှုကုသိုလ် ဒါန, သီလ, ဘာဝနာ အစရှိတဲ့ ကုသိုလ်တရားတစ်ဆယ်မျိုးကို စနစ်တကျသာ ပြုစုပျိုးထောင်ထားပါ။ စနစ်တကျဆိုတာက အားကိုးထိုက်တဲ့ အဆင့်ရောက်အောင် ပြုစုပျိုးထောင်ရမယ်။ ဘယ်အဆင့်ဆိုတာကို ဒီည ဟောဖို့ ရည်ရွယ်ထားပါတယ်နော်။ အဲဒီလို ပြုစုပျိုးထောင်ထားတဲ့ ပုဂ္ဂိုလ်တစ်ယောက်အဖို့ လူ့ပြည်, နတ်ပြည် ဘယ်ဘုံ ကြိုက်သလဲ? ကြိုက်တဲ့ဘုံက သိပ်တော့ မခက်ခဲဘူးနော်။

” ဒါန သီလ ကုသလ၌ လုံ့လလွှတ်လျှော့၊ လေးဖင့်ပေါ့၍၊ မေ့လျော့သောသူ၊ သူသေဟူ၏၊”

ဒါန, သီလ, သမထ-ဝိပဿနာ အစရှိတဲ့ ဒီလို ကုသိုလ်တွေမှာ မေ့လျော့ပြီးတော့ ပေါ့ပေါ့ဆဆ နေထိုင်တတ်တဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်ခဲ့ရင်တော့ ဒီလိုပုဂ္ဂိုလ်တွေကို “လူသေ” ဆိုပြီးတော့ ဒီလို ဘုရားက ဟောထားတယ်။ ဘာဖြစ်လို့လဲ? ဒီပုဂ္ဂိုလ်တွေအဖို့ သံသရာဝဋ်ဆင်းရဲဒုက္ခမှာ ထပ်ခါထပ်ခါ ကျင်လည်ရဖို့သာ ရှိတယ်။ သံသရာဝဋ်ဆင်းရဲဒုက္ခမှ လွတ်မြောက်ဖို့ဆိုတဲ့ ကယ်တင်နိုင်တဲ့ စွမ်းအင်ရှိတဲ့ ကုသိုလ်တွေကို သူတို့က ဆည်းပူးထားမှု မရှိတဲ့အတွက် သံသရာဝဋ်ဆင်းရဲဒုက္ခမှ လွတ်ရာလမ်း ထိုပုဂ္ဂိုလ်တွေမှာ မရှိဘူး။ သံသရာဝဋ်ဆင်းရဲဒုက္ခမှာ ထပ်ခါထပ်ခါ ကျင်လည်နေရပြီဆိုလို့ရှိရင်တော့ ထိုပုဂ္ဂိုလ်တွေသည် သံသရာဝဋ်ဆင်းရဲဒုက္ခမှာ ထပ်ခါထပ်ခါ မသေရဘူးလား? သေရပြီ။ ဒါ့ကြောင့် ဒီလိုပုဂ္ဂိုလ်တွေဟာ လူသေနဲ့ တူတယ်။

ဒါန သီလ ကုသလ၌ လုံ့လလွှတ်လျှော့၊ လေးဖင့်ပေါ့၍၊ မေ့လျော့သောသူ၊ သူသေဟူ၏၊ အလှူ သီတင်း မကင်းဘာဝနာ၊ မခြားရက်နေ့၊ မမေ့လျော့တတ်၊ ထိုသူမြတ်တို့၊ လူ, နတ် ခန္ဓာ ပြောင်းလဲကာလျှင်၊ ချမ်းသာသုခ၊ မပျက်ကြကြောင့်၊ ဘဝသဘော၊ ရွေ့လျောခြင်းဟူ၊ စုတေမူလည်း၊ သူသေမမည်၊ ဟူတုံသည်တည်း။

ကောင်းမှုကုသိုလ်တွေကို စနစ်တကျ ဘုရားရှင် နှစ်ခြိုက်တဲ့ အလိုအတိုင်း စနစ်တကျ ပြုစုပျိုးထောင်ထားပြီ။ သံသရာခရီး ဆက်လက်ပြီး ကျင်လည်ခဲ့ရတယ် ထားဦးတော့။ သံသရာခရီး ဆုံးရာဖြစ်တဲ့ နိဗ္ဗာန်သို့ တာစူပြီး ကောင်းမှုကုသိုလ်တွေကို ပြုစုပျိုးထောင် ထားတဲ့အတွက် ထိုပုဂ္ဂိုလ်တွေဟာ သံသရာခရီး မဆုံးသေးလို့ ဆက်လက်ပြီးတော့ သံသရာခရီးမှာ ကျင်လည်ရပေမယ့် ဒီလိုပုဂ္ဂိုလ်မျိုးကိုတော့ သေနေတဲ့ပုဂ္ဂိုလ်လို့ မခေါ်ဘူးတဲ့။ ဘာဖြစ်လို့လဲ? မသေရာ အမြိုက်နိဗ္ဗာန်ဘက်ကို သူက တစ်နေ့ ကျိန်းသေဧကန်ရောက်မယ့် ပုဂ္ဂိုလ်မျိုး ဖြစ်နေတယ်။ အဲဒီလို ပုဂ္ဂိုလ်မျိုးဖြစ်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့ရန်အတွက် ဦးတည်ပြီးတော့ မြတ်စွာဘုရားက ဒီစျာနသုတ္တန်ကို ဟောနေပါတယ်။

ဒီတော့ ဒီနေရာမှာ နံပါတ် (၁) သူတော်ကောင်းတစ်ဦး ရတနာသုံးပါး၊ ကံ-ကံ၏အကျိုးတရားကို ယုံကြည်နေတဲ့ သဒ္ဓါတရား ထင်ရှားရှိဖို့ လိုအပ်ပါတယ်နော်။ ဒီနေ့ အလှူရှင်ဖြစ်တဲ့ ဒကာဦးဝင်းမောင်မှာ လှမ်းပြီး ကြည့်မယ်ဆိုလို့ရှိရင်တော့ ဒီသဒ္ဓါတရားမျိုး ရှိတယ်လို့တော့ အထိုက်အလျှောက် ခန့်မှန်းလို့တော့ ရတယ်နော်။ ဒီသဒ္ဓါတရားသည် နံပါတ် (၁) အချို့နေရာမှာပေါ့လေ။ အထူးသဖြင့် ဂတိဘာရဒွါဇသုတ္တန်တို့လို သုတ္တန်မျိုးမှာ ဒီသဒ္ဓါမျိုးကို ဘုရားရှင်က သဒ္ဓါဗီဇံ၊ သဒ္ဓါတရားသည် မျိုးစေ့နဲ့ တူတယ်ဆိုပြီး ဒီလို ဟောထားတယ်။ စပါးဆိုတဲ့ အသီးအကျိုးတရားကို အလိုရှိတဲ့ ပုဂ္ဂိုလ်ဟာ လယ်ယာမြေကောင်းမှာ စပါးတည်းဟူသော မျိုးစေ့ကို ကြဲချစိုက်ပျိုးရင် စပါးဆိုတဲ့ အသီးအကျိုးတရားကို ရရှိမယ်။ စပါးဆိုတဲ့ မျိုးစေ့ မရှိခဲ့ဘူးဆိုရင် သို့မဟုတ် ဒီမျိုးစေ့ကို ကြဲချစိုက်ပျိုးမှု မရှိဘူးဆိုရင် မိမိ လိုလားတောင့်တနေတဲ့ စပါးဆိုတဲ့ အသီးအကျိုးတရား ပေါ်လာနိုင်မလား? မပေါ်လာနိုင်ဘူး။ ဒါကြောင့် မျိုးစေ့ရှိမှ စပါးဆိုတဲ့ အသီးအကျိုးတရား ပေါ်လာနိုင်သလို အလားတူပဲ။ သဒ္ဓါတရား ထင်ရှားရှိနေတဲ့ သူတော်ကောင်းတစ်ဦးရဲ့ သန္တာန်မှာသာလျှင် ကုသိုလ်တရားဆိုတဲ့ အကျိုးတရားတွေ ပေါ်လာမယ်။ ကုသိုလ်ကံကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးတရားတွေ ပေါ်လာနိုင်တယ်။

သဒ္ဓါတရား မရှိတဲ့ပုဂ္ဂိုလ်သည် ကုသိုလ်တည်းဟူသော မျိုးစေ့ကို ကြဲချ စိုက်ပျိုးဖို့ ဖြစ်နိုင်ပါ့မလား? မဖြစ်နိုင်ဘူးနော်။ အဲဒီတော့ သတ္တဝါတစ်ဦးမှာ သဒ္ဓါတရားက နံပါတ် (၁) အလွန် အရေးကြီးပါတယ်။ ဒါကြောင့် သဒ္ဓါတရားကို ဘုရားရှင်က မျိုးစေ့နဲ့ တူတယ်။ သဒ္ဓါတည်းဟူသော မျိုးစေ့ကို ကြဲချ စိုက်ပျိုးခြင်း ယုံကြည်ချက် အပြည့်အဝရှိနေတဲ့ သူတော်ကောင်း၊ သဒ္ဓါတရား ထင်ရှားရှိပြီဆိုရင် ထင်ရှားရှိနေတဲ့ သူတော်ကောင်းက ဒါနပြုရမှာလည်း သူ့မှာ ဘာမှ တာဝန်မကြီးဘူး။ သီလ ဆောက်တည်ရမှာ၊ သီလကျင့်သုံးရမှာလည်း တာဝန်မကြီးဘူး။ သဒ္ဓါတရားက သိပ်အားကောင်းနေပြီ။ သမထဘာဝနာ အားထုတ်ရမှာလည်း သူက တာဝန်မကြီးဘူး။ သိပ်အားကောင်းနေတယ်။ ဝိပဿနာဘာဝနာတွေကို လက်တွေ့ကျင့်ဖို့ရန်အတွက်လည်း တာဝန်မကြီးတော့ဘူး။ သဒ္ဓါတရားက သိပ်အားကောင်းနေပြီနော်။

ဒါကြောင့် ဒီသဒ္ဓါဆိုတဲ့ မျိုးစေ့ ရှိဖို့လိုအပ်တယ်။ သဒ္ဓါမျိုးစေ့ ရှိနေတဲ့ ပုဂ္ဂိုလ်က ဒါနတည်းဟူသော ကုသိုလ်အသီးတွေ, သီလတည်းဟူသော ကုသိုလ်အသီးတွေ, သမထဘာဝနာတည်းဟူသော ကုသိုလ်အသီးတွေ, ဝိပဿနာဘာဝနာတည်းဟူသော ကုသိုလ်အသီးတွေကို လွယ်လွယ်ကူကူနဲ့ ရရှိနိုင်တဲ့ သဘောရှိတယ်။ ဒါကြောင့် ဒီသဒ္ဓါတရားကို မျိုးစေ့နဲ့ တူတယ်ဆိုပြီးတော့လည်း မြတ်စွာဘုရား ဟောတယ်။

နောက်တစ်ခု - သဒ္ဓါဟတ္ထ။ တစ်ချို့တစ်ချို့ သုတ္တန်များမှာ မြတ်စွာဘုရားက သဒ္ဓါတရားကို လက်နဲ့တူတယ်လို့ ဒီလိုဟောထားတယ်။ လက်ရှိတဲ့ ပုဂ္ဂိုလ်သည် အလိုရှိတဲ့ အရာဝတ္ထုကို လှမ်းပြီးကိုင်ယူမယ်ဆိုရင် ကိုင်ယူလို့ရတယ်။ အလားတူပဲ။ သဒ္ဓါတရားတည်းဟူသော တရားတစ်ခု ထင်ရှားရှိနေတဲ့ပုဂ္ဂိုလ်က ဘယ်လို ကောင်းမှုကုသိုလ်ကို လှမ်းပြီး ကိုင်ယူမလဲ? အလိုရှိတဲ့ ကောင်းမှုကုသိုလ်ကို လှမ်းကိုင်ယူ၊ ကိုင်ယူလို့ရတယ်။ ဒါနတည်းဟူသော ကောင်းမှုကုသိုလ်ကို ယူမလား? ရတယ်။ သီလတည်းဟူသော ကောင်းမှုကုသိုလ်ကို ယူမလား? ရတယ်။ သမာဓိတည်းဟူသော ကောင်းမှုကုသိုလ်ကို ယူမလား? ရတယ်။ ပညာတည်းဟူသော ကောင်းမှုကုသိုလ်ကို ယူမလား? ရတယ်။ သဒ္ဓါတရား သိပ်အရေးကြီးတယ်နော်။

အေး - အာဠာဝကသုတ္တန်တို့လို ထိုသုတ္တန်တွေကျတော့ မြတ်စွာဘုရားက သဒ္ဓီဓ ဝိတ္တံ ပုရိသဿသေဋ္ဌံ = ယောက်ျားတို့ရဲ့ အမြတ်ဆုံးဥစ္စာသည် သဒ္ဓါတရားဖြစ်တယ်လို့ ဒီလိုဟောထားတယ်။ အာဠာဝကဘီလူးကနေပြီးတော့ ကိံသုဓ ဝိတ္တံ ပုရိသဿသေဋ္ဌံ = ယောကျ်ားတို့ရဲ့ အမြတ်ဆုံးဥစ္စာသည် ဘာပါလဲလို့ မေးမြန်းလျှောက်ထားတဲ့အခါမှာ ဘုရားရှင်က ယောက်ျားတို့ရဲ့ အမြတ်ဆုံးဥစ္စာသည် သဒ္ဓါတရား ဖြစ်တယ်လို့ ဒီလို ဟောထားတယ်။ သဒ္ဓါဆိုတဲ့ စည်းစိမ်ဥစ္စာသာ ရှိပါစေ။ ထိုသဒ္ဓါတရားဆိုတဲ့ စည်းစိမ်ဥစ္စာ ရှိနေတဲ့ ပုဂ္ဂိုလ်ဟာ ဒါနဆိုတဲ့ ကောင်းမှုကုသိုလ်တွေကို ဝယ်ယူမယ်ဆိုလည်း မရနိုင်ဘူးလား? ရနိုင်တယ်။ သဒ္ဓါတရားဆိုတဲ့ စည်းစိမ်ဥစ္စာ မိမိမှာသာ ထင်ရှားရှိပါစေ။ သီလဆိုတဲ့ အလွန် အဆင့်အတန်း မြင့်မားနေတဲ့ ကုသိုလ်တွေလည်း ဝယ်ယူမယ်ဆိုရင် မရနိုင်ဘူးလား? ရနိုင်တယ်။ သဒ္ဓါတရားဆိုတဲ့ဥစ္စာ ထင်ရှားရှိနေတဲ့ ပုဂ္ဂိုလ်က သမထဘာဝနာကုသိုလ်ဆိုတဲ့ ကုသိုလ်တွေကို ဝယ်ယူမယ်ဆိုလို့ရှိရင်လည်း မရဘူးလား? ရတယ်။ သဒ္ဓါတရားဆိုတဲ့ ဥစ္စာထင်ရှားရှိနေတဲ့ ပုဂ္ဂိုလ်တစ်ဦးက ဝိပဿနာဆိုတဲ့ ကုသိုလ်စည်းစိမ်ဥစ္စာတွေကို လှမ်းပြီး ဝယ်ယူမယ်ဆိုရင်လည်း ဝယ်ယူလို့ ရတယ်။

တစ်နည်း - လူချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာ့ချမ်းသာဆိုတဲ့ စည်းစိမ်ဥစ္စာတွေကို ဝယ်ယူရင်လည်း ရနိုင်တယ်။ နိဗ္ဗာန်ချမ်းသာဆိုတဲ့ အဆင့်အတန်း အမြင့်မားဆုံးဖြစ်တဲ့ ချမ်းသာထူးကြီးကိုလည်းပဲ ဝယ်ယူမယ်ဆိုလို့ရှိရင် သဒ္ဓါတရားတည်းဟူသော ဥစ္စာထင်ရှားရှိနေ ပုဂ္ဂိုလ်ဟာ ဝယ်ယူရင်, ဝယ်ယူလို့ ရနိုင်တယ်တဲ့နော်။ ဒါကြောင့် ပုဂ္ဂိုလ်တစ်ယောက်မှာ အခြေခံ အရေးကြီးဆုံးဖြစ်တဲ့ ဒီသဒ္ဓါတရား ထင်ရှားရှိဖို့, မွေးမြူထားတတ်ဖို့, သဒ္ဓါတရား ထင်ရှားရှိဖို့ ဘုရားရှင်က နံပါတ် (၁) ဆုံးမတယ်။

သို့သော် သဒ္ဓါတရား ထင်ရှားရှိရုံလောက်နဲ့ ထိုပုဂ္ဂိုလ်သည် သံသရာခရီးမှ လွတ်မြောက်နိုင်မလားဆိုတော့ မဟုတ်သေးပါဘူးနော်။ ဒီသဒ္ဓါတရား အရေးကြီးပုံနဲ့ ပတ်သက်ပြီးတော့လည်း မြတ်စွာဘုရား ထပ်ပြီးတော့ နေ့တိုင်း, နေ့တိုင်း ရဟန်းတွေကို နေ့စဉ် နေ့စဉ် ဆွမ်းစားခြင်းကိစ္စ ပုရေဘတ္တ ကိစ္စခေါ်တဲ့ နံနက်ပိုင်း ဘုရားရှင်တို့ ပြုလုပ်ရတဲ့ လုပ်ငန်းကိစ္စပြီးတဲ့ အချိန်အခါလေးမှာပေါ့။ ဂန္ဓကုဋီ ကျောင်းတော်ကို မဝင်မီ ခြေဆေးတဲ့ နေရာလေးမှာ ဆည်းကပ်လာတဲ့ ရဟန်းတော်တွေကို နေ့စဉ် ဆုံးမနေတဲ့ အဆုံးအမလေး တစ်ခုရှိတယ်။

‘‘ဘိက္ခဝေ, အပ္ပမာဒေန သမ္ပာဒေထ, ဒုလ္လဘော ဗုဒ္ဓုပ္ပါဒေါ လောကသ္မိံ, ဒုလ္လဘော မနုဿတ္တပဋိလာဘော, ဒုလ္လဘာ သဒ္ဓါသမ္ပတ္တိ, ဒုလ္လဘာ ပဗ္ဗဇ္ဇာ, ဒုလ္လဘံ သဒ္ဓမ္မဿဝနံ။’’

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ အပ္ပမာဒေန၊ ကုသိုလ်ကောင်းမှုတို့၌ မမေ့မလျော့ခြင်း အပ္ပမာဒတရားနှင့်။ သမ္ပာဒေထ၊ ပြည့်စုံစွာ နေထိုင်ကြကုန်လော့။ လောကသ္မိံ၊ လောက၌။ ဗုဒ္ဓုပ္ပါဒေါ၊ ဘုရားရှင်တို့၏ ပွင့်ထွန်းပေါ်ပေါက်၍ လာတော်မူခြင်းသည်ကား။ ဒုလ္လဘော၊ ရခဲလှပေ၏၊ မနုဿတ္တပဋိလာဘော၊ လူ့ဘဝကို တစ်ဖန်ပြန်လည်၍ ရရှိခြင်းသည်လည်းပဲ။ ဒုလ္လဘော၊ ရခဲလှပါ၏၊ သဒ္ဓါသမ္ပတ္တိ၊ သဒ္ဓါတရားနှင့် ပြည့်စုံတဲ့ လူ့ဘဝကိုလည်းပဲ။ ဒုလ္လဘာ၊ ရခဲလှပါ၏၊ ပဗ္ဗဇ္ဇာ၊ ရှင်ရဟန်းတို့၏ ဘဝကိုလည်းပဲ။ ဒုလ္လဘာ၊ ရခဲလှ၏၊ လောကသ္မိံ၊ လောက၌။ သဒ္ဓမ္မဿဝနံ၊ နိဗ္ဗာန်ရောက်ကြောင်း သူတော်ကောင်းတရားကို ကြားနာခွင့်ကိုလည်းပဲ။ ဒုလ္လဘံ၊ ရခဲလှပါ၏၊ တသ္မာ၊ ထို့ကြောင့်။ တုမှေ၊ သင်ချစ်သားတို့သည်, သင်ချစ်သမီးတို့သည်။ အပ္ပမာဒေန၊ ဒါန, သီလ, သမထ-ဝိပဿနာတည်းဟူသော ကုသိုလ်တရားတို့၌ မမေ့မလျော့ခြင်း အပ္ပမာဒတရားနှင့်။ သမ္ပာဒေထ၊ ပြည့်စုံစွာ နေထိုင်ကြပါကုန်လော့။

ဒါက နေ့စဉ် ဆိုဆုံးမနေတဲ့ တရားလေးပဲ။ လောကမှာ ဘုရားရှင်တို့ ပွင့်ထွန်းတော်မူခြင်းဆိုတာကလည်း တစ်ခါတစ်ရံမှာသာ ဖြစ်တာပါ။ ဘုရားရှင်တို့ ပွင့်ထွန်းခိုက် မိမိက လူ့ဘဝကို တစ်ဖန် ပြန်လည်ရရှိခြင်းဆိုတာလည်း အလွန်ရခဲတဲ့ သဘောပါ။ ဒုလ္လဘတစ်ခုပဲ။ လူ့ဘဝကို ရပြန်ပြီဆိုလို့ရှိရင်လည်း ယုံကြည်ချက် သဒ္ဓါတရားနှင့် ပြည့်ဝနေတဲ့ သူတော်ကောင်းတစ်ဦး ဖြစ်ဖို့ရန်ဆိုတာ အလွန်ရခဲတယ်။ လောကမှာ ဒီနေ့ကြည့်ပါ။ ကမ္ဘာမှာ လူဦးရေသန်းပေါင်း ဘယ်လောက်ရှိတယ်ဆိုတာ ခန့်မှန်းကြည့်ပါ။ အဲဒီ လူဦးရေတွေထဲကနေပြီးတော့ ရတနာသုံးပါး ကံ-ကံရဲ့အကျိုးကို မတုန်မလှုပ် သက်ဝင် ယုံကြည်နေတဲ့ လူသားတွေ ဘယ်လောက်များ များသလဲ လှမ်းပြီးကြည့်ပါ။ အနည်းငယ်သာ ဖြစ်ကြပါတယ်နော်။

ဒါကြောင့် သဒ္ဓါတရား တကယ်ထင်ထင်ရှားရှား ပြည့်ပြည့်ဝဝနဲ့ ပြည့်စုံနေတဲ့ လူ့ဘဝဆိုတာ အလွန်ရခဲတဲ့ သဘောရှိပါတယ်။ အလားတူပဲ။ ရှင်အဖြစ်၊ ရဟန်းအဖြစ်ဆိုတာလည်း ရခဲတဲ့သဘောရှိတယ်။ ဒီနေ့ ဦးပဉ္စင်းတို့ မြန်မာနိုင်ငံမှာတော့ ရလွယ်တယ်လို့ ယူဆရရင် ယူဆလို့ရမယ်။ သို့သော် တကယ်ဘုရားရှင် အလိုကျ စစ်မှန်နေတဲ့ ရှင်အဖြစ်, ရဟန်းအဖြစ်ဆိုတာတော့ အလွန်ရခဲတဲ့ သဘောရှိပါတယ်နော်။ ဘုရားရှင်က ဘယ်လို တပည့်သာဝကမျိုးတွေကို နှစ်ခြိုက်တယ်ဆိုတာ ဒီစျာနသုတ္တန်မှာ ဒီည ဟောထားပါတယ်နော်။ စျာနသုတ္တန်မှာ ဟောထားပါတယ်။ ဒီည ဒီစျာနသုတ္တန်ကို နာကြားရမှာဖြစ်တယ်။

နောက်တစ်ခု - နိဗ္ဗာန်ရောက်ကြောင်းဖြစ်တဲ့ သူတော်ကောင်းတရားတွေကို တကယ့်တရားစစ် တရားမှန်ကို နာကြားခွင့်ဆိုတာလည်း လောကမှာ အလွန် ရခဲတယ်။ ဒါကြောင့် သင်ချစ်သားတို့တစ်တွေ, သင်ချစ်သမီးတို့တစ်တွေဟာ ဒါန, သီလ, သမထ-ဝိပဿနာဆိုတဲ့ ဒီကုသိုလ်ကောင်းမှုတို့၌ မမေ့လျော့ခြင်း အပ္ပမာဒတရား လက်ကိုင်ထားပြီးတော့ ဒီအပ္ပမာဒတရားနှင့် ပြည့်ပြည့်စုံစုံ ငါဘုရားရဲ့ သာသနာတော်တွင်းမှာ နေထိုင်ကြပါဆိုပြီးတော့ နေ့စဉ် နေ့စဉ် ဆိုဆုံးမတယ်။

အဲဒီ နေ့စဉ် နေ့စဉ် ဆိုဆုံးမတဲ့အထဲမှာလည်း သဒ္ဓါတရားနှင့် ပြည့်ပြည့်စုံစုံ ရရှိနိုင်တဲ့ လူ့ဘဝကို ရခဲတဲ့ ဒုလ္လဘတရားတစ်ခုအဖြစ် ထည့်သွင်းပြီး မြတ်စွာဘုရား ဟောကြားထားတော်မူခဲ့ပါတယ်နော်။ ဒါကြောင့် ဒီသဒ္ဓါတရားသည် အလွန် အရေးကြီးတယ်။ သို့သော် သဒ္ဓါနှင့် ပုဂ္ဂိုလ်တစ်ယောက်က ပြည့်စုံလာပြီဆိုရင် နောက်ထပ် ဒုတိယ အရေးကြီးတဲ့ တရားတစ်ခုက ဘာလဲ?

‘‘သဒ္ဓေါ စ, ဘိက္ခဝေ, ဘိက္ခု ဟောတိ, နော စ သီလဝါ၊ ဧဝံ သော တေနင်္ဂေန အပရိပူရော ဟောတိ။’’

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ဘိက္ခု၊ ယောဂါဝစရ ရဟန်းတော်တစ်ပါးသည်။ သဒ္ဓေါ စ၊ ယုံကြည်ချက် သဒ္ဓါတရားနှင့် ပြည့်စုံသည်လည်း။ ဟောတိ၊ ဖြစ်၏၊ သီလဝါ၊ ကိုယ်ကျင့်သီလနှင့် ပြည့်စုံသည်လည်းကား။ နော စ ဟောတိ၊ မဖြစ်ပေ။ ဧဝံ၊ ဤသို့လျှင်။ သော ဘိက္ခု၊ ထိုရဟန်းတော်သည်။ တေနင်္ဂေန၊ ထိုသီလတည်းဟူသောအင်္ဂါရပ်နှင့်။ အပရိပူရော၊ မပြည့်စုံသည်။ ဟောတိ၊ ဖြစ်၏၊

သဒ္ဓါတရားလေးတော့ ရှိလာပြီ။ ဒါပေမယ့်လို့ ယုံကြည်ချက် သဒ္ဓါတရား ရှိပြီးတော့ ဒီရဟန်းတော်ဟာ သို့မဟုတ် ဒီအမျိုးကောင်းသားတစ်ဦး, ဒီအမျိုးကောင်းသမီးတစ်ဦးသည် ဘာဖြစ်နေသလဲ? ကိုယ်ကျင့်သီလနှင့် မပြည့်စုံ ဖြစ်နေပြန်ပြီ။ ကိုယ်ကျင့်သီလနှင့် မပြည့်စုံတော့ ကိုယ်ကျင့်သီလတည်းဟူသော အင်္ဂါရပ်တစ်ခုဖြင့် ချို့တဲ့နေတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်သွားပြီ။ ယုံကြည်ချက် သဒ္ဓါတရားလေးတော့ ရှိပါရဲ့နော်။ ဒါကြောင့် -

‘‘တေန တံ အင်္ဂံ ပရိပူရေတဗ္ဗံ – ‘ကိန္တာဟံ သဒ္ဓေါ စ အဿံ, သီလဝါ စာ’တိ!’’

တေန၊ ထိုပုဂ္ဂိုလ်သည်။ အဟံ၊ ငါသည်။ ကိန္တိ၊ အဘယ်သို့လျှင်။ သဒ္ဓေါ စ၊ ယုံကြည်ချက် သဒ္ဓါတရား ရှိတဲ့ပုဂ္ဂိုလ်သည်လည်း။ အဿံ၊ ဖြစ်လေရာ၏၊ သီလဝါ စ၊ ကိုယ်ကျင့်သီလနှင့် ပြုံ့စုံတဲ့ ပုဂ္ဂိုလ်သည်လည်း။ အဿံ၊ ဖြစ်လေရာ၏၊ ဣတိ၊ ဤသို့ နှလုံးပိုက်၍။ တံ အင်္ဂံ၊ ထိုယုတ်လျော့နေတဲ့ သီလတည်းဟူသောအင်္ဂါရပ်ကို။ ပရိပူရေတဗ္ဗံ၊ ပြည့်စုံအောင် ဖြည့်ကျင့်အပ်ပေ၏၊

မိမိက ကိုယ်ကျင့်သီလနှင့် မပြည့်မစုံ ဖြစ်နေပြီဆိုလို့ရှိရင် သဒ္ဓါတရားနဲ့တော့ ပြည့်စုံနေပြီ။ ကိုယ်ကျင့်သီလနှင့် မပြည့်မစုံ ဖြစ်နေပြီဆိုလိ့ုရှိရင်တော့ ထိုပုဂ္ဂိုလ် ဘာလုပ်ရမလဲ? ငါသည် သဒ္ဓါတရားနှင့်လည်း ပြည့်စုံနိုင်တဲ့၊ ကိုယ်ကျင့်သီလနှင့်လည်း ပြည့်စုံနိုင်တဲ့ ပုဂ္ဂိုလ်မျိုး ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ဖြစ်နိုင်ပါ့မလဲလို့ ဒီလို နှလုံးပိုက်ပြီးတော့ ယုတ်လျော့နေတဲ့ ကိုယ်ကျင့်သီလနှင့် ပြည့်စုံအောင် ဆက်လက်ပြီးတော့ ကြိုးစားအားထုတ်ပါတဲ့နော်။ ဆက်လက်ပြီးတော့ ကြိုးစားအားထုတ်လိုက်တဲ့ အခါကျတော့ ဘာဖြစ်လဲ?

‘‘ယတော စ ခေါ, ဘိက္ခဝေ, ဘိက္ခု သဒ္ဓေါ စ ဟောတိ သီလဝါ စ, ဧဝံ သော တေနင်္ဂေန ပရိပူရော ဟောတိ။’’

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ ယတော စ ခေါ၊ အကြင်အခါ၌ကား။ ဘိက္ခု၊ ယောဂါဝစရ ရဟန်းတော်သည်။ သဒ္ဓေါ စ၊ ယုံကြည်ချက် သဒ္ဓါတရားနှင့်ပြည့်စုံသည်လည်း။ ဟောတိ၊ ဖြစ်၏၊ သီလဝါ စ၊ ကိုယ်ကျင့်သီလနှင့် ပြည့်စုံသည်လည်း။ ဟောတိ၊ ဖြစ်၏၊ ဧဝံ၊ ဤသို့လျှင်။ သော၊ ထိုရဟန်းတော်သည်။ တေနင်္ဂေန၊ ထိုသီလတည်းဟူသောအင်္ဂါရပ်နှင့်။ ပရိပူရော၊ ပြည့်စုံလုံလောက်၍နေတဲ့ ပုဂ္ဂိုလ်သည်။ ဟောတိ၊ ဖြစ်၍သွားပြန်၏၊

တကယ်တမ်း ယုံကြည်ချက် သဒ္ဓါတရား ရှိလာပြီဆိုလို့ရှိရင် ဆက်လက်ပြီး ကိုယ်ကျင့်သီလနှင့် ပြည့်စုံအောင် ဖြည့်ကျင့်မယ်ဆိုရင် ဖြည့်ကျင့်လို့ မရနိုင်ဘူးလား? ရတယ်။ ဒီတော့ ဒီသီလဟာ ဘာကြောင့် အရေးကြီးရသလဲ? အရေးကြီးတဲ့ အင်္ဂါရပ်တစ်ခုအဖြစ်နဲ့ မြတ်စွာဘုရားက ဟောနေရသလဲ? အကြောင်းရှိပါတယ်နော်။ သီလသုတ္တန်ဆိုပြီးတော့ သုတ္တန်လေးတစ်ခု။ မြတ်စွာဘုရား အင်္ဂုတ္တရနိကာယ် ပဉ္စကနိပါတ်မှာ ဟောထားပါတယ်နော်။

‘‘ပဉ္စိမေ, ဘိက္ခဝေ, အာဒီနဝါ ဒုဿီလဿ သီလဝိပတ္တိယာ။’’

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ဒုဿီလဿ၊ သီလ မရှိတဲ့ပုဂ္ဂိုလ်၏ သန္တာန်၌။ သီလဝိပတ္တိယာ၊ သီလ ပျက်စီးခြင်း တည်းဟူသော အကြောင်းကြောင့်။ ဣမေ ပဉ္စ အာဒီနဝါ၊ ဤငါးပါးကုန်သော အပြစ်တို့သည်။ သန္တိ၊ ထင်ရှားရှိ၍နေကြလေကုန်၏၊

သီလမရှိတဲ့ ဒုဿီလပုဂ္ဂိုလ်တစ်ဦးမှာ သီလပျက်စီးခြင်းတည်းဟူသော အကြောင်းကြောင့် ထင်ရှားရှိနိုင်တဲ့ အပြစ်ငါးမျိုးရှိတယ်။ ဘာတွေလဲ?

‘‘ဣဓ, ဘိက္ခဝေ, ဒုဿီလော သီလဝိပန္နော ပမာဒါဓိကရဏံ မဟတိံ ဘောဂဇာနိံ နိဂစ္ဆတိ။’’

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ဣဓ၊ ဤလူ့လောက၌။ ဒုဿီလော၊ သီလ မရှိတဲ့ပုဂ္ဂိုလ်သည်။ သီလဝိပန္နော၊ သီလချို့တဲ့ခြင်းတည်းဟူသော အကြောင်းတရားကြောင့်။ ပမာဒါဓိကရဏံ၊ မေ့လျော့ခြင်း ပမာဒတရားတည်းဟူသော အကြောင်းတရားကြောင့်။ မဟတိံ ဘောဂဇာနိံ၊ များပြားသော စည်းစိမ်ဥစ္စာတို့၏ ပျက်စီးခြင်းသို့။ နိဂစ္ဆတိ၊ ရောက်ရှိ၍ သွားတတ်ပေ၏၊

နံပါတ် (၁) သီလပျက်စီးနေတဲ့ ပုဂ္ဂိုလ်မှာ ရရှိနိုင်တဲ့ အကျိုးတရားနော်။ ကိုယ်ကျင့်သီလ ပျက်စီးလာပြီဆိုလို့ရှိရင် သီလပျက်စီးနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်မှာ ကုသိုလ်ကောင်းမှုမှာ မေ့လျော့ခြင်းဆိုတဲ့ ပမာဒတရားက လွှမ်းမိုးလာပြီ။ ကုသိုလ်ကောင်းမှုမှာ မေ့လျော့တယ်ဆိုတဲ့ ဥစ္စာက အောက်ထစ်ဆုံး အညံ့စား ကုသိုလ်တွေကို လှမ်းပြီး ကြည့်လိုက်မယ်ဆိုလို့ရှိရင် သားတွေကို ပြုစုလုပ်ကျွေးမှုကုသိုလ်၊ ပုတ္တဒါရသင်္ဂဟခေါ်တဲ့ သားမယားတို့ကို ပြုစုလုပ်ကျွေးခြင်း, ချီးမြှောက်ခြင်း, သင်္ဂြုံဟ်ထောက်ပံ့ခြင်းဆိုတဲ့ ကုသိုလ်၊ ဆွေမျိုး သားချင်းတွေကို ချီးမြှောက်ခြင်း, ထောက်ပံ့ခြင်းဆိုတဲ့ကုသိုလ်၊ မိဘကို ပြုစုလုပ်ကျွေးခြင်းဆိုတဲ့ကုသိုလ် စသည်ဖြင့် ဒီလို အခြေခံ အဆင့်အတန်း နိမ့်နေတဲ့ကုသိုလ်လေးတွေက အစပေါ့နော်။

အဲဒီ ကုသိုလ်တွေက နေစပြီးတော့ အဆင့်အတန်း အလွန်မြင့်နေတဲ့ ဒါန, သီလ, သမထ-ဝိပဿနာ အစရှိတဲ့ ဒီကုသိုလ်ကောင်းမှုတွေမှာ အားလုံး မေ့လျော့လာပြီ။ မေ့လျော့ရုံတွင်လားဆိုတော့ မကသေးဘူး။ မိမိ စည်းစိမ်တွေကို ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ကြီးပွားအောင် ပြုလုပ်ရမယ်။ ဆုံးရှုံးမှုမရှိအောင် ပြုလုပ်ရမယ်ဆိုတဲ့ ဒီလို အသိထူး ဉာဏ်ထူးတွေလည်း ပျောက်ပျက်သွားတတ်တယ်။ မဟာဓနသူဋ္ဌေးသားတို့လိုပေါ့နော်။

အဲဒီလို ပျောက်ပျက်သွားပြီးတော့ မကောင်းမှု၊ သီလပျက်စီးခြင်းဆိုတဲ့ မကောင်းမှုအကုသိုလ် ဒုစရိုက်တွေမှာ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်နေတဲ့ စိတ်ထားတွေ ရှိပြီးတော့ လာပြီဆိုလို့ရှိရင် မဟာဓနသူဋ္ဌေးသားကဲ့သို့ ကြီးကျယ်သော စည်းစိမ်ဥစ္စာတွေဟာ တဖြည်းဖြည်း ဆုတ်ယုတ်ပြီးတော့ ပျက်စီးသွားတတ်တယ်။ ဒါကိုယ်ကျင့်သီလ ပျက်စီးနေတဲ့ ပုဂ္ဂိုလ်မှာ နံပါတ် (၁) ရရှိနိုင်တဲ့ အကျိုးတစ်ခုပဲ။ နံပါတ် (၂)

‘‘ပုန စပရံ, ဘိက္ခဝေ, ဒုဿီလဿ သီလဝိပန္နဿ ပါပကော ကိတ္တိသဒ္ဒေါ အဗ္ဘုဂ္ဂစ္ဆတိ။’’

ဒုတိယ။ ကိုယ်ကျင့်သီလ ပျက်စီးပြီဆိုလို့ရှိရင် ကိုယ်ကျင့်သီလ ပျက်စီးနေတဲ့ပုဂ္ဂိုလ်မှာ မကောင်းသတင်းတွေ ပြန့်နှံ့ထွက်လာပြီ။ ဒီပုဂ္ဂိုလ်ဟာ လူလိမ်ပဲ။ ဒီပုဂ္ဂိုလ်က လူညာပဲ။ ဒီပုဂ္ဂိုလ်က ငမူးသမားပဲ။ ဒီပုဂ္ဂိုလ်က မုဒိမ်းသမားပဲ စသည်ဖြင့် မကောင်းတဲ့ ကျော်ကြားမှုတွေ ထွက်ပေါ်လာပြီနော်။

နောက်နံပါတ် (၃)က ဘာလဲ?

‘‘ပုန စပရံ, ဘိက္ခဝေ, ဒုဿီလော သီလဝိပန္နော ယညဒေဝ ပရိသံ ဥပသင်္ကမတိ – ယဒိ ခတ္တိယပရိသံ, ယဒိ ဗြာဟ္မဏပရိသံ, ယဒိ ဂဟပတိပရိသံ, ယဒိ သမဏပရိသံ – အဝိသာရဒေါ ဥပသင်္ကမတိ မင်္ကုဘူတော။’’

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ ပုန စပရံ၊ နောက်တစ်မျိုးသော်ကား။ ဒုဿီလော၊ သီလမရှိသော။ သီလဝိပန္နော၊ သီလချို့တဲ့ ပျက်စီးနေသော ပုဂ္ဂိုလ်သည်။ ယဒိ ခတ္တိယပရိသံ၊ မင်းပရိသတ်သို့လည်းကောင်း။ ယဒိ ဗြာဟ္မဏပရိသံ၊ ဗြာဟ္မဏပရိသတ်သို့လည်းကောင်း။ ယဒိ ဂဟပတိပရိသံ၊ သူကြွယ်ပရိသတ်သို့လည်းကောင်း။ ယဒိ သမဏပရိသံ၊ ရဟန်းပရိသတ်သို့လည်းကောင်း။ ယညဒေဝ၊ အကြင်အကြင်သို့သော။ ပရိသံ၊ ပရိသတ်သို့သာလျှင်။ ဥပသင်္ကမတိ၊ ချဉ်းကပ်မိလေ၏၊ အဝိသာရဒေါ၊ ရဲရင့်သော စိတ်ထားမရှိဘဲ။ မင်္ကုဘူတော၊ မျက်နှာမသာမယာ ဖြစ်လျက်။ ဥပသင်္ကမတိ၊ ချဉ်းကပ်ရလေ၏၊

ကိုယ်က ကိုယ်ကျင့်သီလ ပျက်စီးနေပြီ။ ငမူးသမားလည်း မှန်တယ်။ မုဒိမ်းသမားလည်း မှန်တယ်။ သူများ ပစ္စည်းလည်း မတရားယူတတ်တယ်။ သူ့သားမယားလည်း ဖျက်ဆီးတတ်တယ်။ မုသားကလည်း ဗလပွ ပြောနေပြီ။ ကိုယ်ကျင့်သီလတွေက အားလုံး ပျက်စီးနေပြီ။ အဲဒီလို ကိုယ်ကျင့်သီလ ပျက်စီးနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်က မိမိရဲ့ ကိုယ်ကျင့်သီလ ပျက်စီးခြင်း ဆိုတဲ့ ဒီအကြောင်းတရားကို အခြေခံပြီးတော့ မင်းပရိသတ်ထဲကို ရောက်ရင်လည်း ရဲရဲဝံ့ဝံ့ မသွားရဲဘူး၊ ကြောက်ရွံ့နေတဲ့ စိတ်ထားတွေရှိတယ်။ စိတ်မချမ်းသာမှု, မျက်နှာမသာမယာမှုတွေ ရှိနေတယ်။ ဗြဟ္မဏပရိသတ်ခေါ်တဲ့ ပုဏ္ဏားပရိသတ်ထဲ ဝင်ခဲ့မိမယ်။ ဂဟပတိပရိသတ်ခေါ်တဲ့ တခြားလူ့ပရိသတ်ထဲ ဝင်ခဲ့မိမယ်ဆိုရင်လည်း အလားတူပဲ။ ပိုပြီးဆိုးတာကတော့ ဘုရားအမှူးရှိတဲ့ သံဃာတော်လို့ ခေါ်ဆိုအပ်တဲ့ သမဏပရိသတ်အတွင်းသို့ ရောက်ပြီဆိုလို့ရှိရင်တော့ သီလပျက်စီးနေတဲ့ ပုဂ္ဂိုလ်ဟာ ပိုပြီးတော့ ကြောက်ရွံ့တဲ့ စိတ်ထားတွေ ပေါ်လာပြီ။ မရဲမဝံ့ မိမိက မကောင်းမှုကို လုပ်နေတဲ့အတွက် သူတော်ကောင်းတွေကြားထဲကို ဝင်ရမှာ မျက်နှာမသာမယာ ရှိတတ်တယ်။ ဒါက သီလပျက်စီးနေတဲ့ ပုဂ္ဂိုလ်မှာ ရရှိနိုင်တဲ့ နံပါတ် (၃) အကျိုးတရားပဲ။ နံပါတ် (၄) ကတော့ -

‘‘ပုန စပရံ, ဘိက္ခဝေ, ဒုဿီလော သီလဝိပန္နော သမ္မူဠှော ကာလံ ကရောတိ။’’

ဘိက္ခဝေ၊ ချစ်သား ရဟန်းတို့ ...။ ပုန စပရံ၊ နောက်တစ်မျိုးသော်ကား။ ဒုဿီလော၊ သီလမရှိသော ပုဂ္ဂိုလ်သည်။ သီလဝိပန္နော၊ ကိုယ်ကျင့်သီလတွေ ပျက်စီးနေသော ပုဂ္ဂိုလ်သည်။ သမ္မူဠှော၊ တွေတွေဝေဝေ ဖြစ်လျက်။ ကာလံ ကရောတိ၊ သေလွန်ခြင်းကို ပြုလုပ်ရတတ်ပေ၏၊

သေလိုက်တဲ့ အချိန်အခါမှာ တွေတွေဝေဝေနဲ့ သေရတယ်။ သေခြင်းနှစ်မျိုး ရှိပါတယ်။ အသမ္မူဠှမရဏ နဲ့ သမ္မူဠှမရဏ ဆိုပြီး ဒီလို ခေါ်တယ်။

သမ္မူဠှမရဏဆိုတာက တွေတွေဝေဝေနဲ့ သေတယ်။ တွေတွေဝေဝေနဲ့ သေတယ်ဆိုတာက ဘာပြောတာလဲလို့ မေးတော့ သမ္မူဠှမရဏ လေးမျိုးကို အဘယသုတ္တန်မှာ မြတ်စွာဘုရား ဟောထားပါတယ်။ နံပါတ် (၁)ကတော့ တချို့တချို့ သတ္တဝါတွေက မိမိကိုယ်ကို အလွန် ချစ်မြတ်နိုးကြတယ်။ မိမိကိုယ်ကို အလွန် ချစ်မြတ်နိုးနေတဲ့အတွက်၊ မိမိ အလွန် ချစ်မြတ်နိုးနေတဲ့ ဒီခန္ဓာကိုယ်ကြီးနဲ့ နောက်ဆုံးပိတ် ခွဲခွာရတော့မယ်ဆိုတဲ့အခါမှာ မျက်ရည်တွေကျလာတယ်။ ဝမ်းနည်း ကြေကွဲလာတယ်။ ပူဆွေးမှု သောကတွေ ရောက်လာပြီ။ မျက်ရည်စက်လက်နဲ့ ဘဝတစ်ခုကို အဆုံးသတ်သွားရတယ်။ ဒါဟာလည်း သမ္မူဠှမရဏ တစ်မျိုးပဲ။

နောက် ဒုတိယတစ်မျိုးကတော့ မိမိနဲ့ နီးစပ်ရာဖြစ်တဲ့ သားတွေ, သမီးတွေ, ဇနီးတွေ, မြေးတွေ, မြစ်တွေ အပေါ်မှာ အလွန်ချစ်မြတ်နိုးနေတဲ့ စိတ်ထားရှိတယ်။ မိမိ စုဆောင်း ရှာဖွေထားတဲ့ သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစု အပေါ်၌ အလွန် ချစ်မြတ်နိုးနေတယ်။ အဲဒီလို ပုဂ္ဂိုလ်တစ်ဦးက ဗြုန်းကနဲ ဘဝတစ်ခုမှာ အဆုံးသတ်ရတော့မယ်။ သေရတော့မယ်ဆိုရင် မိမိ အလွန် ချစ်မြတ်နိုးနေတဲ့ ဒီသက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုတွေနဲ့ နောက်ဆုံးပိတ် မတွေ့သော ခွဲခြင်းနဲ့ ခွဲရတော့မယ် ဆိုတဲ့အချိန်အခါမှာ မျက်ရည်စက်လက် ကျလာတယ်, ဝမ်းနည်းလာတယ်, ကြေကွဲလာတယ်။ အဲဒီလို ဝမ်းနည်းကြေကွဲမှု တစ်ပုံကြီး ရင်ဝယ်ပိုက်ထွေးပြီးတော့ ဘဝတစ်ခုကို အဆုံးသတ်ခဲ့ရရင် ဒီသေနည်းမျိုးကိုလည်း သမ္မူဠှမရဏလို့ပဲ ခေါ်တယ်။ ဘာဖြစ်လို့လဲ? ဒီသေခြင်းမှာလည်း ကုသိုလ်ဇော ဘယ်လိုမှ မဖြစ်နိုင်ဘူး မရဏသန္နဇောသည် အကုသိုလ်ဇောသာ တစ်ခုခု ဖြစ်ရတော့မယ်။

နောက်တစ်ခုက သမ္မူဠှမရဏဆိုတာက ဘဝတစ်လျှောက်မှာ ကောင်းမှုကုသိုလ်ဆိုပြီး အားကိုးထိုက်အောင် ပြုထားတာကတော့ မရှိဘူး။ မကောင်းမှုအကုသိုလ်တွေ, ရက်စက်ကြမ်းကြုတ်မှုတွေကို ဘဝတစ်လျှောက်မှာ တစ်ပုံကြီး ပြုထားတယ်။ အဲဒီလို ပြုထားတဲ့ပုဂ္ဂိုလ်က သေခါနီးကာလမှာ ဘာဖြစ်လာသလဲ? မကောင်းတဲ့ နိမိတ်တွေ ထင်လာပြီ။ ညနေချမ်း အချိန်အခါမှာ နေရောင်ခြည်ရဲ့ စွမ်းအင်ကြောင့် တောင်တန်းရဲ့ အရိပ်သည် အနောက်ဘက်ကို နေဝင်ပြီဆိုရင် တောင်ရဲ့အရိပ်သည် အရှေ့ဘက်မှာ တွဲလဲခိုပြီး ဆွဲနေသလို၊ သေခါနီးကာလမှာ မကောင်းမှုအကုသိုလ်ကံတွေရဲ့ စွမ်းအင်ကြောင့် မကောင်းတဲ့ ကံ, ကမ္မနိမိတ်, ဂတိနိမိတ်ခေါ်တဲ့ နိမိတ် သုံးမျိုး၊ တစ်မျိုးမျိုးက တွဲလဲခိုပြီးတော့ လာပြီး ထင်ရှားစွာ ပေါ်နေပြီ။ ပေါ်နေတဲ့အချိန်အခါမှာ ဘာဖြစ်လာသလဲ? ငါသည် မကောင်းမှုအကုသိုလ်တွေကို ပြုခဲ့မိတာတော့ မှားပြီ။ အားကိုးထိုက်တဲ့ ကောင်းမှုကုသိုလ်တွေ မပြုခဲ့မိတာတော့ မှားလေပြီ။ မကောင်းမှုအကုသိုလ် ဒုစရိုက်တွေကို ပြုလုပ်နေတဲ့ ပုဂ္ဂိုလ်တို့ သွားရာလမ်းကိုတော့ ငါသွားရတော့မယ်ဆိုပြီးတော့ အဲဒီ အချိန်အခါမှာ မျက်ရည်စက်လက်ကျတယ်။ ဝမ်းနည်းကြေကွဲပြီးတော့ ဘဝကို အဆုံးသတ် သွားရတယ်။ ဒီလိုသေနည်းမျိုးကိုလည်း သမ္မူဠှမရဏလို့ခေါ်တယ်။ ကောင်းရာသုဂတိ ဘယ်လိုမှ မရောက်နိုင်ဘူး။ ဘာကြောင့်လဲ? မရဏသန္နဇောသည် လောဘ, ဒေါသ, မောဟခေါ်တဲ့ အကုသိုလ်ဇော တစ်ခုခု ကျိန်းသေစောပြီး သေရမယ့် သေနည်းမျိုး ဖြစ်နေတယ်။

နောက် နံပါတ် (၄) သေနည်းကတော့ သေခါနီးကာလမှာ အားကိုးထိုက်တဲ့ ကောင်းမှုကုသိုလ် တစ်ခုခုကို မိမိက လှမ်းပြီးတော့ ရှာဖွေကြည့်တယ်။ တကယ်တမ်း အားကိုးသင့် အားကိုးထိုက်တဲ့ ကောင်းမှုကုသိုလ်ဆို၍ မိမိပြုစုပျိုးထောင်ထားတာက မရှိဘူး။ သေကာနီးကာလမှာ လှမ်းပြီးဖက်စရာ ကောင်းမှုကုသိုလ်ကို ရှာဖွေလိုက်တဲ့ အချိန်အခါမှာ ရှာဖွေလို့ မရဘူး။ အထူးသဖြင့်တော့ ဘုရားရှင်က ဒီနေရာမှာ ကျိန်းသေတဲ့ ကံကိုတော့ သောတာပတ္တိမဂ်ဉာဏ်ဆိုတဲ့ ကုသိုလ်ကံကို အထူးသဖြင့် ရည်ညွှန်းထားပါတယ်။ ဒီတော့ သောတာပတ္တိမဂ်ဉာဏ်လောက်ထိ အလွန်အဆင့်အတန်း မြင့်မားနေတဲ့ သမထ-ဝိပဿနာဘာဝနာလို့ ခေါ်ဆိုအပ်တဲ့ ကံတွေကို စနစ်တကျ ထူထောင်ထားတာ မရှိတော့ သေခါနီးကာလမှာ မိမိရဲ့ စိတ်ကို ကောင်းတဲ့ အာရုံပေါ်သို့ ဆွဲပြီးစုလိုက်တဲ့ အချိန်အခါမှာ စုလို့မရ ဖြစ်နေတယ်။ ဘုရားဆိုတဲ့ အာရုံပေါ်ကို စိတ်ကလေး တင်ပေးလိုက်ပေမယ့်လို့ မိမိရဲ့ ယုံကြည်ချက်က ခိုင်မြဲတဲ့အဆင့်သို့ ရောက်အောင် ကြိုးစားအားထုတ်ထားမှု မရှိတဲ့အတွက် ကိုင်လို့မရ, ရပ်တည်ထားလို့မရ ဖြစ်နေတယ်။ တရားအာရုံပေါ်သို့ စိတ်ကို ရှေးရှုတင်ပေးလိုက်တဲ့ အချိန်အခါမှာလည်း မိမိ ပွားများအားထုတ်ထားတဲ့ တရားက စိတ်ကို ထိန်းချုပ်ထားနိုင်တဲ့ စွမ်းအင် ပြည့်ဝသည့်တိုင်အောင် စံချိန်မှီ ကြိုးစားထားမှု မရှိတဲ့အတွက် တရားကိုလည်း လှမ်းပြီး ဆွဲကိုင်လို့မရ ဖြစ်နေတယ်။ သံဃာဆိုတဲ့ အာရုံပေါ်ကို စိတ်ကလေး ရှေးရှုတင်ပေးလိုက်တဲ့ အချိန်အခါမှာလည်း သံဃာအာရုံပေါ်မှာ စိတ်က ငြိမ်ပြီး ကပ်မနေဘူး။ ဘာဖြစ်လို့လဲ? ငြိမ်ကပ်နေနိုင်တဲ့ အဆင့်အထိ ခိုင်မြဲတဲ့ အဆင့်အထိ မိမိက ကြိုးစားအားထုတ်ထားမှု မရှိဘူး။ မရှိလိုက်တဲ့ အချိန်အခါကျတော့ သဒ္ဓမ္မခေါ်တဲ့ သူတော်ကောင်းတရားတွေ အပေါ်၌ မိမိမှာ ခိုင်ခိုင်ခံ့ခံ့ ဆုံးဖြတ်ချက်ချနိုင်တဲ့ မှန်ပါပေသည်ဆိုပြီးတော့ ယတိပြတ် ဆုံးဖြတ်ချက်ချနိုင်တဲ့ ကံတွေကို မိမိက ထူထောင်မထားခဲ့တဲ့အတွက် မိမိရဲ့ စိတ်ကလေးကို သေခါနီးကာလမှာ ကောင်းတဲ့ ရတနာ သုံးပါးဆိုတဲ့ အာရုံပေါ်သို့ စေလွှတ်ကြည့်လိုက်တဲ့ အချိန်အခါမှာ ရတနာ သုံးပါးဆိုတဲ့ အာရုံပေါ်မှာ စိတ်က ငြိမ်ဝပ်စွာ ကပ်ပြီး မတည်တော့ဘူး။ မတည်လိုက်တဲ့ အချိန်အခါကျတော့မှ ဘာဖြစ်လာလဲ။ အားကိုးထိုက်တဲ့ ကံတွေကို ငါ မပြုစု မပျိုးထောင်ခဲ့မိတာတော့ မှားပြီဆိုပြီး အဲဒီအချိန်အခါမှာ ဝမ်းနည်းကြေကွဲပြီးတော့ စိတ်တွေက ကယောင်ချောက်ချားဖြစ်ပြီးတော့ သေသွားတယ်။ ဒီလို သေနည်းမျိုးကိုလည်း သမ္မူဠှမရဏလို့ ခေါ်တယ်ဆိုပြီးတော့ မြတ်စွာဘုရား ဟောထားတယ်။

ကိုယ်ကျင့်သီလ ပျက်စီးနေတဲ့ပုဂ္ဂိုလ်မှာ အဲဒီမှာ အထူးသဖြင့်တော့ နံပါတ် (၃) ဖြစ်တဲ့ သေနည်းနဲ့ သေရပါတယ်နော်။ အဲဒီလို သမ္မူဠှမရဏဖြင့် တွေတွေဝေဝေနဲ့ သေရတယ်။ တွေတွေဝေဝေနဲ့ သေနေတဲ့ ပုဂ္ဂိုလ်တွေဟာ ကောင်းရာသုဂတိ ရောက်ပါ့မလား? မရောက်ဘူး။ တွေတွေဝေဝေ သေတယ်ဆိုကတော့ မရဏသန္နဇောသည် လောဘဇော သို့မဟုတ် ဒေါသဇော သို့မဟုတ် မောဟဇောခေါ်တဲ့ လောဘ, ဒေါသ, မောဟတစ်ခုခု ဦးဆောင်နေတဲ့ အကုသိုလ်ဇော ဖြစ်ခဲ့ရင် ကောင်းရာသုဂတိ မရောက်ဘူး။ ဒါကို တွေတွေဝေဝေ သေတယ်လို့ခေါ်တယ်။ ဒါ ကိုယ်ကျင့်သီလ ပျက်စီးနေတဲ့ ပုဂ္ဂိုလ်တွေမှာ ရရှိနိုင်တဲ့ အကျိုးတရားပဲ။ နောက် အကျိုးတရား တစ်ခုကတော့ -

‘‘ပုန စပရံ, ဘိက္ခဝေ, ဒုဿီလော သီလဝိပန္နော ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇတိ။’’

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ပုန စပရံ၊ နောက်တစ်မျိုးသော်ကား။ ...ဒုဿီလော၊ သီလမရှိသော ပုဂ္ဂိုလ်သည်။ သီလဝိပန္နော၊ သီလချို့တဲ့ ပျက်စီးနေသော ပုဂ္ဂိုလ်သည်။ ကာယဿ၊ ကိုယ်ခန္ဓာ၏၊ ဘေဒါ၊ ပျက်စီးခြင်းကြောင့်။ ပရံ မရဏာ၊ စုတိပြတ်ကြွေ သေလွန်သည်မှ နောက်ကာလ၌။ အပါယံ၊ ချမ်းသာဟူ၍ မြူငွေ့မျှ မရှိသော။ ဒုဂ္ဂတိံ၊ မကောင်းမှုပြုသူ ဒုစရိုက်သမားတို့၏ လားရောက်ရာဖြစ်သော။ ဝိနိပါတံ၊ အလိုအာသာဆန္ဒကင်းလျက် ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာဖြစ်သော။ ...နိရယံ၊ ငရဲသို့။ ဥပပဇ္ဇတိ၊ ကပ်ရောက်ရပေ၏၊

နံပါတ် (၅) အကျိုးပဲ။ ကိုယ်ကျင့်သီလ ပျက်စီးနေတဲ့ပုဂ္ဂိုလ်ဟာ ခန္ဓာကိုယ် ပျက်စီးပြီးသည်မှ နောက်ပိုင်း ချမ်းသာဟူသမျှ မြူငွေ့မှ မရှိတဲ့, မကောင်းမှုပြုသူ ဒုစရိုက်သမားတို့ရဲ့ လားရောက်ရာဖြစ်တဲ့ ငရဲသို့ ကျိန်းသေဧကန် ရောက်ရမယ်။ ဒါက သီလပျက်စီးခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးတရား ဘယ်နှစ်ပါးလဲ? ငါးပါးပဲ။ အလားတူပဲ။ မြတ်စွာဘုရားက သီလ ပြည့်စုံနိုင်ခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးတရား ငါးပါးကိုလည်း ဆက်ပြီးဟောတယ်။ နံပါတ် (၁) အကျိုးတရားက ဘာလဲ?

‘‘ဣဓ, ဘိက္ခဝေ, သီလဝါ သီလသမ္ပန္နော အပ္ပမာဒါဓိကရဏံ မဟန္တံ ဘောဂက္ခန္ဓံ အဓိဂစ္ဆတိ။’’

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ...ဣဓ၊ ဤလူ့လောက၌။ သီလဝါ၊ ကိုယ်ကျင့်သီလရှိသော။ သီလသမ္ပန္နော၊ ကိုယ်ကျင့်သီလနှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည်။ ...အပ္ပမာဒါဓိကရဏံ၊ ကုသိုလ်ကောင်းမှုတို့၌ မမေ့မလျော့ခြင်း၊ အပ္ပမာဒတရား ထင်ရှားရှိခြင်းတည်းဟူသော အကြောင်းတရားကြောင့်။ မဟန္တံ ဘောဂက္ခန္ဓံ၊ များစွာသော စည်းစိမ်ဥစ္စာအစုအပုံကို။ ...အဓိဂစ္ဆတိ၊ ရရှိတတ်ပေ၏၊

ကိုယ်ကျင့်သီလနဲ့ ပြည့်စုံနေတဲ့ပုဂ္ဂိုလ်ဟာ ကောင်းမှုကုသိုလ်မှာ ဘယ်တော့မှ မမေ့လျော့တော့ဘူး။ ကောင်းမှုကုသိုလ်တွေမှာ မမေ့လျော့ခြင်းဆိုတဲ့ အပ္ပမာဒတရား ထင်ရှားရှိနေတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ မဟန္တံ ဘောဂက္ခန္ဓံ = ကြီးကျယ်တဲ့ စည်းစိမ်ဥစ္စာ အစုအပုံတွေသည် လွယ်လွယ်လေးနဲ့ ရလာနိုင်တယ်။ အဲဒီအပိုင်းကို ပြီးတော့မှ ဘုန်းကြီး ထပ်ပြောမယ်နော်။ ဒါက နံပါတ် (၁) အကျိုးပဲ။ နောက်တစ်ခု -

‘‘ပုန စပရံ, ဘိက္ခဝေ, သီလဝတော သီလသမ္ပန္နဿ ကလျာဏော ကိတ္တိသဒ္ဒေါ အဗ္ဘုဂ္ဂစ္ဆတိ။’’

နံပါတ် (၂) အကျိုးကတော့ သီလရှိနေတဲ့ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ဩော်-ဒီပုဂ္ဂိုလ်ဟာ ဘယ်တော့မှ သူ့အသက်ကို မသတ်ဘူး။ ဘယ်တော့မှ သူ့ပစ္စည်း မတရား မယူတတ်ဘူး။ ဘယ်တော့မှ သူ့သားမယားကို မဖျက်စီးတတ်ဘူး။ ဘယ်တော့မှ မုသား မပြောဘူး။ ဘယ်တော့မှ သေရည်သေရက် မူးယစ်ဆေးဝါးတွေကို မမှီဝဲဘူး။ တကယ့် သူတော်ကောင်း ဖြစ်ပါပေတယ်ဆိုပြီးတော့ ကောင်းနေတဲ့ ကျော်စောသတင်းတွေ ပြန့်နှံ့ပြီး ထွက်နေတယ်။ ဒါက နံပါတ် (၂) ကိုယ်ကျင့်သီလနှင့် ပြည့်စုံခြင်းကြောင့် ရရှိနိုင်တဲ့အကျိုး။ နံပါတ် (၃) -

‘‘ပုန စပရံ, ဘိက္ခဝေ, သီလဝါ သီလသမ္ပန္နော ယညဒေဝ ပရိသံ ဥပသင်္ကမတိ – ယဒိ ခတ္တိယပရိသံ, ယဒိ ဗြာဟ္မဏပရိသံ, ယဒိ ဂဟပတိပရိသံ, ယဒိ သမဏပရိသံ – ဝိသာရဒေါ ဥပသင်္ကမတိ အမင်္ကုဘူတော။’’

ကိုယ်ကျင့်သီလနဲ့ ပြည့်စုံနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်က မင်းပရိသတ်, ပုဏ္ဏားပရိသတ်, ဂဟပတိ = သူကြွယ်ပရိသတ်, သမဏ = ရဟန်းပရိသတ်ဆိုတဲ့ ပရိသတ် လေးပါး။ ဘယ်ပရိသတ်ထဲသို့ပဲဖြစ်စေ ချဉ်းကပ်ပါ။ မကြောက်မရွံ့ ရဲရဲဝံ့ဝံ့နဲ့ စိတ်ထား ကြည်ကြည်လင်လင်, မျက်နှာ သာသာယာယာနဲ့ ချဉ်းကပ်ရဲတယ်။ ဒါက နံပါတ် (၃) အကျိုးတရားပဲ။ နောက်တစ်ခု - နံပါတ် (၄) အကျိုးတရားက ဘာလဲ?

‘‘ပုန စပရံ, ဘိက္ခဝေ, သီလဝါ သီလသမ္ပန္နော အသမ္မူဠှော ကာလံ ကရောတိ။’’

သီလရှိနေတဲ့ ပုဂ္ဂိုလ်တစ်ယောက် သေပြီဆိုလို့ရှိရင် မတွေမဝေ သေရတယ်။ ဘယ်တော့မှ တွေတွေဝေဝေနဲ့ မသေရဘူးတဲ့။ နောက်တစ်ခု - နံပါတ် (၅)။

‘‘ပုန စပရံ, ဘိက္ခဝေ, သီလဝါ သီလသမ္ပန္နော ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇတိ။’’

သီလရှိတဲ့ပုဂ္ဂိုလ် သေကျေ ပျက်စီးသွားပြီဆိုလို့ရှိရင်တော့ နတ်ပြည် နတ်လောကကို မိမိကလည်း လိုလားတောင့်တခဲ့မယ်ဆိုရင် ကျိန်းသေဧကန် ရောက်ရှိနိုင်တယ်။ ဒါက ကိုယ်ကျင့်သီလ ပြည့်စုံခြင်းတည်းဟူသော အကြောင်းကြောင့် ရရှိနိုင်တဲ့ အကျိုးတရားပဲ။ သို့သော် အဲဒီအကျိုးတရားတွေမှာ ကိုယ်ကျင့်သီလ ပြည့်စုံခြင်း, သဒ္ဓါတရားနှင့် ပြည့်စုံခြင်းဆိုတဲ့ ဒီအကျိုးတရား နှစ်ခုသက်သက်ကြောင့် ရသလားဆိုတော့ ရတာလည်း ရှိပါတယ်နော်။ သို့သော် အဲဒီ သဒ္ဓါတရားနှင့် ဒီကိုယ်ကျင့်သီလ ပြည့်စုံခြင်းဆိုတဲ့ အင်္ဂါရပ်နှစ်ခုမှာ နောက်ထပ် လိုအပ်တဲ့ ဖြည့်စွက်ချက်တစ်ခု မြတ်စွာဘုရား ထပ်ဟောထားပါတယ်။ အဲဒီ ဖြည့်စွက်ချက်တွေနဲ့ စုပေါင်းလိုက်မှ ဒီသီလကုသိုလ်က အကျိုးပေးတဲ့ အချိန်အခါမှာ အင်အား ပိုပြီးတော့ တောင့်တင်း ခိုင်မာသွားတယ်။ နောက်ထပ် အင်္ဂါရပ်တစ်ခုက ဘာလဲ?

‘‘သဒ္ဓေါ စ, ဘိက္ခဝေ, ဘိက္ခု ဟောတိ, နော စ သီလဝါ၊ ဧဝံ သော တေနင်္ဂေန အပရိပူရော ဟောတိ။’’

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ...ဘိက္ခု၊ ယောဂါဝစရ ရဟန်းတော်သည်။ သဒ္ဓေါ စ၊ ယုံကြည်ချက် သဒ္ဓါတရားနှင့် ပြည့်စုံသည်လည်း။ ဟောတိ၊ ဖြစ်၏၊ သီလဝါ စ၊ ကိုယ်ကျင့်သီလနှင့် ပြည့်စုံသည်လည်း။ ဟောတိ၊ ဖြစ်၏၊ ဗဟုဿုတော၊ အကြားအမြင် ဗဟုဿုတနှင့် ပြည့်စုံသည်ကား။ နော စ ဟောတိ၊ မဖြစ်ပေ။

ပုဂ္ဂိုလ်တစ်ယောက် ကြည့်လိုက်တဲ့ အချိန်အခါမှာ နံပါတ် (၁) သဒ္ဓါတရားနှင့် ပြည့်စုံပြီ။ နံပါတ် (၂) ကိုယ်ကျင့်သီလလည်း ပြည့်စုံပြီ။ ဒါပေမယ့် ဗဟုဿုတ မပြည့်စုံဘူးတဲ့။ အကြားအမြင်ဗဟုဿုတ သူ့မှာ မရှိဘူး။ အဲဒီတော့ ဒီ ဗဟုဿုတဆိုတာက ဘာပြောတာလဲလို့ မေးတော့ –

‘‘ဣဓ ဘိက္ခဝေ အရိယသာဝကော ဗဟုဿုတော ဟောတိ သုတဓရော သုတသန္နိစယော၊ ယေ တေ ဓမ္မာ အာဒိကလျာဏာ မဇ္ဈေကလျာဏာ ပရိယောသာနကလျာဏာ သာတ္ထံ သဗျဉ္ဇနံ ကေဝလပရိပုဏ္ဏံ ပရိသုဒ္ဓံ ဗြဟ္မစရိယံ အဘိဝဒန္တိ၊ တထာရူပါဿ ဓမ္မာ ဗဟုဿုတာ ဟောန္တိ ဓာတာ ဝစသာ ပရိစိတာ မနသာနုပေက္ခိတာ ဒိဋ္ဌိယာ သုပ္ပဋိဝိဒ္ဓါ။ ဣဒံ ဝုစ္စတိ ဘိက္ခဝေ သုတဓနံ။’’ (အံ၊၂၊၃၉၉။)

ဗဟုဿုတဆိုတဲ့ သူတော်ကောင်းဥစ္စာနှင့် ပတ်သက်ပြီး မြတ်စွာဘုရား ဟောထားတယ်နော်။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ ဣဓ၊ ဤသာသနာတော်မြတ် အတွင်း၌။ အရိယသာဝကော၊ အရိယာသာဝကသည် (ဝါ) အရိယာဖြစ်တော်မူသော ငါဘုရားရှင်၏ တပည့်သာဝကသည်။ ဗဟုဿုတော၊ များသောအကြားအမြင် ဗဟုဿုတ ရှိသည်။ ဟောတိ၊ ဖြစ်၏၊ သုတဓရော၊ အကြားအမြင်ကို ဆောင်ထားနိုင်သည်။ သုတသန္နိစယော၊ အကြားအမြင်ကို ဆည်းပူး၍ ထားနိုင်သည်။ ဟောတိ၊ ဖြစ်၏၊ အာဒိကလျာဏာ၊ သီလကျင့်စဉ်ဟု ခေါ်ဆိုအပ်သော အစ၏ ကောင်းခြင်းနှင့်လည်း ပြည့်စုံကြကုန်သော။ မဇ္ဈေကလျာဏာ၊ သမာဓိကျင့်စဉ်ဟု ခေါ်ဆိုအပ်သော အလယ်၏ ကောင်းခြင်းနှင့်လည်း ပြည့်စုံကြကုန်သော။ ပရိယောသာနကလျာဏာ၊ ပညာကျင့်စဉ်ဟု ခေါ်ဆိုအပ်သော အဆုံး၏ ကောင်းခြင်းနှင့်လည်း ပြည့်စုံကြကုန်သော။ သာတ္ထံ၊ အနက်နှင့် ပြည့်စုံသော။ သဗျဉ္ဇနံ၊ သဒ္ဒါနှင့် ပြည့်စုံသော။ ကေဝလပရိပုဏ္ဏံ၊ ထက်ဝန်းကျင် ပြည့်စုံလျက်ရှိသော။ ပရိသုဒ္ဓံ၊ ဖြူစင် သန့်ရှင်းလျက်ရှိသော။ ဗြဟ္မစရိယံ၊ သာသနာ့ဗြဟ္မစရိယ မဂ္ဂဗြဟ္မစရိယဟု ခေါ်ဆိုအပ်သော မြတ်သောအကျင့်ကို။ ယေ တေ ဓမ္မာ၊ အကြင်တရားတို့သည်ကား။ အဘိဝဒန္တိ၊ ဟောဖော်ပြသ၍ နေကြလေကုန်၏၊ အဿ၊ ထိုယောဂါဝစရ ရဟန်းတော်အား။ တထာရူပါဿ ဓမ္မာ၊ ထိုကဲ့သို့သော တရားတို့သည်။ ဗဟုဿုတာ၊ များသော အကြားအမြင် ဗဟုဿုတ ရှိကုန်သည်။ ဟောန္တိ၊ ဖြစ်ကြလေကုန်၏၊ ဓာတာ၊ နှုတ်ဖြင့် ဆောင်ထားအပ်ကုန်သည်။ ဝစသာ ပရိစိတာ၊ နှုတ်ဖြင့် လေ့ကျက်၍ ထားအပ်ကုန်သည်။ မနသာနုပေက္ခိတာ၊ စိတ်ဖြင့် အဖန်ဖန် အထပ်ထပ် စေ့စေ့ငုငု ကြည့်ရှု၍ ထားအပ်ကုန်သည်။ ဒိဋ္ဌိယာ သုပ္ပဋိဝိဒ္ဓါ၊ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက် သိမြင် အပ်ပြီးကုန်သည်။ ဟောန္တိ၊ ဖြစ်ကြလေကုန်၏၊

ဒီအင်္ဂါရပ်ကလေးတစ်ခု ဟောထားတယ်။ ဒီတော့ မြတ်စွာဘုရား ဟောထားတဲ့ ပိဋကတ် သုံးပုံ အကုန်တတ်ရမယ်လို့တော့ မဆိုလိုပါဘူး။ ဒီပိဋကတ် သုံးပုံမှာ ဘုရားရှင်က သီလကျင့်စဉ်ပိုင်းတွေ ဟောထားတယ်။ အစ၏ကောင်းခြင်းလို့ ခေါ်ဆိုအပ်တဲ့ သီလကျင့်စဉ်ပိုင်းတွေ ဟောထားရင် မိမိဖြည့်ကျင့်ရမယ့် သီလဟာ ဘာတွေဖြစ်တယ်ဆိုတာကိုတော့ စနစ်တကျ သိထားဖို့ လိုတယ်။ ရဟန်းတော်ဖြစ်ရင် ရဟန်းတော်ပိုင်းဆိုင်ရာ ဝိနည်းသီလတွေကို စနစ်တကျ ကျွမ်းကျွမ်းကျင်ကျင် သိရှိဖို့တော့ လိုတယ်။ ကျွမ်းကျင်ရုံနဲ့ ပြီးမလားဆိုတော့ မဟုတ်ပါဘူး။ စနစ်တကျ ကျင့်ထားပြီး ဖြစ်ရမယ်နော်။

အလယ်၏ ကောင်းခြင်းလို့ ခေါ်ဆိုအပ်တဲ့ သမာဓိကျင့်စဉ်ပိုင်း ကြည့်မယ်ဆိုရင် မိမိကျင့်နေရမယ့် သမာဓိကျင့်စဉ်နဲ့ ပတ်သက်ပြီး မိမိမှာ စနစ်တကျ ဗဟုဿုတ ရှိထားပြီး ဖြစ်ဖို့လိုတယ်။ ဗဟုဿုတ ရှိရုံတွင်လားဆိုတော့ အဲဒီ ဗဟုဿုတမှာ နှစ်မျိုးပါနော်။ အာဂမသုတခေါ်တဲ့ သင်သိ။ အဓိဂမသုတခေါ်တဲ့ ကျင့်သိ။ ဒီအသိ နှစ်မျိုးရှိရမယ်လို့ ဆိုလိုပါတယ်နော်။

သီလတွေကို ဗဟုဿုတ ရှိရမယ်ဆိုတာက သင်သိအနေနဲ့လည်း ဗဟုဿုတရှိရမယ်။ ကျင့်သိအနေနဲ့လည်း လက်တွေ့ကျင့်နေရမယ်။ သမာဓိမှာ ဗဟုဿုတရှိတယ်ဆိုတာ သမာဓိပိုင်းဆိုင်ရာ ကျင့်စဉ်တွေကိုလည်း မိမိက ကျွမ်းကျွမ်းကျင်ကျင် သင်ထားရမယ်။ လက်တွေ့လည်း ကျင့်လို့ အောင်မြင်မှု ရရှိထားပြီး ဖြစ်ရမယ်။

ဒုတိယပိုင်း

နောက်တစ်ခု ပရိယောသာနကလျာဏခေါ်တဲ့ အဆုံး၏ ကောင်းခြင်း ဆိုတာကတော့ ပညာကျင့်စဉ် ဖြစ်ပါတယ်။ ဝိပဿနာပညာ, မဂ်ပညာတွေကို ဘုရားရှင်က ရည်ညွှန်းထားတယ်။ ဒီတော့ အဆုံး၏ကောင်းခြင်းလို့ ခေါ်ဆိုအပ်တဲ့ ပညာကျင့်စဉ်မှာလည်း သင်သိအနေနဲ့ သိရမယ်၊ ကျင့်သိအနေနဲ့လည်း သိရမယ်။ ရုပ်ကို ဘယ်လိုရှုရမယ်, နာမ်တွေကို ဘယ်လိုရှုရမယ်, အကြောင်းတရား, အကျိုးတရားတွေကို ဘယ်လိုသိမ်းဆည်းရမယ်, အကြောင်းတရားနှင့်တကွ ဒီရုပ်နာမ်တွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး သုံးတန်တင်ပြီး ဘယ်လို ရှုရမယ်ဆိုတာတွေကို စနစ်တကျ ပထမ ဆရာသမားထံမှာ သင်ယူရပါတယ်။ အဲဒီလို သင်ယူပြီးတဲ့ အချိန်အခါကျတော့မှ မိမိက ဘာလုပ်ရလဲ? ဓာတံ၊ ဒီသင်ယူထားတာတွေကို နှုတ်ငုံဆောင်ထားရတယ်။ ဝစသာ ပရိစိတံ၊ နှုတ်ဖြင့် အလွတ်ရအောင် လေ့ကျက်ထားရတယ်။ အလွတ်ရရုံနဲ့ ပြီးပလားဆိုတော့ မပြီးသေးဘူး။ မနသာ နုပက္ခိတာ၊ စိတ်ဖြင့် အဖန်ဖန် အထပ်ထပ် စေ့စေ့ငုငု ကြည့်ရှုဆင်ခြင် သုံးသပ်ရတယ်။

ပုံစံလေး ဘုန်းကြီးပြောမယ်နော်။ ဒီဌာနမှာ ဆိုကြပါစို့။ သမာဓိပိုင်းကတော့ သမာဓိစခန်းအားလျော်စွာ အာနာပါန ဘယ်လို ရှုရမယ်ဆိုတာ ဘုန်းကြီးတို့က သင်ပေးလိုက်တယ်။ လက်တွေ့ ယောဂီရှုဖို့ မလိုဘူးလား? လိုအပ်တယ်နော်။ အဲဒီတော့ ဝင်လေ ထွက်လေကို ထိနေတဲ့ နေရာကနေ စောင့်ပြီး ရှုပါ။ သင်ပေးလိုက်တယ်။ သင်ပေးတဲ့အတိုင်း ယောဂီက လက်တွေ့ ရှုတတ်ဖို့လိုတယ်။ စိတ်က ငြိမ်လာပြီဆိုရင် အရှည် အတို ဘယ်လိုရှုရမယ်၊ ထိတဲ့နေရာက စောင့်ပြီး ရှည်မှု တိုမှု သိအောင်ရှုပါ။ သင်ပေးလိုက်တယ်။ ရှုတတ်ဖို့လိုတယ်။ အရှည် အတိုမှာ စိတ်က ခိုင်မြဲလာပြီဆိုလို့ရှိရင် အစ အဆုံးကို ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် သိအောင်ရှုရမယ်လို့ သင်ပေးလိုက်တယ်။ ဝင်လေ ထွက်လေ ထိတဲ့နေရာက စပြီးတော့ စဝင်တာကနေ ဆုံးတဲ့အထိ၊ စထွက်တာကနေ ဆုံးတဲ့အထိ ရှည်ချင် ရှည်ပါစေ, တိုချင်တိုပါစေ။ အကုန်လုံး တောက်လျှောက်သိအောင် ရှုဖို့ သင်ပေးလိုက်တယ်။ သင်တဲ့အတိုင်းလည်း ရှုတတ်ဖို့ လိုအပ်တယ်နော်။ အဲဒီလို ရှုတတ်ပြီးတဲ့အခါ သမာဓိက ထူထောင်လာပြီ။ အောင်မြင်လာပြီ။ အောင်မြင်လို့ တစ်နာရီ နှစ်နာရီ စသည်ဖြင့် ဒီဝင်လေ ထွက်လေအာရုံမှာ စိတ်က ငြိမ်ဝပ်စွာ ကပ်ပြီး တည်လာပြီဆိုလို့ရှိရင်တော့ ဘာလုပ်ရသလဲ? ယောဂီပုဂ္ဂိုလ်က ဒီလေလေးကို သိမ်မွေ့စေရမယ်ဆိုတဲ့ နှလုံးသွင်း အာဘောဂဖြင့် ဒီထိတဲ့နေရာက စောင့်ပြီး ဝင်လေ ထွက်လေလေးကို စိုက်ပြီး ကြည့်နေဖို့ လိုတယ်။ အဲဒီလို ကြည့်လိုက်တဲ့ အချိန်အခါမှာ လေလေးက သိမ်မွေ့သထက် သိမ်မွေ့လာပြီဆိုလို့ရှိရင် သိမ်မွေ့နေတဲ့ လေမှာ ငြိမ်သထက် ငြိမ်ဝပ်စွာကပ်ပြီး ဘာဝနာသမာဓိကို ကပ်ပြီး တည်နေအောင် အားကောင်းသောသတိဖြင့် ကြိုးစားလိုက်တဲ့ အချိန်အခါမှာ နိမိတ် စပေါ်တတ်တယ်။ နိမိတ် ဘယ်လိုပေါ်တယ်ဆိုတာလည်း ဆရာသမားထံမှာ သင်ယူတယ်။ နိမိတ် ပေါ်လာပြီဆိုလို့ရှိရင်လည်း ဒီနိမိတ် အပေါ်မှာ ဘာဝနာသမာဓိကို ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရမယ်ဆိုတာ ဆရာသမားဆီမှာ သင်ယူရပါတယ်။ သင်ယူထားတဲ့အတိုင်းလည်း လက်တွေ့ ပေါ်လာတဲ့ နိမိတ်အပေါ်မှာ ဘာဝနာသမာဓိက ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် ကြိုးစားရတယ်။ အဲဒီလို ကြိုးစားလိုက်လို့ အောင်မြင်မှုရပြီဆိုရင် ဒါ သင်သိ, ကျင့်သိ နှစ်ခု တွဲသွားပြီ။

အောင်မြင်မှုရလာတဲ့ အချိန်အခါမှာ ဒီနိမိတ်သည် မီးခိုးရောင်။ မီးခိုးရောင်ကနေ အဖြူရောင်။ အဖြူရောင်ကနေပြီးတော့ သောကြာကြယ်ကဲ့သို့ အလွန် ကြည်လင်တောက်ပနေတဲ့အရောင်သို့ တဖြည်းဖြည်း ပြောင်းသွားလိမ့်မယ်။ အလွန်ကြည်လင်တောက်ပနေတဲ့ နိမိတ်ကိုတော့ ပဋိဘာဂနိမိတ်လို့ ခေါ်ပါတယ်။ ထိုပဋိဘာဂနိမိတ်အာရုံမှာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာကပ်ပြီး တည်နေအောင် တစ်နာရီ နှစ်နာရီ စသည်ဖြင့် ကပ်ပြီး ထားနိုင်ပြီဆိုရင်တော့ စျာန်ကူးလို့ရပြီ။

အဲဒီအချိန်အခါမှာ စျာန်အင်္ဂါတွေက ဘာတွေလဲ? ဝိတက်, ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာ ဒါဆရာသမားထံမှာ သင်ရတယ်။ ဝိတက်၊ အာနာပါန ပဋိဘာဂနိမိတ် အာရုံပေါ်သို့ စိတ်ကို ရှေးရှုတင်ပေးခြင်းသဘော။ ဝိစာရ၊ အာနာပါနပဋိဘာဂနိမိတ်အာရုံကို သုံးသပ်ဆင်ခြင်ခြင်းသဘော။ ပီတိ၊ အာနာပါနပဋိဘာဂနိမိတ်အာရုံကို နှစ်သက်နေခြင်းသဘော။ သုခ၊ အာနာပါနပဋိဘာဂနိမိတ်အာရုံ၏ အရသာကိုချမ်းချမ်းသာသာ ခံစားနေခြင်းသဘော။ ဧကဂ္ဂတာ၊ အာနာပါနပဋိဘာဂနိမိတ်အာရုံ တစ်ခုတည်းပေါ်သို့ စိတ်ကျရောက် တည်ငြိမ်နေခြင်းသဘော စသည်ဖြင့် ဒီငါးခု ဆရာသမားထံမှာ သင်လိုက်ပါ။ ရအောင်သင်ပြီ၊ ဓာတာ၊ နှုတ်နဲ့ ဆောင်ထားတယ်။ ဝစသာ ပရိစိတာ၊ အလွတ်ရအောင် ကျက်ထားတယ်။ ကျက်ပြီးတဲ့ အချိန်အခါကျတော့ နံပါတ် သုံး ဘာလိုလဲ? မနသာ နုပက္ခိတာ၊ ဒီစျာန်အင်္ဂါ ငါးပါးကို မိမိက စိတ်နဲ့ စေ့စေ့ငုငု ကြည့်ရှုဆင်ခြင် သုံးသပ် ရှုပွားတတ်ဖို့ မလိုဘူးလား? လိုအပ်တယ်။

အဲဒီလို ရှုလိုက်တဲ့ အချိန်အခါမှာ စိတ်ကတော့ စိုက်ကြည့်တယ်။ မမြင်ဘူးဆိုလို့ရှိရင် ဟန်ကျပါ့မလား? ဟန်မကျဘူး။ ဟန်မကျတဲ့အတွက်။ နောက်တစ်ခု၊ ဘုရားရှင်က ဒိဋ္ဌိယာ သုပ္ပဋိဝိဒ္ဓါ၊ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိတဲ့ အဆင့်အထိ ကြိုးစားပါ။ အဲဒီလို ကြိုးစားရင် သင်ချစ်သားတို့, သင်ချစ်သမီးတို့ရဲ့ သန္တာန်မှာ ဗဟုဿုတဆိုတဲ့ အင်္ဂါရပ်နဲ့ ပြည့်စုံလိမ့်မယ်။ ဒီလို ဟောထားတယ်။ ဒါကတော့ သမထပိုင်းနော်။

အဲဒီကနေပြီးတော့ ဒုတိယစျာန်, တတိယစျာန်, စတုတ္ထစျာန် ဘယ်လို ကူးရမယ်ဆိုတာ ဆရာသမားတို့က စနစ်တကျ သင်ပေးတယ်။ သင်ထားတာကို စနစ်တကျ မှတ်မိအောင် လေ့ကျင့်ရတယ်။ လေ့ကျင့်ပြီး လက်တွေ့ကျင့်ရတယ်။ အဲဒီလို သင်သိ ကျင့်သိနဲ့ သွားတတ်ရာကနေပြီးတော့ ဝိပဿနာကူးတော့မယ်ဆိုရင်တော့ ဆရာသမားက ဓာတ်ကြီးလေးပါး စသင်ပေးပြီ။

ကဲ တွန်းတာလေး ဘယ်လိုရှု။ ဝင်လေထွက်လေ ဝင်ရင် အထဲမှာ လေလေး တွန်းဝင်သွားတဲ့သဘော။ ထွက်လို့ရှိရင် လေလေးတွန်းနေတဲ့သဘော။ အဲဒီ တွန်းကန်နေတဲ့ သဘောလေးကနေစပြီး တွန်းနေတဲ့သဘော, တွန်းကန်တဲ့သဘော တစ်ကိုယ်လုံး မြင်ကြည့်ပါ သင်ပေးလိုက်တယ်။ ရှုတတ်ပြီ။ ဒီလိုဆိုရင် သင်သိ ကျင့်သိ နှစ်ခု ရသွားပြီ။

အဲ မာတာကို ဘယ်လိုရှုရမယ်။ ကြမ်းတာဘယ်လို ရှုရမယ်။ လေးတာဘယ်လို ရှုရမယ်။ ဆရာသမားနဲ့ သင်ရတယ်။ ရှုတတ်အောင် လေ့ကျင့်ရတယ်။ မာ, ကြမ်း, လေး, ပျော့, ချော, ပေါ့, ယိုစီး, ဖွဲ့စည်း, ပူ, အေး, ထောက်, တွန်းဆိုတဲ့ ဒီသဘောတရား တစ်ဆယ့်နှစ်မျိုး၊ ဓာတ်ကြီးလေးပါးကို စနစ်တကျ ရှုတတ်အောင် လေ့ကျင့်ရတယ်။ အဲဒီလို လေ့ကျင့်လိုက်တဲ့ အချိန်အခါမှာ ဆရာသမားထံမှာ ပထမ သင်ယူတယ်။ သင်ယူထားတဲ့ဥစ္စာကို ဆရာသမားက မာတာ ဘယ်လိုရှုရမယ်။ ကြမ်းတာ ဘယ်လိုရှုရမယ်။ လေးတာဘယ်လို ရှုရမယ် သင်ပေးပြီ။ သင်ပေးတာလေး မှတ်မိဖို့တော့ မလိုဘူးလား? ဘယ့်နှယ်တုန်း ယောဂီတွေ မှတ်မိဖို့ မလိုဘူးလား? လိုအပ်တယ်။ အဲဒါလေး မမှတ်မိဘူး။ ရှုတတ်ပါ့မလား? ရှုတတ်ဖို့ မလွယ်ဘူးနော်။ ဒါကြောင့် ဓာတာ၊ နှုတ်နဲ့ဆောင်ထားနိုင်ရမယ်။ ဆောင်ထားရုံလောက်နဲ့ ပြီးပြီလားဆိုတော့ ဝစသာ ပရိစိတာ၊ နှုတ်နဲ့ကျကျနန ကျေပွန်အောင် လေ့ကျင့်ထားရမယ်။ လေ့ကျင့်ပြီးတဲ့ အချိန်အခါမှာ ဒီ မာ, ကြမ်း, လေး, ပျော့, ချော, ပေါ့, ယိုစီး, ဖွဲ့စည်း, ပူ, အေး, ထောက်, တွန်းဆိုတဲ့ ဒီသဘောတရားလေးတွေကို စိတ်နဲ့ စေ့စေ့ငုငု ခန္ဓာအိမ်ထဲမှာ တစ်လုံးပြီး တစ်လုံး မြင်အောင် ရှုရတယ်။

ရှုလိုက်တဲ့အချိန်အခါမှာ မိမိက မြင်ပြီဆိုလိ့ုရှိရင်တော့ ဘာဖြစ်လဲ? ဒိဋ္ဌိယာ သုပ္ပဋိဝိဒ္ဓါ၊ သမ္မာဒိဋ္ဌိ ဉာဏ်ပညာနဲ့ ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိပြီ။ ဒီအဆင့်ရောက်တယ်။ အဲဒီ ဒိဋ္ဌိယာ သုပ္ပဋိဝိဒ္ဓါဆိုတဲ့ စကားကို -

‘‘ဒိဋ္ဌိယာ သုပ္ပဋိဝိဒ္ဓါတိ အတ္ထတော စ ကာရဏတော စ ပညာယ သုဋ္ဌု ပဋိဝိဒ္ဓါ ပစ္စက္ခံ ကတာ။’’ (အံ၊ဋ္ဌ၊၂၊၃၆၄။)

အတ္ထတော စ၊ အတ္ထခေါ်တဲ့ တရားကိုယ်အနက်သဘောအားဖြင့်လည်းကောင်း၊ ကာရဏတော စ၊ ကာရဏခေါ်တဲ့ အကြောင်းတရားအားဖြင့်လည်းကောင်း၊ ပညာယ၊ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့်၊ သုဋ္ဌု ပဋိဝိဒ္ဓါ၊ ကောင်းစွာ ထွင်းဖောက်၍ သိအပ်သည်၊ ပစ္စက္ခံ ကတာ၊ ကိုယ်တိုင်မျက်မှောက် ပြုအပ်သည်၊ (ဟောတိ = ဖြစ်၏)။ ဒီနှစ်မျိုးအားဖြင့် သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိတာကို ဆိုလိုပါတယ်ဆိုပြီးတော့ အဋ္ဌကထာက ပွင့်ပွင့်လင်းလင်း ရှင်းထားတယ်။ ဆရာသမားအပြောနဲ့ လွမ်းနေရမယ့် အဆင့်မျိုး ဟုတ်သလား? မဟုတ်ဘူးနော်။

ဒီတော့ ရုပ်တွေကို ဘယ်လိုရှုရမယ်။ နာမ်တွေကို ဘယ်လိုရှုရမယ်။ အကြောင်းတရား အကျိုးတရားတွေကို ဘယ်လိုရှုရမယ်ဆိုတာ ဆရာသမားနဲ့ ပထမ သင်ရတယ်။ သင်ပြီးတဲ့ အချိန်အခါမှာ သင်လိုက်တဲ့အတိုင်း ဆရာသမားထံမှ ဒီရုပ်နာမ် ကြောင်းကျိုး သင်္ခါရတရားတွေကို စနစ်တကျ ရှုတတ်ပြီ။ ရုပ်နာမ် ကြောင်းကျိုးသင်္ခါရတရားတို့ရဲ့ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်လည်း အထိုက်အလျောက်မြင်ပြီ။ အဲဒီအဆင့်ကို ဘုရားရှင်က ရည်ညွှန်းထားတယ်နော်။

ရည်ညွှန်းထားလိုက်တော့ ပုဂ္ဂိုလ်တစ်ယောက်က ယုံကြည်ချက် သဒ္ဓါတရားလည်းရှိပြီ။ ကိုယ်ကျင့်သီလကလည်း ပြည့်စုံပြီ။ ဒါပေမယ့် ဒီလို ဗဟုဿုတခေါ်တဲ့ အဆင့် အကြားအမြင် ဗဟုသုတနဲ့ ပြည့်စုံတဲ့အဆင့်အထိ မကြိုးစားထားဘူးဆိုလို့ရှိရင် ထိုပုဂ္ဂိုလ်မှာ ဘာဖြစ်လဲ? ဗဟုဿုတခေါ်တဲ့ အကြားအမြင် ဗဟုဿုတဆိုတဲ့ အင်္ဂါရပ်တစ်ခုတော့ ချို့တဲ့နေပြီ။ ချို့တဲ့နေတဲ့အတွက် ဘုရားရှင်နှစ်ခြိုက်တဲ့, ဘုရားရှင်အလိုကျတဲ့ တပည့်သာဝကတစ်ဦး ဖြစ်လာပြီလား? မဖြစ်ဘူးနော်။ ဒါပေမယ့် ပုဂ္ဂိုလ်က တစ်ဆင့်တက်ပြီးတော့ သူက သဒ္ဓါတရားရှိတော့ ကြိုးစားလိုက်တယ်။ ကြိုးစားလိုက်တဲ့ အချိန်အခါကျတော့ ဘာဖြစ်လဲ?

‘‘တေန တံ အင်္ဂံ ပရိပူရေတဗ္ဗံ’’

တေန၊ ထိုပုဂ္ဂိုလ်သည်။ တံ အင်္ဂံ၊ ထိုဗဟုဿုတအင်္ဂါရပ်ကို။ ပရိပူရေတဗ္ဗံ၊ ပြည့်စုံအောင် ဖြည့်ကျင့်အပ်၏။

မိမိက ကိုယ်ကျင့်သီလ ရှိနေပြီ။ သဒ္ဓါတရားကလည်း ရှိပြီ။ ကိုယ်ကျင့်သီလကလည်း ရှိပြီ။ ဗဟုဿုတက မရှိသေးတဲ့အတွက် ငါသည် ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ဒီဗဟုဿုတအင်္ဂါရပ်တွေနဲ့ ပြည့်စုံအောင် ငါ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရပါ့မလဲဆိုပြီးတော့ ဒီလို နှလုံးပိုက်ပြီးတော့ တကယ်လက်တွေ့ ဆရာသမားနဲ့ ချဉ်းကပ်ပြီးတော့ သင်သိ ကျင့်သိဆိုတဲ့ ဗဟုဿုတတွေ ရရှိအောင် လက်တွေ့ကျင့်လိုက်တယ်။ ကျင့်လိုက်တဲ့ အချိန်အခါမှာ ရုပ်တွေ နာမ်တွေ ဟုတ်တိုင်းမှန်စွာ သိပြီ။ အကြောင်းတရား အကျိုးတရားလည်း ဟုတ်တိုင်းမှန်စွာ သိပြီ။ အကြောင်းတရားနှင့်တကွ ဒီရုပ်နာမ်တို့ရဲ့ အနိစ္စသဘော, ဒုက္ခသဘော, အနတ္တသဘောလည်း အထိုက်အလျောက် အနည်းအကျဉ်းတော့ သိပြီ။ အဲဒီလို သိလာတဲ့ အချိန်အခါမှာပေါ့နော်။ ပုဂ္ဂိုလ်တစ်ယောက်သည် မတော်တဆ မဂ်, ဖိုလ်, နိဗ္ဗာန် မရသေးဘဲနဲ့ ဘဝတစ်ခုကို အဆုံးသတ်ရတယ်ပဲ ထားပါတော့။ အဲဒီအပိုင်းလေးကို ဘုန်းကြီးက ပြောချင်တာနော်။ အဆုံးသတ်လိုက်တဲ့ အချိန်အခါမှာ ထိုပုဂ္ဂိုလ်မှာ ကိုယ်ကျင့်သီလက စင်ကြယ်နေပြီ။ သဒ္ဓါတရားကလည်း ထင်ရှားရှိနေပြီ။ အကြားအမြင် ဗဟုဿုတအင်္ဂါရပ်တွေနဲ့ကလည်း စုံညီနေပြီ။ အဲဒီလို စုံညီနေတဲ့အတွက် ဒီပုဂ္ဂိုလ်တစ်ယောက်ရဲ့ လားရာဂတိကို ဘုရားရှင်က သေတဲ့ အချိန်အခါမှာ အသမ္မုဠှမရဏ မတွေမဝေသေရမယ်။

မတွေမဝေ သေရတဲ့အတွက် သေပြီတဲ့ နောက်ပိုင်းကာလ ရောက်ခဲ့မယ်ဆိုလို့ရှိရင်လည်း นတ်ရွာသုဂတိကို ကျိန်းသေဧကန် မိမိကလည်း လိုလားတောင့်တခဲ့ရင် ရောက်နိုင်တယ်လို့ ဒီလို ဘုရားရှင်က ဟောတာ။ ဟောလိုက်တဲ့အတိုင်း မှန်ပါသလားလို့ ဒီလိုတော့ ပြန်ပြီး ဆန်းစစ်စရာ လိုပါတယ်နော်။ အဲဒီအတိုင်း မှန်ပါတယ်ဆိုတာနဲ့ ပတ်သက်လို့ ဘုန်းကြီး ထုံးလေးတစ်ခု ထောက်ပြပါ့မယ်။ ခဏခဏတော့ ဟောဖူးပါတယ်နော်။ နာဖူးထပ်မံပေါ့။

ဘုန်းကြီးက ဒီ ပဉ္စသီလသမာဒါနိယမထေရ်ဆိုပြီးတော့ နာမည်တတ်ပြီးတော့ ဦးပဉ္စင်းတို့ အပါဒါန်ပါဠိတော်များမှာ မှတ်တမ်းတင်ထားပါတယ်။ ဒီမထေရ်အလောင်းအလျာလေးကို ဘုန်းကြီးကတော့ သိပ်ပြီး ကြည်ညိုတယ်။ ဘုန်းကြီးတို့ သာသနာတော်အတွင်းမှာ ငါးနှစ်သားမှာ ရဟန္တာဖြစ်တဲ့ ပုဂ္ဂိုလ်ဆိုတာ ဒီတစ်ပါးပဲ တွေ့ဖူးပါတယ်နော်။

အဲဒီတော့ ဒီပုဂ္ဂိုလ်ဟာ သူက ဘယ်လို ဒီလောက်တောင် ပါရမီမျိုးစေ့တွေကို အဆင့်အတန်းမြင့်မြင့် ငါးနှစ်သား အရွယ်မှာ ရဟန္တာဖြစ်သည့်တိုင်အောင် ဘယ်လိုထူထောင်ခဲ့သလဲ? ပြန်ပြီး ဆန်းစစ်ကြည့်လိုက်တဲ့အခါ ဒီကမ္ဘာကနေ ပြန်ပြီး ရေတွက်လိုက်တဲ့ အချိန်အခါမှာ တစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်းထက်က လောကမှာ အနောမဒဿီမြတ်စွာဘုရား ပွင့်ထွန်းတော်မူခဲ့ပါတယ်။ ထိုအနောမဒဿီမြတ်စွာဘုရား သာသနာတော်တွင်းမှာပဲ ဘုန်းကြီးတို့ရဲ့ သာသနာတော်မှာ နေလိုလလို ထင်ရှားနေတဲ့ အရှင်သာရိပုတ္တရာနဲ့ အရှင်မဟာမောဂ္ဂလာန်တို့ လက်ယာရံ, လက်ဝဲရံ အဂ္ဂသာဝက ဖြစ်လိုကြောင်း ဆုထူးပန်ထွာကြပါတယ်။ နိယတဗျာဒိတ် စတင်ပြီး ရရှိခဲ့တဲ့ ဘုရားပဲနော်။

အဲဒီအနောမဒဿီဘုရားရှင်ရဲ့ သာသနာတော်မှာ ဒီပုဂ္ဂိုလ်နှစ်ဦးက နိယတဗျာဒိတ်ပန်းကို ဆင်မြန်းခဲ့ရတဲ့ သူတော်ကောင်းနှစ်ဦး ဖြစ်ကြပါတယ်။ အဲဒီ အနောမဒဿီမြတ်စွာဘုရားရှင်မှာလည်း ရှင်သာရိပုတ္တရာကဲ့သို့ အရှင်နိသဘလို့ခေါ်ဆိုအပ်တဲ့ လက်ယာရံ အဂ္ဂသာဝကတစ်ပါးလည်း ရှိပါတယ်။ ရှိတော့ ဒီပဉ္စသီလသမာဒါနိယမထေရ်လို့ အမည်တွင်နေတဲ့ ဒီအမျိုးကောင်းသားလေးရဲ့ အလောင်းအလျာက ထိုအချိန်အခါမှာ ဘာဖြစ်နေသလဲဆိုတော့ အလွန် ဆင်းရဲတယ်။ ဆင်းရဲတယ်ဆိုတဲ့အခါကျတော့ သူတစ်ပါးအိမ်မှာ လူငှားလုပ်ပြီးတော့ သူက အသက်မွေးရတယ်။ သူတစ်ပါးအိမ်ကို မှီခိုခယပြီးတော့ အသက်မွေးရတယ်။

ဘုရားကလည်း လူတို့ရဲ့ သက်တမ်း အနှစ်တစ်သိန်းတမ်းမှာ ပွင့်ထွန်းနေပါတယ်။ အနှစ်တစ်သိန်းတမ်းမှာ ပွင့်ထွန်းနေပေမယ့်လို့ အဆင့်အတန်းမှီနေတဲ့ ချမ်းသာကြွယ်ဝတဲ့ ပုဂ္ဂိုလ်တစ်ဦး မဖြစ်ရဘဲ၊ သူတစ်ပါးကို မှီခိုခစားပြီးတော့၊ ကပ်ရပ်ပြီးတော့ အသက်မွေးနေရတဲ့ အင်မတန်ဆင်းရဲ နွမ်းပါးတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်နေရတော့ သူက တစ်နေ့ စဉ်းစားတယ်။ “ငါသည် အတိတ် သံသရာတစ်လျှောက်က အားကိုးထိုက်တဲ့ ကောင်းမှုကုသိုလ်တစ်ခု မပြုခဲ့မိတဲ့အတွက် ဒီဘဝမှာ သူတစ်ပါးကို မှီခိုကပ်ရပ်ပြီးတော့ ငါအသက်မွေးနေရတယ်။ ဥပုသ်နေ့တွေ ကြည့်လိုက်။ ပန်းတွေ လက်ဆွဲပြီးတော့, ဆီမီးတွေ လက်ဆွဲပြီးတော့, ဆွမ်းတွေ လက်ဆွဲပြီးတော့ ကျောင်းကန်ဘုရား သွားကြတယ်။ သူတစ်ပါးတွေ ကျောင်းကန်ဘုရား သွားသလို ငါဟာ မသွားနိုင်ဘူး။ ငါဘဝဟာ အင်မတန် ဆင်းရဲနေပြီ။ အားကိုးထိုက်တဲ့ ကောင်းမှုကုသိုလ်တစ်ခုကို ဒီဘဝမှာ ငါမဆည်းဖူးခဲ့ဘူးဆိုရင်တော့ နောက်ထပ် အပါယ်သံသရာခရီးကြီးက ငါ့ကို ဆီးကြိုနေမှာပဲ။ ဒီတော့ ဒီဘုရားရှင်ရဲ့ သာသနာတော်နဲ့ တွေ့ကြုံခိုက်မှာ ငါသည် အားကိုးထိုက်တဲ့ ကောင်းမှုကုသိုလ် တစ်ခုခုတော့ ငါပြုသင့်တယ်။ ဒီလို သူဆုံးဖြတ်ချက် ချပြီးတော့ တစ်ဆင့်တက်ပြီး သူဘာစဉ်းစားလိုက်သလဲ? “ငါသည် ဒါနပြုနိုင်သလား?” သူ့ကိုယ်သူ ပြန်ပြီးမေးကြည့်တယ်။ ငါဟာ ဆင်းရဲနေတဲ့ပုဂ္ဂိုလ်တစ်ဦး သူတစ်ပါးကို မှီခိုပြီးတော့မှ အသက်မွေးနေရတဲ့ ပုဂ္ဂိုလ်ဖြစ်ခြင်းကြောင့် ငါသူတစ်ပါးလို ဒါနမပြုနိုင်ဘူး။ နောက် ဒုတိယ သူမေးကြည့်တယ်။ သူ့ကိုယ်သူ “မင်း သီလဆောက်တည်နိုင်မလား?” မေးကြည့်လိုက်တယ်။

မေးကြည့်လိုက်တဲ့ အချိန်အခါကျတော့ ဓမ္မတာအလျောက်အားဖြင့် ပြောရင်ပေါ့လေ။ လူတို့ရဲ့ သက်တမ်း အနှစ်တစ်သိန်းတမ်းမှာ ငါးပါးသီလ ကိုယ်ကျင့်သီလမြဲတဲ့ သူတော်ကောင်းတွေက များကြပါတယ်။ များခြင်းတည်းဟူသော အကြောင်းကြောင့် သူတစ်ပါးအိမ်မှာ မှီခိုကပ်ရပ်ပြီးတော့ အသက်မွေးနေရပေမယ့်လို့ “ငါသည် ငါးပါးသီလကိုတော့ မြဲအောင် စောင့်ထိန်းနိုင်တယ်” လို့ ဒီလို သူကိုယ်သူ မြင်တယ်။

မြင်လိုက်တဲ့အတွက်ကြောင့် အဲဒီ အရှင်နိသဘ မထေရ်ပေါ့။ အနောမဒဿီဘုရားရှင်ရဲ့ လက်ယာရံ အဂ္ဂသာဝက အရှင်နိသဘမထေရ်ထံမှာ ချဉ်းကပ်ပြီးတော့ ငါးပါးသီလသွားပြီးတော့ ခံယူဆောက်တည်ပါတယ်။ အရှင်နိသဘမထေရ်ကလည်း သူကို ငါးပါးသီလ သင်ပေးပါတယ်။ သို့သော် လူတို့ရဲ့သက်တမ်း အနှစ်တစ်သိန်းတမ်းမှာ တွေ့ကြုံနေရတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်တော့ ဘုရားရှင်ရဲ့ သာသနာတော်နှင့် နှစ်ပေါင်း တစ်သိန်းလောက်လည်း တွေ့နေရတဲ့ ဒီပုဂ္ဂိုလ်တစ်ဦးက တရားတစ်ခါမှ အားမထုတ်ဘူးဆိုတာ မဖြစ်နိုင်ဘူး။ ဘာဖြစ်လို့လဲ? ဒီပဉ္စသီလသမာဒါနိယမထေရ် အလောင်းအလျာက ဦးပဉ္စင်းတို့ ဘုရားရှင်ရဲ့ သာသနာတော်မှာ ပဋိသမ္ဘိဒါပတ္တ၊ ပဋိသမ္ဘိဒါဉာဏ်လေးပါးကိုရရှိတော်မူတဲ့ ရဟန္တာမထေရ်တစ်ပါးဖြစ်ပါတယ်။

ပဋိသမ္ဘိဒါဉာဏ်ကို ရရှိတဲ့ သူတော်ကောင်းတွေဟာ ရှေးရှေး ဘုရားရှင်တို့ရဲ့ သာသနာတော်တွင်းမှာ ပုဗ္ဗယောဂလို့ ခေါ်ဆိုအပ်တဲ့ သမထ, ဝิပဿနာ ဘာဝနာကျင့်စဉ်တွေကို သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခဲ့ဖူးခြင်းဆိုတဲ့ အကြောင်းအင်္ဂါရပ်တစ်ခုနှင့် ပြည့်စုံရမြဲ ဓမ္မတာဖြစ်ပါတယ်။ ဒါကြောင့် ဒီပဉ္စသီလသမာဒါနိယ မထေရ်အလောင်းအလျာဟာလည်း အနောမဒဿီဘုရားရှင်ရဲ့ သာသနာတော်တွင်းမှာထဲက သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင်သော ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းတွေကိုလည်း စနစ်တကျ စီးဖြန်းခဲ့ပြီးတဲ့ ပါရမီမျိုးစေ့ကောင်းရှိတဲ့ သူတော်ကောင်းတစ်ဦးလို့ ဒီလို ယူဆရပါတယ်။

အဲဒီသူတော်ကောင်းတစ်ဦးက သမာဓိတွေကို ပထမ အဆင့်ဆင့် ထူထောင်တယ်ပေါ့။ သီလတည်းဟူသော မြေပေါ်မှာ ရပ်တည်ပြီး သမာဓိကို ထူတောင်တယ်။ သမာဓိထူထောင်ပြီးတဲ့ အချိန်အခါမှာ ရုပ်တွေ နာမ်တွေသိအောင်၊ အကြောင်းတရား အကျိုးတရားတွေ သိအောင်၊ အကြောင်းတရားနှင့်တကွ ဒီရုပ်တွေနာမ်တွေကိုသိအောင်၊ အကြောင်းတရားနှင့်တကွသော ဒီရုပ်နာမ်တို့ရဲ့ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်တွေကို သိအောင်၊ သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင် သူကလည်း ဗဟုဿုတအင်္ဂါရပ်နှင့် ပြည့်စုံအောင် ကြိုးစားအားထုတ်ထားတဲ့ သူတော်ကောင်း ဖြစ်ပါတယ်။

အဲဒီ သူတော်ကောင်းတစ်ဦးသည် ဒီသီလကျင့်စဉ်တွေကို ထိန်းသိမ်းစောင့်ရှောက်လိုက်တာ သီလကိုဦးတည်ပြီးတော့ မိမိရဲ့ ကောင်းမှုကုသိုလ်ကို ဆည်းပူးလိုက်တာ ဘယ်လောက်ကြာသလဲဆိုတော့ နှစ်ပေါင်းတစ်သိန်း ကြာပါတယ်။ နှစ်ပေါင်းတစ်သိန်း ကြာတဲ့အချိန်အခါမှာ လူတို့သက်တမ်း အနှစ်တစ်သိန်းတမ်းမှာ တည်ရှိတဲ့အတွက် အနှစ်တစ်သိန်းပြည့်လို့ သေကာနီးကာလ သေရာညောင်လျောင်းစက်ပြီ။ လျောင်းစက်လိုက်တဲ့ အချိန်အခါမှာ မိမိရဲ့ သီလတွေကို မိမိပြန်လည်ပြီးတော့ ဆန်းစစ်ဆင်ခြင်ကြည့်လိုက်တယ်။ ဆင်ခြင်ကြည့်လိုက်တဲ့ အချိန်အခါကျတော့ ဘာတွေ့လဲ? အနှစ်တစ်သိန်း ကာလပတ်လုံး ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ သီလသည် တစ်ကြိမ်တစ်ခါမှ ကျိုးတာ ပေါက်တာ ပျောက်တာ ကြားတာမရှိခဲ့ဘူး။ သိပ်ဝမ်းသာသွားတယ်။ သိပ်ဝမ်းသာသွားတဲ့ အချိန်အခါကျတော့ မိမိရဲ့ သီလကိုဆင်ခြင်နေတဲ့ ကုသိုလ်ဇောစိတ်တွေက မရဏသန္နဇောရဲ့နေရာကို ယူသွားတယ်။ ယူသွားလိုက်တဲ့အတွက် ဝမ်းမြောက်ဝမ်းသာနဲ့ မိမိသီလကို အာရုံယူပြီး ကုသိုလ်ဇောတွေ စောနေတုန်း ဘဝတစ်ခုကို ဗြုန်းကနဲ အဆုံးသတ်လိုက်တဲ့အတွက် နတ်ပြည်ရောက်သွားတယ်။ သီလရှိနေတဲ့ ပုဂ္ဂိုလ်တွေသည် မတွေမဝေသေရတယ်။ မတွေမဝေသေပြီးတဲ့ အချိန်အခါမှာ နတ်ရွာသုဂတိကို ရောက်နိုင်တယ်လို့ ဘုရားဟောထားတဲ့ ထုံးအတိုင်း မှန်ကန်တဲ့ ထုံးတစ်ခုပဲ ဖြစ်ပါတယ်။

ဒါပေမယ့် သူ့ရဲ့သီလမှာ ဘာတွေနဲ့ ခြံရံထားလဲ? ရုပ်တွေ နာမ်တွေကို ဟုတ်တိုင်းမှန်စွာ သိခြင်းဆိုတဲ့ သမ္မာဒိဋ္ဌိဉာဏ်တွေက ခြံရံထားတယ်။ အကြောင်းတရား အကျိုးတရားတွေကို ဟုတ်တိုင်းမှန်စွာ သိခြင်းဆိုတဲ့ သမ္မာဒိဋ္ဌိဉာဏ်တွေဖြင့် ထုံမွှမ်းထားတယ်။ အကြောင်းတရားနဲ့တကွ ဒီရုပ်နာမ်တို့ရဲ့ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်တွေကို ဟုတ်တိုင်းမှန်စွာ သိခြင်းဆိုတဲ့ ဒီသမ္မာဒိဋ္ဌိဉာဏ်တွေနှင့်လည်း ထုံမွှမ်းထားတယ်။ ထုံမွှမ်းထားတဲ့အတွက် သူ့သီလသည် အဆင့်အတန်း အလွန် မြင့်မားနေတဲ့ သီလတစ်ခု ဖြစ်ပါတယ်။ ဒီလို အဆင့်အတန်း မြင့်မားနေတဲ့ သီလတစ်ခုကို ရှေ့တန်းတင်ပြီးတော့ ကောင်းမှုကုသိုလ်ကို ကြိုးစားလိုက်တဲ့အတွက် ဒီပုဂ္ဂိုလ် ဘာဖြစ်လာသလဲ? လူ့ပြည် နတ်ပြည် စုန်ဆန်ကျင်လည်ပြီးတော့ နေခဲ့ရတယ်။

တစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်းအတွင်းမှာ အပါယ်လေးဘုံ တစ်ကြိမ်တစ်ခါမျှ မရောက်ခဲ့ရဘူးတဲ့။ စဉ်းစားကြည့်စမ်းနော်။ တစ်ကမ္ဘာလောက်ပဲ အပါယ်လေးပါးမှ အဆက်အသွယ် ရပ်နားခွင့် ရရှိတယ်ဆိုရင်ပဲ သံသရာခရီး ကျင်လည်တဲ့ ပုဂ္ဂိုလ်တွေထဲမှာ အင်မတန် ဒါအခွင့်ကောင်းကြီးတစ်ခုပါ။ ခု တစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်းအတွင်းမှာ ကောင်းမှုကုသိုလ်တွေကို စနစ်တကျ ထူထောင် ပြုစုပျိုးထောင်ခဲ့တဲ့အတွက် ဒီပုဂ္ဂိုလ်သည် အပါယ်လေးဘုံ တစ်ကြိမ် တစ်ခါမျှ မရောက်ခဲ့ဘူးဆိုလို့ရှိရင်တော့ ဒီထက်ကောင်းတဲ့ အခွင့်အရေး သံသရာမှာ ရှိနိုင်ပါ့မလား? မရှိနိုင်ဘူးနော်။

ဒါပေမယ့် ဒီလောက်နဲ့ မရပ်ပါဘူး။ သူက ကောင်းမှုကုသိုလ်ကို ထူထောင်လိုက်တဲ့ အချိန်အခါမှာ သီလကို ရှေ့တန်းတင်ပြီး ထူထောင်ထားတဲ့အတွက် ဒီသီလကုသိုလ်ကံက အကျိုးပေးနေတဲ့အတွက်ကြောင့် သူ့ကိုသီလ ရှေ့တန်းတင်ပြီး ဖော်ပြတယ်။ ဒါပေမယ့် သူ့သီလမှာ ဘာတွေထုံမွှမ်းထားလဲ? သမထဘာဝနာ, ဝိပဿနာဘာဝနာဆိုတဲ့ ဒီအသိထူး ဉာဏ်ထူးတွေက ထုံမွှမ်းထားတယ်။ နောက်ထပ်တစ်ခု -

နှစ်ပေါင်းတစ်သိန်းလောက် ဘုရားရှင်ရဲ့ သာသနာတော်နဲ့ တွေ့ကြုံနေတဲ့ ပုဂ္ဂိုလ်တစ်ဦးသည် ဒီသာသနာတော်မှာ ဆွမ်းလေး တစ်ဇွန်းသော်လည်း မလောင်းလှူဖူးဘူး, ရေလေးတစ်ခွက်သော်လည်း မလောင်းလှူဖူးဘူး, ပန်းတစ်ပွင့်သော်လည်း မလောင်းလှူဖူးဘူးဆိုတာ ဖြစ်နိုင်ပါ့မလား? မဖြစ်နိုင်ပါဘူးနော်။ သူများလို အဆင့်အတန်း စံချိန်မှီနေတဲ့ ဒါနမျိုးကို မပြုစု မပျိုးထောင်နိုင်ပေမယ့်လို့ ရေတစ်ခွက်လောက်တော့ လှူဒါန်းနိုင်တဲ့အဆင့် ရှိပါသေးတယ်။ ဆွမ်းတစ်ဇွန်းလောက်, ဆွမ်းတစ်ကြိမ်တစ်ခါလောက် လှူဒါန်းနိုင်တဲ့အဆင့်လည်း ရှိပါသေးတယ်။ ပန်းလေးတစ်ပွင့်လောက်လည်း လုံလောက်တဲ့အဆင့်တော့ ရှိတယ်။ သို့သော် သီလတည်းဟူသော မြေပေါ်မှာ ရပ်တည်ပြီးတော့ သမထဘာဝနာ, ဝိပဿနာဘာဝနာဆိုတဲ့ အဆင့်အတန်း မြင့်မားနေတဲ့ ဘာဝနာတွေဖြင့် ထုံမွှမ်းထားတဲ့ ဒီဒါနသည် အကျိုးပေးတဲ့ အချိန်အခါမှာ အလွန် အဆင့်အတန်း မြင့်တယ်။ ဘာဖြစ်လို့လဲ?

‘‘ဣဇ္ဈတိ ဘိက္ခဝေ သီလဝတော စေတောပဏိဓိ ဝိသုဒ္ဓတ္တာ။’’ (အံ၊၃၊၇၁။ ဒါနူပပတ္တိသုတ်။)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ဝိသုဒ္ဓတ္တာ၊ သီလ စင်ကြယ်နေသည့်အတွက်ကြောင့်။ သီလဝတော၊ သီလရှိတဲ့ ပုဂ္ဂိုလ်၏၊ စေတောပဏိဓိ၊ စိတ်ရဲ့ တောင့်တချက် ဟူသမျှသည်။ ဣဇ္ဈတိ၊ မချွတ်ဧကန် ပြီးစီးပြည့်စုံတတ်ပေ၏၊

ချစ်သားရဟန်းတို့ ... သီလရှိနေတဲ့ ပုဂ္ဂိုလ်တစ်ဦးရဲ့ သီလ စင်ကြယ်နေတဲ့အတွက်ကြောင့် သီလရှိနေတဲ့ ပုဂ္ဂိုလ်တစ်ဦးရဲ့ စိတ်ရဲ့ တောင့်တချက်ဟူသမျှသည် မချွတ်ဧကန် ပြီးစီး ပြည့်စုံတတ်ပါတယ်။ ဒီလို ဘုရားဟောထားတယ်။

သူ့သီလက ဘာဖြစ်လို့ စင်ကြယ်ရသလဲလို့မေးရင် မကျိုး မပေါက် မပြောက် မကြားခြင်းကြောင့်လည်း စင်ကြယ်တယ်။ တစ်ချက်။ သမထဘာဝနာဉာဏ်, ဝိပဿနာဘာဝနာဉာဏ်ဆိုတဲ့ ဒီဉာဏ်တွေဖြင့် ထုံမွှမ်းထားတဲ့အတွက်ကြောင့်လည်း စင်ကြယ်နေတယ်။ စင်ကြယ်နေတဲ့အတွက် ဒီလို သီလတည်းဟူသော မြေပေါ်မှာ ရပ်တည်ပြီး ကြဲချ စိုက်ပျိုးလိုက်တဲ့ သမထဘာဝနာ, ဝိပဿနာဘာဝနာဉာဏ်တွေ ခြံရံပြီးတော့ ကြဲချ စိုက်ပျိုးလိုက်တဲ့ ဒီဒါနတစ်ခုဟာ အကျိုးပေးတဲ့ အချိန်အခါမှာလည်း အလွန် အဆင့်အတန်း မြင့်တဲ့ သဘောရှိတယ်။ ရှိခြင်းကြောင့် ဘာဖြစ်သလဲ?

ဒီပုဂ္ဂိုလ်သည် သံသရာခရီးကျင်လည်တဲ့ အချိန်အခါမှာ တစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်းအတွင်းမှာ သူ့မှာ သူတစ်ပါးတွေထက် ပိုမိုပြီး ထူးကဲနေတဲ့ ထူးခြားချက် သုံးခု ရှိတယ်။ ဘဝတိုင်း ဘဝတိုင်း ဘယ်ဘဝပဲ ရောက်ရောက် ရောက်လေရာ ဘဝတိုင်းမှာ သူများထက် ပိုပြီးတော့ ရုပ်အဆင်းလှတယ်။ ဒါ နံပါတ် တစ် ထူးခြားချက်။ ဘာဖြစ်လို့လဲ? သီလရှိနေတဲ့ ပုဂ္ဂိုလ်ဟာ စိတ်ဓာတ်တွေ ဖြူစင်နေတယ်။ စိတ်ဓာတ်ဖြူစင်နေတဲ့ ပုဂ္ဂိုလ်က ထူထောင်ထားတဲ့ ကံမှန်သမျှသည် အကျိုးပေးတဲ့အခါမှာ အလွန် စင်ကြယ်တယ်။ စင်ကြယ်သန့်ရှင်းနေတဲ့ ဥပဓိသမ္ပတ္တိကို ဖြစ်စေနိုင်တဲ့ စွမ်းအင်တွေ အပြည့်အဝ ရှိနေတယ်။ နောက် နံပါတ် နှစ်။

ရောက်လေရာ ဘဝတိုင်း ဘဝတိုင်းမှာ ဘယ်ဘဝမှာပဲမဆို သူတစ်ပါးထက် ပိုပြီးတော့ အဆင့်အတန်း မြင့်မားနေတဲ့ ဉာဏ်ပညာ ကြီးမားတယ်တဲ့။ ဘာဖြစ်လို့လဲ? နည်းနည်းလေး စဉ်းစားကြည့်ကြနော် ဒကာကြီးတွေ။ ခုဘုရားဟောနေတဲ့ ရုပ်၊ ဘုရားဟောနေတဲ့ နာမ် ပြန်ကြည့်ပါ။ ဦးပဉ္စင်းတို့ ဓာတ်ကြီးလေးပါးနဲ့ သမာဓိ ထူထောင်တယ်ဆိုကြပါစို့။ ဒီဌာနမှာ လက်တွေ့ အားထုတ်နေတဲ့ ပုဂ္ဂိုလ်များ သမာဓိ ထူထောင်လိုက်တဲ့အခါ သမာဓိ စံချိန်မီလာရင် အဖြူတွေ့မယ်။ အဖြူမှာဆက်ပြီး ဓာတ်လေးပါးစိုက်လိုက်ရင် ကြည်လာမယ်။ အကြည်မှာဆက်ပြီး ဓာတ်လေးပါး စိုက်နိုင်ရင်ပေါ့လေ ပါရမီအားလျော်စွာ ကလာပ်အမှုန်တွေ့မယ်။ မတွေ့ခဲ့ရင်လည်း အာကာသဓာတ်ကို မြင်အောင် စိုက်လိုက်ရင် ကလာပ်အမှုန်လေးတွေ တွေ့ပြီ။ ဒီကလာပ်အမှုန်လေးတွေသည် ဒီနေ့ အက်တမ်လို့ခေါ်ဆိုအပ်တဲ့ ပရမာဏုမြူထက်၊ အဏုမြူတွေထက် အဆပေါင်းများစွာ သေးတယ်လို့ ယူဆရပါတယ်။

အဲဒီလောက်သေးငယ်နေတဲ့ အမှုန်လေး တစ်ခု တစ်ခုအတွင်းမှာ ပထဝီ, အာပေါ, တေဇော, ဝါယော, အဆင်း, အနံ့, အရသာ, ဩဇာဆိုပြီး သဘောတရား ရှစ်ခု၊ တချို့ ကိုးခု၊ ဆယ်ခု စသည်ဖြင့် ပေါင်းစု တည်ဆောက်ထားတယ်။ အဲဒီသဘောတရားလေးတွေသည် မဖြစ်ခင်ကလည်း မရှိဘူး။ ဖြစ်ပြီးနောက်လည်း မရှိဘူး။ မရှိခြင်း နှစ်ခုရဲ့ အလယ်ခေါင်မှာ ယာယီအခိုက်အတံ့အားဖြင့်သာ ပေါ်လာတဲ့ ဓမ္မသဘာဝလေးတွေ ဖြစ်တယ်။ ဒီလို ဘုရား အတိအကျဟောထားတယ်။ ဟောထားတဲ့ ဒီတရားလေးတွေကို စနစ်တကျ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် လက်တွေ့ ကျင့်လိုက်လို့ ထိုးထွင်းသိပြီ။ အဲဒီလို အသိထူး ဉာဏ်ထူးရှိနေတဲ့ ပုဂ္ဂိုလ်တွေဟာ ဒီအသိဉာဏ်မျိုးဟာ သာသနာတော်ရဲ့ ပြင်ပမှာ ရရှိနိုင်တဲ့ သဘောရှိလား? မရှိပါဘူးနော်။

ဒီနေ့ သာသနာတော်တွင်းမှာသာ ရရှိနိုင်တဲ့ အသိထူး ဉာဏ်ထူး ဖြစ်ပါတယ်။ ဒါကြောင့် သာသနာတော်တွင်းမှာသာ ရရှိနိုင်တဲ့ အသိထူး ဉာဏ်ထူး ဖြစ်ခဲ့ရင် ဒီအသိထူး ဉာဏ်ထူးမျိုးဟာ အဆင့်အတန်းမြင့်တဲ့ အသိထူး ဉာဏ်ထူးလို့ မပြောနိုင်ဘူးလား? ပြောနိုင်တယ်နော်။ ဒီနေ့ အလှူရှင်တွေနှင့်တကွ တရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့လည်း ဒီအသိထူး ဉာဏ်ထူးတွေကို ဒီဘဝမှာ ရရှိအောင် ကြိုးစားမယ် ဆိုရင်တော့ အခွင့်အရေး မရှိကြဘူးလား? ရှိကြပါတယ်နော်။ မိမိတို့ ရထားတဲ့ အခွင့်အရေးကို စနစ်တကျ အသုံးချတတ်ဖို့တော့ လိုအပ်တယ်။ နောက်တစ်ခု -

ဘုရားဟောတဲ့ နာမ်တရား။ ပိုပြီးတော့ အဆင့်မြင့်ပါတယ်။ ဘုရားဟောနေတဲ့ နာမ်တရားတွေဟာ ဒီနေ့ သိပ္ပံလောကမှာ ဘယ်သူမှ ရှာဖွေလို့ မတွေ့ရှိတဲ့ နာမ်တရားတွေ ဖြစ်ပါတယ်။ ဒီထက်ပိုပြီး အဆင့်မြင့်တာကတော့ အတိတ်က ပြုစုပျိုးထောင်ခဲ့တဲ့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဆိုတဲ့ အကြောင်းတရားတွေကြောင့် ဒီဘဝမှာ အကျိုး ရုပ်တွေ နာမ်တွေ ဖြစ်တယ်။ ဒီဘဝ ပြုစုပျိုးထောင်နေတဲ့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဆိုတဲ့ အကြောင်းတရားတွေကြောင့် နောင်အနာဂတ်မှာ အကျိုး ရုပ်တွေ နာမ်တွေ ဖြစ်မယ်ဆိုပြီး အတိတ်, အနာဂတ်, ပစ္စုပ္ပန် ကာလသုံးပါးအတွင်းမှာ ကြောင်းကျိုးဆက်နွယ်နေတဲ့ သဘောတရားတွေကို ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိအောင် ဘုရားရှင်က နည်းလမ်းညွှန်ကြားထားတယ်။ ညွှန်ကြားထားတဲ့အတိုင်း ပုဂ္ဂိုလ်တစ်ဦးက ရုပ်နာမ် ကြောင်းကျိုး သင်္ခါရတရားတွေကို ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိပြီဆိုရင် ဒီအသိမျိုးဟာလည်း အလွန် အဆင့်အတန်းမြင့်တဲ့ အသိဉာဏ်တွေပဲလို့ မပြောနိုင်ဘူးလား? ပြောနိုင်တယ်နော်။

အေး ဒီထက်ပိုပြီး အဆင့်အတန်းမြင့်တာကတော့ အဲဒီ ရုပ်နာမ်ကြောင်းကျိုး သင်္ခါရ တရားတွေရဲ့ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်တွေကို ပိုင်ပိုင်နိုင်နိုင် သိခြင်းပဲ။ အဲဒီအသိဉာဏ်တွေဟာ အလွန် အဆင့်အတန်း မြင့်နေတော့ အဆင့်အတန်း မြင့်မားနေတဲ့ အသိဉာဏ်တွေကို ထူထောင်ထားတဲ့ ပုဂ္ဂိုလ်တစ်ဦးအဖို့ ရောက်လေရာ ဘဝမှာ အသိအလိမ္မာ ဉာဏ်ပညာ ကြီးမားမယ်ဆိုတာဟာ အံ့ဩလောက်သေးလား? မအံ့ဩလောက်တော့ဘူး။ ဘာဖြစ်လို့လဲ? အလွန် အဆင့်အတန်း မြင့်မားနေတဲ့ အသိထူး ဉာဏ်ထူးတွေကို သူက ပါရမီမျိုးစေ့ ကောင်းကောင်းအဖြစ်နဲ့ ထူထောင်ထားခဲ့တယ်။ ဒါကြောင့် ဒီပုဂ္ဂိုလ်သည် နံပါတ် တစ် ရောက်လေရာဘဝမှာ ရုပ်အဆင်းလှတယ်။ သူများထက် ပိုပြီးတော့ လှတယ်။ နံပါတ် နှစ် ရောက်လေရာ ဘဝတိုင်း ဘဝတိုင်းမှာ သူများထက် ပိုပြီးတော့ ဉာဏ်ပညာ ကြီးမားတယ်။ နံပါတ် သုံး ရောက်လေရာ ဘဝတိုင်း ဘဝတိုင်းမှာ သူတစ်ပါးထက် ပိုပြီးတော့ စည်းစိမ်ဥစ္စာ ကြွယ်ဝချမ်းသာတယ်။ လောကမှာ ဒီနေ့ လူသားတွေ ရှာဖွေနေတာ ဒီ သုံးခုဟာ အဓိက မဟုတ်ဘူးလား? အဓိကပဲနော်။

လောကမှာ ရုပ်လှဖို့အတွက် ကြိုးစားနေကြတယ်။ ပညာဉာဏ် ကြီးမားဖို့အတွက် ကြိုးစားနေကြတယ်။ စည်းစိမ်ဥစ္စာ ရရှိဖို့အတွက် ကြိုးစားနေကြတယ်။ ဒီအကျိုးတရား သုံးခုကို ဒီသီလ ဦးဆောင်နေတဲ့ ကံတွေက အကျိုးပေးနိုင်တဲ့ စွမ်းအားရှိတယ်ဆိုရင် ဒီပဉ္စသီလသမာဒါနိယမထေရ်ကဲ့သို့ ဒီသီလကို ဦးတည်ပြီးတော့ ဒီလို အဆင့်အတန်း မြင့်မားနေတဲ့ ကံတွေကို မိမိတို့ကလည်း ထူထောင်ဖို့တော့ မလိုဘူးလား? လိုအပ်ပါတယ်။ သို့သော် သံသရာဝဋ်ဆင်းရဲဒုက္ခကြီးတွေကို မျှော်လင့်တောင့်တရမယ်လို့ ဘုန်းကြီး မဆိုလိုပါဘူး။ သံသရာဝဋ်ဆင်းရဲဒုက္ခမှ ကျွတ်ရာ ကျွတ်ကြောင်း, လွတ်ရာလွတ်ကြောင်းဖြစ်တဲ့ နိဗ္ဗာန်ကို ရည်ရွယ်တောင့်တပြီး ကောင်းမှုကုသိုလ် ပြုစုပျိုးထောင်နေပေမယ့်လို့ မိမိက သံသရာခရီးကို အဆုံးမသတ်နိုင်သေးလို့ ဉာဏ်တွေက မရင့်ကျက်ခဲ့သေးဘူးဆိုလို့ရှိရင် သံသရာခရီး ကျင်လည်ခဲ့ရရင် ဤကဲ့သို့ အဆင့်အတန်း မြင့်မားနေတဲ့ အကျိုးတရားတွေကို ဒီကံတွေက အကျိုးပေးနိုင်တဲ့ စွမ်းအားရှိတယ်ဆိုတာကို သဘောပေါက်အောင် ပြောတာပါနော်။

ဒါကြောင့် အဲဒီ ပဉ္စသီလသမာဒါနိယမထေရ်ရဲ့ထုံးလိုပဲ။ ခု ဒီနေရာမှာလည်း ဘုရားရှင်က ပုဂ္ဂိုလ်တစ်ယောက်ကို နံပါတ် တစ် သဒ္ဓါတရား ရှိရအောင် ကြိုးစားပါ။ နံပါတ် နှစ် ကိုယ်ကျင့်သီလနှင့် ပြည့်စုံအောင် ကြိုးစားပါ။ နံပါတ် သုံး ဗဟုဿုတနဲ့ ပြည့်စုံအောင် ကြိုးစားပါဆိုပြီးတော့ ဘုရားရှင်က တိုက်တွန်းထားတယ်။ သို့သော် အဲဒီလောက်နဲ့ ဘုရားရှင် ကျေနပ်တဲ့ သာဝကတစ်ဦး ဖြစ်ပြီလား? မဖြစ်သေးဘူးနော်။ နောက်ထပ် ဘယ်လိုဟောသလဲ?

‘‘သဒ္ဓေါ စ, ဘိက္ခဝေ, ဘိက္ခု ဟောတိ သီလဝါ စ, နော စ ဗဟုဿုတော ။ပ။ ဗဟုဿုတော စ, နော စ ဓမ္မကထိကော’’

နောက်တစ်ချက်။ ပုဂ္ဂိုလ်တစ်ယောက် ကြည့်လိုက်တဲ့ အချိန်အခါမှာ သဒ္ဓါတရားလည်းရှိပြီ။ ကိုယ်ကျင့်သီလလည်း ပြည့်စုံပြီ။ ခုနက ရုပ်တွေ နာမ်တွေ ဟုတ်တိုင်းမှန်စွာသိပြီ၊ အကြောင်းတရား အကျိုးတရားတွေ ဟုတ်တိုင်းမှန်စွာ သိပြီ၊ အကြောင်းတရားနှင့်တကွ ဒီရုပ်နာမ်တို့ရဲ့ အနိစ္စသဘော, ဒုက္ခသဘော, အနတ္တသဘောလည်း ဟုတ်တိုင်းမှန်စွာသိပြီ။ ဒီလိုသိတဲ့ အသိဉာဏ်ရှိပြီ, ဗဟုဿုတတော့ ရှိပြီ။ ဒါပေမယ့်လို့ “နော စ ဓမ္မကထိကော” မိမိက သူတစ်ပါးတို့ကို ဒီတရားတွေနဲ့ ပတ်သက်ပြီး တစ်ဖန် ပြန်ပြီးတော့ ဟောကြား ပြသနိုင်တဲ့စွမ်းအား မရှိပြန်ဘူးနော်။ တကယ့် အခုလို တရားပွဲကြီး ကျင်းပပြီးတော့ ကျကျနန ဟောတာမျိုးကို ဘုရားရှင် မဆိုလိုပါဘူးနော်။ မိမိသိထားတဲ့ အသိဉာဏ်လေးတွေကို တစ်ဖက်ပုဂ္ဂိုလ်တွေလည်း သိပါစေဆိုပြီး မေတ္တာ စေတနာ ရှေ့ထားပြီးတော့ ပြန်လည် ဟောကြားပြသ သွန်သင်ပေးတတ်တဲ့ အသိဉာဏ်လေးတော့ ဘုရားရှင်က ရှိစေချင်တယ်။ အဲဒီတော့ ပုဂ္ဂိုလ်တစ်ယောက်က အဲဒီလို မရှိဘူးဆိုလို့ရှိရင်လည်း ဘာဖြစ်လဲ?

‘‘ဧဝံ သော တေနင်္ဂေန အပရိပူရော ဟောတိ။’’

ဧဝံ၊ ဤသို့လျှင်။ သော၊ ထိုပုဂ္ဂိုလ်သည်။ တေနင်္ဂေန၊ ထိုတရားကို ဟောကြားပြသ ဆိုဆုံးမနိုင်သည့် စွမ်းအား မရှိခြင်းတည်းဟူသော အင်္ဂါရပ်ကြောင့်။ အပရိပူရော၊ မပြည့်စုံသော ပုဂ္ဂိုလ်သည်။ ဟောတိ၊ ဖြစ်ပြန်၏၊

ငါဘုရားရှင်ရဲ့ သာသနာတော်မှာ ဒီပုဂ္ဂိုလ်ဟာလည်း ဒါမပြည့်စုံတဲ့ ပုဂ္ဂိုလ်တစ်ဦးပဲ။ မိမိကိုယ်တိုင်ကတော့ သဒ္ဓါတရား ရှိတယ်။ မိမိကိုယ်တိုင် သီလလည်း ရှိတယ်။ မိမိကိုယ်တိုင် ဗဟုဿုတလည်း ရှိတယ်။ ဒါပေမယ့် သူတစ်ပါးတွေကို ပြန်ပြီးတော့ ဒီဗဟုဿုတနဲ့ ဆည်းပူးထားတဲ့ တရားဓမ္မတွေကို ဟောကြားပြသ သွန်သင်ပေးနိုင်တဲ့ စွမ်းအား မရှိပြန်ဘူး။ မရှိရင်လည်း သူဟာ ပြည့်စုံတဲ့ ပုဂ္ဂိုလ်တစ်ဦး မဟုတ်ဘူးဆိုပြီးတော့ ဘုရား ဟောထားတယ်နော်။ ဘာဖြစ်လို့လဲ? သာသနာတော် စည်ကားဖို့, သာသနာတော် အရှည်ခိုင်ခံ့ တည်တံ့ဖို့ဆိုတာက လက်ဆင့်ကမ်းနိုင်ဖို့ မလိုဘူးလား? လိုအပ်ပါတယ်။ မိမိတစ်ဦးတည်းသာ ကျင့်ပြီးတော့ မိမိတစ်ဦးတည်းသာ သိမယ်။ နောက်ထပ် ပြန်ပြီးတော့ လက်ဆင့်ကမ်းနိုင်တဲ့ စွမ်းအားမရှိရင် မိမိသည် သာသနာတော်မှာ နောက်ဆုံးပုဂ္ဂိုလ်ဆိုပြီး ဘုရားရှင်က သတ်မှတ်ထားတယ်။ သင်ချစ်သားတို့ဟာ ငါဘုရားရဲ့ သာသနာတော်မှာ နောက်ဆုံးပိတ်ပုဂ္ဂိုလ်တွေ မဖြစ်ကြပါစေနဲ့။ လက်ဆင့်ကမ်းနိုင်တဲ့ ပုဂ္ဂိုလ်တွေသာ ဖြစ်ကြပါစေ။ ဘာဖြစ်လို့လဲ? လက်ဆင့်ကမ်းနိုင်မှ ဒီသာသနာတော်ကြီးကလည်း အရှည်ခိုင်ခံ့ တည်တံ့မယ်။ မိမိက မဂ်, ဖိုလ်, နိဗ္ဗာန် ရသလို၊ မဂ်, ဖိုလ်, နိဗ္ဗာန် ရတဲ့ပုဂ္ဂိုလ်တွေ ပေါ်လာအောင် မိမိက ဆောင်ရွက်ပေးနိုင်မှ၊ ဟောကြားပေးနိုင်မှလည်း နောက်ထပ်လည်း မဂ်, ဖိုလ်, နိဗ္ဗာန်ရတဲ့ ပုဂ္ဂိုလ်တွေ ပေါ်လာမယ်။ ပေါ်လာခဲ့ရင် နောက်ထပ် သတ္တဝါတွေအတွက်လည်း မဂ်, ဖိုလ်, နိဗ္ဗာန်ဆိုတဲ့ အကျိုးတရားတွေကို မရနိုင်ဘူးလား? ရနိုင်ကြလိမ့်မယ်နော်။ ဒါကြောင့် သာသနာတော်မှာ ပြည့်စုံနေတဲ့ ဘုရားရှင် နှစ်ခြိုက်တဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ချင်တယ်ဆိုလို့ရှိရင်တော့ ဘာဖြစ်လဲ? ဓမ္မကထိက၊ မိမိရရှိထားတဲ့ တရားတွေကို စနစ်တကျ သွန်သင်ပြသ, ဟောကြားပြသတတ်တဲ့ ပုဂ္ဂိုလ်ဖြစ်အောင် ကြိုးစားပါ၊ ဒါက အင်္ဂါတစ်ခု။ နောက်တစ်ခု - မြတ်စွာဘုရား ဘယ်လိုဟောလဲ?

‘‘ဓမ္မကထိကော စ, နော စ ပရိသာဝစရော’’

ပုဂ္ဂိုလ်တစ်ယောက် ကြည့်လိုက်ရင် နံပါတ် တစ် သဒ္ဓါတရားနဲ့လည်း ပြည့်စုံပြီ။ နံပါတ် နှစ် ကိုယ်ကျင့်သီလလည်း ပြည့်စုံပြီ။ နံပါတ် သုံး အကြားအမြင် ဗဟုဿုတတွေကလည်း ပြည့်စုံပြီ။ နံပါတ် လေး သူတစ်ပါးတွေကို ဟောကြား ပြသ နိုင်တဲ့ တရားဓမ္မ သင်ပေးနိုင်တဲ့ စွမ်းအားလည်း ရှိပြီ။ ဒါပေမယ့် -

နော စ ပရိသာဝစရော၊ ပရိသတ်၌ လေ့လာကျက်စားမှု မရှိသည်လည်း။ ဟောတိ၊ ဖြစ်၏၊

ပရိသတ်ထဲမှာ ကိုယ်က ကျက်စားမှု မရှိပြန်ဘူး။ ကျက်စားမှု မရှိဘူး ဆိုတာက ပရိသတ်ထဲ မဝင်ရဲဘူး။ တောမတိုးရဲဘူး။ ပရိသတ်ထဲ တောမတိုးရဲ ဖြစ်နေပြီဆိုလို့ရှိရင်လည်း ဒီတရားကို ဟောနိုင်တဲ့ စွမ်းအင်ရှိပေမယ့် ပရိသတ်ထဲမှာ မပြောရဲတဲ့အတွက်ကြောင့် ဒီတရားတော်ကြီး ပြန့်ပွားမှုဆိုတာ ဖြစ်နိုင်ပါ့မလား? မဖြစ်နိုင်ဘူး။ ဒါကြောင့် တရားတော်ပြန့်ပွားရေးအတွက် ဘုရားရှင်က ရှေ့ရှုပြီးတော့ ပရိသတ်ထဲမှာ ကျင်လည်ကျက်စားနိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်ဖို့ ကြိုးစားဖို့ရန် ဘုရားရှင်က တိုက်တွန်းနေတယ်။ အဲဒီတော့ နောက်ပုဂ္ဂိုလ်တစ်ဦးက ကဲ ကြိုးစားလိုက်ပြီ။ ပရိသတ်ထဲမှာလည်း ကျင်လည် ကျက်စားနိုင်ပြီ။ ဒါပေမယ့် နောက်ထပ် အင်္ဂါတစ်ခု ချို့တဲ့နေပြန်တယ်။ ဘာလဲ?

‘‘ပရိသာဝစရော စ, နော စ ဝိသာရဒေါ ပရိသာယ ဓမ္မံ ဒေသေတိ’’

ပရိသာဝစရော စ၊ ပရိသတ်၌ ကျင်လည် ကျက်စားနိုင်သည်လည်း။ ဟောတိ၊ ဖြစ်၏၊ ဝိသာရဒေါ၊ ရဲရဲရင့်ရင့်။ ပရိသာယ၊ ပရိသတ် အလယ်၌။ ဓမ္မံ၊ တရားတော်မြတ်ကို။ နော စ ဒေသေတိ၊ ဟောကြားနိုင်တဲ့ စွမ်းအား မရှိပေ။

ပုဂ္ဂိုလ်တစ်ယောက် ကြည့်လိုက်ရင် နံပါတ် တစ် သဒ္ဓါတရားလည်း ရှိပြီ။ နံပါတ် နှစ် ကိုယ်ကျင့်သီလတွေနဲ့လည်း ပြည့်စုံပြီ။ နံပါတ် သုံး ဗဟုဿုတ အင်္ဂါရပ်တွေနဲ့လည်း ပြည့်စုံပြီ။ နံပါတ် လေး တရားလည်း ဟောနိုင်တဲ့ စွမ်းအား ရှိပြီ။ နံပါတ် ငါး ပရိသတ်ထဲမှာလည်း ကျက်စားနိုင်တဲ့ စွမ်းအားရှိပြီ။ ဒါပေမယ့်လို့ ဘာဖြစ်လဲ?

နော စ ဝိသာရဒေါ ပရိသာယ ဓမ္မံ ဒေသေတိ…

ပရိသတ်အလယ်မှာ ရဲရဲရင့်ရင့်နဲ့ တရားတော်ကို ဟောကြားနိုင်တဲ့ စွမ်းအား မရှိပြန်ဘူး။ ပရိသတ်ထဲတော့ ဝင်ရဲတယ်။ ဒါပေမယ့် ပရိသတ်အလယ်ခေါင်မှာ ရဲရဲရင့်ရင့်နဲ့ စနစ်တကျ တရားဟောနိုင်တဲ့ စွမ်းအား မရှိခဲ့ဘူးဆိုရင်လည်း ဒီတရားတော်တွေ ပြန့်ပွားဦးမလား? မပြန့်ပွားတော့ဘူး။ ဒါကြောင့် ဒီအင်္ဂါရပ်နဲ့ မပြည့်စုံပြန်ဘူး။ မပြည့်စုံလို့ရှိရင်လည်း ဒီအင်္ဂါရပ်နဲ့ ချို့တဲ့နေပြန်ပြီ။ ဒါပေမယ့် ပုဂ္ဂိုလ်တစ်ယောက်ကျတော့ ဘာဖြစ်လဲ? ကြိုးစားတယ်။ ပရိသတ်ထဲမှာ ရဲရဲရင့်ရင့်နဲ့ တရားဓမ္မတွေကို ဟောကြားပြသနိုင်တဲ့အဆင့်သို့ ရောက်အောင် သူက ကြိုးစားလိုက်ပြီ။ ကြိုးစားလိုက်လို့ရှိရင် ဘာဖြစ်လဲ? ပရိသတ်အလယ်မှာ ရဲရဲရင့်ရင့်နဲ့ တရားဟောနိုင်တဲ့ အင်္ဂါရပ်နဲ့လည်း ပြည့်စုံသွားပြီ။ ဒါပေမယ့်လို့ နောက်ထပ်တစ်ခု ချို့တဲ့နေပြန်တယ်။ ဘာလဲ?

‘‘ဝိသာရဒေါ စ ပရိသာယ ဓမ္မံ ဒေသေတိ, နော စ ဝိနယဓရော’’
ပရိသာယ၊ ပရိသတ်အလယ်၌။ ဝိသာရဒေါ စ၊ ရဲရင့်သည်လည်းဖြစ်၍။ ဓမ္မံ၊ တရားတော်မြတ်ကို။ ဒေသေတိ၊ ဟောကြားနိုင်၏၊ ဝိနယဓရော စ၊ ဝိနည်းကို ဆောင်၍ထားနိုင်သည်ကား။ နော၊ မဖြစ်ပြန်ပေ။

ပုဂ္ဂိုလ်တစ်ယောက် ပရိသတ်အလယ်မှာ ရဲရဲရင့်ရင့်တော့ တရားဟောနိုင်ပြီ။ တောတိုးနိုင်ပြီ။ ဒါပေမယ့်လို့ ဝိနည်းကို ဆောင်နိုင်တဲ့ စွမ်းအား မရှိပြန်ဘူး။ ခုနက ဗဟုဿုတအင်္ဂါရပ်က ခုနက ရုပ်တွေ နာမ်တွေ ဟုတ်တိုင်းမှန်စွာ သိခြင်း၊ အကြောင်းတရား အကျိုးတရားတွေ ဟုတ်တိုင်းမှန်စွာ သိခြင်း။ အကြောင်းတရားနှင့်တကွ ဒီရုပ်နာမ်တို့ရဲ့ အနိစ္စသဘော, ဒုက္ခသဘော, အနတ္တသဘောတွေကို ဟုတ်တိုင်းမှန်စွာ သိခြင်းဆိုတဲ့ ဒီအသိဉာဏ်တွေက သုတ္တန်ဒေသနာ၊ အဘိဓမ္မာဒေသနာတွေနဲ့ ဆိုင်တယ်။ နောက်တစ်ခု ဒီမှာကျတော့ “ဝိနယဓရ” ဝိနည်းတော်။ “ဝိနယဓရ” ဆိုတဲ့ ဒီစကားလုံးက ဝိနည်းကို နှုတ်ငုံဆောင်နိုင်တဲ့ စွမ်းအားရှိတယ်။ ဒီစကားလုံးလေးကို “ဝိနယဓရ” ဆိုတဲ့ ဒီစကားလုံးလေးကို ကြည့်ပြီးတော့ “ဝိနည်းဓိုရ်” ပုဂ္ဂိုလ်ဆိုပြီး ဘာသာပြန်ကြတာပဲ။

ဒီတော့ တစ်ဖက်က ပုဂ္ဂိုလ်တစ်ယောက်က ကိုယ်ကျင့်သီလပိုင်းမှာ ရုပ်ပိုင်း။ ခုနက တရားပိုင်းပေါ့။ သမထပိုင်း, ဝိပဿနာပိုင်း ကြည့်လိုက်လို့ရှိရင် ရုပ်ပိုင်း နာမ်ပိုင်းတွေ သိတယ်။ အကြောင်းအကျိုးတွေ သိတယ်။ အကြောင်းတရားနှင့်တကွ ရုပ်နာမ်တို့ရဲ့ အနိစ္စသဘော, ဒုက္ခသဘော, အနတ္တသဘော သိတယ်။ ဒါပေမယ့်လို့ ဝိနည်းကို ဆောင်နိုင်တဲ့ စွမ်းအားမရှိဘူး။ တစ်နည်း၊ ဝိနည်းကို မကျင့်ပြန်ဘူး။ ငါဘုရားရှင်ရဲ့ သာသနာတော်မှာ ဒီပုဂ္ဂိုလ်သည် ပြည့်စုံတဲ့ ပုဂ္ဂိုလ်ဟုတ်သလား? မဟုတ်ဘူးလို့ ဘုရားက ဟောတယ်နော်။ ဒီတော့ မိမိတို့ဟာ ခုနက တရားကို တကယ်လက်တွေ့ ကျင့်ပြီဆိုလို့ရှိရင်တော့ တစ်ဖက်က ဝိနည်းကိုလည်း တကယ်ဆောင်ပြီးတော့ ရိုရိုသေသေနဲ့ ဖြည့်ကျင့်ဖို့တော့ မလိုဘူးလား? လိုအပ်တယ်။ အဲဒီလို ရိုရိုသေသေနဲ့ ဖြည့်ကျင့်မှသာလျှင် သာသနာတော်မှာ ဝိနည်းကို ဆောင်နိုင်ခြင်း၊ ဝိနည်းကို ကျင့်နိုင်ခြင်းဆိုတဲ့ ဒီအင်္ဂါရပ်တစ်ခုနဲ့ ပြည့်စုံမယ်နော်။ ကဲ ... ဝိနည်းကိုလည်း ဆောင်နိုင်ပြီ။ ဝိနည်းကိုလည်း လက်တွေ့လိုက်နာပြီး ကျင့်ပြီ။ နောက်ထပ် ဘာအင်္ဂါရပ် လိုသေးလဲ?

‘‘ဝိနယဓရော စ, နော စ အာရညိကော ပန္တသေနာသနော’’
ဝိနယဓရော စ၊ ဝိနည်းကို ဆောင်နိုင်သည်လည်း။ ဟောတိ၊ ဖြစ်၏၊ သဒ္ဓေါ စ၊ သဒ္ဓါတရားနှင့် ပြည့်စုံသည်လည်း။ ဟောတိ၊ ဖြစ်၏၊ သီလဝါ စ၊ ကိုယ်ကျင့်သီလနှင့် ပြည့်စုံသည်လည်း။ ဟောတိ၊ ဖြစ်၏၊ ဗဟုဿုတော စ၊ အကြားအမြင် ဗဟုဿုတနှင့် ပြည့်စုံသည်လည်း။ ဟောတိ၊ ဖြစ်၏၊ ဓမ္မကထိကော စ၊ တရားတော်ကို ဟောကြားပြသ ဆိုဆုံးမနိုင်သည်လည်း။ ဟောတိ၊ ဖြစ်၏၊ ပရိသာဝစရော စ၊ ပရိသတ်၌ ကျင်လည် ကျက်စားနိုင်သည်လည်း။ ဟောတိ၊ ဖြစ်၏၊ ပရိသာယ၊ ပရိသတ်အလယ်၌။ ဓမ္မံ၊ တရားတော်မြတ်ကို။ ဝိသာရဒေါ စ၊ ရဲရဲရင့်ရင့် ဟောကြားပြသနိုင်သည်လည်း။ ဟောတိ၊ ဖြစ်၏၊ ဝိနယဓရော စ၊ ဝိနည်းကို ဆောင်နိုင်သည်လည်း။ ဟောတိ၊ ဖြစ်၏၊ အာရညိကော၊ တောရဓူတင် အရညကင်ကို ဆောက်တည်နိုင်တဲ့ ပုဂ္ဂိုလ်မျိုးသည်။ ပန္တသေနာသနော၊ ရွာနိဂုံးတို့နဲ့ ဝေးလံတဲ့ အရပ်ဒေသ၌ တောကျောင်း၊ တောင်ကျောင်းတို့၌ နေနိုင်တဲ့ စွမ်းအားရှိတဲ့ ပုဂ္ဂိုလ်မျိုးသည်ကား။ နော စ၊ မဖြစ်ပြန်ပေ။

အင်္ဂါတစ်ခု ချို့တဲ့သွားပြန်ပြီနော်။ သဒ္ဓါတရားလည်း ရှိတယ်။ ကိုယ်ကျင့်သီလနှင့်လည်း ပြည့်စုံတယ်။ ဗဟုဿုတနှင့်လည်း ပြည့်စုံတယ်။ တရားလည်း ဟောနိုင်တယ်။ ပရိသတ်ထဲမှာလည်း ကျက်စားနိုင်တယ်။ ရဲရဲရင့်ရင့်နဲ့လည်း ပရိသတ်အလယ်မှာ တရားဟောနိုင်တယ်။ ဝိနည်းလည်း ဆောင်နိုင်တယ်။ ဝိနည်းလည်း လက်တွေ့ကျင့်တယ်။ ဒါပေမယ့်လို့ သူက ရွာနဲ့ဝေးကွာနေတဲ့ တောကျောင်း, တောင်ကျောင်းတွေမှာ နေနိုင်တဲ့ စွမ်းအား မရှိပြန်ဘူး။ မရှိရင် ဘုရားနှစ်ခြိုက်သလား? မနှစ်ခြိုက်ပြန်ဘူးတဲ့။

ဒီနေ့အလှူရှင်တွေ အဲဒီ အဆင့်အထိ ဘုရားရှင် နှစ်ခြိုက်တဲ့ အဆင့်အထိရောက်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့တော့ မလိုဘူးလား? လိုအပ်တယ်နော်။ ဘုရားရှင်ရဲ့ သာသနာတော်နှင့် တွေ့ခိုက်မှာသာ ဒီအကျင့်လေးတွေက ကျင့်လို့ရတာပါ။ ဘုရားရှင်ရဲ့ သာသနာတော်နှင့် မတွေ့ဘူးဆိုလို့ရှိရင် ဒီဘုရားရှင် နှစ်ခြိုက်နေတဲ့ ကျင့်ဝတ်ပဋိပတ်တွေ ကျင့်လို့ရပါ့မလား? မရနိုင်ဘူး။ ဒါဒီနေ့ တရားနာပရိသတ်တွေ လိုအပ်နေတဲ့ လိုအပ်ချက်ကလေးတွေကို ဖြည့်စွက်ပြီး ဖြည့်ကျင့်ဖို့ လိုနေတယ်နော်။

ကဲ - နောက်တစ်ခု။ ပုဂ္ဂိုလ်တစ်ယောက်က ကြိုးစားလိုက်တယ်နော်။ ဘုရားရှင် နှစ်ခြိုက်တဲ့အတိုင်း ငါတောရ ဆောက်တည်ပြီးနေမယ်။ ရွာနဲ့ ဝေးကွာတဲ့ ပန္တသေနာသနခေါ်တဲ့ အလွန်ဝေးကွာနေတဲ့ တောကျောင်း၊ တောင်ကျောင်းတွေမှာပဲ ငါနေမယ်လို့ ဒီလိုဆုံးဖြတ်ချက် ချပြီးတော့၊ ဒီနေ့ အလှူရှင်များ ဆောက်လုပ်လှူဒါန်းထားတဲ့ စိတ္တလတောင်ကျောင်းမှာ ရှိတဲ့ တောကျောင်း, တောင်ကျောင်းတို့လို ကျောင်းလေးတွေမှာ သွားပြီးတော့ နေပြီ။ အင်္ဂါရပ် တစ်ချက် တိုးသွားပြီ။ ဒါပေမယ့် နောက်ထပ် ဘာဖြစ်လာသလဲ?

‘‘အာရညိကော စ ပန္တသေနာသနော, နော စ စတုန္နံ ဈာနာနံ အာဘိစေတသိကာနံ ဒိဋ္ဌဓမ္မသုခဝိဟာရာနံ နိကာမလာဘီ ဟောတိ အကိစ္ဆလာဘီ အကသိရလာဘီ’’

အာရညိကော စ၊ တောရဓူတင် ဆောက်တည်လျက် ရှိသည်လည်း။ ဟောတိ၊ ဖြစ်၏၊ ပန္တသေနာသနော စ၊ လူသူဝေးကွာတဲ့ တောကျောင်း၊ တောင်ကျောင်း၌ နေလေ့ရှိသည်လည်း။ ဟောတိ၊ ဖြစ်၏၊ အာဘိစေတသိကာနံ၊ လွန်မြတ်သော အဆင့်အတန်းမြင့်သော စိတ်စေတသိက် ဖြစ်ကြကုန်သော။ ဒိဋ္ဌဓမ္မသုခဝိဟာရာနံ၊ မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေထိုင်ရခြင်းရဲ့ အကြောင်းရင်း ဖြစ်ကြကုန်သော။ စတုန္နံ ဈာနာနံ၊ ဈာန်လေးပါးတို့ကို။ နိကာမလာဘီ၊ အလိုရှိတိုင်း ရလေ့ရှိသည်။ အကိစ္ဆလာဘီ၊ မငြိုငြင်ဘဲ ရလေ့ရှိသည်။ အကသိရလာဘီ၊ မပင်ပန်းဘဲ ရလေ့ရှိသည်။ နော စ ဟောတိ၊ မဖြစ်ပြန်ပေ။

အာဘိစေတသိက ခေါ်တဲ့ အလွန်မြင့်မြတ်နေတဲ့ စိတ်စေတသိက်လို့ ခေါ်ဆိုအပ်တဲ့ ဈာန်တရားတွေ ရှိကြပါတယ်။ ဒီဈာန်တရားတွေသည် ဒိဋ္ဌဓမ္မသုခဝိဟာရ၊ မျက်မှောက်ဘဝမှာ ချမ်းချမ်းသာသာ နေထိုင်ဖို့ရန်အတွက် အကြောင်းတရား ဖြစ်တယ်။ အဲဒီ ဈာန်လေးပါးကို အလိုရှိတိုင်း မပင်မပန်း၊ မငြိုမငြင် ရလေ့ရှိတဲ့သဘော မဖြစ်ပြန်ဘူး။ တောထဲတော့ ရောက်နေပြီ။ တောကျောင်း, တောင်ကျောင်းလည်း နေပြီ။ ဈာန်သမာဓိလေးတွေ ထူထောင်လိုက်တဲ့ အချိန်အခါမှာ အောင်အောင်မြင်မြင် ထူထောင်နိုင်တဲ့ စွမ်းအား မရှိပြန်ဘူး။ အလိုရှိတိုင်းလည်း ထူထောင်လို့ မရပြန်ဘူး။ မရဘူးဆိုလို့ရှိရင်လည်း ဘုရားရှင် နှစ်ခြိုက်တဲ့ ပုဂ္ဂိုလ်ဖြစ်သလား? မဖြစ်သေးဘူးတဲ့နော်။ အင်္ဂါရပ်တစ်ခု ချို့တဲ့ပြီ။ အဲဒီလို အင်္ဂါရပ် ချို့တဲ့နေတဲ့အတွက် ငါသည် ဘုရားရှင် နှစ်ခြိုက်တဲ့ ပုဂ္ဂိုလ်မျိုးဖြစ်အောင် ဈာန်လေးပါးကို မငြိုမငြင် မပင်ပန်းဘဲနဲ့ ရရှိအောင် ကြိုးစားမယ်ဆိုပြီး ဆက်လက်ပြီး ကြိုးစားလိုက်တယ်။ ကြိုးစားလိုက်တဲ့ အချိန်အခါမှာ အောင်မြင်သွားပြီ။ အောင်မြင်လိုက်တဲ့ အချိန်အခါမှာကျတော့ ထိုပုဂ္ဂိုလ်သည် ဘုရားရှင် နှစ်ခြိုက်တဲ့အဆင့် ပြည့်စုံသွားပြီလားဆိုတော့ မပြည့်စုံသေးဘူးနော်။ နောက်ထပ်တစ်ဆင့် မြတ်စွာဘုရား ဆက်ပြီးတော့ဟောတယ်။ ဘယ်လိုလဲ?

‘‘စတုန္နဉ္စ ဈာနာနံ အာဘိစေတသိကာနံ ဒိဋ္ဌဓမ္မသုခဝိဟာရာနံ နိကာမလာဘီ ဟောတိ အကိစ္ဆလာဘီ အကသိရလာဘီ, နော စ အာသဝါနံ ခယာ အနာသဝံ စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ဒိဋ္ဌေဝ ဓမ္မေ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရတိ။’’

ဈာန်လေးပါးကိုတော့ စနစ်တကျ မငြိုမငြင် မပင်မပန်းဘဲ ရရှိပြီ။ ဒါပေမယ့် အာသဝေါတရားတို့ရဲ့ ကုန်ရာဖြစ်တဲ့ အရဟတ္တဖိုလ်ကိုတော့ မျက်မှောက်မပြုနိုင် ဖြစ်နေသေးတယ်။ အာသဝေါတရားတို့ရဲ့ ကုန်ရာဖြစ်တဲ့ အရဟတ္တဖိုလ်ကို မျက်မှောက်မပြုနိုင်သေးဘူးဆိုလို့ရှိရင်လည်း အာသဝေါတရားတို့ရဲ့ ကုန်ရာဖြစ်တဲ့ အရဟတ္တဖိုလ်ကို မျက်မှောက် မပြုနိုင်ခြင်းတည်းဟူသော ဒီအင်္ဂါရပ်တစ်ခုဖြင့် ငါဘုရားရှင်ရဲ့ သာသနာတော်မှာ မပြည့်စုံတဲ့ ပုဂ္ဂိုလ်တစ်ဦးတော့ ဖြစ်နေပြီလို့ ဒီလို ဘုရားက ဟောတယ်။ အဲဒီလို မပြည့်စုံတဲ့ ပုဂ္ဂိုလ်တစ်ဦးက ဘယ်လိုလုပ်ရမလဲ?

‘‘ကိန္တာဟံ သဒ္ဓေါ စ အဿံ, သီလဝါ စ, ဗဟုဿုတော စ, ဓမ္မကထိကော စ, ပရိသာဝစရော စ, ဝိသာရဒေါ စ ပရိသာယ ဓမ္မံ ဒေသေယျံ, ဝိနယဓရော စ, အာရညိကော စ ပန္တသေနာသနော, စတုန္နဉ္စ ဈာနာနံ အာဘိစေတသိကာနံ ဒိဋ္ဌဓမ္မသုခဝိဟာရာနံ နိကာမလာဘီ အဿံ အကိစ္ဆလာဘီ အကသိရလာဘီ, အာသဝါနဉ္စ ခယာ အနာသဝံ စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ဒိဋ္ဌေဝ ဓမ္မေ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရေယျံ’’။

ကဲ ငါ့မှာ ဘုရားရှင် နှစ်ခြိုက်နေတဲ့ နံပါတ် (၁) သဒ္ဓါတရားနှင့် ပြည့်စုံခြင်း။ နံပါတ် (၂) ကိုယ်ကျင့်သီလနှင့် ပြည့်စုံခြင်း။ နံပါတ် (၃) ဗဟုဿုတ အင်္ဂါရပ်နှင့် ပြည့်စုံခြင်း။ နံပါတ် (၄) ဓမ္မကထိက = တရားဟောကြား ပြသနိုင်ခြင်း။ နံပါတ် (၅) ပရိသတ်ထဲ၌ ကျက်စားနိုင်ခြင်း။ နံပါတ် (၆) ပရိသတ်အလယ်၌ ရဲရဲဝံ့ဝံ့ နှင့် တရားတော်ကို ဟောကြားနိုင်ခြင်း။ နံပါတ် (၇) ဝိနည်းကိုဆောင်နိုင်ခြင်း။ နံပါတ် (၈) အရညကင် ဓုတင်ဆောက်တည်ပြီး တောရကျောင်းတွေ၌ နေထိုင်နိုင်ခြင်း။ နံပါတ် (၉) ဈာန်လေးပါးကို မငြိုမငြင် မပင်မပန်း ရရှိခြင်း အဲဒီ အင်္ဂါရပ်တွေနဲ့ ပြည့်စုံပြီးတဲ့ အချိန်အခါမှာ နောက်ထပ် နံပါတ် (၁၀)အဖြစ်နဲ့ အာသဝေါတရားတို့ရဲ့ ကုန်ရာဖြစ်တဲ့ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုနိုင်အောင် သူက ဆက်လက်ပြီး ကြိုးစားတယ်။ ကြိုးစားလိုက်တဲ့ အချိန်အခါမှာ အာသဝေါတရားတို့ရဲ့ ကုန်ရာဖြစ်တဲ့ အရဟတ္တဖိုလ်ကို ရရှိသွားပြီဆိုကြစို့နော်။ ရရှိလိုက်တဲ့ အချိန်အခါမှာ ဘယ်လိုဖြစ်လဲ?

‘‘ယတော စ ခေါ, ဘိက္ခဝေ, ဘိက္ခု သဒ္ဓေါ စ ဟောတိ, သီလဝါ စ, ဗဟုဿုတော စ, ဓမ္မကထိကော စ, ပရိသာဝစရော စ, ဝိသာရဒေါ စ ပရိသာယ ဓမ္မံ ဒေသေတိ, ဝိနယဓရော စ, အာရညိကော စ ပန္တသေနာသနော, စတုန္နဉ္စ ဈာနာနံ အာဘိစေတသိကာနံ ဒိဋ္ဌဓမ္မသုခဝိဟာရာနံ နိကာမလာဘီ ဟောတိ အကိစ္ဆလာဘီ အကသိရလာဘီ, အာသဝါနဉ္စ ခယာ အနာသဝံ စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ဒိဋ္ဌေဝ ဓမ္မေ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရတိ၊ ဧဝံ သော တေနင်္ဂေန ပရိပူရော ဟောတိ။ ဣမေဟိ ခေါ, ဘိက္ခဝေ, ဒသဟိ ဓမ္မေဟိ သမန္နာဂတော ဘိက္ခု သမန္တပါသာဒိကော စ ဟောတိ သဗ္ဗာကာရပရိပူရော စာ’’တိ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ ယတော စ ခေါ၊ အကြင်အခါ၌ကား။ ဘိက္ခု၊ ယောဂါဝစရ ရဟန်းတော်သည်။ သဒ္ဓေါ စ၊ ယုံကြည်ချက် သဒ္ဓါတရားနှင့် ပြည့်စုံသည်လည်း။ ဟောတိ၊ ဖြစ်၏၊ သီလဝါ စ၊ ကိုယ်ကျင့်သီလနှင့် ပြည့်စုံသည်လည်း။ ဟောတိ၊ ဖြစ်၏၊ ဗဟုဿုတော စ၊ အကြားအမြင် ဗဟုဿုတနှင့် ပြည့်စုံသည်လည်း။ ဟောတိ၊ ဖြစ်၏၊ ဓမ္မကထိကော စ၊ တရားတော်ကို ဟောကြား ပြသ ဆိုဆုံးမနိုင်တဲ့ ဓမ္မကထိက ပုဂ္ဂိုလ်သည်လည်း။ ဟောတိ၊ ဖြစ်၏၊ ပရိသာဝစရော စ၊ ပရိသတ်အလယ်၌ ကျက်စားနိုင်တဲ့ ပုဂ္ဂိုလ်မျိုးသည်လည်း။ ဟောတိ၊ ဖြစ်၏၊ ဝိသာရဒေါ စ၊ ရဲရဲရင့်ရင့်။ ပရိသာယ၊ ပရိသတ်အလယ်၌။ ဓမ္မံ၊ တရားတော်မြတ်ကို။ ဒေသေတိ၊ ဟောလည်းဟောကြားနိုင်ပေ၏၊ ဝိနယဓရော စ၊ ဝိနည်းကိုလည်း ဆောင်ထားနိုင်ပေ၏၊ အာရညိကော စ၊ အရညကင် ဓုတင်ဆောက်တည်နိုင်သည်လည်းကောင်း။ ပန္တသေနာသနော စ၊ လူသူမနီးတဲ့ တောကျောင်း၊ တောင်ကျောင်းတို့၌ နေထိုင်တဲ့စွမ်းအား ရှိသည်လည်းကောင်း။ ဟောတိ၊ ဖြစ်၏၊ စတုန္နဉ္စ ဈာနာနံ အာဘိစေတသိကာနံ၊ လွန်မြတ်သော စိတ်စေတသိက်ဖြစ်ကုန်ကြသော။ ဒိဋ္ဌဓမ္မသုခဝိဟာရာနံ၊ မျက်မှောက်သောဘဝ၌ ချမ်းသာစွာ နေထိုင်နိုင်ရခြင်းရဲ့ အကြောင်းရင်းဖြစ်ကြကုန်သော။ စတုန္နဉ္စ ဈာနာနံ၊ ဈာန်လေးပါးတို့ကိုလည်းပဲ။ နိကာမလာဘီ၊ အလိုရှိတိုင်း ရလေ့ရှိသည်။ ဟောတိ၊ ဖြစ်၏၊ อကိစ္ဆလာဘီ၊ မငြိုမငြင်ဘဲ ရလေ့ရှိသည်။ အကသိရလာဘီ၊ မပင်မပန်း ရလေ့ရှိသည်။ ဟောတိ၊ ဖြစ်၏၊ အာသဝါနဉ္စ၊ အာသဝေါတရားတို့၏လည်း။ ခယာ၊ ကုန်ခြင်းကြောင့်။ အနာသဝံ၊ အာသဝေါမရှိသော။ စေတောဝိမုတ္တိံ၊ အရဟတ္တဖိုလ်စေတောဝိမုတ္တိတရားကိုလည်းကောင်း။ ပညာဝိမုတ္တိံ၊ အရဟတ္တဖိုလ်ပညာဝိမုတ္တိတရားကိုလည်းကောင်း။ ဒိဋ္ဌေဝ ဓမ္မေ၊ မျက်မှောက်သော ကိုယ်၏အဖြစ်၌ပင်လျှင်။ သယံ၊ ကိုယ်တိုင်။ အဘိညာ၊ ထူးသောဉာဏ်ဖြင့်။ သစ္ဆိကတွာ၊ မျက်မှောက်ပြု၍။ ဥပသမ္ပဇ္ဇ၊ ပြည့်စုံကပ်ရောက်၍။ ဝိဟရတိ၊ နေထိုင်နိုင်ပေ၏၊ ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ ဧဝံ၊ ဤသို့လျှင်။ သော၊ ထိုရဟန်းတော်သည်။ တေနင်္ဂေန၊ ထိုအင်္ဂါရပ်နှင့်။ ပရိပူရော၊ ပြည့်စုံတဲ့ ပုဂ္ဂိုလ်မျိုးသည်။ ဟောတိ၊ ဖြစ်ပေ၏၊

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ ဣမေဟိ ခေါ ဒသဟိ ဓမ္မေဟိ၊ ဤဆယ်မျိုးကုန်သော တရားတို့နှင့်။ သမန္နာဂတော၊ ပြည့်စုံသော။ ဘိက္ခု၊ ယောဂါဝစရ ရဟန်းတော်သည်။ သမန္တပါသာဒိကော စ၊ ထက်ဝန်းကျင် ကြည်ညိုဖွယ်ဂုဏ်ကို ဆောင်ထားနိုင်တဲ့ ပုဂ္ဂိုလ်သည်လည်းပဲ။ ဟောတိ၊ ဖြစ်ပေ၏၊ သဗ္ဗာကာရပရိပူရော စ၊ အလုံးစုံသော အခြင်းအရာတို့ဖြင့် ပြည့်စုံ၍နေတဲ့ ပုဂ္ဂိုလ်မျိုးသည်လည်းပဲ။ ဟောတိ၊ ဖြစ်ပါပေ၏၊

အင်္ဂါပေါင်းလိုက်တော့ ဘယ်နှစ်ချက်လဲ? ဆယ်ချက်။
နံပါတ် (၁) သဒ္ဓါတရား ရှိခြင်း။
နံပါတ် (၂) ကိုယ်ကျင့်သီလ ပြည့်စုံခြင်း။
နံပါတ် (၃) ဗဟုဿုတ ပြည့်စုံတဲ့ပုဂ္ဂိုလ် = သင်သိ ကျင့်သိ။ ဒီအသိနှစ်မျိုးဖြင့် ဟုတ်တိုင်းမှန်စွာ သိခြင်း။
နံပါတ် (၄) ဓမ္မကထိက = တရားတော်ကို ဟောကြား ပြသ ဆိုဆုံးမနိုင်ခြင်း။
နံပါတ် (၅) ပရိသတ်အလယ်၌ ကျက်စားနိုင်ခြင်း။
နံပါတ် (၆) ပရိသတ်အလယ်မှာ ရဲရဲဝံ့ဝံ့ တရားတော်ကို ဟောကြား ပြသနိုင်ခြင်း။
နံပါတ် (၇) ဝိနည်းကို ဆောင်ထားနိုင်ခြင်း။ ဝိနည်းကို လက်တွေ့ကျင့်နိုင်ခြင်း။
နံပါတ် (၈) အရညကင် ဓုတင်ဆောက်တည်ပြီး တောကျောင်း၊ တောင်ကျောင်းတို့၌ မွေ့လျော် ပျော်ပိုက် နှစ်ခြိုက်ပြီးတော့ နေထိုင်ခြင်း။
နံပါတ် (၉) ပထမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန်လို့ ခေါ်ဆိုအပ်တဲ့ ဒိဋ္ဌဓမ္မသုခဝိဟာရ၊ မျက်မှောက်ဘဝမှာ ချမ်းချမ်းသာသာ နေထိုင်နိုင်ခြင်းရဲ့ အကြောင်းရင်းစစ်ဖြစ်နေတဲ့ အလွန်အဆင့်အတန်း မြင့်မားနေတဲ့ စိတ်, စေတသိက်လို့ ခေါ်ဆိုအပ်တဲ့ ဈာန်လေးပါးတို့ကို မငြိုမငြင် မပင်မပန်းဘဲ ရရှိခြင်း။
နံပါတ် (၁၀) မျက်မှောက်သောဘဝမှာ ကိလေသာ အာသဝေါတရားတို့ရဲ့ ကုန်ရာဖြစ်တဲ့ အရဟတ္တဖိုလ် စေတောဝိမုတ္တိ၊ အရဟတ္တဖိုလ် ပညာဝိမုတ္တိတရားနှင့် ပြည့်စုံအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ခြင်း တဲ့ပေါင်းလိုက်တော့ ဘယ်နှစ်ချက်လဲ? ဆယ်ချက်။

ဒီတရား ဆယ်ချက်နှင့် ပြည့်စုံနေတဲ့ ပုဂ္ဂိုလ်သည် ဒီသာသနာတော်မှာ ဘယ်လိုပုဂ္ဂိုလ်မျိုးဖြစ်သလဲ? သမန္တပါသာဒိက၊ ထက်ဝန်းကျင် ကြည်ညိုဖွယ်ဂုဏ်ကို ဆောင်ထားနိုင်တဲ့ ပုဂ္ဂိုလ်လည်း ဖြစ်တယ်။ သဗ္ဗာကာရပရိပူရ၊ အလုံးစုံသော အခြင်းအရာတို့ဖြင့် ငါဘုရားရှင်ရဲ့ သာသနာတော်မှာ ပြည့်စုံ လုံလောက်နေတဲ့ ပုဂ္ဂိုလ်မျိုးလည်း ဖြစ်ပါတယ်ဆိုပြီးတော့ မြတ်စွာဘုရား ဟောထားတယ်နော်။

ဒါကြောင့် ဒီနေ့ အလှူရှင်နှင့်တကွ တရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့လည်း ဘုရားရှင် နှစ်ခြိုက်တော်မူတဲ့ သမန္တပါသာဒိက၊ ထက်ဝန်းကျင် ကြည်ညိုဖွယ်ဂုဏ်ကို ဆောင်ထားနိုင်တဲ့ သူတော်ကောင်းတစ်ဦးဖြစ်အောင်, သဗ္ဗာကာရပရိပူရ၊ ခပ်သိမ်းသော အခြင်းအရာအားဖြင့် ပြည့်စုံ လုံလောက်နေတဲ့ သူတော်ကောင်းတစ်ဦး ဖြစ်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ကြပါစေလို့ တိုက်တွန်းရင်းဖြင့် ကဲ ... ဒီည တရားသိမ်းကြရအောင်နော်။

တရားဒေသနာတော်နိဂုံး

‘‘ဟိတွာ ကာမေ ပဗ္ဗဇိံသု၊ သန္တော ဂမ္ဘီရစိန္တကာ။ တေ တုမှေပျနုသိက္ခာဝှေါ၊ ပဗ္ဗဇိတာ သုပေသလာ။’’

သန္တော၊ ဘုရားအလျာ ပစ္စေကာနှင့် အရိယာနွယ်လောင်းဟို တို့ရှေ့က သူတော်ကောင်းတို့သည်။
ဂမ္ဘီရစိန္တကာ၊ နက်နဲသည့် ဓာတ်သဘောတွေကို နက်နဲစွာကြံဆင် အကြံကောင်း ဝင်တော်မူကြကုန်သည်ဖြစ်၍။
ကာမေ၊ ရှေးက ပြုဖန် ကုသိုလ်ကံတို့ စီမံထောက်မ လက်ရောက်ရသား များလှဇနီးသည် ကြီးကြီးငယ်နှင့် နှီးနွယ်ရောယူ ကိုယ်တော်တို့ပိုင်သသည့် ကာမဝတ္ထု အစုစုတို့ကို။
ဟိတွာ၊ ငါတို့ပိုင်ငြား ဤကာမတရားတို့သည် အများနှင့်ဆက်ဆံ ဘေးတွေက ဝန်းခြံ၊ ရန်တွေက မြောက်မြား တကယ်ကို ကြောက်လန့်ဖွယ်တွေပါတကားဟု ကြောက်အားတော်ဉာဏ်ကြွယ် လွတ်လွတ်ကြီး စွန့်ပယ်တော်မူကြကုန်သည် ဖြစ်၍။
ပဗ္ဗဇိံသု၊ ဃရာဝါသ သမ္ဗာဓဟု ကိစ္စများမြောင် လူတို့ဘောင် ဝဋ်နှောင်ကို လွတ်အောင်ကြုံးလျက် ရုန်းကန်ထွက်၍ နှစ်သက်ရွှင်လန်း ရှင်ရဟန်းပြု၍ တောထွက်တော်မူကြလေပြီ။
တုမှေပိ၊ မြတ်နေက္ခမ္မ ဓာတ်အာသယဟု ဆန္ဒကိန်းအောင်း သင်သူတော်ကောင်းတို့သည်လည်းပဲ။
ပဗ္ဗဇိတာ၊ ဝတ္ထုကာမဟူသမျှမှ မရအရ ကြုံးလျက် ရုန်းကန်ထွက်ကြကုန်သည်ဖြစ်၍။
သုပေသလာ၊ စာမရီသား မြီးဖျားခုံမင် ပုံအသွင်သို့ ချစ်ခင်လေးမြတ် နှစ်သက်အပ်သော သီလ ကိုယ်စီကိုယ်င ရှိကြကုန်သည်ဖြစ်၍။
တေ၊ ထိုဘုရားအလျာ ပစ္စေကာနှင့် အရိယာအနွယ်လောင်း ဟို ... တို့ရှေ့က သူတော်ကောင်းတို့ကို။
အနုသိက္ခာဝှေါ၊ အတုလိုက်ကာ ကျင့်တတ်ရာကို ကျင့်ကာမသွေ အားထုတ်နိုင်ကြပါစေကုန်သတည်း။

သာဓု သာဓု သာဓုပါဘုရား ...။

ဖားအောက်တောရဆရာတော်
စိတ္တလတောင်ကျောင်း။
ahklyz85mraa7hsoen5nfvg0feswcgo ဓမ္မနှင့်အဓမ္မတရားတော် 0 6344 22056 2026-06-12T05:42:05Z Tejinda 173 "{{header | title = ဓမ္မနှင့်အဓမ္မတရားတော် | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = စျာနသ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 22056 wikitext text/x-wiki {{header | title = ဓမ္မနှင့်အဓမ္မတရားတော် | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = [[စျာနသုတ်]] | previous2 = | next = [[ဒါရုက္ခန္ဓောပမသုတ်]] | next2 = | year = | notes = | edition = | categories = ဖားအောက်တောရ | shortcut = | portal = }}
ဓမ္မနှင့်အဓမ္မတရားတော်

ပထမပိုင်း

(ဩကာသကန်တော့ချိုးနှင့်ဆုပေး)

ဒီနေ့ ဟောကြားမယ့် တရားကတော့ ပိဋကတ်တိုက်မှာ ပိဋကတ်သုံးပုံနဲ့ ဆက်စပ်နေတဲ့ အရပ်ရပ်သော ကျမ်းစာများအလှူဒါန၊ ထုတ်ဝေဆဲဖြစ်တဲ့ နိဗ္ဗာနဂါမိနိပဋိပဒါ အမည်ရှိသော ကျမ်းစာအတွက် ဓမ္မပူဇာအဖြစ်ဖြင့် လှူဒါန်းပူဇော်အပ်သော ဓမ္မဒါန၊ ဤဓမ္မဒါန ကုသိုလ်အရပ်ရပ်တို့အတွက် ဟောကြားအပ်တဲ့ အနုမောဒနာတရားလို့ ဒီလိုပဲမှတ်ပါနော်။

ဒီအနုမောဒနာတရားကတော့ ဘုန်းကြီး သုတ္တန် တော်တော်ခပ်များများကို ညွှန့်ပေါင်းအနေနဲ့ ဟောကြားရမှာ ဖြစ်ပါတယ်၊ ထိုသုတ္တန် ခပ်များများထဲမှာ အထူးသဖြင့် မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် အင်္ဂုတ္တိုရ် ဧကနိပါတ် ဒုတိယ ပမာဒါဒိဝဂ်၌ ဟောကြားတော်မူအပ်တဲ့ ဓမ္မ၊ အဓမ္မ နှင့် ဆက်စပ်နေတဲ့ သုတ္တန်နှစ်ခု၊ အဓမ္မဝဂ်မှာ ဓမ္မ၊ အဓမ္မ နှင့် အလားတူပဲ ဆက်စပ်နေတဲ့ သုတ္တန်က နှစ်ခု၊ ပေါင်း ဒီသုတ္တန်လေးခုကို ဦးတည်ပြီးတော့ အနုမောဒနာတရား ဟောဖို့ ရည်ရွယ်ထားပါတယ်။

ဒီသုတ္တန်တွေကို ဘုရားရှင်ကိုယ်တော်တိုင် ဟောကြားပြသ ဆိုဆုံးမ ထားတော်မူတဲ့အတွက် ဒေသက ဖြစ်တော်မူသော ဘုရားရှင်အား ရှေးဦးစွာ ရှိခိုးပူဇော် ကန်တော့ကြရအောင်နော်။

ဒီနေ့ လှူမယ့် ကျမ်းစာတွေထဲမှာ မဟာနမက္ကာရ ဘုရားရှိခိုး ဆိုပြီးတော့ ဘားအံက ဒေါ်ခေမိကာတို့မိသားစုက လှူဒါန်းပူဇော်ကြပါတယ်၊ ထိုမဟာနမက္ကာရ ဘုရားရှိခိုးထဲမှာ ဂါထာတစ်ခုအဖြစ် ပါဝင်နေတဲ့ ဘုရားရှိခိုး ဂါထာတစ်ခု။ ထိုဂါထာဖြင့် ရှိခိုးကြရအောင်နော်။

**‘‘မုနိန္ဒက္ကော ယေကော ဒယုဒယရုဏော ဉာဏဝိတ္ထိဏ္ဏဗိမ္ဗော။
ဝိနေယျပ္ပါဏောဃံ ကမလကထိတံ ဓမ္မရံသိဝရေဟိ၊
သုဗောဓေသိ သုဒ္ဓေ တိဘဝကုဟရေ ဗျာပိတက္ကိတ္တိနဉ္စ။
တိလောကေကစ္စက္ခုံ ဒုခမသဟနံ တံ မဟေသိံ နမာမိ’’**

ဒယုဒယရုဏော၊ မဟာကရုဏာတော်သမာပတ်တည်းဟူသော တက်သစ်စ နေအရုဏ်လည်း ရှိတော်မူထသော၊ ဉာဏဝိတ္ထိဏ္ဏဗိမ္ဗော၊ သဗ္ဗညုတဉာဏ်တော်မြတ်တည်းဟူသော ကျယ်ပြန့်သော စက်ဝန်းတော်လည်း ရှိတော်မူထသော၊ ဧကော၊ သောင်းလောကဓာတ် တစ်ခွင်ဝယ် တုဘက်မပြူ တစ်ဆူတည်းသာ ပွင့်ထွန်း ပေါ်ပေါက်၍ လာတော်မူပေသော၊ ယော မုနိန္ဒက္ကော၊ အကြင် ဘုရားတည်းဟူသော နေမင်းသည်၊ သုဒ္ဓေ၊ သန့်ရှင်းဖြူစင် အေးမြကြည်လင်လှပေသော၊ တိဘဝကုဟရေ၊ ကာမ-ရူပ-အရူပတည်းဟူသော ဘဝသုံးထပ် ဘုံသုံးရပ်ကြာအိုင်၌၊ (နိဗ္ဗတ္တံ၊ ပါရမီကံ စီမံလှုံ့ဆော်သဖြင့် အသင့်ဖြစ်ထွန်း ပေါ်ပေါက်၍ နေပေသော၊) ကမလကထိတံ၊ ကြာဟူ၍ ခေါ်ဆိုသမုတ်အပ်သော၊ ဝိနေယျပ္ပါဏောဃံ၊ ကျွတ်ထိုက်သသူ လူနတ်ဗြဟ္မာ ဝေနေယျကြာ သတ္တဝါအပေါင်းကို၊ ဓမ္မရံသိဝရေဟိ၊ မဂ်ပေါက်ဖိုလ်ဝင် နိဗ္ဗာန်ကို မြင်သိစေတတ်သည့် သူတော်ကောင်းတရားတည်းဟူသော မြတ်သော ဒေသနာ ရောင်ခြည်တော်တို့ဖြင့်၊ သုဗောဓေသိ၊ သစ္စာလေးရပ် တရားမြတ်ကို ထွင်းဖောက် သိမြင်စေလျက် ကောင်းစွာ ပွင့်စေတော်မူခဲ့လေပြီ။

ဗျာပိတက္ကိတ္တိနဉ္စ၊ သောင်းလောကဓာတ် တစ်ခွင်ဝယ် သူမတူသော သီလ-သမာဓိ-ပညာဂုဏ်သကတ်ကြောင့် ဗြဟ္မာ့ဘုံတိုင် ပြန့်လှိုင်ကျော်ကြား ထင်ရှားတော်မူပေထသော၊ တိလောကေကစ္စက္ခုံ၊ ဗြဟ္မာနတ်လူ သုံးဘုံသူတို့၏ တစ်လုံးတည်းသော မျက်စိသဖွယ် ဖြစ်တော်မူပေထသော၊ ဒုခမသဟနံ၊ မဟာပထဝီမြေကြီးနှင့် တူစွာ သည်းခံနိုင်ခဲသောအရာကို သည်းခံတော်မူတတ်ထသော၊ မဟေသိံ၊ သီလက္ခန္ဓ သမာဓိက္ခန္ဓ ပညာက္ခန္ဓ ဝိမုတ္တိက္ခန္ဓ ဝိမုတ္တိဉာဏဒဿနက္ခန္ဓတည်းဟူသော ဂုဏ်ကျေးဇူး အထူးတို့ကို ဆည်းပူးရှာမှီး လေ့ကျက်တော် မူပြီးသော၊ တံ မုနိန္ဒက္ကံ၊ ထို ဘုရားတည်းဟူသော နေမင်းကို၊ အဟံ၊ တရားဟော, တရားနာဟု ခေါ်ဆိုသမုတ်အပ်သော တပည့်တော်သည်၊ နမာမိ၊ ကာယဝစီ မနောချီလျက် အဉ္စလီညွတ်ကျိုး လက်ဆယ်ဖြာ ထိပ်မှာမိုး၍ ရှိခိုးဦးညွတ်ပါ၏ မြတ်စွာဘုရားတည်း။

(သာဓု - သာဓု - သာဓု)

‘‘ယေ တေ ဘိက္ခဝေ ဘိက္ခူ အဓမ္မံ ဓမ္မောတိ ဒီပေန္တိ၊ တေ ဘိက္ခဝေ ဘိက္ခူ ဗဟုဇနအဟိတာယ ပဋိပန္နာ ဗဟုဇနအသုခါယ ဗဟုနော ဇနဿ အနတ္ထာယ အဟိတာယ ဒုက္ခာယ ဒေဝမနုဿာနံ’’ (အံ။၁။၁၈။)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့၊ ယေ တေ ဘိက္ခူ၊ အကြင်ရဟန်းတို့သည်ကား၊ အဓမ္မံ၊ အဓမ္မကို၊ ဓမ္မောတိ၊ ဓမ္မဟူ၍၊ ဒီပေန္တိ၊ ထင်ရှားပြ၍ နေကြလေကုန်၏၊ ဘိက္ခဝေ၊ ချစ်သားရဟန်းတို့၊ တေ ဘိက္ခူ၊ ထိုရဟန်းတော်တို့သည်ကား၊ ဗဟုဇနအဟိတာယ၊ လူသတ္တဝါအပေါင်း၏ လူများအပေါင်း၏ အကျိုးစီးပွားမဲ့ခြင်းငှာ၊ ဗဟုဇနအသုခါယ၊ များစွာသော လူအပေါင်း၏ ချမ်းသာမဲ့ခြင်းငှာ၊ ဗဟုနော ဇနဿ၊ များစွာသော လူအပေါင်း၏၊ အနတ္ထာယ၊ အကျိုးမဲ့ခြင်းငှာ၊ အဟိတာယ၊ အကျိုးစီးပွား မရှိခြင်းငှာ၊ ဒုက္ခာယ၊ ဆင်းရဲခြင်းငှာ၊ ဒေဝမနုဿာနံ၊ နတ်လူတို့၏၊ ပဋိပန္နာ၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်၍ နေတဲ့ပုဂ္ဂိုလ်တို့သည်၊ ဟောန္တိ၊ ဖြစ်ကြလေကုန်၏။

ရဟန်းတော်တစ်ချို့ ဆိုကြစို့နော်၊ ထိုရဟန်းတွေက အဓမ္မကို ဓမ္မလို့ ထင်ရှားဟောပြနေကြတယ်၊ အဲ့ဒီလို အဓမ္မကို ဓမ္မလို့ ထင်ရှားဟောပြနေတဲ့ ရဟန်းတော်တွေသည် သတ္တဝါအပေါင်း, လူများအပေါင်း, အကျိုးစီးပွားမဲ့ဖို့ရန်အတွက်, ချမ်းသာသုခ မရှိဖို့ရန်အတွက်, လူများအပေါင်းရဲ့ အကျိုးမဲ့ခြင်းငှာ နတ်လူတို့ရဲ့ အကျိုးစီးပွား မရှိဖို့ရန်, ဆင်းရဲဒုက္ခ ရောက်ဖို့ရန်အတွက် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ ရဟန်းတွေဖြစ်ကြတယ်၊

နောက်ထပ် မြတ်စွာဘုရား ဘာဆက်ဟောသလဲ၊

‘‘ဗဟုဉ္စ တေ ဘိက္ခဝေ ဘိက္ခူ အပုညံ ပသဝန္တိ။’’ (အံ။၁။၁၈။)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့၊ တေ ဘိက္ခူ၊ ထိုရဟန်းတော်တို့သည်ကား၊ ဗဟုဉ္စ အပုညံ၊ များပြားလှစွာသော မကောင်းမှုကိုလည်း၊ ပသဝန္တိ၊ ဖြစ်ပေါ်စေကြကုန်၏။

ဒီလို ဟောနေတဲ့ ရဟန်းတွေက နတ်လူတို့ ဆင်းရဲဒုက္ခရောက်ဖို့, အကျိုးမရှိဖို့, ချမ်းသာကင်းဖို့အတွက်သာ မကဘူး၊ ကြားနာရတဲ့ ပရိသတ်တွေရဲ့သန္တာန်မှာ အကုသိုလ်တရားတွေ ဖြစ်ပွားအောင် များစွာသော အကုသိုလ်တရားတွေကို ဖြစ်ပေါ်စေတတ်တဲ့ ရဟန်းတွေလည်း ဖြစ်ကြတယ်တဲ့၊ ဒီလောက်တွင်လားဆိုတော့ မကသေးဘူး၊

‘‘တေ စိမံ သဒ္ဓမ္မံ အန္တရဓာပေန္တိ’’ (အံ။၁။၁၈။)

တေ စ၊ ထိုရဟန်းတော်တို့သည်လည်း၊ ဣမံ သဒ္ဓမ္မံ၊ ဤသဒ္ဓမ္မငါးဖြာ သာသနာတော်မြတ်ကြီးကို၊ အန္တရဓာပေန္တိ၊ ကွယ်ပစေကြကုန်၏။

အဲ့ဒီ ရဟန်းတွေဟာ ဘုရားရှင်ရဲ့ သဒ္ဓမ္မငါးဖြာ သာသနာတော်ကြီးကို ကွယ်ပအောင်လုပ်နေတဲ့ ရဟန်းတွေဖြစ်ကြတယ်တဲ့၊ ဒါက သုတ္တန်လေးတစ်ခုပဲနော်၊ ဒုတိယ ပမာဒါဒိဝဂ်မှာ လာတဲ့ နံပါတ် (၁၃၀)မြောက်ဖြစ်တဲ့ သုတ္တန်တစ်ခုပဲ၊ နောက်သုတ္တန်တစ်ခု မြတ်စွာဘုရား ဆက်ဟောပြန်တယ်၊

‘‘ယေ တေ ဘိက္ခဝေ ဘိက္ခူ ဓမ္မံ အဓမ္မောတိ ဒီပေန္တိ၊ တေ ဘိက္ခဝေ ဘိက္ခူ ဗဟုဇနအဟိတာယ ပဋိပန္နာ ဗဟုဇနအသုခါယ ဗဟုနော ဇနဿ အနတ္ထာယ အဟိတာယ ဒုက္ခာယ ဒေဝမနုဿာနံ’’ (အံ။၁။၁၈-၁၉။)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့၊ ယေ တေ ဘိက္ခူ၊ အကြင်ရဟန်းတော်တို့သည်ကား၊ ဓမ္မံ၊ ဓမ္မကို၊ အဓမ္မောတိ၊ အဓမ္မဟူ၍၊ ဒီပေန္တိ၊ ထင်ရှားပြ၍ နေကြကုန်၏၊ ဘိက္ခဝေ၊ ချစ်သားရဟန်းတို့၊ တေ ဘိက္ခူ၊ ထို ဓမ္မကို အဓမ္မဟူ၍ ထင်ရှားပြနေတဲ့ ရဟန်းတော်တို့သည်ကား၊ ဗဟုဇနအဟိတာယ၊ လူများအပေါင်း၏ အကျိုးစီးပွားမဲ့ခြင်းငှာ၊ ဗဟုဇနအသုခါယ၊ လူအများအပေါင်း၏ ချမ်းသာမဲ့ခြင်းငှာ၊ ဗဟုနော ဇနဿ၊ များစွာသော လူအပေါင်း၏၊ အနတ္ထာယ၊ အကျိုးမဲ့ခြင်းငှာ၊ အဟိတာယ၊ အကျိုးစီးပွားမဲ့ခြင်းငှာ၊ ဒုက္ခာယ၊ ဆင်းရဲဒုက္ခ ရောက်ဖို့ရန်အလို့ငှာ၊ ဒေဝမနုဿာနံ၊ နတ်လူတို့၏၊ ပဋိပန္နာ၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်၍နေတဲ့ ပုဂ္ဂိုလ်တို့သည်၊ ဟောန္တိ၊ ဖြစ်ကြလေကုန်၏။

ဒီပုဂ္ဂိုလ်တွေက ခုနကပုဂ္ဂိုလ်ကတော့ အဓမ္မကို ဓမ္မလို့ထင်ရှားပြတယ်၊ အခု ဒီသုတ္တန်နံပါတ် (၁၃၁)ခုမြောက် သုတ္တန်ကျတော့ ဓမ္မကို အဓမ္မလို့ ထင်ရှားပြတဲ့ ပုဂ္ဂိုလ်တွေ၊ အဲဒီ ပုဂ္ဂိုလ်တွေဟာလည်း သတ္တဝါတွေ အကျိုးစီးပွားမဲ့ဖို့ ဆင်းရဲဒုက္ခရောက်ဖို့, နတ်လူတွေအကျိုးစီးပွားမဲ့ဖို့, ဆင်းရဲဒုက္ခရောက်ဖို့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ ရဟန်းတွေဖြစ်ကြတယ်တဲ့၊ ဒါတွင်လားဆိုတော့ မကသေးဘူး၊

‘‘ဗဟုဉ္စ တေ ဘိက္ခဝေ ဘိက္ခူ အပုညံ ပသဝန္တိ။ တေ စိမံ သဒ္ဓမ္မံ အန္တရဓာပေန္တိ’’ (အံ။၁။၁၉။)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့၊ တေ ဘိက္ခူ၊ ထိုရဟန်းတော်တို့သည်၊ ဗဟုဉ္စ အပုညံ၊ များပြားလှစွာသော မကောင်းမှုအကုသိုလ်ကိုလည်းပဲ၊ ပသဝန္တိ၊ ဖြစ်ပေါ်စေတတ်ကြကုန်၏၊ တေ စ၊ ထိုဓမ္မကို အဓမ္မဟု ထင်ရှားပြနေတဲ့ ရဟန်းတော်တို့သည်လည်းပဲ၊ ဣမံ သဒ္ဓမ္မံ၊ ဤသဒ္ဓမ္မငါးဖြာ သာသနာတော်မြတ်ကြီးကို၊ အန္တရဓာပေန္တိ၊ ကွယ်ပျောက် စေကြလေကုန်၏။

သတ္တဝါတို့ရဲ့သန္တာန်မှာ အကုသိုလ်တရားတွေ တိုးပွားအောင်လည်း ဒီရဟန်းတွေဟာ ကျင့်နေကြတယ်၊ ငါဘုရားရှင်ရဲ့ သဒ္ဓမ္မငါးဖြာ သာသနာတော်မြတ်ကြီးကိုလည်း ဒီရဟန်းတွေဟာ ကွယ်ပျောက်အောင် လုပ်နေကြတယ်တဲ့၊ ကဲ ဒါက သုတ္တန်နှစ်ခု အလားတူပဲ၊ နောက်ထပ် အဓမ္မဝဂ်မှာ မြတ်စွာဘုရားကို နံပါတ် (၁၄၀)နှင့် နံပါတ် (၁၄၁)ခုမြောက် သုတ္တန် နှစ်ခု ဆက်ဟောထားပြန်တယ်၊ ဘယ်လိုဟောလဲ?

‘‘ယေ တေ ဘိက္ခဝေ ဘိက္ခူ အဓမ္မံ အဓမ္မောတိ ဒီပေန္တိ၊ တေ ဘိက္ခဝေ ဘိက္ခူ ဗဟုဇနဟိတာယ ပဋိပန္နာ ဗဟုဇနသုခါယ ဗဟုနော ဇနဿ အတ္ထာယ ဟိတာယ သုခါယ ဒေဝမနုဿာနံ’’ (အံ။၁။၁၉။)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့၊ ယေ တေ ဘိက္ခူ၊ အကြင်ရဟန်းတော်တို့သည်ကား၊ အဓမ္မံ၊ အဓမ္မကို၊ အဓမ္မောတိ၊ အဓမ္မဟူ၍၊ ဒီပေန္တိ၊ ထင်ရှားပြ၍ နေကြကုန်၏၊ ဘိက္ခဝေ၊ ချစ်သားရဟန်းတို့၊ တေ ဘိက္ခူ၊ ထိုရဟန်းတော်တို့သည်ကား၊ ဗဟုဇနဟိတာယ၊ လူများအပေါင်း၏ အကျိုးစီးပွားအလို့ငှာ၊ ဗဟုဇနသုခါယ၊ လူများအပေါင်း၏ ချမ်းသာအလို့ငှာ၊ ဗဟုနော ဇနဿ၊ များစွာသောလူအပေါင်း၏၊ အတ္ထာယ၊ အကျိုးငှာ၊ ဟိတာယ၊ အစီးအပွားအလို့ငှာ၊ သုခါယ၊ ချမ်းသာအလို့ငှာ၊ ဒေဝမနုဿာနံ၊ နတ်လူတို့၏၊ ပဋိပန္နာ၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်၍ နေတဲ့ ပုဂ္ဂိုလ်တို့သည်၊ ဟောန္တိ၊ ဖြစ်ကြလေကုန်၏။

ဆန့်ကျင်ဘက်ပဲ၊ ခုနက သုတ္တန်နှစ်ခုနဲ့ ဆန့်ကျင်ဘက် သုတ္တန်ပဲနော်၊ ဘာပြောလဲ? ဒီရဟန်းတော်တစ်ချို့က အဓမ္မကို အဓမ္မလို့ ထင်ရှားဟောပြနေကြတယ်တဲ့၊ အဲဒီရဟန်းတွေဟာ လူများအပေါင်း အကျိုးရှိဖို့, လူများအပေါင်း ချမ်းသာဖို့, လူများအပေါင်းရဲ့ အကျိုးစီးပွားတွေ တိုးတက်လာဖို့အတွက် နတ်လူတွေ အကျိုးရှိဖို့ ချမ်းသာသုခ ရရှိဖို့အတွက် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ ရဟန်းတော်တွေ ဖြစ်ကြတယ်တဲ့၊

‘‘ဗဟုဉ္စ တေ ဘိက္ခဝေ ဘိက္ခူ ပုညံ ပသဝန္တိ။ တေ စိမံ သဒ္ဓမ္မံ ဌပေန္တိ’’ (အံ။၁။၁၉။)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့၊ တေ ဘိက္ခူ၊ ထိုအဓမ္မကို အဓမ္မဟု ထင်ရှားပြောပြနေကြတဲ့ ရဟန်းတော်တို့သည်၊ ဗဟုဉ္စ ပုညံ၊ များစွာသော ကောင်းမှုကုသိုလ်တို့ကိုလည်းပဲ၊ ပသဝန္တိ၊ ဖြစ်ပေါ်စေကြကုန်၏၊ တေ စ၊ ထိုအဓမ္မကို အဓမ္မဟု ထင်ရှားပြနေတဲ့ ရဟန်းတော်တို့သည်လည်းပဲ၊ ဣမံ သဒ္ဓမ္မံ၊ ဤသဒ္ဓမ္မငါးဖြာ သာသနာတော်မြတ်ကြီးကို၊ ဌပေန္တိ၊ တည်တံ့အောင်ထား၍ နေကြပါကုန်၏။

အချို့ ရဟန်းတော်တွေက အဓမ္မကို အဓမ္မလို့ ထင်ရှားဟောပြနေကြတယ်တဲ့၊ ဒီလို အဓမ္မကို အဓမ္မလို့ ထင်ရှားဟောပြနေကြတဲ့ ရဟန်းတွေဟာ လူများအပေါင်း အကျိုးစီးပွားရှိဖို့အတွက်, ချမ်းသာသုခရရှိဖို့အတွက် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ ရဟန်းတွေ ဖြစ်ကြတယ်၊ လူများအပေါင်း အကျိုးရှိဖို့, နတ်လူတွေ အကျိုးရှိဖို့, ချမ်းသာသုခရရှိဖို့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ ရဟန်းတွေ ဖြစ်ကြတယ်၊ ဒါတွင်လားဆိုတော့ မကသေးဘူး၊ ဒီရဟန်းတွေဟာ ကုသိုလ်တရားတွေကို များစွာ ဖြစ်ပေါ်လာအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ ရဟန်းတွေလည်းဖြစ်တယ်၊ ငါဘုရားရှင်ရဲ့ ဒီသဒ္ဓမ္မငါးဖြာ သာသနာတော်မြတ်ကြီးကို အရှည်ခိုင်ခံ့တည်တံ့အောင် ထားနေတဲ့ ရဟန်းတော်တွေလည်း ဖြစ်ကြတယ်တဲ့၊ နောက်ထပ် (၁၄၁)မြောက်ဖြစ်တဲ့ သုတ္တန်တစ်ခု၊

‘‘ယေ တေ ဘိက္ခဝေ ဘိက္ခူ ဓမ္မံ ဓမ္မောတိ ဒီပေန္တိ၊ တေ ဘိက္ခဝေ ဘိက္ခူ ဗဟုဇနဟိတာယ ပဋိပန္နာ ဗဟုဇနသုခါယ ဗဟုနော ဇနဿ အတ္ထာယ ဟိတာယ သုခါယ ဒေဝမနုဿာနံ’’ (အံ။၁။၁၉။)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့၊ ယေ တေ ဘိက္ခူ၊ အကြင်ရဟန်းတော်တို့သည်ကား၊ ဓမ္မံ၊ ဓမ္မကို၊ ဓမ္မောတိ၊ ဓမ္မဟူ၍၊ ဒီပေန္တိ၊ ထင်ရှားပြ၍ နေကြကုန်၏၊ ဘိက္ခဝေ၊ ချစ်သားရဟန်းတို့၊ တေ ဘိက္ခူ၊ ထိုဓမ္မကို ဓမ္မဟုထင်ရှားပြနေတဲ့ ရဟန်းတော်တို့သည်ကား၊ ဗဟုဇနဟိတာယ၊ လူများအပေါင်း၏ ချမ်းသာအလို့ငှာ၊ ဗဟုဇနသုခါယ၊ လူများအပေါင်း၏ ချမ်းသာအလို့ငှာ၊ ဗဟုနော ဇနဿ၊ များစွာသောလူအပေါင်း၏၊ အတ္ထာယ၊ အကျိုးငှာ၊ ဟိတာယ၊ အကျိုးစီးပွားအလို့ငှာ၊ သုခါယ၊ ချမ်းသာအလို့ငှာ၊ ဒေဝမနုဿာနံ၊ နတ်လူတို့၏၊ ပဋိပန္နာ၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်၍နေတဲ့ ပုဂ္ဂိုလ်တို့သည်၊ ဟောန္တိ၊ ဖြစ်ကြလေကုန်၏။

အချို့ ရဟန်းတွေက ဓမ္မကို ဓမ္မလို့ထင်ရှားဟောပြနေကြတယ်၊ ဒီလို ဓမ္မကို ဓမ္မလို့ ထင်ရှားဟောပြနေတဲ့ ရဟန်းတွေဟာ လူများအပေါင်း အကျိုးစီးပွားရှိဖို့, ချမ်းသာဖို့, လူများပေါင်းရဲ့ အကျိုးတွေ ကြီးပွားတိုးတက်လာဖို့, နတ်လူတို့ရဲ့ အကျိုးစီးပွားတွေ တိုးတက်လာဖို့, ချမ်းသာသုခတွေ တိုးတက်လာဖို့အတွက် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ ရဟန်းတွေ ဖြစ်ကြတယ်တဲ့၊

‘‘ဗဟုဉ္စ တေ ဘိက္ခဝေ ဘိက္ခူ ပုညံ ပသဝန္တိ။ တေ စိမံ သဒ္ဓမ္မံ ဌပေန္တိ’’ (အံ။၁။၁၉။)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့၊ တေ ဘိက္ခူ၊ ထိုဓမ္မကို ဓမ္မဟု ထင်ရှားပြနေတဲ့ ရဟန်းတော်တို့သည်ကား၊ ဗဟုဉ္စ ပုညံ၊ များပြားစွာသော ကောင်းမှုကုသိုလ်တရားတို့ကိုလည်းပဲ၊ ပသဝန္တိ၊ ဖြစ်ပေါ်စေကြကုန်၏၊ တေ စ၊ ထိုဓမ္မကို ဓမ္မဟု ထင်ရှားပြနေတဲ့ ရဟန်းတော်တို့သည်လည်း၊ ဣမံ သဒ္ဓမ္မံ၊ ဤသဒ္ဓမ္မငါးဖြာ ဘုရားရှင်၏ သာသနာတော်မြတ်ကြီးကို၊ ဌပေန္တိ၊ အရှည်ခိုင်ခံ့ တည်တံ့အောင် ထားကြပါကုန်၏။

အကျိုးရှိဖို့ ချမ်းသာဖို့တွင်မကဘူး၊ ဒီရဟန်းတွေဟာ ကုသိုလ်တရားတွေ များပြားစွာ တိုးပွားလာဖို့အတွက် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ ရဟန်းတွေလည်း ဖြစ်ကြတယ်၊ သဒ္ဓမ္မငါးဖြာ ငါဘုရားရှင်ရဲ့ သာသာနာတော်မြတ်ကြီး အရှည်ခိုင်ခံ့ တည်တံ့အောင်ထားနေတဲ့ ရဟန်းတော်တွေလည်း ဖြစ်ကြတယ်ဆိုပြီးတော့ ဒီလိုသုတ္တန် လေးခု တန်းစီပြီးတော့ လာပါတယ်နော်၊ ဒီတော့ ဒီသုတ္တန်တွေမှာ အဓမ္မကို ဓမ္မလို့ထင်ရှားပြတာ ဓမ္မကို အဓမ္မလို့ ထင်ရှားပြတာက သုတ္တန် နှစ်ခု၊ နောက်သုတ္တန် နှစ်ခုကတော့ အဓမ္မကို အဓမ္မလို့ပဲ ထင်ရှားဟောပြတယ်၊ ဓမ္မကို ဓမ္မလို့ပဲ ထင်ရှားဟောပြတယ်၊ ဒါက သုတ္တန် နှစ်ခု၊

ဒီတော့ ဒီနေရာမှာ ဓမ္မနဲ့ အဓမ္မဆိုတာ ဘာလဲလို့ ဒီလိုတော့ မေးစရာရှိတယ်၊ သုတ္တန္တပရိယာယနည်း၊ ဝိနယပရိယာယနည်း စသည်ဖြင့် အဋ္ဌကထာက နည်းအမျိုးမျိုးနဲ့ ဖွင့်ဆိုထားတော်မူပါတယ်နော်၊ ဖွင့်ဆိုထားတော့ ဒီအပိုင်းမှာ ဘုန်းကြီးကတော့ သုတ္တန်နည်း တစ်ခုလောက်ကိုပဲ လိုရင်းကွက်ပြီး ဒီနေရာမှာ ပြောဖို့ ရည်ရွယ်ပါတယ်။

သုတ္တန်နည်းအရ ဓမ္မဆိုတာကတော့ ဗောဓိပက္ခိယ ဓမ္မအပြား (၃၇)ပါး ဖြစ်ပါတယ်၊ ဗောဓိပက္ခိယတရား (၃၇)ပါးဆိုတာ သိတဲ့ပရိသတ် ဒီထဲမှာ များပါလိမ့်မယ်နော်၊ သို့သော် ဘုန်းကြီး နည်းနည်း အကျဉ်းချုပ်ပြီး ထပ်ပြောမယ်၊ သတိပဋ္ဌာန်ဘယ်နှစ်ပါးရှိလဲ? သတိပဋ္ဌာန် လေးပါး၊ အားလုံး သိကြတယ်၊ ကာယာနုပဿနာသတိပဋ္ဌာန်၊ ဝေဒနာနုပဿနာသတိပဋ္ဌာန်၊ စိတ္တာနုပဿနာ သတိပဋ္ဌာန်၊ ဓမ္မာနုပဿနာသတိပဋ္ဌာန်-ဆိုပြီး သတိပဋ္ဌာန်ဘယ်နှစ်ပါးလဲ? လေးပါး၊

ဒီတော့ သတိပဋ္ဌာန် လေးပါးထဲမှာ ဘုရားရှင် ဟောကြားသွားတော်မူတဲ့စနစ်ကို လှမ်းကြည့်လိုက်ရင် ကာယာနုပဿနာသတိပဋ္ဌာန်ပိုင်းမှာ အာနာပါနကဲ့သို့ စတုတ္ထဈာန် သမာဓိဆိုက်အောင် ရှုပွားသုံးသပ်ရမယ့် သမထ ကမ္မဋ္ဌာန်းတွေကိုလည်း ကာယာနုပဿနာပိုင်းမှာ ထည့်သွင်းပြီး ဘုရားရှင် ဟောကြားထားတော်မူပါတယ်၊ (၃၂)ကောဋ္ဌာသကဲ့သို့ ပထမဈာန်သမာဓိဆိုက်အောင် ရှုပွားသုံးသပ်ရမယ့် ပဋိကူလမနသိကာရကမ္မဋ္ဌာန်းတွေကိုလည်း ထည့်သွင်းပြီး ဟောကြားထားတော်မူခဲ့တယ်၊

ရှေးရှေး အဋ္ဌကထာတို့ရဲ့ သတ်မှတ်ချက်အရ ပြောရမယ်ဆိုရင် နဝသီဝထိကပဗ္ဗကဲ့သို့ အသုဘဘာဝနာကမ္မဋ္ဌာန်းကို ပထမဈာန်သမာဓိဆိုက်အောင် ပွားများအားထုတ်ရမယ့် သမထကမ္မဋ္ဌာန်းတွေကိုလည်း ထည့်သွင်းပြီး ဘုရားရှင် ဟောကြားထားတော်မူပါတယ်နော်၊ ကာယဂတာသတိ သုတ္တန်နည်းအရ ပြောရမယ်ဆိုရင်တော့ ကသိုဏ်း တစ်ဆယ်ပါး၊ သမာပတ် ရှစ်ပါးတွေဟာလည်း ကာယဂတာသတိ၊ ကာယာနုပဿနာသတိပဋ္ဌာန်ရဲ့ အောက်မှာပဲ ရှိနေပါတယ်၊ ဒါကြောင့် ဆိုလိုတာကတော့ ဥပလက္ခဏနည်း၊ နိဒဿနည်းအားဖြင့် ဘုရားရှင်က အာနာပါနကမ္မဋ္ဌာန်းစတဲ့ ဒီကမ္မဋ္ဌာန်းတွေကို မဟာသတိပဋ္ဌာနသုတ္တန်မှာ ကာယာနုပဿနာသတိပဋ္ဌာန်ပိုင်းမှာ ဟောကြားထားခြင်း ဖြစ်ပါတယ်၊

ဥပလက္ခဏနည်း၊ နိဒဿနည်း ဆိုတာကတော့ အရိပ်ပြလျှင် အကောင်ထင်အောင် ပုံစံ တစ်ခု၊ နှစ်ခုလောက် ထုတ်နုတ်ပြီး မြတ်စွာဘုရားက သမထကမ္မဋ္ဌာန်းတွေကို ဟောကြားထားတော်မူခြင်းဖြစ်တယ်၊ ဒါကြောင့် သမထကမ္မဋ္ဌာန်း အားလုံးလိုလို ဒီကာယာနုပဿနာသတိပဋ္ဌာန်ရဲ့အောက်မှာ အကျုံးဝင်နေပါတယ်၊ ဒါက သမထပိုင်း၊ ဒီသမာဓိတွေကို စနစ်တကျ ထူထောင်ပြီးတဲ့ ယောဂီသူတော်ကောင်းက ရှေ့တစ်ဆင့် တက်ပြီးတော့ လုပ်ငန်းခွင် ပြုလုပ်ပုံကို ဘုရားရှင်က အစီအစဉ်တကျ ဟောထားတယ်၊ ဘယ်လိုဟောလဲ?

**‘‘ဣတိ အဇ္ဈတ္တံ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ။
ဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ။
အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ’’** (မ။၁။၇၁။)

ဒီလိုဟောထားတယ်၊ အဇ္ဈတ္တမှာလည်း ကာယကို ကာယလို့ အဖန်ဖန် အထပ်ထပ်ရှုပါ၊ ဗဟိဒ္ဓမှာလည်း ကာယကို ကာယလို့ အဖန်ဖန် အထပ်ထပ် ရှုပါ၊ အဇ္ဈတ္တ၊ ဗဟိဒ္ဓ နှစ်မျိုးလုံးမှာလည်း ကာယကို ကာယလို့ အဖန်ဖန် အထပ်ထပ် ရှုပါဆိုပြီး ဒီလိုညွှန်ကြားထားတယ်၊

ဒီ ညွှန်ကြားချက် အပိုင်းကိုတော့ ပဋိသမ္ဘိဒါမဂ်ပါဠိတော်မှာ အရှင်သာရိပုတ္တရာမထေရ်မြတ်က ကာယအရ ရူပကာယ၊ နာမကာယ နှစ်မျိုးလုံးကိုပဲ ရည်ညွှန်းထားတယ်ဆိုပြီးတော့ ဒီလို ဖွင့်ဆိုထားပါတယ်၊ ဆိုလိုတာကတော့ ရုပ်သက်သက်ကို ဝိပဿနာ ရှုပွားသုံးသပ်ရုံမျှဖြင့်လည်း အရိယာမဂ်ဖိုလ် မဆိုက်နိုင်ဘူး၊ နာမ်တရား သက်သက်ကို ဝိပဿနာရှုပွားရုံဖြင့်လည်း အရိယာမဂ်ဖိုလ် မဆိုက်နိုင်တဲ့အတွက် ယောဂီပုဂ္ဂိုလ်က ရုပ်တရား နာမ်တရား နှစ်မျိုးလုံးကို ရှုရမှာဖြစ်တယ်၊ ရုပ်တရားတွေကို ရူပကာယလို့ခေါ်တယ်၊ နာမ်တရားတွေကို နာမကာယလို့ခေါ်တယ်၊ ကာယဆိုတာက အပေါင်းအစုကို ဆိုလိုပါတယ်။

ဘာအပေါင်းအစုလဲ၊ ရုပ်တရားအပေါင်းအစု, နာမ်တရားအပေါင်းအစု၊ ဘာဖြစ်လို့ ဒီလို အပေါင်းအစုဆိုတဲ့ စကားလုံးသုံးပြီး ဟောနေရသလဲလို့ မေးရင်တော့ ရုပ်တရားတို့မည်သည်မှာ အုပ်စုခေါ်တဲ့ အပေါင်းအစုအလိုက် အုပ်စုအလိုက်သာ ဖြစ်တယ်၊ နာမ်တရားတို့မည်သည်မှာလည်း အပေါင်းအစုခေါ်တဲ့ အုပ်စုအလိုက်သာဖြစ်တယ်၊ ဒီအုပ်စုလေးတွေကို ဝိသုဒ္ဓိမဂ္ဂ မဟာဋီကာဆရာတော်ကတော့ ရူပါရူပကလာပုပ္ပါဒနံ၊ (မဟာဋီ။၂။၂၃၅။) ဆိုပြီးတော့ ရုပ်ကလာပ်, နာမ်ကလာပ်ဆိုပြီး ဒီလိုပဲ သုံးထားပါတယ်နော်၊

ဒီတော့ ရုပ်တို့မည်သည်မှာ ရုပ်ကလာပ်ခေါ်တဲ့ အမှုန်ကလေးတွေ အနေနဲ့ဖြစ်တယ်၊ ဒီ ကလာပ်အမှုန်တစ်ခု တစ်ခုကို ဓာတ်ခွဲကြည့်ရင် အောက်ထစ်ဆုံး ပမာဏအားဖြင့် ပထဝီ, အာပေါ, တေဇော, ဝါယော, အဆင်း, အနံ့, အရသာ, ဩဇာဆိုပြီး သဘောတရား ရှစ်ခုရှိပါတယ်၊ အဲဒီ ရှစ်ခုထက် လျော့နည်းနေပြီး ဖြစ်နိုင်တဲ့ စွမ်းအားမရှိဘူး၊ ဒီလို အုပ်စုအလိုက် ဖြစ်တဲ့အတွက် ကာယဆိုတဲ့ စကားလုံးကိုသုံးပြီး ဘုရားရှင်က ရူပကာယစသည်ဖြင့် ဒီလို ခေါ်ဝေါ်သုံးစွဲထားတယ်၊ ကာယာနုပဿနာသတိပဋ္ဌာန်စသည်ဖြင့် ခေါ်ဝေါ်ထားတယ်၊ အလားတူပဲ၊ နာမ်တရားတို့မည်သည်မှာလည်း တစ်လုံးချင်း ဖြစ်နိုင်တဲ့ စွမ်းအားမရှိဘူး၊ ဒွေပဉ္စဝိညာဏ် စိတ္တက္ခဏ စေတသိက် ခုနစ်လုံးလို့ ခေါ်ဆိုအပ်တဲ့ စေတသိက် ခုနစ်လုံးနဲ့ အသိစိတ် တစ်လုံး၊ ပေါင်း ရှစ်လုံးပေါင်းမှ ဖြစ်နိုင်တဲ့ စွမ်းအားရှိတယ်၊ ဒါက အနည်းဆုံးပဲ၊

တစ်ချို့ စိတ္တက္ခဏတွေမှာ မဟာကုသိုလ်ဇော စိတ္တက္ခဏဖြစ်လို့ ဉာဏသမ္ပယုတ်လည်းဖြစ်မယ်၊ သောမနဿဝေဒနာနှင့်လည်း ယှဉ်မယ်ဆိုရင် စိတ် စေတသိက် သုံးဆယ့်လေးလုံးလောက်အထိ ယှဉ်တွဲပြီး ဖြစ်ကြပါတယ်၊ ဒီလို စိတ္တက္ခဏတစ်ခုအတွင်းမှာ အတူယှဉ်တွဲပြီး ဖြစ်ပေါ်သွားတဲ့ စိတ်စေတသိက်တရားစုတွေကို နာမကာယ၊ နာမ်ကလာပ်ဆိုပြီး ဒီလို ခေါ်ဝေါ်သုံးစွဲထားပါတယ်နော်၊ အဲဒီ ရူပကာယ, နာမကာယတွေကို ယောဂီပုဂ္ဂိုလ်က အဇ္ဈတ္တမှာရော၊ ဗဟိဒ္ဓမှာရော အဇ္ဈတ္တ, ဗဟိဒ္ဓနှစ်မျိုးလုံးကိုပဲ စနစ်တကျ ပရမတ်ဆိုက်အောင် သိမ်းဆည်းပါတဲ့၊ ဒါက ဘုရားရှင်ရဲ့ ညွှန်ကြားချက်နော်၊ အဲဒီညွှန်ကြားချက်ပြီးတော့ နောက်တစ်ဆင့်တက်ပြီး ဘုရားရှင်က ဘာညွှန်ကြားလဲ?

‘‘သမုဒယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ ဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ သမုဒယဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ။’’ (ဒီ။၂။၂၃၂။)

အကြောင်းတရားတွေ ထင်ရှားဖြစ်ရင် အကျိုးတရား အကျိုးရူပကာယ နာမကာယတွေ ထင်ရှားဖြစ်ပုံကိုလည်း မြင်အောင်ရှုဖို့ ဟောတယ်၊ အကြောင်းတရားတွေ အနုပ္ပါဒနိရောဓ သဘောအားဖြင့် နောင်တစ်ဖန် ဘယ်တော့မှ မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းပုံကိုလည်း မြင်အောင်ရှုဖို့ ဟောတယ်၊

နောက်တစ်ခု - အကြောင်း-အကျိုး နှစ်ရပ်လုံးတို့ရဲ့ ဖြစ်ပြီးပျက်နေတဲ့ နိဗ္ဗတ္တိလက္ခဏာနှင့် ဝိပရဏာမလက္ခဏာခေါ်တဲ့ ဖြစ်မှု, ပျက်မှုကိုလည်း ဉာဏ်နဲ့မြင်အောင်ကြည့်ပြီး အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီး ဝိပဿနာရှုဖို့ ဒီအပိုင်းမှာ ဟောလိုက်တယ်၊ ဟောပြီးတော့ နောက်တစ်ဆင့်တက်ပြီး ဘုရားရှင်က ဘာဟောလဲ၊

‘‘အတ္ထိ ကာယောတိ ဝါ ပနဿ သတိ ပစ္စုပဋ္ဌိတာ ဟောတိ ယာဝဒေဝ ဉာဏမတ္တာယ ပဋိဿတိမတ္တာယ။’’ (ဒီ။၂။၂၃၂။)

ကာယ, ရူပကာယ, နာမကာယသက်သက်ပဲရှိတယ်၊ ထိုရူပကာယ, နာမကာယထက် လွန်ပြီးတော့ ဘာမှ မရှိတော့ဘူး၊ သင်္ခါရနိမိတ်ဆိုတာ လုံးလုံး မရှိတော့ဘူး၊ အဲဒီလို သိတဲ့ အဆင့်ထိရောက်အောင် ဆက်ပြီးတော့ ကျင့်ပါ၊ ကျင့်ခဲ့ရင် ဒီအသိဉာဏ်က ဘာလုပ်မလဲ? "ယာဝဒေဝ ဉာဏမတ္တာယ" ဝိပဿနာဉာဏ်တွေ အဆင့်ဆင့် တိုးပွားလာအောင် ဆောင်ရွက်ပေးမယ်၊ "ယာဝဒေဝ ပဋိဿတိမတ္တာယ" ဒီဝိပဿနာဉာဏ်နဲ့ ယှဉ်တွဲနေတဲ့ သတိတွေ အဆင့်ဆင့် တိုးပွားလာအောင် အားကောင်းလာအောင် ဒီအသိဉာဏ်က ဆောင်ရွက်ပေးမယ်ဆိုပြီးတော့ ဒီလို ဆက်ဟောတယ်၊

ဟောလိုက်တော့ ဒီဟောကြားချက်ကတော့ ရူပကာယခေါ်တဲ့ ရုပ်တရားသက်သက်, နာမကာယခေါ်တဲ့ နာမ်တရားသက်သက် အစုအပုံသာ ရှိတယ်လို့ သိအောင် ရှုရတော့မယ်၊ အဲဒီ အချိန်အခါမှ ယောဂီက ရုပ်ကလာပ်တွေကို ဓာတ်ခွဲလို့ ရုပ်ပရမတ်နယ်မြေကို အသိဉာဏ် ဆိုက်နေပြီး ဖြစ်ပါတယ်၊ အဲဒီလို အသိဉာဏ် ဆိုက်တဲ့အခါမှာ အခုလို ဖြစ်မှု, ပျက်မှုတွေကို ရှုရာကနေပြီးတော့ ဖြစ်ပျက်တွေက မြန်လာတဲ့အခါ ယောဂီပုဂ္ဂိုလ်က အဖြစ်ကို မကြည့်တော့ဘဲ၊ အပျက်ကို နှလုံးသွင်းလိုက်တဲ့အခါ ဉာဏ်တွေကလည်း ထက်လာပြီဆိုရင် ထိုရူပကာယ, နာမကာယခေါ်တဲ့ ရုပ်တရား, နာမ်တရားတို့ရဲ့ အဖြစ်ကို အဖြစ်ကို မမြင်တော့ဘဲ အပျက်သက်သက်ကိုပဲ ကွက်ပြီး မြင်လာပြီး၊ ဉာဏ်ကလည်း အလွန်ထက်လာပြီဆိုရင် ထိုအချိန်အခါမှာ ကလာပ်တောင် မမြင်တော့ဘဲ၊ ရုပ်သဘောသက်သက် နာမ်သဘောသက်သက်တို့ရဲ့ အပျက်သက်သက်ကို တစ်ဖက်သက် နှလုံးသွင်းပြီး ဆက်ရှုပွားခဲ့မယ်ဆိုရင် အဆင့်ဆင့် ဝိပဿနာဉာဏ်တွေလည်း တိုးတက်လာမယ်၊ ဝိပဿနာဉာဏ်နဲ့ ယှဉ်တွဲနေတဲ့ သတိတွေလည်း အားကောင်းလာလိမ့်မယ်၊ ဒီအပိုင်းကတော့ ဘင်္ဂဉာဏ်ကနေစပြီးတော့ ဟိုသင်္ခါရုပေက္ခာဉာဏ်အထိ အထက်ပိုင်း ဝိပဿနာဉာဏ်စဉ်အားလုံးကို ရည်ညွှန်းထားပါတယ်၊

အဲဒီ ဉာဏ်စဉ်ကို ရင့်ကျက်အောင် ကြိုးစားအားထုတ်ပြီးတဲ့အခါ နောက်တစ်ဆင့် ဘာဆက်လုပ်ရမလဲ? ဘာဖြစ်သွားမလဲ?

‘‘အနိဿိတော စ ဝိဟရတိ၊ န စ ကိဉ္စိ လောကေ ဥပါဒိယတိ။’’ (ဒီ။၂။၂၃၂။)

တဏှာ, မာန, ဒိဋ္ဌိတို့ဖြင့် ခန္ဓာငါးပါးအပေါ်၌ ငါ, ငါ့ဟာလို့ အမှီပြုပြီးတော့ မနေတော့ဘဲ တဏှာစွဲ, မာနစွဲ, ဒိဋ္ဌိစွဲ အစွဲတွေ ခန္ဓာငါးပါးအပေါ်မှာ လုံးဝ ပြုတ်သွားလိမ့်မယ်၊ ဒီအပိုင်းကတော့ အရိယာမဂ်ဉာဏ်တွေ အဆင့်ဆင့်ပေါ်လာပြီး အရဟတ္တမဂ်ဆိုက်တဲ့အထိ ဒီအဆင့်က ရည်ညွှန်းထားပါတယ်၊ အရဟတ္တမဂ်ဆိုက်ပြီဆိုရင် ခန္ဓာငါးပါးတို့အပေါ်၌ စွဲလမ်းနေတဲ့ တဏှာစွဲ, မာနစွဲ, ဒိဋ္ဌိစွဲ အစွဲဟူသမျှ ကိလေသာဟူသမျှ အားလုံး ကင်းစင်သွားပြီ၊ အဲဒီ အဆင့်ရောက်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါ ဆိုပြီးတော့ ဒါ သတိပဋ္ဌာန်ကျင့်စဉ်ပိုင်းမှာ ဘုရားရှင်က ဒီလို နည်းစနစ် အဆင့်ဆင့် ဟောပေးထားပါတယ်နော်၊

ဒီတော့ ဒီရှုကွက်ကိုကြည့်မယ်ဆိုရင် မူလ အခြေခံတည်ထားတာက ရူပကာယကို အခြေခံတည်ထားသော်လည်း၊ ရုပ်တရားသက်သက်ကို ဝိပဿနာရှုရုံဖြင့် အရိယာမဂ်သို့ မဆိုက်နိုင်၊ နာမ်တရားသက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်လည်း အရိယာမဂ်သို့ မဆိုက်နိုင်၊ မဆိုက်နိုင်တဲ့အတွက် ရူပကာယ, နာမကာယ နှစ်မျိုးလုံးကိုပဲ ရှုရပါတယ်၊ ဒီအဆုံးအဖြတ်ကတော့ ဘုန်းကြီးတို့ အဋ္ဌသာလိနီ အဋ္ဌကထာ စာမျက်နှာ (၂၇၀-၂၇၁)မှာ ဝုဋ္ဌာနဂါမိနိဝိပဿနာ ကိုးမျိုးကို ရှင်းလင်းတဲ့ ဖွင့်ဆိုချက်ထဲမှာ ပါပါတယ်နော်၊

‘‘ယသ္မာ ပန န သုဒ္ဓရူပဒဿနမတ္တေနေဝ ဝုဋ္ဌာနံ ဟောတိ၊ အရူပမ္ပိ ဒဋ္ဌဗ္ဗမေဝ။’’ (ဝိသုဒ္ဓိ။ဋ္ဌ။၂။၃၀၀။)

ယသ္မာ ပန၊ အကြင်ကြောင့်ကား၊ သုဒ္ဓရူပဒဿနမတ္တေနေဝ၊ ရုပ်တရားသက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်ပင်လျှင်၊ ဝုဋ္ဌာနံ၊ အရိယာမဂ်သို့ ထမြောက်ဖြစ်ပေါ်လာခြင်းသည် (ဝါ) ဝုဋ္ဌာနဂါမိနိဝိပဿနာသည်၊ န ဟောတိ၊ မဖြစ်နိုင်၊ အရူပမ္ပိ၊ နာမ်တရားကိုလည်းပဲ၊ ဒဋ္ဌဗ္ဗမေဝ၊ ဝိပဿနာရှုပွားသုံးသပ်ရမည်သာလျှင်တည်း။

ပုဂ္ဂိုလ်တစ်ယောက်က ရုပ်တရား, နာမ်တရား နှစ်မျိုးရှိတဲ့အနက်က ရုပ်တရားကို စပြီးတော့ အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ ဝိပဿနာရှုတယ်၊ အဲဒီလို ရှုလိုက်တဲ့အပိုင်းမှာ ရုပ်တရားသက်သက်ကို ဝိပဿနာရှုရုံမျှဖြင့် အရိယာမဂ်သို့ မဆိုက်နိုင်တဲ့အတွက် နာမ်တရားကိုလည်း ရှုရမယ်တဲ့၊ ရှုလိုက်တဲ့အခါ ဘယ်နာမ်တရားတွေ ရှုမလဲ?

‘‘တသ္မာ တံ ရူပံ အာရမ္မဏံ ကတွာ ဥပ္ပန္နံ ဝေဒနံ သညံ သင်္ခါရေ ဝိညာဏဉ္စ ‘ဣဒံ အရူပ’န္တိ အရူပံ ပဿတိ။’’ (ဝိသုဒ္ဓိ။ဋ္ဌ။၂။၃၀၀။)

တသ္မာ၊ ထိုသို့ ရုပ်တရားသက်သက်ရှုရုံဖြင့် မဆိုက်နိုင်သောကြောင့်၊ တံ ရူပံ၊ ထိုရုပ်တရားကို၊ အာရမ္မဏံ၊ အာရုံ၊ ကတွာ၊ ပြု၍၊ ဥပ္ပန္နံ၊ ဖြစ်ပေါ်လာသော၊ ဝေဒနံ၊ ဝေဒနာကိုလည်းကောင်း၊ သညံ၊ သညာကိုလည်းကောင်း၊ သင်္ခါရေ၊ သင်္ခါရတို့ကိုလည်းကောင်း၊ ဝိညာဏဉ္စ၊ ဝိညာဏ်ကိုလည်းကောင်း၊ ဣဒံ၊ ဤသည်ကား၊ အရူပံ၊ နာမ်တရားတည်း၊ ဣတိ၊ ဟု၊ အရူပံ၊ နာမ်တရားကို၊ ပဿတိ၊ ရှု၏ (ဝါ) ဉာဏ်ဖြင့် ပိုင်းခြားယူ၏။

ဒီရုပ်တရားကို အာရုံယူပြီးတော့ ဖြစ်ပေါ်လာတဲ့ ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်ခေါ်တဲ့ နာမ်တရားတွေကို ဤကား နာမ်တရားလို့ ရှေးဦးစွာဉာဏ်နဲ့ ပိုင်းခြားယူပါ၊ ပိုင်းခြားယူပြီးတဲ့အခါ ဒီ နာမ်တရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ ဝိပဿနာရှုပါဆိုပြီး ဒီလိုဆုံးဖြတ်ထားတယ်၊

ဘာကြောင့် အဋ္ဌကထာဆရာတော်က ဒီလိုအဆုံးအဖြတ်တွေ ပေးနေရသလဲလို့ မေးတော့ ဒီသတိပဋ္ဌာနသုတ္တန်ကျဉ်းစဉ်ကိုကြည့်ရင် ဘုရားရှင်ကလည်း ရူပကာယ, နာမကာယ နှစ်မျိုးလုံးကိုပဲ ဟောဖို့ရန် ရှုကွက်တွေက အပြည့်အစုံ ဟောကြားထားပါတယ်၊ ဝေဒနာနုပဿနာသတိပဋ္ဌာန်, စိတ္တာနုပဿနာသတိပဋ္ဌာန်, ဓမ္မာနုပဿနာသတိပဋ္ဌာန်ဆိုပြီး သတိပဋ္ဌာန်တွေ ဆက်ပြီးဟောမှာ ဖြစ်တယ်၊ ဒါက အကြောင်းတစ်ခု၊ နောက်အကြောင်းတစ်ခုပြောဦးမယ်၊ အဋ္ဌကထာဆရာတော်တွေ, ဋီကာဆရာတော်တွေ ခဏခဏ ကိုးကားနေတဲ့ သုတ္တန်တစ်ခု ဖြစ်ပါတယ်၊

‘‘သဗ္ဗံ ဘိက္ခဝေ အနဘိဇာနံ အပရိဇာနံ အဝိရာဇယံ အပ္ပဇဟံ အဘဗ္ဗော ဒုက္ခက္ခယာယ၊ ... ပ ... သဗ္ဗံ စ ခေါ ဘိက္ခဝေ အဘိဇာနံ ပရိဇာနံ ဝိရာဇယံ ပဇဟံ ဘဗ္ဗော ဒုက္ခက္ခယာယ။’’ (သံ။၃။၂၄၉-၂၅၀။)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့၊ သဗ္ဗံ၊ အလုံးစုံသော ခန္ဓာငါးပါး ရုပ်တရား နာမ်တရားကို၊ အနဘိဇာနံ၊ ဉာတပရိညာပညာဖြင့် ထိုးထွင်း၍ မသိခဲ့သည်ရှိသော်၊ အပရိဇာနံ၊ တီရဏပရိညာပညာဖြင့် ပိုင်းခြား၍ မသိခဲ့သည်ရှိသော်၊ အဝိရာဇယံ၊ ထိုခန္ဓာငါးပါး, ရုပ်တရား, နာမ်တရားတို့အပေါ်၌ တွယ်တာမက်မော၍နေသော တဏှာတရားကို ကင်းပြတ် ရုပ်သိမ်း ချုပ်ငြိမ်းအောင် မကျင့်နိုင်ခဲ့သည်ရှိသော်၊ အပ္ပဇဟံ၊ ပဟာနပရိညာပညာဖြင့် မပယ်စွန့်နိုင်ခဲ့သည်ရှိသော်၊ ဒုက္ခက္ခယာယ၊ သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ခြင်းငှာ၊ အဘဗ္ဗော၊ မထိုက်တန်ပေ။

သံယုတ္တနိကာယ် သဠာယတနဝဂ္ဂသံယုတ်ပါဠိတော်မှာ ဘုရားရှင်က အပရိဇာနနသုတ္တန်ဆိုပြီးတော့ သုတ္တန်နှစ်ခု ဟောကြားထားတော်မူပါတယ်၊ ထို သုတ္တန်တွေမှာ အလုံးစုံသော ခန္ဓာငါးပါး, ရုပ်တရား, နာမ်တရား သို့မဟုတ် အာယတန တစ်ဆယ့်နှစ်ပါး, ဓာတ် တစ်ဆယ့်ရှစ်ပါးဆိုတဲ့ ရုပ်တရား နာမ်တရားတွေကို ပရိညာသုံးမျိုးဖြင့် ပိုင်းပိုင်းခြားခြား မသိခဲ့ဘူးဆိုရင် သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ရာဖြစ်တဲ့ နိဗ္ဗာန်ကို ဘယ်လိုမှ မရနိုင်ဘူးဆိုပြီး ဒီလို အတိအကျ ဟောထားတယ်၊ ဒီလို ဟောကြားထားတော်မူတဲ့ သုတ္တန်တွေကို ကိုးကားပြီး အဋ္ဌကထာဆရာတော်များကလည်း ရုပ်တရားသက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်လည်း အရိယာမဂ်ဉာဏ်, ဖိုလ်ဉာဏ်သို့ မဆိုက်ရောက်နိုင်ဘူး ဆိုပြီးတော့ ဆုံးဖြတ်ထားတယ်၊

ဘုရားဟောပါဠိတော်နဲ့ အဋ္ဌကထာရဲ့ ဆုံးဖြတ်ချက်တို့သည် ဂင်္ဂါရေနှင့် ယမုနာရေ ရောသကဲ့သို့ တစ်သားတည်း ညီညွတ်နေပါတယ်၊ ကွဲပြားမှု ဘာမှ မရှိပါဘူးနော်၊ ဒါကြောင့် ဘုရားရှင် ဟောကြားတော်မူတဲ့ ဓမ္မခေါ်တဲ့ တရားတွေကို ဓမ္မလို့ထင်ရှားပြခဲ့ရင် ထိုဟောနေတဲ့ ရဟန်းတွေသည် လူ, နတ်, ဗြဟ္မာ, သတ္တဝါအားလုံးတို့ မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်ဆိုတဲ့ အကျိုးစီးပွားတွေ ရရှိဖို့ရာအတွက် မဂ်ချမ်းသာ, ဖိုလ်ချမ်းသာ, နိဗ္ဗာန်ချမ်းသာခေါ်တဲ့ ချမ်းသာသုခကြီးတွေ ရရှိဖို့ရာအတွက် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြတယ်လို့ ဒီလိုဘုရားက ဟောတာနော်၊

ဒီတော့ နည်းနည်းလေး ဘုန်းကြီး ပြန်ပြီးတော့ ပြောဦးမယ်၊ စကားနည်းနည်း ရှည်သွားတယ်နော်၊ ဒီတော့ သတိပဋ္ဌာန်လေးပါးမှာ - နံပါတ်တစ်က ကာယာနုပဿနာသတိပဋ္ဌာန်၊ ကာယာနုပဿနာသတိပဋ္ဌာန်မှာ သမထပိုင်းလည်းပါတယ်၊ ဝိပဿနာပိုင်းလည်းပါတယ်၊ ဝိပဿနာရှုကွက်မှာ ရုပ်တရားကို ဦးတည်ပြီးတော့ ပထမ ရှုတယ်၊ ရုပ်တရားသက်သက်ကို ဝိပဿနာရှုရုံမျှဖြင့် အရိယမဂ်သို့ မဆိုက်နိုင်တဲ့အတွက် နာမ်တရားကို နောက်မှ ရှုတယ်၊ ဒီတော့ ဆိုလိုတာက ရုပ်တရား ဦးတည်၍ ရုပ်နာမ်ဓမ္မသင်္ခါရတရားတွေကို သိမ်းဆည်းပြီး အကြောင်းတရားနှင့်တကွသော ထိုရုပ်နာမ်ဓမ္မသင်္ခါရတရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ ဝိပဿနာရှုတဲ့ အနုပဿနာကို ကာယာနုပဿနာသတိပဋ္ဌာန်လို့ ခေါ်ပါတယ်၊

သို့သော် ဒီ ကာယာနုပဿနာသတိပဋ္ဌာန်ကို ပွားများအားထုတ်နေတဲ့ ပုဂ္ဂိုလ်က သမထကမ္မဋ္ဌာန်းတစ်ခုခုကို အားထုတ်ရင်လည်း ကာယာနုပဿနာသတိပဋ္ဌာန်ကို ပွားများအားထုတ်နေသည်ပင်မည်တယ် ဆိုတာကိုတော့ သဘောပေါက်ဖို့ လိုတယ်နော်၊ ဒီတော့ ရုပ်တရားသက်သက်ကို ဝိပဿနာရှုရုံမျှဖြင့် အရိယာမဂ်သို့ မဆိုက်နိုင်တော့ နာမ်တရားတွေကိုလည်း ဆက်လက်ပြီး ဝိပဿနာရှုရတယ်၊ ရှုလိုက်တဲ့ အပိုင်းမှာ ဝေဒနာကို ဦးတည်ပြီး နာမ်တရားတွေကို သိမ်းဆည်း၊ သိမ်းဆည်းပြီးတဲ့ အချိန်အခါကျတော့မှ ရုပ်နာမ်ဓမ္မသင်္ခါရတရားတွေရဲ့ အကြောင်းတရားတွေကို ရှာဖွေပြီး အကြောင်းတရားတွေနဲ့တကွသော ထိုရုပ်နာမ်တွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီး ရှုပွားသုံးသပ်ခဲ့ရင် ဒါ ဝေဒနာနုပဿနာသတိပဋ္ဌာန်သို့ သက်ဝင်တယ်၊

ဒီနာမ်တရားတွေကို သိမ်းဆည်းတဲ့အပိုင်းမှာ အချို့ယောဂီပုဂ္ဂိုလ်က အသိစိတ် = ဝိညာဏ်ကို ဦးတည်ပြီးတော့ သိမ်းဆည်းတယ်၊ အသိစိတ် = ဝိညာဏ်ကို ဦးတည်ပြီး သိမ်းဆည်းတဲ့အပိုင်းမှာလည်း အသိစိတ်တစ်ခုလုံး ရှုရတာ မဟုတ်ဘူး၊ ဝေဒနာကို ဦးတည် သိမ်းဆည်းတဲ့အပိုင်းမှာလည်း ဝေဒနာတစ်ခုတည်း ရှုရတာတော့ မဟုတ်ဘူး၊ ဝေဒနာနှင့်ယှဉ်ဖက် စိတ်စေတသိက်အားလုံး အသိစိတ်နှင့် ယှဉ်ဖက် စိတ်စေတသိက် အားလုံးကိုလည်း ရှုရမယ်၊

ရှုပြီးတဲ့ အချိန်အခါမှာ ဒီဝေဒနာဦးဆောင်နေတဲ့ နာမ်တရား၊ အသိစိတ် ဦးဆောင်နေတဲ့ နာမ်တရားတို့ရဲ့ မှီရာဝတ္ထုရုပ်တွေကိုလည်း ရှုရမယ်၊ အာရုံရုပ်တွေကိုလည်း ရှုရမယ်၊ ရုပ်နာမ်တွေကို သိမ်းဆည်းပြီးတဲ့အခါ အကြောင်းတရားတွေကို တစ်ဆင့်တက်ပြီး ရှာဖွေရတယ်၊ ဘာဖြစ်လို့လဲ?

‘‘သမုဒယဓမ္မာနုပဿီ ဝါ ဝေဒနာသု ဝိဟရတိ၊ ဝယဓမ္မာနုပဿီ ဝါ ဝေဒနာသု ဝိဟရတိ၊ သမုဒယဝယဓမ္မာနုပဿီ ဝါ ဝေဒနာသု ဝိဟရတိ။’’ (ဒီ။၂။၂၃၇။)

စသည်ဖြင့် အကြောင်းတရားတွေ ထင်ရှားဖြစ်ခဲ့ရင် အကျိုးဝေဒနာတွေ ချုပ်ငြိမ်းပုံကိုလည်း ရှုဖို့ စသည်ဖြင့် မြတ်စွာဘုရားက ဆက်ပြီး ဟောထားပါတယ်၊ ဒါကြောင့် ဝေဒနာကို ဦးတည်၍ ရုပ်နာမ် အကြောင်းအကျိုး သင်္ခါရတရားတွေကို သိမ်းဆည်းပြီးတော့ ထိုသင်္ခါရတရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီး ရှုပွားသုံးသပ်တဲ့ အနုပဿနာကို ဝေဒနာနုပဿနာသတိပဋ္ဌာန်လို့ ခေါ်တယ်၊

အလားတူပဲ၊ အသိစိတ်ကို ဦးတည်ပြီးတော့ ရုပ်, နာမ်အကြောင်းအကျိုး သင်္ခါရတရားတွေကို သိမ်းဆည်းပြီး အကြောင်းတရားနှင့်တကွသော ထိုရုပ်နာမ်ဓမ္မသင်္ခါရတရားတွေကို လက္ခဏာရေးသုံးတန်တင်ပြီး ရှုပွားသုံးသပ်တဲ့ အနုပဿနာကိုတော့ စိတ္တာနုပဿနာသတိပဋ္ဌာန်လို့ ဒီလို ခေါ်ပါတယ်၊

နောက်တစ်ခု - နာမ်ကမ္မဋ္ဌာန်း သိမ်းဆည်းနည်း သုံးနည်းထဲက ဖဿကို ဦးတည်ပြီး သိမ်းဆည်းတဲ့ နည်းစနစ်တစ်ခုလည်း ရှိတယ်၊ အဲဒီ ဖဿကို ဦးတည်ပြီး နာမ်တရားတွေကို သိမ်းဆည်း မှီရာဝတ္ထုရုပ်နှင့် အာရုံတွေကိုသိမ်းဆည်းပြီး အကြောင်းတရားတွေကို ရှာဖွေလျက် အကြောင်းတရားနှင့်တကွသော ထိုရုပ်နာမ်ဓမ္မသင်္ခါရတရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီးတော့ ရှုပွားသုံးသပ်တဲ့ အပိုင်းကိုတော့ ဓမ္မာနုပဿနာသတိပဋ္ဌာန်ပိုင်းလို့ ဒီလိုခေါ်ပါတယ်၊

အဲဒီ ဓမ္မာနုပဿနာသတိပဋ္ဌာန်ပိုင်းမှာကတော့ ဘုရားရှင်က ခန္ဓာငါးပါး ရှုကွက်, အာယတန တစ်ဆယ့်နှစ်ပါး ရှုကွက်, သစ္စာလေးပါး ရှုကွက်, ဗောဇ္ဈင်ခုနစ်ပါး ရှုကွက်, နီဝရဏငါးပါး ရှုကွက် စသည်ဖြင့် ရှုကွက်တွေ တော်တော် ခပ်စုံစုံ ဟောကြားထားတော်မူပါတယ်နော်၊

ဒီတော့ ပြန်ပြီး ပြောမယ်၊ သတိပဋ္ဌာန် ဘယ်နှစ်ပါးလဲ? လေးပါး၊ ကာယာနုပဿနာသတိပဋ္ဌာန်, ဝေဒနာနုပဿနာသတိပဋ္ဌာန်, စိတ္တာနုပဿနာသတိပဋ္ဌာန်, ဓမ္မာနုပဿနာသတိပဋ္ဌာန် ဆိုပြီးတော့ သတိပဋ္ဌာန်လေးပါး ရှိပါတယ်လို့ ရဟန်းတော်တစ်ပါးက ခုလို အစီအစဉ်တကျ ဟောပြောပြခဲ့မယ် ဆိုရင်တော့ - ထိုရဟန်းတော်သည် ဓမ္မကို ဓမ္မလို့ ထင်ရှားပြနေတဲ့ ရဟန်းတော်ဖြစ်တယ်၊ ဒါပေမယ့် ရဟန်းတော်တစ်ပါးက သတိပဋ္ဌာန်ဟာ လေးပါး မဟုတ်ဘူး၊ တစ်ပါးပဲ၊ ဘယ်လို တစ်ပါးလဲ? တစ်ချို့ တချို့ အယူအဆလေးတွေပေါ့နော်၊ ရုပ်ဓာတ်တစ်လုံး ရှုရုံနဲ့လည်း မဂ်ဉာဏ်, ဖိုလ်ဉာဏ် ဆိုက်နိုင်တယ်လို့ ပြောတယ်၊ သတိပဋ္ဌာန်တစ်ပါး ရှိတယ်လို့ ပြောတာနဲ့ အတူတူပဲ၊ ဓာတ်တစ်လုံးရှုရုံနဲ့လည်း နိဗ္ဗာန်ကို ပေါက်ပါတယ်ဆိုပြီး တစ်ချို့က ဒီလို ဟောကြ, ပြောကြတယ်၊ ပြောလိုက်တဲ့ အချိန်အခါကျတော့ သတိပဋ္ဌာန် တစ်ပါးပဲ ရှိပါတယ်လို့ ပြောတာနဲ့ အဓိပ္ပာယ် တူမနေဘူးလား? တူနေတယ်နော်၊ ဒီတော့ ဆိုလိုတာက သတိပဋ္ဌာန်လေးပါးကို လေးပါးလို့ ထင်ရှားပြခဲ့ရင် ဓမ္မကို ဓမ္မလို့ ထင်ရှားပြနေတာဖြစ်တယ်၊ သတိပဋ္ဌာန်ကို သုံးပါးပဲ ရှိတယ်၊ နှစ်ပါးပဲရှိတယ်၊ တစ်ပါးပဲရှိတယ်လို့ ထင်ရှားပြခဲ့ရင် ဓမ္မကို အဓမ္မလို့ ထင်ရှားပြတာလည်း ဖြစ်တယ်၊ အဓမ္မကို ဓမ္မလို့ ထင်ရှားပြနေတာလည်း ဖြစ်တယ်တဲ့၊

အလားတူပဲ၊ နောက်တစ်ခု - သမ္မပ္ပဓာန် ဘယ်နှစ်ပါးလဲ? လေးပါး၊ သမ္မပ္ပဓာန်လေးပါးက နံပါတ်တစ် မဖြစ်ပေါ်သေးတဲ့ အကုသိုလ်တွေကို မဖြစ်အောင်၊ နံပါတ်နှစ်က ဖြစ်ပေါ်ပြီးတဲ့ အကုသိုလ်တွေကို ပယ်နိုင်အောင်၊ နံပါတ်သုံး မဖြစ်ပေါ်သေးတဲ့ ကုသိုလ်တရားတွေ ဖြစ်ပေါ်လာအောင်၊ နံပါတ်လေး ဖြစ်ပေါ်လာပြီးတဲ့ ကုသိုလ်တရားတွေကို မဂ်ဉာဏ်, ဖိုလ်ဉာဏ် ဆိုက်သည်အထိ အတိုင်းထက်အလွန် တိုးပွားအောင် ကြိုးစားအားထုတ်ခြင်းကို သမ္မပ္ပဓာန်လေးပါးလို့ခေါ်တယ်၊ ဒီသမ္မပ္ပဓာန် လုံ့လဝီရိယက ခုလိုကြိုးစားတဲ့အပိုင်းမှာ အရိုးကြွင်းစေ၊ အရေကြွင်းစေ၊ အကြောကြွင်းစေ၊ အသားအသွေးတွေ အကုန် ခန်းခြောက်ချင် ခန်းခြောက်ပါစေ ယောကျ်ားတို့ရဲ့ ဇွဲလုံ့လဝီရိယ၊ မိန်းမမြတ်တို့ရဲ့ ဇွဲလုံ့လဝီရိယဖြင့် ရောက်နိုင်တဲ့ အရာဌာနသို့ မရောက်မချင်း ငါ့ရဲ့ ကြိုးစားအားထုတ်မှု လုံ့လဝီရိယရဲ့ နောက်ကို ဆုတ်သွားခြင်း၊ နောက်တွန့်သွားခြင်းမည်သည် ဘယ်တော့မှ မဖြစ်စေရလို့ ဒီလို အပြင်းအထန် ကြိုးစားအားထုတ်တဲ့ လုံ့လဝီရိယမျိုးကို ဆိုလိုပါတယ်၊ တပည့်တော်က ဆယ်ရက်ပဲ ဓိဋ္ဌာန်ထားတယ်တဲ့၊ မနက်က ဘုန်းကြီး တစ်ပါးက လာလျှောက်တယ်၊ ဟော သိဒ္ဓတ္ထမင်းသား တောထွက်တုန်းက ဒီလိုပါပဲ ဆယ်ရက်ပဲ ဓိဋ္ဌာန်ပြီးတော့ ထွက်သလားလို့ ဘုန်းကြီးက မေးလိုက်ပါတယ်နော်၊ အဲဒီလို ဝီရိယမျိုး ဟုတ်သလား? မဟုတ်ဘူးနော်၊ ခု - အရိုးပဲ ကျန်သလား? မကျန်သေးပါဘူး၊ အကြောပဲ ကျန်လား? မကျန်သေးဘူး၊ ဟုတ်တယ် မဟုတ်လား၊ အကုန်လုံး ပြည့်နေတယ်။

ဒါကြောင့် နည်းနည်းလေး လုံ့လဝီရိယဆိုတာက ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်တဲ့ လုံ့လဝီရိယလေးတွေ ရှိဖို့လိုတယ်၊ အဲဒီမှာလည်း သမ္မပ္ပဓာန်က လေးပါး ရှိပါလျက်နဲ့ သမ္မပ္ပဓာန်က တစ်ပါးပဲရှိတယ်၊ နှစ်ပါးပဲရှိတယ်၊ သုံးပါးပဲရှိတယ် သို့မဟုတ် ငါးပါးပဲ ရှိတယ်လို့ပြောရင် ဒါက အဓမ္မပဲနော်၊ သမ္မပ္ပဓာန် လေးပါး ရှိပါတယ်လို့ ပြောရင် ဒါ ဓမ္မ၊ ဓမ္မကို ဓမ္မလို့ ထင်ရှားပြနေခြင်းဖြစ်တယ်၊ သမ္မပ္ပဓာန် ငါးပါးဟာ မဟုတ်ပါဘူးလို့ ပြောရင်လည်း အဓမ္မကို အဓမ္မလို့ ထင်ရှားပြောခြင်းဖြစ်တယ်၊ သို့သော် ပုဂ္ဂိုလ်တစ်ယောက်က သမ္မပ္ပဓာန်ဟာ ငါးပါးပဲ ရှိပါတယ်၊ သုံးပါးပဲရှိပါတယ်၊ နှစ်ပါးပဲရှိပါတယ်၊ တစ်ပါးပဲရှိပါတယ်လို့ ပြောင်ခံပြီး ငြင်းမယ်ဆိုရင်တော့ သူက အဓမ္မကို အဓမ္မလို့ ထင်ရှားပြနေတယ်၊ တစ်နည်းတော့ ဓမ္မကိုလည်း အဓမ္မလို့ ထင်ရှားပြတယ်၊ အဓမ္မကိုလည်း ဓမ္မလို့ ထင်ရှားပြနေတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်တဲ့၊

နောက်တစ်ခု - ဣဒ္ဓိပါဒ် လေးပါး၊ ဆန္ဒိဒ္ဓိပါဒ်၊ ဝီရိယိဒ္ဓိပါဒ်၊ စိတ္တိဒ္ဓိပါဒ်၊ ဝီမံသိဒ္ဓိပါဒ်ဆိုပြီး ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ဝီမံသဆိုပြီးတော့ ဣဒ္ဓိပါဒ်က လေးမျိုးရှိတယ်၊ ဣဒ္ဓိဆိုတာက မိမိရဲ့ အလိုဆန္ဒ တန်ခိုးအမျိုးမျိုးကို ပြီးစီးပြည့်စုံစေနိုင်တဲ့ အကြောင်းအရင်းတွေကို ဣဒ္ဓိပါဒ်လို့ ခေါ်တယ်၊ အဲဒီ အခြေခံ အကြောင်းရင်းက ဘာတွေလဲ? နံပါတ် တစ် ဆန္ဒ၊ လိုလားတောင့်တမှု မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ နိဗ္ဗာန်ကို လိုလားတောင့်တနေတဲ့ ဆန္ဒဓာတ်က အလွန် ပြင်းထန်ရမယ်၊ ဝီရိယ၊ ကြိုးစားအားထုတ်နေတဲ့ ဝီရိယကလည်း ပြင်းထန်ရမယ်၊ စိတ္တ၊ အသိစိတ်ဓာတ်တွေကလည်း ခိုင်ခံ့နေရမယ်၊ တော်ကြာ စိတ်ဓာတ်က လျှောကျသွားလိုက်၊ တော်ကြာ ပြန်ရရင် ကောင်းမယ် ထင်တယ်၊ တပည့်တော် နည်းနည်းလေး မကျန်းမာဘူးလေ၊ ခဏပြန်ပြီး အိမ်နားရရင် ကောင်းမယ်ထင်တယ်၊ နောက်ပြီးတော့မှ နောက်တော့ ပြန်လာတာပေါ့၊ ဟုတ်တယ် မဟုတ်လား? အဲဒီလို စိတ်ဓာတ်မျိုးနဲ့ အားထုတ်လို့ ရမလား? မရဘူးနော်၊ ဝီမံသ၊ ပညာဉာဏ်တွေကလည်း အစွမ်းထက်ရမယ်တဲ့နော်၊ ဆန္ဒရှိတဲ့ပုဂ္ဂိုလ် မပြီးစီးတဲ့အရာ ဘာမှမရှိဘူး၊ ဝီရိယရှိတဲ့ပုဂ္ဂိုလ်အတွက် မပြီးစီးနိုင်တာ ဘာမှမရှိဘူး၊ အသိစိတ် ခိုင်မာနေတဲ့၊ စိတ်ဓာတ်တွေ ခိုင်မာနေတဲ့ ပုဂ္ဂိုလ်အတွက် မပြီးစီးနိုင်တာ ဘာမှမရှိဘူး၊ ပညာဉာဏ် အဆင့်မြင့်နေတဲ့ ပုဂ္ဂိုလ်အတွက် မပြီးစီးနိုင်တာလည်း ဘာမှ မရှိဘူး၊ ဒါက တန်ခိုးအမျိုးမျိုးတို့ ပြည့်စုံခြင်းရဲ့ အခြေခံအကြောင်းရင်း ပါဒ လေးမျိုး ဖြစ်ပါတယ်၊ အဲဒီ ဣဒ္ဓိပါဒ် လေးမျိုးကိုလည်း သုံးမျိုးပဲရှိတယ်၊ ငါးမျိုးရှိပါတယ် စသည်ဖြင့် ပြောခဲ့ရင် ဒါ အဓမ္မပဲနော်၊ လေးမျိုးရှိပါတယ်လို့ ပြောခဲ့ရင်တော့ ဓမ္မပဲ၊

ကဲ အလားတူပဲ နောက်ထပ် ဣန္ဒြေက ဘယ်နှစ်ပါးလဲ? ငါးပါး၊ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာဆိုပြီး ဣန္ဒြေ ငါးပါး ရှိတယ်၊ မိမိ ပွားများအားထုတ်နေတဲ့ သမထပဲဖြစ်ဖြစ်၊ ဝိပဿနာပဲဖြစ်ဖြစ် သမထကမ္မဋ္ဌာန်းလုပ်ငန်းခွင် ဝိပဿနာဘာဝနာလုပ်ငန်းခွင်အပေါ်၌ ယုံကြည်ချက် အပြည့်အဝ ရှိဖို့တော့ လိုတယ်၊ ခုခေတ်က ဈာန်ရနိုင်တဲ့ခေတ်တော့ မဟုတ်ပါဘူး၊ စိတ်က လျှော့ချထားတယ်နော်၊ ဒီရုပ်တွေ ဒီနာမ်တွေဆိုတာက ဘုရား ရဟန္တာတွေသာ သိတာပါ၊ သာဝကတွေ မသိနိုင်ပါဘူးဆိုပြီး စိတ်က လျှော့ချထားတယ်၊ အဲဒီလို သဒ္ဓါတရားက ယုံကြည်ချက် မရှိဘူး ဆိုလို့ရှိရင် ဒီလုပ်ငန်းခွင်လုပ်ဖို့ အောင်မြင်ပါ့မလား? မအောင်မြင်ဘူးနော်၊

ဝီရိယ၊ ကြိုးစားအားထုတ်မှုကလည်း ရှိရမယ်၊ သတိ၊ မိမိ ရှုပွားသုံးသပ်နေတဲ့ ကမ္မဋ္ဌာန်းအာရုံကို အမြဲအမှတ်ရနေတဲ့ သတိကလည်း အားကောင်းရမယ်၊ သမာဓိ၊ မိမိရှုပွားနေတဲ့ ကမ္မဋ္ဌာန်းအာရုံပေါ်၌ စိတ်ဓာတ်က ခိုင်ခိုင်မြဲမြဲနဲ့ တည်ကြည်နေရမယ်၊ ပညာ၊ မိမိရှုပွားနေတဲ့ ကမ္မဋ္ဌာန်းအာရုံ သို့မဟုတ် ဝိပဿနာအာရုံကို ရှင်းရှင်းလင်းလင်း ထိုးထွင်းသိနေရမယ်၊ ဒီ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာဆိုပြီးတော့ ဣန္ဒြေ ငါးပါး၊ ဒီ ဣန္ဒြေ ငါးပါးက မိမိသွားလိုတဲ့ သမထလမ်းကြောင်း၊ ဝိပဿနာလမ်းကြောင်းပေါ်က မိမိရဲ့ စိတ်ဓာတ်အစဉ်ကို ဘေးကို တိမ်းချော်ပြီး ကျမသွားအောင် ထိန်းချုပ်ပေးနိုင်တဲ့ စွမ်းအားရှိတဲ့ တရားကြီး ငါးမျိုး ဖြစ်ပါတယ်၊ ဣန္ဒြေ ငါးပါး စွမ်းအားကြီး ငါးရပ် ဆိုတာလည်း ဒီတရား ငါးပါးပဲ၊ အတူတူပဲ၊ ဒီတော့ ပုဂ္ဂိုလ်တစ်ယောက်က ဣန္ဒြေ ငါးပါး ရှိပါတယ်၊ ဗိုလ် ငါးပါး ရှိပါတယ်လို့ပြောရင် ဒါ ဓမ္မကို ဓမ္မလို့ ထင်ရှားပြနေတာဖြစ်တယ်၊ ဣန္ဒြေက လေးပါးရှိတာပါ၊ ဗိုလ် ခြောက်ပါးရှိတာပါ စသည်ဖြင့် အပိုအလိုတွေ ပြောခဲ့မယ် ဆိုရင်တော့ အဓမ္မဖြစ်သွားပြီ၊ ရဟန်းတော်တစ်ပါးက ဓမ္မကို ဓမ္မလို့ပဲ ပြောရမယ်၊ အဓမ္မကို အဓမ္မလို့ပဲ ပြောရမယ်၊ ဒါပေမဲ့ အဓမ္မကို ဓမ္မလို့ပြောမယ်၊ ဓမ္မကို အဓမ္မလို့ ပြောမယ်ဆိုရင်တော့ ထိုပုဂ္ဂိုလ်က သတ္တဝါတွေ အကျိုးယုတ်ဖို့၊ ဆင်းရဲဒုက္ခ ရောက်ဖို့အတွက် ကျင့်နေတာတဲ့၊ အကုသိုလ်တရားတွေကို တိုးပွားအောင်ကျင့်နေတဲ့ပုဂ္ဂိုလ်၊ သာသနာကွယ်အောင် လုပ်နေတဲ့ ပုဂ္ဂိုလ်ပဲဆိုပြီး ဒီသုတ္တန်က ဟောနေတယ်နော်၊

နောက်တစ်ခု - ဗောဇ္ဈင် ဘယ်နှစ်ပါးလဲ? ခုနစ်ပါး၊ ဓမ္မဝိစယသမ္ဗောဇ္ဈင် ဆိုတာကတော့ မိမိရှုပွားသုံးသပ်နေတဲ့ သမထအာရုံဖြစ်ရင် သမထအာရုံကို ထိုးထွင်းသိတဲ့ဉာဏ်ကို ဓမ္မဝိစယလို့ ခေါ်တယ်၊ မိမိက ဝိပဿနာရှုခဲ့ရင် ဝိပဿနာဉာဏ်ရဲ့ အရှုခံအာရုံဖြစ်တဲ့ ရုပ်နာမ် ကြောင်းကျိုး သင်္ခါရတရားတွေ အထူးသဖြင့် ကုသိုလ်တရား၊ အကုသိုလ်တရားစတဲ့ ဒီတရားတွေကို ရှင်းရှင်းလင်းလင်း ထိုးထွင်းသိအောင် ပညာနှင့် ယှဉ်တွဲပြီးတော့ ကြိုးစားအားထုတ်တဲ့ သဘော၊ ဝီရိယသမ္ဗောဇ္ဈင်က မိမိရှုပွားနေတဲ့ သမထအာရုံ၊ ဝိပဿနာအာရုံတွေပေါ်၌ စိတ်ဓာတ်ခိုင်မြဲပြီးတော့ တည်ကြည်နေတဲ့သဘော၊ ပီတိသမ္ဗောဇ္ဈင် ဆိုတာကတော့ ဓမ္မဝိစယ၊ ဝီရိယတို့နဲ့ ယှဉ်တွဲပြီးတော့ ဒီသမထကမ္မဋ္ဌာန်းအာရုံ၊ ဝိပဿနာကမ္မဋ္ဌာန်းအာရုံတို့အပေါ်၌ နှစ်သက် ကျေနပ်နေတဲ့သဘော၊ ပဿဒ္ဓိသမ္ဗောဇ္ဈင် ဆိုတာကတော့ ဒီဓမ္မဝိစယသမ္ဗောဇ္ဈင် အစရှိတဲ့ ဒီသမ္ဗောဇ္ဈင်တရားတွေနဲ့ယှဉ်တွဲပြီးတော့ မိမိရှုပွားသုံးသပ်နေတဲ့ သမထကမ္မဋ္ဌာန်းအာရုံနှင့် ဆက်စပ်ပြီးတော့ စိတ်စေတသိက်တို့ရဲ့ အေးချမ်းနေတဲ့သဘော၊ သမာဓိသမ္ဗောဇ္ဈင်၊ ဒီသမထကမ္မဋ္ဌာန်းအာရုံ သို့မဟုတ် ဝိပဿနာကမ္မဋ္ဌာန်းအာရုံပေါ်၌ စိတ်တည်ကြည်နေတဲ့သဘော၊ ဥပေက္ခာသမ္ဗောဇ္ဈင်ဆိုတာက ဒီသမထကမ္မဋ္ဌာန်းအာရုံ သို့မဟုတ် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းအာရုံပေါ်၌ စိတ်ကိုအညီအမျှ လျစ်လျူရှုထားနိုင်တဲ့သဘော တတြမဇ္ဈတ္တတာ စေတသိက်ဖြစ်ပါတယ်၊ ပေါင်းလိုက်တော့ ဗောဇ္ဈင်ဘယ်နှစ်ပါးလဲ? ခုနစ်ပါး၊ အဲဒီ ဗောဇ္ဈင် ခုနစ်ပါးလို့ ပြောရင်တော့ ဒါဓမ္မကို ဓမ္မလို့ ထင်ရှားပြနေတာပဲ၊ ဒါပေမဲ့ ပုဂ္ဂိုလ်တစ်ယောက်က ဗောဇ္ဈင်က ငါးပါးပဲရှိပါတယ်၊ ခြောက်ပါးပဲရှိပါတယ်၊ ရှစ်ပါးပဲရှိပါတယ် စသည်ဖြင့် ဒီလိုပြောခဲ့ရင် အဓမ္မကို အဓမ္မ လုပ်နေတာပဲနော်၊ ဓမ္မကို အဓမ္မလို့ ထင်ရှားပြတယ်။ အဓမ္မကိုလည်း ဓမ္မလို့ ထင်ရှားပြနေသည် မည်တယ်၊

နောက်တစ်ခု - မဂ္ဂင်ဘယ်နှစ်ပါးလဲ? အားလုံး သိပြီးပြီ၊ မဂ္ဂင်ဘယ်နှစ်ပါးရှိလဲ? ရှစ်ပါး၊ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ ဆိုပြီးတော့ မဂ္ဂင်ဘယ်နှစ်ပါးလဲ? ရှစ်ပါး၊ မဂ္ဂင်က ခုနစ်ပါးပဲရှိတယ်လို့ပြောရင် ဒါ အဓမ္မပဲ၊ မဂ္ဂင် ရှစ်ပါးဆိုတော့ ဓမ္မ၊ မဂ္ဂင်က ခြောက်ပါးပဲရှိပါတယ်လို့ ပြောရင်လဲ အဓမ္မပဲ၊ အဓမ္မကို ဓမ္မလို့ထင်ရှားပြတယ်နော်၊ မဂ္ဂင် ကိုးပါးရှိပါတယ် ဆိုရင်လည်း ဒါ အဓမ္မပဲ၊ အဲဒီအပိုင်းကိုတော့ ဘုန်းကြီး နောက်မှပဲ ထပ်ပြီး ရှင်းပါ့မယ်နော်၊ ဒီတော့ ဒီလို ဓမ္မကို ဓမ္မလို့ ထင်ရှားပြရင် အဓမ္မကိုလည်း အဓမ္မလို့ ထင်ရှားပြောရင် ဒီပြောနေတဲ့ ရဟန်းတွေဟာ သတ္တဝါတွေ အကျိုးစီးပွားရှိဖို့၊ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ နိဗ္ဗာန်ဆိုတဲ့ အကျိုးစီးပွားရရှိဖို့၊ မဂ်ချမ်းသာ၊ ဖိုလ်ချမ်းသာ၊ နိဗ္ဗာန်ချမ်းသာဆိုတဲ့ ချမ်းသာသုခတွေ ရရှိဖို့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ ရဟန်းတွေ ဖြစ်ကြတယ်၊ သို့သော် ဓမ္မကို အဓမ္မလို့၊ အဓမ္မကို ဓမ္မလို့ ထင်ရှားပြကြမယ် ဆိုရင်တော့ ထိုရဟန်းတွေသည် ဘာလုပ်သလဲ? သတ္တဝါတွေ အကျိုးစီးပွား ဆုတ်ယုတ်ပျက်စီးဖို့၊ ဆင်းရဲဒုက္ခရောက်ဖို့၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ ရဟန်းတွေ ဖြစ်ကြတယ်တဲ့၊ ဒါတွင်လားဆိုတော့ မကသေးဘူး၊ များစွာသော အကုသိုလ်တရားတွေကို လည်းပဲ တိုးပွားစေတဲ့ ရဟန်းတွေ ဖြစ်ကြတယ်၊ သဒ္ဓမ္မငါးဖြာ သာသနာတော်မြတ်ကြီးကိုလည်း ကွယ်ပစေတဲ့ ရဟန်းတွေ ဖြစ်ကြတယ်၊ ကွယ်ပျောက်စေတဲ့ ရဟန်းတွေ ဖြစ်ကြတယ်တဲ့၊

အဲဒီမှာ သာသနာကွယ်ခြင်း ငါးမျိုးကို အဋ္ဌကထာဆရာတော်က ဖွင့်ထားပါတယ်နော်၊ ဒီအပိုင်းလေးကိုတော့ ဘုန်းကြီး ပြောချင်လို့ပါနော်၊ ဒီတော့ အဓိဂမအန္တရဓာန၊ ပဋိပတ္တိအန္တရဓာန၊ ပရိယတ္တိအန္တရဓာန၊ လိင်္ဂအန္တရဓာန၊ ဓာတုအန္တရဓာန ဆိုပြီးတော့ သာသနာကွယ်ပခြင်း ငါးမျိုး ရှိသလို၊ သာသနာတော်ဟာလည်း ငါးမျိုး ရှိတယ်လို့ ပြောနိုင်တယ်၊ အဓိဂမသာသနာ၊ ပဋိပတ္တိသာသနာ၊ ပရိယတ္တိသာသနာ၊ လိင်္ဂသာသနာ၊ ဓာတုသာသနာဆိုပြီး သာသနာ ငါးရပ်၊

အဓိဂမသာသနာ ဆိုတာကတော့ သူတော်ကောင်းတို့ ရအပ်၊ ရောက်အပ်တဲ့အတွက် အဓိဂမလို့ ခေါ်ပါတယ်၊ သူတော်ကောင်းတို့ ရအပ်၊ ရောက်အပ်တဲ့ တရားတွေဆိုတာက ဘာတရားတွေလဲမေးတော့ မဂ် လေးပါး၊ ဖိုလ် လေးပါး၊ နိဗ္ဗာန်၊ ပဋိသမ္ဘိဒါဉာဏ် လေးပါး၊ အဘိဉာဏ် ခြောက်ပါး၊ ဝိဇ္ဇာ သုံးပါးဆိုပြီးတော့ အဋ္ဌကထာက ဒီလို ဖွင့်ဆိုထားပါတယ်နော်၊ အဲဒီ တရားတွေသည် သူတော်ကောင်းတို့ ရအပ်၊ ရောက်အပ်တဲ့အတွက် အဓိဂမသာသနာ မည်တယ်တဲ့၊ အဲဒီ သူတော်ကောင်းတို့ရအပ်၊ ရောက်အပ်တဲ့ အဓိဂမသာသနာတော်ကြီးကို တစ်ချို့နေရာမှာ ပဋိဝေဓသာသနာလို့လည်း ဒီလို သုံးစွဲထားပါတယ်၊ အတူတူပဲနော်၊

အဲဒီ အဓိဂမသာသနာတော်ကြီးဟာ တစ်ချိန်မှာ ကွယ်သွားတယ်၊ ဘယ်လိုကွယ်လဲဆိုတော့ သာသနာကွယ်ပုံနဲ့ ပတ်သက်ပြီးတော့ ရှေးဦးစွာ ပဋိသမ္ဘိဒါဉာဏ် လေးပါးကတော့ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်တော်မူပြီးတဲ့နောက် နှစ်ပေါင်း တစ်ထောင်အတွင်းမှာပဲ ပဋိသမ္ဘိဒါဉာဏ်ကို ရရှိတဲ့ သူတော်ကောင်းတွေ ရှိနိုင်တယ်လို့ အဋ္ဌကထာက ဒီလို ဖော်ပြထားတယ်၊ နှစ်ပေါင်း တစ်ထောင်ရဲ့ နောက်ပိုင်းမှာ ပဋိသမ္ဘိဒါဉာဏ် လေးပါးကို ရရှိတဲ့ သူတော်ကောင်းတွေ မရှိနိုင်တော့ဘူး၊ ဆိုလိုတာက ဘုရားရှင်လက်ထက်တော်တုန်းက (အထူးသဖြင့်ပေါ့နော်) အရှင်အာနန္ဒာဆိုရင် သောတာပတ္တိမဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ဆိုက်သည်နှင့် တစ်ပြိုင်နက်တည်း ပဋိသမ္ဘိဒါဉာဏ် လေးပါးကိုပါ ပူးတွဲ ရရှိတော်မူပါတယ်၊

အလားတူပဲ၊ စိတ္တသူကြွယ်တို့လည်း အနာဂါမိမဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ဆိုက်သည်နှင့် တစ်ပြိုင်နက်တည်း ပဋိသမ္ဘိဒါဉာဏ် လေးပါးကို ရရှိတယ်၊ ခုဇ္ဇုတ္တရာလည်း သောတာပတ္တိမဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ဆိုက်သည်နှင့် တစ်ပြိုင်နက်တည်း ပဋိသမ္ဘိဒါဉာဏ် လေးပါးကို ပူးတွဲရရှိတယ်၊ ဒါကတော့ သေက္ခပဋိသမ္ဘိဒါဉာဏ်လို့ခေါ်ပါတယ်၊ ယေဘုယျအားဖြင့်တော့ အရဟတ္တမဂ်၊ အရဟတ္တဖိုလ်ကို ဆိုက်သည်နှင့် တစ်ပြိုင်နက်တည်း ပဋိသမ္ဘိဒါဉာဏ် လေးပါး ရရှိရေးအတွက် သီးသန့် ဒီဘဝမှာတော့ ကြိုးစားအားထုတ်မှုဆိုတာ မရှိတော့ဘူး၊ အတိတ်ကတော့ ရှိခဲ့တယ်နော်၊ အတိတ်က ရှိခဲ့တယ် ဆိုတာကတော့ တစ်ဆူဆူသော ဘုရားရှင်တို့ရဲ့ သာသနာတော်တွင်းမှာ - ပရိယတ္တိ၊ ပိဋကတ်ပါဠိတော်တွေကို သင်ယူခြင်း၊ ပရိပုစ္ဆာ၊ အဋ္ဌကထာကို သင်ယူခြင်း၊ ပါဠိတော်မှာလာရှိတဲ့ အနက်အဓိပ္ပာယ်တွေကို မေးမြန်း လျှောက်ထားခြင်း၊ ဓမ္မသဝန၊ တရားတော်ကို အရိုအသေ အလေးဂရုပြုပြီးတော့ နာယူခဲ့ခြင်း၊ ပုဗ္ဗယောဂ၊ ပုဗ္ဗယောဂေါ နာမ ပုဗ္ဗဗုဒ္ဓါနံ သာသနေ ဂတပစ္စာဂတိကဘာဝေန ယာဝ အနုလောမံ ဂဟေတဗ္ဗသမီပံ၊ တာဝ ဝိပဿနာနုယောဂေါ၊ ဝိသုဒ္ဓိမဂ်အဋ္ဌကထာ ဒုတိယတွဲ စာမျက်နှာ ခုနစ်ဆယ့်နှစ်မှာ ဖွင့်ဆိုထားပါတယ်၊

ပုဗ္ဗယောဂ ဆိုတာကတော့ - ရှေးရှေး ဘုရားရှင်တို့ရဲ့ သာသနာတော်အတွင်းမှာ ဂတပစ္စာဂတဝတ်၊ ဆွမ်းခံသွားရင်လည်း ကမ္မဋ္ဌာန်းကို ဆောင်ယူလျက် ဆွမ်းခံရွာသို့သွားခြင်း၊ ဆွမ်းခံရွာမှ ကျောင်းသို့ပြန်လာတဲ့ အပိုင်းမှာလည်းပဲ ကမ္မဋ္ဌာန်းကို ဆောင်ယူလျက် ဆွမ်းခံရွာမှ ကျောင်းသို့ ပြန်လာခြင်းဆိုတဲ့ ဂတပစ္စာဂတဝတ်ကို ဖြည့်ကျင့်လျက် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းတွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တော်မူလိုက်တာ သင်္ခါရုပေက္ခာဉာဏ်သို့ ဆိုက်သည့်တိုင်အောင် ကြိုးစားအားထုတ်ခဲ့ဖူးခြင်းဆိုတဲ့ ဒီအင်္ဂါ လေးခုကို ဖြည့်ကျင့်ရပါတယ်၊ နောက်ဆုံးဘဝမှာတော့ အဓိဂမခေါ်တဲ့ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ဆိုက်သည့်တိုင်အောင် တစ်ဖန်ပြန်ပြီး အားထုတ်ရတယ်၊ ပေါင်းလိုက်တော့ အင်္ဂါ ငါးရပ်၊ အဲဒီ အင်္ဂါ ငါးချက် စုံညီနေတဲ့ သူတော်ကောင်းတွေသာလျှင် ပဋိသမ္ဘိဒါဉာဏ်ကို ရရှိကြပါတယ်၊ အဲဒီ ပဋိသမ္ဘိဒါဉာဏ်ကို ရရှိတဲ့ သူတော်ကောင်းတွေဟာလည်း ယေဘုယျအားဖြင့် ဘုရားရှင်ရဲ့ သာသနာတော် နှစ်ပေါင်း တစ်ထောင်အတွင်းမှာသာ ဖြစ်နိုင်တယ်ဆိုပြီး အဋ္ဌကထာက ဒီလို သတ်မှတ်ပေးထားတယ်၊

အဲဒီ နောက်ပိုင်းကာလရောက်လာတဲ့ အချိန်အခါမှာ အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ဆိုက်ရောက်ပြီဆိုရင် အဘိညာဏ် ခြောက်ပါးလုံး ပူးတွဲရရှိတဲ့ ခေတ်ပဲ၊ အဲဒီ ခေတ်ကတော့ နှစ်ပေါင်း နှစ်ထောင်အတွင်း ဆိုပြီး အဲဒီကနေ နောက်ပိုင်းကာလ ရောက်လာတဲ့ အချိန်အခါမှာ ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ်၊ ဒိဗ္ဗစက္ခုအဘိညာဏ်၊ အာသဝက္ခယဉာဏ်ဆိုတဲ့ ဝိဇ္ဇာ သုံးပါးသာ ရရှိတဲ့ခေတ်၊ အဲဒီ ခေတ်ကတော့ နှစ်ပေါင်း သုံးထောင်အတွင်း၊ ခုလို အချိန်အခါမျိုး ဆိုကြစို့နော်၊ ဒါဝိဇ္ဇာ သုံးပါးကို ရရှိနိုင်သေးတယ်၊ အရဟတ္တမဂ် အရဟတ္တဖိုလ်ကို ဆိုက်ခဲ့မယ်ဆိုရင် ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ်၊ ဒိဗ္ဗစက္ခုအဘိညာဏ်ဉာဏ်တွေကိုပါ ပူးတွဲ ရရှိနိုင်သေးတယ်လို့ အဲဒီကနေပြီးတော့ နှစ်ပေါင်း သုံးထောင်ကျော်သွားပြီ၊ နှစ်ပေါင်း လေးထောင်အတွင်းမှာကတော့ ဈာန်အစေး ခန်းခြောက်တဲ့ သုက္ခဝိပဿကခေတ် ရောက်ရှိသွားပြီတဲ့၊ ဈာန်ကို မရနိုင်တော့ဘဲ ဝိပဿနာကိုသာ ပွားများအားထုတ်တဲ့အတွက် သုက္ခဝိပဿကရဟန္တာလောက် ဖြစ်နိုင်တဲ့ အဆင့်လောက်ပဲ ရှိတော့တယ်တဲ့၊

အဲဒီကနေ ရှေ့တစ်ဆင့် တက်လိုက်မယ်ဆိုရင် နှစ်ပေါင်း ငါးထောင်နော်၊ အဲဒီမှာကတော့ ဈာန်အစေး ခန်းခြောက်နေတဲ့ ရဟန္တာတောင် မဖြစ်နိုင်တော့ဘဲ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်အဆင့်လောက်ပဲ ရောက်နိုင်တဲ့ခေတ် ဖြစ်ပါတယ်တဲ့၊ ပေါင်းလိုက်တော့ သာသနာ ငါးထောင် ဆိုကြပါစို့နော်၊ အဆင့်ဆင့် ဒါ ကွယ်သွားပုံပဲ၊

အဲဒီလို ကွယ်သွားတဲ့အခါ နောက်ဆုံး သောတာပန်ဖြစ်တဲ့ပုဂ္ဂိုလ် လူ့လောကမှာ ကွယ်လွန်သွားပြီးပြီ ဆိုရင်တော့ ဒါ အဓိဂမသာသနာတော်ကြီး လူ့ပြည်၊ လူ့လောကကနေ လုံးဝ ကွယ်သွားပြီ ဖြစ်ပါတယ်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်တို့မှာတော့ ရှိပါသေးတယ်၊ ဒါလူ့လောကမှာ ကွယ်ပသွားပုံကိုသာ ကွက်ပြီး ပြောတာပါနော်၊ ဘာဖြစ်လို့လဲ? လွန်ခဲ့သော ခုနစ်ဆူသော ဘုရားရှင်တို့ရဲ့ တပည့်သာဝကတွေဟာ သုဒ္ဓါဝါသဗြဟ္မာ့ပြည်မှာ ယနေ့တိုင်အောင် ထင်ရှားရှိနေကြပါသေးတယ်နော်၊ ကဲ ဒါက အဓိဂမအန္တရဓာန၊

နောက်တစ်ခု - နံပါတ် နှစ်ကတော့ ပဋိပတ္တိအန္တရဓာန၊ ပဋိပတ်ကျင့်စဉ်ရဲ့ ကွယ်ပခြင်းပဲ၊ အဲဒီလို သာသနာတွေ အဆင့်ဆင့် ကွယ်သွားပြီးတဲ့ နောက်ပိုင်း မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ရနိုင်တဲ့ သူတော်ကောင်းတွေ မရှိတော့ သီလကျင့်စဉ်လောက်ကိုပဲ ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်တဲ့ သူတော်ကောင်းတွေလောက်ပဲ ရှိကြတော့တယ်၊ တို့ဟာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းသော်လည်း မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ရနိုင်တဲ့ခေတ်တော့ မရှိကြတော့ဘူး၊ ဈာန်တရားတွေလည်း ရနိုင်တဲ့ခေတ်တော့ တို့မရှိကြတော့ဘူး ဆိုပြီးတော့ သမထလည်း အားမထုတ် ဝိပဿနာလည်း အားမထုတ်ဘဲ လုံ့လဝီရိယတွေ လျှော့ချပြီး သီလလောက်ပဲ ပြည့်ပြည့်စုံစုံလေး ဖြည့်ကျင့်တဲ့ခေတ် ရောက်သွားပြီ၊ အဲဒီခေတ်မှာလည်း တဖြည်းဖြည်း သီလပိုင်းက လျော့လျော့၊ လျော့လျော့၊ လျော့လျော့လာလိုက်တာ ငယ်ကုန်၊ ငယ်ကုန်သော သိက္ခာပုဒ်တွေကို တဖြည်းဖြည်းနဲ့ လျှော့ချလိုက်တယ်၊

လျှော့ချလိုက်တော့ နောက်ဆုံး ပါရာဇိက လေးပါးလောက်ပဲ ထိန်းသိမ်းစောင့်ရှောက်တဲ့ ပုဂ္ဂိုလ်တွေ ရှိကြတော့တယ်၊ ပါရာဇိက လေးပါးလောက် လုံခြုံအောင်နေထိုင်တဲ့ ပုဂ္ဂိုလ်တွေကလည်း နောက်ဆုံး ပါရာဇိက လေးပါးတောင် မစောင့်ရှောက်တော့တဲ့အတွက် နောက်ဆုံးရဟန်းတော်က ပါရာဇိကသိက္ခာပုဒ်ကို လွန်ကျူးလိုက်ပြီ ဆိုရင်တော့ အဲဒီမှာ ပဋိပတ္တိသာသနာတော်ကြီး ကွယ်ပသွားပြီ၊

နောက်တစ်ခု နံပါတ် သုံး ပရိယတ္တိအန္တရဓာန၊ ပရိယတ်တရားတော်ကို သင်ယူတဲ့ပုဂ္ဂိုလ်တွေ အရေအတွက်က အားပျော့လာတယ်၊ အားပျော့လာတဲ့ နောက်ပိုင်းကာလ ရောက်ပြီ၊ သာသနာနောက်ပိုင်းကာလမှာ သဒ္ဓါတရားတွေက ခေါင်းပါးလာပြီးဖြစ်တဲ့အတွက် ပိဋကတ်တော်တွေ နှုတ်ငုံဆောင်နိုင်တဲ့ ပုဂ္ဂိုလ်ဆိုတာက အလွန် ရှာရခက်သွားပြီ၊ ရှာရခက်သွားတော့ ပရိယတ်ကို လေ့လာဆည်းပူးတဲ့ ပုဂ္ဂိုလ်တွေ အရေအတွက်က နည်းသထက် နည်းလာတဲ့ အပိုင်းမှာ နောက်ဆုံး တစ်ဖြည်းဖြည်း ပဋ္ဌာန်းကျမ်းကနေစပြီး အဘိဓမ္မာတွေ ကွယ်တော့တယ်၊ အဘိဓမ္မာတွေ ကွယ်ရာကနေ နောက်ပိုင်းကျတော့ သုတ္တန်လောက်ပဲ ဆောင်ထားရာကနေ သုတ္တန်တွေလည်း တဖြည်းဖြည်း ကွယ်ပြီးတော့ နောက်ဆုံး ဇာတ်တော်လောက်ပဲ ရှိတော့တယ်၊

ဇာတ်တော်ကလေးလောက်ပဲ ဟောပြောပြီးတော့ နေရာကနေ နောက်ဆုံး ဇာတ်တော်တောင် မဟောနိုင်တော့ဘူး၊ မဟောနိုင်တော့ ဘာတွေကျန်လဲဆိုတော့ ဝိနည်းဒေသနာတော်လောက်ပဲ နည်းနည်းပါးပါး ကျန်တယ်၊ အဲဒီ ဝိနည်းဒေသနာတော်ကနေပြီးတော့ပဲ တစ်ဖြည်းဖြည်း ကွယ်သွားလိုက်တာ နောက်ဆုံး ပါရာဇိက လေးပါးတောင် အလွတ်ရတဲ့ပုဂ္ဂိုလ် မရှိတော့ဘူးတဲ့၊ တစ်နေ့ကပဲ ဆရာတော်တစ်ပါးနဲ့ စပ်မိတော့ လျှောက်တော့ ဆရာတော်တစ်ပါးက အမိန့်ရှိသွားတယ်၊ သူ့ကျောင်းဝင်လာတဲ့ ကိုယ်တော်ကိုတဲ့ ပါရာဇိက လေးပါး အနည်းဆုံးတော့ အရွတ်ခိုင်းလိုက်တယ်၊ မရဘူးဆိုရင် လက်မခံဘူးတဲ့၊ ဟုတ်တယ်၊ မဟုတ်လား၊ ခေတ်က ဆုတ်လာပုံလေးတွေပဲနော်၊ အဲဒီကျောင်းမှာလည်း အဲဒီစည်းကမ်းလေးတွေက တစ်ဖြည်းဖြည်း လုပ်ရမယ့် ပုံစံတော့ ဖြစ်လာတယ်၊ ဝိနည်း နှစ်စောင်မှ မရဘူး ဆိုလို့ရှိရင်တော့ တစ်ဖြည်းဖြည်း လျှော့ချရမယ့် ပုံစံမျိုးတော့ ဖြစ်လာပြီနော်၊

နောက်ဆုံး အဲဒီဘုရားရှင်ဟောတဲ့ တရားကို ဆင်ကျောက်ကုန်းမှာ ထောင်ထုပ်တင်ပြီးတော့ လှည့်လည်ပြီးတော့ တစ်ပုဒ်တစ်ဂါထာ ဟောနိုင်တဲ့ ပုဂ္ဂိုလ်ရှိရင် ဒီထောင်ထုပ်ယူစေဆိုပြီး လှည့်လည်ပြီး တိုင်းပြည်ကို စည်ကြေညာသော်လည်းပဲ ဘုရားဟောတဲ့ ဂါထာတစ်ပုဒ်ကို ဟောပြနိုင်တဲ့ ပုဂ္ဂိုလ်ရှာလို့ မတွေ့တော့ဘူးဆိုရင်တော့ ပရိယတ်တရားတော်ကြီး ကွယ်သွားပြီ၊ ပရိယတ်သာသနာ ကွယ်တာပဲနော်၊

နောက် နံပါတ် (၄) - လိင်္ဂအန္တရဓာနဆိုတာကတော့။ တစ်ဖြည်းဖြည်းနဲ့ နောက်ပိုင်းရောက်လာရင် တစ်ဖြည်းဖြည်း လူလို ဝတ်ရုံလာကြတယ်၊ သဒ္ဓါတရားတွေက လျော့နည်းလာပြီး ဝတ်တာတွေကလည်း လူလို ဝတ်လာရာကနေပြီးတော့ တစ်ဖြည်းဖြည်း လျော့နည်းသွားလိုက်တာ နောက်ဆုံးတော့ အဝါရောင်ဆိုရင် လည်ပင်းမှာပတ်ထားတဲ့ အစပိုင်းလေးလောက်ပဲ ကျန်တယ်၊ နောက်ဆုံးတော့ ရှုပ်ပါတယ်ဆိုပြီး အကုန်လုံးဖြုတ်ချလိုက်တော့ အဲဒီမှာ သာသနာ့ အသွင်အပြင်တွေ ကွယ်ပြီးတော့ ဘာလဲ? ဝတ်ဖြူစင်ကြယ်တွေပဲ ဝတ်ကြတော့တယ်တဲ့၊ အဲဒါ ယောနကတိုင်းမှာ အဝတ်ဖြူဝတ်နေတဲ့ ပုဂ္ဂိုလ်တွေဟာ ကဿပဘုရားရှင် သာသနာနောက်ပိုင်းမှာ ရဟန်းပျက်တို့ရဲ့ အလေ့အကျင့်ဖြစ်တယ်ဆိုပြီး အဋ္ဌကထာကတော့ ဖော်ပြထားတယ်နော်၊

ဒုတိယပိုင်း

ကဲ နောက်တစ်ခုကတော့ ဓာတုအန္တရဓာန၊ ဘုရားရှင်ရဲ့ ဓာတ်တော်, မွေတော်များ ကွယ်ပခြင်းပဲ၊ ခုလို လူ့ပြည်, လူ့လောကမှာ ဘုရားရှင်ရဲ့ သာသနာတော်ကို ကိုးကွယ်ဆည်းကပ်မယ့်ပုဂ္ဂိုလ်ဆိုတာ တစ်ဦးတစ်ယောက်မျှ မရှိတော့ဘူးဆိုရင် ဓာတ်တော်, မွေတော်တွေဟာ အားလုံး ဗောဓိမဏ္ဍိုင်မှာ စုရုံးကြမှာ ဖြစ်တယ်၊ ဒီတော့ ဘုရားရှင်ရဲ့ ဓာတ်တော်က နည်းနည်း ဗဟုသုတလေးတစ်ခု ညှပ်ပြီးတော့ နည်းနည်းလေး ပြောမယ်နော်၊ သုံးမျိုးပဲ ရှိပါတယ်၊

နံပါတ် (၁)က မုန်ညှင်းစေ့ ပမာဏခန့်ရှိတယ်၊ မုန်ညှင်းစေ့လောက် ရှိနေတဲ့ ဓာတ်တော်လေးတွေရဲ့ အရောင်အဆင်းက မြတ်လေးပန်း အငုံလေး ပွင့်ထားတဲ့ မြတ်လေးပန်း မဟုတ်ဘူး၊ အငုံရောင် မမြင်ဖူးဘူးဆိုရင်တော့ ဘုန်းကြီးကျောင်းအနားမှာ လလာကြည့်လှည့်နော်၊ အဲဒီ မြတ်လေးပန်း အငုံရောင်လေး ရှိတယ်ဆိုတော့ ဆင်စွယ်ရောင်နဲ့ နည်းနည်းလေး ခပ်ဆင်ဆင်ပဲ၊ အရောင်အဆင်းက မြတ်လေးပန်းအငုံရဲ့ အရောင်ပဲ၊ ပမာဏက မုန်ညှင်းစေ့ ပမာဏ၊ ဒါကတစ်ခု၊

နံပါတ် (၂)ကတော့ ဆန်ကွဲခန့်၊ ဆန်ကို ထက်ပိုင်းချိုးထားတဲ့ ဆန်ကွဲပဲ၊ အဲဒီ ဆန်ကွဲခန့်ရှိတဲ့ ဓာတ်တော်ကတစ်ခု၊ ဆန်ကွဲခန့် ပမာဏရှိနေတဲ့ ဓာတ်တော်က အရောင်အဆင်းကြည့်လိုက်မယ် ဆိုလို့ရှိရင် ပုလဲအရောင်အဆင်း၊ ဒါကတော့ မြင်ဖူးကြတယ်နော်၊

နံပါတ် (၃)ကတော့ အလယ်မှာ ကွဲအက်နေတဲ့ ပဲနောက်စေ့ခန့်ရှိတဲ့ ဓာတ်တော်တဲ့၊ အလယ်မှာ ကွဲအက်နေတဲ့ ပဲနောက်စေ့ခန့်လောက်ရှိတဲ့ ဓာတ်တော်တွေရဲ့ အရောင်အဆင်းက ရွှေအဆင်း ဖြစ်ပါတယ်၊ ဒီတော့ ဓာတ်တော် အချိုးအစားက သုံးမျိုး။ အရောင်အဆင်းကလည်း သုံးမျိုးပဲနော်၊ တခြားအရောင်တွေဟာ ဓာတ်တော်ဟုတ်သလား၊ မဟုတ်ဘူးနော်၊ ပမာဏ တွေကလည်း ဓာတ်တော်ဟုတ်သလား၊ မဟုတ်ဘူး၊ ခု- ဘုန်းကြီးကျောင်းမှာပဲ ရှိနေပါတယ်၊ သူများတွေက ဓာတ်တော်ဆိုပြီး လာလှူထားတာပေါ့လေ၊ ဘုန်းကြီးကတော့ မလွှဲသာ မရှောင်သာတော့လည်း ဓာတ်တော်ဆိုတော့လည်း "အေး-ပေါ့လေ ဓာတ်တော်ပေါ့” ဆိုပြီး ယူထားလိုက်တာပဲ၊ အဲဒီမှာ အရောင်အဆင်းတွေက ဒီပုံစံနဲ့တော့ မကိုက်တာတွေ အများကြီးရှိပါတယ်၊ ဒါက ဗဟုသုတပဲ၊

အဲဒီဓာတ်တော်များသည် လူ့ပြည်, လူ့လောကမှာ ကိုးကွယ်ဆည်းကပ်မဲ့ ပုဂ္ဂိုလ် မရှိတော့ဘူးဆိုရင် တစ်နေ့ ကွယ်မယ်၊ ကွယ်လိုက်တဲ့ အချိန်အခါမှာ ဓာတ်တော်ဆိုတာကို ဘုန်းကြီးတို့ ဓာတ်ကမ္မဋ္ဌာန်းလမ်းစဉ်က ဓာတ်လေးပါး သိမ်းဆည်းနိုင်ခဲ့လို့ရှိရင် ရုပ်ကလာပ်တို့ရဲ့ အပေါင်းအစုပဲလို့ သဘောပေါက်နိုင်ပါတယ်၊ အဲဒီရုပ်ကလာပ်တွေက ကလာပ်တစ်ခုမှာ တည်ရှိတဲ့ တေဇောဓာတ်က နောက်ထပ် ကလာပ်တစ်ခု ဖြစ်ပေါ်လာအောင် ဆင့်ကဲဆင့်ကဲ ကျေးဇူးဆက်ကာ, ဆက်ကာ ပြုနေတယ်၊ အရှည်ခိုင်ခံ့ တည်တံ့အောင် ပြုနေသမျှ ကာလပတ်လုံး ဓာတ်တော်တွေ ထင်ရှားရှိတယ်၊ ခုတော့ အဲဒီလို ကျေးဇူးမပြုတော့ဘူး၊ အဲဒီ ဓာတ်တော်တွေထဲမှာ ရှိနေတဲ့ တေဇောဓာတ်ကနေပြီးတော့ အရှိန်အဝါသတ္တိတွေ အားကောင်းလာပြီးတော့ ကလာပ်တူ ရုပ်တရားတွေကို လောင်ကျွမ်းပစ်လိုက်တယ်၊ အဲဒီလို လောင်ကျွမ်းလိုက်တဲ့ အချိန်အခါမှာ တစ်ဖြည်းဖြည်း ဓာတ်တော်, မွေတော်တွေဟာ ဘာမှ မကျန်ဘဲနဲ့ အစအနမရှိ အားလုံး ပျောက်ကွယ်သွားတယ်၊ ဒါက ဓာတုအန္တရဓာန ဓာတ်တော်မွေတော်တို့ရဲ့ ကွယ်ပျောက်သွားခြင်းဖြစ်တယ်၊

ပေါင်းလိုက်တော့ သာသနာတော်ကြီး ကွယ်ပပုံ ဘယ်နှစ်မျိုးရှိသလဲ၊ ငါးမျိုး၊ နံပါတ် (၁)က အဓိဂမအန္တရဓာန, နံပါတ် (၂)က ပဋိပတ္တိအန္တရဓာန, နံပါတ် (၃)က ပရိယတ္တိအန္တရဓာန, နံပါတ် (၄)က လိင်္ဂအန္တရဓာန, နံပါတ် (၅)က ဓာတုအန္တရဓာနဆိုပြီး သာသနာကွယ်ပခြင်း ငါးမျိုးရှိတယ်၊

အဲဒီ ကွယ်ပခြင်း ငါးမျိုးထဲမှာ သာသနာတော် မကွယ်အောင် တည်တံ့အောင် ထိန်းရှိမ်းစောင့်ရှောက်ချင်တဲ့ ပုဂ္ဂိုလ်တွေဟာ ဘယ်သာသနာတော်ကို တည်တံ့အောင် ထိန်းသိမ်း စောင့်ရှောက်ရမလဲလို့ မေးစရာရှိတယ်၊ ဒီအချက်နဲ့ပတ်သက်ပြီးတော့နော် ပရိယတ္တိသာသနာတော်က အရင်းမူလ ဖြစ်သလား၊ ပဋိပတ္တိသာသနာတော်ကပဲ အရင်းမူလဖြစ်သလား ဆိုပြီးတော့ ရှေးရှေး မထေရ်ကြီးတွေ ဆွေးနွေးပွဲလေးတစ်ခု ဖြစ်ခဲ့ဖူးပါတယ်၊

ဘာကို အကြောင်းခံပြီး ဖြစ်ခဲ့သလဲဆိုတော့ တစ်ချိန်က သီဟိုဠ်ကျွန်းမှာ ဗြဟ္မဏတိဿ အမည်ရတဲ့ သူပုန်ဘေးကြီး တစ်ဆယ့်နှစ်နှစ် တိုင်တိုင် ထခဲ့တယ်၊ သီဟိုဠ်ကျွန်းက တစ်ချို့ မထေရ်ကြီးတွေက ဇမ္ဗူဒိပ်ကျွန်းလို့ ခေါ်ဆိုအပ်တဲ့ အိန္ဒိယဖက်ကိုကူးပြီးတော့ အိန္ဒိယဘက်မှာ ဒီပိဋကတ်တွေကို အဋ္ဌကထာနှင့်တကွ နှုတ်ငုံဆောင်ပြီးတော့ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ကြတယ်၊ တစ်ချို့ မထေရ်ကြီးတွေကတော့ သီဟိုဠ်မှာပဲ ကျန်ရစ်ပြီးတော့ ဒီပိဋကတ်တော်တွေကို အဋ္ဌကထာနှင့်တကွ မပျောက်အောင် သစ်ရွက်, သစ်ဥ, သစ်ခွံလေးတွေ စားပြီးတော့ ထိန်းသိမ်း စောင့်ရှောက်ခဲ့ကြပါတယ်၊ အဲဒီလို စောင့်ရှောက်ခဲ့ရာကနေပြီးတော့ ဒီဗြဟ္မဏတိဿ သူပုန်ဘေးကြီးငြိမ်းအေးသွားတဲ့ အချိန်အခါမှာ အိန္ဒိယဖက်ကို ကူးလာတဲ့ မထေရ်ကြီးတွေကို တွေ့ဆုံဖို့သွားပြီး နှုတ်ဆက်ကြတယ်၊ တွေ့ဆုံနှုတ်ဆက်ပြီးတော့ ဆွေးနွေးကြတယ်၊ ပိဋကတ်တွေကို နှီးနှောကြည့်ကြတယ်၊ ကြည့်လိုက်တဲ့ အချိန်အခါမှာ ပိဋကတ်တော်ချင်း, ပါဠိတော်ချင်း, အဋ္ဌကထာချင်း, ကွဲလွဲချက် တစ်ပိုဒ်တစ်ပါဒမျှ မတွေ့ရဘူး၊ အားလုံး တူညီနေတာကို တွေ့ရတဲ့အတွက် သိပ်ဝမ်းသာသွားကြတယ်တဲ့၊

အဲဒီ ဝမ်းသာသွားတဲ့ ဆွေးနွေးပွဲမှာ မထေရ်ကြီးအတွင်းမှာ ဆွေးနွေးပွဲလေးတစ်ခု ထပ်ပြီးဖြစ်ခဲ့တယ်၊ ဘာတွေဖြစ်သလဲ? ပရိယတ္တိသာသနာတော်က အရင်းမူလ ဖြစ်သလား? ပဋိပတ္တိသာသနာတော်သည်သာလျှင် အရင်းမူလ ဖြစ်သလား? သာသနာတော်အရှည် ခိုင်ခံ့တည်တံ့ရေးအတွက် ဘယ်ဒင်းက အရင်းအမြစ် ဖြစ်လေသလဲဆိုပြီးတော့ ဆွေးနွေးကြတော့ ပံ့သကူဆောင် မထေရ်ကြီးတွေကနေပြီးတော့ ဘယ်လို ဆုံးဖြတ်ချက်ပေးသလဲ? ပဋိပတ္တိသာသနာတော်သည်သာလျှင် သာသနာတော် အရှည်ခိုင်ခံ့တည်တံ့ရေးအတွက် အရင်းမူလ ဖြစ်တယ်ဆိုပြီးတော့ အဆိုပြုကြတယ်၊

ဓမ္မကထိက မထေရ်ကြီးတွေကလည်း ပရိယတ္တိသာသနာတော်ကသာလျှင် သာသနာတော် အရှည်ခိုင်ခံ့တည်တံ့ရေးအတွက် အရင်းမူလ ဖြစ်ပါတယ်ဆိုပြီးတော့ အဆိုပြုပြန်တယ်၊ တစ်ဖက်နဲ့ တစ်ဖက် အချေအတင် ဖြစ်လာပြီ၊ ဖြစ်လာတဲ့ အချိန်အခါမှာ ဘေးက နားထောင်နေတဲ့ မထေရ်ကြီးတွေက ဘာတွေ အမိန့်ရှိကြသလဲ? ကဲ အရှင်ဘုရားတို့ အုပ်စု နှစ်ခုတော့ ကွဲနေပြီ၊ အရှင်ဘုရားတို့ ပြောကြားချက် သက်သက်မျှဖြင့် တပည့်တော်တို့ကတော့ အရှင်ဘုရားတို့ရဲ့ အဆိုအမိန့်တွေကို လက်မခံနိုင်ဘူး၊ ဒါကြောင့် အရှင်ဘုရားတို့ သုတ္တအမည်ရတဲ့ ဘုရားဟောပါဠိတော်ကို ထုတ်ဆောင်ပြီး ပြကြပါဆိုပြီး တိုက်တွန်းကြတယ်၊ တိုက်တွန်းလိုက်တဲ့ အချိန်အခါမှာ ပံ့သကူဆောင် မထေရ်ကြီးတွေက ဘယ်သုတ္တန်ကို ကိုးသလဲ?

‘‘ဣမေ စ သုဘဒ္ဒ ဘိက္ခူ သမ္မာ ဝိဟရေယျုံ၊ အသုညော လောကော အရဟန္တေဟိ အဿ။’’ (ဒီ။၂။၂၁၄။)

သုဘဒ္ဒ၊ ချစ်သားသုဘဒ္ဒ၊ ဣမေ စ ဘိက္ခူ၊ ဤရဟန်းတော်တို့သည်ကား၊ သမ္မာ၊ ကောင်းမွန် မှန်ကန်စွာ၊ ဝိဟရေယျုံ၊ နေထိုင်ကြပါကုန်မူကား၊ လောကော၊ လောကကြီးသည်၊ အရဟန္တေဟိ၊ ရဟန္တာပုဂ္ဂိုလ်တို့ဖြင့်၊ အသုညော၊ မဆိတ်သုဉ်းသွားနိုင်သည်၊ အဿ၊ ဖြစ်လေရာ၏။

ချစ်သား သုဘဒ္ဒ ဒီရဟန်းတွေဟာ ကောင်းမွန်စွာ နေထိုင်သွားကြမယ်ဆိုရင် ဒီလောကကြီးဟာ ရဟန္တာပုဂ္ဂိုလ်တို့ဖြင့် ဘယ်တော့မှ ဆိတ်သုဉ်းပြီး မသွားနိုင်ဘူးလို့ ဒီလိုဘုရားရှင်က ဟောထားတယ်၊ ဘယ်မှာ ဟောထားလဲမေးတော့ မဟာပရိနိဗ္ဗာနသုတ္တန်မှာ နောက်ဆုံးည ပရိနိဗ္ဗာန် မစံမီမှာ သုဘဒ္ဒပရိဗိုဇ်က ဘုရားရှင်ကိုမေးတဲ့ မေးခွန်းတွေနဲ့ ဆက်စပ်ပြီးတော့ မြတ်စွာဘုရားက ဒီတရားကို ဟောသွားခြင်း ဖြစ်ပါတယ်၊ ဟောသွားတဲ့ ဒီသုတ္တန်ကို ပံ့သကူဆောင် မထေရ်ကြီးတွေက ကိုးကားပြီး တင်ပြကြတယ်၊ တင်ပြလိုက်တော့ ဒီနေရာမှာ -

သမ္မာ ဝိဟရေယျုံ၊ ကောင်းမွန်စွာ နေထိုင်တယ်ဆိုတာက ဘယ်လို နေထိုင်နည်းစနစ်ကို ကောင်းမွန်စွာ နေထိုင်သလဲလို့ မေးစရာရှိတယ်၊ ကောင်းမွန်စွာ နေထိုင်တဲ့ နည်းစနစ်နဲ့ ပတ်သက်လို့ အဋ္ဌကထာက ဖွင့်ဆိုထားတာကတော့ ပုဂ္ဂိုလ် တစ်ဆယ့်နှစ်မျိုး ဖွင့်ထားပါတယ်၊

ပုဂ္ဂိုလ် တစ်ဆယ့်နှစ်မျိုးမှာ အုပ်စု သုံးခုရှိတယ်၊ နံပါတ် (၁)အုပ်စုက ပုဂ္ဂိုလ် လေးမျိုး၊ ဘာလဲလို့မေးတော့ သောတာပတ္တိမဂ်ဉာဏ် ရရှိရေးအတွက် အပြင်းအထန် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းနေတဲ့ အာရဒ္ဓဝိပဿက ပုဂ္ဂိုလ်ကတစ်မျိုး, သကဒါဂါမိမဂ်ဉာဏ် ရရှိရေးအတွက် အပြင်းအထန် ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းနေတဲ့ အာရဒ္ဓဝိပဿက ပုဂ္ဂိုလ်ကတစ်မျိုး, အနာဂါမိမဂ်ဉာဏ် ရရှိရေးအတွက် အပြင်းအထန် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းနေတဲ့ အာရဒ္ဓဝိပဿက ပုဂ္ဂိုလ်ကတစ်မျိုး, အရဟတ္တမဂ်ဉာဏ် ရရှိရေးအတွက် အပြင်းအထန် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းနေတဲ့ အာရဒ္ဓဝိပဿက ပုဂ္ဂိုလ်ကတစ်မျိုးဆိုပြီးတော့ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို အပြင်းအထန် ကြိုးစားအားထုတ်နေတဲ့ ပုဂ္ဂိုလ်က လေးမျိုး၊ ဒါက တစ်အုပ်စု၊

သောတာပတ္တိမဂ်ဆိုက်နေတဲ့ပုဂ္ဂိုလ်, သကဒါဂါမိမဂ်ဆိုက်နေတဲ့ပုဂ္ဂိုလ်, အနာဂါမိမဂ်ဆိုက်နေတဲ့ပုဂ္ဂိုလ်, အရဟတ္တမဂ်ဆိုက်နေတဲ့ပုဂ္ဂိုလ် ဆိုပြီးတော့ မဂ်ဆိုက်တဲ့ ပုဂ္ဂိုလ် လေးမျိုး၊

သောတာပတ္တိဖိုလ်, သကဒါဂါမိဖိုလ်, အနာဂါမိဖိုလ်, အရဟတ္တဖိုလ်ဆိုတဲ့ အရိယာဖိုလ်သို့ ဆိုက်ရောက်နေတဲ့ သောတာပန်, သကဒါဂါမ်, အနာဂါမ်, ရဟန္တာဆိုတဲ့ အရိယာသူတော်ကောင်း လေးမျိုး ပေါင်းလိုက်တော့ ပုဂ္ဂိုလ် တစ်ဆယ့်နှစ်မျိုး၊

အဲဒီ တစ်ဆယ့်နှစ်မျိုးထဲမှာ သောတာပတ္တိမဂ် ရရှိရေးအတွက် အပြင်းအထန် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းနေတဲ့ ပုဂ္ဂိုလ်ကလည်း အခြားပုဂ္ဂိုလ်တစ်ဦးကို သောတာပတ္တိမဂ်ဉာဏ် ရရှိရေးအတွက် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို အပြင်းအထန် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့ နည်းလမ်းစနစ်ကို စနစ်တကျ ညွှန်ကြားပြသလျက် ဒီသာသနာတော်မှာ နေထိုင် သွားခဲ့မယ်ဆိုရင်၊ သမ္မာ ဝိဟရေယျုံ၊ ကောင်းမွန် မှန်ကန်စွာ သာသနာတော်မှာ နေထိုင်နေသည်မည်တယ်၊ ဒါက တစ်ခု၊

အလားတူပဲ၊ သကဒါဂါမိမဂ်ဆိုက်ရေး, အနာဂါမိမဂ်ဆိုက်ရေး, အရဟတ္တမဂ်ဆိုက်ရေးအတွက် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို အပြင်းအထန် အားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေကလည်း အခြားပုဂ္ဂိုလ်တွေကို သကဒါဂါမိမဂ် ရရှိအောင်, အနာဂါမိမဂ် ရရှိအောင်, အရဟတ္တမဂ် ရရှိအောင် ဝိပဿနာ ဘာဝနာ ကမ္မဋ္ဌာန်းစီးဖြန်းပုံ နည်းစနစ်တွေကို တစ်ဆင့် ညွှန်ကြားပြသလျက် သာသနာတော်မှာ နေထိုင်သွားခဲ့မယ်ဆိုရင် ဒါဟာ သမ္မာ ဝိဟရေယျုံ၊ ကောင်းမွန်မှန်ကန်စွာ သာသနာတော်မှာ နေထိုင်သည် မည်တယ်၊

အလားတူပဲ၊ သောတာပတ္တိမဂ်ပုဂ္ဂိုလ်, သကဒါဂါမိမဂ်ပုဂ္ဂိုလ်, အနာဂါမိမဂ်ပုဂ္ဂိုလ်, အရဟတ္တမဂ်ပုဂ္ဂိုလ်, သောတာပတ္တိဖိုလ်ပုဂ္ဂိုလ်, သကဒါဂါမိဖိုလ်ပုဂ္ဂိုလ်, အနာဂါမိဖိုလ်ပုဂ္ဂိုလ်, အရဟတ္တဖိုလ်ပုဂ္ဂိုလ်ဆိုတဲ့ ဒီမဂ်ပုဂ္ဂိုလ်, ဖိုလ်ပုဂ္ဂိုလ်တွေဟာလည်း အခြားအခြားသော ပုဂ္ဂိုလ်တွေကို သောတာပတ္တိမဂ်ဖိုလ်ရအောင်, သကဒါမိမဂ်ဖိုလ်ရအောင်, အနာဂါမိမဂ်ဖိုလ်ရအောင်, အရဟတ္တမဂ်ဖိုလ်ရအောင် တစ်လက် ဆင့်ကမ်းပြီးတော့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့ရန်အတွက် နည်းလမ်းကောင်းတွေ ညွှန်ကြားလျက် ဒီသာသနာတော်မှာ နေထိုင်ကြမယ်ဆိုရင် သမ္မာ ဝိဟရေယျုံ၊ ကောင်းမွန်မှန်ကန်စွာ နေထိုင်နေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြတယ်ဆိုပြီး ဒီလို အဋ္ဌကထာက ဖွင့်ထားတယ်၊ အဲဒီလို နေထိုင်သွားမယ် ဆိုလို့ရှိရင် ဒီလောကကြီးသည် ရဟန္တာပုဂ္ဂိုလ်တို့ဖြင့် ဘယ်တော့မှ ဆိတ်သုဉ်းမသွားနိုင်ပါဘူး ဆိုပြီးတော့ မြတ်စွာဘုရားဟောထားတဲ့သုတ္တန်ကို ကိုးကားပြီး တင်ပြကြတယ်၊ ဒါတွင်လားဆိုတော့ မကသေးဘူး၊

‘‘ပဋိပတ္တိမူလကံ မဟာရာဇ သတ္ထုသာသနံ ပဋိပတ္တိသာရကံ၊ ပဋိပတ္တိယာ ဓရန္တာယ တိဋ္ဌတိ။’’ (မိ။ပ။၄။၁။၇)

ဒကာတော် မိလိန္ဒမင်းကြီး၊ သာသနာတော်ဟာ ပဋိပတ္တိသာသနာတော်သာလျှင် အရင်းမူလဖြစ်တယ်၊ ဘုရားရှင်ရဲ့ အဆုံးအမသည် ပဋိပတ္တိသာသနာသာလျှင် အနှစ်သာရဖြစ်တယ်၊ ပဋိပတ္တိသာသနာတော်ကြီး ထင်ရှားရှိမယ်ဆိုရင် သာသနာတော်သည် ထင်ရှား တည်တံ့ခိုင်ခံ့နေပါတယ် ဆိုပြီး ဒီလို မိလိန္ဒပဥှာမှာ အရှင်နာဂသေနမထေရ် ဟောထားတဲ့ သုတ္တန်တစ်ခုလည်း ရှိတယ်ဆိုပြီး ကိုးကားကြတယ်၊

အဲဒီလို ကိုးကားတင်ပြလိုက်တဲ့ အချိန်အခါမှာ ဓမ္မကထိကမထေရ်တွေက ဘာတင်ပြသလဲ? နောက်ထပ် သုတ္တန်တစ်ခု သူတို့က တင်ပြတယ်၊ အဲဒီ သုတ္တန်ကတော့ ဒီနေ့ ဘုန်းကြီးတို့ ပိဋကတ်ပါဠိတော်မှာ ရှာကြည့်သော်လည်း ရှာလို့တော့ မတွေ့ဘူး၊ သို့သော် သံယုတ်ပါဠိတော်မှာ ဋီကာဆရာတော်နှင့် အဋ္ဌကထာဆရာတော်တို့ ရေတွက်ပြနေတဲ့ နည်းစနစ်အရကြည့်မယ်ဆိုရင် သုတ္တန်တွေ တော်တော်များများ ထောင်နဲ့ချီပြီးတော့ ပျောက်ဆုံးနေပါတယ်၊

အလားတူပဲ၊ ခန္ဓဝဂ္ဂ သံယုတ်ပါဠိတော် တစ်ခုတည်းမှာကိုက သီဟိုဠ်မူနဲ့ မြန်မာမူမှာ သုတ္တန်ပေါင်း ငါးဆယ်ကျော်လောက် ကွာဟနေပါတယ်၊ ဒါကြောင့် တစ်ချို့တစ်ချို့ ခုလို ပျောက်ဆုံးနေတဲ့ သုတ္တန်တွေထဲမှာ ဒီတော့ ပံ့သကူဆောင် မထေရ်ကြီးတွေ ကိုးကားပြနေတဲ့ သုတ္တန်က ဘာသုတ္တန်လဲလို့မေးတော့-

‘‘ယာဝ တိဋ္ဌန္တိ သုတ္တန္တာ၊ ဝိနယော ယာဝ ဒိပ္ပတိ။ တာဝ ဒက္ခန္တိ အာလောကံ၊ သူရိယေ အဗ္ဘုဋ္ဌိတေ ယထာ။’’

သုတ္တန္တာ၊ သုတ္တန်တရားတော်တို့သည်၊ ယာဝ၊ အကြင်မျှလောက်သော ကာလပတ်လုံး၊ တိဋ္ဌန္တိ၊ တည်၍နေကြကုန်လတ္တံ့၊ ဝိနယော၊ ဝိနည်းသာသနာတော်သည်လည်းပဲ၊ ယာဝ၊ အကြင်မျှလောက်သော ကာလပတ်လုံး၊ ဒိပ္ပတိ၊ ထွန်းလင်းတောက်ပ၍ နေငြားအံ့၊ တာဝ၊ ထိုမျှလောက်သော ကာလပတ်လုံး၊ သူရိယေ၊ နေသည်၊ အဗ္ဘုဋ္ဌိတေ ယထာ၊ ရှေ့ရှုတက်လာသကဲ့သို့၊ အာလောကံ၊ အရောင်အလင်းကို၊ ဒက္ခန္တိ၊ တွေ့မြင်နိုင်ကြလေကုန်၏။

လောကမှာ သုတ္တန်တရားတော်ကြီး သုတ္တန်ဆိုတာကတော့ အဘိဓမ္မာလည်း ပါပါတယ်၊ သုတ္တန်ဒေသနာတော်တွေဟာ လောကမှာ တည်ရှိနေသမျှ ကာလပတ်လုံး, ဝိနည်းဒေသနာတော် လောကမှာ တည်ရှိနေသမျှ ကာလပတ်လုံး, အရောင်အလင်းကြီးဟာ လောကမှာ တည်ရှိနေပါတယ်၊ အရောင်အလင်းကို သတ္တဝါတွေသည် တွေ့မြင်နိုင်ကြတယ်တဲ့၊ နေတက်လာတဲ့ အချိန်အခါမှာ အလင်းရောင်ကို တွေ့ရသလို သုတ္တန်ဒေသနာတော်တွေ ထွန်းလင်းတောက်ပနေသမျှ ကာလပတ်လုံး မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်ဆိုတဲ့ အရောင်အလင်းကြီးကို သတ္တဝါတွေ တွေ့မြင်နိုင်ကြပါတယ်ဆိုပြီးတော့ ဒီလိုဟောထားတဲ့သုတ်၊ နောက်တစ်ခု -

‘‘သုတ္တန္တေသု အသန္တေသု၊ ပမုဋ္ဌေ ဝိနယမှိ စ။ တမော ဘဝိဿတိ လောကေ၊ သူရိယေ အတ္ထင်္ဂတေ ယထာ။’’ (ဧကနိပါတ် အဋ္ဌကထာ။)

သုတ္တန္တေသု၊ သုတ္တန်တရားဒေသနာတော်တို့သည်၊ အသန္တေသု၊ ထင်ရှား မရှိကြကုန်လတ်သော်၊ ဝိနယမှိ စ၊ ဝိနည်းဒေသနာတော်သည်လည်းပဲ၊ ပမုဋ္ဌေ၊ ပျောက်ပျက်၍ သွားခဲ့သည်ရှိသော်၊ သူရိယေ၊ နေသည်၊ အတ္ထင်္ဂတေ ယထာ၊ ဝင်သွားသော အခါ၌ကဲ့သို့၊ လောကေ၊ လောက၌၊ တမော၊ အမိုက်မှောင်သည်၊ ဘဝိဿတိ၊ ထင်ရှားဖြစ်ပေါ်၍ လာပေလတ္တံ့။

လောကမှာ သုတ္တန်တရားဒေသနာတော်တွေလည်း ပျောက်ကွယ်သွားပြီး၊ ဝိနည်းဒေသနာတော်တွေလည်း ပျောက်ကွယ်သွားပြီး ဆိုလို့ရှိရင်တော့ နေဝင်သွားတဲ့အခါမှာ အမိုက်မှောင်ကြီး ထင်ရှားဖြစ်ပေါ်လာသလို လောကမှာ အရောင်အလင်း လုံးဝ မရှိတော့ဘဲ အမိုက်မှောင်ကြီးအတိ ဖြစ်ပေါ်သွားလိမ့်မယ်၊

‘‘သုတ္တန္တေ ရက္ခိတေ သန္တေ၊ ပဋိပတ္တိ ဟောတိ ရက္ခိတာ။ ပဋိပတ္တိယံ ဌိတော ဓီရော၊ ယောဂက္ခေမာ န ဓံသတိ။’’ (ဧကနိပါတ် အဋ္ဌကထာ။)

သုတ္တန္တေ၊ သုတ္တန်တရားတော်မြတ်ကို၊ ရက္ခိတေ၊ ထိန်းသိမ်းစောင့်ရှောက်နိုင်ခဲ့သည်ရှိသော်၊ ပဋိပတ္တိ၊ ပဋိပတ္တိသာသနာတော်ကို၊ ရက္ခိတာ၊ ထိန်းသိမ်းစောင့်ရှောက်အပ်ပြီးသည်၊ ဟောတိ၊ ဖြစ်ပေ၏၊ ပဋိပတ္တိယံ၊ ပဋိပတ္တိသာသနာတော်၌၊ ဌိတော၊ ရပ်တည်လျက်ရှိသော၊ ဓီရော၊ ပညာရှိသည်၊ ယောဂက္ခေမာ၊ ယောဂလေးပါးတို့၏ ကုန်ခြင်းကြောင့်၊ န ဓံသတိ၊ မပျက်စီးနိုင်တော့ပေ။

ထင်ရှားရှိနေတဲ့ သုတ္တန်တရားတွေကို ထိန်းသိမ်းစောင့်ရှောက် ထားနိုင်မယ်ဆိုရင် ပဋိပတ္တိသာသနာတော်ကြီးကိုလည်း ထိန်းသိမ်းစောင့်ရှောက်ပြီးပဲ ဖြစ်သွားပါတယ်၊ ပဋိပတ္တိသာသနာတော်ကို လက်တွေ့ကျင့်နေတဲ့ ပဋိပတ္တိသာသနာတော်မှာ ရပ်တည်နေတဲ့ ပညာရှိသူတော်ကောင်းဟာ တစ်ချိန်မှာ သူ့သန္တာန်မှာ ယောဂ လေးပါးတွေ ကုန်ဆုံးသွားမယ်၊ ကိလေသာတွေ ကုန်ဆုံး ပျက်စီးတည်းဟူသော အကြောင်းကြောင့် ဒီပဋိပတ္တိသာသနာတော်မှာ ရပ်တည်နေတဲ့ သူတော်ကောင်းအဖို့ သူရရှိထားတဲ့ မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်ဆိုတဲ့ တရားထူးတရားမြတ်သည် ဘယ်တော့မှ ပျက်စီးပြီး မသွားနိုင်တော့ပါဘူးဆိုပြီး ဒီလိုဟောထားတဲ့ သုတ္တန်တစ်ခုရှိတယ်၊ အဲဒီသုတ္တန်ကို ဓမ္မကထိက မထေရ်မြတ်ကြီးတွေက ကိုးကားဆောင်ပြကြပါတယ်၊

အဲဒီ ဆောင်ပြလိုက်တဲ့ အချိန်အခါမှာ ပံ့သကူဆောင်မထေရ်ကြီးတွေက ရှေ့ဆက်ပြီး ဘာမှမပြောတဲ့အတွက် ပံ့သကူဆောင်မထေရ်ကြီးတွေက အရှုံးပေးလိုက်တဲ့သဘော ဖြစ်သွားတဲ့အတွက် ဓမ္မကထိကမထေရ်တို့ရဲ့ စကားသာလျှင် ရှေ့တန်းကို တက်သွားတယ်နော်၊ ဒီနေရာမှာ အဋ္ဌကထာ ဆရာတော်က ဥပမာလေးနဲ့ ဖွင့်ဆိုထားပါတယ်၊ ဘယ်လို ဥပမာလဲ?

‘‘ယထာ ဟိ ဂဝသတဿ ဝါ ဂဝသဟဿဿ ဝါ အန္တရေ ပဝေဏိပါလိကာယ ဓေနုယာ အသတိ သော ဝံသော သာ ပဝေဏိ န ဃဋီယတိ။’’ (ဧကနိပါတ် အဋ္ဌကထာ။)

ဂဝသတဿ ဝါ၊ နွားအရာ၏သော်လည်းကောင်း၊ ဂဝသဟဿဿ ဝါ၊ နွားအထောင်၏သော်လည်းကောင်း၊ အန္တရေ၊ အတွင်း၌၊ ပဝေဏိပါလိကာယ၊ နွားအစဉ်အဆက်ကို စောင့်ရှောက်ပေးတတ်သော၊ ဓေနုယာ၊ နွားမသည်၊ အသတိ၊ မရှိလတ်သော်၊ သော ဝံသော၊ ထိုနွားအနွယ်သည်၊ သာ ပဝေဏိ၊ ထို နွားအစဉ်အဆက်သည်၊ န ဃဋီယတိ ယထာ၊ ဆက်စပ်တည်တံ့မှု မဖြစ်နိုင်သကဲ့သို့၊

‘‘ဧဝမေဝံ အာရဒ္ဓဝိပဿကာနံ ဘိက္ခူနံ သတေပိ သဟဿေပိ သံဝိဇ္ဇမာနေ ပရိယတ္တိယာ အသတိ အရိယမဂ္ဂပဋိဝေဓေါ နာမ န ဟောတိ။’’ (ဧကနိပါတ် အဋ္ဌကထာ။)

ဧဝမေဝံ၊ ဤဥပမာ အတူသာလျှင်၊ အာရဒ္ဓဝိပဿကာနံ၊ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို အပြင်းအထန် ကြိုးစားအားထုတ်လျက် ရှိကြကုန်သော၊ ဘိက္ခူနံ၊ ရဟန်းတော်တို့၏၊ သတေပိ၊ အရာသည်လည်းကောင်း၊ သဟဿေပိ၊ အထောင်သည်သော်လည်းကောင်း၊ သံဝိဇ္ဇမာနေပိ၊ ထင်ရှားရှိကြသော်လည်းပဲ၊ ပရိယတ္တိယာ၊ ပရိယတ္တိတရားတော်သည်၊ အသတိ၊ ထင်ရှားမရှိလတ်သော်၊ အရိယမဂ္ဂပဋိဝေဓေါ နာမ၊ အရိယာမဂ်ကို ထိုးထွင်းသိမြင်ခြင်းသည်၊ န ဟောတိ၊ မဖြစ်နိုင်။

အလားတူပဲတဲ့နော်၊ ပရိယတ်တရားတော်ကြီး ထင်ရှား မရှိတော့ဘူးဆိုရင် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို အပြင်းအထန် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ ရဟန်း အရာ, အထောင်ရှိပင် ရှိသော်လည်းပဲ အရိယမဂ်ဉာဏ်, ဖိုလ်ဉာဏ်ကို ထိုးထွင်းသိမှုဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ ဘာဖြစ်လို့လဲ? ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို အားတော့ အားထုတ်တယ်။ နည်းက မမှန်ဖြစ်နေတယ်၊ ဘယ်လို နည်းမမှန်လဲလို့ မေးတော့ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေက ဒီပရိယတ္တိသာသနာတော်မှာ ပြည့်ပြည့်စုံစုံ ရှိတယ်၊ တစ်နည်းပြောရင်တော့ ခုနက ဘုန်းကြီး ဟောခဲ့တဲ့ မဂ္ဂင် (၈)ပါးပဲနော်၊

မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားတွေကို ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရမယ်ဆိုတာကို ပရိယတ်တရားတော်မှာ ပြည့်ပြည့်စုံစုံ ဖော်ပြထားပါတယ်၊ ဒါပေမယ့် ပုဂ္ဂိုလ်တွေက ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းတော့ အားထုတ်တာမှန်တယ်၊ ဒါပေမယ့် ဒီပရိယတ်တရားတော်မှာ ညွှန်ကြားပြသနေတဲ့ မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားတွေကို စနစ်တကျ နားမလည်ဘူး၊ နားမလည်တဲ့အတွက် ပရိယတ်တရားတော်မှာ ညွှန်ကြားထားတဲ့ ဒီမဂ္ဂင် (၈)ပါး ကျင့်စဉ်တရားတွေကို စနစ်တကျ မကျင့်နိုင်ဘူးဆိုရင် ထိုပုဂ္ဂိုလ်တွေသည် မဂ်ဉာဏ်, ဖိုလ်ဉာဏ်ကို ထိုးထွင်းသိနိုင်ပါ့မလား? မသိနိုင်ဘူးတဲ့၊ ဘာဖြစ်လို့လဲ? ကျင့်စဉ်က မမှန် ဖြစ်နေတယ်နော်၊

ပရိယတ်တရားတော်က ကျင့်စဉ်တွေကို ပြည့်ပြည့်စုံစုံ ဖော်ပြနေတာဖြစ်တော့ ပရိယတ်တရားတော်မှာ ညွှန်ကြားထားတဲ့ ကျင့်စဉ်အတိုင်း လက်တွေ့ တကယ် ကျကျနန မကျင့်ဘူးဆိုရင် ထိုပုဂ္ဂိုလ်တွေဟာ မဂ်ဉာဏ်, ဖိုလ်ဉာဏ်ကို ထိုးထွင်းသိနိုင်ပါ့မလား? မသိနိုင်ဘူးတဲ့၊ ဒီအချက်ကို ပြောတယ်၊ ဥပမာလေးနဲ့ ဆက်ဖွင့်တယ်၊

‘‘ယထာ စ နိဓိကုမ္ဘိယာ ဇာနနတ္ထာယ ပါသာဏပိဋ္ဌေ အက္ခရေသု ဌပိတေသု ယာဝ အက္ခရာနိ ဓရန္တိ၊ တာဝ နိဓိကုမ္ဘီ နဋ္ဌာ နာမ န ဟောတိ၊’’ (ဧကနိပါတ် အဋ္ဌကထာ။)

နိဓိကုမ္ဘိယာ၊ မြှုပ်နှံ၍ ထားအပ်သော ရွှေအိုးကို၊ ဇာနနတ္ထာယ၊ သိစေခြင်းငှာ၊ ပါသာဏပိဋ္ဌေ၊ ကျောက်ဖျာထက်၌၊ အက္ခရေသု၊ အက္ခရာတို့ကို၊ ဌပိတေသု၊ ထွင်းထားအပ်ကုန်သည်ရှိသော်၊ ယာဝ၊ အကြင်မျှလောက်သော ကာလပတ်လုံး၊ အက္ခရာနိ၊ အက္ခရာတို့သည်၊ ဓရန္တိ၊ ထင်ရှား၍ တည်ရှိကြလေကုန်၏၊ တာဝ၊ ထိုမျှလောက်သော ကာလပတ်လုံး၊ နိဓိကုမ္ဘီ၊ မြှုပ်နှံ၍ ထားအပ်သော ရွှေအိုးကြီးသည်၊ နဋ္ဌာ နာမ၊ ပျောက်ပျက်၍ သွားသည်မည်သည်၊ န ဟောတိ ယထာ၊ မဖြစ်သကဲ့သို့၊

ရွှေအိုးကြီးကို ဘယ်နေရာမှာ တူးဖော်ရမယ်ဆိုပြီး ကျောက်ဖျာထက်မှာ အက္ခရာတွေ ရေးထွင်းပြီးထားတယ်၊ ကျောက်ဖျာထက်မှာ ထွင်းထားတဲ့ အက္ခရာတွေသည် ပျောက်ပျက် မသွားသေးသမျှ ကာလပတ်လုံး မြှုပ်နှံထားတဲ့ ရွှေအိုးကြီးဟာလည်း ပျောက်ပျက်သွားတယ်လို့ မပြောနိုင်ဘူးနော်၊ အဲဒီအတိုင်းပဲ၊

‘‘ဧဝမေဝံ ပရိယတ္တိယာ ဓရမာနာယ သာသနံ အန္တရဟိတံ နာမ န ဟောတိ။’’ (ဧကနိပါတ် အဋ္ဌကထာ။)

ဧဝမေဝံ၊ ဤဥပမာအတူသာလျှင်၊ ပရိယတ္တိယာ၊ ပရိယတ်တရားတော်သည်၊ ဓရမာနာယ၊ ထင်ရှားရှိလတ်သော်၊ သာသနံ၊ သာသနာတော်သည်၊ အန္တရဟိတံ နာမ၊ ကြွယ်ပ၍ ကွယ်ပျောက်သွားသည်မည်သည်၊ န ဟောတိ၊ မဖြစ်နိုင်၊

ပရိယတ်တရားတော်ကြီး ထင်ရှားရှိနေသမျှ ကာလပတ်လုံး သာသနာတော်ကြီး ကွယ်ပျောက်သွားသည်ဆိုတာ မဖြစ်နိုင်ပါဘူးလို့ ဆိုပြီးတော့ ဒီလို ဖွင့်ဆိုထားတယ်၊

ဖွင့်ဆိုထားလိုက်တော့ ဘုန်းကြီးတို့ ဒီပရိယတ်တရားတော်ဆိုတာက မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်ဆိုတဲ့ ရွှေအိုးကြီးတွေကို ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် တူးဖော်ရမယ် ဆိုပြီးတော့ ကျောက်ဖျာထက်မှာ ရေးထွင်းထားတဲ့ အညွှန်းသိုက်စာတွေ ဖြစ်ပါတယ်၊ အဲဒီ အညွှန်းသိုက်စာတွေနဲ့ ဆက်စပ်ပြီးတော့ ဘုန်းကြီး ဒီည တရားဟောမလို့ ရည်ရွယ်ထားပါတယ်နော်၊ သို့သော် အဲဒီတရားကို မဟောမီ ခေတ္တခဏ အနားယူကြရအောင်နော်၊ (သာဓု - သာဓု - သာဓု)
တရား နည်းနည်း ပြန်စကြရအောင်နော်၊ ခုနက ပြောခဲ့ပြီးပြီ၊ ပရိယတ်တရားတော်ဆိုတာက မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်ဆိုတဲ့ ရတနာ ရွှေအိုးကြီးတွေ ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် တူးဖော်ရမယ် ဆိုတာကို ညွှန်ကြားပြသနေတဲ့ အညွှန်းသိုက်စာတွေ ဖြစ်တယ်ဆိုပြီး ပြောခဲ့တယ်၊ ဒီတော့ ဒီအချက်နဲ့ ပတ်သက်ပြီးတော့ ဘုန်းကြီး ဒီည ဓမ္မ အဓမ္မနဲ့ ဆက်စပ်နေတဲ့ မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားကို ဦးတည်ပြီး ပြောဖို့ ရည်ရွယ်ထားပါတယ်၊

မဂ္ဂင် (၈)ပါး ရှိပါတယ်၊ မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားကို ဘုရားရှင်ကလည်း ဒုက္ခနိရောဓဂါမိနီပဋိပဒါ အရိယသစ္စံ၊ ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း ကျင့်စဉ်ဖြစ်တဲ့ အရိယသစ္စာ တရားဖြစ်တယ်လို့ ဒီလို ဟောထားတယ်၊
ဒီတော့ ဒုက္ခချုပ်ရာဖြစ်တဲ့ နိဗ္ဗာန်သို့ရောက်ကြောင်း ကျင့်စဉ်အဖြစ် ဟောကြားထားတဲ့ မဂ္ဂင်တရားဘယ်နှစ်ပါးရှိလဲ? မဂ္ဂင် (၈)ပါး။ မဂ္ဂင် (၈)ပါး ထင်ရှားရှိပါတယ်လို့ ရဟန်းတော်တစ်ပါးက ဟောခဲ့ရင် ထိုရဟန်းတော်သည် ဓမ္မကို ဓမ္မလို့ ထင်ရှားဟောပြနေတဲ့ ရဟန်းတော် ဖြစ်တယ်၊ အကယ်၍ ထိုရဟန်းတော်က မဂ္ဂင်ဆိုတာ (၈)ပါး မရှိပါဘူး, မဂ္ဂင် (၇)ပါးပဲ ရှိပါတယ်လို့ ဟောခဲ့ရင် ထိုရဟန်းတော်သည် ဓမ္မကို အဓမ္မလို့ ထင်ရှားပြနေသည်လည်းမည်တယ်၊ အဓမ္မကို ဓမ္မလို့ ထင်ရှားပြနေသည်လည်း မည်တယ်တဲ့၊ သို့သော် များသောအားဖြင့် အခု မျက်မှောက်ခေတ်မှာတော့ မဂ္ဂင်ဘယ်နှစ်ပါး ရှိသလဲလို့ မေးရင်တော့ အများစုက ဘယ်လိုဖြေကြသလဲ? မဂ္ဂင် (၈)ပါး ရှိပါတယ်ဆိုပြီး ဒီလိုတော့ ဖြေတယ်၊
အဲဒီ (၈)ပါးရှိပါတယ်ဆိုပြီးတော့ ဒီလိုဖြေတဲ့ အဖြေတွေထဲမှာ မဂ္ဂင် (၇)ပါးသာ ရှိပါတယ်လို့ မပြောသော်လည်း ပြောနေတဲ့ အဓိပ္ပာယ်မျိုးတွေ အခုခေတ်မှာ ခေတ်စားနေကြပါတယ်နော်၊ ခေတ်စားနေတာက ဘုန်းကြီး သမ္မာသမာဓိဆိုတဲ့ မဂ္ဂင်ကနေစပြီးတော့ နည်းနည်း ပြောပါ့မယ်၊ မဂ္ဂင် (၈)ပါးထဲမှာ နောက်ဆုံးမဂ္ဂင်က သမ္မာသမာဓိဖြစ်ပါတယ်၊ ဘာကို သမ္မာသမာဓိလို့ ခေါ်ဆိုသလဲ?၊

‘‘ကတမော စ ဘိက္ခဝေ သမ္မာသမာဓိ၊ ဣဓ ဘိက္ခဝေ ဘိက္ခု ဝိဝိစ္စေဝ ကာမေဟိ ဝိဝိစ္စ အကုသလေဟိ ဓမ္မေဟိ သဝိတက္ကံ သဝိစာရံ ဝိဝေကဇံ ပီတိသုခံ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ၊’’ (မ၊၁၊၈၉။)

ဒါက မဟာသတိပဋ္ဌာနသုတ္တန်မှာ ဘုရားရှင်ကိုယ်တော်တိုင်က ဘာကို သမ္မာသမာဓိခေါ်ဆိုပါသလဲလို့ မေးခွန်းထုတ်ပြီး ဘုရားရှင်ကိုယ်တော်တိုင်က ပြန်ပြီး အဖြေပေးထားတဲ့ အဖြေဖြစ်ပါတယ်၊ ဒီအဖြေက ဘာဆိုလိုသလဲလို့မေးတော့ ပထမဈာန်သမာဓိ, ဒုတိယဈာန်သမာဓိ, တတိယဈာန်သမာဓိ, စတုတ္ထဈာန်သမာဓိတွေကို သမ္မာသမာဓိလို့ခေါ်ဆိုတယ်ဆိုပြီး ဘုရားရှင်က မဟာသတိပဋ္ဌာနသုတ္တန်မှာ အတိအကျ ဟောထားတယ်၊

ဒီတော့ ဒီပထမဈာန်သမာဓိ, ဒုတိယဈာန်သမာဓိ, တတိယဈာန်သမာဓိ, စတုတ္ထဈာန်သမာဓိဆိုတာက ရူပါဝစရသမာဓိ (၄)မျိုး ဖြစ်ပါတယ်၊ ဒီလို ဟောကြားတော်မူတဲ့ နည်းစနစ်ကို ဘုန်းကြီးတို့ စာပေနယ်သုံး ဝေါဟာရက မဇ္ဈေဒီပကနည်းလို့ ဒီလိုခေါ်ဆိုပါတယ်၊ မဇ္ဈေဒီပကနည်းဆိုတာက ရွှေမတစ်ကောင်ကို ခါးလယ်ကနေ ကိုင်ပြီး မြှောက်ပြလိုက်ရင် ရွှေမကိုသာ သိရှိသည်မဟုတ်၊ တစ်ကောင်လုံးကို မမြင်နိုင်ဘူးလား? မြင်နိုင်တယ်၊ အဲဒီပုံစံအတိုင်းပဲ၊ သမာဓိက (၃)မျိုး ရှိပါတယ်၊ အထွတ်အထိပ်သို့ ရောက်နေတဲ့ ဥပစာရသမာဓိလို့ ခေါ်ဆိုအပ်တဲ့ ကာမာဝစရသမာဓိက တစ်မျိုး။ ပထမဈာန်သမာဓိ, ဒုတိယဈာန်သမာဓိ, တတိယဈာန်သမာဓိ, စတုတ္ထဈာန်သမာဓိလို့ ခေါ်ဆိုအပ်တဲ့ ရူပါဝစရသမာဓိကတစ်မျိုး။ အာကာသာနဉ္စာယတနဈာန်သမာဓိ, ဝိညာဏဉ္စာယတနဈာန်သမာဓိ, အာကိဉ္စညာယတနဈာန်သမာဓိ, နေဝသညာနာသညာယတနဈာန်သမာဓိခေါ်တဲ့ အရူပါဝစရဈာန်သမာဓိကတစ်မျိုး၊ ပေါင်းလိုက်တော့ ကာမာဝစရသမာဓိ, ရူပါဝစရသမာဓိ, အရူပါဝစရသမာဓိဆိုပြီး သမာဓိ (၃)မျိုး ရှိပါတယ်၊

ထိုသမာဓိ (၃)မျိုးထဲက အလယ်ခေါင်ဖြစ်တဲ့ ရူပါဝစရသမာဓိကို ကိုင်ပြီး မြှောက်ပြလိုက်လျှင် အစဖြစ်တဲ့ ကာမာဝစရသမာဓိ (အထွတ်အထိပ်သို့ရောက်တဲ့ ဥပစာရသမာဓိလို့ခေါ်ဆိုအပ်တဲ့ ကာမာဝစရသမာဓိ)နှင့် အဆုံးဖြစ်တဲ့ အရူပါဝစရသမာဓိတွေကိုပါ သိမ်းကျုံးရေတွက်ရတဲ့ နည်းစနစ် ဖြစ်ပါတယ်၊ အဲဒီလို နည်းစနစ်အားဖြင့် ဟောတာကို မဇ္ဈေဒီပကနည်းအားဖြင့် ဟောတယ်လို့ ဒီလို စာပေနယ်က သုံးတယ်၊ ဒါကြောင့် ဝိသုဒ္ဓိမဂ်အဋ္ဌကထာဆရာတော်က ဝိသုဒ္ဓိမဂ်အဋ္ဌကထာ ဒုတိယတွဲ။ စာမျက်နှာ (၂၂၂)မှာ ဘယ်လို ဖွင့်ဆိုထားလဲ?

‘‘စိတ္တဝိသုဒ္ဓိ နာမ သဥပစာရ အဋ္ဌသမာပတ္တိယော၊’’ (ဝိသုဒ္ဓိ။ဋ္ဌ။၂။၂၂၂။)

စိတ္တဝိသုဒ္ဓိဆိုတာ ဥပစာရသမာဓိနှင့်တကွ သမာပတ် (၈)ပါးလို့ ခေါ်ဆိုပါတယ်ဆိုပြီး ဒီလို ရှင်းထားတယ်၊ ဝိသုဒ္ဓိ (၇)ပါး ကျင့်စဉ်မှာ စိတ္တဝိသုဒ္ဓိလို့ ခေါ်ဆိုပြီး မဂ္ဂင် (၈)ပါးမှာ သမ္မာသမာဓိမဂ္ဂင်လို့ ခေါ်ဆိုခြင်း ဖြစ်တယ်၊ အတူတူပဲ၊ ဒီတော့ ဥပစာရသမာဓိနှင့်တကွ သမာပတ် (၈)ပါးသည် သမ္မာသမာဓိ မည်ပါတယ်၊ ဒါက မြတ်စွာဘုရားကိုယ်တော်တိုင် ဟောထားတဲ့ မဟာသတိပဋ္ဌာနသုတ္တန်မှာလာရှိတဲ့ အညွှန်းသိုက်စာတစ်ခု ဖြစ်ပါတယ်၊

ဒါပေမယ့် ဒီနေ့ မျက်မှောက်ခေတ်ကတော့ ဘာပြောလဲ? သမာဓိသည် သာသနာတွင်းတရား မဟုတ်ဘူး။ သာသနာပတရားသာ ဖြစ်တယ်၊ သမထသည် သာသနာတွင်းတရား မဟုတ်။ သာသနာပတရား ဖြစ်တယ်၊ ဝိပဿနာ သည်သာလျှင် သာသနာတွင်းတရား ဖြစ်တယ်ဆိုပြီး ဒီလို ပြောကြတယ်၊ ပြောလိုက်တော့ သမာဓိဆိုတဲ့ မဂ္ဂင်တစ်ခု လျှော့မသွားဘူးလား? မဂ္ဂင် (၈)ပါးထဲမှာ မဂ္ဂင် (၁)ပါး ပြုတ်ထွက် မသွားဘူးလား၊ ပြုတ်ထွက်သွားတယ်၊ မဂ္ဂင်ဘယ်နှစ်ပါးကျန်လဲ? မဂ္ဂင် (၇)ပါး၊

ဒီတော့ သူတို့ အကြောင်းပြချက်ကလေးကိုတော့ ဘုန်းကြီးဘက်ကလည်း ပြောဖို့ တာဝန်ရှိပါတယ်၊ ဘာကို သူတို့ အကြောင်းပြကြသလဲလို့မေးတော့ အဿဇိသုတ္တန်မှာ ရှင်အဿဇိမထေရ်မြတ်က စာအရ အတိအကျ ပြောရင်တော့ ‘‘ပဿမ္ဘေတွာ ကာယသင်္ခါရေ’’ ဆိုတဲ့ စကားလုံးကို ကာယသင်္ခါရေတိ အဿာသပဿာသာ ဆိုပြီး အဋ္ဌကထာကဖွင့်ထားတော့ ခန့်မှန်းခြေအရကတော့ အဿာသပဿာသ = အာနာပါနကမ္မဋ္ဌာန်းကို ပွားများ အားထုတ်တော်မူတယ်လို့တော့ ခန့်မှန်းလို့တော့ ရပါတယ်၊

သို့သော် စတုတ္ထဈာန်ဆိုတာကတော့ ဘယ်စတုတ္ထဈာန်မဆို အဿာသ ပဿာသ ချုပ်ငြိမ်းတဲ့ ဈာန်တွေချည်း ဖြစ်ပါတယ်၊ ဒါကြောင့် စတုတ္ထဈာန်အထိတော့ သူက သမာဓိ ထူထောင်နေတယ်၊ ထူထောင်လိုက်တဲ့ အချိန်အခါကျတော့ တစ်ချိန်မှာ သူက အကြီးအကျယ် ရောဂါဝေဒနာ ဖြစ်တယ်၊ ရောဂါဝေဒနာ ဖြစ်လိုက်တဲ့ အချိန်အခါကျတော့ ဒီစတုတ္ထဈာန်သမာဓိကို ပြန်ပြီး ထူထောင်လို့ မရနိုင်ဘူး၊ သို့သော် စတုတ္ထဈာန်သမာဓိကို အခြေခံပြီးတော့ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို သူက စီးဖြန်းနေကျပုဂ္ဂိုလ် ဖြစ်ပါတယ်၊

တစ်ချိန်မှာ အကြီးအကျယ် ဖျားနာလာတဲ့အခါမှာ စတုတ္ထဈာန်သမာဓိကို ပြန်ပြီးထူထောင်လို့ မရတဲ့အတွက် သူက စိတ်ဓာတ်တွေ တော်တော်လေး ကျဆင်းနေတယ်၊ ထိုအချိန်အခါမှာ ဘုရားရှင်က ကြွလာပါတယ်၊ ကြွလာတဲ့ အချိန်အခါမှာ ခမည်းဇာတ်ပါရဲ့လား, ကျန်းမာပါရဲ့လား? စသည်ဖြင့် အောက်မေ့ဖွယ်, အမှတ်ရဖွယ် စကားတွေကို ပြောဆိုပြီးတဲ့ အချိန်အခါမှာ အရှင်အဿဇိမထေရ်က တပည့်တော်မှာ မခမည်းဇာတ်ပါဘူး စသည်ဖြင့် သူက ပြန်လည် လျှောက်ထားပြန်တယ်၊ ပြန်လည် လျှောက်ထားလိုက်တဲ့ အချိန်အခါမှာ သူ့မှာ စိတ်မချမ်းမသာ ဖြစ်နေတဲ့အကြောင်းကို ပြန်လည် လျှောက်ထားတော့ ဘာအတွက် စိတ်မချမ်းမသာဖြစ်သလဲဆိုတာကို သိချင်လို့ ဘုရားရှင်က သူ့ကို မေးကြည့်တယ်၊
သင့်မှာ သီလနဲ့ ပတ်သက်ပြီးတော့ မိမိကိုယ်ကို မိမိက ငါ့သီလတွေ မစင်ကြယ်ဘူးလို့ ပြန်လည်ပြီး စွပ်စွဲမှုများ ရှိနေပါသလားလို့ မေးကြည့်လိုက်တော့ တပည့်တော်ဟာ သီလနဲ့ပတ်သက်လို့လည်း တပည့်တော်ကိုယ်ကို တပည့်တော် ပြန်လည် စွပ်စွဲမှုဆိုတာ မရှိပါဘူး ဆိုပြီး သူက အဖြေပေးတယ်၊ အဲဒီလို အဖြေပေးလိုက်တဲ့ အချိန်အခါမှာ ဒီလိုဆိုရင် သင်က ဘာအတွက် စိတ်မချမ်းမသာ ဖြစ်နေရတာလဲလို့ ဆက်ပြီး မေးလိုက်တဲ့ အချိန်အခါမှာ သူက ဘာပြန်လျှောက်ထားလဲ?

‘‘ပုဗ္ဗေ ခွါဟံ, ဘန္တေ, ဂေလညေ ပဿမ္ဘေတွာ ပဿမ္ဘေတွာ ကာယသင်္ခါရေ ဝိဟရာမိ၊ သောဟံ သမာဓိံ နပ္ပဋိလဘာမိ၊’’ (သံ၊၂၊၁၀၂။)

ဘန္တေ၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား၊ အဟံ၊ ဘုရားတပည့်တော်သည်၊ ပုဗ္ဗေ၊ ရှေးအခါ၌၊ ဂေလညေ၊ အနာရောဂါကို၊ ပဿမ္ဘေတွာ ပဿမ္ဘေတွာ၊ ငြိမ်းစေငြိမ်းစေ၍၊ ကာယသင်္ခါရေ၊ အဿာသပဿာသဟုခေါ်ဆိုအပ်သော ကာယသင်္ခါရတရား၌၊ ဝိဟရာမိ၊ နေထိုင်နိုင်ခဲ့ပါ၏၊

ရှေးယခင်တုန်းကတော့ တပည့်တော်က ဒီအနာရောဂါကို ကျော်လွှား လွန်မြောက်ပြီးတော့ အဿာသပဿာသခေါ်တဲ့ ကာယသင်္ခါရတရားမှာ နေထိုင်နိုင်ခဲ့တယ်၊ စတုတ္ထဈာန်သမာဓိအထိ ဆိုက်အောင် ပွားများအားထုတ်နိုင်ခဲ့တယ်လို့ ဆိုလိုတယ်၊

‘‘သောဟံ သမာဓိံ နပ္ပဋိလဘာမိ၊’’ (သံ၊၂၊၁၀၂။)

ဘန္တေ၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား၊ သောဟံ၊ ထိုဘုရားတပည့်တော်သည်၊ သမာဓိံ၊ သမာဓိကို၊ နပ္ပဋိလဘာမိ၊ တစ်ဖန်ပြန်၍ မရနိုင်တော့ပါ၊

တပည့်တော် အခု သမာဓိ ပြန်လည်ထူထောင်လိုက်တဲ့ အချိန်အခါမှာ ဒီသမာဓိကို တပည့်တော် တစ်ဖန် ပြန်မရ ဖြစ်နေတယ်၊

‘‘တဿ မယှံ, ဘန္တေ, တံ သမာဓိံ အပ္ပဋိလဘတော ဧဝံ ဟောတိ — ‘နော စဿာဟံ ပရိဟာယာမီ’တိ၊’’ (သံ၊၂၊၁၀၂။)

ဘန္တေ၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား၊ တဿ မယှံ၊ ထိုဘုရားတပည့်တော်၏၊ တံ သမာဓိံ၊ ထိုသမာဓိကို၊ အပ္ပဋိလဘတော၊ မရခြင်းကြောင့်၊ ဧဝံ၊ ဤသို့သော စိတ်အကြံအစည်သည်၊ ဟောတိ၊ ဖြစ်ပေါ်၍ နေပါ၏၊
ဘန္တေ၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား၊ တံ သမာဓိံ၊ ထိုသမာဓိကို၊ အပ္ပဋိလဘတော၊ မရရှိသော၊ တဿ မယှံ၊ ထိုဘုရားတပည့်တော်၏ သန္တာန်၌၊ ဧဝံ၊ ဤသို့သော စိတ်အကြံအစည်သည်၊ ဟောတိ၊ ထင်ရှားဖြစ်ပေါ်၍ နေပါသည်မြတ်စွာဘုရား၊

ဪ ဒီသမာဓိကို ပြန်ထူထောင်လိုက်တဲ့ အချိန်အခါမှာ တပည့်တော်သန္တာန်မှာ ဒီသမာဓိကို မရရှိတဲ့အတွက် ဒီလို စိတ်အကြံအစည်တွေ ဖြစ်နေတယ်၊ ဘယ်လို အကြံအစည်လဲ?

‘‘နော စဿာဟံ ပရိဟာယာမိ၊’’

အဟံ၊ ငါသည်၊ နော စဿာဟံ ပရိဟာယာမိ၊ သာသနာတော်မှ မဆုတ်ယုတ်ဘဲ ရှိပါအံ့လောဟူသော၊ ဧဝံ၊ ဤသို့သော စိတ်အကြံအစည်သည်၊ ဟောတိ၊ ထင်ရှားဖြစ်ပေါ်၍ နေပါ၏၊

ငါဟာ သာသနာတော်မှ မဆုတ်ယုတ်ဘဲ ရှိပါရဲ့လားဆိုတဲ့ ဒီလို စိတ်အကြံအစည်တွေ တပည့်တော်မှာ ဖြစ်နေပါတယ်ဘုရား၊ ဒါကြောင့် တပည့်တော်ဟာ စိတ်မချမ်းသာ ဖြစ်နေပါတယ်ဆိုပြီး သူက လျှောက်တယ်၊ အဲဒီအခါမှာ ဘုရားရှင်က ဘာအမိန့်ရှိသလဲ?

‘‘ယေ တေ, အဿဇိ, သမဏဗြဟ္မဏာ သမာဓိသာရကာ သမာဓိသာမညာ၊ တေသံ တံ သမာဓိံ အပ္ပဋိလဘတံ ဧဝံ ဟောတိ — ‘နော စဿု မယံ ပရိဟာယာမာ’တိ၊’’ (သံ၊၂၊၁၀၂။)

အဿဇိ၊ ချစ်သား အဿဇိ၊ ယေ တေ သမဏဗြဟ္မဏာ၊ အကြင် သမဏဗြဟ္မဏတို့သည်၊ သမာဓိသာရကာ၊ သမာဓိသည်သာလျှင် အနှစ်သာရရှိကုန်၏၊ သမာဓိသာမညာ၊ သမာဓိသည်သာလျှင် ရဟန်းအဖြစ် ရှိကြကုန်၏၊ တေသံ၊ ထိုရဟန်းတော်တို့အား၊ တံ သမာဓိံ၊ ထိုသမာဓိကို၊ အပ္ပဋိလဘတံ၊ မရရှိကြကုန်သော်၊ တေသံ၊ ထိုရဟန်းတော်တို့၏ သန္တာန်၌၊ ဧဝံ၊ ဤသို့သော စိတ်အကြံအစည်သည်၊ ဟောတိ၊ ထင်ရှားဖြစ်ပေါ်၍ နေတတ်ပါပေ၏၊

ဘယ်လိုဖြစ်သလဲ?

‘‘နော စဿု မယံ ပရိဟာယာမာတိ၊’’ (သံ၊၂၊၁၀၂။)

မယံ၊ ငါတို့သည်၊ နော စဿု ပရိဟာယာမ၊ သာသနာတော်မှ မဆုတ်ယုတ်ဘဲ ရှိကြကုန်အံ့လောဟု၊ ဧဝံ၊ ဤသို့သော စိတ်အကြံအစည်သည်၊ ဟောတိ၊ ထင်ရှားဖြစ်ပေါ်၍ နေတတ်ပါပေ၏၊

ငါတို့ဟာ သာသနာတော်မှ မဆုတ်ယုတ်ဘဲ ရှိကြပါရဲ့ဆိုပြီးတော့ ဒီလို စိတ်အကြံအစည်တွေ ဖြစ်နေပါတယ် ဆိုပြီးတော့ မြတ်စွာဘုရားက ဟောတယ်၊ ဟောလိုက်တော့ ဒီနေရာမှာ ‘‘သမာဓိသာရကာ’’ ‘‘သမာဓိသာမညာ’’ ဆိုတဲ့ စကားလုံးနဲ့ ပတ်သက်ပြီး အဋ္ဌကထာဆရာတော်က ဘယ်လိုဖွင့်ထားသလဲလို့ မေးတော့ -

‘‘သမာဓိသာရကာ သမာဓိသာမညာတိ သမာဓိံယေဝ သာရဉ္စ သာမညဉ္စ မညန္တိ၊’’ (သံ၊ဋ္ဌ၊၂၊၂၈၉။)

သမာဓိသာရကာ သမာဓိသာမညာတိ၊ သမာဓိသာရကာ သမာဓိသာမညာ ဟူသည်ကား၊ သမာဓိံ ယေဝ၊ သမာဓိကိုသာလျှင်၊ သာရဉ္စ၊ အနှစ်သာရဟူ၍လည်းကောင်း၊ သာမညဉ္စ၊ ရဟန်းအဖြစ်ဟူ၍လည်းကောင်း၊ မညန္တိ၊ အောက်မေ့မှတ်ထင်ကြကုန်၏၊

(အထူးသဖြင့်) သာသနာပ အယူအဆရှိနေကြတဲ့ သမဏ, ဗြဟ္မဏ အချို့တွေဟာ သမာဓိကိုသာလျှင် အနှစ်သာရ သမာဓိကိုသာလျှင် ရဟန်းအဖြစ်လို့ ဒီလိုအောက်မေ့ မှတ်ထင်နေကြတယ်နော်၊

‘‘မယှံ ပန သာသနေ န ဧတံ သာရံ၊’’ (သံ၊ဋ္ဌ၊၂၊၂၈၉။)

မယှံ ပန သာသနေ၊ ငါဘုရားရှင်၏ သာသနာတော်မြတ်အတွင်း၌ကား၊ ဧတံ၊ ဤသမာဓိသည်ကား၊ န သာရံ၊ အနှစ်သာရ မဟုတ်ပါ၊

ငါဘုရားရှင်ရဲ့ သာသနာတော်တွင်းမှာ ဒီသမာဓိကတော့ အနှစ်သာရ မဟုတ်ပါဘူး၊

‘‘ဝိပဿနာမဂ္ဂဖလာနိ သာရံ၊’’ (သံ၊ဋ္ဌ၊၂၊၂၈၉။)

ဝိပဿနာမဂ္ဂဖလာနိ၊ ဝိပဿနာ မဂ်ဉာဏ်, ဖိုလ်ဉာဏ်တို့သည်သာလျှင်၊ သာရံ၊ အနှစ်သာရဖြစ်ပါပေ၏၊

ငါဘုရားရှင်ရဲ့ သာသနာတော်မှာ ဝိပဿနာဉာဏ်, မဂ်ဉာဏ်, ဖိုလ်ဉာဏ်တွေကသာလျှင် အနှစ်သာရ ဖြစ်ပါတယ်ဆိုပြီးတော့ ဒီလိုဟောထားတယ်၊ အဲဒီဟောကြားချက်ကို ကိုးကားပြီးတော့ သမထသည် သာသနာတွင်းတရားမဟုတ်, သာသနာပတရား ဖြစ်သည်၊ ဝိပဿနာသာလျှင် သာသနာတွင်းတရားဖြစ်သည် ဆိုပြီးတော့ သူတို့က ဘေးဖယ်လိုက်ကြတယ်၊ ဘေးဖယ်လိုက်ကြတော့ နောက်တစ်ခု သူတို့ အကြောင်းပြချက်တစ်ခု ရှိလာပြန်သေးတယ်၊ ဘာလဲဆိုတော့ သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ် ဆိုတာတွေဟာ လောကမှာ ရှိပါတယ်၊ ဒီသုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်တွေဟာ ဘယ်မှာ သမာဓိ ထူထောင်လို့လဲဆိုပြီး ဒီလိုလဲ အကြောင်းပြကြပြန်တယ်၊
ဒီတော့ ဒီသုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်ဟာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို တိုက်ရိုက် စီးဖြန်းချင်တယ်ဆိုရင် ဘာကို စအားထုတ်ရသလဲ? ဒီအပိုင်းနဲ့ ပတ်သက်ပြီးတော့ ဝိသုဒ္ဓိမဂ်အဋ္ဌကထာ ဒုတိယတွဲ စာမျက်နှာ (၂၂၂)မှာ အဋ္ဌကထာဆရာတော်က ဘယ်လိုရေးထားသလဲ?

‘‘သုဒ္ဓဝိပဿနာယာနိကော ပန အယမေဝ ဝါ သမထယာနိကော စတုဓာတုဝဝတ္ထာနေ ဝုတ္တာနံ တေသံ တေသံ ဓာတုပရိဂ္ဂဟမုခါနံ အညတရမုခဝသေန သင်္ခေပတော ဝါ ဝိတ္ထာရတော ဝါ စတဿော ဓာတုယော ပရိဂ္ဂဏှာတိ၊’’ (ဝိသုဒ္ဓိ၊၂၊၂၂၂။)

သုဒ္ဓဝိပဿနာယာနိက ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် ရုပ်ကမ္မဋ္ဌာန်းကနေ စအားထုတ်လိုတဲ့ ဒီသမထယာနိကပုဂ္ဂိုလ်ပဲဖြစ်ဖြစ် အဲဒီပုဂ္ဂိုလ်ဟာ ဝိပဿနာကို ကူးပြီးဆိုရင် ဘာလုပ်ရသလဲ? စတုဓာတုဝဝတ္ထာန်ကမ္မဋ္ဌာန်းအပိုင်းမှာ ဖွင့်ဆိုထားတဲ့ ဓာတ်ကမ္မဋ္ဌာန်း သိမ်းဆည်းနည်း နည်းအမျိုးမျိုး ရှိကြတယ်၊ အကျဉ်းနည်းကိုပဲဖြစ်စေ, အကျယ်နည်းကိုပဲ ဖြစ်စေ, တစ်နည်းနည်းဖြင့် ဓာတ်ကြီးလေးပါးကို စတင် သိမ်းဆည်းပါဆိုပြီး ဒီလို ညွှန်ကြားထားတယ်၊ ဒီတော့ သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်က ဒီအဋ္ဌကထာရဲ့ ညွှန်ကြားချက်အရ ပြောမယ်ဆိုရင် သုဒ္ဓဝိပဿနာယာနိက ပုဂ္ဂိုလ်သည် ဘာကို စပြီး အားထုတ်ရမလဲ? ဓာတ်ကမ္မဋ္ဌာန်းက စအားထုတ်ရမယ်၊ ဘာကြောင့်လဲ ယေဘုယျ စည်းကမ်းက ရုပ်ကမ္မဋ္ဌာန်းကနေစပြီး ဝိပဿနာကူးတယ်ဆိုတဲ့ လုပ်ငန်းရပ်က သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်တို့ရဲ့ လုပ်ငန်းရပ်ဖြစ်တယ်၊ ဒါ ယေဘုယျ စည်းကမ်းပဲနော်၊

သမထယာနိကပုဂ္ဂိုလ်ကတော့ ဝိပဿနာကူးတဲ့အခါမှာ ဈာန်နာမ်တရားတွေကစပြီး သိမ်းဆည်းပြီးတော့ ဝိပဿနာကူးလိုကလည်း ကူးနိုင်တယ်၊ သို့မဟုတ် ရုပ်ကမ္မဋ္ဌာန်းကနေ စတင်ပြီးတော့ ဝိပဿနာကို ကူးလိုကလည်း ကူးနိုင်ပါတယ်၊ သူက နှစ်နည်းရှိတယ်၊ အကယ်၍ ရုပ်ကမ္မဋ္ဌာန်းကနေ စတင်ပြီးတော့ ဝိပဿနာကူးချင်တယ်ဆိုလို့ရှိရင်တော့ ဘာကို စရှုရသလဲ? ဓာတ်ကမ္မဋ္ဌာန်း စရှုရတယ်၊ ဘာကြောင့်လဲ? သမထပိုင်းမှာ ကမ္မဋ္ဌာန်း (၄၀)ရှိတယ် ဆိုတာကတော့ မှန်ပါတယ်၊ သို့သော် ဝိပဿနာပိုင်းရောက်လာပြီဆိုရင် ရုပ်ကမ္မဋ္ဌာန်း, နာမ်ကမ္မဋ္ဌာန်း ဆိုပြီးတော့ ကမ္မဋ္ဌာန်းက နှစ်မျိုးပဲ ရှိပါတယ်၊ ရုပ်ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်း နှစ်မျိုးရှိတဲ့အနက်က မြတ်စွာဘုရားက ရုပ်ကမ္မဋ္ဌာန်းရှုကွက်နဲ့ ပတ်သက်ပြီးတော့ ဘယ်လိုဟောလဲ?

‘‘တတ္ထ ဘဂဝါ ရူပကမ္မဋ္ဌာနံ ကထေန္တော သင်္ခေပမနသိကာရဝသေန ဝါ ဝိတ္ထာရမနသိကာရဝသေန ဝါ စတုဓာတုဝဝတ္ထာနံ ကထေသိ’’။ (မ။ဋ္ဌ။၁။၂၈၀)

ဒါက မဟာသတိပဋ္ဌာနသုတ္တန် မဟာသတိပဋ္ဌာနဝိဘင်းကို ဖွင့်ဆိုတော်မူကြတဲ့ ဒီဃနိကာယ်အဋ္ဌကထာ, မဇ္ဈိမနိကာယ်အဋ္ဌကထာနဲ့ အဘိဓမ္မာ သမ္မောဟဝိနောဒနီ အဋ္ဌကထာတို့မှာ လာရှိတဲ့စကားဖြစ်ပါတယ်၊ ရုပ်ကမ္မဋ္ဌာန်းရှုကွက်နဲ့ ပတ်သက်လို့ မြတ်စွာဘုရားက ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနှလုံးသွင်းနည်း, ဓာတ်ကမ္မဋ္ဌာန်း အကျယ်နှလုံးသွင်းနည်း ဆိုပြီးတော့ ဒီ နှစ်နည်းပဲ ဟောထားတယ်၊ ဟောတော်မူရိုး ဓမ္မတာရှိတဲ့အတွက် ရုပ်ကမ္မဋ္ဌာန်းကို စရှုတော့မယ့်ပုဂ္ဂိုလ်က ဘာကို စရှုရလဲ? ဓာတ်ကမ္မဋ္ဌာန်းကို စရှုရမယ်တဲ့၊ အဲဒါက မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်ဆိုတဲ့ ရတနာရွှေအိုးကြီးတွေကို တူးဖော်ချင်တယ်ဆိုရင် ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် တူးဖော်ရမယ်လို့ ညွှန်ကြားနေတဲ့ အညွှန်းသိုက်စာ ရတနာကြီးတွေဖြစ်တယ်၊

အဲဒီ ရတနာသိုက်စာ အညွှန်းအတိုင်း လိုက်နာပြီး မကျင့်ခဲ့ဘူးဆိုရင် ဘုရားဟောတဲ့ ဒီရုပ်နာမ်ကို သိနိုင်ပါ့မလား? မသိနိုင်ဘူး၊ ဒါဟာ အညွှန်းသိုက်စာအတိုင်း မကျင့်တာဘဲ၊ သို့သော် ဒီဓာတ်ကမ္မဋ္ဌာန်းသည် ကမ္မဋ္ဌာန်း (၄၀)ထဲမှာ ဥပစာရသမာဓိကို ရွက်ဆောင်ပေးနိုင်တဲ့ စွမ်းအားရှိတဲ့ ကမ္မဋ္ဌာန်းအဖြစ် အဋ္ဌကထာဆရာတော်က ထည့်သွင်းပြီး ဖွင့်ဆိုထားပါတယ်၊ သို့သော် ဋီကာဆရာတော်ကတော့ ဒီနေရာမှာ အဋ္ဌကထာဆရာတော် ဖွင့်ဆိုနေတဲ့ ဥပစာရသမာဓိဆိုတာကတဲ့ ရုဠှီအစွမ်းအားဖြင့် ဖွင့်ဆိုသွားခြင်းဖြစ်တယ်၊ တင်စားပြီး ဖွင့်ဆိုခြင်းသာဖြစ်တယ်၊ ဘယ်လိုတင်စားလဲ? ဈာန်နားကပ်နေတဲ့ သမာဓိကိုသာလျှင် ဥပစာရသမာဓိလို့ခေါ်ဆိုရတယ်၊

ဒီ ဓာတ်ကမ္မဋ္ဌာန်းလမ်းစဉ်ကနေ ဘယ်လိုပဲ အားထုတ်အားထုတ် ယောဂါဝစရပုဂ္ဂိုလ်က ဈာန်ကို ဘယ်တော့မှ မရနိုင်ဘူး၊ ဈာန်မရနိုင်တဲ့အတွက် ဒီဓာတ်ကမ္မဋ္ဌာန်းလမ်းစဉ်က အထွတ်အထိပ်သို့ ရောက်ရှိသွားတဲ့ သမာဓိကို ဥပစာရသမာဓိလို့ အဋ္ဌကထာဆရာတော်က ပြောနေခြင်းသည် သမာဓိလက္ခဏာချင်း တူညီနေလို့ တင်စားပြီး ပြောတဲ့စကားသာ ဖြစ်ပါတယ် ဆိုပြီး အဋ္ဌကထာက ရှင်းထားတယ်၊ ဘယ်လို သမာဓိလက္ခဏာချင်း တူညီသလဲလို့မေးတော့ ဈာန်နားကပ်နေတဲ့ ဥပစာရသမာဓိအဆင့်နှင့် ဓာတ်ကမ္မဋ္ဌာန်းလမ်းစဉ်ကနေပြီးတော့ အထွတ်အထိပ်သို့ ရောက်ရှိသွားတဲ့ သမာဓိသည် သမာဓိလက္ခဏာချင်း တူညီနေတယ်၊ သမာဓိ ဒီဂရီစံချိန်ချင်း တူညီနေတဲ့အတွက်ကြောင့် ရုဠှီအားဖြင့် တင်စားပြီး ဥပစာအားဖြင့် တင်စားပြီးတော့ သဒိသူပစာရအားဖြင့် ဥပစာရသမာဓိလို့ အဋ္ဌကထာက ဖွင့်ဆိုသွားခြင်း ဖြစ်တယ်ဆိုပြီး ဒီလို ရှင်းထားတယ်၊

ဒီတော့ ဒီအထွတ်အထိပ်သို့ ရောက်ရှိလာတဲ့ ကာမာဝစရသမာဓိဆိုတာက ဘယ်လိုသမာဓိလဲဆိုတော့ ဓာတ်ကြီး (၄)ပါးကို စနစ်တကျ အဆင့်ဆင့် သိမ်းဆည်းလိုက်ရင် နောက်ဆုံး ခန္ဓာကိုယ်ကြီးကို မတွေ့တော့ဘဲနဲ့ ရေခဲတုံး, ဖန်တုံး, မှန်တုံးလိုကြည်နေတဲ့ အကြည်အတုံးအခဲကြီးကို သွားတွေ့ပါတယ်၊ ဘာအကြည် အတုံးအခဲလဲလို့ မေးရင်တော့ ဘုန်းကြီးတို့ ‘‘စက္ခာဒိပဉ္စဝိဓံ ရူပါဒီနံ ဂဟဏပစ္စယဘာဝေန အာဒါသတလံ ဝိယ ဝိပ္ပသန္နတ္တာ ပသာဒရူပံ’’။ (ဝိသုဒ္ဓိ။ဋ္ဌ။၂။၈၁။) ဆိုပြီး ဝိသုဒ္ဓိမဂ်အဋ္ဌကထာ ခန္ဓနိဒ္ဒေသပိုင်း ရူပက္ခန္ဓာပိုင်းမှာ ဖွင့်ဆိုထားပါတယ်၊ ဘာဆိုလိုတာလဲလို့မေးတော့ ရုပ်လောကမှာ၊ စက္ခုပသာဒ၊ မျက်စိအကြည်၊ သောတပသာဒ၊ နားအကြည်၊ ဃာနပသာဒ၊ နှာအကြည်၊ ဇိဝှာပသာဒ၊ လျှာအကြည်၊ ကာယပသာဒ၊ ကိုယ်အကြည် ဆိုပြီး အကြည်ရုပ် ငါးခုရှိပါတယ်၊

ဓာတ်ကမ္မဋ္ဌာန်းလမ်းစဉ်က ဓာတ်လေးပါးကို သိမ်းဆည်းလျက် သမာဓိကို အဆင့်ဆင့် ထူထောင်သွားလိုက်တဲ့ အချိန်အခါမှာ ကလာပ်ခေါ်တဲ့ ရုပ်ကလာပ်တွေကို မမြင်သေးမီ, ဃနခေါ်တဲ့ ရုပ်တုံးရုပ်ခဲတွေကို ဉာဏ်နဲ့ မဖြိုခွဲနိုင်မီမှာ ယောဂီပုဂ္ဂိုလ်အနေနဲ့ ဒီအကြည်ပြင် အကြည် အတုံးအခဲကြီးအနေနဲ့ ရေခဲတုံး, ဖန်တုံး, မှန်တုံးလို သွားတွေ့တယ်၊ အဲဒီ အတုံးအခဲဟာ ဘာတွေလဲလို့မေးတော့ မျက်စိအကြည်, နားအကြည်, နှာခေါင်းအကြည်, လျှာအကြည်, ကိုယ်အကြည်လို့ခေါ်ဆိုအပ်တဲ့ ဒီပသာဒရုပ် (၅)ပါးတို့ရဲ့ အကြည်ဖြစ်တယ်၊ အဲဒီ အကြည်ဓာတ်သည် ‘‘အာဒါသတလံ ဝိယ ဝိပ္ပသန္နတ္တာ’’ ကြေးမုံမှန်အပြင်လိုကြည်နေတဲ့အတွက်ကြောင့် သူတို့ကို ပသာဒရုပ်လို့ခေါ်တယ်ဆိုပြီး ဝိသုဒ္ဓိမဂ်အဋ္ဌကထာက ရှင်းထားတယ်၊

ဒီတော့ ဃနခေါ်တဲ့ ရုပ်တုံး ရုပ်ခဲတွေကို ဉာဏ်နဲ့ မဖြိုခွဲနိုင်မီ အတုံးလိုက်, အခဲလိုက်ကြီးသွားတွေ့တဲ့အကြည်ဓာတ်ပဲ၊ အဲဒီ အကြည်အတုံးအခဲမှာ အာကာသဓာတ်ကို မြင်အောင်ဆက်ပြီး ရှုလိုက်မယ်ဆိုလို့ရှိရင် ဟို မဟာရာဟုလောဝါဒသုတ္တန်စတဲ့ ထိုထိုသုတ္တန်တွေမှာ ညွှန်ကြားထားတဲ့အတိုင်း အာကာသဓာတ်ကို မြင်အောင် ရှုလိုက်မယ်ဆိုရင် ရုပ်ကလာပ်အမှုန်လေးတွေ သွားတွေ့ပါတယ်၊

အဲဒီ ရုပ်ကလာပ်အမှုန်လေးတွေကို တွေ့ပြီဆိုရင် အဲဒီ ရုပ်ကလာပ် တစ်ခု တစ်ခုမှာ တည်ရှိနေတဲ့ ပထဝီ, အာပေါ, တေဇော, ဝါယောခေါ်တဲ့ ဓာတ် (၄)ပါးကို သိမ်းဆည်းနိုင်ပြီဆိုရင် ဓာတ်ကမ္မဋ္ဌာန်းလမ်းစဉ်မှာ အထွတ်အထိပ်သို့ ရောက်ရှိသွားတဲ့ ဥပစာရသမာဓိဖြစ်တယ်၊ သမထပိုင်းမှာ အဆုံးဖြစ်ပြီး ဝိပဿနာပိုင်းမှာ အစဖြစ်ပါတယ်၊ ဒိဋ္ဌိဝိသုဒ္ဓိစခန်းရဲ့ အစလည်းဖြစ်တယ်၊ အဲဒီ သမာဓိမျိုးကိုတော့ ထူထောင်ရပါတယ်၊ သို့သော် ဒီနေ့ မျက်မှောက်ခေတ်ကတော့ သမာဓိမှန်သမျှ ဘာမှ မထူထောင်နဲ့၊ ဝိပဿနာသာ တိုက်ရိုက်သွား ဆိုပြီးတော့ သူတို့က ရှုပွားကြတယ်၊ ဒီတော့ မဂ္ဂင်က (၈)ပါး ပြည့်သေးလား? မပြည့်တော့ဘူး၊ ဘယ်နှစ်ပါးရှိလဲ? (၇)ပါး၊ မဂ္ဂင် (၈)ပါးကို မဂ္ဂင် (၇)ပါးလို့ပြောရင် ဓမ္မကို အဓမ္မလို့ ထင်ရှားပြနေကြတာ ဖြစ်တယ်၊ ဓမ္မကို အဓမ္မလို့ ထင်ရှားပြနေတဲ့ ပုဂ္ဂိုလ်တွေသည် မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်ဆိုတဲ့ သတ္တဝါတွေရဲ့ အကျိုးစီးပွားတွေကို ဆုတ်ယုတ်ပျက်စီးအောင် ပြုလုပ်နေတယ်၊ သာသနာတော်ကို ကွယ်အောင်ပြုလုပ်နေတဲ့ ပုဂ္ဂိုလ်တွေလည်းဖြစ်တယ်၊ သတ္တဝါတွေရဲ့သန္တာန်မှာ အကုသိုလ်တရားတွေကို တိုးပွားအောင် များပြားအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေလည်းဖြစ်တယ်၊ ဒါ ဒီသုတ္တန်က ဟောတာနော်၊ ဘုန်းကြီး ဟောတာတော့ မဟုတ်ဘူး၊

တတိယပိုင်း

နောက်တစ်ခု - မဂ္ဂင် တစ်ပါး ထပ်ပြောဦးမယ်၊ နောက်မဂ္ဂင် တစ်ခုကတော့ သမ္မာဒိဋ္ဌိ ဖြစ်ပါတယ်၊ ဘာကို သမ္မာဒိဋ္ဌိ ခေါ်ဆိုသလဲ၊ မဟာသတိပဋ္ဌာနသုတ္တန်မှာပဲ ဘုရားရှင် ကိုယ်တော်တိုင်က အတိအကျ မေးခွန်းထုတ်ပြီးတော့ အဖြေပေးထားပါတယ်၊

‘‘ကတမာ စ ဘိက္ခဝေ သမ္မာဒိဋ္ဌိ’’။ (မ။၁။၈၈)

ဘိက္ခဝေ၊ ရဟန်းတို့၊ သမ္မာဒိဋ္ဌိ၊ သမ္မာဒိဋ္ဌိဆိုတာက၊ ကတမာ စ၊ ဘာလဲ? ဒါဘုရားရှင် ကိုယ်တော်တိုင်က မေးတယ်၊ မေးပြီးတော့ ဘယ်လိုဖြေလဲ?

‘‘ယံ ခေါ ဘိက္ခဝေ ဒုက္ခေ ဉာဏံ၊ ဒုက္ခသမုဒယေ ဉာဏံ၊ ဒုက္ခနိရောဓေ ဉာဏံ၊ ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ ဉာဏံ၊ အယံ ဝုစ္စတိ ဘိက္ခဝေ သမ္မာဒိဋ္ဌိ’’။ (မ။၁။၈၈)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့၊ ယံ ခေါ ဉာဏံ၊ အကြင်သိသောဉာဏ်သည်၊ ဒုက္ခေ၊ ဒုက္ခသစ္စာ၌ (ရှိ၏)၊ ယံ ဉာဏံ၊ အကြင်သိသောဉာဏ်သည်၊ ဒုက္ခသမုဒယေ၊ သမုဒယသစ္စာ၌ (ရှိ၏)၊ ယံ ဉာဏံ၊ အကြင်သိသောဉာဏ်သည်၊ ဒုက္ခနိရောဓေ၊ နိရောဓသစ္စာ၌ (ရှိ၏)၊ ယံ ဉာဏံ၊ အကြင်သိသောဉာဏ်သည်၊ ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ၊ ဒုက္ခချုပ်ရာ နိရောဓနိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ်ဖြစ်တဲ့ မဂ္ဂသစ္စာ၌ (ရှိ၏)၊ ဘိက္ခဝေ၊ ချစ်သားရဟန်းတို့၊ အယံ၊ ဤဉာဏ်သည်၊ သမ္မာဒိဋ္ဌိ၊ သမ္မာဒိဋ္ဌိမည်၏၊ ဝုစ္စတိ၊ ဟု ဆိုအပ်၏။ ဒီလို ဘုရားရှင်က ရှင်းထားတယ်၊ ဒီတော့ သမ္မာဒိဋ္ဌိ ဘယ်နှစ်မျိုးရှိလဲ? (၄)မျိုး၊ ဒုက္ခသစ္စာ၌ သိသောဉာဏ်သည် သမ္မာဒိဋ္ဌိ၊ သမုဒယသစ္စာ၌ သိသောဉာဏ်သည် သမ္မာဒိဋ္ဌိ၊ နိရောဓသစ္စာ၌ သိသောဉာဏ်သည် သမ္မာဒိဋ္ဌိ၊ ဒုက္ခချုပ်ရာ နိရောဓ နိဗ္ဗာန်သို့ရောက်ကြောင်း ကျင့်စဉ်ဖြစ်တဲ့ မဂ္ဂသစ္စာ၌ သိသောဉာဏ်သည် သမ္မာဒိဋ္ဌိ၊ ပေါင်းလိုက်တော့ ဘယ်နှစ်မျိုးလဲ? (၄)မျိုး၊

အဲဒီ (၄)မျိုးထဲမှာ နံပါတ် (၁) ဒုက္ခသစ္စာ၌သိသော သမ္မာဒိဋ္ဌိဉာဏ်သည်လည်း ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း ကျင့်စဉ်လို့ခေါ်ဆိုအပ်တဲ့ မဂ္ဂသစ္စာစာရင်းဝင် မဂ္ဂင်တရားကိုယ် တစ်ပါးပဲဖြစ်ပါတယ်၊ နိဗ္ဗာန်ရောက်ကြောင်း ကျင့်စဉ်တစ်ခုပဲ ဖြစ်တယ်နော်၊

သမုဒယသစ္စာကို သိတဲ့ဉာဏ်ဟာလည်း နိဗ္ဗာန်ရောက်ကြောင်း ကျင့်စဉ်တစ်ခု မဂ္ဂင်တစ်ခုပဲဖြစ်တယ်၊ နိရောဓသစ္စာ, မဂ္ဂသစ္စာတွေကို သိနေတဲ့ ဉာဏ်ဟာလည်း နိဗ္ဗာန်ရောက်ကြောင်း ကျင့်စဉ်တစ်ခု မဂ္ဂင်တစ်ခုပဲ ဖြစ်ပါတယ်၊ ဒီအချက်နဲ့ ပတ်သက်ပြီးတော့ ဘုန်းကြီး နောက်ထပ် အညွှန်းသိုက်စာလေးတစ်ခု ရွတ်ပြမယ်နော်၊ သစ္စသံယုတ်မှာ အာသဝက္ခယသုတ္တန်ဆိုတဲ့ သုတ္တန်တစ်ခု ရှိပါတယ်၊ ထိုသုတ္တန်မှာ ဘုရားရှင်က ဘယ်လိုဟောလဲ?

‘‘ဇာနတောဟံ ဘိက္ခဝေ ပဿတော အာသဝါနံ ခယံ ဝဒါမိ၊ နော အဇာနတော နော အပဿတော’’။ (ခု။၁။၂၆၅၊ ဣတိဝုတ္တက။)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့၊ ဇာနတော၊ သိသောသူအား၊ ပဿတော၊ မြင်သောသူအား၊ အာသဝါနံ၊ အာသဝေါတရားတို့၏၊ ခယံ၊ ကုန်ခြင်းကို၊ အဟံ၊ ငါဘုရားသည်၊ ဝဒါမိ၊ ဟောတော်မူ၏၊ အဇာနတော၊ မသိသောသူအား၊ အပဿတော၊ မမြင်သောသူအား၊ အာသဝါနံ၊ အာသဝေါတရားတို့၏၊ ခယံ၊ ကုန်ခြင်းကို၊ နော ဝဒါမိ၊ ဟောတော်မမူ။

ချစ်သားရဟန်းတို့၊ သိတဲ့ပုဂ္ဂိုလ်အား မြင်တဲ့ပုဂ္ဂိုလ်အား အာသဝေါတရားတို့ရဲ့ ကုန်ခြင်းကို ငါဘုရား ဟောတော်မူတယ်၊ မသိတဲ့ပုဂ္ဂိုလ် မမြင်တဲ့ပုဂ္ဂိုလ်ကို ငါဘုရား အာသဝေါတရားတို့ ကုန်ခြင်းကို ဘယ်တော့မှ မဟောဘူး၊ ကဲ ဘာတွေကိုသိမှလဲ, ဘာတွေကို မြင်မှလဲ? ဘုရားရှင် ကိုယ်တော်တိုင်က မေးခွန်းထုတ်ပြီးတော့ ပြန်အဖြေပေးထားတယ်၊

‘‘ကိဉ္စ ဘိက္ခဝေ ဇာနတော ကိံ ပဿတော အာသဝါနံ ခယော ဟောတိ’’။ (ခု။၁။၂၆၅၊ ဣတိဝုတ္တက။)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့၊ ကိဉ္စ၊ အဘယ်တရားကိုလျှင်၊ ဇာနတော၊ သိသောသူအား၊ ပဿတော၊ မြင်သောသူအား၊ အာသဝါနံ၊ အာသဝေါတရားတို့၏၊ ခယော၊ ကုန်ခြင်းသည်၊ ဟောတိ၊ ထင်ရှား ဖြစ်ပေါ်၍ လာပါသနည်း၊

ဘာတွေကို သိမယ်, ဘာတွေကို မြင်မယ်, ဘယ်တရားတွေကို သိမယ်, ဘယ်တရားတွေကို မြင်မယ်ဆိုရင် အာသဝေါတရားတွေရဲ့ ကုန်ခြင်းသည် ထင်ရှားဖြစ်ပေါ်၍ လာပါသလဲ?

‘‘ဣဒံ ဒုက္ခန္တိ ဘိက္ခဝေ ဇာနတော ပဿတော အာသဝါနံ ခယော ဟောတိ၊ အယံ ဒုက္ခသမုဒယောတိ ဘိက္ခဝေ ဇာနတော ပဿတော အာသဝါနံ ခယော ဟောတိ၊ အယံ ဒုက္ခနိရောဓောတိ ဘိက္ခဝေ ဇာနတော ပဿတော အာသဝါနံ ခယော ဟောတိ၊ အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါတိ ဘိက္ခဝေ ဇာနတော ပဿတော အာသဝါနံ ခယော ဟောတိ’’။

ဤကား ဒုက္ခသစ္စာလို့ သိမယ်မြင်မယ်ဆိုရင် အာသဝေါတရားတွေကုန်မယ်၊ ဤကား ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရားလို့ သိမယ်, မြင်မယ်ဆိုရင် အာသဝေါတရားတွေကုန်မယ်၊ ဤကား ဒုက္ခချုပ်ရာ နိရောဓသစ္စာတရားလို့ သိမယ်မြင်မယ်ဆိုရင် အာသဝေါတရားတွေကုန်မယ်၊ ဤကား ဒုက္ခချုပ်ရာနိရောဓနိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ်ဖြစ်တဲ့ မဂ္ဂသစ္စာတရားလို့ သိမယ် မြင်မယ်ဆိုရင် အာသဝေါတရားတွေ ကုန်မယ်၊

ဒီလို သိခဲ့မယ်, ဒီလိုမြင်ခဲ့မယ်, ဒီသစ္စာ (၄)ပါးကို ဒီလိုသိမယ်, ဒီလိုမြင်မယ်ဆိုရင် အာသဝေါတရားတွေကုန်မယ်လို့ ဒီလို ဘုရားရှင်က ဟောထားတယ်၊ အဲဒါက နိဗ္ဗာန်ဆိုတဲ့ ရွှေမြို့တော်ကြီး ရတနာရွှေအိုးကြီးကို ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် တူးဖော်ရမယ်ဆိုတဲ့ တူးဖော်ပုံ နည်းစနစ်ကို ညွှန်ကြားနေတဲ့ အညွှန်းသိုက်စာတစ်ခု ဖြစ်တယ်၊ ဒီတော့ ဆိုလိုတာက သစ္စာ (၄)ပါးကို မသိခဲ့ဘူးဆိုလို့ရှိရင် အာသဝေါတရားတွေ ကုန်မလား? မကုန်ဘူး၊ အာသဝေါတရား ဘယ်အခါ ကုန်သလဲလို့မေးတော့ အရဟတ္တမဂ်ဉာဏ်ရတဲ့အခါမှာ ကုန်မှာ ဖြစ်ပါတယ်၊ အာသဝေါတရားတွေ မကုန်ဘူးဆိုတော့ အရဟတ္တမဂ်ဉာဏ် ရနိုင်မလား? မရနိုင်ဘူး၊ ဒါ ဆိုလိုတာကနော်၊ ဒီတော့ အရဟတ္တမဂ်ဉာဏ်, ဖိုလ်ဉာဏ်ကို မရနိုင်ဘူး၊ နိဗ္ဗာန်ကို မရနိုင်ဘူး၊ သစ္စာ (၄)ပါးကိုသိမှ အာသဝေါတရားတွေ ကုန်မယ်၊ အရဟတ္တမဂ်, အရဟတ္တဖိုလ် နိဗ္ဗာန်ကိုရမယ်လို့ ဒီလို ဘုရားက ဟောတယ်၊ ဟောထားလိုက်တော့ အဲဒီ သစ္စာ (၄)ပါးထဲမှာ နံပါတ် (၁)သစ္စာက ဘာလဲ? ဒုက္ခသစ္စာ၊ ဘာကို ဒုက္ခသစ္စာလို့ ခေါ်သလဲ?

‘‘သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ’’ တဲ့၊ ဓမ္မစကြာ ဒေသနာတော်မှာလည်း ဒီပုံစံအတိုင်း ဟောတယ်၊ မဟာသတိပဋ္ဌာနသုတ္တန်စတဲ့ ထိုထိုသုတ္တန်တွေမှာလည်း တော်တော်ခပ်များများ မြတ်စွာဘုရား ဒီပုံစံအတိုင်း ဟောထားပါတယ်၊ လိုရင်းတိုရှင်းကို ပြောမယ်ဆိုရင် ဥပါဒါနက္ခန္ဓာ (၅)ပါးသည် ဒုက္ခသစ္စာ

အဲဒီ ဒုက္ခသစ္စာ အမည်ရနေတဲ့ ခန္ဓာ (၅)ပါးထဲမှာ ရူပုပါဒါနက္ခန္ဓာ ဆိုတာက ဘာကိုခေါ်လဲ? ဒီအချက်နဲ့ ပတ်သက်ပြီးတော့ ခန္ဓဝဂ္ဂသံယုတ်ပါဠိတော် ခန္ဓသုတ္တန်မှာ ဘုရားရှင်က —

‘‘ယံ ကိဉ္စိ ဘိက္ခဝေ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ သာသဝံ ဥပါဒါနိယံ၊ အယံ ဝုစ္စတိ ရူပုပါဒါနက္ခန္ဓော’’။ (သံ။၂။၃၉၊ ခန္ဓသုတ္တန်။) စသည်ဖြင့် ဒီလိုရှင်းထားတယ်၊

အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓ, ဩဠာရိကခေါ်တဲ့ ရုန့်ရင်းကြမ်းတမ်းတဲ့ ရုပ်တရား, သုခုမခေါ်တဲ့ သိမ်မွေ့နူးညံ့တဲ့ ရုပ်တရား, ဟီနခေါ်တဲ့ ယုတ်ညံ့တဲ့ရုပ်တရား, ပဏီတခေါ်တဲ့ မွန်မြတ်တဲ့ရုပ်တရား, ဒူရခေါ်တဲ့ ဝေးတဲ့ရုပ်တရား, သန္တိကခေါ်တဲ့ နီးတဲ့ရုပ်တရား ပေါင်းလိုက်တော့ (၁၁)မျိုး၊

အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓ, ဩဠာရိက, သုခုမ, ဟီန, ပဏီတ, ဒူရ, သန္တိကခေါ်တဲ့ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ရုပ်တရားအစုအပုံသည် အာသဝေါတရားတို့ရဲ့ အာရုံယူရာ (၃၁)ဘုံ နယ်မြေအတွင်းမှာ တည်ရှိတဲ့ တဏှာ, ဒိဋ္ဌိတို့ဖြင့် ငါ, ငါ့ဟာလို့ စွဲစွဲလမ်းလမ်း ဆုပ်ကိုင်စရာဖြစ်တယ်ဆိုရင် ထို (၁၁)မျိုးသော အခြင်းအရာ အားဖြင့် တည်နေတဲ့ ရုပ်တရားအစုအပုံကို ရူပုပါဒါနက္ခန္ဓာလို့ ခေါ်တယ်ဆိုပြီး ရှင်းထားတယ်၊

ဝေဒနုပါဒါနက္ခန္ဓာ, သညုပါဒါနက္ခန္ဓာ, သင်္ခါရုပါဒါနက္ခန္ဓာ, ဝိညာဏုပါဒါနက္ခန္ဓာတွေလည်း ပုံစံတူပဲ ရှင်းထားပါတယ်၊ ရှင်းထားလိုက်တော့ ဆိုလိုတာက ဒုက္ခသစ္စာအမည်ရနေတဲ့ ဥပါဒါနက္ခန္ဓာ (၅)ပါးထဲမှာ အတိတ်ခန္ဓာ (၅)ပါးလည်း မပါဘူးလား? ပါတယ်၊ ပစ္စုပ္ပန်ခန္ဓာ (၅)ပါးလည်း ပါတယ်၊ အနာဂတ်ခန္ဓာ (၅)ပါးလည်း ပါတယ်၊ အဇ္ဈတ္တခန္ဓာ (၅)ပါးလည်း ပါတယ်၊ ဗဟိဒ္ဓခန္ဓာ (၅)ပါးလည်း ပါတယ်၊ ဩဠာရိက, သုခုမ, ဟီန, ပဏီတ, ဒူရ, သန္တိကခေါ်တဲ့ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ခန္ဓာ (၅)ပါး အားလုံးပါတယ်၊

အဲဒီ ခန္ဓာ (၅)ပါးကို သိနေတဲ့ဉာဏ်သည် သမ္မာဒိဋ္ဌိ ဖြစ်တယ်၊ ဒီတော့ ခုနကလည်း ပြောခဲ့ပြီးပြီ၊ ရုပ်တရားတို့မည်သည်မှာ ကလာပ်ခေါ်တဲ့ အမှုန်လေးတွေအနေနဲ့ ဖြစ်ပါတယ်၊ အဲဒီ ရုပ်ကလာပ်အမှုန်လေးတွေသည် ရုပ်တရားအစစ်လားဆိုတော့ မဟုတ်သေးဘူး၊ အဲဒီ ရုပ်ကလာပ်တစ်ခု တစ်ခုမှာ တည်ရှိနေတဲ့ ပထဝီ, အာပေါ, တေဇော, ဝါယော, အဆင်း, အနံ့, အရသာ, ဩဇာအစရှိတဲ့ သဘောတရားလေးတွေကသာလျှင် ရုပ်ပရမတ်အစစ်ဖြစ်တယ်၊ အဲဒီ ရုပ်ပရမတ်အစစ်ကို ထိုးထွင်းသိတဲ့ ဉာဏ်ကသာလျှင် သမ္မာဒိဋ္ဌိ ဖြစ်ပါတယ်၊

နောက်တစ်ခု နာမ်တရားတို့မှာလည်း ဝီထိစိတ်နဲ့ ဝီထိမုတ်စိတ်လို့ နှစ်မျိုးရှိတယ်၊ ဝီထိစိတ်တွေကလည်း ဝီထိစိတ်လို့ခေါ်ဆိုအပ်တဲ့ စိတ္တနိယာမ လမ်းကြောင်းအတိုင်း စိတ်တစ်ခုပြီး တစ်ခုဖြစ်သွားတယ်၊ ဖြစ်တဲ့အခါမှာ စိတ်တို့မည်သည် စေတသိက် မပါဘဲ ဖြစ်နိုင်တဲ့ စွမ်းအား မရှိ၊ စိတ္တက္ခဏ တစ်ခုအတွင်း အောက်ထစ်ဆုံးအားဖြင့် အသိစိတ်တစ်လုံးနဲ့ သဗ္ဗစိတ္တသာဓာရဏ စေတသိက် (၇)လုံး ဖြစ်တယ်၊

တစ်ချို့ စိတ္တက္ခဏတွေမှာ (၁၁)လုံး, (၁၂)လုံး, တစ်ချို့ စိတ္တက္ခဏတွေမှာ (၃၃), (၃၄)စသည်ဖြင့် ဖြစ်တယ်၊ ဒီလိုစိတ်တွေဟာ အသီးအသီး ယှဉ်တွဲပြီး ဝီထိခေါ်တဲ့ စိတ္တနိယာမ လမ်းကြောင်းအတိုင်း ဖြစ်တာတွေလည်း ရှိတယ်၊

ဝီထိမုတ်စိတ်တွေကလည်း ဝီထိမုတ်စိတ်တွေရဲ့ လမ်းကြောင်းအတိုင်း ဖြစ်နေကြပါတယ်၊ အဲဒီ စိတ်, စေတသိက်တွေက ဝေဒနုပါဒါနက္ခန္ဓာ, သညုပါဒါနက္ခန္ဓာ, သင်္ခါရုပါဒါနက္ခန္ဓာ, ဝိညာဏုပါဒါနက္ခန္ဓာဖြစ်တယ်၊ အဲဒီ နာမ်ခန္ဓာ (၄)ပါး နာမ်တရားဖြစ်ကြပါတယ်၊

အဲဒီ ရုပ်တရား, နာမ်တရားတွေကို သိနေတဲ့ဉာဏ်သည် သမ္မာဒိဋ္ဌိဖြစ်တယ်၊ ထိုသမ္မာဒိဋ္ဌိသည် မဂ္ဂင် (၈)ပါးထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်၊ ဒုက္ခနိရောဓဂါမိနိပဋိပဒါလို့ ခေါ်ဆိုအပ်တဲ့ ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း ကျင့်စဉ်အဖြစ် ဘုရားရှင်ဟောကြားထားတဲ့ မဂ္ဂင် (၈)ပါးထဲမှာ တစ်ခုအပါအဝင်ဖြစ်တယ်၊

ဒါပေမယ့် ဒီနေ့ မျက်မှောက်ခေတ်မှာ တစ်ချို့ ဘာတွေပြောကြလဲ? ဘုရားဟောတဲ့ ရုပ်တရားက ဘုရားသာ သိတာ၊ သာဝကတွေ မသိနိုင်ဘူး၊ ဘုရားဟောတဲ့ နာမ်တရားက ဘုရားသာ သိတာ၊ သာဝကတွေ မသိနိုင်ဘူးလို့ ဒီလိုပြောလိုက်တော့ သမ္မာဒိဋ္ဌိမဂ္ဂင်က တစ်ခြမ်းထပ်ပြီး ပဲ့မသွားဘူးလား? ပဲ့သွားပြန်ပြီ၊ ခုနက သမ္မာသမာဓိမဂ္ဂင်က ပဲ့ထွက်သွားတယ်၊ ခု သမ္မာဒိဋ္ဌိမဂ္ဂင်က ပဲ့မထွက်သွားဘူးလား? ပဲ့ထွက်သွားပြန်ပြီ၊ ဘုရားဟောတဲ့ ရုပ်တရား, နာမ်တရားကို ဘုရားသာသိတယ်၊ သာဝကတွေ မသိနိုင်ဘူးဆိုတော့ ဘုရားရှင်ဘက်ကလည်း သာဝကတွေသိနိုင်တဲ့ ရုပ်တရားက ဒီရုပ်တရား, နာမ်တရားဖြစ်တယ်၊ ငါဘုရားရှင်သိတဲ့ ရုပ်တရားက ဒီရုပ်တရား, ဒီနာမ်တရားဖြစ်တယ်လို့ နှစ်မျိုး ခွဲဟောသွားတယ်ဆိုရင်တော့ ပြောဖို့ သိပ်အားရှိတာပေါ့၊ ခု အဲဒီလို နှစ်မျိုးခွဲ ဟောထားတာလည်း ပိဋကတ်ပါဠိတော် အညွှန်းသိုက်စာတွေမှာ ရှိသလား? မရှိပြန်ဘူး၊

ဒီတော့ မရှိတဲ့ အချိန်အခါကျတော့ ဘုရားဟောတဲ့ ရုပ်နာမ်ကို မသိခဲ့ရင် ဘယ်ရုပ်နာမ်ကို သိရမလဲလို့ သူတို့မေးတော့ တိတိကျကျ မယ်မယ်ရရ ပြောနိုင်တဲ့ စွမ်းအားတော့ မရှိပါဘူး၊ မရှိပေမယ့်လို့ ဘုရားဟောထားတဲ့ ရုပ်နာမ်ကို မသိနိုင်ဘူးဆိုတာကတော့၊ ဘူးခံပြီး ငြင်းနေကြတယ်၊ ငြင်းလိုက်တဲ့အတွက် သမ္မာဒိဋ္ဌိဆိုတဲ့ မဂ္ဂင်တစ်ခုက လျော့မသွားဘူးလား? လျော့သွားပြန်တယ်၊ မဂ္ဂင် ဘယ်နှစ်ပါးဖြစ်သွားလဲ? (၆)ပါးပဲ ရှိတော့တယ်နော်၊

ဒီတော့ မဂ္ဂင် (၈)ပါးကို မဂ္ဂင် (၆)ပါးလို့ ထင်ရှားပြနေရင် ထိုပုဂ္ဂိုလ်တွေသည် ဓမ္မကို အဓမ္မလို့ ထင်ရှားပြနေတာ ဖြစ်တယ်တဲ့၊ ဓမ္မကို အဓမ္မလို့ ထင်ရှားပြနေတာဟာ ဘာဖြစ်သလဲ?

‘‘တေ ဘိက္ခဝေ ဘိက္ခူ ဗဟုဇနအဟိတာယ ပဋိပန္နာ ဗဟုဇနအသုခါယ ဗဟုနော ဇနဿ အနတ္ထာယ အဟိတာယ ဒုက္ခာယ ဒေဝမနုဿာနံ’’ (အံ၊၁၊၁၉။)

ထိုရဟန်းတွေဟာ သတ္တဝါအပေါင်း ဆင်းရဲဒုက္ခရောက်ဖို့ မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်ဆိုတဲ့ အကျိုးစီးပွားတွေ ပျက်စီးဖို့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ ရဟန်းတွေဖြစ်ကြတယ်တဲ့၊ ဒါတွင်လားဆိုတော့ မကသေးဘူး၊

‘‘ဗဟုဉ္စ တေ ဘိက္ခဝေ ဘိက္ခူ အပုညံ ပသဝန္တိ’’ (အံ၊၁၊၁၉။)

အကုသိုလ်တရားတွေကို များပြားအောင် ကျင့်နေတဲ့ ရဟန်းတွေလည်းဖြစ်တယ်၊

‘‘တေ စိမံ သဒ္ဓမ္မံ အန္တရဓာပေန္တိ’’ (အံ၊၁၊၁၉။)

ငါဘုရားရှင်ရဲ့ ဒီသာသနာတော်ကြီးကိုလည်း ကွယ်ပအောင် လုပ်နေတဲ့ ရဟန်းတွေဖြစ်ကြတယ်၊ ဘာကြောင့်လဲ၊ ဘုရားရှင်ရဲ့ သာသနာတော်က မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်ကို အထွတ်တပ်လျက် အမြဲတမ်း ရှိပါတယ်၊ သစ္စာလေးပါးကို ဦးတိုက်လျက်ရှိတယ်၊ သစ္စာလေးပါး ထိုးထွင်း သိမြင်ရေးအတွက်သာလျှင် ဘုရားရှင်က ဟောတယ်၊ အာသဝေါတရားတွေ ကုန်ရေးအတွက်သာလျှင် ဟောနေတယ်၊ ဒီလိုဟောပါလျက်နဲ့ အာသဝေါတရားလေးပါးတို့ ကုန်ရာကုန်ကြောင်းဖြစ်တဲ့ ကျင့်စဉ်ပိုင်းမှာ သမ္မာဒိဋ္ဌိမဂ္ဂင်တစ်ခုကို ဘေးဖယ်လိုက်တယ်၊ ဒီသမ္မာဒိဋ္ဌိက ဒုက္ခသစ္စာကို သိတဲ့ သမ္မာဒိဋ္ဌိကို ဘေးဖယ်ခြင်းဖြစ်တယ်၊

နောက်တစ်ခု - ဒုက္ခသစ္စာကို သိတဲ့ သမ္မာဒိဋ္ဌိလည်းဖြစ်တယ်၊ သမုဒယသစ္စာကို သိတဲ့ သမ္မာဒိဋ္ဌိလည်းဖြစ်တယ်၊ နောက်ထပ် သမ္မာဒိဋ္ဌိတစ်ခု ဘုန်းကြီး ထပ်ပြောဦးမယ်၊ ဒုက္ခသစ္စာနဲ့ သမုဒယသစ္စာ နှစ်ခုရှိတယ်၊ ဒုက္ခသစ္စာက အကျိုးတရား, သမုဒယသစ္စာက အကြောင်းတရား, အကြောင်းတရား ထင်ရှားဖြစ်ခြင်းကြောင့် အကျိုးတရား ထင်ရှားဖြစ်ပေါ်လာရတယ်ဆိုရင် အကြောင်းနဲ့အကျိုး နှစ်ရပ်တို့က ဘယ်သူအရင်ဖြစ်မလဲ၊ အကြောင်းက အရင်ဖြစ်မလား၊ အကျိုးက အရင်ဖြစ်မလား၊ အကြောင်းက အရင်ဖြစ်မယ်၊

အဲဒီအကြောင်းက အရင်ဖြစ်မယ်ဆိုရင် ဒုက္ခသစ္စာနဲ့ သမုဒယသစ္စာ နှစ်မျိုး ရှိတဲ့အနက်က ဘယ်သစ္စာက အရင်ဖြစ်မလဲ? သမုဒယသစ္စာက အရင်ဖြစ်မယ်နော်၊ ဒါ သဘာဝလေး မှတ်ထား၊ ခေတ်ကတော့ ဘာပြောလဲ? သမုဒယသစ္စာဆိုတာ တဏှာပါ၊ တဏှာကို သမုဒယသစ္စာလို့ ခေါ်တယ်၊ တဏှာကို သိရင် သမုဒယသစ္စာကို သိတာပဲ ဆိုပြီးတော့ ဖြီးဖြန်းပြီး ပြောတယ်ဆိုတာ ဘုန်းကြီးက နည်းနည်း အဓိပ္ပာယ်ရှိရှိ ပြောတာပါနော်၊ နည်းနည်းလေး ဘုန်းကြီး ထပ်ပြီး ဆန်းစစ်ပြမယ်၊

မြတ်စွာဘုရားက သစ္စဝိဘင်းပါဠိတော်မှာ တဏှာကိုလည်း သမုဒယသစ္စာလို့ ဟောတယ်။ ကိလေသာတစ်ဆယ်ပါးကိုလည်း သမုဒယသစ္စာလို့ဟောတယ်။ အကုသိုလ်တရား အားလုံးကိုလည်း သမုဒယသစ္စာလို့ ဟောတယ်၊ သံသရာဝဋ်ကို လည်ပတ်စေတတ်တဲ့ ကုသလမူလတရား သုံးပါးနဲ့ အကုသိုလ်တရား အားလုံးကိုလည်း သမုဒယသစ္စာလို့ ဟောတယ်၊ နောက်ပိတ်ဆုံး ပဉ္စမနည်းမှာတော့ သံသရာဝဋ်ကို လည်ပတ်စေတတ်တဲ့ ကုသိုလ်ကံ, အကုသိုလ်ကံ မှန်သမျှကို သမုဒယသစ္စာလို့ ဟောတယ်၊ ဒါကြောင့် ဝိသုဒ္ဓိမဂ် အဋ္ဌကထာ ဒုတိယတွဲနဲ့ သမ္မောဟဝိနောဒနီ အဋ္ဌကထာတို့က ပဋိစ္စသမုပ္ပါဒ်ကို ဖွင့်ဆိုတဲ့ ပဋိစ္စသမုပ္ပါဒ် ဝိဘင်းပိုင်းမှာ---

‘‘တတ္ထ ယသ္မာ ကုသလာကုသလကမ္မံ အဝိသေသေန သမုဒယသစ္စန္တိ သစ္စဝိဘင်္ဂေ ဝုတ္တံ’’ (အဘိ၊ဋ္ဌ၊၂၊၁၈၅။ ဝိသုဒ္ဓိ၊၂၊၂၁၆။)

ဆိုပြီးတော့ ဒီလို ဖွင့်ဆိုထားတယ်၊ (သာမညအားဖြင့် ပြောမယ် ဆိုလို့ရှိရင်တော့) ကုသိုလ်ကံ, အကုသိုလ်ကံမှန်သမျှကို စေတနာ၊ စေတနာနှင့် ယှဉ်ဖက် သမ္ပယုတ်တရားလို့ အထူးမပြောတော့ဘဲ သာမညအားဖြင့် ပြောမယ်ဆိုရင် ကုသိုလ်ကံ, အကုသိုလ်ကံ မှန်သမျှကို သမုဒယသစ္စာလို့ သစ္စဝိဘင်း ပါဠိတော်မှာ ဟောထားပါတယ်ဆိုပြီး ဒီလို ရှင်းထားတယ်၊ နည်းနည်းလေးတော့ ဘုန်းကြီး ထပ်ပြောပါ့မယ်၊ ဒီလို ကုသိုလ်ကံ, အကုသိုလ်ကံ မှန်သမျှကို သမုဒယသစ္စာဆိုရင် ဘာကြောင့် ဘုရားရှင်က တဏှာကို သမုဒယသစ္စာဆိုပြီး ဒီလိုဟောလဲလို့ မေးတော့ ပဓာနအားဖြင့် ဟောခြင်း ဖြစ်ပါတယ်၊ တဏှာ အစိုဓာတ် အစေးဓာတ်ရှိတဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်မှာသာလျှင် ထူထောင်နေတဲ့ ကုသိုလ်ကံ, အကုသိုလ်ကံတို့က အကျိုးကို ဖြစ်စေနိုင်တဲ့ ခန္ဓာငါးပါးကို ဖြစ်စေနိုင်တဲ့ စွမ်းအားရှိတယ်၊

တဏှာ အစိုဓာတ် အစေးဓာတ် ခန်းခြောက်သွားတဲ့ ရဟန္တာ အရှင်မြတ်တို့လည်း ဒါနပြုခြင်း, သီလဆောက်တည်ခြင်း, သမထ ဝိပဿနာ ဘာဝနာကိုပွားများ အားထုတ်ခြင်းဆိုတဲ့ လုပ်ငန်းရပ်တွေ ရှိကြပါတယ်၊ ဒါပေမယ့် သူတို့ ပြုစုပျိုးထောင်နေတဲ့ ဒီလုပ်ငန်းရပ်တွေကို ပြုလုပ်ကာမတ္တကြိယာတရားတွေလို့ခေါ်တယ်၊ ကုသိုလ်လို့ မခေါ်တော့ဘူး၊ ဘာဖြစ်လို့လဲ? နောက်ထပ်တစ်ဖန် အကျိုးကို ဖြစ်စေနိုင်တဲ့ စွမ်းအားတွေ လုံးဝ မရှိခြင်းကြောင့် ဒီသူတို့ ပြုစုပျိုးထောင်နေတဲ့ ဒါန, သီလ, သမထ, ဝိပဿနာ လုပ်ငန်းရပ်တွေက အကျိုးမပေးနိုင်သလဲမေးရင် တဏှာအစိုဓာတ် အစေးဓာတ်ဆိုတဲ့ အဖော်သဟဲ အထောက်အပံ့ကို မရရှိတဲ့အတွက် အကျိုးမပေးနိုင်ခြင်း ဖြစ်တယ်၊

အကယ်၍သာ တဏှာအစိုဓာတ်, အစေးဓာတ်ရှိနေတဲ့ ပုဂ္ဂိုလ်တွေက ဒီဒါန, သီလ, သမထ, ဝိပဿနာ မျိုးစေ့တွေကို ထူထောင်ခဲ့မယ်ဆိုရင် တဏှာ အစိုဓာတ် အစေးဓာတ်က မခန်းခြောက်သေးသမျှ အကျိုးက ဖြစ်နေမှာပဲ၊

ဒါကြောင့် ပဓာနနည်းအားဖြင့် တဏှာကိုလည်း သမုဒယသစ္စာလို့ ဘုရားက ဟောခြင်းဖြစ်တယ်၊ အလားတူပဲ၊ ကိလေသာတစ်ဆယ်ပါးကိုလည်း သမုဒယသစ္စာလို့ဟောခြင်း, အကုသိုလ်တရား အားလုံးကိုလည်း သမုဒယသစ္စာလို့ဟောခြင်း သံသရာဝဋ်လည်ပတ်စေတတ်တဲ့ ကုသလမူလသုံးပါးနှင့် အကုသိုလ်တရားအားလုံးကိုလည်း သမုဒယသစ္စာလို့ ဟောခြင်းတွေဟာ ပဓာနနည်းပဲ၊ အကျဉ်းနှင့်တကွ ဟောတယ်၊ ဒါပေမယ့် ပဉ္စမနည်းမှာကျတော့ ဘုရားရှင်က သံသရာဝဋ်ကို လည်ပတ်စေတတ်တဲ့ ကုသိုလ်ကံ, အကုသိုလ်ကံ မှန်သမျှကို သမုဒယသစ္စာလို့ဟောတယ်၊ အဲဒီလို ဟောနည်းကတော့ နိပ္ပဒေသနည်း သမုဒယသစ္စာကို အကြွင်းအကျန်မရှိ ကုန်စင်အောင် ဟောကြားတော်မူတဲ့ နည်းလို့ခေါ်ဆိုပါတယ်၊

ဒီတော့ ကုသိုလ်ကံ, အကုသိုလ်ကံ မှန်သမျှသည် သမုဒယသစ္စာဆိုရင် ဒီနေ့ ဒကာကြီးတွေ ကောင်းမှုကုသိုလ်တွေ ထူထောင်ကြတယ်၊ ကျမ်းစာတွေအတွက်လည်း လှူဒါန်းကြတယ်၊ ပိဋကတ်သုံးပုံတွေကို တည်ထားကိုးကွယ်ဖို့အတွက် လှူဒါန်းပူဇော်ကြတယ်၊ ဆွမ်းတွေလည်း လှူဒါန်းပူဇော်ကြတယ်၊ သင်္ကန်းတွေလည်း လှူဒါန်းပူဇော်ကြတယ်၊ ပန်းတွေ, ဆီမီးတွေလည်း လှူဒါန်းပူဇော်ကြတယ်၊ ဘာလုပ်ကြတာလဲ? ကုသိုလ်ကံတွေကို ထူထောင်ကြတာပဲ၊

အဲဒီ ကုသိုလ်ကံတွေကြောင့် ဒကာကြီးတွေရဲ့ လက်ရှိသန္တာန်မှာ တည်ရှိနေတဲ့ ခန္ဓာငါးပါး ထင်ရှားဖြစ်ပါသလားလို့ မေးရင် ဘယ်လိုဖြေမလဲ? အဲဒီအချက်နဲ့ ပတ်သက်ပြီးတော့ ဘုန်းကြီး နာနက္ခဏိက ကမ္မပစ္စည်းပိုင်းမှာ ပဋ္ဌာန်းအဋ္ဌကထာက ဖွင့်ဆိုထားတာလေး နည်းနည်းဖတ်ပြမယ်နော်၊

‘‘ကမ္မပစ္စယေနာတိ အနေကာနမ္ပိ ကပ္ပကောဋီနံ မတ္ထကေ အတ္တနော ဖလံ ဥပ္ပါဒေတုံ သမတ္ထေန နာနာက္ခဏိကကမ္မပစ္စယေနာတိ အတ္ထော’’ (အဘိ၊ဋ္ဌ၊၃၊၃၇၄။)

ကမ္မပစ္စည်း, ကမ္မပစ္စယသတ္တိဖြင့် ကုသိုလ်ကံ, အကုသိုလ်ကံတွေက ဝိပါက် ကမ္မဇရုပ်တွေနဲ့ ဝိပါက်နာမ်တရားတွေကို ဖြစ်စေတယ်ဆိုပြီးတော့ ပဋ္ဌာန်းပါဠိတော်မှာ ဘုရားရှင်က ဟောထားတယ်၊ အဲဒီဟောထားတဲ့ ကမ္မပစ္စည်းပိုင်းမှာလာတဲ့ ကုသိုလ်ကံ, အကုသိုလ်ကံဆိုတာတွေဟာ ဘာတွေလဲလို့မေးတော့ "အနေကာနမ္ပိ ကပ္ပကောဋီနံ မတ္ထကေ အတ္တနော ဖလံ ဥပ္ပါဒေတုံ သမတ္ထေန"၊

ကမ္ဘာကုဋေပေါင်းများစွာ အထက်က ပြုစုပျိုးထောင်ခဲ့တဲ့ ကံဖြစ်ချင်လည်း ဖြစ်ပါစေတဲ့၊ အဲဒီကံမှာ မိမိရဲ့ အကျိုးကို ဖြစ်စေနိုင်တဲ့ စွမ်းအင်ရှိနေတယ်၊ အဲဒီ စွမ်းအင်လေးကို နာနက္ခဏိက ကမ္မစွမ်းအင်သတ္တိလို့ ဆိုပြီး ဒီလိုခေါ်တယ်၊ နာနက္ခဏိက ဆိုတာကတော့ အကြောင်းအရာကို ထူထောင်ခဲ့တဲ့ အချိန်အခါကာလနှင့် အကျိုးဖြစ်ပေါ်လာရာ အချိန်အခါကာလ, ကာလနှစ်ခု နှိုင်းယှဉ်လိုက်တဲ့အခါမှာ အချိန်ကာလ ခဏချင်း မတူညီကြဘူး၊ ကွဲပြားနေတယ်၊ အကြောင်းအကျိုး နှစ်ရပ်မှာ အကြောင်းဖြစ်တဲ့ အချိန်နဲ့ အကျိုးဖြစ်တဲ့ အချိန် မတူညီဘဲ ကွဲပြားနေတာကို နာနက္ခဏိက လို့ခေါ်တယ်၊ အချိန်ကာလ မတူတော့ဘူး၊ ခဏမတူဘူး၊ ခဏချင်း မတူတဲ့ အကြောင်းတရားတွေ၊ ဒီတော့ ဒီနေရာမှာ အဋ္ဌကထာဆရာတော်က နည်းနည်းလေး ထပ်ပြီးရှင်းထားတယ်၊

‘‘ကုသလာကုသလဉှိ ကမ္မံ အတ္တနော ပဝတ္တိက္ခဏေ ဖလံ န ဒေတိ’’

ကုသလာကုသလဉှိ ကမ္မံ၊ ကုသိုလ်ကံ အကုသိုလ်ကံသည်၊ အတ္တနော၊ မိမိ၏၊ ပဝတ္တိက္ခဏေ၊ ဖြစ်ပေါ်ဆဲခဏ၌၊ ဖလံ၊ အကျိုးကို၊ န ဒေတိ၊ မပေး၊

ကုသိုလ်ကံ, အကုသိုလ်ကံဟာ မိမိဖြစ်နေဆဲအခါမှာ ဘယ်တော့မှ အကျိုးမပေးဘူးတဲ့၊

‘‘ယဒိ ဒဒေယျ’’

ယဒိ၊ အကယ်၍၊ ဒဒေယျ၊ အကျိုးပေးငြားအံ့၊ အကယ်၍သာ အကျိုးပေးမယ်ဆိုရင်၊

‘‘ယံ မနုဿော ဒေဝလောကူပဂံ ကုသလကမ္မံ ကရောတိ၊ တဿာနုဘာဝေန တသ္မိံယေဝ ခဏေ ဒေဝေါ ဘဝေယျ’’

မနုဿော၊ လူသားတစ်ဦးသည်၊ ဒေဝလောကူပဂံ၊ နတ်ပြည်သို့ ကပ်ရောက်ကြောင်းဖြစ်သော၊ ယံ ကုသလကမ္မံ၊ အကြင်ကုသိုလ်ကံကို၊ ကရောတိ၊ ပြုစုပျိုးထောင်၏၊ တဿ၊ ထိုကုသိုလ်ကံ၏၊ အာနုဘာဝေန၊ တန်ခိုးရှိန်စော် အာနုဘော်ကြောင့်၊ တသ္မိံယေဝ ခဏေ၊ ထိုကံကို ပြုစုပျိုးထောင်ဆဲ ခဏ၌ပင်လျှင်၊ ဒေဝေါ၊ နတ်သည်၊ ဘဝေယျ၊ ဖြစ်လေရာ၏၊

ကဲ ဒကာကြီးတွေ နည်းနည်း ဆုတောင်းကြည့်စမ်း! ဒီနေ့ ပြုစုပျိုးထောင်လိုက်တဲ့ ကုသိုလ်ကံကြောင့် နတ်ဖြစ်ပါစေ, နတ်သားဖြစ်ပါစေ ဆုတောင်းကြည့်ပါ၊ နတ်သမီး ဖြစ်ပါစေလို့တော့ ဘုန်းကြီး ဆုမတောင်းခိုင်းပါဘူးနော်၊ နတ်သားဖြစ်ပါစေလို့ ဆုတောင်းကြည့်စမ်း! ချက်ချင်း နတ်သားဖြစ်သလား၊ ပစ္စုပ္ပန်ကံက ပစ္စုပ္ပန်အကျိုးကို ဆက်ဆက် ချက်ချင်း အကျိုးပေးတယ်ဆိုလို့ ရှိရင်တော့ ချက်ချင်း နတ်သား ဖြစ်ရမှာပေါ့၊ ဖြစ်သလား? မဖြစ်ဘူးနော်၊ အဲဒီတော့ ဆိုလိုတာလေးက နွားနို့ကို ညှစ်လိုက်တာနဲ့ ချက်ချင်း ထောပတ်ဖြစ်မလား? မဖြစ်ဘူး၊ စပါးက ချက်ချင်း စိုက်လိုက်တာနဲ့ အသီး ချက်ချင်း သီးမလား? မသီးဘူး၊ ရင့်ကျက်ဖို့ အချိန်ကာလဆိုတာ မစောင့်ဆိုင်းရဘူးလား? စောင့်ဆိုင်းရတယ်၊ အလားတူပဲ၊ ကံတစ်ခုကို ပြုစုပျိုးထောင်ရင် ချက်ချင်း ဒီကံက အကျိုးပေးသလား? မပေးဘူး၊ ကံရင့်ကျက်ဖို့ဆိုတဲ့ အချိန်ကာလကိုတော့ စောင့်ဆိုင်းရတဲ့ သဘောရှိပါတယ်၊ ဒိဋ္ဌဓမ္မဝေဒနီယကံလို့ခေါ်တဲ့ မျက်မှောက်သော ဘဝမှာ အကျိုးပေးတဲ့ ကံပဲ ဖြစ်ချင် ဖြစ်ပါစေ။ အဲဒီ ကံကို ပြုစုပျိုးထောင်တဲ့ အချိန်ကာလနဲ့ အကျိုးပေးတဲ့ အချိန်ကာလက အနည်းဆုံး မိနစ်ပိုင်း, နာရီပိုင်းလောက်တော့ မကွာခြားဘူးလား? ကွာခြားရမယ်နော်၊

ဆိုလိုတာက ဒကာကြီးတွေရဲ့ လက်ရှိသန္တာန်မှာ တည်ရှိနေတဲ့ ခန္ဓာငါးပါး ရုပ်တရား, နာမ်တရားသည် အခု ဒကာကြီးတွေ ကျမ်းစာအတွက် လှူဒါန်းပူဇော်နေတဲ့ ဒါနကုသိုလ်ကံကြောင့် ဖြစ်တာတော့ မဟုတ်ဘူး၊ ဘာဖြစ်လို့လဲ? ဒါနကုသိုလ်ကံက ခုမှ ထူထောင်တာ၊ အခု ဒကာကြီးတွေ ကံကိုထူထောင်တဲ့ အချိန်အခါမှာ အသက်ငါးဆယ်ရှိပြီ ထားပါတော့၊ ဒကာကြီးတွေ သန္တာန်မှာ တည်ရှိနေတဲ့ ခန္ဓာငါးပါးက ဒီဘဝမှာ အနေနဲ့ ကွက်ပြောမယ်ဆိုရင် ဘယ်အချိန်အခါက စဖြစ်ခဲ့သလဲ၊ ဟိုလွန်ခဲ့တဲ့ အနှစ်ငါးဆယ်ကျော် အမိဝမ်းတွင်းမှာ ပဋိသန္ဓေတည်နေတဲ့ အချိန်အခါက စပြီးဖြစ်ခဲ့တယ်၊ ဒီတော့ အကြောင်းတရားနဲ့ အကျိုးတရား နှစ်ခုရှိတဲ့ အနက်က အကြောင်း သမုဒယသစ္စာက အရင်ဖြစ်ရပါ့မယ် ဆိုတာကို လက်ခံနိုင်ခဲ့ရင် အမိဝမ်းတွင်း ကလလရေကြည် တည်စမှာ ဖြစ်ပေါ်နေတဲ့ ခန္ဓာငါးပါး ရုပ်တရား, နာမ်တရားသည် ဒီဘဝထူထောင်တဲ့ ကုသိုလ်ကံကြောင့် ဖြစ်တာတော့ မဟုတ်ဘူး။ အတိတ်က ထူထောင်ခဲ့တဲ့ သမုဒယသစ္စာဆိုတဲ့ ကုသိုလ်ကံကြောင့် ဖြစ်တယ်ဆိုတာတော့ လက်မခံနိုင်ဘူးလား? လက်ခံရမယ်၊

အကယ်၍ လက်မခံနိုင်ဘူး ဆိုလို့ရှိရင် ဒီကနေ့ ဒကာကြီးတွေ ကံထူထောင်နေတာဟာ ဘာအကျိုးရှိမလဲ? အတိတ်က ကုသိုလ်ကံက ဒီဘဝမှာ အကျိုးမပေးဘူးဆိုရင် ဒီဘဝ ထူထောင်နေတဲ့ ကုသိုလ်ကံတွေလည်း နောင်အနာဂတ်မှာ အကျိုးပေးမယ်လို့ ဘယ်လိုလုပ် ပြောနိုင်မလဲ? စဉ်းစားလေနော်၊ ဒီတော့ ဆိုလိုတာက ဒီသမုဒယသစ္စာဆိုတာက အတိတ်က ထူထောင်ခဲ့တဲ့ သမုဒယသစ္စာတရားကြောင့်သာလျှင် ဒီဘဝမှာ ဒုက္ခသစ္စာတရားက ဖြစ်တယ်၊ ဒါကို ဘုန်းကြီးတို့ စာပေနယ်သုံး ဝေါဟာရက ပဋိသမ္ဘိဒါမဂ် ပါဠိတော်ကြီးကို ကိုးကားပြီး ဘယ်လိုပြောသလဲ?

‘‘အတီတေ ဟေတဝေါ ပဉ္စ၊ ဣဒါနိ ဖလပဉ္စကံ၊ ဣဒါနိ ဟေတဝေါ ပဉ္စ၊ အာယတိံ ဖလပဉ္စကံ’’ (အဘိ၊ဋ္ဌ၊၂၊၁၈၂။ ဝိသုဒ္ဓိ၊၂၊၂၁၄။)

ဒါက ဘုန်းကြီးတို့ ငယ်စဉ်အခါထဲက ဆရာသမားရှေ့မှာ ဒူးထောက်ပြီး သင်ခဲ့ရတဲ့ သင်္ဂြိုဟ်ကျမ်းလေးထဲမှာလည်း ဒီဂါထာလေးကို အရှင်အနုရုဒ္ဓါမထေရ်က အဋ္ဌကထာကြီးတွေကနေ ယူပြီးတော့ ရေးထားပါတယ်၊ သမ္မောဟဝိနောဒနီအဋ္ဌကထာနဲ့ ဝိသုဒ္ဓိမဂ် အဋ္ဌကထာတို့ ပဋိစ္စသမုပ္ပါဒ်ကို ဖွင့်ဆိုတဲ့အပိုင်းမှာ ဒီဂါထာလေးကို ရေးသားသွားကြတာဖြစ်တယ်၊ ဒီဂါထာလေးကလည်း သူတို့ရဲ့ အဋ္ဌကထာရဲ့ အလိုအတိုင်း ရေးထားတာတော့ မဟုတ်ဘူး၊ ပဋိသမ္ဘိဒါမဂ်ပါဠိတော်ကြီးကို ကိုးကားပြီး ရေးသွားကြပါတယ်၊

ဒီတော့ဆိုလိုတာက အတိတ်ကပြုစုပျိုးထောင်ခဲ့တဲ့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဆိုတဲ့ သမုဒယသစ္စာတရားကြောင့် ဒီဘဝမှာ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာခေါ်တဲ့ ခန္ဓာငါးပါး အကျိုးတရားတွေ ထင်ရှားဖြစ်ပေါ်လာတယ်၊ ဒီဘဝမှာပြုစုပျိုးထောင်လိုက်တဲ့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဆိုတဲ့အကြောင်းတရားတွေကြောင့် နောင်အနာဂတ်ကာလမှာ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာခေါ်တဲ့ ဝိပါကဝဋ် ခန္ဓာငါးပါးဒုက္ခ သစ္စာတရားတွေ ထင်ရှားဖြစ်ပေါ်လာမယ်တဲ့၊

အတိတ်က ပြုစုပျိုးထောင်ခဲ့တဲ့ သမုဒယသစ္စာတရားကြောင့် ဒီဘဝမှာ ဒုက္ခသစ္စာတရားဖြစ်တယ်၊ ဒီဘဝမှာ ပြုစုပျိုးထောင်လိုက်တဲ့ သမုဒယသစ္စာကြောင့် နောင်အနာဂတ်မှာ ဒုက္ခသစ္စာဖြစ်မယ်၊ အတိတ်ကို မရှုဘူးတဲ့၊ အတိတ်က သမုဒယသစ္စာကြောင့် ဒီဘဝမှာ ဒုက္ခသစ္စာဖြစ်တာ သိမလား? မသိပြန်ဘူး၊ ဝိပဿနာဆိုတာက ပစ္စုပ္ပန်သာ ရှုရတယ်၊ အတိတ်, အနာဂတ် မရှုကောင်းဘူး၊ ပစ္စုပ္ပန်တည့်တည့်သာ ရှုရတယ်ဆိုပြီး ပုံသေယူထားလိုက်တော့ အတိတ်ကို မရှုတော့ အတိတ်က သမုဒယသစ္စာကြောင့် ဒီဘဝမှာ ဒုက္ခသစ္စာဖြစ်တာ သိမလား? မသိဘူး၊ အနာဂတ်လည်း မရှုတော့၊ ဒီဘဝထူထောင်လိုက်တဲ့ သမုဒယသစ္စာကြောင့် နောင်အနာဂတ်မှာ ဒုက္ခသစ္စာဖြစ်တာလဲ သိဦးမလား? မသိတော့ဘူး၊ ဒီလိုဆိုရင် သမုဒယသစ္စာကိုသိနေတဲ့ သမ္မာဒိဋ္ဌိဉာဏ်ကိုရော ရဦးမလား? မရတော့ပြန်ဘူးတဲ့၊ မဂ္ဂင်က ဘယ်နှစ်ပါး ထပ်ဖြစ်သွားပြန်ပြီလဲ? ထပ်မလျော့ကောင်းတော့ပါဘူး၊ ခြောက်ပါးပဲ ပြန်ဖြစ်သွားပြန်တယ်နော်၊

ဒုက္ခသစ္စာကိုသိတဲ့ သမ္မာဒိဋ္ဌိကလည်း ပဲ့ထွက်သွားတယ်၊ သမုဒယသစ္စာကိုသိတဲ့ သမ္မာဒိဋ္ဌိကလည်း ပဲ့ထွက်ပြန်တယ်၊ မဂ္ဂင်ရှစ်ပါး ပြည့်သေးလား? မပြည့်တော့ဘူး၊ မဂ္ဂင်ဘယ်နှစ်ပါး ဖြစ်နေလဲ၊ ခြောက်ပါးဖြစ်နေပြီနော်၊ ဒီတော့ ဒီအချက်နဲ့ ပတ်သက်ပြီး ဘုန်းကြီးဘက်က ရှင်းပြဖို့ တာဝန်က ရှိလာပြန်တယ်၊ ရှင်းပြဖို့ တာဝန်ရှိတယ်ဆိုတာက အတိတ်, အနာဂတ်ကို မရှုကောင်းဘူး ဆိုတာက ဘာကို အခြေခံပြီး ပြောနေသလဲဆိုတာ ဘဒ္ဒေကရတ္တသုတ္တန်ကို လက်ညှိုးထိုးကြပါတယ်နော်၊ ဘဒ္ဒေကရတ္တသုတ္တန်မှာ ဘုန်းကြီး ဒီနေရာနဲ့ သက်ဆိုင်တဲ့ အချက်လေးကိုပဲ ကွက်ပြီးပြောပါမယ်၊

‘‘အတီတံ နာနွာဂမေယျ၊ နပ္ပဋိကင်္ခေ အနာဂတံ၊ ယဒတီတံ ပဟီနံ တံ၊ အပ္ပတ္တဉ္စ အနာဂတံ’’ (မ၊၃၊၂၂၆။)

ဓမ္မကထိက တော်တော်များများ လျှာသွက်အာသွက်နဲ့ အာဘောင်အာရင်းသန်သန်နဲ့ ဟောကြားနေကျ ဂါထာလေးပါနော်၊ ဘုန်းကြီးလည်း အာဘောင်အာရင်းသန်သန်နဲ့ပဲ ပြန်ဟောရမှာပေါ့၊ ဟုတ်တယ် မဟုတ်လား? သူများတောင် အာရင်းသန်သန်နဲ့ ဟောနိုင်ရင် ကိုယ့်ဖက်ကလည်း ပြန်ဟောနိုင်ဖို့တော့ မကြိုးစားရဘူးလား၊ ဒါပေမယ့် ဘုန်းကြီးက သိပ်ပြီးတော့ အာဘောင်အာရင်း မသန်ဘူး ထင်တယ်နော်၊ အသံက ခြောက်ကပ်ကပ် ဖြစ်နေတယ်၊ ဘာပြောတာလဲ?

အတီတံ၊ အတိတ်ဖြစ်သော၊ ယံ၊ အကြင်ခန္ဓာငါးပါးသည်၊ အတ္ထိ၊ ရှိ၏၊ တံ၊ ထိုခန္ဓာငါးပါးသည်၊ ပဟီနံ၊ ချုပ်ဆုံးပျက်ပြုန်းခဲ့လေပြီ၊ တသ္မာ၊ ထို့ကြောင့်၊ အတီတံ၊ အတိတ်ဖြစ်သော ခန္ဓာငါးပါးကို၊ နာနွာဂမေယျ၊ တဏှာဒိဋ္ဌိတို့ဖြင့် အစဉ်မလိုက်လေရာ၊

နာနွာဂမေယျ ဆိုတာကို အဋ္ဌကထာဆရာတော်က "နာနွာဂမေယျာတိ တဏှာဒိဋ္ဌိဟိ နဥပဂစ္ဆေယျ" လို့ ဒီလိုဖွင့်ထားတယ်၊ တဏှာဒိဋ္ဌိတွေဖြင့် မလိုက်ပါနဲ့လို့ ဖွင့်ထားတယ်၊ ဘာကြောင့် ဒီလိုဖွင့်ရတယ်ဆိုတာကို ဘုန်းကြီးပြီးတော့မှ ထပ်ပြောပါမယ်၊

အတီတံ၊ အတိတ်ဖြစ်သော၊ ယံ၊ အကြင်ခန္ဓာငါးပါးသည်၊ အတ္ထိ၊ ရှိ၏၊ တံ၊ ထိုခန္ဓာငါးပါးသည်၊ ပဟီနံ၊ ချုပ်ဆုံးပျက်ပြုန်းခဲ့လေပြီ၊ တသ္မာ၊ ထို့ကြောင့်၊ အတီတံ၊ အတိတ်ဖြစ်သော ခန္ဓာငါးပါးကို၊ နာနွာဂမေယျ၊ တဏှာဒိဋ္ဌိတို့ဖြင့် ငါ, ငါ့ဟာဟူ၍ အစဉ်မလိုက်လေရာ၊ အနာဂတံ၊ အနာဂတ်ဖြစ်သော၊ ယံ၊ အကြင်ခန္ဓာငါးပါးသည်၊ အတ္ထိ၊ ရှိ၏၊ တမ္ပိ၊ ထိုအနာဂတ်ဖြစ်သော ခန္ဓာငါးပါးသည်လည်းပဲ၊ အပ္ပတ္တံ၊ မဖြစ်ပေါ်လာသေး မရောက်ရှိလာသေး၊ တသ္မာ၊ ထို့ကြောင့်၊ အနာဂတံ၊ အနာဂတ်ဖြစ်သော ခန္ဓာငါးပါးကို၊ နပ္ပဋိကင်္ခေ၊ တဏှာဒိဋ္ဌိတို့ဖြင့် မမျှော်လင့် မတောင့်တလေရာ၊

နပ္ပဋိကင်္ခေ = တဏှာဒိဋ္ဌိဟိ နပတ္ထေယျ ဆိုပြီးတော့ ဒီလို အဋ္ဌကထာက ဖွင့်ထားတယ်၊ တဏှာ, ဒိဋ္ဌိတွေဖြင့် လှမ်းပြီး မတောင့်တပါနဲ့တဲ့၊ မရှုနဲ့လို့ ပြောတာဟုတ်လား? မဟုတ်ဘူးနော်၊ တဏှာ, ဒိဋ္ဌိဖြင့်လှမ်းပြီးမလိုက်နဲ့၊ တဏှာ, ဒိဋ္ဌိဖြင့် လှမ်းပြီး မမျှော်နဲ့၊ ဒီလိုသာပြောတာ၊ ဒီတော့ တဏှာ, ဒိဋ္ဌိဖြင့် လှမ်းပြီးတော့ အတိတ် မလိုက်နဲ့၊ တဏှာ, ဒိဋ္ဌိနဲ့ လှမ်းပြီးတော့ အနာဂတ်ကို မမျှော်နဲ့ဆိုတာ အဋ္ဌကထာက သူ့ရဲ့စိတ်ကူးနဲ့သူ ဖွင့်ဆိုသလားလို့ ဒီလိုတော့ မေးစရာ ရှိတယ်၊ မဟုတ်ပါဘူး၊ အဲဒီ သုတ္တန်မှာ ဒီဂါထာလေးတွေကို ဥဒ္ဒေသလို့ ခေါ်ပါတယ်၊

အဲဒီ ဥဒ္ဒေသဂါထာလေးတွေကို ဥဒ္ဒေသပါဠိတော်ကြီးလည်း အောက်မှာတန်းပြီးတော့ ပါလျက်ပါပဲ၊ ဒါပေမယ့် အာဘောင်အာရင်းသန်သန်နဲ့ ဟောနေတဲ့ ဓမ္မကထိက တော်တော် များများကတော့ အဲဒီ နိဒ္ဒေသပါဠိတော်ကိုတော့ သေသေချာချာကြည့်ပုံတော့ မပေါ်ဘူးနော်၊ ဘုရားရှင်က အဲဒီမှာ ဘယ်လိုဟောထားလဲ?

‘‘ကထဉ္စ ဘိက္ခဝေ အတီတံ အနွာဂမေတိ’’ (မ၊၃၊၂၂၆။)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့၊ ကထဉ္စ၊ အဘယ်သို့လျှင်၊ အတီတံ၊ အတိတ်ကို၊ အနွာဂမေတိ၊ အစဉ်လိုက်၍ နေလေသနည်း၊

အတိတ်ကို လိုက်တယ်ဆိုတာ ဘယ်လို လိုက်တာလဲတဲ့၊

‘‘ဧဝံရူပေါ အဟောသိံ အတီတမဒ္ဓါနန္တိ တတ္ထ နန္ဒိံ သမနွာနေတိ’’

အတီတမဒ္ဓါနံ၊ အတိတ်အချိန်ကာလက၊ ဧဝံရူပေါ၊ ဤကဲ့သို့သော ရုပ်တရားသည်၊ အဟောသိံ၊ ဖြစ်ခဲ့ဖူးလေပြီ၊ ဣတိ၊ ဤသို့လျှင်၊ တတ္ထ၊ ထို အတိတ်၌ဖြစ်သော ရုပ်တရား၌၊ နန္ဒိံ၊ နှစ်သက်မြတ်နိုးခြင်း နန္ဒီတရားကို၊ သမနွာနေတိ၊ ဖြစ်စေ၏၊

အတိတ်က ဒီလို ရုပ်တရား ငါဖြစ်ခဲ့ဖူးတယ်ဆိုပြီးတော့ အတိတ်ဖြစ်တဲ့ ရုပ်တရားအပေါ်၌ နှစ်သက်မှု နန္ဒီတရားကို ဖြစ်စေတယ်၊ ဝေဒနာ, သညာ, သင်္ခါရ, ဝိဉာဏ်ခေါ်တဲ့ နာမ်ခန္ဓာတွေလည်း ပုံစံတူပဲ ဟောထားပါတယ်၊

‘‘ဧဝံ ခေါ ဘိက္ခဝေ အတီတံ အနွာဂမေတိ’’ (မ။၃။၂၂၆၊)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့၊ ဧဝံ ခေါ၊ ဤသို့လျှင်၊ အတီတံ၊ အတိတ်ခန္ဓာငါးပါးကို၊ အနွာဂမေတိ၊ အစဉ်လိုက်သည် မည်၏၊

ဒါ ဘုရားရှင်ကိုယ်တော်တိုင်က ဟောထားတာ၊ ဒီတော့ အတိတ်ခန္ဓာငါးပါးအပေါ်မှာ ငါ့ရဲ့ အတိတ်တုန်းက ဒီလိုဖြစ်ခဲ့ဖူးတယ်လို့ နှစ်သက်မှု နန္ဒီတရားကို ဖြစ်စေခဲ့ရင် အတိတ်ကို အစဉ်လိုက်နေသည်မည်တယ်လို့ ဒီလို ဘုရားက ဟောထားတယ်၊ ဘုရားဟောထားတဲ့အတိုင်း အဋ္ဌကထာဆရာတော်များကလည်း —

"အတီတာ ဂမေယျာတိ အတီတံ တဏှာဒိဋ္ဌိဟိ နာနုဂစ္ဆေယျ” ဆိုပြီး ဒီလိုဖွင့်ထားတာပါ၊ ဘုရားဟောနဲ့ အဋ္ဌကထာအဖွင့်ဟာ လွဲချော်များနေသလား? မလွဲပါဘူးနော်၊ ဒီတော့ အတိတ်ခန္ဓာငါးပါးအပေါ်၌ တဏှာ, ဒိဋ္ဌိနဲ့ မလိုက်ပါနဲ့ဆိုတာက ရှင်းလင်းနေတဲ့ စကားလုံးတစ်မျိုးနဲ့ ထပ်ပြောရင် အတိတ်, အနာဂတ်

‘‘ပစ္စုပ္ပန္နဉ္စ ယော ဓမ္မံ။ တတ္ထ တတ္ထ ဝိပဿတိ၊
အသံဟီရံ အသံကုပ္ပံ။ တံ ဝိဒွါ မနုဗြူဟယေ’’

ယော၊ အကြင်ယောဂါဝစရ ရဟန်းတော်သည်၊ ပစ္စုပ္ပန္နဉ္စ၊ ပစ္စုပ္ပန်ဖြစ်သော၊ ဓမ္မံ၊ ခန္ဓာငါးပါး ရုပ်တရား နာမ်တရားကိုလည်းပဲ၊ တတ္ထ တတ္ထ၊ ထိုထိုဖြစ်ဆဲခဏ၌၊ တတ္ထ တတ္ထ၊ ထိုထိုတရားအစုအပုံ၌၊ တတ္ထ တတ္ထ၊ ထိုထိုနေရာ၌၊

တတ္ထ တတ္ထကို သုံးချက်ဖွင့်ဆိုထားပါတယ်၊ အဋ္ဌကထာဆရာတော်က-

"တတ္ထ တတ္ထာတိ ပစ္စုပ္ပန္နမ္ပိ ဓမ္မံ ယတ္ထ ယတ္ထေဝ ဥပ္ပန္နော။ တတ္ထ တတ္ထေဝ စ နံ အနိစ္စာနုပဿနာဒီဟိ သတ္တဟိ အနုပဿနာဟိ ယော ဝိပဿတိ” (မ။ဋ္ဌ။၄။၁၇၀၊)

ဆိုပြီး ဒီလို ဖွင့်ထားတယ်၊ ဒါက ဘာကို ဆိုလိုတာလဲလို့ မေးတော့ "ယတ္ထ ယတ္ထာတိ ယသ္မိံ ယသ္မိံ ခဏေ” (မ။ဋီ။၃။၃၆၆၊) ဆိုပြီးဋီကာဆရာတော်က ဖွင့်ထားတယ်၊ ဒီတော့ တတ္ထ တတ္ထ ဒီအဖွင့်အရကြည့်ရင် တတ္ထ တတ္ထ ဆိုတာက ထိုထိုဖြစ်ဆဲခဏ၌, ထိုထိုဖြစ်ဆဲခဏမှာ ရှုတဲ့အပိုင်းမှာဋီကာဆရာတော်က "ယသ္မိံ ယသ္မိံ ဝါ ဓမ္မပုေဉ္ဇ” ဆိုပြီး ဒီလိုထပ်ပြီး တစ်နည်းဖွင့်တယ်၊ တရားတွေဟာ ဖြစ်တဲ့အချိန်အခါမှာ အုပ်စုအလိုက်သာဖြစ်တယ်၊ အုပ်စုအလိုက် အပုံအလိုက်ဖြစ်တယ်၊ တစ်လုံးစီ ဖြစ်နိုင်တဲ့ စွမ်းအား မရှိဘူး၊ ရုပ်တရားတို့လည်း ရုပ်ကလာပ်ခေါ်တဲ့ အုပ်စုအလိုက်သာ ဖြစ်တယ်၊ နာမ်တရားတွေလည်း နာမ်ကလာပ်ခေါ်တဲ့ အုပ်စုအလိုက်သာဖြစ်တော့ ထိုထိုဖြစ်တဲ့တရား အစုအပုံအတိုင်း ရှုပါလို့ ဆိုလိုတယ်၊ ဒါကြောင့် တတ္ထ တတ္ထ၊ ထိုထိုခဏ၌ (ဝါ) ထိုထိုတရားအစုအပုံ၌၊ အဲဒီလို ရှုတဲ့အပိုင်းမှာ ဘယ်မှာရှုရမလဲလို့မေးတော့ "အရညာဒီသု ဝါ တတ္ထ တတ္ထေဝ ဝိပဿတိ” ဆိုပြီး နောက်တစ်နည်း ဖွင့်တယ်၊

တောမှာပဲဖြစ်စေ, ရွာမှာပဲဖြစ်စေ, ဘယ်နေရာမှာမဆို အနိစ္စာနုပဿနာစတဲ့ အနုပဿနာဉာဏ်ခုနစ်ပါးတို့ဖြင့် ထိုထိုရုပ်တရား နာမ်တရားတွေကို ဝိပဿနာရှုပါဆိုပြီး ဒီလို ညွှန်ကြားထားတယ်၊ အဲဒီလို ညွှန်ကြားချက်ကို နည်းနည်းလေး ထပ်မံပြီး ဘုန်းကြီး ပြန်ပြီး ဂါထာလေးနဲ့ ဆက်စပ်ပြီး ပြောမယ်၊

‘‘ပစ္စုပ္ပန္နဉ္စ ယော ဓမ္မံ။ တတ္ထ တတ္ထ ဝိပဿတိ၊
အသံဟီရံ အသံကုပ္ပံ။ တံ ဝိဒွါ မနုဗြူဟယေ’’

ယော၊ အကြင်ယောဂါဝစရ ရဟန်းတော်သည်၊ ပစ္စုပ္ပန္နဉ္စ၊ ပစ္စုပ္ပန်လည်းဖြစ်သော၊ ဓမ္မံ၊ ခန္ဓာငါးပါး ရုပ်တရား နာမ်တရားကို၊ တတ္ထ တတ္ထ၊ ထိုထိုဖြစ်ဆဲခဏ၌၊ တတ္ထ တတ္ထ၊ ထိုထိုတရားအစုအပုံ၌၊ တတ္ထ တတ္ထ၊ ထိုထိုနေရာ၌၊ ဝိပဿတိ၊ အနိစ္စာနုပဿနာစသော ဝိပဿနာဉာဏ်တို့ဖြင့် အဖန်ဖန် အထပ်ထပ် ဝိပဿနာရှုပွားသုံးသပ်၍ နေပေ၏၊ အသံဟီရံ၊ တဏှာ,ဒိဋ္ဌိတို့သည် မဆွဲငင်အပ် မဆွဲငင်နိုင်သော၊ အသံကုပ္ပံ၊ တဏှာ,ဒိဋ္ဌိတို့ကြောင့် ပျက်စီးမှု မရှိသော၊ တံ၊ ထိုဝိပဿနာဉာဏ်ကို၊ ဝိဒွါ၊ သိသော ပညာရှိသည်၊ အနုဗြူဟယေ၊ အဖန်ဖန် အထပ်ထပ် ပွားများ အားထုတ်လေရာ၏၊

ဒါက ပထမ အဖွင့်ပဲ၊ ဆိုလိုတာက ဘာပြောလဲ? ပစ္စုပ္ပန်ဖြစ်တဲ့ ခန္ဓာငါးပါး ရုပ်တရား နာမ်တရားကိုလည်း ထိုထိုဖြစ်ဆဲခဏ ထိုထိုတရား အစုအပုံအတိုင်း ဘယ်နေရာမှာမဆို အနိစ္စာနုပဿနာဉာဏ်စတဲ့ ဝိပဿနာဉာဏ်တို့ဖြင့် အဖန်ဖန်အထပ်ထပ် ဝိပဿနာရှုနေပါ၊ အဲဒီလို ရှုနေခဲ့ရင် ဒီဝိပဿနာဉာဏ်ကို တဏှာ,ဒိဋ္ဌိတို့က ဘယ်တော့မှ မဆွဲငင်နိုင်ဘူး၊ ဒီဝိပဿနာဉာဏ်ဟာ တဏှာ,ဒိဋ္ဌိကြောင့်လည်း ပျက်စီးမှု မရှိနိုင်ဘူး၊ အဲဒီ ဝိပဿနာဉာဏ်ကို အဖန်ဖန် အထပ်ထပ် ပွားနေပါဆိုပြီး ဒီလို ဟောထားတယ်၊

အဲဒီ ဟောကြားချက် စကားလုံးကို ဘုန်းကြီးတို့ ရှင်းရှင်းလေးထပ်ပြီး ပြောမယ်ဆိုရင် ပစ္စုပ္ပန်ခန္ဓာငါးပါး အပေါ်မှာလည်း တဏှာ, ဒိဋ္ဌိတွေ မဖြစ်အောင် အနိစ္စာနုပဿနာဉာဏ်တို့ဖြင့် အဖန်ဖန် အထပ်ထပ် ဝိပဿနာ ရှုနေပါလို့ ဆိုလိုတယ်၊ ဒီတော့ ပစ္စုပ္ပန်ခန္ဓာငါးပါးအပေါ်မှာ တဏှာ, ဒိဋ္ဌိ မဖြစ်အောင် ဘာလုပ်ရမလဲ၊ ပစ္စုပ္ပန်ခန္ဓာငါးပါးကို ဝိပဿနာရှုရမယ်၊ ဒီလိုဆိုရင် အတိတ်ခန္ဓာငါးပါးအပေါ်မှာ တဏှာ, ဒိဋ္ဌိမဖြစ်အောင် ဘာလုပ်ရမလဲ? ရှင်းရှင်းလေးပဲနော်၊ ဒါ နားလည်တတ်မယ်ဆိုရင်တော့ တော်တော်လေး ရှင်းနေတဲ့စကားပါ၊ ပစ္စုပ္ပန်ခန္ဓာငါးပါးအပေါ်မှာ တဏှာ, ဒိဋ္ဌိမဖြစ်ရေးအတွက် ပစ္စုပ္ပန်ခန္ဓာငါးပါးကို အနိစ္စာနုပဿနာစတဲ့ အနုပဿနာဉာဏ်တို့ဖြင့် အဖန်ဖန် အထပ်ထပ် ဝိပဿနာရှုရမယ်ဆိုတဲ့ စကားကို လက်ခံနိုင်ခဲ့ရင် အတိတ်ခန္ဓာငါးပါးအပေါ်မှာ တဏှာ, ဒိဋ္ဌိ မဖြစ်ရေးအတွက်လည်း အတိတ်ခန္ဓာငါးပါးကို အနိစ္စာနုပဿနာစတဲ့ ဝိပဿနာဉာဏ်တို့ဖြင့် အဖန်ဖန် အထပ်ထပ် ဝိပဿနာရှုရမယ်၊ အနာဂတ်ခန္ဓာငါးပါးအပေါ်မှာ တဏှာ, ဒိဋ္ဌိ မဖြစ်ရေးအတွက်လည်း အနာဂတ်ခန္ဓာငါးပါးကို အနိစ္စာနုပဿနာစတဲ့ အနုပဿနာဉာဏ်တို့ဖြင့် အဖန်ဖန် အထပ်ထပ် ဝိပဿနာရှုရမယ်ဆိုတဲ့ ဒီစကားသည် ရှင်းနေပါတယ်နော်၊ ဒါပေမယ့် ခေတ်ကတော့ ဘာပြောလဲ၊ အတိတ်ခန္ဓာငါးပါးအပေါ်မှာ တဏှာ, ဒိဋ္ဌိ မဖြစ်ရေးအတွက် အတိတ်ကို မရှုနဲ့၊ အနာဂတ်ခန္ဓာငါးပါးအပေါ်မှာ တဏှာ, ဒိဋ္ဌိ မဖြစ်အောင် အနာဂတ်ကို မရှုနဲ့၊ ပစ္စုပ္ပန်ခန္ဓာငါးပါး တည့်တည့်ကိုသာ ရှုနေပါဆိုပြီး ဒီလိုညွှန်ကြားတယ်၊

ဒီညွှန်ကြားချက်ကို လက်ခံမယ်ဆိုရင်ပေါ့ - အတိတ်ခန္ဓာငါးပါးပေါ်မှာ တဏှာ, ဒိဋ္ဌိ မဖြစ်ရေးအတွက် အနာဂတ်ကို မရှုရဘူးဆိုတာ လက်ခံနိုင်ခဲ့ရင် ပစ္စုပ္ပန်ခန္ဓာငါးပါးအပေါ်မှာ တဏှာ, ဒိဋ္ဌိ မဖြစ်အောင်လည်း ပစ္စုပ္ပန်ခန္ဓာငါးပါးကိုလည်း မရှုနဲ့လို့ ပြောဖို့ မကောင်းဘူးလား? မပြောဘူး၊ တည့်တည့်ရှုလို့ပြောတယ်၊ အဲဒီလို ဖြစ်နေတယ်နော်၊ ဒီတော့ ဒီစကားတွေက ဘာပြောချင်တာလဲလို့မေးတော့ ခုနက ဒုက္ခသစ္စာထဲကလည်း တစ်ခြမ်းပဲ့ထွက်သွားတယ်၊ သမုဒယသစ္စာထဲကလည်း တစ်ခြမ်းပဲ့ထွက်သွားတယ်၊ ဘယ်လိုလဲ? ခုနက ဘုန်းကြီး ပြောခဲ့ပြီးပြီ၊ ဒုက္ခသစ္စာစာရင်းထဲမှာ အတိတ်ခန္ဓာငါးပါးလည်း မပါဘူးလား? ပါနေတယ်၊ အနာဂတ်ခန္ဓာငါးပါးလည်း ပါတယ်၊ အတိတ်, အနာဂတ် မရှုရဘူးဆိုတော့ ဒုက္ခသစ္စာထဲကလည်း ထပ်ပြီး တစ်ခြမ်း ပဲ့ထွက်မသွားဘူးလား? သွားပြန်တယ်၊

ခုနက ဘုန်းကြီး ပြောတဲ့အတိုင်းပဲ၊ သမုဒယသစ္စာဆိုတာက အတိတ်က ထူထောင်ခဲ့တဲ့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဆိုတဲ့ တစ်နည်း ပြောရရင်တော့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်တို့ခြံရံပြီး ထူထောင်ခဲ့တဲ့ သင်္ခါရ, ကံဆိုတဲ့ သမုဒယသစ္စာတရားကြောင့်သာလျှင် ဒီဘဝမှာ ခန္ဓာငါးပါး ဒုက္ခသစ္စာတရားက လာပြီး ထင်ရှားဖြစ်တယ်၊ အတိတ်ကို မရှုကောင်းဘူးဆိုတဲ့ ပုံသေမူကို ဆွဲကိုင်ထားတဲ့ ပုဂ္ဂိုလ်အဖို့ အတိတ်က ထူထောင်ခဲ့တဲ့ သမုဒယသစ္စာကြောင့် ဒီဘဝ ဒုက္ခသစ္စာဖြစ်တာ သိဦးမလား? မသိတော့ဘူး၊

ဒီဘဝ ထူထောင်တဲ့ သမုဒယသစ္စာကြောင့်ကော, နောင်အနာဂတ် ဒုက္ခသစ္စာ ဖြစ်ပုံကိုတော့ မရှုတဲ့အတွက် သိဦးမလား? မသိတော့ပြန်ဘူး၊ မသိတော့ သမုဒယသစ္စာလည်းမသိ, ဒုက္ခသစ္စာလည်းမသိတဲ့ ပုဂ္ဂိုလ်က ဘယ်လိုလုပ် ဝိပဿနာရှုမလဲ, ဘာဖြစ်လို့လဲ? သစ္စာလေးပါးမှာ ဒုက္ခသစ္စာနဲ့ သမုဒယသစ္စာက ဝဋ္ဋသစ္စာဖြစ်တယ်၊ နိရောဓသစ္စာနဲ့ မဂ္ဂသစ္စာက ဝိဝဋ္ဋသစ္စာဖြစ်တယ်၊ အဲဒီ ဝဋ္ဋသစ္စာ, ဝိဝဋ္ဋသစ္စာဆိုတဲ့ သစ္စာနှစ်မျိုးအနက်က -

‘‘တေသု ဘိက္ခုနော ဝဋ္ဋေ ကမ္မဋ္ဌာနာဘိနိဝေသော ဟောတိ။ ဝိဝဋ္ဋေ နတ္ထိ အဘိနိဝေသော’’ (အဘိ-ဋ္ဌ-၂-၁၀၉၊)

မှန်သွားတယ်နော်၊

ဝဋ္ဋသစ္စာဖြစ်တဲ့ ဒုက္ခသစ္စာ, သမုဒယသစ္စာ တရားနှစ်မျိုးမှာသာလျှင် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း နှလုံးသွင်းရပါတယ်၊ ဝိဝဋ္ဋသစ္စာဖြစ်တဲ့ နိရောဓသစ္စာနဲ့ မဂ္ဂသစ္စာ ဒီတရားနှစ်ပါးကို ဝိပဿနာ မရှုရပါဘူးတဲ့၊ ဒါက လောကုတ္တရာ နိရောဓသစ္စာနဲ့ လောကုတ္တရာ မဂ္ဂသစ္စာကို ရည်ညွှန်းပြီး ပြောတဲ့စကားပါ၊

ဝိဝဋ္ဋသစ္စာဖြစ်တဲ့ လောကုတ္တရာ နိရောဓသစ္စာ တရားတော်မြတ်နှင့် လောကုတ္တရာ မဂ္ဂသစ္စာခေါ်တဲ့ မဂ္ဂင်တရားကိုယ်ရှစ်ပါးဦးဆောင်နေတဲ့ မဂ်စိတ်၊ စေတသိက်တွေဟာ ဝိပဿနာရှုရမယ့် အရှုခံအာရုံထဲမှာ မပါဘူး၊ ဝိပဿနာရှုရမယ့်တရားက ဒုက္ခသစ္စာတရားနဲ့ သမုဒယသစ္စာတရား နှစ်မျိုးသာလျှင် ဖြစ်တယ်၊ ယောဂီပုဂ္ဂိုလ်တစ်ယောက်က ဒုက္ခသစ္စာလည်း မသိဘူး၊ သမုဒယသစ္စာလည်းမသိဘူး၊ အဲ့ဒီပုဂ္ဂိုလ်က ဝိပဿနာရှုမယ်ဆိုရင် အဲဒီ ပုဂ္ဂိုလ်သည် ဘုရားဟောနေတဲ့ တကယ့် ဝိပဿနာအစစ် ဖြစ်နိုင်ပါ့မလား? မဖြစ်နိုင်ဘူး၊ နိဗ္ဗာန်ဆိုတဲ့ ရွှေအိုးကြီးကို ဘယ်လို တူးဖော်ရမလဲဆိုတာကို ဘုရားက ဟောနေတာနော်၊

‘‘ဇာနတော အဟံ ဘိက္ခဝေ ပဿတော အာသဝါနံ ခယံ ဝဒါမိ။’’ (ခု။၁။၂၆၅၊ ဣတိဝုတ္တက၊)

သိတဲ့ပုဂ္ဂိုလ်, မြင်တဲ့ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ အာသဝေါတရားတွေ ကုန်မယ်လို့ ငါဘုရားဟောတယ်တဲ့၊ ဘာတွေသိရမလဲ?

"ဣဒံ ဒုက္ခန္တိ ဘိက္ခဝေ ဇာနတော ပဿတော အာသဝါနံ ခယော ဟောတိ။ အယံ ဒုက္ခသမုဒယောတိ ဘိက္ခဝေ ဇာနတော ပဿတော အာသဝါနံ ခယော ဟောတိ။ အယံ ဒုက္ခနိရောဓောတိ ဘိက္ခဝေ ဇာနတော ပဿတော အာသဝါနံ ခယော ဟောတိ။ အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါတိ ဘိက္ခဝေ ဇာနတော ပဿတော အာသဝါနံ ခယော ဟောတိ၊"

ဤကား ဒုက္ခသစ္စာလို့ သိမယ်၊ မြင်မယ်, အာသဝေါတရားတွေ ကုန်မယ်၊ ဤကား သမုဒယသစ္စာလို့ သိမယ်, မြင်မယ်, အာသဝေါတရားတွေ ကုန်မယ်၊ ဤကား နိရောဓသစ္စာ, ဤကား မဂ္ဂသစ္စာလို့ သိမယ်, မြင်မယ်, အာသဝေါတရားတွေ ကုန်မယ်တဲ့၊ ဒီလိုဟောတယ်၊

သိတိုင်းလည်း ဘာတွေသိရမယ်ဆိုတာလေးတော့ နည်းနည်းလေး ဆန်းစစ်ဖို့ မလိုဘူးလား? အဲ သိနေရင်တော့ပြီးတာပဲ၊ အေး ဘာတွေသိရမလဲ? ဒါတော့ မေးဖို့ မလိုဘူးလား? ဘယ်နှယ့်တုန်း ဒကာကြီးတွေ, ဒကာမကြီးတွေ မေးဖို့ မလိုဘူးလား? လိုတယ်၊ သိရင်ပြီးတာပဲဆိုတော့ ဘာတွေသိရမလဲလို့တော့ မေးဖို့တော့ မလိုဘူးလား?

အဲ! ဘာတွေ သိရမလဲ? ဒုက္ခသစ္စာ သိရမယ်, သမုဒယသစ္စာ သိရမယ်, နိရောဓသစ္စာ သိရမယ်, မဂ္ဂသစ္စာ သိရမယ်၊ ဒီပြင် တခြားသိရမယ်လို့ ဘုရားဟောလား? မဟောပါဘူး၊ ဒုက္ခသစ္စာလည်း မသိဘူး, သမုဒယသစ္စာလည်း မသိဘူး၊ ထိုပုဂ္ဂိုလ် ဝိပဿနာရှုပါတယ်ဆိုတော့ တကယ့် ဝိပဿနာရော ဖြစ်မလား? မဖြစ်ဘူး၊

မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်ဆိုတဲ့ ရတနာရွှေအိုးကြီးကို ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် တူးဖော်ရမယ်ဆိုတာကို ဘုရားရှင်က အတိအကျ ညွှန်ကြားနေတဲ့ ရတနာသိုက်စာတွေ ပိဋကတ်စာပေမှာ ထင်ရှား မရှိဘူးလား? ရှိတယ်၊ ပရိယတ်တရားတော်မှာ ထင်ရှားရှိနေတဲ့အတွက် ဒီပရိယတ်တရားတော်မှာလာတဲ့ ရတနာသိုက်စာအတိုင်း ရတနာရွှေအိုးကို မတူးဖော်ခဲ့ရင် မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်ဆိုတဲ့ နိရောဓသစ္စာ, မဂ္ဂသစ္စာ အမည်ရနေတဲ့ ရတနာရွှေအိုးကြီးတွေ ထွက်ပေါ်လာနိုင်ပါ့မလား? မလာနိုင်ဘူး၊

ဒါကြောင့် ပဋိပတ္တိသာသနာတော်သည် ပရိယတ္တိသာသနာတော်လျှင် အရင်းအမြစ် မူလရှိပါတယ် ဆိုပြီးတော့ ဒါက အဋ္ဌကထာဆရာတော်များ ရှေးရှေး မထေရ်ကြီးများက ဖြတ်ထုံးလေးတစ်ခု ပေးထားပါတယ်၊ ဒီတော့ ဒီနေရာမှာ တစ်ချို့က စောဒနာချက်လေးတစ်ခု ဝင်လာပြန်တယ်၊

အတိတ်ကို ရှုတယ်ဆိုတာက အဘိညာဏ်ရဲ့အရာသာ ဖြစ်ပါတယ်တဲ့၊ ဝိပဿနာဉာဏ်ရဲ့ အရာမဟုတ်ပါဘူး၊ အဘိညာဏ်ရတဲ့ ပုဂ္ဂိုလ်တွေသည်သာလျှင် အတိတ်, အနာဂတ်ကို ရှုနိုင်ပါတယ်ဆိုပြီး ဒီလို စကားကွန့်လာကြပြန်တယ်၊ ဒီအချက်နဲ့ ပတ်သက်လို့လည်း ဘုန်းကြီးက နည်းနည်းလေး ထပ်ပြီး ပြောချင်ပါတယ်နော်၊ ဘုန်းကြီးတို့ ခန္ဓဝဂ္ဂသံယုတ်ပါဠိတော်မှာ ခဇ္ဇနိယသုတ္တန် ဆိုတဲ့ သုတ္တန်တစ်ခု ဘုရားရှင်ကိုယ်တော်တိုင် ဟောကြားထားတော်မူခဲ့ပါတယ်၊ ထိုသုတ္တန်မှာ ဘုရားရှင်က ဘယ်လိုဟောလဲ?

စတုတ္ထပိုင်း

‘‘ယေဟိ ကေစိ ဘိက္ခဝေ သမဏာ ဝါ ဗြာဟ္မဏာ ဝါ အနေကဝိဟိတံ ပုဗ္ဗေနိဝါသံ အနုဿရမာနာ အနုဿရန္တိ။ သဗ္ဗေတေ ပဉ္စုပါဒါနက္ခန္ဓေ အနုဿရန္တိ။ ဧတေသံ ဝါ အညတရံ’’ (သံ။၂။၇၁၊ ခဇ္ဇနိယသုတ္တန်၊)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့၊ ယေ ကေစိ သမဏာ ဝါ ဗြာဟ္မဏာ ဝါ၊ အကြင်အလုံးစုံသော သမဏ သို့မဟုတ် ဗြာဟ္မဏတို့သည်၊ အနေကဝိဟိတံ၊ အထူးထူးအပြားပြားများစွာသော၊ ပုဗ္ဗေနိဝါသံ၊ ရှေး၌ နေခဲ့ဖူးသော ခန္ဓာအစဉ်ကို၊ အနုဿရမာနာ၊ ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့နိုင်ကြကုန်သည်ဖြစ်၍၊ အနုဿရန္တိ၊ အောက်မေ့ကြကုန်၏၊ သဗ္ဗေ တေ၊ ထိုအလုံးစုံသော သမဏ ဗြာဟ္မဏတို့သည်၊ ပဉ္စုပါဒါနက္ခန္ဓေ၊ ဥပါဒါနက္ခန္ဓာငါးပါးတို့ကို၊ အနုဿရန္တိ၊ ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့ကြကုန်၏၊ ဧတေသံ ဝါ၊ ထိုဥပါဒါနက္ခန္ဓာငါးပါးတို့တွင်လည်းကောင်း၊ အညတရံ၊ တစ်ပါးပါးသော ခန္ဓာကိုလည်းကောင်း၊ အနုဿရန္တိ = ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့ကြကုန်၏၊

ချစ်သားရဟန်းတို့၊ သမဏ, ဗြဟ္မဏအချို့ ရှိကြတယ်၊ ပုဗ္ဗေနိဝါသ၊ ရှေး၌ နေခဲ့ဖူးတဲ့ ခန္ဓာအစဉ်ကို ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့နိုင်တဲ့ သမဏ, ဗြဟ္မဏအချို့ ရှိကြတယ်၊ အဲဒီ သမဏ, ဗြဟ္မဏ အချို့တွေဟာ အတိတ်ကနေခဲ့ဖူးတဲ့ ပုဗ္ဗေနိဝါသ ခန္ဓာအစဉ်ကို ဉာဏ်ဖြင့် အစဉ်လျှောက်၍ ပြန်လည်အောက်မေ့ခဲ့သော် ဥပါဒါနက္ခန္ဓာငါးပါးကိုသော်လည်းကောင်း ထိုဥပါဒါနက္ခန္ဓာငါးပါးတို့တွင် တစ်ပါးပါးကိုသော်လည်းကောင်း ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့နိုင်ကြပါတယ် ဆိုပြီးတော့ ဒီခဇ္ဇနိယသုတ္တန်မှာ ဘုရားရှင်က ဟောထားတယ်၊

ဟောထားတော့ အဲဒီသုတ္တန်မှာ ပုဗ္ဗေနိဝါသဆိုတဲ့ စကားလုံးကို သုံးထားပါတယ်၊ ရှေး၌နေခဲ့ဖူးတဲ့ ခန္ဓာအစဉ်ဆိုပြီး ဒီစကားလုံးလေးကို ထည့်သုံးထားတဲ့အတွက် အဋ္ဌကထာဆရာတော်ကတော့ ဒီစကားလုံးနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုဖွင့်ဆိုထားလဲ? သံယုတ် အဋ္ဌကထာ ဒုတိယတွဲ စာမျက်နှာ (၂hex) မှာ အဋ္ဌကထာက ဘယ်လိုဖွင့်ထားသလဲ?

‘‘ပုဗ္ဗေနိဝါသန္တိ ဣဒံ န အဘိညာဝသေန အနုဿရဏံ သန္ဓာယ ဝုတ္တံ။’’ (သံ။ဋ္ဌ။၂။၂hex၊)

ပုဗ္ဗေနိဝါသန္တိ ဣဒံ၊ ပုဗ္ဗေနိဝါသဟူသော ဤစကားလုံးကို၊ အဘိညာဝသေန၊ အဘိညာဏ်၏အစွမ်းဖြင့်၊ အနုဿရဏံ၊ ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့ခြင်းကို၊ သန္ဓာယ၊ ရည်ရွယ်တော်မူ၍၊ န ဝုတ္တံ၊ ဘုရားရှင် ဟောကြားပြသ ဆိုဆုံးမတော်မူအပ်သည်ကား မဟုတ်ပါပေ၊

ဒီပုဗ္ဗေနိဝါသဆိုတဲ့ စကားလုံးကို ဘုရားရှင်က အဘိညာဏ်၏အစွမ်းဖြင့် ရှေး၌နေခဲ့ဖူးတဲ့ ခန္ဓာအစဉ်ကို ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့ခြင်းကို ရည်ရွယ်တော်မူပြီး ဟောတာ မဟုတ်ပါဘူးတဲ့နော်၊

‘‘ဝိပဿနာဝသေန ပန ပုဗ္ဗေနိဝါသံ အနုဿရန္တေ သမဏဗြာဟ္မဏေ သန္ဓာယေတံ ဝုတ္တံ၊’’ (သံ။ဋ္ဌ။၂။၂hex၊)

ဝိပဿနာဝသေန၊ ဝိပဿနာ၏အစွမ်းဖြင့်၊ ပုဗ္ဗေနိဝါသံ၊ ရှေး၌ နေခဲ့ဖူးတဲ့ ခန္ဓာအစဉ်ကို၊ အနုဿရန္တေ၊ ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့ကြကုန်သော၊ သမဏဗြဟ္မဏေ၊ သမဏ, ဗြဟ္မဏတို့ကို၊ သန္ဓာယ၊ ရည်ရွယ်တော်မူ၍၊ ဧတံ၊ ဤပုဗ္ဗေနိဝါသဟူသော စကားလုံးကို၊ ဝုတ္တံ၊ ဟောကြားပြသ ဆိုဆုံးမတော်မူအပ်ပါပေ၏၊

ဝိပဿနာဉာဏ်၏အစွမ်းဖြင့် ရှေး၌ နေခဲ့ဖူးတဲ့ ခန္ဓာအစဉ်ကို ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့ကြတဲ့ သမဏ, ဗြဟ္မဏတွေကို ရည်ရွယ်ပြီးတော့ မြတ်စွာဘုရားက ဒီပုဗ္ဗေနိဝါသဆိုတဲ့ စကားလုံးလေးကို ဟောကြားတော်မူခြင်း ဖြစ်တယ်တဲ့၊ ဘာကို အကြောင်းပြသလဲလို့မေးတော့၊

‘‘တေနေဝါဟ "သဗ္ဗေတေ ပဉ္စုပါဒါနက္ခန္ဓေ အနုဿရန္တိ ဧတေသံ ဝါ အညတရံ"၊’’ (သံ။ဋ္ဌ။၂။၂၆၆၊)

ဒီသုတ္တန်မှာ ဘုရားရှင်ကိုယ်တိုင်က ဥပါဒါနက္ခန္ဓာငါးပါးကိုသော်လည်းကောင်း, ဥပါဒါနက္ခန္ဓာငါးပါးတို့တွင် တစ်မျိုးမျိုးကိုသော်လည်းကောင်း ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့နိုင်ပါတယ်လို့ ဘုရားရှင်ကိုယ်တော်တိုင်က ဟောကြားထားတယ်တဲ့၊ ဘာကြောင့်လဲ?

‘‘အဘိညာဝသေန ဟိ သမနုဿရန္တဿ ခန္ဓာပိ ဥပါဒါနက္ခန္ဓာပိ ခန္ဓပဋိဗဒ္ဓါပိ ပဏ္ဏတ္တိပိ အာရမ္မဏံ ဟောတိယေဝ၊’’ (သံ။ဋ္ဌ။၂။၂၆၆၊)

ပုဗ္ဗေနိဝါသနုဿတိအဘိညာဏ်နှင့် အတိတ်က နေခဲ့ဖူးတဲ့ ခန္ဓာအစဉ်ကို ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့မယ်ဆိုရင် ခန္ဓာတွေဟာလည်း ပုဗ္ဗေနိဝါသနုဿတိအဘိညာဏ်ရဲ့ အာရုံဖြစ်နိုင်တယ်၊ ဥပါဒါနက္ခန္ဓာငါးပါးဟာလည်း ပုဗ္ဗေနိဝါသနုဿတိအဘိညာဏ်ရဲ့ အာရုံတွေဖြစ်နိုင်တယ်၊ ခန္ဓာနှင့် ဆက်စပ်နေတဲ့ ဆင်းရဲချမ်းသာ အဝဝတွေ, သုခဒုက္ခအဝဝတွေ, အမျိုးအနွယ် စသည်တို့ဟာလည်းပဲ (မြို့ရွာ၊ ဒေသ၊ အမျိုးအနွယ်အားလုံးပေါ့) အဲဒီ ခန္ဓာနှင့်ဆက်စပ်နေတဲ့ အကြောင်းအရာတွေဟာလည်း ပုဗ္ဗေနိဝါသနုဿတိအဘိညာဏ်ရဲ့ အာရုံ ဖြစ်နိုင်တယ်၊

ပဏ္ဏတ္တိပိ၊ နာမည်အမျိုးမျိုးဟာလည်း ပုဗ္ဗေနိဝါသနုဿတိအဘိညာဏ်ရဲ့ အာရုံဖြစ်နိုင်တယ်တဲ့၊ နာမည်တွေ ဆိုတာကတော့ ငါ့နာမည် ဘယ်လို, ငါ့အမေနာမည်က ဘယ်လို, ငါ့အဖေနာမည်က ဘယ်လို စသည်ပေါ့၊ ခန္ဓာနှင့် ဆက်စပ်တယ်ဆိုတာက ဘယ်လို ချမ်းသာခဲ့တယ်, ဘယ်လို ဆင်းရဲခဲ့တယ်, ဘယ်မြို့ရွာမှာ ဖြစ်ခဲ့တယ်, ဘယ်အမျိုးအနွယ်မှာ ဖြစ်ခဲ့တယ် စသည်ဖြင့် ဒီလိုအကြောင်းအရာတွေကို သိခြင်းပဲ၊ ဒီတော့ ပုဗ္ဗေနိဝါသနုဿတိအဘိညာဏ်ရဲ့ အာရုံက ဘယ်နှစ်ပါးရှိလဲ? လေးမျိုး၊ ခန္ဓာလည်းရှိတယ်, ဥပါဒါနက္ခန္ဓာလည်းရှိတယ်, ခန္ဓာနှင့် ဆက်စပ်နေတဲ့ သုခ, ဒုက္ခစတဲ့ အကြောင်းအရာတွေလည်းရှိတယ်, နာမည်အမျိုးမျိုးလည်း ရှိတယ်တဲ့၊ ပေါင်းလိုက်တော့ လေးမျိုး၊

အဲဒီမှာ ခန္ဓာနဲ့ ဥပါဒါနက္ခန္ဓာအကြောင်းလေးတော့ ဘုန်းကြီး နည်းနည်း ထပ်ပြောချင်ပါတယ်၊ ဘုန်းကြီးတို့ ဒီဥစ္စာက အထူးသဖြင့် မြတ်စွာဘုရားဘက်ကနေ လှည့်ပြောမှ ပိုပြီး သဘောပေါက်မယ်၊ မြတ်စွာဘုရား ပုဗ္ဗေနိဝါသနုဿတိအဘိညာဏ်ရရှိတော်မူတဲ့ အချိန်အခါမှာ အတိတ်ကိုလှမ်းပြီး အာရုံယူလိုက်တဲ့အခါမှာ အတိတ် ဒီပင်္ကရာမြတ်စွာဘုရားသန္တာန်မှာ တည်ရှိနေတဲ့ ခန္ဓာငါးပါးကိုလည်း အာရုံယူလို့ရတယ်၊ ဒီပင်္ကရာမြတ်စွာဘုရားရဲ့ ရှေ့တော်မှောက်မှာ နိယတဗျာဒိတ်ပန်းကို ဆင်မြန်းဖို့ရန်အတွက် ကြိုးစားနေတဲ့ သုမေဓာရှင်ရသေ့ရဲ့သန္တာန်မှာ တည်ရှိနေတဲ့ ဥပါဒါနက္ခန္ဓာတွေကိုလည်း လှမ်းသိမ်းဆည်း, သိမ်းဆည်းလို့ရတယ်၊

အဲဒီမှာ ဒီပင်္ကရာဘုရားရှင်ရဲ့ သန္တာန်မှာက လောကုတ္တရာခန္ဓာတွေပါ ပါဝင်နေတယ်၊ သုမေဓာရှင်ရသေ့က ထိုစဉ်အခါက အရိယာသူတော်ကောင်း မဖြစ်သေးတဲ့အတွက် ပုထုဇဉ်သာ ရှိသေးတဲ့အတွက် သူ့သန္တာန်မှာက လောကုတ္တရာခန္ဓာငါးပါး ရှိသလား? မရှိဘူး၊ ဥပါဒါနက္ခန္ဓာပဲရှိတယ်၊ ဒီပင်္ကရာဘုရားရှင်ရဲ့ ခန္ဓာငါးပါးနှင့် သုမေဓာရဲ့ ခန္ဓာငါးပါး တူသလား? မတူဘူး၊ ဒီပင်္ကရာဘုရားရှင်သန္တာန်မှာ တည်ရှိတဲ့ လောကုတ္တရာတရားများ ပါဝင်နေတဲ့ ခန္ဓာတွေကိုတော့ ခန္ဓာလို့ခေါ်တယ်၊ သုမေဓာရှင်ရသေ့ရဲ့ သန္တာန်မှာ တည်ရှိနေတဲ့ ခန္ဓာကျတော့ ဥပါဒါနက္ခန္ဓာလို့ ဒီလိုခေါ်တာပါနော်၊

ပုဗ္ဗေနိဝါသနုဿတိအဘိညာဏ်က အဲဒီခန္ဓာကို လှမ်းရှုလည်းရတယ်၊ ဥပါဒါနက္ခန္ဓာကို လှမ်းရှုလည်းရတယ်၊ နောက်တစ်ခု၊ ခန္ဓာနှင့် ဆက်စပ်နေတဲ့ သုခဒုက္ခအဝဝတွေ, ဆင်းရဲချမ်းသာအမျိုးမျိုးတွေ, အနွယ်တွေ, မြို့ရွာဒေသတွေ, အမေအဖေတွေ လှမ်းရှုလည်း ရတယ်၊ အဲဒီ အမည်နာမ ပညတ်တွေကိုလည်းရှု အကုန်ရတယ်တဲ့၊

ခု ဒီသုတ္တန်မှာကျတော့ ဘုရားရှင်က အဲဒီ လေးမျိုးလုံးကို မဟောဘဲ ဥပါဒါနက္ခန္ဓာတစ်ခုကိုသာ ကွက်ပြီး ဟောထားတဲ့အတွက် ဒီဥပါဒါနက္ခန္ဓာငါးပါးကို ဝိပဿနာဉာဏ်ဖြင့် ရှုပွားသုံးသပ်ခြင်းကို ဘုရားရှင်က ရည်ညွှန်းထားပါတယ် ဆိုပြီးတော့ အဋ္ဌကထာက ဒီလို ရှင်းလင်းတင်ပြထားပါတယ်၊

ဒီတော့ ဆိုလိုတာက ဘုန်းကြီးပြောချင်တဲ့ အဓိပ္ပာယ်ကတော့ အတိတ်ကို ရှုခြင်း၊ အနာဂတ်ကို ရှုခြင်းသည် အဘိညာဏ်ရမှ ရှုလို့ရတာမျိုး ဟုတ်သလား? မဟုတ်ဘူး၊ ဝိပဿနာဉာဏ်နဲ့လည်း ရှုလို့ မရဘူးလား? ရတယ်၊ ရတယ်ဆိုတဲ့ ကျမ်းဂန်အထောက်အထားတွေလည်း၊ ရတနာသိုက်စာတွေလည်း စာပေကျမ်းဂန်မှာ အထင်အရှား မရှိဘူးလား? ရှိနေပါတယ်တဲ့၊ အဲဒီ သိုက်စာတွေလာတဲ့အတိုင်း အတိအကျ တူးဖော်မယ်ဆိုရင် မိမိတို့ မျှော်လင့်တောင့်တနေတဲ့ မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်ဆိုတဲ့ ရတနာရွှေအိုးကြီးတွေကို ထုတ်ယူအသုံးပြုလို့ မရနိုင်ဘူးလား? ရနိုင်ပါတယ်တဲ့နော်၊

ဒီတော့ ဒီသစ္စာလေးပါးကို ထိုးထွင်းသိရေးအတွက် သိမှ၊ မြင်မှသာလျှင် အာသဝေါတရားတွေက ကုန်မှာဖြစ်တဲ့အတွက် သစ္စာလေးပါးကို သိချင်တဲ့ပုဂ္ဂိုလ် ဘာလုပ်ရမလဲ?

‘‘သမာဓိံ ဘိက္ခဝေ ဘာဝေထ။ သမာဟိတော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ’’ (သံ။၃။၃၆၃။)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့၊ သမာဓိံ၊ သမာဓိကို၊ ဘာဝေထ၊ ပွားများကြကုန်လော့၊ ဘိက္ခဝေ၊ ချစ်သားရဟန်းတို့၊ သမာဟိတော၊ သမာဓိရှိသော ရဟန်းသည်၊ ယထာဘူတံ၊ မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ၊ ပဇာနာတိ၊ ကွဲကွဲပြားပြားသိ၏၊

ချစ်သားရဟန်းတို့ သမာဓိကို ထူထောင်ကြပါ၊ သမာဓိရှိနေတဲ့ ရဟန်းတော်သည် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိပါတယ် ဆိုပြီးတော့ ဒီလို ဘုရားရှင်က ဟောထားတယ်၊ ဘာတွေကို သိမလဲ?

‘‘‘‘ဣဒံ ဒုက္ခ’’န္တိ ယထာဘူတံ ပဇာနာတိ၊ ‘‘အယံ ဒုက္ခသမုဒယော’’တိ ယထာဘူတံ ပဇာနာတိ၊ ‘‘အယံ ဒုက္ခနိရောဓော’’တိ ယထာဘူတံ ပဇာနာတိ၊ ‘‘အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ’’တိ ယထာဘူတံ ပဇာနာတိ’’ (သံ။၃။၃၆၃။)

ဤကား ဒုက္ခသစ္စာလို့ ဟုတ်တိုင်းမှန်စွာ သိမယ်၊ မြင်မယ်၊ ဤကား ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရားလို့ ဟုတ်တိုင်းမှန်စွာ သိမယ်၊ မြင်မယ်၊ ဤကား ဒုက္ခချုပ်ရာ နိရောဓသစ္စာတရားလို့ ဟုတ်တိုင်းမှန်စွာ သိမယ်၊ မြင်မယ်၊ ဤကား ဒုက္ခချုပ်ရာ နိရောဓနိဗ္ဗာန်သို့ရောက်ကြောင်း ကျင့်စဉ်ဖြစ်တဲ့ မဂ္ဂအရိယသစ္စာတရားလို့ ဟုတ်တိုင်းမှန်စွာ သိမယ်၊ မြင်မယ်၊ အဲဒီလို သိဖို့၊ မြင်ဖို့အတွက် သင်ချစ်သားတို့ သမာဓိထူထောင်ပါဆိုပြီး ဒီလို တိုက်တွန်းထားတယ်နော်၊

အဲဒီ တိုက်တွန်းတော်မူတဲ့အတိုင်းပဲ ဘုန်းကြီးတို့ နိဗ္ဗာနဂါမိနိပဋိပဒါကျမ်း ပထမတွဲမှာတော့ အာနာပါနဿတိ သမာဓိလမ်းစဉ်က အာနာပါနလမ်းစဉ်ကနေပြီးတော့ စတုတ္ထဈာန်သမာဓိ ဆိုက်ပုံအထိ သမာဓိထူထောင်ပုံ နည်းစနစ်တွေလည်း ဘုန်းကြီးတို့ ပြည့်ပြည့်စုံစုံ ရေးသားထားပါတယ်၊ အလားတူပဲ၊ အာနာပါန စတုတ္ထဈာန်သမာဓိလောက်နဲ့တွင် ကျေနပ်မှု မရဘဲ တခြားတခြား ကသိုဏ်းတစ်ဆယ်ပါး၊ သမာပတ်ရှစ်ပါး အစရှိတဲ့ သမထကမ္မဋ္ဌာန်းတွေကိုပါ ဆက်လက် ပွားများချင်တယ်ဆိုရင်လည်း ထိုပွားများလိုတဲ့ပုဂ္ဂိုလ်တွေ အတွက်ရည်ညွှန်းပြီးတော့ นိဗ္ဗာနဂါမိနိပဋိပဒါ ပဉ္စမတွဲမှာ သမထကမ္မဋ္ဌာန်းပိုင်း ဆိုပြီးတော့ ကမ္မဋ္ဌာန်းတစ်ခုအဖြစ်နဲ့ သီးသန့် ရေးသားထားပါတယ်နော်၊

နောက်တစ်ခု - ဒုက္ခသစ္စာ အမည်ရနေတဲ့ ရုပ်တရားတွေ ဟုတ်တိုင်းမှန်စွာ သိရေးအတွက် ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ကျင့်ရမလဲ? ဒီကျင့်စဉ်ပိုင်းကိုလည်း นိဗ္ဗာနဂါမိနိပဋိပဒါ ပထမတွဲမှာ ရုပ်ကမ္မဋ္ဌာန်းပိုင်းဆိုတဲ့ အမည်နဲ့ ဟောထားပါတယ်၊ အလားတူပဲ၊ ဒုက္ခသစ္စာစာရင်းထဲမှာ အကျုံးဝင်နေတဲ့ နာမ်တရားတွေကို ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ရှုပွားသုံးသပ်ရမလဲ? ဒီအပိုင်းကိုလည်း นိဗ္ဗာနဂါမိနိပဋိပဒါ ဒုတိယတွဲမှာ နာမ်ကမ္မဋ္ဌာန်းပိုင်းဆိုတဲ့နာမည်နဲ့ ပြည့်ပြည့်စုံစုံ ရေးသားထားပါတယ်နော်၊

ခုနက သမုဒယသစ္စာပိုင်းမှာ အကျုံးဝင်နေတဲ့ သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ပုံကို ဟုတ်တိုင်းမှန်စွာသိရှိရေးအတွက် ကြောင်းကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတွေကို ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ရှုပွား သုံးသပ်ရမလဲတဲ့၊ ဒီအပိုင်းကိုလည်း နိဗ္ဗာနဂါမိနိပဋိပဒါအမည်ရတဲ့ တတိယတွဲမှာ ပဋိစ္စသမုပ္ပါဒ်ပိုင်းဆိုတဲ့အမည်နဲ့ ပြည့်ပြည့်စုံစုံ ရေးသားတင်ပြထားပါတယ်၊ ဒုက္ခသစ္စာ၊ သမုဒယသစ္စာအမည်ရနေတဲ့ ဒီသစ္စာနှစ်ပါးက ဝိပဿနာဉာဏ်ရဲ့ အရှုခံအာရုံ ဖြစ်ပါတယ်၊ ထိုဝိပဿနာဉာဏ်ရဲ့ အရှုခံအာရုံဖြစ်တဲ့တရားတွေကို လက္ခဏ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်နည်းအားဖြင့် သိမ်းဆည်းရမယ်ဆိုပြီးတော့ အဋ္ဌကထာများက ပြည့်ပြည့်စုံစုံ ညွှန်ကြားထားပါတယ်၊ အဲဒီညွှန်ကြားချက်အတိုင်း လက္ခဏ, ရသ, ပစ္စုပဋ္ဌာန်, ပဒဋ္ဌာန်နည်းအရ သိမ်းဆည်းပုံ စနစ်ကိုလည်း ပြည့်ပြည့်စုံစုံ နိဗ္ဗာနဂါမိနိပဋိပဒါ စတုတ္ထတွဲမှာ ဖော်ပြထားပါတယ်၊

ဒီ ဒုက္ခသစ္စာ၊ သမုဒယသစ္စာ နှစ်ပါးက ဝိပဿနာဉာဏ်ရဲ့ အရှုခံအာရုံဖြစ်တဲ့အတွက် အရှုခံအာရုံဖြစ်တဲ့ ဒီဒုက္ခသစ္စာတရား၊ သမုဒယသစ္စာတရားတွေကို ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ဝိပဿနာ ရှုပွားသုံးသပ်ရမယ်ဆိုတဲ့အပိုင်းကို နိဗ္ဗာနဂါမိနိပဋိပဒါ ပဉ္စမတွဲမှာ ပြည့်ပြည့်စုံစုံ ဖော်ပြထားပါတယ်၊ ဒါကြောင့် ကျင့်စဉ်ပိုင်းတွေကို ပြည့်ပြည့်စုံစုံ တတ်သိနားလည်ချင်တယ် ဆိုရင်တော့ ထိုနိဗ္ဗာနဂါမိနိပဋိပဒါကျမ်းမှာ ပြည့်ပြည့်စုံစုံပဲ ပြန်ပြီးကြည့်ကြပါလို့ တိုက်တွန်းပါတယ်နော်၊

ဒီနေ့ အလှူရှင်အပေါင်းတို့က ဒီနိဗ္ဗာနဂါမိနိပဋိပဒါကျမ်းစာ ဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းပြီးတော့ လှူဒါန်းပူဇော်ကြတဲ့ အလှူဒါနပွဲ ဖြစ်ပါတယ်၊ ဒီတော့ ဒီအလှူဒါနပွဲမှာ ဘုန်းကြီးဖက်ကလည်း နိဗ္ဗာနဂါမိနိပဋိပဒါကျမ်းစာသည် ဘယ်ကဲ့သို့သော ကျမ်းစာမျိုး ဖြစ်တယ်ဆိုတာကို ခုလို အခါအခွင့်သင့်တုန်း ဟောကြားပြသခွင့်ရတဲ့အတွက် ဘုန်းကြီးလည်း ဝမ်းမြောက်ပါတယ်၊ အလှူရှင်အပေါင်းတို့လည်း ဘုန်းကြီးကဲ့သို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်၊

အဲဒီတော့ ဒီကျင့်စဉ်ပိုင်းတွေမှာ ဘုန်းကြီးက သမာဓိပိုင်းကျင့်စဉ်နှင့် ဝိပဿနာပိုင်းကျင့်စဉ်လောက်ပဲ ဖော်ပြထားတော့ သီလပိုင်းကျင့်စဉ် မပါဖြစ်နေတယ်၊ သီလကျင့်စဉ်ကို ဒီည သုတ္တန်လေးတစ်ခု အတိုချုပ်ပြီးတော့ ဘုန်းကြီးဟောဖို့ ရည်ရွယ်ထားပါတယ်နော်၊

အဲဒီ သုတ္တန်လေးကတော့ အင်္ဂုတ္တိုရ် စတုက္ကနိပါတ်မှာ လာရှိတဲ့ သပ္ပုရိသသုတ္တန်ဖြစ်ပါတယ်နော်၊ အဲဒီ သုတ္တန်မှာ မြတ်စွာဘုရားက ဒီသီလကျင့်စဉ်ပိုင်းမှာ ဘယ်လိုဟောထားလဲ?

‘‘စတူဟိ ဘိက္ခဝေ ဓမ္မေဟိ သမန္နာဂတော အသပ္ပုရိသော ဝေဒိတဗ္ဗော’’ (အံ။၁။၃၈၉။)

စတူဟိ၊ လေးမျိုးကုန်သော၊ ဓမ္မေဟိ၊ တရားတို့နှင့်၊ သမန္နာဂတော၊ ပြည့်စုံနေသော ပုဂ္ဂိုလ်ကို၊ အသပ္ပုရိသော၊ မသူတော်ဟူ၍၊ ဝေဒိတဗ္ဗော၊ သိအပ်၏၊

စသည်ဖြင့် တရားလေးမျိုးနှင့်ပြည့်စုံနေတဲ့ ပုဂ္ဂိုလ်ကို၊ အသပ္ပုရိသ = မသူတော်လို့ သိပါဆိုပြီး ဒီလိုဟောထားတယ်၊ အဲဒီတော့ ဒီဟောကြားချက်ကလေးကို ဘုန်းကြီးက ခုလို ရိပ်သာတွေမှာ အများစုပေါင်းပြီး နေထိုင်တဲ့ အချိန်အခါမှာ တစ်ဦးနဲ့တစ်ဦး တော်တော်လေးကို သတိပြုသင့်တဲ့ သုတ္တန်ပိုင်းဆိုင်ရာ သီလကျင့်စဉ်လေးတွေ ဖြစ်ပါတယ်နော်၊ ဒီတော့ ဒီကျင့်စဉ်လေးတွေကို ခဏခဏ နာကြားကြရမယ်ဆိုရင် စိတ်ဓာတ်ကလေးတွေကို မိမိတို့ ချို့ယွင်းချက်ကလေးတွေကို ခဏခဏ ပြင်လို့ရလိမ့်မယ်လို့ ဘုန်းကြီးက မျှော်လင့်ပါတယ်၊

မသူတော်ဆိုတာက ဘယ်လိုပုဂ္ဂိုလ် ဖြစ်တယ်၊ သူတော်ကောင်းဆိုတာက ဘယ်လိုပုဂ္ဂိုလ်မျိုး ဖြစ်တယ်ဆိုတာကို နည်းနည်းလေး နားလည်ထားစေချင်တယ်၊ ဒီတော့ တရားလေးမျိုးနဲ့ ပြည့်စုံနေတဲ့ပုဂ္ဂိုလ်ကို မသူတော်လို့ သိပါဆိုတော့ ဒီတရားလေးမျိုးဟာ ဘာတွေလဲလို့မေးတော့?

‘‘ဣဓ ဘိက္ခဝေ အသပ္ပုရိသော ယော ဟောတိ ပရဿ အဝဏ္ဏော တံ အပုဋ္ဌောပိ ပါတု ကရောတိ’’ (အံ။၁။၃၈၉။)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့၊ ဣဓ၊ ဤသာသနာတော်၌၊ ယော အသပ္ပုရိသော၊ အကြင်မသူတော်သည်၊ ဟောတိ၊ ဖြစ်၏၊ ပရဿ၊ သူတစ်ပါး၏၊ အဝဏ္ဏော၊ ဂုဏ်ကျေးဇူးမဲ့ အပြစ်သည်၊ ယော ဟောတိ၊ အကြင်အပြစ်ရှိ၏၊ တံ၊ ထိုအပြစ်ကို၊ အပုဋ္ဌောပိ၊ မမေးအပ်သော်လည်း၊ ပါတု ကရောတိ၊ ထင်ရှားစွာ ပြောပြတတ်၏၊

ချစ်သားရဟန်းတို့ ဒီသာသနာတော်မှာ သူတစ်ပါးရဲ့ ဂုဏ်ကျေးဇူးမဲ့အပြစ်တွေကို မမေးဘဲနှင့်တောင်မှ သူက ထင်ရှားပြောပြတတ်တယ်တဲ့၊ သူတစ်ပါး မကောင်းကြောင်းပေါ့၊ တစ်ဖက်က မမေးသေးဘူးလေ၊ သူက ဦးအောင် အရင်ဆုံး ပြောပြလိုက်တယ်၊ အဲဒီလို ပြောပြလိုက်တဲ့ ပုဂ္ဂိုလ်ဟာ သူတော်ကောင်းလား၊ မသူတော်လား? ဟင်! အဲဒါ ဘယ်သူပြောတာလဲ? ဘုန်းကြီးပြောတာ မဟုတ်ပါဘူးနော်၊ ဘုန်းကြီးကို ရန်မတွေ့နဲ့၊ ရန်မတွေ့နဲ့၊ အဲဒါ မြတ်စွာဘုရား ဟောနေတာ၊ သူတစ်ပါးအပြစ်ကို မမေးဘဲနဲ့ အရင်ပြောပြတဲ့ပုဂ္ဂိုလ်ဟာ သူတော်ကောင်းလား? မသူတော်တဲ့၊ ဘယ်နှယ့်တုန်း သီလရှင်တွေကြားကြရဲ့လား? ဟိုနောက်က ယောဂီတွေရောကြားကြရဲ့လား၊ အေး အေး မသူတော်ဖြစ်ချင်သလား၊ သူတော်ကောင်း ဖြစ်ချင်သလား? ဒါကတော့ ပြောမှာပဲ၊ ဒီပွဲထဲမှာ တပည့်တော်က မသူတော်ဖြစ်ချင်ပါတယ် ဆိုရင်တော့ ဒါက အရှက်ကွဲပြီ၊ ဟုတ်တယ် မဟုတ်လား? သူတော်ကောင်း ဖြစ်ချင်တယ်လို့တော့ ပြောမှာပေါ့၊ သူတော်ကောင်း ဖြစ်ချင်ရင် သူတစ်ပါးရဲ့ အပြစ်ကို မမေးဘဲနဲ့ ပြောရမလား၊ မပြောရဘူးလား?

‘‘ပုဋ္ဌော ခေါ ပန ပဥှာဘိနီတော အဟာပေတွာ အလမ္ဗိတွာ ပရိပူရံ ဝိတ္ထာရေန ပရဿ အဝဏ္ဏံ ဘာသိတာ ဟောတိ’’ (အံ။၁။၃၈၉။)

ပုဋ္ဌော ခေါ ပန၊ လှမ်း၍ မေးအပ်သည်ရှိသော်မူလည်းကောင်း၊ ပဥှာဘိနီတော၊ ပြဿနာ အမေးထုတ်၍ ဆောင်အပ်သည်ရှိသော်၊ အဟာပေတွာ၊ တစ်လုံးတစ်ပါဒမျှ မလျော့စေဘဲ၊ အလမ္ဗိတွာ၊ နည်းငယ်မျှ ဆိုင်းတွခြင်း မရှိဘဲ၊ ပရိပူရံ၊ ပြည့်ပြည့်စုံစုံ၊ ဝိတ္ထာရေန၊ အကျယ်ချဲ့၍၊ ပရဿ၊ သူတစ်ပါး၏၊ အဝဏ္ဏံ၊ ဂုဏ်ကျေးဇူးမဲ့ကို၊ ဘာသိတာ ဟောတိ၊ ပြောဆိုတတ်သည် ဖြစ်၏၊

လှမ်းပြီး မေးလိုက်မယ်၊ ဟိုကောင်မ ဘာတွေလုပ်လဲ၊ ဟိုကိုယ်တော်က ဘာတွေလုပ်လဲ? နည်းနည်းလေး မေးလိုက်တယ်၊ မေးသာမေးမယ် ဆိုလို့ရင်ရှိရင်နော်၊ ပြဿနာတစ်ခုက ပေါ်လာလို့ မေးခွန်းလေးတစ်ခု မေးလိုက်တာနဲ့ ဘာဖြစ်လဲ၊ အဟာပေတွာတဲ့၊ တစ်လုံးတစ်ပါဒမှ မလျော့စေရဘူး၊ အလမ္ဗိတွာ = နည်းနည်းမှ ဆိုင်းတွမှု မရှိဘူးတဲ့၊ ဟုတ်လား? ခပ်သွက်သွက်ပေါ့၊ ပရိပူရံ = ပြည့်ပြည့်စုံစုံ၊ ဝိတ္ထာရေန = အကျယ်ချဲ့ပြီးတော့၊ ပရဿ အဝဏ္ဏံ ဘာသိတာ ဟောတိ = သူတစ်ပါးရဲ့ ဂုဏ်ကျေးဇူးမဲ့တွေကို ပြောတယ်တဲ့၊ နည်းနည်းလေးမှ မဆိုင်းတွဘူး၊ ဟုတ်လား၊ ခပ်သွက်သွက်ပေါ့၊ တစ်လုံးမှလည်း ချန်မထားဘူး၊ ပြည့်ပြည့်စုံစုံ ကျယ်ကျယ်ပြန့်ပြန့်ကို သူတစ်ပါးရဲ့ မကောင်းကြောင်းကို ပြောတယ်တဲ့၊ အဲဒီလို ပုဂ္ဂိုလ်ဟာ သူတော်ကောင်းလား၊ မသူတော်လား? (မသူတော်ပါဘုရား) အဲ ဘယ်သူပြောတာလဲ၊ မြတ်စွာဘုရား ဟောတာနော်၊ ဘုန်းကြီးဟောတာ မဟုတ်ဘူးနော်၊ တော်ကြာ ဘုန်းကြီးကို ရန်ထောင်မနေနဲ့၊ ကဲ —

‘‘ဝေဒိတဗ္ဗမေတံ ဘိက္ခဝေ၊ အသပ္ပုရိသော အယံ ဘဝန္တိ’’ (အံ။၁။၃၈၉။)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့၊ ဧတံ၊ ထိုသို့သော ပုဂ္ဂိုလ်မျိုးကို၊ အသပ္ပုရိသော အယံ ဘဝန္တိ၊ ဤပုဂ္ဂိုလ်သည် မသူတော်ဖြစ်၏ဟူ၍၊ ဝေဒိတဗ္ဗံ၊ သိအပ်၏၊

အဲဒီလို ပုဂ္ဂိုလ်မျိုးကို မသူတော်လို့ သိပါတဲ့၊ ဒါက နံပါတ်တစ်၊ နံပါတ်နှစ် ပုဂ္ဂိုလ်က -

‘‘ပုန စပရံ ဘိက္ခဝေ အသပ္ပုရိသော ယော ဟောတိ ပရဿ ဝဏ္ဏော တံ ပုဋ္ဌောပိ န ပါတု ကရောတိ’’ (အံ။၁။၃၈၉။)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့၊ ပုန စပရံ၊ ထို့ပြင်တစ်ပါး၊ ယော အသပ္ပုရိသော၊ အကြင်မသူတော်သည်၊ ဟောတိ၊ ဖြစ်၏၊ ပရဿ၊ သူတစ်ပါး၏၊ ဝဏ္ဏော၊ ဂုဏ်ကျေးဇူး ချီးမွမ်းခြင်းသည်၊ ယော ဟောတိ၊ အကြင်ကောင်းကြောင်းရှိ၏၊ တံ၊ ထိုကောင်းကြောင်းကို၊ ပုဋ္ဌောပိ၊ လာ၍ မေးအပ်သော်လည်း၊ န ပါတု ကရောတိ၊ ထင်ရှားစွာ ပြောပြလေ့မရှိ၊

သူတစ်ပါးရဲ့ ကောင်းကြောင်း ဂုဏ်ကျေးဇူးတွေကို လာပြီးမေးတယ် ဆိုလို့ရှိရင် မေးတာတောင်မှ သူက ထင်ထင်ရှားရှား သိပ်မပြောချင်ဘူးတဲ့၊ ပြောရမှာ သူက စိတ်မပါဘူး၊ သူတစ်ပါး ကောင်းတဲ့အကြောင်းကို သိပ်မပြောချင်ဘူး၊ အမလေး ဒီးဒုတ်လောက်တော့ ငှက်တိုင်းလှပါတယ်၊ ဟုတ်တယ် မဟုတ်လား၊ ဇီးကွက်လောက်တော့ ငှက်တိုင်းလှတယ်၊ ဒီးဒုတ်လောက်တော့ ငှက်တိုင်းလှတယ် စသည်ဖြင့် ဒီလို မြင်လာတယ်၊ နောက်တစ်ခု -

‘‘ကော ပန ဝါဒေါ အပုဋ္ဌဿ’’ (အံ။၁။၃၈၉။)

အပုဋ္ဌဿ၊ မမေးအပ်သော ပုဂ္ဂိုလ်အား၊ ကော ပန ဝါဒေါ၊ အဘယ်မှာ ပြောဆိုခြင်း ရှိအံ့နည်း၊

မမေးသာ မမေးဘူးဆိုရင် သူတစ်ပါး ကောင်းတဲ့အကြောင်း ဘယ်တော့မှ မပြောဘူး၊ မေးတာတောင်မှ သူက ထင်ရှားအောင် မပြောချင်ဘူးတဲ့နော်၊

‘‘ပုဋ္ဌော ခေါ ပန ပဥှာဘိနီတော ဟာပေတွာ လမ္ဗိတွာ အပရိပူရံ အဝိတ္ထာရေန ပရဿ ဝဏ္ဏံ ဘာသိတာ ဟောတိ’’ (အံ။၁။၃၈၉။)

ပုဋ္ဌော ခေါ ပန၊ မေးမြန်းအပ်သည်ရှိသော်မူလည်းကောင်း၊ ပဥှာဘိနီတော၊ ပြဿနာထုတ်၍ မေးမြန်းအပ်သည်ရှိသော်၊ ဟာပေတွာ၊ လျှော့၍၊ လမ္ဗိတွာ၊ ဆိုင်းဆိုင်းတွတွ ပြု၍၊ အပရိပူရံ၊ မပြည့်မစုံ၊ အဝိတ္ထာရေန၊ အကျယ်မချဲ့ဘဲ၊ ပရဿ၊ သူတစ်ပါး၏၊ ဝဏ္ဏံ၊ ကောင်းသောဂုဏ်ကို၊ ဘာသိတာ ဟောတိ၊ ပြောဆိုတတ်သည် ဖြစ်၏၊

အကြောင်းအရာ တစ်ခုရှိလို့ ပြဿနာထုတ်ပြီးတော့ လှမ်းပြီး မေးလိုက်မယ် ဆိုလို့ရှိရင်တော့ လျှော့လျှော့ပေါ့ပေါ့ ပြောတတ်တယ်၊ သူတစ်ပါးရဲ့ ကောင်းတဲ့အကြောင်း လျှော့လျှော့ပေါ့ပေါ့ ပြောတယ်၊ လမ္ဗိတွာ = လျှော့လျှော့ပေါ့ပေါ့နဲ့ ဆိုင်းဆိုင်းတွတွလေးနဲ့နော်၊ ငါတော့ကွယ် သူများအကြောင်း သိပ်ပြီး မပြောချင်ပါဘူး၊ သူက ဒီလိုဒီလို။ ခပ်ဆိုင်းဆိုင်းတွတွလေးနဲ့နော်၊ အပရိပူရံ = သူတစ်ပါး ကောင်းတဲ့အကြောင်းကို မပြည့်မစုံ ပြောတယ်၊ အဝိတ္ထာရေန = အကျယ်ချဲ့ပြီး ဘယ်တော့မှ မပြောဘူး၊ ခပ်တိုတိုပဲ ပြောလိုက်တယ်တဲ့နော်၊ သူတစ်ပါး ကောင်းတဲ့ဂုဏ်သတင်းကို အဲဒီလို မပြောပြချင်တဲ့ ပုဂ္ဂိုလ်၊ အဲဒီလို ပုဂ္ဂိုလ်ဟာ သူတော်ကောင်းလား၊ မသူတော်လား? မသူတော်ပဲ၊ အဲဒါကလည်း မြတ်စွာဘုရား ဟောတာပဲနော်၊ နောက်တစ်ခု နံပါတ်သုံး မသူတော်၊

‘‘ပုန စပရံ ဘိက္ခဝေ အသပ္ပုရိသော ယော ဟောတိ အတ္တနော အဝဏ္ဏော တံ ပုဋ္ဌောပိ န ပါတု ကရောတိ’’ (အံ။၁။၃၈၉။)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့၊ ပုန စပရံ၊ ထို့ပြင်တစ်ပါး၊ ယော အသပ္ပုရိသော၊ အကြင်မသူတော်သည်၊ ဟောတိ၊ ဖြစ်၏၊ အတ္တနော၊ မိမိ၏၊ အဝဏ္ဏော၊ မကောင်းသော အပြစ်သည်၊ ယော ဟောတိ၊ အကြင်အပြစ်ရှိ၏၊ တံ၊ ထိုအပြစ်ကို၊ ပုဋ္ဌောပိ၊ လာ၍ မေးအပ်သော်လည်း၊ န ပါတု ကရောတိ၊ ထင်ရှားစွာ ဝန်ခံပြောပြလေ့မရှိ၊

နောက်ထပ် မသူတော်တစ်ဦး၊ မိမိရဲ့ မကောင်းတဲ့ကြောင်း ဂုဏ်ကျေးဇူးမဲ့တဲ့အချက် အကြောင်းအရာတွေ ရှိတယ်၊ အဲဒီ အကြောင်းအရာတွေကို သူတစ်ပါးတွေကနေပြီးတော့ လာမေးပြီ၊ အရှင်ဘုရား ဒီလို ဒီလို အာပတ်တွေ လွန်ကျူးနေတယ်ဆိုတာ ဟုတ်သလား? မေးလိုက်တယ်၊ မေးလိုက်တဲ့ အချိန်အခါကျတော့ သူက ဘာပြောလဲ?

န ပါတု ကရောတိ တဲ့၊ ထင်ထင်ရှားရှား သူဘယ်တော့မှ ဝန်မခံဘူး၊ ဝေ့လည်ကြောင်ပတ် လုပ်နေတယ်နော်၊ ဟုတ်သလိုလို၊ မဟုတ်သလိုလိုနဲ့ မဟုတ်ဘူး ပြောရင်လည်း သူက ဟို လိမ်တဲ့အဓိပ္ပာယ်က ပေါ်သွားမှာစိုးလို့၊ ဟုတ်သလိုလို၊ မဟုတ်သလိုလို၊ ဘာလိုလို၊ ညာလိုလိုနဲ့ ဟိုလွှဲလိုက် ဒီလွှဲလိုက် လုပ်နေတယ်၊ နောက်တစ်ခု၊

‘‘ကော ပန ဝါဒေါ အပုဋ္ဌဿ’’ (အံ။၁။၃၈၉။)

အပုဋ္ဌဿ၊ မမေးအပ်သော ပုဂ္ဂိုလ်အား၊ ကော ပန ဝါဒေါ၊ အဘယ်မှာ ပြောဆိုခြင်း ရှိအံ့နည်း၊

မမေးသာ မမေးဘူးဆိုရင် သူက ဘယ်တော့မှ မိမိရဲ့ မကောင်းကြောင်းကို မပြောဘူး၊

‘‘ပုဋ္ဌော ခေါ ပန ပဥှာဘိနီတော ဟာပေတွာ လမ္ဗိတွာ အပရိပူရံ အဝိတ္ထာရေန အတ္တနော အဝဏ္ဏံ ဘာသိတာ ဟောတိ’’ (အံ။၁။၃၈၉။)

ပုဋ္ဌော ခေါ ပန၊ မေးမြန်းအပ်သည်ရှိသော်မူလည်းကောင်း၊ ပဥှာဘိနီတော၊ ပြဿနာထုတ်၍ မေးမြန်းအပ်သည်ရှိသော်၊ ဟာပေတွာ၊ လျှော့၍၊ လမ္ဗိတွာ၊ ဆိုင်းဆိုင်းတွတွ ပြု၍၊ အပရိပူရံ၊ မပြည့်မစုံ၊ အဝိတ္ထာရေန၊ အကျယ်မချဲ့ဘဲ၊ အတ္တနော၊ မိမိ၏၊ အဝဏ္ဏံ၊ မကောင်းသော အပြစ်ကို၊ ဘာသိတာ ဟောတိ၊ ပြောဆိုတတ်သည် ဖြစ်၏၊

မေးမြန်းခဲ့မယ်၊ အကြောင်းအရာတစ်ခုရှိလို့ မေးခွန်းထုတ်ပြီး မေးမြန်းခဲ့မယ်ဆိုရင် လျှော့လျှော့ပေါ့ပေါ့၊ ဆိုင်းဆိုင်းတွတွလေးနဲ့ မိမိရဲ့ မကောင်းကြောင်းကို အကျယ်မချဲ့ဘဲ ခပ်ကျဉ်းကျဉ်း ခပ်တိုတိုလေး ပြောတတ်တယ်တဲ့၊ မှန်တဲ့အတိုင်း တိတိကျကျ ပြန်ပြီးတော့ မပြောဘူး၊ အဲဒီလို ပုဂ္ဂိုလ်ကလည်းပဲ သူတော်ကောင်းလား၊ မသူတော်လား? မသူတော်ပဲတဲ့၊ ကဲ နောက်တစ်ခု၊

‘‘ပုန စပရံ ဘိက္ခဝေ အသပ္ပုရိသော ယော ဟောတိ အတ္တနော ဝဏ္ဏော တံ အပုဋ္ဌောပိ ပါတု ကရောတိ’’ (အံ။၁။၃၈၉။)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့၊ ပုန စပရံ၊ ထို့ပြင်တစ်ပါး၊ ယော အသပ္ပုရိသော၊ အကြင်မသူတော်သည်၊ ဟောတိ၊ ဖြစ်၏၊ အတ္တနော၊ မိမိ၏၊ ဝဏ္ဏော၊ ကောင်းသောဂုဏ်ကျေးဇူးသည်၊ ယော ဟောတိ၊ အကြင်ဂုဏ်ရှိ၏၊ တံ၊ ထိုဂုဏ်ကို၊ အပုဋ္ဌောပိ၊ မမေးအပ်သော်လည်း၊ ပါတု ကရောတိ၊ ထင်ရှားစွာ ထုတ်ဖော်ပြောဆိုတတ်၏၊

နောက်တစ်မျိုးကတော့ ပုဂ္ဂိုလ်တစ်ယောက်က မိမိရဲ့ ဂုဏ်ကျေးဇူးတွေ ရှိတယ်၊ မိမိရဲ့ ကောင်းတဲ့ အကြောင်းပေါ့လေ၊ ငါစာမေးပွဲ ဘာတွေ အောင်ခဲ့တယ်၊ ဘယ်မှာ ဘီအေ အောင်ခဲ့တယ်၊ ဘယ်မှာ ဓမ္မာစရိယ ဘယ်လို အောင်ခဲ့တယ်ပေါ့၊ ဟုတ်တယ် မဟုတ်လား? ကောင်းတဲ့အကြောင်းတွေ၊ ကောင်းတဲ့အကြောင်းတွေ၊ အဲဒီ ကောင်းတဲ့အကြောင်းတွေကို "အပုဋ္ဌောပိ ပါတုကရောတိ" သူတစ်ပါးက မမေးရသေးဘူး၊ ကိုယ်က အရင်စပြီး ပြောပြီ၊ ဟုတ်တယ် မဟုတ်လား? သူတစ်ပါး မမေးရသေးဘဲနဲ့ ကိုယ်က အရင်စပြီး ပြောပြလိုက်တယ်၊ ငါကဘယ်လို ဘယ်လူ့သမီး၊ ဘယ်သူဋ္ဌေးသမီး၊ ငါငယ်ငယ်တုန်းက ဘယ်လောက် ချမ်းသာတယ်၊ ငါ့အမေက ဘယ်လောက် ချမ်းသာတယ်၊ ငါ့အဖေက ဘယ်လောက် ချမ်းသာတယ်ပေါ့၊ ဟုတ်တယ် မဟုတ်လား? အဲဒီ ပုံစံဖြင့် မိမိရဲ့ ကောင်းတဲ့အကြောင်းတွေကို သူတစ်ပါး မမေးဘဲနဲ့ အရင်စပြီး ထုတ်ဖော်ပြောတယ်တဲ့၊ ပြောလိုက်တဲ့ အချိန်အခါမှာ-

‘‘ကော ပန ဝါဒေါ ပုဋ္ဌဿ’’ (အံ။၁။၃၈၉။)

ပုဋ္ဌဿ၊ မေးမြန်းအပ်သော ပုဂ္ဂိုလ်အား၊ ကော ပန ဝါဒေါ၊ အဘယ်မှာ ပြောဆိုခြင်း ရှိအံ့နည်း၊

မေးသာမေးမယ် ဆိုလို့ရှိရင်တော့ ပြောပြလို့ မကုန်ဘူး၊ ပြောမဆုံးပေါင် တောသုံးထောင်၊ ဟို ဘုန်းကြီးတို့ Ngelငယ်က ပြောနေကျ စကားလုံးနဲ့ ပြောမယ်ဆိုရင်တော့ ဟိမဝန္တာ ချီးမွမ်းခန်း ဖွင့်တယ်ပေါ့၊ မဒ္ဒီဒေဝီက ဝေဿန္တရာမင်းကြီးနဲ့အတူ ဟိမဝန္တာတော မထွက်ခင်မှာ ဝေဿန္တရာမင်းကြီးက သူ့နောက်ကို မလိုက်ဘဲနဲ့ သားငယ်၊ သမီးငယ်ဖြစ်တဲ့ ဇာလီ၊ ကဏှာဇိန်တို့နဲ့အတူ ဒီနန်းတွင်းမှာ နေခဲ့ဖို့ ပြောလိုက်တဲ့အခါမှာ မဒ္ဒီဒေဝီက သူမမြင်ဘူးတဲ့ ဟိမဝန္တာကို အင်မတန် ချီးမွမ်းတယ်၊ အင်မတန် ကျယ်ကျယ်ပြန့်ပြန့် ချီးမွမ်းတယ်၊ အဲဒီဟာကို စာပေနယ်က ဟိမဝန္တာချီးမွမ်းခန်း ဖွင့်တယ်တဲ့ ဟုတ်လား? ခုလည်း ဒီအတိုင်းပဲ၊ မိမိရဲ့ ကောင်းတဲ့အကြောင်း ဆိုလို့ရှိရင် သူတစ်ပါးက ဘာမှ မမေးရသေးဘူး၊ ဟိမဝန္တာချီးမွမ်းခန်း ဖွင့်လိုက်ပြီနော်၊ မေးသာ မေးလိုက်မယ် ဆိုလို့ရှိရင်တော့ ပြောလို့ မကုန်တော့ဘူးတဲ့၊

‘‘ပုဋ္ဌော ခေါ ပန ပဥှာဘိနီတော အဟာပေတွာ အလမ္ဗိတွာ ပရိပူရံ ဝိတ္ထာရေန အတ္တနော ဝဏ္ဏံ ဘာသိတာ ဟောတိ’’ (အံ။၁။၃၈၉။)

ပုဋ္ဌော ခေါ ပန၊ မေးမြန်းအပ်သည်ရှိသော်မူလည်းကောင်း၊ ပဥှာဘိနီတော၊ ပြဿနာထုတ်၍ မေးမြန်းအပ်သည်ရှိသော်၊ အဟာပေတွာ၊ တစ်လုံးတစ်ပါဒမျှ မလျော့စေဘဲ၊ အလမ္ဗိတွာ၊ နည်းငယ်မျှ ဆိုင်းတွခြင်း မရှိဘဲ၊ ပရိပူရံ၊ ပြည့်ပြည့်စုံစုံ၊ ဝိတ္ထာရေန၊ အကျယ်ချဲ့၍၊ အတ္တနော၊ မိမိ၏၊ ဝဏ္ဏံ၊ ကောင်းသောဂုဏ်ကို၊ ဘာသိတာ ဟောတိ၊ ပြောဆိုတတ်သည် ဖြစ်၏၊

မေးသာမေးမယ် ဆိုလို့ရှိရင်တော့ မိမိရဲ့ကောင်းတဲ့ဂုဏ်သတင်းတွေကို နည်းနည်းလေးမှ လျှော့မပြောဘူး၊ နည်းနည်းမှလည်း ဆိုင်းတွမှု မရှိဘူး၊ ပြည့်ပြည့်စုံစုံ၊ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ကျကျနန မိမိရဲ့ ဂုဏ်ကျေးဇူးတွေကို ထုတ်ဖော်ပြီး ပြောပြတတ်တယ်တဲ့၊ ကဲ ဘယ်လိုတုန်း? အဲဒီ ပုဂ္ဂိုလ်ဟာလည်း သူတော်ကောင်းလား၊ မသူတော်လား? မသူတော်ပဲတဲ့နော်၊ အားလုံး ဘယ်နှစ်ယောက် ရှိသွားလဲ? လေးဦး၊ မှတ်မိပြီးလား? ဘုန်းကြီးက ထပ်ပြောချင်လို့မေးတာ၊ ဟုတ်တယ်မဟုတ်လား?

နံပါတ်တစ်က ဘာလဲ? နံပါတ်တစ်ပုဂ္ဂိုလ်က သူတစ်ပါးရဲ့ ဂုဏ်ကျေးဇူးမဲ့တွေကို မမေးဘဲနဲ့ ပြောပြတတ်တယ်၊ မေးရင်တော့ အကျယ်ချဲ့ပြီးတော့ ပြည့်ပြည့်စုံစုံ ဆိုင်းဆိုင်းတွတွ မရှိဘဲ အကုန်လုံး အပြည်အစုံ ပြောပြလိုက်တယ်၊ ဒါကတစ်ခု၊

နံပါတ်နှစ်ပုဂ္ဂိုလ်ကျတော့ သူတစ်ပါးရဲ့ ဂုဏ်ကျေးဇူးကို ထင်ထင်ရှားရှား မပြောချင်ဘူး၊ မလွှဲသာမရှောင်သာလို့ မေးရင်လည်း လျှော့လျှော့ပေါ့ပေါ့လေး ပြောတတ်တယ်၊ ပြည့်ပြည့်စုံစုံ ဘယ်တော့မှ မပြောဘူး၊ ဆိုင်းဆိုင်းတွတွနဲ့ ပြောတယ်၊

နံပါတ်သုံးကတော့ မိမိရဲ့ ဂုဏ်ကျေးဇူးမဲ့၊ မိမိရဲ့မကောင်းတဲ့ သတင်းတွေ ဒီအကြောင်းကို ဘယ်တော့မှ မပြောဘူး၊ အမြဲတမ်း ဖုံးအုပ်ထားတယ်၊ မလွှဲသာ မရှောင်သာလို့ လာပြီးတော့မေးမယ် ဆိုလို့ရှိရင်လည်း (မမေးရင်တော့ ဘယ်တော့မှ မပြောဘူး) မလွှဲသာ မရှောင်သာလို့ မေးခဲ့မယ်ဆိုရင်လည်း ဆိုင်းဆိုင်းတွတွနဲ့ လျှော့လျှော့ပေါ့ပေါ့ မပြည့်မစုံဘဲနဲ့ ပြောပြတတ်တယ်၊

နံပါတ်လေးကတော့ မိမိရဲ့ ဂုဏ်ကျေးဇူးပဲ၊ မိမိရဲ့ ဂုဏ်ကျေးဇူး မမေးတောင်မှ သူက ပြောတယ်၊ မေးမယ်ဆိုရင်တော့ ပြောစရာတောင် မလိုဘူး၊ ဟိမဝန္တာ ချီးမွမ်းခန်း အကြီးအကျယ် ဖွင့်တော့တာပဲနော်၊ ကဲ နောက်တစ်ခု- သူတော်ကောင်းအကြောင်း ပြောမယ်၊

‘‘စတူဟိ ဘိက္ခဝေ ဓမ္မေဟိ သမန္နာဂတော သပ္ပုရိသော ဝေဒိတဗ္ဗော’’

စတူဟိ၊ လေးမျိုးကုန်သော၊ ဓမ္မေဟိ၊ တရားတို့နှင့်၊ သမန္နာဂတော၊ ပြည့်စုံနေသော ပုဂ္ဂိုလ်ကို၊ သပ္ပုရိသော၊ သူတော်ကောင်းဟူ၍၊ ဝေဒိတဗ္ဗော၊ သိအပ်၏၊

တရားလေးမျိုးနှင့် ပြည့်စုံနေတဲ့ပုဂ္ဂိုလ်ကို သူတော်ကောင်းလို့ သိရမယ်၊ ဘာလေးမျိုးလဲ?

‘‘ဣဓ ဘိက္ခဝေ သပ္ပုရိသော ယော ဟောတိ ပရဿ အဝဏ္ဏော တံ ပုဋ္ဌောပိ န ပါတု ကရောတိ။ ကော ပန ဝါဒေါ အပုဋ္ဌဿ’’ (အံ။၁။၃၈၉။)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့၊ ဣဓ၊ ဤသာသနာတော်၌၊ ယော သပ္ပုရိသော၊ အကြင်သူတော်ကောင်းသည်၊ ဟောတိ၊ ဖြစ်၏၊ ပရဿ၊ သူတစ်ပါး၏၊ အဝဏ္ဏော၊ မကောင်းသော အပြစ်သည်၊ ယော ဟောတိ၊ အကြင်အပြစ်ရှိ၏၊ တံ၊ ထိုအပြစ်ကို၊ ပုဋ္ဌောပိ၊ လာ၍ မေးအပ်သော်လည်း၊ န ပါတု ကရောတိ၊ ထင်ရှားစွာ ပြောပြလေ့မရှိ၊ အပုဋ္ဌဿ၊ မမေးအပ်သော ပုဂ္ဂိုလ်အား၊ ကော ပန ဝါဒေါ၊ အဘယ်မှာ ပြောဆိုခြင်း ရှိအံ့နည်း၊

လောကမှာ မသူတော်တွေ တစ်ခြားပုဂ္ဂိုလ်တစ်ယောက်ရဲ့ ဂုဏ်ကျေးဇူးမဲ့တွေရှိတယ်၊ မကောင်းသတင်းတွေ ရှိတယ်၊ အဲဒီ မကောင်းသတင်းတွေကို လာပြီး မေးမယ်ဆိုရင်တောင်မှ သူက ပေါ်ပေါ်လွင်လွင် သိပ်မပြောဘူး၊ သူတစ်ပါး မကောင်းကြောင်းကို သိပ်မပြောဘူး၊ ထင်ထင်ရှားရှား သိပ်မပြောချင်ဘူး၊ အကယ်၍ မမေးဘူး ဆိုလို့ရှိရင်တော့ ဘာမှကို သူတစ်ပါး မကောင်းကြောင်း ဘယ်တော့မှ မပြောဘူး၊ နောက်တစ်ခု-

‘‘ပုဋ္ဌော ခေါ ပန ပဥှာဘိနီတော ဟာပေတွာ လမ္ဗိတွာ အပရိပူရံ အဝိတ္ထာရေန ပရဿ အဝဏ္ဏံ ဘာသိတာ ဟောတိ’’ (အံ။၁။၃၈၉။)

ပုဋ္ဌော ခေါ ပန၊ မေးအပ်သည်ဖြစ်၍သာလျှင်မူလည်းကောင်း၊ ပဥှာဘိနီတော၊ ပြဿနာတစ်ခုခု ထုတ်ဆောင်၍ မေးအပ်သည်ဖြစ်၍၎င်း၊ ဟာပေတွာ၊ ချန်လှပ်၍၊ လမ္ဗိတွာ၊ ဆိုင်းဆိုင်းတွတွ ပြု၍၊ အပရိပူရံ၊ မပြည့်မစုံ၊ အဝိတ္ထာရေန၊ အကျယ်မချဲ့ဘဲ၊ ပရဿ၊ သူတစ်ပါး၏၊ အဝဏ္ဏံ၊ မကောင်းကြောင်းကို၊ ဘာသိတာ ဟောတိ၊ ပြောဆိုတတ်သည် ဖြစ်၏။

အကြောင်းကိစ္စ တစ်ခုခုရှိလို့ပေါ့နော်၊ သက်သေအရာမှ တည်ပြီးတော့ လာပြီးမေးမယ် ဆိုရင်တောင်မှ သူတစ်ပါးရဲ့ မကောင်းကြောင်းကို ဆိုင်းဆိုင်းတွတွလေးနဲ့ လျှော့လျှော့ပေါ့ပေါ့လေးနဲ့ ပြောတယ်၊ မပြည့်မစုံပြောတယ်၊ ဘယ်တော့မှ အကျယ်ချဲ့ပြီးတော့ မပြောဘူး၊ လိုရင်းလောက်ကလေးပဲ တစ်ခွန်းစ နှစ်ခွန်းစ ဒီလောက်ပဲ ပြောတယ်၊ ဒီတော့ သူတစ်ပါး မကောင်းကြောင်းကို သူက အမြဲတမ်း မပြောချင်ဘူးတဲ့ ပုဂ္ဂိုလ်တစ်မျိုး၊ အဲဒီလို ပုဂ္ဂိုလ်မျိုးကိုလည်း ဘုရားရှင်က သပ္ပုရိသ၊ သူတော်ကောင်းဆိုပြီးတော့ ဟောတယ်၊ နောက်တစ်ခု -

‘‘ပုန စပရံ ဘိက္ခဝေ သပ္ပုရိသော ယော ဟောတိ ပရဿ ဝဏ္ဏော တံ အပုဋ္ဌောပိ ပါတု ကရောတိ။ ကော ပန ဝါဒေါ ပုဋ္ဌဿ’’ (အံ။၁။၃၉၀။)

သူတစ်ပါးရဲ့ ကောင်းနေတဲ့ ဂုဏ်ကျေးဇူးတွေရှိတယ်၊ အဲဒီ ဂုဏ်ကျေးဇူးတွေကိုကျတော့ သူက မမေးဘဲနဲ့သော်လည်း ပြောပြတတ်တယ်၊ မေးသာမေးမယ် ဆိုလို့ရှိရင်တော့ ဘာမှ ပြောဖွယ်ရာ မလိုတော့ဘူးတဲ့နော်၊

‘‘ပုဋ္ဌော ခေါ ပန ပဥှာဘိနီတော အဟာပေတွာ အလမ္ဗိတွာ ပရိပူရံ ဝိတ္ထာရေန ပရဿ ဝဏ္ဏံ ဘာသိတာ ဟောတိ’’ (အံ။၁။၃၉၀။)

ပုဋ္ဌော ခေါ ပန၊ မေးအပ်သည်ဖြစ်၍သာလျှင်မူလည်းကောင်း၊ ပဥှာဘိနီတော၊ ပြဿနာတစ်ခုခု ထုတ်ဆောင်၍ မေးအပ်သည်ဖြစ်၍၎င်း၊ အဟာပေတွာ၊ မချန်မလှပ်ဘဲ၊ အလမ္ဗိတွာ၊ မဆိုင်းမတွဘဲ၊ ပရိပူရံ၊ ပြည့်ပြည့်စုံစုံ၊ ဝိတ္ထာရေန၊ အကျယ်ချဲ့၍၊ ပရဿ၊ သူတစ်ပါး၏၊ ဝဏ္ဏံ၊ ဂုဏ်ကျေးဇူးကို၊ ဘာသိတာ ဟောတိ၊ ပြောဆိုတတ်သည် ဖြစ်၏။

မေးသာ မေးခဲ့မယ် ဆိုလို့ရှိရင်တော့ သူတစ်ပါးရဲ့ ဂုဏ်ကျေးဇူးတွေကို ဘယ်တော့မှ မဆိုင်းမတွဘဲနဲ့ အကျယ်ချဲ့ပြီးတော့ ပြည့်ပြည့်စုံစုံ သူက ပြောပြတတ်တယ်၊ ဒီလို ပုဂ္ဂိုလ်ကိုလည်း သပ္ပုရိသ၊ သူတော်ကောင်းလို့ခေါ်တယ်၊ နောက်တစ်ခု -

‘‘ပုန စပရံ ဘိက္ခဝေ သပ္ပုရိသော ယော ဟောတိ အတ္တနော အဝဏ္ဏော တံ အပုဋ္ဌောပိ ပါတု ကရောတိ။ ကော ပန ဝါဒေါ ပုဋ္ဌဿ’’ (အံ။၁။၃၉၀။)

ပုဂ္ဂိုလ်တစ်ယောက် မိမိရဲ့ မကောင်းတဲ့ ဂုဏ်ကျေးဇူးတွေ မိမိရဲ့ အပြစ်တွေ ရှိတယ်၊ အဲဒီ အပြစ်တွေ မမေးဘဲနဲ့သော်လည်း သူက ပြောပြတတ်တယ်၊ အဲဒီတော့ ငါတော့ကွယ် ဒီအပြစ် ဒီအပြစ်တွေကို လွန်ကျူးမိတယ်၊ အဲဒီတော့ ဒီအပြစ် ဒီအပြစ်တွေကို တပည့်တော် တောင်းပန်ပါတယ်၊ နောင်အခါ တပည့်တော် ဘယ်တော့မှ မလွန်ကျူးပါဘူး ဆိုပြီးတော့ အခု ဘုန်းကြီးတွေ ဒေသနာကြားတယ်ပေါ့၊ ဆောင့်ကြောင့်လေးတွေ ထိုင်တယ်၊ တစ်ပါးနဲ့ တစ်ပါး လက်အုပ်ချီလို့၊ ဟုတ်တယ်မဟုတ်လား? အဲဒါ ဘာလုပ်တာလဲ? ဒါ အပြစ်ကို ဝန်ခံနေတာ၊ တပည့်တော် ဒီအပြစ် ဒီအပြစ် လွန်ကျူးမိတယ်၊ အဲဒါကြောင့် အရှင်ဘုရား တပည့်တော်ကို ဒီအပြစ်ကို လက်ခံတော်မူပါ၊ နောင်အခါ တပည့်တော် ဒီအပြစ်ကို ဘယ်တော့မှ မလွန်ကျူးဘူး၊ စောင့်စည်းပါ့မယ်၊ အဲဒီလို ပြောတာ၊ အဲဒါ နားမလည်တဲ့ ပုဂ္ဂိုလ်ကတော့ ဒါမျိုး ဘာလုပ်တယ်မှန်းတော့ သိချင်မှ သိမယ်နော်၊ နားလည်တဲ့ ပုဂ္ဂိုလ်ကတော့ စိတ်ထဲမှာ စိတ်ပါလက်ပါနဲ့ တကယ်ဝန်ချ တောင်းပန်တာပဲ၊ ဒါသူတော်ကောင်းတို့ရဲ့ သဘောပဲ၊ မိမိမှာ အပြစ်ရှိခဲ့ရင် ဒီအပြစ်ကို ထင်ရှားပြတယ်၊ ဘယ်တော့မှ မလျှို့ဝှက်ထားဘူး၊ ထင်ရှားပြောပြီးတော့ အကယ်၍များ မေးခဲ့မယ်ဆိုရင် -

‘‘ပုဋ္ဌော ခေါ ပန ပဥှာဘိနီတော အဟာပေတွာ အလမ္ဗိတွာ ပရိပူရံ ဝိတ္ထာရေန အတ္တနော အဝဏ္ဏံ ဘာသိတာ ဟောတိ’’ (အံ။၁။၃၉၀။)

ပုဋ္ဌော ခေါ ပန၊ မေးအပ်သည်ဖြစ်၍သာလျှင်မူလည်းကောင်း၊ ပဥှာဘိနီတော၊ ပြဿနာတစ်ခုခု ထုတ်ဆောင်၍ မေးအပ်သည်ဖြစ်၍၎င်း၊ အဟာပေတွာ၊ မချန်မလှပ်ဘဲ၊ အလမ္ဗိတွာ၊ မဆိုင်းမတွဘဲ၊ ပရိပူရံ၊ ပြည့်ပြည့်စုံစုံ၊ ဝိတ္ထာရေန၊ အကျယ်ချဲ့၍၊ အတ္တနော၊ မိမိ၏၊ အဝဏ္ဏံ၊ မကောင်းကြောင်း အပြစ်ကို၊ ဘာသိတာ ဟောတိ၊ ပြောဆိုတတ်သည် ဖြစ်၏။

ပြဿနာတစ်ခုခု ထုတ်ဆောင်ပြီးတော့ မေးခဲ့မယ် ဆိုလို့ရှိရင်တော့ မိမိရဲ့ အပြစ်ကို ခြွင်းချက်မရှိ မဆိုင်းမတွဘဲနဲ့ ပြည့်ပြည့်စုံစုံပြောတယ်၊ ဝန်ခံတယ်၊ မှားရင် မှားတဲ့အတိုင်း ကျကျနန ဝန်ခံလိုက်တယ်၊ အဲဒီလို ဝန်ခံတဲ့ ပုဂ္ဂိုလ်မျိုးကိုလည်း ဘုရားရှင်က သူတော်ကောင်းအဖြစ် သတ်မှတ်တယ်၊ ဒါ ကိုယ့်အပြစ်ကို ကိုယ်ကျကျနန ဝန်ခံတာ ဒါဘုရားရှင်က နှစ်ခြိုက်တယ်၊ နောက်တစ်ခု -

‘‘ပုန စပရံ ဘိက္ခဝေ သပ္ပုရိသော ယော ဟောတိ အတ္တနော ဝဏ္ဏော တံ ပုဋ္ဌောပိ န ပါတု ကရောတိ။ ကော ပန ဝါဒေါ အပုဋ္ဌဿ’’ (အံ။၁။၃၉၀။)

နောက်တစ်မျိုး၊ သူတော်ကောင်းဆိုတာက မိမိရဲ့ ဂုဏ်ကျေးဇူးတွေ ရှိတယ်၊ အဲဒီ ဂုဏ်ကျေးဇူးကို ဘယ်တော့မှ ထင်ရှားမပြဘူး၊ ဘုန်းကြီးတို့ အပ္ပိစ္ဆပုဂ္ဂိုလ်တွေရဲ့ ဂုဏ်ကျေးဇူးနော်၊ မိမိဟာ အလိုနည်းပါးတဲ့ ပုဂ္ဂိုလ်ဖြစ်တယ် ဆိုတာကို သူတစ်ပါး သိမှာ သိပ်ရှက်တယ်၊ မိမိ ဘာတရားတွေ ရနေတယ်, မိမိက ဈာန်တွေမှာ သမထမှာ ဘယ်လိုအောင်မြင်တယ်, ဝိပဿနာ ဘယ်လိုအောင်မြင်တယ်, မဂ်ဉာဏ်, ဖိုလ်ဉာဏ် ဘယ်လိုရတယ်၊ ဘယ်တော့မှ မပြောချင်ဘူး၊ လျှို့ဝှက်ထားတယ်၊ ရှက်တာ, ရှက်တာနော်၊ အဲဒီတော့ မိမိရဲ့ ဂုဏ်ကျေးဇူးတွေကို ဘယ်တော့မှ ထင်ရှား မပြောပြဘူး၊

ကော ပန ဝါဒေါ အပုဋ္ဌဿ၊ မမေးအပ်သည်ဖြစ်၍ မထင်ရှားပြခြင်း၌ကား အဘယ်ပြောဖွယ်ရာ ရှိအံ့နည်း။ မမေးသာ မမေးရင် ဘာမှမပြောဘူး၊

ဘုန်းကြီးတို့ စာမှာ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ ဝတ္ထုလေးတစ်ခု လာပါတယ်၊ ရဟန္တာ မထေရ်မြတ်ကြီးတစ်ပါးနဲ့ တောထွက် ကိုယ်တော်မြတ်ကြီးတစ်ပါး ကျောင်းတစ်ကျောင်းမှာ သီတင်းသုံးတော့ ဆွမ်းခံကြွတယ်၊ တစ်နေ့ ဆွမ်းခံကြွရင်းနဲ့ တောထွက်ကိုယ်တော်ကြီးက နောက်ကနေ လိုက်လာရင်း အရှေ့က ရဟန္တာမထေရ်ကြီးကို သူက မသိဘဲကိုး၊ မသိတော့ မေးတယ်၊ အရှင်ဘုရား ရဟန္တာမထေရ်ဆိုတာ ဘယ်လိုပုဂ္ဂိုလ်လဲတဲ့၊ ဒီတော့ ရှေ့က ရဟန္တာမထေရ်ကြီးက ဘာပြန်ပြောလဲ၊ ငါ့ရှင် တစ်ချို့ အသက်ကြီးမှ သာသနာဘောင်သို့ ဝင်ရောက်ပြီး ရှင်ရဟန်းပြုလာတဲ့ ပုဂ္ဂိုလ်တွေဟာ ရဟန္တာနဲ့ အတူနေတာတောင်မှ ဒါဟာ ရဟန္တာလို့ သိဖို့ အင်မတန် ခက်ခဲပါတယ်ဆိုပြီး ဒီလောက် ပြောလိုက်တယ်၊ အဲဒါတောင်မှ ဒီကိုယ်တော် မရိပ်မိဘူးနော်၊ အဲဒီ ပုံစံမျိုးပဲ၊ မိမိရဲ့ ဂုဏ်ကျေးဇူးကို ဘယ်တော့မှ ထုတ်ဖော်ပြီး မပြောဘူး၊ ငါဟာ ရဟန္တာပဲလို့ ဘယ်တော့မှ သွားပြီး မကြေညာဘူး၊ မလွှဲသာ မရှောင်သာလို့ ခုလိုမေးခဲ့မယ်ဆိုရင်လည်း -

‘‘ပုဋ္ဌော ခေါ ပန ပဥှာဘိနီတော ဟာပေတွာ လမ္ဗိတွာ အပရိပူရံ အဝိတ္ထာရေန အတ္တနော ဝဏ္ဏံ ဘာသိတာ ဟောတိ’’ (အံ။၁။၃၉၀။)

ပုဋ္ဌော ခေါ ပန၊ မေးအပ်သည်ဖြစ်၍သာလျှင်မူလည်းကောင်း၊ ပဥှာဘိနီတော၊ ပြဿနာတစ်ခုခု ထုတ်ဆောင်၍ မေးအပ်သည်ဖြစ်၍၎င်း၊ ဟာပေတွာ၊ ချန်လှပ်၍၊ လမ္ဗိတွာ၊ ဆိုင်းဆိုင်းတွတွ ပြု၍၊ အပရိပူရံ၊ မပြည့်မစုံ၊ အဝိတ္ထာရေန၊ အကျယ်မချဲ့ဘဲ၊ အတ္တနော၊ မိမိ၏၊ ဝဏ္ဏံ၊ ဂုဏ်ကျေးဇူးကို၊ ဘာသိတာ ဟောတိ၊ ပြောဆိုတတ်သည် ဖြစ်၏။

မိမိရဲ့ ဂုဏ်ကျေးဇူးအကြောင်းကို ခုလို မေးခွန်းထုတ်ပြီးတော့ လာမေးတာတောင်မှ ပြည့်ပြည့်စုံစုံ ဘယ်တော့မှ မပြောပြဘူး၊ ဒါ - သူတော်ကောင်းတို့ရဲ့ သဘောပဲ၊ ပေါင်းလိုက်တော့ သူတော်ကောင်းက လေးမျိုး, မသူတော်က လေးမျိုး၊ သာသနာမှာ နေပြီဆိုရင် အဲဒီ စိတ်ထားလေးတွေရှိဖို့ လိုပါတယ်နော်၊ ဒီစိတ်ထား ရှိစေချင်တဲ့အတွက် ဘုရားရှင်က ဘာဆက်ဟောလဲ၊ အဲဒါလေး ဘုန်းကြီးက ဒီည နိဂုံးချုပ်ချင်တာနော်၊

‘‘သေယျထာပိ ဘိက္ခဝေ ဝဓုကာ ယညဒေဝ ရတ္တိံ ဝါ ဒိဝံ ဝါ အာနီတာ ဟောတိ၊ တာဝဒေဝဿာ တိဗ္ဗံ ဟိရောတ္တပ္ပံ ပစ္စုပဋ္ဌိတံ ဟောတိ သဿုယာပိ သသုရေပိ သာမိကေပိ အန္တမသော ဒါသကမ္မကရပေါရိသေသု’’ (အံ။၁။၃၉၀။)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့၊ သေယျထာပိ၊ ဖြစ်သင့် ဖြစ်ရာ နှိုင်းခိုင်းဖွယ်ရာ လောကဥပမာသည်ကား၊ ယညဒေဝ ရတ္တိံ ဝါ၊ အကြင်ည၌သော်လည်းကောင်း၊ ယညဒေဝ ဒိဝံ ဝါ၊ အကြင်နေ့၌သော်လည်းကောင်း၊ ဝဓုကာ၊ ချွေးမကို၊ အာနီတာ၊ ခေါ်ဆောင်လာအပ်သည်၊ ဟောတိ၊ ဖြစ်၏။

ညမှာပဲ ဖြစ်စေ, နေ့မှာပဲ ဖြစ်စေ, ချွေးမကို ယောက်ျားအိမ်ကို ခေါ်ဆောင်လာခဲ့ပြီ ဆိုကြစို့၊

တာဝဒေဝ၊ ထိုမျှလောက်သော ကာလပတ်လုံး၊ အဿာ၊ ထိုချွေးမ၏ သန္တာန်၌၊ သဿုယာပိ၊ ယောက္ခမ မိန်းမသူအပေါ်၌လည်းကောင်း၊ သသုရေပိ၊ ယောက္ခမ ယောက်ျားသူအပေါ်၌ လည်းကောင်း၊ သာမိကေပိ၊ အိမ်ရှင်ယောက်ျားအပေါ်၌သော်လည်းကောင်း၊ အန္တမသော၊ အောက်ထစ်ပိုင်းခြား အယုတ်ဆုံးအားဖြင့်၊ ဒါသကမ္မကရပေါရိသေသုပိ၊ ကျွန်ယောက်ျား ကျွန်မိန်းမ, အလုပ်သမားတို့အပေါ်၌လည်းကောင်း၊ တိဗ္ဗံ၊ လွန်ကဲထက်မြက်သော၊ ဟိရောတ္တပ္ပံ၊ ရှက်ခြင်း ကြောက်ခြင်း ဟီရိဩတ္တပ္ပတရားသည်၊ ပစ္စုပဋ္ဌိတံ၊ ရှေးရှုတည်နေသည်၊ ဟောတိ၊ ဖြစ်၏။

ချွေးမအသစ်ကလေး ဒီနေ့မှ ရောက်လာတယ်, ဒီညမှ ရောက်လာတယ်၊ ရောက်လာတဲ့ အချိန်အခါမှာ ဒီချွေးမအသစ်ကလေးက ဘယ်လိုဖြစ်နေလဲ? ယောက္ခမ မိန်းမသူအပေါ်မှာ, ယောက္ခမ ယောက်ျားသူအပေါ်မှာ၊ အိမ်ရှင်ယောက်ျားအပေါ်မှာ, အောက်ထစ်ဆုံးအားဖြင့် အိမ်မှာ ခိုင်းစေနေတဲ့ ကျွန်တွေ အလုပ်သမားတွေ အပေါ်မှာသော်လည်းပဲ အလွန် ပြင်းထန်တဲ့ ရှက်မှု, ကြောက်မှု ရှိနေတယ်တဲ့၊ သူ့သန္တာန်မှာ ရှက်မှု, ကြောက်မှု ရှေးရှုတည်နေတယ်တဲ့နော်၊

‘‘သာ အပရေန သမယေန သံဝါသမနွာယ ဝိဿာသမနွာယ သဿုမ္ပိ သသုရမ္ပိ သာမိကမ္ပိ ဧဝမာဟ - အပေထ၊ ကိံ ပန တုမှေ ဇာနာထာတိ’’ (အံ။၁။၃၉၀။)

သာ၊ ထိုချွေးမသည်၊ အပရေန သမယေန၊ နောက်ပိုင်း အချိန်အခါကာလ၌၊ သံဝါသံ၊ ပေါင်းဖော်ယှဉ်တွဲခြင်းကို၊ အနွာယ၊ အစွဲပြု၍၊ ဝိဿာသံ၊ ချစ်ကျွမ်းဝင်ခြင်းကို၊ အနွာယ၊ အစွဲပြု၍၊ သဿုမ္ပိ၊ ယောက္ခမ မိန်းမသူအပေါ်၌သော်လည်းကောင်း၊ သသုရမ္ပိ၊ ယောက္ခမ ယောက်ျားသူအပေါ်၌လည်းကောင်း၊ သာမိကမ္ပိ၊ အိမ်ရှင်ယောက်ျားအပေါ်၌ သော်လည်းကောင်း၊ ဧဝံ၊ ဤသို့၊ အာဟ၊ ပြောဆိုတတ်၏။

တစ်ဖြည်းဖြည်းကြာလာတော့ နည်းနည်းလေး ရင်းနှီးလာပြီး၊ ပေါင်းသင်း ဆက်ဆံမှုတွေကများတော့ ချစ်ကျွမ်းဝင်လာကြပြီ၊ အဲဒီ အချိန်အခါကျမှ ဒီချွေးမက ဘာလုပ်သလဲ? ယောက္ခမ ယောက်ျားသူကို, ယောက္ခမ မိန်းမသူကို အိမ်ရှင်ယောက်ျားကို သူက ဘယ်လိုပြောလာသလဲ?

အပေထ၊ ဖယ်ကြကုန်လော့၊ တုမှေ၊ သင်တို့သည်၊ ကိံ ပန ဇာနာထ၊ ဘာကို သိကြပါကုန်သနည်း။

သင်တို့ ဘာသိလို့လဲ, ဖယ်စမ်း, သွားစမ်း၊ နောက်ပိုင်းကျတော့ ဘာဖြစ်လာပြီတဲ့၊

‘‘ဧဝမေဝံ ခေါ ဘိက္ခဝေ ဣဓေကစ္စော ဘိက္ခု ယညဒေဝ ရတ္တိံ ဝါ ဒိဝံ ဝါ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတော ဟောတိ’’ (အံ။၁။၃၉၀။)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့၊ ဧဝမေဝ ခေါ၊ ဤဥပမာ အတူသာလျှင်မူလည်းကောင်း၊ ဣဓ၊ ဤသာသနာတော်မြတ်အတွင်း၌၊ ဧကစ္စော ဘိက္ခု၊ အချို့သော ရဟန်းသည်၊ ယညဒေဝ ရတ္တိံ ဝါ၊ အကြင် ည၌သော်လည်းကောင်း၊ ယညဒေဝ ဒိဝံ ဝါ၊ အကြင် နေ့၌သော်လည်းကောင်း၊ အဂါရသ္မာ၊ အိမ်ရာတည်ထောင် လူ့ဘောင်မှ၊ အနဂါရိယံ၊ အိမ်ရာမထောင်သည့် ရဟန်းဘောင်သို့၊ ပဗ္ဗဇိတော၊ ဝင်ရောက်၍ ရှင်ရဟန်းပြုလာသည်ဖြစ်၏။

တစ်ချို့ တစ်ချို့ ရဟန်းတော်တွေ ဒီညမှာ ဖြစ်စေ, ဒီနေ့မှာ ဖြစ်စေ အိမ်ရာတည်ထောင် လူ့ဘောင်မှ ခွာရှောင်ပြီး အိမ်ရာမထောင်တဲ့ ရဟန်းဘောင်သို့ ရောက်လာပြီ၊

‘‘တာဝဒေဝဿ တိဗ္ဗံ ဟိရောတ္တပ္ပံ ပစ္စုပဋ္ဌိတံ ဟောတိ ဘိက္ခူသု ဘိက္ခုနီသု ဥပါသကေသု ဥပါသိကာသု အန္တမသော အာရာမိကသမဏုဒ္ဒေသေသု’’ (အံ။၁။၃၉၀။)

တာဝဒေဝ၊ ထိုခဏ၌ပင်လျှင်၊ အဿ၊ ထိုရဟန်းတော်၏ သန္တာန်၌၊ ဘိက္ခူသု၊ ရဟန်းယောက်ျားတို့ အပေါ်၌၊ ဘိက္ခုနီသု၊ ရဟန်းမိန်းမတို့အပေါ်၌၊ ဥပါသကေသု၊ ဥပါသကာ ဒါယကာတို့အပေါ်၌၊ ဥပါသိကာသု၊ ဥပါသိကာ ဒါယကာမတို့အပေါ်၌၊ အန္တမသော၊ အောက်ထစ်ပိုင်းခြား အယုတ်ဆုံးအားဖြင့်၊ အာရာမိကသမဏုဒ္ဒေသေသု၊ အာရာမ်စောင့် သာမဏေတို့ အပေါ်၌သော်လည်းပဲ၊ တိဗ္ဗံ၊ ပြင်းထန်ထက်မြက်သော၊ ဟိရောတ္တပ္ပံ၊ ဟီရိဩတ္တပ္ပတရားသည်၊ ပစ္စုပဋ္ဌိတံ၊ ရှေးရှုတည်နေသည်၊ ဟောတိ၊ ဖြစ်၏။

ရဟန်းအသစ်ကလေး ဒီနေ့မှ ရှင်ရဟန်းပြုလာပြီဆိုရင် ရဟန်းယောက်ျားတွေအပေါ် ရဟန်းမိန်းမတွေအပေါ် ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်နေတဲ့ ဥပါသကာဒါယကာတွေ, ဥပါသိကာမတွေအပေါ်မှာ ယုတ်စွအဆုံး သာမဏေတို့အပေါ်၌သော်လည်းပဲ ထက်မြက်တဲ့ ပြင်းထန်တဲ့ ကြောက်ရွံ့မှု, ရှက်မှု, ကြောက်မှု ရှိနေတယ်တဲ့၊

‘‘သော အပရေန သမယေန သံဝါသမနွာယ ဝိဿာသမနွာယ အာစရိယမ္ပိ ဥပဇ္ဈာယမ္ပိ ဧဝမာဟ’’ (အံ။၁။၃၉၀။)

သော၊ ထိုရဟန်းသည်၊ အပရေန သမယေန၊ တစ်ပါးသောအခါ၌၊ သံဝါသံ၊ ပေါင်းဖော်ယှဉ်တွဲခြင်းကို၊ အနွာယ၊ အစွဲပြု၍၊ ဝိဿာသံ၊ ချစ်ကျွမ်းဝင်ခြင်းကို၊ အနွာယ၊ အစွဲပြု၍၊ အာစရိယမ္ပိ၊ ဆရာကိုသော်လည်းကောင်း၊ ဥပဇ္ဈာယမ္ပိ၊ ဥပဇ္ဈာယ်ကိုသော်လည်းကောင်း၊ ဧဝံ၊ ဤသို့၊ အာဟ၊ ပြောဆိုတတ်၏။

နောက်ပိုင်းကြာလာတဲ့အချိန်အခါမှာ တစ်ပါးနဲ့တစ်ပါး ပေါင်းဖော်ယှဉ်တွဲမှုကို အစွဲပြုပြီးတော့ ဘုန်းကြီးတစ်ပါးနဲ့တစ်ပါး, သီလရှင် တစ်ပါးနဲ့တစ်ပါးပေါ့နော်၊ ကြာကြာနေလာတဲ့ အခါကျတော့ ဘာဖြစ်လဲ?

အာစရိယမ္ပိ၊ ဆရာသမားကိုသော်လည်းကောင်း၊ ဥပဇ္ဈာယမ္ပိ၊ ဥပဇ္ဈာယ်ကိုသော်လည်းကောင်း၊ ဧဝံ၊ ဤသို့၊ အာဟ၊ ပြောဆိုတတ်၏။

ဆရာသမားကိုရော ဥပဇ္ဈာယ်ကိုရော ဒီလို ပြောတတ်ပြီတဲ့၊ ဘယ်လိုလဲ?

အပေထ၊ ဖယ်ကြကုန်လော့၊ တုမှေ၊ အရှင်ဘုရားတို့သည်၊ ကိံ ပန ဇာနာထ၊ အဘယ်ကို သိကြပါကုန်သနည်း။

ကဲ ဖယ်စမ်း, ဖယ်စမ်း အရှင်ဘုရားတို့ ဘာနားလည်လို့လဲ? ဆရာလေးတွေ ဖယ်လိုက်၊ သွား ရှင်တို့ ဘာနားလည်လို့လဲ? ဆရာလေးတွေ ဘာနားလည်လို့လဲ? ဟော ဟော သူက ဖြစ်လာပြန်ပြီ၊ ကြာလာရင် အဲဒီလို ဖြစ်ကြတယ်တဲ့၊ ဘယ့်နှယ့်တုန်း ဟုတ်သလား?ရဟန်းတွေ, သီလရှင်တွေရော ဟုတ်ကြသလား? ဟင် အဲဒီလို ပုဂ္ဂိုလ်မျိုးတွေကို ဘုရားရှင်က သာသနာမှာ ရှိစေချင်သလား? မရှိစေချင်ဘူး၊

‘‘တသ္မာတိဟ ဘိက္ခဝေ ဧဝံ သိက္ခိတဗ္ဗံ’’

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့၊ တသ္မာ၊ ထို့ကြောင့်၊ ဣဟ၊ ဤသာသနာတော်မြတ်အတွင်း၌၊ တုမှေ၊ သင်ချသားတို့သည်၊ ဧဝံ၊ ဤသို့၊ သိက္ခိတဗ္ဗံ၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်အပ်၏။

သာသနာတော်မှာ ဒီလိုကျင့်စမ်းပါတဲ့၊ ဘယ်လို ကျင့်ရမလဲ?

‘‘အဓုနာဂတဝဓုကာသမေန စေတသာ ဝိဟရိဿာမာတိ၊ ဧဝဥှိ ဝေါ ဘိက္ခဝေ သိက္ခိတဗ္ဗံ’’ (အံ။၁။၃၉၀။)

အဓုနာဂတဝဓုကာသမေန၊ ရောက်ကာစဖြစ်သော ချွေးမနှင့်တူနေသော၊ စေတသာ၊ စိတ်ဓာတ်ဖြင့်၊ ဝိဟရိဿာမ၊ နေထိုင်ကြပါကုန်အံ့၊ ဣတိ၊ ဤသို့၊ ဧဝဥှိ၊ ဤသို့လျှင်၊ ဝေါ၊ သင်ချစ်သားတို့သည်၊ သိက္ခိတဗ္ဗံ၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်အပ်၏။

ချွေးမနဲ့တူနေတဲ့ စိတ်ဓာတ်ဖြင့် သာသနာတော်မှာ နေထိုင်မယ်၊ ချွေးမ။ ဘယ်လို ချွေးမလဲ? ရောက်ကာစ ချွေးမ သို့မဟုတ် ချွေးမ အသစ်စက်စက်ကလေး၊ ချွေးမအသစ်စက်စက်နှင့် တူညီနေတဲ့ စိတ်ဓာတ်ဖြင့် သာသနာတော်မှာနေထိုင်ပါတဲ့၊ အဲဒီလို နေထိုင်နိုင်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါဆိုပြီး ဘုရားရှင်က တိုက်တွန်းတယ်၊ ဒီတော့ ဒီနေရာမှာ မေးချင်လည်းမေးကြမယ်၊

အရှင်ဘုရား တပည့်တော်တို့က ချွေးမ မဖြစ်ဖူးဘူး၊ ဘယ်နှယ့်လုပ်မလဲ? ဟုတ်တယ်မဟုတ်လား? ဒီလိုမေးချင်လဲ မေးကြမယ်၊ ဒီတော့ ဘုန်းကြီးဖက်ကလည်း ပြန်ဖြေစရာတော့ ရှိပါတယ်၊ ဘယ်လိုဖြေမလဲ? မြတ်စွာဘုရားလည်း လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းအတွင်းထဲမှာ တစ်ခါမှ ချွေးမ မဖြစ်ဖူးဘူး၊ ဘာဖြစ်လို့လဲ? လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းအတွင်းထဲမှာ သူက တစ်ခါမှ အမျိုးသမီး မဖြစ်ဘူး, တစ်ခါမှ အမျိုးသမီးဘဝ မရောက်ခဲ့ဖူးတဲ့အတွက် တစ်ခါမှလည်း ချွေးမ မဖြစ်ခဲ့ဖူးဘူး၊ ချွေးမ မဖြစ်ဖူးပေမယ့်လို့ ဘုရားရှင်က ချွေးမအသစ်လေးဟာ ဘယ်လိုစိတ်ထားရှိတယ်ဆိုတာ မသိဘူးလား? သိနေတယ်၊ သိနေတဲ့အတွက် မြတ်စွာဘုရားက ဒီလို ဟောတာပါနော်၊ အဲဒီတော့ တရားနာနေတဲ့ ပုဂ္ဂိုလ်တွေလည်းပဲ ရောက်ကာစ ချွေးမအသစ်နှင့် တူညီတဲ့ စိတ်ဓာတ်ဖြင့် သာသနာမှာ နေထိုင်ကြစမ်းပါဆိုပြီး ဒီလို ဟောနေတယ်၊ ဘယ်လိုစိတ်ထားလဲ?

မိမိတို့ရဲ့ သီတင်းသုံးဖော် အချင်းချင်းပေါ်၌ ပြင်းထန်ထက်မြက်နေတဲ့ ရှက်မှု, ကြောက်မှု ရှိကြပါတဲ့၊ တစ်ပါးကို တစ်ပါး ရိုသေကြပါ, လေးစားကြပါ, ရှက်ကြပါ, ကြောက်ကြပါ၊ တစ်ပါးကိုတစ်ပါး ရှက်မှု, ကြောက်မှု, ချစ်ခင်လေးစားမှု, ရိုသေမှု, လေးစားမှု မရှိကြတော့ဘူးဆိုရင် ဒီသာသနာမှာ နေထိုင်ရတာ စိတ်ချမ်းသာမှု ရှိဦးမလား? မရှိတော့ဘူး၊

ဆရာလေးက ဘာနားလည်လို့လဲ, အရှင်ဘုရားက ဘာနားလည်လို့လဲ? ဒီပုံစံဖြင့် သာသနာမှာ နေထိုင်ရမလား? မနေထိုင်ရဘူး၊ ရောက်ကာစ ချွေးမစိတ်ထားနှင့် တူညီနေတဲ့ စိတ်ဓာတ်ဖြင့် သာသနာမှာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပြီးတော့ အရှက်, အကြောက် ပြည့်ပြည့်ဝဝဖြင့် နေထိုင်ကြပါ ဆိုပြီးတော့ ဒီလို ဘုရားရှင် တိုက်တွန်းထားပါတယ်နော်၊ အဲဒီလို တိုက်တွန်းတဲ့အတိုင်း ဘုရားရှင် လက်ထက်တော်က ရောက်ကာစ ချွေးမနှင့် တူညီတဲ့စိတ်ဓာတ်ဖြင့် နေထိုင်ကာ သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်တွေကို အဆင့်ဆင့် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြတဲ့အတွက် အရဟတ္တဖိုလ်ပေါက် နိဗ္ဗာန်ကို ရရှိသွားတဲ့ သူတော်ကောင်းတွေ ဂဏန်းချပြီး ရေတွက်မယ်ဆိုရင် ရေတွက်လို့ မရနိုင်အောင် များပြားခဲ့ပါတယ်၊

ဒါကြောင့် ထိုသူတော်ကောင်းတို့ရဲ့ သာသနာတော်မှာ နေထိုင်သွားတဲ့ ထုံးကို နှလုံးမူပြီးတော့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ကြပါစေလို့ တိုက်တွန်းရင်းဖြင့် တရားသိမ်းကြရအောင်နော်၊

‘‘**ဟိတွာ ကာမေ ပဗ္ဗဇိံသု သန္တော ဂမ္ဘီရစိန္တကာ၊
တေ တုမှေပျနုသိက္ခဝှေါ ပဗ္ဗဇိတာ သုပေသလာ**’’

သန္တော၊ ဘုရားအလျာ ပစ္စေကာနှင့် အရိယာနွယ်လောင်း ဟို တို့ရှေ့က သူတော်ကောင်းတို့သည်၊
ဂမ္ဘီရစိန္တကာ၊ နက်နဲသည့် ဓာတ်သဘောတွေကို နက်နဲစွာကြံဆင် အကြံကောင်း ဝင်တော်မူကြကုန်သည်ဖြစ်၍၊
ကာမေ၊ ရှေးကပြုဖန် ကုသိုလ်ကံတို့ စီမံထောက်မ လက်ရောက်ရသား များလှဇနီးသည် ကြီးကြီးငယ်နှင့် နှီးနွယ်နှောယူ ကိုယ်တော်တို့ပိုင်သသည့် ကာမဝတ္ထုအစုစုတို့ကို၊
ဟိတွာ၊ ငါတို့ပိုင်ငြား ဤကာမတရားတို့သည် အများနှင့်ဆက်ဆံ ဘေးတွေကဝန်းရံ ရန်တွေကမြောက်များ တကယ်ကို ကြောက်လန့်ဖွယ်တွေပါတကားဟု ကြောက်အားတော်ဉာဏ်ကြွယ် လွတ်လွတ်ကြီး စွန့်ပယ်တော်မူကြကုန်သည်ဖြစ်၍၊
ပဗ္ဗဇိံသု၊ ဃရာဝါသသဗ္ဗာဓဟု ကိစ္စများမြောင် လူတို့ဘောင် ဝဋ်နှောင်ကို လွတ်အောင်ကြုံးလျက် ရုန်းကန်ထွက်၍ နှစ်သက်ရွှင်လန်း ရှင်ရဟန်းပြု၍ တောထွက်တော်မူကြလေကုန်ပြီ၊
တုမှေပိ၊ မြတ်နေက္ခမ္မ ဓာတ်အာသယဟု ဆန္ဒကိန်းအောင်း သင်သူတော်ကောင်းတို့သည်လည်းပဲ၊
ပဗ္ဗဇိတာ၊ ဝတ္ထုကာမဟူသမျှမှ မရအရ ကြုံးလျက် ရုန်းကန်ထွက်ကြကုန်သည်ဖြစ်၍၊
သုပေသလာ၊ စာမရီသားမြီးဖျားခုံမင် ပုံအသွင်သို့ ချစ်ခင်လေးမြတ် နှစ်သက်အပ်သော သီလကိုယ်စီကိုယ်ငှ ရှိကြကုန်သည်ဖြစ်၍၊
တေ၊ ထိုဘုရားအလျာ ပစ္စေကာနှင့် အရိယာအနွယ်လောင်း ဟိုတို့ရှေ့က သူတော်ကောင်းတို့ကို၊
အနုသိက္ခဝှေါ၊ အတုလိုက်ကာ ကျင့်တတ်ရာကို ကျင့်ကာမသွေ အားထုတ်နိုင်ကြပါစေကုန်သတည်း။

သာဓု- သာဓု- သာဓုပါဘုရား

ဖားအောက်တောရဆရာတော်
squ8j126fhoan7ownbj2yaqvk6eraw4 22057 22056 2026-06-12T05:48:16Z Tejinda 173 22057 wikitext text/x-wiki {{header | title = ဓမ္မနှင့်အဓမ္မတရားတော် | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = [[စျာနသုတ်]] | previous2 = | next = [[ဒါရုက္ခန္ဓောပမသုတ်]] | next2 = | year = | notes = | edition = | categories = ဖားအောက်တောရ | shortcut = | portal = }}
ဓမ္မနှင့်အဓမ္မတရားတော်

ပထမပိုင်း

(ဩကာသကန်တော့ချိုးနှင့်ဆုပေး)

ဒီနေ့ ဟောကြားမယ့် တရားကတော့ ပိဋကတ်တိုက်မှာ ပိဋကတ်သုံးပုံနဲ့ ဆက်စပ်နေတဲ့ အရပ်ရပ်သော ကျမ်းစာများအလှူဒါန၊ ထုတ်ဝေဆဲဖြစ်တဲ့ နိဗ္ဗာနဂါမိနိပဋိပဒါ အမည်ရှိသော ကျမ်းစာအတွက် ဓမ္မပူဇာအဖြစ်ဖြင့် လှူဒါန်းပူဇော်အပ်သော ဓမ္မဒါန၊ ဤဓမ္မဒါန ကုသိုလ်အရပ်ရပ်တို့အတွက် ဟောကြားအပ်တဲ့ အနုမောဒနာတရားလို့ ဒီလိုပဲမှတ်ပါနော်။

ဒီအနုမောဒနာတရားကတော့ ဘုန်းကြီး သုတ္တန် တော်တော်ခပ်များများကို ညွှန့်ပေါင်းအနေနဲ့ ဟောကြားရမှာ ဖြစ်ပါတယ်၊ ထိုသုတ္တန် ခပ်များများထဲမှာ အထူးသဖြင့် မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် အင်္ဂုတ္တိုရ် ဧကနိပါတ် ဒုတိယ ပမာဒါဒိဝဂ်၌ ဟောကြားတော်မူအပ်တဲ့ ဓမ္မ၊ အဓမ္မ နှင့် ဆက်စပ်နေတဲ့ သုတ္တန်နှစ်ခု၊ အဓမ္မဝဂ်မှာ ဓမ္မ၊ အဓမ္မ နှင့် အလားတူပဲ ဆက်စပ်နေတဲ့ သုတ္တန်က နှစ်ခု၊ ပေါင်း ဒီသုတ္တန်လေးခုကို ဦးတည်ပြီးတော့ အနုမောဒနာတရား ဟောဖို့ ရည်ရွယ်ထားပါတယ်။

ဒီသုတ္တန်တွေကို ဘုရားရှင်ကိုယ်တော်တိုင် ဟောကြားပြသ ဆိုဆုံးမ ထားတော်မူတဲ့အတွက် ဒေသက ဖြစ်တော်မူသော ဘုရားရှင်အား ရှေးဦးစွာ ရှိခိုးပူဇော် ကန်တော့ကြရအောင်နော်။

ဒီနေ့ လှူမယ့် ကျမ်းစာတွေထဲမှာ မဟာနမက္ကာရ ဘုရားရှိခိုး ဆိုပြီးတော့ ဘားအံက ဒေါ်ခေမိကာတို့မိသားစုက လှူဒါန်းပူဇော်ကြပါတယ်၊ ထိုမဟာနမက္ကာရ ဘုရားရှိခိုးထဲမှာ ဂါထာတစ်ခုအဖြစ် ပါဝင်နေတဲ့ ဘုရားရှိခိုး ဂါထာတစ်ခု။ ထိုဂါထာဖြင့် ရှိခိုးကြရအောင်နော်။

‘‘မုနိန္ဒက္ကော ယေကော ဒယုဒယရုဏော ဉာဏဝိတ္ထိဏ္ဏဗိမ္ဗော။
ဝိနေယျပ္ပါဏောဃံ ကမလကထိတံ ဓမ္မရံသိဝရေဟိ၊
သုဗောဓေသိ သုဒ္ဓေ တိဘဝကုဟရေ ဗျာပိတက္ကိတ္တိနဉ္စ။
တိလောကေကစ္စက္ခုံ ဒုခမသဟနံ တံ မဟေသိံ နမာမိ’’

ဒယုဒယရုဏော၊ မဟာကရုဏာတော်သမာပတ်တည်းဟူသော တက်သစ်စ နေအရုဏ်လည်း ရှိတော်မူထသော၊ ဉာဏဝိတ္ထိဏ္ဏဗိမ္ဗော၊ သဗ္ဗညုတဉာဏ်တော်မြတ်တည်းဟူသော ကျယ်ပြန့်သော စက်ဝန်းတော်လည်း ရှိတော်မူထသော၊ ဧကော၊ သောင်းလောကဓာတ် တစ်ခွင်ဝယ် တုဘက်မပြူ တစ်ဆူတည်းသာ ပွင့်ထွန်း ပေါ်ပေါက်၍ လာတော်မူပေသော၊ ယော မုနိန္ဒက္ကော၊ အကြင် ဘုရားတည်းဟူသော နေမင်းသည်၊ သုဒ္ဓေ၊ သန့်ရှင်းဖြူစင် အေးမြကြည်လင်လှပေသော၊ တိဘဝကုဟရေ၊ ကာမ-ရူပ-အရူပတည်းဟူသော ဘဝသုံးထပ် ဘုံသုံးရပ်ကြာအိုင်၌၊ (နိဗ္ဗတ္တံ၊ ပါရမီကံ စီမံလှုံ့ဆော်သဖြင့် အသင့်ဖြစ်ထွန်း ပေါ်ပေါက်၍ နေပေသော၊) ကမလကထိတံ၊ ကြာဟူ၍ ခေါ်ဆိုသမုတ်အပ်သော၊ ဝိနေယျပ္ပါဏောဃံ၊ ကျွတ်ထိုက်သသူ လူနတ်ဗြဟ္မာ ဝေနေယျကြာ သတ္တဝါအပေါင်းကို၊ ဓမ္မရံသိဝရေဟိ၊ မဂ်ပေါက်ဖိုလ်ဝင် နိဗ္ဗာန်ကို မြင်သိစေတတ်သည့် သူတော်ကောင်းတရားတည်းဟူသော မြတ်သော ဒေသနာ ရောင်ခြည်တော်တို့ဖြင့်၊ သုဗောဓေသိ၊ သစ္စာလေးရပ် တရားမြတ်ကို ထွင်းဖောက် သိမြင်စေလျက် ကောင်းစွာ ပွင့်စေတော်မူခဲ့လေပြီ။

ဗျာပိတက္ကိတ္တိနဉ္စ၊ သောင်းလောကဓာတ် တစ်ခွင်ဝယ် သူမတူသော သီလ-သမာဓိ-ပညာဂုဏ်သကတ်ကြောင့် ဗြဟ္မာ့ဘုံတိုင် ပြန့်လှိုင်ကျော်ကြား ထင်ရှားတော်မူပေထသော၊ တိလောကေကစ္စက္ခုံ၊ ဗြဟ္မာနတ်လူ သုံးဘုံသူတို့၏ တစ်လုံးတည်းသော မျက်စိသဖွယ် ဖြစ်တော်မူပေထသော၊ ဒုခမသဟနံ၊ မဟာပထဝီမြေကြီးနှင့် တူစွာ သည်းခံနိုင်ခဲသောအရာကို သည်းခံတော်မူတတ်ထသော၊ မဟေသိံ၊ သီလက္ခန္ဓ သမာဓိက္ခန္ဓ ပညာက္ခန္ဓ ဝိမုတ္တိက္ခန္ဓ ဝိမုတ္တိဉာဏဒဿနက္ခန္ဓတည်းဟူသော ဂုဏ်ကျေးဇူး အထူးတို့ကို ဆည်းပူးရှာမှီး လေ့ကျက်တော် မူပြီးသော၊ တံ မုနိန္ဒက္ကံ၊ ထို ဘုရားတည်းဟူသော နေမင်းကို၊ အဟံ၊ တရားဟော, တရားနာဟု ခေါ်ဆိုသမုတ်အပ်သော တပည့်တော်သည်၊ နမာမိ၊ ကာယဝစီ မနောချီလျက် အဉ္စလီညွတ်ကျိုး လက်ဆယ်ဖြာ ထိပ်မှာမိုး၍ ရှိခိုးဦးညွတ်ပါ၏ မြတ်စွာဘုရားတည်း။

(သာဓု - သာဓု - သာဓု)

‘‘ယေ တေ ဘိက္ခဝေ ဘိက္ခူ အဓမ္မံ ဓမ္မောတိ ဒီပေန္တိ၊ တေ ဘိက္ခဝေ ဘိက္ခူ ဗဟုဇနအဟိတာယ ပဋိပန္နာ ဗဟုဇနအသုခါယ ဗဟုနော ဇနဿ အနတ္ထာယ အဟိတာယ ဒုက္ခာယ ဒေဝမနုဿာနံ’’ (အံ၊၁၊၁၈။)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့၊ ယေ တေ ဘိက္ခူ၊ အကြင်ရဟန်းတို့သည်ကား၊ အဓမ္မံ၊ အဓမ္မကို၊ ဓမ္မောတိ၊ ဓမ္မဟူ၍၊ ဒီပေန္တိ၊ ထင်ရှားပြ၍ နေကြလေကုန်၏၊ ဘိက္ခဝေ၊ ချစ်သားရဟန်းတို့၊ တေ ဘိက္ခူ၊ ထိုရဟန်းတော်တို့သည်ကား၊ ဗဟုဇနအဟိတာယ၊ လူသတ္တဝါအပေါင်း၏ လူများအပေါင်း၏ အကျိုးစီးပွားမဲ့ခြင်းငှာ၊ ဗဟုဇနအသုခါယ၊ များစွာသော လူအပေါင်း၏ ချမ်းသာမဲ့ခြင်းငှာ၊ ဗဟုနော ဇနဿ၊ များစွာသော လူအပေါင်း၏၊ အနတ္ထာယ၊ အကျိုးမဲ့ခြင်းငှာ၊ အဟိတာယ၊ အကျိုးစီးပွား မရှိခြင်းငှာ၊ ဒုက္ခာယ၊ ဆင်းရဲခြင်းငှာ၊ ဒေဝမနုဿာနံ၊ နတ်လူတို့၏၊ ပဋိပန္နာ၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်၍ နေတဲ့ပုဂ္ဂိုလ်တို့သည်၊ ဟောန္တိ၊ ဖြစ်ကြလေကုန်၏။

ရဟန်းတော်တစ်ချို့ ဆိုကြစို့နော်၊ ထိုရဟန်းတွေက အဓမ္မကို ဓမ္မလို့ ထင်ရှားဟောပြနေကြတယ်၊ အဲ့ဒီလို အဓမ္မကို ဓမ္မလို့ ထင်ရှားဟောပြနေတဲ့ ရဟန်းတော်တွေသည် သတ္တဝါအပေါင်း, လူများအပေါင်း, အကျိုးစီးပွားမဲ့ဖို့ရန်အတွက်, ချမ်းသာသုခ မရှိဖို့ရန်အတွက်, လူများအပေါင်းရဲ့ အကျိုးမဲ့ခြင်းငှာ နတ်လူတို့ရဲ့ အကျိုးစီးပွား မရှိဖို့ရန်, ဆင်းရဲဒုက္ခ ရောက်ဖို့ရန်အတွက် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ ရဟန်းတွေဖြစ်ကြတယ်၊

နောက်ထပ် မြတ်စွာဘုရား ဘာဆက်ဟောသလဲ၊

‘‘ဗဟုဉ္စ တေ ဘိက္ခဝေ ဘိက္ခူ အပုညံ ပသဝန္တိ။’’ (အံ၊၁၊၁၈။)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့၊ တေ ဘိက္ခူ၊ ထိုရဟန်းတော်တို့သည်ကား၊ ဗဟုဉ္စ အပုညံ၊ များပြားလှစွာသော မကောင်းမှုကိုလည်း၊ ပသဝန္တိ၊ ဖြစ်ပေါ်စေကြကုန်၏။

ဒီလို ဟောနေတဲ့ ရဟန်းတွေက နတ်လူတို့ ဆင်းရဲဒုက္ခရောက်ဖို့, အကျိုးမရှိဖို့, ချမ်းသာကင်းဖို့အတွက်သာ မကဘူး၊ ကြားနာရတဲ့ ပရိသတ်တွေရဲ့သန္တာန်မှာ အကုသိုလ်တရားတွေ ဖြစ်ပွားအောင် များစွာသော အကုသိုလ်တရားတွေကို ဖြစ်ပေါ်စေတတ်တဲ့ ရဟန်းတွေလည်း ဖြစ်ကြတယ်တဲ့၊ ဒီလောက်တွင်လားဆိုတော့ မကသေးဘူး၊

‘‘တေ စိမံ သဒ္ဓမ္မံ အန္တရဓာပေန္တိ’’ (အံ၊၁၊၁၈။)

တေ စ၊ ထိုရဟန်းတော်တို့သည်လည်း၊ ဣမံ သဒ္ဓမ္မံ၊ ဤသဒ္ဓမ္မငါးဖြာ သာသနာတော်မြတ်ကြီးကို၊ အန္တရဓာပေန္တိ၊ ကွယ်ပစေကြကုန်၏။

အဲ့ဒီ ရဟန်းတွေဟာ ဘုရားရှင်ရဲ့ သဒ္ဓမ္မငါးဖြာ သာသနာတော်ကြီးကို ကွယ်ပအောင်လုပ်နေတဲ့ ရဟန်းတွေဖြစ်ကြတယ်တဲ့၊ ဒါက သုတ္တန်လေးတစ်ခုပဲနော်၊ ဒုတိယ ပမာဒါဒိဝဂ်မှာ လာတဲ့ နံပါတ် (၁၃၀)မြောက်ဖြစ်တဲ့ သုတ္တန်တစ်ခုပဲ၊ နောက်သုတ္တန်တစ်ခု မြတ်စွာဘုရား ဆက်ဟောပြန်တယ်၊

‘‘ယေ တေ ဘိက္ခဝေ ဘိက္ခူ ဓမ္မံ အဓမ္မောတိ ဒီပေန္တိ၊ တေ ဘိက္ခဝေ ဘိက္ခူ ဗဟုဇနအဟိတာယ ပဋိပန္နာ ဗဟုဇနအသုခါယ ဗဟုနော ဇနဿ အနတ္ထာယ အဟိတာယ ဒုက္ခာယ ဒေဝမနုဿာနံ’’ (အံ၊၁၊၁၈-၁၉။)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့၊ ယေ တေ ဘိက္ခူ၊ အကြင်ရဟန်းတော်တို့သည်ကား၊ ဓမ္မံ၊ ဓမ္မကို၊ အဓမ္မောတိ၊ အဓမ္မဟူ၍၊ ဒီပေန္တိ၊ ထင်ရှားပြ၍ နေကြကုန်၏၊ ဘိက္ခဝေ၊ ချစ်သားရဟန်းတို့၊ တေ ဘိက္ခူ၊ ထို ဓမ္မကို အဓမ္မဟူ၍ ထင်ရှားပြနေတဲ့ ရဟန်းတော်တို့သည်ကား၊ ဗဟုဇနအဟိတာယ၊ လူများအပေါင်း၏ အကျိုးစီးပွားမဲ့ခြင်းငှာ၊ ဗဟုဇနအသုခါယ၊ လူအများအပေါင်း၏ ချမ်းသာမဲ့ခြင်းငှာ၊ ဗဟုနော ဇနဿ၊ များစွာသော လူအပေါင်း၏၊ အနတ္ထာယ၊ အကျိုးမဲ့ခြင်းငှာ၊ အဟိတာယ၊ အကျိုးစီးပွားမဲ့ခြင်းငှာ၊ ဒုက္ခာယ၊ ဆင်းရဲဒုက္ခ ရောက်ဖို့ရန်အလို့ငှာ၊ ဒေဝမနုဿာနံ၊ နတ်လူတို့၏၊ ပဋိပန္နာ၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်၍နေတဲ့ ပုဂ္ဂိုလ်တို့သည်၊ ဟောန္တိ၊ ဖြစ်ကြလေကုန်၏။

ဒီပုဂ္ဂိုလ်တွေက ခုနကပုဂ္ဂိုလ်ကတော့ အဓမ္မကို ဓမ္မလို့ထင်ရှားပြတယ်၊ အခု ဒီသုတ္တန်နံပါတ် (၁၃၁)ခုမြောက် သုတ္တန်ကျတော့ ဓမ္မကို အဓမ္မလို့ ထင်ရှားပြတဲ့ ပုဂ္ဂိုလ်တွေ၊ အဲဒီ ပုဂ္ဂိုလ်တွေဟာလည်း သတ္တဝါတွေ အကျိုးစီးပွားမဲ့ဖို့ ဆင်းရဲဒုက္ခရောက်ဖို့, နတ်လူတွေအကျိုးစီးပွားမဲ့ဖို့, ဆင်းရဲဒုက္ခရောက်ဖို့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ ရဟန်းတွေဖြစ်ကြတယ်တဲ့၊ ဒါတွင်လားဆိုတော့ မကသေးဘူး၊

‘‘ဗဟုဉ္စ တေ ဘိက္ခဝေ ဘိက္ခူ အပုညံ ပသဝန္တိ။ တေ စိမံ သဒ္ဓမ္မံ အန္တရဓာပေန္တိ’’ (အံ၊၁၊၁၉။)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့၊ တေ ဘိက္ခူ၊ ထိုရဟန်းတော်တို့သည်၊ ဗဟုဉ္စ အပုညံ၊ များပြားလှစွာသော မကောင်းမှုအကုသိုလ်ကိုလည်းပဲ၊ ပသဝန္တိ၊ ဖြစ်ပေါ်စေတတ်ကြကုန်၏၊ တေ စ၊ ထိုဓမ္မကို အဓမ္မဟု ထင်ရှားပြနေတဲ့ ရဟန်းတော်တို့သည်လည်းပဲ၊ ဣမံ သဒ္ဓမ္မံ၊ ဤသဒ္ဓမ္မငါးဖြာ သာသနာတော်မြတ်ကြီးကို၊ အန္တရဓာပေန္တိ၊ ကွယ်ပျောက် စေကြလေကုန်၏။

သတ္တဝါတို့ရဲ့သန္တာန်မှာ အကုသိုလ်တရားတွေ တိုးပွားအောင်လည်း ဒီရဟန်းတွေဟာ ကျင့်နေကြတယ်၊ ငါဘုရားရှင်ရဲ့ သဒ္ဓမ္မငါးဖြာ သာသနာတော်မြတ်ကြီးကိုလည်း ဒီရဟန်းတွေဟာ ကွယ်ပျောက်အောင် လုပ်နေကြတယ်တဲ့၊ ကဲ ဒါက သုတ္တန်နှစ်ခု အလားတူပဲ၊ နောက်ထပ် အဓမ္မဝဂ်မှာ မြတ်စွာဘုရားကို နံပါတ် (၁၄၀)နှင့် နံပါတ် (၁၄၁)ခုမြောက် သုတ္တန် နှစ်ခု ဆက်ဟောထားပြန်တယ်၊ ဘယ်လိုဟောလဲ?

‘‘ယေ တေ ဘိက္ခဝေ ဘိက္ခူ အဓမ္မံ အဓမ္မောတိ ဒီပေန္တိ၊ တေ ဘိက္ခဝေ ဘိက္ခူ ဗဟုဇနဟိတာယ ပဋိပန္နာ ဗဟုဇနသုခါယ ဗဟုနော ဇနဿ အတ္ထာယ ဟိတာယ သုခါယ ဒေဝမနုဿာနံ’’ (အံ၊၁၊၁၉။)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့၊ ယေ တေ ဘိက္ခူ၊ အကြင်ရဟန်းတော်တို့သည်ကား၊ အဓမ္မံ၊ အဓမ္မကို၊ အဓမ္မောတိ၊ အဓမ္မဟူ၍၊ ဒီပေန္တိ၊ ထင်ရှားပြ၍ နေကြကုန်၏၊ ဘိက္ခဝေ၊ ချစ်သားရဟန်းတို့၊ တေ ဘိက္ခူ၊ ထိုရဟန်းတော်တို့သည်ကား၊ ဗဟုဇနဟိတာယ၊ လူများအပေါင်း၏ အကျိုးစီးပွားအလို့ငှာ၊ ဗဟုဇနသုခါယ၊ လူများအပေါင်း၏ ချမ်းသာအလို့ငှာ၊ ဗဟုနော ဇနဿ၊ များစွာသောလူအပေါင်း၏၊ အတ္ထာယ၊ အကျိုးငှာ၊ ဟိတာယ၊ အစီးအပွားအလို့ငှာ၊ သုခါယ၊ ချမ်းသာအလို့ငှာ၊ ဒေဝမနုဿာနံ၊ နတ်လူတို့၏၊ ပဋိပန္နာ၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်၍ နေတဲ့ ပုဂ္ဂိုလ်တို့သည်၊ ဟောန္တိ၊ ဖြစ်ကြလေကုန်၏။

ဆန့်ကျင်ဘက်ပဲ၊ ခုနက သုတ္တန်နှစ်ခုနဲ့ ဆန့်ကျင်ဘက် သုတ္တန်ပဲနော်၊ ဘာပြောလဲ? ဒီရဟန်းတော်တစ်ချို့က အဓမ္မကို အဓမ္မလို့ ထင်ရှားဟောပြနေကြတယ်တဲ့၊ အဲဒီရဟန်းတွေဟာ လူများအပေါင်း အကျိုးရှိဖို့, လူများအပေါင်း ချမ်းသာဖို့, လူများအပေါင်းရဲ့ အကျိုးစီးပွားတွေ တိုးတက်လာဖို့အတွက် နတ်လူတွေ အကျိုးရှိဖို့ ချမ်းသာသုခ ရရှိဖို့အတွက် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ ရဟန်းတော်တွေ ဖြစ်ကြတယ်တဲ့၊

‘‘ဗဟုဉ္စ တေ ဘိက္ခဝေ ဘိက္ခူ ပုညံ ပသဝန္တိ။ တေ စိမံ သဒ္ဓမ္မံ ဌပေန္တိ’’ (အံ၊၁၊၁၉။)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့၊ တေ ဘိက္ခူ၊ ထိုအဓမ္မကို အဓမ္မဟု ထင်ရှားပြောပြနေကြတဲ့ ရဟန်းတော်တို့သည်၊ ဗဟုဉ္စ ပုညံ၊ များစွာသော ကောင်းမှုကုသိုလ်တို့ကိုလည်းပဲ၊ ပသဝန္တိ၊ ဖြစ်ပေါ်စေကြကုန်၏၊ တေ စ၊ ထိုအဓမ္မကို အဓမ္မဟု ထင်ရှားပြနေတဲ့ ရဟန်းတော်တို့သည်လည်းပဲ၊ ဣမံ သဒ္ဓမ္မံ၊ ဤသဒ္ဓမ္မငါးဖြာ သာသနာတော်မြတ်ကြီးကို၊ ဌပေန္တိ၊ တည်တံ့အောင်ထား၍ နေကြပါကုန်၏။

အချို့ ရဟန်းတော်တွေက အဓမ္မကို အဓမ္မလို့ ထင်ရှားဟောပြနေကြတယ်တဲ့၊ ဒီလို အဓမ္မကို အဓမ္မလို့ ထင်ရှားဟောပြနေကြတဲ့ ရဟန်းတွေဟာ လူများအပေါင်း အကျိုးစီးပွားရှိဖို့အတွက်, ချမ်းသာသုခရရှိဖို့အတွက် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ ရဟန်းတွေ ဖြစ်ကြတယ်၊ လူများအပေါင်း အကျိုးရှိဖို့, နတ်လူတွေ အကျိုးရှိဖို့, ချမ်းသာသုခရရှိဖို့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ ရဟန်းတွေ ဖြစ်ကြတယ်၊ ဒါတွင်လားဆိုတော့ မကသေးဘူး၊ ဒီရဟန်းတွေဟာ ကုသိုလ်တရားတွေကို များစွာ ဖြစ်ပေါ်လာအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ ရဟန်းတွေလည်းဖြစ်တယ်၊ ငါဘုရားရှင်ရဲ့ ဒီသဒ္ဓမ္မငါးဖြာ သာသနာတော်မြတ်ကြီးကို အရှည်ခိုင်ခံ့တည်တံ့အောင် ထားနေတဲ့ ရဟန်းတော်တွေလည်း ဖြစ်ကြတယ်တဲ့၊ နောက်ထပ် (၁၄၁)မြောက်ဖြစ်တဲ့ သုတ္တန်တစ်ခု၊

‘‘ယေ တေ ဘိက္ခဝေ ဘိက္ခူ ဓမ္မံ ဓမ္မောတိ ဒီပေန္တိ၊ တေ ဘိက္ခဝေ ဘိက္ခူ ဗဟုဇနဟိတာယ ပဋိပန္နာ ဗဟုဇနသုခါယ ဗဟုနော ဇနဿ အတ္ထာယ ဟိတာယ သုခါယ ဒေဝမနုဿာနံ’’ (အံ၊၁၊၁၉။)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့၊ ယေ တေ ဘိက္ခူ၊ အကြင်ရဟန်းတော်တို့သည်ကား၊ ဓမ္မံ၊ ဓမ္မကို၊ ဓမ္မောတိ၊ ဓမ္မဟူ၍၊ ဒီပေန္တိ၊ ထင်ရှားပြ၍ နေကြကုန်၏၊ ဘိက္ခဝေ၊ ချစ်သားရဟန်းတို့၊ တေ ဘိက္ခူ၊ ထိုဓမ္မကို ဓမ္မဟုထင်ရှားပြနေတဲ့ ရဟန်းတော်တို့သည်ကား၊ ဗဟုဇနဟိတာယ၊ လူများအပေါင်း၏ ချမ်းသာအလို့ငှာ၊ ဗဟုဇနသုခါယ၊ လူများအပေါင်း၏ ချမ်းသာအလို့ငှာ၊ ဗဟုနော ဇနဿ၊ များစွာသောလူအပေါင်း၏၊ အတ္ထာယ၊ အကျိုးငှာ၊ ဟိတာယ၊ အကျိုးစီးပွားအလို့ငှာ၊ သုခါယ၊ ချမ်းသာအလို့ငှာ၊ ဒေဝမနုဿာနံ၊ နတ်လူတို့၏၊ ပဋိပန္နာ၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်၍နေတဲ့ ပုဂ္ဂိုလ်တို့သည်၊ ဟောန္တိ၊ ဖြစ်ကြလေကုန်၏။

အချို့ ရဟန်းတွေက ဓမ္မကို ဓမ္မလို့ထင်ရှားဟောပြနေကြတယ်၊ ဒီလို ဓမ္မကို ဓမ္မလို့ ထင်ရှားဟောပြနေတဲ့ ရဟန်းတွေဟာ လူများအပေါင်း အကျိုးစီးပွားရှိဖို့, ချမ်းသာဖို့, လူများပေါင်းရဲ့ အကျိုးတွေ ကြီးပွားတိုးတက်လာဖို့, နတ်လူတို့ရဲ့ အကျိုးစီးပွားတွေ တိုးတက်လာဖို့, ချမ်းသာသုခတွေ တိုးတက်လာဖို့အတွက် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ ရဟန်းတွေ ဖြစ်ကြတယ်တဲ့၊

‘‘ဗဟုဉ္စ တေ ဘိက္ခဝေ ဘိက္ခူ ပုညံ ပသဝန္တိ။ တေ စိမံ သဒ္ဓမ္မံ ဌပေန္တိ’’ (အံ၊၁၊၁၉။)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့၊ တေ ဘိက္ခူ၊ ထိုဓမ္မကို ဓမ္မဟု ထင်ရှားပြနေတဲ့ ရဟန်းတော်တို့သည်ကား၊ ဗဟုဉ္စ ပုညံ၊ များပြားစွာသော ကောင်းမှုကုသိုလ်တရားတို့ကိုလည်းပဲ၊ ပသဝန္တိ၊ ဖြစ်ပေါ်စေကြကုန်၏၊ တေ စ၊ ထိုဓမ္မကို ဓမ္မဟု ထင်ရှားပြနေတဲ့ ရဟန်းတော်တို့သည်လည်း၊ ဣမံ သဒ္ဓမ္မံ၊ ဤသဒ္ဓမ္မငါးဖြာ ဘုရားရှင်၏ သာသနာတော်မြတ်ကြီးကို၊ ဌပေန္တိ၊ အရှည်ခိုင်ခံ့ တည်တံ့အောင် ထားကြပါကုန်၏။

အကျိုးရှိဖို့ ချမ်းသာဖို့တွင်မကဘူး၊ ဒီရဟန်းတွေဟာ ကုသိုလ်တရားတွေ များပြားစွာ တိုးပွားလာဖို့အတွက် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ ရဟန်းတွေလည်း ဖြစ်ကြတယ်၊ သဒ္ဓမ္မငါးဖြာ ငါဘုရားရှင်ရဲ့ သာသာနာတော်မြတ်ကြီး အရှည်ခိုင်ခံ့ တည်တံ့အောင်ထားနေတဲ့ ရဟန်းတော်တွေလည်း ဖြစ်ကြတယ်ဆိုပြီးတော့ ဒီလိုသုတ္တန် လေးခု တန်းစီပြီးတော့ လာပါတယ်နော်၊ ဒီတော့ ဒီသုတ္တန်တွေမှာ အဓမ္မကို ဓမ္မလို့ထင်ရှားပြတာ ဓမ္မကို အဓမ္မလို့ ထင်ရှားပြတာက သုတ္တန် နှစ်ခု၊ နောက်သုတ္တန် နှစ်ခုကတော့ အဓမ္မကို အဓမ္မလို့ပဲ ထင်ရှားဟောပြတယ်၊ ဓမ္မကို ဓမ္မလို့ပဲ ထင်ရှားဟောပြတယ်၊ ဒါက သုတ္တန် နှစ်ခု၊

ဒီတော့ ဒီနေရာမှာ ဓမ္မနဲ့ အဓမ္မဆိုတာ ဘာလဲလို့ ဒီလိုတော့ မေးစရာရှိတယ်၊ သုတ္တန္တပရိယာယနည်း၊ ဝိနယပရိယာယနည်း စသည်ဖြင့် အဋ္ဌကထာက နည်းအမျိုးမျိုးနဲ့ ဖွင့်ဆိုထားတော်မူပါတယ်နော်၊ ဖွင့်ဆိုထားတော့ ဒီအပိုင်းမှာ ဘုန်းကြီးကတော့ သုတ္တန်နည်း တစ်ခုလောက်ကိုပဲ လိုရင်းကွက်ပြီး ဒီနေရာမှာ ပြောဖို့ ရည်ရွယ်ပါတယ်။

သုတ္တန်နည်းအရ ဓမ္မဆိုတာကတော့ ဗောဓိပက္ခိယ ဓမ္မအပြား (၃၇)ပါး ဖြစ်ပါတယ်၊ ဗောဓိပက္ခိယတရား (၃၇)ပါးဆိုတာ သိတဲ့ပရိသတ် ဒီထဲမှာ များပါလိမ့်မယ်နော်၊ သို့သော် ဘုန်းကြီး နည်းနည်း အကျဉ်းချုပ်ပြီး ထပ်ပြောမယ်၊ သတိပဋ္ဌာန်ဘယ်နှစ်ပါးရှိလဲ? သတိပဋ္ဌာန် လေးပါး၊ အားလုံး သိကြတယ်၊ ကာယာနုပဿနာသတိပဋ္ဌာန်၊ ဝေဒနာနုပဿနာသတိပဋ္ဌာန်၊ စိတ္တာနုပဿနာ သတိပဋ္ဌာန်၊ ဓမ္မာနုပဿနာသတိပဋ္ဌာန်-ဆိုပြီး သတိပဋ္ဌာန်ဘယ်နှစ်ပါးလဲ? လေးပါး၊

ဒီတော့ သတိပဋ္ဌာန် လေးပါးထဲမှာ ဘုရားရှင် ဟောကြားသွားတော်မူတဲ့စနစ်ကို လှမ်းကြည့်လိုက်ရင် ကာယာနုပဿနာသတိပဋ္ဌာန်ပိုင်းမှာ အာနာပါနကဲ့သို့ စတုတ္ထဈာန် သမာဓိဆိုက်အောင် ရှုပွားသုံးသပ်ရမယ့် သမထ ကမ္မဋ္ဌာန်းတွေကိုလည်း ကာယာနုပဿနာပိုင်းမှာ ထည့်သွင်းပြီး ဘုရားရှင် ဟောကြားထားတော်မူပါတယ်၊ (၃၂)ကောဋ္ဌာသကဲ့သို့ ပထမဈာန်သမာဓိဆိုက်အောင် ရှုပွားသုံးသပ်ရမယ့် ပဋိကူလမနသိကာရကမ္မဋ္ဌာန်းတွေကိုလည်း ထည့်သွင်းပြီး ဟောကြားထားတော်မူခဲ့တယ်၊

ရှေးရှေး အဋ္ဌကထာတို့ရဲ့ သတ်မှတ်ချက်အရ ပြောရမယ်ဆိုရင် နဝသီဝထိကပဗ္ဗကဲ့သို့ အသုဘဘာဝနာကမ္မဋ္ဌာန်းကို ပထမဈာန်သမာဓိဆိုက်အောင် ပွားများအားထုတ်ရမယ့် သမထကမ္မဋ္ဌာန်းတွေကိုလည်း ထည့်သွင်းပြီး ဘုရားရှင် ဟောကြားထားတော်မူပါတယ်နော်၊ ကာယဂတာသတိ သုတ္တန်နည်းအရ ပြောရမယ်ဆိုရင်တော့ ကသိုဏ်း တစ်ဆယ်ပါး၊ သမာပတ် ရှစ်ပါးတွေဟာလည်း ကာယဂတာသတိ၊ ကာယာနုပဿနာသတိပဋ္ဌာန်ရဲ့ အောက်မှာပဲ ရှိနေပါတယ်၊ ဒါကြောင့် ဆိုလိုတာကတော့ ဥပလက္ခဏနည်း၊ နိဒဿနည်းအားဖြင့် ဘုရားရှင်က အာနာပါနကမ္မဋ္ဌာန်းစတဲ့ ဒီကမ္မဋ္ဌာန်းတွေကို မဟာသတိပဋ္ဌာနသုတ္တန်မှာ ကာယာနုပဿနာသတိပဋ္ဌာန်ပိုင်းမှာ ဟောကြားထားခြင်း ဖြစ်ပါတယ်၊

ဥပလက္ခဏနည်း၊ နိဒဿနည်း ဆိုတာကတော့ အရိပ်ပြလျှင် အကောင်ထင်အောင် ပုံစံ တစ်ခု၊ နှစ်ခုလောက် ထုတ်နုတ်ပြီး မြတ်စွာဘုရားက သမထကမ္မဋ္ဌာန်းတွေကို ဟောကြားထားတော်မူခြင်းဖြစ်တယ်၊ ဒါကြောင့် သမထကမ္မဋ္ဌာန်း အားလုံးလိုလို ဒီကာယာနုပဿနာသတိပဋ္ဌာန်ရဲ့အောက်မှာ အကျုံးဝင်နေပါတယ်၊ ဒါက သမထပိုင်း၊ ဒီသမာဓိတွေကို စနစ်တကျ ထူထောင်ပြီးတဲ့ ယောဂီသူတော်ကောင်းက ရှေ့တစ်ဆင့် တက်ပြီးတော့ လုပ်ငန်းခွင် ပြုလုပ်ပုံကို ဘုရားရှင်က အစီအစဉ်တကျ ဟောထားတယ်၊ ဘယ်လိုဟောလဲ?

‘‘ဣတိ အဇ္ဈတ္တံ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ။
ဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ။
အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ’’ (မ၊၁၊၇၁။)

ဒီလိုဟောထားတယ်၊ အဇ္ဈတ္တမှာလည်း ကာယကို ကာယလို့ အဖန်ဖန် အထပ်ထပ်ရှုပါ၊ ဗဟိဒ္ဓမှာလည်း ကာယကို ကာယလို့ အဖန်ဖန် အထပ်ထပ် ရှုပါ၊ အဇ္ဈတ္တ၊ ဗဟိဒ္ဓ နှစ်မျိုးလုံးမှာလည်း ကာယကို ကာယလို့ အဖန်ဖန် အထပ်ထပ် ရှုပါဆိုပြီး ဒီလိုညွှန်ကြားထားတယ်၊

ဒီ ညွှန်ကြားချက် အပိုင်းကိုတော့ ပဋိသမ္ဘိဒါမဂ်ပါဠိတော်မှာ အရှင်သာရိပုတ္တရာမထေရ်မြတ်က ကာယအရ ရူပကာယ၊ နာမကာယ နှစ်မျိုးလုံးကိုပဲ ရည်ညွှန်းထားတယ်ဆိုပြီးတော့ ဒီလို ဖွင့်ဆိုထားပါတယ်၊ ဆိုလိုတာကတော့ ရုပ်သက်သက်ကို ဝိပဿနာ ရှုပွားသုံးသပ်ရုံမျှဖြင့်လည်း အရိယာမဂ်ဖိုလ် မဆိုက်နိုင်ဘူး၊ နာမ်တရား သက်သက်ကို ဝိပဿနာရှုပွားရုံဖြင့်လည်း အရိယာမဂ်ဖိုလ် မဆိုက်နိုင်တဲ့အတွက် ယောဂီပုဂ္ဂိုလ်က ရုပ်တရား နာမ်တရား နှစ်မျိုးလုံးကို ရှုရမှာဖြစ်တယ်၊ ရုပ်တရားတွေကို ရူပကာယလို့ခေါ်တယ်၊ နာမ်တရားတွေကို နာမကာယလို့ခေါ်တယ်၊ ကာယဆိုတာက အပေါင်းအစုကို ဆိုလိုပါတယ်။

ဘာအပေါင်းအစုလဲ၊ ရုပ်တရားအပေါင်းအစု, နာမ်တရားအပေါင်းအစု၊ ဘာဖြစ်လို့ ဒီလို အပေါင်းအစုဆိုတဲ့ စကားလုံးသုံးပြီး ဟောနေရသလဲလို့ မေးရင်တော့ ရုပ်တရားတို့မည်သည်မှာ အုပ်စုခေါ်တဲ့ အပေါင်းအစုအလိုက် အုပ်စုအလိုက်သာ ဖြစ်တယ်၊ နာမ်တရားတို့မည်သည်မှာလည်း အပေါင်းအစုခေါ်တဲ့ အုပ်စုအလိုက်သာဖြစ်တယ်၊ ဒီအုပ်စုလေးတွေကို ဝိသုဒ္ဓိမဂ္ဂ မဟာဋီကာဆရာတော်ကတော့ ရူပါရူပကလာပုပ္ပါဒနံ၊ (မဟာဋီ၊၂၊၂၃၅။) ဆိုပြီးတော့ ရုပ်ကလာပ်, နာမ်ကလာပ်ဆိုပြီး ဒီလိုပဲ သုံးထားပါတယ်နော်၊

ဒီတော့ ရုပ်တို့မည်သည်မှာ ရုပ်ကလာပ်ခေါ်တဲ့ အမှုန်ကလေးတွေ အနေနဲ့ဖြစ်တယ်၊ ဒီ ကလာပ်အမှုန်တစ်ခု တစ်ခုကို ဓာတ်ခွဲကြည့်ရင် အောက်ထစ်ဆုံး ပမာဏအားဖြင့် ပထဝီ, အာပေါ, တေဇော, ဝါယော, အဆင်း, အနံ့, အရသာ, ဩဇာဆိုပြီး သဘောတရား ရှစ်ခုရှိပါတယ်၊ အဲဒီ ရှစ်ခုထက် လျော့နည်းနေပြီး ဖြစ်နိုင်တဲ့ စွမ်းအားမရှိဘူး၊ ဒီလို အုပ်စုအလိုက် ဖြစ်တဲ့အတွက် ကာယဆိုတဲ့ စကားလုံးကိုသုံးပြီး ဘုရားရှင်က ရူပကာယစသည်ဖြင့် ဒီလို ခေါ်ဝေါ်သုံးစွဲထားတယ်၊ ကာယာနုပဿနာသတိပဋ္ဌာန်စသည်ဖြင့် ခေါ်ဝေါ်ထားတယ်၊ အလားတူပဲ၊ နာမ်တရားတို့မည်သည်မှာလည်း တစ်လုံးချင်း ဖြစ်နိုင်တဲ့ စွမ်းအားမရှိဘူး၊ ဒွေပဉ္စဝိညာဏ် စိတ္တက္ခဏ စေတသိက် ခုနစ်လုံးလို့ ခေါ်ဆိုအပ်တဲ့ စေတသိက် ခုနစ်လုံးနဲ့ အသိစိတ် တစ်လုံး၊ ပေါင်း ရှစ်လုံးပေါင်းမှ ဖြစ်နိုင်တဲ့ စွမ်းအားရှိတယ်၊ ဒါက အနည်းဆုံးပဲ၊

တစ်ချို့ စိတ္တက္ခဏတွေမှာ မဟာကုသိုလ်ဇော စိတ္တက္ခဏဖြစ်လို့ ဉာဏသမ္ပယုတ်လည်းဖြစ်မယ်၊ သောမနဿဝေဒနာနှင့်လည်း ယှဉ်မယ်ဆိုရင် စိတ် စေတသိက် သုံးဆယ့်လေးလုံးလောက်အထိ ယှဉ်တွဲပြီး ဖြစ်ကြပါတယ်၊ ဒီလို စိတ္တက္ခဏတစ်ခုအတွင်းမှာ အတူယှဉ်တွဲပြီး ဖြစ်ပေါ်သွားတဲ့ စိတ်စေတသိက်တရားစုတွေကို နာမကာယ၊ နာမ်ကလာပ်ဆိုပြီး ဒီလို ခေါ်ဝေါ်သုံးစွဲထားပါတယ်နော်၊ အဲဒီ ရူပကာယ, နာမကာယတွေကို ယောဂီပုဂ္ဂိုလ်က အဇ္ဈတ္တမှာရော၊ ဗဟိဒ္ဓမှာရော အဇ္ဈတ္တ, ဗဟိဒ္ဓနှစ်မျိုးလုံးကိုပဲ စနစ်တကျ ပရမတ်ဆိုက်အောင် သိမ်းဆည်းပါတဲ့၊ ဒါက ဘုရားရှင်ရဲ့ ညွှန်ကြားချက်နော်၊ အဲဒီညွှန်ကြားချက်ပြီးတော့ နောက်တစ်ဆင့်တက်ပြီး ဘုရားရှင်က ဘာညွှန်ကြားလဲ?

‘‘သမုဒယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ ဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ သမုဒယဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ။’’ (ဒီ၊၂၊၂၃၂။)

အကြောင်းတရားတွေ ထင်ရှားဖြစ်ရင် အကျိုးတရား အကျိုးရူပကာယ နာမကာယတွေ ထင်ရှားဖြစ်ပုံကိုလည်း မြင်အောင်ရှုဖို့ ဟောတယ်၊ အကြောင်းတရားတွေ အနုပ္ပါဒနိရောဓ သဘောအားဖြင့် နောင်တစ်ဖန် ဘယ်တော့မှ မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းပုံကိုလည်း မြင်အောင်ရှုဖို့ ဟောတယ်၊

နောက်တစ်ခု - အကြောင်း-အကျိုး နှစ်ရပ်လုံးတို့ရဲ့ ဖြစ်ပြီးပျက်နေတဲ့ နိဗ္ဗတ္တိလက္ခဏာနှင့် ဝိပရဏာမလက္ခဏာခေါ်တဲ့ ဖြစ်မှု, ပျက်မှုကိုလည်း ဉာဏ်နဲ့မြင်အောင်ကြည့်ပြီး အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီး ဝိပဿနာရှုဖို့ ဒီအပိုင်းမှာ ဟောလိုက်တယ်၊ ဟောပြီးတော့ နောက်တစ်ဆင့်တက်ပြီး ဘုရားရှင်က ဘာဟောလဲ၊

‘‘အတ္ထိ ကာယောတိ ဝါ ပနဿ သတိ ပစ္စုပဋ္ဌိတာ ဟောတိ ယာဝဒေဝ ဉာဏမတ္တာယ ပဋိဿတိမတ္တာယ။’’ (ဒီ၊၂၊၂၃၂။)

ကာယ, ရူပကာယ, နာမကာယသက်သက်ပဲရှိတယ်၊ ထိုရူပကာယ, နာမကာယထက် လွန်ပြီးတော့ ဘာမှ မရှိတော့ဘူး၊ သင်္ခါရနိမိတ်ဆိုတာ လုံးလုံး မရှိတော့ဘူး၊ အဲဒီလို သိတဲ့ အဆင့်ထိရောက်အောင် ဆက်ပြီးတော့ ကျင့်ပါ၊ ကျင့်ခဲ့ရင် ဒီအသိဉာဏ်က ဘာလုပ်မလဲ? "ယာဝဒေဝ ဉာဏမတ္တာယ" ဝိပဿနာဉာဏ်တွေ အဆင့်ဆင့် တိုးပွားလာအောင် ဆောင်ရွက်ပေးမယ်၊ "ယာဝဒေဝ ပဋိဿတိမတ္တာယ" ဒီဝိပဿနာဉာဏ်နဲ့ ယှဉ်တွဲနေတဲ့ သတိတွေ အဆင့်ဆင့် တိုးပွားလာအောင် အားကောင်းလာအောင် ဒီအသိဉာဏ်က ဆောင်ရွက်ပေးမယ်ဆိုပြီးတော့ ဒီလို ဆက်ဟောတယ်၊

ဟောလိုက်တော့ ဒီဟောကြားချက်ကတော့ ရူပကာယခေါ်တဲ့ ရုပ်တရားသက်သက်, နာမကာယခေါ်တဲ့ နာမ်တရားသက်သက် အစုအပုံသာ ရှိတယ်လို့ သိအောင် ရှုရတော့မယ်၊ အဲဒီ အချိန်အခါမှ ယောဂီက ရုပ်ကလာပ်တွေကို ဓာတ်ခွဲလို့ ရုပ်ပရမတ်နယ်မြေကို အသိဉာဏ် ဆိုက်နေပြီး ဖြစ်ပါတယ်၊ အဲဒီလို အသိဉာဏ် ဆိုက်တဲ့အခါမှာ အခုလို ဖြစ်မှု, ပျက်မှုတွေကို ရှုရာကနေပြီးတော့ ဖြစ်ပျက်တွေက မြန်လာတဲ့အခါ ယောဂီပုဂ္ဂိုလ်က အဖြစ်ကို မကြည့်တော့ဘဲ၊ အပျက်ကို နှလုံးသွင်းလိုက်တဲ့အခါ ဉာဏ်တွေကလည်း ထက်လာပြီဆိုရင် ထိုရူပကာယ, နာမကာယခေါ်တဲ့ ရုပ်တရား, နာမ်တရားတို့ရဲ့ အဖြစ်ကို အဖြစ်ကို မမြင်တော့ဘဲ အပျက်သက်သက်ကိုပဲ ကွက်ပြီး မြင်လာပြီး၊ ဉာဏ်ကလည်း အလွန်ထက်လာပြီဆိုရင် ထိုအချိန်အခါမှာ ကလာပ်တောင် မမြင်တော့ဘဲ၊ ရုပ်သဘောသက်သက် နာမ်သဘောသက်သက်တို့ရဲ့ အပျက်သက်သက်ကို တစ်ဖက်သက် နှလုံးသွင်းပြီး ဆက်ရှုပွားခဲ့မယ်ဆိုရင် အဆင့်ဆင့် ဝိပဿနာဉာဏ်တွေလည်း တိုးတက်လာမယ်၊ ဝိပဿနာဉာဏ်နဲ့ ယှဉ်တွဲနေတဲ့ သတိတွေလည်း အားကောင်းလာလိမ့်မယ်၊ ဒီအပိုင်းကတော့ ဘင်္ဂဉာဏ်ကနေစပြီးတော့ ဟိုသင်္ခါရုပေက္ခာဉာဏ်အထိ အထက်ပိုင်း ဝိပဿနာဉာဏ်စဉ်အားလုံးကို ရည်ညွှန်းထားပါတယ်၊

အဲဒီ ဉာဏ်စဉ်ကို ရင့်ကျက်အောင် ကြိုးစားအားထုတ်ပြီးတဲ့အခါ နောက်တစ်ဆင့် ဘာဆက်လုပ်ရမလဲ? ဘာဖြစ်သွားမလဲ?

‘‘အနိဿိတော စ ဝိဟရတိ၊ န စ ကိဉ္စိ လောကေ ဥပါဒိယတိ။’’ (ဒီ၊၂၊၂၃၂။)

တဏှာ, မာန, ဒိဋ္ဌိတို့ဖြင့် ခန္ဓာငါးပါးအပေါ်၌ ငါ, ငါ့ဟာလို့ အမှီပြုပြီးတော့ မနေတော့ဘဲ တဏှာစွဲ, မာနစွဲ, ဒိဋ္ဌိစွဲ အစွဲတွေ ခန္ဓာငါးပါးအပေါ်မှာ လုံးဝ ပြုတ်သွားလိမ့်မယ်၊ ဒီအပိုင်းကတော့ အရိယာမဂ်ဉာဏ်တွေ အဆင့်ဆင့်ပေါ်လာပြီး အရဟတ္တမဂ်ဆိုက်တဲ့အထိ ဒီအဆင့်က ရည်ညွှန်းထားပါတယ်၊ အရဟတ္တမဂ်ဆိုက်ပြီဆိုရင် ခန္ဓာငါးပါးတို့အပေါ်၌ စွဲလမ်းနေတဲ့ တဏှာစွဲ, မာနစွဲ, ဒိဋ္ဌိစွဲ အစွဲဟူသမျှ ကိလေသာဟူသမျှ အားလုံး ကင်းစင်သွားပြီ၊ အဲဒီ အဆင့်ရောက်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါ ဆိုပြီးတော့ ဒါ သတိပဋ္ဌာန်ကျင့်စဉ်ပိုင်းမှာ ဘုရားရှင်က ဒီလို နည်းစနစ် အဆင့်ဆင့် ဟောပေးထားပါတယ်နော်၊

ဒီတော့ ဒီရှုကွက်ကိုကြည့်မယ်ဆိုရင် မူလ အခြေခံတည်ထားတာက ရူပကာယကို အခြေခံတည်ထားသော်လည်း၊ ရုပ်တရားသက်သက်ကို ဝိပဿနာရှုရုံဖြင့် အရိယာမဂ်သို့ မဆိုက်နိုင်၊ နာမ်တရားသက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်လည်း အရိယာမဂ်သို့ မဆိုက်နိုင်၊ မဆိုက်နိုင်တဲ့အတွက် ရူပကာယ, နာမကာယ နှစ်မျိုးလုံးကိုပဲ ရှုရပါတယ်၊ ဒီအဆုံးအဖြတ်ကတော့ ဘုန်းကြီးတို့ အဋ္ဌသာလိနီ အဋ္ဌကထာ စာမျက်နှာ (၂၇၀-၂၇၁)မှာ ဝုဋ္ဌာနဂါမိနိဝိပဿနာ ကိုးမျိုးကို ရှင်းလင်းတဲ့ ဖွင့်ဆိုချက်ထဲမှာ ပါပါတယ်နော်၊

‘‘ယသ္မာ ပန န သုဒ္ဓရူပဒဿနမတ္တေနေဝ ဝုဋ္ဌာနံ ဟောတိ၊ အရူပမ္ပိ ဒဋ္ဌဗ္ဗမေဝ။’’ (ဝိသုဒ္ဓိ၊ဋ္ဌ၊၂၊၃၀၀။)

ယသ္မာ ပန၊ အကြင်ကြောင့်ကား၊ သုဒ္ဓရူပဒဿနမတ္တေနေဝ၊ ရုပ်တရားသက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်ပင်လျှင်၊ ဝုဋ္ဌာနံ၊ အရိယာမဂ်သို့ ထမြောက်ဖြစ်ပေါ်လာခြင်းသည် (ဝါ) ဝုဋ္ဌာနဂါမိနိဝိပဿနာသည်၊ န ဟောတိ၊ မဖြစ်နိုင်၊ အရူပမ္ပိ၊ နာမ်တရားကိုလည်းပဲ၊ ဒဋ္ဌဗ္ဗမေဝ၊ ဝိပဿနာရှုပွားသုံးသပ်ရမည်သာလျှင်တည်း။

ပုဂ္ဂိုလ်တစ်ယောက်က ရုပ်တရား, နာမ်တရား နှစ်မျိုးရှိတဲ့အနက်က ရုပ်တရားကို စပြီးတော့ အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ ဝိပဿနာရှုတယ်၊ အဲဒီလို ရှုလိုက်တဲ့အပိုင်းမှာ ရုပ်တရားသက်သက်ကို ဝိပဿနာရှုရုံမျှဖြင့် အရိယာမဂ်သို့ မဆိုက်နိုင်တဲ့အတွက် နာမ်တရားကိုလည်း ရှုရမယ်တဲ့၊ ရှုလိုက်တဲ့အခါ ဘယ်နာမ်တရားတွေ ရှုမလဲ?

‘‘တသ္မာ တံ ရူပံ အာရမ္မဏံ ကတွာ ဥပ္ပန္နံ ဝေဒနံ သညံ သင်္ခါရေ ဝိညာဏဉ္စ ‘ဣဒံ အရူပ’န္တိ အရူပံ ပဿတိ။’’ (ဝိသုဒ္ဓိ၊ဋ္ဌ၊၂၊၃၀၀။)

တသ္မာ၊ ထိုသို့ ရုပ်တရားသက်သက်ရှုရုံဖြင့် မဆိုက်နိုင်သောကြောင့်၊ တံ ရူပံ၊ ထိုရုပ်တရားကို၊ အာရမ္မဏံ၊ အာရုံ၊ ကတွာ၊ ပြု၍၊ ဥပ္ပန္နံ၊ ဖြစ်ပေါ်လာသော၊ ဝေဒနံ၊ ဝေဒနာကိုလည်းကောင်း၊ သညံ၊ သညာကိုလည်းကောင်း၊ သင်္ခါရေ၊ သင်္ခါရတို့ကိုလည်းကောင်း၊ ဝိညာဏဉ္စ၊ ဝိညာဏ်ကိုလည်းကောင်း၊ ဣဒံ၊ ဤသည်ကား၊ အရူပံ၊ နာမ်တရားတည်း၊ ဣတိ၊ ဟု၊ အရူပံ၊ နာမ်တရားကို၊ ပဿတိ၊ ရှု၏ (ဝါ) ဉာဏ်ဖြင့် ပိုင်းခြားယူ၏။

ဒီရုပ်တရားကို အာရုံယူပြီးတော့ ဖြစ်ပေါ်လာတဲ့ ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်ခေါ်တဲ့ နာမ်တရားတွေကို ဤကား နာမ်တရားလို့ ရှေးဦးစွာဉာဏ်နဲ့ ပိုင်းခြားယူပါ၊ ပိုင်းခြားယူပြီးတဲ့အခါ ဒီ နာမ်တရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ ဝိပဿနာရှုပါဆိုပြီး ဒီလိုဆုံးဖြတ်ထားတယ်၊

ဘာကြောင့် အဋ္ဌကထာဆရာတော်က ဒီလိုအဆုံးအဖြတ်တွေ ပေးနေရသလဲလို့ မေးတော့ ဒီသတိပဋ္ဌာနသုတ္တန်ကျဉ်းစဉ်ကိုကြည့်ရင် ဘုရားရှင်ကလည်း ရူပကာယ, နာမကာယ နှစ်မျိုးလုံးကိုပဲ ဟောဖို့ရန် ရှုကွက်တွေက အပြည့်အစုံ ဟောကြားထားပါတယ်၊ ဝေဒနာနုပဿနာသတိပဋ္ဌာန်, စိတ္တာနုပဿနာသတိပဋ္ဌာန်, ဓမ္မာနုပဿနာသတိပဋ္ဌာန်ဆိုပြီး သတိပဋ္ဌာန်တွေ ဆက်ပြီးဟောမှာ ဖြစ်တယ်၊ ဒါက အကြောင်းတစ်ခု၊ နောက်အကြောင်းတစ်ခုပြောဦးမယ်၊ အဋ္ဌကထာဆရာတော်တွေ, ဋီကာဆရာတော်တွေ ခဏခဏ ကိုးကားနေတဲ့ သုတ္တန်တစ်ခု ဖြစ်ပါတယ်၊

‘‘သဗ္ဗံ ဘိက္ခဝေ အနဘိဇာနံ အပရိဇာနံ အဝိရာဇယံ အပ္ပဇဟံ အဘဗ္ဗော ဒုက္ခက္ခယာယ၊ ... ပ ... သဗ္ဗံ စ ခေါ ဘိက္ခဝေ အဘိဇာနံ ပရိဇာနံ ဝိရာဇယံ ပဇဟံ ဘဗ္ဗော ဒုက္ခက္ခယာယ။’’ (သံ၊၃၊၂၄၉-၂၅၀။)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့၊ သဗ္ဗံ၊ အလုံးစုံသော ခန္ဓာငါးပါး ရုပ်တရား နာမ်တရားကို၊ အနဘိဇာနံ၊ ဉာတပရိညာပညာဖြင့် ထိုးထွင်း၍ မသိခဲ့သည်ရှိသော်၊ အပရိဇာနံ၊ တီရဏပရိညာပညာဖြင့် ပိုင်းခြား၍ မသိခဲ့သည်ရှိသော်၊ အဝိရာဇယံ၊ ထိုခန္ဓာငါးပါး, ရုပ်တရား, နာမ်တရားတို့အပေါ်၌ တွယ်တာမက်မော၍နေသော တဏှာတရားကို ကင်းပြတ် ရုပ်သိမ်း ချုပ်ငြိမ်းအောင် မကျင့်နိုင်ခဲ့သည်ရှိသော်၊ အပ္ပဇဟံ၊ ပဟာနပရိညာပညာဖြင့် မပယ်စွန့်နိုင်ခဲ့သည်ရှိသော်၊ ဒုက္ခက္ခယာယ၊ သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ခြင်းငှာ၊ အဘဗ္ဗော၊ မထိုက်တန်ပေ။

သံယုတ္တနိကာယ် သဠာယတနဝဂ္ဂသံယုတ်ပါဠိတော်မှာ ဘုရားရှင်က အပရိဇာနနသုတ္တန်ဆိုပြီးတော့ သုတ္တန်နှစ်ခု ဟောကြားထားတော်မူပါတယ်၊ ထို သုတ္တန်တွေမှာ အလုံးစုံသော ခန္ဓာငါးပါး, ရုပ်တရား, နာမ်တရား သို့မဟုတ် အာယတန တစ်ဆယ့်နှစ်ပါး, ဓာတ် တစ်ဆယ့်ရှစ်ပါးဆိုတဲ့ ရုပ်တရား နာမ်တရားတွေကို ပရိညာသုံးမျိုးဖြင့် ပိုင်းပိုင်းခြားခြား မသိခဲ့ဘူးဆိုရင် သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ရာဖြစ်တဲ့ နိဗ္ဗာန်ကို ဘယ်လိုမှ မရနိုင်ဘူးဆိုပြီး ဒီလို အတိအကျ ဟောထားတယ်၊ ဒီလို ဟောကြားထားတော်မူတဲ့ သုတ္တန်တွေကို ကိုးကားပြီး အဋ္ဌကထာဆရာတော်များကလည်း ရုပ်တရားသက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်လည်း အရိယာမဂ်ဉာဏ်, ဖိုလ်ဉာဏ်သို့ မဆိုက်ရောက်နိုင်ဘူး ဆိုပြီးတော့ ဆုံးဖြတ်ထားတယ်၊

ဘုရားဟောပါဠိတော်နဲ့ အဋ္ဌကထာရဲ့ ဆုံးဖြတ်ချက်တို့သည် ဂင်္ဂါရေနှင့် ယမုနာရေ ရောသကဲ့သို့ တစ်သားတည်း ညီညွတ်နေပါတယ်၊ ကွဲပြားမှု ဘာမှ မရှိပါဘူးနော်၊ ဒါကြောင့် ဘုရားရှင် ဟောကြားတော်မူတဲ့ ဓမ္မခေါ်တဲ့ တရားတွေကို ဓမ္မလို့ထင်ရှားပြခဲ့ရင် ထိုဟောနေတဲ့ ရဟန်းတွေသည် လူ, နတ်, ဗြဟ္မာ, သတ္တဝါအားလုံးတို့ မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်ဆိုတဲ့ အကျိုးစီးပွားတွေ ရရှိဖို့ရာအတွက် မဂ်ချမ်းသာ, ဖိုလ်ချမ်းသာ, နိဗ္ဗာန်ချမ်းသာခေါ်တဲ့ ချမ်းသာသုခကြီးတွေ ရရှိဖို့ရာအတွက် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြတယ်လို့ ဒီလိုဘုရားက ဟောတာနော်၊

ဒီတော့ နည်းနည်းလေး ဘုန်းကြီး ပြန်ပြီးတော့ ပြောဦးမယ်၊ စကားနည်းနည်း ရှည်သွားတယ်နော်၊ ဒီတော့ သတိပဋ္ဌာန်လေးပါးမှာ - နံပါတ်တစ်က ကာယာနုပဿနာသတိပဋ္ဌာန်၊ ကာယာနုပဿနာသတိပဋ္ဌာန်မှာ သမထပိုင်းလည်းပါတယ်၊ ဝိပဿနာပိုင်းလည်းပါတယ်၊ ဝိပဿနာရှုကွက်မှာ ရုပ်တရားကို ဦးတည်ပြီးတော့ ပထမ ရှုတယ်၊ ရုပ်တရားသက်သက်ကို ဝိပဿနာရှုရုံမျှဖြင့် အရိယမဂ်သို့ မဆိုက်နိုင်တဲ့အတွက် နာမ်တရားကို နောက်မှ ရှုတယ်၊ ဒီတော့ ဆိုလိုတာက ရုပ်တရား ဦးတည်၍ ရုပ်နာမ်ဓမ္မသင်္ခါရတရားတွေကို သိမ်းဆည်းပြီး အကြောင်းတရားနှင့်တကွသော ထိုရုပ်နာမ်ဓမ္မသင်္ခါရတရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ ဝိပဿနာရှုတဲ့ အနုပဿနာကို ကာယာနုပဿနာသတိပဋ္ဌာန်လို့ ခေါ်ပါတယ်၊

သို့သော် ဒီ ကာယာနုပဿနာသတိပဋ္ဌာန်ကို ပွားများအားထုတ်နေတဲ့ ပုဂ္ဂိုလ်က သမထကမ္မဋ္ဌာန်းတစ်ခုခုကို အားထုတ်ရင်လည်း ကာယာနုပဿနာသတိပဋ္ဌာန်ကို ပွားများအားထုတ်နေသည်ပင်မည်တယ် ဆိုတာကိုတော့ သဘောပေါက်ဖို့ လိုတယ်နော်၊ ဒီတော့ ရုပ်တရားသက်သက်ကို ဝိပဿနာရှုရုံမျှဖြင့် အရိယာမဂ်သို့ မဆိုက်နိုင်တော့ နာမ်တရားတွေကိုလည်း ဆက်လက်ပြီး ဝိပဿနာရှုရတယ်၊ ရှုလိုက်တဲ့ အပိုင်းမှာ ဝေဒနာကို ဦးတည်ပြီး နာမ်တရားတွေကို သိမ်းဆည်း၊ သိမ်းဆည်းပြီးတဲ့ အချိန်အခါကျတော့မှ ရုပ်နာမ်ဓမ္မသင်္ခါရတရားတွေရဲ့ အကြောင်းတရားတွေကို ရှာဖွေပြီး အကြောင်းတရားတွေနဲ့တကွသော ထိုရုပ်နာမ်တွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီး ရှုပွားသုံးသပ်ခဲ့ရင် ဒါ ဝေဒနာနုပဿနာသတိပဋ္ဌာန်သို့ သက်ဝင်တယ်၊

ဒီနာမ်တရားတွေကို သိမ်းဆည်းတဲ့အပိုင်းမှာ အချို့ယောဂီပုဂ္ဂိုလ်က အသိစိတ် = ဝိညာဏ်ကို ဦးတည်ပြီးတော့ သိမ်းဆည်းတယ်၊ အသိစိတ် = ဝိညာဏ်ကို ဦးတည်ပြီး သိမ်းဆည်းတဲ့အပိုင်းမှာလည်း အသိစိတ်တစ်ခုလုံး ရှုရတာ မဟုတ်ဘူး၊ ဝေဒနာကို ဦးတည် သိမ်းဆည်းတဲ့အပိုင်းမှာလည်း ဝေဒနာတစ်ခုတည်း ရှုရတာတော့ မဟုတ်ဘူး၊ ဝေဒနာနှင့်ယှဉ်ဖက် စိတ်စေတသိက်အားလုံး အသိစိတ်နှင့် ယှဉ်ဖက် စိတ်စေတသိက် အားလုံးကိုလည်း ရှုရမယ်၊

ရှုပြီးတဲ့ အချိန်အခါမှာ ဒီဝေဒနာဦးဆောင်နေတဲ့ နာမ်တရား၊ အသိစိတ် ဦးဆောင်နေတဲ့ နာမ်တရားတို့ရဲ့ မှီရာဝတ္ထုရုပ်တွေကိုလည်း ရှုရမယ်၊ အာရုံရုပ်တွေကိုလည်း ရှုရမယ်၊ ရုပ်နာမ်တွေကို သိမ်းဆည်းပြီးတဲ့အခါ အကြောင်းတရားတွေကို တစ်ဆင့်တက်ပြီး ရှာဖွေရတယ်၊ ဘာဖြစ်လို့လဲ?

‘‘သမုဒယဓမ္မာနုပဿီ ဝါ ဝေဒနာသု ဝိဟရတိ၊ ဝယဓမ္မာနုပဿီ ဝါ ဝေဒနာသု ဝိဟရတိ၊ သမုဒယဝယဓမ္မာနုပဿီ ဝါ ဝေဒနာသု ဝိဟရတိ။’’ (ဒီ၊၂၊၂၃၇။)

စသည်ဖြင့် အကြောင်းတရားတွေ ထင်ရှားဖြစ်ခဲ့ရင် အကျိုးဝေဒနာတွေ ချုပ်ငြိမ်းပုံကိုလည်း ရှုဖို့ စသည်ဖြင့် မြတ်စွာဘုရားက ဆက်ပြီး ဟောထားပါတယ်၊ ဒါကြောင့် ဝေဒနာကို ဦးတည်၍ ရုပ်နာမ် အကြောင်းအကျိုး သင်္ခါရတရားတွေကို သိမ်းဆည်းပြီးတော့ ထိုသင်္ခါရတရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီး ရှုပွားသုံးသပ်တဲ့ အနုပဿနာကို ဝေဒနာနုပဿနာသတိပဋ္ဌာန်လို့ ခေါ်တယ်၊

အလားတူပဲ၊ အသိစိတ်ကို ဦးတည်ပြီးတော့ ရုပ်, နာမ်အကြောင်းအကျိုး သင်္ခါရတရားတွေကို သိမ်းဆည်းပြီး အကြောင်းတရားနှင့်တကွသော ထိုရုပ်နာမ်ဓမ္မသင်္ခါရတရားတွေကို လက္ခဏာရေးသုံးတန်တင်ပြီး ရှုပွားသုံးသပ်တဲ့ အနုပဿနာကိုတော့ စိတ္တာနုပဿနာသတိပဋ္ဌာန်လို့ ဒီလို ခေါ်ပါတယ်၊

နောက်တစ်ခု - နာမ်ကမ္မဋ္ဌာန်း သိမ်းဆည်းနည်း သုံးနည်းထဲက ဖဿကို ဦးတည်ပြီး သိမ်းဆည်းတဲ့ နည်းစနစ်တစ်ခုလည်း ရှိတယ်၊ အဲဒီ ဖဿကို ဦးတည်ပြီး နာမ်တရားတွေကို သိမ်းဆည်း မှီရာဝတ္ထုရုပ်နှင့် အာရုံတွေကိုသိမ်းဆည်းပြီး အကြောင်းတရားတွေကို ရှာဖွေလျက် အကြောင်းတရားနှင့်တကွသော ထိုရုပ်နာမ်ဓမ္မသင်္ခါရတရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီးတော့ ရှုပွားသုံးသပ်တဲ့ အပိုင်းကိုတော့ ဓမ္မာနုပဿနာသတိပဋ္ဌာန်ပိုင်းလို့ ဒီလိုခေါ်ပါတယ်၊

အဲဒီ ဓမ္မာနုပဿနာသတိပဋ္ဌာန်ပိုင်းမှာကတော့ ဘုရားရှင်က ခန္ဓာငါးပါး ရှုကွက်, အာယတန တစ်ဆယ့်နှစ်ပါး ရှုကွက်, သစ္စာလေးပါး ရှုကွက်, ဗောဇ္ဈင်ခုနစ်ပါး ရှုကွက်, နီဝရဏငါးပါး ရှုကွက် စသည်ဖြင့် ရှုကွက်တွေ တော်တော် ခပ်စုံစုံ ဟောကြားထားတော်မူပါတယ်နော်၊

ဒီတော့ ပြန်ပြီး ပြောမယ်၊ သတိပဋ္ဌာန် ဘယ်နှစ်ပါးလဲ? လေးပါး၊ ကာယာနုပဿနာသတိပဋ္ဌာန်, ဝေဒနာနုပဿနာသတိပဋ္ဌာန်, စိတ္တာနုပဿနာသတိပဋ္ဌာန်, ဓမ္မာနုပဿနာသတိပဋ္ဌာန် ဆိုပြီးတော့ သတိပဋ္ဌာန်လေးပါး ရှိပါတယ်လို့ ရဟန်းတော်တစ်ပါးက ခုလို အစီအစဉ်တကျ ဟောပြောပြခဲ့မယ် ဆိုရင်တော့ - ထိုရဟန်းတော်သည် ဓမ္မကို ဓမ္မလို့ ထင်ရှားပြနေတဲ့ ရဟန်းတော်ဖြစ်တယ်၊ ဒါပေမယ့် ရဟန်းတော်တစ်ပါးက သတိပဋ္ဌာန်ဟာ လေးပါး မဟုတ်ဘူး၊ တစ်ပါးပဲ၊ ဘယ်လို တစ်ပါးလဲ? တစ်ချို့ တချို့ အယူအဆလေးတွေပေါ့နော်၊ ရုပ်ဓာတ်တစ်လုံး ရှုရုံနဲ့လည်း မဂ်ဉာဏ်, ဖိုလ်ဉာဏ် ဆိုက်နိုင်တယ်လို့ ပြောတယ်၊ သတိပဋ္ဌာန်တစ်ပါး ရှိတယ်လို့ ပြောတာနဲ့ အတူတူပဲ၊ ဓာတ်တစ်လုံးရှုရုံနဲ့လည်း နိဗ္ဗာန်ကို ပေါက်ပါတယ်ဆိုပြီး တစ်ချို့က ဒီလို ဟောကြ, ပြောကြတယ်၊ ပြောလိုက်တဲ့ အချိန်အခါကျတော့ သတိပဋ္ဌာန် တစ်ပါးပဲ ရှိပါတယ်လို့ ပြောတာနဲ့ အဓိပ္ပာယ် တူမနေဘူးလား? တူနေတယ်နော်၊ ဒီတော့ ဆိုလိုတာက သတိပဋ္ဌာန်လေးပါးကို လေးပါးလို့ ထင်ရှားပြခဲ့ရင် ဓမ္မကို ဓမ္မလို့ ထင်ရှားပြနေတာဖြစ်တယ်၊ သတိပဋ္ဌာန်ကို သုံးပါးပဲ ရှိတယ်၊ နှစ်ပါးပဲရှိတယ်၊ တစ်ပါးပဲရှိတယ်လို့ ထင်ရှားပြခဲ့ရင် ဓမ္မကို အဓမ္မလို့ ထင်ရှားပြတာလည်း ဖြစ်တယ်၊ အဓမ္မကို ဓမ္မလို့ ထင်ရှားပြနေတာလည်း ဖြစ်တယ်တဲ့၊

အလားတူပဲ၊ နောက်တစ်ခု - သမ္မပ္ပဓာန် ဘယ်နှစ်ပါးလဲ? လေးပါး၊ သမ္မပ္ပဓာန်လေးပါးက နံပါတ်တစ် မဖြစ်ပေါ်သေးတဲ့ အကုသိုလ်တွေကို မဖြစ်အောင်၊ နံပါတ်နှစ်က ဖြစ်ပေါ်ပြီးတဲ့ အကုသိုလ်တွေကို ပယ်နိုင်အောင်၊ နံပါတ်သုံး မဖြစ်ပေါ်သေးတဲ့ ကုသိုလ်တရားတွေ ဖြစ်ပေါ်လာအောင်၊ နံပါတ်လေး ဖြစ်ပေါ်လာပြီးတဲ့ ကုသိုလ်တရားတွေကို မဂ်ဉာဏ်, ဖိုလ်ဉာဏ် ဆိုက်သည်အထိ အတိုင်းထက်အလွန် တိုးပွားအောင် ကြိုးစားအားထုတ်ခြင်းကို သမ္မပ္ပဓာန်လေးပါးလို့ခေါ်တယ်၊ ဒီသမ္မပ္ပဓာန် လုံ့လဝီရိယက ခုလိုကြိုးစားတဲ့အပိုင်းမှာ အရိုးကြွင်းစေ၊ အရေကြွင်းစေ၊ အကြောကြွင်းစေ၊ အသားအသွေးတွေ အကုန် ခန်းခြောက်ချင် ခန်းခြောက်ပါစေ ယောကျ်ားတို့ရဲ့ ဇွဲလုံ့လဝီရိယ၊ မိန်းမမြတ်တို့ရဲ့ ဇွဲလုံ့လဝီရိယဖြင့် ရောက်နိုင်တဲ့ အရာဌာနသို့ မရောက်မချင်း ငါ့ရဲ့ ကြိုးစားအားထုတ်မှု လုံ့လဝီရိယရဲ့ နောက်ကို ဆုတ်သွားခြင်း၊ နောက်တွန့်သွားခြင်းမည်သည် ဘယ်တော့မှ မဖြစ်စေရလို့ ဒီလို အပြင်းအထန် ကြိုးစားအားထုတ်တဲ့ လုံ့လဝီရိယမျိုးကို ဆိုလိုပါတယ်၊ တပည့်တော်က ဆယ်ရက်ပဲ ဓိဋ္ဌာန်ထားတယ်တဲ့၊ မနက်က ဘုန်းကြီး တစ်ပါးက လာလျှောက်တယ်၊ ဟော သိဒ္ဓတ္ထမင်းသား တောထွက်တုန်းက ဒီလိုပါပဲ ဆယ်ရက်ပဲ ဓိဋ္ဌာန်ပြီးတော့ ထွက်သလားလို့ ဘုန်းကြီးက မေးလိုက်ပါတယ်နော်၊ အဲဒီလို ဝီရိယမျိုး ဟုတ်သလား? မဟုတ်ဘူးနော်၊ ခု - အရိုးပဲ ကျန်သလား? မကျန်သေးပါဘူး၊ အကြောပဲ ကျန်လား? မကျန်သေးဘူး၊ ဟုတ်တယ် မဟုတ်လား၊ အကုန်လုံး ပြည့်နေတယ်။

ဒါကြောင့် နည်းနည်းလေး လုံ့လဝီရိယဆိုတာက ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်တဲ့ လုံ့လဝီရိယလေးတွေ ရှိဖို့လိုတယ်၊ အဲဒီမှာလည်း သမ္မပ္ပဓာန်က လေးပါး ရှိပါလျက်နဲ့ သမ္မပ္ပဓာန်က တစ်ပါးပဲရှိတယ်၊ နှစ်ပါးပဲရှိတယ်၊ သုံးပါးပဲရှိတယ် သို့မဟုတ် ငါးပါးပဲ ရှိတယ်လို့ပြောရင် ဒါက အဓမ္မပဲနော်၊ သမ္မပ္ပဓာန် လေးပါး ရှိပါတယ်လို့ ပြောရင် ဒါ ဓမ္မ၊ ဓမ္မကို ဓမ္မလို့ ထင်ရှားပြနေခြင်းဖြစ်တယ်၊ သမ္မပ္ပဓာန် ငါးပါးဟာ မဟုတ်ပါဘူးလို့ ပြောရင်လည်း အဓမ္မကို အဓမ္မလို့ ထင်ရှားပြောခြင်းဖြစ်တယ်၊ သို့သော် ပုဂ္ဂိုလ်တစ်ယောက်က သမ္မပ္ပဓာန်ဟာ ငါးပါးပဲ ရှိပါတယ်၊ သုံးပါးပဲရှိပါတယ်၊ နှစ်ပါးပဲရှိပါတယ်၊ တစ်ပါးပဲရှိပါတယ်လို့ ပြောင်ခံပြီး ငြင်းမယ်ဆိုရင်တော့ သူက အဓမ္မကို အဓမ္မလို့ ထင်ရှားပြနေတယ်၊ တစ်နည်းတော့ ဓမ္မကိုလည်း အဓမ္မလို့ ထင်ရှားပြတယ်၊ အဓမ္မကိုလည်း ဓမ္မလို့ ထင်ရှားပြနေတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်တဲ့၊

နောက်တစ်ခု - ဣဒ္ဓိပါဒ် လေးပါး၊ ဆန္ဒိဒ္ဓိပါဒ်၊ ဝီရိယိဒ္ဓိပါဒ်၊ စိတ္တိဒ္ဓိပါဒ်၊ ဝီမံသိဒ္ဓိပါဒ်ဆိုပြီး ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ဝီမံသဆိုပြီးတော့ ဣဒ္ဓိပါဒ်က လေးမျိုးရှိတယ်၊ ဣဒ္ဓိဆိုတာက မိမိရဲ့ အလိုဆန္ဒ တန်ခိုးအမျိုးမျိုးကို ပြီးစီးပြည့်စုံစေနိုင်တဲ့ အကြောင်းအရင်းတွေကို ဣဒ္ဓိပါဒ်လို့ ခေါ်တယ်၊ အဲဒီ အခြေခံ အကြောင်းရင်းက ဘာတွေလဲ? နံပါတ် တစ် ဆန္ဒ၊ လိုလားတောင့်တမှု မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ နိဗ္ဗာန်ကို လိုလားတောင့်တနေတဲ့ ဆန္ဒဓာတ်က အလွန် ပြင်းထန်ရမယ်၊ ဝီရိယ၊ ကြိုးစားအားထုတ်နေတဲ့ ဝီရိယကလည်း ပြင်းထန်ရမယ်၊ စိတ္တ၊ အသိစိတ်ဓာတ်တွေကလည်း ခိုင်ခံ့နေရမယ်၊ တော်ကြာ စိတ်ဓာတ်က လျှောကျသွားလိုက်၊ တော်ကြာ ပြန်ရရင် ကောင်းမယ် ထင်တယ်၊ တပည့်တော် နည်းနည်းလေး မကျန်းမာဘူးလေ၊ ခဏပြန်ပြီး အိမ်နားရရင် ကောင်းမယ်ထင်တယ်၊ နောက်ပြီးတော့မှ နောက်တော့ ပြန်လာတာပေါ့၊ ဟုတ်တယ် မဟုတ်လား? အဲဒီလို စိတ်ဓာတ်မျိုးနဲ့ အားထုတ်လို့ ရမလား? မရဘူးနော်၊ ဝီမံသ၊ ပညာဉာဏ်တွေကလည်း အစွမ်းထက်ရမယ်တဲ့နော်၊ ဆန္ဒရှိတဲ့ပုဂ္ဂိုလ် မပြီးစီးတဲ့အရာ ဘာမှမရှိဘူး၊ ဝီရိယရှိတဲ့ပုဂ္ဂိုလ်အတွက် မပြီးစီးနိုင်တာ ဘာမှမရှိဘူး၊ အသိစိတ် ခိုင်မာနေတဲ့၊ စိတ်ဓာတ်တွေ ခိုင်မာနေတဲ့ ပုဂ္ဂိုလ်အတွက် မပြီးစီးနိုင်တာ ဘာမှမရှိဘူး၊ ပညာဉာဏ် အဆင့်မြင့်နေတဲ့ ပုဂ္ဂိုလ်အတွက် မပြီးစီးနိုင်တာလည်း ဘာမှ မရှိဘူး၊ ဒါက တန်ခိုးအမျိုးမျိုးတို့ ပြည့်စုံခြင်းရဲ့ အခြေခံအကြောင်းရင်း ပါဒ လေးမျိုး ဖြစ်ပါတယ်၊ အဲဒီ ဣဒ္ဓိပါဒ် လေးမျိုးကိုလည်း သုံးမျိုးပဲရှိတယ်၊ ငါးမျိုးရှိပါတယ် စသည်ဖြင့် ပြောခဲ့ရင် ဒါ အဓမ္မပဲနော်၊ လေးမျိုးရှိပါတယ်လို့ ပြောခဲ့ရင်တော့ ဓမ္မပဲ၊

ကဲ အလားတူပဲ နောက်ထပ် ဣန္ဒြေက ဘယ်နှစ်ပါးလဲ? ငါးပါး၊ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာဆိုပြီး ဣန္ဒြေ ငါးပါး ရှိတယ်၊ မိမိ ပွားများအားထုတ်နေတဲ့ သမထပဲဖြစ်ဖြစ်၊ ဝိပဿနာပဲဖြစ်ဖြစ် သမထကမ္မဋ္ဌာန်းလုပ်ငန်းခွင် ဝိပဿနာဘာဝနာလုပ်ငန်းခွင်အပေါ်၌ ယုံကြည်ချက် အပြည့်အဝ ရှိဖို့တော့ လိုတယ်၊ ခုခေတ်က ဈာန်ရနိုင်တဲ့ခေတ်တော့ မဟုတ်ပါဘူး၊ စိတ်က လျှော့ချထားတယ်နော်၊ ဒီရုပ်တွေ ဒီနာမ်တွေဆိုတာက ဘုရား ရဟန္တာတွေသာ သိတာပါ၊ သာဝကတွေ မသိနိုင်ပါဘူးဆိုပြီး စိတ်က လျှော့ချထားတယ်၊ အဲဒီလို သဒ္ဓါတရားက ယုံကြည်ချက် မရှိဘူး ဆိုလို့ရှိရင် ဒီလုပ်ငန်းခွင်လုပ်ဖို့ အောင်မြင်ပါ့မလား? မအောင်မြင်ဘူးနော်၊

ဝီရိယ၊ ကြိုးစားအားထုတ်မှုကလည်း ရှိရမယ်၊ သတိ၊ မိမိ ရှုပွားသုံးသပ်နေတဲ့ ကမ္မဋ္ဌာန်းအာရုံကို အမြဲအမှတ်ရနေတဲ့ သတိကလည်း အားကောင်းရမယ်၊ သမာဓိ၊ မိမိရှုပွားနေတဲ့ ကမ္မဋ္ဌာန်းအာရုံပေါ်၌ စိတ်ဓာတ်က ခိုင်ခိုင်မြဲမြဲနဲ့ တည်ကြည်နေရမယ်၊ ပညာ၊ မိမိရှုပွားနေတဲ့ ကမ္မဋ္ဌာန်းအာရုံ သို့မဟုတ် ဝိပဿနာအာရုံကို ရှင်းရှင်းလင်းလင်း ထိုးထွင်းသိနေရမယ်၊ ဒီ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာဆိုပြီးတော့ ဣန္ဒြေ ငါးပါး၊ ဒီ ဣန္ဒြေ ငါးပါးက မိမိသွားလိုတဲ့ သမထလမ်းကြောင်း၊ ဝိပဿနာလမ်းကြောင်းပေါ်က မိမိရဲ့ စိတ်ဓာတ်အစဉ်ကို ဘေးကို တိမ်းချော်ပြီး ကျမသွားအောင် ထိန်းချုပ်ပေးနိုင်တဲ့ စွမ်းအားရှိတဲ့ တရားကြီး ငါးမျိုး ဖြစ်ပါတယ်၊ ဣန္ဒြေ ငါးပါး စွမ်းအားကြီး ငါးရပ် ဆိုတာလည်း ဒီတရား ငါးပါးပဲ၊ အတူတူပဲ၊ ဒီတော့ ပုဂ္ဂိုလ်တစ်ယောက်က ဣန္ဒြေ ငါးပါး ရှိပါတယ်၊ ဗိုလ် ငါးပါး ရှိပါတယ်လို့ပြောရင် ဒါ ဓမ္မကို ဓမ္မလို့ ထင်ရှားပြနေတာဖြစ်တယ်၊ ဣန္ဒြေက လေးပါးရှိတာပါ၊ ဗိုလ် ခြောက်ပါးရှိတာပါ စသည်ဖြင့် အပိုအလိုတွေ ပြောခဲ့မယ် ဆိုရင်တော့ အဓမ္မဖြစ်သွားပြီ၊ ရဟန်းတော်တစ်ပါးက ဓမ္မကို ဓမ္မလို့ပဲ ပြောရမယ်၊ အဓမ္မကို အဓမ္မလို့ပဲ ပြောရမယ်၊ ဒါပေမဲ့ အဓမ္မကို ဓမ္မလို့ပြောမယ်၊ ဓမ္မကို အဓမ္မလို့ ပြောမယ်ဆိုရင်တော့ ထိုပုဂ္ဂိုလ်က သတ္တဝါတွေ အကျိုးယုတ်ဖို့၊ ဆင်းရဲဒုက္ခ ရောက်ဖို့အတွက် ကျင့်နေတာတဲ့၊ အကုသိုလ်တရားတွေကို တိုးပွားအောင်ကျင့်နေတဲ့ပုဂ္ဂိုလ်၊ သာသနာကွယ်အောင် လုပ်နေတဲ့ ပုဂ္ဂိုလ်ပဲဆိုပြီး ဒီသုတ္တန်က ဟောနေတယ်နော်၊

နောက်တစ်ခု - ဗောဇ္ဈင် ဘယ်နှစ်ပါးလဲ? ခုနစ်ပါး၊ ဓမ္မဝိစယသမ္ဗောဇ္ဈင် ဆိုတာကတော့ မိမိရှုပွားသုံးသပ်နေတဲ့ သမထအာရုံဖြစ်ရင် သမထအာရုံကို ထိုးထွင်းသိတဲ့ဉာဏ်ကို ဓမ္မဝိစယလို့ ခေါ်တယ်၊ မိမိက ဝိပဿနာရှုခဲ့ရင် ဝိပဿနာဉာဏ်ရဲ့ အရှုခံအာရုံဖြစ်တဲ့ ရုပ်နာမ် ကြောင်းကျိုး သင်္ခါရတရားတွေ အထူးသဖြင့် ကုသိုလ်တရား၊ အကုသိုလ်တရားစတဲ့ ဒီတရားတွေကို ရှင်းရှင်းလင်းလင်း ထိုးထွင်းသိအောင် ပညာနှင့် ယှဉ်တွဲပြီးတော့ ကြိုးစားအားထုတ်တဲ့ သဘော၊ ဝီရိယသမ္ဗောဇ္ဈင်က မိမိရှုပွားနေတဲ့ သမထအာရုံ၊ ဝိပဿနာအာရုံတွေပေါ်၌ စိတ်ဓာတ်ခိုင်မြဲပြီးတော့ တည်ကြည်နေတဲ့သဘော၊ ပီတိသမ္ဗောဇ္ဈင် ဆိုတာကတော့ ဓမ္မဝိစယ၊ ဝီရိယတို့နဲ့ ယှဉ်တွဲပြီးတော့ ဒီသမထကမ္မဋ္ဌာန်းအာရုံ၊ ဝိပဿနာကမ္မဋ္ဌာန်းအာရုံတို့အပေါ်၌ နှစ်သက် ကျေနပ်နေတဲ့သဘော၊ ပဿဒ္ဓိသမ္ဗောဇ္ဈင် ဆိုတာကတော့ ဒီဓမ္မဝိစယသမ္ဗောဇ္ဈင် အစရှိတဲ့ ဒီသမ္ဗောဇ္ဈင်တရားတွေနဲ့ယှဉ်တွဲပြီးတော့ မိမိရှုပွားသုံးသပ်နေတဲ့ သမထကမ္မဋ္ဌာန်းအာရုံနှင့် ဆက်စပ်ပြီးတော့ စိတ်စေတသိက်တို့ရဲ့ အေးချမ်းနေတဲ့သဘော၊ သမာဓိသမ္ဗောဇ္ဈင်၊ ဒီသမထကမ္မဋ္ဌာန်းအာရုံ သို့မဟုတ် ဝိပဿနာကမ္မဋ္ဌာန်းအာရုံပေါ်၌ စိတ်တည်ကြည်နေတဲ့သဘော၊ ဥပေက္ခာသမ္ဗောဇ္ဈင်ဆိုတာက ဒီသမထကမ္မဋ္ဌာန်းအာရုံ သို့မဟုတ် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းအာရုံပေါ်၌ စိတ်ကိုအညီအမျှ လျစ်လျူရှုထားနိုင်တဲ့သဘော တတြမဇ္ဈတ္တတာ စေတသိက်ဖြစ်ပါတယ်၊ ပေါင်းလိုက်တော့ ဗောဇ္ဈင်ဘယ်နှစ်ပါးလဲ? ခုနစ်ပါး၊ အဲဒီ ဗောဇ္ဈင် ခုနစ်ပါးလို့ ပြောရင်တော့ ဒါဓမ္မကို ဓမ္မလို့ ထင်ရှားပြနေတာပဲ၊ ဒါပေမဲ့ ပုဂ္ဂိုလ်တစ်ယောက်က ဗောဇ္ဈင်က ငါးပါးပဲရှိပါတယ်၊ ခြောက်ပါးပဲရှိပါတယ်၊ ရှစ်ပါးပဲရှိပါတယ် စသည်ဖြင့် ဒီလိုပြောခဲ့ရင် အဓမ္မကို အဓမ္မ လုပ်နေတာပဲနော်၊ ဓမ္မကို အဓမ္မလို့ ထင်ရှားပြတယ်။ အဓမ္မကိုလည်း ဓမ္မလို့ ထင်ရှားပြနေသည် မည်တယ်၊

နောက်တစ်ခု - မဂ္ဂင်ဘယ်နှစ်ပါးလဲ? အားလုံး သိပြီးပြီ၊ မဂ္ဂင်ဘယ်နှစ်ပါးရှိလဲ? ရှစ်ပါး၊ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ ဆိုပြီးတော့ မဂ္ဂင်ဘယ်နှစ်ပါးလဲ? ရှစ်ပါး၊ မဂ္ဂင်က ခုနစ်ပါးပဲရှိတယ်လို့ပြောရင် ဒါ အဓမ္မပဲ၊ မဂ္ဂင် ရှစ်ပါးဆိုတော့ ဓမ္မ၊ မဂ္ဂင်က ခြောက်ပါးပဲရှိပါတယ်လို့ ပြောရင်လဲ အဓမ္မပဲ၊ အဓမ္မကို ဓမ္မလို့ထင်ရှားပြတယ်နော်၊ မဂ္ဂင် ကိုးပါးရှိပါတယ် ဆိုရင်လည်း ဒါ အဓမ္မပဲ၊ အဲဒီအပိုင်းကိုတော့ ဘုန်းကြီး နောက်မှပဲ ထပ်ပြီး ရှင်းပါ့မယ်နော်၊ ဒီတော့ ဒီလို ဓမ္မကို ဓမ္မလို့ ထင်ရှားပြရင် အဓမ္မကိုလည်း အဓမ္မလို့ ထင်ရှားပြောရင် ဒီပြောနေတဲ့ ရဟန်းတွေဟာ သတ္တဝါတွေ အကျိုးစီးပွားရှိဖို့၊ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ နိဗ္ဗာန်ဆိုတဲ့ အကျိုးစီးပွားရရှိဖို့၊ မဂ်ချမ်းသာ၊ ဖိုလ်ချမ်းသာ၊ နိဗ္ဗာန်ချမ်းသာဆိုတဲ့ ချမ်းသာသုခတွေ ရရှိဖို့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ ရဟန်းတွေ ဖြစ်ကြတယ်၊ သို့သော် ဓမ္မကို အဓမ္မလို့၊ အဓမ္မကို ဓမ္မလို့ ထင်ရှားပြကြမယ် ဆိုရင်တော့ ထိုရဟန်းတွေသည် ဘာလုပ်သလဲ? သတ္တဝါတွေ အကျိုးစီးပွား ဆုတ်ယုတ်ပျက်စီးဖို့၊ ဆင်းရဲဒုက္ခရောက်ဖို့၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ ရဟန်းတွေ ဖြစ်ကြတယ်တဲ့၊ ဒါတွင်လားဆိုတော့ မကသေးဘူး၊ များစွာသော အကုသိုလ်တရားတွေကို လည်းပဲ တိုးပွားစေတဲ့ ရဟန်းတွေ ဖြစ်ကြတယ်၊ သဒ္ဓမ္မငါးဖြာ သာသနာတော်မြတ်ကြီးကိုလည်း ကွယ်ပစေတဲ့ ရဟန်းတွေ ဖြစ်ကြတယ်၊ ကွယ်ပျောက်စေတဲ့ ရဟန်းတွေ ဖြစ်ကြတယ်တဲ့၊

အဲဒီမှာ သာသနာကွယ်ခြင်း ငါးမျိုးကို အဋ္ဌကထာဆရာတော်က ဖွင့်ထားပါတယ်နော်၊ ဒီအပိုင်းလေးကိုတော့ ဘုန်းကြီး ပြောချင်လို့ပါနော်၊ ဒီတော့ အဓိဂမအန္တရဓာန၊ ပဋိပတ္တိအန္တရဓာန၊ ပရိယတ္တိအန္တရဓာန၊ လိင်္ဂအန္တရဓာန၊ ဓာတုအန္တရဓာန ဆိုပြီးတော့ သာသနာကွယ်ပခြင်း ငါးမျိုး ရှိသလို၊ သာသနာတော်ဟာလည်း ငါးမျိုး ရှိတယ်လို့ ပြောနိုင်တယ်၊ အဓိဂမသာသနာ၊ ပဋိပတ္တိသာသနာ၊ ပရိယတ္တိသာသနာ၊ လိင်္ဂသာသနာ၊ ဓာတုသာသနာဆိုပြီး သာသနာ ငါးရပ်၊

အဓိဂမသာသနာ ဆိုတာကတော့ သူတော်ကောင်းတို့ ရအပ်၊ ရောက်အပ်တဲ့အတွက် အဓိဂမလို့ ခေါ်ပါတယ်၊ သူတော်ကောင်းတို့ ရအပ်၊ ရောက်အပ်တဲ့ တရားတွေဆိုတာက ဘာတရားတွေလဲမေးတော့ မဂ် လေးပါး၊ ဖိုလ် လေးပါး၊ နိဗ္ဗာန်၊ ပဋိသမ္ဘိဒါဉာဏ် လေးပါး၊ အဘိဉာဏ် ခြောက်ပါး၊ ဝိဇ္ဇာ သုံးပါးဆိုပြီးတော့ အဋ္ဌကထာက ဒီလို ဖွင့်ဆိုထားပါတယ်နော်၊ အဲဒီ တရားတွေသည် သူတော်ကောင်းတို့ ရအပ်၊ ရောက်အပ်တဲ့အတွက် အဓိဂမသာသနာ မည်တယ်တဲ့၊ အဲဒီ သူတော်ကောင်းတို့ရအပ်၊ ရောက်အပ်တဲ့ အဓိဂမသာသနာတော်ကြီးကို တစ်ချို့နေရာမှာ ပဋိဝေဓသာသနာလို့လည်း ဒီလို သုံးစွဲထားပါတယ်၊ အတူတူပဲနော်၊

အဲဒီ အဓိဂမသာသနာတော်ကြီးဟာ တစ်ချိန်မှာ ကွယ်သွားတယ်၊ ဘယ်လိုကွယ်လဲဆိုတော့ သာသနာကွယ်ပုံနဲ့ ပတ်သက်ပြီးတော့ ရှေးဦးစွာ ပဋိသမ္ဘိဒါဉာဏ် လေးပါးကတော့ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်တော်မူပြီးတဲ့နောက် နှစ်ပေါင်း တစ်ထောင်အတွင်းမှာပဲ ပဋိသမ္ဘိဒါဉာဏ်ကို ရရှိတဲ့ သူတော်ကောင်းတွေ ရှိနိုင်တယ်လို့ အဋ္ဌကထာက ဒီလို ဖော်ပြထားတယ်၊ နှစ်ပေါင်း တစ်ထောင်ရဲ့ နောက်ပိုင်းမှာ ပဋိသမ္ဘိဒါဉာဏ် လေးပါးကို ရရှိတဲ့ သူတော်ကောင်းတွေ မရှိနိုင်တော့ဘူး၊ ဆိုလိုတာက ဘုရားရှင်လက်ထက်တော်တုန်းက (အထူးသဖြင့်ပေါ့နော်) အရှင်အာနန္ဒာဆိုရင် သောတာပတ္တိမဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ဆိုက်သည်နှင့် တစ်ပြိုင်နက်တည်း ပဋိသမ္ဘိဒါဉာဏ် လေးပါးကိုပါ ပူးတွဲ ရရှိတော်မူပါတယ်၊

အလားတူပဲ၊ စိတ္တသူကြွယ်တို့လည်း အနာဂါမိမဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ဆိုက်သည်နှင့် တစ်ပြိုင်နက်တည်း ပဋိသမ္ဘိဒါဉာဏ် လေးပါးကို ရရှိတယ်၊ ခုဇ္ဇုတ္တရာလည်း သောတာပတ္တိမဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ဆိုက်သည်နှင့် တစ်ပြိုင်နက်တည်း ပဋိသမ္ဘိဒါဉာဏ် လေးပါးကို ပူးတွဲရရှိတယ်၊ ဒါကတော့ သေက္ခပဋိသမ္ဘိဒါဉာဏ်လို့ခေါ်ပါတယ်၊ ယေဘုယျအားဖြင့်တော့ အရဟတ္တမဂ်၊ အရဟတ္တဖိုလ်ကို ဆိုက်သည်နှင့် တစ်ပြိုင်နက်တည်း ပဋိသမ္ဘိဒါဉာဏ် လေးပါး ရရှိရေးအတွက် သီးသန့် ဒီဘဝမှာတော့ ကြိုးစားအားထုတ်မှုဆိုတာ မရှိတော့ဘူး၊ အတိတ်ကတော့ ရှိခဲ့တယ်နော်၊ အတိတ်က ရှိခဲ့တယ် ဆိုတာကတော့ တစ်ဆူဆူသော ဘုရားရှင်တို့ရဲ့ သာသနာတော်တွင်းမှာ - ပရိယတ္တိ၊ ပိဋကတ်ပါဠိတော်တွေကို သင်ယူခြင်း၊ ပရိပုစ္ဆာ၊ အဋ္ဌကထာကို သင်ယူခြင်း၊ ပါဠိတော်မှာလာရှိတဲ့ အနက်အဓိပ္ပာယ်တွေကို မေးမြန်း လျှောက်ထားခြင်း၊ ဓမ္မသဝန၊ တရားတော်ကို အရိုအသေ အလေးဂရုပြုပြီးတော့ နာယူခဲ့ခြင်း၊ ပုဗ္ဗယောဂ၊ ပုဗ္ဗယောဂေါ နာမ ပုဗ္ဗဗုဒ္ဓါနံ သာသနေ ဂတပစ္စာဂတိကဘာဝေန ယာဝ အနုလောမံ ဂဟေတဗ္ဗသမီပံ၊ တာဝ ဝိပဿနာနုယောဂေါ၊ ဝိသုဒ္ဓိမဂ်အဋ္ဌကထာ ဒုတိယတွဲ စာမျက်နှာ ခုနစ်ဆယ့်နှစ်မှာ ဖွင့်ဆိုထားပါတယ်၊

ပုဗ္ဗယောဂ ဆိုတာကတော့ - ရှေးရှေး ဘုရားရှင်တို့ရဲ့ သာသနာတော်အတွင်းမှာ ဂတပစ္စာဂတဝတ်၊ ဆွမ်းခံသွားရင်လည်း ကမ္မဋ္ဌာန်းကို ဆောင်ယူလျက် ဆွမ်းခံရွာသို့သွားခြင်း၊ ဆွမ်းခံရွာမှ ကျောင်းသို့ပြန်လာတဲ့ အပိုင်းမှာလည်းပဲ ကမ္မဋ္ဌာန်းကို ဆောင်ယူလျက် ဆွမ်းခံရွာမှ ကျောင်းသို့ ပြန်လာခြင်းဆိုတဲ့ ဂတပစ္စာဂတဝတ်ကို ဖြည့်ကျင့်လျက် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းတွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တော်မူလိုက်တာ သင်္ခါရုပေက္ခာဉာဏ်သို့ ဆိုက်သည့်တိုင်အောင် ကြိုးစားအားထုတ်ခဲ့ဖူးခြင်းဆိုတဲ့ ဒီအင်္ဂါ လေးခုကို ဖြည့်ကျင့်ရပါတယ်၊ နောက်ဆုံးဘဝမှာတော့ အဓိဂမခေါ်တဲ့ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ဆိုက်သည့်တိုင်အောင် တစ်ဖန်ပြန်ပြီး အားထုတ်ရတယ်၊ ပေါင်းလိုက်တော့ အင်္ဂါ ငါးရပ်၊ အဲဒီ အင်္ဂါ ငါးချက် စုံညီနေတဲ့ သူတော်ကောင်းတွေသာလျှင် ပဋိသမ္ဘိဒါဉာဏ်ကို ရရှိကြပါတယ်၊ အဲဒီ ပဋိသမ္ဘိဒါဉာဏ်ကို ရရှိတဲ့ သူတော်ကောင်းတွေဟာလည်း ယေဘုယျအားဖြင့် ဘုရားရှင်ရဲ့ သာသနာတော် နှစ်ပေါင်း တစ်ထောင်အတွင်းမှာသာ ဖြစ်နိုင်တယ်ဆိုပြီး အဋ္ဌကထာက ဒီလို သတ်မှတ်ပေးထားတယ်၊

အဲဒီ နောက်ပိုင်းကာလရောက်လာတဲ့ အချိန်အခါမှာ အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ဆိုက်ရောက်ပြီဆိုရင် အဘိညာဏ် ခြောက်ပါးလုံး ပူးတွဲရရှိတဲ့ ခေတ်ပဲ၊ အဲဒီ ခေတ်ကတော့ နှစ်ပေါင်း နှစ်ထောင်အတွင်း ဆိုပြီး အဲဒီကနေ နောက်ပိုင်းကာလ ရောက်လာတဲ့ အချိန်အခါမှာ ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ်၊ ဒိဗ္ဗစက္ခုအဘိညာဏ်၊ အာသဝက္ခယဉာဏ်ဆိုတဲ့ ဝိဇ္ဇာ သုံးပါးသာ ရရှိတဲ့ခေတ်၊ အဲဒီ ခေတ်ကတော့ နှစ်ပေါင်း သုံးထောင်အတွင်း၊ ခုလို အချိန်အခါမျိုး ဆိုကြစို့နော်၊ ဒါဝိဇ္ဇာ သုံးပါးကို ရရှိနိုင်သေးတယ်၊ အရဟတ္တမဂ် အရဟတ္တဖိုလ်ကို ဆိုက်ခဲ့မယ်ဆိုရင် ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ်၊ ဒိဗ္ဗစက္ခုအဘိညာဏ်ဉာဏ်တွေကိုပါ ပူးတွဲ ရရှိနိုင်သေးတယ်လို့ အဲဒီကနေပြီးတော့ နှစ်ပေါင်း သုံးထောင်ကျော်သွားပြီ၊ နှစ်ပေါင်း လေးထောင်အတွင်းမှာကတော့ ဈာန်အစေး ခန်းခြောက်တဲ့ သုက္ခဝိပဿကခေတ် ရောက်ရှိသွားပြီတဲ့၊ ဈာန်ကို မရနိုင်တော့ဘဲ ဝိပဿနာကိုသာ ပွားများအားထုတ်တဲ့အတွက် သုက္ခဝိပဿကရဟန္တာလောက် ဖြစ်နိုင်တဲ့ အဆင့်လောက်ပဲ ရှိတော့တယ်တဲ့၊

အဲဒီကနေ ရှေ့တစ်ဆင့် တက်လိုက်မယ်ဆိုရင် နှစ်ပေါင်း ငါးထောင်နော်၊ အဲဒီမှာကတော့ ဈာန်အစေး ခန်းခြောက်နေတဲ့ ရဟန္တာတောင် မဖြစ်နိုင်တော့ဘဲ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်အဆင့်လောက်ပဲ ရောက်နိုင်တဲ့ခေတ် ဖြစ်ပါတယ်တဲ့၊ ပေါင်းလိုက်တော့ သာသနာ ငါးထောင် ဆိုကြပါစို့နော်၊ အဆင့်ဆင့် ဒါ ကွယ်သွားပုံပဲ၊

အဲဒီလို ကွယ်သွားတဲ့အခါ နောက်ဆုံး သောတာပန်ဖြစ်တဲ့ပုဂ္ဂိုလ် လူ့လောကမှာ ကွယ်လွန်သွားပြီးပြီ ဆိုရင်တော့ ဒါ အဓိဂမသာသနာတော်ကြီး လူ့ပြည်၊ လူ့လောကကနေ လုံးဝ ကွယ်သွားပြီ ဖြစ်ပါတယ်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်တို့မှာတော့ ရှိပါသေးတယ်၊ ဒါလူ့လောကမှာ ကွယ်ပသွားပုံကိုသာ ကွက်ပြီး ပြောတာပါနော်၊ ဘာဖြစ်လို့လဲ? လွန်ခဲ့သော ခုနစ်ဆူသော ဘုရားရှင်တို့ရဲ့ တပည့်သာဝကတွေဟာ သုဒ္ဓါဝါသဗြဟ္မာ့ပြည်မှာ ယနေ့တိုင်အောင် ထင်ရှားရှိနေကြပါသေးတယ်နော်၊ ကဲ ဒါက အဓိဂမအန္တရဓာန၊

နောက်တစ်ခု - နံပါတ် နှစ်ကတော့ ပဋိပတ္တိအန္တရဓာန၊ ပဋိပတ်ကျင့်စဉ်ရဲ့ ကွယ်ပခြင်းပဲ၊ အဲဒီလို သာသနာတွေ အဆင့်ဆင့် ကွယ်သွားပြီးတဲ့ နောက်ပိုင်း မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ရနိုင်တဲ့ သူတော်ကောင်းတွေ မရှိတော့ သီလကျင့်စဉ်လောက်ကိုပဲ ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်တဲ့ သူတော်ကောင်းတွေလောက်ပဲ ရှိကြတော့တယ်၊ တို့ဟာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းသော်လည်း မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ရနိုင်တဲ့ခေတ်တော့ မရှိကြတော့ဘူး၊ ဈာန်တရားတွေလည်း ရနိုင်တဲ့ခေတ်တော့ တို့မရှိကြတော့ဘူး ဆိုပြီးတော့ သမထလည်း အားမထုတ် ဝိပဿနာလည်း အားမထုတ်ဘဲ လုံ့လဝီရိယတွေ လျှော့ချပြီး သီလလောက်ပဲ ပြည့်ပြည့်စုံစုံလေး ဖြည့်ကျင့်တဲ့ခေတ် ရောက်သွားပြီ၊ အဲဒီခေတ်မှာလည်း တဖြည်းဖြည်း သီလပိုင်းက လျော့လျော့၊ လျော့လျော့၊ လျော့လျော့လာလိုက်တာ ငယ်ကုန်၊ ငယ်ကုန်သော သိက္ခာပုဒ်တွေကို တဖြည်းဖြည်းနဲ့ လျှော့ချလိုက်တယ်၊

လျှော့ချလိုက်တော့ နောက်ဆုံး ပါရာဇိက လေးပါးလောက်ပဲ ထိန်းသိမ်းစောင့်ရှောက်တဲ့ ပုဂ္ဂိုလ်တွေ ရှိကြတော့တယ်၊ ပါရာဇိက လေးပါးလောက် လုံခြုံအောင်နေထိုင်တဲ့ ပုဂ္ဂိုလ်တွေကလည်း နောက်ဆုံး ပါရာဇိက လေးပါးတောင် မစောင့်ရှောက်တော့တဲ့အတွက် နောက်ဆုံးရဟန်းတော်က ပါရာဇိကသိက္ခာပုဒ်ကို လွန်ကျူးလိုက်ပြီ ဆိုရင်တော့ အဲဒီမှာ ပဋိပတ္တိသာသနာတော်ကြီး ကွယ်ပသွားပြီ၊

နောက်တစ်ခု နံပါတ် သုံး ပရိယတ္တိအန္တရဓာန၊ ပရိယတ်တရားတော်ကို သင်ယူတဲ့ပုဂ္ဂိုလ်တွေ အရေအတွက်က အားပျော့လာတယ်၊ အားပျော့လာတဲ့ နောက်ပိုင်းကာလ ရောက်ပြီ၊ သာသနာနောက်ပိုင်းကာလမှာ သဒ္ဓါတရားတွေက ခေါင်းပါးလာပြီးဖြစ်တဲ့အတွက် ပိဋကတ်တော်တွေ နှုတ်ငုံဆောင်နိုင်တဲ့ ပုဂ္ဂိုလ်ဆိုတာက အလွန် ရှာရခက်သွားပြီ၊ ရှာရခက်သွားတော့ ပရိယတ်ကို လေ့လာဆည်းပူးတဲ့ ပုဂ္ဂိုလ်တွေ အရေအတွက်က နည်းသထက် နည်းလာတဲ့ အပိုင်းမှာ နောက်ဆုံး တစ်ဖြည်းဖြည်း ပဋ္ဌာန်းကျမ်းကနေစပြီး အဘိဓမ္မာတွေ ကွယ်တော့တယ်၊ အဘိဓမ္မာတွေ ကွယ်ရာကနေ နောက်ပိုင်းကျတော့ သုတ္တန်လောက်ပဲ ဆောင်ထားရာကနေ သုတ္တန်တွေလည်း တဖြည်းဖြည်း ကွယ်ပြီးတော့ နောက်ဆုံး ဇာတ်တော်လောက်ပဲ ရှိတော့တယ်၊

ဇာတ်တော်ကလေးလောက်ပဲ ဟောပြောပြီးတော့ နေရာကနေ နောက်ဆုံး ဇာတ်တော်တောင် မဟောနိုင်တော့ဘူး၊ မဟောနိုင်တော့ ဘာတွေကျန်လဲဆိုတော့ ဝိနည်းဒေသနာတော်လောက်ပဲ နည်းနည်းပါးပါး ကျန်တယ်၊ အဲဒီ ဝိနည်းဒေသနာတော်ကနေပြီးတော့ပဲ တစ်ဖြည်းဖြည်း ကွယ်သွားလိုက်တာ နောက်ဆုံး ပါရာဇိက လေးပါးတောင် အလွတ်ရတဲ့ပုဂ္ဂိုလ် မရှိတော့ဘူးတဲ့၊ တစ်နေ့ကပဲ ဆရာတော်တစ်ပါးနဲ့ စပ်မိတော့ လျှောက်တော့ ဆရာတော်တစ်ပါးက အမိန့်ရှိသွားတယ်၊ သူ့ကျောင်းဝင်လာတဲ့ ကိုယ်တော်ကိုတဲ့ ပါရာဇိက လေးပါး အနည်းဆုံးတော့ အရွတ်ခိုင်းလိုက်တယ်၊ မရဘူးဆိုရင် လက်မခံဘူးတဲ့၊ ဟုတ်တယ်၊ မဟုတ်လား၊ ခေတ်က ဆုတ်လာပုံလေးတွေပဲနော်၊ အဲဒီကျောင်းမှာလည်း အဲဒီစည်းကမ်းလေးတွေက တစ်ဖြည်းဖြည်း လုပ်ရမယ့် ပုံစံတော့ ဖြစ်လာတယ်၊ ဝိနည်း နှစ်စောင်မှ မရဘူး ဆိုလို့ရှိရင်တော့ တစ်ဖြည်းဖြည်း လျှော့ချရမယ့် ပုံစံမျိုးတော့ ဖြစ်လာပြီနော်၊

နောက်ဆုံး အဲဒီဘုရားရှင်ဟောတဲ့ တရားကို ဆင်ကျောက်ကုန်းမှာ ထောင်ထုပ်တင်ပြီးတော့ လှည့်လည်ပြီးတော့ တစ်ပုဒ်တစ်ဂါထာ ဟောနိုင်တဲ့ ပုဂ္ဂိုလ်ရှိရင် ဒီထောင်ထုပ်ယူစေဆိုပြီး လှည့်လည်ပြီး တိုင်းပြည်ကို စည်ကြေညာသော်လည်းပဲ ဘုရားဟောတဲ့ ဂါထာတစ်ပုဒ်ကို ဟောပြနိုင်တဲ့ ပုဂ္ဂိုလ်ရှာလို့ မတွေ့တော့ဘူးဆိုရင်တော့ ပရိယတ်တရားတော်ကြီး ကွယ်သွားပြီ၊ ပရိယတ်သာသနာ ကွယ်တာပဲနော်၊

နောက် နံပါတ် (၄) - လိင်္ဂအန္တရဓာနဆိုတာကတော့။ တစ်ဖြည်းဖြည်းနဲ့ နောက်ပိုင်းရောက်လာရင် တစ်ဖြည်းဖြည်း လူလို ဝတ်ရုံလာကြတယ်၊ သဒ္ဓါတရားတွေက လျော့နည်းလာပြီး ဝတ်တာတွေကလည်း လူလို ဝတ်လာရာကနေပြီးတော့ တစ်ဖြည်းဖြည်း လျော့နည်းသွားလိုက်တာ နောက်ဆုံးတော့ အဝါရောင်ဆိုရင် လည်ပင်းမှာပတ်ထားတဲ့ အစပိုင်းလေးလောက်ပဲ ကျန်တယ်၊ နောက်ဆုံးတော့ ရှုပ်ပါတယ်ဆိုပြီး အကုန်လုံးဖြုတ်ချလိုက်တော့ အဲဒီမှာ သာသနာ့ အသွင်အပြင်တွေ ကွယ်ပြီးတော့ ဘာလဲ? ဝတ်ဖြူစင်ကြယ်တွေပဲ ဝတ်ကြတော့တယ်တဲ့၊ အဲဒါ ယောနကတိုင်းမှာ အဝတ်ဖြူဝတ်နေတဲ့ ပုဂ္ဂိုလ်တွေဟာ ကဿပဘုရားရှင် သာသနာနောက်ပိုင်းမှာ ရဟန်းပျက်တို့ရဲ့ အလေ့အကျင့်ဖြစ်တယ်ဆိုပြီး အဋ္ဌကထာကတော့ ဖော်ပြထားတယ်နော်၊

ဒုတိယပိုင်း

ကဲ နောက်တစ်ခုကတော့ ဓာတုအန္တရဓာန၊ ဘုရားရှင်ရဲ့ ဓာတ်တော်, မွေတော်များ ကွယ်ပခြင်းပဲ၊ ခုလို လူ့ပြည်, လူ့လောကမှာ ဘုရားရှင်ရဲ့ သာသနာတော်ကို ကိုးကွယ်ဆည်းကပ်မယ့်ပုဂ္ဂိုလ်ဆိုတာ တစ်ဦးတစ်ယောက်မျှ မရှိတော့ဘူးဆိုရင် ဓာတ်တော်, မွေတော်တွေဟာ အားလုံး ဗောဓိမဏ္ဍိုင်မှာ စုရုံးကြမှာ ဖြစ်တယ်၊ ဒီတော့ ဘုရားရှင်ရဲ့ ဓာတ်တော်က နည်းနည်း ဗဟုသုတလေးတစ်ခု ညှပ်ပြီးတော့ နည်းနည်းလေး ပြောမယ်နော်၊ သုံးမျိုးပဲ ရှိပါတယ်၊

နံပါတ် (၁)က မုန်ညှင်းစေ့ ပမာဏခန့်ရှိတယ်၊ မုန်ညှင်းစေ့လောက် ရှိနေတဲ့ ဓာတ်တော်လေးတွေရဲ့ အရောင်အဆင်းက မြတ်လေးပန်း အငုံလေး ပွင့်ထားတဲ့ မြတ်လေးပန်း မဟုတ်ဘူး၊ အငုံရောင် မမြင်ဖူးဘူးဆိုရင်တော့ ဘုန်းကြီးကျောင်းအနားမှာ လလာကြည့်လှည့်နော်၊ အဲဒီ မြတ်လေးပန်း အငုံရောင်လေး ရှိတယ်ဆိုတော့ ဆင်စွယ်ရောင်နဲ့ နည်းနည်းလေး ခပ်ဆင်ဆင်ပဲ၊ အရောင်အဆင်းက မြတ်လေးပန်းအငုံရဲ့ အရောင်ပဲ၊ ပမာဏက မုန်ညှင်းစေ့ ပမာဏ၊ ဒါကတစ်ခု၊

နံပါတ် (၂)ကတော့ ဆန်ကွဲခန့်၊ ဆန်ကို ထက်ပိုင်းချိုးထားတဲ့ ဆန်ကွဲပဲ၊ အဲဒီ ဆန်ကွဲခန့်ရှိတဲ့ ဓာတ်တော်ကတစ်ခု၊ ဆန်ကွဲခန့် ပမာဏရှိနေတဲ့ ဓာတ်တော်က အရောင်အဆင်းကြည့်လိုက်မယ် ဆိုလို့ရှိရင် ပုလဲအရောင်အဆင်း၊ ဒါကတော့ မြင်ဖူးကြတယ်နော်၊

နံပါတ် (၃)ကတော့ အလယ်မှာ ကွဲအက်နေတဲ့ ပဲနောက်စေ့ခန့်ရှိတဲ့ ဓာတ်တော်တဲ့၊ အလယ်မှာ ကွဲအက်နေတဲ့ ပဲနောက်စေ့ခန့်လောက်ရှိတဲ့ ဓာတ်တော်တွေရဲ့ အရောင်အဆင်းက ရွှေအဆင်း ဖြစ်ပါတယ်၊ ဒီတော့ ဓာတ်တော် အချိုးအစားက သုံးမျိုး။ အရောင်အဆင်းကလည်း သုံးမျိုးပဲနော်၊ တခြားအရောင်တွေဟာ ဓာတ်တော်ဟုတ်သလား၊ မဟုတ်ဘူးနော်၊ ပမာဏ တွေကလည်း ဓာတ်တော်ဟုတ်သလား၊ မဟုတ်ဘူး၊ ခု- ဘုန်းကြီးကျောင်းမှာပဲ ရှိနေပါတယ်၊ သူများတွေက ဓာတ်တော်ဆိုပြီး လာလှူထားတာပေါ့လေ၊ ဘုန်းကြီးကတော့ မလွှဲသာ မရှောင်သာတော့လည်း ဓာတ်တော်ဆိုတော့လည်း "အေး-ပေါ့လေ ဓာတ်တော်ပေါ့” ဆိုပြီး ယူထားလိုက်တာပဲ၊ အဲဒီမှာ အရောင်အဆင်းတွေက ဒီပုံစံနဲ့တော့ မကိုက်တာတွေ အများကြီးရှိပါတယ်၊ ဒါက ဗဟုသုတပဲ၊

အဲဒီဓာတ်တော်များသည် လူ့ပြည်, လူ့လောကမှာ ကိုးကွယ်ဆည်းကပ်မဲ့ ပုဂ္ဂိုလ် မရှိတော့ဘူးဆိုရင် တစ်နေ့ ကွယ်မယ်၊ ကွယ်လိုက်တဲ့ အချိန်အခါမှာ ဓာတ်တော်ဆိုတာကို ဘုန်းကြီးတို့ ဓာတ်ကမ္မဋ္ဌာန်းလမ်းစဉ်က ဓာတ်လေးပါး သိမ်းဆည်းနိုင်ခဲ့လို့ရှိရင် ရုပ်ကလာပ်တို့ရဲ့ အပေါင်းအစုပဲလို့ သဘောပေါက်နိုင်ပါတယ်၊ အဲဒီရုပ်ကလာပ်တွေက ကလာပ်တစ်ခုမှာ တည်ရှိတဲ့ တေဇောဓာတ်က နောက်ထပ် ကလာပ်တစ်ခု ဖြစ်ပေါ်လာအောင် ဆင့်ကဲဆင့်ကဲ ကျေးဇူးဆက်ကာ, ဆက်ကာ ပြုနေတယ်၊ အရှည်ခိုင်ခံ့ တည်တံ့အောင် ပြုနေသမျှ ကာလပတ်လုံး ဓာတ်တော်တွေ ထင်ရှားရှိတယ်၊ ခုတော့ အဲဒီလို ကျေးဇူးမပြုတော့ဘူး၊ အဲဒီ ဓာတ်တော်တွေထဲမှာ ရှိနေတဲ့ တေဇောဓာတ်ကနေပြီးတော့ အရှိန်အဝါသတ္တိတွေ အားကောင်းလာပြီးတော့ ကလာပ်တူ ရုပ်တရားတွေကို လောင်ကျွမ်းပစ်လိုက်တယ်၊ အဲဒီလို လောင်ကျွမ်းလိုက်တဲ့ အချိန်အခါမှာ တစ်ဖြည်းဖြည်း ဓာတ်တော်, မွေတော်တွေဟာ ဘာမှ မကျန်ဘဲနဲ့ အစအနမရှိ အားလုံး ပျောက်ကွယ်သွားတယ်၊ ဒါက ဓာတုအန္တရဓာန ဓာတ်တော်မွေတော်တို့ရဲ့ ကွယ်ပျောက်သွားခြင်းဖြစ်တယ်၊

ပေါင်းလိုက်တော့ သာသနာတော်ကြီး ကွယ်ပပုံ ဘယ်နှစ်မျိုးရှိသလဲ၊ ငါးမျိုး၊ နံပါတ် (၁)က အဓိဂမအန္တရဓာန, နံပါတ် (၂)က ပဋိပတ္တိအန္တရဓာန, နံပါတ် (၃)က ပရိယတ္တိအန္တရဓာန, နံပါတ် (၄)က လိင်္ဂအန္တရဓာန, နံပါတ် (၅)က ဓာတုအန္တရဓာနဆိုပြီး သာသနာကွယ်ပခြင်း ငါးမျိုးရှိတယ်၊

အဲဒီ ကွယ်ပခြင်း ငါးမျိုးထဲမှာ သာသနာတော် မကွယ်အောင် တည်တံ့အောင် ထိန်းရှိမ်းစောင့်ရှောက်ချင်တဲ့ ပုဂ္ဂိုလ်တွေဟာ ဘယ်သာသနာတော်ကို တည်တံ့အောင် ထိန်းသိမ်း စောင့်ရှောက်ရမလဲလို့ မေးစရာရှိတယ်၊ ဒီအချက်နဲ့ပတ်သက်ပြီးတော့နော် ပရိယတ္တိသာသနာတော်က အရင်းမူလ ဖြစ်သလား၊ ပဋိပတ္တိသာသနာတော်ကပဲ အရင်းမူလဖြစ်သလား ဆိုပြီးတော့ ရှေးရှေး မထေရ်ကြီးတွေ ဆွေးနွေးပွဲလေးတစ်ခု ဖြစ်ခဲ့ဖူးပါတယ်၊

ဘာကို အကြောင်းခံပြီး ဖြစ်ခဲ့သလဲဆိုတော့ တစ်ချိန်က သီဟိုဠ်ကျွန်းမှာ ဗြဟ္မဏတိဿ အမည်ရတဲ့ သူပုန်ဘေးကြီး တစ်ဆယ့်နှစ်နှစ် တိုင်တိုင် ထခဲ့တယ်၊ သီဟိုဠ်ကျွန်းက တစ်ချို့ မထေရ်ကြီးတွေက ဇမ္ဗူဒိပ်ကျွန်းလို့ ခေါ်ဆိုအပ်တဲ့ အိန္ဒိယဖက်ကိုကူးပြီးတော့ အိန္ဒိယဘက်မှာ ဒီပိဋကတ်တွေကို အဋ္ဌကထာနှင့်တကွ နှုတ်ငုံဆောင်ပြီးတော့ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ကြတယ်၊ တစ်ချို့ မထေရ်ကြီးတွေကတော့ သီဟိုဠ်မှာပဲ ကျန်ရစ်ပြီးတော့ ဒီပိဋကတ်တော်တွေကို အဋ္ဌကထာနှင့်တကွ မပျောက်အောင် သစ်ရွက်, သစ်ဥ, သစ်ခွံလေးတွေ စားပြီးတော့ ထိန်းသိမ်း စောင့်ရှောက်ခဲ့ကြပါတယ်၊ အဲဒီလို စောင့်ရှောက်ခဲ့ရာကနေပြီးတော့ ဒီဗြဟ္မဏတိဿ သူပုန်ဘေးကြီးငြိမ်းအေးသွားတဲ့ အချိန်အခါမှာ အိန္ဒိယဖက်ကို ကူးလာတဲ့ မထေရ်ကြီးတွေကို တွေ့ဆုံဖို့သွားပြီး နှုတ်ဆက်ကြတယ်၊ တွေ့ဆုံနှုတ်ဆက်ပြီးတော့ ဆွေးနွေးကြတယ်၊ ပိဋကတ်တွေကို နှီးနှောကြည့်ကြတယ်၊ ကြည့်လိုက်တဲ့ အချိန်အခါမှာ ပိဋကတ်တော်ချင်း, ပါဠိတော်ချင်း, အဋ္ဌကထာချင်း, ကွဲလွဲချက် တစ်ပိုဒ်တစ်ပါဒမျှ မတွေ့ရဘူး၊ အားလုံး တူညီနေတာကို တွေ့ရတဲ့အတွက် သိပ်ဝမ်းသာသွားကြတယ်တဲ့၊

အဲဒီ ဝမ်းသာသွားတဲ့ ဆွေးနွေးပွဲမှာ မထေရ်ကြီးအတွင်းမှာ ဆွေးနွေးပွဲလေးတစ်ခု ထပ်ပြီးဖြစ်ခဲ့တယ်၊ ဘာတွေဖြစ်သလဲ? ပရိယတ္တိသာသနာတော်က အရင်းမူလ ဖြစ်သလား? ပဋိပတ္တိသာသနာတော်သည်သာလျှင် အရင်းမူလ ဖြစ်သလား? သာသနာတော်အရှည် ခိုင်ခံ့တည်တံ့ရေးအတွက် ဘယ်ဒင်းက အရင်းအမြစ် ဖြစ်လေသလဲဆိုပြီးတော့ ဆွေးနွေးကြတော့ ပံ့သကူဆောင် မထေရ်ကြီးတွေကနေပြီးတော့ ဘယ်လို ဆုံးဖြတ်ချက်ပေးသလဲ? ပဋိပတ္တိသာသနာတော်သည်သာလျှင် သာသနာတော် အရှည်ခိုင်ခံ့တည်တံ့ရေးအတွက် အရင်းမူလ ဖြစ်တယ်ဆိုပြီးတော့ အဆိုပြုကြတယ်၊

ဓမ္မကထိက မထေရ်ကြီးတွေကလည်း ပရိယတ္တိသာသနာတော်ကသာလျှင် သာသနာတော် အရှည်ခိုင်ခံ့တည်တံ့ရေးအတွက် အရင်းမူလ ဖြစ်ပါတယ်ဆိုပြီးတော့ အဆိုပြုပြန်တယ်၊ တစ်ဖက်နဲ့ တစ်ဖက် အချေအတင် ဖြစ်လာပြီ၊ ဖြစ်လာတဲ့ အချိန်အခါမှာ ဘေးက နားထောင်နေတဲ့ မထေရ်ကြီးတွေက ဘာတွေ အမိန့်ရှိကြသလဲ? ကဲ အရှင်ဘုရားတို့ အုပ်စု နှစ်ခုတော့ ကွဲနေပြီ၊ အရှင်ဘုရားတို့ ပြောကြားချက် သက်သက်မျှဖြင့် တပည့်တော်တို့ကတော့ အရှင်ဘုရားတို့ရဲ့ အဆိုအမိန့်တွေကို လက်မခံနိုင်ဘူး၊ ဒါကြောင့် အရှင်ဘုရားတို့ သုတ္တအမည်ရတဲ့ ဘုရားဟောပါဠိတော်ကို ထုတ်ဆောင်ပြီး ပြကြပါဆိုပြီး တိုက်တွန်းကြတယ်၊ တိုက်တွန်းလိုက်တဲ့ အချိန်အခါမှာ ပံ့သကူဆောင် မထေရ်ကြီးတွေက ဘယ်သုတ္တန်ကို ကိုးသလဲ?

‘‘ဣမေ စ သုဘဒ္ဒ ဘိက္ခူ သမ္မာ ဝိဟရေယျုံ၊ အသုညော လောကော အရဟန္တေဟိ အဿ။’’ (ဒီ၊၂၊၂၁၄။)

သုဘဒ္ဒ၊ ချစ်သားသုဘဒ္ဒ၊ ဣမေ စ ဘိက္ခူ၊ ဤရဟန်းတော်တို့သည်ကား၊ သမ္မာ၊ ကောင်းမွန် မှန်ကန်စွာ၊ ဝိဟရေယျုံ၊ နေထိုင်ကြပါကုန်မူကား၊ လောကော၊ လောကကြီးသည်၊ အရဟန္တေဟိ၊ ရဟန္တာပုဂ္ဂိုလ်တို့ဖြင့်၊ အသုညော၊ မဆိတ်သုဉ်းသွားနိုင်သည်၊ အဿ၊ ဖြစ်လေရာ၏။

ချစ်သား သုဘဒ္ဒ ဒီရဟန်းတွေဟာ ကောင်းမွန်စွာ နေထိုင်သွားကြမယ်ဆိုရင် ဒီလောကကြီးဟာ ရဟန္တာပုဂ္ဂိုလ်တို့ဖြင့် ဘယ်တော့မှ ဆိတ်သုဉ်းပြီး မသွားနိုင်ဘူးလို့ ဒီလိုဘုရားရှင်က ဟောထားတယ်၊ ဘယ်မှာ ဟောထားလဲမေးတော့ မဟာပရိနိဗ္ဗာနသုတ္တန်မှာ နောက်ဆုံးည ပရိနိဗ္ဗာန် မစံမီမှာ သုဘဒ္ဒပရိဗိုဇ်က ဘုရားရှင်ကိုမေးတဲ့ မေးခွန်းတွေနဲ့ ဆက်စပ်ပြီးတော့ မြတ်စွာဘုရားက ဒီတရားကို ဟောသွားခြင်း ဖြစ်ပါတယ်၊ ဟောသွားတဲ့ ဒီသုတ္တန်ကို ပံ့သကူဆောင် မထေရ်ကြီးတွေက ကိုးကားပြီး တင်ပြကြတယ်၊ တင်ပြလိုက်တော့ ဒီနေရာမှာ -

သမ္မာ ဝိဟရေယျုံ၊ ကောင်းမွန်စွာ နေထိုင်တယ်ဆိုတာက ဘယ်လို နေထိုင်နည်းစနစ်ကို ကောင်းမွန်စွာ နေထိုင်သလဲလို့ မေးစရာရှိတယ်၊ ကောင်းမွန်စွာ နေထိုင်တဲ့ နည်းစနစ်နဲ့ ပတ်သက်လို့ အဋ္ဌကထာက ဖွင့်ဆိုထားတာကတော့ ပုဂ္ဂိုလ် တစ်ဆယ့်နှစ်မျိုး ဖွင့်ထားပါတယ်၊

ပုဂ္ဂိုလ် တစ်ဆယ့်နှစ်မျိုးမှာ အုပ်စု သုံးခုရှိတယ်၊ နံပါတ် (၁)အုပ်စုက ပုဂ္ဂိုလ် လေးမျိုး၊ ဘာလဲလို့မေးတော့ သောတာပတ္တိမဂ်ဉာဏ် ရရှိရေးအတွက် အပြင်းအထန် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းနေတဲ့ အာရဒ္ဓဝိပဿက ပုဂ္ဂိုလ်ကတစ်မျိုး, သကဒါဂါမိမဂ်ဉာဏ် ရရှိရေးအတွက် အပြင်းအထန် ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းနေတဲ့ အာရဒ္ဓဝိပဿက ပုဂ္ဂိုလ်ကတစ်မျိုး, အနာဂါမိမဂ်ဉာဏ် ရရှိရေးအတွက် အပြင်းအထန် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းနေတဲ့ အာရဒ္ဓဝိပဿက ပုဂ္ဂိုလ်ကတစ်မျိုး, အရဟတ္တမဂ်ဉာဏ် ရရှိရေးအတွက် အပြင်းအထန် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းနေတဲ့ အာရဒ္ဓဝိပဿက ပုဂ္ဂိုလ်ကတစ်မျိုးဆိုပြီးတော့ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို အပြင်းအထန် ကြိုးစားအားထုတ်နေတဲ့ ပုဂ္ဂိုလ်က လေးမျိုး၊ ဒါက တစ်အုပ်စု၊

သောတာပတ္တိမဂ်ဆိုက်နေတဲ့ပုဂ္ဂိုလ်, သကဒါဂါမိမဂ်ဆိုက်နေတဲ့ပုဂ္ဂိုလ်, အနာဂါမိမဂ်ဆိုက်နေတဲ့ပုဂ္ဂိုလ်, အရဟတ္တမဂ်ဆိုက်နေတဲ့ပုဂ္ဂိုလ် ဆိုပြီးတော့ မဂ်ဆိုက်တဲ့ ပုဂ္ဂိုလ် လေးမျိုး၊

သောတာပတ္တိဖိုလ်, သကဒါဂါမိဖိုလ်, အနာဂါမိဖိုလ်, အရဟတ္တဖိုလ်ဆိုတဲ့ အရိယာဖိုလ်သို့ ဆိုက်ရောက်နေတဲ့ သောတာပန်, သကဒါဂါမ်, အနာဂါမ်, ရဟန္တာဆိုတဲ့ အရိယာသူတော်ကောင်း လေးမျိုး ပေါင်းလိုက်တော့ ပုဂ္ဂိုလ် တစ်ဆယ့်နှစ်မျိုး၊

အဲဒီ တစ်ဆယ့်နှစ်မျိုးထဲမှာ သောတာပတ္တိမဂ် ရရှိရေးအတွက် အပြင်းအထန် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းနေတဲ့ ပုဂ္ဂိုလ်ကလည်း အခြားပုဂ္ဂိုလ်တစ်ဦးကို သောတာပတ္တိမဂ်ဉာဏ် ရရှိရေးအတွက် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို အပြင်းအထန် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့ နည်းလမ်းစနစ်ကို စနစ်တကျ ညွှန်ကြားပြသလျက် ဒီသာသနာတော်မှာ နေထိုင် သွားခဲ့မယ်ဆိုရင်၊ သမ္မာ ဝိဟရေယျုံ၊ ကောင်းမွန် မှန်ကန်စွာ သာသနာတော်မှာ နေထိုင်နေသည်မည်တယ်၊ ဒါက တစ်ခု၊

အလားတူပဲ၊ သကဒါဂါမိမဂ်ဆိုက်ရေး, အနာဂါမိမဂ်ဆိုက်ရေး, အရဟတ္တမဂ်ဆိုက်ရေးအတွက် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို အပြင်းအထန် အားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေကလည်း အခြားပုဂ္ဂိုလ်တွေကို သကဒါဂါမိမဂ် ရရှိအောင်, အနာဂါမိမဂ် ရရှိအောင်, အရဟတ္တမဂ် ရရှိအောင် ဝိပဿနာ ဘာဝနာ ကမ္မဋ္ဌာန်းစီးဖြန်းပုံ နည်းစနစ်တွေကို တစ်ဆင့် ညွှန်ကြားပြသလျက် သာသနာတော်မှာ နေထိုင်သွားခဲ့မယ်ဆိုရင် ဒါဟာ သမ္မာ ဝိဟရေယျုံ၊ ကောင်းမွန်မှန်ကန်စွာ သာသနာတော်မှာ နေထိုင်သည် မည်တယ်၊

အလားတူပဲ၊ သောတာပတ္တိမဂ်ပုဂ္ဂိုလ်, သကဒါဂါမိမဂ်ပုဂ္ဂိုလ်, အနာဂါမိမဂ်ပုဂ္ဂိုလ်, အရဟတ္တမဂ်ပုဂ္ဂိုလ်, သောတာပတ္တိဖိုလ်ပုဂ္ဂိုလ်, သကဒါဂါမိဖိုလ်ပုဂ္ဂိုလ်, အနာဂါမိဖိုလ်ပုဂ္ဂိုလ်, အရဟတ္တဖိုလ်ပုဂ္ဂိုလ်ဆိုတဲ့ ဒီမဂ်ပုဂ္ဂိုလ်, ဖိုလ်ပုဂ္ဂိုလ်တွေဟာလည်း အခြားအခြားသော ပုဂ္ဂိုလ်တွေကို သောတာပတ္တိမဂ်ဖိုလ်ရအောင်, သကဒါမိမဂ်ဖိုလ်ရအောင်, အနာဂါမိမဂ်ဖိုလ်ရအောင်, အရဟတ္တမဂ်ဖိုလ်ရအောင် တစ်လက် ဆင့်ကမ်းပြီးတော့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့ရန်အတွက် နည်းလမ်းကောင်းတွေ ညွှန်ကြားလျက် ဒီသာသနာတော်မှာ နေထိုင်ကြမယ်ဆိုရင် သမ္မာ ဝိဟရေယျုံ၊ ကောင်းမွန်မှန်ကန်စွာ နေထိုင်နေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြတယ်ဆိုပြီး ဒီလို အဋ္ဌကထာက ဖွင့်ထားတယ်၊ အဲဒီလို နေထိုင်သွားမယ် ဆိုလို့ရှိရင် ဒီလောကကြီးသည် ရဟန္တာပုဂ္ဂိုလ်တို့ဖြင့် ဘယ်တော့မှ ဆိတ်သုဉ်းမသွားနိုင်ပါဘူး ဆိုပြီးတော့ မြတ်စွာဘုရားဟောထားတဲ့သုတ္တန်ကို ကိုးကားပြီး တင်ပြကြတယ်၊ ဒါတွင်လားဆိုတော့ မကသေးဘူး၊

‘‘ပဋိပတ္တိမူလကံ မဟာရာဇ သတ္ထုသာသနံ ပဋိပတ္တိသာရကံ၊ ပဋိပတ္တိယာ ဓရန္တာယ တိဋ္ဌတိ။’’ (မိ။ပ။၄၊၁၊၇)

ဒကာတော် မိလိန္ဒမင်းကြီး၊ သာသနာတော်ဟာ ပဋိပတ္တိသာသနာတော်သာလျှင် အရင်းမူလဖြစ်တယ်၊ ဘုရားရှင်ရဲ့ အဆုံးအမသည် ပဋိပတ္တိသာသနာသာလျှင် အနှစ်သာရဖြစ်တယ်၊ ပဋိပတ္တိသာသနာတော်ကြီး ထင်ရှားရှိမယ်ဆိုရင် သာသနာတော်သည် ထင်ရှား တည်တံ့ခိုင်ခံ့နေပါတယ် ဆိုပြီး ဒီလို မိလိန္ဒပဥှာမှာ အရှင်နာဂသေနမထေရ် ဟောထားတဲ့ သုတ္တန်တစ်ခုလည်း ရှိတယ်ဆိုပြီး ကိုးကားကြတယ်၊

အဲဒီလို ကိုးကားတင်ပြလိုက်တဲ့ အချိန်အခါမှာ ဓမ္မကထိကမထေရ်တွေက ဘာတင်ပြသလဲ? နောက်ထပ် သုတ္တန်တစ်ခု သူတို့က တင်ပြတယ်၊ အဲဒီ သုတ္တန်ကတော့ ဒီနေ့ ဘုန်းကြီးတို့ ပိဋကတ်ပါဠိတော်မှာ ရှာကြည့်သော်လည်း ရှာလို့တော့ မတွေ့ဘူး၊ သို့သော် သံယုတ်ပါဠိတော်မှာ ဋီကာဆရာတော်နှင့် အဋ္ဌကထာဆရာတော်တို့ ရေတွက်ပြနေတဲ့ နည်းစနစ်အရကြည့်မယ်ဆိုရင် သုတ္တန်တွေ တော်တော်များများ ထောင်နဲ့ချီပြီးတော့ ပျောက်ဆုံးနေပါတယ်၊

အလားတူပဲ၊ ခန္ဓဝဂ္ဂ သံယုတ်ပါဠိတော် တစ်ခုတည်းမှာကိုက သီဟိုဠ်မူနဲ့ မြန်မာမူမှာ သုတ္တန်ပေါင်း ငါးဆယ်ကျော်လောက် ကွာဟနေပါတယ်၊ ဒါကြောင့် တစ်ချို့တစ်ချို့ ခုလို ပျောက်ဆုံးနေတဲ့ သုတ္တန်တွေထဲမှာ ဒီတော့ ပံ့သကူဆောင် မထေရ်ကြီးတွေ ကိုးကားပြနေတဲ့ သုတ္တန်က ဘာသုတ္တန်လဲလို့မေးတော့-

‘‘ယာဝ တိဋ္ဌန္တိ သုတ္တန္တာ၊ ဝိနယော ယာဝ ဒိပ္ပတိ။ တာဝ ဒက္ခန္တိ အာလောကံ၊ သူရိယေ အဗ္ဘုဋ္ဌိတေ ယထာ။’’

သုတ္တန္တာ၊ သုတ္တန်တရားတော်တို့သည်၊ ယာဝ၊ အကြင်မျှလောက်သော ကာလပတ်လုံး၊ တိဋ္ဌန္တိ၊ တည်၍နေကြကုန်လတ္တံ့၊ ဝိနယော၊ ဝိနည်းသာသနာတော်သည်လည်းပဲ၊ ယာဝ၊ အကြင်မျှလောက်သော ကာလပတ်လုံး၊ ဒိပ္ပတိ၊ ထွန်းလင်းတောက်ပ၍ နေငြားအံ့၊ တာဝ၊ ထိုမျှလောက်သော ကာလပတ်လုံး၊ သူရိယေ၊ နေသည်၊ အဗ္ဘုဋ္ဌိတေ ယထာ၊ ရှေ့ရှုတက်လာသကဲ့သို့၊ အာလောကံ၊ အရောင်အလင်းကို၊ ဒက္ခန္တိ၊ တွေ့မြင်နိုင်ကြလေကုန်၏။

လောကမှာ သုတ္တန်တရားတော်ကြီး သုတ္တန်ဆိုတာကတော့ အဘိဓမ္မာလည်း ပါပါတယ်၊ သုတ္တန်ဒေသနာတော်တွေဟာ လောကမှာ တည်ရှိနေသမျှ ကာလပတ်လုံး, ဝိနည်းဒေသနာတော် လောကမှာ တည်ရှိနေသမျှ ကာလပတ်လုံး, အရောင်အလင်းကြီးဟာ လောကမှာ တည်ရှိနေပါတယ်၊ အရောင်အလင်းကို သတ္တဝါတွေသည် တွေ့မြင်နိုင်ကြတယ်တဲ့၊ နေတက်လာတဲ့ အချိန်အခါမှာ အလင်းရောင်ကို တွေ့ရသလို သုတ္တန်ဒေသနာတော်တွေ ထွန်းလင်းတောက်ပနေသမျှ ကာလပတ်လုံး မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်ဆိုတဲ့ အရောင်အလင်းကြီးကို သတ္တဝါတွေ တွေ့မြင်နိုင်ကြပါတယ်ဆိုပြီးတော့ ဒီလိုဟောထားတဲ့သုတ်၊ နောက်တစ်ခု -

‘‘သုတ္တန္တေသု အသန္တေသု၊ ပမုဋ္ဌေ ဝိနယမှိ စ။ တမော ဘဝိဿတိ လောကေ၊ သူရိယေ အတ္ထင်္ဂတေ ယထာ။’’ (ဧကနိပါတ် အဋ္ဌကထာ။)

သုတ္တန္တေသု၊ သုတ္တန်တရားဒေသနာတော်တို့သည်၊ အသန္တေသု၊ ထင်ရှား မရှိကြကုန်လတ်သော်၊ ဝိနယမှိ စ၊ ဝိနည်းဒေသနာတော်သည်လည်းပဲ၊ ပမုဋ္ဌေ၊ ပျောက်ပျက်၍ သွားခဲ့သည်ရှိသော်၊ သူရိယေ၊ နေသည်၊ အတ္ထင်္ဂတေ ယထာ၊ ဝင်သွားသော အခါ၌ကဲ့သို့၊ လောကေ၊ လောက၌၊ တမော၊ အမိုက်မှောင်သည်၊ ဘဝိဿတိ၊ ထင်ရှားဖြစ်ပေါ်၍ လာပေလတ္တံ့။

လောကမှာ သုတ္တန်တရားဒေသနာတော်တွေလည်း ပျောက်ကွယ်သွားပြီး၊ ဝိနည်းဒေသနာတော်တွေလည်း ပျောက်ကွယ်သွားပြီး ဆိုလို့ရှိရင်တော့ နေဝင်သွားတဲ့အခါမှာ အမိုက်မှောင်ကြီး ထင်ရှားဖြစ်ပေါ်လာသလို လောကမှာ အရောင်အလင်း လုံးဝ မရှိတော့ဘဲ အမိုက်မှောင်ကြီးအတိ ဖြစ်ပေါ်သွားလိမ့်မယ်၊

‘‘သုတ္တန္တေ ရက္ခိတေ သန္တေ၊ ပဋိပတ္တိ ဟောတိ ရက္ခိတာ။ ပဋိပတ္တိယံ ဌိတော ဓီရော၊ ယောဂက္ခေမာ န ဓံသတိ။’’ (ဧကနိပါတ် အဋ္ဌကထာ။)

သုတ္တန္တေ၊ သုတ္တန်တရားတော်မြတ်ကို၊ ရက္ခိတေ၊ ထိန်းသိမ်းစောင့်ရှောက်နိုင်ခဲ့သည်ရှိသော်၊ ပဋိပတ္တိ၊ ပဋိပတ္တိသာသနာတော်ကို၊ ရက္ခိတာ၊ ထိန်းသိမ်းစောင့်ရှောက်အပ်ပြီးသည်၊ ဟောတိ၊ ဖြစ်ပေ၏၊ ပဋိပတ္တိယံ၊ ပဋိပတ္တိသာသနာတော်၌၊ ဌိတော၊ ရပ်တည်လျက်ရှိသော၊ ဓီရော၊ ပညာရှိသည်၊ ယောဂက္ခေမာ၊ ယောဂလေးပါးတို့၏ ကုန်ခြင်းကြောင့်၊ န ဓံသတိ၊ မပျက်စီးနိုင်တော့ပေ။

ထင်ရှားရှိနေတဲ့ သုတ္တန်တရားတွေကို ထိန်းသိမ်းစောင့်ရှောက် ထားနိုင်မယ်ဆိုရင် ပဋိပတ္တိသာသနာတော်ကြီးကိုလည်း ထိန်းသိမ်းစောင့်ရှောက်ပြီးပဲ ဖြစ်သွားပါတယ်၊ ပဋိပတ္တိသာသနာတော်ကို လက်တွေ့ကျင့်နေတဲ့ ပဋိပတ္တိသာသနာတော်မှာ ရပ်တည်နေတဲ့ ပညာရှိသူတော်ကောင်းဟာ တစ်ချိန်မှာ သူ့သန္တာန်မှာ ယောဂ လေးပါးတွေ ကုန်ဆုံးသွားမယ်၊ ကိလေသာတွေ ကုန်ဆုံး ပျက်စီးတည်းဟူသော အကြောင်းကြောင့် ဒီပဋိပတ္တိသာသနာတော်မှာ ရပ်တည်နေတဲ့ သူတော်ကောင်းအဖို့ သူရရှိထားတဲ့ မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်ဆိုတဲ့ တရားထူးတရားမြတ်သည် ဘယ်တော့မှ ပျက်စီးပြီး မသွားနိုင်တော့ပါဘူးဆိုပြီး ဒီလိုဟောထားတဲ့ သုတ္တန်တစ်ခုရှိတယ်၊ အဲဒီသုတ္တန်ကို ဓမ္မကထိက မထေရ်မြတ်ကြီးတွေက ကိုးကားဆောင်ပြကြပါတယ်၊

အဲဒီ ဆောင်ပြလိုက်တဲ့ အချိန်အခါမှာ ပံ့သကူဆောင်မထေရ်ကြီးတွေက ရှေ့ဆက်ပြီး ဘာမှမပြောတဲ့အတွက် ပံ့သကူဆောင်မထေရ်ကြီးတွေက အရှုံးပေးလိုက်တဲ့သဘော ဖြစ်သွားတဲ့အတွက် ဓမ္မကထိကမထေရ်တို့ရဲ့ စကားသာလျှင် ရှေ့တန်းကို တက်သွားတယ်နော်၊ ဒီနေရာမှာ အဋ္ဌကထာ ဆရာတော်က ဥပမာလေးနဲ့ ဖွင့်ဆိုထားပါတယ်၊ ဘယ်လို ဥပမာလဲ?

‘‘ယထာ ဟိ ဂဝသတဿ ဝါ ဂဝသဟဿဿ ဝါ အန္တရေ ပဝေဏိပါလိကာယ ဓေနုယာ အသတိ သော ဝံသော သာ ပဝေဏိ န ဃဋီယတိ။’’ (ဧကနိပါတ် အဋ္ဌကထာ။)

ဂဝသတဿ ဝါ၊ နွားအရာ၏သော်လည်းကောင်း၊ ဂဝသဟဿဿ ဝါ၊ နွားအထောင်၏သော်လည်းကောင်း၊ အန္တရေ၊ အတွင်း၌၊ ပဝေဏိပါလိကာယ၊ နွားအစဉ်အဆက်ကို စောင့်ရှောက်ပေးတတ်သော၊ ဓေနုယာ၊ နွားမသည်၊ အသတိ၊ မရှိလတ်သော်၊ သော ဝံသော၊ ထိုနွားအနွယ်သည်၊ သာ ပဝေဏိ၊ ထို နွားအစဉ်အဆက်သည်၊ န ဃဋီယတိ ယထာ၊ ဆက်စပ်တည်တံ့မှု မဖြစ်နိုင်သကဲ့သို့၊

‘‘ဧဝမေဝံ အာရဒ္ဓဝိပဿကာနံ ဘိက္ခူနံ သတေပိ သဟဿေပိ သံဝိဇ္ဇမာနေ ပရိယတ္တိယာ အသတိ အရိယမဂ္ဂပဋိဝေဓေါ နာမ န ဟောတိ။’’ (ဧကနိပါတ် အဋ္ဌကထာ။)

ဧဝမေဝံ၊ ဤဥပမာ အတူသာလျှင်၊ အာရဒ္ဓဝိပဿကာနံ၊ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို အပြင်းအထန် ကြိုးစားအားထုတ်လျက် ရှိကြကုန်သော၊ ဘိက္ခူနံ၊ ရဟန်းတော်တို့၏၊ သတေပိ၊ အရာသည်လည်းကောင်း၊ သဟဿေပိ၊ အထောင်သည်သော်လည်းကောင်း၊ သံဝိဇ္ဇမာနေပိ၊ ထင်ရှားရှိကြသော်လည်းပဲ၊ ပရိယတ္တိယာ၊ ပရိယတ္တိတရားတော်သည်၊ အသတိ၊ ထင်ရှားမရှိလတ်သော်၊ အရိယမဂ္ဂပဋိဝေဓေါ နာမ၊ အရိယာမဂ်ကို ထိုးထွင်းသိမြင်ခြင်းသည်၊ န ဟောတိ၊ မဖြစ်နိုင်။

အလားတူပဲတဲ့နော်၊ ပရိယတ်တရားတော်ကြီး ထင်ရှား မရှိတော့ဘူးဆိုရင် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို အပြင်းအထန် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ ရဟန်း အရာ, အထောင်ရှိပင် ရှိသော်လည်းပဲ အရိယမဂ်ဉာဏ်, ဖိုလ်ဉာဏ်ကို ထိုးထွင်းသိမှုဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ ဘာဖြစ်လို့လဲ? ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို အားတော့ အားထုတ်တယ်။ နည်းက မမှန်ဖြစ်နေတယ်၊ ဘယ်လို နည်းမမှန်လဲလို့ မေးတော့ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေက ဒီပရိယတ္တိသာသနာတော်မှာ ပြည့်ပြည့်စုံစုံ ရှိတယ်၊ တစ်နည်းပြောရင်တော့ ခုနက ဘုန်းကြီး ဟောခဲ့တဲ့ မဂ္ဂင် (၈)ပါးပဲနော်၊

မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားတွေကို ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရမယ်ဆိုတာကို ပရိယတ်တရားတော်မှာ ပြည့်ပြည့်စုံစုံ ဖော်ပြထားပါတယ်၊ ဒါပေမယ့် ပုဂ္ဂိုလ်တွေက ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းတော့ အားထုတ်တာမှန်တယ်၊ ဒါပေမယ့် ဒီပရိယတ်တရားတော်မှာ ညွှန်ကြားပြသနေတဲ့ မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားတွေကို စနစ်တကျ နားမလည်ဘူး၊ နားမလည်တဲ့အတွက် ပရိယတ်တရားတော်မှာ ညွှန်ကြားထားတဲ့ ဒီမဂ္ဂင် (၈)ပါး ကျင့်စဉ်တရားတွေကို စနစ်တကျ မကျင့်နိုင်ဘူးဆိုရင် ထိုပုဂ္ဂိုလ်တွေသည် မဂ်ဉာဏ်, ဖိုလ်ဉာဏ်ကို ထိုးထွင်းသိနိုင်ပါ့မလား? မသိနိုင်ဘူးတဲ့၊ ဘာဖြစ်လို့လဲ? ကျင့်စဉ်က မမှန် ဖြစ်နေတယ်နော်၊

ပရိယတ်တရားတော်က ကျင့်စဉ်တွေကို ပြည့်ပြည့်စုံစုံ ဖော်ပြနေတာဖြစ်တော့ ပရိယတ်တရားတော်မှာ ညွှန်ကြားထားတဲ့ ကျင့်စဉ်အတိုင်း လက်တွေ့ တကယ် ကျကျနန မကျင့်ဘူးဆိုရင် ထိုပုဂ္ဂိုလ်တွေဟာ မဂ်ဉာဏ်, ဖိုလ်ဉာဏ်ကို ထိုးထွင်းသိနိုင်ပါ့မလား? မသိနိုင်ဘူးတဲ့၊ ဒီအချက်ကို ပြောတယ်၊ ဥပမာလေးနဲ့ ဆက်ဖွင့်တယ်၊

‘‘ယထာ စ နိဓိကုမ္ဘိယာ ဇာနနတ္ထာယ ပါသာဏပိဋ္ဌေ အက္ခရေသု ဌပိတေသု ယာဝ အက္ခရာနိ ဓရန္တိ၊ တာဝ နိဓိကုမ္ဘီ နဋ္ဌာ နာမ န ဟောတိ၊’’ (ဧကနိပါတ် အဋ္ဌကထာ။)

နိဓိကုမ္ဘိယာ၊ မြှုပ်နှံ၍ ထားအပ်သော ရွှေအိုးကို၊ ဇာနနတ္ထာယ၊ သိစေခြင်းငှာ၊ ပါသာဏပိဋ္ဌေ၊ ကျောက်ဖျာထက်၌၊ အက္ခရေသု၊ အက္ခရာတို့ကို၊ ဌပိတေသု၊ ထွင်းထားအပ်ကုန်သည်ရှိသော်၊ ယာဝ၊ အကြင်မျှလောက်သော ကာလပတ်လုံး၊ အက္ခရာနိ၊ အက္ခရာတို့သည်၊ ဓရန္တိ၊ ထင်ရှား၍ တည်ရှိကြလေကုန်၏၊ တာဝ၊ ထိုမျှလောက်သော ကာလပတ်လုံး၊ နိဓိကုမ္ဘီ၊ မြှုပ်နှံ၍ ထားအပ်သော ရွှေအိုးကြီးသည်၊ နဋ္ဌာ နာမ၊ ပျောက်ပျက်၍ သွားသည်မည်သည်၊ န ဟောတိ ယထာ၊ မဖြစ်သကဲ့သို့၊

ရွှေအိုးကြီးကို ဘယ်နေရာမှာ တူးဖော်ရမယ်ဆိုပြီး ကျောက်ဖျာထက်မှာ အက္ခရာတွေ ရေးထွင်းပြီးထားတယ်၊ ကျောက်ဖျာထက်မှာ ထွင်းထားတဲ့ အက္ခရာတွေသည် ပျောက်ပျက် မသွားသေးသမျှ ကာလပတ်လုံး မြှုပ်နှံထားတဲ့ ရွှေအိုးကြီးဟာလည်း ပျောက်ပျက်သွားတယ်လို့ မပြောနိုင်ဘူးနော်၊ အဲဒီအတိုင်းပဲ၊

‘‘ဧဝမေဝံ ပရိယတ္တိယာ ဓရမာနာယ သာသနံ အန္တရဟိတံ နာမ န ဟောတိ။’’ (ဧကနိပါတ် အဋ္ဌကထာ။)

ဧဝမေဝံ၊ ဤဥပမာအတူသာလျှင်၊ ပရိယတ္တိယာ၊ ပရိယတ်တရားတော်သည်၊ ဓရမာနာယ၊ ထင်ရှားရှိလတ်သော်၊ သာသနံ၊ သာသနာတော်သည်၊ အန္တရဟိတံ နာမ၊ ကြွယ်ပ၍ ကွယ်ပျောက်သွားသည်မည်သည်၊ န ဟောတိ၊ မဖြစ်နိုင်၊

ပရိယတ်တရားတော်ကြီး ထင်ရှားရှိနေသမျှ ကာလပတ်လုံး သာသနာတော်ကြီး ကွယ်ပျောက်သွားသည်ဆိုတာ မဖြစ်နိုင်ပါဘူးလို့ ဆိုပြီးတော့ ဒီလို ဖွင့်ဆိုထားတယ်၊

ဖွင့်ဆိုထားလိုက်တော့ ဘုန်းကြီးတို့ ဒီပရိယတ်တရားတော်ဆိုတာက မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်ဆိုတဲ့ ရွှေအိုးကြီးတွေကို ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် တူးဖော်ရမယ် ဆိုပြီးတော့ ကျောက်ဖျာထက်မှာ ရေးထွင်းထားတဲ့ အညွှန်းသိုက်စာတွေ ဖြစ်ပါတယ်၊ အဲဒီ အညွှန်းသိုက်စာတွေနဲ့ ဆက်စပ်ပြီးတော့ ဘုန်းကြီး ဒီည တရားဟောမလို့ ရည်ရွယ်ထားပါတယ်နော်၊ သို့သော် အဲဒီတရားကို မဟောမီ ခေတ္တခဏ အနားယူကြရအောင်နော်၊ (သာဓု - သာဓု - သာဓု)
တရား နည်းနည်း ပြန်စကြရအောင်နော်၊ ခုနက ပြောခဲ့ပြီးပြီ၊ ပရိယတ်တရားတော်ဆိုတာက မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်ဆိုတဲ့ ရတနာ ရွှေအိုးကြီးတွေ ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် တူးဖော်ရမယ် ဆိုတာကို ညွှန်ကြားပြသနေတဲ့ အညွှန်းသိုက်စာတွေ ဖြစ်တယ်ဆိုပြီး ပြောခဲ့တယ်၊ ဒီတော့ ဒီအချက်နဲ့ ပတ်သက်ပြီးတော့ ဘုန်းကြီး ဒီည ဓမ္မ အဓမ္မနဲ့ ဆက်စပ်နေတဲ့ မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားကို ဦးတည်ပြီး ပြောဖို့ ရည်ရွယ်ထားပါတယ်၊

မဂ္ဂင် (၈)ပါး ရှိပါတယ်၊ မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားကို ဘုရားရှင်ကလည်း ဒုက္ခနိရောဓဂါမိနီပဋိပဒါ အရိယသစ္စံ၊ ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း ကျင့်စဉ်ဖြစ်တဲ့ အရိယသစ္စာ တရားဖြစ်တယ်လို့ ဒီလို ဟောထားတယ်၊
ဒီတော့ ဒုက္ခချုပ်ရာဖြစ်တဲ့ နိဗ္ဗာန်သို့ရောက်ကြောင်း ကျင့်စဉ်အဖြစ် ဟောကြားထားတဲ့ မဂ္ဂင်တရားဘယ်နှစ်ပါးရှိလဲ? မဂ္ဂင် (၈)ပါး။ မဂ္ဂင် (၈)ပါး ထင်ရှားရှိပါတယ်လို့ ရဟန်းတော်တစ်ပါးက ဟောခဲ့ရင် ထိုရဟန်းတော်သည် ဓမ္မကို ဓမ္မလို့ ထင်ရှားဟောပြနေတဲ့ ရဟန်းတော် ဖြစ်တယ်၊ အကယ်၍ ထိုရဟန်းတော်က မဂ္ဂင်ဆိုတာ (၈)ပါး မရှိပါဘူး, မဂ္ဂင် (၇)ပါးပဲ ရှိပါတယ်လို့ ဟောခဲ့ရင် ထိုရဟန်းတော်သည် ဓမ္မကို အဓမ္မလို့ ထင်ရှားပြနေသည်လည်းမည်တယ်၊ အဓမ္မကို ဓမ္မလို့ ထင်ရှားပြနေသည်လည်း မည်တယ်တဲ့၊ သို့သော် များသောအားဖြင့် အခု မျက်မှောက်ခေတ်မှာတော့ မဂ္ဂင်ဘယ်နှစ်ပါး ရှိသလဲလို့ မေးရင်တော့ အများစုက ဘယ်လိုဖြေကြသလဲ? မဂ္ဂင် (၈)ပါး ရှိပါတယ်ဆိုပြီး ဒီလိုတော့ ဖြေတယ်၊
အဲဒီ (၈)ပါးရှိပါတယ်ဆိုပြီးတော့ ဒီလိုဖြေတဲ့ အဖြေတွေထဲမှာ မဂ္ဂင် (၇)ပါးသာ ရှိပါတယ်လို့ မပြောသော်လည်း ပြောနေတဲ့ အဓိပ္ပာယ်မျိုးတွေ အခုခေတ်မှာ ခေတ်စားနေကြပါတယ်နော်၊ ခေတ်စားနေတာက ဘုန်းကြီး သမ္မာသမာဓိဆိုတဲ့ မဂ္ဂင်ကနေစပြီးတော့ နည်းနည်း ပြောပါ့မယ်၊ မဂ္ဂင် (၈)ပါးထဲမှာ နောက်ဆုံးမဂ္ဂင်က သမ္မာသမာဓိဖြစ်ပါတယ်၊ ဘာကို သမ္မာသမာဓိလို့ ခေါ်ဆိုသလဲ?၊

‘‘ကတမော စ ဘိက္ခဝေ သမ္မာသမာဓိ၊ ဣဓ ဘိက္ခဝေ ဘိက္ခု ဝိဝိစ္စေဝ ကာမေဟိ ဝိဝိစ္စ အကုသလေဟိ ဓမ္မေဟိ သဝိတက္ကံ သဝိစာရံ ဝိဝေကဇံ ပီတိသုခံ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ၊’’ (မ၊၁၊၈၉။)

ဒါက မဟာသတိပဋ္ဌာနသုတ္တန်မှာ ဘုရားရှင်ကိုယ်တော်တိုင်က ဘာကို သမ္မာသမာဓိခေါ်ဆိုပါသလဲလို့ မေးခွန်းထုတ်ပြီး ဘုရားရှင်ကိုယ်တော်တိုင်က ပြန်ပြီး အဖြေပေးထားတဲ့ အဖြေဖြစ်ပါတယ်၊ ဒီအဖြေက ဘာဆိုလိုသလဲလို့မေးတော့ ပထမဈာန်သမာဓိ, ဒုတိယဈာန်သမာဓိ, တတိယဈာန်သမာဓိ, စတုတ္ထဈာန်သမာဓိတွေကို သမ္မာသမာဓိလို့ခေါ်ဆိုတယ်ဆိုပြီး ဘုရားရှင်က မဟာသတိပဋ္ဌာနသုတ္တန်မှာ အတိအကျ ဟောထားတယ်၊

ဒီတော့ ဒီပထမဈာန်သမာဓိ, ဒုတိယဈာန်သမာဓိ, တတိယဈာန်သမာဓိ, စတုတ္ထဈာန်သမာဓိဆိုတာက ရူပါဝစရသမာဓိ (၄)မျိုး ဖြစ်ပါတယ်၊ ဒီလို ဟောကြားတော်မူတဲ့ နည်းစနစ်ကို ဘုန်းကြီးတို့ စာပေနယ်သုံး ဝေါဟာရက မဇ္ဈေဒီပကနည်းလို့ ဒီလိုခေါ်ဆိုပါတယ်၊ မဇ္ဈေဒီပကနည်းဆိုတာက ရွှေမတစ်ကောင်ကို ခါးလယ်ကနေ ကိုင်ပြီး မြှောက်ပြလိုက်ရင် ရွှေမကိုသာ သိရှိသည်မဟုတ်၊ တစ်ကောင်လုံးကို မမြင်နိုင်ဘူးလား? မြင်နိုင်တယ်၊ အဲဒီပုံစံအတိုင်းပဲ၊ သမာဓိက (၃)မျိုး ရှိပါတယ်၊ အထွတ်အထိပ်သို့ ရောက်နေတဲ့ ဥပစာရသမာဓိလို့ ခေါ်ဆိုအပ်တဲ့ ကာမာဝစရသမာဓိက တစ်မျိုး။ ပထမဈာန်သမာဓိ, ဒုတိယဈာန်သမာဓိ, တတိယဈာန်သမာဓိ, စတုတ္ထဈာန်သမာဓိလို့ ခေါ်ဆိုအပ်တဲ့ ရူပါဝစရသမာဓိကတစ်မျိုး။ အာကာသာနဉ္စာယတနဈာန်သမာဓိ, ဝိညာဏဉ္စာယတနဈာန်သမာဓိ, အာကိဉ္စညာယတနဈာန်သမာဓိ, နေဝသညာနာသညာယတနဈာန်သမာဓိခေါ်တဲ့ အရူပါဝစရဈာန်သမာဓိကတစ်မျိုး၊ ပေါင်းလိုက်တော့ ကာမာဝစရသမာဓိ, ရူပါဝစရသမာဓိ, အရူပါဝစရသမာဓိဆိုပြီး သမာဓိ (၃)မျိုး ရှိပါတယ်၊

ထိုသမာဓိ (၃)မျိုးထဲက အလယ်ခေါင်ဖြစ်တဲ့ ရူပါဝစရသမာဓိကို ကိုင်ပြီး မြှောက်ပြလိုက်လျှင် အစဖြစ်တဲ့ ကာမာဝစရသမာဓိ (အထွတ်အထိပ်သို့ရောက်တဲ့ ဥပစာရသမာဓိလို့ခေါ်ဆိုအပ်တဲ့ ကာမာဝစရသမာဓိ)နှင့် အဆုံးဖြစ်တဲ့ အရူပါဝစရသမာဓိတွေကိုပါ သိမ်းကျုံးရေတွက်ရတဲ့ နည်းစနစ် ဖြစ်ပါတယ်၊ အဲဒီလို နည်းစနစ်အားဖြင့် ဟောတာကို မဇ္ဈေဒီပကနည်းအားဖြင့် ဟောတယ်လို့ ဒီလို စာပေနယ်က သုံးတယ်၊ ဒါကြောင့် ဝိသုဒ္ဓိမဂ်အဋ္ဌကထာဆရာတော်က ဝိသုဒ္ဓိမဂ်အဋ္ဌကထာ ဒုတိယတွဲ။ စာမျက်နှာ (၂၂၂)မှာ ဘယ်လို ဖွင့်ဆိုထားလဲ?

‘‘စိတ္တဝိသုဒ္ဓိ နာမ သဥပစာရ အဋ္ဌသမာပတ္တိယော၊’’ (ဝိသုဒ္ဓိ၊ဋ္ဌ၊၂၊၂၂၂။)

စိတ္တဝိသုဒ္ဓိဆိုတာ ဥပစာရသမာဓိနှင့်တကွ သမာပတ် (၈)ပါးလို့ ခေါ်ဆိုပါတယ်ဆိုပြီး ဒီလို ရှင်းထားတယ်၊ ဝိသုဒ္ဓိ (၇)ပါး ကျင့်စဉ်မှာ စိတ္တဝိသုဒ္ဓိလို့ ခေါ်ဆိုပြီး မဂ္ဂင် (၈)ပါးမှာ သမ္မာသမာဓိမဂ္ဂင်လို့ ခေါ်ဆိုခြင်း ဖြစ်တယ်၊ အတူတူပဲ၊ ဒီတော့ ဥပစာရသမာဓိနှင့်တကွ သမာပတ် (၈)ပါးသည် သမ္မာသမာဓိ မည်ပါတယ်၊ ဒါက မြတ်စွာဘုရားကိုယ်တော်တိုင် ဟောထားတဲ့ မဟာသတိပဋ္ဌာနသုတ္တန်မှာလာရှိတဲ့ အညွှန်းသိုက်စာတစ်ခု ဖြစ်ပါတယ်၊

ဒါပေမယ့် ဒီနေ့ မျက်မှောက်ခေတ်ကတော့ ဘာပြောလဲ? သမာဓိသည် သာသနာတွင်းတရား မဟုတ်ဘူး။ သာသနာပတရားသာ ဖြစ်တယ်၊ သမထသည် သာသနာတွင်းတရား မဟုတ်။ သာသနာပတရား ဖြစ်တယ်၊ ဝိပဿနာ သည်သာလျှင် သာသနာတွင်းတရား ဖြစ်တယ်ဆိုပြီး ဒီလို ပြောကြတယ်၊ ပြောလိုက်တော့ သမာဓိဆိုတဲ့ မဂ္ဂင်တစ်ခု လျှော့မသွားဘူးလား? မဂ္ဂင် (၈)ပါးထဲမှာ မဂ္ဂင် (၁)ပါး ပြုတ်ထွက် မသွားဘူးလား၊ ပြုတ်ထွက်သွားတယ်၊ မဂ္ဂင်ဘယ်နှစ်ပါးကျန်လဲ? မဂ္ဂင် (၇)ပါး၊

ဒီတော့ သူတို့ အကြောင်းပြချက်ကလေးကိုတော့ ဘုန်းကြီးဘက်ကလည်း ပြောဖို့ တာဝန်ရှိပါတယ်၊ ဘာကို သူတို့ အကြောင်းပြကြသလဲလို့မေးတော့ အဿဇိသုတ္တန်မှာ ရှင်အဿဇိမထေရ်မြတ်က စာအရ အတိအကျ ပြောရင်တော့ ‘‘ပဿမ္ဘေတွာ ကာယသင်္ခါရေ’’ ဆိုတဲ့ စကားလုံးကို ကာယသင်္ခါရေတိ အဿာသပဿာသာ ဆိုပြီး အဋ္ဌကထာကဖွင့်ထားတော့ ခန့်မှန်းခြေအရကတော့ အဿာသပဿာသ = အာနာပါနကမ္မဋ္ဌာန်းကို ပွားများ အားထုတ်တော်မူတယ်လို့တော့ ခန့်မှန်းလို့တော့ ရပါတယ်၊

သို့သော် စတုတ္ထဈာန်ဆိုတာကတော့ ဘယ်စတုတ္ထဈာန်မဆို အဿာသ ပဿာသ ချုပ်ငြိမ်းတဲ့ ဈာန်တွေချည်း ဖြစ်ပါတယ်၊ ဒါကြောင့် စတုတ္ထဈာန်အထိတော့ သူက သမာဓိ ထူထောင်နေတယ်၊ ထူထောင်လိုက်တဲ့ အချိန်အခါကျတော့ တစ်ချိန်မှာ သူက အကြီးအကျယ် ရောဂါဝေဒနာ ဖြစ်တယ်၊ ရောဂါဝေဒနာ ဖြစ်လိုက်တဲ့ အချိန်အခါကျတော့ ဒီစတုတ္ထဈာန်သမာဓိကို ပြန်ပြီး ထူထောင်လို့ မရနိုင်ဘူး၊ သို့သော် စတုတ္ထဈာန်သမာဓိကို အခြေခံပြီးတော့ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို သူက စီးဖြန်းနေကျပုဂ္ဂိုလ် ဖြစ်ပါတယ်၊

တစ်ချိန်မှာ အကြီးအကျယ် ဖျားနာလာတဲ့အခါမှာ စတုတ္ထဈာန်သမာဓိကို ပြန်ပြီးထူထောင်လို့ မရတဲ့အတွက် သူက စိတ်ဓာတ်တွေ တော်တော်လေး ကျဆင်းနေတယ်၊ ထိုအချိန်အခါမှာ ဘုရားရှင်က ကြွလာပါတယ်၊ ကြွလာတဲ့ အချိန်အခါမှာ ခမည်းဇာတ်ပါရဲ့လား, ကျန်းမာပါရဲ့လား? စသည်ဖြင့် အောက်မေ့ဖွယ်, အမှတ်ရဖွယ် စကားတွေကို ပြောဆိုပြီးတဲ့ အချိန်အခါမှာ အရှင်အဿဇိမထေရ်က တပည့်တော်မှာ မခမည်းဇာတ်ပါဘူး စသည်ဖြင့် သူက ပြန်လည် လျှောက်ထားပြန်တယ်၊ ပြန်လည် လျှောက်ထားလိုက်တဲ့ အချိန်အခါမှာ သူ့မှာ စိတ်မချမ်းမသာ ဖြစ်နေတဲ့အကြောင်းကို ပြန်လည် လျှောက်ထားတော့ ဘာအတွက် စိတ်မချမ်းမသာဖြစ်သလဲဆိုတာကို သိချင်လို့ ဘုရားရှင်က သူ့ကို မေးကြည့်တယ်၊
သင့်မှာ သီလနဲ့ ပတ်သက်ပြီးတော့ မိမိကိုယ်ကို မိမိက ငါ့သီလတွေ မစင်ကြယ်ဘူးလို့ ပြန်လည်ပြီး စွပ်စွဲမှုများ ရှိနေပါသလားလို့ မေးကြည့်လိုက်တော့ တပည့်တော်ဟာ သီလနဲ့ပတ်သက်လို့လည်း တပည့်တော်ကိုယ်ကို တပည့်တော် ပြန်လည် စွပ်စွဲမှုဆိုတာ မရှိပါဘူး ဆိုပြီး သူက အဖြေပေးတယ်၊ အဲဒီလို အဖြေပေးလိုက်တဲ့ အချိန်အခါမှာ ဒီလိုဆိုရင် သင်က ဘာအတွက် စိတ်မချမ်းမသာ ဖြစ်နေရတာလဲလို့ ဆက်ပြီး မေးလိုက်တဲ့ အချိန်အခါမှာ သူက ဘာပြန်လျှောက်ထားလဲ?

‘‘ပုဗ္ဗေ ခွါဟံ, ဘန္တေ, ဂေလညေ ပဿမ္ဘေတွာ ပဿမ္ဘေတွာ ကာယသင်္ခါရေ ဝိဟရာမိ၊ သောဟံ သမာဓိံ နပ္ပဋိလဘာမိ၊’’ (သံ၊၂၊၁၀၂။)

ဘန္တေ၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား၊ အဟံ၊ ဘုရားတပည့်တော်သည်၊ ပုဗ္ဗေ၊ ရှေးအခါ၌၊ ဂေလညေ၊ အနာရောဂါကို၊ ပဿမ္ဘေတွာ ပဿမ္ဘေတွာ၊ ငြိမ်းစေငြိမ်းစေ၍၊ ကာယသင်္ခါရေ၊ အဿာသပဿာသဟုခေါ်ဆိုအပ်သော ကာယသင်္ခါရတရား၌၊ ဝိဟရာမိ၊ နေထိုင်နိုင်ခဲ့ပါ၏၊

ရှေးယခင်တုန်းကတော့ တပည့်တော်က ဒီအနာရောဂါကို ကျော်လွှား လွန်မြောက်ပြီးတော့ အဿာသပဿာသခေါ်တဲ့ ကာယသင်္ခါရတရားမှာ နေထိုင်နိုင်ခဲ့တယ်၊ စတုတ္ထဈာန်သမာဓိအထိ ဆိုက်အောင် ပွားများအားထုတ်နိုင်ခဲ့တယ်လို့ ဆိုလိုတယ်၊

‘‘သောဟံ သမာဓိံ နပ္ပဋိလဘာမိ၊’’ (သံ၊၂၊၁၀၂။)

ဘန္တေ၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား၊ သောဟံ၊ ထိုဘုရားတပည့်တော်သည်၊ သမာဓိံ၊ သမာဓိကို၊ နပ္ပဋိလဘာမိ၊ တစ်ဖန်ပြန်၍ မရနိုင်တော့ပါ၊

တပည့်တော် အခု သမာဓိ ပြန်လည်ထူထောင်လိုက်တဲ့ အချိန်အခါမှာ ဒီသမာဓိကို တပည့်တော် တစ်ဖန် ပြန်မရ ဖြစ်နေတယ်၊

‘‘တဿ မယှံ, ဘန္တေ, တံ သမာဓိံ အပ္ပဋိလဘတော ဧဝံ ဟောတိ — ‘နော စဿာဟံ ပရိဟာယာမီ’တိ၊’’ (သံ၊၂၊၁၀၂။)

ဘန္တေ၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား၊ တဿ မယှံ၊ ထိုဘုရားတပည့်တော်၏၊ တံ သမာဓိံ၊ ထိုသမာဓိကို၊ အပ္ပဋိလဘတော၊ မရခြင်းကြောင့်၊ ဧဝံ၊ ဤသို့သော စိတ်အကြံအစည်သည်၊ ဟောတိ၊ ဖြစ်ပေါ်၍ နေပါ၏၊
ဘန္တေ၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား၊ တံ သမာဓိံ၊ ထိုသမာဓိကို၊ အပ္ပဋိလဘတော၊ မရရှိသော၊ တဿ မယှံ၊ ထိုဘုရားတပည့်တော်၏ သန္တာန်၌၊ ဧဝံ၊ ဤသို့သော စိတ်အကြံအစည်သည်၊ ဟောတိ၊ ထင်ရှားဖြစ်ပေါ်၍ နေပါသည်မြတ်စွာဘုရား၊

ဪ ဒီသမာဓိကို ပြန်ထူထောင်လိုက်တဲ့ အချိန်အခါမှာ တပည့်တော်သန္တာန်မှာ ဒီသမာဓိကို မရရှိတဲ့အတွက် ဒီလို စိတ်အကြံအစည်တွေ ဖြစ်နေတယ်၊ ဘယ်လို အကြံအစည်လဲ?

‘‘နော စဿာဟံ ပရိဟာယာမိ၊’’

အဟံ၊ ငါသည်၊ နော စဿာဟံ ပရိဟာယာမိ၊ သာသနာတော်မှ မဆုတ်ယုတ်ဘဲ ရှိပါအံ့လောဟူသော၊ ဧဝံ၊ ဤသို့သော စိတ်အကြံအစည်သည်၊ ဟောတိ၊ ထင်ရှားဖြစ်ပေါ်၍ နေပါ၏၊

ငါဟာ သာသနာတော်မှ မဆုတ်ယုတ်ဘဲ ရှိပါရဲ့လားဆိုတဲ့ ဒီလို စိတ်အကြံအစည်တွေ တပည့်တော်မှာ ဖြစ်နေပါတယ်ဘုရား၊ ဒါကြောင့် တပည့်တော်ဟာ စိတ်မချမ်းသာ ဖြစ်နေပါတယ်ဆိုပြီး သူက လျှောက်တယ်၊ အဲဒီအခါမှာ ဘုရားရှင်က ဘာအမိန့်ရှိသလဲ?

‘‘ယေ တေ, အဿဇိ, သမဏဗြဟ္မဏာ သမာဓိသာရကာ သမာဓိသာမညာ၊ တေသံ တံ သမာဓိံ အပ္ပဋိလဘတံ ဧဝံ ဟောတိ — ‘နော စဿု မယံ ပရိဟာယာမာ’တိ၊’’ (သံ၊၂၊၁၀၂။)

အဿဇိ၊ ချစ်သား အဿဇိ၊ ယေ တေ သမဏဗြဟ္မဏာ၊ အကြင် သမဏဗြဟ္မဏတို့သည်၊ သမာဓိသာရကာ၊ သမာဓိသည်သာလျှင် အနှစ်သာရရှိကုန်၏၊ သမာဓိသာမညာ၊ သမာဓိသည်သာလျှင် ရဟန်းအဖြစ် ရှိကြကုန်၏၊ တေသံ၊ ထိုရဟန်းတော်တို့အား၊ တံ သမာဓိံ၊ ထိုသမာဓိကို၊ အပ္ပဋိလဘတံ၊ မရရှိကြကုန်သော်၊ တေသံ၊ ထိုရဟန်းတော်တို့၏ သန္တာန်၌၊ ဧဝံ၊ ဤသို့သော စိတ်အကြံအစည်သည်၊ ဟောတိ၊ ထင်ရှားဖြစ်ပေါ်၍ နေတတ်ပါပေ၏၊

ဘယ်လိုဖြစ်သလဲ?

‘‘နော စဿု မယံ ပရိဟာယာမာတိ၊’’ (သံ၊၂၊၁၀၂။)

မယံ၊ ငါတို့သည်၊ နော စဿု ပရိဟာယာမ၊ သာသနာတော်မှ မဆုတ်ယုတ်ဘဲ ရှိကြကုန်အံ့လောဟု၊ ဧဝံ၊ ဤသို့သော စိတ်အကြံအစည်သည်၊ ဟောတိ၊ ထင်ရှားဖြစ်ပေါ်၍ နေတတ်ပါပေ၏၊

ငါတို့ဟာ သာသနာတော်မှ မဆုတ်ယုတ်ဘဲ ရှိကြပါရဲ့ဆိုပြီးတော့ ဒီလို စိတ်အကြံအစည်တွေ ဖြစ်နေပါတယ် ဆိုပြီးတော့ မြတ်စွာဘုရားက ဟောတယ်၊ ဟောလိုက်တော့ ဒီနေရာမှာ ‘‘သမာဓိသာရကာ’’ ‘‘သမာဓိသာမညာ’’ ဆိုတဲ့ စကားလုံးနဲ့ ပတ်သက်ပြီး အဋ္ဌကထာဆရာတော်က ဘယ်လိုဖွင့်ထားသလဲလို့ မေးတော့ -

‘‘သမာဓိသာရကာ သမာဓိသာမညာတိ သမာဓိံယေဝ သာရဉ္စ သာမညဉ္စ မညန္တိ၊’’ (သံ၊ဋ္ဌ၊၂၊၂၈၉။)

သမာဓိသာရကာ သမာဓိသာမညာတိ၊ သမာဓိသာရကာ သမာဓိသာမညာ ဟူသည်ကား၊ သမာဓိံ ယေဝ၊ သမာဓိကိုသာလျှင်၊ သာရဉ္စ၊ အနှစ်သာရဟူ၍လည်းကောင်း၊ သာမညဉ္စ၊ ရဟန်းအဖြစ်ဟူ၍လည်းကောင်း၊ မညန္တိ၊ အောက်မေ့မှတ်ထင်ကြကုန်၏၊

(အထူးသဖြင့်) သာသနာပ အယူအဆရှိနေကြတဲ့ သမဏ, ဗြဟ္မဏ အချို့တွေဟာ သမာဓိကိုသာလျှင် အနှစ်သာရ သမာဓိကိုသာလျှင် ရဟန်းအဖြစ်လို့ ဒီလိုအောက်မေ့ မှတ်ထင်နေကြတယ်နော်၊

‘‘မယှံ ပန သာသနေ န ဧတံ သာရံ၊’’ (သံ၊ဋ္ဌ၊၂၊၂၈၉။)

မယှံ ပန သာသနေ၊ ငါဘုရားရှင်၏ သာသနာတော်မြတ်အတွင်း၌ကား၊ ဧတံ၊ ဤသမာဓိသည်ကား၊ န သာရံ၊ အနှစ်သာရ မဟုတ်ပါ၊

ငါဘုရားရှင်ရဲ့ သာသနာတော်တွင်းမှာ ဒီသမာဓိကတော့ အနှစ်သာရ မဟုတ်ပါဘူး၊

‘‘ဝိပဿနာမဂ္ဂဖလာနိ သာရံ၊’’ (သံ၊ဋ္ဌ၊၂၊၂၈၉။)

ဝိပဿနာမဂ္ဂဖလာနိ၊ ဝိပဿနာ မဂ်ဉာဏ်, ဖိုလ်ဉာဏ်တို့သည်သာလျှင်၊ သာရံ၊ အနှစ်သာရဖြစ်ပါပေ၏၊

ငါဘုရားရှင်ရဲ့ သာသနာတော်မှာ ဝိပဿနာဉာဏ်, မဂ်ဉာဏ်, ဖိုလ်ဉာဏ်တွေကသာလျှင် အနှစ်သာရ ဖြစ်ပါတယ်ဆိုပြီးတော့ ဒီလိုဟောထားတယ်၊ အဲဒီဟောကြားချက်ကို ကိုးကားပြီးတော့ သမထသည် သာသနာတွင်းတရားမဟုတ်, သာသနာပတရား ဖြစ်သည်၊ ဝိပဿနာသာလျှင် သာသနာတွင်းတရားဖြစ်သည် ဆိုပြီးတော့ သူတို့က ဘေးဖယ်လိုက်ကြတယ်၊ ဘေးဖယ်လိုက်ကြတော့ နောက်တစ်ခု သူတို့ အကြောင်းပြချက်တစ်ခု ရှိလာပြန်သေးတယ်၊ ဘာလဲဆိုတော့ သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ် ဆိုတာတွေဟာ လောကမှာ ရှိပါတယ်၊ ဒီသုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်တွေဟာ ဘယ်မှာ သမာဓိ ထူထောင်လို့လဲဆိုပြီး ဒီလိုလဲ အကြောင်းပြကြပြန်တယ်၊
ဒီတော့ ဒီသုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်ဟာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို တိုက်ရိုက် စီးဖြန်းချင်တယ်ဆိုရင် ဘာကို စအားထုတ်ရသလဲ? ဒီအပိုင်းနဲ့ ပတ်သက်ပြီးတော့ ဝိသုဒ္ဓိမဂ်အဋ္ဌကထာ ဒုတိယတွဲ စာမျက်နှာ (၂၂၂)မှာ အဋ္ဌကထာဆရာတော်က ဘယ်လိုရေးထားသလဲ?

‘‘သုဒ္ဓဝိပဿနာယာနိကော ပန အယမေဝ ဝါ သမထယာနိကော စတုဓာတုဝဝတ္ထာနေ ဝုတ္တာနံ တေသံ တေသံ ဓာတုပရိဂ္ဂဟမုခါနံ အညတရမုခဝသေန သင်္ခေပတော ဝါ ဝိတ္ထာရတော ဝါ စတဿော ဓာတုယော ပရိဂ္ဂဏှာတိ၊’’ (ဝိသုဒ္ဓိ၊၂၊၂၂၂။)

သုဒ္ဓဝိပဿနာယာနိက ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် ရုပ်ကမ္မဋ္ဌာန်းကနေ စအားထုတ်လိုတဲ့ ဒီသမထယာနိကပုဂ္ဂိုလ်ပဲဖြစ်ဖြစ် အဲဒီပုဂ္ဂိုလ်ဟာ ဝိပဿနာကို ကူးပြီးဆိုရင် ဘာလုပ်ရသလဲ? စတုဓာတုဝဝတ္ထာန်ကမ္မဋ္ဌာန်းအပိုင်းမှာ ဖွင့်ဆိုထားတဲ့ ဓာတ်ကမ္မဋ္ဌာန်း သိမ်းဆည်းနည်း နည်းအမျိုးမျိုး ရှိကြတယ်၊ အကျဉ်းနည်းကိုပဲဖြစ်စေ, အကျယ်နည်းကိုပဲ ဖြစ်စေ, တစ်နည်းနည်းဖြင့် ဓာတ်ကြီးလေးပါးကို စတင် သိမ်းဆည်းပါဆိုပြီး ဒီလို ညွှန်ကြားထားတယ်၊ ဒီတော့ သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်က ဒီအဋ္ဌကထာရဲ့ ညွှန်ကြားချက်အရ ပြောမယ်ဆိုရင် သုဒ္ဓဝိပဿနာယာနိက ပုဂ္ဂိုလ်သည် ဘာကို စပြီး အားထုတ်ရမလဲ? ဓာတ်ကမ္မဋ္ဌာန်းက စအားထုတ်ရမယ်၊ ဘာကြောင့်လဲ ယေဘုယျ စည်းကမ်းက ရုပ်ကမ္မဋ္ဌာန်းကနေစပြီး ဝိပဿနာကူးတယ်ဆိုတဲ့ လုပ်ငန်းရပ်က သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်တို့ရဲ့ လုပ်ငန်းရပ်ဖြစ်တယ်၊ ဒါ ယေဘုယျ စည်းကမ်းပဲနော်၊

သမထယာနိကပုဂ္ဂိုလ်ကတော့ ဝိပဿနာကူးတဲ့အခါမှာ ဈာန်နာမ်တရားတွေကစပြီး သိမ်းဆည်းပြီးတော့ ဝိပဿနာကူးလိုကလည်း ကူးနိုင်တယ်၊ သို့မဟုတ် ရုပ်ကမ္မဋ္ဌာန်းကနေ စတင်ပြီးတော့ ဝိပဿနာကို ကူးလိုကလည်း ကူးနိုင်ပါတယ်၊ သူက နှစ်နည်းရှိတယ်၊ အကယ်၍ ရုပ်ကမ္မဋ္ဌာန်းကနေ စတင်ပြီးတော့ ဝိပဿနာကူးချင်တယ်ဆိုလို့ရှိရင်တော့ ဘာကို စရှုရသလဲ? ဓာတ်ကမ္မဋ္ဌာန်း စရှုရတယ်၊ ဘာကြောင့်လဲ? သမထပိုင်းမှာ ကမ္မဋ္ဌာန်း (၄၀)ရှိတယ် ဆိုတာကတော့ မှန်ပါတယ်၊ သို့သော် ဝိပဿနာပိုင်းရောက်လာပြီဆိုရင် ရုပ်ကမ္မဋ္ဌာန်း, နာမ်ကမ္မဋ္ဌာန်း ဆိုပြီးတော့ ကမ္မဋ္ဌာန်းက နှစ်မျိုးပဲ ရှိပါတယ်၊ ရုပ်ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်း နှစ်မျိုးရှိတဲ့အနက်က မြတ်စွာဘုရားက ရုပ်ကမ္မဋ္ဌာန်းရှုကွက်နဲ့ ပတ်သက်ပြီးတော့ ဘယ်လိုဟောလဲ?

‘‘တတ္ထ ဘဂဝါ ရူပကမ္မဋ္ဌာနံ ကထေန္တော သင်္ခေပမနသိကာရဝသေန ဝါ ဝိတ္ထာရမနသိကာရဝသေန ဝါ စတုဓာတုဝဝတ္ထာနံ ကထေသိ’’။ (မ၊ဋ္ဌ၊၁၊၂၈၀)

ဒါက မဟာသတိပဋ္ဌာနသုတ္တန် မဟာသတိပဋ္ဌာနဝိဘင်းကို ဖွင့်ဆိုတော်မူကြတဲ့ ဒီဃနိကာယ်အဋ္ဌကထာ, မဇ္ဈိမနိကာယ်အဋ္ဌကထာနဲ့ အဘိဓမ္မာ သမ္မောဟဝိနောဒနီ အဋ္ဌကထာတို့မှာ လာရှိတဲ့စကားဖြစ်ပါတယ်၊ ရုပ်ကမ္မဋ္ဌာန်းရှုကွက်နဲ့ ပတ်သက်လို့ မြတ်စွာဘုရားက ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနှလုံးသွင်းနည်း, ဓာတ်ကမ္မဋ္ဌာန်း အကျယ်နှလုံးသွင်းနည်း ဆိုပြီးတော့ ဒီ နှစ်နည်းပဲ ဟောထားတယ်၊ ဟောတော်မူရိုး ဓမ္မတာရှိတဲ့အတွက် ရုပ်ကမ္မဋ္ဌာန်းကို စရှုတော့မယ့်ပုဂ္ဂိုလ်က ဘာကို စရှုရလဲ? ဓာတ်ကမ္မဋ္ဌာန်းကို စရှုရမယ်တဲ့၊ အဲဒါက မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်ဆိုတဲ့ ရတနာရွှေအိုးကြီးတွေကို တူးဖော်ချင်တယ်ဆိုရင် ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် တူးဖော်ရမယ်လို့ ညွှန်ကြားနေတဲ့ အညွှန်းသိုက်စာ ရတနာကြီးတွေဖြစ်တယ်၊

အဲဒီ ရတနာသိုက်စာ အညွှန်းအတိုင်း လိုက်နာပြီး မကျင့်ခဲ့ဘူးဆိုရင် ဘုရားဟောတဲ့ ဒီရုပ်နာမ်ကို သိနိုင်ပါ့မလား? မသိနိုင်ဘူး၊ ဒါဟာ အညွှန်းသိုက်စာအတိုင်း မကျင့်တာဘဲ၊ သို့သော် ဒီဓာတ်ကမ္မဋ္ဌာန်းသည် ကမ္မဋ္ဌာန်း (၄၀)ထဲမှာ ဥပစာရသမာဓိကို ရွက်ဆောင်ပေးနိုင်တဲ့ စွမ်းအားရှိတဲ့ ကမ္မဋ္ဌာန်းအဖြစ် အဋ္ဌကထာဆရာတော်က ထည့်သွင်းပြီး ဖွင့်ဆိုထားပါတယ်၊ သို့သော် ဋီကာဆရာတော်ကတော့ ဒီနေရာမှာ အဋ္ဌကထာဆရာတော် ဖွင့်ဆိုနေတဲ့ ဥပစာရသမာဓိဆိုတာကတဲ့ ရုဠှီအစွမ်းအားဖြင့် ဖွင့်ဆိုသွားခြင်းဖြစ်တယ်၊ တင်စားပြီး ဖွင့်ဆိုခြင်းသာဖြစ်တယ်၊ ဘယ်လိုတင်စားလဲ? ဈာန်နားကပ်နေတဲ့ သမာဓိကိုသာလျှင် ဥပစာရသမာဓိလို့ခေါ်ဆိုရတယ်၊

ဒီ ဓာတ်ကမ္မဋ္ဌာန်းလမ်းစဉ်ကနေ ဘယ်လိုပဲ အားထုတ်အားထုတ် ယောဂါဝစရပုဂ္ဂိုလ်က ဈာန်ကို ဘယ်တော့မှ မရနိုင်ဘူး၊ ဈာန်မရနိုင်တဲ့အတွက် ဒီဓာတ်ကမ္မဋ္ဌာန်းလမ်းစဉ်က အထွတ်အထိပ်သို့ ရောက်ရှိသွားတဲ့ သမာဓိကို ဥပစာရသမာဓိလို့ အဋ္ဌကထာဆရာတော်က ပြောနေခြင်းသည် သမာဓိလက္ခဏာချင်း တူညီနေလို့ တင်စားပြီး ပြောတဲ့စကားသာ ဖြစ်ပါတယ် ဆိုပြီး အဋ္ဌကထာက ရှင်းထားတယ်၊ ဘယ်လို သမာဓိလက္ခဏာချင်း တူညီသလဲလို့မေးတော့ ဈာန်နားကပ်နေတဲ့ ဥပစာရသမာဓိအဆင့်နှင့် ဓာတ်ကမ္မဋ္ဌာန်းလမ်းစဉ်ကနေပြီးတော့ အထွတ်အထိပ်သို့ ရောက်ရှိသွားတဲ့ သမာဓိသည် သမာဓိလက္ခဏာချင်း တူညီနေတယ်၊ သမာဓိ ဒီဂရီစံချိန်ချင်း တူညီနေတဲ့အတွက်ကြောင့် ရုဠှီအားဖြင့် တင်စားပြီး ဥပစာအားဖြင့် တင်စားပြီးတော့ သဒိသူပစာရအားဖြင့် ဥပစာရသမာဓိလို့ အဋ္ဌကထာက ဖွင့်ဆိုသွားခြင်း ဖြစ်တယ်ဆိုပြီး ဒီလို ရှင်းထားတယ်၊

ဒီတော့ ဒီအထွတ်အထိပ်သို့ ရောက်ရှိလာတဲ့ ကာမာဝစရသမာဓိဆိုတာက ဘယ်လိုသမာဓိလဲဆိုတော့ ဓာတ်ကြီး (၄)ပါးကို စနစ်တကျ အဆင့်ဆင့် သိမ်းဆည်းလိုက်ရင် နောက်ဆုံး ခန္ဓာကိုယ်ကြီးကို မတွေ့တော့ဘဲနဲ့ ရေခဲတုံး, ဖန်တုံး, မှန်တုံးလိုကြည်နေတဲ့ အကြည်အတုံးအခဲကြီးကို သွားတွေ့ပါတယ်၊ ဘာအကြည် အတုံးအခဲလဲလို့ မေးရင်တော့ ဘုန်းကြီးတို့ ‘‘စက္ခာဒိပဉ္စဝိဓံ ရူပါဒီနံ ဂဟဏပစ္စယဘာဝေန အာဒါသတလံ ဝိယ ဝိပ္ပသန္နတ္တာ ပသာဒရူပံ’’။ (ဝိသုဒ္ဓိ၊ဋ္ဌ၊၂၊၈၁။) ဆိုပြီး ဝိသုဒ္ဓိမဂ်အဋ္ဌကထာ ခန္ဓနိဒ္ဒေသပိုင်း ရူပက္ခန္ဓာပိုင်းမှာ ဖွင့်ဆိုထားပါတယ်၊ ဘာဆိုလိုတာလဲလို့မေးတော့ ရုပ်လောကမှာ၊ စက္ခုပသာဒ၊ မျက်စိအကြည်၊ သောတပသာဒ၊ နားအကြည်၊ ဃာနပသာဒ၊ နှာအကြည်၊ ဇိဝှာပသာဒ၊ လျှာအကြည်၊ ကာယပသာဒ၊ ကိုယ်အကြည် ဆိုပြီး အကြည်ရုပ် ငါးခုရှိပါတယ်၊

ဓာတ်ကမ္မဋ္ဌာန်းလမ်းစဉ်က ဓာတ်လေးပါးကို သိမ်းဆည်းလျက် သမာဓိကို အဆင့်ဆင့် ထူထောင်သွားလိုက်တဲ့ အချိန်အခါမှာ ကလာပ်ခေါ်တဲ့ ရုပ်ကလာပ်တွေကို မမြင်သေးမီ, ဃနခေါ်တဲ့ ရုပ်တုံးရုပ်ခဲတွေကို ဉာဏ်နဲ့ မဖြိုခွဲနိုင်မီမှာ ယောဂီပုဂ္ဂိုလ်အနေနဲ့ ဒီအကြည်ပြင် အကြည် အတုံးအခဲကြီးအနေနဲ့ ရေခဲတုံး, ဖန်တုံး, မှန်တုံးလို သွားတွေ့တယ်၊ အဲဒီ အတုံးအခဲဟာ ဘာတွေလဲလို့မေးတော့ မျက်စိအကြည်, နားအကြည်, နှာခေါင်းအကြည်, လျှာအကြည်, ကိုယ်အကြည်လို့ခေါ်ဆိုအပ်တဲ့ ဒီပသာဒရုပ် (၅)ပါးတို့ရဲ့ အကြည်ဖြစ်တယ်၊ အဲဒီ အကြည်ဓာတ်သည် ‘‘အာဒါသတလံ ဝိယ ဝိပ္ပသန္နတ္တာ’’ ကြေးမုံမှန်အပြင်လိုကြည်နေတဲ့အတွက်ကြောင့် သူတို့ကို ပသာဒရုပ်လို့ခေါ်တယ်ဆိုပြီး ဝိသုဒ္ဓိမဂ်အဋ္ဌကထာက ရှင်းထားတယ်၊

ဒီတော့ ဃနခေါ်တဲ့ ရုပ်တုံး ရုပ်ခဲတွေကို ဉာဏ်နဲ့ မဖြိုခွဲနိုင်မီ အတုံးလိုက်, အခဲလိုက်ကြီးသွားတွေ့တဲ့အကြည်ဓာတ်ပဲ၊ အဲဒီ အကြည်အတုံးအခဲမှာ အာကာသဓာတ်ကို မြင်အောင်ဆက်ပြီး ရှုလိုက်မယ်ဆိုလို့ရှိရင် ဟို မဟာရာဟုလောဝါဒသုတ္တန်စတဲ့ ထိုထိုသုတ္တန်တွေမှာ ညွှန်ကြားထားတဲ့အတိုင်း အာကာသဓာတ်ကို မြင်အောင် ရှုလိုက်မယ်ဆိုရင် ရုပ်ကလာပ်အမှုန်လေးတွေ သွားတွေ့ပါတယ်၊

အဲဒီ ရုပ်ကလာပ်အမှုန်လေးတွေကို တွေ့ပြီဆိုရင် အဲဒီ ရုပ်ကလာပ် တစ်ခု တစ်ခုမှာ တည်ရှိနေတဲ့ ပထဝီ, အာပေါ, တေဇော, ဝါယောခေါ်တဲ့ ဓာတ် (၄)ပါးကို သိမ်းဆည်းနိုင်ပြီဆိုရင် ဓာတ်ကမ္မဋ္ဌာန်းလမ်းစဉ်မှာ အထွတ်အထိပ်သို့ ရောက်ရှိသွားတဲ့ ဥပစာရသမာဓိဖြစ်တယ်၊ သမထပိုင်းမှာ အဆုံးဖြစ်ပြီး ဝိပဿနာပိုင်းမှာ အစဖြစ်ပါတယ်၊ ဒိဋ္ဌိဝိသုဒ္ဓိစခန်းရဲ့ အစလည်းဖြစ်တယ်၊ အဲဒီ သမာဓိမျိုးကိုတော့ ထူထောင်ရပါတယ်၊ သို့သော် ဒီနေ့ မျက်မှောက်ခေတ်ကတော့ သမာဓိမှန်သမျှ ဘာမှ မထူထောင်နဲ့၊ ဝိပဿနာသာ တိုက်ရိုက်သွား ဆိုပြီးတော့ သူတို့က ရှုပွားကြတယ်၊ ဒီတော့ မဂ္ဂင်က (၈)ပါး ပြည့်သေးလား? မပြည့်တော့ဘူး၊ ဘယ်နှစ်ပါးရှိလဲ? (၇)ပါး၊ မဂ္ဂင် (၈)ပါးကို မဂ္ဂင် (၇)ပါးလို့ပြောရင် ဓမ္မကို အဓမ္မလို့ ထင်ရှားပြနေကြတာ ဖြစ်တယ်၊ ဓမ္မကို အဓမ္မလို့ ထင်ရှားပြနေတဲ့ ပုဂ္ဂိုလ်တွေသည် မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်ဆိုတဲ့ သတ္တဝါတွေရဲ့ အကျိုးစီးပွားတွေကို ဆုတ်ယုတ်ပျက်စီးအောင် ပြုလုပ်နေတယ်၊ သာသနာတော်ကို ကွယ်အောင်ပြုလုပ်နေတဲ့ ပုဂ္ဂိုလ်တွေလည်းဖြစ်တယ်၊ သတ္တဝါတွေရဲ့သန္တာန်မှာ အကုသိုလ်တရားတွေကို တိုးပွားအောင် များပြားအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေလည်းဖြစ်တယ်၊ ဒါ ဒီသုတ္တန်က ဟောတာနော်၊ ဘုန်းကြီး ဟောတာတော့ မဟုတ်ဘူး၊

တတိယပိုင်း

နောက်တစ်ခု - မဂ္ဂင် တစ်ပါး ထပ်ပြောဦးမယ်၊ နောက်မဂ္ဂင် တစ်ခုကတော့ သမ္မာဒိဋ္ဌိ ဖြစ်ပါတယ်၊ ဘာကို သမ္မာဒိဋ္ဌိ ခေါ်ဆိုသလဲ၊ မဟာသတိပဋ္ဌာနသုတ္တန်မှာပဲ ဘုရားရှင် ကိုယ်တော်တိုင်က အတိအကျ မေးခွန်းထုတ်ပြီးတော့ အဖြေပေးထားပါတယ်၊

‘‘ကတမာ စ ဘိက္ခဝေ သမ္မာဒိဋ္ဌိ’’။ (မ၊၁၊၈၈)

ဘိက္ခဝေ၊ ရဟန်းတို့၊ သမ္မာဒိဋ္ဌိ၊ သမ္မာဒိဋ္ဌိဆိုတာက၊ ကတမာ စ၊ ဘာလဲ? ဒါဘုရားရှင် ကိုယ်တော်တိုင်က မေးတယ်၊ မေးပြီးတော့ ဘယ်လိုဖြေလဲ?

‘‘ယံ ခေါ ဘိက္ခဝေ ဒုက္ခေ ဉာဏံ၊ ဒုက္ခသမုဒယေ ဉာဏံ၊ ဒုက္ခနိရောဓေ ဉာဏံ၊ ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ ဉာဏံ၊ အယံ ဝုစ္စတိ ဘိက္ခဝေ သမ္မာဒိဋ္ဌိ’’။ (မ၊၁၊၈၈)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့၊ ယံ ခေါ ဉာဏံ၊ အကြင်သိသောဉာဏ်သည်၊ ဒုက္ခေ၊ ဒုက္ခသစ္စာ၌ (ရှိ၏)၊ ယံ ဉာဏံ၊ အကြင်သိသောဉာဏ်သည်၊ ဒုက္ခသမုဒယေ၊ သမုဒယသစ္စာ၌ (ရှိ၏)၊ ယံ ဉာဏံ၊ အကြင်သိသောဉာဏ်သည်၊ ဒုက္ခနိရောဓေ၊ နိရောဓသစ္စာ၌ (ရှိ၏)၊ ယံ ဉာဏံ၊ အကြင်သိသောဉာဏ်သည်၊ ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ၊ ဒုက္ခချုပ်ရာ နိရောဓနိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ်ဖြစ်တဲ့ မဂ္ဂသစ္စာ၌ (ရှိ၏)၊ ဘိက္ခဝေ၊ ချစ်သားရဟန်းတို့၊ အယံ၊ ဤဉာဏ်သည်၊ သမ္မာဒိဋ္ဌိ၊ သမ္မာဒိဋ္ဌိမည်၏၊ ဝုစ္စတိ၊ ဟု ဆိုအပ်၏။ ဒီလို ဘုရားရှင်က ရှင်းထားတယ်၊ ဒီတော့ သမ္မာဒိဋ္ဌိ ဘယ်နှစ်မျိုးရှိလဲ? (၄)မျိုး၊ ဒုက္ခသစ္စာ၌ သိသောဉာဏ်သည် သမ္မာဒိဋ္ဌိ၊ သမုဒယသစ္စာ၌ သိသောဉာဏ်သည် သမ္မာဒိဋ္ဌိ၊ နိရောဓသစ္စာ၌ သိသောဉာဏ်သည် သမ္မာဒိဋ္ဌိ၊ ဒုက္ခချုပ်ရာ နိရောဓ နိဗ္ဗာန်သို့ရောက်ကြောင်း ကျင့်စဉ်ဖြစ်တဲ့ မဂ္ဂသစ္စာ၌ သိသောဉာဏ်သည် သမ္မာဒိဋ္ဌိ၊ ပေါင်းလိုက်တော့ ဘယ်နှစ်မျိုးလဲ? (၄)မျိုး၊

အဲဒီ (၄)မျိုးထဲမှာ နံပါတ် (၁) ဒုက္ခသစ္စာ၌သိသော သမ္မာဒိဋ္ဌိဉာဏ်သည်လည်း ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း ကျင့်စဉ်လို့ခေါ်ဆိုအပ်တဲ့ မဂ္ဂသစ္စာစာရင်းဝင် မဂ္ဂင်တရားကိုယ် တစ်ပါးပဲဖြစ်ပါတယ်၊ နိဗ္ဗာန်ရောက်ကြောင်း ကျင့်စဉ်တစ်ခုပဲ ဖြစ်တယ်နော်၊

သမုဒယသစ္စာကို သိတဲ့ဉာဏ်ဟာလည်း နိဗ္ဗာန်ရောက်ကြောင်း ကျင့်စဉ်တစ်ခု မဂ္ဂင်တစ်ခုပဲဖြစ်တယ်၊ နိရောဓသစ္စာ, မဂ္ဂသစ္စာတွေကို သိနေတဲ့ ဉာဏ်ဟာလည်း နိဗ္ဗာန်ရောက်ကြောင်း ကျင့်စဉ်တစ်ခု မဂ္ဂင်တစ်ခုပဲ ဖြစ်ပါတယ်၊ ဒီအချက်နဲ့ ပတ်သက်ပြီးတော့ ဘုန်းကြီး နောက်ထပ် အညွှန်းသိုက်စာလေးတစ်ခု ရွတ်ပြမယ်နော်၊ သစ္စသံယုတ်မှာ အာသဝက္ခယသုတ္တန်ဆိုတဲ့ သုတ္တန်တစ်ခု ရှိပါတယ်၊ ထိုသုတ္တန်မှာ ဘုရားရှင်က ဘယ်လိုဟောလဲ?

‘‘ဇာနတောဟံ ဘိက္ခဝေ ပဿတော အာသဝါနံ ခယံ ဝဒါမိ၊ နော အဇာနတော နော အပဿတော’’။ (ခု၊၁၊၂၆၅၊ ဣတိဝုတ္တက။)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့၊ ဇာနတော၊ သိသောသူအား၊ ပဿတော၊ မြင်သောသူအား၊ အာသဝါနံ၊ အာသဝေါတရားတို့၏၊ ခယံ၊ ကုန်ခြင်းကို၊ အဟံ၊ ငါဘုရားသည်၊ ဝဒါမိ၊ ဟောတော်မူ၏၊ အဇာနတော၊ မသိသောသူအား၊ အပဿတော၊ မမြင်သောသူအား၊ အာသဝါနံ၊ အာသဝေါတရားတို့၏၊ ခယံ၊ ကုန်ခြင်းကို၊ နော ဝဒါမိ၊ ဟောတော်မမူ။

ချစ်သားရဟန်းတို့၊ သိတဲ့ပုဂ္ဂိုလ်အား မြင်တဲ့ပုဂ္ဂိုလ်အား အာသဝေါတရားတို့ရဲ့ ကုန်ခြင်းကို ငါဘုရား ဟောတော်မူတယ်၊ မသိတဲ့ပုဂ္ဂိုလ် မမြင်တဲ့ပုဂ္ဂိုလ်ကို ငါဘုရား အာသဝေါတရားတို့ ကုန်ခြင်းကို ဘယ်တော့မှ မဟောဘူး၊ ကဲ ဘာတွေကိုသိမှလဲ, ဘာတွေကို မြင်မှလဲ? ဘုရားရှင် ကိုယ်တော်တိုင်က မေးခွန်းထုတ်ပြီးတော့ ပြန်အဖြေပေးထားတယ်၊

‘‘ကိဉ္စ ဘိက္ခဝေ ဇာနတော ကိံ ပဿတော အာသဝါနံ ခယော ဟောတိ’’။ (ခု၊၁၊၂၆၅၊ ဣတိဝုတ္တက။)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့၊ ကိဉ္စ၊ အဘယ်တရားကိုလျှင်၊ ဇာနတော၊ သိသောသူအား၊ ပဿတော၊ မြင်သောသူအား၊ အာသဝါနံ၊ အာသဝေါတရားတို့၏၊ ခယော၊ ကုန်ခြင်းသည်၊ ဟောတိ၊ ထင်ရှား ဖြစ်ပေါ်၍ လာပါသနည်း၊

ဘာတွေကို သိမယ်, ဘာတွေကို မြင်မယ်, ဘယ်တရားတွေကို သိမယ်, ဘယ်တရားတွေကို မြင်မယ်ဆိုရင် အာသဝေါတရားတွေရဲ့ ကုန်ခြင်းသည် ထင်ရှားဖြစ်ပေါ်၍ လာပါသလဲ?

‘‘ဣဒံ ဒုက္ခန္တိ ဘိက္ခဝေ ဇာနတော ပဿတော အာသဝါနံ ခယော ဟောတိ၊ အယံ ဒုက္ခသမုဒယောတိ ဘိက္ခဝေ ဇာနတော ပဿတော အာသဝါနံ ခယော ဟောတိ၊ အယံ ဒုက္ခနိရောဓောတိ ဘိက္ခဝေ ဇာနတော ပဿတော အာသဝါနံ ခယော ဟောတိ၊ အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါတိ ဘိက္ခဝေ ဇာနတော ပဿတော အာသဝါနံ ခယော ဟောတိ’’။

ဤကား ဒုက္ခသစ္စာလို့ သိမယ်မြင်မယ်ဆိုရင် အာသဝေါတရားတွေကုန်မယ်၊ ဤကား ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရားလို့ သိမယ်, မြင်မယ်ဆိုရင် အာသဝေါတရားတွေကုန်မယ်၊ ဤကား ဒုက္ခချုပ်ရာ နိရောဓသစ္စာတရားလို့ သိမယ်မြင်မယ်ဆိုရင် အာသဝေါတရားတွေကုန်မယ်၊ ဤကား ဒုက္ခချုပ်ရာနိရောဓနိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ်ဖြစ်တဲ့ မဂ္ဂသစ္စာတရားလို့ သိမယ် မြင်မယ်ဆိုရင် အာသဝေါတရားတွေ ကုန်မယ်၊

ဒီလို သိခဲ့မယ်, ဒီလိုမြင်ခဲ့မယ်, ဒီသစ္စာ (၄)ပါးကို ဒီလိုသိမယ်, ဒီလိုမြင်မယ်ဆိုရင် အာသဝေါတရားတွေကုန်မယ်လို့ ဒီလို ဘုရားရှင်က ဟောထားတယ်၊ အဲဒါက နိဗ္ဗာန်ဆိုတဲ့ ရွှေမြို့တော်ကြီး ရတနာရွှေအိုးကြီးကို ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် တူးဖော်ရမယ်ဆိုတဲ့ တူးဖော်ပုံ နည်းစနစ်ကို ညွှန်ကြားနေတဲ့ အညွှန်းသိုက်စာတစ်ခု ဖြစ်တယ်၊ ဒီတော့ ဆိုလိုတာက သစ္စာ (၄)ပါးကို မသိခဲ့ဘူးဆိုလို့ရှိရင် အာသဝေါတရားတွေ ကုန်မလား? မကုန်ဘူး၊ အာသဝေါတရား ဘယ်အခါ ကုန်သလဲလို့မေးတော့ အရဟတ္တမဂ်ဉာဏ်ရတဲ့အခါမှာ ကုန်မှာ ဖြစ်ပါတယ်၊ အာသဝေါတရားတွေ မကုန်ဘူးဆိုတော့ အရဟတ္တမဂ်ဉာဏ် ရနိုင်မလား? မရနိုင်ဘူး၊ ဒါ ဆိုလိုတာကနော်၊ ဒီတော့ အရဟတ္တမဂ်ဉာဏ်, ဖိုလ်ဉာဏ်ကို မရနိုင်ဘူး၊ နိဗ္ဗာန်ကို မရနိုင်ဘူး၊ သစ္စာ (၄)ပါးကိုသိမှ အာသဝေါတရားတွေ ကုန်မယ်၊ အရဟတ္တမဂ်, အရဟတ္တဖိုလ် နိဗ္ဗာန်ကိုရမယ်လို့ ဒီလို ဘုရားက ဟောတယ်၊ ဟောထားလိုက်တော့ အဲဒီ သစ္စာ (၄)ပါးထဲမှာ နံပါတ် (၁)သစ္စာက ဘာလဲ? ဒုက္ခသစ္စာ၊ ဘာကို ဒုက္ခသစ္စာလို့ ခေါ်သလဲ?

‘‘သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ’’ တဲ့၊ ဓမ္မစကြာ ဒေသနာတော်မှာလည်း ဒီပုံစံအတိုင်း ဟောတယ်၊ မဟာသတိပဋ္ဌာနသုတ္တန်စတဲ့ ထိုထိုသုတ္တန်တွေမှာလည်း တော်တော်ခပ်များများ မြတ်စွာဘုရား ဒီပုံစံအတိုင်း ဟောထားပါတယ်၊ လိုရင်းတိုရှင်းကို ပြောမယ်ဆိုရင် ဥပါဒါနက္ခန္ဓာ (၅)ပါးသည် ဒုက္ခသစ္စာ

အဲဒီ ဒုက္ခသစ္စာ အမည်ရနေတဲ့ ခန္ဓာ (၅)ပါးထဲမှာ ရူပုပါဒါနက္ခန္ဓာ ဆိုတာက ဘာကိုခေါ်လဲ? ဒီအချက်နဲ့ ပတ်သက်ပြီးတော့ ခန္ဓဝဂ္ဂသံယုတ်ပါဠိတော် ခန္ဓသုတ္တန်မှာ ဘုရားရှင်က —

‘‘ယံ ကိဉ္စိ ဘိက္ခဝေ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ သာသဝံ ဥပါဒါနိယံ၊ အယံ ဝုစ္စတိ ရူပုပါဒါနက္ခန္ဓော’’။ (သံ၊၂၊၃၉၊ ခန္ဓသုတ္တန်။) စသည်ဖြင့် ဒီလိုရှင်းထားတယ်၊

အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓ, ဩဠာရိကခေါ်တဲ့ ရုန့်ရင်းကြမ်းတမ်းတဲ့ ရုပ်တရား, သုခုမခေါ်တဲ့ သိမ်မွေ့နူးညံ့တဲ့ ရုပ်တရား, ဟီနခေါ်တဲ့ ယုတ်ညံ့တဲ့ရုပ်တရား, ပဏီတခေါ်တဲ့ မွန်မြတ်တဲ့ရုပ်တရား, ဒူရခေါ်တဲ့ ဝေးတဲ့ရုပ်တရား, သန္တိကခေါ်တဲ့ နီးတဲ့ရုပ်တရား ပေါင်းလိုက်တော့ (၁၁)မျိုး၊

အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓ, ဩဠာရိက, သုခုမ, ဟီန, ပဏီတ, ဒူရ, သန္တိကခေါ်တဲ့ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ရုပ်တရားအစုအပုံသည် အာသဝေါတရားတို့ရဲ့ အာရုံယူရာ (၃၁)ဘုံ နယ်မြေအတွင်းမှာ တည်ရှိတဲ့ တဏှာ, ဒိဋ္ဌိတို့ဖြင့် ငါ, ငါ့ဟာလို့ စွဲစွဲလမ်းလမ်း ဆုပ်ကိုင်စရာဖြစ်တယ်ဆိုရင် ထို (၁၁)မျိုးသော အခြင်းအရာ အားဖြင့် တည်နေတဲ့ ရုပ်တရားအစုအပုံကို ရူပုပါဒါနက္ခန္ဓာလို့ ခေါ်တယ်ဆိုပြီး ရှင်းထားတယ်၊

ဝေဒနုပါဒါနက္ခန္ဓာ, သညုပါဒါနက္ခန္ဓာ, သင်္ခါရုပါဒါနက္ခန္ဓာ, ဝိညာဏုပါဒါနက္ခန္ဓာတွေလည်း ပုံစံတူပဲ ရှင်းထားပါတယ်၊ ရှင်းထားလိုက်တော့ ဆိုလိုတာက ဒုက္ခသစ္စာအမည်ရနေတဲ့ ဥပါဒါနက္ခန္ဓာ (၅)ပါးထဲမှာ အတိတ်ခန္ဓာ (၅)ပါးလည်း မပါဘူးလား? ပါတယ်၊ ပစ္စုပ္ပန်ခန္ဓာ (၅)ပါးလည်း ပါတယ်၊ အနာဂတ်ခန္ဓာ (၅)ပါးလည်း ပါတယ်၊ အဇ္ဈတ္တခန္ဓာ (၅)ပါးလည်း ပါတယ်၊ ဗဟိဒ္ဓခန္ဓာ (၅)ပါးလည်း ပါတယ်၊ ဩဠာရိက, သုခုမ, ဟီန, ပဏီတ, ဒူရ, သန္တိကခေါ်တဲ့ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ခန္ဓာ (၅)ပါး အားလုံးပါတယ်၊

အဲဒီ ခန္ဓာ (၅)ပါးကို သိနေတဲ့ဉာဏ်သည် သမ္မာဒိဋ္ဌိ ဖြစ်တယ်၊ ဒီတော့ ခုနကလည်း ပြောခဲ့ပြီးပြီ၊ ရုပ်တရားတို့မည်သည်မှာ ကလာပ်ခေါ်တဲ့ အမှုန်လေးတွေအနေနဲ့ ဖြစ်ပါတယ်၊ အဲဒီ ရုပ်ကလာပ်အမှုန်လေးတွေသည် ရုပ်တရားအစစ်လားဆိုတော့ မဟုတ်သေးဘူး၊ အဲဒီ ရုပ်ကလာပ်တစ်ခု တစ်ခုမှာ တည်ရှိနေတဲ့ ပထဝီ, အာပေါ, တေဇော, ဝါယော, အဆင်း, အနံ့, အရသာ, ဩဇာအစရှိတဲ့ သဘောတရားလေးတွေကသာလျှင် ရုပ်ပရမတ်အစစ်ဖြစ်တယ်၊ အဲဒီ ရုပ်ပရမတ်အစစ်ကို ထိုးထွင်းသိတဲ့ ဉာဏ်ကသာလျှင် သမ္မာဒိဋ္ဌိ ဖြစ်ပါတယ်၊

နောက်တစ်ခု နာမ်တရားတို့မှာလည်း ဝီထိစိတ်နဲ့ ဝီထိမုတ်စိတ်လို့ နှစ်မျိုးရှိတယ်၊ ဝီထိစိတ်တွေကလည်း ဝီထိစိတ်လို့ခေါ်ဆိုအပ်တဲ့ စိတ္တနိယာမ လမ်းကြောင်းအတိုင်း စိတ်တစ်ခုပြီး တစ်ခုဖြစ်သွားတယ်၊ ဖြစ်တဲ့အခါမှာ စိတ်တို့မည်သည် စေတသိက် မပါဘဲ ဖြစ်နိုင်တဲ့ စွမ်းအား မရှိ၊ စိတ္တက္ခဏ တစ်ခုအတွင်း အောက်ထစ်ဆုံးအားဖြင့် အသိစိတ်တစ်လုံးနဲ့ သဗ္ဗစိတ္တသာဓာရဏ စေတသိက် (၇)လုံး ဖြစ်တယ်၊

တစ်ချို့ စိတ္တက္ခဏတွေမှာ (၁၁)လုံး, (၁၂)လုံး, တစ်ချို့ စိတ္တက္ခဏတွေမှာ (၃၃), (၃၄)စသည်ဖြင့် ဖြစ်တယ်၊ ဒီလိုစိတ်တွေဟာ အသီးအသီး ယှဉ်တွဲပြီး ဝီထိခေါ်တဲ့ စိတ္တနိယာမ လမ်းကြောင်းအတိုင်း ဖြစ်တာတွေလည်း ရှိတယ်၊

ဝီထိမုတ်စိတ်တွေကလည်း ဝီထိမုတ်စိတ်တွေရဲ့ လမ်းကြောင်းအတိုင်း ဖြစ်နေကြပါတယ်၊ အဲဒီ စိတ်, စေတသိက်တွေက ဝေဒနုပါဒါနက္ခန္ဓာ, သညုပါဒါနက္ခန္ဓာ, သင်္ခါရုပါဒါနက္ခန္ဓာ, ဝိညာဏုပါဒါနက္ခန္ဓာဖြစ်တယ်၊ အဲဒီ နာမ်ခန္ဓာ (၄)ပါး နာမ်တရားဖြစ်ကြပါတယ်၊

အဲဒီ ရုပ်တရား, နာမ်တရားတွေကို သိနေတဲ့ဉာဏ်သည် သမ္မာဒိဋ္ဌိဖြစ်တယ်၊ ထိုသမ္မာဒိဋ္ဌိသည် မဂ္ဂင် (၈)ပါးထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်၊ ဒုက္ခနိရောဓဂါမိနိပဋိပဒါလို့ ခေါ်ဆိုအပ်တဲ့ ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း ကျင့်စဉ်အဖြစ် ဘုရားရှင်ဟောကြားထားတဲ့ မဂ္ဂင် (၈)ပါးထဲမှာ တစ်ခုအပါအဝင်ဖြစ်တယ်၊

ဒါပေမယ့် ဒီနေ့ မျက်မှောက်ခေတ်မှာ တစ်ချို့ ဘာတွေပြောကြလဲ? ဘုရားဟောတဲ့ ရုပ်တရားက ဘုရားသာ သိတာ၊ သာဝကတွေ မသိနိုင်ဘူး၊ ဘုရားဟောတဲ့ နာမ်တရားက ဘုရားသာ သိတာ၊ သာဝကတွေ မသိနိုင်ဘူးလို့ ဒီလိုပြောလိုက်တော့ သမ္မာဒိဋ္ဌိမဂ္ဂင်က တစ်ခြမ်းထပ်ပြီး ပဲ့မသွားဘူးလား? ပဲ့သွားပြန်ပြီ၊ ခုနက သမ္မာသမာဓိမဂ္ဂင်က ပဲ့ထွက်သွားတယ်၊ ခု သမ္မာဒိဋ္ဌိမဂ္ဂင်က ပဲ့မထွက်သွားဘူးလား? ပဲ့ထွက်သွားပြန်ပြီ၊ ဘုရားဟောတဲ့ ရုပ်တရား, နာမ်တရားကို ဘုရားသာသိတယ်၊ သာဝကတွေ မသိနိုင်ဘူးဆိုတော့ ဘုရားရှင်ဘက်ကလည်း သာဝကတွေသိနိုင်တဲ့ ရုပ်တရားက ဒီရုပ်တရား, နာမ်တရားဖြစ်တယ်၊ ငါဘုရားရှင်သိတဲ့ ရုပ်တရားက ဒီရုပ်တရား, ဒီနာမ်တရားဖြစ်တယ်လို့ နှစ်မျိုး ခွဲဟောသွားတယ်ဆိုရင်တော့ ပြောဖို့ သိပ်အားရှိတာပေါ့၊ ခု အဲဒီလို နှစ်မျိုးခွဲ ဟောထားတာလည်း ပိဋကတ်ပါဠိတော် အညွှန်းသိုက်စာတွေမှာ ရှိသလား? မရှိပြန်ဘူး၊

ဒီတော့ မရှိတဲ့ အချိန်အခါကျတော့ ဘုရားဟောတဲ့ ရုပ်နာမ်ကို မသိခဲ့ရင် ဘယ်ရုပ်နာမ်ကို သိရမလဲလို့ သူတို့မေးတော့ တိတိကျကျ မယ်မယ်ရရ ပြောနိုင်တဲ့ စွမ်းအားတော့ မရှိပါဘူး၊ မရှိပေမယ့်လို့ ဘုရားဟောထားတဲ့ ရုပ်နာမ်ကို မသိနိုင်ဘူးဆိုတာကတော့၊ ဘူးခံပြီး ငြင်းနေကြတယ်၊ ငြင်းလိုက်တဲ့အတွက် သမ္မာဒိဋ္ဌိဆိုတဲ့ မဂ္ဂင်တစ်ခုက လျော့မသွားဘူးလား? လျော့သွားပြန်တယ်၊ မဂ္ဂင် ဘယ်နှစ်ပါးဖြစ်သွားလဲ? (၆)ပါးပဲ ရှိတော့တယ်နော်၊

ဒီတော့ မဂ္ဂင် (၈)ပါးကို မဂ္ဂင် (၆)ပါးလို့ ထင်ရှားပြနေရင် ထိုပုဂ္ဂိုလ်တွေသည် ဓမ္မကို အဓမ္မလို့ ထင်ရှားပြနေတာ ဖြစ်တယ်တဲ့၊ ဓမ္မကို အဓမ္မလို့ ထင်ရှားပြနေတာဟာ ဘာဖြစ်သလဲ?

‘‘တေ ဘိက္ခဝေ ဘိက္ခူ ဗဟုဇနအဟိတာယ ပဋိပန္နာ ဗဟုဇနအသုခါယ ဗဟုနော ဇနဿ အနတ္ထာယ အဟိတာယ ဒုက္ခာယ ဒေဝမနုဿာနံ’’ (အံ၊၁၊၁၉။)

ထိုရဟန်းတွေဟာ သတ္တဝါအပေါင်း ဆင်းရဲဒုက္ခရောက်ဖို့ မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်ဆိုတဲ့ အကျိုးစီးပွားတွေ ပျက်စီးဖို့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ ရဟန်းတွေဖြစ်ကြတယ်တဲ့၊ ဒါတွင်လားဆိုတော့ မကသေးဘူး၊

‘‘ဗဟုဉ္စ တေ ဘိက္ခဝေ ဘိက္ခူ အပုညံ ပသဝန္တိ’’ (အံ၊၁၊၁၉။)

အကုသိုလ်တရားတွေကို များပြားအောင် ကျင့်နေတဲ့ ရဟန်းတွေလည်းဖြစ်တယ်၊

‘‘တေ စိမံ သဒ္ဓမ္မံ အန္တရဓာပေန္တိ’’ (အံ၊၁၊၁၉။)

ငါဘုရားရှင်ရဲ့ ဒီသာသနာတော်ကြီးကိုလည်း ကွယ်ပအောင် လုပ်နေတဲ့ ရဟန်းတွေဖြစ်ကြတယ်၊ ဘာကြောင့်လဲ၊ ဘုရားရှင်ရဲ့ သာသနာတော်က မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်ကို အထွတ်တပ်လျက် အမြဲတမ်း ရှိပါတယ်၊ သစ္စာလေးပါးကို ဦးတိုက်လျက်ရှိတယ်၊ သစ္စာလေးပါး ထိုးထွင်း သိမြင်ရေးအတွက်သာလျှင် ဘုရားရှင်က ဟောတယ်၊ အာသဝေါတရားတွေ ကုန်ရေးအတွက်သာလျှင် ဟောနေတယ်၊ ဒီလိုဟောပါလျက်နဲ့ အာသဝေါတရားလေးပါးတို့ ကုန်ရာကုန်ကြောင်းဖြစ်တဲ့ ကျင့်စဉ်ပိုင်းမှာ သမ္မာဒိဋ္ဌိမဂ္ဂင်တစ်ခုကို ဘေးဖယ်လိုက်တယ်၊ ဒီသမ္မာဒိဋ္ဌိက ဒုက္ခသစ္စာကို သိတဲ့ သမ္မာဒိဋ္ဌိကို ဘေးဖယ်ခြင်းဖြစ်တယ်၊

နောက်တစ်ခု - ဒုက္ခသစ္စာကို သိတဲ့ သမ္မာဒိဋ္ဌိလည်းဖြစ်တယ်၊ သမုဒယသစ္စာကို သိတဲ့ သမ္မာဒိဋ္ဌိလည်းဖြစ်တယ်၊ နောက်ထပ် သမ္မာဒိဋ္ဌိတစ်ခု ဘုန်းကြီး ထပ်ပြောဦးမယ်၊ ဒုက္ခသစ္စာနဲ့ သမုဒယသစ္စာ နှစ်ခုရှိတယ်၊ ဒုက္ခသစ္စာက အကျိုးတရား, သမုဒယသစ္စာက အကြောင်းတရား, အကြောင်းတရား ထင်ရှားဖြစ်ခြင်းကြောင့် အကျိုးတရား ထင်ရှားဖြစ်ပေါ်လာရတယ်ဆိုရင် အကြောင်းနဲ့အကျိုး နှစ်ရပ်တို့က ဘယ်သူအရင်ဖြစ်မလဲ၊ အကြောင်းက အရင်ဖြစ်မလား၊ အကျိုးက အရင်ဖြစ်မလား၊ အကြောင်းက အရင်ဖြစ်မယ်၊

အဲဒီအကြောင်းက အရင်ဖြစ်မယ်ဆိုရင် ဒုက္ခသစ္စာနဲ့ သမုဒယသစ္စာ နှစ်မျိုး ရှိတဲ့အနက်က ဘယ်သစ္စာက အရင်ဖြစ်မလဲ? သမုဒယသစ္စာက အရင်ဖြစ်မယ်နော်၊ ဒါ သဘာဝလေး မှတ်ထား၊ ခေတ်ကတော့ ဘာပြောလဲ? သမုဒယသစ္စာဆိုတာ တဏှာပါ၊ တဏှာကို သမုဒယသစ္စာလို့ ခေါ်တယ်၊ တဏှာကို သိရင် သမုဒယသစ္စာကို သိတာပဲ ဆိုပြီးတော့ ဖြီးဖြန်းပြီး ပြောတယ်ဆိုတာ ဘုန်းကြီးက နည်းနည်း အဓိပ္ပာယ်ရှိရှိ ပြောတာပါနော်၊ နည်းနည်းလေး ဘုန်းကြီး ထပ်ပြီး ဆန်းစစ်ပြမယ်၊

မြတ်စွာဘုရားက သစ္စဝိဘင်းပါဠိတော်မှာ တဏှာကိုလည်း သမုဒယသစ္စာလို့ ဟောတယ်။ ကိလေသာတစ်ဆယ်ပါးကိုလည်း သမုဒယသစ္စာလို့ဟောတယ်။ အကုသိုလ်တရား အားလုံးကိုလည်း သမုဒယသစ္စာလို့ ဟောတယ်၊ သံသရာဝဋ်ကို လည်ပတ်စေတတ်တဲ့ ကုသလမူလတရား သုံးပါးနဲ့ အကုသိုလ်တရား အားလုံးကိုလည်း သမုဒယသစ္စာလို့ ဟောတယ်၊ နောက်ပိတ်ဆုံး ပဉ္စမနည်းမှာတော့ သံသရာဝဋ်ကို လည်ပတ်စေတတ်တဲ့ ကုသိုလ်ကံ, အကုသိုလ်ကံ မှန်သမျှကို သမုဒယသစ္စာလို့ ဟောတယ်၊ ဒါကြောင့် ဝိသုဒ္ဓိမဂ် အဋ္ဌကထာ ဒုတိယတွဲနဲ့ သမ္မောဟဝိနောဒနီ အဋ္ဌကထာတို့က ပဋိစ္စသမုပ္ပါဒ်ကို ဖွင့်ဆိုတဲ့ ပဋိစ္စသမုပ္ပါဒ် ဝိဘင်းပိုင်းမှာ---

‘‘တတ္ထ ယသ္မာ ကုသလာကုသလကမ္မံ အဝိသေသေန သမုဒယသစ္စန္တိ သစ္စဝိဘင်္ဂေ ဝုတ္တံ’’ (အဘိ၊ဋ္ဌ၊၂၊၁၈၅။ ဝိသုဒ္ဓိ၊၂၊၂၁၆။)

ဆိုပြီးတော့ ဒီလို ဖွင့်ဆိုထားတယ်၊ (သာမညအားဖြင့် ပြောမယ် ဆိုလို့ရှိရင်တော့) ကုသိုလ်ကံ, အကုသိုလ်ကံမှန်သမျှကို စေတနာ၊ စေတနာနှင့် ယှဉ်ဖက် သမ္ပယုတ်တရားလို့ အထူးမပြောတော့ဘဲ သာမညအားဖြင့် ပြောမယ်ဆိုရင် ကုသိုလ်ကံ, အကုသိုလ်ကံ မှန်သမျှကို သမုဒယသစ္စာလို့ သစ္စဝိဘင်း ပါဠိတော်မှာ ဟောထားပါတယ်ဆိုပြီး ဒီလို ရှင်းထားတယ်၊ နည်းနည်းလေးတော့ ဘုန်းကြီး ထပ်ပြောပါ့မယ်၊ ဒီလို ကုသိုလ်ကံ, အကုသိုလ်ကံ မှန်သမျှကို သမုဒယသစ္စာဆိုရင် ဘာကြောင့် ဘုရားရှင်က တဏှာကို သမုဒယသစ္စာဆိုပြီး ဒီလိုဟောလဲလို့ မေးတော့ ပဓာနအားဖြင့် ဟောခြင်း ဖြစ်ပါတယ်၊ တဏှာ အစိုဓာတ် အစေးဓာတ်ရှိတဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်မှာသာလျှင် ထူထောင်နေတဲ့ ကုသိုလ်ကံ, အကုသိုလ်ကံတို့က အကျိုးကို ဖြစ်စေနိုင်တဲ့ ခန္ဓာငါးပါးကို ဖြစ်စေနိုင်တဲ့ စွမ်းအားရှိတယ်၊

တဏှာ အစိုဓာတ် အစေးဓာတ် ခန်းခြောက်သွားတဲ့ ရဟန္တာ အရှင်မြတ်တို့လည်း ဒါနပြုခြင်း, သီလဆောက်တည်ခြင်း, သမထ ဝိပဿနာ ဘာဝနာကိုပွားများ အားထုတ်ခြင်းဆိုတဲ့ လုပ်ငန်းရပ်တွေ ရှိကြပါတယ်၊ ဒါပေမယ့် သူတို့ ပြုစုပျိုးထောင်နေတဲ့ ဒီလုပ်ငန်းရပ်တွေကို ပြုလုပ်ကာမတ္တကြိယာတရားတွေလို့ခေါ်တယ်၊ ကုသိုလ်လို့ မခေါ်တော့ဘူး၊ ဘာဖြစ်လို့လဲ? နောက်ထပ်တစ်ဖန် အကျိုးကို ဖြစ်စေနိုင်တဲ့ စွမ်းအားတွေ လုံးဝ မရှိခြင်းကြောင့် ဒီသူတို့ ပြုစုပျိုးထောင်နေတဲ့ ဒါန, သီလ, သမထ, ဝိပဿနာ လုပ်ငန်းရပ်တွေက အကျိုးမပေးနိုင်သလဲမေးရင် တဏှာအစိုဓာတ် အစေးဓာတ်ဆိုတဲ့ အဖော်သဟဲ အထောက်အပံ့ကို မရရှိတဲ့အတွက် အကျိုးမပေးနိုင်ခြင်း ဖြစ်တယ်၊

အကယ်၍သာ တဏှာအစိုဓာတ်, အစေးဓာတ်ရှိနေတဲ့ ပုဂ္ဂိုလ်တွေက ဒီဒါန, သီလ, သမထ, ဝိပဿနာ မျိုးစေ့တွေကို ထူထောင်ခဲ့မယ်ဆိုရင် တဏှာ အစိုဓာတ် အစေးဓာတ်က မခန်းခြောက်သေးသမျှ အကျိုးက ဖြစ်နေမှာပဲ၊

ဒါကြောင့် ပဓာနနည်းအားဖြင့် တဏှာကိုလည်း သမုဒယသစ္စာလို့ ဘုရားက ဟောခြင်းဖြစ်တယ်၊ အလားတူပဲ၊ ကိလေသာတစ်ဆယ်ပါးကိုလည်း သမုဒယသစ္စာလို့ဟောခြင်း, အကုသိုလ်တရား အားလုံးကိုလည်း သမုဒယသစ္စာလို့ဟောခြင်း သံသရာဝဋ်လည်ပတ်စေတတ်တဲ့ ကုသလမူလသုံးပါးနှင့် အကုသိုလ်တရားအားလုံးကိုလည်း သမုဒယသစ္စာလို့ ဟောခြင်းတွေဟာ ပဓာနနည်းပဲ၊ အကျဉ်းနှင့်တကွ ဟောတယ်၊ ဒါပေမယ့် ပဉ္စမနည်းမှာကျတော့ ဘုရားရှင်က သံသရာဝဋ်ကို လည်ပတ်စေတတ်တဲ့ ကုသိုလ်ကံ, အကုသိုလ်ကံ မှန်သမျှကို သမုဒယသစ္စာလို့ဟောတယ်၊ အဲဒီလို ဟောနည်းကတော့ နိပ္ပဒေသနည်း သမုဒယသစ္စာကို အကြွင်းအကျန်မရှိ ကုန်စင်အောင် ဟောကြားတော်မူတဲ့ နည်းလို့ခေါ်ဆိုပါတယ်၊

ဒီတော့ ကုသိုလ်ကံ, အကုသိုလ်ကံ မှန်သမျှသည် သမုဒယသစ္စာဆိုရင် ဒီနေ့ ဒကာကြီးတွေ ကောင်းမှုကုသိုလ်တွေ ထူထောင်ကြတယ်၊ ကျမ်းစာတွေအတွက်လည်း လှူဒါန်းကြတယ်၊ ပိဋကတ်သုံးပုံတွေကို တည်ထားကိုးကွယ်ဖို့အတွက် လှူဒါန်းပူဇော်ကြတယ်၊ ဆွမ်းတွေလည်း လှူဒါန်းပူဇော်ကြတယ်၊ သင်္ကန်းတွေလည်း လှူဒါန်းပူဇော်ကြတယ်၊ ပန်းတွေ, ဆီမီးတွေလည်း လှူဒါန်းပူဇော်ကြတယ်၊ ဘာလုပ်ကြတာလဲ? ကုသိုလ်ကံတွေကို ထူထောင်ကြတာပဲ၊

အဲဒီ ကုသိုလ်ကံတွေကြောင့် ဒကာကြီးတွေရဲ့ လက်ရှိသန္တာန်မှာ တည်ရှိနေတဲ့ ခန္ဓာငါးပါး ထင်ရှားဖြစ်ပါသလားလို့ မေးရင် ဘယ်လိုဖြေမလဲ? အဲဒီအချက်နဲ့ ပတ်သက်ပြီးတော့ ဘုန်းကြီး နာနက္ခဏိက ကမ္မပစ္စည်းပိုင်းမှာ ပဋ္ဌာန်းအဋ္ဌကထာက ဖွင့်ဆိုထားတာလေး နည်းနည်းဖတ်ပြမယ်နော်၊

‘‘ကမ္မပစ္စယေနာတိ အနေကာနမ္ပိ ကပ္ပကောဋီနံ မတ္ထကေ အတ္တနော ဖလံ ဥပ္ပါဒေတုံ သမတ္ထေန နာနာက္ခဏိကကမ္မပစ္စယေနာတိ အတ္ထော’’ (အဘိ၊ဋ္ဌ၊၃၊၃၇၄။)

ကမ္မပစ္စည်း, ကမ္မပစ္စယသတ္တိဖြင့် ကုသိုလ်ကံ, အကုသိုလ်ကံတွေက ဝိပါက် ကမ္မဇရုပ်တွေနဲ့ ဝိပါက်နာမ်တရားတွေကို ဖြစ်စေတယ်ဆိုပြီးတော့ ပဋ္ဌာန်းပါဠိတော်မှာ ဘုရားရှင်က ဟောထားတယ်၊ အဲဒီဟောထားတဲ့ ကမ္မပစ္စည်းပိုင်းမှာလာတဲ့ ကုသိုလ်ကံ, အကုသိုလ်ကံဆိုတာတွေဟာ ဘာတွေလဲလို့မေးတော့ "အနေကာနမ္ပိ ကပ္ပကောဋီနံ မတ္ထကေ အတ္တနော ဖလံ ဥပ္ပါဒေတုံ သမတ္ထေန"၊

ကမ္ဘာကုဋေပေါင်းများစွာ အထက်က ပြုစုပျိုးထောင်ခဲ့တဲ့ ကံဖြစ်ချင်လည်း ဖြစ်ပါစေတဲ့၊ အဲဒီကံမှာ မိမိရဲ့ အကျိုးကို ဖြစ်စေနိုင်တဲ့ စွမ်းအင်ရှိနေတယ်၊ အဲဒီ စွမ်းအင်လေးကို နာနက္ခဏိက ကမ္မစွမ်းအင်သတ္တိလို့ ဆိုပြီး ဒီလိုခေါ်တယ်၊ နာနက္ခဏိက ဆိုတာကတော့ အကြောင်းအရာကို ထူထောင်ခဲ့တဲ့ အချိန်အခါကာလနှင့် အကျိုးဖြစ်ပေါ်လာရာ အချိန်အခါကာလ, ကာလနှစ်ခု နှိုင်းယှဉ်လိုက်တဲ့အခါမှာ အချိန်ကာလ ခဏချင်း မတူညီကြဘူး၊ ကွဲပြားနေတယ်၊ အကြောင်းအကျိုး နှစ်ရပ်မှာ အကြောင်းဖြစ်တဲ့ အချိန်နဲ့ အကျိုးဖြစ်တဲ့ အချိန် မတူညီဘဲ ကွဲပြားနေတာကို နာနက္ခဏိက လို့ခေါ်တယ်၊ အချိန်ကာလ မတူတော့ဘူး၊ ခဏမတူဘူး၊ ခဏချင်း မတူတဲ့ အကြောင်းတရားတွေ၊ ဒီတော့ ဒီနေရာမှာ အဋ္ဌကထာဆရာတော်က နည်းနည်းလေး ထပ်ပြီးရှင်းထားတယ်၊

‘‘ကုသလာကုသလဉှိ ကမ္မံ အတ္တနော ပဝတ္တိက္ခဏေ ဖလံ န ဒေတိ’’

ကုသလာကုသလဉှိ ကမ္မံ၊ ကုသိုလ်ကံ အကုသိုလ်ကံသည်၊ အတ္တနော၊ မိမိ၏၊ ပဝတ္တိက္ခဏေ၊ ဖြစ်ပေါ်ဆဲခဏ၌၊ ဖလံ၊ အကျိုးကို၊ န ဒေတိ၊ မပေး၊

ကုသိုလ်ကံ, အကုသိုလ်ကံဟာ မိမိဖြစ်နေဆဲအခါမှာ ဘယ်တော့မှ အကျိုးမပေးဘူးတဲ့၊

‘‘ယဒိ ဒဒေယျ’’

ယဒိ၊ အကယ်၍၊ ဒဒေယျ၊ အကျိုးပေးငြားအံ့၊ အကယ်၍သာ အကျိုးပေးမယ်ဆိုရင်၊

‘‘ယံ မနုဿော ဒေဝလောကူပဂံ ကုသလကမ္မံ ကရောတိ၊ တဿာနုဘာဝေန တသ္မိံယေဝ ခဏေ ဒေဝေါ ဘဝေယျ’’

မနုဿော၊ လူသားတစ်ဦးသည်၊ ဒေဝလောကူပဂံ၊ နတ်ပြည်သို့ ကပ်ရောက်ကြောင်းဖြစ်သော၊ ယံ ကုသလကမ္မံ၊ အကြင်ကုသိုလ်ကံကို၊ ကရောတိ၊ ပြုစုပျိုးထောင်၏၊ တဿ၊ ထိုကုသိုလ်ကံ၏၊ အာနုဘာဝေန၊ တန်ခိုးရှိန်စော် အာနုဘော်ကြောင့်၊ တသ္မိံယေဝ ခဏေ၊ ထိုကံကို ပြုစုပျိုးထောင်ဆဲ ခဏ၌ပင်လျှင်၊ ဒေဝေါ၊ နတ်သည်၊ ဘဝေယျ၊ ဖြစ်လေရာ၏၊

ကဲ ဒကာကြီးတွေ နည်းနည်း ဆုတောင်းကြည့်စမ်း! ဒီနေ့ ပြုစုပျိုးထောင်လိုက်တဲ့ ကုသိုလ်ကံကြောင့် နတ်ဖြစ်ပါစေ, နတ်သားဖြစ်ပါစေ ဆုတောင်းကြည့်ပါ၊ နတ်သမီး ဖြစ်ပါစေလို့တော့ ဘုန်းကြီး ဆုမတောင်းခိုင်းပါဘူးနော်၊ နတ်သားဖြစ်ပါစေလို့ ဆုတောင်းကြည့်စမ်း! ချက်ချင်း နတ်သားဖြစ်သလား၊ ပစ္စုပ္ပန်ကံက ပစ္စုပ္ပန်အကျိုးကို ဆက်ဆက် ချက်ချင်း အကျိုးပေးတယ်ဆိုလို့ ရှိရင်တော့ ချက်ချင်း နတ်သား ဖြစ်ရမှာပေါ့၊ ဖြစ်သလား? မဖြစ်ဘူးနော်၊ အဲဒီတော့ ဆိုလိုတာလေးက နွားနို့ကို ညှစ်လိုက်တာနဲ့ ချက်ချင်း ထောပတ်ဖြစ်မလား? မဖြစ်ဘူး၊ စပါးက ချက်ချင်း စိုက်လိုက်တာနဲ့ အသီး ချက်ချင်း သီးမလား? မသီးဘူး၊ ရင့်ကျက်ဖို့ အချိန်ကာလဆိုတာ မစောင့်ဆိုင်းရဘူးလား? စောင့်ဆိုင်းရတယ်၊ အလားတူပဲ၊ ကံတစ်ခုကို ပြုစုပျိုးထောင်ရင် ချက်ချင်း ဒီကံက အကျိုးပေးသလား? မပေးဘူး၊ ကံရင့်ကျက်ဖို့ဆိုတဲ့ အချိန်ကာလကိုတော့ စောင့်ဆိုင်းရတဲ့ သဘောရှိပါတယ်၊ ဒိဋ္ဌဓမ္မဝေဒနီယကံလို့ခေါ်တဲ့ မျက်မှောက်သော ဘဝမှာ အကျိုးပေးတဲ့ ကံပဲ ဖြစ်ချင် ဖြစ်ပါစေ။ အဲဒီ ကံကို ပြုစုပျိုးထောင်တဲ့ အချိန်ကာလနဲ့ အကျိုးပေးတဲ့ အချိန်ကာလက အနည်းဆုံး မိနစ်ပိုင်း, နာရီပိုင်းလောက်တော့ မကွာခြားဘူးလား? ကွာခြားရမယ်နော်၊

ဆိုလိုတာက ဒကာကြီးတွေရဲ့ လက်ရှိသန္တာန်မှာ တည်ရှိနေတဲ့ ခန္ဓာငါးပါး ရုပ်တရား, နာမ်တရားသည် အခု ဒကာကြီးတွေ ကျမ်းစာအတွက် လှူဒါန်းပူဇော်နေတဲ့ ဒါနကုသိုလ်ကံကြောင့် ဖြစ်တာတော့ မဟုတ်ဘူး၊ ဘာဖြစ်လို့လဲ? ဒါနကုသိုလ်ကံက ခုမှ ထူထောင်တာ၊ အခု ဒကာကြီးတွေ ကံကိုထူထောင်တဲ့ အချိန်အခါမှာ အသက်ငါးဆယ်ရှိပြီ ထားပါတော့၊ ဒကာကြီးတွေ သန္တာန်မှာ တည်ရှိနေတဲ့ ခန္ဓာငါးပါးက ဒီဘဝမှာ အနေနဲ့ ကွက်ပြောမယ်ဆိုရင် ဘယ်အချိန်အခါက စဖြစ်ခဲ့သလဲ၊ ဟိုလွန်ခဲ့တဲ့ အနှစ်ငါးဆယ်ကျော် အမိဝမ်းတွင်းမှာ ပဋိသန္ဓေတည်နေတဲ့ အချိန်အခါက စပြီးဖြစ်ခဲ့တယ်၊ ဒီတော့ အကြောင်းတရားနဲ့ အကျိုးတရား နှစ်ခုရှိတဲ့ အနက်က အကြောင်း သမုဒယသစ္စာက အရင်ဖြစ်ရပါ့မယ် ဆိုတာကို လက်ခံနိုင်ခဲ့ရင် အမိဝမ်းတွင်း ကလလရေကြည် တည်စမှာ ဖြစ်ပေါ်နေတဲ့ ခန္ဓာငါးပါး ရုပ်တရား, နာမ်တရားသည် ဒီဘဝထူထောင်တဲ့ ကုသိုလ်ကံကြောင့် ဖြစ်တာတော့ မဟုတ်ဘူး။ အတိတ်က ထူထောင်ခဲ့တဲ့ သမုဒယသစ္စာဆိုတဲ့ ကုသိုလ်ကံကြောင့် ဖြစ်တယ်ဆိုတာတော့ လက်မခံနိုင်ဘူးလား? လက်ခံရမယ်၊

အကယ်၍ လက်မခံနိုင်ဘူး ဆိုလို့ရှိရင် ဒီကနေ့ ဒကာကြီးတွေ ကံထူထောင်နေတာဟာ ဘာအကျိုးရှိမလဲ? အတိတ်က ကုသိုလ်ကံက ဒီဘဝမှာ အကျိုးမပေးဘူးဆိုရင် ဒီဘဝ ထူထောင်နေတဲ့ ကုသိုလ်ကံတွေလည်း နောင်အနာဂတ်မှာ အကျိုးပေးမယ်လို့ ဘယ်လိုလုပ် ပြောနိုင်မလဲ? စဉ်းစားလေနော်၊ ဒီတော့ ဆိုလိုတာက ဒီသမုဒယသစ္စာဆိုတာက အတိတ်က ထူထောင်ခဲ့တဲ့ သမုဒယသစ္စာတရားကြောင့်သာလျှင် ဒီဘဝမှာ ဒုက္ခသစ္စာတရားက ဖြစ်တယ်၊ ဒါကို ဘုန်းကြီးတို့ စာပေနယ်သုံး ဝေါဟာရက ပဋိသမ္ဘိဒါမဂ် ပါဠိတော်ကြီးကို ကိုးကားပြီး ဘယ်လိုပြောသလဲ?

‘‘အတီတေ ဟေတဝေါ ပဉ္စ၊ ဣဒါနိ ဖလပဉ္စကံ၊ ဣဒါနိ ဟေတဝေါ ပဉ္စ၊ အာယတိံ ဖလပဉ္စကံ’’ (အဘိ၊ဋ္ဌ၊၂၊၁၈၂။ ဝိသုဒ္ဓိ၊၂၊၂၁၄။)

ဒါက ဘုန်းကြီးတို့ ငယ်စဉ်အခါထဲက ဆရာသမားရှေ့မှာ ဒူးထောက်ပြီး သင်ခဲ့ရတဲ့ သင်္ဂြိုဟ်ကျမ်းလေးထဲမှာလည်း ဒီဂါထာလေးကို အရှင်အနုရုဒ္ဓါမထေရ်က အဋ္ဌကထာကြီးတွေကနေ ယူပြီးတော့ ရေးထားပါတယ်၊ သမ္မောဟဝိနောဒနီအဋ္ဌကထာနဲ့ ဝိသုဒ္ဓိမဂ် အဋ္ဌကထာတို့ ပဋိစ္စသမုပ္ပါဒ်ကို ဖွင့်ဆိုတဲ့အပိုင်းမှာ ဒီဂါထာလေးကို ရေးသားသွားကြတာဖြစ်တယ်၊ ဒီဂါထာလေးကလည်း သူတို့ရဲ့ အဋ္ဌကထာရဲ့ အလိုအတိုင်း ရေးထားတာတော့ မဟုတ်ဘူး၊ ပဋိသမ္ဘိဒါမဂ်ပါဠိတော်ကြီးကို ကိုးကားပြီး ရေးသွားကြပါတယ်၊

ဒီတော့ဆိုလိုတာက အတိတ်ကပြုစုပျိုးထောင်ခဲ့တဲ့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဆိုတဲ့ သမုဒယသစ္စာတရားကြောင့် ဒီဘဝမှာ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာခေါ်တဲ့ ခန္ဓာငါးပါး အကျိုးတရားတွေ ထင်ရှားဖြစ်ပေါ်လာတယ်၊ ဒီဘဝမှာပြုစုပျိုးထောင်လိုက်တဲ့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဆိုတဲ့အကြောင်းတရားတွေကြောင့် နောင်အနာဂတ်ကာလမှာ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာခေါ်တဲ့ ဝိပါကဝဋ် ခန္ဓာငါးပါးဒုက္ခ သစ္စာတရားတွေ ထင်ရှားဖြစ်ပေါ်လာမယ်တဲ့၊

အတိတ်က ပြုစုပျိုးထောင်ခဲ့တဲ့ သမုဒယသစ္စာတရားကြောင့် ဒီဘဝမှာ ဒုက္ခသစ္စာတရားဖြစ်တယ်၊ ဒီဘဝမှာ ပြုစုပျိုးထောင်လိုက်တဲ့ သမုဒယသစ္စာကြောင့် နောင်အနာဂတ်မှာ ဒုက္ခသစ္စာဖြစ်မယ်၊ အတိတ်ကို မရှုဘူးတဲ့၊ အတိတ်က သမုဒယသစ္စာကြောင့် ဒီဘဝမှာ ဒုက္ခသစ္စာဖြစ်တာ သိမလား? မသိပြန်ဘူး၊ ဝိပဿနာဆိုတာက ပစ္စုပ္ပန်သာ ရှုရတယ်၊ အတိတ်, အနာဂတ် မရှုကောင်းဘူး၊ ပစ္စုပ္ပန်တည့်တည့်သာ ရှုရတယ်ဆိုပြီး ပုံသေယူထားလိုက်တော့ အတိတ်ကို မရှုတော့ အတိတ်က သမုဒယသစ္စာကြောင့် ဒီဘဝမှာ ဒုက္ခသစ္စာဖြစ်တာ သိမလား? မသိဘူး၊ အနာဂတ်လည်း မရှုတော့၊ ဒီဘဝထူထောင်လိုက်တဲ့ သမုဒယသစ္စာကြောင့် နောင်အနာဂတ်မှာ ဒုက္ခသစ္စာဖြစ်တာလဲ သိဦးမလား? မသိတော့ဘူး၊ ဒီလိုဆိုရင် သမုဒယသစ္စာကိုသိနေတဲ့ သမ္မာဒိဋ္ဌိဉာဏ်ကိုရော ရဦးမလား? မရတော့ပြန်ဘူးတဲ့၊ မဂ္ဂင်က ဘယ်နှစ်ပါး ထပ်ဖြစ်သွားပြန်ပြီလဲ? ထပ်မလျော့ကောင်းတော့ပါဘူး၊ ခြောက်ပါးပဲ ပြန်ဖြစ်သွားပြန်တယ်နော်၊

ဒုက္ခသစ္စာကိုသိတဲ့ သမ္မာဒိဋ္ဌိကလည်း ပဲ့ထွက်သွားတယ်၊ သမုဒယသစ္စာကိုသိတဲ့ သမ္မာဒိဋ္ဌိကလည်း ပဲ့ထွက်ပြန်တယ်၊ မဂ္ဂင်ရှစ်ပါး ပြည့်သေးလား? မပြည့်တော့ဘူး၊ မဂ္ဂင်ဘယ်နှစ်ပါး ဖြစ်နေလဲ၊ ခြောက်ပါးဖြစ်နေပြီနော်၊ ဒီတော့ ဒီအချက်နဲ့ ပတ်သက်ပြီး ဘုန်းကြီးဘက်က ရှင်းပြဖို့ တာဝန်က ရှိလာပြန်တယ်၊ ရှင်းပြဖို့ တာဝန်ရှိတယ်ဆိုတာက အတိတ်, အနာဂတ်ကို မရှုကောင်းဘူး ဆိုတာက ဘာကို အခြေခံပြီး ပြောနေသလဲဆိုတာ ဘဒ္ဒေကရတ္တသုတ္တန်ကို လက်ညှိုးထိုးကြပါတယ်နော်၊ ဘဒ္ဒေကရတ္တသုတ္တန်မှာ ဘုန်းကြီး ဒီနေရာနဲ့ သက်ဆိုင်တဲ့ အချက်လေးကိုပဲ ကွက်ပြီးပြောပါမယ်၊

‘‘အတီတံ နာနွာဂမေယျ၊ နပ္ပဋိကင်္ခေ အနာဂတံ၊ ယဒတီတံ ပဟီနံ တံ၊ အပ္ပတ္တဉ္စ အနာဂတံ’’ (မ၊၃၊၂၂၆။)

ဓမ္မကထိက တော်တော်များများ လျှာသွက်အာသွက်နဲ့ အာဘောင်အာရင်းသန်သန်နဲ့ ဟောကြားနေကျ ဂါထာလေးပါနော်၊ ဘုန်းကြီးလည်း အာဘောင်အာရင်းသန်သန်နဲ့ပဲ ပြန်ဟောရမှာပေါ့၊ ဟုတ်တယ် မဟုတ်လား? သူများတောင် အာရင်းသန်သန်နဲ့ ဟောနိုင်ရင် ကိုယ့်ဖက်ကလည်း ပြန်ဟောနိုင်ဖို့တော့ မကြိုးစားရဘူးလား၊ ဒါပေမယ့် ဘုန်းကြီးက သိပ်ပြီးတော့ အာဘောင်အာရင်း မသန်ဘူး ထင်တယ်နော်၊ အသံက ခြောက်ကပ်ကပ် ဖြစ်နေတယ်၊ ဘာပြောတာလဲ?

အတီတံ၊ အတိတ်ဖြစ်သော၊ ယံ၊ အကြင်ခန္ဓာငါးပါးသည်၊ အတ္ထိ၊ ရှိ၏၊ တံ၊ ထိုခန္ဓာငါးပါးသည်၊ ပဟီနံ၊ ချုပ်ဆုံးပျက်ပြုန်းခဲ့လေပြီ၊ တသ္မာ၊ ထို့ကြောင့်၊ အတီတံ၊ အတိတ်ဖြစ်သော ခန္ဓာငါးပါးကို၊ နာနွာဂမေယျ၊ တဏှာဒိဋ္ဌိတို့ဖြင့် အစဉ်မလိုက်လေရာ၊

နာနွာဂမေယျ ဆိုတာကို အဋ္ဌကထာဆရာတော်က "နာနွာဂမေယျာတိ တဏှာဒိဋ္ဌိဟိ နဥပဂစ္ဆေယျ" လို့ ဒီလိုဖွင့်ထားတယ်၊ တဏှာဒိဋ္ဌိတွေဖြင့် မလိုက်ပါနဲ့လို့ ဖွင့်ထားတယ်၊ ဘာကြောင့် ဒီလိုဖွင့်ရတယ်ဆိုတာကို ဘုန်းကြီးပြီးတော့မှ ထပ်ပြောပါမယ်၊

အတီတံ၊ အတိတ်ဖြစ်သော၊ ယံ၊ အကြင်ခန္ဓာငါးပါးသည်၊ အတ္ထိ၊ ရှိ၏၊ တံ၊ ထိုခန္ဓာငါးပါးသည်၊ ပဟီနံ၊ ချုပ်ဆုံးပျက်ပြုန်းခဲ့လေပြီ၊ တသ္မာ၊ ထို့ကြောင့်၊ အတီတံ၊ အတိတ်ဖြစ်သော ခန္ဓာငါးပါးကို၊ နာနွာဂမေယျ၊ တဏှာဒိဋ္ဌိတို့ဖြင့် ငါ, ငါ့ဟာဟူ၍ အစဉ်မလိုက်လေရာ၊ အနာဂတံ၊ အနာဂတ်ဖြစ်သော၊ ယံ၊ အကြင်ခန္ဓာငါးပါးသည်၊ အတ္ထိ၊ ရှိ၏၊ တမ္ပိ၊ ထိုအနာဂတ်ဖြစ်သော ခန္ဓာငါးပါးသည်လည်းပဲ၊ အပ္ပတ္တံ၊ မဖြစ်ပေါ်လာသေး မရောက်ရှိလာသေး၊ တသ္မာ၊ ထို့ကြောင့်၊ အနာဂတံ၊ အနာဂတ်ဖြစ်သော ခန္ဓာငါးပါးကို၊ နပ္ပဋိကင်္ခေ၊ တဏှာဒိဋ္ဌိတို့ဖြင့် မမျှော်လင့် မတောင့်တလေရာ၊

နပ္ပဋိကင်္ခေ = တဏှာဒိဋ္ဌိဟိ နပတ္ထေယျ ဆိုပြီးတော့ ဒီလို အဋ္ဌကထာက ဖွင့်ထားတယ်၊ တဏှာ, ဒိဋ္ဌိတွေဖြင့် လှမ်းပြီး မတောင့်တပါနဲ့တဲ့၊ မရှုနဲ့လို့ ပြောတာဟုတ်လား? မဟုတ်ဘူးနော်၊ တဏှာ, ဒိဋ္ဌိဖြင့်လှမ်းပြီးမလိုက်နဲ့၊ တဏှာ, ဒိဋ္ဌိဖြင့် လှမ်းပြီး မမျှော်နဲ့၊ ဒီလိုသာပြောတာ၊ ဒီတော့ တဏှာ, ဒိဋ္ဌိဖြင့် လှမ်းပြီးတော့ အတိတ် မလိုက်နဲ့၊ တဏှာ, ဒိဋ္ဌိနဲ့ လှမ်းပြီးတော့ အနာဂတ်ကို မမျှော်နဲ့ဆိုတာ အဋ္ဌကထာက သူ့ရဲ့စိတ်ကူးနဲ့သူ ဖွင့်ဆိုသလားလို့ ဒီလိုတော့ မေးစရာ ရှိတယ်၊ မဟုတ်ပါဘူး၊ အဲဒီ သုတ္တန်မှာ ဒီဂါထာလေးတွေကို ဥဒ္ဒေသလို့ ခေါ်ပါတယ်၊

အဲဒီ ဥဒ္ဒေသဂါထာလေးတွေကို ဥဒ္ဒေသပါဠိတော်ကြီးလည်း အောက်မှာတန်းပြီးတော့ ပါလျက်ပါပဲ၊ ဒါပေမယ့် အာဘောင်အာရင်းသန်သန်နဲ့ ဟောနေတဲ့ ဓမ္မကထိက တော်တော် များများကတော့ အဲဒီ နိဒ္ဒေသပါဠိတော်ကိုတော့ သေသေချာချာကြည့်ပုံတော့ မပေါ်ဘူးနော်၊ ဘုရားရှင်က အဲဒီမှာ ဘယ်လိုဟောထားလဲ?

‘‘ကထဉ္စ ဘိက္ခဝေ အတီတံ အနွာဂမေတိ’’ (မ၊၃၊၂၂၆။)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့၊ ကထဉ္စ၊ အဘယ်သို့လျှင်၊ အတီတံ၊ အတိတ်ကို၊ အနွာဂမေတိ၊ အစဉ်လိုက်၍ နေလေသနည်း၊

အတိတ်ကို လိုက်တယ်ဆိုတာ ဘယ်လို လိုက်တာလဲတဲ့၊

‘‘ဧဝံရူပေါ အဟောသိံ အတီတမဒ္ဓါနန္တိ တတ္ထ နန္ဒိံ သမနွာနေတိ’’

အတီတမဒ္ဓါနံ၊ အတိတ်အချိန်ကာလက၊ ဧဝံရူပေါ၊ ဤကဲ့သို့သော ရုပ်တရားသည်၊ အဟောသိံ၊ ဖြစ်ခဲ့ဖူးလေပြီ၊ ဣတိ၊ ဤသို့လျှင်၊ တတ္ထ၊ ထို အတိတ်၌ဖြစ်သော ရုပ်တရား၌၊ နန္ဒိံ၊ နှစ်သက်မြတ်နိုးခြင်း နန္ဒီတရားကို၊ သမနွာနေတိ၊ ဖြစ်စေ၏၊

အတိတ်က ဒီလို ရုပ်တရား ငါဖြစ်ခဲ့ဖူးတယ်ဆိုပြီးတော့ အတိတ်ဖြစ်တဲ့ ရုပ်တရားအပေါ်၌ နှစ်သက်မှု နန္ဒီတရားကို ဖြစ်စေတယ်၊ ဝေဒနာ, သညာ, သင်္ခါရ, ဝိဉာဏ်ခေါ်တဲ့ နာမ်ခန္ဓာတွေလည်း ပုံစံတူပဲ ဟောထားပါတယ်၊

‘‘ဧဝံ ခေါ ဘိက္ခဝေ အတီတံ အနွာဂမေတိ’’ (မ၊၃၊၂၂၆၊)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့၊ ဧဝံ ခေါ၊ ဤသို့လျှင်၊ အတီတံ၊ အတိတ်ခန္ဓာငါးပါးကို၊ အနွာဂမေတိ၊ အစဉ်လိုက်သည် မည်၏၊

ဒါ ဘုရားရှင်ကိုယ်တော်တိုင်က ဟောထားတာ၊ ဒီတော့ အတိတ်ခန္ဓာငါးပါးအပေါ်မှာ ငါ့ရဲ့ အတိတ်တုန်းက ဒီလိုဖြစ်ခဲ့ဖူးတယ်လို့ နှစ်သက်မှု နန္ဒီတရားကို ဖြစ်စေခဲ့ရင် အတိတ်ကို အစဉ်လိုက်နေသည်မည်တယ်လို့ ဒီလို ဘုရားက ဟောထားတယ်၊ ဘုရားဟောထားတဲ့အတိုင်း အဋ္ဌကထာဆရာတော်များကလည်း —

"အတီတာ ဂမေယျာတိ အတီတံ တဏှာဒိဋ္ဌိဟိ နာနုဂစ္ဆေယျ” ဆိုပြီး ဒီလိုဖွင့်ထားတာပါ၊ ဘုရားဟောနဲ့ အဋ္ဌကထာအဖွင့်ဟာ လွဲချော်များနေသလား? မလွဲပါဘူးနော်၊ ဒီတော့ အတိတ်ခန္ဓာငါးပါးအပေါ်၌ တဏှာ, ဒိဋ္ဌိနဲ့ မလိုက်ပါနဲ့ဆိုတာက ရှင်းလင်းနေတဲ့ စကားလုံးတစ်မျိုးနဲ့ ထပ်ပြောရင် အတိတ်, အနာဂတ်

‘‘ပစ္စုပ္ပန္နဉ္စ ယော ဓမ္မံ။ တတ္ထ တတ္ထ ဝိပဿတိ၊
အသံဟီရံ အသံကုပ္ပံ။ တံ ဝိဒွါ မနုဗြူဟယေ’’

ယော၊ အကြင်ယောဂါဝစရ ရဟန်းတော်သည်၊ ပစ္စုပ္ပန္နဉ္စ၊ ပစ္စုပ္ပန်ဖြစ်သော၊ ဓမ္မံ၊ ခန္ဓာငါးပါး ရုပ်တရား နာမ်တရားကိုလည်းပဲ၊ တတ္ထ တတ္ထ၊ ထိုထိုဖြစ်ဆဲခဏ၌၊ တတ္ထ တတ္ထ၊ ထိုထိုတရားအစုအပုံ၌၊ တတ္ထ တတ္ထ၊ ထိုထိုနေရာ၌၊

တတ္ထ တတ္ထကို သုံးချက်ဖွင့်ဆိုထားပါတယ်၊ အဋ္ဌကထာဆရာတော်က-

"တတ္ထ တတ္ထာတိ ပစ္စုပ္ပန္နမ္ပိ ဓမ္မံ ယတ္ထ ယတ္ထေဝ ဥပ္ပန္နော။ တတ္ထ တတ္ထေဝ စ နံ အနိစ္စာနုပဿနာဒီဟိ သတ္တဟိ အနုပဿနာဟိ ယော ဝိပဿတိ” (မ၊ဋ္ဌ၊၄၊၁၇၀၊)

ဆိုပြီး ဒီလို ဖွင့်ထားတယ်၊ ဒါက ဘာကို ဆိုလိုတာလဲလို့ မေးတော့ "ယတ္ထ ယတ္ထာတိ ယသ္မိံ ယသ္မိံ ခဏေ” (မ။ဋီ၊၃၊၃၆၆၊) ဆိုပြီးဋီကာဆရာတော်က ဖွင့်ထားတယ်၊ ဒီတော့ တတ္ထ တတ္ထ ဒီအဖွင့်အရကြည့်ရင် တတ္ထ တတ္ထ ဆိုတာက ထိုထိုဖြစ်ဆဲခဏ၌, ထိုထိုဖြစ်ဆဲခဏမှာ ရှုတဲ့အပိုင်းမှာဋီကာဆရာတော်က "ယသ္မိံ ယသ္မိံ ဝါ ဓမ္မပုေဉ္ဇ” ဆိုပြီး ဒီလိုထပ်ပြီး တစ်နည်းဖွင့်တယ်၊ တရားတွေဟာ ဖြစ်တဲ့အချိန်အခါမှာ အုပ်စုအလိုက်သာဖြစ်တယ်၊ အုပ်စုအလိုက် အပုံအလိုက်ဖြစ်တယ်၊ တစ်လုံးစီ ဖြစ်နိုင်တဲ့ စွမ်းအား မရှိဘူး၊ ရုပ်တရားတို့လည်း ရုပ်ကလာပ်ခေါ်တဲ့ အုပ်စုအလိုက်သာ ဖြစ်တယ်၊ နာမ်တရားတွေလည်း နာမ်ကလာပ်ခေါ်တဲ့ အုပ်စုအလိုက်သာဖြစ်တော့ ထိုထိုဖြစ်တဲ့တရား အစုအပုံအတိုင်း ရှုပါလို့ ဆိုလိုတယ်၊ ဒါကြောင့် တတ္ထ တတ္ထ၊ ထိုထိုခဏ၌ (ဝါ) ထိုထိုတရားအစုအပုံ၌၊ အဲဒီလို ရှုတဲ့အပိုင်းမှာ ဘယ်မှာရှုရမလဲလို့မေးတော့ "အရညာဒီသု ဝါ တတ္ထ တတ္ထေဝ ဝိပဿတိ” ဆိုပြီး နောက်တစ်နည်း ဖွင့်တယ်၊

တောမှာပဲဖြစ်စေ, ရွာမှာပဲဖြစ်စေ, ဘယ်နေရာမှာမဆို အနိစ္စာနုပဿနာစတဲ့ အနုပဿနာဉာဏ်ခုနစ်ပါးတို့ဖြင့် ထိုထိုရုပ်တရား နာမ်တရားတွေကို ဝိပဿနာရှုပါဆိုပြီး ဒီလို ညွှန်ကြားထားတယ်၊ အဲဒီလို ညွှန်ကြားချက်ကို နည်းနည်းလေး ထပ်မံပြီး ဘုန်းကြီး ပြန်ပြီး ဂါထာလေးနဲ့ ဆက်စပ်ပြီး ပြောမယ်၊

‘‘ပစ္စုပ္ပန္နဉ္စ ယော ဓမ္မံ။ တတ္ထ တတ္ထ ဝိပဿတိ၊
အသံဟီရံ အသံကုပ္ပံ။ တံ ဝိဒွါ မနုဗြူဟယေ’’

ယော၊ အကြင်ယောဂါဝစရ ရဟန်းတော်သည်၊ ပစ္စုပ္ပန္နဉ္စ၊ ပစ္စုပ္ပန်လည်းဖြစ်သော၊ ဓမ္မံ၊ ခန္ဓာငါးပါး ရုပ်တရား နာမ်တရားကို၊ တတ္ထ တတ္ထ၊ ထိုထိုဖြစ်ဆဲခဏ၌၊ တတ္ထ တတ္ထ၊ ထိုထိုတရားအစုအပုံ၌၊ တတ္ထ တတ္ထ၊ ထိုထိုနေရာ၌၊ ဝိပဿတိ၊ အနိစ္စာနုပဿနာစသော ဝိပဿနာဉာဏ်တို့ဖြင့် အဖန်ဖန် အထပ်ထပ် ဝိပဿနာရှုပွားသုံးသပ်၍ နေပေ၏၊ အသံဟီရံ၊ တဏှာ,ဒိဋ္ဌိတို့သည် မဆွဲငင်အပ် မဆွဲငင်နိုင်သော၊ အသံကုပ္ပံ၊ တဏှာ,ဒိဋ္ဌိတို့ကြောင့် ပျက်စီးမှု မရှိသော၊ တံ၊ ထိုဝိပဿနာဉာဏ်ကို၊ ဝိဒွါ၊ သိသော ပညာရှိသည်၊ အနုဗြူဟယေ၊ အဖန်ဖန် အထပ်ထပ် ပွားများ အားထုတ်လေရာ၏၊

ဒါက ပထမ အဖွင့်ပဲ၊ ဆိုလိုတာက ဘာပြောလဲ? ပစ္စုပ္ပန်ဖြစ်တဲ့ ခန္ဓာငါးပါး ရုပ်တရား နာမ်တရားကိုလည်း ထိုထိုဖြစ်ဆဲခဏ ထိုထိုတရား အစုအပုံအတိုင်း ဘယ်နေရာမှာမဆို အနိစ္စာနုပဿနာဉာဏ်စတဲ့ ဝိပဿနာဉာဏ်တို့ဖြင့် အဖန်ဖန်အထပ်ထပ် ဝိပဿနာရှုနေပါ၊ အဲဒီလို ရှုနေခဲ့ရင် ဒီဝိပဿနာဉာဏ်ကို တဏှာ,ဒိဋ္ဌိတို့က ဘယ်တော့မှ မဆွဲငင်နိုင်ဘူး၊ ဒီဝိပဿနာဉာဏ်ဟာ တဏှာ,ဒိဋ္ဌိကြောင့်လည်း ပျက်စီးမှု မရှိနိုင်ဘူး၊ အဲဒီ ဝိပဿနာဉာဏ်ကို အဖန်ဖန် အထပ်ထပ် ပွားနေပါဆိုပြီး ဒီလို ဟောထားတယ်၊

အဲဒီ ဟောကြားချက် စကားလုံးကို ဘုန်းကြီးတို့ ရှင်းရှင်းလေးထပ်ပြီး ပြောမယ်ဆိုရင် ပစ္စုပ္ပန်ခန္ဓာငါးပါး အပေါ်မှာလည်း တဏှာ, ဒိဋ္ဌိတွေ မဖြစ်အောင် အနိစ္စာနုပဿနာဉာဏ်တို့ဖြင့် အဖန်ဖန် အထပ်ထပ် ဝိပဿနာ ရှုနေပါလို့ ဆိုလိုတယ်၊ ဒီတော့ ပစ္စုပ္ပန်ခန္ဓာငါးပါးအပေါ်မှာ တဏှာ, ဒိဋ္ဌိ မဖြစ်အောင် ဘာလုပ်ရမလဲ၊ ပစ္စုပ္ပန်ခန္ဓာငါးပါးကို ဝိပဿနာရှုရမယ်၊ ဒီလိုဆိုရင် အတိတ်ခန္ဓာငါးပါးအပေါ်မှာ တဏှာ, ဒိဋ္ဌိမဖြစ်အောင် ဘာလုပ်ရမလဲ? ရှင်းရှင်းလေးပဲနော်၊ ဒါ နားလည်တတ်မယ်ဆိုရင်တော့ တော်တော်လေး ရှင်းနေတဲ့စကားပါ၊ ပစ္စုပ္ပန်ခန္ဓာငါးပါးအပေါ်မှာ တဏှာ, ဒိဋ္ဌိမဖြစ်ရေးအတွက် ပစ္စုပ္ပန်ခန္ဓာငါးပါးကို အနိစ္စာနုပဿနာစတဲ့ အနုပဿနာဉာဏ်တို့ဖြင့် အဖန်ဖန် အထပ်ထပ် ဝိပဿနာရှုရမယ်ဆိုတဲ့ စကားကို လက်ခံနိုင်ခဲ့ရင် အတိတ်ခန္ဓာငါးပါးအပေါ်မှာ တဏှာ, ဒိဋ္ဌိ မဖြစ်ရေးအတွက်လည်း အတိတ်ခန္ဓာငါးပါးကို အနိစ္စာနုပဿနာစတဲ့ ဝိပဿနာဉာဏ်တို့ဖြင့် အဖန်ဖန် အထပ်ထပ် ဝိပဿနာရှုရမယ်၊ အနာဂတ်ခန္ဓာငါးပါးအပေါ်မှာ တဏှာ, ဒိဋ္ဌိ မဖြစ်ရေးအတွက်လည်း အနာဂတ်ခန္ဓာငါးပါးကို အနိစ္စာနုပဿနာစတဲ့ အနုပဿနာဉာဏ်တို့ဖြင့် အဖန်ဖန် အထပ်ထပ် ဝိပဿနာရှုရမယ်ဆိုတဲ့ ဒီစကားသည် ရှင်းနေပါတယ်နော်၊ ဒါပေမယ့် ခေတ်ကတော့ ဘာပြောလဲ၊ အတိတ်ခန္ဓာငါးပါးအပေါ်မှာ တဏှာ, ဒိဋ္ဌိ မဖြစ်ရေးအတွက် အတိတ်ကို မရှုနဲ့၊ အနာဂတ်ခန္ဓာငါးပါးအပေါ်မှာ တဏှာ, ဒိဋ္ဌိ မဖြစ်အောင် အနာဂတ်ကို မရှုနဲ့၊ ပစ္စုပ္ပန်ခန္ဓာငါးပါး တည့်တည့်ကိုသာ ရှုနေပါဆိုပြီး ဒီလိုညွှန်ကြားတယ်၊

ဒီညွှန်ကြားချက်ကို လက်ခံမယ်ဆိုရင်ပေါ့ - အတိတ်ခန္ဓာငါးပါးပေါ်မှာ တဏှာ, ဒိဋ္ဌိ မဖြစ်ရေးအတွက် အနာဂတ်ကို မရှုရဘူးဆိုတာ လက်ခံနိုင်ခဲ့ရင် ပစ္စုပ္ပန်ခန္ဓာငါးပါးအပေါ်မှာ တဏှာ, ဒိဋ္ဌိ မဖြစ်အောင်လည်း ပစ္စုပ္ပန်ခန္ဓာငါးပါးကိုလည်း မရှုနဲ့လို့ ပြောဖို့ မကောင်းဘူးလား? မပြောဘူး၊ တည့်တည့်ရှုလို့ပြောတယ်၊ အဲဒီလို ဖြစ်နေတယ်နော်၊ ဒီတော့ ဒီစကားတွေက ဘာပြောချင်တာလဲလို့မေးတော့ ခုနက ဒုက္ခသစ္စာထဲကလည်း တစ်ခြမ်းပဲ့ထွက်သွားတယ်၊ သမုဒယသစ္စာထဲကလည်း တစ်ခြမ်းပဲ့ထွက်သွားတယ်၊ ဘယ်လိုလဲ? ခုနက ဘုန်းကြီး ပြောခဲ့ပြီးပြီ၊ ဒုက္ခသစ္စာစာရင်းထဲမှာ အတိတ်ခန္ဓာငါးပါးလည်း မပါဘူးလား? ပါနေတယ်၊ အနာဂတ်ခန္ဓာငါးပါးလည်း ပါတယ်၊ အတိတ်, အနာဂတ် မရှုရဘူးဆိုတော့ ဒုက္ခသစ္စာထဲကလည်း ထပ်ပြီး တစ်ခြမ်း ပဲ့ထွက်မသွားဘူးလား? သွားပြန်တယ်၊

ခုနက ဘုန်းကြီး ပြောတဲ့အတိုင်းပဲ၊ သမုဒယသစ္စာဆိုတာက အတိတ်က ထူထောင်ခဲ့တဲ့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဆိုတဲ့ တစ်နည်း ပြောရရင်တော့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်တို့ခြံရံပြီး ထူထောင်ခဲ့တဲ့ သင်္ခါရ, ကံဆိုတဲ့ သမုဒယသစ္စာတရားကြောင့်သာလျှင် ဒီဘဝမှာ ခန္ဓာငါးပါး ဒုက္ခသစ္စာတရားက လာပြီး ထင်ရှားဖြစ်တယ်၊ အတိတ်ကို မရှုကောင်းဘူးဆိုတဲ့ ပုံသေမူကို ဆွဲကိုင်ထားတဲ့ ပုဂ္ဂိုလ်အဖို့ အတိတ်က ထူထောင်ခဲ့တဲ့ သမုဒယသစ္စာကြောင့် ဒီဘဝ ဒုက္ခသစ္စာဖြစ်တာ သိဦးမလား? မသိတော့ဘူး၊

ဒီဘဝ ထူထောင်တဲ့ သမုဒယသစ္စာကြောင့်ကော, နောင်အနာဂတ် ဒုက္ခသစ္စာ ဖြစ်ပုံကိုတော့ မရှုတဲ့အတွက် သိဦးမလား? မသိတော့ပြန်ဘူး၊ မသိတော့ သမုဒယသစ္စာလည်းမသိ, ဒုက္ခသစ္စာလည်းမသိတဲ့ ပုဂ္ဂိုလ်က ဘယ်လိုလုပ် ဝိပဿနာရှုမလဲ, ဘာဖြစ်လို့လဲ? သစ္စာလေးပါးမှာ ဒုက္ခသစ္စာနဲ့ သမုဒယသစ္စာက ဝဋ္ဋသစ္စာဖြစ်တယ်၊ နိရောဓသစ္စာနဲ့ မဂ္ဂသစ္စာက ဝိဝဋ္ဋသစ္စာဖြစ်တယ်၊ အဲဒီ ဝဋ္ဋသစ္စာ, ဝိဝဋ္ဋသစ္စာဆိုတဲ့ သစ္စာနှစ်မျိုးအနက်က -

‘‘တေသု ဘိက္ခုနော ဝဋ္ဋေ ကမ္မဋ္ဌာနာဘိနိဝေသော ဟောတိ။ ဝိဝဋ္ဋေ နတ္ထိ အဘိနိဝေသော’’ (အဘိ-ဋ္ဌ-၂-၁၀၉၊)

မှန်သွားတယ်နော်၊

ဝဋ္ဋသစ္စာဖြစ်တဲ့ ဒုက္ခသစ္စာ, သမုဒယသစ္စာ တရားနှစ်မျိုးမှာသာလျှင် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း နှလုံးသွင်းရပါတယ်၊ ဝိဝဋ္ဋသစ္စာဖြစ်တဲ့ နိရောဓသစ္စာနဲ့ မဂ္ဂသစ္စာ ဒီတရားနှစ်ပါးကို ဝိပဿနာ မရှုရပါဘူးတဲ့၊ ဒါက လောကုတ္တရာ နိရောဓသစ္စာနဲ့ လောကုတ္တရာ မဂ္ဂသစ္စာကို ရည်ညွှန်းပြီး ပြောတဲ့စကားပါ၊

ဝိဝဋ္ဋသစ္စာဖြစ်တဲ့ လောကုတ္တရာ နိရောဓသစ္စာ တရားတော်မြတ်နှင့် လောကုတ္တရာ မဂ္ဂသစ္စာခေါ်တဲ့ မဂ္ဂင်တရားကိုယ်ရှစ်ပါးဦးဆောင်နေတဲ့ မဂ်စိတ်၊ စေတသိက်တွေဟာ ဝိပဿနာရှုရမယ့် အရှုခံအာရုံထဲမှာ မပါဘူး၊ ဝိပဿနာရှုရမယ့်တရားက ဒုက္ခသစ္စာတရားနဲ့ သမုဒယသစ္စာတရား နှစ်မျိုးသာလျှင် ဖြစ်တယ်၊ ယောဂီပုဂ္ဂိုလ်တစ်ယောက်က ဒုက္ခသစ္စာလည်း မသိဘူး၊ သမုဒယသစ္စာလည်းမသိဘူး၊ အဲ့ဒီပုဂ္ဂိုလ်က ဝိပဿနာရှုမယ်ဆိုရင် အဲဒီ ပုဂ္ဂိုလ်သည် ဘုရားဟောနေတဲ့ တကယ့် ဝိပဿနာအစစ် ဖြစ်နိုင်ပါ့မလား? မဖြစ်နိုင်ဘူး၊ နိဗ္ဗာန်ဆိုတဲ့ ရွှေအိုးကြီးကို ဘယ်လို တူးဖော်ရမလဲဆိုတာကို ဘုရားက ဟောနေတာနော်၊

‘‘ဇာနတော အဟံ ဘိက္ခဝေ ပဿတော အာသဝါနံ ခယံ ဝဒါမိ။’’ (ခု၊၁၊၂၆၅၊ ဣတိဝုတ္တက၊)

သိတဲ့ပုဂ္ဂိုလ်, မြင်တဲ့ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ အာသဝေါတရားတွေ ကုန်မယ်လို့ ငါဘုရားဟောတယ်တဲ့၊ ဘာတွေသိရမလဲ?

"ဣဒံ ဒုက္ခန္တိ ဘိက္ခဝေ ဇာနတော ပဿတော အာသဝါနံ ခယော ဟောတိ။ အယံ ဒုက္ခသမုဒယောတိ ဘိက္ခဝေ ဇာနတော ပဿတော အာသဝါနံ ခယော ဟောတိ။ အယံ ဒုက္ခနိရောဓောတိ ဘိက္ခဝေ ဇာနတော ပဿတော အာသဝါနံ ခယော ဟောတိ။ အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါတိ ဘိက္ခဝေ ဇာနတော ပဿတော အာသဝါနံ ခယော ဟောတိ၊"

ဤကား ဒုက္ခသစ္စာလို့ သိမယ်၊ မြင်မယ်, အာသဝေါတရားတွေ ကုန်မယ်၊ ဤကား သမုဒယသစ္စာလို့ သိမယ်, မြင်မယ်, အာသဝေါတရားတွေ ကုန်မယ်၊ ဤကား နိရောဓသစ္စာ, ဤကား မဂ္ဂသစ္စာလို့ သိမယ်, မြင်မယ်, အာသဝေါတရားတွေ ကုန်မယ်တဲ့၊ ဒီလိုဟောတယ်၊

သိတိုင်းလည်း ဘာတွေသိရမယ်ဆိုတာလေးတော့ နည်းနည်းလေး ဆန်းစစ်ဖို့ မလိုဘူးလား? အဲ သိနေရင်တော့ပြီးတာပဲ၊ အေး ဘာတွေသိရမလဲ? ဒါတော့ မေးဖို့ မလိုဘူးလား? ဘယ်နှယ့်တုန်း ဒကာကြီးတွေ, ဒကာမကြီးတွေ မေးဖို့ မလိုဘူးလား? လိုတယ်၊ သိရင်ပြီးတာပဲဆိုတော့ ဘာတွေသိရမလဲလို့တော့ မေးဖို့တော့ မလိုဘူးလား?

အဲ! ဘာတွေ သိရမလဲ? ဒုက္ခသစ္စာ သိရမယ်, သမုဒယသစ္စာ သိရမယ်, နိရောဓသစ္စာ သိရမယ်, မဂ္ဂသစ္စာ သိရမယ်၊ ဒီပြင် တခြားသိရမယ်လို့ ဘုရားဟောလား? မဟောပါဘူး၊ ဒုက္ခသစ္စာလည်း မသိဘူး, သမုဒယသစ္စာလည်း မသိဘူး၊ ထိုပုဂ္ဂိုလ် ဝိပဿနာရှုပါတယ်ဆိုတော့ တကယ့် ဝိပဿနာရော ဖြစ်မလား? မဖြစ်ဘူး၊

မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်ဆိုတဲ့ ရတနာရွှေအိုးကြီးကို ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် တူးဖော်ရမယ်ဆိုတာကို ဘုရားရှင်က အတိအကျ ညွှန်ကြားနေတဲ့ ရတနာသိုက်စာတွေ ပိဋကတ်စာပေမှာ ထင်ရှား မရှိဘူးလား? ရှိတယ်၊ ပရိယတ်တရားတော်မှာ ထင်ရှားရှိနေတဲ့အတွက် ဒီပရိယတ်တရားတော်မှာလာတဲ့ ရတနာသိုက်စာအတိုင်း ရတနာရွှေအိုးကို မတူးဖော်ခဲ့ရင် မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်ဆိုတဲ့ နိရောဓသစ္စာ, မဂ္ဂသစ္စာ အမည်ရနေတဲ့ ရတနာရွှေအိုးကြီးတွေ ထွက်ပေါ်လာနိုင်ပါ့မလား? မလာနိုင်ဘူး၊

ဒါကြောင့် ပဋိပတ္တိသာသနာတော်သည် ပရိယတ္တိသာသနာတော်လျှင် အရင်းအမြစ် မူလရှိပါတယ် ဆိုပြီးတော့ ဒါက အဋ္ဌကထာဆရာတော်များ ရှေးရှေး မထေရ်ကြီးများက ဖြတ်ထုံးလေးတစ်ခု ပေးထားပါတယ်၊ ဒီတော့ ဒီနေရာမှာ တစ်ချို့က စောဒနာချက်လေးတစ်ခု ဝင်လာပြန်တယ်၊

အတိတ်ကို ရှုတယ်ဆိုတာက အဘိညာဏ်ရဲ့အရာသာ ဖြစ်ပါတယ်တဲ့၊ ဝိပဿနာဉာဏ်ရဲ့ အရာမဟုတ်ပါဘူး၊ အဘိညာဏ်ရတဲ့ ပုဂ္ဂိုလ်တွေသည်သာလျှင် အတိတ်, အနာဂတ်ကို ရှုနိုင်ပါတယ်ဆိုပြီး ဒီလို စကားကွန့်လာကြပြန်တယ်၊ ဒီအချက်နဲ့ ပတ်သက်လို့လည်း ဘုန်းကြီးက နည်းနည်းလေး ထပ်ပြီး ပြောချင်ပါတယ်နော်၊ ဘုန်းကြီးတို့ ခန္ဓဝဂ္ဂသံယုတ်ပါဠိတော်မှာ ခဇ္ဇနိယသုတ္တန် ဆိုတဲ့ သုတ္တန်တစ်ခု ဘုရားရှင်ကိုယ်တော်တိုင် ဟောကြားထားတော်မူခဲ့ပါတယ်၊ ထိုသုတ္တန်မှာ ဘုရားရှင်က ဘယ်လိုဟောလဲ?

စတုတ္ထပိုင်း

‘‘ယေဟိ ကေစိ ဘိက္ခဝေ သမဏာ ဝါ ဗြာဟ္မဏာ ဝါ အနေကဝိဟိတံ ပုဗ္ဗေနိဝါသံ အနုဿရမာနာ အနုဿရန္တိ။ သဗ္ဗေတေ ပဉ္စုပါဒါနက္ခန္ဓေ အနုဿရန္တိ။ ဧတေသံ ဝါ အညတရံ’’ (သံ၊၂၊၇၁၊ ခဇ္ဇနိယသုတ္တန်၊)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့၊ ယေ ကေစိ သမဏာ ဝါ ဗြာဟ္မဏာ ဝါ၊ အကြင်အလုံးစုံသော သမဏ သို့မဟုတ် ဗြာဟ္မဏတို့သည်၊ အနေကဝိဟိတံ၊ အထူးထူးအပြားပြားများစွာသော၊ ပုဗ္ဗေနိဝါသံ၊ ရှေး၌ နေခဲ့ဖူးသော ခန္ဓာအစဉ်ကို၊ အနုဿရမာနာ၊ ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့နိုင်ကြကုန်သည်ဖြစ်၍၊ အနုဿရန္တိ၊ အောက်မေ့ကြကုန်၏၊ သဗ္ဗေ တေ၊ ထိုအလုံးစုံသော သမဏ ဗြာဟ္မဏတို့သည်၊ ပဉ္စုပါဒါနက္ခန္ဓေ၊ ဥပါဒါနက္ခန္ဓာငါးပါးတို့ကို၊ အနုဿရန္တိ၊ ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့ကြကုန်၏၊ ဧတေသံ ဝါ၊ ထိုဥပါဒါနက္ခန္ဓာငါးပါးတို့တွင်လည်းကောင်း၊ အညတရံ၊ တစ်ပါးပါးသော ခန္ဓာကိုလည်းကောင်း၊ အနုဿရန္တိ = ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့ကြကုန်၏၊

ချစ်သားရဟန်းတို့၊ သမဏ, ဗြဟ္မဏအချို့ ရှိကြတယ်၊ ပုဗ္ဗေနိဝါသ၊ ရှေး၌ နေခဲ့ဖူးတဲ့ ခန္ဓာအစဉ်ကို ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့နိုင်တဲ့ သမဏ, ဗြဟ္မဏအချို့ ရှိကြတယ်၊ အဲဒီ သမဏ, ဗြဟ္မဏ အချို့တွေဟာ အတိတ်ကနေခဲ့ဖူးတဲ့ ပုဗ္ဗေနိဝါသ ခန္ဓာအစဉ်ကို ဉာဏ်ဖြင့် အစဉ်လျှောက်၍ ပြန်လည်အောက်မေ့ခဲ့သော် ဥပါဒါနက္ခန္ဓာငါးပါးကိုသော်လည်းကောင်း ထိုဥပါဒါနက္ခန္ဓာငါးပါးတို့တွင် တစ်ပါးပါးကိုသော်လည်းကောင်း ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့နိုင်ကြပါတယ် ဆိုပြီးတော့ ဒီခဇ္ဇနိယသုတ္တန်မှာ ဘုရားရှင်က ဟောထားတယ်၊

ဟောထားတော့ အဲဒီသုတ္တန်မှာ ပုဗ္ဗေနိဝါသဆိုတဲ့ စကားလုံးကို သုံးထားပါတယ်၊ ရှေး၌နေခဲ့ဖူးတဲ့ ခန္ဓာအစဉ်ဆိုပြီး ဒီစကားလုံးလေးကို ထည့်သုံးထားတဲ့အတွက် အဋ္ဌကထာဆရာတော်ကတော့ ဒီစကားလုံးနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုဖွင့်ဆိုထားလဲ? သံယုတ် အဋ္ဌကထာ ဒုတိယတွဲ စာမျက်နှာ (၂၆၆) မှာ အဋ္ဌကထာက ဘယ်လိုဖွင့်ထားသလဲ?

‘‘ပုဗ္ဗေနိဝါသန္တိ ဣဒံ န အဘိညာဝသေန အနုဿရဏံ သန္ဓာယ ဝုတ္တံ။’’ (သံ၊ဋ္ဌ၊၂၊၂၆၆၊)

ပုဗ္ဗေနိဝါသန္တိ ဣဒံ၊ ပုဗ္ဗေနိဝါသဟူသော ဤစကားလုံးကို၊ အဘိညာဝသေန၊ အဘိညာဏ်၏အစွမ်းဖြင့်၊ အနုဿရဏံ၊ ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့ခြင်းကို၊ သန္ဓာယ၊ ရည်ရွယ်တော်မူ၍၊ န ဝုတ္တံ၊ ဘုရားရှင် ဟောကြားပြသ ဆိုဆုံးမတော်မူအပ်သည်ကား မဟုတ်ပါပေ၊

ဒီပုဗ္ဗေနိဝါသဆိုတဲ့ စကားလုံးကို ဘုရားရှင်က အဘိညာဏ်၏အစွမ်းဖြင့် ရှေး၌နေခဲ့ဖူးတဲ့ ခန္ဓာအစဉ်ကို ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့ခြင်းကို ရည်ရွယ်တော်မူပြီး ဟောတာ မဟုတ်ပါဘူးတဲ့နော်၊

‘‘ဝိပဿနာဝသေန ပန ပုဗ္ဗေနိဝါသံ အနုဿရန္တေ သမဏဗြာဟ္မဏေ သန္ဓာယေတံ ဝုတ္တံ၊’’ (သံ၊ဋ္ဌ၊၂၊၂၆၆၊)

ဝိပဿနာဝသေန၊ ဝိပဿနာ၏အစွမ်းဖြင့်၊ ပုဗ္ဗေနိဝါသံ၊ ရှေး၌ နေခဲ့ဖူးတဲ့ ခန္ဓာအစဉ်ကို၊ အနုဿရန္တေ၊ ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့ကြကုန်သော၊ သမဏဗြဟ္မဏေ၊ သမဏ, ဗြဟ္မဏတို့ကို၊ သန္ဓာယ၊ ရည်ရွယ်တော်မူ၍၊ ဧတံ၊ ဤပုဗ္ဗေနိဝါသဟူသော စကားလုံးကို၊ ဝုတ္တံ၊ ဟောကြားပြသ ဆိုဆုံးမတော်မူအပ်ပါပေ၏၊

ဝိပဿနာဉာဏ်၏အစွမ်းဖြင့် ရှေး၌ နေခဲ့ဖူးတဲ့ ခန္ဓာအစဉ်ကို ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့ကြတဲ့ သမဏ, ဗြဟ္မဏတွေကို ရည်ရွယ်ပြီးတော့ မြတ်စွာဘုရားက ဒီပုဗ္ဗေနိဝါသဆိုတဲ့ စကားလုံးလေးကို ဟောကြားတော်မူခြင်း ဖြစ်တယ်တဲ့၊ ဘာကို အကြောင်းပြသလဲလို့မေးတော့၊

‘‘တေနေဝါဟ "သဗ္ဗေတေ ပဉ္စုပါဒါနက္ခန္ဓေ အနုဿရန္တိ ဧတေသံ ဝါ အညတရံ"၊’’ (သံ၊ဋ္ဌ၊၂၊၂၆၆၊)

ဒီသုတ္တန်မှာ ဘုရားရှင်ကိုယ်တိုင်က ဥပါဒါနက္ခန္ဓာငါးပါးကိုသော်လည်းကောင်း, ဥပါဒါနက္ခန္ဓာငါးပါးတို့တွင် တစ်မျိုးမျိုးကိုသော်လည်းကောင်း ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့နိုင်ပါတယ်လို့ ဘုရားရှင်ကိုယ်တော်တိုင်က ဟောကြားထားတယ်တဲ့၊ ဘာကြောင့်လဲ?

‘‘အဘိညာဝသေန ဟိ သမနုဿရန္တဿ ခန္ဓာပိ ဥပါဒါနက္ခန္ဓာပိ ခန္ဓပဋိဗဒ္ဓါပိ ပဏ္ဏတ္တိပိ အာရမ္မဏံ ဟောတိယေဝ၊’’ (သံ၊ဋ္ဌ၊၂၊၂၆၆၊)

ပုဗ္ဗေနိဝါသနုဿတိအဘိညာဏ်နှင့် အတိတ်က နေခဲ့ဖူးတဲ့ ခန္ဓာအစဉ်ကို ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့မယ်ဆိုရင် ခန္ဓာတွေဟာလည်း ပုဗ္ဗေနိဝါသနုဿတိအဘိညာဏ်ရဲ့ အာရုံဖြစ်နိုင်တယ်၊ ဥပါဒါနက္ခန္ဓာငါးပါးဟာလည်း ပုဗ္ဗေနိဝါသနုဿတိအဘိညာဏ်ရဲ့ အာရုံတွေဖြစ်နိုင်တယ်၊ ခန္ဓာနှင့် ဆက်စပ်နေတဲ့ ဆင်းရဲချမ်းသာ အဝဝတွေ, သုခဒုက္ခအဝဝတွေ, အမျိုးအနွယ် စသည်တို့ဟာလည်းပဲ (မြို့ရွာ၊ ဒေသ၊ အမျိုးအနွယ်အားလုံးပေါ့) အဲဒီ ခန္ဓာနှင့်ဆက်စပ်နေတဲ့ အကြောင်းအရာတွေဟာလည်း ပုဗ္ဗေနိဝါသနုဿတိအဘိညာဏ်ရဲ့ အာရုံ ဖြစ်နိုင်တယ်၊

ပဏ္ဏတ္တိပိ၊ နာမည်အမျိုးမျိုးဟာလည်း ပုဗ္ဗေနိဝါသနုဿတိအဘိညာဏ်ရဲ့ အာရုံဖြစ်နိုင်တယ်တဲ့၊ နာမည်တွေ ဆိုတာကတော့ ငါ့နာမည် ဘယ်လို, ငါ့အမေနာမည်က ဘယ်လို, ငါ့အဖေနာမည်က ဘယ်လို စသည်ပေါ့၊ ခန္ဓာနှင့် ဆက်စပ်တယ်ဆိုတာက ဘယ်လို ချမ်းသာခဲ့တယ်, ဘယ်လို ဆင်းရဲခဲ့တယ်, ဘယ်မြို့ရွာမှာ ဖြစ်ခဲ့တယ်, ဘယ်အမျိုးအနွယ်မှာ ဖြစ်ခဲ့တယ် စသည်ဖြင့် ဒီလိုအကြောင်းအရာတွေကို သိခြင်းပဲ၊ ဒီတော့ ပုဗ္ဗေနိဝါသနုဿတိအဘိညာဏ်ရဲ့ အာရုံက ဘယ်နှစ်ပါးရှိလဲ? လေးမျိုး၊ ခန္ဓာလည်းရှိတယ်, ဥပါဒါနက္ခန္ဓာလည်းရှိတယ်, ခန္ဓာနှင့် ဆက်စပ်နေတဲ့ သုခ, ဒုက္ခစတဲ့ အကြောင်းအရာတွေလည်းရှိတယ်, နာမည်အမျိုးမျိုးလည်း ရှိတယ်တဲ့၊ ပေါင်းလိုက်တော့ လေးမျိုး၊

အဲဒီမှာ ခန္ဓာနဲ့ ဥပါဒါနက္ခန္ဓာအကြောင်းလေးတော့ ဘုန်းကြီး နည်းနည်း ထပ်ပြောချင်ပါတယ်၊ ဘုန်းကြီးတို့ ဒီဥစ္စာက အထူးသဖြင့် မြတ်စွာဘုရားဘက်ကနေ လှည့်ပြောမှ ပိုပြီး သဘောပေါက်မယ်၊ မြတ်စွာဘုရား ပုဗ္ဗေနိဝါသနုဿတိအဘိညာဏ်ရရှိတော်မူတဲ့ အချိန်အခါမှာ အတိတ်ကိုလှမ်းပြီး အာရုံယူလိုက်တဲ့အခါမှာ အတိတ် ဒီပင်္ကရာမြတ်စွာဘုရားသန္တာန်မှာ တည်ရှိနေတဲ့ ခန္ဓာငါးပါးကိုလည်း အာရုံယူလို့ရတယ်၊ ဒီပင်္ကရာမြတ်စွာဘုရားရဲ့ ရှေ့တော်မှောက်မှာ နိယတဗျာဒိတ်ပန်းကို ဆင်မြန်းဖို့ရန်အတွက် ကြိုးစားနေတဲ့ သုမေဓာရှင်ရသေ့ရဲ့သန္တာန်မှာ တည်ရှိနေတဲ့ ဥပါဒါနက္ခန္ဓာတွေကိုလည်း လှမ်းသိမ်းဆည်း, သိမ်းဆည်းလို့ရတယ်၊

အဲဒီမှာ ဒီပင်္ကရာဘုရားရှင်ရဲ့ သန္တာန်မှာက လောကုတ္တရာခန္ဓာတွေပါ ပါဝင်နေတယ်၊ သုမေဓာရှင်ရသေ့က ထိုစဉ်အခါက အရိယာသူတော်ကောင်း မဖြစ်သေးတဲ့အတွက် ပုထုဇဉ်သာ ရှိသေးတဲ့အတွက် သူ့သန္တာန်မှာက လောကုတ္တရာခန္ဓာငါးပါး ရှိသလား? မရှိဘူး၊ ဥပါဒါနက္ခန္ဓာပဲရှိတယ်၊ ဒီပင်္ကရာဘုရားရှင်ရဲ့ ခန္ဓာငါးပါးနှင့် သုမေဓာရဲ့ ခန္ဓာငါးပါး တူသလား? မတူဘူး၊ ဒီပင်္ကရာဘုရားရှင်သန္တာန်မှာ တည်ရှိတဲ့ လောကုတ္တရာတရားများ ပါဝင်နေတဲ့ ခန္ဓာတွေကိုတော့ ခန္ဓာလို့ခေါ်တယ်၊ သုမေဓာရှင်ရသေ့ရဲ့ သန္တာန်မှာ တည်ရှိနေတဲ့ ခန္ဓာကျတော့ ဥပါဒါနက္ခန္ဓာလို့ ဒီလိုခေါ်တာပါနော်၊

ပုဗ္ဗေနိဝါသနုဿတိအဘိညာဏ်က အဲဒီခန္ဓာကို လှမ်းရှုလည်းရတယ်၊ ဥပါဒါနက္ခန္ဓာကို လှမ်းရှုလည်းရတယ်၊ နောက်တစ်ခု၊ ခန္ဓာနှင့် ဆက်စပ်နေတဲ့ သုခဒုက္ခအဝဝတွေ, ဆင်းရဲချမ်းသာအမျိုးမျိုးတွေ, အနွယ်တွေ, မြို့ရွာဒေသတွေ, အမေအဖေတွေ လှမ်းရှုလည်း ရတယ်၊ အဲဒီ အမည်နာမ ပညတ်တွေကိုလည်းရှု အကုန်ရတယ်တဲ့၊

ခု ဒီသုတ္တန်မှာကျတော့ ဘုရားရှင်က အဲဒီ လေးမျိုးလုံးကို မဟောဘဲ ဥပါဒါနက္ခန္ဓာတစ်ခုကိုသာ ကွက်ပြီး ဟောထားတဲ့အတွက် ဒီဥပါဒါနက္ခန္ဓာငါးပါးကို ဝိပဿနာဉာဏ်ဖြင့် ရှုပွားသုံးသပ်ခြင်းကို ဘုရားရှင်က ရည်ညွှန်းထားပါတယ် ဆိုပြီးတော့ အဋ္ဌကထာက ဒီလို ရှင်းလင်းတင်ပြထားပါတယ်၊

ဒီတော့ ဆိုလိုတာက ဘုန်းကြီးပြောချင်တဲ့ အဓိပ္ပာယ်ကတော့ အတိတ်ကို ရှုခြင်း၊ အနာဂတ်ကို ရှုခြင်းသည် အဘိညာဏ်ရမှ ရှုလို့ရတာမျိုး ဟုတ်သလား? မဟုတ်ဘူး၊ ဝိပဿနာဉာဏ်နဲ့လည်း ရှုလို့ မရဘူးလား? ရတယ်၊ ရတယ်ဆိုတဲ့ ကျမ်းဂန်အထောက်အထားတွေလည်း၊ ရတနာသိုက်စာတွေလည်း စာပေကျမ်းဂန်မှာ အထင်အရှား မရှိဘူးလား? ရှိနေပါတယ်တဲ့၊ အဲဒီ သိုက်စာတွေလာတဲ့အတိုင်း အတိအကျ တူးဖော်မယ်ဆိုရင် မိမိတို့ မျှော်လင့်တောင့်တနေတဲ့ မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်ဆိုတဲ့ ရတနာရွှေအိုးကြီးတွေကို ထုတ်ယူအသုံးပြုလို့ မရနိုင်ဘူးလား? ရနိုင်ပါတယ်တဲ့နော်၊

ဒီတော့ ဒီသစ္စာလေးပါးကို ထိုးထွင်းသိရေးအတွက် သိမှ၊ မြင်မှသာလျှင် အာသဝေါတရားတွေက ကုန်မှာဖြစ်တဲ့အတွက် သစ္စာလေးပါးကို သိချင်တဲ့ပုဂ္ဂိုလ် ဘာလုပ်ရမလဲ?

‘‘သမာဓိံ ဘိက္ခဝေ ဘာဝေထ။ သမာဟိတော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ’’ (သံ၊၃၊၃၆၃။)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့၊ သမာဓိံ၊ သမာဓိကို၊ ဘာဝေထ၊ ပွားများကြကုန်လော့၊ ဘိက္ခဝေ၊ ချစ်သားရဟန်းတို့၊ သမာဟိတော၊ သမာဓိရှိသော ရဟန်းသည်၊ ယထာဘူတံ၊ မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ၊ ပဇာနာတိ၊ ကွဲကွဲပြားပြားသိ၏၊

ချစ်သားရဟန်းတို့ သမာဓိကို ထူထောင်ကြပါ၊ သမာဓိရှိနေတဲ့ ရဟန်းတော်သည် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိပါတယ် ဆိုပြီးတော့ ဒီလို ဘုရားရှင်က ဟောထားတယ်၊ ဘာတွေကို သိမလဲ?

‘‘‘‘ဣဒံ ဒုက္ခ’’န္တိ ယထာဘူတံ ပဇာနာတိ၊ ‘‘အယံ ဒုက္ခသမုဒယော’’တိ ယထာဘူတံ ပဇာနာတိ၊ ‘‘အယံ ဒုက္ခနိရောဓော’’တိ ယထာဘူတံ ပဇာနာတိ၊ ‘‘အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ’’တိ ယထာဘူတံ ပဇာနာတိ’’ (သံ၊၃၊၃၆၃။)

ဤကား ဒုက္ခသစ္စာလို့ ဟုတ်တိုင်းမှန်စွာ သိမယ်၊ မြင်မယ်၊ ဤကား ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရားလို့ ဟုတ်တိုင်းမှန်စွာ သိမယ်၊ မြင်မယ်၊ ဤကား ဒုက္ခချုပ်ရာ နိရောဓသစ္စာတရားလို့ ဟုတ်တိုင်းမှန်စွာ သိမယ်၊ မြင်မယ်၊ ဤကား ဒုက္ခချုပ်ရာ နိရောဓနိဗ္ဗာန်သို့ရောက်ကြောင်း ကျင့်စဉ်ဖြစ်တဲ့ မဂ္ဂအရိယသစ္စာတရားလို့ ဟုတ်တိုင်းမှန်စွာ သိမယ်၊ မြင်မယ်၊ အဲဒီလို သိဖို့၊ မြင်ဖို့အတွက် သင်ချစ်သားတို့ သမာဓိထူထောင်ပါဆိုပြီး ဒီလို တိုက်တွန်းထားတယ်နော်၊

အဲဒီ တိုက်တွန်းတော်မူတဲ့အတိုင်းပဲ ဘုန်းကြီးတို့ နိဗ္ဗာနဂါမိနိပဋိပဒါကျမ်း ပထမတွဲမှာတော့ အာနာပါနဿတိ သမာဓိလမ်းစဉ်က အာနာပါနလမ်းစဉ်ကနေပြီးတော့ စတုတ္ထဈာန်သမာဓိ ဆိုက်ပုံအထိ သမာဓိထူထောင်ပုံ နည်းစနစ်တွေလည်း ဘုန်းကြီးတို့ ပြည့်ပြည့်စုံစုံ ရေးသားထားပါတယ်၊ အလားတူပဲ၊ အာနာပါန စတုတ္ထဈာန်သမာဓိလောက်နဲ့တွင် ကျေနပ်မှု မရဘဲ တခြားတခြား ကသိုဏ်းတစ်ဆယ်ပါး၊ သမာပတ်ရှစ်ပါး အစရှိတဲ့ သမထကမ္မဋ္ဌာန်းတွေကိုပါ ဆက်လက် ပွားများချင်တယ်ဆိုရင်လည်း ထိုပွားများလိုတဲ့ပုဂ္ဂိုလ်တွေ အတွက်ရည်ညွှန်းပြီးတော့ นိဗ္ဗာနဂါမိနိပဋိပဒါ ပဉ္စမတွဲမှာ သမထကမ္မဋ္ဌာန်းပိုင်း ဆိုပြီးတော့ ကမ္မဋ္ဌာန်းတစ်ခုအဖြစ်နဲ့ သီးသန့် ရေးသားထားပါတယ်နော်၊

နောက်တစ်ခု - ဒုက္ခသစ္စာ အမည်ရနေတဲ့ ရုပ်တရားတွေ ဟုတ်တိုင်းမှန်စွာ သိရေးအတွက် ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ကျင့်ရမလဲ? ဒီကျင့်စဉ်ပိုင်းကိုလည်း นိဗ္ဗာနဂါမိနိပဋိပဒါ ပထမတွဲမှာ ရုပ်ကမ္မဋ္ဌာန်းပိုင်းဆိုတဲ့ အမည်နဲ့ ဟောထားပါတယ်၊ အလားတူပဲ၊ ဒုက္ခသစ္စာစာရင်းထဲမှာ အကျုံးဝင်နေတဲ့ နာမ်တရားတွေကို ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ရှုပွားသုံးသပ်ရမလဲ? ဒီအပိုင်းကိုလည်း นိဗ္ဗာနဂါမိနိပဋိပဒါ ဒုတိယတွဲမှာ နာမ်ကမ္မဋ္ဌာန်းပိုင်းဆိုတဲ့နာမည်နဲ့ ပြည့်ပြည့်စုံစုံ ရေးသားထားပါတယ်နော်၊

ခုနက သမုဒယသစ္စာပိုင်းမှာ အကျုံးဝင်နေတဲ့ သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ပုံကို ဟုတ်တိုင်းမှန်စွာသိရှိရေးအတွက် ကြောင်းကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတွေကို ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ရှုပွား သုံးသပ်ရမလဲတဲ့၊ ဒီအပိုင်းကိုလည်း နိဗ္ဗာနဂါမိနိပဋိပဒါအမည်ရတဲ့ တတိယတွဲမှာ ပဋိစ္စသမုပ္ပါဒ်ပိုင်းဆိုတဲ့အမည်နဲ့ ပြည့်ပြည့်စုံစုံ ရေးသားတင်ပြထားပါတယ်၊ ဒုက္ခသစ္စာ၊ သမုဒယသစ္စာအမည်ရနေတဲ့ ဒီသစ္စာနှစ်ပါးက ဝိပဿနာဉာဏ်ရဲ့ အရှုခံအာရုံ ဖြစ်ပါတယ်၊ ထိုဝိပဿနာဉာဏ်ရဲ့ အရှုခံအာရုံဖြစ်တဲ့တရားတွေကို လက္ခဏ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်နည်းအားဖြင့် သိမ်းဆည်းရမယ်ဆိုပြီးတော့ အဋ္ဌကထာများက ပြည့်ပြည့်စုံစုံ ညွှန်ကြားထားပါတယ်၊ အဲဒီညွှန်ကြားချက်အတိုင်း လက္ခဏ, ရသ, ပစ္စုပဋ္ဌာန်, ပဒဋ္ဌာန်နည်းအရ သိမ်းဆည်းပုံ စနစ်ကိုလည်း ပြည့်ပြည့်စုံစုံ နိဗ္ဗာနဂါမိနိပဋိပဒါ စတုတ္ထတွဲမှာ ဖော်ပြထားပါတယ်၊

ဒီ ဒုက္ခသစ္စာ၊ သမုဒယသစ္စာ နှစ်ပါးက ဝိပဿနာဉာဏ်ရဲ့ အရှုခံအာရုံဖြစ်တဲ့အတွက် အရှုခံအာရုံဖြစ်တဲ့ ဒီဒုက္ခသစ္စာတရား၊ သမုဒယသစ္စာတရားတွေကို ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ဝိပဿနာ ရှုပွားသုံးသပ်ရမယ်ဆိုတဲ့အပိုင်းကို နိဗ္ဗာနဂါမိနိပဋိပဒါ ပဉ္စမတွဲမှာ ပြည့်ပြည့်စုံစုံ ဖော်ပြထားပါတယ်၊ ဒါကြောင့် ကျင့်စဉ်ပိုင်းတွေကို ပြည့်ပြည့်စုံစုံ တတ်သိနားလည်ချင်တယ် ဆိုရင်တော့ ထိုနိဗ္ဗာနဂါမိနိပဋိပဒါကျမ်းမှာ ပြည့်ပြည့်စုံစုံပဲ ပြန်ပြီးကြည့်ကြပါလို့ တိုက်တွန်းပါတယ်နော်၊

ဒီနေ့ အလှူရှင်အပေါင်းတို့က ဒီနိဗ္ဗာနဂါမိနိပဋိပဒါကျမ်းစာ ဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းပြီးတော့ လှူဒါန်းပူဇော်ကြတဲ့ အလှူဒါနပွဲ ဖြစ်ပါတယ်၊ ဒီတော့ ဒီအလှူဒါနပွဲမှာ ဘုန်းကြီးဖက်ကလည်း နိဗ္ဗာနဂါမိနိပဋိပဒါကျမ်းစာသည် ဘယ်ကဲ့သို့သော ကျမ်းစာမျိုး ဖြစ်တယ်ဆိုတာကို ခုလို အခါအခွင့်သင့်တုန်း ဟောကြားပြသခွင့်ရတဲ့အတွက် ဘုန်းကြီးလည်း ဝမ်းမြောက်ပါတယ်၊ အလှူရှင်အပေါင်းတို့လည်း ဘုန်းကြီးကဲ့သို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်၊

အဲဒီတော့ ဒီကျင့်စဉ်ပိုင်းတွေမှာ ဘုန်းကြီးက သမာဓိပိုင်းကျင့်စဉ်နှင့် ဝိပဿနာပိုင်းကျင့်စဉ်လောက်ပဲ ဖော်ပြထားတော့ သီလပိုင်းကျင့်စဉ် မပါဖြစ်နေတယ်၊ သီလကျင့်စဉ်ကို ဒီည သုတ္တန်လေးတစ်ခု အတိုချုပ်ပြီးတော့ ဘုန်းကြီးဟောဖို့ ရည်ရွယ်ထားပါတယ်နော်၊

အဲဒီ သုတ္တန်လေးကတော့ အင်္ဂုတ္တိုရ် စတုက္ကနိပါတ်မှာ လာရှိတဲ့ သပ္ပုရိသသုတ္တန်ဖြစ်ပါတယ်နော်၊ အဲဒီ သုတ္တန်မှာ မြတ်စွာဘုရားက ဒီသီလကျင့်စဉ်ပိုင်းမှာ ဘယ်လိုဟောထားလဲ?

‘‘စတူဟိ ဘိက္ခဝေ ဓမ္မေဟိ သမန္နာဂတော အသပ္ပုရိသော ဝေဒိတဗ္ဗော’’ (အံ၊၁၊၃၈၉။)

စတူဟိ၊ လေးမျိုးကုန်သော၊ ဓမ္မေဟိ၊ တရားတို့နှင့်၊ သမန္နာဂတော၊ ပြည့်စုံနေသော ပုဂ္ဂိုလ်ကို၊ အသပ္ပုရိသော၊ မသူတော်ဟူ၍၊ ဝေဒိတဗ္ဗော၊ သိအပ်၏၊

စသည်ဖြင့် တရားလေးမျိုးနှင့်ပြည့်စုံနေတဲ့ ပုဂ္ဂိုလ်ကို၊ အသပ္ပုရိသ = မသူတော်လို့ သိပါဆိုပြီး ဒီလိုဟောထားတယ်၊ အဲဒီတော့ ဒီဟောကြားချက်ကလေးကို ဘုန်းကြီးက ခုလို ရိပ်သာတွေမှာ အများစုပေါင်းပြီး နေထိုင်တဲ့ အချိန်အခါမှာ တစ်ဦးနဲ့တစ်ဦး တော်တော်လေးကို သတိပြုသင့်တဲ့ သုတ္တန်ပိုင်းဆိုင်ရာ သီလကျင့်စဉ်လေးတွေ ဖြစ်ပါတယ်နော်၊ ဒီတော့ ဒီကျင့်စဉ်လေးတွေကို ခဏခဏ နာကြားကြရမယ်ဆိုရင် စိတ်ဓာတ်ကလေးတွေကို မိမိတို့ ချို့ယွင်းချက်ကလေးတွေကို ခဏခဏ ပြင်လို့ရလိမ့်မယ်လို့ ဘုန်းကြီးက မျှော်လင့်ပါတယ်၊

မသူတော်ဆိုတာက ဘယ်လိုပုဂ္ဂိုလ် ဖြစ်တယ်၊ သူတော်ကောင်းဆိုတာက ဘယ်လိုပုဂ္ဂိုလ်မျိုး ဖြစ်တယ်ဆိုတာကို နည်းနည်းလေး နားလည်ထားစေချင်တယ်၊ ဒီတော့ တရားလေးမျိုးနဲ့ ပြည့်စုံနေတဲ့ပုဂ္ဂိုလ်ကို မသူတော်လို့ သိပါဆိုတော့ ဒီတရားလေးမျိုးဟာ ဘာတွေလဲလို့မေးတော့?

‘‘ဣဓ ဘိက္ခဝေ အသပ္ပုရိသော ယော ဟောတိ ပရဿ အဝဏ္ဏော တံ အပုဋ္ဌောပိ ပါတု ကရောတိ’’ (အံ၊၁၊၃၈၉။)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့၊ ဣဓ၊ ဤသာသနာတော်၌၊ ယော အသပ္ပုရိသော၊ အကြင်မသူတော်သည်၊ ဟောတိ၊ ဖြစ်၏၊ ပရဿ၊ သူတစ်ပါး၏၊ အဝဏ္ဏော၊ ဂုဏ်ကျေးဇူးမဲ့ အပြစ်သည်၊ ယော ဟောတိ၊ အကြင်အပြစ်ရှိ၏၊ တံ၊ ထိုအပြစ်ကို၊ အပုဋ္ဌောပိ၊ မမေးအပ်သော်လည်း၊ ပါတု ကရောတိ၊ ထင်ရှားစွာ ပြောပြတတ်၏၊

ချစ်သားရဟန်းတို့ ဒီသာသနာတော်မှာ သူတစ်ပါးရဲ့ ဂုဏ်ကျေးဇူးမဲ့အပြစ်တွေကို မမေးဘဲနှင့်တောင်မှ သူက ထင်ရှားပြောပြတတ်တယ်တဲ့၊ သူတစ်ပါး မကောင်းကြောင်းပေါ့၊ တစ်ဖက်က မမေးသေးဘူးလေ၊ သူက ဦးအောင် အရင်ဆုံး ပြောပြလိုက်တယ်၊ အဲဒီလို ပြောပြလိုက်တဲ့ ပုဂ္ဂိုလ်ဟာ သူတော်ကောင်းလား၊ မသူတော်လား? ဟင်! အဲဒါ ဘယ်သူပြောတာလဲ? ဘုန်းကြီးပြောတာ မဟုတ်ပါဘူးနော်၊ ဘုန်းကြီးကို ရန်မတွေ့နဲ့၊ ရန်မတွေ့နဲ့၊ အဲဒါ မြတ်စွာဘုရား ဟောနေတာ၊ သူတစ်ပါးအပြစ်ကို မမေးဘဲနဲ့ အရင်ပြောပြတဲ့ပုဂ္ဂိုလ်ဟာ သူတော်ကောင်းလား? မသူတော်တဲ့၊ ဘယ်နှယ့်တုန်း သီလရှင်တွေကြားကြရဲ့လား? ဟိုနောက်က ယောဂီတွေရောကြားကြရဲ့လား၊ အေး အေး မသူတော်ဖြစ်ချင်သလား၊ သူတော်ကောင်း ဖြစ်ချင်သလား? ဒါကတော့ ပြောမှာပဲ၊ ဒီပွဲထဲမှာ တပည့်တော်က မသူတော်ဖြစ်ချင်ပါတယ် ဆိုရင်တော့ ဒါက အရှက်ကွဲပြီ၊ ဟုတ်တယ် မဟုတ်လား? သူတော်ကောင်း ဖြစ်ချင်တယ်လို့တော့ ပြောမှာပေါ့၊ သူတော်ကောင်း ဖြစ်ချင်ရင် သူတစ်ပါးရဲ့ အပြစ်ကို မမေးဘဲနဲ့ ပြောရမလား၊ မပြောရဘူးလား?

‘‘ပုဋ္ဌော ခေါ ပန ပဥှာဘိနီတော အဟာပေတွာ အလမ္ဗိတွာ ပရိပူရံ ဝိတ္ထာရေန ပရဿ အဝဏ္ဏံ ဘာသိတာ ဟောတိ’’ (အံ၊၁၊၃၈၉။)

ပုဋ္ဌော ခေါ ပန၊ လှမ်း၍ မေးအပ်သည်ရှိသော်မူလည်းကောင်း၊ ပဥှာဘိနီတော၊ ပြဿနာ အမေးထုတ်၍ ဆောင်အပ်သည်ရှိသော်၊ အဟာပေတွာ၊ တစ်လုံးတစ်ပါဒမျှ မလျော့စေဘဲ၊ အလမ္ဗိတွာ၊ နည်းငယ်မျှ ဆိုင်းတွခြင်း မရှိဘဲ၊ ပရိပူရံ၊ ပြည့်ပြည့်စုံစုံ၊ ဝိတ္ထာရေန၊ အကျယ်ချဲ့၍၊ ပရဿ၊ သူတစ်ပါး၏၊ အဝဏ္ဏံ၊ ဂုဏ်ကျေးဇူးမဲ့ကို၊ ဘာသိတာ ဟောတိ၊ ပြောဆိုတတ်သည် ဖြစ်၏၊

လှမ်းပြီး မေးလိုက်မယ်၊ ဟိုကောင်မ ဘာတွေလုပ်လဲ၊ ဟိုကိုယ်တော်က ဘာတွေလုပ်လဲ? နည်းနည်းလေး မေးလိုက်တယ်၊ မေးသာမေးမယ် ဆိုလို့ရင်ရှိရင်နော်၊ ပြဿနာတစ်ခုက ပေါ်လာလို့ မေးခွန်းလေးတစ်ခု မေးလိုက်တာနဲ့ ဘာဖြစ်လဲ၊ အဟာပေတွာတဲ့၊ တစ်လုံးတစ်ပါဒမှ မလျော့စေရဘူး၊ အလမ္ဗိတွာ = နည်းနည်းမှ ဆိုင်းတွမှု မရှိဘူးတဲ့၊ ဟုတ်လား? ခပ်သွက်သွက်ပေါ့၊ ပရိပူရံ = ပြည့်ပြည့်စုံစုံ၊ ဝိတ္ထာရေန = အကျယ်ချဲ့ပြီးတော့၊ ပရဿ အဝဏ္ဏံ ဘာသိတာ ဟောတိ = သူတစ်ပါးရဲ့ ဂုဏ်ကျေးဇူးမဲ့တွေကို ပြောတယ်တဲ့၊ နည်းနည်းလေးမှ မဆိုင်းတွဘူး၊ ဟုတ်လား၊ ခပ်သွက်သွက်ပေါ့၊ တစ်လုံးမှလည်း ချန်မထားဘူး၊ ပြည့်ပြည့်စုံစုံ ကျယ်ကျယ်ပြန့်ပြန့်ကို သူတစ်ပါးရဲ့ မကောင်းကြောင်းကို ပြောတယ်တဲ့၊ အဲဒီလို ပုဂ္ဂိုလ်ဟာ သူတော်ကောင်းလား၊ မသူတော်လား? (မသူတော်ပါဘုရား) အဲ ဘယ်သူပြောတာလဲ၊ မြတ်စွာဘုရား ဟောတာနော်၊ ဘုန်းကြီးဟောတာ မဟုတ်ဘူးနော်၊ တော်ကြာ ဘုန်းကြီးကို ရန်ထောင်မနေနဲ့၊ ကဲ —

‘‘ဝေဒိတဗ္ဗမေတံ ဘိက္ခဝေ၊ အသပ္ပုရိသော အယံ ဘဝန္တိ’’ (အံ၊၁၊၃၈၉။)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့၊ ဧတံ၊ ထိုသို့သော ပုဂ္ဂိုလ်မျိုးကို၊ အသပ္ပုရိသော အယံ ဘဝန္တိ၊ ဤပုဂ္ဂိုလ်သည် မသူတော်ဖြစ်၏ဟူ၍၊ ဝေဒိတဗ္ဗံ၊ သိအပ်၏၊

အဲဒီလို ပုဂ္ဂိုလ်မျိုးကို မသူတော်လို့ သိပါတဲ့၊ ဒါက နံပါတ်တစ်၊ နံပါတ်နှစ် ပုဂ္ဂိုလ်က -

‘‘ပုန စပရံ ဘိက္ခဝေ အသပ္ပုရိသော ယော ဟောတိ ပရဿ ဝဏ္ဏော တံ ပုဋ္ဌောပိ န ပါတု ကရောတိ’’ (အံ၊၁၊၃၈၉။)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့၊ ပုန စပရံ၊ ထို့ပြင်တစ်ပါး၊ ယော အသပ္ပုရိသော၊ အကြင်မသူတော်သည်၊ ဟောတိ၊ ဖြစ်၏၊ ပရဿ၊ သူတစ်ပါး၏၊ ဝဏ္ဏော၊ ဂုဏ်ကျေးဇူး ချီးမွမ်းခြင်းသည်၊ ယော ဟောတိ၊ အကြင်ကောင်းကြောင်းရှိ၏၊ တံ၊ ထိုကောင်းကြောင်းကို၊ ပုဋ္ဌောပိ၊ လာ၍ မေးအပ်သော်လည်း၊ န ပါတု ကရောတိ၊ ထင်ရှားစွာ ပြောပြလေ့မရှိ၊

သူတစ်ပါးရဲ့ ကောင်းကြောင်း ဂုဏ်ကျေးဇူးတွေကို လာပြီးမေးတယ် ဆိုလို့ရှိရင် မေးတာတောင်မှ သူက ထင်ထင်ရှားရှား သိပ်မပြောချင်ဘူးတဲ့၊ ပြောရမှာ သူက စိတ်မပါဘူး၊ သူတစ်ပါး ကောင်းတဲ့အကြောင်းကို သိပ်မပြောချင်ဘူး၊ အမလေး ဒီးဒုတ်လောက်တော့ ငှက်တိုင်းလှပါတယ်၊ ဟုတ်တယ် မဟုတ်လား၊ ဇီးကွက်လောက်တော့ ငှက်တိုင်းလှတယ်၊ ဒီးဒုတ်လောက်တော့ ငှက်တိုင်းလှတယ် စသည်ဖြင့် ဒီလို မြင်လာတယ်၊ နောက်တစ်ခု -

‘‘ကော ပန ဝါဒေါ အပုဋ္ဌဿ’’ (အံ၊၁၊၃၈၉။)

အပုဋ္ဌဿ၊ မမေးအပ်သော ပုဂ္ဂိုလ်အား၊ ကော ပန ဝါဒေါ၊ အဘယ်မှာ ပြောဆိုခြင်း ရှိအံ့နည်း၊

မမေးသာ မမေးဘူးဆိုရင် သူတစ်ပါး ကောင်းတဲ့အကြောင်း ဘယ်တော့မှ မပြောဘူး၊ မေးတာတောင်မှ သူက ထင်ရှားအောင် မပြောချင်ဘူးတဲ့နော်၊

‘‘ပုဋ္ဌော ခေါ ပန ပဥှာဘိနီတော ဟာပေတွာ လမ္ဗိတွာ အပရိပူရံ အဝိတ္ထာရေန ပရဿ ဝဏ္ဏံ ဘာသိတာ ဟောတိ’’ (အံ၊၁၊၃၈၉။)

ပုဋ္ဌော ခေါ ပန၊ မေးမြန်းအပ်သည်ရှိသော်မူလည်းကောင်း၊ ပဥှာဘိနီတော၊ ပြဿနာထုတ်၍ မေးမြန်းအပ်သည်ရှိသော်၊ ဟာပေတွာ၊ လျှော့၍၊ လမ္ဗိတွာ၊ ဆိုင်းဆိုင်းတွတွ ပြု၍၊ အပရိပူရံ၊ မပြည့်မစုံ၊ အဝိတ္ထာရေန၊ အကျယ်မချဲ့ဘဲ၊ ပရဿ၊ သူတစ်ပါး၏၊ ဝဏ္ဏံ၊ ကောင်းသောဂုဏ်ကို၊ ဘာသိတာ ဟောတိ၊ ပြောဆိုတတ်သည် ဖြစ်၏၊

အကြောင်းအရာ တစ်ခုရှိလို့ ပြဿနာထုတ်ပြီးတော့ လှမ်းပြီး မေးလိုက်မယ် ဆိုလို့ရှိရင်တော့ လျှော့လျှော့ပေါ့ပေါ့ ပြောတတ်တယ်၊ သူတစ်ပါးရဲ့ ကောင်းတဲ့အကြောင်း လျှော့လျှော့ပေါ့ပေါ့ ပြောတယ်၊ လမ္ဗိတွာ = လျှော့လျှော့ပေါ့ပေါ့နဲ့ ဆိုင်းဆိုင်းတွတွလေးနဲ့နော်၊ ငါတော့ကွယ် သူများအကြောင်း သိပ်ပြီး မပြောချင်ပါဘူး၊ သူက ဒီလိုဒီလို။ ခပ်ဆိုင်းဆိုင်းတွတွလေးနဲ့နော်၊ အပရိပူရံ = သူတစ်ပါး ကောင်းတဲ့အကြောင်းကို မပြည့်မစုံ ပြောတယ်၊ အဝိတ္ထာရေန = အကျယ်ချဲ့ပြီး ဘယ်တော့မှ မပြောဘူး၊ ခပ်တိုတိုပဲ ပြောလိုက်တယ်တဲ့နော်၊ သူတစ်ပါး ကောင်းတဲ့ဂုဏ်သတင်းကို အဲဒီလို မပြောပြချင်တဲ့ ပုဂ္ဂိုလ်၊ အဲဒီလို ပုဂ္ဂိုလ်ဟာ သူတော်ကောင်းလား၊ မသူတော်လား? မသူတော်ပဲ၊ အဲဒါကလည်း မြတ်စွာဘုရား ဟောတာပဲနော်၊ နောက်တစ်ခု နံပါတ်သုံး မသူတော်၊

‘‘ပုန စပရံ ဘိက္ခဝေ အသပ္ပုရိသော ယော ဟောတိ အတ္တနော အဝဏ္ဏော တံ ပုဋ္ဌောပိ န ပါတု ကရောတိ’’ (အံ၊၁၊၃၈၉။)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့၊ ပုန စပရံ၊ ထို့ပြင်တစ်ပါး၊ ယော အသပ္ပုရိသော၊ အကြင်မသူတော်သည်၊ ဟောတိ၊ ဖြစ်၏၊ အတ္တနော၊ မိမိ၏၊ အဝဏ္ဏော၊ မကောင်းသော အပြစ်သည်၊ ယော ဟောတိ၊ အကြင်အပြစ်ရှိ၏၊ တံ၊ ထိုအပြစ်ကို၊ ပုဋ္ဌောပိ၊ လာ၍ မေးအပ်သော်လည်း၊ န ပါတု ကရောတိ၊ ထင်ရှားစွာ ဝန်ခံပြောပြလေ့မရှိ၊

နောက်ထပ် မသူတော်တစ်ဦး၊ မိမိရဲ့ မကောင်းတဲ့ကြောင်း ဂုဏ်ကျေးဇူးမဲ့တဲ့အချက် အကြောင်းအရာတွေ ရှိတယ်၊ အဲဒီ အကြောင်းအရာတွေကို သူတစ်ပါးတွေကနေပြီးတော့ လာမေးပြီ၊ အရှင်ဘုရား ဒီလို ဒီလို အာပတ်တွေ လွန်ကျူးနေတယ်ဆိုတာ ဟုတ်သလား? မေးလိုက်တယ်၊ မေးလိုက်တဲ့ အချိန်အခါကျတော့ သူက ဘာပြောလဲ?

န ပါတု ကရောတိ တဲ့၊ ထင်ထင်ရှားရှား သူဘယ်တော့မှ ဝန်မခံဘူး၊ ဝေ့လည်ကြောင်ပတ် လုပ်နေတယ်နော်၊ ဟုတ်သလိုလို၊ မဟုတ်သလိုလိုနဲ့ မဟုတ်ဘူး ပြောရင်လည်း သူက ဟို လိမ်တဲ့အဓိပ္ပာယ်က ပေါ်သွားမှာစိုးလို့၊ ဟုတ်သလိုလို၊ မဟုတ်သလိုလို၊ ဘာလိုလို၊ ညာလိုလိုနဲ့ ဟိုလွှဲလိုက် ဒီလွှဲလိုက် လုပ်နေတယ်၊ နောက်တစ်ခု၊

‘‘ကော ပန ဝါဒေါ အပုဋ္ဌဿ’’ (အံ၊၁၊၃၈၉။)

အပုဋ္ဌဿ၊ မမေးအပ်သော ပုဂ္ဂိုလ်အား၊ ကော ပန ဝါဒေါ၊ အဘယ်မှာ ပြောဆိုခြင်း ရှိအံ့နည်း၊

မမေးသာ မမေးဘူးဆိုရင် သူက ဘယ်တော့မှ မိမိရဲ့ မကောင်းကြောင်းကို မပြောဘူး၊

‘‘ပုဋ္ဌော ခေါ ပန ပဥှာဘိနီတော ဟာပေတွာ လမ္ဗိတွာ အပရိပူရံ အဝိတ္ထာရေန အတ္တနော အဝဏ္ဏံ ဘာသိတာ ဟောတိ’’ (အံ၊၁၊၃၈၉။)

ပုဋ္ဌော ခေါ ပန၊ မေးမြန်းအပ်သည်ရှိသော်မူလည်းကောင်း၊ ပဥှာဘိနီတော၊ ပြဿနာထုတ်၍ မေးမြန်းအပ်သည်ရှိသော်၊ ဟာပေတွာ၊ လျှော့၍၊ လမ္ဗိတွာ၊ ဆိုင်းဆိုင်းတွတွ ပြု၍၊ အပရိပူရံ၊ မပြည့်မစုံ၊ အဝိတ္ထာရေန၊ အကျယ်မချဲ့ဘဲ၊ အတ္တနော၊ မိမိ၏၊ အဝဏ္ဏံ၊ မကောင်းသော အပြစ်ကို၊ ဘာသိတာ ဟောတိ၊ ပြောဆိုတတ်သည် ဖြစ်၏၊

မေးမြန်းခဲ့မယ်၊ အကြောင်းအရာတစ်ခုရှိလို့ မေးခွန်းထုတ်ပြီး မေးမြန်းခဲ့မယ်ဆိုရင် လျှော့လျှော့ပေါ့ပေါ့၊ ဆိုင်းဆိုင်းတွတွလေးနဲ့ မိမိရဲ့ မကောင်းကြောင်းကို အကျယ်မချဲ့ဘဲ ခပ်ကျဉ်းကျဉ်း ခပ်တိုတိုလေး ပြောတတ်တယ်တဲ့၊ မှန်တဲ့အတိုင်း တိတိကျကျ ပြန်ပြီးတော့ မပြောဘူး၊ အဲဒီလို ပုဂ္ဂိုလ်ကလည်းပဲ သူတော်ကောင်းလား၊ မသူတော်လား? မသူတော်ပဲတဲ့၊ ကဲ နောက်တစ်ခု၊

‘‘ပုန စပရံ ဘိက္ခဝေ အသပ္ပုရိသော ယော ဟောတိ အတ္တနော ဝဏ္ဏော တံ အပုဋ္ဌောပိ ပါတု ကရောတိ’’ (အံ၊၁၊၃၈၉။)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့၊ ပုန စပရံ၊ ထို့ပြင်တစ်ပါး၊ ယော အသပ္ပုရိသော၊ အကြင်မသူတော်သည်၊ ဟောတိ၊ ဖြစ်၏၊ အတ္တနော၊ မိမိ၏၊ ဝဏ္ဏော၊ ကောင်းသောဂုဏ်ကျေးဇူးသည်၊ ယော ဟောတိ၊ အကြင်ဂုဏ်ရှိ၏၊ တံ၊ ထိုဂုဏ်ကို၊ အပုဋ္ဌောပိ၊ မမေးအပ်သော်လည်း၊ ပါတု ကရောတိ၊ ထင်ရှားစွာ ထုတ်ဖော်ပြောဆိုတတ်၏၊

နောက်တစ်မျိုးကတော့ ပုဂ္ဂိုလ်တစ်ယောက်က မိမိရဲ့ ဂုဏ်ကျေးဇူးတွေ ရှိတယ်၊ မိမိရဲ့ ကောင်းတဲ့ အကြောင်းပေါ့လေ၊ ငါစာမေးပွဲ ဘာတွေ အောင်ခဲ့တယ်၊ ဘယ်မှာ ဘီအေ အောင်ခဲ့တယ်၊ ဘယ်မှာ ဓမ္မာစရိယ ဘယ်လို အောင်ခဲ့တယ်ပေါ့၊ ဟုတ်တယ် မဟုတ်လား? ကောင်းတဲ့အကြောင်းတွေ၊ ကောင်းတဲ့အကြောင်းတွေ၊ အဲဒီ ကောင်းတဲ့အကြောင်းတွေကို "အပုဋ္ဌောပိ ပါတုကရောတိ" သူတစ်ပါးက မမေးရသေးဘူး၊ ကိုယ်က အရင်စပြီး ပြောပြီ၊ ဟုတ်တယ် မဟုတ်လား? သူတစ်ပါး မမေးရသေးဘဲနဲ့ ကိုယ်က အရင်စပြီး ပြောပြလိုက်တယ်၊ ငါကဘယ်လို ဘယ်လူ့သမီး၊ ဘယ်သူဋ္ဌေးသမီး၊ ငါငယ်ငယ်တုန်းက ဘယ်လောက် ချမ်းသာတယ်၊ ငါ့အမေက ဘယ်လောက် ချမ်းသာတယ်၊ ငါ့အဖေက ဘယ်လောက် ချမ်းသာတယ်ပေါ့၊ ဟုတ်တယ် မဟုတ်လား? အဲဒီ ပုံစံဖြင့် မိမိရဲ့ ကောင်းတဲ့အကြောင်းတွေကို သူတစ်ပါး မမေးဘဲနဲ့ အရင်စပြီး ထုတ်ဖော်ပြောတယ်တဲ့၊ ပြောလိုက်တဲ့ အချိန်အခါမှာ-

‘‘ကော ပန ဝါဒေါ ပုဋ္ဌဿ’’ (အံ၊၁၊၃၈၉။)

ပုဋ္ဌဿ၊ မေးမြန်းအပ်သော ပုဂ္ဂိုလ်အား၊ ကော ပန ဝါဒေါ၊ အဘယ်မှာ ပြောဆိုခြင်း ရှိအံ့နည်း၊

မေးသာမေးမယ် ဆိုလို့ရှိရင်တော့ ပြောပြလို့ မကုန်ဘူး၊ ပြောမဆုံးပေါင် တောသုံးထောင်၊ ဟို ဘုန်းကြီးတို့ Ngelငယ်က ပြောနေကျ စကားလုံးနဲ့ ပြောမယ်ဆိုရင်တော့ ဟိမဝန္တာ ချီးမွမ်းခန်း ဖွင့်တယ်ပေါ့၊ မဒ္ဒီဒေဝီက ဝေဿန္တရာမင်းကြီးနဲ့အတူ ဟိမဝန္တာတော မထွက်ခင်မှာ ဝေဿန္တရာမင်းကြီးက သူ့နောက်ကို မလိုက်ဘဲနဲ့ သားငယ်၊ သမီးငယ်ဖြစ်တဲ့ ဇာလီ၊ ကဏှာဇိန်တို့နဲ့အတူ ဒီနန်းတွင်းမှာ နေခဲ့ဖို့ ပြောလိုက်တဲ့အခါမှာ မဒ္ဒီဒေဝီက သူမမြင်ဘူးတဲ့ ဟိမဝန္တာကို အင်မတန် ချီးမွမ်းတယ်၊ အင်မတန် ကျယ်ကျယ်ပြန့်ပြန့် ချီးမွမ်းတယ်၊ အဲဒီဟာကို စာပေနယ်က ဟိမဝန္တာချီးမွမ်းခန်း ဖွင့်တယ်တဲ့ ဟုတ်လား? ခုလည်း ဒီအတိုင်းပဲ၊ မိမိရဲ့ ကောင်းတဲ့အကြောင်း ဆိုလို့ရှိရင် သူတစ်ပါးက ဘာမှ မမေးရသေးဘူး၊ ဟိမဝန္တာချီးမွမ်းခန်း ဖွင့်လိုက်ပြီနော်၊ မေးသာ မေးလိုက်မယ် ဆိုလို့ရှိရင်တော့ ပြောလို့ မကုန်တော့ဘူးတဲ့၊

‘‘ပုဋ္ဌော ခေါ ပန ပဥှာဘိနီတော အဟာပေတွာ အလမ္ဗိတွာ ပရိပူရံ ဝိတ္ထာရေန အတ္တနော ဝဏ္ဏံ ဘာသိတာ ဟောတိ’’ (အံ၊၁၊၃၈၉။)

ပုဋ္ဌော ခေါ ပန၊ မေးမြန်းအပ်သည်ရှိသော်မူလည်းကောင်း၊ ပဥှာဘိနီတော၊ ပြဿနာထုတ်၍ မေးမြန်းအပ်သည်ရှိသော်၊ အဟာပေတွာ၊ တစ်လုံးတစ်ပါဒမျှ မလျော့စေဘဲ၊ အလမ္ဗိတွာ၊ နည်းငယ်မျှ ဆိုင်းတွခြင်း မရှိဘဲ၊ ပရိပူရံ၊ ပြည့်ပြည့်စုံစုံ၊ ဝိတ္ထာရေန၊ အကျယ်ချဲ့၍၊ အတ္တနော၊ မိမိ၏၊ ဝဏ္ဏံ၊ ကောင်းသောဂုဏ်ကို၊ ဘာသိတာ ဟောတိ၊ ပြောဆိုတတ်သည် ဖြစ်၏၊

မေးသာမေးမယ် ဆိုလို့ရှိရင်တော့ မိမိရဲ့ကောင်းတဲ့ဂုဏ်သတင်းတွေကို နည်းနည်းလေးမှ လျှော့မပြောဘူး၊ နည်းနည်းမှလည်း ဆိုင်းတွမှု မရှိဘူး၊ ပြည့်ပြည့်စုံစုံ၊ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ကျကျနန မိမိရဲ့ ဂုဏ်ကျေးဇူးတွေကို ထုတ်ဖော်ပြီး ပြောပြတတ်တယ်တဲ့၊ ကဲ ဘယ်လိုတုန်း? အဲဒီ ပုဂ္ဂိုလ်ဟာလည်း သူတော်ကောင်းလား၊ မသူတော်လား? မသူတော်ပဲတဲ့နော်၊ အားလုံး ဘယ်နှစ်ယောက် ရှိသွားလဲ? လေးဦး၊ မှတ်မိပြီးလား? ဘုန်းကြီးက ထပ်ပြောချင်လို့မေးတာ၊ ဟုတ်တယ်မဟုတ်လား?

နံပါတ်တစ်က ဘာလဲ? နံပါတ်တစ်ပုဂ္ဂိုလ်က သူတစ်ပါးရဲ့ ဂုဏ်ကျေးဇူးမဲ့တွေကို မမေးဘဲနဲ့ ပြောပြတတ်တယ်၊ မေးရင်တော့ အကျယ်ချဲ့ပြီးတော့ ပြည့်ပြည့်စုံစုံ ဆိုင်းဆိုင်းတွတွ မရှိဘဲ အကုန်လုံး အပြည်အစုံ ပြောပြလိုက်တယ်၊ ဒါကတစ်ခု၊

နံပါတ်နှစ်ပုဂ္ဂိုလ်ကျတော့ သူတစ်ပါးရဲ့ ဂုဏ်ကျေးဇူးကို ထင်ထင်ရှားရှား မပြောချင်ဘူး၊ မလွှဲသာမရှောင်သာလို့ မေးရင်လည်း လျှော့လျှော့ပေါ့ပေါ့လေး ပြောတတ်တယ်၊ ပြည့်ပြည့်စုံစုံ ဘယ်တော့မှ မပြောဘူး၊ ဆိုင်းဆိုင်းတွတွနဲ့ ပြောတယ်၊

နံပါတ်သုံးကတော့ မိမိရဲ့ ဂုဏ်ကျေးဇူးမဲ့၊ မိမိရဲ့မကောင်းတဲ့ သတင်းတွေ ဒီအကြောင်းကို ဘယ်တော့မှ မပြောဘူး၊ အမြဲတမ်း ဖုံးအုပ်ထားတယ်၊ မလွှဲသာ မရှောင်သာလို့ လာပြီးတော့မေးမယ် ဆိုလို့ရှိရင်လည်း (မမေးရင်တော့ ဘယ်တော့မှ မပြောဘူး) မလွှဲသာ မရှောင်သာလို့ မေးခဲ့မယ်ဆိုရင်လည်း ဆိုင်းဆိုင်းတွတွနဲ့ လျှော့လျှော့ပေါ့ပေါ့ မပြည့်မစုံဘဲနဲ့ ပြောပြတတ်တယ်၊

နံပါတ်လေးကတော့ မိမိရဲ့ ဂုဏ်ကျေးဇူးပဲ၊ မိမိရဲ့ ဂုဏ်ကျေးဇူး မမေးတောင်မှ သူက ပြောတယ်၊ မေးမယ်ဆိုရင်တော့ ပြောစရာတောင် မလိုဘူး၊ ဟိမဝန္တာ ချီးမွမ်းခန်း အကြီးအကျယ် ဖွင့်တော့တာပဲနော်၊ ကဲ နောက်တစ်ခု- သူတော်ကောင်းအကြောင်း ပြောမယ်၊

‘‘စတူဟိ ဘိက္ခဝေ ဓမ္မေဟိ သမန္နာဂတော သပ္ပုရိသော ဝေဒိတဗ္ဗော’’

စတူဟိ၊ လေးမျိုးကုန်သော၊ ဓမ္မေဟိ၊ တရားတို့နှင့်၊ သမန္နာဂတော၊ ပြည့်စုံနေသော ပုဂ္ဂိုလ်ကို၊ သပ္ပုရိသော၊ သူတော်ကောင်းဟူ၍၊ ဝေဒိတဗ္ဗော၊ သိအပ်၏၊

တရားလေးမျိုးနှင့် ပြည့်စုံနေတဲ့ပုဂ္ဂိုလ်ကို သူတော်ကောင်းလို့ သိရမယ်၊ ဘာလေးမျိုးလဲ?

‘‘ဣဓ ဘိက္ခဝေ သပ္ပုရိသော ယော ဟောတိ ပရဿ အဝဏ္ဏော တံ ပုဋ္ဌောပိ န ပါတု ကရောတိ။ ကော ပန ဝါဒေါ အပုဋ္ဌဿ’’ (အံ၊၁၊၃၈၉။)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့၊ ဣဓ၊ ဤသာသနာတော်၌၊ ယော သပ္ပုရိသော၊ အကြင်သူတော်ကောင်းသည်၊ ဟောတိ၊ ဖြစ်၏၊ ပရဿ၊ သူတစ်ပါး၏၊ အဝဏ္ဏော၊ မကောင်းသော အပြစ်သည်၊ ယော ဟောတိ၊ အကြင်အပြစ်ရှိ၏၊ တံ၊ ထိုအပြစ်ကို၊ ပုဋ္ဌောပိ၊ လာ၍ မေးအပ်သော်လည်း၊ န ပါတု ကရောတိ၊ ထင်ရှားစွာ ပြောပြလေ့မရှိ၊ အပုဋ္ဌဿ၊ မမေးအပ်သော ပုဂ္ဂိုလ်အား၊ ကော ပန ဝါဒေါ၊ အဘယ်မှာ ပြောဆိုခြင်း ရှိအံ့နည်း၊

လောကမှာ မသူတော်တွေ တစ်ခြားပုဂ္ဂိုလ်တစ်ယောက်ရဲ့ ဂုဏ်ကျေးဇူးမဲ့တွေရှိတယ်၊ မကောင်းသတင်းတွေ ရှိတယ်၊ အဲဒီ မကောင်းသတင်းတွေကို လာပြီး မေးမယ်ဆိုရင်တောင်မှ သူက ပေါ်ပေါ်လွင်လွင် သိပ်မပြောဘူး၊ သူတစ်ပါး မကောင်းကြောင်းကို သိပ်မပြောဘူး၊ ထင်ထင်ရှားရှား သိပ်မပြောချင်ဘူး၊ အကယ်၍ မမေးဘူး ဆိုလို့ရှိရင်တော့ ဘာမှကို သူတစ်ပါး မကောင်းကြောင်း ဘယ်တော့မှ မပြောဘူး၊ နောက်တစ်ခု-

‘‘ပုဋ္ဌော ခေါ ပန ပဥှာဘိနီတော ဟာပေတွာ လမ္ဗိတွာ အပရိပူရံ အဝိတ္ထာရေန ပရဿ အဝဏ္ဏံ ဘာသိတာ ဟောတိ’’ (အံ၊၁၊၃၈၉။)

ပုဋ္ဌော ခေါ ပန၊ မေးအပ်သည်ဖြစ်၍သာလျှင်မူလည်းကောင်း၊ ပဥှာဘိနီတော၊ ပြဿနာတစ်ခုခု ထုတ်ဆောင်၍ မေးအပ်သည်ဖြစ်၍၎င်း၊ ဟာပေတွာ၊ ချန်လှပ်၍၊ လမ္ဗိတွာ၊ ဆိုင်းဆိုင်းတွတွ ပြု၍၊ အပရိပူရံ၊ မပြည့်မစုံ၊ အဝိတ္ထာရေန၊ အကျယ်မချဲ့ဘဲ၊ ပရဿ၊ သူတစ်ပါး၏၊ အဝဏ္ဏံ၊ မကောင်းကြောင်းကို၊ ဘာသိတာ ဟောတိ၊ ပြောဆိုတတ်သည် ဖြစ်၏။

အကြောင်းကိစ္စ တစ်ခုခုရှိလို့ပေါ့နော်၊ သက်သေအရာမှ တည်ပြီးတော့ လာပြီးမေးမယ် ဆိုရင်တောင်မှ သူတစ်ပါးရဲ့ မကောင်းကြောင်းကို ဆိုင်းဆိုင်းတွတွလေးနဲ့ လျှော့လျှော့ပေါ့ပေါ့လေးနဲ့ ပြောတယ်၊ မပြည့်မစုံပြောတယ်၊ ဘယ်တော့မှ အကျယ်ချဲ့ပြီးတော့ မပြောဘူး၊ လိုရင်းလောက်ကလေးပဲ တစ်ခွန်းစ နှစ်ခွန်းစ ဒီလောက်ပဲ ပြောတယ်၊ ဒီတော့ သူတစ်ပါး မကောင်းကြောင်းကို သူက အမြဲတမ်း မပြောချင်ဘူးတဲ့ ပုဂ္ဂိုလ်တစ်မျိုး၊ အဲဒီလို ပုဂ္ဂိုလ်မျိုးကိုလည်း ဘုရားရှင်က သပ္ပုရိသ၊ သူတော်ကောင်းဆိုပြီးတော့ ဟောတယ်၊ နောက်တစ်ခု -

‘‘ပုန စပရံ ဘိက္ခဝေ သပ္ပုရိသော ယော ဟောတိ ပရဿ ဝဏ္ဏော တံ အပုဋ္ဌောပိ ပါတု ကရောတိ။ ကော ပန ဝါဒေါ ပုဋ္ဌဿ’’ (အံ၊၁၊၃၉၀။)

သူတစ်ပါးရဲ့ ကောင်းနေတဲ့ ဂုဏ်ကျေးဇူးတွေရှိတယ်၊ အဲဒီ ဂုဏ်ကျေးဇူးတွေကိုကျတော့ သူက မမေးဘဲနဲ့သော်လည်း ပြောပြတတ်တယ်၊ မေးသာမေးမယ် ဆိုလို့ရှိရင်တော့ ဘာမှ ပြောဖွယ်ရာ မလိုတော့ဘူးတဲ့နော်၊

‘‘ပုဋ္ဌော ခေါ ပန ပဥှာဘိနီတော အဟာပေတွာ အလမ္ဗိတွာ ပရိပူရံ ဝိတ္ထာရေန ပရဿ ဝဏ္ဏံ ဘာသိတာ ဟောတိ’’ (အံ၊၁၊၃၉၀။)

ပုဋ္ဌော ခေါ ပန၊ မေးအပ်သည်ဖြစ်၍သာလျှင်မူလည်းကောင်း၊ ပဥှာဘိနီတော၊ ပြဿနာတစ်ခုခု ထုတ်ဆောင်၍ မေးအပ်သည်ဖြစ်၍၎င်း၊ အဟာပေတွာ၊ မချန်မလှပ်ဘဲ၊ အလမ္ဗိတွာ၊ မဆိုင်းမတွဘဲ၊ ပရိပူရံ၊ ပြည့်ပြည့်စုံစုံ၊ ဝိတ္ထာရေန၊ အကျယ်ချဲ့၍၊ ပရဿ၊ သူတစ်ပါး၏၊ ဝဏ္ဏံ၊ ဂုဏ်ကျေးဇူးကို၊ ဘာသိတာ ဟောတိ၊ ပြောဆိုတတ်သည် ဖြစ်၏။

မေးသာ မေးခဲ့မယ် ဆိုလို့ရှိရင်တော့ သူတစ်ပါးရဲ့ ဂုဏ်ကျေးဇူးတွေကို ဘယ်တော့မှ မဆိုင်းမတွဘဲနဲ့ အကျယ်ချဲ့ပြီးတော့ ပြည့်ပြည့်စုံစုံ သူက ပြောပြတတ်တယ်၊ ဒီလို ပုဂ္ဂိုလ်ကိုလည်း သပ္ပုရိသ၊ သူတော်ကောင်းလို့ခေါ်တယ်၊ နောက်တစ်ခု -

‘‘ပုန စပရံ ဘိက္ခဝေ သပ္ပုရိသော ယော ဟောတိ အတ္တနော အဝဏ္ဏော တံ အပုဋ္ဌောပိ ပါတု ကရောတိ။ ကော ပန ဝါဒေါ ပုဋ္ဌဿ’’ (အံ၊၁၊၃၉၀။)

ပုဂ္ဂိုလ်တစ်ယောက် မိမိရဲ့ မကောင်းတဲ့ ဂုဏ်ကျေးဇူးတွေ မိမိရဲ့ အပြစ်တွေ ရှိတယ်၊ အဲဒီ အပြစ်တွေ မမေးဘဲနဲ့သော်လည်း သူက ပြောပြတတ်တယ်၊ အဲဒီတော့ ငါတော့ကွယ် ဒီအပြစ် ဒီအပြစ်တွေကို လွန်ကျူးမိတယ်၊ အဲဒီတော့ ဒီအပြစ် ဒီအပြစ်တွေကို တပည့်တော် တောင်းပန်ပါတယ်၊ နောင်အခါ တပည့်တော် ဘယ်တော့မှ မလွန်ကျူးပါဘူး ဆိုပြီးတော့ အခု ဘုန်းကြီးတွေ ဒေသနာကြားတယ်ပေါ့၊ ဆောင့်ကြောင့်လေးတွေ ထိုင်တယ်၊ တစ်ပါးနဲ့ တစ်ပါး လက်အုပ်ချီလို့၊ ဟုတ်တယ်မဟုတ်လား? အဲဒါ ဘာလုပ်တာလဲ? ဒါ အပြစ်ကို ဝန်ခံနေတာ၊ တပည့်တော် ဒီအပြစ် ဒီအပြစ် လွန်ကျူးမိတယ်၊ အဲဒါကြောင့် အရှင်ဘုရား တပည့်တော်ကို ဒီအပြစ်ကို လက်ခံတော်မူပါ၊ နောင်အခါ တပည့်တော် ဒီအပြစ်ကို ဘယ်တော့မှ မလွန်ကျူးဘူး၊ စောင့်စည်းပါ့မယ်၊ အဲဒီလို ပြောတာ၊ အဲဒါ နားမလည်တဲ့ ပုဂ္ဂိုလ်ကတော့ ဒါမျိုး ဘာလုပ်တယ်မှန်းတော့ သိချင်မှ သိမယ်နော်၊ နားလည်တဲ့ ပုဂ္ဂိုလ်ကတော့ စိတ်ထဲမှာ စိတ်ပါလက်ပါနဲ့ တကယ်ဝန်ချ တောင်းပန်တာပဲ၊ ဒါသူတော်ကောင်းတို့ရဲ့ သဘောပဲ၊ မိမိမှာ အပြစ်ရှိခဲ့ရင် ဒီအပြစ်ကို ထင်ရှားပြတယ်၊ ဘယ်တော့မှ မလျှို့ဝှက်ထားဘူး၊ ထင်ရှားပြောပြီးတော့ အကယ်၍များ မေးခဲ့မယ်ဆိုရင် -

‘‘ပုဋ္ဌော ခေါ ပန ပဥှာဘိနီတော အဟာပေတွာ အလမ္ဗိတွာ ပရိပူရံ ဝိတ္ထာရေန အတ္တနော အဝဏ္ဏံ ဘာသိတာ ဟောတိ’’ (အံ၊၁၊၃၉၀။)

ပုဋ္ဌော ခေါ ပန၊ မေးအပ်သည်ဖြစ်၍သာလျှင်မူလည်းကောင်း၊ ပဥှာဘိနီတော၊ ပြဿနာတစ်ခုခု ထုတ်ဆောင်၍ မေးအပ်သည်ဖြစ်၍၎င်း၊ အဟာပေတွာ၊ မချန်မလှပ်ဘဲ၊ အလမ္ဗိတွာ၊ မဆိုင်းမတွဘဲ၊ ပရိပူရံ၊ ပြည့်ပြည့်စုံစုံ၊ ဝိတ္ထာရေန၊ အကျယ်ချဲ့၍၊ အတ္တနော၊ မိမိ၏၊ အဝဏ္ဏံ၊ မကောင်းကြောင်း အပြစ်ကို၊ ဘာသိတာ ဟောတိ၊ ပြောဆိုတတ်သည် ဖြစ်၏။

ပြဿနာတစ်ခုခု ထုတ်ဆောင်ပြီးတော့ မေးခဲ့မယ် ဆိုလို့ရှိရင်တော့ မိမိရဲ့ အပြစ်ကို ခြွင်းချက်မရှိ မဆိုင်းမတွဘဲနဲ့ ပြည့်ပြည့်စုံစုံပြောတယ်၊ ဝန်ခံတယ်၊ မှားရင် မှားတဲ့အတိုင်း ကျကျနန ဝန်ခံလိုက်တယ်၊ အဲဒီလို ဝန်ခံတဲ့ ပုဂ္ဂိုလ်မျိုးကိုလည်း ဘုရားရှင်က သူတော်ကောင်းအဖြစ် သတ်မှတ်တယ်၊ ဒါ ကိုယ့်အပြစ်ကို ကိုယ်ကျကျနန ဝန်ခံတာ ဒါဘုရားရှင်က နှစ်ခြိုက်တယ်၊ နောက်တစ်ခု -

‘‘ပုန စပရံ ဘိက္ခဝေ သပ္ပုရိသော ယော ဟောတိ အတ္တနော ဝဏ္ဏော တံ ပုဋ္ဌောပိ န ပါတု ကရောတိ။ ကော ပန ဝါဒေါ အပုဋ္ဌဿ’’ (အံ၊၁၊၃၉၀။)

နောက်တစ်မျိုး၊ သူတော်ကောင်းဆိုတာက မိမိရဲ့ ဂုဏ်ကျေးဇူးတွေ ရှိတယ်၊ အဲဒီ ဂုဏ်ကျေးဇူးကို ဘယ်တော့မှ ထင်ရှားမပြဘူး၊ ဘုန်းကြီးတို့ အပ္ပိစ္ဆပုဂ္ဂိုလ်တွေရဲ့ ဂုဏ်ကျေးဇူးနော်၊ မိမိဟာ အလိုနည်းပါးတဲ့ ပုဂ္ဂိုလ်ဖြစ်တယ် ဆိုတာကို သူတစ်ပါး သိမှာ သိပ်ရှက်တယ်၊ မိမိ ဘာတရားတွေ ရနေတယ်, မိမိက ဈာန်တွေမှာ သမထမှာ ဘယ်လိုအောင်မြင်တယ်, ဝိပဿနာ ဘယ်လိုအောင်မြင်တယ်, မဂ်ဉာဏ်, ဖိုလ်ဉာဏ် ဘယ်လိုရတယ်၊ ဘယ်တော့မှ မပြောချင်ဘူး၊ လျှို့ဝှက်ထားတယ်၊ ရှက်တာ, ရှက်တာနော်၊ အဲဒီတော့ မိမိရဲ့ ဂုဏ်ကျေးဇူးတွေကို ဘယ်တော့မှ ထင်ရှား မပြောပြဘူး၊

ကော ပန ဝါဒေါ အပုဋ္ဌဿ၊ မမေးအပ်သည်ဖြစ်၍ မထင်ရှားပြခြင်း၌ကား အဘယ်ပြောဖွယ်ရာ ရှိအံ့နည်း။ မမေးသာ မမေးရင် ဘာမှမပြောဘူး၊

ဘုန်းကြီးတို့ စာမှာ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ ဝတ္ထုလေးတစ်ခု လာပါတယ်၊ ရဟန္တာ မထေရ်မြတ်ကြီးတစ်ပါးနဲ့ တောထွက် ကိုယ်တော်မြတ်ကြီးတစ်ပါး ကျောင်းတစ်ကျောင်းမှာ သီတင်းသုံးတော့ ဆွမ်းခံကြွတယ်၊ တစ်နေ့ ဆွမ်းခံကြွရင်းနဲ့ တောထွက်ကိုယ်တော်ကြီးက နောက်ကနေ လိုက်လာရင်း အရှေ့က ရဟန္တာမထေရ်ကြီးကို သူက မသိဘဲကိုး၊ မသိတော့ မေးတယ်၊ အရှင်ဘုရား ရဟန္တာမထေရ်ဆိုတာ ဘယ်လိုပုဂ္ဂိုလ်လဲတဲ့၊ ဒီတော့ ရှေ့က ရဟန္တာမထေရ်ကြီးက ဘာပြန်ပြောလဲ၊ ငါ့ရှင် တစ်ချို့ အသက်ကြီးမှ သာသနာဘောင်သို့ ဝင်ရောက်ပြီး ရှင်ရဟန်းပြုလာတဲ့ ပုဂ္ဂိုလ်တွေဟာ ရဟန္တာနဲ့ အတူနေတာတောင်မှ ဒါဟာ ရဟန္တာလို့ သိဖို့ အင်မတန် ခက်ခဲပါတယ်ဆိုပြီး ဒီလောက် ပြောလိုက်တယ်၊ အဲဒါတောင်မှ ဒီကိုယ်တော် မရိပ်မိဘူးနော်၊ အဲဒီ ပုံစံမျိုးပဲ၊ မိမိရဲ့ ဂုဏ်ကျေးဇူးကို ဘယ်တော့မှ ထုတ်ဖော်ပြီး မပြောဘူး၊ ငါဟာ ရဟန္တာပဲလို့ ဘယ်တော့မှ သွားပြီး မကြေညာဘူး၊ မလွှဲသာ မရှောင်သာလို့ ခုလိုမေးခဲ့မယ်ဆိုရင်လည်း -

‘‘ပုဋ္ဌော ခေါ ပန ပဥှာဘိနီတော ဟာပေတွာ လမ္ဗိတွာ အပရိပူရံ အဝိတ္ထာရေန အတ္တနော ဝဏ္ဏံ ဘာသိတာ ဟောတိ’’ (အံ၊၁၊၃၉၀။)

ပုဋ္ဌော ခေါ ပန၊ မေးအပ်သည်ဖြစ်၍သာလျှင်မူလည်းကောင်း၊ ပဥှာဘိနီတော၊ ပြဿနာတစ်ခုခု ထုတ်ဆောင်၍ မေးအပ်သည်ဖြစ်၍၎င်း၊ ဟာပေတွာ၊ ချန်လှပ်၍၊ လမ္ဗိတွာ၊ ဆိုင်းဆိုင်းတွတွ ပြု၍၊ အပရိပူရံ၊ မပြည့်မစုံ၊ အဝိတ္ထာရေန၊ အကျယ်မချဲ့ဘဲ၊ အတ္တနော၊ မိမိ၏၊ ဝဏ္ဏံ၊ ဂုဏ်ကျေးဇူးကို၊ ဘာသိတာ ဟောတိ၊ ပြောဆိုတတ်သည် ဖြစ်၏။

မိမိရဲ့ ဂုဏ်ကျေးဇူးအကြောင်းကို ခုလို မေးခွန်းထုတ်ပြီးတော့ လာမေးတာတောင်မှ ပြည့်ပြည့်စုံစုံ ဘယ်တော့မှ မပြောပြဘူး၊ ဒါ - သူတော်ကောင်းတို့ရဲ့ သဘောပဲ၊ ပေါင်းလိုက်တော့ သူတော်ကောင်းက လေးမျိုး, မသူတော်က လေးမျိုး၊ သာသနာမှာ နေပြီဆိုရင် အဲဒီ စိတ်ထားလေးတွေရှိဖို့ လိုပါတယ်နော်၊ ဒီစိတ်ထား ရှိစေချင်တဲ့အတွက် ဘုရားရှင်က ဘာဆက်ဟောလဲ၊ အဲဒါလေး ဘုန်းကြီးက ဒီည နိဂုံးချုပ်ချင်တာနော်၊

‘‘သေယျထာပိ ဘိက္ခဝေ ဝဓုကာ ယညဒေဝ ရတ္တိံ ဝါ ဒိဝံ ဝါ အာနီတာ ဟောတိ၊ တာဝဒေဝဿာ တိဗ္ဗံ ဟိရောတ္တပ္ပံ ပစ္စုပဋ္ဌိတံ ဟောတိ သဿုယာပိ သသုရေပိ သာမိကေပိ အန္တမသော ဒါသကမ္မကရပေါရိသေသု’’ (အံ၊၁၊၃၉၀။)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့၊ သေယျထာပိ၊ ဖြစ်သင့် ဖြစ်ရာ နှိုင်းခိုင်းဖွယ်ရာ လောကဥပမာသည်ကား၊ ယညဒေဝ ရတ္တိံ ဝါ၊ အကြင်ည၌သော်လည်းကောင်း၊ ယညဒေဝ ဒိဝံ ဝါ၊ အကြင်နေ့၌သော်လည်းကောင်း၊ ဝဓုကာ၊ ချွေးမကို၊ အာနီတာ၊ ခေါ်ဆောင်လာအပ်သည်၊ ဟောတိ၊ ဖြစ်၏။

ညမှာပဲ ဖြစ်စေ, နေ့မှာပဲ ဖြစ်စေ, ချွေးမကို ယောက်ျားအိမ်ကို ခေါ်ဆောင်လာခဲ့ပြီ ဆိုကြစို့၊

တာဝဒေဝ၊ ထိုမျှလောက်သော ကာလပတ်လုံး၊ အဿာ၊ ထိုချွေးမ၏ သန္တာန်၌၊ သဿုယာပိ၊ ယောက္ခမ မိန်းမသူအပေါ်၌လည်းကောင်း၊ သသုရေပိ၊ ယောက္ခမ ယောက်ျားသူအပေါ်၌ လည်းကောင်း၊ သာမိကေပိ၊ အိမ်ရှင်ယောက်ျားအပေါ်၌သော်လည်းကောင်း၊ အန္တမသော၊ အောက်ထစ်ပိုင်းခြား အယုတ်ဆုံးအားဖြင့်၊ ဒါသကမ္မကရပေါရိသေသုပိ၊ ကျွန်ယောက်ျား ကျွန်မိန်းမ, အလုပ်သမားတို့အပေါ်၌လည်းကောင်း၊ တိဗ္ဗံ၊ လွန်ကဲထက်မြက်သော၊ ဟိရောတ္တပ္ပံ၊ ရှက်ခြင်း ကြောက်ခြင်း ဟီရိဩတ္တပ္ပတရားသည်၊ ပစ္စုပဋ္ဌိတံ၊ ရှေးရှုတည်နေသည်၊ ဟောတိ၊ ဖြစ်၏။

ချွေးမအသစ်ကလေး ဒီနေ့မှ ရောက်လာတယ်, ဒီညမှ ရောက်လာတယ်၊ ရောက်လာတဲ့ အချိန်အခါမှာ ဒီချွေးမအသစ်ကလေးက ဘယ်လိုဖြစ်နေလဲ? ယောက္ခမ မိန်းမသူအပေါ်မှာ, ယောက္ခမ ယောက်ျားသူအပေါ်မှာ၊ အိမ်ရှင်ယောက်ျားအပေါ်မှာ, အောက်ထစ်ဆုံးအားဖြင့် အိမ်မှာ ခိုင်းစေနေတဲ့ ကျွန်တွေ အလုပ်သမားတွေ အပေါ်မှာသော်လည်းပဲ အလွန် ပြင်းထန်တဲ့ ရှက်မှု, ကြောက်မှု ရှိနေတယ်တဲ့၊ သူ့သန္တာန်မှာ ရှက်မှု, ကြောက်မှု ရှေးရှုတည်နေတယ်တဲ့နော်၊

‘‘သာ အပရေန သမယေန သံဝါသမနွာယ ဝိဿာသမနွာယ သဿုမ္ပိ သသုရမ္ပိ သာမိကမ္ပိ ဧဝမာဟ - အပေထ၊ ကိံ ပန တုမှေ ဇာနာထာတိ’’ (အံ၊၁၊၃၉၀။)

သာ၊ ထိုချွေးမသည်၊ အပရေန သမယေန၊ နောက်ပိုင်း အချိန်အခါကာလ၌၊ သံဝါသံ၊ ပေါင်းဖော်ယှဉ်တွဲခြင်းကို၊ အနွာယ၊ အစွဲပြု၍၊ ဝိဿာသံ၊ ချစ်ကျွမ်းဝင်ခြင်းကို၊ အနွာယ၊ အစွဲပြု၍၊ သဿုမ္ပိ၊ ယောက္ခမ မိန်းမသူအပေါ်၌သော်လည်းကောင်း၊ သသုရမ္ပိ၊ ယောက္ခမ ယောက်ျားသူအပေါ်၌လည်းကောင်း၊ သာမိကမ္ပိ၊ အိမ်ရှင်ယောက်ျားအပေါ်၌ သော်လည်းကောင်း၊ ဧဝံ၊ ဤသို့၊ အာဟ၊ ပြောဆိုတတ်၏။

တစ်ဖြည်းဖြည်းကြာလာတော့ နည်းနည်းလေး ရင်းနှီးလာပြီး၊ ပေါင်းသင်း ဆက်ဆံမှုတွေကများတော့ ချစ်ကျွမ်းဝင်လာကြပြီ၊ အဲဒီ အချိန်အခါကျမှ ဒီချွေးမက ဘာလုပ်သလဲ? ယောက္ခမ ယောက်ျားသူကို, ယောက္ခမ မိန်းမသူကို အိမ်ရှင်ယောက်ျားကို သူက ဘယ်လိုပြောလာသလဲ?

အပေထ၊ ဖယ်ကြကုန်လော့၊ တုမှေ၊ သင်တို့သည်၊ ကိံ ပန ဇာနာထ၊ ဘာကို သိကြပါကုန်သနည်း။

သင်တို့ ဘာသိလို့လဲ, ဖယ်စမ်း, သွားစမ်း၊ နောက်ပိုင်းကျတော့ ဘာဖြစ်လာပြီတဲ့၊

‘‘ဧဝမေဝံ ခေါ ဘိက္ခဝေ ဣဓေကစ္စော ဘိက္ခု ယညဒေဝ ရတ္တိံ ဝါ ဒိဝံ ဝါ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတော ဟောတိ’’ (အံ၊၁၊၃၉၀။)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့၊ ဧဝမေဝ ခေါ၊ ဤဥပမာ အတူသာလျှင်မူလည်းကောင်း၊ ဣဓ၊ ဤသာသနာတော်မြတ်အတွင်း၌၊ ဧကစ္စော ဘိက္ခု၊ အချို့သော ရဟန်းသည်၊ ယညဒေဝ ရတ္တိံ ဝါ၊ အကြင် ည၌သော်လည်းကောင်း၊ ယညဒေဝ ဒိဝံ ဝါ၊ အကြင် နေ့၌သော်လည်းကောင်း၊ အဂါရသ္မာ၊ အိမ်ရာတည်ထောင် လူ့ဘောင်မှ၊ အနဂါရိယံ၊ အိမ်ရာမထောင်သည့် ရဟန်းဘောင်သို့၊ ပဗ္ဗဇိတော၊ ဝင်ရောက်၍ ရှင်ရဟန်းပြုလာသည်ဖြစ်၏။

တစ်ချို့ တစ်ချို့ ရဟန်းတော်တွေ ဒီညမှာ ဖြစ်စေ, ဒီနေ့မှာ ဖြစ်စေ အိမ်ရာတည်ထောင် လူ့ဘောင်မှ ခွာရှောင်ပြီး အိမ်ရာမထောင်တဲ့ ရဟန်းဘောင်သို့ ရောက်လာပြီ၊

‘‘တာဝဒေဝဿ တိဗ္ဗံ ဟိရောတ္တပ္ပံ ပစ္စုပဋ္ဌိတံ ဟောတိ ဘိက္ခူသု ဘိက္ခုနီသု ဥပါသကေသု ဥပါသိကာသု အန္တမသော အာရာမိကသမဏုဒ္ဒေသေသု’’ (အံ၊၁၊၃၉၀။)

တာဝဒေဝ၊ ထိုခဏ၌ပင်လျှင်၊ အဿ၊ ထိုရဟန်းတော်၏ သန္တာန်၌၊ ဘိက္ခူသု၊ ရဟန်းယောက်ျားတို့ အပေါ်၌၊ ဘိက္ခုနီသု၊ ရဟန်းမိန်းမတို့အပေါ်၌၊ ဥပါသကေသု၊ ဥပါသကာ ဒါယကာတို့အပေါ်၌၊ ဥပါသိကာသု၊ ဥပါသိကာ ဒါယကာမတို့အပေါ်၌၊ အန္တမသော၊ အောက်ထစ်ပိုင်းခြား အယုတ်ဆုံးအားဖြင့်၊ အာရာမိကသမဏုဒ္ဒေသေသု၊ အာရာမ်စောင့် သာမဏေတို့ အပေါ်၌သော်လည်းပဲ၊ တိဗ္ဗံ၊ ပြင်းထန်ထက်မြက်သော၊ ဟိရောတ္တပ္ပံ၊ ဟီရိဩတ္တပ္ပတရားသည်၊ ပစ္စုပဋ္ဌိတံ၊ ရှေးရှုတည်နေသည်၊ ဟောတိ၊ ဖြစ်၏။

ရဟန်းအသစ်ကလေး ဒီနေ့မှ ရှင်ရဟန်းပြုလာပြီဆိုရင် ရဟန်းယောက်ျားတွေအပေါ် ရဟန်းမိန်းမတွေအပေါ် ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်နေတဲ့ ဥပါသကာဒါယကာတွေ, ဥပါသိကာမတွေအပေါ်မှာ ယုတ်စွအဆုံး သာမဏေတို့အပေါ်၌သော်လည်းပဲ ထက်မြက်တဲ့ ပြင်းထန်တဲ့ ကြောက်ရွံ့မှု, ရှက်မှု, ကြောက်မှု ရှိနေတယ်တဲ့၊

‘‘သော အပရေန သမယေန သံဝါသမနွာယ ဝိဿာသမနွာယ အာစရိယမ္ပိ ဥပဇ္ဈာယမ္ပိ ဧဝမာဟ’’ (အံ၊၁၊၃၉၀။)

သော၊ ထိုရဟန်းသည်၊ အပရေန သမယေန၊ တစ်ပါးသောအခါ၌၊ သံဝါသံ၊ ပေါင်းဖော်ယှဉ်တွဲခြင်းကို၊ အနွာယ၊ အစွဲပြု၍၊ ဝိဿာသံ၊ ချစ်ကျွမ်းဝင်ခြင်းကို၊ အနွာယ၊ အစွဲပြု၍၊ အာစရိယမ္ပိ၊ ဆရာကိုသော်လည်းကောင်း၊ ဥပဇ္ဈာယမ္ပိ၊ ဥပဇ္ဈာယ်ကိုသော်လည်းကောင်း၊ ဧဝံ၊ ဤသို့၊ အာဟ၊ ပြောဆိုတတ်၏။

နောက်ပိုင်းကြာလာတဲ့အချိန်အခါမှာ တစ်ပါးနဲ့တစ်ပါး ပေါင်းဖော်ယှဉ်တွဲမှုကို အစွဲပြုပြီးတော့ ဘုန်းကြီးတစ်ပါးနဲ့တစ်ပါး, သီလရှင် တစ်ပါးနဲ့တစ်ပါးပေါ့နော်၊ ကြာကြာနေလာတဲ့ အခါကျတော့ ဘာဖြစ်လဲ?

အာစရိယမ္ပိ၊ ဆရာသမားကိုသော်လည်းကောင်း၊ ဥပဇ္ဈာယမ္ပိ၊ ဥပဇ္ဈာယ်ကိုသော်လည်းကောင်း၊ ဧဝံ၊ ဤသို့၊ အာဟ၊ ပြောဆိုတတ်၏။

ဆရာသမားကိုရော ဥပဇ္ဈာယ်ကိုရော ဒီလို ပြောတတ်ပြီတဲ့၊ ဘယ်လိုလဲ?

အပေထ၊ ဖယ်ကြကုန်လော့၊ တုမှေ၊ အရှင်ဘုရားတို့သည်၊ ကိံ ပန ဇာနာထ၊ အဘယ်ကို သိကြပါကုန်သနည်း။

ကဲ ဖယ်စမ်း, ဖယ်စမ်း အရှင်ဘုရားတို့ ဘာနားလည်လို့လဲ? ဆရာလေးတွေ ဖယ်လိုက်၊ သွား ရှင်တို့ ဘာနားလည်လို့လဲ? ဆရာလေးတွေ ဘာနားလည်လို့လဲ? ဟော ဟော သူက ဖြစ်လာပြန်ပြီ၊ ကြာလာရင် အဲဒီလို ဖြစ်ကြတယ်တဲ့၊ ဘယ့်နှယ့်တုန်း ဟုတ်သလား?ရဟန်းတွေ, သီလရှင်တွေရော ဟုတ်ကြသလား? ဟင် အဲဒီလို ပုဂ္ဂိုလ်မျိုးတွေကို ဘုရားရှင်က သာသနာမှာ ရှိစေချင်သလား? မရှိစေချင်ဘူး၊

‘‘တသ္မာတိဟ ဘိက္ခဝေ ဧဝံ သိက္ခိတဗ္ဗံ’’

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့၊ တသ္မာ၊ ထို့ကြောင့်၊ ဣဟ၊ ဤသာသနာတော်မြတ်အတွင်း၌၊ တုမှေ၊ သင်ချသားတို့သည်၊ ဧဝံ၊ ဤသို့၊ သိက္ခိတဗ္ဗံ၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်အပ်၏။

သာသနာတော်မှာ ဒီလိုကျင့်စမ်းပါတဲ့၊ ဘယ်လို ကျင့်ရမလဲ?

‘‘အဓုနာဂတဝဓုကာသမေန စေတသာ ဝိဟရိဿာမာတိ၊ ဧဝဥှိ ဝေါ ဘိက္ခဝေ သိက္ခိတဗ္ဗံ’’ (အံ၊၁၊၃၉၀။)

အဓုနာဂတဝဓုကာသမေန၊ ရောက်ကာစဖြစ်သော ချွေးမနှင့်တူနေသော၊ စေတသာ၊ စိတ်ဓာတ်ဖြင့်၊ ဝိဟရိဿာမ၊ နေထိုင်ကြပါကုန်အံ့၊ ဣတိ၊ ဤသို့၊ ဧဝဥှိ၊ ဤသို့လျှင်၊ ဝေါ၊ သင်ချစ်သားတို့သည်၊ သိက္ခိတဗ္ဗံ၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်အပ်၏။

ချွေးမနဲ့တူနေတဲ့ စိတ်ဓာတ်ဖြင့် သာသနာတော်မှာ နေထိုင်မယ်၊ ချွေးမ။ ဘယ်လို ချွေးမလဲ? ရောက်ကာစ ချွေးမ သို့မဟုတ် ချွေးမ အသစ်စက်စက်ကလေး၊ ချွေးမအသစ်စက်စက်နှင့် တူညီနေတဲ့ စိတ်ဓာတ်ဖြင့် သာသနာတော်မှာနေထိုင်ပါတဲ့၊ အဲဒီလို နေထိုင်နိုင်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါဆိုပြီး ဘုရားရှင်က တိုက်တွန်းတယ်၊ ဒီတော့ ဒီနေရာမှာ မေးချင်လည်းမေးကြမယ်၊

အရှင်ဘုရား တပည့်တော်တို့က ချွေးမ မဖြစ်ဖူးဘူး၊ ဘယ်နှယ့်လုပ်မလဲ? ဟုတ်တယ်မဟုတ်လား? ဒီလိုမေးချင်လဲ မေးကြမယ်၊ ဒီတော့ ဘုန်းကြီးဖက်ကလည်း ပြန်ဖြေစရာတော့ ရှိပါတယ်၊ ဘယ်လိုဖြေမလဲ? မြတ်စွာဘုရားလည်း လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းအတွင်းထဲမှာ တစ်ခါမှ ချွေးမ မဖြစ်ဖူးဘူး၊ ဘာဖြစ်လို့လဲ? လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းအတွင်းထဲမှာ သူက တစ်ခါမှ အမျိုးသမီး မဖြစ်ဘူး, တစ်ခါမှ အမျိုးသမီးဘဝ မရောက်ခဲ့ဖူးတဲ့အတွက် တစ်ခါမှလည်း ချွေးမ မဖြစ်ခဲ့ဖူးဘူး၊ ချွေးမ မဖြစ်ဖူးပေမယ့်လို့ ဘုရားရှင်က ချွေးမအသစ်လေးဟာ ဘယ်လိုစိတ်ထားရှိတယ်ဆိုတာ မသိဘူးလား? သိနေတယ်၊ သိနေတဲ့အတွက် မြတ်စွာဘုရားက ဒီလို ဟောတာပါနော်၊ အဲဒီတော့ တရားနာနေတဲ့ ပုဂ္ဂိုလ်တွေလည်းပဲ ရောက်ကာစ ချွေးမအသစ်နှင့် တူညီတဲ့ စိတ်ဓာတ်ဖြင့် သာသနာမှာ နေထိုင်ကြစမ်းပါဆိုပြီး ဒီလို ဟောနေတယ်၊ ဘယ်လိုစိတ်ထားလဲ?

မိမိတို့ရဲ့ သီတင်းသုံးဖော် အချင်းချင်းပေါ်၌ ပြင်းထန်ထက်မြက်နေတဲ့ ရှက်မှု, ကြောက်မှု ရှိကြပါတဲ့၊ တစ်ပါးကို တစ်ပါး ရိုသေကြပါ, လေးစားကြပါ, ရှက်ကြပါ, ကြောက်ကြပါ၊ တစ်ပါးကိုတစ်ပါး ရှက်မှု, ကြောက်မှု, ချစ်ခင်လေးစားမှု, ရိုသေမှု, လေးစားမှု မရှိကြတော့ဘူးဆိုရင် ဒီသာသနာမှာ နေထိုင်ရတာ စိတ်ချမ်းသာမှု ရှိဦးမလား? မရှိတော့ဘူး၊

ဆရာလေးက ဘာနားလည်လို့လဲ, အရှင်ဘုရားက ဘာနားလည်လို့လဲ? ဒီပုံစံဖြင့် သာသနာမှာ နေထိုင်ရမလား? မနေထိုင်ရဘူး၊ ရောက်ကာစ ချွေးမစိတ်ထားနှင့် တူညီနေတဲ့ စိတ်ဓာတ်ဖြင့် သာသနာမှာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပြီးတော့ အရှက်, အကြောက် ပြည့်ပြည့်ဝဝဖြင့် နေထိုင်ကြပါ ဆိုပြီးတော့ ဒီလို ဘုရားရှင် တိုက်တွန်းထားပါတယ်နော်၊ အဲဒီလို တိုက်တွန်းတဲ့အတိုင်း ဘုရားရှင် လက်ထက်တော်က ရောက်ကာစ ချွေးမနှင့် တူညီတဲ့စိတ်ဓာတ်ဖြင့် နေထိုင်ကာ သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်တွေကို အဆင့်ဆင့် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြတဲ့အတွက် အရဟတ္တဖိုလ်ပေါက် နိဗ္ဗာန်ကို ရရှိသွားတဲ့ သူတော်ကောင်းတွေ ဂဏန်းချပြီး ရေတွက်မယ်ဆိုရင် ရေတွက်လို့ မရနိုင်အောင် များပြားခဲ့ပါတယ်၊

ဒါကြောင့် ထိုသူတော်ကောင်းတို့ရဲ့ သာသနာတော်မှာ နေထိုင်သွားတဲ့ ထုံးကို နှလုံးမူပြီးတော့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ကြပါစေလို့ တိုက်တွန်းရင်းဖြင့် တရားသိမ်းကြရအောင်နော်၊

‘‘ဟိတွာ ကာမေ ပဗ္ဗဇိံသု သန္တော ဂမ္ဘီရစိန္တကာ၊
တေ တုမှေပျနုသိက္ခဝှေါ ပဗ္ဗဇိတာ သုပေသလာ’’

သန္တော၊ ဘုရားအလျာ ပစ္စေကာနှင့် အရိယာနွယ်လောင်း ဟို တို့ရှေ့က သူတော်ကောင်းတို့သည်၊
ဂမ္ဘီရစိန္တကာ၊ နက်နဲသည့် ဓာတ်သဘောတွေကို နက်နဲစွာကြံဆင် အကြံကောင်း ဝင်တော်မူကြကုန်သည်ဖြစ်၍၊
ကာမေ၊ ရှေးကပြုဖန် ကုသိုလ်ကံတို့ စီမံထောက်မ လက်ရောက်ရသား များလှဇနီးသည် ကြီးကြီးငယ်နှင့် နှီးနွယ်နှောယူ ကိုယ်တော်တို့ပိုင်သသည့် ကာမဝတ္ထုအစုစုတို့ကို၊
ဟိတွာ၊ ငါတို့ပိုင်ငြား ဤကာမတရားတို့သည် အများနှင့်ဆက်ဆံ ဘေးတွေကဝန်းရံ ရန်တွေကမြောက်များ တကယ်ကို ကြောက်လန့်ဖွယ်တွေပါတကားဟု ကြောက်အားတော်ဉာဏ်ကြွယ် လွတ်လွတ်ကြီး စွန့်ပယ်တော်မူကြကုန်သည်ဖြစ်၍၊
ပဗ္ဗဇိံသု၊ ဃရာဝါသသဗ္ဗာဓဟု ကိစ္စများမြောင် လူတို့ဘောင် ဝဋ်နှောင်ကို လွတ်အောင်ကြုံးလျက် ရုန်းကန်ထွက်၍ နှစ်သက်ရွှင်လန်း ရှင်ရဟန်းပြု၍ တောထွက်တော်မူကြလေကုန်ပြီ၊
တုမှေပိ၊ မြတ်နေက္ခမ္မ ဓာတ်အာသယဟု ဆန္ဒကိန်းအောင်း သင်သူတော်ကောင်းတို့သည်လည်းပဲ၊
ပဗ္ဗဇိတာ၊ ဝတ္ထုကာမဟူသမျှမှ မရအရ ကြုံးလျက် ရုန်းကန်ထွက်ကြကုန်သည်ဖြစ်၍၊
သုပေသလာ၊ စာမရီသားမြီးဖျားခုံမင် ပုံအသွင်သို့ ချစ်ခင်လေးမြတ် နှစ်သက်အပ်သော သီလကိုယ်စီကိုယ်ငှ ရှိကြကုန်သည်ဖြစ်၍၊
တေ၊ ထိုဘုရားအလျာ ပစ္စေကာနှင့် အရိယာအနွယ်လောင်း ဟိုတို့ရှေ့က သူတော်ကောင်းတို့ကို၊
အနုသိက္ခဝှေါ၊ အတုလိုက်ကာ ကျင့်တတ်ရာကို ကျင့်ကာမသွေ အားထုတ်နိုင်ကြပါစေကုန်သတည်း။

သာဓု- သာဓု- သာဓုပါဘုရား

ဖားအောက်တောရဆရာတော်
4w3r3lcsyib6npaclhkxqdpijtx012v 22058 22057 2026-06-12T05:51:43Z Tejinda 173 22058 wikitext text/x-wiki {{header | title = ဓမ္မနှင့်အဓမ္မတရားတော် | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = [[စျာနသုတ်]] | previous2 = | next = [[ဒါရုက္ခန္ဓောပမသုတ်]] | next2 = | year = | notes = | edition = | categories = ဖားအောက်တောရ | shortcut = | portal = }}
ဓမ္မနှင့်အဓမ္မတရားတော်

ပထမပိုင်း

(ဩကာသကန်တော့ချိုးနှင့်ဆုပေး)

ဒီနေ့ ဟောကြားမယ့် တရားကတော့ ပိဋကတ်တိုက်မှာ ပိဋကတ်သုံးပုံနဲ့ ဆက်စပ်နေတဲ့ အရပ်ရပ်သော ကျမ်းစာများအလှူဒါန၊ ထုတ်ဝေဆဲဖြစ်တဲ့ နိဗ္ဗာနဂါမိနိပဋိပဒါ အမည်ရှိသော ကျမ်းစာအတွက် ဓမ္မပူဇာအဖြစ်ဖြင့် လှူဒါန်းပူဇော်အပ်သော ဓမ္မဒါန၊ ဤဓမ္မဒါန ကုသိုလ်အရပ်ရပ်တို့အတွက် ဟောကြားအပ်တဲ့ အနုမောဒနာတရားလို့ ဒီလိုပဲမှတ်ပါနော်။

ဒီအနုမောဒနာတရားကတော့ ဘုန်းကြီး သုတ္တန် တော်တော်ခပ်များများကို ညွှန့်ပေါင်းအနေနဲ့ ဟောကြားရမှာ ဖြစ်ပါတယ်၊ ထိုသုတ္တန် ခပ်များများထဲမှာ အထူးသဖြင့် မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် အင်္ဂုတ္တိုရ် ဧကနိပါတ် ဒုတိယ ပမာဒါဒိဝဂ်၌ ဟောကြားတော်မူအပ်တဲ့ ဓမ္မ။ အဓမ္မ နှင့် ဆက်စပ်နေတဲ့ သုတ္တန်နှစ်ခု၊ အဓမ္မဝဂ်မှာ ဓမ္မ။ အဓမ္မ နှင့် အလားတူပဲ ဆက်စပ်နေတဲ့ သုတ္တန်က နှစ်ခု၊ ပေါင်း ဒီသုတ္တန်လေးခုကို ဦးတည်ပြီးတော့ အနုမောဒနာတရား ဟောဖို့ ရည်ရွယ်ထားပါတယ်။

ဒီသုတ္တန်တွေကို ဘုရားရှင်ကိုယ်တော်တိုင် ဟောကြားပြသ ဆိုဆုံးမ ထားတော်မူတဲ့အတွက် ဒေသက ဖြစ်တော်မူသော ဘုရားရှင်အား ရှေးဦးစွာ ရှိခိုးပူဇော် ကန်တော့ကြရအောင်နော်။

ဒီနေ့ လှူမယ့် ကျမ်းစာတွေထဲမှာ မဟာနမက္ကာရ ဘုရားရှိခိုး ဆိုပြီးတော့ ဘားအံက ဒေါ်ခေမိကာတို့မိသားစုက လှူဒါန်းပူဇော်ကြပါတယ်၊ ထိုမဟာနမက္ကာရ ဘုရားရှိခိုးထဲမှာ ဂါထာတစ်ခုအဖြစ် ပါဝင်နေတဲ့ ဘုရားရှိခိုး ဂါထာတစ်ခု။ ထိုဂါထာဖြင့် ရှိခိုးကြရအောင်နော်။

‘‘မုနိန္ဒက္ကော ယေကော ဒယုဒယရုဏော ဉာဏဝိတ္ထိဏ္ဏဗိမ္ဗော။
ဝိနေယျပ္ပါဏောဃံ ကမလကထိတံ ဓမ္မရံသိဝရေဟိ၊
သုဗောဓေသိ သုဒ္ဓေ တိဘဝကုဟရေ ဗျာပိတက္ကိတ္တိနဉ္စ။
တိလောကေကစ္စက္ခုံ ဒုခမသဟနံ တံ မဟေသိံ နမာမိ’’

ဒယုဒယရုဏော၊ မဟာကရုဏာတော်သမာပတ်တည်းဟူသော တက်သစ်စ နေအရုဏ်လည်း ရှိတော်မူထသော။ ဉာဏဝိတ္ထိဏ္ဏဗိမ္ဗော၊ သဗ္ဗညုတဉာဏ်တော်မြတ်တည်းဟူသော ကျယ်ပြန့်သော စက်ဝန်းတော်လည်း ရှိတော်မူထသော။ ဧကော၊ သောင်းလောကဓာတ် တစ်ခွင်ဝယ် တုဘက်မပြူ တစ်ဆူတည်းသာ ပွင့်ထွန်း ပေါ်ပေါက်၍ လာတော်မူပေသော။ ယော မုနိန္ဒက္ကော၊ အကြင် ဘုရားတည်းဟူသော နေမင်းသည်။ သုဒ္ဓေ၊ သန့်ရှင်းဖြူစင် အေးမြကြည်လင်လှပေသော။ တိဘဝကုဟရေ၊ ကာမ-ရူပ-အရူပတည်းဟူသော ဘဝသုံးထပ် ဘုံသုံးရပ်ကြာအိုင်၌၊ (နိဗ္ဗတ္တံ၊ ပါရမီကံ စီမံလှုံ့ဆော်သဖြင့် အသင့်ဖြစ်ထွန်း ပေါ်ပေါက်၍ နေပေသော၊) ကမလကထိတံ၊ ကြာဟူ၍ ခေါ်ဆိုသမုတ်အပ်သော။ ဝိနေယျပ္ပါဏောဃံ၊ ကျွတ်ထိုက်သသူ လူနတ်ဗြဟ္မာ ဝေနေယျကြာ သတ္တဝါအပေါင်းကို။ ဓမ္မရံသိဝရေဟိ၊ မဂ်ပေါက်ဖိုလ်ဝင် နိဗ္ဗာန်ကို မြင်သိစေတတ်သည့် သူတော်ကောင်းတရားတည်းဟူသော မြတ်သော ဒေသနာ ရောင်ခြည်တော်တို့ဖြင့်။ သုဗောဓေသိ၊ သစ္စာလေးရပ် တရားမြတ်ကို ထွင်းဖောက် သိမြင်စေလျက် ကောင်းစွာ ပွင့်စေတော်မူခဲ့လေပြီ။

ဗျာပိတက္ကိတ္တိနဉ္စ၊ သောင်းလောကဓာတ် တစ်ခွင်ဝယ် သူမတူသော သီလ-သမာဓိ-ပညာဂုဏ်သကတ်ကြောင့် ဗြဟ္မာ့ဘုံတိုင် ပြန့်လှိုင်ကျော်ကြား ထင်ရှားတော်မူပေထသော။ တိလောကေကစ္စက္ခုံ၊ ဗြဟ္မာနတ်လူ သုံးဘုံသူတို့၏ တစ်လုံးတည်းသော မျက်စိသဖွယ် ဖြစ်တော်မူပေထသော။ ဒုခမသဟနံ၊ မဟာပထဝီမြေကြီးနှင့် တူစွာ သည်းခံနိုင်ခဲသောအရာကို သည်းခံတော်မူတတ်ထသော။ မဟေသိံ၊ သီလက္ခန္ဓ သမာဓိက္ခန္ဓ ပညာက္ခန္ဓ ဝိမုတ္တိက္ခန္ဓ ဝိမုတ္တိဉာဏဒဿနက္ခန္ဓတည်းဟူသော ဂုဏ်ကျေးဇူး အထူးတို့ကို ဆည်းပူးရှာမှီး လေ့ကျက်တော် မူပြီးသော။ တံ မုနိန္ဒက္ကံ၊ ထို ဘုရားတည်းဟူသော နေမင်းကို။ အဟံ၊ တရားဟော, တရားနာဟု ခေါ်ဆိုသမုတ်အပ်သော တပည့်တော်သည်။ နမာမိ၊ ကာယဝစီ မနောချီလျက် အဉ္စလီညွတ်ကျိုး လက်ဆယ်ဖြာ ထိပ်မှာမိုး၍ ရှိခိုးဦးညွတ်ပါ၏ မြတ်စွာဘုရားတည်း။

(သာဓု - သာဓု - သာဓု)

‘‘ယေ တေ ဘိက္ခဝေ ဘိက္ခူ အဓမ္မံ ဓမ္မောတိ ဒီပေန္တိ၊ တေ ဘိက္ခဝေ ဘိက္ခူ ဗဟုဇနအဟိတာယ ပဋိပန္နာ ဗဟုဇနအသုခါယ ဗဟုနော ဇနဿ အနတ္ထာယ အဟိတာယ ဒုက္ခာယ ဒေဝမနုဿာနံ’’ (အံ၊၁၊၁၈။)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ ယေ တေ ဘိက္ခူ၊ အကြင်ရဟန်းတို့သည်ကား။ အဓမ္မံ၊ အဓမ္မကို။ ဓမ္မောတိ၊ ဓမ္မဟူ၍။ ဒီပေန္တိ၊ ထင်ရှားပြ၍ နေကြလေကုန်၏။ ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ တေ ဘိက္ခူ၊ ထိုရဟန်းတော်တို့သည်ကား။ ဗဟုဇနအဟိတာယ၊ လူသတ္တဝါအပေါင်း၏ လူများအပေါင်း၏ အကျိုးစီးပွားမဲ့ခြင်းငှာ။ ဗဟုဇနအသုခါယ၊ များစွာသော လူအပေါင်း၏ ချမ်းသာမဲ့ခြင်းငှာ။ ဗဟုနော ဇနဿ၊ များစွာသော လူအပေါင်း၏။ အနတ္ထာယ၊ အကျိုးမဲ့ခြင်းငှာ။ အဟိတာယ၊ အကျိုးစီးပွား မရှိခြင်းငှာ။ ဒုက္ခာယ၊ ဆင်းရဲခြင်းငှာ။ ဒေဝမနုဿာနံ၊ နတ်လူတို့၏။ ပဋိပန္နာ၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်၍ နေတဲ့ပုဂ္ဂိုလ်တို့သည်။ ဟောန္တိ၊ ဖြစ်ကြလေကုန်၏။

ရဟန်းတော်တစ်ချို့ ဆိုကြစို့နော်၊ ထိုရဟန်းတွေက အဓမ္မကို ဓမ္မလို့ ထင်ရှားဟောပြနေကြတယ်၊ အဲ့ဒီလို အဓမ္မကို ဓမ္မလို့ ထင်ရှားဟောပြနေတဲ့ ရဟန်းတော်တွေသည် သတ္တဝါအပေါင်း, လူများအပေါင်း, အကျိုးစီးပွားမဲ့ဖို့ရန်အတွက်, ချမ်းသာသုခ မရှိဖို့ရန်အတွက်, လူများအပေါင်းရဲ့ အကျိုးမဲ့ခြင်းငှာ နတ်လူတို့ရဲ့ အကျိုးစီးပွား မရှိဖို့ရန်, ဆင်းရဲဒုက္ခ ရောက်ဖို့ရန်အတွက် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ ရဟန်းတွေဖြစ်ကြတယ်၊

နောက်ထပ် မြတ်စွာဘုရား ဘာဆက်ဟောသလဲ၊

‘‘ဗဟုဉ္စ တေ ဘိက္ခဝေ ဘိက္ခူ အပုညံ ပသဝန္တိ။’’ (အံ၊၁၊၁၈။)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ တေ ဘိက္ခူ၊ ထိုရဟန်းတော်တို့သည်ကား။ ဗဟုဉ္စ အပုညံ၊ များပြားလှစွာသော မကောင်းမှုကိုလည်း။ ပသဝန္တိ၊ ဖြစ်ပေါ်စေကြကုန်၏။

ဒီလို ဟောနေတဲ့ ရဟန်းတွေက နတ်လူတို့ ဆင်းရဲဒုက္ခရောက်ဖို့, အကျိုးမရှိဖို့, ချမ်းသာကင်းဖို့အတွက်သာ မကဘူး၊ ကြားနာရတဲ့ ပရိသတ်တွေရဲ့သန္တာန်မှာ အကုသိုလ်တရားတွေ ဖြစ်ပွားအောင် များစွာသော အကုသိုလ်တရားတွေကို ဖြစ်ပေါ်စေတတ်တဲ့ ရဟန်းတွေလည်း ဖြစ်ကြတယ်တဲ့၊ ဒီလောက်တွင်လားဆိုတော့ မကသေးဘူး၊

‘‘တေ စိမံ သဒ္ဓမ္မံ အန္တရဓာပေန္တိ’’ (အံ၊၁၊၁၈။)

တေ စ၊ ထိုရဟန်းတော်တို့သည်လည်း။ ဣမံ သဒ္ဓမ္မံ၊ ဤသဒ္ဓမ္မငါးဖြာ သာသနာတော်မြတ်ကြီးကို။ အန္တရဓာပေန္တိ၊ ကွယ်ပစေကြကုန်၏။

အဲ့ဒီ ရဟန်းတွေဟာ ဘုရားရှင်ရဲ့ သဒ္ဓမ္မငါးဖြာ သာသနာတော်ကြီးကို ကွယ်ပအောင်လုပ်နေတဲ့ ရဟန်းတွေဖြစ်ကြတယ်တဲ့၊ ဒါက သုတ္တန်လေးတစ်ခုပဲနော်၊ ဒုတိယ ပမာဒါဒိဝဂ်မှာ လာတဲ့ နံပါတ် (၁၃၀)မြောက်ဖြစ်တဲ့ သုတ္တန်တစ်ခုပဲ၊ နောက်သုတ္တန်တစ်ခု မြတ်စွာဘုရား ဆက်ဟောပြန်တယ်၊

‘‘ယေ တေ ဘိက္ခဝေ ဘိက္ခူ ဓမ္မံ အဓမ္မောတိ ဒီပေန္တိ၊ တေ ဘိက္ခဝေ ဘိက္ခူ ဗဟုဇနအဟိတာယ ပဋိပန္နာ ဗဟုဇနအသုခါယ ဗဟုနော ဇနဿ အနတ္ထာယ အဟိတာယ ဒုက္ခာယ ဒေဝမနုဿာနံ’’ (အံ၊၁၊၁၈-၁၉။)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ ယေ တေ ဘိက္ခူ၊ အကြင်ရဟန်းတော်တို့သည်ကား။ ဓမ္မံ၊ ဓမ္မကို။ အဓမ္မောတိ၊ အဓမ္မဟူ၍။ ဒီပေန္တိ၊ ထင်ရှားပြ၍ နေကြကုန်၏။ ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ တေ ဘိက္ခူ၊ ထို ဓမ္မကို အဓမ္မဟူ၍ ထင်ရှားပြနေတဲ့ ရဟန်းတော်တို့သည်ကား။ ဗဟုဇနအဟိတာယ၊ လူများအပေါင်း၏ အကျိုးစီးပွားမဲ့ခြင်းငှာ။ ဗဟုဇနအသုခါယ၊ လူအများအပေါင်း၏ ချမ်းသာမဲ့ခြင်းငှာ။ ဗဟုနော ဇနဿ၊ များစွာသော လူအပေါင်း၏။ အနတ္ထာယ၊ အကျိုးမဲ့ခြင်းငှာ။ အဟိတာယ၊ အကျိုးစီးပွားမဲ့ခြင်းငှာ။ ဒုက္ခာယ၊ ဆင်းရဲဒုက္ခ ရောက်ဖို့ရန်အလို့ငှာ။ ဒေဝမနုဿာနံ၊ နတ်လူတို့၏။ ပဋိပန္နာ၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်၍နေတဲ့ ပုဂ္ဂိုလ်တို့သည်။ ဟောန္တိ၊ ဖြစ်ကြလေကုန်၏။

ဒီပုဂ္ဂိုလ်တွေက ခုနကပုဂ္ဂိုလ်ကတော့ အဓမ္မကို ဓမ္မလို့ထင်ရှားပြတယ်၊ အခု ဒီသုတ္တန်နံပါတ် (၁၃၁)ခုမြောက် သုတ္တန်ကျတော့ ဓမ္မကို အဓမ္မလို့ ထင်ရှားပြတဲ့ ပုဂ္ဂိုလ်တွေ၊ အဲဒီ ပုဂ္ဂိုလ်တွေဟာလည်း သတ္တဝါတွေ အကျိုးစီးပွားမဲ့ဖို့ ဆင်းရဲဒုက္ခရောက်ဖို့, နတ်လူတွေအကျိုးစီးပွားမဲ့ဖို့, ဆင်းရဲဒုက္ခရောက်ဖို့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ ရဟန်းတွေဖြစ်ကြတယ်တဲ့၊ ဒါတွင်လားဆိုတော့ မကသေးဘူး၊

‘‘ဗဟုဉ္စ တေ ဘိက္ခဝေ ဘိက္ခူ အပုညံ ပသဝန္တိ။ တေ စိမံ သဒ္ဓမ္မံ အန္တရဓာပေန္တိ’’ (အံ၊၁၊၁၉။)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ တေ ဘိက္ခူ၊ ထိုရဟန်းတော်တို့သည်။ ဗဟုဉ္စ အပုညံ၊ များပြားလှစွာသော မကောင်းမှုအကုသိုလ်ကိုလည်းပဲ။ ပသဝန္တိ၊ ဖြစ်ပေါ်စေတတ်ကြကုန်၏။ တေ စ၊ ထိုဓမ္မကို အဓမ္မဟု ထင်ရှားပြနေတဲ့ ရဟန်းတော်တို့သည်လည်းပဲ။ ဣမံ သဒ္ဓမ္မံ၊ ဤသဒ္ဓမ္မငါးဖြာ သာသနာတော်မြတ်ကြီးကို။ အန္တရဓာပေန္တိ၊ ကွယ်ပျောက် စေကြလေကုန်၏။

သတ္တဝါတို့ရဲ့သန္တာန်မှာ အကုသိုလ်တရားတွေ တိုးပွားအောင်လည်း ဒီရဟန်းတွေဟာ ကျင့်နေကြတယ်၊ ငါဘုရားရှင်ရဲ့ သဒ္ဓမ္မငါးဖြာ သာသနာတော်မြတ်ကြီးကိုလည်း ဒီရဟန်းတွေဟာ ကွယ်ပျောက်အောင် လုပ်နေကြတယ်တဲ့၊ ကဲ ဒါက သုတ္တန်နှစ်ခု အလားတူပဲ၊ နောက်ထပ် အဓမ္မဝဂ်မှာ မြတ်စွာဘုရားကို နံပါတ် (၁၄၀)နှင့် နံပါတ် (၁၄၁)ခုမြောက် သုတ္တန် နှစ်ခု ဆက်ဟောထားပြန်တယ်၊ ဘယ်လိုဟောလဲ?

‘‘ယေ တေ ဘိက္ခဝေ ဘိက္ခူ အဓမ္မံ အဓမ္မောတိ ဒီပေန္တိ၊ တေ ဘိက္ခဝေ ဘိက္ခူ ဗဟုဇနဟိတာယ ပဋိပန္နာ ဗဟုဇနသုခါယ ဗဟုနော ဇနဿ အတ္ထာယ ဟိတာယ သုခါယ ဒေဝမနုဿာနံ’’ (အံ၊၁၊၁၉။)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ ယေ တေ ဘိက္ခူ၊ အကြင်ရဟန်းတော်တို့သည်ကား။ အဓမ္မံ၊ အဓမ္မကို။ အဓမ္မောတိ၊ အဓမ္မဟူ၍။ ဒီပေန္တိ၊ ထင်ရှားပြ၍ နေကြကုန်၏။ ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ တေ ဘိက္ခူ၊ ထိုရဟန်းတော်တို့သည်ကား။ ဗဟုဇနဟိတာယ၊ လူများအပေါင်း၏ အကျိုးစီးပွားအလို့ငှာ။ ဗဟုဇနသုခါယ၊ လူများအပေါင်း၏ ချမ်းသာအလို့ငှာ။ ဗဟုနော ဇနဿ၊ များစွာသောလူအပေါင်း၏။ အတ္ထာယ၊ အကျိုးငှာ။ ဟိတာယ၊ အစီးအပွားအလို့ငှာ။ သုခါယ၊ ချမ်းသာအလို့ငှာ။ ဒေဝမနုဿာနံ၊ နတ်လူတို့၏။ ပဋိပန္နာ၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်၍ နေတဲ့ ပုဂ္ဂိုလ်တို့သည်။ ဟောန္တိ၊ ဖြစ်ကြလေကုန်၏။

ဆန့်ကျင်ဘက်ပဲ၊ ခုနက သုတ္တန်နှစ်ခုနဲ့ ဆန့်ကျင်ဘက် သုတ္တန်ပဲနော်၊ ဘာပြောလဲ? ဒီရဟန်းတော်တစ်ချို့က အဓမ္မကို အဓမ္မလို့ ထင်ရှားဟောပြနေကြတယ်တဲ့၊ အဲဒီရဟန်းတွေဟာ လူများအပေါင်း အကျိုးရှိဖို့, လူများအပေါင်း ချမ်းသာဖို့, လူများအပေါင်းရဲ့ အကျိုးစီးပွားတွေ တိုးတက်လာဖို့အတွက် နတ်လူတွေ အကျိုးရှိဖို့ ချမ်းသာသုခ ရရှိဖို့အတွက် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ ရဟန်းတော်တွေ ဖြစ်ကြတယ်တဲ့၊

‘‘ဗဟုဉ္စ တေ ဘိက္ခဝေ ဘိက္ခူ ပုညံ ပသဝန္တိ။ တေ စိမံ သဒ္ဓမ္မံ ဌပေန္တိ’’ (အံ၊၁၊၁၉။)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ တေ ဘိက္ခူ၊ ထိုအဓမ္မကို အဓမ္မဟု ထင်ရှားပြောပြနေကြတဲ့ ရဟန်းတော်တို့သည်။ ဗဟုဉ္စ ပုညံ၊ များစွာသော ကောင်းမှုကုသိုလ်တို့ကိုလည်းပဲ။ ပသဝန္တိ၊ ဖြစ်ပေါ်စေကြကုန်၏။ တေ စ၊ ထိုအဓမ္မကို အဓမ္မဟု ထင်ရှားပြနေတဲ့ ရဟန်းတော်တို့သည်လည်းပဲ။ ဣမံ သဒ္ဓမ္မံ၊ ဤသဒ္ဓမ္မငါးဖြာ သာသနာတော်မြတ်ကြီးကို။ ဌပေန္တိ၊ တည်တံ့အောင်ထား၍ နေကြပါကုန်၏။

အချို့ ရဟန်းတော်တွေက အဓမ္မကို အဓမ္မလို့ ထင်ရှားဟောပြနေကြတယ်တဲ့၊ ဒီလို အဓမ္မကို အဓမ္မလို့ ထင်ရှားဟောပြနေကြတဲ့ ရဟန်းတွေဟာ လူများအပေါင်း အကျိုးစီးပွားရှိဖို့အတွက်, ချမ်းသာသုခရရှိဖို့အတွက် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ ရဟန်းတွေ ဖြစ်ကြတယ်၊ လူများအပေါင်း အကျိုးရှိဖို့, နတ်လူတွေ အကျိုးရှိဖို့, ချမ်းသာသုခရရှိဖို့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ ရဟန်းတွေ ဖြစ်ကြတယ်၊ ဒါတွင်လားဆိုတော့ မကသေးဘူး၊ ဒီရဟန်းတွေဟာ ကုသိုလ်တရားတွေကို များစွာ ဖြစ်ပေါ်လာအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ ရဟန်းတွေလည်းဖြစ်တယ်၊ ငါဘုရားရှင်ရဲ့ ဒီသဒ္ဓမ္မငါးဖြာ သာသနာတော်မြတ်ကြီးကို အရှည်ခိုင်ခံ့တည်တံ့အောင် ထားနေတဲ့ ရဟန်းတော်တွေလည်း ဖြစ်ကြတယ်တဲ့၊ နောက်ထပ် (၁၄၁)မြောက်ဖြစ်တဲ့ သုတ္တန်တစ်ခု၊

‘‘ယေ တေ ဘိက္ခဝေ ဘိက္ခူ ဓမ္မံ ဓမ္မောတိ ဒီပေန္တိ၊ တေ ဘိက္ခဝေ ဘိက္ခူ ဗဟုဇနဟိတာယ ပဋိပန္နာ ဗဟုဇနသုခါယ ဗဟုနော ဇနဿ အတ္ထာယ ဟိတာယ သုခါယ ဒေဝမနုဿာနံ’’ (အံ၊၁၊၁၉။)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ ယေ တေ ဘိက္ခူ၊ အကြင်ရဟန်းတော်တို့သည်ကား။ ဓမ္မံ၊ ဓမ္မကို။ ဓမ္မောတိ၊ ဓမ္မဟူ၍။ ဒီပေန္တိ၊ ထင်ရှားပြ၍ နေကြကုန်၏။ ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ တေ ဘိက္ခူ၊ ထိုဓမ္မကို ဓမ္မဟုထင်ရှားပြနေတဲ့ ရဟန်းတော်တို့သည်ကား။ ဗဟုဇနဟိတာယ၊ လူများအပေါင်း၏ ချမ်းသာအလို့ငှာ။ ဗဟုဇနသုခါယ၊ လူများအပေါင်း၏ ချမ်းသာအလို့ငှာ။ ဗဟုနော ဇနဿ၊ များစွာသောလူအပေါင်း၏။ အတ္ထာယ၊ အကျိုးငှာ။ ဟိတာယ၊ အကျိုးစီးပွားအလို့ငှာ။ သုခါယ၊ ချမ်းသာအလို့ငှာ။ ဒေဝမနုဿာနံ၊ နတ်လူတို့၏။ ပဋိပန္နာ၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်၍နေတဲ့ ပုဂ္ဂိုလ်တို့သည်။ ဟောန္တိ၊ ဖြစ်ကြလေကုန်၏။

အချို့ ရဟန်းတွေက ဓမ္မကို ဓမ္မလို့ထင်ရှားဟောပြနေကြတယ်၊ ဒီလို ဓမ္မကို ဓမ္မလို့ ထင်ရှားဟောပြနေတဲ့ ရဟန်းတွေဟာ လူများအပေါင်း အကျိုးစီးပွားရှိဖို့, ချမ်းသာဖို့, လူများပေါင်းရဲ့ အကျိုးတွေ ကြီးပွားတိုးတက်လာဖို့, နတ်လူတို့ရဲ့ အကျိုးစီးပွားတွေ တိုးတက်လာဖို့, ချမ်းသာသုခတွေ တိုးတက်လာဖို့အတွက် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ ရဟန်းတွေ ဖြစ်ကြတယ်တဲ့၊

‘‘ဗဟုဉ္စ တေ ဘိက္ခဝေ ဘိက္ခူ ပုညံ ပသဝန္တိ။ တေ စိမံ သဒ္ဓမ္မံ ဌပေန္တိ’’ (အံ၊၁၊၁၉။)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ တေ ဘိက္ခူ၊ ထိုဓမ္မကို ဓမ္မဟု ထင်ရှားပြနေတဲ့ ရဟန်းတော်တို့သည်ကား။ ဗဟုဉ္စ ပုညံ၊ များပြားစွာသော ကောင်းမှုကုသိုလ်တရားတို့ကိုလည်းပဲ။ ပသဝန္တိ၊ ဖြစ်ပေါ်စေကြကုန်၏။ တေ စ၊ ထိုဓမ္မကို ဓမ္မဟု ထင်ရှားပြနေတဲ့ ရဟန်းတော်တို့သည်လည်း။ ဣမံ သဒ္ဓမ္မံ၊ ဤသဒ္ဓမ္မငါးဖြာ ဘုရားရှင်၏ သာသနာတော်မြတ်ကြီးကို။ ဌပေန္တိ၊ အရှည်ခိုင်ခံ့ တည်တံ့အောင် ထားကြပါကုန်၏။

အကျိုးရှိဖို့ ချမ်းသာဖို့တွင်မကဘူး၊ ဒီရဟန်းတွေဟာ ကုသိုလ်တရားတွေ များပြားစွာ တိုးပွားလာဖို့အတွက် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ ရဟန်းတွေလည်း ဖြစ်ကြတယ်၊ သဒ္ဓမ္မငါးဖြာ ငါဘုရားရှင်ရဲ့ သာသာနာတော်မြတ်ကြီး အရှည်ခိုင်ခံ့ တည်တံ့အောင်ထားနေတဲ့ ရဟန်းတော်တွေလည်း ဖြစ်ကြတယ်ဆိုပြီးတော့ ဒီလိုသုတ္တန် လေးခု တန်းစီပြီးတော့ လာပါတယ်နော်၊ ဒီတော့ ဒီသုတ္တန်တွေမှာ အဓမ္မကို ဓမ္မလို့ထင်ရှားပြတာ ဓမ္မကို အဓမ္မလို့ ထင်ရှားပြတာက သုတ္တန် နှစ်ခု၊ နောက်သုတ္တန် နှစ်ခုကတော့ အဓမ္မကို အဓမ္မလို့ပဲ ထင်ရှားဟောပြတယ်၊ ဓမ္မကို ဓမ္မလို့ပဲ ထင်ရှားဟောပြတယ်၊ ဒါက သုတ္တန် နှစ်ခု၊

ဒီတော့ ဒီနေရာမှာ ဓမ္မနဲ့ အဓမ္မဆိုတာ ဘာလဲလို့ ဒီလိုတော့ မေးစရာရှိတယ်၊ သုတ္တန္တပရိယာယနည်း၊ ဝိနယပရိယာယနည်း စသည်ဖြင့် အဋ္ဌကထာက နည်းအမျိုးမျိုးနဲ့ ဖွင့်ဆိုထားတော်မူပါတယ်နော်၊ ဖွင့်ဆိုထားတော့ ဒီအပိုင်းမှာ ဘုန်းကြီးကတော့ သုတ္တန်နည်း တစ်ခုလောက်ကိုပဲ လိုရင်းကွက်ပြီး ဒီနေရာမှာ ပြောဖို့ ရည်ရွယ်ပါတယ်။

သုတ္တန်နည်းအရ ဓမ္မဆိုတာကတော့ ဗောဓိပက္ခိယ ဓမ္မအပြား (၃၇)ပါး ဖြစ်ပါတယ်၊ ဗောဓိပက္ခိယတရား (၃၇)ပါးဆိုတာ သိတဲ့ပရိသတ် ဒီထဲမှာ များပါလိမ့်မယ်နော်၊ သို့သော် ဘုန်းကြီး နည်းနည်း အကျဉ်းချုပ်ပြီး ထပ်ပြောမယ်၊ သတိပဋ္ဌာန်ဘယ်နှစ်ပါးရှိလဲ? သတိပဋ္ဌာန် လေးပါး၊ အားလုံး သိကြတယ်၊ ကာယာနုပဿနာသတိပဋ္ဌာန်၊ ဝေဒနာနုပဿနာသတိပဋ္ဌာန်၊ စိတ္တာနုပဿနာ သတိပဋ္ဌာန်၊ ဓမ္မာနုပဿနာသတိပဋ္ဌာန်-ဆိုပြီး သတိပဋ္ဌာန်ဘယ်နှစ်ပါးလဲ? လေးပါး၊

ဒီတော့ သတိပဋ္ဌာန် လေးပါးထဲမှာ ဘုရားရှင် ဟောကြားသွားတော်မူတဲ့စနစ်ကို လှမ်းကြည့်လိုက်ရင် ကာယာနုပဿနာသတိပဋ္ဌာန်ပိုင်းမှာ အာနာပါနကဲ့သို့ စတုတ္ထဈာန် သမာဓိဆိုက်အောင် ရှုပွားသုံးသပ်ရမယ့် သမထ ကမ္မဋ္ဌာန်းတွေကိုလည်း ကာယာနုပဿနာပိုင်းမှာ ထည့်သွင်းပြီး ဘုရားရှင် ဟောကြားထားတော်မူပါတယ်၊ (၃၂)ကောဋ္ဌာသကဲ့သို့ ပထမဈာန်သမာဓိဆိုက်အောင် ရှုပွားသုံးသပ်ရမယ့် ပဋိကူလမနသိကာရကမ္မဋ္ဌာန်းတွေကိုလည်း ထည့်သွင်းပြီး ဟောကြားထားတော်မူခဲ့တယ်၊

ရှေးရှေး အဋ္ဌကထာတို့ရဲ့ သတ်မှတ်ချက်အရ ပြောရမယ်ဆိုရင် နဝသီဝထိကပဗ္ဗကဲ့သို့ အသုဘဘာဝနာကမ္မဋ္ဌာန်းကို ပထမဈာန်သမာဓိဆိုက်အောင် ပွားများအားထုတ်ရမယ့် သမထကမ္မဋ္ဌာန်းတွေကိုလည်း ထည့်သွင်းပြီး ဘုရားရှင် ဟောကြားထားတော်မူပါတယ်နော်၊ ကာယဂတာသတိ သုတ္တန်နည်းအရ ပြောရမယ်ဆိုရင်တော့ ကသိုဏ်း တစ်ဆယ်ပါး၊ သမာပတ် ရှစ်ပါးတွေဟာလည်း ကာယဂတာသတိ၊ ကာယာနုပဿနာသတိပဋ္ဌာန်ရဲ့ အောက်မှာပဲ ရှိနေပါတယ်၊ ဒါကြောင့် ဆိုလိုတာကတော့ ဥပလက္ခဏနည်း၊ နိဒဿနည်းအားဖြင့် ဘုရားရှင်က အာနာပါနကမ္မဋ္ဌာန်းစတဲ့ ဒီကမ္မဋ္ဌာန်းတွေကို မဟာသတိပဋ္ဌာနသုတ္တန်မှာ ကာယာနုပဿနာသတိပဋ္ဌာန်ပိုင်းမှာ ဟောကြားထားခြင်း ဖြစ်ပါတယ်၊

ဥပလက္ခဏနည်း၊ နိဒဿနည်း ဆိုတာကတော့ အရိပ်ပြလျှင် အကောင်ထင်အောင် ပုံစံ တစ်ခု၊ နှစ်ခုလောက် ထုတ်နုတ်ပြီး မြတ်စွာဘုရားက သမထကမ္မဋ္ဌာန်းတွေကို ဟောကြားထားတော်မူခြင်းဖြစ်တယ်၊ ဒါကြောင့် သမထကမ္မဋ္ဌာန်း အားလုံးလိုလို ဒီကာယာနုပဿနာသတိပဋ္ဌာန်ရဲ့အောက်မှာ အကျုံးဝင်နေပါတယ်၊ ဒါက သမထပိုင်း၊ ဒီသမာဓိတွေကို စနစ်တကျ ထူထောင်ပြီးတဲ့ ယောဂီသူတော်ကောင်းက ရှေ့တစ်ဆင့် တက်ပြီးတော့ လုပ်ငန်းခွင် ပြုလုပ်ပုံကို ဘုရားရှင်က အစီအစဉ်တကျ ဟောထားတယ်၊ ဘယ်လိုဟောလဲ?

‘‘ဣတိ အဇ္ဈတ္တံ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ။
ဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ။
အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ’’ (မ၊၁၊၇၁။)

ဒီလိုဟောထားတယ်၊ အဇ္ဈတ္တမှာလည်း ကာယကို ကာယလို့ အဖန်ဖန် အထပ်ထပ်ရှုပါ၊ ဗဟိဒ္ဓမှာလည်း ကာယကို ကာယလို့ အဖန်ဖန် အထပ်ထပ် ရှုပါ၊ အဇ္ဈတ္တ၊ ဗဟိဒ္ဓ နှစ်မျိုးလုံးမှာလည်း ကာယကို ကာယလို့ အဖန်ဖန် အထပ်ထပ် ရှုပါဆိုပြီး ဒီလိုညွှန်ကြားထားတယ်၊

ဒီ ညွှန်ကြားချက် အပိုင်းကိုတော့ ပဋိသမ္ဘိဒါမဂ်ပါဠိတော်မှာ အရှင်သာရိပုတ္တရာမထေရ်မြတ်က ကာယအရ ရူပကာယ။ နာမကာယ နှစ်မျိုးလုံးကိုပဲ ရည်ညွှန်းထားတယ်ဆိုပြီးတော့ ဒီလို ဖွင့်ဆိုထားပါတယ်၊ ဆိုလိုတာကတော့ ရုပ်သက်သက်ကို ဝိပဿနာ ရှုပွားသုံးသပ်ရုံမျှဖြင့်လည်း အရိယာမဂ်ဖိုလ် မဆိုက်နိုင်ဘူး၊ နာမ်တရား သက်သက်ကို ဝိပဿနာရှုပွားရုံဖြင့်လည်း အရိယာမဂ်ဖိုလ် မဆိုက်နိုင်တဲ့အတွက် ယောဂီပုဂ္ဂိုလ်က ရုပ်တရား နာမ်တရား နှစ်မျိုးလုံးကို ရှုရမှာဖြစ်တယ်၊ ရုပ်တရားတွေကို ရူပကာယလို့ခေါ်တယ်၊ နာမ်တရားတွေကို နာမကာယလို့ခေါ်တယ်၊ ကာယဆိုတာက အပေါင်းအစုကို ဆိုလိုပါတယ်။

ဘာအပေါင်းအစုလဲ။ ရုပ်တရားအပေါင်းအစု, နာမ်တရားအပေါင်းအစု၊ ဘာဖြစ်လို့ ဒီလို အပေါင်းအစုဆိုတဲ့ စကားလုံးသုံးပြီး ဟောနေရသလဲလို့ မေးရင်တော့ ရုပ်တရားတို့မည်သည်မှာ အုပ်စုခေါ်တဲ့ အပေါင်းအစုအလိုက် အုပ်စုအလိုက်သာ ဖြစ်တယ်၊ နာမ်တရားတို့မည်သည်မှာလည်း အပေါင်းအစုခေါ်တဲ့ အုပ်စုအလိုက်သာဖြစ်တယ်၊ ဒီအုပ်စုလေးတွေကို ဝိသုဒ္ဓိမဂ္ဂ မဟာဋီကာဆရာတော်ကတော့ ရူပါရူပကလာပုပ္ပါဒနံ၊ (မဟာဋီ၊၂၊၂၃၅။) ဆိုပြီးတော့ ရုပ်ကလာပ်, နာမ်ကလာပ်ဆိုပြီး ဒီလိုပဲ သုံးထားပါတယ်နော်၊

ဒီတော့ ရုပ်တို့မည်သည်မှာ ရုပ်ကလာပ်ခေါ်တဲ့ အမှုန်ကလေးတွေ အနေနဲ့ဖြစ်တယ်၊ ဒီ ကလာပ်အမှုန်တစ်ခု တစ်ခုကို ဓာတ်ခွဲကြည့်ရင် အောက်ထစ်ဆုံး ပမာဏအားဖြင့် ပထဝီ, အာပေါ, တေဇော, ဝါယော, အဆင်း, အနံ့, အရသာ, ဩဇာဆိုပြီး သဘောတရား ရှစ်ခုရှိပါတယ်၊ အဲဒီ ရှစ်ခုထက် လျော့နည်းနေပြီး ဖြစ်နိုင်တဲ့ စွမ်းအားမရှိဘူး၊ ဒီလို အုပ်စုအလိုက် ဖြစ်တဲ့အတွက် ကာယဆိုတဲ့ စကားလုံးကိုသုံးပြီး ဘုရားရှင်က ရူပကာယစသည်ဖြင့် ဒီလို ခေါ်ဝေါ်သုံးစွဲထားတယ်၊ ကာယာနုပဿနာသတိပဋ္ဌာန်စသည်ဖြင့် ခေါ်ဝေါ်ထားတယ်၊ အလားတူပဲ၊ နာမ်တရားတို့မည်သည်မှာလည်း တစ်လုံးချင်း ဖြစ်နိုင်တဲ့ စွမ်းအားမရှိဘူး၊ ဒွေပဉ္စဝိညာဏ် စိတ္တက္ခဏ စေတသိက် ခုနစ်လုံးလို့ ခေါ်ဆိုအပ်တဲ့ စေတသိက် ခုနစ်လုံးနဲ့ အသိစိတ် တစ်လုံး၊ ပေါင်း ရှစ်လုံးပေါင်းမှ ဖြစ်နိုင်တဲ့ စွမ်းအားရှိတယ်၊ ဒါက အနည်းဆုံးပဲ၊

တစ်ချို့ စိတ္တက္ခဏတွေမှာ မဟာကုသိုလ်ဇော စိတ္တက္ခဏဖြစ်လို့ ဉာဏသမ္ပယုတ်လည်းဖြစ်မယ်၊ သောမနဿဝေဒနာနှင့်လည်း ယှဉ်မယ်ဆိုရင် စိတ် စေတသိက် သုံးဆယ့်လေးလုံးလောက်အထိ ယှဉ်တွဲပြီး ဖြစ်ကြပါတယ်၊ ဒီလို စိတ္တက္ခဏတစ်ခုအတွင်းမှာ အတူယှဉ်တွဲပြီး ဖြစ်ပေါ်သွားတဲ့ စိတ်စေတသိက်တရားစုတွေကို နာမကာယ၊ နာမ်ကလာပ်ဆိုပြီး ဒီလို ခေါ်ဝေါ်သုံးစွဲထားပါတယ်နော်၊ အဲဒီ ရူပကာယ, နာမကာယတွေကို ယောဂီပုဂ္ဂိုလ်က အဇ္ဈတ္တမှာရော၊ ဗဟိဒ္ဓမှာရော အဇ္ဈတ္တ, ဗဟိဒ္ဓနှစ်မျိုးလုံးကိုပဲ စနစ်တကျ ပရမတ်ဆိုက်အောင် သိမ်းဆည်းပါတဲ့၊ ဒါက ဘုရားရှင်ရဲ့ ညွှန်ကြားချက်နော်၊ အဲဒီညွှန်ကြားချက်ပြီးတော့ နောက်တစ်ဆင့်တက်ပြီး ဘုရားရှင်က ဘာညွှန်ကြားလဲ?

‘‘သမုဒယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ ဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ သမုဒယဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ။’’ (ဒီ၊၂၊၂၃၂။)

အကြောင်းတရားတွေ ထင်ရှားဖြစ်ရင် အကျိုးတရား အကျိုးရူပကာယ နာမကာယတွေ ထင်ရှားဖြစ်ပုံကိုလည်း မြင်အောင်ရှုဖို့ ဟောတယ်၊ အကြောင်းတရားတွေ အနုပ္ပါဒနိရောဓ သဘောအားဖြင့် နောင်တစ်ဖန် ဘယ်တော့မှ မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းပုံကိုလည်း မြင်အောင်ရှုဖို့ ဟောတယ်၊

နောက်တစ်ခု - အကြောင်း-အကျိုး နှစ်ရပ်လုံးတို့ရဲ့ ဖြစ်ပြီးပျက်နေတဲ့ နိဗ္ဗတ္တိလက္ခဏာနှင့် ဝိပရဏာမလက္ခဏာခေါ်တဲ့ ဖြစ်မှု, ပျက်မှုကိုလည်း ဉာဏ်နဲ့မြင်အောင်ကြည့်ပြီး အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီး ဝိပဿနာရှုဖို့ ဒီအပိုင်းမှာ ဟောလိုက်တယ်၊ ဟောပြီးတော့ နောက်တစ်ဆင့်တက်ပြီး ဘုရားရှင်က ဘာဟောလဲ၊

‘‘အတ္ထိ ကာယောတိ ဝါ ပနဿ သတိ ပစ္စုပဋ္ဌိတာ ဟောတိ ယာဝဒေဝ ဉာဏမတ္တာယ ပဋိဿတိမတ္တာယ။’’ (ဒီ၊၂၊၂၃၂။)

ကာယ, ရူပကာယ, နာမကာယသက်သက်ပဲရှိတယ်၊ ထိုရူပကာယ, နာမကာယထက် လွန်ပြီးတော့ ဘာမှ မရှိတော့ဘူး၊ သင်္ခါရနိမိတ်ဆိုတာ လုံးလုံး မရှိတော့ဘူး၊ အဲဒီလို သိတဲ့ အဆင့်ထိရောက်အောင် ဆက်ပြီးတော့ ကျင့်ပါ၊ ကျင့်ခဲ့ရင် ဒီအသိဉာဏ်က ဘာလုပ်မလဲ? "ယာဝဒေဝ ဉာဏမတ္တာယ" ဝိပဿနာဉာဏ်တွေ အဆင့်ဆင့် တိုးပွားလာအောင် ဆောင်ရွက်ပေးမယ်၊ "ယာဝဒေဝ ပဋိဿတိမတ္တာယ" ဒီဝိပဿနာဉာဏ်နဲ့ ယှဉ်တွဲနေတဲ့ သတိတွေ အဆင့်ဆင့် တိုးပွားလာအောင် အားကောင်းလာအောင် ဒီအသိဉာဏ်က ဆောင်ရွက်ပေးမယ်ဆိုပြီးတော့ ဒီလို ဆက်ဟောတယ်၊

ဟောလိုက်တော့ ဒီဟောကြားချက်ကတော့ ရူပကာယခေါ်တဲ့ ရုပ်တရားသက်သက်, နာမကာယခေါ်တဲ့ နာမ်တရားသက်သက် အစုအပုံသာ ရှိတယ်လို့ သိအောင် ရှုရတော့မယ်၊ အဲဒီ အချိန်အခါမှ ယောဂီက ရုပ်ကလာပ်တွေကို ဓာတ်ခွဲလို့ ရုပ်ပရမတ်နယ်မြေကို အသိဉာဏ် ဆိုက်နေပြီး ဖြစ်ပါတယ်၊ အဲဒီလို အသိဉာဏ် ဆိုက်တဲ့အခါမှာ အခုလို ဖြစ်မှု, ပျက်မှုတွေကို ရှုရာကနေပြီးတော့ ဖြစ်ပျက်တွေက မြန်လာတဲ့အခါ ယောဂီပုဂ္ဂိုလ်က အဖြစ်ကို မကြည့်တော့ဘဲ၊ အပျက်ကို နှလုံးသွင်းလိုက်တဲ့အခါ ဉာဏ်တွေကလည်း ထက်လာပြီဆိုရင် ထိုရူပကာယ, နာမကာယခေါ်တဲ့ ရုပ်တရား, နာမ်တရားတို့ရဲ့ အဖြစ်ကို အဖြစ်ကို မမြင်တော့ဘဲ အပျက်သက်သက်ကိုပဲ ကွက်ပြီး မြင်လာပြီး၊ ဉာဏ်ကလည်း အလွန်ထက်လာပြီဆိုရင် ထိုအချိန်အခါမှာ ကလာပ်တောင် မမြင်တော့ဘဲ၊ ရုပ်သဘောသက်သက် နာမ်သဘောသက်သက်တို့ရဲ့ အပျက်သက်သက်ကို တစ်ဖက်သက် နှလုံးသွင်းပြီး ဆက်ရှုပွားခဲ့မယ်ဆိုရင် အဆင့်ဆင့် ဝိပဿနာဉာဏ်တွေလည်း တိုးတက်လာမယ်၊ ဝိပဿနာဉာဏ်နဲ့ ယှဉ်တွဲနေတဲ့ သတိတွေလည်း အားကောင်းလာလိမ့်မယ်၊ ဒီအပိုင်းကတော့ ဘင်္ဂဉာဏ်ကနေစပြီးတော့ ဟိုသင်္ခါရုပေက္ခာဉာဏ်အထိ အထက်ပိုင်း ဝိပဿနာဉာဏ်စဉ်အားလုံးကို ရည်ညွှန်းထားပါတယ်၊

အဲဒီ ဉာဏ်စဉ်ကို ရင့်ကျက်အောင် ကြိုးစားအားထုတ်ပြီးတဲ့အခါ နောက်တစ်ဆင့် ဘာဆက်လုပ်ရမလဲ? ဘာဖြစ်သွားမလဲ?

‘‘အနိဿိတော စ ဝိဟရတိ၊ န စ ကိဉ္စိ လောကေ ဥပါဒိယတိ။’’ (ဒီ၊၂၊၂၃၂။)

တဏှာ, မာန, ဒိဋ္ဌိတို့ဖြင့် ခန္ဓာငါးပါးအပေါ်၌ ငါ, ငါ့ဟာလို့ အမှီပြုပြီးတော့ မနေတော့ဘဲ တဏှာစွဲ, မာနစွဲ, ဒိဋ္ဌိစွဲ အစွဲတွေ ခန္ဓာငါးပါးအပေါ်မှာ လုံးဝ ပြုတ်သွားလိမ့်မယ်၊ ဒီအပိုင်းကတော့ အရိယာမဂ်ဉာဏ်တွေ အဆင့်ဆင့်ပေါ်လာပြီး အရဟတ္တမဂ်ဆိုက်တဲ့အထိ ဒီအဆင့်က ရည်ညွှန်းထားပါတယ်၊ အရဟတ္တမဂ်ဆိုက်ပြီဆိုရင် ခန္ဓာငါးပါးတို့အပေါ်၌ စွဲလမ်းနေတဲ့ တဏှာစွဲ, မာနစွဲ, ဒိဋ္ဌိစွဲ အစွဲဟူသမျှ ကိလေသာဟူသမျှ အားလုံး ကင်းစင်သွားပြီ၊ အဲဒီ အဆင့်ရောက်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါ ဆိုပြီးတော့ ဒါ သတိပဋ္ဌာန်ကျင့်စဉ်ပိုင်းမှာ ဘုရားရှင်က ဒီလို နည်းစနစ် အဆင့်ဆင့် ဟောပေးထားပါတယ်နော်၊

ဒီတော့ ဒီရှုကွက်ကိုကြည့်မယ်ဆိုရင် မူလ အခြေခံတည်ထားတာက ရူပကာယကို အခြေခံတည်ထားသော်လည်း၊ ရုပ်တရားသက်သက်ကို ဝိပဿနာရှုရုံဖြင့် အရိယာမဂ်သို့ မဆိုက်နိုင်၊ နာမ်တရားသက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်လည်း အရိယာမဂ်သို့ မဆိုက်နိုင်၊ မဆိုက်နိုင်တဲ့အတွက် ရူပကာယ, နာမကာယ နှစ်မျိုးလုံးကိုပဲ ရှုရပါတယ်၊ ဒီအဆုံးအဖြတ်ကတော့ ဘုန်းကြီးတို့ အဋ္ဌသာလိနီ အဋ္ဌကထာ စာမျက်နှာ (၂၇၀-၂၇၁)မှာ ဝုဋ္ဌာနဂါမိနိဝိပဿနာ ကိုးမျိုးကို ရှင်းလင်းတဲ့ ဖွင့်ဆိုချက်ထဲမှာ ပါပါတယ်နော်၊

‘‘ယသ္မာ ပန န သုဒ္ဓရူပဒဿနမတ္တေနေဝ ဝုဋ္ဌာနံ ဟောတိ၊ အရူပမ္ပိ ဒဋ္ဌဗ္ဗမေဝ။’’ (ဝိသုဒ္ဓိ၊ဋ္ဌ၊၂၊၃၀၀။)

ယသ္မာ ပန၊ အကြင်ကြောင့်ကား။ သုဒ္ဓရူပဒဿနမတ္တေနေဝ၊ ရုပ်တရားသက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်ပင်လျှင်။ ဝုဋ္ဌာနံ၊ အရိယာမဂ်သို့ ထမြောက်ဖြစ်ပေါ်လာခြင်းသည် (ဝါ) ဝုဋ္ဌာနဂါမိနိဝိပဿနာသည်။ န ဟောတိ၊ မဖြစ်နိုင်။ အရူပမ္ပိ၊ နာမ်တရားကိုလည်းပဲ။ ဒဋ္ဌဗ္ဗမေဝ၊ ဝိပဿနာရှုပွားသုံးသပ်ရမည်သာလျှင်တည်း။

ပုဂ္ဂိုလ်တစ်ယောက်က ရုပ်တရား, နာမ်တရား နှစ်မျိုးရှိတဲ့အနက်က ရုပ်တရားကို စပြီးတော့ အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ ဝိပဿနာရှုတယ်၊ အဲဒီလို ရှုလိုက်တဲ့အပိုင်းမှာ ရုပ်တရားသက်သက်ကို ဝိပဿနာရှုရုံမျှဖြင့် အရိယာမဂ်သို့ မဆိုက်နိုင်တဲ့အတွက် နာမ်တရားကိုလည်း ရှုရမယ်တဲ့၊ ရှုလိုက်တဲ့အခါ ဘယ်နာမ်တရားတွေ ရှုမလဲ?

‘‘တသ္မာ တံ ရူပံ အာရမ္မဏံ ကတွာ ဥပ္ပန္နံ ဝေဒနံ သညံ သင်္ခါရေ ဝိညာဏဉ္စ ‘ဣဒံ အရူပ’န္တိ အရူပံ ပဿတိ။’’ (ဝိသုဒ္ဓိ၊ဋ္ဌ၊၂၊၃၀၀။)

တသ္မာ၊ ထိုသို့ ရုပ်တရားသက်သက်ရှုရုံဖြင့် မဆိုက်နိုင်သောကြောင့်။ တံ ရူပံ၊ ထိုရုပ်တရားကို။ အာရမ္မဏံ၊ အာရုံ။ ကတွာ၊ ပြု၍။ ဥပ္ပန္နံ၊ ဖြစ်ပေါ်လာသော။ ဝေဒနံ၊ ဝေဒနာကိုလည်းကောင်း။ သညံ၊ သညာကိုလည်းကောင်း။ သင်္ခါရေ၊ သင်္ခါရတို့ကိုလည်းကောင်း။ ဝိညာဏဉ္စ၊ ဝိညာဏ်ကိုလည်းကောင်း။ ဣဒံ၊ ဤသည်ကား။ အရူပံ၊ နာမ်တရားတည်း။ ဣတိ၊ ဟု။ အရူပံ၊ နာမ်တရားကို။ ပဿတိ၊ ရှု၏ (ဝါ) ဉာဏ်ဖြင့် ပိုင်းခြားယူ၏။

ဒီရုပ်တရားကို အာရုံယူပြီးတော့ ဖြစ်ပေါ်လာတဲ့ ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်ခေါ်တဲ့ နာမ်တရားတွေကို ဤကား နာမ်တရားလို့ ရှေးဦးစွာဉာဏ်နဲ့ ပိုင်းခြားယူပါ၊ ပိုင်းခြားယူပြီးတဲ့အခါ ဒီ နာမ်တရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ ဝိပဿနာရှုပါဆိုပြီး ဒီလိုဆုံးဖြတ်ထားတယ်၊

ဘာကြောင့် အဋ္ဌကထာဆရာတော်က ဒီလိုအဆုံးအဖြတ်တွေ ပေးနေရသလဲလို့ မေးတော့ ဒီသတိပဋ္ဌာနသုတ္တန်ကျဉ်းစဉ်ကိုကြည့်ရင် ဘုရားရှင်ကလည်း ရူပကာယ, နာမကာယ နှစ်မျိုးလုံးကိုပဲ ဟောဖို့ရန် ရှုကွက်တွေက အပြည့်အစုံ ဟောကြားထားပါတယ်။ ဝေဒနာနုပဿနာသတိပဋ္ဌာန်, စိတ္တာနုပဿနာသတိပဋ္ဌာန်, ဓမ္မာနုပဿနာသတိပဋ္ဌာန်ဆိုပြီး သတိပဋ္ဌာန်တွေ ဆက်ပြီးဟောမှာ ဖြစ်တယ်၊ ဒါက အကြောင်းတစ်ခု၊ နောက်အကြောင်းတစ်ခုပြောဦးမယ်၊ အဋ္ဌကထာဆရာတော်တွေ, ဋီကာဆရာတော်တွေ ခဏခဏ ကိုးကားနေတဲ့ သုတ္တန်တစ်ခု ဖြစ်ပါတယ်၊

‘‘သဗ္ဗံ ဘိက္ခဝေ အနဘိဇာနံ အပရိဇာနံ အဝိရာဇယံ အပ္ပဇဟံ အဘဗ္ဗော ဒုက္ခက္ခယာယ၊ ... ပ ... သဗ္ဗံ စ ခေါ ဘိက္ခဝေ အဘိဇာနံ ပရိဇာနံ ဝိရာဇယံ ပဇဟံ ဘဗ္ဗော ဒုက္ခက္ခယာယ။’’ (သံ၊၃၊၂၄၉-၂၅၀။)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ သဗ္ဗံ၊ အလုံးစုံသော ခန္ဓာငါးပါး ရုပ်တရား နာမ်တရားကို။ အနဘိဇာနံ၊ ဉာတပရိညာပညာဖြင့် ထိုးထွင်း၍ မသိခဲ့သည်ရှိသော်။ အပရိဇာနံ၊ တီရဏပရိညာပညာဖြင့် ပိုင်းခြား၍ မသိခဲ့သည်ရှိသော်။ အဝိရာဇယံ၊ ထိုခန္ဓာငါးပါး, ရုပ်တရား, နာမ်တရားတို့အပေါ်၌ တွယ်တာမက်မော၍နေသော တဏှာတရားကို ကင်းပြတ် ရုပ်သိမ်း ချုပ်ငြိမ်းအောင် မကျင့်နိုင်ခဲ့သည်ရှိသော်။ အပ္ပဇဟံ၊ ပဟာနပရိညာပညာဖြင့် မပယ်စွန့်နိုင်ခဲ့သည်ရှိသော်။ ဒုက္ခက္ခယာယ၊ သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ခြင်းငှာ။ အဘဗ္ဗော၊ မထိုက်တန်ပေ။

သံယုတ္တနိကာယ် သဠာယတနဝဂ္ဂသံယုတ်ပါဠိတော်မှာ ဘုရားရှင်က အပရိဇာနနသုတ္တန်ဆိုပြီးတော့ သုတ္တန်နှစ်ခု ဟောကြားထားတော်မူပါတယ်၊ ထို သုတ္တန်တွေမှာ အလုံးစုံသော ခန္ဓာငါးပါး, ရုပ်တရား, နာမ်တရား သို့မဟုတ် အာယတန တစ်ဆယ့်နှစ်ပါး, ဓာတ် တစ်ဆယ့်ရှစ်ပါးဆိုတဲ့ ရုပ်တရား နာမ်တရားတွေကို ပရိညာသုံးမျိုးဖြင့် ပိုင်းပိုင်းခြားခြား မသိခဲ့ဘူးဆိုရင် သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ရာဖြစ်တဲ့ နိဗ္ဗာန်ကို ဘယ်လိုမှ မရနိုင်ဘူးဆိုပြီး ဒီလို အတိအကျ ဟောထားတယ်၊ ဒီလို ဟောကြားထားတော်မူတဲ့ သုတ္တန်တွေကို ကိုးကားပြီး အဋ္ဌကထာဆရာတော်များကလည်း ရုပ်တရားသက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်လည်း အရိယာမဂ်ဉာဏ်, ဖိုလ်ဉာဏ်သို့ မဆိုက်ရောက်နိုင်ဘူး ဆိုပြီးတော့ ဆုံးဖြတ်ထားတယ်၊

ဘုရားဟောပါဠိတော်နဲ့ အဋ္ဌကထာရဲ့ ဆုံးဖြတ်ချက်တို့သည် ဂင်္ဂါရေနှင့် ယမုနာရေ ရောသကဲ့သို့ တစ်သားတည်း ညီညွတ်နေပါတယ်၊ ကွဲပြားမှု ဘာမှ မရှိပါဘူးနော်၊ ဒါကြောင့် ဘုရားရှင် ဟောကြားတော်မူတဲ့ ဓမ္မခေါ်တဲ့ တရားတွေကို ဓမ္မလို့ထင်ရှားပြခဲ့ရင် ထိုဟောနေတဲ့ ရဟန်းတွေသည် လူ, နတ်, ဗြဟ္မာ, သတ္တဝါအားလုံးတို့ မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်ဆိုတဲ့ အကျိုးစီးပွားတွေ ရရှိဖို့ရာအတွက် မဂ်ချမ်းသာ, ဖိုလ်ချမ်းသာ, နိဗ္ဗာန်ချမ်းသာခေါ်တဲ့ ချမ်းသာသုခကြီးတွေ ရရှိဖို့ရာအတွက် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြတယ်လို့ ဒီလိုဘုရားက ဟောတာနော်၊

ဒီတော့ နည်းနည်းလေး ဘုန်းကြီး ပြန်ပြီးတော့ ပြောဦးမယ်၊ စကားနည်းနည်း ရှည်သွားတယ်နော်၊ ဒီတော့ သတိပဋ္ဌာန်လေးပါးမှာ - နံပါတ်တစ်က ကာယာနုပဿနာသတိပဋ္ဌာန်၊ ကာယာနုပဿနာသတိပဋ္ဌာန်မှာ သမထပိုင်းလည်းပါတယ်၊ ဝိပဿနာပိုင်းလည်းပါတယ်၊ ဝိပဿနာရှုကွက်မှာ ရုပ်တရားကို ဦးတည်ပြီးတော့ ပထမ ရှုတယ်၊ ရုပ်တရားသက်သက်ကို ဝိပဿနာရှုရုံမျှဖြင့် အရိယမဂ်သို့ မဆိုက်နိုင်တဲ့အတွက် နာမ်တရားကို နောက်မှ ရှုတယ်၊ ဒီတော့ ဆိုလိုတာက ရုပ်တရား ဦးတည်၍ ရုပ်နာမ်ဓမ္မသင်္ခါရတရားတွေကို သိမ်းဆည်းပြီး အကြောင်းတရားနှင့်တကွသော ထိုရုပ်နာမ်ဓမ္မသင်္ခါရတရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ ဝိပဿနာရှုတဲ့ အနုပဿနာကို ကာယာနုပဿနာသတိပဋ္ဌာန်လို့ ခေါ်ပါတယ်၊

သို့သော် ဒီ ကာယာနုပဿနာသတိပဋ္ဌာန်ကို ပွားများအားထုတ်နေတဲ့ ပုဂ္ဂိုလ်က သမထကမ္မဋ္ဌာန်းတစ်ခုခုကို အားထုတ်ရင်လည်း ကာယာနုပဿနာသတိပဋ္ဌာန်ကို ပွားများအားထုတ်နေသည်ပင်မည်တယ် ဆိုတာကိုတော့ သဘောပေါက်ဖို့ လိုတယ်နော်၊ ဒီတော့ ရုပ်တရားသက်သက်ကို ဝိပဿနာရှုရုံမျှဖြင့် အရိယာမဂ်သို့ မဆိုက်နိုင်တော့ နာမ်တရားတွေကိုလည်း ဆက်လက်ပြီး ဝိပဿနာရှုရတယ်၊ ရှုလိုက်တဲ့ အပိုင်းမှာ ဝေဒနာကို ဦးတည်ပြီး နာမ်တရားတွေကို သိမ်းဆည်း၊ သိမ်းဆည်းပြီးတဲ့ အချိန်အခါကျတော့မှ ရုပ်နာမ်ဓမ္မသင်္ခါရတရားတွေရဲ့ အကြောင်းတရားတွေကို ရှာဖွေပြီး အကြောင်းတရားတွေနဲ့တကွသော ထိုရုပ်နာမ်တွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီး ရှုပွားသုံးသပ်ခဲ့ရင် ဒါ ဝေဒနာနုပဿနာသတိပဋ္ဌာန်သို့ သက်ဝင်တယ်၊

ဒီနာမ်တရားတွေကို သိမ်းဆည်းတဲ့အပိုင်းမှာ အချို့ယောဂီပုဂ္ဂိုလ်က အသိစိတ် = ဝိညာဏ်ကို ဦးတည်ပြီးတော့ သိမ်းဆည်းတယ်၊ အသိစိတ် = ဝိညာဏ်ကို ဦးတည်ပြီး သိမ်းဆည်းတဲ့အပိုင်းမှာလည်း အသိစိတ်တစ်ခုလုံး ရှုရတာ မဟုတ်ဘူး၊ ဝေဒနာကို ဦးတည် သိမ်းဆည်းတဲ့အပိုင်းမှာလည်း ဝေဒနာတစ်ခုတည်း ရှုရတာတော့ မဟုတ်ဘူး၊ ဝေဒနာနှင့်ယှဉ်ဖက် စိတ်စေတသိက်အားလုံး အသိစိတ်နှင့် ယှဉ်ဖက် စိတ်စေတသိက် အားလုံးကိုလည်း ရှုရမယ်၊

ရှုပြီးတဲ့ အချိန်အခါမှာ ဒီဝေဒနာဦးဆောင်နေတဲ့ နာမ်တရား၊ အသိစိတ် ဦးဆောင်နေတဲ့ နာမ်တရားတို့ရဲ့ မှီရာဝတ္ထုရုပ်တွေကိုလည်း ရှုရမယ်၊ အာရုံရုပ်တွေကိုလည်း ရှုရမယ်၊ ရုပ်နာမ်တွေကို သိမ်းဆည်းပြီးတဲ့အခါ အကြောင်းတရားတွေကို တစ်ဆင့်တက်ပြီး ရှာဖွေရတယ်၊ ဘာဖြစ်လို့လဲ?

‘‘သမုဒယဓမ္မာနုပဿီ ဝါ ဝေဒနာသု ဝိဟရတိ၊ ဝယဓမ္မာနုပဿီ ဝါ ဝေဒနာသု ဝိဟရတိ၊ သမုဒယဝယဓမ္မာနုပဿီ ဝါ ဝေဒနာသု ဝိဟရတိ။’’ (ဒီ၊၂၊၂၃၇။)

စသည်ဖြင့် အကြောင်းတရားတွေ ထင်ရှားဖြစ်ခဲ့ရင် အကျိုးဝေဒနာတွေ ချုပ်ငြိမ်းပုံကိုလည်း ရှုဖို့ စသည်ဖြင့် မြတ်စွာဘုရားက ဆက်ပြီး ဟောထားပါတယ်၊ ဒါကြောင့် ဝေဒနာကို ဦးတည်၍ ရုပ်နာမ် အကြောင်းအကျိုး သင်္ခါရတရားတွေကို သိမ်းဆည်းပြီးတော့ ထိုသင်္ခါရတရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီး ရှုပွားသုံးသပ်တဲ့ အနုပဿနာကို ဝေဒနာနုပဿနာသတိပဋ္ဌာန်လို့ ခေါ်တယ်၊

အလားတူပဲ၊ အသိစိတ်ကို ဦးတည်ပြီးတော့ ရုပ်, နာမ်အကြောင်းအကျိုး သင်္ခါရတရားတွေကို သိမ်းဆည်းပြီး အကြောင်းတရားနှင့်တကွသော ထိုရုပ်နာမ်ဓမ္မသင်္ခါရတရားတွေကို လက္ခဏာရေးသုံးတန်တင်ပြီး ရှုပွားသုံးသပ်တဲ့ အနုပဿနာကိုတော့ စိတ္တာနုပဿနာသတိပဋ္ဌာန်လို့ ဒီလို ခေါ်ပါတယ်၊

နောက်တစ်ခု - နာမ်ကမ္မဋ္ဌာန်း သိမ်းဆည်းနည်း သုံးနည်းထဲက ဖဿကို ဦးတည်ပြီး သိမ်းဆည်းတဲ့ နည်းစနစ်တစ်ခုလည်း ရှိတယ်၊ အဲဒီ ဖဿကို ဦးတည်ပြီး နာမ်တရားတွေကို သိမ်းဆည်း မှီရာဝတ္ထုရုပ်နှင့် အာရုံတွေကိုသိမ်းဆည်းပြီး အကြောင်းတရားတွေကို ရှာဖွေလျက် အကြောင်းတရားနှင့်တကွသော ထိုရုပ်နာမ်ဓမ္မသင်္ခါရတရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီးတော့ ရှုပွားသုံးသပ်တဲ့ အပိုင်းကိုတော့ ဓမ္မာနုပဿနာသတိပဋ္ဌာန်ပိုင်းလို့ ဒီလိုခေါ်ပါတယ်၊

အဲဒီ ဓမ္မာနုပဿနာသတိပဋ္ဌာန်ပိုင်းမှာကတော့ ဘုရားရှင်က ခန္ဓာငါးပါး ရှုကွက်, အာယတန တစ်ဆယ့်နှစ်ပါး ရှုကွက်, သစ္စာလေးပါး ရှုကွက်, ဗောဇ္ဈင်ခုနစ်ပါး ရှုကွက်, နီဝရဏငါးပါး ရှုကွက် စသည်ဖြင့် ရှုကွက်တွေ တော်တော် ခပ်စုံစုံ ဟောကြားထားတော်မူပါတယ်နော်၊

ဒီတော့ ပြန်ပြီး ပြောမယ်၊ သတိပဋ္ဌာန် ဘယ်နှစ်ပါးလဲ? လေးပါး၊ ကာယာနုပဿနာသတိပဋ္ဌာန်, ဝေဒနာနုပဿနာသတိပဋ္ဌာန်, စိတ္တာနုပဿနာသတိပဋ္ဌာန်, ဓမ္မာနုပဿနာသတိပဋ္ဌာန် ဆိုပြီးတော့ သတိပဋ္ဌာန်လေးပါး ရှိပါတယ်လို့ ရဟန်းတော်တစ်ပါးက ခုလို အစီအစဉ်တကျ ဟောပြောပြခဲ့မယ် ဆိုရင်တော့ - ထိုရဟန်းတော်သည် ဓမ္မကို ဓမ္မလို့ ထင်ရှားပြနေတဲ့ ရဟန်းတော်ဖြစ်တယ်၊ ဒါပေမယ့် ရဟန်းတော်တစ်ပါးက သတိပဋ္ဌာန်ဟာ လေးပါး မဟုတ်ဘူး၊ တစ်ပါးပဲ၊ ဘယ်လို တစ်ပါးလဲ? တစ်ချို့ တချို့ အယူအဆလေးတွေပေါ့နော်၊ ရုပ်ဓာတ်တစ်လုံး ရှုရုံနဲ့လည်း မဂ်ဉာဏ်, ဖိုလ်ဉာဏ် ဆိုက်နိုင်တယ်လို့ ပြောတယ်၊ သတိပဋ္ဌာန်တစ်ပါး ရှိတယ်လို့ ပြောတာနဲ့ အတူတူပဲ၊ ဓာတ်တစ်လုံးရှုရုံနဲ့လည်း နိဗ္ဗာန်ကို ပေါက်ပါတယ်ဆိုပြီး တစ်ချို့က ဒီလို ဟောကြ, ပြောကြတယ်၊ ပြောလိုက်တဲ့ အချိန်အခါကျတော့ သတိပဋ္ဌာန် တစ်ပါးပဲ ရှိပါတယ်လို့ ပြောတာနဲ့ အဓိပ္ပာယ် တူမနေဘူးလား? တူနေတယ်နော်၊ ဒီတော့ ဆိုလိုတာက သတိပဋ္ဌာန်လေးပါးကို လေးပါးလို့ ထင်ရှားပြခဲ့ရင် ဓမ္မကို ဓမ္မလို့ ထင်ရှားပြနေတာဖြစ်တယ်၊ သတိပဋ္ဌာန်ကို သုံးပါးပဲ ရှိတယ်၊ နှစ်ပါးပဲရှိတယ်၊ တစ်ပါးပဲရှိတယ်လို့ ထင်ရှားပြခဲ့ရင် ဓမ္မကို အဓမ္မလို့ ထင်ရှားပြတာလည်း ဖြစ်တယ်၊ အဓမ္မကို ဓမ္မလို့ ထင်ရှားပြနေတာလည်း ဖြစ်တယ်တဲ့၊

အလားတူပဲ၊ နောက်တစ်ခု - သမ္မပ္ပဓာန် ဘယ်နှစ်ပါးလဲ? လေးပါး။ သမ္မပ္ပဓာန်လေးပါးက နံပါတ်တစ် မဖြစ်ပေါ်သေးတဲ့ အကုသိုလ်တွေကို မဖြစ်အောင်၊ နံပါတ်နှစ်က ဖြစ်ပေါ်ပြီးတဲ့ အကုသိုလ်တွေကို ပယ်နိုင်အောင်၊ နံပါတ်သုံး မဖြစ်ပေါ်သေးတဲ့ ကုသိုလ်တရားတွေ ဖြစ်ပေါ်လာအောင်၊ နံပါတ်လေး ဖြစ်ပေါ်လာပြီးတဲ့ ကုသိုလ်တရားတွေကို မဂ်ဉာဏ်, ဖိုလ်ဉာဏ် ဆိုက်သည်အထိ အတိုင်းထက်အလွန် တိုးပွားအောင် ကြိုးစားအားထုတ်ခြင်းကို သမ္မပ္ပဓာန်လေးပါးလို့ခေါ်တယ်၊ ဒီသမ္မပ္ပဓာန် လုံ့လဝီရိယက ခုလိုကြိုးစားတဲ့အပိုင်းမှာ အရိုးကြွင်းစေ၊ အရေကြွင်းစေ၊ အကြောကြွင်းစေ၊ အသားအသွေးတွေ အကုန် ခန်းခြောက်ချင် ခန်းခြောက်ပါစေ ယောကျ်ားတို့ရဲ့ ဇွဲလုံ့လဝီရိယ၊ မိန်းမမြတ်တို့ရဲ့ ဇွဲလုံ့လဝီရိယဖြင့် ရောက်နိုင်တဲ့ အရာဌာနသို့ မရောက်မချင်း ငါ့ရဲ့ ကြိုးစားအားထုတ်မှု လုံ့လဝီရိယရဲ့ နောက်ကို ဆုတ်သွားခြင်း၊ နောက်တွန့်သွားခြင်းမည်သည် ဘယ်တော့မှ မဖြစ်စေရလို့ ဒီလို အပြင်းအထန် ကြိုးစားအားထုတ်တဲ့ လုံ့လဝီရိယမျိုးကို ဆိုလိုပါတယ်၊ တပည့်တော်က ဆယ်ရက်ပဲ ဓိဋ္ဌာန်ထားတယ်တဲ့၊ မနက်က ဘုန်းကြီး တစ်ပါးက လာလျှောက်တယ်၊ ဟော သိဒ္ဓတ္ထမင်းသား တောထွက်တုန်းက ဒီလိုပါပဲ ဆယ်ရက်ပဲ ဓိဋ္ဌာန်ပြီးတော့ ထွက်သလားလို့ ဘုန်းကြီးက မေးလိုက်ပါတယ်နော်၊ အဲဒီလို ဝီရိယမျိုး ဟုတ်သလား? မဟုတ်ဘူးနော်၊ ခု - အရိုးပဲ ကျန်သလား? မကျန်သေးပါဘူး၊ အကြောပဲ ကျန်လား? မကျန်သေးဘူး၊ ဟုတ်တယ် မဟုတ်လား၊ အကုန်လုံး ပြည့်နေတယ်။

ဒါကြောင့် နည်းနည်းလေး လုံ့လဝီရိယဆိုတာက ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်တဲ့ လုံ့လဝီရိယလေးတွေ ရှိဖို့လိုတယ်၊ အဲဒီမှာလည်း သမ္မပ္ပဓာန်က လေးပါး ရှိပါလျက်နဲ့ သမ္မပ္ပဓာန်က တစ်ပါးပဲရှိတယ်၊ နှစ်ပါးပဲရှိတယ်၊ သုံးပါးပဲရှိတယ် သို့မဟုတ် ငါးပါးပဲ ရှိတယ်လို့ပြောရင် ဒါက အဓမ္မပဲနော်။ သမ္မပ္ပဓာန် လေးပါး ရှိပါတယ်လို့ ပြောရင် ဒါ ဓမ္မ။ ဓမ္မကို ဓမ္မလို့ ထင်ရှားပြနေခြင်းဖြစ်တယ်။ သမ္မပ္ပဓာန် ငါးပါးဟာ မဟုတ်ပါဘူးလို့ ပြောရင်လည်း အဓမ္မကို အဓမ္မလို့ ထင်ရှားပြောခြင်းဖြစ်တယ်၊ သို့သော် ပုဂ္ဂိုလ်တစ်ယောက်က သမ္မပ္ပဓာန်ဟာ ငါးပါးပဲ ရှိပါတယ်၊ သုံးပါးပဲရှိပါတယ်၊ နှစ်ပါးပဲရှိပါတယ်၊ တစ်ပါးပဲရှိပါတယ်လို့ ပြောင်ခံပြီး ငြင်းမယ်ဆိုရင်တော့ သူက အဓမ္မကို အဓမ္မလို့ ထင်ရှားပြနေတယ်၊ တစ်နည်းတော့ ဓမ္မကိုလည်း အဓမ္မလို့ ထင်ရှားပြတယ်။ အဓမ္မကိုလည်း ဓမ္မလို့ ထင်ရှားပြနေတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်တဲ့၊

နောက်တစ်ခု - ဣဒ္ဓိပါဒ် လေးပါး။ ဆန္ဒိဒ္ဓိပါဒ်။ ဝီရိယိဒ္ဓိပါဒ်။ စိတ္တိဒ္ဓိပါဒ်။ ဝီမံသိဒ္ဓိပါဒ်ဆိုပြီး ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ဝီမံသဆိုပြီးတော့ ဣဒ္ဓိပါဒ်က လေးမျိုးရှိတယ်။ ဣဒ္ဓိဆိုတာက မိမိရဲ့ အလိုဆန္ဒ တန်ခိုးအမျိုးမျိုးကို ပြီးစီးပြည့်စုံစေနိုင်တဲ့ အကြောင်းအရင်းတွေကို ဣဒ္ဓိပါဒ်လို့ ခေါ်တယ်၊ အဲဒီ အခြေခံ အကြောင်းရင်းက ဘာတွေလဲ? နံပါတ် တစ် ဆန္ဒ၊ လိုလားတောင့်တမှု မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ နိဗ္ဗာန်ကို လိုလားတောင့်တနေတဲ့ ဆန္ဒဓာတ်က အလွန် ပြင်းထန်ရမယ်။ ဝီရိယ၊ ကြိုးစားအားထုတ်နေတဲ့ ဝီရိယကလည်း ပြင်းထန်ရမယ်။ စိတ္တ၊ အသိစိတ်ဓာတ်တွေကလည်း ခိုင်ခံ့နေရမယ်၊ တော်ကြာ စိတ်ဓာတ်က လျှောကျသွားလိုက်၊ တော်ကြာ ပြန်ရရင် ကောင်းမယ် ထင်တယ်၊ တပည့်တော် နည်းနည်းလေး မကျန်းမာဘူးလေ၊ ခဏပြန်ပြီး အိမ်နားရရင် ကောင်းမယ်ထင်တယ်၊ နောက်ပြီးတော့မှ နောက်တော့ ပြန်လာတာပေါ့၊ ဟုတ်တယ် မဟုတ်လား? အဲဒီလို စိတ်ဓာတ်မျိုးနဲ့ အားထုတ်လို့ ရမလား? မရဘူးနော်။ ဝီမံသ၊ ပညာဉာဏ်တွေကလည်း အစွမ်းထက်ရမယ်တဲ့နော်၊ ဆန္ဒရှိတဲ့ပုဂ္ဂိုလ် မပြီးစီးတဲ့အရာ ဘာမှမရှိဘူး၊ ဝီရိယရှိတဲ့ပုဂ္ဂိုလ်အတွက် မပြီးစီးနိုင်တာ ဘာမှမရှိဘူး၊ အသိစိတ် ခိုင်မာနေတဲ့၊ စိတ်ဓာတ်တွေ ခိုင်မာနေတဲ့ ပုဂ္ဂိုလ်အတွက် မပြီးစီးနိုင်တာ ဘာမှမရှိဘူး၊ ပညာဉာဏ် အဆင့်မြင့်နေတဲ့ ပုဂ္ဂိုလ်အတွက် မပြီးစီးနိုင်တာလည်း ဘာမှ မရှိဘူး၊ ဒါက တန်ခိုးအမျိုးမျိုးတို့ ပြည့်စုံခြင်းရဲ့ အခြေခံအကြောင်းရင်း ပါဒ လေးမျိုး ဖြစ်ပါတယ်၊ အဲဒီ ဣဒ္ဓိပါဒ် လေးမျိုးကိုလည်း သုံးမျိုးပဲရှိတယ်၊ ငါးမျိုးရှိပါတယ် စသည်ဖြင့် ပြောခဲ့ရင် ဒါ အဓမ္မပဲနော်၊ လေးမျိုးရှိပါတယ်လို့ ပြောခဲ့ရင်တော့ ဓမ္မပဲ၊

ကဲ အလားတူပဲ နောက်ထပ် ဣန္ဒြေက ဘယ်နှစ်ပါးလဲ? ငါးပါး၊ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာဆိုပြီး ဣန္ဒြေ ငါးပါး ရှိတယ်၊ မိမိ ပွားများအားထုတ်နေတဲ့ သမထပဲဖြစ်ဖြစ်၊ ဝိပဿနာပဲဖြစ်ဖြစ် သမထကမ္မဋ္ဌာန်းလုပ်ငန်းခွင် ဝိပဿနာဘာဝနာလုပ်ငန်းခွင်အပေါ်၌ ယုံကြည်ချက် အပြည့်အဝ ရှိဖို့တော့ လိုတယ်၊ ခုခေတ်က ဈာန်ရနိုင်တဲ့ခေတ်တော့ မဟုတ်ပါဘူး၊ စိတ်က လျှော့ချထားတယ်နော်၊ ဒီရုပ်တွေ ဒီနာမ်တွေဆိုတာက ဘုရား ရဟန္တာတွေသာ သိတာပါ၊ သာဝကတွေ မသိနိုင်ပါဘူးဆိုပြီး စိတ်က လျှော့ချထားတယ်၊ အဲဒီလို သဒ္ဓါတရားက ယုံကြည်ချက် မရှိဘူး ဆိုလို့ရှိရင် ဒီလုပ်ငန်းခွင်လုပ်ဖို့ အောင်မြင်ပါ့မလား? မအောင်မြင်ဘူးနော်၊

ဝီရိယ၊ ကြိုးစားအားထုတ်မှုကလည်း ရှိရမယ်။ သတိ၊ မိမိ ရှုပွားသုံးသပ်နေတဲ့ ကမ္မဋ္ဌာန်းအာရုံကို အမြဲအမှတ်ရနေတဲ့ သတိကလည်း အားကောင်းရမယ်။ သမာဓိ၊ မိမိရှုပွားနေတဲ့ ကမ္မဋ္ဌာန်းအာရုံပေါ်၌ စိတ်ဓာတ်က ခိုင်ခိုင်မြဲမြဲနဲ့ တည်ကြည်နေရမယ်။ ပညာ၊ မိမိရှုပွားနေတဲ့ ကမ္မဋ္ဌာန်းအာရုံ သို့မဟုတ် ဝိပဿနာအာရုံကို ရှင်းရှင်းလင်းလင်း ထိုးထွင်းသိနေရမယ်၊ ဒီ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာဆိုပြီးတော့ ဣန္ဒြေ ငါးပါး၊ ဒီ ဣန္ဒြေ ငါးပါးက မိမိသွားလိုတဲ့ သမထလမ်းကြောင်း၊ ဝိပဿနာလမ်းကြောင်းပေါ်က မိမိရဲ့ စိတ်ဓာတ်အစဉ်ကို ဘေးကို တိမ်းချော်ပြီး ကျမသွားအောင် ထိန်းချုပ်ပေးနိုင်တဲ့ စွမ်းအားရှိတဲ့ တရားကြီး ငါးမျိုး ဖြစ်ပါတယ်။ ဣန္ဒြေ ငါးပါး စွမ်းအားကြီး ငါးရပ် ဆိုတာလည်း ဒီတရား ငါးပါးပဲ၊ အတူတူပဲ၊ ဒီတော့ ပုဂ္ဂိုလ်တစ်ယောက်က ဣန္ဒြေ ငါးပါး ရှိပါတယ်။ ဗိုလ် ငါးပါး ရှိပါတယ်လို့ပြောရင် ဒါ ဓမ္မကို ဓမ္မလို့ ထင်ရှားပြနေတာဖြစ်တယ်။ ဣန္ဒြေက လေးပါးရှိတာပါ။ ဗိုလ် ခြောက်ပါးရှိတာပါ စသည်ဖြင့် အပိုအလိုတွေ ပြောခဲ့မယ် ဆိုရင်တော့ အဓမ္မဖြစ်သွားပြီ၊ ရဟန်းတော်တစ်ပါးက ဓမ္မကို ဓမ္မလို့ပဲ ပြောရမယ်။ အဓမ္မကို အဓမ္မလို့ပဲ ပြောရမယ်၊ ဒါပေမဲ့ အဓမ္မကို ဓမ္မလို့ပြောမယ်။ ဓမ္မကို အဓမ္မလို့ ပြောမယ်ဆိုရင်တော့ ထိုပုဂ္ဂိုလ်က သတ္တဝါတွေ အကျိုးယုတ်ဖို့၊ ဆင်းရဲဒုက္ခ ရောက်ဖို့အတွက် ကျင့်နေတာတဲ့၊ အကုသိုလ်တရားတွေကို တိုးပွားအောင်ကျင့်နေတဲ့ပုဂ္ဂိုလ်၊ သာသနာကွယ်အောင် လုပ်နေတဲ့ ပုဂ္ဂိုလ်ပဲဆိုပြီး ဒီသုတ္တန်က ဟောနေတယ်နော်၊

နောက်တစ်ခု - ဗောဇ္ဈင် ဘယ်နှစ်ပါးလဲ? ခုနစ်ပါး။ ဓမ္မဝိစယသမ္ဗောဇ္ဈင် ဆိုတာကတော့ မိမိရှုပွားသုံးသပ်နေတဲ့ သမထအာရုံဖြစ်ရင် သမထအာရုံကို ထိုးထွင်းသိတဲ့ဉာဏ်ကို ဓမ္မဝိစယလို့ ခေါ်တယ်၊ မိမိက ဝိပဿနာရှုခဲ့ရင် ဝိပဿနာဉာဏ်ရဲ့ အရှုခံအာရုံဖြစ်တဲ့ ရုပ်နာမ် ကြောင်းကျိုး သင်္ခါရတရားတွေ အထူးသဖြင့် ကုသိုလ်တရား၊ အကုသိုလ်တရားစတဲ့ ဒီတရားတွေကို ရှင်းရှင်းလင်းလင်း ထိုးထွင်းသိအောင် ပညာနှင့် ယှဉ်တွဲပြီးတော့ ကြိုးစားအားထုတ်တဲ့ သဘော။ ဝီရိယသမ္ဗောဇ္ဈင်က မိမိရှုပွားနေတဲ့ သမထအာရုံ၊ ဝိပဿနာအာရုံတွေပေါ်၌ စိတ်ဓာတ်ခိုင်မြဲပြီးတော့ တည်ကြည်နေတဲ့သဘော။ ပီတိသမ္ဗောဇ္ဈင် ဆိုတာကတော့ ဓမ္မဝိစယ၊ ဝီရိယတို့နဲ့ ယှဉ်တွဲပြီးတော့ ဒီသမထကမ္မဋ္ဌာန်းအာရုံ၊ ဝိပဿနာကမ္မဋ္ဌာန်းအာရုံတို့အပေါ်၌ နှစ်သက် ကျေနပ်နေတဲ့သဘော။ ပဿဒ္ဓိသမ္ဗောဇ္ဈင် ဆိုတာကတော့ ဒီဓမ္မဝိစယသမ္ဗောဇ္ဈင် အစရှိတဲ့ ဒီသမ္ဗောဇ္ဈင်တရားတွေနဲ့ယှဉ်တွဲပြီးတော့ မိမိရှုပွားသုံးသပ်နေတဲ့ သမထကမ္မဋ္ဌာန်းအာရုံနှင့် ဆက်စပ်ပြီးတော့ စိတ်စေတသိက်တို့ရဲ့ အေးချမ်းနေတဲ့သဘော။ သမာဓိသမ္ဗောဇ္ဈင်၊ ဒီသမထကမ္မဋ္ဌာန်းအာရုံ သို့မဟုတ် ဝိပဿနာကမ္မဋ္ဌာန်းအာရုံပေါ်၌ စိတ်တည်ကြည်နေတဲ့သဘော။ ဥပေက္ခာသမ္ဗောဇ္ဈင်ဆိုတာက ဒီသမထကမ္မဋ္ဌာန်းအာရုံ သို့မဟုတ် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းအာရုံပေါ်၌ စိတ်ကိုအညီအမျှ လျစ်လျူရှုထားနိုင်တဲ့သဘော တတြမဇ္ဈတ္တတာ စေတသိက်ဖြစ်ပါတယ်၊ ပေါင်းလိုက်တော့ ဗောဇ္ဈင်ဘယ်နှစ်ပါးလဲ? ခုနစ်ပါး၊ အဲဒီ ဗောဇ္ဈင် ခုနစ်ပါးလို့ ပြောရင်တော့ ဒါဓမ္မကို ဓမ္မလို့ ထင်ရှားပြနေတာပဲ၊ ဒါပေမဲ့ ပုဂ္ဂိုလ်တစ်ယောက်က ဗောဇ္ဈင်က ငါးပါးပဲရှိပါတယ်၊ ခြောက်ပါးပဲရှိပါတယ်၊ ရှစ်ပါးပဲရှိပါတယ် စသည်ဖြင့် ဒီလိုပြောခဲ့ရင် အဓမ္မကို အဓမ္မ လုပ်နေတာပဲနော်။ ဓမ္မကို အဓမ္မလို့ ထင်ရှားပြတယ်။ အဓမ္မကိုလည်း ဓမ္မလို့ ထင်ရှားပြနေသည် မည်တယ်၊

နောက်တစ်ခု - မဂ္ဂင်ဘယ်နှစ်ပါးလဲ? အားလုံး သိပြီးပြီ။ မဂ္ဂင်ဘယ်နှစ်ပါးရှိလဲ? ရှစ်ပါး၊ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ ဆိုပြီးတော့ မဂ္ဂင်ဘယ်နှစ်ပါးလဲ? ရှစ်ပါး။ မဂ္ဂင်က ခုနစ်ပါးပဲရှိတယ်လို့ပြောရင် ဒါ အဓမ္မပဲ။ မဂ္ဂင် ရှစ်ပါးဆိုတော့ ဓမ္မ။ မဂ္ဂင်က ခြောက်ပါးပဲရှိပါတယ်လို့ ပြောရင်လဲ အဓမ္မပဲ။ အဓမ္မကို ဓမ္မလို့ထင်ရှားပြတယ်နော်။ မဂ္ဂင် ကိုးပါးရှိပါတယ် ဆိုရင်လည်း ဒါ အဓမ္မပဲ၊ အဲဒီအပိုင်းကိုတော့ ဘုန်းကြီး နောက်မှပဲ ထပ်ပြီး ရှင်းပါ့မယ်နော်၊ ဒီတော့ ဒီလို ဓမ္မကို ဓမ္မလို့ ထင်ရှားပြရင် အဓမ္မကိုလည်း အဓမ္မလို့ ထင်ရှားပြောရင် ဒီပြောနေတဲ့ ရဟန်းတွေဟာ သတ္တဝါတွေ အကျိုးစီးပွားရှိဖို့၊ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ နိဗ္ဗာန်ဆိုတဲ့ အကျိုးစီးပွားရရှိဖို့၊ မဂ်ချမ်းသာ၊ ဖိုလ်ချမ်းသာ၊ နိဗ္ဗာန်ချမ်းသာဆိုတဲ့ ချမ်းသာသုခတွေ ရရှိဖို့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ ရဟန်းတွေ ဖြစ်ကြတယ်၊ သို့သော် ဓမ္မကို အဓမ္မလို့။ အဓမ္မကို ဓမ္မလို့ ထင်ရှားပြကြမယ် ဆိုရင်တော့ ထိုရဟန်းတွေသည် ဘာလုပ်သလဲ? သတ္တဝါတွေ အကျိုးစီးပွား ဆုတ်ယုတ်ပျက်စီးဖို့၊ ဆင်းရဲဒုက္ခရောက်ဖို့၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ ရဟန်းတွေ ဖြစ်ကြတယ်တဲ့၊ ဒါတွင်လားဆိုတော့ မကသေးဘူး၊ များစွာသော အကုသိုလ်တရားတွေကို လည်းပဲ တိုးပွားစေတဲ့ ရဟန်းတွေ ဖြစ်ကြတယ်။ သဒ္ဓမ္မငါးဖြာ သာသနာတော်မြတ်ကြီးကိုလည်း ကွယ်ပစေတဲ့ ရဟန်းတွေ ဖြစ်ကြတယ်၊ ကွယ်ပျောက်စေတဲ့ ရဟန်းတွေ ဖြစ်ကြတယ်တဲ့၊

အဲဒီမှာ သာသနာကွယ်ခြင်း ငါးမျိုးကို အဋ္ဌကထာဆရာတော်က ဖွင့်ထားပါတယ်နော်၊ ဒီအပိုင်းလေးကိုတော့ ဘုန်းကြီး ပြောချင်လို့ပါနော်၊ ဒီတော့ အဓိဂမအန္တရဓာန။ ပဋိပတ္တိအန္တရဓာန။ ပရိယတ္တိအန္တရဓာန။ လိင်္ဂအန္တရဓာန။ ဓာတုအန္တရဓာန ဆိုပြီးတော့ သာသနာကွယ်ပခြင်း ငါးမျိုး ရှိသလို၊ သာသနာတော်ဟာလည်း ငါးမျိုး ရှိတယ်လို့ ပြောနိုင်တယ်။ အဓိဂမသာသနာ။ ပဋိပတ္တိသာသနာ။ ပရိယတ္တိသာသနာ။ လိင်္ဂသာသနာ။ ဓာတုသာသနာဆိုပြီး သာသနာ ငါးရပ်၊

အဓိဂမသာသနာ ဆိုတာကတော့ သူတော်ကောင်းတို့ ရအပ်၊ ရောက်အပ်တဲ့အတွက် အဓိဂမလို့ ခေါ်ပါတယ်၊ သူတော်ကောင်းတို့ ရအပ်၊ ရောက်အပ်တဲ့ တရားတွေဆိုတာက ဘာတရားတွေလဲမေးတော့ မဂ် လေးပါး၊ ဖိုလ် လေးပါး၊ နိဗ္ဗာန်၊ ပဋိသမ္ဘိဒါဉာဏ် လေးပါး၊ အဘိဉာဏ် ခြောက်ပါး၊ ဝိဇ္ဇာ သုံးပါးဆိုပြီးတော့ အဋ္ဌကထာက ဒီလို ဖွင့်ဆိုထားပါတယ်နော်၊ အဲဒီ တရားတွေသည် သူတော်ကောင်းတို့ ရအပ်၊ ရောက်အပ်တဲ့အတွက် အဓိဂမသာသနာ မည်တယ်တဲ့၊ အဲဒီ သူတော်ကောင်းတို့ရအပ်၊ ရောက်အပ်တဲ့ အဓိဂမသာသနာတော်ကြီးကို တစ်ချို့နေရာမှာ ပဋိဝေဓသာသနာလို့လည်း ဒီလို သုံးစွဲထားပါတယ်၊ အတူတူပဲနော်၊

အဲဒီ အဓိဂမသာသနာတော်ကြီးဟာ တစ်ချိန်မှာ ကွယ်သွားတယ်၊ ဘယ်လိုကွယ်လဲဆိုတော့ သာသနာကွယ်ပုံနဲ့ ပတ်သက်ပြီးတော့ ရှေးဦးစွာ ပဋိသမ္ဘိဒါဉာဏ် လေးပါးကတော့ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်တော်မူပြီးတဲ့နောက် နှစ်ပေါင်း တစ်ထောင်အတွင်းမှာပဲ ပဋိသမ္ဘိဒါဉာဏ်ကို ရရှိတဲ့ သူတော်ကောင်းတွေ ရှိနိုင်တယ်လို့ အဋ္ဌကထာက ဒီလို ဖော်ပြထားတယ်၊ နှစ်ပေါင်း တစ်ထောင်ရဲ့ နောက်ပိုင်းမှာ ပဋိသမ္ဘိဒါဉာဏ် လေးပါးကို ရရှိတဲ့ သူတော်ကောင်းတွေ မရှိနိုင်တော့ဘူး၊ ဆိုလိုတာက ဘုရားရှင်လက်ထက်တော်တုန်းက (အထူးသဖြင့်ပေါ့နော်) အရှင်အာနန္ဒာဆိုရင် သောတာပတ္တိမဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ဆိုက်သည်နှင့် တစ်ပြိုင်နက်တည်း ပဋိသမ္ဘိဒါဉာဏ် လေးပါးကိုပါ ပူးတွဲ ရရှိတော်မူပါတယ်၊

အလားတူပဲ၊ စိတ္တသူကြွယ်တို့လည်း အနာဂါမိမဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ဆိုက်သည်နှင့် တစ်ပြိုင်နက်တည်း ပဋိသမ္ဘိဒါဉာဏ် လေးပါးကို ရရှိတယ်၊ ခုဇ္ဇုတ္တရာလည်း သောတာပတ္တိမဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ဆိုက်သည်နှင့် တစ်ပြိုင်နက်တည်း ပဋိသမ္ဘိဒါဉာဏ် လေးပါးကို ပူးတွဲရရှိတယ်၊ ဒါကတော့ သေက္ခပဋိသမ္ဘိဒါဉာဏ်လို့ခေါ်ပါတယ်၊ ယေဘုယျအားဖြင့်တော့ အရဟတ္တမဂ်၊ အရဟတ္တဖိုလ်ကို ဆိုက်သည်နှင့် တစ်ပြိုင်နက်တည်း ပဋိသမ္ဘိဒါဉာဏ် လေးပါး ရရှိရေးအတွက် သီးသန့် ဒီဘဝမှာတော့ ကြိုးစားအားထုတ်မှုဆိုတာ မရှိတော့ဘူး၊ အတိတ်ကတော့ ရှိခဲ့တယ်နော်၊ အတိတ်က ရှိခဲ့တယ် ဆိုတာကတော့ တစ်ဆူဆူသော ဘုရားရှင်တို့ရဲ့ သာသနာတော်တွင်းမှာ - ပရိယတ္တိ၊ ပိဋကတ်ပါဠိတော်တွေကို သင်ယူခြင်း။ ပရိပုစ္ဆာ၊ အဋ္ဌကထာကို သင်ယူခြင်း၊ ပါဠိတော်မှာလာရှိတဲ့ အနက်အဓိပ္ပာယ်တွေကို မေးမြန်း လျှောက်ထားခြင်း။ ဓမ္မသဝန၊ တရားတော်ကို အရိုအသေ အလေးဂရုပြုပြီးတော့ နာယူခဲ့ခြင်း။ ပုဗ္ဗယောဂ၊ ပုဗ္ဗယောဂေါ နာမ ပုဗ္ဗဗုဒ္ဓါနံ သာသနေ ဂတပစ္စာဂတိကဘာဝေန ယာဝ အနုလောမံ ဂဟေတဗ္ဗသမီပံ၊ တာဝ ဝိပဿနာနုယောဂေါ၊ ဝိသုဒ္ဓိမဂ်အဋ္ဌကထာ ဒုတိယတွဲ စာမျက်နှာ ခုနစ်ဆယ့်နှစ်မှာ ဖွင့်ဆိုထားပါတယ်၊

ပုဗ္ဗယောဂ ဆိုတာကတော့ - ရှေးရှေး ဘုရားရှင်တို့ရဲ့ သာသနာတော်အတွင်းမှာ ဂတပစ္စာဂတဝတ်၊ ဆွမ်းခံသွားရင်လည်း ကမ္မဋ္ဌာန်းကို ဆောင်ယူလျက် ဆွမ်းခံရွာသို့သွားခြင်း၊ ဆွမ်းခံရွာမှ ကျောင်းသို့ပြန်လာတဲ့ အပိုင်းမှာလည်းပဲ ကမ္မဋ္ဌာန်းကို ဆောင်ယူလျက် ဆွမ်းခံရွာမှ ကျောင်းသို့ ပြန်လာခြင်းဆိုတဲ့ ဂတပစ္စာဂတဝတ်ကို ဖြည့်ကျင့်လျက် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းတွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တော်မူလိုက်တာ သင်္ခါရုပေက္ခာဉာဏ်သို့ ဆိုက်သည့်တိုင်အောင် ကြိုးစားအားထုတ်ခဲ့ဖူးခြင်းဆိုတဲ့ ဒီအင်္ဂါ လေးခုကို ဖြည့်ကျင့်ရပါတယ်၊ နောက်ဆုံးဘဝမှာတော့ အဓိဂမခေါ်တဲ့ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ဆိုက်သည့်တိုင်အောင် တစ်ဖန်ပြန်ပြီး အားထုတ်ရတယ်၊ ပေါင်းလိုက်တော့ အင်္ဂါ ငါးရပ်၊ အဲဒီ အင်္ဂါ ငါးချက် စုံညီနေတဲ့ သူတော်ကောင်းတွေသာလျှင် ပဋိသမ္ဘိဒါဉာဏ်ကို ရရှိကြပါတယ်၊ အဲဒီ ပဋိသမ္ဘိဒါဉာဏ်ကို ရရှိတဲ့ သူတော်ကောင်းတွေဟာလည်း ယေဘုယျအားဖြင့် ဘုရားရှင်ရဲ့ သာသနာတော် နှစ်ပေါင်း တစ်ထောင်အတွင်းမှာသာ ဖြစ်နိုင်တယ်ဆိုပြီး အဋ္ဌကထာက ဒီလို သတ်မှတ်ပေးထားတယ်၊

အဲဒီ နောက်ပိုင်းကာလရောက်လာတဲ့ အချိန်အခါမှာ အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ဆိုက်ရောက်ပြီဆိုရင် အဘိညာဏ် ခြောက်ပါးလုံး ပူးတွဲရရှိတဲ့ ခေတ်ပဲ၊ အဲဒီ ခေတ်ကတော့ နှစ်ပေါင်း နှစ်ထောင်အတွင်း ဆိုပြီး အဲဒီကနေ နောက်ပိုင်းကာလ ရောက်လာတဲ့ အချိန်အခါမှာ ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ်၊ ဒိဗ္ဗစက္ခုအဘိညာဏ်၊ အာသဝက္ခယဉာဏ်ဆိုတဲ့ ဝိဇ္ဇာ သုံးပါးသာ ရရှိတဲ့ခေတ်၊ အဲဒီ ခေတ်ကတော့ နှစ်ပေါင်း သုံးထောင်အတွင်း၊ ခုလို အချိန်အခါမျိုး ဆိုကြစို့နော်၊ ဒါဝိဇ္ဇာ သုံးပါးကို ရရှိနိုင်သေးတယ်၊ အရဟတ္တမဂ် အရဟတ္တဖိုလ်ကို ဆိုက်ခဲ့မယ်ဆိုရင် ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ်၊ ဒိဗ္ဗစက္ခုအဘိညာဏ်ဉာဏ်တွေကိုပါ ပူးတွဲ ရရှိနိုင်သေးတယ်လို့ အဲဒီကနေပြီးတော့ နှစ်ပေါင်း သုံးထောင်ကျော်သွားပြီ၊ နှစ်ပေါင်း လေးထောင်အတွင်းမှာကတော့ ဈာန်အစေး ခန်းခြောက်တဲ့ သုက္ခဝိပဿကခေတ် ရောက်ရှိသွားပြီတဲ့၊ ဈာန်ကို မရနိုင်တော့ဘဲ ဝိပဿနာကိုသာ ပွားများအားထုတ်တဲ့အတွက် သုက္ခဝိပဿကရဟန္တာလောက် ဖြစ်နိုင်တဲ့ အဆင့်လောက်ပဲ ရှိတော့တယ်တဲ့၊

အဲဒီကနေ ရှေ့တစ်ဆင့် တက်လိုက်မယ်ဆိုရင် နှစ်ပေါင်း ငါးထောင်နော်၊ အဲဒီမှာကတော့ ဈာန်အစေး ခန်းခြောက်နေတဲ့ ရဟန္တာတောင် မဖြစ်နိုင်တော့ဘဲ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်အဆင့်လောက်ပဲ ရောက်နိုင်တဲ့ခေတ် ဖြစ်ပါတယ်တဲ့၊ ပေါင်းလိုက်တော့ သာသနာ ငါးထောင် ဆိုကြပါစို့နော်၊ အဆင့်ဆင့် ဒါ ကွယ်သွားပုံပဲ၊

အဲဒီလို ကွယ်သွားတဲ့အခါ နောက်ဆုံး သောတာပန်ဖြစ်တဲ့ပုဂ္ဂိုလ် လူ့လောကမှာ ကွယ်လွန်သွားပြီးပြီ ဆိုရင်တော့ ဒါ အဓိဂမသာသနာတော်ကြီး လူ့ပြည်၊ လူ့လောကကနေ လုံးဝ ကွယ်သွားပြီ ဖြစ်ပါတယ်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်တို့မှာတော့ ရှိပါသေးတယ်၊ ဒါလူ့လောကမှာ ကွယ်ပသွားပုံကိုသာ ကွက်ပြီး ပြောတာပါနော်၊ ဘာဖြစ်လို့လဲ? လွန်ခဲ့သော ခုနစ်ဆူသော ဘုရားရှင်တို့ရဲ့ တပည့်သာဝကတွေဟာ သုဒ္ဓါဝါသဗြဟ္မာ့ပြည်မှာ ယနေ့တိုင်အောင် ထင်ရှားရှိနေကြပါသေးတယ်နော်၊ ကဲ ဒါက အဓိဂမအန္တရဓာန၊

နောက်တစ်ခု - နံပါတ် နှစ်ကတော့ ပဋိပတ္တိအန္တရဓာန၊ ပဋိပတ်ကျင့်စဉ်ရဲ့ ကွယ်ပခြင်းပဲ၊ အဲဒီလို သာသနာတွေ အဆင့်ဆင့် ကွယ်သွားပြီးတဲ့ နောက်ပိုင်း မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ရနိုင်တဲ့ သူတော်ကောင်းတွေ မရှိတော့ သီလကျင့်စဉ်လောက်ကိုပဲ ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်တဲ့ သူတော်ကောင်းတွေလောက်ပဲ ရှိကြတော့တယ်၊ တို့ဟာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းသော်လည်း မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ရနိုင်တဲ့ခေတ်တော့ မရှိကြတော့ဘူး၊ ဈာန်တရားတွေလည်း ရနိုင်တဲ့ခေတ်တော့ တို့မရှိကြတော့ဘူး ဆိုပြီးတော့ သမထလည်း အားမထုတ် ဝိပဿနာလည်း အားမထုတ်ဘဲ လုံ့လဝီရိယတွေ လျှော့ချပြီး သီလလောက်ပဲ ပြည့်ပြည့်စုံစုံလေး ဖြည့်ကျင့်တဲ့ခေတ် ရောက်သွားပြီ၊ အဲဒီခေတ်မှာလည်း တဖြည်းဖြည်း သီလပိုင်းက လျော့လျော့၊ လျော့လျော့၊ လျော့လျော့လာလိုက်တာ ငယ်ကုန်၊ ငယ်ကုန်သော သိက္ခာပုဒ်တွေကို တဖြည်းဖြည်းနဲ့ လျှော့ချလိုက်တယ်၊

လျှော့ချလိုက်တော့ နောက်ဆုံး ပါရာဇိက လေးပါးလောက်ပဲ ထိန်းသိမ်းစောင့်ရှောက်တဲ့ ပုဂ္ဂိုလ်တွေ ရှိကြတော့တယ်။ ပါရာဇိက လေးပါးလောက် လုံခြုံအောင်နေထိုင်တဲ့ ပုဂ္ဂိုလ်တွေကလည်း နောက်ဆုံး ပါရာဇိက လေးပါးတောင် မစောင့်ရှောက်တော့တဲ့အတွက် နောက်ဆုံးရဟန်းတော်က ပါရာဇိကသိက္ခာပုဒ်ကို လွန်ကျူးလိုက်ပြီ ဆိုရင်တော့ အဲဒီမှာ ပဋိပတ္တိသာသနာတော်ကြီး ကွယ်ပသွားပြီ၊

နောက်တစ်ခု နံပါတ် သုံး ပရိယတ္တိအန္တရဓာန၊ ပရိယတ်တရားတော်ကို သင်ယူတဲ့ပုဂ္ဂိုလ်တွေ အရေအတွက်က အားပျော့လာတယ်၊ အားပျော့လာတဲ့ နောက်ပိုင်းကာလ ရောက်ပြီ၊ သာသနာနောက်ပိုင်းကာလမှာ သဒ္ဓါတရားတွေက ခေါင်းပါးလာပြီးဖြစ်တဲ့အတွက် ပိဋကတ်တော်တွေ နှုတ်ငုံဆောင်နိုင်တဲ့ ပုဂ္ဂိုလ်ဆိုတာက အလွန် ရှာရခက်သွားပြီ၊ ရှာရခက်သွားတော့ ပရိယတ်ကို လေ့လာဆည်းပူးတဲ့ ပုဂ္ဂိုလ်တွေ အရေအတွက်က နည်းသထက် နည်းလာတဲ့ အပိုင်းမှာ နောက်ဆုံး တစ်ဖြည်းဖြည်း ပဋ္ဌာန်းကျမ်းကနေစပြီး အဘိဓမ္မာတွေ ကွယ်တော့တယ်။ အဘိဓမ္မာတွေ ကွယ်ရာကနေ နောက်ပိုင်းကျတော့ သုတ္တန်လောက်ပဲ ဆောင်ထားရာကနေ သုတ္တန်တွေလည်း တဖြည်းဖြည်း ကွယ်ပြီးတော့ နောက်ဆုံး ဇာတ်တော်လောက်ပဲ ရှိတော့တယ်၊

ဇာတ်တော်ကလေးလောက်ပဲ ဟောပြောပြီးတော့ နေရာကနေ နောက်ဆုံး ဇာတ်တော်တောင် မဟောနိုင်တော့ဘူး၊ မဟောနိုင်တော့ ဘာတွေကျန်လဲဆိုတော့ ဝိနည်းဒေသနာတော်လောက်ပဲ နည်းနည်းပါးပါး ကျန်တယ်၊ အဲဒီ ဝိနည်းဒေသနာတော်ကနေပြီးတော့ပဲ တစ်ဖြည်းဖြည်း ကွယ်သွားလိုက်တာ နောက်ဆုံး ပါရာဇိက လေးပါးတောင် အလွတ်ရတဲ့ပုဂ္ဂိုလ် မရှိတော့ဘူးတဲ့၊ တစ်နေ့ကပဲ ဆရာတော်တစ်ပါးနဲ့ စပ်မိတော့ လျှောက်တော့ ဆရာတော်တစ်ပါးက အမိန့်ရှိသွားတယ်၊ သူ့ကျောင်းဝင်လာတဲ့ ကိုယ်တော်ကိုတဲ့ ပါရာဇိက လေးပါး အနည်းဆုံးတော့ အရွတ်ခိုင်းလိုက်တယ်၊ မရဘူးဆိုရင် လက်မခံဘူးတဲ့၊ ဟုတ်တယ်၊ မဟုတ်လား၊ ခေတ်က ဆုတ်လာပုံလေးတွေပဲနော်၊ အဲဒီကျောင်းမှာလည်း အဲဒီစည်းကမ်းလေးတွေက တစ်ဖြည်းဖြည်း လုပ်ရမယ့် ပုံစံတော့ ဖြစ်လာတယ်၊ ဝိနည်း နှစ်စောင်မှ မရဘူး ဆိုလို့ရှိရင်တော့ တစ်ဖြည်းဖြည်း လျှော့ချရမယ့် ပုံစံမျိုးတော့ ဖြစ်လာပြီနော်၊

နောက်ဆုံး အဲဒီဘုရားရှင်ဟောတဲ့ တရားကို ဆင်ကျောက်ကုန်းမှာ ထောင်ထုပ်တင်ပြီးတော့ လှည့်လည်ပြီးတော့ တစ်ပုဒ်တစ်ဂါထာ ဟောနိုင်တဲ့ ပုဂ္ဂိုလ်ရှိရင် ဒီထောင်ထုပ်ယူစေဆိုပြီး လှည့်လည်ပြီး တိုင်းပြည်ကို စည်ကြေညာသော်လည်းပဲ ဘုရားဟောတဲ့ ဂါထာတစ်ပုဒ်ကို ဟောပြနိုင်တဲ့ ပုဂ္ဂိုလ်ရှာလို့ မတွေ့တော့ဘူးဆိုရင်တော့ ပရိယတ်တရားတော်ကြီး ကွယ်သွားပြီ။ ပရိယတ်သာသနာ ကွယ်တာပဲနော်၊

နောက် နံပါတ် (၄) - လိင်္ဂအန္တရဓာနဆိုတာကတော့။ တစ်ဖြည်းဖြည်းနဲ့ နောက်ပိုင်းရောက်လာရင် တစ်ဖြည်းဖြည်း လူလို ဝတ်ရုံလာကြတယ်၊ သဒ္ဓါတရားတွေက လျော့နည်းလာပြီး ဝတ်တာတွေကလည်း လူလို ဝတ်လာရာကနေပြီးတော့ တစ်ဖြည်းဖြည်း လျော့နည်းသွားလိုက်တာ နောက်ဆုံးတော့ အဝါရောင်ဆိုရင် လည်ပင်းမှာပတ်ထားတဲ့ အစပိုင်းလေးလောက်ပဲ ကျန်တယ်၊ နောက်ဆုံးတော့ ရှုပ်ပါတယ်ဆိုပြီး အကုန်လုံးဖြုတ်ချလိုက်တော့ အဲဒီမှာ သာသနာ့ အသွင်အပြင်တွေ ကွယ်ပြီးတော့ ဘာလဲ? ဝတ်ဖြူစင်ကြယ်တွေပဲ ဝတ်ကြတော့တယ်တဲ့၊ အဲဒါ ယောနကတိုင်းမှာ အဝတ်ဖြူဝတ်နေတဲ့ ပုဂ္ဂိုလ်တွေဟာ ကဿပဘုရားရှင် သာသနာနောက်ပိုင်းမှာ ရဟန်းပျက်တို့ရဲ့ အလေ့အကျင့်ဖြစ်တယ်ဆိုပြီး အဋ္ဌကထာကတော့ ဖော်ပြထားတယ်နော်၊

ဒုတိယပိုင်း

ကဲ နောက်တစ်ခုကတော့ ဓာတုအန္တရဓာန၊ ဘုရားရှင်ရဲ့ ဓာတ်တော်, မွေတော်များ ကွယ်ပခြင်းပဲ၊ ခုလို လူ့ပြည်, လူ့လောကမှာ ဘုရားရှင်ရဲ့ သာသနာတော်ကို ကိုးကွယ်ဆည်းကပ်မယ့်ပုဂ္ဂိုလ်ဆိုတာ တစ်ဦးတစ်ယောက်မျှ မရှိတော့ဘူးဆိုရင် ဓာတ်တော်, မွေတော်တွေဟာ အားလုံး ဗောဓိမဏ္ဍိုင်မှာ စုရုံးကြမှာ ဖြစ်တယ်၊ ဒီတော့ ဘုရားရှင်ရဲ့ ဓာတ်တော်က နည်းနည်း ဗဟုသုတလေးတစ်ခု ညှပ်ပြီးတော့ နည်းနည်းလေး ပြောမယ်နော်၊ သုံးမျိုးပဲ ရှိပါတယ်၊

နံပါတ် (၁)က မုန်ညှင်းစေ့ ပမာဏခန့်ရှိတယ်၊ မုန်ညှင်းစေ့လောက် ရှိနေတဲ့ ဓာတ်တော်လေးတွေရဲ့ အရောင်အဆင်းက မြတ်လေးပန်း အငုံလေး ပွင့်ထားတဲ့ မြတ်လေးပန်း မဟုတ်ဘူး၊ အငုံရောင် မမြင်ဖူးဘူးဆိုရင်တော့ ဘုန်းကြီးကျောင်းအနားမှာ လလာကြည့်လှည့်နော်၊ အဲဒီ မြတ်လေးပန်း အငုံရောင်လေး ရှိတယ်ဆိုတော့ ဆင်စွယ်ရောင်နဲ့ နည်းနည်းလေး ခပ်ဆင်ဆင်ပဲ၊ အရောင်အဆင်းက မြတ်လေးပန်းအငုံရဲ့ အရောင်ပဲ၊ ပမာဏက မုန်ညှင်းစေ့ ပမာဏ၊ ဒါကတစ်ခု၊

နံပါတ် (၂)ကတော့ ဆန်ကွဲခန့်၊ ဆန်ကို ထက်ပိုင်းချိုးထားတဲ့ ဆန်ကွဲပဲ၊ အဲဒီ ဆန်ကွဲခန့်ရှိတဲ့ ဓာတ်တော်ကတစ်ခု၊ ဆန်ကွဲခန့် ပမာဏရှိနေတဲ့ ဓာတ်တော်က အရောင်အဆင်းကြည့်လိုက်မယ် ဆိုလို့ရှိရင် ပုလဲအရောင်အဆင်း၊ ဒါကတော့ မြင်ဖူးကြတယ်နော်၊

နံပါတ် (၃)ကတော့ အလယ်မှာ ကွဲအက်နေတဲ့ ပဲနောက်စေ့ခန့်ရှိတဲ့ ဓာတ်တော်တဲ့၊ အလယ်မှာ ကွဲအက်နေတဲ့ ပဲနောက်စေ့ခန့်လောက်ရှိတဲ့ ဓာတ်တော်တွေရဲ့ အရောင်အဆင်းက ရွှေအဆင်း ဖြစ်ပါတယ်၊ ဒီတော့ ဓာတ်တော် အချိုးအစားက သုံးမျိုး။ အရောင်အဆင်းကလည်း သုံးမျိုးပဲနော်၊ တခြားအရောင်တွေဟာ ဓာတ်တော်ဟုတ်သလား၊ မဟုတ်ဘူးနော်၊ ပမာဏ တွေကလည်း ဓာတ်တော်ဟုတ်သလား၊ မဟုတ်ဘူး၊ ခု- ဘုန်းကြီးကျောင်းမှာပဲ ရှိနေပါတယ်၊ သူများတွေက ဓာတ်တော်ဆိုပြီး လာလှူထားတာပေါ့လေ၊ ဘုန်းကြီးကတော့ မလွှဲသာ မရှောင်သာတော့လည်း ဓာတ်တော်ဆိုတော့လည်း "အေး-ပေါ့လေ ဓာတ်တော်ပေါ့” ဆိုပြီး ယူထားလိုက်တာပဲ၊ အဲဒီမှာ အရောင်အဆင်းတွေက ဒီပုံစံနဲ့တော့ မကိုက်တာတွေ အများကြီးရှိပါတယ်၊ ဒါက ဗဟုသုတပဲ၊

အဲဒီဓာတ်တော်များသည် လူ့ပြည်, လူ့လောကမှာ ကိုးကွယ်ဆည်းကပ်မဲ့ ပုဂ္ဂိုလ် မရှိတော့ဘူးဆိုရင် တစ်နေ့ ကွယ်မယ်၊ ကွယ်လိုက်တဲ့ အချိန်အခါမှာ ဓာတ်တော်ဆိုတာကို ဘုန်းကြီးတို့ ဓာတ်ကမ္မဋ္ဌာန်းလမ်းစဉ်က ဓာတ်လေးပါး သိမ်းဆည်းနိုင်ခဲ့လို့ရှိရင် ရုပ်ကလာပ်တို့ရဲ့ အပေါင်းအစုပဲလို့ သဘောပေါက်နိုင်ပါတယ်၊ အဲဒီရုပ်ကလာပ်တွေက ကလာပ်တစ်ခုမှာ တည်ရှိတဲ့ တေဇောဓာတ်က နောက်ထပ် ကလာပ်တစ်ခု ဖြစ်ပေါ်လာအောင် ဆင့်ကဲဆင့်ကဲ ကျေးဇူးဆက်ကာ, ဆက်ကာ ပြုနေတယ်၊ အရှည်ခိုင်ခံ့ တည်တံ့အောင် ပြုနေသမျှ ကာလပတ်လုံး ဓာတ်တော်တွေ ထင်ရှားရှိတယ်၊ ခုတော့ အဲဒီလို ကျေးဇူးမပြုတော့ဘူး၊ အဲဒီ ဓာတ်တော်တွေထဲမှာ ရှိနေတဲ့ တေဇောဓာတ်ကနေပြီးတော့ အရှိန်အဝါသတ္တိတွေ အားကောင်းလာပြီးတော့ ကလာပ်တူ ရုပ်တရားတွေကို လောင်ကျွမ်းပစ်လိုက်တယ်၊ အဲဒီလို လောင်ကျွမ်းလိုက်တဲ့ အချိန်အခါမှာ တစ်ဖြည်းဖြည်း ဓာတ်တော်, မွေတော်တွေဟာ ဘာမှ မကျန်ဘဲနဲ့ အစအနမရှိ အားလုံး ပျောက်ကွယ်သွားတယ်၊ ဒါက ဓာတုအန္တရဓာန ဓာတ်တော်မွေတော်တို့ရဲ့ ကွယ်ပျောက်သွားခြင်းဖြစ်တယ်၊

ပေါင်းလိုက်တော့ သာသနာတော်ကြီး ကွယ်ပပုံ ဘယ်နှစ်မျိုးရှိသလဲ၊ ငါးမျိုး၊ နံပါတ် (၁)က အဓိဂမအန္တရဓာန, နံပါတ် (၂)က ပဋိပတ္တိအန္တရဓာန, နံပါတ် (၃)က ပရိယတ္တိအန္တရဓာန, နံပါတ် (၄)က လိင်္ဂအန္တရဓာန, နံပါတ် (၅)က ဓာတုအန္တရဓာနဆိုပြီး သာသနာကွယ်ပခြင်း ငါးမျိုးရှိတယ်၊

အဲဒီ ကွယ်ပခြင်း ငါးမျိုးထဲမှာ သာသနာတော် မကွယ်အောင် တည်တံ့အောင် ထိန်းရှိမ်းစောင့်ရှောက်ချင်တဲ့ ပုဂ္ဂိုလ်တွေဟာ ဘယ်သာသနာတော်ကို တည်တံ့အောင် ထိန်းသိမ်း စောင့်ရှောက်ရမလဲလို့ မေးစရာရှိတယ်၊ ဒီအချက်နဲ့ပတ်သက်ပြီးတော့နော် ပရိယတ္တိသာသနာတော်က အရင်းမူလ ဖြစ်သလား။ ပဋိပတ္တိသာသနာတော်ကပဲ အရင်းမူလဖြစ်သလား ဆိုပြီးတော့ ရှေးရှေး မထေရ်ကြီးတွေ ဆွေးနွေးပွဲလေးတစ်ခု ဖြစ်ခဲ့ဖူးပါတယ်၊

ဘာကို အကြောင်းခံပြီး ဖြစ်ခဲ့သလဲဆိုတော့ တစ်ချိန်က သီဟိုဠ်ကျွန်းမှာ ဗြဟ္မဏတိဿ အမည်ရတဲ့ သူပုန်ဘေးကြီး တစ်ဆယ့်နှစ်နှစ် တိုင်တိုင် ထခဲ့တယ်၊ သီဟိုဠ်ကျွန်းက တစ်ချို့ မထေရ်ကြီးတွေက ဇမ္ဗူဒိပ်ကျွန်းလို့ ခေါ်ဆိုအပ်တဲ့ အိန္ဒိယဖက်ကိုကူးပြီးတော့ အိန္ဒိယဘက်မှာ ဒီပိဋကတ်တွေကို အဋ္ဌကထာနှင့်တကွ နှုတ်ငုံဆောင်ပြီးတော့ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ကြတယ်၊ တစ်ချို့ မထေရ်ကြီးတွေကတော့ သီဟိုဠ်မှာပဲ ကျန်ရစ်ပြီးတော့ ဒီပိဋကတ်တော်တွေကို အဋ္ဌကထာနှင့်တကွ မပျောက်အောင် သစ်ရွက်, သစ်ဥ, သစ်ခွံလေးတွေ စားပြီးတော့ ထိန်းသိမ်း စောင့်ရှောက်ခဲ့ကြပါတယ်၊ အဲဒီလို စောင့်ရှောက်ခဲ့ရာကနေပြီးတော့ ဒီဗြဟ္မဏတိဿ သူပုန်ဘေးကြီးငြိမ်းအေးသွားတဲ့ အချိန်အခါမှာ အိန္ဒိယဖက်ကို ကူးလာတဲ့ မထေရ်ကြီးတွေကို တွေ့ဆုံဖို့သွားပြီး နှုတ်ဆက်ကြတယ်၊ တွေ့ဆုံနှုတ်ဆက်ပြီးတော့ ဆွေးနွေးကြတယ်၊ ပိဋကတ်တွေကို နှီးနှောကြည့်ကြတယ်၊ ကြည့်လိုက်တဲ့ အချိန်အခါမှာ ပိဋကတ်တော်ချင်း, ပါဠိတော်ချင်း, အဋ္ဌကထာချင်း, ကွဲလွဲချက် တစ်ပိုဒ်တစ်ပါဒမျှ မတွေ့ရဘူး၊ အားလုံး တူညီနေတာကို တွေ့ရတဲ့အတွက် သိပ်ဝမ်းသာသွားကြတယ်တဲ့၊

အဲဒီ ဝမ်းသာသွားတဲ့ ဆွေးနွေးပွဲမှာ မထေရ်ကြီးအတွင်းမှာ ဆွေးနွေးပွဲလေးတစ်ခု ထပ်ပြီးဖြစ်ခဲ့တယ်၊ ဘာတွေဖြစ်သလဲ? ပရိယတ္တိသာသနာတော်က အရင်းမူလ ဖြစ်သလား? ပဋိပတ္တိသာသနာတော်သည်သာလျှင် အရင်းမူလ ဖြစ်သလား? သာသနာတော်အရှည် ခိုင်ခံ့တည်တံ့ရေးအတွက် ဘယ်ဒင်းက အရင်းအမြစ် ဖြစ်လေသလဲဆိုပြီးတော့ ဆွေးနွေးကြတော့ ပံ့သကူဆောင် မထေရ်ကြီးတွေကနေပြီးတော့ ဘယ်လို ဆုံးဖြတ်ချက်ပေးသလဲ? ပဋိပတ္တိသာသနာတော်သည်သာလျှင် သာသနာတော် အရှည်ခိုင်ခံ့တည်တံ့ရေးအတွက် အရင်းမူလ ဖြစ်တယ်ဆိုပြီးတော့ အဆိုပြုကြတယ်၊

ဓမ္မကထိက မထေရ်ကြီးတွေကလည်း ပရိယတ္တိသာသနာတော်ကသာလျှင် သာသနာတော် အရှည်ခိုင်ခံ့တည်တံ့ရေးအတွက် အရင်းမူလ ဖြစ်ပါတယ်ဆိုပြီးတော့ အဆိုပြုပြန်တယ်၊ တစ်ဖက်နဲ့ တစ်ဖက် အချေအတင် ဖြစ်လာပြီ၊ ဖြစ်လာတဲ့ အချိန်အခါမှာ ဘေးက နားထောင်နေတဲ့ မထေရ်ကြီးတွေက ဘာတွေ အမိန့်ရှိကြသလဲ? ကဲ အရှင်ဘုရားတို့ အုပ်စု နှစ်ခုတော့ ကွဲနေပြီ၊ အရှင်ဘုရားတို့ ပြောကြားချက် သက်သက်မျှဖြင့် တပည့်တော်တို့ကတော့ အရှင်ဘုရားတို့ရဲ့ အဆိုအမိန့်တွေကို လက်မခံနိုင်ဘူး၊ ဒါကြောင့် အရှင်ဘုရားတို့ သုတ္တအမည်ရတဲ့ ဘုရားဟောပါဠိတော်ကို ထုတ်ဆောင်ပြီး ပြကြပါဆိုပြီး တိုက်တွန်းကြတယ်၊ တိုက်တွန်းလိုက်တဲ့ အချိန်အခါမှာ ပံ့သကူဆောင် မထေရ်ကြီးတွေက ဘယ်သုတ္တန်ကို ကိုးသလဲ?

‘‘ဣမေ စ သုဘဒ္ဒ ဘိက္ခူ သမ္မာ ဝိဟရေယျုံ၊ အသုညော လောကော အရဟန္တေဟိ အဿ။’’ (ဒီ၊၂၊၂၁၄။)

သုဘဒ္ဒ၊ ချစ်သားသုဘဒ္ဒ။ ဣမေ စ ဘိက္ခူ၊ ဤရဟန်းတော်တို့သည်ကား။ သမ္မာ၊ ကောင်းမွန် မှန်ကန်စွာ။ ဝိဟရေယျုံ၊ နေထိုင်ကြပါကုန်မူကား။ လောကော၊ လောကကြီးသည်။ အရဟန္တေဟိ၊ ရဟန္တာပုဂ္ဂိုလ်တို့ဖြင့်။ အသုညော၊ မဆိတ်သုဉ်းသွားနိုင်သည်။ အဿ၊ ဖြစ်လေရာ၏။

ချစ်သား သုဘဒ္ဒ ဒီရဟန်းတွေဟာ ကောင်းမွန်စွာ နေထိုင်သွားကြမယ်ဆိုရင် ဒီလောကကြီးဟာ ရဟန္တာပုဂ္ဂိုလ်တို့ဖြင့် ဘယ်တော့မှ ဆိတ်သုဉ်းပြီး မသွားနိုင်ဘူးလို့ ဒီလိုဘုရားရှင်က ဟောထားတယ်၊ ဘယ်မှာ ဟောထားလဲမေးတော့ မဟာပရိနိဗ္ဗာနသုတ္တန်မှာ နောက်ဆုံးည ပရိနိဗ္ဗာန် မစံမီမှာ သုဘဒ္ဒပရိဗိုဇ်က ဘုရားရှင်ကိုမေးတဲ့ မေးခွန်းတွေနဲ့ ဆက်စပ်ပြီးတော့ မြတ်စွာဘုရားက ဒီတရားကို ဟောသွားခြင်း ဖြစ်ပါတယ်၊ ဟောသွားတဲ့ ဒီသုတ္တန်ကို ပံ့သကူဆောင် မထေရ်ကြီးတွေက ကိုးကားပြီး တင်ပြကြတယ်၊ တင်ပြလိုက်တော့ ဒီနေရာမှာ -

သမ္မာ ဝိဟရေယျုံ၊ ကောင်းမွန်စွာ နေထိုင်တယ်ဆိုတာက ဘယ်လို နေထိုင်နည်းစနစ်ကို ကောင်းမွန်စွာ နေထိုင်သလဲလို့ မေးစရာရှိတယ်၊ ကောင်းမွန်စွာ နေထိုင်တဲ့ နည်းစနစ်နဲ့ ပတ်သက်လို့ အဋ္ဌကထာက ဖွင့်ဆိုထားတာကတော့ ပုဂ္ဂိုလ် တစ်ဆယ့်နှစ်မျိုး ဖွင့်ထားပါတယ်၊

ပုဂ္ဂိုလ် တစ်ဆယ့်နှစ်မျိုးမှာ အုပ်စု သုံးခုရှိတယ်၊ နံပါတ် (၁)အုပ်စုက ပုဂ္ဂိုလ် လေးမျိုး၊ ဘာလဲလို့မေးတော့ သောတာပတ္တိမဂ်ဉာဏ် ရရှိရေးအတွက် အပြင်းအထန် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းနေတဲ့ အာရဒ္ဓဝိပဿက ပုဂ္ဂိုလ်ကတစ်မျိုး, သကဒါဂါမိမဂ်ဉာဏ် ရရှိရေးအတွက် အပြင်းအထန် ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းနေတဲ့ အာရဒ္ဓဝိပဿက ပုဂ္ဂိုလ်ကတစ်မျိုး, အနာဂါမိမဂ်ဉာဏ် ရရှိရေးအတွက် အပြင်းအထန် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းနေတဲ့ အာရဒ္ဓဝိပဿက ပုဂ္ဂိုလ်ကတစ်မျိုး, အရဟတ္တမဂ်ဉာဏ် ရရှိရေးအတွက် အပြင်းအထန် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းနေတဲ့ အာရဒ္ဓဝိပဿက ပုဂ္ဂိုလ်ကတစ်မျိုးဆိုပြီးတော့ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို အပြင်းအထန် ကြိုးစားအားထုတ်နေတဲ့ ပုဂ္ဂိုလ်က လေးမျိုး၊ ဒါက တစ်အုပ်စု၊

သောတာပတ္တိမဂ်ဆိုက်နေတဲ့ပုဂ္ဂိုလ်, သကဒါဂါမိမဂ်ဆိုက်နေတဲ့ပုဂ္ဂိုလ်, အနာဂါမိမဂ်ဆိုက်နေတဲ့ပုဂ္ဂိုလ်, အရဟတ္တမဂ်ဆိုက်နေတဲ့ပုဂ္ဂိုလ် ဆိုပြီးတော့ မဂ်ဆိုက်တဲ့ ပုဂ္ဂိုလ် လေးမျိုး၊

သောတာပတ္တိဖိုလ်, သကဒါဂါမိဖိုလ်, အနာဂါမိဖိုလ်, အရဟတ္တဖိုလ်ဆိုတဲ့ အရိယာဖိုလ်သို့ ဆိုက်ရောက်နေတဲ့ သောတာပန်, သကဒါဂါမ်, အနာဂါမ်, ရဟန္တာဆိုတဲ့ အရိယာသူတော်ကောင်း လေးမျိုး ပေါင်းလိုက်တော့ ပုဂ္ဂိုလ် တစ်ဆယ့်နှစ်မျိုး၊

အဲဒီ တစ်ဆယ့်နှစ်မျိုးထဲမှာ သောတာပတ္တိမဂ် ရရှိရေးအတွက် အပြင်းအထန် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းနေတဲ့ ပုဂ္ဂိုလ်ကလည်း အခြားပုဂ္ဂိုလ်တစ်ဦးကို သောတာပတ္တိမဂ်ဉာဏ် ရရှိရေးအတွက် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို အပြင်းအထန် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့ နည်းလမ်းစနစ်ကို စနစ်တကျ ညွှန်ကြားပြသလျက် ဒီသာသနာတော်မှာ နေထိုင် သွားခဲ့မယ်ဆိုရင်။ သမ္မာ ဝိဟရေယျုံ၊ ကောင်းမွန် မှန်ကန်စွာ သာသနာတော်မှာ နေထိုင်နေသည်မည်တယ်၊ ဒါက တစ်ခု၊

အလားတူပဲ၊ သကဒါဂါမိမဂ်ဆိုက်ရေး, အနာဂါမိမဂ်ဆိုက်ရေး, အရဟတ္တမဂ်ဆိုက်ရေးအတွက် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို အပြင်းအထန် အားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေကလည်း အခြားပုဂ္ဂိုလ်တွေကို သကဒါဂါမိမဂ် ရရှိအောင်, အနာဂါမိမဂ် ရရှိအောင်, အရဟတ္တမဂ် ရရှိအောင် ဝိပဿနာ ဘာဝနာ ကမ္မဋ္ဌာန်းစီးဖြန်းပုံ နည်းစနစ်တွေကို တစ်ဆင့် ညွှန်ကြားပြသလျက် သာသနာတော်မှာ နေထိုင်သွားခဲ့မယ်ဆိုရင် ဒါဟာ သမ္မာ ဝိဟရေယျုံ၊ ကောင်းမွန်မှန်ကန်စွာ သာသနာတော်မှာ နေထိုင်သည် မည်တယ်၊

အလားတူပဲ၊ သောတာပတ္တိမဂ်ပုဂ္ဂိုလ်, သကဒါဂါမိမဂ်ပုဂ္ဂိုလ်, အနာဂါမိမဂ်ပုဂ္ဂိုလ်, အရဟတ္တမဂ်ပုဂ္ဂိုလ်, သောတာပတ္တိဖိုလ်ပုဂ္ဂိုလ်, သကဒါဂါမိဖိုလ်ပုဂ္ဂိုလ်, အနာဂါမိဖိုလ်ပုဂ္ဂိုလ်, အရဟတ္တဖိုလ်ပုဂ္ဂိုလ်ဆိုတဲ့ ဒီမဂ်ပုဂ္ဂိုလ်, ဖိုလ်ပုဂ္ဂိုလ်တွေဟာလည်း အခြားအခြားသော ပုဂ္ဂိုလ်တွေကို သောတာပတ္တိမဂ်ဖိုလ်ရအောင်, သကဒါမိမဂ်ဖိုလ်ရအောင်, အနာဂါမိမဂ်ဖိုလ်ရအောင်, အရဟတ္တမဂ်ဖိုလ်ရအောင် တစ်လက် ဆင့်ကမ်းပြီးတော့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့ရန်အတွက် နည်းလမ်းကောင်းတွေ ညွှန်ကြားလျက် ဒီသာသနာတော်မှာ နေထိုင်ကြမယ်ဆိုရင် သမ္မာ ဝိဟရေယျုံ၊ ကောင်းမွန်မှန်ကန်စွာ နေထိုင်နေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြတယ်ဆိုပြီး ဒီလို အဋ္ဌကထာက ဖွင့်ထားတယ်၊ အဲဒီလို နေထိုင်သွားမယ် ဆိုလို့ရှိရင် ဒီလောကကြီးသည် ရဟန္တာပုဂ္ဂိုလ်တို့ဖြင့် ဘယ်တော့မှ ဆိတ်သုဉ်းမသွားနိုင်ပါဘူး ဆိုပြီးတော့ မြတ်စွာဘုရားဟောထားတဲ့သုတ္တန်ကို ကိုးကားပြီး တင်ပြကြတယ်၊ ဒါတွင်လားဆိုတော့ မကသေးဘူး၊

‘‘ပဋိပတ္တိမူလကံ မဟာရာဇ သတ္ထုသာသနံ ပဋိပတ္တိသာရကံ၊ ပဋိပတ္တိယာ ဓရန္တာယ တိဋ္ဌတိ။’’ (မိ။ပ။၄၊၁၊၇)

ဒကာတော် မိလိန္ဒမင်းကြီး၊ သာသနာတော်ဟာ ပဋိပတ္တိသာသနာတော်သာလျှင် အရင်းမူလဖြစ်တယ်၊ ဘုရားရှင်ရဲ့ အဆုံးအမသည် ပဋိပတ္တိသာသနာသာလျှင် အနှစ်သာရဖြစ်တယ်၊ ပဋိပတ္တိသာသနာတော်ကြီး ထင်ရှားရှိမယ်ဆိုရင် သာသနာတော်သည် ထင်ရှား တည်တံ့ခိုင်ခံ့နေပါတယ် ဆိုပြီး ဒီလို မိလိန္ဒပဥှာမှာ အရှင်နာဂသေနမထေရ် ဟောထားတဲ့ သုတ္တန်တစ်ခုလည်း ရှိတယ်ဆိုပြီး ကိုးကားကြတယ်၊

အဲဒီလို ကိုးကားတင်ပြလိုက်တဲ့ အချိန်အခါမှာ ဓမ္မကထိကမထေရ်တွေက ဘာတင်ပြသလဲ? နောက်ထပ် သုတ္တန်တစ်ခု သူတို့က တင်ပြတယ်၊ အဲဒီ သုတ္တန်ကတော့ ဒီနေ့ ဘုန်းကြီးတို့ ပိဋကတ်ပါဠိတော်မှာ ရှာကြည့်သော်လည်း ရှာလို့တော့ မတွေ့ဘူး၊ သို့သော် သံယုတ်ပါဠိတော်မှာ ဋီကာဆရာတော်နှင့် အဋ္ဌကထာဆရာတော်တို့ ရေတွက်ပြနေတဲ့ နည်းစနစ်အရကြည့်မယ်ဆိုရင် သုတ္တန်တွေ တော်တော်များများ ထောင်နဲ့ချီပြီးတော့ ပျောက်ဆုံးနေပါတယ်၊

အလားတူပဲ၊ ခန္ဓဝဂ္ဂ သံယုတ်ပါဠိတော် တစ်ခုတည်းမှာကိုက သီဟိုဠ်မူနဲ့ မြန်မာမူမှာ သုတ္တန်ပေါင်း ငါးဆယ်ကျော်လောက် ကွာဟနေပါတယ်၊ ဒါကြောင့် တစ်ချို့တစ်ချို့ ခုလို ပျောက်ဆုံးနေတဲ့ သုတ္တန်တွေထဲမှာ ဒီတော့ ပံ့သကူဆောင် မထေရ်ကြီးတွေ ကိုးကားပြနေတဲ့ သုတ္တန်က ဘာသုတ္တန်လဲလို့မေးတော့-

‘‘ယာဝ တိဋ္ဌန္တိ သုတ္တန္တာ၊ ဝိနယော ယာဝ ဒိပ္ပတိ။ တာဝ ဒက္ခန္တိ အာလောကံ၊ သူရိယေ အဗ္ဘုဋ္ဌိတေ ယထာ။’’

သုတ္တန္တာ၊ သုတ္တန်တရားတော်တို့သည်။ ယာဝ၊ အကြင်မျှလောက်သော ကာလပတ်လုံး။ တိဋ္ဌန္တိ၊ တည်၍နေကြကုန်လတ္တံ့။ ဝိနယော၊ ဝိနည်းသာသနာတော်သည်လည်းပဲ။ ယာဝ၊ အကြင်မျှလောက်သော ကာလပတ်လုံး။ ဒိပ္ပတိ၊ ထွန်းလင်းတောက်ပ၍ နေငြားအံ့။ တာဝ၊ ထိုမျှလောက်သော ကာလပတ်လုံး။ သူရိယေ၊ နေသည်။ အဗ္ဘုဋ္ဌိတေ ယထာ၊ ရှေ့ရှုတက်လာသကဲ့သို့။ အာလောကံ၊ အရောင်အလင်းကို။ ဒက္ခန္တိ၊ တွေ့မြင်နိုင်ကြလေကုန်၏။

လောကမှာ သုတ္တန်တရားတော်ကြီး သုတ္တန်ဆိုတာကတော့ အဘိဓမ္မာလည်း ပါပါတယ်၊ သုတ္တန်ဒေသနာတော်တွေဟာ လောကမှာ တည်ရှိနေသမျှ ကာလပတ်လုံး, ဝိနည်းဒေသနာတော် လောကမှာ တည်ရှိနေသမျှ ကာလပတ်လုံး, အရောင်အလင်းကြီးဟာ လောကမှာ တည်ရှိနေပါတယ်၊ အရောင်အလင်းကို သတ္တဝါတွေသည် တွေ့မြင်နိုင်ကြတယ်တဲ့၊ နေတက်လာတဲ့ အချိန်အခါမှာ အလင်းရောင်ကို တွေ့ရသလို သုတ္တန်ဒေသနာတော်တွေ ထွန်းလင်းတောက်ပနေသမျှ ကာလပတ်လုံး မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်ဆိုတဲ့ အရောင်အလင်းကြီးကို သတ္တဝါတွေ တွေ့မြင်နိုင်ကြပါတယ်ဆိုပြီးတော့ ဒီလိုဟောထားတဲ့သုတ်၊ နောက်တစ်ခု -

‘‘သုတ္တန္တေသု အသန္တေသု၊ ပမုဋ္ဌေ ဝိနယမှိ စ။ တမော ဘဝိဿတိ လောကေ၊ သူရိယေ အတ္ထင်္ဂတေ ယထာ။’’ (ဧကနိပါတ် အဋ္ဌကထာ။)

သုတ္တန္တေသု၊ သုတ္တန်တရားဒေသနာတော်တို့သည်။ အသန္တေသု၊ ထင်ရှား မရှိကြကုန်လတ်သော်။ ဝိနယမှိ စ၊ ဝိနည်းဒေသနာတော်သည်လည်းပဲ။ ပမုဋ္ဌေ၊ ပျောက်ပျက်၍ သွားခဲ့သည်ရှိသော်။ သူရိယေ၊ နေသည်။ အတ္ထင်္ဂတေ ယထာ၊ ဝင်သွားသော အခါ၌ကဲ့သို့။ လောကေ၊ လောက၌။ တမော၊ အမိုက်မှောင်သည်။ ဘဝိဿတိ၊ ထင်ရှားဖြစ်ပေါ်၍ လာပေလတ္တံ့။

လောကမှာ သုတ္တန်တရားဒေသနာတော်တွေလည်း ပျောက်ကွယ်သွားပြီး၊ ဝိနည်းဒေသနာတော်တွေလည်း ပျောက်ကွယ်သွားပြီး ဆိုလို့ရှိရင်တော့ နေဝင်သွားတဲ့အခါမှာ အမိုက်မှောင်ကြီး ထင်ရှားဖြစ်ပေါ်လာသလို လောကမှာ အရောင်အလင်း လုံးဝ မရှိတော့ဘဲ အမိုက်မှောင်ကြီးအတိ ဖြစ်ပေါ်သွားလိမ့်မယ်၊

‘‘သုတ္တန္တေ ရက္ခိတေ သန္တေ၊ ပဋိပတ္တိ ဟောတိ ရက္ခိတာ။ ပဋိပတ္တိယံ ဌိတော ဓီရော၊ ယောဂက္ခေမာ န ဓံသတိ။’’ (ဧကနိပါတ် အဋ္ဌကထာ။)

သုတ္တန္တေ၊ သုတ္တန်တရားတော်မြတ်ကို။ ရက္ခိတေ၊ ထိန်းသိမ်းစောင့်ရှောက်နိုင်ခဲ့သည်ရှိသော်။ ပဋိပတ္တိ၊ ပဋိပတ္တိသာသနာတော်ကို။ ရက္ခိတာ၊ ထိန်းသိမ်းစောင့်ရှောက်အပ်ပြီးသည်။ ဟောတိ၊ ဖြစ်ပေ၏။ ပဋိပတ္တိယံ၊ ပဋိပတ္တိသာသနာတော်၌။ ဌိတော၊ ရပ်တည်လျက်ရှိသော။ ဓီရော၊ ပညာရှိသည်။ ယောဂက္ခေမာ၊ ယောဂလေးပါးတို့၏ ကုန်ခြင်းကြောင့်။ န ဓံသတိ၊ မပျက်စီးနိုင်တော့ပေ။

ထင်ရှားရှိနေတဲ့ သုတ္တန်တရားတွေကို ထိန်းသိမ်းစောင့်ရှောက် ထားနိုင်မယ်ဆိုရင် ပဋိပတ္တိသာသနာတော်ကြီးကိုလည်း ထိန်းသိမ်းစောင့်ရှောက်ပြီးပဲ ဖြစ်သွားပါတယ်၊ ပဋိပတ္တိသာသနာတော်ကို လက်တွေ့ကျင့်နေတဲ့ ပဋိပတ္တိသာသနာတော်မှာ ရပ်တည်နေတဲ့ ပညာရှိသူတော်ကောင်းဟာ တစ်ချိန်မှာ သူ့သန္တာန်မှာ ယောဂ လေးပါးတွေ ကုန်ဆုံးသွားမယ်၊ ကိလေသာတွေ ကုန်ဆုံး ပျက်စီးတည်းဟူသော အကြောင်းကြောင့် ဒီပဋိပတ္တိသာသနာတော်မှာ ရပ်တည်နေတဲ့ သူတော်ကောင်းအဖို့ သူရရှိထားတဲ့ မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်ဆိုတဲ့ တရားထူးတရားမြတ်သည် ဘယ်တော့မှ ပျက်စီးပြီး မသွားနိုင်တော့ပါဘူးဆိုပြီး ဒီလိုဟောထားတဲ့ သုတ္တန်တစ်ခုရှိတယ်၊ အဲဒီသုတ္တန်ကို ဓမ္မကထိက မထေရ်မြတ်ကြီးတွေက ကိုးကားဆောင်ပြကြပါတယ်၊

အဲဒီ ဆောင်ပြလိုက်တဲ့ အချိန်အခါမှာ ပံ့သကူဆောင်မထေရ်ကြီးတွေက ရှေ့ဆက်ပြီး ဘာမှမပြောတဲ့အတွက် ပံ့သကူဆောင်မထေရ်ကြီးတွေက အရှုံးပေးလိုက်တဲ့သဘော ဖြစ်သွားတဲ့အတွက် ဓမ္မကထိကမထေရ်တို့ရဲ့ စကားသာလျှင် ရှေ့တန်းကို တက်သွားတယ်နော်၊ ဒီနေရာမှာ အဋ္ဌကထာ ဆရာတော်က ဥပမာလေးနဲ့ ဖွင့်ဆိုထားပါတယ်၊ ဘယ်လို ဥပမာလဲ?

‘‘ယထာ ဟိ ဂဝသတဿ ဝါ ဂဝသဟဿဿ ဝါ အန္တရေ ပဝေဏိပါလိကာယ ဓေနုယာ အသတိ သော ဝံသော သာ ပဝေဏိ န ဃဋီယတိ။’’ (ဧကနိပါတ် အဋ္ဌကထာ။)

ဂဝသတဿ ဝါ၊ နွားအရာ၏သော်လည်းကောင်း။ ဂဝသဟဿဿ ဝါ၊ နွားအထောင်၏သော်လည်းကောင်း။ အန္တရေ၊ အတွင်း၌။ ပဝေဏိပါလိကာယ၊ နွားအစဉ်အဆက်ကို စောင့်ရှောက်ပေးတတ်သော။ ဓေနုယာ၊ နွားမသည်။ အသတိ၊ မရှိလတ်သော်။ သော ဝံသော၊ ထိုနွားအနွယ်သည်။ သာ ပဝေဏိ၊ ထို နွားအစဉ်အဆက်သည်။ န ဃဋီယတိ ယထာ၊ ဆက်စပ်တည်တံ့မှု မဖြစ်နိုင်သကဲ့သို့၊

‘‘ဧဝမေဝံ အာရဒ္ဓဝိပဿကာနံ ဘိက္ခူနံ သတေပိ သဟဿေပိ သံဝိဇ္ဇမာနေ ပရိယတ္တိယာ အသတိ အရိယမဂ္ဂပဋိဝေဓေါ နာမ န ဟောတိ။’’ (ဧကနိပါတ် အဋ္ဌကထာ။)

ဧဝမေဝံ၊ ဤဥပမာ အတူသာလျှင်။ အာရဒ္ဓဝိပဿကာနံ၊ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို အပြင်းအထန် ကြိုးစားအားထုတ်လျက် ရှိကြကုန်သော။ ဘိက္ခူနံ၊ ရဟန်းတော်တို့၏။ သတေပိ၊ အရာသည်လည်းကောင်း။ သဟဿေပိ၊ အထောင်သည်သော်လည်းကောင်း။ သံဝိဇ္ဇမာနေပိ၊ ထင်ရှားရှိကြသော်လည်းပဲ။ ပရိယတ္တိယာ၊ ပရိယတ္တိတရားတော်သည်။ အသတိ၊ ထင်ရှားမရှိလတ်သော်။ အရိယမဂ္ဂပဋိဝေဓေါ နာမ၊ အရိယာမဂ်ကို ထိုးထွင်းသိမြင်ခြင်းသည်။ န ဟောတိ၊ မဖြစ်နိုင်။

အလားတူပဲတဲ့နော်။ ပရိယတ်တရားတော်ကြီး ထင်ရှား မရှိတော့ဘူးဆိုရင် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို အပြင်းအထန် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ ရဟန်း အရာ, အထောင်ရှိပင် ရှိသော်လည်းပဲ အရိယမဂ်ဉာဏ်, ဖိုလ်ဉာဏ်ကို ထိုးထွင်းသိမှုဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ ဘာဖြစ်လို့လဲ? ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို အားတော့ အားထုတ်တယ်။ နည်းက မမှန်ဖြစ်နေတယ်၊ ဘယ်လို နည်းမမှန်လဲလို့ မေးတော့ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေက ဒီပရိယတ္တိသာသနာတော်မှာ ပြည့်ပြည့်စုံစုံ ရှိတယ်၊ တစ်နည်းပြောရင်တော့ ခုနက ဘုန်းကြီး ဟောခဲ့တဲ့ မဂ္ဂင် (၈)ပါးပဲနော်၊

မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားတွေကို ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရမယ်ဆိုတာကို ပရိယတ်တရားတော်မှာ ပြည့်ပြည့်စုံစုံ ဖော်ပြထားပါတယ်၊ ဒါပေမယ့် ပုဂ္ဂိုလ်တွေက ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းတော့ အားထုတ်တာမှန်တယ်၊ ဒါပေမယ့် ဒီပရိယတ်တရားတော်မှာ ညွှန်ကြားပြသနေတဲ့ မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားတွေကို စနစ်တကျ နားမလည်ဘူး၊ နားမလည်တဲ့အတွက် ပရိယတ်တရားတော်မှာ ညွှန်ကြားထားတဲ့ ဒီမဂ္ဂင် (၈)ပါး ကျင့်စဉ်တရားတွေကို စနစ်တကျ မကျင့်နိုင်ဘူးဆိုရင် ထိုပုဂ္ဂိုလ်တွေသည် မဂ်ဉာဏ်, ဖိုလ်ဉာဏ်ကို ထိုးထွင်းသိနိုင်ပါ့မလား? မသိနိုင်ဘူးတဲ့၊ ဘာဖြစ်လို့လဲ? ကျင့်စဉ်က မမှန် ဖြစ်နေတယ်နော်၊

ပရိယတ်တရားတော်က ကျင့်စဉ်တွေကို ပြည့်ပြည့်စုံစုံ ဖော်ပြနေတာဖြစ်တော့ ပရိယတ်တရားတော်မှာ ညွှန်ကြားထားတဲ့ ကျင့်စဉ်အတိုင်း လက်တွေ့ တကယ် ကျကျနန မကျင့်ဘူးဆိုရင် ထိုပုဂ္ဂိုလ်တွေဟာ မဂ်ဉာဏ်, ဖိုလ်ဉာဏ်ကို ထိုးထွင်းသိနိုင်ပါ့မလား? မသိနိုင်ဘူးတဲ့၊ ဒီအချက်ကို ပြောတယ်၊ ဥပမာလေးနဲ့ ဆက်ဖွင့်တယ်၊

‘‘ယထာ စ နိဓိကုမ္ဘိယာ ဇာနနတ္ထာယ ပါသာဏပိဋ္ဌေ အက္ခရေသု ဌပိတေသု ယာဝ အက္ခရာနိ ဓရန္တိ၊ တာဝ နိဓိကုမ္ဘီ နဋ္ဌာ နာမ န ဟောတိ၊’’ (ဧကနိပါတ် အဋ္ဌကထာ။)

နိဓိကုမ္ဘိယာ၊ မြှုပ်နှံ၍ ထားအပ်သော ရွှေအိုးကို။ ဇာနနတ္ထာယ၊ သိစေခြင်းငှာ။ ပါသာဏပိဋ္ဌေ၊ ကျောက်ဖျာထက်၌။ အက္ခရေသု၊ အက္ခရာတို့ကို။ ဌပိတေသု၊ ထွင်းထားအပ်ကုန်သည်ရှိသော်။ ယာဝ၊ အကြင်မျှလောက်သော ကာလပတ်လုံး။ အက္ခရာနိ၊ အက္ခရာတို့သည်။ ဓရန္တိ၊ ထင်ရှား၍ တည်ရှိကြလေကုန်၏။ တာဝ၊ ထိုမျှလောက်သော ကာလပတ်လုံး။ နိဓိကုမ္ဘီ၊ မြှုပ်နှံ၍ ထားအပ်သော ရွှေအိုးကြီးသည်။ နဋ္ဌာ နာမ၊ ပျောက်ပျက်၍ သွားသည်မည်သည်။ န ဟောတိ ယထာ၊ မဖြစ်သကဲ့သို့၊

ရွှေအိုးကြီးကို ဘယ်နေရာမှာ တူးဖော်ရမယ်ဆိုပြီး ကျောက်ဖျာထက်မှာ အက္ခရာတွေ ရေးထွင်းပြီးထားတယ်၊ ကျောက်ဖျာထက်မှာ ထွင်းထားတဲ့ အက္ခရာတွေသည် ပျောက်ပျက် မသွားသေးသမျှ ကာလပတ်လုံး မြှုပ်နှံထားတဲ့ ရွှေအိုးကြီးဟာလည်း ပျောက်ပျက်သွားတယ်လို့ မပြောနိုင်ဘူးနော်၊ အဲဒီအတိုင်းပဲ၊

‘‘ဧဝမေဝံ ပရိယတ္တိယာ ဓရမာနာယ သာသနံ အန္တရဟိတံ နာမ န ဟောတိ။’’ (ဧကနိပါတ် အဋ္ဌကထာ။)

ဧဝမေဝံ၊ ဤဥပမာအတူသာလျှင်။ ပရိယတ္တိယာ၊ ပရိယတ်တရားတော်သည်။ ဓရမာနာယ၊ ထင်ရှားရှိလတ်သော်။ သာသနံ၊ သာသနာတော်သည်။ အန္တရဟိတံ နာမ၊ ကြွယ်ပ၍ ကွယ်ပျောက်သွားသည်မည်သည်။ န ဟောတိ၊ မဖြစ်နိုင်၊

ပရိယတ်တရားတော်ကြီး ထင်ရှားရှိနေသမျှ ကာလပတ်လုံး သာသနာတော်ကြီး ကွယ်ပျောက်သွားသည်ဆိုတာ မဖြစ်နိုင်ပါဘူးလို့ ဆိုပြီးတော့ ဒီလို ဖွင့်ဆိုထားတယ်၊

ဖွင့်ဆိုထားလိုက်တော့ ဘုန်းကြီးတို့ ဒီပရိယတ်တရားတော်ဆိုတာက မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်ဆိုတဲ့ ရွှေအိုးကြီးတွေကို ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် တူးဖော်ရမယ် ဆိုပြီးတော့ ကျောက်ဖျာထက်မှာ ရေးထွင်းထားတဲ့ အညွှန်းသိုက်စာတွေ ဖြစ်ပါတယ်၊ အဲဒီ အညွှန်းသိုက်စာတွေနဲ့ ဆက်စပ်ပြီးတော့ ဘုန်းကြီး ဒီည တရားဟောမလို့ ရည်ရွယ်ထားပါတယ်နော်၊ သို့သော် အဲဒီတရားကို မဟောမီ ခေတ္တခဏ အနားယူကြရအောင်နော်၊ (သာဓု - သာဓု - သာဓု)
တရား နည်းနည်း ပြန်စကြရအောင်နော်၊ ခုနက ပြောခဲ့ပြီးပြီ၊ ပရိယတ်တရားတော်ဆိုတာက မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်ဆိုတဲ့ ရတနာ ရွှေအိုးကြီးတွေ ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် တူးဖော်ရမယ် ဆိုတာကို ညွှန်ကြားပြသနေတဲ့ အညွှန်းသိုက်စာတွေ ဖြစ်တယ်ဆိုပြီး ပြောခဲ့တယ်၊ ဒီတော့ ဒီအချက်နဲ့ ပတ်သက်ပြီးတော့ ဘုန်းကြီး ဒီည ဓမ္မ အဓမ္မနဲ့ ဆက်စပ်နေတဲ့ မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားကို ဦးတည်ပြီး ပြောဖို့ ရည်ရွယ်ထားပါတယ်၊

မဂ္ဂင် (၈)ပါး ရှိပါတယ်၊ မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားကို ဘုရားရှင်ကလည်း ဒုက္ခနိရောဓဂါမိနီပဋိပဒါ အရိယသစ္စံ၊ ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း ကျင့်စဉ်ဖြစ်တဲ့ အရိယသစ္စာ တရားဖြစ်တယ်လို့ ဒီလို ဟောထားတယ်၊
ဒီတော့ ဒုက္ခချုပ်ရာဖြစ်တဲ့ နိဗ္ဗာန်သို့ရောက်ကြောင်း ကျင့်စဉ်အဖြစ် ဟောကြားထားတဲ့ မဂ္ဂင်တရားဘယ်နှစ်ပါးရှိလဲ? မဂ္ဂင် (၈)ပါး။ မဂ္ဂင် (၈)ပါး ထင်ရှားရှိပါတယ်လို့ ရဟန်းတော်တစ်ပါးက ဟောခဲ့ရင် ထိုရဟန်းတော်သည် ဓမ္မကို ဓမ္မလို့ ထင်ရှားဟောပြနေတဲ့ ရဟန်းတော် ဖြစ်တယ်၊ အကယ်၍ ထိုရဟန်းတော်က မဂ္ဂင်ဆိုတာ (၈)ပါး မရှိပါဘူး, မဂ္ဂင် (၇)ပါးပဲ ရှိပါတယ်လို့ ဟောခဲ့ရင် ထိုရဟန်းတော်သည် ဓမ္မကို အဓမ္မလို့ ထင်ရှားပြနေသည်လည်းမည်တယ်၊ အဓမ္မကို ဓမ္မလို့ ထင်ရှားပြနေသည်လည်း မည်တယ်တဲ့၊ သို့သော် များသောအားဖြင့် အခု မျက်မှောက်ခေတ်မှာတော့ မဂ္ဂင်ဘယ်နှစ်ပါး ရှိသလဲလို့ မေးရင်တော့ အများစုက ဘယ်လိုဖြေကြသလဲ? မဂ္ဂင် (၈)ပါး ရှိပါတယ်ဆိုပြီး ဒီလိုတော့ ဖြေတယ်၊
အဲဒီ (၈)ပါးရှိပါတယ်ဆိုပြီးတော့ ဒီလိုဖြေတဲ့ အဖြေတွေထဲမှာ မဂ္ဂင် (၇)ပါးသာ ရှိပါတယ်လို့ မပြောသော်လည်း ပြောနေတဲ့ အဓိပ္ပာယ်မျိုးတွေ အခုခေတ်မှာ ခေတ်စားနေကြပါတယ်နော်၊ ခေတ်စားနေတာက ဘုန်းကြီး သမ္မာသမာဓိဆိုတဲ့ မဂ္ဂင်ကနေစပြီးတော့ နည်းနည်း ပြောပါ့မယ်၊ မဂ္ဂင် (၈)ပါးထဲမှာ နောက်ဆုံးမဂ္ဂင်က သမ္မာသမာဓိဖြစ်ပါတယ်၊ ဘာကို သမ္မာသမာဓိလို့ ခေါ်ဆိုသလဲ?၊

‘‘ကတမော စ ဘိက္ခဝေ သမ္မာသမာဓိ၊ ဣဓ ဘိက္ခဝေ ဘိက္ခု ဝိဝိစ္စေဝ ကာမေဟိ ဝိဝိစ္စ အကုသလေဟိ ဓမ္မေဟိ သဝိတက္ကံ သဝိစာရံ ဝိဝေကဇံ ပီတိသုခံ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ၊’’ (မ၊၁၊၈၉။)

ဒါက မဟာသတိပဋ္ဌာနသုတ္တန်မှာ ဘုရားရှင်ကိုယ်တော်တိုင်က ဘာကို သမ္မာသမာဓိခေါ်ဆိုပါသလဲလို့ မေးခွန်းထုတ်ပြီး ဘုရားရှင်ကိုယ်တော်တိုင်က ပြန်ပြီး အဖြေပေးထားတဲ့ အဖြေဖြစ်ပါတယ်၊ ဒီအဖြေက ဘာဆိုလိုသလဲလို့မေးတော့ ပထမဈာန်သမာဓိ, ဒုတိယဈာန်သမာဓိ, တတိယဈာန်သမာဓိ, စတုတ္ထဈာန်သမာဓိတွေကို သမ္မာသမာဓိလို့ခေါ်ဆိုတယ်ဆိုပြီး ဘုရားရှင်က မဟာသတိပဋ္ဌာနသုတ္တန်မှာ အတိအကျ ဟောထားတယ်၊

ဒီတော့ ဒီပထမဈာန်သမာဓိ, ဒုတိယဈာန်သမာဓိ, တတိယဈာန်သမာဓိ, စတုတ္ထဈာန်သမာဓိဆိုတာက ရူပါဝစရသမာဓိ (၄)မျိုး ဖြစ်ပါတယ်၊ ဒီလို ဟောကြားတော်မူတဲ့ နည်းစနစ်ကို ဘုန်းကြီးတို့ စာပေနယ်သုံး ဝေါဟာရက မဇ္ဈေဒီပကနည်းလို့ ဒီလိုခေါ်ဆိုပါတယ်၊ မဇ္ဈေဒီပကနည်းဆိုတာက ရွှေမတစ်ကောင်ကို ခါးလယ်ကနေ ကိုင်ပြီး မြှောက်ပြလိုက်ရင် ရွှေမကိုသာ သိရှိသည်မဟုတ်၊ တစ်ကောင်လုံးကို မမြင်နိုင်ဘူးလား? မြင်နိုင်တယ်၊ အဲဒီပုံစံအတိုင်းပဲ၊ သမာဓိက (၃)မျိုး ရှိပါတယ်၊ အထွတ်အထိပ်သို့ ရောက်နေတဲ့ ဥပစာရသမာဓိလို့ ခေါ်ဆိုအပ်တဲ့ ကာမာဝစရသမာဓိက တစ်မျိုး။ ပထမဈာန်သမာဓိ, ဒုတိယဈာန်သမာဓိ, တတိယဈာန်သမာဓိ, စတုတ္ထဈာန်သမာဓိလို့ ခေါ်ဆိုအပ်တဲ့ ရူပါဝစရသမာဓိကတစ်မျိုး။ အာကာသာနဉ္စာယတနဈာန်သမာဓိ, ဝိညာဏဉ္စာယတနဈာန်သမာဓိ, အာကိဉ္စညာယတနဈာန်သမာဓိ, နေဝသညာနာသညာယတနဈာန်သမာဓိခေါ်တဲ့ အရူပါဝစရဈာန်သမာဓိကတစ်မျိုး၊ ပေါင်းလိုက်တော့ ကာမာဝစရသမာဓိ, ရူပါဝစရသမာဓိ, အရူပါဝစရသမာဓိဆိုပြီး သမာဓိ (၃)မျိုး ရှိပါတယ်၊

ထိုသမာဓိ (၃)မျိုးထဲက အလယ်ခေါင်ဖြစ်တဲ့ ရူပါဝစရသမာဓိကို ကိုင်ပြီး မြှောက်ပြလိုက်လျှင် အစဖြစ်တဲ့ ကာမာဝစရသမာဓိ (အထွတ်အထိပ်သို့ရောက်တဲ့ ဥပစာရသမာဓိလို့ခေါ်ဆိုအပ်တဲ့ ကာမာဝစရသမာဓိ)နှင့် အဆုံးဖြစ်တဲ့ အရူပါဝစရသမာဓိတွေကိုပါ သိမ်းကျုံးရေတွက်ရတဲ့ နည်းစနစ် ဖြစ်ပါတယ်၊ အဲဒီလို နည်းစနစ်အားဖြင့် ဟောတာကို မဇ္ဈေဒီပကနည်းအားဖြင့် ဟောတယ်လို့ ဒီလို စာပေနယ်က သုံးတယ်၊ ဒါကြောင့် ဝိသုဒ္ဓိမဂ်အဋ္ဌကထာဆရာတော်က ဝိသုဒ္ဓိမဂ်အဋ္ဌကထာ ဒုတိယတွဲ။ စာမျက်နှာ (၂၂၂)မှာ ဘယ်လို ဖွင့်ဆိုထားလဲ?

‘‘စိတ္တဝိသုဒ္ဓိ နာမ သဥပစာရ အဋ္ဌသမာပတ္တိယော၊’’ (ဝိသုဒ္ဓိ၊ဋ္ဌ၊၂၊၂၂၂။)

စိတ္တဝိသုဒ္ဓိဆိုတာ ဥပစာရသမာဓိနှင့်တကွ သမာပတ် (၈)ပါးလို့ ခေါ်ဆိုပါတယ်ဆိုပြီး ဒီလို ရှင်းထားတယ်၊ ဝိသုဒ္ဓိ (၇)ပါး ကျင့်စဉ်မှာ စိတ္တဝိသုဒ္ဓိလို့ ခေါ်ဆိုပြီး မဂ္ဂင် (၈)ပါးမှာ သမ္မာသမာဓိမဂ္ဂင်လို့ ခေါ်ဆိုခြင်း ဖြစ်တယ်၊ အတူတူပဲ၊ ဒီတော့ ဥပစာရသမာဓိနှင့်တကွ သမာပတ် (၈)ပါးသည် သမ္မာသမာဓိ မည်ပါတယ်၊ ဒါက မြတ်စွာဘုရားကိုယ်တော်တိုင် ဟောထားတဲ့ မဟာသတိပဋ္ဌာနသုတ္တန်မှာလာရှိတဲ့ အညွှန်းသိုက်စာတစ်ခု ဖြစ်ပါတယ်၊

ဒါပေမယ့် ဒီနေ့ မျက်မှောက်ခေတ်ကတော့ ဘာပြောလဲ? သမာဓိသည် သာသနာတွင်းတရား မဟုတ်ဘူး။ သာသနာပတရားသာ ဖြစ်တယ်၊ သမထသည် သာသနာတွင်းတရား မဟုတ်။ သာသနာပတရား ဖြစ်တယ်၊ ဝိပဿနာ သည်သာလျှင် သာသနာတွင်းတရား ဖြစ်တယ်ဆိုပြီး ဒီလို ပြောကြတယ်၊ ပြောလိုက်တော့ သမာဓိဆိုတဲ့ မဂ္ဂင်တစ်ခု လျှော့မသွားဘူးလား? မဂ္ဂင် (၈)ပါးထဲမှာ မဂ္ဂင် (၁)ပါး ပြုတ်ထွက် မသွားဘူးလား၊ ပြုတ်ထွက်သွားတယ်၊ မဂ္ဂင်ဘယ်နှစ်ပါးကျန်လဲ? မဂ္ဂင် (၇)ပါး၊

ဒီတော့ သူတို့ အကြောင်းပြချက်ကလေးကိုတော့ ဘုန်းကြီးဘက်ကလည်း ပြောဖို့ တာဝန်ရှိပါတယ်၊ ဘာကို သူတို့ အကြောင်းပြကြသလဲလို့မေးတော့ အဿဇိသုတ္တန်မှာ ရှင်အဿဇိမထေရ်မြတ်က စာအရ အတိအကျ ပြောရင်တော့ ‘‘ပဿမ္ဘေတွာ ကာယသင်္ခါရေ’’ ဆိုတဲ့ စကားလုံးကို ကာယသင်္ခါရေတိ အဿာသပဿာသာ ဆိုပြီး အဋ္ဌကထာကဖွင့်ထားတော့ ခန့်မှန်းခြေအရကတော့ အဿာသပဿာသ = အာနာပါနကမ္မဋ္ဌာန်းကို ပွားများ အားထုတ်တော်မူတယ်လို့တော့ ခန့်မှန်းလို့တော့ ရပါတယ်၊

သို့သော် စတုတ္ထဈာန်ဆိုတာကတော့ ဘယ်စတုတ္ထဈာန်မဆို အဿာသ ပဿာသ ချုပ်ငြိမ်းတဲ့ ဈာန်တွေချည်း ဖြစ်ပါတယ်၊ ဒါကြောင့် စတုတ္ထဈာန်အထိတော့ သူက သမာဓိ ထူထောင်နေတယ်၊ ထူထောင်လိုက်တဲ့ အချိန်အခါကျတော့ တစ်ချိန်မှာ သူက အကြီးအကျယ် ရောဂါဝေဒနာ ဖြစ်တယ်၊ ရောဂါဝေဒနာ ဖြစ်လိုက်တဲ့ အချိန်အခါကျတော့ ဒီစတုတ္ထဈာန်သမာဓိကို ပြန်ပြီး ထူထောင်လို့ မရနိုင်ဘူး၊ သို့သော် စတုတ္ထဈာန်သမာဓိကို အခြေခံပြီးတော့ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို သူက စီးဖြန်းနေကျပုဂ္ဂိုလ် ဖြစ်ပါတယ်၊

တစ်ချိန်မှာ အကြီးအကျယ် ဖျားနာလာတဲ့အခါမှာ စတုတ္ထဈာန်သမာဓိကို ပြန်ပြီးထူထောင်လို့ မရတဲ့အတွက် သူက စိတ်ဓာတ်တွေ တော်တော်လေး ကျဆင်းနေတယ်၊ ထိုအချိန်အခါမှာ ဘုရားရှင်က ကြွလာပါတယ်၊ ကြွလာတဲ့ အချိန်အခါမှာ ခမည်းဇာတ်ပါရဲ့လား, ကျန်းမာပါရဲ့လား? စသည်ဖြင့် အောက်မေ့ဖွယ်, အမှတ်ရဖွယ် စကားတွေကို ပြောဆိုပြီးတဲ့ အချိန်အခါမှာ အရှင်အဿဇိမထေရ်က တပည့်တော်မှာ မခမည်းဇာတ်ပါဘူး စသည်ဖြင့် သူက ပြန်လည် လျှောက်ထားပြန်တယ်၊ ပြန်လည် လျှောက်ထားလိုက်တဲ့ အချိန်အခါမှာ သူ့မှာ စိတ်မချမ်းမသာ ဖြစ်နေတဲ့အကြောင်းကို ပြန်လည် လျှောက်ထားတော့ ဘာအတွက် စိတ်မချမ်းမသာဖြစ်သလဲဆိုတာကို သိချင်လို့ ဘုရားရှင်က သူ့ကို မေးကြည့်တယ်၊
သင့်မှာ သီလနဲ့ ပတ်သက်ပြီးတော့ မိမိကိုယ်ကို မိမိက ငါ့သီလတွေ မစင်ကြယ်ဘူးလို့ ပြန်လည်ပြီး စွပ်စွဲမှုများ ရှိနေပါသလားလို့ မေးကြည့်လိုက်တော့ တပည့်တော်ဟာ သီလနဲ့ပတ်သက်လို့လည်း တပည့်တော်ကိုယ်ကို တပည့်တော် ပြန်လည် စွပ်စွဲမှုဆိုတာ မရှိပါဘူး ဆိုပြီး သူက အဖြေပေးတယ်၊ အဲဒီလို အဖြေပေးလိုက်တဲ့ အချိန်အခါမှာ ဒီလိုဆိုရင် သင်က ဘာအတွက် စိတ်မချမ်းမသာ ဖြစ်နေရတာလဲလို့ ဆက်ပြီး မေးလိုက်တဲ့ အချိန်အခါမှာ သူက ဘာပြန်လျှောက်ထားလဲ?

‘‘ပုဗ္ဗေ ခွါဟံ, ဘန္တေ, ဂေလညေ ပဿမ္ဘေတွာ ပဿမ္ဘေတွာ ကာယသင်္ခါရေ ဝိဟရာမိ၊ သောဟံ သမာဓိံ နပ္ပဋိလဘာမိ၊’’ (သံ၊၂၊၁၀၂။)

ဘန္တေ၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား။ အဟံ၊ ဘုရားတပည့်တော်သည်။ ပုဗ္ဗေ၊ ရှေးအခါ၌။ ဂေလညေ၊ အနာရောဂါကို။ ပဿမ္ဘေတွာ ပဿမ္ဘေတွာ၊ ငြိမ်းစေငြိမ်းစေ၍။ ကာယသင်္ခါရေ၊ အဿာသပဿာသဟုခေါ်ဆိုအပ်သော ကာယသင်္ခါရတရား၌။ ဝိဟရာမိ၊ နေထိုင်နိုင်ခဲ့ပါ၏၊

ရှေးယခင်တုန်းကတော့ တပည့်တော်က ဒီအနာရောဂါကို ကျော်လွှား လွန်မြောက်ပြီးတော့ အဿာသပဿာသခေါ်တဲ့ ကာယသင်္ခါရတရားမှာ နေထိုင်နိုင်ခဲ့တယ်၊ စတုတ္ထဈာန်သမာဓိအထိ ဆိုက်အောင် ပွားများအားထုတ်နိုင်ခဲ့တယ်လို့ ဆိုလိုတယ်၊

‘‘သောဟံ သမာဓိံ နပ္ပဋိလဘာမိ၊’’ (သံ၊၂၊၁၀၂။)

ဘန္တေ၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား။ သောဟံ၊ ထိုဘုရားတပည့်တော်သည်။ သမာဓိံ၊ သမာဓိကို။ နပ္ပဋိလဘာမိ၊ တစ်ဖန်ပြန်၍ မရနိုင်တော့ပါ၊

တပည့်တော် အခု သမာဓိ ပြန်လည်ထူထောင်လိုက်တဲ့ အချိန်အခါမှာ ဒီသမာဓိကို တပည့်တော် တစ်ဖန် ပြန်မရ ဖြစ်နေတယ်၊

‘‘တဿ မယှံ, ဘန္တေ, တံ သမာဓိံ အပ္ပဋိလဘတော ဧဝံ ဟောတိ — ‘နော စဿာဟံ ပရိဟာယာမီ’တိ၊’’ (သံ၊၂၊၁၀၂။)

ဘန္တေ၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား။ တဿ မယှံ၊ ထိုဘုရားတပည့်တော်၏။ တံ သမာဓိံ၊ ထိုသမာဓိကို။ အပ္ပဋိလဘတော၊ မရခြင်းကြောင့်။ ဧဝံ၊ ဤသို့သော စိတ်အကြံအစည်သည်။ ဟောတိ၊ ဖြစ်ပေါ်၍ နေပါ၏၊
ဘန္တေ၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား။ တံ သမာဓိံ၊ ထိုသမာဓိကို။ အပ္ပဋိလဘတော၊ မရရှိသော။ တဿ မယှံ၊ ထိုဘုရားတပည့်တော်၏ သန္တာန်၌။ ဧဝံ၊ ဤသို့သော စိတ်အကြံအစည်သည်။ ဟောတိ၊ ထင်ရှားဖြစ်ပေါ်၍ နေပါသည်မြတ်စွာဘုရား၊

ဪ ဒီသမာဓိကို ပြန်ထူထောင်လိုက်တဲ့ အချိန်အခါမှာ တပည့်တော်သန္တာန်မှာ ဒီသမာဓိကို မရရှိတဲ့အတွက် ဒီလို စိတ်အကြံအစည်တွေ ဖြစ်နေတယ်၊ ဘယ်လို အကြံအစည်လဲ?

‘‘နော စဿာဟံ ပရိဟာယာမိ၊’’

အဟံ၊ ငါသည်။ နော စဿာဟံ ပရိဟာယာမိ၊ သာသနာတော်မှ မဆုတ်ယုတ်ဘဲ ရှိပါအံ့လောဟူသော။ ဧဝံ၊ ဤသို့သော စိတ်အကြံအစည်သည်။ ဟောတိ၊ ထင်ရှားဖြစ်ပေါ်၍ နေပါ၏၊

ငါဟာ သာသနာတော်မှ မဆုတ်ယုတ်ဘဲ ရှိပါရဲ့လားဆိုတဲ့ ဒီလို စိတ်အကြံအစည်တွေ တပည့်တော်မှာ ဖြစ်နေပါတယ်ဘုရား၊ ဒါကြောင့် တပည့်တော်ဟာ စိတ်မချမ်းသာ ဖြစ်နေပါတယ်ဆိုပြီး သူက လျှောက်တယ်၊ အဲဒီအခါမှာ ဘုရားရှင်က ဘာအမိန့်ရှိသလဲ?

‘‘ယေ တေ, အဿဇိ, သမဏဗြဟ္မဏာ သမာဓိသာရကာ သမာဓိသာမညာ၊ တေသံ တံ သမာဓိံ အပ္ပဋိလဘတံ ဧဝံ ဟောတိ — ‘နော စဿု မယံ ပရိဟာယာမာ’တိ၊’’ (သံ၊၂၊၁၀၂။)

အဿဇိ၊ ချစ်သား အဿဇိ။ ယေ တေ သမဏဗြဟ္မဏာ၊ အကြင် သမဏဗြဟ္မဏတို့သည်။ သမာဓိသာရကာ၊ သမာဓိသည်သာလျှင် အနှစ်သာရရှိကုန်၏။ သမာဓိသာမညာ၊ သမာဓိသည်သာလျှင် ရဟန်းအဖြစ် ရှိကြကုန်၏။ တေသံ၊ ထိုရဟန်းတော်တို့အား။ တံ သမာဓိံ၊ ထိုသမာဓိကို။ အပ္ပဋိလဘတံ၊ မရရှိကြကုန်သော်။ တေသံ၊ ထိုရဟန်းတော်တို့၏ သန္တာန်၌။ ဧဝံ၊ ဤသို့သော စိတ်အကြံအစည်သည်။ ဟောတိ၊ ထင်ရှားဖြစ်ပေါ်၍ နေတတ်ပါပေ၏၊

ဘယ်လိုဖြစ်သလဲ?

‘‘နော စဿု မယံ ပရိဟာယာမာတိ၊’’ (သံ၊၂၊၁၀၂။)

မယံ၊ ငါတို့သည်။ နော စဿု ပရိဟာယာမ၊ သာသနာတော်မှ မဆုတ်ယုတ်ဘဲ ရှိကြကုန်အံ့လောဟု။ ဧဝံ၊ ဤသို့သော စိတ်အကြံအစည်သည်။ ဟောတိ၊ ထင်ရှားဖြစ်ပေါ်၍ နေတတ်ပါပေ၏၊

ငါတို့ဟာ သာသနာတော်မှ မဆုတ်ယုတ်ဘဲ ရှိကြပါရဲ့ဆိုပြီးတော့ ဒီလို စိတ်အကြံအစည်တွေ ဖြစ်နေပါတယ် ဆိုပြီးတော့ မြတ်စွာဘုရားက ဟောတယ်၊ ဟောလိုက်တော့ ဒီနေရာမှာ ‘‘သမာဓိသာရကာ’’ ‘‘သမာဓိသာမညာ’’ ဆိုတဲ့ စကားလုံးနဲ့ ပတ်သက်ပြီး အဋ္ဌကထာဆရာတော်က ဘယ်လိုဖွင့်ထားသလဲလို့ မေးတော့ -

‘‘သမာဓိသာရကာ သမာဓိသာမညာတိ သမာဓိံယေဝ သာရဉ္စ သာမညဉ္စ မညန္တိ၊’’ (သံ၊ဋ္ဌ၊၂၊၂၈၉။)

သမာဓိသာရကာ သမာဓိသာမညာတိ၊ သမာဓိသာရကာ သမာဓိသာမညာ ဟူသည်ကား။ သမာဓိံ ယေဝ၊ သမာဓိကိုသာလျှင်။ သာရဉ္စ၊ အနှစ်သာရဟူ၍လည်းကောင်း။ သာမညဉ္စ၊ ရဟန်းအဖြစ်ဟူ၍လည်းကောင်း။ မညန္တိ၊ အောက်မေ့မှတ်ထင်ကြကုန်၏၊

(အထူးသဖြင့်) သာသနာပ အယူအဆရှိနေကြတဲ့ သမဏ, ဗြဟ္မဏ အချို့တွေဟာ သမာဓိကိုသာလျှင် အနှစ်သာရ သမာဓိကိုသာလျှင် ရဟန်းအဖြစ်လို့ ဒီလိုအောက်မေ့ မှတ်ထင်နေကြတယ်နော်၊

‘‘မယှံ ပန သာသနေ န ဧတံ သာရံ၊’’ (သံ၊ဋ္ဌ၊၂၊၂၈၉။)

မယှံ ပန သာသနေ၊ ငါဘုရားရှင်၏ သာသနာတော်မြတ်အတွင်း၌ကား။ ဧတံ၊ ဤသမာဓိသည်ကား။ န သာရံ၊ အနှစ်သာရ မဟုတ်ပါ၊

ငါဘုရားရှင်ရဲ့ သာသနာတော်တွင်းမှာ ဒီသမာဓိကတော့ အနှစ်သာရ မဟုတ်ပါဘူး၊

‘‘ဝိပဿနာမဂ္ဂဖလာနိ သာရံ၊’’ (သံ၊ဋ္ဌ၊၂၊၂၈၉။)

ဝိပဿနာမဂ္ဂဖလာနိ၊ ဝိပဿနာ မဂ်ဉာဏ်, ဖိုလ်ဉာဏ်တို့သည်သာလျှင်။ သာရံ၊ အနှစ်သာရဖြစ်ပါပေ၏၊

ငါဘုရားရှင်ရဲ့ သာသနာတော်မှာ ဝိပဿနာဉာဏ်, မဂ်ဉာဏ်, ဖိုလ်ဉာဏ်တွေကသာလျှင် အနှစ်သာရ ဖြစ်ပါတယ်ဆိုပြီးတော့ ဒီလိုဟောထားတယ်၊ အဲဒီဟောကြားချက်ကို ကိုးကားပြီးတော့ သမထသည် သာသနာတွင်းတရားမဟုတ်, သာသနာပတရား ဖြစ်သည်၊ ဝိပဿနာသာလျှင် သာသနာတွင်းတရားဖြစ်သည် ဆိုပြီးတော့ သူတို့က ဘေးဖယ်လိုက်ကြတယ်၊ ဘေးဖယ်လိုက်ကြတော့ နောက်တစ်ခု သူတို့ အကြောင်းပြချက်တစ်ခု ရှိလာပြန်သေးတယ်၊ ဘာလဲဆိုတော့ သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ် ဆိုတာတွေဟာ လောကမှာ ရှိပါတယ်၊ ဒီသုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်တွေဟာ ဘယ်မှာ သမာဓိ ထူထောင်လို့လဲဆိုပြီး ဒီလိုလဲ အကြောင်းပြကြပြန်တယ်၊
ဒီတော့ ဒီသုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်ဟာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို တိုက်ရိုက် စီးဖြန်းချင်တယ်ဆိုရင် ဘာကို စအားထုတ်ရသလဲ? ဒီအပိုင်းနဲ့ ပတ်သက်ပြီးတော့ ဝိသုဒ္ဓိမဂ်အဋ္ဌကထာ ဒုတိယတွဲ စာမျက်နှာ (၂၂၂)မှာ အဋ္ဌကထာဆရာတော်က ဘယ်လိုရေးထားသလဲ?

‘‘သုဒ္ဓဝိပဿနာယာနိကော ပန အယမေဝ ဝါ သမထယာနိကော စတုဓာတုဝဝတ္ထာနေ ဝုတ္တာနံ တေသံ တေသံ ဓာတုပရိဂ္ဂဟမုခါနံ အညတရမုခဝသေန သင်္ခေပတော ဝါ ဝိတ္ထာရတော ဝါ စတဿော ဓာတုယော ပရိဂ္ဂဏှာတိ၊’’ (ဝိသုဒ္ဓိ၊၂၊၂၂၂။)

သုဒ္ဓဝိပဿနာယာနိက ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် ရုပ်ကမ္မဋ္ဌာန်းကနေ စအားထုတ်လိုတဲ့ ဒီသမထယာနိကပုဂ္ဂိုလ်ပဲဖြစ်ဖြစ် အဲဒီပုဂ္ဂိုလ်ဟာ ဝိပဿနာကို ကူးပြီးဆိုရင် ဘာလုပ်ရသလဲ? စတုဓာတုဝဝတ္ထာန်ကမ္မဋ္ဌာန်းအပိုင်းမှာ ဖွင့်ဆိုထားတဲ့ ဓာတ်ကမ္မဋ္ဌာန်း သိမ်းဆည်းနည်း နည်းအမျိုးမျိုး ရှိကြတယ်၊ အကျဉ်းနည်းကိုပဲဖြစ်စေ, အကျယ်နည်းကိုပဲ ဖြစ်စေ, တစ်နည်းနည်းဖြင့် ဓာတ်ကြီးလေးပါးကို စတင် သိမ်းဆည်းပါဆိုပြီး ဒီလို ညွှန်ကြားထားတယ်၊ ဒီတော့ သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်က ဒီအဋ္ဌကထာရဲ့ ညွှန်ကြားချက်အရ ပြောမယ်ဆိုရင် သုဒ္ဓဝိပဿနာယာနိက ပုဂ္ဂိုလ်သည် ဘာကို စပြီး အားထုတ်ရမလဲ? ဓာတ်ကမ္မဋ္ဌာန်းက စအားထုတ်ရမယ်၊ ဘာကြောင့်လဲ ယေဘုယျ စည်းကမ်းက ရုပ်ကမ္မဋ္ဌာန်းကနေစပြီး ဝိပဿနာကူးတယ်ဆိုတဲ့ လုပ်ငန်းရပ်က သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်တို့ရဲ့ လုပ်ငန်းရပ်ဖြစ်တယ်၊ ဒါ ယေဘုယျ စည်းကမ်းပဲနော်၊

သမထယာနိကပုဂ္ဂိုလ်ကတော့ ဝိပဿနာကူးတဲ့အခါမှာ ဈာန်နာမ်တရားတွေကစပြီး သိမ်းဆည်းပြီးတော့ ဝိပဿနာကူးလိုကလည်း ကူးနိုင်တယ်၊ သို့မဟုတ် ရုပ်ကမ္မဋ္ဌာန်းကနေ စတင်ပြီးတော့ ဝိပဿနာကို ကူးလိုကလည်း ကူးနိုင်ပါတယ်၊ သူက နှစ်နည်းရှိတယ်၊ အကယ်၍ ရုပ်ကမ္မဋ္ဌာန်းကနေ စတင်ပြီးတော့ ဝိပဿနာကူးချင်တယ်ဆိုလို့ရှိရင်တော့ ဘာကို စရှုရသလဲ? ဓာတ်ကမ္မဋ္ဌာန်း စရှုရတယ်၊ ဘာကြောင့်လဲ? သမထပိုင်းမှာ ကမ္မဋ္ဌာန်း (၄၀)ရှိတယ် ဆိုတာကတော့ မှန်ပါတယ်၊ သို့သော် ဝိပဿနာပိုင်းရောက်လာပြီဆိုရင် ရုပ်ကမ္မဋ္ဌာန်း, နာမ်ကမ္မဋ္ဌာန်း ဆိုပြီးတော့ ကမ္မဋ္ဌာန်းက နှစ်မျိုးပဲ ရှိပါတယ်၊ ရုပ်ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်း နှစ်မျိုးရှိတဲ့အနက်က မြတ်စွာဘုရားက ရုပ်ကမ္မဋ္ဌာန်းရှုကွက်နဲ့ ပတ်သက်ပြီးတော့ ဘယ်လိုဟောလဲ?

‘‘တတ္ထ ဘဂဝါ ရူပကမ္မဋ္ဌာနံ ကထေန္တော သင်္ခေပမနသိကာရဝသေန ဝါ ဝိတ္ထာရမနသိကာရဝသေန ဝါ စတုဓာတုဝဝတ္ထာနံ ကထေသိ’’။ (မ၊ဋ္ဌ၊၁၊၂၈၀)

ဒါက မဟာသတိပဋ္ဌာနသုတ္တန် မဟာသတိပဋ္ဌာနဝိဘင်းကို ဖွင့်ဆိုတော်မူကြတဲ့ ဒီဃနိကာယ်အဋ္ဌကထာ, မဇ္ဈိမနိကာယ်အဋ္ဌကထာနဲ့ အဘိဓမ္မာ သမ္မောဟဝိနောဒနီ အဋ္ဌကထာတို့မှာ လာရှိတဲ့စကားဖြစ်ပါတယ်၊ ရုပ်ကမ္မဋ္ဌာန်းရှုကွက်နဲ့ ပတ်သက်လို့ မြတ်စွာဘုရားက ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနှလုံးသွင်းနည်း, ဓာတ်ကမ္မဋ္ဌာန်း အကျယ်နှလုံးသွင်းနည်း ဆိုပြီးတော့ ဒီ နှစ်နည်းပဲ ဟောထားတယ်၊ ဟောတော်မူရိုး ဓမ္မတာရှိတဲ့အတွက် ရုပ်ကမ္မဋ္ဌာန်းကို စရှုတော့မယ့်ပုဂ္ဂိုလ်က ဘာကို စရှုရလဲ? ဓာတ်ကမ္မဋ္ဌာန်းကို စရှုရမယ်တဲ့၊ အဲဒါက မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်ဆိုတဲ့ ရတနာရွှေအိုးကြီးတွေကို တူးဖော်ချင်တယ်ဆိုရင် ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် တူးဖော်ရမယ်လို့ ညွှန်ကြားနေတဲ့ အညွှန်းသိုက်စာ ရတနာကြီးတွေဖြစ်တယ်၊

အဲဒီ ရတနာသိုက်စာ အညွှန်းအတိုင်း လိုက်နာပြီး မကျင့်ခဲ့ဘူးဆိုရင် ဘုရားဟောတဲ့ ဒီရုပ်နာမ်ကို သိနိုင်ပါ့မလား? မသိနိုင်ဘူး၊ ဒါဟာ အညွှန်းသိုက်စာအတိုင်း မကျင့်တာဘဲ၊ သို့သော် ဒီဓာတ်ကမ္မဋ္ဌာန်းသည် ကမ္မဋ္ဌာန်း (၄၀)ထဲမှာ ဥပစာရသမာဓိကို ရွက်ဆောင်ပေးနိုင်တဲ့ စွမ်းအားရှိတဲ့ ကမ္မဋ္ဌာန်းအဖြစ် အဋ္ဌကထာဆရာတော်က ထည့်သွင်းပြီး ဖွင့်ဆိုထားပါတယ်၊ သို့သော် ဋီကာဆရာတော်ကတော့ ဒီနေရာမှာ အဋ္ဌကထာဆရာတော် ဖွင့်ဆိုနေတဲ့ ဥပစာရသမာဓိဆိုတာကတဲ့ ရုဠှီအစွမ်းအားဖြင့် ဖွင့်ဆိုသွားခြင်းဖြစ်တယ်၊ တင်စားပြီး ဖွင့်ဆိုခြင်းသာဖြစ်တယ်၊ ဘယ်လိုတင်စားလဲ? ဈာန်နားကပ်နေတဲ့ သမာဓိကိုသာလျှင် ဥပစာရသမာဓိလို့ခေါ်ဆိုရတယ်၊

ဒီ ဓာတ်ကမ္မဋ္ဌာန်းလမ်းစဉ်ကနေ ဘယ်လိုပဲ အားထုတ်အားထုတ် ယောဂါဝစရပုဂ္ဂိုလ်က ဈာန်ကို ဘယ်တော့မှ မရနိုင်ဘူး၊ ဈာန်မရနိုင်တဲ့အတွက် ဒီဓာတ်ကမ္မဋ္ဌာန်းလမ်းစဉ်က အထွတ်အထိပ်သို့ ရောက်ရှိသွားတဲ့ သမာဓိကို ဥပစာရသမာဓိလို့ အဋ္ဌကထာဆရာတော်က ပြောနေခြင်းသည် သမာဓိလက္ခဏာချင်း တူညီနေလို့ တင်စားပြီး ပြောတဲ့စကားသာ ဖြစ်ပါတယ် ဆိုပြီး အဋ္ဌကထာက ရှင်းထားတယ်၊ ဘယ်လို သမာဓိလက္ခဏာချင်း တူညီသလဲလို့မေးတော့ ဈာန်နားကပ်နေတဲ့ ဥပစာရသမာဓိအဆင့်နှင့် ဓာတ်ကမ္မဋ္ဌာန်းလမ်းစဉ်ကနေပြီးတော့ အထွတ်အထိပ်သို့ ရောက်ရှိသွားတဲ့ သမာဓိသည် သမာဓိလက္ခဏာချင်း တူညီနေတယ်၊ သမာဓိ ဒီဂရီစံချိန်ချင်း တူညီနေတဲ့အတွက်ကြောင့် ရုဠှီအားဖြင့် တင်စားပြီး ဥပစာအားဖြင့် တင်စားပြီးတော့ သဒိသူပစာရအားဖြင့် ဥပစာရသမာဓိလို့ အဋ္ဌကထာက ဖွင့်ဆိုသွားခြင်း ဖြစ်တယ်ဆိုပြီး ဒီလို ရှင်းထားတယ်၊

ဒီတော့ ဒီအထွတ်အထိပ်သို့ ရောက်ရှိလာတဲ့ ကာမာဝစရသမာဓိဆိုတာက ဘယ်လိုသမာဓိလဲဆိုတော့ ဓာတ်ကြီး (၄)ပါးကို စနစ်တကျ အဆင့်ဆင့် သိမ်းဆည်းလိုက်ရင် နောက်ဆုံး ခန္ဓာကိုယ်ကြီးကို မတွေ့တော့ဘဲနဲ့ ရေခဲတုံး, ဖန်တုံး, မှန်တုံးလိုကြည်နေတဲ့ အကြည်အတုံးအခဲကြီးကို သွားတွေ့ပါတယ်၊ ဘာအကြည် အတုံးအခဲလဲလို့ မေးရင်တော့ ဘုန်းကြီးတို့ ‘‘စက္ခာဒိပဉ္စဝိဓံ ရူပါဒီနံ ဂဟဏပစ္စယဘာဝေန အာဒါသတလံ ဝိယ ဝိပ္ပသန္နတ္တာ ပသာဒရူပံ’’။ (ဝိသုဒ္ဓိ၊ဋ္ဌ၊၂၊၈၁။) ဆိုပြီး ဝိသုဒ္ဓိမဂ်အဋ္ဌကထာ ခန္ဓနိဒ္ဒေသပိုင်း ရူပက္ခန္ဓာပိုင်းမှာ ဖွင့်ဆိုထားပါတယ်၊ ဘာဆိုလိုတာလဲလို့မေးတော့ ရုပ်လောကမှာ။ စက္ခုပသာဒ၊ မျက်စိအကြည်။ သောတပသာဒ၊ နားအကြည်။ ဃာနပသာဒ၊ နှာအကြည်။ ဇိဝှာပသာဒ၊ လျှာအကြည်။ ကာယပသာဒ၊ ကိုယ်အကြည် ဆိုပြီး အကြည်ရုပ် ငါးခုရှိပါတယ်၊

ဓာတ်ကမ္မဋ္ဌာန်းလမ်းစဉ်က ဓာတ်လေးပါးကို သိမ်းဆည်းလျက် သမာဓိကို အဆင့်ဆင့် ထူထောင်သွားလိုက်တဲ့ အချိန်အခါမှာ ကလာပ်ခေါ်တဲ့ ရုပ်ကလာပ်တွေကို မမြင်သေးမီ, ဃနခေါ်တဲ့ ရုပ်တုံးရုပ်ခဲတွေကို ဉာဏ်နဲ့ မဖြိုခွဲနိုင်မီမှာ ယောဂီပုဂ္ဂိုလ်အနေနဲ့ ဒီအကြည်ပြင် အကြည် အတုံးအခဲကြီးအနေနဲ့ ရေခဲတုံး, ဖန်တုံး, မှန်တုံးလို သွားတွေ့တယ်၊ အဲဒီ အတုံးအခဲဟာ ဘာတွေလဲလို့မေးတော့ မျက်စိအကြည်, နားအကြည်, နှာခေါင်းအကြည်, လျှာအကြည်, ကိုယ်အကြည်လို့ခေါ်ဆိုအပ်တဲ့ ဒီပသာဒရုပ် (၅)ပါးတို့ရဲ့ အကြည်ဖြစ်တယ်၊ အဲဒီ အကြည်ဓာတ်သည် ‘‘အာဒါသတလံ ဝိယ ဝိပ္ပသန္နတ္တာ’’ ကြေးမုံမှန်အပြင်လိုကြည်နေတဲ့အတွက်ကြောင့် သူတို့ကို ပသာဒရုပ်လို့ခေါ်တယ်ဆိုပြီး ဝိသုဒ္ဓိမဂ်အဋ္ဌကထာက ရှင်းထားတယ်၊

ဒီတော့ ဃနခေါ်တဲ့ ရုပ်တုံး ရုပ်ခဲတွေကို ဉာဏ်နဲ့ မဖြိုခွဲနိုင်မီ အတုံးလိုက်, အခဲလိုက်ကြီးသွားတွေ့တဲ့အကြည်ဓာတ်ပဲ၊ အဲဒီ အကြည်အတုံးအခဲမှာ အာကာသဓာတ်ကို မြင်အောင်ဆက်ပြီး ရှုလိုက်မယ်ဆိုလို့ရှိရင် ဟို မဟာရာဟုလောဝါဒသုတ္တန်စတဲ့ ထိုထိုသုတ္တန်တွေမှာ ညွှန်ကြားထားတဲ့အတိုင်း အာကာသဓာတ်ကို မြင်အောင် ရှုလိုက်မယ်ဆိုရင် ရုပ်ကလာပ်အမှုန်လေးတွေ သွားတွေ့ပါတယ်၊

အဲဒီ ရုပ်ကလာပ်အမှုန်လေးတွေကို တွေ့ပြီဆိုရင် အဲဒီ ရုပ်ကလာပ် တစ်ခု တစ်ခုမှာ တည်ရှိနေတဲ့ ပထဝီ, အာပေါ, တေဇော, ဝါယောခေါ်တဲ့ ဓာတ် (၄)ပါးကို သိမ်းဆည်းနိုင်ပြီဆိုရင် ဓာတ်ကမ္မဋ္ဌာန်းလမ်းစဉ်မှာ အထွတ်အထိပ်သို့ ရောက်ရှိသွားတဲ့ ဥပစာရသမာဓိဖြစ်တယ်၊ သမထပိုင်းမှာ အဆုံးဖြစ်ပြီး ဝိပဿနာပိုင်းမှာ အစဖြစ်ပါတယ်။ ဒိဋ္ဌိဝိသုဒ္ဓိစခန်းရဲ့ အစလည်းဖြစ်တယ်၊ အဲဒီ သမာဓိမျိုးကိုတော့ ထူထောင်ရပါတယ်၊ သို့သော် ဒီနေ့ မျက်မှောက်ခေတ်ကတော့ သမာဓိမှန်သမျှ ဘာမှ မထူထောင်နဲ့၊ ဝိပဿနာသာ တိုက်ရိုက်သွား ဆိုပြီးတော့ သူတို့က ရှုပွားကြတယ်၊ ဒီတော့ မဂ္ဂင်က (၈)ပါး ပြည့်သေးလား? မပြည့်တော့ဘူး၊ ဘယ်နှစ်ပါးရှိလဲ? (၇)ပါး၊ မဂ္ဂင် (၈)ပါးကို မဂ္ဂင် (၇)ပါးလို့ပြောရင် ဓမ္မကို အဓမ္မလို့ ထင်ရှားပြနေကြတာ ဖြစ်တယ်၊ ဓမ္မကို အဓမ္မလို့ ထင်ရှားပြနေတဲ့ ပုဂ္ဂိုလ်တွေသည် မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်ဆိုတဲ့ သတ္တဝါတွေရဲ့ အကျိုးစီးပွားတွေကို ဆုတ်ယုတ်ပျက်စီးအောင် ပြုလုပ်နေတယ်၊ သာသနာတော်ကို ကွယ်အောင်ပြုလုပ်နေတဲ့ ပုဂ္ဂိုလ်တွေလည်းဖြစ်တယ်၊ သတ္တဝါတွေရဲ့သန္တာန်မှာ အကုသိုလ်တရားတွေကို တိုးပွားအောင် များပြားအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေလည်းဖြစ်တယ်၊ ဒါ ဒီသုတ္တန်က ဟောတာနော်၊ ဘုန်းကြီး ဟောတာတော့ မဟုတ်ဘူး၊

တတိယပိုင်း

နောက်တစ်ခု - မဂ္ဂင် တစ်ပါး ထပ်ပြောဦးမယ်၊ နောက်မဂ္ဂင် တစ်ခုကတော့ သမ္မာဒိဋ္ဌိ ဖြစ်ပါတယ်၊ ဘာကို သမ္မာဒိဋ္ဌိ ခေါ်ဆိုသလဲ၊ မဟာသတိပဋ္ဌာနသုတ္တန်မှာပဲ ဘုရားရှင် ကိုယ်တော်တိုင်က အတိအကျ မေးခွန်းထုတ်ပြီးတော့ အဖြေပေးထားပါတယ်၊

‘‘ကတမာ စ ဘိက္ခဝေ သမ္မာဒိဋ္ဌိ’’။ (မ၊၁၊၈၈)

ဘိက္ခဝေ၊ ရဟန်းတို့။ သမ္မာဒိဋ္ဌိ၊ သမ္မာဒိဋ္ဌိဆိုတာက။ ကတမာ စ၊ ဘာလဲ? ဒါဘုရားရှင် ကိုယ်တော်တိုင်က မေးတယ်၊ မေးပြီးတော့ ဘယ်လိုဖြေလဲ?

‘‘ယံ ခေါ ဘိက္ခဝေ ဒုက္ခေ ဉာဏံ၊ ဒုက္ခသမုဒယေ ဉာဏံ၊ ဒုက္ခနိရောဓေ ဉာဏံ၊ ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ ဉာဏံ၊ အယံ ဝုစ္စတိ ဘိက္ခဝေ သမ္မာဒိဋ္ဌိ’’။ (မ၊၁၊၈၈)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ ယံ ခေါ ဉာဏံ၊ အကြင်သိသောဉာဏ်သည်။ ဒုက္ခေ၊ ဒုက္ခသစ္စာ၌ (ရှိ၏)။ ယံ ဉာဏံ၊ အကြင်သိသောဉာဏ်သည်။ ဒုက္ခသမုဒယေ၊ သမုဒယသစ္စာ၌ (ရှိ၏)။ ယံ ဉာဏံ၊ အကြင်သိသောဉာဏ်သည်။ ဒုက္ခနိရောဓေ၊ နိရောဓသစ္စာ၌ (ရှိ၏)။ ယံ ဉာဏံ၊ အကြင်သိသောဉာဏ်သည်။ ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ၊ ဒုက္ခချုပ်ရာ နိရောဓနိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ်ဖြစ်တဲ့ မဂ္ဂသစ္စာ၌ (ရှိ၏)။ ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ အယံ၊ ဤဉာဏ်သည်။ သမ္မာဒိဋ္ဌိ၊ သမ္မာဒိဋ္ဌိမည်၏။ ဝုစ္စတိ၊ ဟု ဆိုအပ်၏။ ဒီလို ဘုရားရှင်က ရှင်းထားတယ်၊ ဒီတော့ သမ္မာဒိဋ္ဌိ ဘယ်နှစ်မျိုးရှိလဲ? (၄)မျိုး၊ ဒုက္ခသစ္စာ၌ သိသောဉာဏ်သည် သမ္မာဒိဋ္ဌိ၊ သမုဒယသစ္စာ၌ သိသောဉာဏ်သည် သမ္မာဒိဋ္ဌိ၊ နိရောဓသစ္စာ၌ သိသောဉာဏ်သည် သမ္မာဒိဋ္ဌိ၊ ဒုက္ခချုပ်ရာ နိရောဓ နိဗ္ဗာန်သို့ရောက်ကြောင်း ကျင့်စဉ်ဖြစ်တဲ့ မဂ္ဂသစ္စာ၌ သိသောဉာဏ်သည် သမ္မာဒိဋ္ဌိ၊ ပေါင်းလိုက်တော့ ဘယ်နှစ်မျိုးလဲ? (၄)မျိုး၊

အဲဒီ (၄)မျိုးထဲမှာ နံပါတ် (၁) ဒုက္ခသစ္စာ၌သိသော သမ္မာဒိဋ္ဌိဉာဏ်သည်လည်း ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း ကျင့်စဉ်လို့ခေါ်ဆိုအပ်တဲ့ မဂ္ဂသစ္စာစာရင်းဝင် မဂ္ဂင်တရားကိုယ် တစ်ပါးပဲဖြစ်ပါတယ်၊ နိဗ္ဗာန်ရောက်ကြောင်း ကျင့်စဉ်တစ်ခုပဲ ဖြစ်တယ်နော်၊

သမုဒယသစ္စာကို သိတဲ့ဉာဏ်ဟာလည်း နိဗ္ဗာန်ရောက်ကြောင်း ကျင့်စဉ်တစ်ခု မဂ္ဂင်တစ်ခုပဲဖြစ်တယ်၊ နိရောဓသစ္စာ, မဂ္ဂသစ္စာတွေကို သိနေတဲ့ ဉာဏ်ဟာလည်း နိဗ္ဗာန်ရောက်ကြောင်း ကျင့်စဉ်တစ်ခု မဂ္ဂင်တစ်ခုပဲ ဖြစ်ပါတယ်၊ ဒီအချက်နဲ့ ပတ်သက်ပြီးတော့ ဘုန်းကြီး နောက်ထပ် အညွှန်းသိုက်စာလေးတစ်ခု ရွတ်ပြမယ်နော်၊ သစ္စသံယုတ်မှာ အာသဝက္ခယသုတ္တန်ဆိုတဲ့ သုတ္တန်တစ်ခု ရှိပါတယ်၊ ထိုသုတ္တန်မှာ ဘုရားရှင်က ဘယ်လိုဟောလဲ?

‘‘ဇာနတောဟံ ဘိက္ခဝေ ပဿတော အာသဝါနံ ခယံ ဝဒါမိ၊ နော အဇာနတော နော အပဿတော’’။ (ခု၊၁၊၂၆၅၊ ဣတိဝုတ္တက။)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ ဇာနတော၊ သိသောသူအား။ ပဿတော၊ မြင်သောသူအား။ အာသဝါနံ၊ အာသဝေါတရားတို့၏။ ခယံ၊ ကုန်ခြင်းကို။ အဟံ၊ ငါဘုရားသည်။ ဝဒါမိ၊ ဟောတော်မူ၏။ အဇာနတော၊ မသိသောသူအား။ အပဿတော၊ မမြင်သောသူအား။ အာသဝါနံ၊ အာသဝေါတရားတို့၏။ ခယံ၊ ကုန်ခြင်းကို။ နော ဝဒါမိ၊ ဟောတော်မမူ။

ချစ်သားရဟန်းတို့၊ သိတဲ့ပုဂ္ဂိုလ်အား မြင်တဲ့ပုဂ္ဂိုလ်အား အာသဝေါတရားတို့ရဲ့ ကုန်ခြင်းကို ငါဘုရား ဟောတော်မူတယ်၊ မသိတဲ့ပုဂ္ဂိုလ် မမြင်တဲ့ပုဂ္ဂိုလ်ကို ငါဘုရား အာသဝေါတရားတို့ ကုန်ခြင်းကို ဘယ်တော့မှ မဟောဘူး၊ ကဲ ဘာတွေကိုသိမှလဲ, ဘာတွေကို မြင်မှလဲ? ဘုရားရှင် ကိုယ်တော်တိုင်က မေးခွန်းထုတ်ပြီးတော့ ပြန်အဖြေပေးထားတယ်၊

‘‘ကိဉ္စ ဘိက္ခဝေ ဇာနတော ကိံ ပဿတော အာသဝါနံ ခယော ဟောတိ’’။ (ခု၊၁၊၂၆၅၊ ဣတိဝုတ္တက။)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ ကိဉ္စ၊ အဘယ်တရားကိုလျှင်။ ဇာနတော၊ သိသောသူအား။ ပဿတော၊ မြင်သောသူအား။ အာသဝါနံ၊ အာသဝေါတရားတို့၏။ ခယော၊ ကုန်ခြင်းသည်။ ဟောတိ၊ ထင်ရှား ဖြစ်ပေါ်၍ လာပါသနည်း၊

ဘာတွေကို သိမယ်, ဘာတွေကို မြင်မယ်, ဘယ်တရားတွေကို သိမယ်, ဘယ်တရားတွေကို မြင်မယ်ဆိုရင် အာသဝေါတရားတွေရဲ့ ကုန်ခြင်းသည် ထင်ရှားဖြစ်ပေါ်၍ လာပါသလဲ?

‘‘ဣဒံ ဒုက္ခန္တိ ဘိက္ခဝေ ဇာနတော ပဿတော အာသဝါနံ ခယော ဟောတိ၊ အယံ ဒုက္ခသမုဒယောတိ ဘိက္ခဝေ ဇာနတော ပဿတော အာသဝါနံ ခယော ဟောတိ၊ အယံ ဒုက္ခနိရောဓောတိ ဘိက္ခဝေ ဇာနတော ပဿတော အာသဝါနံ ခယော ဟောတိ၊ အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါတိ ဘိက္ခဝေ ဇာနတော ပဿတော အာသဝါနံ ခယော ဟောတိ’’။

ဤကား ဒုက္ခသစ္စာလို့ သိမယ်မြင်မယ်ဆိုရင် အာသဝေါတရားတွေကုန်မယ်၊ ဤကား ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရားလို့ သိမယ်, မြင်မယ်ဆိုရင် အာသဝေါတရားတွေကုန်မယ်၊ ဤကား ဒုက္ခချုပ်ရာ နိရောဓသစ္စာတရားလို့ သိမယ်မြင်မယ်ဆိုရင် အာသဝေါတရားတွေကုန်မယ်၊ ဤကား ဒုက္ခချုပ်ရာနိရောဓနိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ်ဖြစ်တဲ့ မဂ္ဂသစ္စာတရားလို့ သိမယ် မြင်မယ်ဆိုရင် အာသဝေါတရားတွေ ကုန်မယ်၊

ဒီလို သိခဲ့မယ်, ဒီလိုမြင်ခဲ့မယ်, ဒီသစ္စာ (၄)ပါးကို ဒီလိုသိမယ်, ဒီလိုမြင်မယ်ဆိုရင် အာသဝေါတရားတွေကုန်မယ်လို့ ဒီလို ဘုရားရှင်က ဟောထားတယ်၊ အဲဒါက နိဗ္ဗာန်ဆိုတဲ့ ရွှေမြို့တော်ကြီး ရတနာရွှေအိုးကြီးကို ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် တူးဖော်ရမယ်ဆိုတဲ့ တူးဖော်ပုံ နည်းစနစ်ကို ညွှန်ကြားနေတဲ့ အညွှန်းသိုက်စာတစ်ခု ဖြစ်တယ်၊ ဒီတော့ ဆိုလိုတာက သစ္စာ (၄)ပါးကို မသိခဲ့ဘူးဆိုလို့ရှိရင် အာသဝေါတရားတွေ ကုန်မလား? မကုန်ဘူး၊ အာသဝေါတရား ဘယ်အခါ ကုန်သလဲလို့မေးတော့ အရဟတ္တမဂ်ဉာဏ်ရတဲ့အခါမှာ ကုန်မှာ ဖြစ်ပါတယ်၊ အာသဝေါတရားတွေ မကုန်ဘူးဆိုတော့ အရဟတ္တမဂ်ဉာဏ် ရနိုင်မလား? မရနိုင်ဘူး၊ ဒါ ဆိုလိုတာကနော်၊ ဒီတော့ အရဟတ္တမဂ်ဉာဏ်, ဖိုလ်ဉာဏ်ကို မရနိုင်ဘူး၊ နိဗ္ဗာန်ကို မရနိုင်ဘူး၊ သစ္စာ (၄)ပါးကိုသိမှ အာသဝေါတရားတွေ ကုန်မယ်၊ အရဟတ္တမဂ်, အရဟတ္တဖိုလ် နိဗ္ဗာန်ကိုရမယ်လို့ ဒီလို ဘုရားက ဟောတယ်၊ ဟောထားလိုက်တော့ အဲဒီ သစ္စာ (၄)ပါးထဲမှာ နံပါတ် (၁)သစ္စာက ဘာလဲ? ဒုက္ခသစ္စာ၊ ဘာကို ဒုက္ခသစ္စာလို့ ခေါ်သလဲ?

‘‘သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ’’ တဲ့၊ ဓမ္မစကြာ ဒေသနာတော်မှာလည်း ဒီပုံစံအတိုင်း ဟောတယ်၊ မဟာသတိပဋ္ဌာနသုတ္တန်စတဲ့ ထိုထိုသုတ္တန်တွေမှာလည်း တော်တော်ခပ်များများ မြတ်စွာဘုရား ဒီပုံစံအတိုင်း ဟောထားပါတယ်၊ လိုရင်းတိုရှင်းကို ပြောမယ်ဆိုရင် ဥပါဒါနက္ခန္ဓာ (၅)ပါးသည် ဒုက္ခသစ္စာ

အဲဒီ ဒုက္ခသစ္စာ အမည်ရနေတဲ့ ခန္ဓာ (၅)ပါးထဲမှာ ရူပုပါဒါနက္ခန္ဓာ ဆိုတာက ဘာကိုခေါ်လဲ? ဒီအချက်နဲ့ ပတ်သက်ပြီးတော့ ခန္ဓဝဂ္ဂသံယုတ်ပါဠိတော် ခန္ဓသုတ္တန်မှာ ဘုရားရှင်က —

‘‘ယံ ကိဉ္စိ ဘိက္ခဝေ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ သာသဝံ ဥပါဒါနိယံ၊ အယံ ဝုစ္စတိ ရူပုပါဒါနက္ခန္ဓော’’။ (သံ၊၂၊၃၉၊ ခန္ဓသုတ္တန်။) စသည်ဖြင့် ဒီလိုရှင်းထားတယ်၊

အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓ, ဩဠာရိကခေါ်တဲ့ ရုန့်ရင်းကြမ်းတမ်းတဲ့ ရုပ်တရား, သုခုမခေါ်တဲ့ သိမ်မွေ့နူးညံ့တဲ့ ရုပ်တရား, ဟီနခေါ်တဲ့ ယုတ်ညံ့တဲ့ရုပ်တရား, ပဏီတခေါ်တဲ့ မွန်မြတ်တဲ့ရုပ်တရား, ဒူရခေါ်တဲ့ ဝေးတဲ့ရုပ်တရား, သန္တိကခေါ်တဲ့ နီးတဲ့ရုပ်တရား ပေါင်းလိုက်တော့ (၁၁)မျိုး၊

အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓ, ဩဠာရိက, သုခုမ, ဟီန, ပဏီတ, ဒူရ, သန္တိကခေါ်တဲ့ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ရုပ်တရားအစုအပုံသည် အာသဝေါတရားတို့ရဲ့ အာရုံယူရာ (၃၁)ဘုံ နယ်မြေအတွင်းမှာ တည်ရှိတဲ့ တဏှာ, ဒိဋ္ဌိတို့ဖြင့် ငါ, ငါ့ဟာလို့ စွဲစွဲလမ်းလမ်း ဆုပ်ကိုင်စရာဖြစ်တယ်ဆိုရင် ထို (၁၁)မျိုးသော အခြင်းအရာ အားဖြင့် တည်နေတဲ့ ရုပ်တရားအစုအပုံကို ရူပုပါဒါနက္ခန္ဓာလို့ ခေါ်တယ်ဆိုပြီး ရှင်းထားတယ်၊

ဝေဒနုပါဒါနက္ခန္ဓာ, သညုပါဒါနက္ခန္ဓာ, သင်္ခါရုပါဒါနက္ခန္ဓာ, ဝိညာဏုပါဒါနက္ခန္ဓာတွေလည်း ပုံစံတူပဲ ရှင်းထားပါတယ်၊ ရှင်းထားလိုက်တော့ ဆိုလိုတာက ဒုက္ခသစ္စာအမည်ရနေတဲ့ ဥပါဒါနက္ခန္ဓာ (၅)ပါးထဲမှာ အတိတ်ခန္ဓာ (၅)ပါးလည်း မပါဘူးလား? ပါတယ်၊ ပစ္စုပ္ပန်ခန္ဓာ (၅)ပါးလည်း ပါတယ်၊ အနာဂတ်ခန္ဓာ (၅)ပါးလည်း ပါတယ်၊ အဇ္ဈတ္တခန္ဓာ (၅)ပါးလည်း ပါတယ်၊ ဗဟိဒ္ဓခန္ဓာ (၅)ပါးလည်း ပါတယ်၊ ဩဠာရိက, သုခုမ, ဟီန, ပဏီတ, ဒူရ, သန္တိကခေါ်တဲ့ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ခန္ဓာ (၅)ပါး အားလုံးပါတယ်၊

အဲဒီ ခန္ဓာ (၅)ပါးကို သိနေတဲ့ဉာဏ်သည် သမ္မာဒိဋ္ဌိ ဖြစ်တယ်၊ ဒီတော့ ခုနကလည်း ပြောခဲ့ပြီးပြီ၊ ရုပ်တရားတို့မည်သည်မှာ ကလာပ်ခေါ်တဲ့ အမှုန်လေးတွေအနေနဲ့ ဖြစ်ပါတယ်၊ အဲဒီ ရုပ်ကလာပ်အမှုန်လေးတွေသည် ရုပ်တရားအစစ်လားဆိုတော့ မဟုတ်သေးဘူး၊ အဲဒီ ရုပ်ကလာပ်တစ်ခု တစ်ခုမှာ တည်ရှိနေတဲ့ ပထဝီ, အာပေါ, တေဇော, ဝါယော, အဆင်း, အနံ့, အရသာ, ဩဇာအစရှိတဲ့ သဘောတရားလေးတွေကသာလျှင် ရုပ်ပရမတ်အစစ်ဖြစ်တယ်၊ အဲဒီ ရုပ်ပရမတ်အစစ်ကို ထိုးထွင်းသိတဲ့ ဉာဏ်ကသာလျှင် သမ္မာဒိဋ္ဌိ ဖြစ်ပါတယ်၊

နောက်တစ်ခု နာမ်တရားတို့မှာလည်း ဝီထိစိတ်နဲ့ ဝီထိမုတ်စိတ်လို့ နှစ်မျိုးရှိတယ်၊ ဝီထိစိတ်တွေကလည်း ဝီထိစိတ်လို့ခေါ်ဆိုအပ်တဲ့ စိတ္တနိယာမ လမ်းကြောင်းအတိုင်း စိတ်တစ်ခုပြီး တစ်ခုဖြစ်သွားတယ်၊ ဖြစ်တဲ့အခါမှာ စိတ်တို့မည်သည် စေတသိက် မပါဘဲ ဖြစ်နိုင်တဲ့ စွမ်းအား မရှိ၊ စိတ္တက္ခဏ တစ်ခုအတွင်း အောက်ထစ်ဆုံးအားဖြင့် အသိစိတ်တစ်လုံးနဲ့ သဗ္ဗစိတ္တသာဓာရဏ စေတသိက် (၇)လုံး ဖြစ်တယ်၊

တစ်ချို့ စိတ္တက္ခဏတွေမှာ (၁၁)လုံး, (၁၂)လုံး, တစ်ချို့ စိတ္တက္ခဏတွေမှာ (၃၃), (၃၄)စသည်ဖြင့် ဖြစ်တယ်၊ ဒီလိုစိတ်တွေဟာ အသီးအသီး ယှဉ်တွဲပြီး ဝီထိခေါ်တဲ့ စိတ္တနိယာမ လမ်းကြောင်းအတိုင်း ဖြစ်တာတွေလည်း ရှိတယ်၊

ဝီထိမုတ်စိတ်တွေကလည်း ဝီထိမုတ်စိတ်တွေရဲ့ လမ်းကြောင်းအတိုင်း ဖြစ်နေကြပါတယ်၊ အဲဒီ စိတ်, စေတသိက်တွေက ဝေဒနုပါဒါနက္ခန္ဓာ, သညုပါဒါနက္ခန္ဓာ, သင်္ခါရုပါဒါနက္ခန္ဓာ, ဝိညာဏုပါဒါနက္ခန္ဓာဖြစ်တယ်၊ အဲဒီ နာမ်ခန္ဓာ (၄)ပါး နာမ်တရားဖြစ်ကြပါတယ်၊

အဲဒီ ရုပ်တရား, နာမ်တရားတွေကို သိနေတဲ့ဉာဏ်သည် သမ္မာဒိဋ္ဌိဖြစ်တယ်၊ ထိုသမ္မာဒိဋ္ဌိသည် မဂ္ဂင် (၈)ပါးထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်၊ ဒုက္ခနိရောဓဂါမိနိပဋိပဒါလို့ ခေါ်ဆိုအပ်တဲ့ ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း ကျင့်စဉ်အဖြစ် ဘုရားရှင်ဟောကြားထားတဲ့ မဂ္ဂင် (၈)ပါးထဲမှာ တစ်ခုအပါအဝင်ဖြစ်တယ်၊

ဒါပေမယ့် ဒီနေ့ မျက်မှောက်ခေတ်မှာ တစ်ချို့ ဘာတွေပြောကြလဲ? ဘုရားဟောတဲ့ ရုပ်တရားက ဘုရားသာ သိတာ၊ သာဝကတွေ မသိနိုင်ဘူး၊ ဘုရားဟောတဲ့ နာမ်တရားက ဘုရားသာ သိတာ၊ သာဝကတွေ မသိနိုင်ဘူးလို့ ဒီလိုပြောလိုက်တော့ သမ္မာဒိဋ္ဌိမဂ္ဂင်က တစ်ခြမ်းထပ်ပြီး ပဲ့မသွားဘူးလား? ပဲ့သွားပြန်ပြီ၊ ခုနက သမ္မာသမာဓိမဂ္ဂင်က ပဲ့ထွက်သွားတယ်၊ ခု သမ္မာဒိဋ္ဌိမဂ္ဂင်က ပဲ့မထွက်သွားဘူးလား? ပဲ့ထွက်သွားပြန်ပြီ၊ ဘုရားဟောတဲ့ ရုပ်တရား, နာမ်တရားကို ဘုရားသာသိတယ်၊ သာဝကတွေ မသိနိုင်ဘူးဆိုတော့ ဘုရားရှင်ဘက်ကလည်း သာဝကတွေသိနိုင်တဲ့ ရုပ်တရားက ဒီရုပ်တရား, နာမ်တရားဖြစ်တယ်၊ ငါဘုရားရှင်သိတဲ့ ရုပ်တရားက ဒီရုပ်တရား, ဒီနာမ်တရားဖြစ်တယ်လို့ နှစ်မျိုး ခွဲဟောသွားတယ်ဆိုရင်တော့ ပြောဖို့ သိပ်အားရှိတာပေါ့၊ ခု အဲဒီလို နှစ်မျိုးခွဲ ဟောထားတာလည်း ပိဋကတ်ပါဠိတော် အညွှန်းသိုက်စာတွေမှာ ရှိသလား? မရှိပြန်ဘူး၊

ဒီတော့ မရှိတဲ့ အချိန်အခါကျတော့ ဘုရားဟောတဲ့ ရုပ်နာမ်ကို မသိခဲ့ရင် ဘယ်ရုပ်နာမ်ကို သိရမလဲလို့ သူတို့မေးတော့ တိတိကျကျ မယ်မယ်ရရ ပြောနိုင်တဲ့ စွမ်းအားတော့ မရှိပါဘူး၊ မရှိပေမယ့်လို့ ဘုရားဟောထားတဲ့ ရုပ်နာမ်ကို မသိနိုင်ဘူးဆိုတာကတော့၊ ဘူးခံပြီး ငြင်းနေကြတယ်၊ ငြင်းလိုက်တဲ့အတွက် သမ္မာဒိဋ္ဌိဆိုတဲ့ မဂ္ဂင်တစ်ခုက လျော့မသွားဘူးလား? လျော့သွားပြန်တယ်၊ မဂ္ဂင် ဘယ်နှစ်ပါးဖြစ်သွားလဲ? (၆)ပါးပဲ ရှိတော့တယ်နော်၊

ဒီတော့ မဂ္ဂင် (၈)ပါးကို မဂ္ဂင် (၆)ပါးလို့ ထင်ရှားပြနေရင် ထိုပုဂ္ဂိုလ်တွေသည် ဓမ္မကို အဓမ္မလို့ ထင်ရှားပြနေတာ ဖြစ်တယ်တဲ့၊ ဓမ္မကို အဓမ္မလို့ ထင်ရှားပြနေတာဟာ ဘာဖြစ်သလဲ?

‘‘တေ ဘိက္ခဝေ ဘိက္ခူ ဗဟုဇနအဟိတာယ ပဋိပန္နာ ဗဟုဇနအသုခါယ ဗဟုနော ဇနဿ အနတ္ထာယ အဟိတာယ ဒုက္ခာယ ဒေဝမနုဿာနံ’’ (အံ၊၁၊၁၉။)

ထိုရဟန်းတွေဟာ သတ္တဝါအပေါင်း ဆင်းရဲဒုက္ခရောက်ဖို့ မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်ဆိုတဲ့ အကျိုးစီးပွားတွေ ပျက်စီးဖို့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ ရဟန်းတွေဖြစ်ကြတယ်တဲ့၊ ဒါတွင်လားဆိုတော့ မကသေးဘူး၊

‘‘ဗဟုဉ္စ တေ ဘိက္ခဝေ ဘိက္ခူ အပုညံ ပသဝန္တိ’’ (အံ၊၁၊၁၉။)

အကုသိုလ်တရားတွေကို များပြားအောင် ကျင့်နေတဲ့ ရဟန်းတွေလည်းဖြစ်တယ်၊

‘‘တေ စိမံ သဒ္ဓမ္မံ အန္တရဓာပေန္တိ’’ (အံ၊၁၊၁၉။)

ငါဘုရားရှင်ရဲ့ ဒီသာသနာတော်ကြီးကိုလည်း ကွယ်ပအောင် လုပ်နေတဲ့ ရဟန်းတွေဖြစ်ကြတယ်၊ ဘာကြောင့်လဲ၊ ဘုရားရှင်ရဲ့ သာသနာတော်က မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်ကို အထွတ်တပ်လျက် အမြဲတမ်း ရှိပါတယ်။ သစ္စာလေးပါးကို ဦးတိုက်လျက်ရှိတယ်၊ သစ္စာလေးပါး ထိုးထွင်း သိမြင်ရေးအတွက်သာလျှင် ဘုရားရှင်က ဟောတယ်။ အာသဝေါတရားတွေ ကုန်ရေးအတွက်သာလျှင် ဟောနေတယ်၊ ဒီလိုဟောပါလျက်နဲ့ အာသဝေါတရားလေးပါးတို့ ကုန်ရာကုန်ကြောင်းဖြစ်တဲ့ ကျင့်စဉ်ပိုင်းမှာ သမ္မာဒိဋ္ဌိမဂ္ဂင်တစ်ခုကို ဘေးဖယ်လိုက်တယ်၊ ဒီသမ္မာဒိဋ္ဌိက ဒုက္ခသစ္စာကို သိတဲ့ သမ္မာဒိဋ္ဌိကို ဘေးဖယ်ခြင်းဖြစ်တယ်၊

နောက်တစ်ခု - ဒုက္ခသစ္စာကို သိတဲ့ သမ္မာဒိဋ္ဌိလည်းဖြစ်တယ်၊ သမုဒယသစ္စာကို သိတဲ့ သမ္မာဒိဋ္ဌိလည်းဖြစ်တယ်၊ နောက်ထပ် သမ္မာဒိဋ္ဌိတစ်ခု ဘုန်းကြီး ထပ်ပြောဦးမယ်၊ ဒုက္ခသစ္စာနဲ့ သမုဒယသစ္စာ နှစ်ခုရှိတယ်၊ ဒုက္ခသစ္စာက အကျိုးတရား, သမုဒယသစ္စာက အကြောင်းတရား, အကြောင်းတရား ထင်ရှားဖြစ်ခြင်းကြောင့် အကျိုးတရား ထင်ရှားဖြစ်ပေါ်လာရတယ်ဆိုရင် အကြောင်းနဲ့အကျိုး နှစ်ရပ်တို့က ဘယ်သူအရင်ဖြစ်မလဲ၊ အကြောင်းက အရင်ဖြစ်မလား၊ အကျိုးက အရင်ဖြစ်မလား၊ အကြောင်းက အရင်ဖြစ်မယ်၊

အဲဒီအကြောင်းက အရင်ဖြစ်မယ်ဆိုရင် ဒုက္ခသစ္စာနဲ့ သမုဒယသစ္စာ နှစ်မျိုး ရှိတဲ့အနက်က ဘယ်သစ္စာက အရင်ဖြစ်မလဲ? သမုဒယသစ္စာက အရင်ဖြစ်မယ်နော်၊ ဒါ သဘာဝလေး မှတ်ထား၊ ခေတ်ကတော့ ဘာပြောလဲ? သမုဒယသစ္စာဆိုတာ တဏှာပါ၊ တဏှာကို သမုဒယသစ္စာလို့ ခေါ်တယ်၊ တဏှာကို သိရင် သမုဒယသစ္စာကို သိတာပဲ ဆိုပြီးတော့ ဖြီးဖြန်းပြီး ပြောတယ်ဆိုတာ ဘုန်းကြီးက နည်းနည်း အဓိပ္ပာယ်ရှိရှိ ပြောတာပါနော်၊ နည်းနည်းလေး ဘုန်းကြီး ထပ်ပြီး ဆန်းစစ်ပြမယ်၊

မြတ်စွာဘုရားက သစ္စဝိဘင်းပါဠိတော်မှာ တဏှာကိုလည်း သမုဒယသစ္စာလို့ ဟောတယ်။ ကိလေသာတစ်ဆယ်ပါးကိုလည်း သမုဒယသစ္စာလို့ဟောတယ်။ အကုသိုလ်တရား အားလုံးကိုလည်း သမုဒယသစ္စာလို့ ဟောတယ်၊ သံသရာဝဋ်ကို လည်ပတ်စေတတ်တဲ့ ကုသလမူလတရား သုံးပါးနဲ့ အကုသိုလ်တရား အားလုံးကိုလည်း သမုဒယသစ္စာလို့ ဟောတယ်၊ နောက်ပိတ်ဆုံး ပဉ္စမနည်းမှာတော့ သံသရာဝဋ်ကို လည်ပတ်စေတတ်တဲ့ ကုသိုလ်ကံ, အကုသိုလ်ကံ မှန်သမျှကို သမုဒယသစ္စာလို့ ဟောတယ်၊ ဒါကြောင့် ဝိသုဒ္ဓိမဂ် အဋ္ဌကထာ ဒုတိယတွဲနဲ့ သမ္မောဟဝိနောဒနီ အဋ္ဌကထာတို့က ပဋိစ္စသမုပ္ပါဒ်ကို ဖွင့်ဆိုတဲ့ ပဋိစ္စသမုပ္ပါဒ် ဝိဘင်းပိုင်းမှာ---

‘‘တတ္ထ ယသ္မာ ကုသလာကုသလကမ္မံ အဝိသေသေန သမုဒယသစ္စန္တိ သစ္စဝိဘင်္ဂေ ဝုတ္တံ’’ (အဘိ၊ဋ္ဌ၊၂၊၁၈၅။ ဝိသုဒ္ဓိ၊၂၊၂၁၆။)

ဆိုပြီးတော့ ဒီလို ဖွင့်ဆိုထားတယ်၊ (သာမညအားဖြင့် ပြောမယ် ဆိုလို့ရှိရင်တော့) ကုသိုလ်ကံ, အကုသိုလ်ကံမှန်သမျှကို စေတနာ၊ စေတနာနှင့် ယှဉ်ဖက် သမ္ပယုတ်တရားလို့ အထူးမပြောတော့ဘဲ သာမညအားဖြင့် ပြောမယ်ဆိုရင် ကုသိုလ်ကံ, အကုသိုလ်ကံ မှန်သမျှကို သမုဒယသစ္စာလို့ သစ္စဝိဘင်း ပါဠိတော်မှာ ဟောထားပါတယ်ဆိုပြီး ဒီလို ရှင်းထားတယ်၊ နည်းနည်းလေးတော့ ဘုန်းကြီး ထပ်ပြောပါ့မယ်၊ ဒီလို ကုသိုလ်ကံ, အကုသိုလ်ကံ မှန်သမျှကို သမုဒယသစ္စာဆိုရင် ဘာကြောင့် ဘုရားရှင်က တဏှာကို သမုဒယသစ္စာဆိုပြီး ဒီလိုဟောလဲလို့ မေးတော့ ပဓာနအားဖြင့် ဟောခြင်း ဖြစ်ပါတယ်၊ တဏှာ အစိုဓာတ် အစေးဓာတ်ရှိတဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်မှာသာလျှင် ထူထောင်နေတဲ့ ကုသိုလ်ကံ, အကုသိုလ်ကံတို့က အကျိုးကို ဖြစ်စေနိုင်တဲ့ ခန္ဓာငါးပါးကို ဖြစ်စေနိုင်တဲ့ စွမ်းအားရှိတယ်၊

တဏှာ အစိုဓာတ် အစေးဓာတ် ခန်းခြောက်သွားတဲ့ ရဟန္တာ အရှင်မြတ်တို့လည်း ဒါနပြုခြင်း, သီလဆောက်တည်ခြင်း, သမထ ဝိပဿနာ ဘာဝနာကိုပွားများ အားထုတ်ခြင်းဆိုတဲ့ လုပ်ငန်းရပ်တွေ ရှိကြပါတယ်၊ ဒါပေမယ့် သူတို့ ပြုစုပျိုးထောင်နေတဲ့ ဒီလုပ်ငန်းရပ်တွေကို ပြုလုပ်ကာမတ္တကြိယာတရားတွေလို့ခေါ်တယ်၊ ကုသိုလ်လို့ မခေါ်တော့ဘူး၊ ဘာဖြစ်လို့လဲ? နောက်ထပ်တစ်ဖန် အကျိုးကို ဖြစ်စေနိုင်တဲ့ စွမ်းအားတွေ လုံးဝ မရှိခြင်းကြောင့် ဒီသူတို့ ပြုစုပျိုးထောင်နေတဲ့ ဒါန, သီလ, သမထ, ဝိပဿနာ လုပ်ငန်းရပ်တွေက အကျိုးမပေးနိုင်သလဲမေးရင် တဏှာအစိုဓာတ် အစေးဓာတ်ဆိုတဲ့ အဖော်သဟဲ အထောက်အပံ့ကို မရရှိတဲ့အတွက် အကျိုးမပေးနိုင်ခြင်း ဖြစ်တယ်၊

အကယ်၍သာ တဏှာအစိုဓာတ်, အစေးဓာတ်ရှိနေတဲ့ ပုဂ္ဂိုလ်တွေက ဒီဒါန, သီလ, သမထ, ဝိပဿနာ မျိုးစေ့တွေကို ထူထောင်ခဲ့မယ်ဆိုရင် တဏှာ အစိုဓာတ် အစေးဓာတ်က မခန်းခြောက်သေးသမျှ အကျိုးက ဖြစ်နေမှာပဲ၊

ဒါကြောင့် ပဓာနနည်းအားဖြင့် တဏှာကိုလည်း သမုဒယသစ္စာလို့ ဘုရားက ဟောခြင်းဖြစ်တယ်၊ အလားတူပဲ၊ ကိလေသာတစ်ဆယ်ပါးကိုလည်း သမုဒယသစ္စာလို့ဟောခြင်း, အကုသိုလ်တရား အားလုံးကိုလည်း သမုဒယသစ္စာလို့ဟောခြင်း သံသရာဝဋ်လည်ပတ်စေတတ်တဲ့ ကုသလမူလသုံးပါးနှင့် အကုသိုလ်တရားအားလုံးကိုလည်း သမုဒယသစ္စာလို့ ဟောခြင်းတွေဟာ ပဓာနနည်းပဲ၊ အကျဉ်းနှင့်တကွ ဟောတယ်၊ ဒါပေမယ့် ပဉ္စမနည်းမှာကျတော့ ဘုရားရှင်က သံသရာဝဋ်ကို လည်ပတ်စေတတ်တဲ့ ကုသိုလ်ကံ, အကုသိုလ်ကံ မှန်သမျှကို သမုဒယသစ္စာလို့ဟောတယ်၊ အဲဒီလို ဟောနည်းကတော့ နိပ္ပဒေသနည်း သမုဒယသစ္စာကို အကြွင်းအကျန်မရှိ ကုန်စင်အောင် ဟောကြားတော်မူတဲ့ နည်းလို့ခေါ်ဆိုပါတယ်၊

ဒီတော့ ကုသိုလ်ကံ, အကုသိုလ်ကံ မှန်သမျှသည် သမုဒယသစ္စာဆိုရင် ဒီနေ့ ဒကာကြီးတွေ ကောင်းမှုကုသိုလ်တွေ ထူထောင်ကြတယ်၊ ကျမ်းစာတွေအတွက်လည်း လှူဒါန်းကြတယ်၊ ပိဋကတ်သုံးပုံတွေကို တည်ထားကိုးကွယ်ဖို့အတွက် လှူဒါန်းပူဇော်ကြတယ်၊ ဆွမ်းတွေလည်း လှူဒါန်းပူဇော်ကြတယ်၊ သင်္ကန်းတွေလည်း လှူဒါန်းပူဇော်ကြတယ်၊ ပန်းတွေ, ဆီမီးတွေလည်း လှူဒါန်းပူဇော်ကြတယ်၊ ဘာလုပ်ကြတာလဲ? ကုသိုလ်ကံတွေကို ထူထောင်ကြတာပဲ၊

အဲဒီ ကုသိုလ်ကံတွေကြောင့် ဒကာကြီးတွေရဲ့ လက်ရှိသန္တာန်မှာ တည်ရှိနေတဲ့ ခန္ဓာငါးပါး ထင်ရှားဖြစ်ပါသလားလို့ မေးရင် ဘယ်လိုဖြေမလဲ? အဲဒီအချက်နဲ့ ပတ်သက်ပြီးတော့ ဘုန်းကြီး နာနက္ခဏိက ကမ္မပစ္စည်းပိုင်းမှာ ပဋ္ဌာန်းအဋ္ဌကထာက ဖွင့်ဆိုထားတာလေး နည်းနည်းဖတ်ပြမယ်နော်၊

‘‘ကမ္မပစ္စယေနာတိ အနေကာနမ္ပိ ကပ္ပကောဋီနံ မတ္ထကေ အတ္တနော ဖလံ ဥပ္ပါဒေတုံ သမတ္ထေန နာနာက္ခဏိကကမ္မပစ္စယေနာတိ အတ္ထော’’ (အဘိ၊ဋ္ဌ၊၃၊၃၇၄။)

ကမ္မပစ္စည်း, ကမ္မပစ္စယသတ္တိဖြင့် ကုသိုလ်ကံ, အကုသိုလ်ကံတွေက ဝိပါက် ကမ္မဇရုပ်တွေနဲ့ ဝိပါက်နာမ်တရားတွေကို ဖြစ်စေတယ်ဆိုပြီးတော့ ပဋ္ဌာန်းပါဠိတော်မှာ ဘုရားရှင်က ဟောထားတယ်၊ အဲဒီဟောထားတဲ့ ကမ္မပစ္စည်းပိုင်းမှာလာတဲ့ ကုသိုလ်ကံ, အကုသိုလ်ကံဆိုတာတွေဟာ ဘာတွေလဲလို့မေးတော့ "အနေကာနမ္ပိ ကပ္ပကောဋီနံ မတ္ထကေ အတ္တနော ဖလံ ဥပ္ပါဒေတုံ သမတ္ထေန"၊

ကမ္ဘာကုဋေပေါင်းများစွာ အထက်က ပြုစုပျိုးထောင်ခဲ့တဲ့ ကံဖြစ်ချင်လည်း ဖြစ်ပါစေတဲ့၊ အဲဒီကံမှာ မိမိရဲ့ အကျိုးကို ဖြစ်စေနိုင်တဲ့ စွမ်းအင်ရှိနေတယ်၊ အဲဒီ စွမ်းအင်လေးကို နာနက္ခဏိက ကမ္မစွမ်းအင်သတ္တိလို့ ဆိုပြီး ဒီလိုခေါ်တယ်၊ နာနက္ခဏိက ဆိုတာကတော့ အကြောင်းအရာကို ထူထောင်ခဲ့တဲ့ အချိန်အခါကာလနှင့် အကျိုးဖြစ်ပေါ်လာရာ အချိန်အခါကာလ, ကာလနှစ်ခု နှိုင်းယှဉ်လိုက်တဲ့အခါမှာ အချိန်ကာလ ခဏချင်း မတူညီကြဘူး၊ ကွဲပြားနေတယ်၊ အကြောင်းအကျိုး နှစ်ရပ်မှာ အကြောင်းဖြစ်တဲ့ အချိန်နဲ့ အကျိုးဖြစ်တဲ့ အချိန် မတူညီဘဲ ကွဲပြားနေတာကို နာနက္ခဏိက လို့ခေါ်တယ်၊ အချိန်ကာလ မတူတော့ဘူး၊ ခဏမတူဘူး၊ ခဏချင်း မတူတဲ့ အကြောင်းတရားတွေ၊ ဒီတော့ ဒီနေရာမှာ အဋ္ဌကထာဆရာတော်က နည်းနည်းလေး ထပ်ပြီးရှင်းထားတယ်၊

‘‘ကုသလာကုသလဉှိ ကမ္မံ အတ္တနော ပဝတ္တိက္ခဏေ ဖလံ န ဒေတိ’’

ကုသလာကုသလဉှိ ကမ္မံ၊ ကုသိုလ်ကံ အကုသိုလ်ကံသည်။ အတ္တနော၊ မိမိ၏။ ပဝတ္တိက္ခဏေ၊ ဖြစ်ပေါ်ဆဲခဏ၌။ ဖလံ၊ အကျိုးကို။ န ဒေတိ၊ မပေး၊

ကုသိုလ်ကံ, အကုသိုလ်ကံဟာ မိမိဖြစ်နေဆဲအခါမှာ ဘယ်တော့မှ အကျိုးမပေးဘူးတဲ့၊

‘‘ယဒိ ဒဒေယျ’’

ယဒိ၊ အကယ်၍။ ဒဒေယျ၊ အကျိုးပေးငြားအံ့၊ အကယ်၍သာ အကျိုးပေးမယ်ဆိုရင်၊

‘‘ယံ မနုဿော ဒေဝလောကူပဂံ ကုသလကမ္မံ ကရောတိ၊ တဿာနုဘာဝေန တသ္မိံယေဝ ခဏေ ဒေဝေါ ဘဝေယျ’’

မနုဿော၊ လူသားတစ်ဦးသည်။ ဒေဝလောကူပဂံ၊ နတ်ပြည်သို့ ကပ်ရောက်ကြောင်းဖြစ်သော။ ယံ ကုသလကမ္မံ၊ အကြင်ကုသိုလ်ကံကို။ ကရောတိ၊ ပြုစုပျိုးထောင်၏။ တဿ၊ ထိုကုသိုလ်ကံ၏။ အာနုဘာဝေန၊ တန်ခိုးရှိန်စော် အာနုဘော်ကြောင့်။ တသ္မိံယေဝ ခဏေ၊ ထိုကံကို ပြုစုပျိုးထောင်ဆဲ ခဏ၌ပင်လျှင်။ ဒေဝေါ၊ နတ်သည်။ ဘဝေယျ၊ ဖြစ်လေရာ၏၊

ကဲ ဒကာကြီးတွေ နည်းနည်း ဆုတောင်းကြည့်စမ်း! ဒီနေ့ ပြုစုပျိုးထောင်လိုက်တဲ့ ကုသိုလ်ကံကြောင့် နတ်ဖြစ်ပါစေ, နတ်သားဖြစ်ပါစေ ဆုတောင်းကြည့်ပါ၊ နတ်သမီး ဖြစ်ပါစေလို့တော့ ဘုန်းကြီး ဆုမတောင်းခိုင်းပါဘူးနော်၊ နတ်သားဖြစ်ပါစေလို့ ဆုတောင်းကြည့်စမ်း! ချက်ချင်း နတ်သားဖြစ်သလား၊ ပစ္စုပ္ပန်ကံက ပစ္စုပ္ပန်အကျိုးကို ဆက်ဆက် ချက်ချင်း အကျိုးပေးတယ်ဆိုလို့ ရှိရင်တော့ ချက်ချင်း နတ်သား ဖြစ်ရမှာပေါ့၊ ဖြစ်သလား? မဖြစ်ဘူးနော်၊ အဲဒီတော့ ဆိုလိုတာလေးက နွားနို့ကို ညှစ်လိုက်တာနဲ့ ချက်ချင်း ထောပတ်ဖြစ်မလား? မဖြစ်ဘူး၊ စပါးက ချက်ချင်း စိုက်လိုက်တာနဲ့ အသီး ချက်ချင်း သီးမလား? မသီးဘူး၊ ရင့်ကျက်ဖို့ အချိန်ကာလဆိုတာ မစောင့်ဆိုင်းရဘူးလား? စောင့်ဆိုင်းရတယ်၊ အလားတူပဲ၊ ကံတစ်ခုကို ပြုစုပျိုးထောင်ရင် ချက်ချင်း ဒီကံက အကျိုးပေးသလား? မပေးဘူး၊ ကံရင့်ကျက်ဖို့ဆိုတဲ့ အချိန်ကာလကိုတော့ စောင့်ဆိုင်းရတဲ့ သဘောရှိပါတယ်၊ ဒိဋ္ဌဓမ္မဝေဒနီယကံလို့ခေါ်တဲ့ မျက်မှောက်သော ဘဝမှာ အကျိုးပေးတဲ့ ကံပဲ ဖြစ်ချင် ဖြစ်ပါစေ။ အဲဒီ ကံကို ပြုစုပျိုးထောင်တဲ့ အချိန်ကာလနဲ့ အကျိုးပေးတဲ့ အချိန်ကာလက အနည်းဆုံး မိနစ်ပိုင်း, နာရီပိုင်းလောက်တော့ မကွာခြားဘူးလား? ကွာခြားရမယ်နော်၊

ဆိုလိုတာက ဒကာကြီးတွေရဲ့ လက်ရှိသန္တာန်မှာ တည်ရှိနေတဲ့ ခန္ဓာငါးပါး ရုပ်တရား, နာမ်တရားသည် အခု ဒကာကြီးတွေ ကျမ်းစာအတွက် လှူဒါန်းပူဇော်နေတဲ့ ဒါနကုသိုလ်ကံကြောင့် ဖြစ်တာတော့ မဟုတ်ဘူး၊ ဘာဖြစ်လို့လဲ? ဒါနကုသိုလ်ကံက ခုမှ ထူထောင်တာ၊ အခု ဒကာကြီးတွေ ကံကိုထူထောင်တဲ့ အချိန်အခါမှာ အသက်ငါးဆယ်ရှိပြီ ထားပါတော့၊ ဒကာကြီးတွေ သန္တာန်မှာ တည်ရှိနေတဲ့ ခန္ဓာငါးပါးက ဒီဘဝမှာ အနေနဲ့ ကွက်ပြောမယ်ဆိုရင် ဘယ်အချိန်အခါက စဖြစ်ခဲ့သလဲ၊ ဟိုလွန်ခဲ့တဲ့ အနှစ်ငါးဆယ်ကျော် အမိဝမ်းတွင်းမှာ ပဋိသန္ဓေတည်နေတဲ့ အချိန်အခါက စပြီးဖြစ်ခဲ့တယ်၊ ဒီတော့ အကြောင်းတရားနဲ့ အကျိုးတရား နှစ်ခုရှိတဲ့ အနက်က အကြောင်း သမုဒယသစ္စာက အရင်ဖြစ်ရပါ့မယ် ဆိုတာကို လက်ခံနိုင်ခဲ့ရင် အမိဝမ်းတွင်း ကလလရေကြည် တည်စမှာ ဖြစ်ပေါ်နေတဲ့ ခန္ဓာငါးပါး ရုပ်တရား, နာမ်တရားသည် ဒီဘဝထူထောင်တဲ့ ကုသိုလ်ကံကြောင့် ဖြစ်တာတော့ မဟုတ်ဘူး။ အတိတ်က ထူထောင်ခဲ့တဲ့ သမုဒယသစ္စာဆိုတဲ့ ကုသိုလ်ကံကြောင့် ဖြစ်တယ်ဆိုတာတော့ လက်မခံနိုင်ဘူးလား? လက်ခံရမယ်၊

အကယ်၍ လက်မခံနိုင်ဘူး ဆိုလို့ရှိရင် ဒီကနေ့ ဒကာကြီးတွေ ကံထူထောင်နေတာဟာ ဘာအကျိုးရှိမလဲ? အတိတ်က ကုသိုလ်ကံက ဒီဘဝမှာ အကျိုးမပေးဘူးဆိုရင် ဒီဘဝ ထူထောင်နေတဲ့ ကုသိုလ်ကံတွေလည်း နောင်အနာဂတ်မှာ အကျိုးပေးမယ်လို့ ဘယ်လိုလုပ် ပြောနိုင်မလဲ? စဉ်းစားလေနော်၊ ဒီတော့ ဆိုလိုတာက ဒီသမုဒယသစ္စာဆိုတာက အတိတ်က ထူထောင်ခဲ့တဲ့ သမုဒယသစ္စာတရားကြောင့်သာလျှင် ဒီဘဝမှာ ဒုက္ခသစ္စာတရားက ဖြစ်တယ်၊ ဒါကို ဘုန်းကြီးတို့ စာပေနယ်သုံး ဝေါဟာရက ပဋိသမ္ဘိဒါမဂ် ပါဠိတော်ကြီးကို ကိုးကားပြီး ဘယ်လိုပြောသလဲ?

‘‘အတီတေ ဟေတဝေါ ပဉ္စ၊ ဣဒါနိ ဖလပဉ္စကံ၊ ဣဒါနိ ဟေတဝေါ ပဉ္စ၊ အာယတိံ ဖလပဉ္စကံ’’ (အဘိ၊ဋ္ဌ၊၂၊၁၈၂။ ဝိသုဒ္ဓိ၊၂၊၂၁၄။)

ဒါက ဘုန်းကြီးတို့ ငယ်စဉ်အခါထဲက ဆရာသမားရှေ့မှာ ဒူးထောက်ပြီး သင်ခဲ့ရတဲ့ သင်္ဂြိုဟ်ကျမ်းလေးထဲမှာလည်း ဒီဂါထာလေးကို အရှင်အနုရုဒ္ဓါမထေရ်က အဋ္ဌကထာကြီးတွေကနေ ယူပြီးတော့ ရေးထားပါတယ်၊ သမ္မောဟဝိနောဒနီအဋ္ဌကထာနဲ့ ဝိသုဒ္ဓိမဂ် အဋ္ဌကထာတို့ ပဋိစ္စသမုပ္ပါဒ်ကို ဖွင့်ဆိုတဲ့အပိုင်းမှာ ဒီဂါထာလေးကို ရေးသားသွားကြတာဖြစ်တယ်၊ ဒီဂါထာလေးကလည်း သူတို့ရဲ့ အဋ္ဌကထာရဲ့ အလိုအတိုင်း ရေးထားတာတော့ မဟုတ်ဘူး၊ ပဋိသမ္ဘိဒါမဂ်ပါဠိတော်ကြီးကို ကိုးကားပြီး ရေးသွားကြပါတယ်၊

ဒီတော့ဆိုလိုတာက အတိတ်ကပြုစုပျိုးထောင်ခဲ့တဲ့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဆိုတဲ့ သမုဒယသစ္စာတရားကြောင့် ဒီဘဝမှာ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာခေါ်တဲ့ ခန္ဓာငါးပါး အကျိုးတရားတွေ ထင်ရှားဖြစ်ပေါ်လာတယ်၊ ဒီဘဝမှာပြုစုပျိုးထောင်လိုက်တဲ့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဆိုတဲ့အကြောင်းတရားတွေကြောင့် နောင်အနာဂတ်ကာလမှာ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာခေါ်တဲ့ ဝိပါကဝဋ် ခန္ဓာငါးပါးဒုက္ခ သစ္စာတရားတွေ ထင်ရှားဖြစ်ပေါ်လာမယ်တဲ့၊

အတိတ်က ပြုစုပျိုးထောင်ခဲ့တဲ့ သမုဒယသစ္စာတရားကြောင့် ဒီဘဝမှာ ဒုက္ခသစ္စာတရားဖြစ်တယ်၊ ဒီဘဝမှာ ပြုစုပျိုးထောင်လိုက်တဲ့ သမုဒယသစ္စာကြောင့် နောင်အနာဂတ်မှာ ဒုက္ခသစ္စာဖြစ်မယ်၊ အတိတ်ကို မရှုဘူးတဲ့၊ အတိတ်က သမုဒယသစ္စာကြောင့် ဒီဘဝမှာ ဒုက္ခသစ္စာဖြစ်တာ သိမလား? မသိပြန်ဘူး၊ ဝိပဿနာဆိုတာက ပစ္စုပ္ပန်သာ ရှုရတယ်၊ အတိတ်, အနာဂတ် မရှုကောင်းဘူး၊ ပစ္စုပ္ပန်တည့်တည့်သာ ရှုရတယ်ဆိုပြီး ပုံသေယူထားလိုက်တော့ အတိတ်ကို မရှုတော့ အတိတ်က သမုဒယသစ္စာကြောင့် ဒီဘဝမှာ ဒုက္ခသစ္စာဖြစ်တာ သိမလား? မသိဘူး၊ အနာဂတ်လည်း မရှုတော့၊ ဒီဘဝထူထောင်လိုက်တဲ့ သမုဒယသစ္စာကြောင့် နောင်အနာဂတ်မှာ ဒုက္ခသစ္စာဖြစ်တာလဲ သိဦးမလား? မသိတော့ဘူး၊ ဒီလိုဆိုရင် သမုဒယသစ္စာကိုသိနေတဲ့ သမ္မာဒိဋ္ဌိဉာဏ်ကိုရော ရဦးမလား? မရတော့ပြန်ဘူးတဲ့၊ မဂ္ဂင်က ဘယ်နှစ်ပါး ထပ်ဖြစ်သွားပြန်ပြီလဲ? ထပ်မလျော့ကောင်းတော့ပါဘူး၊ ခြောက်ပါးပဲ ပြန်ဖြစ်သွားပြန်တယ်နော်၊

ဒုက္ခသစ္စာကိုသိတဲ့ သမ္မာဒိဋ္ဌိကလည်း ပဲ့ထွက်သွားတယ်၊ သမုဒယသစ္စာကိုသိတဲ့ သမ္မာဒိဋ္ဌိကလည်း ပဲ့ထွက်ပြန်တယ်၊ မဂ္ဂင်ရှစ်ပါး ပြည့်သေးလား? မပြည့်တော့ဘူး၊ မဂ္ဂင်ဘယ်နှစ်ပါး ဖြစ်နေလဲ၊ ခြောက်ပါးဖြစ်နေပြီနော်၊ ဒီတော့ ဒီအချက်နဲ့ ပတ်သက်ပြီး ဘုန်းကြီးဘက်က ရှင်းပြဖို့ တာဝန်က ရှိလာပြန်တယ်၊ ရှင်းပြဖို့ တာဝန်ရှိတယ်ဆိုတာက အတိတ်, အနာဂတ်ကို မရှုကောင်းဘူး ဆိုတာက ဘာကို အခြေခံပြီး ပြောနေသလဲဆိုတာ ဘဒ္ဒေကရတ္တသုတ္တန်ကို လက်ညှိုးထိုးကြပါတယ်နော်၊ ဘဒ္ဒေကရတ္တသုတ္တန်မှာ ဘုန်းကြီး ဒီနေရာနဲ့ သက်ဆိုင်တဲ့ အချက်လေးကိုပဲ ကွက်ပြီးပြောပါမယ်၊

‘‘အတီတံ နာနွာဂမေယျ၊ နပ္ပဋိကင်္ခေ အနာဂတံ၊ ယဒတီတံ ပဟီနံ တံ၊ အပ္ပတ္တဉ္စ အနာဂတံ’’ (မ၊၃၊၂၂၆။)

ဓမ္မကထိက တော်တော်များများ လျှာသွက်အာသွက်နဲ့ အာဘောင်အာရင်းသန်သန်နဲ့ ဟောကြားနေကျ ဂါထာလေးပါနော်၊ ဘုန်းကြီးလည်း အာဘောင်အာရင်းသန်သန်နဲ့ပဲ ပြန်ဟောရမှာပေါ့၊ ဟုတ်တယ် မဟုတ်လား? သူများတောင် အာရင်းသန်သန်နဲ့ ဟောနိုင်ရင် ကိုယ့်ဖက်ကလည်း ပြန်ဟောနိုင်ဖို့တော့ မကြိုးစားရဘူးလား၊ ဒါပေမယ့် ဘုန်းကြီးက သိပ်ပြီးတော့ အာဘောင်အာရင်း မသန်ဘူး ထင်တယ်နော်၊ အသံက ခြောက်ကပ်ကပ် ဖြစ်နေတယ်၊ ဘာပြောတာလဲ?

အတီတံ၊ အတိတ်ဖြစ်သော။ ယံ၊ အကြင်ခန္ဓာငါးပါးသည်။ အတ္ထိ၊ ရှိ၏။ တံ၊ ထိုခန္ဓာငါးပါးသည်။ ပဟီနံ၊ ချုပ်ဆုံးပျက်ပြုန်းခဲ့လေပြီ။ တသ္မာ၊ ထို့ကြောင့်။ အတီတံ၊ အတိတ်ဖြစ်သော ခန္ဓာငါးပါးကို။ နာနွာဂမေယျ၊ တဏှာဒိဋ္ဌိတို့ဖြင့် အစဉ်မလိုက်လေရာ၊

နာနွာဂမေယျ ဆိုတာကို အဋ္ဌကထာဆရာတော်က "နာနွာဂမေယျာတိ တဏှာဒိဋ္ဌိဟိ နဥပဂစ္ဆေယျ" လို့ ဒီလိုဖွင့်ထားတယ်၊ တဏှာဒိဋ္ဌိတွေဖြင့် မလိုက်ပါနဲ့လို့ ဖွင့်ထားတယ်၊ ဘာကြောင့် ဒီလိုဖွင့်ရတယ်ဆိုတာကို ဘုန်းကြီးပြီးတော့မှ ထပ်ပြောပါမယ်၊

အတီတံ၊ အတိတ်ဖြစ်သော။ ယံ၊ အကြင်ခန္ဓာငါးပါးသည်။ အတ္ထိ၊ ရှိ၏။ တံ၊ ထိုခန္ဓာငါးပါးသည်။ ပဟီနံ၊ ချုပ်ဆုံးပျက်ပြုန်းခဲ့လေပြီ။ တသ္မာ၊ ထို့ကြောင့်။ အတီတံ၊ အတိတ်ဖြစ်သော ခန္ဓာငါးပါးကို။ နာနွာဂမေယျ၊ တဏှာဒိဋ္ဌိတို့ဖြင့် ငါ, ငါ့ဟာဟူ၍ အစဉ်မလိုက်လေရာ။ အနာဂတံ၊ အနာဂတ်ဖြစ်သော။ ယံ၊ အကြင်ခန္ဓာငါးပါးသည်။ အတ္ထိ၊ ရှိ၏။ တမ္ပိ၊ ထိုအနာဂတ်ဖြစ်သော ခန္ဓာငါးပါးသည်လည်းပဲ။ အပ္ပတ္တံ၊ မဖြစ်ပေါ်လာသေး မရောက်ရှိလာသေး။ တသ္မာ၊ ထို့ကြောင့်။ အနာဂတံ၊ အနာဂတ်ဖြစ်သော ခန္ဓာငါးပါးကို။ နပ္ပဋိကင်္ခေ၊ တဏှာဒိဋ္ဌိတို့ဖြင့် မမျှော်လင့် မတောင့်တလေရာ၊

နပ္ပဋိကင်္ခေ = တဏှာဒိဋ္ဌိဟိ နပတ္ထေယျ ဆိုပြီးတော့ ဒီလို အဋ္ဌကထာက ဖွင့်ထားတယ်၊ တဏှာ, ဒိဋ္ဌိတွေဖြင့် လှမ်းပြီး မတောင့်တပါနဲ့တဲ့၊ မရှုနဲ့လို့ ပြောတာဟုတ်လား? မဟုတ်ဘူးနော်၊ တဏှာ, ဒိဋ္ဌိဖြင့်လှမ်းပြီးမလိုက်နဲ့၊ တဏှာ, ဒိဋ္ဌိဖြင့် လှမ်းပြီး မမျှော်နဲ့၊ ဒီလိုသာပြောတာ၊ ဒီတော့ တဏှာ, ဒိဋ္ဌိဖြင့် လှမ်းပြီးတော့ အတိတ် မလိုက်နဲ့၊ တဏှာ, ဒိဋ္ဌိနဲ့ လှမ်းပြီးတော့ အနာဂတ်ကို မမျှော်နဲ့ဆိုတာ အဋ္ဌကထာက သူ့ရဲ့စိတ်ကူးနဲ့သူ ဖွင့်ဆိုသလားလို့ ဒီလိုတော့ မေးစရာ ရှိတယ်၊ မဟုတ်ပါဘူး၊ အဲဒီ သုတ္တန်မှာ ဒီဂါထာလေးတွေကို ဥဒ္ဒေသလို့ ခေါ်ပါတယ်၊

အဲဒီ ဥဒ္ဒေသဂါထာလေးတွေကို ဥဒ္ဒေသပါဠိတော်ကြီးလည်း အောက်မှာတန်းပြီးတော့ ပါလျက်ပါပဲ၊ ဒါပေမယ့် အာဘောင်အာရင်းသန်သန်နဲ့ ဟောနေတဲ့ ဓမ္မကထိက တော်တော် များများကတော့ အဲဒီ နိဒ္ဒေသပါဠိတော်ကိုတော့ သေသေချာချာကြည့်ပုံတော့ မပေါ်ဘူးနော်၊ ဘုရားရှင်က အဲဒီမှာ ဘယ်လိုဟောထားလဲ?

‘‘ကထဉ္စ ဘိက္ခဝေ အတီတံ အနွာဂမေတိ’’ (မ၊၃၊၂၂၆။)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ ကထဉ္စ၊ အဘယ်သို့လျှင်။ အတီတံ၊ အတိတ်ကို။ အနွာဂမေတိ၊ အစဉ်လိုက်၍ နေလေသနည်း၊

အတိတ်ကို လိုက်တယ်ဆိုတာ ဘယ်လို လိုက်တာလဲတဲ့၊

‘‘ဧဝံရူပေါ အဟောသိံ အတီတမဒ္ဓါနန္တိ တတ္ထ နန္ဒိံ သမနွာနေတိ’’

အတီတမဒ္ဓါနံ၊ အတိတ်အချိန်ကာလက။ ဧဝံရူပေါ၊ ဤကဲ့သို့သော ရုပ်တရားသည်။ အဟောသိံ၊ ဖြစ်ခဲ့ဖူးလေပြီ။ ဣတိ၊ ဤသို့လျှင်။ တတ္ထ၊ ထို အတိတ်၌ဖြစ်သော ရုပ်တရား၌။ နန္ဒိံ၊ နှစ်သက်မြတ်နိုးခြင်း နန္ဒီတရားကို။ သမနွာနေတိ၊ ဖြစ်စေ၏၊

အတိတ်က ဒီလို ရုပ်တရား ငါဖြစ်ခဲ့ဖူးတယ်ဆိုပြီးတော့ အတိတ်ဖြစ်တဲ့ ရုပ်တရားအပေါ်၌ နှစ်သက်မှု နန္ဒီတရားကို ဖြစ်စေတယ်။ ဝေဒနာ, သညာ, သင်္ခါရ, ဝိဉာဏ်ခေါ်တဲ့ နာမ်ခန္ဓာတွေလည်း ပုံစံတူပဲ ဟောထားပါတယ်၊

‘‘ဧဝံ ခေါ ဘိက္ခဝေ အတီတံ အနွာဂမေတိ’’ (မ၊၃၊၂၂၆၊)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ ဧဝံ ခေါ၊ ဤသို့လျှင်။ အတီတံ၊ အတိတ်ခန္ဓာငါးပါးကို။ အနွာဂမေတိ၊ အစဉ်လိုက်သည် မည်၏၊

ဒါ ဘုရားရှင်ကိုယ်တော်တိုင်က ဟောထားတာ၊ ဒီတော့ အတိတ်ခန္ဓာငါးပါးအပေါ်မှာ ငါ့ရဲ့ အတိတ်တုန်းက ဒီလိုဖြစ်ခဲ့ဖူးတယ်လို့ နှစ်သက်မှု နန္ဒီတရားကို ဖြစ်စေခဲ့ရင် အတိတ်ကို အစဉ်လိုက်နေသည်မည်တယ်လို့ ဒီလို ဘုရားက ဟောထားတယ်၊ ဘုရားဟောထားတဲ့အတိုင်း အဋ္ဌကထာဆရာတော်များကလည်း —

"အတီတာ ဂမေယျာတိ အတီတံ တဏှာဒိဋ္ဌိဟိ နာနုဂစ္ဆေယျ” ဆိုပြီး ဒီလိုဖွင့်ထားတာပါ၊ ဘုရားဟောနဲ့ အဋ္ဌကထာအဖွင့်ဟာ လွဲချော်များနေသလား? မလွဲပါဘူးနော်၊ ဒီတော့ အတိတ်ခန္ဓာငါးပါးအပေါ်၌ တဏှာ, ဒိဋ္ဌိနဲ့ မလိုက်ပါနဲ့ဆိုတာက ရှင်းလင်းနေတဲ့ စကားလုံးတစ်မျိုးနဲ့ ထပ်ပြောရင် အတိတ်, အနာဂတ်

‘‘ပစ္စုပ္ပန္နဉ္စ ယော ဓမ္မံ။ တတ္ထ တတ္ထ ဝိပဿတိ၊
အသံဟီရံ အသံကုပ္ပံ။ တံ ဝိဒွါ မနုဗြူဟယေ’’

ယော၊ အကြင်ယောဂါဝစရ ရဟန်းတော်သည်။ ပစ္စုပ္ပန္နဉ္စ၊ ပစ္စုပ္ပန်ဖြစ်သော။ ဓမ္မံ၊ ခန္ဓာငါးပါး ရုပ်တရား နာမ်တရားကိုလည်းပဲ။ တတ္ထ တတ္ထ၊ ထိုထိုဖြစ်ဆဲခဏ၌။ တတ္ထ တတ္ထ၊ ထိုထိုတရားအစုအပုံ၌။ တတ္ထ တတ္ထ၊ ထိုထိုနေရာ၌၊

တတ္ထ တတ္ထကို သုံးချက်ဖွင့်ဆိုထားပါတယ်၊ အဋ္ဌကထာဆရာတော်က-

"တတ္ထ တတ္ထာတိ ပစ္စုပ္ပန္နမ္ပိ ဓမ္မံ ယတ္ထ ယတ္ထေဝ ဥပ္ပန္နော။ တတ္ထ တတ္ထေဝ စ နံ အနိစ္စာနုပဿနာဒီဟိ သတ္တဟိ အနုပဿနာဟိ ယော ဝိပဿတိ” (မ၊ဋ္ဌ၊၄၊၁၇၀၊)

ဆိုပြီး ဒီလို ဖွင့်ထားတယ်၊ ဒါက ဘာကို ဆိုလိုတာလဲလို့ မေးတော့ "ယတ္ထ ယတ္ထာတိ ယသ္မိံ ယသ္မိံ ခဏေ” (မ။ဋီ၊၃၊၃၆၆၊) ဆိုပြီးဋီကာဆရာတော်က ဖွင့်ထားတယ်၊ ဒီတော့ တတ္ထ တတ္ထ ဒီအဖွင့်အရကြည့်ရင် တတ္ထ တတ္ထ ဆိုတာက ထိုထိုဖြစ်ဆဲခဏ၌, ထိုထိုဖြစ်ဆဲခဏမှာ ရှုတဲ့အပိုင်းမှာဋီကာဆရာတော်က "ယသ္မိံ ယသ္မိံ ဝါ ဓမ္မပုေဉ္ဇ” ဆိုပြီး ဒီလိုထပ်ပြီး တစ်နည်းဖွင့်တယ်၊ တရားတွေဟာ ဖြစ်တဲ့အချိန်အခါမှာ အုပ်စုအလိုက်သာဖြစ်တယ်၊ အုပ်စုအလိုက် အပုံအလိုက်ဖြစ်တယ်၊ တစ်လုံးစီ ဖြစ်နိုင်တဲ့ စွမ်းအား မရှိဘူး။ ရုပ်တရားတို့လည်း ရုပ်ကလာပ်ခေါ်တဲ့ အုပ်စုအလိုက်သာ ဖြစ်တယ်။ နာမ်တရားတွေလည်း နာမ်ကလာပ်ခေါ်တဲ့ အုပ်စုအလိုက်သာဖြစ်တော့ ထိုထိုဖြစ်တဲ့တရား အစုအပုံအတိုင်း ရှုပါလို့ ဆိုလိုတယ်၊ ဒါကြောင့် တတ္ထ တတ္ထ၊ ထိုထိုခဏ၌ (ဝါ) ထိုထိုတရားအစုအပုံ၌၊ အဲဒီလို ရှုတဲ့အပိုင်းမှာ ဘယ်မှာရှုရမလဲလို့မေးတော့ "အရညာဒီသု ဝါ တတ္ထ တတ္ထေဝ ဝိပဿတိ” ဆိုပြီး နောက်တစ်နည်း ဖွင့်တယ်၊

တောမှာပဲဖြစ်စေ, ရွာမှာပဲဖြစ်စေ, ဘယ်နေရာမှာမဆို အနိစ္စာနုပဿနာစတဲ့ အနုပဿနာဉာဏ်ခုနစ်ပါးတို့ဖြင့် ထိုထိုရုပ်တရား နာမ်တရားတွေကို ဝိပဿနာရှုပါဆိုပြီး ဒီလို ညွှန်ကြားထားတယ်၊ အဲဒီလို ညွှန်ကြားချက်ကို နည်းနည်းလေး ထပ်မံပြီး ဘုန်းကြီး ပြန်ပြီး ဂါထာလေးနဲ့ ဆက်စပ်ပြီး ပြောမယ်၊

‘‘ပစ္စုပ္ပန္နဉ္စ ယော ဓမ္မံ။ တတ္ထ တတ္ထ ဝိပဿတိ၊
အသံဟီရံ အသံကုပ္ပံ။ တံ ဝိဒွါ မနုဗြူဟယေ’’

ယော၊ အကြင်ယောဂါဝစရ ရဟန်းတော်သည်။ ပစ္စုပ္ပန္နဉ္စ၊ ပစ္စုပ္ပန်လည်းဖြစ်သော။ ဓမ္မံ၊ ခန္ဓာငါးပါး ရုပ်တရား နာမ်တရားကို။ တတ္ထ တတ္ထ၊ ထိုထိုဖြစ်ဆဲခဏ၌။ တတ္ထ တတ္ထ၊ ထိုထိုတရားအစုအပုံ၌။ တတ္ထ တတ္ထ၊ ထိုထိုနေရာ၌။ ဝိပဿတိ၊ အနိစ္စာနုပဿနာစသော ဝိပဿနာဉာဏ်တို့ဖြင့် အဖန်ဖန် အထပ်ထပ် ဝိပဿနာရှုပွားသုံးသပ်၍ နေပေ၏။ အသံဟီရံ၊ တဏှာ,ဒိဋ္ဌိတို့သည် မဆွဲငင်အပ် မဆွဲငင်နိုင်သော။ အသံကုပ္ပံ၊ တဏှာ,ဒိဋ္ဌိတို့ကြောင့် ပျက်စီးမှု မရှိသော။ တံ၊ ထိုဝိပဿနာဉာဏ်ကို။ ဝိဒွါ၊ သိသော ပညာရှိသည်။ အနုဗြူဟယေ၊ အဖန်ဖန် အထပ်ထပ် ပွားများ အားထုတ်လေရာ၏၊

ဒါက ပထမ အဖွင့်ပဲ၊ ဆိုလိုတာက ဘာပြောလဲ? ပစ္စုပ္ပန်ဖြစ်တဲ့ ခန္ဓာငါးပါး ရုပ်တရား နာမ်တရားကိုလည်း ထိုထိုဖြစ်ဆဲခဏ ထိုထိုတရား အစုအပုံအတိုင်း ဘယ်နေရာမှာမဆို အနိစ္စာနုပဿနာဉာဏ်စတဲ့ ဝိပဿနာဉာဏ်တို့ဖြင့် အဖန်ဖန်အထပ်ထပ် ဝိပဿနာရှုနေပါ၊ အဲဒီလို ရှုနေခဲ့ရင် ဒီဝိပဿနာဉာဏ်ကို တဏှာ,ဒိဋ္ဌိတို့က ဘယ်တော့မှ မဆွဲငင်နိုင်ဘူး၊ ဒီဝိပဿနာဉာဏ်ဟာ တဏှာ,ဒိဋ္ဌိကြောင့်လည်း ပျက်စီးမှု မရှိနိုင်ဘူး၊ အဲဒီ ဝိပဿနာဉာဏ်ကို အဖန်ဖန် အထပ်ထပ် ပွားနေပါဆိုပြီး ဒီလို ဟောထားတယ်၊

အဲဒီ ဟောကြားချက် စကားလုံးကို ဘုန်းကြီးတို့ ရှင်းရှင်းလေးထပ်ပြီး ပြောမယ်ဆိုရင် ပစ္စုပ္ပန်ခန္ဓာငါးပါး အပေါ်မှာလည်း တဏှာ, ဒိဋ္ဌိတွေ မဖြစ်အောင် အနိစ္စာနုပဿနာဉာဏ်တို့ဖြင့် အဖန်ဖန် အထပ်ထပ် ဝိပဿနာ ရှုနေပါလို့ ဆိုလိုတယ်၊ ဒီတော့ ပစ္စုပ္ပန်ခန္ဓာငါးပါးအပေါ်မှာ တဏှာ, ဒိဋ္ဌိ မဖြစ်အောင် ဘာလုပ်ရမလဲ။ ပစ္စုပ္ပန်ခန္ဓာငါးပါးကို ဝိပဿနာရှုရမယ်၊ ဒီလိုဆိုရင် အတိတ်ခန္ဓာငါးပါးအပေါ်မှာ တဏှာ, ဒိဋ္ဌိမဖြစ်အောင် ဘာလုပ်ရမလဲ? ရှင်းရှင်းလေးပဲနော်၊ ဒါ နားလည်တတ်မယ်ဆိုရင်တော့ တော်တော်လေး ရှင်းနေတဲ့စကားပါ။ ပစ္စုပ္ပန်ခန္ဓာငါးပါးအပေါ်မှာ တဏှာ, ဒိဋ္ဌိမဖြစ်ရေးအတွက် ပစ္စုပ္ပန်ခန္ဓာငါးပါးကို အနိစ္စာနုပဿနာစတဲ့ အနုပဿနာဉာဏ်တို့ဖြင့် အဖန်ဖန် အထပ်ထပ် ဝိပဿနာရှုရမယ်ဆိုတဲ့ စကားကို လက်ခံနိုင်ခဲ့ရင် အတိတ်ခန္ဓာငါးပါးအပေါ်မှာ တဏှာ, ဒိဋ္ဌိ မဖြစ်ရေးအတွက်လည်း အတိတ်ခန္ဓာငါးပါးကို အနိစ္စာနုပဿနာစတဲ့ ဝိပဿနာဉာဏ်တို့ဖြင့် အဖန်ဖန် အထပ်ထပ် ဝိပဿနာရှုရမယ်။ အနာဂတ်ခန္ဓာငါးပါးအပေါ်မှာ တဏှာ, ဒိဋ္ဌိ မဖြစ်ရေးအတွက်လည်း အနာဂတ်ခန္ဓာငါးပါးကို အနိစ္စာနုပဿနာစတဲ့ အနုပဿနာဉာဏ်တို့ဖြင့် အဖန်ဖန် အထပ်ထပ် ဝိပဿနာရှုရမယ်ဆိုတဲ့ ဒီစကားသည် ရှင်းနေပါတယ်နော်၊ ဒါပေမယ့် ခေတ်ကတော့ ဘာပြောလဲ။ အတိတ်ခန္ဓာငါးပါးအပေါ်မှာ တဏှာ, ဒိဋ္ဌိ မဖြစ်ရေးအတွက် အတိတ်ကို မရှုနဲ့။ အနာဂတ်ခန္ဓာငါးပါးအပေါ်မှာ တဏှာ, ဒိဋ္ဌိ မဖြစ်အောင် အနာဂတ်ကို မရှုနဲ့။ ပစ္စုပ္ပန်ခန္ဓာငါးပါး တည့်တည့်ကိုသာ ရှုနေပါဆိုပြီး ဒီလိုညွှန်ကြားတယ်၊

ဒီညွှန်ကြားချက်ကို လက်ခံမယ်ဆိုရင်ပေါ့ - အတိတ်ခန္ဓာငါးပါးပေါ်မှာ တဏှာ, ဒိဋ္ဌိ မဖြစ်ရေးအတွက် အနာဂတ်ကို မရှုရဘူးဆိုတာ လက်ခံနိုင်ခဲ့ရင် ပစ္စုပ္ပန်ခန္ဓာငါးပါးအပေါ်မှာ တဏှာ, ဒိဋ္ဌိ မဖြစ်အောင်လည်း ပစ္စုပ္ပန်ခန္ဓာငါးပါးကိုလည်း မရှုနဲ့လို့ ပြောဖို့ မကောင်းဘူးလား? မပြောဘူး၊ တည့်တည့်ရှုလို့ပြောတယ်၊ အဲဒီလို ဖြစ်နေတယ်နော်၊ ဒီတော့ ဒီစကားတွေက ဘာပြောချင်တာလဲလို့မေးတော့ ခုနက ဒုက္ခသစ္စာထဲကလည်း တစ်ခြမ်းပဲ့ထွက်သွားတယ်။ သမုဒယသစ္စာထဲကလည်း တစ်ခြမ်းပဲ့ထွက်သွားတယ်၊ ဘယ်လိုလဲ? ခုနက ဘုန်းကြီး ပြောခဲ့ပြီးပြီ။ ဒုက္ခသစ္စာစာရင်းထဲမှာ အတိတ်ခန္ဓာငါးပါးလည်း မပါဘူးလား? ပါနေတယ်။ အနာဂတ်ခန္ဓာငါးပါးလည်း ပါတယ်၊ အတိတ်, အနာဂတ် မရှုရဘူးဆိုတော့ ဒုက္ခသစ္စာထဲကလည်း ထပ်ပြီး တစ်ခြမ်း ပဲ့ထွက်မသွားဘူးလား? သွားပြန်တယ်၊

ခုနက ဘုန်းကြီး ပြောတဲ့အတိုင်းပဲ။ သမုဒယသစ္စာဆိုတာက အတိတ်က ထူထောင်ခဲ့တဲ့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဆိုတဲ့ တစ်နည်း ပြောရရင်တော့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်တို့ခြံရံပြီး ထူထောင်ခဲ့တဲ့ သင်္ခါရ, ကံဆိုတဲ့ သမုဒယသစ္စာတရားကြောင့်သာလျှင် ဒီဘဝမှာ ခန္ဓာငါးပါး ဒုက္ခသစ္စာတရားက လာပြီး ထင်ရှားဖြစ်တယ်၊ အတိတ်ကို မရှုကောင်းဘူးဆိုတဲ့ ပုံသေမူကို ဆွဲကိုင်ထားတဲ့ ပုဂ္ဂိုလ်အဖို့ အတိတ်က ထူထောင်ခဲ့တဲ့ သမုဒယသစ္စာကြောင့် ဒီဘဝ ဒုက္ခသစ္စာဖြစ်တာ သိဦးမလား? မသိတော့ဘူး၊

ဒီဘဝ ထူထောင်တဲ့ သမုဒယသစ္စာကြောင့်ကော, နောင်အနာဂတ် ဒုက္ခသစ္စာ ဖြစ်ပုံကိုတော့ မရှုတဲ့အတွက် သိဦးမလား? မသိတော့ပြန်ဘူး၊ မသိတော့ သမုဒယသစ္စာလည်းမသိ, ဒုက္ခသစ္စာလည်းမသိတဲ့ ပုဂ္ဂိုလ်က ဘယ်လိုလုပ် ဝိပဿနာရှုမလဲ, ဘာဖြစ်လို့လဲ? သစ္စာလေးပါးမှာ ဒုက္ခသစ္စာနဲ့ သမုဒယသစ္စာက ဝဋ္ဋသစ္စာဖြစ်တယ်။ နိရောဓသစ္စာနဲ့ မဂ္ဂသစ္စာက ဝိဝဋ္ဋသစ္စာဖြစ်တယ်၊ အဲဒီ ဝဋ္ဋသစ္စာ, ဝိဝဋ္ဋသစ္စာဆိုတဲ့ သစ္စာနှစ်မျိုးအနက်က -

‘‘တေသု ဘိက္ခုနော ဝဋ္ဋေ ကမ္မဋ္ဌာနာဘိနိဝေသော ဟောတိ။ ဝိဝဋ္ဋေ နတ္ထိ အဘိနိဝေသော’’ (အဘိ-ဋ္ဌ-၂-၁၀၉၊)

မှန်သွားတယ်နော်၊

ဝဋ္ဋသစ္စာဖြစ်တဲ့ ဒုက္ခသစ္စာ, သမုဒယသစ္စာ တရားနှစ်မျိုးမှာသာလျှင် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း နှလုံးသွင်းရပါတယ်။ ဝိဝဋ္ဋသစ္စာဖြစ်တဲ့ နိရောဓသစ္စာနဲ့ မဂ္ဂသစ္စာ ဒီတရားနှစ်ပါးကို ဝိပဿနာ မရှုရပါဘူးတဲ့၊ ဒါက လောကုတ္တရာ နိရောဓသစ္စာနဲ့ လောကုတ္တရာ မဂ္ဂသစ္စာကို ရည်ညွှန်းပြီး ပြောတဲ့စကားပါ၊

ဝိဝဋ္ဋသစ္စာဖြစ်တဲ့ လောကုတ္တရာ နိရောဓသစ္စာ တရားတော်မြတ်နှင့် လောကုတ္တရာ မဂ္ဂသစ္စာခေါ်တဲ့ မဂ္ဂင်တရားကိုယ်ရှစ်ပါးဦးဆောင်နေတဲ့ မဂ်စိတ်။ စေတသိက်တွေဟာ ဝိပဿနာရှုရမယ့် အရှုခံအာရုံထဲမှာ မပါဘူး။ ဝိပဿနာရှုရမယ့်တရားက ဒုက္ခသစ္စာတရားနဲ့ သမုဒယသစ္စာတရား နှစ်မျိုးသာလျှင် ဖြစ်တယ်၊ ယောဂီပုဂ္ဂိုလ်တစ်ယောက်က ဒုက္ခသစ္စာလည်း မသိဘူး။ သမုဒယသစ္စာလည်းမသိဘူး၊ အဲ့ဒီပုဂ္ဂိုလ်က ဝိပဿနာရှုမယ်ဆိုရင် အဲဒီ ပုဂ္ဂိုလ်သည် ဘုရားဟောနေတဲ့ တကယ့် ဝိပဿနာအစစ် ဖြစ်နိုင်ပါ့မလား? မဖြစ်နိုင်ဘူး၊ နိဗ္ဗာန်ဆိုတဲ့ ရွှေအိုးကြီးကို ဘယ်လို တူးဖော်ရမလဲဆိုတာကို ဘုရားက ဟောနေတာနော်၊

‘‘ဇာနတော အဟံ ဘိက္ခဝေ ပဿတော အာသဝါနံ ခယံ ဝဒါမိ။’’ (ခု၊၁၊၂၆၅၊ ဣတိဝုတ္တက၊)

သိတဲ့ပုဂ္ဂိုလ်, မြင်တဲ့ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ အာသဝေါတရားတွေ ကုန်မယ်လို့ ငါဘုရားဟောတယ်တဲ့၊ ဘာတွေသိရမလဲ?

"ဣဒံ ဒုက္ခန္တိ ဘိက္ခဝေ ဇာနတော ပဿတော အာသဝါနံ ခယော ဟောတိ။ အယံ ဒုက္ခသမုဒယောတိ ဘိက္ခဝေ ဇာနတော ပဿတော အာသဝါနံ ခယော ဟောတိ။ အယံ ဒုက္ခနိရောဓောတိ ဘိက္ခဝေ ဇာနတော ပဿတော အာသဝါနံ ခယော ဟောတိ။ အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါတိ ဘိက္ခဝေ ဇာနတော ပဿတော အာသဝါနံ ခယော ဟောတိ၊"

ဤကား ဒုက္ခသစ္စာလို့ သိမယ်၊ မြင်မယ်, အာသဝေါတရားတွေ ကုန်မယ်၊ ဤကား သမုဒယသစ္စာလို့ သိမယ်, မြင်မယ်, အာသဝေါတရားတွေ ကုန်မယ်၊ ဤကား နိရောဓသစ္စာ, ဤကား မဂ္ဂသစ္စာလို့ သိမယ်, မြင်မယ်, အာသဝေါတရားတွေ ကုန်မယ်တဲ့၊ ဒီလိုဟောတယ်၊

သိတိုင်းလည်း ဘာတွေသိရမယ်ဆိုတာလေးတော့ နည်းနည်းလေး ဆန်းစစ်ဖို့ မလိုဘူးလား? အဲ သိနေရင်တော့ပြီးတာပဲ၊ အေး ဘာတွေသိရမလဲ? ဒါတော့ မေးဖို့ မလိုဘူးလား? ဘယ်နှယ့်တုန်း ဒကာကြီးတွေ, ဒကာမကြီးတွေ မေးဖို့ မလိုဘူးလား? လိုတယ်၊ သိရင်ပြီးတာပဲဆိုတော့ ဘာတွေသိရမလဲလို့တော့ မေးဖို့တော့ မလိုဘူးလား?

အဲ! ဘာတွေ သိရမလဲ? ဒုက္ခသစ္စာ သိရမယ်, သမုဒယသစ္စာ သိရမယ်, နိရောဓသစ္စာ သိရမယ်, မဂ္ဂသစ္စာ သိရမယ်၊ ဒီပြင် တခြားသိရမယ်လို့ ဘုရားဟောလား? မဟောပါဘူး။ ဒုက္ခသစ္စာလည်း မသိဘူး, သမုဒယသစ္စာလည်း မသိဘူး၊ ထိုပုဂ္ဂိုလ် ဝိပဿနာရှုပါတယ်ဆိုတော့ တကယ့် ဝိပဿနာရော ဖြစ်မလား? မဖြစ်ဘူး၊

မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်ဆိုတဲ့ ရတနာရွှေအိုးကြီးကို ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် တူးဖော်ရမယ်ဆိုတာကို ဘုရားရှင်က အတိအကျ ညွှန်ကြားနေတဲ့ ရတနာသိုက်စာတွေ ပိဋကတ်စာပေမှာ ထင်ရှား မရှိဘူးလား? ရှိတယ်။ ပရိယတ်တရားတော်မှာ ထင်ရှားရှိနေတဲ့အတွက် ဒီပရိယတ်တရားတော်မှာလာတဲ့ ရတနာသိုက်စာအတိုင်း ရတနာရွှေအိုးကို မတူးဖော်ခဲ့ရင် မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်ဆိုတဲ့ နိရောဓသစ္စာ, မဂ္ဂသစ္စာ အမည်ရနေတဲ့ ရတနာရွှေအိုးကြီးတွေ ထွက်ပေါ်လာနိုင်ပါ့မလား? မလာနိုင်ဘူး၊

ဒါကြောင့် ပဋိပတ္တိသာသနာတော်သည် ပရိယတ္တိသာသနာတော်လျှင် အရင်းအမြစ် မူလရှိပါတယ် ဆိုပြီးတော့ ဒါက အဋ္ဌကထာဆရာတော်များ ရှေးရှေး မထေရ်ကြီးများက ဖြတ်ထုံးလေးတစ်ခု ပေးထားပါတယ်၊ ဒီတော့ ဒီနေရာမှာ တစ်ချို့က စောဒနာချက်လေးတစ်ခု ဝင်လာပြန်တယ်၊

အတိတ်ကို ရှုတယ်ဆိုတာက အဘိညာဏ်ရဲ့အရာသာ ဖြစ်ပါတယ်တဲ့။ ဝိပဿနာဉာဏ်ရဲ့ အရာမဟုတ်ပါဘူး။ အဘိညာဏ်ရတဲ့ ပုဂ္ဂိုလ်တွေသည်သာလျှင် အတိတ်, အနာဂတ်ကို ရှုနိုင်ပါတယ်ဆိုပြီး ဒီလို စကားကွန့်လာကြပြန်တယ်၊ ဒီအချက်နဲ့ ပတ်သက်လို့လည်း ဘုန်းကြီးက နည်းနည်းလေး ထပ်ပြီး ပြောချင်ပါတယ်နော်၊ ဘုန်းကြီးတို့ ခန္ဓဝဂ္ဂသံယုတ်ပါဠိတော်မှာ ခဇ္ဇနိယသုတ္တန် ဆိုတဲ့ သုတ္တန်တစ်ခု ဘုရားရှင်ကိုယ်တော်တိုင် ဟောကြားထားတော်မူခဲ့ပါတယ်၊ ထိုသုတ္တန်မှာ ဘုရားရှင်က ဘယ်လိုဟောလဲ?

စတုတ္ထပိုင်း

‘‘ယေဟိ ကေစိ ဘိက္ခဝေ သမဏာ ဝါ ဗြာဟ္မဏာ ဝါ အနေကဝိဟိတံ ပုဗ္ဗေနိဝါသံ အနုဿရမာနာ အနုဿရန္တိ။ သဗ္ဗေတေ ပဉ္စုပါဒါနက္ခန္ဓေ အနုဿရန္တိ။ ဧတေသံ ဝါ အညတရံ’’ (သံ၊၂၊၇၁၊ ခဇ္ဇနိယသုတ္တန်၊)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ ယေ ကေစိ သမဏာ ဝါ ဗြာဟ္မဏာ ဝါ၊ အကြင်အလုံးစုံသော သမဏ သို့မဟုတ် ဗြာဟ္မဏတို့သည်။ အနေကဝိဟိတံ၊ အထူးထူးအပြားပြားများစွာသော။ ပုဗ္ဗေနိဝါသံ၊ ရှေး၌ နေခဲ့ဖူးသော ခန္ဓာအစဉ်ကို။ အနုဿရမာနာ၊ ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့နိုင်ကြကုန်သည်ဖြစ်၍။ အနုဿရန္တိ၊ အောက်မေ့ကြကုန်၏။ သဗ္ဗေ တေ၊ ထိုအလုံးစုံသော သမဏ ဗြာဟ္မဏတို့သည်။ ပဉ္စုပါဒါနက္ခန္ဓေ၊ ဥပါဒါနက္ခန္ဓာငါးပါးတို့ကို။ အနုဿရန္တိ၊ ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့ကြကုန်၏။ ဧတေသံ ဝါ၊ ထိုဥပါဒါနက္ခန္ဓာငါးပါးတို့တွင်လည်းကောင်း။ အညတရံ၊ တစ်ပါးပါးသော ခန္ဓာကိုလည်းကောင်း၊ အနုဿရန္တိ = ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့ကြကုန်၏၊

ချစ်သားရဟန်းတို့၊ သမဏ, ဗြဟ္မဏအချို့ ရှိကြတယ်။ ပုဗ္ဗေနိဝါသ၊ ရှေး၌ နေခဲ့ဖူးတဲ့ ခန္ဓာအစဉ်ကို ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့နိုင်တဲ့ သမဏ, ဗြဟ္မဏအချို့ ရှိကြတယ်၊ အဲဒီ သမဏ, ဗြဟ္မဏ အချို့တွေဟာ အတိတ်ကနေခဲ့ဖူးတဲ့ ပုဗ္ဗေနိဝါသ ခန္ဓာအစဉ်ကို ဉာဏ်ဖြင့် အစဉ်လျှောက်၍ ပြန်လည်အောက်မေ့ခဲ့သော် ဥပါဒါနက္ခန္ဓာငါးပါးကိုသော်လည်းကောင်း ထိုဥပါဒါနက္ခန္ဓာငါးပါးတို့တွင် တစ်ပါးပါးကိုသော်လည်းကောင်း ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့နိုင်ကြပါတယ် ဆိုပြီးတော့ ဒီခဇ္ဇနိယသုတ္တန်မှာ ဘုရားရှင်က ဟောထားတယ်၊

ဟောထားတော့ အဲဒီသုတ္တန်မှာ ပုဗ္ဗေနိဝါသဆိုတဲ့ စကားလုံးကို သုံးထားပါတယ်၊ ရှေး၌နေခဲ့ဖူးတဲ့ ခန္ဓာအစဉ်ဆိုပြီး ဒီစကားလုံးလေးကို ထည့်သုံးထားတဲ့အတွက် အဋ္ဌကထာဆရာတော်ကတော့ ဒီစကားလုံးနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုဖွင့်ဆိုထားလဲ? သံယုတ် အဋ္ဌကထာ ဒုတိယတွဲ စာမျက်နှာ (၂၆၆) မှာ အဋ္ဌကထာက ဘယ်လိုဖွင့်ထားသလဲ?

‘‘ပုဗ္ဗေနိဝါသန္တိ ဣဒံ န အဘိညာဝသေန အနုဿရဏံ သန္ဓာယ ဝုတ္တံ။’’ (သံ၊ဋ္ဌ၊၂၊၂၆၆၊)

ပုဗ္ဗေနိဝါသန္တိ ဣဒံ၊ ပုဗ္ဗေနိဝါသဟူသော ဤစကားလုံးကို။ အဘိညာဝသေန၊ အဘိညာဏ်၏အစွမ်းဖြင့်။ အနုဿရဏံ၊ ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့ခြင်းကို။ သန္ဓာယ၊ ရည်ရွယ်တော်မူ၍။ န ဝုတ္တံ၊ ဘုရားရှင် ဟောကြားပြသ ဆိုဆုံးမတော်မူအပ်သည်ကား မဟုတ်ပါပေ၊

ဒီပုဗ္ဗေနိဝါသဆိုတဲ့ စကားလုံးကို ဘုရားရှင်က အဘိညာဏ်၏အစွမ်းဖြင့် ရှေး၌နေခဲ့ဖူးတဲ့ ခန္ဓာအစဉ်ကို ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့ခြင်းကို ရည်ရွယ်တော်မူပြီး ဟောတာ မဟုတ်ပါဘူးတဲ့နော်၊

‘‘ဝိပဿနာဝသေန ပန ပုဗ္ဗေနိဝါသံ အနုဿရန္တေ သမဏဗြာဟ္မဏေ သန္ဓာယေတံ ဝုတ္တံ၊’’ (သံ၊ဋ္ဌ၊၂၊၂၆၆၊)

ဝိပဿနာဝသေန၊ ဝိပဿနာ၏အစွမ်းဖြင့်။ ပုဗ္ဗေနိဝါသံ၊ ရှေး၌ နေခဲ့ဖူးတဲ့ ခန္ဓာအစဉ်ကို။ အနုဿရန္တေ၊ ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့ကြကုန်သော။ သမဏဗြဟ္မဏေ၊ သမဏ, ဗြဟ္မဏတို့ကို။ သန္ဓာယ၊ ရည်ရွယ်တော်မူ၍။ ဧတံ၊ ဤပုဗ္ဗေနိဝါသဟူသော စကားလုံးကို။ ဝုတ္တံ၊ ဟောကြားပြသ ဆိုဆုံးမတော်မူအပ်ပါပေ၏၊

ဝိပဿနာဉာဏ်၏အစွမ်းဖြင့် ရှေး၌ နေခဲ့ဖူးတဲ့ ခန္ဓာအစဉ်ကို ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့ကြတဲ့ သမဏ, ဗြဟ္မဏတွေကို ရည်ရွယ်ပြီးတော့ မြတ်စွာဘုရားက ဒီပုဗ္ဗေနိဝါသဆိုတဲ့ စကားလုံးလေးကို ဟောကြားတော်မူခြင်း ဖြစ်တယ်တဲ့၊ ဘာကို အကြောင်းပြသလဲလို့မေးတော့၊

‘‘တေနေဝါဟ "သဗ္ဗေတေ ပဉ္စုပါဒါနက္ခန္ဓေ အနုဿရန္တိ ဧတေသံ ဝါ အညတရံ"၊’’ (သံ၊ဋ္ဌ၊၂၊၂၆၆၊)

ဒီသုတ္တန်မှာ ဘုရားရှင်ကိုယ်တိုင်က ဥပါဒါနက္ခန္ဓာငါးပါးကိုသော်လည်းကောင်း, ဥပါဒါနက္ခန္ဓာငါးပါးတို့တွင် တစ်မျိုးမျိုးကိုသော်လည်းကောင်း ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့နိုင်ပါတယ်လို့ ဘုရားရှင်ကိုယ်တော်တိုင်က ဟောကြားထားတယ်တဲ့၊ ဘာကြောင့်လဲ?

‘‘အဘိညာဝသေန ဟိ သမနုဿရန္တဿ ခန္ဓာပိ ဥပါဒါနက္ခန္ဓာပိ ခန္ဓပဋိဗဒ္ဓါပိ ပဏ္ဏတ္တိပိ အာရမ္မဏံ ဟောတိယေဝ၊’’ (သံ၊ဋ္ဌ၊၂၊၂၆၆၊)

ပုဗ္ဗေနိဝါသနုဿတိအဘိညာဏ်နှင့် အတိတ်က နေခဲ့ဖူးတဲ့ ခန္ဓာအစဉ်ကို ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့မယ်ဆိုရင် ခန္ဓာတွေဟာလည်း ပုဗ္ဗေနိဝါသနုဿတိအဘိညာဏ်ရဲ့ အာရုံဖြစ်နိုင်တယ်။ ဥပါဒါနက္ခန္ဓာငါးပါးဟာလည်း ပုဗ္ဗေနိဝါသနုဿတိအဘိညာဏ်ရဲ့ အာရုံတွေဖြစ်နိုင်တယ်၊ ခန္ဓာနှင့် ဆက်စပ်နေတဲ့ ဆင်းရဲချမ်းသာ အဝဝတွေ, သုခဒုက္ခအဝဝတွေ, အမျိုးအနွယ် စသည်တို့ဟာလည်းပဲ (မြို့ရွာ၊ ဒေသ၊ အမျိုးအနွယ်အားလုံးပေါ့) အဲဒီ ခန္ဓာနှင့်ဆက်စပ်နေတဲ့ အကြောင်းအရာတွေဟာလည်း ပုဗ္ဗေနိဝါသနုဿတိအဘိညာဏ်ရဲ့ အာရုံ ဖြစ်နိုင်တယ်၊

ပဏ္ဏတ္တိပိ၊ နာမည်အမျိုးမျိုးဟာလည်း ပုဗ္ဗေနိဝါသနုဿတိအဘိညာဏ်ရဲ့ အာရုံဖြစ်နိုင်တယ်တဲ့၊ နာမည်တွေ ဆိုတာကတော့ ငါ့နာမည် ဘယ်လို, ငါ့အမေနာမည်က ဘယ်လို, ငါ့အဖေနာမည်က ဘယ်လို စသည်ပေါ့၊ ခန္ဓာနှင့် ဆက်စပ်တယ်ဆိုတာက ဘယ်လို ချမ်းသာခဲ့တယ်, ဘယ်လို ဆင်းရဲခဲ့တယ်, ဘယ်မြို့ရွာမှာ ဖြစ်ခဲ့တယ်, ဘယ်အမျိုးအနွယ်မှာ ဖြစ်ခဲ့တယ် စသည်ဖြင့် ဒီလိုအကြောင်းအရာတွေကို သိခြင်းပဲ၊ ဒီတော့ ပုဗ္ဗေနိဝါသနုဿတိအဘိညာဏ်ရဲ့ အာရုံက ဘယ်နှစ်ပါးရှိလဲ? လေးမျိုး၊ ခန္ဓာလည်းရှိတယ်, ဥပါဒါနက္ခန္ဓာလည်းရှိတယ်, ခန္ဓာနှင့် ဆက်စပ်နေတဲ့ သုခ, ဒုက္ခစတဲ့ အကြောင်းအရာတွေလည်းရှိတယ်, နာမည်အမျိုးမျိုးလည်း ရှိတယ်တဲ့၊ ပေါင်းလိုက်တော့ လေးမျိုး၊

အဲဒီမှာ ခန္ဓာနဲ့ ဥပါဒါနက္ခန္ဓာအကြောင်းလေးတော့ ဘုန်းကြီး နည်းနည်း ထပ်ပြောချင်ပါတယ်၊ ဘုန်းကြီးတို့ ဒီဥစ္စာက အထူးသဖြင့် မြတ်စွာဘုရားဘက်ကနေ လှည့်ပြောမှ ပိုပြီး သဘောပေါက်မယ်၊ မြတ်စွာဘုရား ပုဗ္ဗေနိဝါသနုဿတိအဘိညာဏ်ရရှိတော်မူတဲ့ အချိန်အခါမှာ အတိတ်ကိုလှမ်းပြီး အာရုံယူလိုက်တဲ့အခါမှာ အတိတ် ဒီပင်္ကရာမြတ်စွာဘုရားသန္တာန်မှာ တည်ရှိနေတဲ့ ခန္ဓာငါးပါးကိုလည်း အာရုံယူလို့ရတယ်၊ ဒီပင်္ကရာမြတ်စွာဘုရားရဲ့ ရှေ့တော်မှောက်မှာ နိယတဗျာဒိတ်ပန်းကို ဆင်မြန်းဖို့ရန်အတွက် ကြိုးစားနေတဲ့ သုမေဓာရှင်ရသေ့ရဲ့သန္တာန်မှာ တည်ရှိနေတဲ့ ဥပါဒါနက္ခန္ဓာတွေကိုလည်း လှမ်းသိမ်းဆည်း, သိမ်းဆည်းလို့ရတယ်၊

အဲဒီမှာ ဒီပင်္ကရာဘုရားရှင်ရဲ့ သန္တာန်မှာက လောကုတ္တရာခန္ဓာတွေပါ ပါဝင်နေတယ်၊ သုမေဓာရှင်ရသေ့က ထိုစဉ်အခါက အရိယာသူတော်ကောင်း မဖြစ်သေးတဲ့အတွက် ပုထုဇဉ်သာ ရှိသေးတဲ့အတွက် သူ့သန္တာန်မှာက လောကုတ္တရာခန္ဓာငါးပါး ရှိသလား? မရှိဘူး။ ဥပါဒါနက္ခန္ဓာပဲရှိတယ်၊ ဒီပင်္ကရာဘုရားရှင်ရဲ့ ခန္ဓာငါးပါးနှင့် သုမေဓာရဲ့ ခန္ဓာငါးပါး တူသလား? မတူဘူး၊ ဒီပင်္ကရာဘုရားရှင်သန္တာန်မှာ တည်ရှိတဲ့ လောကုတ္တရာတရားများ ပါဝင်နေတဲ့ ခန္ဓာတွေကိုတော့ ခန္ဓာလို့ခေါ်တယ်၊ သုမေဓာရှင်ရသေ့ရဲ့ သန္တာန်မှာ တည်ရှိနေတဲ့ ခန္ဓာကျတော့ ဥပါဒါနက္ခန္ဓာလို့ ဒီလိုခေါ်တာပါနော်၊

ပုဗ္ဗေနိဝါသနုဿတိအဘိညာဏ်က အဲဒီခန္ဓာကို လှမ်းရှုလည်းရတယ်။ ဥပါဒါနက္ခန္ဓာကို လှမ်းရှုလည်းရတယ်၊ နောက်တစ်ခု၊ ခန္ဓာနှင့် ဆက်စပ်နေတဲ့ သုခဒုက္ခအဝဝတွေ, ဆင်းရဲချမ်းသာအမျိုးမျိုးတွေ, အနွယ်တွေ, မြို့ရွာဒေသတွေ, အမေအဖေတွေ လှမ်းရှုလည်း ရတယ်၊ အဲဒီ အမည်နာမ ပညတ်တွေကိုလည်းရှု အကုန်ရတယ်တဲ့၊

ခု ဒီသုတ္တန်မှာကျတော့ ဘုရားရှင်က အဲဒီ လေးမျိုးလုံးကို မဟောဘဲ ဥပါဒါနက္ခန္ဓာတစ်ခုကိုသာ ကွက်ပြီး ဟောထားတဲ့အတွက် ဒီဥပါဒါနက္ခန္ဓာငါးပါးကို ဝိပဿနာဉာဏ်ဖြင့် ရှုပွားသုံးသပ်ခြင်းကို ဘုရားရှင်က ရည်ညွှန်းထားပါတယ် ဆိုပြီးတော့ အဋ္ဌကထာက ဒီလို ရှင်းလင်းတင်ပြထားပါတယ်၊

ဒီတော့ ဆိုလိုတာက ဘုန်းကြီးပြောချင်တဲ့ အဓိပ္ပာယ်ကတော့ အတိတ်ကို ရှုခြင်း၊ အနာဂတ်ကို ရှုခြင်းသည် အဘိညာဏ်ရမှ ရှုလို့ရတာမျိုး ဟုတ်သလား? မဟုတ်ဘူး။ ဝိပဿနာဉာဏ်နဲ့လည်း ရှုလို့ မရဘူးလား? ရတယ်၊ ရတယ်ဆိုတဲ့ ကျမ်းဂန်အထောက်အထားတွေလည်း၊ ရတနာသိုက်စာတွေလည်း စာပေကျမ်းဂန်မှာ အထင်အရှား မရှိဘူးလား? ရှိနေပါတယ်တဲ့၊ အဲဒီ သိုက်စာတွေလာတဲ့အတိုင်း အတိအကျ တူးဖော်မယ်ဆိုရင် မိမိတို့ မျှော်လင့်တောင့်တနေတဲ့ မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်ဆိုတဲ့ ရတနာရွှေအိုးကြီးတွေကို ထုတ်ယူအသုံးပြုလို့ မရနိုင်ဘူးလား? ရနိုင်ပါတယ်တဲ့နော်၊

ဒီတော့ ဒီသစ္စာလေးပါးကို ထိုးထွင်းသိရေးအတွက် သိမှ၊ မြင်မှသာလျှင် အာသဝေါတရားတွေက ကုန်မှာဖြစ်တဲ့အတွက် သစ္စာလေးပါးကို သိချင်တဲ့ပုဂ္ဂိုလ် ဘာလုပ်ရမလဲ?

‘‘သမာဓိံ ဘိက္ခဝေ ဘာဝေထ။ သမာဟိတော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ’’ (သံ၊၃၊၃၆၃။)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ သမာဓိံ၊ သမာဓိကို။ ဘာဝေထ၊ ပွားများကြကုန်လော့။ ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ သမာဟိတော၊ သမာဓိရှိသော ရဟန်းသည်။ ယထာဘူတံ၊ မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ။ ပဇာနာတိ၊ ကွဲကွဲပြားပြားသိ၏၊

ချစ်သားရဟန်းတို့ သမာဓိကို ထူထောင်ကြပါ၊ သမာဓိရှိနေတဲ့ ရဟန်းတော်သည် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိပါတယ် ဆိုပြီးတော့ ဒီလို ဘုရားရှင်က ဟောထားတယ်၊ ဘာတွေကို သိမလဲ?

‘‘‘‘ဣဒံ ဒုက္ခ’’န္တိ ယထာဘူတံ ပဇာနာတိ၊ ‘‘အယံ ဒုက္ခသမုဒယော’’တိ ယထာဘူတံ ပဇာနာတိ၊ ‘‘အယံ ဒုက္ခနိရောဓော’’တိ ယထာဘူတံ ပဇာနာတိ၊ ‘‘အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ’’တိ ယထာဘူတံ ပဇာနာတိ’’ (သံ၊၃၊၃၆၃။)

ဤကား ဒုက္ခသစ္စာလို့ ဟုတ်တိုင်းမှန်စွာ သိမယ်၊ မြင်မယ်၊ ဤကား ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရားလို့ ဟုတ်တိုင်းမှန်စွာ သိမယ်၊ မြင်မယ်၊ ဤကား ဒုက္ခချုပ်ရာ နိရောဓသစ္စာတရားလို့ ဟုတ်တိုင်းမှန်စွာ သိမယ်၊ မြင်မယ်၊ ဤကား ဒုက္ခချုပ်ရာ နိရောဓနိဗ္ဗာန်သို့ရောက်ကြောင်း ကျင့်စဉ်ဖြစ်တဲ့ မဂ္ဂအရိယသစ္စာတရားလို့ ဟုတ်တိုင်းမှန်စွာ သိမယ်၊ မြင်မယ်၊ အဲဒီလို သိဖို့၊ မြင်ဖို့အတွက် သင်ချစ်သားတို့ သမာဓိထူထောင်ပါဆိုပြီး ဒီလို တိုက်တွန်းထားတယ်နော်၊

အဲဒီ တိုက်တွန်းတော်မူတဲ့အတိုင်းပဲ ဘုန်းကြီးတို့ နိဗ္ဗာနဂါမိနိပဋိပဒါကျမ်း ပထမတွဲမှာတော့ အာနာပါနဿတိ သမာဓိလမ်းစဉ်က အာနာပါနလမ်းစဉ်ကနေပြီးတော့ စတုတ္ထဈာန်သမာဓိ ဆိုက်ပုံအထိ သမာဓိထူထောင်ပုံ နည်းစနစ်တွေလည်း ဘုန်းကြီးတို့ ပြည့်ပြည့်စုံစုံ ရေးသားထားပါတယ်၊ အလားတူပဲ၊ အာနာပါန စတုတ္ထဈာန်သမာဓိလောက်နဲ့တွင် ကျေနပ်မှု မရဘဲ တခြားတခြား ကသိုဏ်းတစ်ဆယ်ပါး၊ သမာပတ်ရှစ်ပါး အစရှိတဲ့ သမထကမ္မဋ္ဌာန်းတွေကိုပါ ဆက်လက် ပွားများချင်တယ်ဆိုရင်လည်း ထိုပွားများလိုတဲ့ပုဂ္ဂိုလ်တွေ အတွက်ရည်ညွှန်းပြီးတော့ นိဗ္ဗာနဂါမိနိပဋိပဒါ ပဉ္စမတွဲမှာ သမထကမ္မဋ္ဌာန်းပိုင်း ဆိုပြီးတော့ ကမ္မဋ္ဌာန်းတစ်ခုအဖြစ်နဲ့ သီးသန့် ရေးသားထားပါတယ်နော်၊

နောက်တစ်ခု - ဒုက္ခသစ္စာ အမည်ရနေတဲ့ ရုပ်တရားတွေ ဟုတ်တိုင်းမှန်စွာ သိရေးအတွက် ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ကျင့်ရမလဲ? ဒီကျင့်စဉ်ပိုင်းကိုလည်း นိဗ္ဗာနဂါမိနိပဋိပဒါ ပထမတွဲမှာ ရုပ်ကမ္မဋ္ဌာန်းပိုင်းဆိုတဲ့ အမည်နဲ့ ဟောထားပါတယ်၊ အလားတူပဲ၊ ဒုက္ခသစ္စာစာရင်းထဲမှာ အကျုံးဝင်နေတဲ့ နာမ်တရားတွေကို ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ရှုပွားသုံးသပ်ရမလဲ? ဒီအပိုင်းကိုလည်း นိဗ္ဗာနဂါမိနိပဋိပဒါ ဒုတိယတွဲမှာ နာမ်ကမ္မဋ္ဌာန်းပိုင်းဆိုတဲ့နာမည်နဲ့ ပြည့်ပြည့်စုံစုံ ရေးသားထားပါတယ်နော်၊

ခုနက သမုဒယသစ္စာပိုင်းမှာ အကျုံးဝင်နေတဲ့ သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ပုံကို ဟုတ်တိုင်းမှန်စွာသိရှိရေးအတွက် ကြောင်းကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတွေကို ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ရှုပွား သုံးသပ်ရမလဲတဲ့၊ ဒီအပိုင်းကိုလည်း နိဗ္ဗာနဂါမိနိပဋိပဒါအမည်ရတဲ့ တတိယတွဲမှာ ပဋိစ္စသမုပ္ပါဒ်ပိုင်းဆိုတဲ့အမည်နဲ့ ပြည့်ပြည့်စုံစုံ ရေးသားတင်ပြထားပါတယ်၊ ဒုက္ခသစ္စာ၊ သမုဒယသစ္စာအမည်ရနေတဲ့ ဒီသစ္စာနှစ်ပါးက ဝိပဿနာဉာဏ်ရဲ့ အရှုခံအာရုံ ဖြစ်ပါတယ်၊ ထိုဝိပဿနာဉာဏ်ရဲ့ အရှုခံအာရုံဖြစ်တဲ့တရားတွေကို လက္ခဏ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်နည်းအားဖြင့် သိမ်းဆည်းရမယ်ဆိုပြီးတော့ အဋ္ဌကထာများက ပြည့်ပြည့်စုံစုံ ညွှန်ကြားထားပါတယ်၊ အဲဒီညွှန်ကြားချက်အတိုင်း လက္ခဏ, ရသ, ပစ္စုပဋ္ဌာန်, ပဒဋ္ဌာန်နည်းအရ သိမ်းဆည်းပုံ စနစ်ကိုလည်း ပြည့်ပြည့်စုံစုံ နိဗ္ဗာနဂါမိနိပဋိပဒါ စတုတ္ထတွဲမှာ ဖော်ပြထားပါတယ်၊

ဒီ ဒုက္ခသစ္စာ၊ သမုဒယသစ္စာ နှစ်ပါးက ဝိပဿနာဉာဏ်ရဲ့ အရှုခံအာရုံဖြစ်တဲ့အတွက် အရှုခံအာရုံဖြစ်တဲ့ ဒီဒုက္ခသစ္စာတရား၊ သမုဒယသစ္စာတရားတွေကို ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ဝိပဿနာ ရှုပွားသုံးသပ်ရမယ်ဆိုတဲ့အပိုင်းကို နိဗ္ဗာနဂါမိနိပဋိပဒါ ပဉ္စမတွဲမှာ ပြည့်ပြည့်စုံစုံ ဖော်ပြထားပါတယ်၊ ဒါကြောင့် ကျင့်စဉ်ပိုင်းတွေကို ပြည့်ပြည့်စုံစုံ တတ်သိနားလည်ချင်တယ် ဆိုရင်တော့ ထိုနိဗ္ဗာနဂါမိနိပဋိပဒါကျမ်းမှာ ပြည့်ပြည့်စုံစုံပဲ ပြန်ပြီးကြည့်ကြပါလို့ တိုက်တွန်းပါတယ်နော်၊

ဒီနေ့ အလှူရှင်အပေါင်းတို့က ဒီနိဗ္ဗာနဂါမိနိပဋိပဒါကျမ်းစာ ဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းပြီးတော့ လှူဒါန်းပူဇော်ကြတဲ့ အလှူဒါနပွဲ ဖြစ်ပါတယ်၊ ဒီတော့ ဒီအလှူဒါနပွဲမှာ ဘုန်းကြီးဖက်ကလည်း နိဗ္ဗာနဂါမိနိပဋိပဒါကျမ်းစာသည် ဘယ်ကဲ့သို့သော ကျမ်းစာမျိုး ဖြစ်တယ်ဆိုတာကို ခုလို အခါအခွင့်သင့်တုန်း ဟောကြားပြသခွင့်ရတဲ့အတွက် ဘုန်းကြီးလည်း ဝမ်းမြောက်ပါတယ်၊ အလှူရှင်အပေါင်းတို့လည်း ဘုန်းကြီးကဲ့သို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်၊

အဲဒီတော့ ဒီကျင့်စဉ်ပိုင်းတွေမှာ ဘုန်းကြီးက သမာဓိပိုင်းကျင့်စဉ်နှင့် ဝိပဿနာပိုင်းကျင့်စဉ်လောက်ပဲ ဖော်ပြထားတော့ သီလပိုင်းကျင့်စဉ် မပါဖြစ်နေတယ်၊ သီလကျင့်စဉ်ကို ဒီည သုတ္တန်လေးတစ်ခု အတိုချုပ်ပြီးတော့ ဘုန်းကြီးဟောဖို့ ရည်ရွယ်ထားပါတယ်နော်၊

အဲဒီ သုတ္တန်လေးကတော့ အင်္ဂုတ္တိုရ် စတုက္ကနိပါတ်မှာ လာရှိတဲ့ သပ္ပုရိသသုတ္တန်ဖြစ်ပါတယ်နော်၊ အဲဒီ သုတ္တန်မှာ မြတ်စွာဘုရားက ဒီသီလကျင့်စဉ်ပိုင်းမှာ ဘယ်လိုဟောထားလဲ?

‘‘စတူဟိ ဘိက္ခဝေ ဓမ္မေဟိ သမန္နာဂတော အသပ္ပုရိသော ဝေဒိတဗ္ဗော’’ (အံ၊၁၊၃၈၉။)

စတူဟိ၊ လေးမျိုးကုန်သော။ ဓမ္မေဟိ၊ တရားတို့နှင့်။ သမန္နာဂတော၊ ပြည့်စုံနေသော ပုဂ္ဂိုလ်ကို။ အသပ္ပုရိသော၊ မသူတော်ဟူ၍။ ဝေဒိတဗ္ဗော၊ သိအပ်၏၊

စသည်ဖြင့် တရားလေးမျိုးနှင့်ပြည့်စုံနေတဲ့ ပုဂ္ဂိုလ်ကို၊ အသပ္ပုရိသ = မသူတော်လို့ သိပါဆိုပြီး ဒီလိုဟောထားတယ်၊ အဲဒီတော့ ဒီဟောကြားချက်ကလေးကို ဘုန်းကြီးက ခုလို ရိပ်သာတွေမှာ အများစုပေါင်းပြီး နေထိုင်တဲ့ အချိန်အခါမှာ တစ်ဦးနဲ့တစ်ဦး တော်တော်လေးကို သတိပြုသင့်တဲ့ သုတ္တန်ပိုင်းဆိုင်ရာ သီလကျင့်စဉ်လေးတွေ ဖြစ်ပါတယ်နော်၊ ဒီတော့ ဒီကျင့်စဉ်လေးတွေကို ခဏခဏ နာကြားကြရမယ်ဆိုရင် စိတ်ဓာတ်ကလေးတွေကို မိမိတို့ ချို့ယွင်းချက်ကလေးတွေကို ခဏခဏ ပြင်လို့ရလိမ့်မယ်လို့ ဘုန်းကြီးက မျှော်လင့်ပါတယ်၊

မသူတော်ဆိုတာက ဘယ်လိုပုဂ္ဂိုလ် ဖြစ်တယ်၊ သူတော်ကောင်းဆိုတာက ဘယ်လိုပုဂ္ဂိုလ်မျိုး ဖြစ်တယ်ဆိုတာကို နည်းနည်းလေး နားလည်ထားစေချင်တယ်၊ ဒီတော့ တရားလေးမျိုးနဲ့ ပြည့်စုံနေတဲ့ပုဂ္ဂိုလ်ကို မသူတော်လို့ သိပါဆိုတော့ ဒီတရားလေးမျိုးဟာ ဘာတွေလဲလို့မေးတော့?

‘‘ဣဓ ဘိက္ခဝေ အသပ္ပုရိသော ယော ဟောတိ ပရဿ အဝဏ္ဏော တံ အပုဋ္ဌောပိ ပါတု ကရောတိ’’ (အံ၊၁၊၃၈၉။)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ ဣဓ၊ ဤသာသနာတော်၌။ ယော အသပ္ပုရိသော၊ အကြင်မသူတော်သည်။ ဟောတိ၊ ဖြစ်၏။ ပရဿ၊ သူတစ်ပါး၏။ အဝဏ္ဏော၊ ဂုဏ်ကျေးဇူးမဲ့ အပြစ်သည်။ ယော ဟောတိ၊ အကြင်အပြစ်ရှိ၏။ တံ၊ ထိုအပြစ်ကို။ အပုဋ္ဌောပိ၊ မမေးအပ်သော်လည်း။ ပါတု ကရောတိ၊ ထင်ရှားစွာ ပြောပြတတ်၏၊

ချစ်သားရဟန်းတို့ ဒီသာသနာတော်မှာ သူတစ်ပါးရဲ့ ဂုဏ်ကျေးဇူးမဲ့အပြစ်တွေကို မမေးဘဲနှင့်တောင်မှ သူက ထင်ရှားပြောပြတတ်တယ်တဲ့၊ သူတစ်ပါး မကောင်းကြောင်းပေါ့၊ တစ်ဖက်က မမေးသေးဘူးလေ၊ သူက ဦးအောင် အရင်ဆုံး ပြောပြလိုက်တယ်၊ အဲဒီလို ပြောပြလိုက်တဲ့ ပုဂ္ဂိုလ်ဟာ သူတော်ကောင်းလား၊ မသူတော်လား? ဟင်! အဲဒါ ဘယ်သူပြောတာလဲ? ဘုန်းကြီးပြောတာ မဟုတ်ပါဘူးနော်၊ ဘုန်းကြီးကို ရန်မတွေ့နဲ့၊ ရန်မတွေ့နဲ့၊ အဲဒါ မြတ်စွာဘုရား ဟောနေတာ၊ သူတစ်ပါးအပြစ်ကို မမေးဘဲနဲ့ အရင်ပြောပြတဲ့ပုဂ္ဂိုလ်ဟာ သူတော်ကောင်းလား? မသူတော်တဲ့၊ ဘယ်နှယ့်တုန်း သီလရှင်တွေကြားကြရဲ့လား? ဟိုနောက်က ယောဂီတွေရောကြားကြရဲ့လား၊ အေး အေး မသူတော်ဖြစ်ချင်သလား၊ သူတော်ကောင်း ဖြစ်ချင်သလား? ဒါကတော့ ပြောမှာပဲ၊ ဒီပွဲထဲမှာ တပည့်တော်က မသူတော်ဖြစ်ချင်ပါတယ် ဆိုရင်တော့ ဒါက အရှက်ကွဲပြီ၊ ဟုတ်တယ် မဟုတ်လား? သူတော်ကောင်း ဖြစ်ချင်တယ်လို့တော့ ပြောမှာပေါ့၊ သူတော်ကောင်း ဖြစ်ချင်ရင် သူတစ်ပါးရဲ့ အပြစ်ကို မမေးဘဲနဲ့ ပြောရမလား၊ မပြောရဘူးလား?

‘‘ပုဋ္ဌော ခေါ ပန ပဥှာဘိနီတော အဟာပေတွာ အလမ္ဗိတွာ ပရိပူရံ ဝိတ္ထာရေန ပရဿ အဝဏ္ဏံ ဘာသိတာ ဟောတိ’’ (အံ၊၁၊၃၈၉။)

ပုဋ္ဌော ခေါ ပန၊ လှမ်း၍ မေးအပ်သည်ရှိသော်မူလည်းကောင်း။ ပဥှာဘိနီတော၊ ပြဿနာ အမေးထုတ်၍ ဆောင်အပ်သည်ရှိသော်။ အဟာပေတွာ၊ တစ်လုံးတစ်ပါဒမျှ မလျော့စေဘဲ။ အလမ္ဗိတွာ၊ နည်းငယ်မျှ ဆိုင်းတွခြင်း မရှိဘဲ။ ပရိပူရံ၊ ပြည့်ပြည့်စုံစုံ။ ဝိတ္ထာရေန၊ အကျယ်ချဲ့၍။ ပရဿ၊ သူတစ်ပါး၏။ အဝဏ္ဏံ၊ ဂုဏ်ကျေးဇူးမဲ့ကို။ ဘာသိတာ ဟောတိ၊ ပြောဆိုတတ်သည် ဖြစ်၏၊

လှမ်းပြီး မေးလိုက်မယ်၊ ဟိုကောင်မ ဘာတွေလုပ်လဲ၊ ဟိုကိုယ်တော်က ဘာတွေလုပ်လဲ? နည်းနည်းလေး မေးလိုက်တယ်၊ မေးသာမေးမယ် ဆိုလို့ရင်ရှိရင်နော်၊ ပြဿနာတစ်ခုက ပေါ်လာလို့ မေးခွန်းလေးတစ်ခု မေးလိုက်တာနဲ့ ဘာဖြစ်လဲ၊ အဟာပေတွာတဲ့၊ တစ်လုံးတစ်ပါဒမှ မလျော့စေရဘူး၊ အလမ္ဗိတွာ = နည်းနည်းမှ ဆိုင်းတွမှု မရှိဘူးတဲ့၊ ဟုတ်လား? ခပ်သွက်သွက်ပေါ့၊ ပရိပူရံ = ပြည့်ပြည့်စုံစုံ၊ ဝိတ္ထာရေန = အကျယ်ချဲ့ပြီးတော့၊ ပရဿ အဝဏ္ဏံ ဘာသိတာ ဟောတိ = သူတစ်ပါးရဲ့ ဂုဏ်ကျေးဇူးမဲ့တွေကို ပြောတယ်တဲ့၊ နည်းနည်းလေးမှ မဆိုင်းတွဘူး၊ ဟုတ်လား၊ ခပ်သွက်သွက်ပေါ့၊ တစ်လုံးမှလည်း ချန်မထားဘူး၊ ပြည့်ပြည့်စုံစုံ ကျယ်ကျယ်ပြန့်ပြန့်ကို သူတစ်ပါးရဲ့ မကောင်းကြောင်းကို ပြောတယ်တဲ့၊ အဲဒီလို ပုဂ္ဂိုလ်ဟာ သူတော်ကောင်းလား၊ မသူတော်လား? (မသူတော်ပါဘုရား) အဲ ဘယ်သူပြောတာလဲ၊ မြတ်စွာဘုရား ဟောတာနော်၊ ဘုန်းကြီးဟောတာ မဟုတ်ဘူးနော်၊ တော်ကြာ ဘုန်းကြီးကို ရန်ထောင်မနေနဲ့၊ ကဲ —

‘‘ဝေဒိတဗ္ဗမေတံ ဘိက္ခဝေ၊ အသပ္ပုရိသော အယံ ဘဝန္တိ’’ (အံ၊၁၊၃၈၉။)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ ဧတံ၊ ထိုသို့သော ပုဂ္ဂိုလ်မျိုးကို။ အသပ္ပုရိသော အယံ ဘဝန္တိ၊ ဤပုဂ္ဂိုလ်သည် မသူတော်ဖြစ်၏ဟူ၍။ ဝေဒိတဗ္ဗံ၊ သိအပ်၏၊

အဲဒီလို ပုဂ္ဂိုလ်မျိုးကို မသူတော်လို့ သိပါတဲ့၊ ဒါက နံပါတ်တစ်၊ နံပါတ်နှစ် ပုဂ္ဂိုလ်က -

‘‘ပုန စပရံ ဘိက္ခဝေ အသပ္ပုရိသော ယော ဟောတိ ပရဿ ဝဏ္ဏော တံ ပုဋ္ဌောပိ န ပါတု ကရောတိ’’ (အံ၊၁၊၃၈၉။)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ ပုန စပရံ၊ ထို့ပြင်တစ်ပါး။ ယော အသပ္ပုရိသော၊ အကြင်မသူတော်သည်။ ဟောတိ၊ ဖြစ်၏။ ပရဿ၊ သူတစ်ပါး၏။ ဝဏ္ဏော၊ ဂုဏ်ကျေးဇူး ချီးမွမ်းခြင်းသည်။ ယော ဟောတိ၊ အကြင်ကောင်းကြောင်းရှိ၏။ တံ၊ ထိုကောင်းကြောင်းကို။ ပုဋ္ဌောပိ၊ လာ၍ မေးအပ်သော်လည်း။ န ပါတု ကရောတိ၊ ထင်ရှားစွာ ပြောပြလေ့မရှိ၊

သူတစ်ပါးရဲ့ ကောင်းကြောင်း ဂုဏ်ကျေးဇူးတွေကို လာပြီးမေးတယ် ဆိုလို့ရှိရင် မေးတာတောင်မှ သူက ထင်ထင်ရှားရှား သိပ်မပြောချင်ဘူးတဲ့၊ ပြောရမှာ သူက စိတ်မပါဘူး၊ သူတစ်ပါး ကောင်းတဲ့အကြောင်းကို သိပ်မပြောချင်ဘူး၊ အမလေး ဒီးဒုတ်လောက်တော့ ငှက်တိုင်းလှပါတယ်၊ ဟုတ်တယ် မဟုတ်လား၊ ဇီးကွက်လောက်တော့ ငှက်တိုင်းလှတယ်၊ ဒီးဒုတ်လောက်တော့ ငှက်တိုင်းလှတယ် စသည်ဖြင့် ဒီလို မြင်လာတယ်၊ နောက်တစ်ခု -

‘‘ကော ပန ဝါဒေါ အပုဋ္ဌဿ’’ (အံ၊၁၊၃၈၉။)

အပုဋ္ဌဿ၊ မမေးအပ်သော ပုဂ္ဂိုလ်အား။ ကော ပန ဝါဒေါ၊ အဘယ်မှာ ပြောဆိုခြင်း ရှိအံ့နည်း၊

မမေးသာ မမေးဘူးဆိုရင် သူတစ်ပါး ကောင်းတဲ့အကြောင်း ဘယ်တော့မှ မပြောဘူး၊ မေးတာတောင်မှ သူက ထင်ရှားအောင် မပြောချင်ဘူးတဲ့နော်၊

‘‘ပုဋ္ဌော ခေါ ပန ပဥှာဘိနီတော ဟာပေတွာ လမ္ဗိတွာ အပရိပူရံ အဝိတ္ထာရေန ပရဿ ဝဏ္ဏံ ဘာသိတာ ဟောတိ’’ (အံ၊၁၊၃၈၉။)

ပုဋ္ဌော ခေါ ပန၊ မေးမြန်းအပ်သည်ရှိသော်မူလည်းကောင်း။ ပဥှာဘိနီတော၊ ပြဿနာထုတ်၍ မေးမြန်းအပ်သည်ရှိသော်။ ဟာပေတွာ၊ လျှော့၍။ လမ္ဗိတွာ၊ ဆိုင်းဆိုင်းတွတွ ပြု၍။ အပရိပူရံ၊ မပြည့်မစုံ။ အဝိတ္ထာရေန၊ အကျယ်မချဲ့ဘဲ။ ပရဿ၊ သူတစ်ပါး၏။ ဝဏ္ဏံ၊ ကောင်းသောဂုဏ်ကို။ ဘာသိတာ ဟောတိ၊ ပြောဆိုတတ်သည် ဖြစ်၏၊

အကြောင်းအရာ တစ်ခုရှိလို့ ပြဿနာထုတ်ပြီးတော့ လှမ်းပြီး မေးလိုက်မယ် ဆိုလို့ရှိရင်တော့ လျှော့လျှော့ပေါ့ပေါ့ ပြောတတ်တယ်၊ သူတစ်ပါးရဲ့ ကောင်းတဲ့အကြောင်း လျှော့လျှော့ပေါ့ပေါ့ ပြောတယ်၊ လမ္ဗိတွာ = လျှော့လျှော့ပေါ့ပေါ့နဲ့ ဆိုင်းဆိုင်းတွတွလေးနဲ့နော်၊ ငါတော့ကွယ် သူများအကြောင်း သိပ်ပြီး မပြောချင်ပါဘူး၊ သူက ဒီလိုဒီလို။ ခပ်ဆိုင်းဆိုင်းတွတွလေးနဲ့နော်၊ အပရိပူရံ = သူတစ်ပါး ကောင်းတဲ့အကြောင်းကို မပြည့်မစုံ ပြောတယ်၊ အဝိတ္ထာရေန = အကျယ်ချဲ့ပြီး ဘယ်တော့မှ မပြောဘူး၊ ခပ်တိုတိုပဲ ပြောလိုက်တယ်တဲ့နော်၊ သူတစ်ပါး ကောင်းတဲ့ဂုဏ်သတင်းကို အဲဒီလို မပြောပြချင်တဲ့ ပုဂ္ဂိုလ်၊ အဲဒီလို ပုဂ္ဂိုလ်ဟာ သူတော်ကောင်းလား၊ မသူတော်လား? မသူတော်ပဲ၊ အဲဒါကလည်း မြတ်စွာဘုရား ဟောတာပဲနော်၊ နောက်တစ်ခု နံပါတ်သုံး မသူတော်၊

‘‘ပုန စပရံ ဘိက္ခဝေ အသပ္ပုရိသော ယော ဟောတိ အတ္တနော အဝဏ္ဏော တံ ပုဋ္ဌောပိ န ပါတု ကရောတိ’’ (အံ၊၁၊၃၈၉။)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ ပုန စပရံ၊ ထို့ပြင်တစ်ပါး။ ယော အသပ္ပုရိသော၊ အကြင်မသူတော်သည်။ ဟောတိ၊ ဖြစ်၏။ အတ္တနော၊ မိမိ၏။ အဝဏ္ဏော၊ မကောင်းသော အပြစ်သည်။ ယော ဟောတိ၊ အကြင်အပြစ်ရှိ၏။ တံ၊ ထိုအပြစ်ကို။ ပုဋ္ဌောပိ၊ လာ၍ မေးအပ်သော်လည်း။ န ပါတု ကရောတိ၊ ထင်ရှားစွာ ဝန်ခံပြောပြလေ့မရှိ၊

နောက်ထပ် မသူတော်တစ်ဦး၊ မိမိရဲ့ မကောင်းတဲ့ကြောင်း ဂုဏ်ကျေးဇူးမဲ့တဲ့အချက် အကြောင်းအရာတွေ ရှိတယ်၊ အဲဒီ အကြောင်းအရာတွေကို သူတစ်ပါးတွေကနေပြီးတော့ လာမေးပြီ၊ အရှင်ဘုရား ဒီလို ဒီလို အာပတ်တွေ လွန်ကျူးနေတယ်ဆိုတာ ဟုတ်သလား? မေးလိုက်တယ်၊ မေးလိုက်တဲ့ အချိန်အခါကျတော့ သူက ဘာပြောလဲ?

န ပါတု ကရောတိ တဲ့၊ ထင်ထင်ရှားရှား သူဘယ်တော့မှ ဝန်မခံဘူး၊ ဝေ့လည်ကြောင်ပတ် လုပ်နေတယ်နော်၊ ဟုတ်သလိုလို၊ မဟုတ်သလိုလိုနဲ့ မဟုတ်ဘူး ပြောရင်လည်း သူက ဟို လိမ်တဲ့အဓိပ္ပာယ်က ပေါ်သွားမှာစိုးလို့၊ ဟုတ်သလိုလို၊ မဟုတ်သလိုလို၊ ဘာလိုလို၊ ညာလိုလိုနဲ့ ဟိုလွှဲလိုက် ဒီလွှဲလိုက် လုပ်နေတယ်၊ နောက်တစ်ခု၊

‘‘ကော ပန ဝါဒေါ အပုဋ္ဌဿ’’ (အံ၊၁၊၃၈၉။)

အပုဋ္ဌဿ၊ မမေးအပ်သော ပုဂ္ဂိုလ်အား။ ကော ပန ဝါဒေါ၊ အဘယ်မှာ ပြောဆိုခြင်း ရှိအံ့နည်း၊

မမေးသာ မမေးဘူးဆိုရင် သူက ဘယ်တော့မှ မိမိရဲ့ မကောင်းကြောင်းကို မပြောဘူး၊

‘‘ပုဋ္ဌော ခေါ ပန ပဥှာဘိနီတော ဟာပေတွာ လမ္ဗိတွာ အပရိပူရံ အဝိတ္ထာရေန အတ္တနော အဝဏ္ဏံ ဘာသိတာ ဟောတိ’’ (အံ၊၁၊၃၈၉။)

ပုဋ္ဌော ခေါ ပန၊ မေးမြန်းအပ်သည်ရှိသော်မူလည်းကောင်း။ ပဥှာဘိနီတော၊ ပြဿနာထုတ်၍ မေးမြန်းအပ်သည်ရှိသော်။ ဟာပေတွာ၊ လျှော့၍။ လမ္ဗိတွာ၊ ဆိုင်းဆိုင်းတွတွ ပြု၍။ အပရိပူရံ၊ မပြည့်မစုံ။ အဝိတ္ထာရေန၊ အကျယ်မချဲ့ဘဲ။ အတ္တနော၊ မိမိ၏။ အဝဏ္ဏံ၊ မကောင်းသော အပြစ်ကို။ ဘာသိတာ ဟောတိ၊ ပြောဆိုတတ်သည် ဖြစ်၏၊

မေးမြန်းခဲ့မယ်၊ အကြောင်းအရာတစ်ခုရှိလို့ မေးခွန်းထုတ်ပြီး မေးမြန်းခဲ့မယ်ဆိုရင် လျှော့လျှော့ပေါ့ပေါ့၊ ဆိုင်းဆိုင်းတွတွလေးနဲ့ မိမိရဲ့ မကောင်းကြောင်းကို အကျယ်မချဲ့ဘဲ ခပ်ကျဉ်းကျဉ်း ခပ်တိုတိုလေး ပြောတတ်တယ်တဲ့၊ မှန်တဲ့အတိုင်း တိတိကျကျ ပြန်ပြီးတော့ မပြောဘူး၊ အဲဒီလို ပုဂ္ဂိုလ်ကလည်းပဲ သူတော်ကောင်းလား၊ မသူတော်လား? မသူတော်ပဲတဲ့၊ ကဲ နောက်တစ်ခု၊

‘‘ပုန စပရံ ဘိက္ခဝေ အသပ္ပုရိသော ယော ဟောတိ အတ္တနော ဝဏ္ဏော တံ အပုဋ္ဌောပိ ပါတု ကရောတိ’’ (အံ၊၁၊၃၈၉။)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ ပုန စပရံ၊ ထို့ပြင်တစ်ပါး။ ယော အသပ္ပုရိသော၊ အကြင်မသူတော်သည်။ ဟောတိ၊ ဖြစ်၏။ အတ္တနော၊ မိမိ၏။ ဝဏ္ဏော၊ ကောင်းသောဂုဏ်ကျေးဇူးသည်။ ယော ဟောတိ၊ အကြင်ဂုဏ်ရှိ၏။ တံ၊ ထိုဂုဏ်ကို။ အပုဋ္ဌောပိ၊ မမေးအပ်သော်လည်း။ ပါတု ကရောတိ၊ ထင်ရှားစွာ ထုတ်ဖော်ပြောဆိုတတ်၏၊

နောက်တစ်မျိုးကတော့ ပုဂ္ဂိုလ်တစ်ယောက်က မိမိရဲ့ ဂုဏ်ကျေးဇူးတွေ ရှိတယ်၊ မိမိရဲ့ ကောင်းတဲ့ အကြောင်းပေါ့လေ၊ ငါစာမေးပွဲ ဘာတွေ အောင်ခဲ့တယ်၊ ဘယ်မှာ ဘီအေ အောင်ခဲ့တယ်၊ ဘယ်မှာ ဓမ္မာစရိယ ဘယ်လို အောင်ခဲ့တယ်ပေါ့၊ ဟုတ်တယ် မဟုတ်လား? ကောင်းတဲ့အကြောင်းတွေ၊ ကောင်းတဲ့အကြောင်းတွေ၊ အဲဒီ ကောင်းတဲ့အကြောင်းတွေကို "အပုဋ္ဌောပိ ပါတုကရောတိ" သူတစ်ပါးက မမေးရသေးဘူး၊ ကိုယ်က အရင်စပြီး ပြောပြီ၊ ဟုတ်တယ် မဟုတ်လား? သူတစ်ပါး မမေးရသေးဘဲနဲ့ ကိုယ်က အရင်စပြီး ပြောပြလိုက်တယ်၊ ငါကဘယ်လို ဘယ်လူ့သမီး၊ ဘယ်သူဋ္ဌေးသမီး၊ ငါငယ်ငယ်တုန်းက ဘယ်လောက် ချမ်းသာတယ်၊ ငါ့အမေက ဘယ်လောက် ချမ်းသာတယ်၊ ငါ့အဖေက ဘယ်လောက် ချမ်းသာတယ်ပေါ့၊ ဟုတ်တယ် မဟုတ်လား? အဲဒီ ပုံစံဖြင့် မိမိရဲ့ ကောင်းတဲ့အကြောင်းတွေကို သူတစ်ပါး မမေးဘဲနဲ့ အရင်စပြီး ထုတ်ဖော်ပြောတယ်တဲ့၊ ပြောလိုက်တဲ့ အချိန်အခါမှာ-

‘‘ကော ပန ဝါဒေါ ပုဋ္ဌဿ’’ (အံ၊၁၊၃၈၉။)

ပုဋ္ဌဿ၊ မေးမြန်းအပ်သော ပုဂ္ဂိုလ်အား။ ကော ပန ဝါဒေါ၊ အဘယ်မှာ ပြောဆိုခြင်း ရှိအံ့နည်း၊

မေးသာမေးမယ် ဆိုလို့ရှိရင်တော့ ပြောပြလို့ မကုန်ဘူး၊ ပြောမဆုံးပေါင် တောသုံးထောင်၊ ဟို ဘုန်းကြီးတို့ Ngelငယ်က ပြောနေကျ စကားလုံးနဲ့ ပြောမယ်ဆိုရင်တော့ ဟိမဝန္တာ ချီးမွမ်းခန်း ဖွင့်တယ်ပေါ့၊ မဒ္ဒီဒေဝီက ဝေဿန္တရာမင်းကြီးနဲ့အတူ ဟိမဝန္တာတော မထွက်ခင်မှာ ဝေဿန္တရာမင်းကြီးက သူ့နောက်ကို မလိုက်ဘဲနဲ့ သားငယ်၊ သမီးငယ်ဖြစ်တဲ့ ဇာလီ၊ ကဏှာဇိန်တို့နဲ့အတူ ဒီနန်းတွင်းမှာ နေခဲ့ဖို့ ပြောလိုက်တဲ့အခါမှာ မဒ္ဒီဒေဝီက သူမမြင်ဘူးတဲ့ ဟိမဝန္တာကို အင်မတန် ချီးမွမ်းတယ်၊ အင်မတန် ကျယ်ကျယ်ပြန့်ပြန့် ချီးမွမ်းတယ်၊ အဲဒီဟာကို စာပေနယ်က ဟိမဝန္တာချီးမွမ်းခန်း ဖွင့်တယ်တဲ့ ဟုတ်လား? ခုလည်း ဒီအတိုင်းပဲ၊ မိမိရဲ့ ကောင်းတဲ့အကြောင်း ဆိုလို့ရှိရင် သူတစ်ပါးက ဘာမှ မမေးရသေးဘူး၊ ဟိမဝန္တာချီးမွမ်းခန်း ဖွင့်လိုက်ပြီနော်၊ မေးသာ မေးလိုက်မယ် ဆိုလို့ရှိရင်တော့ ပြောလို့ မကုန်တော့ဘူးတဲ့၊

‘‘ပုဋ္ဌော ခေါ ပန ပဥှာဘိနီတော အဟာပေတွာ အလမ္ဗိတွာ ပရိပူရံ ဝိတ္ထာရေန အတ္တနော ဝဏ္ဏံ ဘာသိတာ ဟောတိ’’ (အံ၊၁၊၃၈၉။)

ပုဋ္ဌော ခေါ ပန၊ မေးမြန်းအပ်သည်ရှိသော်မူလည်းကောင်း။ ပဥှာဘိနီတော၊ ပြဿနာထုတ်၍ မေးမြန်းအပ်သည်ရှိသော်။ အဟာပေတွာ၊ တစ်လုံးတစ်ပါဒမျှ မလျော့စေဘဲ။ အလမ္ဗိတွာ၊ နည်းငယ်မျှ ဆိုင်းတွခြင်း မရှိဘဲ။ ပရိပူရံ၊ ပြည့်ပြည့်စုံစုံ။ ဝိတ္ထာရေန၊ အကျယ်ချဲ့၍။ အတ္တနော၊ မိမိ၏။ ဝဏ္ဏံ၊ ကောင်းသောဂုဏ်ကို။ ဘာသိတာ ဟောတိ၊ ပြောဆိုတတ်သည် ဖြစ်၏၊

မေးသာမေးမယ် ဆိုလို့ရှိရင်တော့ မိမိရဲ့ကောင်းတဲ့ဂုဏ်သတင်းတွေကို နည်းနည်းလေးမှ လျှော့မပြောဘူး၊ နည်းနည်းမှလည်း ဆိုင်းတွမှု မရှိဘူး၊ ပြည့်ပြည့်စုံစုံ၊ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ကျကျနန မိမိရဲ့ ဂုဏ်ကျေးဇူးတွေကို ထုတ်ဖော်ပြီး ပြောပြတတ်တယ်တဲ့၊ ကဲ ဘယ်လိုတုန်း? အဲဒီ ပုဂ္ဂိုလ်ဟာလည်း သူတော်ကောင်းလား၊ မသူတော်လား? မသူတော်ပဲတဲ့နော်၊ အားလုံး ဘယ်နှစ်ယောက် ရှိသွားလဲ? လေးဦး၊ မှတ်မိပြီးလား? ဘုန်းကြီးက ထပ်ပြောချင်လို့မေးတာ၊ ဟုတ်တယ်မဟုတ်လား?

နံပါတ်တစ်က ဘာလဲ? နံပါတ်တစ်ပုဂ္ဂိုလ်က သူတစ်ပါးရဲ့ ဂုဏ်ကျေးဇူးမဲ့တွေကို မမေးဘဲနဲ့ ပြောပြတတ်တယ်၊ မေးရင်တော့ အကျယ်ချဲ့ပြီးတော့ ပြည့်ပြည့်စုံစုံ ဆိုင်းဆိုင်းတွတွ မရှိဘဲ အကုန်လုံး အပြည်အစုံ ပြောပြလိုက်တယ်၊ ဒါကတစ်ခု၊

နံပါတ်နှစ်ပုဂ္ဂိုလ်ကျတော့ သူတစ်ပါးရဲ့ ဂုဏ်ကျေးဇူးကို ထင်ထင်ရှားရှား မပြောချင်ဘူး၊ မလွှဲသာမရှောင်သာလို့ မေးရင်လည်း လျှော့လျှော့ပေါ့ပေါ့လေး ပြောတတ်တယ်၊ ပြည့်ပြည့်စုံစုံ ဘယ်တော့မှ မပြောဘူး၊ ဆိုင်းဆိုင်းတွတွနဲ့ ပြောတယ်၊

နံပါတ်သုံးကတော့ မိမိရဲ့ ဂုဏ်ကျေးဇူးမဲ့၊ မိမိရဲ့မကောင်းတဲ့ သတင်းတွေ ဒီအကြောင်းကို ဘယ်တော့မှ မပြောဘူး၊ အမြဲတမ်း ဖုံးအုပ်ထားတယ်၊ မလွှဲသာ မရှောင်သာလို့ လာပြီးတော့မေးမယ် ဆိုလို့ရှိရင်လည်း (မမေးရင်တော့ ဘယ်တော့မှ မပြောဘူး) မလွှဲသာ မရှောင်သာလို့ မေးခဲ့မယ်ဆိုရင်လည်း ဆိုင်းဆိုင်းတွတွနဲ့ လျှော့လျှော့ပေါ့ပေါ့ မပြည့်မစုံဘဲနဲ့ ပြောပြတတ်တယ်၊

နံပါတ်လေးကတော့ မိမိရဲ့ ဂုဏ်ကျေးဇူးပဲ၊ မိမိရဲ့ ဂုဏ်ကျေးဇူး မမေးတောင်မှ သူက ပြောတယ်၊ မေးမယ်ဆိုရင်တော့ ပြောစရာတောင် မလိုဘူး၊ ဟိမဝန္တာ ချီးမွမ်းခန်း အကြီးအကျယ် ဖွင့်တော့တာပဲနော်၊ ကဲ နောက်တစ်ခု- သူတော်ကောင်းအကြောင်း ပြောမယ်၊

‘‘စတူဟိ ဘိက္ခဝေ ဓမ္မေဟိ သမန္နာဂတော သပ္ပုရိသော ဝေဒိတဗ္ဗော’’

စတူဟိ၊ လေးမျိုးကုန်သော။ ဓမ္မေဟိ၊ တရားတို့နှင့်။ သမန္နာဂတော၊ ပြည့်စုံနေသော ပုဂ္ဂိုလ်ကို။ သပ္ပုရိသော၊ သူတော်ကောင်းဟူ၍။ ဝေဒိတဗ္ဗော၊ သိအပ်၏၊

တရားလေးမျိုးနှင့် ပြည့်စုံနေတဲ့ပုဂ္ဂိုလ်ကို သူတော်ကောင်းလို့ သိရမယ်၊ ဘာလေးမျိုးလဲ?

‘‘ဣဓ ဘိက္ခဝေ သပ္ပုရိသော ယော ဟောတိ ပရဿ အဝဏ္ဏော တံ ပုဋ္ဌောပိ န ပါတု ကရောတိ။ ကော ပန ဝါဒေါ အပုဋ္ဌဿ’’ (အံ၊၁၊၃၈၉။)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ ဣဓ၊ ဤသာသနာတော်၌။ ယော သပ္ပုရိသော၊ အကြင်သူတော်ကောင်းသည်။ ဟောတိ၊ ဖြစ်၏။ ပရဿ၊ သူတစ်ပါး၏။ အဝဏ္ဏော၊ မကောင်းသော အပြစ်သည်။ ယော ဟောတိ၊ အကြင်အပြစ်ရှိ၏။ တံ၊ ထိုအပြစ်ကို။ ပုဋ္ဌောပိ၊ လာ၍ မေးအပ်သော်လည်း။ န ပါတု ကရောတိ၊ ထင်ရှားစွာ ပြောပြလေ့မရှိ။ အပုဋ္ဌဿ၊ မမေးအပ်သော ပုဂ္ဂိုလ်အား။ ကော ပန ဝါဒေါ၊ အဘယ်မှာ ပြောဆိုခြင်း ရှိအံ့နည်း၊

လောကမှာ မသူတော်တွေ တစ်ခြားပုဂ္ဂိုလ်တစ်ယောက်ရဲ့ ဂုဏ်ကျေးဇူးမဲ့တွေရှိတယ်၊ မကောင်းသတင်းတွေ ရှိတယ်၊ အဲဒီ မကောင်းသတင်းတွေကို လာပြီး မေးမယ်ဆိုရင်တောင်မှ သူက ပေါ်ပေါ်လွင်လွင် သိပ်မပြောဘူး၊ သူတစ်ပါး မကောင်းကြောင်းကို သိပ်မပြောဘူး၊ ထင်ထင်ရှားရှား သိပ်မပြောချင်ဘူး၊ အကယ်၍ မမေးဘူး ဆိုလို့ရှိရင်တော့ ဘာမှကို သူတစ်ပါး မကောင်းကြောင်း ဘယ်တော့မှ မပြောဘူး၊ နောက်တစ်ခု-

‘‘ပုဋ္ဌော ခေါ ပန ပဥှာဘိနီတော ဟာပေတွာ လမ္ဗိတွာ အပရိပူရံ အဝိတ္ထာရေန ပရဿ အဝဏ္ဏံ ဘာသိတာ ဟောတိ’’ (အံ၊၁၊၃၈၉။)

ပုဋ္ဌော ခေါ ပန၊ မေးအပ်သည်ဖြစ်၍သာလျှင်မူလည်းကောင်း။ ပဥှာဘိနီတော၊ ပြဿနာတစ်ခုခု ထုတ်ဆောင်၍ မေးအပ်သည်ဖြစ်၍၎င်း။ ဟာပေတွာ၊ ချန်လှပ်၍။ လမ္ဗိတွာ၊ ဆိုင်းဆိုင်းတွတွ ပြု၍။ အပရိပူရံ၊ မပြည့်မစုံ။ အဝိတ္ထာရေန၊ အကျယ်မချဲ့ဘဲ။ ပရဿ၊ သူတစ်ပါး၏။ အဝဏ္ဏံ၊ မကောင်းကြောင်းကို။ ဘာသိတာ ဟောတိ၊ ပြောဆိုတတ်သည် ဖြစ်၏။

အကြောင်းကိစ္စ တစ်ခုခုရှိလို့ပေါ့နော်၊ သက်သေအရာမှ တည်ပြီးတော့ လာပြီးမေးမယ် ဆိုရင်တောင်မှ သူတစ်ပါးရဲ့ မကောင်းကြောင်းကို ဆိုင်းဆိုင်းတွတွလေးနဲ့ လျှော့လျှော့ပေါ့ပေါ့လေးနဲ့ ပြောတယ်၊ မပြည့်မစုံပြောတယ်၊ ဘယ်တော့မှ အကျယ်ချဲ့ပြီးတော့ မပြောဘူး၊ လိုရင်းလောက်ကလေးပဲ တစ်ခွန်းစ နှစ်ခွန်းစ ဒီလောက်ပဲ ပြောတယ်၊ ဒီတော့ သူတစ်ပါး မကောင်းကြောင်းကို သူက အမြဲတမ်း မပြောချင်ဘူးတဲ့ ပုဂ္ဂိုလ်တစ်မျိုး၊ အဲဒီလို ပုဂ္ဂိုလ်မျိုးကိုလည်း ဘုရားရှင်က သပ္ပုရိသ၊ သူတော်ကောင်းဆိုပြီးတော့ ဟောတယ်၊ နောက်တစ်ခု -

‘‘ပုန စပရံ ဘိက္ခဝေ သပ္ပုရိသော ယော ဟောတိ ပရဿ ဝဏ္ဏော တံ အပုဋ္ဌောပိ ပါတု ကရောတိ။ ကော ပန ဝါဒေါ ပုဋ္ဌဿ’’ (အံ၊၁၊၃၉၀။)

သူတစ်ပါးရဲ့ ကောင်းနေတဲ့ ဂုဏ်ကျေးဇူးတွေရှိတယ်၊ အဲဒီ ဂုဏ်ကျေးဇူးတွေကိုကျတော့ သူက မမေးဘဲနဲ့သော်လည်း ပြောပြတတ်တယ်၊ မေးသာမေးမယ် ဆိုလို့ရှိရင်တော့ ဘာမှ ပြောဖွယ်ရာ မလိုတော့ဘူးတဲ့နော်၊

‘‘ပုဋ္ဌော ခေါ ပန ပဥှာဘိနီတော အဟာပေတွာ အလမ္ဗိတွာ ပရိပူရံ ဝိတ္ထာရေန ပရဿ ဝဏ္ဏံ ဘာသိတာ ဟောတိ’’ (အံ၊၁၊၃၉၀။)

ပုဋ္ဌော ခေါ ပန၊ မေးအပ်သည်ဖြစ်၍သာလျှင်မူလည်းကောင်း။ ပဥှာဘိနီတော၊ ပြဿနာတစ်ခုခု ထုတ်ဆောင်၍ မေးအပ်သည်ဖြစ်၍၎င်း။ အဟာပေတွာ၊ မချန်မလှပ်ဘဲ။ အလမ္ဗိတွာ၊ မဆိုင်းမတွဘဲ။ ပရိပူရံ၊ ပြည့်ပြည့်စုံစုံ။ ဝိတ္ထာရေန၊ အကျယ်ချဲ့၍။ ပရဿ၊ သူတစ်ပါး၏။ ဝဏ္ဏံ၊ ဂုဏ်ကျေးဇူးကို။ ဘာသိတာ ဟောတိ၊ ပြောဆိုတတ်သည် ဖြစ်၏။

မေးသာ မေးခဲ့မယ် ဆိုလို့ရှိရင်တော့ သူတစ်ပါးရဲ့ ဂုဏ်ကျေးဇူးတွေကို ဘယ်တော့မှ မဆိုင်းမတွဘဲနဲ့ အကျယ်ချဲ့ပြီးတော့ ပြည့်ပြည့်စုံစုံ သူက ပြောပြတတ်တယ်၊ ဒီလို ပုဂ္ဂိုလ်ကိုလည်း သပ္ပုရိသ၊ သူတော်ကောင်းလို့ခေါ်တယ်၊ နောက်တစ်ခု -

‘‘ပုန စပရံ ဘိက္ခဝေ သပ္ပုရိသော ယော ဟောတိ အတ္တနော အဝဏ္ဏော တံ အပုဋ္ဌောပိ ပါတု ကရောတိ။ ကော ပန ဝါဒေါ ပုဋ္ဌဿ’’ (အံ၊၁၊၃၉၀။)

ပုဂ္ဂိုလ်တစ်ယောက် မိမိရဲ့ မကောင်းတဲ့ ဂုဏ်ကျေးဇူးတွေ မိမိရဲ့ အပြစ်တွေ ရှိတယ်၊ အဲဒီ အပြစ်တွေ မမေးဘဲနဲ့သော်လည်း သူက ပြောပြတတ်တယ်၊ အဲဒီတော့ ငါတော့ကွယ် ဒီအပြစ် ဒီအပြစ်တွေကို လွန်ကျူးမိတယ်၊ အဲဒီတော့ ဒီအပြစ် ဒီအပြစ်တွေကို တပည့်တော် တောင်းပန်ပါတယ်၊ နောင်အခါ တပည့်တော် ဘယ်တော့မှ မလွန်ကျူးပါဘူး ဆိုပြီးတော့ အခု ဘုန်းကြီးတွေ ဒေသနာကြားတယ်ပေါ့၊ ဆောင့်ကြောင့်လေးတွေ ထိုင်တယ်၊ တစ်ပါးနဲ့ တစ်ပါး လက်အုပ်ချီလို့၊ ဟုတ်တယ်မဟုတ်လား? အဲဒါ ဘာလုပ်တာလဲ? ဒါ အပြစ်ကို ဝန်ခံနေတာ၊ တပည့်တော် ဒီအပြစ် ဒီအပြစ် လွန်ကျူးမိတယ်၊ အဲဒါကြောင့် အရှင်ဘုရား တပည့်တော်ကို ဒီအပြစ်ကို လက်ခံတော်မူပါ၊ နောင်အခါ တပည့်တော် ဒီအပြစ်ကို ဘယ်တော့မှ မလွန်ကျူးဘူး၊ စောင့်စည်းပါ့မယ်၊ အဲဒီလို ပြောတာ၊ အဲဒါ နားမလည်တဲ့ ပုဂ္ဂိုလ်ကတော့ ဒါမျိုး ဘာလုပ်တယ်မှန်းတော့ သိချင်မှ သိမယ်နော်၊ နားလည်တဲ့ ပုဂ္ဂိုလ်ကတော့ စိတ်ထဲမှာ စိတ်ပါလက်ပါနဲ့ တကယ်ဝန်ချ တောင်းပန်တာပဲ၊ ဒါသူတော်ကောင်းတို့ရဲ့ သဘောပဲ၊ မိမိမှာ အပြစ်ရှိခဲ့ရင် ဒီအပြစ်ကို ထင်ရှားပြတယ်၊ ဘယ်တော့မှ မလျှို့ဝှက်ထားဘူး၊ ထင်ရှားပြောပြီးတော့ အကယ်၍များ မေးခဲ့မယ်ဆိုရင် -

‘‘ပုဋ္ဌော ခေါ ပန ပဥှာဘိနီတော အဟာပေတွာ အလမ္ဗိတွာ ပရိပူရံ ဝိတ္ထာရေန အတ္တနော အဝဏ္ဏံ ဘာသိတာ ဟောတိ’’ (အံ၊၁၊၃၉၀။)

ပုဋ္ဌော ခေါ ပန၊ မေးအပ်သည်ဖြစ်၍သာလျှင်မူလည်းကောင်း။ ပဥှာဘိနီတော၊ ပြဿနာတစ်ခုခု ထုတ်ဆောင်၍ မေးအပ်သည်ဖြစ်၍၎င်း။ အဟာပေတွာ၊ မချန်မလှပ်ဘဲ။ အလမ္ဗိတွာ၊ မဆိုင်းမတွဘဲ။ ပရိပူရံ၊ ပြည့်ပြည့်စုံစုံ။ ဝိတ္ထာရေန၊ အကျယ်ချဲ့၍။ အတ္တနော၊ မိမိ၏။ အဝဏ္ဏံ၊ မကောင်းကြောင်း အပြစ်ကို။ ဘာသိတာ ဟောတိ၊ ပြောဆိုတတ်သည် ဖြစ်၏။

ပြဿနာတစ်ခုခု ထုတ်ဆောင်ပြီးတော့ မေးခဲ့မယ် ဆိုလို့ရှိရင်တော့ မိမိရဲ့ အပြစ်ကို ခြွင်းချက်မရှိ မဆိုင်းမတွဘဲနဲ့ ပြည့်ပြည့်စုံစုံပြောတယ်၊ ဝန်ခံတယ်၊ မှားရင် မှားတဲ့အတိုင်း ကျကျနန ဝန်ခံလိုက်တယ်၊ အဲဒီလို ဝန်ခံတဲ့ ပုဂ္ဂိုလ်မျိုးကိုလည်း ဘုရားရှင်က သူတော်ကောင်းအဖြစ် သတ်မှတ်တယ်၊ ဒါ ကိုယ့်အပြစ်ကို ကိုယ်ကျကျနန ဝန်ခံတာ ဒါဘုရားရှင်က နှစ်ခြိုက်တယ်၊ နောက်တစ်ခု -

‘‘ပုန စပရံ ဘိက္ခဝေ သပ္ပုရိသော ယော ဟောတိ အတ္တနော ဝဏ္ဏော တံ ပုဋ္ဌောပိ န ပါတု ကရောတိ။ ကော ပန ဝါဒေါ အပုဋ္ဌဿ’’ (အံ၊၁၊၃၉၀။)

နောက်တစ်မျိုး၊ သူတော်ကောင်းဆိုတာက မိမိရဲ့ ဂုဏ်ကျေးဇူးတွေ ရှိတယ်၊ အဲဒီ ဂုဏ်ကျေးဇူးကို ဘယ်တော့မှ ထင်ရှားမပြဘူး၊ ဘုန်းကြီးတို့ အပ္ပိစ္ဆပုဂ္ဂိုလ်တွေရဲ့ ဂုဏ်ကျေးဇူးနော်၊ မိမိဟာ အလိုနည်းပါးတဲ့ ပုဂ္ဂိုလ်ဖြစ်တယ် ဆိုတာကို သူတစ်ပါး သိမှာ သိပ်ရှက်တယ်၊ မိမိ ဘာတရားတွေ ရနေတယ်, မိမိက ဈာန်တွေမှာ သမထမှာ ဘယ်လိုအောင်မြင်တယ်, ဝိပဿနာ ဘယ်လိုအောင်မြင်တယ်, မဂ်ဉာဏ်, ဖိုလ်ဉာဏ် ဘယ်လိုရတယ်၊ ဘယ်တော့မှ မပြောချင်ဘူး၊ လျှို့ဝှက်ထားတယ်၊ ရှက်တာ, ရှက်တာနော်၊ အဲဒီတော့ မိမိရဲ့ ဂုဏ်ကျေးဇူးတွေကို ဘယ်တော့မှ ထင်ရှား မပြောပြဘူး၊

ကော ပန ဝါဒေါ အပုဋ္ဌဿ၊ မမေးအပ်သည်ဖြစ်၍ မထင်ရှားပြခြင်း၌ကား အဘယ်ပြောဖွယ်ရာ ရှိအံ့နည်း။ မမေးသာ မမေးရင် ဘာမှမပြောဘူး၊

ဘုန်းကြီးတို့ စာမှာ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ ဝတ္ထုလေးတစ်ခု လာပါတယ်၊ ရဟန္တာ မထေရ်မြတ်ကြီးတစ်ပါးနဲ့ တောထွက် ကိုယ်တော်မြတ်ကြီးတစ်ပါး ကျောင်းတစ်ကျောင်းမှာ သီတင်းသုံးတော့ ဆွမ်းခံကြွတယ်၊ တစ်နေ့ ဆွမ်းခံကြွရင်းနဲ့ တောထွက်ကိုယ်တော်ကြီးက နောက်ကနေ လိုက်လာရင်း အရှေ့က ရဟန္တာမထေရ်ကြီးကို သူက မသိဘဲကိုး၊ မသိတော့ မေးတယ်၊ အရှင်ဘုရား ရဟန္တာမထေရ်ဆိုတာ ဘယ်လိုပုဂ္ဂိုလ်လဲတဲ့၊ ဒီတော့ ရှေ့က ရဟန္တာမထေရ်ကြီးက ဘာပြန်ပြောလဲ၊ ငါ့ရှင် တစ်ချို့ အသက်ကြီးမှ သာသနာဘောင်သို့ ဝင်ရောက်ပြီး ရှင်ရဟန်းပြုလာတဲ့ ပုဂ္ဂိုလ်တွေဟာ ရဟန္တာနဲ့ အတူနေတာတောင်မှ ဒါဟာ ရဟန္တာလို့ သိဖို့ အင်မတန် ခက်ခဲပါတယ်ဆိုပြီး ဒီလောက် ပြောလိုက်တယ်၊ အဲဒါတောင်မှ ဒီကိုယ်တော် မရိပ်မိဘူးနော်၊ အဲဒီ ပုံစံမျိုးပဲ၊ မိမိရဲ့ ဂုဏ်ကျေးဇူးကို ဘယ်တော့မှ ထုတ်ဖော်ပြီး မပြောဘူး၊ ငါဟာ ရဟန္တာပဲလို့ ဘယ်တော့မှ သွားပြီး မကြေညာဘူး၊ မလွှဲသာ မရှောင်သာလို့ ခုလိုမေးခဲ့မယ်ဆိုရင်လည်း -

‘‘ပုဋ္ဌော ခေါ ပန ပဥှာဘိနီတော ဟာပေတွာ လမ္ဗိတွာ အပရိပူရံ အဝိတ္ထာရေန အတ္တနော ဝဏ္ဏံ ဘာသိတာ ဟောတိ’’ (အံ၊၁၊၃၉၀။)

ပုဋ္ဌော ခေါ ပန၊ မေးအပ်သည်ဖြစ်၍သာလျှင်မူလည်းကောင်း။ ပဥှာဘိနီတော၊ ပြဿနာတစ်ခုခု ထုတ်ဆောင်၍ မေးအပ်သည်ဖြစ်၍၎င်း။ ဟာပေတွာ၊ ချန်လှပ်၍။ လမ္ဗိတွာ၊ ဆိုင်းဆိုင်းတွတွ ပြု၍။ အပရိပူရံ၊ မပြည့်မစုံ။ အဝိတ္ထာရေန၊ အကျယ်မချဲ့ဘဲ။ အတ္တနော၊ မိမိ၏။ ဝဏ္ဏံ၊ ဂုဏ်ကျေးဇူးကို။ ဘာသိတာ ဟောတိ၊ ပြောဆိုတတ်သည် ဖြစ်၏။

မိမိရဲ့ ဂုဏ်ကျေးဇူးအကြောင်းကို ခုလို မေးခွန်းထုတ်ပြီးတော့ လာမေးတာတောင်မှ ပြည့်ပြည့်စုံစုံ ဘယ်တော့မှ မပြောပြဘူး၊ ဒါ - သူတော်ကောင်းတို့ရဲ့ သဘောပဲ၊ ပေါင်းလိုက်တော့ သူတော်ကောင်းက လေးမျိုး, မသူတော်က လေးမျိုး၊ သာသနာမှာ နေပြီဆိုရင် အဲဒီ စိတ်ထားလေးတွေရှိဖို့ လိုပါတယ်နော်၊ ဒီစိတ်ထား ရှိစေချင်တဲ့အတွက် ဘုရားရှင်က ဘာဆက်ဟောလဲ၊ အဲဒါလေး ဘုန်းကြီးက ဒီည နိဂုံးချုပ်ချင်တာနော်၊

‘‘သေယျထာပိ ဘိက္ခဝေ ဝဓုကာ ယညဒေဝ ရတ္တိံ ဝါ ဒိဝံ ဝါ အာနီတာ ဟောတိ၊ တာဝဒေဝဿာ တိဗ္ဗံ ဟိရောတ္တပ္ပံ ပစ္စုပဋ္ဌိတံ ဟောတိ သဿုယာပိ သသုရေပိ သာမိကေပိ အန္တမသော ဒါသကမ္မကရပေါရိသေသု’’ (အံ၊၁၊၃၉၀။)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ သေယျထာပိ၊ ဖြစ်သင့် ဖြစ်ရာ နှိုင်းခိုင်းဖွယ်ရာ လောကဥပမာသည်ကား။ ယညဒေဝ ရတ္တိံ ဝါ၊ အကြင်ည၌သော်လည်းကောင်း။ ယညဒေဝ ဒိဝံ ဝါ၊ အကြင်နေ့၌သော်လည်းကောင်း။ ဝဓုကာ၊ ချွေးမကို။ အာနီတာ၊ ခေါ်ဆောင်လာအပ်သည်။ ဟောတိ၊ ဖြစ်၏။

ညမှာပဲ ဖြစ်စေ, နေ့မှာပဲ ဖြစ်စေ, ချွေးမကို ယောက်ျားအိမ်ကို ခေါ်ဆောင်လာခဲ့ပြီ ဆိုကြစို့၊

တာဝဒေဝ၊ ထိုမျှလောက်သော ကာလပတ်လုံး။ အဿာ၊ ထိုချွေးမ၏ သန္တာန်၌။ သဿုယာပိ၊ ယောက္ခမ မိန်းမသူအပေါ်၌လည်းကောင်း။ သသုရေပိ၊ ယောက္ခမ ယောက်ျားသူအပေါ်၌ လည်းကောင်း။ သာမိကေပိ၊ အိမ်ရှင်ယောက်ျားအပေါ်၌သော်လည်းကောင်း။ အန္တမသော၊ အောက်ထစ်ပိုင်းခြား အယုတ်ဆုံးအားဖြင့်။ ဒါသကမ္မကရပေါရိသေသုပိ၊ ကျွန်ယောက်ျား ကျွန်မိန်းမ, အလုပ်သမားတို့အပေါ်၌လည်းကောင်း။ တိဗ္ဗံ၊ လွန်ကဲထက်မြက်သော။ ဟိရောတ္တပ္ပံ၊ ရှက်ခြင်း ကြောက်ခြင်း ဟီရိဩတ္တပ္ပတရားသည်။ ပစ္စုပဋ္ဌိတံ၊ ရှေးရှုတည်နေသည်။ ဟောတိ၊ ဖြစ်၏။

ချွေးမအသစ်ကလေး ဒီနေ့မှ ရောက်လာတယ်, ဒီညမှ ရောက်လာတယ်၊ ရောက်လာတဲ့ အချိန်အခါမှာ ဒီချွေးမအသစ်ကလေးက ဘယ်လိုဖြစ်နေလဲ? ယောက္ခမ မိန်းမသူအပေါ်မှာ, ယောက္ခမ ယောက်ျားသူအပေါ်မှာ၊ အိမ်ရှင်ယောက်ျားအပေါ်မှာ, အောက်ထစ်ဆုံးအားဖြင့် အိမ်မှာ ခိုင်းစေနေတဲ့ ကျွန်တွေ အလုပ်သမားတွေ အပေါ်မှာသော်လည်းပဲ အလွန် ပြင်းထန်တဲ့ ရှက်မှု, ကြောက်မှု ရှိနေတယ်တဲ့၊ သူ့သန္တာန်မှာ ရှက်မှု, ကြောက်မှု ရှေးရှုတည်နေတယ်တဲ့နော်၊

‘‘သာ အပရေန သမယေန သံဝါသမနွာယ ဝိဿာသမနွာယ သဿုမ္ပိ သသုရမ္ပိ သာမိကမ္ပိ ဧဝမာဟ - အပေထ၊ ကိံ ပန တုမှေ ဇာနာထာတိ’’ (အံ၊၁၊၃၉၀။)

သာ၊ ထိုချွေးမသည်။ အပရေန သမယေန၊ နောက်ပိုင်း အချိန်အခါကာလ၌။ သံဝါသံ၊ ပေါင်းဖော်ယှဉ်တွဲခြင်းကို။ အနွာယ၊ အစွဲပြု၍။ ဝိဿာသံ၊ ချစ်ကျွမ်းဝင်ခြင်းကို။ အနွာယ၊ အစွဲပြု၍။ သဿုမ္ပိ၊ ယောက္ခမ မိန်းမသူအပေါ်၌သော်လည်းကောင်း။ သသုရမ္ပိ၊ ယောက္ခမ ယောက်ျားသူအပေါ်၌လည်းကောင်း။ သာမိကမ္ပိ၊ အိမ်ရှင်ယောက်ျားအပေါ်၌ သော်လည်းကောင်း။ ဧဝံ၊ ဤသို့။ အာဟ၊ ပြောဆိုတတ်၏။

တစ်ဖြည်းဖြည်းကြာလာတော့ နည်းနည်းလေး ရင်းနှီးလာပြီး၊ ပေါင်းသင်း ဆက်ဆံမှုတွေကများတော့ ချစ်ကျွမ်းဝင်လာကြပြီ၊ အဲဒီ အချိန်အခါကျမှ ဒီချွေးမက ဘာလုပ်သလဲ? ယောက္ခမ ယောက်ျားသူကို, ယောက္ခမ မိန်းမသူကို အိမ်ရှင်ယောက်ျားကို သူက ဘယ်လိုပြောလာသလဲ?

အပေထ၊ ဖယ်ကြကုန်လော့။ တုမှေ၊ သင်တို့သည်။ ကိံ ပန ဇာနာထ၊ ဘာကို သိကြပါကုန်သနည်း။

သင်တို့ ဘာသိလို့လဲ, ဖယ်စမ်း, သွားစမ်း၊ နောက်ပိုင်းကျတော့ ဘာဖြစ်လာပြီတဲ့၊

‘‘ဧဝမေဝံ ခေါ ဘိက္ခဝေ ဣဓေကစ္စော ဘိက္ခု ယညဒေဝ ရတ္တိံ ဝါ ဒိဝံ ဝါ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတော ဟောတိ’’ (အံ၊၁၊၃၉၀။)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ ဧဝမေဝ ခေါ၊ ဤဥပမာ အတူသာလျှင်မူလည်းကောင်း။ ဣဓ၊ ဤသာသနာတော်မြတ်အတွင်း၌။ ဧကစ္စော ဘိက္ခု၊ အချို့သော ရဟန်းသည်။ ယညဒေဝ ရတ္တိံ ဝါ၊ အကြင် ည၌သော်လည်းကောင်း။ ယညဒေဝ ဒိဝံ ဝါ၊ အကြင် နေ့၌သော်လည်းကောင်း။ အဂါရသ္မာ၊ အိမ်ရာတည်ထောင် လူ့ဘောင်မှ။ အနဂါရိယံ၊ အိမ်ရာမထောင်သည့် ရဟန်းဘောင်သို့။ ပဗ္ဗဇိတော၊ ဝင်ရောက်၍ ရှင်ရဟန်းပြုလာသည်ဖြစ်၏။

တစ်ချို့ တစ်ချို့ ရဟန်းတော်တွေ ဒီညမှာ ဖြစ်စေ, ဒီနေ့မှာ ဖြစ်စေ အိမ်ရာတည်ထောင် လူ့ဘောင်မှ ခွာရှောင်ပြီး အိမ်ရာမထောင်တဲ့ ရဟန်းဘောင်သို့ ရောက်လာပြီ၊

‘‘တာဝဒေဝဿ တိဗ္ဗံ ဟိရောတ္တပ္ပံ ပစ္စုပဋ္ဌိတံ ဟောတိ ဘိက္ခူသု ဘိက္ခုနီသု ဥပါသကေသု ဥပါသိကာသု အန္တမသော အာရာမိကသမဏုဒ္ဒေသေသု’’ (အံ၊၁၊၃၉၀။)

တာဝဒေဝ၊ ထိုခဏ၌ပင်လျှင်။ အဿ၊ ထိုရဟန်းတော်၏ သန္တာန်၌။ ဘိက္ခူသု၊ ရဟန်းယောက်ျားတို့ အပေါ်၌။ ဘိက္ခုနီသု၊ ရဟန်းမိန်းမတို့အပေါ်၌။ ဥပါသကေသု၊ ဥပါသကာ ဒါယကာတို့အပေါ်၌။ ဥပါသိကာသု၊ ဥပါသိကာ ဒါယကာမတို့အပေါ်၌။ အန္တမသော၊ အောက်ထစ်ပိုင်းခြား အယုတ်ဆုံးအားဖြင့်။ အာရာမိကသမဏုဒ္ဒေသေသု၊ အာရာမ်စောင့် သာမဏေတို့ အပေါ်၌သော်လည်းပဲ။ တိဗ္ဗံ၊ ပြင်းထန်ထက်မြက်သော။ ဟိရောတ္တပ္ပံ၊ ဟီရိဩတ္တပ္ပတရားသည်။ ပစ္စုပဋ္ဌိတံ၊ ရှေးရှုတည်နေသည်။ ဟောတိ၊ ဖြစ်၏။

ရဟန်းအသစ်ကလေး ဒီနေ့မှ ရှင်ရဟန်းပြုလာပြီဆိုရင် ရဟန်းယောက်ျားတွေအပေါ် ရဟန်းမိန်းမတွေအပေါ် ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်နေတဲ့ ဥပါသကာဒါယကာတွေ, ဥပါသိကာမတွေအပေါ်မှာ ယုတ်စွအဆုံး သာမဏေတို့အပေါ်၌သော်လည်းပဲ ထက်မြက်တဲ့ ပြင်းထန်တဲ့ ကြောက်ရွံ့မှု, ရှက်မှု, ကြောက်မှု ရှိနေတယ်တဲ့၊

‘‘သော အပရေန သမယေန သံဝါသမနွာယ ဝိဿာသမနွာယ အာစရိယမ္ပိ ဥပဇ္ဈာယမ္ပိ ဧဝမာဟ’’ (အံ၊၁၊၃၉၀။)

သော၊ ထိုရဟန်းသည်။ အပရေန သမယေန၊ တစ်ပါးသောအခါ၌။ သံဝါသံ၊ ပေါင်းဖော်ယှဉ်တွဲခြင်းကို။ အနွာယ၊ အစွဲပြု၍။ ဝိဿာသံ၊ ချစ်ကျွမ်းဝင်ခြင်းကို။ အနွာယ၊ အစွဲပြု၍။ အာစရိယမ္ပိ၊ ဆရာကိုသော်လည်းကောင်း။ ဥပဇ္ဈာယမ္ပိ၊ ဥပဇ္ဈာယ်ကိုသော်လည်းကောင်း။ ဧဝံ၊ ဤသို့။ အာဟ၊ ပြောဆိုတတ်၏။

နောက်ပိုင်းကြာလာတဲ့အချိန်အခါမှာ တစ်ပါးနဲ့တစ်ပါး ပေါင်းဖော်ယှဉ်တွဲမှုကို အစွဲပြုပြီးတော့ ဘုန်းကြီးတစ်ပါးနဲ့တစ်ပါး, သီလရှင် တစ်ပါးနဲ့တစ်ပါးပေါ့နော်၊ ကြာကြာနေလာတဲ့ အခါကျတော့ ဘာဖြစ်လဲ?

အာစရိယမ္ပိ၊ ဆရာသမားကိုသော်လည်းကောင်း။ ဥပဇ္ဈာယမ္ပိ၊ ဥပဇ္ဈာယ်ကိုသော်လည်းကောင်း။ ဧဝံ၊ ဤသို့။ အာဟ၊ ပြောဆိုတတ်၏။

ဆရာသမားကိုရော ဥပဇ္ဈာယ်ကိုရော ဒီလို ပြောတတ်ပြီတဲ့၊ ဘယ်လိုလဲ?

အပေထ၊ ဖယ်ကြကုန်လော့။ တုမှေ၊ အရှင်ဘုရားတို့သည်။ ကိံ ပန ဇာနာထ၊ အဘယ်ကို သိကြပါကုန်သနည်း။

ကဲ ဖယ်စမ်း, ဖယ်စမ်း အရှင်ဘုရားတို့ ဘာနားလည်လို့လဲ? ဆရာလေးတွေ ဖယ်လိုက်၊ သွား ရှင်တို့ ဘာနားလည်လို့လဲ? ဆရာလေးတွေ ဘာနားလည်လို့လဲ? ဟော ဟော သူက ဖြစ်လာပြန်ပြီ၊ ကြာလာရင် အဲဒီလို ဖြစ်ကြတယ်တဲ့၊ ဘယ့်နှယ့်တုန်း ဟုတ်သလား?ရဟန်းတွေ, သီလရှင်တွေရော ဟုတ်ကြသလား? ဟင် အဲဒီလို ပုဂ္ဂိုလ်မျိုးတွေကို ဘုရားရှင်က သာသနာမှာ ရှိစေချင်သလား? မရှိစေချင်ဘူး၊

‘‘တသ္မာတိဟ ဘိက္ခဝေ ဧဝံ သိက္ခိတဗ္ဗံ’’

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ တသ္မာ၊ ထို့ကြောင့်။ ဣဟ၊ ဤသာသနာတော်မြတ်အတွင်း၌။ တုမှေ၊ သင်ချသားတို့သည်။ ဧဝံ၊ ဤသို့။ သိက္ခိတဗ္ဗံ၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်အပ်၏။

သာသနာတော်မှာ ဒီလိုကျင့်စမ်းပါတဲ့၊ ဘယ်လို ကျင့်ရမလဲ?

‘‘အဓုနာဂတဝဓုကာသမေန စေတသာ ဝိဟရိဿာမာတိ၊ ဧဝဥှိ ဝေါ ဘိက္ခဝေ သိက္ခိတဗ္ဗံ’’ (အံ၊၁၊၃၉၀။)

အဓုနာဂတဝဓုကာသမေန၊ ရောက်ကာစဖြစ်သော ချွေးမနှင့်တူနေသော။ စေတသာ၊ စိတ်ဓာတ်ဖြင့်။ ဝိဟရိဿာမ၊ နေထိုင်ကြပါကုန်အံ့။ ဣတိ၊ ဤသို့။ ဧဝဥှိ၊ ဤသို့လျှင်။ ဝေါ၊ သင်ချစ်သားတို့သည်။ သိက္ခိတဗ္ဗံ၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်အပ်၏။

ချွေးမနဲ့တူနေတဲ့ စိတ်ဓာတ်ဖြင့် သာသနာတော်မှာ နေထိုင်မယ်၊ ချွေးမ။ ဘယ်လို ချွေးမလဲ? ရောက်ကာစ ချွေးမ သို့မဟုတ် ချွေးမ အသစ်စက်စက်ကလေး၊ ချွေးမအသစ်စက်စက်နှင့် တူညီနေတဲ့ စိတ်ဓာတ်ဖြင့် သာသနာတော်မှာနေထိုင်ပါတဲ့၊ အဲဒီလို နေထိုင်နိုင်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါဆိုပြီး ဘုရားရှင်က တိုက်တွန်းတယ်၊ ဒီတော့ ဒီနေရာမှာ မေးချင်လည်းမေးကြမယ်၊

အရှင်ဘုရား တပည့်တော်တို့က ချွေးမ မဖြစ်ဖူးဘူး၊ ဘယ်နှယ့်လုပ်မလဲ? ဟုတ်တယ်မဟုတ်လား? ဒီလိုမေးချင်လဲ မေးကြမယ်၊ ဒီတော့ ဘုန်းကြီးဖက်ကလည်း ပြန်ဖြေစရာတော့ ရှိပါတယ်၊ ဘယ်လိုဖြေမလဲ? မြတ်စွာဘုရားလည်း လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းအတွင်းထဲမှာ တစ်ခါမှ ချွေးမ မဖြစ်ဖူးဘူး၊ ဘာဖြစ်လို့လဲ? လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းအတွင်းထဲမှာ သူက တစ်ခါမှ အမျိုးသမီး မဖြစ်ဘူး, တစ်ခါမှ အမျိုးသမီးဘဝ မရောက်ခဲ့ဖူးတဲ့အတွက် တစ်ခါမှလည်း ချွေးမ မဖြစ်ခဲ့ဖူးဘူး၊ ချွေးမ မဖြစ်ဖူးပေမယ့်လို့ ဘုရားရှင်က ချွေးမအသစ်လေးဟာ ဘယ်လိုစိတ်ထားရှိတယ်ဆိုတာ မသိဘူးလား? သိနေတယ်၊ သိနေတဲ့အတွက် မြတ်စွာဘုရားက ဒီလို ဟောတာပါနော်၊ အဲဒီတော့ တရားနာနေတဲ့ ပုဂ္ဂိုလ်တွေလည်းပဲ ရောက်ကာစ ချွေးမအသစ်နှင့် တူညီတဲ့ စိတ်ဓာတ်ဖြင့် သာသနာမှာ နေထိုင်ကြစမ်းပါဆိုပြီး ဒီလို ဟောနေတယ်၊ ဘယ်လိုစိတ်ထားလဲ?

မိမိတို့ရဲ့ သီတင်းသုံးဖော် အချင်းချင်းပေါ်၌ ပြင်းထန်ထက်မြက်နေတဲ့ ရှက်မှု, ကြောက်မှု ရှိကြပါတဲ့၊ တစ်ပါးကို တစ်ပါး ရိုသေကြပါ, လေးစားကြပါ, ရှက်ကြပါ, ကြောက်ကြပါ၊ တစ်ပါးကိုတစ်ပါး ရှက်မှု, ကြောက်မှု, ချစ်ခင်လေးစားမှု, ရိုသေမှု, လေးစားမှု မရှိကြတော့ဘူးဆိုရင် ဒီသာသနာမှာ နေထိုင်ရတာ စိတ်ချမ်းသာမှု ရှိဦးမလား? မရှိတော့ဘူး၊

ဆရာလေးက ဘာနားလည်လို့လဲ, အရှင်ဘုရားက ဘာနားလည်လို့လဲ? ဒီပုံစံဖြင့် သာသနာမှာ နေထိုင်ရမလား? မနေထိုင်ရဘူး၊ ရောက်ကာစ ချွေးမစိတ်ထားနှင့် တူညီနေတဲ့ စိတ်ဓာတ်ဖြင့် သာသနာမှာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပြီးတော့ အရှက်, အကြောက် ပြည့်ပြည့်ဝဝဖြင့် နေထိုင်ကြပါ ဆိုပြီးတော့ ဒီလို ဘုရားရှင် တိုက်တွန်းထားပါတယ်နော်၊ အဲဒီလို တိုက်တွန်းတဲ့အတိုင်း ဘုရားရှင် လက်ထက်တော်က ရောက်ကာစ ချွေးမနှင့် တူညီတဲ့စိတ်ဓာတ်ဖြင့် နေထိုင်ကာ သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်တွေကို အဆင့်ဆင့် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြတဲ့အတွက် အရဟတ္တဖိုလ်ပေါက် နိဗ္ဗာန်ကို ရရှိသွားတဲ့ သူတော်ကောင်းတွေ ဂဏန်းချပြီး ရေတွက်မယ်ဆိုရင် ရေတွက်လို့ မရနိုင်အောင် များပြားခဲ့ပါတယ်၊

ဒါကြောင့် ထိုသူတော်ကောင်းတို့ရဲ့ သာသနာတော်မှာ နေထိုင်သွားတဲ့ ထုံးကို နှလုံးမူပြီးတော့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ကြပါစေလို့ တိုက်တွန်းရင်းဖြင့် တရားသိမ်းကြရအောင်နော်၊

‘‘ဟိတွာ ကာမေ ပဗ္ဗဇိံသု သန္တော ဂမ္ဘီရစိန္တကာ၊
တေ တုမှေပျနုသိက္ခဝှေါ ပဗ္ဗဇိတာ သုပေသလာ’’

သန္တော၊ ဘုရားအလျာ ပစ္စေကာနှင့် အရိယာနွယ်လောင်း ဟို တို့ရှေ့က သူတော်ကောင်းတို့သည်၊
ဂမ္ဘီရစိန္တကာ၊ နက်နဲသည့် ဓာတ်သဘောတွေကို နက်နဲစွာကြံဆင် အကြံကောင်း ဝင်တော်မူကြကုန်သည်ဖြစ်၍၊
ကာမေ၊ ရှေးကပြုဖန် ကုသိုလ်ကံတို့ စီမံထောက်မ လက်ရောက်ရသား များလှဇနီးသည် ကြီးကြီးငယ်နှင့် နှီးနွယ်နှောယူ ကိုယ်တော်တို့ပိုင်သသည့် ကာမဝတ္ထုအစုစုတို့ကို၊
ဟိတွာ၊ ငါတို့ပိုင်ငြား ဤကာမတရားတို့သည် အများနှင့်ဆက်ဆံ ဘေးတွေကဝန်းရံ ရန်တွေကမြောက်များ တကယ်ကို ကြောက်လန့်ဖွယ်တွေပါတကားဟု ကြောက်အားတော်ဉာဏ်ကြွယ် လွတ်လွတ်ကြီး စွန့်ပယ်တော်မူကြကုန်သည်ဖြစ်၍၊
ပဗ္ဗဇိံသု၊ ဃရာဝါသသဗ္ဗာဓဟု ကိစ္စများမြောင် လူတို့ဘောင် ဝဋ်နှောင်ကို လွတ်အောင်ကြုံးလျက် ရုန်းကန်ထွက်၍ နှစ်သက်ရွှင်လန်း ရှင်ရဟန်းပြု၍ တောထွက်တော်မူကြလေကုန်ပြီ၊
တုမှေပိ၊ မြတ်နေက္ခမ္မ ဓာတ်အာသယဟု ဆန္ဒကိန်းအောင်း သင်သူတော်ကောင်းတို့သည်လည်းပဲ၊
ပဗ္ဗဇိတာ၊ ဝတ္ထုကာမဟူသမျှမှ မရအရ ကြုံးလျက် ရုန်းကန်ထွက်ကြကုန်သည်ဖြစ်၍၊
သုပေသလာ၊ စာမရီသားမြီးဖျားခုံမင် ပုံအသွင်သို့ ချစ်ခင်လေးမြတ် နှစ်သက်အပ်သော သီလကိုယ်စီကိုယ်ငှ ရှိကြကုန်သည်ဖြစ်၍၊
တေ၊ ထိုဘုရားအလျာ ပစ္စေကာနှင့် အရိယာအနွယ်လောင်း ဟိုတို့ရှေ့က သူတော်ကောင်းတို့ကို၊
အနုသိက္ခဝှေါ၊ အတုလိုက်ကာ ကျင့်တတ်ရာကို ကျင့်ကာမသွေ အားထုတ်နိုင်ကြပါစေကုန်သတည်း။

သာဓု- သာဓု- သာဓုပါဘုရား

ဖားအောက်တောရဆရာတော်
te2yyvo19mtqtx0x0f8s6efdl73uc1i